🍉 အခန်း ၁


“ဒီနေရာဆိုတာ သေချာလား..”

လိပေါ်ဟိုတယ်၏ အပြင်ဘက်ရှိ ချုံပုတ်ထဲ၌ ကုရှင်းရှစ်က အနက်ရောင်ဘတ်စကတ်ဘောဦးထုပ်အား ပြင်ဆောင်းလိုက်ပြီးနောက် အသံခပ်တိုးတိုးဖြင့် မေးရင်းနှင့် ဝင်ပေါက်သို့ ချောင်းလျက်ရှိသည်။

[လုံးဝသေချာတယ်.. ငါက ‘အတင်းပြောစနစ်’ ပါဆို.. ဘယ်လိုအရည်ရွှမ်းရွှမ်းသတင်းကမှ ငါ့လက်ထဲက လွတ်သွားတာ မရှိဘူး..]

စနစ်မှ ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

[ငါပြောမယ်.. သတင်းစုံပါတယ်ဆိုတဲ့ ဖျော်ဖြေရေးသတင်းထောက် အသိုင်းအဝိုင်းမှာတောင် ဒီည မုန့်ယွမ်ရှန့်နဲ့ ကျန်းမော့ ချိန်းတွေ့မှာကို မသိကြဘူး.. ငါကလွဲလို့ပေါ့..]

“ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. ငါသိပါပြီ.. မင်းက အမိုက်စားပါ..”
ကုရှင်းရှစ်က စိတ်မပါတပါဖြင့် ချွေးသိပ်ကာ ဟိုတယ်ဝင်ပေါက်သို့ မျက်တောင်မခတ် စိုက်ကြည့်နေသည်။ သေချာပေါက်ပင် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည့် လူနှစ်ဦးအား မြင်တွေ့လိုက်ရသည်။

အရပ် ၆’၂” ခန့်ရှိမည့် အရပ်ရှည်ရှည်လူက ယိုင်နဲ့နဲ့ဖြစ်နေပြီး ငါးဖမ်းသမားဦးထုပ်ဆောင်းကာ mask တပ်ထားပြီး ညအချိန်မှာပင် သူ့တစ်ကိုယ်လုံးကို လုံခြုံစွာ ထုပ်ပိုးထားသည်။ ထိုသူမှာ လက်ရှိ ဖျော်ဖြေရေးလောက၏အကျော်အမော်ဖြစ်သူ ကျန်းမော့မှလွဲ အခြားမဟုတ်ပေ။ 

သူနှင့်ယှဉ်လျှင် အနည်းငယ်ပုသည်ဟု ဆိုရမည့် ကျန်းမော့၏  á€œá€€á€şá€‘á€ąá€Źá€€á€şá€”á€žá€„á€ˇá€şá€œá€ťá€žá€­á€Żá€ˇá€á€žá€€á€şá€á€ťá€…á€şá€žá€°á€–á€źá€…á€şá€žá€ąá€Ź မုန့်ယွမ်ရှန့်က နောက်မှလိုက်ပါလာသည်။ မုန့်ယွမ်ရှန့်မှာ mask တပ်ထားခြင်း မရှိချေ။ ရှည်လျားနက်မှောင်သော ဆံပင်များမှ နူးညံ့လှပသော မျက်နှာအစိတ်အပိုင်းများအား တစ်စိတ်တစ်ပိုင်း ဖုံးကာထားသလိုပင်။ ညအချိန်မှာပင် ဖြူဖျော့သော အသားအရေနှင့် ထင်ရှားသော မေးရိုးမှာ တလက်လက်တောက်ပနေသကဲ့သို့ ရှိလေသည်။

စနစ်၏ ဆူဆူညံညံအသံ ထွက်လာပြန်သည်။ 

[မုန့်ယွမ်ရှန့်နဲ့ ကျန်းမော့က ငယ်ငယ်လေးတည်းက သိလာကြတာ.. ကျန်းမော့က ဖျော်ဖြေရေးနယ်ပယ်ကို ဝင်မယ်လည်းဆိုရော သူ့မိသားစုက ငွေကြေးအထောက်အပံ့ကို ဖြတ်တောက်လိုက်တယ်လေ.. မုန့်ယွမ်ရှန့်က အချိန်ပိုင်းအလုပ် သုံးခုလုပ်ပြီး ထောက်ပံ့ပေးခဲ့တာ.. ကျန်းမော့ နာမည်ကြီးလာတော့ မုန့်ယွမ်ရှန့်က သူ့ရဲ့ လက်ထောက်ဖြစ်လာပြီး သူ့ကို ဂရုစိုက်ပေးခဲ့တယ်.. အိပ်ရာပေါ်မှာရော အပြင်မှာပါပေါ့.. ဒါပေမဲ့ ကျန်းမော့.. အဲဒီကောင်က လုံးဝ မကောင်းဘူး..]

အလွန်စိတ်ဝင်စားနေပြီဖြစ်သော ကုရှင်းရှစ်မှ မေးလိုက်သည်။
“ထပ်ပြောဦးလေ..”

[ဒီညကိုပဲ ဥပမာထားပြောပြမယ်.. ကျန်းမော့က ရုတ်တရက်ကြီး ‘လိုအပ်လာ’ တယ်လေ.. အဲဒါကြောင့် မုန့်ယွမ်ရှန့်ကို သူ့အခန်းဆီ ခေါ်လိုက်တယ်.. မုန့်ယွမ်ရှန့်က မြို့တော်ကနေ အပြေးလာခဲ့တာ.. ရောက်ရောက်ချင်းပဲ ကျန်းမော့က မုန့်ယွမ်ရှန့်ကို အိပ်ရာပေါ် ဆွဲတင်ပြီး မှောက်လိုမှောက် လှန်လိုလှန် လုပ်တော့တာပဲ..]

“ဘာ.. ဒီလိုပျော့ပျောင်းမှုမျိုးနဲ့ အကသမားတစ်ယောက် ဖြစ်မလာရင် အတော်ရှက်ဖို့ကောင်းလိမ့်မယ်..”
ကုရှင်းရှစ်က အံ့အားတကြီးပြောသည်။ 

စနစ် : [ဘာဖြစ်တယ်..]

“ဘာမှမဟုတ်ဘူး.. ဆက်ပြောလေ..”

[အဲဒီ လူယုတ်မာကောင် ကျန်းမော့က မုန့်ယွမ်ရှန့် နေမကောင်းဖြစ်နေရင်တောင် သူ့ကို ဂရုစိုက်ပေးတာ လိုချင်တာလေ.. သူတို့လုပ်ပြီးတော့ ညလယ်စာစားဖို့ ဆွဲခေါ်သွားတယ်.. မုန့်ယွမ်ရှန့်က သူ အပြင်စာတွေ မကြိုက်မှာကို စိတ်ပူလို့ ဆန်ပြုတ်ပြုတ်ပြီးတောင် ယူလာခဲ့ပေးတာ..]

ကုရှင်းရှစ်က အိတ်တစ်လုံးအားသယ်ကာ ကျန်းမော့၏နောက်မှ နာခံရိုကျိုးစွာ လိုက်ပါလာသည့် မုန့်ယွမ်ရှန့်အား ကြည့်လိုက်သည်။ အနည်းငယ် တောင့်တင်းနေသည့် ခြေလှမ်းများမှလွဲ၍ မုန့်ယွမ်ရှန့်၏ လှပသော မျက်နှာထက်၌ မသက်မသာဖြစ်နေသည့် အရိပ်အယောင် စိုးစိမျှပင် မရှိချေ။

ကုရှင်းရှစ်က လျှာတောက်လိုက်သည်။
“ကြည့်ကောင်းတယ်.. ပျော့ပျောင်းတယ်.. ခံနိုင်ရည်ရှိတယ်.. သည်းခံနိုင်စွမ်းရှိတယ်.. ဒီလူက idol တစ်ယောက်ဖြစ်ဖို့ မွေးလာတာပဲ..”

[တစ်ဆိတ်လောက်..]
စနစ်မှာ ကြောင်အနေပုံပင်။
[မင်းက နည်းနည်းများ ခေါင်းစဉ်လွဲနေသလားလို့..]

ကုရှင်းရှစ်က ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. မန်နေဂျာ တစ်ယောက်အနေနဲ့ ငါက ဒါတွေကို အာရုံစိုက်ရမှာပဲလေ..”

စနစ် သက်ပြင်းချမိတော့သည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က ကုရှင်းရှစ်သည် အမွေဆက်ခံရမည့် သတင်းတစ်ခုအား လက်ခံရရှိခဲ့သည်။ သူ၏ သွေးဝေးဆွေမျိုးဖြစ်သူ ဦးလေးမှ စီမံခန့်ခွဲမှု ကုမ္ပဏီတစ်ခုအား သူ့အတွက် ချန်ထားခဲ့သောကြောင့် မျှော်လင့်ချက် မြင့်မားစွာဖြင့် မြို့တော်သို့ ရောက်ရှိလာပြီးနောက် သူဆက်ခံရမည့် ကုမ္ပဏီမှာ အခွံသက်သက်သာဖြစ်ကြောင်း သိလိုက်ရသည်။ အနုပညာရှင်အားလုံး ထွက်ခွာသွားကြပြီး ကုမ္ပဏီ၏ ငွေစာရင်းမှာ သူ၏ ပိုက်ဆံအိတ်ထက်ပင် ပြောင်ရှင်းလျက်ရှိသည်။

လက်လျှော့ရန် အဆင်သင့်ဖြစ်နေချိန်မှာပင် ကုရှင်းရှစ်မှာ သူ့ထံ၌ အတင်းပြောစနစ် ဟူသည့် ‘ရွှေလက်ချောင်း’ တစ်ခုရှိနေကြောင်း သိလိုက်ရသည်။

ကျန်းမော့၏ စာချုပ်မှာ ပြည့်တော့မည် ဖြစ်သောကြောင့် အေဂျင်စီအသစ်တစ်ခု ရှာဖွေနေကြောင်း သတင်းရရှိထားသည်။ ကံကောင်းစွာဖြင့် စနစ်၏ သတင်းပေးမှုအရ ကျန်းမော့သည် ယနေ့ည၌ သူ၏ ချစ်သူနှင့် လျှို့ဝှက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိထားသည်။

ကျန်းမော့က အနုပညာသက်တမ်း ၅ နှစ်အတွင်း ရှိနေပြီဖြစ်ကာ သန့်ရှင်းသောပုံရိပ်ကိုလည်း ထိန်းသိမ်းထားနိုင်သူဖြစ်ပြီး ဖျော်ဖြေရေးလောက၏ သန့်စင်မှုပြယုဂ်လည်းဖြစ်သည်။ ထို့ကြောင့် စနစ်ထံမှ သတင်းအား ကြားပြီးသည်နှင့် ကုရှင်းရှစ်က လေယာဉ်ပေါ်သို့ ခုန်တက်ကာ အတင်းအဖျင်းအားကြည့်ရန် အဆင်သင့်ဖြစ်နေသည့်အပြင် သူ၏ ကုမ္ပဏီအတွက် ကျန်းမော့အား ခေါ်ယူနိုင်ရန်လည်း မျှော်လင့်နေမိသည်။ သို့သော် ဤဖရဲသီးမှာ သူမျှော်လင့်ထားသည်ထက်ပင် ပိုမိုကာ အရည်ရွှမ်းနေတော့သည်။

ဟိုတယ်မှ ထွက်လာသည့် ကျန်းမော့နှင့် မုန့်ယွမ်ရှန့်အားကြည့်ကာ ကုရှင်းရှစ်က ချုံပုတ်ထဲမှ လျောထွက်ကာ နောက်ယောင်ခံလိုက်တော့သည်။

ထိုအချိန်မှာပင် စနစ်၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် ဆူညံသံ ထွက်ပေါ်လာသည်။
[အခု သူ့ကို ဘယ်သူဖုန်းခေါ်တာလဲ မှန်းကြည့်..]

စနစ်၏ နည်းလမ်းများနှင့် အကျွမ်းဝင်နှင့်ပြီး ဖြစ်သောကြောင့် ကုရှင်းရှစ်မှာ ယင်းသည် ကြီးကြီးမားမား တစ်ခုခုမှန်း သိလိုက်လေသည်။
“ဘယ်သူလဲ..”

[အဲဒါ မုန့်ယွမ်ရှန့်ရဲ့ ဝမ်းကွဲ ရှုယိပဲ.. သူက ကျန်းမော့ရဲ့ဖုန်းကို ခိုးကြည့်ပြီး မြို့ထဲမှာ ရှိနေတာ သိသွားတယ်လေ.. အဲဒါနဲ့ သူ့ကို အံ့အားသင့်သွားအောင် ဟိုတယ်ဝင်ပေါက်မှာ စောင့်နေတာ..]

ကုရှင်းရှစ် မျက်ခုံးပင့်လိုက်သည်။
“သူတို့က မုန့်ယွမ်ရှန့် သိသွားမှာ မစိုးရိမ်ကြဘူးလား..”

[အာ.. ဒါက ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ.. သူတို့က ရင်ဖိုရတာမျိုး သဘောကျလို့ ဖြစ်ချင်ဖြစ်မှာပေါ့..]

“ဝိုး..”

မုန့်ယွမ်ရှန့်က ခန္ဓာကိုယ် ယိမ်းထိုးကာ နောက်သို့ဆုတ်သွားသော ကျန်းမော့အားကြည့်ကာ ခေတ္တမျှကြာအောင် ရပ်နေမိသည်။ ထို့နောက် မတ်မတ်ရပ်နိုင်ရန် အနီးရှိ သစ်ပင်တစ်ပင်အား ဖမ်းဆုပ်ပြီးနောက် ၂၄ နာရီဖွင့်သည့် ကုန်စုံဆိုင်ရှိရာသို့ ခပ်ဖြည်းဖြည်း ဦးတည်သွားလေသည်။

စနစ်မှ ကုရှင်းရှစ်အား သတိပေးလာသည်။
[မင်းက ကျန်းမော့နဲ့ လက်မှတ်ထိုးဖို့ ဒီကိုလာတာမလား..]

“လုံးဝပဲ..”
ကုရှင်းရှစ် ခပ်ထေ့ထေ့ပြောသည်။
“အမှိုက်ထုပ်တွေကို ငါ့စာရင်းထဲ မထည့်ဘူး..”

*

ကုန်စုံဆိုင်အတွင်း၌ မုန့်ယွမ်ရှန့်သည် နွေးထွေးစေရန် မစ်တီးပူပူတစ်ပုလင်းအား ယူလိုက်သည်။ ထောင့်တစ်နေရာ၌ထိုင်ကာ ပုလင်းအား လက်ဖြင့်ဆုပ်ကိုင်ရင်း အနည်းငယ် လမ်းပျောက်နေဟန်ပင်။ သို့သော် သူ၏ ခံစားချက်များအား နောက်ပို့လိုက်သည်။ မှတ်မိနိုင်သည့် ကာလအပိုင်းအခြားထဲ၌ သူက စိတ်သဘောထားပျော့ပျောင်းကာ ကိုယ်ကျိုးမကြည့်သူတစ်ဦး ဖြစ်ခဲ့ပြီး အရာအားလုံး၌ ကျန်းမော့ကိုသာ ဦးစားပေးခဲ့သည်။

ကျန်းမော့က သူ့ရည်မှန်းချက်များ ပြည့်ဝပြီးသည်နှင့် သူတို့နှစ်ဦး နိုင်ငံခြားသို့သွားကာ တူနှစ်ကိုယ် ဘဝတစ်ခု စတင်ကြမည်ဟု မကြာခဏဆိုသလို ကတိပေးခဲ့သည်။ ထိုအကြောင်းအား စိတ်ကူးမိချိန်တိုင်းတွင် မော့ယွမ်ရှန့်၏ မျက်နှာထက်၌ နူးညံ့သော အပြုံးတစ်ခု ဖြစ်တည်လာလေသည်။

ထိုအချိန်မှာပင် တကျွိကျွိမြည်သံကျယ်နှင့် တံခါးပွင့်လာပြီး တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်သော ခြေသံများကြောင့် မုန့်ယွမ်ရှန့်က သာယာကြည်နူးဖွယ်ကောင်းသော စိတ်ကူးယဉ်အိပ်မက်မှ နိုးထလာသည်။

ဆိုင်အတွင်းသို့ ဝင်လာသူမှာ ဖုန်းကြည့်နေဟန်ရှိပြီး ထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသည့် မုန့်ယွမ်ရှန့်အား သတိပြုမိပုံမရဘဲ စိတ်လှုပ်ရှားမှုကြောင့် အသံကျယ်လာသည်။

“သတင်းကြီးပဲ.. ဒီသတင်းက မနက်ဖြန်ကျ ထိပ်တန်းသတင်းထူးဖြစ်နေမှာ သေချာတယ်..”

“ကျန်းမော့ရဲ့ ကောလာဟလလေ.. အဲဒါက ပေါက်ကွဲမသွားဘူးဆိုတာ ဖြစ်နိုင်မှာလား..”

မုန့်ယွမ်ရှန့်က ကနဦး၌ အဆိုပါသူအား များစွာအာရုံစိုက်မိခြင်း မရှိသော်ငြား ရုတ်တရက် အေးခဲသွားသည်။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်က စနစ်အား မုန့်ယွမ်ရှန့်၏ အမူအရာများအား မျက်ခြေမပျက်စေဘဲနှင့် လွန်လွန်ကျူးကျူး သရုပ်ဆောင်နေတော့သည်။
“ငါက ကျန်းမော့ရဲ့ ချစ်သူနောက်ကို တောက်လျှောက်လိုက်လာခဲ့တာ.. အဲဒါက လုံးဝ တန်သွားပြီ..”

မုန့်ယွမ်ရှန့်၏မျက်နှာမှာ ဖြူဖျော့လာသည်။ သူ့အား ဖမ်းမိသွားပြီဟု တွေးမိသောကြောင့် အလျင်စလိုပင် ဖုန်းထုတ်ကာ ကျန်းမော့အား စာပို့ရန်ပြင်သည်။

သို့သော် အဆိုပါသူ၏ နောက်ဆက်တွဲ စကားလုံးများမှာ မုန့်ယွမ်ရှန့်အား အုတ်ခဲနှင့် ပေါက်လိုက်သလိုပင်။

“ကျန်းမော့ရဲ့ ချစ်သူက.. လူငယ်သရုပ်ဆောင် ရှုယိတဲ့..”

မုန့်ယွမ်ရှန့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သူ၏စိတ်ထဲ၌ ချက်ချင်းပင် ငြင်းဆိုလေသည်။
ဘယ်လိုလုပ်ပြီး ရှုယိ ဖြစ်နိုင်မှာလဲ..

တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ အပိုင်းပိုင်းဖြစ်နေသော မှတ်ဉာဏ်များ စတင်ပေါင်းစပ်လာသည်။ ရှုယိမှာ သူ့ထက် နှစ်နှစ်ငယ်ပြီး ကျန်းမော့အား အမြဲတမ်း သဘောကျလေးစားခဲ့သူဖြစ်သည်။ အခွင့်အရေးရချိန်တိုင်း၌ ကျန်းမော့အား ကပ်တွယ်လေ့ရှိပြီး ‘မော့ကောကော’ ဟု နှစ်လိုမှုအပြည့်ဖြင့် ခေါ်တတ်ပြီး ကျန်းမော့မှာ သူ၏ အစ်ကိုအရင်းသဖွယ် ပြုမူတတ်လေ့ရှိသည်။

ထို့အပြင် ကျန်းမော့သည်လည်း ရှုယိအား မည်သည့်အခါမျှ ငြင်းဆန်ခြင်း မပြုခဲ့ချေ။ ရှုယိက ကျန်းမော့၏ လည်ပင်းအားဖက်ထားခြင်း၊ ကျောအား မှီထားခြင်း၊ အလွန်နီးကပ်စွာ နေထိုင်ခြင်းများအား မုန့်ယွမ်ရှန့် အကြိမ်ပေါင်းများစွာ မြင်တွေ့ဖူးထားပြီး လျစ်လျူရှုဖို့ရန်ပင် ခက်လှသည်။

ကျန်းမော့၏ အပြောအရ ရှုယိမှာ ငယ်ရွယ်ပြီး ကပ်တွယ်လွန်းရုံသာဖြစ်ပြီး မုန့်ယွမ်ရှန့်အား ချစ်မြတ်နိုးသောကြောင့် သူ့အား ညီငယ်လေးသဖွယ် ဆက်ဆံခြင်းဖြစ်သည်ဟု ဆိုလေသည်။

ထို့ကြောင့် မုန့်ယွမ်ရှန့်အနေဖြင့် သဘောကျခြင်း မရှိသည့်တိုင်အောင် သူ၏ ကိုယ်ပိုင်အသိစိတ်ဖြင့် ငြင်းဆန်ရုံသာ ပြုနိုင်သည်။
ငါ စိတ်ထင်နေရုံသက်သက် မဟုတ်ဘူးတဲ့လား..

ထိုအချိန်မှာပင် သူ၏ မျှော်လင့်ချက်များအား ဖိနှိပ်မည့် လူစိမ်း၏အသံက တံခါးဝမှ ထွက်ပေါ်လာပြန်သည်။
“ယုံချင်ယုံ မယုံချင်နေလေ.. ငါကတော့ ‘အစ်ကိုလိုချစ်တာပါ’ ဘာညာဆိုတာကို လုံးဝယုံပေးမှာ မဟုတ်ဘူးနော်.. ကွမ်ယွီက ကျန်းဖေးကို ဟိုတယ်ထဲတော့ အဲလိုခေါ်သွားမှာ မဟုတ်ဘူး..”

