🍉🍉🍉🍉 အခန်း ၉၁


မမျှော်လင့်စွာပင် ‘သံသရာလည်ခြင်း’ ထုတ်လွှင့်ပြီးနောက် သူမည်မျှ မှားယွင်းနေသည်ကို ခါးသီးစွာ သိလိုက်ရသည်။

ဥက္ကဌကုသည် သူ၏ သူလျှိုလုပ်နေခြင်းအား အစကတည်းက သတိပြုမိခဲ့သည်။ မည်သည့်စကားမှ မဆိုဘဲနှင့် နင်ထျန်းယိုထံသို့ သတင်းအမှားများ ပေးပို့ရန် လိမ်မာပါးနပ်စွာ အသုံးချခဲ့ပြီး နင်ထျန်းယိုအား ကျဆုံးသွားစေသည်။

ကုရှင်းရှစ်သည် သူ့အား နေ့ဘက်တွင် အလုပ်ကြမ်းများ စေခိုင်းသလို ညဘက်၌ မားကတ်တင်း အစီရင်ခံစာများ လုပ်ဆောင်စေခဲ့သည့် နေ့ရက်များအား ပြန်စဉ်းစားရုံနှင့်ပင် အလွန်အမင်း ပင်ပန်းမောဟိုက်လာပြီး ကျင်းရှစ်ဟမ်၏ ကျောရိုးတစ်လျှောက် အေးစက်လာတော့သည်။

ဥက္ကဌကုသည် တုံးအကာ ဖြူစင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် အမှန်တကယ် တုံးအသူမှာ သူသာလျှင်ဖြစ်သည်။

ဖျော်ဖြေရေးလောကသို့ ဝင်ရောက်လာသည်မှာ ၂ နှစ်ခန့်သာ ရှိသေးသော်ငြား ထိပ်တန်းအနုပညာရှင် ၄ ဦး ပိုင်ဆိုင်ထားသည့် မန်နေဂျာတစ်ဦးမှာ ထိုမျှလွယ်ကူစွာ လှည့်စားနိုင်မည်ဟု ရူးသွပ်စွာ တွေးထင်ခဲ့သည်။

ကုရှင်းရှစ်၏ လှည့်ဖြားတတ်သော မျက်နှာလေးကိုသာ အပြစ်တင်ရမည် ဖြစ်သည်။

ကျင်းရှစ်ဟမ်က ပိုင်ဆိုင်သည့် ပစ္စည်းများအား ထည့်ထားသည့် စက္ကူပုံးအား သယ်ဆောင်ကာ ထွက်ပေါက်ရှိရာသို့ လျှောက်လှမ်းသွားစဉ် စွန်းဟုန်ဖေးနှင့် ရင်ဆိုင်တွေ့လေသည်။

ကျင်းရှစ်ဟမ် မျှော်လင့်ချက်ပျက်သုဥ်းနေစဉ် ဆန့်ကျင်ဘက်အနေနှင့် စွန်းဟုန်ဖေးသည် ယုံကြည်မှုပြည့်ဝပြီး ဂုဏ်ယူဝံ့ကြွားမှုတို့ ထွန်းလင်းနေသယောင်ပင်။

‘ဂိတ်တံခါး ၆ ခု ၏ လျှို့ဝှက်ချက်များ’ နှင့် ‘သံသရာလည်ခြင်း’ ၏ အောင်မြင်မှုကြောင့် ဒုဥက္ကဌအဖြစ် ရာထူးတိုးမည့် အခွင့်အရေးမှာ ကျောက်တုံးကဲ့သို့ မြဲမြံသွားပြီ ဖြစ်သည်။

သူတို့နှစ်ဦးမှာ ကုမ္ပဏီသို့ တစ်ချိန်တည်းနီးပါး ဝင်ရောက်လာကြခြင်းဖြစ်သည်။ အစောပိုင်း၌ ကျင်းရှစ်ဟမ်သည် စွန်းဟုန်ဖေးထက် ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ယခုအခါ နှစ်ဦး၏ ကံကြမ္မာများ ပြောင်းလဲသွားလေသည်။

စွန်းဟုန်ဖေးက တဖြည်းဖြည်း မြင့်တက်လာစဉ် ကျင်းရှစ်ဟမ်မှာ မူလ ရှိနေခဲ့သော အလုပ်အပါအဝင် အရာအားလုံး ဆုံးရှုံးခဲ့ရသည်။

နောင်တတရားနှင့် မနာလိုခြင်းတို့ ရင်ဘတ်ထဲ လှိုင်းထလာသည်။ စွန်းဟုန်ဖေးက သူ့အား အကြည့်တစ်ချက်ပင် မပေးဘဲ ဖြတ်ကျော်သွားတော့မည်ကို မြင်သောအခါ သူ၏ ဒေါသတို့အား မီးညှိပေးလိုက်သလိုပင်။

“စွန်းဟုန်ဖေး”
ကျင်းရှစ်ဟမ် တံတွေးထွေးလိုက်သည်။
“မင်းက ဘာကောင်မို့လို့ ငါ့ကို အထင်သေးနေရတာလဲ.. မင်းက လူမှန်ကို ရွေးပြီး ဖားယားနိုင်ခဲ့လို့ ကံကောင်းလာတဲ့ကောင် သက်သက်ပဲ..”

စွန်းဟုန်ဖေး ခြေလှမ်းများ ရပ်လိုက်ပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ဖားတော့ ဘာဖြစ်လဲ.. မင်းမှာသာ အခွင့်အရေး ရှိလာရင် ငါ့လို လုပ်နိုင်မှာပဲလို့ ထင်နေတာမလား..”

ကျင်းရှစ်ဟမ် ဆွံ့အသွားတော့သည်။
သောက်ကျိုးနည်း.. စွန်းဟုန်ဖေးဆိုတဲ့ကောင်က သူ့ကိုယ်သူ ဟုတ်လှပြီလို့ ထင်နေတာပေါ့လေ..

စွန်းဟုန်ဖေးက အရှက်မဲ့စွာ ပြောလိုက်သည်။
“ငါဝန်ခံတယ်.. ငါက အရင်က ဒီလောက်ကြီး မြင့်မြတ်နေတာ မဟုတ်ဘူး.. ဥက္ကဌကုအနားမှာ အချိန်တချို့ ကုန်ဆုံးပြီးတော့ သူ့ရဲ့ အရည်အချင်း၊ အကျင့်စရိုက်၊ လူတွေနဲ့ အခြေအနေအပေါ် ကိုင်တွယ်ပုံတွေနဲ့ သူ့ရဲ့ အရာရာတိုင်းက လေ့လာသင်ယူဖို့ ထိုက်တန်နေတာသိလိုက်ရတယ်လေ.. ဒီတော့ ဥက္ကဌကုကို ဖားတော့ ဘာဖြစ်လဲ.. ဒီလို ဖားနိုင်တဲ့အတွက် ဂုဏ်ယူတယ်ကွ..”

ကျင်းရှစ်ဟမ်က ဒေါသကြောင့် မျက်နှာရှုံ့မဲ့ပြီး ခပ်ထေ့ထေ့ ပြောသည်။
“စကားကြီးစကားကျယ်တွေ.. အဲဒါက သူက ဥက္ကဌဝမ်ရဲ့ အိပ်ရာပေါ် တွယ်တက်နိုင်ခဲ့လို့ မဟုတ်ဘူးလား.. အကျိုးအမြတ်အတွက် အိပ်ရာပေါ်မှာ တီတီတာတာတွေ ပြောလိုက်ရုံပဲလေ.. အရမ်းကြီး ဇောင်းကြွမနေနဲ့.. ဝမ်ယွဲ့သာ သူ့ကို ပစ်သွားမယ်ဆိုရင် မင်း ဘယ်နေရာကို လွင့်သွားမလဲ စောင့်ကြည့်ချင်သေးတယ်..”

စွန်းဟုန်ဖေး မျက်လုံးလှိမ့်လိုက်သည်။
“သောက်အဓိပ္ပါယ် မရှိတာတွေ ရပ်လိုက်.. ဥက္ကဌကုနဲ့ ဥက္ကဌဝမ်ရဲ့အချစ်က ကျောက်ဆောင်လို ခိုင်မာတယ်.. သူတို့ရဲ့ သံယောဇဉ်ကြိုးက ထာဝရတည်မြဲနေမှာ.. မင်းရဲ့ ညစ်ပတ်တဲ့ ပါးစပ်ပုတ်နဲ့အတူ ထွက်သွားလိုက်တော့..”

စွန်းဟုန်ဖေးက ကျင်းရှစ်ဟမ်အား ယင်ကောင်မောင်းသလို မောင်းထုတ်လိုက်သည်။
“မြန်မြန် ထွက်သွားစမ်း.. မင်းခြေထောက်တွေ မကြွနိုင်ဘူးဆိုရင် လုံခြုံရေးခေါ်ပြီး ကန်ထုတ်ပေးမယ်..”

ထိုသို့ပြောပြီးနောက် ခေါင်းမော့ရင်ကော့ကာဖြင့် ရုံးထဲသို့ ဝင်သွားပြီး ဒေါသထွက်နေသည့် ကျင်းရှစ်ဟမ်အား တစ်ယောက်တည်း ထားခဲ့လေသည်။

သူတို့နှစ်ဦးလုံး မသိလိုက်သည်မှာ ဝမ်ယွဲ့သည် သူတို့၏ အပြန်အလှန် စကားများအား တစ်လုံးမကျန် ကြားသွားခြင်းကိုပင်။

ဝမ်ယွဲ့၏ အမူအရာမှာ တည်ငြိမ်စွာဖြင့် ရှိနေသော်ငြား စိတ်ထဲ၌မူ ရှုပ်ထွေးကာ ဒေါသထွက်နေခြင်း ဖြစ်သည်။

သူနှင့် ဥက္ကဌကုတို့ ‘ပတ်သက်မှု’ ရှိနေကြခြင်းကို သူကိုယ်တိုင်ပင် မသိထားချေ။

ထန်လင်းအား လှည့်ကြည့်လိုက်ချိန်တွင် သူ၏ လက်ထောက်ဖြစ်သူမှာ အံ့ဩဖွယ် ကောင်းလောက်အောင် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက် မဖြစ်ဘဲ ထိတ်လန့်သွားခြင်း မရှိပုံရ၏။

ဝမ်ယွဲ့က ထန်လင်း၏ သတိလက်လွတ် ဖြစ်နေချိန်အား အမိဖမ်းကာ မေးလိုက်သည်။
“မင်း ဒီအကြောင်း သိထားတယ်ပေါ့..”

ထန်လင်း အလိုအလျောက် ပြန်ဖြေလိုက်သည်။
“ဒါပေါ့..”

သူက မတော်တဆ ထုတ်ဖော်မိသွားသည်ကို နားလည်သွားသဖြင့် ပါးစပ်အား လက်ဖြင့်အုပ်လိုက်သည်။

ဝမ်ယွဲ့က ချီရှီပွဲတော်နေ့မှ ညစာအား အမှတ်ရမိပြီး ရုတ်တရက် အရာအားလုံး ရှင်းလင်းသွားလေသည်။

သူ့မျက်ခုံးများ တွန့်ချိုးကာ ပြောလိုက်သည်။
“ဥက္ကဌကုနဲ့ ငါက...”

ထန်လင်းက အလျင်အမြန်ပင် ပြောလိုက်သည်။
“ဥက္ကဌဝမ်.. တခြားသူတွေကို ဥက္ကဌနဲ့ ဥက္ကဌကုအကြောင်း လူတွေရှေ့မှာ မပြောဖို့အတွက် သတိပေးလိုက်ပါမယ်..”

ဝမ်ယွဲ့ နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
“တခြားသူတွေလား..”

ထန်လင်း တုံ့ဆိုင်းနေမိသည်။
“ကျွန်တော်လည်း မတတ်နိုင်ပါဘူး.. လူတွေအများကြီး သိထားပြီး ဖြစ်နေတာ.. ဖုံးထားလို့ မရလောက်ဘူး..”

ဝမ်ယွဲ့ : “...”

ဝမ်ယွဲ့ စိတ်ဆိုးလွန်းသောကြောင့် ရယ်လိုက်ရလေသည်။
“မင်း ဘာကိစ္စနဲ့ ငါ့ကို မပြောတာလဲ.. သူတို့အားလုံး ‘သိ’ ထားတယ် ဆိုတာက အတိအကျ ဘာကို ဆိုလိုတာလဲ..”

ဝမ်ယွဲ့၏ ဒေါသအား အာရုံခံမိသောကြောင့် ထန်လင်းသည် သူနှင့် ကုရှင်းရှစ် အကြားရှိ ကြည်နူးရင်ခုန်ဖွယ် ‘သက်သေ’ များအား အစဉ်လိုက် ပြောရတော့သည်။

တစ်ခုပြီး တစ်ခု...

ထိုအရာအားလုံးမှာ ဝမ်ယွဲ့ ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်းဖြစ်သော်ငြား သူ့အနေနှင့် မှတ်မိဖို့ရန်ပင် မနည်းကြိုးစားနေရသည်။

အဆုံးတွင် ဝမ်ယွဲ့ ဆွံ့အကာ ကြောင်အသွားမိတော့သည်။
ငါပဲ အတိတ်မေ့သွားတာလား.. ဒါမှမဟုတ် တချို့အပိုင်းတွေကို မေ့သွားတတ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှုမျိုးလား..

ရှင်းပြလိုသော်ငြား မည်သည့်နေရာက စရှင်းရမည်ကို မသိတော့ချေ။

မည်သို့ပင်ဖြစ်စေ ထိုလူများသည် အချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရုံတင် မကဘဲ ထိုအချစ်ဇာတ်လမ်းအား လျှို့ဝှက်ထားရသည့် အကြောင်းအရင်းကိုပင် ရှာဖွေဖော်ထုတ်လိုက်သေး၏။

ထိုကိစ္စအား ဖြေရှင်းရန် ကြိုးစားမည်ဆိုလျှင် ကောလာဟလထဲသို့ လောင်စာထည့်လိုက်သလိုသာ ဖြစ်သွားလိမ့်မည်။

သေသေချာချာ စဉ်းစားပြီးနောက် ဝမ်ယွဲ့က သူ့စိတ်မှာ အလွန်တည်ငြိမ်နေသည်ကို သိလိုက်ရသည်။ ထို့နောက် ထန်လင်းအား ညွှန်ကြားချက် ပေးလိုက်သည်။
“ဒီ ကောလာဟလ ဘယ်ကစတယ်ဆိုတာ သွားစုံစမ်းခဲ့..”

×××××

စွန်းဟုန်ဖေးက အခုတလော ညာဘက်မျက်ခုံး မကြာခဏ လှုပ်နေလေသည်။

ဆိုရိုးများအရဆိုပါက ‘ဘယ်ဘက်မျက်ခုံးက ချမ်းသာကြွယ်ဝမှု၊ ညာဘက်မျက်ခုံးက ဘေးအန္တရာယ်..’ ပင်။

စွန်းဟုန်ဖေးနှင့် ပတ်သက်သည့် အရာအားလုံးမှာ အဆင်ပြေချောမွေ့လျက် ရှိသည်။ ‘သံသရာလည်ခြင်း’ ၏ ကြည့်ရှုနှုန်းမှာလည်း ပုံမှန်မြင့်တက်လျက်ရှိသဖြင့် နှစ်ကုန် အပိုဆုကြေး ပမာဏကိုပင် မြင်နေရပြီဖြစ်သည်။ သူ၏ အလုပ်အကိုင်လမ်းကြောင်းမှာလည်း စီအီးအိုမှ အတည်ပြုထားပြီး ဖြစ်ကာ ဒုဥက္ကဌ ရာထူးတိုးရန် ကုမ္ပဏီ၏ တရားဝင်ကြေညာချက်ကို စောင့်ရန်သာ လိုအပ်သည်။ 

အခြေအနေအား အဘက်ဘက်မှ လေ့လာသုံးသပ်ပြီးနောက် ဘေးအန္တရာယ် မဟုတ်တန်ရာ။

ထိုအကြောင်းနှင့် ပတ်သက်၍ နားမလည်နိုင် ဖြစ်နေစဉ် အနုပညာရှင်တစ်ဦးနှင့်အတူ လမ်းလျှောက်လာသည့် ကုရှင်းရှစ်အား တွေ့လိုက်ရသည်။ အတွေးများနေခြင်းအား ဘေးဖယ်ပြီး ကုရှင်းရှစ်အား နှုတ်ဆက်ရန် သွားလိုက်သည်။

ဥက္ကဌကု၏ ခြေလမ်းများ အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လှေကားရှိရာသို့ တန်းတန်းမတ်မတ် လမ်းကြောင်းပြောင်းလိုက်သည်ကို မြင်တွေ့လိုက်ရလေသည်။

စွန်းဟုန်ဖေး : “...”

အစတွင် ဥက္ကဌကုသည် သူ့အား မမြင်သောကြောင့် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် လှေကားမှ တက်ရန် စိတ်ကူးပေါ်လာသောကြောင့် ဖြစ်မည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။

သို့သော် ထိုသို့ ဖြစ်သည်မှာ အကြိမ်အနည်းငယ်ခန့် ရှိလာသည်။

နောက်ဆုံးတွင် ကုရှင်းရှစ်သည် သူ့အား တမင်သက်သက် ရှောင်နေခြင်းဖြစ်ကြောင်း နားလည်သွားတော့သည်။

ဒါပေမဲ့ ဘာလို့လဲ..

ငါ ဘာအမှားမှ မလုပ်မိပါဘူး..

များမကြာမီ ပိုမိုအံ့ဩဖွယ်ကောင်းသည့် အချက်အား ရှာဖွေတွေ့ရှိလိုက်ရသည်။

ကုရှင်းရှစ်သည် သူ့အား ရှောင်ဖယ်နေရုံသာ မကဘဲ ဥက္ကဌဝမ်ကိုပါ ရှောင်နေခြင်းဖြစ်သည်။

လုံးဝ အဓိပ္ပါယ် မရှိဘူး..

လက်ထောက်ထန်ပြောတော့ နှစ်ယောက်သား ချီရှီပွဲတော်နေ့ကို အတူတူ ဖြတ်သန်းခဲ့ကြတယ်ဆို.. အဲဒီတုန်းက ရန်ဖြစ်ခဲ့ကြတာများလား..

