🍉🍉🍉🍉 အခန်း ၈၆


ကုရှင်းရှစ်၏ အနုပညာရှင်များထဲတွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းသည် စင်မြင့်ထက်၌ ဖျော်ဖြေရန်သာ အဓိကထားပြီး အလွန်အမင်း အောင်မြင်နေချိန် ဖြစ်သောကြောင့် အချိန်ဇယားများနှင့် မအားလပ်နိုင်ပေ။ သရုပ်ဆောင်လုပ်ရန် အချိန်ဖြုန်းခြင်းမှာလည်း အဓိပ္ပါယ်မရှိချေ။ ချင်ဝမ်သည် ပြောင်မြောက်သော သရုပ်ဆောင်စွမ်းရည်ကြောင့် နာမည်ကျော်သည်။ သူတစ်ဦးတည်းနှင့် ‘ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များ’ တွင် ဝါရင့်သရုပ်ဆောင်များနှင့် ရင်ဘောင်တန်း သရုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် ကုရှင်းရှစ်က ချင်ဝမ်အတွက် စိုးရိမ်လိမ့်မည် မဟုတ်ပေ။

နောက်ဆုံး ကျန်ရှိသူမှာ ရှန့်ယွဲ့ချင် ဖြစ်သည်။

လျှို့ဝှက်ချက်အား ဖော်ထုတ်နိုင်ပြီဟု ယူဆကာ ကျင်းရှစ်ဟမ်က အလျင်အမြန် မေးလိုက်သည်။
“ရှန့်ယွဲ့ချင် ရိုက်ကွင်းကို လာသေးလား..”

မိတ်ဆွေဖြစ်သူက အံ့အားသင့်သွားသည်။
“ဘယ်လိုသိတာလဲ..”

ကျင်းရှစ်ဟမ် စိတ်ကျေနပ်စွာဖြင့် ရင်တထိတ်ထိတ် ခုန်နေသည်။
ဘင်းဂို..

ယခုအခါ ကုရှင်းရှစ်နှင့် စွန်းဟုန်ဖေး ထိပ်တိုက်တွေ့ရခြင်း အကြောင်းအား နားလည်သွားပြီ ဖြစ်သည်။

စွန်းဟုန်ဖေးသည် ပရောဂျက် အောင်မြင်ရေးကိုသာ အဓိကထားလိုပြီး ကုရှင်းရှစ်မှာမူ မန်နေဂျာတစ်ဦးလည်း  á€–ဟစ်သ္ဏကဟ္ဏငအ် ထုတ်လုပ်ရေး အမြတ်အစွန်းထက် သူ့ အနုပညာရှင်၏ ပုံရိပ်နှင့် ဂုဏ်သတင်းကို ဦးစားပေးမည်မှာ သဘာဝပင်။

ကုရှင်းရှစ်က ဤအခွင့်အရေးအား အသုံးချကာ ရှန့်ယွဲ့ချင်အား နာမည်‌ကျော်ကြားလာအောင် လုပ်လိုခြင်း ဖြစ်မည်။ သို့သော် လူငယ်သရုပ်ဆောင်၏ အတွေ့အကြုံ မရှိခြင်းကြောင့် ဝေဖန်ခံရမည်ကို စိုးရိမ်သဖြင့် ကုရှင်းရှစ်က အတွေ့အကြုံနည်းသော သရုပ်ဆောင်များကိုသာ ရှန့်ယွဲ့ချင်အနီးတွင် ရှိစေလိုခြင်း ဖြစ်နိုင်သည်။

သို့သော် စွန်းဟုန်ဖေးမှာ ထိုအချက်အား သဘောမပေါက်သဖြင့် ကုရှင်းရှစ်နှင့် အငြင်းပွားမှုများ ဖြစ်လာတော့သည်။

ကျင်းရှစ်ဟမ်သည် ထိုအခြင်းအရာကြောင့် အော်ဟစ်ရယ်လုမတတ်ပင်။

ကျင်းရှစ်ဟမ်၏ မိတ်ဆွေက သူ့အား စူးစမ်းဟန်ဖြင့်ကြည့်လိုက်သည်။
“ဘာဖြစ်လို့ ဒီနေ့တစ်နေ့လုံး ထုတ်လုပ်ရေးအပိုင်းက လူတွေအကြောင်းပဲ မေးနေတာလဲ..”

ကျင်းရှစ်ဟမ်က သံသယဝင်ခံရမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် အကြောင်းပြချက် ပေးလိုက်သည်။
“အာ.. ဒါက ကုမ္ပဏီက ပရောဂျက်ကြီး တစ်ခုပဲလေ.. ငါက ပိုပြီးသိရင် အခွင့်အရေးလေးများ ရမလားလို့ပါ..”

“သေချာတာပေါ့..”
မိတ်ဆွေဖြစ်သူက သဘောတူဟန်ဖြင့် ကျင်းရှစ်ဟမ်အား ပခုံးပုတ်လိုက်သည်။
“စွန်းဟုန်ဖေးက အခုဆို အရင်ကလို ကြောက်တတ်တဲ့ မန်နေဂျာလေး မဟုတ်တော့ဘူး.. လူတွေ ပြောကြသလိုမျိုး တစ်ခါတလေကျ အာဏာရှိတဲ့သူတွေနဲ့ လိုက်လျောညီထွေ နေတတ်ဖို့ လိုတယ်ကွ..”

ကျင်းရှစ်ဟမ်က ထိုချီးကျူးစကားကြောင့် ရွံရှာသလို ခံစားရသော်ငြား ဒေါသအား ထိန်းချုပ်လိုက်သည်။

ထိုအချိန်မှာပင် မိတ်ဆွေဖြစ်သူမှာ တစ်စုံတစ်ခုအား အမှတ်ရသွားပုံရသည်။
“အိုး.. စကားမစပ်.. ထုတ်လုပ်ရေးအဖွဲ့က ဝန်ထမ်းတွေ ထပ်ခန့်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်.. မင်း ဘာလို့ မလျှောက်တာလဲ.. ဇာတ်လမ်းသာ ပေါက်သွားရင် အဲဒီ အောင်မြင်မှုကိုသုံးပြီး မင်းရဲ့ မူလရာထူးကို ပြန်ရနိုင်တယ်..”

ကျင်းရှစ်ဟမ် မျက်လုံးများ အရောင်လက်လာသည်။
ဝန်ထမ်းအဖွဲ့ထဲ ဝင်ဖို့လား..

ထိုသို့ဆိုလျှင် အဖိုးတန် အတွင်းသတင်းများအား ရောင်းချရန် တိုက်ရိုက်ရရှိမည် ဖြစ်သလို ဥက္ကဌကုနှင့်လည်း အနီးကပ်ဆက်သွယ်နိုင်မည်။ ဇာတ်လမ်းတွဲ မအောင်မြင်လျှင်ပင် စွန်းဟုန်ဖေးထံ၌သာ တာဝန်ရှိသောကြောင့် ကုရှင်းရှစ်သည် စွန်းဟုန်ဖေးအပေါ် အမြင်ကောင်းများ ရှိနိုင်တော့မည် မဟုတ်ပေ။ ကျင်းရှစ်ဟမ်အတွက် အခွင့်ကောင်းလည်း ဖြစ်လာမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်သလိုပင်။

ထိုနေ့ည၌ နင်ထျန်းယိုသည် ကျင်းရှစ်ဟမ်ထံမှ သတင်းရလိုက်သည်။
“ဇာတ်ညွှန်းအပိုင်းမှာ တန့်နေတာ ဟုတ်လား..”

ဇာတ်ညွှန်းရေးသူထံမှ ယခင်ရရှိထားသော အချက်အလက်များနှင့် ယှဉ်လျှင် နင်ထျန်းယိုသည် ကျင်းရှစ်ဟမ်မှာ ပိုမို ယုံကြည်စိတ်ချရသည်ဟု ယူဆလိုက်သည်။ သူတို့၏ အကြံအစည် ဖော်ထုတ်မခံရသေးသလို ကုရှင်းရှစ်တို့အဖွဲ့မှာ ထောင်ချောက်ဆင်ခံထားရမှန်း မသိကြသေးချေ။

သူ စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“တခြားရှိသေးလား..”

လက်ထောက်က ဆက်ပြောသည်။
“ဥက္ကဌကုက ရှန့်ယွဲ့ချင်ကို ခေါင်းဆောင်နေရာမှာ ထားချင်ပေမဲ့ ဝါရင့်သရုပ်ဆောင်တွေက သူ့ကို လွှမ်းမိုးသွားမှာ မလိုချင်ဘူးလို့ ထင်ပါတယ်.. အဲဒီကိစ္စကြောင့် စွန်းဟုန်ဖေးနဲ့ ငြင်းခုံနေကြတယ်လို့လည်း ပြောတယ်..”

နင်ထျန်းယို၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ ထင်ဟပ်လာသည်။
“တကယ်လား..”

ဘာမှ မလှုပ်ရှားရသေးချင်မှာပင် သူတို့အချင်းချင်း ပဋိပက္ခများ ဖြစ်နေကြသည်မှာ သတင်းထူးတစ်ခုပင်။

“မဆိုးဘူး.. မဆိုးဘူး.. ဒီကောင်က အသုံးဝင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ..”

နင်ထျန်းယို စိတ်အခြေအနေ ကောင်းနေသည်။
“တခြားကိစ္စရော ပြောသေးလား..”

လက်ထောက်က တုံ့ဆိုင်းနေပြီးမှ ပြောသည်။
“သူက ထုတ်လုပ်ရေးအဖွဲ့ထဲ ဝင်လို့ရနိုင်တယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ပိုက်ဆံတိုးပေးရမယ်တဲ့..”

နင်ထျန်းယို မကျေလည်စွာ မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ယင်းမှာ ဝမ်ယွဲ့နှင့် ကုရှင်းရှစ်တို့ နှစ်ဦးလုံးအား ထောင်ချောက်ဆင်နိုင်မည် ဖြစ်ကြောင်း စဉ်းစားမိပြီးနောက် စိတ်မပါစွာဖြင့် သဘောတူလိုက်သည်။
“ကောင်းပြီလေ.. ထိုက်ထိုက်တန်တန် အချက်အလက်မျိုး ယူလာနိုင်မယ် ဆိုရင်တော့ ထပ်ဆောင်းပေးနိုင်ပါတယ်လို့ ပြောလိုက်..”

ငွေကြေးကိစ္စ သဘောတူညီမှု ရပြီးနောက် ကျင်းရှစ်ဟမ်က ချက်ချင်းဆိုသလို ထုတ်လုပ်ရေးအဖွဲ့အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းရှာဖွေတော့သည်။

ကျင်းရှစ်ဟမ်သည် ထောင်ချောက်အတွင်းသို့ တိုးဝင်သွားပြီးနောက် စွန်းဟုန်ဖေးအား သတိပေးမိသလို ဖြစ်မည်စိုးသောကြောင့် ပင်မအဖွဲ့နှင့် နီးကပ်စွာ မနေရဲပေ။ သို့သော် အဖွဲ့ထဲ၌ ယောင်လည်လည် လုပ်နေစဉ် ဝန်ထမ်းအချို့၏ ဆွဲခေါ်သွားခြင်း ခံရသည်။

မငြင်းပယ်နိုင်ခင်မှာပင် ထိုသူများသည် ကျင်းရှစ်ဟမ်အား ပစ္စည်းများသယ်ရန် လက်လွှဲပေးလိုက်သည်။

တစ်နာရီခန့် အလေးအပင်များ သယ်ပြီးနောက် နောက်ကျောတစ်ခုလုံး နာလာပြီး အပြင်ဘက်မှ ဗန်ကားတစ်စီး ဆိုက်ရောက်လာသည်ကို မြင်လိုက်ရသည်။ လူအုပ်ထဲမှ ကုရှင်းရှစ် ထွက်လာပြီးနောက် ထိုဗန်ကားထံသို့ ဦးတည်သွားသည်။

အပြာရောင်ဆံပင်အား အနက်ရောင်ဆိုးကာ မျက်နှာဖုံးတပ်ထားသည်မှာအပ သူ၏ဘေးရှိလူမှာ ရှန့်ယွဲ့ချင်ဖြစ်ကြောင်း ကျင်းရှစ်ဟမ် ချက်ချင်း အမှတ်ရလိုက်သည်။

ရှန့်ယွဲ့ချင်ကိုသာ ခေါင်းဆောင်အဖြစ် ထားမည်ဆိုပါက ဆံပင်အရောင် ပြောင်းလိုက်ခြင်းအား ဖြေရှင်းပြီးသား ဖြစ်လိမ့်မည်။ ကျင်းရှစ်ဟမ်သည် သူ၏ အချိန်ဇယားအား စစ်ဆေးကြည့်ထားပြီးဖြစ်သည်။ နားချိန်မရှိအောင် ပြည့်ကျပ်နေသော အချိန်ဇယားနှင့်စာလျှင် ရှန့်ယွဲ့ချင်၏ ယခုအချိန်ဇယားမှာ အတော်လေး ပေါ့ပါးပြီး နာမည်ကြီး ပွဲ့အချို့ကို တက်ရောက်ရန်သာရှိသည်။ ရိုက်ကူးရေးအတွက် အချိန်ဖယ်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။

သူ၏ သံသယများအား အတည်ပြုလိုက်နိုင်သည်။

ကျင်းရှစ်ဟမ် သက်ပြင်းချလိုက်မိပြီး စွမ်းအင်ပြန်လည် ဖြည့်တင်းလိုက်သလို ခံစားရသည်။ နောက်ကျောနှင့် လက်ဖဝါးများ နာကျင်မှုများလည်း ပျောက်ကွယ်သွားပြီး နောက်ထပ် တစ်နာရီခန့် ပစ္စည်းများ ဆက်သယ်ရန်ပင် အဆင်သင့် ဖြစ်နေသည်။

*

ကုရှင်းရှစ်က ရှန့်ယွဲ့ချင်နှင့် အတူယှဉ်တွဲ လျှောက်ရင်း ပြောနေသည်။
“မင်းက ဒီတစ်ကြိမ် အရံ‌ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ရမှာ ဆိုပေမဲ့လည်း လေ့လာသင်ယူဖို့ အခွင့်အရေးကောင်း တစ်ခုပဲ.. မစ္စတာမြောင်နဲ့ တခြားဝါရင့်သရုပ်ဆောင်တွေက အတွေ့အကြုံ ပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်ကြတယ်.. သူတို့ရဲ့ အခန်းတွေက တင်းမာပြင်းထန်မှုတွေ ပြည့်နေတာ.. ဒါတွေက မင်း သရုပ်ဆောင်နည်းပြတွေဆီမှာ သင်ယူလို့ မရတဲ့ ဟာတွေချည်းပဲ.. ဒါကြောင့် နောက်ထပ် လပိုင်းအတွင်း မလိုအပ်တဲ့ အချိန်ဇယားတွေ အားလုံးကို ဖယ်ထုတ်ထားတယ်.. ဒီမှာပဲနေပြီး ရိုက်ကူးရေးမှာပဲ ကိုယ့်ကိုယ်ကိုယ် နှစ်မြှုပ်ထားရမယ်..”

အစပိုင်းတွင် ရှန့်ယွဲ့ချင် အတော်လေး ဇဝေဇဝါ ဖြစ်မိသည်။

သူ၏ ဘဝတွင် ပထမဆုံးအကြိမ် အပြစ်တင်မှုများ ဆူပူကြိမ်းမောင်းမှုများ မရှိသည့် ကြယ်ပွင့်တစ်ဦး၏ ဘဝအား တွေ့ကြုံခံစားရခြင်းဖြစ်သည်။ ယခုအခါတွင် လူများသည် သူ့အား နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသဖြင့် အားလပ်ချိန် ရှားပါးသည့်တိုင်အောင် အမှန်တကယ် ပျော်ရွှင်မိသည်။

ကုရှင်းရှစ်မှ သူ၏ အချိန်ဇယားများအား ရှင်းလင်းကာ ရိုက်ကူး‌ရေးအဖွဲ့နှင့် နေထိုင်ရန် စီစဉ်ပေးထားသည်ဟု ပြောလာချိန်တွင် ရှန့်ယွဲ့ချင် စိုးရိမ်ပူပန်ကာ မကျေမနပ် ဖြစ်မိသည်။ သူ၏ လက်တလော အောင်မြင်မှုအပေါ် အလွန်အမင်း အားရကျေနပ်နေသောကြောင့် ဥက္ကဌကုအား စိတ်အနှောင့်အယှက် ဖြစ်စေမိမည်ကို စိုးရိမ်နေမိသည်။

သို့သော် ကုရှင်းရှစ်၏ ရှင်းပြချက်အား ကြားပြီးနောက် ရုတ်တရက် နားလည်သွားတော့သည်။

သူ သရုပ်ဆောင်လိုသည်ဟု ကုရှင်းရှစ်အား တစ်ကြိမ်ပြောဖူးသည်ကို မှတ်မိနေဆဲဖြစ်သည်။ ကုရှင်းရှစ်သည် ထိုစဉ်က မည်သည့်စကားမှ မဆိုခဲ့သော်ငြား သူ့အတွက် သင့်တော်သည့် ဇာတ်ရုပ်တစ်ခုအား တိတ်တဆိတ် ရှာဖွေနေခဲ့သည်။ ယခုအခါ မြောင်ယာမင်၊ ယွမ်ချင်းချင်းနှင့် ဖုယာတို့ကဲ့သို့သော ဝါရင့်သမ္ဘာရင့် သရုပ်ဆောင်များအား အနီးကပ် ကြည့်ရှုနိုင်မည့် ရှားပါးအခွင့်အရေးအား ပေးလာခြင်းဖြစ်သည်။

ရှန့်ယွဲ့ချင်က ရိုရိုကျိုးကျိုးဖြင့် ကျေးဇူးတင်စွာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဥက္ကဌကု.. ကျွန်တော် ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချပြီး သင်ယူနိုင်သမျှ အရာအားလုံးကို သင်ယူပါမယ်..”