[ T/N - ကွမ်ယွီနဲ့ ကျန်းဖေးက သုံးပြည်ထောင်ခေတ်က သွေးသောက်ညီအစ်ကို စစ်သူကြီးတွေပါ😆 ]

ထိုလူ၏အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

မုန့်ယွမ်ရှန့် လျစ်လျူရှုမထားနိုင်တော့ချေ။ ကုန်စုံဆိုင်အတွင်းမှ ပြေးထွက်ကာ လူစိမ်းအား ရှာဖွေလိုသော်ငြား ထိုလူမှာ ထွက်သွားနှင့်ပြီး ဖြစ်လေသည်။

ထိုနေရာ၌ မတ်တတ်ရပ်လျက်နှင့် စိတ်အတွင်း၌ လွန်ဆွဲကာ တုံ့ဆိုင်းနေပြီးနောက် ဟိုတယ်ရှိရာသို့ ဦးတည်လိုက်တော့သည်။

မုန့်ယွမ်ရှန့် ထွက်သွားသည်နှင့် အနီးအနားရှိ ချုံပုတ်ထဲမှ ခေါင်းတစ်လုံး ပြူထွက်လာသည်။

ကုရှင်းရှစ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိတော့သည်။
“ဖွီး.. မစ်ရှင်ပြီးမြောက်..”

စနစ်က စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်အား ပွတ်ကာ ပြောလေသည်။
[သူ့နောက် လိုက်သွားကြမယ်.. ဒီလိုမျိုး အရည်ရွှမ်းရွှမ်း ဖရဲသီးကို လက်လွှတ်ဖို့ လုံးဝမဖြစ်ဘူး..]

ကုရှင်းရှစ်တို့က ဟိုတယ်အတွင်းသို့ ခိုးဝင်ကာ မုန့်ယွမ်ရှန့်အား နောက်ယောင်ခံလိုက်ကြသည်။

ကျန်းမော့၏အခန်းနှင့် နီးကပ်လာသည်နှင့်အမျှ အခန်းတံခါးရှေ့သို့ မရောက်မချင်း မုန့်ယွမ်ရှန့်၏ နှလုံးသားအား လက်ဖြင့် ဖျစ်ညှစ်ထားသလိုပင်။

တံခါးမှာ အနည်းငယ် ဟလျက်ရှိပြီး ဟထားသောတံခါးမှတစ်ဆင့် အခန်းအတွင်းရှိ ချိုသာသော ပလုံးပထွေးသံများ လျှံကျလာသည်။

ထိုအသံများက မုန့်ယွမ်ရှန့်အား ဦးခေါင်းထက်မှ ရေခဲရေတစ်ပုံးနှင့် လောင်းချခံရသလိုပင်။

ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ ထိန်းချုပ်မရနိုင်လောက်အောင် တုန်ယင်လာပြီးနောက် တံခါးဖွင့်ကာ ဝင်သွားသည်။

အခန်း၏ ဆိုဖာပေါ်၌ အဝတ်ဗလာနှင့် ခန္ဓာကိုယ်နှစ်ခု ယှက်တွယ်လျက်ရှိသည်။

ထိုသူများမှာ သူ၏ အရင်းနှီးဆုံးသူနှစ်ဦးပင်။

လက်ရှိအချိန်၌မူ ထိုလူများမှာ တစ်ခါမျှ မတွေ့မမြင်ဖူးသည့် သူစိမ်းများသဖွယ်ဖြစ်သည်။

တံခါးအား မျက်နှာမူလျက်ရှိသည့် ရှုယိမှာ တစ်စုံတစ်ခုအား သတိပြုမိလိုက်ပုံရှိပြီး မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် အမူအရာမဲ့စွာဖြင့် ထိုနေရာ၌ မတ်တတ်ရပ်လျက်ရှိသော မုန့်ယွမ်ရှန့်အား မြင်တွေ့လိုက်သဖြင့် အက်ကွဲနေသောအသံဖြင့် အာမေဍိတ်ပြုလိုက်သည်။
“ဝမ်းကွဲ..”

ရမ္မက်နွံထဲ၌ နစ်မြုပ်နေဆဲဖြစ်သည့် ကျန်းမော့က ခပ်ဖွဖွရယ်လိုက်သည်။
“အိုး.. နတ်ဆိုးလေး.. မင်းက ပူစပ်ပူလောင်လေးတွေကို ကြိုက်တယ်ပေါ့လေ.. ဟုတ်လား..”

ရှုယိမှာ ဖျော့တော့လာသည်။
“မဟုတ်ဘူး.. အဲလို မဟုတ်..”

တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိပြုမိပြီးနောက် ကျန်းမော့ လှည့်ကြည့်လိုက်ချိန်တွင် တံခါးဝ၌ ရပ်လျက်ရှိသည့် မုန့်ယွမ်ရှန့်အား မြင်တွေ့လိုက်သည့်အခါ ချက်ချင်းပင် မျက်နှာတစ်ခုလုံး ဖြူစုတ်သွားတော့သည်။
“ယွမ်ရှန့်.. ဘာ.. ဘာလို့ ဒီကို ရောက်နေတာလဲ..”

တံခါးဝမှ ချောင်းကြည့်နေသော ကုရှင်းရှစ်က အဖြစ်အပျက်တစ်ခုလုံးအား မြင်တွေ့လိုက်ရပြီး တိတ်တခိုး ကျိန်ဆဲနေမိသည်။ ထို့နောက် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် ကျန်းမော့နှင့် ရှုယိတို့၏ ဓာတ်ပုံအနည်းငယ်အား ရိုက်ယူထားလိုက်သည်။

အခန်းအတွင်းရှိ လူများမှာမူ ကုရှင်းရှစ်အား အာရုံမစိုက်နိုင်ကြပေ။

ကျန်းမော့၏ လက်မောင်းအား ဖက်တွယ်ထားသော ရှုယိက နုနယ်ကာ သနားစဖွယ်ကောင်းစွာ ပြောလေသည်။
“မော့ကောကော.. ဝမ်းကွဲလည်း သိသွားပြီဆိုတော့.. အခုပဲ ပြောလိုက်..”

“ပါးစပ်ပိတ်စမ်း..”
ကျန်းမော့က ရှုယိအား ကြမ်းတမ်းစွာ တွန်းထုတ်လိုက်သည်။

သတိလျော့နေသော ရှုယိက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး မျက်နှာထက်တွင် အရှက်ရမှုနှင့် စိတ်သောကရောက်မှုတို့ ထင်ဟပ်နေသည်။
“မော့ကောကော..”

ကျန်းမော့က ရှုယိအား လျစ်လျူထားပြီးနောက် ဘောင်းဘီကိုဆွဲတင်ကာ မုန့်ယွမ်ရှန့်အား စကားပြောရန် ကြိုးစားလေသည်။
“ယွမ်ရှန့်.. ကိုယ့်ကို ရှင်းပြခွင့်..”

သို့သော် ကျန်းမော့ ပြောမပြီးခင်မှာပင် မုန့်ယွမ်ရှန့်၏ ခပ်ကြမ်းကြမ်းရိုက်ခံလိုက်ရသည်။

ဖြန်း..

ပါးရိုက်သံမှာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ကုရှင်းရှစ်နှင့် စနစ်တို့ နှစ်ဦးသား ဝါးခနဲပင် ဖြစ်သွားတော့သည်။

မုန့်ယွမ်ရှန့်၏ မျက်လုံးများမှာ နီရဲလျက်ရှိပြီး ခန္ဓာကိုယ်မှာလည်း စိတ်ခံစားချက်များကြောင့် ယိမ်းထိုးနေသည်။

သူက ကျန်းမော့အပေါ်၌ အမြဲနာခံမှုရှိခဲ့ပြီး ကျန်းမော့ပြုလုပ်သမျှ အရာအားလုံးအပေါ် မည်မျှပင် ဆိုးဝါးစေကာမူ သည်းခံခဲ့သည်။ ဤတစ်ကြိမ်မှာ သူ၏ဘဝ၌ ပထမဆုံးအဖြစ် ကျန်းမော့အား ဆန့်ကျင်မိခြင်းဖြစ်သဖြင့် စိတ်လှုပ်ရှားသလို ကြောက်ရွံ့မှုတို့လည်း ပြည့်နေသည့်အပြင် အံ့ဩဖို့ကောင်းစွာ လွတ်မြောက်ခြင်းကို ခံစားမိသည်။

ကျန်းမော့က ထိတ်လန့်စွာဖြင့် စပ်ဖျဉ်းဖျဉ်းဖြစ်နေသည့် ပါးအား ထိလိုက်မိပြီး မုန့်ယွမ်ရှန့်၏ အပြုအမူအား မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။

ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ပြီးချိန်မှစကာ အရာအားလုံး သူ့သဘောအတိုင်းသာ ဖြစ်ခဲ့ပြီး နှစ်သက်မြတ်နိုးမှုနှင့် ဖူးဖူးမှုတ်ထားခံရမှုတို့အား အသားကျနေပြီဖြစ်သည်။ သူ့အား လက်ပါဝံ့သူ မည်သူမျှ မရှိကြပေ။ အထူးသဖြင့် သူ့အပေါ် နူးညံ့ကာ နာခံတတ်သူ ယွမ်ရှန့်ဖြစ်သည်။

ဒေါသပေါက်ကွဲလာသဖြင့် စကားလုံးတို့ ထွက်ကျလာသည်။
“မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့.. မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ.. မင်းရဲ့ အရာအားလုံးကို ငါပေးထားတာ.. မင်းက နာခံတတ်လို့ ငါက ကောင်းကောင်းဆက်ဆံပေးတာကို မင်းကိုယ်မင်း ငါ့ရဲ့ တရားဝင်ချစ်သူလို့ ထင်နေတာလား..”

စကားလုံးများမှာ ပြင်းထန်လှသဖြင့် အပြင်ဘက်မှ ကြည့်နေသူ ကုရှင်းရှစ်ပင်လျှင် ဒေါသထွက်လာသည်။

မမျှော်လင့်စွာဖြင့် မုန့်ယွမ်ရှန့်မှာ သူမတူစွာ တည်ငြိမ်လှသည်။
“မင်းပြောတာ မှန်တယ်..”

လူတိုင်း အေးခဲသွားသည်။

မုန့်ယွမ်ရှန့် စိတ်လျှော့လိုက်ပြီဟု တွေးမိသောကြောင့် ကျန်းမော့ စိတ်သက်သာရာ ရမိသွားသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် မုန့်ယွမ်ရှန့်က လက်ထဲရှိ အပူခံဘူးအားဖွင့်ကာ ကျန်းမော့အား အထဲရှိ ဆန်ပြုတ်များဖြင့် လောင်းချလိုက်တော့သည်။

ကျန်းမော့ အော်ဟစ်လိုက်သည်။
“မုန့်ယွမ်ရှန့်..”

ကုရှင်းရှစ်က ရယ်ချင်စိတ်အား အတင်းထိန်းချုပ်နေရသည်။
သောက်ကြမ်းကြီးဟ..

“ငါဆုံးဖြတ်ပြီးပြီ..”

ကုရှင်းရှစ် စိတ်ထဲမှ ပြောလိုက်မိသည်။

သူနဲ့ စာချုပ်ချုပ်မယ်..


🍉🍉🍉🍉 အခန်း ၂


မုန့်ယွမ်ရှန့်က အရာအားလုံးဆုံးရှုံးကာ ရှုံးနိမ့်သွားသကဲ့သို့ လမ်းမတစ်လျှောက် လျှောက်နေမိသည်။

ကျန်းမော့နှင့် ရင်ဆိုင်ရချိန်တွင် မည်သည်ကိုမျှ အလေးမထားဟန်ပေါ်အောင် ကြိုးစားခဲ့ရသော်လည်း အမှန်တကယ်၌မူ နာကျင်လွန်းသောကြောင့် ရင်ထဲ၌ ထုံကျင်နေခဲ့သည်။

မုန့်ယွမ်ရှန့်က ကျန်းမော့ထံ၌ ၆ နှစ်ကြာအောင် နှလုံးသားတစ်ခုလုံး မြှုပ်နှံထားခဲ့သည်။ ကျန်းမော့က အပြင်စာစားရခြင်းအား မနှစ်သက်သောကြောင့် အာဟာရရှိသည့် ဟင်းလျာများအား ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးခဲ့သည်။ သူ၏ စိတ်လိုက်မာန်ပါ ပြုမူတတ်သော ဗီဇကြောင့် မကြာခဏဆိုသလို လူများအား အပြစ်ပြုမိတတ်သဖြင့် မုန့်ယွမ်ရှန့်က ကျန်းမော့၏အရှုပ်များအား ရှင်းလင်းပေးရန် အေးစက်သည့် စကားများအား သည်းခံခဲ့ရသည်။ ထို့အပြင် ကျန်းမော့က အခြားသူများနှင့် မိတ်ဆွေဖွဲ့ရန် စိတ်ဝင်စားခြင်း မရှိသောကြောင့် မုန့်ယွမ်ရှန့်က ဖျော်ဖြေရေးလောကရှိ လူများနှင့် အရာအားလုံးအား မှတ်မိနိုင်ရန် ကြိုးစားခဲ့ရပြီး ကျန်းမော့အား ပြန်လည်လမ်းညွှန်ပေးခဲ့ရသည်။

ကုန်ဆုံးခဲ့သော နှစ်များ၌ ပေးအပ်ခဲ့သော ချစ်မေတ္တာနှင့် အနစ်နာခံမှုတို့အား ကျန်းမော့အနေဖြင့် ဤကဲ့သို့ ပြန်လည်ပေးဆပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

နာကျင်မှုအလွန်၌ လမ်းပျောက်နေမိသည်။ သူ၏ ဘဝတစ်လျှောက်လုံး၌ ကျန်းမော့ကို ဗဟိုပြု၍ အချိန်များ ကုန်ဆုံးခဲ့ပြီး သူကိုယ်တိုင်အတွက် မည်သည့်အရာမျှ လက်ဆုပ်လက်ကိုင် ပြရန် မရှိပေ။ ယခုအခါ ကျန်းမော့အား စွန့်ခွာပြီးနောက် မည်သည့်နေရာသို့ သွားရမည်ကိုပင် မသိတော့ချေ။

မိုးက တဖွဲဖွဲ ရွာသွန်းလာသည်။

ဒူးနှစ်လုံးအား လက်ဖြင့်ပိုက်ကာ လမ်းဘေး၌ ထိုင်နေပြီး တဖြည်းဖြည်း မိုးရွှဲရွှဲစိုလာသည့် မုန့်ယွမ်ရှန့်အား ကြည့်ရသည်မှာ စွန့်ပစ်ခံလိုက်ရသော ကြောင်ပေါက်လေးသဖွယ်ပင်။

ရုတ်တရက် အေးစက်စက် မိုးရေစက်များ ရပ်တန့်သွားသည်။

မုန့်ယွမ်ရှန့် ကြောင်အစွာဖြင့် မော့ကြည့်လိုက်ချိန်၌ သူ၏ ဦးခေါင်းထက်၌ ထီးမိုးပေးထားသော လူငယ်တစ်ဦးအား မြင်လိုက်ရသည်။

လူငယ်မှာ အသက် ၂၀ အစောပိုင်း၌သာ ရှိသေးပုံရပြီး ပျော့ပျောင်းနူးညံ့သော အညိုဖျော့ရောင် ဆံပင်များ၊ အပြစ်ကင်းစင်သော ခွေးပေါက်လေးနှင့်တူသည့် မျက်လုံးများ၊ သေသပ်လှပသော နှာခေါင်းနှင့် ခပ်ပြည့်ပြည့် နှုတ်ခမ်းပါးတို့၌ ချိတ်ဆွဲထားသော နှစ်လိုဖွယ် အပြုံးက သူ့အား ပို၍ နှစ်သက်ဖွယ် ကောင်းစေသည်။

ကြည်လင်ကာ အမှုမထားဟန်ပေါ်သော မျက်လုံးများနှင့် အခြားသူအား ကူးစက်စေတတ်သည့် အပြုံးတို့မှာ မုန့်ယွမ်ရှန့်၏ လေးလံနေသော နှလုံးသားအား အနည်းငယ် ပေါ့ပါးသွားစေသည်။

ကုရှင်းရှစ်က မေးလိုက်သည်။
“အဆင်ပြေရဲ့လား.. ဆေးရုံသွားဖို့ လိုသေးလား..”

“ကျေးဇူးတင်ပါတယ်.. ကျွန်တော်..”
မုန့်ယွမ်ရှန့်က အလိုလို တုံ့ပြန်ပြီးနောက် ရုတ်တရက် မှတ်မိသွားလေသည်။
“အဲဒါ ခင်ဗျားပဲ..”

ကုရှင်းရှစ် နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။
“ကျွန်တော့်ကို သိတာလား..”

မုန့်ယွမ်ရှန့်၏ နှုတ်ခမ်းများ တောင့်တင်းသွားသည်။ မေးခွန်းတစ်ခုဟု ထင်ရသော်ငြား သူ၏အသံမှာ သေချာနေလေသည်။
“ကုန်စုံဆိုင်ထဲကလူက ခင်ဗျားပဲလေ.. ဟုတ်တယ်မလား..”

ကုရှင်းရှစ် ထိတ်လန့်သွားသည်။
“ကျွန်တော့်ကို ဘယ်လို မှတ်မိတာလဲ..”

ကုန်စုံဆိုင်ထဲ၌ သူ၏ မျက်နှာအား မုန့်ယွမ်ရှန့် မမြင်လိုက်ကြောင်း သူသေချာသိသည်။
“ခင်ဗျားရဲ့ အသံကို မှတ်မိတာ..”

ကုရှင်းရှစ် ပို၍ပင် အံ့ဩသွားမိသည်။

မိုးသံနှင့် ဖြတ်သွားဖြတ်လာ ကားသံများအကြား စကားလုံးအနည်းငယ်သာ ပြောခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူ့အသံသူ ခပ်ရေးရေး ပြန်ကြားရရုံသာဖြစ်သော်ငြား မုန့်ယွမ်ရှန့်မှာမူ ရှင်းရှင်းလင်းလင်း မကြားရသည့်တိုင်အောင် သူ၏အသံအား မှတ်မိနေဆဲပင်။

ဘယ်လိုအကြားအာရုံမျိုးပါလိမ့်..

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်အား အေးစက်စွာ ကြည့်လိုက်သည်။
“ခင်ဗျားက ကျွန်တော့်ကို ကြားစေချင်ခဲ့တာ မဟုတ်ဘူးလား..”

“ခင်ဗျားက ဘယ်သူလဲ.. ဘာရည်ရွယ်ချက်နဲ့လဲ..”

ကုရှင်းရှစ်မှာ အမှန်တရားအား ဖုံးကွယ်မရနိုင်တော့ကြောင်း သိလိုက်သည်။
“ကျွန်တော်က လူသစ်ရှာတဲ့ မန်နေဂျာတစ်ယောက်ပါ..”

“မန်နေဂျာလား..”
မုန့်ယွမ်ရှန့် ရပ်သွားပြီးနောက် အလျင်အမြန်ပင် ကျန်းမော့၏ စာချုပ် သက်တမ်းကုန်တော့မည်ဖြစ်ကြောင်း အမှတ်ရလိုက်သည်။ လတ်တလော၌ အေဂျင်စီများမှ သူ့ထံသို့ ဆက်သွယ်ကာ စာချုပ်ချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြသည်။

ကုရှင်းရှစ်ထံ၌ တူညီသော ရည်ရွယ်ချက် ရှိနိုင်ကြောင်း တွေးမိသည့်အခါ မုန့်ယွမ်ရှန့်၏ ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာပြီး အသံမှာလည်း ပို၍အေးစက်လာသည်။
“ခင်ဗျားရဲ့ အရှိန်အဝါကိုသုံးပြီး ကျန်းမော့ကို ခြိမ်းခြောက်ဖို့ စီစဉ်ထားတယ် ဆိုရင်တော့ အဲဒီအကြံကို စွန့်လွှတ်ဖို့ ပြောချင်တယ်..”

“ဘာကြောင့်လဲ..”

မုန့်ယွမ်ရှန့် ခပ်မှန်မှန်ပြောသည်။
“ကျန်းမော့နဲ့ တခြားသူတွေကြားမှာ ပုံမှန်မဟုတ်တဲ့ ဓာတ်ပုံတွေ စာအသွားအလာတွေ ငွေလွှဲပြောင်းပေးတဲ့ မှတ်တမ်းမှတ်ရာတွေ မရှိဘူး.. ခင်ဗျားက သူ ရှုယိကို ဟိုတယ်ထဲ ခေါ်သွားတာကိုပဲ မြင်လိုက်တာ.. သူတို့က နီးကပ်နေတယ် ဆိုရင်တောင် မိတ်ဆွေသူငယ်ချင်းပါလို့ ရိုးရိုးလေး ရှင်းလိုက်လို့ရတယ်..”

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ နောက်ယောင်ခံလိုက်ခံရပြီး ကျန်းမော့နှင့် ရှုယိ၏ မိတ်ဆွေသူငယ်ချင်းထက်ပိုသော မြင်ကွင်းအား မှတ်တမ်းတင်ထားကြောင်း မသိချေ။

မည်သည့်ရှင်းလင်းချက်မျှ မဆိုဘဲနှင့် ကုရှင်းရှစ်က ရိုးရိုးရှင်းရှင်း မေးလိုက်သည်။
“မင်းနဲ့ရော.. ဘယ်လို သက်သေမျိုးမှ မရှိဘူးလား..”

