🍉🍉🍉🍉 အခန်း ၇၆


ရှန်းကျဲလင်က သူ့ကောလာဟလအား ဖုံးကွယ်ရန်နှင့် အွန်လိုင်းပေါ်တွင် နာမည်ကြီးလာစေရန် ရှန့်ယွဲ့ချင်အား ရန်စခြင်းဖြစ်ကြောင်း ကုရှင်းရှစ် သိထားသည့်အပြင် “ဒီလောက်နှစ်တွေ ကြာတာတောင် မင်းရဲ့ သရုပ်ဆောင်ပုံက တိုးတက်မလာသေးဘူး” ဟု ပြောခဲ့သဖြင့် ကုရှင်းရှစ်သည် သူ့နောက်ခံအား ရှာဖွေခဲ့ခြင်းဟု ဆိုလိုခြင်းများလားဟု တွေးလိုက်မိသည်။

ဥက္ကဌကုက ငါ့ကို နည်းနည်းလောက် စိတ်ဝင်စားတယ်လို့ ဆိုလိုတာလား..

တကယ်လို့...

သူသာ ကုရှင်းရှစ်၏ လက်အောက်မှ အနုပညာရှင်တစ်ဦး ဖြစ်လာမည်ဆိုလျှင် ချန်ရှင်းကဲ့သို့ ယုံကြည်ပေးမည့်သူရှိပြီး ကာကွယ်ပေးခံရနိုင်သည်။

ရှန့်ယွဲ့ချင်က သေးငယ်သည့် ဆန္ဒလေးအား အလျင်အမြန် ခေါင်းယမ်းကာ ဖယ်ထုတ်လိုက်သော်ငြား စိတ်ထဲ၌မူ ဆန္ဒမျိုးစေ့လေးတစ်ခု အပင်ပေါက်လာသည်။

*

ရိုက်ကူးရေး မပြီးခင်မှာပင် ကုရှင်းရှစ် ရှန်းကျဲလင်အား ထိပ်တိုက်ဖြေရှင်းနေသည့် ဗီဒီယိုမှာ အွန်လိုင်းပေါ်၌ နာမည်ကြီးနေပြီဖြစ်သည်။

[အားးးးးးးးး ဥက္ကဌကုက အရမ်းပဲ လွှမ်းမိုးနိုင်တာပဲ.. အရမ်းချောတယ်လို့..]

[ဝိုး.. ရှန်းကျဲလင်က အဲလောက်တောင် ရွံဖို့ကောင်းတဲ့သူ ဖြစ်မယ်လို့ မထင်ထားဘူး.. ငါတို့ အစ်ကိုရှင်းကို ဆွဲချဖို့ ကြိုးစားတယ်‌ပေါ့.. ကံကောင်းပြီး ဥက္ကဌကုက အချိန်မီ တားလိုက်နိုင်လို့ပေါ့..]

[အစ်ကိုရှင်းရဲ့ ပါးစပ်ကတော့.. အဖွဲ့ထဲမှာဆို ရှန့်ပေါင်ပေ့က ကာကွယ်ပေးထားပြီး အပြင်မှာဆို ဥက္ကဌကုက အလိုလိုက်နေတာပဲ.. မနာလိုဘူး..]

လူအချို့က ရှန့်ယွဲ့ချင်အား စာနာသနားမိကြသည်။

[ရှန့်ယွဲ့ချင်ကို ကြည့်ရတာ တော်တော်လေး သနားဖို့ကောင်းတယ်.. ဥက္ကဌကု ပြောပုံအရဆိုရင် သူက ရှန့်ယွဲ့ချင်ကို အသုံးချပြီး ခံရသူပုံဖမ်းတာ ဒါက ပထမဆုံးအကြိမ် မဟုတ်လောက်ဘူး.. ဝမ်းနည်းစရာ..]

ထိုမှတ်ချက်အောက်၌ ရှန့်ယွဲ့ချင်ကို ဝေဖန်သူများ ချက်ချင်းရောက်ရှိလာကြသည်။

[ရှန်းကျဲလင်ရဲ့ အမှားဆိုရင်တောင် ရှန့်ယွဲ့ချင်ကလည်း အပြစ်ကင်းနေတာ မဟုတ်ဘူး.. နှစ်ယောက်စလုံး တစ်ယောက်မှ မကောင်းဘူး..]

[ရှန့်ယွဲ့ချင်က သနားဖို့ကောင်းတယ်ဟုတ်လား.. တဆိတ်လောက်.. သူက ရှန်းကျဲလင်ကို အရင်ဆုံး ရန်စတာမျိုးရော မဖြစ်နိုင်ဘူးလား.. ရှန်းကျဲလင်က လက်တုံ့ပြန်တာမျိုးလေ..]

[ရှန့်ယွဲ့ချင်ကို ဖုံးဖိပေးဖို့ ကြိုးစားနေတာလား.. ဟာသပဲ..]

[ဘာဖြစ်လို့ ရှန့်ယွဲ့ချင်က နေရာတိုင်းမှာ ရှိနေတာလဲ.. စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလိုက်တာ.. အဲဒီကောင်က ဖျော်ဖြေရေးလောကကနေ ဒီတိုင်း နှုတ်ထွက်သွားလို့ မရဘူးလား..]

ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ ရှန့်ယွဲ့ချင်အား စော်ကားပြောဆိုနေသည့် မှတ်ချက်များအား ကြည့်၍ မသက်မသာ ဖြစ်မိသည်။

အွန်လိုင်းပေါ်ရှိ လူများမှာ ရှန့်ယွဲ့ချင်အား ထိုမျှလောက် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေလိမ့်မည်ဟု မထင်မိခဲ့ချေ။

သူ ရှန့်ယွဲ့ချင်ဘက်မှ ပြောပေးချင်သည့်တိုင်အောင် မည်သည့်နေရာမှ စရမည်ကို မသိဘဲ ရှိလေသည်။

ထိုအချိန်မှာပင် ချန်ရှင်းက ပဟေဠိဆန်ဆန် ရောက်ရှိလာသည်။
“ဥက္ကဌကု.. ဒါကို နားထောင်ကြည့်..”

ယင်းမှာ အသံဖမ်းမှတ်တမ်းတစ်ခု ဖြစ်သည်။

ကုရှင်းရှစ် ဖွင့်ကြည့်လိုက်ချိန်တွင် ယင်းမှာ ရှန့်ယွဲ့ချင်အား ရှန်းကျဲလင် ရန်စပြောဆိုနေသည့် စကားများဖြစ်ကြောင်း သိလိုက်ရသည်။ 

ကုရှင်းရှစ် ထိတ်လန့်သွားသည်။
“ဒါကို ဘယ်လိုရတာလဲ..”

ချန်ရှင်းက ဂုဏ်ယူစွာဖြင့် ပြောသည်။
“ကျွန်တော်က ငတုံးမှ မဟုတ်တာ.. အဲဒီကောင်ကို ထိပ်တိုက် ရင်မဆိုင်ခင် သက်သေရအောင် အသံသွင်းထားလိုက်တာလေ.. ဒါပေမဲ့ ဘယ်လိုမျိုး ထိထိရောက်ရောက် သုံးရမလဲဆိုတာ မသိတော့ ဥက္ကဌပဲ ကိုင်တွယ်လိုက်ပါ.. ဥက္ကဌရဲ့ နည်းလမ်းတွေက ကျွန်တော့်ထက် ပိုပြီးတော့ ရက်စက်တယ်လေ..”

ကုရှင်းရှစ် : “...”

“ဟုတ်ပါပြီ.. ဒါကိုထားခဲ့.. မင်းသွားလို့ရပြီ..”

ကုရှင်းရှစ်က အသံဖမ်းထားသည်အား အမြန်ဖြန့်လိုက်သည်။ ရှန့်ယွဲ့ချင်အား စော်ကားပြောဆိုနေကြသူများမှာ ခိုင်မာသော သက်သေအထောက်အထားများနှင့် ဖြတ်ရိုက်ခံရသဖြင့် တိတ်ဆိတ်သွားကြသည်။

ရှန့်ယွဲ့ချင်မှာ လူကောင်းတစ်ယောက် မဟုတ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်နေကြဆဲလူအချို့ ရှိနေသေးသည့်တိုင်အောင် အင်တာနက်အသုံးပြုသူများ၏ အမြင်မှာ တိတ်တဆိတ် ပြောင်းလဲသွားပြီဖြစ်သည်။

ရှန့်ယွဲ့ချင်က ကားပေါ်၌ထိုင်ကာ ကုရှင်းရှစ် ဖြန့်လိုက်သည့် အသံဖမ်းမှတ်တမ်းနှင့် သူ့ကိုယ်စား ပြောပေးနေသည့် စကားများအား ကြည့်နေသည်။

သူက ငါ့အတွက် အထူးတလှယ် ဖြေရှင်းပေးနေတာ..

အရမ်း.. အရမ်း ပျော်တာပဲ..

ရှန့်ယွဲ့ချင် မပြုံးဘဲ မနေနိုင်တော့ချေ။

အွန်လိုင်းပေါ်၌ ဆူပူကြိမ်းမောင်း ခံရသည့်တိုင်အောင် ဝမ်းနည်းရမည့်အစား အနည်းငယ် ဝမ်းသာပျော်ရွှင်မိသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

သူက ကုရှင်းရှစ်၏ ဝေ့ပေါ်ပိုစ့်အား သိမ်းယူကာ အယ်လ်ဘမ်ထဲ၌ သိမ်းထားလိုက်သည်။

အဆောင်ခန်းသို့ ပြန်ရောက်ပြီးနောက် ဒိုင်ယာရီစာအုပ်အား ထုတ်ယူကာ တစ်နေ့တာအတွင်း ဖြစ်ပေါ်လာသည့် ခံစားချက်များအား စတင်ရေးသားလိုက်သည်။

တစ်ဝက်အရောက်တွင် သူ့မန်နေဂျာက ဖုန်းခေါ်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလေသည်။

သို့သော် ရှန့်ယွဲ့ချင် စိတ်မဆိုးမိပေ။ ဖုန်းအား ဘေးချကာ ဒိုင်ယာရီအား ဆက်လက်ရေးသားလေသည်။

မန်နေဂျာမှာ ဆူပူကြိမ်းမောင်းရာမှာ ပင်ပန်းသွားသောကြောင့် ဖုန်းချမည်ပြုစဉ်မှာပင် ရှန့်ယွဲ့ချင်က သူ့ကို ရုတ်တရက် ခေါ်လိုက်သည်။

မန်နေဂျာ စိတ်မရှည်စွာဖြင့် ပြောသည်။
“ဘာကိစ္စလဲ..”

ရှန့်ယွဲ့ချင် မေးလိုက်သည်။
“ကျွန်တော် စာချုပ်ဖျက်သိမ်းချင်ရင် လျော်ကြေးက ဘယ်လောက်လဲ..”

မန်နေဂျာ ကြောင်အသွားသည်။
“ရူးနေတာလား.. ဘာဖြစ်လို့ ရုတ်တရက်ကြီး စာချုပ် ဖျက်ချင်ရတာလဲ..”

ရှန့်ယွဲ့ချင်က ရှင်းပြခြင်းမရှိဘဲ မေးလိုက်သည်။
“ဘယ်လောက်လဲသာ ပြောပါ..”

မန်နေဂျာသည် ရှန့်ယွဲ့ချင်မှာ သူ့အား ရန်စနေခြင်းဖြစ်သည်ဟု တွေးမိသောကြောင့် ဒေါသတကြီး ပြောလိုက်သည်။
“ဒီနေ့ ဥက္ကဌကုက မင်းဘက်ကနေ နည်းနည်းပါးပါး ပြောပေးလို့ ဒီလိုစိတ်ကူးမျိုး ပေါ်လာတယ်လို့ မပြောနဲ့.. နိုးထစမ်းပါကွ.. မင်းလိုမျိုး မျက်နှာတစ်ခုပဲ သုံးစားရပြီး ကောလာဟလပေါင်း သောင်းခြောက်ထောင်နဲ့ လူတစ်ယောက်အတွက် ဘယ်သူက လျော်ကြေးအများကြီး ပေးချင်မှာတဲ့လဲ.. ”

“ကျွန်တော် သိတယ်..”
ရှန့်ယွဲ့ချင်က အလွန်တည်ငြိမ်စွာပြောသည်။
“ဘယ်လောက်လဲသာ ပြောပါ..”

ရှန့်ယွဲ့ချင်၏ ထပ်တလဲလဲ မေးခွန်းကြောင့် မန်နေဂျာက စိတ်မရှည်တော့ဘဲ ငွေကြေးပမာဏတစ်ခုအား ပြောပြီးနောက် ဆဲရေးကာ ဖုန်းချသွားသည်။

သို့သော် ရှန့်ယွဲ့ချင်သည် မန်နေဂျာ၏ အပြုအမူအား ဂရုမစိုက်ပေ။

လျော်ကြေးပေးရမည့် ပမာဏအား မှတ်စုစာအုပ်ထဲ၌ ချက်ချင်းရေးမှတ်လိုက်သည်။ ထို့နောက် သူ၏ ဘဏ်အကောင့်အားဖွင့်ကာ ပိုက်ဆံမည်မျှ လိုသေးကြောင်း စတင်တွက်ချက်လေသည်။

စာချုပ်သက်တမ်းကုန်ရန် ၂ နှစ်သာ လိုတော့သည်။ မူလက လက်ရှိအနေအထားတိုင်း နေပြီး ပိုက်ဆံအနည်းငယ် စုပြီးနောက် ၂ နှစ်ပြီးနောက်တွင် အနုပညာလောကမှ နှုတ်ထွက်ကာ ကျေးလက်တောရွာတစ်ခု၌ ငြိမ်းချမ်းစွာ နေထိုင်မည်ဟု စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် သူ့စိတ်ကူးများ ပြောင်းလဲသွားပြီဖြစ်သည်။

သူက ကုရှင်းရှစ်လက်အောက်၌ စာချုပ်ချုပ်ချင်သည်။

သူ့ထံ၌ စွမ်းရည်များများစားစား မရှိချေ။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းကဲ့သို့ ကခုန်သီဆိုနိုင်သည့် စွယ်စုံရသူတစ်ဦး မဟုတ်သည့်အပြင် ချင်ဝမ်ကဲ့သို့ သရုပ်ဆောင်စွမ်းရည်လည်း မရှိပေ။ ထို့အပြင် ကောလာဟလများနှင့် ပြည့်ကာ စကားပြောလည်း မကောင်းပေ။ တစ်ခုတည်းသော အားသာချက်မှာ ပြစ်မျိုးမှဲ့မထင်သည့် မျက်နှာလေးသာ ဖြစ်သည်။

ထို့အပြင် ပမာဏ ကြီးမားသော လျော်ကြေးငွေလည်း ပေးရန်လိုသေးသည်။

ဥက္ကဌကု နေနေသာသာ မန်နေဂျာအများစုမှာ သူ့အား လိုချင်ကြမည် မဟုတ်ပေ။

သို့သော် သူ ပိုက်ဆံကြိုးစားရှာကာ လျော်ကြေးငွေအား ကိုယ်တိုင်ပေးဆောင်မည် ဖြစ်သည်။ ကောင်းမွန်သည့် စာချုပ်တစ်ခု ရရှိရန် မတောင်းဆိုပေ။

သူ့စိတ်ရင်းမှန်မှုကြောင့် မျှော်လင့်ချက် တစ်စွန်းတစ်စလောက်သာ ရှိစေချင်မိပေသည်။

×××××

ရှန့်ယွဲ့ချင်က အပေါ်ဝတ်အင်္ကျီအား တင်းတင်းဆွဲကာ အတော်လေး စိတ်လှုပ်ရှားနေသည်။

လွန်ခဲ့သည် ၂ ရက် ဤရသစုံရှိုး ရိုက်ကူးမည်ကို သိရှိပြီးသည့် အချိန်မှစကာ စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခြင်းဖြစ်သည်။ ယနေ့တွင် မိတ်ကပ်ပြင်ဆင်ရမည့် အချိန်ထက် တစ်နာရီစောကာ ရောက်လာခြင်းဖြစ်သည်။ ကားရပ်ပြီးနောက် တံခါးအား ကိုယ်တိုင်ဖွင့်၍ စတူဒီယိုရှိရာသို့ သွက်လက်စွာ လျှောက်လှမ်းသွားသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ fansite မန်နေဂျာဖြစ်သော ပိုင်ရန်သည် ယခုပင် သူတို့နှစ်ဦး ဝင်ရောက်လာသည်ကို ရိုက်ကူးပြီးစီးခြင်း ဖြစ်သည်။ ကင်မရာအား ဘေးချကာ အနားယူမည် ပြင်စဉ်မှာပင် တစ်စုံတစ်ဦး၏ အံ့ဩတကြီး အော်သံကို ကြားလိုက်ရသည်။

“ဝိုးးး ချောလိုက်တာ..”

အလိုအလျောက်ပင် ကင်မရာအား ကောက်ယူကာ ဓာတ်ပုံရိုက်ပြီးနောက်မှ အမှတ်ရလိုက်သည်။
“အဲဒါက... ရှန့်ယွဲ့ချင်လား..”

သူမနှင့် ပရိသတ်များ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ဒီနေ့ ရသစုံရှိုးမှာ ရှန့်ယွဲ့ချင်လည်း ပါတာလား..”

“အဲလိုနဲ့တူတယ်.. ဧည့်သည်များလား..”

“ဘုရားရေ.. သူက အဲလောက်တောင် ချောတာလား.. လူကိုယ်တိုင်တွေ့ရတော့ ဓာတ်ပုံထက်တောင် ၁၀ ဆလောက် ပိုချောသေးတယ်.. မဟုတ်ဘူး အဆ ၁၀၀..”

“ချောတာတော့ ချောပါတယ်.. ဒါပေမဲ့ စရိုက်က သိပ်မကောင်းဘူးလို့ ကြားထားတယ်..”

“သူ့ အဖွဲ့သားတွေကို ရိုက်တယ်ဆိုတာမျိုး ကြားဖူးတယ်.. သူက ဒေါသကြီးတာနဲ့ တူတယ်..”

ပိုင်ရန်က ရိုက်ကူးထားသည့် ဓာတ်ပုံများအား ပြန်ကြည့်နေရင်း ထိုစကားအား ကြားချိန်၌ ဝင်ပြောသည်။
“လူတွေကို ရိုက်တာတော့ မကောင်းဘူး.. ဒါပေမဲ့ သူ့အမှား မဟုတ်တာလည်း ဖြစ်နိုင်တယ်.. ဥက္ကဌကု တင်ပေးတဲ့ အသံဖမ်းမှတ်တမ်းကို မကြားဖူးဘူးလား.. ရှန်းကျဲလင်က သူ့ကို တမင်သက်သက် ရန်စနေတာလေ..”

ပိုင်ရှန်သည် ယခင်က ရှန့်ယွဲ့ချင်အပေါ် များစွာ အာရုံစိုက်ခဲ့ခြင်း မရှိချေ။ သို့သော် သူ နောက်ဆုံးအကြိမ် ချန်ရှင်းနှင့်အတူ ပူးတွဲပေါ်လာချိန်က မည်သည့်အမှားမှ မလုပ်ခဲ့သည့်တိုင်အောင် အင်တာနက်အသုံးပြုသူများ၏ ဆူပူကြိမ်းမောင်းခံရသောကြောင့် အတော်လေး စာနာသနားနေမိသည်။

*

စတူဒီယိုအတွင်းသို့ ဝင်ပြီးနောက် ရှန့်ယွဲ့ချင်က ချက်ချင်းပင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ရှာတွေ့လိုက်သည်။

သူတို့အနီးတစ်ဝိုက်၌ ကုရှင်းရှစ်အား မတွေ့သဖြင့် အနည်းငယ် စိတ်ပျက်သွားမိသည်။

သို့သော် မုန့်ယွမ်ရှန့်က ရှန့်ယွဲ့ချင်အား သတိပြုမိသွားသည်။

ချန်ရှင်းထံမှ ပြီးခဲ့သည့် အဖြစ်အပျက်တစ်ခုလုံး ကြားပြီးဖြစ်သောကြောင့် ရှန့်ယွဲ့ချင်၏ အခြေအနေအား ကရုဏာသက်မိသောကြောင့် ဦးစွာနှုတ်ဆက်လိုက်သည်။

ရှန့်ယွဲ့ချင် တောင့်တင်းသွားသည်။

အပြင်လူတစ်ယောက် အမြင်မှ ကြည့်လျှင် မုန့်ယွမ်ရှန့်ဘက်မှ စိတ်အားထက်သန်မှုရှိစွာ နှုတ်ဆက်နေသည့်တိုင်အောင် ရှန့်ယွဲ့ချင်၏ တုံ့ပြန်ပုံမှာ အေးစက်ကာ ထူးမခြားနားဟန် ဖြစ်သည်။

သို့သော် မုန့်ယွမ်ရှန့်က ကုရှင်းရှစ်၏ အကဲခတ်မှုအား ယုံကြည်သည်။

ဥက္ကဌကု၏ ကိုယ်တိုင်ကိုယ်ကျ ခုခံကာကွယ်ပေးခြင်း ခံရသူမှာ လူဆိုးတစ်ဦး မဟုတ်နိုင်ပေ။

မုန့်ယွမ်ရှန့် သေသေချာချာ လေ့လာပြီးနောက် ရှန့်ယွဲ့ချင်မှာ ထောင်လွှားမောက်မာနေခြင်း မဟုတ်ဘဲ လူအများနှင့် မည်ကဲ့သို့ ဆက်ဆံရမည်ကို မသိသောကြောင့် စိုးရိမ်သောကရောက်နေသူတစ်ဦးဖြစ်ကြောင်း အလျင်အမြန်ပင် သိလိုက်ရသည်။

ပြဿနာအား သိရှိပြီးနောက် မုန့်ယွမ်ရှန့်သည် သူတို့၏ စကားဝိုင်းအား အဆင်ပြေ ချောမွေ့စေရန် ဥက္ကဌကုအကြောင်းနှင့် စလိုက်သည်။

ရှန့်ယွဲ့ချင်၏ မျက်လုံးများ အရောင်လက်လာပြီး ချက်ချင်းပင် စကားပြောသွက်လာသည်။

ချန်ရှင်း၏ မရယ်ရသော ပြက်လုံးများနှင့် နှောင့်ယှက်ခံရသည့်တိုင်အောင် သူတို့ကြားရှိ လေထုမှာ အလျင်အမြန်ပင် ဟန်ချက်ညီလာသည်။

ဤအပိုင်း ထုတ်လွှင့်ပြီးနောက် ကြည့်ရှုသူ အများစုသည် ရှန့်ယွဲ့ချင်အပေါ်အမြင် ပြောင်းလဲကြသည်။

ကြည့်ရှုသူများ၏ မှတ်ချက်များ..