သူ၏ သံသယများအား ဂုဏ်ပြုပွဲတစ်ခု၌ အတည်ပြုနိုင်ခဲ့သည်။

ကုရှင်းရှစ်သည် သူနှင့်ပတ်သက်သည့် ကောလာဟလများအား ကြားပြီးချိန်မှစကာ ဝမ်ယွဲ့သည်လည်း ထိုသတင်းအား ကြားပြီးလောက်သည်ကို သိပြီးနောက်၌ ဝမ်ယွဲ့အား တိုက်ရိုက်မကြည့်ဝံ့တော့ချေ။ ထိုအတွေးကပင် ရှက်ရွံ့စိတ်ကြောင့် ခြေချောင်းလေးများ ကွေးသွားစေသည်။

ထို့ကြောင့် အရိုးရှင်းဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်သော ရှောင်တိမ်းခြင်းနည်းအား အသုံးပြုနေရတော့သည်။

ကုရှင်းရှစ်နှင့် ဝမ်ယွဲ့တို့မှာ လူမှုနယ်ပယ်ချင်း မတူညီကြချေ။ ထို့ကြောင့် ဝမ်ယွဲ့အား ရှောင်ရန် များစွာ ခက်ခဲခြင်း မရှိပေ။

သို့သော် ရှောင်တိမ်းရန် မဖြစ်နိုင်သည့် အခြေအနေမျိုးလည်း ရှိလေသည်။

ပွဲတစ်ခု၌ ကုရှင်းရှစ်သည် ဝမ်ယွဲ့အား ရှောင်ရန်အတွက် ခပ်စောစော ရောက်လာပြီး တိတ်ဆိတ်သည့် ထောင့်တစ်ခု၌ ထိုင်နေလိုက်သည်။ သူ၏ အစီအစဉ်မှာ ဤနေရာ၌သာ လူမသိ၊ သူမသိဖြင့် ပွဲပြီးမည့်အချိန်ကို စောင့်နေရန်ဖြစ်သည်။ ထို့နောက် အခြားသူများ မမြင်ခင် တိတ်တဆိတ် ထွက်ခွာသွားမည်။

သို့သော် ထိုသည်မှာ ဆုတောင်းသက်သက်သာ ဖြစ်သည်။

ကုရှင်းရှစ် ဝင်လာသည်နှင့် ခန်းမအတွင်း တကွဲတပြားစီ ရှိနေသော စီအီးအိုများ၊ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များသည် သားကောင်အား တွေ့လိုက်ရသည့် ဝံပုလွေများကဲ့သို့ စုဝေးရောက်ရှိလာကြသည်။

သိုသိုသိပ်သိပ် နေထိုင်ရန် ခက်ခဲလွန်းလှသည်။

ဝမ်ယွဲ့ ရောက်ရှိလာချိန်မှသာ ထိုလူများ၏ အာရုံစိုက်ရန် ပစ်မှတ်အသစ်သို့ ပြောင်းသွားကြသဖြင့် သူ့အား အလွတ်ပေးတော့သည်။

ဝမ်ယွဲ့က ခန်းမအတွင်းသို့ ဝင်လာသည်နှင့် ကုရှင်းရှစ်အား သတိပြုမိလိုက်သည်။

လူငယ်လေးသည် ပေါ့ပေါ့ပါးပါးနှင့် ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ပြီး လူအများနှင့် ဆက်သွယ်ပြောဆိုနေချိန် လူအုပ်အလယ်တွင် ထင်းထွက်နေသည်။  á€Ąá€›á€žá€Żá€•á€şá€Ąá€‘á€˝á€ąá€¸á€™á€ťá€Źá€¸á€Ąá€œá€šá€şá€á€˝á€„á€ş ကုရှင်းရှစ်သည် တည်တည်ငြိမ်ငြိမ်နှင့် စိတ်အာရုံ ပျံ့လွင့်ခြင်းမရှိဘဲ သူ၏ပတ်ဝန်းကျင်ရှိ မည်သူကိုမှ မတော်တဆ လျစ်လျူရှုမိခြင်းလည်း မရှိပေ။

ကုရှင်းရှစ်က စကားဝိုင်းအား ထိန်းညှိနိုင်စွမ်းရှိပြီး အခြားသူများအား မသက်မသာ မဖြစ်စေချေ။

ယင်းမှာ ယှဉ်ပြိုင်ရန် ခက်ခဲသော စွမ်းရည်တစ်မျိုး ဖြစ်သည်။

ဝမ်ယွဲ့သည် ချီရှီပွဲတော်နေ့မှ ညစာအား အမှတ်ရမိသည်။

ထိုအတွေးကပင် လည်ချောင်းတစ်လျှောက် တင်းကြပ်သွားစေပြီး သူ့လက်သည်လည်း လက်ကြယ်သီးအား အမှတ်မထင် ထိလိုက်မိသည်။ ယနေ့ဝတ်လာသော လက်ကြယ်သီးတစ်စုံသည် ရွှေနှင့်ပြုလုပ်ထား‌ပြီး လိမ္မော်သီးပုံစံ ထွင်းထုထားကာ ချောမွေ့သော မျက်နှာပြင်မှ လိမ္မော်သီး၏ ချိုမြမြ ရနံ့လေး သင်းပျံ့လာသယောင် ဖြစ်သည်။

သူ့ဘေးရှိ လူများအားလုံး ဝမ်ယွဲ့အား နှုတ်ဆက်ရန် သွားကြသည့် အခိုက်အတန့်အား အခွင့်ကောင်းယူကာ ကုရှင်းရှစ်သည် သန့်စင်ခန်းအတွင်းသို့ ထွက်ပြေးသွားတော့သည်။

ဝမ်ယွဲ့က ဤကဲ့သို့သော သူရောက်လာကြောင်း အသိပေးရန် လိုအပ်သည့် ပွဲမျိုးတွင် ခဏသာလာပြီး မကြာမီ ထွက်သွားတတ်လေ့ရှိကြောင်း သိထားကြသည်။

ထို့ကြောင့် ကုရှင်းရှစ်က ဝမ်ယွဲ့ ထွက်သွားမည့်အချိန်ကို ခန့်မှန်းကာ သန့်စင်ခန်းထဲ၌ စောင့်နေလိုက်သည်။ ကုရှင်းရှစ် ထွက်လာပြီး လက်ဆေးရန် ဘေစင်သို့ ရောက်ချိန်တွင် ထိုနေရာ၌ ဇိမ်ပြေနပြေ လက်ဆေးနေသည့် လူတစ်ယောက် ရှိနေကြောင်း တွေ့လိုက်သည်။

ထိုသူမှာ ဝမ်ယွဲ့ ဖြစ်သည်။

ကုရှင်းရှစ် : “...”

သန့်စင်ခန်းထဲမှာ ပုန်းနေတာတောင် သူ့နဲ့ မလွတ်နိုင်ဘူးလား.. ဘယ်လိုတောင် ကျိန်စာသင့်နေတဲ့ ကံတရားမျိုးလဲ..

သို့သော် နှစ်ဦးသား ထိပ်တိုက် တွေ့ဆုံချိန်၌ စကားမပြောဘဲ ထွက်သွားမည်ဆိုလျှင် ရိုင်းရာကျပေမည်။

ထို့ကြောင့် ‘ဖြစ်လာမဲ့အရာက ဖြစ်ကို ဖြစ်လာမှာပဲ’ ဟူသည့် ဆိုရိုးစကားအား စိတ်ထဲမှ ရေရွတ်ပြီး လက်ဆေးမည့် ဘေစင်ရှိရာသို့ သွားကာ ဝမ်ယွဲ့အား နှုတ်ဆက်လိုက်သည်။
“ဥက္ကဌဝမ်.. မတွေ့တာကြာပြီနော်..”

ဝမ်ယွဲ့က ကုရှင်းရှစ်အား မှန်မှတစ်ဆင့် ကြည့်လိုက်သည်။ အချိန်တစ်ခုမျှ တိတ်ဆိတ်နေပြီးနောက် ပြန်နှုတ်ဆက်လိုက်သည်။
“မတွေ့တာကြာပြီ.. ဥက္ကဌကု ဒီရက်တွေထဲ အတော်လေး အလုပ်များနေခဲ့တာလား..”

ကုရှင်းရှစ် လက်ဆေးနေရာမှ အေးခဲသွားသလိုပင်။ ခပ်ယောင်ယောင်ပြုံးကာ ပြန်ဖြေလိုက်သည်။
“အဲလောက်ကြီး မဟုတ်ပါဘူး.. ကျွန်တော်တို့ အလုပ်တွေက ဒီလိုပါပဲ..”

“ကောင်းပါတယ်..”
ဝမ်ယွဲ့က လက်အခြောက်ခံရင်း ပြန်ပြောသည်။
“မဟုတ်ရင် အဲဒီညက စကားအမှား ပါသွားလို့ ဥက္ကဌကုက ငါ့ကို စိတ်ဆိုးနေတယ်လို့တောင် တွေးမိတော့မလို့.. ငါနဲ့ မတွေ့ချင်တာလား ထင်မိတာလေ..”

ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ ဝမ်ယွဲ့အား သံသယရှိစွာ ကြည့်လိုက်သည်။ သို့သော် ဝမ်ယွဲ့၏ အမူအရာမှာ တည်ငြိမ်ပြီး ရိုးသားမှုရှိသောကြောင့် ထို ကောလာဟလများအား သိထားခြင်း ရှိ၊ မရှိ ကိုပင် မပြောနိုင်တော့ချေ။

ကုရှင်းရှစ် အားတင်း ပြုံးလိုက်ရသည်။
“လုံးဝ မဟုတ်ဘူးပေါ့.. အဲဒီညက ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ပဲ စကားပြောခဲ့ကြတယ်လေ..”

ကုရှင်းရှစ်က ယဉ်ကျေးမှုအရ ပြန်ဖြေနေခြင်းဖြစ်ကြောင်း သိသည့်တိုင်အောင် ဝမ်ယွဲ့သည် အနည်းငယ် ကျေနပ်မိဆဲဖြစ်သောကြောင့် ခေါင်းညိတ်လိုက်သည်။
“ငါလည်း အဲဒီလိုပဲ ထင်ပါတယ်..”

စကားပြောချိန် ကြာလာသည်နှင့်အမျှ ကုရှင်းရှစ် မတည်ငြိမ်နိုင်တော့ချေ။ ထို့ကြောင့် စနစ်အား ခေါ်လိုက်ရသည်။
[ဟေး.. ဝမ်ယွဲ့က အဲဒီအကြောင်း သိထားပြီးသားလား..]

စနစ်က ခပ်တိုးတိုး ပြောလိုက်သည်။
[ဖြစ်နိုင်ပါတယ်.. သူက ကောလာဟလ ဘယ်က စတာလဲ စုံစမ်းနေပုံရတယ်..]

ကုရှင်းရှစ် : [...]

ထိုစဉ်က လွှမ်းမိုးနိုင်စွမ်းရှိသည့် နောက်ခံတစ်ခု ရှိသယောင် ဖန်တီးစဉ်က လူမှုကွန်ရက်ပေါ်တွင် ပိုစ့်အမျိုးမျိုး တင်ခဲ့သည်ကို ကုရှင်းရှစ် မမေ့ပေ။

ကောလာဟလအကြောင်း သိပြီးနောက် ထိုပိုစ့်များအား ဖျက်လိုက်ပြီ ဖြစ်သော်ငြား အင်တာနက်ပေါ်သို့ တစ်ကြိမ် ရောက်ပြီးသည်နှင့် ခြေရာလက်ရာများ ကျန်နေခဲ့စမြဲသာ ဖြစ်သည်။

ဝမ်ယွဲ့သာ ထိုအရာများအား ရှာတွေ့သွားပြီး ယင်းတို့အား သူတို့၏ ‘ဆက်ဆံရေး’ နှင့် ဆက်စပ်ကြည့်မည်ဆိုလျှင်...

ကောင်းပြီ.. ငါ့ခြေထောက်တွေက ၅ ထပ်တိုက်ရဲ့ အောက်ခြေကို ရောက်နေပြီ.. တက်ဖို့ပဲ ကျန်တော့တယ်..

ဝမ်ယွဲ့က ကုရှင်းရှစ်၏ မျက်နှာပေါ်မှ မျိုးစုံပြောင်းလဲနေသည့် အရောင်များကိုကြည့်ကာ ထိုမျှလောက် တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်မိချေ။

မည်သို့ပင်ဖြစ်စေ ထိုနေ့ညက ကုရှင်းရှစ်သည် အလွန်ရဲတင်းကာ ပြစ်ချက်မရှိသည့် သရုပ်ဆောင်ချက်ဖြင့် သူ့အား စမ်းသပ်ခဲ့ပြီး အမှိုက်စအား ဖယ်ရန်ပင် ကြိုးစားခဲ့သေးသည်။

ယခုအခါ ဝမ်ယွဲ့သည် နှစ်ဦးကြားရှိ တင်းမာနေသည့် လေထုအား လျော့ပါးစေရန် လောကဝတ် ပြုရန် ကြိုးစားခြင်းမျှသာဖြစ်သည်။ ထိုသို့သော အချစ်ရေးနှင့် ပတ်သက်သည့် ကောလာဟလမျိုးသည် ပါဝင်ပတ်သက်သူ နှစ်ယောက်အား နေထိုင်ရခက်စေသော်ငြား သူတို့နှစ်ဦးလုံး အလေးထားခြင်း မရှိလျှင် ယင်းမှာ ပြဿနာကြီးတစ်ခု မဟုတ်ပေ။

ဝမ်ယွဲ့က သူနှင့် အတွဲညီသည့် စီးပွားဖက်တစ်ဦးအား ယခုမှ ရှာတွေ့ခြင်းဖြစ်သဖြင့် သူတို့နှစ်ဦးကြား၌ မလိုလားအပ်သည့် ပြဿနာများ ရှိလာမည်ကို မလိုချင်ပေ။

သို့သော် သူ စကားမဆက်မီမှာပင် ကုရှင်းရှစ်၏ အမူအရာမှာ အတော်လေး စိတ်ကျဉ်းကျပ်ဟန် ပေါ်လာပြီး အကြောင်းပြချက်ပေးကာ အလျင်စလို ထွက်ခွာသွားလေသည်။

နားထင်အား လက်ဖြင့်ပွတ်လိုက်ပြီး ကုရှင်းရှစ်သည် ကောလာဟလကြောင့် ထိုမျှလောက် သက်ရောက်မှု ခံနေရလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ကုရှင်းရှစ်သည် လူမှုဆက်ဆံရေး၌ အမှီအခိုကင်းစွာ ပြောဆိုဆက်ဆံနိုင်သော်ငြား နှလုံးသားရေး ပြဿနာများတွင်မူ အတော်လေး အတွေ့အကြုံမရှိပုံရသည်။

ဝမ်ယွဲ့ တစ်ခဏမျှ နှလုံးခုန်နှုန်း စည်းချက်လွဲသွားပုံရသည်။

ကုရှင်းရှစ်က နားလည်ရန်ခက်သည့် ပုစ္ဆာတစ်ပုဒ်နှင့်တူပြီး သူတို့နှစ်ဦး တွေ့ဆုံချိန်တိုင်းတွင် ရှုထောင့်အသစ်တစ်ခု တွေ့ရတတ်သည်။ 

ရင်ဘတ်အား လက်ဖြင့်ဖိပြီးနောက် ဝမ်ယွဲ့သည်လည်း ထွက်ခွာသွားလေသည်။

ဝမ်ယွဲ့နှင့် ကုရှင်းရှစ် ထွက်ခွာသွားပြီးနောက် သန့်စင်ခန်းအတွင်း၌ ပုန်းနေခဲ့သည့် စွန်းဟုန်ဖေးက ပါးစပ်အား လက်ဖြင့်အုပ်ထားခြင်းမှ ဖယ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ယခုလေးတင် ကြားလိုက်ရသည့် စကားများအား ပြန်တွေးမိလိုက်သည်။


🍉🍉🍉🍉 အခန်း ၉၂


ဥက္ကဌကုသည် မည်သည်ကြောင့် ဥက္ကဌဝမ်အား ရှောင်နေခဲ့သည်ကို နားလည်သွားရပြီ ဖြစ်သည်။

သူပုန်းနေသော နေရာမှဆိုလျှင် စကားဝိုင်း တစ်ခုလုံးအား မကြားရသော်ငြား အဓိက စကားလုံးများကို ကြားနိုင်ဆဲဖြစ်သည်။

“အဲဒီနေ့ည..”၊ “မကျေမနပ်ဖြစ်”၊ “ကျေနပ်အားရ”...

ဒါတွေက ငါထင်နေသလိုများလား..

ဒီနှစ်ယောက်က တချို့နေရာတွေမှာ သဟဇာတ မဖြစ်လို့ သူတို့ရဲ့ ဆက်ဆံရေးပါ ထိခိုက်လာပြီး စစ်အေးတိုက်ပွဲ တိုက်နေကြတာလား..

ဘုရားရေ..

အချစ်သက်တော်စောင့်ကြီးမှာ ပထမဆုံးအကြိမ် ဘာဆက်လုပ်ရမှန်း မသိတော့ချေ။

ကြီးမားသော လျှို့ဝှက်ချက်ကြောင့် စွန်းဟုန်ဖေးသည် တနင်္လာနေ့ ရုံးပြန်တက်ချိန်ထိအောင် အတော်လေး စိတ်ဖိစီးနေရတော့သည်။

စွန်းဟုန်ဖေး၏ စိတ်မချမ်းသာဖွယ် အမူအရာကြောင့် လက်ထောက်ဖြစ်သည် ရှောင်းလီက မနေနိုင်ဘဲ မေးရတော့သည်။
“မန်နေဂျာ.. အခက်အခဲတစ်ခုခုနဲ့ ကြုံနေတာလား..”

စွန်းဟုန်ဖေး ခေတ္တမျှ စဉ်းစားပြီးနောက် သူတစ်ယောက်တည်း ပူပန်မနေရန် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုး၌ ပြင်ပအကူအညီ တောင်းခံခြင်းမှာ ပိုကောင်းလေသည်။

ထို့ကြောင့် ရှောင်းလီအား ပြောလိုက်သည်။
“ရှောင်းလီရေ.. ဒီလိုကွာ.. ငါ့မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်.. အဲလိုကြီး လာမကြည့်နဲ့.. တကယ့် သူငယ်ချင်းဟ.. ဘာပဲဖြစ်ဖြစ်ကွာ ငါ့ရဲ့ အဲဒီ သူငယ်ချင်းက သူ့ရဲ့ ချစ်သူကောင်လေးနဲ့ ဆက်ဆံရေးကောင်းရှိတယ်.. ဒါပေမဲ့ ခုရက်ပိုင်း သူတို့နှစ်ယောက်က ပြဿနာတစ်ခုကြောင့် စစ်အေးတိုက်ပွဲတွေ တိုက်ပြီး ခယောင်းလမ်းကို လျှောက်နေကြတယ်.. သူတို့နှစ်ယောက် အဆင်ပြေသွားအောင် ဘယ်လိုလုပ်ရမလဲ အကြံပေးစမ်းပါဦး..”

ရှောင်းလီ မေးပေါ်လက်ထောက်ပြီး သေသေချာချာ စဉ်းစားလိုက်သည်။
“အတွဲတွေကြားက စစ်အေးတိုက်ပွဲ.. အဲဒါက နည်းနည်းတော့ ပြဿနာများပေမဲ့ ကိစ္စကြီးတော့ မဟုတ်ပါဘူး.. နှစ်ယောက်ထဲက တစ်ယောက်က အလျှော့ပေးဖို့ ဆန္ဒရှိသရွေ့ သူငယ်ချင်းတွေက ဘေးကနေ နည်းနည်းလောက် တွန်းပေးလိုက်တာနဲ့ အဆင်ပြေသွားကြမှာ..”

စွန်းဟုန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။
“အဲလောက် ရိုးရှင်းလား..”

“သေချာတာပေါ့..”
ရှောင်းလီက ယုံကြည်မှုရှိစွာဖြင့် လက်မြှောက်လိုက်သည်။
“ကျွန်တော်က ရည်းစားမထားဖူးပေမဲ့ ကောလိပ်မှာတုန်းက အချစ်အတိုင်ပင်ခံ လုပ်ခဲ့တာပါနော်.. ကျွန်တော့် သူငယ်ချင်းတွေ သူတို့ရဲ့ ရည်းစားတွေနဲ့ အဆင်မပြေ ဖြစ်ချိန်တိုင်း ကျွန်တော်ပဲ ဖြန်ဖြေပေးခဲ့တာ.. ယုံထားလိုက်.. သေချာပေါက် အလုပ်ဖြစ်မှာ..”

စွန်းဟုန်ဖေး သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ.. မင်းက အတွေ့အကြုံ ရှိတဲ့သူဆိုတော့ မင်းပြောသလို လုပ်ကြည့်တာပေါ့..”

ရှောင်းလီ : “...”

