🍉🍉🍉🍉 အခန်း ၇၁


ရွှေကြာပန်းဆုပေးပွဲပြီးနောက် ချင်ဝမ်က ရုတ်တရက် ဖိတ်ကြားချက်များစွာ လက်ခံရရှိခဲ့သည်။

မဂ္ဂဇင်းကုမ္ပဏီအချို့မှ မျက်နှာဖုံးရှင်အဖြစ် ရိုက်ကူးရန် သံလွင်ခက်များကိုင်းကာ ဖိတ်ကြားလာသည်။

ချင်ဝမ်က လတ်တလော နာမည်ကြီးဒရာမာ၏ ဒုတိယအမျိုးသားဇာတ်လိုက်နေရာ၌ သရုပ်ဆောင်ခွင့်ရခဲ့သော်ငြား ဖျော်ဖြေရေးလောက၏ လူသစ်တစ်ဦးသာ ဖြစ်နေသေးသည်။ ယင်းမှာ အမှန်တကယ်ကိုပင် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

ဖက်ရှင်လောက၌ ပွဲဦးထွက်ပုံရိပ်မှာ လွန်စွာအရေးကြီးသည်။

ဖက်ရှင်အမြင်မရှိသူ သို့မဟုတ် 'ဆင်မလိုက်သူ'ဟု တံဆိပ်ကပ်ခံရသည်လျှင် အနာဂတ် ဖက်ရှင်အရင်းအမြစ်များအပေါ် သက်ရောက်မှု ပြင်းထန်နိုင်သည်။

ကုရှင်းရှစ်က ထိုသို့သောအရာမျိုး ဖြစ်ခွင့်မပေးနိုင်ချေ။

ထို့ကြောင့် သူ၏ အနုပညာရှင်များအား အလွန်အမင်း လွတ်လပ်ခွင့်ပေးသည်မှအပ နောက်ပိုင်း၌ ထူးထူးခြားခြား တင်းကြပ်လာသည်။ ချင်ဝမ်၏ အစားအသောက်နှင့် လေ့ကျင့်ခန်းတို့အား ထိန်းချုပ်လိုက်သည်။

ချင်ဝမ်မှာ မူလကတည်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ ထို့ကြောင့် ရိုက်ကူးမည့်နေ့၌ ချင်ဝမ်က အလွန်ကောင်းမွန်သည့်အခြေအနေ၌ ရှိနေသည်။

ကုရှင်းရှစ်သည် ချင်ဝမ်အား အဖော်ပြုကာ စတူဒီယိုသို့ စောစီးစွာ ရောက်လာခဲ့သည်။

ချင်ဝမ်က ဤရိုက်ကူး‌ရေး၌ ပုံစံ ၃ မျိုး ရိုက်ကူးရမည်ဖြစ်သည်။

မိတ်ကပ်ပညာရှင် အေမီနှင့် စတိုင်လစ် အန်ကျဲတို့က Boy Group နှင့် အတူတွဲ၍ လုပ်ကိုင်ဖူးသည်။ ကုရှင်းရှစ်သည် သူတို့နှစ်ဦးအား အချိန်အတော်ကြာကတည်းက မှတ်မိနေခြင်းဖြစ်သည်။ တွေ့ဆုံချိန်၌ ကုရှင်းရှစ်က နွေးထွေးပျူငှာစွာ နှုတ်ဆက်စကားပြောသည်။
“အစ်မအေမီ.. အစ်ကိုအန်.. ထပ်တွေ့ပြန်ပြီ..”

“ဥက္ကဌကု.. ဒီနေ့ ရိုက်ကူးမှာက ဥက္ကဌရဲ့ အနုပညာရှင်ပေါ့..”
နှစ်ဦးသား အံ့အားသင့်စွာ ပြောသည်။

“ဟုတ်ပါတယ်.. နှစ်ယောက်စလုံးကို အလုပ်ရှုပ်စေမိမှာပဲ..”

ကုရှင်းရှစ်က ချင်ဝမ်အား ရှေ့သို့ဆွဲခေါ်ပြီးနောက် အေမီတို့နှင့် ရယ်ရယ်မောမော စကားပြောနေသောကြောင့် ရယ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

အလုပ်ပင်ပန်းသည့် နေ့ရက်များ၌ ခံ့ညားချောမောပြီး သာယာနာပျော်ဖွယ် အသံရှိသည့် လူငယ်လေးတစ်ဦးနှင့် မဆုံတွေ့ချင်သူဟူ၍ မရှိပေ။ အလုပ်မှရရှိသည့် ပင်ပန်းမှုအားလုံးမှာ ကုရှင်းရှစ်ကြောင့် အဝေးသို့ လွင့်စင်သွားသလိုပင်။

ထို့နောက် ပြင်ဆင်လာသည့် ကော်ဖီအား ကမ်းပေးလိုက်သည်။
“ကော်ဖီ ယူလာခဲ့တာပါ.. အစ်မအေမီအတွက်က အမေရိိကာနို အေးအေးလေး.. အစ်ကိုအန်အတွက်က လက်တေးနှစ်ဆ.. ကျွန်တော် မှတ်မိတာ မှန်ရဲ့လား..”

“ကွက်တိပဲ.. ဘုရားရေ.. ဥက္ကဌကုကတော့ တို့တွေရဲ့ ကော်ဖီအကြိုက်ကိုပါ မှတ်မိနေတော့တာပဲ..”
အေမီက ကုရှင်းရှစ်၏ စဉ်းစားပေးတတ်သော စိတ်ထားကြောင့် အံ့ဩနေမိသည်။

အသေးစိတ်အချက်အလက်များအား လျစ်လျူရှုခြင်းကြောင့် ပြဿနာများစွာ ဖြစ်ပေါ်လာတတ်ကြောင်း ကုရှင်းရှစ် သိထားပြီးဖြစ်သည်။ ထို့ကြောင့် ကိစ္စကြီးများအား ဖမ်းဆုပ်နေစဉ် အခြားအရာများကိုလည်း အာရုံစိုက်မှု မပျက်စေရပေ။

ထို့အပြင် သူကိုယ်တိုင်လည်း လုပ်ငန်းလုပ်နေသူတစ်ဦး ဖြစ်သောကြောင့် အခြားသူများ၏ ခံစားချက်များအား နားလည်သိရှိထားသည်။ အခြားသူများအား အကြင်နာထား၍ လေးစားမှုပေးခြင်းမှာ ခက်ခဲသည့်အရာ မဟုတ်သောကြောင့် ထိုသို့ မလုပ်နိုင်စရာ အကြောင်းမရှိချေ။

ထို့ကြောင့် စနောက်ဟန်ဖြင့် ပြောလိုက်သည်။
“ဒီနေ့က ချင်ဝမ်ရဲ့ ပထမဆုံးအကြိမ် မဂ္ဂဇင်း မျက်နှာဖုံးရိုက်ဖူးတာလေ.. အဲဒါကြောင့် အရမ်းပဲ ကြည့်ကောင်းအောင် ကြိုးစားပေးဖို့ အစ်မတို့ကို လာဘ်ထိုးလိုက်တာ..”

ကုရှင်းရှစ်က သူ့ရည်ရွယ်ချက်အား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိုက်သည့်တိုင်အောင် ပို၍ပင် နှစ်လိုဖွယ်ကောင်းလာစေသည်။

အေမီက မရယ်ဘဲ မနေနိုင်တော့ချေ။ 
“မစိုးရိမ်ပါနဲ့ ဥက္ကဌကုရဲ့.. တို့နဲ့သာ စိတ်ချထားလိုက်..”

အဝတ်လဲခန်းအတွင်းရှိ လေထုမှာ ရွှင်မြူးတက်ကြွမှု အပြည့်ပင်။

အေမီနှင့် အန်ကျဲတို့က မျှော်လင့်ထားသည့်အတိုင်း အစွမ်းကုန် ကြိုးစားပေးခဲ့ကြသည်။

ချင်ဝမ်သည် ကောင်းမွန်သော အရိုးအဆစ်တည်ဆောက်ပုံနှင့် အသားအရေရှိပြီးဖြစ်သည်။ အခြေခံကောင်းပြီးဖြစ်သောကြောင့် အေမီက မိတ်ကပ်ရွေးချယ်မှု၌ တွန့်ဆုတ်မနေတော့ချေ။ သူမက တွေ့ရခဲသည့် ခေတ်ရှေ့ပြေးပုံစံကို ရွေးချယ်လိုက်ပြီး ချင်ဝမ်သည်လည်း ထိုပုံစံနှင့် တမူထူးစွာ လိုက်ဖက်မှုရှိလေသည်။

အန်ကျဲက မိတ်ကပ်ပုံစံနှင့် ကိုက်ညီမှုရှိမည့် ဆံပင်စတိုင်အား ပြုပြင်ပေးသည်။

ချင်ဝမ် အဝတ်လဲခန်းအတွင်းမှ ထွက်လာချိန်တွင် အလွန်အမင်း မျက်စိဖမ်းစားနိုင်လေသည်။

လုံးလုံးကွဲပြားသွားသည့် ကိုယ်ရောင်ကိုယ်ဝါကြောင့် ကုရှင်းရှစ်ပင်လျှင် မမှတ်မိနိုင်လောက်အောင် ဖြစ်သွားသည်။

အေမီက စိတ်လှုပ်ရှားစွာဖြင့် ဖုန်းဖြင့် ဓာတ်ပုံအချို့ ရိုက်ယူလိုက်သည်။
“ဒီမျက်နှာလေးကတော့ လုံးဝ အသက်ရှူမှားလောက်တယ်..”

အန်ကျဲသည်လည်း စိတ်ကျေနပ်စွာဖြင့် ချင်ဝမ်အား အဓိက ကိုယ်နေဟန်ထားအချို့အား အသေးစိတ် ညွှန်ပြပေးလိုက်သည်။

မူလတွင် အန်ကျဲက ထိုသို့ညွှန်ပြပေးရန် တာဝန်ရှိသူ မဟုတ်ချေ။ သို့သော် ဥက္ကဌကု၏ နှစ်လိုဖွယ်ကောင်းမှုနှင့် ချင်ဝမ်၏ ထူးချွန်ပြောင်မြောက်မှုတို့အား မည်သူမှ မခုခံနိုင်ပေ။

ပြင်ဆင်မှုပြီးစီးသည့်နောက် စတူဒီယိုမှာလည်း အဆင်သင့်ဖြစ်ပြီဖြစ်သည်။

စတူဒီယိုရှိရာသို့ ဦးတည်လိုက်ကြသည်။

အကြည့်တစ်ချက်နှင့်ပင် ပစ္စည်းကိရိယာများအား ချိန်ညှိနေသည့် ဓာတ်ပုံဆရာအား ကုရှင်းရှစ် သတိပြုမိလိုက်သည်။ ထိုသူမှာ တွေ့မြင်နေကျသူ မဟုတ်ပေ။

ထို့ကြောင့် ခေတ္တမျှ ကြောင်အသွားပြီးနောက် မေးလိုက်သည်။
“ဒီနေ့ ရိုက်ပေးမှာက မင်လောင်ရှီး မဟုတ်ဘူးလား..”

အေမီနှင့် အန်ကျဲသည်လည်း ဓာတ်ပုံဆရာအား မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ကြပြီး အေမီမှပြောသည်။
“မင်လောင်ရှီးက သိပ်မကြာသေးခင်ကမှ ထိခိုက်ထားတာ.. ဒီနေ့ရိုက်ကူးမဲ့သူက တခြားတစ်ယောက်ဖြစ်မယ်လို့ ထင်ထားတာ.. ဒါပေမဲ့ ဘာကြောင့် သူလဲ..”

သူမ၏ နောက်ဆုံးစကားမှာ အတော်လေး တိုးသော်ငြား ကုရှင်းရှစ် ကြားနိုင်ဆဲဖြစ်သည်။ သူမ၏ လေသံအရ တစ်စုံတစ်ခု မူမမှန်ကြောင်း အာရုံခံမိသဖြင့် မေးလိုက်သည်။
“ဒီဓာတ်ပုံဆရာက ဘယ်သူလဲ အစ်မ..”

“သူ့နာမည်က တန့်ယန်.. တို့တွေ မဂ္ဂဇင်းရဲ့ ဓာတ်ပုံဆရာတစ်ယောက်ပဲ..”
အေမီက ဆက်မပြောခင် ချီတုံချတုံ ဖြစ်နေမိသည်။
“သူနဲ့ဆို မင်း သတိထားဖို့ လိုလိမ့်မယ်.. သူက အထက်ဖား အောက်ဖိ သဘောမျိုးရှိတယ်.. နာမည်ကြီးအနုပညာရှင်တွေကို ရိုက်ကူးရင် အရမ်းပဲ ရိုသေလေးစားပြီး အလေးအနက်ထားပေမဲ့ နာမည်မရှိတဲ့သူတွေကိုဆို သာမန်ပဲ ဆက်ဆံတတ်တယ်..”

အေမီက စကားထိန်းပြောနေခြင်း ဖြစ်သော်ငြား ကုရှင်းရှစ်သည် သူမစကားများ၏ အနက်အဓိပ္ပါယ်အား နားလည်သဘောပေါက်သည်။

ရိုက်ကူးမှုစတင်ချိန်၌ တန့်ယန်က ပီကေဝါးကာ နေရာတစ်နေရာတည်း၌ ရပ်ကာ ရိုက်ကူးပြီး အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိချေ။ မုန့်ယွမ်ရှန့်တို့၏ Boy Group အား ရိုက်ကူးပေးခဲ့သည့် ဓာတ်ပုံဆရာနှင့် နှိုင်းယှဉ်ပါက ဤဓာတ်ပုံဆရာမှာ အတော်လေး ပရော်ဖက်ရှင်နယ် မဆန်ဘဲ ကျင့်ဝတ်သိက္ခာမဲ့သူဖြစ်သည်။ 

ဓာတ်ပုံများထွက်လာချိန်၌ ကောင်းသည့်ပုံ တစ်ပုံမှ မရှိချေ။

ဓာတ်ပုံအချို့မှာ ချင်ဝမ်အား အတော်လေး ရုပ်ဆိုးသွားစေပြီး ၁.၈ မီတာမြင့်သည့်သူအား ၁.၆ မီတာခန့်သာ ရှိပုံပေါ်စေသည်။

မိတ်ကပ်၊ ဆံပင်နှင့် အဝတ်အစားများအား ပေါ်လွင်စေခြင်း မရှိသည့်အပြင် အေမီ သူမ၏ ဖုန်းနှင့် ရိုက်ယူထားသော ဓာတ်ပုံအချို့ကိုပင် မယှဉ်နိုင်ချေ။

တန့်ယန်က ပျင်းရိစွာဖြင့် ကင်မရာအား ချလိုက်ပြီးနောက် ချင်ဝမ်အား နောက်ထပ်တစ်စုံလဲရန် ပြောလိုက်သည်။

ကုရှင်းရှစ်က စိတ်ခံစားချက်များအား ဖိနှိပ်ကာ တန့်ယန်အနီးသို့ ချဉ်းကပ်သွားသည်။
“တန့်လောင်ရှီး.. ဒီဝတ်စုံနဲ့ပဲ နောက်ထပ် ပုံနည်းနည်းလောက် ထပ်ရိုက်ပေးလို့ရမလား.. ကျွန်တော်တို့ ပိုကောင်းတဲ့ပုံတွေ ရိုက်နိုင်တာလည်း ဖြစ်နိုင်တယ်လေ..”

“မင်းက ဘယ်သူလဲ..”
တန့်ယန်က မကျေနပ်စွာဖြင့် ခေါင်း‌မော့လိုက်သည်။
“ငါက မင်းရဲ့ အကြံဉာဏ်ကို လိုအပ်လို့လား.. မင်းမကြိုက်ရင် ထွက်သွားလိုက်..”

ချင်ဝမ်၏အမူအရာက ပြောင်းလဲသွားပြီး ရှေ့တက်မည် ပြင်စဉ်မှာပင် ကုရှင်းရှစ်၏တားဆီးခြင်း ခံလိုက်ရသည်။

ကုရှင်းရှစ်က ဒေါသအား ထိန်းချုပ်ကာ တည်ငြိမ်စွာဖြင့် တန့်ယန်နှင့် ညှိနှိုင်းရန် ကြိုးစားသည်။

အဆုံးတွင် အေမီနှင့် အန်ကျဲတို့၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် တန့်ယန်သည် ရိုက်ချက်အနည်းငယ် ထပ်မံရိုက်ကူးရန် စိတ်မပါစွာဖြင့် သဘောတူရတော့သည်။

များစွာ အာရုံစိုက်ထားခြင်း မရှိသည့်တိုင်အောင် ပုံများမှာ အတော်လေး သဘာဝကျကျ ထွက်လာသည်။

သို့သော် ကျန်ရှိသည့် ဝတ်စုံ ၂ စုံအတွက်မူ တန့်ယန်သည် ဝတ်ကျေတမ်းကျေသာလျှင် ရိုက်ကူးပေးတော့သည်။

အေမီနှင့် အန်ကျဲက တန့်ယန်၏ အပြုအမူအား ကောင်းစွာသိရှိထားသောကြောင့် ကူကယ်ရာမဲ့နေမိသည်။ ထို့ကြောင့် ကုရှင်းရှစ်အား နှစ်သိမ့်ပေးရုံသာ တတ်နိုင်သည်။
“သူက ဒီလိုပါပဲ.. စိတ်ထဲ မထားပါနဲ့.. ပြီးတော့ ဓာတ်ပုံဆရာ အသိုင်းအဝိုင်းမှာ သူက နေရာတစ်ခုရှိပြီး နာမည်ကြီးအနုပညာရှင်တော်တော်များများနဲ့လည်း ဆက်ဆံရေးကောင်းတယ်လေ.. အယ်ဒီတာချုပ်တောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး..”

“တကယ်တော့ ဒီနေ့ရိုက်ကွင်းက အဲလောက်ကြီး ဆိုးတာ မဟုတ်ပါဘူး.. အရင်ကဆို ဒီထက်တောင် ဆိုးခဲ့သေးတာ.. ပထမဆုံး မျက်နှာဖုံးအတွက် သင့်တော်တဲ့ပုံ နည်းနည်းတော့ ရခဲ့သေးတယ်လေ.. သူ့ကိုသာ ပြစ်မှားမိရင် ဓာတ်ပုံရွေးတဲ့အပိုင်းနဲ့ ထုတ်လုပ်တဲ့အပိုင်းမှာ ပိုပြီးတောင် ပြဿနာများနိုင်သေးတယ်..”

“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက်တည်းပါ.. မင်လောင်ရှီးပြန်ကောင်းလာတာနဲ့ သူပဲ တာဝန်ယူ ရိုက်ကူးရမှာ.. ဥက္ကဌကု.. သည်းခံလိုက်ပါ..”

အေမီနှင့် အန်ကျဲတို့၏ ဖျောင်းဖျမှုကြောင့် ကုရှင်းရှစ် စိတ်မတိုတော့ချေ။ သူတို့ပြောစကားများမှာ မှန်ပြီး ဤတစ်ကြိမ်သာ သည်းခံရန် လိုအပ်သည်။

သို့သော် ပြဿနာမှာ ထိုမျှနှင့် မပြီးချေ။

တစ်ရက်ကြာပြီးနောက် ချင်ဝမ်၏ ပထမဆုံးဓာတ်ပုံများ အွန်လိုင်းပေါ်၌ ပျံ့နှံ့လာပြီး ထိုပုံများမှာ တန့်ယန် ရိုက်ကူးထားသည့် ပုံများထဲမှ အလွန်ဆိုးဝါးသောကြောင့် ပယ်ထားသော ဓာတ်ပုံများဖြစ်သည်။

တန့်ယန်၏ အင်စတာဂရမ်သို့ သွားမေးချိန်၌ မမျှော်လင့်စွာပင် မေးခွန်းအား ပြန်ဖြေသည်မှာ..
“သူက ဒီလိုပုံပဲကို.. ဘယ်လိုလုပ်ပေးရမှာလဲ..”

တန့်ယန်သည် အဆိုပါမှတ်ချက်အား များမကြာမီ ပြန်ဖျက်လိုက်သော်ငြား အင်တာနက်အသုံးပြုသူများမှာမူ မှတ်ချက်အားသိမ်းကာ ဝေ့ပေါ်ပေါ်၌ ပြန်လည်ဖြန့်ဝေကြသောကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။

ချင်ဝမ်ကို မုန်းတီးသူများ ချက်ချင်း ပေါ်ထွက်လာသည်။

အင်တာနက်အသုံးပြုသူများ၏ မှတ်ချက်များ..

[ကျွတ်.. ကျွတ်.. ပရိသတ်တွေက သူ့ကို မှင်တက်သွားစေနိုင်တဲ့ အလှလေးဘာလေးနဲ့ အလွန်အကျူးတွေ ချီးမွမ်းခန်းဖွင့်ထားကြတာ မဟုတ်ဘူးလား.. ဒီမျက်နှာကို ကြည့်ပြီးတာတောင် အဲလိုပြောနိုင်သေးလား..]

[ချင်ဝမ်ရဲ့ ခန္ဓာကိုယ်က ကြောက်ဖို့ကောင်းလိုက်တာ.. ၅-၅ ခန္ဓာကိုယ်အချိုးအစားများလား..]

[ဟာသပဲ.. ပြည်တွင်းဖျော်ဖြေရေးလောကထဲက နောက်ထပ် ရုပ်ဆိုးကောင်တစ်ကောင်..]