[ရှန့်ယွဲ့ချင်က တော်တော်လေးကောင်းတဲ့သူလို့ ခံစားရတယ်.. သူက ထောင်လွှားမောက်မာပြီး လူတွေနဲ့ ဆက်ဆံလိုစိတ် မရှိဘူးလို့ ထင်နေခဲ့တာ.. အခုကြည့်တော့ သူက ဒီအတိုင်း စကားများများ မပြောရုံပဲ..]

[အားးး ငါလည်း ရှန့်ယွဲ့ချင်လိုပဲ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာ အတော်လေး ကြောက်တယ်.. ငါနဲ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာဆို ကြောက်နေတတ်တယ်.. ဒါပေမဲ့ ငါ့ကို ကြည့်လိုက်ရင်တော့ အေးစက်ပြီး ရုပ်တည်နဲ့ ဖြစ်နေတော့ လူတိုင်းက မောက်မာတယ်လို့ပဲ ထင်သွားကြတာ..]

[ဟားဟားဟား သူက အတော်လေး စိတ်ရှည်သဘောကောင်းတာပဲ.. အစ်ကိုရှင်းရဲ့ ပါးစပ်ကြောင့် အများစုက ၃ မိနစ်ထက်ပိုပြီး စကားမပြောနိုင်ကြဘူး.. ရှန့်ပေါင်ပေ့တောင်မှပဲ တစ်ခါတလေ သူ့ကို ရိုက်ချင်နေတာ.. ဒါပေမဲ့ ရှန့်ယွဲ့ချင်ကတော့ သူ့ရဲ့ ပေါက်ကရ မေးခွန်းတိုင်းကို အလေးထားပြီး ပြန်ဖြေတယ်.. သူ့ကြည့်ရတာ တုံးတုံးအအနဲ့ ချစ်စရာလေး..]

*

ယင်းမှာ ရှန့်ယွဲ့ချင်အတွက် မမျှော်မှန်းထားသော ပျော်ရွှင်မှုတစ်ခု ဖြစ်သည်။

သို့သော် အပြည့်အဝ မပျော်နိုင်ပေ။ ထိုနေ့မှစကာ မုန့်ယွမ်ရှန့်၊ ချန်ရှင်းတို့နှင့်အတူ ရှိုးများစွာ၌ ပေါ်လာရန် အခွင့်အရေးအချို့ ရရှိလာသော်ငြား တစ်ဖက်တွင်မူ ကုရှင်းရှစ်အား မမြင်တွေ့ရသဖြင့် မကျေမနပ် ဖြစ်ရသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား တိုက်ရိုက်မေးရန်ကိုမူ ရှက်လေသည်။ အချိန်အတော်ကြာအောင် တွေးပြီးနောက် အကောင့်တုတစ်ခု ဖန်တီးကာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ ပရိသတ်အဖွဲ့ထဲသို့ဝင်လိုက်သည်။

အဖွဲ့ထဲသို့ ရောက်ပြီးနောက် မည်သည့်စကားမျှ မပြောဘဲ တိတ်တဆိတ် လေ့လာနေသည်။

ပရိသတ်အဖွဲ့သည် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း၏ အချိန်ဇယားအား မကြာခဏ မျှဝေလေ့ရှိပြီး ပွဲများသို့ တက်ရောက်ဖြစ်ကြသော ပရိသတ်များသည် ဥက္ကဌကုအား တွေ့ခဲ့ရသည်ဟူသော သတင်းများ အပါအဝင် အကြောင်းစုံ ပြန်လည်ဖောက်သည်ချကြသည်။

ထိုသို့သော အချိန်မျိုးတွင် ရှန့်ယွဲ့ချင်မှာ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်သဖြင့် အတော်လေး နောင်တရမိသည်။

ဤပရိသတ်အဖွဲ့မှာ သူ၏ သတင်းအချက်အလက်များ ရရှိရာ မူလအရင်းအမြစ် ဖြစ်သောကြောင့် ရှန့်ယွဲ့ချင်က ထိုအကောင့်လေးအား အလွန်အမင်း ဂရုစိုက်လေသည်။

စကားမပြောသောကြောင့် အဖွဲ့မှထုတ်ပယ်ခံရမည် စိုးသဖြင့် ဒေတာများ စီမံခန့်ခွဲရန် လိုအပ်ချိန်တိုင်း၌ တက်တက်ကြွကြွနှင့် ပါဝင်ဆောင်ရွက်ပေးတတ်ပြီး ထောက်ခံပေးထားသော ကုန်ပစ္စည်းများ၊ အယ်လ်ဘမ်များ ဝယ်ယူရာတွင်လည်း နှမြောတွန့်တိုခြင်း မရှိချေ။

ကုရှင်းရှစ်၏ကုမ္ပဏီသို့ မဝင်ရောက်ရသေးသည့်တိုင်အောင် ဥက္ကဌကုအတွက် ဝင်ငွေရရှိအောင် ကြိုးစားပေးနေပြီဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ပရိသတ်များသည် အဖွဲ့ထဲရှိ တိတ်ဆိတ်သော်ငြား ရက်ရောလှသည့် လျှို့ဝှက်ဆန်းကြယ်သော ထောက်ပံ့သူအား သတိပြုမိလာကြသည်။ ပရိသတ်အဖွဲ့ အက်မင်က ရှန့်ယွဲ့ချင်၏ အကောင့်တုအား သတိပြုမိပြီးနောက် ဒေတာအဖွဲ့ထဲသို့ ဆွဲခေါ်ရန် ကြိုးစားတော့သည်။

ရှန့်ယွဲ့ချင် : “...”

အဖွဲ့အက်မင်မှာ အတော်လေး စိတ်အားထက်သန်နေသောကြောင့် ရှန့်ယွဲ့ချင် ငြင်းပယ်ရန် ခက်နေသည်။ အက်မင်၏ ဖျောင်းဖျသိမ်းသွင်းမှုအောက်တွင် ရှန့်ယွဲ့ချင်မှာ ဒေတာအဖွဲ့ထဲသို့ တစ်နည်းနည်းဖြင့် ဆွဲခေါ်ခံလိုက်ရသည်။

အက်မင်သည် ထောက်ပံ့သူအသစ်အား အထူးအလေးပေး ဂရုစိုက်ကာ ဒေတာများ စုဆောင်းပုံ အဆင့်ဆင့်အား တစ်ဆင့်ချင်း ရှင်းလင်းစွာ သင်ကြားပေးသည်။

သူ၏ ကိုယ်ပိုင်ဒေတာများကိုပင် မစီမံဖူးသည့် ရှန့်ယွဲ့ချင်မှာ ကျွမ်းကျင်မှုအသစ်တစ်ခုအား မလွှဲရှောင်သာစွာ သင်ယူလိုက်ရသည်။

အက်မင်က သင်လွယ်တတ်လွယ်သည့် ကျောင်းသားအသစ်ကြောင့် အတော်လေး စိတ်ကျေနပ်နေမိသည်။ သင်ကြားပေးပြီးနောက် သူတို့နှစ်ဦးသည် စကားစမြည် ပြောလေ့ရှိကြသည်။

အဖွဲ့အက်မင်နှင့် စကားပြောခန်း ..

အက်မင် : [အသည်းလေး.. အစ်ကိုရှင်းနဲ့ ပတ်သက်ပြီး မင်းအကြိုက်ဆုံးက ဘာလဲ..]

ရှန့်ယွဲ့ချင်မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။

ရှန့်ယွဲ့ချင် : [သူ့မန်နေဂျာ..]

အက်မင် : [...]

*

ပရိသတ်အဖွဲ့ထဲ၌ အချိန်အတော်ကြာအောင် ပုန်းကွယ်နေပြီးနောက် ရှန့်ယွဲ့ချင်သည် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ အချိန်ဇယားများအား အတော်လေး သိရှိထားပြီးဖြစ်ကာ နောက်ဆုံးတွင် ကုရှင်းရှစ် မည်သည့်အချိန်တွင် ပေါ်လာမည်ကို ခန့်မှန်းမိလာနိုင်သည်။ သူ၏ ကြိုးစားအားထုတ်မှုကြောင့် သူတို့၏ ပွဲများသို့ လူကိုယ်တိုင်သွားနိုင်ရန် ကြိုးပမ်းနိုင်ခဲ့သည်။

ထို့နေ့၌ ရှန့်ယွဲ့ချင်သည် ကောင်းမွန်သေသပ်စွာ ဝတ်ဆင်ပြီးနောက် ပွဲကျင်းပရာနေရာသို့ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ရောက်ရှိလာသည်။

ခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် သူ့အကြည့်မှာ ကုရှင်းရှစ်ထံသို့ ရောက်ရှိသွားပြီး ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

ကုရှင်းရှစ်အနီးသို့ ချဉ်းကပ်သွားလိုသော်ငြား တုံ့ဆိုင်းနေမိသည်။

သူ့အား ပထမဆုံး သတိပြုမိသူမှာ ချန်ရှင်းဖြစ်ပြီး အဝေးမှ လက်လှမ်းပြနေသည်။

ကုရှင်းရှစ်၏ အကြည့်ရောက်လာချိန်တွင် ရှန့်ယွဲ့ချင်သည် အလျင်အမြန်ပင် လက်ပြလိုက်မိသည်။

ကုရှင်းရှစ်က သိလိုစိတ်ဖြင့် ချန်ရှင်းအား မေးလိုက်သည်။
“မင်းတို့ နှစ်ယောက် ဘယ်တုန်းက အဲလောက်တောင် ရင်းနှီးသွားတာလဲ..”

“ပြီးခဲ့တဲ့တစ်ခေါက်က ရှိုးတစ်ခုမှာ အတူတူပါခဲ့တယ် မဟုတ်ဘူးလား.. သူက တော်တော်လေး ကောင်းတယ်လို့ ခံစားရလို့..”

ကုရှင်းရှစ် ပို၍ပင် အံ့အားသင့်သွားသည်။
“မင်းနဲ့တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်တယ်ဆိုတော့ သူက တော်တော်လေး ကြင်နာတတ်တာပဲဖြစ်မယ်..”

ချန်ရှင်း : “...”

ခင်ဗျားက ကျွန်တော့်ကို လှောင်နေတာပဲ.. သက်သေရှိတယ်နော်..

မူလက ချန်ရှင်း ဟာသပြောနေသည်ဟု ထင်ခဲ့မိသော်ငြား ကုရှင်းရှစ်က စနစ်၏အသံအား ကြားလိုက်ရသည်။
[ရှန့်ယွဲ့ချင်က ချန်ရှင်းရဲ့ ပရိသတ်အဖွဲ့ကို ဝင်ပြီး အခုဆို ဒေတာအဖွဲ့ဝင်တောင် ဖြစ်နေပြီ..]

ကုရှင်းရှစ် : [...]

ခဏလေး.. ဒါကြီးကျ အရမ်းမများဘူးလား..

ရှန့်ယွဲ့ချင်က ချန်ရှင်းကို အဲလောက်တောင် ကြိုက်တယ်တဲ့လား..

ထိုအချိန်မှာပင် ရှန့်ယွဲ့ချင်က သူ့ကိုယ်သူ ထိန်းချုပ်ပြီးဖြစ်သောကြောင့် ကုရှင်းရှစ်ထံသို့ လျှောက်သွားသည်။
“မင်္ဂလာပါ ဥက္ကဌကု.. ကျွန်တော်က ရှန့်ယွဲ့ချင်ပါ.. မှတ်မိသေးလား မသိဘူး..”

ထိုစကားအားပြောနိုင်ရန် ရှိသမျှ သတ္တိအားလုံး ထုတ်သုံးလိုက်ရသဖြင့် ပြောပြီးနောက်၌ ကုရှင်းရှစ်အား ရဲရဲပင် မကြည့်နိုင်‌တော့ချေ။


🍉🍉🍉🍉 အခန်း ၇၇


ရှန့်ယွဲ့ချင်မှာ သူနှင့် မျက်နှာချင်းဆိုင်နေသည့်တိုင်အောင် အကြည့်များ ရှောင်ဖယ်နေပြီး မကြာခဏဆိုသလို ချန်ရှင်းအား ကြည့်နေတတ်သောကြောင့် ကုရှင်းရှစ် လှည့်ကြည့်လိုက်ချိန်တွင် ချန်ရှင်းက မုန့်ယွမ်ရှန့်ဘေး၌ကပ်ကာ မရယ်ရသည့် ဟာသများအား ပြောနေသည်ကို တွေ့ရသည်။ ကုရှင်းရှစ်က သူ့ကို ချက်ချင်းပင် တံတောင်နှင့်တွတ်လိုက်သည်။
“ပရိသတ်တွေ ရောက်နေတယ်.. မင်းကိုယ်မင်းထိန်းစမ်း..”

ချန်ရှင်း ကြောင်အသွားသည်။ 
ပရိသတ်တွေလား.. ဘယ်မှာလဲ..

အသေးအဖွဲ့လေးများပင် ကုရှင်းရှစ်၏ အာရုံစိုက်မှုမှ လွတ်မြောက်မသွားနိုင်ဟု ရှန့်ယွဲ့ချင် မမျှော်လင့်ထားချေ။ 

သူ့ရဲ့ အနုပညာရှင်ကို စိတ်ထဲထည့်ထားတာပဲ…
ထိုအချက်ကပင် ရှန့်ယွဲ့ချင်အား ပိုမိုမနာလိုဖြစ်စေသည်။

ချန်ရှင်းသည်လည်း ရှန့်ယွဲ့ချင် ချဉ်းကပ်လာသည်ကို မြင်သောကြောင့် ပုံမှန်အတိုင်းပင် ပခုံးအားဖက်လိုက်သည်။
“ရှောင်ချင်.. ဒီနောက်ပိုင်း မင်း အဆင်ပြေလာတယ်နော်.. အရမ်းပဲ ကြိုးစားနေတာ.. လူထုအမြင်လည်း တော်တော်လေး တိုးတက်လာတာ တွေ့ရတယ်.. မင်းကို ဆဲဆိုနေတဲ့ လူတွေလည်း လျော့သွားတယ်..”

ကုရှင်းရှစ် : “...”

သူ လက်သီး တင်းတင်းဆုပ်လိုက်မိသည်။

ဒီ အရူးကောင် ချန်ရှင်း..

ဘယ်သူက သူများရဲ့ အထိမခံတဲ့ ဒဏ်ရာကို သွားဆွပြီး နှုတ်ဆက်လို့လဲကွ..

အင်တာနက်ပေါ်ကလူတွေ မှန်တယ်.. မင်းကိုတော့ အနှေးနဲ့အမြန် ပါးစပ်ပိတ်မဲ့သူ ပေါ်လာလိမ့်မယ်..

ချန်ရှင်းအား ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ကာကွယ်ပေးရန် ရှေ့တက်လိုက်ပြီး ရှန့်ယွဲ့ချင်အား တောင်းပန်လိုက်သည်။
“သူ့ရဲ့ ပေါက်ပန်းလေးဆယ်ပြောတဲ့ ပါးစပ်ကို စိတ်ထဲမထားပါနဲ့.. သူက ဘယ်လိုစကားပြောရမလဲ မသိလို့ပါ.. ပြန်ရောက်တဲ့အခါ သေသေချာချာလေး သင်ပေးလိုက်ပါ့မယ်..”

ရှန့်ယွဲ့ချင်က အလျင်အမြန် လက်ယမ်းလိုက်သည်။
“မလုပ်.. မလုပ်ပါနဲ့.. သူ့ကို မဆူပါနဲ့..”

သူက ကုရှင်းရှစ်နှင့် မည်သို့ စကားစပြောရမည်ကို စိုးရိမ်နေစဉ် ချန်ရှင်းက သူ့ လတ်တလော အကြောင်းအရာများအား ပြောပြလိုက်သည်။ ချန်ရှင်းက သူ့အား ကူညီကာ လမ်းကြောင်းဖွင့်ပေးခဲ့ခြင်း ဖြစ်သောကြောင့် ကျေးဇူးတင်နေမိသည်။

ကုရှင်းရှစ် : “...”

ဒီလို အပြောခံရတာတောင် စိတ်မဆိုးဘူးပေါ့.. ပရိသတ် စစ်စစ်ပဲ..

ရှန့်ယွဲ့ချင်မှာ အလွန်အမင်း ကြင်နာတတ်သည်ဟု ခံစားမိသောကြောင့် ကုရှင်းရှစ်၏ သဘောထားမှာလည်း ပျော့ပျောင်းလာသည်။

ထို့ကြောင့် ရှန့်ယွဲ့ချင်က အားတက်လာပြီး အရဲကိုးပြောလေသည်။
“ဥက္ကဌကု.. ကျွန်တော် ဒီတလော အလုပ်ကြိုးစားနေတာက လူတစ်ယောက်ရဲ့ လွှမ်းမိုးမှုကြောင့်ပါ..”

ကုရှင်းရှစ် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ငါ နားလည်ပါတယ်..”

ရှန့်ယွဲ့ချင် ကြောင်အသွားသည်။
“သိ.. သိတာလား..”

ငါ့မှာ အတင်းအဖျင်းကြိုက်တဲ့စနစ်တစ်ခု ရှိနေတယ်လေ.. 

ကုရှင်းရှစ်က ထိုသို့တွေးလိုက်သော်လည်း အပြင်ပန်း၌မူ စဉ်းစဉ်းစားစား ပြောလိုက်သည်။
“ထင်မြင်ချက်တစ်ခုပဲ ပြောပါတော့..”

ရှန့်ယွဲ့ချင်က သူ၏ လေးစားအားကျမှုအား ဥက္ကဌကု သိနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထို့ကြောင့် ရှက်ရွံ့ပြီး စိတ်လှုပ်ရှားလာသည်။
“ကျွန်တော်ပြောချင်တာလေး ရှိပါတယ်.. ပြောလို့ရမလားဟင်…”

သူ့ကိုယ်ပိုင် အနုပညာရှင် ၃ ဦး၏ ကြောက်မက်ဖွယ်ကောင်းသည့် အင်တာဗျူးပြီးနောက် သူ၏ ကိုယ်ပိုင် လေးစားနှစ်သက်မှုအား ဖော်ပြရန် မန်နေဂျာထံမှ ခွင့်ပြုချက်တောင်းနေသော ယဉ်ကျေးကာ စဉ်းစားဆင်ခြင်တတ်သည့် လူငယ်လေးနှင့် တွေ့ဆုံရသဖြင့် ကုရှင်းရှစ် အတော်လေး အံ့အားသင့်နေမိသည်။

ကုရှင်းရှစ် စိတ်ကြည်နူးကာ ခေါင်းညိတ်လိုက်သည်။
“ပြောပါ..”

ရှန့်ယွဲ့ချင် ပါးစပ်ဖွင့်လိုက်သည့်တိုင်အောင် မည်သည့်စကားမျှ ထွက်မလာချေ။

မည်သို့ပင်ဖြစ်စေ ထိုစကားများအား ကာယကံရှင် ဖြစ်သူရှေ့ တိုက်ရိုက်ပြောရန်မှာ အတော်လေး ကိုးရိုးကားယားနိုင်သည်။

သူ့ကိုယ်သူ စိတ်ထဲမှ အားပေးပြီးနောက် မျက်လုံးမှိတ်ကာ ခပ်မြန်မြန် ပြောလိုက်သည်။
“ကျွန်တော့်ကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဝေ့ပေါ်မှာ ကျွန်တော့်ဘက်က ပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်..”

ရှန့်ယွဲ့ချင်က ထိုမျှလောက် စိတ်လှုပ်ရှားနေလိမ့်မည်ဟု ကုရှင်းရှစ် မထင်ထားချေ။ မျက်စိစုံမှိတ်ကာ စကားပြောနေပြီး သူပြောလိုသော ပုဂ္ဂိုလ်နှင့် မျက်နှာချင်းဆိုင်နေရသည်ကိုပင် နားမလည်ချေ။

ဒီကလေးက အတော်ရှက်တတ်တာပဲ..

ကြားဖြတ်ပြောလျှင် သူ၏ ရဲစွမ်းသတ္တိအား ဖျက်ဆီးလိုက်သလို ဖြစ်မည်စိုးသောကြောင့် ကုရှင်းရှစ်က ချန်ရှင်းအား ဆွဲခေါ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သို့သော် လမ်းတစ်ဝက်မှာပင် ရုတ်တရက် ရပ်သွားသည်။
အပြောအဆိုပြေပြစ်ပြီး စိတ်သဘောထား နူးညံ့တဲ့သူလား..

“ချန်ရှင်းအတွက် မင်းရဲ့ ပရိသတ်ရှုထောင့်က အရမ်းပဲ အားကောင်းနေတာ မဟုတ်ဘူးလား..”