ထိုအချိန်မှာပင် စွန်းဟုန်ဖေး၏ ရုံးဖုန်း မြည်လာသည်။ ခေါ်ဆိုသူမှာ ထန်လင်း ဖြစ်ပြီး ဥက္ကဌဝမ်သည် သူ့အား ရှာနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

လတ်တလော၌ စွန်းဟုန်ဖေးသည် Film Hub ၏ ပရောဂျက်များတွင် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သောကြောင့် နောက်ဆုံးရ အခြေအနေအား တင်ပြရန်အတွက် ဥက္ကဌဝမ်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံရသည်။ ထို့ကြောင့် များများစားစား တွေ့မနေဘဲနှင့် အဝတ်အစားအား အနည်းငယ် ပြုပြင်ပြီးနောက် ရုံးချုပ်သို့ သွားလိုက်သည်။

သို့သော် စွန်းဟုန်ဖေး ဝင်လာချိန်တွင် ဝမ်ယွဲ့သည် စွန်းဟုန်ဖေးအား ရှုပ်ထွေးကာ နားလည်ရခက်သည့် အမူအရာဖြင့် အချိန်အတော်ကြာအောင် စိုက်ကြည့်နေလေသည်။

စွန်းဟုန်ဖေး ရင်တစ်ချက်ခုန်သွားသည်။ ဥက္ကဌဝမ်၏ အကြည့်များမှာ တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားမိသည်။ 
ငါ့မျက်နှာမှာ တစ်ခုခု ပေနေလို့များလား..

ထို့နောက် ဝမ်ယွဲ့ အကြည့်လွှဲလိုက်သည်။

အရိုးသားဆုံး ဆိုရလျှင် အဆိုပါ ကောလာဟလများထဲ၌ စွန်းဟုန်ဖေး ပါဝင်ပတ်သက်နေကြောင်း သိပြီးနောက် အတော်လေး ဆွံ့အသွားခဲ့ရသည်။ 

မည်သို့ပင်ဖြစစေ စွန်းဟုန်ဖေးမှာ ရိုးသားကာ အားထားယုံကြည်ရသည့် လူတစ်ယောက် ဖြစ်ပုံရသောကြောင့် အရည်အချင်းမဲ့သူ မဟုတ်ပေ။

ဝမ်ယွဲ့သည် စွန်းဟုန်ဖေးအား စောင့်ကြည့်ရန် စဉ်းစားထားခဲ့သည်။

သို့သော် ထိုလူမှာ ကောလာဟလများ နောက်ကွယ်မှ လက်မဲကြီး ဖြစ်နေကြောင်း မထင်ထားခဲ့ပေ။

ယမန်နေ့ညက ကုရှင်းရှစ်နှင့် ပတ်သက်သည့် ကိစ္စများအား ဖြေရှင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ယနေ့တွင် ပုံစံအသစ်ဖြင့် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကြိုးဖြည်ရန်အတွက် ကြိုးချည်ခဲ့သူအား မလွဲမသွေ လိုအပ်လာမည် ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် စွန်းဟုန်ဖေးအား မေးလိုက်သည်။
“မင်းနဲ့ ဥက္ကဌကုက တော်တော်လေး အဆင်ပြေကြတယ် မဟုတ်လား..”

စွန်းဟုန်ဖေး နှလုံးခုန်နှုန်းများပင် မှားသွားလုမတတ် ဖြစ်သွားပြီး သတိရှိရှိ ပြန်ဖြေလိုက်သည်။
“တော်တော် အဆင်‌ပြေပါတယ်.. ကျွန်တော်တို့က ပရောဂျက် တော်တော်များများ တွဲပြီးတော့ လုပ်နေတာ ဆိုတော့လေ.. ဥက္ကဌကုက အရမ်းပဲ အကူအညီ ဖြစ်ပါတယ်..”

ဝမ်ယွဲ့က စကားမဆက်မီ လျှို့ဝှက်နက်နဲသည့် အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ဒီရက်ပိုင်း ကောလာဟလတချို့ ကြားထားတယ်.. ငါနဲ့ ဥက္ကဌကု အကြောင်း..”

စွန်းဟုန်ဖေး နားမလည်နိုင် ဖြစ်သွားသည်။
ဘာ ကောလာဟလလဲ.. ငါလည်း ဘာမှ မကြားမိပါလား..

စွန်းဟုန်ဖေး၏ မသိနားမလည်ဟန် အမူအရာကြောင့် ဝမ်ယွဲ့ ဒေါသထွက်လာတော့သည်။

ထိုစွန်းဟုန်ဖေးမှာ အတော်လေး ထက်မြက်သူတစ်ဦး ဖြစ်ခဲ့သော်ငြား အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် အဘယ့်ကြောင့် ထုံပေပေဖြစ်နေကြောင်း မသိတော့ပေ။

‘ကုရှင်းရှစ်နဲ့ ငါက ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလလေ..’ ဟူ၍ တည့်တိုးပြောရန်လည်း မဖြစ်နိုင်ချေ။

ထို့ကြောင့် ကိုယ်ကိုကိုင်းကာ ပိုမိုလေးနက်ဟန်ဖြင့် ပြောလိုက်သည်။
“အဲဒါက မင်းနဲ့ ပတ်သက်နေတယ်.. မင်း သေချာလေး စဉ်းစားပြီးမှ ပြန်ဖြေတာ ကောင်းလိမ့်မယ်..”

စွန်းဟုန်ဖေး ပို၍ပင် နားမလည်နိုင် ဖြစ်လာသည်။

ရုတ်တရက် ခေါင်းထဲ၌ မီးသီးလင်းလာတော့သည်။

စွန်းဟုန်ဖေး သိထားသလောက် လတ်တလောတွင် ဥက္ကဌဝမ်နှင့် ဥက္ကဌကုတို့ကြား ပွတ်တိုက်မှုအချို့ ‘ရှိ’ ထားကြောင်း တီးတိုးသံများ ထွက်ပေါ်လာသည်။ ယင်းသည် ဥက္ကဌဝမ် ရည်ညွှန်းသော ‘ထို’ ကောလာဟလ ဖြစ်ရမည်။

ထို့အပြင် ဥက္ကဌဝမ်သည် ဥက္ကဌကုနှင့် ဆက်ဆံရေးအကြောင်း ပထမဆုံးအကြိမ် မေးလာခြင်း ဖြစ်သည့်အပြင် ကောလာဟလအကြောင်း ဖော်ပြကာ ထိုထဲတွင် သူပါဝင်နေကြောင်းကိုပါ အလေးပေး ပြောလာ၏။

ဒါက ဥက္ကဌကုနဲ့ အဆင်မပြေ ဖြစ်နေတာကို ကြားဝင်စေ့စပ်ပေးဖို့ တစ်ဖက်လှည့်နဲ့ ပြောနေတာ မဟုတ်ဘူးလား..

စွန်းဟုန်ဖေး ခေါင်းထဲ၌ ရှောင်းလီ၏ စကားများ ပေါ်လာသည်။

သေချာပေါက်ပဲပေါ့..

ဥက္ကဌဝမ်က သူ့ဘက်ကနေ အလျှော့ပေးဖို့ ကြိုးစားနေတာ အသိသာကြီး..

ချက်ချင်းဆိုသလို စွန်းဟုန်ဖေးက အခြေအနေ အရပ်ရပ်အား ပြည့်ပြည့်စုံစုံ နားလည်သွားတော့သည်။

ဝိုး.. ဥက္ကဌဝမ်ရဲ့ စိတ်ကတော့ အလှည့်အပြောင်းတွေ အပြည့်ပဲ..

ငါက လူတွေကို ကောင်းကောင်း ဖတ်တတ်လို့ တော်သေးတာပေါ့.. မဟုတ်ရင် ဒီကိစ္စက ဘယ်လောက်တောင် ပြဿနာတက်သွားနိုင်သလဲ တွေးကြည့်ဖို့တောင် မရဲဘူး..

ဖြေရှင်းနည်းအသစ်အား ရှာတွေ့ပြီးနောက် စွန်းဟုန်ဖေး အလေးအနက် ပြောလိုက်သည်။
“ဥက္ကဌဝမ်.. ကျွန်တော် နားလည်ပါပြီ..”

ဝမ်ယွဲ့က မယုံသင်္ကာဖြင့် မျက်ခုံးပင့်လိုက်သည်။
“မင်း ‘တကယ်’ နားလည်တာလား..”

စွန်းဟုန်ဖေးက ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။
“သေချာပါတယ်..”

ဝမ်ယွဲ့ : “...”

စွန်းဟုန်ဖေးအား နောက်ဆုံး အခွင့်အရေးပေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယုံကြည်အားကိုးနိုင်သည့် လက်အောက်ငယ်သားတစ်ဦး ရှာတွေ့ရန် ခက်လှသည်။

“ကောင်းပြီ.. ဒီလိုဆိုလည်း ကောလာဟလကို ဖြေရှင်းဖို့ မင်းကိုပဲ လွှဲလိုက်တော့မယ်.. မင်း ကိုင်တွယ်နိုင်မှာလား..”

“စိတ်ချပါ ဥက္ကဌဝမ်..”
စွန်းဟုန်ဖေးက ယုံကြည်မှုရှိရှိ ပြောသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဥက္ကဌက ဒီသတင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ငြင်းပယ်ချင်နေတာလေ.. ဘယ်လောက် ခက်မှာတဲ့လဲ..

ဝမ်ယွဲ့ : “...”

*

အရေးကြီးတာဝန် ထမ်းဆောင်ရန် ပေးအပ်ခြင်းခံလိုက်ရသည့် စွန်းဟုန်ဖေးသည် ကုရှင်းရှစ်နှင့် ဝမ်ယွဲ့ တွေ့ဆုံနိုင်မည့် အခွင့်အရေး ဖန်တီးပေးနိုင်ရန် ကြိုးစားအားထုတ်တော့သည်။

ကုရှင်းရှစ်က အကောင်းဆုံးကြိုးစားနေသည့် ကြားမှပင် တမင်ရည်ရွယ် ဖန်တီးထားသည့် ထိပ်တိုက်တွေ့ဆုံမှုများအား ရှောင်လွှဲရန် မဖြစ်နိုင်တော့ကြောင်းနှင့် အခြေအနေအား ရှင်းပြရန် ခက်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူဖြေရှင်းရန် ကြိုးစားချိန်တိုင်းတွင် စွန်းဟုန်ဖေး၏ မျက်နှာ၌ “ဪ.. စိတ်ဆိုးနေတော့ ဒီစကားတွေ ပြောထွက်တာပေါ့..” ဟူသည့် အမူအရာမျိုးနှင့် ကြည့်လာတတ်သည်။

စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီးနောက် ကုရှင်းရှစ်က အလုပ်ထဲ စိတ်နှစ်ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

‘သံသရာလည်ခြင်း’ နာမည်ကြီးလာပြီးနောက် သရုပ်ဆောင်အဖွဲ့ တစ်ဖွဲ့လုံး ရေပန်းစားလာသည်။

လူအများ၏ အာရုံစိုက်မှုမှာ အဓိကသရုပ်ဆောင်များ ဖြစ်သော်ငြား ရှန့်ယွဲ့ချင်၏ သရုပ်ဆောင်မှုသည်လည်း ကြည့်ရှုသူများအား အတော်လေး အံ့အားသင့်သွားစေခဲ့သည်။

အစောပိုင်းအခန်းများတွင် ရှန့်ယွဲ့ချင်၏ ဇာတ်ကောင်စရိုက်အား ဝှက်ထားခဲ့သောကြောင့် ဗီလိန်ဟု ယူဆခဲ့ကြသည်။ ရှန့်ယွဲ့ချင်သည် အခြားသူများ၏ နားလည်မှုလွဲကာ ပစ်မှတ်ထားခံရသော်ငြား ဆိုးဝါးစွာ ဆက်ဆံခံရသည့် ကြားမှပင် တိတ်တဆိတ် ကူညီပေးနေဆဲ ဖြစ်သည်။

ထိုပဋိပက္ခသည် ပရိသတ်များအား နက်ရှိုင်းသည့် ခံစားချက် ဖြစ်ပေါ်လာစေသည်။

ရှန့်ယွဲ့ချင် သရုပ်ဆောင်ခဲ့သည့် ရှစ်ချန် ဇာတ်ကောင်၏ စိတ်နှလုံးကွဲကြေဖွယ်ကောင်းသည့် ဇာတ်ဝင်ခန်းတစ်ခန်း ရှိသည်။ ရှစ်ချန် ပြင်းထန်သော ဒဏ်ရာများနှင့် ခိုအောင်းရာ နေရာသို့ ပြန်ရောက်လာပြီး အလွန်အမင်း မောပန်းနွမ်းနယ်နေသဖြင့် ဒဏ်ရာများအား ကုသရန်ပင် အားမရှိတော့သောကြောင့် မြေပြင်ပေါ်တွင် လှဲနေရုံသာ ရှိလေသည်။

စကားတစ်လုံးမှ မဆိုသည့်တိုင်အောင် သူ၏ မျှော်လင့်ချက်မဲ့မှုနှင့် နာကျင်မှုတို့မှာ ကြည့်ရှုနေသည့် ပရိသတ်များကိုပါ နာကျင်ခံစားမိစေသည်။ 

ထိုဇာတ်ဝင်ခန်းသည် အလွန်ကရုဏာသက်ဖွယ် ကောင်းလှသောကြောင့် ကြည့်နေသည့် ပရိသတ်အချို့မှာ သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားသလို ခံစားကြရသည်။

ထိုအချိန်မှာပင် အခန်းထောင့်မှ ကြောင်အော်သံ တိုးတိုးလေး ထွက်လာသည်။

အဖြူရောင်ကြောင်‌ပေါက်လေးသည် ရှစ်ချန်အနီးသို့ ချဉ်းကပ်ကာ ခပ်တိုးတိုး အော်ပြီးနောက် သူ့မျက်နှာအား လျှာနှင့် လျက်လိုက်သည်။

ရှစ်ချန်က မျက်လုံးပေါ်တင်ထားသည့် လက်အား အဝေးသို့ ဖယ်လိုက်ပြီးနောက် ကြောင်ပေါက်လေးနှင့် အကြည့်ချင်းဆုံလိုက်သည်။

ရှစ်ချန် သက်ပြင်းချကာ ဒဏ်ရာဗလပွနှင့် ခန္ဓာကိုယ်အား ထူလိုက်ပြီး ဗီဒိုထဲရှိ အသားခြောက်အချို့ ထုတ်ယူလိုက်သည်။ ထို့နောက် ကြောင်ပေါက်လေး စားနိုင်ရန် အသားခြောက်များအား နွှာပေးလိုက်သည်။

ဖြူစင်သည့် မျက်နှာလေးနှင့် စားသောက်နေပုံကိုကြည့်ကာ သူ၏ ဝန်ပိုးများအား လွှတ်ချချင်မိလာသည်။
“မင်းကို မရှိဘူးလို့ မငြင်းနိုင်ပါဘူးကွာ..”

ရှစ်ချန်၏ မျက်နှာပေါ်တွင် အသန့်ရှင်းဆုံးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။

ထောင့်ကျဉ်းကျဉ်းလေးရှိ အခန်းငယ်လေးအတွင်းသို့ နေရောင်ခြည်များ ဟိုတစ်စ ဒီတစ်စ ဝင်ရောက်လာသည်။

ရှစ်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများစွန်းထင်းကာ ချုံးချုံးကျနေပြီး မျက်နှာတွင်လည်း လတ်လတ်ဆတ်ဆတ် ဒဏ်ရာများ ရှိနေသည်။ ရှစ်ချန်သည် နေရောင်ခြည်ကဲ့သို့ သန့်စင်ကာ နွေးထွေးတောက်ပသည့် အပြုံးမျိုး မပြုံးခဲ့ဖူးပေ။

ယင်းသည် ပရိသတ်များ၏ နှလုံးသားထဲသို့ တိုက်ရိုက်တိုးဝင်သွားနိုင်ခဲ့သည်။

သို့သော် ငြိမ်းချမ်းသည့် အခိုက်အတန့်လေးမှာ ရှည်ကြာမှု မရှိချေ။ နောက်တစ်ပိုင်း၌ ရှစ်ချန်သည် သူ့ကိုယ်သူ စတေးကာ အဓိကဇာတ်လိုက်အား နောက်ဆုံးအချိန်တွင် ကယ်တင်ပေးပြီးနောက် ဇာတ်လမ်းအား နှုတ်ဆက်ခဲ့လေသည်။

ထိုနေ့ညတွင် #ထာဝရလရောင်ဖြူလေးရှစ်ချန် ဟူသည့် ခေါင်းစဉ်မှာ လတ်တလောရေပန်းစားမှုများ၌ ပေါ်လာလေသည်။

အွန်လိုင်းပေါ်ရှိ လူတစ်စုသည် မှတ်ချက်များ၌ ရှစ်ချန်၏ အဆုံးသတ်ကြောင့် ဝမ်းနည်းပူဆွေးမှုများအား ထုတ်ဖော်ရေးသားကြသည်။

ရှန့်ယွဲ့ချင် ယခင်က ကြုံတွေ့ရသည့် ဖြစ်ရပ်များကိုပင် သတိရမိသူများ ရှိကြသည်။

ရှစ်ချန်ကဲ့သို့ပင် ရှန့်ယွဲ့ချင်သည် ထိုစဉ်က ဖျော်ဖြေရေးလောက၌ ဝါနုသေးသောကြောင့် နားလည်မှုလွဲခြင်းများ၊ ဖိနှိပ်ခြင်းများနှင့် အမျိုးမျိုးသော ထိခိုက်နစ်နာမှုများအား သည်းခံရင်း သူ၏ နှလုံးသားအား သန့်ရှင်းကာ စစ်မှန်အောင် နေထိုင်နိုင်ခဲ့သည်။

ရှစ်ချန် အဆုံးသတ်သွားပြီးနောက် ပရိသတ်သည် သူတို့၏ စာနာသနားမှုများအား ရှန့်ယွဲ့ချင်ထံ ပုံအောပေးလာကြသည်။

ရှစ်ချန်၏ ဇာတ်ကြောင်းသည် ရှန့်ယွဲ့ချင်အပေါ် တချို့တစ်ဝက် သက်ရောက်မှုရှိလာမည်ကို ကုရှင်းရှစ် မျှော်လင့်ထားပြီးဖြစ်သည်။ သို့သော် သက်ရောက်မှုမှာ ကုရှင်းရှစ် မျှော်လင့်ထားသည်ထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေတော့သည်။

ရှန့်ယွဲ့ချင်အား အတိတ်တွင် အမျိုးမျိုး ပြစ်တင်ပြောဆို ဝေဖန်ခဲ့သူများမှာ ယခုအခါ ပို၍ပင် စာနာသနားစိတ် ဝင်လာကြသည်။

အကြောင်းအရင်းအား မသိသော်ငြား ဆူပူကြိမ်းမောင်းခဲ့ကြသော လူအုပ်ကြီးနောက်လိုက်ကာ ရှန့်ယွဲ့ချင်အား ပြစ်တင်ပြောဆိုခဲ့ကြသူများသည် ‘ညဘက် တစ်ရေးနိုးချိန်မှာတောင် ကိုယ့်ကိုယ်ကိုယ် ပါးပိတ်ရိုက်ချင်မိတယ်’ ဟု ဆိုကာ ရှေ့ထွက်ကာ တောင်းပန်စကား ဆိုလာကြသည်။ 

ရှန့်ယွဲ့ချင်၏ နာမည်မှာ အဆမတန် တိုးတက်သွားသော်ငြား ကုရှင်းရှစ်သည် တည်ငြိမ်စွာဖြင့် ရှိနေဆဲ ဖြစ်လေသည်။

ရှန့်ယွဲ့ချင်သည် နာမည်ကြီးနေချိန်တွင် အဓိကဇာတ်လိုက်ဇာတ်ကောင် သို့မဟုတ် “လရောင်ဖြူ” ဇာတ်ကောင်များကိုသာ ဆက်လက် သရုပ်ဆောင်နေဦးမည်ဟု လူအများ ထင်ထားကြလေသည်။

