🍉🍉🍉🍉 အခန်း ၁၆


ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များက ပေါက်ကွဲထွက်လာတော့သည်။

[သူ့ကိုယ်သူ ဘာကောင်ထင်နေတာလဲ.. သီချင်းခိုးတဲ့ကောင်က နည်းပြကို စိန်ခေါ်ရဲနေတာပေါ့..]

[ဒီကောင်ကို ပြိုင်ပွဲက ထုတ်ပယ်လို့ မရဘူးလား.. တခြားသူတွေကိုတောင် အာရုံမစိုက်နိုင်တော့ဘူး..]

[ဟားဟား.. အရမ်းမိုက်တယ်လို့ထင်တယ်.. သီချင်းခိုးသွားပြီး ကျေးဇူးမသိတတ်တဲ့ လက်ထောက်နဲ့ သူ့အကြောင်း ဖော်ထုတ်ထားတဲ့ ဘော့စ်.. အမှန်တရားကို စောင့်ကြည့်ကြတာပေါ့..]

[အထောက်အထားက ရှိနေပြီးသားကို ဘာကိစ္စနဲ့ သက်သေပြဦးမှာလဲ.. အဲဒီလက်ထောက်ဆိုတဲ့ တစ်ယောက်က ဘာတွေလုပ်ဦးမှာလဲ မသိဘူး..]

[အိုး.. စတောင်မစရသေးဘူးကို နင်တို့က ခုလိုတောင် ဖြစ်နေကြပြီလား.. ဒါမဟုတ် နင်တို့ရဲ့ idol ကြီးက သင်တန်းသားတစ်ယောက်ကိုတောင် မနိုင်မှာ စိုးရိမ်နေကြတာလား..]

စိန်ခေါ်မှု မစသေးသည့်တိုင်အောင် အင်တာနက်တစ်ခွင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ 

ကျန်းမော့က သူ့ခုံ၌ထိုင်နေရင်း လက်ဖဝါး၌ ချွေးများစိုလာသည်။

လူတိုင်း၏အကြည့်မှာ သူ့ထံသို့ ရောက်နေသည်။

ထို့ကြောင့် စိန်ခေါ်မှုအား ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။

သူက မကျေနပ်မှုအား ကြိုးစားဖိနှိပ်ကာ ပုံမှန်ဖြစ်နေသယောင်နှင့်ဆိုသည်။
“ရုတ်တရက်ကြီးဖြစ်သွားပေမဲ့ မုန့်ယွမ်ရှန့်က အကြံပေးလာမှတော့ သူက ပြင်ဆင်ထားပြီးပြီလို့ ကျွန်တော် ထင်ပါတယ်.. ဒီလိုဆိုတော့လည်း စိန်ခေါ်မှုကို လက်ခံပါ့မယ်..”
 
သူ၏ စကားလုံးများအရ မုန့်ယွမ်ရှန့်မှာ ကြိုတင်ပြင်ဆင်လာပြီး ကျန်းမော့မှာ ပြင်ဆင်ချိန်မရလိုက်ဟု ရည်ညွှန်းနေပြီး ဤစိန်ခေါ်မှုမှာ မမျှတချေ။

ကြည့်နေကြသူများမှာလည်း တဖြည်းဖြည်း တီးတိုးပြောလာကြသည်။

သေသေချာချာ ဂရုတစိုက် ပြင်ဆင်အချောသပ်ထားသည့် အရာတစ်ခုနှင့် ယှဉ်ပြိုင်သည်အား လက်တန်းစိန်ခေါ်မှုဟု သတ်မှတ်ရမည်လားဟု တွေးလိုက်မိကြသည်။

လူအတော်များများမှာ ကျန်းမော့၏ စကားများကြောင့် ဒွိဟဖြစ်သွားပြီး ဤစိန်ခေါ်မှုမှာ မျှတခြင်းမရှိဟု ကန့်ကွက်ကြသည်။

မမျှော်လင့်စွာဖြင့် မုန့်ယွမ်ရှန့်က ခေါင်းယမ်းလိုက်သည်။
“ကျွန်တော်က စိန်ခေါ်ဖို့ အစပြုတဲ့သူဆိုတော့ ကျန်းလောင်ရှီးအတွက် မမျှတမှာစိုးလို့ အကြောင်းအရာကို ကျန်းလောင်ရှီးပဲ ရွေးလိုက်ပါ..”

ကျန်းမော့ ကြောင်အသွားပြီး သူ့နားသူပင် မယုံနိုင်ဖြစ်သွားသည်။

ပရိသတ်ထံမှ အော်ဟစ်သံထွက်ပေါ်လာသည်။

ဒါက ဘယ်လိုစိန်ခေါ်မှုမျိုးလဲ..

ကျန်းမော့ကို အနိုင်ပေးလိုက်တာများလား..

ကျန်းမော့က မုန့်ယွမ်ရှန့်အား မယုံနိုင်စွာ ကြည့်လိုက်သော်ငြား မုန့်ယွမ်ရှန့်၏ အမူအရာမှာ တည်ငြိမ်နေမြဲဖြစ်ပြီး သူ၏ ရည်ရွယ်ချက်အစစ်အမှန်အား ဖော်ပြခြင်းမရှိချေ။

မုန့်ယွမ်ရှန့်၏ ဤအခြမ်းမှာ ကျန်းမော့အတွက် အသစ်အဆန်းတစ်ခုပင်။

ဘာလုပ်ဖို့ကြိုးစားနေတာလဲ..

ယင်ဟယ်ဖုန်းသည်လည်း ကုရှင်းရှစ်အား ထိုသို့မေးချင်မိသည်။
“ဥက္ကဌကု.. မုန့်ယွမ်ရှန့်ရဲ့ ခိုးကူးတယ်ဆိုတဲ့ ကောလာဟလကို ဖြေရှင်းချင်တာ နားလည်ပါတယ်.. ဒါပေမဲ့ အခုဟာက အရမ်းကို အန္တရာယ်များလွန်းတယ် မဟုတ်ဘူးလား..”

“ဘာဖြစ်လို့ ဒီလိုပြောရတာလဲ..”
ကုရှင်းရှစ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“သိသာနေတာပဲလေ.. ကျန်းမော့က အကြောင်းအရာရွေးရမယ်ဆိုရင် သူလက်ရှိဖန်တီးနေဆဲ သီချင်းတွေထဲက တစ်ခုခုကို ရွေးလိုက်ရင်ရော.. ဒါမှမဟုတ် ကျန်းမော့ နောက်ဆုတ်သွားအောင် ဖိအားပေးပရိယာယ်ဆင်တာလား..”

ကုရှင်းရှစ် ပြုံးလျက်နှင့် ခေါင်းယမ်းလိုက်သည်။
“သူ မရွေးမှာတောင် ကျွန်တော်က ပိုစိုးရိမ်သေးတယ်..”

ယင်ဟယ်ဖုန်း : “?”

ကုရှင်းရှစ် နားလည်ဟန်ဖြင့် ယင်ဟယ်ဖုန်း၏ ပခုံးအား အသာပုတ်လိုက်သည်။
“စိတ်လျှော့ပါ အစ်ကိုယင်ရဲ့.. တကယ့် ရှိုးအစစ်က အခုမှစရုံရှိသေးတယ်..”

လူတိုင်း၏အကြည့်မှာ ကျန်းမော့ထံ၌ ရှိနေသော်လည်း ကျန်းမော့ ချီတုံချတုံ ဖြစ်နေဆဲပင်။

ပွဲစဉ်၌ ယှဉ်ပြိုင်ရမည့် အကြောင်းအရာရွေးရန် အခြားသူတစ်ဦးအား လွှဲပြောင်းပေးလိုက်ခြင်းမှာ အယဉ်ကျေးဆုံးသော ရှောင်ထွက်သည့်နည်းလမ်းတစ်ခုဖြစ်ကြောင်း သူသိသည်။

သို့သော် သူ မလုပ်နိုင်ချေ။

ဤစိန်ခေါ်မှုက သူနှင့် မုန့်ယွမ်ရှန့် နှစ်ဦးစလုံးအတွက် အရေးကြီးသည်။

ကျန်းမော့မှာ သူ့ကိုယ်သူ တေးရေးတစ်ဦးဖြစ်သည်ဟု ဆိုသော်ငြား ကိုယ်ပိုင်အရည်အချင်း မည်မျှရှိကြောင်းမှာမူ သူတစ်ဦးတည်းသာသိသော လျှို့ဝှက်ချက်ဖြစ်သည်။

ခြေလှမ်းတစ်လှမ်း မှားလိုက်သည်နှင့် သူ၏အသက်မွေးဝမ်းကြောင်းမှုတစ်ခုလုံး ပျက်စီးသွားနိုင်သည်။

ပြောရမည်ဆိုလျှင် အကြောင်းအရာမှာ သူကိုယ်တိုင် ရွေးရမည်ဖြစ်သောကြောင့် မဖြန့်ချိီရသေးသော ကိုယ်ပိုင်သီချင်းအား ရွေးချယ်နိုင်သည်။

ထို့အပြင် မုန့်ယွမ်ရှန့်နှင့် နှစ်ပေါင်းများစွာ အတူရှိလာပြီးနောက် မုန့်ယွမ်ရှန့်မှာ စာသားကိုသာ ရေးသားနိုင်ပြီး သီချင်းတစ်ပုဒ် ဖန်တီးသည်အား မမြင်ဖူးခဲ့ချေ။

မုန့်ယွမ်ရှန့်သာ အဓိပ္ပါယ်မရှိသော အကြောင်းအရာများ ရေးလိုက်မည်ဆိုပါက လူရယ်စရာ ဖြစ်လာမည့်အပြင် ခေါင်းစဉ်ရွေးချယ်မှုပြဿနာမှာလည်း ပျောက်ကွယ်သွားလိမ့်မည်။

ထိုအတွေးပေါ်လာပြီးနောက် ကျန်းမော့က ပြောသည်။
“ကောင်းပြီလေ.. ရိုးရိုးလေးပဲ လုပ်ကြတာပေါ့.. အခု ကျွန်တော်တို့က သွမ့်ဟိုင်မြို့မှာဆိုတော့ ‘ပင်လယ်’ ကိုပဲ ရွေးလိုက်ပါမယ်..”

ပရိသတ်များ၏ တီးတိုးသံများ ကျယ်လောင်လာသည်။

သို့သော် ကျန်းမော့ မကြားဟန်ဆောင်လိုက်သည်။
“၁၀ မိနစ်ဆို လောက်မလား.. မုန့်ယွမ်ရှန့်..”

မုန့်ယွမ်ရှန့် ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
“ရတယ်.. စိန်ခေါ်မှု ပိုပြီးပြင်းထန်အောင် စာသားပါ ရေးကြတာပေါ့..”

ကျန်းမော့ မျက်နှာကြောသေသွားသည်။

ယင်းသည် မုန့်ယွမ်ရှန့် သီချင်းမဆိုနိုင်ကြောင်း အတည်ပြုနိုင်ပြီး မျက်နှာမပျက်စေရန် သူ၏ကျမ်းကျင်မှုဖြစ်သော သီချင်းစာသားရေးသားခြင်းအား မှီခိုလိုပုံရသည်။

ကျေးဇူးတင်စရာကောင်းစွာပင် ကျန်းမော့က ပြင်ဆင်ထားခဲ့သည်။ သူရွေးချယ်ထားသော သီချင်း၏ စာသားများမှာ မုန့်ယွမ်ရှန့် ရေးသားထားခြင်းဖြစ်သည်။

စိတ်ပေါ့ပါးသွားပြီးနောက် ပိုမိုယုံကြည်ချက်ရှိလာသည်။

နှစ်ဦးသား စင်မြင့်၏ တစ်ဖက်တစ်ချက်စီ၌ နေရာယူလိုက်ကြသည်။ သူတို့၏ ဖန်တီးမှုအား ပရိသတ်များ မြင်နိုင်စေရန် ကင်မရာတစ်လုံးစီ လိုက်ပါရိုက်ကူးလေသည်။

ထိုသို့သော သီချင်းရေးဖွဲ့မှုအား ပရိသတ်များအနေနှင့် ပထမဆုံးအကြိမ် တိုက်ရိုက်ကြည့်ရှုဖူးခြင်းဖြစ်ပြီး စိတ်လှုပ်ရှားကာ ပွက်ပွက်ညံနေကြသည်။

ကျန်းမော့က ဟန်ပြသည့်အနေနှင့် ဂီတာကြိုးများ ချိန်ညှိပြီးနောက် စာရွက်ပေါ် ခပ်သော့သော့ရေးလိုက်သည်။ တစ်ဖက်ရှိ မုန့်ယွမ်ရှန့်မှာမူ မျက်လုံးမှိတ်ကာ မလှုပ်မယှက်ရှိနေပြီး အတွေးထဲ နစ်မြုပ်နေသကဲ့သို့ပင်။

[မုန့်ယွမ်ရှန့်က လက်လျှော့လိုက်ပြီလားဟ..]

[ဟန်လုပ်နေတာ အသိသာကြီးကို.. ငါ့မျှော်လင့်ချက်တွေတော့ ရေစုန်မျောပါပြီ..]

[စဉ်းစားနေတာများလား.. အကြောင်းအရာက သူရွေးထားတာ မဟုတ်ဘူးလေ.. ချက်ချင်းကြီး စရေးရင်သာ ပိုပြီးမသင်္ကာဖို့ကောင်းတာ မဟုတ်ဘူးလား..]

မိနစ်အနည်းငယ်ကြာပြီးနောက် မုန့်ယွမ်ရှန့် မျက်လုံးဖွင့်လိုက်သည်။

ဘောလ်ပင်အား အသာလှည့်ပြီးနောက် စာရွက်ပေါ်၌ သီချင်းနုတ်များ စတင်ရေးသည်။ သံစဉ်ရေးပြီးနောက် စာသားမထည့်မီ ခေတ္တရပ်လိုက်သည်။

မုန့်ယွမ်ရှန့် နောက်ဆုံးစာသားရေးပြီးချိန်၌ အချိန်ကုန်လုနီးနီးဖြစ်သည်။

နှစ်ဦးစလုံး စင်အလယ်သို့ ပြန်ရောက်လာသည်။

ပရိသတ်များမှာလည်း ထိုင်ခုံမှတကြွကြွ ဖြစ်နေကြသည်။

အစီအစင်တင်ဆက်သူမှ မည်သူအရင်ဆိုမလဲဟု မေးလေသည်။

“နည်းပြကျန်းမော့ အရင်ဆိုပါ..”

ကျန်းမော့က မုန့်ယွမ်ရှန့် သံစဉ်မရေးနိုင်ကြောင်း သူ့ကိုယ်သူ အယုံသွင်းပြီးနောက် ဂီတာကိုင်ကာ ယုံကြည်မှုအပြည့်နှင့် စတင်သီဆိုသည်။

ချိုသက်သက်အချစ်သီချင်းတစ်ပုဒ်ပင်။

နူးညံ့သိမ်မွေ့သော သံစဉ်နှင့် မြူးကြွကြွ စာသားများ ပေါင်းစပ်ထားခြင်းဖြစ်သည်။ နားထောင်သူများမှာ ဆားနံ့သင်းသင်းပါဝင်သည့် လေညင်းလေး တိုက်ခိုက်နေသော ကမ်းခြေ၌ လူငယ်စုံတွဲတစ်တွဲ စကားများရန်ဖြစ်နေသည့် ပုံရိပ်အား မြင်ယောင်လာမိစေသည်။

နည်းပြနေရာ၌ရှိနေသည့် ရှန့်ယွီ အသာခေါင်းညိတ်လိုက်သည်။

သီချင်းမှာ ထူးခြားနေခြင်း မဟုတ်သည့်တိုင် လက်ခံနိုင်လောက်ဖွယ်ရှိသည်။ သို့သော် စာသားများမှာ ယခင်အတိုင်း ထိရှနေဆဲပင်။

မုန့်ယွမ်ရှန့် အမူအရာမဲ့စွာ ရှိနေသည်။

သူရေးသားထားသည့် စာသားများအား မှတ်မိဆဲဖြစ်သည်။ ထိုစာသားများမှာ သူ၏ကိုယ်ပိုင်များပင်။

နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမော့၏ နောက်ကွယ်မှ ရှဲဒိုးရေးပေးခဲ့ပြီး အချစ်ဟူသော ခေါင်းစဉ်အောက်၌ ရူးနှမ်းခဲ့သည်။

ထိုသို့သောအမှားမျိုး နောက်တစ်ခါ ပြုလုပ်တော့မည် မဟုတ်ပေ။

မျက်လုံးမှိတ်ကာ နှလုံးသားထဲရှိ နောက်ဆုံးသော ခံစားချက်အကြွင်းအကျန်များအား ဖယ်ရှားလိုက်သည်။

မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏ပတ်ပတ်လည်ရှိ စင်မြင့်မှာ ပိုမိုကျယ်ပြန့်လာသယောင် ခံစားရပြီး ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။

အစီအစဉ်တင်ဆက်သူမှ သီချင်းဆိုရန် ပြောလာသည့်အခါ သူက တည်ငြိမ်စွာဖြင့်ပြောသည်။
“ကျွန်တော်က တူရိယာတီးခတ်ဖို့ သင်ယူနေတာ မကြာသေးပါဘူး.. ဒါကြောင့် ကျွန်တော့်လက်သံက အတော်လေး ကြမ်းနေသေးတယ်.. နည်းပြတစ်ယောက်ယောက်က ကျွန်တော့်ကို ကူညီပေးနိုင်မလား..”

