🍉🍉🍉🍉 အခန်း ၁၁ 


ယွမ်ချင်းချင်း၏ မှတ်ချက်အား မြင်သည့်အချိန်မှစကာ ချောင်ရို့ယောင် လမ်းပျောက်သွားတော့သည်။

သူမက နှစ်ပေါင်းများစွာ စုန့်ယန်၏ ပရိသတ်တစ်ဦးဖြစ်ခဲ့ပြီး သူမ၏ အားလပ်ချိန်များနှင့် မုန့်ဖိုးများအား စုန့်ယန်ကို အားပေးရန် ကုန်ဆုံးခဲ့ရသည်။

စုန့်ယန်မှာ သူမ၏ နှလုံးသားပဲ့ကိုင်ရှင်ဖြစ်သည်။

စုန့်ယန်က ချစ်သူကောင်မလေးအား လက်ဆွဲသေတ္တာအတွင်းသို့ထည့်ကာ ဟိုတယ်သို့ ခိုးသွင်းမည့် သုံးစားမရသောသူမျိုး မဟုတ်ဟု သူမယုံကြည်သည်။ 

သေချာသည်။

သူမက နှစ်ပေါင်းများစွာတိုင်အောင် စုန့်စုန့်နောက်သို့ လိုက်ပါခဲ့ပြီး စုန့်စုန့် မည်သို့သောသူဖြစ်ကြောင်း အသိဆုံးပင်။

ဘာဖြစ်လို့ ကောလာဟလ နည်းနည်းလေးနဲ့ သူ့ကို သံသယဝင်ရမှာလဲ..

သူမ၏အကြည့်ထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်လာသည်။

ဟက်.. တိုက်ရိုက်ထုတ်လွှင့်ခန်းတဲ့လား.. သွားစမ်းပါ..

အမှန်တရားကိုပြောဖို့ လူပေါင်း ၁ သန်း ကြည့်ပေးရမယ်တဲ့.. သေချာပေါက် လိမ်နေတာ..

နာမည်မရှိသေးတဲ့ influencer တွေက ရွံဖို့ကောင်းတဲ့ လှည့်ကွက်တွေသုံးပြီး နာမည်ကြီးချင်တာပဲဖြစ်မှာ..

ဒီလိုဟာတွေ စုန့်စုန့်ကို တိုက်ခိုက်ဖို့ ခွင့်မပြုနိုင်ဘူး..

လက်ထဲရှိဖုန်းအား တင်းတင်းဆုပ်ကာ ထိုလူ၏ ယုတ်မာသော အကြံအစည်အား ဖော်ထုတ်ရန် အသင့်ပြင်နေသည်။

သို့သော် အဆိုပါအကောင့်က ရုတ်တရက် ရှည်လျားသော ပိုစ့်တစ်ခုအား တင်လိုက်သည်ကို တွေ့လိုက်ရ၏။

ယွမ်ချင်းချင်း၏ သမီးမှာ ကလေးအရွယ်၌ ဆေးရုံပြနေစဉ် လူကုန်ကူးသူတစ်ဦး၏ ခိုးယူခြင်းခံလိုက်ရသည်။ လူကုန်ကူးသူမှာ ရထားစီးရန် ကြိုးစားသော်ငြား ရထားလုံခြုံရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲများ လိုက်လံစစ်ဆေးသည်ကို မြင်ပြီးနောက် ကလေးအား ရထားပေါ်တွင် စွန့်ပစ်ခဲ့သည်။

ကောင်မလေးအား ရဲများမှ ရှာတွေ့ကာ အနီးရှိ မိဘမဲ့ဂေဟာသို့ ပို့လိုက်ပြီး လက်ရှိမိဘများ၏ မွေးစားခံလိုက်ရသည်။

ဇာတ်လမ်းတစ်ခုလုံးမှာ အသေးစိတ်ကျပြီး မရေရာမှု မရှိချေ။

ပိုစ့်တင်သူမှာ အဖြစ်အပျက်တစ်ခုလုံးအား မျက်မြင်တွေ့လိုက်သလိုပင်။ 

မှတ်ချက်ကဏ္ဍ၌ လှောင်ပြောင်စကားများ ပြည့်လာသည်။

[ဟာသပဲ.. ဇာတ်လမ်းက အရမ်းကို အသေးစိတ်ကျနေတယ်.. ပိုစ့်တင်တဲ့သူက ဝတ္ထုရေးသင့်တာ.. လုံးဝ နာမည်ကြီးမှာနော်..]

[ဒါက ဟာသလုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူးနော်.. ပိုစ့်တင်သူက အစ်မချင်းရဲ့ ကလေးပျောက်သွားတဲ့အကြောင်း တစ်နည်းနည်းနဲ့ သိထားရင်တောင် ဒါက မိခင်တစ်ယောက်ကို ပိုပြီးနာကျင်စေတယ်.. အရမ်းများသွားပြီ..]

သို့သော် တိုက်ရိုက်ပါဝင်ပတ်သက်နေသော ယွမ်ချင်းချင်းမှာ တုန်ယင်ကာ လက်ဖက်ရည်ပန်းကန်ပင် မှောက်ကျသွားသည်။

အမှန်ဖြစ်သည်။

သူမ၏ သမီး ရှောင်ယင်း ပြန်ပေးဆွဲခံလိုက်ရပုံမှာ ပိုစ့်တွင် ဖော်ပြထားသည့်အတိုင်း အတိအကျပင်။

ထိုအကြောင်းအား အသေးစိတ်အား သိရှိထားသည်မှာ လူကုန်ကူးသူသည် လွန်ခဲ့သော နှစ်များက ဖမ်းဆီးခံခဲ့ရပြီး အဖြစ်အပျက်တစ်ခုလုံးအား ဝန်ခံခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ကလေးအား ရထားပေါ်၌ စွန့်ပစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သောကြောင့် ကလေး မည်သည့်မြို့သို့ ရောက်ရှိသွားမှန်း ရဲများမှ မစုံစမ်းနိုင်တော့ချေ။

ယွမ်ချင်းချင်းက နှစ်ပေါင်းများစွာကြာအောင် သမီးဖြစ်သူနှင့် ပတ်သက်သည့် သဲလွန်စအချို့ ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် သူမရောက်ရှိသည့် မြို့တိုင်း၏ မိဘမဲ့ဂေဟာများသို့ သွားရောက်ခဲ့သည်။

ပိုစ့်တင်သူက မြို့နှင့် မိဘမဲ့ဂေဟာ၏အမည်အား ဖော်ပြခြင်းမရှိသည့်တိုင် အဖြစ်အပျက်အား အသေးစိတ်ကျကျ သိထားသဖြင့် သမီးဖြစ်သူ၏ တည်နေရာအား အမှန်တကယ် သိထားနိုင်သည်။

ယွမ်ချင်းချင်း၏ နှလုံးသား တုန်ယင်လာသည်။

နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက် မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဖြစ်သည်။

ယွမ်ချင်းချင်း အလျင်စလိုပင် ဝေ့ပေါ်ပိုစ့်၏အောက်တွင် မှတ်ချက်ပေးလိုက်သည်။

[ကျေးဇူးပြုပြီး သူ ဘယ်မြို့မှာလဲဆိုတာ ပြောပြပေးပါ.. တောင်းပန်ပါတယ်..]

ထိုမှတ်ချက်အားမြင်ပြီးနောက် လှောင်ပြောင်နေကြသော အင်တာနက်သုံးစွဲသူများအားလုံး ကြောင်အသွားကြသည်။

ယွမ်ချင်းချင်း၏ အဆင့်အတန်းအရ ဤကဲ့သို့သော ကောလာဟလ ဖန်တီးနေသော တစ်ဦးတစ်ဦးနှင့် ပူးပေါင်းလိမ့်မည် မဟုတ်ပေ။

တစ်နည်းဆိုရသော် အဆိုပါပိုစ့်မှာ မှန်ကန်သည်။

ပိုစ့်တင်သူက ယွမ်ချင်းချင်း၏သမီး မည်သည့်နေရာတွင်ရှိကြောင်း အမှန်တကယ် သိထားသည်။

အစောပိုင်း၌ ပိုစ့်တင်သူအား လှောင်ပြောင်ခဲ့ကြသူများမှာ ရှက်ရွံ့လာကြသဖြင့် အချို့မှာ တောင်းပန်စကားဆိုကြသလို အချို့က သူတို့၏ မှတ်ချက်များအား တိတ်တဆိတ်ဖျက်ကာ နာမည်ပြောင်းလိုက်ကြပြီး ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကြသည်။

သူတို့၏ idol ထံ၌ သမီးတစ်ယောက်ရှိကြောင်း ယခုလေးတင် သိလိုက်ရသည့် ယွမ်ချင်းချင်း၏ ပရိသတ်များမှာ မိသားစုသို့ ဝင်ရောက်လာသည့် မင်းသမီးလေးကြောင့် ပျော်ရွှင်နေကြခြင်း ဖြစ်သည်။ သို့သော် ခဏသာ ပျော်လိုက်ရသေးချိန်တွင် မင်းသမီးလေးမှာ လူကုန်ကူးခံရပြီး ယခုအခါ လူယုတ်မာ စုန့်ယန်၏ ဆိုးရွားစွာ ဆက်ဆံခံနေရကြောင်း သိလိုက်ရသည့်အခါ ဒေါသတကြီး ဖြစ်လာကြတော့သည်။ ပရိသတ်အများအပြားက ပြဿနာရှာရန် စုန့်ယန်၏ ဝေ့ပေါ်သို့ အပြေးအလွှားသွားကြသည်။ သို့သော် အများစုမှာ ‘အတင်းပြောစနစ် 10086’ ၏ ပိုစ့်အောက်တွင် စုဝေးကာ မင်းသမီးလေး ရှိနေသည့် မြို့အား ပြောပြပေးရန် တောင်းဆိုနေကြသည်။

သို့သော် ပိုစ့်တင်သူမှာ တုတ်တုတ်ပင် မလှုပ်ချေ။

ယွမ်ချင်းချင်း မျှော်လင့်ချက် ကုန်ဆုံးလုနီးနီး ဖြစ်လာချိန်တွင် သူမ၏ မန်နေဂျာမှ ရုတ်တရက် မေးလိုက်၏။
“ချင်းချင်း.. နင့်ရဲ့ သီးသန့်မက်ဆေ့ချ်ကို ဖွင့်ထားရဲ့လား..”

ယွမ်ချင်းချင်း အသိပြန်ဝင်လာသည်။

ပိုစ့်တင်သူမှာ သူမအား မပြောပြလို၍ မဟုတ်ဘဲ သမီးဖြစ်သူ၏ လုံခြုံရေးအား ကာကွယ်လိုသောကြောင့် သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် အချက်အလက်များအား ပြောပြနိုင်သည်။ သို့သော် အနုပညာရှင်တစ်ဦးအနေနှင့် ယွမ်ချင်းချင်းသည် အခြားသော အနုပညာရှင်များကဲ့သို့ သူမ၏ သီးသန့်မက်ဆေ့ချ်အား အမြဲလိုလို ပိတ်ထားတတ်သည်။

ပုံမှန်အားဖြင့် ဤကဲ့သို့သော အခြေခံကျသည့် အမှားမျိုးကို ပြုလုပ်လေ့ မရှိတတ်သော်ငြား သမီးဖြစ်သူ၏ သတင်းနှင့် ပတ်သက်လာသည့်အခါ သူမ၏ တွေးခေါ်နိုင်မှုတို့ ပျောက်ဆုံးသွားတော့သည်။

အလျင်စလိုပင် သီးသန့်မက်ဆေ့ချ်အား ဖွင့်လိုက်ပြီးနောက် သူမစတူဒီယို၏ လူမှုကွန်ယက်အကောင့်အား စီမံပေးသည့် လက်ထောက်ဖြစ်သူ အပြေးအလွှား ရောက်ရှိလာသည်။

“အစ်မချင်း.. ဒီကိုကြည့်ဦး..”

အတင်းပြောစနစ် 10086 ထံမှ မက်ဆေ့ချ်ဖြစ်သည်။

မက်ဆေ့ချ်မှာ ရိုးရိုးရှင်းရှင်းနှင့် ဆေးရုံနာမည် တစ်ခုသာပါသည်။

*

တစ်ချိန်တည်းမှာပင် စုန့်ယန်၏အိမ်ရှိ အခြေအနေမှာ တင်းမာနေသည်။

စုန့်ယန်၏ မန်နေဂျာနှင့် လက်ထောက်တို့မှာ ကသုတ်ကရက် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နေကြသည်။

စုန့်ယန်က ကော်ဖီစားပွဲအား ဒေါသတကြီး ခြေထောက်နှင့်ကန်လိုက်သည်။
“သိရပြီလား.. အဲဒီသတင်းကိုဖြန့်တာ ဘယ်သူလဲ..”

စုန့်ယန်၏ တည်ငြိမ်မှုမရှိသော စိတ်အခြေအနေအား ကျင့်သားရနေပြီးဖြစ်သည့် မန်နေဂျာက ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ပြောလာသည်။
“ဟိုတယ်ဝန်ထမ်းတစ်ယောက်ယောက် ဖြစ်မယ်.. အခု အဲဒါက အရေးမကြီးဘူး.. ဦးစားပေးရမှာက ရှုယင်ကို ထိန်းချုပ်ပြီး ဘာမှမပြောနိုင်အောင် လုပ်ဖို့ပဲ..”

“စကားမစပ် သူအခု ဘယ်မှာလဲ..”

စုန့်ယန် မျက်မှောင်ကြုတ်လိုက်ပြီး အပူအပင်မဲ့စွာ ပြောသည်။
“ရှုယင်က အခုနောက်ပြီး သိပ်ပြီး မနာခံတော့ဘူး.. ငါ့ကို အဆက်မပြတ် ခုခံနေတယ်.. နောက်ဆုံးတစ်ခေါက်တုန်းက သူ့ကိုအတော်လေး ရိုက်လိုက်မိလို့ ဆေးရုံပို့လိုက်ရတယ်..”

မန်နေဂျာက တိတ်တဆိတ် ကျန်ဆဲလိုက်မိသည်။ 
“မင်းကို ဂရုစိုက်ပါလို့ ငါမပြောဘူးလား.. ဒီကိစ္စသာ ပေါ်သွားရင် မင်းတော့ အဆုံးသတ်ပြီပဲ..”

စုန့်ယန်က ယုံကြည်မှုရှိစွာပြောသည်။
“သူ ဘာမှပြောမှာ မဟုတ်ဘူး..”

“မင်းက ဘာလို့ အရမ်းသေချာနေတာလဲ..”
မန်နေဂျာက စုန့်ယန်အား စိုက်ကြည့်လိုက်သည်။
“အခုအရေးအကြီးဆုံးက ရှုယင်နဲ့ ခပ်ဝေးဝေးနေဖို့ပဲ.. မင်းတို့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ သက်သေမှန်သမျှ ဖျက်ဆီးပစ်.. ဒီလိုဆို နောက်ပိုင်း သူ့ဘက်က ဖော်လာရင်တောင် မင်း အေးဆေး ငြင်းလို့ရတယ်..”

ဆန္ဒမရှိသည့်တိုင်အောင် စုန့်ယန်က မန်နေဂျာ၏ တင်းမာသော အကြည့်များအောက်တွင် မကျေမနပ်နှင့် သဘောတူလိုက်ရတော့သည်။

ထိုအချိန်မှာပင် မန်နေဂျာက ဝေ့ပေါ်အား နောက်တစ်ကြိမ် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ ရတတ်မအေးဖြစ်လာသည်။

ရှုယင်က တကယ်ပဲ ယွမ်ချင်းချင်းရဲ့ သမီးလား..

အမှန်သာဆို မြွေကိုက်ပြီပဲ..

ယွမ်ချင်းချင်းသာ သူ့သမီးကို စုန့်ယန် ဘယ်လိုဆက်ဆံလဲ သိသွားရင် ငါတို့နှစ်ယောက်လုံးကို တစ်စစီ ဆွဲစုတ်ပစ်မှာ သေချာတယ်..

ဒီလောကမှာရှိတဲ့ သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါတို့ကို ဆုတ်ဖြဲဖို့ဆိုတာ ပုရွက်ဆိတ်သတ်ရတာထက်တောင် ပိုလွယ်နေဦးမယ်..

ဒီလိုဖြစ်လို့ မရဘူး..

မန်နေဂျာက ချက်ချင်း အစီအစဉ်ပြောင်းလိုက်ပြီး စုန့်ယန်အားပြော၏။
“အခုချက်ချင်း ဆေးရုံကိုသွား.. ရှုယင်ကို တည်ငြိမ်အောင်လုပ်.. ဖြစ်နိုင်ရင် သူကိုခေါ်သွားပြီး ပုန်းနေလိုက်.. ယွမ်ချင်းချင်းက မိဘမဲ့ဂေဟာကတစ်ဆင့် သူ့အကြောင်း သိသွားမယ်ဆိုရင်တောင် ငါတို့ဆီကို ရောက်လာဖို့ အချိန်လိုဦးမှာပဲ.. အဲဒီအချိန်ကို အသုံးချပြီး ရှုယင်ကို မင်းဘက်ပါအောင်လုပ်ထား.. အချိန်ကျလာရင် သူ့ကို ယွမ်ချင်းချင်းဆီ ခေါ်သွားလိုက်..”

“မင်းသာ ကောင်းကောင်းလုပ်နိုင်ရင် ယွမ်ချင်းချင်းရဲ့ သားမက်ဖြစ်လာမှာ.. သူ့စိတ်ထဲ သဘောမကျရင်တောင် သူ့ရဲ့ သမီးအတွက် မင်းကို လက်ခံရလိမ့်မယ်.. ယွမ်ချင်းချင်းလက်ထဲမှာရှိတဲ့ အရင်းအမြစ်တွေကို တွေးကြည့်လိုက်.. မင်းသာ သူ့ရဲ့ မျက်နှာသာပေးမှုကို ရလိုက်ပြီဆိုတာနဲ့ သူ့စကားတစ်ခွန်းတည်းနဲ့တင် မင်းလိုချင်တဲ့ဇာတ်ရုပ်ကို ရနိုင်ပြီပဲ..”

မန်နေဂျာ ချပြလာသည့် အစီအစဉ်အား နားထောင်ကာ စုန့်ယန်၏ မျက်နှာထက်တွင် လောဘတို့ ထင်ဟပ်လာသည်။
“ကောင်းပြီ.. အခုပဲ သွားလိုက်မယ်..”

*

ဆေးရုံ၌ဖြစ်သည်။

ရှုယင်က ထိုင်နိုင်ရန် ကြိုးစားပြီးနောက် ဖြည်းညင်းစွာ ကြမ်းပြင်ပေါ်သို့ ဆင်းလိုက်သည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုသာ ဖြစ်သော်ငြား မချိမဆံ့ ခံစားရပြီး သူမ၏ မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ နှဖူးထက်တွင် ချွေးသီးချွေး‌ပေါက်များ ပေါ်လာသည်။

အလျင်အမြန်ပင် သူနာပြုတစ်ယောက် ဝင်လာပြီးနောက် ရှုယင်အား တားလေသည်။
“ဘာဖြစ်လို့ အိပ်ရာပေါ်က ဆင်းလာတာလဲ..”

ရှုယင်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။
“သန့်စင်ခန်းသုံးချင်လို့ပါ..”