ကုရှင်းရှစ် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

နောက်ပိုင်းရက်များ၌ ရှန့်ယွဲ့ချင်မှာ အမှန်တကယ်ကိုပင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားလေသည်။ ရိုက်ကွင်းသို့ အစောဆုံး ရောက်ကာ နောက်ဆုံးမှ ပြန်လေသည်။

ရိုက်ကူးရေး မရှိချိန်တွင် ဒါရိုက်တာဘေး၌ ခွေးခြေတစ်ခုနှင့်ထိုင်ကာ မှတ်စုစာအုပ်လေးထဲ၌ လေ့လာသင်ယူရသမျှ အရာအားလုံး ချကာရေးမှတ်နေလေ့ရှိသည်။

ဒါရိုက်တာက ကြည့်ကောင်းချောမောပြီး သင်ယူလိုစိတ် ပြင်းပြသည့် လူငယ်လေးအား နှစ်သက်သဘောကျမိသဖြင့် သူ၏ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားသည့် အနေနှင့် အချိန်ရှိသည့် အခါတိုင်းတွင် အကြံဉာဏ်များ ပေးလေ့ရှိသည်။

ရိုက်ကွင်းရှိ မြောင်ယာမင်နှင့် အခြား ဝါရင့်သရုပ်ဆောင်များကြောင့် သင်ပြပေးမည့် ဆရာများ ပိုမိုရရှိလာသည်။

ယွီပေါင်အာနှင့် ရိုက်ကွင်း၌ ပြန်လည်ဆုံတွေ့ပြီးနောက် မြောင်ယာမင်သည် မသိသာသော နည်းလမ်းများဖြင့် ဂရုစိုက်ပေးခြင်း အားပေးနှစ်သိမ့်ပေးခြင်းများ ပြုလုပ်ကာ သတ္တိရှိရှိဖြင့် သူ၏ခံစားချက်များအား ဖော်ပြတတ်သည်။ ယွီပေါင်အာသည်လည်း မြောင်ယာမင်၏ ရိုးသားမှုကြောင့် စိတ်လှုပ်ရှားလာသည်။ သူတို့နှစ်ဦး၏ ရိုက်ကွင်းပေါ်ရှိ ဇနီးမောင်နှံအဖြစ် အချိတ်အဆက်မိပုံမှာ ဇာတ်လမ်းနှင့် လက်တွေ့ဘဝ၏ စစ်မှန်သော ချိုမြိန်မှုများ ပါဝင်ပေါင်းစပ်နေသည်။

အသက်မွေးဝမ်းကြောင်းနှင့် အချစ်ရေး နှစ်ခုလုံး ဖြောင့်ဖြူးနေသောကြောင့် မြောင်ယာမင်က အတော်လေး စိတ်ဓာတ်တက်ကြွကာဖြင့် ရှန့်ယွဲ့ချင်အား သရုပ်ဆောင်ခြင်းနှင့် ပတ်သက်သည့် အသိပညာများအား ရက်ရောစွာ မျှဝေပေးလေသည်။

ရှန့်ယွဲ့ချင်မှာ ချင်ဝမ်ကဲ့သို့ မွေးရာပါ သရုပ်ဆောင်စွမ်းရည်ရှိသူ မဟုတ်သော်ငြား ဝါရင့်သရုပ်ဆောင်များ၏ လမ်းညွှန်မှုနှင့် ထိုသူများ၏ လက်ရာများအား တိုက်ရိုက်မြင်တွေ့ရသောကြောင့် တဖြည်းဖြည်းချင်း တိုးတက်လာသည်။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာပြီး အသိအမှတ်ပြုလောက်သော အခန်းများစွာလည်း ရှိလာသည်။

တစ်ချိန်တည်းမှာပင် ကျင်းရှစ်ဟမ်သည် သူ့အား သေတ္တာများ သယ်ခိုင်းသည့် ဝန်ထမ်းများထံမှ ရုန်းထွက်ကာ ရိုက်ကွင်းအနီးသို့ ခိုးဝင်နိုင်ခဲ့သည်။ ဒါရိုက်တာအနီး၌ ထိုင်နေသော ရှန့်ယွဲ့ချင်အား ချက်ချင်းပင် သတိပြုမိလိုက်သည်။ ဒါရိုက်တာသည် မော်နီတာအား ညွှန်ပြကာ ရှန့်ယွဲ့ချင်ထံ တစ်ခုခု ရှင်းပြနေပုံရသည်။ ဝေးကွာသောကြောင့် သူတို့၏ စကားများအား မကြားနိုင်သော်ငြား ခန့်မှန်းနိုင်ဆဲဖြစ်သည်။ ရှန့်ယွဲ့ချင်မှာ ခေါင်းဆောင်မင်းသားတစ်ဦး ဖြစ်သည့်တိုင်အောင် သရုပ်ဆောင်ရာ၌ အခက်အခဲများနှင့် ကြုံတွေ့နေရခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် ဒါရိုက်တာအား တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန်မှုပေးရန် ဖိအားပေးနေခြင်း ဖြစ်ရမည်။

နောက်ရက်များအတွင်း ကျင်းရှစ်ဟမ် ရိုက်ကွင်းအနီးသို့ သွားရန် အခွင့်အရေး မရခဲ့သော်ငြား ရှန့်ယွဲ့ချင်၏ အချိန်ဇယားအား သိရှိလိုက်ရသည်။ စောစီးစွာလာပြီး နောက်ကျမှပြန်သည်၊ တစ်ခါတစ်ရံ အတွေးနက်နေတတ်သည်။ ဖြစ်နိုင်သည်မှာ သူ၏ ဇာတ်ကောင်မှာ အဓိကဖြစ်သော်ငြား ရိုက်ကူးရေး တိုးတက်မှုမှာ နှေးကွေးနေသောကြောင့် ဖြစ်ရမည်။

ကျင်းရှစ်ဟမ် စိတ်သက်သာရာ ရသွားပြီး စုဆောင်းထားသမျှ သတင်းအချက်အလက်များအား နင်ထျန်းယိုထံသို့ ပို့လိုက်သည်။

စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေသော နင်ထျန်းယိုသည် ကျင်းရှစ်ဟမ် ပေးပို့လာသော အချက်အလက်များအား ဖတ်ပြီးနောက် ပျော်ရွှင်လာသည်။
“ဒီတော့.. ကုရှင်းရှစ်က ထင်ထားသလောက်လည်း မဟုတ်ပါလား..”

သူက သရော်ဟန်ဖြင့် ပြောလိုက်သည်။
“နောက်ထပ် ချင်ဝမ်တစ်ယောက် ဖန်တီးချင်တာလား.. တချို့လူတွေက မျှော်လင့်ချက် ထားလို့မရဘူးဆိုတာ သူ မသိဘူးကိုး..”

ယင်းမှာ သူကြားလိုသည့်အရာ အတိအကျပင်။ ရှန့်ယွဲ့ချင်၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန်ထူးချွန် ပြောင်မြောက်နေပါက သူ့အား အဆုံးထိ ကာကွယ်ပေးမည့် သည်းသည်းလှုပ်ပရိသတ်များကို ဆွဲဆောင်မိလိမ့်မည်။ ထိုသို့ဆိုလျှင် နင်ထျန်းယို၏ နောက်ပိုင်းအစီအစဉ်များအတွက် အနှောင့်အယှက် ဖြစ်နိုင်သည်။

ထိုသို့ တွေးမိပြီးနောက် လက်ထောက်အား ညွှန်ကြားလိုက်သည်။
“အတင်းအဖျင်း အကောင့်တချို့ကို ဆက်သွယ်ပြီး ‘အတွင်းသတင်း’ ဆိုပြီး ဖြန့်ဖို့လုပ်.. ရှန့်ယွဲ့ချင်ရဲ့ ဇာတ်လမ်းတွဲအသစ်က သရုပ်ဆောင်ပုံက အတော်လေး ဆိုးဝါးတယ်ဆိုပြီး ဖြန့်လိုက်.. ဒီအချိန်လောက်ကတည်းက သူတို့ကို ခေါင်းမဖော်နိုင်အောင် လုပ်ထားရမယ်..”

များမကြာမီမှာပင် အွန်လိုင်းပေါ်၌ ကောလဟာလများ စတင်ပျံ့နှံ့လာသည်။ ‘အတွင်းသတင်း’ ဟု အစချီကာ ရှန့်ယွဲ့ချင်၏ လတ်တလော လှုပ်ရှားမှုများ လျော့နည်းသွားခြင်းမှာ ဇာတ်လမ်းတစ်ခု ရိုက်ကူးနေခြင်းကြောင့်ဟု ဆိုထားသည်။ သရုပ်ဆောင်တစ်ဖွဲ့လုံးမှာ သရုပ်ဆောင်ပိုင်း၌ အတော်လေး အားနည်းကြပြီး ရှန့်ယွဲ့ချင်၏ သရုပ်ဆောင် ညံ့ဖျင်းမှုအား မသိသာစေရန် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားခြင်းဖြစ်ကြောင်း ပါရှိသည်။

အွန်လိုင်းပေါ်ရှိ တုံ့ပြန်မှုများမှာ အမျိုးမျိုးပင်ဖြစ်သည်။ ကုရှင်းရှစ်၏ ဝေ့ပေါ်သို့ သွားရောက်ကာ အတည်ပြုချက်ပေးရန် တောင်းဆိုကြသူများလည်း ရှိသည်။

ကုရှင်းရှစ်က ဖုံးကွယ်ရန် အကြောင်းမရှိဟု ထင်သောကြောင့် သတင်းအား ပွင့်ပွင့်လင်းလင်းပင် အတည်ပြုပေးလိုက်သည်။ ထို့အပြင် ရှန့်ယွဲ့ချင်မှာ အဓိကဇာတ်လိုက် မဟုတ်ဘဲ အရံဇာတ်ကောင်နေရာတွင်သာ သရုပ်ဆောင်မည် ဖြစ်ကြောင်း ထပ်ပေါင်း ပြောခဲ့သည်။

သို့တိုင်အောင် ထိုကြေညာချက်သည် အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားဆဲပင်။

မည်သို့ပင်ဖြစ်စေ ရှန့်ယွဲ့ချင်သည် ယခင်က သရုပ်ဆောင်လုပ်ခဲ့ဖူးသည်။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ ကြောက်မက်ဖွယ်ကောင်းအောင် ဆိုးဝါးနေခြင်း မဟုတ်သော်ငြား အသိအမှတ်ပြုရလောက်အောင် မဟုတ်ပေ။ သူ၏ လတ်တလော အောင်မြင်မှုများမှာ ဓာတ်ပုံများနှင့် မော်ဒယ်အလုပ်ပေါ် မှီခိုနေခြင်းဖြစ်သောကြောင့် ပရိသတ်အများစုသည် ပြောင်းလဲမှုအတွက် စိုးရိမ်နေမိကြသည်။

အချို့သည် အွန်လိုင်းပေါ်၌ ကိုယ်ပိုင်အမြင်များအား ဖော်ထုတ်လာကြသည်။


🍉🍉🍉🍉 အခန်း ၈၇


[သူက လျှောက်လမ်းတွေနဲ့ ဓာတ်ပုံရိုက်ကွင်းတွေမှာပဲ ရှိမနေနိုင်ဘူးလား.. ဘာကိစ္စနဲ့ လူတိုင်းက သရုပ်ဆောင်လိုင်းကို ကူးချင်နေကြတာလဲ..]

[သရုပ်ဆောင်တာက ငွေပိုရတယ်လေ.. အကြောင်းအရင်းက အဲဒါပဲ.. ပြီးတော့ ပရိသတ်တွေကလည်း သူဘာလုပ်လုပ် ကာကွယ်ပေးကြလိမ့်မယ်..]

[ငါတော့ အစောကြီး မဝေဖန်ချင်သေးဘူး.. ဂိတ်တံခါးခြောက်ခု၏ လျှို့ဝှက်ချက်များကို မှတ်မိသေးလား.. လူတိုင်း သံသယဝင်ခဲ့ကြတာပဲလေ.. ဒါပေမဲ့ နောက်ဆုံးရလဒ်ကို တွေ့တယ်မလား.. ကုရှင်းရှစ်က အမှိုက်တစ်စကို ပျိုးထောင်မယ်လို့တော့ မထင်ဘူး..]

[ဇာတ်ပို့နေရာလို့ ပြောတယ်လေ.. ဒီတော့ အဆင်ပြေလောက်မှာပါ.. ချင်ဝမ်လည်း ဇာတ်ပို့နေရာက စခဲ့တာပဲ..]

[ဝိုးးးး ချင်ဝမ်က အဲဒီတုန်းက လုံးဝ အသစ်လေ.. အဲဒါကြောင့် ဇာတ်ပို့နေရာက စခဲ့ရတာ.. ရှန့်ယွဲ့ချင်ရဲ့ အနေအထားနဲ့ဆိုရင် ဘာလို့ ဇာတ်ပို့နေရာမှာ သရုပ်ဆောင်ပြီး သူ့ကိုယ်သူ ‘နှိမ့်ချဖို့’ လိုမှာလဲ.. သူ့ရဲ့ အချိန်ဇယားကို လနဲ့ချီပြီး ရှင်းထားတာ.. ရိုက်ကွင်းမှာသွားပြီး ‘သင်ယူဖို့’ သက်သက်လို့တော့ မပြောနဲ့..]

[ငါ့စကားတွေကို မှတ်ထား.. ဒီဇာတ်လမ်းတွဲက အမှိုက်တစ်ခု ဖြစ်လာမှာ.. သို့ပန်မှာ rating ၄ ထက်ကျော်ရင် လူတိုင်းကို ‘ပါပါး’ လို့ ခေါ်မယ်..]

ထို့နောက်တွင် ကုရှင်းရှစ်က ဝေ့ပေါ် ပိုစ့်အသစ်တင်ကာ ရိုက်ကူးရေးမှာ အလွန်ကောင်းမွန်စွာ တိုးတက်နေကြောင်း၊ အဓိကဇာတ်လိုက်၏ သရုပ်ဆောင်စွမ်းရည်မှာ အပြစ်ပြောစရာ ရှာမတွေ့အောင် ကောင်းမွန်ကြောင်းနှင့် ပရိသတ်များအား ဇာတ်လမ်းတွဲကို စိတ်အားထက်သန်စွာ စောင့်မျှော်ပေးရန် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

အဆိုပါ ဝေ့ပေါ်ပိုစ့်သည် သံသယဝင်နေကြသူများအား တိုက်ရိုက်တုံ့ပြန်လိုက်သလို ဖြစ်သောကြောင့် ကုရှင်းရှစ်၏ ပိုစ့်အောက်၌ ပြင်းထန်သည့် ငြင်းခုံမှုများ ဖြစ်ပေါ်လာသည်။ “ရှန့်ယွဲ့ချင်၏ဒရာမာအသစ်” ဟူသော ခေါင်းစဉ်မှာလည်း လတ်တလောရေပန်းစားသည့် စာရင်းတွင် ပါလာပြီး မမျှော်လင့်ဘဲ လူသိများမှု တိုးမြင့်လာစေသည်။

နင်ထျန်းယို ဒေါသထွက်လွန်းသောကြောင့် သွေးတိုးလာပြီး ဆေး ၂ လုံး သောက်လိုက်ရသည်။ ထို့နောက် ကျင်းရှစ်ဟမ်အား မဖြစ်သင့်သော အမှားအတွက် ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းတော့သည်။
“မင်းက ပိုက်ဆံမတောင်းခင် ရှန့်ယွဲ့ချင်က အဓိကဇာတ်လိုက် ဟုတ်၊ မဟုတ်တောင် အတည်မပြုခဲ့ဘူးပေါ့..”

ကျင်းရှစ်ဟမ် ကြောင်အသွားသည်။

မဖြစ်နိုင်ဘူး..

သူသိထားသည့် အချက်အလက်များအရ ကုရှင်းရှစ်သည် ပရောဂျက်အား ရှန့်ယွဲ့ချင်၏ ကျော်ကြားမှု အဆင့်မြင့်တက်လာစေရန် ပြုလုပ်နေခြင်း ဖြစ်သောကြောင့် အရံနေရာ၌ထားရန် အကြောင်းပြချက် မရှိပေ။

ထိုအရာအား ရှင်းရှင်းလင်းလင်း သိရရန် နာကျင်ကိုက်ခဲနေသည့် ခန္ဓာကိုယ်အား ထုတ်လုပ်ရေးဝန်ထမ်းများရှိရာသို့ ဆွဲခေါ်သွားရသည်။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင် ရိုက်ကူးနေမှုအား ကြည့်နေခြင်းဖြစ်သည်။

ရှန့်ယွဲ့ချင်၏ ဇာတ်ကောင်ဖြစ်သော ရှစ်ချန်သည် ဇာတ်လမ်းအစပိုင်း၌ မာနကြီးကာ အထက်စီးဆန်သော ဗီလိန်ဖြစ်ကာ အဓိကဇာတ်လိုက်နှင့် ဆန့်ကျင်ဘက်ဖြစ်သလို အဓိကဇာတ်လိုက်အား သေဆုံးလုနီးနီး အခြေအနေထိ တွန်းပို့နိုင်ခဲ့သူလည်း ဖြစ်သည်။ သို့သော် ဇာတ်လမ်းတိုးတက်လာသည်နှင့်အမျှ ရှစ်ချန်သည် အဓိကဇာတ်လိုက်၏အဖွဲ့အား လျှို့ဝှက်ကူညီပေးနေခြင်းဖြစ်ကြောင်း ပေါ်ထွက်လာသည်။

ရှစ်ချန်သည် ‘ပြန်လည်ဝင်စားခြင်းကမ္ဘာ’ ဟု ခေါ်သည့်အရာမှာ လူသားများ ဖန်တီးပြုလုပ်ထားသော ကမ္ဘာတစ်ခုဖြစ်ကြောင်း သိရှိထားသည်။ သူ့ ခန္ဓာကိုယ်ထဲ၌ ရှိသော ထောက်လှမ်းရေးချပ်စ်ပြားကြောင့် ဤနေရာမှ မသေမချင်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ဤကမ္ဘာရှိ အရာအားလုံး သိထားလျက်နှင့် ပြင်းထန်သောဝေဒနာ ခံစားရရင်း နေထိုင်ရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

အဓိကဇာတ်လ်ိုက်နှင့်အဖွဲ့ ရောက်လာမှသာ ဤကမ္ဘာသည် ပျက်စီးရန် အခွင့်အရေးရှိကြောင်း ရှစ်ချန် ခပ်ရေးရေး သိလိုက်ရသည်။

သို့သော် ခန္ဓာကိုယ်ထဲရှိ ထောက်လှမ်းရေးချပ်စ်ပြားကြောင့် ပွင့်ပွင့်လင်းလင်း မကူညီနိုင်ပေ။ ထိုအကြောင်းအား သိသွားလျှင် အဓိကဇာတ်လိုက်နှင့်အဖွဲ့ အပေါ် ဘေးဒုက္ခဆိုးများ ကျရောက်လာလိမ့်မည်။ ထို့ကြောင့် အပြင်ပိုင်းတွင် သူတို့၏ ရန်သူအသွင်ယူကာ လျှို့ဝှက်စွာဖြင့် မရေမတွက်နိုင်အောင် ကူညီပေးနေခြင်း ဖြစ်သည်။

ဝမ်းနည်းဖွယ်ရာမှာ လူတိုင်းသည် ရှစ်ချန်အား နားလည်မှုလွဲကာ နာကျင်စေခဲ့ကြသည်။ သို့သော် အခက်အခဲကြုံချိန်၌ ရှစ်ချန်သည် အဓိကဇာတ်လိုက်အား ကယ်တင်ရန် သူ့ကိုယ်သူ စတေးခဲ့သည်။ ထိုအခါမှသာ ရှစ်ချန်၏ အထောက်အထား အစစ်အမှန်ကို သိရှိပြီး မေ့ပျောက်မသွားနိုင်မည့် လူတစ်ဦးအဖြစ် နှလုံးသားထဲ၌ ကမ္ဗည်းထိုးလိုက်ကြသည်။

ရှန့်ယွဲ့ချင် ယခုရိုက်ကူးနေသည့် အခန်းမှာ ရှစ်ချန်၏ အတိတ်ဇာတ်ကြောင်းဖြစ်ပြီး ဝမ်းနည်းမှုများ ဖိနှိပ်မှုများဖြင့် ပြည့်နေသည်။

စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရသည့် အပိုင်းများမှာ ရှန့်ယွဲ့ချင်အား ပင်ပန်းနွမ်းလျစေသည်။ ရိုက်ကူးမှု ပြီးစီးတိုင်းတွင် ရှန့်ယွဲ့ချင်သည် စကားပင် မပြောနိုင်လောက်အောင် အားအင်ကုန်ခမ်းသွားတတ်သည်။ ဝမ်းနည်းညှိုးငယ်သည့် စိတ်ခံစားချက် ပျက်မသွားစေရန်နှင့် ဇာတ်ဝင်ခန်းအတွက် လိုအပ်သည့် စိတ်ခံစားချက် အငွေ့အသက်များ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့သောကြောင့် ကုရှင်းရှစ်နှင့် စကားပြောရန်ပင် ရှောင်နေတတ်သည်။

ရှန့်ယွဲ့ချင်က ရိုက်ကွင်းမှ မျက်နှာသေဖြင့် ထွက်သွားပြီး ကုရှင်းရှစ်ထံသို့ အကြည့်တစ်ချက်ပင် မပို့သည်ကို မြင်သည့်အခါ ကျင်းရှစ်ဟမ်၏ ပထမဆုံး အတွေးမှာ ‘သူတို့တွေ ခွာပြဲသွားကြပြီလား’ ဖြစ်သည်။

သို့သော် ထိုသို့တွေးနေစဉ်မှာပင် အနီးအနားရှိ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦး၏ ခေါ်သံကို ကြားလိုက်ရသည်။
“ဘာကိစ္စနဲ့ ဒီနေရာမှာ ရပ်နေတာလဲ..”

ကျင်းရှစ်ဟမ် စိတ်ထဲမှ မကျေမနပ် ညည်းညူကာ အလျင်အမြန် အလုပ်ပြန်လုပ်ရသည်။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်သည် ရှန့်ယွဲ့ချင် ကားထံသို့ ပြန်သွားသည်ကို မြင်လိုက်ရသည့်အတွက် ထိုနေရာသို့ သွားမည်ပြင်စဉ်မှာပင် အနီးတစ်ဝိုက်၌ အလုပ်လုပ်နေသော ကျင်းရှစ်ဟမ်အား သတိပြုမိသွားသဖြင့် မှတ်ချက်ပေးလိုက်သည်။
“ဝိုး.. ဒီလူက အတော်လေး အလုပ်ကြိုးစားတာပဲ..”

