🍉🍉🍉🍉 အခန်း ၆


“ဟတ်ချိုး..”
မုန့်ယွမ်ရှန့် ကျယ်လောင်စွာ နှာချေလိုက်မိသည်။

ကုရှင်းရှစ်က ချက်ချင်းပင် စိုးရိမ်တကြီး ကြည့်လိုက်သည်။
“မင်း နေကောင်းရဲ့လား..”

လူရွေးပွဲ အောင်မြင်ပြီးနောက် မုန့်ယွမ်ရှန့်က သရဲဝင်ပူးခံရသည့် လူတစ်ဦးသဖွယ် အကလေ့ကျင့်ရာ၌သာ သူ့ကိုယ်သူ မြှုပ်နှံထားပြီး ချန်ရှင်းကိုပါ သူနှင့်အတူ ဆွဲခေါ်ထားသည်။

ကုရှင်းရှစ် မနက်ခင်း ကုမ္ပဏီသို့ ရောက်ချိန်တိုင်း၌ မုန့်ယွမ်ရှန့်မှာ အကခန်းမသို့ ရောက်နှင့်ပြီး ဖြစ်သည်ကို အကြိမ်ပေါင်းမနည်း မြင်တွေ့ခဲ့ရသည်။ မေးမြန်းကြည့်ရာ၌ မုန့်ယွမ်ရှန့်မှာ ညဘက်တွင် အိမ်ပြန်မည့်အစား စတူဒီယိုထဲ၌သာ နာရီအနည်းငယ်ခန့် အိပ်ကြောင်း သိရသည်။ 

သို့တိုင်အောင် မုန့်ယွမ်ရှန့်အား မြင်တွေ့ရသည်မှာ အချိန်တိုင်း အားအင်အပြည့် ရှိနေတတ်ပြီး ညဇီးကွက်တစ်ဦးနှင့် မတူချေ။

ကုရှင်းရှစ်မှာ မုန့်ယွမ်ရှန့်အား ပွဲဦးထွက်စေချင်သည့်တိုင်အောင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် ပြုလုပ်နေခြင်းအား အားမပေးချေ။

သို့သော် မုန့်ယွမ်ရှန့် ရယ်မောနေသည်ကို တွေ့လိုက်ရသည်။
“အရင်က ကျန်းမော့ အချိန်ဇယားတွေ ပြည့်နေတဲ့ အခါမျိုးဆိုရင် ကျွန်တော်က သူသွားတဲ့နေရာတိုင်းကို လိုက်ရတာလေ.. တစ်ခါတစ်လေဆို နှစ်ရက်သုံးရက်နေမှ နာရီနည်းနည်းလောက်ပဲအိပ်ရတာ.. အကျင့်ဖြစ်နေပါပြီ..”

ကုရှင်းရှစ် : “...”

ကြောက်ဖို့ကောင်းလိုက်တာ..

သို့သော် မုန့်ယွမ်ရှန့်၏ အားထုတ်ကြိုးပမ်းမှုတို့ အရာထင်လာသည်။

သူနှင့် ချန်ရှင်းတို့က ပို၍ တွဲဘက်ညီလာပြီး ကကွက်များအား အချိတ်အဆက်မိမိ တင်ဆက်လာနိုင်သည်။ မည်သည်ကိုမျှ နားမလည်သော ကုရှင်းရှစ်ပင်လျှင် သူတို့နှစ်ဦး၏ ပြောင်မြောက်လှသော ပူးပေါင်းဆောင်ရွက်မှုအား မြင်နိုင်သည်။

ယခုအခါ ရုပ်သံရိုက်ကူးမည့်နေရာသို့ သွားရတော့မည်ဖြစ်သည်။

ရုပ်သံရိုက်ကူးမည့်နေရာမှာ သွမ့်ဟိုင်မြို့ရှိ အလုံပိတ်ကာရံထားသော နေရာတစ်ခု၌ဖြစ်သည်။

သွမ့်ဟိုင်မြို့ဟူသည်မှာ ထူးခြားလှပသည့် ရှုခင်းများရှိကာ ခရီးသွားများအား ဆွဲဆောင်ရန် အသစ်ဖွံ့ဖြိုးလာသည့် နေရာတစ်ခုပင်။

ကုရှင်းရှစ် လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် များမကြာမီမှာပင် ပေကျင်းနှင့် အလွန်ကွာခြားလှသော မြင်ကွင်းအား ခံစားမိသည်။

လေဆိပ်၌ လူအများအပြားရှိနေပြီး ထွက်ပေါက်ရှိ ပရိသတ်များမှာ DSLR ကင်မရာများ၊ ပန်းစည်းများ၊ နှဖူးစည်းစာတမ်းများအား သယ်ဆောင်ထားကြသည်။

အဆိုပါ ပရိသတ်များမှာ မည်သည့် အနုပညာရှင်အား ကြိုဆိုရန် ရောက်ရှိနေမှန်း မသိရပေ။

သို့သော် ကုရှင်းရှစ်တို့ ၃ ဦးသားမှာမူ မည်သည့် စိတ်ဝင်စားမှုမျှ မခံရချေ။

ကျန်းမော့နှင့် ဘေးချင်းယှဉ်ကာ အလုပ်လုပ်ခဲ့ဖူးပြီး နာမည်ကျော်များစွာနှင့် ကြုံတွေ့ဖူးသောကြောင့် ဤသို့သော အခြေအနေမျိုးက မုန့်ယွမ်ရှန့်အား အနည်းငယ်မျှပင် သက်ရောက်မှု မရှိချေ။

ချန်ရှင်းသည် ပင်ကိုယ်အားဖြင့် လျစ်လျူရှုတတ်သည့် သဘောရှိကာ မည်သည့်အရာကိုမဆို စိတ်ဝင်စားမှု အနည်းငယ်သာ ရှိလေသည်။

ကုရှင်းရှစ်၏ ဖျော်ဖြေရေးလောကနှင့် ပတ်သက်သော ဗဟုသုတမှာ အကန့်အသတ်နှင့်သာ ရှိသေးသဖြင့် သူ၏ နံဘေး၌ နာမည်ကြီးတစ်ဦး လာရပ်နေမည်ဆိုလျှင်ပင် မည်သူဖြစ်ကြောင်း မသိချေ။

ပိုင်ရန်က အဆိုတော် ရှန့်ယွီ၏ ပရိသတ်ခေါင်းဆောင်ဖြစ်သည်။ 

ရှန့်ယွီမှာ ယခုရာသီ [Boy Group Training Camp] ၏ နည်းပြအသစ်များထဲမှ တစ်ဦးဖြစ်သည်။ 

ကံမကောင်းစွာဖြင့် လေယာဉ်နောက်ကျနေသောကြောင့် ပိုင်ရန်နှင့် ကျန်ပရိသတ်များ စောင့်နေကြရသည်။

ပိုင်ရန် ပျင်းရိလာသဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ လမ်းလျှောက်လာသူ သုံးဦးအား တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို သူမ၏ မျက်လုံးများ တောက်ပလာတော့သည်။

လက်ယာဘက်ရှိ လူငယ်မှာ သေးသွယ်သောခါးနှင့် ခြေတံရှည်များရှိကာ အသားဖြူသည်။ မိတ်ကပ်လိမ်းမထားသည့်တိုင်အောင် ပိုင်ရန်၏ ပရိသတ်သက်တမ်းအရ ဤကဲ့သို့သော မျက်နှာပေါက်က ကင်မရာထဲတွင် လွန်စွာကြည့်ကောင်းမည်ကို သိလိုက်သည်။

လက်ဝဲဘက်ရှိတစ်ယောက်မှာမူ မျက်ရစ်တစ်ခုနှင့် ခပ်မိုက်မိုက်ပုံစံရှိပြီး အခြားတစ်ယောက်နှင့် ဆန့်ကျင်ဘက်ပင်။ သီးသန့်နေတတ်သည့် ဟန်ပန်နှင့် ခပ်ညိုညို အသားအရေတို့ကြောင့် ငြီးငွေ့ဟန်နှင့် ပုန်ကန်လိုမှုတို့ ရောယှက်နေသည့် အငွေ့အသက်အား ထုတ်လွှတ်လျက်ရှိပြီး လူအုပ်ကြားထဲ၌ ထင်းထွက်နေစေသည်။

အလယ်ရှိတစ်ယောက်မှာ ကျန်နှစ်ယောက်ထက် အနည်းငယ်ပုပြီး ကြည်လင်ကာ ချစ်စဖွယ်ကောင်းသော မျက်လုံးများရှိသည်။

အထူးသဖြင့် အဆိုပါ ခွေးပေါက်မျက်လုံးလေးများမှာ ပိုင်ရန်၏ မိခင်စိတ်အား လှုပ်နှိုးလိုက်နိုင်သည်။

ထို သုံးဦး၌ မတူညီသည့် ပုံစံများရှိကြသည့်တိုင်အောင် အတူရှိနေကြချိန်၌ ပြောပြ၍မရအောင် လိုက်ဖက်ညီလေသည်။

သူတို့က လူတိုင်း၏ အာရုံအား ဆွဲယူလိုက်နိုင်သည်။ 

ပိုင်ရန်က အလိုလိုပင် သူမ၏ DSLR ကင်မရာအား ဆွဲယူလိုက်ပြီးနောက် လျှပ်တပြက်ပုံများ ဖမ်းယူရိုက်ကူးလိုက်သည်။

လက်ထောက်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသောကြောင့် မုန့်ယွမ်ရှန့်က ကင်မရာအလင်းအား အလွန်ခံစားမှုမြင့်ပြီး လူအုပ်အတွင်းရှိ ပိုင်ရန်အား အလျင်အမြန် သတိပြုမိလိုက်သည်။

သူမအား ဖမ်းမိသွားသည်ကို မြင်သည့်အခါ ပိုင်ရန် ကိုယ်ရှိန်သတ်လိုက်သည်။ သူမက ကင်မရာကိုချကာ ထိုသုံးဦးရှိရာသို့ လျှောက်လှမ်းသွားလေသည်။
“ရှင်တို့က [Boy Group Training Camp] ရဲ့ ပြိုင်ပွဲဝင်တွေလား..”

ကုရှင်းရှစ်က ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်လိုက်သည်။

သူမ၏ ခန့်မှန်းချက် မှန်ကန်သောကြောင့် ပိုင်ရန် ဝမ်းသာသွားပြီး အပြုံးမှာလည်း ပိုမိုတောက်ပလာသည်။
“ရှင်တို့အားလုံးက အရမ်းကြည့်ကောင်းတာပဲ.. မဲပေးရမဲ့ အချိန်ကျရင် ရှင်တို့ကို သေချာပေါက် မဲပေးမယ်သိလား..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ရှိုးအား ရိုက်ကူးမှုမစမီမှာပင် သူတို့ထံ၌ ပရိသတ်တစ်ဦး ရှိလာလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

ကုရှင်းရှစ်သည်လည်း စိတ်လှုပ်ရှားလာသဖြင့် တောက်ပစွာပြုံးလိုက်သည်။
“ကျေးဇူးတင်ပါတယ် မိန်းကလေး..”

ချစ်စဖွယ်ကောင်းစွာ ကွေးသွားသည့် မျက်လုံးများအား မြင်ရသည်မှာ ပိုင်ရန် နှလုံးသားတစ်ခုလုံး အရည်ပျော်သွားလုနီးနီးပင်ဖြစ်ပြီး ပါးများကိုပင် ဆွဲဖျစ်ချင်လာမိသည်။ သို့သော် သူမက အိတ်ထဲမှ မှတ်စုစာအုပ်အား ထုတ်ယူလိုက်သည်။
“ရှင်တို့ နာမည်က ဘာလဲ.. လက်မှတ်ထိုးပေးလို့ရမလား..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က တုံ့ဆိုင်းမှုမရှိ ခေါင်းညိတ်လိုက်သည်။

လက်မှတ်ထိုးပြီးနောက် ပိုင်ရန်ထံသို့ စာအုပ်ပြန်ကမ်းပေးလိုက်သည်။ သို့သော် ပိုင်ရန်က နားမလည်ဟန်ဖြင့် ကုရှင်းရှစ်အား ကြည့်လိုက်သည်။
“ဟေး.. ရှင် လက်မှတ်မထိုးရသေးဘူး မဟုတ်လား..”

ကုရှင်းရှစ်သည်လည်း ခေါင်းရှုပ်သွားလေသည်။
“ဟမ်.. မန်နေဂျာတွေကလည်း လက်မှတ်ထိုးဖို့ လိုတာလား..”

ပိုင်ရန် : “!!!”

သူက ဘာဖြစ်တယ်လို့ ပြောလိုက်တာ...

*

လေဆိပ်မှ ထွက်ခွာလာပြီးနောက် ရိုက်ကူးမည့်နေရာသို့ ခေါ်သွားရန် စောင့်နေသော ဝန်ထမ်းများရှိသည်။

ထိုနေ့ညနေ၌ သူတို့၏ ပထမဆုံးစင်မြင့်အား ရိုက်ကူးရမည်ဖြစ်သည်။ သင်တန်းသားအနည်းငယ် ရောက်နှင့်နေပြီးဖြစ်ကာ အချို့မှာ လေ့ကျင့်နေကြပြီး အချို့မှာ အချင်းချင်း မိတ်ဆက်လျက်ရှိကြသည်။

သဘာဝကျစွာပင် ကုမ္ပဏီကြီးများ၏ သင်တန်းသားများမှာ လူစိတ်ဝင်စားမှု အလယ်၌ရှိသည်။ 

ဆွေးနွေးမှုခေါင်းစဉ်မှာ အခြားကုမ္ပဏီသို့ သင်တန်းသား နေရာ ၂ ခု ပေးလိုက်ရသည့် ကျင်းယို့အင်တာတိန်းမန့်မှလွဲ အခြားမဟုတ်ချေ။

“ကျင်းယို့နဲ့ စတားရှိုင်းက အရမ်းရင်းနှီးတယ်လို့ မပြောကြဘူးလား.. ဘယ်လိုဖြစ်ပြီး နေရာ ၂ နေရာ ဆုံးရှုံးသွားတာလဲ..”

“လဲ့ရှစ်က ဘယ်လို ကုမ္ပဏီမျိုးလဲ.. တစ်ခါမှတောင် မကြားဖူးဘူး..”

“ကျင်းယို့က ဒီကိစ္စကို ဒီတိုင်းလွယ်လွယ်လေး လွှတ်ပေးမယ်လို့ မထင်ဘူး.. ပြီးတော့ ကျန်းမော့က နည်းပြတွေထဲက တစ်ယောက်လေ.. ကိစ္စတွေကတော့ ပိုစိတ်ဝင်စားစရာ ကောင်းတော့မယ်..”

ကျင်းယို့အင်တာတိန်းမန့်၏ သင်တန်းသားများမှာ သန်မာသော ပြိုင်ဘက်များဖြစ်ကာ ပြိုင်ပွဲအတွင်း သူတို့နှင့် ထိပ်တိုက်ရင်မဆိုင်လိုကြချေ။ ယခုအခါ လဲ့ရှစ်မှာ အာရုံစိုက်မှုအား ရယူလိုက်သောကြောင့် ကျန်လူများမှာ နောက်ဆုတ်ကာ ဒရာမာ ထိုင်ကြည့်ရုံသာဖြစ်သည်။

သို့သော် အဆိုပါလဲ့ရှစ်မှာ အတော်လေး သိုသိုသိပ်သိပ် ရှိလှပြီး ယင်း၏ သင်တန်းသားများနှင့် ပတ်သက်သည့် အချက်အလက်အား မည်သူကမျှ ရှာဖွေနိုင်ခြင်း မရှိချေ။

ထိုအချိန်မှာပင် ကုရှင်းရှစ်တို့ ရောက်ရှိလာသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က ညနေခင်း ရိုက်ကူးမှုအတွက် အပြည့်အစုံ ဝတ်စားပြင်ဆင်လာပြီး ကုမ္ပဏီနာမည်နှင့် ကိုယ်ပိုင်နာမည်ပါဝင်သည့် အမည်ကတ်ကို ဝင်ဆင်ထားသည်။

သူတို့သုံးဦး ရောက်ရှိလာပြီး မကြာမီမှာပင် လူတိုင်းလှည့်ကြည့်လာသည်။

အနည်းငယ် မသက်မသာ ဖြစ်မိသောကြောင့် မုန့်ယွမ်ရှန့်က ကုရှင်းရှစ်အားကြည့်ကာ မေးလိုက်သည်။ 
“ဘာဖြစ်လို့ အားလုံးက ကျွန်တော်တို့ကို ကြည့်နေကြတာလဲ..”

ကုရှင်းရှစ်က တည်ငြိမ်စွာဖြင့် ဖြေလိုက်သည်။
“သူတို့ အစားအသောက်မှာထားတာ ရောက်လာပြီလို့ ထင်နေတာ နေမှာပေါ့..”

မုန့်ယွမ်ရှန့် : “ဟမ်…”

နည်းနည်းလောက် လေးနက်ပေးလို့ ရမလား..

ထိုအချိန်မှာပင် ကိုယ့်ကိုယ်ကိုယ် ဘဝင်ခိုက်နေသည့်ပုံစံရှိသော သင်တန်းသားတစ်ဦး ရောက်ရှိလာကာ သူတို့အား အကဲခတ်ဟန်ဖြင့် ကြည့်လာပြီး နောက်ဆုံးတွင် အားအနည်းဆုံးဟု ထင်ရသည့် ကုရှင်းရှစ်အား ပစ်မှတ်ထားလိုက်သည်။
“ဟေ့.. လက်ထောက်တွေ ဝင်လို့မရဘူးလေ.. ထွက်သွားစမ်း..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ မျက်မှောင်ကြုတ်ကာ ကုရှင်းရှစ်အတွက် ခုခံပြောရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကုရှင်းရှစ်က ရုတ်တရက် မျက်လုံးပြူးကာ တီးတိုးရေရွတ်လိုက်သည်။

“ဘာဖြစ်တယ်.. အသက်လိမ်ထားတာလား.. သူ့အသက်က ၂၉ တဲ့လား..”

အခန်းတစ်ခုလုံး ထိတ်လန့်ကာ တိတ်ဆိတ်သွားတော့သည်။

အားလုံးက အဆိုပါ သင်တန်းသားအား မယုံကြည်နိုင်မှု အပြည့်ဖြင့် ကြည့်လိုက်ကြသည်။

ထိုသင်တန်းသားမှာ ချစ်စဖွယ်ကလေးမျက်နှာရှိကာ သူ့ကိုယ်သူ အသက် ၂၀ ပြည့်ကာစဟု မိတ်ဆက်ထားခြင်းဖြစ်သည်။ 

ဒင်းက ၃၀ တောင် ပြည့်တော့မှာလား.. သောက်ခွေး..

သင်တန်းသား၏ မျက်နှာက ဖြူဆုတ်လာသည်။
“မင်း.. ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ..”

သို့သော် ကုရှင်းရှစ်က ထိုလူအား လျစ်လျူရှုထားပြီး တစ်ယောက်တည်း ဆက်ပြောနေသည်။
“ပြီးတော့ အရင်က လက်ထပ်ဖူးသေးတာလား.. သူ့ ဇနီးဟောင်းကို စွန့်ပစ်ခဲ့တာပေါ့လေ..”

လူတိုင်း : “!!!”

သင်တန်းသားက ကြောက်လန့်လာသည်။ သူ၏ လက်ထပ်ခြင်းကိစ္စအား သူ့ကုမ္ပဏီပင် မသိစေရန် သေသေချာချာ ဖုံးကွယ်ထားခြင်း ဖြစ်သည်။ 

ဒါတောင် လဲ့ရှစ်ကကောင်က ဘယ်လိုသိတာလဲဟ..

ကုရှင်းရှစ်ထံမှ လျှို့ဝှက်ချက်များ ထပ်မံထွက်‌ပေါ်လာမည်ကို စိုးရိမ်သောကြောင့် အဆိုပါသင်တန်းသားမှာ ပြဿနာမရှာရဲတော့ဘဲ အဝေးသို့ အလျင်အမြန် နောက်ဆုတ်သွားသည်။

ကုရှင်းရှစ်က ကြောင်အနေရာမှ စိတ်ကျေနပ်စွာဖြင့် အသိပြန်ဝင်လာပြီးနောက် တိတ်ဆိတ်နေသည့် အခန်းအား သတိပြုမိသွားသည်။ သူ့အား ထူးဆန်းသည့် အမူအရာများဖြင့် ကြည့်နေကြသူများအား တွေ့လိုက်လေသည်။

ကုရှင်းရှစ် စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
“ဘာဖြစ်သွားတာလဲ..”

လူတိုင်း : “…”

ဘာဖြစ်တာလဲ ဟုတ်လား.. မင်းမှမသိ ဘယ်သူသိမလဲဟ..

သူများရဲ့ ဖုံးကွယ်ထားတဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး အခုတော့ ဘာမှမသိချင်ယောင် ဆောင်နေတယ်ပေါ့လေ..

အရမ်းပဲ အရှက်မဲ့တယ်..

တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်မှာ ကုရှင်းရှစ်အား အတော်လေး အထင်ကြီးလေးစားမိသည်။

သူလည်း ယခင်က ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်။ အပေါ်ယံ၌ လူတိုင်းက ခင်မင်ရင်းနှီးသည်ဟု ထင်ရသော်ငြား နောက်ကွယ်၌မူ ရှင်သန်ရန် အသည်းအသန် တိုက်ခိုက်နေကြခြင်းပင်။

ယခုအချိန်၌ အားနည်းပုံပေါ်နေလျှင် ရိုက်ကူးနေစဉ် သေချာပေါက် အနိုင်ကျင့်ခံရလိမ့်မည်။ အလွန်ရန်လိုနေလျှင်လည်း သင်တန်းသားများ အချင်းချင်းစုပေါင်းကာ ဆန့်ကျင်ခံရနိုင်ပြီး စောစီးစွာ ထွက်သွားရနိုင်သည်။

အနာဂတ်တွင် မည်သည့်ပြဿနာမှ ဖြစ်မလာစေရန် ဟန့်တားနိုင်ပြီး တစ်ချိန်တည်းမှာပင် အခြားသူများအား တိုက်ခိုက်ရန် လွန်စွာခက်လှသည်။

သို့သော် ကုရှင်းရှစ်က ထိုအရာအား သေသပ်စွာ ကိုင်တွယ်လိုက်နိုင်သည်။

သူ့အနေဖြင့် ဤကဲ့သို့သော ပြက်ရယ်ပြုခြင်းအား မခံရသင့်ချေ။ မန်နေဂျာများ၏ နားနေခန်းမှာ ဤအပိုင်း၌ မဟုတ်ပေ။ သို့တိုင်အောင် ဤသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရနိုင်သည်ကို မျှော်လင့်ပြီးဖြစ်သလို သူတို့နှစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးနိုင်ရန် အတူတကွ လိုက်ပါလာခဲ့သည်။

ထို့အပြင် ကုရှင်းရှစ်က မန်နေဂျာတစ်ဦး၏ တာဝန်ထက်ပိုမိုကာ ဆောင်ရွက်ပေးခဲ့ပြီး သူတို့အား မည်သည့် ဖိအားမျှ သက်ရောက်မှု မရှိစေရန် ဒိုင်းသဖွယ် ကာကွယ်ပေးထားသည်။

မုန့်ယွမ်ရှန့်မှာ ယခင်က ဤကဲ့သို့ ကာကွယ်ပေးခြင်း မခံခဲ့ဖူးသဖြင့် နွေးထွေးမှုအား ခံစားမိသလို မျက်လုံးများပင် ကျိန်းစပ်လာသည်။

သူက ကျေးဇူးတင်မှုအား ရင်ထဲ၌ လေးလေးနက်နက် ဖုံးဝှက်ကာ ကုရှင်းရှစ်အား ရိုးသားစွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်..”

ကုရှင်းရှစ် : “???”
ကျေးဇူးတင်တာလား.. ဘာကြောင့်လဲ..

သို့သော် မုန့်ယွမ်ရှန့် ပြောပြီးနောက် ကုရှင်းရှစ်က သူတို့နှစ်ဦးအတွက် သတ်မှတ်ပေးထားသော ခုံများသို့ ဦးဆောင်သွားလိုက်သည်။

ကုရှင်းရှစ်က ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာများအား အလျင်အမြန် ရှင်းထုတ်ပြီး လွှတ်ချလိုက်သည်။

သူတို့ထိုင်ပြီးသည်နှင့် သင်တန်းသား ၄၊ ၅ ယောက်ခန့် ရောက်လာပြီး မိတ်ဆက်ကြသည်။

ထိုသူများ၏ တုံ့ပြန်မှုအား လေ့လာပြီးနောက် မုန့်ယွမ်ရှန့် လှည့်ကြည့်ရာ ကုရှင်းရှစ် မျက်မှောင်ကြုတ်နေသည်ကို သတိပြုမိလိုက်သဖြင့် အလျင်အမြန် မေးလိုက်သည်။
“တစ်ခုခုမှားနေလို့လား ဥက္ကဌကု..”

ကုရှင်းရှစ် ချောင်းဟန့်လိုက်သည်။
“အဲဒီ အဖြူရောင်ရှပ်အင်္ကျီနဲ့ သင်တန်းသားကိုတွေ့လား.. သူနဲ့ ဝေးဝေးနေကြ.. သူက ဒီရှိုးမတိုင်ခင် တခြား realityရှိုးတစ်ခုမှာ ပါခဲ့သေးတယ်.. သူက ရိုမန့်တွေ ဖန်တီးတတ်တယ်ဆိုပြီး နာမည်ကြီးတဲ့အပြင် ဆက်ဆံရေးအတုတွေ လုပ်ရတာကိုလည်း ကြိုက်တယ်.. ပြီးတော့ အဝါရောင်ဆံပင်နဲ့တစ်ယောက်.. သူ့မှာ ကောလာဟလအပြည့်ပဲ.. ပြီးတော့..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းမှာ နားထောင်ရင်း တဖြည်းဖြည်း ထိတ်လန့်လာသည်။

အမြဲလိုလို တိတ်ဆိတ်နေတတ်သည့် ချန်ရှင်းပင်လျှင် တီးတိုးမပြောဘဲ မနေနိုင်တော့ချေ။
“ဆိုတော့ ဒီတစ်ခန်းလုံးမှာ တစ်ယောက်မှ လူကောင်းမရှိဘူးပေါ့..”

ကုရှင်းရှစ် : “...”

သူက သူ့ကိုယ်သူပါ ပြောနေတာလား..

ကုရှင်းရှစ်မှာ ပြောစရာစကား မဲ့နေသည်။ ပွဲဦးပင် မထွက်ရသေးသည့် သင်တန်းသားများထံ၌ အလွန်များပြားသော ဒရာမာများ ရှိနေလိမ့်မည်ဟု မည်သူမျှ ထင်ကြလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်းအား တွေးမိပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။

“ဟိုနားလေးက XX ရယ် XXX ရယ်တော့ မင်းတို့ ပေါင်းချင်ပေါင်းပေါ့..”

မုန့်ယွမ်ရှန့် အံ့အားသင့်စွာ မေးလိုက်သည်။
“သူတို့မှာ ထူးခြားတာ ရှိလို့လား..”

ကုရှင်းရှစ် : “...”

ဘယ်ဟုတ်မှာလဲကွ.. ဒီတစ်ခန်းလုံးမှာ ကောလာဟလ မရှိတာဆိုလို့ သူတို့ပဲရှိတာ..

ကုရှင်းရှစ် အကောင်းဆုံးဖြစ်နိုင်မည့် အကြောင်းပြချက်အား စဉ်းစားနေစဉ်မှာပင် ကျင်းယို့မှ သင်တန်းသား ၄ ဦး ဝင်လာသည်။ ထို ၄ ဦးအား အဖော်ပြုလာသူမှာ သူတို့၏ နည်းပြဖြစ်သည့် ကျန်းမော့မှလွဲ အခြားမဟုတ်ချေ။

ပုံမှန်အဝတ်အစားနှင့်ပင် ကျန်းမော့မှာ လူအများ၏ အာရုံစိုက်မှုအား ချက်ချင်းဆွဲဆောင်လိုက်နိုင်သည်။

သင်တန်းသားအများစုမှာ ကျန်းမော့၏ ပရိသတ်များ ဖြစ်ကြပြီး လက်မှတ်ရရှိရန် ပြေးသွားကြသဖြင့် တိတ်ဆိတ်နေသည့်အခန်းမှာ ဆူဆူညံညံ ဖြစ်လာသည်။ ကျန်းမော့က စိတ်ရှည်ပြီး နွေးထွေးမှုအပြည့်ရှိသောကြောင့် ပရိသတ်အသစ်များအား အလျင်အမြန် ရရှိသွားလေသည်။

“နည်းပြကျန်းက အရမ်းကြင်နာတတ်တာပဲ..”

“နည်းပြကျန်းက ဝန်ထမ်းတွေကို ခက်ခဲအောင်လုပ်တတ်တယ်ဆိုပြီး ကောလာဟလကြားထားတာ.. အခုတော့ အားလုံးက သတင်းအမှားတွေပဲဆိုတာ ငါယုံသွားပြီ..”

ကျန်းမော့က နူးညံ့သော အပြုံးတစ်ခု ချိတ်ဆွဲထားပြီး လက်မှတ်ထိုးကာ ဓာတ်ပုံရိုက်ခံနေသည်။ သို့သော် လဲ့ရှစ်၏ လူ ၃ ဦး ရှိရာသို့ အကြည့်ရောက်သွားချိန်တွင်မူ သူ၏အပြုံးတို့ တမဟုတ်ချင်း အေးခဲသွားတော့သည်။
“ရှန့်.. မုန့်ယွမ်ရှန့်.. မင်း ဒီမှာ ဘာလုပ်နေတာလဲ..”

မုန့်ယွမ်ရှန့်က ရပ်သွားပြီး ရင်းနှီးကျွမ်းဝင်သည့် အသံအား သတိပြုမိလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကျန်းမော့မှာ နည်းပြများထဲမှ တစ်ဦးဖြစ်ကြောင်း သိလိုက်ရသဖြင့် နှစ်ဦးသား ထိပ်တိုက်တွေ့ရန် စိတ်ပြင်ဆင်ထားခဲ့သည်။ အလွန်နာကျင်ရလိမ့်မည်ဟု မျှော်လင့်ထားသည့်တိုင်အောင် ထိုအချိန်သို့ ရောက်ရှိလာချိန်တွင် သူ့ကိုယ်သူ မယုံကြည်နိုင်လောက်အောင် တည်ငြိမ်မှု ရှိနေသည်ကို သိလိုက်ရသည်။

ကုရှင်းရှစ်နှင့် ချန်ရှင်းတို့၏ စိုးရိမ်ပူပန်သည့် အကြည့်များအား မြင်သည့်အခါ မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ ရဲရင့်မှုတို့ ပြည့်လာသည်။

သူက မတ်တတ်ရပ်ကာ တည်ငြိမ်၍ လေးစားမှုရှိစွာပြောသည်။
“ငါပါ..”

အခန်းတစ်ခုလုံး ကြောင်အသွားသည်။

ကျန်းမော့က လဲ့ရှစ်ရဲ့ သင်တန်းသားကို သိတာလား.. ဘာတွေဖြစ်နေတာလဲ..

ရင်းနှီးတဲ့ သူငယ်ချင်းနှစ်ယောက် သဘောထားမတိုက်ဆိုင်တာနဲ့တောင် တူနေသေးတာနော်..

မုန့်ယွမ်ရှန့်အား ဤနေရာ၌ တွေ့ရလိမ့်မည်ဟု ကျန်းမော့ မမျှော်လင့်ထာူချေ။ ထိုသူအား မည်သည့်နေရာတွင်မျှ ရှာမတွေ့ခြင်းမှာ အံ့ဩဖွယ်မရှိ‌တော့ချေ။ 
ဒါပေမဲ့ သူက ဘာလို့ လဲ့ရှစ်ရဲ့သင်တန်းသား ဖြစ်လာတာလဲ…

ထို့အပြင် [Boy Group Training Camp] ၌ ပါဝင်လာသေးသည်။

မုန့်ယွမ်ရှန့်၏ တည်ငြိမ်သော အမူအရာအားကြည့်ကာ ကျန်းမော့စိတ်ထဲ၌ ဒေါသလှိုင်းထန်လာသည်။ အဆိုပါ ဒေါသမုန်တိုင်းထဲ၌ သူအသိအမှတ်မပြုလိုသော ကြောက်ရွံ့မှုအချို့လည်း ကပ်ပါနေသည်။

“မင်းက လက်ထောက်တစ်ယောက်ပဲလေ.. မင်းဘဝမှာ တစ်ရက်လောက်တောင် လေ့ကျင့်ဖူးတာ မဟုတ်ဘူး.. ဒီနေ့ လူရွေးပွဲကို ရောက်လာတာ ဟာသတစ်ခုပဲ ဖြစ်ရမယ်..”

လက်ထောက်လား..

လူအုပ်မှာ ထိတ်လန့်သွားတော့သည်။

ကျန်းမော့က လှောင်ပြုံးပြုံးရင်း ဆက်ပြောသည်။
“မင်းက ကျင်းယို့မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတာ.. သူတို့က မင်းကို ဘယ်လိုမျိုး ကမ်းလှမ်းချက်တွေပေးလို့ ဒီနေရာကို ရောက်လာတာလဲဆိုတာတော့ ငါမသိဘူး.. ဒါပေမဲ့ မင်းပြန်လာချင်တယ် ဆိုရင်တော့ ဒီကိစ္စတွေ အားလုံးကို ငါ လျှော်ပေးနိုင်တယ်..”

ကျန်းမော့၏ စကားလုံးများထဲ၌ သက်ရောက်မှုကြီးမားသော အဓိပ္ပါယ်များစွာ ပါဝင်သည်။

မုန့်ယွမ်ရှန့်သည် [Boy Group Training Camp] ၌ နေရာတစ်နေရာ ရရှိရန် ကျင်းယို့အား သစ္စာဖောက်ပြီး လျှို့ဝှက်ချက်များ ဖလှယ်ခဲ့သည်ဟု အယောင်ပြနေသည်။

မုန့်ယွမ်ရှန့် တစ်ကိုယ်လုံး အနည်းငယ် တုန်ယင်လာသည်။ လက်သီးတင်းတင်း ဆုပ်ထားသဖြင့် လက်ဖဝါးထဲသို့ လက်သည်းများပင် စိုက်ဝင်လာသည်။

ထို့နောက် သူ၏ လက်ဖမိုးဆီမှ နွေးထွေးမှုကို ခံစားမိလိုက်သည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်၏လက်အား အသာဆုပ်ကိုင်ကာ ခပ်ဖွဖွပုတ်လိုက်သည်။

ထို့နောက် မတ်တတ်ရပ်ကာ ကျန်းမော့အား တိုက်ရိုက်ပြောလေသည်။
“ခင်ဗျားပြောတာက ကျွန်တော့်ရဲ့ အနုပညာရှင်က ခင်ဗျား ကုမ္ပဏီမှာ အလုပ်လုပ်ဖူးတယ်ပေါ့..”

“ဒါဆို အလုပ်သမားစာချုပ်ရှိလား.. လစာပေးတဲ့မှတ်တမ်း.. လူမှုဖူလုံရေးနဲ့ အာမခံရော.. ဘယ်မှာလဲ..”

ကျန်းမော့မှာ ချက်ချင်းဆိုသလို မှင်တက်သွားတော့သည်။


🍉🍉🍉🍉 အခန်း ၇


မုန့်ယွမ်ရှန့်က အသက် ၁၉ နှစ်မှစကာ ကျန်းမော့နှင့် အတူရှိခဲ့သည်။

ကောလိပ်တက်နေစဉ် အချိန်ပိုင်းအလုပ်များလုပ်ကာ ကျန်းမော့၏ အိပ်မက်များအတွက် ထောက်ပံ့ပေးခဲ့သည်။

အသက် ၂၁ ၌ ကျန်းမော့က ကျင်းယို့အင်တာတိန်းမန့်နှင့် စာချုပ်ချုပ်ဆိုကာ အလျင်အမြန်ပင် တက်သစ်စကြယ်ပွင့် ဖြစ်လာသည်။ ကုန်လွန်ခဲ့သော နှစ်များ၌ မုန့်ယွမ်ရှန့်သည် ပင်ပန်းညည်းညူခြင်း မရှိဘဲနှင့် ကျန်းမော့အား ဂရုတစိုက်ပြုစုပေးခဲ့ပြီး ကျန်းမော့သည်လည်း ဤကဲ့သို့ ချစ်ခင်ဂရုစိုက်ခံရမှုအပေါ် ယဉ်ပါးလာသည်။ ကျင်းယို့နှင့် စာချုပ်ချုပ်ဆိုပြီးချိန်၌ ကျန်းမော့က နှစ်ခါမစဉ်းစားဘဲနှင့် မုန့်ယွမ်ရှန့်အား သူ၏ လက်ထောက်အဖြစ် သတ်မှတ်ခဲ့ပြီး အရိပ်တစ်ခုသဖွယ် တိကျသော နာမည်ရာထူး မရှိသလို မည်သူမျှလည်း သတိမပြုမိကြချေ။

သူတို့နှစ်ဦး၏ ဆက်ဆံရေးကြောင့် မုန့်ယွမ်ရှန့်မှာ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့သည်။ ကျင်းယို့ရှိ မည်သူကမျှ မုန့်ယွမ်ရှန့်အား မသိကြချေ။ ယခင်က သူ၏ ချစ်ခြင်းမေတ္တာအတွက် အနစ်နာခံ ပေးဆပ်ရခြင်းအား အပြစ်မမြင်ခဲ့ချေ။

ယခုအခါတွင်မူ ကုရှင်းရှစ်က အခြေအနေအား အလွန်ပွင့်လင်းစွာ ဖော်ထုတ်ခဲ့ပြီး ထိုမှသာ ကျန်းမော့ကြောင့် သူ မည်မျှ စွန့်လွှတ်ခဲ့ရကြောင်း နားလည်သဘောပေါက်တော့သည်။

ကျန်းမော့က ဒေါသတကြီး အံတင်းတင်းကြိတ်လိုက်သည်။

သူ၏ ရှုထောင့်မှဆိုလျှင် သူတို့နှစ်ဦးမှာ ချစ်သူများဖြစ်ကြသဖြင့် မုန့်ယွမ်ရှန့်မှ သူ့အား ဂရုစိုက်ပေးခြင်းသည် လွန်စွာသဘာဝကျလှပြီး သူသည်လည်း အနည်းငယ်မျှပင် နှမြောတွန့်တိုတတ်သူ မဟုတ်ချေ။

သို့သော် သူတို့နှစ်ဦး၏ ဆက်ဆံရေးအား ဖုံးကွယ်ထားသောကြောင့် အခြေအနေအား ရှင်းမပြနိုင်ချေ။ 

“ဒါက ငါတို့ကြားက ကိစ္စပဲ.. မင်းအပူမပါဘူး..”

“ဘာလို့ မပါရမှာလဲ..”
ကုရှင်းရှစ်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“ဥပဒေကို လိုက်နာဖို့ဆိုတာ လူတိုင်းရဲ့ တာဝန်ပဲ..”

“အလုပ်သမားဥပဒေအရ အလုပ်ရှင်တွေက လစာကို အချိန်မှန်ပေးရမဲ့အပြင် လူမှုဖူလုံရေးကိုပါ ထောက်ပံ့ရမယ်.. မဟုတ်ရင် တရားမဝင်ဘူးပဲ.. တရားမဝင်ရုံတင် မကဘဲ အခွန်ရှောင်မှုတောင် ဖြစ်နိုင်သေးတယ်..”

နောက်ဆုံးအချက်မှာ ကျန်းမော့အား တည့်တည့်ထိလေသည်။

လွန်ခဲ့သောနှစ်မှစကာ အာဏာပိုင်များသည် အနုပညာရှင်များ၏ အခွန်ရှောင်မှုများစွာအား ဖမ်းဆီးရမိခဲ့သည်။ သူသာ ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရမည် ဆိုပါက သူ၏အသက်မွေးဝမ်းကြောင်းမှု ပြီးဆုံးသွားနိုင်သည်။

သူ၏ အနာဂတ်အား ကာကွယ်ဖို့ရန် ကျန်းမော့ အားတင်းကာ ပြုံးလိုက်ရသည်။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ဒါက ဟာသသက်သက်ပါ..”

“ဟာသလား..”
ကုရှင်းရှစ် ညှာတာမှုကင်းမဲ့စွာ ဆက်ပြောသည်။
“ဟာသတစ်ခုလို့ သတ်မှတ်ဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံးကနေ ရယ်စရာလို့ သတ်မှတ်ရမယ်.. ဒါက ကျွန်တော့် အနုပညာရှင်ရဲ့ ဂုဏ်သိက္ခာကို ထိပါးနှောင့်ယှက်တာပဲ.. တောင်းပန်ပါ..”

တောင်းပန်ရမှာလား..

မုန့်ယွမ်ရှန့်ကို လူသိရှင်ကြား တောင်းပန်ရမှာလား..

ကျန်းမော့သည် မုန့်ယွမ်ရှန့်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူ့အား အမြဲတစေ ခွင့်လွှတ်နားလည်ပေးလေ့ရှိသော လက်တွဲဖော်မှာ ယခုအခါတွင် အေးစက်စွာ စိုက်ကြည့်နေသလို အလျှော့ပေးမည့် အရိပ်အယောင်လည်း မရှိချေ။ 

ကျန်းမော့ မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။ သူ့အားဝိုင်းရံထားသည့် သင်တန်းသားများ၏ စူးစမ်းလိုသော အကြည့်များအောက်တွင် ပြက်ရယ်ပြုခံရခြင်းဖြစ်သည်။ ပွဲဦးထွက်ချိန်မှစကာ ဤကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ဖူးခြင်း မရှိချေ။

စာချုပ်မရှိတာကို ကုရှင်းရှစ်က ဘယ်လိုသိတာလဲ.. သေချာပေါက် မုန့်ယွမ်ရှန့်ဆီကပဲနေမှာ..