ပုံမှန်အတိုင်းပင် ပရိသတ်များမှာ ဒေါသတကြီး ဖြစ်ကုန်ကြသည်။ Haterများနှင့် အငြင်းပွားနေစဉ် မဂ္ဂဇင်း၏ ဝေ့ပေါ်သို့သွားကာ ဖြေရှင်းချက်ပေးရန် တောင်းဆိုကြသည်။

ကုရှင်းရှစ်က ချင်ဝမ်အတွက် တရားမျှတမှု ရှာပေးရန် မဂ္ဂဇင်းတိုက်သို့ တိုက်ရိုက်သွားသည်။

အယ်ဒီတာချုပ်၏ ရှင်းပြချက်အရ တန့်ယန်သည် ဓာတ်ပုံများအား တည်းဖြတ်ရန် လက်ထောက်ထံသို့ လွှဲပေးခဲ့သော်ငြား လက်ထောက်သည် နမော်နမဲ့နိုင်စွာဖြင့် ပယ်ထားသော ဓာတ်ပုံများအား ဖျက်ရန် မေ့သွားခဲ့သည်။ အဆိုပါဓာတ်ပုံများမှာလည်း public cloud ဖြင့် ချိတ်ဆက်ထားသောကြောင့် ပျံ့သွားခဲ့ရခြင်း ဖြစ်သည်။ ဤအဖြစ်အပျက်ပြီးနောက် မဂ္ဂဇင်းသည် တန့်ယန်၏လက်ထောက်အား အလုပ်ထုတ်ပစ်ခဲ့သည်။

တကယ်တမ်း၌ မတည်းဖြတ်ရသေားသည့် ဓာတ်ပုံများ ပျံ့သွားခြင်းမှာ ပြဿနာကြီးတစ်ခု မဟုတ်သလို သေးငယ်သော ပြဿနာလည်း မဟုတ်ချေ။ သို့သော် အဓိကပြဿနာမှာ တန့်ယန်၏ မှတ်ချက်ဖြစ်သည်။

ကုရှင်းရှစ်က ရှားရှားပါးပါး ခေါင်းမာစွာ မေးလိုက်သည်။
“ခင်ဗျားတို့ မဂ္ဂဇင်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲ..”

အယ်ဒီတာချုပ်မှာ အကျိုးအကြောင်းသင့်သူ ဖြစ်သောကြောင့် သူတို့၏ အမှားအား သိသဖြင့် တန့်ယန်အား ဖိအားပေး တောင်းပန်စေသည်။

သို့သော် ပျက်စီးဆုံးရှုံးမှုမှာ ဖြစ်သွားပြီးဖြစ်သည်။ ပို၍အ‌ရေးကြီးသည်မှာ ပထမဆုံးသွင်ပြင်အား ဖော်ထုတ်ပြီးဖြစ်သောကြောင့် မျက်နှာဖုံးအတွက် အသုံးမပြုနိုင်တော့ပေ။ ကျန်ရှိသည့် ဝတ်စုံနှစ်စုံအတွက်မူ ကုရှင်းရှစ်မှာ သူတို့နှင့် ဆွေးနွေးလိုစိတ်ပင် မရှိတော့ချေ။

ထို့အပြင် တဖြည်းဖြည်း အချိန်ကုန်လာပြီး သူတို့ထံ၌ ၄၈ နာရီသာ ကျန်ရှိတော့သည်။

အချိန်တိုအတွင်း အသိအမှတ်ပြုနိုင်လောက်သော ဓာတ်ပုံများအားရိုက်ကူးနိုင်မည့် နာမည်ကျော် ဓာတ်ပုံဆရာအား ရှာဖွေရန်မှာ အလွန်ခက်လှသည်။

အယ်ဒီတာချုပ်သည် လူသိနည်းသည့် ဓာတ်ပုံဆရာတစ်ယောက်ယောက်အား ငှားရမ်းရန်နှင့် ရိုက်ကွင်းတစ်ခုလုံးအား အမှားအယွင်းမရှိစေရန် စောင့်ကြည့်ပေးမည်ဟု ကတိပေးလာသည်။

သို့သော် ကုရှင်းရှစ် ငြင်းပယ်လိုက်သည်။

ယင်းမှာ အယ်ဒီတာချုပ်အား မယုံကြည်သောကြောင့် မဟုတ်ဘဲ ချင်ဝမ်၏ ပုံရိပ်အား သက်ရောက်မှု ဖြစ်စေသောကြောင့်ပင်။ အဆိုပါလွှမ်းမိုးမှုအား ပယ်ဖျက်ရန် အကောင်းဆုံးနည်းလမ်းမှာ ပို၍ အရည်အသွေးကောင်းမွန်သော ဓာတ်ပုံများ ရိုက်ကူးခြင်းပင်ဖြစ်သည်။

ထိုအကြောင်း တွေးမိပြီးနောက် ကျိဝမ်ရှုအား ဆက်သွယ်လိုက်သည်။

ကျိဝမ်ရှုသည် ဖက်ရှင်လောကနှင့် ပတ်သက်၍ အတော်လေး နှံ့စပ်သူဖြစ်သောကြောင့် အဆက်အသွယ်များစွာရှိသည်။

ထို့အပြင် သူမက သစ္စာရှိကာ ဖြောင့်မတ်သူလည်းဖြစ်သည်။ ကုရှင်းရှစ်၏ ပြဿနာအား ကြားပြီးသည်နှင့် အချိန်မဆိုင်းဘဲ ကွန်ပျူတာအား ဆွဲယူလိုက်သည်။

သူမ၏ ကွန်ပျူတာထဲ၌ ဓာတ်ပုံဆရာများနှင့် သူတို့ သဘောကျနှစ်သက်သည့် ရိုက်ကူးပုံများအား စာရင်းပြုစုထားသည်။
“ဒီတစ်ယောက်ဆိုရင်ရော.. သူကတော့ လူကောင်းပါ.. ကျွန်မနဲ့လည်း တော်တော်လေး ရင်းနှီးတယ်.. သူဆိုရင်တော့ ကူညီနိုင်မှာပါ..”

“သူ(မ)ကလည်း ကောင်းတာပဲ.. လူသစ်ဆိုပေမဲ့ သူ့ရဲ့ ရိုက်ကူးတင်ဆက်ပုံက ကောင်းပြီးတော့ ဈေးနှုန်းလည်း မမြင့်ဘူး..”

ကျိဝမ်ရှုသည် ဓာတ်ပုံဆရာများအား ရတနာများ ရောင်းချသကဲ့သို့ သူတို့၏ အားသာချက်နှင့် ရိုက်ကူးပုံကို ရှင်းပြလေသည်။ သူတို့၏ ကိုယ်ရေးအကျဉ်းအောက်တွင် ယခင်အလုပ်အချို့ကိုပါ ထည့်သွင်းဖော်ပြထားသည်။

သို့သော် ထိုထဲ၌ ကုရှင်းရှစ် လိုချင်သည့်ပုံစံမျိုး မရှိချေ။

အကြည့်တစ်ချက်တည်းနှင့် လူများအား ဖမ်းစားနိုင်မည့် ဓာတ်ပုံများကိုသာ လိုချင်သည်။ မှင်တက်တွေဝေသွားစေပြီး မကောင်းသည့် လွှမ်းမိုးမှုအား လုံးလုံးလျားလျား ချေဖျက်နိုင်မည့် ဓာတ်ပုံမျိုး ဖြစ်သည်။

အဆုံးသို့မရောက်မီ ကုရှင်းရှစ်၏ အကြည့်များ ရုတ်တရက် ရပ်သွားသည်။

ဤကိုယ်ရေးအကျဉ်းမှာ အလွန်အမင်း ရိုးရှင်းပြီး နာမည်တစ်ခုတည်းသာ ပါရှိသည်။ 
အက်ဒမ်အက်စ်ရစ်ဒ်..

သို့သော် အောက်ဘက်ရှိ ဓာတ်ပုံများမှာမူ ကုရှင်းရှစ်၏ အာရုံအား ဆွဲဆောင်လိုက်နိုင်သည်။

ရိုက်ချက်များမှာ ရဲတင်းပြီး စိတ်ကူးယဉ်ဆန်သည်။

ထို့အပြင် ဓာတ်ပုံဆရာသည် ရိုက်ကူးမည့်မော်ဒယ်၏ အလှအပအား မည်သို့ဖော်ပြရမည်ကိုလည်း အမှန်တကယ် သိသူဖြစ်သည်။ ဓာတ်ပုံတစ်ပုံချင်းစီတိုင်းမှာ ပန်းချီရေးဆွဲထားသကဲ့သို့ လှပပြီး အကြည့်မလွှဲနိုင်အောင် ဖြစ်စေသည်။

သူက ကိုယ်ရေးအကျဉ်းအား ညွှန်ပြကာ ကျိဝမ်ရှုအား မေးလိုက်သည်။
“သူကရော..”

ကျိဝမ်ရှု ခေါင်းယမ်းလိုက်သည်။
“သူက မရိုက်ဘူး..”

“ဘာလို့လဲ..”

“ဥက္ကဌကုက အမြင်ကောင်းရှိတာပဲ.. အက်ဒမ်က ပြည်တွင်းက ထိပ်တန်းဓာတ်ပုံဆရာလေ.. လူတွေကို ရိုက်တဲ့နေရာမှာ နာမည်ကြီးပဲ.. အစောပိုင်းနှစ်တွေတုန်းက ဒဏ္ဍာရီဆန်တဲ့ ဓာတ်ပုံတော်တော်များများကို ရိုက်ခဲ့တယ်.. ဒီနေ့အထိတောင် အဲဒီပုံတွေကို ကျော်လွန်နိုင်တဲ့သူ မရှိသေးဘူး..”

ကျိဝမ်ရှု သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး အက်ဒမ်က အလှပုံတွေ မရိုက်တော့ဘူး..”

ကုရှင်းရှစ် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။ သင့်တော်သည့် ဓာတ်ပုံဆရာအား ရှာတွေ့ချိန်တွင် ထိုသူမှာ လူများအား ဓာတ်ပုံမရိုက်တော့ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် အကြောင်းအရင်းအား မေးကြည့်လိုက်သည်။
“ဘာဖြစ်လို့ လူတွေကို မရိုက်တော့တာတဲ့လဲ..”

“ကျွန်မလည်း အဲဒါတော့ သေချာမသိဘူး.. ကောလာဟလတွေကတော့ အမျိုးမျိုး ပျံ့နေတာပဲ.. တချို့ပြောတာတော့ အက်ဒမ်ရဲ့ ချစ်သူက တခြားတစ်ယောက်နဲ့ လက်ထပ်သွားလို့ ဝမ်းနည်းကြေကွဲနေပြီး ကောင်းမွန်တဲ့ ဓာတ်ပုံတွေ မရိုက်ကူးနိုင်တော့တာတဲ့.. အဲဒါကြောင့် နှုတ်ထွက်လိုက်တာလို့ ပြောတယ်.. တခြားသူတွေကတော့ အက်ဒမ်နဲ့ သူ့ချစ်သူက လက်ထပ်ကာနီးဆဲဆဲမှာ ချစ်သူက သေသွားခဲ့တယ်.. သူ(မ)ရဲ့ နောက်ဆုံးပုံတွေကို အက်ဒမ်က ရိုက်ကူးခဲ့တာကြောင့် နောက်ထပ်ပုံတွေကို မရိုက်နိုင်တော့တာတဲ့..”

မည်သို့ပင်ဖြစ်စေ အဆိုပါကောလာဟလများမှာ နေရာအနှံ့မှ ပျံ့နှံ့လာခြင်းဖြစ်ပြီး အချစ်ဇာတ်လမ်းများကိုသာ အခြေခံထားသည်။

ထိုအချိန်မှာပင် စနစ်၏ ဆူဆူညံညံအသံ ထွက်ပေါ်လာသည်။
[အဲဒီစကားတွေအားလုံး အမှားတွေ..]

[မင်းက အဖြစ်မှန်ကို သိထားလား..]
ကုရှင်းရှစ် မေးလိုက်သည်။

[သိတာပေါ့.. တကယ်က အက်ဒမ် အလှပုံတွေ မရိုက်ကူးနိုင်တဲ့ အဓိက အကြောင်းအရင်းက သူက အတော်လေး အယူသီးအစွဲအလမ်းကြီးတဲ့သူ ဖြစ်နေလို့ပဲ..]

[?]

[သူ့ရဲ့ ပထမဆုံး ရိုက်ကွင်းတုန်းက အသက် ၂၀ ပဲ ရှိသေးတာ.. သူက အရမ်းပဲ စိုးရိမ်နေတော့ ဝိုင်တစ်ပုလင်းဝယ်လိုက်တယ်.. ဝိုင်သောက်ပြီးတော့ စိတ်ကူးတွေ ကွန့်မြူးလာတယ်လေ.. အဲဒါနဲ့ ဓာတ်ပုံတွေကလည်း ကောင်းကောင်းမွန်မွန် ထွက်လာတော့တယ်.. အဲဒီကတည်းက အလှပုံတွေ မရိုက်ခင် အဲဒီဝိုင်တစ်ပုလင်းသောက်တဲ့ အကျင့်ဖြစ်လာတော့တာပဲ.. အဲဒီဝိုင် မရှိဘဲ အလှပုံတွေ မရိုက်နိုင်ဘူး..]

[??]

[လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဝိုင်ထုတ်တဲ့စက်ရုံက ဖျက်သိမ်းလိုက်တော့ အက်ဒမ်က အဲဒီဝိုင်ကို မဝယ်နိုင်တော့ဘူး.. အဲဒါကြောင့် အလှပုံတွေ ဆက်မရိုက်နိုင်တော့တာ.. အတော်လေး စိတ်ဖိစီးခဲ့ပေမဲ့ ဒီအကြောင်းကို တခြားသူတွေကို ပြောဖို့ကိုလည်း ရှက်တယ်လေ.. ဒါနဲ့ပဲ အချိန်ကြာလာတော့ လူတွေက နားလည်မှုလွဲသွားတော့တာပဲ..]

[???]

အဆိုပါ အချစ်ဇာတ်လမ်းများ နောက်ကွယ်ရှိ ဖြစ်ရပ်မှန်မှာ ဝိုင်လုပ်ဝန်းဒေဝါလီခံသွားသောကြောင့် ဖြစ်သည်။

ဟာသပဲ..

[စနစ်ရေ.. အဲဒီဝိုင်လုပ်ငန်းက ဒေဝါလီခံပြီးတော့ ဘာဆက်ဖြစ်သွားလဲဆိုတာ သိလား..]

[သေချာပေါက် သိတာပေါ့.. အဲဒီတုန်းက ဝိုင်လုပ်ငန်းက မူလပိုင်ရှင်ရဲ့ ငွေကြေးအလွဲသုံးစားလုပ်မှုကြောင့် ဒေဝါလီခံသွားတာလေ.. ပြီးတော့ ကုန်ကြမ်းတွေမှာလည်း ပြဿနာရှိတယ်ဆိုပြီး သတင်းပို့တိုင်ကြားခံလိုက်ရတယ်.. ဒါပေမဲ့ ဝိုင်ချက်လုပ်တဲ့နည်းကတော့ မပျောက်သွားဘူး.. နောက်ပိုင်းကျ မူလလုပ်ကိုင်သူတွေက ပြန်စခဲ့ကြတယ်.. ဒါပေမဲ့ သူတို့က တံဆိပ်နာမည်နဲ့ ထုပ်ပိုးမှုပုံစံကို ပြောင်းပစ်လိုက်ကြတယ်..]

[အခု နာမည်က ဘာတဲ့လဲ..]

[အရင်က ‘ယိခိုပိုင်ကျို့’ လို့ခေါ်ပေမဲ့ အခုကျ ‘ယိခိုကန်းပေ့’ လို့ ခေါ်တယ်..]

[...]

ထိုနာမည်အား ကုရှင်းရှစ် မှတ်မိသည်။ စူပါမားကတ်များ၌ ရောင်းချပြီး တစ်ပုလင်းလျှင် ၂၅ ယွမ် ပေးရသည်။

အက်ဒမ် ထိုအကြောင်းအား အခြားသူများကို ပြောရန် ရှက်ရွံ့သည်မှာ အံ့ဩဖွယ် မကောင်းတော့ချေ။

နာမည်မှာ အတော်လေး အဆင့်မရှိပုံပေါ်သည်။ 

ကျိဝမ်ရှု၏ မျက်နှာပေါ်ရှိ ဝမ်းနည်းကြေကွဲပုံအား မြင်သည့်အခါ ကုရှင်းရှစ်က သူမအား အမှန်တရား‌ မပြောနိုင်တော့‌ချေ။

လည်ချောင်းရှင်းရန် ချောင်းဟန့်ပြီးနောက် မေးလိုက်သည်။
“အက်ဒမ်က အခုဘယ်မှာလဲဆိုတာ သိလား..”

ကျိဝမ်ရှု ကြောင်အသွားသည်။
“သူ့ကို ရှာချင်သေးတာလား..”

“ကျွန်တော်လည်း မတတ်နိုင်ဘူးလေ.. သူက အသင့်တော်ဆုံး ဖြစ်နေတာကိုး.. ပြီးတော့ ကျွန်တော်က မကြိုးစားကြည့်ဘဲ အရှုံးပေးတတ်တဲ့သူ မဟုတ်ဘူး.. သူ ချင်ဝမ်ကို မြင်တဲ့အချိန်ကျ ဓာတ်ပုံရိုက်ချင်စိတ် ပေါ်လာမလား မပြောနိုင်ဘူးလေ..”

ကျိဝမ်ရှုက ကုရှင်းရှစ်အား ကြိုးစားဖျောင်းဖျသော်ငြား ဆုံးဖြတ်ချက် ပြတ်သားနေပုံကို မြင်သည့်အခါ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ဥက္ကဌကု ဆန္ဒရှိတယ်ဆိုတော့လည်း ကျွန်မ မတားတော့ပါဘူး.. အက်ဒမ်က ပြည်တွင်းက ကျွန်းတစ်ခုခုမှာ အပန်းဖြေခရီးထွက်နေလောက်တယ်.. သူ့ကို ဆက်သွယ်နိုင်မဲ့သူ တစ်ယောက်ယောက် ရှိမလားလို့ ကျွန်မ ကြိုးစားကြည့်ပါဦးမယ်..”

ကုရှင်းရှစ် ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်..”


🍉🍉🍉🍉 အခန်း ၇၂


ကျိဝမ်ရှုအား နှုတ်ဆက်စကားပြောပြီးနောက် ကုရှင်းရှစ်က ဝိုင်ဝယ်ရန် အောက်ထပ်ရှိ စူပါမားကတ်သို့ ဦးစွာသွားခဲ့သည်။ ထို့နောက် ချင်ဝမ်အားခေါ်ကာ လေဆိပ်သို့ တိုက်ရိုက်သွားလေသည်။

ကုရှင်းရှစ် အက်ဒမ်အား ရှာဖွေရန် ကြိုးစားနေသည့် သတင်းမှာ ဓာတ်ပုံဆရာအသိုင်းအဝန်း၌ ပျံ့နှံ့သွားသည်။

တန့်ယန်က သူငယ်ချင်းများနှင့်အတူ ဘား၌ ပျော်ပါးနေခြင်းဖြစ်သည်။ ထိုသတင်းအား ကြားချိန်၌ ဝါးလုံးကွဲ ရယ်မောလိုက်သည်။
“အက်ဒမ်ကို ရှာနေတာတဲ့လား.. သူက အရူးလား.. အက်ဒမ်က အလှပုံတွေ မရိုက်တော့တာ ကြာလှပြီကို လူတိုင်းသိတယ်..”

“သေချာတာတော့ မဟုတ်ဘူး..”
တန့်ယန်၏ သူငယ်ချင်းတစ်ဦးမှ ပြောသည်။
“အဲဒီ ဥက္ကဌကုက တစ်ခုခုပဲလို့ ရုပ်ရှင်လောကမှာရှိတဲ့ ငါ့သူငယ်ချင်းတွေကပြောတယ်.. နောက်ခံတစ်ခုခု ရှိနေတယ်တဲ့.. အက်ဒမ်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာတွေ့ရင်လည်း တွေ့သွားမှာပေါ့..”

တန့်ယန်က လှောင်ရယ်လိုက်သည်။
“အရင်က ရုပ်ရှင်ဘုရင်မချူ တောင်မှ အက်ဒမ်ကို စိတ်လှုပ်ရှားအောင် မလုပ်နိုင်တာ.. သူက ဘယ်လိုလုပ်နိုင်မှာတဲ့လဲ.. ငါပြောလိုက်မယ်.. သူ အက်ဒမ်ကို ရလာရင် ဓာတ်ပုံလောက,ကနေ ငါ ချက်ချင်း နှုတ်ထွက်မယ်..”

*

ကျိဝမ်ရှု ပေးသည့် လိပ်စာအတိုင်း ကုရှင်းရှစ်သည် အက်ဒမ် တည်းခိုသည့် ဟိုတယ်အား ရှာတွေ့လိုက်သည်။

အက်ဒမ်မှာ အရပ်မြင့်မြင့်နှင့် ချောမောခံ့ညားသူဖြစ်သည်။ ရွှေအိုရောင်ဆံပင်ရှည်များအား နောက်တွင်စုချည်ထားပြီး အပြာရောင်မျက်လုံးများမှာ စိတ်အားငယ်နေပုံရသည်။ ထို့ကြောင့် အချစ်နာကျနေသည်ဟု အထင်မှားခံရခြင်းဖြစ်သည်။

ကုရှင်းရှစ်အား မြင်သည့်အခါ မျက်လုံးများ အရောင်လက်လာပြီး ထို့နောက် ကုရှင်းရှစ်ဘေးရှိ ချင်ဝမ်အား မြင်လိုက်သည်။

ချင်ဝမ်၏ အသွင်အပြင်အား မြင်သည့်အခါ ဓာတ်ပုံဆရာတစ်ဦး၏ စိတ်ကူးဉာဏ်များ ချက်ချင်းကွန့်မြူးလာသည်။

လျှပ်တပြက်အတွင်းမှာပင် အက်ဒမ်၏ စိတ်ထဲ၌ ချင်ဝမ်နှင့် သင့်တော်မည့် ပုံစံများနှင့် ကိုယ်နေဟန်ထားများအား မြင်ယောင်လာသည်။

သို့သော်..

လက်ရှိအချိန်တွင် သူ့အား စိတ်ကျေနပ်စေနိုင်မည့် အလှပုံများအား ရိုက်ကူးနိုင်ခြင်း မရှိချေ။

သက်ပြင်းချကာ ကုရှင်းရှစ်အား ကြည့်လိုက်ပြီးနောက် ပေကျင်းလေသံဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောလိုက်သည်။
“ငါ့ကို ရှာနေတယ်ဆိုတာ မင်းလား..”

