🍉🍉🍉🍉 အခန်း ၈၁


ယွမ်ယန်အင်တာတိန်းမန့်က ၎င်း၏နာမည်အား မရှင်းလင်းနိုင်သေးခင်မှာပင် ရှန့်ယွဲ့ချင် ပါဝင်ပတ်သက်နေသော ကောလာဟလများမှာ အလိုအလျောက်ပင် ကုမ္ပဏီ၏ အသုံးချခံရခြင်းဖြစ်ကြောင်း ယူဆသွားကြလေသည်။

ဤအကွက်မှာ အတော်လေး ဆရာကျလွန်းသည်။

အွန်လိုင်းပေါ်ရှိ မှတ်ချက်များအားကြည့်ကာ ရှန့်ယွဲ့ချင် အံ့ဩတုန်လှုပ်နေမိသည်။

ကုရှင်းရှစ်သည် သူ့နာမည်အား ရှင်းလင်းရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထားသော်ငြား ထိုမျှလောက် မြန်ဆန်လိမ့်မည်ဟု မထင်ထားပေ။

ကုရှင်းရှစ်နှင့် စာချုပ် ချုပ်ဆိုပြီးသည်မှာ နေ့တစ်ဝက်ခန့်ပင် မရှိသေးချေ။

ကုရှင်းရှစ်၏ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိချိန်မှစ၍ အိပ်မက် မက်နေသလို ခံစားနေရသည်။

ဖျော်ဖြေရေးလောကထဲ ရောက်ရှိနေသည်မှာ နှစ်အနည်းငယ် ကြာပြီဖြစ်သောကြောင့် ထိုအရာများအား ဖြေရှင်းရန် မည်မျှခက်ခဲကြောင်း ရှန့်ယွဲ့ချင် သိထားသည်။

သို့သော် ကုရှင်းရှစ်သည် အောင်မြင်စွာ ဖြေရှင်းနိုင်ရုံသာမက လွယ်လင့်တကူ အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဤသို့ ဖြစ်လာရန် မည်သည့်အရာများ ရင်းနှီးပေးဆပ်ခဲ့ရကြောင်း မည်သူမှ မသိ‌နိုင်ပေ။

ရှန့်ယွဲ့ချင်၏ စိတ်ထဲ၌ လေးစားကြည်ညိုမှုနှင့် စိတ်ထိခိုက်မှုတို့ ရောယှက်နေသည်။ ထိုခံစားချက်မှာ နောက်တစ်နေ့ ကုမ္ပဏီသို့ ရောက်ချိန်တွင် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားတော့သည်။

သေးငယ်ကာ ခေတ်မမှီတော့သော အတွင်းပိုင်းအပြင်အဆင်နှင့် ပြိုကျလုဆဲဆဲ ရုံးခန်းထဲ၌ ရပ်ကာ ရှန့်ယွဲ့ချင် အတော်လေး တုန်လှုပ်ပြီး စကားလုံးများပင် ထွက်မလာတော့ချေ။

ကုရှင်းရှစ်က ထိပ်တန်းရှေ့နေတစ်ဦးနှင့် အဆင့်မြင့် ဓာတ်ပုံစတူဒီယိုအပြင် အက်ဒမ်အား မည်သို့ ငှားရမ်းနိုင်ကြောင်း မတွေးတတ်တော့ပေ။ ကုမ္ပဏီအတွက် သုံးစွဲနေသော ငွေကြေးများမှာ ကုရှင်းရှစ်၏ ကိုယ်ပိုင်ငွေများ ဖြစ်ပုံရသည်။ သို့တိုင်အောင် ကုန်ကျစရိတ်အားလုံး ကျခံကာ ရှန့်ယွဲ့ချင်အား ကူညီရန် ရွေးချယ်လိုက်ဆဲဖြစ်သည်။

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်၏ အမူအရာအား နားလည်မှုလွဲကာ လည်ချောင်းရှင်းပြီး ရှင်းပြရန် ကြိုးစားသည်။
“တကယ်တော့ ငါတို့ကုမ္ပဏီက အဲလောက်ကြီး မဆင်းရဲပါဘူး.. မင်းသိတယ်မလား..”

ကုရှင်းရှစ်က တန်ဖိုးကြီး ပစ္စည်းများ တပ်ဆင်ထားသည့် အခန်းများသို့ ခေါ်ဆောင်သွားပြီး ထိုအရာများ၏ တန်ကြေးအား မသိဘဲ ရောင်းမချမိသည့် သူ့ကိုယ်သူ ကျေးဇူးတင်မိသည်။ ထို့နောက် ဂုဏ်ယူစွာဖြင့် ထပ်ပေါင်းပြောသည်။
“ဒီ အသံချိန်ညှိစက်ကိုတွေ့လား.. အရည်အသွေးမြင့်တယ်လေ.. အနည်းဆုံး ယွမ် ၁ သန်းလောက် တန်ကြေးရှိတယ်.. ဒီ စပီကာတွေကို ကြည့်ဦး ဈေးကွက်မှာတောင် မရှိတော့ဘူး.. တန်ဖိုးက..”

သို့သော် ကုရှင်းရှစ်၏ စကားများအား နားထောင်ရင်း ရှန့်ယွဲ့ချင် နှလုံးသားတစ်ခုလုံး ကိုက်ခဲလာသည်။

ယွမ်ယန်အင်တာတိန်းမန့်ကဲ့သို့သော အမှိုက်ကုမ္ပဏီပင်လျှင် အလွှာတစ်ခုလုံးအား ဝယ်ယူထားနိုင်သည်။ နလပိန်းတုံး စီအီးအိုများဆိုလျှင် စံအိမ်ကြီးများ၌ နေထိုင်ကြပြီး ဇိမ်ခံကားများအား မောင်းနှင်ကြသည့်အပြင် တစ်စက္ကန့်မျှပင် တွေးတောခြင်း မရှိဘဲ ပိုက်ဆံအား ရေလိုသုံးကြသည်။

ဥက္ကဌကုမှာမူ သူ၏ အနုပညာရှင်များအတွက်သာ နှစ်မြှုပ်ထားခြင်းဖြစ်သည်။ သူတို့ တိုးတက်ရေးအတွက် ငွေကြေးများ စိုက်ထုတ်ထားပြီး သူကိုယ်တိုင်ကမူ သေးငယ်သော အခန်းကျဉ်းလေး၌ နေထိုင်လေသည်။

လုံးဝ မမျှတဘူး..

ရှန့်ယွဲ့ချင်သည် မူလက ဖက်ရှင်လောကကို ဦးတည်လျှောက်လှမ်းရန် ကုရှင်းရှစ်နှင့် သဘောတူထားခြင်း ဖြစ်သည်။ ရံဖန်ရံခါ TV ဒရာမာများ၌ ဇာတ်ရုပ်တစ်ခုခုတွင် ပါဝင်သရုပ်ဆောင်ရင်း တဖြည်းဖြည်းချင်း အရည်အသွေး မြှင့်တင်မည် ဖြစ်သည်။

သို့သော် ရှန့်ယွဲ့ချင် စိတ်ပြောင်းသွားသည်။

မူလစီစဉ်ထားသော လမ်းကြောင်းမှာ သူ့အတွက် ဝန်မပိစေသော်ငြား ဝင်ငွေနည်းနိုင်သောကြောင့် ဥက္ကဌကုအတွက် မမျှတပေ။

ဖျော်ဖြေရေးလောက၌ ကုရှင်းရှစ်ကဲ့သို့ အနုပညာရှင်များအပေါ် ကောင်းမွန်စွာ ဆက်ဆံသည့် သူဌေးမျိုး အလွန်ရှားပါးသည်။

သူ လဲ့ရှစ်အင်တာတိန်းမန့်သို့ ဝင်ရောက်နိုင်ခဲ့သည်အတွက် အလွန်အမင်း ကံကောင်းလှသည်။

ကုရှင်းရှစ်ရဲ့ ကာကွယ်ပေးမှုအောက်မှာ မုန်တိုင်းတွေကို ကျော်ဖြတ်ရင်း ကမ်းကပ်ရမလား…

ဖျော်ဖြေရေးလောကထဲက ပွဲလမ်းတွေမှာ ကုရှင်းရှစ်ကို ထောင့်တစ်ခုမှာပဲ ရပ်ကြည့်နေရုံ တတ်နိုင်တဲ့ စီအီးအို တစ်ယောက် ဖြစ်လာမှာကို လက်ပိုက်ကြည့်နေရမှာလား…

ထိုသို့ ဖြစ်လာမည်ကို တွေးကြည့်ရုံနှင့်ပင် နှလုံးသားတစ်ခုလုံး နာကျင်ကိုက်ခဲကာ အသက်ရှူကြပ်လာသည်။

မဖြစ်ရဘူး..

ဥက္ကဌကု၏ အမာခံပရိသတ် တစ်ဦးအနေနှင့် ထိုသို့ဖြစ်လာရန် လုံးဝ ခွင့်မပြုနိုင်ပေ။

အခြားစီအီးအိုများထံ၌ ရှိသည့်အရာအားလုံး ဥက္ကဌကု၌ ရှိရမည်။

အခြားစီအီးအိုများထံ၌ မရှိသည့် အရာများလည်း ဥက္ကဌကု ပိုင်ဆိုင်ရမည်။

ရှန့်ယွဲ့ချင်၏ နှလုံးသားထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများ ပြင်းထန်လာသည်။
“ဥက္ကဌကု”

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်၏ မျက်လုံးထဲရှိ စိတ်အားထက်သန်မှုများကြောင့် ကြောင်အသွားသည်။
“ဘာ.. ဘာဖြစ်တာလဲ..”

ရှန့်ယွဲ့ချင်က ပြောသည်။
“ကျွန်တော့်ရဲ့ အချိန်ဇယားက တော်တော်လေး ပေါ့ပါးနေတယ်လို့ ထင်ပါတယ်.. ကျွန်တော် ပိုပြီးတော့ အလုပ်လုပ်နိုင်ပါတယ်.. သရုပ်ဆောင်အတန်း.. သီချင်းဆိုနဲ့ အကကိုလည်း သင်ယူပါမယ်.. ပြောကြတယ်လေ.. ကျွမ်းကျင်မှုများလေ ပိုကောင်းလေတဲ့.. ဒီလိုဆို ဘာပဲလာလာ ကိုင်တွယ်နိုင်လိမ့်မယ်တဲ့..”

ကုရှင်းရှစ် : “...”

ခဏလေး.. မင်းက ဘာကိစ္စနဲ့ ရုတ်တရက်ကြီး နာမည်ကြီး အနုပညာရှင်တစ်ယောက်လို ပြုမူနေရတာလဲ.. ဘာဖြစ်သွားတာလား..

စိတ်လျှော့ပါကွ..

မင်းရဲ့သူဌေးက ဖျော်ဖြေရေးလောကကို သိမ်းပိုက်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး..

ငါက ဒီတိုင်းပဲ ပိုက်ဆံလေး နည်းနည်းပါးပါး ရှာမယ်.. စောစောစီးစီး ပင်စင်ယူပြီး သာယာအေးချမ်းတဲ့ ဘဝကို ဖြတ်သန်းချင်တာကွ..

သို့သော် ရှန့်ယွဲ့ချင်မှာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သဖြင့် ချက်ချင်းလုပ်ဆောင်ရန် ကြိုးစားတော့သည်။

ကုရှင်းရှစ် မျက်နှာအား လက်ဖြင့်အုပ်ကာ တွေးမိတော့သည်။

ငါ့ကုမ္ပဏီက လူတိုင်းက တော်တော်လေး ကြိုးစားပြီး ရည်ရွယ်ချက် ကြီးကြပါလား.. ဒီမှာ ပျင်းနေတာ ငါတစ်ယောက်တည်းပေါ့..

*

နောက်ရက်များအတွင်း ရှန့်ယွဲ့ချင်သည် သူ့ကိုယ်သူ များပြားသော အချိန်ဇယားအတွင်း နှစ်မြှုပ်ထားသဖြင့် ကုရှင်းရှစ် စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် ရှန့်ယွဲ့ချင်အား အတင်းအကြပ် အနားယူခိုင်းရန်မှာ ကုရှင်းရှစ်၏ နေ့စဉ်တာဝန်တစ်ခု ဖြစ်လာသည်။

သို့တိုင်အောင် အနားယူရန် အကြံပြုချိန်တိုင်း၌ ရှန့်ယွဲ့ချင်က ကုရှင်းရှစ်အား နားလည်ရခက်သည့် အမူအရာမျိုးဖြင့် ကြည့်တတ်သည်။

ကုရှင်းရှစ် စိုးရိမ်စွာဖြင့် စနစ်အား မေးလိုက်ရသည်။
ကုရှင်းရှစ် : [စနစ်ရေ.. ဒီရက်ပိုင်း ရှောင်ချင်က တစ်ခုခု ဖြစ်နေတာလား..]

စနစ် : [မဖြစ်ပါဘူး..]

ကုရှင်းရှစ် : [သူ့မျက်လုံးတွေက ငါ့ကို ကြည့်တဲ့အချိန်တိုင်း နည်းနည်းလေး ထူးဆန်းနေတယ်လို့ မင်းမထင်ဘူးလား..]

စနစ် : [ငါ့အတွက်တော့ သာမန်ပါပဲ.. မာမားဖန်တွေရဲ့ စံပုံစံလေ..]

ကုရှင်းရှစ် : [ဘာဖန်..]

တစ်နေ့၌ ကုရှင်းရှစ် ကုမ္ပဏီသို့ ပြန်လာချိန်တွင် ရုံးခန်းတစ်ခုလုံးမှာ ပြင်ဆင်မှုအသစ်နှင့် ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် အခန်းမှားဝင်လာခြင်းဟုပင် တွေးမိသည်။

မေးကြည့်မှ ရှန့်ယွဲ့ချင်၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။

ကုရှင်းရှစ် ရုတ်တရက် နားလည်သွားသည်။
ဒီတော့ ရုံးခန်းက အတော်လေး စုတ်ပဲ့နေလို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေတောင် သည်းမခံနိုင်ကြတော့ဘူးပေါ့..

ကုရှင်းရှစ်သည် မူလက တစ်နှစ်ကြာပြီးလျှင် ကုမ္ပဏီအား ရောင်းချကာ ငွေရေးကြေးရေး အမှီအခိုကင်းသည့် ဘဝသို့ ပြန်သွားမည်ဟု စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ပရိဘောဂများနှင့် အတွင်းပိုင်း အပြင်အဆင်အား များစွာ ဂရုမစိုက်ဘဲ အသုံးပြုနိုင်ဆဲ ဖြစ်သည့် အရာအားလုံးအား ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ ဥပမာ ခြေထောက်တစ်ဖက် ကျိုးနေသည့် ကုလားထိုင်အား ခြေထောက်ဆက်ကာ သုံးနေဆဲဖြစ်သည်။

သို့သော် ယခုအခါတွင် တစ်နှစ်ကျော် ကြာပြီးနောက် သူ၏ ရည်ရွယ်ချက်ပန်းတိုင်မှာလည်း ပြောင်းလဲသွားလေသည်။

အနုပညာရှင် အနည်းငယ်နှင့် စာချုပ်ချုပ်ထားသဖြင့် ထိုသူများအား တာဝန်ယူရန်မှာ သူ၏တာဝန်ဖြစ်သည်။

သူ၏ အနုပညာရှင်များသည်လည်း ဖျော်ဖြေရေးလောက၌ နေရာတစ်ခု ရရှိထားကြပြီ ဖြစ်သောကြောင့် အချိန်မရွေး ပြိုကျသွားနိုင်သည့် ကုမ္ပဏီ၏ အနေအထားမှာ သူတို့နှင့် မကိုက်ညီတော့‌ပေ။

ကုရှင်းရှစ်သည် ကုမ္ပဏီ၏ ငွေကြေးပိုင်းအား စစ်ဆေးလိုက်သည်။

အံ့ဩဖွယ်ကောင်းစွာပင် လဲ့ရှစ်၌ အနုပညာရှင်များစွာ မရှိသည့်တိုင်အောင် တစ်ဦးချင်းစီမှာ အဖိုးတန်ရတနာလေးများ ဖြစ်ကြသဖြင့် အနုပညာကြေးမှာလည်း သိသိသာသာ မြင့်မားသည်။ ကုမ္ပဏီ၏ ချွေတာမှုကြောင့် ငွေကြေးမှာ အတော်လေး အခြေအနေကောင်းနေကြောင်း တွေ့ရသည်။

အနည်းဆုံးအနေဖြင့် ရုံးခန်း တစ်လွှာ ငှားရမ်းရန် အေးအေးဆေးဆေး တတ်နိုင်သည်။

ထိုအကြောင်း တွေးမိပြီးနောက် ကုရှင်းရှစ်သည် ချက်ချင်းပင် အိမ်ခြံမြေပွဲစားအား ဆက်သွယ်လိုက်သည်။ လိုအပ်ချက်များ ပြောပြီးနောက် ပွဲစားသည် ကုရှင်းရှစ် အကြိုက်နှင့် ကိုက်ညီမည့် ရုံးခန်းနေရာများအား ပေးပို့လိုက်သည်။

အညွှန်းများကပင် အတော်လေး အလားအလာကောင်းသဖြင့် ကုရှင်းရှစ်သည် ထိုနေရာများသို့ လူကိုယ်တိုင် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ပထမ အဆောက်အဦသို့ ခြေချလိုက်သည်နှင့် စနစ်၏အသံ ထွက်ပေါ်လာသည်။

စနစ် : [ပိုင်ရှင်ရေ.. ဒီနေရာကတော့ အဆင်မပြေဘူး.. အရင်က မင်း အရှက်ခွဲဖူးတဲ့ ကုမ္ပဏီကို မှတ်မိသေးလား.. သူတို့ကလည်း ဒီအဆောက်အဦမှာပဲလေ.. မင်း သွားကြည့်မဲ့ နေရာရဲ့ အပေါ်ထပ်မှာ.. အဲဒီကုမ္ပဏီရဲ့ သူဌေးက စန်းဒါ့ကိုယ်ခံပညာ လေ့ကျင့်တယ်..]

ကုရှင်းရှစ်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး ပွဲစားအား ပြောလိုက်သည်။
“နောက်တစ်နေရာ သွားကြည့်မယ်..”

ပွဲစားက ပြုံးလိုက်သော်ငြား မမေးဘဲ မနေနိုင်ချေ။
“မစ္စတာကု.. ဒီနေရာနဲ့ ပတ်သက်ပြီး သဘောမကျတဲ့အချက်များ ရှိလို့လား..”

“နည်းနည်း အန္တရာယ်များတယ်လို့ ခံစားမိလို့ပါ..”

ပွဲစား : “...”

ဒုတိယ အဆောက်အဦသို့ ရောက်ချိန်တွင် ကုရှင်းရှစ် လှည့်ပတ်ကြည့်ပြီးနောက် အတော်လေး သင့်တော်သည်ဟု ခံစားမိသည်။

ဤနေရာတွင် ယခင် ငှားရမ်းထားသူမှာ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထို့ကြောင့် အရာအားလုံး အသစ်အတိုင်း ရှိနေဆဲ ဖြစ်သောကြောင့် ပြန်လည်ပြင်စိတ်စရိတ် သက်သာနိုင်သည်။

ဈေးနှုန်းမေးတော့မည့် အချိန်မှာပင် စနစ်၏ ဆူဆူညံညံအသံ ထွက်လာပြန်သည်။

စနစ် : [သတင်းကြီးး သတင်းကြီးးး အရင်လူက ဘာဖြစ်လို့ ပြောင်းသွားလဲ သိလား..]

ကုရှင်းရှစ် : [ဘာလို့လဲ..]

စနစ် : [သူတို့က မကြာသေးခင်က ဖျက်သိမ်းလိုက်ရတဲ့ S အဆင့်ရှိတဲ့ ပရောဂျက်ရဲ့ ထုတ်လုပ်သူတွေလေ.. ဒုတိယ အမျိုးသားဇာတ်လိုက်က သူ့နည်းသူ့ဟန်နဲ့ အတော်လေး ‘အဆက်အသွယ်’ ကောင်းတဲ့သူလေ.. ထုတ်လုပ်သူ၊ စာရေးဆရာကစလို့ မီးထိုးပညာရှင်အထိပဲ.. ဒီလိုနဲ့ သူ့ဇာတ်ကောင်က ပူးတွဲဇာတ်ဆောင်အဆင့်ထိ မြင့်တက်သွားခဲ့တယ်.. သူက သတင်းစာရှင်းလင်းပွဲမှာ ပထမ အမျိုးသားဇာတ်လိုက်ကို ကျော်လွန်ပြီး တောက်ပနေဖို့အတွက် လူထုဆက်ဆံရေး ကိုယ်စားလှယ်နဲ့ပါ အိပ်ဖို့ စီစဉ်သေးတာ.. ဒါပေမဲ့ အမှန်တရား ပေါ်သွားတော့ ထုတ်လုပ်သူရယ် စာရေးသူရယ် ဒါရိုက်တာရယ် ရန်ဖြစ်ကြတော့တာပဲ.. ဒီလိုနဲ့ ပရောဂျက်တစ်ခုလုံး ပျက်စီးသွားတော့တာ..]