ကျန်းမော့ ဒေါသတကြီး ဖြစ်လာသလို တစ်ချိန်တည်းမှာ ကြောင်အနေမိသည်။ 
မုန့်ယွမ်ရှန့်က ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ…

သို့သော် ကုရှင်းရှစ်၏ ဖိအားပေးမှုနှင့်အတူ တဖြည်းဖြည်းများပြားလာသော လူအုပ်ကြီးကြောင့် ဤအရာအား မသိချင်ယောင်ဆောင်လိုက်လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား ကြောက်ရွံ့မိသည်။ အထူးသဖြင့် သူ၏ ပြိုင်ဘက်များ သိသွားလျှင်ဖြစ်သည်။ နောက်ဆုံး၌ ခပ်တိုးတိုး တောင်းပန်စကားဆိုပြီးနောက် အလျင်စလို ထွက်ခွာသွားလေသည်။

ကျန်းမော့ ထွက်ခွာသွားသည်နှင့် တီးတိုးရေရွတ်သံများ ပိုမိုကျယ်လောင်လာပြီး အများစုက ကုရှင်းရှစ်တို့အဖွဲ့အား မသိမသာ ကြည့်နေကြသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်ထံသို့လှည့်ကာ မေးလိုက်သည်။
“အဆင်ပြေရဲ့လား..”

“အဆင်ပြေပါတယ်..”
ချန်ရှင်းက မုန့်ယွမ်ရှန့်နှင့် ကျန်းမော့တို့၏ အတိတ်အကြောင်း မသိသည့်တိုင်အောင် သူ့အသင်း‌ဖော်မှာ စိတ်အခြေအနေမကောင်းကြောင်း ခံစားမိသည်။ သူက အိတ်ကပ်အတွင်းရှိ ကြေမွနေသော တစ်ရှူးတစ်ရွက်အား တိတ်တဆိတ်ထုတ်ကာ မုန့်ယွမ်ရှန့်ထံ ကမ်းပေးလိုက်သည်။

မုန့်ယွမ်ရှန့် : “...”

စိုးရိမ်နေသည့် နှစ်ယောက်သားအား မြင်သည့်အခါ မုန့်ယွမ်ရှန့်က မပြုံးဘဲ မနေနိုင်တော့ချေ။
“တကယ် အဆင်ပြေတာပါ..”

အဆိုးဆုံးအခြေအနေအား ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်သည်။ နိုးထလာသည့် နံနက်ခင်းတိုင်းတွင် ကခုန်ရန် အသင့်ဖြစ်နေတတ်သည်။ အချိန်အတော်ကြာပြီးနောက်မှ ပျော်ရွှင်မှုနှင့် စိတ်ချမ်းသာမှုအား ခံစားမိခြင်းဖြစ်သည်။ ဝမ်းနည်းမှုအချို့ ရှိနေသေးသည့်တိုင်အောင် မုန့်ယွမ်ရှန့်မှာ သူ့ကိုယ်သူ ဝမ်းနည်းမှုထဲ နှစ်မြှုပ်ထားတတ်သည် မဟုတ်ပေ။

ယနေ့အဖြစ်အပျက်ကြောင့် ကျန်းမော့မှာ ပေါ့ပြက်ပြက်နှင့် ရိုးသားမှုမရှိသူဖြစ်ကြောင်း ပိုမိုသိလာမိပြီး သူ၏ လက်ရှိဘဝနှင့် ကုရှင်းရှစ်၏ ထောက်ပံ့ပေးမှုအား ပိုမိုတန်ဖိုးထားလာမိစေသည်။

သို့သော် ကုရှင်းရှစ် မျက်မှောင်ကြုတ်လိုက်သည်။

ထွက်ခွာသွားစဉ်က ကျန်းမော့မျက်လုံးထဲရှိ ရက်စက်သည့် အကြည့်အား သူ မမေ့ချေ။ နည်းပြတစ်ဦးအနေနှင့် ကျန်းမော့က ရိုက်ကူးနေစဉ် မုန့်ယွမ်ရှန့် ခက်ခဲအောင် သေချာပေါက် ပြုလုပ်နိုင်သည်။

ထိုသို့ စဉ်းစားမိပြီးနောက် စနစ်ထံ မေးလိုက်သည်။
[စနစ်ရေ.. ကျန်းမော့နဲ့ ပတ်သက်ပြီး ဖရဲသီးဘာညာ ရှိလား..]

ချက်ချင်းဆိုသလို စနစ်ထံမှ ဆူညံသံ ထွက်ပေါ်လာသည်။ 
[သေချာတာပေါ့..]

ကုရှင်းရှစ် စိတ်ဝင်စားသွားသည်။
[ပြောပါဦး..]

စနစ် : [ရှန့်ယွီကို သိတယ်ဟုတ်.. [Boy Group Training Camp] ရဲ့ အသံနည်းပြသစ်လေ..]

ကုရှင်းရှစ် ခေါင်းညိတ်လိုက်သည်။ ဤနေရာသို့ ရောက်မလာခင် နည်းပြများအား လေ့လာထားပြီး ရှန့်ယွီနှင့် ကျန်းမော့တို့၏ ဤseason၌ အသစ်ပါဝင်လာကြခြင်းပင်။

ရှန့်ယွီမှာ သူ၏ အလွန်ကောင်းမွန်သော ပါရမီကြောင့် တေးရေးတစ်ဦးအဖြစ် လူသိများကာ ပွဲဦးထွက်ပြီး မကြာမီမှာပင် နာမည်ကျော်ကြားလာခြင်းဖြစ်သည်။ ရှန့်ယွီက ကျန်းမော့ထက် နှစ်အနည်းငယ်ခန့်စော၍ ပွဲဦးထွက်ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် သူတို့နှစ်ဦးထံ၌ ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ရှန့်ယွီက လူမှုကွန်ယက်ထက်၌ ကျန်းမော့၏ “အရေးအသား” နှင့်ပတ်သက်၍ သဘောကျနှစ်သက်မှုကြောင်း အကြိမ်ပေါင်းများစွာ လူသိရှင်ကြား ဖော်ပြလေ့သည်။

စနစ် : [ဒါပေမဲ့ ရှန့်ယွီက ကျန်းမော့ရဲ့လက်ရာကို သဘောကျတာ မဟုတ်ဘဲ မုန့်ယွမ်ရှန့်ရေးတဲ့ စာသားတွေကို သဘောကျတာ..]

[ရှန့်ယွီရဲ့ အမေက စာပေချစ်မြတ်နိုးတဲ့ မိသားစုက.. သူက ဟောင်ကောင်ရဲ့ အဓိကမိသားစုတစ်ခုဖြစ်တဲ့ ရှန့်မိသားစုနဲ့ လက်ထပ်ခဲ့တယ်.. သူ့အမေရဲ့ လွှမ်းမိုးမှုကြောင့် ရှန့်ယွီကလည်း တရုတ်ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ဂီတကို ရူးသွပ်လာတယ်.. သူရဲ့ စံနှုန်းက မြင့်တာကြောင့် တခြားသူတွေရဲ့ တေးသီချင်းစာသားတွေကို သဘောကျတာ အရမ်းရှားတယ်.. ဒါပေမဲ့ မုန့်ယွမ်ရှန့်ရေးသားတဲ့ စာသားတချို့ကိုတော့ သဘောကျသွားတယ်.. ကျန်းမော့က ရှန့်ယွီရဲ့ နောက်ခံကို သိထားတော့ စာသားတွေက သူရေးထားတာပါဆိုပြီး လိမ်တယ်.. အဲဒါကို အသုံးချပြီး ရှန့်ယွီနဲ့ နီးကပ်အောင် လုပ်ခဲ့တာပဲ..]

[ရှန့်ယွီက စိတ်ရှင်းတဲ့လူဖြစ်ပြီးတော့ သူနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်တတ်တယ်.. အဲဒါကြောင့် မေးခွန်းထုတ်မနေဘဲ ကျန်းမော့ကို ရင်းနှီးတဲ့ သူငယ်ချင်းလို့ မှတ်ယူထားပြီး အရင်းအမြစ်တွေ ရလာအောင် ကူညီတတ်သေးတယ်.. ရှန့်ယွီရဲ့ အထောက်အပံ့သာ မရှိရင် ကျန်းမော့က ဖျော်ဖြေရေးလောကမှာ အခုလိုမျိုး မြန်မြန်ဆန်ဆန် မြင့်တက်လာမှာ မဟုတ်ဘူး..]

ကုရှင်းရှစ် မျက်မှောင်ကြုတ်လိုက်သည်။ 

ဒီကောင်က မရိုးသားဘူးဆိုတာ ထင်သားပဲ.. ဒါကို သက်သေပြနိုင်အောင် ကြိုးစားရမယ်..

စနစ် : [ရှန့်ယွီက အယ်လ်ဘမ်အသစ်ထုတ်ဖို့ စီစဉ်နေတာ တစ်နှစ်လောက်ရှိပြီ.. သူသဘောကျတဲ့ တေးရေးကို ရှာမတွေ့သေးဘူး ဖြစ်နေတာ.. ဒါကြောင့် ကျန်းမော့နဲ့ အတူတွဲပြီး သီချင်းရေးနိုင်အောင် [Boy Group Training Camp] မှာ နည်းပြလုပ်ဖို့ လက်ခံလိုက်တာ.. ကျန်းမော့ဆီက သီချင်းအသစ်လေးများ ရမလားလို့ပေါ့..]

သို့သော် ရှန့်ယွီ စိတ်ပျက်ရဖို့မှာ သေချာသလောက်ပင်။

ကုရှင်းရှစ် အတွေးနက်နေမိသည်။

*

ကျန်းမော့က အဝတ်လဲခန်းအတွင်းသို့ ဒေါသတကြီး ဝင်ရောက်လာပြီး ဖြစ်ပျက်ခဲ့သည့် အရာများကြောင့် စိတ်ဆိုးနေဆဲပင်။

ဘယ်လိုတောင် လုပ်ရဲတာလဲ..

မုန့်ယွမ်ရှန့်က ငါ့ဆီကနေ ထွက်သွားပြီး ပွဲဦးထွက်နိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာလား.. လုံးဝပဲ..

ဖုန်းဆက်မည် ပြုစဉ်မှာပင် ဒါရိုက်တာဝူ၏ သတိပေးစကားအား စဉ်းစားမိပြီးနောက် တုံ့ဆိုင်းသွားသည်။
“မင်းက မထိသင့်တဲ့သူကို ထိမိခဲ့တာပဲ..”

ဒါရိုက်တာဝူ၏ ဆိုလိုရင်းမှာ လဲ့ရှစ်အင်တာတိန်းမန့်အား ပြောခြင်းဟု ယူဆခဲ့မိသော်ငြား ထိုသူများအား ကြည့်ရသည်မှာ များပြားသော အရင်းအမြစ်များနှင့် အဆက်အသွယ်ကောင်းများရှိသော ကုမ္ပဏီနှင့် မတူချေ။

ထိုအချိန်မှာပင် ကျန်းမော့၏မန်နေဂျာ ရောက်ရှိလာသည်။
“ကျန်းမော့ရေ.. ငါတော့ လဲ့ရှစ်နဲ့ ပတ်သက်ပြီး သိလာရပြီ..”

ကျန်းမော့ စိတ်လှုပ်ရှားသွားသည်။
“ဘာတဲ့လဲ..”

“လဲ့ရှစ်က အရင်ကတော့ နာမည်ကြီးပဲ.. ယန်ကျစ်ဟန့်က လဲ့ရှစ်ကလေ..”

“ယန်ကျစ်ဟန့်လား..”

ကျန်းမော့က ယန်ကျစ်ဟန့် မည်သူဖြစ်ကြောင်း အမှတ်ရပြီးနောက် လှောင်ပြောင်စကားဆိုသည်။
“သူက ဖျော်ဖြေရေးလောက,က ထွက်သွားတာ ကြာလှပြီ မဟုတ်ဘူးလား.. ထုတ်လုပ်ရေးအပိုင်းကို ရောက်သွားတာလေ.. အခု လဲ့ရှစ်ကို ထောက်ပံ့နေတာလား..”

“မဟုတ်ဘူး.. မဟုတ်ဘူး.. အဲဒီတုန်းက ယန်ကျစ်ဟန့်က သေချာပေါက် နှုတ်ထွက်သွားတာ.. သူက နိုင်ငံခြားမှာပဲ ရှိနေတာဆိုတော့ လဲ့ရှစ်နဲ့ ပတ်သက်မှု လုံးဝမရှိနိုင်ဘူး..”

ထပ်မံတွေးတောနေခြင်း မရှိတော့ဘဲနှင့် မန်နေဂျာက သူသိထားသမျှ အရာများအား ပြောသည်။

“လဲ့ရှစ်က ကျဆင်းနေတာ ကြာလှပေါ့.. သူ့ရဲ့ အနုပညာရှင်တွေကလည်း ထွက်သွားပြီး အခု အရင်သူဌေးရဲ့ သွေးဝေးဆွေမျိုးတစ်ယောက်က ဆက်လုပ်နေတာ.. ငါတို့လောကထဲက ဘယ်သူကမှ သူ့ကို မသိကြဘူး..”

ကျန်းမော့ မယုံနိုင်ပေ။
“မင်းပြောချင်တာ ဒေဝါလီခံတော့မဲ့ ကုမ္ပဏီတစ်ခုက ငါတို့နေရာကို ယူသွားတယ်လို့လား..”

မန်နေဂျာမှာလည်း ကျန်းမော့နည်းတူ နားမလည်နိုင်ဘဲ ရှိနေသည်။
“ငါလည်း သေချာမသိဘူး.. လဲ့ရှစ်မှာ ငါတို့မသိတဲ့ နောက်ခံ ရှိနေတာ ဖြစ်မှာပေါ့..”

ကျန်းမော့ မတွေးတတ်တော့သဖြင့် ထိုအကြောင်းအား ဘေးပို့လိုက်သည်။
“ဒါကိုအသာထားဦး.. အခုတော့ အဲဒီ စာသားတွေကို ရေးတဲ့သူက မုန့်ယွမ်ရှန့်ဆိုတာ ရှန့်ယွီ သိလို့မဖြစ်ဘူး..”

မန်နေဂျာ၏မျက်နှာက ဖြူဖျော့သွားသည်။
ဘယ်လိုလုပ်ပြီး ဒီလို အရေးကြီးတဲ့ ကိစ္စကို မေ့သွားရတာလဲနော်.. 

ရှန့်ယွီမှာ မာနကြီးသလို တည့်တိုးဆန်ပြီး သူ မလေးစားသည့်သူများအပေါ် အထင်သေးကာ  á€™á€‘ဎမဲအမဟင်ပဟုတတ်သည်။ ကျန်းမော့အပေါ်ထားရှိသည့် ရှန့်ယွီ၏ လေးစားမှုမှာ မုန့်ယွမ်ရှန့်၏ သီချင်းစာသားများကြောင့်သာဖြစ်သည်။ ရှန့်ယွီ၏ အကူအညီ မရှိခဲ့လျှင် ကျန်းမော့ကဲ့သို့သော နောက်ခံနှင့် အရင်းအမြစ် မရှိသည့် လူသစ်တစ်ဦးအနေဖြင့် ကျင်းယို့၌ အလျင်အမြန် ခြေကုပ်ရယူနိုင်မည် မဟုတ်ပေ။

ရှန့်ယွီသာ ကျန်းမော့၏ လှည့်စားခံရကြောင်း သိရှိသွားမည်ဆိုပါက အသာကျော်သွားပေးလိမ့်မည် မဟုတ်ချေ။ ရှန့်မိသားစုမှာ ဩဇာကြီးမားပြီး ရှန့်ယွီ၏ ဖခင်က စီးပွားရေး၌သာမက အချို့သော အသိုင်းအဝိုင်းများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ အငြိမ်းစားယူပြီးသည့်တိုင်အောင် သူ၏ တစ်ဦးတည်းသော သားဖြစ်သူအား လှည့်စားရဲသူမှာ မည်သည့်အကျိုးဆက်များနှင့် ကြုံရမည်ကို ခန့်မှန်း၍ပင်ရသည်။

မန်နေဂျာက ပိုမိုစိုးရိမ်ကာ အနည်းငယ်ပင် တုန်ယင်လာသည်။

ထို့ကြောင့် ကျန်းမော့အား အပြစ်တင်မိတော့သည်။
“မုန့်ယွမ်ရှန့်မှာ အရည်အချင်းတွေ အများကြီးရှိပြီး မင်းကိုလည်း အမြဲပဲ ချစ်ခင်ခဲ့တာ.. အဲဒီအပြင် မင်းအပေါ်လည်း သစ္စာရှိသေးတယ်.. ဘယ်သူမဆို သူ့ကို တန်ဖိုးထားပြီး ဆက်ဆံမှာပဲ.. အခုတော့ မင်းက အဝေးတွန်းပို့တဲ့အပြင် သူ့ဝမ်းကွဲနဲ့တောင် ဖောက်ပြန်လိုက်သေးတယ်.. အရမ်းကောင်းတယ်..”

ကျန်းမော့သည်လည်း မခံမရပ်နိုင် ဖြစ်နေခြင်းပင်။

မုန့်ယွမ်ရှန့်၏ တည်ရှိမှုအား သူ၏ အထောက်အပံ့သဖွယ် မှတ်ယူခဲ့သည်။ သို့သော် ယခုအခါ မုန့်ယွမ်ရှန့် ထွက်ခွာသွားပြီ ဖြစ်သောကြောင့် အလွန်နောင်တရနေမိသည်။

မုန့်ယွမ်ရှန့်မှာ သူ့အပေါ် ချစ်မြတ်နိုးသလို သဘောထား ပျော့ပျောင်းသူလည်းဖြစ်သည်။ လေးလေးနက်နက် တောင်းပန်ကာ သူ၏ အခွင့်အရေးများ ပြန်လည်ပေးအပ်လိုက်မည်ဆိုလျှင် မုန့်ယွမ်ရှန့် ပြန်လာမည်ဟု ယုံကြည်သည်။

ကျန်းမော့က မည်သည့်စကားမျှ ထပ်မကြားလိုတော့သဖြင့် မန်နေဂျာအား စကားစဖြတ်လိုက်သည်။
“တော်လောက်ပြီ.. ငါ့မှာ အစီအစဉ်ရှိပြီးသား.. အရင်ဆုံး ရှန့်ယွီကို ဖြေရှင်းကြတာပေါ့..”

ထိုအချိန်မှာပင် တစ်ဦးတစ်ယောက်မှ ဆင့်ခေါ်လိုက်သလို တံခါးခေါက်သံ ထွက်ပေါ်လာသည်။ မန်နေဂျာ တံခါးဖွင့်လိုက်သည့်အခါ အပြင်ဘက်၌ ရပ်နေသူမှာ ရှန့်ယွီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှန့်ယွီမှာ အရပ်ရှည်ကာ ခပ်သွယ်သွယ်ဖြစ်ပြီး ထင်ရှားသော အသွင်အပြင်ကြောင့် ကပြားတစ်ဦးနှင့် တူလေသည်။ ထို့အပြင် ပညာရှင်ဆန်သော အငွေ့အသက်နှင့် တမူထူးခြားသော ဆွဲဆောင်မှုရှိသည်။

ကျန်းမော့အား မြင်သည့်အခါ နူးညံ့စွာ ပြုံးပြလာသည်။
“ကျန်းမော့ရေ.. မတွေ့တာကြာပြီနော်..”

ကျန်းမော့၏ အမူအရာက အနည်းငယ်ပြောင်းသွားသည်။
“မင်း.. ရောက်နေတာ ကြာပြီလား..”

ရှန့်ယွီက မသိမသာ မျက်မှောင်ကြုတ်မိသော်ငြား ပြန်ဖြေလိုက်သည်။
“အခုပဲ ရောက်တာ.. ဝန်ထမ်းက မင်းရောက်နေပြီလို့ ပြောတာနဲ့ လာနှုတ်ဆက်တာ..”

ကျန်းမော့က ရှန့်ယွီ၏ အမူအရာအား သေသေချာချာ ကြည့်လိုက်သည်။ ပုံမှန်အတိုင်း ဖြစ်နေသည်ကို မြင်သည့်အခါ သူတို့ပြောစကားများအား ကြားသွားခြင်းမရှိကြောင်း ခန့်မှန်းလိုက်သည်။ ချက်ချင်းဆိုသလို ကျန်းမော့၏အမူအရာက ပြောင်းလဲကာ နွေးထွေးဖော်ရွေလာသည်။

ကျန်းမော့၏ အပြုအမူမှာ အတော်လေး ထူးဆန်းသည်ဟု ထင်သည့်တိုင်အောင် ရှန့်ယွီ ထွေထွေထူးထူး စဉ်းစားမနေတော့ချေ။

များမကြာမီ ရိုက်ကူးရန်အချိန် နီးကပ်လာသဖြင့် နှစ်ဦးသား စကားစမြည် ပြောဆိုရင်း ရိုက်ကွင်းနေရာသို့ အတူတကွ လမ်းလျှောက်သွားကြသည်။

သင်တန်းသားအားလုံးမှာ ပရိသတ်နေရာ၌ နေရာယူပြီးကြပြီး ဖြစ်သည်။

မန်နေဂျာတစ်ဦးဖြစ်သော ကုရှင်းရှစ်မှာ သူ၏ သင်တန်းသားများ၏ တင်ဆက်မှုအား စင်နောက်မှသာ ကြည့်နိုင်သည်။

[Boy Group Training Camp] မှာ ပြည်တွင်းအရည်အချင်းပြရှိုးပွဲများထဲ၌ ထိပ်တန်းဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။ သင်တန်းသားများ၏ တင်ဆက်မှုများမှာ အထင်ကြီးဖွယ်ကောင်းပြီး အထူးသဖြင့် ကုမ္ပဏီကြီးများ၏ သင်တန်းသားများမှာ အဆိုနှင့် အက နှစ်မျိုးစလုံး၌ ထူးချွန်ကြသည်။ သင်တန်းသားအချို့မှာ တမူထူးခြားသော ကိုယ်ရည်ကိုယ်သွေးများရှိကြပြီး အမြင်ကောင်းများ ချန်ထားရစ်လေသည်။

ကုရှင်းရှစ် စိတ်ပါဝင်စားစွာ ကြည့်နေချိန်မှာပင် နောက်ကျောဘက်မှ အသံ ထွက်ပေါ်လာသည်။
“သူတို့က ကွမ်းယိရဲ့ သင်တန်းသားတွေလေ.. ပထမနှစ်ယောက်က တောင်ကိုရီးယားကိုပို့ပြီး သေချာလေ့ကျင့်ပေးထားတာ.. အတော်လေး သန်မာတယ်..”