ကုရှင်းရှစ် ခေါင်းညိတ်လိုက်သည်။

ကုရှင်းရှစ်အားကြည့်လျက် အက်ဒမ်ပ စိတ်မဆိုးမိချေ။
“ငါက အလှပုံတွေ မရိုက်တော့ဘူးဆိုတာ မင်းသိသင့်တယ်..”

“အိုး.. ကျွန်တော်က ဓာတ်ပုံရိုက်ပေးနိုင်မလားလို့ မေးဖို့အတွက် ရောက်လာတာ မဟုတ်ပါဘူး..”
ကုရှင်းရှစ်က တည်ငြိမ်စွာပြောသည်။

ကုရှင်းရှစ်၏ စကားကြောင့် အက်ဒမ် သိချင်လာမိသည်။
“အိုး.. ဒါဆို ဘာလိုချင်လို့လဲ..”

“ကျွန်တော်က အက်ဒမ်ကို အရမ်းပဲ လေးစားတဲ့သူပါ.. ဒီနေ့ လူချင်းတွေ့လိုက်ရတော့ အရမ်းရင်းနှီးတယ်လို့ ခံစားမိတယ်..”

ကုရှင်းရှစ်က သူ့အနောက်ဘက်မှ “ယိခိုကန်းပေ့” တစ်ပုလင်း ထုတ်ယူလိုက်သည်။
“ကျွန်တော့် ဇာတိမှာ ဓလေ့တစ်ခုရှိတယ်.. ကိုယ်လေးစားတဲ့သူကို တွေ့ဆုံရင် သူနဲ့အတူ သောက်ရမယ်တဲ့..”

ကုရှင်းရှစ်ဘေး၌ ရှိသော ချင်ဝမ်မှာ မျက်လှည့်ဆန်စွာပင် ခွက် ၂ ခွက်အား ထုတ်ယူလိုက်သည်။ ဝိုင်အား ခွက်ထဲသို့ ငှဲ့ပြီးနောက် အက်ဒမ်ထံ ကမ်းပေးလိုက်သည်။
“အက်ဒမ်လောင်ရှီး.. ကျေးဇူးပြုပြီး..”

အက်ဒမ် : “???”

ဘာလား..

မင်းက ငါနဲ့သောက်ဖို့ ပေကျင်းကနေ ဒီအထိ ရောက်လာတာပေ့ါ ဟုတ်လား..

သို့သော် ကုရှင်းရှစ်၏ ရိုးသားမှုနှင့် လေးစားမှုတို့ ပြည့်နေသည့် မျက်နှာအား မြင်သည့်အခါ ယင်းမှာ မဖြစ်နိုင်စရာ မရှိချေ။

မည်သို့ပင်ဖြစ်စေ တရုတ်ပြည်မှာ ကျယ်ပြန့်ပြီး အမျိုးမျိုးသော ထူးခြားသည့် ဓလေ့ထုံးတမ်းများ ရှိသောကြောင့် အံ့ဩစရာတစ်ခု မဟုတ်‌ချေ။

နားဝေတိမ်တောင်ဖြင့် ဝိုင်ခွက်အား ယူလိုက်ပြီး ကုရှင်းရှစ်၏ အားပေးသော အကြည့်များအောက်၌ ခွက်တစ်ဝက်ခန့် သောက်လိုက်သည်။

အက်ဒမ်၏ ပါးစပ်ထဲ၌ ရင်းနှီးပြီးသားဖြစ်သော အရသာနှင့် ပြည့်သွားသည်။

ခဏလေး..

အက်ဒမ် ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာပြီး ကုရှင်းရှစ် လက်ထဲရှိ ပုလင်းအား ဆွဲယူလိုက်သည်။ နာမည်နှင့် ပုလင်းပုံစံမှာ သူမှတ်မိထားသည်နှင့် ကွဲပြားသော်ငြား အရသာကိုမူ ဘယ်တော့မှ မမေ့နိုင်ပေ။

ထိုအကြောင်းအား တွေးမိပြီးနောက် ပုလင်းလိုက်ဆွဲယူကာ မော့လိုက်သည်။

အချိန်တိုအတွင်းမှာပင် မျက်နှာတစ်ခုလုံး နီရဲကာ မျက်လုံးများ ရီဝေလာသည်။

ကုရှင်းရှစ်က မရဲတရဲ ခေါ်လိုက်သည်။
“အက်ဒမ်လောင်ရှီး..”

နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ရသော အလှပုံရိုက်ကူးလိုသည့် စိတ်ဆန္ဒတို့မှာ အရက်၏ လွှမ်းမိုးမှုအောက်၌ ရုန်းကြွလာတော့သည်။ အလှပုံများ ရိုက်ချင်စိတ်ကြောင့် ရူးသွပ်သွားလုမတတ်ပင်။ 

ထိုအချိန်မှာပင် ချင်ဝမ်အား မြင်လိုက်ရသည်။

အက်ဒမ်၏ သွေးကြောများအားလုံး ပွင့်ထွက်သွားသလိုပင်။

ထို့ကြောင့် နံဘေးတွင်ရှိသည့် ကင်မရာအား ကောက်ယူကာ ချင်ဝမ်အား ကိုယ်နေဟန်ထားများ စတင်ညွှန်ကြားတော့သည်။

ဝိုင်၏ သက်ရောက်မှုမှာ ထိုမျှမြန်ဆန်လိမ့်မည်ဟု ကုရှင်းရှစ် မမျှော်လင့်ထားချေ။

ထို့အပြင် သူတို့နှစ်ဦးမှာ လေဆိပ်မှ အပြေးအလွှား ရောက်လာခြင်း ဖြစ်သောကြောင့် ဆံပင်၊ မိတ်ကပ်၊ အဝတ်အစား ပြင်ဆင်ရခြင်း မရှိသေးချေ။ မိတ်ကပ်အနည်းငယ် လိမ်း၍ရသော်ငြား ယခုအခါ အပြင်ဘက်၌ ရှိနေခြင်းဖြစ်သောကြောင့် အလင်းချိန်ညှိရန်လည်း မဖြစ်နိုင်ပေ။

ဤအခြေအနေမှာ ပုံမှန်ဆိုလျှင် ဓာတ်ပုံရိုက်ကူးရန် မသင့်လျော်ချေ။

သို့သော် ဆရာမှာ ဆရာဖြစ်ကြောင်း ဝန်ခံရမည်။ ရှုပ်ပွနေသည့် ဆံပင်မှာ အက်ဒမ်၏ ကင်မရာထဲ၌ ကပိုကယိုအလှမျိုး ဖြစ်သွားပြီး ဟိုတစ်ကွက် ဒီတစ်ကွက် မိတ်ကပ်မှာလည်း အလင်းနှင့် အရိပ်အောက်တွင် နက်ရှိုင်းသည့် ဇာတ်လမ်းတစ်ခုသဖွယ် ခံစားချက်မျိုး ပေးလေသည်။

သစ်ပင်၊ သစ်ရွက်၊ ပန်းပွင့်၊ နေဝင်ချိန်အလင်းရောင် စသဖြင့် အရာအားလုံးမှာ အက်ဒမ်၏ ကျွမ်းကျင်မှုအောက်၌ အလင်းအမှောင်သဖွယ် လိုသလို အသုံးချခံလိုက်ရသည်။

ကုရှင်းရှစ် အံ့အားသင့်နေမိသည်။
“အက်ဒမ်လောင်ရှီး အရမ်းမိုက်တာပဲ..”

“လောင်ရှီး ဒီလိုမျိုး ရိုက်နိုင်တယ်ဆိုတာ တွေးကြည့်လို့တောင် မရဘူး.. လုံးဝ နတ်ဘုရားလိုပဲ..”

“ဘုရားရေ.. ဒီပုံလေးက အရမ်းလှလိုက်တာ.. အနုပညာလက်ရာတစ်ခုပဲ..”

ကုရှင်းရှစ်၏ စိတ်ရောကိုယ်ပါ တက်တက်ကြွကြွ ချီးကျူးစကားတို့ကြောင့် အက်ဒမ်က ပိုမိုစိတ်လှုပ်ရှားလာပြီး ပြောမပြတတ်သည့် ကျေနပ်မှုမျိုး ခံစားမိသဖြင့် ပထမဆုံး အလှပုံရိုက်ကူးချိန်သို့ ပြန်ရောက်သွားသလိုပင်။

သို့သော် ထိုစဉ်က မရင့်ကျက်မှုများနှင့် နှိုင်းယှဉ်လျှင် ယခုအခါ သူ၏ ရိုက်ချက်များမှာ ပို၍ သမ္ဘာရင့်လာပြီးဖြစ်သည်။ နှစ်ပေါင်းများစွာတိုင်အောင် ကြည့်လိုက်တိုင်း ကျေနပ်မှုကို ပေးစွမ်းနိုင်မည့် ဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဟူသော ခံစားချက်မျိုး ပေါ်လာသည်။

ဤရိုက်ကူးမှုမှာ ငါးနာရီ၊ ခြောက်နာရီမျှ ကြာမြင့်ခဲ့သည်။ အဆုံး၌ လူတိုင်း မောပန်းစွာဖြင့် မြေပြင်ပေါ်၌ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက်၌ အက်ဒမ်က မူးဝေစွာဖြင့် နိုးထလာသည်။

ကုရှင်းရှစ်မှာ အဝတ်အစားများ လဲပြီးဖြစ်သောကြောင့် အက်ဒမ်အား အမူးပြေစွပ်ပြုတ်တစ်ခွက် ကမ်းပေးလိုက်သည်။
“အက်ဒမ်လောင်ရှီး.. နေကောင်းရဲ့လား..”

အက်ဒမ်က ဗလာမျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။ အမူးပြေစွပ်ပြုတ် သောက်ပြီးချိန်မှသာ ယမန်နေ့က အဖြစ်အပျက်များ တစ်ခုချင်း ခေါင်းထဲပြန်ပေါ်လာသည်။ ထို့နောက် သူ့ဘေးရှိ ကင်မရာအား အလိုအလျောက် ကြည့်လိုက်မိသည်။

ကုရှင်းရှစ် လက်ပိုက်ကာ ပြောသည်။
“မနေ့က လောင်ရှီးကို လှည့်စားခဲ့မိလို့ တောင်းပန်ပါတယ်.. ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးဖို့အတွက် ရောက်လာခဲ့တာပါ.. လောင်ရှီး သဘောမတူမှာစိုးလို့ အခုလိုမျိုး စီစဉ်လိုက်ရတာပါ..”

အက်ဒမ် နားထင်အား လက်ဖြင့်ပွတ်လိုက်သည်။
“အလှပုံရိုက်ဖို့အတွက် ငါက ဝိုင်သောက်ဖို့လိုတယ်လို့ မင်း ဘယ်လိုသိလဲ.. ထားလိုက်ပါ.. ဒါက အရေးမကြီးဘူး.. ဒီဝိုင်ကို ဘယ်ကရှာတွေ့တာလဲ..”

“ပေကျင်းမှာရှိတဲ့ သာမန်စူပါမားကတ်တစ်ခုကပါ..”

“...”

ထို့နောက် ကုရှင်းရှစ်သည် သူတို့ လာရှာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

အက်ဒမ်မှာ ဖြောင့်မတ်သူဖြစ်သောကြောင့် ချက်ချင်းဆိုသလို ဓာတ်ပုံများအား ပေးလိုက်သည်။

ကုရှင်းရှစ် ဓာတ်ပုံများနှင့် ပေကျင်းသို့ ပြန်ရောက်ချိန်တွင် အယ်ဒီတာချုပ်မှာ ဒူးထောက်လုမတတ်ပင်။

မူလက သူမ၏အကြံအား ငြင်းပယ်ခဲ့ချိန်တွင် အတော်လေး မပျော်မရွှင်ဖြစ်မိသည်။ ထို့နောက် ကုရှင်းရှစ်သည် အလှပုံများရိုက်ရန် အက်ဒမ်အားရှာနေကြောင်း ကြားချိန်၌ စိတ်ကူးယဉ်နေသည်ဟု မှတ်ယူခဲ့သည်။

ဤလမဂ္ဂဇင်း မျက်နှာဖုံးမှာ ပျက်စီးသွားပြီဟု ထင်နေချိန်တွင် ကုရှင်းရှစ်က မမျှော်လင့်ဘဲ လုပ်နိုင်ခဲ့သည်။

ဓာတ်ပုံများမှာ အရည်အသွေးကောင်းလွန်းရုံသာ မကဘဲ အက်ဒမ်၏ ယခင်လက်ရာများထက်ပင် ပိုမိုကောင်းမွန်နေသည်ကို ပြောရန်ပင် မလိုချေ။

ဘယ်လိုနတ်ဘုရားမျိုးလဲ..

ယခု ကြုံတွေ့နေရသည့် ပြဿနာမှာ ဓာတ်ပုံအားလုံးမှာ ပြီးပြည့်စုံနေသောကြောင့် ရွေးချယ်ရာတွင် အခက်ကြုံနေရသည်။

သူမ မျှော်လင့်ထားသလိုပင် မဂ္ဂဇင်း ဖြန့်ချိီပြီးနောက် အလျင်အမြန် ရောင်းထွက်သွားသည်။

ချင်ဝမ်၏ ဓာတ်ပုံများမှာလည်း ဖျော်ဖြေရေးလောက၌ အထင်ကရ ဖြစ်လာသည်။ အမျိုးမျိုးသော ဖက်ရှင်အရင်းအမြစ်များ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသည်။

ယင်းမှာ မုန်းတီးသူများအား မျက်နှာဖြတ်ရိုက်လိုက်သလိုပင်။

ထိုဖြစ်ရပ်ပြီးနောက် တန့်ယန်မှာ မည်သည်အရာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေ၏။

မမျှော်လင့်စွာဖြင့် ချင်ဝမ်အား ရိုက်ကူးစဉ် သူ့အပြုအမူအား အဖွဲ့သားတစ်ဦးထံမှ ဖော်ထုတ်ခြင်း ခံလိုက်ရသည်။

ထို့နောက် သူနှင့်အတူ တွဲရိုက်ဖူးသော အနုပညာရှင်ငယ်လေးများသည်လည်း ရှေ့ထွက်ကာ တန့်ယန်သည် အထက်ဖား အောက်ဖိ စိတ်ဓာတ်ရှိသူဖြစ်ကြောင်း ပြောလာကြသည်။

အင်တာနက်အသုံးပြုသူများမှာ တန့်ယန်အား ဒေါသတကြီးဖြင့် သပိတ်မှောက်ကြတော့သည်။ တန့်ယန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် နာမည်ကျော် အနုပညာရှင်များသည်လည်း အကွာအဝေးတစ်ခု ခြားလိုက်ကြသည်။

အဆုံးတွင် သူက အရှက်ရစွာဖြင့် ဓာတ်ပုံလောကမှ နှုတ်ထွက်သွားရသည်။

ဖက်ရှင်လောကအား အကြီးကြီး ရိုက်ခတ်သွားစေသည်မှာ အက်ဒမ် အလှပုံများ ပြန်ရိုက်ပြီဆိုသော သတင်းပင် ဖြစ်သည်။

အမျိုးမျိုးသော အနုပညာရှင်များသည် ကုရှင်းရှစ်ထံမှတစ်ဆင့် အက်ဒမ်နှင့် ဆက်သွယ်နိုင်ရန် ကြိုးစားလာကြသည်။

သို့သော အခြားသူများမှာမူ များများစားစား မတွေးကြဘဲ အက်ဒမ်နှင့် ရိုက်ကူးနိုင်ရန် အခြားနည်းလမ်းများဖြင့် ကြိုးစားကြသည်။

ရိုက်ကူးမည့်နေ့၌ အက်ဒမ်သည် “ယိခိုကန်းပေ့” တစ်ပုလင်းသောက်ပြီးနောက် စတူဒီယိုသို့ ယုံကြည်မှုရှိရှိ ထွက်လာသည်။

သို့သော် ကင်မရာအား ကိုင်လိုက်သည့် အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားမိသည်။

အက်ဒမ်၏ဘေးရှိ မန်နေဂျာမှ အလျင်စလို မေးလိုက်သည်။
“အက်ဒမ်လောင်ရှီး.. ဘာဖြစ်လို့လဲ..”

အက်ဒမ်သည် ထိုနေ့က ချင်ဝမ်အား ရိုက်ကူးစဉ် အဖြစ်အပျက်တစ်ခုအားလုံး ပြန်လည်စဉ်းစားလိုက်သည်။ ထိုစဉ်က သူ၏နားထဲ၌ ကုရှင်းရှစ်၏ ချီးကျူးစကားသံများနှင့် ပြည့်နေခဲ့သောကြောင့် စိတ်ခံစားချက်များ ကောင်းလာသဖြင့် သူ၏ စိတ်အားထက်သန်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

ဝိုင်တစ်မျိုးတည်းနှင့် မလုံလောက်တော့ချေ။ ကုရှင်းရှစ်၏ ချီးကျူးစကားများ မရှိပါက ရိုက်ကွင်းတစ်ခုလုံး အသက်မဲ့နေမည်။

အက်ဒမ်က ကင်မရာအား ကောက်ယူပြီးမှ ပြန်ချလိုက်သည်။ ထို့နောက် လက်ဆန့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။
“မရိုက်နိုင်ဘူး.. တစ်ခုခု လိုအပ်နေတယ်..”

မန်နေဂျာက အလျင်စလို ပြောသည်။
“ဘာလိုတာလဲ မသိဘူး.. ကျွန်တော့်ကို ပြောပြပါ.. လောင်ရှီးအတွက် ကြိုးစားပြီး ရှာပေးပါ့မယ်..”

“ကုရှင်းရှစ်..”

မန်နေဂျာ : “???”

×××××

ထိုနေ့မှစ၍ ဖျော်ဖြေရေးလောက၌ ကောလာဟလအသစ်တစ်ခု စတင်ပျံ့နှံ့လာတော့သည်။

ကုရှင်းရှစ်သည် အက်ဒမ်အား စိတ်ကူးဉာဏ်ကွန့်မြူးစေနိုင်သော လာဘ်ကောင်ဖြစ်ပြီး ကုရှင်းရှစ် ရှိမှသာ အက်ဒမ်က ဓာတ်ပုံရိုက်ကူးနိုင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဓာတ်ပုံလောက၏ ထိပ်တန်းဓာတ်ပုံဆရာတစ်ဦးအနေဖြင့် အက်ဒမ်၏ အလှဓာတ်ပုံများ ပြန်လည်ရောက်ရှိလာခြင်းမှာ ဖက်ရှင်မဂ္ဂဇင်းများအားလုံး စိတ်လှုပ်ရှားလာကြသည်။

ယခင်က အက်ဒမ်ရိုက်ကူးပေးခဲ့သည့် ချင်ဝမ်၏ မျက်နှာဖုံးပုံမှာ အလယ်အလတ်တန်းစား မဂ္ဂဇင်းတစ်ခုအား ချက်ချင်းဆိုသလို ရောင်းထွက်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

အဆိုပါမဂ္ဂဇင်း၏ အယ်ဒီတာချုပ်သည် သူမ၏ အသိုင်းအဝိုင်းထဲရှိ လူများနှင့် တွေ့ဆုံချိန်တိုင်း၌ ထိုအကြောင်းအား ကြွားဝါလေ့ရှိသောကြောင့် အားလုံးက မနာလိုစိတ်ဖြင့် အံကြိတ်နေခဲ့ရသည်။ 
ဘာလို့များ အဲဒီတုန်းက ချင်ဝမ်ကို မျက်နှာဖုံးရှင်အဖြစ် မရွေးခဲ့မိတာလဲ… မဟုတ်ရင် ဒီလိုမျိုး အခွင့်အရေးကောင်းကြီးက ငါတို့ဆီကို ရောက်လာမှာ…

အထူးသဖြင့် ရောင်းချသည့် အရေအတွက်၊ ကျော်ကြားမှု၊ ပုံစံ စသဖြင့် အမြဲလိုလို အဘက်ဘက်မှ ယှဉ်ပြိုင်နေတတ်ကြသော ထိပ်တန်းအဆင့် ဖက်ရှင်မဂ္ဂဇင်းများအတွက်မူ မျက်နှာဖုံးဆိုသည်မှာ သူတို့အားလုံးအတွက် တိုက်ပွဲမြေပြင်တစ်ခုအလား ဖြစ်သည်။

ယခုအခါ သူတို့အချင်းချင်း ယှဉ်ပြိုင်နေစဉ် စာရင်းထဲပင် မရှိခဲ့သည့် မဂ္ဂဇင်းလေးမှ ကွင်းပြင်တစ်ခုလုံးအား တိတ်တဆိတ် သိမ်းပိုက်သွားသည်။

ဘယ်လိုလုပ်ပြီး ဒါကို သည်းခံနိုင်မှာလဲ..

အက်ဒမ်အား ရက်ချိန်းယူနိုင်ရန် ခက်ခဲသော်ငြား သူတို့အားလုံး၌ ကိုယ်ပိုင်နည်းလမ်းများ ရှိသောကြောင့် တစ်နည်းမဟုတ် တစ်နည်းနှင့် ရက်ချိန်းယူနိုင်ခဲ့ကြသည်။

သို့သော် ရက်ချိန်းယူပြီးသည့်နောက်၌ အားလုံး ကြောင်အသွားတော့သည်။
စိတ်ကူးဉာဏ်ကွန့်မြူးစေတဲ့ လာဘ်ကောင်က မန်နေဂျာတစ်ယောက် ဆိုတာမျိုးက ဘယ်မှာရှိလို့လဲ..