မုန့်ယွမ်ရှန့်က တောင့်ခဲသွားပြီးနောက် ကုရှင်းရှစ်အား ကြောက်လန့်စွာဖြင့် ကြည့်လာသည်။

ကုရှင်းရှစ်က အပြစ်ကင်းရိုးသားဟန်ဖြင့် မျက်တောင်ခတ်လိုက်သည်။
“ကျန်းမော့က မင်းရဲ့ ချစ်သူ မဟုတ်ဘူးလား..”

မုန့်ယွမ်ရှန့် မျက်လုံးများအား အောက်သို့စိုက်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေသည်။
“မရှိဘူး.. ဘာမှမရှိဘူး..”

စနစ်မှ အတည်ပြုပေးလာသည်။
[မုန့်ယွမ်ရှန့်က သူတို့နှစ်ယောက်လုံးရဲ့ ဖုန်းတွေနဲ့ လူမှုကွန်ယက် အကောင့်တွေကို ပုံမှန်ရှင်းလေ့ရှိတယ်.. ကျန်းမော့ရဲ့ မန်နေဂျာကလွဲပြီး သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို သိတဲ့သူ မရှိဘူး..]

ကုရှင်းရှစ် ကြောင်အသွားမိသည်။

မုန့်ယွမ်ရှန့်က ကျန်းမော့နှင့် အတူရှိခဲ့သည်မှာ ၆ နှစ်ရှိပြီးဖြစ်ကြောင်း စနစ်ပြောခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။

၆ နှစ်လေ..

၆ လ တို့ ၆ ရက်တို့ မဟုတ်ဘူး..

မုန့်ယွမ်ရှန့်က အတော်လေး ပေးဆပ်ခဲ့တာပဲ..

ဂါး ကျန်းမော့ဆိုတဲ့ အဆိုးဝါးဆုံး မျိုးမစစ်ကောင်..

ကုရှင်းရှစ်က မုန့်ယွမ်ရှစ်အပေါ် ကရုဏာသက်မိပြီး ခေါင်းယမ်းလိုက်သည်။
“ကျွန်တော် စာချုပ်ချုပ်ချင်တာ ကျန်းမော့ မဟုတ်ပါဘူး.. မင်းကို..”

မုန့်ယွမ်ရှန့် ကြက်သေသေလျက် ဆွံ့အနေမိသည်။

သူ၏ နွမ်းနယ်နေသော စိတ်အာရုံမှာ အဆိုပါစကားများအား နားလည်သဘောပေါက်ရန် ရုန်းကန်နေရသည်။
“ကျွန်တော်နဲ့ စာချုပ်ချုပ်မယ် ဟုတ်လား.. ဘာလို့လဲ..”

“‘ဘာလို့လဲ’ ဆိုတာ ဘာအဓိပ္ပါယ်လဲ..”
ကုရှင်းရှစ် နားမလည်နိုင်ဘဲ ဖြစ်နေသည်။

“ကျွန်တော်က သာမန်လက်ထောက်တစ်ယောက်ပါပဲ.. ဘာလို့ စာချုပ်ချုပ်ချင်ရတာလဲ..”

“မင်းက ကြည့်ကောင်းတယ်.. သီချင်းဆိုပြီး ကနိုင်တယ်.. ပြီးတော့ ကျန်းမော့ရဲ့ အစပိုင်း အယ်လ်ဘမ်တွေမှာ နောက်ကွယ်က မင်းရဲ့ ဖန်တီးလမ်းညွှန်မှုတွေ အများကြီးပါတယ်ဆိုတာ ကျွန်တော်သိတယ်.. ဟုတ်တယ် ဟုတ်.. ဒီလိုဆိုမှတော့ မင်းက ဘာလို့များ ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ရမှာလဲ..”

မုန့်ယွမ်ရှန့်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်လာသည်။

ကျန်းမော့ ပွဲဦးထွက်ချိန်မှစကာ မုန့်ယွမ်ရှန့်သည် အယ်လ်ဘမ် တစ်ခုချင်းစီတိုင်း၌ နာရီပေါင်းများစွာ နစ်မြုပ်ထားခဲ့သည်။ သီချင်းရွေးချယ်ခြင်းမှစကာ နောက်ပိုင်းထုတ်လုပ်ရေးအထိပင်။

ကနဦး၌ သူ၏ လုပ်ဆောင်ချက်များအတွက် အသိအမှတ်ပြုမှုအချို့ ရရှိရန် မျှော်လင့်ခဲ့သော်ငြား ကျန်းမော့က အမြဲဤသို့ပြောကာ ချွေးသိပ်ခဲ့သည်။

“အယ်လ်ဘမ်ရဲ့အဖုံးမှာပါတဲ့ နေရာက အကန့်အသတ်နဲ့လေ..” ဒါမှမဟုတ် “ရူးနေတဲ့ ပရိသတ်တွေ ကိုယ်တို့အကြောင်း သိသွားမှာ မလိုချင်ဘူး.. အဲဒီလိုဆိုရင် ကိုယ့်အသက်မွေးဝမ်းကြောင်းက အဆုံးသတ်သွားလိမ့်မယ်..”

မုန့်ယွမ်ရှန့်က ကျန်းမော့အလိုအတိုင်း အရာအားလုံးကို မြိုသိပ်သည်းခံခဲ့သည်။

ထို့ကြောင့် ဖျော်ဖြေရေးလောက၏ အပြင်ဘက်ရှိ မည်သူကမျှ ထူးချွန်ပြောင်မြောက်သော လက်ရာများမှာ သူ၏ ဖန်တီးမှုဖြစ်ကြောင်း မသိကြပေ။

ကုရှင်းရှစ်က ဘယ်လိုသိတာလဲ..

စနစ်ကြောင့်ပင်။

မုန့်ယွမ်ရှန့်ကြောင့်သာ မဟုတ်ခဲ့လျှင် ကျန်းမော့အနေဖြင့် ယခုလို အောင်မြင်မှုမျိုး ရရှိရန်ပင် မဖြစ်နိုင်ကြောင်း စနစ်မှ ပြောပြခဲ့သည်။ မုန့်ယွမ်ရှန့်က ကျန်းမော့အား လိုအပ်သူမဟုတ်ဘဲ ကျန်းမော့သည်သာလျှင် မုန့်ယွမ်ရှန့်အား လိုအပ်ခြင်း ဖြစ်သည်။

ထိုအကြောင်းအား ကုရှင်းရှစ် သိရချိန်တွင် ကြမ်းပြင်ပေါ်ပင် လဲကျသွားသေးသည်။

ဒါတောင်မှ မုန့်ယွမ်ရှန့်က ဒင်းနဲ့ လမ်းမခွဲဘူးပေါ့လေ.. ကျန်းမော့ဆိုတဲ့ကောင်က စိတ်ကိုထိန်းချုပ်နိုင်တဲ့ မှော်ဆရာများလား..

အခြားလူ၏ ဖန်တီးမှုများအား ကိုယ်ပိုင် အသက်မွေးဝမ်းကြောင်းမှုအတွက် ဖြတ်တောက်ပစ်ခြင်းမှာ အရက်စက်ဆုံး အပြုအမူပင်။ ကျန်းမော့၏ အပြုအမူများမှာ မုန့်ယွမ်ရှန့်၏ အိပ်မက်များအား လက်တွေ့ကျကျ ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

မုန့်ယွမ်ရှန့်နေရာ၌ ကုရှင်းရှစ်သာဆိုလျှင် လုံးဝသည်းခံနိုင်မည် မဟုတ်ပေ။

စနစ်မှ ဆက်ရှင်းပြသည်။

[ဟုတ်ပြီ.. ဒီဇာတ်ကြောင်းက ရှည်တယ်.. မုန့်ယွမ်ရှန့် ငယ်ငယ်တုန်းက ပြန်ပေးဆွဲခံရလု နီးနီးပဲ.. အဲဒီမှာ တစ်ယောက်ယောက်က သူ့ကို ကယ်တင်ပေးခဲ့ပြီး.. သူ့ကို ကယ်ခဲ့တဲ့သူက ကျန်းမော့လို့ ထင်နေရှာတာ.. ကျန်းမော့က အမှန်ကို သိတာတောင် ဘယ်တော့မှ ဝန်မခံခဲ့ဘူး..]

ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။ ကျန်းမော့ဆိုသည့်အကောင်မှာ ဖတ်စာအုပ်ထဲ၌ ဥပမာအနေနှင့် ထည့်သင့်‌သော အမှိုက်ကောင် ဖြစ်သည်။

ကျန်းမော့ကဲ့သို့သော လူတစ်ဦးအား နောက်ချန်ရစ်နိုင်ရန် မုန့်ယွမ်ရှန့်သည် ကျန်းမော့အား ဖိနှိပ်နိုင်ရန် လိုအပ်ပြီး ကျန်မော့ထက် ပိုမို ထင်ရှားကျော်ကြားမှသာ သူ့အား ထိပ်ဆုံးမှ ဆွဲချနိုင်မည် ဖြစ်သည်။

ထိုသို့စဉ်းစားမိပြီးနောက် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား မေးသည်။
“မင်း ကြယ်ပွင့်တစ်ယောက် ဖြစ်ချင်လား..”

မုန့်ယွမ်ရှန့် နှလုံးခုန်မြန်လာသည်။

စင်နောက်ဘက်တွင်ရပ်ကာ အလင်းထဲ၌ ကျန်းမော့ ဖျော်ဖြေနေသည်အား ကြည့်ခဲ့ရသည့် အချိန်များကို ပြန်တွေးမိသည်။

ပရိသတ်၏ ချစ်ခင်နှစ်သက်မှု၊ စင်မြင့်၏ စိတ်လှုပ်ရှားဖွယ်ကောင်းမှု၊ နာမည်ကျော်ကြားခြင်း၏ ရင်ဖိုရမှုတို့ မှတ်ဉာဏ်ထဲ၌ ပြန်ပေါ်လာသည်။

အဲဒါတွေကို လိုချင်လား..

လိုချင်တယ်..

သူ စင်မြင့်ပေါ်တွင် ရပ်ချင်သည်၊ အများ၏ နှစ်သက်သဘောကျမှု ခံချင်သည်၊ အလင်းရောင်အောက်၌ တောက်ပနေချင်သည်။

ကုရှင်းရှစ်၏ မေးခွန်းက မုန့်ယွမ်ရှန့်အား အခွံချွတ်လိုက်သလိုဖြစ်စေပြီး နှလုံးသားထဲ၌ အချိန်ကြာမြင့်စွာ မြှုပ်နှံထားခဲ့ရသော စိတ်ဆန္ဒတို့ ပြန်လည်ရုန်းကြွလာစေသည်။

ဖန်လှောင်အိမ် အက်ကွဲသွားပြီးနောက် သူ၏ ရည်မှန်းချက်တို့က ရူးသွပ်ဖွယ်ကောင်းစွာ ကြီးထွားလာတော့သည်။

မုန့်ယွမ်ရှန့်၏နှလုံးသားက တထိတ်ထိတ်ခုန်နေပြီး ဖြူဖျော့နေသည့် ပါးပြင်များကလည်း သွေးရောင်လွှမ်းလာကာ ယခင်ထက်ပင် ပိုမိုအသက်ဝင်လာပုံရသည်။

မုန့်ယွမ်ရှန့်၏ ပါးနှစ်ဖက် နီမြန်းလာသည်ကိုမြင်သည့်အခါ ကုရှင်းရှစ်က စိုးရိမ်သွားမိသည်။
“မင်းရဲ့ မျက်နှာက အရမ်းနီနေတယ်.. အဖျားတက်လာတာများလား.. ဆေးရုံသွားသင့်တယ်လို့ ထင်တယ်နော်..”

“ကျွန်တော် နေကောင်းပါတယ်..”
မုန့်ယွမ်ရှန့် အတွေးစကိုဖြတ်ကာ စကားပြောတော့မည့် အချိန်မှာပင် ရုတ်တရက် ကျန်းမော့၏အသံ ထွက်ပေါ်လာသည်။

“ယွမ်ရှန့်..”

ကုရှင်းရှစ်နှင့် မုန့်ယွမ်ရှန့်တို့၏ အမူအရာ ပြောင်းလဲသွားသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား ဟိုတယ်နှင့် ဝေးဝေးသို့ ခေါ်မသွားမိခြင်းကြောင့် နောင်တရလာသည်။ 
ကျန်းမော့ ထွက်လာပြီး မုန့်ယွမ်ရှန့်ကို ရှာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…

“ယွမ်ရှန့်..”
ကျန်းမော့က mask ကို အောက်သို့ဆွဲချပြီးနောက် မုန့်ယွမ်ရှန့်အား ချစ်မြတ်နိုးစွာ ကြည့်လေသည်။ သို့သော် အနီး၌ ရှိနေသည့် ကုရှင်းရှစ်အား သတိထားမိသည့်အချိန်တွင် သူ၏မျက်နှာတစ်ခုလုံး မဲမှောင်လာသည်။
“ဒါ ဘယ်သူလဲ..”

မုန့်ယွမ်ရှန့် အဝေးသို့ကြည့်ကာ ပြောသည်။
“မင်းကိစ္စမဟုတ်ဘူး..”

ကျန်းမော့၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် ပေါ်လာသော်ငြား ထိန်းချုပ်လိုက်ပြီးနောက် စိတ်ရှည်စွာဖြင့် ပြောသည်။
“ကိုယ်တို့ စကားပြောဖို့ လိုအပ်တယ်.. ဒီကနေ သွားရအောင်..”

မုန့်ယွမ်ရှန့် ခေတ္တမျှ တုံ့ဆိုင်းနေသည်။

ကျန်းမော့မှာ အလွန်စိတ်အနှောင့်အယှက်ပေးသည်ဟု ထင်သည့်တိုင်အောင် သူတို့နှစ်ဦး အတူတကွ ဖြတ်သန်းခဲ့သည့် နှစ်များအား အပြည့်အဝ ဖြတ်တောက်နိုင်ရန် ခက်ခဲနေဆဲပင်။ ကျန်းမော့က ယင်းအား အခွင့်ကောင်းယူကာ မုန့်ယွမ်ရှန့်အား ဘေးသို့ဆွဲလိုက်သည်။

“အဲကောင်က ဘယ်သူလဲ..”
ကျန်းမော့ မေးလိုက်သည်။
“သူနဲ့ ဘယ်တုန်းက တွေ့တာလဲ.. ကိုယ်တို့အကြောင်း တစ်ခုခု မပြောလိုက်ဘူး မလား..”

မုန့်ယွမ်ရှန့်က ကျန်းမော့အား အူမချေးခါးမကျန်အောင် သိထားသူဖြစ်ပြီး ထိုလူ အမှန်တကယ် မေးလိုသည်မှာ နောက်ဆုံးတစ်ခုပင်။ မုန့်ယွမ်ရှန့်သည် ယခင်က ထိုအရာအား သတိမပြုနိုင်လောက်အောင် အချစ်ကြောင့် မျက်ကန်းဖြစ်နေခဲ့ပြီး ယခုအခါတွင်မူ သူနှင့် ၆ နှစ်ကြာ အတူရှိခဲ့သည့် ဤလူမှာ မည်မျှ တစ်ကိုယ်ကောင်းဆန်ကာ အေးစက်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။

သူ ခါးသီးစွာ ရယ်မောလိုက်သည်။
“ဒီတိုင်း သူစိမ်းတစ်ယောက်ပါပဲ.. ငါ မိုးရေတွေ စိုနေလို့ ထီးလာဆောင်းပေးတဲ့သူလေ..”

ကျန်းမော့က မုန့်ယွမ်ရှန့်၏ လေသံအား သိသိသာသာ မနှစ်မြို့ပုံရသော်ငြား သူ့ရည်ရွယ်ချက်အတွက် သည်းခံလိုက်သည်။
“ယွမ်ရှန့်.. ကိုယ်က မင်းကိုပဲ စိုးရိမ်တာပါ.. မင်းကို မနာကျင်စေချင်ဘူး..”

ထိုအချိန်မှာပင် အနီးမှ ဗီဒီယိုတစ်ခု ဖွင့်သံကို ကြားလိုက်ရသည်။

“စိတ်ခံစားချက်ကို လှည့်ဖျားတတ်တဲ့ ခွေးကောင်တွေ သုံးလေ့ရှိတဲ့ ထိပ်တန်းစကား ၁၀ ခွန်း”

နံပါတ် ၁ : ကိုယ်က မင်းကို အရမ်းစိုးရိမ်တယ်.. မင်း နာကျင်မှာ မလိုချင်ဘူး..

အပေါ်ယံကြည့်ရင်တော့ ဒီခွေးကောင်က မင်းကို စိုးရိမ်နေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက သူ့ရဲ့ ထိန်းချုပ်တတ်တဲ့ အပြုအမူနဲ့ မင်းကို ခြယ်လှယ်ဖို့ ကြိုးစားနေတာ..

ကျန်းမော့က အေးခဲသွားပြီး မျက်နှာတစ်ခုလုံး ဖြတ်ရိုက်ခံရသလို နီမြန်းလာသည်။

ကုရှင်းရှစ်ရှိရာသို့ စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်လိုက်ပြီး ၎င်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖွင့်လိုက်သည်ဟု ယူဆမိသော်ငြား ထိုလူမှာ သူတို့နှင့် ခပ်ဝေးဝေး၌ ရပ်နေခြင်းဖြစ်သည်။

တိုက်ဆိုင်တာပဲ ဖြစ်မှာပါလေ..

ကျန်းမော့ အံတင်းတင်းကြိတ်ကာ အဖျက်သမားအား မေးလိုက်သည်။
“အသံနည်းနည်းလောက် လျှော့ပေးလို့ရမလား..”

ကုရှင်းရှစ် မျက်လုံးလှိမ့်လိုက်သည်။
“ဘာလို့လဲ.. အသံကျယ်ကျယ် မဖွင့်ရဘူးလို့ ဥပဒေမှ မရှိဘဲ..”

ကျန်းမော့က ပြန်လည်ငြင်းခုံခြင်း မပြုတော့ဘဲ သူမည်သူဖြစ်ကြောင်း ဖော်ပြလိုစိတ် မရှိသဖြင့် လျှာကိုသာ ကိုက်လိုက်သည်။

သူ့ကိုယ်သူထိန်းကာ မုန့်ယွမ်ရှန့်ရှိရာသို့ ပြန်လှည့်လိုက်သည်။

“ရှုယိကို နှင်ထုတ်ပြီးပါပြီ.. ကိုယ်မှားသွားတာ ကိုယ်သိပါတယ်.. ဒါက ခဏတာ စိတ်..”

ယောကျ်ားတွေရဲ့ စကားဆိုတာ အလိမ်အညာတွေပဲ.. ယောကျ်ားတစ်ယောက်က ‘ဒါက ခဏတာ အမှားတစ်ခုပါ.. ကိုယ် စိတ်ရှုပ်ထွေးသွားခဲ့တာ’ လို့ ပြောလာရင် လုံးဝ မယုံလိုက်နဲ့.. တစ်ကြိမ်ပဲဖြစ်ဖြစ် မရေမတွက်နိုင်အောင်ပဲဖြစ်ဖြစ် ဖောက်ပြန်တာက ဖောက်ပြန်တာပဲ.. တကယ်လို့ မင်းက ပိုးဟပ်တစ်ကောင်ကိုတွေ့လိုက်ပြီ ဆိုတာနဲ့ အမှောင်ထဲမှာ ပိုးဟပ်ထောင်နဲ့ချီပြီး ပုန်းနေနိုင်တယ် ဆိုတာမျိုးပဲ.. တစ်ကြိမ်ဖောက်ပြန်တာကို ဖမ်းမိတယ်ဆိုရင် အရင်ကလည်း အကြိမ်ပေါင်းများစွာ ဖောက်ပြန်ပြီးဖို့ အလားအလာ အရမ်းများတယ်..

ကျန်းမော့၏ အမူအရာမှာ လူသတ်ချင်လာသည့်ပုံပင်။ သူ့အကြည့်များက စူးရှထက်မြနေပြီး အကြည့်တစ်ချက်နှင့်ပင် ကုရှင်းရှစ်အား သတ်ဖြတ်တော့မတတ်ပင်။

မုန့်ယွမ်ရှန့်မှာ အစဦးပိုင်း၌ အသည်းကွဲနေခြင်း ဖြစ်သည်။

သို့သော် ကုရှင်းရှစ်၏ အနှောင့်အယှက်ပေးမှုက သူ့စိတ်ခံစားချက်အား ပေါ့ပါးသွားစေပြီး နာကျင်မှုအား လျော့ကျစေသည်။

မုန့်ယွမ်ရှန့် ကျန်းမော့အား ကြည့်လိုက်သည်။
“မင်းပြောစရာရှိတာကိုပဲ ပြောပါ..”