ကုရှင်းရှစ် လှည့်ကြည့်လိုက်သည့်အခါ ပေါင်မုန့်ဖောင်းဖောင်းနှစ်လုံးအား တင်ထားသကဲ့သို့ လုံးဝန်းသော မျက်နှာနှင့် ပုဝဝလူတစ်ယောက်အား တွေ့လိုက်ရသည်။

ကုရှင်းရှစ်၏ အကြည့်အား သတိပြုမိသဖြင့် ပြုံးရယ်ကာဖြင့် မိတ်ဆက်လာသည်။
“ကျွန်တော်က ယင်ဟယ်ဖုန်းပါ.. ရှင်းချိုးရှစ်ကျိက မန်နေဂျာတစ်ယောက်ပါ..”

ဤရက်ပိုင်း၌ ကုရှင်းရှစ်က ဖျော်ဖြေရေးလောကနှင့် ပတ်သက်သည်များအား လေ့လာထားသည်။ ထိပ်တန်းအင်တာတိန်းမန့်များစွာထဲ၌ ကျင်းယို့၊ ကွမ်းယိ၊ လုမင်နှင့် ရှင်းချိုးရှစ်ကျိတို့မှာ နာမည်ကြီးများဖြစ်သည်။

ကျင်းယို့မှာ ချမ်းသာကြွယ်ဝပြီး ကွမ်းယိက တောင်ကိုရီးယားနှင့် ခိုင်မာသော အဆက်အသွယ်ရှိသည်။ လုမင်မှာ သက်တမ်းရှည်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရှင်းချိုးရှစ်ကျိက လတ်တလော ထွက်ပေါ်လာသော ဖျက်မြင်းပင်။

ကုရှင်းရှစ်၏ ကုမ္ပဏီမှာ သေးငယ်ကာ လူမသိသဖြင့် မန်နေဂျာအများစုမှာ သူနှင့် စကားမပြောလိုကြချေ။ အံ့ဩစရာကောင်းစွာပင် ရှင်းချိုးရှစ်ကျိမှ ယင်ဟယ်ဖုန်းက သူ့အား ဦးစွာချဉ်းကပ်လာခဲ့သည်။

အချင်းချင်း မိတ်ဆက်ပြီးနောက် ယင်ဟယ်ဖုန်းမှ ပြောလာသည်။
“ကျွန်တော်တော့ လဲ့ရှစ်က မစ္စတာကုအကြောင်းတွေ အများကြီး ကြားထားတယ်နော်..”

ကုရှင်းရှစ် : ?

သူ၏ သေးငယ်ကာ ကြိုးစားရုန်းကန်နေရသော ကုမ္ပဏီလေးမှာ အလွန်နာမည်ကျော်နေမည်ဟု သူ မထင်ထားချေ။ လူကြီးများကြား ယဉ်ကျေးမှုအရ ဆိုသောစကား ဖြစ်ရမည်။

ကုရှင်းရှစ်၏ တည်ငြိမ်သော အပြုအမူကြောင့် ယင်ဟယ်ဖုန်း ပို၍ပင် အထင်ကြီးလာတော့သည်။

ရှင်းချိုးရှစ်ကျိမှာ ကျင်းယို့နှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိပေ။ ထို့ကြောင့် ကျင်းယို့၏ သင်တန်းသားနေရာ ၂ ခု လက်လွှတ်လိုက်ရကြောင်း ကြားရသည့်အခါ လွန်စွာကျေနပ်မိသည်။ သို့သော် လဲ့ရှစ်၏ ရုတ်တရက် ထွက်ပေါ်လာမှုအပေါ် သိချင်နေဆဲပင်။ မည်သို့ပင်ဖြစ်စေ ရှင်းချိုးရှစ်ကျိသည်လည်း ရုတ်တရက် အောင်မြင်လာခြင်းဖြစ်ကာ ဖျော်ဖြေရေးလောကကြီး အကောင်ကြီး ၃ ကောင်မှ လေးကောင်အဖြစ်သို့ ပြောင်းလဲလိုက်နိုင်သည်။ လဲ့ရှစ်သည်လည်း သူတို့၏ လမ်းစဉ်အတိုင်း လိုက်မည်ကို စိုးရိမ်မိသည်။

ကုရှင်းရှစ်အား စူးစမ်းရန် ချဉ်းကပ်လာခြင်းဖြစ်သော်ငြား စကားပြောချိန် ကြာလာသည်နှင့်အမျှ ပိုမိုထိတ်လန့်လာမိသည်။

ကုရှင်းရှစ်မှာ ငယ်ရွယ်သောကြောင့် စကားပြောရာ၌ အထိန်းအချုပ်မရှိ ဖြစ်လိမ့်မည်ဟု ယူဆမိခဲ့သည်။ သို့တိုင်အောင် သူတို့၏ စကားပြောခန်းမှတစ်ဆင့် အရေးပါသည့် အချက်အလက် တစ်ခုတစ်လေမျှပင် မသိခဲ့ရချေ။ ရံဖန်ရံခါ လူနုံတစ်ဦးသဖွယ် အခြေခံကျသည့် မေးခွန်းများကိုပင် သိလိုစိတ်အပြည့်ဖြင့် မေးမြန်းတတ်သေးသည်။ ကုရှင်းရှစ်၏ ဆွဲဆောင်မှုရှိသော မျက်နှာနှင့် နှစ်လိုဖွယ်ကောင်းသည့် ရိုးသားမှုတို့ကြောင့် သံသယဝင်ရမည်ကိုပင် အားနာမိသည်။

ဒီလိုမျိုး အထင်ကြီးစရာ အရည်အချင်း..

ကုရှင်းရှစ်၏ ကျွမ်းကျင်မှုနှင့် လျှို့ဝှက်နောက်ခံကြောင့် လဲ့ရှစ်၏ အလားအလာမှာ အလွန်ကောင်းလေသည်။ လဲ့ရှစ်အား ပြိုင်ဘက်တစ်ဦးအနေနှင့် မရှင်းပစ်နိုင်လျှင် မိတ်ဖက်အဖြစ် သတ်မှတ်ရန် လိုအပ်သည်။

ယင်ဟယ်ဖုန်း သူ့စိတ်အား ပြင်ဆင်ပြီးနောက် ပြုံးလိုက်သည်။
“ဒီနေ့ မစ္စတာကုနဲ့ စကားပြောရတာ အလင်းပွင့်သွားတော့တာပါပဲ.. အနာဂတ်မှာလည်း ကျွန်တော်တို့ ကုမ္ပဏီတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်..”

ယင်ဟယ်ဖုန်းထံမှ အကျိုးရှိသည့် ဗဟုသုတများစွာ ရရှိလိုက်သောကြောင့် ကုရှင်းရှစ်သည်လည်း လွန်စွာကျေနပ်ကာ ဝမ်းမြောက်စွာ တုံ့ပြန်လိုက်သည်။
“သေချာတာပေါ့..”

အကြည့်ချင်း ဖလှယ်ပြီးနောက် တစ်ဖက်လူ၏ မျက်နှာထက်၌ ကျေနပ်မှုအပြည့်ရှိနေသည်အား တစ်ဖက်က မြင်တွေ့လိုက်ရတော့သည်။


🍉🍉🍉🍉 အခန်း ၈


မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း စင်ပေါ်တက်ရမည့်အချိန်သို့ ရောက်ရှိလာသည်။ 

သူတို့နှစ်ဦးမှာ ဆန့်ကျင်ဘက်သွင်ပြင်ရှိသည်။ တစ်ဦးမှာ အသားဖြူကာ နူးညံ့သည့်သွင်ပြင်၊ ကျစ်လစ်သော ခန္ဓာကိုယ်နှင့် အေးစက်စက်အပြုအမူရှိသည်။ ကျန်တစ်ဦးမှာမူ ခပ်မာမာနှင့် ရဲရင့်ပုံရပြီး မလှုပ်မယှက် ရပ်နေရုံနှင့်ပင် အလိုအလျောက် ထိတ်လန့်ဖွယ် အငွေ့အသက်အား ထုတ်လွှတ်နေလေသည်။

သူတို့နှစ်ဦး၏ အဝတ်အစားအပြင်အဆင်မှာ တူညီသော်ငြား ထိုရိုးရှင်းသော ဒီဇိုင်းကပင် အသီးသီး၏ ကိုယ်နေဟန်ထားအား ပိုမိုထင်ရှားပေါ်လွင်စေသည်။

ယင်ဟယ်ဖုန်း၏ မျက်လုံးများ အရောင်လက်လာသည်။

ပုံမှန်အားဖြင့် အေဂျင်စီများက သူတို့၏သင်တန်းသားများအား စည်းလုံးပုံပေါ်အောင် ဖန်တီးလေ့ရှိသည်။ သို့သော် လဲ့ရှစ်မှာမူ ဆန့်ကျင်ဘက်သို့သွားပြီး သူ၏ သင်တန်းသား ၂ ဦးအား ချက်ချင်းမှတ်မိလွယ်စေသည်။ သင်တန်းသားအများစုမှာ မိတ်ကပ်လိမ်းကာ တောက်ပြောင်သည့် အဝတ်အစားများ ဝတ်ဆင်ကြချိန်တွင် ဤနှစ်ဦးမှာ ရိုးရိုးရှင်းရှင်းသွင်ပြင်နှင့် ပိုမိုထင်ရှားနေတော့သည်။

ဤသို့သော အပြင်အဆင်များအရ အရည်အချင်းပြရှိုးများ၏ ပေါက်ကွဲတတ်သည့် သဘောသဘာဝအား နက်ရှိုင်းစွာ နားလည်ထားသူ ဖြစ်ကြောင်း ပြနေသည်။

ယင်ဟယ်ဖုန်းက စိတ်မကျေနပ်ဟန်ဖြင့် မျက်မှောင်အနည်းငယ်ကြုတ်နေသည့် ကုရှင်းရှစ်အား ကြည့်လိုက်မိသည်။
ဒီလောက်အမိုက်စား ထွက်လာတာကို မကျေနပ်ဘူးတဲ့လား..

အချင်းချင်း စကားပြောဆိုဖူးခြင်း မရှိလျှင် ကုရှင်းရှစ် ဟန်လုပ်နေခြင်းဟု ထင်မိပေမည်။

ယင်ဟယ်ဖုန်းက ကုရှင်းရှစ်၏ အကြည့်နောက်သို့ ကြည့်လိုက်ရာ ထိုသူမှာ စင်ပေါ်သို့ ကြည့်နေခြင်း မဟုတ်ဘဲ နည်းပြများရှိရာသို့ ကြည့်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

လဲ့ရှစ်နှင့် ကျင်းယို့အကြားရှိ တင်းမာမှုအား အမှတ်ရပြီးနောက် မမေးဘဲ မနေနိုင်တော့ချေ။
“မစ္စတာကုက နည်းပြတွေနဲ့ ပတ်သက်ပြီး စိတ်ပူနေတာလား..”

ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။
“အမှန်ပဲ..”

ငါ့လူတွေရဲ့ မိတ်ကပ်နဲ့ အဝတ်အစားက ခပ်ရိုးရိုးဖြစ်ချိန် ဟိုခွေးကောင်က အရမ်းပဲ ပြောင်ပြောင်လက်လက် ဖြစ်နေတာလေ.. လုံးဝရှုံးတာပဲ..

ကုရှင်းရှစ် သက်ပြင်းချလိုက်ပြန်သည်။
“ဟူး.. ကျွန်တော်တို့က ဆင်းရဲလွန်းတယ်..”

ယင်ဟယ်ဖုန်း : ???

ဆင်းရဲတယ် ဟုတ်လား..

ဤကဲ့သို့သော ထိပ်တန်းအဆင့် ရှိုးမျိုး၌ သင်တန်းသား နေရာ ၂ နေရာ ရယူနိုင်သော ကုမ္ပဏီတစ်ခုမှာ အမှန်တကယ် ‘ဆင်းရဲ’ နေမည်ဟု သူမထင်ပေ။

အစောပိုင်းမှ ကုရှင်းရှစ်၏ စိုးရိမ်မှုများအား အမှတ်ရမိသည့်အခါ ယင်ဟယ်ဖုန်းတစ်ကိုယ်လုံး အေးစက်သွားတော့သည်။

သူက သင်တန်းသား ၂ ယောက်ကို ထုတ်ပြီးတာတောင် အားမရသေးဘဲ အခု နည်းပြနေရာကိုပါ ပစ်မှတ်ထားနေတာများလား..

မစ္စတာကုကတော့ ကြောက်ဖို့ကောင်းအောင် ရည်မှန်းချက်ကြီးတာပဲ..

စင်မြင့်ထက်ရှိ အလင်းများ မှိန်ဖျော့သွားသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ကိုယ်စီနေရာယူလိုက်သည်။

First X Blood ၏ အားကောင်းသော တီးလုံးသံ စသည်နှင့် မုန့်ယွမ်ရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး လူးလွန့်ကာ ရေအလျင်သဖွယ် ပျော့ပျောင်းကာ လှုပ်ရှားစီးဆင်းသွားပြီး ဆွဲဆောင်မှုပြင်းထန်သော လှုပ်ရှားပုံကြောင့် အကနည်းပြ၏ မျက်လုံးများ ပြူးကျယ်လာသည်။

ပျင်းရိငြီးငွေ့ဟန်ဖြင့် ရှိနေသော ရှန့်ယွီပင်လျှင် ရုတ်တရက် ခန္ဓာကိုယ် မတ်လာသည်။

ကျန်းမော့သည်လည်း မှင်တက်သွားလေသည်။

စင်မြင့်ပေါ်၌ တလက်လက်တောက်ပနေသူမှာ အမှန်တကယ် မုန့်ယွမ်ရှန့်ဖြစ်ကြောင်း ယုံဖို့ရန်ခက်လှသည်။

First X Blood မှာ ပြင်းထန်အားကောင်းသော သီချင်းတစ်ပုဒ်ဖြစ်သည်။

ချန်ရှင်း၏ ကဟန်မှာ သီချင်း၏ စွမ်းအင်နှင့် ကိုက်ညီမှုရှိပြီး လျင်မြန်ကာ အရိုင်းဆန်၍ လူတိုင်း၏ အာရုံအား ဖမ်းစားနိုင်သော ညှို့ငင်မှုရှိသည်။

သို့တိုင်အောင် မုန့်ယွမ်ရှန့်ထံမှ မည်သူမျှ အကြည့်မလွှဲနိုင်ကြချေ။ 

မုန့်ယွမ်ရှန့်၏ ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် ပျော့ပျောင်းမှုရှိပြီး တစ်ချိန်တည်းမှာပင် လေမုန်တိုင်းဒဏ်အား ကြံ့ကြံ့ခံကာ ရပ်နေပါသော ဝါးပင်ကဲ့သို့ လှုပ်ရှားမှုများမှာ ခွန်အားအပြည့်ဖြစ်သည်။

ရုတ်တရက်ဆိုသလို မုန့်ယွမ်ရှန့် အကသင်ယူဖူးကြောင်း ကျန်းမော့ အမှတ်ရမိသည်။ မုန့်ယွမ်ရှန့် ယခင်က  á€•ဟန်ပ္းဆွဲမခလရမဎ ၇ နှစ်ကြာအောင် ဂန္တဝင်အက သင်ယူဖူးသည်။ ပြန်ပေးဆွဲခံရပြီးနောက် ရရှိခဲ့သော ပြင်းထန်သည့် ထိခိုက်ဒဏ်ရာများကြောင့် သူ၏ အကသင်ယူမှု အဆုံးသတ်ခဲ့ရသည်။ ထို့နောက် ပုံမှန်အထက်တန်းကျောင်းသို့ပြောင်းကာ ကောလိပ်တက်ရန် ပြင်ဆင်ခဲ့သည်။

သို့သော် မုန့်ယွမ်ရှန့်၏ ကဟန်မှတစ်ဆင့် ဤနှစ်များ၌ အကကို စွန့်လွှတ်ခဲ့ခြင်းမရှိကြောင်း သိသာသည်။

ကကွက်ပြောင်းရာ၌ ပေါ်လာတတ်သည့် ကိုးရိုးကားယားနိုင်မှု ကင်းမဲ့စွာ မုန့်ယွမ်ရှန့်၏ စည်းချက်နှင့် ပေါက်ကွဲမှုမှာ ချန်းရှင်းနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလေသည်။

မူလက မုန့်ယွမ်ရှန့် အရည်အချင်းပြရှိုးသို့ ဝင်ပြိုင်ခြင်းအား ကျန်းမော့ လှောင်ပြောင်ခဲ့မိသည်။ မုန့်ယွမ်ရှန့်အား အရည်အချင်းမရှိဟု ထင်ခဲ့သည့်အပြင် စောစီးစွာ ထုတ်ပယ်ခံရမည့်သူဟု ယူဆခဲ့သည်။

မုန့်ယွမ်ရှန့်၏ အကအားကြည့်စဉ် ပထမဆုံးအကြိမ် ထိတ်လန့်ခြင်း ဖြစ်လာမိသည်။

ကျန်းမော့သည် လက်ရှိနေရာအား သူ၏ ကျွမ်းကျင်မှုမှ ရရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် မုန့်ယွမ်ရှန့်ထံ၌ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ဆက်လက်ကြီးထွားခွင့် ပေးလိုက်မည့်ဆိုပါက မုန့်ယွမ်ရှန့်အား သူ၏ အလင်းအောက်တွင် ဆက်လက်လွှမ်းမိုးထားရန် မဖြစ်နိုင်တော့ချေ။

ကျန်းမော့ တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချလိုက်သည်။

မုန့်ယွမ်ရှန့်အား ဆက်လက်ကြီးထွားခွင့် မပြုနိုင်ပေ။

ကျန်းမော့ အလေးအနက် ဖြစ်နေစဉ် သူ၏ဘေးရှိ ရှန့်ယွီမှာ စိတ်လက်ပေါ့ပါးစွာရှိနေသည်။

စည်းချက်နှင့်အညီ လက်ချောင်းလေးများ လှုပ်ရှားနေပြီး သီချင်းထဲ နစ်မြုပ်နေသည့် လက္ခဏာပင်။

ရှန့်ယွီက သီချင်းအမျိုးအစားများစွာ နားထောင်ဖူးသောကြောင့် ယခင်က ဤသီချင်းအား နားထောင်ဖူးပြီး မှတ်မိလွယ်သော်လည်း ထပ်နေသည့်တေးသွားကြောင့် ဂရုမစိုက်ခဲ့ချေ။ ယခု မုန့်ယွမ်ရှန့်၏ တင်ဆက်မှုအား ကြည့်ပြီးနောက် အလင်းသစ်တစ်ခုအား တွေ့ရှိလိုက်ရသည်။

မုန့်ယွမ်ရှန့်ထံ၌ တမူထူးခြားသော စည်းချက်အား ခံစားမိသည်။

ခန္ဓာကိုယ်ကို အသုံးပြုကာ သီချင်းအား ပုံဖော်နေခြင်းပင်။

ဂီတဟူသည်မှာ စကြဝဠာသုံး ဘာသာစကားဖြစ်သည်။

ရှန့်ယွီမှာ အကပိုင်း၌ စိတ်ဝင်စားခြင်း မရှိသည့်တိုင်အောင် ညို့ယူခံလိုက်ရသည်။

မကြာမီမှာပင် တင်ဆက်မှု ပြီးဆုံးသွားသည်။ သို့သော် ရှန့်ယွီမှာ လုံလောက်သည်ဟု မထင်ဘဲ ထပ်မံကပြစေချင်သည်။

ထို့နောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရန် စင်အလယ်သို့ ရောက်လာသည်။

မိတ်ဆက်ပြီးသည်နှင့် အကနည်းပြမှာ မှတ်ချက်ပေးရန် မစောင့်နိုင်တော့ချေ။ 
“ခန္ဓာကိုယ် ထိန်းချုပ်ပုံ.. သီချင်းကို နားလည်မှုနဲ့ ပုံဖော်သွားမှုတွေက အရမ်းကောင်းတယ်..”

သူမ၏ သုံးသပ်ချက်အား ရှန့်ယွီနှင့် အခြားနည်းပြတစ်ဦးမှ ခေါင်းညိတ်ထောက်ခံသည်။

ကျန်းမော့တစ်ဦးတည်းသာ မျက်မှောင်ကြုတ်ပြီး ကြားဖြတ်ပြောလေသည်။
“ကတာတော့ ကောင်းပေမဲ့ ကကွက်က အရမ်းရိုးနေတယ်.. သက်ရောက်မှုမရှိဘူး.. မင်းတို့က အုပ်စု B ကို သွားသင့်တယ်လို့ ထင်တယ်.. တခြားနည်းပြတွေရော ဘယ်လိုမြင်လဲပြောပါဦး..”