သူမအား ကူညီပြီးနောက် သူနာပြုက ရှုယင်၏ ခက်ခဲမှုအား သတိပြုမိသောကြောင့် မမေးဘဲ မနေနိုင်တော့ချေ။
“ရှင့်ကို စောင့်ရှောက်ဖို့ မိသားစုမရှိဘူးလား..”

ရှုယင်က တုံ့ဆိုင်းသွားပြီးနောက် ခါးသီးစွာ ခေါင်းယမ်းလိုက်သည်။

သူနာပြုက ရှုယင်၏ လှပသော အသွင်အပြင်တို့အား ဖုံးအုပ်ထားသော မျက်လုံးနားရှိကြီးမားသော ဒဏ်ရာနှင့် ယောင်ယမ်းနေသောပါးပြင်တို့အား သတိပြုမိသည့်အခါ စာနာစိတ်ဝင်မိသည်။
“ပိုက်ဆံရောရှိလား.. ဂရုစိုက်ပေးမဲ့ လူတစ်ယောက်လောက်ငှားတာ အကောင်းဆုံးဖြစ်လိမ့်မယ်..”

ထိုအချိန်မှာပင် အခန်းအတွင်းသို့ မျက်နှာဖုံးတပ်ကာ ဘက်စကတ်ဘောဦးထုပ် ဆောင်းထားသော လူတစ်ယောက် ဝင်လာသည်။

ရှုယင်က ခုတင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်ရင်း မျက်နှာဖြူဖျော့သွားသည်။

ဝင်လာသူမှာ စုန့်ယန်ဖြစ်သည်။

အခန်းအတွင်းသို့ ဝုန်းဒိုင်းကြဲ ဝင်လာပြီးနောက် ရှုယင်၏ အင်္ကျီကော်လာအား ကြမ်းတမ်းစွာ ဆွဲလိုက်သည်။
“သတင်းလွှင့်လိုက်တာ မင်းလား..”

ရှုယင် တုန်ယင်လာပြီး ခေါင်းကို လက်ဖြင့်ကာလိုက်သည်။

သူနာပြုက ရပ်ကြည့်မနေနိုင်တော့သဖြင့် ရှေ့သို့တက်ကာ တားသည်။
“ရှင်ဘာလုပ်တာလဲ.. သူက ခွဲစိတ်ပြီးတာ မကြာသေးဘူး..”

သို့သော် စုန့်ယန်က အနည်းငယ်မျှပင် တွေးတောခြင်းမရှိဘဲနှင့် သူနာပြုအား ဘေးသို့တွန်းကာ ရှုယင်အား စိုက်ကြည့်လိုက်သည်။
“အဲဒီသတင်းတွေ ဖြန့်လိုက်ရုံနဲ့ ငါ့လက်က လွတ်နိုင်မယ်လို့ မင်းထင်လား..”

အမြဲလိုလို နူးညံ့နေတတ်သော မျက်နှာမှာ ယခုအခါ ဒေါသကြောင့် ရှုံ့တွနေပြီး စုန့်ယန်အား ကြောက်မက်ဖွယ်ကောင်းလာစေသည်။

ရှုယင် စကားပြောဖို့ရန်ပင် ကြောက်လွန်းသဖြင့် ခေါင်းကိုသာ တွင်တွင်ခါနေတော့သည်။

“ခွေးမ”
စုန့်ယန်က လက်မြှောက်ကာ ရှုယင်အား ရိုက်ရန်ပြင်သည်။

ရှုယင်က မျှော်လင့်ချက်မဲ့စွာဖြင့် မျက်လုံးများ မှိတ်လိုက်သည်။ သူမ၏ မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး မောပန်းနွမ်းနယ်မှုတို့သာ ရှိလေသည်။

ရိုက်လို့သေသွားရင်လည်း လွတ်မြောက်သွားတာပေါ့..

သို့သော် မျှော်လင့်ထားသော နာကျင်မှုတို့ ကျရောက်မလာချေ။

ထို့အစား အမျိုးသမီးတစ်ဦး၏ ကြောက်မက်ဖွယ်ရာအသံအား ကြားလိုက်ရသည်။
“ရပ်စမ်း”

ကျယ်လောင်သော ရိုက်ခတ်သံနှင့်အတူ စုန့်ယန်၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

ရှုယင် တုံ့ဆိုင်းစွာဖြင့် မျက်လုံးများ ဖွင့်လိုက်ပြီးနောက် သေးငယ်သော ဆေးရုံခန်းလေးမှာ ရုတ်တရက် လူများနှင့် ပြည့်နေသည်ကို သိလိုက်ရသည်။

စုန့်ယန်က အရပ်ရှည်ရှည် သက်တော်စောင့်နှစ်ဦး၏ ဖိနှိပ်မှုကြောင့် ကြမ်းပြင်နှင့်ကပ်နေပြီး အဆက်မပြတ် ရုန်းကန်နေသည်။

သူမ၏ အိပ်ရာဘေး၌ လှပကျော့ရှင်းကာ ကျက်သရေရှိလှပြီး တီဗွီပေါ်တွင် အကြိမ်ပေါင်းမနည်း မြင်တွေ့ဖူးသော အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမအား နာကျင်မှု၊ သနားကရုဏာတို့ ရောယှက်နေသော အကြည့်များဖြင့် ကြည့်နေသည်။

ယွမ်ချင်းချင်းက ရှုယင်၏ ယောင်ယမ်းကာ နွမ်းလျသည့် မျက်နှာအား ကြည့်လိုက်သည်။

သူမ၏ မျက်လုံးနှင့် မျက်နှာကျမှာ ယွမ်ချင်းချင်းနှင့် ဆင်တူပြီး နှာခေါင်းနှင့် ပါးစပ်မှာ ဖခင်ဖြစ်သူနှင့် တူသည်။

သူမ ငယ်စဉ်မှစကာ ယွမ်ချင်းချင်းသည် နှစ်လိုဖွယ်မျက်နှာလေးအား စိုက်ကြည့်ရင်း အချိန်ကုန်နေတတ်ကာ သမီးဖြစ်သူ အရွယ်ရောက်လာချိန်၌ မည်သို့ရှိမည်ကို စိတ်ကူးတတ်ခဲ့သည်။

သူမ၏ ရင်သွေးလေး၊ အဖိုးတန်မင်းသမီးလေး၊ ပျော်ရွှင်ကာ အချစ်ခံရသောဘဝဖြင့် ကြီးပြင်းလာသင့်သော သမီးလေးမှာ ဤသို့ ဆိုးဝါးစွာ ခံစားနေရသည်။

ယွမ်ချင်းချင်း မျက်ရည်မထိန်းနိုင်တော့ပေ။ အရှက်ရမည်ကို ဂရုမထားဘဲ ရှုယင်၏ လက်အား နူးနူးညံ့ညံ့ ဆုပ်ကိုင်ကာ တရှုံ့ရှုံံ့ ငိုကြွေးနေတော့သည်။
“မေမေ့ ရှောင်ယင်း.. ကလေးလေး.. မေမေ နောက်ဆုံးတော့ သမီးကို ရှာတွေ့ခဲ့ပြီ..”

ရှုယင် မှင်တက်သွားသည်။

သူမရှေ့ရှိ အရာအားလုံးမှာ အိပ်မက်နှင့်တူသည်။

သူမက မိဘများ၏ သမီးအရင်းမဟုတ်ကြောင်း သိထားခဲ့သည်။

မောင်ဖြစ်သူ မွေးဖွားပြီးနောက် မွေးစားမိဘများက ရှုယင်အပေါ် အေးစက်သွားခဲ့ပြီး မကြာခဏ ရိုက်နှက်ခြင်း ဆူပူကြိမ်းမောင်းခြင်းများ ပြုတတ်သည်။ နောက်ပိုင်း၌ တင်တောင်းငွေ အများအပြားကြောင့် ရှုယင်အား အရူးတစ်ယောက်နှင့် လက်ထပ်ပေးရန်ပင် ကြိုးစားခဲ့ကြသေးသည်။

ထို့နောက် ရှုယင်သည် စုန့်ယန်နှင့် မတော်တဆ ဆုံတွေ့ခဲ့ပြီး နူးညံ့ကြင်နာကာ လူကြီးလူကောင်းဆန်သော အပြုအမူများကြောင့် ညှို့ယူခံလိုက်ရသည်။ စုန့်ယန်မှာ သူမဘဝ၏ ကယ်တင်ရှင်ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

သို့သော် အတူရှိပြီးနောက်၌ စုန့်ယန်၏ ကြမ်းတမ်းခက်ထန်သောသဘာဝက တဖြည်းဖြည်း ပေါ်လာသည်။ သေးငယ်သော ကိစ္စများနှင့် ပတ်သက်၍ပင် ရှုယင်အား ရိုက်နှက်တတ်သည်။

ဤတစ်ကြိမ်တွင် စုန့်ယန်မှာ တရားလွန်ဖြစ်လာပြီး သူမ၏ နံရိုးသုံးချောင်း ကျိုးစေခဲ့သည်။

စုန့်ယန်၏လက်မှ လွတ်မြောက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်ငြား အကြိမ်တိုင်း ဖမ်းမိခဲ့ပြီး ဖမ်းမိချိန်တိုင်း၌လည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြင်းထန်စွာ ရိုက်နှက်ခံရသည်။

သူမ၏ ‘မိသားစု’ ဟုခေါ်သည့် သူများမှာလည်း ဤကိစ္စနှင့် ပတ်သက်၍ ကြံရာပါများဖြစ်ကြသည်။

သူမ ဆိုးဆိုးဝါးဝါး ဆက်ဆံခံရချိန်တိုင်းတွင် ရှုယင်သည် စိတ်ကူးယဉ်ဆန်ဆန် မိဘအရင်းများ ပေါ်ထွက်လာပြီး သူမအား ကယ်တင်သွားသည်ဟု တွေးမိတတ်သည်။

သို့သော် အဖြစ်မှန်သည် သူမအား ပို၍ ပို၍ ဆွဲချနေပြီး နောက်ဆုံး၌ မျှော်လင့်ချက်အား စွန့်လွှတ်လိုက်တော့သည်။

ယခုအခါ သူမစိတ်ကူးခဲ့ဖူးသည့်အတိုင်း အမှန်တကယ် ဖြစ်လာသော်ငြား ပျော်ရွှင်မှု၊ စိတ်သက်သာရာ ရမှုတို့အား မခံစားရပေ။ ထို့အစား ကံကြမ္မာသည် သူမအား နောက်တစ်ကြိမ် ဆော့ကစားနေပြန်သဖြင့် မယုံကြည်နိုင်မှုသာ ရှိတော့သည်။

ရှုယင် နှုတ်ခမ်းတင်းတင်းစေ့ကာ သူမ၏လက်အား ယွမ်ချင်းချင်း၏ လက်ထဲမှ အသာဆွဲထုတ်လိုက်သည်။

ယွမ်ချင်းချင်း တန့်သွားသော်ငြား ရှုယင်၏ မျက်နှာထက်ရှိ စူးစမ်းလိုသော အမူအရာအား မြင်သည့်အခါ ချက်ချင်းပင် နားလည်သွားသည်။ သူမ၏ နှလုံးသားအား ဓားထက်ထက်ဖြင့် စိုက်လိုက်သလိုပင်။

သမီးဖြစ်သူအား ဖိအားပေးကာ ကြောက်လန့်မသွားစေချင်သောကြောင့် အသာချဉ်းကပ်ရန်သာ ကြိုးစားရမည်။

သို့သော် သူမ၏ ဒေါသအား ထိန်းထားနိုင်စွမ်း မရှိတော့ချေ။

ရှုယင်အား နှစ်သိမ့်ပြီးနောက် ခွေးသေတစ်ကောင်သဖွယ် ကြမ်းပြင်ပေါ်၌ ရှိနေသာ စုန့်ယန်အား အေးစက်သော မျက်လုံး၊ သေစေနိုင်သောအကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

“သူ့ကို ခေါ်သွားလိုက်.. လူနာ အနားယူနေတာကို မနှောင့်ယှက်နဲ့..”


🍉🍉🍉🍉 အခန်း ၁၂


[ယွမ်ချင်းချင်းက စုန့်ယန်ကို ခေါ်ထုတ်ခိုင်းလိုက်တော့ အဲဒီကောင်က သူ့ကို သေအောင်ရိုက်သတ်မှာကို ကြောက်လန့်သွားတာလေ.. အော်ဟစ်ငိုနေပြီး မျက်နှာအနှံ့ မျက်ရည်တွေ နှပ်တွေနဲ့ ပေပွေနေရော.. ဒါပေမဲ့ ယွမ်ချင်းချင်းက ဒင်းကို လုံးဝ လျစ်လျူရှုထားပြီး ရဲကို ဖုန်းဆက်လိုက်တယ်.. ရဲတွေကလည်း စုန့်ယန်ကို မြန်မြန်ဆန်ဆန်ပဲ ဖမ်းလိုက်ကြတယ်..]

[အဲဒီ ငကြောက်ကောင် စုန့်ယန်ကို ကြာကြာတောင် မစစ်လိုက်ရဘူး သူက အကုန်လုံး ဝန်ခံတဲ့အပြင် သူ့ရဲ့ မန်နေဂျာကိုပါ ဆွဲထည့်လိုက်သေးတာ.. မန်နေဂျာကလည်း လူယုတ်မာပဲဆိုတော့ ဒီအကြောင်း ပေါ်သွားတာနဲ့ ယွမ်ချင်းချင်းက စုန့်ယန်ကို လွှတ်ပေးမှာမဟုတ်မှန်း သိတယ်လေ.. အဲဒါကြောင့် စုန့်ယန်ကို ရှုယင်ဆီသွားဖို့ ဖျောင်းဖျပြီးတာနဲ့ သူက ပိုက်ဆံတွေကိုယူပြီး နိုင်ငံကနေ ထွက်ပြေးဖို့ ကြိုးစားတာ.. ဒါပေမဲ့ လေဆိပ်မှာပဲ ဖမ်းမိသွားတယ်..]

[ယွမ်ချင်းချင်းက ပြည်တွင်းက အကောင်းဆုံးရှေ့နေ့ကို ငှားလိုက်တယ်.. ဒီတော့ စုန့်ယန် အမှုအပြီးသတ် အမိန့်ချဖို့ ကြာမှာမဟုတ်ဘူး.. ဒါပေမဲ့ သူ့ရဲ့ လက်စားချေမှုက မပြီးသေးဘူး.. ထောင်ထဲက အဆက်အသွယ်တွေကိုသုံးပြီး စုန့်ယန်ကို အထဲမှာ သေချာလေး ‘စောင့်ရှောက်’ ပေးဖို့ စီစဉ်ထားတယ်လေ..]

စနစ်၏ သတင်းများအား နားထောင်ပြီးနောက် ကုရှင်းရှစ် စိတ်ကျေနပ်သွားတော့သည်။ 

စိတ်ပျော်ရွှင်စွာဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအား စစ်ဆေးကြည့်ရာ အတင်းအဖျင်း သိရရန် ရောက်ရှိလာသည့် လူအများစုမှာ သူတို့၏ ပရိသတ်များ ဖြစ်လာကြသည်ကို တွေ့လိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးတော့မည် ဖြစ်သည်။

အိတ်ကပ်ထဲ ဖုန်းထည့်ကာ ပေါ့ပါးစွာဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် နေရာသို့ ဦးတည်လိုက်သည်။ ဓာတ်လှေကားအတွင်း၌ ဒေါသကြောင့် မျက်နှာမဲမှောင်နေသော ကျန်းမော့နှင့် ဆုံလေသည်။

ကျန်းမော့က ကုရှင်းရှစ်အား မြင်လိုက်ချိန်တွင် ကြောင်အသွားပြီး ချက်ချင်းဆိုသလို အမူအရာမှာ ပိုမိုရုပ်ဆိုးလာသည်။

ဒီအမှိုက်ကောင်က ငါ့ကို ဒီလိုမျိုး ဆက်ဆံရဲတယ်ပေါ့..

ကုရှင်းရှစ်က ထီမထန်ဟန်ဖြင့် ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းရင်း ပျော်ရွှင်စွာပြောလေသည်။
“တစ်သန်း.. တစ်သန်း.. ဟဲ ဟဲ ဟဲ..”

ကျန်းမော့ လက်သီးတင်းတင်းဆုပ်လိုက်သည်။

ကံကောင်းစွာဖြင့် ဓာတ်လှေကားမှာ သွားလိုသည့် အထပ်သို့ အလျင်အမြန် ရောက်ရှိသွားသည်။ ကျန်းမော့က ကုရှင်းရှစ်အား နောက်ဆုံးစကား ပြောလိုက်သည်။
“ကုရှင်းရှစ် မင်းစောင့်နေလိုက်..”

ကုရှင်းရှစ် မျက်လုံးများ ပြူးကျယ်ကာ မသိနားမလည်ဟန်ဖြင့် ပြောလိုက်သည်။ 
“သွားမှာ တစ်ခုခု ကပ်နေတယ်..”

ကျန်းမော့ : “...”

အလိုလို ပါးစပ်အုပ်လိုက်မိပြီးနောက်မှ သူ၏ အပြုအမူအား သတိပြုမိသွားသည့်အချိန်၌ နောက်ကျသွားပြီဖြစ်သည်။ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည့်တိုင်အောင် ကုရှင်းရှစ်အား လုပ်နိုင်သည့်အရာ ဘာမှမရှိချေ။

ကုရှင်းရှစ် လှောင်ရယ်လိုက်သည်။

အစောပိုင်းတိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တစ်ခုလုံးမှာ ကျန်းမော့၏ အကြံဉာဏ်ဖြစ်ကြောင့် ယင်ဟယ်ဖုန်းထံမှ သိရှိထားသည်။

ယခုအခါ ကျန်းမော့၏ လျှို့ဝှက်ကြံစည်မှုမှာ ပြောင်းပြန်ရလဒ် ဖြစ်သွားပုံပင်။

သို့သော် ကုရှင်းရှစ်က သူ့သင်တန်းသားများအား အနိုင်ကျင့်သည့် ကျန်းမော့နှင့် စာရင်းရှင်းမပြီးသေးချေ။

အဝေးသို့ထွက်ခွာသွားသော ကျန်းမော့ ရုတ်တရက် ကျောချမ်းလာသည်။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်၏ အာရုံမှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းထံ၌ ရှိနေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသည့်တိုင်အောင် နှစ်ဦးသား စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။

၂ နာရီကြာ မရပ်မနား ကခုန်ခဲ့ကြသော်ငြား ပင်ပန်းနွမ်းနယ်ဟန်မရှိချေ။

မည်သို့ဖြစ်စေ ကြည့်ရှုသူ ၁ သန်း ဖြစ်သည်။

ကြည့်ရှုသူတွေက ငါတို့အတွက် သီးသန့် ရောက်လာတာ မဟုတ်တော့ရော ဘာအရေးလဲ..