သို့သော် ပြီးပြည့်စုံမှုကိုသာ အလိုရှိသည့် အက်ဒမ်ကဲ့သို့သော အနုပညာရှင်တစ်ဦးအား ညှိနှိုင်းရန် မဖြစ်နိုင်ချေ။ ကုရှင်းရှစ်အား မရပါက မရိုက်ပေးနိုင်ဟု တိုက်ရိုက်ပင် ဆိုလေသည်။

မဂ္ဂဇင်းများမှာ ဘာမှမတတ်န်ိုင်တော့ပေ။ ရွေးချယ်ရန် မရှိဘဲ ရိုက်ကွင်း၌ ကုရှင်းရှစ် ပေါ်လာရန်သာ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြရသည်။

ကုရှင်းရှစ်က ယဉ်ကျေးမနေတော့ပေ။ မန်နေဂျာအဖြစ် အချိန်တစ်ခုကြာ လုပ်ကိုင်ပြီးနောက် တဖြည်းဖြည်းနှင့် ဤအလှည့်အပြောင်းများအား နားလည်လာပြီး သူနှင့် ထိုက်တန်သည့် အရင်းအမြစ်များအား ရယူရန် ရှက်မနေတော့ချေ။

အဆိုပါမဂ္ဂဇင်းများမှ ငွေကြေးပမာဏတစ်ခု ပေးရန် ဆန္ဒရှိသည့်တိုင်အောင် သူက ထိုလူများနှင့် မဆက်ဆံချေ။

မဂ္ဂဇင်းအချို့မှာ ယခင်က သူ၏ အနုပညာရှင်များအပေါ် ကြိုဆိုခဲ့ခြင်း မရှိသဖြင့် ကုရှင်းရှစ်သည် သူ့စာအုပ်လေးထဲ၌ တစ်ခုချင်းစီ ရေးမှတ်ထားသည်။

ထိုမဂ္ဂဇင်းများသည်လည်း စိုးရိမ်ပူပန်လျက် ရှိကြသည်။ အခြားမဂ္ဂဇင်းများသာ အက်ဒမ်နှင့် မျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးခွင့် ရသွားမည်ဆိုလျှင် ဖျော်ဖြေရေးလောက၌ သူတို့ မည်သို့ ဆက်လက်ရပ်တည်ရမည်မသိတော့ပေ။

သို့သော် ထိုလူများက ကုရှင်းရှစ်အား ဦးမညွှတ်လိုကြချေ။

ထို့ကြောင့် အက်ဒမ်အား စိတ်ကူးဉာဏ် ကွန့်မြူးလာစေရန် ကုရှင်းရှစ် မည်သို့ပြုလုပ်သလဲဆိုသည့် နည်းလမ်းများအား သိရရန် ရိုက်ကွင်းများသို့ လူများ ခိုးဝင်ကာ ကြည့်စေသည်။

ဖြစ်စဉ်တစ်ခုလုံးအား သိရှိလိုက်ရသည်။ ကုရှင်းရှစ်သည် အက်ဒမ်အား အဆက်မပြတ် ချီးကျူးပေးနေပြီး ချီးမွမ်းစကားများ ပိုမိုကြားရသည်နှင့်အမျှ အက်ဒမ်သည်လည်း ပိုမိုစိတ်လှုပ်ရှားလာကာ ရိုက်ကွင်းတစ်လျှောက်လုံးတွင် စိတ်အားထက်သန်မှု အမြင့်ဆုံးဖြင့် ရှိလေသည်။

ဪ.. ဒီတော့ ဒီလိုပေါ့..

လျှို့ဝှက်ချက်အား ရှာတွေ့သွားသည့် မဂ္ဂဇင်းများသည် ချက်ချင်းဆိုသလို မြှောက်ပင့်စကားများ ပြောဆိုရာ၌ အလွန်အမင်း ကျွမ်းကျင်ပိုင်နိုင်သည့် ဝန်ထမ်းများအား ပို့လွှတ်လိုက်ကြသည်။

သို့သော် ထိုသူတို့၏ ချီးမွမ်းစကားများအား နားထောင်ပြီးနောက် အက်ဒမ်က အမူအရာမဲ့စွာဖြင့် ရှိနေဆဲပင်။
“နိုး..”

အယ်ဒီတာချုပ်က ရူးသွပ်သွားလုမတတ်ပင်။
“ဘာလို့လဲ..”

အက်ဒမ်က အလွန်လေးနက်စွာ ပြောသည်။
“ဓာတ်ပုံပညာဆိုတာ အလှအပနဲ့ စိတ်ကူးစိတ်သန်းတွေကို ပေါင်းစပ်ထားတာပဲ.. ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာချုပ်တစ်ယောက်အနေနဲ့ ခင်ဗျားက ဒီလိုရိုးရှင်းတဲ့ အခြေခံအချက်ကိုတောင် နားမလည်ဘူးလား..”

ထိုစကားလုံးများမှာ အယ်ဒီတာချုပ်အား အထိနာစေပြီး ပရော်ဖက်ရှင်နယ်မဆန်ဟုပင် အခေါ်ခံလိုက်ရသည်။

အယ်ဒီတာချုပ်မှာ ပေါက်ကွဲသွားလုမတတ်ပင်။
အဲဒီလူက ရုပ်ဆိုးတယ်လို့သာ တည့်ပြောလိုက်ပါတော့လား..

သို့သော် ပြဿနာမှာ ကုရှင်းရှစ်ကဲ့သို့ ချောမောကြည့်ကောင်းကာ ချီးမွမ်းစကားများ ဝေဝေဆာဆာ ပြောတတ်သူအား မည်သည့်နေရာ၌ ရှာဖွေရမည်ကို မသိခြင်းပင်။

ထိုအဖြစ်အပျက်ပြီးနောက် ကုရှင်းရှစ်၏ တန်ဖိုးမှာ နောက်တစ်ကြိမ် မြင့်တက်သွားပြန်သည်။

မဂ္ဂဇင်းများမှာ ထိုသို့ဖြစ်နေ၍ အနုပညာရှင်များ၏ မန်နေဂျာများမှာ ပို၍ပင် အာရုံစိုက်လာကြသည်။

ထိုအချိန်မှာပင် ချင်ဝမ်၏ ဓာတ်ပုံများ ပျံ့နှံ့လာသည်။

ကုမ္ပဏီများမှာ သွားရည်တများများကျလျက် မနာလိုဖြစ်နေကြသည်။


🍉🍉🍉🍉 အခန်း ၇၃


ခြေသွက်လက်သွက် ရှိသူများက ကုရှင်းရှစ်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန် လှုပ်ရှားပြီးဖြစ်သည်။

အနည်းငယ် နှေးကွေးသူများမှာလည်း အရှုံးမပေးကြချေ။ ကုရှင်းရှစ် ပေါ်လာချိန်တိုင်း၌ ကုရှင်းရှစ်အား ချဉ်းကပ်ရန် အခွင့်အရေးအား စောင့်စားလျက်ရှိကြသည်။

ကုရှင်းရှစ်မှာ တဖြည်းဖြည်းနှင့် ဖက်ရှင်အသိုင်းအဝိုင်းထဲ၌ အကျော်ကြားဆုံးပုဂ္ဂိုလ် ဖြစ်လာတော့သည်။

ယခင်က ကုရှင်းရှစ်နှင့် ဆက်ဆံဖူးသော်ငြား ကောင်းမွန်သော ဆက်ဆံရေး မရှိခဲ့သော မန်နေဂျာအများစုမှာ အလွန်အမင်း နောင်တရနေကြသည်။ အထူးသဖြင့် [Boy Group Training Camp] ၌ ဝင်ရောက်ယှဉ်ပြိုင်ဖူးသော ကုမ္ပဏီငယ်လေးများမှ မန်နေဂျာများဖြစ်သည်။

ထိုစဉ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ပါဝင်ယှဉ်ပြိုင်စဉ် ကုရှင်းရှစ်မှာ တစ်ဦးတည်း အထီးကျန်နေတတ်သောကြောင့် မိတ်ဆွေဖွဲ့ရန် အကောင်းဆုံးသော အချိန်ဖြစ်သည်။ သို့သော် မန်နေဂျာအများစုသည် ကုရှင်းရှစ်အား အထင်သေးခဲ့ကြပြီး ပထမအဆင့်မှာပင် ထုတ်ပယ်ခံရမည်ဟု ထင်ခဲ့ကြသောကြောင့် ပတ်သက်ဆက်ဆံလိုခြင်း မရှိခဲ့ကြပေ။

ထိုစဉ်က ကုရှင်းရှစ်အား အဖော်ပြုပေးသူမှာ ယင်ဟယ်ဖုန်း တစ်ဦးတည်းသာလျှင် ဖြစ်သည်။ သူတို့သည် ယင်ဟယ်ဖုန်း၏ နိမ့်ပါးသော အကဲဖြတ်မှုကြောင့် ပြက်ရယ်ပြုခဲ့ကြပြီး အနာဂတ်မရှိသည့် ကုမ္ပဏီလေးမှ မန်နေဂျာတစ်ဦးနှင့် ပြောဆိုဆက်ဆံခြင်းဖြင့် သူ့ကိုယ်သူ နိမ့်ပါးအောင် ပြုလုပ်နေသည်ဟု ဆိုခဲ့မိကြသည်။

မမျှော်လင့်စွာပင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ အဆင့်ကောင်းကောင်းဖြင့် ပွဲဦးထွက်ခဲ့ကြပြီး တန်ဖိုးမှာလည်း အဆပေါင်းများစွာ မြင့်တက်လာခဲ့သည်။ ယခုအခါ ကုရှင်းရှစ်ထံ၌ အက်ဒမ်၏ မျက်နှာသာပေးမှုပါ ရရှိထားသောကြောင့် ဖက်ရှင်အသိုင်းအဝိုင်း၏ မျက်ရှုလေး ဖြစ်လာသဖြင့် လူအများ၏ မော့ကြည့်ခြင်းခံရသူတစ်ဦး ဖြစ်လာသည်။

ထိုသူများမှာ ယင်ဟယ်ဖုန်းအား ပို၍ပင် မနာလိုဖြစ်လာကြသည်။ 
အလားအလာရှိတဲ့ ကုန်ပစ္စည်းအပေါ်မှာ စောစောစီးစီး ရင်းနှီးမြှုပ်နှံထားတဲ့ အကျိုးကျေးဇူး‌ပေါ့လေ…

ကျိဝမ်ရှုမှာမူ ပို၍ပင် အံ့အားသင့်ဖွယ် ကောင်းလေသည်။

သူမက ကုရှင်းရှစ်အား သာမန်ကာလျှံကာ ကူညီပေးလိုက်ရုံသာဖြစ်ပြီး သူက အက်ဒမ်အား သိမ်းသွင်းကာ အမှန်တကယ် အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

၎င်းက နှစ်ပေါင်းများစွာအတွင်း မည်သူတစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့သော အလုပ်တစ်ခုလည်း ဖြစ်သည်။

ကုရှင်းရှစ်က တစ်ညတည်းနှင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 
ဘယ်လိုတောင် အံ့ဩဖို့ကောင်းလိုက်တဲ့ လူလဲနော်...

သူမ မူလက ဥက္ကဌဝမ်ကြောင့်သာ ကုရှင်းရှစ်နှင့် မိတ်ဆွေဖြစ်လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤအဖြစ်အပျက်ပြီးနောက် ကုရှင်းရှစ်မှာ မည်မျှအထင်ကြီးလေးစားဖွယ်ကောင်းသည့် လူတစ်ယောက်ဖြစ်မှန်း နားလည်သဘောပေါက်သွားတော့သည်။

ကုရှင်းရှစ်က ဥက္ကဌဝမ်၏ ထောက်ပံ့မှု မရှိလျှင်ပင် သူ့နည်းသူ့ဟန်ဖြင့် အောင်မြင်နိုင်သည်။

သူမ ရုတ်တရက် ဥက္ကဌဝမ်အား မနာလိုဖြစ်မိသည်။

ဥက္ကဌဝမ်သည် ချောမောလှပကာ လုပ်ရည်ကိုင်ရည်ရှိပြီး စိတ်သဘောထားကောင်းသည့် ချစ်သူကောင်လေးအား ပိုင်ဆိုင်ထားလေသည်။

အလုပ်အကြောင်း အစီရင်ခံနေသော စွန်းဟုန်ဖေးသည်လည်း ကျိဝမ်ရှုနှင့် အတွေးတူလေသည်။

ဥက္ကဌကု၏ အရည်အသွေးများ ပိုမိုထင်ရှား တောက်ပလာသည်နှင့်အမျှ ဥက္ကဌဝမ်၏ အချစ်ပြိုင်ဘက်များလည်း တိုးလာတော့မည်။
ချင်ဝမ်ကိုတောင် ခါချလို့မရတာ အခု အက်ဒမ်ပါ ရောက်လာပြီ..

ကံကောင်းစွာဖြင့် ဥက္ကဌဝမ်မှာ စောစောစီးစီး လှုပ်ရှားထားမိခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် အဆုံးမရှိပေါ်ထွက်လာနေသော ဆွဲဆောင်မှုလေးများကြောင့် ဥက္ကဌကု ထွက်ပြေးသွားနိုင်သည်။

ထိုအကြောင်း စဉ်းစားမိပြီး စွန်းဟုန်ဖေးက ရဲရဲရင့်ရင့် ရှေ့ထွက်လိုက်သည်။
“ဥက္ကဌဝမ်.. ကျွန်တော့်မှာ အဆိုပြုချက်တစ်ခု ရှိပါတယ်..”

ဝမ်ယွဲ့က မော့ကြည့်လိုက်သည်။
“ဘာ အဆိုပြုချက်လဲ..”

ဝမ်ယွဲ့၏ ဖျော့တော့သော မျက်လုံးများဖြင့် စိုက်ကြည့်ခံရချိန်တွင် မည်သူမဆို ခြိမ်းခြောက်ခံရသည်ဟု ခံစားရမည်ပင်။

စွန်းဟုန်ဖေး နောက်ဆုတ်သွားမိသည်။ သို့သော် ဥက္ကဌဝမ်နှင့် ဥက္ကဌကုတို့ အကျိုးအတွက် လုပ်နေခြင်းဖြစ်ကြောင်း အလျင်အမြန် အမှတ်ရလိုက်ပြီးနောက် သူက အားတင်းကာ ပြောလိုက်သည်။
“ဒီလိုပါ.. ချင်ဝမ်က ဥက္ကဌကုအပေါ် သစ္စာရှိပြီး အက်ဒမ်ကလည်း ဥက္ကဌကုကို ဆက်ဆံပုံက ကွဲပြားပါတယ်.. လက်ရှိအခြေအနေအရဆို ကျွန်တော်တို့က ဥက္ကဌကုနဲ့ ပိုပြီးပူးပေါင်းသင့်တယ်လို့ ထင်မိပါတယ်..”

အဓိပ္ပါယ်ကတော့ အရင်က ချင်ဝမ်ပဲရှိတာ.. အခုက အက်ဒမ်ပါ ရောက်လာပြီ.. နှစ်ယောက်လုံးက ဥက္ကဌရဲ့ အသည်းအသက်လေးကို မျက်စိကျနေပြီး ခိုးယူချင်နေကြတယ်.. ပူးပေါင်းဖို့ အခွင့်အရေးတစ်ခုရှာပြီး ဥက္ကဌကုနဲ့ ဆက်ဆံရေးကို နက်ရှိုင်းစေလိုက်.. ကိုယ့်ရဲ့ ပိုင်ဆိုင်ကြောင်းကိုပြပစ်လိုက်.. ဥက္ကဌဝမ် လုပ်ထားကွ..

စွန်းဟုန်ဖေး၏ စိတ်အားထက်သန်မှုအား ဝမ်ယွဲ့ နားမလည်နိုင် ဖြစ်ရသည်။

သို့သော် လတ်တလော ဖက်ရှင်အသိုင်းအဝိုင်းထဲ၌ ကုရှင်းရှစ် ဖန်တီးလိုက်သည့် လှိုင်းလုံးများအား သူလည်း သိရှိထားသည်။

ကုရှင်းရှစ်၏ အမည်အား ကြားလိုက်ရချိန်တိုင်းတွင် တစ်ဖက်လူမှာ မမျှော်လင့်ထားသည့် အံ့ဩဖွယ်ရာများ ယူဆောင်လာတတ်သည်။

ဤကဲ့သို့သော ထူးချွန်ပြောင်မြောက်သည့် အရည်အချင်းရှိသူအား လက်လွှတ်မခံသင့်ပေ။

ထိုအကြောင်း စဉ်းစားပြီးနောက် ဝမ်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“မင်း ပြောတာ မှန်တယ်.. ဒါဆိုလည်း မင်းပဲ ဆက်လုပ်လိုက်..”

စွန်းဟုန်ဖေး ပျော်ရွှင်မြူးထူးသွားလေသည်။
“မစိုးရိမ်ပါနဲ့ ဥက္ကဌဝမ်.. တာဝန်ကို ပြီးမြောက်အောင် ထမ်း‌ဆောင်ပါ့မယ်..”

ဝမ်ယွဲ့က စွန်းဟုန်ဖေး၏ စိတ်အားထက်သန်မှုအား ချီးကျူးကာ အားပေးစကား ပြောလိုက်သည်။

စွန်းဟုန်ဖေး အတော်လေး မြောက်ကြွမြောက်ကြွဖြစ်နေတော့သည်။

ဥက္ကဌဝမ်နှင့် ဥက္ကဌကု အကြားရှိ ချစ်ခြင်းအား အသက်ထက်ဆုံး ကာကွယ်ပေးသွားမည်ဟု လျှို့ဝှက်ကျိန်ဆိုလိုက်သည်။

*

ချင်ဝမ်က ထုတ်လုပ်ရေးအသစ်သို့ ဝင်ရောက်ရတော့မည် ဖြစ်၍ လတ်တလော အချိန်ဇယားမှာ အတော်လေး ပြည့်ကြပ်နေသောကြောင့် ကုရှင်းရှစ်သည်လည်း အလွန်အမင်း အလုပ်များနေသည်။

ထို့နေ့၌ ချင်ဝမ် အင်တာဗျူးပြီးနောက် ကုရှင်းရှစ်နှင့်အတူ မဂ္ဂဇင်းတိုက်မှ လမ်းလျှောက်ထွက်လာစဉ် ရုတ်တရက် ရပ်လိုက်ပြီး ထောင့်တစ်ခုသို့ ညွှန်ပြကာ မေးလိုက်သည်။
“ဥက္ကဌကု.. အဲဒါ အစ်မအေမီ မဟုတ်ဘူးလား..”

ကုရှင်းရှစ်က မက်ဆေ့ချ်တစ်ခုအား ပြန်ဖြေပြီးနောက် မော့ကြည့်လိုက်ရာ အမှန်တကယ်ပင် အေမီဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သို့သော် သူမအား ကြည့်ရသည်မှာ ယခင်ထက်ပို၍ မျက်တွင်းများ ချောင်ကျနေသည်။

ယခင်က ဓာတ်ပုံဆရာ တန့်ယန်ကြောင့် ချင်ဝမ် အင်တာနက်ပေါ်၌ အသရေဖျက်ခံရချိန်တွင် အေမီက သူမအကောင့်စစ်အားသုံးကာ ချင်ဝမ်ဘက်မှ ဖြေရှင်းပေးခဲ့သည်။ မိတ်ကပ်မပါသည့်တိုင်အောင် ကောင်းမွန်သော အသားအရေနှင့် ချောမောကြည့်ကောင်းသော ရုပ်ရည်အား ချီးကျူးခဲ့လေသည်။

ထိုစဉ်က အက်ဒမ် ရိုက်ကူးထားသော ဓာတ်ပုံများ ထွက်မလာသေးသောကြောင့် လိုအပ်ချိန်၌ ကူညီပေးလာသော အေမီ၏ အပြုအမူကြောင့် ချင်ဝမ်ရော ကုရှင်းရှစ်ပါ လေးလေးနက်နက် ကျေးဇူးတင်မိသည်။ ကုရှင်းရှစ်သည် အေမီအား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ကြောင်း မက်ဆေ့ချ်ပို့ပြီး နောက်တစ်ကြိမ်တွေ့လျှင် လက်ဆောင်တစ်ခု ယူလာခဲ့မည်ဟု ကတိပြုခဲ့သည်။

သို့သော် ယနေ့ အင်တာဗျူးရန် ရောက်ရှိလာချိန်တွင် အေမီအား မတွေ့မိချေ။ မိတ်ကပ်ပညာရှင်၏ အပြောအရ အေမီ ခွင့်ယူထားသည်ဟုဆိုသည်။ ထို့ကြောင့် ကုရှင်းရှစ်က များများစားစား မတွေးတော့ဘဲ သူမအား လက်ဆောင်ပေးပေးရန် အခြားသူကိုသာ အကူအညီ တောင်းလိုက်ရသည်။

ယခုအခါ အေမီအား ထိုကဲ့သို့ မြင်တွေ့ရသောကြောင့် တစ်ခုခု ဖြစ်နေပုံရသည်။

ကုရှင်းရှစ်၏ သံသယအား အာရုံခံမိသည်နှင့် စနစ်က ထွက်ပေါ်လာသည်။
[တကယ်ပဲ တစ်ခုခု ဖြစ်သွားတာ.. အရင်တုန်းက အေမီက မိတ်ကပ်ပညာရှင်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ဖူးတယ်လေ.. သူက အရမ်းပဲ ထူးချွန်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ မနာလိုခံရတယ်.. အဲဒီသူငယ်ချင်းက သူ့ရဲ့ မိတ်ကပ်ပစ္စည်းတွေကို လဲထားခဲ့တော့ သုံးတဲ့ မော်ဒယ်က မိတ်ကပ်နဲ့ ဓာတ်မတည့်မှုတွေ ဖြစ်ကုန်ရော.. သူက ပြိုင်ပွဲမှာ ရှုံးသွားရုံတင် မကဘဲ အဲဒီအကြောင်း ပျံ့သွားပြီးတော့ ကျင့်ဝတ်ပျက်ပြားတယ်ဆိုပြီး မေးခွန်းထုတ်ခံရတယ်.. အဲဒီအကျိုးဆက်က လက်ရှိအလုပ်ကိုပါ ထိခိုက်လာတော့တာပဲ..]

ကုရှင်းရှစ် မျက်မှောင်ကြုတ်လိုက်သည်။

ချင်ဝမ်အား နေရာတွင် စောင့်နေရန် လက်ဟန်ပြပြီးနောက် အေမီထံသို့ လျှောက်သွားသည်။
“အေမီ.. အစ်မ အဆင်ပြေရဲ့လား..”