[တကယ်ကြီးလား.. သီချင်းရေးနိုင်ပေမဲ့ တူရိယာ မတီးတတ်ဘူးပေါ့လေ..]

[ဒါက အတော်လေး ကြီးကျယ်သွားတယ်ပေါ့.. အဆိုတော် တော်တော်များများက ဒီလိုပဲလေ.. ပြီးတော့ သူက မတီးတတ်ဘူးလို့ ပြောနေတာမှ မဟုတ်ဘဲ.. အခုမှ သင်ကာစရှိသေးတာတဲ့ မကြားဘူးလား.. သောက်ရူးတွေ..]

[ငါတော့ မယုံချင်သေးဘူး.. သူရေးထားတာ အရမ်းကို ဆိုးဝါးနေလို့ သူ့ဘာသာ တစ်ယောက်တည်း ဆိုဖို့ ရှက်နေတာပဲ ဖြစ်မှာပေါ့..]

ပရိသတ်များ တီးတိုးပြောနေချိန်မှာပင် ရှန့်ယွီက လက်မြှောက်လိုက်သည်။
“ကိုယ် တီးပေးမယ်..”

လူတိုင်း ကြောင်အသွားစဉ်မှာပင် ရှန့်ယွီက စင်မြင့်ပေါ်သို့ သွားနေပြီဖြစ်သည်။

သူက အွန်လိုင်းပေါ်ရှိ ကောလာဟလများအား မြင်တွေ့ထားသည်။

ရှန့်ယွီ အမုန်းဆုံးအရာမှာ ခိုးကူးခြင်းဖြစ်သည်။

ရှန့်ယွီနှင့် ကုရှင်းရှစ်တို့ ကောင်းမွန်သည့် ဆက်ဆံရေးရှိကြောင်း ကျန်းမော့ သိသွားပြီးနောက် ကုရှင်းရှစ်မှာ အယုံလွယ်လွန်းသောကြောင့် မုန့်ယွမ်ရှန့်သည် [Boy Group Training Camp] သို့ ဝင်ခွင့်ရရန် ကုရှင်းရှစ်အား လှည့်စားခဲ့ကြောင်း ရှန့်ယွီထံ သတိပေးစကားပြောခဲ့သည်။

ရှန့်ယွီ၏ ကိုယ်ပိုင်ယုံကြည်မှုအရ မုန့်ယွမ်ရှန့်မှာ ထိုသို့သော လူစားမျိုးနှင့် မတူသော်ငြား အကွာအဝေးတစ်ခုထားကာ ဆက်ဆံခဲ့သည်။

သို့သော် မုန့်ယွမ်ရှန့်၏ ယနေ့ ဖျော်ဖြေမှုအား ကြည့်ပြီးနောက် ရှန့်ယွီ၏အမြင်များ ပြောင်းလဲသွားသည်။

ထို့အပြင် ကျန်းမော့ ဖော်ပြခဲ့သော ‘ဂီတနှင့်ပတ်သက်၍ နားကန်းတစ်လုံး မသိသူ’၊ ‘အကျင့်ပျက် ခိုးကူးသူ’ ဟူသော စကားလုံးများအပေါ် သိလိုစိတ်ဖြစ်မိသည်။ အဲလိုလူရဲ့ သီချင်းက ဘယ်လိုများ ဖြစ်နေမလဲ…

မုန့်ယွမ်ရှန့်က ရှန့်ယွီထံသို့ သံစဉ်စာရွက် ကမ်းပေးလိုက်သည်။

စာသားအား ဖတ်ရှုပြီးနောက် ရှန့်ယွီ၏မျက်လုံးများ အလန့်တကြား ပြူးကျယ်လာသည်။ မုန့်ယွမ်ရှန့်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး စာသားများထဲ လုံးလုံးလျားလျား နစ်ဝင်သွားသည်။ အစီအစဉ်တင်ဆက်သူ၏ စကားများကြောင့်သာ လက်ရှိအချိန်သို့ အသိစိတ်ပြန်ကပ်လာခြင်းပင်။

ချက်ချင်း စတင်မည့်အစား ရှန့်ယွီက လက်ထောက်အား သူ၏ ကိုယ်ပိုင်ဂီတာ ယူဆောင်လာပေးရန် အချက်ပြလိုက်သည်။

ရှန့်ယွီ၏ပရိသတ်များ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ပရိသတ်များအကြားရှိ ပိုင်ရန်သည်လည်း မုန့်ယွမ်ရှန့်အား ဝေခွဲမရနိုင်စွာ ကြည့်လိုက်သည်။

အနီးရှိ ပရိသတ်တစ်ဦးမှ မေးလာသည်။
“အစ်မရေ.. ရှန့်ယွီ ဂီတာ သွားယူခိုင်းတာနဲ့ ဘာဖြစ်လို့ လူတိုင်း စိတ်လှုပ်ရှားလာကြတာလဲဟင်..”

ပိုင်ရန်က နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
“အစ်ကိုရှန့်က အဲဒီဂီတာကို သူ့ ‘ဇနီး’ လို သဘောထားတာ.. သီချင်းက ခိုးကူးထားတယ်ဆိုရင် ဘယ်တော့မှ အဲဒီဂီတာကိုသုံးပြီး ဖျော်ဖြေမှာ မဟုတ်ဘူး..”

ပိုင်ရန်သည်လည်း အွန်လိုင်းပေါ်ရှိ ကောလာဟလများအား တွေ့မြင်ထားသည်။

သူမရိုက်ယူထားခဲ့သော မုန့်ယွမ်ရှန့်၏ ဓာတ်ပုံများမှာ ဤကဲ့သို့ အငြင်းပွားမှုမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ခိုးကူးကိစ္စ ပေါ်လာချိန်၌ ထိုဓာတ်ပုံများအား ဖြုတ်ချရန် စဉ်းစားခဲ့ဖူးသည်။

သို့သော် တစ်ပုံချင်းစီတိုင်းမှာ အလွန်ကောင်းမွန်စွာ ထွက်ပေါ်လာသောကြောင့် ဖျက်မပစ်နိုင်ပေ။

ဤအချိန်၌ ထိုသို့မလုပ်သင့်ကြောင်း ပိုမိုသေချာသွားသည်။

ရှန့်ယွီ၏ စည်းမျဉ်းများအား လူတိုင်းနည်းပါး သိထားသည်။

အတော်လေး တိတ်ဆိတ်နေသော အွန်လိုင်းပေါ်ရှိ လူများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် ပွက်လောရိုက်လာကြသည်။

[သီချင်းက အဲလောက်တောင် ကောင်းတယ်ပေါ့လေ.. အဲဒါကြောင့် အစ်ကိုရှန့်က စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သူ့ ‘ဇနီး’ လေးကိုသုံးပြီးတောင် တီးခတ်ပေးချင်တာတဲ့လား..]

[ဘာကို စည်းဖောက်တာလဲ.. မုန့်ယွမ်ရှန့်က ဘယ်တုန်းကမှ သီချင်းခိုးခဲ့တာ မဟုတ်တာလည်း ဖြစ်နိုင်တယ်လေ..]

[ရှန့်ယွီရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းပါဆိုတဲ့ ကျန်းမော့ရဲ့ သီချင်းတွေကိုကျ ရှန့်ယွီက သူ့ ‘ဇနီး’ လေးကိုသုံးပြီး တီးခတ်ပေးတာမျိုး မတွေ့ဖူးတာ ငါတစ်ယောက်တည်းလား.. မုန့်ယွမ်ရှန့်ရဲ့ ပထမဆုံးသီချင်းကတော့ အခုလို ဆက်ဆံခံလိုက်ရတယ်.. ကျွတ်.. ကျွတ်..]

[ခုမှပဲ သဘောပေါက်တော့တယ်..]

စင်မြင့်ထက်၌။

ကျန်းမော့က မျက်နှာမပျက်စေရန် ကြိုးစားထိန်းချုပ်နေရပြီး အမူအရာ ပျက်ယွင်းမသွားစေရန် လက်သီးတင်းတင်းဆုပ်ကာ လက်သည်းဖြင့် လက်ဖဝါးအား ထိုးစိုက်ထားသည်။

တစ်ချိန်တည်းမှာပင် ရှန့်ယွီနှင့် မုန့်ယွမ်ရှန့်က တစ်ဦးနှင့်တစ်ဦး ကောင်းမွန်စွာ သိရှိထားကြသကဲ့သို့ သီချင်းစာသားအကြောင်း ဆွေးနွေးနေပြီး အံ့အားသင့်စွာဖြင့် ပြုံးရယ်နေကြသေးသည်။ သူတို့၏ အပြုအမူကြောင့် ပရိသတ်များ သိလိုစိတ် မထိန်းနိုင်တော့ချေ။

အဆုံး၌ ရှန့်ယွီ၏လက်ထောက်က ဂီတာနှင့် ပြန်ရောက်လာသည်။

ဂီတာကြိုးများ ချိန်ညှိပြီးနောက် မုန့်ယွမ်ရှန့်အား ခေါင်းညိတ်ပြလိုက်သည်။

ဂီတာသံစသည်နှင့် ပရိသတ်များ အလျင်အမြန် တိတ်ဆိတ်သွားသည်။

ရော့ခ်သီချင်းတစ်ပုဒ်ပင်။

စာသားများမှာ ကြမ်းတမ်းပြီး အားအင်အပြည့်ရှိသည်။ မျှော်လင့်ချက်မဲ့စွာဖြင့် ပင်လယ်နက်တွင်းသို့ ဆွဲချခံရပြီး အမျက်ဒေါသနှင့် အံတုကာ ရှင်သန်နိုင်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်တိုက်ခိုက်နေသော လူတစ်ယောက်အကြောင်းဖြစ်၏။

သီချင်းသည် ပထမဆုံး သံစဉ်မှစကာ နားထောင်နေသူတိုင်း၏ နှလုံးသားအား သိမ်းပိုက်လိုက်နိုင်သည်။

မုန့်ယွမ်ရှန့်၏ ကြည်လင်ပြတ်သားသော အသံမှာ မိုက်အားဆုပ်ကိုင်လိုက်သည်နှင့် သီဆိုမှုထဲသို့ စိတ်ဝိညာဉ်တစ်ခုလုံး နစ်မြုပ်သွားသလိုပင်။

ကျန်းမော့၏ အတုအယောင်အချစ်များအောက်၌ နေ့နေ့ညည ကြိုးကိုင်ခြယ်လှယ်ခံခဲ့ရသော နေ့ရက်များအား တွေးမိသည်။

ရေမြောင်းထဲရှိ ကြွက်တစ်ကောင်သဖွယ် စင်မြင့်ထက်၌ ပရိသတ်ချစ်ခင်မှုကို ရရှိနေကြသော အနုပညာရှင်များအား မနာလိုအားကျစွာဖြင့် ကြည့်နေခဲ့ရသည့် နေ့ရက်များအား အမှတ်ရမိသည်။

တစ်ည၌ သူ့အား အမှောင်ထုထဲမှ ဆွဲခေါ်ထုတ်ပေးခဲ့သော လက်တစ်စုံအား ပြန်လည်မြင်ယောင်မိသည်။

ကုရှင်းရှစ်...
သူ့အား အကောင်းဆုံးသော စာချုပ်၊ အကောင်းဆုံးသော အခွင့်အရေးများပေးကာ သူ၏နောက်၌ မားမားမတ်မတ် ရပ်တည်ယုံကြည်ပေးသောသူ။

မျှော်လင့်ချက်မဲ့မှုများ၊ စိတ်ပျက်အားငယ်နေမှုများ မရှိတော့ပြီ။

ပင်လယ်ပြင်ထက်၌ နေရောင်ခြည် ဖြာကျလာပြီ။

*

သီချင်းပြီးဆုံးသွားချိန်၌ ပရိသတ်မှာ သံစဉ်ထဲ၌ နစ်မြုပ်နေဆဲဖြစ်ပြီး ထိုအချိန်လေးထဲမှ ရုန်းမထွက်လိုကြချေ။

ပိုင်ရန်က မျက်ရည်သုတ်လိုက်ပြီး ကင်မရာကိုင်ကာ စင်မြင့်ပေါ်ရှိ မုန့်ယွမ်ရှန့်၏ လျှပ်တပြတ်ပုံများအား အသည်းအမဲ ရိုက်ယူတော့သည်။

ကြယ်တစ်ပွင့် မွေးဖွားလာလေပြီ။

မုန့်ယွမ်ရှန့်က လက်ထဲရှိ မိုက်ခရိုဖုန်းအား ဘေးချကာ မျက်နှာပျက်ယွင်းနေပြီဖြစ်သည့် ကျန်းမော့ထံ လှည့်ကြည့်လိုက်သည်။

မုန့်ယွမ်ရှန့်၏ မျက်လုံးထဲ၌ တုံ့ဆိုင်းမှု၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ မရှိတော့ချေ။

ဖီးနစ်တစ်ကောင်ကဲ့သို့ ပြာပုံထဲမှ ပြန်လည်မွေးဖွားခဲ့လေပြီ။

မုန့်ယွမ်ရှန့်၏ အကြည့်မှာ ‘ငါနိုင်မှာ’ ဟူ၍ ကျန်းမော့အား ပြောနေသယောင်။

လှလှပပလေး အနိုင်ယူမှာ..

ငါ့ကို စွပ်စွဲတဲ့ စကားလုံးတိုင်းကို ချေဖျက်ပြီး အဲဒီအတိုင်း မင်းကို ပြန်ပေးမယ်..


🍉🍉🍉🍉 အခန်း ၁၇


ပရိသတ်များ၏ တုံ့ပြန်မှုမှာ အဖြေပင်။

စိန်ခေါ်မှုတွင် မည်သူအနိုင်ရရှိကြောင်း သံသယဖြစ်ရန်ပင် မလိုတော့ချေ။

တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်များမှာလည်း အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်။

[ဘာမှပြောနေဖို့ မလိုဘူး.. မုန့်ယွမ်ရှန့် အကောင်းဆုံး..]

[ဒီလို သီချင်းကောင်းတစ်ပုဒ်က အရည်အချင်းပြရှိုးမှာ ပေါ်လာမယ်လို့ ဘယ်သူထင်မှာလဲ..]

[ငါတကယ်ပဲ ငိုတော့မှာ.. ငါ့ရဲ့ ပြီးခဲ့တဲ့ ဆက်ဆံရေးမှာပဲ ပိတ်မိနေခဲ့တာ နှစ်ပေါင်းများစွာရှိပြီ.. ဒီသီချင်းက ငါ့ကို သတ္တိထည့်ပေးလိုက်သလိုပဲ.. မကောင်းတဲ့မှတ်ဉာဏ်တွေကို ပင်လယ်အောက်ခြေမှာ ချန်ထားရစ်ပြီး အပေါ်ပြန်တက်လာနိုင်ခဲ့ပြီ.. ငါ့ရဲ့ နေရောင်ခြည်ကို ရှာဖွေတော့မှာ..]

*

ရှန့်ယွီ၏ လက်ချောင်းများမှာ ဂီတာကြိုးပေါ်၌ ရှိနေကာ နှလုံးခုန်သံ မြန်နေဆဲပင်။

ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဖျော်ဖြေမှုမျိုး မပြုလုပ်ခဲ့ရသည်မှာ ကြာလှပြီဖြစ်သည်။

ဤသီချင်းသည် သူ့အား ဂီတလမ်းကြောင်းသို့ လျှောက်လှမ်းရန် တွန်းအားဖြစ်စေခဲ့သော သီချင်းတစ်ပုဒ်အား ပထမဆုံးကြားဖူးချိန်ကို ပြန်လည်အမှတ်ရစေသည်။

သူက မုန့်ယွမ်ရှန့်အား နွေးထွေးစွာ ကြည့်လိုက်သည်။
“အရမ်းကောင်းတဲ့ သီချင်းပဲ.. ဒီသီချင်းကို တစ်ပုဒ်တည်းထုတ်ချင်တာပဲဖြစ်ဖြစ် အယ်လ်ဘမ်ထုတ်ချင်တာပဲဖြစ်ဖြစ် စိတ်ကူးရှိရင် ကိုယ့်ကိုပြောနော်.. ကိုယ့်ဆီမှာ အကောင်းဆုံး ထုတ်လုပ်ရေးအဖွဲ့နဲ့ အသံသွင်းစတူဒီယိုရှိတယ်..”