သူတို့ကို လှောင်ပြောင်နှိမ့်ချလိုသူများအား ထိုသို့ ‘စော်ကား’ သည့် အပြုအမူအား မည်သည့်အခါတွင်မျှ လက်သင့်ခံမည်မဟုတ်ကြောင်းနှင့် ဂရုမစိုက်ကြောင်း ပြောပြပြီးဖြစ်သည်။ အခွင့်အရေးရလာသည်နှင့် မိမိ၏ ကိုယ်ပိုင်အရည်အချင်းနှင့် ဖမ်းဆုပ်ထားမည်။ ကျရှုံးခဲ့လျှင်ပင် ခဏတာအတွက်သာဖြစ်ပြီး အရှက်ရစရာ မဟုတ်ပေ။

အကယ်၍ ထိုသူများကိုယ်တိုင်သာ ယခုကဲ့သို့သော အခွင့်အရေးမျိုး ရရှိခဲ့မည်ဆိုလျှင် သူတို့က မိမိတို့ပြောဆိုခဲ့သော ဝေဖန်မှုစကားလုံးများကို လျစ်လျူရှုပြီး ဤ "စော်ကားမှု" ဟု သတ်မှတ်ခံထားရသည့် အရာကိုပင် ပျော်ရွှင်စွာ ဆုပ်ကိုင်လက်ခံကြမည်မှာ သေချာပေသည်။

ကုရှင်းရှစ် ရောက်လာသည်ကို မြင်သည့်အခါ နှစ်ဦးစလုံး လေးစားမှုနှင့် ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

ကုရှင်းရှစ်က နူးညံ့စွာပြုံးပြီးနောက် တစ်ဦးစီအား ပွေ့ဖက်လိုက်သည်။
“ဂုဏ်ယူပါတယ်.. နှစ်ယောက်လုံး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်..”

မုန့်ယွမ်ရှန့်၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာသည်။

ကျင်းယို့အင်တာတိန်းမန့်၌ သင်တန်းသားများအား နှိမ့်ချဆက်ဆံကာ ရရှိလာသည့် အောင်မြင်မှုများအပေါ် နာမည်ကောင်းဝင်ယူတတ်သော မန်နေဂျာများစွာအား တွေ့ခဲ့ဖူးသည်။ သင်တန်းသားတစ်ယောက် တင်ဆက်မှု အမှားအယွင်း ရှိလာပါက အဆုံးမရှိသော ဝေဖန်မှုနှင့် အပြစ်ပေးခြင်းအား ခံရလိမ့်မည်။

ကုရှင်းရှစ်မှာမူ နောက်ကွယ်မှ များစွာလုပ်ပေးခဲ့သည့်တိုင်အောင် မည်သည့်အခါတွင်မျှ နာမည်ကောင်းမယူတတ်ချေ။ ထို့အစား သူတို့အား စဉ်ဆက်မပြတ် အားပေးကာ ချီးကျူးတတ်သည်။

ရဲရဲဝံ့ဝံ့နှင့် ကုရှင်းရှစ်ထံသို့ ဖုန်းခေါ်ကာ ဖိတ်ခေါ်ချက်အား လက်ခံပြီး လဲ့ရှစ်အင်တာတိန်းမန့်သို့ ဝင်ရောက်ခဲ့ခြင်းအတွက် သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။ 

ချန်ရှင်းသည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေသည့်တိုင်အောင် မည်သို့ဖော်ပြရမှန်း မသိသဖြင့် စိတ်ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။
“မစ္စတာကု အသက်ကြီးလာရင် ကျွန်တော် စောင့်ရှောက်ပေးမယ်..”

ကုရှင်းရှစ် : “...”

သူ သက်ပြင်းချလိုက်ပြီးနောက် ချန်ရှင်းအား အလေးအနက် ပြောလိုက်သည်။
“အခုကစပြီး ကဖို့ကိုပဲ အာရုံစိုက်ချည်.. စကားပြောဖို့ကို ယွမ်ရှန့်ကိုပဲ တာဝန်ပေးလိုက်..”

ချန်ရှင်းက အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
“အိုး..”

မနက်ဖြန် လေ့ကျင့်ရမည်ဖြစ်သောကြောင့် ကုရှင်းရှစ် မုန့်ယွမ်ရှန့်တို့အား ဆွဲထားမနေတော့ဘဲနှင့် အဆောင်သို့ပြန်နားစေသည်။

နှစ်ဦးသား အပြန်အလှန် နားလည်မှုရှိစွာ ဝေ့ပေါ်အကြောင်း မေးမနေတော့ဘဲ ကုရှင်းရှစ်၏ လျှို့ဝှက်ချက်ဟု တွေးလိုက်သည်။

ကုရှင်းရှစ်မှာ အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သို့ရှင်းပြရမည်ကို စိုးရိမ်နေခဲ့ခြင်းဖြစ်ကာ မုန့်ယွမ်ရှန့်တို့ ထွက်ခွာသွားမှသာ စိတ်သက်သာရ ရတော့သည်။

*

ရက်အနည်းငယ် ကြာပြီးနောက် ရဲဌာန၏ ထုတ်ပြန်ချက်မှာ ခေါင်းစည်းတစ်ခု ဖြစ်လာသည်။

[လွန်ခဲ့သည့်ရက်ပိုင်းက မြို့တော် X ၏ ရဲဌာနသည် ရည်ရွယ်ချက်ရှိရှိ ညှင်းပမ်းနှိပ်စက်မှုကြောင့် သရုပ်ဆောင်စုန့်အား ရာဇဝတ်မှုအရ ဖမ်းဆီးခဲ့သည်။ ထွက်ပြေးရန်ကြိုးစားနေသည့် မန်နေဂျာလျှိုအား မြို့တော် X ၏ လေဆိပ်တွင် ဖမ်းဆီးရမိထားပြီး ကြံရာပါအဖြစ် ပြစ်မှုအား ဖုံးကွယ်ပေးထားသည်ဟု သံသယရှိသည်။]

အဆိုပါသတင်းသည် လူမှုကွန်ယက်တစ်ခုလုံးအား ဂယက်ထသွားစေသည်။

အွန်လိုင်းပေါ်ရှိ လတ်တလော လှုပ်ခတ်မှုနှင့် ထုတ်ပြန်ချက်အသေးစိတ်ကြောင့် ထို ‘စုန့်’ မှာ စုန့်ယန်ဖြစ်ကြောင်း ယူဆလိုက်ကြသည်။

ရဲဌာန၏ ထုတ်ပြန်ချက်ကြောင့် အချိန်အတော်ကြာ ငြိမ်သက်နေသော ‘အတင်းပြောစနစ် 10086’ မှာ နောက်တစ်ဖန် နာမည်ကြီးလာပြန်သည်။

အင်တာနက်အသုံးပြုသူများမှာ အမျိုးမျိုးသော ပိုစ့်များအောက်၌ ပွဲကြည့်ရန် စုဝေးလာကြသည်။

စုန့်ယန်၏ အသက်မွေးဝမ်းကြောင်းမှာ အမှန်တကယ် အဆုံးသတ်သွားပုံပင်။

ချောင်ရို့ယောင်မှာ ရက်ပေါင်းများစွာ ကောင်းကောင်းမအိပ်ခဲ့ရချေ။ စိတ်ခံစားချက်အရ စုန့်ယန်အား ယုံကြည်ချင်သော်ငြား သူမ၏ ဆင်ခြင်တုံတရားကြောင့် သက်သေများအား လျစ်လျူမရှုနိုင်ချေ။

အတင်းအဖျင်း အကောင့်တစ်ခုမှ စုန့်ယန်သည် အိမ်တွင်းအကြမ်းဖက်မှုကြောင့် ထိန်းသိမ်းခံထားရပြီး ချစ်သူကောင်မလေးအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ဟု ပိုစ့်တင်ပြီးနောက် အခြေအနေမှာ ပိုမိုဆိုးဝါးလာသည်။

အိမ်တွင်းအကြမ်းဖက်မှု။

ချောင်ရို့ယောင် သည်းမခံနိုင်သည်မှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်သည်။

သူမ၏ နောက်ဆုံးမျှော်လင့်ချက်မှာလည်း တစ်စစီ ပျက်စီးသွားသည်။ နှစ်ပေါင်းများစွာ သူမသဘောကျခဲ့သူမှာ ကြောက်မက်ဖွယ် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေကြောင်း မယုံကြည်လိုပေ။

များမကြာမီ ယွမ်ချင်းချင်းက ဝေ့ပေါ် ပိုစ့် တင်လာသည်။

သမီးဖြစ်သူအား ရှာတွေ့ပြီဖြစ်သော်လည်း သမီးဖြစ်သူမှာ စိတ်ဒဏ်ရာရနေပြီး သူမနှင့်အတူ ရှိနေပေးရန်အတွက် ယခုလက်ရှိ ရိုက်ကူးနေသည့် ဇာတ်လမ်းပြီးဆုံးလျှင် လူထုရှေ့မှောက်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

သက်သေများစွာ ထွက်ပေါ်လာပြီးနောက် စုန့်ယန်၏ ထင်ရှားသော ပရိသတ်အချို့နှင့် ပရိသတ်များစွာမှာ သူ၏ ပရိသတ်အဖြစ်မှ နှုတ်ထွက်သွားကြသည်။

ချောင်ရို့ယောင်မှာ သူမကိုယ်သူမ ဆက်မညာနိုင်တော့ပေ။ စုန့်ယန်အား ကာကွယ်ပေးခဲ့သော ပိုစ့်များအား ဖျက်ကာ ‘အတင်းပြောစနစ် 10086’ အား တောင်းပန်လိုက်သည်။ ထို့နောက် ကျန်ရှိနေသော သူမ၏ လစဉ်မုန့်ဖိုးအား အိမ်တွင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့သို့ လှူဒါန်းလိုက်သည်။

ထို့နောက် ပရိသတ်အဖြစ် အပြီးတိုင်နှုတ်ထွက်သည့် သင်္ကေတအနေနှင့် သူမပိုင်ဆိုင်သော စုန့်ယန်နှင့်ပတ်သက်သည့် အရာမှန်သမျှအား မီးရှို့ဖျက်ဆီးလိုက်သည်။

ထို့နောက်တွင် အဆောင်ခန်းထဲ၌ တစ်နေ့လယ်ခင်းလုံး တံခါးပိတ်ငိုကြွေးနေတော့သည်။

သူမ၏ အခန်းဖော်များမှာ သူမအတွက် ဝမ်းနည်းမိပြီး စိတ်အားတက်လာစေရန် ကြိုးစားနှစ်သိမ့်ပေးကြသည်။

အခန်းဖော်တစ်ဦးက သူမ၏ ပခုံးအား ဖက်ရင်းပြောသည်။
“ပြောကြတယ်မလား.. မြန်မြန်လေးသွားရင် ကောလာဟလတွေက မင်းကို လိုက်မဖမ်းနိုင်တော့ဘူးတဲ့.. ကိစ္စကြီးမှ မဟုတ်တာဟာ.. အင်တာတိန်းမန့်လောကမှာ နင့်ကိုစောင့်နေတဲ့ အသားသစ်လေးတွေမှ ပေါလို့..”

ချောင်ရို့ယောင် ကြိုးစားပြုံးရင်း ခေါင်းယမ်းလိုက်သည်။
“မဟုတ်ဘူး.. ဒီအဖြစ်အပျက်ကြီးက ငါ့ကို အတော်လေး အထိနာစေတယ်.. အချိန်တစ်ခုလောက်တော့ ဘယ် idol နောက်မှ လိုက်ဖြစ်မှာ မဟုတ်ဘူး..”

ထိုအချိန်မှာပင် အခြားအခန်းဖော်က သူမ၏ဖုန်းအားကြည့်၏ ထိတ်လန့်တကြား အော်လာသည်။
“ဘုရားရေ.. အရမ်းချောတာပဲ.. ငါတော့ ချစ်မိသွားပြီဟေ့..”

ချောင်ရို့ယောင် နားရွက်ထောင်လာပြီး အခန်းဖော်၏ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

ဖုန်းထဲရှိ မူးမေ့လောက်အောင် ဆွဲဆောင်မှုရှိသောသူကြောင့် ချောင်ရို့ယောင် အသက်ပင် မရှူနိုင်တော့ချေ။

ဖြူဖွေးသော အသားအရေမှာ ကင်မရာနှင့် နီးကပ်နေသည့်တိုင်အောင် ပြစ်မျိုးမှဲ့မထင် ဖြစ်နေသည်။

ကြည့်ရသည်မှာ ယခုလေးတင် ပြင်းထန်သည့် အားကစားအချို့ လုပ်ပြီးပုံရသည်။ အနည်းငယ်နီမြန်းနေသော ပါးပြင်၊ နဖူးထက်ရှိ ချွေးစအနည်းငယ်တို့နှင့်အတူ မျက်နှာထက်တွင် ဆံစအနည်းငယ် ကပ်ငြိနေသည်။

ညင်သာသော အနီးကပ်အသက်ရှူသံကြောင့် ချောင်ရို့ယောင် သတိလက်လွတ် တံတွေးမြိုချမိသည်။

ထိုအချိန်မှာပင် အဆိုပါအမျိုးသားမှာ နောက်သို့အနည်းငယ်ဆုတ်ကာ ရှက်ရွံ့စွာပြုံးလိုက်သည်။

“ကင်မရာချိန်ပြီးပါပြီ.. ဒီလိုဆို ပိုကောင်းသွားလား..”

မှတ်ချက်များ အလျင်အမြန် ပေါ်လာသည်။

[လုံးဝကောင်းတယ်.. အကောင်းဆုံးပဲ.. ဇနီးလေး ပြောတဲ့အတိုင်းပဲ..]

[ယွမ်ရှန့်က ချောလိုက်တာနော်.. (ဖန်သားပြင်က ညစ်ပတ်နေ) (လျက်) (အော်ဟစ်) (လျှောက်လှိမ့်)]

[နင်တို့အားလုံး ဇနီးလေးကိုယူလိုက် ငါကတော့ ငါ့ခင်ပွန်းလေးကိုပဲ ယူမယ်..]

ထိုအခါမှသာ ချောင်ရို့ယောင်က နောက်ထပ်လူတစ်ယောက် ရှိနေသေးကြောင်း သတိပြုမိတော့သည်။

အရပ်ရှည်ရှည်၊ ကတုံးဆံတောက်ဆံပင်၊ မျက်ရစ်တစ်ခု၊ မြင့်မားသောနှာတံနှင့် နှုတ်ခမ်းပါးပါးတို့သည် ထိုလူအား အေးစက်ကာ အရိုင်းဆန်သည့်ပုံ ပေါက်စေသည်။

လက်မြှောက်ကာ အင်္ကျီလက်ဖြင့် မျက်ခုံးအား သုတ်လိုက်ချိန်တွင် တီရှပ်အောက်ရှိ အမြှောင်းမြှောင်းထနေသော ကြွက်သားများအား လှစ်ဟပြလိုက်သလိုပင်။

မှတ်ချက်ပေးသည့်နေရာ၌ အော်ဟစ်သံများ ပြည့်နှက်လာသည်။

ချောင်ရို့ယောင် နောက်တစ်ဖန် တံတွေးမြိုချလိုက်ရပြန်သည်။

သူမက အရိုင်းဆန်ကာ ခြိမ်းခြောက်ဟန်ရှိသည့် ပုံစံအား မည်သည့်အခါတွင်မျှ သဘောမကျခဲ့ဘဲ ပထမလူကဲ့သို့ နူးညံ့သိမ်မွေ့ဟန်ရှိသည့် အမျိုးသားများကိုသာ သဘောကျသူဖြစ်သည်။ သို့သော် သူမက ရုပ်ဆိုးသူများကိုသာ သဘောမကျကြောင်း ယခုလေးတင် သိရှိလိုက်ရသည်။

ချောင်ရို့‌ယောင် အကျပ်ရိုက်နေမိသည်။

လှပတဲ့ ‘ဇနီးလေး’ လား အရိုင်းဆန်တဲ့ ‘ခင်ပွန်းသည်’ လား.. မရွေးတတ်တော့ဘူးလို့..

ထိုအချိန်မှာပင် ဖုန်းကိုင်ထားသည့် အခန်းဖော်မှ ပြောသည်။
“သူတို့က ဒီနှစ် [Boy Group Training Camp]  á€›á€˛á€ˇ သင်တန်းသားတွေလေ.. နှစ်ယောက်လုံး ကုမ္ပဏီတစ်ခုတည်းက.. အရမ်းမိုက်တယ်.. နှစ်ယောက်လုံးကို မဲပေးမှာ..”

ချောင်ရို့ယောင် တက်ကြွလာသည်။
ဘာလို့ ရွေးရမှာလဲ.. လူကြီးတွေက လုံးဝမရွေးဘူး.. နှစ်ယောက်လုံးကြိုက်တယ်..

ချက်ချင်းပင် အခန်းဖော်အား မှီလိုက်သည်။
“ငါလည်းပါမယ်.. မဲက ဘယ်လိုပေးရမှာလဲ.. အကောင့်ဖွင့်ဖို့လိုသေးလား.. လူကိုယ်တိုင်သွားလို့ရတဲ့ ပွဲတွေဘာတွေရော ရှိလား..”

ချောင်ရို့ယောင်၏ အခန်းဖော်များ : “... နင်ခုနလေးတင် ပရိသတ်အဖြစ်က ခဏအနားယူမှာဆို..”

ချောင်ရို့ယောင် ယုံကြည်မှုရှိစွာ ပြောလေသည်။
“ပြောကြတယ်လေ.. မြက်ခင်းပြင်မှာ မြက်တွေအများကြီး ရှိနေမှတော့ လမ်းသွားဖို့ တက်နင်းသင့် နင်းရမှာပဲ.. အသည်းကွဲတာကို ရှောင်ဖို့ ပရိသတ်ဘုရင်မတစ်ပါးလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ..”

အခန်းဖော်များ : “...”

*

တိုက်ရိုက်ထုတ်လွှင့်မှု ရလဒ်များအရ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ ကြည့်ရှုသူ ၁ သန်းကျော်သွားသဖြင့် သူတို့၏ C နေရာအတွက် အဆင့်သတ်မှတ်ချက်မှာ ပြိုင်ဘက်မရှိချေ။

မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာ သူတို့နှစ်ဦးကြား၌ C နေရာအတွက် ယှဉ်ပြိုင်မှုများလည်း ရှိမနေချေ။ ထို့အစား အလျင်အမြန် သဘောတူလိုက်ကြ၍ ပွဲကြည့်ရန် စောင့်မျှော်နေကြသူများအား စိတ်ပျက်လက်ပျက် ဖြစ်စေသည်။ 

အဓိကသီချင်းအား အသံသွင်းပြီးနောက် နည်းပြရွေးချယ်ရန် ဖြစ်သည်။

ကုရှင်းရှစ်နှင့် ဆွေးနွေးထားသည့်အတိုင်း မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ရှန့်ယွီကိုသာ ရွေးချယ်လိုက်ကြသည်။

ရှန့်ယွီက နည်းပြရွေးချယ်သည့်အပိုင်း၌ ရေပန်းအစားဆုံး နည်းပြတစ်ဦး ဖြစ်လာသည်။

တစ်ဖက်တွင်မူ ကျန်းမော့မှာ ရွေးချယ်ခံရမှု အနည်းဆုံးသော နည်းပြတစ်ဦးဖြစ်သည်။ ကျင်းယို့၏ သင်တန်းသားများမှအပ အခြားသင်တန်းသား တစ်ဦး၊ နှစ်ဦးသာ သူ့အား ရွေးချယ်ကြသည်။

ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ အစီအစဉ် စဦးပိုင်းမှာပင် သင်တန်းသားများအတွက် တိုက်ရိုက်ထုတ်လွှင့်ခန်းများ စတင်ရန် အကြံပြုမှုကြောင့်ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ မုန့်ယွမ်ရှန့်တို့အား ဖိနှိပ်ရန်ဖြစ်သော်ငြား ကျရှုံးရုံသာမက ရလဒ်ပြောင်းပြန်ထွက်ကာ နာမည်မရှိသေးသော ပြိုင်ပွဲဝင်သင်တန်းသားများစွာအား ထိခိုက်စေခဲ့သောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် နာမည်ကြီးသင်တန်းသားများမှာလည်း မန်နေဂျာများ၏ သတိပေးချက်အား ရရှိထားကြသည်။ ကျန်းမော့မှာ သဘောသေးသိမ်ပြီး နည်းပြတစ်ဦး၏ ဂုဏ်သိက္ခာမရှိသောကြောင့် ကျန်းမော့၏ အဖွဲ့သို့ ဝင်ရောက်ပါက ကျင်းယို့မှ သူ၏ ကိုယ်ပိုင်သင်တန်းသားများ မြင့်တက်စေရန် အခြားသူများကို အသုံးချမည်ကို စိုးရိမ်မိသည်။

သင်တန်းသားများက ယဉ်ကျေးဟန်ဆောင်ကာ ကျန်းမော့မှာ အလွန်ကျွမ်းကျင်သူဖြစ်သောကြောင့် သူနှင့်ရင်ဆိုင်ရမည်ကို ထိတ်လန့်ကြောင်းဆိုသည်။ သို့သော် အရူးမဟုတ်ကြသဖြင့် ကျန်းမော့အား ရှောင်ရန် အကြောင်းပြချက်သက်သက်ဖြစ်ကြောင်း သိကြသည်။

အဆုံးတွင် ကျန်းမော့က ဒေါသတကြီးဖြင့် အလျင်စလို ထွက်ခွာသွားသည်။

ကုရှင်းရှစ်က ဖန်သားပြင်အားကြည့်နေရင်း လူ့သဘာဝကို နားလည်သဘောပေါက်နေစဉ်မှာပင် ရုတ်တရက် စနစ်၏ အသံထွက်ပေါ်လာသည်။
[ပိုင်ရှင်ရေ.. ရှန့်ယွီနဲ့ ပတ်သက်တဲ့ ဖရဲသီးအသစ်ရှိနေတယ်..]