အေမီက ကုရှင်းရှစ်မှန်း သိပြီးနောက် အားတင်းကာ ပြုံးပြလိုက်သည်။
“ဥက္ကဌကု..”

ကုရှင်းရှစ် ခေတ္တမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။
“မိတ်ကပ်ပညာရှင်ပြိုင်ပွဲအကြောင်း ကျွန်တော် ကြားပါတယ်..”

အေမီ ချက်ချင်းပင် ဖြူဖျော့သွားသည်။
“ဥက္ကဌကု.. ကျွန်မ တကယ်မဟုတ်ပါဘူး..”

“မစိုးရိမ်ပါနဲ့.. ကျွန်တော်က အစ်မကို သံသယမဝင်ပါဘူး..”
ကုရှင်းရှစ် သူမအား နှစ်သိမ့်ပေးလိုက်သည်။
“ကျွန်တော်တို့ အကြိမ်ပေါင်းမနည်းဘူး အတူတူ တွဲလုပ်ဖူးတာပဲလေ.. အစ်မက ပရော်ဖက်ရှင်နယ် ဆန်တဲ့သူ ဟုတ်မဟုတ် ကျွန်တော် မသိဘဲ နေမလား..”

အေမီ၏ မျက်လုံးများ ရဲလာပြီးနောက် တီးတိုးပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဌကု..”

နှစ်သိမ့်စကားလေး တစ်ခွန်းပင်လျှင် သူမအား အလွန်အမင်း ကျေးဇူးတင်မိစေသည်။

သို့သော် ကုရှင်းရှစ်က ဆက်ပြောသည်။
“အစ်မ ပြိုင်ပွဲမှာတုန်းက လီလီလို့ခေါ်တဲ့ မိတ်ကပ်ပညာရှင် ရှိလား..”

အေမီ ခေါင်းညိတ်လိုက်သည်။
“လီလီက ကျွန်မ သူငယ်ချင်းပါ.. ဒီအဖြစ်အပျက်ပြီးတော့ ကျွန်မကို ယုံကြည်ပေးတဲ့သူက သူတစ်ယောက်တည်းရှိတာ.. ကျွန်မကိုလည်း နှစ်သိမ့်ပေးသေးတယ်..”

ကုရှင်းရှစ် သတိပေးလိုက်သည်။
“ကျွန်တော် ကြားတာကတော့ သူမက အစ်မနဲ့ ပတ်သက်ပြီး မကောင်းသတင်းတွေ လိုက်ပြောနေတယ်တဲ့.. အစ်မ မိတ်ကပ်လောကထဲ နောက်ထပ်ခြေမချနိုင်အောင် လုပ်ချင်တယ်လို့လည်း ပြောတယ်တဲ့.. အစ်မက အဲလောက်ကြီး နမော်နမဲ့နိုင်တဲ့သူ မဟုတ်မှန်း ကျွန်တော်သိတယ်.. ဒါပေမဲ့ တစ်ယောက်ယောက်က အကွက်ချ ကြံစည်ထားတာ ဆိုရင်ရော..”

အေမီ ကြောင်အသွားသည်။
“မဟုတ်ဘူး.. မဖြစ်နိုင်ဘူး.. ကျွန်မတို့က သိလာတာ နှစ်ပေါင်းများစွာ ကြာပြီ.. လီလီ.. သူက..”

အေမီ ပြောနေရင်း ရပ်သွားသည်။

ထိုစဉ်က သူမ၏ မိတ်ကပ်အိတ်မှာ သူမနှင့်သာ တစ်လျှောက်လုံး ရှိနေခဲ့သည်။ သန့်စင်ခန်းသွားချိန်မှသာ မိတ်ကပ်အိတ်အား လီလီနှင့် ထားခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်ပြီးနောက် လီလီအား တစ်ကြိမ်မျှပင် သံသယမဝင်ခဲ့ဘဲ မိတ်ကပ်ပစ္စည်းများ မှားယူလာခြင်းဖြစ်မည်ဟုသာ တွေးမိခဲ့သည်။ သို့သော် ပြိုင်ပွဲမစမီ အကြိမ်ပေါင်းများစွာ စစ်ဆေးးခဲ့ကြောင်း သေချာသိသည်။ ထို့ကြောင့် အမှားအယွင်း မရှိနိုင်ချေ။

ကုရှင်းရှစ်က ထပ်ပေါင်းပြောသည်။
“ကျွန်တော် သိသလောက်ဆိုရင် ဒီတစ်ကြိမ် အစ်မရဲ့ယှဉ်ပြိုင်မှုက အရမ်းပဲ ကောင်းခဲ့တယ်.. ဒီအဖြစ်အပျက်သာ မရှိရင် ချန်ပီယံဖြစ်မှာ သေချာတယ်.. စဉ်းစားကြည့်ပါဦး.. ဒီအဖြစ်အပျက်မှာ အကျိုးအမြတ် အများဆုံးရတာ ဘယ်သူလဲ..”

ထိုအချိန်မှာပင် အေမီက ကုရှင်းရှစ်၏ စကားများအား တဖြည်းဖြည်းချင်း စတင်ယုံကြည်လာပြီး တီးတိုးပြောလိုက်သည်။
“လီလီ.. သူက ချန်ပီယံဖြစ်သွားတာ..”

“ပြိုင်တဲ့နေရာမှာ ကင်မရာမရှိဘူးလား.. တချို့ မိတ်ကပ်ပညာရှင်တွေက ဖုန်းနဲ့ vlog တွေ ရိုက်တတ်ကြတယ်လို့ ကျွန်တော်ကြားဖူးတယ်.. တစ်ခုခုတော့ ဖမ်းမိထားတာမျိုး ရှိမှာပဲ..”

အေမီ၏ မျက်လုံးများ တောက်ပလာပြီး ကုရှင်းရှစ်အား ကျေးဇူးတင်စကားဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဌကု..”

သူမ၏ စိတ်ခံစားချက်များအား ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရသည်။

ကုရှင်းရှစ်က အကြောင်းပြချက် မရှိဘဲနှင့် သေးငယ်သော မိတ်ကပ်ပညာရှင်ပြိုင်ပွဲတစ်ခုအား အာရုံစိုက်လိမ့်မည် မဟုတ်ကြောင်း အေမီသိသည်။ သူမ ပြဿနာတက်နေကြောင်း သိသဖြင့်သာ သူမအား အထူးတလှယ် ကူညီရန် ကြိုးစားခြင်းပင်။

ကုရှင်းရှစ်မှာ သိသိသာသာကိုပင် အလုပ်များနေသော်ငြား သူမကဲ့သို့သော မထင်မရှား မိတ်ကပ်ပညာရှင်လေးအား ကူညီရန် အချိန်ပေးကြိုးစားခဲ့လေသည်။

ဝါးးးး ဥက္ကဌကုက ဘာလို့ အရမ်းပဲ ကောင်းရတာလဲ.. ကြင်နာတတ်လိုက်တာ..

ကုရှင်းရှစ်က စိတ်လှုပ်ရှားကာ မျက်ရည်ကျနေသည့် အေမီအား နှစ်သိမ့်ပေးနေစဉ် သူတို့ဘေးရှိ ဝရံတာ‌ပေါ်မှ အပြာရောင်ဆံပင်နှင့် လူတစ်ဦးက ဆေးလိပ်ဖွာရင်း သူတို့နှစ်ဦး၏ စကားပြောခန်း တစ်ခုလုံးအား ကြားလိုက်ကြောင်း မသိလိုက်ချေ။

အေမီအား နှစ်သိမ့်ပေးပြီးနောက် ကုရှင်းရှစ်က ချင်ဝမ်ရှိရာသို့ ပြန်သွားသည်။

အပြာရောင်ဆံပင်နှင့်လူက ဆေးလိပ်အား လက်ဖြင့်တောက်ကာ ဝရံတာမှ ပြန်ထွက်လာပြီး သူ့အကြည့်မှာ ကုရှင်းရှစ်ထံ၌ ရှိနေသည်။

ထိုသူမှာ နူးညံ့သော အသံရှိရုံသာဖြစ်သည်ဟု သူ ထင်မိခဲ့သော်ငြား မမျှော်လင့်ဘဲ အတော်လေး ကြင်နာတတ်သူလည်း ဖြစ်လေသည်။

သူက မျက်လွှာချကာ ကုရှင်းရှစ်နောက်မှ လိုက်သွားသည်။

ချင်ဝမ်က ကုရှင်းရှစ်အား ရပ်စောင့်နေခြင်းဖြစ်သည်။ ကုရှင်းရှစ် ရောက်လာသည်ကို မြင်သည့်အခါ ကုရှင်းရှစ် ရှိရာသို့ အလျင်အမြန်သွားလိုက်သော်ငြား သူ၏နောက်ဘက်ရှိလူအား မြင်ချိန်တွင် ကြောင်အသွားလေသည်။
“ရှန့်ယွဲ့ချင် လား..”

နာမည်ခေါ်ခံလိုက်ရသူမှာ ခြေလှမ်းများ ရပ်လိုက်ပြီးနောက် ထူးမခြားနားဟန်ဖြင့် ကြည့်လေသည်။

ကုရှင်းရှစ် သိလိုစိတ်ဖြင့် ကြည့်လိုက်ချိန်တွင် ထိုသူ၏ မျက်နှာကြောင့် ချက်ချင်းဆိုသလို မှင်တက်သွားတော့သည်။

အပြာရောင်ဆံပင်မှာ အနုပညာရှင်များ၏ ရုပ်ရည်အတွက် ခက်ခဲကြမ်းတမ်းသော စမ်းသပ်မှုတစ်ရပ်ဖြစ်သည်။ ပထမဆုံးအနေဖြင့် အသားအရေမှာ လုံလောက်အောင် ဖြူဖွေးရန် လိုအပ်သည်။ ဒုတိယမှာ မျက်နှာသွင်ပြင် အစိတ်အပိုင်းများသည်လည်း အနုစိတ်သိမ်မွေ့နူးညံ့ရန် လိုအပ်သည်။ သို့မဟုတ်ပါက ခပ်ပေါပေါ လမ်းသရဲရုပ် ပေါက်သွားနိုင်သည်။

သို့သော် ဤလူမှာမူ အလွန်ဖြူဖွေး‌သော အသားအရေ ရှိရုံသာ မကဘဲ မန်းဂထဲမှ ထွက်လာသော နတ်ဘုရားနှင့်တူသည့် ပြစ်မျိုးမှဲ့မထင် မျက်နှာမျိုးရှိပသည်။ ရှန့်ယွဲ့ချင်မှာ အမြဲလိုလို အေးစက်သော အသွင်အပြင်နှင့် ရှိတတ်ပြီး ထိုသည်ကပင် ရှင်းသန့်ကာ မြင့်မြတ်သည်ဟု ခံစားမိစေသည်။

သို့သော် သူ့ မျက်နှာကဲ့သို့ပင် ကောလာဟလများနှင့် ဆိုးဝါးသော စိတ်နေစိတ်ထားတို့မှာလည်း အလွန်ကျော်ဇောထင်ရှားသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် အဖွဲ့သားတစ်ဦးအား ရိုက်နှက်သောကြောင့် လတ်တလော ထိပ်တန်းသတင်းများ စာရင်း၌ ဝင်သွားသဖြင့် အင်တာနက်ပေါ်၌ ဆူပူကြိမ်းမောင်းခြင်း ခံထားရသည်။

ကုရှင်းရှစ်က ထိုအကြောင်းအား စနစ်နှင့် ပြောနေသောကြောင့် ယင်းမှာ ရှန့်ယွဲ့ချင်၏ အမှားမဟုတ်မှန်း သိသည်။ သူ့အဖွဲ့သားမှ သူ့အား ရည်ရွယ်ချက်ရှိရှိ စော်ကားပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရှန့်ယွဲ့ချင်အား လူကိုယ်တိုင် မြင်တွေ့ပြီးနောက် အင်တာနက်ပေါ်မှ သတင်းများကဲ့သို့ စိတ်ဆိုးဒေါသထွက်လွယ်ပုံ မရှိဘဲ အတော်လေး တည်ငြိမ်သည်ဟု ထင်မြင်ရသည်။

ကုရှင်းရှစ်က သူ့မူပိုင်အပြုံးလေးဖြင့် ရှန့်ယွဲ့ချင်အား ဦးစွာနှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ..”

ရှန့်ယွဲ့ချင်မှာ ကြောင်အသွားပုံရသည်။ အချိန်အတော်ကြာအောင် ငေးမောနေပြီးနောက် အမူအရာမဲ့စွာဖြင့် တုံ့ပြန်လာသည်။
“မင်္ဂလာပါ..”

ထို့နောက် ကုရှင်းရှစ်နှင့် ချင်ဝမ်တို့အား အလျင်အမြန် ဖြတ်ကျော်သွားသည်။ သူ၏ လမ်းလျှောက်နှုန်းမှာ အလွန်မြန်သောကြောင့် ချင်ဝမ်၏ ပခုံးကိုပင် ဝင်တိုက်သွားသေးသည်။

ချင်ဝမ်က ပခုံးအား လက်ဖြင့်ပွတ်ကာ ပွစိပွစိပြောလိုက်သည်။
“ဘာဖြစ်လို့ ဒီလောက်တောင် အလျင်လိုနေတာလဲ.. သရဲလိုက်နေလို့လား..”

ကုရှင်းရှစ် မရယ်ဘဲ မနေနိုင်ချေ။

ရှန့်ယွဲ့ချင်၏ နားသံသီးလေးများ နီရဲနေသည်ကို သူ သတိပြုမိသည်။
မင်္ဂလာပါလို့ ပြောရုံနဲ့ပဲ အဲလောက် ရှက်သွားတာလား…

ထိုအချိန်မှာပင် ကားရောက်လာသဖြင့် ကုရှင်းရှစ် ထိုအကြောင်းနှင့် ပတ်သက်၍ တွေးမနေတော့ချေ။ ချင်ဝမ်အား ကားထဲသို့ ဝင်စေပြီးနောက် နောက်ထပ် ချိန်းဆိုထားသည့် နေရာသို့ ဦးတည်လိုက်ကြသည်။

သို့သော် ညနေခင်း၌ ချင်ဝမ်နှင့် ရှန့်ယွဲ့ချင်တို့ နှစ်ဦးစလုံး အွန်လိုင်းပေါ်တွင် နာမည်ကြီးနေကြောင်း သိလိုက်ရသည်။

ခေါင်းစဉ်မှာ #ရှန့်ယွဲ့ချင်ကချင်ဝမ်ရဲ့မန်နေဂျာကိုအနိုင်ကျင့်လိုက်တယ်

ကုရှင်းရှစ် ကြောင်အသွားသည်။

“???”

ဝင်ကြည့်လိုက်ချိန်တွင် သူတို့ ၃ ဦး ဧည့်ကြိုနေရာ၌ ရှိနေချိန်မှပုံအား ဓာတ်ပုံရိုက်သွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထိုစဉ်က ဘာမှမဖြစ်ခဲ့မှန်း အသိသာကြီးပင်။ သို့သော် ဝေ့ပေါ်၌မူ ဇာတ်ကြောင်းတစ်ခုလုံးအား ပြောင်းပြန်လှန်လိုက်ပြီး ရှန့်ယွဲ့ချင်သည် ကုရှင်းရှစ်အား အနိုင်ကျင့်သဖြင့် ချင်ဝမ်မှ ကြားဝင်ကာကွယ်ပေးသောကြောင့် ရှန့်ယွဲ့ချင်သည် အထက်စီးဆန်ဆန်ဖြင့် ချင်ဝမ်အား ပခုံးချင်းတိုက် ထွက်သွားသူအဖြစ် ပုံဖော်ထားသည်။

“အရာအားလုံး ဖန်တီးဖို့ ဓာတ်ပုံ တစ်ပုံပဲ လိုအပ်တယ်” ဟူသည့် စကားအား ကုရှင်းရှစ် အပြည့်အဝ နားလည်သွားပြီဖြစ်သည်။

ထို့ကြောင့် စနစ်အား မကျေမနပ်ဖြင့် ညည်းတွားလိုက်သည်။
[ဒါက ရှန့်ယွဲ့ချင်အတွက် အရမ်းပဲ မတရားရာကျတယ် မဟုတ်ဘူးလား.. သူဘာမှတောင် မလုပ်ဘူးလေ.. အဲဒါတောင် အခုလိုမျိုး ဆူပူကြိမ်းမောင်းခံနေရတယ်..]

[ဘာမှလုပ်စရာ မလိုဘူးလေ.. သူကိုက သံလိုက်လိုမျိုး အမုန်းတရားတွေကို ဆွဲဆောင်နေတာ.. ပွဲဦးထွက်ချိန်ကတည်းက အရာအားလုံးအတွက် ဆူပူကြိမ်းမောင်းခံနေရတာ.. သူ့အဖွဲ့သားတွေ အမှားတစ်ခုခု လုပ်ခဲ့ရင်တောင် အပြစ်တင်ခံရတဲ့သူက သူပဲ.. ကုမ္ပဏီကလည်း သူ့အပေါ် ကောင်းကောင်းမဆက်ဆံဘူး.. ဒီအကြောင်းကိုလည်း သိပြီးတော့ ကုမ္ပဏီက အဖွဲ့ကို နာမည်ကျော်အောင်လုပ်ဖို့ ရှန့်ယွဲ့ချင်ကို အသုံးချကြတော့တာပဲ.. အဖွဲ့ထဲမှာဆိုရင် သူ့ကို ပယ်ထားကြတာ.. ရှန့်ယွဲ့ချင်က ပရိသတ်တွေဆီက သနားကြင်နာမှုရအောင် အဖွဲ့သားတွေကို အနိုင်ကျင့်လေ့ရှိပါတယ်ဆိုပြီး ကြေညာချက် ထုတ်ပြန်ကြတယ်လေ.. အစကတော့ ပရိသတ်တွေက ရှန့်ယွဲ့ချင်ရဲ့ ရုပ်ရည်ကြောင့် ဆွဲဆောင်ခံလိုက်ရသေးတယ်.. ဒါပေမဲ့ အဖွဲ့က ပိုပိုပြီး နာမည်ကြီးလာတော့ သူတို့က ရှန့်ယွဲ့ချင်ကို ကန်ထုတ်လိုက်ကြတယ်.. ပရိသတ်တွေကလည်း ဝိုင်းပြီး ဩဘာပေးကြတယ်..]

[တော်တော်လေး စိတ်ပျက်ဖို့ကောင်းလိုက်တာ..]
ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။

[ဖျော်ဖြေရေးလောကထဲ စဝင်ချိန်တုန်းက ရှန့်ယွဲ့ချင်က တော်တော်လေး စိတ်အားထက်သန်ခဲ့တာ.. ဒါပေမဲ့ သူ့ရဲ့ ပရိသတ်အများစုက မျက်နှာကိုပဲ သဘောကျကြတာကြောင့် သစ္စာမရှိကြဘူး.. ကုမ္ပဏီကလည်း အနုပညာရှင်အသစ်တွေကို မီးမောင်းထိုးဖို့ ဒါမှမဟုတ် ကောလာဟလတွေ ဖုံးဖိမရတော့တဲ့ တစ်ယောက်ယောက်ကို ကာကွယ်ပေးဖို့အတွက် ရှန့်ယွဲ့ချင်ကို အသုံးချခံတစ်ခုလိုမျိုး သ‌ဘောထားကြတယ်.. သူက စကားပြောလည်း မတတ်တော့ ရှင်းပြဖို့ ကြိုးစားတဲ့အချိန်တိုင်းမှာ ပိုပိုပြီး ကြိမ်းမောင်းခံရ‌တော့တာပဲ.. စာချုပ်ဖျက်သိမ်းချင်ပေမဲ့လည်း လျော်ကြေးက အရမ်းမြင့်နေလို့ သည်းခံရုံပဲ တတ်နိုင်တယ်..]


🍉🍉🍉🍉 အခန်း ၇၄


ဝေ့ပေါ်ပိုစ့်အောက်ရှိ မှတ်ချက်များအားကြည့်ကာ ထိုသူအားလုံးသည် ရှန့်ယွဲ့ချင်အား ဆဲဆိုကြိမ်းမောင်းနေကြခြင်း ဖြစ်ကြောင်း ကုရှင်းရှစ် သိလိုက်ရသည်။

[@ရှန့်ယွဲ့ချင် ဘာကိစ္စနဲ့ အခုထိတောင် ဖျော်ဖြေရေးလောကထဲက ထွက်မသွားသေးတာလဲ.. သူ့နာမည်ကို မြင်နေရုံနဲ့တင် နေမကောင်းဖြစ်ချင်လာပြီ..]

[@ရှန့်ယွဲ့ချင် နင်က ခွေးရူးလား.. တွေ့သမျှလူ ပတ်ကိုက်နေတာ..]

[ငါတို့ရဲ့ ဥက္ကဌကုနဲ့ အစ်ကိုချင်က ဒီဂြိုဟ်ဆိုးနဲ့ တွေ့ရလောက်အောင် ကံဆိုးနေတာလား..]

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်အတွက် စိတ်မကောင်းဖြစ်မိသည်။

ကုရှင်းရှစ်က သူ့ပင်မအကောင့်သို့ဝင်ကာ ထိုနေ့၌ ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြသည်။ သူတို့သည် အချင်းချင်း မင်္ဂလာပါဟု နှုတ်ဆက်ရုံသာဖြစ်ကြောင်းနှင့် ရှန့်ယွဲ့ချင်မှာ မည်သူ့ကိုမှ အနိုင်ကျင့်ခဲ့ခြင်း မရှိကြောင်း အလေးပေးပြောသည်။ ချင်ဝမ်၏ ပခုံးအား ဝင်တိုက်မိသည်မှာလည်း အလျင်လိုနေခြင်းကြောင့်သာ ဖြစ်ကြောင်း ပြောသည်။

ချင်ဝမ်သည်လည်း ကုရှင်းရှစ်၏ ဝေ့ပေါ်အား ပြန်လည်မျှဝေပြီး အင်တာနက်အသုံးပြုသူများအား မလိုအပ်ဘဲ ချဲ့ကားပြောဆိုခြင်းမပြုရန် ပြောသည်။

သို့သော် မှတ်ချက်များမှာမူ...