ရှန့်ယွီ၏ ပရိသတ်များမှာ အံ့အားသင့်မနေတော့ဘဲ ‘ဒီလိုဖြစ်လာမယ်ဆိုတာ သိသားပဲ’ ဟူသည့် အမူအရာများနှင့် ရှိနေကြသည်။

မုန့်ယွမ်ရှန့် စတင်သီဆိုချိန်မှစကာ ရှန့်ယွီ၏ စရိုက်အရ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးအား အလွတ်ပေးလိမ့်မည် မဟုတ်ကြောင်း သူတို့သိထားပြီးဖြစ်သည်။

မုန့်ယွမ်ရှန့်က ရှန့်ယွီ၏ ကမ်းလှမ်းမှုကြောင့် အနည်းငယ်အံ့အားသင့်မိသော်ငြား ယခင်ကဲ့သို့ မဝံ့မရဲ မဖြစ်တော့ချေ။ သူ့အပေါ် ထားရှိသော ကုရှင်းရှစ်၏ ယုံကြည်မှုမှာ မုန့်ယွမ်ရှန့်လိုအပ်နေသော ယုံကြည်ချက်လည်းဖြစ်သည်။

သူ ခေါင်းမော့ကာ ရှန့်ယွီ၏ အကြည့်အား တွန့်ဆုတ်ခြင်းမရှိ ရင်ဆိုင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်.. ကျွန်တော် စဉ်းစားလိုက်ပါမယ်..”

ရှန့်ယွီက အသိအမှတ်ပြုဟန်ဖြင့် ပခုံးပုတ်လိုက်ပြီးနောက် အစီအစဉ်တင်ဆက်သူထံမှ မိုက်ခရိုဖုန်းအား ယူလိုက်သည်။
“ဒီတစ်လှည့်မှာတော့ မုန့်ယွမ်ရှန့်ကို ရွေးပါတယ်..”

ထို့နောက် ကျန်းမော့အား တစ်ချက်မျှမကြည့်တော့ဘဲ နေရာသို့ ပြန်သွားသည်။

ရှန့်ယွီ၏ စကားမှာ စင်ပေါ်သို့ မိုးကြိုးပစ်လိုက်သလိုပင်။

ထုတ်လုပ်ရေးအဖွဲ့သည် နည်းပြများထံမှ လူသိရှင်ကြား မဲပေးခြင်းမှာ တင်းမာမှုအချို့အား ဖြစ်စေလိမ့်မည်ဟု ယူဆသောကြောင့် ကျွမ်းကျင်အကဲဖြတ်အဖွဲ့နှင့် ပရိသတ်များအား ဆုံးဖြတ်ခိုင်းမည်ဟု စီစဉ်ထားခြင်းဖြစ်သည်။

သို့သော ရှန့်ယွီ၏ တည့်တိုးဆန်သော ကြေညာချက်မှာ ကျန်းမော့အား အဖက်ဆယ်ခွင့်ပင် မပေးချေ။

ကျန်းမော့၏ပရိသတ်များက ဒေါသတကြီးဖြစ်ကာ ရှန့်ယွီနှင့် မုန့်ယွမ်ရှန့် နှစ်ဦးစလုံးအား ပုတ်ခတ်စွပ်စွဲကြတော့သည်။

သို့သော် ရှန့်ယွီ၏ ပရိသတ်များမှာ ငြိမ်ခံမနေကြဘဲ မှတ်ချက်ကဏ္ဍ၌ [ဒီတစ်လှည့်မှာတော့ မုန့်ယွမ်ရှန့်ကို ရွေးပါတယ်..] ဟူသော စကားနှင့် လွှမ်းမိုးလိုက်သည်။

ထိုစကားသည် ကျန်းမော့၏ ပရိသတ်များအား ပိုမိုအထိနာစေသည်။

ကျန်းမော့ ဒေါသတကြီး ဖြစ်နေသည်။
ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်လာတာလဲ..

ဤရလဒ်အား လုံးဝမမျှော်လင့်ထားချေ။

ကျန်းမော့၏ စိတ်ခံစားချက်များ ရောထွေးလာသည်

ထိုခံစားချက်များထဲ၌ နောင်တလည်းပါဝင်သည်။ မုန့်ယွမ်ရှန့်၏ အရည်အချင်းအား အသိအမှတ် မပြုမိခြင်းကို နောင်တရသည်၊ သေချာဂရုမစိုက်မိဘဲ သူ၏ ဖောက်ပြန်မှုအား မုန့်ယွမ်ရှန့်ကို သိခွင့်ပေးလိုက်ခြင်းကို နောင်တရသည်။ မဟုတ်ခဲ့လျှင် မုန့်ယွမ်ရှန့်၏ သစ္စာရှိမှုအရ သူ(မုန့်ယွမ်ရှန့်)ရေးသားသော သီချင်းကောင်းများစွာမှာ သူ၏အပိုင်ဖြစ်လာမည်သာ။

ဒေါသလည်းပါသည်။ မုန့်ယွမ်ရှန့် အရည်အချင်းပြရှိုးအား ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ သူ့အား စိန်ခေါ်ခြင်း၊ အရှက်ရစေအောင် ပြုလုပ်ခြင်း စသည့်အရာများအား စိတ်ဆိုးဒေါသထွက်သည်။

မုန့်ယွမ်ရှန့်အား စိန်းစိန်းဝါးဝါး ကြည့်လိုက်ရာ သူ့အား လှောင်ပြုံး ပြုံးပြသည်ကိုသာ မြင်လိုက်ရသည်။

ယုံကြည်ချက်ရှိကာ မာန်မာနနှင့် စွမ်းအင်အပြည့်ပင်။

ကျန်းမော့ ကြောင်အသွားသည်။ 

တန်ဖိုးမရှိဟု ယူဆကာ စွန့်ပစ်ခဲ့မိသော ကျောက်တုံးလေးမှာ ဖုန်မှုန့်များ သန့်စင်ပြီးနောက် အဖိုးတန်ကျောက်မျက်အဖြစ် ပြောင်းလဲသွားပြီး အလွန်တောက်ပကာ ရွှန်းလက်လာသည်။

မဟုတ်ဘူး…

ဒီလိုမဖြစ်ရဘူး…

ကျန်းမော့၏ စိတ်ထဲ၌ ထိတ်လန့်မှုနှင့် မနာလိုမှုတို့ လှိုင်းထန်လာပြီး ပါးစပ်မှ ပွင့်အံကျလာသည်။
“မဟုတ်ဘူး.. ဒီသီချင်းက မင်းရေးတာ မဟုတ်ဘူး.. မင်းက သီချင်းဘယ်လို‌ရေးရမလဲတောင် မသိတဲ့လူ..”

(T/N - အရင်က ကျန်းမော့ကို စာသားတွေပဲ ရေးပေးခဲ့တာဆိုတော့ မုန့်ယွမ်‌ရှန့်က သံစဉ်မရေးနိုင်ဘူးလို့ သူက ထင်နေတာ..)

သူ မရေးနိုင်လျှင် မုန့်ယွမ်ရှန့်လည်း ရေးနိုင်မည် မဟုတ်ပေ။ သူယုံကြည်ပေးမည်မဟုတ်ချေ။

တစ်ယောက်ယောက်မှ ရှဲဒိုးရေးပေးထားခြင်း သို့မဟုတ် ခိုးကူးထားခြင်း ဖြစ်ရမည်။

ဟုတ်တယ်…

အဲလိုပဲဖြစ်မှာ…

သူ မုန့်ယွမ်ရှန့်အားကြည့်ရင်း မျက်နှာပျက်လာသည်။ ကျန်းမော့၏ ခံ့ညားချောမောသော မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့လျက်ရှိသည်။

မုန့်ယွမ်ရှန့် အသာရယ်လိုက်ပြီး သူ၏အသံထဲ၌ တည်ငြိမ်မှုနှင့် စိတ်မကောင်းဟန် ရောစွက်နေသည်။ 
“နည်းပြကျန်းက ခင်ဗျားရဲ့သီချင်းကို ခိုးတယ်ဆိုပြီး ကျွန်တော့်ကို စွပ်စွဲနေတာလား..”

ကျန်းမော့ ပြန်မပြောခင်မှာပင် မှတ်ချက်ကဏ္ဍမှာ ပေါက်ကွဲနှင့်ပြီဖြစ်သည်။

[ဘုရားရေ.. ကျန်းမော့က မုန့်ယွမ်ရှန့်ကို သီချင်းခိုးတယ်ဆိုပြီး စွပ်စွဲရဲသေးတာလား.. စိန်ခေါ်ပွဲရဲ့ အကြောင်းအရာကို သူကိုယ်တိုင်ရွေးထားတာလေ.. မုန့်ယွမ်ရှန့်က စင်ပေါ်ကတောင် ဆင်းသွားတာ မဟုတ်ဘူး.. သူသီချင်းရေးတာ လူတိုင်းကြည့်နေခဲ့တာလေ.. ဘယ်လိုလုပ်ပြီး ခိုးရမှာလဲ.. ဒါမှမဟုတ် ကျန်းမော့ရဲ့စိတ်ကို ဖတ်လိုက်တာလား..]

[ဟားဟားဟား.. ကျန်းမော့ခေါင်းက ဒီလိုသီချင်းမျိုး ရေးနိုင်မယ်လို့ ထင်နေတာလား.. သူ့ရဲ့ သီချင်းအားလုံး ပေါင်းလိုက်ရင်တောင် “ဒေါသပင်လယ်” ကို မှီမှာမဟုတ်ဘူး.. နှစ်တစ်သန်းလောက် ကြာသွားရင်တောင် ရေးနိုင်မှာမဟုတ်ဘူး..]

[ကျန်းမော့က သင်တန်းသားတစ်ယောက်ကို အွန်လိုင်းပေါ်မှာ သီချင်းခိုးတယ်ဆိုပြီး ဘာဖြစ်လို့ စွပ်စွဲရသလဲဆိုတာ ခုတော့သိပြီ.. မနာလိုဖြစ်နေတာကိုး.. သင်တန်းသားတစ်ယောက်လောက်တောင် အရည်အချင်းမရှိတော့ သူများကို နာမည်ဖျက်ဖို့ကြံတယ်.. တော်တော်ရွံဖို့ကောင်းတဲ့ကောင်..]

[မုန့်ယွမ်ရှန့်က သီချင်းခိုးတယ်လို့ ထင်နေတုန်းပဲဆိုရင် မျက်စိကန်းနေတဲ့ ကျန်းမော့ပရိသတ်ပဲဖြစ်မှာ.. ဒါမှမဟုတ် ဦးနှောက်မရှိတဲ့ဟာပေါ့.. နှစ်ခုလုံးလည်း ဖြစ်နိုင်သေးတယ်.. ကိုယ့်ဘာသာ စဉ်းစားကြည့်..]

*

တစ်ချိန်တည်းမှာပင် ပရိသတ်ထဲမှ ယင်ဟယ်ဖုန်းက သူ့ရှေ့ရှိမြင်ကွင်းကြောင့် ထိတ်လန့်ကြောင်အနေတော့သည်။
“ဥက္ကဌကုပြောတာ မှန်လိုက်တာ.. တကယ်ကို လွတ်မသွားသင့်တဲ့ ရှိုးတစ်ခုပဲ..”

“ဥက္ကဌကုကတော့ မယုံနိုင်လောက်အောင် တည်ငြိမ်နေတာပဲ.. အရိုးသားဆုံးပြောရမယ်ဆိုရင် ဥက္ကဌကုရဲ့ အရမ်းသေချာနေတဲ့ပုံကို မြင်ရတာ ကျန်းမော့ ဘယ်လိုအကြောင်းအရာ ရွေးမလဲဆိုတာ ကြိုသိနေတယ်လို့တောင် ထင်မိတော့မလို့.. ဟားဟားဟား”

ကုရှင်းရှစ် မည်သည့်စကားမျှ မဆိုဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ယင်ဟယ်ဖုန်း၏စကားမှာ လုံးလုံးမှားနေခြင်း မဟုတ်ပေ။

ကုရှင်းရှစ်မှာ အကြောင်းအရာအား ခန့်မှန်းခဲ့ခြင်း မဟုတ်ဘဲ ကျန်းမော့၏ အကျင့်စရိုက်အား ခန့်မှန်းခဲ့ခြင်းပင်။

ကျန်းမော့က မုန့်ယွမ်ရှန့်၏ ရေးသားထားသော သီချင်းစာသားများအား လျှို့ဝှက်ယူဆောင်ကာ သူ၏ကိုယ်ပိုင်သဖွယ် ပြုမူတတ်ကြောင်း သိရှိပြီးနောက် ကုရှင်းရှစ် ဆိုရိုးတစ်ခုအား သတိရမိသည်။ 

ပိုးဟပ်တစ်ကောင်ကို တွေ့ပြီဆိုရင် ပုန်းနေတဲ့ပိုးဟပ်အကောင် ရာထောင်ချီရှိဖို့များတယ်..

ကျန်းမော့ထံ၌ စစ်မှန်သော အရည်အချင်း ရှိခဲ့ဖူးပေမည်။

သို့သော် မုန့်ယွမ်ရှန့်၏ စာသားများအား အသုံးပြုပြီးနောက် ‘ဖန်တီးနိုင်စွမ်းရှိသော ပါရမီရှင်’ နှင့် ‘စာသားများ၏ဆရာသခင်’ စသည့် ဂုဏ်ပုဒ်များ ရရှိလာခြင်းအပေါ် ပျော်မွေ့လာပြီး ရှန့်ယွီနှင့်ပင် ကောင်းမွန်သောဆက်ဆံရေး ရရှိလာသည်။

ထိုသို့သော အောင်မြင်မှုများအား ခံစားပြီးနောက် ကိုယ်ပိုင်အစွမ်းအစနှင့် ဖန်တီးရန် ကြိုးစားတော့မည် မဟုတ်ချေ။

ကုရှင်းရှစ်က ထိုသို့ ယူဆမိသည်။

ပြီးနောက် သူ၏ အတင်းပြောစနစ်နှင့် တိုင်ပင်ကြည့်ရာ သေချာပေါက်ပင် ကျန်းမော့ဘေးတွင် ရှဲဒိုးရေးပေးသူအနည်းငယ် ရှိနေကြောင်း သိလိုက်ရသည်။ သူ့ထံသို့ သီချင်းကမ်းလှမ်းလာသော လူသိနည်းသည့် တေးရေးသူအချို့၏ သီချင်းများအား ခိုးယူကာ အခြားသူများအား ထုတ်ပြောခြင်းမပြုနိုင်ရန် ခြိမ်းခြောက်တတ်သည်။

ကျန်းမော့က ထိုကိစ္စများအား ကောင်းမွန်စွာ ဖုံးကွယ်ထားပြီး မုန့်ယွမ်ရှန့်ပင်လျှင် မသိထားချေ။ ကျန်းမော့၏ ပုံစံမှာ ရှေ့နောက်မညီဘဲ ပုံမှန်မဟုတ်ဟုသာ သတိပြုမိခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းမော့မှာ ထိုမျှလောက် စိတ်ဓာတ်အဆင့်အတန်း နိမ့်ပါးလိမ့်မည်ဟု မုန့်ယွမ်ရှန့် တစ်ခါမျှပင် မတွေးမိခဲ့ချေ။

ကုရှင်းရှစ်မှ အမှန်တရားအား ပြောပြပြီးနောက် မုန့်ယွမ်ရှန့် နားလည်သိရှိသွားပြီး ထိုသဘောပေါက်နားလည်မှုသည် သူ့အား ဆူးနှင့်ထိုးသကဲ့သို့ နာကျင်သွားစေသည်။

မုန့်ယွမ်ရှန့်က သီချင်းရေးဖွဲ့ခြင်းအား တိတ်တဆိတ် သင်ယူခဲ့ပြီး ယင်းသည် ကျန်းမော့နှင့် ပိုမိုနီးကပ်လာစေမည်ဟု မျှော်လင့်ခဲ့သည်။

သို့သော မုန့်ယွမ်ရှန့်က သူ၏လက်ရာအား အခြားသူများကို ပြသရန် ယုံကြည်မှုမရှိချေ။ နောက်ကွယ်၌ နေခြင်းကသာ ပိုကောင်းသည်ဟု ထင်သည်။