ထို့ကြောင့် ကုရှင်းရှစ်ထံသို့ ထိုသို့သော ဇာတ်ရုပ်များနှင့် သက်ဆိုင်သည့် ဇာတ်ညွှန်းများစွာ ပေးပို့ကြလေသည်။ သို့သော် ထိုဇာတ်ညွှန်းများအား ရှန့်ယွဲ့ချင်နှင့်အတူ ဖတ်ရှုပြီးနောက် အဆုံးတွင် ငြင်းပယ်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ဇာတ်ညွှန်းများမှာ ချို့ယွင်းချက်များ ရှိနေသောကြောင့် မဟုတ်ဘဲ ရှန့်ယွဲ့ချင်၏ လက်ရှိ သရုပ်ဆောင်စွမ်းရည်မှာ အဆိုပါဇာတ်ရုပ်များအား အသက်သွင်းရန် မလုံလောက်သေးသောကြောင့်သာ။

ရှန်ချန်ဇာတ်ရုပ်အား ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ထိုဇာတ်ရုပ်သည် သူ၏ဘဝနှင့် တူညီမှုအချို့ ရှိနေခြင်းကြောင့် ဇာတ်ရုပ်အပေါ် စာနာသနားစိတ် သက်ဝင်မိသောကြောင့် ဖြစ်သည်။

သို့သော် ပရိသတ်၏ စာနာစိတ်မှာ ထပ်ကာထပ်ကာ ဖြစ်ပေါ်လာမည် မဟုတ်ချေ။ ဇာတ်ကောင်အပေါ် စာနာစိတ်မှာလည်း အဆုံးတွင် ပျောက်ကွယ်သွားမည် ဖြစ်သောကြောင့် နောက်ဆက်တွဲ သက်ရောက်မှုများအား ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ 

ရှန့်ယွဲ့ချင်၏ လက်ရှိ နာမည်ကြီးရေပန်းစားမှုအား အခွင့်ကောင်းယူပြီး ကုရှင်းရှစ်သည် သူ၏ သရုပ်ဆောင်စွမ်းရည်အား တဖြည်းဖြည်းချင်း တိုးတက်လာစေနိုင်သည့် စိန်ခေါ်မှုများသော အရံဇာတ်ကောင်ဇာတ်ရုပ်အား ရှာဖွေခြင်းမှာ ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ 

ရှန့်ယွဲ့ချင်၏ လမ်းကြောင်း ဖြောင့်ဖြူးနေစဉ် ကုရှင်းရှစ် ခေါင်းကိုက်နေရသည်မှာ “တိမ်လွှာတံဆိပ်” ရိုက်ကွင်းမှ ပြန်လာသော ချင်ဝမ်အတွက်ဖြစ်သည်။ 

သရုပ်ဆောင်ပိုင်းတွင် ချင်ဝမ်၏ အရည်အချင်းမှာ မေးခွန်းထုတ်စရာ မလိုပေ။

ထို့ကြောင့်ပင် ချင်ဝမ်အတွက် မှန်ကန်သော ဇာတ်ညွှန်း ရွေးချယ်ရန်မှာ ရှန့်ယွဲ့ချင်ထက် ပိုမိုခက်ခဲလေသည်။

ဖျော်ဖြေရေးလောကထဲ၌ ဖော်ပြမထားသော စည်းမျဉ်းတစ်ခုရှိသည်။ အရည်အသွေးမြင့် ဇာတ်ညွှန်းများမှာ ကုမ္ပဏီကြီးများကို ဦးစွာပေးပို့ရသည်။ ကုမ္ပဏီကြီးများ သဘောကျနှစ်သက်ခြင်း မရှိသည့် အကြွင်းအကျန်များသာ ကုမ္ပဏီငယ်လေးများ စားသောက်ရလေသည်။

‘သံသရာလည်ခြင်း’ ကဲ့သို့သော ရတနာမျိုး ခြေချောက်လက်ချော် လွတ်ထွက်လာနိုင်သော်ငြား ကံတရားမှာ သူတို့ဘက်၌ အမြဲတမ်း ရှိနေမည် မဟုတ်ပေ။

ထို့ကြောင့် ကုရှင်းရှစ်သည် ချင်ဝမ်အား အမျိုးမျိုးသော လူရွေးပွဲများသို့ ခေါ်သွားရန်သာ ရှိတော့သည်။

အရည်အသွေးမြင့် ဇာတ်ညွှန်းမှာ များများစားစား မရှိသောကြောင့် ကုမ္ပဏီကြီးများသည် ဇာတ်ရုပ်နေရာအတွက် အသည်းအသန် တိုက်ခိုက်နေကြလေသည်။ လဲ့ရှစ်ကဲ့သို့သော ကုမ္ပဏီငယ်လေးများအဖို့ သူတို့၏လမ်းကြောင်းသို့ ခြေချမိရုံနှင့်ပင် ဖိနှိပ်ခံရလေသည်။ ထိုသို့နှင့် ကုရှင်းရှစ်သည် ဒေါသတကြီးနှင့် ကောင်းမွန်သော အခွင့်အလမ်းများစွာအား လက်လွှတ်ခဲ့ရသည်။

သူ့ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ ရှိမည်ဆိုလျှင် ကိစ္စများမှာ ပို၍လွယ်ကူလာမည်ဟု မစဉ်းစားဘဲ မနေနိုင်တော့ချေ။ 

တစ်နေ့တွင် ချင်ဝမ်အား လူရွေးပွဲတစ်ခုသို့ ခေါ်လာခဲ့သည်။ ချင်ဝမ် အလှည့်ရောက်ရန် စောင့်နေချိန်တွင် ကုရှင်းရှစ်က ရေဝယ်ရန် vending စက်ရှိရာသို့ သွားနေစဉ် အနီးအနားရှိ အသံအချို့အား ကြားလိုက်ရသည်။

ဝါရင့် ဖရဲသီးစားသူ တစ်ဦးအနေနှင့် ဒရာမာတစ်ခုခု ရှိနေပြီဟု အလိုလို သိလိုက်လေသည်။

သတိရှိရှိ ချောင်းကြည့်လိုက်သည့်အခါ မနီးမဝေး၌ မျက်မှန်တပ်ထားသော ဆံပင်တိုတို ကောင်မလေးတစ်ဦးသည် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည့် အရပ်ရှည်ရှည် လူတစ်ဦး၏ လက်မောင်းတစ်ဖက်အား ဆွဲထားသည်ကို မြင်လိုက်ရသည်။

ကောင်မလေးက မျက်ရည်အပြည့်ဖြင့် တောင်းပန်နေခြင်း ဖြစ်သည်။
“မစ္စတာဖန်း.. ဒီပရောဂျက်မှာ ကျွန်မနာမည်ကို ဖော်ပြပေးမယ်လို့ ရှင်မပြောခဲ့ဘူးလား..”

မစ္စတာဖန်း ဟုခေါ်သော လူက သရော်ဟန်ဖြင့် နှာမှုတ်လိုက်သည်။
“နာမည်ဖော်ပြဖို့လား.. မင်းက ဘယ်လိုတွေတောင် စိတ်ကူးယဉ်နေခဲ့တာလဲ.. ဖျော်ဖြေရေးလောကထဲ လှည့်ပတ်ကြည့်ပါဦး.. မင်းတို့လို လူငယ်ဇာတ်ညွှန်းရေးသူလေးတွေက နာမည်တစ်ခုရဖို့ အရင်ဆုံး ပေးဆပ်ရမယ်လေ.. မင်းက ဒီလောကထဲရောက်တာ နှစ်နည်းနည်းလေးပဲ ရှိသေးတာတောင် နာမည်ဖော်ခံချင်နေပြီလား..”

ကောင်မလေးက မျက်ရည်များ အဆက်မပြတ် စီးကျလာသည်။
“ဒါပေမဲ့ ဒီဇာတ်ညွှန်းက.. ကျွန်မ သုံးပုံ နှစ်ပုံ ရေးထားရတာလေ.. ဇာတ်ညွှန်းရေးတဲ့ထဲ ကျွန်မနာမည်ကို ထည့်ပေးမယ်လို့ ရှင်ကတိပေးခဲ့တာ..”

မစ္စတာဖန်းက လှောင်ပြောင်စွာ ရယ်လိုက်သည်။
“အိုး.. တကယ်လား.. ဇာတ်ညွှန်းထဲက အရှုပ်တွေကို နောက်ဆုံးမှာ ရှင်းပေးရတာ ဘယ်သူတဲ့လဲ.. မင်းက ဇာတ်ညွှန်းရေးသူတစ်ယောက် ဖြစ်ဖို့တောင် ကောင်းကောင်း လေ့ကျင့်ခံထားရတာ မဟုတ်ဘူး.. ငါ့လက်အောက်ကိုသာ ခေါ်မထားဘူးဆိုရင် မင်းကိုယ်မင်း ဒီလောကထဲ ဝင်နိုင်မယ်လို့ ထင်နေလား.. အခု ဘေးဖယ်လိုက်တော့..”

ထိုသို့ပြောပြီးနောက် ကောင်မလေးအား ဘေးသို့တွန်းလိုက်သဖြင့် ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားသည်။ ထို့နောက် ကောင်မလေးသည် ဒူးနှစ်ဖက်အား လက်ဖြင့်ပိုက်ကာ တိတ်တဆိတ် ငိုကြွေးနေလေသည်။


🍉🍉🍉🍉 အခန်း ၉၃


စနစ်သည် နောက်ကွယ်ရှိ အတင်းအဖျင်းများအား ခပ်တိုးတိုး ပြောပြနေသည်။

[အဲဒီလူနာမည်က ဖန်းရှောင်လေ.. သူက အရည်အချင်းရှိတဲ့သူ မဟုတ်ဘူး.. ဒါပေမဲ့လည်း ဖျော်ဖြေရေးလောကထဲ နှစ်ပေါင်းများစွာ နေလာပြီးတော့ အဆက်အသွယ်တွေ ရှိလာတယ်လေ.. သူက ဇာတ်ညွှန်းရေး စတူဒီယိုတစ်ခု တည်ထောင်ပြီး ပရောဂျက်တွေ လက်ခံတယ်.. အဲဒါကို သူ့ကုမ္ပဏီက ဇာတ်ညွှန်းရေးသူတွေကို လက်လွှဲပေးတယ်.. ဒါပေမဲ့ သူတို့ရဲ့လက်ရာအပေါ် သူ့နာမည်ပဲ တပ်တယ်..]

[တကယ်တော့ ဖျော်ဖြေရေး လောကတစ်ခုလုံး ဒီပုံစံအတိုင်း သွားနေတာပဲ.. ဖန်းရှောင်ကတော့ သာမန်ထက် ပိုတယ်ပဲ ပြောရမှာပေါ့.. ကောင်မလေးရဲ့ နာမည်က ယွီယိုရှားတဲ့.. သူ(မ)က ဇာတ်ညွှန်းရေးသူတစ်ယောက် ဖြစ်လာဖို့ကို ရူးသွပ်တဲ့သူပေါ့.. ဒါပေမဲ့ ဇာတ်ညွှန်းရေးတဲ့ အတတ်ပညာကို နည်းလမ်းတကျ သင်ယူခဲ့တာ မဟုတ်တော့ ငြင်းပယ်မှုတွေနဲ့ပဲ ကြုံခဲ့ရတယ်.. ဖန်းရှောင်က သူ့ကို ခေါ်ထားခဲ့တာ.. သူ(မ)က နည်းလမ်းတကျ သင်ယူထားတာမျိုး မရှိပေမဲ့ အရည်အချင်းရှိတဲ့သူ တစ်ယောက်ပဲ.. လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဖန်းရှောင်ရဲ့ စတူဒီယိုက ထွက်လာသမျှ ဇာတ်ညွှန်းကောင်းတွေ အားလုံးနီးပါးက ယွီယိုရှားရဲ့ လက်ရာတွေပဲ.. ဖန်းရှောင်က သူ့ကို အဆုံးရှုံးမခံနိုင်ဘူး.. ဒါပေမဲ့လည်း သူ(မ)ကို နာမည်တစ်ခုပေးဖို့ ငြင်းပယ်နေတုန်းပဲ.. ဒီလိုမှ အခွံသက်သက် ကတိစကားတွေပေးပြီး သူ့ကို ဆက်ဆွဲထားနိုင်မှာလေ..]

စနစ်၏ ပြောစကားများအား နားထောင်ပြီးနောက် ကုရှင်းရှစ် ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သောက်ရမ်းတရားလွန်သွားပြီ..

သို့သော် သူကူညီနိုင်သည့်အရာ မရှိပေ။ ဇာတ်ညွှန်းရေးခြင်းနှင့်  á€•á€á€şá€žá€€á€şá ဉာဏပိုင်ဆိုင်ခွင့် ပြဿနာမှာ တရားဝင်နည်းလမ်းဖြင့် ဖြေရှင်းရန် ရှုပ်ထွေးလွန်းသည်။ လတ်တလော ဖြစ်သွားခဲ့သော ခိုးကူးဝတ္ထုကိစ္စကဲ့သို့ တည့်တိုးဖြေရှင်းရန် မဖြစ်နိုင်ချေ။

ထို့အပြင် ဖျော်ဖြေရေးလောက ဆိုသည်မှာ အဆက်အသွယ်များနှင့် အလုပ်လုပ်ခြင်း ဖြစ်သည်။ ယွီယိုရှားအနေနှင့် တရားမျှတမှုအား ရယူနိုင်မည် ဆိုလျှင်ပင် အာဏာရှိသူများ၏ အမည်ပျက်စာရင်းသွင်းခြင်း ခံရကာ အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။

ထိုအကြောင်း တွေးမိပြီးနောက် ကုရှင်းရှစ် စိတ်ကူးတစ်ခု ပေါ်လာသည်။

အခုလေးတင် ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ရှိရင်ကောင်းမလား တွေးနေတာ မဟုတ်ဘူးလား..

ယခုအခါ လဲ့ရှစ်တွင် အပိုရန်ပုံငွေများ ရှိလာပြီဖြစ်သောကြောင့် ကုမ္ပဏီပိုင် ဇာတ်ညွှန်းရေးသူအချို့အား ခန့်အပ်ခြင်းမှာ ပြဿနာတစ်ရပ် မဟုတ်ချေ။

ထို့ကြောင့် ယွီယိုရှားထံသို့ လျှောက်လှမ်းသွားပြီးနောက် မေးလိုက်သည်။
“အဆင်ပြေရဲ့လား..”

ယွီယိုရှားက ကြောက်လန့်တုန်လှုပ်နေသော ယုန်ငယ်လေးတစ်ကောင်သဖွယ် နီရဲနေသော မျက်လုံးများဖြင့် ကြောင်အကာ မော့ကြည့်လိုက်သည်။

ကုရှင်းရှစ်သည် ယွီယိုရှားအား တစ်ရှူးကမ်းပေးလိုက်သည်။ ကောင်မလေးသည် သတိရှိရှိဖြင့် တစ်ရှူးအား လက်ခံပြီးနောက် တီးတိုးပြောလေသည်။
“ကျေးဇူးပါ..”

ယွီယိုရှား တည်ငြိမ်သွားပုံရပြီးနောက် ကုရှင်းရှစ်က မေးလိုက်သည်။
“ကျွန်တော့်နာမည်က ကုရှင်းရှစ်ပါ.. လဲ့ရှစ်အင်တာတိန်းမန့်..”

ကုရှင်းရှစ် စကားမဆုံးမီမှာပင် ယွီယိုရှားက အံ့ဩတကြီးဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။
“ဥက္ကဌကု..”

ကုရှင်းရှစ် : “...”

ကုရှင်းရှစ်မှာ သူ့ကိုယ်သူ ထိုမျှလောက် နာမည်ကြီးနေလိမ့်မည်ဟု မထင်မှတ်ထားချေ။ နာမည်ကြီးနေခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရသည့် ပြဿနာမှ ကင်းဝေးသွားလေသည်။
“ခုနက ကိစ္စကို မြင်လိုက်တယ်.. တကယ်လို့ မင်းဘက်က စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီကို ဝင်ချင်လား..”

ဇာတ်ညွှန်းရေးသူတစ်ဦး၏ အခြေခံလုပ်ခလစာကို မသိသဖြင့် လက်ထောက်တစ်ဦး၏ လစာထက် ၅၀ ရာခိုင်နှုန်း ပိုပေးကာ ကမ်းလှမ်းလိုက်သည်။

သို့သော် လစာနှုန်းထားအား ပြောပြီးနောက် ယွီယိုရှား ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
“ဝါးးးးး”

ကုရှင်းရှစ်က ထပ်ပေါင်းပြောသည်။
“ရုံးတွင်းအလုပ်ဆိုတော့ အကျိုးအမြတ်အားလုံး ခံစားခွင့်ရှိမယ်နော်.. အာမခံကြေးတို့ အပိုဆုကြေးတို့ ဘာတို့ပေါ့.. သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ရလိမ့်မယ်..”

ယွီယိုရှား : “ဝါးးးးး”

“နာမည်ရေးထိုးတာနဲ့ ပတ်သက်ပြီး ဖန်တီးရေးသားတဲ့သူရဲ့ နာမည်ပဲ ဖြစ်စေရမယ်.. ဒါကို စာချုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ထည့်သွင်းပေးမှာပါ..”

ယွီယိုရှား : “ဝါးးးးး”

ကုရှင်းရှစ် စကားဆက်မပြောနိုင်တော့ချေ။
“ကျေးဇူးပြုပြီး တဝါးဝါး မလုပ်လို့ ရမလား.. မင်း သဘောမတူတဲ့ အပိုင်းရှိရင် ဆွေးနွေးလို့ ရပါတယ်..”

မမျှော်လင့်စွာပင် ထိုမေးခွန်းကြောင့် ယွီယိုရှား မျက်ရည်ကျလာပြန်သည်။
“မဟုတ်ပါဘူး.. ကျွန်မ မကျေနပ်တာမျိုး မရှိပါဘူး.. အချက်တွေက အရမ်းပဲ ကောင်းလွန်းတယ်.. ဥက္ကဌကု.. ဘယ်တော့ လက်မှတ်ထိုးကြမှာလဲဟင်..”

ကုရှင်းရှစ် : “...”

ရှက်ကြောက်တတ်သော်ငြား ယွီယိုရှား၏ အပြုအမူမှာ အလျင်အမြန် ပြောင်းလဲသွားလေသည်။

ဖန်းရှောင်နှင့် အလုပ်ခန့်အပ်သည့်စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့်အပြင် သူမ ယခင်က ခံစားခဲ့ရသော နစ်နာမှုများကြောင့် အလုပ်ထွက်ရန်အတွက် များများစားစား စဉ်းစားနေဖို့ရန်ပင် မလိုအပ်ချေ။ သူမက ရှုပ်ထွေးသည့် နှုတ်ထွက်မှုလုပ်ငန်းစဉ်များ မလိုအပ်ဘဲ ဖန်းရှောင်၏ စတူဒီယိုမှ လွတ်လွတ်လပ်လပ်ပင် ထွက်လာနိုင်သည်။

သူမ၏ အလုပ်နေရာအသစ်နှင့် အဆောင်ခန်းအား မြင်ပြီးနောက် မျက်လုံးများ နီရဲလာပန်သည်။

သူက သတ္တိများစုစည်းကာ ကုရှင်းရှစ်အား မေးလိုက်သည်။
“ဥက္ကဌကု.. ကျွန်မမှာ သူငယ်ချင်းနည်းနည်းရှိတယ်.. သူတို့ကလည်း ဇာတ်ညွှန်းရေးသူတွေပါ.. အရမ်း အရည်အချင်း ရှိကြတယ်.. သူတို့လည်း...”

အသံတိုးသွားပြီးနောက် သူမက ထပ်ပေါင်းပြောသည်။
“သူတို့က တကယ်ကောင်းပါတယ်.. ဥက္ကဌကု ကိုယ်တိုင် စစ်ဆေးကြည့်လို့ ရပါတယ်.. သူတို့က ဒီအတိုင်း နည်းနည်း.... ရှက်တတ်ရုံပါ..”