အကနည်းပြက မျက်မှောင်ကြုတ်လိုက်သည်။

သူမ၏ ရှုထောင့်မှာ ကျန်းမော့နှင့် ဆန့်ကျင်ဘက်ပင်။ ငြင်းဆိုလိုသော်ငြား ကျန်နည်းပြတစ်ဦးမှ အသာခေါင်းယမ်းပြလာသည်။

သူတို့၏ နေရာမှာ ကျန်းမော့နှင့် ရှန့်ယွီလောက် အရေးမပါမှန်း သိထားသောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ဆိုးဝါးသော သဘောထားကွဲလွဲမှု မဖြစ်လိုပေ။

ထို့အပြင် မုန့်ယွမ်ရှန့်တို့ အုပ်စု A သို့ မသွားနိုင်ခြင်းမှာ ကံဆိုးလှသော်ငြား အုပ်စု B မှာလည်း ရလဒ်ကောင်းတစ်ခုပင်။ 

အကနည်းပြက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

စင်ပေါ်ရှိ မုန့်ယွမ်ရှန့်က ဇဝေဇဝါဖြစ်နေလေသည်။

သူက ကျန်းမော့၏ သဘောထားသေးသိမ်မှုနှင့် အငြိုးကြီးခြင်းအား ကောင်းစွာသိထားသည်။

ကျန်းမော့က သူတို့အား ထုတ်ပယ်ရန် အလွယ်ကူဆုံးဖြစ်သည့် အုပ်စု F သို့ ပို့လိမ့်မည်ဟု ယူဆခဲ့မိသည်။ သို့သော် သင့်တင့်သောရလဒ်တစ်ခု ပေးလာသည်။ ထိုအရာမှာ မမျှော်လင့်ထားသောကြောင့် မုန့်ယွမ်ရှန့် အနည်းငယ် အပြစ်ရှိစိတ် ဝင်မိသည်။ ကျန်းမော့အား မှားယွင်းစွာ သုံးသပ်ခဲ့မိသည်။

အရာအားလုံး သူ့အစီအစဉ်အတိုင်း ဖြစ်လာသဖြင့် ကျန်းမော့ မပြုံးဘဲ မနေနိုင်ချေ။

မုန့်ယွမ်ရှန့်အား အုပ်စု F သို့ ပို့မည် မဟုတ်ပေ။

ဝန်မခံချင်သည့်တိုင်အောင် သူတို့နှစ်ဦး၏ တင်ဆက်ပုံမှာ အမှန်တကယ် အထင်ကြီးလောက်စရာပင်။ ထို့ကြောင့် အုပ်စု F သို့ ပို့လိုက်မည် ဆိုပါက ကျန်နည်းပြများ၏ ကန့်ကွက်ခံရနိုင်သည့်အပြင် ပရိသတ်များ၏ သံသယဝင်ခံရနိုင်သောကြောင့် ပို၍ အာရုံစိုက်ခံရနိုင်သည်။

အကောင်းဆုံးသော နည်းလမ်းမှာ လူများ သတိမပြုမိဘဲ နောက်ကွယ်၌ ပျောက်ကွယ်သွားစေရန် ဖြစ်သည်။ 

အုပ်စု F သို့ သွားခွင့်မပြုနိုင်သလို အုပ်စု A သို့လည်း မပို့နိုင်ပေ။

ထို့ကြောင့် လူအများကြား၌ မထင်မရှားဖြစ်ရန် ရည်ရွယ်၍ အုပ်စု B သို့ ပို့လိုက်ခြင်းဖြစ်သည်။

အရည်အချင်းပြရှိုးများ၌ လူသိများမှုသည်သာ အခရာဖြစ်သည်။ ကောင်းမွန်စွာ ဖျော်ဖြေနိုင်သည့်တိုင်အောင် ဆွဲဆောင်မှု ကင်းမဲ့သောကြောင့် ထုတ်ပယ်ခံရသူ ဒုနှင့်ဒေးပင်။

ပရိသတ်များ၏ မှတ်ဉာဏ်မှာ တိုတောင်းလေသည်။

၂ မိနစ် ၃၀ စက္ကန့်စာ တင်ဆက်မှုမှာ လူထုအာရုံစိုက်မှုအား အချိန်တစ်ခုမျှ ဆွဲဆောင်နိုင်သော်ငြား သူတို့ ထပ်မံပေါ်မလာချိန်တွင် လူအများ၏ စိတ်ဝင်စားမှုမှာ အခြားတစ်ခုဆီသို့ အလျင်အမြန် ပြောင်းလဲသွားကာ များမကြာမီမှာပင် အမေ့လျော့ခံများ ဖြစ်သွားကြလိမ့်မည်။

ထို့ကြောင့် သူတို့နှစ်ဦး ပေါ်လာမည့်အချိန်ကို အတတ်နိုင်ဆုံး လျှော့ချရန် စီစဉ်လိုက်ခြင်းပင်။ စိန်ခေါ်မှုအသစ်လည်း မရှိသလို စကားစမြည်ပြောခန်းလည်း မရှိစေရပေ။

လဲ့ရှစ်က သူတို့ကို ကြော်ငြာချင်ရင်တောင် ဘာမှပြစရာရှိမှာ မဟုတ်ဘူး..

သူတို့ကို အာရုံစိုက်မဲ့ နည်းလမ်းမှန်သမျှ ဖြတ်တောက်ပစ်မယ်.. မြင်ကွင်းထဲက တဖြည်းဖြည်း နစ်မြုပ်သွားကြစမ်း..

ထိုသို့တွေးပြီးနောက် ကျန်းမော့က ပြုံးလိုက်သည်။
“ကျွန်တော်တို့အားလုံး သဘောတူပြီဆိုတော့ အုပ်စု B ကို ဝင်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်..”

အကနည်းပြက ခေတ္တမျှ ကြောင်အသွားပြီး ကျန်နည်းပြတစ်ဦးအား ကြည့်လိုက်ရာ ထိုနည်းပြမှာလည်း မျက်နှာထက်၌ စိတ်ရှုပ်ထွေးမှု အတိုင်းသားပင်။

ပုံမှန်အားဖြင့် သင်တန်းသားများ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးပါက နည်းပြများမှ မေးမြန်းခြင်း ပြုတတ်ကြသည်။ နည်းပြတစ်ဦးမှ စိတ်ဝင်စားလျှင် အပိုဆောင်းဖျော်ဖြေမှုများ တင်ဆက်ပေးရန် တောင်းဆိုခံရတတ်သည်။ 

ထိုအပိုင်းမှာ ရှိုးအား ပိုမိုစိတ်ဝင်စားစေရုံသာ မကဘဲ ပရိသတ်များအပေါ် နက်ရှိုင်းသည့် အမြင်ကောင်းများ ချန်ထားရစ်နိုင်သည်။

ကျန်းမော့က [Boy Group Training Camp] ၌ နည်းပြအသစ်ဖြစ်သော်ငြား ယခင်က အခြားရှိုးများတွင် နည်းပြလုပ်ခဲ့ဖူးသောကြောင့် လုပ်ငန်းစဉ်အား သိနေသင့်သည်။ 
ဘာလို့ အဆင့်သတ်မှတ်တဲ့ အဆင့်ကို တိုက်ရိုက်ကျော်သွားတာလဲ…

ဤနေရာရှိ နည်းပြများထဲတွင် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ရင်းနှီးမှုမရှိသူမှာ ရှန့်ယွီတစ်ဦးတည်းသာဖြစ်သည်။ အကမှာ သူကျွမ်းကျင်သည့်နယ်ပယ် မဟုတ်သောကြောင့် မေးခွန်းထုတ်မနေတော့ချေ။

သင်တန်းသားအချင်းချင်း တီးတိုးပြောနေကြသည်။ 

“သူတို့က အရမ်းမိုက်တာပဲ.. ငါ့မှာ အကြည့်တောင် မလွှဲနိုင်ဘူး..”

“သူတို့က တကယ်ပဲ သင်တန်းသားလား.. သူတို့နဲ့ ပခုံးချင်းယှဉ်ပြီးပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် မတန်ဘူးလို့ ခံစားရတယ်..”

သင်တန်းသားတစ်ဦးမှ ရေရွတ်လိုက်သည်။
“မင်းတို့က ပုံကြီးချဲ့နေတာပဲ.. နည်းပြကျန်းမော့ ပြောတယ်လေ ကကွက်က ရိုးရှင်းတယ်တဲ့.. ငါလည်း အဆင်ပြေတယ် ဆိုရုံလောက်ပဲလို့ ထင်တယ်..”

အနီးမှ ခပ်ကြိတ်ကြိတ်ရယ်သံ ထွက်ပေါ်လာသည်။
“ရိုးရှင်းတာက အဆန်းပြားဆုံးပဲတဲ့.. မင်း မကြည့်တတ်ရင်လည်း လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားကွာ..”

အလှောင်ခံလိုက်ရသူမှ ဒေါသတကြီး လှည့်ကြည့်သည့်အခါ သူ့အား အပြစ်တင်စကားဆိုသူမှာ ရှင်းချိုးရှစ်ကျိမှ ယွမ်ယဲ့ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယွမ်ယဲ့သည် လမ်းဘေးအကပြိုင်ပွဲတစ်ခု၏ ချန်ပီယံဖြစ်ခဲ့ဖူးပြီး ယခုနှစ် [Boy Group Training Camp] ၏ အသန်မာဆုံးသော ပြိုင်ပွဲဝင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ထိပ်တန်းအဆင့်ဖြစ်သည်။

အကနှင့် ပတ်သက်လာလျှင် ဤနေရာရှိ သင်တန်းသားများထဲ၌ ယွမ်ယဲ့ထက် ပိုမိုကျွမ်းကျင်သောသူ မရှိနိုင်ချေ။ ထိုအခြင်းအရာအား အမှတ်ရပြီးနောက် လှောင်ပြောင်ခံလိုက်ရသည့် သင်တန်းသားမှာ သူ၏ ဒေါသအား မြိုသိပ်ကာ တိတ်တိတ်ဆိတ်ဆိတ်နေရုံသာ ရှိတော့သည်။

ယွမ်ယဲ့က ထိုလူအား အာရုံစိုက်မနေတော့ဘဲနှင့် စင်ပေါ်ရှိ မုန့်ယွမ်ရှန့်နှင့် သူ၏အသင်းသားအား ကြည့်ကာ သက်ပြင်းချလိုက်သည်။

အပိုဆောင်းတင်ဆက်မှု ရှိလာလျှင် သူ့အနေဖြင့် ထိုနှစ်ဦးနှင့် အကပြိုင်ရန် အကြံပြုနိုင်သည်။

ကျန်သင်တန်းသားများ၏ ကဟန်မှာ သမားရိုးကျအမျိုးသားအဖွဲ့များကဲ့သို့ပင် ဖြစ်သောကြောင့် စိတ်ဝင်စားဖွယ် မကောင်းချေ။

ဆိုးတာပဲ..

သင်တန်းသားများကဲ့သို့ မဟုတ်ဘဲ ယင်ဟယ်ဖုန်းက အကြည့်တစ်ချက်နှင့်ပင် ကျန်းမော့၏ ရည်ရွယ်ချက်အား မြင်နိုင်သည်။

ပညာသားပါးသော အကွက်ဟု ဝန်ခံရမည်။

ရှိုး၏ အစောပိုင်းအဆင့်၌ ပါရှိသော အပိုဆောင်းဖျော်ဖြေမှုက သင်တန်းသား၏ ထူးခြားသော အကျင့်စရိုက်ကို ဖော်ထုတ်ရန် ပုံဖော်ထားခြင်းဖြစ်ကာ ပရိသတ်များစွာအား ဆွဲဆောင်ရန် လွယ်ကူသော အပိုင်းဖြစ်သည်။

သို့သော် ကျန်းမော့က ထိုအပိုင်းအား မသိမသာ ဖယ်ထုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ ကုမ္ပဏီအဆင့် ဆုံးဖြတ်ချက်ဖြစ်သည်။ ကျင်းယို့နှင့် လဲ့ရှစ်မှာ ပြိုင်ဘက်များသာ။ အဆိုပါ သင်တန်းသားနှစ်ဦးနှင့် သက်ဆိုင်ခြင်း မရှိချေ။

နည်းပြတစ်ဦးအနေနှင့် ကျန်းမော့၏ တာဝန်မှာ သင်တန်းသားများအား လမ်းညွှန်ရန်ဖြစ်ပြီး သူ၏ လုပ်ပိုင်ခွင့်အား အသုံးပြုကာ ဖိနှိပ်ရန် မဟုတ်ချေ။ ဖျော်ဖြေရေးလောက၏ ဝါရင့်တစ်ဦးအနေနှင့် ဤသို့ သဘောထားမသေးသိမ်သင့်ပေ။ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူ တစ်ဦးအနေနှင့် သဘောထားကြီးမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အား ပြသင့်သည်။

ဤကဲ့သို့သော စိတ်ထားမျိုးနှင့်ဆိုလျှင် သင်တန်းသားများ တိုးတက်လာစေရန် စိတ်ရင်းဖြင့် ကူညီပေးလိမ့်မည် မဟုတ်ချေ။

ယင်ဟယ်ဖုန်း ထိုသို့တွေးမိပြီးနောက် နည်းပြများအား ရွေးချယ်ချိန်သို့ ရောက်လာပါက သူ၏ သင်တန်းသားများအား ကျန်းမော့အား မရွေးချယ်ရန် အကြံပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကုရှင်းရှစ်ထံသို့ အကြည့်ရောက်သွားသည်။

သို့သော် ကုရှင်းရှစ်မှာ လုံးလုံးလျားလျား စိတ်အနှောင့်အယှက်ဖြစ်ပုံမရချေ။ စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်လှုပ်ရှားခြင်းများ မရှိရုံသာမက မျက်နှာမှာလည်း ခပ်ပြုံးပြုံးပင်။

ယင်ဟယ်ဖုန်း : ?!!

မစ္စတာကုက ဒီလိုဖြစ်လာမယ်လို့ အစကတည်းက မျှော်လင့်ထားပြီးသားလား..

အမိုက်စားပဲ..

ယင်ဟယ်ဖုန်း သတိမထားမိသည်မှာ စင်ပေါ်ရှိ မုန့်ယွမ်ရှန့်မှာလည်း ထပ်တူထပ်မျှ အံ့အားသင့်နေခြင်း ဆိုသည်ကိုပင်။

မုန့်ယွမ်ရှန့်နှင့် စာချုပ်ချုပ်ပြီးနောက် ကုရှင်းရှစ်သည် ကုမ္ပဏီ၌ ဒုတိယသီချင်း၏ မူပိုင်ခွင့်အား ဝယ်ယူရန် ပိုက်ဆံမရှိတော့ကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ဤတင်ဆက်မှုတစ်ခုတည်းကိုသာ ပြင်ဆင်လာခဲ့ကြခြင်းဖြစ်ကာ အပိုဆောင်းတင်ဆက်ရန် စီစဉ်ထားခြင်း မရှိချေ။

မုန့်ယွမ်ရှန့် ထိုအချိန်က နားမလည်နိုင်ဘဲ ဖြစ်ခဲ့ရသည်။

ကုမ္ပဏီမှာ အစွန်းအဖျားဒေသတွင် ရှိသော်ငြား တပ်ဆင်ထားသော ပစ္စည်းများမှာ ဈေးမပေါပေ။
ဘာလို့ ပိုက်ဆံမရှိ ဖြစ်နေရတာလဲ…

သို့သော ကုမ္ပဏီသို့ ဝင်ကာစဖြစ်သောကြောင့် များများစားစား မေးမနေတော့ဘဲ စိတ်ထဲတွင်သာ သိမ်းထားလိုက်သည်။

သူတို့နှစ်ဦး စတင် မလေ့ကျင်ခင်အထိ ကုရှင်းရှစ်၏ ရည်ရွယ်ချက်အား နားမလည်ခဲ့ပေ။

ကနဦး၌ သူနှင့် ချန်ရှင်းတို့ နှစ်ဦးစလုံးမှာ အကသမားများ ဖြစ်သောကြောင့် သူတို့၏ ကကွက်များအား လျင်မြန်စွာ ကျွမ်းကျင်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် အမှန်တကယ် လေ့ကျင့်ချိန်တွင် တစ်ဦးချင်း၏ သီးခြားလုပ်ဆောင်ချက်များမှာ ကောင်းသော်ငြား တွဲဖက်ကရသည့်အခါ ဆက်တိုက်ဆိုသလို ပြဿနာများ ပေါ်လာပြီး မျှော်လင့်ထားသလို အချိန်ကိုက်လှုပ်ရှားနိုင်ခြင်း မရှိချေ။ 

မုန့်ယွမ်ရှန့် ရုတ်တရက် နားလည်သွားသည်။

သူနှင့် ချန်ရှင်းတို့မှာ အချိန်ကြာမြင့်စွာ သိလာကြသူများ မဟုတ်ပေ။ ထို့ကြောင့် အချင်းချင်း နားလည်မှုနှင့် ယုံကြည်မှုတို့ အကန့်အသတ်ရှိသည်။ ပူးပေါင်းကကွက်များအား အလျင်စလို ကြိုးစားခြင်းကြောင့် ထိခိုက်မှုအချို့ ကြုံတွေ့ရပေမည်။

ပထမဆုံးစင်မြင့်မှာ သူတို့အတွက် အရေးအကြီးဆုံးဖြစ်သောကြောင့် သီချင်းတစ်ပုဒ်ထဲတွင်သာ စွမ်းအားအကုန်ထည့်ထားလျှင် ပိုကောင်းမည်။ ထိုသို့ဆိုလျှင် ပို၍ ပြည့်စုံလာနိုင်ပြီး အမှားမရှိသလောက် ဖြစ်လာပေမည်။

မုန့်ယွမ်ရှန့်က အဆုံးတွင် ကုမ္ပဏီသို့ ဝင်ရောက်လာသည်မှာ တိုတောင်းသော ကာလသာရှိသေးကြောင်း သဘောပေါက်သွားတော့သည်။

ကုရှင်းရှစ်က ထိုအရာများအား ကြိုတင်သိမြင်ကာ မုန့်ယွမ်ရှန့်၏ မာန်မာနအား ကာကွယ်နိုင်ရန်အတွက် တာဝန်များအားလုံး ခေါင်းခံလိုက်ခြင်းပင်။

မုန့်ယွမ်ရှန့်မှာ ယခင်က ဤကဲ့သို့ တန်ဖိုးထားကာ ကာကွယ်ပေးခြင်း မခံရဖူးပေ။

မစ္စတာကုက ငါ့အပေါ် အရမ်းကောင်းတာပဲ..

မစ္စတာကု ကျဆုံးခွင့် မပြုနိုင်ဘူး..

နောက်ပိုင်းရက်များ၌ မုန့်ယွမ်ရှန့်သည် ၂၀၀ % အားစိုက်ထုတ်ကာ သူတို့၏ ကကွက်များအား အမြင့်ဆုံးထိရောက်အောင် လေ့ကျင့်ခဲ့သည်။

သို့တိုင်အောင် မစိုးရိမ်ဘဲ မနေနိုင်ချေ။

နည်းပြများမှ ထပ်ဆောင်းတင်ဆက်မှုများ တောင်းဆိုလာပါက သူတို့ထံ၌ လေ့ကျင့်ထားသည်များ မရှိချေ။ ထိုသို့ဆိုလျှင် အရည်အချင်းအစစ် မရှိဟု ပရိသတ်များ တွေးထင်မိနိုင်သည်။

ပထမဆုံး ထင်မြင်ချက်မှာ အရေးပါသည်။ ထင်မြင်ချက်တစ်ခု ပေးပြီးလျှင် ယင်းအား ပြန်ပြောင်းနိုင်ရန် အားစိုက်ထုတ်မှု များစွာလိုအပ်သည်။

သို့သော် ကုရှင်းရှစ်၏ တည်ငြိမ်မှုနှင့် အပြုအမူတို့အား တွေးမိသည့်အခါ မုန့်ယွမ်ရှန့်၏ ခေါင်းထဲ၌ အတွေးသစ်တစ်ခု ပေါ်လာသည်။

ဆိုတော့.. မစ္စတာကုရဲ့ အတုမဲ့ ကြိုတင်သိမြင်မှုနဲ့ ဘယ်လိုဖြေရှင်းရမလဲ စီစဉ်ထားပြီးတာများလား..

မုန့်ယွမ်ရှန့် စိတ်လှုပ်ရှား မျှော်လင့်နေစဉ်မှာပင် ကျန်းမော့က ထပ်ဆောင်းဖျော်ဖြေမှုအပိုင်းအား တိုက်ရိုက်ကျော်ချသွားလေသည်။

မုန့်ယွမ်ရှန့် : !!!

မစ္စတာကုက တကယ်ပဲ သိနေတာပဲ..

မစ္စတာကုက အရမ်းမိုက်တယ်..

မုန့်ယွမ်ရှန့် သူ၏ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများအား မထိန်းနိုင်တော့ချေ။ ချန်ရှင်းအား ဆွဲကာ နည်းပြများရှိရာသို့ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ် နည်းပြတို့..”

ကျန်းမော့ : ??