ကျန်းမော့က နှစ်ပေါင်းများစွာကြာအောင် သီချင်းရေးသားခြင်းမရှိသောကြောင့် သူ့ထံ၌ ရှိခဲ့ဖူးသော အရည်အချင်းများပင်လျှင် ပျောက်ကွယ်သွားသည်။

ထိုသူမှာ လောဘကြီး၍ အခြားသူများအပေါ် သံသယများသည်။

ကျန်းမော့အား စိန်ခေါ်မှု၏ အကြောင်းအရာကို ရွေးချယ်ခွင့်ပေးလိုက်ခြင်းဖြင့် အန္တရာယ်များသည့် အနေအထားမှ လွတ်မြောက်အောင် လှည့်ထွက်လိမ့်မည်ဟု မုန့်ယွမ်ရှန့် သိသည်။

ယခင်က မုန့်ယွမ်ရှန့်သည် ကျန်းမော့၏ သီချင်းများ၌ စာသားများ ထည့်သွင်းပေးခဲ့ဖူးသောကြောင့် သူ၏သီချင်းအားလုံးကို သိထားသည်။

အပိုထပ်ဆောင်း သတိထားသည့်အနေနှင့် မုန့်ယွမ်ရှန့်က စိန်ခေါ်မှု၌ စာသားရေးသားရန်ပါ အကြံပြုပြီး ကျန်းမော့၏ ရွေးချယ်နိုင်စွမ်းအား ပိုမိုကျဉ်းမြောင်းသွားစေသည်။

အဆုံးတွင် ကျန်းမော့က ‘ပင်လယ်’ အား အကြောင်းအရာအဖြစ် ရွေးချယ်လိမ့်မည်ကို မုန့်ယွမ်ရှန့် သေချာ၏။

ထိုသို့တွေးပြီးနောက် ရှိုးမစမီ ၂ ရက်အလို၌ သူ၏သီချင်းအသစ် ‘ဒေါသပင်လယ်’ အား ရေးသားထားခြင်းပင်။

ကျန်းမော့က အကြောင်းအရာရွေးချယ်ခွင့်အား ငြင်းပယ်ကာ အခြားသူများထံ လွှဲပေးနိုင်ခြေလည်း ရှိသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အပေါ်၌ မြင့်မားသောထင်မြင်ချက် ရှိသည်။

မုန့်ယွမ်ရှန့်မှာမူ ဤစိန်ခေါ်ပွဲကို ဂုဏ်သိက္ခာအတွက် ယှဉ်ပြိုင်ခြင်းပင်။

မျှတမှုရှိသော ပြိုင်ပွဲတစ်ခုသာဖြစ်လျှင် မည်သည့်အခါတွင်မျှ ကြောက်ရွံ့တွန့်ဆုတ်နေမည် မဟုတ်ပေ။

အဆုံး၌ စစ်မှန်သော အရည်အချင်းသည်သာ အောင်နိုင်သူ ဖြစ်သည်။

ကံမကောင်းစွာဖြင့် ကျန်းမော့၏ ရွေးချယ်မှုမှာ သူတို့မှန်းဆထားသလိုပင်။

*

စင်မြင်ပေါ်ရှိ အဖြစ်အပျက်များမှာ အင်တာနက်တခွင် အလျင်အမြန် ပျံ့နှံ့သွား၏။

အွန်လိုင်းပေါ်ရှိ လူထုမှာ စိတ်လှုပ်ရှားမှုကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။

#မုန့်ယွမ်ရှန့်ကကျန်းမော့ကိုစိန်ခေါ်တယ်
#မုန့်ယွမ်ရှန့်_ဒေါသပင်လယ်
#ရှန့်ယွီ:“ဒီတစ်လှည့်မှာတော့မုန့်ယွမ်ရှန့်ကိုရွေးပါတယ်”
#ကျန်းမော့ကသီချင်းခိုးတယ်ဆိုပြီးစွပ်စွဲတယ်လို့မုန့်ယွမ်ရှန့်ကပြောတယ်

[ဒေါသပင်လယ်ကို နားထောင်ရတာ ကြက်သီးတွေပါထတယ်.. ကျန်းမော့မှာ သီချင်းအများကြီးရှိပေမဲ့ အဲဒါတွေအားလုံး ပေါင်းရင်တောင် ဒေါသပင်လယ်ကို မမီဘူး.. ဒါနဲ့တောင် ဘယ်လိုစိတ်မျိုးနဲ့ မုန့်ယွမ်ရှန့်ကို စွပ်စွဲရဲတယ် မသိဘူး..]

[ရှန့်ရှန့်ရဲ့ သစ္စာရှိ ပရိသတ်တစ်ယောက်အနေနဲ့ ဒီညကတော့ လုံးဝ အမိုက်စားပဲ.. အရင်နေ့က ရှန့်ရှန့်ဘက်မှာ ရပ်တည်ပေးတဲ့လူတိုင်းကို လှောင်ပြောင်တိုက်ခိုက်ခဲ့တဲ့ လူတွေကြောင့် ဒေါသထွက်လွန်းလို့ ငိုခဲ့ရတာမနည်းဘူး.. အခု ကြည့်စမ်း.. ရှန့်ရှန့်က haterတွေ ပါးစပ်ပိတ်အောင် လုပ်လိုက်တော့ ဘာပြောနိုင်သေးလဲ.. အဲဒီ တိုက်ခိုက်တဲ့သူတွေရဲ့ အကောင့်တွေကို အခုပဲ လိုက်ကြည့်ပြီးပြီ.. သူတို့က ပိုစ့်တွေ မှတ်ချက်တွေကို ဖျက်ပစ်နေကြတာလေ.. ဟားဟားဟား ကျေနပ်လိုက်တာနော်..]

[ဟုတ်တယ်ဆို.. အကောင်းဆုံးအရာကတော့ ရှန့်ရှန့်က အရမ်းကို အရည်အချင်းရှိနေတော့ ပရိသတ်တွေ ကြားဝင်ပေးဖို့တောင် မလိုဘူး.. haterတွေကို သူ့ဘာသာ ကိုင်တွယ်နိုင်တယ်.. ဒီအချက်နဲ့တင် နေ့တိုင်းပျော်လို့ရတယ်..]

[ကျန်းမော့က ဘာဖြစ်လို့ မုန့်ယွမ်ရှန့်ကို အဲလောက်တောင် ပစ်မှတ်ထားနေတာလဲ.. စဉ်းစားကြည့်မှ သီချင်းခိုးတာ မုန့်ယွမ်ရှန့်မဟုတ်ဘဲ ကျန်းမော့ကိုယ်တိုင် ဖြစ်နေလို့များလား.. အခုတော့ သူ့အပြစ်နဲ့သူ ခံနေရတာလား..]

ထိုမှတ်ချက်မှာ လတ်တလောရှာဖွေမှု၏ ထိပ်ဆုံးသို့ရောက်ရန် မကြာလိုက်ချေ။

[ဒီလူကတော့ အကြားအမြင်ရနေတာပဲ ဖြစ်ရမယ်.. လုံးဝ ဖြစ်နိုင်တယ်..]

တစ်ချိန်တည်းမှာပင် အကြောင်းအရင်းအား ရှင်းရှင်းလင်းလင်း မသိကြသေးသော ဖြတ်သွားဖြတ်လာများ ရောက်လာကြသည်။

[ဘာဖြစ်နေကြတာလဲ.. တစ်ယောက်ယောက် ရှင်းပြပါဦး..]

အကူအညီပေးတတ်သော အင်တာနက်အသုံးပြုသူ တစ်ဦးမှ လင့်ခ်တစ်ခု ပေးလိုက်သည်။
[အတင်းပြောစနစ် 10086 အခုပဲ ပိုစ့်တင်ထားတယ်.. သွားကြည့်လိုက်..]

အဆိုပါလင့်ခ်အား ဝင်ကြည့်သူတိုင်းမှာ လှောင်ပြောင်သရော်ထားသော ပိုစ့်တစ်ခုကို တွေ့လိုက်ရသည်။

[လက်ထောက်တစ်ယောက် ရှာနေလား.. မင်းရဲ့သီချင်းကို ခိုးမယ်.. မင်းကို လှောင်ပြောင်ပုတ်ခတ်ပြီး သိက္ခာကျအောင် လုပ်မဲ့သူမျိုးပေါ့..]


🍉🍉🍉🍉 အခန်း ၁၈


ယွမ်ချင်းချင်း၏ ဖြစ်ရပ်ပြီးနောက် “အတင်းပြောစနစ်10086” အကောင့်မှာ အင်တာနက်အတင်းအဖျင်းချစ်သူများ၏ နိဗ္ဗာန်ဘုံတစ်ခုသဖွယ် ဖြစ်လာသည်။

အတင်းပြောစနစ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရေပန်းစားလာပြီး ကြည့်ရှုသူ ၁ သန်းကျော်သွားသောကြောင့် ဤအကောင့်ပိုင်ရှင်မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ကုမ္ပဏီမှ တစ်ဦးတစ်ယောက် သို့မဟုတ် အရူးအမူး ပရိသတ်တစ်ယောက် ဖြစ်မည်ဟု ယူဆထားကြသည်။

သို့သော် အကောင့်မှာ တဖြည်းဖြည်း တိတ်ဆိတ်လာပြီး လူတိုင်း၏ အာရုံစိုက်မှုများမှာလည်း အခြားကောလာဟလများထံ ရောက်သွားကြသည်။

သို့သော် အတင်းပြောစနစ်မှာ လူတိုင်း မထင်မှတ်ထားသည့် အချိန်၌ အလွန်ကြီးမားသော ဖရဲသီးကြီးနှင့် ပြန်လည်ထွက်ပေါ်လာသည်။

အဆိုပါပိုစ့်၌ မုန့်ယွမ်ရှန့်မှာ ကျန်းမော့၏ သီချင်းများအား တစ်ခါမျှပင် ခိုးယူဖူးခြင်း မရှိကြောင်း ပြောထားသည့်အပြင် ဤနှစ်များအတွင်း ကျန်းမော့၏ သီချင်းစာသား အများစုမှာ မုန့်ယွမ်ရှန့် ရေးသားထားခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။ ကျန်းမော့စတူဒီယိုမှ ဝန်ထမ်းဟုဆိုသော လိဖန်မှာလည်း မုန့်ယွမ်ရှန့်၏ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ရန် လာဘ်ထိုးခံထားရသူဖြစ်ကြောင်း ပါရှိသည်။ 

လွန်ခဲ့သော ၂ နှစ်မှ ကျန်းမော့ အနုပညာယဉ်ကျေးမှုနှင့် ပတ်သက်သည့်ရသစုံရှိုးတစ်ခု၌ ပေါ်လာချိန် သံသယဖြစ်ဖွယ် အခိုက်အတန့်များ အသေးစိတ်ပါဝင်သည်။ ကျန်းမော့က အခြေခံဗဟုသုတများပင် ရှိမနေကြောင်း ဖော်ထုတ်ခံရသည့်အပြင် သူ၏ သီချင်းစာသားထဲ၌ မှီငြင်းရေးဖွဲ့ထားပါသော ဆိုရိုးစကားနှင့် ပတ်သက်သည့် မေးခွန်းကိုပင် ဖြေနိုင်ခြင်းမရှိချေ။ 

ထူးဆန်းတယ် ဟုတ်..

အခြားသော ဥပမာများလည်း ပါဝင်သည်။ အမျိုးမျိုးသောရသစုံရှိုးများ၊ အင်တာဗျူးများနှင့် စကားပြောရှိုးများမှဖြစ်ပြီး အများစုမှာ အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်ဆဲဖြစ်သည်။

ဖြစ်ရပ်တစ်ခုချင်းစီမှာ အသေးအဖွဲ ဖြစ်ဟန်ရှိသော်ငြား အားလုံး စုပေါင်းလိုက်သည့်အခါတွင် ကျန်းမော့၏ အနုပညာယဉ်ကျေးမှုနှင့် ပတ်သက်၍ နက်ရှိုင်းသော ဗဟုသုတမရှိခြင်း ထွက်ပေါ်လာပြီး သူ၏ အစစ်အမှန်ပုံရိပ်အား ဖုံးကွယ်မထားနိုင်တော့ချေ။

[ငါသိသားပဲ.. ကျန်းမော့က ဗဟုသုတရှိပုံ နည်းနည်းလေးတောင် မရပေမဲ့ သူ့သီချင်းစာသားတွေက အရမ်းပဲ အနုပညာဆန်နေတယ်လေ.. တစ်ခါ ပြောဖူးသေးတယ် အဲဒီတုန်းက သူ့ပရိသတ်တွေက ‘နက်နက်ရှိုင်းရှိုင်းဖုံးကွယ်’ ထားတာလို့တောင် ပြောလိုက်သေး.. အခုလိုမျိုး နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာလို့တော့ ငါလည်း ဘယ်ထင်ပါ့မလဲ..]

[LOLLLL ဒီလောက်ရိုးရှင်းတဲ့ စကားလုံးတွေကိုတောင် မသိဘူးဆိုရင် ‘စာသားရေးဖွဲ့မှု ဉာဏ်ကြီးရှင်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘယ်လိုမျိုး ထိန်းသိမ်းထားလဲ သိချင်မိသား.. ဖျော်ဖြေရေးလောကရဲ့ ပါရမီရှင်၊ ဉာဏ်ကြီးရှင်လို ဟန်ဆောင်တာတွေက အဆုံးသတ်မလှဘူးဆိုတာ သူ မသိတာများလား..]

[အရင်ကတော့ ကျန်းမော့ရဲ့ ပုံမှန်ပရိသတ်တစ်ယောက်ပါပဲ.. သီချင်းအသစ်ထွက်တိုင်း ငါ့မှာ ကြိုက်လိုက်ရတာဆိုတာလေ.. စာသားတွေကိုပေါ့.. မှတ်စုစာအုပ်ထဲတောင် ချရေးထားတာ.. ငါက သူ့ရဲ့ ‘စိတ်ဝိညာဉ်’ ကိုသာ သဘောကျပြီး လူကို သဘောကျတာ မဟုတ်ပါဘူးလို့ အမြဲပဲ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရတာ.. အခုမှပဲ ငါသဘောကျတဲ့ ‘စိတ်ဝိညာဉ်’ က သူ့ဟာမဟုတ်မှန်း သိရတော့တယ်.. ဘာမှထပ်ပြောဖို့ မလိုတော့ဘူး.. မုန့်ယွမ်ရှန့်ကို မဲပေးဖို့သွားပြီပဲ..]

*

တစ်ချိန်တည်းမှာပင် ရိုက်ကူးရေးပြီးနောက် အဝတ်လဲခန်းသို့ ပြန်ရောက်လာသော ကျန်းမော့က စားပွဲပေါ်ရှိ အရာအားလုံးအား ဒေါသတကြီး တိုက်ချလိုက်သည်။

“အဲဒီအကြောင်းတွေ ဖော်လိုက်တာ အမှိုက်ကောင် မုန့်ယွမ်ရှန့်ပဲ ဖြစ်ရမယ်..”

“တော်လောက်ပြီ.. အခုက သူ့ကို အပြစ်တင်ရမဲ့အချိန် မဟုတ်ဘူး.. ဒီကိစ္စကို ဖြေရှင်းဖို့လိုတယ်..”

“ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း အဲလိုပဲ ပြောတာလေ..”
ကျန်းမော့ ဒေါသတကြီး ပြောဆိုပြီးနောက် တစ်စုံတစ်ခုအား အမှတ်ရသွားဟန်ဖြင့် မျက်နှာဖြူစုတ်သွားသည်။
“လိဖန်.. သူ ငါတို့ကို သစ္စာမဖောက်တာ သေချာလား..”

မန်နေဂျာက ယုံကြည်မှုအပြည့်နှင့် ပြောသည်။
“လုံးဝပဲ.. သက်သေမရှိဘူးလေ.. တကယ်လို့ ပြောတဲ့သူက သူဖြစ်ပါပြီတဲ့ ဒီလောကမှာ ဘယ်တော့မှ အလုပ်ရတော့မှာ မဟုတ်ဘူး.. လိဖန်က အဲလောက်လည်း မတုံးပါဘူး.. သူ့အလုပ်သူသိပါတယ်..”

ကျန်းမော့ အနည်းငယ် တည်ငြိမ်သွားသော်ငြား ခပ်တိုးတိုး ပြောနေဆဲပင်။
“အတင်းပြောစနစ် ဆိုတာက မွှေနေတာ.. အဲဒီအကောင့်ကြောင့်သာ မဟုတ်ရင် မုန့်ယွမ်ရှန့် အထုတ်ခံရတာ ကြာလှပြီ..”

“အဲဒီ အတင်းပြောစနစ်က မုန့်ယွမ်ရှန့်တို့ ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေတာလို့ ထင်လား..”