ကုရှင်းရှစ် : “...”

ကုရှင်းရှစ် ဈေးနှုန်းမေးချင်စိတ်အား မျိုသိပ်ကာ ပွဲစားကို ပြောလိုက်သည်။
“နောက်တစ်နေရာ ကြည့်ကြမယ်..”

ပွဲစား၏ အပြုံးမှာ အသက်မပါတော့ပေ။
“မစ္စတာကု.. ဒီတစ်ကြိမ်က ဘာဖြစ်လို့ပါလဲ..”

ကုရှင်းရှစ် : “ဒီတိုင်း ကံမကောင်းဘူးလို့ ခံစားရလို့ပါ..”

ပွဲစား : “...”

တစ်မနက်ခင်းလုံး လိုက်လံရှာဖွေသည့်တိုင်အောင် အဆင်ပြေသည့်နေရာ တစ်ခုတစ်လေပင် မရှိချေ။

ကုရှင်းရှစ် လက်လျှော့လိုက်သည်။ သူရွေးချယ်ထားသည့် နေရာတိုင်းမှာ ကောလာဟလ တစ်ခုမဟုတ်တစ်ခု ရှိနေသဖြင့် စိတ်ခံစားချက် မကောင်းတော့ပေ။

ကုရှင်းရှစ် အားမလိုအားမရ ဖြစ်နေချိန်မှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာပြီး ခေါ်ဆိုသူမှာ စွန်းဟုန်ဖေး ဖြစ်သည်။

ဝမ်ယွဲ့ထံမှ အလုပ်တာဝန် ပေးအပ်ခံထားရသည့် အချိန်မှစ၍ စွန်းဟုန်ဖေးသည် ပရောဂျက်အသစ်၌ စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည်။ နောက်ဆုံးအဆင့် စတင်ချိန်တွင် ကုရှင်းရှစ်နှင့် အသစ်ခေါ်ယူလိုက်သော အနုပညာရှင်ကြားရှိ ကောလာဟလများအား ကြားလိုက်ရသည်။

ငှားရမ်းထားသော ရေတပ်များ၏ လက်ချက်ဖြစ်မှန်း ချက်ချင်းသိလိုက်ရသဖြင့် စွန်းဟုန်ဖေးသည် သူ၏ အဆက်အသွယ်များထံ စုံစမ်းကြည့်ပြီးနောက် ကောလာဟလများမှာ ယွမ်ယန် အင်တာတိန်းမန့်၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။

ယွမ်ယန်အင်တာတိန်းမန့်က.. အမြဲပဲ ယုတ်မာနေတာပဲ..

ဒီ အချစ်သက်တော်စောင့်က ဓားမရမ်းနိုင်တော့ဘူးလို့ ထင်နေကြတာလား..

စွန်းဟုန်ဖေး တုံ့ဆိုင်းခြင်းမရှိဘဲ ထိုသူများအား လက်သီးပုန်းထိုးလိုက်သည်။ ယင်းကပင် အခြေအနေဆိုးဝါးနေပြီ ဖြစ်သော ယွမ်ယန်အင်တာတိန်းမန့်အား ပိုမိုယိမ်းယိုင်လာစေသည်။

ထိုသို့ပြုလုပ်ပြီးနောက် သူ၏ အဓိကတာဝန်မှာ ကုရှင်းရှစ်နှင့် ဝမ်ယွဲ့တို့၏ အချစ်ရေးအား စိုးရိမ်ပူပန်ရန် ဖြစ်သည်။

နှစ်ဦးလုံးမှာ အလုပ်များသူများ ဖြစ်သောကြောင့် နှစ်ဦးသားတွေ့ဆုံရန် အခွင့်အရေး အနည်းငယ်သာလျှင် ရှိသည်။ ပြဿနာရှာသူများမှာ မွှေနှောက်ရန် ကြိုးစားနေကြသဖြင့် အခြေအနေမှာ အတော်လေး အန္တရာယ်များလှသည်။

ထို့ကြောင့်  á€•ရ္ဏဂဝက်နသငအ် မလုံလောက်ဘဲ အစီအစဉ်တစ်ခုလည်း လိုအပ်သည်။

ထိုအချိန်မှာပင် ကုရှင်းရှစ်သည် ကုမ္ပဏီနေရာပြောင်းရန် ရှာဖွေနေသော်ငြား သင့်တော်သည့် နေရာတစ်ခု ရှာမတွေ့သေးကြောင်း စွန်းဟုန်ဖေး ကြားလိုက်ရသည်။

စွန်းဟုန်ဖေး၏ စိတ်ထဲ၌ မီးသီးလေးလင်းလာသည်။

ဘေးချင်းကပ်လျက်ရှိသော ထျန်းချန်အဆောက်အဦ၏ အပိုင်း ၂ မှာ အသစ်ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ငှားရမ်းနိုင်မည့် အထပ်များစွာ ရှိသော်ငြား လူသိရှင်ကြား မကြေညာရသေး‌ပေ။

ကုမ္ပဏီအတွင်းမှ သူနှင့် ဆက်ဆံရေးကောင်းသူကြောင့်သာ စွန်းဟုန်ဖေးသည် ထိုသတင်းအား ကြိုတင်သိရှိထားခြင်း ဖြစ်သည်။

ဥက္ကဌကုသည်လည်း ထိုအကြောင်းအား ဥက္ကဌဝမ်ထံမှ ကိုယ်တိုင်ကိုယ်ကျ သိရှိထားပြီး ဖြစ်ရမည်။

ထိုအကြောင်းအား ယခုအချိန် ပြောလိုက်ခြင်းမှာ သိသာထင်ရှားသော အရိပ်အမြွက် ဖြစ်နိုင်သည်။

ထို့ကြောင့် စွန်းဟုန်ဖေးသည် ကုရှင်းရှစ်အား စိတ်အားထက်သန်စွာ ဖိတ်ခေါ်ပြီးနောက် ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ကာ အကောင်းဆုံးအလွှာအား လိုက်လံပြသသည်။

ကုရှင်းရှစ် အဆောက်အဦအတွင်း ဝင်လိုက်သည့်အချိန်မှာပင် မျက်လုံးများ လင်းလာသည်။

တစ်နေ့လုံး လိုက်ကြည့်ခဲ့သမျှတွင် အကောင်းဆုံး ရုံးခန်းဖြစ်သည်။ အပြင်အဆင်နှင့် တည်နေရာမှာ အချက်အချာကျသည်။ ငှားရမ်းခမှာ မနည်းလောက်ကြောင်း တွေးမိသော်ငြား ဥက္ကဌရှောင်ကု ထံတွင် အပိုငွေလေးများ ရှိနေပြီဖြစ်သည်။

ထိုအကြောင်းအား စဉ်းစားပြီးနောက် စနစ်အား မေးလိုက်သည်။

ကုရှင်းရှစ် : [စနစ်ရေ.. ဒီအဆောက်အဦကတော့ ဘာအညစ်အကြေးမှ မရှိပါဘူးနော်.. ဟုတ်တယ်မလား..]

စနစ် : [လုံးဝ မရှိဘူး]

စနစ်၏ အနည်းငယ် တွန့်ဆုတ်သွားပုံမှာ သံသယဖြစ်ဖွယ် ကောင်းသော်ငြား ကုရှင်းရှစ်သည် စနစ်မှာ သူ့အား လမ်းမှားရောက်စေလိမ့်မည် မဟုတ်ဟု ယူဆပြီးနောက် စိတ်အားထက်သန်စွာဖြင့် ငှားရမ်းခအား မေးလိုက်သည်။

အငှားချထားရေး မန်နေဂျာ စကားပြောမည် ပြုစဉ်မှာပင် စွန်းဟုန်ဖေးသည် သူအင်္ကျီလက်အား ဆောင့်ဆွဲလိုက်သည်။

စွန်းဟုန်ဖေးသည် မန်နေဂျာအား ဘေးသို့ဆွဲခေါ်ကာ ကုရှင်းရှစ်အား အသင့်တော်ဆုံး နှုန်းထားဖြင့် ကမ်းလှမ်းရန် အကြံပြုထားပြီးဖြစ်သည်။

အငှားချထားရေး မန်နေဂျာသည်လည်း ကောလာဟလအချို့ ကြားသိထားသောကြောင့် သိလိုစိတ် ဖြစ်မိသော်ငြား အယုံအကြည် မရှိပေ။

သို့သော် စွန်းဟုန်ဖေး၏ တစ်နှစ်အတွင်း မယုံကြည်နိုင်လောက်အောင် ရာထူးတိုးမြင့်သွားခြင်းနှင့် အထူးသဖြင့် ဥက္ကဌဝမ်နှင့် ယှဉ်တွဲရပ်နိုင်ခြင်းတို့ကြောင့် မန်နေဂျာသည် နာမည်ကောင်းရရှိရန် ကြံစည်တော့သည်။

အဆုံးတွင် စွန်းဟုန်ဖေး အကြံပြုထားသည့် နှုန်းထားအပေါ် ထပ်ဆောင်း၍ လျှော့ချပေးရန် ဆုံးဖြတ်လိုက်တော့သည်။ 

ကုရှင်းရှစ် ဆွံ့အသွားသည်။

ငှားရမ်းခမှာ သူမျှော်လင့်ထားသည်ထက် ပိုနိမ့်နေသည်။

ကုရှင်းရှစ်၏ အံ့အားသင့်မှုအား မြင်ပြီးနောက် အလွန်အမင်း သိသာသွားကြောင်း နားလည်လိုက်သဖြင့် စွန်းဟုန်ဖေး အလျင်အမြန် ဖုံးဖိရတော့သည်။
“ဥက္ကဌဝမ်က လူတော်လူကောင်းတွေကို လေးစားမှုအပြည့်နဲ့ ယဉ်ယဥ်ကျေးကျေး ဆက်ဆံရမယ်.. ပိုက်ဆံကာ အဓိကမဟုတ်ဘူး လို့ ဝန်ထမ်းတွေကို အမြဲပြောလေ့ရှိပါတယ်..”

စကားတစ်ခွန်းတည်းနှင့် ဥက္ကဌဝမ်အား ချီးကျူးမြှောက်ပင့်ပြီး သူ၏ ပါဝင်ပတ်သက်နေမှုအား မှေးမှိန်သွားစေသည်။

သူ၏ လျင်မြန်စွာ တွေးခေါ်နိုင်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသွားသည်။

ကုရှင်းရှစ်က ခေါင်းညိတ်လိုက်သည်။
“ဥက္ကဌဝမ်က အမျှော်အမြင်ကြီးတဲ့သူ တစ်ယောက်ပဲ..”

အငှားစာချုပ် ချုပ်ဆိုပြီးနောက် စွန်းဟုန်ဖေးသည် ကုရှင်းရှစ်နှင့်အတူ ပြန်ထွက်လာကြသည်။ သို့သော် လမ်းခုလတ်တွင် လူတစ်အုပ်အား ဦးဆောင်လာသော ဝမ်ယွဲ့နှင့် ဝင်တိုးလေသည်။

ဝမ်ယွဲ့က ကုရှင်းရှစ်အား ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထို့ကြောင့် ခြေလှမ်းများ တုံ့ဆိုင်းသွားသည်။

သို့သော် သူ့အနောက်ရှိ လူများမှာ ကုရှင်းရှစ်အား သတိပြုမိလိုက်ကြပြီး ဖြစ်သည်။

“ဥက္ကဌကု.. တိုက်ဆိုင်လိုက်တာ..”

“ခင်ဗျားရော ဒီကို လာကြည့်တာပဲလား..”

ထိုလူအုပ်မှာ အရင်းအမြစ်ကြွယ်ဝသော ကုမ္ပဏီကြီးများမဟုတ်ဘဲ သက်ဆိုင်ရာ နယ်ပယ်အသီးသီး၌ နာမည်ကျော်ကြားပြီးသား ထုတ်လုပ်ရေးကုမ္ပဏီများ စတူဒီယိုများမှ လူများ ဖြစ်ကြသည်။ ထိုလူများသည် ရုပ်ရှင်ထုတ်လုပ်ရေး အသိုင်းအဝိုင်း တစ်ခုလုံးကိုပင် လွှမ်းခြုံထားနိုင်သည်။

ဝမ်ယွဲ့သည်လည်း ထိုအရာအား ကောင်းစွာ သတိပြုမိသည်။ သူ့အနေဖြင့် ငွေကြေးအင်အားမှလွဲ၍ ဖျော်ဖြေရေးလောက၏ လူသစ်တစ်ဦးဟု ဆိုနိုင်ပြီး ခိုင်မာသောအုပ်မြစ်တစ်ခု လိုအပ်နေဆဲပင်။

ထို့ကြောင့် ချဉ်းကပ်နည်းပြောင်းကာ ဖျော်ဖြေရေးလောက၏ ဝါရင့်သမ္ဘာရင့်များအား အတူတကွ စုပေါင်းကာ ဤနေရာအား ပေကျင်း ရုပ်ရှင်ထုတ်လုပ်ရေး အသိုင်းအဝိုင်း၏ နှလုံးသည်းပွတ်အဖြစ် ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။

သို့သော် တစ်ဦးချင်းစီတိုင်း၌ ကိုယ်ပိုင်ကြိုက်နှစ်သက်မှုများ ရှိသဖြင့် ညှိနှိုင်းရေးမှာ ရှေ့ဆက်မတိုးနိုင်ဘဲ ရှိလေသည်။

ကုရှင်းရှစ်က ကိုးရိုးကားယားနိုင်မှုအား သတိမပြုမိဘဲ တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။
“ကျွန်တော်က လှည့်ပတ်ကြည့်ပြီးလို့ အငှားစာချုပ်တောင် ချုပ်ပြီးပြီ..”

လူတိုင်း : “...”

ဝမ်ယွဲ့က ကုရှင်းရှစ်အား မကြည့်ဘဲ မနေနိုင်တော့ချေ။

မထိန်းချုပ်နိုင်သူ တစ်ဦးမှာမူ တိုက်ရိုက်ပင် မေးလိုက်သည်။
“ဥက္ကဌကု.. ဘာဖြစ်လို့ ဒီနေရာကို ရွေးလိုက်တာလဲ..”

ကုရှင်းရှစ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောသည်။
“လုံခြုံမှုရှိပြီးတော့... ကံကောင်းလို့..”

လူတိုင်း : “...”

လူတိုင်း မှင်တက်သွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော 10086 သည် ကုရှင်းရှစ်အား ထောက်ပံ့ပေးထားကြောင်း သူတို့သိထားပြီး ထိုလူမှာ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိ တစ်ဦးပင် ဖြစ်နိုင်ကြောင်း ကောလာဟလများလည်း ရှိသည်။

ကုရှင်းရှစ်၏ ပြောစကားအား နားထောင်ရသည်မှာ တရားဝင် ထောက်ခံချက် တစ်ခုလိုပင်။

ချက်ချင်းပင် ရှေ့ထွက်လာသူတစ်ဦး ရှိသည်။
“ဥက္ကဌဝမ်.. ကျွန်တော်တို့ စတူဒီယိုကို ရွှေ့ပြောင်းဖို့ နောက်တစ်ခေါက်လောက် ပြောဆိုကြတာပေါ့..”

များမကြာမီ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ငှားရမ်းရေးအတွက် ဆွေးနွေးကြတော့သည်။

အငှားချထားရေး မန်နေဂျာမှာ အံ့ဩဆွံ့အကာ ကြက်သေသေနေတော့သည်။

စွန်းဟုန်ဖေး တစ်ဦးတည်းသာ စိတ်ကျေနပ်သည့် အမူအရာဖြင့် ရှိနေသည်။ အရာအာလုံးမှာ အစီအစဉ်အတိုင်း သွားနေသယောင်ပင်။ ဥက္ကဌကု ရွေးချယ်မှု၏ နောက်ကွယ်၌ ခိုင်လုံသော အကြောင်းပြချက်ရှိမှန်း သူသာသိသည်။ 

အား.. ဥက္ကဌကုရဲ့ ဥက္ကဌဝမ်အပေါ် သစ္စာရှိမှုကတော့ တော်တော်လေး နက်ရှိုင်းနေပါလား..


🍉🍉🍉🍉 အခန်း ၈၂


ဝမ်ယွဲ့က ထိုပြဿနာအား အလွန်လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။

စိန်ခေါ်မှုပြင်းထန်သော အဆင့်အတွက် တိကျသေချာစွာ ပြင်ဆင်ထားခြင်းဖြစ်သည့်အပြင် တစ်ချိန်တည်းမှာပင် ကျရှုံးနိုင်ခြေအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်ထားသည်။

ထိုလူများအား အတူတကွ စုဝေးကာ ခေါ်ဆောင်လာချိန်အထိ အခက်ခဲဆုံးအပိုင်း ဖြစ်ခဲ့ပြီး ရုတ်တရက် မမျှော်လင့်စွာပင် အရာအားလုံး ပြေလည်သွားသည်။

ဝမ်ယွဲ့ အလိုအလျောက်ပင် စတူဒီယိုများထဲမှ ခေါင်းဆောင်တစ်ဦးနှင့် စကားစမြည် ပြောဆိုနေသော ကုရှင်းရှစ်အား ကြည့်လိုက်သည်။ ကုရှင်းရှစ်၏ မျက်လုံးလေးများမှာ တလက်လက် တောက်ပနေသဖြင့် တစ်ဖက်လူ၏ စကားများမှာ သူ့အား ပြုံးရယ်စေနိုင်ပုံရသည်။ ကူးစက်စေနိုင်သော အပြုံးလေးသည် ဝမ်ယွဲ့၏ အမူအရာကိုပင် ပြေလျော့စေပြီး မျက်နှာပေါ်ရှိ တင်းမာမှုများ လွယ်လင့်တကူ လွင့်ပြယ်သွားစေသည်။

ကုရှင်းရှစ်နှင့် မကြာခဏ ဆုံတွေ့ဖူးခြင်း မရှိသော်ငြား တစ်ဖက်လူနှင့် တွေ့ဆုံမိချိန်တိုင်းတွင် ကောင်းမွန်သည့်အရာများ ဖြစ်လာတတ်သည်။

နံဘေးမှ တိတ်တဆိတ် ရပ်ကြည့်ရင်း စွန်းဟုန်ဖေးက အားမလိုအားမရဖြင့် ပေါင်ကို လက်ဖြင့်ရိုက်လိုက်မိသည်။
ဥက္ကဌဝမ်ရေ ဒီလိုမျိုး စိုက်ကြည့်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး.. မြန်မြန်လေးသွားပြီး ဥက္ကဌကုရဲ့ အာရုံစိုက်မှုရအောင် ပြန်ဆွဲခေါ်ချေ..

စွန်းဟုန်ဖေး၏ စိတ်အား ဖတ်လိုက်မိသကဲ့သို့ ဝမ်ယွဲ့က ရှေ့တိုးသွားပြီး ကုရှင်းရှစ်ထံ လက်ကမ်းပေးလိုက်သည်။
“ဥက္ကဌကု.. မတွေ့ရတာကြာပြီ..”