ကုရှင်းရှစ် : [ဟမ်..]

စနစ် : [ရှန့်ယွီက ယိဟိုင်ဟိုတယ်မှာနေတာ မဟုတ်လား.. ကောင်းပြီ.. ပရိသတ်တစ်ယောက်က သူ့ကိုယ်သူ ဟိုတယ်သန့်ရှင်းရေးဝန်ထမ်း အယောင်ဆောင်ပြီး ရှန့်ယွီရဲ့ အခန်းထဲ ခိုးဝင်ပြီး သူ့ရဲ့ နေ့စဉ်ဘဝကို ခိုးရိုက်ဖို့ လျှို့ဝှက်ကင်မရာ တိတ်တဆိတ် တပ်ထားတယ်..]

[အဲဒါတင် မကဘူး.. ကင်မရာကို သတိမထားမိမှန်းလည်းသိရော ပိုရဲတင်းလာပြီး ရှန့်ယွီ အဝတ်ဗီရိုထဲမှာတောင် ပုန်းနေလိုက်သေးတာ.. ရှန့်ယွီ အိပ်နေချိန်မှ အလစ်တိုက်ခိုက်ဖို့ စီစဉ်ထားတာ..]

ကုရှင်းရှစ် : [!!!]


🍉🍉🍉🍉 အခန်း ၁၃


ရှန့်ယွီက [Boy Group Training Camp] ၏ ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးသည့် ဟိုတယ်၌ တည်းခိုလေ့မရှိသောကြောင့် အနီးအနားရှိ တစ်ခုတည်းသော ကြယ်ငါးပွင့်ဟိုတယ်ဖြစ်သည့် ယိဟိုင်ဥယျာဉ်အပန်းဖြေစခန်းဟိုတယ်၌ ကိုယ်ပိုင်စရိတ်ဖြင့် တည်းခိုရန် ရွေးလိုက်သည်။ 

ယိဟိုင်ဟိုတယ်ရှိရာ အနီးတစ်ဝိုက်ရှိ ဧရိယာတစ်ခုလုံးအား ဝမ်လုပ်ငန်းစုမှ တည်ဆောက်ခြင်းဖြစ်သည်။ ရှန့်ယွီမှာ ငွေကြေးပြတ်လပ်ခြင်း မရှိသောကြောင့် ထိပ်ဆုံးအထပ်ရှိ စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းပြီး သီးသန့်ဘဏ္ဍာထိန်းနှင့် နေ့စဉ်အခန်းအား သန့်ရှင်းပေးမည့်ဝန်ထမ်းပါဝင်သော အခန်းအား ကြိုတင်မှာယူထားသည်။

အစောပိုင်းရက်များ၌ ရှန့်ယွီ တည်းခိုရသည်မှာ စိတ်လက်ပေါ့ပါးကာ သက်သောင့်သက်သာ ရှိလှသည်။

သို့သော် လတ်တလော၌ အခန်းအတွင်းရှိနေချိန်တိုင်းတွင် မသက်မသာ ခံစားရသည်။ ထို့ကြောင့် အချိန်အများစုမှာ ရှိုးရိုက်ကူးသည့် နေရာတွင်သာ ရှိနေတတ်ပြီး အိပ်ချိန်ရောက်မှ ပြန်သည်။

ရှန့်ယွီမှာ ချမ်းသာသော အသိုင်းအဝိုင်းမှ လာသူဖြစ်သော်ငြား ကိန်းကြီးခန်းကြီးနိုင်သူ မဟုတ်ဘဲ သင်တန်းသားများနှင့် ဟာသများ ပြောလေ့ရှိသည်။ ထို့အပြင် အလွန်တာဝန်ယူတတ်သော နည်းပြတစ်ဦးလည်း ဖြစ်သဖြင့် သူ့အဖွဲ့ရှိ သင်တန်းသားများမှာ သိသာထင်ရှားစွာ တိုးတက်လာကြသည်။

တစ်နေ့၌ သူ၏ သင်တန်းသားများမှာ အပိုဂိမ်းကစားသည့်အပိုင်းနှင့် ရှိုးအတွက် ကြော်ငြာဓာတ်ပုံ ရိုက်ကူးရန် ရှိသောကြောင့် ရှန့်ယွီ အလုပ်စောပြီးနေသည်။ ဟိုတယ်သို့ ပြန်လိုစိတ်မရှိသော်ငြား ညနေ ၅နာရီ၊ ၆ နာရီ ဝန်းကျင်ရှိနေပြီဖြစ်သည်။ အနီးအနား၌ လည်ပတ်ရန် နေရာများများစားစား မရှိသည့်အပြင် မြို့ထဲသို့သွားရန် ကားနှင့်ပင် မိနစ် ၄၀ ခန့်ကြာမည်ဖြစ်သောကြောင့် ဟိုတယ်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏ ကိုယ်ပိုင်နေရာ၌ အခြားသူများ ရှိနေခြင်းအား မနှစ်မြို့သောကြောင့် ရှန့်ယွီ၏ လက်ထောက်နှင့် သက်တော်စောင့်မှာ အောက်ထပ်တွင်သာ တည်းခိုကြသည်။

တံခါးပိတ်ပြီးနောက် ရှန့်ယွီက လည်ပင်းကြယ်သီး ဖြုတ်ကာ ရေခဲသေတ္တာထဲရှိ ရေတစ်ပုလင်း ယူလိုက်သည်။ တစ်ငုံသောက်ပြီးနောက် ပုံမှန်မဟုတ်သည်အား သတိပြုမိလိုက်သည်။ သပ်သပ်ရပ်ရပ် စီထည့်ထားသော အရှေ့တန်းရှိ ရေပုလင်းများအား နေရာရွှေ့လိုက်ပြီးနောက် အနောက်တန်းရှိ ရေပုလင်းများမှာ တစ်စုံတစ်ဦးမှာ ယူထားသကဲ့သို့ တစ်ပုလင်းပျောက်နေကြောင်း တွေ့လိုက်ရသည်။ 

ထိုအတွေးပေါ်လာသည်နှင့် ရှန့်ယွီ ကြောင်အသွားသည်။

ထို့နောက် လွန်လွန်ကျူးကျူး တုံ့ပြန်မိနေသောကြောင့် သူ့ကိုယ်သူ အံ့အားသင့်သွားပြီး လက်ထောက်ဖြစ်သူမှ ပြန်ဖြည့်ရန် မေ့သွားခြင်းသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။

စိတ်မသက်မသာ ဖြစ်မိနေဆဲ ဖြစ်သောကြောင့် ရေမသောက်ရန် ဆုံးဖြတ်ကာ ရေခဲသေတ္တာ ပိတ်လိုက်ပြီး သီချင်းနားထောင်ရန် စိတ်ကူးလိုက်သည်။

ထိုအချိန်မှာပင် ဟိုတယ်တွင်း ဆက်သွယ်နိုင်သော ဖုန်းမြည်လာသည်။

ဖုန်းကိုင်လိုက်သည့်အခါ ကုရှင်းရှစ်ဟူသော လူတစ်ဦးမှ ဧည့်ကြိုနေရာသို့ရောက်လာကာ ရှန့်ယွီနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုနေသည့်အကြောင်းနှင့် တွေ့ခွင့်ရနိုင်မလားဟု မေးခိုင်းကြောင်း အကြောင်းကြားခြင်းပင်။

ရှန့်ယွီ ရပ်တန့်သွားသည်။

ကုရှင်းရှစ်ဟူသော အမည်အား ရင်းနှီးသည်ဟု ခံစားမိသည်။

ပထမဆုံးစင်မြင့် တင်ဆက်မှု ပြီးနောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ရွေးချယ်ထားသော သီချင်းအပေါ် စိတ်ဝင်စားသွားသည်။ ထိုနှစ်ဦးမှ သူ့အား နည်းပြအဖြစ် ရွေးပြီးနောက် အဆိုပါသီချင်းမှာ သူတို့၏ မန်နေဂျာဖြစ်သူ ကုရှင်းရှစ်မှ ရွေးချယ်ပေးခြင်းဖြစ်ကြောင်း ပြောပြကြသည်။

အမျိုးမျိုးသော ခန္ဓာကိုယ်အချိုးအစားနှင့် သာမန်ရုပ်ရည်သာရှိသော မန်နေဂျာများနှင့် နှိုင်းယှဉ်လျှင် ကုရှင်းရှစ်၏ သွင်ပြင်မှာ အသိအမှတ်ပြုရလောက်အောင် ရှင်းသန့်နေ၏။

သို့သော် ကုရှင်းရှစ်အပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်ရှိလာစေသည့် အဓိကအကြောင်းမှာ သူ၏ စိတ်သဘောထားဖြစ်သည်။ ရိုးရှင်းရှင်းနှင့် ပလွှားခြင်းမရှိဘဲ ယုံကြည်ရလောက်သောလူမျိုးဟု ထင်မြင်ရသည်။

ပြိုင်ပွဲဝင်ကာလအတွင်း အခြားသော မန်နေဂျာတစ်ဦးမှ ရှန့်ယွီနှင့် သီးသန့်တွေ့ဆုံခွင့်တောင်းမည်ဆိုပါက လာဘ်ပေးလာဘ်ယူသို့မဟုတ် အခြားသဘောတူညီချက်လုပ်ရန် ကြိုးစားသည်ဟု ထင်မြင်မိမည်ပင်။

သို့သော် ကုရှင်းရှစ်မှာမူ...

ကြည်လင်သန့်ရှင်းသော ခွေးပေါက်မျက်လုံးလေးများအား အမှတ်ရမိသည်။

အရေးကြီးကိစ္စ တစ်ခုခုရှိလို့ ဒီအချိန်ကြီး ရောက်လာတာပဲဖြစ်မှာ..

အထူးသဖြင့် ကုရှင်းရှစ်က သူ့လက်ထောက်(ရှန့်ယွီ၏လက်ထောက်)ကိုပါ ခေါ်ထားစေခြင်းကြောင်း ဧည့်ကြိုဌာနမှ အကြောင်းကြားလာချိန်၌ဖြစ်သည်။

ထိုအချက်က ရှန့်ယွီ၏ ဆုံးဖြတ်ချက်အား ထောက်ခံလိုက်သလိုပင်။

ကုရှင်းရှစ်က ဝန်ထမ်းတစ်ဦး နောက်မှလိုက်ကာ ထိပ်ဆုံးထပ်သို့ တက်လာချိန်တွင် ရှန့်ယွီ၏ လက်ထောက်နှင့် ဆုံသည်။ လက်ထောက်၏ သန်မာတောင့်တင်းသော တည်ဆောက်ပုံကြောင့် ကုရှင်းရှစ် အတော်လေး စိတ်သက်သာသွားမိသည်။

ရှန့်ယွီက တံခါးဖွင့်ကာ နှစ်ဦးစလုံးအား အထဲသို့ဝင်စေသည်။

ကုရှင်းရှင်း ဝင်လာပြီဂနောက် အလျင်အမြန်ပင် အခန်း၏ ဖွဲ့စည်းပုံအား လှည့်ပတ်ကြည့်လိုက်ပြီး စနစ်အား မေးလိုက်သည်။

[စနစ်ရေ.. အဲဒီပရိသတ်က ဘယ်နေရာမှာ ပုန်းနေတာလဲ..]

စနစ် : [အဝတ်ဗီရိုထဲမှာ.. ညာဘက်ထောင့်ဆုံးက ဗီရို.. သူက အခု လျှို့ဝှက်ကင်မရာကနေ စောင့်ကြည့်နေတယ်..]

ကုရှင်းရှစ် ရွံရှာသွားသည်။
[ကြောက်ဖို့ကောင်းသလို အရမ်းရွံဖို့ကောင်းတာပဲ..]

အဝတ်ဗီရိုရှိရာသို့ မည်သည့်နည်းဖြင့် သဘာဝကျစွာ သွားရမည်ကို စဉ်းစားမရဘဲ ဖြစ်နေသည်။

ထိုအချိန်မှာပင် ရှန့်ယွီက ရေ ၂ ပုလင်း ယူလာပေးသည်။

ကုရှင်းရှစ်၏ မျက်လုံးများ လက်သွားသည်။ ပုလင်းအားဖွင့်လိုက်ပြီး မတော်တဆဟန်ဖြင့် ဂရုမစိုက်မိသယောင် အင်္ကျီပေါ်သို့ ရေများမှောက်ကျစေလိုက်သည်။
“အိုး.. သွားပါပြီ.. ရေတွေ မတော်တဆ မှောက်ကျသွားတယ်..”

ရှန့်ယွီ : “...”

မင်းရဲ့ သရုပ်ဆောင်မှုက အတော်လေး မပိရိတာကွ..

သို့သော် ကုရှင်းရှစ်၏ အမူအရာမှာ အတော်လေး ရိုးသားနေသဖြင့် မယုံကြည်ရန် ခက်လှသည်။

ကုရှင်းရှစ်က လေးနက်သောမျက်နှာထားဖြင့် မေးလိုက်သည်။
“ကျွန်တော် ခင်ဗျားရဲ့ အဝတ်ဗီရိုကို ကြည့်လို့ရမလား မစ္စတာရှန့်..”

ရှန့်ယွီ : “အမ်..”

ထူးဆန်းသော်ငြား ကုရှင်းရှစ်မှာ သူ၏ အဝတ်ဗီရိုကိုသာ ကြည့်လိုခြင်း ဖြစ်သောကြောင့် ထွေထွေထူးထူး မဟုတ်ချေ။

အဲဒီ မျှော်လင့်နေတဲ့ ခွေးပေါက်လေးလိုမျက်လုံးတွေကို ဘယ်သူက ငြင်းနိုင်မှာလဲ..

ရှန့်ယွီ ခေါင်းညိတ်လိုက်၏။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကုရှင်းရှစ်က ရပ်ကာ နောက်သို့လှည့်ပြောသည်။
“လက်ထောက်ကျန်းလည်း လိုက်ခဲ့ပါ..”

ရှန့်ယွီ : “...”

အဝတ်ဗီရိုကိုကြည့်ဖို့ လက်ထောက်ကျန်းကို အတူလိုက်စေချင်ရုံလေးပဲလေ.. ကိစ္စမရှိဘူး..

ထို့နောက် ရှန့်ယွီက ကုရှင်းရှစ်နှင့် လက်ထောက်ကျန်းအား ဦးဆောင်ကာ အဝတ်ဗီရိုရှိရာသို့ သွားသည်။

အဝတ်ဗီရိုမှာ အိပ်ခန်းကျယ်၏ ထောင့်တွင်ရှိကာ ကျယ်ဝန်းသည်။ ရှန့်ယွီ အဝတ်အနည်းငယ်သာ ယူလာသောကြောင့် ဗီရိုတစ်ခုလုံးပြည့်ရန် မဖြစ်နိုင်ချေ။

ရှန့်ယွီက ဦးဆောင်သွားနေခြင်းဖြစ်သည်။

ကုရှင်းရှစ် ခြေတစ်လှမ်း နောက်ချန်ရစ်ကာ လက်ထောက်ကျန်းအား အသံနှိမ့်ပြောသည်။

“လက်ထောက်ကျန်း.. အဲဒီဗီရိုထဲကနေ အဝတ်တစ်စွန်းတစ်စ ထွက်နေတာကို တွေ့လိုက်မိသလိုပဲ.. ကျွန်တော် သေချာမြင်လိုက်လားတော့ မသိဘူး..”