ဘာလဲ..

ငါတစ်ခုခု မှားသွားတာများလား..


🍉🍉🍉🍉 အခန်း ၉


ပထမဆုံးစင်မြင့်ပြီးနောက် ရှိုး၏ အဓိကသီချင်းအား အသံသွင်းရန်ဖြစ်သည်။

သင်တန်းသားများသည် အဓိကသီချင်းနှင့် ကကွက်အား လေ့ကျင့်ရန် အချိန် ၃ ရက်သာ ရရှိပြီး  C (center) နေရာအား ရွေးချယ်ရန် ဆုံးဖြတ်ရမည်ဖြစ်သည်။ 

သို့သော် ဤတစ်ကြိမ်၌ C နေရာအား ရွေးချယ်ရန် နည်းလမ်းအသစ်ကို အသုံးပြုမည်ဖြစ်သည်။

ယင်ဟယ်ဖုန်းက ကုရှင်းရှစ်ထံသို့ ချဉ်းကပ်ကာ လေးနက်စွာပြောသည်။
“ဥက္ကဌကု ကြားပြီးပြီလား.. ဒီတစ်ကြိမ် အဓိကသီချင်းရဲ့ C နေရာကို တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရေပန်းစားတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်မှာတဲ့..”

တိုက်ရိုက်ထုတ်လွှင့်သည့် လုပ်ဆောင်ချက်မှာ  [Boy Group Training Camp] ယခင်season၏ လျှို့ဝှက်လက်နက်ဖြစ်ပြီး အမျိုးမျိုးသော အရည်အချင်းပြရှိုးများအကြား ကွဲထွက်သွားစေသည်။ 

ရှိုး၏ ထုတ်လုပ်သူများက သင်တန်းသား တစ်ဦးစီအတွက် တိုက်ရိုက်ထုတ်လွှင့်ခန်းများ ပြင်ဆင်ထားပေးမည်ဖြစ်ကာ အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်ရန် လိုအပ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းများ၌ သင်တန်းသားများသည် ပရိသတ်များနှင့် သီဆို ကခုန်ကာ စကားပြောနိုင်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှု နောက်ဆုံးရလဒ်အပေါ် မူတည်၍ အဓိကသီချင်း၏ နေရာများအား သတ်မှတ်မည်ဖြစ်သည်။

တစ်နည်းဆိုရသော် ရေပန်းစားမှုမြင့်သူများမှာ ရှေ့တန်းသို့မဟုတ် C နေရာအား ရရှိနိုင်ပြီး  á€›á€ąá€•န်းစဏးမသု နည်းပါက အစွန်သို့ ပို့ခံရပေမည်။

ယင်းက ပရိသတ်ရှိနှင့်ပြီးသား သို့မဟုတ် ကုမ္ပဏီကြီးများ၏ သင်တန်းသားများအတွက် ကောင်းမွန်သောအရာပင်။ မိမိ၏ သင်တန်းသားအား ကြော်ငြာရန် ရန်ပုံငွေ အကန့်အသတ်ရှိသည့် ကုမ္ပဏီငယ်များ သို့မဟုတ် သီးသန့်သင်တန်းသားများအတွက်မူ အခွင့်မသာချေ။

အထူးသဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းကဲ့သို့ နာမည်မရှိသေးသည့် သူများအတွက် ဤအစီအစဉ်မှာ ဆိုးကျိုးတစ်ရပ်ဖြစ်သည်။

ယင်ဟယ်ဖုန်းက ကုရှင်းရှစ်အား အသံတိုး၍ပြောသည်။
“ဥက္ကဌကု ကျွန်တော် သိသလောက်တော့ အဲဒီ အဆိုပြုချက်ကို ကျန်းမော့ တင်သွင်းတာတဲ့.. ဥက္ကဌကု ပြင်ဆင်ထားသင့်တယ်..”

ဤအကြံပြုချက်မှာ ဂယက်များစွာအား ဖြစ်ပေါ်စေသည်။

ကုရှင်းရှစ် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

ယခင်season၌ တိုက်ရိုက်ထုတ်လွှင်သည့် လုပ်ဆောင်ချက်မှာ seasonအလယ်မှ မိတ်ဆက်ခြင်းဖြစ်ပြီး သင်တန်းသားများ ပရိသတ်အချို့နှင့် အသိအမှတ်ပြုမှုများအား ရရှိပြီးနောက်မှဖြစ်သည်။ သို့သော် ဤseason၌ အစပိုင်းမှာပင် မိတ်ဆက်လာသည်။

အဲဒီ ခွေးကျန်းမော့က ငါတို့ကို ပစ်မှတ်ထားနေတာ လုံးဝသိသာတယ်..

ယင်ဟယ်ဖုန်းအား သတင်းပေးမှုအတွက် ကျေးဇူးတင်ပြီးနောက် ကုရှင်းရှစ်က အလျင်အမြန်ပင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား ရှာဖွေရန် ထွက်ခွာသွားသည်။

မုန့်ယွမ်ရှန့်တို့သည်လည် ထိုသတင်းအား ယွမ်ယဲ့ထံမှ ကြားသိထားပြီး ကုရှင်းရှစ်အား မြင်လိုက်ချိန်တွင် စိတ်ညစ်နေပုံရသည်။

မုန့်ယွမ်ရှန့်မှာ သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
“လူတိုင်း ဒီအခြေအနေနဲ့ ကြုံတွေ့ရတာ ကျွန်တော့်ကြောင့်ပါ..”

ကုရှင်းရှစ်က မြန်မြန်ဆန်ဆန်ပင် နှစ်သိမ့်လိုက်သည်။
“ဘယ်ဟုတ်မှာလဲ.. မင်းနဲ့ မဆိုင်ပါဘူး.. ကျန်းမော့ရဲ့ အမှားဆိုတာ သိသာနေတာပဲ.. မင်းကလည်း ဒီကိစ္စမှာ အပြစ်မရှိဘဲ ခံရတဲ့သူပါ..”

စကားပြောမတတ်သည့် ချန်ရှင်းပင်လျှင် ပါးစပ်ဖွင့်လာသည်။
“ဟုတ်တယ်.. ဘယ်သူကမှ ကိုယ့်အမှားကြောင့် ရည်းစားဟောင်းကို အပြစ်ပေးမှာ မဟုတ်ဘူးလေ..”

ကုရှင်းရှစ် : “…”

“ဟုတ်ပြီ.. နှစ်သိမ့်ပေးတာတော့ ကောင်းပါတယ်.. နောက်တစ်ကြိမ်ကျ မပြောမိအောင် ကြိုးစား..”

တိုက်ရိုက်ထုတ်လွှင့်မှုများမှာ သီးခြားစီဖြစ်သော်ငြား သင်တန်းသားများက ပူးပေါင်းထုတ်လွှင့်နိုင်ကြသည်။ ထိုသို့ဆိုလျှင် နောက်ဆုံးသော ရလဒ်အား ပျမ်းမျှချလိုက်မည်ဖြစ်သည်။

ကောင်းကွက်မှာ ရေပန်းစားမှုမြင့်သည့် သင်တန်းသားများမှ အခြားသူများအား ကူညီပေးနိုင်ခြင်းဖြစ်ကာ ပြုတ်ကျမသွားစေရန် ကာကွယ်ပေးနိုင်သည်။ သို့သော် တစ်ဖက်၌ ယင်းသည် ရေပန်းစားမှုမြင့်သည့် သင်တန်းသားများ၏ ရလဒ်အဆင့်အား သက်ရောက်မှုရှိနိုင်သည်။

ဥပမာအားဖြင့် ရှင်းချိုးရှစ်ကျိ၏ သင်တန်းသား ၄ ဦး၌ ယွမ်ယဲ့တစ်ဦးတည်းသာ ပရိသတ်ရှိခြင်းဖြစ်ပြီး ကျန် ၃ ဦးမှာ ကိုယ်ပျောက်များသဖွယ်ပင်။ ယင်ဟယ်ဖုန်းက သူတို့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းများအား ပူးပေါင်းရန် စီစဉ်ပေးထားပြီး ယွမ်ယဲ့မှ ရေပန်းစားမှုအချို့ ရရှိအောင် ကူညီပေးမည် ဖြစ်သည်။

တစ်ချိန်တည်း၌ ကျင်းယို့အင်တာတိန်းမန့်၏ သင်တန်းသားများမှာ သီးသန့်စီ ထုတ်လွှင့်ကြမည်ဖြစ်ပြီး ၄ ဦးစလုံး C နေရာအား ပစ်မှတ်ထားနေကြောင်း ထင်ရှားသည်။

ထိုအဖြစ်အပျက်များမှာ ကုရှင်းရှစ်၏ အဖွဲ့အား သက်ရောက်မှုမရှိချေ။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ လတ်တလော ရေပန်းစားမှု အဆင့်အရ ပူးပေါင်းသည်ဖြစ်စေ သီးခြားထုတ်လွှင့်သည်ဖြစ်စေ ကွဲပြားမှုမရှိပေ။ 

ကုရှင်းရှစ်က သူ့အဖွဲ့ ရေပန်းစားမှု ရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေနေစဉ် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ညနေခင်း၌ ထုတ်လွှင့်ရန်အတွက် ပြင်ဆင်ထားရန် ညွှန်ကြားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ရေပန်းစားမှု သတ်မှတ်ချက်အား နည်းလမ်း ၂ ခုအပေါ် မူတည်၍ သတ်မှတ်သည်။ ကြည့်ရှုသူ အရေအတွက်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်း၌ ပရိသတ်များ ကုန်ဆုံးသည့်အချိန်ပေါ်၌ ဖြစ်သည်။

ဆိုလိုသည်မှာ သူတို့အနေဖြင့် ကြည့်ရှုသူများအား ဆွဲဆောင်ရန် လိုအပ်သည်သာ မကဘဲ ပရိသတ်များအား စိတ်ပါဝင်အားအောင် ပြုလုပ်ရပေမည်။

လွယ်တော့မလွယ်ဘူး..

ကုရှင်းရှစ် အတွေးနက်နေစဉ် စနစ်မှ အလင်းပွင့်စေမည့် အကြံတစ်ခု ပေးလာသည်။

ကုရှင်းရှစ်၏ မျက်လုံးများ အရောင်လက်သွားသည်။
“အကြံရပြီ..”

*

ညနေခင်းမှာ အွန်လိုင်းသုံးသူ အများဆုံးဖြစ်သည်။

ချောင်ရို့ယောင်နှင့် သူမ၏ အခန်းဖော်က ဟော့ပေါ့စားပြီးနောက် ဖုန်းကြည့်လျက် ကျောင်းပြန်လာသည်။

သူမ၏ အခန်းဖော်က ချောင်ရို့ယောင်၏ဖုန်းအား တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
“နင့် idol ရဲ့ နာမည်ကို မြှင့်ပေးနေပြန်တာလား.. ဟမ့်..”

ချောင်ရို့ယောင်က မော့မကြည့်ဘဲ ပြန်ဖြေသည်။
“စုန့်စုန့်ရဲ့ ကုမ္ပဏီက အသုံးမကျဘူး.. သူက ဘယ်တော့မှ အရင်းအမြစ်ကောင်းတွေ ရတာမဟုတ်ဘူး.. သူ့မှာ ငါတို့ပဲရှိတာ..”

ထိုအချိန်မှာပင် အခြားအခန်းဖော်တစ်ဦးထံမှ အသံကျယ်ကျယ် ထွက်ပေါ်လာသည်။
“ရို့ယောင်ရေ.. နင့် idol ကတော့ ဝေ့ပေါ်မှာ လတ်တလောထိပ်တန်းသတင်းထဲ ပါလာပြီ..”

“ဘာဖြစ်တယ်..”
ချောင်ရို့ယောင် ဆွံ့အသွားပြီး များမကြာမီမှာပင် ပရိသတ်အဖွဲ့၏ ပျားပန်းခပ်နေသည့် လှုပ်ရှားမှုများအား မြင်လိုက်ရသည်။

တစ်စက္ကန့်မျှပင် နှောင့်နှေးမနေဘဲနှင့် ဝေ့ပေါ်၏ လတ်တလောထိပ်တန်းသတင်းခေါင်းစဉ်များအား ဖွင့်လိုက်သည်။

ထိပ်ဆုံး၌ ရှိနေသည်မှာ #ကြားဖြတ်သတင်း #စုန့်ယန်ကယွမ်ချင်းချင်းနဲ့ညဘက်အပြင်ထွက်တယ်

ယွမ်ချင်းချင်းဆိုသည်မှာ ရွှေဆု ၃ ခုရ မင်းသမီးတစ်ဦးဖြစ်ပြီး သူမ၏ ထင်ရှားသော သရုပ်ဆောင်မှုနှင့် နာမည်ကျော် ရုပ်ရှင်များကြောင့် လူများစွာ၏ ငယ်ဘဝ idol တစ်ဦးဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာက ယွမ်ချင်းချင်းသည် ဖန်သားပြင်နောက်သို့ အောင်မြင်စွာ ကူးပြောင်းသွားခဲ့သည်။

စုန့်ယန်မှာ ဖျော်ဖြေရေးလောက၌ ဒုတိယခေါင်းဆောင်မင်းသားတစ်ဦးအဖြစ် ကျော်ကြားသည်။ သူ၏ သရုပ်ဆောင်အရည်အချင်းမှာ သာမန်သာဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကြာပြီးနောက်၌ပင်လျှင် အရည်အချင်း တိုးတက်မလာပေ။

သူတို့၏ အသက်အရွယ် ကွာဟမှုနှင့် အဆင့်အတန်းမှာ ကမ္ဘာနှစ်ခုအလား ခြားနားလွန်းသောကြောင့် သဘာဝကျစွာပင် ထွက်‌ပေါ်လာသော ကောလာဟလအပေါ် အမျိုးမျိုးသော ထင်မြင်ချက်များ ပေးကြသည်။

အဆိုပါသတင်းအားတင်သည့် အကောင့်မှာ “GossipLover #6” ဖြစ်ပြီး နာမည်ကျော် ပါပါရာဇီတစ်ဦးဖြစ်သည်။

မှတ်ချက်ပေးသည့်နေရာ၌ ငြင်းခုံမှုအပြည့်ရှိနှင့်ပြီးဖြစ်သည်။

“စုန့်စုန့်က ဇာတ်လမ်းအသစ်အတွက် ဆွေးနွေးရင်း စီနီယာနဲ့ ညစာထွက်စားရုံလေးပဲလေ.. နင်တို့က ဘာဖြစ်နေကြတာလဲ..”

“ငါတို့ကောင်လေးက အဲဒီအဖွားကြီးကို နှစ်ခါပြန်တောင် မကြည့်ဘူးနော်.. ငါ့ကောင်လေးကို ဆွဲချနေတာ ရပ်ပါတော့..”

“ဝါးဟားဟား.. ဇာတ်လမ်းအသစ် ဆွေးနွေးတာတဲ့လား.. စုန့်ယန်လို သရုပ်ဆောင်ပုံမျိုးနဲ့ နောက်ကွယ်က အပေးအယူတွေသာ မရှိရင် အခွင့်အရေးတောင် ရမှာ မဟုတ်ဘူး..”

“ကိုယ်ပြောတဲ့စကားကိုယ် ဂရုစိုက်တာ ကောင်းမယ်ထင်တယ်နော်.. အစ်မချင်းက သွားရှုပ်လို့ရတဲ့သူ မဟုတ်ဘူး.. နင်တို့က သူ့ကို ‘အဖွားကြီး’ လို့ တစ်ကြိမ်မကခေါ်နေပေမဲ့ နင်တို့ idol ကတော့ သူ့ရှေ့ ခေါင်းငုံ့နေရတာ..”

“ယွမ်ချင်းချင်းက ဘာမဟုတ်တဲ့လူတစ်ယောက်နဲ့ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး.. ဒီလို အမိုက်စားလေဒီက သူနဲ့တန်းမတူတဲ့လူမျိုးကို တွေးမယ်လို့ ထင်နေလား..”

“အစ်မချင်းက ဒီတိုင်း အပျင်းပြေဆော့နေတာပဲဖြစ်မှာ..”

“အစ်မချင်းက ကြည့်ကောင်းတယ်.. အရည်အချင်းရှိပြီး ထက်မြက်တယ်.. အပျင်းပြေဆော့နေတယ်ဆိုရင်တောင် စုန့်ယန်ကို မျက်နှာသာပေးလိုက်တာပဲ..”

“ဘာလို့ စုန့်ယန်လဲ.. မနာလိုလွန်းလို့ သေတော့မယ်.. မမရေ.. ယောကျ်ားတွေကိုပဲ မကြိုက်ပါနဲ့လို့..”

“သူတို့ တကယ်ကြီး ချိန်းတွေ့နေကြတယ်လို့ထင်တာ ငါတစ်ယောက်တည်းလား.. အသက်ကွာတာကို ခဏဘေးချိတ်ထားလိုက်.. သူတို့ အတူရှိနေတာ တကယ်ကြည့်ကောင်းတယ်..”

“ဖရဲသီးစားမဲ့သူတွေက အဆင်သင့်ပဲနော်.. အချစ်ပဲဖြစ်ဖြစ် သကြားမေမေပဲဖြစ်ဖြစ် ငါတို့ကတော့ ဒရာမာကြည့်မှာပဲ..”

“နေကြပါဦးဟ.. အခုမှ မှုန်ဝါးဝါး ဗီဒီယိုလေး တစ်ခုပဲရှိသေးတာကို.. စောင့်ကြည့်ကြပါဦး..”

*

ချောင်ရို့ယောင် ဒေါသူပုန်ထနေသည်။
“အဓိပ္ပါယ်မရှိတာတွေ.. စုန့်စုန့်က ဒီလိုလူမဟုတ်ဘူး.. တစ်ယောက်ယောက်က သူ့ကို အပုပ်ချဖို့ ကြိုးစားနေတာ..”

စုန့်ယန်၏နာမည်အား ရှင်းလင်းရန် ပရိသတ်များ စုစည်းနေကြစဉ်မှာပင် ယွမ်ချင်းချင်း၏ စတူဒီယိုမှ ရိုးရှင်းသော ဖြေရှင်းချက်တစ်ခု ထုတ်ပြန်လာသည်။ ယွမ်ချင်းချင်းနှင့် စုန့်ယန်တို့က အသစ်ရိုက်ကူးမည့် ဇာတ်လမ်းအတွက် ဆွေးနွေးနေကြခြင်းဖြစ်ပြီး ရိုးရိုးသားသား လုပ်ဖော်ကိုင်ဖက်သက်သက်ဖြစ်ကြောင်း ဆိုထားသည်။ စုန့်ယန်၏ကုမ္ပဏီမှလည်း အဆိုပါ ဖြေရှင်းချက်အား အလျင်အမြန်ပင် ပြန်လည်မျှဝေသည်။

ယွမ်ချင်းချင်း၏ ထုတ်ပြန်ချက်အားကြည့်ကာ ချောင်ရို့ယောင် စိတ်သက်သာရာ ရမိသည်။

စုန့်ယန်က နှစ်ပေါင်းများစွာတိုင်အောင် သန့်ရှင်းသောပုံရိပ်အား ထိန်းသိမ်းထားနိုင်ခဲ့ပြီး ထွက်ပေါ်လာသည့် ကောလာဟလများမှာလည်း အမှန်မဟုတ်ချေ။

သို့သော် ချောင်ရို့ယောင် လုံးလုံးလျားလျား သတိမလျော့နိုင်သေးပေ။

သူမ၏ အတွေ့အကြုံအရ ဤအခြေအနေမျိုးတွင် အခြေအမြစ်မရှိသော ကောလာဟလများအား ဖြန့်ဝေမည့်သူများ ပေါ်လာတတ်သည်။ အနုပညာရှင်များစွာမှာ ထိုသို့သောနည်းလမ်းများကြောင့် ဂုဏ်သတင်းကျဆင်းခဲ့ရသည်။

လတ်တလောထိပ်တန်းသတင်းနှင့် ပင်မစာမျက်နှာအား လှည့်ပတ်ကြည့်နေစဉ်မှာပင် ပိုစ့်တင်ခုအား တွေ့လိုက်ရသည်။

ယင်းမှာ လတ်တလောစာရင်းသွင်းထားသည့် အကောင့်တစ်ခုဖြစ်ပြီး “အတင်းပြောစနစ် 10086” ဟု ခေါ်သည်။

ထိုအကောင့်၌ ပိုစ့်တစ်ခုသာ ရှိသည်။
[ထိတ်လန့်စရာပဲ.. ဖျော်ဖြေရေးလောကရဲ့ သုံးပွင့်ဆိုင်တဲ့.. ကံကြမ္မာရဲ့ လှည့်စားမှုလား ဒါမှမဟုတ် ကိုယ်ကျင့်တရားတွေ မရှိတော့တာလား.. နာမည်ကျော် အမျိုးသားကြယ်ပွင့်.. သာမန်ချစ်သူကောင်မလေးနဲ့ ဆုရမင်းသမီးတို့ရဲ့ အချစ်အမုန်း အရှုပ်အထွေးကို သိချင်ရင် နှိပ်ကြည့်ပါ..]