ကုရှင်းရှစ်က အတော်လေး အံ့အားသင့်သွားသော်ငြား လက်ဆွဲနှုတ်ဆက်လိုက်ဆဲ ဖြစ်သည်။

ဝမ်ယွဲ့၏ လက်မှာ ကြီးမားပြီး လက်ဖဝါးများမှာ နွေးထွေးမှုရှိသည်။ ထိုလက်မှတစ်ဆင့် တစ်ဖက်လူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့် အငွေ့အသက်များအား ခံစားမိသည်။

ကုရှင်းရှစ် အနည်းငယ် မသက်မသာ ခံစားမိသောကြောင့် အလျင်အမြန်ပင် လက်ပြန်ရုတ်လိုက်သည်။

သို့သော် ဝမ်ယွဲ့မှာမူ နားမလည်နိုင်ဘဲ ရှိလေသည်။ ကုရှင်းရှစ်၏ ရုပ်ရည်သွင်ပြင်အပေါ် မူတည်၍ အကဲခတ်ရမည် ဆိုလျှင် တစ်ဖက်လူမှာ အလိုလိုက်ခံထားရသော သခင်ငယ်လေးနှင့် တူသော်ငြား လက်ဖဝါးမှာမူ အသားမာများ ရှိလေသည်။ ယခင်က မည်သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့ရကြောင်း သိချင်စိတ်ပင် ဖြစ်လာမိသည်။

နှုတ်ဆက်ပြီးနောက် ကုရှင်းရှစ်က လှည့်ထွက်သွားသည်။

“ခဏလေးပါ..”
ဝမ်ယွဲ့ အလိုလို ခေါ်လိုက်မိသည်။

ကုရှင်းရှစ် နားမလည်နိုင်စွာဖြင့် နောက်လှည့်ကြည့်လိုက်သည်။
“ဥက္ကဌဝမ်.. တစ်ခုခု ရှိသေးလို့လား..”

ဝမ်ယွဲ့ အနည်းငယ်စဉ်းစားကာ ပြန်ဖြေလိုက်သည်။
“ဥက္ကဌကု ရုံးခန်းအသစ်ကို ဘယ်အချိန် ပြောင်းလာမလဲ ဆိုတာနဲ့ ရုံးခန်းအသစ် ဖွင့်ပွဲအတွက် သဘောကျတဲ့ လက်ဆောင် ရှိလားလို့ပါ..”

ကုရှင်းရှစ် အံ့အားသင့်ကာ မျက်နှာက ဝင်းလက်လာသည်။

ရုံးခန်းနေရာအား အလွန်များပြားသော လျှော့ဈေးနှုန်းထားဖြင့် ရလာခဲ့သည့်အပြင် လက်ဆောင်တစ်ခုပါ ရရှိပေဦးမည်။

ဥက္ကဌဝမ်က အတော်လေး ရက်ရောတာပဲ…

ကုရှင်းရှစ် ပြုံးရွှင်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်.. လက်ဆောင်ပေးမယ်ဆိုတာနဲ့တင် ကျွန်တော့်အတွက် တော်တော်လေး ပျော်ရွှင်စေပါပြီ..”

ကုရှင်းရှစ်၏ ပွင့်လင်းမှုမှာ နှစ်လိုဖွယ်ကောင်းပြီး ဝမ်ယွဲ့ ကမ်းလှမ်းမှု၏ အလေးချိန်အား သတိမပြုမိသယောင်ပင်။ ကုရှင်းရှစ်သည် ဖုန်းထင်ယွင်အား ဖျောင်းဖျစဉ်၌လည်း သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပုံရသည်။

မျက်လုံးများမှာ ကြည်လင်တောက်ပလျက်ရှိပြီး ထိုမျက်လုံးများမှတစ်ဆင့် ပိုင်ရှင်ဖြစ်သူ၏ အရာအားလုံး ဖော်ထုတ်မတတ်ပင်။ သို့သော် တစ်ချိန်တည်းမှာပင် အဆိုပါမျက်လုံးများမှာ လျှို့ဝှက်နက်နဲဟန် ရှိသည်။ ကုရှင်းရှစ်၏ တည်ရှိမှုမှာ ဆန့်ကျင်ဘက်ဖြစ်သလို စွဲမက်ဖွယ်လည်း ကောင်းသည်။

ဝမ်ယွဲ့ အတွေးများအား ဖိနှိပ်ကာ ခေါင်းညိတ်လိုက်သည်။
“ဥက္ကဌကုကို စိတ်မပျက်စေရပါဘူး..”

ကုရှင်းရှစ် ခေါင်းကုတ်လိုက်သည်။

စနစ်ထံမှ သိလာရသည့် အတင်းအဖျင်းအား အမှတ်ရမိပြီးနောက် ဝမ်ယွဲ့အနီးသို့ ခြေလှမ်းအနည်းငယ်ခန့် တိုးကပ်သွားလိုက်သည်။ ဝမ်ယွဲ့မှာ အလွန်အမင်း အရပ်ရှည်သူ ဖြစ်သောကြောင့် ကုရှင်းရှစ်က ဝမ်ယွဲ့အားမီရန် ခြေဖျားထောက်ပြီးနောက် တီးတိုးပြောလိုက်သည်။
“မင်း ဒီနေ့ခေါ်လာတဲ့ လူတွေထဲမှာ တခြားကုမ္ပဏီက သူလျှိုတစ်ယောက်ပါတယ်.. သူက..”

ဝမ်ယွဲ့က ကုရှင်းရှစ်ထံမှ လိမ္မော်သီးနံ့ သင်းသင်းလေးအား ရလိုက်သည်။ ခပ်ဖျော့ဖျော့သာ ဖြစ်သော်ငြား စွဲမက်ဖွယ်ကောင်းလှသည်။

ကုရှင်းရှစ် နောက်ဆုတ်လိုက်ချိန်တွင် ဝမ်ယွဲ့၏ အမူအရာမှာ ပြောင်းလဲမှု မရှိကြောင်း တွေ့လိုက်ရသည်။
“ဥက္ကဌဝမ်.. ကျွန်တော်ပြောတာကို ကြားလိုက်လား..”

ဝမ်ယွဲ့ အသက်ဖြည်းဖြည်းရှူရင်း နောက်ဆုံးသော လိမ္မော်နံ့သင်းသင်းလေးအား ခံစားလိုက်သည်။ ထို့နောက် တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သည်။
“ကြားလိုက်ပါတယ်..”

ထို့နောက် အလွန်အထက်စီးဆန်စွာ ပြောဆိုမိမည်ကို စိုးရိမ်စိတ်ဖြင့် ထပ်ပေါင်းပြောလိုက်သည်။
“ကိုယ် သူ့ကို တမင် ခွင့်ပြုထားတာပါ.. အသုံးဝင်နေတုန်းမို့လို့လေ..”

ကုရှင်းရှစ် ချက်ချင်း နားလည်သွားသည်။

ဝမ်ယွဲ့မှာ အမှုမဲ့အမှတ်မဲ့ ပြုတတ်သူ မဟုတ်ဘဲ စိတ်ကူးကြံစည်ထားသည့် အရာများ ရှိနှင့်ပြီးဖြစ်ကြောင်း သိလိုက်ရသည်။

ကုရှင်းရှစ်၏ သိသာထင်ရှားသော စိတ်လက်ပေါ့ပါးသွားဟန်ကြောင့် ဝမ်ယွဲ့ အံ့အားသင့်စွာပင် အနည်းငယ် ပျော်ရွှင်မှုအား ခံစားမိသည်။ ကုရှင်းရှစ်သည် သူ့အတွက် စိုးရိမ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားသည့်အပြင် အနီးကပ် သတိပေးလာသဖြင့် နူးညံ့စွာ ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်..”

“အိုး.. ကိစ္စမရှိပါဘူး..”
ကုရှင်းရှစ်က ရွှင်လန်းတက်ကြွစွာ ပြန်ဖြေလိုက်သည်။ 

မည်သို့ပင်ဖြစ်စေ သူ၏ ကိုယ်ပိုင်အကျိုးအတွက် အသိပေးခြင်းသာ ဖြစ်သည်။ ဝမ်ယွဲ့ ပြဿနာတစ်ခုခု ကြုံတွေ့ရလျှင် ယခုလိုမျိုး အဆင့်မြင့်ပြီး ဈေးနှုန်းသက်သာသည့် ရုံးခန်းမျိုး မည်သည့်နေရာတွင်မှ သွားရှာ၍ မရနိုင်ပေ။

နှစ်ဦးကြားရှိ တီးတိုးစကားများအား အခြားသူများ ကြားသွားခြင်း မရှိသော်ငြား သူတို့၏ အပြုအမူများမှာ အမြဲတစေ စောင့်ကြည့်အကဲခတ်နေသည့် စွန်းဟုန်ဖေးထံမှ လွတ်သွားခြင်း မရှိချေ။

လူအိုကြီးစွန်းမှာ ဂုဏ်ယူဝံ့ကြွားနေသော အဒေါ်တစ်ဦးနှယ် ပါးစပ် နားရွက်ချိတ်လုမတတ် ပြုံးနေတော့သည်။

သို့သော် စာရွက်စာတမ်းများနှင့် ပြန်လာသည့် ထန်လင်းမှာမူ သူ့မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်အစွာဖြင့် ရှိနေတော့သည်။ ကုရှင်းရှစ် ခြေဖျားထောက်ကာ ဝမ်ယွဲ့အား တီးတိုးပြောချိန်မှာပင် ထန်လင်း ပြန်ရောက်လာခြင်း ဖြစ်သည်။

တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။

ဥက္ကဌဝမ်က ဥက္ကဌကုကို ရှောင်နေတာ မဟုတ်ဘူးလား..

ခဏလေး.. သူတို့ ဘယ်တုန်းက အဲလောက်ကြီး နီးကပ်သွားကြတာလဲ..

ကျေနပ်စွာ ပြုံးနေသော စွန်းဟုန်ဖေးနှင့် အတွေးများနေသော အငှားချထားရေးမန်နေဂျာအား ကြည့်လိုက်သည်။

သူ ၁၀ မိနစ်ခန့်သာ ထွက်သွားခဲ့ခြင်း ဖြစ်သော်ငြား ဆယ်စုနှစ် တစ်စုစာလောက် နောက်ကျသွားသလို ခံစားနေရသည်။

*

ကုရှင်းရှစ် အဆောက်အဦမှ ထွက်လာချိန်မှာပင် စွန်းဟုန်ဖေး၏ အသက်မရှူတမ်း အလျင်စလို အော်ခေါ်သံအား ကြားလိုက်ရသည်။
“ဥက္ကဌကု.. စောင့်ပါဦး..”

ယနေ့တွင် ကုရှင်းရှစ်နှင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုအကြောင်း ဆွေးနွေးရန် ရည်ရွယ်ချက်ရှိနေခဲ့သည်။ သို့သော် အခြားကိစ္စများကြောင့် အဓိကအချက်ကိုပင် မရောက်လိုက်ရချေ။

ကုရှင်းရှစ်၏ အလွန်အမင်း အံ့အားသင့်နေသော အကြည့်များကြောင့် စွန်းဟုန်ဖေးပင်လျှင် အံ့ဩသွားရသည်။
“ငါနဲ့ ပရောဂျက်အကြောင်း ပြောမလို့ ဟုတ်လား.. ဒါပေမဲ့ ငါက မန်နေဂျာလေ..”

စွန်းဟုန်ဖေးက အဓိပ္ပါယ်ရှိရှိပြုံးရင် ဖြေလိုက်သည်။
“ဥက္ကဌကုက တစ်သက်လုံး မန်နေဂျာ လုပ်သွားမလို့ စီစဉ်ထားတာလား..”

တစ်နေ့တာလုံး ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များသည် စွန်းဟုန်ဖေးအား အရာအားလုံး ရှင်းလင်းသွားစေသည်။

ဥက္ကဌဝမ်သည် ကြီးမားသော အစီအစဉ်တစ်ခုအား ချမှတ်ကာ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ စီးပွားရေးနှင့် ချစ်မေတ္တာအကြား ဟန်ချက်ညီစေရန်ပင်။

ဥက္ကဌဝမ်က အနား၌ ဝဲနေသည့် အရောင်အသွေးစုံ လိပ်ပြာများအား အနည်းငယ်မျှပင် စိတ်ဝင်စားမှု မပြခဲ့သည်မှာ အံ့ဩဖွယ် မဟုတ်တော့ချေ။ ထိုလိပ်ပြာများမှာ ကုရှင်းရှစ်နှင့် မနှိုင်းယှဉ်နိုင်‌ပေ။

ချင်ဝမ်.. ရှန့်ယွဲ့ချင်.. ဒင်းတို့က အများဆုံးမှ ကုရှင်းရှစ်ကို ပိုက်ဆံရှာပေးဖို့ပဲ တတ်နိုင်ကြတာ..

ဝမ်ယွဲ့ထံ၌ အရာအားလုံး ရှိသည်။ သူက ကုရှင်းရှစ်၏ ခြေဖဝါးအောက်၌ ရုပ်ရှင်အသိုင်းအဝိုင်း တစ်ခုလုံး ရောက်ရှိလာစေရန် ပြင်ဆင်ပေးနေသည်။

ယင်းမှာ နည်းဗျူဟာဖြစ်သည်။ အမျှော်အမြင် ဖြစ်သည်။

ဘယ်သူက ယှဉ်နိုင်မှာတဲ့လဲ..

ကုရှင်းရှစ်သည် စွန်းဟုန်ဖေး၏ စကားများ နောက်ကွယ်ရှိ ပုန်းကွယ်နေသော ရည်ရွယ်ချက်အား နားမလည်သော်ငြား စွန်းဟုန်ဖေး၏ စကားများသည် သူ့အား အမှန်တကယ် နိုးထသွားစေသည်။

ယခုအခါ သူ၏ အနုပညာရှင်များအတွက် သန်မာသော နောက်ခံတစ်ခု ဖြစ်လာရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ အတိတ်၌ ပြုလုပ်ခဲ့သော လမ်းကြောင်းအတိုင်း လိုက်တော့မည် မဟုတ်ပေ။

အမြင့်သို့ ရောက်လာသည်နှင့်အမျှ အရင်းအမြစ်များ ပိုမိုရရှိလာလိမ့်မည်။ ဖိအားများလည်း ပိုများလာမည်။

ကိုယ်ပိုင် သန်မာအားကောင်းသော နောက်ခံတစ်ခု မရှိပါက အရင်းအမြစ်များအတွက် တိုက်ခိုက်ရသော နယ်ရုပ်လေးတစ်ရုပ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

သူ၏ အနုပညာရှင် ၄ ဦးမှာ ကိုယ်ပိုင်အရည်အချင်းနှင့် တမူထူးခြားသော ကိုယ်ရည်ကိုယ်သွေးများ ရှိကြသည်။ နောက်ကွယ်ရှိ တရားမဝင် စည်းမျဉ်းများကြောင့် အတောင်ပံများ ရိုက်ချိုးခံရပြီး ထိုစည်းမျဉ်းဘောင်များ အတွင်းရှိ အနုပညာရှင်တစ်ဦးသဖွယ် ပြောင်းလဲသွားမည်ကို မမြင်လိုပေ။

ကုရှင်းရှစ်က သူ့အနုပညာရှင်များအား ကာကွယ်ပေးမည်ဟု ကတိပြုထားသည်။

ယင်းကတိစကားမှာ အပြောသက်သက် မဟုတ်ပေ။ ထိုသူများအား ကာကွယ်ပေးလိုလျှင် သူကိုယ်တိုင်သည်လည်း လုံလောက်အောင် အင်အားကြီးရန် လိုအပ်သည်။

လက်ရှိအချိန်တွင် ကောင်းမွန်သော အဆက်အသွယ်နှင့် အရင်းအမြစ်များ ရှိထားသော်ငြား ယင်းမှာ မလုံလောက်မှန်း ကုရှင်းရှစ် သိထားသည်။

စွန်းဟုန်ဖေး၏ ကမ်းလှမ်းချက်သည် ကုရှင်းရှစ်အတွက် အလားအလာရှိသော လမ်းကြောင်းအား ညွှန်ပြထားခြင်း ဖြစ်သည်။

ထိုအကြောင်းအား စဉ်းစားမိပြီးနောက် ကုရှင်းရှစ် ချီတုံချတုံ ဖြစ်မနေတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“မင်း ပြောတာ လုံးဝမှန်တယ်..”

နှစ်ဦးသား အနီးအနားရှိ ကော်ဖီဆိုင်တစ်ခုသို့ သွားကာ ပရောဂျက်အကြောင်း ဆွေးနွေးကြသည်။

စွန်းဟုန်ဖေးသည် ပထမဆုံး ပူးပေါင်းမှုအနေနှင့် ဝက်ဘ်ဒရာမာတစ်ခုအား အကြံပြုသည်။

ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် နှိုင်းယှဉ်လျှင် ဝက်ဘ်ဒရာမာမှာ ပို၍ ရွေးချယ်ရန် ကျယ်ပြန့်သည်။ ထုတ်လုပ်ရေး၌လည်း လိုက်လျောညီထွေမှုရှိပြီး အရင်းအနှီးများစွာလည်း မလိုအပ်ပေ။ ထို့ကြောင့် ပရောဂျက်အသစ် စတင်မည်ဆိုလျှင် ရေအတိမ်အနက် သိနိုင်ရန် ရွေးချယ်သင့်သော အစမ်းသပ်ခံကောင်း တစ်ခုပင်။

စွန်းဟုန်ဖေးက ပရောဂျက် အသေးစိတ်အား ကမ်းပေးလိုက်သည်။
“ဒါက ပေါ့ပေါ့ပါးပါး သမိုင်းနောက်ခံ ဟာသဇာတ်လမ်းပါ..”

ကုရှင်းရှစ် ပရောဂျက်အား ယူလိုက်ချိန်မှာပင် စနစ်၏ ဆူဆူညံညံအသံ ထွက်လာတော့သည်။
စနစ် : [ပိုင်ရှင်ရေ.. မင်းကတော့ ဖရဲသီး အကြီးကြီးကို လက်ထဲ ကိုင်ထားတာပဲ..]

ကုရှင်းရှစ် : [...]

စနစ် : [ပိုင်ရှင်.. မင်းက ငါ ဖရဲသီးသတင်းတွေ ပြောတဲ့အချိန်တိုင်း ဘာလို့ မအံ့ဩတော့တာလဲ..]

ကုရှင်းရှစ် : [မအံ့ဩတာ မဟုတ်ပါဘူး.. အသားကျသွားရုံတင်.. ဖျော်ဖြေရေးလောကရဲ့ အတင်းအဖျင်းတွေကို အမြဲပဲ ကြားနေရတော့ အတင်းအဖျင်း ‘မရှိတဲ့’ တစ်ခုခုနဲ့ ကြုံရမှသာ ပိုအံ့ဩမိတော့မှာ..]

စနစ် : [.. မင်းပြောတာ မှန်တယ် သိလား.. တကယ်ပဲ ပြန်မငြင်းနိုင်တော့ဘူး..]

ခေတ္တကြာပြီးနောက် စနစ်၏ အတင်းပြောရန် စိတ်အားထက်သန်မှုများ ပြန်လည်ရှင်သန်လာသည်။

စနစ် : [ဒီလို.. နင်ထျန်းယိုကို မှတ်မိလား..]

ကုရှင်းရှစ် မျက်တောင်ခတ်လိုက်သည်။

ရန်သူများလွန်းသဖြင့် ထိုနာမည်အား မှတ်မိရန် အချိန်တစ်ခု ယူလိုက်ရသည်။

စနစ် : [ရှင်းမောင်မီဒီယာရဲ့ စီအီးအိုလေ.. နင်ဝမ်ကျိုးရဲ့ ဦးလေး.. အမြွှာနှစ်ယောက်နဲ့ ပတ်သက်မိလို့ အဖမ်းခံရတဲ့သူပေါ့..]

ကုရှင်းရှစ် : [အိုး.. မှတ်မိပြီ..]

စနစ် : [...]

စနစ် : [နင်ထျန်းယိုက ဟိုးအရင်ကတည်းက ဝမ်ယွဲ့ကို မိုင်းအကြီးကြီး နင်းမိအောင် သေချာလေး စီစဉ်ထားတာ.. သူက အာဃာတထားပြီး တစ်ချက်တည်းနဲ့ ထိုးနှက်နိုင်မဲ့ အချိန်ကို စောင့်နေတာ.. ဒါပေမဲ့ ဝမ်ယွဲ့က သတိရှိတဲ့သူ ဆိုတော့ နင်ထျန်းယို အခွင့်အရေး မရခဲ့ဘူး.. စွန်းဟုန်ဖေး ဒီပရောဂျက်ကို မယူခင်အထိပဲ.. နောက်ဆုံးတော့ သူ့အကွက်ထဲ ဝင်သွားပြီလေ..]