သူ ချန်ရှင်း၏လက်အား ဆွဲထားပြီးနောက် ပြန်လွှတ်လိုက်သည်။
“ဒီကောင်လေးက သူ့ကိုယ်သူ ထိန်းချုပ်မှုမရှိဘူး.. ရှန့်ယွဲ့ချင်ဆီကနေ ဒီလိုမျိုး ချီးကျူးခံနေရရင် ပိုပြီးတောင် ဘဝင်မြင့်လာဦးမယ်..”

ရှန့်ယွဲ့ချင်က ပြောပြီးနောက် သတိအပြည့်ဖြင့် မျက်လုံးဖွင့်လိုက်သည်။

ကုရှင်းရှစ်က သူ့အား ကူကယ်ရာမဲ့စွာဖြင့် ကျေနပ်စွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။
“မင်း အဲလောက်ကြီး စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး.. ငါတို့ အားလုံးက မိသားစုပဲလေ.. မင်းပြောချင်တာကိုသာ ပြောပါ..”

ရှန့်ယွဲ့ချင် ကြောင်အသွားသည်။
“မိသားစု တစ်ခုလား..”

အဲဒါ ငါထင်နေသလိုမျိုးလား..

ရှန့်ယွဲ့ချင် စိတ်ထဲ၌ ပျော်ရွှင်မှုတို့ လှိုက်တက်လာသည်။

မျက်နှာတစ်ပြင်လုံး စိတ်လှုပ်ရှားမှုကြောင့် ပန်းရောင်သန်းလာသည်။

ရှန့်ယွဲ့ချင် လက်သီးတင်းတင်းဆုပ်ကာ အခိုင်အမာဆိုလိုက်သည်။
“ကျွန်တော် နားလည်ပါပြီ ဥက္ကဌကု.. ကျွန်တော် စာချုပ်ဖျက်သိမ်းနိုင်အောင် အမြန်ဆုံး ကြိုးစားပါမယ်..”

ကုရှင်းရှစ်က ပထမစကားအား ကြားချိန်တွင် ကျေနပ်သွားသော်ငြား နောက်ဆက်တွဲစကားမှာမူ..

“...”

ခဏလေး.. စာချုပ်ဖျက်မယ် ဟုတ်လား..

ဘာကို ဖျက်မှာလဲ..

စာချုပ် ဖျက်မှာလား..

သို့သော် ရှန့်ယွဲ့ချင်မှာ ပြောပြီးသည်နှင့် တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် ထွက်ပြေးသွားနှင့်ပြီး ဖြစ်လေသည်။

ကုရှင်းရှစ် တစ်ဦးတည်း ကြောင်အစွာဖြင့် ကျန်ခဲ့သည်။ နောက်ဆုံး၌ ချန်ရှင်းဘက်သို့ လှည့်ဆူလိုက်သည်။
“မင်း ပေါက်ကရတွေ လျှောက်ပြောလို့ လူတွေ လမ်းမှားရောက်ကုန်တာ..”

ချန်ရှင်း : “...”

*

ကုရှင်းရှစ်ထံမှ အားပေးစကား ရရှိပြီးနောက် ရှန့်ယွဲ့ချင်သည် ယခင်က ထိုင်းမှိုင်းလေးလံမှုနှင့် အမှုမထားဟန် အပြုအမူတို့အား ပြောင်းလဲပစ်လိုက်သည်။ သူ စတင်၍ အလုပ်ကြိုးစားလာပြီး သူ့အလုပ်အကိုင်အပေါ် စိတ်အားထက်သန်မှုရှိလာသည်။ သူ့ဘဏ်အကောင့်ထဲ၌ တစ်စထက်တစ်စ တိုးတိုးလာသည့် ပိုက်ဆံအားကြည့်ကာ စာချုပ်ဖျက်သိမ်းနိုင်ရန်လည်း နီးကပ်လာသည်။

ဤအတောအတွင်း၌ သူ၏ လူထုပုံရိပ်မှာလည်း တဖြည်းဖြည်း တိုးတက်လာပြီး လူထုအမြင်သည်လည်း သူ့အား မျက်နှာသာပေးလာသည်။

ရှန့်ယွဲ့ချင်၏ မန်နေဂျာပင်လျှင် ယုံရန်ခက်ခဲနေသည်။

တကယ်တမ်း၌ လွန်ခဲ့သော နှစ်များအတွင်း သူက ရှန့်ယွဲ့ချင်အပေါ် များစွာ အာရုံစိုက်ခဲ့ခြင်း မရှိချေ။

သူ၏ ဂုဏ်သတင်းမှာ ဆိုးဝါးပြီး ပရိသတ်များမှာလည်း သစ္စာမရှိကြချေ။ မကောင်းသတင်းများမှာလည်း traffic တစ်မျိုးပင် ဖြစ်သောကြောင့် ကုမ္ပဏီက ရှန့်ယွဲ့ချင်အား မစွန့်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ရှန့်ယွဲ့ချင်သည်လည်း သူ့အခြေအနေအား ဂရုမစိုက်ဟု ထင်ရသည်။ အမြဲလိုလို သံပတ်ပေးထားသည့် စက်ရုပ်တစ်ရုပ်သဖွယ် ပြုမူတတ်ပြီး ဤလောကမှ နှုတ်ထွက်ရန် စာချုပ်သက်တမ်း ကုန်မည်အား ထိုင်စောင့်နေခြင်းနှင့်ပင် တူလေသည်။

ထို့ကြောင့် မန်နေဂျာက ရှန့်ယွဲ့ချင် တက်တက်ကြွကြွ အလုပ်ကြိုးစားလာမည်ဟု မမျှော်လင့်ထားမိခြင်း ဖြစ်သည်။

သူ၏ ဂုဏ်သတင်းပင်လျှင် ပြောင်းလဲတိုးတက်လာခဲ့သည်။

မန်နေဂျာက လျှို့ဝှက်ကြံစည်တော့သည်။

များမကြာမီက ရှန်းကျဲလင်၏ အဖြစ်အပျက်ကြောင့် အဖွဲ့တစ်ခုလုံးအား ထိခိုက်စေခဲ့ပြီး ဆူဆူညံညံ ဖြစ်ခဲ့သည်။ သူတို့အဖွဲ့အား ပိတ်ပင်ခြင်း(banခြင်း) မရှိသည့်တိုင်အောင် ပရိသတ်များ၏ ကန့်ကွက်မှုကြောင့် အဖွဲ့လိုက် လုပ်ဆောင်မှုများအား အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့ရပြီး အဖွဲ့သားများမှာ အလုပ်မရှိဘဲ ငုတ်တုတ်ဖြစ်နေကြလေသည်။

လွန်ခဲ့သော ၂ နှစ်မှစကာ အဖွဲ့၏ ရေပန်းစားမှု ကျဆင်းလာသော်ငြား သူ၏ စီမံခန့်ခွဲမှုအောက်ရှိ နာမည်ကျော်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်နေဆဲပင်။ ရုတ်တရက် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် ကုမ္ပဏီမှာ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရသည်။

မန်နေဂျာတစ်ဦးအနေနှင့် သူ၏ ဆုံးရှုံးမှုများလည်း ကြီးမားလေသည်။

ထိုအဖွဲ့အား ပြန်လည်အသက်သွင်းရန်မှာ ခက်ခဲနိုင်သဖြင့် မန်နေဂျာက သူ့အရင်းအမြစ်များအား ဖြုန်းတီးမနေတော့ဘဲ အခြားသူများအား ဈေးကွက်မြှင့်တင်ရန်သာ ကြိုးစားလေသည်။

ရှန့်ယွဲ့ချင်သာ သူ့ဂုဏ်သတင်းအား ပြန်လည်တည်ဆောက်နိုင်မည် ဆိုပါက သူ၏ ရုပ်ရည်အပေါ် မှီခိုလျှင်ပင် နာမည်ကြီးလာနိုင်သည်။

သို့သော် ရှန့်ယွဲ့ချင်နှင့် စာချုပ်သက်တမ်းမှာ ၂ နှစ်ခန့်သာ ကျန်တော့သဖြင့် ယင်းမှာ ပြဿနာတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်မှ သူ့အား နာမည်တက်လာအောင် ကြိုးစားအားထုတ်ပေးမည်ဆိုလျှင် အကျိုးအမြတ်ရသူမှာ အခြားသူတစ်ဦး ဖြစ်သွားနိုင်သည်။

ထိုအကြောင်းအား တွေးမိပြီးနောက် စာချုပ်အသစ်တစ်ခုအား မူကြမ်းရေးကာ ရှန့်ယွဲ့ချင်၏အခန်း ရှိရာသို့ ကိုယ်တိုင်သွားလိုက်သည်။

ရှန့်ယွဲ့ချင်က ယနေ့အဖြစ်အပျက်များအား ဒိုင်ယာရီထဲ၌ မှတ်တမ်းတင်နေခြင်းဖြစ်သည်။ စာချုပ်ဖျက်သိမ်းနိုင်ရန် သိသိသာသာ နီးကပ်လာပြီ ဖြစ်သောကြောင့် နှစ်ကြိမ်ခန့် ခုန်လိုက်သည်။ ထို့အချိန်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

ရှန့်ယွဲ့ချင် မျက်မှောင်ကြုတ်လိုက်သည်။

အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရခြင်းအား မနှစ်မြို့သောကြောင့် သူ့အခန်းမှာ အဝေးဆုံးနေရာ၌ ရှိနေခြင်းဖြစ်သည်။ ထို့အပြင် သူ၏ အကျင့်စရိုက်အရ တကူးတက လာရှာမည့်သူလည်း မရှိပေ။

ရှန့်ယွဲ့ချင်၏ ပထမဆုံး တုံ့ပြန်မှုမှာ အခန်းထဲ၌ မရှိဟန်ဆောင်ခြင်းဖြစ်သည်။ သို့သော် ထိုအချိန်မှာပင် မန်နေဂျာ၏အသံ ထွက်ပေါ်လာသည်။
“ရှန့်ယွဲ့ချင်.. မင်းရှိမှန်း ငါသိတယ်.. တံခါးဖွင့်..”

ရှန့်ယွဲ့ချင် မျက်ခုံးများ တွန့်ချိုးသွားသည်။

များသောအားဖြင့် ထိုမန်နေဂျာမှာ သူ့အား ဂရုစိုက်လေ့မရှိဘဲ စိတ်တိုင်းကျ လုပ်ခွင့်ပေးထားသည်။ အကြောင်းတစ်စုံတစ်ရာ ရှိလျှင်ပင် WeChat မှတစ်ဆင့်သာ ဆက်သွယ်တတ်သူဖြစ်သည်။ 
သူက ဘာကိစ္စနဲ့ ရုတ်တရက် ရောက်လာတာလဲ…

သူ့စိတ်ထဲ သတင်းကောင်းမဖြစ်နိုင်ဟု ခပ်ရေးရေးခံစားမိသည်။ မသိစိတ်အလျောက် ဒိုင်ယာရီအား ပြန်သိမ်းကာ တံခါးဖွင့်လိုက်သော်ငြား မန်နေဂျာအား ဝင်ခွင့်မပေးချေ။ တံခါးဝ၌ရပ်ကာ မေးလိုက်သည်။
“ဘာကိစ္စ ရှိလို့လဲ..”

မန်နေဂျာက ရှန့်ယွဲ့ချင်၏ အပြုအမူကြောင့် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်မိသောကြောင့် အံတင်းတင်းကြိတ်လိုက်သည်။ သို့သော် ရှန့်ယွဲ့ချင်ထံမှ ရရှိနိုင်မည့် အကျိုးအမြတ်များအား စဉ်းစားပြီးနောက် ဒေါသအား ဖိနှိပ်ကာ ဟန်လုပ်ပြုံးလိုက်သည်။
“သေချာပေါက် သတင်းကောင်းပေါ့.. အထဲဝင်ပြီး ပြောကြမယ်..”

ရှန့်ယွဲ့ချင်က တုံ့ဆိုင်းနေသော်ငြား မန်နေဂျာသည် ရှန့်ယွဲ့ချင်အား တွန်းတိုက်ကာ အခန်းအတွင်းသို့ ဝင်ပြီး ဆိုဖာပေါ် ထိုင်လိုက်သည်။ 
“ယွဲ့ချင်.. မင်း ကုမ္ပဏီကိုရောက်တာ ၃ နှစ်တောင် ပြည့်တော့မယ်..”

ရှန့်ယွဲ့ချင် : “အင်း..”

မန်နေဂျာက ခံစားချက်အပြည့်ဖြင့် ပြောသည်။
“အဲဒီအချိန်ကို ငါမှတ်မိသေးတယ်.. သင်တန်းသားတွေကြားထဲမှာ မင်းကို အကြည့်တစ်ချက်နဲ့တင် သတိထားမိသွားတာ..”

ရှန့်ယွဲ့ချင် : “အိုး..”

ရှန့်ယွဲ့ချင်၏ ဗလာသက်သက် မျက်လုံးများနှင့် ထူးမခြားနားဟန် မျက်နှာပေးကြောင့် မန်နေဂျာသည် ဟန်ဆောင်မနေတော့ဘဲ အကြောင်းအရာအား တည့်တိုးပြောလိုက်သည်။

ရှန့်ယွဲ့ချင်၏ မျက်လုံးများ ပြူုးကျယ်လာသည်။
“စာချုပ်အသစ် ချုပ်ဖို့လား..”

ရှန့်ယွဲ့ချင်မှာ ပေါင်းသင့်ဆက်ဆံရေး မကောင်းသော်ငြား တုံးအနေခြင်း မဟုတ်ပေ။

ဒီနှစ်တွေအတွင်း သူတို့ငါ့ကိုဆက်ဆံခဲ့တာတွေကိုလည်း ကြည့်လိုက်ပါဦး… စာချုပ်အသစ်ချုပ်ဖို့ကိစ္စကို ပြောရဲသေးတာလား…

မန်နေဂျာ : “...”

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကုမ္ပဏီက မင်းအပေါ် ကောင်းကောင်း မဆက်ဆံခဲ့ဘူးဆိုတာ ငါသိပါတယ်.. ဒါပေမဲ့ အဲဒါက ငါတို့အမှားလည်း မဟုတ်ဘူးလေ..”

မန်နေဂျာက တရားမျှတမှုရှိစွာ ပြောလေသည်။
“ကုမ္ပဏီက မင်းကို နာမည်ကြီးအောင် လုပ်ပေးချင်ရင်တောင် မင်းက နာမည်ကြီးလာဦးမှလေ.. ပွဲဦးထွက်တဲ့ အချိန်တည်းက မင်းက မှုန်တေတေနဲ့ စကားလည်း ကောင်းကောင်းမပြောဘူး.. အဖွဲ့သားတွေနဲ့လည်း အဆင်မပြေခဲ့ဘူး.. တခြားကုမ္ပဏီသာဆိုရင် မင်းကို ချောင်ထိုးထားလိုက်တာ ကြာပြီ.. ငါက မင်းအတွက် ကြိုးစားပြီး အခွင့်အရေးတွေရအောင် လုပ်ပေးခဲ့တယ်လေ..”

ရှန့်ယွဲ့ချင်သာ ပွဲဦးထွက်ကာစ လူသစ်တစ်ဦးဆိုလျှင် မန်နေဂျာ၏ စကားများကြောင့် သေချာပေါက် အရူးလုပ်ခံရနိုင်သည်။

သို့သော် ဖျော်ဖြေရေးလောကထဲ၌ ၃ နှစ်ကျော် ရုန်းကန်ပြီးနောက် သူ၏ မန်နေဂျာမှာ မည်သို့သော လူစားမျိုးဖြစ်ကြောင်း ကောင်းစွာသိရှိထားပြီးဖြစ်သည်။

ရှန့်ယွဲ့ချင်မှာ စကားမပြောတတ်ရုံသာ မကဘဲ အခြားသူများနှင့် ငြင်းခုံတတ်ခြင်းလည်း မရှိချေ။

မန်နေဂျာက အချိန်အတော်ကြာအောင် ပြောနေခဲ့သည်။ ရှန့်ယွဲ့ချင် တုံ့ပြန်ခြင်း မရှိပုံအား မြင်သည့်အခါ သဘောတူသည်ဟု ယူဆသွားသည်။ သူက စိတ်ကျေနပ်စွာဖြင့် စာချုပ်ထုတ်ယူလိုက်သည်။
“စာချုပ်ကို ကြည့်ပါဦး.. မင်းမကြိုက်တာ တစ်ခုခုရှိရင် ညှိနှိုင်းဖို့ ကူညီပေးနိုင်..”

မမျှော်လင့်စွာပင် ရှန့်ယွဲ့ချင်မှာ တစ်ချက်ကလေးပင် မကြည့်ချေ။
“ကျွန်တော် လက်မှတ်မထိုးဘူး..”

မန်နေဂျာ : “မင်း ဘာပြောလိုက်တယ်..”

ရှန့်ယွဲ့ချင်က အသံခပ်မာမာဖြင့် ပြန်ပြောသည်။
“ကျွန်တော် လက်မှတ်မထိုးဘူး လို့ပြောတာ..”

မန်နေဂျာ : “မင်းရူးသွားတာလား..”

ရှန့်ယွဲ့ချင်က မန်နေဂျာအား လျစ်လျူရှုကာ တံခါးဖွင့်ပေးလိုက်သည်။
“ထွေထွေထူးထူး ကိစ္စမရှိတော့ရင် ကျေးဇူးပြုပြီး ထွက်သွားပေးပါ.. ကျွန်တော် နားတော့မယ်..”

မန်နေဂျာက ဒေါသတကြီး ထွက်သွားလေသည်။

ထိုအကြောင်းအား စဉ်းစားလေ တစ်ခုခု မူမမှန်ဟု ခံစားမိလေ ဖြစ်သည်။

သူက ရှန့်ယွဲ့ချင်အား ၃ နှစ်ခန့် စီမံခန့်ခွဲပေးလာခြင်း ဖြစ်သည်။ သူ့အားများစွာ အလေးမထားသည့်တိုင်အောင် ရှန့်ယွဲ့ချင်၏ အကျင့်စရိုက်အား သိရှိထားဆဲဖြစ်သည်။

ယခင်အတိုင်းသာဆိုလျှင် နောက်ထပ် ကျန်ရှိသည့် စာချုပ်သက်တမ်း ၂ နှစ်အား ဟိုလှည့်ဒီလှည့်နှင့် ကုန်ဆုံးပြီး ဖျော်ဖြေရေးလောကမှ နှုတ်ထွက်ရန် စီစဉ်ထားခြင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်လျှင် ရုတ်တရက် အလွန်အမင်း ကြိုးစားလာမည် မဟုတ်‌ချေ။

တစ်ခုခုတော့ ဖြစ်နေပြီ..

ရုတ်တရက် ရှန့်ယွဲ့ချင်သည် သူ့အား စာချုပ်ဖျက်လျှင် လျော်ကြေးမည်မျှ ပေးရမည်လဲဟု မေးဖူးသည်ကို အမှတ်ရလိုက်သည်။

သူနဲ့ လက်မှတ်ထိုးချင်တဲ့ ကုမ္ပဏီတွေများ ရှိနေတာလား.. စာချုပ်ဖျက်သိမ်းကြေးပါ ပေးမယ်ဆိုပြီး ကမ်းလှမ်းတာမျိုးလား.. အဲဒါကြောင့် စာချုပ်အသစ် မချုပ်ချင်တာလား..

မန်နေဂျာမှာ စဉ်းစားလေလေ ကိစ္စကြီးတစ်ခုဟု ခံစားမိလာလေဖြစ်သည်။

ဒီလို ဖြစ်လို့မရဘူး..

ရှန့်ယွဲ့ချင်မှာ ဤနှစ်များအတွင်း သူတို့ပြုလုပ်ထားသမျှ အရာအားလုံးအား ကောင်းစွာသိရှိထားသည်။

ထိုစဉ်ကာ အခြားသူများ၏ ခြေနင်းကျောက်တုံးအဖြစ် အသုံးချခံခဲ့ရသလို ကောလာဟလများအား ဖုံးကွယ်ရန်လည်း အသုံးချခဲ့ရသည်။ ရှန့်ယွဲ့ချင်မှာ အထိုအရာများအား ပြန်လည်ဖြေရှင်းရန် မကြိုးစားသည့်အပြင် ပွဲဦးထွက်ကာလ သူ၏ပုံရိပ်မှာ အတော်လေး ဆိုးဝါးသောကြောင့် သူတို့၏ အကြံအစည်များ အောင်မြင်ခဲ့လေသည်။

သို့သော် သူ့အတွက် စာချုပ်ဖျက်သိမ်းကြေး ပေးဆောင်လိုသည့် ကုမ္ပဏီရှိပါက သူတို့သည် ရင်းနှီးမြှုပ်နှံထားသည့် အကျိုးအမြတ်များအား ပြန်လည်ရယူလိုမည်မှာ သေချာသည်။ ရှန့်ယွဲ့ချင်ထံ၌ ရှိနေသည့် ကောလာဟလများအား ယခင်အတိုင်း ရှိနေခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ရှန့်ယွဲ့ချင်သာ သူ့အမည်ကို ပြန်လည်ရှင်းလင်းမည်ဆိုလျှင် ထိုအခါ သူ၏ အနုပညာရှင်များအပေါ် သက်ရောက်မှု ကြီးမားလိမ့်မည်။ ရှန်းကျဲလင်၏ အဖွဲ့ကဲ့သို့ ပရိသတ်များ၏ သပိတ်မှောက်ခံရပြီး အချိန်မရွေး ပျောက်ကွယ်သွားကြလိမ့်မည်။

ဒီလို မဖြစ်ရဘူး..

ထိုအကြောင်းအား တွေးမိပြီးနောက် မန်နေဂျာ၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်လာသည်။

ရှန့်ယွဲ့ချင်..

မင်းက ကောင်းကောင်းမွန်မွန် ပြောတဲ့အချိန် စာချုပ်အသစ် မချုပ်ချင်ဘူး ဆိုတော့လည်း ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့..