ကုရှင်းရှစ်က နောက်ယောင်ခံလိုက်သူ (အရှေ့ပိုင်းတွေမှာ ပရိသတ်လို့ သုံးထားတယ်) ပုန်းအောင်းနေသည့် ဗီရိုရှိရာသို့ ညွှန်ပြလိုက်သည်။

လက်ထောက်ကျန်း ထိတ်လန့်သွားသည်။

လက်ထောက်ကျန်းက အစောပိုင်းကာလ ဟောင်ကောင်၌ တည်ငြိမ်မှုမရှိသည့် အချိန်မှစကာ ရှန့်ယွီနောက်သို့ လိုက်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်းဆိုသလိုပင် သူ၏စိတ်ထဲ၌ ပြန်ပေးဆွဲခြင်းနှင့် လုပ်ကြံခြင်းကဲ့သို့သော အန္တရာယ်များသည့် ဇာတ်ကွက်များပေါ်လာသည်။

ကုရှင်းရှစ် လိမ်သည်ဟု မထင်ချေ။

ပထမဆုံးအနေနှင့် ဤကဲ့သို့သော ကိစ္စအား လိမ်ညာပြောလျှင်လည်း မည်သည့်အကျိုးကျေးဇူးမှ မရှိပေ။ အထူးသဖြင့် ဗီရိုအား ဖွင့်လိုက်သည်နှင့် အမှန်တရား ထွက်ပေါ်လာနိုင်သောကြောင့်ပင်။

ဒုတိယအနေနှင့် ကုရှင်းရှစ်၏ မျက်နှာအား ကြည့်လိုက်ရုံနှင့် လိမ်ညာနေသည်ဟုတွေးရန် မဖြစ်နိုင်ပေ။

ချက်ချင်း သတိကပ်ကာ လက်တစ်ဖက်ဆန့်၍ ရှန့်ယွီနှင့် ကုရှင်းရှစ်အား နောက်သို့ဆွဲလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျန်လက်တစ်ဖက်ဖြင့် ခါးတွင်ချိတ်ထားသော တုတ်အား ထုတ်ယူလိုက်သည်။ ဆတ်ခနဲ လှုပ်လိုက်ရုံနှင့် ထိုတုတ်မှာ သေးသွယ်သောကျာပွတ်တစ်ချောင်း ဖြစ်လာသည်။

လက်ထောက်ကျန်း၏ လှုပ်ရှားမှုအား မြင်သည့်အခါ ရှန့်ယွီ ဖြစ်ပျက်နေသည်အား သဘောပေါက်သွားပုံရသောကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကုရှင်းရှစ်အား နောက်သို့ဆွဲကာ အောက်ထပ်ရှိ သက်တော်စောင့်များထံ မက်ဆေ့ချ်ပို့လိုက်သည်။

လက်ထောက်ကျန်းက ကျာပွတ်အားကိုင်ဆောင်ကာ ဗီရိုရှိရာသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။

ရုတ်တရက် အခန်းတစ်ခုလုံး ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။

အချိန်ပင်လျှင် သူ့အလိုလို နှေးသွားပုံရ၏။

ဗီရိုအနီးသို့ ရောက်လာချိန်၌ ဖွင့်မည်ပြင်စဉ်မှာပင် တံခါးရုတ်တရက် ပွင့်ကာ အရိပ်တစ်ခု ထွက်ကျလာသည်။

လက်ထောက်ကျန်းက လျင်မြန်စွာ တုံ့ပြန်ပြီး ကြာပွတ်အား လှုပ်ရှားလိုက်ရာ အဖျား၌ လျှပ်စီးလက်သွားသည်။ အရိပ်မှာ အကြိမ်အနည်းငယ်ခန့် တွန့်လိမ်ပြီးနောက် ကြမ်းပြင်ပေါ် ပုံကျသွားသည်။

အဆိုပါလူမှာ လူကောင်သေးသေးနှင့် သာမန်ရုပ်ရည်သာရှိသော လူတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရပြီး ဖုန်းတွင် လျှို့ဝှက်တပ်ဆင်ထားသော ကင်မရာမှ မြင်ကွင်းများအား ပြသထားလျက် ရှိနေသေးသည်။

ရှန့်ယွီ၏မျက်နှာ မဲမှောင်သွားလေသည်။

*

ရှန့်ယွီ၏ သက်တော်စောင့်များနှင့် ဟိုတယ်မန်နေဂျာတို့ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။

သက်တော်စောင့်များမှ အခန်းအတွင်းရှိ လျှို့ဝှက်ကင်မရာများအား လျင်မြန်စွာ ဖြုတ်လိုက်သည်။

များမကြာမီ ဗီရိုအတွင်းပုန်းနေသောလူ၏ အထောက်အထားအား အတည်ပြုလိုက်နိုင်သည်။
“သူ့နာမည်က ရှစ်ကောင်း.. နောက်ယောင်ခံလိုက်သူတစ်ယောက်ပဲ.. လွန်ခဲ့တဲ့ နှစ်ပိုင်းတုန်းက သရုပ်ဆောင် ရှုကျိအန်းရဲ့ ဟိုတယ်အခန်းထဲကို ခိုးဝင်ပြီး နှောင့်ယှက်လို့ အဖမ်းခံရပြီး ထောင် ၃ နှစ်ကျခဲ့တာ.. သိပ်မကြာခင်က ပြန်လွတ်လာခဲ့တယ်..”

နားထောင်ရင်းနှင့် ရှန့်ယွီ ဒေါသကြောင့် တုန်ယင်လာသည်။

ကုရှင်းရှစ်သာ တစ်ခုခုမှားနေကြောင်း သတိမပြုမိဘဲ ကူညီရန် ကြိုးစားခြင်း မရှိပါက ဗီရိုထဲပုန်းနေသူကြောင့် ဤအခန်းတွင်း၌ မည်သည့်အရာများ ဖြစ်ပျက်သွားလိမ့်မည်ဖြစ်ကြောင်း မည်သူမျှ မသိနိုင်ချေ။

ဟိုတယ်မန်နေဂျာက ကြောက်ရွံ့ထိတ်လန့်ကာ ထပ်ကာတလဲလဲ တောင်းပန်နေသည်။

သို့သော် ရှန့်ယွီ စိတ်မပြေနိုင်ပေ။

ရှုကျိအန်း၏ အဖြစ်အပျက်အား သူကြားဖူးသဖြင့် ထိုကဲ့သို့သော ဘေးအန္တရာယ်မှ ရှောင်နိုင်ရန်အတွက် [Boy Group Training Camp] မှ စီစဉ်ပေးသည့် ဟိုတယ်အစား လုံခြုံရေးနှင့် ပတ်သက်၍ အာမခံချက်ရှိသည့် ယိဟိုင်ဥယျာဉ်အပန်းဖြေစခန်းအား ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဤကိစ္စအား ကျော်မသွားပေးနိုင်ချေ။

ထိုအချိန်မှာပင် လူတစ်ဦး၏ ကြေညာချက်အား ကြားလိုက်ပြီး အခန်းအတွင်းရှိလူတိုင်း တံခါးရှိရာသို့ အကြည့်ရောက်သွားကြသည်။
“ဥက္ကဌဝမ် ရောက်လာပြီ..”

အခန်းအတွင်းသို့ ဝင်လာသူမှာ အရပ်မြင့်မားပြီး နောက်ကျောဘက်ရှိ မီးအလင်းကြောင့် မျက်နှာအရိပ်ကျနေသည်။

ကျယ်ပြန့်သော ပခုံး၊ ကျဉ်းမြောင်းသောခါးနှင့် ခဲနက်ရောင် ဘောင်းဘီ ဝတ်ဆင်ထားသော ခြေတံရှည်များနှင့်အတူ ကြယ်သီးအပြည့်တပ်ဆင်ထားသော အင်္ကျီထက်တွင် လိုက်ဖက်ညီသည့် လည်စည်းတစ်ခုပါရှိပြီး ခံ့ညားထည်ဝါသည့် အငွေ့အသက်အား ပေးစွမ်းသည်။

အခန်းအတွင်း ဝင်လာသည်နှင့် ထိုသူ့ထံမှ ဩဇာအာဏာကြီးမားသူတစ်ဦး၏ အရောင်အဝါများ ထွက်ပေါ်လာသည်။

ကောလာဟလများအရ ဝမ်ယွဲ့မှာ ရုရှားသွေး လေးပုံတစ်ပုံ ပါရှိသည်ဟုဆိုသည်။ နက်ရှိုင်းသည့် မျက်လုံးများ၊ ခပ်ဖျော့ဖျော့မျက်ဆံတို့နှင့်အတူ အနည်းငယ်မြင့်တက်နေသော မျက်ခုံးထူထူများကြောင့် ခေါင်းဆောင်ဖြစ်ရန်အတွက် မွေးဖွားလာသလိုပင်။

ဝမ်ယွဲ့ ဝင်လာသည်နှင့် သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော တည်ရှိမှုအား ရှန့်ယွီ ချက်ချင်း ခံစားမိသည်။
“မစ္စတာရှန့်.. ကျွန်တော်က ဝမ်ယွဲ့ပါ..”

အပြန်အလှန် ပြောဆိုပြီးနောက် ခပ်သွက်သွက်ပင် ဖြေရှင်းနည်းတစ်ခု ရရှိလိုက်သည်။

ကျန်ရှိသည့် အရာများအတွက် ဝမ်ယွဲ့ ပါဝင်ရန် မလိုအပ်တော့သဖြင့် ရှန့်ယွီအား ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာရန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် မမျှော်လင့်ဘဲ အတွင်းခန်းတံခါး ပွင့်လာသည်။

ခြောက်သွေ့သွားပြီဖြစ်သော တီရှပ်နှင့် ထွက်လာသည့် ကုရှင်းရှစ်မှာ အပြင်ဘက်ရှိ လူများစွာကြောင့် ထိတ်လန့်ကာ ထခုန်လုနီးနီးပင်။

ရှန့်ယွီ၏ သက်တော်စောင့်များ ရောက်လာပြီးနောက် ကုရှင်းရှစ်အနေနှင့် မည်သည့်ကိစ္စမျှ မရှိတော့ချေ။ ရေစိုသွားသော တီရှပ်အား အခြောက်ခံရန် ရှန့်ယွီထံမှ အခန်းတစ်ခန်း ငှားလိုက်သည်။

အင်္ကျီအခြောက်ခံနေစဉ် စနစ်ထံမှ ဖရဲသီးအသစ်များ နားထောင်ရင်း အချိန်ကုန်သွားမှန်း မသိလိုက်ဘဲ အင်္ကျီ တွန့်ကြေသွားတော့သည်။

ရုတ်တရက် စနစ်၏ ဆူညံသံထွက်ပေါ်လာသည်။
[ကြည့်.. အဲဒါ ဝမ်ယွဲ့ပဲ..]

စနစ်၏ အသိပေးချက်ပင် မလိုအပ်ဘဲ ကုရှင်းရှစ်မှာ အဝေးသို့ ထွက်ခွာသွားသည့် ဝမ်ယွဲ့အား သတိပြုမိသည်။

ဝမ်ယွဲ့၏ ၁၉၀ စင်တီမီတာမြင့်သော အရပ်အား ထည့်ပြောရန်ပင် မလိုအပ်ဘဲ သူ၏ အရောင်အဝါနှင့် အသွင်အပြင်မှာ အခန်း၏လေထုနှင့် ကိုက်ညီမှုမရှိချေ။

ကုရှင်းရှစ်၏ အကြည့်မှာ ဝမ်ယွဲ့၏ မျက်နှာမှ လက်ကောက်ဝတ်ရှိရာသို့ ရောက်ရှိသွားပြီး ပတ္တမြားလက်ကြယ်သီးထံ ရောက်မှသာ အကြည့်ရပ်တော့သည်။

ထိုလက်ကြယ်သီးတစ်စုံမှာ သန့်စင်ကာ တောက်ပနေပြီး ခိုသွေးကဲ့သို့ အနီရင့်ရောင်ဖြစ်သည်။
ဂါးးး လူချမ်းသာတွေရဲ့ ဖြုန်းတီးမှုပါလား..

ကုရှင်းရှစ် ချက်ချင်းပင် အဝေးသို့ကြည့်လိုက်သည်။

ကုရှင်းရှစ်အား လိုက်ပါပို့ဆောင်ရန် တစ်စုံတစ်ဦး စီစဉ်ပေးမည်ဟူသော ရှန့်ယွီ၏ ကမ်းလှမ်းချက်အား ယဉ်ကျေးစွာ ငြင်းဆိုလိုက်ပြီး ဝမ်ယွဲ့ဘေးမှတစ်ဆင့်  á€á€śá€á€Ťá€¸á€›á€žá€­á€›á€Źá€žá€­á€Żá€ˇ ပေါ့ပါးစွာ လျှောက်လှမ်းသွားသည်။

လိမ္မော်သီးနံ့သင်းသင်းက ဝမ်ယွဲ့၏ နှာသီးဝမှတစ်ဆင့် အသက်ရှုလမ်းကြောင်းသို့ဝင်ရောက်ကာ ရင်ထဲသို့တိုက်ရိုက်ရောက်ရှိသွားသည်။ 

ခပ်ချောချောကောင်လေးမှာ ထိုအဖြစ်အပျက်အား သတိမမူမိချေ။ 

စင်္ကြံ၏ ပြတင်းများမှ တိုက်ခတ်လာသော လေများသည် သူ၏ အဖြူရောင်တီရှပ်အား အပေါ်သို့ လွင့်တက်စေသောကြောင့် သွယ်လျလျ ခါးကျဉ်ကျဉ်နှင့် အချိုးအစားကျနသည့် ခန္ဓာကိုယ်အား ပေါ်ထွက်လာစေသည်။

ဝမ်ယွဲ့၏ လည်စေ့ အနည်းငယ် လှုပ်ခပ်သွားသည်။ အမူအရာ ပြောင်းလဲသွားခြင်း မရှိသော်ငြား ပတ္တမြားလက်ကြယ်သီးအား ခပ်ဖွဖွထိလိုက်မိသည်။

ကုရှင်းရှစ်က အားရဝမ်းသာစွာဖြင့် စနစ်ထံမှ ဖရဲသီးများစားကာ ဟိုတယ်အပြင်သို့ တန်းတန်းမတ်မတ် ထွက်သွားပြီး ဟိုတယ်ဧည့်ခန်းရှိ မှင်တက်နေသော စွန်းဟုန်ဖေး၏ အကြည့်များအား သတိမပြုမိလိုက်ချေ။

ဥက္ကဌကုက ဘယ်.. ဘယ်လိုလုပ်ပြီး ဒီမှာ ရှိနေတာလဲ..


🍉🍉🍉

နောက်ဆုံးတော့ ဝမ်ယွဲ့ပါလာပြီ 😈🍉 အခန်း ၁၄


စွန်းဟုန်ဖေး သိထားသည့် သတင်းများအရ ဝမ်ယွဲ့မှာ ယိဟိုင်ခရိုင်ရှိ ပရောဂျက်အသစ်နှင့် ပတ်သက်သော ပြဿနာကြောင့် ယနေ့မှ သွမ့်ဟိုင်မြို့သို့ ရောက်လာခြင်းဖြစ်ကြောင်းပင်။ ဝမ်ယွဲ့ ရောက်ရှိလာသည့် အဓိကအကြောင်းအရင်းမှာ ထိုကိစ္စကြောင့်ဖြစ်သော်ငြား [Boy Group Training Camp] ၏ အခြေအနေအား တစ်ပါတည်း စစ်ဆေးသွားမည် ဖြစ်သည်။

သို့သော် ရှိုးရိုက်ကူးရာနေရာသို့ လာရောက်လည်ပတ်နေစဉ်မှာပင် ရုတ်တရက် ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် လမ်းတစ်ဝက်မှာပင် ထွက်ခွာသွားသည်။ တစ်နာရီကြာပြီးနောက် ဝမ်ယွဲ့၏လက်ထောက်ဖြစ်သူ ထန်လင်းမှ စွန်းဟုန်ဖေးနှင့် အခြားသူများအား ယိဟိုင်ဥယျာဉ်အပန်းဖြေစခန်း ဟိုတယ်၌ လာရောက်တွေ့ဆုံရန် အကြောင်းကြားလာသည်။

ဤဟိုတယ်မှာ ဝမ်မိသားစု၏ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မူလက ဝမ်ယွဲ့၏ ဒုတိယဦးလေးဖြစ်သူ၏ စီမံမှုအောက်၌ ရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သော ၃ လခန့်က ယိဟိုင်ဒေသရှိ ပရောဂျက်အသစ်နှင့်အတူ ယိဟိုင်ဟိုတယ်မှာ ဝမ်ယွဲ့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာသည်။

ဝမ်ယွဲ့၏ အချိန်ဇယား ကြပ်နေသောကြောင့် ည ၉ နာရီ၌ ပေကျင်းသို့ ပြန်ရမည်ဖြစ်ကြောင်း ထန်လင်းမှ အသိပေး၏။ ဆိုလိုသည်မှာ စွန်းဟုန်ဖေးတို့အဖွဲ့ အစီရင်ခံရန် အချိန်တစ်နာရီသာ ရမည်ဖြစ်သည်။

စွန်းဟုန်ဖေး ချက်ချင်းပင် ထိတ်လန့်လာသည်။

မူလက ၂ နာရီစာ တင်ပြချက်တစ်ခု ပြင်ဆင်ထားခြင်းဖြစ်ရာ ယခုအခါ တစ်နာရီစာ ဖြတ်တောက်ရတော့မည်။ 
ဘယ်နေရာကို သွားဖြတ်ရမှာတုန်း..

ထိုအချိန်မှာပင် ထိပ်ဆုံးထပ်သီးသန့်ဓာတ်လှေကားမှ ဆင်းလာသည့် ကုရှင်းရှစ်အား တွေ့လိုက်ရသည်။ ကြေမွနေသော တီရှပ်၊ အလွန်ကျေနပ်နေသော မျက်နှာထားနှင့်ဖြစ်၏။

စွန်းဟုန်ဖေး ချက်ချင်းပင် သဘောပေါက်သွားသည်။

ဖုန်းခေါ်ဆိုမှု တစ်ခုတည်းနှင့် ဝမ်ယွဲ့အား အပြေးလာနိုင်အောင် လုပ်နိုင်မည့် တစ်ဦးတည်းသောသူမှာ သူ၏ ချစ်သူလေး မစ္စတာကု သာ ဖြစ်ရမည်။

ထိုသို့တွေးမိပြီးနောက် ထန်လင်းအား မသိမသာ မေးလိုက်သည်။
“လက်ထောက်ထန်.. ဥက္ကဌဝမ်က တစ်ယောက်ယောက်နဲ့ သီးသန့်တွေ့ဖို့ ဒီကိုလာတာလား..”

ထန်လင်း မျက်မှောင်ကြုတ်လိုက်သည်။

ဝမ်ယွဲ့က ရှန့်ယွီအား နောက်ယောက်ခံလိုက်သူနှင့် ပတ်သက်သည့်ကိစ္စအား ထုတ်ဖော်ခြင်းမပြုရန် တင်းတင်းကြပ်ကြပ် အမိန့်ထုတ်ထားသည်။ စွန်းဟုန်ဖေးမှာ တစ်စုံတစ်ခုအား ရိပ်မိသွားပုံပင်။

ထန်လင်းက အေးစက်စွာ သတိပေးလိုက်သည်။
“ကြီးကြပ်သူစွန်း.. ခင်ဗျားနဲ့ မဆိုင်တဲ့ ကိစ္စတွေကို မသိချင်နဲ့..”

စွန်းဟုန်ဖေး အချိန်တစ်ခုမျှ ကြောင်အသွားပြီး ဤကဲ့သို့ မတွေးဘဲ မနေနိုင်တော့ချေ။

မင်းတို့က ဘာကိစ္စနဲ့ အနုပညာရှင် စုံတွဲတွေလို ပုန်းလျှိုးကွယ်လျှိုး လုပ်နေကြတုန်း..

သို့သော် အပြင်၌မူ ပညာရှိစွာဖြင့် ပါးစပ်ပိတ်လိုက်ပြီးနောက် မျက်နှာချိုသွေးသည့် လေသံဖြင့် ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ မစ္စတာထန်.. ကျွန်တော့်ဆီက စကားတစ်လုံးတောင် မထွက်စေရပါဘူး..”