စနစ် : [အပေါ်ယံကြည့်ရင်တော့ ဒီပရောဂျက်က ကောင်းတဲ့ပုံပဲပါ.. ဒါပေမဲ့ ဇာတ်ညွှန်းက ခိုးကူးကြီး.. သူတို့က မူရင်းဇာတ်ညွှန်းကို ကိုင်ထားကြတာ.. လုံးဝ ထောင်ချောက်ပဲ.. သူတို့က မူရင်းဇာတ်ညွှန်းကို မူပိုင်ခွင့်ပါ တင်ထားကြတာ ကြာလှပြီ.. ထုတ်လုပ်ရေးလည်း စနေပြီ.. ဝက်ဘ်ဒရာမာနဲ့ ရုပ်သံဇာတ်လမ်းတွဲက လုပ်ငန်းအဆင့်ဆင့် မတူညီတဲ့အပြင် လုပ်ဆောင်ချက်တွေနဲ့ လိုအပ်ချက်တွေလည်း ကွဲပြားတယ်.. စေ့စေ့စပ်စပ် မကြည့်သရွေ့ ဇာတ်ညွှန်းနှစ်ခုက တူနေတယ်ဆိုတာ လုံးဝ ရှာမတွေ့နိုင်သလောက်ပဲ..]

စနစ်၏ ပြောစကားများအား နားထောင်ပြီး မည်သည်ကို ဦးတည်နေကြောင်း ကုရှင်းရှစ် ခန့်မှန်းလိုက်နိုင်သည်။

ကုရှင်းရှစ် : [ငါ့လက်ထဲက ဇာတ်ညွှန်း ရိုက်ကူးပြီးတာနဲ့ သူတို့က သူတို့ရဲ့ ဇာတ်လမ်းတွဲကို ၁ ရက်၊ ၂ ရက် စောပြီး ထုတ်လွှင့်ကြလိမ့်မယ်.. ထပ်တူညီနေတဲ့ ဇာတ်ညွှန်း ၂ ခု.. အွန်လိုင်းပေါ်က လူထုကတော့ အကြီးကြီး ပေါက်ကွဲသွားကြလိမ့်မယ်.. လူတွေက ခိုးကူးကိုပဲ အပြစ်တင်ကြမှာပဲ.. ဝက်ဘ်ဒရာမာကလည်း ထုတ်လွှင့်ခွင့် ရုတ်သိမ်းခံရမယ်.. ခိုးကူးတာက တရားမဝင်တော့ ဗီဒီယိုပလက်ဖောင်း.. ထျန်းချန်ဗီဒီယိုနဲ့ ဝမ်ယွဲ့အပြင် ဝမ်လုပ်ငန်းစုပါ အကြီးကြီး ဆုံးရှုံးနစ်နာရလိမ့်မယ်..]

စနစ် : [အတိအကျပဲ.. နင်ထျန်းယိုက သူ့ဘက်တော်သားတွေကိုပါ စုစည်းပြီးသွားပြီ.. ဒီကိစ္စ ရှေ့ဆက်တိုးဖို့ကို ထိုင်စောင့်နေတာ.. ဝမ်ယွဲ့ကို ကိုယ်ဖော်တဲ့ဆေး ကိုယ်ပြန်စားခိုင်းနိုင်တော့မယ်လေ..]

ကုရှင်းရှစ်သည် သူ့အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော စွန်းဟုန်ဖေးအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ကုရှင်းရှစ်၏ အမူအရာကြောင့် စွန်းဟုန်ဖေး အလျင်အမြန် မေးလိုက်သည်။
“ဥက္ကဌကု.. ဒီပရောဂျက်မှာ တစ်ခုခု မှားနေတာမျိုး ရှိလို့လား..”

ကုရှင်းရှစ် မေးလိုက်သည်။
“ဒီဟာကို မဖြစ်မနေ ရိုက်ဖို့ လိုအပ်လို့လား..”

ကုရှင်းရှစ်သည် သမိုင်းနောက်ခံ ပေါ့ပေါ့ပါးပါး ဟာသရုပ်ရှင် အမျိုးအစားအား မနှစ်သက်ဟု ထင်မိသဖြင့် စွန်းဟုန်ဖေး ရှင်းပြလိုက်သည်။
“ဒီဇာတ်လမ်းမျိုးက ဝက်ဘ်ဒရာမာလောကမှာ ခိုင်မာတဲ့ ဈေးကွက်ရှိတယ်လေ.. ပရိသတ်တွေက ကြိုက်ကြပြီး ထုတ်လုပ်ရေးကလည်း အရမ်းကြီး ဝန်မပိဘူး.. ငါတို့ ကုန်ကျစရိတ်ကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချလို့ရတယ်..”

ဤပရောဂျက်၌ စွန်းဟုန်ဖေး အလွန်အမင်း နှစ်မြှုပ်ထားသည်ကို နားလည်သိရှိပြီးနောက် ကုရှင်းရှစ် မေးရုံသာ ရှိတော့သည်။
“ဒီတော့ ဒီဇာတ်လမ်းကို ထုတ်လုပ်ဖို့ မင်းကို ဘာက တွန်းအားဖြစ်စေတာလဲ..”

စွန်းဟုန်ဖေးက အချက်ကျကျ ပြန်ဖြေသည်။
“ဇာတ်လမ်းက တော်တော်လေး ထူးခြားတယ်လို့ မထင်ဘူးလား ဥက္ကဌကု.. ဇာတ်ကောင်တွေက ဆွဲဆောင်မှုရှိတယ်.. ဇာတ်လမ်းဇာတ်ကွက် ခိုင်မာတယ်.. ဇာတ်လမ်းတည်ဆောက်ပုံ တစ်ခုလုံးက ကျစ်လစ်တယ်.. ငွေရှာဖို့ အတော်လေး အာမခံချက်ရှိတယ်..”

ကုရှင်းရှစ် ခြောက်ကပ်ကပ် ပြုံးပြလိုက်သည်။
“ကောင်းပြီ.. ဒါက ခိုးကူးကြီးဆိုရင်ရော ကောင်းတယ်လို့ ထင်သေးလား..”

စွန်းဟုန်ဖေး နားမလည်နိုင် ဖြစ်သွားသည်။


🍉🍉🍉🍉 အခန်း ၈၃


“ဥက္ကဌကု.. ဒါက ဘာကို ဆိုလိုတာလဲ..”

စွန်းဟုန်ဖေး၏ ထုံအအ အပြုအမူကို မြင်သဖြင့် ကုရှင်းရှစ် မမေးဘဲ မနေနိုင်တော့ချေ။
“ဒီပရောဂျက်ကို မင်း ဘယ်လိုမျိုး ရလာတာလဲ..”

“ဒါက.. သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးတာပါ.. အဲဒီတုန်းက ဒီဟာကို လိုချင်တဲ့သူ တော်တော်လေးများတယ်.. ငါက ခက်ခက်ခဲခဲနဲ့ ရလာခဲ့တာ..”

ကုရှင်းရှစ် မျက်ခုံးပင့်လိုက်သည်။
“အတော်လေး တိုက်ဆိုင်နေတယ်လို့များ မထင်ဘူးလား..”

အဆုံးတွင် စွန်းဟုန်ဖေး နားလည်သွားပြီး ချွေးအေးများ ထွက်လာသည်။
“ဥက္ကဌကု.. တစ်ယောက်ယောက်က ငါ့ကို ထောင်ချောက်ဆင်တာလို့ ပြောချင်တာလား..”

ကုရှင်းရှစ် ပြန်မဖြေခင် ခေတ္တမျှ စဉ်းစားလိုက်သည်။
“ငါက သေချာလေး စစ်ဆေးဖို့ အကြံပေးတာပါ.. စဉ်းစားကြည့်မှ ရှင်းမောင်မီဒီယာက ဒီလိုမျိုး ပေါ့ပေါ့ပါးပါး သမိုင်းနောက်ခံ ဟာသကားတွေ ထုတ်လုပ်တဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်ပိုင်နိုင်တယ် မဟုတ်ဘူးလား.. ဒီပရောဂျက်က တကယ်ပဲ အဲဒီလောက် အလားအလာကောင်းရင် သူတို့က ရှင်းမောင်မီဒီယာဆီ သွားမဲ့အစား ဘာဖြစ်လို့ မင်းဆီ ရောက်လာတာလဲ..”

သူငယ်ချင်းဖြစ်သူမှာ သူ့အား သစ္စာဖောက်သွားသည်ဟု မယုံချင်သော်ငြား ကုရှင်းရှစ်သည် အခြေအမြစ် မရှိဘဲ ပြောဆိုတတ်သူ မဟုတ်ကြောင်း စွန်းဟုန်ဖေး သိထားသည်။ ယခင်က ကုရှင်းရှစ် သူ့အား သတိပေးခဲ့သမျှ အရာအားလုံးသည် လက်တွေ့၌ အမှန်တကယ် ဖြစ်လာတတ်သည်။

ကုရှင်းရှစ် ထောက်ပြသည့် အချက်မှာလည်း မှန်ကန်သည်။ ဖျော်ဖြေရေးလောက၌ ကုမ္ပဏီကြီးများသည် ဇာတ်ညွှန်းကောင်းများအား လက်ဝါးကြီးအုပ်ထားကြသည်။ အလားအလာရှိသည့် ဝတ္ထုတစ်ပုဒ် ထွက်လာပြီး မကြာမီ ရုပ်ရှင်ရိုက်ကူးရန် ဝယ်ယူထားမည်ဖြစ်ပြီး ကျန်လူများအတွက်မူ အရိုးအရင်းများသာ ချန်ထားတတ်ကြသည်။

ဇာတ်ညွှန်းတစ်ခုမှာ အလွန်ကောင်းနေမည်ဆိုလျှင် ယင်း၏ အလားအလာမှာ သိသိသာသာပင် ဖြစ်သောကြောင့် ကုမ္ပဏီကြီးများထဲမှ တစ်ခုလက်ထဲသို့ ရောက်သွားမည်မှာ အသေအချာပင်။ 
ဘာကြောင့် ငါ့ဆီကိုပဲ အဆင်သင့် ရောက်လာရတာလဲ…

ထိုအကြောင်းအား သဘောပေါက်သွားပြီးနောက် စွန်းဟုန်ဖေး သစ္စာဖောက်ခံရမှုကြောင့် ဒေါသတကြီး ဖြစ်လာသည်။
“ဥက္ကဌကု မစိုးရိမ်ပါနဲ့.. ငါ သေချာလေး စစ်ဆေးလိုက်ပါမယ်.. အဲဒီကောင် ငါ့ကို လှည့်စားရဲရင် ပြန်ပြီး ပေးဆပ်ရအောင်လုပ်မယ်..”

ကုရှင်းရှစ် စွန်းဟုန်ဖေးအား တားလိုက်သည်။
“သေချာအောင် စုံစမ်းရုံပဲ စုံစမ်းပါ.. အဲဒီလူကို သတိပေးသလို မဖြစ်စေနဲ့..”

ဤကိစ္စနောက်ကွယ်၌ ကြိုးကိုင်သူ ရှိနေဆဲဖြစ်သည်။ နင်ထျန်းယိုသာ သူ့အကြံအစည် ပေါ်ပေါက်သွားပြီဟု သိသွားလျှင် အခြားနည်းလမ်းတစ်ခုဖြင့် ထောင်ချောက်ဆင်နိုင်သည်။ စနစ်၏ အကူအညီ ရှိနေလျှင်ပင် ယင်းမှာ ခေါင်းကိုက်စရာ ဖြစ်လိမ့်မည်။

ကုရှင်းရှစ်က ဤပရောဂျက်အား စနစ်တကျ အကောင်အထည် ဖော်လိုပြီး အခြားကိစ္စများ၌ အချိန်ဖြုန်းလိုစိတ် မရှိပေ။

စွန်းဟုန်ဖေး သဘောတူပြီးနောက် စုံစမ်းမှုစရန် အပြေးအလွှား ထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်သည် ပရောဂျက်အသစ် စတင်ရန် အာရုံပြောင်းလိုက်သည်။ ထောင်ချောက်အား ဖြေရှင်းပြီးနောက် သူတို့အနေဖြင့် ဇာတ်လမ်းတွဲအသစ်တစ်ခု စတင်ရန် လိုအပ်ဆဲဖြစ်သည်။

သို့သော် အဆိုပြုချက် အများအပြားအား ကြည့်ပြီးသည့်တိုင်အောင် ဇာတ်ညွှန်းဇာတ်လမ်း အရည်အသွေးကို ထည့်ပြောရန် မလိုဘဲ တစ်ခုချင်းစီတိုင်း၌ နောက်ကွယ်၌ ဒရာမာများ ရှိနေပုံရသည်။

ထို့ကြောင့် စနစ်အား အတွန့်မတက်ဘဲ မနေနိုင်တော့ချေ။

ကုရှင်းရှစ် : [သူတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေကို ကောလာဟလ ဖြန့်ဖို့အတွက် မသုံးဘဲ ဇာတ်ညွှန်းထဲ ထည့်မယ်ဆိုရင် ဒီလိုမျိုး ပယ်ချခံရမှာ မဟုတ်ဘူး..]

ကုရှင်းရှစ်က ခေါင်းကိုက်စရာ အဆိုပြုချက်များအား သည်းခံဖတ်ရှုနေစဉ် စွန်းဟုန်ဖေးသည်လည်း သဲလွန်စအချို့ ရှာတွေ့လိုက်သည်။

ကုရှင်းရှစ်၏ သတိပေးမှုသာ မရှိလျှင် သူ့သူငယ်ချင်းဖြစ်သူမှာ လွန်ခဲ့သော နှစ်များကပင် ရှင်းမောင်မီဒီယာ၏ ညွှန်ကြားမှုကြောင့် ရည်ရွယ်ချက်ရှိရှိနှင့် စွန်းဟုန်ဖေးအား ထောင်ချောက်ဆင်ထားခြင်း ဖြစ်ကြောင်း သံသယဝင်မိမည် မဟုတ်ပေ။

ယင်းသည် စွန်းဟုန်ဖေး၏ ကျောရိုးတစ်လျှောက် ချွေးအေးများ စီးကျသွားစေသည်။

ကုရှင်းရှစ်၏ ထက်မြက်သည့် အသိစိတ်အား ကျေးဇူးတင်မိသည်။ သူသာ ထောင်ချောက်ထဲ ကျသွားပါက ဒုက္ခများလိမ့်မည်။

ပရောဂျက်အား ဖျက်သိမ်းရလျှင် ဥက္ကဌဝမ်၏ အစီအစဉ်များအား သက်ရောက်မှု ရှိလိမ့်မည်။ ဆုံးရှုံးမှုမှာ တွက်ချက်၍ပင် မရနိုင်ဘဲ အလုပ်ထွက်ရုံနှင်ပင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

ဒေါသထွက်နေသည့်တိုင်အောင် စွန်းဟုန်ဖေးသည် ကုရှင်းရှစ် ညွှန်ကြားသကဲ့သို့ ‘သူငယ်ချင်း’ ဖြစ်သူအား သတိပေးသလို ဖြစ်မည်ကို ရှောင်ရှားရန်အတွက် ခေတ္တမျှ ဟန်ဆောင်လိုက်သည်။ ထို့နောက် ကုရှင်းရှစ်အား အကြောင်းကြားရန် အလျင်အမြန် ပြန်လာသည်။

စွန်းဟုန်ဖေး ရှာဖွေတွေ့ရှိမှုများအား ပြန်စီနေချိန် ကုရှင်းရှစ်သည်လည်း စနစ်ထံမှ ဖရဲသီးအသစ်အား ပျော်ရွှင်စွာ ခံစားနေသည်။

စနစ် : [လှည့်ကွက်က ဒီမှာ.. ဒီဇာတ်ညွှန်းရေးသူက စွန်းဟုန်ဖေးကိုတင် လှည့်စားတာ မဟုတ်ဘူး.. ရှင်းမောင် မီဒီယာကိုပါ လှည့်စားနေတာ.. ‘မူလ’ ဇာတ်ညွှန်း ဆိုတာကိုက ခိုးကူး ဖြစ်နေတာလေ..]

စနစ် : [မူရင်းအစစ်က လူသိနည်းတဲ့ စာရေးဆရာလေး တစ်ယောက်ရဲ့ အွန်လိုင်းဝတ္ထုတစ်ပုဒ်လေ.. ဇာတ်ညွှန်းရေးသူက ဇာတ်လမ်းတစ်ခုလုံးကို တစ်လုံးမကျန် ကူးချထားတာ..]

စနစ် : [မူလစာရေးသူက ခက်ခဲတဲ့ဘဝကို ရင်ဆိုင်နေရတာ.. ကျန်းမာရေးလည်း မကောင်းတော့ အပြင်ထွက်ပြီး အလုပ်မလုပ်နိုင်ဘူး.. တစ်နေ့ တစ်ပိုင်း ရေးဖို့တောင် အနိုင်နိုင်.. စားနိုင်ရုံ သောက်နိုင်ရုံပဲ ရှိပေမဲ့ သူ့ရဲ့ ဇာတ်လမ်းတစ်ခုလုံးက ခိုးကူးခံလိုက်ရတယ်..]

အမှန်အတိုင်း ဆိုရလျှင် ဇာတ်လမ်းမှာ အတော်လေး ကောင်းသည်။ နင်ထျန်းယိုသာ တရားဝင် ထုတ်လုပ်ရေးနောက်သို့ လိုက်ပါက ဇာတ်လမ်းတွဲသည် လူကြိုက်များလောက်သည်။ နောက်ပိုင်း ခိုးကူးကိစ္စ ပေါ်သွားလျှင်ပင် မူရင်းရေးသူမှာ နာမည်မရှိသူ ဖြစ်သောကြောင့် ရှင်းမောင်မီဒီယာကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုအတွက် ပြောပလောက်စရာ မဟုတ်ပေ။ အရာအားလုံး ဖုံးကွယ်ရန် ပိုက်ဆံအနည်းငယ်မျှသာ လိုအပ်လိမ့်မည်။

ထို့နောက် ဇာတ်ညွှန်းရေးသူသည် ပိုက်ဆံယူကာ နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သွားပြီး ရှင်းမောင်မီဒီယာသည်လည်း အပြစ်တင်စကားများအား ‘ရှင်းလင်း’ ဖယ်ရှားလိမ့်မည်။

အဆုံးတွင် နာကျင်ခံစားရမည့်သူမှာ အိပ်မက်များနောက်လိုက်ရင်း ရှင်သန်ရန် ရုန်းကန်နေရသော စာရေးဆရာငယ်လေးသာ ဖြစ်လိမ့်မည်။

သို့သော် ကံမကောင်းစွာဖြင့် နင်ထျန်းယိုသည် ပြဿနာရှာရန် ကြိုးစားခဲ့သဖြင့် ကုရှင်းရှစ်၏ ထောက်လှမ်းရေးစနစ်ထံမှ ဖမ်းမိခြင်းခံရကာ အဆုံးသတ်သွားလေသည်။

ကုရှင်းရှစ် မှတ်ချက်မပေးဘဲ မနေနိုင်တော့ချေ။

ကုရှင်းရှစ် : [လူအိုကြီးနင်က သင်ခန်းစာ ရသွားလိမ့်မယ်လို့ မင်းထင်လား.. နင်ဝမ်ကျိုးပြောတာတော့ အဖိုးကြီးကို ဆွဲချဖို့ သက်သေလုံလုံလောက်လောက် စုထားပြီးပြီတဲ့.. အခုတော့ အဖိုးကြီးက ငါတို့ကို အခွင့်အရေး ပေးလာတာဆိုတော့ တော်တော်လေး သဘောကောင်းလွန်းနေတာ မဟုတ်ဘူးလား..]

စနစ် : [ပိုင်ရှင်ရေ.. မင်းသာ လူယုတ်မာဆန်ဆန် ပြုံးမနေဘူးဆိုရင် အတော်လေး ယုံဖို့ကောင်းမှာ..]

စနစ်၏ စကားအား လျစ်လျူရှုကာ ကုရှင်းရှစ် လည်ချောင်းရှင်းပြီးနောက် စွန်းဟုန်ဖေးဘက်သို့ လှည့်လိုက်သည်။
“မင်းရဲ့ သူငယ်ချင်းက ပုံမှန်မဟုတ်တာ တစ်ခုခုများ သတိပြုမိလိုက်လား..”

“ငါ့သူငယ်ချင်း မဟုတ်ဘူး..”
စွန်းဟုန်ဖေးက ဒေါသတကြီးဖြင့် ပြောသည်။ သူက သစ္စာဖောက်ခံရမှုကြောင့် ဒေါသထွက်နေဆဲဖြစ်သည်။
“လုံးဝပဲ.. လျှို့ဝှက်ပြီး စုံစမ်းခဲ့တာ.. ဒါကြောင့် နည်းနည်းလေးတောင် သံသယဝင်မှာ မဟုတ်ဘူး..”