“လဲ့ရှစ်အင်တာတိန်းမန့်ကို ပြောတာလား..”
ကျန်းမော့၏ မန်နေဂျာက မျက်မှောင်ကြုတ်လိုက်သည်။
“မဖြစ်နိုင်ပါဘူး.. လဲ့ရှစ်က အဲလောက်တောင် အင်အားကြီးနေရင်လည်း ပြိုကျမလိုဖြစ်နေတဲ့ ရုံးခန်းမှာ ပိတ်မိနေမှာတဲ့လား.. သူတို့ကြည့်ရတာ ဒေဝါလီခံတော့မယ်တောင် ထင်ရတယ်..”

“သူ့ရဲ့ အရူးအမူး ပရိသတ်တော့ မဟုတ်လောက်ဘူးမလား..”
ထိုအကြောင်းအား တွေးမိချိန် မနာလိုမှုတို့ မြင့်တက်လာသည်။ 

ဘာဖြစ်လို့ ငါ့ဆီမှာတော့ ဒီလိုပရိသတ်မျိုး မရှိရတာလဲ..

မန်နေဂျာက ကျန်းမော့အား နောင်တအပြည့်နှင့် ကြည့်လိုက်သည်။ ပါရမီရှင်အစစ်မှာ မုန့်ယွမ်ရှန့်ဖြစ်ကြောင်း သိမည်ဆိုပါလျှင် ကျန်းမော့အပေါ် ထိုမျှလောက် ရင်းနှီးထားမည် မဟုတ်ချေ။

“ကိစ္စတွေက အဲလောက်ကြီးလည်း မဆိုးသွားသေးပါဘူး.. အဲဒီပိုစ့်မှာပါတဲ့ အဖြစ်အပျက်တွေက ထင်မြင်ချက် သပ်သပ်ပဲလေ.. တိကျတဲ့သက်သေ မဟုတ်ဘူး.. မုန့်ယွမ်ရှန့်ကိုယ်တိုင် ဥပဒေကြောင်းအရ သက်သေမပြနိုင်ရင် ကိစ္စမရှိဘူး.. တရားစွဲတယ်ဆိုတာ အချိန်ကြာသလို ရှုပ်ထွေးတယ်.. သူက အခု ပြိုင်ပွဲနဲ့တင် အလုပ်များနေတာ.. ပြိုင်ပွဲပြီးသွားရင်တော့ ဒီအရှုပ်တစ်ခုလုံးလည်း ငြိမ်သွားလောက်ပြီ.. ဇာတ်လမ်းတစ်ခုလုံးကို ဖုံးကွယ်ဖို့ ပိုက်ဆံနည်းနည်းတော့ သုံးရမှာပေါ့.. အရင်ကလိုပဲလေ..”

ထိုသို့ပြောနေရင်းနှင့်ပင် သူ၏စိတ်ထဲ မသက်မသာ ခံစားလာရသည်။

တစ်ချိန်တည်းမှာပင် ဖုန်းသံထွက်ပေါ်လာ၏။

ဝေ့ပေါ်ဖွင့်လိုက်ရာ အတင်းပြောစနစ်10086 ထံမှ ပိုစ့်အသစ်အား မြင်တွေ့လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်ကာ လက်ထဲရှိဖုန်း ပြုတ်ကျသွားတော့သည်။

*

ညနေ ၉ နာရီအချိန်တွင် စုချီကျိုးက တစ်နေ့တာအတွက် နောက်ဆုံးကုန်ပစ္စည်း ပေးပို့ပြီးဖြစ်သည်။ ဆိုင်ကယ်အား လမ်းဘေး၌ရပ်ကာ မနက်ကဝယ်ထားသော အေးစက်တောင့်ခဲနေပြီဖြစ်သည့် ပေါင်မုန့်အား ထုတ်ယူကာ စားရင်း ရေနှင့်မျှောချလိုက်သည်။

နွေလေညင်းကြောင့် ဦးခေါင်းထက်ရှိ သစ်ရွက်များ တရှဲရှဲ ပွတ်တိုက်သံ ထွက်ပေါ်လာပြီး ပုစဉ်းရင်ကွဲများ၏ ကျီကျီကျာကျာ အော်မြစ်သံ၊ စုံတွဲတစ်တွဲ၏ စကားများရန်ဖြစ်သံတို့မှာ ပူလောင်အိုက်စက်ပြီး စည်ကားသော မြို့ပြ၏ စွမ်းအင်များပင်။

စုချီကျိုးမှာ ကလေးအရွယ်မှစကာ သီချင်းများအား သဘောကျသူဖြစ်သည်။ သို့သော် အလွန်ဆင်းရဲသည့် မိသားစုကြောင့် အလယ်တန်းပြီးနောက် လုပ်ငန်းခွင်သို့ ဝင်ခဲ့ရသည်။

သူ၏ စုဆောင်းငွေဖြင့် ဈေးအသက်သာဆုံး ဂီတာတစ်လုံးအား ဝယ်ယူပြီးနောက် သီချင်းများ သီဆိုရေးသားတတ်ရန် ကိုယ့်ဘာသာ သင်ယူခဲ့ရသည်။ တေးသီချင်းဖန်တီးခြင်းမှာ သူ၏ ပျော်ရွှင်မှုဖြစ်ပြီး တေးရေးတစ်ယောက် ဖြစ်လာရန် အမြဲအိပ်မက်မက်ခဲ့ရသည်။

တစ်နေ့၌ အင်တာဗျူးတစ်ခုတွင် ကျန်းမော့နှင့် အမှတ်မထင် ဆုံတွေ့လိုက်ရသည်။ တေးရေးတစ်ဦး ဖြစ်လာရန် ဖြတ်သန်းလာရပုံနှင့် ခက်ခဲသည့်အခြေအနေ၌ ရှိနေသော တေးရေးများအား အသိအမှတ်ပြုကာ ထောက်ပံ့ပေးလိုကြောင်း ပြောလေသည်။

စုချီကျိုးက သတ္တိမွေးကာ ကျန်းမော့ထံသို့ အီးမေးလ်မှတစ်ဆင့် သူ၏ အကောင်းဆုံး သီချင်း ၂ ပုဒ်ပေးပို့လိုက်သည်။

သို့သော် မည်သည့်တုံ့ပြန်မှုမှ မရခဲ့ချေ။

စိတ်ပျက်အားငယ်စွာဖြင့် သူ၏ သီချင်းများမှာ လုံလောက်အောင် မကောင်းဟုသာ တွေးလိုက်သည်။ သို့သော် ၎င်းမှာ ကျန်းမော့၏ အယ်လ်ဘမ်အသစ်၌ သူ့သီချင်းတစ်ပုဒ်အား ကြားလိုက်ရချိန်ထိသာ ဖြစ်သည်။ ကျန်းမော့သည် စုချီကျိုး၏ သီချင်း ၂ ပုဒ်အား တစ်ပုဒ်တည်းအဖြစ် ပေါင်းစပ်လိုက်ခြင်းသာ။

စုချီကျိုး ကြောင်အသွားသည်။

သီချင်းအား ထပ်ခါတလဲလဲ နားထောင်သည်။ မရေမတွက်နိုင်သော နာရီပေါင်းများစွာ ကုန်ဆုံးပြီးနောက် အားစိုက်ထုတ်မှုများစွာ ပါဝင်သော ရင်းနှီးနေသည့် ဂီတသံစဉ်ထဲ၌ သူ၏ စိတ်ဝိညာဉ်ကိုပါ မြှုပ်နှံထားခဲ့ခြင်းပင်။ 

ဤသီချင်းမှာ သူ၏ သီချင်းဖြစ်သည်။

ကျန်းမော့ ခိုးယူထားခြင်းပင်။

စုချီကျိုးက ဒေါသတကြီးနှင့် စုဆောင်းထားသမျှအားလုံး အသုံးပြုကာ ကျန်းမော့အား တရားစွဲရန်ပြင်သည်။

ကျန်းမော့၏ အဖွဲ့မှ တရားစွဲဆိုမည့်ကိစ္စအား သိရှိပြီးနောက် ကျန်းမော့၏ မန်နေဂျာက စုချီကျိုးထံ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာကာ မည်သည့်အခါတွင်မျှ အောင်မြင်လိမ့်မည် မဟုတ်ကြောင်း အထက်စီးဆန်ဆန် ပြောသည်။ အကယ်၍ ရှေ့ဆက်ခဲ့မည် ဆိုလျှင်ပင် အလယ်တန်းပညာရေးသာ ပြီးခဲ့သူတစ်ယောက်မှာ တေးရေးသူဖြစ်ကြောင်း မည်သူမျှ ယုံလိမ့်မည် မဟုတ်ဟု ဆိုသည်။

စုချီကျိုး အရှုံးပေးရန် ငြင်းဆန်လိုက်သည်။ သို့သော် သူ၏ စုဆောင်းငွေများ ကုန်ခမ်းသွားသည့်အပြင် အကြွေးများပုံလာသည့်တိုင်အောင် အကျိုးမထူးချေ။

သူ၏ ကံကြမ္မာအား လက်ခံရန် စဉ်းစားလိုက်သော်ငြား မည်သည့်အခါတွင်မျှ လက်လျှော့မည်မဟုတ်ချေ။

လွန်ခဲ့သော ရက်ပိုင်းက စုချီကျိုးအား ဆက်သွယ်လာသူတစ်ယောက်မှ ကျန်းမော့အား လူရှေ့ထွက်ကာ စွပ်စွဲပြောဆိုလိုသလားဟု မေးသည်။

စုချီကျိုး တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

များများစားစား မမျှော်လင့်သော်ငြား ဤထက်ပို ဆုံးရှုံးစရာ မရှိတော့ချေ။ တရားမျှတမှု ရရှိရန် တစ်သန်းပုံ တစ်ပုံသာ အခွင့်အရေးရှိသော်လည်း ထိုက်တန်သည်။

သို့သော် စာမလာ သတင်းမကြားနှင့် ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက် စုချီကျိုး ထိုအဖြစ်အပျက်အား မေ့သွားလုနီးနီးပင်။

ပေါင်မုန့် စားပြီးနောက် ပစ္စည်းအနည်းငယ် ထပ်ပို့ရန် ဆုံးဖြတ်လိုက်သော်ငြား သူ့ဖုန်းက အသည်းအသန် တုန်လာသည်။

စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းဖွင့်လိုက်ပြီးနောက် စုချီကျိုးက သူ့ဝေ့ပေါ်၌ နီရဲနေသော သတိပေးချက် ၉၉ ခုအား တွေ့လိုက်ရသည်။ ဖွင့်ကြည့်ရာ မက်ဆေ့ချ်များစွာ ဝင်လာသောကြောင့် ဖုန်းအဟောင်းလေး ဟမ်းသွားလုနီးနီးပင်။

ခေတ္တကြာပြီးနောက် သီးသန့်မက်ဆေ့ချ်အား ဖွင့်လိုက်နိုင်ပြီး အားပေးထောက်ခံသောစာများ ဖတ်လိုက်ရသည်။ 

အတင်းပြောစနစ် 10086 ၏ နောက်ဆုံးပိုစ့်အား ကြည့်လိုက်၏။

အဆိုပါပိုစ့်၌ ကျန်းမော့ သူ့သီချင်းအား ခိုးယူသွားသည့် ဇာတ်ကြောင်းတစ်ခုလုံး ပါဝင်သည်။ စုချီကျိုး၏ အီးမေးလ်များပါဝင်သော စခရင်ရှော့အပြင် ဖန်တီးမှုတစ်ရပ်လုံး၏ မှတ်စုများနှင့် ကျန်းမော့ မန်နေဂျာ၏ ခြိမ်းခြောက်စာများပါ ပူးတွဲဖော်ပြထားသည်။ 

[သောက်ခွေး.. ဒေါသထွက်လို့ သေတော့မှာပဲ.. ကျန်းမော့လောက် ရွံဖို့ကောင်းတဲ့သူ ရှိဦးမလား..]

[ရှေ့နေတစ်ယောက်ပါ.. @စုချီကျိုး အမှုကိစ္စအတွက် ကိုယ်စားပြုရှေ့နေ လုပ်ပေးပါ့မယ်..]

[စုချီကျိုးရဲ့ ဝေ့ပေါ်ကို ရှာတွေ့ပြီဟေ့.. သီချင်းနှစ်ပုဒ်လုံး နားထောင်ပြီးပြီ.. အတော်လေး ကောင်းလွန်းတယ်.. ကျန်းမော့ရဲ့ ဟိုတစ်စဒီတစ်စ ဖြတ်ဆက်လုပ်ထားတာထက် အဆတစ်ထောင်လောက်သာတယ်..]

[တောင့်ခံထားဦး.. မင်းရဲ့ အရည်အချင်းကို နောက်ဆုံးတော့ အသိအမှတ်ပြုခံရပြီ.. ရှေ့ဆက်ဝေးဝေး သွားနိုင်တော့မှာ..]

...

စုချီကျိုး မှတ်ချက်တစ်ခုချင်းစီအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။

နှလုံးသားထဲ၌ နာကျင်မှုနှင့် ကျေးဇူးတရားတို့အား တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ မျက်ရည်မကျခဲ့သော်ငြား ရုတ်တရက် ဒူးနှစ်လုံးအား လက်ဖြင့်ပိုက်ကာ တအိအိ ငိုကြွေးမိတော့သည်။

တစ်ချိန်တည်းမှာပင် [Boy Group Training Camp] မှ တရားဝင် ကြေညာချက်တစ်ခု ထုတ်ပြန်သည်။

ကျန်းမာရေးပြဿနာများကြောင့် နည်းပြကျန်းမော့ ရှိုးမှ ထွက်ခွာသွားသည် ဟူ၍ပင်။

များမကြာမီ ကျန်းမော့၏ အမာခံပရိသတ်များထဲမှ တစ်ယောက်က ပရိသတ်အဖြစ်မှ ထွက်ခွာကြောင်းနှင့် သူမ၏ ဖန်ကလပ်ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာသည်။

ယင်းမှာ အလုံးစုံပျက်သုန်းရန် အချက်ပြလိုက်သလိုပင်။ ထိုသို့ဖြင့် နာမည်ကျော် ကျန်းမော့သည် တစ်ညတည်းနှင့် ပြိုလဲသွားလေတော့သည်။


🍉🍉🍉🍉 အခန်း ၁၉ 


ကျန်းမော့က အခန်းတွင်း၌ စိုးရိမ်တကြီး လမ်းလျှောက်နေသည်။

ပေကျင်းရှိ နာမည်ကျော် ဉာဏပိုင်ဆိုင်မှုရှေ့နေတစ်ဦးဖြစ်သူမှ ဝေ့ပေါ်ပိုစ့်တင်လာသည်။ ရှေ့နေက စုချီကျိုးအား ဆက်သွယ်ပြီး တရားရုံး၌ သူ၏ ကိုယ်စားပြုရှေ့နေအဖြစ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည်။

[ T/N - ဉာဏပိုင်ဆိုင်မှုရှေ့နေဆိုတာ တစ်နည်းအားဖြင့် မူပိုင်ခွင့်ဥပဒေပညာရှင်ပါ

မူပိုင်ခွင့် (Copyright): စာပေ၊ အနုပညာ၊ ဂီတ စတာတွေ
တီထွင်မှုမူပိုင်ခွင့် (Patent): တီထွင်ဖန်တီးထားတဲ့ ပစ္စည်း၊ နည်းစနစ် စတာတွေ
ကုန်အမှတ်တံဆိပ် (Trademark): ကုမ္ပဏီအမည်၊ ကုန်ပစ္စည်းအမည်၊ လိုဂို (Logo) စတာတွေနဲ့ ပတ်သက်တဲ့ ဥပဒေကိစ္စတွေကို အထူးပြုတဲ့ ပညာရှင်ကို ခေါ်တာပါ ]

အဆိုပါပိုစ့် နာမည်ကျော်သွားပြီးနောက် ကျန်းမော့ထံမှ သူတို့လက်ရာများ ခိုးယူခြင်း ခံရသော အခြားသူများသည်လည်း ရှေ့ထွက်လာကြသည်။ ရှေ့နေမှ ထိုသူများ၏ ထွက်ဆိုချက် မှန်ကန်ပါက သူတို့အားလုံးအတွက် ကိုယ်စားပြုရှေ့နေ ဖြစ်ပေးမည်ဟု အတည်ပြုပြောကြားသည်။

တရားခွင်မစသေးသည့်တိုင်အောင် အွန်လိုင်းပေါ်ရှိ လူထု၏ မျက်လုံးထဲ၌ ကျန်းမော့မှာ သီချင်းခိုးသူတစ်ဦး ဖြစ်လာသည်။

ကျန်းမော့၏ မန်နေဂျာ ဖုန်းချလိုက်ပြီးနောက် သူ၏ မျက်နှာမှာလည်း ဒေါသကြောင့် မဲမှောင်နေသည်။
“XXX ဘရန်းက မင်းက သူတို့ရဲ့ ပုံရိပ်ကို စွန်းထင်းစေတယ်တဲ့.. မင်းရဲ့ ထောက်ခံချက်ကို ဖျက်ပြီး စာချုပ်ချိုးဖောက်ခ ကြီးကြီးမားမား ပေးရမယ်တဲ့..”