သို့သော် တစ်ဝက်ဖြတ်ရန်လိုသော အစီရင်ခံစာနှင့် ပတ်သက်၌ သူ့ထံ၌ အကြံကောင်းတစ်ခု ရထားပြီးဖြစ်သည်။

စွန်းဟုန်ဖေးက ထန်လင်း၏နောက်မှတစ်ဆင့် ဝမ်ယွဲ့၏ သီးသန့်အခန်းကျယ်ရှိရာ ထိပ်ဆုံးထပ်သို့ လိုက်ပါလာသည်။

ဝမ်ယွဲ့က ပြတင်းပေါက်နား၌ရပ်ကာ ဖုန်းပြောနေသည်။ နောက်ကျောကိုသာ မြင်ရသည့်တိုင်အောင် ဝမ်ယွဲ့၏ တည်ရှိမှုသည် စွန်းဟုန်ဖေးအား ဖိအားများစေသည်။

ခေတ္တမျှကြာပြီးနောက် ဝမ်ယွဲ့ ဖုန်းချလိုက်သည်။ စားပွဲခုံနောက်ရှိ ထိုင်ခုံ၌ ဝင်ထိုင်ပြီးနောက် ထန်လင်းလွှဲပြောင်းပေးသည့် စာရွက်စာတမ်းများအား စတင်စစ်ဆေးရင်း စွန်းဟုန်ဖေးအား အစီရင်ခံရန် လက်ဟန်ပြလိုက်သည်။

စွန်းဟုန်ဖေးက ချက်ချင်းဆိုသလို [Boy Group Training Camp] ၏ လက်ရှိတိုးတက်မှုများနှင့် ပတ်သက်သည့် အကြောင်းအချက်များပါဝင်သော တင်ပြမှုအား စတင်သည်။

အခြေခံအချက်များဖြင့် စတင်လိုက်ပြီး ဝမ်ယွဲ့မှာ မည်သည့်တုံ့ပြန်မှုမျှ မပြုသော်ငြား ရံဖန်ရံခါ အဓိကကျသည့် မေးခွန်းများကိုသာ ကြားဖြတ်မေးတတ်သည်။

ဝမ်ယွဲ့မှာ အလုပ်နှစ်ခု တစ်ပြိုင်နက် လုပ်နေစဉ် ထိုမျှလောက် မှတ်မိလိမ့်မည်ဟု စွန်းဟုန်ဖေး မမျှော်လင့်ထားချေ။ ထို့ကြောင့် တစ်စက္ကန့်မျှပင် စိတ်လွတ်မသွားရဲချေ။

နာရီဝက်ခန့်ကြာပြီးနောက် စွန်းဟုန်ဖေး၏ တင်ပြမှု တစ်စိတ်တစ်ပိုင်းပြီးဆုံးသွားပြီး ဝမ်ယွဲ့သည်လည်း စာရွက်စာတမ်းများ စစ်ဆေးပြီးနှင့်ပြီးဖြစ်သည်။

ဝမ်ယွဲ့ မတ်တတ်ရပ်လိုက်ပြီး ထန်လင်းက သူ၏ အပေါ်ဝတ်အား ကမ်းပေးလိုက်သည်။

ထို့နောက် လမ်းလျှောက်ရင်း အပေါ်ဝတ်ဝတ်နေစဉ်မှာပင် ဝမ်ယွဲ့က ပြောလိုက်သည်။
“ဆက်ပြောပါ..”

စွန်းဟုန်ဖေး အလျင်အမြန် နောက်မှလိုက်ကာ တုံ့ဆိုင်းမှုမရှိ နောက်ထပ်အကြောင်းအရာတစ်ခုသို့ ပြောင်းလိုက်သည်။
“လတ်တလောမှာတော့ ကျင်းယို့အင်တာတိန်းမန့်က သင်တန်းသား ၆ ယောက် ပြိုင်ပွဲဝင်ဖို့ ပို့လိုက်ပါတယ်.. ဒါပေမဲ့ အရင်seasonတုန်းက အဖြစ်အပျက်ကိုကြည့်ရင် ကျင်းယို့ရဲ့ သင်တန်းသားတွေက အုပ်စုဖွဲ့ပြီးတော့ ခြယ်လှယ်ချင်တဲ့ပုံပေါက်တယ်.. ပြီးတော့ သူတို့ ပွဲဦးထွက်ပြီးတာနဲ့ ယာယီအဖွဲ့ထက် မူလကုမ္ပဏီကိုပဲ ပိုပြီးတော့ သစ္စာရှိချင်ကြတယ်.. ကျွန်တော်လည်း စိုးရိမ်တာနဲ့ ကျင်းယို့က သင်တန်းသား ၂ ယောက်ကို ဖယ်လိုက်ပြီး ကုမ္ပဏီအသစ်က သင်တန်းသား ၂ ယောက်နဲ့ အစားထိုးလိုက်တယ်..”

စွန်းဟုန်ဖေး ဆက်မပြောမီ ခေတ္တရပ်လိုက်သည်။
“ကုမ္ပဏီအသစ်ရဲ့ နာမည်က လဲ့ရှစ်အင်တာတိန်းမန့်လို့ ခေါ်ပါတယ်.. ပိုင်ရှင်နဲ့ မန်နေဂျာက ကုရှင်းရှစ်ပါ..”

လဲ့ရှစ်ဟု ကြားသည့်အခါ ဝမ်ယွဲ့က ရင်းနှီးသည်ဟု ခံစားမိသော်ငြား ခေါင်းထဲမှထုတ်လိုက်ပြီးနောက် ပြောသည်။
“ဆုံးဖြတ်ချက် ကောင်းတယ်..”

မျှော်လင့်ထားသလိုပဲ.. ချီးကျူးခံလိုက်ရပြီ.. 

စွန်းဟုန်ဖေး စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ဟုတ်ပြီကွ..

သို့သော် ဝမ်ယွဲ့၏ ထိန်းချုပ်နိုင်စွမ်းမှာ အံ့ဩစရာကောင်းလှသည်။ ချစ်သူလေး၏ အမည်အား ကြားချိန်မှာပင် မျက်တောင်တစ်ချက် ခတ်မသွားချေ။

ဝမ်ယွဲ့မှ သူနှင့် ကုရှင်းရှစ်၏ ဆက်ဆံရေးအား မည်သူ့ကိုမှ မသိစေချင်သောကြောင့် သစ္စာရှိ လက်အောက်ခံတစ်ယောက်ဖြစ်သည့် စွန်းဟုန်ဖေးအနေနှင့် လျှို့ဝှက်ချက်အား သေသည်အထိ စောင့်ထိန်းသွားမည်ဖြစ်သည်။

အစီရင်ခံရင်းနှင့် ဓာတ်လှေကားတံခါး ပွင့်လာသည်။

ယာဉ်မောင်းက ကားတံခါးအား ဖွင့်ထားသဖြင့် ဝမ်ယွဲ့ ကားအတွင်းဝင်လိုက်သည်။

စွန်းဟုန်ဖေးက ကိုယ်ကိုကိုင်းကာ အကြံဉာဏ်တောင်းသည့်အနေနှင့် မေးလိုက်သည်။
“ကျွန်တော် ဂရုစိုက်ပေးရမဲ့ ကိစ္စတစ်ခုခုများ ရှိပါသေးလား ဥက္ကဌဝမ်..”

ဝမ်ယွဲ့ : “?”

ဝမ်ယွဲ့က သူ့ရှေ့ရှိ သာမန်ရုပ်ရည်နှင့် မထင်မရှား သက်လတ်ပိုင်းအရွယ်လူအား အံ့ဩတကြီး ကြည့်လိုက်သည်။

တကယ်တမ်း၌ သူ၏ ဩဇာကြီးမားသော အရှိန်အဝါကြောင့် လက်အောက်ငယ်သား အများစုမှာ ကြောင်ကိုတွေ့လိုက်သည့် ကြွက်သဖွယ် တုံ့ပြန်တတ်ကြပြီး စကားဟဟပင် မပြောရဲကြချေ။ စွန်းဟုန်ဖေးကဲ့သို့ ရဲရင့်သောသူအား ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။

ထို့ကြောင့် အားပေးရန် ဆုံးဖြတ်လိုက်သည်။
“ခင်ဗျားရဲ့ လုပ်ဆောင်ချက် ကောင်းပါတယ်.. ဒီလိုပြိုင်ပွဲမျိုးမှာ မျှတမှုရှိဖို့ အဓိကအကျဆုံးပဲ..”

ကားထွက်သွားပြီးနောက် စိတ်ရှုပ်ထွေးနေသည့် စွန်းဟုန်ဖေးသာ ကျန်ရစ်ခဲ့သည်။

*

ရုံးသို့ပြန်ရောက်သည့်တိုင်အောင် စွန်းဟုန်ဖေး၏အတွေးတို့က မရပ်နိုင်ချေ။ အဆုံး၌ သူ၏ အယုံကြည်ရဆုံး လက်ထောက်ဖြစ်သူ ရှောင်းလီအားခေါ်ကာ ဝမ်ယွဲ့၏ စကားအား သုံးသပ်မှုပြုသည်။

ရှောင်းလီ မျက်မှောင်ကြုတ်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းကာပြောသည်။
“ဥက္ကဌဝမ်က မန်‌နေဂျာ့ကို ဒီအတိုင်း ချီးကျူးလိုက်တာရော မဖြစ်နိုင်ဘူးလား..”

“လုံးဝပဲ..”
စွန်းဟုန်ဖေး ထိုစိတ်ကူးအား ချက်ချင်း ငြင်းဆန်လိုက်ပြီး ရှောင်းလီအား အမြော်အမြင်ရှိစွာ အကြံပေးလိုက်သည်။
“ငါမင်းကို အမြဲပဲပြောတယ်.. အထက်လူကြီးတစ်ယောက်ရဲ့ စကားကို ဘယ်တော့မှ ရိုးရိုးလေး မတွေးနဲ့လို့.. အဲဒီစကားတွေရဲ့နောက်မှာ ပုန်းကွယ်နေတဲ့ နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကိုပါ တူးဆွနိုင်ဖို့ လိုအပ်တယ်..”

ရှောင်းလီ : “အမ်..”

စွန်းဟုန်ဖေး ဆက်ပြောသည်။
“ဒီလိုကွာ.. ပြောတဲ့အခါမှာ စကားအချိတ်အဆက်ပါလား သတိထားရမယ်.. အဓိကအချက်တွေဆိုတာ အဲဒီ စကားဆက်တွေနောက်မှာ ပါလာတတ်တယ်.. စကားဆက်မရှိဘူးဆိုရင်တော့ ပြောသွားတဲ့ အကြောင်းအရာတစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်ရမယ်.. ဒီကိစ္စမှာဆိုရင် ဥက္ကဌဝမ် အဓိကပြောချင်တာက နောက်ဆုံးစကားပဲ..”

ရှောင်းလီ : “...”
ဖိနှိပ်ထားတဲ့ မှတ်ဉာဏ်တွေက ငါ့ကိုခြောက်လှန့်ဖို့ ပြန်ပေါ်လာကြပြီ..

စွန်းဟုန်ဖေးက ဝမ်ယွဲ့၏ စကားလုံးများအား ကြေညက်အောင် ပြုလုပ်နေသည်။ သူ့မေးခွန်း၏ အဓိပ္ပါယ်မှာ ကုရှင်းရှစ်အပေါ် အထူးဂရုစိုက်ပေးသင့်သလားဟု ဆိုလိုခြင်းဖြစ်သည်။ ဝမ်ယွဲ့မှာ မျှတမှုရှိရန် အရေးအကြီးဆုံးဟု ပြန်ဖြေသည်။ 

အထူးဂရုစိုက်ပေးဖို့ မလိုဘူးလို့ အရိပ်အမြွက်ပေးတာများလား..

မမှန်သလိုပဲနော်..

ထိုအချိန်၌ ရှောင်းလီက ရုတ်တရက်ပြောသည်။
“ကျွန်တော်သိပြီ မန်နေဂျာ..”

“ဟမ်..”
စွန်းဟုန်ဖေး မော့ကြည့်လိုက်သည်။
“ဘာတဲ့တုန်း..”

ရှောင်းလီက ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။
“ဥက္ကဌဝမ်ရဲ့ မစ္စတာကု အပေါ် သည်းသည်းလှုပ်ချစ်ပြီး သူတို့ရဲ့ ဆက်ဆံရေးကို လျှို့ဝှက်ထားချင်တဲ့အကြောင်း စဉ်းစားလိုက်မယ်ဆိုရင် မျှတမှုရှိဖို့ လိုအပ်တယ်ဆိုတဲ့ စကားအရ ရှိုးမှာ မမျှတမှုတချို့ ရှိနေတယ်ဆိုတဲ့ အရိပ်အမြွက်ပဲ ဖြစ်ရမယ်.. ဒါဆို တစ်ယောက်ယောက်က မစ္စတာကုကို ခက်ခဲအောင် လုပ်နေတာပေါ့.. မစ္စတာဝမ်က တိုက်ရိုက် ဝင်မပါနိုင်တော့ မန်နေဂျာ့ကို တစ်ခုခု လှုပ်ရှားဖို့ မသိမသာ ပြောတာများလား..”

စွန်းဟုန်ဖေး အလင်းပွင့်သွားသလိုပင်။

အတိအကျပဲ..

လုံးဝ အဓိပ္ပါယ်ရှိသွားပြီ..

ဥက္ကဌဝမ်က မစ္စတာကုဆီက ဖုန်းလာတာနဲ့ ချက်ချင်းပဲ အပြေးသွားတာ.. မစ္စတာကုက နည်းနည်းလေး ညည်းပေမဲ့ မစ္စတာဝမ်ကိုတော့ တိုက်ရိုက် ဝင်မပါခိုင်းဘူး.. သူ့ရဲ့ ချစ်သူလေးကို ဂရုမစိုက်ပေးနိုင်တော့ ဥက္ကဌဝမ်က ငါ့ကို သွယ်ဝိုက်ပြီး အသိပေးလိုက်တာပဲ..

အရမ်းပဲ ယုတ္တိရှိတယ်..

စွန်းဟုန်ဖေး ရှိုး၏ ပထမဆုံးပိုင်းအား ကြည့်လိုက်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ စုစုပေါင်း ထွက်‌ပေါ်လာချိန်မှာ ၃ မိနစ်သာရှိသည်။ တင်ဆက်ချိန် ၂ မိနစ်ခွဲနှင့် မိတ်ဆက်ချိန် မိနစ်ဝက်ပြီးနောက် နည်းပြများ၏ မှတ်ချက်စကားများလည်း မပါချေ။

အပိုဆောင်းတင်ဆက်မှု၊ မှတ်ချက်ပေးသုံးသပ်မှုတို့ မပါဝင်ချေ။

ဤအပိုင်းသာ ထွက်ပေါ်လာခဲ့လျှင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ ပရိသတ်စိတ်ဝင်စားမှု အနည်းငယ်သာ ရရှိကာ သူတို့၏တန်ဖိုး မဆိုစလောက် လျော့ကျသွားနိုင်သည်။ နာမည်မရှိသေးသော သင်တန်းသားများအတွက် ပထမဆုံး ပေါ်ထွက်လာမှုမှာ အရေးအကြီးဆုံးဖြစ်ပြီး ရှေ့ဆက်ရမည့် ကံကြမ္မာကိုပင် သက်ရောက်မှုရှိစေသည်။

ထိုလူယုတ်မာအား မမြင်နိုင်လျှင် ဖျော်ဖြေရေးလောက၌ ကုန်ဆုံးခဲ့သော နှစ်များစွာမှာ အကျိုးမရှိ ဖြစ်ရလိမ့်မည်။

စွန်းဟုန်ဖေး ထိတ်လန့်သွားသည်။

အရှုပ်ထုပ်ကွာ..

အထက်လူကြီး၏ ညွှန်ကြားချက်အား အချိန်မီ လုပ်ဆောင်နိုင်ခြင်း မရှိပါလျှင် အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်နိုင်သည်။

စွန်းဟုန်ဖေး ကုရှင်းရှစ်အား ချက်ချင်းပင် လိုက်လံရှာဖွေကာ စိတ်ရောကိုယ်ပါ တောင်းပန်စကားဆိုပြီးနောက် လေးလေးနက်နက် ပြောသည်။
“မစ္စတာကု.. ကျွန်တော်က တရားမျှတမှုကို လိုလားတဲ့သူပါ.. ဒီလိုမျိုး နိမ့်ကျတဲ့လူတစ်ယောက်က အခုလို အကွက်ချလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ.. ဒါပေမဲ့ မစိုးရိမ်ပါနဲ့.. အဖြေတစ်ခု ပေးနိုင်အောင် ကြိုးစားပါ့မယ်..”

ရှိုး၏ ပထမပိုင်းအား ကြည့်ပြီးနောက် ကုရှင်းရှစ်သည် ကျန်းမော့၏ ယုတ်ညံ့သော ရည်ရွယ်ချက်အား မြင်တွေ့လိုက်ရသဖြင့် ဒေါသထွက်လာခဲ့သည်။

အမှိုက်ကောင်…

ဤရက်ပိုင်းအတွင်း ကျန်းမော့ ငြိမ်နေသည်မှာ အံ့စရာမရှိတော့ချေ။ ဤသို့ဖြစ်လာရန် တိတ်တဆိတ် စီစဉ်ထားခြင်းဖြစ်သည်။

ဒါပေမဲ့ အစီအစဉ်က စွန်းဟုန်ဖေးပြောသလိုမျိုး မျှတမှုရှိနိုင်မှာလား…

ကုရှင်းရှစ် မယုံပေ။
“ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ မန်နေဂျာစွန်း.. ဆိုတော့ ခင်ဗျားရဲ့ နောက်အစီအစဉ်က ဘာလဲ..”

စွန်းဟုန်ဖေးမှာ ပို၍ပင် လိုက်လိုက်လျောလျောဖြစ်လာသည်။
“ကျွန်တော်တို့ရဲ့ မူလအစီအစဉ်ကတော့ season တစ်ဝက်လောက်ကျမှ တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် ပြောင်းမလို့ပါ.. ဒါပေမဲ့ အခြေအနေတွေအရ နောက်အပိုင်းကနေစပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ စဉ်းစားထားပြီး နည်းပြတွေက ပရော်ဖက်ရှင်နယ်ကျတဲ့ ဆွေးနွေးသုံးသပ်ချက်တွေ ပေးရပါမယ်..”

ကုရှင်းရှစ် နားထောင်နေရင်း မျက်လုံးများ အရောင်လက်လာသည်။

[Boy Group Training Camp] မှာ ဖျော်ဖြေရေးလောက၌ ထိပ်တန်းအရည်အချင်းပြရှိုးတစ်ခု ဖြစ်နေရသည့် အကြောင်းအရင်းအား အံ့ဩဖွယ်မလိုတော့ချေ။

ဤနည်းဖြင့် မမျှတမှုအားလုံးအား ပယ်ဖျက်ပြီးဖြစ်သည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ စွမ်းရည်များအပေါ် အပြည့်အဝ ယုံကြည်မှုရှိပြီး တရားမျှတမှုရှိနေသမျှ ကောင်းမွန်သည့်ရလဒ်များ ရရှိလိမ့်မည်။

သို့သော် ဤကိစ္စအား ဘာမှမဖြစ်သယောင် ကျော်မသွားပေးနိုင်ချေ။

သူစုဆောင်းထားသည့် သက်သေများအကြောင်း တွေးမိပြီးနောက် စွန်းဟုန်ဖေးအနီးသို့ကပ်ကာ အစီအစဉ်တစ်ခုအား တီးတိုးပြောလိုက်သည်။

စွန်းဟုန်ဖေး စဉ်းစားပြီးနောက်ပြောသည်။
“ဒါက ရှိုးရဲ့ အရှိန်နဲ့ မျှတမှုကို အနှောင့်အယှက် မဖြစ်နိုင်ပါဘူး.. ကောင်းပြီ.. ခင်ဗျား အကြံပြုတဲ့အတိုင်း အဲဒီအပိုင်းကို ထည့်လိုက်ပါမယ်..”