ကုရှင်းရှစ် ခေါင်းညိတ်လိုက်သည်။
“ကောင်းတယ်.. အခုတော့ သူ့ကို အမှောင်ထဲမှာပဲ ထားဖို့လိုတယ်..”

စွန်းဟုန်ဖေး စိတ်လှုပ်ရှားလာသည်။
“ဥက္ကဌကုမှာ သူတို့ကို ပြန်တိုက်ခိုက်ဖို့ အစီအစဉ်ရှိတာလား..”

ကုရှင်းရှစ် အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်သည်။
“မလောနဲ့.. စောင့်ကြည့်ပါ.. သူတို့က ကိုယ့်သင်္ချိုင်းကိုယ်တူးလိမ့်မယ်..”

နင်ထျန်းယိုနှင့် သူ၏နောက်လိုက်များ ဆုံးရှုံးမှုနှင့် ကြုံရမည်ကို သိပြီးနောက် စွန်းဟုန်ဖေး စိတ်သက်သာရာ ရသွားသည်။

သို့သော် နောက်ခဏမှာပင် ကုရှင်းရှစ် မေးသည်ကို ကြားလိုက်ရသည်။
“ဘာပဲဖြစ်ဖြစ် အခုတော့ သူတို့အကြောင်း ခေါင်းထဲမထည့်နဲ့.. ငါတို့ရဲ့ ပရောဂျက်အသစ်အတွက် သရုပ်ဆောင်တွေ ရှာတွေ့ပြီလား..”

စွန်းဟုန်ဖေး မျက်နှာအိုကျသွားသည်။

ယင်းမှာ အမှန်တကယ် ခေါင်းခဲစရာဖြစ်သည်။ အန္တရာယ်မှ ကပ်သီးလေး လွတ်မြောက်လာပြီးနောက် စွန်းဟုန်ဖေးမှာ ပို၍ သတိကြီးလာသဖြင့် ကုရှင်းရှစ်သည် သူတို့၏ ပရောဂျက်အတွက် ဆွေးနွေးရာ၌ အဓိကဦးဆောင်သူ ဖြစ်လာတော့သည်။

ကုရှင်းရှစ်သည်လည်း နောက်ချန်မနေတော့ပေ။

အချိန်အတော်ကြာ ရှာဖွေပြီးနောက် အလားအလာရှိသော ပရောဂျက်တစ်ခုအား တွေ့လိုက်ရသည်။

စိတ်ဝင်စားစရာ ကောင်းစွာပင် ထိုပရောဂျက်မှာ ရှင်းမောင်မီဒီယာမှ လက်လွှတ်လိုက်ခြင်းဖြစ်သည်။

ပရောဂျက်၏ ခေါင်းစဉ်မှာ ‘သံသရာလည်ခြင်း’ ဖြစ်ပြီး သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုပင်။

အဓိကဇာတ်လိုက်မှာ သာမန်လူတစ်ဦးဖြစ်ပြီး ထူးဆန်းသော ကမ္ဘာတစ်ခု၌ နိုးထလာကာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရမည် ဖြစ်သည်။ အခြားလူများ၏ ရှင်းပြချက်အရ လက်ရှိအချိန်၌ ပြန်လည်ဝင်စားခြင်းကမ္ဘာ ဟု ခေါ်သည့် နေရာတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် မူလကမ္ဘာသို့ ပြန်သွားနိုင်ရန် အဆင့်များအား တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းရန် လိုအပ်ကြောင်း သိလိုက်ရသည်။

အဓိကဇာတ်လိုက်သည် ရှင်သန်ရန်အတွက် စစ်ဆေးမှုများထဲ နှစ်မြှုပ်ထားပြီး လမ်းတစ်လျှောက် မိတ်ဆွေဖွဲ့ကာ အားလုံး တစ်ပြိုင်နက် လွတ်မြောက်ရန် မျှော်လင့်လျက်ရှိသည်။ သို့သော် အဆင့်မြင့်လာလေလေ တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလာလေလေ ဖြစ်သည်။

ထို့နောက် ‘Truman Show’ ပုံစံ ဇာတ်ကြောင်းထဲ ရောက်ရှိနေကြောင်းနှင့် ‘အခြားကမ္ဘာ’ ဟူသော အရာမှာ အမှန်တကယ်၌ လူသားများ ပြုလုပ်ထားခြင်းဖြစ်ကာ အာဏာရှိ အထက်တန်းစားများ သဘောကျနှစ်ခြိုက်သော ဖျော်ဖြေရေးရှိုးတစ်ခုသဖွယ် ပုံဖော်ထားခြင်း ဖြစ်သည်။
(T/N : Truman Showရုပ်ရှင် ကို မကြည့်ဖူးပေမဲ့ Google မှာ ရှာကြည့်တော့ သူ့ပုံစံက Squid Game တို့ Alice in Borderland တို့ Purge တို့လိုမျိုး ဖြစ်မယ်လို့ ထင်ပါတယ်..)

အဓိကဇာတ်လိုက်က အရာအားလုံးသိသွားသည်နှင့်လွတ်မြောက်ရန် စတင်ကြံစည်တော့သည်။ အန္တရာယ်အထပ်ထပ် ဖြတ်ကျော်ပြီးနောက် လွတ်မြောက်ရန် ပြုလုပ်နိုင်ခဲ့သော်ငြား အဆိုပါ ‘လွတ်မြောက်ခြင်း’ ဟူသည်မှာ ပိုမိုကြီးမားသော အစီအစဉ်ကြီးတစ်ခု၏ အစဖြစ်ကြောင်း သိလိုက်ရသည်။

ဇာတ်အိမ်ခိုင်မာသလို ဇာတ်ညွှန်းမှာလည်း ကျစ်လစ်မှုရှိသည်။

ဇာတ်လမ်းထဲ၌ ရှန့်ယွဲ့ချင်နှင့် ကိုက်ညီမည့် ဇာတ်ကောင်တစ်ခု ပါဝင်ကြောင်း ကုရှင်းရှစ် သတိပြုမိသည်။

ရှန့်ယွဲ့ချင်သည် နယ်ပယ်စုံ၌ လှုပ်ရှားရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း အလွန်အမင်း ကြိုးစားလျက်ရှိသဖြင့် ကုရှင်းရှစ်ပင်လျှင် သတိပြုမိကာ သဘောကျလာရသည်။

သို့သော် ရှန့်ယွဲ့ချင်မှာ ချင်ဝမ်ကဲ့သို့ မည်သည့်ဇာတ်ရုပ်တွင်မဆို သရုပ်ဆောင်နိုင်သည့် မွေးရာပါ သရုပ်ဆောင်စွမ်းရည် ရှိသူ မဟုတ်ပေ။ ရှန့်ယွဲ့ချင်က သူနှင့် လိုက်ဖက်ညီသော ဇာတ်ရုပ်မျိုးကိုသာ အပြည့်အဝ ပေါ်လွင်အောင် သရုပ်ဆောင်နိုင်မည့်သူမျိုး ဖြစ်သည်။ ရွေးချယ်မှု မှားသွားလျှင် ဘေးအန္တရာယ် ဖြစ်စေနိုင်သည်။

ရှန့်ယွဲ့ချင်၏ ထူးခြားသော အရည်အချင်းများသည် မော်ဒယ်တစ်ဦးဖြစ်ရန် အားသားချက်ဖြစ်သော်ငြား သရုပ်ဆောင်တစ်ဦး ဖြစ်ရန်အတွက်မူ ရွေးချယ်ရန် ဇာတ်ရုပ် အကန့်အသတ်ဖြင့် ရှိလေသည်။

ကုရှင်းရှစ်က သင့်တော်မည့် ဇာတ်ရုပ်တစ်ခု ရရှိရန် စဉ်ဆက်မပြတ် ရှာဖွေနေသော်ငြား ဤဇာတ်ညွှန်း မတိုင်မီအထိ ရှာမတွေ့ခဲ့ပေ။

ဆုံးဖြတ်ချက် ချပြီးနောက် ဇာတ်ညွှန်းအား စွန်းဟုန်ဖေးထံ ချက်ချင်း ပို့လိုက်သည်။

သို့သော် စွန်းဟုန်ဖေး ချိတုံချတုံ ဖြစ်နေမိသည်။
“ဥက္ကဌကု.. ဒီဟာက နည်းနည်းတော့ ပြဿနာရှိတယ် မထင်ဘူးလား.. အရင်က ဒီလိုမျိုး တစ်ခါမှ မရိုက်ဖူးကြဘူး.. စွန့်စားသလို မဖြစ်ဘူးလား..”

စွန်းဟုန်ဖေး၏ ပူပန်မှုအား ကုရှင်းရှစ် သဘောပေါက်သည်။ ဤသည်မှာ သူတို့၏ ပထမဆုံး ထုတ်လုပ်ရေးဖြစ်သောကြောင့် အမှားအယွင်း မရှိစေလိုပေ။

သို့သော် ဤဇာတ်ညွှန်းမှာ အတော်လေး အလားအလာရှိကြောင်း ယုံကြည်သည်။ ရှားပါးသော အခွင့်အလှမ်းတစ်ရပ် ဖြစ်သည်။ ဤဇာတ်ညွှန်းအား လက်လွှတ်လိုက်မည်ဆိုလျှင် ထိုမျှကောင်းမွန်သော ဇာတ်ညွှန်းတစ်ခု ရှာတွေ့ရန် မဖြစ်နိုင်တော့ချေ။

စွန်းဟုန်ဖေး၏ ဝမ်ယွဲ့အား လေးစားနှစ်သက်ခြင်းအပေါ် အမှတ်ရပြီးနောက် ကုရှင်းရှစ်သည် တစ်ဖက်လူအား အသုံးချကာ ဖျောင်းဖျပြောဆိုရန် ဆုံးဖြတ်လိုက်သည်။
“မန်နေဂျာစွန်း.. ဥက္ကဌဝမ်သာ မင်းနေရာမှာဆိုရင် ဘယ်လိုလုပ်မယ်လို့ ထင်လဲ..”

စွန်းဟုန်ဖေး အံ့ဩတကြီး မျက်တောင်ခတ်လိုက်သည်။
“ဟမ်..”

ကုရှင်းရှစ်က စိတ်ရှည်လက်ရှည် ဆက်ပြောသည်။
“စဉ်းစားကြည့်.. ဥက္ကဌဝမ်က ဘယ်တုန်းကမှ ဘေးကင်းဖို့သက်သက် ဒါမှမဟုတ် သူများလျှောက်ခဲ့တဲ့လမ်းအတိုင်း လျှောက်တဲ့သူ မဟုတ်ဘူးနော်.. သူ့ရဲ့ ရည်မှန်းချက်က နောက်ကွယ်ကနေ ကုမ္ပဏီတွေ တည်ထောင်ပြီး တခြားကုမ္ပဏီတွေရဲ့ အကြွင်းအကျန်တွေကိုပဲ ကောက်ယူဖို့ဆိုရင် ဘာဖြစ်လို့ ဒီလိုမျိုး ရုပ်ရှင်စင်တာကြီး ဖန်တီးဖို့ ကြိုးစားနေမှာတဲ့လဲ..”

ရုတ်တရက် သဘောပေါက်မှုကြောင့် စွန်းဟုန်ဖေး၏ မျက်လုံးများ အရောင်လက်လာသည်။

ဒါကြောင့်ပဲ သူတို့က အချင်းချင်း လိုက်ဖက်ညီနေတာပေါ့.. ဥက္ကဌကုက အမြဲပဲ ဥက္ကဌဝမ်ရဲ့ ရှုထောင့်ကနေ စဉ်းစားပေးတတ်တယ်.. ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာ အမြဲ တွေးပေးတတ်တယ်.. ရင်ထဲထိလိုက်တာ..

ကုရှင်းရှစ်က ဆက်လက်ဖိအားပေးသည်။
“မင်းရော ဥက္ကဌဝမ်ရဲ့ အသိအမှတ်ပြုတာ ခံရပြီး အမြင်သစ်နဲ့ ကြည့်မှာကို မလိုချင်ဘူးလား..”

စွန်းဟုန်ဖေး မျက်လုံးများ ပြူးကျယ်လာတော့သည်။

“...”

ဒါက ငါ့အကြောင်း မဟုတ်တော့ဘူး..

ဥက္ကဌကုရဲ့ ကိုယ်ပိုင်လိုအင်ဆန္ဒ ဖြစ်နေတာ အသိအသာကြီး..

နားလည်ပြီ.. လုံးဝ နားလည်သွားပြီ..

စွန်းဟုန်ဖေး၏အမူအရာ ပြောင်းလဲသွားသည်။
“ဥက္ကဌကု မှန်ပါတယ်.. ဒီဟာကိုပဲ လုပ်ကြရအောင်..”

ကုရှင်းရှစ် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 

စွန်းဟုန်ဖေးသည်လည်း ထပ်တူထပ်မျှ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ 
ငါတော့ အချစ်စစ်ကို မျက်မြင်တွေ့လိုက်ရပြီ…


🍉🍉🍉🍉 အခန်း ၈၄


ကုမ္ပဏီ ပြောင်းရွှေ့မည့်အကြောင်း ပထမဆုံး သတင်းကြားသူမှာ ရှန့်ယွဲ့ချင် ဖြစ်သည်။ ဥက္ကဌကုသည် ထိုအကြောင်းအား နေ့လယ်စာ ထွက်ဝယ်မည့်အကြောင်း ပြောသလို သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်ငြား ရှန့်ယွဲ့ချင်မှာမူ စိတ်ထဲထည့်ထားလိုက်သည်။

သူက အဖွဲ့လိုက်စကားပြောခန်းတစ်ခု ဖန်တီးပြီး မုန့်ယွမ်ရှန့်၊ ချင်ဝမ်နှင့် ချန်ရှင်းတို့အား ထည့်လိုက်သည်။

အဖွဲ့ထဲသို့ ပထမဆုံး ဝင်ရောက်လာသူ ချင်ဝမ်သည် အဖွဲ့နာမည်အား [ဥက္ကဌကု ဖန်ကလပ်] ဟု ပေးကာ လက်မထောင်လိုက်သည်။

များမကြာမီ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့လည်း ဝင်ရောက်လာကြသည်။

ချန်ရှင်းက အဖွဲ့ထဲသို့ ရောက်ပြီးသည်နှင့် စိတ်အားထက်သန်စွာ မေးလိုက်သည်။
[ငါတို့ ကုမ္ပဏီက ပြောင်းတော့မှာတဲ့.. နေရာအသစ်ကို သိကြလား..]

ဥက္ကဌကုရဲ့အမာခံပရိသတ်လေးချင် : [ထျန်းချန်အဆောက်အဦ အပိုင်း ၂ မှာတဲ့]

ဥက္ကဌကုရဲ့ နံပါတ် ၁ သစ္စာရှိပရိသတ်လေး ချင် : [ဝန်ထမ်းတွေ ပြောနေတာတော့ အဲဒီဟာကို ဝမ်မိသားစုက ပိုင်တာတဲ့.. ဈေးကြီးမှာပဲ.. ပြီးတော့ ဝမ်ယွဲ့က အဲဒီနေရာမှာ ဖျော်ဖြေရေးလောကရဲ့ ဗဟိုချက် ဖြစ်စေချင်တာလို့ ကြားထားတယ်.. စတူဒီယိုတွေ အများကြီးကလည်း ပြောင်းရွှေ့ဖို့ ကြိုးစားနေကြတယ်တဲ့.. ဥက္ကဌကု နေရာတစ်နေရာ ရတာတင် အတော်လေး အံ့ဩဖို့ကောင်းနေပြီ..]

ချန် ‘မာမားဖန်မဟုတ်တဲ့’ ရှင်း : [ငါတို့ပေါင်ပေ့က အထင်ကြီးစရာလေး..]

ကျန် ၃ ဦး မှ တစ်ညီတစ်ညာတည်း : [ပါးစပ်ပိတ်စမ်း]

မုန့်ယွမ်ရှန့် (ဆင်ခြင်တုံတရားရှိတဲ့ပရိသတ်): [အဲဒီနေ့က အကောင်ကြီးကြီးတွေ ရှိခဲ့တယ်လို့ ကြားတယ်.. ဥက္ကဌကုရဲ့ ဂုဏ်သတင်းကို ပိုပြီးတော့ ကျော်ကြားလာအောင် လုပ်ရမယ်..]

ဥက္ကဌကုရဲ့ နံပါတ် ၁ သစ္စာရှိပရိသတ်လေး ချင် : [အတိအကျပဲ.. ငါတို့က ဥက္ကဌကုရဲ့ အနုပညာရှင်တွေလေ.. နင်ဝမ်ကျိုးတို့ ဖုန်းထင်ယွင်တို့လို အပြင်လူတွေကို နေရာယူခွင့် ပေးလို့မဖြစ်ဘူး..]

ဥက္ကဌကုရဲ့ အမာခံပရိသတ်လေး ချင် : [သဘောတူတယ်..]

အစီအစဉ် ချမှတ်ပြီးနောက် ပြင်ဆင်ရန် လူစုခွဲလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ယွဲ့သည် လေလံပွဲတစ်ခု၌ လေလံပစ္စည်းများအား ကြည့်နေသည်။ ထန်လင်းက လေလံပစ္စည်းများအား ကြိုတင်စစ်ဆေးပြီး ဖြစ်သောကြောင့် တင်ပြနေသည်။
“နံပါတ် ၆၊ ၈ နဲ့ ၁၇ က ရုံးခန်းသစ်ဖွင့်ပွဲအတွက် သင့်တော်ပါတယ်..”

ဝမ်ယွဲ့က ထိုပစ္စည်းများအား ကြည့်လိုက်သော်ငြား စိတ်မကျေနပ်နိုင်ဘဲ ရှိလေသည်။ စာရွက်အနည်းငယ် လှန်ပြီးနောက် ရုတ်တရက် ရပ်လိုက်သည်။

ထိုနေရာ၌ တောက်ပဝိုင်းစက်နေသော လိမ္မော်ရောင် စိန်တစ်ပွင့် ရှိလေသည်။ ရွှန်းစိုသော အရောင်အသွေးသည် လတ်ဆတ်ပြီး အရည်ရွှမ်းသည့် လိမ္မော်စိတ်နှင့်တူကာ ချိုမြမြရနံ့သည် ကုရှင်းရှစ်အား အမှတ်ရစေသည်။

ကုရှင်းရှစ်၏ တောက်ပကာ ပြုံးရောင်သမ်းနေသော မျက်လုံးများနှင့် ရွှင်လန်းတက်ကြွသော အမူအရာအား မြင်ယောင်လာသည်။

ဤလိမ္မော်ရောင်စိန်ပွင့်ကဲ့သို့ သန့်စင်တောက်ပသည်။

ကုရှင်းရှစ်နှင့်ဆိုလျှင် သေချာပေါက် လိုက်ဖက်လိမ့်မည်။

လိမ္မော်ရောင်စိန်ပွင့်နှင့် နှိုင်းယှဉ်လျှင် အခြားလေလံပစ္စည်းများမှာ မှေးမှိန်ဖျော့တော့သွားသည်။

သူက လက်မြှောက်ကာ ထန်လင်းအား ရပ်တန့်ရန် အချက်ပြလိုက်သည်။
“ဒီတစ်ခု..”

ထန်လင်း၏ မျက်လုံးများ ပြူးကျယ်လာသည်။ ဤလိမ္မော်ရောင်စိန်ပွင့်မှာ ဤညတွင် ဈေးအကြီးဆုံး လေလံပစ္စည်းဖြစ်သည်။ ဤသို့သော အဖိုးတန်ကျောက်မျက်များမှာ အတော်လေး ရှားပါးသည်။ ဤစိန်ပွင့်ကဲ့သို့ အရောင်အသွေး သန့်စင်လျှင် ရှားပါးသည်ထက် ပို၏။

သို့သော် ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုအချက် မဟုတ်ပေ။ အဓိကအချက်မှာ ဝမ်ယွဲ့သည် ယခင်က အခြားသူများအား ကျောက်မျက်ရတနာ လက်ဆောင်ပေးဖူးခြင်း မရှိချေ။

ဝမ်ယွဲ့၏ လက်ထောက်ခေါင်းဆောင် တစ်ဦးအနေနှင့် ဘောစ့်ဖြစ်သူမှာ ရှားပါးကျောက်မျက်များအား သဘောကျနှစ်သက်ပြီး သူ့ရှေ့သို့ ရောက်ရှိလာသည့် အရာတိုင်းအား ချွင်းချက်မရှိ စုဆောင်းထားတတ်ကြောင်း ထန်လင်းသိထားသည်။

ဒီနေ့ ဘာတွေဖြစ်နေတာလဲ..