ကျန်းမော့က မျက်မှောင်ကြုတ်လိုက်ပြီး မုန့်ယွမ်ရှန့်၏ လေသံအား မနှစ်မြို့သည်မှာ သိသာလှပေသည်။ သို့သော် သူ့စိတ်သူထိန်းကာ ပြောလေသည်။
“ကိုယ့် နောက်ထွက်မယ့် အယ်လ်ဘမ်က စပြီးတော့ စီစဉ်နေပြီလေ.. မင်းလည်း အရမ်းစိတ်လှုပ်ရှားနေတာ ကိုယ်သိတယ်.. မင်း ကြိုးစားကြည့်ချင်တဲ့ စိတ်ကူးတွေ အများကြီး ရှိတယ် မဟုတ်လား.. မနက်ဖြန် အစည်းအဝေးလုပ်ဖို့ ကိုယ်နဲ့အတူ မြို့တော်ကို ပြန်လိုက်ခဲ့လေ..”

ကျန်းမော့ပြောပြီးသည့်တိုင်အောင် မုန့်ယွမ်ရှန့်က မလှုပ်မယှက် ရှိနေဆဲပင်။

ကျန်းမော့ အံတင်းတင်းကြိတ်ကာ ဆက်ပြောသည်။
“ဒီအယ်လ်ဘမ်မှာ မင်းနာမည်ကို ဖော်ပြဖို့ ကိုယ် ကြိုးစားထားတာနော်.. ကျေးဇူးမတင်ဘူးလား..”

ယနေ့ မတိုင်မီက ထိုသို့ပြောလာပါက မုန့်ယွမ်ရှန့် ပျော်မိပေမည်။

ယခုတွင်မူ သူပိုင်ဆိုင်သင့်သည့် အရာအား ကျန်းမော့၏ မျက်နှာသာပေးမှုကြောင့် ရရှိသယောင် ပြောလာသည်အား ကြားရသည်မှာ ရွံရှာဖွယ်ကောင်းလှသည်။ 

တစ်ချိန်တည်းမှာပင် မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ အခြားသော အတွေးတစ်ခု ပေါ်လာသည်။

ဘာကြောင့် ငါ့ကိုယ်ပိုင် အယ်လ်ဘမ် မလုပ်ရမှာလဲ..

တခြားသူ ခွင့်ပြုပေးမှ မဟုတ်ဘဲ ငါတစ်ယောက်တည်း ပိုင်ဆိုင်မဲ့ အယ်လ်ဘမ် တစ်ခုလေ..

ထိုအတွေးက မုန့်ယွမ်ရှန့်၏ စိတ်ထဲ၌ ပြတ်သားသည့် ဆုံးဖြတ်ချက်အား ဖြစ်ပေါ်လာစေပြီး ဖြေရှင်းချက်အသစ်တစ်ခု ရရှိပြီးနောက် မျက်လုံးများလက်လာသည်။

သို့သော် ချက်ချင်းဆိုသလို မှေးမှိန်သွားသည်။

ငါဘာတွေ တွေးလိုက်မိတာလဲ..

မုန့်ယွမ်ရှန့်ဆိုသည့် သူက သာမန်လက်ထောက်တစ်ဦးသာဖြစ်ပြီး စစ်မှန်သော အရည်အချင်းဟူ၍ မရှိပေ။ သူ အယ်လ်ဘမ်ထုတ်ရန် မည်သူကမှ အခွင့်အရေးပေးမည်မဟုတ်ပေ။

ထိုသို့တွေးမိသည့်အခါ ကုရှင်းရှစ်ထံသို့ အကြည့်ရောက်သွားသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား အကြည့်နှင့် အားပေးလိုက်သည်။

သူ၏ မျက်လုံးများမှာ ကြည်လင်ကာ ရိုးသားပြီး အင်အားအပြည့်ရှိသောကြောင့် မုန့်ယွမ်ရှန့်၏ စိတ်မလုံခြုံမှုတို့အား အဝေးသို့ လွင့်ပါးသွားစေသည်။

ကျန်းမော့က အယ်လ်ဘမ်နှင့်ပတ်သက်သည့် အစီအစဉ် အသေးစိတ်အား ပြောနေစဉ်မှာပင် မုန့်ယွမ်ရှန့်က စကားစဖြတ်လိုက်သည်။
“မလုပ်ချင်ဘူး..”

“ဘာ..”
ကျန်းမော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ပုံ မရချေ။

မုန့်ယွမ်ရှန် ခေါင်းမော့လိုက်သည်။ သူ့အသံမှာ အနည်းငယ် တုန်ခါနေသည့်တိုင်အောင် ဖြည်းဖြည်းမှန်မှန်ဖြင့် ပြောလိုက်သည်။
“ငါ မလုပ်ချင်ဘူး..”

ကျန်းမော့ ကြောင်အသွားသည်။

သူ့အား မုန့်ယွမ်ရှန့် ငြင်းဆိုလိမ့်မည်ဟု တစ်ခါမျှပင် မမျှော်လင့်ဖူးချေ။

“ဘာအဓိပ္ပါယ်လဲ..”

“မင်းရဲ့ အရိပ်အောက်မှာပဲ ရပ်မနေချင်တော့ဘူး.. ငါ.. ငါ့ဘာသာ ကြိုးစားကြည့်ချင်တယ်..”

“မင်းဘာသာ ကြိုးစားမယ် ဟုတ်လား..”
ကျန်းမော့ လှောင်ရယ်လိုက်သည်။
“ယွမ်ရှန့်.. မင်းက အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ စဉ်းစားနေတာလား..”

“မင်းကို အားလျော့အောင် ပြောချင်တာတော့ မဟုတ်ဘူးကွာ.. ဒါပေမဲ့ အနုပညာရှင်ဖြစ်လာဖို့ လွယ်တယ်များ ထင်နေလား.. မင်းက လူငယ်မဟုတ်ဘူးနော်.. လက်တွေ့ဆန်စမ်းပါ.. ကုမ္ပဏီကြီးတွေက အကောင်းဆုံးဆိုတာတွေကိုပဲ လက်ခံကြတာ.. ကုမ္ပဏီသေးတွေကျတော့ရော.. သူတို့က လျော်ကြေးအများကြီးရနိုင်တဲ့ လူသစ်တွေကိုပဲ စာချုပ်ချုပ်ချင်ကြတာ..”

မုန့်ယွမ်ရှန့်အား ပခုံးပုတ်လိုက်ပြီး ကျန်းမော့၏အသံက နူးညံ့လာသည်။
“ကိုယ်က မင်းအတွက် စိုးရိမ်လို့ပါ.. မင်းရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ကိုယ်သာမရှိရင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဝါးမြိုခံနေရပြီ..”

မုန့်ယွမ်ရှန့်က မျက်နှာဖြူဖျော့လာသော်ငြား ခုခံနေဆဲပင်။
“ဒါက ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ..”

ကျန်းမော့၏ စိတ်ရှည်မှုတို့ လျော့ပါးလာသည်။
“ကောင်းပြီ.. မင်း ဘာလုပ်နိုင်မလဲ ငါစောင့်ကြည့်မယ်..”

ထိုသို့ပြောပြီးနောက် ဒေါသတကြီး ထွက်ခွာသွားသည်။ 

မုန့်ယွမ်ရှန့်က ကျန်းမော့၏ ဒေါသနှင့် အသားကျပြီး ဖြစ်သောကြောင့် အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိချေ။

ကျန်းမော့ ပျောက်ကွယ်သွားပြီးနောက် မုန့်ယွမ်ရှန့်က ကုရှင်းရှစ်ရှိရာသို့လှည့်ကာ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ရောစွက်နေသော အသံဖြင့် မေးလိုက်သည်။
“ခင်ဗျား ပြောတဲ့ဟာလေ.. အဲဒါ တကယ်လား..”

ကုရှင်းရှစ်မှာ စနစ်နှင့် အတင်းပြောရာ၌ နစ်ဝင်နေသောကြောင့် မုန့်ယွမ်ရှန့်အား ပြန်ဖြေရန် အချိန်တစ်ခု ယူလိုက်ရသည်။
“ဘာ.. အိုး.. အိုး.. မင်းနဲ့ စာချုပ်ချုပ်တာကို ပြောတာလား.. တကယ်ပေါ့.. အမှန်ပါ..”

ကိုးရိုးကားယားနိုင်စွာဖြင့် သူ့အမည်ကတ်ကို ထုတ်ကာ မုန့်ယွမ်ရှန့်အား ကမ်းပေးလိုက်သည်။

မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ အမည်ကတ်အား သူ၏ အသက်ကယ်ကြိုးသဖွယ် လက်ဖဝါးထဲ၌ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ကုရှင်းရှစ် လက်ဆန့်ထုတ်လိုက်သည်။
“ကျွန်တော့်နာမည်က ကုရှင်းရှစ်ပါ.. အတူတူအလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ်..”

မုန့်ယွမ်ရှန့်က လက်ဆွဲနှုတ်ဆက်ပြီးနောက် တစ်နေ့တာအတွက် ပထမဆုံးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

“ကျွန်တော်လည်း မျှော်လင့်နေပါတယ်..”


🍉🍉🍉🍉 အခန်း ၃


မုန့်ယွမ်ရှန့်နှင့် စာချုပ်ချုပ်ရခြင်းမှာ ပျော်ရွှင်ဖွယ်ကောင်းသော်ငြား ကုရှင်းရှစ်က သူ့ဘဏ်အကောင့်အား မြင်ပြီးနောက် စိတ်လှုပ်ရှားမှုတို့ လွင့်ပါးသွားသည်။

ကျန်းမော့မှာ လူယုတ်မာတစ်ယောက်ဖြစ်ကြောင်းသာ သိခဲ့မည် ဆိုပါက ဤနေရာသို့ ရောက်လာမည်မဟုတ်ပေ။ လျှော့ဈေးချထားသော လေယာဉ်လက်မှတ်များပင်လျှင် ဈေးပေါနေသည် မဟုတ်ချေ။

စိတ်ဓာတ်ကျစွာဖြင့် ပလက်ဖောင်းပေါ်၌ ထိုင်ချလိုက်ပြီးနောက် အိပ်ဆောင်ပါသည့် ညအိပ်ရထား ရှိ၊ မရှိ စစ်ဆေးရန် ဖုန်းထဲရှိ အက်ပလီကေးရှင်းအား ဖွင့်လိုက်သည်။ ထိုသို့ဆိုလျှင် ဟိုတယ်ခ သက်သာပေမည်။ ထိုသို့ဖွင့်ပြီး မကြာမီမှာပင် အိမ်ပိုင်ရှင်ထံမှ ဖုန်းဝင်လာသည်။ နှစ်ဝက်စာ အိမ်ငှားခ ပေးချေပြီးနောက် လျော့ပါးသွားသည့် လက်ကျန်ငွေအားကြည့်ကာ ထိုင်ခုံအား ပုံမှန်ခုံအဖြစ် ပြောင်းလိုက်ရသည်။

ရထားပေါ်၌ အိပ်ပျက်ညတစ်ည ကုန်ဆုံးပြီးနောက် ကုရှင်းရှစ်က မူးဝေစွာနှင့် ဘူတာရုံမှ ထွက်ခွာလာသည်။ အိမ်သို့ပြန်ရမည့်အစား ရုံးခန်းရှိရာသို့ ဦးတည်လိုက်သည်။

ကုရှင်းရှစ်၏ ကုမ္ပဏီမှာ ပေကျင်း၏ တတိယအဝိုင်းလမ်းရှိ အဆောက်အဦဟောင်း တစ်ခု၌ဖြစ်သည်။ သင့်တင့်လျောက်ပတ်သော တည်နေရာ၌ ရှိနေသည့်တိုင်အောင် အဆောက်အဦမှာ ယိုယွင်းနေပြီဖြစ်သည်။ စင်္ကြံတစ်လျှောက်ရှိ မီးများမှာ အမြဲပျက်နေလေ့ရှိပြီး နံရံများမှာလည်း ညစ်ထေးနေကာ ကြောက်မက်ဖွယ်ရုပ်ရှင်များ ရိုက်ကူးရန် အလွန်ပြည့်စုံသော နေရာတစ်ခုနှင့်ပင် တူလှသည်။

ရှေ့နေနှင့်အတူ ဤရုံးခန်းအား ပထမဆုံး မြင်တွေ့ချိန်တွင် ကုရှင်းရှစ်မှာ သူ၏ ဆုံးဖြတ်ချက်အတွက် ချက်ချင်းပင် နောင်တရသွားမိသည်။ သို့သော် ဤနေရာ၏ တစ်ခုတည်းသော ကြီးမားသည့် အကျိုးကျေးဇူးမှာ ငှားရမ်းခပေးရန် မလိုခြင်းပင်။ ကုရှင်းရှစ်၏ သွေးဝေးဦးလေးက ဤနေရာ၌ သူ့စီးပွားရေးကို တည်ထောင်ခဲ့ပြီး လဲ့ရှစ် ကုမ္ပဏီအား တည်ထောင်ပြီးနောက် ရုံးခန်းနေရာအား ဝယ်ယူခဲ့သည်။ ဦးလေးဖြစ်သူ၏ သေတမ်းစာထဲ၌ ကုရှင်းရှစ်သည် တစ်နှစ်အတွင်း ကုမ္ပဏီအား ထိန်းသိမ်းထားနိုင်မည် ဆိုပါက ဤပိုင်ဆိုင်မှုများမှာ ကုရှင်းရှစ်၏ အပိုင်ဖြစ်လာမည်ဟု ဆိုလေသည်။

ပေကျင်း၏ စီးပွားရေးအချက်အချာဖြစ်သော တတိယအဝိုင်းလမ်းရှိ နေရာမှာ ပုံသဏ္ဌာန် ယိုယွင်းနေသည့်တိုင်အောင် ငွေကြေးပမာဏများစွာ တန်ကြေးရှိသည်။ ယင်းသည် ကုရှင်းရှစ် ကြိုးစားရုန်းကန်နေရာသော အဓိက အကြောင်းအရင်းပင်။

ကုရှင်းရှစ် သမ်းဝေကာ ရုံးခန်းအတွင်းသို့ ဝင်လိုက်သည်။

ရုံးခန်းမှာ ၁၅၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး အခန်းလေးခန်း ပိုင်းခြားထားသည်။ ရုံးခန်းနှင့် အစည်းအဝေးခန်း၊ အကခန်းမ၊ အသံသွင်းစတူဒီယိုနှင့် ဧည့်ကြိုဧရိယာတို့ဖြစ်သည်။ ပထမဆုံးအနေနှင့် အီးမေးလ်များစစ်ရန် ကွန်ပျူတာဖွင့်လိုက်သည်။ ထို့နောက် သန့်ရှင်းရေးဝန်ထမ်း ခန့်အပ်ရန် မတတ်နိုင်သောကြောင့် တံမြက်စည်းနှင့် ဂေါ်ပြားအားယူကာ စတင်ရှင်းလင်းတော့သည်။

ရှင်းလင်းနေစဉ်မှာပင် ပစ္စည်းပို့သမားဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရုံးခန်းအတွင်းသို့ ဝင်လာသည်။ ထိုလူမှာ အရပ်ရှည်ရှည်၊ ခေါင်းတုံးဆံတောက်နှင့် မျက်ရစ်တစ်ခုတည်းရှိကာ မြင့်မားသော နှာတံ၊ ပါးလျပ်သောနှုတ်ခမ်းပါးတို့ကြောင့် ထိတ်လန့်ဖွယ်ကောင်းသည့် အသွင်အပြင်ရှိသည်။

ကုရှင်းရှစ်က အကြောဆန့်လိုက်ပြီးနောက် လက်ယမ်းလိုက်သည်။
“ဟေး.. အားရှင်း.. ဒီနေ့ မင်းစောသားပဲ..”

ထိုသူမှာ ချန်ရှင်းဖြစ်ပြီး လက်ရှိကုမ္ပဏီ၏ တစ်ဦးတည်းသော အနုပညာရှင်ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်က ကုရှင်းရှစ်၏ ဦးလေးသည် ချန်ရှင်းအား သင်တန်းသားတစ်ဦးအနေနှင့် စာချုပ်ချုပ်ခဲ့သည်။ ကုရှင်းရှစ်၏ ဦးလေး သေဆုံးသွားပြီးနောက် အခြားသော အနုပညာရှင်များအားလုံး နှုတ်ထွက်သွားကြပြီး ချန်ရှင်းတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ အလုပ်အနည်းငယ်လုပ်ပြီးနောက် ချန်ရှင်းက သူ၏ အားလပ်ချိန်များအား လေ့ကျင့်ခြင်းနှင့် ထူးဆန်းသော အလုပ်များလုပ်ရင်း ကုန်ဆုံးတတ်သည်။

ချန်ရှင်းက အသိအမှတ်ပြုသည့်အနေနှင့် ခပ်ဆတ်ဆတ် ခေါင်းညိတ်လိုက်သည်။ သူက လွယ်အိတ်ဘေးချကာ တံမြက်စည်းကိုဆွဲယူပြီး ကုရှင်းရှစ်ထက် ပိုမိုမြန်ဆန်စွာ လှည်းကျင်းတော့သည်။

ချန်ရှင်း၏ အကူအညီနှင့် သန့်ရှင်းရေးလုပ်ခြင်းမှာ အချိန်မဆိုင်း ပြီးစီးသွားလေသည်။ ချန်ရှင်း အကခန်းမရှိရာသို့ ဦးတည်လိုက်ချိန်တွင် ကုရှင်းရှစ်က လှမ်းခေါ်လိုက်သည်။
“နေပါဦး.. ငါတို့ အစည်းအဝေးတစ်ခု ခပ်သွက်သွက် လုပ်ရအောင်”

ချန်ရှင်းက တိတ်ဆိတ်စွာဖြင့် ရုံးခန်းအတွင်းသို့ လိုက်ပါလာသည်။

ကုရှင်းရှစ်က ဦးစွာ ချောင်းဟန့်ပြီးနောက် ပြောသည်။
“ပြောချင်တာကတော့ ကုမ္ပဏီမှာ ပိုက်ဆံမကျန်တော့ဘူး.. ငါတို့ ပိုက်ဆံရှာဖို့ နည်းလမ်းရှာမှ ဖြစ်တော့မယ်.. မင်းမှာ စိတ်ကူးတွေဘာတွေရှိလား..”

နှစ်ဦးသား အကြည့်ချင်း ဖလှယ်ပြီးနောက် ချန်ရှင်းက စကားမပြောမီ ခေတ္တတုံ့ဆိုင်းနေသည်။
“ကျွန်တော် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုကို သိတယ်.. ခင်ဗျား အုတ်သယ်ကြည့်ချင်တယ်ဆိုရင် ကျွန်တော် အလုပ်ရအောင် ပြောပေးမယ်လေ..”

ကုရှင်းရှစ် ဆွံ့အသွားတော့သည်။ 

သူ အလျင်စလိုပင် ထိုအကြံဉာဏ်အား ငြင်းဆန်လိုက်သည်။
“ငါ့မှာ တခြားအစီအစဉ်ရှိတယ်.. အခုနောက်ပိုင်း အရည်အချင်းပြရှိုးတွေက ဘယ်လောက်တောင် နာမည်ကြီးလဲ မင်းသိတယ်မလား.. တစ်ခုလောက် လုပ်ကြတာပေါ့..”

ကုရှင်းရှစ်က ရထားပေါ်၌ အိပ်မရမည့်အတူ အချိန်ဖြုန်းမနေဘဲနှင့် ကုမ္ပဏီ လည်ပတ်နိုင်မည့် လမ်းကြောင်းများအား တွေးနေခဲ့သည်။ သူတို့ထံ၌ ငွေကြေးအင်အား မရှိသလို၊ အရင်းအမြစ်နှင့် ပရိသတ်များစွာလည်း မရှိပေ။ ဝင်ငွေရရှိနိုင်မည့် လမ်းကြောင်းအများစုမှာလည်း ပြတ်တောက်သွားပြီးဖြစ်ကာ ချန်ရှင်း၏ စရိုက်အရ သူ၏ကိုယ်ပိုင် နေရာတစ်ခုအား မည်သည့်အခါတွင်မျှ ရယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အရည်အချင်းပြရှိုးများသည်သာလျှင် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်သည်။

ကုရှင်းရှစ် လက်ပ်တော့အားဖွင့်ကာ [Boy Group Training Camp] ဟူသည့် ဝက်ဘ်ပေ့ချ်သို့ သွားလိုက်သည်။ 

“ပြီးခဲ့တဲ့နှစ်က ဒီရှိုးကြောင့် လူသစ်တစ်ယောက် နာမည်ကြီးလာပြီး သူ့ရဲ့ ကုမ္ပဏီကိုပါ နာမည်တက်လာစေတယ်.. မင်းလည်း သူ့လိုမျိုး သီချင်းဆိုပြီး ကတတ်တာပဲလေ.. မင်းရဲ့ သွင်ပြင်နဲ့ဆိုရင်.. ငါတို့ မအောင်မြင်ဘူးလို့ ပြောနိုင်မလား..”

ကုရှင်းရှစ် အချိန်အတော်ကြာအောင် စိတ်အားထက်သန်စွာ ရှင်းပြပြီးနောက် မေးလိုက်သည်။
“ဆိုတော့.. မင်း ဘယ်လိုထင်လဲ..”

ချန်ရှင်းက ခေတ္တမျှ စဉ်းစားပြီးနောက် ဝက်ဘ်ပေ့ချ်၏ အောက်ခြေရှိ ဖော်ပြချက်အား ညွှန်ပြလိုက်သည်။
“ဒီမှာပြောထားတာက ကုမ္ပဏီတစ်ခုက အနည်းဆုံး လူနှစ်ယောက် စာရင်းသွင်းရမယ်တဲ့..”