[ရှန့်ယွဲ့ချင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ငါတို့အားလုံးသိပြီးသား.. ဥက္ကဌကု သူ့ဘက်က လိုက်ပြောပေးမနေနဲ့.. သူက ကျေးဇူးသိတတ်တဲ့ လူစားမျိုး မဟုတ်ဘူး..]

[ဥက္ကဌကုကို ဖက်ထားပေးမယ်.. ရှန့်ယွဲ့ချင်က ဥက္ကဌကုကို ခြိမ်းခြောက်ထားတာလား.. မကြောက်နဲ့နော်.. ကူဆဲပေးမယ်..]

[သနားစရာ ဥက္ကဌကုလေး.. ငါတို့ရဲ့ နတ်သားလေးက အရမ်းပဲ ကြင်နာတတ်လိုက်တာ.. အနိုင်ကျင့်ခံရတာတောင်မှ အာဃာတမထားတဲ့အပြင် ရှန့်ယွဲ့ချင်ကိုပါ ကာကွယ်ပေးနေသေးတယ်..]

ကုရှင်းရှစ် ဆွံ့အနေမိတော့သည်။

လုံးဝမဟုတ်ဘူးကွ..

ငါက အရမ်းကြမ်းတယ်.. အရမ်းအရမ်းကို အငြှိုးကြီးတယ်..

သို့သော် အင်တာနက် အသုံးပြုသူများ၏ ရှန့်ယွဲ့ချင်အပေါ် မလိုမုန်းထားမှုမှာ အတော်လေး နက်ရှိုင်းနေသောကြောင့် ကုရှင်းရှစ် မည်သို့ပြောစေကာမူ မယုံကြချေ။ အဆုံးတွင် ကူကယ်ရာမဲ့စွာဖြင့် လက်လျှော့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် တစ်နေ့တာအလုပ်ပြီးဆုံးသွားပြီးနောက် ရှန့်ယွဲ့ချင် အခန်းသို့ ပြန်လာသည်။

ယခင်နှင့်မတူဘဲ အခန်းသို့ ပြန်ရောက်သည်နှင့် လှဲပစ်လိုက်ခြင်း မရှိချေ။ ထို့အစား သူ၏ ခြေလှမ်းများမှာ တက်ကြွလျက်ရှိသည်။

အချိန်အတော်ကြာ အသုံးမပြုခဲ့သည့် ဒိုင်ယာရီအား ထုတ်ယူကာ တစ်ခုခုရေးရန်ပြင်သည်။

သို့သော် ဘောပင်အား ကောက်ယူလိုက်ချိန်မှာပင် မန်နေဂျာထံမှ ဖုန်းဝင်လာသည်။ မန်နေဂျာ၏ စိတ်မရှည်သည့်အသံ ထွက်ပေါ်လာသည်။
“မင်းက ဘာကိစ္စနဲ့ trending ဖြစ်နေရပြန်တာလဲ.. မင်းနဲ့ ချင်ဝမ်ရဲ့ မန်နေဂျာက ဘာဖြစ်ကြတာလဲ.. ဒီရက်တွေမှာ သိုသိုသိပ်သိပ်နေပြီး ပြဿနာမရှာပါနဲ့လို့ မင်းကို မမှာထားဘူးလား..”

မန်နေဂျာ၏ စကားများမှာ ရှန့်ယွဲ့ချင်အား ခေါင်းပေါ်မှ ရေအေးတစ်ပုံး လောင်းချလိုက်သလိုပင်။

ခေတ္တမျှ ကြောင်အနေပြီးနောက် ပင်ကိုယ်မူလ ထူးမခြားနားဟန်ဖြင့် မန်နေဂျာ ကြိမ်းမောင်းသည်အား ခံယူနေသည်။

ဤသို့သော အရာမျိုးနှင့် အသားကျနေပြီဖြစ်သည်။ သူဘာလုပ်လုပ် ဆဲဆိုကြိမ်းမောင်းခံရစမြဲသာ။ ထောင့်တစ်ခု၌ ငြိမ်ငြိမ်လေး ထိုင်နေလျှင်ပင် ပြဿနာရှာနေသည်ဟု ထင်ကြလိမ့်မည်။

ထိုသို့သော အခြေအနေမျိုးနှင့် စတင်တွေ့ကြုံရချိန်၌ ဝမ်းနည်းမိခဲ့သည်။ ယခုအခါတွင်မူ အခြားသူများ၏ ထင်မြင်ချက်အား ဂရုမစိုက်တော့ချေ။

မန်နေဂျာပြောသမျှအား “အွန်း.. အင်း..” စသဖြင့်သာ ပြန်ဖြေလိုက်သည်။ မန်နေဂျာ ဖုန်းချသွားပြီးနောက် ဒိုင်ယာရီထဲ၌ ရေးချင်စိတ် မရှိတော့ပေ။ အိပ်ရာပေါ်သို့ လှဲချပြီးနောက် ဖုန်းအား ဘေးသို့ပစ်လိုက်သည်။

ခေတ္တကြာပြီးနောက် ဖုန်းအား ကောက်ယူလိုက်ပြီး ဂိမ်းတစ်ခုအား ဖွင့်လိုက်သည်။ ထို့နောက် အေးစက်စွာဖြင့် ရန်သူများအား ရက်ရက်စက်စက် ချေမှုန်းတော့သည်။

ပွဲစဉ်အများအပြား ကစားပြီးနောက် မျက်လုံးအား လက်ဖြင့်ပွတ်ကာ အနားယူရန် ပြင်သည်။

ထိုအချိန်မှာပင် ဝေ့ပေါ်သတိပေးချက် ရောက်ရှိလာသည်။ [ရှန့်ဝမ်ချင်ကချင်ဝမ်ရဲ့မန်နေဂျာကိုအနိုင်ကျင့်တယ်] ဟူသည့် စကားလုံးများအားကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့မိလိုက်သည်။

သူ့လက်များမှာ ဦးနှောက်ထက်ပင် တုံ့ပြန်မှု မြန်ဆန်ပြီး ဝေ့ပေါ်ထဲ ဝင်လိုက်သည်။

ပုံမှန်အတိုင်းပင် အဆိုပါပိုစ့်၌ ဓာတ်ပုံတစ်ပုံနှင့် သူမလုပ်ခဲ့သည့်တိုင်အောင် လုပ်ခဲ့သယောင် ဖန်တီးရေးသားထားသော ဇာတ်လမ်းအချို့ပါဝင်သည်။ မှတ်ချက်များမှာလည်း သူ့အား ဆဲဆိုကြိမ်းမောင်းနေကြသည်ချည်းသာ။

ဤသို့သော အခြေအနေမျိုးနှင့် အသားကျနှင့်ပြီး ဖြစ်သော်ငြား ဤတစ်ကြိမ်တွင်မူ သူ၏နှလုံးသားထဲ၌ အနည်းငယ် တင်းမာနေမိသည်။

သတိလက်လွတ်ဖြင့် ဝေ့ပေါ်ပေါ်၌ လျှောက်ကြည့်နေစဉ်မှာပင် ရုတ်တရက် ကြောင်အသွားသည်။

ကုရှင်းရှစ်နှင့် ချင်ဝမ်တို့မှ သူ့ကိုယ်စား ရှင်းပြထားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

ရှန့်ယွဲ့ချင် မှင်တက်နေမိသည်။

အင်တာနက်ပေါ်၌ နားလည်မှုလွဲကာ ဆူပူကြိမ်းမောင်းခံနေရစဉ် တစ်စုံတစ်ဦးမှ သူ့အတွက် ပထမဆုံးအကြိမ် ခုခံပြောဆိုပေးခြင်းဖြစ်သည်။

သူတို့အား ယုံကြည်သူ မရှိသည့်တိုင်အောင် ခုခံပေးခဲ့ကြသည်။

သူ့နှလုံးသားထဲရှိ နာကျင်မှုမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကန္တာရဆန်သည့် ကျတ်တီးမြေ၌ ပန်းကလေးတစ်ပွင့် ပွင့်လန်းလာသည့်နှယ်။

ကုရှင်းရှစ်..

ရှန့်ယွဲ့ချင် ထိုနာမည်အား တီးတိုးရေရွတ်လိုက်သည်။

နာမည်လေးကတောင် ကြင်နာမှုတွေနဲ့ပြည့်နေရော..

*

ကုရှင်းရှစ်က ထိုနေ့မှ အဖြစ်အပျက်အား ထပ်တလဲလဲ တွေးနေရန် အချိန်မရှိချေ။ အကြောင်းမှာ ချင်ဝမ်သည် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သို့ ဝင်ရောက်ရတော့မည် ဖြစ်သောကြောင့်ပင်။

ဤတစ်ကြိမ်တွင် ကုရှင်းရှစ်သည် ချင်ဝမ်နောက်သို့ လိုက်ပါရန် လက်ထောက်တစ်ဦး စီစဉ်ပေးထားပြီး သူကိုယ်တိုင် လိုက်ပါသွားခြင်း မရှိချေ။

ယင်းမှာ သူ့အနေဖြင့် ချင်ဝမ်အား ဂရုမစိုက်သောကြောင့် မဟုတ်ဘဲ မူလက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့သည် ရသစုံရှိုးတစ်ခု၌ ပါဝင်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် မုန့်ယွမ်ရှန့်၏ နောက်ကျောဒဏ်ရာမှာ ရုတ်တရက် ပြန်ပေါ်လာသောကြောင့် ကုသမှုခံယူရန် ဆေးရုံသို့ သွားရမည် ဖြစ်သောကြောင့် ချန်ရှင်း တစ်ဦးတည်းသာ ပါဝင်ရမည်ဖြစ်သည်။

ချန်ရှင်းအား ထိန်းသိမ်းပေးနိုင်မည့် ယုံကြည်အားကိုးရသော မုန့်ယွမ်ရှန့် မပါဝင်နိုင်သောကြောင့် သူ့စရိုက်နှင့် အပြောမတတ်သော ပါးစပ်တို့ကြောင့် အချိန်မရွေး မကောင်းသတင်းများ ထွက်လာနိုင်သည်။

ထို့ကြောင့် ချင်ဝမ်အား ယာယီဘေးချိတ်ကာ ချန်ရှင်းကို အဖော်ပြုပြီး ရသစုံရှိုးသို့ လိုက်ပါရတော့သည်။

[Weekend Matchup] မှာ စတူဒီယိုအတွင်း ရိုက်ကူးတင်ဆက်သော ရသစုံရှိုး အမျိုးအစားဖြစ်သည်။ တင်ဆက်သူ ၃ ဦးနှင့် ဧည့်သည် ၅ ဦးပါဝင်ပြီး ဂိမ်းများကစားကာ သီချင်းအသစ်များနှင့် ဒရာမာအသစ်များအား ပရိုမိုးရှင်း ဆင်းတတ်ကြသည်။

စတူဒီယိုသို့ လာနေစဉ် ကုရှင်းရှစ်သည် ချန်ရှင်းအား မသင့်တော်သည့် မည်သည့်စကားမှ မဆိုရန် ထပ်ကာထပ်ကာ သတိပေးနေခဲ့သည်။

ချန်ရှင်းက နာခံစွာဖြင့် ပါးစပ်အား ဇစ်ပိတ်ပြလိုက်သည်။

ထိုအချိန်မှသာ ကုရှင်းရှစ် စိတ်သက်သာရာ ရမိတော့သည်။ စတူဒီယိုသို့ ရောက်ရှိချိန်၌ တင်ဆက်သူများအား ဦးစွာနှုတ်ဆက်ပြီးနောက် အဝတ်လဲခန်းသို့ သွားကြသည်။ အဝတ်လဲခန်းအတွင်း ဝင်လိုက်ချိန်မှာပင် ရင်းနှီးပြီးသားဖြစ်သည့် ခေါင်းပြာလေးအား မြင်လိုက်ရသည်။

“ရှန့်ယွဲ့ချင် လား..”
ကုရှင်းရှစ် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ရှန့်ယွဲ့ချင်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ လှည့်ကြည့်လိုက်သည့်အခါ ကုရှင်းရှစ်အား မြင်လိုက်ရသောကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားလေသည်။

ယနေ့ရိုက်ကူးမည့် ရသစုံရှိုးအတွက် နောက်ဆုံးမိနစ်မှ ထပ်ပေါင်းထည့်ခံရခြင်းဖြစ်သည်။ အနုပညာရှင်တစ်ဦး ရုတ်တရက် နေမကောင်းဖြစ်သောကြောင့် သူ့အား အလျင်စလို ခေါ်လိုက်ရခြင်းဖြစ်သည်ဟု ကြားထားခဲ့သည်။

သူ့ကုမ္ပဏီမှာ ထိုမျှလောက် ကြင်နာတတ်သူမဟုတ်ကြောင်း ရှန့်ယွဲ့ချင် သိထားပြီးဖြစ်သည်။ သူ့အား ရသစုံရှိုးထဲသို့ ပါဝင်ခိုင်းခြင်းမှာ တစ်စုံတစ်ဦးအား ပရိုမိုးရှင်းဆင်းလိုသဖြင့် သူ့အား အသုံးပြုလိုသောကြောင့် ဖြစ်ရမည်။

သူက ထိုသို့သော အခြေအနေမျိုးနှင့် အသားကျနေပြီးဖြစ်သည်။

တစ်ဖက်လူအား များစွာဂရုမစိုက်ဘဲ တိတ်တဆိတ်သာ ရောက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ကုရှင်းရှစ်နှင့် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။

တကယ်ကြီး မမျှော်လင့်ခဲ့တာ..

ရှန့်ယွဲ့ချင် လက်ဖဝါးတစ်ခုလုံး ချွေးစေးများထွက်လာပြီး လည်ပင်းမှာလည်း တောင့်တင်းကာ မလှုပ်နိုင်မရှားနိုင် ဖြစ်နေတော့သည်။

ကုရှင်းရှစ်နှင့် နောက်တစ်ကြိမ်တွေ့ပါက ပထမအကြိမ်ကဲ့သို့ ကိုးရိုးကားယား မနိုင်ဘဲ ကောင်းမွန်စွာ နှုတ်ဆက်မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့သည်။ မှန်ရှေ့၌ပင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့သေးသည်။

သို့သော် အမှန်တကယ် ထိပ်တိုက်ရင်ဆိုင်ရချိန်တွင်မူ သဘာဝကျကျ မပြုမူနိုင်‌တော့ပေ။

သို့သော် ကုရှင်းရှစ်က ပြုံးကာ လက်ယမ်းပြလေသည်။
“ထပ်တွေ့ပြန်ပြီနော်..”

“အွန်း..”
ထိုသို့ပြောပြီးနောက် ရှန့်ယွဲ့ချင်က ထပ်ပေါင်းပြောသည်။
“တွေ့.. တွေ့ရတာ ဝမ်းသာပါတယ်..”

“ တွေ့ရတာ ဝမ်းသာပါတယ်..”
ကုရှင်းရှစ် ပြုံးကာ ချန်ရှင်းနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဒါက ငါ့ရဲ့ အနုပညာရှင် ချန်ရှင်းပါ..”

ရှန့်ယွဲ့ချင် ခေါင်းညိတ်ပြလိုက်သည်။
“မင်္ဂလာပါ..”

“မင်္ဂလာပါ..”
ချန်ရှင်းက ရှန့်ယွဲ့ချင်နှင့် ကုရှင်းရှစ်အား တစ်လှည့်စီ ကြည့်လိုက်ပြီး တစ်စုံတစ်ခုအား ပြောချင်သည့်တိုင်အောင် ချီတုံချတုံနှင့် ထိန်းချုပ်နေရပုံပေါ်သည်။

ကုရှင်းရှစ် သည်းမခံနိုင်တော့ချေ။
“ကဲ.. အခု ဘာပြောချင်လဲ.. ပြော…”

ချန်ရှင်းက ရှန့်ယွဲ့ချင်အား သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။
“ဒါက ဥက္ကဌရဲ့ အသည်းကျော်အသစ်လေးလား..”

ရှန့်ယွဲ့ချင် : “...”

ကုရှင်းရှစ် : “မင်း ပါးစပ်ပိတ်ထားတာ အကောင်းဆုံးပဲ..”

ချန်ရှင်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပါးစပ်အား ပိတ်ထားလိုက်ရပြန်သည်။

ကုရှင်းရှစ် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချမိတော့သည်။

ချန်ရှင်း၏ ပါးစပ်အား ကယ်တင်နိုင်စွမ်း မရှိတော့‌ပေ။

ရှန့်ယွဲ့ချင်က သူတို့နှစ်ဦး၏ သူငယ်ချင်းများကဲ့သို့ သဘာဝကျစွာ ပြောဆိုဆက်ဆံပုံအားကြည့်ပြီး ထိတ်လန့်နေမိသည်။

အနုပညာရှင်နှင့် မန်နေဂျာအကြား၌ ထိုသို့သော ဆက်ဆံရေးမျိုး ရှိသည်ကို တစ်ခါမှပင် မမြင်ဖူးချေ။

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်အားကြည့်ကာ တောင်းပန်လိုက်သည်။
“စိတ်မရှိပါနဲ့.. သူက စကားမပြောတတ်လို့ပါ.. ထိခိုက်လိုစိတ် မရှိပါဘူး..”

စကားပြောမှားသူမှာ ချန်ရှင်းဖြစ်သော်ငြား ကုရှင်းရှစ်မှာ စိတ်ဆိုးဟန်မပေါ်ဘဲ ချန်ရှင်းအား ကာကွယ်ပေးနေသည်။

“အဆင်ပြေပါတယ်..”
ရှန့်ယွဲ့ချင်က နှုတ်ခမ်းတင်းတင်းစေ့ကာ နှလုံးသားထဲရှိ မနာလိုမှုတို့အား အတင်းအကြပ် ဖိနှိပ်နေရသည်။

×××××

ကနဦးတွေ့ဆုံခြင်းမှာ အနည်းငယ် ကိုးရိုးကားယားနိုင်သည့်တိုင်အောင် ကုရှင်းရှစ်က ရှန့်ယွဲ့ချင်နှင့် တဖြည်းဖြည်းချင်း ရင်းနှီးလာသည်။

ရှန့်ယွဲ့ချင်မှာ အမှန်တကယ်ကိုပင် စကားပြောမတတ်သူဖြစ်ကြောင်း သိလိုက်ရသည်။ မကြာခဏဆိုသလို သူ၏ တုံ့ပြန်မှုများမှာ စကားလုံး တစ်လုံး၊ နှစ်လုံးမျှသာဖြစ်သည်။ ယင်းအား သူ၏ မျက်နှာထားနှင့် ပေါင်းစပ်လိုက်ချိန်တွင် အကွာအဝေးတစ်ခု ခြားထားသလို ခံစားရစေသည်။ ထိုသည်ကပင် လူအများအား ရှန့်ယွဲ့ချင်သည် အထက်စီးဆန်ကာ မောက်မာသူတစ်ဦးဟု ထင်မြင်သွားမိစေသည်။

သို့သော် ကုရှင်းရှစ်၏ အမြင်၌မူ ရှန့်ယွဲ့ချင်သည် စကားများများစားစား မပြောသည့်တိုင်အောင် စကားတစ်ခွန်းချင်းစီအား တုံ့ပြန်လေ့ရှိသောကြောင့် အလေးအနက်ထားကာ ရိုးသားသူတစ်ဦးဖြစ်ကြောင်း ပြသနေသည်။

အချိန်တစ်ခုကြာ စကားပြောပြီးနောက် ကုရှင်းရှစ်ထံ၌ အလုပ်များရှိသေးသဖြင့် အဝတ်လဲခန်းအတွင်းမှ ထွက်သွားသည်။

အဝတ်လဲခန်းအတွင်း၌ ရှန့်ယွဲ့ချင်၊ ချန်ရှင်းနှင့် သူတို့၏ ကိုယ်ပိုင်လက်ထောက်များသာ ကျန်ရစ်ခဲ့သည်။

ချန်ရှင်းအား ပြင်ဆင်ပေးရင်း အလုပ်ရှုပ်နေသည့် လက်ထောက်နှင့် နှိုင်းယှဉ်ပါက ရှန့်ယွဲ့ချင်၏ လက်ထောက်မှာ ထိုင်ခုံတွင်ထိုင်ကာ ဖုန်းကစားရင်း သူ၏ အနုပညာရှင်အား ဂရုစိုက်ခြင်း မရှိချေ။

သို့သော် ရှန့်ယွဲ့ချင်က စိတ်ထဲမထားဘဲ ထိုသို့သော ဆက်ဆံမှုမျိုးနှင့် နေသားကျနှင့်ပြီးဖြစ်သည်။

ချန်ရှင်းမှာ ကြည့်နေရင်း မနေနိုင်တော့သဖြင့် မေးလိုက်သည်။
“မင်းရဲ့ ကုမ္ပဏီက တော်တော်လေး ဆင်းရဲတာလား..”

“အမ်..”
ရှန့်ယွဲ့ချင် ကြောင်အသွားသည်။ 
“အဆင်ပြေတယ်လို့ ထင်ပါတယ်..”

ချန်ရှင်း မည်သည်ကြောင့် ထိုသို့မေးမှန်း ရှန့်ယွဲ့ချင် နားမလည်နိုင်ဘဲ ရှိလေသည်။
“ဪ.. သူတို့က လက်ထောက်တစ်ယောက် ခန့်ဖို့ မတတ်နိုင်လို့ မင်းက တစ်ယောက်ယောက်ကို လက်ထောက်အဖြစ် ဟန်ဆောင်ခိုင်းထားတာလားလို့လေ..”