သူက ကုမ္ပဏီအတွင်းရှိ ကောလာဟလအချို့အား အခြေအမြစ်မရှိဟု ယူဆကာ ပယ်ရှားခဲ့သည်။ ဝမ်ယွဲ့နှင့် နေ့စဉ်နေ့တိုင်းလိုလို အတူတူရှိနေသဖြင့် အခြားသူတစ်ဦးနှင့် နီးကပ်သည်ကို မမြင်တွေ့ဖူးပေ။ သို့သော် ဤစိန်ပွင့်အား ကြည့်နေရင်း ထန်လင်း ရုတ်တရက် မသေချာတော့ပေ။

လိမ္မော်ရောင်စိန်ပွင့် လေလံဆွဲရမည့် အလှည့်သို့ ရောက်ချိန်တွင် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရသည့်အခါ ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းကြောင်း သိလိုက်ရသည်။

၎င်းက အလင်းရောင်အောက်တွင် နွေးထွေးကာ ကြည်လင်တောက်ပစွာဖြင့် ပရိသတ်အား ညှို့ယူဖမ်းစားထားသည်။

ဝမ်ယွဲ့၏ မျက်လုံးထဲရှိ နှစ်သက်သဘောကျမှုအား မြင်သည့်အခါ စိတ်ပြောင်းသွားပြီဟု ယူဆမိသောကြောင့် ထန်လင်းက ပြောလိုက်သည်။
“ဥက္ကဌဝမ်.. ဒီလိမ္မော်‌ရောင်စိန်ပွင့်က တော်တော်လေး သန့်စင်ပြီး အရောင်အသွေးစိုတယ်.. ရှားပါးတယ်ဆိုတော့..”

ထန်လင်း စကား မဆုံးမီမှာပင် ဝမ်ယွဲ့က ပြောလိုက်သည်။
“ပြီးပြည့်စုံတယ်..”

ဝမ်ယွဲ့ စုဆောင်းရန် ဆုံးဖြတ်လိုက်ခြင်းဟု ထင်မိသောကြောင့် ထန်လင်းက မေးလိုက်သည်။
“ဒါဆို..”

“လန်စီလော့ကို ဒါကို ရင်ထိုးအဖြစ် ပြောင်းခိုင်းပြီး ဥက္ကဌကု ပြောင်းမလာခင် ရအောင်ပြန်ပို့ပေးခိုင်းလိုက်..”

ထန်လင်း : “နားလည်ပါပြီ..”

*

များမကြာမီ လဲ့ရှစ်အင်တာတိန်းမန့် ပြောင်းရွှေ့မည့်ရက်သို့ ရောက်လာသည်။

ရုံးခန်းပရိဘောဂများနှင့် စက်ကိရိယာ ပစ္စည်းများအား လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပြောင်းရွှေ့ပြီး ဖြစ်သောကြောင့် ထိုနေ့နံနက်ခင်းတွင် ကုရှင်းရှစ်နှင့် ကုမ္ပဏီဝန်ထမ်းများသည် ဧည့်သည်များအား ကြိုဆိုရန် အရာအားလုံး ပြင်ဆင်ရင်း အလုပ်များနေကြသည်။ 

ကုရှင်းရှစ်၏ အနုပညာရှင် ၄ ဦးမှာ ကုရှင်းရှစ်နောက်မှ တကောက်ကောက် လိုက်နေကြသည်။

သူတို့က အခမ်းအနားနှင့် လိုက်ဖက်ညီစွာ ဝတ်ဆင်ထားကြပြီး တစ်ဦးချင်းစီမှာ ကျော့ရှင်းတင့်တယ်သော ရုပ်ရည်ပိုင်ရှင်များ ဖြစ်ကြသောကြောင့် အတူတွဲပြီး ရှိနေချိန်တွင် မျက်စိပသာဒ ဖြစ်စေသည်။

ပေကျင်း ဖျော်ဖြေရေးလောကရှိ ကုမ္ပဏီကြီးများမှအစ စတူဒီယိုလေးများအထိ ဧည့်သည်များ ရောက်လာကြသည်။ ရုပ်သံ၊ ရုပ်ရှင်နှင့် ဂီတစသဖြင့် နယ်ပယ်အနှံ့မှလူများ၏ ဂုဏ်ပြုပန်းစည်းများမှာလည်း စင်္ကြံတစ်ခုလုံး ပြည့်နှက်နေသည်။

အချို့သူများသည် လဲ့ရှစ်အား ‘ကုမ္ပဏီငယ်လေး’ ဟုဆိုကာ နှိမ့်ချခဲ့သည်။ ထိုကုမ္ပဏီငယ်လေးမှာ ထိုမျှလောက် ကြီးထွားလာသည်ကို မြင်သည့်အခါ ထိုသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

တစ်နှစ်ကျော်လောက်နဲ့ ဒီလောက်တောင် အောင်မြင်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ..

ထို့အပြင် လူအုပ်ကြားထဲ၌ အကောင်ကြီးကြီး ဧည့်သည်များလည်း မရှားပေ။

ရွှေတံဆိပ်ဆုများ ရရှိထားဖူးသော မင်းသမီး ယွမ်ချင်းချင်း၊ ထိပ်တန်းမန်နေဂျာ လျန်ဝမ်ကျွင်း၊ ထိပ်တန်း idol ရှန့်ယွီ၊ နာမည်ကျော် ဒါရိုက်တာ ဖုန်းထင်ယွင်နှင့် လူငယ်စီးပွားရေးလုပ်ငန်းရှင် နင်ဝမ်ကျိုး ကဲ့သို့သော လူသိများ ထင်ရှားသူအားလုံး ရောက်ရှိနေကြသည်။

တက်ရောက်လာကြသူ အများစုမှာ ဤနေရာသို့ ရောက်လာကြသည့်အတွက် ကံကောင်းသည်ဟု ခံစားမိနေသည်။ ရုံးခန်းသစ်ဖွင့်ပွဲမဟုတ်ဘဲ ဖျော်ဖြေရေးလောကရှိ အကောင်ကြီးများ စုဝေးပွဲဟုပင် ခေါ်ရမည်။

ဝမ်ယွဲ့ ရောက်ရှိလာချိန်တွင် ပွဲအထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဥက္ကဌဝမ် ရောက်လာမည်ဟူသည့် ကောလာဟလများ ရှိသော်ငြား ယုံကြည်သူ အနည်းငယ်သာလျှင် ရှိသည်။ မည်သို့ပင်ဖြစ်စေ ဝမ်ယွဲ့မှာ အမြဲတစေ အလုပ်များနေတတ်သောကြောင့် ထိပ်တန်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲများကိုပင် တက်ရောက်သည်မှာ အလွန်ရှားပါးသဖြင့် ဤကဲ့သို့သော ရုံးခန်းသစ် ဖွင့်ပွဲမျိုးအား တက်ရောက်မည် မဟုတ်ပေ။

သို့သော် ဝမ်ယွဲ့မှာ ရောက်လာရုံသာ မကဘဲ အလွန်အမင်း တန်ဖိုးကြီးသည့် လက်ဆောင်ကိုပါ ယူလာသည်။

ဘူးဖွင့်လိုက်ချိန် တလက်လက်တောက်ပနေသော လိမ္မော်ရောင်စိန်ဖြင့် ပြုလုပ်ထားသည့် ရင်ထိုးတစ်ခုအား မြင်တွေ့ရချိန်တွင် အခန်းတစ်ခုလုံး ပါးစပ်အ‌ဟောင်းသား ဖြစ်သွားကြသည်။

ဝမ်ယွဲ့မှာ ရှားပါးကျောက်မျက်များ စုဆောင်းရသည်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူ၏ ရတနာများအား နဂါးတစ်ကောင်ကဲ့သို့ စောင့်ကြပ်သူဖြစ်ကြောင်း အတော်များများ သိထားကြသည်။ 

လတ်တလော ထွက်ပေါ်နေသော ကောလာဟလများအရ ဝမ်ယွဲ့သည် လေလံပွဲတစ်ခုတွင် ရှားပါးကာ အဖိုးတန်သည့် လိမ္မော်ရောင်စိန်တစ်ပွင့်အား ဝယ်ယူခဲ့သည်။ ပုံမှန်အတိုင်းပင် သူ၏ သီးသန့် စုဆောင်းမှုထဲတွင် သိမ်းဆည်းထားရန်ဟု ယူဆခဲ့ကြသည်။ ထိုစိန်ပွင့်အား ကုရှင်းရှစ်ထံ လက်ဆောင်အဖြစ် ပေးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ကုရှင်းရှစ်ထံ ရောက်ရှိနေသည့် အကြည့်များ ပြောင်းလဲသွားကြသည်။

တစ်ချိန်တည်းမှာပင် စွန်းဟုန်ဖေးမှာ အတော်လေး ကြည်နူးနေမိသည်။

တန်ဖိုးကြီးလွန်းတဲ့ လိမ္မော်ရောင်စိန်ပွင့်တဲ့.. ပြီးတော့ ရင်ထိုးတဲ့.. ရင်ထိုးဆိုတာက နှလုံးသားနဲ့ အနီးဆုံးနေရာမှာ ဝတ်ရတာမျိုးလေ.. ဒါက ဘာကို ကိုယ်စားပြုတာ ဖြစ်မလဲ.. သေချာပေါက် အချစ်ပဲပေါ့..

ကုရှင်းရှစ်နောက်တွင် ရှိနေကြသည့် မုန့်ယွမ်ရှန့်တို့ ၄ ဦးသားမှာလည်း အံ့အားသင့်နေမိကြသည်။

ဖုန်းထင်ယွင်နှင့် နင်ဝမ်ကျိုးတို့ကဲ့သို့သော ရန်သူဖြစ်နိုင်ချေများသည့် သူများထံမှ ကာကွယ်ရန် သေသေချာချာ ဂရုတစိုက်နှင့် ကာကွယ်နိုင်ခဲ့သော်ငြား ပွဲအတွင်း ရုတ်တရက် ထွက်ပေါ်လာသည့် ဝမ်ယွဲ့ကိုမူ မတားမြစ်လိုက်နိုင်ပေ။

ကုရှင်းရှစ်က ရင်ထိုးအား မြင်သည့်အခါ မျက်လုံးများ လက်သွားသည်။ ကျောက်မျက်ရတနာများအကြောင်း များများစားစား မသိသော်ငြား ယင်းမှာ အတော်လေး တန်ဖိုးကြီးကြောင်း ပြောနိုင်သည်။ သူက မချင့်မရဲဖြင့် လက်ခါကာ ငြင်းဆိုလိုက်သည်။
“ဒါက အရမ်းပဲ အဖိုးတန်လွန်းပါတယ်.. ဒီလိုမျိုး တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုးကို လက်မခံနိုင်ပါဘူး..”

သို့သော် ကုရှင်းရှစ် သူ့ထံ ယူလာပေးသည့် အကျိုးအမြတ်မှာ ဤရင်ထိုးထက် အဆများစွာ အဖိုးတန်ကြောင်း ဝမ်ယွဲ့သိသည်။

ထိုအရာများမှာ လျှို့ဝှက်ထားရန် လိုအပ်သဖြင့် လူအများရှေ့တွင် ပွင့်ပွင့်လင်းလင်း ပြောမရချေ။ ထို့ကြောင့် ရိုးရှင်းစွာ ပြောလိုက်သည်။
“မင်းအတွက်ဆို တန်ဖိုးမကြီးပါဘူး..”

ထိုသို့ပြောပြီးနောက် ရတနာဘူးအား ထားကာ ထွက်သွားတော့သည်။

ကုရှင်းရှစ်က ဘူးအား ဆုပ်ကိုင်ကာ ဝမ်ယွဲ့၏ နောက်ကျောအား စိုက်ကြည့်နေရင်း စိတ်ထဲ၌ အော်ဟစ်နေတော့သည်။
[စနစ်ရေ.. ငါတော့ ချမ်းသာပြီ.. ဒီလိုမျိုး ရက်ရောတဲ့ စပွန်ဆာ ၁၀ ယောက်လောက် ရနိုင်မလား.. ဟားဟားဟား]

စနစ် : [...]

သို့သော အခြားသူများ၏ မျက်လုံးထဲ၌မူ...

စွန်းဟုန်ဖေး : “...”
ဒါက အချစ်မဟုတ်ရင် ဘာများဖြစ်ဦးမှာလဲ..

အခြားသူများ : “နေပါဦး.. ငါတို့ ရုတ်တရက်ကြီး ခွေးစာ စားလိုက်ရတာလား..”

*

ထိုနေ့ပြီးနောက်၌ ဖျော်ဖြေရေးလောကရှိ သူ၏ ဂုဏ်သတင်းမှာ များစွာ မြင့်တက်သွားပုံရကြောင်း ကုရှင်းရှစ် သတိပြုမိသည်။ သူ့အလုပ်များသည်လည်း ယခင်ထက် ပိုမိုချောမွေ့လာသည်။

ထို့ကြောင့် စနစ်အား မပြောဘဲ မနေနိုင်တော့ချေ။
ကုရှင်းရှစ် : [ဒီနေရာက ဖုန်းရွှေ တော်တော်လေး ကောင်းပုံပဲ.. ငါ့ရဲ့ လပ်ကီးလေး..]

စနစ် : [အာ...]

ကုရှင်းရှစ်၏ သံသယများ ကြီးထွားလာသည်။
ကုရှင်းရှစ် : [စနစ်.. မင်း ဒီတလော ဘာဖြစ်နေတာလဲ.. အမြဲပဲ ချီတုံချတုံနဲ့.. ဘယ်တော့မှ ပွင့်ပွင့်လင်းလင်း မရှိဘူး..]

စနစ်က ပိုင်ရှင်ဖြစ်သူ၏ အတင်းအဖျင်းအား ထုတ်ဖော် ပြောရမည်လား၊ မပြောရမလား ဝေခွဲမရ ဖြစ်နေသောကြောင့် တုံ့ဆိုင်းနေခြင်း ဖြစ်သည်။

စနစ် : [တကယ်တော့..]

စနစ် ပြောမပြီးခင်မှာပင် စွန်းဟုန်ဖေး ရောက်ရှိလာသည်။

ရုံးခန်းရွှေ့ပြောင်းပြီးနောက် ကုရှင်းရှစ်သည် စွန်းဟုန်ဖေးနှင့်အတူ ပရောဂျက်အသစ်အတွက် စတင်ပြင်ဆင်တော့သည်။

ကုရှင်းရှစ်အတွက် လုပ်ငန်းစဉ်တစ်ခုလုံးမှာ လုံးဝအသစ်ဖြစ်နေသည်၊ ထို့ကြောင့် အရာအားလုံး လေ့လာသင်ယူရသည်။ အဆင့်တစ်ခုချင်းစီတိုင်း လစ်ဟာမှုမရစေရအောင် စေ့စေ့စပ်စပ် စစ်ဆေးသည်။

စွန်းဟုန်ဖေးမှာမူ ပို၍ပင် ပျော်ရွှင်ကာ အသေးစိတ် တစ်ခုချင်းစီတိုင်းအား ကုရှင်းရှစ်နှင့် တိုင်ပင်ဆွေးနွေးသည်။

ယနေ့တွင် စွန်းဟုန်ဖေးသည် သရုပ်ဆောင် ရွေးချယ်မှုအပိုင်းအား ဆွေးနွေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ကုရှင်းရှစ် တစ်စုံတစ်ယောက်အား စိတ်ထဲ၌ တွေးထားပြီးဖြစ်သည်။
“မြောင်ယာမင်ကို မင်း ဘယ်လိုထင်လဲ..”

မြောင်ယာမင် ဆိုသည်မှာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ကျွမ်းကျင်ပိုင်နိုင်သော သရုပ်ဆောင်စွမ်းရည်နှင့် ဆုတံဆိပ်များစွာ ရရှိထားသောကြောင့် နာမည်ကျော်သည်။ သူ သရုပ်ဆောင်ခဲ့သော ဇာတ်ရုပ်များစွာအား ဂန္တဝင်လက်ရာများဟု တင်စားကြသည်။

မြောင်ယာမင်သည် သူ၏ အသက်မွေးဝမ်းကြောင်း အထွတ်အထိပ်သို့ ရောက်ချိန်မှာပင် ရုပ်ရှင်လောကမှ နှုတ်ထွက်ပြီး ပြဇာတ်ထုတ်လုပ်ရေးပိုင်းသို့ ကူးပြောင်းသွားသဖြင့် ဖျော်ဖြေရေးလောကနှင့် ပရိသတ်များအတွက် ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်သည်။

စွန်းဟုန်ဖေး အံ့အားသင့်သွားသည်။

တစ်ဖက်တွင်မူ ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာမှာ တက်ကြွလာကြသည်။
“သူဆိုရင်တော့ အကောင်းဆုံးပေါ့.. ဒါပေမဲ့ သူ့ကို ဖျောင်းဖျနိုင်ပါ့မလား..”

“အများကြီးတော့ မမျှော်လင့်နဲ့ပေါ့..”
စွန်းဟုန်ဖေး ရေအေးတစ်ပုံး လောင်းချလိုက်သည်။
“လွန်ခဲ့တဲ့နှစ်တွေတုန်းက နာမည်ကျော် ဒါရိုက်တာတစ်ယောက်ရဲ့ ‘လေပြင်းတစ်ခုရဲ့နိဒါန်း’ ထုတ်လုပ်ရေးက မစ္စတာမြောင်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့တယ်.. သူတို့ အစွမ်းကုန် ကြိုးစားတာတောင် မရခဲ့ဘူး.. ငါတို့ရဲ့ ဝက်ဘ်ဒရာမာကတော့ အခွင့်အရေး မရှိသလောက်ပဲ.. ဖျော်ဖြေရေးလောကရဲ့ ကျန်တဲ့ အသက် ၄၀ ကျော် သရုပ်ဆောင်မင်းသားတွေလည်း အတော်လေး ကျွမ်းကျင်ပိုင်နိုင်ကြပါတယ်.. ဆက်ပြီးတော့ ရှာကြတာပေါ့.. အချိန်လည်း သိပ်မကျန်တော့ ခေါင်းဆောင်မင်းသားကို ရှာတဲ့နေရာမှာပဲ အချိန်ဖြုန်းနေလို့ မရဘူး..”

ကုရှင်းရှစ်၏ အကြံပြုချက်ကြောင့် စိတ်လှုပ်ရှားမှုများ ပြည့်နေသည့် ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာမှာ နောက်တစ်ဖန် အားယုတ်သွားပြန်သည်။

ဤနှစ်များအတွင်း မြောင်ယာမင်အား ခေါ်ယူရန် ကြိုးစားကြသူ များစွာရှိသော်ငြား တစ်ဦးတစ်ယောက်မှ မအောင်မြင်ခဲ့ပေ။

ဒီလို ဒဏ္ဍာရီဆန်တဲ့ ပုဂ္ဂိုလ်ကို ဆွဲဆောင်ဖို့ ဘယ်လိုအားသာချက်မျိုးရှိဖို့များ လိုအပ်မလဲ…

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်သည် စနစ်ထံမှ မြောင်ယာမင် ဖျော်ဖြေရေးလောကမှ နှုတ်ထွက်သွားသည့် အကြောင်းအရင်း နောက်ကွယ်ရှိ ဇာတ်လမ်းအား နားထောင်နေခြင်း ဖြစ်သည်။

[တကယ်တော့ မြောင်ယာမင်က သူ့ရဲ့ တိတ်တခိုး ချစ်နေရသူကြောင့် နှုတ်ထွက်သွားတာ.. သူက တော်တော်လေး သန့်စင်တယ်..]

[လွန်ခဲ့တဲ့ ၂၀ နှစ်တုန်းက မြောင်ယာမင်က လူသစ်လေးဆိုတော့ အချစ်ရုပ်ရှင်တစ်ခုမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတယ်.. အမျိုးသမီး ဇာတ်လိုက်က ယွီပေါင်အာဖြစ်ပြီး အဲဒီအချိန်တုန်းက ဟောင်ကောင်ရဲ့ နာမည်ကြီးအကြီးဆုံး မင်းသမီးတွေထဲက တစ်ယောက်ပေါ့.. ယွီပေါင်အာက လှပြီး တက်ကြွတယ်.. အတော်လေး အတွေ့အကြုံရှိတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်တယ်.. သူက ရိုက်ကူးရေးပြီးတာနဲ့ ဇာတ်ရုပ်ကို မေ့ပစ်လိုက်နိုင်တဲ့သူ.. ဒါပေမဲ့ မြောင်ယာမင်ကတော့ အဲဒီလို မဟုတ်ဘူး.. လုံးလုံးလျားလျား ပျော်ဝင်သွားတော့တာ..]