*

နောက်တစ်နေ့တွင် ရှန့်ယွဲ့ချင်၏ ကုမ္ပဏီမှ ရုတ်တရက် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ထိုထဲ၌ ဖော်ပြထားသည်မှာ ဤသို့ဖြစ်သည်။ သူတို့၏ အနုပညာရှင်များထဲမှ တစ်ဦးဖြစ်သော ရှန့်သည် အဖွဲ့အတွင်း၌ ရှိစဉ်တွင် အလုပ်လုပ်ရန် ပျင်းရိကာ ကြိုးကြိုးစားစား လေ့ကျင့်ခြင်း မရှိချေ။ မကြာခဏဆိုသလို အဖွဲ့သားများနှင့် ပဋိပက္ခများ ဖြစ်ပွားတတ်သည်။ လွန်ခဲ့သော ၂ နှစ်က သင်တန်းသားတစ်ဦးအား လှည့်စားခဲ့သဖြင့် အဆိုပါသင်တန်းသားမှာ ပြင်းထန်သည့် စိတ်ကျဝေဒနာ ခံစားရပြီး ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့မှ နှုတ်ထွက်သွားခဲ့သည်။

ထိုအဖြစ်အပျက်မှာ ဆိုးဝါးလွန်းသောကြောင့် အမှန်တရားအား စုံစမ်းစစ်ဆေးပြီးနောက် ကုမ္ပဏီသည် ပေါင်းသင်းဆက်ဆံရေး မကောင်းသလို ကျင့်ဝတ်သိက္ခာများ မရှိသည့်လူမျိုးနှင့် ဆက်လက်၍ လက်တွဲလိုစိတ် မရှိတော့သောကြောင့် အဖြစ်အပျက်တစ်ခုလုံးအား ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုကြေညာချက်အား ထုတ်ပြန်ပြီးသည်နှင့် အွန်လိုင်းပေါ်၌ ပေါက်ကွဲသွားသည်။

များမကြာမီ ဝေ့ပေါ်တွင် ၂ နှစ်ကျော်ကြာ ပိုစ့်မတင်ဘဲရှိသည့် ကုမ္ပဏီမှ သင်တန်းသား‌ဟောင်းတစ်ဦးသည် ရုတ်တရက် စာအရှည်ကြီးတစ်ခု တင်လိုက်သည်။

သင်တန်းသားဟောင်း၏ ပိုစ့်ထဲ၌ မည်သည့်နာမည်မှ ဖော်ပြထားခြင်း မရှိသည့်တိုင်အောင် ဝါကျတိုင်းမှာ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အတိုင်းသာဖြစ်သည်။

[ဝိုးးး သတင်းကြီးပဲ..]

[ဒီ သင်တန်းသားကို ငါမှတ်မိတယ်.. သူက တော်တော်လေး နူးညံ့ပုံရတယ်.. အရည်အချင်းပြရှိုးတစ်ခုကို ဝင်ပြိုင်မယ်လို့ ပြောပြီးမှ ရုတ်တရက် နေမကောင်းလို့ဆိုပြီး နှုတ်ထွက်သွားတာ.. အဲဒီအချိန်တုန်းက သနားဖို့ကောင်းတယ်လို့တောင် ခံစားမိသေးတာ.. အမှန်တရားက ဒီလိုဖြစ်မယ်လို့ မထင်ထားဘူး..]

[အဲဒီ “အနုပညာရှင်” ဆိုတာ ဘယ်သူလဲ.. ရှန့်ယွဲ့ချင်ပဲ မဟုတ်လား.. အဖွဲ့သားတွေနဲ့ ရန်ဖြစ်တာကတင် အတော်ဆိုးနေပြီလို့ ထင်နေတာ.. ဒီလောက်တောင် စိတ်ဓာတ်နိမ့်ကျမယ်လို့ မထင်ထားဘူး..]

[@ရှန့်ယွဲ့ချင်.. ဟဲ့.. နင်က တခြားသူတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးပြီးတော့ ဘာမှမဖြစ်သလို နေရဲသေးတယ်ပေ့ါ..]

[တကယ်ပဲ ရှန့်ယွဲ့ချင်လား.. သူက အဲလိုလူမျိုးလို့ မထင်ရဘူးနော်.. အရင်တစ်ခါတုန်းက သူက အကွက်ချကြံစည်ခံခဲ့ရတယ်လို့ ပေါ်သွားပြီးသား မဟုတ်ဘူးလား..]

[ဒင်းကိုနှိမ်နင်းဖို့ ကုမ္ပဏီကပါ ရှေ့ထွက်လာတာလေ.. အကွက်ချတာ ဟုတ်ဦးမလား..]

[ရှန်းကျဲလင် သူ့ကို ပြောဆိုနေတုန်းက အတော်လေး ကြမ်းတမ်းတယ်လို့ ထင်နေခဲ့တာ.. စဉ်းစားကြည့်မှ ဒီလိုကောင်မျိုးက ဒါမျိုးနဲ့ပဲတန်တယ်..]

[ရှန်းကျဲလင်ရဲ့ စကားလုံးတွေက ကြမ်းတမ်းပေမဲ့ သူက ရှန့်ယွဲ့ချင် အသုံးချခံလိုက်ရတဲ့ သင်တန်းသားဘက်ကနေ ရပ်တည်ပေးတာဆိုရင်ရော.. စဉ်းစားကြည့်မှ တကယ်ပဲ ကြောက်စရာကောင်းတာနော်..]

[ဝါးးး ကြောက်စရာကြီး +၁]

[အမှိုက်ကောင် ရှန့်ယွဲ့ချင်.. ဘာလို့ မသေသေးတာလဲ..]

*

ရှန့်ယွဲ့ချင်သည် မူလက ပွဲတစ်ခု တက်ရောက်နေခြင်းဖြစ်သည်။ ပွဲပြီးသည့်နောက် ကားပေါ်သို့ တက်ချိန်တွင် လူအုပ်အတွင်းမှ အော်သံကို ကြားလိုက်ရသည်။ 
“သွားသေလိုက်..”

ထို့နောက် ရေတစ်ပုလင်းဖြင့် ပစ်ပေါက်ခံလိုက်ရသည်။

ရှန့်ယွဲ့ချင် တစ်ကိုယ်လုံး ရေများစိုရွှဲသွားသည်။

သူ ထိတ်လန့်တုန်လှုပ်စွာဖြင့်ပင် ကားထဲသို့ ဝင်လိုက်ပြီးနောက် ဘာဖြစ်နေကြောင်း သိရရန် ဖုန်းဖွင့်လိုက်သည်။

ရှန့်ယွဲ့ချင် အဆောင်သို့ မည်သို့မည်ပုံ ပြန်ရောက်လာသည်ကိုပင် မသိတော့‌ဘဲ ကိုယ့်ကိုယ်ကိုယ် စောင်ဖြင့် တင်းကြပ်စွာ ရစ်ပတ်ထားလိုက်သည်။

ခြေလက်များ အေးစက်စွာဖြင့် သူ့ဖုန်းအား နောက်ဆုံးသော ကောက်ရိုးမျှင်သဖွယ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

တကယ်တမ်းတွင် ရှန့်ယွဲ့ချင်မှာ ယနေ့ အလွန်ပျော်နေခဲ့ခြင်းဖြစ်သည်။

အကြောင်းမှာ ဤလကုန်တွင် ကုမ္ပဏီနှင့် စာချုပ်ဖျက်သိမ်းကြေးပေးရန် ငွေအလုံအလောက် စုဆောင်းမိမည် ဖြစ်သောကြောင့်ပင်။

စာချုပ်ဖျက်သိမ်းပြီးလျှင် ဥက္ကဌကုအား သွားရှာမည်ဟု စီစဉ်ထားခဲ့သည်။ အနုပညာရှင်တစ်ဦး ဖြစ်မလာနိုင်လျှင်ပင် သင်တန်းသားတစ်ဦးအနေဖြင့် ပြန်စနိုင်သည်။

မည်သို့ပင်ဖြစ်စေ စာချုပ်မရှိသည့်တိုင်အောင် စုဆောင်းထားသော ငွေကြေးအချို့ကြောင့် အဆင်ပြေပြေ နေနိုင်လောက်သည်။

သို့သော် ယခုအခါ မျှော်လင့်ချက်များအားလုံး ပြိုကွဲသွားရပြီဖြစ်သည်။


🍉🍉🍉

ဒီကလေးလေးကို သနားလို့သေတော့မယ်😭 ကုကုရေ အဲ့ကျက်သရေတုံးကုမ္ပဏီကို လက်စားပြန်ချေပေးပါ😭🍉 အခန်း ၇၈


ကုမ္ပဏီ၏ ထုတ်ပြန်ချက်မှာ အမှန်မဟုတ်ပေ။ သူက ထိုသင်တန်းသားနှင့် တစ်ခါလေးမျှပင် မဆုံဖူးချေ။ သို့သော် မှတ်ချက်များ၌ ပြောထားသလို ထိုအကြောင်းအား ကုမ္ပဏီကိုယ်တိုင် ပြောကြားခြင်း ဖြစ်သောကြောင့် အတုအယောင်ဟု ထင်ကြမည်မဟုတ်ပေ။

သူ့ကုမ္ပဏီသည် သူ့အား ကိုယ်တိုင်ကိုယ်ကျ အကွက်ချကြံစည်ထားခြင်းဖြစ်ကြောင်း မည်သူမှယုံနိုင်မည်မဟုတ်ပေ။

ရှန့်ယွဲ့ချင်၏နှလုံးသားထဲ၌ အေးစက်လာသည်။

မျှော်လင့်ချက်များအားလုံး ပျက်သုဥ်းသွားရပြီဟု ခံစားမိသည်။

ဤသို့သော ကြံစည်မှုနှင့်ဆိုလျှင် သူ့နာမည်အား ရှင်းလင်းရန် မဖြစ်နိုင်တော့‌ချေ။

သူနှင့် စာချုပ်ချုပ်ရန် ကြိုးစားမည့်သူသည်လည်း ထပ်တူထပ်မျှ ဆူပူကြိမ်းမောင်းခံရလိမ့်မည်။

သူ့ကြောင့် ကုရှင်းရှစ်အား မထိခိုက်စေလိုပေ။

ထားလိုက်ပါတော့..

ငါ့ရဲ့ကံကိုက ဒီလိုဖြစ်ဖို့ ပါလာတာပဲ နေမှာပါ..

ရှန့်ယွဲ့ချင် လက်များ ပြေလျော့သွားပြီး ဖုန်းပြုတ်ကျသွားသည်။

သို့သော် အမှန်တကယ် မစွန့်လွှတ်နိုင်သေးပေ။

အလင်းရောင်နှင့် ထိတွေ့ရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။

အလင်းရောင်နှင့် အနီးဆုံးသို့ ရောက်ရှိသွားသည့် အခိုက်အတန့်မှာပင် ချောက်နက်ထဲသို့ ပြန်ဆွဲချခံလိုက်ရသည်။

ရှန့်ယွဲ့ချင်က သက်မဲ့အရုပ်လေးတစ်ရုပ်သဖွယ် မလှုပ်မရှားဘဲ ငြိမ်သက်စွာ လှဲလျောင်းနေသည်။

ထိုအချိန်မှာပင် တိတ်ဆိတ်နေသည့် အခန်းထဲ၌ အခြားသူများနှင့်မတူသည့် ထူးခြားသော ဖုန်းခေါ်ဆိုသံ ထွက်ပေါ်လာသည်။

ရှန့်ယွဲ့ချင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်လာမိသည်။

ကုရှင်းရှစ်၏ ဖုန်းနံပါတ်အား သိမ်းဆည်းပြီးနောက် သူအကြိုက်ဆုံး သီချင်းအား ဖုန်းခေါ်ဆိုသံအဖြစ် သတ်မှတ်ထားခဲ့သည်။

ယခင်က ဤဖုန်းခေါ်ဆိုသံအား ကြားရရန် အကြိမ်ပေါင်းမနည်း မျှော်လင့်ခဲ့မိသည်။

သို့သော် လက်ရှိအချိန်တွင် သူအကြောက်ဆုံးအရာမှာလည်း ထိုဖုန်းခေါ်သံ ထွက်ပေါ်လာမည်ကို ဖြစ်သည်။

ဖုန်းမြည်လာသော်ငြား မကိုင်လိုက်ပေ။

သို့သော် ဖုန်းမြည်သံ ရပ်တန့်သွားချိန်တွင် နောင်တရမိသည်။ ချက်ချင်းပင် ဖုန်းအား ကောက်ယူလိုက်ပြီး ပြန်လည်ခေါ်ဆိုချင်သည့်တိုင်အောင် မဝံ့ရဲချေ။

ထိုအချိန်မှာပင် ဖုန်းမြည်သံ ထွက်‌ပေါ်လာပြန်သည်။

ရှန့်ယွဲ့ချင်၏ လက်ချောင်းများမှာ ဦးနှောက်ထက်ပင် ပိုမိုမြန်ဆန်စွာ လှုပ်ရှားပြီး ဖုန်းကိုင်လိုက်သည်။

တစ်ဖက်မှ ကုရှင်းရှစ်၏ နူးညံ့ကြင်နာသောအသံ  á€‘á€˝á€€á€şá€•á€ąá€Ťá€şá€œá€Źá€žá€Šá€şá‹ ရှန့်ယွဲ့ချင် နှာသီးဖျားများ ယားယံလာပြီး မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။

ကုရှင်းရှစ်အား တောင်းပန်စကားဆိုကာ ထိုသို့သော ပုဂ္ဂိုလ်မဟုတ်ကြောင်း ရှင်းပြချင်မိသော်ငြား ဝမ်းနည်းမှုကြောင့် ဆို့နင့်နေသဖြင့် မည်သည့်စကားမှ ထွက်မလာနိုင်ဘဲ ရှိလေသည်။

ကုရှင်းရှစ်က သူ့ကို အပြစ်တင်ကာ စိတ်ပျက်သွားလိမ့်မည်ဟု ထင်မိခဲ့သည်။

ထိုအချိန်မှာပင် ကုရှင်းရှစ်၏ စကားများအား တစ်လုံးချင်းစီ ပီပီသသ ကြားလိုက်ရသည်။
“ရှန့်ယွဲ့ချင်.. မင်း ငါနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒရှိလား..”

×××××

ရှန့်ယွဲ့ချင်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံပြီးနောက် ထိုသူမှာ ချန်ရှင်း၏ ပရိသတ်တစ်ဦးမဟုတ်ဘဲ သူ၏ အနုပညာရှင်အဖြစ် လက်မှတ်ထိုးလိုခြင်းဖြစ်ကြောင်း ကုရှင်းရှစ် သဘောပေါက်သွားလေသည်။

ထိုအကြောင်းအား သိလိုက်ရချိန်တွင် ကုရှင်းရှစ် အချိန်တစ်ခုမျှ တွေဝေသွားသည်။

သူ ထိုလမ်းကြောင်းအား တစ်ခါမှ မတွေးခဲ့ဖူးချေ။ အများဆုံးမှ ကုမ္ပဏီ၏ ကောင်းမွန်စွာ ဆက်ဆံခြင်း မခံရသော ရှန့်ယွဲ့ချင်အတွက် ဝမ်းနည်းမိရုံသာဖြစ်သည်။ ထို့ကြောင့် နှစ်ဦးသား ဆုံတွေ့ချိန်တိုင်း၌ ရှန့်ယွဲ့ချင်အား စောင့်ရှောက်ပေးပြီး အသရေဖျက်ခံရချိန် သူ့ဘက်မှ ပြောပေးခြင်းဖြစ်သည်။

သို့သော် မန်နေဂျာတစ်ဦး အနေနှင့် စာနာသနားစိတ်ကြောင့် တစ်ဦးတစ်စုံနှင့် လက်မှတ်ထိုးရန် မဖြစ်နိုင်ချေ။ တစ်ဖက်လူထံ၌ ဖျော်ဖြေရေးသမားတစ်ဦး၏ အရည်အချင်းမျိုး မရှိပါက ဤအသိုင်းအဝိုင်းသို့ ဝင်ရောက်ခဲ့ခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှု မဟုတ်ပေ။

ထို့ကြောင့် ရှန့်ယွဲ့ချင်ထံ၌ အလားအလာကောင်းများ ရှိနေမည်လား သိရရန်အတွက် စောင့်ကြည့်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။

ရုပ်ရည်မှာမူ ပြောစရာမရှိအောင် ပြည့်စုံသည်။ အဓိကအချက်မှာ မည်သည့်ရှုထောင့်မှရိုက်ရိုက် အလွန်အမင်း ဓာတ်ပုံစား ကြည့်ကောင်းခြင်း ဖြစ်သည်။

အစောပိုင်းနှစ်များမှ ရှန့်ယွဲ့ချင်၏ ဓာတ်ပုံအချို့မှာ မရင့်ကျက်ဟန်ရှိသော်ငြား စင်မြင့်ပေါ်၌ အားမာန်အပြည့်နှင့် ဖျော်ဖြေနေသည်မှာ စာအုပ်ထဲမှ ခုန်ထွက်လာတော့မယောင်ပင်။ နောက်ပိုင်းနှစ်များ၌ ဖိနှိပ်ခံရခြင်း၊ အွန်လိုင်းပေါ်၌ တိုက်ခိုက်ခံရခြင်းနှင့် ကောလာဟလများစွာ ပြည့်နေခြင်းတို့ကြောင့် ပိုးအိမ်ထဲမှ ရုန်းမထွက်နိုင်အောင် ဖြစ်ခဲ့ရသဖြင့် သူ၏ တောက်ပမှုတို့ တဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့သည်။

သို့တိုင်အောင် သူ၏ မျက်နှာတန်ဖိုးမှာမူ မြင့်မားနေဆဲဖြစ်သည်။

နှစ်ပေါင်းများစွာ အမည်ပျက်စာရင်း သွင်းထားခြင်း ခံရပါက အခြားသူတစ်ဦးသာ ဆိုပါလျှင် များမကြာမီမှာပင် မှေးမှိန်ပျောက်ကွယ်သွားမည် ဖြစ်သည်။ သို့တိုင်အောင် ရှန့်ယွဲ့ချင်မှာ ဖန်သားပြင်ပေါ်၌ လှုပ်ရှားနိုင်ဆဲဖြစ်ပြီး ယင်းကပင် လုံလောက်သော အကြောင်းအရင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရုပ်ရည်ချောမောမှုအပေါ် ရူးသွပ်သူများမှာ အလွန်စစ်မှန်ကြသည်။ သစ်သားရုပ်လေးတစ်ရုပ် မည်မျှလှသည်ဆိုဆို တစ်ချက်သာ ကြည့်ကြလိမ့်မည်။ ရှန့်ယွဲ့ချင်ကဲ့သို့သော လူများကသာ အကြည့်မလွှဲဘဲ ထပ်ကာထပ်ကာ ကြည့်ချင်လာအောင် စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။

ဒုတိယအနေနှင့် သူ၏ အကျင့်စရိုက်ဖြစ်သည်။ အဖွဲ့သားများ၏ သစ္စာဖောက်ခံခဲ့ရသလို ကုမ္ပဏီ၏ အမည်ပျက်သွင်းခြင်း ခံထားရသည့်တိုင်အောင် အဆိုးမြင်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရန်လိုခြင်း လုံးဝမရှိချေ။ အများဆုံးမှ မထီမဲ့မြင်ဟန်သာ ဖြစ်လာခြင်းပင်။

ယင်းကပင် ပြင်ပ ပယောဂကြောင့် တိမ်းညွှတ်လွယ်သူတစ်ဦး မဟုတ်ဘဲ ခိုင်မာတည်ကြည်သော စိတ်ဓာတ်ရှိသူဖြစ်ကြောင်း ပြနေသည်။ 

အဲလို စိတ်ဓာတ်ပိုင်ရှင်တစ်ယောက်အနေနဲ့ ဘာကြောင့် မအောင်မြင်ရတာလဲ…

သူ့ကုမ္ပဏီက ထိုကျောက်ရိုင်းတုံးအား မည်သို့သွေးရမည်ကို မသိသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။ ထို့အစား အဖိုးတန်ပုလဲကို တန်ဖိုးမရှိသည့် ကျောက်တုံးများသဖွယ် သဘောထားခဲ့ကြသည်မှာ ဖြုန်းတီးမှုတစ်ခုပင်။

ထို့ကြောင့် ရှန့်ယွဲ့ချင်အား လက်မှတ်ထိုးမည်ဟု ဆုံးဖြတ်ထားခြင်းဖြစ်သည်။

သို့သော် သူ ရှေ့ဆက်မတိုးရသေးခင်မှာပင် ရှန့်ယွဲ့ချင်၏ ကုမ္ပဏီသည် အွန်လိုင်းပေါ်မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ အလုံးစုံ ဖျက်ဆီးပစ်ခဲ့သည်။

စနစ်က ရှန့်ယွဲ့ချင်အား သနားစာနာစိတ်ဖြင့် ကျွတ်သပ်လိုက်သည်။
[တကယ်တော့ အဲဒီ သင်တန်းသားက ဆေးရုံကို သွားတာ စိတ်ဓာတ်ကျလို့ မဟုတ်ဘူး.. လိင်မှုကိစ္စကြောင့် ကူးစက်ရောဂါကို ကုသဖို့အတွက် သွားတာ.. သူနဲ့ ရှန့်ယွဲ့ချင်က အကြိမ်နည်းနည်းပဲ တွေ့ဖူးတာ.. ပြင်းထန်တဲ့ စိတ်ကျရောဂါရအောင်လုပ်ဖို့ နေနေသာသာ ရှန့်ယွဲ့ချင်က သူ့ကို မှတ်တောင် မမှတ်မိဘူး..]