“အာ.. ဘာမှ စိတ်ပူစရာ မရှိဘူး.. မင်းအတွက် အရမ်းမိုက်တဲ့ အဖွဲ့သားတစ်ယောက် ငါရှာပြီးသား..”
ကုရှင်းရှစ်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

“ဪ..”
ချန်ရှင်းက အသက်မပါစွာ ပြန်ဖြေပြီးနောက် လေ့ကျင့်ရန် ထွက်ခွာသွားသည်။

ကုရှင်းရှစ် တစ်နေ့တာလုံး စောင့်မျှော်နေသည့်တိုင်အောင် မုန့်ယွမ်ရှန့်ထံမှ မည်သည့်ဖုန်းခေါ်ဆိုမှုမျှ မရခဲ့ချေ။ သူ တဖြည်းဖြည်း စိုးရိမ်လာပြီး မုန့်ယွမ်ရှန့်၏ နံပါတ်အား ယူမထားမိသည်ကို နောင်တရလာသည်။

နောက်ဆုံး စာရင်းသွင်းရမည့်နေ့ရောက်ရန် ၂ ရက်သာ လိုတော့ပြီး ဤအတောအတွင်း မုန့်ယွမ်ရှန့် ပေါ်မလာပါက သူတို့ကြမ္မာငင်တော့မည် ဖြစ်သည်။ လူသစ်တစ်ဦး ရရှိရန်မှာ မလွယ်သည့်အပြင် နောက် ၃ လအတွင်း မည်သည့်ရှိုးအသစ်မျှ မရှိချေ။ ဤနှုန်းအတိုင်းသာ ဆိုပါက ကုရှင်းရှစ်အနေဖြင့် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

သူက မျက်နှာညှိုးရော်ကာဖြင့် စနစ်အား ညည်းညူလေသည်။
[စနစ်ရေ.. ပိုက်ဆံမြန်မြန်ရနိုင်မဲ့ နည်းလေးဘာလေး မရှိဘူးလား..]

[စိတ်က လူကိုဆောင်တယ်တဲ့.. ငါပြောတာ မှန်လား..]

[ဟုတ်ပါပြီ...]

ကုရှင်းရှစ် ညည်းတွားလိုက်ပြီး အုတ်ခဲသယ်ရန်ပင် တွေးလိုက်မိသည်။

ထိုအချိန်မှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

မရင်းနှီးသောနံပါတ် ဖြစ်သဖြင့် ပစ္စည်းလာပို့ခြင်းဟု ထင်လိုက်သည်။

“ဟယ်လို.. မုန့်ယွမ်ရှန့်ပါ..”
ဖုန်း၏တစ်ဖက်မှ ရှင်းလင်းသော်ငြား အနည်းငယ် အက်ကွဲနေသည့်အသံ ထွက်ပေါ်လာသည်။

ကုရှင်းရှင်း စက္ကန့်ပိုင်းမျှ ကြောင်အသွားပြီးနောက် ထိုင်နေရာမှ ထခုန်လုနီးနီးပင်။

မုန့်ယွမ်ရှန့်က တောင်းပန်စကားဖြင့် စတင်နှုတ်ဆက်လာပြီး ယခုလေးတင်မှ ပေကျင်းသို့ ပြန်ရောက်သဖြင့် ခပ်စောစော ဖုန်းမခေါ်ဖြစ်သည့်အကြောင်း ပြောလေသည်။

ကုရှင်းရှစ်က မုန့်ယွမ်ရှန့်၏ လေသံမှတစ်ဆင့် မည်မျှ ပင်ပန်းနေကြောင်း သတိပြုမိသည်။
“မင်း အဆင်ပြေရဲ့လား..”

ရင်ဘတ်ထဲမှ ရုန်းကြွလာသော ခါးသီးသည့် ခံစားချက်များအား ဖွင့်ထုတ်လိုက်ချင်သည့်စိတ်ကြောင့် မုန့်ယွမ်ရှန့် ခေတ္တမျှ အေးခဲသွားသည်။ စိတ်ခံစားချက် တည်ငြိမ်အောင် ရုန်းကန်လိုက်ပြီးနောက်မှ ပြောလေသည်။

“ကျွန်.. ကျွန်တော် အဆင်ပြေပါတယ်..”

မုန့်ယွမ်ရှန့်၏အသံအား ကြားရသည်မှာ တစ်စုံတစ်ခုအား အတင်းဖိနှိပ်ထားရသည်နှင့် တူသောကြောင့် ကုရှင်းရှစ် ထပ်မမေးတော့ပေ။ မနက်ဖြန်၌ ရုံးခန်းရှိရာသို့ လာခဲ့မည်ဟု မုန့်ယွမ်ရှန့် ပြောလာသည့်အခါ ကုရှင်းရှစ် အလျင်အမြန် သဘောတူလိုက်သည်။

နောက်တစ်နေ့ နံနက်၌ မုန့်ယွမ်ရှန့်က စီစဉ်ထားသည့်အတိုင်း ရုံးခန်းရှိရာသို့ ရောက်လာသည်။ အနည်းငယ် ဖျော့တော့နေဆဲ ဖြစ်သော်ငြား မုန့်ယွမ်ရှန့်၏ အေးစက်စက် အလှတရား၌ အနည်းငယ် အားနည်းသည့်ဟန် ရောစွက်နေရုံသာဖြစ်သည်။ ကုရှင်းရှစ် ကိုယ်တိုင်ကိုယ်ကျ လာကြိုကာ နှုတ်ဆက်သည်အား မြင်သည့်အခါ မုန့်ယွမ်ရှန့် အနည်းငယ် ဝမ်းသာမိသော်ငြား ပြိုကျလုနီးနီး အိုဟောင်းနေသည့် အဆောက်အဦအတွင်းသို့ ခေါ်ဆောင်သွားခံရချိန်၌မူ ထိတ်လန့်သွားတော့သည်။ 

မုန့်ယွမ်ရှန့် ဤနေရာသို့ မလာမီ လဲ့ရှစ်အင်တာတိန်းမန့်နှင့် ပတ်သက်၍ ရှာဖွေမှုအချို့ ပြုခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်က လဲ့ရှစ်မှာ ဖျော်ဖြေရေးလောက၏ သားရဲတစ်ကောင်ဖြစ်သည်။ ထိပ်တန်းကြယ်ပွင့်ဖြစ်သည့် ယန်ကျစ်ဟန့် အနားယူသွားချိန်မှစကာ ကုမ္ပဏီမှာ အကျဘက်သို့ ဦးတည်ခဲ့သည်။ ညံ့ဖျင်းသော စီမံခန့်ခွဲမှုသည့် အခြေအနေအား ပိုမိုဆိုးရွားလာစေပြီး နှစ်အနည်းငယ် အတွင်းမှာပင် လဲ့ရှစ်မှာ အမေ့လျော့ခံဖြစ်ခဲ့ရသည်။

မုန့်ယွမ်ရှန့်သည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က လဲ့ရှစ်၏ အနုပညာရှင်များ ထွက်ခွာသည့် ကောလာဟလအချို့အား ပြန်လည်ကြားယောင်မိသည်။ ကုမ္ပဏီမှာ ဒေဝါလီခံသွားပြီဟု ထင်မိခဲ့သော်ငြား ကုရှင်းရှစ် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်ကို သိရပြီးနောက် အံ့အားသင့်သွားမိသည်။ ကုမ္ပဏီမှာ ဒေဝါလီခံရမည့် အရေးမှ လက်တစ်ကမ်းသာသာပင်။

ကိုယ်ဟန်အနေအထား မပျက်စေဘဲနှင့် မုန့်ယွမ်ရှန့် ကုရှင်းရှစ်နောက်မှ လိုက်ကာ စက်လှေကားအတွင်းသို့ ဝင်လိုက်သည်။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် ကျဉ်းကျုတ်ကာ ဧည့်ကြိုဧရိယာဟု ထင်ရရုံသာရှိသည့် နေရာအား မြင်ပြီးနောက် မုန့်ယွမ်ရှန့်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။

ကုရှင်းရှစ် မုန့်ယွမ်ရှန့်အား ခိုးကြည့်လိုက်သည်။ ကုမ္ပဏီ၏ အခြေအနေကြောင့် သူ ထွက်ပြေးသွားမည်ကို စိုးရိမ်နေမိသည်။ မုန့်ယွမ်ရှန့် ယခင်က အလုပ်လုပ်ခဲ့သော အေဂျင်စီမှာ ကျင်းယို့အင်တာတိန်းမန့် ဖြစ်ပြီး နိုင်ငံအတွင်းရှိ  á€‘á€­á€•á€şá€á€”á€şá€¸á€€á€Żá€™á€šá€•á€á€Žá€™á€ťá€Źá€¸á€‘á€˛á€™á€ž တစ်ခုဖြစ်ကာ လဲ့ရှစ်နှင့် ကမ္ဘာတစ်ခုစာလောက် ကွာခြားလေသည်။

ကုရှင်းရှစ် တိတ်တခိုး သက်ပြင်းရှိုက်လိုက်သည်။ သူသည်လည်း ကြော့မော့ကာ သစ်လွင်ခေတ်မီသော ရုံးခန်းတစ်ခု မလိုချင်ဘဲ မ‌နေချေ။ ထိုသို့ ရရှိရန် မစွမ်းဆောင်နိုင်ရုံသာ ဖြစ်သည်။

ကံကောင်းစွာဖြင့် မုန့်ယွမ်ရှန့် လှည့်ထွက်သွားခြင်း မရှိသည်ကို မြင်ပြီးနောက် ကုရှင်းရှစ် အားတက်သွားသည်။

ကုရှင်းရှစ်၏ အပြုံးမှာ ပို၍ နွေးထွေးလာသည်။
“ဒီကိုလာရတာ ပင်ပန်းသွားရော့ပေါ့.. ရေသောက်ပါဦး..”

သောက်စရာတစ်ခုခုယူရန် သွားနေစဉ် ကုရှင်းရှစ် မုန့်ယွမ်ရှန့်အား စာချုပ်ချုပ်ရန် မည်သို့ ဖြားယောင်းရမည်... မဟုတ် ဖိတ်ခေါ်ရမည်ကို စဉ်းစားနေမိသည်။

ကုရှင်းရှစ် သောက်စရာယူနေစဉ် မုန့်ယွမ်ရှန့် အခန်းအား လှည့်ပတ်ကြည့်လိုက်သည်။ ရုံးခန်းမှာ အိုဟောင်းပြီး သေးငယ်သည့်တိုင်အောင် သန့်ရှင်းသည်။ ပရိဘောဂများမှာ သက်တမ်းကြာမြင့်နေသည့်တိုင်အောင် ဂရုတစိုက် ထိန်းသိမ်းထားခြင်း ခံရသောကြောင့် ရှေးဆန်သည့် အငွေ့အသက်အား ပေးလေသည်။

ဆိုဖာဘေးရှိ ဂီတာပေါ်သို့ အကြည့်ရောက်သွားချိန်တွင် မုန့်ယွမ်ရှန့် အေးခဲသွားသည်။ ဤဂီတာနှင့် အလွန်ရင်းနှီးပုံရသည်မှာ ကျန်းမော့ အသုံးပြုသော မော်ဒယ်လ်နှင့် တူညီသောကြောင့်ပင်။ ရုံးခန်း၏ တည်နေရာမှာ အိုဟောင်းကာ ယိုယွင်းနေပြီ ဖြစ်သော်ငြား ဆိုဖာဘေး၌ ယွမ် ၁ သိန်းခန့် တန်ကြေးရှိသည့် ဂီတာတစ်လုံး ရှိနေသည်။ ဤကုမ္ပဏီမှာ ဆင်းရဲသည်လား သို့မဟုတ် တိတ်တဆိတ် ကြီးပွားနေသည်လားပင် မပြောတတ်တော့ချေ။

အကြမ်းဖျဉ်း ပြောဆိုပြီးနောက် ကုရှင်းရှစ်က မုန့်ယွမ်ရှန့်အား ရုံးခန်းတစ်ခုလုံး လှည့်လည်ပြသပြီး ချန်ရှင်း အကလေ့ကျင့်နေသောကြောင့် အသံသွင်းစတူဒီယိုမှ စတင်မိတ်ဆက်ပေးလေသည်။ စတူဒီယိုသို့ ဝင်လိုက်သည့် အချိန်မှာပင် မုန့်ယွမ်ရှန့်၏ မျက်လုံးများမှာ အသံသွင်းခလုတ်ခုံဆီသို့ ရောက်သွားသည်။

ယင်းမှာ ခလုတ်ခုံတစ်ခုသက်သက် မဟုတ်ဘဲ မျက်စိရှေ့ရှိ အစိတ်အပိုင်း တစ်ခုချင်းစီမှာ အဆင့်မြင့်လှသည်။ အသံသွင်းစတူဒီယိုထဲရှိ ပစ္စည်းများအားလုံး ပေါင်းလျှင် ယွမ်သန်းအနည်းငယ်ခန့် တန်ကြေးရှိသည်။

မုန့်ယွမ်ရှန့်၏ သံသယတို့ တိုးမြင့်လာသည်။ 
ဒီကုမ္ပဏီလေးက ဒေဝါလီခံလုနီးနီး မဟုတ်ဘူးလား…

လိုက်လံပြသနေစဉ် မုန့်ယွမ်ရှန့်၏ မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာသည်ကို ကုရှင်းရှစ် သတိပြုမိသောကြောင့် စိုးရိမ်စိတ်တိုးလာသည်။

ကံကောင်းစွာဖြင့် အကခန်းမသို့ ရောက်ရှိသွားလေသည်။ ကုရှင်းရှစ်က တီးလုံးသံညံနေသည့် တံခါးအား တွန်းဖွင့်လိုက်သည်။ ဖွင့်ထားသည့် သီချင်းသံမှာ ဂျပန်အဆိုတော် ဂျွန်ဆင်ကျို့၏ “First X Blood” ဖြစ်ကြောင်း မုန့်ယွမ်ရှန့် ချက်ချင်းမှတ်မိလေသည်။ အဆိုပါသီချင်းမှာ သန်မာသော စည်းချက်နှင့် ဖမ်းစားနိုင်သော သံစဉ်ရှိပြီး စွမ်းအားအပြည့် ကခုန်ရာ၌ အလွန်ပြီးပြည့်စုံသော သီချင်းတစ်ပုဒ်ဖြစ်သည်။ ဂျွန်ဆင်ကျို့၏ သီချင်းများမှာ ထိုကဲ့သို့ တေးသီချင်းအား ကြိုက်နှစ်သက်သူများသာ နားထောင်ကြသဖြင့် နိုင်ငံအတွင်း၌ သူ၏သီချင်းများအား နားမထောင်ဖူးသူ အတော်လေးများလေသည်။ မုန့်ယွမ်ရှန့်သည် ဤနေရာ၌ ဂျွန်ဆင်ကျို့၏ပရိသတ်တစ်ဦးနှင့် တွေ့ရသည့်အတွက် အတော်လေး အံ့ဩနေမိသည်။

ခန်းမသို့ ဝေ့ကြည့်လိုက်ချိန်တွင် နောက်ဆုံးကကွက်အား အဆုံးသတ်နေသည့် ချန်ရှင်းအား တွေ့လိုက်ရသည်။ ချန်ရှင်း၏ အကမှာ ပျော့ပျောင်းကာ သဘာဝဆန်ပြီး ကြမ်းတမ်းကာ သားရဲတစ်ကောင်၏ ညှို့ငင်မှုမျိုးရှိပြီး အကြည့်လွှဲရန်ပင် ခက်လှသည်။

သီချင်းဆုံးသွားသည်နှင့် ချန်ရှင်းက အနည်းငယ် ပင့်သက်ရှိုက်နေသည်။ ပွယောင်းယောင်း တီရှပ်မှာ ခန္ဓာကိုယ်ရှိ ချွေးများနှင့် ကပ်နေပြီး ကျစ်လစ်ပြေပြစ်သည့် ကြွက်သားများအား ပြသနေသယောင်ပင်။ ခပ်ရေးရေးကြွက်သားများအား သူ၏ အေးစက်စက် အမူအရာနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် လွန်စွာဖမ်းစားနိုင်သူ တစ်ယောက်ဟု ဆိုနိုင်သည်။

ကုရှင်းရှစ်က ချန်ရှင်းအား လက်ယပ်ခေါ်လိုက်သည်။
“အားရှင်း.. ဒီကို ခဏလာပါဦး..”

ချန်ရှင်းက မော့ကြည့်လိုက်ပြီး ကုရှင်းရှစ်၏ ရည်ရွယ်ချက်အား ရိပ်စားမိသည်။ အရည်အချင်းပြရှိုး၌ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူတို့အနေဖြင့် မုန့်ယွမ်ရှန့်က ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုအောင် ဖျောင်းဖျရပေမည်။

ချန်ရှင်း ခေတ္တစဉ်းစားပြီးနောက် မုန့်ယွမ်ရှန့်အားကြည့်ကာ ပြောလေသည်။
“သေသေချာချာလေး စဉ်းစားစေချင်တယ်.. ကျွန်တော်တို့ ကုမ္ပဏီက ပုံမှန်အားဖြင့် လူတွေကို အကျပ်ကိုင်တာမျိုး မရှိပါဘူး..”

မုန့်ယွမ်ရှန့် : “???”

ကုရှင်းရှစ် : “???”


🍉🍉🍉🍉 အခန်း ၄


ချန်ရှင်း၏ မှတ်ချက်စကားကြောင့် ကုရှင်းရှစ်မှာ နောက်ထပ် နာရီဝက်ခန့်ကြာအောင် ထပ်မံရှင်းပြရတော့သည်။ ရုံးခန်းမှာ အတော်လေး ဖရိုဖရဲအနေအထား ဖြစ်နေသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ မုန့်ယွမ်ရှန့်က နားလည်မှုလွဲခြင်း မရှိသည့်အပြင် ချန်ရှင်းမှာ မရယ်ရသည့် ဟာသများအား ပြောတတ်သူဟု ထင်သွားတော့သည်။ 

နှဖူးပေါ်ရှိ ချွေးသီးများအား သုတ်ဖယ်ပြီးနောက် ကုရှင်းရှစ်က ထိုသူနှစ်ဦးအား ပြန်လည်မိတ်ဆက်ပေးလိုက်သည်။ လက်ဆွဲနှုတ်ဆက်ပြီးနောက် မုန့်ယွမ်ရှန့်က မမေးဘဲ မနေနိုင်ချေ။
“အဲဒီသီချင်းက မင်းရွေးထားတာလား..”

ချန်ရှင်းက ခေါင်းယမ်းပြကာ ကုရှင်းရှစ်အား ကြည့်လိုက်သည်။

ကုရှင်းရှစ် နှလုံးခုန်နှုန်းပင် မှားယွင်းသွားပြီး အလျင်စလို မေးလိုက်သည်။
“ဘာဖြစ်လို့လဲ..”

ငါတို့က နာမည်ကြီးသီချင်းတွေ မတတ်နိုင်လောက်အောင် အရမ်းပဲ မွဲနေတယ်ဆိုတာ မုန့်ယွမ်ရှန့် သိသွားပြီလား.. အဲဒါကြောင့် နာမည်မရှိတဲ့ သီချင်းတွေကို သုံးတာလို့ ထင်နေတာများလား..

“ဒီတိုင်း သိချင်လို့ပါ.. ဘာလို့များ လူသိမများတဲ့ သီချင်းကို ရွေးတာလဲ..”

ကုရှင်းရှစ် : “...”

ကောင်းပြီ.. ငါတို့က နာမည်ကြီးတဲ့ သီချင်းတွေကို မတတ်နိုင်မှန်း သိသာနေတယ်လေကွာ..

သို့သော် မုန့်ယွမ်ရှန့်သာ သူတို့အလွန်မွဲတေနေကြောင်း သိသွားပါက ချက်ချင်းလှည့်ထွက်သွားမည်လားဟု တွေးလိုက်မိသည်။

ကုရှင်းရှစ် အားတင်းကာ လှည့်ပတ်ပြောရတော့သည်။
“ဒီသီချင်းက အားရှင်းရဲ့ စိတ်နေစိတ်ထားနဲ့ ကိုက်ညီတယ်လို့ ခံစားရလို့လေ..”

ချန်ရှင်း ကခုန်နေစဉ် ထုတ်လွှတ်လျက်ရှိသော ညှို့ငင်နိုင်စွမ်းအားကို တွေးမိသည့်အခါ မုန့်ယွမ်ရှန့် ခေါင်းညိတ်လိုက်သည်။ အနုပညာရှင်တစ်ဦး၏ တမူထူးခြားသော အရည်အချင်းများအား ပေါ်လွင်အောင် မည်သို့ အသုံးချရမည်ကို သိရှိထားသော အေးဂျင့်တစ်ဦးမှာ ထိပ်တန်းအရည်အသွေးရှိသူဟု ဆိုရမည်။ 

ဤလူက သူနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် နင်မြို့သို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့သည့်အပြင် သူ့နည်းသူ့ဟန်ဖြင့် ကျန်းမော့၏ ရွံရှာဖွယ် အပြုအမူကိုပင် ဖော်ထုတ်ခဲ့သေးကြောင်း ပြန်လည်တွေးမိသည့်အခါ မုန့်ယွမ်ရှန့် စိတ်လှုပ်ရှားကာ မျက်ရည်ကျလုနီးနီးပင်။

“သူရဲကောင်းတစ်ဦးသည် သူ့အား နားလည်ပေးသူအတွက် အသက်ပင်စွန့်လိမ့်မည်” ဟူသည့် ဆိုရိုးစကားက လက်ရှိ မုန့်ယွမ်ရှန့်၏ ခံစားချက်အား အတိအကျ ဖော်ညွှန်းလေသည်။

မုန့်ယွမ်ရှန့် ထပ်မံမေးခွန်းထုတ်ခြင်း မရှိတော့သည်ကို မြင်တွေ့သည့်အခါ ကုရှင်းရှစ် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချမိတော့သည်။

တော်ပါသေးရဲ့.. သူ့ကို လက်လွှတ်ရတော့မလို့..