[အဲဒီတုန်းက မြောင်ယာမင်က ရှက်တတ်ပြီး သီးသန့်နေတတ်တယ်.. ဒါပေမဲ့ ယွီပေါင်အာကို ချစ်ရေးဆိုဖို့ ဆုံးဖြတ်ပြီး ဟောင်ကောင်ကို တစ်ယောက်တည်း ထွက်လာခဲ့တယ်.. ဟောင်ကောင်ကို ရောက်ပြီးတော့မှ ယွီပေါင်အာမှာ ရည်းစားရှိမှန်း သိလိုက်ရတယ်.. အသည်းကွဲပြီးတော့ ပေကျင်းကို ပြန်လာခဲ့ပေမဲ့ နောက်ထပ် မချစ်နိုင်တော့ဘူး.. အလုပ်ထဲမှာပဲ စိတ်နှစ်မြှုပ်ထားခဲ့တယ်.. သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် နာမည်ကျော်ကြားတဲ့ ရုပ်ရှင်တွေနဲ့ ဂန္တဝင်တွင်တဲ့ ဇာတ်ရုပ်တွေ ရှိလာတယ်..]

[မြောင်ယာမင်က ယွီပေါင်အာကို အခုထိ မမေ့နိုင်သေးဘူး.. ယွီပေါင်အာက သူရဲ့ ချစ်သူနဲ့ နှစ်အတော်ကြာအောင် ပြတ်လိုက် ပြန်ဆက်လိုက် ဖြစ်နေခဲ့တာ.. သူတို့နှစ်ယောက် လမ်းခွဲတဲ့အကြိမ်တိုင်းမှာ မြောင်ယာမင်က သူ့အတွက် အခွင့်အရေးရလာပြီလို့ ထင်ခဲ့ပေမဲ့ အခြေအနေတွေက သူ့ဘက်ကို အလေးမသာခဲ့ဘူး.. နောက်ဆုံးတစ်ခေါက် သူ(မ) လမ်းခွဲတော့ မြောင်ယာမင်က သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ပြောဖို့ ပန်းစည်းတစ်စည်း ယူသွားတယ်.. ဒါပေမဲ့ ရုတ်တရက် တိုက်လာတဲ့ မုန်တိုင်းကြောင့် လေယာဉ်ချိန် နှောင့်နှေးသွားပြီး သူလည်း ဟောင်ကောင်ကို ရောက်ရော ယွီပေါင်အာက တခြားတစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းတာကို လက်ခံတာကို မြင်လိုက်ရတယ်.. သိပ်မကြာခင်မှာပဲ သူ(မ)က ဖျော်ဖြေရေးလောကက နှုတ်ထွက်ပြီး ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံခြားကို ပြောင်းသွားတယ်..]

[အဲဒီဖြစ်ရပ်က တော်တော်လေး ထိချက်ပြင်းတော့ မြောင်ယာမင်လည်း သရုပ်ဆောင်အလုပ်က နှုတ်ထွက်သွားတော့တာပဲ.. ဒီနှစ်တွေအတွင်းမှာ တစ်ယောက်တည်း နေခဲ့တာ.. ဖျော်ဖြေရေးလောကက လူတွေကတော့ သူက မချစ်တတ်ဘူးလို့တောင် ထင်ကြတယ်.. တကယ်တမ်းကျ ဘယ်သူ့ကိုမှ ဖွင့်ဟမပြောနိုင်တဲ့ နက်ရှိုင်းတဲ့ အချစ်တွေကို တစ်လျှောက်လုံး သိမ်းဆည်းထားခဲ့တာ..]

ကုရှင်းရှစ် စိတ်လှုပ်ရှားမိသည်။ ဖျော်ဖြေရေးလောကရှိ အရှုပ်အထွေးများကြား၌ ထိုမျှသန့်ရှင်းသော ချစ်ဇာတ်လမ်းတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်မည် မဟုတ်ပေ။

စနစ်မှ ဆက်ပြောသည်။

[ယွီပေါင်အာ လက်ထပ်ပြီးသွားတော့ မြောင်ယာမင်က စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်.. သူ့ရဲ့ ခံစားချက်တွေကို သိမ်းဆည်းပြီးတော့ သူ(မ)ရဲ့ သတင်းတွေကိုလည်း မစုံစမ်းတော့ဘူးလို့ ကျိန်ဆိုလိုက်တယ်.. အဲဒါကြောင့် သူ(မ)ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားတာ ကြာပြီဖြစ်တဲ့အကြောင်းကို မသိထားဘူး.. ယွီပေါင်အာက လွန်ခဲ့တဲ့ ၂ နှစ်ကပဲ ကွာရှင်းခဲ့တာ.. သူ(မ)က ဟောင်ကောင်ကို ပြန်လာပြီး ဖျော်ဖြေရေးလောကထဲ ပြန်ဝင်ဖို့ ကြိုးစားနေတယ်.. ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တော့ အရင် ရှိခဲ့တဲ့ အောင်မြင်မှုတွေလည်း မရှိတော့ဘူးဆိုတော့ ဇာတ်ရုပ်တစ်ခု ရဖို့ကို တော်တော်လေး ရုန်းကန်နေရတယ်..]

ကုရှင်းရှစ် : [ဘဝက အကွေ့အကောက်တွေနဲ့ ပြည့်နှက်နေပါလား..]

ထိုသတင်းအား သိပြီးနောက် ကုရှင်းရှစ် စိတ်ထဲ၌ အကြံတစ်ခု ပေါ်လာသည်။
“ဘာမဆို ဖြစ်နိုင်တယ်လေ.. ကျွန်တော်တို့ မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ် ကံသေကံမ ပြောနိုင်မှာလဲ..”

စွန်းဟုန်ဖေး စိတ်မပါတပါ ဖြစ်နေဆဲပင်။
“ဒါဆိုလည်း အစီအစဉ် ၂ ခု လုပ်ကြမယ်.. ဥက္ကဌကုက မစ္စတာမြောင်ကို ဖျောင်းဖျဖို့ ကြိုးစားတဲ့အချိန်မှာ ကျွန်တော်ကလည်း တခြားသူတွေကို ဆက်ရှာမယ်..”

အစီအစဉ် ချမှတ်ပြီးနောက် ကုရှင်းရှစ်နှင့် စွန်းဟုန်ဖေးတို့ ကိုယ်စီ တာဝန်များအား ပြုလုပ်ရန် လမ်းခွဲလိုက်ကြသည်။


🍉🍉🍉🍉 အခန်း ၈၅


ကုရှင်းရှစ်က ယွမ်ချင်းချင်းထံသို့ ဦးစွာသွားသည်။

ယွမ်ချင်းချင်းသည် သူမ၏ အနုပညာရှင် ဘဝအစ၌ ဟောင်ကောင်၌ လှုပ်ရှားခဲ့ဖူးသောကြောင့် အဆက်အသွယ်များ ရှိနေဆဲဖြစ်သည်။ ကုရှင်းရှစ်၏ စကားများအား နားထောင်ပြီးနောက် အံ့အားသင့်သွားလေသည်။
“မင်းက ယွီပေါင်အာကို ဖိတ်ချင်လို့ ဟုတ်လား..”

ကုရှင်းရှစ်က ခေါင်းညိတ်ကာ ထပ်ပေါင်းပြောသည်။
“အဲဒီ ဇာတ်ရုပ်က အခန်းအများကြီး မပါဘူးဆိုတော့ သူ စိတ်ဝင်စားပါ့မလား မသေချာဘူး..”

ယွမ်ချင်းချင်း စဉ်းစားလိုက်သည်။
“အဲဒါက ပြဿနာလို့တော့ အစ်မ မထင်ဘူး.. အခုလက်ရှိ ဟောင်ကောင်မှာ သူမအတွက် ကမ်းလှမ်းမှုတွေ များများစားစား မရှိဘူးဆိုတော့ ဘယ်နေရာပဲဖြစ်ဖြစ် လက်ခံမယ်လို့ ထင်တယ်..”

ယွမ်ချင်းချင်းက ဝမ်းနည်းဝမ်းသာ ဖြစ်နေပုံရသည်။
“ယွီပေါင်အာကို သတိရနေပေးလို့ ကျေးဇူးပါကွယ်..”

ကုရှင်းရှစ် အလျင်အမြန် လက်ယမ်းလိုက်သည်။
“မဟုတ်ပါဘူး.. မဟုတ်ပါဘူး.. ကျွန်တော်ကမှ အစ်မကို ကျေးဇူးတင်ရမှာပါ..”

“တို့တွေကြား ကျေးဇူးတင်တာတွေ တော်သင့်ပြီ..”
ယွမ်ချင်းချင်း ခပ်သာသာ ရယ်လိုက်သည်။
“သူနဲ့ အတူတွဲပြီး သရုပ်ဆောင်ခဲ့တာတောင် နှစ်တွေကြာခဲ့ပြီ.. ဒီပရောဂျက်မှာ ဧည့်သည်သရုပ်ဆောင် လိုတယ်ဆိုရင် အစ်မကို ထည့်လိုက်နော်..”

ကုရှင်းရှစ်မှာ ထိုမျှ ဝမ်းမြောက်ဖွယ်ကောင်းသည့် အရာအား မမျှော်လင့်မိသောကြောင့် ချက်ချင်း သဘောတူလိုက်သည်။
“သေချာတာပေါ့..”

ယွမ်ချင်းချင်းအား နှုတ်ဆက်စကား ဆိုပြီးနောက် ကုရှင်းရှစ်သည် လျန်ဝမ်ကျွင်းအား သွားရောက်ရှာဖွေသည်။

လျန်ဝမ်ကျွင်းသည် အနုပညာရှင်များစွာအား စီမံခန့်ခွဲဖူးပြီး မြောင်ယာမင်နှင့် အတူတွဲ၍ လုပ်ကိုင်ဖူးကာ ကောင်းမွန်သော ဆက်ဆံရေး ရှိသူလည်းဖြစ်သည်။

ကုရှင်းရှစ်သည် မြောင်ယာမင်အား အမျိုးသားဇာတ်လိုက်အဖြစ် လိုချင်ကြောင်း ကြားပြီးနောက် လျန်ဝမ်ကျွင်း အကြံမပေးဘဲ မနေနိုင်တော့‌ချေ။

“မင်းကို သံသယရှိတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ မြောင်ယာမင်က တို့ တွေ့ဖူးသမျှ လူတွေထဲမှာ ခေါင်းအမာဆုံးပဲ.. သရုပ်ဆောင်အလုပ်ကနေ ဘာဖြစ်လို့ နှုတ်ထွက်လိုက်သလဲ ဆိုတာ မသိပေမဲ့ ဒီနှစ်တွေအတွင်း သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေတောင် မဖျောင်းဖျနိုင်ခဲ့ဘူး.. အဲဒီ နံရံကို ဖြိုဖို့ အချိန်ကုန် မခံသင့်ဘူး..”

သို့သော် ကုရှင်းရှစ်က မမှုပေ။
“အစ်မဝမ်ကျွင်း.. ကျွန်တော့်ကို ကြိုးစားခွင့်ပေးပါ..”

လျန်ဝမ်ကျွင်း ရယ်ကာ ခေါင်းယမ်းလိုက်သည်။
“မင်း လက်လျှော့သွားမှာကို တို့မမြင်ချင်ဘူး.. ဒါပေမဲ့ ပြောထားမယ်နော်.. အဖိုးကြီးမြောင်က ခေါင်းကြောအရမ်းမာတယ်..”

ထိုအချိန်မှာပင် ဖုယာ ရောက်ရှိလာပြီး သူတို့နှစ်ဦး စကားများအား ကြားသွားသဖြင့် ရယ်ကာမောကာဖြင့် စကားဝိုင်းထဲ ဝင်လာသည်။
“ဥက္ကဌပေါက်စလေး.. မင်းကတော့ တော်တော်လေး သတ္တိရှိတာပဲ.. မြောင်ယာမင်ကို အလဲထိုးချင်တာလား.. အဲဒီ အရိုးအိုကြီးကိုလေ.. အစ်မဝမ်ကျွင်းရေ.. သူ့ကို ကြိုးစားခိုင်းလိုက်..”

လျန်ဝမ်ကျွင်း ဖုယာအား မျက်စောင်းထိုးလိုက်သည်။
“မီးထဲ လောင်စာမထည့်စမ်းနဲ့..”

ထိုစကားသည် ဖုယာအား ပို၍ပင် တက်ကြွသွားစေသည်။
“ဥက္ကဌကုရေ.. အလောင်းအစားလေး နည်းနည်းလောက် လုပ်ရင်ရော..”

ကုရှင်းရှစ် : “အိုး..”

ဖုယာက ညစ်ကျယ်ကျယ်ရယ်လိုက်သည်။
“အဲဒီအဖိုးကြီးကို ခေါ်နိုင်ရင် တို့ ဧည့်သည့်သရုပ်ဆောင် လုပ်ပေးမယ်ကွာ.. အလကားနော်.. မခေါ်နိုင်ဘူး ဆိုရင်တော့ မင်း တို့ရဲ့ လက်ထောက်အဖြစ် တစ်ရက် လုပ်ပေးရမယ်.. စိန်ခေါ်ရဲလား..”

ကုရှင်းရှစ် စဉ်းစားလိုက်သည်။
ဖုယာလည်း ဧည့်သည်သရုပ်ဆောင် လုပ်ပေးမယ်တဲ့လား..

မြောင်ယာမင်၊ ယွမ်ချင်းချင်းနဲ့ ဖုယာ ကိုသာ ရလိုက်ရင် သရုပ်ဆောင်မဲ့ လူစာရင်းနဲ့တင် ဖျော်ဖြေရေးလောကတစ်ခုလုံး ဖျားသွားလောက်တယ်..

ကုရှင်းရှစ် စိန်ခေါ်မှုအား ချက်ချင်း လက်ခံလိုက်သည်။

လျန်ဝမ်ကျွင်း သက်ပြင်းချလိုက်သည်။ သို့သော် ရှောင်ကုမှာ အသက်မွေးဝမ်းကျောင်းမှု၌ အထွတ်အထိပ်တွင် ရှိနေပြီး ရှုံးနိမ့်ခြင်းအား မမြည်းစမ်းဖူးသေးချေ။ ထို့ကြောင့် ဤမျှလောက် ယုံကြည်ချက် ပြည့်ဝနေခြင်း ဖြစ်သည်။

မြောင်ယာမင်အား ချဉ်းကပ်ခြင်း မအောင်မြင်လျှင်ပင် ခြေတစ်လှမ်းခန့် နောက်ဆုတ်ရခြင်းမှာလည်း ဆိုးဝါးသည့် အရာ မဟုတ်ပေ။

ထို့ကြောင့် သူမနှင့်အတူ ပျင်းနေ၍ အပျော်လေးများ ရှာဖွေနေသူ ဖုယာတို့သည် ကုရှင်းရှစ်အား ခေါ်ဆောင်ကာ မြောင်ယာမင်ရှိရာ ပေကျင်းပြဇာတ်ရုံကြီးသို့ သွားကြတော့သည်။

ပေကျင်းပြဇာတ်ရုံကြီးသို့ ရောက်ရှိချိန်တွင် မြောင်ယာမင်သည် သရုပ်ဆောင် အဖွဲ့တစ်ဖွဲ့အား သင်ကြားပေးနေချိန် ဖြစ်သည်။ မြောင်ယာမင်၏ သန့်စင်ပြေပြစ်ပြီး တည်ကြည်သော ရုပ်ရည်၊ ဖြောင့်မတ်သော ကိုယ်နေဟန်ထားနှင့် မွေးရာပါ ကျော့ရှင်းမှုတို့နှင့် ပေါင်းစပ်လိုက်သည့်အခါ ပို၍ပင် စွဲမက်ဖွယ်ကောင်းသွားသည်။ လှုပ်ရှားမှုတိုင်းနှင့် အကြည့်များသည် သူ၏ ဩဇာအရှိန်အဝါအား အလိုအလျောက် ပေါ်လွင်နေစေသည်။

မြောင်ယာမင်အား မြင်လိုက်ရသည့် အချိန်မှာပင် သူတို့ ပရောဂျက်၏ ခေါင်းဆောင်မင်းသား ဖြစ်ကို ဖြစ်ရမည်ဟု ကုရှင်းရှစ် ပို၍ သေချာသွားသည်။

ဖျောင်းဖျနိုင်ရမယ်..

မြောင်ယာမင် အလုပ်ပြီးသွားသည်နှင့် သူတို့အနီးသို့ ရောက်လာသည်။
“စောင့်နေရလို့ တောင်းပန်ပါတယ်..”

အပြန်အလှန် နှုတ်ဆက်စကား ဆိုပြီးနောက် လျန်ဝမ်ကျွင်းသည် သူတို့ရောက်လာရသည့် ရည်ရွယ်ချက်အား ရှင်းပြလိုက်သည်။

မြောင်ယာမင်၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။ သူက တည်ငြိမ်ပြီး သိမ်မွေ့စွာပင် ငြင်းဆိုလိုက်သည်။

သို့သော် ကုရှင်းရှစ်က စိတ်ပျက်သွားခြင်း မရှိဘဲ မေးလိုက်သည်။
“မစ္စတာ‌မြောင်.. ကျွန်တော်တို့ သီးသန့်ပြောလို့ ရမလား..”

မြောင်ယာမင်က မျက်မှောင်ကြုတ်လိုက်မိသော်ငြား ယဉ်ကျေးနေဆဲဖြစ်သည်။
“လူငယ်လေး.. ငါ အခုလေးပဲ ရှင်းရှင်းလင်းလင်း ပြောပြီးပြီလို့ ထင်တယ်.. ငါက ရုပ်ရှင်လောကက ထွက်လာပြီးပြီ.. ဘယ်တော့မှ သရုပ်ဆောင်တော့မှာ မဟုတ်ဘူး..”

ထိုအချိန်မှာပင် ဖုယာ၏ လှောင်ပြောင်သရော်သံ ထွက်ပေါ်လာသည်။
“အဖိုးကြီးမြောင်.. ဘာတွေကို ကြောက်နေတာလဲ.. သီးသန့် စကားပြောဖို့ အခွင့်အရေး ပေးလိုက်စမ်းပါ.. ဒါမှမဟုတ် ရှင့်ကို စိတ်ပြောင်းအောင် လုပ်နိုင်မှာကို ကြောက်နေတာလား..”

မြောင်ယာမင်က ဖုယာအား မယိမ်းမယိုင် ကြည့်လိုက်သည်။
“ငါ့ကို ခနဲ့ဖို့ ကြိုးစားနေလည်း အလုပ်မဖြစ်ဘူး..”

ဖုယာက လက်ဖြန့်ကာ ကုရှင်းရှစ်အား အောင်နိုင်သူတစ်ဦးသဖွယ် ကြည့်လိုက်သည်။
“မြင်လား.. ဒီအဖိုးကြီးက လားတစ်ကောင်လိုပဲ ခေါင်းမာတယ်.. လုံးဝ တုန်လှုပ်မှာ မဟုတ်ဘူး..”

မြောင်ယာမင်သည် ဖုယာ၏ မှတ်ချက်စကားကြောင့် အနှောင့်အယှက် ဖြစ်ပုံမရချေ။ ယဉ်ကျေးစွာဖြင့် ခေါင်းညိတ်ပြပြီးနောက် ထွက်သွားရန် ပြင်သည်။

ထိုအချိန်မှာပင် ကုရှင်းရှစ်၏ စကားသံ ထွက်လာသည်။
“စိတ်မကောင်းစရာပဲ.. ကျွန်တော်က ခင်ဗျားနဲ့ ယွီပေါင်အာကို ဖန်သားပြင်မှာ စုံတွဲအဖြစ် ထပ်မြင်ရမယ်လို့ မျှော်လင့်ထားခဲ့တာ..”

မြောင်ယာမင်၏ ခြေလှမ်းများ တုံ့ဆိုင်းသွားပြီး ချက်ချင်းဆိုသလို လှည့်ကြည့်လာသည်။
“မင်း ဘာပြောလိုက်တာလဲ..”