ကုရှင်းရှစ် မှင်တက်သွားပြီးနောက် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
[အရမ်း ရယ်စရာကောင်းနေတာ မဟုတ်ဘူးလား.. သူတို့က လျှောက်ပြောနေတာ လွန်လွန်းတယ်..]

စနစ် : [ဘာများ ဖြစ်နိုင်မှာလဲ.. ကုမ္ပဏီက အတော်လေး မချင့်မရဲ ဖြစ်နေတာလေ.. ဘာပဲဖြစ်ဖြစ် ရှန့်ယွဲ့ချင်က သူ့အခန်းကိုပြန်ပြီး ဂိမ်းဆော့လိုက် ဒိုင်ယာရီရေးလိုက် လုပ်နေတာ.. သူ့ကွန်ပျူတာမှာ လူကြီးရုပ်ရှင်၊ စာပေတွေတောင် မရှိဘူး.. ငါတောင်မှ သူ့ရဲ့ အရှုပ်အထွေးတွေကို မတူးဖော်နိုင်တာ သူတို့က လုပ်နိုင်မှာတဲ့လား..]

ကုရှင်းရှစ် : [...]

စနစ် : [သူ့ကုမ္ပဏီက ဘာဖြစ်လို့ ဒီလိုလုပ်ရလဲဆိုရင် ရှန့်ယွဲ့ချင်က သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းတော့မှာကို သိသွားလို့ပဲ.. ကုမ္ပဏီက သူ့ကို နင်းပြီး တခြားလူတွေကို ပရိုမုတ်လုပ်ခဲ့တာတွေ ဖော်လိုက်မှာစိုးလို့.. ရှန့်ယွဲ့ချင်က ပွဲဦးထွက်ကတည်းက အလားအလာရှိတဲ့သူ.. ဒါပေမဲ့ ကုမ္ပဏီက ရည်မှန်းချက် အရမ်းကြီးပြီး သူတို့ပြောသမျှ မလုပ်တော့မှာစိုးလို့ တိုက်ရိုက်ပဲ နာမည်ပျက်စာရင်းသွင်းပြီး အခွင့်အရေးတွေ လွတ်သွားစေတဲ့အပြင် စီနီယာတွေကိုပါ စော်ကားသယောင် ဖန်တီးခဲ့ကြတယ်..]

စနစ် : [သူတို့က လစာ မှန်မှန်မပေးတဲ့အပြင် ရောင်းရငွေတွေကိုလည်း မပြောကြဘူး.. စသဖြင့်ပေါ့..  á€Ąá€–ဟစ်ဥပဝက်တွ္ကတ္ဏအ ပြောမကုန်ဘူး.. အိုး.. ရှန့်ယွဲ့ချင် အဖွဲ့ထဲက ထွက်ပြီးတော့ သူတို့က ရှန့်ယွဲ့ချင်ကို အသုံးချပြီး ပရိသတ်အသစ်တွေကို ဆွဲဆောင်လေ့ရှိတယ်..]

အတွင်းပိုင်းသတင်းများစွာ ရှိနေလိမ့်မည်ဟု ကုရှင်းရှစ် မမျှော်လင့်ထားချေ။

ရှန့်ယွဲ့ချင်မှာ မကောင်းသတင်းများအား သံလိုက်ကဲ့သို့ ဆွဲဆောင်နိုင်သူဟုသာ ယူဆခဲ့ခြင်းဖြစ်သည်။ သို့သော် ကုမ္ပဏီသည် ထိုသို့သော နည်းလမ်းအား အသုံးပြုကာ ရှန့်ယွဲ့ချင်အား တန်ဖိုးချနေခြင်းဖြစ်သည်။ သို့သော် ပွဲဦးထွက်ချိန်မှစကာ ထိုသို့ပြုမူ ဆက်ဆံနေခဲ့လိမ့်မည်ဟု မထင်ထားပေ။

ထို့ကြောင့် ရှန့်ယွဲ့ချင်ဘက်မှ စာချုပ်ဖျက်သိမ်းလိုသောအခါ ကုမ္ပဏီဘက်မှ ပြင်းထန်စွာ တုံ့ပြန်ခြင်းဖြစ်သည်မှာ အံ့ဩဖွယ် မရှိတော့ချေ။

ထိုအကြောင်းကြောင့် ကုရှင်းရှစ်ဘက်က လက်ဦးမှုယူကာ ရှန့်ယွဲ့ချင်ထံ ဖုန်းခေါ်လိုက်သည်။

ကုရှင်းရှစ်၏ မျက်လုံးထဲတွင် ရှန့်ယွဲ့ချင်မှာ လူအများနှင့် ဆက်ဆံရန် တွန့်ဆုတ်နေသူ ဖြစ်သော်ငြား စိတ်ထဲ၌မူ အတော်လေး တက်ကြွသူဖြစ်သည်။ သို့သော် ယခုအချိန်၌ အတော်လေး ပြိုလဲနေပုံရပြီး လေသံမှာ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်နေသည်။

စကားပြောပုံမှာလည်း သတိအပြည့်နှင့် ဖြစ်နေပြီး ကုရှင်းရှစ်ထံမှ သာမန်ကာလျှံကာ စကားလေး တစ်လုံးကပင် သူ့အား လုံးလုံးလျားလျား ဖျက်ဆီးပစ်တော့မလိုပင်။

မူလက ကုရှင်းရှစ်ထံ၌ ရှန့်ယွဲ့ချင်အား နှစ်သိမ့်‌ပေးခြင်း၊ လက်ရှိပြဿနာအား မည်သို့ ဖြေရှင်းရမည်ကို ပြောပြခြင်း စသဖြင့် ပြောစရာ စကားများစွာ ရှိနေသည်။

သို့သော် ပါးစပ် ဟလိုက်သည်နှင့် စကားလုံးများ ပြောင်းသွားတော့သည်။
“ရှန့်ယွဲ့ချင်.. မင်း ငါနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒရှိလား..”

ဖုန်းတစ်ဖက်မှ တိတ်ဆိတ်သွားပြီးနောက် တစ်စုံတစ်ခု ပြုတ်ကျသံ ထွက်ပေါ်လာသည်။ ဝုန်းဒိုင်ကြဲသံများ တိတ်ဆိတ်သွားပြီးနောက် ရှန့်ယွဲ့ချင်၏ အသံအား ကြားလိုက်ရသည်။
“တ.. တကယ်လား.. ဒါပေမဲ့..”

ရှန့်ယွဲ့ချင် စိုးရိမ်နေသည့်အရာအား ကုရှင်းရှစ် သိထားသည်။ ထို့ကြောင့် မေးလိုက်ခြင်းသာဖြစ်သည်။
“တခြားကိစ္စတွေကို မစိုးရိမ်ပါနဲ့.. ဆန္ဒရှိသလား မရှိဘူးလားပဲ ပြောပါ..”

“ဆန္ဒရှိပါတယ်.. ကျွန်တော် သေချာပေါက် ဆန္ဒရှိပါတယ်..”
ရှန့်ယွဲ့ချင် လျှာခလုတ်တိုက်လုမတတ် ပြောသည်။ တစ်စက္ကန့်မျှ နောက်ကျသွားလျှင် သူ စိတ်ကူးမျှော်မှန်းထားခဲ့သော အခွင့်အရေးအား လက်လွှတ်လိုက်ရမည်ကို စိုးရိမ်ကြောက်ရွံ့နေမိသည်။

ကုရှင်းရှစ် အသာရယ်မောလိုက်သည်။
“ကောင်းပါပြီ.. ဒါဆိုလည်း နောက်တစ်ဆင့်က မန်နေဂျာရဲ့ တာဝန်ပေါ့..”

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်၏ အဆောင်နှင့် ကုမ္ပဏီလိပ်စာအား မေးလိုက်ပြီးနောက် နောက်တစ်ဆင့်အနေနှင့် ဘာလုပ်ရမည်ကို ညွှန်ကြားသည်။

ထိုသို့ဖြင့် ရှန့်ယွဲ့ချင်တွင် ရုတ်တရက် ကျောထောက်နောက်ခံ ရလာသည်။ ကုရှင်းရှစ်၏ အစီအစဉ်အား ဂရုတစိုက် နားထောင်ပြီး စကားလုံးတိုင်းအား မှတ်မိနိုင်ရန် ဆုတောင်းနေမိသည်။

ရှန့်ယွဲ့ချင်၏ အဆင်မပြေမှုအား သတိပြုမိသဖြင့် ကုရှင်းရှစ်က စကားပြောသည့် အရှိန်အား နှေးလိုက်ရသည်။

သို့သော် နားထောင်ရင်းနှင့် တစ်စုံတစ်ခု မူမမှန်ဟု ရှန့်ယွဲ့ချင် ခံစားမိသည်။ စကားလုံးတိုင်းမှာ မကျေနပ်ချက်များ၊ အနစ်နာခံပေးခြင်းများ မပါဘဲ သူ့အား ကာကွယ်ပေးနေခြင်းသာဖြစ်သည်။ ယခင်ကုမ္ပဏီနှင့် ရင်ဆိုင်ရာ၌လည်း အလျှော့ပေးခြင်း မရှိပေ။

သို့သော် ဤသို့သော ကြီးမားသည့် ကိစ္စမျိုး၌ အဓိကအချက်မှာ သူ၏ ကုမ္ပဏီမှ ထုတ်ပြန်ထားသော မဟုတ်မမှန် ကောလာဟလကြောင့် ဖြစ်သည်။

ထို့ကြောင့် ဆန္ဒမရှိသည့်တိုင်အောင် ပြဿနာမကြီးစေရန်အတွက် သူ့အား လက်လွှတ်ပေးလျှင် သို့မဟုတ် တောင်းပန်လျှင် ကြေအေးပေးလိုသည်။

သို့သော် မမျှော်လင့်စွာပင် ကုရှင်းရှစ်၏ သဘောထားမှာ ထိုသို့မဟုတ်ချေ။
“မလိုဘူး.. မှတ်ထားနော်.. မင်း ဘာအမှားမှ မလုပ်ထားသရွေ့ ဘယ်သူ့ကိုမှ ဦးညွှတ်ဖို့ မလိုဘူး..”

ကုရှင်းရှစ် ခေတ္တမျှ စဉ်းစားပြီးနောက် နူးညံ့ကြင်နာစွာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့.. ငါ မင်းကို ကာကွယ်ပေးပါမယ်..”

ဖုန်းတစ်ဖက်ရှိ ရှန့်ယွဲ့ချင် ကြက်သေသေသွားလေသည်။

ညလေညင်း တိုက်ခတ်မှုကြောင့် ကန့်လန့်ကာများ လွင့်နေပြီး မျက်လုံးထဲ၌ ကြယ်အလင်းများ ရောင်ပြန်ဟပ်လာသည်။ မျက်နှာတစ်ခုလုံး တဖြည်းဖြည်းချင်း လင်းလာပြီးနောက်ဆုံးတွင် ထိန်းချုပ်မရနိုင်စွာ ပြုံးလိုက်မိသည်။
“အင်း.. ကျွန်တော် ယုံပါတယ်..”

*

ပထမဦးစွာ ကုရှင်းရှစ်သည် ရှေ့နေအား ဆက်သွယ်ပြီးနောက် ရှန့်ယွဲ့ချင်အား ခေါ်ဆောင်ရန် ထွက်လာသည်။

ထိုအချိန်တွင် အဆောင်ခန်း၏ အပြင်၌ ပါပါရာဇီအနည်းငယ် ပုန်းအောင်းလျက်ရှိသည်။ သူတို့က ရှန့်ယွဲ့ချင်၏ ပြတင်းပေါက်ရှိရာသို့ ကင်မရာ ချိန်ထားကြသည်။ ထိုနေရာ၌ လူများစွာလည်း ရှိနေသည်။ ရှန့်ယွဲ့ချင်အား မုန်းတီးသူများသည် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကျယ်လောင်စွာ ကျိန်ဆဲလျက်ရှိသည်။ ပုလင်းများ၊ ကျောက်ခဲများဖြင့် ပြတင်းပေါက်အား ပစ်ပေါက်နေကြသူ အချို့လည်း ရှိသည်။

ကုရှင်းရှစ် မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။ သို့တိုင်အောင် ကုရှင်းရှစ်သည် ဒေါသထိန်းကာ ထိုအဖြစ်အပျက်အား ရှန့်ယွဲ့ချင်၏ ကုမ္ပဏီဖြစ်သည့် ယွမ်ယန် အင်တာတိန်းမန့်နှင့် ဖြေရှင်းရန် တိတ်တဆိတ် တေးမှတ်ထားလိုက်သည်။

ကားအား မြေအောက်ကားပါးကင်သို့ မောင်းသွားပြီးနောက် ရှန့်ယွဲ့ချင်ထံ ဖုန်းခေါ်လိုက်သည်။

ကုရှင်းရှစ်၏ ခေါ်ဆိုမှုအား လက်ခံရရှိချိန်၌ ရှန့်ယွဲ့ချင် အတော်လေး အံ့ဩသွားမိသည်။ အစောပိုင်း ကုရှင်းရှစ် လာခေါ်မည်ဟု ပြောခဲ့သော်ငြား စာချုပ်ဖျက်သိမ်းပြီးမှသာ ရောက်လာလိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်း ရောက်လာလိမ့်မည်ဟု မထင်ခဲ့မိချေ။

ကံကောင်းစွာဖြင့် ရှန့်ယွဲ့ချင်ထံ၌ ပစ္စည်းများများစားစား မရှိပေ။ အကြောင်းမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သောကြောင့် စိတ်အားထက်သန်စွာဖြင့် ပစ္စည်းများအား ထုပ်ပိုးသိမ်းဆည်းထားနှင့်ပြီး ဖြစ်‌၍ပင်။

အဆောင်မှ ကားဖြင့်ထွက်လာပြီးနောက် ရှန့်ယွဲ့ချင်သည် အပြင်၌ စောင့်နေကြသော ပါပါရာဇီများနှင့် မုန်းတီးသူ တစ်သိုက်အား သတိပြုမိသည်။

ရှင်းရှင်းလင်းလင်း မကြည့်ရသေးချင်မှာပင် ကုရှင်းရှစ်က ကန့်လန့်ကာအား ဆွဲတင်လိုက်သည်။
“မကြည့်နဲ့..”

ရှန့်ယွဲ့ချင် ကြောင်အသွားသည်။

ရုတ်တရက် ဖြစ်နိုင်ချေအား တွေးမိလိုက်သည်။ ကုရှင်းရှစ်မှာ သူ့အား ခေါ်ဆောင်ရန် ရောက်လာခြင်းမှာ ပါပါရာဇီများနှင့် မုန်းတီးသူများမှ သူ့အား အန္တရာယ်ပေးလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်လိမ့်မည်။

ထိုအချိန်မှာပင် ထိုသို့သော နားလည်သဘောပေါက်မှုသည် သူ၏နှလုံးသားအား နွေးထွေးသော လျှပ်စီးကြောင်းတစ်ခုသဖွယ် ရစ်ပတ်ထားသည်ဟု ခံစားမိသည်။

ဤသည်မှာ ကုရှင်းရှစ်၏ ကာကွယ်ပေးမှု ဖြစ်သည်။

သူ မရနိုင်ဟု ထင်ခဲ့၍ မနာလိုဖြစ်ခဲ့ရသော အရာအား ယခု ကိုယ်တိုင်တွေ့ကြုံ ခံစားနေရပြီ ဖြစ်သည်။

အပြင်ဘက်ရှိ လူများသည် သူ့အား ဆဲရေးကာ မလိုမုန်းထားစိတ်များ ဖြစ်နေကြသော်ငြား ရှန့်ယွဲ့ချင် နှလုံးသားတစ်ခုလုံး ပျော်ရွှင်မှုတို့ လွှမ်းခြုံနေသည်။

ကုရှင်းရှစ်သည် လုံခြုံစိတ်ချရသည့် ဟိုတယ်တစ်ခုရှာကာ ရှန့်ယွဲ့ချင်အား အချိန်အတော်ကြာအောင် နှစ်သိမ့်ပေးသည်။ ထို့နောက် အသေးစိတ်ကိစ္စများအား ရှေ့နေနှင့် တိုင်ပင်ဆွေးနွေးရန် အလျင်စလို ထွက်ခွာသွားသည်။

နောက်တစ်နေ့ နံနက်၌ ကုရှင်းရှစ်သည် ရှေ့နေနှင့်အတူ ရှန့်ယွဲ့ချင်အား လာခေါ်သည်။

တစ်ညတာ ကောင်းမွန်စွာအိပ်စက် အနားယူပြီးနောက် ရှန့်ယွဲ့ချင်ထံ၌ ယခင်က ရှိခဲ့သော စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက် ပျက်သုဥ်းခြင်းများ မရှိတော့ပေ။ မိတ်ကပ် မပါသည့်တိုင်အောင် ရှန့်ယွဲ့ချင်၏ အသားအရေမှာ ကြည်လင်တောက်ပနေဆဲ ဖြစ်သည်။

ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင်နှင့် ရှေ့နေအား ခေါ်ဆောင်ကာ ယွမ်ယန်အင်တာတိန်းမန့်သို့ သွားသည်။

ထိုအချိန်တွင် ရှန့်ယွဲ့ချင်၏ မန်နေဂျာသည် ယွမ်ယန်အင်တာတိန်းမန့်၏ ဥက္ကဌအား အစီရင်ခံနေခြင်းဖြစ်သည်။ သို့သော် ယနေ့ မိုးလင်းချိန်မှစကာ ညာဘက်မျက်ခုံး ယားနေသောကြောင့် အတော်လေး မသက်မသာဖြစ်နေသည်။

ထိုအချိန်မှာပင် ယွမ်ယန်အင်တာတိန်းမန့်၏ ဥက္ကဌဟွမ်က ရုတ်တရက် ဖုန်းတစ်ခုအား လက်ခံရရှိလိုက်သည်။
“ဘာ.. ဘယ်သူရောက်လာတယ်လို့ ပြောလိုက်တယ်..”

ဥက္ကဌဟွမ်သည် မန်နေဂျာအား ဧည့်ကြိုဧရိယာသို့ ခေါ်ဆောင်သွားချိန်အထိ နားမလည်နိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ သူ၏ ယွမ်ယန်အင်တာတိန်းမန့်မှာ လဲ့ရှစ်အင်တာတိန်းမန့်နှင့် အဆက်အသွယ်များစွာ မရှိပေ။ 
ဥက္ကဌကုက ဘာကြောင့် ငါတို့ကုမ္ပဏီကို ရောက်လာရတာလဲ…

နားမလည်နိုင် ဖြစ်နေရသည့်တိုင်အောင် ကုရှင်းရှစ်အား မြင်သည်နှင့် ချက်ချင်းပင် စိတ်အားထက်သန်စွာ ပြုံးလိုက်သည်။
“ဥက္ကဌကု.. ရှားပါးဧည့်သည်ပါလား.. စောစောစီးစီး လာမတွေ့မိတဲ့အတွက် တောင်းပန်ပါတယ်..”

မန်နေဂျာသည်လည်း ကုရှင်းရှစ်အား ပြုံးကာ နှုတ်ဆက်လေသည်။

ဖျော်ဖြေရေးလောက၌ ဥက္ကဌကုအား မသိသူမရှိပေ။ အနည်းငယ်လောက် အသိအမှတ်ပြု ခံရလျှင်ပင် မဟာအခွင့်အရေးကြီး ဖြစ်သည်။

သို့သော် ကုရှင်းရှစ်နောက်တွင် ရပ်နေသူအား မြင်သည့်အခါ မန်နေဂျာ၏ မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်ခဲသွားတော့သည်။
ရှန့်ယွဲ့ချင်က ဘယ်လိုလုပ်ပြီး ကုရှင်းရှစ်နောက်ကို ရောက်နေရတာလဲ..

ကုမ္ပဏီ၏ ထုတ်ပြန်ချက်ပြီးနောက် မန်နေဂျာသည် ရှန့်ယွဲ့ချင်အား ဆက်သွယ်၍ မရနိုင်ဘဲ ရှိလေသည်။

ရှန့်ယွဲ့ချင်သည် သူ့ကို မကျေနပ်သောကြောင့် ဖုန်းပိတ်ထားခြင်းဖြစ်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှန့်ယွဲ့ချင်မှာ တန်ဖိုးမရှိတော့သဖြင့် အလေးအနက် မထားတော့ချေ။

ယခုအခါတွင်မူ သူ့စိတ်ထဲ၌ မကောင်းသည့် ခံစားချက်များ ပေါ်လာသည်။

ကုရှင်းရှစ်က မန်နေဂျာအား သတိပြုမိသော်ငြား လျစ်လျူရှုကာ ယွမ်ယန်အင်တာတိန်းမန့်၏ ဥက္ကဌဟွမ် အား ပြောလိုက်သည်။
“ဥက္ကဌဟွမ်.. ကျွန်တော်က လူတစ်ယောက်ကို စာချုပ်ဖျက်သိမ်းတဲ့ နေရာမှာ ကူညီပေးဖို့ ရောက်လာတာပါ..”

“စာ.. စာချုပ် ဖျက်သိမ်းဖို့လား.. ဘယ်သူ့အတွက်လဲ..”

“ရှန့်ယွဲ့ချင်ပါ.. ဥက္ကဌဟွမ် သူ့ကို သိမယ်လို့ ထင်ပါတယ်..”

မန်နေဂျာနှင့် ဥက္ကဌဟွမ်တို့ နှစ်ဦးစလုံး မျက်နှာပျက်သွားကြသည်။

မန်နေဂျာသည် ရှန့်ယွဲ့ချင်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်ပြီးနောက် ကုရှင်းရှစ်အား ကြည့်လိုက်သည်။
“မင်.. မင်း..”