ချန်ရှင်း၏ လေသံမှာ အလွန်အမင်း လေးနက်နေသောကြောင့် လှောင်ပြောင်နေခြင်းလား အစစ်အမှန် နားမလည်ခြင်းများလားဟု သိရန်ခက်သည်။

ရှန့်ယွဲ့ချင်၏လက်ထောက်မှာ ချက်ချင်းဆိုသလို မျက်နှာများ နီရဲသွားသည်။ နှုတ်ခမ်းများ လှုပ်ရှားသွားသည့်တိုင်အောင် ပြောစရာစကားလုံး ရှာမတွေ့ချေ။

ထိုလက်ထောက်သည် ကုမ္ပဏီနှင့် မန်နေဂျာမှ ရှန့်ယွဲ့ချင်အပေါ် တန်ဖိုးမထားဟူသည့် အချက်ပေါ် မှီခိုရင်း အမြဲလိုလို အပါးခိုလေ့ရှိသူဖြစ်သည်။ ရှန့်ယွဲ့ချင်သည်လည်း ယင်းအား စိတ်ထဲမထားသဖြင့် လက်ထောက်မှာ ပို၍ပင် မောက်မာလာသည်။ ဤကဲ့သို့ တိုက်ရိုက်ပြောဆိုခံရခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်သောကြောင့် စိတ်မပါစွာဖြင့် ရှန့်ယွဲ့ချင်အား ပြင်ဆင်ရန် ကူညီပေးရတော့သည်။

ရှန့်ယွဲ့ချင်က ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီး ချန်ရှင်းအား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်..”

ချန်ရှင်း နားမလည်နိုင်ချေ။
“ဘာကို ကျေးဇူးတင်တာလဲ..”

ရှန့်ယွဲ့ချင် : “...”

ချန်ရှင်းမှာ ရှန့်ယွဲ့ချင်အား ပို၍ စိတ်ဝင်စားလာပုံရသည်။
“မင်းက ချင်ဝမ်ပြောတဲ့ ကံမကောင်းတဲ့ကောင်လေး ဆိုတာလား..”

ရှန့်ယွဲ့ချင် : “.............”

ချန်ရှင်းက ဆက်ပြောသည်။
“ရိုးရိုးသားသား ပြောရရင် မင်းပုံစံက ငါတို့ကုမ္ပဏီနဲ့ တော်တော်လေး လိုက်ဖက်တယ်..”

ရှန့်ယွဲ့ချင် မျက်လုံးများ လက်လာသည်။
“တကယ်လား..”

ချန်ရှင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်.. ငါတို့ကုမ္ပဏီက ကံမကောင်းတဲ့သူတွေကို ပျိုးထောင်ပေးတာလေ..”

ရှန့်ယွဲ့ချင် : “...................”

ချန်ရှင်းနှင့် စကားပြောပြီးနောက် ရှန့်ယွဲ့ချင် နောက်ဆုတ်လိုက်ရတော့သည်။ သန့်စင်ခန်းသွားမည်ဟု အကြောင်းပြကာ လစ်ထွက်လာသည်။

မမျှော်လင့်စွာပင် သန့်စင်ခန်း အဝင်ဝ၌ မမြင်ချင်ဆုံးသော လူတစ်ယောက်နှင့် တည့်တည့်ဝင်တိုးမိသည်။ သူ၏ အဖွဲ့သားဟောင်း ရှန်းကျဲလင် ပင်။

ရှန်းကျဲလင်က ရှန့်ယွဲ့ချင်၏ မူလအဖွဲ့ထဲရှိ အဖွဲ့သားဟောင်းများထဲမှ တစ်ဦးဖြစ်သည်။

ရှန့်ယွဲ့ချင် အွန်လိုင်းပေါ်တွင် ပထမဆုံးအကြိမ် ဆူပူကြိမ်းမောင်းခံရသည့် အကြောင်းအရင်းမှာ ရှန်းကျဲလင် တင်လိုက်သော စာအရှည်ကြီးကြောင့်ဖြစ်သည်။ စာထဲ၌ ရေးထားသည်မှာ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပြီး အခက်အခဲများအားလုံးကို သည်းခံကာ အဖွဲ့တစ်ခုထဲ ဝင်ရောက်နိုင်ခဲ့ကာ အိပ်မက်အား အကောင်အထည်ဖော်နိုင်ခဲ့ပြီဟု ထင်မှတ်နေချိန်မှာပင် အဖွဲ့တွင်း အနိုင်ကျင့်မှုများနှင့် အဆုံးသတ်ခဲ့ရသည်။ အနိုင်ကျင့်သူ၏ အမည်အား ဖော်ပြထားခြင်း မရှိသည့်တိုင်အောင် သဲလွန်စများအရ ယင်းမှာ ရှန့်ယွဲ့ချင်ဖြစ်ကြောင်း ညွှန်ပြနေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်က သူတို့အဖွဲ့၏ အဖွဲ့လိုက်လှုပ်ရှားမှုများ ရှိနေချိန်ဖြစ်သည်။ ကျန်သုံးယောက်မှာ စည်းချက်ညီညီ ဆက်သွယ်ပြောဆိုကြပြီး ရှန့်ယွဲ့ချင်မှာမူ အေးစက်သော မျက်နှာထားနှင့် အခြားသူများနှင့် အဆက်အဆံမပြုဘဲ ရှိလေ၏။

မူလက သူတို့၏အဖွဲ့မှာ နာမည်ကြီးခြင်းမရှိဘဲ ရှန့်ယွဲ့ချင်၏ အသက်ရှူမှားလောက်သော ရုပ်ရည်ကြောင့်သာ traffic အနည်းငယ် ရလာခြင်းဖြစ်သည်။

သို့သော် ဤအဖြစ်အပျက်ကြောင့် အဖွဲ့၏ ရေပန်းစားမှုမှာ ရုတ်တရက် ထိုးတက်သွားသည်။ လူအများအပြားက သူတို့၏ ကျောင်း၊ အလုပ်များ၌ ကြုံတွေ့ခဲ့ရသော ကိုယ်ပိုင်အတွေ့အကြုံများကြောင့် ရှန်းကျဲလင်နှင့် ကျန်နှစ်ဦးအား သနားကရုဏာသက်ကာ ရှန့်ယွဲ့ချင်ကို ဒေါသတကြီး ဝေဖန်ပြစ်တင်ကြသည်။

အထူးသဖြင့် ကုမ္ပဏီ၏ သဘောထားမှာ ဒွိဟဖြစ်စေသောကြောင့် ရှန့်ယွဲ့ချင်၏ ခုခံကာကွယ်မှုမှာ တလွဲသက်ရောက်မှုကိုသာ ဖြစ်စေသဖြင့် အများစုသည် ရှန်းကျဲလင်၏ စကားလုံးများကိုသာ ပိုမိုယုံကြည်ကြသည်။

ထိုအဖြစ်အပျက်မှာ ရှန့်ယွဲ့ချင် ပထမဆုံးအကြိမ် အွန်လိုင်းပေါ်မှ အနိုင်ကျင့်မှုအား ကြုံတွေ့ရခြင်းဖြစ်သည်။ အုံလိုက်ကျင်းလိုက် အနိုင်ကျင့်ကြသောကြောင့် ဦးနှောက်တစ်ခုလုံး ဗလာဖြစ်ကာ ခြေလက်များ အေးစက်ထုံကျဉ်လာသည်။

လူအများကြားရှိ ဆက်ဆံရေးများမှာ မည်မျှရက်စက်ကြောင်း ပထမဆုံးအကြိမ် သဘောပေါက်နားလည်မိခြင်းလည်း ဖြစ်သည်။

သူနှင့်အတူ နေ့တိုင်း အချိန်ကုန်ဆုံးခဲ့ကြသော သူ၏အဖွဲ့သားများနှင့် မန်နေဂျာက သူ့အား ဓားနှင့်ထိုးရန် ဓားရိုးကမ်းပေးခဲ့ကြသည်။ ယမန်နေ့က သူ့အား ထောက်ခံအားပေးခဲ့ကြသည့် ပရိသတ် ဆိုသူများမှာလည်း အညှာအတာမဲ့စွာ ရင်ဘတ်အား ဓားဖြင့်စိုက်ခဲ့ကြသည်။

ထိုအဖြစ်အပျက်သည် ရှန့်ယွဲ့ချင်အား အတော်လေး နာကျင်စေသည်။

သူ့အား အဖွဲ့ထဲမှ ထုတ်လိုက်သည့်နေ့တွင် လူတိုင်း ပျော်ရွှင်ခဲ့ကြပြီး သူတို့မသိသည်မှာ ရှန့်ယွဲ့ချင် ကိုယ်တိုင်သည်လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိခြင်းကိုပင်။

နောက်ပိုင်းလှုပ်ရှားမှုများ၌ ရှန့်ယွဲ့ချင်က ရှန်းကျဲလင်နှင့် အခြားသူများအား အတတ်နိုင်ဆုံး ရှောင်တိမ်းနိုင်ရန် ကြိုးစားလေသည်။

ကံကောင်းစွာဖြင့် နာမည်ကျော်ယောက်ျားလေးအဖွဲ့ဝင်တစ်ဦးအနေနှင့် ရှန်းကျဲလင်သည် ရှန့်ယွဲ့ချင်ကဲ့သို့ မထင်မရှား လူတစ်ဦးနှင့် များစွာဆက်ဆံရခြင်း မရှိပေ။

ထို့ကြောင့် ဤရသစုံရှိုး၌ ရှန့်ယွဲ့ချင်သည် ရှန်းကျဲလင်နှင့် ထိပ်တိုက်ဆုံမိမည်ဟု မမျှော်လင့်ထားမိခြင်း ဖြစ်သည်။

ရှန့်ယွဲ့ချင်က အနည်းငယ်မျှပင် စဉ်းစားခြင်းမရှိဘဲနှင့် လှည့်ထွက်ရန် ပြင်ချိန်မှာပင် ရှန်းကျဲလင်၏ တားဆီးခြင်း ခံလိုက်ရသည်။

ရှန်းကျဲလင်မှာ ပြုံးနေသော်ငြား သူ၏ စကားလုံးများမှာ မုန်းတီးမှုများနှင့် ပြည့်နေသည်။
“ဒီရက်ပိုင်း မင်း ရန်ပွဲတစ်ခုကြောင့် နာမည်ကြီးနေပြန်တယ်ဆို.. ဒီလောက် နှစ်တွေကြာတာတောင် တိုးတက်မလာသေးဘူးနော်..”

ရှန့်ယွဲ့ချင်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို အေးစက်သွားတော့သည်။

ရှန်းကျဲလင်က ပိုမိုစိတ်လှုပ်ရှားလာပြီး ပြက်ရယ်ပြုသည့် စကားလုံးများမှာလည်း ပိုမိုပြင်းထန်လာသည်။ 


🍉🍉🍉

ရှန့်ယွဲ့ချင်လေးက သနားစရာကောင်းလိုက်တာ ဖက်ထားပေးချင်တယ်😭🍉 အခန်း ၇၅


“မင်းက ဖျော်ဖြေရေးလောကနဲ့ မသင့်တော်ဘူးလို့ ငါပြောသားပဲ.. ဘာလို့ ခေါင်းမာမာနဲ့ တွယ်ကပ်နေသေးတာလဲ.. မင်းကို သဘောကျတဲ့ ပရိသတ်တောင် မရှိဘူးလေ.. မင်းရဲ့ ရှိုးတွေဆိုရင်လည်း ကြည့်တဲ့သူတိုင်းက မင်းကို မုန်းနေကြတဲ့ သူတွေချည်းပဲ..”

ရှန့်ယွဲ့ချင်နှင့် အဖွဲ့တစ်ခုတည်း၌ ရှိခဲ့ဖူးသောကြောင့် ရှန်းကျဲလင်သည် ရှန့်ယွဲ့ချင်အကြောင်း ကောင်းစွာသိပြီး စကားလုံးတိုင်းမှာ အထိခိုက်မခံသည့် နေရာများသို့ ဓားထက်ထက်ဖြင့် ထိုးစိုက်သလိုပင်။

ရှန့်ယွဲ့ချင် မသိစိတ်မှ အလိုအလျောက် လက်သီးဆုပ်လိုက်မိသော်ငြား ရုတ်တရက် ကုရှင်းရှစ်သည်လည်း ဤနေရာတွင် ရှိနေကြောင်း အမှတ်ရလိုက်သည်။ ထိုသူက သူ့ဘက်မှ ရပ်တည်ပေးပြီး ကြင်ကြင်နာနာ ဆက်ဆံပေးသည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူ ထိုးကြိတ်ရန်ဖြစ်နေသည်အား ကုရှင်းရှစ် မြင်တွေ့သွားမည်ကို စိုးရိမ်မိသည်။

သူ့လက်သီးဆုပ်က တဖြည်းဖြည်း ပြေလျော့လာပြီး ခေါင်းလှည့်ကာ ရှန်းကျဲလင်အား ကျော်သွားရန် ကြိုးစားလိုက်သည်။

ရှန်းကျဲလင် ကြောင်အသွားလေသည်။

ယခင်ကဆိုလျှင် ထိုသို့သော စကားမျိုး ပြောချိန်တိုင်း၌ ရှန့်ယွဲ့ချင် သေချာပေါက် စိတ်လွတ်သွားမည် ဖြစ်သည်။ ဒီနေ့ ဘာတွေဖြစ်နေတာလဲ…

ရှန့်ယွဲ့ချင် ခန့်မှန်းထားသလိုပင် ကုမ္ပဏီဘက်က စိတ်အားထက်သန်စွာဖြင့် သူ့အား ရသစုံရှိုးထဲ၌ ပါဝင်နိုင်ရန် စီစဉ်ပေးလိမ့်မည် မဟုတ်ချေ။

မူလက ရှန်းကျဲလင်၏အဖွဲ့မှာ အားကောင်းသည်ဟု မဆိုနိုင်ချေ။ ထိုစဉ်က ရှန့်ယွဲ့ချင်နှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့်သာ လူထု၏ စာနာမှု ရရှိကာ နာမည်ကြီးလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ပရိသတ်အား ရေရှည်ထိန်းသိမ်းနိုင်မည့် ထူးချွန်ပြောင်မြောက်သော ဖျော်ဖြေမှုများ မရှိသောကြောင့် ပုံမှန်မဟုတ်သည့် ရေပန်းစားမှုမှာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် များမကြာမီက ရှန်းကျဲလင်၏ လိင်မှုကိစ္စများတွင် ပါဝင်ပတ်သက်သည်ဟူသော ကောလာဟလများ ထွက်ပေါ်ထားသည်။ ကုမ္ပဏီသည် ထိုကိစ္စအား ဖုံးဖိရန် ကူညီပေးသော်ငြား ယင်းမှာ သူ၏ နာမည်ဂုဏ်သတင်းအား သက်ရောက်မှုရှိဆဲဖြစ်သည်။ ပရိသတ်များ ထွက်ခွာသွားခြင်းကြောင်း အခြေအနေများ ပိုမိုဆိုးဝါးလာသည်။

တဖြည်းဖြည်း နာမည်ကျလာသည့် အဖွဲ့ကြောင့် ရှန်းကျဲလင် စိုးရိမ်ထိတ်လန့်လာသည်။ နှစ်ပေါင်းများစွာ ကောင်းမွန်သည့်ဘဝအား ခံစားလာပြီးနောက် ယခင်အခြေအနေသို့ ပြန်သွားရမည်ကို လက်မခံနိုင်ချေ။

ထို့ကြောင့် ရှန့်ယွဲ့ချင်အား တွေးမိသွားသည်။

ရှန့်ယွဲ့ချင်မှ သူ့အား ရိုက်လာအောင် ရန်စနိုင်သရွေ့ အွန်လိုင်းပေါ်တွင် နစ်နာသူအဖြစ် ပုံဖော်နိုင်ပြီး ကြင်နာတတ်သော ပရိသတ်များ၏ ခံစားချက်အဟောင်းများအား ပြန်လည်နှိုးဆွကာ အဖွဲ့အား ကယ်တင်နိုင်မည် ဖြစ်သည်။ ထိုနည်းဖြင့် သူတို့အဖွဲ့မှာ နောက်တစ်ကြိမ် ပြန်လည်တောက်ပလာနိုင်သည်။

ထို့ကြောင့် အဖြစ်အပျက်တစ်ခုလုံးအား လူအများ ယုံကြည်လာစေရန်အတွက် ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်ကူးနိုင်ရန် မျှော်လင့်ကာ ပါပါရာဇီတစ်ဦးက ခိုးဝင်နိုင်ရန် စီစဉ်ထားသည်။

အရာအားလုံးအား တွက်ချက်ကာ စီစဉ်ထားခဲ့သော်ငြား ရှန့်ယွဲ့ချင်က သူ့ကိုယ်သူ ထိန်းလိုက်လိမ့်မည်ဟု မမျှော်လင့်ထားချေ။

ရှန့်ယွဲ့ချင် ထွက်သွားတော့မည်ကို မြင်သည့်အခါ ရှန်းကျဲလင် အံတင်းတင်းကြိတ်လိုက်သည်။

မည်သည့်အကြောင်းပြချက်ကြောင့် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်ဖြစ်စေ ယနေ့ရှိုးမှာ ဆက်သွားရမည် ဖြစ်သည်။

ထို့ကြောင့် ရှန့်ယွဲ့ချင် ပိုမိုဒေါသထွက်စေမည့် စကားများပြောရင်း နောက်တစ်ကြိမ် တားဆီးလိုက်ပြန်သည်။

ထိုအချိန်မှာပင် အနီးအနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“မင်းတို့ ကုမ္ပဏီက တကယ်ပဲ ဆင်းရဲတယ်ဆိုတာ ငါသိသွားပြီ.. သူတို့ရဲ့ အနုပညာရှင်တွေကို ဘယ်လိုစကားပြောဆိုရမလဲဆိုတာတောင် မသင်ပေးနိုင်ဘူးကိုး..”

ရှန်းကျဲလင် ကြောင်အသွားပြီး စကားပြောသူအား မြင်လိုက်ချိန်တွင် မျက်နှာမှာ ပို၍ပင် အကျည်းတန်လာတော့သည်။
“ချန်ရှင်း”

နှစ်ဦးစလုံးမှာ ယောကျ်ားလေးအဖွဲ့များမှ ဖြစ်ကြသော်ငြား ရှန်းကျဲလင်တို့ အဖွဲ့၏ အောင်မြင်မှုမှာ ချန်ရှင်းတို့အဖွဲ့၏ အနားပင် မကပ်နိုင်ချေ။ အထူးသဖြင့် အဖွဲ့ထဲရှိ နာမည်အကြီးဆုံးသူများဖြစ်သည့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းကြောင့် ရှန်းကျဲလင်တို့အဖွဲ့အား မနာလိုမရှုစိမ့် ဖြစ်စေသည်။

ပြီးတော့ ချန်ရှင်း.. မင်းဆိုတဲ့ကောင်က ငါ့ကို စကားမပြောတတ်ဘူးလို့ လှောင်ရယ်ဖို့ အခွင့်အရေးရှိတယ်များ ထင်နေတာလား..

သို့သော် ချန်ရှင်းသည် ရှန်းကျဲလင်အား လျစ်လျူရှုပြီး တားဆီးခံထားရသော ရှန့်ယွဲ့ချင်ဘက်သို့လှည့်ကာ ပြောသည်။
“ငါပြောပါတယ်.. မင်းကိုက ကံမကောင်းတဲ့သူပါလို့.. သန့်စင်ခန်းထဲတောင် မရောက်သေးဘူး မစင်နင်းမိပြီ..”

ရှန့်ယွဲ့ချင် : “...”

ရှန်းကျဲလင်၏ မျက်နှာတစ်ခုလုံး စိမ်းဖန့်သွားသည်။
“ချန်ရှင်း.. မင်း ဘာစကားပြောတာလဲ..”

ချန်ရှင်းက ရှန်းကျဲလင်အား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
“မင်းက အဲလောက်တောင် ပညာမဲ့တာလား..”

ထို့နောက် အလွန်လေးနက်စွာ ရှင်းပြလိုက်သည်။
“ဒါက တင်စားပြီးပြောတာလေ.. မင်းက မစင်မှ မဟုတ်ဘဲ..”

ရှန့်ယွဲ့ချင်၏ ရင်ထဲ၌ တောက်လောင်နေသော ဒေါသများမှာ တမဟုတ်ချင်း ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုနှင့် ကူကယ်ရာမဲ့မှုကိုသာ ခံစားနေရသည်။

သို့သော် ရှန်းကျဲလင်မှာ စော်ကားခံရသောကြောင့် ဒေါသပေါက်ကွဲလုနီးနီး ဖြစ်လာသည်။
“အဲလိုပြောတဲ့ ရည်ရွယ်ချက်က ဘာလဲ.. မင်းက သူ့ဘက်ကနေ ရပ်တည်ပေးချင်တယ်ဆိုရင် ငါ့ကို လာရိုက်လိုက်စမ်းပါ.. ငကြောက်ကောင်..”

ရှန့်ယွဲ့ချင် မည်သည့်စကားမှ မဆိုချေ။ သူတစ်ဦးတည်းသာဆိုလျှင် တုံ့ဆိုင်းခြင်းမရှိဘဲ ရှန်းကျဲလင်အား ထိုးပစ်လိုက်မည်ဖြစ်သည်။ မကောင်းသတင်းများအတွက်မူ အသားကျနေပြီးသား ဖြစ်သည်။

သို့သော် ချန်ရှင်းမှာမူ ထိုသို့မဟုတ်ပေ။ ကုရှင်းရှစ် စိုးရိမ်သွားလိမ့်မည်။ ထို့ကြောင့် ချန်ရှင်းအား ဝင်ပါခွင့် မပြုနိုင်ပေ။

ရှန့်ယွဲ့ချင်က သူ့ကိုယ်သူ ထိန်းချုပ်ကာ ချန်ရှင်းအား ဆွဲခေါ်ပြီး ထွက်သွားရန်ပြင်သည်။

မမျှော်လင့်စွာပင် ရှန်းကျဲလင်က သူတို့နှစ်ဦးအား ထွက်သွားခွင့် မပြုဘဲ‌ ခေါင်းမာစွာဖြင့် လမ်းပိတ်ထားသည်။

ရှန့်ယွဲ့ချင်က ဒေါသထွက်သလို တစ်ချိန်တည်းမှာပင် စိုးရိမ်လာမိသည်။ ရှန်းကျဲလင်သည် သူတို့နှစ်ဦးအား ရန်စရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူသိသည်။ ယခင်က သူ့အပေါ် လုပ်ခဲ့သလိုမျိုး ချန်ရှင်းအား အနင်းခံကျောက်တုံးအဖြစ် အသုံးပြုရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ထို့ကြောင့် ချန်ရှင်းအား ကာကွယ်ပေးပြီး အရင်သွားစေသည်။

မမျှော်လင့်စွာပင် ချန်ရှင်းက ရှေ့သို့တက်ကာ ရှန်းကျဲလင်အား ကြမ်းကြမ်းတမ်းတမ်း တွန်းဖယ်လိုက်သည်။

ရှန်းကျဲလင်၏ နောက်ကျောနှင့် နံရံ ပြင်းပြင်းထန်ထန် ဝင်ဆောင့်သွားတော့သည်။ ခေတ္တမျှ ကြောင်အသွားပြီးနောက် သူ့မျက်လုံးထဲ၌ ဘဝင်ခိုက်နေသည့် အကြည့်များ လျှပ်တပြက် ပေါ်လာသည်။

*

ကုရှင်းရှစ်က ဒါရိုက်တာအဖွဲ့နှင့် အစမ်းလေ့ကျင့်မည့် အသေးစိတ်အား ဆွေးနွေးနေချိန်တွင် စနစ်၏အသံအား ကြားလိုက်ရသည်။
[ပိုင်ရှင်.. ပိုင်ရှင်.. အရည်ရွှမ်းရွှမ်း ဖရဲသီးရှိနေတယ်..]