ထိုအတွေးက ကုရှင်းရှစ်အား ပို၍လောလာစေသည်။

မုန့်ယွမ်ရှန့်ကို စာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီ၌ ဆွဲခေါ်ထားနိုင်ရန်မှာ အရာအားလုံးထက် အရေးကြီးလေသည်။ ထို့နောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား သူ့ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် ကုရှင်းရှစ်က စာချုပ်ကိုထုတ်လိုက်သည်။

မုန့်ယွမ်ရှန့် စာချုပ်အား အသေးစိတ် ဖတ်ရှုပြီးနောက် စာချုပ်ပါ အချက်များမှာ အံ့ဩစရာကောင်းလောက်အောင် သက်ညှာမှုရှိသည်ကို တွေ့လိုက်ရသည်။ စာချုပ်မှာ သင်တန်းသားတစ်ဦးနှင့် ချုပ်ဆိုသည်ထက် ပူးပေါင်းဆောင်ရွက်မှုနှင့် ပိုတူလေသည်။ မုန့်ယွမ်ရှန့် စာရွက်စာတမ်းများအား ဖတ်နေစဉ်တွင် ကုရှင်းရှစ်သည်လည်း ထပ်တူထပ်မျှ စိတ်လှုပ်ရှားနေမိသည်။ ဤစာချုပ်မှာ ကုမ္ပဏီ၏ ကွန်ပျူတာထဲ၌ သူရှာတွေ့ခဲ့သည့် တစ်ခုတည်းသော ပုံစံဖြစ်ပြီး ထိုထဲ၌ လစာပေးရန် မပါရှိချေ။ ချန်ရှင်းတစ်ဦးတည်း၏ ကုန်ကျစရိတ်အား အလျင်မီစေရန်ပင် မနည်းကြိုးစားနေရသောကြောင့် ဒုတိယလူတစ်ဦးအတွက် မတတ်နိုင်တော့ချေ။ 

နောက်ဆုံး၌ မုန့်ယွမ်ရှန့် ဖတ်ပြီးသွားလေပြီ။ အကြိမ်အနည်းငယ်ခန့် ဂရုတစိုက် ဖတ်ရှုပြီးနောက် စာချုပ်၌ မည်သည့် ထောင်ချောက်မျှ ရှိမနေကြောင်းနှင့် အထူး လျော့ပေါ့ပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ စာချုပ်မှာ လွန်စွာရက်ရောလှသောကြောင့် လက်မှတ်ထိုးရန်ပင် မထိုက်တန်ဟု ခံစားမိပြီး လေးလေးနက်နက် မေးလိုက်သည်။
“စာချုပ်ချုပ်ပြီးရင် ကျွန်တော်က ဘာလုပ်ရမှာလဲ..”

ကုရှင်းရှစ် မျက်လုံးများ အရောင်လက်လာပြီး အလျင်အမြန်ပင် ကြိုတင်ပြင်ဆင်ထားသော [Boy Group Training Camp] ၏ လျှောက်လွှာအား ဆွဲထုတ်လိုက်သည်။ 

“မင်းလုပ်ရမှာက ချန်ရှင်းနဲ့အတူ စာရင်းသွင်းဖို့ပဲ..”

မုန့်ယွမ်ရှန့် လျှောက်လွှာအား ယူကြည့်ပြီးနောက် ဦးစွာ စိတ်ရှုပ်သွားသော်ငြား အမည်အား မှတ်မိချိန်တွင် မျက်လုံးများ ပြူးကျယ်လာတော့သည်။

[Boy Group Training Camp] Season 2 လား…

ယင်းမှာ လတ်တလော နာမည်အကြီးဆုံး လူရွေးပွဲဖြစ်သည်။ Season 1 သည် လူထုစိတ်ဝင်စားမှုအား ကျယ်ပြန့်စွာ ရရှိခဲ့သည်။ ဗိုလ်လုပွဲသို့ ရောက်ရှိခြင်း မရှိသူများပင်လျှင် ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ရန် လုံလောက်သော အသိအမှတ်ပြုမှု ရရှိခဲ့ကြသည်။ ပါရမီရှင်များစွာအတွက် ဤရှိုးမှာ ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ရန် အကောင်းဆုံးသော စမှတ်တစ်ခုပင် ဖြစ်သည်။ 

မုန့်ယွမ်ရှန့်၏ ယခင်ကုမ္ပဏီ၌ ဤရှိုးတွင် ပါဝင်ခွင့်ရရန် အချင်းချင်း တိုက်ခိုက်နေသည့် သင်တန်းသားများစွာရှိသည်။ ကံကောင်းစွာဖြင့် ပါဝင်ခွင့်ရသူသည် အပိုဆောင်းကန့်သတ်ချက်များ ပါဝင်သော စာချုပ်တစ်ခုအား ကုမ္ပဏီနှင့် လက်မှတ်ထိုးရသည်။

သို့သော် မုန့်ယွမ်ရှန့်မှာမူ ကုမ္ပဏီအသစ်သို့ ဝင်ရောက်ချိန်မှာပင် အဆိုပါ နာမည်ကျော်ရှိုးသို့ ပါဝင်ခွင့်ရသည့်အပြင် သက်ညှာမှုများစွာပါဝင်သော စာချုပ်တစ်ချုပ်အား လက်မှတ်ထိုးရန်သာ လိုအပ်လေသည်။

အစစ်အမှန်ဟု ယူဆရန် ကောင်းလွန်းနေသည်။ 

မုန့်ယွမ်ရှန့် စိတ်လှုပ်ရှားသွားသော်ငြား ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။
“ခဏလေး.. အခုမှ စာရင်းသွင်းဖို့ဆို နည်းနည်းနောက်ကျနေပြီ မဟုတ်ဘူးလား..”

မုန့်ယွမ်ရှန့် သိထားသည့် အချက်များအရဆိုလျှင် ဤကဲ့သို့သော လူသိများကျော်ကြားသည့် ရှိုးပွဲများအတွက် ကုမ္ပဏီများသည် ယခင်season ပြီးဆုံးချိန်မှစကာ ညှိနှိုင်းခြင်းနှင့် စတင်ပြင်ဆင်လေ့ကျင့်ခြင်းများ ပြုလုပ်လေ့ရှိကြသည်။ ယခုအချိန်လောက်ဆိုလျှင် ပါဝင်မည့်လူစာရင်းအား နောက်ဆုံးပိတ် သတ်မှတ်ပြီးလောက်ပြီ ဖြစ်သည်။

သို့သော် အမြဲတည်ငြိမ်နေသည့် ကုရှင်းရှစ်မှ ပြောလိုက်သည် -
“နောက်ကျတာလား.. လုံးဝပဲ.. ငါတို့က လုံးဝ အချိန်မီတယ်..”

မုန့်ယွမ်ရှန့် ကြောင်အသွားသည်။ 
ဘာလဲ.. နောက်ဆုံးမိနစ်မှ လူစာရင်းထဲ ဝင်လို့ရတာလား.. အဲလိုလုပ်ဖို့ဆို လုံးဝ နောက်ခံကြီးကြီး ရှိမှဖြစ်တာနော်..

လဲ့ရှစ်မှာ ယခင်ကလို မဟုတ်တော့သော်ငြား အထွတ်အထိပ်၌ ရှိစဉ်က ဖျော်ဖြေရေးလောက၏ သားရဲကြီး ဖြစ်ခဲ့လေသည်။ ယခင်ရှိခဲ့သော အဆက်အသွယ်များအရဆိုလျှင် ကုရှင်းရှစ်အနေဖြင့် နောက်ခံအချို့ ရှိရန်မှာ အံ့အားသင့်ဖွယ်ရာ မရှိချေ။

ကျန်းမော့၏ အလုပ်များ၌ သူ၏ ဖန်တီးမှုများ ပါဝင်နေကြောင်းနှင့် ကုမ္ပဏီ၏ လျှို့ဝှက်အကြောင်းအရာများကိုပါ သိရှိနိုင်သည့် ကုရှင်းရှစ်၏ စွမ်းရည်များအရဆိုလျှင် လဲ့ရှစ်သည် ဖုံးကွယ်ထားသော အင်အားနှင့် လွှမ်းမိုးမှုအချို့ရှိနေသေးကြောင်း မုန့်ယွမ်ရှန့် သေချာသွားတော့သည်။

ဖျော်ဖြေရေးလောက၌ ကျန်းမော့၏ လက်တံနှင့် လွှမ်းမိုးမှုတို့အပေါ် စိုးရိမ်စိတ်များမှာလည်း လွင့်ပါးသွားလေသည်။ ကုရှင်းရှစ်ကဲ့သို့ အရင်းအမြစ်ပေါများသူ တစ်ဦးအနေဖြင့် သူကဲ့သို့သော လူတစ်ယောက်အား စာချုပ်ချုပ်လိုသည်မှာ သူ့ထံ၌ အလားအလာ များစွာရှိသည်ဟု ဆိုလိုခြင်း ဖြစ်လိမ့်မည်။

ထိုသို့တွေးမိပြီးနောက် မုန့်ယွမ်ရှန့်၏ မျက်လုံးများ ပိုမိုတောက်ပလာသည်။

နှစ်ပေါင်းများစွာ ကျန်းမော့၏ အရိပ်အောက်၌ နေခဲ့ရသဖြင့် မုန့်ယွမ်ရှန့်အနေဖြင့် ကျန်းမော့ထံမှ ထွက်လာချိန်တွင် စိတ်မလုံခြုံမှုနှင့် သူ၏ လုပ်နိုင်စွမ်းအပေါ် သံသယဝင်မိသော စိတ်တို့ကြောင့် ပင်ကိုယ်အလှတရားကိုပင် မှိန်ဖျော့စေခဲ့သည်။ ယခုအခါတွင်မူ အဖိုးတန်ကျောက်မျက်ပေါ်၌ တင်နေသည့် ဖုန်မှုန့်တစ်လွှာအား သုတ်ဖယ်လိုက်သလို စစ်မှန်သည့် တောက်ပမှုတို့ ထွက်ပေါ်လာသည်။

*

ကုရှင်းရှစ်က လက်ထဲ၌ လျှောက်လွှာနှစ်စောင်အား ကိုင်ထားပြီးနောက် အရှေ့ရှိ မိုးမျှော်အဆောက်အဦအား မော့ကြည့်လိုက်သည်။ [Boy Group Training Camp] အား ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည့် ထျန်းချန်ဗီဒီယို၏ ရုံးချုပ်မှာ ဤနေရာ၌ဖြစ်သည်။ အဆိုပါမိုးမျှော်အဆောက်အဦ၏ အမည်မှာ ထျန်းချန်အဆောက်အဦဖြစ်သည်။ ဤအဆောက်အဦအား ဝမ်လုပ်ငန်းစုမှ ပိုင်ဆိုင်ပြီး စတားရှိုင်းမီဒီယာနှင့် ထျန်းကျိ ဂိမ်း ကုမ္ပဏီကဲ့သို့သော အခြားသော ကုမ္ပဏီများ ရုံးစိုက်ရာလည်းဖြစ်သည်။ 

ဧည့်ကြိုနေရာ၌ စားပွဲနောက်၌ရှိသည့် အမျိုးသမီးငယ်သည် [Boy Group Training Camp] အတွက် လျှောက်လွှာတင်ရန် လာခြင်းဖြစ်သည်ဟု ဆိုနေသည့် ကုရှင်းရှစ်အား လူထူးဆန်းသဖွယ် ကြည့်လိုက်သည်။

စည်းမျဉ်းအရ လျှောက်လွှာတင်သွင်းရမည့် ကာလ ပြီးဆုံးသွားပြီဖြစ်ကြောင်း လူတိုင်းသိကြသည်။ အချို့သော သင်တန်းသား ကုမ္ပဏီအချို့ဆိုလျှင် ရှိုးပွဲမစမီ ပရိုမိုးရှင်းများပင် စတင်နေကြပြီဖြစ်သည်။ ဝက်ဘ်ပေါ်တွင် ကြော်ငြာထားသော အများပြည်သူ လျှောက်လွှာတင်သည့် ကာလမှာ အယောင်ပြကြေညာချက် သက်သက်သာဖြစ်သည်။ 

ဝန်ထမ်းအမျိုးသမီးက ကုရှင်းရှစ်အား မောင်းထုတ်မည် ပြင်စဉ်မှာပင် လတ်တလော ကျင်းပသည့် အစည်းအဝေး ကြေညာချက်အား အမှတ်ရလိုက်သည်။ ခေါင်းဆောင်ပိုင်း၏ ပြောကြားချက်အရ အစိုးရသည် realityရှိုးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိကြရန် တင်းတင်းကြပ်ကြပ် သတိပေးထားကြောင်း သိရသည်။ သူမ၏ အထက်အရာရှိက စဉ်းစားဆင်ခြင်တတ်သူဖြစ်ပြီး ဝန်ထမ်းများအား မသင့်လျော်သည့် အပြုအမူ အပြောအဆိုများ အနည်းငယ်မျှပင် ပြုလုပ်ခြင်းမရှိရန် ပြင်းပြင်းထန်ထန် သတိပေးထားသည်။

ဝန်ထမ်းအမျိုးသမီးက အချိုသာဆုံးသော အပြုံးတစ်ခု ချိတ်ဆွဲကာဖြင့် ကုရှင်းရှစ်အား ပြောလေသည်။
“ခဏလောက် စောင့်ပေးနိုင်မလားရှင့်.. ထျန်းချန် ဗီဒီယိုရဲ့ ဝန်ထမ်းနဲ့ ဆက်သွယ်ပေးကြည့်ပါမယ်..”

ကုရှင်းရှစ်က စောင့်ရမည်ကို စိတ်အနှောင့်အယှက် မဖြစ်ဘဲ ဧည့်သည်စောင့်ခန်း၏ ဆိုဖာပေါ်၌ သက်သောင့်သက်သာရှိစွာ ထိုင်လိုက်သည်။ ထိုအချိန်မှာပင် စနစ်၏ စိတ်လှုပ်ရှားနေသည့်အသံ ထွက်ပေါ်လာသည်။

စနစ် : [ပိုင်ရှင်ရေ.. ဖရဲသီးလတ်လတ်ဆတ်ဆတ်ရှိတယ်.. စားချင်လား..]

ကုရှင်းရှစ်က ချက်ချင်းပင် အားအင်အပြည့် ဖြစ်လာသည်။
[ဒါပေါ့.. ဒါပေါ့.. ပြောပါဦး..]

စနစ် : [ဝမ်မိသားစုကို သိတယ် ဟုတ်..]

ကုရှင်းရှစ် ခေါင်းယမ်းလာသောကြောင့် စနစ်မှ အကျဉ်းချုပ် မိတ်ဆက်ပေးရတော့သည်။ ဝမ်မိသားစု ဟူသည်မှာ ပေကျင်းရှိ မျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝလာသော လူချမ်းသာမိသားစုများထဲမှ တစ်ခုဖြစ်သည်။ အတွင်းပိုင်း အာဏာလုမှုများနှင့် ပဋိပက္ခများကြောင့် လတ်တလောနှစ်များတွင် ဆုတ်ယုတ်လာခဲ့သည်။ သို့သော် လက်ရှိ မိသားစုခေါင်းဆောင်ဖြစ်သူ ဝမ်ယွဲ့၏ ဦးဆောင်မှုအောက်တွင် ဝမ်မိသားစုမှာ အထွတ်အထိပ်သို့ ပြန်လည်မြင့်တက်လာလေသည်။

ဝမ်ယွဲ့မှာ အာဏာရှိရုံသာမကဘဲ အလွန်အမင်း ခံ့ညားချောမောသောကြောင့် ပေကျင်း၏ ‘အရွေးချယ်သင့်ဆုံးသော လူပျို’ အဖြစ် သတ်မှတ်ခံရသည်။

စနစ် : [မနေ့က ဝမ်ယွဲ့က ကုမ္ပဏီတစ်ခုကို သွားစစ်ဆေးတာ အဲဒီမှာ စတားရှိုင်းရဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်က သူနဲ့ နီးစပ်အောင် ကြိုးစားတယ်တဲ့လေ.. ဝမ်ယွဲ့က သူ့ကို လျစ်လျူရှုရုံတင်မကဘဲ သူ့ရဲ့ သက်တော်စောင့်ကတောင် အဲဒီမင်းသမီးကို ဖမ်းချုပ်ထားလိုက်တယ်တဲ့.. အဲဒီမှာတင် အဲဒီမင်းသမီးက ဝမ်ယွဲ့နဲ့ ကောလာဟလထွက်အောင် လူတစ်ယောက်ကို ဓာတ်ပုံရိုက်ခိုင်းထားတာတဲ့..]

ကုရှင်းရှစ် : [ဝိုး.. သောက်ကြမ်းဟ..]

စနစ် : [အိုး.. ခဏလေး..]

စနစ် ပြောမပြီးခင်မှာပင် ယဉ်ကျေးပျူငှာသော အပြုံးနှင့် ဝန်ထမ်းတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
“ကျွန်တော်က ချိုမြိန်သောလိမ္မော်သီး ဗီဒီယိုက ရှောင်းလီပါ.. စောင့်ခိုင်းမိတဲ့အတွက် အားနာပါတယ် မစ္စတာ ကု..”

ကုရှင်းရှစ်က တစ်ဝက်တစ်ပြတ်သာ စားရသေးသည့် ဖရဲသီးအား စိတ်မပါစွာဖြင့် လွှတ်ချပြီးနောက် အပေါ်ထပ်ရှိ အစည်းအဝေးခန်းသို့ ရှောင်းလီနောက်မှ လိုက်ပါသွားသည်။ 

ရှောင်းလီက ကုရှင်းရှစ်အတွက် ရေငှဲ့ပေးပြီးနောက် တောင်းပန်စကားဆိုလေသည်။
“ကျွန်တော်တို့ရဲ့ မန်နေဂျာကို သွားခေါ်မှာမို့ ခဏလောက် စောင့်ပေးပါဦး..”

ကုရှင်းရှစ် အတော်လေး နားမလည်နိုင်ဘဲ ရှိလေသည်။ လျှောက်လွှာတင်ရုံသာ ဖြစ်သောကြောင့် စီမံခန့်ခွဲမှုအပိုင်းနှင့် မသက်ဆိုင်ပေ။ အားလပ်နေသောကြောင့် စနစ်၏ အရည်ရွှမ်းရွှမ်း ဖရဲသီးကိုသာ ဆက်စားရန်ဆုံးဖြတ်လိုက်သည်။

စနစ် : [အဆိုးဆုံးအပိုင်းကတော့ အဲဒီ ကြယ်ပွင့်လေးက သူ့ရဲ့ အနာဂတ်ကို ဖျက်ဆီးမိရုံတင်မကဘဲ စတားရှိုင်းမီဒီယာနဲ့ ထျန်းချန်ဗီဒီယိုရဲ့ ဝန်ထမ်းတွေပါ သူနဲ့အတူ တစ်ပါတည်း အပြစ်ပေးခံရတာပဲ..]

ကုရှင်းရှစ် : [ဘယ်လိုတောင် သနားဖို့ကောင်းတာလဲ..]

စနစ် : [အိုး.. နောက်တစ်ခုရှိသေးတယ်.. အဲဒီကြယ်ပွင့်လေးက ဝမ်ယွဲ့ရဲ့ အာရုံစိုက်မှုကို ရဖို့ ကြိုးစားတဲ့အချိန် မတော်တဆ သူ့ရဲ့ လက်ကြယ်သီးတစ်ခုကို ဆွဲဖြုတ်မိသွားတယ်လေ.. အဲဒီလက်ကြယ်သီးက ကျောက်စိမ်းနဲ့ လုပ်ထားပြီး တစ်စုံကို ယွမ်သန်းဝက်လောက် တန်ကြေးရှိတယ်တဲ့..]

ကုရှင်းရှစ် ရုတ်တရက် ထရပ်လိုက်လေသည်။
[ဘယ်နေရာမှာ ကျသွားတာလဲ.. အဟမ်း.. ငါပြောချင်တာကကွာ.. ကျောက်စိမ်းက အရေးမကြီးဘူး.. သန့်ရှင်းရေးဝန်ထမ်းတွေကို ဝန်ပေါ့သွားစေချင်တာ.. မင်းသိတယ်မလား..]

စနစ် : [...]