🍉🍉🍉🍉 အခန်း ၇၉


ရှန့်ယွဲ့ချင်အား လက်မှတ်ထိုး ခေါ်ယူလိုသူသည် ကုရှင်းရှစ် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူ ချက်ချင်းဆိုသလို အတော်လေး နောင်တရမိသွားသည်။

ပထမအချက်က ကုရှင်းရှစ်မှာ ပေါ့ပေ့ါတန်တန် ဆက်ဆံရမည့်သူ မဟုတ်ပေ။

ဒုတိယအနေနှင့် ကုရှင်းရှစ်၏ မျက်လုံးများသည် စူးရှပြီး သူ စင်တင်ပေးလိုက်သူတိုင်း နာမည်ကျော် ရေပန်းစားလာတတ်ကြောင်း ဖျော်ဖြေရေးလောကတစ်ခုလုံး သိကြသည်။

ရှန့်ယွဲ့ချင်က အရမ်းပဲ နာမည်ကြီးလာနိုင်လောက်တဲ့ အလားအလာရှိနေတာများ ဖြစ်နေမလား..

ယခင်က ရှန့်ယွဲ့ချင်အပေါ် များစွာ အာရုံစိုက်ခဲ့ခြင်း မရှိပေ။ ယခုအခါ သူ့လက်ထဲရှိ ရတနာအား အခြားလူတစ်ဦးမှ လုယူသွားတော့မလို ခံစားလာရသည်။

ဥက္ကဌဟွမ်သည်လည်း ထိုသို့တွေးမိသဖြင့် အလျင်စလို ပြောလိုက်သည်။
“ဥက္ကဌကုကတော့ နောက်နေပြီ.. ယွဲ့ချင်က ကျုပ်တို့ကုမ္ပဏီရဲ့ အဖိုးတန်အနုပညာရှင် တစ်ယောက်ပါ.. ဘယ်လိုလုပ်ပြီး သူက စာချုပ်ဖျက်သိမ်းချင်မှာ တဲ့လဲ.. နားလည်မှုလွဲနေတာပဲ ဖြစ်လိမ့်မယ်..”

ကုရှင်းရှစ်က သရော်လိုက်သည်။
“ဒီတော့ ခင်ဗျားတို့ ကုမ္ပဏီရဲ့ တန်ဖိုးထားပုံက အနုပညာရှင်ကို ကောလာဟလတွေနဲ့ အကွက်ချကြံစည်တာ မျိုးလား.. အရမ်းပဲ အမြင်ကျယ်ရပါတယ်..”

ဥက္ကဌဟွမ်၏ အမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။

မန်နေဂျာက အလျင်စလိုပြောသည်။
“နားလည်မှု လွဲတာပါ.. နားလည်မှု လွဲတာပါ.. ကျွန်တော်တို့က အဲဒီ သင်တန်းသားရဲ့ အပြောထဲမှာ မျောသွားလို့ လှည့်စားခံလိုက်ရတာပါ..”

သို့သော် ကုရှင်းရှစ်က ရွံရှာဖွယ်ကောင်းသည့် စကားများအား နားထောင်ရန် ရည်ရွယ်ချက် မရှိသဖြင့် ကြားဖြတ်ပြောလိုက်သည်။
“လူကြီးမင်းတို့.. ကျွန်တော်က ခင်ဗျားတို့နဲ့ ညှိနှိုင်းဖို့ ရောက်လာတာ မဟုတ်ဘူး.. စာချုပ်ဖျက်သိမ်းမယ်လို့ ပြောတယ်ဆိုတာ ခင်ဗျားတို့ကို အသိပေးရုံပဲ..”

ဥက္ကဌဟွမ်နှင့် မန်နေဂျာနှစ်ဦးလုံး မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

ဥက္ကဌဟွမ်က ရောက်ကတည်းက ကုရှင်းရှစ်ထံမှ အကြည့်အတစ်ချက် မလွှဲဘဲ သူတို့အား လျစ်လျူရှုထားသည့် ရှန့်ယွဲ့ချင်ကို ကြည့်လိုက်သည်။

သူ၏ သဘောထားမှာ သိသာနေပြီ ဖြစ်သည်။

ရှန့်ယွဲ့ချင်ကို ထိန်းမထားနိုင်ဘူး ဆိုမှတော့ နောက်ဆုံးလက်ကျန် တန်ဖိုးကိုသုံးပြီး ကုရှင်းရှစ်ဆီက ပိုက်ဆံများများ ညှစ်ထုတ်နိုင်အောင် လုပ်တာပေါ့..

ထိုသို့ဖြင့် ဥက္ကဌဟွမ်၏ သဘောထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
“ဥက္ကဌကုရဲ့ စိတ်ဝင်စားခံရတာက ယွဲ့ချင်အတွက် ဂုဏ်ယူစရာပါ.. ဒါပေမဲ့လည်း မိခင်ကုမ္ပဏီအနေနဲ့ ဒီနှစ်ပိုင်းအတွင် သူ့ကို ပျိုးထောင်ဖို့ ပိုက်ဆံတွေ အင်အားတွေ အများကြီးသုံးခဲ့ရတာပါ..”

ကုရှင်းရှစ် ရယ်လိုက်မိသည်။
“အားနာပါတယ်.. ဥက္ကဌဟွမ်.. ကျွန်တော် ရှင်းရှင်းလင်းလင်း မပြောမိတာ ဖြစ်ပါလိမ့်မယ်.. ကျွန်တော် ဆိုလိုတာက စည်းကမ်းချက်မရှိဘဲ အခြေအနေမဲ့ဖျက်သိမ်းခြင်း ကိုပါ..”

ဥက္ကဌဟွမ်က ဒေါသတကြီးပြောသည်။
“မင်းက ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ခေါ်ထုတ်သွားချင်တာလား.. သိပ်မလွန်လာနဲ့..”

ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။
“ကျွန်တော်က ခင်ဗျားတို့ဆီကတောင် လျော်ကြေး ပြန်မတောင်းရသေးဘူးလေ.. ဒါက ဘယ်လိုလုပ်ပြီး တရားလွန်တာမျိုး ဖြစ်မှာလဲ..”

ဥက္ကဌဟွမ် : “...”

ကုရှင်းရှစ်က ဆက်ပြောသည်။
“ဒါမှမဟုတ် ကျွန်တော် ခင်ဗျားကို သတိပေးသင့်လား.. လွန်ခဲ့တဲ့ ၂ နှစ်.. ရှန့်ယွဲ့ချင် အဖွဲ့ထဲ ရှိနေတဲ့အချိန် သူနဲ့ပတ်သက်တဲ့ အယ်လ်ဘမ် ရောင်းအားနဲ့ ဓာတ်ပုံစာအုပ် ရောင်းအားတွေမှာ ပြဿနာတချို့ ရှိနေပုံပဲ.. ဟုတ်လား..”

ဥက္ကဌဟွမ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြန်သည်။

သို့သော် ကုရှင်းရှစ်မှာ ထိုမျှလောက်နှင့် မပြီးသေးချေ။ ဥက္ကဌဟွမ် နောက်ကွယ်၌ မန်နေဂျာ၏ လျှို့ဝှက်ငွေအလွဲသုံးစားလုပ်မှုများ လည်း ရှိသေးသည်။

မန်‌နေဂျာသည် ထိုကိစ္စအား ကုရှင်းရှစ် သိနေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထို့ကြောင့် ထိတ်လန့်တကြားဖြင့် ဥက္ကဌဟွမ်အား ကြည့်လိုက်သည်။
“ဥက္ကဌဟွမ်.. ကျွန်တော် မလုပ်..”

“ပါးစပ်ပိတ်ထားစမ်း…”
ဥက္ကဌဟွမ်က မန်နေဂျာအား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်လိုက်သည်။

ထိုကိစ္စများအား ကုရှင်းရှစ် မည်သို့သိကြောင်း မသိသော်ငြား တစ်ဖက်လူသည် အများပြည်သူသိအောင် ဖော်ထုတ်မည့်အစား ညှိနှိုင်းရန် ရောက်ရှိလာသဖြင့် ဆိုလိုသည်မှာ လက်ဆုပ်လက်ကိုင် ပြနိုင်သော သက်သေမရှိသောကြောင့် ဖြစ်နိုင်သည်။

ထိုသို့ စဉ်းစားမိသဖြင့် ဥက္ကဌဟွမ်က အနည်းငယ် ဝမ်းသာသွားမိသည်။ သို့သော် ကုရှင်းရှစ်နှင့် ရင်ဆိုင်ရချိန်တွင် သတ္တိရှိရှိ ရှေ့ထွက်နိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။
“မင်းက ပေါက်ပန်းလေးဆယ်တွေ ပြောနေတာပဲကွ.. ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ မင်းကို တရားစွဲမယ်.. ရှန့်ယွဲ့ချင် စာချုပ်ဖျက်သိမ်းဖို့ကိုလည်း လုံးဝ ခွင့်မပြုနိုင်ဘူး.. သူ့ကိုရဖို့ မေ့လိုက်တော့..”

ထိုအချိန်မှာပင် ကုရှင်းရှစ် နံဘေး၌ ရပ်နေသော ရှေ့နေထံမှ အသံထွက်လာသည်။
“အဲဒီလို မဖြစ်မှာ စိုးပါတယ်..”

ဥက္ကဌဟွမ်က မာဆတ်ဆတ် မေးလိုက်သည်။
“မင်းက ဘယ်သူလဲ..”

ရှေ့နေက စီးပွားရေးကတ်ထုတ်ကာ ကမ်းပေးလိုက်သည်။
“ကျွန်တော်က မစ္စတာရှန့်ယွဲ့ချင်ရဲ့ ရှေ့နေပါ.. မျိုးရိုးက ကော ပါ..”

ဥက္ကဌဟွမ် : “...”

ဒါက ဖျော်ဖြေရေးလောကရဲ့ နာမည်ကြီးရှေ့နေကော မဟုတ်လား.. စာချုပ်ဖျက်သိမ်းတဲ့ အမှုတွေကို ကိုင်တွယ်တဲ့နေရာမှာ နာမည်ကျော်တယ်လေ..

ကုရှင်းရှစ် ကျေနပ်စွာ ပြုံးလိုက်သည်။
“ဥက္ကဌဟွမ်.. ဒီကိစ္စကို ဒီမှာပဲ ရှင်းတာ ပိုကောင်းမယ်လို့ထင်လား တရားရုံးက ပိုအဆင်ပြေမယ်လို့ ထင်လား..”

ဥက္ကဌဟွမ် : “...”

၃ နာရီ ကြာပြီးနောက် ရှန့်ယွဲ့ချင်က ကြောင်အစွာဖြင့် စာချုပ်ဖျက်သိမ်း သဘောတူညီချက်ပေါ်၌ လက်မှတ်ရေးထိုးလိုက်သည်။

ဆန့်ကျင်ဘက်အနေနှင့် ဥက္ကဌဟွမ်နှင့် မန်နေဂျာတို့မှာ ယခင်ရှိခဲ့ဖူးသော အထက်စီးဆန် မောက်မာမှုများ မရှိတော့ဘဲ ဖြူဖပ်ဖြူရော် မျက်နှာများဖြင့် လက်မှတ်ထိုးလိုက်ကြသည်။

စာချုပ် ဖျက်သိမ်းပြီးနောက် ကုရှင်းရှစ်က ရှန့်ယွဲ့ချင်အား မိတ္တူတစ်စောင် ကမ်းပေးလိုက်သည်။
“ဂုဏ်ယူပါတယ်.. မင်း လွတ်လပ်သွားပါပြီ..”

ယွမ်ယန်အင်တာတိန်းမန့် အဆောက်အဦမှ ထွက်ခွာလာပြီး ကားပေါ်မှ ထိုင်နေသည့်တိုင်အောင် ရှန့်ယွဲ့ချင် မယုံကြည်နိုင် ဖြစ်နေဆဲပင်။

စာချုပ်ဖျက်သိမ်းဖို့ အဲလောက်တောင် လွယ်တာလား..

တစ်ဖက်တွင် အောင်အောင်မြင်မြင် စာချုပ်ဖျက်သိမ်းပြီးနောက် ကုရှင်းရှစ်က ချက်ချင်းပင် ကြိုတင်ပြင်ဆင်ထားသော ဝေ့ပေါ်ပိုစ့်အား တင်လိုက်သည်။

[လဲ့ရှစ် မိသားစုက ကြိုဆိုပါတယ် @ရှန့်ယွဲ့ချင်.. ‘လေဟုန်စီးပြီး လှိုင်းခွင်းလို့ ဖြူလွှလွှ တိမ်စိုင်နဲ့ ပင်လယ်ပြင်မှာ ရွက်လွှင့်မယ်..’]

ချက်ချင်းဆိုသလိုပင် မုန့်ယွမ်ရှန့်၊ ချန်ရှင်းနှင့် ရိုက်ကွင်း၌ ရှိနေသော ချင်ဝမ် ပါမကျန် ကုရှင်းရှစ်၏ ဝေ့ပေါ်ပိုစ့်အား ပြန်လည်မျှဝေပြီး ဂျူနီယာလေးအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြသည်။

ရှန့်ယွဲ့ချင် နောက်တစ်ဖန် ကြက်သေသေသွားပြန်သည်။

ကောလာဟလများကြောင့် ညစ်ထေးနေသည့် သူ၏နာမည်အား မည်သို့ရှင်းလင်းရမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲနှင့် ကုရှင်းရှစ်သည် ကတိပေးခဲ့သလိုပင် ထိုအရာများအား သူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရန် မလိုအပ်ခဲ့ချေ။ ထို့အစား ဖိအားများအား သူ၏ပခုံးပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းရယူလိုက်သည်။

ကုရှင်းရှစ် ဝေ့ပေါ်ပိုစ့် တင်လိုက်သည်နှင့် ရှန့်ယွဲ့ချင်အား ဆူပူကြိမ်းမောင်းသူ မရှိတော့ချေ။ ထို့အစား ကုရှင်းရှစ်၏ ပိုစ့်အောက်၌ လူစုလာသည်။

[ဥက္ကဌကု စိတ်လွတ်သွားတာလား.. လက်မှတ်ထိုးစရာလူ အများကြီးရှိတဲ့ထဲမှာ ဒီလိုမျိုး စရိုက်မကောင်းတဲ့လူကို ရွေးရတာလဲ..]

[အားး ငါတော့ ဆွံ့အသွားမိပြီ.. ရှန့်ယွဲ့ချင် ကပ်ပါးကောင်.. ကုမ္ပဏီတစ်ခုကို ဖျက်ဆီးပြီးနောက် နောက်တစ်ခုကို ဖျက်ဆီးဖို့ ကြံနေပြီပေါ့..]

[ဥက္ကဌကု.. ကျေးဇူးပြုပြီး.. လူသစ်တစ်ယောက်ယောက်နဲ့ လက်မှတ်ထိုးချင်တယ် ဆိုရင်လည်း ဖျော်ဖြေရေးလောကမှာ ကြည့်ကောင်းပြီး အကျင့်စရိုက်ကောင်းတဲ့လူတွေ အများကြီးရှိပါတယ်.. ဘာဖြစ်လို့ ရှန့်ယွဲ့ချင်လိုလူကို လက်မှတ်ထိုးရတာလဲ..]

[နင်တို့အားလုံးက အပိုလုပ်နေကြတာပဲ.. ဥက္ကဌကုမှာ စူးရှတဲ့ မျက်လုံးတွေ ရှိပြီးသား.. အမှန်တရားက အွန်လိုင်းပေါ်က ဇာတ်လမ်းတွေလို မဟုတ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့..]

[ရှန့်ယွဲ့ချင်က လူကောင်းမဟုတ်ဘူးလို့ပဲ အမြဲတမ်း တွေးနေခဲ့တာ.. ဒါပေမဲ့ ဥက္ကဌကုက သူနဲ့ လက်မှတ်ထိုးဖို့ ဆန္ဒရှိတယ်ဆိုတော့ ဒီဇာတ်လမ်းမှာ လှည့်ကွက်တွေ ရှိနိုင်တယ်.. စောင့်ကြည့်ကြတာပေါ့..]

[လူသစ်လေးကတော့ ခမ်းခမ်းနားနား ကြိုဆိုခံရတာပဲ.. လက်မှတ်ထိုးပြီး မကြာဘူး စီနီယာတွေက ဂုဏ်ပြုဖို့ တန်းစီပြီး ပေါ်လာကြတာ.. စီနီယာ ၃ ယောက်က သူ့ကို ဖူးဖူးမှုတ်ထားတော့မှာ မဟုတ်ဘူးလား..]

[ဒီတစ်ကြိမ်တော့ ဥက္ကဌကုကို အရမ်းစိတ်ပျက်သွားပြီ.. ဥက္ကဌကုက အရည်အချင်းရှိတဲ့ သူတွေကိုပဲ လက်မှတ်ထိုးတယ်လို့ ထင်ခဲ့မိတာ.. အဆုံးကျတော့ မျက်နှာလှလှလေးတွေကို ခေါ်တုန်းပဲ..]

[ဟားဟားဟား ရလဒ်ပြောင်းပြန်ဖြစ်ဖို့ စောင့်နေပါတယ်..]

[ပြဿနာရှာဖို့ ကြိုးစားနေတဲ့ ကောင်တွေကို ရီပို့ထုကြဟေ့..]

[10086 ရဲ့ သတိပေးချက်ကို စောင့်နေသူတစ်ဦးရှိ..]

[ဒါပေမဲ့ အဲဒီ ကောလဟာလတွေက အတော်လေး ခိုင်မာနေတာလေ.. 10086 တောင်မှ ရှန့်ယွဲ့ချင်ရဲ့ နာမည်ကို ရှင်းပေးနိုင်မယ်လို့ မထင်ဘူး..]

[အမလေး.. ဒီထက်ကြီးတဲ့ ကောလာဟလတွေတောင် အမှန်မဟုတ်ကြောင်း ထွက်လာသေးတာပဲ မဟုတ်လား..]

[10086 ကိုပဲ ယုံကြည်ပါမယ်..]

*

ကုရှင်းရှစ်၏ ဝေ့ပေါ်ပိုစ့်အောက်ရှိ မှတ်ချက်များအားကြည့်ကာ ရှန့်ယွဲ့ချင် စိုးရိမ်စိတ် ဝင်လာသည်။

သို့သော် ကုရှင်းရှစ်မှာ တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်သည်။
“မလောနဲ့.. လူထုအမြင်ကို နည်းနည်းလောက် ပိုပြီး အုံကြွနေစေလိုက်..”

ရှန့်ယွဲ့ချင် : “...”

ထို့နောက် ကုရှင်းရှစ်သည် ကြိုတင်ပြင်ဆင်ထားသော စာချုပ်အား ထုတ်ယူလိုက်သည်။ ရှန့်ယွဲ့ချင် ချက်ချင်း လက်မှတ်ထိုးမည် ပြုစဉ်မှာပင် ကုရှင်းရှစ်က တားလိုက်ပြီးနောက် ရှေ့နေကောအား စာချုပ်ပါ အကြောင်းအရာများအား တစ်ခုပြီးတစ်ခု ရှင်းပြစေသည်။
“ရှေ့နေခ ပေးထားရတော့ အပြည့်အဝ အသုံးချရမှာပေါ့ မဟုတ်ဘူးလား..”

ရှေ့နေကော : “.. ဥက္ကဌ ကု.. ကျွန်တော့်ရှေ့မှာ ငွေကြေးကိစ္စတွေ ပြောဖို့ သင့်တော်ရဲ့လား..”

သို့သော် ထိုသို့ပြောပြီးနောက် ရယ်မောကာဖြင့် ရှန့်ယွဲ့ချင်အား စာချုပ်ပါ အကြောင်းအရာများအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြလေသည်။

ရှင်းပြလေလေ ပို၍ အံ့ဩလာမိလေလေပင်။

ရှေ့နေကောက မရေမတွက်နိုင်သော စာချုပ်ဖျက်သိမ်းမှု များစွာအား ကိုင်တွယ်ဖူးပြီး ထောင်နှင့်ချီသည့် စာချုပ်များအား မြင်တွေ့ဖူးသည်။ သို့သော် အနုပညာရှင်ဘက်သို့ အလွန်အမင်း ငဲ့ညှာပေးထားသည့် စာချုပ်မျိုးကိုမူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ကုမ္ပဏီဖွင့်ထားခြင်းလား၊ ပရဟိတ လုပ်နေခြင်းလားဟုပင် ကုရှင်းရှစ်အား မေးချင်စိတ် ပေါ်လာမိသည်။

သို့သော် များမကြာမီမှာပင် ဤသည်မှာ အမှန်တကယ်ကိုပင် ပုံမှန်စာချုပ်တစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည်။

ထိုသို့သော စာချုပ်မျိုးမှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် ထိပ်တန်းအဆင့် အနုပညာရှင်များကိုသာ ပေးလေ့ရှိသော စာချုပ်အမျိုးအစားဖြစ်သည်။

လူသစ်များအား အဘက်ဘက်မှ အမြတ်ထုတ်နိုင်အောင် ကြိုးစားနေကြသော အရင်းရှင်များစွာအား မြင်တွေ့ခဲ့ရသည့်အတွက် သာမန်စာချုပ်တစ်ခုကိုပင် ပုံမှန်မဟုတ်ဘဲ ထူးခြားသည်ဟု ယူဆမိသွားခြင်း ဖြစ်သည်။

၎င်းမှာ ဖျော်ဖြေရေးလောကရှိ အမှောင်ဘက်ခြမ်း၏ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ ဖြစ်လိမ့်မည်။

ရှေ့နေကော၏ အသံမှာ ပိုမိုညင်သာလာသည်။ သူက ရှင်းပြပြီးနောက် ရှန့်ယွဲ့ချင်အား ပခုံးပုတ်လိုက်သည်။
“မင်းက လူကောင်းနဲ့ တွေ့တာပဲ.. အလုပ်ကြိုးစားပြီး ဥက္ကဌကုကို စိတ်မပျက်စေနဲ့..”