ကုရှင်းရှစ် တည်ငြိမ်စွာ ပြုံးလိုက်သည်။
“မစ္စတာမြောင်.. အခု ကျွန်တော်တို့ သီးသန့် စကားပြောနိုင်မလား..”

မြောင်ယာမင်၏ အမူအရာမှာ အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီးနောက် ကုရှင်းရှစ်အား တိတ်ဆိတ်သည့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
“ကောင်းပြီ..”

မြောင်ယာမင်၏ အသံမှာ တင်းမာနေသည်။
“မင်း ဘာကိုဆိုလိုတာလဲ..”

ကုရှင်းရှစ် သက်ပြင်းချလိုက်သည်။
“ယွီပေါင်အာရဲ့ အိမ်ထောင်ရေးက အဆင်မပြေဘူးလို့ ကျွန်တော်ကြားတယ်.. နိုင်ငံခြားကို ပြောင်းသွားပြီးတော့ သူရဲ့ ခင်ပွန်းက ပုံစံအမှန်ကို ပြတော့တာပဲ.. အလုပ်မလုပ်ဘဲ သူ့အပေါ်မှာပဲ မှီခိုခဲ့တယ်.. သူ ကွာရှင်းဖို့ ကြိုးစားတိုင်းလည်း ခြိမ်းခြောက်တတ်တယ်..”

ကုရှင်းရှစ် ပြောနေရင်းနှင့် မြောင်ယာမင်အား အသေးစိတ် လေ့လာနေသည်။ မြောင်ယာမင်က အမူအရာမပျက်သော်ငြား လက်သီးတင်းတင်း ဆုပ်ထားပြီး မေးရိုးများ တင်းနေသည်။ ဒေါသထိန်းနေရမှန်း သိသိသာသာပင်။

ကုရှင်းရှစ် ထိုအရာအား သတိပြုမိပြီးနောက် ပြောလက်စအား ရပ်လိုက်သဖြင့် မြောင်ယာမင် ဆက်ပြောရန် မေးရတော့သည်။
“ဒီတော့.. သူ အခု ဘယ်လိုလဲ..”

ကုရှင်းရှစ် သက်ပြင်းချလိုက်ပြန်သည်။

မြောင်ယာမင်၏ မျက်နှာမှာ စိုးရိမ်မှုတို့ ထင်ဟပ်လာသည်။

ကုရှင်းရှစ်က ဆက်ပြောသည်။
“လွန်ခဲ့တဲ့ ၂ နှစ်က သူ ကွာရှင်းနိုင်ခဲ့ပြီး ဟောင်ကောင်ကို ပြန်ရောက်လာခဲ့တယ်.. ဒါပေမဲ့ ဟောင်ကောင် ဖျော်ဖြေရေးလောကက အရမ်းပဲ ပြိုင်ဆိုင်မှု ပြင်းထန်တော့ အခွင့်အရေးဆိုတာ အကန့်အသတ်နဲ့လေ.. သူ့ဘဝက ခက်ခဲနေတာပေါ့..”

မြောင်ယာမင်၏ ခပ်မတ်မတ် ကိုယ်နေဟန်ထားမှာ အနည်းငယ် ယိမ်းယိုင်သွားပြီး ထိုင်ခုံနောက်ကျောအား ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုနှင့် နာကျင်မှုတို့ ပြည့်နှက်နေသည်။

ထိုအရာအား မြင်သည့်အခါ ကုရှင်းရှစ်က ဆက်ပြောသည်။

“ကျွန်တော်က ဒီဒရာမာမှာ ယွီပေါင်အာကို ဖိတ်ခေါ်ချင်တယ်.. ဒါပေမဲ့ အမျိုးသားဇာတ်လိုက်နေရာက လိုအပ်ချက် များတယ်.. မှန်ကန်တဲ့ သရုပ်ဆောင်ကို ရှာမတွေ့ဘူးဆိုရင်..”

ကုရှင်းရှစ် စကားမဆုံးမီမှာပင် မြောင်ယာမင်က ကြားဖြတ်ပြောလိုက်သည်။
“ငါလုပ်မယ်..”

မြောင်ယာမင်သည် ကုရှင်းရှစ်နှင့်အတူ ပြန်ရောက်လာသည်ကို မြင်သည့်အခါ လျန်ဝမ်ကျွင်းနှင့် ဖုယာတို့ ပါးစပ်အ‌ဟောင်းသား ဖြစ်သွားကြသည်။

“ရှင်.. ရှင် တကယ်ပဲ သရုပ်ဆောင်မှာလား..”
ဖုယာက မြောင်ယာမင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်ပြီးနောက် ကုရှင်းရှစ်ဘက်သို့ လှည့်လိုက်သည်။
“ဥက္ကဌကု.. ဒီ ခေါင်းမာတဲ့ အဖိုးကြီးကို ဘယ်လိုများ ဖျောင်းဖျလိုက်တာလဲ.. ကောလာဟလတွေ ကြားနေရသလိုမျိုး နင် ဗူဒူးရုပ် သုံးတယ်ဆိုတာ အမှန်လား..”

ကုရှင်းရှစ် : “...”

ဖျော်ဖြေရေးလောကမှာ ဘယ်လို ပေါက်ပန်းလေးဆယ် ကောလာဟလတွေ ရှိနေတာတုန်း..

သို့သော် လျန်ဝမ်ကျွင်းသည် တစ်စုံတစ်ခုအား နားလည်သွားပုံဖြင့် မြောင်ယာမင်အား သံသယအပြည့်ဖြင့် ကြည့်နေသည်။
“ယွီပေါင်အာ နာမည်ကြားပြီးတော့ စိတ်ပြောင်းသွားတာပဲ.. မဟုတ်မှလွဲ...”

“မဟုတ်ဘူး..”
မြောင်ယာမင် ချက်ချင်း ငြင်းဆန်လိုက်သည်။ သူ၏ လေသံမှာ လေးနက်ကာ ဖြောင့်မတ်မှု အပြည့်ပင်။
“အနုပညာအတွက်ပဲ.. မဟုတ်ဘူးလား ဥက္ကဌကု..”

ကုရှင်းရှစ် : “...”

မြောင်ယာမင်၏ နားရွက်များ အနည်းငယ် နီမြန်းနေသည်ကို တွေ့ပြီးနောက် ကုရှင်းရှစ် လည်ချောင်းရှင်းလိုက်သည်။
“အဟမ်း.. ဟုတ်ပါတယ်.. အနုပညာအတွက်ပါ..”

ထိုသို့ဖြင့် စွန်းဟုန်ဖေး စိတ်ဓာတ်ကျစွာဖြင့် ပြန်ရောက်လာချိန်တွင် ဇာတ်ညွှန်းရေးသူနှင့် ဒါရိုက်တာတို့က မြောင်ယာမင်အနီး၌ အလွန်အမင်း စိတ်လှုပ်ရှားစွာ ဝိုင်းပတ်နေကြသည်ကို မြင်လိုက်ရသည်။

မယုံကြည်နိုင်စွာဖြင့် မျက်လုံးများအား လက်ဖြင့်ပွတ်လိုက်သည်။

မဖြစ်နိုင်ဘူး.. တကယ်ကြီး မြောင်ယာမင်ဟ..

ဥက္ကဌကုက မြောင်ယာမင်ကို ခေါ်လိုက်နိုင်တယ်တဲ့..

ဘယ်လိုနည်းလမ်းတွေ သုံးလိုက်တာလဲလို့...

စွန်းဟုန်ဖေးက အဆက်အသွယ် များစွာသုံးကာ သရုပ်ဆောင်များနှင့် ဆက်သွယ်ခဲ့သည်။ သူ၏ ပထမဆုံး ရွေးချယ်မှုမှာ ငြင်းပယ်ခံခဲ့ရုံသာ မကဘဲ တတိယမြောက် ရွေးထားသည့် သရုပ်ဆောင်မှာလည်း အနည်းငယ်မျှပင် စဉ်းစားခြင်းမရှိ ငြင်းဆိုလိုက်သည်။

ထိုအချိန်မှာပင် ဇာတ်ညွှန်းရေးသူ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံအား ကြားလိုက်ရသည်။
“ခဏလေး.. ဥက္ကဌကု.. ခင်ဗျားပြောတာက အစ်မချင်းနဲ့ အစ်မဖုယာကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါမယ်တဲ့လား.. ဘုရားရေ.. တကယ်ကြီးလား..”

စွန်းဟုန်ဖေး : “...”

လူချင်းအတူတူ ဘာလို့များ ဒီလောက်တောင် အောင်မြင်မှုချင်း ကွာခြားရတာလဲ..

စွန်းဟုန်ဖေး၏ ခါးသီးစွာ ရှုံးနိမ့်မှုအား မြင်ပြီးနောက် ကုရှင်းရှစ်က အနားသို့ လျှောက်လာသည်။
“ဘာဖြစ်လို့လဲ..”

စွန်းဟုန်ဖေးက တုန်ယင်စွာဖြင့် ငြင်းပယ်ခံရသည့် အကြိမ်အ‌ရေအတွက်အား ပြန်ရေတွက်နေသည်။

နားထောင်ပြီးနောက် ကုရှင်းရှစ်က နှစ်သိမ့်ပေးရန် ခေတ္တမျှ စဉ်းစားလိုက်သည်။
“တကယ်တော့ သူတို့အားလုံး ငြင်းလိုက်တာလည်း ကောင်းပါတယ်..”

“ဘာကို ဆိုလိုတာလဲ..”

ကုရှင်းရှစ်က ရှင်းပြသည်။
“မင်း ပထမဆုံး ရွေးထားတဲ့လူက လိင်မှုကိစ္စ အရှုပ်အထွေးရှိတယ်.. သူ့ရဲ့ဇနီးက သက်သေတွေ စုထားပြီး တရားခွင်တက်ဖို့ ပြင်နေတယ်.. ဒုတိယတစ်ယောက်က..”

စွန်းဟုန်ဖေး၏ နှလုံးသားမှာ အပိုင်းပိုင်း ကွဲကြေသွားတော့သည်။
“ဥက္ကဌကု ငါ့ကို နှစ်သိမ့်ဖို့ မကြိုးစားတာကမှ ပိုကောင်းပါဦးမယ်..”

“အိုး.. ဟုတ်ပါပြီ..”
ကုရှင်းရှစ် ပခုံးတွန့်ပြီးနောက် ရိုးသားစွာ ပြောလိုက်သည်။
“မင်းရဲ့ အကဲဖြတ်မှုက တကယ်ပဲ မကောင်းဘူး..”

စွန်းဟုန်ဖေး : “...”

×××××

ကုရှင်းရှစ်တို့အဖွဲ့က ပရောဂျက်အသစ်ကို အားသွန်ခွန်စိုက် ပြုလုပ်နေကြသည်။ သူတို့အား အနီးကပ် စောင့်ကြည့်နေသည့် နင်ထျန်းယိုမှာ တဖြည်းဖြည်း စိတ်မရှည်တော့ပေ။
“ဇာတ်လိုက်မင်းသား တစ်ယောက်တောင် ရှာမတွေ့သေးဘူးလား.. သူတို့ ဘာတွေလုပ်နေကြတာလဲ..”

နင်ထျန်းယို၏ လက်ထောက်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေသည်။
“ဥက္ကဌနင်.. ဒါက ကျွန်တော်တို့အမှား မဟုတ်ပါဘူး.. စွန်းဟုန်ဖေးက အရာအားလုံးကို ဖုံးကွယ်ထားတော့ သတင်းတစ်ခုတောင် ထွက်မလာဘူး..”

နင်ထျန်းယို မျက်မှောင်ကြုတ်လိုက်သည်။
“ဇာတ်ညွှန်းရေးသူကရော.. သူရော ပေါ်သွားပြီလား..”

လက်ထောက်က ခေါင်းခါလိုက်သည်။
“အဲလို မထင်ပါဘူး.. ဇာတ်ညွှန်းရေးသူ ပြောတာကတော့ စွန်းဟုန်ဖေးက ဇာတ်ညွှန်းကို သ‌ဘောမကျလို့ သူ့ကို ဟိုတယ်တစ်ခုမှာ ပိတ်ထားပြီး နေ့တိုင်း အသစ်ပြန်ပြင်ခိုင်းနေတာတဲ့.. ဇာတ်ညွှန်းရေးသူက ပြင်ရလွန်းလို့ နေမကောင်းပါ ဖြစ်တော့မယ်တဲ့..”

နင်ထျန်းယို : “...”

လက်ထောက်က ဆက်ပြောသည်။
“ဒါပေမဲ့ အရေးကြီးတဲ့ သတင်းတစ်ခုကိုတော့ ရခဲ့ပါတယ်..”

နင်ထျန်းယို၏ အမူအရာက မဲမှောင်သွားသည်။
“ဘာတဲ့လဲ..”

“စွန်းဟုန်ဖေးက ဒီပရောဂျက်ကို လဲ့ရှစ် အင်တာတိန်းမန့်က ဥက္ကဌကုနဲ့ ပူးပေါင်းပြီး လုပ်ကိုင်နေပုံရတယ်တဲ့..”

“ကုရှင်းရှစ်..”
နင်ထျန်းယို မျက်နှာထား တင်းမာစွာဖြင့် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်သည်။
“ဒင်း ဘာမှမသိဘူးဆိုတာ မင်းသေချာလား..”

လက်ထောက်က ခေါင်းညိတ်လိုက်သည်။
“သေချာပါတယ်.. သူသာ တစ်ခုခု သိထားမယ်ဆိုရင် စွန်းဟုန်ဖေးကို ပြောပြီးလောက်ပြီ.. အခုလို တိတ်ဆိတ်နေမှာ မဟုတ်ဘူး..”

သူ့လက်ထောက်ပြောသည်မှာ ယုတ္တိရှိကြောင်း နင်ထျန်းယို သိသော်ငြား မသက်မသာ ခံစားနေရဆဲဖြစ်သည်။
“ကုရှင်းရှစ်က မမြင်နိုင်တဲ့ ကတ်တစ်ခုပဲ.. ဘာအခွင့်အရေးမှ ယူနိုင်မှာ မဟုတ်ဘူး..”

“ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့ထဲက တစ်ယောက်ယောက်ကို လာဘ်ထိုးတာ ဒါမှမဟုတ် သူလျှိုလွှတ်တာမျိုး လုပ်လိုက်.. ဘာတွေဖြစ်နေလဲ သေချာသိအောင် လုပ်ရမယ်..”

အတော်ကြာအောင် ရှာဖွေပြီးနောက် အလားအလာကောင်းသည့် လူတစ်ဦးအား တွေ့လိုက်ရသည်။

ထိုလူမှာ ကျင်းရှစ်ဟမ် ဖြစ်ပြီး ထျန်းချန်ဗီဒီယို၏ လူထုဆက်ဆံ‌ရေးဌာနမှ လက်ထောက်မန်နေဂျာ ဖြစ်သည်။

လတ်တလော ထျန်းချန်ဗီဒီယို၏ အတွင်းပိုင်း ပြောင်းလဲမှုများကြောင့် ကျင်းရှစ်ဟမ်က လုပ်ကွက်ပျောက်သည့်အပြင် ရာထူးလျှော့ချခြင်း ခံလိုက်ရသည်။ သူ၏ ကံဆိုးမှုအား စွန်းဟုန်ဖေးအပေါ် အပြစ်တင်ပုံချပြီး အရာအားလုံးမှာ စွန်းဟုန်ဖေး၏ အမှားများသာဖြစ်သည်ဟု မှတ်ယူထားသူ ဖြစ်သည်။

နင်ထျန်းယို၏လူများ ကျင်းရှစ်ဟမ်ထံသို့ ချဉ်းကပ်ကာ ကမ်းလှမ်းမှုပြုချိန်တွင် အလျင်အမြန်ပင် သဘောတူလက်ခံလိုက်သည်။

စွန်းဟုန်ဖေးထံမှ အသေးစိတ်အချက်အလက် တစ်ခုချင်းစီ သတင်းထွက်မလာခြင်းမှာ ဝန်ထမ်းအများစုသည် ထျန်းချန်ဗီဒီယိုမှ ဖြစ်သောကြောင့် လျှို့ဝှက်ချက်များအား ပေါက်ကြားမသွားစေရန် ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။

ထျန်းချန်ဗီဒီယို၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် ကျင်းရှစ်ဟမ်ထံ၌ အဆက်အသွယ်များစွာ ရှိလေသည်။ သူ၏ ဇွဲမလျှော့တမ်း လိုက်လံမေးမြန်းမှုများမှတစ်ဆင့် အချက်အလက်အချို့အား စုဆောင်းနိုင်ခဲ့သည်။

သို့သော် သူရရှိထားသည့် အချက်အလက်များမှာ ပင်မဖန်တီးမှုအဖွဲ့ထံမှ မဟုတ်ပေ။
“ဇာတ်ညွှန်းကို အပြီးမသတ်ရသေးဘူးလို့ ကြားတယ်.. ပြန်ပြင်နေတုန်းပဲတဲ့.. အိုး.. ဥက္ကဌကုနဲ့ မန်နေဂျာစွန်းက သရုပ်ဆောင် ရွေးချယ်တဲ့ အပိုင်းမှာလည်း သဘောထားချင်း မတိုက်ဆိုင်ကြဘူးတဲ့.. စွန်းဟုန်ဖေးက ဒေါသထွက်နေပြီး မျက်နှာမကြည်တာ ရက်ပိုင်းလောက်ရှိပြီတဲ့..”

အစပိုင်းတွင် ကျင်းရှစ်ဟမ်သည် ထိုအကြောင်းအား များများစားစား မတွေးမိသော်ငြား နောက်ဆုံးကြားလိုက်ရသည့် သတင်းမှာ သူ၏ စိတ်ဝင်စားမှုအား တိုးတက်သွားစေသည်။
“ဘာဖြစ်လို့ သဘောထားချင်း မတိုက်ဆိုင်ကြတာတဲ့လဲ.. ပြောပါဦး..”

ကျင်းရှစ်ဟမ်၏ မိတ်ဆွေက သက်ပြင်းချလိုက်သည်။
“အသေးစိတ်တော့ မသိဘူး.. ခေါင်းဆောင်မင်းသား နေရာအတွက်လို့ ကြားတယ်.. ဝါရင့်မင်းသားတစ်ယောက်နဲ့ ပတ်သက်နေတယ်တဲ့..”

ကျင်းရှစ်ဟမ် စိတ်လှုပ်ရှားသွားသည်။

ဤနှစ်များအတွင်း ထုတ်လုပ်မှု အရည်အသွေးအား မြှင့်တင်ရန် ဝါရင့်သရုပ်ဆောင်များအား အရံဇာတ်ကောင်အဖြစ် အသုံးပြုကြပြီး ကြည့်ရှုနှုန်းအတွက် ရေပန်းစားနေသည့် လူငယ် idol လေးများအား အဓိကဇာတ်လိုက်အဖြစ် အသုံးပြုကြသည့် ကိစ္စမှာ ဖျော်ဖြေရေးလောက၌ သာမန်လို ဖြစ်နေသည်။

ထိုနည်းလမ်းမှာ ထုတ်လုပ်သူများအတွက် အကျိုးအမြတ်များသော်ငြား လူငယ် idol များအပေါ် လူထုတုံ့ပြန်မှု မကောင်းသည်များလည်း ရှိသည်။ ထိုလူငယ်လေးများ၏ သရုပ်ဆောင်စွမ်းရည်မှာ ဝါရင့်သရုပ်ဆောင်များနှင့် မလွှဲမသွေ နှိုင်းယှဉ်ခံရမည် ဖြစ်သောကြောင့် ကြမ်းတမ်းစွာ ဝေဖန်ခံရခြင်းများ၊ လှောင်ပြောင်သရော်ခံရခြင်းများနှင့် ဂုဏ်သိက္ခာပိုင်း ကျဆင်းခြင်းများ ရှိလာနိုင်သည်။

ကုရှင်းရှစ်သာ ပရောဂျက်၏ တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံသူ ဖြစ်ပါက ထိုကိစ္စအပေါ်  á€Ąá€œá€˝á€”်ဥမင်း ဒေါသထွက်နေမည် မဟုတ်ပေ။

လူငယ်သရုပ်ဆောင်မှာ သူ၏ အနုပညာရှင်များထဲမှ တစ်ဦး ဖြစ်လိမ့်မည်။


 

Search Novels