ကုရှင်းရှစ်သည် ကိုယ်ပိုင်ဇာတ်ညွှန်းရေးအဖွဲ့ ဖွဲ့စည်းရန် စီစဉ်ထားပြီး ဖြစ်သောကြောင့် လူအချို့ ထပ်မံခေါ်ယူရန် စိတ်မရှိချေ။

“သေချာတာပေါ့..”
ကုရှင်းရှစ် သဘောတူလိုက်သည်။

ယွီယိုရှား မျက်နှာတစ်ခုလုံး ဝင်းပသွားသည်။
“ကျွန်မ အခုပဲ အကြောင်းကြားလိုက်မယ်နော်..”

ကုရှင်းရှစ်သည် မူလက ၂ ယောက်၊ ၃ ယောက်မျှသာ ဖြစ်လိမ့်မည်ဟု ထင်ထားခြင်း ဖြစ်သည်။ သို့သော် အစည်းအဝေးခန်းအား ဖွင့်လိုက်ချိန်၌ သူ့အား စိုက်ကြည့်နေသည့် လူတစ်တန်းကြီးကို တွေ့လိုက်ရသည်။ ထိုသူများအား ဝေ့ဝဲကြည့်လိုက်ချိန်တွင် တစ်ညီတစ်ညာတည်း ခေါင်းငုံ့သွားကြသဖြင့် ငုံးပေါက်လေးများနှင့်ပင် တူလေသည်။

ကုရှင်းရှစ် : “...”

ယွီယိုရှားက အနည်းငယ် ရှက်ရွံ့စွာဖြင့် လျှောက်လာပြီးနောက် တစ်ဦးချင်းစီနှင့် မိတ်ဆက်ပေးလိုက်သည်။
“ဥက္ကဌကု.. ဒါက ချွန်းယန်းပါ.. သူက လျှို့ဝှက်သည်းဖို ဇာတ်လမ်းတွေကို ပိုင်နိုင်ပါတယ်.. ‘တရားခံ’ သုံးတွဲလုံးကို သူ ရေးခဲ့တာလေ..”

ချွန်းယန်းက ခေါင်းမော့ကာ ကုရှင်းရှစ်အား နှုတ်ဆက်ပြီးနောက် အကြည့်ပြန်ရုတ်သွားသည်။

ယွီယိုရှားသည် တစ်ဦးချင်းစီ သေသေချာချာ မိတ်ဆက်ပေးပြီးနောက် ဤအဖွဲ့မှာ ဇာတ်လမ်းအမျိုးအစားစုံ ပိုင်နိုင်ကြကြောင်း သိလိုက်ရသည်။ အချို့မှာ စကားပြောခန်းများ ရေးသားရာ၌ ထူးချွန်သူများရှိသလို၊ ဇာတ်ကောင်အသွင်အပြင်နှင့် ဇာတ်ကောင်လောကတည်ဆောက်ရာတွင် ထူးချွန်သူများလည်း ရှိသည်။ အရေးအကြီးဆုံး အချက်မှာ သူတို့သည် အချင်းချင်း နှစ်ပေါင်းများစွာ အထောက်အပံ့ ပေးလာကြပြီးနောက် စုပေါင်းဆောင်ရွက်မှုများ၌ ကောင်းမွန်သော ရလဒ်များ ရှိလေသည်။ ထိုသို့သော အဖွဲ့မျိုးနှင့်ဆိုလျှင် ကုရှင်းရှစ် လိုချင်သည့် ဇာတ်ညွှန်းတိုင်းအား ဖန်တီးရေးသားနိုင်မည် ဖြစ်သည်။

သို့သော် ဤသို့သော အကောင်းဆုံးဖွဲ့စည်းမှုရှိသည့် အဖွဲ့တစ်ဖွဲ့နှင့် ရင်ဆိုင်ရချိန်တွင် ကုရှင်းရှစ် မစိုးရိမ်ဘဲ မနေနိုင်ချေ။

[စနစ်ရေ.. သူတို့နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတာမျိုး ရှိသလား..]

[အိုး.. နေရာမှန် ရောက်လာတာပဲ..]

ကုရှင်းရှစ် ရင်တစ်ချက်ခုန်သွားသည်။
[ဘယ်လို..]

[ဒီလို.. သူတို့အဖွဲ့က အရည်အချင်းရှိတဲ့ သူတွေချည်းပဲ.. ဒါပေမဲ့ သူတို့အားလုံးမှာ တူညီတာ တစ်ခုတော့ ရှိတယ်.. လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ အရမ်းစိုးရိမ်ကြတယ် ဆိုတာပဲ..]

ကုရှင်းရှစ် : [ဒါက.. တော်တော်လေး သိသာပါတယ်..]

[ချွန်းယန်းကို ဥပမာထားပြီး ပြောမယ်.. အသိအမှတ်ပြုလောက်တဲ့ အလုပ်တွေ အများကြီး ရှိခဲ့ပေမဲ့ သူက အရမ်းကို ရှက်တတ်လို့  á€…ကဏးတ္ဏင် ဟဟမပြောရဲဘူး.. သူရဲ့ အလုပ်အတွက် ရပိုင်ခွင့် ပိုက်ဆံကိုလည်း မတောင်းဆိုဖူးဘူး.. သူ့ရဲ့ အဆိုးဝါးဆုံး နှစ်မှာဆိုရင် တစ်နှစ်လုံးမှ ယွမ် ၅၀၀၀ ပဲ ရခဲ့တာ.. အဲဒါတောင် သူရဲ့ အလုပ်ကို ကြိုးစားပြီး လုပ်ကိုင်နေတုန်းပဲ..]

ကုရှင်းရှစ် : [...]

[ဟိုနားက တစ်ယောက်က ဝမ်ပေါ်လင်းတဲ့.. သူ ရိုက်ကွင်းမှာ အလုပ်လုပ်နေတုန်းက 5ယောက်မြောက် အမျိုးသားဇာတ်လိုက်က သူ့ရဲ့ အိပ်ရာပေါ်ကို တွယ်တက်ဖို့ ကြိုးစားဖူးတယ်.. သူ့အတွက် အခန်းများများရအောင် မျှော်လင့်ပြီးတော့ပေါ့.. ဝမ်ပေါ်လင်းက ကြောက်လန့်တကြားနဲ့ အသံကျယ်ကျယ် အော်လိုက်လို့ အဲဒီလူက လက်လျှော့သွားတာ.. ဒါပေမဲ့ ဒီအကြောင်းကို တိုက်ရိုက် ထုတ်ဖော်ဖို့အတွက် လူကြောက်တတ်တာကြောင့် တောင်းပန်မခံရရုံသာ မကဘဲ ‘စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားဖို့’ ဆိုပြီး ခြိမ်းခြောက်ငွေညှစ်တာပါ ခံခဲ့ရတယ်လေ..]

ကုရှင်းရှစ် : [...]

စနစ် သက်ပြင်းချလိုက်သည်။

[မင်းက ယွီယိုရှားနဲ့ ပထမဆုံး တွေ့တာ ကျေးဇူးတင်ရမှာပဲ.. ယုံချင်ယုံ မယုံချင်နေ.. ယွီယိုရှားက အဲဒီတစ်အုပ်လုံးမှာ သတ္တိအရှိဆုံးပဲ..]

ကုရှင်းရှစ် : [...]

×××××

မိတ်ဆက်ပေးပြီးနောက် ယွီယိုရှားက ကုရှင်းရှစ်အား သတိရှိရှိ ကြည့်လိုက်သည်။
“ဥက္ကဌကု.. ဘယ်လိုထင်လဲ မသိဘူး..”

သူမစကားကြောင့် လူကြောက်တတ်သည့် “ငုံးပေါက်လေးများ” က မျှော်လင့်ချက် ပြည့်ဝစွာ ခေါင်းမော့လာကြပြီး ကုရှင်းရှစ်အား တောင်းပန်ခယသည့် အကြည့်များဖြင့် ကြည့်ကြလေသည်။

ကုရှင်းရှစ် : “...”

ကုရှင်းရှစ်က ထိုမျှများပြားသည့် ဇာတ်ညွှန်းရေးသူများအား တစ်ကြိမ်တည်း ခေါ်ယူရန် စီစဉ်ထားခြင်း မရှိချေ။ သို့သော် စနစ်ထံမှ အတင်းအဖျင်း အချို့အား နားထောင်ပြီးနောက် သူတို့အတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်မိသည်။

သူတို့အား ကျောခိုင်းလိုက်မည်ဆိုလျှင် အခြားသူများထံမှ နောက်တစ်ကြိမ် အနိုင်ကျင့်ခံရမည်လား မသိနိုင်ပေ။

ထိုအကြောင်းအား တွေးမိပြီးနောက် ကုရှင်းရှစ် စိတ်ပျော့သွားသည်။
“ကောင်းပါပြီ.. အားလုံးနဲ့ လက်မှတ်ထိုးကြတာပေါ့..”

ငုံးပေါက်လေးများမှာ မျက်လုံးများ ပြူးလာပြီးနောက် အံ့ဩတကြီးနှင့် “ဝါးးးးး” ဟု သံပြိုင်ပြောလိုက်ကြသည်။

ကုရှင်းရှစ် : “...”

ဒါက လူကြောက်တတ်တဲ့သူတွေရဲ့ လျှို့ဝှက်ကုတ်တစ်ခုလား..

ယွီယိုရှား မျက်ရည်လည်ရွှဲ ဖြစ်လာသည်။
“ကျေးဇူးတင်ပါတယ် ဥက္ကဌကု..”

ငုံးပေါက်လေးတစ်အုပ်က တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကာ တအီအီ ငိုကြွေးနေကြလေသည်။

ကုရှင်းရှစ်မှာ ရွေးချယ်ရန် မရှိတော့ဘဲ “တစ်ရှူးသူရဲကောင်း” အဖြစ် အသွင်ပြောင်းကာ တစ်ယောက်ချင်းစီ တစ်ရှူးကမ်းပေးရတော့သည်။

စိတ်အလှုပ်ရှားဆုံးသူမှာ ယွီယိုရှား ဖြစ်လေသည်။

သူမသည် အပြင်ဘက်၌ အချိန်အတော်ကြာ အလုပ်လုပ်ဖူးသောကြောင့် သူတို့တစ်ဖွဲ့လုံးအား ထောက်ပံ့ရန် ဥက္ကဌကုအတွက် မည်မျှ ကုန်ကျစရိတ် များမည်ကို သိလေသည်။ သူတို့၏ အကျင့်စရိုက်များအရ စာရေးခြင်းမှအပ ပရောဂျက်များ ညှိနှိုင်းဆွေးနွေးရန် အကူအညီဖြစ်မည် မဟုတ်ချေ။

သို့သော် ဥက္ကဌကုသည် သူတို့တစ်ဖွဲ့လုံးအား လက်မှတ်ထိုးရန် သဘောတူရုံသာ မကဘဲ အများနှင့်မတူ ထူးခြားသည့် အကျင့်စရိုက်များအားလည်း တစ်ခွန်းတစ်လေမျှပင် အပြစ်တင်စကားမဆိုဘဲ လက်ခံပေးလေသည်။ ထို့အပြင် တစ်ရှူးများလည်း ကမ်းပေးသေးသည်။

ဖျော်ဖြေရေးလောက၏ ရက်စက်ယုတ်မာမှုနှင့် အပြစ်တင်ဝေဖန်မှုများကိုသာ လက်ခံရလေ့ရှိသော လူငယ်ဇာတ်ညွှန်းရေးသူများ အနေနှင့် ကုရှင်းရှစ်၏ ကြင်နာမှုကြောင့် နှလုံးသားများ အရည်ပျော်သွားကြသည်။

ယွီယိုရှား မျက်ရည်သုတ်လိုက်ပြီး ကုရှင်းရှစ်အား စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
“ဥက္ကဌကု.. ကျွန်မတို့က အခုပဲ အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ.. ဥက္ကဌ စိတ်ထဲမှာ လိုချင်တဲ့ ပုံစံမျိုး ရှိလားမသိဘူး.. ကျွန်မတို့က အင်တာနက်ပေါ်မှာ ရှိပြီးသား ဝတ္ထုတွေကို မှီငြမ်းပြီးလည်း ရေးနိုင်ပါတယ်.. ဒါမှမဟုတ် ဥက္ကဌ ရွေးလို့ရအောင် ဇာတ်ညွှန်းအကြမ်း နည်းနည်းလောက် ရေးပေးရမလား..”

ကုရှင်းရှစ် မျက်တောင်ခတ်လိုက်သည်။
“အမ်..”

အမှန်အတိုင်း ပြောရလျှင် သူ့အနေနှင့် ကိုယ်ပိုင် ဇာတ်ညွှန်းရေး အဖွဲ့တစ်ဖွဲ့ ဖန်တီးရန် စဉ်းစားပြီးရုံသာ ရှိသေးသဖြင့် မည်သို့သော ဇာတ်ညွှန်းမျိုး လိုချင်သည်ကိုပင် မစဉ်းစားရသေးချေ။

သို့သော် လူငယ်လေးများ၏ စိတ်အားထက်သန်စွာဖြင့် သူတို့ကိုယ်သူတို့ သက်သေပြလိုခြင်းအား မြင်ပြီးနောက် သူ သို့မဟုတ် ကုမ္ပဏီအပေါ် ယုံကြည်မှု ပျက်ပြားသွားမည်ကို မလိုချင်ပေ။

ထို့ကြောင့် အစမ်းရေးရန် ပြောလိုက်သည်။
“ဒီလိုဆိုရင်ရော.. မင်းတို့ အားသန်တဲ့ အမျိုးအစားကိုပဲ ရေးကြည့်တာပေ့ါ.. အလျင်လိုဖို့ မလိုဘူးနော်..”

ဇာတ်ညွှန်းရေးသူများ : “ဝါးးးးး”

ဒီလောက်ကောင်းတာ.. ကန့်သတ်ချက်လည်း မရှိဘူး.. အူးးးး

ကုရှင်းရှစ် : “...”

ကုရှင်းရှစ် စကားဆက်ပြောမည် ပြင်စဉ်မှာပင် အစည်းအဝေးတံခါး ပွင့်လာပြီး ချန်ရှင်း၏ခေါင်းက တိုးဝင်လာသည်။
“နေ့ခင်းကြောင်တောင်ကြီး အစီအရင်တစ်ခုခုများ လုပ်နေတာလားလို့..”

ချန်ရှင်း၏ ပါးစပ်တစ်ပေါက်ကြောင့် ကုရှင်းရှစ်ခေါင်းပြောင်ချင်လာသည်။
“မင်း ဒီနေ့ ပွဲတစ်ခုရှိတယ် မဟုတ်ဘူးလား.. ဘာကိစ္စနဲ့ ပြန်လာတာလဲ..”

“ပြီးသွားပြီလေ..”
ချန်ရှင်းက တံခါးပေါက် အဟလေးမှ ချောင်းကြည့်လိုက်ချိန်တွင် တစ်ညီတစ်ညွတ်တည်း ခေါင်းငုံ့ထားကြသည့် လူငယ်လေးများအား မြင်လိုက်ရသည်။
“ချစ်လှစွာသော ဘောစ့်ရေ.. သနားဖို့ကောင်းတဲ့ ကလေးတွေကို ဘယ်ကနေ သွားခေါ်လာတာတုန်း..”

ကုရှင်းရှစ် : “ပါးစပ်ပိတ်ထားစမ်း”

ထိုသို့သော အချိန်မျိုးတွင် တစ်နေ့လုံးနေမှ စကား ၃ လုံး ပြည့်အောင်ပင် မပြောတတ်သည့် ချန်ရှင်းအား သတိရမိသည်။ ထိုကောင်စုတ်လေးအား စကားများများပြောရန် အားမပေးခဲ့သင့်ပေ။ သူ၏ မိုက်မဲမှုကြောင့် အလုပ်၌ ပို၍ခက်ခဲလာရသည်။

ချန်ရှင်းက နှုတ်ခမ်းအား ဇစ်ပိတ်ဟန် ပြုပြီးနောက် ယွီယိုရှားနှင့် ကျန်လူများအား အမူအရာဖြင့် တောင်းပန်လိုက်သည်။

ကုရှင်းရှစ်နှင့် ချန်ရှင်း စကားပြောနေစဉ် လူငယ်လေးတစ်အုပ်မှာ ချန်ရှင်းအား ခိုးကြည့်နေကြသည်။

ငုံးပေါက်လေးများသည် နာမည်ကြီးတစ်ဦးဖြစ်သည့် ချန်ရှင်းအား သိကြလေသည်။

ချန်ရှင်းသည် ဓားကဲ့သို့ ထက်ရှသည့် လျှာကြောင့် နာမည်ကျော်လေသည်။ 

ထို့ကြောင့် ချန်ရှင်း ဝင်လာသည့်အခါ အားလုံး သတိအနေအထား ဖြစ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့အားလုံး ပေါင်းမည်ဆိုလျှင်ပင် ချန်ရှင်း၏ စကားလုံးများအား ၁၀ ပုံ ၁ ပုံမျှပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် ချန်ရှင်းနှင့် တွေ့ဆုံပြီးနောက်တွင် တစ်ဖက်လူမှာ ကောလာဟလများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူ မဟုတ်ချေ။ သူတို့အား တောင်းပန်မှုပင် ပြုခဲ့သေးသည်။

ကုရှင်းရှစ်က ငုံးပေါက်လေးများအား ချန်ရှင်းနှင့် မိတ်ဆက်ပေးလိုက်သည်။
“သူကတော့ ချန်ရှင်းလေ.. နည်းနည်း တဲ့တိုးဆန်ပေမဲ့ လူကောင်းတစ်ယောက်ပါ..”

ချန်ရှင်း : “...”

ချန်ရှင်း၏ ဆူပုတ်ပုတ် အမူအရာကြောင့် မရယ်ဘဲ မနေနိုင်တော့ချေ။

ယွီယိုရှားက သတ္တိမွေးကာ ချန်ရှင်းအား နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ.. ကျွန်မက ကုမ္ပဏီရဲ့ ဇာတ်ညွှန်းရေးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ယွီယိုရှားပါ..”

ယွီယိုရှား စကားပြောချိန်တွင် ချန်ရှင်းသည် သူ၏ ‘တုတ်ထိုးအိုးပေါက် စကားများအား’ မေ့သွားပြီး အံ့ဩတကြီး ပြောလိုက်သည်။
“ဇာတ်ညွှန်းရေးသူ ဟုတ်လား.. ဥက္ကဌကု အဲဒီ ‘ဥက္ကဌဝမ်’ ဆိုတဲ့လူကို ပစ်ပြီး ကိုယ်ပိုင်ထုတ်လုပ်ရေး စတော့မယ်ပေါ့လေ..”

ကုရှင်းရှစ် : “...”

ဒီကောင်ရဲ့ ပါးစပ်ကို ချုပ်ပစ်မှပဲ အေးမယ်..

သူ ချန်ရှင်းအား စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
“မင်း ဘာလိုချင်လို့လဲ..”

ချန်ရှင်းက လည်ချောင်းရှင်းပြီးနောက် ပြန်ဖြေသည်။
“ကျွန်တော်က အားရှန့်နဲ့ လောင်းတာ နိုင်သွားတယ်လေ.. သူက ဒီနေ့ ဝယ်ကျွေးမယ်တဲ့.. အဲဒါကြောင့် ဥက္ကဌတို့ကို လာခေါ်တာ.. သူဌေးလေးဆီက ဖရီးကုန်းဆင်းကြစို့..”