ရှန့်ယွဲ့ချင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ 

သူက ခမ်းနားလေးနက်စွာ ဘောပင်ကိုင်ပြီး သူ၏နာမည်အား တစ်လုံးချင်း ချရေးလိုက်သည်မှာ ပျော်ရွှင်ခြင်းတရားနှင့် စာချုပ်ချုပ်ဆိုနေသယောင်ပင်။

ထိုအခိုက်အတန့်တွင် အတိတ်၌ ကြုံတွေ့ခဲ့ရသော မကောင်းသည့် အဖြစ်အပျက်များအားလုံး စတင်ဝေဝါးလာသည်။

ပထမဆုံး အကြိမ်အဖြစ် အနာဂတ်အား မျှော်လင့်မိသည်။

သို့သော် ရှန့်ယွဲ့ချင် စာချုပ်အား လက်မှတ်ထိုးပြီးနောက် ပျော်ရွှင်မှုထဲ နစ်မြုပ်နေစဉ်မှာပင် ကုရှင်းရှစ်၏ အားမာန်ပြည့်ဝသောအသံ ထွက်ပေါ်လာသည်။
“အခု လက်မှတ်ထိုးပြီးပြီဆိုတော့ ပထမဆုံးအလုပ်ဆီ သွားကြမယ်..”

ရှန့်ယွဲ့ချင် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာသည်။

မမျှော်လင့်ဘဲနှင့် ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင်အား ဆင်ခြေဖုံးရှိ ဓာတ်ပုံစတူဒီယိုတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှန့်ယွဲ့ချင်သည် ယခင် အဖွဲ့သားများထံမှ ဤစတူဒီယိုအကြောင်း ကြားဖူးနားဝရှိသည်။ မြို့တော် တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံးနှင့် ဈေးအကြီးဆုံးသော စတူဒီယိုဖြစ်သည်။ ထိုသူများ နာမည်ကျော်ကြားနေချိန်မှာပင် ကုမ္ပဏီသည် ဤစတူဒီယို၌ ဓာတ်ပုံရိုက်ကူးခွင့်ပေးရန် ဝန်လေးစွာဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

သူက စာချုပ်ဖျက်သိမ်းပြီးနောက် ကုမ္ပဏီအသစ်အတွက် ငွေကြေးခြူးတစ်ပြားမှ မရှာဖွေနိုင်သေးခင်မှာပင် ဥက္ကဌကုသည် ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု မထင်မှတ်ထားချေ။

ထို့အပြင် စတူဒီယိုအတွင်း ဝင်ပြီးချိန်တွင် ရှန့်ယွဲ့ချင်မှာ မူးဝေလာတော့သည်။

ရိုက်ကူးပေးမည့် ဓာတ်ပုံဆရာမှာ အက်ဒမ် ဖြစ်နေသည်။

ဥက္ကဌကုက အက်ဒမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သိထားသော်ငြား ရိုက်ကူးရေးအတွက် ငှားရမ်းမည်ဆိုလျှင် အခကြေးငွေ ပေးရန် လိုအပ်ဆဲဖြစ်သည်။

စတူဒီယိုအတွက် ကုန်ကျစရိုက်နှင့် အက်ဒမ်အား ငှားရမ်းခကို တွေးမိပြီးနောက် ရှန့်ယွဲ့ချင် ဖျားချင်လာသည်။

သို့သော် ကုရှင်းရှစ်က တည်ငြိမ်စွာဖြင့် ယုံကြည်မှုရှိရှိ မိတ်ဆက်ပေးလေသည်။
“ဒါက ကျွန်တော့်ရဲ့ အနုပညာရှင်အသစ်ပါ.. ရှန့်ယွဲ့ချင် တဲ့..”

အက်ဒမ်က ရှန့်ယွဲ့ချင်အား တစ်ချက်ကြည့်ပြီးနောက် အကြည့်မလွှဲနိုင်တော့ချေ။
“မင်း ဒီလို အဖိုးတန်ရတနာလေးတွေကို ဘယ်ကမ္ဘာကနေ သွားပြီးတော့ ရှာလာတာလဲ.. ဘုရားရေ.. ဒီမျက်နှာကတင် ဘုရားသခင်ရဲ့ ပြောင်မြောက်တဲ့လက်ရာ တစ်ခုပဲ.. နွီဝါးရဲ့ ဖန်တီးခြင်းစွမ်းရည်ပေါ့လေ..”

“ငါ မသောက်ရသေးတာတောင် စိတ်ကူးတွေ ပေါ်နေပြီ..”
အက်ဒမ်က ရှန့်ယွဲ့ချင်အား ကိုယ်တိုင်ကိုယ်ကျ ဆင်ယင်ပေးရင်း စကားများပင် ပလုံးပထွေးဖြစ်ကာ အံ့ဩတကြီး ချီးကျူးနေတော့သည်။

ရိုက်ကူးရေးလုပ်ချိန်တွင် အက်ဒမ်၏ ချီးကျူးမှုမှာ ပို၍ပင် ပြင်းထန်လာသည်။

စစချင်းတွင် ရှန့်ယွဲ့ချင်မှာ အတော်လေး မသက်မသာ ဖြစ်နေမိသည်။ သို့သော် ကုရှင်းရှစ်၏ အဆက်မပြတ် ချီးကျူးစကားများအား မြင်သည့်အခါ လုံခြုံမှုအား ခံစားမိသလို တဖြည်းဖြည်းချင်း စိတ်လျှော့လိုက်နိုင်သည်။

ဓာတ်ပုံစားသည်ဟူသော အခြင်းအရာမှာ လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုပင်။

အချို့လူများမှာ နေ့စဉ်ဘဝ၌ ထူးထူးခြားခြား ထင်ရှားနေခြင်းမျိုး မရှိသော်ငြား ကင်မရာရှေ့ ရောက်ချိန်တွင် လွှမ်းမိုးနိုင်စွမ်းရှိသလို လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်သည့် အရည်အချင်းများ ထွက်ပေါ်လာတတ်သည်။

ထိုအရည်အချင်းအား အလှအပနှင့် ပေါင်းစပ်လိုက်ချိန်တွင် နျူကလီးယားဗုံး ပေါက်ကွဲသွားသလို သက်ရောက်မှုမျိုး ဖြစ်စေသည်။

ထိုအချိန်တွင် ကုရှင်းရှစ်သည် အလှတရားနှင့် ရိုက်ခတ်ခြင်း ခံလိုက်ရပြီဟူသော စကားအား အပြည့်အဝ နားလည်သွားလေသည်။

ကုရှင်းရှစ် အတော်လေး ကျေနပ်နေမိသည်။

ရှန့်ယွဲ့ချင်မှာ မျက်နှာလှလှလေး ရှိရုံသာဖြစ်သည်ဟု လူတိုင်းပြောကြသဖြင့် ထိုအလှအား တစ်ဆင့်မြှင့်ကာ ဖျက်ဆီးရေးလက်နက်တစ်ခုအဖြစ် ပြောင်းလဲလိုက်မည်။

ရှန့်ယွဲ့ချင်၏ နှလုံးသားထဲ၌ အမြစ်တွယ်နေသော သိမ်ငယ်စိတ်နှင့် စိုးရိမ်ပူပင်စိတ်တို့အား ကုရှင်းရှစ် ကောင်းစွာသိရှိထားသည်။

သူက အခြားသူများနှင့်ယှဉ်လျှင် ဆိုးဝါးသူတစ်ဦး မဟုတ်ကြောင်းနှင့် အခြားသူများနှင့် နှိုင်းယှဉ်ရန်လည်း မလိုအပ်ကြောင်း နားလည်သဘောပေါက်စေလိုသည်။ ရှန့်ယွဲ့ချင်မှာ မွေးရာပါ ထူးချွန်အောင်မြင်နိုင်သော အရည်အချင်းအား ပိုင်ဆိုင်ထားသူဖြစ်သည်။

ညနေခင်းတွင် ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင်အား အွန်လိုင်းပေါ်သို့ ဓာတ်ပုံများ တင်ခိုင်းလိုက်သည်။

ကုရှင်းရှစ် ရှန့်ယွဲ့ချင်အား လက်မှတ်ထိုး ခေါ်ယူလိုက်သော သတင်းမှာ နေ့လည်ခင်းတစ်ခုလုံး ရေပန်းစားနေခဲ့ခြင်းဖြစ်သည်။ သို့သော် လက်မှတ်ထိုး ခေါ်ယူလိုက်သည်ဟူသော ဝေ့ပေါ်ပိုစ့်မှအပ အခြားထုတ်ပြန်ကြေညာချက်များ မရှိချေ။ ထို့ကြောင့် အွန်လိုင်းပေါ်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေမှာလည်း တဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်လာသည်။

ရှန့်ယွဲ့ချင် ဝေ့ပေါ်၌ ဓာတ်ပုံများ တင်လိုက်ချိန်တွင်မူ မီးစာကုန်လုနီးနီး မီးတောက်အား လောင်စာထပ်ဖြည့်လိုက်သလို ဟုန်းဟုန်းတောက်သွားတော့သည်။

[ရှန့်ယွဲ့ချင်.. နင် ဘယ်လိုဖြစ်ပြီး ဒီလောက်.. ဒီလောက် ကြည့်ကောင်းနေရတာလဲ..]

[အိုး ဘုရားရေ.. အမတတစ်ပါးကို မြင်ဖူးခဲ့ပြီ..]

[ဒါက လူသားတစ်ဦးမှာ ရှိသင့်တဲ့ အလှတရားတဲ့လား.. အသက်တောင် မရှူနိုင်တော့ဘူး..]

[ဒါက တကယ်ကြီး ရှန့်ယွဲ့ချင်လား.. အဲကောင် ပလတ်စတစ်ဆာဂျရီ လုပ်လိုက်တာလား..]

[နေ့တစ်ပိုင်းနဲ့ ဒီလိုကြည့်ကောင်းတဲ့ ဆာဂျရီမျိုး မြင်ဖူးလား..]

[အားးးးးးးး ဒင်းကို ဆူပူဖို့ ရောက်လာတာလေ.. ဒါပေမဲ့ ဒီမျက်နှာလေးကြောင့် ငါ့ကိုယ်ငါပဲ ပြန်ပြီး ကြိမ်းမောင်းပစ်လိုက်ပြီ..]

[ယောကျ်ားရေ.. နိဟောင်..]

[အခုကစပြီး သူ့ရဲ့ အကျင့်စရိုက်အကြောင်း မပြောကြနဲ့.. ဒီမျက်နှာလေးနဲ့ဆိုရင် ဖျော်ဖြေရေးလောကမှာ သူ့နေရာကို အစားထိုးဖို့လူ ရှာရမှာ မဟုတ်ဘူး..]

[ကောကောရေ.. အခုကစပြီး ဒီလိုပဲ ပြင်ဆင်တော့မယ်လို့ ကတိပေးရမယ်နော် ဟုတ်ပြီလား.. သူ့ အရင်ကုမ္ပဏီက ဒီလို ရုပ်ရည်မျိုးကို ဖြုန်းတီးပစ်ခဲ့တာပဲ.. ဥက္ကဌကု ကြောင့်သာ မဟုတ်ရင် မျက်စိအစာကျွေးဖို့ လူတစ်ယောက် လျော့သွားတော့မလို့..]

*

ရှန့်ယွဲ့ချင်မှာ ကြောင်အနေတော့သည်။

ဒါတွေက ငါ့ပိုစ့်အောက်က မှတ်ချက်တွေရော ဟုတ်ရဲ့လား..

ယခင်က သူ ဝေ့ပေါ်ပိုစ့် တင်ချိန်တိုင်းတွင် ဆဲဆိုကြိမ်းမောင်းမှုများသာ ရလေ့ရှိသည်။

ဆဲရေးရန် ရောက်လာကြသူအချို့ ရှိသော်ငြား အခြားသူများ၏ မှတ်ချက်များအောက်၌ နစ်မြုပ်ပျောက်ကွယ်သွားသည်။

အလှတရား၏ လွှမ်းမိုးမှုအောက်၌ မည်သူမှ ခုခံနိုင်စွမ်း မရှိကြပေ။

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်အား ပခုံးပုတ်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“အခုတော့ ငါ ပြောတာကို ယုံပြီလား..”

“ဟုတ်..”

ရှန့်ယွဲ့ချင်၏ မျက်လုံးများ တဖျက်ဖျက် တောက်ပနေတော့သည်။

သူကိုယ်တိုင်ပင် သတိမမူမိဘဲ နှလုံးသားထဲ၌ ယုံကြည်မှုတို့ စတင်သန္ဓေတည်လာသည်။

သို့သော် ကုရှင်းရှစ်၏ အလုပ်တာဝန်မှာ မပြီးဆုံးသေးချေ။

သူ့လက်ချောင်းလေးများအား မြန်ဆန်သွက်လက်စွာ လှုပ်ရှားရင်း လျှို့ဝှက်လက်နက်ဖြစ်သည့် 10086 အား ခေါ်ထုတ်လိုက်သည်။

အလှအပကို ခံစားပြီးပြီဆိုတော့ ခေါင်းကိုက်စရာလေးတွေအတွက် အချိန်ကျပြီလေ..

“ဒီနေ့တော့ ကြီးကြီးမားမားလေးတစ်ခုလောက် လုပ်ကြရအောင် _ ယွမ်ယန်အင်တာတိန်းမန့်ကို ဖော်ထုတ်ကြစို့..”


🍉🍉🍉🍉 အခန်း ၈၀


စာချုပ်ဖျက်သိမ်းရန် ဖိအားပေးခံရပြီးနောက် ယွမ်ယန်အင်တာတိန်းမန့်၏ ဥက္ကဌဟွမ်မှာ အတော်လေး မချင့်မရဲ ဖြစ်နေသည်။

မန်နေဂျာ၏ စကားသံ ထွက်ပေါ်လာသည်။
“ဥက္ကဌဟွမ်.. တကယ်က ရှန့်ယွဲ့ချင်ကို လက်လွှတ်လိုက်တာလည်း မကောင်းတာတော့ မဟုတ်ပါဘူး.. ဘယ်လိုပဲဖြစ်ဖြစ် သူက အခုဆို ဘာတန်ဖိုးမှ မရှိ..”

“ပါးစပ်ပိတ်ထားစမ်း..”
ဥက္ကဌဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းလုပ်ခဲ့တဲ့ ပြဿနာတွေကိုတောင် ငါဘာမှ မပြောရသေးဘူး.. မင်းက အခြေခံကျတဲ့ တာဝန်တွေကိုတောင် မကိုင်တွယ်နိုင်တာ.. မင်းရဲ့ စီမံမှုအောက်မှာရှိတဲ့ အနုပညာရှင်တစ်ယောက်က တခြားကုမ္ပဏီနဲ့ အချိတ်အဆက် လုပ်နေတာတောင် မင်းမသိဘူးတဲ့လား.. ကုမ္ပဏီက မင်းလိုလူကို ပျိုးထောင်မဲ့အစား ဝက်မွေးလိုက်ရမှာ..”

မန်နေဂျာက ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခံရသဖြင့် ပြန်ခံမပြောရဲတော့ချေ။

ဥက္ကဌဟွမ်က ဒေါသများအား ထွက်ပေါက်ရှာပြီးနောက် မန်နေဂျာက စကားစပြောတော့သည်။
“ဥက္ကဌဟွမ်.. တကယ်တော့ ဒီကိစ္စက အဲလောက်ကြီး မပြင်းထန်ပါဘူး.. ရှန့်ယွဲ့ချင်ရဲ့ အမဲစက်တွေနဲ့ဆို သူ့နာမည်ကို ရှင်းလင်းဖို့ မလွယ်ကူဘူး.. သူ့ရဲ့ လက်ရှိ ကျော်ကြားမှုအရဆို ငွေရှာဖို့ မဖြစ်နိုင်သလောက်ပဲ.. ဒါကြောင့် ဥက္ကဌကုက သူနဲ့ လက်မှတ်ထိုးလိုက်တော့ရော ဘာဖြစ်လဲ.. ရှန့်ယွဲ့ချင်က တန်ဖိုးမရှိတဲ့ လူတစ်ယောက်ပဲလေ.. ဥက္ကဌကုက ပရဟိတ လုပ်နေတာမှ မဟုတ်တာ..”

ဥက္ကဌဟွမ် မျက်မှောင်ကြုတ်လိုက်သည်။
“တကယ်ပဲ ပရဟိတလုပ်နေတာ ဆိုရင်ရော...”

“အဲဒါဆို ပိုမကောင်းဘူးလား.. ရှန့်ယွဲ့ချင် ဖန်သားပြင်မှာ လှုပ်ရှားနေသရွေ့ လူတွေက သူ့ရဲ့ အဖွဲ့သားတွေကို ဘယ်လိုမျိုး ဖိနှိပ်ခဲ့တာဆိုပြီး အမှတ်ရနေလိမ့်မယ်.. ကျွန်တော်တို့ ဘာမှလုပ်ဖို့တောင် မလိုအပ်ဘူး.. သူက ကျွန်တော်တို့ကို အကျိုးအမြတ်တွေချည်း ယူလာပေးမှာ.. ဒါ မကောင်းဘူးလား..”

ဥက္ကဌဟွမ် ထိုအကြောင်းအား စဉ်းစားပြီးနောက် တုံ့ဆိုင်းနေမိသည်။
“ဒါပေမဲ့ ကုရှင်းရှစ်က သေချာပေါက် အဲလိုဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး.. သူ့နောက်ကွယ်က ဟို ထူးဆန်းတဲ့ 10086 က အတော်လေး လုပ်နိုင်စွမ်းရှိတယ်.. ပြီးတော့ ကုရှင်းရှစ်က ဝမ်မိသားစုက တစ်ယောက်ယောက်နဲ့ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့လည်း ကြားထားတယ်..”

မန်နေဂျာက ချက်ချင်းပင် ကိုယ်ကိုင်းကာ စကားအနည်းငယ် ပြောလိုက်ပြီးနောက် ဥက္ကဌဟွမ်က မျက်လုံးများ လက်လာသည်။
“အကြံကောင်းပဲ..”

ဥက္ကဌဟွမ်၏ သဘောတူချက်ကြောင့် မန်နေဂျာသည် ရေတပ်များအား ငှားရမ်းကာ ရှန့်ယွဲ့ချင်နှင့် ကုရှင်းရှစ်တို့မှာ ပုံမှန်မဟုတ်သည့် ဆက်ဆံရေးမျိုး ရှိနေကြောင်း အွန်လိုင်းပေါ်၌ ကောလာဟလ ဖြန့်စေသည်။

သူ့အမြင်တွင် ကုရှင်းရှစ်က ရှန့်ယွဲ့ချင်နှင့် ပတ်သက်သည့် မကောင်းသတင်းများအား ရှင်းလင်းချင်ပါက တစ်ညတည်းနှင့် ပြီးမြောက်နိုင်မည့် ကိစ္စမဟုတ်ပေ။ ထိုအချိန်တွင် အသစ်ထွက်ပေါ်လာသည့် ကောလဟာလများမှာလည်း အတော်လေး ပျံ့နှံ့နေလောက်ပြီ ဖြစ်သည်။

10086 ထွက်လာမယ် ဆိုရင်ရော ဘာအရေးလဲ..

ကိစ္စရပ်တစ်ခုအား ကျူးလွန်ထားခြင်း ရှိ၊ မရှိ သက်သေပြရန်မှာ လွန်စွာခက်ခဲသည်။ ထို့အပြင် 10086 သည် ကုရှင်းရှစ်နှင့် ရင်းနှီးသူဖြစ်ကြောင်း လူတိုင်းသိသဖြင့် သူတို့၏ အမြင်တွင် အနည်းနှင့်အများ ဘက်လိုက်မှု ရှိလိမ့်မည်။

ကောလဟာလများ‌ ပျံ့နှံ့သွားပြီးနောက် ကုရှင်းရှစ် အနေနှင့် ခုခံကာကွယ်ရန် မဖြစ်နိုင်တော့ပေ။

ထိုအခါ ရှန့်ယွဲ့ချင်သည် သူတို့အတွက် ပိုမိုအသုံးတည့်လာမည် ဖြစ်သည်။ ရှန့်ယွဲ့ချင် ပိုမိုနာမည်ကြီးလာသလောက် သူတို့အတွက်လည်း အကျိုးအမြတ်များစွာ ရယူနိုင်မည် ဖြစ်သည်။

သို့သော် ထိုအစီအစဉ်အား ပြည့်ပြည့်ဝဝ မခံစားရသေးမီမှာပင် ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင်အား ဓာတ်ပုံရိုက်ကူးပေးရန် အက်ဒမ်အား ငှားရမ်းဖိတ်ခေါ်ထားသည်ကို သိရှိလိုက်ရသည်။

ရှန့်ယွဲ့ချင်အား နှစ်ပေါင်းများစွာ စီမံခန့်ခွဲဖူးသောကြောင့် တစ်ဖက်လူ၏ ရုပ်ရည်အပေါ် ခံနိုင်ရည် ရှိနေပြီ ဖြစ်သော်ငြား ဓာတ်ပုံများအား မြင်လိုက်ရချိန်တွင် အံ့အားသင့်နေမိဆဲ ဖြစ်သည်။

ထိုအချိန်မှာပင် ပို့စ်အောက်ရှိ မှတ်ချက်များအား မြင်တွေ့လိုက်ရသည်။

[ရှန့်ယွဲ့ချင်ရဲ့ အလှအပက ငါ့ကို လုံးဝ ညှို့ယူသွားပြီ..]

[မျက်နှာကိုပဲ အရုးအမူးကြိုက်တဲ့ ပရိသတ် တစ်ယောက်အနေနဲ့ ဒီတွင်းထဲက မထွက်နိုင်တော့ဘူး.. ငါ့ရဲ့ ရတနာလေးကို ဖျော်ဖြေရေးလောကက ထွက်သွားဖို့ ထပ်ပြောရဲတဲ့သူ ရှိရင် သေတဲ့အထိ ကိုက်ပစ်လိုက်မယ်..]