စနစ်၏ စိတ်အားထက်သန်မှုအပြည့်ရှိသော ဆူညံသံ ထွက်ပေါ်လာသည်။
စနစ် : [ပိုင်ရှင်ရေ.. အဲဒီလူက ဖရဲသီးနော်..]

စနစ်ထံမှ အကြောင်းအရာအား ကြားပြီးနောက် ကုရှင်းရှစ်သည် ကျင်းရှစ်ဟမ်အား နောက်တစ်ကြိမ်ကြည့်လိုက်သည်။

ကုရှင်းရှစ် : [အားးး ဒီလိုမျိုး အလုပ်ကြိုးစားတဲ့သူ.. သူလျှိုအနေနဲ့ပဲဆိုရင် လူသားအရင်းအမြစ်ကို ဖြုန်းတီးရာ ကျသွားမှာပေါ့..]

ကျင်းရှစ်ဟမ်က ပစ္စည်းအလေးများ သယ်နေရသောကြောင့် မူးဝေနေပြီး နဖူးပေါ်ရှိ ချွေးများအား သုတ်လိုက်ချိန်မှာပင် ရုတ်တရက် သူ့အရှေ့သို့ ရောက်လာသည့် လူတစ်ဦးအား သတိပြုမိလိုက်သည်။ ကြောင်အနေပြီးမှ ထိုသူမှာ ကုရှင်းရှစ်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ထိတ်လန့်ကာ စကားများ ထစ်လာသည်။
“ဥ.. ဥ.. ဥ.. ဥက္ကဌကု..”

ကုရှင်းရှစ်က ကျင်းရှစ်ဟမ်အား စူးစမ်းသည့်အနေနှင့် ကြည့်လိုက်သည်။
“ကျွန်တော့်ကို သိတာလား..”

ကျင်းရှစ်ဟမ် အလျင်အမြန်ပင် အနေအထား ပြင်လိုက်ပြီးနောက် လေးစားအားကျသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ကျွန်တော်က ကျင်းရှစ်ဟမ်ပါ.. ထျန်းချန်ဗီဒီယိုရဲ့ လူထုဆက်ဆံရေးဌာနကပါ.. ဥက္ကဌကုကို အမြဲပဲ လေးစားလို့ ဒီနေရာမှာ စေတနာ့ဝန်ထမ်းလာလုပ်နေတာပါ.. ဥက္ကဌကု စိတ်မရှိဖို့ မျှော်လင့်ပါတယ်..”

“ကျွန်တော်လား.. စိတ်မရှိပါဘူး…”
ကုရှင်းရှစ်က နွေးထွေးစွာ ပြုံးနေသည်။
“တကယ်တော့ ခင်ဗျား ကူညီပေးရမဲ့ ကိစ္စတစ်ခု ရှိတယ်..”

ကျင်းရှစ်ဟမ်က ဝမ်းသာဂုဏ်ယူပြီး စိတ်လှုပ်ရှားကာ သူ၏ ကံကြမ္မာကိုပင် မယုံကြည်နိုင် ဖြစ်နေသည်။

ကုရှင်းရှစ်၏ အာရုံစိုက်မှုနှင့် သဘောကျနှစ်သက်မှုရကာ ရာထူးတိုးလာမည့် ဖြစ်ရပ်များအား မကြာခဏ စိတ်ကူးယဉ်ဖူးသည်။ သို့သော် ဝန်ထမ်းအဖွဲ့သို့ ဝင်ရောက်သည့် အချိန်မှစကာ အလုပ်နှင့်လက် မပြတ်ခဲ့ဘဲ ပင်မထုတ်လုပ်ရေးအဖွဲ့အနီးသို့ပင် မရောက်နိုင်ခဲ့ပေ။

သူ၏ အလုပ်ကြိုးစားမှုမှာ အသိအမှတ်ပြုခံရပြီဖြစ်သောကြောင့် ပီတိဖြစ်ကာဖြင့် စိတ်အားထက်သန်စွာ ဖြေလိုက်သည်။
“ဥက္ကဌကုကို ကူညီပေးနိုင်တာ ဂုဏ်ယူရမဲ့ ကိစ္စပါ.. ကျေးဇူးပြုပြီး ပြောပါ..”

“ကောင်းတယ်..”
ကုရှင်းရှစ်က ချက်ချင်းဆိုသလို ကျင်းရှစ်ဟမ်အား ရိုက်ကွင်းရှိ အခက်ခဲဆုံးနှင့် အပင်ပန်းဆုံးအပိုင်းသို့ ခေါ်ဆောင်သွားလိုက်သည်။

ကျင်းရှစ်ဟမ်က သူ့ရှေ့ရှိ ပစ္စည်းပုံကြီးအားကြည့်ကာ မယုံကြည်နိုင် ဖြစ်နေတော့သည်။
“ဥက္ကဌကု.. ကျွန်တော့်ရဲ့ အကူအညီ လိုအပ်တယ်ဆိုတာ... ‘ဒါ’ ကို ပြောတာ‌တော့ မဟုတ်ပါဘူးနော်..”

ကုရှင်းရှစ်က ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ.. မလုပ်နိုင်လို့လား..”

ကုရှင်းရှစ်၏ အမူအရာမှတစ်ဆင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်ကို မြင်သောကြောင့် ကျင်းရှစ်ဟမ်က ရုတ်တရက် စိတ်အားထက်သန်လာပြီး ကုရှင်းရှစ်၏ အာရုံစိုက်မှုကို ရရှိနိုင်မည့် အခွင့်အရေးအဖြစ် သဘောထားလိုက်တော့သည်။
“သေချာပေါက် လုပ်နိုင်တာပေါ့..”

“ကောင်းတယ်..”
ကုရှင်းရှစ်က ကျေးဇူးတင်သည့်အနေနှင့် လက်ဟန်ပြလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်မပျက်ပါစေနဲ့..”

ကျင်းရှစ်ဟမ် : “...”

အခက်အခဲတွေကို သည်းခံဖြတ်ကျော်နိုင်မှ အောင်မြင်မှုကို ခံစားနိုင်မယ်..

မည်သို့ပင် ဖြစ်စေကာမူ ဤအခွင့်အရေးအား လက်မလွှတ်နိုင်ပေ။ ကိုယ့်ကိုယ်ကိုယ် အားပေးပြီးနောက် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်နှင့် ပစ္စည်းများ သယ်တော့သည်။

အလုပ်အားလုံး ပြီးစီးသွားချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ အတော်လေး မောပန်းကာ ဆာလောင်နေပြီ ဖြစ်သောကြောင့် အချိန်မရွေး မူးလဲသွားနိုင်သည်ဟုပင် ခံစားနေရသည်။

ထိုအချိန်မှာပင် ကုရှင်းရှစ်က ပါဆယ်ဘူးတစ်ဘူးဖြင့် ရောက်လာသည်။
“ဒီနေ့ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်.. ကျွန်တော် တကယ်ပဲ အထင်ကြီးမိပါတယ်..”

ကျင်းရှစ်ဟမ် စကားမပြောနိုင်လောက်အောင် မောပန်းနေသော်ငြား ချက်ချင်းဆိုသလို တက်ကြွလာသည်။
“ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး..”

ပါဆယ်ဘူး ကမ်းပေးပြီးနောက် ကုရှင်းရှစ်က ကြင်နာစွာပြောလိုက်သည်။
“အရမ်းနောက်ကျနေပြီဆိုတော့ ကျွန်တော် ဒီဟိုတယ်မှာပဲ အခန်းတစ်ခန်း စီစဉ်ပေးထားပါတယ်.. ဒီတစ်ညတော့ တည်းလိုက်ပါ..”

ကျင်းရှစ်ဟမ် အပျော်လွန်သွားပြီး အလုပ်ကြိုးစားမှု၏ အသီးအပွင့်များအား စားသုံးရပြီဟု ခံစားရသည်။

ဟိုတယ်၌ တစ်ညနေခြင်းသည် ဥက္ကဌကုနှင့် နီးကပ်လာအောင် ပြုလုပ်ပေးနိုင်ရုံသာ မကဘဲ ပိုမိုများပြားသည့် အချက်အလက်များ စုဆောင်းနိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ ပြီးပြည့်စုံသော အစီအစဉ်ပင်။

ညစာ စားပြီးနောက် ကုရှင်းရှစ်နောက်မှ လိုက်ပါသွားသည်။

ကျင်းရှစ်ဟမ်က ဥက္ကဌကု အထင်ကြီးလောက်မည့် စကားများ ပြောနိုင်ရန် စိတ်ထဲ၌ ပြင်ဆင်နေချိန်မှာပင် ခန်းမတစ်ဖက်ရှိ တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာပြီး ဖရိုဖရဲနှင့် ဇွန်ဘီတစ်ကောင်ကဲ့သို့ ဖြူဖျော့ကာ ရှုပ်ပွနေသော ဆံပင်များနှင့် လူတစ်ဦးသည် လက်ဆန့်ကာ ဗလုံးဗထွေးစကားများ ပြောနေသည်။

ကျင်းရှစ်ဟမ် ကြောင်အစွာဖြင့် နောက်ဆုတ်လိုက်မိသည်။
“ဘယ်.. ဘယ်သူကြီးလဲ..”

“အိုး.. အဲဒါ ကျွန်တော်တို့ ဇာတ်ညွှန်းရေးသူလေ..”
ကုရှင်းရှစ်က အမူမထားဟန်ဖြင့် ဖြေလိုက်သည်။
“သူက ဇာတ်ညွှန်းပြင်ရင်း နည်းနည်းလွတ်သွားတာပါ.. စိတ်ထဲမထားနဲ့..”

ထိုအချိန်မှာပင် အခန်းထဲမှ စွန်းဟုန်ဖေး ထွက်လာပြီး ဇာတ်ညွှန်းရေးသူအား အတွင်းထဲသို့ ပြန်ဆွဲခေါ်သွားသည်။
“လာစမ်းပါကွ.. အခုမှ အကြိမ် ၃၀ လောက်ပဲ ပြင်ရသေးတာ.. မပြီးသေးဘူးလေ..”

ဇာတ်ညွှန်းရေးသူက သနားစဖွယ်ကောင်းစွာ ငိုကြွေးနေသော်ငြား မလွတ်မြောက်နိုင်ဘဲ ရှိလေသည်။ တံခါးဘောင်အား လက်များဖြင့် ဆွဲကုတ်ထားသော်ငြား စွန်းဟုန်ဖေးသည် တဖြည်းဖြည်းချင်း အတွင်းသို့ ဆွဲခေါ်သွားနိုင်ခဲ့သည်။

ကျယ်လောင်သည့် တံခါးပိတ်သံ ထွက်ပေါ်လာပြီးနောက် တံခါး ပြန်ပိတ်သွားတော့သည်။

ကျင်းရှစ်ဟမ် တုန်ယင်သွားမိသည်။ 

ကုရှင်းရှစ်က မတုန်လှုပ်ဟန်ဖြင့် တံခါးအား ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးလိုက်သည်။
“ကျေးဇူးပြုပြီး ဝင်လာပါ..”

ကျင်းရှစ်ဟမ် စိတ်မသက်မသာဖြင့် အခန်းတွင်းသို့ ဝင်လိုက်သည်။

အခန်းမှာ ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိသည်။ သင့်တင့်မျှတသော အပူချိန်နှင့် စားပွဲပေါ်၌ သစ်သီးများ၊ မုန့်များ၊ အအေးများ အပြည့်အစုံ ဖြည့်တင်းထားသည်။

ကုရှင်းရှစ် ဆိုဖာပေါ်၌ထိုင်ကာ ကျင်းရှစ်ဟမ်အား ဖော်ရွေစွာ ကြည့်လိုက်သည်။
“ဒီတော့ ကျင်းရှစ်ဟမ်.. ခင်ဗျားက လူထုဆက်ဆံရေးဌာနကနော်.. ဒါဆို ဝက်ဘ်ဆိုဒ်တွေပေါ်မှာ မားကတ်တင်းလုပ်တဲ့ ဆောင်းပါးတွေ ရေးတာမျိုးမှာ အတော်လေး ကျွမ်းကျင်မှာပဲ..”

ကျင်းရှစ်ဟမ် ချိီတုံချတုံဖြင့် ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်..”
ကုရှင်းရှစ် စားပွဲပေါ်ရှိ လက်ပ်တော့အားဖွင့်ကာ ကျင်းရှစ်ဟမ်ထံသို့ တွန်းပေးလိုက်သည်။
“ဒါဆို.. လုပ်လေ.. တစ်ခုခု ရေးကြည့်..”

ကျင်းရှစ်ဟမ် : “...”

ကျင်းရှစ်ဟမ်၏ တုံ့ဆိုင်းနေမှုအား မြင်သည့်အခါ ကုရှင်းရှစ် အပြုံးများ မှိန်ဖျော့လာသည်။
“ခင်ဗျားက ဒီလောက် ရိုးရှင်းတဲ့ ကိစ္စလေးကို လုပ်နိုင်တာ သေချာပါတယ်နော်.. ခင်ဗျားကို ဒီထက်ပိုပြီး အရေးကြီးတဲ့ တာဝန်တွေပေးဖို့ စဉ်းစားနေမိသေးတာ.. ကျွတ်.. အတော်လေး များသွားပုံပဲ..”

“ကျွန်တော် လုပ်နိုင်ပါတယ်..”
ကျင်းရှစ်ဟမ် ထခုန်ကာ စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်သည်။

ကုရှင်းရှစ်၏ သဘောတူဟန် အကြည့်များအောက်တွင် ကျင်းရှစ်ဟမ် ပြန်ထိုင်ပြီး အလျင်စလို စရေးတော့သည်။

အခက်အခဲတွေကို သည်းခံဖြတ်ကျော်နိုင်မှ အောင်မြင်မှုကို ခံစားနိုင်မယ်..

ကျင်းရှစ်ဟမ် နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြန်သည်။

ဥက္ကဌကုသာ သူ၏ အရည်အချင်းများကို အသိအမှတ်ပြုသွားမည်ဆိုလျှင် များမကြာမီ အင်အားကြီးမားသော နောက်ခံတစ်ခု ပိုင်ဆိုင်လာမည်ဖြစ်ကာ ရာထူးတိုးရန် အလားအလာလည်း ရှိသည်။

သို့သော် ကျင်းရှစ်ဟမ်၏ စိတ်အားထက်သန်မှုများမှာ တစ်နာရီခန့်သာ ကြာမြင့်လိုက်သည်။ သူခြေကုန်လက်ပန်းကျနေပြီဖြစ်ကာ ဥက္ကဌကု၏ လိုသလို ထိန်းချုပ်ခံနေရသည်ဟု မည်သည်ကြောင့် ခံစားမိနေမှန်း မသိတော့ပေ။

ထိုအချိန်မှာပင် အနည်းငယ်ပွင့်ဟနေသော သန့်စင်ခန်းတံခါးမှနေ၍ ကုရှင်းရှစ် ဖုန်းပြောနေသံအား ကြားလိုက်ရသည်။ ဒါရိုက်တာနှင့် ထုတ်လုပ်ရေး ကိစ္စများ ဆွေးနွေးနေခြင်းဖြစ်သည်။ ကျင်းရှစ်ဟမ် သိလိုစိတ်များ မြင့်တက်လာပြီး ကြားလိုက်သမျှ စကားများအား ချရေးကာ နင်ထျန်းယိုထံ ပေးပို့လိုက်သည်။

ကုရှင်းရှစ် သန့်စင်ခန်းမှ ထွက်လာချိန်တွင် ကျင်းရှစ်ဟမ် အလုပ်ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
“ဒါဆိုလည်း ဒီညအတွက် တာဝန်ပေးခဲ့လိုက်ပြီနော် ကျင်းရှစ်ဟမ်..”

ကျင်းရှစ်ဟမ်၏ လက်ချောင်းများမှ ကီးဘုတ်ပေါ်မှ ပျံတက်လုမတတ်ပင်။
“စိတ်ချပါ ဥက္ကဌကု.. ကျွန်တော် ပြီးအောင် လုပ်ထားပါမယ်..”

ကုရှင်းရှစ် စိတ်ကျေနပ်စွာဖြင့် အခန်းထဲမှ ထွက်သွားပြီးနောက် စနစ်အား စိတ်ထဲမှနေ၍ ပြောလိုက်သည်။
[မြင်လား.. ဒီလိုမျိုး အရည်အချင်းရှိတဲ့သူကို သူလျှိုလုပ်ခိုင်းတာ လူသားအရင်းအမြစ်ကို ဖြုန်းတီးတာပဲ.. ဒီတော့ အခုလိုမျိုး အကျိုးရှိရှိ အသုံးချလိုက်တာပေါ့..]

စနစ် : [...ကြောက်လွန်းလို့ တုန်နေ..]


🍉🍉🍉🍉 အခန်း ၈၈


ကျင်းရှစ်ဟမ်မှတစ်ဆင့် ကုရှင်းရှစ်တို့၏ ထုတ်လုပ်ရေးမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲဖြစ်သည်ဟု နင်ထျန်းယို ယုံကြည်စိတ်ချသွားတော့သည်။

ကျင်းရှစ်ဟမ်သည် လတ်တလော၌ အဆက်မပြတ် ပိုက်ဆံထပ်တောင်းနေသည်မှ လွဲ၍ လုပ်ငန်းစဉ်မှာ မျှော်လင့်ထားသလို ဆက်လက် တိုးတက်နေသောကြောင့် နင်ထျန်းယို အတော်လေး စိတ်ကျေနပ်နေသည်။

ကျင်းရှစ်ဟမ်အတွက်မူ သူ၏ အလုပ်အကိုင်သည်လည်း ကောင်းစွာတိုးတက်နေသည်ဟု ဆိုရမည်။ နေ့ဘက်၌ ကာယအလုပ်သမားအဖြစ် ထမ်းဆောင်ပြီးနောက် ညဘက်တွင် ဈေးကွက်ရှာဖွေသည့် ဆောင်းပါးအကြမ်းများ ရေးသားနေရသော်ငြား သူ၏ ကြိုးစားအားထုတ်မှု ရလဒ်အား မြင်တွေ့ရတော့မည်ဟု ခံစားနေရသဖြင့် ဖျတ်လက်တက်ကြွနေတော့သည်။ ဥက္ကဌကုသည် ကျင်းရှစ်ဟမ်အား ပိုမိုယုံကြည်လာပြီး တစ်ခါတစ်ရံ ထုတ်လုပ်ရေးပိုင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုလည်း တိုင်ပင်ဆွေးနွေးတတ်သည်။

ကျင်းရှစ်ဟမ်သည် သူ၏ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အံ့ဩဘနန်း ဖြစ်နေမိသည်။ ယခင်က ကုရှင်းရှစ်နှင့် နီးကပ်ရန် မည်မျှကြိုးစားခဲ့ပါသော်လည်း ကုရှင်းရှစ် အနီးသို့ မရောက်နိုင်ခဲ့ချေ။ သူလျှိုအဖြစ် ရိုက်ကူးရေးအဖွဲ့ အတွင်းသို့ ခိုးဝင်ချိန်မှသာ မမျှော်လင့်ဘဲနှင့် ဥက္ကဌကု၏ အသိအမှတ်ပြုမှုကို ရရှိလာခဲ့သည်။

သို့တိုင်အောင် ကျင်းရှစ်ဟမ်သည် ရရှိသမျှ သတင်းအချက်အလက်များအား နင်ထျန်းယိုထံသို့ တုံ့ဆိုင်းမှု မရှိဘဲ ရောင်းချနေဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဥက္ကဌကု၏ နောက်လိုက်တစ်ဦး ဖြစ်လိုသည့်တိုင်အောင် စွန်းဟုန်ဖေးသည် သူ့လမ်း၌ ပိတ်နေဆဲဖြစ်သည်။ ကျင်းရှစ်ဟမ်၏ တစ်ခုတည်းသော အခွင့်အရေးမှာ စွန်းဟုန်ဖေးအား ကုရှင်းရှစ် စိတ်ပျက်သွားမည့် အချိန်၌ ရှေ့ထွက်ကာ စွန်းဟုန်ဖေး၏ နေရာအား သိမ်းပိုက်ရန် ဖြစ်သည်။