ထိုသို့ပြောပြီးနောက် စိတ်အားထက်သန်စွာဖြင့် ယွီယိုရှားတို့ဘက်သို့ လှည့်လိုက်သည်။
“အားလုံး အတူလိုက်ခဲ့ကြနော်.. လူသစ်တွေအတွက် ကြိုဆိုပွဲ လုပ်ကြတာပေါ့..”

ကုရှင်းရှစ်သည် ချန်ရှင်းမှာ သူ့အား တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု သံသယရှိသည်။ အကြောင်းမှာ မုန့်ယွမ်ရှန့်အား လောင်းကြေးနိုင်သည် ဟူသော စကားမှာ အမှန်ဖြစ်ရန် အလှမ်းဝေးလွန်းလှသည်။

သို့သော် ချန်ရှင်းသည် ဇာတ်ညွှန်းရေးသည့် ငုံးပေါက်လေးတစ်အုပ်အား စိတ်အားထက်သန်စွာဖြင့် ဆွဲခေါ်နေသည်ကို မြင်ပြီးနောက် ချန်ရှင်းမှာ ဤတစ်ကြိမ်တွင် အမှန်တကယ် ကံကောင်းသွားခြင်း ဖြစ်နိုင်သည်ဟု တွေးမိလိုက်သည်။

သူတို့အဖွဲ့က အရောင်အသွေးစုံစွာ အလှဆင်ထားသော သီးသန့်စားသောက်ဆိုင် တစ်ဆိုင်သို့ ရောက်ရှိလာကြသည်။

ကုရှင်းရှစ် သီးသန့်ခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် ကျယ်လောင်သည့် အသံနှစ်ခု ထွက်ပေါ်လာပြီး ရောင်စုံပန်းဖွားများ ကျဆင်းလာသည်။

“ပျော်ရွှင်စရာမွေးနေ့ပါ ဥက္ကဌကု..”

မုန့်ယွမ်ရှန့်နှင့် အခြားလူများ အော်ပြောလိုက်သည်။

ကုရှင်းရှစ်မှာ ကြောင်အလျက်သား မတ်တတ်ရပ်နေမိသည်။ အခန်းအတွင်းသို့ ခေါ်သွားခံရပြီးနောက် မွေးနေ့ပွဲတစ်ခုအဖြစ် ပြင်ဆင်ထားသည်ကို တွေ့လိုက်ရသည်။

ကုရှင်းရှစ် ခေတ္တမျှ မှင်တက်သွားသည်။

သူတို့သာ သတိပေးမလာလျှင် ယနေ့သည် သူ့မွေးနေ့ဖြစ်ကြောင်း လုံးလုံးလျားလျား မေ့လျော့သွားမည် ဖြစ်သည်။

အတိတ်၌ များသောအားဖြင့် သူတစ်ဦးတည်းသာ နေထိုင်ခဲ့ရသည်။ အလုပ်များ ဇယ်ဆက်သလို လုပ်ကိုင်ရင်း အချိန်ကုန်နေခဲ့သောကြောင့် အရင်းနှီးဆုံး သူငယ်ချင်း အချို့၏ ဆုတောင်းစကားများနှင့်သာ မွေးနေ့အား ကုန်ဆုံးတတ်ခဲ့သည်။

အခန်းထဲသို့ တစ်ချက်ကြည့်လိုက်ရာ မုန့်ယွမ်ရှန့်တို့သာ မကဘဲ ကုမ္ပဏီဝန်ထမ်းများကိုပါ တွေ့လိုက်ရသည်။

စနစ်၏အသံ ထွက်ပေါ်လာသည်။
[ငါ့ကို မမေ့နဲ့လေ.. ငါလည်းရှိတယ်လို့..]

ကုရှင်းရှစ်၏ မျက်နှာတွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။
[ဟုတ်တယ်.. မင်းလည်းပါတယ်..]

ရှန့်ယွဲ့ချင်က ကုရှင်းရှစ်ထံသို့ ကိတ်တစ်လုံး ယူလာပြီး “ဟက်ပီးဘက်ဒေး” သီချင်းအား သီဆိုလေသည်။

ကုရှင်းရှစ်သည် လူအများ ဝိုင်းရံကာဖြင့် ဆုတစ်ခုတောင်းပြီးနောက် ဖယောင်းတိုင်မီး မှုတ်လိုက်သည်။

အရာအားလုံးမှာ အစစ်အမှန် မဟုတ်ဘဲ အိပ်မက်တစ်ခုလိုပင်။

မွေးနေ့ပွဲ ပြီးဆုံးသွားပြီးနောက် အသိလွတ်အောင် သောက်ခဲ့ကြသည့် လူများအား ကြည့်လိုက်ပြီး အပျော်လွန်ခဲ့မိသဖြင့် အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။

မုန့်ယွမ်ရှန့်နှင့် မသောက်သော လက်ထောက်အချို့သာ သတိရှိနေကြသည်။ ယွီယိုရှားတို့ အဖွဲ့မှာမူ အခန်းထဲရှိ ဆိုဖာများပေါ်တွင် တစ်ဦးနှင့်တစ်ဦး မှီလျက်သား ရှိနေကြသည်။

မုန့်ယွမ်ရှန့် နဖူးအား လက်ဖြင့်ပွတ်ပြီးနောက် လူတိုင်းအား ပြန်ပို့ရန် ကားစီစဉ်ရသည်။

သတိလွတ်အောင် သောက်ခဲ့သည့် ချန်ရှင်းမှာ ကုရှင်းရှစ်၏ပေါင်အား လက်နှစ်ဖက်ဖြင့် ဖက်ကာ သူသည်သာ “နံပါတ်တစ် ရွှေပေါင်လုံးဖက်သူ” ‘အစစ်’ ဟု တဖွဖွ ရေရွတ်နေသည်။

ချင်ဝမ်နှင့် ရှန့်ယွဲ့ချင်မှာလည်း ထူးမခြားနား ဖြစ်ကြသည်။ ကုရှင်းရှစ်၏ အင်္ကျီလက်အား ဆွဲကာ လွှတ်ပေးရန် ငြင်းဆန်နေကြသည်။

လက်ရှိအချိန်တွင် ကုရှင်းရှစ်မှာ “မြေခွေးနှင့် ကြက်သားအုပ်မ” ဂိမ်းထဲမှ ကြက်မေမေကြီးကဲ့သို့ ခံစားနေရသည်။ သို့သော် မူးနေချိန်မှာပင် ကုရှင်းရှစ်အပေါ်ထားသည့် သူတို့၏ယုံကြည်မှုကို မြင်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ဟင်း.. ဒီ ၃ ယောက်ကိုတော့ ငါကိုယ်တိုင်ပဲ ပြန်ခေါ်သွားလိုက်တော့မယ်..”


🍉🍉🍉

အကုန်လုံးက ချစ်စရာကြီးတွေ အခုဆို ထပ်ချစ်ပေးဖို့ ငုံးပေါက်လေးတွေအုပ်စုပါ ထပ်တိုးလာပြီ 🐣

🍉 အခန်း ၉၄


ထိုသို့ပြောပြီးနောက် ချန်ရှင်းတို့ ၃ ယောက်အား ခေါ်ဆောင်ကာ သီးသန့်ခန်းအတွင်းမှ ထွက်သွားလေသည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် အခြားအဖွဲ့တစ်ခုနှင့် ဆုံလေသည်။ ထိုအဖွဲ့အား ခေါင်းဆောင်လာသူမှာ ဝမ်ယွဲ့ဖြစ်သည်။

ဝမ်ယွဲ့သည်လည်း ကုရှင်းရှစ်အား တမဟုတ်ချင်း သတိပြုမိလိုက်သည်။

ယနေ့ညတွင် ကုရှင်းရှစ်သည် ပုံမှန်နှင့် အနည်းငယ် ကွာခြားနေ၏။

ခပ်ပွပွ အဖြူရောင် သိုးမွေးဆွယ်တာနှင့် ရိုးရှင်းသော အရောင်လွင့် ဂျင်းဘောင်းဘီကို ပေါ့ပေ့ါပါးပါး ဝတ်ဆင်ထားပြီး ကောလိပ်ကျောင်းသားလေး အလားပင်။

ဆံပင်မှာ ပွယောင်းယောင်းနှင့် နဖူးပေါ် ကျနေပြီး ပါးပြင်များမှာ အနီရောင်ပြေးနေပြီး မျက်လုံးများသည်လည်း အနည်းငယ်ဖျော့တော့နေသည်။ သို့သော် ထိုအရာများသည် ပုံမှန်မဟုတ်ဘဲ သူ၏ အမူအရာအား နွေးထွေးသိမ်မွေ့သလို ခံစားမိစေသည်။

ဝမ်ယွဲ့၏ အဖွဲ့အား သတိပြုမိပြီးနောက် ကုရှင်းရှစ် ခေါင်းမော့ကာ ကြည့်လိုက်သည်။

မျက်လုံးထောင့်လေးများ နီတီတီဖြစ်နေသော ကုရှင်းရှစ်၏ ပျင်းရိဟန် မျက်လုံးများသည် အိပ်ချင်မူးတူးဖြင့် ဝမ်ယွဲ့တို့ဆီ အကြည့်ပို့လိုက်သည်။ မျက်လုံးလေးများမှာ သန့်စင်ပြောင်လက်သည့် နီလာကဲ့သို့ ညှို့ဓာတ်ပြင်းထန်ပြီး ကျောက်မျက်ရတနာများ ပိုင်ဆိုင်နိုင်ခြင်း မရှိသော နွေးထွေးနူးညံ့၊သိမ်မွေ့မှုတို့လည်း ရှိလေသည်။

ဝမ်ယွဲ့၏ နှလုံးသားထဲ၌ အနည်းငယ် လှုပ်ခတ်သွားပြီး တစ်စုံတစ်ခုမှ လက်သည်းထိပ်လေးနှင့် ကုတ်ခြစ်နေသယောင်။ မသိစိတ်မှ လက်ကြယ်သီးများအား ထိလိုက်မိပြီး အေးမြမှုသည် သက်သောင့်သက်သာ ဖြစ်စေသော်ငြား သူ့စိတ်ထဲရှိ တစ်စုံတစ်ခုအား ပို၍ပြင်းထန်လာစေသည်။

ကုရှင်းရှစ်က ဝမ်ယွဲ့အား နှုတ်ဆက်လိုက်သည်။
“ဥက္ကဌဝမ်..”

ကုရှင်းရှစ်၏ အသံမှာ ပုံမှန်ထက် နူးညံ့နေလေသည်။

ဝမ်ယွဲ့က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီးနောက် လက်သီးတင်းတင်းဆုပ်ကာ ခေါင်းအသာညိတ်လိုက်သည်။
“ဥက္ကဌကု..”

ထို့နောက် ကုရှင်းရှစ်အား ဖြတ်ကျော်သွားသည်။

ဘယ်ရီသီးမှည့်နှင့် ကိတ်မုန့်၏ ချိုအီအီ ရနံ့လေးမှာ ဝမ်ယွဲ့၏ အနံ့ခံအာရုံထဲ တိုးဝင်ရောက်လာသည်။

ထိုအချိန်မှသာ ဝမ်ယွဲ့သည် ကြောင်အနေသည့် ၃ ယောက်အား သတိပြုမိခြင်းဖြစ်သည်။ အရက်မူးသမား ၃ ယောက်သည် ကုရှင်းရှစ်နောက်မှ ရထားတွဲကဲ့သို့ စီတန်းလိုက်ပါလာပြီး ချန်ရှင်းမှာ “ပျော်ရွှင်စရာ မွေးနေ့ပါ ဥက္ကဌကု” ဟု တဖွဖွ ရေရွတ်နေဆဲ ဖြစ်သည်။

ဝမ်ယွဲ့ ခြေလှမ်းများ ရပ်တန့်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုအား အမှတ်ရလိုက်သည်။

ကုရှင်းရှစ်၏ ဖိုင်ထဲတွင် ဤနေ့မှာ သူ၏မွေးနေ့ဖြစ်ကြောင်း ဖော်ပြထားလေသည်။

ကုရှင်းရှစ် ထွက်သွားတော့မည့် အချိန်မှာပင် ဝမ်ယွဲ့၏ စကားသံ ထွက်ပေါ်လာသည်။
“ဥက္ကဌကု..”

ကုရှင်းရှစ် နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

ဝမ်ယွဲ့က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
“ပျော်ရွှင်စရာ မွေးနေ့ပါ..”

အရက်အရှိန်ကြောင့် ခပ်ထွေထွေ ဖြစ်နေသဖြင့် ကုရှင်းရှစ်သည် ဝမ်ယွဲ့အား ရှောင်တိမ်းရန်ကိုပင် မေ့လျော့သွားလေသည်။ ဝမ်ယွဲ့၏ စကားအား ရှင်းရှင်းလင်းလင်း မကြားလိုက်သော်ငြား အလိုအလျောက်ပင် အပြုံးလေးနှင့် တုံ့ပြန်လိုက်သည်။
“ကျေးဇူးတင်ပါတယ်..”

ထိုအပြုံးမှာ မျက်လုံးထဲထိ ရောက်သော စစ်မှန်သည့် အပြုံးတစ်ခုပင်။

ထိုအချိန်တွင် ဝမ်ယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး ဖော်ပြ၍ မရနိုင်သည့် တည်ငြိမ်မှုမျိုး ခံစားရသည်။ လူမှုတွေ့ဆုံပွဲများကြောင့် ဖြစ်လာသည့် တင်းမာမှုများနှင့် မကြေလည်မှုများအားလုံး လျော့ပါးသွားသလိုပင်။

သို့သော် ချက်ချင်းဆိုသလို အကြည့်လွှဲကာ အလျင်အမြန် ထွက်ခွာသွားသည်။

နှစ်ဦးကြားရှိ စကားအပြန်အလှန် ဖလှယ်မှုမှာ မသိမသာဖြစ်သောကြောင့် အခြားသူများ သတိမထားမိသလောက်ပင်။ သို့သော် ဝမ်ယွဲ့၏ အနီးကပ်လူယုံ လက်ထောက်တစ်ဦးဖြစ်သည့် ထန်လင်းမှာပင် ဘောစ့်ဖြစ်သူ၏ ခံစားချက်မှာ သိသိသာသာ ထိုးတက်သွားကြောင်း ပြောနိုင်သည်။

ထို့ကြောင့် စွန်းဟုန်ဖေး၏ အကြံပေးချက်အား အမှတ်ရလိုက်သည်။ ဥက္ကဌဝမ်နှင့် ဥက္ကဌကုတို့အား ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းမှုကြောင့် စစ်အေးတိုက်ပွဲမှာ အဆုံးသတ်လုနီးနီး ဖြစ်လာခြင်း ဖြစ်မည်။

*

နောက်တစ်နေ့နံနက် ကုရှင်းရှစ် နိုးလာချိန်တွင် မူးနောက်နောက် ဖြစ်နေဆဲပင်။

မွေးနေ့ပွဲပြီးနောက် ချန်ရှင်းတို့ ၃ ယောက်အား အိမ်သို့ပြန်ခေါ်လာသည့် အကြောင်းအား ခပ်ရေးရေး မှတ်မိသည်။ ထို့နောက်...

ဝမ်ယွဲ့..

ကုရှင်းရှစ် ထထိုင်လိုက်မိသည်။

သူ့ခေါင်းထဲသို့ ယမန်နေ့က မှတ်ဉာဏ်များ ပြန်ရောက်လာသည်။

ချန်ရှင်းတို့ ၃ ဦးအား ခေါ်ထုတ်လာစဉ် လမ်းတစ်ဝက်တွင် ဝမ်ယွဲ့နှင့် ဆုံသဖြင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။ 

သို့သော် ဝမ်ယွဲ့၏ အမူအရာမှာ အဆင်ပြေပုံ မရချေ။ ကုရှင်းရှစ်အား ကြည့်လိုစိတ်ပင် မရှိသည့်အတိုင်း အလျင်စလို ထွက်ခွာသွားသည်။ 

ဝမ်ယွဲ့သည် သူ့အား ကျော်သွားစဉ် တစ်စုံတစ်ခု ပြောလိုက်သည်ကို ခပ်ရေးရေး မှတ်မိသော်ငြား အရေးကြီးပုံ မပေါ်ချေ။

တကယ့် ကိစ္စမှာ ဝမ်ယွဲ့သည် သူတို့ကြား၌ ပြတ်ပြတ်သားသား စည်းတားလိုက်ခြင်းပင်။

ကုရှင်းရှစ် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။

စွန်းဟုန်ဖေး အပါအဝင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ အဆင်ပြေသော်ငြား ဝမ်ယွဲ့၏ တုံ့ပြန်ပုံအရ အနာဂတ် ပူးပေါင်းမှုများအား ဖြတ်တောက်ရမည့် အချိန်သို့ ရောက်လေပြီ။

သူ၏ကိုယ်ပိုင် အဖွဲ့တစ်ဖွဲ့ တည်ထောင်ရန်ဟူသည့် အစီအစဉ်အား အရှိန်မြင့်ရန် လိုလာပြီ ဖြစ်သည်။

နောက်ပိုင်းရက်များ၌ ကုရှင်းရှစ်သည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူ အသစ်များအား ဆက်သွယ်ရင်း တစ်ချိန်တည်းမှာပင် အရည်အချင်းရှိ ဒါရိုက်တာများ ရှာဖွေခြင်းနှင့် ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့ တည်ထောင်ခြင်းတို့တွင်သာ နှစ်မြှုပ်ထားလေသည်။

တစ်ချိန်တည်းတွင် ဇာတ်ညွှန်းရေးသည့် ငုံးပေါက်ကလေးများသည်လည်း အလုပ်ဝန်မပိသောကြောင့် ကုမ္ပဏီ၌ ပျော်ရွှင်လျက်ရှိကြသည်။

ကုရှင်းရှစ်က သူတို့အား မဖြစ်မနေ ရုံးတက်ရန် သို့မဟုတ် ပရောဂျက်၏ လိုအပ်ချက်များ ကန့်သတ်ရန် စသည်တို့အား မသတ်မှတ်ထားသည့်တိုင်အောင် ငုံးပေါက်ကလေးများသည် နေ့စဉ်နေ့တိုင်း ပျော်ရွှင်စွာဖြင့် ကုမ္ပဏီသို့ ရောက်လာကြသည်။

မူလက ရုံးပတ်ဝန်းကျင်နှင့် အသားကျရန် ခက်ခဲမည်ကို စိုးရိမ်ပူပန်ခဲ့ကြသော်ငြား လုပ်ငန်းခွင်သို့ ရောက်ပြီးနောက် ထွေထွေထူးထူး မဟုတ်ကြောင်း သိလိုက်ရသည်။

ဥက္ကဌကု၏ မွေးနေ့ပွဲကြောင့် ငုံးပေါက်ကလေးများသည် ရုံးဝန်ထမ်းများနှင့် အလျင်အမြန် လိုက်လျောညီထွေ ဖြစ်လာကြပုံပင်။

ကုမ္ပဏီကြီးတစ်ခု မဟုတ်သော်ငြား လူတိုင်း ဖော်ရွေမှုရှိသည်။ မွန်းလွဲလက်ဖက်ရည်ချိန်တွင် အုပ်ချုပ်ရေးပိုင်းမှ ဝန်ထမ်းများသည် ငုံးပေါက်ကလေးများအတွက် တစ်ဦးစီ၏ အကြိုက်ကိုလိုက်၍ အဆာပြေမုန့်များ ယူလာပေးတတ်ကြသည်။ 

ထိုသို့သော နွေးထွေးမှုအား ယခင်က မခံစားဖူးသောကြောင့် လူကြောက်တတ်သည့် ငုံးပေါက်ကလေးများအား လုံခြုံမှုကို ခံစားမိစေသည်။

ဝန်ထမ်းအားလုံး အံ့အားသင့်စေသည့် အချက်မှာ ငုံးပေါက်ကလေးများနှင့် အရင်းနှီးဆုံးသောသူမှာ ချန်ရှင်းဖြစ်လေသည်။

ထိုသို့ ဖြစ်လာရသည့် အကြောင်းအရင်းမှာ တစ်နေ့၌ ငုံးပေါက်ကလေးများသည် အစည်းအဝေးခန်း၌ ခေါင်းချင်းဆိုင် အဖြေရှာနေစဉ်မှ စသည်။

သူတို့၏ သက်သောင့်သက်သာရှိသော ဘဝအသစ်သည် ယခင်ကြုံတွေ့ခဲ့ရသည့် စိုးရိမ်မှုများနှင့် လမ်းပျောက်မှုများအား လွှတ်ချလိုက်နိုင်ပြီး စာရေးသားရာ၌သာ ပျော်ရွှင်စွာ နစ်မြုပ်နေကြလေသည်။

ထိုအချိန်မှာပင် ယွီယိုရှားသည် သူမ၏ စတူဒီယိုဟောင်းမှ ဇာတ်ညွှန်းရေးခေါင်းဆောင် ဖန်းရှောင်ထံမှ ဖုန်းခေါ်ဆိုမှုအား ရရှိလိုက်သည်။

ဖန်းရှောင်သည် သူမ၏ တောင်းဆိုမှုအား သဘောမတူသည့်တိုင်အောင် ယွီယိုရှား ကုမ္ပဏီမှ အမှန်တကယ် ထွက်သွားလိမ့်မည်ဟု မယုံချေ။ ဖန်းရှောင်က သူမအား ကောင်းမွန်သော လေ့ကျင့်သင်ကြားခံရခြင်း မရှိကြောင်းနှင့် အသိအမှတ်ပြုလောက်စရာ လက်ရာတစ်ခုမှ မရှိကြောင်းတို့ကို အတွင်တွင် ပြောထားခဲ့သောကြောင့် သူမအား လက်ခံခေါ်ယူမည့် ကုမ္ပဏီ မရှိဟု ထင်မှတ်ခဲ့သည်။ သူမအား လက်ခံသည့် ကုမ္ပဏီ ရှိလာလျှင်လည်း သူတို့သည် အခကြေးငွေ အနည်းငယ်သာပေးပြီး နောက်ကွယ်မှလူအဖြစ်သာ ဆက်ဆံကြလိမ့်မည်။

သို့သော် ယွီယိုရှားက အမှန်တကယ် ထွက်သွားလေသည်။

ထိုမျှမကဘဲ WeChat အား ဖျက်ကာ သူ့နံပါတ်ကို black list သွင်းလိုက်သည်။

ဖန်းရှောင် ဒေါသတကြီး ဖြစ်လာသည်။

သူ့ကို စတူဒီယိုထဲ ခေါ်လာခဲ့ပြီး ဇာတ်ညွှန်းရေးဖို့ အခွင့်အရေး ပေးခဲ့တဲ့သူက ဘယ်သူလဲဆိုတာ မှတ်မိသေးရဲ့လား..