ကျန်းမော့ ထိတ်လန့်ကာ ဒေါသထွက်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ..”

“သိပ်ဖြစ်နိုင်တာပေါ့.. သူတို့ရဲ့ စာချုပ်မှာကတည်းက အဲလိုပါပြီးသား..”

မန်နေဂျာ၏ မျက်နှာမှာ တဖြည်းဖြည်း ပိုမိုနက်မှောင်လာသည်။
“XXX တင် မကဘူး.. တခြားဘရန်းတွေလည်း ငါ့ကို ဆက်သွယ်လာကြတယ်.. မင်းနဲ့ စာချုပ်ချုပ်ထားသမျှ အားလုံးကို ဖျက်သိမ်းဖို့ စီစဉ်နေတယ်တဲ့..”

ကျန်းမော့၏ ရင်ထဲ၌ စိုးရိမ်ကြောက်ရွံ့မှုတို့ ပြည့်လာသည်။
“ကုမ္ပဏီကရော.. သူတို့ ဘာပြောသေးလဲ.. သူတို့အတွက် ပိုက်ဆံအများကြီး ရှာပေးခဲ့တယ်လေ.. သူတို့ကတော့ ငါ့ကို စွန့်ပစ်မှာ မဟုတ်လောက်ပါဘူး..”

မန်နေဂျာ သက်ပြင်းချလိုက်သည်။
“ဘော့စ်ကျင်းက လူထုဆက်ဆံရေးဌာနကို မင်းနဲ့မပတ်သက်ဖို့ အမိန့်ထုတ်ထားတယ်.. မင်းရဲ့ စာချုပ်ကို မဖျက်သေးပေမဲ့ ဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် မင်းရဲ့ အသက်မွေးဝမ်းကြောင်းက အကန့်အသတ်မရှိ ရပ်တန့်သွားမှာပဲ..”

ကျန်းမော့က မန်နေဂျာအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့ခေါင်းထဲ အလွန်ရှုပ်ထွေးနေပြီး မန်နေဂျာပြောသည့် စကားများကိုပင် မကြားတော့ချေ။

မန်နေဂျာက ကျန်းမော့ တုန်လှုပ်နေသည်အား မြင်သည့်အခါ သက်ပြင်းချလိုက်မိသည်။
“အနားယူလိုက်ဦး.. ငါတို့လုပ်နိုင်တာများ ရှိမလားလို့ သွားကြည့်ဦးမယ်..”

မန်နေဂျာ ထွက်သွားသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကျန်းမော့ ကြောင်အစွာဖြင့် မတ်တတ်ရပ်ကျန်ခဲ့သည်။

ထိုစဉ် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

အခြေအနေတွေ ပြောင်းလဲသွားတာများလား..

ကျန်းမော့ အလျင်စလိုပြေးကာ ဖုန်းယူလိုက်ချိန်တွင် ဖုန်းသံမှာ သူ့ဖုန်းမှ ထွက်လာခြင်း မဟုတ်ဘဲ စားပွဲပေါ်ရှိ အခြားဖုန်းတစ်လုံးမှ ဖြစ်သည်။ မန်နေဂျာက ဖုန်းကျန်ခဲ့ပုံပင်။

ကျန်းမော့ ကောက်ယူကာ ဖြေလိုက်သည်။

ကျန်းမော့ စကားမပြောမီမှာပင် တစ်ဖက်မှ အလျင်လိုနေဟန်ဖြင့် စကားသံ ထွက်ပေါ်လာသည်။
“လောင်ဖုန်း.. မင်းအတွက် မေးပေးထားတယ်.. မင်းရဲ့ အတွေ့အကြုံအရ သူတို့က ရာထူးကြီးပိုင်းကို စဉ်းစားပေးမယ်တဲ့.. ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ ကုမ္ပဏီငယ်လေးတွေက အစပိုင်းတော့ လစာနည်းတယ်.. မင်းရဲ့ ကျွမ်းကျင်မှုအရဆိုရင်...”

ကျန်းမော့ ကြောင်အသွားသည်။

ဒါက ကုမ္ပဏီပြောင်းမဲ့ အကြောင်းလား..

မန်နေဂျာမှာ‌ သူ၏နောက်ကွယ်၌ လျှို့ဝှက်အလုပ်ရှာနေသည်။

ကျန်းမော့ ဖြေရှင်းချက်တောင်းမည်ပြုစဉ်မှာပင် မန်နေဂျာမှ ဖုန်းအား ဆွဲယူလိုက်ပြီး တစ်ဖက်လူနှင့် အပြန်အလှန် စကားပြောပြီးနောက် ဖုန်းချလိုက်သည်။

ကျန်းမော့ ဒေါသမထိန်းနိုင်တော့ချေ။
“ဆိုတော့ မင်းက ငါ့ကို သစ္စာဖောက်ဖို့ ကြံစည်နေတာပေါ့..”

မန်နေဂျာက အမှန်တရား ပေါ်သွားပြီဖြစ်ကြောင်း နားလည်သွားပြီးနောက် လှောင်ရယ်လိုက်သည်။

“သစ္စာဖောက်တာလား.. မင်း ဒရာမာကြည့်တာ များနေပြီ.. ဒါက လုပ်ငန်းပဲ.. ငါတို့က တွဲဖက်တွေ.. မင်းက တန်ဖိုးမရှိတော့ဘူးဆိုရင် ငါကလည်း သေချာပေါက် တွဲဖက်အသစ်ကို ရှာရတော့မှာပဲ.. ဒီလောက်ကတော့ သိသင့်တယ် မဟုတ်ဘူးလား..”

မန်နေဂျာက ကျန်းမော့အား အမှုမထားဟန်ဖြင့် ကြည့်လိုက်သည်။
“ပြောရရင် ကျင်းယို့အင်တာတိန်းမန့်က မင်းကို စွန့်ပစ်ဖို့ ဆုံးဖြတ်ပြီးပြီ.. မင်းရဲ့ အရင်းအမြစ်တွေလည်း အကုန်သူများဆီရောက်ကုန်ပြီ.. ပြန်လာဖို့ အခွင့်အရေး မရှိတော့ဘူး.. ဆိုတော့ အိပ်မက်မက်မနေနဲ့တော့.. အကြံပေးရရင် ဖျော်ဖြေရေးလောက က နေထွက်ပြီး အလုပ်တစ်ခုရှာလိုက်..”

ကျန်းမော့က ရက်စက်ကြမ်းတမ်းသော အဖြစ်မှန်မှ ရုန်းမထွက်နိုင်ချေ။ မန်နေဂျာ၏ အင်္ကျီကော်လံအားဆွဲကာ အံကြိတ်လိုက်သည်။
“မင်းကို ယုံကြည်ခဲ့တာ..”

မန်နေဂျာက လှောင်ပြုံးပြုံးရင်း ကျန်းမော့၏ လက်များအား ဆွဲဖယ်လိုက်သည်။
“ယုံကြည်မှုလား.. ကျေးဇူးပြုပြီး.. ငါက မုန့်ယွမ်ရှန့် မဟုတ်ဘူး.. မင်းရဲ့ လှည့်ကွက်တွေထဲ ကျဖို့ အစီအစဉ်မရှိဘူး..”

ကျန်းမော့ မှင်တက်သွားသည်။

“မင်းက တကယ့်ရွှေရောင်အခွင့်အရေးကို ဖျက်ဆီးခဲ့တာ..”
မန်နေဂျာက ဤထက်ပို ဆုံးရှုံးရန် မရှိတော့သောကြောင့် ဆက်ပြောသည်။
“ဒီလောကမှာ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာရှိပြီ.. မုန့်ယွမ်ရှန့်လိုမျိုး သစ္စာရှိပြီး အရည်အချင်းရှိတဲ့လူကို မတွေ့ဖူးဘူး.. သူ့ရဲ့ ဖန်တီးနိုင်စွမ်းက အကန့်အသတ်မရှိဘူး ဒါပေမဲ့ မင်းအတွက်ကြောင့် ဖုံးကွယ်ထားခဲ့တယ်.. မင်းပြောသမျှအားလုံးကို လုပ်ပေးခဲ့ပြီး အသိအမှတ်ပြုမှု၊ ပိုက်ဆံ ဘာကိုမှ မတောင်းဆိုခဲ့ဘူး.. မင်းအပေါ်မှာပဲ အလုံးစုံ မြှုပ်နှံထားခဲ့တာ..”

“အရိုးသားဆုံး ပြောရရင် အပြင်လူတစ်ယောက်အနေနဲ့တောင် ငါ မနာလိုဖြစ်မိတယ်.. မင်းကရော.. အားလုံးကို တန်ဖိုးမထားခဲ့ဘူး.. မင်းအတွက် အရာအားလုံး လုပ်ပေးခဲ့တဲ့သူတစ်ယောက်ကို ချောင်ထိုးထားခဲ့တယ်.. တစ်ပါတည်း မင်းကိုယ်မင်းပါ ဖျက်ဆီးပစ်တယ်.. မင်းနဲ့တန်တယ်..”

“ဒါတွေအားလုံး မင်းပဲ ငါ့ကို လုပ်ခိုင်းခဲ့တာလေ..”

“သူများကို အပြစ်လွှဲချနေတုန်းလား.. ငါက အကြံပေးရုံပဲ ပေးခဲ့တာ.. ကျန်တာက မင်းရဲ့ ရွေးချယ်မှုပဲ.. ပြီးတော့ ငါနဲ့မတူတာက မင်းက သူ့ရဲ့ ချစ်သူလေ..”

“တကယ်တော့ သူထွက်သွားတာလည်း ကောင်းပါတယ်.. မဟုတ်ရင် မင်းက သူ့ကို ခြောက်ခမ်းတဲ့အထိ စုပ်ယူပစ်မှာလေ..” (ဦးနှောက်ဖောက်စားမှာလေ)

ကျန်းမော့ ဒေါသတကြီးနှင့် မန်နေဂျာအား အခန်းအပြင်သို့ မောင်းထုတ်လိုက်သည်။
“ထွက်သွား..”

မန်နေဂျာအား မောင်းထုတ်ပြီးနောက် ကျန်းမော့၏ ကြောက်ရွံ့မှုနှင့် နောင်တတို့ ပိုမိုနက်ရှိုင်းလာသည်။

အားလုံးပြီးသွားပြီ..

ဘာမှမကျန်တော့ဘူး..

ဤနှစ်များအတွင်း အောင်မြင်မှုနှင့် နေရာတစ်ခု ယူနိုင်ခဲ့သော်ငြား ယခု အားလုံး ဆုံးရှုံးသွားပြီ ဖြစ်သည်။

ကျန်းမော့ အိပ်ရာပေါ်သို့ လှဲချပြီး ဆံပင်များအား လက်ဖြင့်ထိုးဖွလိုက်သည်။

အိပ်မက်ဆိုးတစ်ခုပမာပင်။

လွန်ခဲ့သော ၂ ပတ်ခန့်က ကျန်းမော့မှာ ထိပ်တန်းကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့ပြီး ကျင်းယို့အင်တာတိန်းမန့်၏ အုပ်ချုပ်မှုအဆင့်သို့ ရာထူးတိုးခဲ့ပြီး အလားအလာများစွာ ရှိလေသည်။ အရာအားလုံး ၂ ပတ်အတွင်း ပြိုလဲပျက်စီးသွားရသည်။

ခဏလေး.. အဲဒါ ရှုယိကြောင့်ပဲ..

သူက မုန့်ယွမ်ရှန့်၏ ဝမ်းကွဲဖြစ်သူ ရှုယိ၏ ဖြားယောင်းမှုကြောင့် လမ်းကြောင်းမှားခဲ့ရခြင်း ဖြစ်သည်။

ပြီးတော့ မုန့်ယွမ်ရှန့်.. နှစ်ပေါင်းများစွာ အတူရှိခဲ့တာတောင် အသေးအဖွဲကိစ္စနဲ့ ငါ့ကို ကျောခိုင်းသွားပြီး နည်းနည်းလေးတောင် ခွင့်မလွှတ်ပေးခဲ့ဘူး..

ပြီးတော့ အဲဒီ အတင်းပြောစနစ်ဆိုတဲ့အကောင့်.. ငါ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် နင်းခြေနေတာ..

ပြီးတော့ ငါကျရှုံးတာကို ပျော်ရွှင်နေတဲ့လူတွေ..

ကျန်းမော့ သူ၏ ဝမ်းနည်းနာကျည်းမှုများအား အခြားသူများအပေါ် အပြစ်ပုံချပြီးနောက် သူ့ကိုယ်သူ အပြစ်မဲ့သူဟု ခံစားမိသည်။

ထိုအကြောင်းအား စဉ်းစားလေလေ ပို၍ဒေါသထွက်လာသလို ဤအခြေအနေအား လက်ခံလိုစိတ်လည်း မရှိတော့ချေ။

မုန့်ယွမ်ရှန့်က အမြင့်ကိုတက်လာချိန်ကျမှ ငါက ဘာဖြစ်လို့ ဖျော်ဖြေရေးလောကက ထွက်သွားရမှာလဲ..

တကယ်လို့ ငါ ချောက်ထဲကို ဆင်းရမယ်ဆိုလင် မုန့်ယွမ်ရှန့်ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားရမယ်…

*

ပိုစ့်တင်ပြီးနောက် ကုရှင်းရှစ် အလုပ်သို့ပြန်သွားသည်။

ပထမအကျော့၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ တလက်လက်တောက်ပနေသော တင်ဆက်မှုကြောင့် ကုရှင်းရှစ်မှာ မန်နေဂျာများအကြား ပိုမိုထင်ပေါ်လာပြီး သွားလေရာနေရာတိုင်း၌ နှုတ်ဆက်ချင်သူ များလာသည်။

အာရုံစိုက်ခံရခြင်းမှ လွတ်မြောက်ရန်အတွက် ကုရှင်းရှစ်သည် တိတ်ဆိတ်သော နေရာတစ်ခု၌ နားနေရန် ကြိုးစားလိုက်သည်။ အခြေကျပြီးချိန်မှာပင် အတင်းပြောစနစ်၏ ဆူညံသံ ထွက်ပေါ်လာသည်။

[ပိုင်ရှင်ရေ.. မုန့်ယွမ်ရှန့်တော့ တစ်ခုခုဖြစ်နေပြီ..]

ကုရှင်းရှစ် ကြောင်အသွားပြီးနောက် လေ့ကျင့်ခန်းရှိရာသို့ တရှိန်ထိုး ပြေးသွား၏။

သွားနေစဉ် စနစ်ထံမှ အဖြစ်အပျက်များအား သိရှိပြီးဖြစ်သည်။ ကျန်းမော့ ဝေ့ပေါ်၌ ပိုစ့်တင်လိုက်ခြင်းသာ။ သူနှင့် မုန့်ယွမ်ရှန့်တို့မှာ ချစ်သူများဖြစ်ကြပြီး နှစ်ဦးသား စကားများရန်ဖြစ်ပြီးနောက် မုန့်ယွမ်ရှန့် အရည်အချင်းပြရှိုးသို့ ဝင်ရောက်သွားခြင်းဖြစ်ကြောင်း ပြောထားသည်။

ကုရှင်းရှစ် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ယခုအခါ မုန့်ယွမ်ရှန့် စိတ်ချမ်းသာစေရန် ပထမဦးစားပေးဖြစ်သည်။

လေ့ကျင့်ခန်းသို့ ရောက်ချိန်တွင် ဖုန်းကိုင်ကာ ဒေါသတကြီး ပြောဆိုနေသည့် ချန်ရှင်းအား တွေ့လိုက်ရသည်။ မုန့်ယွမ်ရှန့်မှာ တည်ငြိမ်နေရုံသာမက ချန်ရှင်းအား စိတ်လျှော့ရန် ဖျောင်းဖျပြောဆိုနေသည်။

ကုရှင်းရှစ် ကြောင်အသွားမိသည်။

မုန့်ယွမ်ရှန့်က ကုရှင်းရှင်းအား ခေါင်းညိတ်နှုတ်ဆက်၏။

မုန့်ယွမ်ရှန့် တည်ငြိမ်နေပုံအား မြင်သည့်အခါ ကုရှင်းရှစ် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ချန်ရှင်းအား မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“အားရှင်း.. ဘာတွေပွစိပွစိ ပြောနေတာလဲ..”