အခြားတစ်ဖက်၌ ကုရှင်းရှစ်သည် အတော်‌လေး စိတ်ကျေနပ်နေမိသည်။ နင်ထျန်းယိုအား မည်သည့်နည်းဖြင့် ထောင်ချောက်ဆင်ရမည်ကို ခေါင်းခဲနေခဲ့ခြင်း ဖြစ်သော်ငြား နင်ထျန်းယိုသည် ကျင်းရှစ်ဟမ်အား သူ့ထံသို့ ပို့ပေးလိုက်သည်။

ကျင်းရှစ်ဟမ်က ပြည့်စုံသော ကြံရာပါတစ်ဦးဖြစ်သည်။ သစ္စာရှိရှိဖြင့် ကုရှင်းရှစ်ထံမှ ရရှိသမျှ သတင်းအမှားများကို နင်ထျန်းယိုထံသို့ ပို့ပေးနေသဖြင့် တန်ဖိုးရှိသော လူတစ်ဦး ဖြစ်လာသည်။

ထိုမျှမကဘဲ ကျင်းရှစ်ဟမ်မှာ အတော်လေး အလုပ်ကြိုးစားသူဖြစ်သည်။ တစ်ချက်လေးမှ ညည်းညူခြင်း မရှိဘဲ ပေးအပ်လာသည့် အလုပ်တိုင်းအား ပြီးစီးအောင် ကြိုးစားသည်။ ရိုက်ကူးရေး ပြီးစီးချိန်၌ ကုရှင်းရှစ်သည် ကျင်းရှစ်ဟမ်အား လက်လွှတ်ရမည်ကိုပါ တွန့်ဆုတ်နေမိတော့သည်။ 

ကျင်းရှစ်ဟမ်က ကုရှင်းရှစ်၏ အသိအမှတ်ပြုသည့် အကြည့်အား သတိပြုမိသောကြောင့် တုန်ယင်လာသည်။

ကုရှင်းရှစ်၏ လေးစားမှုအား ရရှိသည့်အတွက် ဝမ်းသာမိသော်ငြား ပင်ပန်းဆင်းရဲသည့် အလုပ်ကြမ်းများမှာ သူ၏ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေသဖြင့် ကုရှင်းရှစ်၏ ချီးကျူးသည့် အကြည့်ကို မြင်ရရုံနှင့်ပင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲလာသည်။

ကံကောင်းစွာဖြင့် ကုရှင်းရှစ်မှာ နှလုံးသားမဲ့သူတစ်ဦး မဟုတ်ပေ။ ကျင်းရှစ်ဟမ်အား စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်ပြီးနောက် အချိန်ပိုအလုပ်များအတွက် ဘောနပ်စ်ပေးကာ လိုက်ပို့လိုက်သည်။

ကျင်းရှစ်ဟမ် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

ဘောနပ်စ်မှာ မများဟု ဆိုရမည် ဖြစ်သော်ငြား ကုရှင်းရှစ်ထံမှ အချက်ပြမှုဖြစ်ပြီး သူ့အပေါ် မှီခိုခြင်းအတွက် နောင်တရမည် မဟုတ်ဟုဆိုသော အာမခံချက်တစ်ခုအဖြစ် မြင်မိသည်။

ယခုအခါ ကျင်းရှစ်ဟမ်သည် ဇာတ်လမ်းတွဲ မအောင်မြင်ဘဲ ကုရှင်းရှစ် စွန်းဟုန်ဖေးအပေါ် စိတ်ပျက်လက်လျှော့ သွားမည့် အချိန်ကို စောင့်ရန်သာ ကျန်ရှိတော့သည်။ ထို့နောက် သူတောက်ပရမည့် အချိန်သို့ ရောက်ရှိလာလိမ့်မည် ဖြစ်သည်။

မျှော်လင့်ထားသလိုပင် ဇာတ်လမ်းတွဲ မထုတ်လွှင့်ရသေးချိန်မှာပင် အတင်းအဖျင်းအကောင့်များသည် ရေဆိုးများ ပက်နေကြပြီ ဖြစ်သည်။

အစောပိုင်း၌ အတင်းအဖျင်းအကောင့်များသည် သရုပ်ဆောင်အဖွဲ့ တစ်ဖွဲ့လုံး၏ သရုပ်ဆောင်ပိုင်းအား ဝေဖန်ကြပြီး ဇာတ်ကွက်အများစုကို စတူဒီယိုထဲ၌သာ ရိုက်ကူးခြင်းဖြစ်သည်ဟု ဆိုသည်။ ဇာတ်လမ်းတစ်ခုလုံးမှာ အထူးပြုလုပ်ချက်များနှင့် ပြည့်နှက်နေမည်ဟု ပြောကြသည်။

ထို့နောက် ရှန့်ယွဲ့ချင်မှာ ‘ဇာတ်ပို့’ အဖြစ် သရုပ်ဆောင်မည်ဆိုသော ပြောကြားချက်မှာလည်း ပရိသတ်များအား လမ်းလွှဲစေရန်သာဖြစ်ကြောင်းနှင့် ဤဇာတ်လမ်းတွဲမှာ တကယ်တမ်း၌ အမျိုးသားဇာတ်လိုက်နှစ်ဦး ပါဝင်သော ဇာတ်လမ်းဖြစ်ကာ ဖျော်ဖြေရေးလောကထဲရှိ ရှန့်ယွဲ့ချင်၏ အဆင့်အတန်းအား မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အရိပ်အမြွက် ပေးကြသည်။

ဇာတ်လမ်းတွဲ ထုတ်လွှင့်မည့်ရက်အား အတည်မပြုနိုင်သေးသောကြောင့် ကောလာဟလများမှာ ဆက်လက်ပျံ့နှံ့လျက်ရှိသည်။

အွန်လိုင်းပေါ်ရှိ အငြင်းအခုံများသည် ဝမ်ယွဲ့ထံသို့ပင် ရောက်ရှိလာတော့သည်။

စွန်းဟုန်ဖေး၏ ပုံမှန် အစီရင်ခံစာများမှတစ်ဆင့် ဝမ်ယွဲ့သည် “သံသရာလည်ခြင်း” ၏ ထုတ်လုပ်ရေးပိုင်းကို ကောင်းစွာနားလည်ထားပြီး အတင်းအဖျင်း အကောင့်များမှ ပြောနေသကဲ့သို့ မဟုတ်ကြောင်း သတိပြုမိသည်။

ဝမ်ယွဲ့နှင့် ထုတ်လုပ်ရေးဝန်ထမ်းများသည် ထိုအရာအား ရှင်းရှင်းလင်းလင်း သိထားကြသော်ငြား အွန်လိုင်းပေါ်ရှိ လူထုမှာမူ ထိုသို့မဟုတ်ပေ။

သံသရာလည်ခြင်းမှာ Film Hubနှင့် ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သောကြောင့် ကုမ္ပဏီများ၊ စတူဒီယိုများ ပါဝင်နေသည်။ ထိုကောလာဟလများကြောင့် ယိမ်းယိုင်သွားသူအချို့ ရှိလာပါက မတည်ငြိမ်မှုများ ဖြစ်လာနိုင်သည်။

Film Hub ၏ ခေါင်းဆောင်တစ်ဦးအနေနှင့် ဇာတ်လမ်းတွဲအပေါ် ထောက်ခံမှုနှင့် လုပ်ငန်းစဉ်များမှာ ကောင်းမွန်စွာ လည်ပတ်နေကြောင်း ပြသရန်အတွက် ရိုက်ကွင်းသို့ သွားရောက်ရန် လိုအပ်သည်။ ထို့ကြောင့် အစီအစဉ်အချို့အား ချိန်ညှိလိုက်ရသည်။

သို့သော် ဝမ်ယွဲ့၏ ညွှန်ကြားချက်အား ကြားလိုက်ရသည့် ထန်လင်းမှာ  á€á€ťá€­á€Žá€á€Żá€śá€á€ťá€á€Żá€ś ဖြစ်သွားသည်။
“ဥက္ကဌဝမ် ဆိုလိုတာက... အခု သွားဖို့လား..”

ဝမ်ယွဲ့ : “ပြဿနာရှိလို့လား..”

ထန်လင်း မယုံကြည်နိုင်စွာဖြင့် ရုံးခန်းထဲမှ ထွက်လာသည်။

လိမ္မော်ရောင်စိန်ပွင့် အဖြစ်အပျက်မှစကာ ဝမ်ယွဲ့နှင့် ကုရှင်းရှစ်တို့၏ ဆက်ဆံရေးအပေါ် သူ၏ သံသယများ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ထပ်ကာတလဲလဲ မေးမြန်းပြီးနောက် စွန်းဟုန်ဖေးထံမှ ထိတ်လန့်ဖွယ်ရာ အမှန်တရားတစ်ခု သိလိုက်ရသည်။ 

‘ဝမ်ယွဲ့နှင့် ကုရှင်းရှစ်မှာ အမှန်တကယ် တွဲခုတ်နေကြ၏။’

ထန်လင်း ထိုအမှန်တရားအား ငြင်းပယ်ရန် ကြိုးစားသော်ငြား စွန်းဟုန်ဖေးသည် သူ ငြင်းဆိုရန် မတတ်နိုင်သော အချက်များအား စာရင်းပြုစုပေးလာသည်။

ဝမ်ယွဲ့လိုမျိုး တသီးတသန့် နေတတ်ပြီး လျစ်လျူရှုတတ်တဲ့ ဘော့စ်က တိတ်တိတ်လေး ချစ်ကြိုက်နေတာတဲ့လား..

မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး..
ထန်လင်း ငြင်းဆိုနေမိသည်။ သူ မယုံကြည်နိုင်သေးပေ။

သို့သော် စွန်းဟုန်ဖေးနှင့် အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် ထန်လင်း၏ ဦးနှောက်တစ်စိတ်တစ်ပိုင်းမှာ ထိုအရာက ဖြစ်နိုင်သည်ဟု စတင်တွေးလာမိသည်။

သူ၏ စိတ်တွင်းရှိ ပဋိပက္ခသည် ‘သံသရာလည်ခြင်း’ နှင့် ပတ်သက်သည့် မကောင်းသည့်သတင်းများ ထွက်ပေါ်လာချိန်၌ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားတော့သည်။

စွန်းဟုန်ဖေး သက်ပြင်းချလိုက်သည်။
“ဥက္ကဌကုက ဒီနောက်ပိုင်း တည်းဖြတ်ခန်းနဲ့ VFX ခန်းတွေမှာပဲ နေတော့တယ်.. သူ့ကို ဘယ်သူမှ အပြင်ခေါ်ထုတ်လို့ မရဘူး.. ဥက္ကဌဝမ် လူကိုယ်တိုင်လာပြီး ဆွဲထုတ်မှပဲ ဖြစ်တော့မယ်..”

ထန်လင်းသည် ဥက္ကဌဝမ်၏ အချစ်ဇာတ်လမ်းအကြောင်း စတင်ယုံကြည်ချင်နေပြီ ဖြစ်သော်ငြား သံသယအချို့ ရှိနေဆဲဖြစ်သည်။ နှစ်ပေါင်းများစွာ လက်ထောက်တစ်ဦး ဖြစ်လာသည့် အတွေ့အကြုံအား ကျိန်တွယ်ပြောရဲသည်။

“ဥက္ကဌဝမ်က အချစ်အတွက်ကြောင့်နဲ့တော့ အလုပ်တွေကိုဖျက်ပစ်မှာ မဟုတ်ဘူး..”
ထန်လင်းက အခိုင်အမာ ပြောသည်။

သို့သော် များမကြာမီမှာပင် သူ၏ ထင်မြင်ချက်မှာ မှားယွင်းနေကြောင်း သိလိုက်ရသည်။

အထူးသဖြင့် စွန်းဟုန်ဖေးထံမှ တည်တည်ငြိမ်ငြိမ် နှစ်သိမ့်မှု ခံလိုက်ရချိန်တွင် ဖြစ်သည်။
“မစိုးရိမ်ပါနဲ့ လက်ထောက်ထန်.. ငါနားလည်ပါတယ်..”

ထန်လင်း : “...”

ငါကမှ ဥက္ကဌဝမ်ရဲ့ လက်ထောက်ပါနော်.. စွန်းဟုန်ဖေးက ဘာကိစ္စနဲ့ ငါ့ထက် ဥက္ကဌဝမ်အကြောင်း ပိုသိသလို လုပ်နေရတာလဲ..

ဝမ်ယွဲ့ ရောက်ရှိလာချိန်တွင် စွန်းဟုန်ဖေးနှင့် Film Hub ၏ မန်နေဂျာသည် ဝင်ပေါက်၌ ကြိုစောင့်နေကြသည်။

လမ်းလျှောက်နေစဉ် ဝမ်ယွဲ့သည် မန်နေဂျာ၏ တင်ပြချက်အား နားထောင်ရင်း အမျိုးမျိုးသော အရင်းအမြစ်များအကြား၌ စွမ်းဆောင်ရည်များ တိုးတက်လာသလို ပူးပေါင်းဆောင်ရွက်မှုများလည်း ချောချောမွေ့မွေ့ ရှိသည်ကို သတိပြုမိသည်။

ထိုအချိန်တွင် စွန်းဟုန်ဖေး၏ မှတ်ချက်စကား ထွက်လာသည်။
“စကားလေး ဖြတ်ပြောပါရစေ ဥက္ကဌဝမ်.. သံသရာလည်ခြင်းရဲ့ VFX ကို Film Hub ရဲ့ စတူဒီယို ၂ ခုက ကိုင်တွယ်နေပါတယ်.. စတူဒီယို ၂ ခုစလုံးက အားသာချက် ကိုယ်စီ ရှိကြပါတယ်.. ဥက္ကဌကု ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ထားတာပါ.. အဲဒါအပြင် ဥက္ကဌကုက အံ့မခန်း အလုပ်ဖြစ်နေတဲ့ AI စက် အသစ်ကို အသုံးပြုဖို့ကိုပါ အကြံပြုခဲ့ပါတယ်..”

ဝမ်ယွဲ့ ခြေလှမ်းများ ရပ်သွားသည်။

AI စက်အသစ်မှာ ဝမ်လုပ်ငန်းစု၏ ဒီဂျစ်တယ်နည်းပညာဌာနမှ ထုတ်ကုန်တစ်ခုဖြစ်ပြီး အများပြည်သူထံသို့ လတ်တလော မိတ်ဆက်ထားခြင်းဖြစ်သည်။ အဓိကအားဖြင့် ဂိမ်းလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဝမ်ယွဲ့သည် ထိုစက်အသစ်အား ဤနှစ်နှောင်းပိုင်း၌ ရုပ်ရှင်ထုတ်လုပ်ရေးတွင် စမ်းသပ်အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့သော် ကုရှင်းရှစ်သည် လက်ဦးမှုယူကာ စတင်အသုံးပြုနေပြီ ဖြစ်သည်။

ဝမ်ယွဲ့က စိတ်ဝင်စားမိသောကြောင့် လမ်းကြောင်းပြောင်းလိုက်သည်။
“ဒါဆိုလည်း သံသရာလည်ခြင်း ထုတ်လုပ်ရေးအပိုင်းဆီ သွားကြတာပေါ့..”

စွန်းဟုန်ဖေး စိတ်ကျေနပ်စွာ ခိုးပြုံးလိုက်ချိန်တွင် ထန်လင်း၏ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသည်။

သူ ယခင်က ရှိခဲ့ဖူးသော မျှော်လင့်ချက် အနည်းငယ်မှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားလေပြီ။

ကုရှင်းရှစ်၏ ပရောဂျက်အား စစ်ဆေးလိုသည့် ဝမ်ယွဲ့၏ စိတ်အားထက်သန်မှုမှာ ငြင်းပယ်မရနိုင်သော သက်သေတစ်မျိုးဖြစ်သည်။ 

ဒါက အချစ်ထဲပျော်ဝင်နေတာ မဟုတ်ရင် ဘာများဖြစ်ဦးမှာလဲ..

လက်ထောက်ဖြစ်သူ၏ တိတ်တဆိတ် ပြောင်းလဲသွားမှုအား သတိမမူမိသည့် ဝမ်ယွဲ့သည် VFX လုပ်ငန်းများ အပြည့်အဝ လုပ်ဆောင်နေသည့် X-Concept စတူဒီယိုသို့ စွန်းဟုန်ဖေးနောက်မှ လိုက်ပါသွားတော့သည်။

စတူဒီယိုအတွင်းသို့ ဝင်လိုက်သည်နှင့် ကွန်ပျူတာတစ်လုံးဘေး၌ လက်ပိုက်၍ မတ်တတ်ရပ်ကာ VFX ပညာရှင်နှင့် ဆွေးနွေးနေသော ကုရှင်းရှစ်အား မြင်လိုက်ရသည်။

မန်နေဂျာတစ်ဦး အနေနှင့် ကုရှင်းရှစ်သည် AI စက် အသုံးပြုပုံနှင့် ပတ်သက်၍ အခြေခံအချက်များကိုသာ နားလည်ထားခြင်း ဖြစ်လောက်မည်ဟု ဝမ်ယွဲ့ ယူဆထားခဲ့သည်။ သို့သော် ကုရှင်းရှစ်၏ တီထွင်ဖန်တီးနိုင်စွမ်းအား နားထောင်ပြီးနောက် သမားရိုးကျမဟုတ်သည့် စိတ်ကူးအကြံဉာဏ်များကြောင့် ဝမ်ယွဲ့ အထင်ကြီးလေးစားမိသည်။ ကုရှင်းရှစ်၏ အကြံဉာဏ်များမှာ စိတ်ကူးသက်သက်သာ ဖြစ်သော်ငြား ယင်းသည် အနာဂတ် နည်းပညာ ဖွံ့ဖြိုးမှုနှင့် ပတ်သက်သည့် စိတ်ကူးအချို့ ရရှိလိုက်သည်။

ဝမ်ယွဲ့က ကုရှင်းရှစ်အား စိတ်ဝင်တစားဖြင့် လေ့လာရင်း အတွေးထဲ နစ်မြုပ်သွားတော့သည်။

သို့သော် စွန်းဟုန်ဖေးနှင့် ထန်လင်း၏ ရှုထောင့်မှကြည့်လျှင် ဝမ်ယွဲ့သည် ကုရှင်းရှစ်အား ချစ်မြတ်နိုးစွာ ကြည့်နေခြင်းနှင့် တူလှသည်။

စွန်းဟုန်ဖေးသည် ထန်လင်းအား တံတောင်ဖြင့်တွတ်ကာ ပြောလိုက်သည်။
“ဝန်ခံလိုက်တော့ လက်ထောက်ထန်.. အလုပ်ထဲ အာရုံစိုက်နေတဲ့ အမျိုးသားတစ်ယောက်ထက် ညှို့ဓာတ်ပြင်းတာ မရှိတော့ဘူးလို့ မင်း မထင်ဘူးလား..”

ထန်လင်း : “...”

*

AI စက်အသစ် ကျေးဇူးကြောင့် ‘သံသရာလည်ခြင်း’ သည် နွေရာသီမတိုင်မီ ထုတ်လုပ်ရေးပိုင်း အပြီးသတ်နိုင်မည် ဖြစ်သောကြောင့် ပရိုမိုးရှင်းအဆင့်သို့ ဝင်ရောက်နိုင်မည်ပင်။

ကျင်းရှစ်ဟမ်သည် ထုတ်လုပ်ရေးအပိုင်းအား အနီးကပ်စောင့်ကြည့်နေပြီး ပရိုမိုးရှင်းနှင့် ပတ်သက်သည့် အချက်အလက်များ ထွက်ပေါ်လာသည်နှင့် နင်ထျန်းယိုထံသို့ ချက်ချင်းတင်ပြသည်။

နင်ထျန်းယိုမှာ ပို၍ စိတ်မရှည် ဖြစ်လာသည်။
“ဒါက ဝတ်စုံဒရာမာတစ်ခုပဲလေ.. ဒီလောက်တောင် အချိန်ဆွဲရလား.. ငါတို့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲကိုတောင် အချိန်အကြာကြီး ဆွဲထားနေရတယ်.. လူတွေတောင် မေ့တော့မယ်ကွ..”