လူငယ်တွေအားလုံး ဒီလိုမျိုး ပြုမူမယ်ဆိုရင် ဒီလောကရဲ့ စည်းမျဉ်းတွေကို ဘယ်သွားထားတော့မလဲ..

အစောပိုင်းတွင် အပြင်ဘက် ကမ္ဘာကြီးမှာ မည်မျှ ရက်စက်ကြမ်းတမ်းကြောင်း နားလည်သွားပြီးနောက် သူမဘာသာ ပြန်လာမည်ကို စောင့်ကြည့်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် တစ်ပတ်နီးပါး ကြာလာသည့်တိုင်အောင် သူ၏နံပါတ်အား ခေါ်လာမည့် အရိပ်အယောင် မတွေ့ရချေ။ ဖန်းရှောင် ဒေါသပိုထွက်လာသည်။ ထိုကောင်မလေး ပြန်လာလျှင် ဒုတိယအခွင့်အရေး မပေးတော့ဟု ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ၏ စတူဒီယိုမှာ ပရောဂျက်တစ်ခု လက်ခံရရှိခဲ့သည်။ ပုံမှန်အတိုင်းပင် အဖွဲ့အတွင်း၌ ကိုယ်စီတာဝန်များ ခွဲဝေပေးလိုက်သည်။

သို့သော် ရလဒ်မှာ အံ့ဩလောက်စရာပင်။

ဖန်းရှောင် ကိုယ်တိုင်ရေးသားရန် ကြိုးစားကာ နှစ်ရက်ဆက်တိုက် အိပ်ရေးပျက်ပြီးသော်ငြား စာရွက်အလွတ်ကိုသာ စိုက်ကြည့်နေမိသည်။

ပရောဂျက်နှင့် ပတ်သက်သည့် စိတ်ကူးတစ်စိုးတစ်စိပင် ထွက်မလာချေ။ သို့သော် ပရောဂျက်အတွက် ကမ်းလှမ်းသည့် ပမာဏမှာ မက်လောက်စရာ ဖြစ်သောကြောင့် လွယ်လွယ်ကူကူ လက်မလွှတ်နိုင်ပေ။

ထိုအချိန်တွင် ယွီယိုရှားအား တွေးမိလိုက်သည်။

သူ၏ စတူဒီယိုရှိ “အသုံးမကျသော ငတုံးတစ်သိုက်” နှင့် နှိုင်းယှဉ်မည်ဆိုလျှင် ယွီယိုရှားမှာ ဈေးပေါကာ အကျိုးများသည်။

သူ့မာန်မာနအား ခဝါချကာ နံပါတ်အသစ်ဖြင့် ယွီယိုရှားအား ခေါ်ဆိုလိုက်သည်။

ယွီယိုရှားသည် ဖုန်းမြည်လာခြင်းအား စိုက်ကြည့်နေမိသည်။ မသိ‌သော နံပါတ်တစ်ခုမှ ခေါ်လာခြင်း ဖြစ်သည်ကို မြင်သောအခါ အစားအသောက်ပို့ဆောင်သူမှ ဆက်ခြင်းဖြစ်မည်ဟု မှတ်ယူလိုက်သည်။

ထို့ကြောင့် ဒေါသတကြီးနှင့်“ဧည့်ကြိုစားပွဲမှာ ထားခဲ့ပါလို့ မပြောဘူးလား.. ဖုန်းခေါ်စရာ မလိုဘူးလို့..” ဟု ပြောချင်မိသည်။

သို့သော်..

“ဟယ်လို..”
သူမ ဆက်မပြောခင်မှာပင် ရင်းနှီးပြီးသားဖြစ်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ယွီယိုရှား.. မင်းက ငါ့ကို ဘလော့ရဲတယ်ပေါ့..”

ယွီယိုရှား : “...”

ထိုအသံမှာ ဖန်းရှောင်ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။

စတူဒီယိုမှ ထွက်လာပြီးသည့်တိုင်အောင် ထိုသူမှာ သူမ၏ အိပ်မက်ဆိုးဖြစ်နေဆဲပင်။

ကြောက်လန့်တုန်လှုပ်သွားပြီးနောက် သူမ၏ လက်မှာ ဦးနှောက်ထက်ပင် ပိုမြန်လေသည်။ ချက်ချင်း ဖုန်းချလိုက်သည်။

ငုံးပေါက်ကလေးများသည် ယွီယိုရှား၏ အမူအရာအား သတိပြုမိပြီးနောက် စိုးရိမ်စွာဖြင့် ဝိုင်းအုံလာကြသည်။
“ရှားရှား.. ဘာဖြစ်လို့လဲ..”

ယွီယိုရှား ပြန်မဖြေမီမှာပင် သူမ၏ဖုန်း နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။

ကြောင်အနေပြီးနောက် ဖုန်းအား အလိုအလျောက် စားပွဲပေါ်သို့ လွှင့်ပစ်လိုက်သည်။

ဖုန်း၏ တုန်ခါသံမှာ တဖြည်းဖြည်း ပိုကျယ်လာပြီး အပြင်းအထန် ဆွေးနွေးနေကြသည့် ငုံးပေါက်ကလေးများပါ ကြောင်အသွားကြလေသည်။

“ဘာ.. ဘာတွေ ဖြစ်နေတာလဲ..”

ယွီယိုရှား ငိုချမတတ်ပင်။

ဖန်းရှောင်၏ စတူဒီယိုမှ ထွက်လာပြီးနောက် ဆက်သွယ်၍ရသည့် အချက်အလက် မှန်သမျှအား ဖျက်ပစ်ခဲ့သော်ငြား သူမကို တစ်နည်းနည်းနှင့် ဆက်သွယ်လာဆဲ ဖြစ်လေသည်။

အခြေအနေအား ရှင်းပြပြီးနောက် အကူအညီတောင်းသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ငါ.. ငါ ဘာလုပ်သင့်လဲ..”

လူကြောက်သည့် ငုံးပေါက်ကလေးများမှာ ကူကယ်ရာမဲ့စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

“နင့်ဖုန်းကို ပိတ်လိုက်ရင်ရော..”

“ဖုန်းဆက်လို့ မရဘူးဆိုရင် ဒီကိုလာပြီး ရှာနိုင်မှာလည်း မဟုတ်ဘူးလေ..”

“ဒါမှမဟုတ် ဖုန်းနံပါတ် ပြောင်းလိုက်မယ် ဆိုရင်ရော..”

“ဖုန်းနံပါတ် ပြောင်းတာက အလုပ်ရှုပ်တယ်.. သူ့ကို ထပ်ပြီး ဘလော့လိုက်တာက ပိုလွယ်တယ်..”

သူတို့က အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ချိန်ကိုက်ဗုံး တစ်ခုကဲ့သို့ စားပွဲပေါ်တွင် အဆက်မပြတ် တုန်ခါနေသည့် ဖုန်းကိုသာ စိုက်ကြည့်နေမိကြသည်။

ထိုအချိန်မှာပင် ချန်ရှင်း ရောက်ရှိလာသည်။

အမြီးကုပ်နေသည့် ငုံးပေါက်ကလေးများအား မြင်သည့်အခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဘာဖြစ်နေကြတာလဲ..”

ယွီယိုရှားသည် ချန်ရှင်းအား မြင်သည်နှင့် အသက်ရှင်နိုင်မည့်လမ်းစ ပေါ်လာသလို ခံစားရသည်။ ထို့ကြောင့် အခြေအနေ တစ်ခုလုံးအား အလျင်အမြန် ရှင်းပြလိုက်သည်။

“ဘာဖြစ်တယ်.. ကမ္ဘာပေါ်မှာ ဒီလောက်တောင် အရှက်မဲ့တဲ့ကောင် ရှိနေသေးတာလား..”
ချန်ရှင်းက စားပွဲအား လက်ဖြင့်ရိုက်ကာ ပြောလိုက်သည်။
“ငါ့တာဝန်ထားလိုက်..”

သူက ဖုန်းအား ကောက်ယူကာ ခေါ်ဆိုမှု လက်ခံလိုက်သည်။

ယွီယိုရှား ဖုန်းချသွားပြီးနောက် ဖန်းရှောင်သည် ဒေါသတကြီးနှင့် ဖုန်းဆက်ခေါ်နေခြင်း ဖြစ်သည်။ တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်နှင့် သူ၏ဒေါသများ ဖွင့်ထုတ်မည် ပြုစဉ်မှာပင် အမျိုးသားတစ်ဦး၏အသံ ထွက်ပေါ်လာသည်။
“မင်းက ဖန်းရှောင် ဖြစ်ရမယ်..”

ဖန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဘယ်သူလဲ.. ယွီယိုရှားကို ဖုန်းပေးလိုက်..”

ချန်ရှင်းက သရော်ဟန်ဖြင့် နှာမှုတ်လိုက်သည်။
“မင်းရဲ့ “အန်တီယွီ” က အလုပ်များနေလို့ မင်းဖုန်းကိုကိုင်ဖို့ အချိန်မရှိဘူး.. ငါက သူ့ရဲ့ “အဖေ” ပဲ.. မင်းနဲ့ အာလာပ သလာပလေး ပြောကြတာပေါ့..”

ဖန်းရှောင် : “...”

ချန်ရှင်းမှာ ထိုမျှနှင့် ရပ်မသွားချေ။

“မင်းကိုယ်မင်း ကြည့်လိုက်စမ်း.. ဘာသောက်ဖြစ်မှ မရှိဘဲ နေရာတစ်နေရာ ယူထားတယ်‌ပေါ့.. မင်းက သူ့ကို သွေးဆောင်ဖြားယောင်းပြီး သူ့ရဲ့ အားထုတ်မှုတွေကို ဝါးမျိုစားသောက်နေတာပဲ.. အဲဒါတောင် ပြန်ပေးတဲ့ အခကြေးငွေက သင်္ဂြိုဟ်စရိတ်တောင် မကာမိဘူးကွ.. ပြီးတော့ နာမည်တစ်ခု ပေးဖို့ဆိုတာ မင်းကိုယ်တိုင် ကတိပေးထားတာ မဟုတ်ဘူးလား.. ကိုယ့်ကတိကိုယ် မတည်တဲ့ ခွေးလိုကောင်.. မင်းက ယုံကြည်စိတ်ချရတဲ့သူ မဟုတ်ဘူးလို့တော့ မပြောနိုင်ပါဘူး.. မင်းရဲ့ ဉာဏ်ရည်အဆင့်အတန်းနဲ့ဆိုရင် အဲဒီစကားလုံးကိုတောင် နားလည်နိုင်တဲ့ အသိပညာ မရှိဘူးလို့ ငါသံသယရှိတယ်..”

“မင်း.. မင်း..”
ဖန်းရှောင် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲ တင်းကြပ်လာပြီး စားပွဲပေါ်ရှိ အရာများအား တွန်းထုတ်လိုက်သည်။ သူ့အား ထိုကဲ့သို့ ပွင့်ပွင့်လင်းလင်း ကြိမ်းမောင်းရဲသူ မရှိချေ။ အသိစိတ် လွတ်သွားပြီးနောက် ပြောစရာစကား မဲ့သွားလေသည်။

သို့သော် ချန်ရှင်းမှာ သွေးပူရုံသာ ရှိသေးသည်။
“မင်းက မင်းကိုယ်မင်း ဇာတ်ညွှန်းရေးသူလို့ ခေါ်တယ်ပေါ့.. ငါ့ကိုတောင် ပြန်မချေပနိုင်ပဲနဲ့လေ.. အထက်တန်းအဆင့် ပညာရေးက မင်းကို လူတစ်လုံးသူတစ်လုံး ဖြစ်လာအောင် မသင်ပေးနိုင်မှာတော့ ဇာတ်ညွှန်း တစ်ခုရဖို့ တခြားလူတွေကို မှီခိုနေရတာ အံ့ဩစရာ မရှိတော့ပါဘူး.. ရှားရှားက မင်းကို မျက်နှာသာပေးခဲ့တာတောင် သူက မင်းအပေါ် အကြွေးတင်နေသလိုမျိုး ပြုမူခဲ့သေးတယ်..”

“မင်းက အရှက်မဲ့မှုရဲ့ အဓိပ္ပါယ်စစ်စစ်ပဲ.. အရှက်မဲ့မှုမှာ တံခါးတစ်ချပ်ရှိရင် မင်းကတော့ အခေါက်ခံရလွန်းလို့ သေသွားနိုင်တယ်.. မျက်နှာအရေထူနေပြီလား.. ကောင်းတယ်.. အရှက်မဲ့မှုရဲ့ မျက်နှာအစစ်က အဲဒါပဲ..”

ချန်ရှင်းက ဖန်းရှောင်အား တရစပ် ကြိမ်းမောင်းနေသောကြောင့် ဖန်းရှောင်မှာ နားမထောင်နိုင်တော့သဖြင့် ဖုန်းချလိုက်တော့သည်။

ချန်ရှင်းက ဖုန်းပြန်ချပြီးနောက် အောင်ပွဲခံဟန်ဖြင့် ပြုံးလိုက်သည်။
“ဟက်.. ဒီလို ပမွှားအဆင့်နဲ့ ငါ့ကို ယှဉ်ချင်တာလား..”


🍉🍉🍉🍉 အခန်း ၉၅


ယွီယိုရှားတို့ ငုံးပေါက်ကလေးများမှာ မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားလေးများဖြင့် ချန်ရှင်းအား ကြည့်နေကြလေသည်။

ချန်ရှင်းက အမှုမထားဟန်ဖြင့် လက်ယမ်းကာ ပြောလိုက်သည်။
“အေးဆေး အေးဆေး.. မင်းတို့ အစ်ကိုကြီးကို ဒီလိုမျိုး လေးစားနေဖို့ မလိုပါဘူးကွာ..”

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ ဖန်းရှောင်မှာ ဒေါသထွက်လွန်းသောကြောင့် ဖုန်းအား ပေါက်ခွဲမိမတတ်ပင်။

ဒီကောင်က ဘယ်က ရောက်လာတာလဲ.. လူတစ်ယောက်မှာ အဲလောက်တောင် ဆိုးဝါးတဲ့ပါးစပ် ရှိနေတာလား..

ဒေါသထွက်နေသော်ငြား ထပ်မံ ကြိမ်းမောင်းခံရမည်ကို မခံစားနိုင်တော့သောကြောင့် ယွီယိုရှားအား နောက်တစ်ကြိမ် မခေါ်ရဲတော့ပေ။ 

ဒီကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ရှိတယ်လို့ ထင်နေလား..

ဖန်းရှောင်က ဖုန်းအား ဆွဲယူပြီးနောက် ဖုန်းနံပါတ်စာရင်းနှင့် WeChat အား လှန်လှောကြည့်လိုက်သည်။

နောက်ဆုံးတွင် [ကြောက်တတ်ပြီး ငြင်းခုံရတာ မကြိုက်တဲ့ လူလိမ္မာလေး] ဟူသော အမည်အား အကြည့်ရောက်သွားသည်။

ထိုတစ်ယောက်မှာ ပိန်ပိန်ပါးပါးနှင့် တိတ်ဆိတ်သော ကောင်လေးဖြစ်ပြီး အခြားစတူဒီယို တစ်ခုအတွက် ရိုက်ကွင်း၌ ဇာတ်ညွှန်းရေးသူ လုပ်ခဲ့ဖူးကြောင်း ခပ်ရေးရေး မှတ်မိနေသည်။ ထိုကောင်လေးမှာ သရုပ်ဆောင်တစ်ဦး၏ ပစ်မှတ်ထားခံရသော်ငြား ငွေညှစ်ခံရခြင်းနှင့် အဆုံးသတ်သွားလေသည်။ ထိုသို့သော လူတစ်ဦးမှာ ထိန်းချုပ်ရ လွယ်ကူပေမည်။ 

ငါ့လက်ထဲ ရောက်လာတာနဲ့ မလွှတ်ပေးတော့ဘူး..

ထိုသို့ တွေးမိပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဖုန်းခေါ်လိုက်သည်။

လဲ့ရှစ်၏ အစည်းအဝေးခန်း၌ ဝမ်ပေါ်လင်းသည် ချန်ရှင်း၏ ဟာသများအား နားထောင်ရင်း ရယ်မောနေစဉ် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။ ခေါ်ဆိုသူအား ကြည့်ပြီးနောက် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။
“အစ်ကိုရှင်း.. ကူပါဦး..”

ချန်ရှင်းက နံပါတ်အား ကြည့်ပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။
“တချို့လူတွေက ကောင်းကင်ဘုံကို သွားနိုင်မဲ့ လမ်းတစ်ခုလုံး မြင်နေရတာတောင် ငရဲကို ရွေးနေတုန်းပဲ..”

“ဟိုး ဟိုး.. ထပ်တွေ့ပြန်ပြီနော်.. အံ့ဩသွားလား..”

ဖန်းရှောင် : “...”