တစ်ချိန်တည်းမှာပင် ပထမဆုံးအပိုင်းကြောင့် အွန်လိုင်းပေါ်၌ ဆူဆူညံညံ ဖြစ်နေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ ရေပန်းစားမှုက မြင့်တက်လာသည်။ အောက်ဆုံးအဆင့်မှ ထိပ်ဆုံး ၂ နေရာအား သိမ်းပိုက်လိုက်ပြီး တတိယနေရာရှိ ကျင်းယို့အင်တာတိန်းမန့်မှ သင်တန်းသား ယွီဖျင်ကျားနှင့်လည်း ကွာဟချက် ကြီးမားလှသည်။

သို့သော် ပထမပိုင်း ထုတ်လွှင့်ပြီးနောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အုပ်စု B သို့ ရောက်သွားချိန်တွင် ယွီဖျင်ကျားမှာ အုပ်စု A ၌ တိုက်ရိုက်နေရာယူလိုက်ကြောင်း မြင်သည့်အခါ ပရိသတ်များ အံ့ဩသွားကြသည်။

ယွီဖျင်ကျား၏ ပရိသတ်များမှာ မောက်မာစွာဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ လှည့်ကွက်များကြောင့်သာ ထိပ်ဆုံးနေရာ ယူနိုင်ခြင်းဖြစ်သော်ငြား ဤရှိုးတွင် အောင်မြင်မှုရရှိနိုင်ရန် ကိုယ်ပိုင်အရည်အချင်းပေါ်တွင်သာ မူတည်နေကြောင်း ပြောကြသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်များမှာ မပျော်ရွှင်ကြချေ။

မူလက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ရုပ်ရည်ကြောင့် ဆွဲဆောင်ခံလိုက်ရသော်ငြား တိုက်ရိုက်ထုတ်လွှင့်မှု၌ ၂ နာရီကြာ သီဆိုကခုန်ခြင်းအား မြင်ပြီးနောက် ချောင်ရို့ယောင်မှာ ပရိသတ်အကြီးစား ဖြစ်လာတော့သည်။

သူတို့ရဲ့ အရည်အချင်းကို ငြင်းပယ်လို့မရဘူး..

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အုပ်စု B သို့ ပို့ဆောင်ခံရသည်အား မလိုလားသော်ငြား နည်းပြများအား လေးစားမှုရှိသည့်အနေနှင့် မည်သည့်မှတ်ချက်မျှ မပေးလိုက်ချေ။ သို့သော် ယွီဖျင်ကျား ပရိသတ်များ၏ မှတ်ချက်များမှာ သူမအား အဆုံးထိ တွန်းပို့နေခြင်းပင်။

ကောင်းပြီလေ.. အရည်အချင်းအကြောင်းပြောတယ်ပေါ့.. စလိုက်ကြရအောင်..

ငါ့လူတွေက ဗိုလ်လုပွဲမှာတောင် ကြောက်ဖို့မလိုဘူး အိုကေနော်..

များမကြာမီ မုန့်ယွမ်ရှန့်၊ ချန်ရှင်းနှင့် ယွီဖျင်ကျားတို့အကြားရှိ နှိုင်းယှဉ်ချက်ဗီဒီယို ထွက်ပေါ်လာသည်။

ယွီဖျင်ကျား၏ တစ်ဦးတည်းဖျော်ဖြေမှုမှာ အဆင်ပြေသော်ငြား မုန့်ယွမ်ရှန့်၊ ချန်ရှင်းတို့နှင့် ဘေးချင်းယှဉ်လိုက်သည့်အခါ ကွာဟချက်မှာ သိသာလှသည်။

ဗီဒီယိုမှာ ရှိုး၏ ပထမပိုင်းရှိ ဖျော်ဖြေမှုကိုသာ ယှဉ်ပြထားခြင်းဖြစ်သည်။ တိုက်ရိုက်ကြည့်ရမည် ဆိုပါက ကွာဟချက်မှာ ပို၍ပင် ထင်ရှားနိုင်သည်။ 

ဖြတ်သွားဖြတ်လာများသည်ပင်လျှင် ကွာဟချက်အား မြင်နိုင်သည်။

ထို့နောက် ယွီဖျင်ကျားမှာ မည်သည်ကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား ကျော်လွန်ကာ အုပ်စု A သို့ ရောက်လာရလဲဟူသော မေးခွန်းများ စတင်လာတော့သည်။

တစ်ချိန်တည်းလိုလိုမှာပင် မုန့်ယွမ်ရှန့်မှာ ယခင်က ကျန်းမော့၏ လက်ထောက်ဖြစ်ခဲ့ဖူးပြီး ကျန်းမော့သည် မုန့်ယွမ်ရှန့်အား လစာနှင့် ခံစားခွင့်များပေးရန် ငြင်းဆိုသောကြောင့် ဒေါသတကြီး အလုပ်မှထွက်သွားကာ လဲ့ရှစ်အင်တာတိန်းမန့်သို့ ဝင်ရောက်သွားသည် ဟူသော ကောလဟာလများ စတင်ထွက်ပေါ်လာသည်။ 

အဆိုပါသတင်းသည် အွန်လိုင်းပေါ်ရှိ လူထုအကြား ပျံ့နှံ့သွားသည်။

[အလုပ်သမားတွေ သွေးစည်းကြတော့.. ငါ့ရဲ့သွေးတွေတောင် ပွက်ပွက်ဆူလာပြီ..]

[ဪ.. ဒင်းက သူ့ရဲ့မကောင်းကြောင်းတွေ ပေါ်လာမှာစိုးလို့ မုန့်ယွမ်ရှန့်ကို ဖိနှိပ်ဖို့ ကြိုးစားတာပေါ့လေ.. အမှိုက်ကောင်]

[မုန့်ယွမ်ရှန့်က လက်ထောက်တစ်ယောက်ဆိုရင် သူ့ကို လစာပေးဖို့က ကျင်းယို့အင်တာတိန်းမန့်ရဲ့ တာဝန်ပဲ မဟုတ်ဘူးလား.. ကျန်းမော့နဲ့ ဘာဆိုင်လို့လဲ..]

[ဘာပဲဖြစ်ဖြစ်.. နှစ်ယောက်လုံးမကောင်းဘူး..]

*

ရုတ်တရက်ဆိုသလို ကျန်းမော့နှင့် ကျင်းယို့အင်တာတိန်းမန့်၏ မကောင်းသတင်းများ စတင်ထွက်ပေါ်လာပြီး သူတို့၏ ဂုဏ်သတင်းများ ကျဆင်းသွားတော့သည်။


🍉🍉🍉🍉 အခန်း ၁၅


အွန်လိုင်းပေါ်၌ အငြင်းပွားမှုကြောင့် ဆူညံနေစဉ် [Boy Group Training Camp] ထုတ်လုပ်ရေးအဖွဲ့မှ ဝေ့ပေါ်ပိုစ့်အသစ်တစ်ခု တင်လိုက်သည်။

အဆိုပါပိုစ့်၌ ထုတ်လုပ်ရေးအဖွဲ့သည် ရှိုး၏ မျှတမှုနှင့် ဂုဏ်သိက္ခာကို များစွာတန်ဖိုးထားကြောင်း ဖော်ပြထားသည်။ ယင်းအား သက်သေပြရန် ထုတ်လုပ်ရေးအဖွဲ့က ဒုတိယပိုင်းမှ စတင်ကာ အစီအစဉ်တစ်ခုလုံးအား တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်မည်ဖြစ်ပြီး နည်းပြအဖွဲ့သည်လည်း ပရော်ဖက်ရှင်နယ်ကျပြီး သမာသမတ်ကျသော ဆွေးနွေးသုံးသပ်ချက်များ ပြုလုပ်မည်ဖြစ်ကြောင်း အာမခံသည်ဟု ဆိုသည်။

ထိုပိုစ့်အား အွန်လိုင်းသုံးသူများမှ သဘောကျလက်ခံကြသည်။

အချုပ်အားဖြင့် ကျန်းမော့မှာ ပို၍ပင် လှောင်ပြောင်ခံရတော့သည်။

ကျန်းမော့က အခန်းအတွင်းရှိ ပစ္စည်းများအား ပစ်ပေါက်ရင်း ဒေါသဖြေနေသော်ငြား သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ရှိနေသည်။

ထိုအခြင်းအရာအား မြင်သည့်အခါ မူလက ဆူပူချင်နေသည့် ကျန်းမော့၏ မန်နေဂျာမှာ သူ့စကားများ မြိုသိပ်လိုက်ရသည်။ ကျန်းမော့နှင့် တစ်လှေတည်းစီးနေကြသောကြောင့် ကျန်းမော့ နာမည်ပျက်သွားလျှင် သူလည်း ခံစားရမည်ဖြစ်သည်။

“အရေးအကြီးဆုံးက မင်းရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ပဲ..”

ကျန်းမော့က မန်နေဂျာအား သံသယနှင့်ကြည့်လိုက်သည်။

များသောအားဖြင့် မန်နေဂျာသည် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် ကောလာဟလများအား သူဝင်ပါရန် မလိုအပ်ဘဲ ဖြေရှင်းလေ့ရှိသည်။ 

အခုကျ ဘာဖြစ်လို့ ငါနဲ့လာပြီး ဆွေးနွေးနေတာလဲ..

မန်နေဂျာမှာ လေးနက်သောအမူအရာဖြင့်ပြောသည်။
“မနေ့က ရှန့်ယွီနဲ့ မုန့်ယွမ်ရှန့်ရဲ့ မန်နေဂျာ တွေ့နေတာကို မြင်ခဲ့တယ်..”

ကျန်းမော့မျက်နှာက ဖြူစုတ်သွားသည်။
“ဘယ်အချိန်ကလဲ..”

မန်နေဂျာ ခေါင်းယမ်းလိုက်သည်။
“အချိန်တော့ မသေချာဘူး.. ဒါပေမဲ့ ရှန့်ယွီက အဲဒီလူကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အတော်ကြာတဲ့အထိ စကားပြောနေကြတာ..”

ကျန်းမော့၏ အမူအရာမှာ ချက်ချင်းဆိုသလို မဲမှောင်လာသည်။

ရှန့်ယွီအား ကောင်းစွာသိသည်။ ရှန့်ယွီမှာ အပေါ်ယံ၌ နူးညံ့ပုံရှိသော်ငြား သဘောကောင်းသည်ဟူသော အဓိပ္ပါယ်နှင့် အလှမ်းဝေးသူပင်။

ရှန့်ယွီ၏ အဆင့်အတန်းအား ကျန်းမော့ ပထမဆုံး သိချိန်၌ မုန့်ယွမ်ရှန့် ရေးသားထားသည့် သီချင်းစာသားများအား အသုံးပြုကာ ရှန့်ယွီ၏ မျက်နှာသာပေးမှု ရရှိရန် တက်တက်ကြွကြွ ချဉ်းကပ်ခဲ့သည်။ နှစ်ဝက်ခန့် ကြာပြီးနောက် ရှန့်ယွီ၏ သူငယ်ချင်းဖြစ်လာသည်။

ရှန့်ယွီမှာ သူ၏ သူငယ်ချင်းများအပေါ် သစ္စာရှိကာ ရက်ရောသည်။

သို့သော် သူငယ်ချင်းများအပေါ် သစ္စာရှိကာ ကြင်နာတတ်သော်ငြား ရန်သူများအပေါ်တွင် သွေးအေးကာ ရက်စက်သည်။

ရှန့်ယွီ၏ အရင်းအမြစ်များကို သုံးစွဲခဲ့မိသည်များအား ပြန်တွေးရင်း ကျန်းမော့ ကြောက်ရွံ့လာသည်။
“မရဘူး.. ရှန့်ယွီ သိသွားခွင့် မပြုနိုင်ဘူး..”

မန်နေဂျာက သက်ပြင်းချလိုက်သည်။
“ငါနဲ့ အတွေးတူတယ်.. ဒါပေမဲ့ ငါ့ဆီမှာ ပြဿနာ နှစ်ခုလုံး တစ်ပြိုင်တည်း ပြေလည်သွားစေမဲ့ နည်းတစ်ခုရှိတယ်.. အဲဒါက..”

ကျန်းမော့မျက်လုံးများ အရောင်လက်လာသည်။
“ပြောပါဦး..”

မန်နေဂျာက ဆက်ပြောသည်။
“မုန့်ယွမ်ရှန့်က အလုပ်က နှုတ်ထွက်သွားတာ မဟုတ်ဘဲ မင်းရဲ့သီချင်းကို ခိုးလို့ ကျင်းယို့အင်တာတိန်းမန့်က ထုတ်လိုက်တာလို့ သတင်းဖြန့်လိုက်မယ်.. ရှန့်ယွီကိုယ်တိုင်က တေးရေးဆိုတော့ ခိုးကူးတာမျ်ိုးကို ရွံတယ်.. အဲဒီလိုဆိုရင် မုန့်ယွမ်ရှန့်က ဘယ်လိုခြိမ်းခြောက်မှုမျိုးမှ လုပ်နိုင်တော့မှာ မဟုတ်ဘူး.. နောက်ပိုင်းကျမှ အဲဒီသီချင်းစာသားတွေကို သူကိုယ်တိုင် ရေးထားတာပါဆိုပြီး ပြောရင်တောင် ယုံတဲ့သူ မရှိတော့ဘူး..”

ဤအစီအစဉ် အောင်မြင်သွားပါက မုန့်ယွမ်ရှန့် ဂုဏ်သိက္ခာမှန်သမျှ ဆုံးရှုံးလိုက်ရမည်ဖြစ်ကာ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်းမှန်သမျှ ပိတ်သွားပေမည်။

ကျန်းမော့ ချီတုံချတုံ ဖြစ်နေသည်။

မုန့်ယွမ်ရှန့် ထွက်ခွာသွားပြီး ပြဿနာရှာနေခြင်းအား မကျေနပ်သည့်တိုင်အောင် နှစ်ပေါင်းများစွာ အတူရှိလာခဲ့ကြသူများ ဖြစ်သဖြင့် ခံစားချက်အချို့ ကျန်နေဆဲဖြစ်သည်။

ကျန်းမော့၏ တုံ့ဆိုင်းမှုအား မြင်သည့်အခါ မန်နေဂျာက ထပ်ပေါင်းပြောသည်။
“ဒီနည်းတစ်ခုပဲ ရှိတော့တာ.. မြန်မြန်လှုပ်ရှားမှ ငါတို့အသာရနိုင်မယ်.. ခပ်မြန်မြန် ဆုံးဖြတ်ချေ..”

ကျန်းမော့၏ မျက်လုံးများ နက်မှောင်လာသည်။

ဤဖြစ်ရပ်တစ်ခုလုံးမှာ သူ၏အမှားမဟုတ်ချေ။ ရှန့်ရှန့် ခေါင်းမာနေခြင်း မရှိလျှင် ဤသို့ဖြစ်လာစရာ အကြောင်းမရှိပေ။

အဖြစ်အပျက်အားလုံး ပြီးဆုံးသွားပါက ရှန့်ရှန့် သူ၏အမှားအား မြင်ကာ သူ့(ကျန်းမော့)ထံသို့ ပြန်လာပါက သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးပြီး ပြန်လက်ခံမည် ဖြစ်သည်။

ကျန်းမော့က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ခေါင်းညိတ်သဘောတူလိုက်သည်။
“ကောင်းပြီ.. မင်း ပြောသလိုသာလုပ်လိုက်တော့..”

*

တစ်ရက်ကြာပြီးနောက် ဝေ့ပေါ်ပိုစ့်တစ်ခုကြောင့် အွန်လုံးသုံးစွဲသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။

[ကျွန်တော်က လိဖန်ပါ.. ကျန်းမော့ စတူဒီယိုရဲ့ အမြဲတမ်းဝန်ထမ်းတစ်ယောက်ပါ.. အွန်လိုင်းပေါ်က အလိမ်အညာတွေကို မြင်နေရတော့ ကျွန်တော်လည်း ဆက်ပြီး တိတ်တိတ်မနေနိုင်တော့ဘူး.. အမှန်တရားက ခင်ဗျားတို့ ထင်နေသလိုမျိုး မဟုတ်ဘူး..]

[မုန့်ယွမ်ရှန့်က အစ်ကိုမော့ရဲ့ သူငယ်ချင်းပါ.. သူက ပုံမှန်ဝန်ထမ်းခန့်သလိုမျိုး အလုပ်ဝင်ခဲ့တာ မဟုတ်တော့ အစ်ကိုမော့ကပဲ သူ့အိတ်ထဲက စိုက်ပေးခဲ့ပြီး ကုမ္ပဏီကို တာဝန်မယူစေခဲ့ဘူး.. အစ်ကိုမော့က တရားဝင်လမ်းကြောင်းကမဟုတ်ဘဲ သီးသန့်ပေးတော့ အဲဒါက အမှားဖြစ်သွားပြီး အခုလိုမျိုး ပြဿနာတွေ ဖြစ်လာတော့တာပဲ..]

[မုန့်ယွမ်ရှန့် အလုပ်ထွက်သွားတာက အာမခံကြေးတွေ အကျိုးအမြတ်တွေကြောင့် မဟုတ်ဘဲ အစ်ကိုမော့ရဲ့ မထုတ်ဝေရသေးတဲ့ သီချင်းကို သူ့ရဲ့ ပွဲဦးထွက်သီချင်းလုပ်ဖို့ဆိုပြီး ခိုးဖို့ကြိုးစားလို့ပါ.. အစ်ကိုမော့က သူငယ်ချင်းသံယောဇဉ်ကြောင့် အဲဒီအကြောင်းကို မဖော်ထုတ်ဘဲ စတူဒီယိုကနေပဲ အလုပ်ထုတ်ခဲ့ပါတယ်.. ဒါပေမဲ့ မုန့်ယွမ်ရှန့်က ကျေးဇူးသိရမဲ့အစား အစ်ကိုမော့ကို သိက္ခာကျအောင် လုပ်နေတယ်..]

[အသိစိတ်ရှိတဲ့ လူတစ်ယောက်အနေနဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကျွန်တော် ရှေ့ထွက်လာခဲ့တာပါ.. လူတိုင်း အဖြစ်မှန်ကို မြင်နိုင်ပြီး လူကောင်းတစ်ယောက်ကို မနာကျင်မိစေဖို့ မျှော်လင့်ပါတယ်..]

သူ၏ ထုတ်ပြန်ချက်အား အတည်ပြုသည့်အနေနှင့် အောက်တွင် ဝန်ထမ်းတံဆိပ်ကိုင်ကာ ရိုက်ထားသော ဓာတ်ပုံတစ်ပုံ ပူးတွဲပါရှိပြီး ငှားရမ်းထားသော ရေတပ်မှလည်း ဝင်ရောက်ထောက်ခံနေသည်။

အွန်လိုင်းပေါ်ရှိ စကားသံများမှာလည်း အလျင်အမြန် ပြောင်းလဲသွားသည်။

[မြွေပွေးခါးပိုက်ပိုက်ဆိုတဲ့ စကားပုံလိုပဲပေါ့.. ကျန်းမော့အတွက် အရမ်းခက်ခဲခဲ့မှာပဲ..]

[အခြေအနေ တည်ငြိမ်သွားတဲ့အထိ စောင့်နေခဲ့မိတာ တကယ်မှန်တယ်.. အဖြစ်က အဲလောက်ရိုးစင်းမှာ မဟုတ်လောက်ဘူးလို့ ထင်သားပဲ..]

[လစာမရဘူးဆိုရင်လည်း ဘာဖြစ်လို့ ကျန်းမော့ဆီမှာ ဆက်လုပ်နေသေးတာလဲ.. စဉ်းစားကြည့်လေနော်.. ယုံချင်စရာကို မရှိဘူး..]

[အခုတော့ ကျန်းမော့အတွက် အရမ်းပဲ စိတ်မကောင်းဖြစ်နေမိတာပဲ.. အရင်က ဆဲခဲ့မိလို့ တောင်းပန်ပါတယ် အစ်ကိုမော့..]