သို့သော် ဇာတ်လမ်းတွဲအမည်အား မြင်တွေ့ရချိန်တွင် နင်ထျန်းယို မျက်မှောင်ကြုတ်သွားမိသည်။
“ခဏလေး.. သူတို့ နာမည်ပြောင်းလိုက်တာလား..”

မူလက နင်ထျန်းယိုတို့၏ ဇာတ်လမ်းတွဲမှာလည်း အမည်ခပ်ဆင်ဆင် ပေးထားခြင်းဖြစ်သည်။ အကြောင်းမှာ ပဋိပက္ခများ ဖန်တီးရန်နှင့် ဇာတ်လမ်းတွဲချင်း နှိုင်းယှဉ်မှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် ကုရှင်းရှစ်သည် ဇာတ်လမ်းတွဲ နာမည်အား ပြောင်းလဲရုံသာ မကဘဲ ဇာတ်လမ်းနှင့် လုံးဝ ဆက်နွယ်မှုမရှိသည့် “သံသရာလည်ခြင်း” ဟူသော နာမည်အား ရွေးချယ်ထားခြင်း ဖြစ်သည်။

လက်ထောက်သည်လည်း နင်ထျန်းယိုနှင့်ထပ်တူ နားမလည်နိုင်ဘဲ ရှိနေသည်။
“သူတို့က လတ်တလော နာမည်ကြီးနေတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းရဲ့ အောင်မြင်မှုအတိုင်း လိုက်စီးမြောဖို့ ကြိုးစားနေတာများလား.. ဒီနှစ်တွေထဲမှာ မအောင်မြင်တဲ့ ထုတ်လုပ်ရေး တော်တော်များများက အဲဒီနည်းလမ်းကို သုံးတတ်ကြတယ်လေ.. အစောပိုင်းမှာ လူစိတ်ဝင်စားအောင် ဖန်တီးပြီး ကြည့်ရှုသူတွေကို ဆွဲဆောင်တာမျိုး..”

နင်ထျန်းယိုက ထိုရှင်းပြချက်အား တွန့်ဆုတ်စွာနှင့် လက်ခံလိုက်သည်။

‘သံသရာလည်ခြင်း’ ထုတ်လွှင့်မည့်ရက် သတ်မှတ်ပြီးသည်နှင့် သူတို့ကိုယ်ပိုင် ဇာတ်လမ်းတွဲ ထုတ်လွှင့်မည့်ရက်အား ချက်ချင်း ရှေ့တိုးလိုက်သဖြင့်  á€Ąá€˝á€”á€şá€œá€­á€Żá€„á€şá€¸á€•á€ąá€Ťá€şáŒ ‘သံသရာလည်ခြင်း’ နှင့် ပတ်သက်၍ မကောင်းသည့်ပိုစ့်များ ထွက်ပေါ်လာသည်။ နင်းထျန်းယိုတို့သည် ကျင်းရှစ်ဟမ်ထံမှ ရရှိသည့် သတင်းအချက်အလက်များအား အသုံးပြုကာ သူတို့ကိုယ်ပိုင် ဇာတ်လမ်းတွဲအား ပရိုမိုးရှင်းဆင်းရင်း ‘သံသရာလည်ခြင်း’ အား ခိုးကူးဟု စွပ်စွဲကာ ပရိသတ်များအား အထင်လွဲမှားစေသည်။

[ရှန့်ယွဲ့ချင်ရဲ့ ဒရာမာအသစ်က ဘယ်လောက်တောင် ဆိုးဝါးနေလို့ ဒီလောက် နောက်ကျနေရတာလဲ..]

[ဇာတ်ကွက်တိုင်းမှာ သူ့မျက်နှာကို ချောမွေ့အောင် ပြင်နေရလို့ ကြာနေတာ ဖြစ်မှာပေါ့.. သူ့မှာက မျက်နှာပဲ ရှိတာလေ.. သရုပ်ဆောင်မကောင်းတာက အဆင်ပြေသေးတယ်.. အနည်းဆုံး မျက်နှာလေး ကြည့်ကောင်းမှပေါ့..]

[မျက်နှာပြတာတော့ ဟုတ်ပါပြီ.. ကိစ္စက ဒီဇာတ်လမ်းတွဲက ခိုးကူးတဲ့..]

[ဟားဟားဟား အဲဒီပရိသတ်တွေက အရမ်းကို ကဲကဲဆတ်နေကြတာ မဟုတ်ဘူးလား.. အခုတော့ သူတို့မျက်နှာကို ဖြတ်ရိုက်နိုင်ပြီပေါ့..]

Site C ကဲ့သို့သော ပလက်ဖောင်းများရှိ နာမည်ကျော် ရုပ်ရှင်သုံးသပ်သူများသည် ‘သံသရာလည်ခြင်း’ နှင့် ပတ်သက်၍ ဝေဖန်မှုပေးရန် တောင်းဆိုမှုများစွာ ရရှိထားကြသည်။

ကျန်းကျန့်ယွဲ့သည် ဖျော်ဖြေရေးလောကရှိ နာမည်ကျော် ရုပ်ရှင်သုံးသပ်သူများထဲမှ တစ်ဦးဖြစ်သောကြောင့် သဘာဝကျစွာပင် ဖိတ်ကြားမှု ရရှိထားသည်။ သူမသည် ‘သံသရာလည်ခြင်း’ နှင့် ပတ်သက်၍ ကောလာဟလများစွာ ကြားထားသောကြောင့် ကောင်းမွန်သော ထင်မြင်ချက် မရှိပေ။ သို့သော် ကုရှင်းရှစ်မှာ ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်ကြောင်း သိလိုက်ရသောကြောင့် သူမ ချီတုံချတုံ ဖြစ်သွားမိသည်။

သူမသည် “ဂိတ်တံခါး ခြောက်ခု၏ လျှို့ဝှက်ချက်များ” နှင့် ပတ်သက်၍ အမာခံပရိသတ်တစ်ဦး အဖြစ် ပြောင်းလဲသွားခဲ့ပုံအား ယခုထိတိုင်အောင် မှတ်မိနေဆဲဖြစ်သည်။ ထို့အပြင် သူမက ရွှေကြာပန်းဆုပေးပွဲအား တိုက်ရိုက်ကြည့်ရှုခဲ့ပြီး ဂိတ်တံခါးခြောက်ခု၏ အဖွဲ့သားတိုင်းသည် ကုရှင်းရှစ်အား ကျေးဇူးတင်စကား ဆိုခဲ့ကြသည်။ ကုရှင်းရှစ်သည် ဇာတ်လမ်းတွဲ အောင်မြင်စေရန် ဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း သိသာထင်ရှားလေသည်။

ထို့အပြင် ကုရှင်းရှစ်သည် သူ့ကုမ္ပဏီမှ အနုပညာရှင်များ၏ ဂုဏ်သတင်းနှင့် ပတ်သက်၍ အလွန်အကျူး ကာကွယ်ပေးတတ်သူဖြစ်သော ဖျော်ဖြေရေးလောက၌ မသိသူ မရှိချေ။ ကုရှင်းရှစ်၏ အနုပညာရှင်များအား အသရေဖျက်ရန် ကြိုးစားကြသည့် မရေမတွက်နိုင်သော အနုပညာရှင်များနှင့် ကုမ္ပဏီများသည် လျှို့ဝှက်ဆန်းကြယ်သော 10086 ၏ ရှာဖွေဖော်ထုတ်ခြင်း ခံကြရသည်။

ကုရှင်းရှစ်က ထိုအကြောင်းအား လူသိရှင်ကြား ထုတ်ဖော်ပြောခြင်း မရှိသော်ငြား သူ့အနုပညာရှင်များ၏ အနုပညာလမ်းကြောင်းနှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်သူတိုင်းသည် သူတို့၏ တိုးတက်မှုများမှာ ကောင်းမွန်စွာ စဉ်းစားချင့်ချိန်ထားသော လုပ်ငန်းများဖြစ်ပြီး ပေါ့ပျက်ပျက် မရှိဘဲ ငွေကြေးကိုသာ ရှေ့ရှုသည့် ဖြတ်လမ်းနည်းများ အသုံးပြုထားခြင်း မရှိကြောင်း ပြောနိုင်ကြသည်။

ထိုသို့ စေ့စပ်သေချာသော မန်နေဂျာတစ်ဦးသည် သူ့အနုပညာရှင်၏ ပုံရိပ်အား ငွေရှာရန် သို့မဟုတ် ဖြစ်ကတတ်ဆန်း ထုတ်လုပ်ရေးအတွက် အပေးအယူသဘောမျိုးဖြင့် ချနင်းမည်ဟု မထင်ပေ။

သေသေချာချာ စဉ်းစားချင့်ချိန်ပြီးနောက် ကျန်းကျန့်ယွဲ့က ဇာတ်လမ်းတွဲအား မထုတ်လွှင့်မီ ဝေဖန်သုံးသပ်မှု ပြုရမည့် ဖိတ်ကြားစာအား ငြင်းပယ်လိုက်ပြီး ‘သံသရာလည်ခြင်း’ ၏ အရည်အသွေးအား စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာဖြင့် ‘သံသရာလည်ခြင်း’ ၏ ပရိုမိုးရှင်းကာလသည်လည်း ရှေ့သို့တိုးသွားပြီး များမကြာမီ ဇာတ်လမ်းနမူနာ ထွက်လာသည်။
 
ကျန်းကျန့်ယွဲ့က နမူနာထွက်လာသည်နှင့် ချက်ချင်းဆိုသလို ကြည့်လိုက်သည်။

ထည်ဝါသော ဝတ်စုံများဖြင့် ရိုက်ကူးထားသည့် ရှေးခေတ်ဟာသကားတစ်ခု ကြည့်ရမည်ဟူသော မျှော်လင့်ချက်နှင့် ဆန့်ကျင်စွာ ဇာတ်လမ်း၏ အရောင်အသွေးမှာ မှုန်မှိုင်းမှောင်ရီနေသည်။

ကင်မရာက အပျက်အစီးများကြား၌ စမ်းတဝါးဝါးနှင့် ရှေ့ဆက်လျှောက်လှမ်းနေသော အမျိုးသားတစ်ဦး၏ နောက်ကျောပြင်ကိုသာ ပြသထားသည်။ မျက်နှာကို မမြင်ရသည့်တိုင်အောင် နာကျင်ပုံရသည့် လှုပ်ရှားမှုများမှတစ်ဆင့် ပြင်းထန်စွာ ထိခိုက်ထားကြောင်း သိနိုင်သည်။ ထိုလူသည် ဝမ်းဗိုက်အား လက်ဖြင့်အုပ်ကာ တုန်ယင်နေသော ခြေလှမ်းများက သူ့အား အချိန်မရွေး မြေပေါ်သို့ လဲကျသွားစေလု နီးနီးပင်။

ထိုလူ မည်သူမှန်း မသိရသော်ငြား ကျန်းကျန့်ယွဲ့သည် သူ၏ ရုန်းကန်မှုများကြောင့် နှလုံးသားအား လက်ဖြင့် ဖျစ်ညှစ်ခံရသလို နာကျင်ပြီး စာနာစိတ်ဝင်မိသည်။ မူလက ရှိခဲ့သော သံသယများလည်း ချက်ချင်းဆိုသလို လွင့်ပျောက်သွားတော့သည်။

ထိုလူ လဲကျသွားချိန်တွင် နောက်ကျောဘက်ဆီမှ ပြင်းထန်သော လေတစ်ချက် တိုက်ခတ်သွားသည်။ ရိုက်ချက်အား မြင်ကွင်းချုံ့လိုက်ချိန်တွင် ထိုမြင်ကွင်းမှာ မော်နီတာတစ်လုံး၌ ပြသနေခြင်းဖြစ်သည်။ ထို့နောက် မော်နီတာ ၁၀ လုံးခန့်၊ ထို့နောက် ရာနှင့်ချီ.. နောက်ဆုံး၌ ထိုအရာများမှတစ်ဆင့် ‘သံသရာလည်ခြင်း’ ဟူသော စကားလုံး ဖြစ်တည်လာသည်။


🍉🍉🍉🍉 အခန်း ၈၉


အဖွင့်ဇာတ်ကွက်ကပင် ရုပ်ရှင်ကားကြီးတစ်ကား၏ အရည်အသွေးမျိုးရှိပြီး ဝက်ဘ်ဒရာမာ အများစုထက် သာလွန်နေသည်။

အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ကျန်းကျန့်ယွဲ့သည် ဇာတ်ကြောင်းအား မသိသေးသည့်တိုင်‌အောင် ဇာတ်လမ်းနမူနာ၏ အဖွင့်ဇာတ်ကွက်နှင့်ပင် ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

ထို့အချိန်တွင် သူမ၏ နားကြပ်များမှတစ်ဆင့် အသံဩဩတစ်ခု ထွက်ပေါ်လာသည်။

“ငါ့နာမည်က လင်းကျန်း.. အသက်က ၄၂.. ဒီနေ့က ပြန်လည်ဝင်စားခြင်းကမ္ဘာထဲမှာ ၁၃ ရက်မြောက်နေ့..”

ကျန်းကျန့်ယွဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအသံမှာ ထူးထူးဆန်းဆန်းပင် အတော်လေး ရင်းနှီးသလို ခံစားရသည်။

သူမ အဖြေမထုတ်နိုင်ခင်မှာပင် မြင်ကွင်းပြောင်းသွားပြီး ကုန်တင်ယာဉ်ငယ်တစ်ခုပေါ်ရှိ အိပ်ရာပေါ်၌ လှဲလျောင်းနေသော လူတစ်ဦး မျက်လုံးများ ပွင့်လာသည်ကို ပြလေသည်။

ထိုလူ၏ မျက်လုံးများ ပွင့်လာသည်နှင့် ကျန်းကျန့်ယွဲ့ ထိုင်နေရာမှ ထခုန်ကာ အံ့ဩတကြီး အော်ဟစ်လိုက်မိသည်။
“မြောင်ယာမင်..”

ထိုသူမှာ မြောင်ယာမင်ဖြစ်သည်။

လူငယ်ပရိသတ်အများစုသည် မြောင်ယာမင်အား သိမည်မဟုတ်ချေ။ သို့သော် ဝါရင့်ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲ ဝေဖန်သုံးသပ်သူ တစ်ဦးအနေနှင့် ကျန်းကျန့်ယွဲ့သည် ထိုမျက်နှာအား မည်သည့်အခါတွင်မှ မှားလိမ့်မည် မဟုတ်ပေ။

မြောင်ယာမင်သည် သူမ၏ ကလေးဘဝ idol တစ်ဦးဖြစ်သည်။ ထိုစဉ်က မြောင်ယာမင်၏ ဇာတ်ကားများကြောင့် သူမသည် ရုပ်ရှင်ဇာတ်လမ်းများအား ချစ်မြတ်နိုးလာတတ်ခဲ့ပြီး ယင်းကပင် ဖျော်ဖြေရေးလောက၌ ရုပ်ရှင်သုံးသပ်သူတစ်ဦး ဖြစ်လာစေခဲ့သည်။

ဒါပေမဲ့ မြောင်ယာမင်က အနားယူသွားပြီ မဟုတ်ဘူးလား.. ဖျော်ဖြေရေးလောကကို ကျောခိုင်းသွားတာ ကြာလှပြီ..

အံ့ဩထိတ်လန့်နေသူမှာ ကျန်းကျန့်ယွဲ့ တစ်ဦးတည်းသာ မဟုတ်ပေ။ အွန်လိုင်းပေါ်ရှိ လူအုပ်ကြီးနှင့် ဇာတ်လမ်းတွဲအား စောစီးစွာ ဝေဖန်ထားမိသူ တစ်သိုက်တို့မှာလည်း မထင်မှတ်ထားသော အဖြစ်အပျက်နှင့် ရင်ဆိုင်လိုက်ရသည်။

များမကြာမီမှာပင် #မြောင်ယာမင်သံသရာလည်ခြင်း နှင့် #မြောင်ယာမင်ရုပ်ရှင်လောကကိုပြန်လာပြီ ဟူသော ခေါင်းစဉ်များမှာ လတ်တလောရေပန်းစားသတင်းများ၏ ထိပ်ဆုံးသို့ မြင့်တက်လာတော့သည်။

[ရူးတော့မှာပဲ.. ဦးလေးမြောင် ပြန်လာပြီတဲ့.. အခုက ဘယ်နှစ်လဲ.. ၄၂၀၂ ခုနှစ်လား..]

[ဘုရားရေ.. ငါ့လူကြီးးးး ဦးလေးမြောင်ကတော့ အသက် ၄၀ မှာတောင် ဆွဲဆောင်မှု ပိုကောင်းလာသေးတယ်.. သရုပ်ဆောင်စွမ်းရည်ကတော့ ဘယ်တော့မဆို အံ့မခန်းပဲ.. အသက်ရော ကြီးသွားရဲ့လား..]

[ငါ့အမေနဲ့အတူ မြောင်ယာမင်ရဲ့ ရုပ်ရှင်တွေကို ကြည့်နေကျလေ.. မြောင်ယာမင် ပြန်လာပြီဆိုတာလည်းသိရော ငါ့အမေက ရင်ပြင်အက ကနေတာကို ရပ်ပြီး ထျန်းချန်ရဲ့ VIP အဖြစ် လစဉ်ကြေးတောင် ပေးဝယ်ပြီးတော့ TV မှာကြည့်ဖို့ ပြင်နေပြီ..]

[ဦးလေးမြောင်ပဲ မဟုတ်ဘူးဟဲ့.. ယွမ်ချင်းချင်းနဲ့ ယွီပေါင်အာကိုကော မြင်လိုက်ကြသေးလား.. ငါတို့ ဟောင်ကောင်ရုပ်ရှင် ပရိသတ်တွေအတွက်တော့ အိပ်မက်တစ်ခုလိုပဲ.. ယွီပေါင်အာက မြောင်ယာမင်ရဲ့ ဇနီးအဖြစ် ပြန်လာပြီပေါ့.. CP ဖန်တွေတော့ မိုးပေါ်ရောက်နေလောက်ပြီ..]

[အားးးးးးး ဆံပင်အနက်လေးနဲ့ ရှန့်ယွဲ့ချင်က အရမ်းချောတာပဲ.. နမူနာထဲမှာ တစ်ခန်းပဲ ပါပေမဲ့ ဦးလေးမြောင်နဲ့ မျက်နှာချင်းဆိုင် ရပ်နေတာ.. ထပ်ကြည့်ဖို့ မစောင့်နိုင်တော့ဘူးလို့..]

[ဒီလို သရုပ်ဆောင်စာရင်းနဲ့ဆို နွေရာသီမှာ ဒီဇာတ်လမ်းတွဲကို ကျော်နိုင်မဲ့သူ ရှိဦးမှာလား.. အားးးး]

[ဇာတ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောတဲ့သူ မရှိဘူးနော်.. ဒီလို ဇာတ်လမ်းမျိုးက လုံးဝအသစ်ပဲ.. စိတ်ဝင်စားဖို့ကောင်းတယ်..]

[ဘာလို့ ဇာတ်လမ်းနမူနာပဲလဲ.. ထျန်းချန်ဗီဒီယို.. မြန်မြန်လေးလွှင့်လိုက်ရင်ကောင်းမယ်.. ဒူးထောက်တောင်းပန်ရမလား..]