စနစ်၏ စိတ်လှုပ်ရှားနေသော အသံကြောင့် ကုရှင်းရှစ် အလိုလို သတိအနေအထား ဖြစ်သွားသည်။
[ဘာတဲ့လဲ..]

[ချန်ရှင်းနဲ့ ရှန့်ယွဲ့ချင်ရဲ့ အဖွဲ့သားဟောင်းတို့ ချနေကြပြီ..]

[...]

ကုရှင်းရှစ်က ချက်ချင်းပင် ဆွေးနွေးခန်းအား ရပ်လိုက်ရသည်။
“စိတ်မရှိပါနဲ့.. အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ပါ.. ခဏလောက် ခွင့်ပြုပါဦး..”

ထိုသို့ပြောပြီးနောက် စနစ်ပြောသည့်နေရာသို့ အလျင်အမြန် ဦးတည်သွားလေသည်။

စနစ်မှ ပြန်ပြောသည့် အဖြစ်အပျက်တစ်ခုလုံးအား နားထောင်ရင်း ပတ်ဝန်းကျင်အား သတိမပြုမိဘဲ ယခုလေးတင် ရောက်လာသည့် ဧည့်သည်အား ဖြတ်ကျော်သွားမိသည်။

ဧည့်သည်မှာ ကုရှင်းရှစ်အား သတိပြုမိသဖြင့် ချက်ချင်းပင် သူ့မန်နေဂျာအား လက်တို့လိုက်သည်။
“အဲဒါ ဥက္ကဌကုလား..”

မန်နေဂျာ : “ဘယ်မှာလဲ.. ဘယ်မှာလဲ..”

ဧည့်သည်က နေရာတစ်ခုသို့ ညွှန်ပြလိုက်သည်။
“ကြည့်လေ.. အဲဒီမှာ..”

မန်နေဂျာက သူ့ကို ချက်ချင်းပင် လက်ဆွဲခေါ်သွားသည်။
“လာစမ်းပါ.. ဥက္ကဌကုကို သွားနှုတ်ဆက်ရမယ်.. မင်း အက်ဒမ်နဲ့ ဓာတ်ပုံရိုက်ခွင့် ရနိုင်မလားဆိုတာ ဒီအခွင့်အရေးပေါ် မူတည်နေတာကွ..”

နားနေခန်းထဲမှ ထွက်လာကြသည့် တင်ဆက်သူ ၃ ဦးသည်လည်း ထိုလူ ၃ ယောက်အား စူးစမ်းလိုမှုအပြည့်နှင့် ကြည့်လိုက်ကြသည်။

“ဒီ ၃ ယောက်က ဘယ်ကိုပြေးသွားကြတာလဲ..”

“မသိဘူးလေ..”

“တစ်ခုခု ဖြစ်နေတာလား.. လိုက်သွားကြည့်ကြမယ်..”

“သွားကြစို့..”

တင်ဆက်သူ ၃ ဦး ကျေးဇူးနှင့် ဘာဖြစ်မှန်း မသိသည့်တိုင်အောင် ပို၍များပြားသော ပွဲကြည့်ပရိသတ်များ စုဝေးလာသည်။

ကုရှင်းရှစ် သန့်စင်ခန်းအနီးသို့ ရောက်လာချိန်တွင် သူ့အနောက်မှ လူတန်းရှည်ကြီးက လိုက်ပါလာသည်။

လာနေသည့် လမ်းတစ်လျှောက် စနစ်ထံမှ အဖြစ်အပျက်တစ်ခုလုံးအား သိရှိပြီးဖြစ်သော်ငြား ဟန်လုပ်မေးမြန်းရန် လိုအပ်နေဆဲပင်။

“ဘာတွေဖြစ်နေတာလဲ..”

ရှန့်ယွဲ့ချင်က ကုရှင်းရှစ် ချဉ်းကပ်လာသည်ကို မြင်ချိန်၌ ထိတ်လန့်သွားသည်။ ရှင်းပြလိုသော်ငြား အလွန်အမင်း ပျာယာခတ်နေသောကြောင့် မည်သည်က စပြောရမှန်း မသိတော့ချေ။

ချန်ရှင်းက သူတို့အား လမ်းပိတ်ထားဆဲဖြစ်သည့် ရှန်းကျဲလင်းအား ညွှန်ပြကာ ပြောသည်။
“ခွေးကောင်းတစ်ကောင်က ဘယ်တော့မှ လမ်းမပိတ်ဘူး..”

ရှန့်ယွဲ့ချင် သတိလစ်သွားလုမတတ်ပင်။
ဒီလိုအချိန်မျိုးမှာ ရှင်းပြရမဲ့အစား မီးထဲ ဓာတ်ဆီလောင်းနေသေးတာလား..

ရှန်းကျဲလင်မှာ နစ်နာသူတစ်ဦးသဖွယ် ရှိနေသော်ငြား စိတ်ထဲ၌မူ အလွန်အမင်း ပျော်ရွှင်နေခြင်းဖြစ်သည်။

မမျှော်လင့်ထားတဲ့ အပိုဆုကြီးးးးး

ချန်ရှင်းက သူ့အား တွန်းခဲ့ရုံတင်မကဘဲ လူအများရှေ့၌ စော်ကားပြောဆိုခဲ့သေးသည်။
ဒီလိုမျိုး ငြင်းပယ်လို့မရတဲ့ သက်သေတွေနဲ့ဆိုရင် ဘာကို စိုးရိမ်နေရဦးမှာလဲ..

ချန်ရှင်းမှာ ရှန့်ယွဲ့ချင်ကဲ့သို့ သာမညောင်ညလူတစ်ဦး မဟုတ်ချေ။ ဤအနင်းခံကျောက်တုံးမှာ ပိုမိုကြီးမားခိုင်ခံ့သဖြင့် သူမျှော်မှန်းထားသည်ထက်ပင် ပိုမိုကျော်ကြားနိုင်သည်။

ထို့နောက် ချန်ရှင်း၏ ဂုဏ်သတင်းအား ပြန်လည်ထိန်းသိမ်းနိုင်ရန် စတားရှိုင်းမီဒီယာနှင့် ကုရှင်းရှစ်တို့သည် သူ့ထံသို့ လာရောက်ကြရလိမ့်မည်။ ရရှိလာမည့် အကျိုးအမြတ်များအား သေသေချာချာ စဉ်းစားရန် လိုအပ်သည်။

ထိုသို့တွေးမိပြီးနောက် ရှန်းကျဲလင်က မှားယွင်းအစွပ်စွဲခံရသူတစ်ဦးကဲ့သို့သော အမူအရာနှင့် ပြောသည်။
“ဥက္ကဌကု.. ကျေးဇူးပြုပြီး မျှတမှုရှိပါ.. ကျွန်တော်က အရင်က အဖွဲ့သားဟောင်းနဲ့ စကားစမြည် ပြောချင်ခဲ့တာပါ.. ဒါပေမဲ့ ဥက္ကဌရဲ့ အနုပညာရှင်က ရုတ်တရက်ကြီး ကျွန်တော့်ကို တွန်းတိုက်ပြီး နာမည်မျိုးစုံနဲ့ ခေါ်ပြောနေပါတယ်.. သူ့ကို ဘယ်လိုမျိုး စော်ကားမိခဲ့လဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး..”

ကုရှင်းရှစ်၏ အမူအရာမှာ ခန့်မှန်း၍ မရချေ။
“သူက မင်းကို တွန်းလိုက်တယ်လို့ ပြောတယ်နော်..”

ရှန်းကျဲလင် : “ဟုတ်ပါတယ်..”

ကုရှင်းရှစ် : “ဘယ်လိုတွန်းလိုက်တာလဲ..”

ရှန်းကျဲလင် မတုံ့ပြန်နိုင်ခင်မှာပင် ချန်ရှင်းသည် ရှေ့တက်ကာ နောက်တစ်ကြိမ် တွန်းပစ်လိုက်သည်။ ထို့နောက် ချီးကျူးခံချင်သည့် မျက်နှာထားဖြင့် ကုရှင်းရှစ်အား ကြည့်လိုက်သည်။
“ဒီလို”

ရှန်းကျဲလင် : “...”

အားလုံး : “...”

ထို့နောက် ကုရှင်းရှစ် အနားတိုးလာသည်ကို မြင်လိုက်ရသည်။ ကုရှင်းရှစ်မှာ ချန်ရှင်းအား အပြစ်တင်ဆုံးမတော့မည်ဟု တွေးမိသောကြောင့် ရှန်းကျဲလင်က အောင်ပွဲခံဟန်ဖြင့် ပြုံးလိုက်သည်။ သို့သော် ကုရှင်းရှစ်က သူ့ရှေ့၌ရပ်ပြီး ရုတ်တရက် ဆောင့်တွန်းလိုက်သည်။

ကုရှင်းရှစ်က တွန်းရုံတင်မကဘဲ တဲ့တိုးပြောလိုက်သည်။
“ဒီတော့ ငါတို့မင်းကို တွန်းတယ်ကွာ.. အဲဒီတော့ ဘာဖြစ်လဲ.. သတ္တိရှိရင် ငါ့ကိုရိုက်လေ..”

ချန်ရှင်းက ချက်ချင်းပင် လက်ခုပ်လက်ဝါးတီးလိုက်သည်။
“ဥက္ကဌကု.. အမိုက်စားပဲ..”

ရှန့်ယွဲ့ချင် : “...”

အခြားသူများ : “...”

ရှန်းကျဲလင်ပင်လျှင် ကြက်သေသေသွားတော့သည်။
မင်းတို့ကုမ္ပဏီက လူတွေ ဘာဖြစ်နေကြတာလဲကွ.. ပုံမှန်ဇာတ်ညွှန်းအတိုင်း သွားလို့ မရကြဘူးလား..

သို့သော ဤအချိန်မျိုးတွင် နစ်နာသူပမာ သရုပ်ဆောင်ရုံသာ ရှိတော့သည်။
“ဥက္ကဌကု.. ဒါက ဘာကိုပြောချင်တာလဲ မသိဘူး.. ကျွန်တော်က ချန်ရှင်းလောက် နာမည်မကြီးဘူး ဆိုတာနဲ့ စိတ်ကြိုက်အနိုင်ကျင့်ပြီး ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို နင်းခြေလို့ ရသွားတာလား..”

ရှန်းကျဲလင်က အလွန်အမင်း နစ်နာသူတစ်ဦးသဖွယ် သရုပ်ဆောင်နေသည်။ မထင်မရှား အမျိုးသားအဖွဲ့ဝင်လေးတစ်ဦးသည် အရှက်ကွဲမှုအား အံကြိတ်သည်းခံရင်း ခေါင်းမာစွာဖြင့် သူ၏ ဂုဏ်သိက္ခာအား အဖက်ဆည်ရန် ကြိုးစားနေသည့်နှယ် ပုံဖော်နေခြင်းဖြစ်သည်။

ပွဲကြည့်ပရိသတ်များပင်လျှင် ရှန်းကျဲလင်အပေါ် ကရုဏာမသက်မိဘဲ မနေနိုင်ကြချေ။ ထို့ကြောင့် ကုရှင်းရှစ်တို့အား အပြစ်တင်လိုဟန်ဖြင့် ကြည့်လိုက်ကြသည်။

သို့သော် ကုရှင်းရှစ်က စိတ်မရှည်ဟန်ဖြင့် နားအား လက်ဖြင့်ကလော်လိုက်သည်။
“ကျွတ်.. ဒီလောက် နှစ်တွေကြာတာတောင် မင်းရဲ့ သရုပ်ဆောင်အရည်အချင်းက တိုးတက်မလာသေးပါလား..”

“ရှန့်ယွဲ့ချင် မင်းကို ဒေါသထွက်ပြီး မရိုက် ရိုက်အောင် စော်ကားပြောဆိုတယ်.. အဲဒီလိုမှ မင်းက နစ်နာသူလို ဟန်ဆောင်ပြီး အွန်လိုင်းပေါ်မှာ နာမည်ကြီးမှာလေ.. ဟုတ်တယ်မလား.. ဒီလိုဆိုရင် မင်းရဲ့ လိင်မှုကိစ္စ အရှုပ်အထွေးကိုလည်း ဖုံးပြီးသား ဖြစ်မဲ့အပြင် မင်းရဲ့ အဖွဲ့လည်း ပြန်ပြီး နာမည်ကြီးလာမယ်.. ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်ပြီးသား ဖြစ်တာပေါ့..”

ချန်ရှင်းက မဟုတ်မခံပြောတတ်တယ် ဟုတ်လား..

မဟုတ်မခံဆိုတာ ဘာလဲသိအောင် ပြရသေးတာပေါ့..

သူ့အကြံအစည်များအားလုံး ပေါ်သွားသဖြင့် ရှန်းကျဲလင် ထိတ်လန့်တုန်လှုပ်ကာ အားတင်းပြောရတော့သည်။
“ခင်ဗျားက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ.. ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ စွပ်စွဲနေတာ..”

ကုရှင်းရှစ် ရယ်လိုက်သည်။
“ပြောကြည့်ရအောင်.. မင်းက သေချာလေး စီစဉ်ထားပြီးသားဆိုတော့ အဓိကအကျဆုံးဖြစ်တဲ့ ပါပါရာဇီကိုတော့ ချန်ထားခဲ့မှာ မဟုတ်ဘူးမလား..”

ဤတစ်ကြိမ်တွင် ရှန်းကျဲလင်၏ မျက်နှာမှာ သိသိသာသာ ဖြူဖျော့သွားသည်။ ကုရှင်းရှစ်မှာ ခန့်မှန်းပြောဆိုနေခြင်းသာဖြစ်ပြီး ပါပါရာဇီ ပုန်းနေသည့်နေရာအား မသိရန် မျှော်လင့်နေမိသည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် ဝန်ထမ်းတံဆိပ် တပ်ထားသည့် ပိန်ပိန်ပါးပါး လူတစ်ဦးအား ဆွဲခေါ်လာသော ချန်ရှင်း၏ သက်တော်စောင့်နှစ်ယောက် ရောက်ရှိလာသည်။ ထိုလူက အဝေးမှဖမ်းယူရိုက်ကူးနိုင်သော ကင်မရာတစ်လုံးအား ကိုင်ဆောင်ထားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် လွတ်မြောက်ရန် ကြိုးစားနေသည်။

စတူဒီယိုရှိ ဝန်ထမ်းများ အချင်းချင်း ဆွေးနွေးကြလေသည်။

“သူက ဘယ်ဌာနကလဲ..”

“အရင်က တစ်ခါမှ မမြင်ဖူးဘူး..”

“တကယ်ပဲ ပါပါရာဇီလား..”

ထိုအချိန်မှာပင် သတင်းကြားသည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများပါ ရောက်ရှိလာကြသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုသူ၏ ဝန်ထမ်းတံဆိပ်မှာ အတုဖြစ်ကြောင်းနှင့် ဝန်ထမ်းအဖွဲ့ဝင် မဟုတ်ကြောင်း သိလိုက်ကြသည်။

အခင်းဖြစ်ပွားရာ နေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားကြသည်။

ရှန်းကျဲလင်၏ နဖူးမှ ချွေးအေးများ စီးကျလာပြီး ဆက်လက်ငြင်းခုံရန်သာ လုပ်နိုင်သည်။
“ကျွန်တော် ဘာမှ မလုပ်ထားဘူး.. မင်းတို့လုပ်တာ.. မင်းတို့က ငါ့ကို အကွက်ချထားကြတာ..”

ကုရှင်းရှစ် လက်ဖြန့်ရင်း ပခုံးတွန့်လိုက်သည်။
“ကောင်းပြီလေ.. ဒါဆိုလည်း ရွေးစရာမရှိတော့ ရဲခေါ်ကြတာပေါ့..”

ရှန်းကျဲလင် : “...”

ထပ်ပြောရန် မလိုတော့ပေ။ သူတို့၏ အမူအရာများမှတစ်ဆင့် မည်သူက အမှန်ပြောနေသလဲဆိုသည်ကို လူတိုင်းမြင်နိုင်သည်။

ကုရှင်းရှစ် အမှန်တကယ် ရဲခေါ်လိုက်မည်ကို ကြောက်ရွံ့သဖြင့် ရှန်းကျဲလင် ဆက်လက် မငြင်းခုံရဲတော့ဘဲ စိတ်ပျက်လက်ပျက်နှင့် ခေါင်းငုံ့နေမိသည်။

မမျှော်လင့်စွာဖြင့် ကုရှင်းရှစ်က ရှန်းကျဲလင်အား အလွတ်မပေးချေ။
“သနားဖို့ကောင်းတဲ့ပုံ လုပ်မနေနဲ့.. အခုကျမှ သေချင်ယောင်ဆောင်နေတာလား.. ဘယ်လိုတောင်းပန်ရမလဲဆိုတာ မသိသေးဘူးလား..”

ရှန်းကျဲလင်က အံတင်းတင်းကြိတ်လိုက်သော်ငြား သူ့ ဒေါသအား မြိုသိပ်ရုံသာတတ်နိုင်သည်။
“တောင်းပန်ပါတယ်..”

ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

သို့သော် ကုရှင်းရှစ်က ရှန်းကျဲလင်အား တားလိုက်၏။
“ပြီးတော့ရော..”

ထို့နောက် ရှန့်ယွဲ့ချင်အား ညွှန်ပြလိုက်သည်။
“သူကမှ မင်း အတောင်းပန်သင့်ဆုံးသူ မဟုတ်ဘူးလား..”

ရှန့်ယွဲ့ချင် ကြောင်အသွားသည်။

ရှန်းကျဲလင်မှာမူ ပို၍ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
“ဘာဖြစ်လို့ ကျွန်တော်က..”

ကုရှင်းရှစ် ဖုန်းထုတ်ကာ နံပါတ်နှိပ်ဟန်ဆောင်လိုက်သည်။

ရှန်းကျဲလင်က အရှက်ခွဲခံရခြင်းအား ကြိတ်မှိတ်မြိုသိပ်ကာ ရှန့်ယွဲ့ချင်အား ပြောသည်။
“ငါ.. တောင်းပန်ပါတယ်..”

ကုရှင်းရှစ်က ပျင်းရိစွာပြောသည်။
“ကျယ်ကျယ်ပြော.. ခံရသူလို ဟန်ဆောင်နေတုန်းကတော့ မင်းက အရမ်းပဲ အားအင်အပြည့် ဖြစ်နေတာ မဟုတ်ဘူးလား..”

ကုရှင်းရှစ်က သူ၏ မာန်မာနနှင့် သိက္ခာတရားတို့အား ချနင်းနေသည်ဟု ခံစားနေရသည်။ သို့သော် ပြဿနာ ပိုကြီးမလာစေရန်အတွက် ဒေါသအား မြိုချကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ငါ တောင်းပန်ပါတယ်..”

ထိုသို့ပြောကာ နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားတော့သည်။

ကုရှင်းရှစ်က ရှန်းကျဲလင်အား အာရုံမစိုက်တော့ဘဲ လက်ခုပ်တီးကာ ခပ်တည်တည်ပြောသည်။
“ဟုတ်ပြီ.. အားလုံးပဲ လူစုခွဲကြမယ်.. ရုတ်ရုတ်ရုတ်ရုတ် လုပ်မနေဘဲ အစမ်းလေ့ကျင့်ဖို့ ပြင်မယ်..”

အားလုံး : “...”

တကယ်ကြီးလား.. ဒီလိုဖြစ်အောင် လုပ်တဲ့ တရားခံ မင်းက ပြောရဲသေးတယ်ပေါ့..

ဆိုတော့ အရာရှိတွေကို မီးရှို့ခွင့်ပါ ပေးထားပေမဲ့ သာမန်လူတန်းစားတွေကတော့ မီးအိမ်လေးထွန်းဖို့တောင် ခွင့်မပြုထားဘူးပေါ့..

လူတိုင်း စိတ်ထဲမှ ညည်းညူကာ အစမ်းလေ့ကျင့်မည့်နေရာသို့ ပြန်သွားကြတော့သည်။

ရှန့်ယွဲ့ချင်မှာ အနည်းငယ် ပျော်ရွှင်နေဆဲပင်။

ကုရှင်းရှစ်က ချန်ရှင်းအား အဓိက ကာကွယ်ပေးလိုခြင်းဖြစ်ကြောင်း သိသည့်တိုင်အောင် သူသည်လည်း ကာကွယ်ပေးခံရသည်ဟု ခံစားမိသည်။

ဒါက ကာကွယ်ပေးခံရတယ်ဆိုတဲ့ ခံစားချက်မျိုးလား.. အရမ်း.. အရမ်း ပျော်ဖို့ကောင်းလိုက်တာ..

ထို့အပြင် ရှန့်ယွဲ့ချင်၏စိတ်ထဲ၌ လျှို့ဝှက်အတွေးလေးတစ်ခု ပေါ်လာသည်။


 

Search Novels