ချောင်ရို့ယောင် ဒေါသထွက်လာသည်။

အင်တာနက်ပေါ်ရှိ အရည်မရ အဖက်မရတင်သူများမှာ အတော်လေးအားနေပုံပင်။

တစ်ဖက်တွင် လူများမှာ ‘သာမန်ချစ်သူကောင်မလေး’ ဟူသည့် အဓိပ္ပါယ်အား မေးခွန်းထုတ်နေကြသည်။

ယင်းသည် စုန့်ယန် ဟိုတယ်တစ်ခု၌ တည်းခိုစဥ်က ထွက်ပေါ်လာသော ကောလာဟလဖြစ်ပြီး ပါပါရာဇီတစ်ဦးသည် စုန့်ယန်၏ ဟိုတယ်ခန်း၌ လှပသည့် မိန်းကလေးတစ်ဦးအား တွေ့ရှိခဲ့သောကြောင့် အချိန်ကြာမြင့်စွာတွဲလာသော ချစ်သူကောင်မလေးဟူသည့် ကောလဟာလ စတင်ပေါက်ဖွားလာသည်။

အဆိုပါပိုစ့်သည် ချက်ချင်းဆိုသလို ပရိသတ်များ၏ တုံ့ပြန်မှုအား တစ်ခဲနက် ရရှိလိုက်သည်။

[နောက်ဆုံးတစ်ခေါက် ပြောလိုက်မယ်.. သူက ဟိုတယ်ဝန်ထမ်း.. စုန့်စုန့်က ဒီအကြောင်းကို ရှင်းပြပြီးသား.. နင့်မျက်လုံးတွေကို မလိုဘူးဆိုလည်း လှူပစ်လိုက်..]

[ဒီပေါက်ကရကောင်တွေက မမောနိုင်သေးဘူးလား မသိဘူး.. နာမည်ကြီးချင်ရင် တခြားနည်းရှာ..]

[@စုန့်ယန်စတူဒီယို ထတော့ဟဲ့.. သူတို့က နင်တို့မင်းသားကို ရွံ့ရေတွေပက်နေပြီ.. တရားစွဲတော့.. သူတို့ တက်နင်းမခံနဲ့..]

ချောင်ရို့ယောင်က ဒေါသထွက်နေသော ပရိသတ်အဖွဲ့ထဲ ဝင်ပါလိုက်သည်။

တုန်လှုပ်နေသောရှောင်ချောင် : [ဒီတိုင်း သာမန်ဓာတ်ပုံလေးပဲကို ဇာတ်လမ်းတစ်ပုဒ်ပါ ဖန်တီးလိုက်တယ်ပေါ့.. ဘယ်မှာလဲ သက်သေက..]

မမျှော်လင့်စွာပင် “အတင်းပြောစနစ် 10086” မှ သူမအား ချက်ချင်းပင် တုံ့ပြန်ကာ စုန့်ယန်၏ ဓာတ်ပုံတစ်ပုံ တင်လိုက်သည်။

ပုံထဲ၌ စုန့်ယန်က ကုတ်အင်္ကျီအရှည် ဝတ်ဆင်ထားပြီး ကြီးမားသော အနက်ရောင်လက်ဆွဲသေတ္တာကိုဆွဲကာ ပရိသတ်များအား ပြုံးလျက် လက်ယမ်းပြနေသည်။

ချောင်ရို့ယောင် ချက်ချင်းပင် ပရိသတ်တစ်ဦး ရိုက်ယူထားသည့် ထိုဓာတ်ပုံအား မှတ်မိသွားသည်။ ၎င်းက စုန့်ယန် ထိုဟိုတယ်၌ တည်းခိုရန် စာရင်းသွင်းသည့်အချိန် ဖြစ်သည်။

စုန့်ယန်၏ ထိုပုံစံအား လွန်စွာသဘောကျသောကြောင့် သူမ၏ ဖုန်းနောက်ခံပုံအဖြစ် ထားရှိခဲ့သေးသည်။

ချောင်ရို့ယောင် ကြောင်အကာဖြင့် ပြန်ပြောသည်။

တုန်လှုပ်နေသောရှောင်ချောင် : [ငါ့ idol က ချောတယ်ဆိုတာ သိတယ်လေ.. ဒါပေမဲ့ ငါမေးချင်တာက သက်သေ ဘယ်မှာလဲ.. သက်သေမရှိရင်လည်း တောင်းပန်ပြီး ထွက်သွားလိုက်.. အိုကေနော်..]

အတင်းပြောစနစ် 10086 : [အဲဒါက သက်သေပဲလေ..]

တုန်လှုပ်နေသောရှောင်ချောင် : [???]

အတင်းပြောစနစ် 10086 : [လူက အဲဒီ လက်ဆွဲသေတ္တာထဲ ပုန်းနေတာလေ..]

ချောင်ရို့ယောင် : [!!!]

သူမ၏ ကျောရိုးတစ်လျှောက် အေးစက်ကာ အလိုလို တုန်ယင်လာသည်။

အခြားသူများသည်လည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကြသည်။

မှတ်ချက်များမှာ -

[ဘုရား ဘုရား ဘုရား..]

[လန့်သေတော့မှာပဲ..]

[ညမိုးချုပ်နေပြီလေဟာ.. ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ ဟာသတွေ မပြောလို့ရမလား..]

ထိုအချိန်မှာပင် ယွမ်ချင်းချင်း၏ ပရိသတ်များ ရောက်ရှိလာသည်။

[အဲဒါက ငါတို့ အစ်မချင်းနဲ့ ဘာများ သက်ဆိုင်လို့လဲ.. အစ်မချင်းက သူ့အလုပ်ကိုပဲ အာရုံစိုက်နေတာ.. ပရမ်းပတာ သတင်းတွေထဲ ငါတို့အစ်မကို ဆွဲဆွဲမထည့်ကြနဲ့..]

[ငါ့တို့ အစ်မချင်းကို ပြန်ခေါ်သွားပြီ.. ဒီအရှုပ်ကြား ငါတို့တွေ လုံးဝ ဝင်မပါချင်ဘူး..]

[ပိုစ့်တင်တဲ့သူကို ခင်လို့ သတိပေးတာနော်.. အစ်မချင်းက အဓိပ္ပါယ်မရှိတဲ့ သတင်းတွေကို လွယ်လွယ်လေး လွှတ်မပေးတတ်ဘူး.. ရှေ့နေအသင့်ပြင်ထားလိုက်တော့..]

အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အတင်းပြောစနစ် 10086 မှာ တုန်လှုပ်ခြင်းမရှိသည့်အပြင် တည်ငြိမ်စွာ ပြန်ပြောသည်။

အတင်းပြောစနစ် 10086 : [မဆိုင်ဘူးလို့ ဘယ်သူပြောလဲ.. စုန့်ယန်ရဲ့ ‘သာမန်ချစ်သူကောင်မလေး’ ဆိုတာ ယွမ်ချင်းချင်းရဲ့ နှစ်ပေါင်းများစွာ ပျောက်နေတဲ့ သမီးအရင်းလေ..]

[ဘာ.. ဖြစ်.. တယ်...]

[နင်ရူးနေလား.. အစ်မချင်းက လက်တောင်မထပ်ဖူးဘူးဟဲ့.. ဘယ်နားက သမီးပေါ်လာတာတုန်း..]

[နင့်ဘာသာနင် စုန့်ယန်ကို သတ်ပဲသတ်သတ် ဖြတ်ပဲဖြတ်ဖြတ် စိတ်မဝင်စားဘူး.. ငါတို့ရဲ့ ဘုရင်မချင်းကို စော်ကားရင်တော့ ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်..]

*

တစ်ချိန်တည်းမှာပင် ရိုက်ကွင်း၌။

“ရပ်.. အကုန်ကောင်းတယ်..”

သူမ၏အခန်း ရိုက်ကူးပြီးနောက် ယွမ်ချင်းချင်း မိတ်ကပ်ဖျက်ရန် သူမ၏ ကားရှိရာသို့ ပြန်သည်။

သူမက မျက်လုံးမှိတ်လျက် လက်ထောက်ဖြစ်သူပြောကြားသည့် သတင်းအသစ်များအား နားထောင်နေသည်။
“ရှင်းလင်းချက် ထုတ်ပြန်ပြီးပါပြီ.. စုန့်ယန်ရဲ့အဖွဲ့ကတော့ စုန့်ယန်က အစ်မကို လူကိုယ်တိုင်တောင်းပန်ပြီး ညစာကျွေးချင်တယ်လို့ ဆိုပါတယ်..”

“ဘာညစာမှ မလိုဘူး..”
ယွမ်ချင်းချင်း၏အမူအရာက မပြောင်းမလဲ ရှိနေသည်။

“သူ့နေရာမှာ အစားထိုးဖို့ ပရိုဂျူဆာလုံကိုပြောလိုက်..”

“သိပါပြီ..”
လက်ထောက်က ချိီတုံချတုံဖြစ်ပြီးနောက် ဆက်ပြောသည်။
“ပြီးတော့.. အစ်မချင်း.. နောက်ထပ် ကိစ္စတစ်ခုလည်း ရှိနေသေးတယ်..”

ယွမ်ချင်းချင်း မျက်လုံးဖွင့်လိုက်သည်။

သူမ၏ အသွင်အပြင်မှာ တင်းမာပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက်၌ သူမ၏ တည်ရှိမှုမှာ ပိုမိုထိတ်လန့်ဖွယ်ဖြစ်လာသည်။

လွှမ်းမိုးခံလိုက်ရသည့် လက်ထောက်ဖြစ်သူမှာ အလျင်အမြန်ပင် ဝေ့ပေါ်အားဖွင့်ကာ သူမထံ ဖုန်းပေးလိုက်သည်။
“ဒါကို ကြည့်ကြည့်ပါဦး..”

“အတင်းပြောစနစ် 10086” ဟု ခေါ်သော အကောင့်မှာ အတည်ပြုထားခြင်း မရှိသေးသည့် အကောင့်လေးတစ်ခုသာ ဖြစ်သော်ငြား ဝေ့ပေါ်၏ လတ်တလောထိပ်တန်းသတင်းများ၏ ထိပ်ဆုံး၌ ရှိနေသည်။

ပထမဆုံးပိုစ့်မှာပင် ယွမ်ချင်းချင်း မျက်မှောင်ကြုတ်မိသော်ငြား အကျိုးမရှိသော ကောလာဟလ သတင်းများကြောင့် လက်ထောက်ဖြစ်သူမှ သူမ၏အချိန်အား ဖြုန်းမည်မဟုတ်မှန်း သိသဖြင့် ဆက်ဖတ်လိုက်သည်။ ဆက်ဖတ်ပြီးနောက် ယွမ်ချင်းချင်း အေးခဲကာ ရင်ထဲ ဗလောင်ဆူလာသည်။

အစောပိုင်းနှစ်များ၌ ဟောင်ကောင်တွင် သူမ၏ အချစ်ဦးနှင့် ရရှိခဲ့သော သမီးတစ်ယောက် ရှိခဲ့သည်။ ထိုသူ ကွယ်လွန်သွားပြီးနောက် အမှတ်တရများမှ ရုန်းထွက်ရန် ဟောင်ကောင်အား စွန့်ခွာခဲ့သည်။

သူမ ပြောင်းရွှေ့ပြီး မကြာမီမှာပင် သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည်။

နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော်ငြား ထိုဖြစ်ရပ်မှာ သူမနှင့် ရင်းနှီးသူများသာ သိထားသော နက်ရှိုင်းသည့် လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။

ဒီအကောင့်က ဘယ်လိုလုပ်ပြီး သိထားတာလဲ..

ယွမ်ချင်းချင်း ဆတ်ခနဲ ထရပ်လိုက်ပြီး စူးရှသော အကြည့်များဖြင့် သူမပတ်ဝန်းကျင်ရှိ လူများအား ကြည့်လိုက်သည်။
“ဘယ်သူပြောတာလဲ..”

သူမ၏ လက်ထောက်များနှင့် မန်နေဂျာက ခေါင်းယမ်းကြသည်။

သူမနှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကြသော တွဲဖက်များမှာ သူမအား သစ္စာဖောက်မည်မဟုတ်မှန်း ယွမ်ချင်းချင်းသိသည်။

ဤသတင်းမှာ အလွန်အရေးကြီးသဖြင့် သတင်းမှားဖြစ်နေခဲ့လျှင် သူမ မည်မျှ ခံစားရမည်ဆိုသည်ကို တွေးမကြည့်နိုင်ပေ။

ထို့ကြောင့် သူမ၏ လက်ထောက်အား စုန့်ယန်ထံ ဆက်သွယ်ပြီး ပိုစ့်တွင်ဖော်ပြထားသည့် မိန်းကလေးအား ရှာဖွေရန်နှင့် အကောင့်ပိုင်ရှင်ထံ ဆက်သွယ်မေးမြန်းရန် ညွှန်ကြားလိုက်သည်။

မျှော်လင့်ချက် ခပ်ပါးပါး ရှိနေလျှင်ပင် ဤအခွင့်အရေးအား လက်မလွှတ်ချင်ပေ။

လက်ထောက် အကြိမ်ပေါင်းများစွာ ခေါ်ဆိုသည့်တိုင်အောင် စုန့်ယန်နှင့် သူ၏မန်နေဂျာက ဖုန်းမကိုင်ချေ။

အကောင့်ပိုင်ရှင်အား မက်ဆေ့ချ်ပို့သော်လည်း ပြန်မဖြေချေ။
“အဲဒီလူက သူများတွေကိုတော့ တက်တက်ကြွကြွ ပြန်ဖြေနေတာ.. ဆိုတော့ အွန်လိုင်းပေါ်မှာ ရှိနေတာ သေချာတယ်.. မက်ဆေ့ချ် လက်မခံတာများလား..”

ယွမ်ချင်းချင်း၏ သမီးအား ရှာဖွေချင်စိတ်မှာ အရာအားလုံးထက် ကျော်လွန်သောကြောင့် တုံ့ဆိုင်းခြင်းမရှိ မှတ်ချက်ပေးလိုက်သည်။

ယွမ်ချင်းချင်း V : [သူ(မ) အဆင်ပြေရဲ့လား..]

ပရိသတ်များ : [??????????????]

ယွမ်ချင်းချင်း၏ အကောင့်အား ဝင်ကြည့်ကြသည်။

တရားဝင်အကောင့်ဖြစ်ပြီး အယောင်ဆောင်ပရိသတ်အကောင့် မဟုတ်ချေ။

ခဏလေး.. ဘာဖြစ်တယ်.. အမှန်ဖြစ်နေတာလားဟ..

အွန်လိုင်းပေါ်ရှိ လူထုမှာ စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲကုန်ပြီး ဝေ့ပေါ်သို့ စုပြုံလာသည်။

လူတိုင်းက အတင်းပြောစနစ် 10086 ၏ သတင်းအသစ်များအား စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

များမကြာမီ ထိုအကောင့်မှ ပိုစ့်အသစ်တစ်ခု တင်သည်ကို တွေ့လိုက်ရလေသည်။

အတင်းပြောစနစ် 10086 : [ဘာဆက်ဖြစ်လဲ သိချင်ရင် ကျေးဇူးပြုပြီး [တိုက်ရိုက်ထုတ်လွှင့်ခန်း] ကို နှိပ်ပေးပါ.. တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ကြည့်ရှုသူ ၁ သန်းကျော်တာနဲ့ နောက်ဆုံးအမှန်တရားကို ဖော်ထုတ်ပါမယ်..]

ပရိသတ်များ : [????????]


🍉🍉🍉🍉 အခန်း ၁၀ 


ညနေ ၈ နာရီ။

ယနေ့ညသည် [Boy Group Training Camp] ၏ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့မှာ အနီးကပ်အာရုံစိုက်နေကြ၏။

စွန်းဟုန်ဖေးက ဒါရိုက်တာနေရာ၌ မတ်တတ်ရပ်ကာ အမျိုးမျိုးသော တိုက်ရိုက်ထုတ်လွှင့်ခန်းများအား ပြနေသည့် ဖန်သားပြင်အားကြည့်ကာ ဒေတာများ တင်ပြနေသော ဝန်ထမ်းအား နားထောင်နေသည်။

ပထမseasonနှင့် နှိုင်းယှဉ်လျှင် ကြည့်ရှုသူ အရေအတွက်မှာ အတော်လေးနည်း၏။

ကြည့်ရှုမှု အမြင့်ဆုံးသော တိုက်ရိုက်ထုတ်လွှင့်ခန်းပင်လျှင် လူ ၂၀၀၀၀ ကျော်ရုံလေးဖြစ်သည်။

သို့သော် ဤအခြေအနေအား မျှော်လင့်ထားပြီးဖြစ်သည်။ season 1 ၌ တိုက်ရိုက်ထုတ်လွှင့်မှုအား သင်တန်းသားများ ပရိသတ်အချို့ ရရှိပြီးချိန် seasonအလယ်မှသာ စတင်ခဲ့သည်။ ယခုအခါ သင်တန်းသားအများစုမှာ လူမသိသေးသူများ ဖြစ်သောကြောင့် သဘာဝကျစွာပင် ကိန်းဂဏန်းချင်း မယှဉ်နိုင်ပေ။

ဝန်ထမ်းမှ ဆက်ပြောသည်။
“လက်ရှိ နာမည်အကြီးဆုံး တိုက်ရိုက်ထုတ်လွှင့်ခန်းတွေကို ကျင်းယို့အင်တာတိန်းမန့်က လင်းတောက်အန်နဲ့ ရှင်းချိုးရှစ်ကျိက ရထားပါတယ်.. ကျွန်တော်တို့ ခန့်မှန်းချက်အရ ကြည့်ရှုသူအရေအတွက် တိုးလာနိုင်ပြီး ၅၀၀၀၀ ပတ်လည်က အမြင့်ဆုံး ဖြစ်ပါလိမ့်မယ်..”

စွန်းဟုန်ဖေး ခေါင်းညိတ်လိုက်သည်။

သူတို့ စီစဉ်ထားသည့်အတိုင်းပင် ဖြစ်၏။

ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသောကြောင့် မေးလိုက်သည်။
“လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကရော..”

ဝန်ထမ်းက ချက်ချင်းပင် ဖန်သားပြင်အား ပြောင်းလိုက်သည်။

ကြည့်ရှုသူအရေအတွက်မှာ သနားစရာကောင်းလောက်အောင် နိမ့်နေသေးပြီး နာရီဝက်ကြာအောင် တိုက်ရိုက်ထုတ်လွှင့်ပြီးချိန်မှာပင် ကြည့်ရှုသူ ၁၀၀ မပြည့်သေးချေ။

သို့သော် နှစ်ဦးသား အားလျော့ခြင်းမရှိဘဲ စိတ်အားထက်သန်စွာ ကနေဆဲဖြစ်သည်။

စွန်းဟုန်ဖေးက နည်းပါးလှသော ကြည့်ရှုသူ အရေအတွက်အား မြင်ပြီးနောက် ကြောင်အသွားလေသည်။

ဝန်ထမ်းအား ဒေတာများ၌ အမှားအယွင်းရှိ၊ မရှိ နောက်တစ်ကြိမ် စစ်ဆေးစေသည်။

လုံးဝ နားမလည်နိုင်ဘူးနော်..

အဓိပ္ပါယ်မရှိတာ..

ဥက္ကဌကုက သူ့ကိုယ်သူ သက်သေပြဖို့ ရှိုးမှာပါတာ မဟုတ်ဘူးလား..

မည်သို့ပင်ဖြစ်စေ အရည်အချင်းပြရှိုးများ၌ ရေပန်းစားမှုမှာ အရေးပါသည်။ မည်မျှကောင်းမွန်စွာ ဖျော်ဖြေနိုင်စေကာမူ ရေပန်းစားမှုမရှိလျှင် အလဟဿပင်။

ယခုအခါ လဲ့ရှစ်၏ သင်တန်းသား နှစ်ယောက်၏ ရေပန်းစားမှုမှာ အောက်ဆုံး၌ရှိနေသည်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥက္ကဌကုက တစ်ခုခုလုပ်သင့်တယ် မဟုတ်ဘူးလား..

စွန်းဟုန်ဖေး ဆွံ့အနေမိတော့သည်။

ထိုအချိန်မှာပင် ကျန်းမော့ ရောက်ရှိလာသည်။

စွန်းဟုန်ဖေးအား အပေါ်ယံမျှ နှုတ်ဆက်ပြီးနောက် မေးလေသည်။
“ကြီးကြပ်သူစွန်း.. ဒေတာတွေက ဘယ်လိုရှိလဲ..”

[T/N - စွန်းဟုန်ဖေးရဲ့ ရာထူးက ပထမဆုံး ပေါ်လာတဲ့အချိန်မှာ မန်နေဂျာပေမဲ့ သူ့ရာထူးကို မန်နေဂျာ/ကြီးကြပ်သူ အမျိုးမျိုးရေးထားတာပါ၊ အဲဒါကြောင့် ရိုက်ကွင်းမှာရှိရင် ကြီးကြပ်သူစွန်းလို့သုံးပြီး ထျန်းချန်ဗီဒီယိုနဲ့ သူ့ဝန်ထမ်းတွေ(ရှောင်းလီ)နဲ့ဆို မန်နေဂျာလို့ သုံးပါမယ်နော် ]

ကျန်းမော့က သူ့ကုမ္ပဏီမှ သင်တန်းသားများ၏ အခြေအနေအား မေးခြင်းဖြစ်သည်ဟု ထင်မိသောကြောင့် စွန်းဟုန်ဖေးက ပြုံး၍ပြောသည်။
“လက်ရှိတော့ ခင်ဗျားတို့ကျင်းယို့အင်တာတိန်းမန့်က လင်းတောက်အန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းက နာမည်အကြီးဆုံးပဲ.. တခြားသင်တန်းသားတွေလည်း ကောင်းကောင်းလုပ်နေကြတယ်..”