ဇာတ်လမ်းနမူနာ ထုတ်လွှင့်ပြီး ၂ နာရီ အတွင်းမှာပင် ‘သံသရာလည်ခြင်း’ သည် ထျန်းချန်ဗီဒီယို၏ အမျှော်လင့်ဆုံး ဝက်ဘ်ဒရာမာတစ်ခု ဖြစ်လာတော့သည်။

ပရိသတ်များ၏ တောင်းဆိုမှုအား မျက်နှာလွှဲထားနိုင်သူဟူ၍ မရှိ‌ချေ။ ထျန်းချန်ဗီဒီယိုသည် ချက်ချင်းဆိုသလို တစ်ပတ်စော၍ ထုတ်လွှင့်မည်ဖြစ်ကြောင်း ကြေညာပြီး ပထမဆုံးနေ့၌ ၄ ပိုင်း ထုတ်လွှင့်မည် ဖြစ်သည်။

ထိုကြေညာချက်သည် ချက်ချင်းဆိုသလို ချီးကျူးမှုများစွာ ရရှိလိုက်သည်။ ပရိုမိုးရှင်း ဗီဒီယိုအသစ်များ ပုံမှန် ထုတ်ပေးနေသောကြောင့် ပရိသတ်များ၏ စိတ်လှုပ်ရှားမှုများ ဆက်လက်မြင့်တက်လာသည်။

အခြေအနေအား အခွင့်ကောင်းယူပြီး ကုရှင်းရှစ်သည် ရိုက်ကွင်းနောက်ကွယ်၌ ရှန့်ယွဲ့ချင် ဒါရိုက်တာနှင့် ဝါရင့်သရုပ်ဆောင်များထံမှ လေ့လာသင့်ယူနေသည့် ပုံများအား တင်ပေးလိုက်သည်။ ရှန့်ယွဲ့ချင်၏ ဇာတ်ကောင်မှာ ဇာတ်ပို့သာဖြစ်ကြောင်း နောက်တစ်ဖန် အတည်ပြု ပြောလိုက်သည်။ ရှန့်ယွဲ့ချင်သည် ရိုက်ကွင်း၌ လပေါင်းများစွာ အချိန်ကုန်ဆုံးပြီး အတွေ့အကြုံရင့် သရုပ်ဆောင်များထံမှ ပညာများစွာ လေ့လာသင်ယူခဲ့ကြောင်း ထပ်ပေါင်းပြောသည်။

ဒါရိုက်တာ၊ ယွမ်ချင်းချင်းနှင့် အခြား စီနီယာ သရုပ်ဆောင်များသည်လည်း ကုရှင်းရှစ်၏ ဗီဒီယိုအား တစ်ဆင့်ပြန်တင်ပြီး ရှန့်ယွဲ့ချင်၏ ကြိုးစားအားထုတ်မှုနှင့် သရုပ်ဆောင်ပိုင်း၌ လျင်မြန်စွာ တိုးတက်လာပုံတို့ကို ချီးကျူးကြလေသည်။

အွန်လိုင်းပေါ်ရှိ ဝေဖန်မှုများအား လပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ရပြီးနောက် ရှန့်ယွဲ့ချင်၏ ပရိသတ်များ ပြုံးပျော်နိုင်ကြပြီ ဖြစ်သည်။

[အားးး ချင်ချင်က အများကြီး ကြိုးစားခဲ့တာပဲ..]

[ငါကလေ ဖျော်ဖြေရေးလောကရဲ့ ‘အလုပ်ကြိုးစားတယ်’ ဆိုပြီး ပြောတာကို လုံးဝမကြိုက်ဘူး.. ဒီတစ်ကြိမ်တော့ ချင်ချင်နဲ့ ဥက္ကဌကုအတွက် လက်ခုပ်တီး ဂုဏ်ပြုပေးချင်တယ်.. သူ့ရဲ့ ရေပန်းစားမှု အဆင့်နဲ့ဆိုရင် ရှန့်ယွဲ့ချင်က တစ်ဆင့်နှိမ့်ပြီး ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ဖို့ ဆန္ဒရှိတဲ့အပြင် ရိုက်ကွင်းမှာ ဝီရိယရှိရှိ လေ့လာဖို့ လပေါင်းများစွာ နေခဲ့တယ်.. အဲဒီလို လုပ်ရဲတဲ့ သတ္တိနဲ့တင် နောက်ပေါက်ကြယ်ပွင့်တွေကို အသာလေး တောက်ချလို့ရတယ်..]

[ဟာသပဲ.. တချို့လူတွေက ရှန့်ယွဲ့ချင် ဇာတ်ပို့နေရာမှာ သရုပ်ဆောင်ရတာကို နာတယ်လို့ ပြောနေကြသေးတယ်.. ဒီမှာ သူ ဘယ်သူ့ကို ထောက်ပံ့ပေးနေရတယ်လို့ ထင်လဲ.. မြင်အောင်ကြည့်လိုက်နော်.. ဦးလေးမြောင်.. ချင်းချင်း.. ဖုယာ.. အဲဒီဇာတ်လမ်းတွဲထဲက ပမွှားဇာတ်ရုပ်လေးတွေမှာ သရုပ်ဆောင်တဲ့ လူတွေနဲ့တင် နှစ်ပေါင်းများစွာ ကြွားလုံးထုတ်လို့ရတယ်.. ရှင်းလား..]

ရှန့်ယွဲ့ချင် ပရိသတ်များ၏ သတိပေးမှုကြောင့် အင်တာနက်အသုံးပြုသူများသည် အတင်းအဖျင်း အကောင့်များထံမှ အဖျက်အမှောင့်ပိုစ့်များအား ပြန်လည်အမှတ်ရလာကြသည်။ ထိုပိုစ့်များအား ဝင်ကြည့်ပြီးနောက် အလွန်အမင်း ဒေါသထွက်လာကြတော့သည်။

တစ်ချက် ကြည့်ရုံနှင့်ပင် ထိုအတင်းအဖျင်း အကောင့်များမှာ ပေါက်ပန်းလေးဆယ်များ ပြောနေကြခြင်း ဖြစ်ကြောင်း သိနိုင်သည်။

‘သံသရာလည်ခြင်း’ အား ကြည့်ရှုရန် စောင့်ရဦးမည် ဖြစ်သောကြောင့် ဒေါသတကြီး ဖြစ်နေကြသော လူအုပ်ကြီးသည် အဆိုပါ အတင်းအဖျင်း အကောင့်များထံသို့ သွားကာ ကြိမ်းမောင်းကြတော့သည်။

[ဒီ သရုပ်ဆောင်စာရင်းကို အဆင့်နိမ့် သရုပ်ဆောင်တွေလို့ ခေါ်တယ်ပေါ့.. ဒါဆိုရင် ဖျော်ဖြေရေးလောကမှာ ဘယ်ဒရာမာကိုမှ မကြည့်သင့်တော့ဘူး..]

[ရယ်ရတယ်ဟေ့.. ဥက္ကဌကုက ရှန့်ယွဲ့ချင်ကို စန်းတင်ချင်လို့ ဇာတ်ပို့နေရာမှာ ဝါရင့်သရုပ်ဆောင်ကို ရွေးဖို့ ငြင်းတယ်ဆိုပြီး ပြောခဲ့တာ.. ဟုတ်တယ်.. ဥက္ကဌကုက ဝါရင့်သရုပ်ဆောင်တွေကို ဇာတ်ပို့နေရာမှာ သရုပ်မဆောင်ခိုင်းဘူး.. ဇာတ်လိုက်အဖြစ် ရွေးလိုက်တာ.. ဟားဟားဟား.. အူတက်နေပြီ..]

[နည်းလမ်းကျကျ ပြောမယ်ဆိုရင် သူတို့ မှားတော့ မမှားပါဘူး.. ငါတို့က ဦးလေးမြောင်.. မဟုတ်ဘူး.. အစ်ကိုကြီးမြောင်ကို ဘာကိစ္စနဲ့ ဝါရင့်သရုပ်ဆောင်လို့ ခေါ်ရမှာလဲ.. သူက အသက် ၄၀ မှာတောင် စံမီတဲ့ ဇာတ်လိုက်တစ်ယောက် ဖြစ်နေတုန်းပဲလေ..]

[ပြီးတော့ ခိုးကူး ဟုတ်လား.. ဒီဇာတ်လမ်းတွဲက ဟာသ ဝတ်စုံဒရာမာတစ်ခုကို ကူးချထားတာဆိုပြီး ပြောကြသေးတာလေ.. နည်းနည်းလေးတောင် ဆင်တူမနေတဲ့ဟာကို သူတို့ အိပ်မက်ယောင်နေကြတာများလား..]

[အတော်လေး ထူးဆန်းပါ့.. ဟိုဇာတ်လမ်းတွဲက လွှင့်တောင် မလွှင့်ရသေးဘူး ကောလာဟလတွေက တန်းစီနေပြီ.. တစ်ယောက်ယောက်က တမင်ရည်ရွယ်ပြီး မွှေနှောက်ဖို့ ကြိုးစားနေတာများလား..]

[တို့လည်း အဲလိုထင်တယ်‌နော်.. အဲဒီ ‘အတွင်းသတင်း’ ဆိုတာကြီးက အမှားတွေချည်းရယ်.. ဒါတောင်မှ သူတို့က ဝတ်စုံဒရာမာကို ကူးချတယ်ဆိုပြီး အတိအကျ ပြောနေတာ ဘာကြောင့်များလဲ..]

*

အွန်လိုင်းပေါ်မှ မှတ်ချက်ကဏ္ဍမှာ လှောင်ပြောင်ရယ်မောမှုများ ပြည့်နှက်လာချိန် နင်ထျန်းယိုမှာမူ ဒေါသတကြီး ဖြစ်နေတော့သည်။
“ဘာတွေဖြစ်နေတာလဲ.. သူတို့က အဲဒီ ဝတ်စုံဒရာမာကို ရိုက်နေတာလို့ ကျင်းရှစ်ဟမ် မပြောဘူးလား.. ဘယ်လိုဖြစ်ပြီး ပြောင်းသွားတာလဲ.. မြောင်ယာမင်တောင် ပါလိုက်သေးတယ်..”

နင်ထျန်းယို၏ လက်ထောက်မှာလည်း ကြောင်အစွာဖြင့် ရှိနေသည်။ ကျင်းရှစ်ဟမ်နှင့် ပူးပေါင်းမှု ပြုခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ပြီး ကျင်းရှစ်ဟမ်ထံမှ ရရှိသမျှသော အချက်အလက်များမှာ မှားယွင်းနေခဲ့သည့်အပြင် သူတို့အား လမ်းလွဲအောင် ပြုလုပ်ခဲ့လေသည်။

နင်ထျန်းယို၏ အမူအရာမှာ မဲမှောင်လာတော့သည်။
“ငါသိပြီ.. အဲဒီကောင်က ဒီလောက်လွယ်လွယ်နဲ့ သူလျှိုလုပ်ပြီး ငါတို့ကို အတွင်းသတင်း ရောင်းဖို့ သဘောတူခဲ့တာ အံ့ဩဖို့ မကောင်းတော့ဘူး.. သူက အစကတည်းက ကုရှင်းရှစ်ရဲ့လူ ဖြစ်နေတာကိုး.. ငါတို့ကို တမင်သက်သက် သတင်းအမှားတွေ ပေးခဲ့တာ..”

အပြည့်အဝ သတိထားနေခဲ့သည့်တိုင်အောင် ကုရှင်းရှစ်၏ ထောင်ချောက်အတွင်း ကျရောက်ခဲ့ရသဖြင့် နင်ထျန်းယို သွေးပွက်ပွက်ဆူလာတော့သည်။ ကျင်းရှစ်ဟမ်အား အပြစ်ပေးရန် လက်ထောက်အား အမိန့်ပေးပြီးနောက် နှာမှုတ်လိုက်သည်။
“ရေတပ်ကို နှစ်ဆတိုးပြီး ငါတို့ရဲ့ ဇာတ်လမ်းတွဲကို သံသရာလည်ခြင်းနဲ့ ချည်နှောင်ထားခိုင်းလိုက်..”

“ထပ်တိုးရမှာလား..”
လက်ထောက်က တုံ့ဆိုင်းကာ စိုးထိတ်နေမိသည်။
“စီအီးအို.. ကျွန်တော်တို့ရဲ့ အဆင့်သတ်မှတ်ချက်က ကျဆင်းနေတာပါ.. ဆိုးကျိုးတွေ ဖြစ်လာမှာ..”

နင်ထျန်းယို အေးစက်စွာဖြင့် လက်ထောက်အား စကားစ ဖြတ်လိုက်သည်။
“ငါတို့ တွန်းအားမပေးရင်တောင် အဆင့်သတ်မှတ်ချက်က ကျနေဦးမှာပဲ.. ဒီလိုဖြစ်လာပြီ ဆိုမှတော့ ရှိသမျှ အကုန်ပုံအောရတော့မှာပေါ့.. သံသရာလည်ခြင်း မြင့်တက်လာနေသရွေ့ ငါတို့ကိုလည်း ဆွဲခေါ်သွားလိမ့်မယ်..”

“ကုရှင်းရှစ်က ငါတို့ကို ခါထုတ်နိုင်မယ်လို့ တွေးနေတာလား.. လုံးဝပဲ.. ကော်လိုမျိုး ကပ်နေပြီး သူ့ရဲ့ အပျော်တွေကို ဖျက်ရမယ်..”

နင်ထျန်းယို မျှော်လင့်ထားသလိုပင် အတင်းအကြပ် ချည်နှောင်သည့် နည်းဗျူဟာသည် ‘သံသရာလည်ခြင်း’ ပရိသတ်များထံမှ ဆန့်ကျင်မှုများ ရရှိခဲ့သည်။ သို့သော် ထိုဆန့်ကျင်မှုများသည် သူတို့၏ ဇာတ်လမ်းတွဲနှင့် ပတ်သက်၍ ဆွေးနွေးမှုများ တိုးလာစေပြီး ဇာတ်လမ်းတွဲ ၂ ခုစလုံးအား ရေပန်းစားမှုစာရင်း၌ ထပ်ကာတလဲလဲ ပေါ်လာစေသည်။

သူ၏ နည်းဗျူဟာကြောင့် ဘဝင်ခိုက်နေချိန်မှာပင် သူ့ လက်ထောက်သည် မျက်နှာဖြူဖျော့ကာ ပြေးဝင်လာပြီး အပျက်သတင်းအား ယူလာသည်။
“စီအီးအို.. ကျွန်တော်တို့ ဇာတ်လမ်းတွဲက ခိုးကူးပါဆိုပြီး အွန်လိုင်းပေါ်မှာ ပြောနေကြတယ်..”

နင်ထျန်းယို မျက်လုံးများ ပြူးကျယ်လာသည်။
“ခိုးကူးတာလား.. ငါတို့ကလေ..”

“ဟုတ်ပါတယ်.. ဖြစ်နိုင်တာက ဇာတ်ညွှန်းရေးသူက အွန်လိုင်းဝတ္ထုရေးတဲ့ စာရေးဆရာ တစ်‌ယောက်ဆီက ခိုးကူးတာ ဖြစ်ပါလိမ့်မယ်.. ကုရှင်းရှစ်က မူလစာရေးသူကို ကိုယ်စားပြုတဲ့ ရှေ့နေတစ်ယောက် ငှားထားပေးတယ်.. သူတို့က ဇာတ်ညွှန်းရေးသူကို တရားစွဲဆိုတာ ဆိုပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီကလည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေပါတယ်..”

နင်ထျန်းယို ဒေါသပေါက်ကွဲသွားပြီး စားပွဲအား လက်ဖြင့်ရိုက်လိုက်သည်။
“သောက်အဓိပ္ပါယ် မရှိတာ.. ကုရှင်းရှစ်က ငါ့ကို လုပ်ကြံတာပဲ..”

သို့သော် သတင်းဆိုးမှာ ထိုမျှနှင့် မရပ်သွားချေ။

ပထမဦးစွာ တရားမဝင် ခိုးကူးမှု ပြဿနာသည် အွန်လိုင်းပေါ်ရှိ လူထုအား အကြီးအကျယ် ဆွဲဆောင်လိုက်နိုင်သည်။ ထိုသူများသည် ဝတ္ထုနှင့် ဇာတ်လမ်းတွဲအား ယှဉ်တွဲဖော်ပြလာပြီး စကားပြောခန်းများနှင့် ဇာတ်လမ်းဇာတ်ကွက်များမှာ ဝတ္ထုနှင့် ထပ်တူညီလုနီးပါးပင်။ ရလဒ်အနေနှင့် စုံစမ်းစစ်ဆေးရန်အတွက် ဇာတ်လမ်းတွဲပြသမှုအား ယာယီရပ်ဆိုင်းလိုက်ရသည်။ ခိုင်မာသော သက်သေအထောက်အထား ရှာဖွေတွေ့ရှိပါက ‘ယာယီ’ ဟူသော အဆင့်မှာ ထာဝရ သို့ ပြောင်းလဲသွားနိုင်သည်။

ယင်းသည် နင်ထျန်းယိုအတွင်း ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။ အထူးသဖြင့် ရှယ်ယာရှင် အများအပြားသည် နင်ထျန်းယိုအား အတော်လေး သဘောမတွေ့ ကြသောကြောင့် သူ့အား ဆက်လက်ထောက်ခံမှုပေးရန် ငြင်းဆိုကြလေသည်။

ဤအခြေအနေအား အခွင့်ကောင်းယူကာ နင်ဝမ်ကျိုးသည် ရှယ်ယာရှင် အစည်းအဝေးတစ်ခု ဖိတ်ခေါ်ကျင်းပပြီး နင်ထျန်းယို၏ နေရာအား အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

အစည်းအဝေးပြီးနောက် နင်ထျန်းယိုမှာ မှုန်ယိုကာ ရူးသွပ်လုနီးနီး ဖြစ်နေပြီး နင်ဝမ်ကျိုးအား အဆိပ်ပြင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
“ကောင်းတယ်.. မင်း စောင့်နေလိုက်..”

သို့သော် နင်ဝမ်ကျိုးက မတုန်မလှုပ်ဖြင့် အေးစက်စွာ ပြန်ပြောလိုက်သည်။
“လက်စားချေဖို့လား.. မဖြစ်နိုင်တော့မှာ စိုးရိမ်မိပါတယ်..”

ထိုသို့ပြောပြီးနောက်မှာပင် အစည်းအဝေးခန်းတံခါး ပွင့်လာပြီး ရဲအရာရှိများ ဝင်ရောက်လာကြသည်။
“မစ္စတာ နင်ထျန်းယိုလား.. နင်ထျန်းကျိုးနဲ့ ဇနီးဖြစ်သူကို သတ်ဖြတ်တယ်လို့ သံသယရှိမှုနဲ့ စုံစမ်းစစ်ဆေးဖို့ ခေါ်သွားရပါမယ်.. မေးမြန်းမှု ခံယူဖို့ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ..”

နင်ထျန်းယိုက မယုံကြည်နိုင်စွာဖြင့် နင်ဝမ်ကျိုးအား ကြည့်လိုက်သည်။

မဖြစ်နိုင်ဘူး.. ဒီကိစ္စတွေကို အကုန်လက်စဖျောက်ပြီး ဖုံးဖိထားတာ.. ဘယ်သူမှ မသိနိုင်ဘူး..

ဒါမှမဟုတ်.. ဖြစ်နိုင်တာက..

ကုရှင်းရှစ်၏ လျှို့ဝှက်ဆန်းကြယ်သော မဟာမိတ် 10086 ကို အမှတ်ရမိပြီးနောက် နင်ထျန်းယို၏ မျက်နှာတွင် ကြောက်ရွံ့မှုတို့ ထင်ဟပ်လာသည်။ 

သူ ကုရှင်းရှစ်အား ရန်မစခဲ့မိပါလျှင်...