[အဲဒီကြေညာချက်က တကယ်ပဲ မေးခွန်းထုတ်စရာလို့ ခံစားရတယ်.. သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး.. ဒါပေမဲ့ အဲဒီကြားက ကွာခြားချက်တွေက တကယ်ပဲ အတော်လေး ကြီးမားတယ်.. ဟုတ်တယ်နော်.. ခေါင်းလေးတစ်ချက် ညိတ်ရုံနဲ့တင် သူ့နောက်ကိုလိုက်ချင်တဲ့သူ အများကြီး ရှိလောက်တယ်.. အဲဒါတောင် သင်တန်းသားတစ်ယောက်ကို လှည့်စားဖို့ လိုသေးလား..]

ဓာတ်ပုံအချို့သည် လူထုအမြင်အား ပြောင်းပြန် လှန်ပစ်လိုက်မည်ဟု မန်နေဂျာ မတွေးမိခဲ့ချေ။

ယင်းသည် သူတို့၏ အစီအစဉ်အား အနှောင့်အယှက် ပေးနိုင်သဖြင့် မန်နေဂျာ၏ အမူအရာမှာ အန္တရာယ်များလာသည်။ ချက်ချင်းပင် ရေတပ်များအား ထပ်မံဝယ်ယူပြီးနောက် ဖျော်ဖြေရေးလောက အတွင်းရှိ ကောလဟာလများကိုပင် ဖြန့်စေသည်။

သို့သော် များမကြာမီမှာပင် ရင်းနှီးပြီးသားဖြစ်သည့် နာမည်ကျော် 10086က လတ်တလောထိပ်တန်းသတင်းထဲတွင် ပေါ်လာသည်။

ဝေ့ပေါ်ပိုစ့်အား ဝင်ကြည့်လိုက်ချိန်တွင် မန်နေဂျာ၏ မြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားတော့သည်။

[ယွမ်ယန်အင်တာတိန်းမန့် :  á€™á€€á€ąá€Źá€„á€şá€¸á€†á€­á€Żá€¸á€á€Ťá€¸á€á€˝á€ąá€€á€­á€Ż ကျွမ်းကျင်ပိုင်နိုင်စွာ ပျိုးထောင်ပေးနိုင်သော ကုမ္ပဏီ]

[ညတွင်းချင်း ချမ်းသာချင်လား.. မျက်စိတစ်မှိတ်အတွင်း ကျော်ကြားချင်လား.. ယွမ်ယန် အင်တာတိန်းမန့်ရဲ့ ဥက္ကဌဆီက မကောင်းဆိုးဝါးတွေကို ဘယ်လိုပျိုးထောင်မလဲ ဆိုတာကို လေ့လာသင်ယူပါ..]

[၉၉၈ ယွမ်တည်းနဲ့ အန္တရာယ်ရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်ကို အိမ်ခေါ်သွားနိုင်ပါပြီ..]

[တစ်ကောင်ဆိုရင် အကြည့်တစ်ချက်နဲ့တင် မင်းရဲ့ ပြိုင်ဘက် အနုပညာရှင်ကို လမ်းကြောင်း သွေဖယ်သွားစေပြီး ထောင်ထဲ ပို့ပစ်လိုက်နိုင်တယ်..]

[နှစ်ကောင်ဆိုရင်တော့ ထိမိလိုက်တာနဲ့ ပြိုင်ဘက်ကုမ္ပဏီက ဒေဝါလီခံဖို့သာ ပြင်ထားပေတော့..]

[သုံးကောင်ဆိုရင်...]

[ယွမ်ယန် အင်တာတိန်းမန့် : ဖျော်ဖြေရေးလောကရဲ့ ကြောက်မက်ဖွယ် အကောင်းဆုံး အဆိပ်ပန်းသီး..]

ချက်ချင်းပင် မှတ်ချက်များ ပလူပျံလာသည်။

[ဝိုးးး တကယ်ကြီးလား.. ဒီလိုမျိုး ယုတ်မာကောက်ကျစ်တဲ့ ကုမ္ပဏီ ရှိနေတာလား..]

[တစ်ခုခုကို အမှတ်ရလိုက်သလိုပဲ.. ယွမ်ယန်အင်တာတိန်းမန့်က အနုပညာရှင်တစ်ယောက်နဲ့ ပူးပေါင်းမှုပြီးတော့ ထိပ်တန်းအနုပညာရှင်တစ်ယောက်က ကောလာဟလ အကြီးကြီးမှာ ပါဝင်ခဲ့တယ် မဟုတ်လား..]

[အားးးး ငါ့အကြိုက်ဆုံး အနုပညာရှင်က ယွမ်ယန်ရဲ့ အနုပညာရှင်တွေထဲက တစ်ယောက်နဲ့ အတော်လေး ဆင်ခဲ့တာ.. နှစ်ယောက်အတူတူ ပွဲတစ်ခု တက်ပြီးတော့ အဆိုးတွေ ဖြစ်လာတော့တာပဲ.. ပထမဆုံး ဇာတ်ကောင်အခိုးခံရတယ်.. နောက် ရိုက်ကွင်းမှာ ထိခိုက်မှုဖြစ်တယ်.. အဲဒီအချိန်တုန်းက ပရိသတ်တွေက တစ်ယောက်ယောက်ကို ပြစ်မှားမိခဲ့လို့ ဘုန်းကြီးကျောင်းသွားသင့်တယ်ဆိုပြီး ဟာသလုပ်ခဲ့ကြသေးတယ်.. ဒါက အမှန်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး..]

[အမည်မဖော်လိုသူတစ်ဦး : ငါ့ အရင်ကုမ္ပဏီက ပရောဂျက်တစ်ခုကို ရဖို့အတွက် ယွမ်ယန်နဲ့ ယှဉ်ပြိုင်ခဲ့ရတယ်.. ငါတို့ကုမ္ပဏီ အနိုင်ရပြီး မကြာဘူး ဒေဝါလီခံသွားရတော့တာပဲ.. ကုမ္ပဏီက အတော်လေး အခြေအနေ ကောင်းနေတာပါ.. ဒါပေမဲ့လည်း ရုတ်တရက်ကြီး ပြိုလဲသွားခဲ့တယ်.. အစောပိုင်းကတင် ငါနဲ့ လုပ်ဖော်ကိုင်ဖက်က နှစ်ပတ်လည် ပါတီမှာ ဘယ်လိုဆုမျိုး တောင်းကြမလဲဆိုပြီး ဆွေးနွေးနေခဲ့ကြတာ.. နောက်လှည့်ကြည့်လိုက်တော့ ပစ္စည်းတွေယူပြီး ထွက်သွားကြဖို့ သတင်းရောက်လာတယ်.. ငါတို့အားလုံး ကြောင်အသွားကြတာ..]

[ဝိုးးး ဒီဟာက XX နဲ့ လုံးဝ ကိုက်နေတယ်နော်.. အပေါ်တစ်ယောက်ရေ.. လျှို့ဝှက်စကားလုံး ဖလှယ်ကြစို့ : ‘အိမ်ဖြူတော်’ ဒီအဖြစ်အပျက်လည်းပြီးရော ငါတို့လောကက လူတိုင်း ထိတ်လန့်သွားတာလေ.. အကြောင်းအရင်း မရှိဘဲ ရုတ်တရက်ကြီး ဖြစ်သွားခဲ့တာ.. ဒီအတိုင်း ပြိုလဲသွားတာတဲ့..]

[နင်တို့ပြောနေတဲ့ ကုမ္ပဏီအကြောင်း ငါသိသလိုပဲ.. သနားစရာပါဟယ်..]

[ငါက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ငယ်ငယ်လေးတည်းက အထိမခံဘူး.. အရင်က ငါတို့ကုမ္ပဏီက ယွမ်ယန်နဲ့ ပူးပေါင်းမှုလုပ်ဖို့ စီစဉ်ထားတာ.. နှစ်ဖက် အစည်းအဝေးလုပ်ကြတော့ လုံးဝအပိုပြောတာ မဟုတ်ဘူးနော်.. အစည်းအဝေးခန်းကို ဝင်လိုက်တာနဲ့ တော်တော်လေး မသက်မသာဖြစ်လာတာ.. အစည်းအဝေးကို အဆုံးတောင် မသတ်နိုင်ဘူး ချက်ချင်း ဆေးရုံသွားလိုက်ရတယ်လေ.. ကံကောင်းတာကတော့ ပြဿနာတချို့ကြောင့် ပူးပေါင်းမှုက ဖြစ်မလာဘူး.. မဟုတ်ရင် ငါတို့ကုမ္ပဏီလည်း အန္တရာယ်ရှိနေမှာ..]

[ကြက်သီးတွေတောင် ထလာပြီ.. ကျောပါချမ်းတယ်.. အဲဒီကုမ္ပဏီက လူတွေက ဝဋ်လည်မှာ မကြောက်ကြဘူးလား..]

[အိုး ပြီးခဲ့တဲ့ ၂ ရက်ကပဲ အလုပ်သွားတော့ အဲဒီကုမ္ပဏီရှေ့က ဖြတ်သွားခဲ့မိသေးတယ်.. ဘယ်ကိုသွားပြီး သန့်စင်ရပါ့မလဲ.. လမ်းညွှန်ကြပါဦး..]

*

ယွမ်ယန်အင်တာတိန်းမန့်နှင့် ပူးပေါင်းမှုပြုခဲ့ဖူးသော၊ ယှဉ်ပြိုင်ခဲ့ဖူးသော ကုမ္ပဏီများအားလုံး ချွေးအေးများ ထွက်လာကြသည်။

ဥက္ကဌလီ : “ဒီနောက်ပိုင်း ငါတို့ကုမ္ပဏီက ဘာဖြစ်လို့ အဲလောက်တောင် ကံဆိုးနေရတာလဲလို့ တွေးနေတာ.. အဲဒီ မျိုးမစစ်အိုကြီး လုပ်နေတာကိုး..”

ထိုအကြောင်းအား စဉ်းစားပြီးနောက် ပို၍ပင် ဒေါသထွက်လာသဖြင့် ချက်ချင်း အမိန့်ပေးလိုက်သည်။

“ယွမ်ယန်နဲ့ ပူးပေါင်းထားတာအားလုံး ဖျက်သိမ်းပစ်လိုက်.. ဘယ်တော့မှ အလုပ်တွဲမလုပ်နဲ့တော့..”

ဥက္ကဌကျန်း : “ဗေဒင်ဆရာတစ်ယောက် ပြောဖူးတာ ငါက အရေးမပါတဲ့လူတွေကြောင့် အန္တရာယ် ကြုံရနိုင်တယ်တဲ့.. အဲဒီကောင်ကြောင့်ကိုး.. ဘာပြဿနာမှ မရှိပဲ နှစ်ပေါင်းများစွာ ခြေရှုပ်လာတာ.. အဲဒီ သေနာကျနဲ့ ပူးပေါင်းပြီးမှ ငါ့မိန်းမက သိသွားတယ်..”

“မြန်မြန်လေး အဲဒီ ကပ်ဘေးလို အနုပညာရှင် ပေးထားသမျှ ပစ္စည်းတွေအားလုံး လွှင့်ပစ်လိုက်.. ဒီပရောဂျက်အတွက် ပူးပေါင်းချင်တဲ့ တခြားကုမ္ပဏီတွေ မရှိတော့ဘူးလား.. သူတို့ထဲက ရွေးမယ်.. သူတို့ရဲ့ ကမ်းလှမ်းမှုတွေက မကောင်းဘူးဆိုရင်တောင် လုံခြုံရေးက ဦးစားပေးပဲ..”

ဥက္ကဌ X : “ငါတို့ကုမ္ပဏီ တိုင်ကြားခံရတာ အဲဒီခွေးမသားကြီးကြောင့်ပဲ ဖြစ်ရမယ်.. လက်တုံ့ပြန်ဖို့ လိုတယ်..”

ဥက္ကဌ Y : “အဲဒီကောင်ကြီး ငါတို့ကုမ္ပဏီကို လာသွားတုန်းက ကုမ္ပဏီမှာ အနှစ် ၂၀ ကျော် အလုပ်လုပ်လာတဲ့ သန့်ရှင်းရေး အန်တီကြီးက အလုပ်ထွက်သွားတယ်လေ..”

ဥက္ကဌဟွမ်က အွန်လိုင်းပေါ်ရှိ မှတ်ချက်များအား မြင်သည့်အခါ ကြောက်ရွံ့ထိတ်လန့်သလို ဒေါသတကြီး ဖြစ်လာသည်။

ကြောက်ရွံ့ထိတ်လန့်မိခြင်းမှာ ထိုအဖြစ်အပျက်များ၌ အမှန်တကယ် ပါဝင်ပတ်သက်နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ၎င်းမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး လူယုံအနည်းငယ်သာလျှင် သိထားသည်။

10086 က ဘယ်လိုတောင် ရှာတွေ့သွားတာလဲ..

ဥက္ကဌဟွမ် စိတ်ဆိုးဒေါသထွက်ရခြင်းမှာမူ အခြေအနေမှာ တဖြည်းဖြည်းချင်း ပြင်းထန်လာနေပြီး ဆက်စပ်မှုမရှိသည့် ကိစ္စများတွင်ပါ သူ့အား တံဆိပ်ကပ်လာကြခြင်းကြောင့် ဖြစ်သည်။

“ဘာဖြစ်တယ်.. ဥက္ကဌလီက ပူးပေါင်းမှုအားလုံး ဖျက်သိမ်းလိုက်တယ် ဟုတ်လား.. သွားပြီး ရှင်းပြချည်.. ဘာ.. ငါတို့နံပါတ်ကို block လိုက်တယ် ဟုတ်လား..”

“သောက်ကျိုးနည်း.. အဲ့ ခွေးကောင်ကျန်း ဖောက်ပြန်တဲ့ ကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ..”

“အဲဒီလူတွေ ရူးသွားကြတာလား.. ကိစ္စအားလုံး ငါ့ခေါင်းပေါ် ပုံချနေကြတယ်..”

“ဘာဖြစ်တယ်.. ငါတို့ တိုင်ကြားခံရတယ် ဟုတ်လား.. ဘယ်သူက တိုင်တာတဲ့လဲ..”

နာရီပိုင်းလေး အတွင်းမှာပင် ဥက္ကဌဟွမ် ကမ္ဘာပျက်သယောင် ဖြစ်သွားသည်။

ယခင်က ညှိနှိုင်းထားသော ပူးပေါင်းမှုကိစ္စများ တစ်ခုပြီးတစ်ခု ပယ်ဖျက်သွားကြသည်။ ပြိုင်ဘက်ကုမ္ပဏီများ၏ ထိုးနှက်ခြင်းအားလည်း ခံရသည်။

“ငါတို့က မကောင်းဆိုးဝါးမွေးတာလိုမျိုး ရွံစရာကိစ္စတွေ ဘယ်တော့မှ မလုပ်ဘူး..”

ထိုသို့ပြောနေစဉ် ပြိုင်ဘက်ကုမ္ပဏီများသည် ယွမ်ယန်၏ ဖောက်သည်များအား လုယူသွားသည်။ ကုမ္ပဏီအား အဘက်ဘက်မှ တိုင်ကြားရန်လည်း မလွတ်စေရပေ။

ကုမ္ပဏီတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေတော့သည်။

ဥက္ကဌဟွမ် အလွန်အမင်း စိတ်ထိခိုက်နေပြီး ခုခံနိုင်စွမ်း မရှိဟူသော စကား၏ အဓိပ္ပါယ်အား အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။

သူ ရုတ်တရက် နောင်တရမိသည်။

ကုရှင်းရှစ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ သိလိုက်ရသည်။ အနာဂတ်တွင် ကုရှင်းရှစ်ရှေ့မှ ဖြတ်မလျှောက်မိရန်ပင် သတိပြုရမည်။

ထိုအချိန်မှာပင် မှတ်ချက်တစ်ခု ပေါ်လာသည်။

[အဲဒီ ကုမ္ပဏီက သူ့ရဲ့လူတွေကိုပါ ဆွဲချမယ်လို့ ထင်ကြလား.. မှတ်မိသလောက်ဆို ရှန့်ယွဲ့ချင် ပွဲဦးမထွက်ခင်က ဖျော်ဖြေရေးလောကရဲ့ အမျှော်လင့်ဆုံး လူသစ်တစ်ယောက် ဖြစ်ခဲ့တာလေ.. ဒါပေမဲ့ ပွဲဦးထွက်ပြီးတော့ ကောလာဟလတွေက အဆက်မပြတ်ပဲ.. သူ့ရဲ့ ကံကောင်းခြင်းတွေ စုပ်ယူခံလိုက်ရသလိုမျိုး..]

များမကြာမီ 10086 ၏ ပြန်လည်ဖြေကြားချက်ကြောင့် ထိုမှတ်ချက်မှာ ထိပ်ဆုံးသို့ တွန်းပို့ခံလိုက်ရသည်။

[ရှန့်ယွဲ့ချင် : သမိုင်းမှာ ကံအဆိုးဆုံး စတေးခံသိုးလေး..]

အင်တာနက်အသုံးပြုသူများ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ များမကြာမီ စုံစမ်းထောက်လှမ်းရေး ကျွမ်းကျင်သူတစ်စုသည် သဲလွန်စများအား ဆက်စပ်ရှာဖွေနိုင်ခဲ့သည်။

[အတွင်းသတင်း.. တကယ်တော့ ရှန့်ယွဲ့ချင်က အဖွဲ့သားတွေရဲ့ ရှောင်ဖယ်ခံရတာ.. ဒါပေမဲ့ သတင်းတွေက ပြောင်းပြန်လုပ်ပြီး ရှန့်ယွဲ့ချင်ကို အနိုင်ကျင့်သူလို့ ပုံဖော်လိုက်ကြတယ်.. တကယ်တမ်း တိုက်ခိုက်ခံရတာက ရှန့်ယွဲ့ချင်.. ဒါပေမဲ့ ဇာတ်ကြောင်းက ပြောင်းပြန်ဖြစ်သွားပြီး သူက ရန်လိုတဲ့သူ ဖြစ်လာတယ်..]

[ပွဲဦးမထွက်ခင်က ကိစ္စတချို့ကို ရှာတွေ့ခဲ့တယ်.. ရှန့်ယွဲ့ချင်က တော်တော်လေး တက်ကြွတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာ.. သွက်သွက်လက်လက်လေး.. ဒါပေမဲ့ နှစ်တွေကြာလာတော့ သူ့မျက်လုံးထဲက အလင်းရောင်လည်း မှေးမှိန်သွားတော့တယ်.. ဟင်းးး]

[ငါက တကယ်တော့ ရှန့်ယွဲ့ချင် မျက်နှာကြောင့် အမြဲပဲ ရူးသွပ်နေခဲ့တာ.. ဒါပေမဲ့ သူ့ပရိသတ် ဖြစ်လာမယ်ကြံတိုင်း မကောင်းတာတစ်ခုခု ဖြစ်လာတယ်.. အခုတော့ ကိစ္စတစ်ခုလုံးက ကြောက်ဖို့ကောင်းတယ်လို့ တွေးနေမိပြီ..]

[ငါကတော့ သူ့ရဲ့ ကောလာဟလအားလုံးကို ရှာကြည့်ခဲ့တယ်.. ငလူး.. ကောလာဟလ အားလုံးနီးပါးက သူ့ကုမ္ပဏီက ထွက်လာတာချည်းပဲ.. ပါဝင်ပတ်သက်တဲ့ တစ်ဖက်အနုပညာရှင်တွေက ရှန့်ယွဲ့ချင်ကို မြင့်မြင့်မားမား တွေးထားကြပုံရတယ်.. သံသယဝင်ဖို့ကောင်းတယ် မဟုတ်လား.. ဟမ့်..]

[ယွမ်ယန်အင်တာတိန်းမန့်က သူ့ကိုယ်ပိုင် အနုပညာရှင်ရဲ့ မကောင်းသတင်းကို ဘာကြောင့်များ လူသိရှင်ကြား ဖော်ထုတ်ရတာလဲလို့ အမြဲပဲ သိချင်ခဲ့တာ.. သူတို့က ဂုတ်သွေးစုပ်နေကြတာကိုး.. ရှန့်ယွဲ့ချင် ထွက်သွားချင်တာလည်း အံ့ဩစရာ မရှိတော့ပါဘူးလေ..]

[သနားစရာ ပေါင်ပေါင်း.. လှပတဲ့ နတ်သားလေး.. သူအများကြီး ဖြတ်ကျော်ခဲ့ရပြီ.. ငါ့ရင်တွေ ကွဲနေပါပြီ..]

*

ယွမ်ယန်အင်တာတိန်းမန့်မှာ အတော်‌လေး မယုံကြည်နိုင်ဘဲ ရှိလေသည်။

ဤသည်မှာ သူတို့ မြင်ဖူးသမျှထဲ အကြမ်းတမ်းဆုံး နာမည်ရှင်းလင်းရေး နည်းလမ်းဖြစ်သည်။

ဒီတော့ ရှန့်ယွဲ့ချင်မှာ အပြစ်ကင်းကြောင်းပြဖို့ ကောလာဟလတွေ အများကြီး ရှိနေတယ်ပေ့ါ.. ဒါဆိလည်း သက်သေပြဖို့ မကြိုးစားတော့ဘူး..

အဲဒီအစား သူ့ကို စွန်းထင်းစေတဲ့ မကောင်းဆိုးဝါး ကုမ္ပဏီကိုပဲ ဖော်ထုတ်တာပေါ့.. ဒီလိုနဲ့ တခြားသူတွေက သူ့ဘာသာ ဖော်ထုတ်ကြလိမ့်မယ်..


 

Search Novels