ကုရှင်းရှစ် အစည်းအဝေးခန်းမှ တိတ်တဆိတ် ခိုးထွက်ပြီးနောက် ဗလာကျင်းနေသည့် စင်္ကြံအား တစ်ချက်ကြည့်လိုက်သည်။ မန်နေဂျာအား အကြောင်းကြားရန် ထွက်ခွာသွားသည့် ရှောင်းလီအား မည်သည့်နေရာတွင်မျှ မတွေ့ရချေ။ စနစ်၏ လမ်းညွှန်မှုမှတစ်ဆင့် ကုရှင်းရှစ်က ပန်းအိုးတစ်ခု၏နောက်တွင် ရှိနေသည့် လက်ကြယ်သီးအား အလျင်အမြန် ရှာတွေ့လိုက်သည်။

ကျောက်စိမ်းနှင့်ပတ်သက်၍ နကန်းတစ်လုံးမျှပင် နားမလည်သည့် ကုရှင်းရှစ်ပင်လျှင် ရွှန်းစိုကာ ပြစ်ချက်ကင်းသည့် အစိမ်းရောင်ကျောက်အားကြည့်ကာ လွန်စွာအဖိုးတန်မည်ဖြစ်ကြောင်း ခံစားမိသည်။ ဤအရာအား ရောင်းချလိုက်မည်ဆိုပါက သူ၏ ကုမ္ပဏီအား နှစ်ဝက်ခန့် အသက်ဆက်နိုင်မည် ဖြစ်သည်။

ကုရှင်းရှစ် အတွေးထဲ နစ်မြုပ်နေစဉ်မှာပင် နောက်ကျောဘက်ဆီမှ ခေါ်သံအား ကြားလိုက်ရသည်။
“မစ္စတာကု..”

ကုရှင်းရှစ် လိပ်ပြာလွင့်မတတ် ဖြစ်သွားပြီးနောက် သူ့အား သိလိုစိတ်အပြည့်ဖြင့် ကြည့်နေသော ရှောင်းလီနှင့် သက်လတ်ပိုင်းအရွယ်လူထံသို့ လှည့်လိုက်သည်။ အလျင်စလိုပင် လက်ကြယ်သီးအား အိတ်ကပ်အတွင်းသို့ ထည့်လိုက်သည်။

သက်လတ်ပိုင်းအရွယ်လူမှာ စွန်းဟုန်ဖေးဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်လာပြီး ထျန်းချန်ဗီဒီယို၏ မန်နေဂျာတစ်ဦးဖြစ်သလို [Boy Group Training Camp] ၏ အဓိကတာဝန်ရှိသူလည်းဖြစ်သည်။ စွန်းဟုန်ဖေးက မည်သည့်အရာကိုမျှ သတိပြုမိပုံ မရဘဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သောကြောင့် ကုရှင်းရှစ်အား အနည်းငယ် မလုံမလဲ ဖြစ်စေသည်။

စကားအချို့ ဖလှယ်ပြီးနောက် စွန်းဟုန်ဖေးက တစ်စုံတစ်ခုအား သဘောပေါက်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ခဏလေး.. ခင်ဗျားက ဒီကို စစ်ဆေးဖို့လာတာ မဟုတ်ဘူးလား..”

ကုရှင်းရှစ် ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။
“စစ်ဆေးတာလား.. မဟုတ်ပါဘူး.. ကျွန်တော်က ဒီကို လျှောက်လွှာတင်ဖို့ လာတာပါ..”

သူ့လက်ထဲရှိ လျှောက်လွှာနှစ်စောင်အား မြှောက်ပြလိုက်သည်။

စွန်းဟုန်ဖေး မျက်နှာတစ်ခုလုံး နီမြန်းကာ ဒေါသတကြီး ဖြစ်လာသည်။ အသက်လုကာ ပြေးလာခဲ့သည့်တိုင်အောင် နားလည်မှုလွဲခြင်း ဖြစ်နေသည်။ ကုရှင်းရှစ်အား မောင်းထုတ်မည် ပြင်စဉ်မှာပင် ကုရှင်းရှစ်၏ အိတ်ကပ်အတွင်းမှ ပစ္စည်းတစ်ခု ထွက်ကျလာသည်။

ထိုအရာအား နှစ်ဦးစလုံး ငုံ့ကြည့်လိုက်ကြသည်။

ထိတ်လန့်မှုကြောင့် စွန်းဟုန်ဖေး၏ မျက်လုံးများ ပြူးကျယ်လာတော့သည်။

ထိုကျောက်စိမ်းလက်ကြယ်သီးအား သူမှတ်မိသည်။ ကျောက်စိမ်း၏ အရည်အသွေးနှင့် အစိမ်းရင့်ရောင် အရောင်အသွေး၊ သေသပ်လှပသော ဒီဇိုင်းတို့အရ လုံးဝ မမှားနိုင်ချေ။ ဤသည်မှာ ယမန်နေ့က ဝမ်ယွဲ့၏ လက်ကြယ်သီးဖြစ်သည်။ 
ဒါပေမဲ့ ဒီလက်ကြယ်သီးက ဘာလို့ တခြားတစ်ယောက်ဆီမှာ ရှိနေရတာလဲ…

သူက ကုရှင်းရှစ်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဒါက..”

ကုရှင်းစိတ် စိတ်ထဲ၌သာ သက်ပြင်းချမိတော့သည်။
သိပ်ကောင်းတယ်နော်.. အဆိုးဝါးဆုံး အချိန်ကျမှ ပြုတ်ကျလိုက်..

ဤလက်ကြယ်သီးအား အခြားသူများ မြင်တွေ့သွားပြီး ဖြစ်သောကြောင့် ရောင်းချမည့်အတွေးအား ပယ်ဖျက်ရတော့သည်။ သူက စိတ်မပါစွာဖြင့် စွန်းဟုန်ဖေးထံသို့ ကမ်းပေးကာ ပြောလိုက်သည်။
“ဒါက.. ခင်ဗျားတို့ ဝမ်ယွဲ့ရဲ့ လက်ကြယ်သီးပဲ.. သူ့ကို ပြန်ပေးပေးပါဦး..”

စွန်းဟုန်ဖေး ပို၍ပင် ထိတ်လန့်သွားလေသည်။
ဒါက တကယ်ကြီး ဝမ်ယွဲ့ရဲ့ လက်ကြယ်သီးတဲ့.. ဝမ်ယွဲ့က အကြင်နာမဲ့ပြီး တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အတော်လေး မနှစ်မြို့ဘူးလို့ နာမည်ကြီးတာလေ.. အဲဒီလိုလူက သူ့ပစ္စည်းကို တခြားတစ်ယောက်ကို ပေးထားတယ်တဲ့လား.. မနေ့က ဟိုမင်းသမီးအပေါ် နည်းနည်းလေးတောင် စိတ်ရှည်သည်းခံမှုမရှိတဲ့ ဝမ်ယွဲ့နဲ့က တစ်ယောက်တည်းရော ဟုတ်ရဲ့လား.. ပြီးတော့ ကုရှင်းရှစ်ဆီမှာ သူ့ရဲ့ လက်ကြယ်သီးက ရှိနေတာတဲ့..

စွန်းဟုန်ဖေး၏ အတွေးတို့ ရပ်တန့်မရတော့ချေ။ 

ဖြစ်နိုင်တာက.. ဝမ်ယွဲ့က မိန်းမတွေနဲ့ ခပ်ကင်းကင်းနေတတ်တယ်ဆိုတော့ သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုက ဆန့်ကျင်ဘက်ကို ဖြစ်နေလို့များလား..

သူ ကုရှင်းရှစ်အား စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။ ကြည်လင်ကာ ဖြူစင်ရိုးသားဟန်ရှိသည်၊ နူးညံ့သော နှုတ်ခမ်းများမှာ စိတ်မကြည်ဟန်ဖြင့် ခပ်စူစူဖြစ်နေသော်ငြား ကမ္ဘာကြီး၏ ရက်စက်ကြမ်းကြုတ်မှုမှ ဂရုတစိုက် ကာကွယ်ထားခြင်းခံရပါသော သခင်ငယ်လေးတစ်ဦးပမာ သန့်စင်သည့် အငွေ့အသက်အား ပေးစွမ်းလေသည်။

စွန်းဟုန်ဖေး ကောက်ချက်ချလိုက်သည်။

ဤသည်မှာ လျှောက်လွှာတင်သွင်းရုံသက်သက် မဟုတ်ချေ။ လျှောက်လွှာဆိုသည်မှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။ ကုရှင်းရှစ်မှာ [Boy Group Training Camp] အတွက် ရောက်လာခြင်း လုံးဝမဟုတ်ပေ။ ယမန်နေ့က အဖြစ်အပျက်အား ကြားပြီးနောက် သူ၏ တည်ရှိမှုအား လူလုံးထွက်ပြရန် ရောက်လာခြင်းသာ ဖြစ်လေသည်။


🍉🍉🍉

စွန်းဟုန်ဖေးကတော့ ထင်ရာဆွဲတွေးလိုက်ပြီ😆🍉 အခန်း ၅


စွန်းဟုန်ဖေး ကုရှင်းရှစ်အား မဝံ့မရဲ မေးလိုက်သည်။
“ဒီတော့ ခင်ဗျားနဲ့ မစ္စတာဝမ်ရဲ့ ပတ်သက်မှုက ဘာတွေလဲ.. သူ့ရဲ့ လက်ကြယ်သီးက ဘယ်လိုလုပ်ပြီး ခင်ဗျားဆီမှာ ရှိနေရတာလဲ..”

ကုရှင်းရှစ် အမှန်အတိုင်း မပြောနိုင်ပေ။
ဟမ့်.. မင်းတို့ဆီကပဲ ရှာတွေ့တာလို့ ပြောရမှာလား..

ထို့ကြောင့် မပြတ်မသား ပြောလိုက်သည်။
“အဲဒါက အရေးပါလို့လား.. မစ္စတာဝမ် ဒါကိုတွေ့တာနဲ့ နားလည်သွားလိမ့်မယ်..”

စွန်းဟုန်ဖေး : !!

သူ့လေသံထဲမှာ မသိမသာ ပါနေတဲ့ မာန်မာနတွေ.. ပြီးတော့ အရမ်းပဲ ယုံကြည်ချက်ရှိနေတဲ့ ဟန်ပန်..

ကုရှင်းရှစ်က ဝမ်ယွဲ့နဲ့ အနီးကပ်ဆက်ဆံရေး မရှိဘူးဆိုရင် ဒီလိုပြောရဲမှာ မဟုတ်လောက်ဘူး..

သို့သော် စွန်းဟုန်ဖေးထံ၌ အခြားသော သံသယအချို့ ရှိနေဆဲဖြစ်သည်။
“ခင်ဗျားရဲ့ နာမည်လေး ပြောပြလို့ရမလား..”

“ကျွန်တော့် မျိုးရိုးက ကု ပါ..”
ကုရှင်းရှစ် သူ့အမည်ကတ်အား ကမ်းပေးလိုက်သည်။

စွန်းဟုန်ဖေးက ကတ်ပေါ်ရှိ စာလုံးအမည်းဖြင့် ရေးသားထားသော ‘လဲ့ရှစ်အင်တာတိန်းမန့်’ ဟူသည့် အမည်အား အကြည့်ရောက်သွားသည်။ မည်သည်ကြောင့်ရယ် မသိဘဲ ထိုအမည်အား ရင်းနှီးနေသည်ဟု ခံစားမိသည့်တိုင်အောင် စဉ်းစားမရနိုင်ဘဲ ရှိလေသည်။
“ခင်ဗျားတို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေက ဘယ်သူလဲဆိုတာ သိလို့ရမလား..”

ထိုမေးခွန်းမှာ အတော်လေး ကသိကအောက်ဖြစ်စေသည်။ အရိုးသားဆုံး ဆိုရလျှင် လဲ့ရှစ်၏ အနုပညာရှင် စာရင်း၌ ပွဲဦးမထွက်ရသေးသော သင်တန်းသား ၂ ဦးသာလျှင် ရှိသည်။

အလျင်အမြန် စဉ်းစားပြီးနောက် ကုရှင်းရှစ်က ပြန်ဖြေသည်။
“ကျွန်တော်တို့ ကုမ္ပဏီက ယန်ကျစ်ဟန့်ကို စီမံပေးခဲ့ဖူးပါတယ်..”

ယန်ကျစ်ဟန့်၏အမည်အား ဖော်ပြခြင်းသည်သာလျှင် ကုမ္ပဏီ၏ လက်ကျန်ပုံရိပ်အား မြှင့်တင်ပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယန်ကျစ်ဟန့်ဆိုသည်မှာ နာမည်ကြီးတစ်ယောက်ပင်။

စွန်းဟုန်ဖေး ရပ်တံ့သွားပြီးနောက် အချိန်အတော်ကြာအောင် မေ့လျော့နေခဲ့သည့် မှတ်ဉာဏ်များ ပြန်လည်ထွက်ပေါ်လာသည်။ ယန်ကျစ်ဟန့်မှာ ဝမ်ယွဲ့၏ ဦးလေးငယ်ဖြစ်ကြောင်း လူအနည်းငယ်သာ သိကြသည်။ လွန်ခဲ့သော နှစ်များက ယန်ကျစ်ဟန့်သည် သူ၏ မိသားစုအား ပုန်ကန်ကာ နာမည်တုတစ်ခုဖြင့် ကုမ္ပဏီငယ်တစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ကာ သူ၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။

လဲ့ရှစ်ဆိုတာ အဲဒီ ကုမ္ပဏီလေး မဟုတ်လား..

အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။ သူတို့နှစ်ဦးမှာ ကလေးဘဝထဲက သိကျွမ်းလာကြခြင်း ဖြစ်သောကြောင့် ရင်းနှီးသည်မှာ ဖြစ်သင့်သည်။

အမှန်တရားအား ဖမ်းဆုပ်မိပြီဟု ခံစားမိသောကြောင့် စွန်းဟုန်ဖေးက စိတ်သက်သာရာ ရသလို ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ချေ။

[Boy Group Training Camp] သည် ထျန်းချန်ဗီဒီယိုနှင့် စတားရှိုင်းမီဒီယာတို့ ပူးပေါင်းဆောင်ရွက်သော ထုတ်လုပ်မှုတစ်ခုဖြစ်ပြီး ကုမ္ပဏီအများစုက စတားရှိုင်း၏ ရွေးချယ်မှုဖြစ်ကာ ထျန်းချန်အနေဖြင့် ရှိုးစတင်သည့်အချိန်မှသာ စီမံရခြင်းဖြစ်သည်။ သို့သော် ကုရှင်းရှစ်က စတားရှိုင်းသို့ သွားရမည့်အစား ထျန်းချန်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် ယမန်နေ့က အဖြစ်အပျက်ကြောင့် ဝမ်ယွဲ့သည် စတားရှိုင်းအား ကျေနပ်သေးပုံမရကြောင်း ရှင်းရှင်းလင်းလင်း ဖော်ညွှန်းနေလေသည်။

ကုမ္ပဏီနှစ်ခုမှာ အဆောက်အဦတစ်ခုတည်း၌ တည်ရှိပြီး ဝမ်လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်တိုင်အောင် ပြိုင်ဘက်များဖြစ်ကြသည်။ စတားရှိုင်း၏ လတ်တလော အောင်မြင်မှုများသည် တစ်ခါတစ်ရံ ထျန်းချန်အား လွှမ်းမိုးလာတတ်သည်။

စတားရှိုင်းက လတ်တလောအောင်မြင်မှုများကြောင့် မြောက်ကြွကြွ ဖြစ်မနေခဲ့လျှင် အဆိုပါသရုပ်ဆောင်အား ပြဿနာရှာကာ ထျန်းချန်ကို ဆွဲချရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

စွန်းဟုန်ဖေးသည် ယမန်နေ့က အဖြစ်အပျက်ကြောင့် မစ္စတာဝမ်၏ အမျက်ဒေါသ အကင်းမသေသေးမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ကုရှင်းရှစ်အား မြင်တွေ့ပြီးနောက် သူ၏ စိုးရိမ်မှုတို့ တစ်ဝက်ခန့် လျော့ကျသွားသည်။

စိတ်လက်ပေါ့ပါးသွားပြီးနောက် စွန်းဟုန်ဖေး၏ သဘောထားမှာ ပို၍ပင် နွေးထွေးလာတော့သည်။ ကုရှင်းရှစ်ပေးလာသည့် လျှောက်လွှာများအား စိတ်အားထက်သန်စွာဖြင့် ယူလိုက်သည်။
“စိတ်မပူပါနဲ့.. အရာအားလုံး အဆင်ပြေအောင် သေချာလေး ဂရုစိုက်လိုက်ပါ့မယ်..”

ကုရှင်းရှစ်က ထိုသူများမှ သူ၏ ကုမ္ပဏီငယ်လေးအား နှိမ့်ချရှုမြင်မည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မန်နေဂျာ စွန်းဟုန်ဖေး၏ ယဉ်ကျေးဖော်ရွေသော သဘောထားကြောင့် စိတ်သက်သာရာ ရမိတော့သည်။

မျှော်လင့်ထားသလိုပဲ ကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်းတွေဆိုတာ လုံးဝကို ထိပ်တန်းအဆင့်တွေပဲ..

စွန်းဟုန်ဖေး၏ အလွန်အကျူး ယဉ်ကျေးနေမှုသည် ကုရှင်းရှစ်အား မူးဝေလာစေသည့်တိုင်အောင် သူ့မူလရည်ရွယ်ချက်အား မမေ့သွားပေ။
“လျှောက်လွှာတင်ပြီးရင် အင်တာဗျူးရှိတယ်လို့ ကြားထားတယ်.. ဘယ်အချိန်လောက်လဲ မသိဘူး..”

စွန်းဟုန်ဖေး ကြောင်အသွားသည်။ 
သူက အင်တာဗျူးအဆင့်ကို ကျော်ဖို့ရည်ရည်ချက် မရှိဘူးလား.. ဘာလို့များ အလုပ်ရှုပ်ခံနေတာလဲ..

ထို့နောက် ‘ပုန်ကန်သည့် သခင်ငယ်လေး’ ဇာတ်ကြောင်း ခေါင်းထဲပေါ်လာသည်။ ဤကောင်လေးမှာ သူ၏ အစွမ်းအစနှင့် အမှီအခိုကင်းမှုအား သက်သေပြကာ နာမည်တစ်ခု တည်ဆောက်ပြီး သူ၏ ချစ်သူ အထင်ကြီးလာအောင် ပြုလုပ်လိုခြင်း ဖြစ်ပေမည်။ လျှောက်လွှာတင်သွင်းခြင်း နောက်ကွယ်ရှိ လျှို့ဝှက်ဇာတ်လမ်းမှာ ထိုသို့သာ ဖြစ်ရမည်။

“အိုး.. ဟုတ်သားပဲ.. ဒါပေ့ါ.. အင်တာဗျူးကို မနက်ဖြန် နေ့လယ်ဖြေဖို့ သတ်မှတ်လိုက်ရင်ရော အဆင်ပြေမလား..”

ကုရှင်းရှစ် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

အင်တာဗျူးဖြေရမည့် အချိန်အား အတည်ပြုပြီးနောက် ကုရှင်းရှစ် မသိမသာ မေးလိုက်သည်။
“ဒီseasonမှာ ကျင်းယို့အင်တာတိန်းမန့်က သင်တန်းသား ဘယ်လောက် ဝင်ခွင့်ရလဲ..”

အဆိုပါမေးခွန်းအား ကြားပြီးနောက် စွန်းဟုန်ဖေး ရင်ထိတ်သွားသည်။
“ဘာဖြစ်လို့ ကျင်းယို့အကြောင်း မေးတာလဲ..”

“ဒီတိုင်း သိချင်လို့ပါ.. ဘာလို့ လျှို့ဝှက်နေတာလဲ..”

စွန်းဟုန်ဖေး ထိတ်လန့်နေသည့်တိုင်အောင် သူ၏ ကိုယ်နေဟန်ထား မပျက်ယွင်းအောင် ကြိုးစားလိုက်သည်။
“အိုး.. မဟုတ်ပါဘူး.. အဲဒီသဘော မဟုတ်ဘူး.. နောက်ဆုံး ပါဝင်ခွင့်ရ စာရင်းက အခုထိ အတည်မပြုရသေးဘူးလေ.. အဲဒါကြောင့် အခု မပြောနိုင်သေးတာပါ..”

ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။
“သူတို့ရဲ့ သင်တန်းသားအရေအတွက်က အတော်လေး မြင့်တာပဲ..”

ယခင်seasonတွင်[Boy Group Training Camp] သို့ ကျင်းယို့မှ သင်တန်းသား ၄ ဦး စေလွှတ်ခဲ့သည်။ ယခုseason၌လည်း ထိုသို့သာဆိုလျှင် ကျင်းယို့၏ လူအရေအတွက်မှာ လဲ့ရှစ်၏ နှစ်ဆပင် ရှိလေသည်။ ယခင်seasonအား ကြည့်ရှုပြီးနောက် ကျင်းယို့၏ သင်တန်းသားများမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပြီး အရေအတွက် များပြားနေလျှင် ချန်ရှင်းနှင့် မုန့်ယွမ်ရှန့်အတွက် ထိတ်လန့်ဖွယ်ပြိုင်ဘက် ဖြစ်လာနိုင်သည်။

သို့သော် ကုရှင်းရှစ်၏ ညည်းညူသံမှာ စွန်းဟုန်ဖေး၏ နားစည်အတွင်းသို့ မောင်းတီးသံသဖွယ် ကျယ်လောင်စွာ မြည်ဟီးလာသည်။

အတွင်းပိုင်း ညှိနှိုင်းမှုများကြောင့် ယခုseason၌ ကျင်းယို့၏ ပါဝင်ခွင့်ရ သင်တန်းသား အရေအတွက်မှာ ၂ ဦး ထပ်ပိုလာပြီး စုစုပေါင်း ၆ ဦးဖြစ်သည်။ သို့သော် ထိုအချက်အလက်အား တင်းတင်းကြပ်ကြပ် လျှို့ဝှက်ထားပေသည်။
ကုရှင်းရှစ်က ဘယ်လိုသိထားတာလဲ…

စွန်းဟုန်ဖေး ထပ်မေးလိုသည့်တိုင်အောင် လှည့်ပတ်ကြည့်ရာ ကုရှင်းရှစ်၏ အရိပ်အယောင်ကို မတွေ့ရတော့ချေ။

ထိုအချိန်မှာပင် ရှောင်းလီက စာရင်းတစ်ခုအားကိုင်လျက် ဝင်လာသည်။ 
“ဘော့စ်.. ကျွန်တော် အထက်ကိုသွားပြီး ခိုင်မာတဲ့ အဆက်အသွယ်မရှိတဲ့ ကုမ္ပဏီလေးတွေကို စာရင်းလုပ်ထားတယ်.. ဘယ်သူ့ကို အစားထိုးသင့်လဲဆိုတာ ကြည့်ချင်လား..”