[နောက်ဆုံးတော့ အမှန်တရား ပေါ်လာပြီပေါ့.. အစ်ကိုမော့က အဆုံးထိ သည်းခံနေတယ်ဆိုတာ တွေးမိတိုင်း ငိုချင်တာပဲသိတယ်..]

ထို့နောက် ကျန်းမော့က အဆိုပါပိုစ့်အား ပြန်ဝေမျှလိုက်သည်။

မုန့်ယွမ်ရှန့်၏ အမည်အား မဖော်ပြသည့်တိုင်အောင် အဖြစ်မှန်ကို ဖော်ထုတ်ပေးသည့်အတွက် လိဖန်အား ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့အပြင် ယခင်က စာချုပ်များနှင့် ပတ်သက်၍ တင်းကြပ်မှုမရှိခဲ့ဘဲ သူငယ်ချင်းအချင်းချင်း လုပ်ခလစာနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုရမည်မှာ ကိုးရိုးကားယားနိုင်သောကြောင့် မုန့်ယွမ်ရှန့်အား သီးသန့်ပေးခဲ့ခြင်းဖြစ်ကြောင်း ထပ်ပေါင်းဖော်ပြသည်။ ခိုးကူးသည့်ကိစ္စနှင့် စပ်လျဉ်း၍ အတိတ်မှဖြစ်ရပ်များအား အာဃာတ မထားလိုတော့ကြောင်းနှင့် ထိုဖြစ်ရပ်အား ပြည်ဖုံးကားချလိုက်ပြီဖြစ်သောကြောင့် အွန်လိုင်းအသုံးပြုသူများမှာလည်း သူ၏ သဘောထားအတိုင်း မေ့ပစ်လိုက်စေလိုကြောင်း ပြောလေသည်။

ယင်းနှင့်အတူ ယခင်က မုန့်ယွမ်ရှန့်ထံ လွှဲပြောင်းပေးခဲ့သော ငွေလွှဲမှတ်တမ်းအချို့ ပါဝင်သည်။

ကျန်းမော့၏ အဆိုပါပိုစ့်မှာ ပရိသတ်များထံမှ စာနာသနားမှုများစွာ ရရှိလိုက်သည်။

ကျန်းမော့၏ ဟန်ဆောင်စကားလုံးများကြောင့် ကုရှင်းရှစ် ဒေါသတကြီး ဖြစ်လာသည်။
လစာပေးတယ်ပေါ့လေ.. အဲဒါတွေက မုန့်ယွမ်ရှန့်ကိုယ်တိုင် လုပ်ပေးထားတဲ့ ဟန်ပြမှတ်တမ်းတွေလေ.. ကျန်းမော့က အဲဒါတွေကို ‘သက်သေ’ ဆိုပြီး သုံးရဲတယ်ပေါ့ ဟုတ်လား..

အမှိုက်ကောင်…

ကျန်းမော့ထံမှ ထိုကဲ့သို့ပိုစ့်မျိုး ပိုမိုလိုအပ်သောကြောင့်သာ မဟုတ်လျှင် ကုရှင်းရှစ်အနေနှင့် ထိုခွေးကောင်အား အဆိုပါမှတ်တမ်းများဖြင့် ကောက်ပေါက်ပြီးဖြစ်သည်။

မုန့်ယွမ်ရှန့် အံတင်းတင်းကြိတ်ထားမိသည်။

ကျန်းမော့ ထိုမျှလောက်အထိ သွားလိမ့်မည်ဟု မမျှော်လင့်ထားချေ။

ကုရှင်းရှစ်က စိတ်တည်ငြိမ်အောင် ပြုပြီးနောက် စွန်းဟုန်ဖေးထံ အကြံပြုထားသော ကိစ္စအား တွေးလိုက်မိပြီး ၎င်းက အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် အလွန်လျင်မြန်စွာ အသုံးဝင်လာသည်။

ကုရှင်းရှစ် သူ့အစီအစဉ်အား မုန့်ယွမ်ရှန့်ကို ပြောလိုက်သည်။

ကုရှင်းရှစ်၏ အစီအစဉ်အား နားထောင်ပြီးနောက် ၎င်းက ဤကဲ့သို့သော အခြေအနေမျိုး၌ အကောင်းဆုံးသော ဖြေရှင်းနည်းဖြစ်ကြောင်း မုန့်ယွမ်ရှန့် သဘောပေါက်သွားသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား စူးစမ်းသည့်ဟန်ဖြင့် ကြည့်လိုက်သည်။
“မင်း လုပ်နိုင်မလား..”

မုန့်ယွမ်ရှန့်၏ စွမ်းရည်အပေါ် မေးခွန်းထုတ်ခြင်း မဟုတ်သော်ငြား မိစ္ဆာကောင်ကျန်းမော့၏ နှစ်ပေါင်းများစွာ လွှမ်းမိုးခံထားရခြင်းမှ ရုန်းထွက်ကာ ကိုယ့်ကိုယ်ကိုယ် သက်သေပြရင်း အောင်မြင်မှု ရယူနိုင်ခြင်းရှိ၊ မရှိ မေးမြန်းခြင်းပင်။

ဤသည်မှာ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရုံသာ မဟုတ်ပေ။

ပြာပုံထဲမှ ပြန်လည်မွေးဖွားဖို့ရန်အတွက် နှစ်ပေါင်းများစွာ စွဲထင်နေသော စိတ်၏အတွင်းနတ်ဆိုးအား ချိုးဖြတ်ကျော်လွှားနိုင်ရန် တိုက်ခိုက်ခြင်းဖြစ်သည်။

မုန့်ယွမ်ရှန့် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“လုပ်နိုင်တယ်..”

*

အဓိကသီချင်းအား အသံသွင်းပြီး မကြာမီမှာပင် [Boy Group Training Camp] ၏ ပထမဆုံး လူထုတင်ဆက်မှုဖြစ်သော တိုက်ရိုက်ထုတ်လွှင့်မှုစတင်မည့် အချိန်သို့ ရောက်ရှိလာသည်။

ရှိုးမစမီ နာရီဝက်အလို၌ ထုတ်လုပ်ရေးအဖွဲ့မှာ နောက်ဆုံးစစ်ဆေးမှုပြုလုပ်လျက် အလုပ်များလျက်ရှိသည်။

ကုရှင်းရှစ်က ထောင့်တစ်နေရာတွင် ရပ်နေရင်း စင်မြင့်အားကြည့်ကာ အတွေးနက်နေသည်။

ယင်ဟယ်ဖုန်းက ကြမ်းပြင်ပေါ်ရှိ ဟိုတစ်စ ဒီတစ်စ ရှိနေသော ပစ္စည်းများအား ကျွမ်းကျင်စွာ ဖယ်ရှားပြီးနောက် ကုရှင်းရှစ်နံဘေးသို့ ရောက်လာ၏။ 
“ဥက္ကဌကု.. ပြိုင်ပွဲက စတော့မယ်.. ဘာဖြစ်လို့ ဒီနေရာမှာ ရပ်နေတာလဲ..”

ကုရှင်းရှစ် အနည်းငယ် အံ့အားသင့်စွာဖြင့် ယင်ဟယ်ဖုန်းအား ကြည့်လိုက်သည်။

ကျန်းမော့၏ ဝေ့ပေါ်ပိုစ့်ကြောင့် ယခင်က ကုရှင်းရှစ်အား မျက်နှာချိုသွေးနေကြသည့် မန်နေဂျာများမှာ ကုရှင်းရှစ်၏ ဒုက္ခရောက်မှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ နောက်တစ်ဖန် အေးစက်သွားကြပြန်သည်။

ယင်ဟယ်ဖုန်း တစ်ဦးတည်းသာလျှင် မပြောင်းမလဲ ဖော်ရွေနေဆဲပင်။

ကုရှင်းရှစ်၏အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။
“ရှိုးကြည့်ဖို့ နေရာကောင်းကို ရွေးထားတာလေ..”

ယင်ဟယ်ဖုန်းက မျက်တောင်ခတ်ပြီး ပတ်ပတ်လည်အား လှည့်ကြည့်လိုက်သည်။

သူတို့ရှိနေသည့်နေရာမှာ စင်မြင့်၏ ဘေးတွင်ဖြစ်ပြီး အနည်းငယ်ဝေးသည်ဟု ဆိုရမည်။ သို့သော် ဤရှုထောင့်မှဆိုလျှင် နည်းပြများအား ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ကုရှင်းရှစ် ပြုံးလိုက်သည်။
“အစ်ကိုယင် အားတယ်ဆိုရင် ကျွန်တော်နဲ့ အတူကြည့်ကြမယ်လေ.. အရမ်းမိုက်တဲ့ ရှိုးတစ်ခု ပြပေးမယ်..”

မူလက ယင်ဟယ်ဖုန်းသည် ကုရှင်းရှစ်ကဲ့သို့ ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးသူတစ်ဦးအနေနှင့် ရုတ်တရက် သူ၏အနုပညာရှင်မှ ကြမ်းတမ်းသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်မည်ကဲ့သို့ ကိုင်တွယ်မည်ကို စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အားပေးနှစ်သိမ့်မှုပေးနိုင်ရန် ကုရှင်းရှစ်ထံသို့ ရောက်လာခြင်းပင်။

ကုရှင်းရှစ်၏ တည်ငြိမ်သော အပြုအမူကြောင့် ယင်ဟယ်ဖုန်း အံ့ဩသွားမိသည်။

စိတ်သက်သာရာ ရသွားပြီး လူရွေးတတ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိ၏။

ယင်ဟယ်ဖုန်းက သူ့မျက်လုံးအား ယုံကြည်သည်။ ကုရှင်းရှစ်သည် ကောင်းမွန်သောအရာများ ဖန်တီးရန် ကံပါလာသူဖြစ်သည်။

ကုရှင်းရှစ်၏ ဖိတ်ခေါ်မှုအား အပြုံးကြီးကြီးနှင့် ခေါင်းညိတ်သဘောတူလိုက်သည်။

များမကြာမီ ပြိုင်ပွဲစတင်လေသည်။

မုန့်ယွမ်ရှန့်၏အဖွဲ့မှာ တတိယမြောက် စင်ပေါ်တက်ရမည် ဖြစ်သည်။

ဤတစ်ကြိမ်၌ သူတို့အဖွဲ့က စိန်ခေါ်မှုများသော တရုတ်စတိုင် သီချင်းတစ်ပုဒ်ဖြစ်သည့် ‘ချန်အန်းလမ်းထက်မြူနှင်းစက်’ သီချင်းနှင့် ဖျော်ဖြေမည်ဖြစ်သည်။

မုန့်ယွမ်ရှန့်၏အဖွဲ့ ပေါ်လာသည်နှင့် ဖန်သားပြင်ထက်၌ မုန့်ယွမ်ရှန့်နှင့် ပတ်သက်သည့် အမုန်းစကားများ ပြည့်နှက်လာသည်။ ခုခံကာကွယ်ပေးသူ အချို့ရှိသော်ငြား အလျင်အမြန်ပင် အမုန်းစကားများအောက် နစ်မြုပ်သွားသည်။

ကုရှင်းရှစ် တစ်ချက်ကြည့်ပြီးနောက် ရွံရှာစွာဖြင့် ဖုန်းပိတ်လိုက်ပြီး စင်မြင့်ကိုသာ အာရုံစိုက်လိုက်သည်။

ဖန်သားပြင်ထက်၌ သူတို့အဖွဲ့ လေ့ကျင့်နေသော ပုံရိပ်အား ပြသနေသည်။

မုန့်ယွမ်ရှန့်၏အဖွဲ့၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအပြင် အခြားသူ ၅ ဦးနှင့် စုစုပေါင်း ၇ ဦး ပါဝင်သည်။

မူလက ထို ၅ ဦးမှာ မုန့်ယွမ်ရှန့်နှင့် အကွာအဝေးတစ်ခု ရှိနေသော်ငြား မုန့်ယွမ်ရှန့်၏ အထင်ကြီးလောက်ဖွယ် အကစွမ်းရည်ကြောင့် အလျင်အမြန်ပင် သိမ်းသွင်းခံလိုက်ရသည်။ ထို့နောက် မုန့်ယွမ်ရှန့်သည် သူ၏အဖွဲ့သားများအား စိတ်ရှည်ရှည်နှင့် လမ်းညွှန်ပေးပြီး သူတို့၏ နေ့စဉ် အချိန်ဇယားများနှင့် လေ့ကျင့်မှုများအား သေသေချာချာ စီစဉ်ချမှတ်ပေးသည်။

အပိုင်းများခွဲဝေရာ၌လည်း အခြားအဖွဲ့များနှင့် မတူညီဘဲ မုန့်ယွမ်ရှန့်က လူတိုင်း၏ အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံကာ ဆုံးဖြတ်ချက် ပြုလုပ်ပြီး အဖွဲ့သားများမှလည်း ငြင်းပယ်ခြင်းမရှိ လက်ခံကြသည်။ 

ကုရှင်းရှစ် စိတ်ကျေနပ်စွာဖြင့် ကြည့်နေရင်း အပြုံးများ သိသိသာသာ တောင့်တင်းနေပါသော ကျန်းမော့ထံ အကြည့်ရောက်သွားသည်။

အခုတည်းက ရုပ်ပျက်နေပြီလား..

အကောင်းဆုံးအပိုင်းက စတောင်မစရသေးဘူးလေ..

သီချင်းသံစသည်နှင့် မုန့်ယွမ်ရှန့်က စင်ပေါ်သို့ဦးစွာ တက်လာပြီး ရင်သပ်ရှုမောဖွယ်ကောင်းလှသော တရုတ်အကနှင့် ပရိသတ်များအား ညှို့ယူဖမ်းစားလိုက်သည်။

ထို့နောက် ကျန်ရှိသော အဖွဲ့သားများ တစ်ဦးစီ စင်ပေါ်ရောက်လာကာ မုန့်ယွမ်ရှန့်နှင့် ပူးပေါင်းလိုက်သည်။

သူတို့၏ လှုပ်ရှားမှုများမှာ တညီတညွတ်တည်း ရှိကြပြီး တစ်ဦးစီတိုင်း တောက်ပရန် သူတို့၏ ထူးခြားသော ကိုယ်ပိုင်အချိန်လေးများ ရှိကြသည်။

ရက်ပ်နည်းပြမှ အကနည်းပြအား မမေးဘဲ မနေနိုင်တော့ချေ။
“XX နဲ့ XXX က အရင်က မကနိုင်ကြဘူး မဟုတ်လား..”

အကနည်းပြက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ.. မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းက သူတို့ကို လှုပ်ရှားမှုတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် သင်ပေးကြတာလေ.. ကြည့်ရတာ ဘယ်လိုနေလဲ.. အတော်လေးသဘာဝကျတယ်ဟုတ်..”

ရက်ပ်နည်းပြ အံ့အားသင့်နေလျက် ခေါင်းယမ်းလိုက်သည်။
“သဘာဝကျတာထက် ပိုတယ်.. နှစ်နဲ့ချီပြီး အကသင်လာတယ်လို့ ပြောရင်တောင် ယုံမိတော့မလို့..”

နည်းပြနှစ်ဦး၏ စကားပြောခန်းမှာ တိုက်ရိုက်ထုတ်လွှင့်ခံလိုက်ရပြီး ပရိသတ်အကြား ရောက်ရှိသွားသည်။ ပရိသတ်အများစုအား ထင်မြင်ချက်အသစ်များ ပေါ်လာစေသည်။

မုန့်ယွမ်ရှန့်က အတော်လေးကောင်းတဲ့လူလို့ ထင်ရတယ်.. ကောလာဟလတွေလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး အရှက်မဲ့တဲ့ပုံစံလည်း မဟုတ်ဘူး..

တင်ဆက်မှု ပြီးဆုံးသည့်အခါ ပရိသတ်မှာ ရင်သပ်ရှုမော ကျန်ရစ်ခဲ့ပြီး မှော်ဆန်ဆန် ကကွက်များ ပြီးဆုံးသွားသည်ကို မလိုလားဟန်ရှိနေသည်။

ပြိုင်ပွဲဝင် ၇ ဦးက အစီအစဉ်တင်ဆက်သူ၏ဘေး၌ ရပ်ကာ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချုံး မိတ်ဆက်ကြသည်။

စည်းမျဉ်းများအရ နည်းပြများနှင့် ပရိသတ်များမှ အမှတ်ပေးရမည့်အချိန် ဖြစ်သည်။

မုန့်ယွမ်ရှန့်က နူးညံ့သည့်အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သာမန်ကမ္ဘာနှင့် ကင်းကွာသည့် အေးစက်ကာ အထက်စီးဆန်သော လူတစ်ဦးသဖွယ်ပင်။

အစီအစဉ်တင်ဆက်သူမှ နည်းပြများအား မှတ်ချက်စကားပြောရန် ပြုလုပ်မည် ပြင်စဉ်မှာပင် မုန့်ယွမ်ရှန့် ရုတ်တရက် လက်မြှောက်လိုက်သည်။
“တစ်ဆိတ်လောက်ပါ.. ကျွန်တော် လူတစ်ယောက်ကို စိန်ခေါ်လို့ ရမလား..”

၎င်းမှာ ဤအပိုင်းမှ စတင်ပါဝင်လာသော စည်းမျဉ်းအသစ်ဖြစ်သည်။

သူတို့၏ တင်ဆက်မှုပြီးနောက် သင်တန်းသားများက နည်းပြများအား စိန်ခေါ်နိုင်ပြီး အနိုင်ရရှိပါက ရေပန်းစားမှုအမှတ် ၁၀၀၀ ရရှိနိုင်ပြီး ရှုံးနိမ့်မည်ဆိုပါက အန္တရာယ်ဇုန်သို့ တိုက်ရိုက်ရောက်ရှိသွားမည် ဖြစ်သည်။

နည်းပြနေရာရှိ ကျန်းမော့က ရုတ်တရက်ပင် ဆိုးဝါးသော ခံစားချက် ဖြစ်ပေါ်လာသည်။

သေချာပေါက်ပင် နောက်တစ်စက္ကန့်၌ မုန့်ယွမ်ရှန့်၏ အကြည့်မှာ သူ့ထံသို့ တိုက်ရိုက်ရောက်ရှိလာသည်။
“ကျွန်တော် နည်းပြကျန်းမော့ကို စိန်ခေါ်ချင်ပါတယ်..”

ပရိသတ်များထံမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကျန်းမော့ ဒေါသတကြီးနှင့် မုန့်ယွမ်ရှန့်အား စိုက်ကြည့်လိုက်သည်။

ယခင်က ကျန်းမော့ စိတ်ဆိုးဒေါသထွက်ချိန်တိုင်း၌ မုန့်ယွမ်ရှန့်မှာ စိုးရိမ်ပူပန်ကာ မသက်မသာဖြစ်လာပြီး သူ၏အမှား မဟုတ်သည့်တိုင်အောင် ချက်ချင်း တောင်းပန်တတ်သည်။

ယခုအခါ မုန့်ယွမ်ရှန့်၏ အမူအရာ၌ ကြောက်ရွံ့မှု အနည်းငယ်မျှပင် ရှိမနေချေ။ ထို့အစား စိန်ခေါ်သယောင် ခပ်ပါးပါးပြုံးလျက်ရှိသည်။

“လက်တန်းပြိုင်မယ်လေ..”

“နည်းပြကျန်းမော့.. ကြောက်နေတာတော့ မဟုတ်ဘူးမလား..”


 

Search Novels