ကျန်းမော့ အံ့အားသင့်မိခြင်း မရှိပေ။

သူတို့အား ကြော်ငြာပေးရန် အများကြီး အားထုတ်ခဲ့သောကြောင့် ဤသို့သောရလဒ်မှာ ပုံမှန်ပင် ဖြစ်သည်။ သို့သော် သူ၏ သင်တန်းသားများအကြောင်းမေးရန် ရောက်လာခြင်းမဟုတ်သဖြင့် အမှတ်မထင်ဟန်ဖြင့် မေးလိုက်သည်။

“တခြား တိုက်ရိုက်ထုတ်လွှင့်ခန်းတွေရော ဘယ်လိုလဲ..”

စွန်းဟုန်ဖေး : “?”

ကျန်းမော့ : “လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းလေ.. သူတို့ရဲ့ ဒေတာတွေကရော..”

စွန်းဟုန်ဖေးက ထူးဆန်းသည်ဟု ခံစားမိသော်ငြား ရိုးသားစွာဖြေလိုက်သည်။
“သူတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းကတော့ အတော်လေး သနားဖို့ကောင်းတယ်.. လက်ရှိမှာ အနိမ့်ဆုံးပဲ..”

ကျန်းမော့ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။

မျှော်လင့်ထားသလိုပင် နာမည်မရှိသည့် သင်တန်းသားမှာ တရှိန်ထိုး တက်မလာနိုင်ချေ။

ဤသို့သာ ဆက်ဖြစ်နေပါက မကြာခင် ထုတ်ပယ်ခံရနိုင်၏။ ထိုသို့ဖြစ်လာပြီးနောက် မုန့်ယွမ်ရှန့် သူ့ထံသို့ ပြန်လာလိုပါက ကိုယ့်နေရာကိုယ်သိအောင် သင်ကြားပေးရမည်။

ကျန်းမော့ မုန့်ယွမ်ရှန့်အား မည်သို့ သင်ကြားပေးရမည်ကို တွေးနေစဉ်မှာပင် ဝန်ထမ်းတစ်ဦးထံမှ ရုတ်တရက် စူးခနဲအော်သံ ထွက်ပေါ်လာသည်။

စွန်းဟုန်ဖေး အလျင်အမြန် ရောက်ရှိသွားသည်။
“ဘာဖြစ်တာလဲ..”

ဝန်ထမ်းက ကီးဘုတ်အား အသည်းအသန်ရိုက်နှိပ်ရင်း ပြန်ဖြေသည်။
“တိုက်ရိုက်ထုတ်လွှင့်ခန်းတွေထဲက တစ်ခုမှာ ရုတ်တရက်ကြီး ဒေတာတွေ တဟုန်ထိုးတိုးလာလို့ လိုင်းမနိုင်တော့ဘူး.. အခု ညှိနေရတာ..”

ဖန်သားပြင်ထက်၌ ထိုတိုက်ရိုက်ထုတ်လွှင့်ခန်း၏ ကြည့်ရှုသူ အရေအတွက်မှာ အလျင်အမြန် တိုးတက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ကြည့်ရှုသူ ၁ သိန်း ကျော်သွားသည်။

စွန်းဟုန်ဖေး ထိတ်လန့်သွားသည်။
“ဘယ်.. ဘယ်အခန်းလဲ..”

“လဲ့ရှစ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းပါ..”

“ဝိုး.. ဆက်တက်နေတုန်းပဲ..”

“၃ သိန်း..”

“၅ သိန်း.. ပြီးတော့ တက်နေတုန်းပဲ.. လိုင်းတိုးပြီးလို့ တော်သေးတာပေါ့..”

“ဘုရားရေ.. ၁ သန်း တဲ့...”

ဝန်ထမ်း၏ ကြောင်အနေသော အကြည့်အောက်မှာပင် လဲ့ရှစ်၏ တိုက်ရိုက်ကြည့်ရှုခန်းရှိ ကြည့်ရှုသူ အရေအတွက်မှာ မိနစ်ပိုင်းလေးနှင့် ၁ သန်းအထိ မြင့်တက်ကာ ဆာဗာပျက်လုနီးနီးပင်။

ကိန်းဂဏန်းမှာ ၁ သန်း၌ တည်ငြိမ်နေပြီး အနည်းငယ်သာ တိုးလာသည်။

ယခုအခါ လဲ့ရှစ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ထိပ်ဆုံး၌ရှိပြီး အခြားသူများအား အပြတ်အသတ် ကျော်တက်သွား၏။

ထုတ်လုပ်ရေးအဖွဲ့မှာ ပုံမှန်မဟုတ်သော ဒေတာများကြောင့် အစည်းအဝေးထိုင်ရတော့သည်။

ပထမseason၏ အထွတ်အထိပ်တွင်ပင် သင်တန်းသား၏ ကိုယ်ပိုင်တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ သန်းတစ်ဝက်သို့ (၅သိန်းသို့) ရောက်သည် ဆိုရုံလေးပင်။ ဤသည်မှာ ပထမဆုံးအပိုင်းဖြစ်ပြီး လဲ့ရှစ်၏ ကိန်းဂဏန်းများမှာ ယခင်season၏ မှတ်တမ်းကိုပင် ကျော်ဖြတ်သွားသည်။

လုံးဝကို မယုံနိုင်စရာ traffic ပဲ.. 

မယုံကြည်နိုင်မှုကြောင့် ကျန်းမော့၏ မျက်လုံးများ ပြူးကျယ်လာပြီး လေသံမာလာသည်။
“မဖြစ်နိုင်ဘူး..”

ကျန်းမော့၏ ပေါက်ကွဲမှုကြောင့် အခြားသူများ အာရုံစိုက်လာသည်။ ထိတ်လန့်နေဆဲဖြစ်သည့် စွန်းဟုန်ဖေးက မေးလိုက်သည်။
“မဖြစ်နိုင်ဘူးလို့ ဘယ်လိုသိတာလဲ..”

ကျန်းမော့က ဒေါသတကြီး အံကြိတ်လိုက်သော်ငြား အလွန်စိုးရိမ်ဟန်ဆောင်လိုက်၏။
“ဒီကိန်းဂဏန်းတွေက သံသယဝင်စရာပဲ.. အခုမှ စဖွဲ့ကာစ အဖွဲ့တွေဆိုရင်တောင် ဒီလောက်ပမာဏရဖို့ အတော်လေး ရုန်းကန်ရမှာ.. သူတို့သာ တကယ်တမ်း traffic ဖြစ်နေရင် အရည်အချင်းပြရှိုးကို လာစရာတောင် မလိုလောက်ဘူး.. တိုက်ရိုက်ပွဲဦးထွက်လိုက်လို့ရတယ်.. ကျွန်တော် စိုးရိမ်တာက.... လှည့်ဖျားမှုတချို့ လုပ်ထားမှုကိုပဲ..”

“ကျွန်တော်တို့က ဒီရှိုးရဲ့ ဂုဏ်သတင်းကို ကြိုးစားပြီး ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ.. ပန်းသီးပုပ်တွေကြောင့်တော့ ဖျက်ဆီးမခံနိုင်ဘူး..”

စွန်းဟုန်ဖေး ချက်ချင်းပင် အလေးအနက်ဖြစ်လာသည်။

ကျန်းမော့ပြောသည်မှာ မှန်၏။ အစစ်အမှန် ကိန်းဂဏန်းများဖြစ်လျှင် ဤကဲ့သို့သော ရေပန်းစားမှုမျိုးနှင့် နာမည်ကျော်အဖွဲ့များကိုပင် ဘေးချင်းယှဉ်နိုင်ပြီး လူမသိ သူမသိ ဖြစ်နေလိမ့်မည် မဟုတ်ချေ။

သို့သော် ပြဿနာမှာ ကုရှင်းရှစ် သူ့ထံသို့ ရောက်မလာမီ ထိုနှစ်ဦးအား နာမည်ပင် မကြားဖူးသောကြောင့် သေချာပေါက် နာမည်မရှိသော သင်တန်းသားများဖြစ်၏။

လှည့်စားမှုအချို့ မရှိဘဲနှင့် ကြည့်ရှုသူ ၁ သန်းအား ဆွဲဆောင်နိုင်ရန် မဖြစ်နိုင်ပေ။

စွန်းဟုန်ဖေးက ချက်ချင်းပင် စုံစမ်းစစ်ဆေးရန် ဒေါသတကြီး အမိန့်ပေးလိုက်သည်။

ကျန်းမော့၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်နေသည့် အရိပ်အယောင်များရှိသည်။

စွန်းဟုန်ဖေးသာ အလေးအနက်ဖြစ်သွားပြီဆိုရင် ပုံမှန်မဟုတ်တာ တစ်ခုခု ရှာတွေ့တာနဲ့ သူတို့ရဲ့ ရလဒ်တွေကို ဖျက်သိမ်းလိုက်မှာ.. တစ်ချိန်တည်းမှာပဲ နှစ်ယောက်လုံး ပြုတ်သွားကြလိမ့်မယ်..

မုန့်ယွမ်ရှန့်က ငါ့လက်ထဲက လွတ်နိုင်မယ်လို့ ထင်နေတာလား.. အိပ်မက်မက်နေလိုက်..

သို့သော် များမကြာမီမှာပင် ဝန်ထမ်းတစ်ဦး ရောက်ရှိလာသည်။
“ကြီးကြပ်သူ.. ဒေတာတွေ ရပါပြီ..”

ကျန်းမော့ မယုံနိုင်ပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ.. သေချာရော စစ်ဆေးရဲ့လား..”

ကျန်းမော့၏ စွပ်စွဲချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်လာသည့် ဝန်ထမ်းမှာ လက်ထဲရှိ tablet အား သူတို့ရှေ့၌ ချလိုက်သည်။
“ကြီးကြပ်သူ.. လဲ့ရှစ် တိုက်ရိုက်ထုတ်လွှင့်ခန်း ရုတ်တရက် မြင့်တက်လာတဲ့ အကြောင်းအရင်းကို ရှာတွေ့ပါပြီ.. ကြည့်ပါဦး..”

စွန်းဟုန်ဖေး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး အတင်းပြောစနစ်10086 ၏ ဝေ့ပေါ်ပိုစ့်အား ဖတ်လိုက်သည်။

ကျန်းမော့က မစောင့်နိုင်သောကြောင့် အောက်ဘက်သို့ ရွှေ့ကြည့်လိုက်သည်။

နှစ်ဦးစလုံး ပြောစရာစကား မဲ့သွားကြ၏။

“ဒီလိုလုပ်လို့ ရတာလား..”

*

လွန်ခဲ့သော တစ်နာရီခန့်၌ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က စိုးရိမ်စိတ်အပြည့်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ကြည့်ရှုသူတစ်ဦးတစ်လေပင် မရှိချေ။

နှစ်ဦးသား စိတ်ပျက်မိသော်ငြား အံ့ဩစရာ မဟုတ်ပေ။

ရှိုးအား ထုတ်လွှင့်ရသေးခြင်း မရှိသောကြောင့် သူတို့နှစ်ဦးစလုံးမှာ နာမည်မရှိကြသူများဖြစ်ပြီး ပရိသတ်များ ရှိနေမှသာ ထူးဆန်းပေမည်။

အလျင်အမြန်ပင် စိတ်အားတက်လာပြီး တိုက်ရိုက်ထုတ်လွှင့်ခန်း၌ သူတို့၏ ပွဲဦးထွက်အကအား လေ့ကျင့်ကြတော့သည်။

နောက်ဆုံး၌ ကြည့်ရှုသူတစ်ဦး ရရှိလာသည်။

အဆိုပါကြည့်ရှုသူမှာ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ မတော်တဆ ရောက်ရှိလာခြင်း ဖြစ်ပုံရသော်ငြား နှစ်ဦးသား တစ်ဦးတည်းသော ပရိသတ်အား ဆုံးရှုံးမသွားစေရန် ဆက်လက်ဖျော်ဖြေကြသည်။

ကြည့်ရှုသူမှာ အမှန်တကယ်ကို မတော်တဆ ဝင်ရောက်မိခြင်းဖြစ်ကာ အလျင်အမြန်ပင် သူတို့၏ ပရိသတ်ဖြစ်လာသည်။

မှတ်ချက်များ - 

[ဝိုး.. ရှင်တို့ကတာ အရမ်းမိုက်တာပဲ.. တိုက်ရိုက်ထုတ်လွှင့်သူတွေလား..]

[နှစ်ယောက်လုံး အရမ်းချောတယ်နော်.. ရည်စားရှိကြလား..]

ချန်ရှင်း ပြန်ဖြေတော့မည် ပြင်စဉ်မှာပင် မုန့်ယွမ်ရှန့် အလျင်အမြန် တားလိုက်ရသည်။

ချန်ရှင်း မည်မျှတဲ့တိုးပြောတတ်ကြောင်း သူသိ၏။

သူတို့၏ တစ်ဦးတည်းသော အဖိုးတန်ကြည့်ရှုသူလေးအား ကြောက်လန့်တကြား ထွက်မသွားစေလိုပေ။

ပရိသတ်၏ မေးခွန်းများအား စိတ်ရှည်ကြင်နာစွာ ပြန်ဖြေလိုက်သည်။

သူတို့နှစ်ဦးမှာ [Boy Group Training Camp] ၏ သင်တန်းသားများဖြစ်ကြောင်း သိပြီးနောက်တွင် ပရိသတ်မှာ စိတ်လှုပ်ရှားလာသည်။

[ရှင်တို့က အရမ်းပဲချောပြီး ကောင်းကောင်းကနိုင်တယ်.. သေချာပေါက် နာမည်ကြီးလာမှာ..]

[ကျွန်မပြောတာယုံနော်.. ကျွန်မရဲ့ မျက်လုံးတွေက ပါရမီရှင်ဆို တန်းသိပြီးသား..]

[နေဦး.. သူငယ်ချင်းတွေကို မက်ဆေ့ချ်ပို့ပြီး ရှင်တို့ကို အားပေးခိုင်းရမယ်..]

ပရိသတ်လေးမှာ ပြောသည့်အတိုင်း လုပ်တတ်ပုံပင်။ များမကြာမီမှာပင် သူတို့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လူ ၂ ယောက်၊ ၃ ယောက်ခန့် ဝင်လာကြသည်။

မုန့်ယွမ်ရှန့် စိတ်လှုပ်ရှားစွာဖြင့် ချန်ရှင်းဘက်သို့ လှည့်လိုက်သည်။
“အားရှင်းရေ.. ငါတို့မှာ ကြည့်ရှုသူ ၅ ယောက် ရှိလာပြီ..”

ကြည့်ရှုသူအား ထပ်မံရေတွက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ကြည့်ရှုသူအရေအတွက် တဟုန်ထိုး တိုးလာသည်။

မုန့်ယွမ်ရှန့်၏ မျက်လုံးများ ပြူးကျယ်ကုန်၏။
“တစ်.. တစ်ရာတဲ့..”

ချန်ရှင်းက တည်ငြိမ်မှုရှိရှိပြောသည်။
“တစ်ရာမကဘူး.. ကြည့်လေ.. အခုကို တစ်ထောင်ကျော်နေပြီ.. ဒီနှုန်းအတိုင်းဆို ၁ သောင်းလောက်အထိ ရောက်နိုင်တယ်..”

မုန့်ယွမ်ရှန့်၏မျက်နှာ ရှုံ့မဲ့လာသည်။
“အားရှင်း.. စိတ်ငြိမ်ငြိမ်ထားပါဦး..”

ချန်ရှင်း : “အေးဆေးပါ..”

မုန့်ယွမ်ရှန့် : “ဒါဆိုလည်း ငါ့လက်မောင်းကို လွှတ်ပေးလို့ရမလား..”

ချန်ရှင်း ငုံ့ကြည့်လိုက်ရာ မုန့်ယွမ်ရှန့်၏ လက်မောင်းအား တင်းတင်းကိုင်ထားမိသဖြင့် ဒဏ်ရာရလုနီးနီး ဖြစ်နေကြောင်း သိလိုက်ရသည်။

သို့သော် မုန့်ယွမ်ရှန့်မှာ နာကျင်မှုအား အာရုံမစိုက်နိုင်ပေ။ သူ၏အကြည့်မှာ တရှိန်ထိုး တိုးလာသည့် ကြည့်ရှုသူအရေအတွက်ပေါ်၌သာ ရှိသည်။

ကိန်းဂဏန်းများမှာ အလျင်အမြန် တက်နေဆဲဖြစ်ပြီး အသိစိတ်ရှိနေသလိုပင်။

များမကြာမီ ၁ သိန်း ကျော်သွားသည်။

၁ သိန်းတဲ့...

သူတို့ စိတ်ကူးပင် မယဉ်ဝံ့သော အရေအတွက်ဖြစ်သည်။

ပရိသတ်များမှာလည်း ထပ်တူကြောင်အနေမိကြသည်။

[ငါက အဖိုးတန်ကျောက်လေးကို ရှာတွေ့ပြီလို့ ထင်တာလေ.. အခုတော့ ညတွင်းချင်း ဟိုးလေးတကျော်ကျော် ဖြစ်လာတယ်တဲ့လား..]

[ဒီခံစားချက်ကို ဘယ်သူနားလည်မှာလဲ..]

၁၅ မိနစ် ကြာပြီးနောက် တရှိန်ထိုးတိုးလာသည့် နံပါတ်များ စတင်တည်ငြိမ်လာသည်။

မုန့်ယွမ်ရှန့် တံတွေးမြိုချကာ တုန်လှုပ်နေသော လက်ချောင်းဖြင့် နံပါတ်များအား စတင်ရေတွက်သည်။ သေချာစေရန် အကြိမ်ပေါင်းများစွာ စစ်ဆေးလိုက်သည်။

၁,၀၀၀,၀၀၀!!!!!!!

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ နှစ်ဦးစလုံး ကြောင်အသွားပြီး ရင်ဘက်ထဲ တင်းကြပ်လာသည်။

ထို့နောက် မုန့်ယွမ်ရှန့်က တိုက်ရိုက်ထုတ်လွှင့်မှု မစမီ ကုရှင်းရှစ် ပြေးဝင်လာကာ နည်းလမ်းတစ်ခု ရှာနေပြီး စိုးရိမ်ရန် မလိုအပ်ကြောင်း ပြောသွားသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။

ငါတို့ကို နှစ်သိမ့်ဖို့ မဟုတ်ဘဲ တကယ်ပဲ နည်းလမ်းရှာလိုက်တာပေါ့..

ကျန်းမော့၏ လက်အောက်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူး၍ traffic တစ်ယောက် ဖြစ်လာရန် မည်မျှခက်ခဲကြောင်း မုန့်ယွမ်ရှန့် နားလည်သည်။

ပိုက်ဆံသာမက အဆက်အသွယ်၊ အရင်းအမြစ်၊ စွမ်းအင်နှင့် အခြားအရာများစွာ လိုအပ်သည်။

ထိပ်တန်းအနုပညာရှင်များအတွက်ပင်လျှင် ကုမ္ပဏီများက ဤမျှလောက် ရင်းနှီးမြှုပ်နှံရန် ဆန္ဒမရှိကြချေ။ 

သူက အနာဂတ်မရေရာသော သင်တန်းသားတစ်ဦးသာဖြစ်ပြီး ကုမ္ပဏီအား အကျိုးအမြတ်ရရှိအောင် မစွမ်းဆောင်နိုင်သေးပေ။

သို့သော် ဥက္ကဌကုက သူတို့အတွက် များစွာလုပ်ပေးခဲ့သည်။

ထို့အပြင် သူ၏ အားစိုက်ထုတ်မှုများအား ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အပြင် အကောင်းဆုံးကြိုးစားကြရန်သာ အားပေးတတ်သည်။

အရင်ဘဝက ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့မိလို့ အခုလိုမျိုး မန်နေဂျာလည်းဟုတ် ဥက္ကဌလည်းဟုတ်တဲ့သူနဲ့ ဆုံတွေ့ရတာလဲနော်.. ငါနဲ့ တန်ရဲ့လား..

မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

ခေတ္တမျှကြာပြီးနောက် ကုရှင်းရှစ်အပေါ် လေးစားစိတ်နှင့် ကျေးဇူးတင်စိတ်များမှာ သူ၏ စိုးရိမ်ပူပန်မှုတို့အား လွှမ်းမိုးသွားသည်။

ဥက္ကဌကုက ငါ့ကိုရွေးချယ်ပြီး ဒီလို ရွှေအခွင့်အရေးကြီး ပေးလာမှတော့ ဥက္ကဌကုကို နည်းနည်းလေးတောင် စိတ်ပျက်စေလို့ မဖြစ်ဘူး..

မုန့်ယွမ်ရှန့်၏ မျက်လုံးထဲ၌ ပြင်းပြသော စိတ်ဆန္ဒတို့ ထင်ဟပ်လာ၏။

မီးထိသည့် ရွှေပမာ သူ၏ စိတ်မလုံခြုံမှုတို့ အရည်ပျော်ကျသွားပြီး တမူထူးခြားသော အရည်အသွေးများနှင့် တလက်လက် တောက်ပလာတော့သည်။


 

Search Novels