ချန်ရှင်းက တိုက်ရိုက်ပင်ပြောသည်။
“ကျန်းမော့က ခွေးမသား..”

ကုရှင်းရှစ် ရယ်မောလာသည်။
“အားရှင်းကိုသိလာတာ နှစ်နဲ့ချီနေပြီ.. မင်းပြောဖူးသမျှထဲ ဒီစကား အမှန်ဆုံးပဲ..”

မုန့်ယွမ်ရှန့် ပြုံးလိုက်သည်။ နွေးထွေးမှုနှင့် ပျော်ရွှင်မှုတို့ ရောစွက်နေသော အကြည့်ဖြင့် ကုရှင်းရှစ်နှင့် ချန်ရှင်းအား ကြည့်လိုက်သည်။

“စိတ်မပူပါနဲ့ ကျွန်တော် အဆင်ပြေပါတယ်..”

ထို့နောက် ကုရှင်းရှစ်ဘက်သို့လှည့်ကာ ပြောသည်။
“မှတ်ထားပေးပါ.. ကျန်းမော့နဲ့ ကျွန်တော့်ဆီမှာ ဓာတ်ပုံ၊ မက်ဆေ့ချ်၊ ငွေပေးချေတဲ့မှတ်တမ်း ဘာဆိုဘာမှ မရှိပါဘူး.. သူပိုစ့်တွေတင်ရင်တောင် သက်သေမရှိဘူး..”

ကုရှင်းရှစ် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် အခြားသူအပေါ် သံသယလွန်ကဲတတ်သူ ကျန်းမော့မှာ မုန့်ယွမ်ရှန့်အား သူတို့၏ ဖုန်းများ၊ လူမှုကွန်ယက်အကောင့်များကို ပုံမှန်ရှင်းလင်းရန် ဖိအားပေးတတ်ကြောင်း အမှတ်ရလိုက်သည်။ ၆ နှစ်ကြာ အတူရှိပြီးနောက် သူတို့ထံ၌ နှစ်ယောက်တွဲပုံ တစ်ပုံပင် မရှိချေ။

ထိုအမှိုက်ကောင်မှာ သူ့ခြေထောက်ပေါ် သူကိုယ်တိုင် ကျောက်ခဲပစ်ချမိခြင်းပင်။

ဓာတ်ပုံတွေဆိုမှ....

ကုရှင်းရှစ် မေးစေ့အား လက်ဖြင့်ပွတ်လိုက်သည်။ သူ့ဖုန်းထဲ၌ အသုံးဝင်သည့်အရာ ရှိနေသည်။

မျှော်လင့်ထားသလိုပင် ကျန်းမော့၏ပိုစ့်မှာ အွန်လိုင်းပေါ်၌ အလျင်အမြန် ပျံ့နှံ့သွားသည်။ သို့သော် သူ၏ လိမ်လည်ဖူးသော သမိုင်းမှတ်တမ်းအရ အွန်လိုင်းသုံးစွဲသူ အများစုမှာ သက်သေပြရန် တောင်းဆိုကြသည်။

သက်သေမပြနိုင်လျှင် ကျန်းမော့က လူရယ်စရာဖြစ်ကာ အရူးဟု လှောင်ပြောင်ခံရတော့မည်။

[တကယ်ကြီးလား.. ပထမတော့ ခိုးကူးတယ်.. ပြီးတော့ မှားယွင်းစွပ်စွဲတာတဲ့.. အခုကျ အတုအယောင် ဆက်ဆံရေးလား.. မုန့်ယွမ်ရှန့်က ကျန်းမော့အပေါ် တစ်ဘဝစာ အကြွေးတင်နေတာများလား..]

[ကျန်းမော့လောက် မုန်းဖို့ကောင်းတဲ့သူ ရှိတော့မှာ မဟုတ်ဘူး.. မုန့်ယွမ်ရှန့်က ဒီထက်ပို ထိုက်တန်တယ်..]

[မုန့်ယွမ်ရှန့်ဆီက မကောင်းတဲ့စွမ်းအင်တွေ ပျောက်သွားအောင် မီးထွန်းပေးကြစို့..]

[မီးထွန်းကြမယ်..]

*

ကျန်းမော့ ဒေါသတကြီးဖြစ်နေသည်။ အမှန်တရားပြောသည့်တိုင်အောင် မည်သူမျှ မယုံကြည်ချေ။

မဟုတ်ဘူး..

သက်သေပြဖို့ တစ်နည်းရှိရမယ်..

ထို့နောက် ရှုယိအား တွေးမိသည်။

ရှုယိမှာ မုန့်ယွမ်ရှန့်၏ ဝမ်းကွဲဖြစ်သောကြောင့် ပရိသတ်များ ယုံကြည်ကြလိမ့်မည်။

ကျန်းမော့ ရှုယိအား ဆက်သွယ်လိုက်သည်။ အချိန်အတော်ကြာ စည်းရုံးပြီးနောက် ရှုယိက သဘောတူလိုက်သည်။

ထို့နောက် ရှုယိက ကျန်းမော့၏ပိုစ့်အားပြန်လည်မျှဝေကာ အနည်းငယ် လှောင်ပြောင်ဟန်ပါသည့် စာသားများ ထပ်ပေါင်းထည့်လိုက်သည်။

[ဝမ်းကွဲရေ.. အစ်ကိုနဲ့ အစ်ကိုမော့တို့ အတူရှိလာတာဖြင့် ၆ နှစ်တောင် ရှိနေပြီကို ဘာဖြစ်လို့ အခြေအနေတွေကို ဒီလောက်အထိ အရောက်ခံတာလဲ.. အစ်ကိုမော့ကလည်း သူမှားတာကို သိပါပြီတဲ့.. သူ့ဆီ ပြန်သွားလိုက်ပါ..]

သူ၏ အထောက်အထားအား သက်သေပြရန် ရှုယိက သူနှင့် မုန့်ယွမ်ရှန့်၏ ဓာတ်ပုံအဟောင်းတစ်ခုကိုပါ တင်လိုက်သည်။

ပရိသတ်အချို့ ချီတုံချတုံ ဖြစ်လာကြသည်။

သံသယရှိသူ များလာသည်ကို မြင်သည့်အခါ ကျန်းမော့က အလှည့်အပြောင်းကြောင့် စိတ်ကျေနပ်လာသည်။

မုန့်ယွမ်ရှန့်က ‘စာသားရေးဖွဲ့မှုပါရမီရှင်’၊ ‘idol ဖြစ်ဖို့ မွေးဖွားလာသူ’ ဖြစ်တော့ရော ဘာလုပ်ရမှာလဲ.. ဘာပဲဖြစ်ဖြစ် ဖျက်ဆီးပစ်မယ်..

မုန့်ယွမ်ရှန့်အား အမြဲတစေ မနာလိုဖြစ်ခဲ့သူ ရှုယိသည်လည်း မုန့်ယွမ်ရှန့်၏ ဆက်ဆံရေး ပေါ်ထွက်ပြီးနောက် သူ၏ အသက်မွေးဝမ်းကြောင်းပါ ပျက်သုန်းရန် မျှော်လင့်မိသည်။ ထိုအလှည့်အပြောင်းမှ သူသည်လည်း နေရာတစ်ခု ရလာနိုင်သည်။

သို့သော် ကျန်းမော့နှင့် ရှုယိ အောင်မြင်မှုအား တွေးတောနေစဉ်မှာပင် ရုတ်တရက် မှတ်ချက်လှိုင်းများပေါ်လာသည်။

[ရွံဖို့ကောင်းတဲ့စုံတွဲ..]

[နင်တို့ကို ကောင်းကင်က တွဲဖက်ပေးထားတာပဲ.. အမှိုက်အိတ်နဲ့ ခွေးစုတ်.. ပြီးပြည့်စုံတဲ့စုံတွဲ..]

ဘာတွေဖြစ်နေတာလဲ..

ကျန်းမော့က ဆိုးဝါးသည့် ခံစားချက်တစ်ခု ရလာသည်။

ထိုအချိန် ရှုယိက ဖုန်းခေါ်လာသည်။
“အစ်ကိုမော့.. ကျွန်တော်တို့ အိပ်ရာပေါ်ကပုံကို မှတ်ချက်နေရာမှာ တင်လိုက်တဲ့သူရှိတယ်.. ဘာလုပ်ကြမလဲ..”

ကျန်းမော့ ကြောင်အသွားသည်။
“ဘာ.. အိပ်ရာပေါ်က ပုံတွေလား..”

ရှုယိက အော်ဟစ်ငိုကြွေးလိုက်သည်။
“နင်မြို့ ဟိုတယ်မှာတုန်းက ပုံတွေလေ.. ဝမ်းကွဲ ဖမ်းမိသွားတုန်းက.. အားးးးးး”

ရှုယိ၏ ငိုသံကြောင့် ကျန်းမော့ အသိစိတ်ပြန်ကပ်လာသည်။
“အခု ဘာဖြစ်သွားပြီလဲ..”

“ပုံတွေကို ဖြန့်မယ် ပြီးရင် ကျွန်တော့် မိဘတွေဆီ ပို့မယ်တဲ့.. အကုန်လုံး ခင်ဗျားအမှားတွေပဲ.. ခင်ဗျားသာ ကျွန်တော့်ဝမ်းကွဲကို ဒီကိစ္စထဲ ဆွဲမထည့်ရင်..”

ကျန်းမော့က ရှုယိ၏ အဆက်မပြတ် ပြောဆိုနေမှုအား နားမထောင်လိုတော့သဖြင့် ဒေါသတကြီး ဖုန်းချလိုက်သည်။

ထိုစဉ်မှာပင် ဖုန်းမြည်လာပြန်သည်။ ဤတစ်ကြိမ်၌ တစ်ဖက်မှ လေးနက်တည်ကြည်သောအသံ ထွက်လာသည်။
“မစ္စတာကျန်း.. အခုဖုန်းခေါ်တာ XXX ဘရန်းရဲ့ ဥပဒေဌာနကပါ..”

“ကျွန်တော်သိပါတယ်.. ခင်ဗျားက ကျွန်တော်နဲ့ စာချုပ်ဖျက်ချင်တာမလား..”

“စာချုပ်ဖျက်ချင်တာထက် ပိုပါတယ်.. ကျွန်တော်တို့ ဘရန်းရဲ့ ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်စေတာကြောင့် စာချုပ်ချိုးဖောက်မှုအတွက် လျော်ကြေးအပြင် ဘရန်းရဲ့ပုံရိပ်ကို ထိခိုက်စေမှုအတွက် လျော်ကြေးလည်း ပါဝင်ပါမယ်.. ပမာဏက...”

ပေးဆောင်ရမည့် ပမာဏအား ကြားပြီးနောက် ကျန်းမော့ ကြက်သေသေသွားပြီး လက်ထဲရှိဖုန်းပင် ပြုတ်ကျသွားတော့သည်။

ပြီးသွားပြီ…

အခုတော့ တကယ်ပြီးသွားပြီ…


🍉🍉🍉🍉 အခန်း ၂၀


အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေများမှာ မုန့်ယွမ်ရှန့်အား အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိချေ။

ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ဒေါသပင်လယ်မှာ နာမည်ကျော်သွားပြီး မုန့်ယွမ်ရှန့်၏ ရေပန်းစားမှုမှာလည်း ပထမနေရာတွင် မယိမ်းမယိုင်ရှိနေသည်။ ပင်ကိုယ်အရည်အချင်းရှိပြီး တမူထူးသော ပုံစံတို့ကြောင့် ချန်ရှင်းမှာ ဒုတိယနေရာ၌ ရှိနေသည်။

အဖွဲ့၏ စည်းမျဉ်းအသစ်အရ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ မတူညီသည့် အုပ်စုများသို့ ရောက်သွားကြမည်ဖြစ်သည်။ သို့သော် ယင်းသည် သူတို့နှစ်ဦးအား ဝေးကွာသွားစေခြင်း မရှိချေ။ နေ့စဉ် သက်ရာဆိုင်အုပ်စုများနှင့် လေ့ကျင့်ပြီးနောက် အချင်းချင်း တိုးတက်လာမှုအား ဆွေးနွေးလေ့ရှိသည်။

အစပိုင်းတွင် သူတို့နှစ်ယောက်တည်းသာ ဖြစ်သော်ငြား မကြာမီ ရှင်းချိုးရှစ်ကျိမှ ယွမ်ယဲ့သည်လည်း အဖွဲ့ဝင်ဖြစ်လာသည်။

မုန့်ယွမ်ရှန့်က စင်ပေါ်၌ တင်ဆက်ရမည့်ဟန်ပန်နှင့် ပတ်သက်၍ ထက်မြက်သော အာရုံခံစားမှုရှိပြီး နွေးထွေးသော အကျင့်စရိုက်ရှိသည်။ သူ့အား မေးခွန်းမေးလာသူတိုင်းအပေါ် သူ၏ အဖွဲ့သားများ ဖြစ်မနေလျှင်ပင် မည်သည့်အကျိုးအမြတ်မျှ ရယူခြင်းမရှိဘဲ လမ်းညွှန်မှုပေးတတ်သည်။ ရလဒ်အနေနှင့် အဆင့်နိမ့် ပြိုင်ပွဲဝင်အများစုက မုန့်ယွမ်ရှန့်ထံသို့ လာရောက်ကာ အကြံဉာဏ်တောင်းတတ်ကြသည်။

ယနေ့၌ မုန့်ယွမ်ရှန့် အခြားသူများနှင့် စကားပြောရင်း ကန်တင်းသို့သွားစဉ် သူတို့ရှေ့မှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟမ့်... အယောင်ဆောင်ကောင်…”

မုန့်ယွမ်ရှန့် မော့ကြည့်လိုက်ရာ မြင်လိုက်ရသူကြောင့် မျက်မှောင်ကြုတ်မိသည်။

ကမ္ဘာကြီးမှာ ကျဉ်းကျဉ်းလေးပင်။ သူ၏အရှေ့၌ ရှိနေသူမှာ ယွီဖျင်ကျားနှင့် ကျင်းယို့အင်တာတိန်းမန့်မှ ပြိုင်ပွဲဝင်အချို့ဖြစ်သည်။

အစောပိုင်း ရေပန်းစားမှုအဆင့်၌ ယွီဖျင်ကျားသည် ကျန်းမော့၏ ထောက်ပံ့ပေးမှုကြောင့် ထိပ်ဆုံးနေရာအား ရယူနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှ ပထမနှင့် ဒုတိယနေရာ အသီးသီး ရယူသွားပြီး ယွီဖျင်ကျားမှာ တတိယနေရာသို့ ရောက်သွားသည်။

ထိုအချိန်မှစ၍ နှစ်ဖက်အဖွဲ့မှာ ဆန့်ကျင်ဘက်ဖြစ်လာခြင်းပင်။

နောက်ပိုင်းတွင် ကျန်းမော့၏ ကောလဟာလများကြောင့် ယွီဖျင်ကျား၏ ရေပန်းစားမှုမှာ ပွဲဦးထွက်ရမည့် စာရင်း၏အပြင်သို့ ရောက်သွားသဖြင့် မုန့်ယွမ်ရှန့်အား တစ်ချိန်လုံး အပြစ်တင်နေခြင်းဖြစ်သည်။

ယခုအခါ နှစ်ဦးသား အချင်းချင်းမျက်နှာချင်းဆိုင်မိကြသောကြောင့် ကံကြမ္မာကိုပင် အပြစ်တင်ရတော့မည်။

မုန့်ယွမ်ရှန့် မတုံ့ပြန်နိုင်ခင်မှာပင် အခြားသင်တန်းသားများမှ သူ၏ကိုယ်စား ဝင်ပြောကြသည်။

ယွီဖျင်ကျား အရေးနိမ့်နေသည်ကို မြင်သည့်အခါ သူ့ဘေးရှိ လူငယ်တစ်ဦးမှ ဝင်ပြောသည်။
“မုန့်ယွမ်ရှန့်.. ဖျင်ကျားကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာ နည်းနည်းတော့ များတယ်မဟုတ်ဘူးလား..”