*

တစ်ချိန်တည်းမှာပင် ‘သံသရာလည်ခြင်း’ မှာလည်း ကြောက်ခမန်းလိလိ နာမည်ကြီးနေခြင်းဖြစ်သည်။ ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကောင်နှင့် ရိုက်ကွင်းအပြင်အဆင်တို့မှာ လူမှုကွန်ရက်တစ်ဝှမ်း၌ အပြိုင်အဆိုင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ပရိသတ်များသည် ဇာတ်လမ်းတွဲအကြောင်း အဓိကထား ဆွေးနွေးကြခြင်း ဖြစ်သော်ငြား ဖျော်ဖြေရေးလောကရှိ အကောင်ကြီးကြီးများမှာမူ ဇာတ်လမ်းတွဲ နောက်ကွယ်ရှိ ထုတ်လုပ်ရေးအဖွဲ့ကို ပိုမိုစိတ်ဝင်စားနေကြသည်။

ယခုအခါတွင် ‘သံသရာလည်ခြင်း’ မှာ Film Hub ၏ အစမ်းပရောဂျက် တစ်ခုဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ဇာတ်လမ်းတွဲ၏ မြင့်မားသော စွမ်းဆောင်ရည်နှင့် အရည်အသွေးသည် Film Hub ၏ လုပ်နိုင်စွမ်းအား ပြသလိုက်ခြင်း ဖြစ်သည်။ Film Hub ၏ ဂုဏ်သတင်းမှာ မိုးထိအောင် မြင့်မားလာပြီးနောက် ပူးပေါင်းဆောင်ရွက်လိုသော ကုမ္ပဏီများစွာ ရှိလာသည်။

အောင်မြင်မှုအတွက် အများဆုံး အကျိုးအမြတ် ရရှိသူ တစ်ဦးဖြစ်သည့် ဝမ်ယွဲ့မှာ ဤရက်ပိုင်း၌ အတော်လေး စိတ်ပျော်ရွှင်နေတော့သည်။

ထိုသို့ ဖြစ်လာစေရန် လုပ်ဆောင်ပေးခဲ့သည့် အဓိကလူကိုလည်း သူ မမေ့ပေ။

ဤပူးပေါင်းမှုပြီးနောက် ဝမ်ယွဲ့သည် ကုရှင်းရှစ်၏ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်နှင့် ဆင်ခြင်တုံတရား ရှိမှုတို့အပေါ် အတော်လေး လေးစားနေမိသည်။ ကုရှင်းရှစ်၏ ကျွမ်းကျင်မှုနှင့် အကျင့်စရိုက်တို့ကြောင့် ဝမ်ယွဲ့သည် နောက်ပိုင်း၌လည်း ကုရှင်းရှစ်နှင့် လေးနက်သည့် ဆက်ဆံရေး*တစ်ခုရှိရန် အချိန်ကျပြီဟု ခံစားမိသည်။ (*လုပ်ငန်းပိုင်း)

ထို့ကြောင့် ထန်လင်းအား ခေါ်လိုက်သည်။
“ဒီည စားသောက်ဆိုင်တစ်ခု နေရာကြိုယူထားလိုက်.. ဥက္ကဌကုကို ညစာစားဖို့ ချိန်းချင်တယ်..”

ထန်လင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
“ဥက္ကဌဝမ်.. ဒီညလားမသိဘူး..”

ဝမ်ယွဲ့သည် တစ်ဖက်၌ ဖုန်းလက်ခံဖြေကြားနေခြင်း ဖြစ်သောကြောင့် ထန်လင်း၏ လေသံထဲရှိ ထူးဆန်းမှုအား သတိမပြုမိဘဲ ရိုးရိုးသားသား ခေါင်းညိတ်လိုက်သည်။

ထိုနေ့ညနေ၌ ဝမ်ယွဲ့ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ထန်လင်း ကြိုတင်နေရာယူထားသည့် စားသောက်ဆိုင်မှာ ပုံမှန် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးသည့် ဆိုင်မျိုး မဟုတ်ဘဲ မိုးမျှော်တိုက်တစ်ခု၌ ဖွင့်ထားသော စားသောက်ဆိုင် ဖြစ်နေသောကြောင့် ဝမ်ယွဲ့ အံ့အားသင့်သွားမိသည်။

ဝမ်ယွဲ့ မျက်ခုံးများ တွန့်ချိုးသွားမိသော်ငြား ထန်လင်း၏ အကဲဖြတ်မှုအပေါ် ယုံကြည်သောကြောင့် ထိပ်ဆုံးထပ်ရှိ သီးသန့်ခန်းသို့ လိုက်ပါသွားသည်။

အခန်းအတွင်းရှိ အပြင်အဆင်အား မြင်လိုက်ရချိန်တွင် မျက်လုံးများ မှေးကျဉ်းသွားတော့သည်။

အခန်းတစ်ခုလုံး နှင်းဆီပန်းများ ပြည့်နေပြီး ပြင်သစ်စတိုင် ပြတင်းပေါက်များမှတစ်ဆင့် မြို့ပြ၏ ညအလှအား ခံစားရှုမြင်နိုင်သည်။ နီယွန်မီးများမှာ အတော်လေး အိပ်မက်ဆန်လေသည်။ စနစ်တကျ ဝတ်ဆင်ထားသော တယောပညာရှင်သည် စားပွဲအနီး၌ ကြည်နူးဖွယ်ကောင်းသော တေးသွားတစ်ခု တီးခတ်နေသည်။

အခန်းတစ်ခုလုံးမှာ ကြည်နူးမှုများ ထုံမွှမ်းနေတော့သည်။

ဝမ်ယွဲ့ :  “…”

ငါက စီးပွားရေးလုပ်ငန်းတွေ ဆွေးနွေးဖို့ ညစာစားချင်တာလေ.. အခုက ဘာလား..

ထန်လင်း.. ဒီကောင် ရူးသွားတာလား..


🍉🍉🍉

ထန်လင်းကလည်း အရောက်ပို့လိုက်ပြီ😆🍉 အခန်း ၉၀


ဝမ်ယွဲ့ ထန်လင်းအားခေါ်ကာ ဖြေရှင်းချက်တောင်းမည် ပြုစဉ်မှာပင် တံခါးပွင့်လာပြီး စားပွဲထိုးနောက်မှ ကုရှင်းရှစ် ဝင်လာသည်။

ကုရှင်းရှစ်က အံ့ဩတကြီးဖြင့် အခန်းအတွင်းသို့ ကြည့်လိုက်သည်။ သူ၏ အမူအရာမှာ အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေသည်။

ဝမ်ယွဲ့၏မျက်ခုံးများ တွန့်ကွေးသွားပြီး ဤအခြေအနေအား မည်သို့ ဖြေရှင်းရမည်ကို မတွေးတတ်အောင် ဖြစ်နေတော့သည်။ သူ ဘာမှ မပြောနိုင်ခင်မှာပင် ကုရှင်းရှစ်က သူ့အားဖြတ်ကျော်ကာ ပြတင်းပေါက်ရှိရာသို့ တန်းတန်းမတ်မတ် သွားလေသည်။
“ဝိုးးး ရှုခင်းက အမိုက်စားပဲ..”

ထိုသို့ပြောရင်း မျက်လုံးလေးများ ပြူးကာဖြင့် အံ့ဩတကြီး ကြည့်နေလေ၏။

ထို့နောက် ပြုံးရွှင်သောမျက်နှာဖြင့် ပြန်လည့်လာပြီးနောက် မေးလိုက်သည်။
“ဥက္ကဌဝမ်.. ကျွန်တော် ဒီနေရာမှာ စားချင်နေတာကို  á€˜á€šá€şá€œá€­á€Żá€žá€­á€á€Źá€œá€˛..”

ဝမ်ယွဲ့ : “...”

မဟုတ်ဘူး.. ငါ မသိခဲ့ဘူး..

ကုရှင်းရှစ်က နောက်ဆုံးတွင် အခန်းအပြည့် ရှိနေသည့် နှင်းဆီပန်းများအား သတိပြုမိသွားသည်။

“ပန်းတွေက ဘာလုပ်တာလဲ..”
သူက သိလိုစိတ်ဖြင့် မေးလိုက်သည်။

ဝမ်ယွဲ့ စိတ်ပျက်လက်ပျက်နှင့် မျက်လုံးများ မှိတ်လိုက်မိသည်။
“ဥက္ကဌကု.. ငါ ရှင်းပြပါရ..”

“မလိုတော့ဘူး.. ကျွန်တော်သိပြီ..”

ကုရှင်းရှစ်က သိနေတယ်ဟုသော ပုံစံဖြင့် တုံ့ပြန်လိုက်သည်။
“ဒီနေ့က ချီရှီပွဲတော်နေ့လေ.. သူတို့က ဒီလိုမျိုး အလှဆင်ထားတာ လှသားပဲ..”

ဝမ်ယွဲ့ : “...”

ဒါက တကယ်ပဲ ‘ပုံမှန်’ အခန်းအလှဆင်တာလား..

ကုရှင်းရှစ်၏ အစစ်အမှန် သဘောကျ နှစ်သက်နေပုံနှင့် အခြားအရာများအား သတိမပြုမိဟန် လေသံကြောင့် ဝမ်ယွဲ့ ပြောစရာစကားပင် မဲ့သွားရသည်။ သူ၏ သံသယများအား ဖိနှိပ်ကာ ကုရှင်းရှစ်နှင့် မျက်နှာချင်းဆိုင်ခုံတွင် ထိုင်လိုက်ပြီး ထိုပုံစံမှာ မမျှော်လင့်ဘဲ ရင်းနှီးနေသယောင် ခံစားရသည်။

စားပွဲမှာ သူထင်ထားသည်ထက် ပိုမိုသေးငယ်နေသဖြင့် ဝမ်ယွဲ့ လှုပ်ရှားလိုက်ချိန်တွင် သူ့ဒူးခေါင်းသည် ကုရှင်းရှစ်၏ ဒူးခေါင်းနှင့် မတော်တဆ ပွတ်တိုက်မိသွားသည်။ အဝတ် ၂ ထပ် ခံနေသည့်တိုင်အောင် ယင်းသည် ပူလောင်သလို ခံစားရစေသောကြောင့် ချက်ချင်းပင် ခြေထောက်ပြန်ရုတ်လိုက်သည်။

ကုရှင်းရှစ်က ယင်းအား သတိမပြုမိပုံရပြီး စားပွဲပေါ်ရှိ အပြင်အဆင်ကိုသာ စိတ်ဝင်စားနေပုံရသဖြင့် ဝမ်ယွဲ့ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချမိတော့သည်။

သို့တိုင်အောင် သူ့နှလုံးသားထဲ၌ တစ်နည်းနည်းနှင့် မကျေမနပ်စိတ်လေး ပေါ်လာသည်။

နေရာယူပြီးနောက် စားပွဲထိုးများမှ ဟင်းပွဲများ ယူလာကြသည်။

ကျေးဇူးတင်စရာကောင်းစွာပင် ဟင်းလျာများမှာ ပုံမှန်ဟင်းလျာများ ဖြစ်သောကြောင့် ဝမ်ယွဲ့ စိတ်လျှော့လိုက်နိုင်သည်။

ကုရှင်းရှစ်နှင့် စကားပြောခန်းသည်လည်း အဆင်ပြေပြေပင် ဖြစ်သောကြောင့် ဝမ်ယွဲ့သည် ကုရှင်းရှစ်အား ပိုမို အထင်ကြီးလေးစားမိလာသည်။ ကုရှင်းရှစ်သည် ဖျော်ဖြေရေးလောကနှင့် ပတ်သက်၍ ဗဟုသုတ ကြွယ်ဝရုံတင် မကဘဲ အမျိုးမျိုးသော လုပ်ငန်းနယ်ပယ်များကိုလည်း ထိုးထွင်းသိမြင်နိုင်စွမ်း ရှိလေသည်။ အခြားနယ်ပယ်များတွင် နက်ရှိုင်းသော ဗဟုသုတ မရှိသည့်တိုင်အောင် သူ၏ တမူထူးခြားသော ရှုထောင့်အမြင်နှင့် သုံးသပ်ချက်များသည် စကားဝိုင်းအား လန်းဆန်းတက်ကြွနေစေသည်။

ဝမ်ယွဲ့က ကုရှင်းရှစ်အား သဘောကျစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဥက္ကဌကုက အတော်လေး ငယ်ရွယ်သေးတာတောင် အတွေ့အကြုံ ရင့်ကျတ်မှုရှိတာပဲ..”

ကုရှင်းရှစ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“တကယ်တော့ ကျွန်တော် အရင်က အလုပ်မျိုးစုံ လုပ်ခဲ့ဖူးတယ်လေ.. အဲဒါကြောင့် ဟိုဟိုဒီဒီ ကိစ္စလေးတွေ သိထားတော့တာပေါ့..”

ဝမ်ယွဲ့ အံ့အားသင့်သွားပြီး သူတို့နှစ်ဦး ပထမဆုံး လက်ဆွဲနှုတ်ဆက်ချိန်တွင် ကုရှင်းရှစ်၏ အသားမာတက်နေသော လက်ဖဝါးများအား အမှတ်ရမိလိုက်သည်။ ထိုစဉ်က အတော်လေး ထူးဆန်းသည်ဟု ခံစားမိခဲ့သော်ငြား ယခုအခါတွင်မူ အဓိပ္ပါယ်ရှိသွားလေပြီ။ ကုရှင်းရှစ်သည် လက်ရှိ အနေအထားသို့ မရောက်ရှိခင် အမျိုးမျိုးသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရမည်။

ယင်းသည် ဝမ်ယွဲ့၏ ရင်ဘတ်ထဲရှိ တစ်စုံတစ်ခုအား ဖျစ်ညှစ်ခံရသလို ခံစားရစေသည်။

ထို့နောက် ကုရှင်းရှစ်၏ ပျော်ရွှင်အံ့အားသင့်နေသော အသံသည် ဝမ်ယွဲ့၏ အတွေးများအား နှောင့်ယှက်လိုက်သည်။
“ဝိုးးး ဒီ အသားကင်က အရမ်းကောင်းတယ်.. ဥက္ကဌဝမ်.. စားကြည့်ပါဦး..”

ဝမ်ယွဲ့က လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာပြီး အပူအပင်မဲ့ပြီး စစ်မှန်ပျော်ရွှင်စွာ စားသောက်နေသည့် ကုရှင်းရှစ်အား ကြည့်လိုက်သည်။

ကုရှင်းရှစ်က သူ့အတိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးများ ရှိပုံမရဘဲ နေမင်းကဲ့သို့ တောက်ပကာဖြင့် အကောင်းမြင်စိတ် ရှိလေသည်။ သူ့အနားတွင် ရှိနေသည့် မည်သူမဆို တူညီသည့် နွေးထွေးမှုအား ခံစားရလိမ့်မည်။

စိတ်ပေါ့ပါးသွားပြီးနောက် ဝမ်ယွဲ့ နှုတ်ခမ်းထောင့်များလည်း ပြုံးနေမိတော့သည်။

အဓိကဟင်းလျာ စားသောက်ပြီးနောက် စားပွဲထိုးက အချိုပွဲ ယူဆောင်လာခဲ့သည်။ ဝမ်ယွဲ့၏ စိတ်လက်ပေါ့ပါးနေသော အခိုက်အတန့်လေးမှာ ချက်ချင်းပင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားရတော့သည်။

အချိုပွဲမှာ နူးညံ့သော ပန်းရောင်အသဲသဏ္ဌာန် ကိတ်ကလေးဖြစ်ပြီး အပေါ်ယံတွင် ‘ဂျယ် တဲမ်’ ဟူသော ပြင်သစ်စကားလုံးအား လှပကျော့ရှင်းစွာ ရေးထိုးထားသည်။ နှင်းဆီပန်းများမှာ အကြောင်းတစ်ရပ်ဖြစ်ပြီး ဤတစ်ခုမှာမူ ချီရှီပွဲတော်နေ့အတွက် အလှဆင်ထားခြင်း မဖြစ်နိုင်တော့ချေ။

ဝမ်ယွဲ့ အံကြိတ်မိလိုက်သည်။

“ဥက္ကဌကု..”
ဝမ်ယွဲ့ ရှင်းမပြမီမှာပင် ကုရှင်းရှစ်သည် ကိတ်မုန့်အား ဓားဖြင့် နှစ်ပိုင်း ပိုင်းချလိုက်တော့သည်။

ဝမ်ယွဲ့၏ ချီတုံချတုံအမူအရာအား မြင်ပြီးနောက် ကုရှင်းရှစ် ခေါင်းစောင်းကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ..”

ဝမ်ယွဲ့ : “.. ဘာမှ မဖြစ်ပါဘူး..”

ကုရှင်းရှစ်သည် ပျော်ရွှင်စွာဖြင့် ကိတ်မုန့်တစ်ပိုင်းအား သူ၏ ပန်းကန်ပြားအတွင်းသို့ ထည့်ကာ ‘ချစ်တယ်’ ဟု အဓိပ္ပါယ်ရသော စကားလုံးအား တစ်ကိုက်တည်း ကိုက်ချလိုက်တော့သည်။

ဝမ်ယွဲ့ : “...”

ကောင်းပြီ.. ဥက္ကဌကုက ပြင်သစ်စကား မသိပုံပဲ.. သေချာ မဖတ်လိုက်တာမျိုး ဖြစ်လောက်တယ်..

ဝမ်ယွဲ့ စိတ်လက်ပေါ့ပါးမည် ပြင်စဉ်မှာပင် ကုရှင်းရှစ်က ရုတ်တရက် ရှေ့တိုးကာ သူ့ထံသို့ ကိုင်းလာသည်။

ကုရှင်းရှစ်၏ ချောမောသောမျက်နှာလေး နီးကပ်လာသောအခါ မျက်တောင်ရှည်များ၏ အရိပ်ကိုပင် မြင်တွေ့နေရသည်။ သူ့အကြည့်များသည်လည်း တည်ငြိမ်လာသည်။ ဝမ်ယွဲ့၏ မြင်ကွင်းထဲ၌ ကုရှင်းရှစ်၏ မျက်နှာဖြင့် ပြည့်နှက်သွားပြီး အထူးသဖြင့် လှပသေသပ်သော နှုတ်ခမ်းလေးဆီမှ အကြည့်မလွှဲနိုင်တော့ချေ။

အလယ်တွင် ခပ်မို့မို့လေးဖြစ်နေသော နှုတ်ခမ်းလေးမှာ အချိုပွဲ ကိတ်မုန့်မှ ပန်းရောင်ခရင်မ်များ ပေနေသဖြင့် နူးနူးညံ့ညံ့နှင့် တစ်ကိုက်မျှကိုက်ရန် ဖိတ်ခေါ်နေသယောင်ပင်။ အသက်ရှူချိန်တိုင်းတွင် ရရှိနေသည့် လိမ္မော်သီးနံ့ ခပ်သင်းသင်းလေးမှာ စတော်ဘယ်ရီ၏ ချိုမြိန်မှုနှင့် ပေါင်းစပ်ပြီး နှာသီးဝ၌ စွဲထင်ကျန်နေသည်။

ဝမ်ယွဲ့၏ နှလုံးခုန်သံ ကျယ်လောင်လာပြီး ပုံမှန်မဟုတ်တော့ချေ။

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားရသဖြင့် ပေါင်ပေါ်ရှိ လက်သီးဆုပ်မှာ တင်းတင်းဆုပ်ထားရသောကြောင့် သွေးကြောများပင် ထောင်ထနေတော့သည်။

အကြည့်လွှဲရန် ကြိုးစားသော်ငြား သူ မြင်တွေ့ရသမျှမှာ ကုရှင်းရှစ်သာ ဖြစ်နေသည်။

ထိုသူ၏ အဖြူရောင်ရှပ်အင်္ကျီမှာ ကော်လံနားရှိ ကြယ်သီးတစ်လုံးအား ဖြုတ်ထားသောကြောင့် ချောမွေ့သည့် လည်တိုင်လေးနှင့် ညှပ်ရိုးအား လှစ်ဟထားသလို ဖြစ်သည့်အပြင် အသားအရေသည်လည်း ကျောက်စိမ်းကဲ့သို့ တောက်ပချောမွေ့ကာ ပြစ်ချက်ကင်းလေသည်။ ရှပ်အင်္ကျီအား ဘောင်းဘီထဲသို့ သေသပ်စွာ ထည့်ဝတ်ထားသောကြောင့် သွယ်လျသော ခါးလေးအား ထင်းနေစေသည်။ အထည်၏ ဆွဲသားသည် ခန္ဓာကိုယ် ကောက်ကြောင်းများအား အရိပ်အမြွက်များ မြင်ရရန် လုံလောက်သောကြောင့် ဆန့်ကျင်ဘက် အသွင်အပြင်သည် မျက်လုံးအား ဖမ်းစားထားလေသည်။

ဝမ်ယွဲ့၏ အသက်ရှူသံများ မြန်လာသည်။

ထိုအချိန်မှာပင် ကုရှင်းရှစ် ခါးပြန်မတ်လိုက်ပြီး သူ့လက်ဖဝါးထဲ၌ နှင်းဆီပွင့်ချပ်တစ်ခု ရှိနေသည်။
“ဥက္ကဌဝမ်ရဲ့ ခေါင်းပေါ်မှာ နှင်းဆီပွင့်ချပ်တစ်ခု ရှိနေလို့..”