စွန်းဟုန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။
“အစားထိုးဖို့ မင်းကို ဘယ်သူပြောလဲ..”

ရှောင်းလီ မျက်တောင်ခတ်လိုက်သည်။
“ဟမ်..”

“ကုမ္ပဏီငယ်လေးတွေက ဒီseasonအတွက် ဝင်ခွင့်ရဖို့ အသေအကြေ ကြိုးစားထားရတာ.. သူတို့ကို အစားထိုးလိုက်ရင် ပြဿနာအကြီးကြီး တက်သွားနိုင်တယ်.. သူတို့‌တွေက ပြဿနာရှာဖို့ကို လုံးဝ ကြောက်တဲ့ဟာတွေ မဟုတ်ဘူး.. ငါတို့ လုံးဝမလိုအပ်တဲ့အရာက အွန်လိုင်းပေါ်က လူထုအုံကြွမှုပဲ..”

ရှောင်းလီက နားမလည်နိုင်ပုံဖြစ်‌နေသည်။
“ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ..”

စွန်းဟုန်ဖေး စာရင်းအား ဆွဲယူပြီးနောက် နာမည်တစ်ခုအား ဘောလ်ပင်ဖြင့် ထောက်လိုက်သည်။

ရှောင်းလီ၏ မျက်လုံးများ ပြူးကျယ်လာသည်။
“ကျင်းယို့က နှစ်ယောက်နဲ့ အစားထိုးချင်တာလား.. ဒါပေမဲ့ သူတို့က စတားရှိုင်းမီဒီယာနဲ့ ညှိနှိုင်းမှုတွေ လုပ်ပြီးပြီလေ..”

စွန်းဟုန်ဖေး ခပ်ဟဟ ရယ်လိုက်သည်။

“သူတို့က စတားရှိုင်းနဲ့ သဘောတူညီချက် လုပ်တာလေ.. ငါတို့နဲ့မှ မဟုတ်ဘဲ.. ပြီးတော့ မစ္စတာကုကလည်း အဲဒါကိုပဲ လိုချင်နေတာ..”

ရှောင်းလီ စွန်းဟုန်ဖေးအား ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော်က ဘော့စ်နဲ့ တစ်ချိန်လုံး ရှိနေတာလေ.. မစ္စတာကုရှင်းရှစ်က ဘာမှလည်း မပြောဘူးနော်..”

စွန်းဟုန်ဖေး ရှောင်းလီအား စိတ်ပျက်သည့် အကြည့်နှင့် ကြည့်လိုက်သည်။
“သူက အဲဒီလိုစကားကို တိုက်ရိုက်ထုတ်ပြောမယ်လို့ မင်းထင်နေတာလား.. ဒါက ပြောစရာမလိုတဲ့ အရာတွေကွ..”

ရှောင်းလီက သံသယအပြည့်နှင့် ရှိနေဆဲပင်။

“သူက ဒီတိုင်း ရိုးရိုးသားသား စကားနည်းနည်းလောက်ပဲ ပြောသွားတာပါ.. ကျွန်တော်တို့ အတွေးလွန်နေတာများလား.. ရလဒ်က ပြောင်းပြန်ဖြစ်ပြီး စတားရှိုင်းက ကျွန်တော်တို့ကို မစ္စတာဝမ်ဆီ သတင်းပို့လိုက်ရင်ရော..”

စွန်းဟုန်ဖေး လှောင်ရယ်လိုက်သည်။

“ငါပြောမယ်.. စဉ်းစားကြည့်စမ်း.. နောက်ဆုံးလူစာရင်းကို လွန်ခဲ့တဲ့ ၂ ရက်ကမှ အပြီးသတ်လိုက်တာလေ.. ငါတို့ရယ်.. စတားရှိုင်းရယ်.. မစ္စတာဝမ် ရယ်ပဲ ဒီစာရင်းကို သိတာ.. အခု မစ္စတာကုက သိထားတယ်ဆိုတော့ အဲဒီ သတင်းကို ဘယ်ကရထားလဲ အသိသာကြီးပဲ..”

ရှောင်းလီ၏မျက်နှာ ဖြူဖျော့သွားသည်။
“ကျွန်တော်တို့ဌာနက လုံးဝမဟုတ်ဘူးဆိုတာ ကျိန်ရဲတယ်..”

စွန်းဟုန်ဖေး သက်ပြင်းချလိုက်သည်။
“သေချာပေါက် မဟုတ်ဘူးပေါ့..”

ရှောင်းလီ စိတ်သက်သာရာ ရမိပြီးနောက် အတွေးတစ်ခု ဝင်လာသဖြင့် ချီတုံချတုံ ပြုပြီးနောက် မေးလိုက်သည်။

“ကျွန်တော်တို့ရော စတားရှိုင်းရော မဟုတ်ဘူးဆိုရင်.. မစ္စတာဝမ် ဆီကများလား..”

“နောက်ဆုံးတော့ မင်းသိသွားပြီပေါ့..”
စွန်းဟုန်ဖေးက စိတ်အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ပြောသည်။
“စဉ်းစားကြည့်.. ကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်ကို မျှဝေချင်လောက်တဲ့အထိ မစ္စတာဝမ်က မစ္စတာကုကို ဘယ်လောက်တောင် ယုံကြည်သလဲ.. မစ္စတာဝမ်က စတားရှိုင်းဘက်မှာ ရှိနေလိမ့်မယ်လို့ မင်းထင်လား.. လုံးဝပဲ..”

ရှောင်းလီ သဘောပေါက်သွားလေပြီ။
“ဘော့စ် မှန်တယ်.. ဘော့စ်က ဘော့စ်ဖြစ်နေတာ လုံးဝ အံ့ဩစရာ မရှိဘူး..”

ဝန်ထမ်းဖြစ်သူ၏ အသစ်တွေ့ရှိလိုက်သော အရည်အချင်းကြောင့် စွန်းဟုန်ဖေးက ဘဝခိုက်စွာ ပြုံးလိုက်သည်။
“မင်းသိသွားပြီပေါ့.. ငါ့နောက်ကိုသာလိုက် ကောင်လေး.. မင်း အများကြီး သင်ယူနိုင်လိမ့်မယ်..”

*

ကုမ္ပဏီသို့ ပြန်ရောက်ပြီးနောက် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ အကခန်းမ၌ ကြိုးကြိုးစားစား လေ့ကျင့်နေကြကြောင်း ကုရှင်းရှစ် တွေ့လိုက်ရသည်။ တစ်မနက်ခင်းမှာပင် နှစ်ဦးသားသည် First X Blood ၏ အကပိုင်းအား ကျွမ်းကျင်ပိုင်နိုင်နေကြပြီ ဖြစ်သည်။ ပြီးပြည့်စုံသော လှုပ်ရှားမှုနှင့် ကကွက်တိုင်း၌ အချိုးအစားကျနလှသည်။

အလွန်ကြိုးစားသော သင်တန်းသားများကြောင့် ကုရှင်းရှစ် ဂုဏ်ယူမိပြီး အနာဂတ်လမ်းမှာ ဖြောင့်ဖြူးနေပြီဟု ခံစားရသည်။ သူတို့နှစ်ဦး အောင်အောင်မြင်မြင် ပွဲဦးထွက်ကာ ကုမ္ပဏီအား ရောင်းချပြီးနောက် လူချမ်းသာတစ်ဦး ဖြစ်လာမည့်ပုံရိပ်အား မြင်ယောင်လာမိသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းက ကုရှင်းရှစ် ပြန်လာသည်အား သတိပြုမိပြီးနောက် အလျင်စလို ပြေးလာကြသည်။
“လျှောက်လွှာတင်တာ အခြေအနေ ဘယ်လိုလဲ..”

“အားလုံးပြီးပြီ.. မနက်ဖြန် နေ့လယ်ကျ အင်တာဗျူးဖြေရမယ်..”
ကုရှင်းရှစ်က ဝမ်းမြောက်စွာ ကြေညာလိုက်သည်။

မုန့်ယွမ်ရှန့် ကြောင်အသွားလေသည်။ ဤပုဂ္ဂိုလ်မှာ စာရင်းပိတ်သွားချိန်၌ပင် လွယ်လင့်တကူ စာရင်းသွင်းနိုင်စွမ်း ရှိလေသည်။
ဘော့စ်ဖြစ်နေတာ လုံးဝ အံ့ဩဖို့ မလိုတော့ဘူး..

အဆိုပါသတင်းသည် မုန့်ယွမ်ရှန့်အား ပို၍ ကြိုးစားရန် ဆုံးဖြတ်ချက် ခိုင်မာလာစေပြီး ကုရှင်းရှစ်အား စိတ်ပျက်အောင် မလုပ်မိရန် သံန္နိဌာန်ချလိုက်သည်။

*****

တစ်ချိန်တည်းမှာပင် ကျင်းယို့အင်တာတိန်းမန့်၏ ရုံးခန်းမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။

“ငါတို့ ၆ နေရာ စာရင်းပေးထားတာလေ.. အခု ၄ နေရာပဲ ရတော့မယ်တဲ့.. ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ..”
သူဌေးမှ ဒေါသတကြီး ကြိမ်းမောင်းလေသည်။

ကုမ္ပဏီ၏ ကိုယ်စားလှယ်များမှာလည်း နားမလည်နိုင်ဘဲ ရှိနေကြသလို ဒေါသတကြီး ဖြစ်နေကြသည်။ သူတို့လည်း ယခုလေးတင် လူလျှော့ခံရသည့် သတင်းအား ကြားရခြင်းဖြစ်ကာ မည်သို့ ရှင်းပြရမည်ကို မသိဘဲ ရှိလေသည်။

ထိုအချိန်မှာပင် ကျန်းမော့နှင့် သူ၏ မန်နေဂျာက အလျင်စလို ဝင်ရောက်လာသည်။

ကျန်းမော့က ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းသို့ ဝင်ရောက်ခွင့်ရရန် နှစ်ပေါင်းများစွာ ကြိုးစားသည့်တိုင်အောင် မအောင်မြင်ခဲ့ချေ။ ယခုနှစ်တွင် သူ၏စာချုပ် ကုန်ဆုံးမည်ဖြစ်သောကြောင့် ယင်းအချက်အား ဆုပ်ကိုင်ကာ ကုမ္ပဏီနှင့် ညှိနှိုင်းရန် အခွင့်အရေးရယူပြီးနောက် သူ့ဆန္ဒ ပြည့်ဝခဲ့သည်။

ကျန်းမော့က နည်းလမ်းများစွာ သုံးပြီးနောက် နာမည်ကျော် ပရောဂျက်ဖြစ်သည့် [Boy Group Training Camp] အား စီမံနိုင်ခဲ့သည်။ သို့သော် မမျှော်လင့်စွာပင် အဆိုပါပရောဂျက်က မစတင်ခင်မှာပင် ပြဿနာရှိလာသည်။

ကျန်းမော့အား မြင်သည့်အခါ မန်နေဂျာများမှာ မထေ့ငေါ့ဘဲ မနေနိုင်ကြချေ။
“အိုး.. အစ်ကိုမော့က အရေးကြီးပြဿနာတွေ ရှင်းနေရလို့ အလုပ်ရှုပ်နေလား.. ဒါမှမဟုတ် နာရီက တစ်ခုခုလွဲနေလို့ အခုမှ ရောက်လာတာများလား..”

“ကျွန်တော်တို့က ကြယ်ပွင့်တွေလိုမျိုး လူရှေ့မထွက်ရပေမဲ့ စင်နောက်က အလုပ်သမားတွေပါ အစ်ကိုမော့.. စတားရှိုင်းက ဒါရိုက်တာဝူနဲ့ ညှိနှိုင်းတုန်းက အချက်အလက်တွေကို မှားဖတ်မိပြီး အပြစ်ပြုခဲ့သေးလား..”

“ကျွန်တော်တို့က စတားရှိုင်းနဲ့ အမြဲပဲ ဆက်ဆံရေးကောင်းခဲ့တာ.. အရင်က ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..”

ကျန်းမော့ အံတင်းတင်းကြိတ်လိုက်သည်။ သူက [Boy Group Training Camp] ၏ နည်းပြတစ်ဦးဖြစ်သောကြောင့် အဆိုပါ နေရာ ၂ နေရာ ရရှိရန် လိုက်လျောချက်အချို့ ပြုလုပ်ခဲ့ရသည်။ သို့သော် ယခုအချိန်၌မူ သူ့ဒေါသကို ဖိနှိပ်ထားရသည်။

“ကျွန်တော်အခုပဲ စတားရှိုင်းက ဒါရိုက်တာဝူကို ဆက်သွယ်ပြီးပါပြီ..  á€žá€°á€œá€Šá€şá€¸ ဘာမှမသိထားဘူးလို့ ပြောပါတယ်.. ဆိုလိုတာက ထျန်းချန်က သူ့သဘောနဲ့သူ ဆုံးဖြတ်လိုက်ပုံပဲ.. သူလည်း အကြောင်းအရင်း သိအောင် စုံစမ်းနေတယ်လို့ ပြောတယ်..”

မန်နေဂျာတစ်ဦးမှ ခပ်ထေ့ထေ့ ရယ်သည်။
“အစ်ကိုမော့.. ခင်ဗျား အဲလောက်တောင် ရိုးလွန်းတာလား.. စတားရှိုင်းနဲ့ ထျန်းချန်က အတူတူပဲဆိုတာ လူတိုင်းသိတယ်လေ.. သူတို့အချင်းချင်းကြား ဆုံးဖြတ်ချက်တွေကို မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား.. သူက ခင်ဗျားကို လှည့်စားနေတာပဲ ဖြစ်မှာ..”

ထိုအချိန်မှာပင် ကျန်းမော့ ဖုန်းမြည်လာသည်။ ခေါ်ဆိုသူမှာ စတားရှိုင်း၏ ဒါရိုက်တာဝူ ဖြစ်သောကြောင့် အလျင်စလိုပင် ဖုန်းလက်ခံလိုက်ရသည်။ ဖုန်းပြောရင်းနှင့် ကျန်းမော့၏ အမူအရာမှာ မဲမှောင်လာတော့သည်။

ဖုန်းချပြီးနောက် လူတိုင်းအား ပြောလိုက်သည်။
“စတားရှိုင်းကပြောတာတော့ ထျန်းချန်က ကျွန်တော်တို့ နေရာမှာ သင်တန်းသားအသစ် ၂ ယောက် နဲ့ အစားထိုးလိုက်တယ်တဲ့..”

ကျင်းယို့၏ သူဌေးကျင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီအဆင့်ရောက်မှ လူထပ်ထည့်တာလား.. ဘယ်ကုမ္ပဏီက ဒီလောက်တောင် လုပ်နိုင်စွမ်းရှိနေတာလဲ.. ကွမ်းယိ.. လုမင် ဒါမှမဟုတ် ရှင်းချိုးရှစ်ကျိ လား..”

သူဌေးကျင်းက စားပွဲအား တဒေါက်ဒေါက်ခေါက်ရင်း ဖျော်ဖြေရေးလောကရှိ နာမည်ကြီး ကုမ္ပဏီများ၏ အမည်အား ရေရွတ်လေသည်။

ကျန်းမော့က အဖြေမပေးမီ ခေတ္တမျှ တုံ့ဆိုင်းနေလေသည်။
“သူတို့ပြောတာတော့ လဲ့ရှစ် တဲ့..”

“လဲ့ရှစ် လား..”

လဲ့ရှစ်နှင့် ပတ်သက်၍ မည်သည့်အချက်အလက်ကိုမျှ ပြန်မဖော်နိုင်သောကြောင့် သူဌေးကျင်း စိတ်ရှုပ်သွားပြီး ကျန်းမော့ထံသို့ စိတ်မရှည်စွာဖြင့် လှည့်ကြည့်လိုက်သည်။ 

“သူတို့ ဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ဒီကိစ္စကို ဖြေရှင်းဖို့ကြိုးစား.. မင်း မလုပ်နိုင်ဘူး ဆိုရင်‌တော့ ဖျော်ဖြေရေးသမားအနေနဲ့ပဲ ဆက်နေလိုက်.. အုပ်ချုပ်ရေးပိုင်းကိုဝင်ဖို့ စဉ်းတောင်မစဉ်းစားနဲ့..”

ရှက်ရွံ့မှုကြောင့် ကျန်းမော့မျက်နှာတစ်ခုလုံး ပူထူလာသော်ငြား ပြန်လည်မငြင်းခုန်ရဲချေ။

စာချုပ်သက်တမ်းတိုးခြင်းအား အကြောင်းပြကာ အုပ်ချုပ်မှုအပိုင်းသို့ ဝင်ရောက်ခဲ့သော်ငြား သူဌေးကျင်းမှာ များစွာကျေနပ်ခြင်း မရှိချေ။ [Boy Group Training Camp] မှတစ်ဆင့် သူ့နေရာအား တည်မြဲနိုင်ရန် မျှော်လင့်ခဲ့သော်ငြား ယခုအခါတွင် အရာအားလုံး စီစဉ်ထားသကဲ့သို့ ဖြစ်မလာသဖြင့် ကျန်းမော့ထံ၌ ဈေးဆစ်ရန် ဝှက်ဖဲမရှိတော့ချေ။ ဤအခြေအနေ၌ သည်းခံကာ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
“မစိုးရိမ်ပါနဲ့.. ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်..”

သူဌေးကျင်းက အစည်းအဝေးခန်းမှ ဒေါသတကြီး ထွက်ခွာသွားသည်။

လူတိုင်းထွက်ခွာသွားပြီးနောက် ကျန်းမော့၏ အပြုံးတို့ တဖြည်းဖြည်း လွင့်ပါးကာ မျက်နှာတစ်ခုလုံး မှိုင်းညို့လာသည်။

ဒါရိုက်တာဝူ၏ စကားများအား ပြန်လည်ကြားယောင်မိလာသည်။
“အဲဒီနေရာတွေကို ပြန်ယူဖို့ မမျှော်လင့်နဲ့တော့.. မင်းက လူမှားပြီး အပြစ်လုပ်မိတယ်လို့သာ မှတ်ထားလိုက်..”

ကျန်းမော့မှာ မည်သည့်အား အပြစ်ပြုမိမှန်း ယခုထိတိုင်အောင် စဉ်းစားမရဘဲ ရှိနေသည်။

ထိုအချိန်မှာပင် သူ၏ မန်နေဂျာ အပြေးအလွှား ရောက်ရှိလာသည်။
“ကျန်းမော့ရေ.. အယ်လ်ဘမ်နဲ့ ပတ်သက်ပြီး ပြဿနာတော့ ရှိနေပြီ..”

ကျန်းမော့က [Boy Group Training Camp] နှင့် ပတ်သက်၍ အလွန်နစ်မြုပ်နေခဲ့သဖြင့် အယ်လ်ဘမ်နှင့် ပတ်သက်၍ အာရုံမစိုက်နိုင်ဘဲ ရှိနေသောကြောင့် ရက်အနည်းငယ်ကြာအောင် လျစ်လျူရှုထားမိသည်။ ထိုအချိန်မှာပင် သူ၏ လက်ထောက်အသစ်မှ ပြဿနာရှာလိုက်ပြီ ဖြစ်သည်။

သူ ရုတ်တရက် အလွန်သောကရောက်လာမိသည်။ မုန့်ယွမ်ရှန့် ရှိစဉ်က အသေးအဖွဲအရာများမှစကာ ကိုယ်တိုင်ကိုယ်ကျ အသေးစိတ် ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး သူ့အနေနှင့် နောက်လှည့်ကြည့်ရန်ပင် မလိုအပ်ချေ။

ကျန်းမော့ ဖုန်းထုတ်ကာ မုန့်ယွမ်ရှန့်ထံသို့ မက်ဆေ့ချ်ပေးပို့သည့်တိုင်အောင် ယခင်နည်းတူ ပြန်စာမရချေ။

ကျန်းမော့ စိတ်ထဲ ဒေါသများဖြင့်ပြည့်လာသည်။

သူ စိတ်ကစားကာ အပျော်ရှာခဲ့မိခြင်းဖြစ်ပြီး ရိုးသားမှုအပြည့်နှင့် တောင်းပန်ခဲ့သည့်တိုင်အောင် မုန့်ယွမ်ရှန့်က ထွက်ခွာသွားလေသည်။

မင်း ပြန်လာရဲ ပြန်လာကြည့်.. သင်ခန်းစာ ကောင်းကောင်းပေးပြမယ်..


 

Search Novels