ထိုသူမှာ ကျိယိဝေ ဖြစ်သည်။

ကျိယိဝေက ကွမ်းယိအင်တာတိန်းမန့်မှ ဖြစ်ပြီး ယွီဖျင်ကျား အဆင့်လျော့ကျပြီးနောက် တတိယနေရာသို့ တိတ်တဆိတ် တက်လာခဲ့သည်။ ယွီဖျင်ကျား၏ အဆင့်အား ယူလိုက်သော အဖြစ်အပျက်မှလွဲ၍ နှစ်ဦးသား အဆင်ပြေပြေ ရှိနေဆဲပင်။

ကျိယိဝေ၏ စကားလုံးများမှာ ထောက်ခံအားပေးဟန်ရှိသော်ငြား မီးပုံထဲ ဆီလောင်းခြင်းသာဖြစ်သည်။

ထို့နောက် ချန်ရှင်းဘက်သို့ လှည့်လိုက်သည်။
“ချန်ရှင်း.. မင်းက အရမ်းတော်တဲ့ အကသမားပဲ.. ဒုတိယနေရာက မင်းအတွက် မတရားဘူး.. တစ်ချိန်ကျ အတူတွဲပြီး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်..”

ကျိယိဝေ အံ့ဩမိသည်မှာ ချန်ရှင်းက တုံ့ဆိုင်းခြင်းမရှိ ခေါင်းယမ်းလိုက်၏။
“ကျေးဇူးပဲ မလိုဘူး.. ပြဿနာကောင်”

ကျိယိဝေ၏ မျက်နှာတစ်ခုလုံး မဲနက်သွားသည်။

“ဖူးးးးး”
သင်တန်းသားတစ်ယောက်မှ ရယ်သံမထိန်းနိုင်တော့ချေ။ များမကြာခင် အခြားသူများသည်လည်း တဟိဟိ ရယ်လာကြသည်။

ကျိယိဝေ ထိုသူများအား မျက်ထောင့်နီနှင့် ကြည့်လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ ကွမ်းယိအင်တာတိန်းမန့်မှ သင်တန်းသားနှစ်ယောက်သည်လည်း အလျင်စလို လိုက်ပါသွားကြ၏။

မုန့်ယွမ်ရှန့်နှင့် အခြားသူများမှာ အဆိုပါဖြစ်ရပ်အား စိတ်ထဲပင်မထားကြချေ။ တင်းကြပ်သောအချိန်ဇယားနှင့် နောက်လာမည့် တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အနားယူချိန်ပင် မရှိသလောက်နည်းပါးပြီး ထိုအဖြစ်အပျက်အား အလျင်အမြန်ပင် မေ့လျော့သွားကြသည်။

သို့သော် ကျိယိဝေမှာမူ ဤအတိုင်းမထားနိုင်ပေ။

နောက်ပိုင်း၌ ယွီဖျင်ကျားထံသို့ သွားရောက်တွေ့ဆုံကာ မုန့်ယွမ်ရှန့်ထံ၌ မကောင်းသတင်း ရှိ၊ မရှိ စုံစမ်းစေသည်။

ယွီဖျင်ကျား၏ မျက်လုံးများ အရောင်လက်လာသည်။
“ကျန်းမော့နဲ့ မုန့်ယွမ်ရှန့်ရဲ့ ကောလာဟလတချို့ ကြားဖူးထားတယ်.. မုန့်ယွမ်ရှန့်က ကျန်းမော့ကို ဘာလို့ ကူညီပေးပြီး သူ့ရဲ့ စာသားတွေကို ယူခွင့်ပေးတာလဲ ဆိုတာမျိုးပေါ့..”

ကျိယိဝေ မျက်မှောင်ကြုတ်လိုက်သည်။
“သူတို့က စုံတွဲတွေဖြစ်ခဲ့တာဆို.. ဒါပေမဲ့ ကျန်းမော့က သက်သေမပြနိုင်တော့ ကောလဟာလတွေက ရှင်းလို့မရတော့ဘူးလေ..”

ထိုအကြောင်း တွေးမိပြီးနောက် ကျိယိဝေ နောင်တရမိသည်။ မုန့်ယွမ်ရှန့်၏ ကုမ္ပဏီမှ ထိုကောလာဟလနှင့် ပတ်သက်၍ တုံ့ပြန်မှု အနည်းငယ် နှောင့်နှေးမည်ဆိုလျှင် ကောလာဟလက မုန့်ယွမ်ရှန့်အား ကြီးကြီးမားမား ထိခိုက်စေမည် ဖြစ်သည်။

ယွီဖျင်ကျား ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး.. အဲဒါ မဟုတ်ဘူး..”

ကျိယိဝေ စိတ်ဝင်စားမှုတိုးလာသည်။
“ပြောပါဦး..”

“သူတို့နှစ်ယောက် ငယ်ငယ်တုန်းက ကျန်းမော့က မုန့်ယွမ်ရှန့်ကို ကယ်ခဲ့ဖူးတယ်တဲ့.. မုန့်ယွမ်ရှန့်က အဲဒီ အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးကြွေးကြောင့် အခုလို ပြန်ပေးဆပ်နေတာဆိုပဲ..”

ကျေးဇူးကြွေးတဲ့လား..

ကျိယိဝေ သရော်ဟန်ဖြင့် နှာမှုတ်လိုက်သော်ငြား စိတ်ထဲပေါ်လာသော အတွေးတစ်ခုကြောင့် ချက်ချင်းဆိုသလို အမူအရာ ပြောင်းလဲသွားသည်။

*

ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုပြီးနောက် ပိုင်ရန်သည် စိတ်ရောကိုယ်ပါ မုန့်ယွမ်ရှန့်၏ ပရိသတ်ဖြစ်လာသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းအား မလွတ်စေဘဲ ဝင်ကြည့်သလို အဆိုပါတိုက်ရိုက်ထုတ်လွှင့်မှုများအား အသုံးပြု၍ ဗီဒီယိုများစွာ ပြုလုပ်ပေးသည်။

ယခုဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်သည့် app အား ကြိုတင်ဖွင့်ထားတတ်သော အကျင့်တစ်ခုပင် ရနေပြီဖြစ်သည်။ ယနေ့၌ ပိုင်ရန် မုန့်ယွမ်ရှန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ဝင်မည်ပြုစဉ်မှာပင် အခြားထုတ်လွှင့်မှုများထဲမှတစ်ခု စတင်နေပြီဖြစ်သည်ကို သတိပြုမိသည်။

ပိုင်ရန် စူးစမ်းသည့်အနေနှင့် ဖွင့်ကြည့်လိုက်သည်။

ကွမ်းယိအင်တာတိန်းမန့်မှ သင်တန်းသား ၂ ဦး စကားပြောနေကြခြင်းပင်။

သူတို့က ကင်မရာအား သတိမပြုမိဟန်ဖြင့် ပြောနေခြင်းဖြစ်သည်။

“မုန့်ယွမ်ရှန့်က အဲလိုမျိုးလို့ တကယ်မထင်ထားဘူး..”

“ဟုတ်တယ်.. ကျန်းမော့ရဲ့ အမှားပေမဲ့ မုန့်ယွမ်ရှန့်က သူ့ရဲ့ အသက်သခင်ကျေးဇူးရှင်ကို အခုလို ဆက်ဆံတာကတော့ တော်တော်ဆိုးတယ်..”

ဘယ်လိုခွေးစကားတွေလဲ..
ပိုင်ရန် မျက်မှောင်ကြုတ်လိုက်သည်။

သင်တန်းသားမှ ဆက်ပြောသည်။
“ဟုတ်တယ်ဆို.. ကျန်းမော့သာ သူ့ကို မကယ်ခဲ့ရင် မုန့်ယွမ်ရှန့်က ဒီနေ့ထိတောင် ရောက်လာမှာမဟုတ်ဘူး.. ကျန်းမော့ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကူညီတုန်းက ကူညီခဲ့ပြီး အခုလည်းကျရော သူ့ကိုယ်သူ မတရားခံရသူပါဆိုပြီး ဇာတ်လမ်းကို ပြောင်းပြန်လှန်လိုက်တယ်..”

“အတိအကျပဲ.. မုန့်ယွမ်ရှန့်က ဉာဏ်ကောင်းတယ်လေ.. ကိစ္စအားလုံးကို သေသေချာချာ အကွက်ချထားတာ.. လုံးဝခြေရာမကျန်ဘူး.. အခုတော့ ကျန်းမော့ကို ခြေနင်းကျောက်တုံးလို့ အသုံးချပြီး သနားဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့ မတရားခံရသူဆိုတဲ့ ပုံရိပ်ကို ဖန်တီးလိုက်တယ်လေ..”

သူတို့နှစ်ဦးမှာ အချိန်ကြာမြင့်စွာ စကားမပြောခဲ့ဘဲ စက်ကိရိယာများ စစ်ဆေးမည့်ဝန်ထမ်း ရောက်မလာမီ အလျင်အမြန် ထွက်ခွာသွားသည်။

ပိုင်ရန် ဒေါသတကြီးဖြစ်လာသည်။

သိသိသာသာကြီး လုပ်ကြံတာပဲ.. ရှန့်ရှန့်က အဲလိုလူဖြစ်စရာအကြောင်း လုံးဝမရှိဘူး..

ဒီနှစ်ယောက်က ဘယ်နေရာကနေ အခြေအမြစ်မရှိတဲ့ အတင်းအဖျင်းကို ကြားလာခဲ့တယ်မသိဘူး.. အခုတော့ ရှန့်ရှန့်နောက်ကွယ်မှာ ကောလာဟလတွေ လိုက်ဖြန့်နေတယ်..

မုန့်ယွမ်ရှန့်အား သီးသန့်မက်ဆေ့ချ်ပို့ကာ သတိပေးချင်သော်ငြား တိုက်ရိုက်ထုတ်လွှင့်မှု စတင်တော့မည်ဖြစ်သည်။ ထို့ကြောင့် စိတ်မသက်သာစွာဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်လိုက်ရသည်။

မုန့်ယွမ်ရှန့်က ရိုးရိုးရှင်းရှင်း တီရှပ်နှင့် ဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်စဉ်ကကဲ့သို့ ဝတ်ဆင်ထားခြင်းဖြစ်သော်ငြား ပြောင်းလဲလာသော ယုံကြည်မှုနှင့် အရှိန်အဝါကြောင့် အရောင်တင်ထားသော ကျောက်မျက်တစ်ခုသဖွယ် တလက်လက်တောက်ပလျက်ရှိသည်။

[ရှန့်ရှန့်က အရမ်းချောတာပဲ.. လောင်ကုန်းရေ မွမွ~]

[အစ်ကိုရှင်းလည်း ဒီနေ့ အရမ်းရွှိုက်နေရော.. ရိုးရိုးသားသားပြောရရင် ဒီနေ့တော့ စကားမပြောဘဲ တိတ်တိတ်လေး နေပေးပါ.. ရှန့်ရှန့်ပဲ ပြောပါစေ..]

[ဟားဟားဟား.. ငါတော့ တစ်ယွမ်ပို့လိုက်ပြီ.. ရှန့်ရှန့်ရေ အစ်ကိုရှင်းကို ဆွံ့အကျိန်စာ တိုက်လိုက်တော့..]

[ကောင်းတယ်.. ငါလည်း ၁၀ ယွမ်ထည့်မယ်..]

[အစ်ကိုရှင်း မကြည့်နဲ့.. မကောင်းတဲ့ မှတ်ချက်တွေကို မကြည့်နဲ့..]

*

တိုက်ရိုက်ထုတ်လွှင့်မှု စရုံသာ ရှိသေးသော်ငြား မှတ်ချက်နေရာမှာ အသက်ဝင်လျက်ရှိသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ပရိသတ်အား ပြုံးပြနှုတ်ဆက်လိုက်ကြပြီးနောက် တင်ဆက်ရန် စတင်ပြင်ဆင်သည်။

ပိုင်ရန်က တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ဝင်လာပြီးနောက် စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

သေချာပေါက်ပင် မှတ်ချက်ထဲ၌ မယဉ်ကျေးသောမက်ဆေ့ချ်များ စတင်ထွက်ပေါ်လာသည်။

[မုန့်ယွမ်ရှန့်.. ကျန်းမော့က နင့်အသက်ကို ကယ်ခဲ့တယ်ဆိုတာ အမှန်လား..]

[ကျန်းမော့က နင့်အသက်ကို ကယ်ခဲ့တာတောင် ဒါက နင်ပြန်ပေးလိုက်တဲ့ပုံလား..]

[ကောလာဟလဆိုပေမဲ့လည်း မှန်တဲ့ပုံပဲနော်.. လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကျန်းမော့ အင်တာဗျူးတစ်ခုမှာ ပြောဖူးတယ်.. ကလေးဘဝတုန်းက လူတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်တဲ့.. အဲဒီလူက မုန့်ယွမ်ရှန့်ပေါ့..]

[ဝိုး.. အကြံကြီးလိုက်တာ.. ကျေးဇူးဆပ်တယ်ဆိုတာကို အကြောင်းပြပြီး ရင်းနှီးအောင်နေတယ်.. အဆက်အသွယ်တွေကိုသုံးပြီး အရင်းအမြစ်တွေရအောင်လုပ်တယ်.. ပြီးတော့ ခြေနင်းကျောက်တုံးအဖြစ် အသုံးချတယ်.. မုန့်ယွမ်ရှန့်.. နင်ကလည်း နတ်သားဟုတ်မနေဘူးနော်..]

ပေါ့ပေါ့ပါးပါးလေထုမှာ အလျင်အမြန် တင်းမာလာသည်။ ပရိသတ်များ မျှခြေမရှိတော့ဘဲ ချီတုံချတုံဖြစ်လာပြီးနောက် အချို့မှာ ကောလာဟလအပေါ် ယုံကြည်စပြုလာသည်။

ပိုင်ရန်နှင့် သစ္စာရှိပရိသတ်အချို့မှာ ကောလာဟလများအပေါ် ပြန်လည်တုံ့ပြန်ရန် ကြိုးစားကြသော်ငြား ငှားရမ်းထားသော ရေတပ်မှာ အလွန်များနေသဖြင့် ပိုင်ရန်တို့၏ စကားသံများမှာ တိုက်ခိုက်နေသော မေးခွန်းများကြား နစ်မြုပ်သွားရသည်။

ပိုင်ရန် ကြံရာမရဖြစ်လာချိန်မှာပင် ဝေ့ပေါ်အသိပေးချက် ရောက်လာသည်။ 
[သင် follow ထားသောအကောင့် “အတင်းပြောစနစ်10086” မှ ပိုစ့်အသစ် တင်ထားပါတယ်]

ချက်ချင်းဆိုသလို ပိုင်ရန် စိတ်ဓာတ်တက်ကြွလာသည်။

အတင်းပြောစနစ်10086 မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ အကြီးစားပရိသတ်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား မကောင်းကြံရန် ကြိုးစားသည့်အချိန်တိုင်းတွင် အတင်းပြောစနစ် ထွက်ပေါ်လာပြီး လိမ်ညာမှုများအား အညှာအတာမဲ့စွာ ဖော်ထုတ်တတ်သည်။

ယခု တိုက်တိုက်ဆိုင်ဆိုင် ပိုစ့်တင်လာသောကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ အခြေအနေများအား မြင်တွေ့ပြီးသောကြောင့် ဖြစ်ရမည်။

သေချာပေါက်ပင် ပရမ်းပတာဖြစ်နေသော မှတ်ချက်များမှာ ရုတ်တရက် အမှီအခိုတစ်ခု ရှာတွေ့သွားသည့်နှယ် ဖြစ်သည်။

[သတင်းပို့ပါတယ်.. အတင်းပြောနတ်ဘုရား10086 ပိုစ့်အသစ်တင်ထားတယ်..]

[ရှန့်ရှန့်က အဲလိုလူမဟုတ်မှန်း သိသားပဲ.. ဇာတ်လမ်းထဲမှာ ဟာကွက်တွေရှိနေတယ်..]

[အရင်က ကောလာဟလတွေကို ယုံခဲ့ဖူးတယ်လေ.. ဒါပေမဲ့ 10086 ရဲ့ တန်ပြန်ရိုက်ချက်ကြောင့် အရမ်းပဲနာကျင်ခဲ့ရပြီး ဆွံ့အသွားရတယ်.. အခုတော့ ငြိမ်ငြိမ်လေးထိုင်ပြီး အခြေအမြစ်မရှိဘဲ စွပ်စွဲတဲ့သူတွေ သင်ခန်းစာပေးခံရမှာကို စောင့်ကြည့်တော့မယ်.. ဟဟ]

ပိုင်ရန် စိတ်တည်ငြိမ်သွားပြီးနောက် ပိုစ့်ထဲသို့ ဝင်ကြည့်လိုက်သည်။

ခေါင်းစဉ်ကပင် 10086 ၏ ပင်ကိုယ်ဟန်ရှိသည်။

အတင်းပြောစနစ်10086 :[မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူး.. ကျန်းမော့လို လူမျိုးက သူ့အသက်ကိုရင်းပြီး လူတစ်ယောက်ကို ကယ်လိမ့်မယ်လို့ ယုံတဲ့သူ ရှိတာလား..]


 

Search Novels