ကုရှင်းရှစ်၏အပြုံးမှာ သန့်စင်ပြီး စက္ကန့်ပိုင်းလေးအတွင်း ဖြစ်တည်လာသည့် တင်းမာမှုများအား သတိမပြုမိပုံပင်။

ဝမ်ယွဲ့ အာခေါင်ခြောက်လာပြီး အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါ..”

“ရပါတယ်..”
ကုရှင်းရှစ် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး စကားဆက်ကြသည်။

ဝမ်ယွဲ့က သူတို့၏ စကားဝိုင်းအား အာရုံစိုက်ရန် ကြိုးစားနေသော်ငြား သူ၏ စိတ်မှာ အစောပိုင်း အခိုက်အတံ့လေးကိုသာ ပြန်တွေးနေမိသည်။ လေထုထဲ၌ လိမ္မော်သီးနံ့ ခပ်ဖျော့ဖျော့လေး ရနေဆဲပင်။

လက်ရှိအချိန်သို့ ပြန်ရောက်ရန် စိတ်စွမ်းအင်အားလုံး အသုံးပြုလိုက်ရသည်။

ကုရှင်းရှစ်က သူ့ခေါင်းပေါ်ရှိ နှင်းဆီပွင့်ချပ်အား ကူညီဖယ်ရှားပေးခဲ့ခြင်းသာ ဖြစ်သည်။ 
ငါ့စိတ်က ဘာလို့ ဒီလောက်တောင် ယောက်ယက်ခတ်နေရတာလဲ…

အခန်းအတွင်းရှိ အပြင်အဆင်မှာလည်း သူ၏စိတ်အခြေအနေအား သက်ရောက်မှု ရှိလေသည်။

အဲဒါကြောင့်ပဲ ဖြစ်ရမယ်..

ဝမ်ယွဲ့က သူ့ကိုယ်သူ အယုံသွင်းလိုက်ပြီး တောင့်တင်းနေသည့် ခန္ဓာကိုယ်တစ်ခုလုံးမှာ ကျောက်ထွင်း၍ပင် ရလေသည်။

ကံအားလျော်စွာ အချိုပွဲ စားနေစဉ် ပုံမှန်မဟုတ်သည့် အရာများ ထပ်ဖြစ်မလာတော့ချေ။ ထို့နောက် နှစ်ဦးသားသည် ညနေခင်း တွေ့ဆုံမှုအား ပျော်ရွှင်ချမ်းမြေ့စွာ အဆုံးသတ်ခဲ့ကြသည်။

ကုရှင်းရှစ်က စားပွဲထိုးထံမှ အပေါ်ဝတ်အား ယူပြီးနောက် တောက်ပစွာပြုံးလိုက်သည်။
“ချစ်စရာကောင်းတဲ့ ညစာလေးအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌဝမ်..”

“အခုလို ကြားရတာ ဝမ်းသာပါတယ်.. ဒီနေ့ ပြောခဲ့တာတွေက တကယ်ပဲ အမြင်ကျယ်ရပါတယ်..”
ဝမ်ယွဲ့ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ သူ့အကြည့်မှာ ကုရှင်းရှစ်၏ အညိုဖျော့ရောင် ဦးခေါင်းထိပ်တွင်သာ အကြည့်ရောက်နေပြီး စားသောက်ဆိုင်မှ ဘေးချင်းယှဉ် ထွက်လာခဲ့ကြသည်။

အပြင်ဘက်သို့ ရောက်သည်နှင့် ဝမ်ယွဲ့က သူ့ကားရှိရာသို့ လက်ပြလိုက်သည်။
“နောက်ကျနေပြီဆိုတော့ လိုက်ပို့ပါရစေ..”

“အိုး.. ရပါတယ်..”
ကုရှင်းရှစ် လက်ယမ်းပြလိုက်သည်။
“ကျွန်တော့်ရဲ့ အနုပညာရှင် တစ်ယောက်က ဒီအနီးအနားမှာပဲ ရိုက်ကူးရေးရှိတာလေ.. သူတို့နဲ့ပဲ ပြန်လိုက်ပါ့မယ်..”

ဝမ်ယွဲ့ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ.. ဒါဆိုလည်း အပြန်လမ်းမှာ ဂရုစိုက်ပါ..”

“ကျေးဇူးပါ.. ပြန်တွေ့ကြမယ်..”

ကုရှင်းရှစ် ဝမ်ယွဲ့၏ ဇိမ်ခံကား၏ ပြတင်းပေါက်မှတစ်ဆင့် လက်ပြနှုတ်ဆက်လိုက်သည်။ ဝမ်ယွဲ့၏ကား မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ဖုန်းထုတ်ကာ ကားခေါ်လိုက်သည်။

ကားပေါ်သို့ တက်ပြီးနောက် ကုရှင်းရှစ် မျက်လုံးမှိတ်ကာ စနစ်အား ခေါ်လိုက်သည်။
[ရပြီ ပြောတော့..]

ပုံမှန်အားဖြင့် အလွန်အမင်း တက်ကြွနေတတ်သော စနစ်က ပုံမှန်မဟုတ်ဘဲ တွန့်ဆုတ်နေကာ သူ၏ ချိုမြိန်သော အချိန်လေးအား အနှောင့်အယှက် ပေးခံလိုက်ရသလို ဖြစ်နေသည်။
[ဘာ.. ဘာပြောရမှာလဲ.. ပိုင်ရှင်..]

ကုရှင်းရှစ် အေးစက်စွာ ပြုံးလိုက်သည်။
[မှန်းကြည့်လေ..]

ကုရှင်းရှစ်၏ ခြိမ်းခြောက်သံအား နားထောင်ပြီးနောက် စနစ်က ဟန်ဆောင်နေခြင်းအား ရပ်လိုက်တော့သည်။ 

[ဒီနေ့ကိစ္စ.. ဘယ်သူ စီစဉ်တာလဲ.. ဒီလောက်ကြီးတဲ့ အမှားကို.. ပြီးတော့ မင်းလိုမျိုး အတင်းအဖျင်း စွဲလမ်းနေတဲ့ စနစ်က ‘မသိဘူး’ ပေါ့လေ..]

စနစ် အေးခဲသွားသည်။ 
[...]

လူမိသွားပြီ ဖြစ်သောကြောင့် စနစ်သည် ကုရှင်းနှင့်နှင့် ဝမ်ယွဲ့တို့၏ အရည်ရွမ်းရွမ်း ဖရဲသီးအား အသေးစိတ်ကျကျ ဖွင့်ဟဝန်ခံလိုက်ရတော့သည်။

ကုရှင်းရှစ် ပစ်လဲသွားမတတ်ပင်။

စားသောက်ဆိုင်အတွင်း ခြေချလိုက်သည်နှင့် အပြင်အဆင်မှာ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။ အစောပိုင်း၌ ဝမ်ယွဲ့သည် သူ့အား ပိုးပန်းရန် ကြိုးစားခြင်းဖြစ်မည်ဟု ထင်မိခဲ့သော်ငြား ဝမ်ယွဲ့၏ မသက်မသာ အမူအရာအား သတိပြုမိလိုက်သည်။ သူ၏ အမူအရာမှာ ချီတုံချတုံ ဖြစ်နေပြီး အနည်းငယ် ကိုးရိုးကားယားနှင့် နေရခက်နေလေသည်။

ဝမ်ယွဲ့သာ ဤသည်အား ပြင်ဆင်ထားခြင်း ဖြစ်လျှင် ထိုသို့ စိတ်မလုံမခြုံ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ဤကိစ္စ၌ နားလည်မှုလွဲနေခြင်း ရှိရမည်ဟု ကုရှင်းရှစ် အလျင်အမြန်ပင် သဘောပေါက်လိုက်သည်။ သေချာစေရန် ဝမ်ယွဲ့အား အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီး ဤညစာမှာ ဝမ်ယွဲ့၏ စိတ်ကူးမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ညစာအား ဝမ်ယွဲ့၏လက်ထောက် ထန်လင်း ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။ ဝမ်ယွဲ့၏ ညွှန်ကြားချက် မဟုတ်ဘဲ ထန်လင်းသည် သူ့စိတ်ကူးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဝမ်ယွဲ့၏ အယုံကြည်ရဆုံး လက်ထောက်ဖြစ်သည့် ထန်လင်းသည် ထိုသို့သော အကျင့်စရိုက်နှင့် မကိုက်ညီသည့် ဆုံးဖြတ်ချက်မျိုး ပြုလုပ်ရန်မှာ စုံစမ်းစစ်ဆေး ကြည့်သင့်သော ကောလာဟလမျိုး ရှိသည်ဟု ဆိုလိုသည်။

ထို့အပြင် ပုံမှန်အားဖြင့် လွန်စွာစကားများသော စနစ်သည်လည်း သံသယဝင်စရာ ကောင်းလောက်အောင် တိတ်ဆိတ်လျက်ရှိနေသည်။

ကုရှင်းရှစ်က ဇာတ်လမ်းအစအား အနည်းအကျဉ်း ခန့်မှန်းခဲ့သော်ငြား အဆုံးသတ်မှာ လုံးလုံးလျားလျား ပေါက်ကွဲသွားတော့သည်။

ဤသို့သော အဖြစ်အပျက်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

အဲဒီ ယုံကြည်ဖို့မကောင်းတဲ့ စွန်းဟုန်ဖေး.. ပေါက်ကရ ကောလာဟလတွေ ဖြန့်နေမဲ့အစား အလုပ်ကြိုးစားပြီး ဇာတ်ညွှန်းရေးပါလား.. အခုလောက်ဆို ဆုတောင် ရနေလောက်ပြီ.. ငါနဲ့ ဝမ်ယွဲ့က လက်တစ်ဖက် ပြည့်အောင်တောင် တွေ့ဖူးတာ မဟုတ်ဘူး.. အတင်းအဖျင်းတွေ ဖြန့်မယ်ဆိုရင်လည်း အချိန်လေး နေရာလေး ယုတ္တိရှိအောင် လုပ်ဦးမှပေါ့..

ဤသည်မှာ ကုရှင်းရှစ်၏ အမှားလည်းဖြစ်သည်။ အင်အားကြီးသော နောက်ခံတစ်ခု  á€›á€žá€­á€”္သယ္ဏင် ဟန်မဆောင်ခဲ့သင့်ပေ။ ယခုအခါ အသိုင်းအဝိုင်း တစ်ခုလုံး မဟုတ်မမှန် ကောလာဟလများ ပျံ့နှံ့လျက် ရှိလေပြီ။

အနာဂတ်မှာ ဝမ်ယွဲ့ကို ဘယ်လို ရင်ဆိုင်ရမလဲ…

စနစ်က ဝမ်းနည်းနေမိဆဲ ဖြစ်သည်။
[ဒီအကြောင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ခဲ့ပါဘူး.. ဒါပေမဲ့ အဲဒီ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေက အဲလောက်ကြီး ပြန့်ကားသွားလိမ့်မယ်လို့ ငါလည်း မထင်ခဲ့မိဘူး.. တောင်းပန်ပါတယ်.. တကယ် တောင်းပန်ပါတယ်..]

ကုရှင်းရှစ် အသက်ပြင်းပြင်း ရှူလိုက်သည်။
[ဒီ ‘ကောလာဟလ’ ကို ဖျော်ဖြေရေးလောကထဲက လူဘယ်လောက် သိနေကြတာလဲ..]

စနစ်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ခပ်တိုးတိုး ပြောလာသည်။
[ဖျောဖြေရေးလောက တစ်ဝက်လောက်..]

ကုရှင်းရှစ် : [...]

ဖျော်ဖြေရေးလောကထဲက တခြားသူတွေရဲ့ အတင်းအဖျင်းတွေနောက်ကို လိုက်နေရင်း ငါကိုယ်တိုင်က အတင်းအဖျင်း ဗဟိုချက် ဖြစ်နေပါရောလား..

ဝဋ်ဆိုတာက တကယ်ပဲ လည်တတ်ပါလားနော်.. ရှေးခေတ် အဆိုအမိန့်တွေက မမှားဘူးဆိုတာ တကယ်ပါပဲ..

*

နောက်တစ်နေ့တွင် ဝမ်ယွဲ့ ရုံးသို့ ရောက်လာသည်။

ထန်လင်းက ဘော့စ်ဖြစ်သူ၏ အမူအရာအား မသိမသာ အကဲခတ်နေမိသည်။ သို့သော် ဝမ်ယွဲ့မှာ ပုံမှန်အတိုင်းပင် ဖြစ်ပုံရပြီး ထူးခြားသော စိတ်အခြေအနေမျိုး ရှိဟန်မတူချေ။ ယင်းသည် ထန်လင်းအား အနည်းငယ် မသေမချာ ခံစားရစေသည်။

ငါ သေသေချာချာလေး စီစဉ်ပေးထားတဲ့ ညစာက မကောင်းလို့များလား.. အဲဒါကြောင့် ဝမ်ယွဲ့နဲ့ ကုရှင်းရှစ်က စီစဉ်ထားသလိုမျိုး တစ်ညတာ အတူတူ မကုန်ဆုံးခဲ့ကြဘူးလား..

သို့သော် ဝမ်ယွဲ့၏ အမူအရာမှာ စိတ်မကျေနပ်ပုံလည်း မရချေ။

ထိုသို့ဖြင့် ထန်လင်းသည် အသေးစိတ်ကျကျ သုံးသပ်မှု ဆက်လုပ်တော့သည်။ ဝမ်ယွဲ့သည် အဝါရောင်ကျောက်မျက်နှင့် ပြုလုပ်ထားသော လိမ္မော်သီးလေးများနှင့် တူသည့် လက်ကြယ်သီးတစ်စုံကို ဝတ်ဆင်ထားသည်ကို သတိပြုမိသည်။ ထန်လင်းသည် ထိုလက်ကြယ်သီးများအား ကောင်းစွာ မှတ်မိနေဆဲဖြစ်သည်။ ထိုကျောက်မျက်သည် တန်ဖိုးကြီးသော်ငြား ဒီဇိုင်းမှာ ရိုးရှင်းသည်ဟု ထင်မှတ်သဖြင့် ဝမ်ယွဲ့ ဝတ်ဆင်လေ့ မရှိချေ။

ထိုအဖြစ်အပျက်အား စဉ်းစားနေသည့် တစ်ချိန်တည်းမှာပင် ထန်လင်းသည် တည်ကြည်သော အမူအရာဖြင့် ဝမ်ယွဲ့အား တစ်နေ့တာ အချိန်ဇယားအား အစီရင်ခံနေခြင်း ဖြစ်သည်။
“မနက် ၁၀ နာရီမှာ Film Hub နဲ့ စက်အသစ်ရဲ့ ဆော့ဖ်ဝဲ အဆင့်မြှင့်တင်မှုတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းအစည်းအဝေး ရှိပါတယ်..”

ဝမ်ယွဲ့ ခေတ္တမျှ စဉ်းစားလိုက်သည်။
“ခေါ်ဆိုမှုကို ဖျက်လိုက်.. လူကိုယ်တိုင်သွားပြီး သရုပ်ပြတာကို ကြည့်မယ်..”

ဝမ်ယွဲ့၏ Film Hub အပေါ် မြှုပ်နှံထားပုံကို သိသောကြောင့် ထန်လင်းက ထိုအကြောင်းနှင့် ပတ်သက်၍ များများစားစား တွေးမနေတော့ဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“နားလည်ပါပြီ.. အခုပဲ ကားပြင်ထားလိုက်ပါမယ်..”

ကားထဲသို့ ရောက်ပြီးနောက် ထန်လင်းသည် ခရီးစဉ်နှင့် ပတ်သက်၍ ဆက်လက်ပြောလေသည်။
“ဒီနေ့ မွန်းလွဲ ၂ နာရီမှာ ခယ့်ရှုလုပ်ငန်းစုကို ဝယ်ယူဖို့အတွက် ညှိနှိုင်းဆွေးနွေးဖို့ ရှန်ဟိုင်းကို လေယာဉ်နဲ့ သွားရပါမယ်.. ညနေ ၆ နာရီမှာတော့ မစ္စတာဟုန်နဲ့ ညစာစားဖို့ ရှိပါတယ်.. နေရာကတော့..”

ဝမ်ယွဲ့ မျက်လုံးများ ပွင့်လာသည်။

ထန်လင်း စကားပြောနေရင်း တုံ့ဆိုင်းသွားသည်။
“ဥက္ကဌဝမ်..”

ဝမ်ယွဲ့၏ စိတ်မှာ ယမန်နေ့ည ညစာစားချိန်သို့ ပြန်ရောက်သွားသည်။
“မနေ့ညက..”

ထန်လင်း နှလုံးတစ်ချက် ခုန်သွားသည်။

ဝမ်ယွဲ့သည် မူလက ထိုသို့သော ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ထပ်မချရန် သတိပေးမည်ဟု ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ သို့သော် ကုရှင်းရှစ်၏ တောက်ပပြီး စိတ်အားထက်သန်နေသည့် မျက်လုံးများနှင့် ပျော်ရွှင်နှစ်သက်စွာ စားသောက်ခဲ့ပုံကို အမှတ်ရပြီးနောက် သူပြောမည့် စကားများအား ရပ်တံ့လိုက်သည်။

အဘက်ဘက်မှ စဉ်းစားပြီးနောက် ညစာမှာ အနည်းငယ် ကိုးရိုးကားယား နိုင်သော်ငြား နှင်းဆီပန်းများနှင့် အသဲပုံ အချိုပွဲမှအပ ကန့်ကွက်ရန် များများစားစား မရှိခဲ့ချေ။ ကုရှင်းရှစ်သည်လည်း ထိုစားသောက်ဆိုင်သို့ လာရောက်ချင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သေး၏။

ကုရှင်းရှစ်အား ညစာကျွေးခြင်းဟု စဉ်းစားလိုက်ပြီးနောက် ဝမ်ယွဲ့သည် ထန်လင်း၏ ရွေးချယ်မှုနှင့် နေရာထိုင်ခင်းမှာ အတော်လေး သင့်တော်သည်ဟု ယူဆလိုက်သည်။ ထန်လင်း၏ ဆုံးဖြတ်ချက်မှာ မှားယွင်းနေခြင်းလည်း မဟုတ်ပေ။

အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသော်ငြား ဝမ်ယွဲ့ထံမှ စကားဆက်မလာသဖြင့် ထန်လင်း မဝံ့မရဲ မေးလိုက်သည်။
“ဥက္ကဌဝမ်.. မနေ့က ညစာ.. ဥက္ကဌနဲ့ ဥက္ကဌကုကို စိတ်ကျေနပ်စေခဲ့ရဲ့လား မသိဘူး..”

ဝမ်ယွဲ့ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။
“...အဆင်ပြေပါတယ်..”

ထန်လင်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
“နောက်တစ်ခေါက်ကျ ပုံမှန် စီးပွားရေး ညစာဆိုရင် လုံလောက်ပါတယ်..”

နားလည်သွားပြီ.. နောက်တစ်ကြိမ် ရှိလာဦးမယ်ပေါ့..

ထန်လင်းက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။
“နားလည်ပါပြီ ဥက္ကဌဝမ်..”

များမကြာမီ Film Hub သို့ ရောက်ရှိလာကြသည်။

ဝမ်ယွဲ့သည် အခြားသူများအား အသိမပေးရန် ဆုံးဖြတ်လိုက်ပြီး စက်လှေကားရှိရာသို့ တိုက်ရိုက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျင်းရှစ်ဟမ်သည် ပစ္စည်းများအား ထုပ်ပိုးနေရသည်။

ကုရှင်းရှစ်သည် ကျင်းရှစ်ဟမ်အား ထျန်းချန်ဗီဒီယိုမှ Film Hub သို့ ပြောင်းရွှေ့လိုက်ပြီးနောက် ကျင်းရှစ်ဟမ်သည် သူ၏နေရာအား အာမခံရသွားပြီဟု ထင်ခဲ့သည်။ များမကြာမီ ရာထူးတိုးခံရပြီးနောက် အဆင့်မြင့်ဘဝတစ်ခု ရလာတော့မည်ဟု စိတ်ကူးယဉ်နေခဲ့သည်။


 

Search Novels