သူ အလွန်ထိတ်လန့်သွားသောကြောင့် အလျင်အမြန် ဖုန်းမချမိလိုက်ချေ။ ထိုသို့နှင့် နောက်တစ်ဖန် ကြိမ်းမောင်းခံလိုက်ရပြန်သည်။

ဖန်းရှောင်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသော်ငြား သူ၏စိတ်ထဲတွင် သံသယရှိလာသည်။

ဒီကောင်က ဘယ်သူလား.. ဘာကိစ္စနဲ့ ဖုန်းတွေကို ကိုင်နေရတာလဲ..

အနိုင်ပိုင်းခံရခြင်းအား လက်မခံနိုင်သောကြောင့် [လှည့်ဖြားရလွယ်သူ] ဟူသည့် ဖုန်းနံပါတ်အား ရှာဖွေကာ WeChat မှ ခေါ်ဆိုလိုက်သော်ငြား ချန်ရှင်းနှင့် နောက်တစ်ခေါက် ဆုံပြန်သည်။

ဖန်းရှောင် : “...”

သောက်ကံက ဒီနေ့မှ ဆိုးနေရတာလား..

တစ်ချိန်တည်းမှာပင် လဲ့ရှစ် အစည်းအဝေးခန်း၌ ငုံးပေါက်ကလေးများမှာ ချန်ရှင်းအား လေးစားအားကျမှု အပြည့်ဖြင့် ကြည့်နေကြသည်။

သူတို့ မျက်လုံးထဲတွင် ချန်ရှင်းမှာ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော နတ်ဘုရားတစ်ပါး အလားပင်။

ကုရှင်းရှစ် ရုံးပြန်ရောက်လာချိန်တွင် ချန်ရှင်းအနီး၌ ဝိုင်းရံနေကြသည့် ငုံးပေါက်ကလေးများအား မြင်လိုက်ရသည်။ ငုံးပေါက်ကလေးများသည် စိတ်လှုပ်ရှားစွာဖြင့် အလုအယက် စကားပြောနေကြသောကြောင့် သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။ မျက်လုံးအား လက်ဖြင့်ပွတ်ကာ ပုံရိပ်ယောင်မဟုတ်ကြောင်း သေချာစေပြီးနောက် စနစ်အား မေးလိုက်သည်။

[စနစ်ရေ.. ငါမရှိတုန်း ဘာတွေဖြစ်သွားတာလဲ..]

[အင်း.. ပြောရမယ် ဆိုရင်တော့ ချန်ရှင်းရဲ့ ပါးစပ်အတွက် အာမခံ ဝယ်သင့်ပြီ..]

ကုရှင်းရှစ် : [...]

စနစ်ထံမှ ဇာတ်လမ်းတစ်ခုလုံး နားထောင်ပြီးနောက် ကုရှင်းရှစ်မှာ ရွှင်မြူးမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုတို့ ရောယှက်သွားသည်။

ကုရှင်းရှစ်မှာ ဖန်းရှောင်အား ဖြေရှင်းရန် အချိန်မရှိသော်ငြား ထိုလူသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်း ဖြစ်ပုံရသည်။

ထိုသို့တွေးပြီးနောက် ကုရှင်းရှစ်သည် ဖန်းရှောင်၏ စတူဒီယိုသို့ အလုပ်အပ်ထားသည်ဟူသော ထုတ်လုပ်ရေး မန်နေဂျာထံ ဖုန်းခေါ်ဆိုလိုက်သည်။
“ထုတ်လုပ်သူမုန့်.. ခင်ဗျားက ဖန်းရှောင်ရဲ့ စတူဒီယိုနဲ့ လက်တွဲပြီး လုပ်နေတယ်လို့ ကျွန်တော် သတင်းကြားတယ်..”

ဖျော်ဖြေရေးလောကနှင့် ရင်းနှီးပြီးသားသူ ဖြစ်သောကြောင့် ထုတ်လုပ်သူမုန့်သည် ကုရှင်းရှစ်၏ လွှမ်းမိုးမှုအား ကောင်းစွာသတိပြုမိထားပြီး ဖြစ်သည်။ 
“အာ.. ဟုတ်ပါတယ်.. ဒါပေမဲ့ အစမ်းသဘောပါပဲ.. ပူးပေါင်းဖို့ အတည်မပြုရသေးဘူး.. ထွေထွေထူးထူး အကြောင်းအရင်းလေးဘာလေး ရှိလို့လား ဥက္ကဌကု..”

“ကောင်းတယ်..”
ကုရှင်းရှစ် အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။
“ကျွန်တော်တို့က အရင်ကလည်း အတူတူလုပ်ခဲ့ဖူးတော့ တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်.. အဲဒီလိုလူမျိုးနဲ့ အလုပ်တွဲပြီး မလုပ်သင့်ဘူး..”

ထုတ်လုပ်သူမုန့် : “...”

ထိုသို့ပြောပြီးနောက် ကုရှင်းရှစ် ဖုန်းချသွားလေသည်။

အနီးရှိ ထုတ်လုပ်သူခေါင်းဆောင်မှာ ကုရှင်းရှစ်၏ နောက်ဆုံးစကားအား နားစွန်နားဖျား ကြားလိုက်သောကြောင့် မျက်နှာဖြူဖျော့သွားလေသည်။
“အစ်ကိုမုန့်.. အဲဒါက ဘာအဓိပ္ပါယ်လဲ.. ဥက္ကဌကုက ဘာဖြစ်လို့ အဲဒီလို ပြောတာတဲ့လဲ..”

ထုတ်လုပ်သူမုန့်၏ မျက်နှာတစ်ခုလုံး မဲမှောင်သွား၏။
“ဘာအဓိပ္ပါယ်ကမှာလဲ.. အဲဒီ ဖန်းရှောင်မှာ ပြဿနာတစ်ခုခု ရှိနေတယ်ဆိုတာ ရှင်းနေတာပဲလေ.. ဥက္ကဌကုက ငါတို့ကို အချိန်မီ သတိပေးတာ ကျေးဇူးတင်ရမှာပဲ.. အဲဒီကောင်နဲ့ စာချုပ်ချုပ်ပြီးပြီလား.. ချက်ချင်း စာချုပ်ဖျက်သိမ်းလိုက်..”

ဖန်းရှောင်မှာ ပထမကိစ္စ မပြီးသေးခင် ထုတ်လုပ်သူခေါင်းဆောင်ထံမှ ဖုန်းခေါ်ဆိုမှုအား ရရှိလိုက်ပြီး ၎င်းမှာလည်း ယခင်ပြောထားခဲ့သည့် ပူးပေါင်းမှုအား ဖျက်သိမ်းကြောင်း သတင်းပေးခြင်းဖြစ်သည်။

“ဘယ်လို.. ဘာဖြစ်လို့ ရုတ်တရက် ပြောင်းသွားရတာလဲ.. ကျွန်တော်တို့က အကြိမ်ပေါင်းမနည်း ပူးပေါင်းခဲ့တာလေ.. အဆင်ပြေနေခဲ့တယ် မဟုတ်ဘူးလား..”

ဖန်းရှောင်က ကန့်ကွက်စကားဆိုသည်။ သို့သော် တစ်ဖက်မှ အေးစက်သည့် တုံ့ပြန်စကားကိုသာ ရရှိလိုက်သည်။
“ဘာကြောင့်လဲဆိုတာ မင်းအသိဆုံး နေမှာပေါ့.. မင်းက ငါတို့ကိုပါ ပြဿနာထဲ ဆွဲထည့်ချင်နေတာလား..”

ဖန်းရှောင် : “...”

သို့သော် တစ်ဖက်မှ ဖုန်းချသွားပြီး ပြန်ခေါ်ရန် ကြိုးစားချိန်တွင် လိုင်းမအားသေးပါနှင့်သာ တိုးလေသည်။ Black list သွင်းခံလိုက်ရခြင်းမှာ သိသာပေသည်။

ယင်းမှာ ထိုမျှနှင့် မပြီးသေးချေ။ နှစ်ပတ်အတွင်း ဖန်းရှောင်နှင့် ပူးပေါင်းထားသော ပရောဂျက်အားလုံးနီးပါးမှာ အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဖျက်သိမ်းသွားခဲ့ပြီး အချို့မှာ သူ့အား ဆဲရေးသွားခဲ့ကြ၏။

ဒေါသထွက်မိသော်ငြား ဖန်းရှောင်မှာ မည်သည့်နေရာ၌ မှားယွင်းသွားကြောင်း မသိဘဲ ရှိလေသည်။

ထို့နောက် ယခင်ခေါ်ဆိုခဲ့ဖူးသော လူငယ်လေးများထံမှ ဖုန်းခေါ်ဆိုမှုများအား ရုတ်တရက် အမှတ်ရလိုက်သည်။

ဖုန်း‌ခေါ်ဆိုမှု တစ်ခုတွင် ထူးဆန်းသည့်လူသည် သူ့အား ဤသို့ ပြောခဲ့သည်။
“စိတ်မပူပါနဲ့… မင်း ကျူးလွန်ခဲ့တဲ့ ကိစ္စတိုင်းအတွက်.. မကြာခင် ဝဋ်လည်တော့မှာပါ…”

ဖန်းရှောင်၏ မျက်နှာတစ်ခုလုံး ဖျော့တော့သွားလေသည်။

ဘုရားရေ.. ငါ ကျိန်စာတိုက်ခံရတာများလား..

×××××

ချန်ရှင်းက ငုံးပေါက်ကလေးများအား ကူညီကာ ဖန်းရှောင်အား အလဲထိုးပြီးနောက် ရက်အနည်းငယ်အကြာတွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ဖန်းရှောင်သည် ငုံးပေါက်ကလေးများအား မက်ဆေ့ချ်ပို့ကာ တောင်းပန်စကား ဆိုခဲ့၏။ သူ့လေသံမှာ အလွန်အမင်း နှိမ့်ချနေပြီး ပေးရန်ကျန်ရှိသည့် အခကြေးငွေများကိုလည်း ပေးလေသည်။ မည်သည်ကြောင့် ထိုသို့ ပြောင်းလဲသွားမှန်း မသိသော်ငြား ငုံးပေါက်ကလေးများမှာ ယုံကြည်မှုတိုးလာကြသည်။

လုပ်ဖော်ကိုင်ဖက်များသည် ငုံးပေါက်ကလေးများအား လုံခြုံဘေးကင်းသည်ဟု ခံစားစေမိသောကြောင့် ယခုအခါတွင် သူတို့အားလုံး ခြေကုတ်ရယူနိုင်မည့် နေရာတစ်ခုအား အမှန်တကယ် ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

ယွီယိုရှားသည် ထိုနေ့က ဥက္ကဌကုနှင့် တွေ့ဆုံခဲ့ခြင်းအပေါ် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကျေးဇူးတင်မိသည်။ ထိုတွေ့ဆုံမှုကြောင့် သူတို့တစ်ဖွဲ့လုံးအတွက် ဘဝသစ်တစ်ခု ရရှိစေခဲ့ပေသည်။

လူတိုင်းက သူတို့၏ လက်ရှိပျော်ရွှင်မှုအား အမှန်တကယ် တန်ဖိုးထားကြသည်။ စိတ်ဖိစီးမှု ကင်းဝေးသော လုပ်ငန်းခွင်နှင့် စိတ်ကူးများအား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရင်း နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ဖိနှိပ်ခံရခြင်းနှင့် စိတ်ပင်ပန်းမှုတို့အား တဖြည်းဖြည်းချင်း လွှတ်ချလာနိုင်သည်။

သူတို့၏ အခြေခံခိုင်မာသော အရေးအသား စွမ်းရည်နှင့် အရည်အချင်းတို့အား အားသစ်လောင်းလိုက်သလိုပင်။

လူတိုင်း ခေါင်းချင်းဆိုင် ကြိုးစားလိုက်ချိန်တွင် ဇာတ်လမ်းပေါင်းများစွာ ရရှိလာသည်။ တစ်ဦးတစ်ယောက်တည်း ဆိုပါက သူတို့၏ ဖန်တီးနိုင်စွမ်းမှာ အကန့်အသတ်ဖြင့်သာ ရှိကြသည်။ သို့သော် တစ်ဖွဲ့လုံး ပေါင်းစပ်လိုက်ချိန်တွင် စိတ်ကူးစိတ်သန်းများမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားလေတော့သည်။

သူတို့အားလုံး၏ ခိုင်မာရှည်ကြာသော ဆက်ဆံရေးမှာ လူကြောက်သောကြောင့်သာ မဟုတ်ဘဲ တူညီသော အရည်အချင်း၊ ဝါသနာ၊ အကျင့်စရိုက်များ ရှိသောကြောင့်ပင်။

နှစ်ပေါင်းများစွာကြာပြီးနောက် အမျိုးမျိုးသော ဇာတ်ညွှန်းပေါင်းစုံအား ရေးသားခဲ့ဖူးသည်။ အရည်အသွေး အမျိုးမျိုး ဖြစ်ကြသော်ငြား သူတို့၏ ခံစားနိုင်စွမ်းများအား ကန့်သတ်မထားရန် သင်ယူခဲ့ရသည်။

ထို့ကြောင့် ကုရှင်းရှစ်သည် သူတို့၏ တိုးတက်မှုအား စစ်ဆေးရန် အချိန်ရလာသည့်အခါတွင် သူ၏ စားပွဲပေါ်ရှိ ဇာတ်ညွှန် လေး၊ ငါး ခုကြောင့် အလွန်အမင်း အံ့အားသင့်သွားမိသည်။ မျက်နှာဖုံးများအား A4 စာရွက်ဖြင့် ထုတ်ထားပြီး ခေါင်းစဉ်နှင့် ရေးသားသူ အမည်မှအပ ဗလာဖြစ်သည်။

ဇာတ်ညွှန်းတိုင်းတွင် စာရေးသူအမည်များစွာ ပါဝင်နေကြောင်း သတိပြုမိ၏။

ကုရှင်းရှစ် သိလိုစိတ်ဖြင့် စိတ်ကူးပေါက်ရာ တစ်ခုအား ဖွင့်လိုက်ချိန်တွင် အရည်အသွေးကြောင့် မှင်တက်သွားလေသည်။

ဇာတ်လမ်းတည်ဆောက်ပုံမှာ ရှုပ်ထွေးပြီး ကျစ်လစ်သည့် ဇာတ်အိမ်နှင့် ဇာတ်ကောင်များမှာလည်း သိသာထင်ရှားသည်။

တစ်ခေါက်ဖတ်ရုံနှင့်ပင် ဇာတ်လမ်းတစ်ခုလုံးအား စိတ်ထဲ၌ မြင်ယောင်လာကာ ဇာတ်လမ်းထဲ၌ နစ်မြုပ်သွားလေသည်။

စတူဒီယိုကြီးများ၌ပင် ဤသို့သော အရည်အသွေးရှိ ဇာတ်ညွှန်းမျိုး ရှားလေသည်။

စာမျက်နှာအနည်းငယ် ဖတ်ပြီးနောက် ချထားလိုက်ပြီး နောက်တစ်ခုအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

ဤဇာတ်ညွှန်းမှာ ယခင်တစ်ခုနှင့် မတူကွဲပြားသော ဇာတ်အိမ်ဖြစ်သည်။

ဇာတ်လမ်းသည် ရဲတင်းကာ ခပ်သွက်သွက် ဖြစ်ပြီး စကားပြောခန်း အနည်းငယ်အား ဖတ်ပြီးနောက် ကုရှင်းရှစ် လက်ခုပ်တီးပေးချင်စိတ်ပင် ပေါ်လာ၏။

ထို့သို့နှင့် ကျန်ရှိနေသော ဇာတ်ညွှန်းများကိုပါ ဖတ်ရှုမိတော့သည်။

ဖျော်ဖြေရေးလောကထဲ နှစ်အနည်းငယ်ကြာ တစ်ကိုယ်တော် ကျင်လည်ပြီးနောက် မမျှော်လင့်ဘဲ ထီပေါက်သလို မယုံကြည်နိုင်ဖွယ် ခံစားမှုနှင့် ပျော်ရွှင်မှုတို့က ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ 

ဇာတ်ညွှန်းတစ်ခုချင်းစီမှာ မတူကွဲပြားသော ဇာတ်အိမ်နှင့် အရည်အသွေးများ ရှိကြပြီး တူညီသော အကြောင်းတစ်ရပ်မှာ ပြစ်ချက်မရှိသော အရည်အသွေးပင်။

ကုရှင်းရှစ်သည် ဇာတ်ညွှန်းများအား လက်ထဲတွင်ကိုင်ရင်း လက်လွှတ်ဖို့ရန်ပင် တွန့်ဆုတ်နေမိသည်။

ယွီယိုရှားတို့ ငုံးပေါက်ကလေးများသည် သူတို့၏ ဇာတ်ညွှန်းများအပေါ် ယုံကြည်မှုရှိသော်လည်း ကုရှင်းရှစ်၏ မလှုပ်မယှက်ပုံအား မြင်ပြီးနောက် ယခင်ရှိခဲ့ဖူးသော ယုံကြည်မှုကင်းမဲ့ခြင်းများ တဖန်ပြန်၍ ရုန်းထလာလေသည်။ အဆုံးတွင် ယွီယိုရှား ခပ်တိုးတိုး မေးလိုက်သည်။
“ဥက္ကဌကု.. ဇာတ်ညွှန်းတွေက.. မကောင်းဘူးလား..”

“မကောင်းလို့ မဟုတ်ပါဘူး.. အရမ်းကောင်းနေလို့ပါ..”

ကုရှင်းရှစ်က စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ငုံးပေါက်ကလေးများအား ကြည့်လိုက်သည်။
“ဘုရားရေ.. မင်းတို့က ရွှံ့ပေနေတဲ့ ပတ္တမြားလေးတွေပဲ.. အချိန်တိုလေးနဲ့ အရည်အသွေးမြင့် ဇာတ်ညွှန်းတွေ ရဖို့ဆိုတာ.. အရမ်းပဲ အံ့ဩဖို့ကောင်းလိုက်တာ..”

သူတို့အားလုံးသည် ပထမဆုံးအကြိမ် ဤကဲ့သို့ ပွင့်ပွင့်လင်းလင်း ချီးကျူးခံဖူးခြင်း ဖြစ်သည်။ ခေတ္တမျှ အေးခဲသွားပြီးနောက် မျက်နှာတစ်ခုလုံး ရှက်သွေးဖြာလာကြသည်။

ဇာတ်ညွှန်းရေးသူများသည် ရှက်ရွံ့မှုမှအပ သူတို့၏ အရည်အချင်းအား အသိအမှတ်ပြုခံရသောကြောင့် ပျော်ရွှင်နေကြတော့သည်။

သို့သော် ကုရှင်းရှစ်မှာ ဆုပ်လည်းစူး စားလည်းရူး အခြေအနေသို့ ရောက်နေရသည်။ ဖြစ်နိုင်မည်ဆိုလျှင် ဇာတ်ညွှန်းတစ်ခုချင်းစီအား ရိုက်ကူးထုတ်လုပ်ချင်မိသည်။ သို့သော် ကုမ္ပဏီ၏ လက်ရှိအရင်းအမြစ်များအရ တစ်ကြိမ်တည်းနှင့် ပရောဂျက်များစွာ ကိုင်တွယ်နိုင်စွမ်း မရှိပေ။

သူ့ခေါင်းထဲ၌ ရုတ်တရက် အတွေးတစ်ခုပေါ်လာသည်။ ဝမ်လုပ်ငန်းစုနှင့် ပူးပေါင်းဆောင်ရွက်ရန်ပင်။ သို့သော် ထိုအတွေး ပေါ်လာသည်နှင့် ချက်ချင်း ပယ်ထုတ်လိုက်သည်။

အတိတ်၌ဆိုလျှင် နောက်တစ်ကြိမ် စဉ်းစားမိမည် မဟုတ်ပေ။ သို့သော် လတ်တလော ကောလာဟလများကြောင့် ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်မှာ.. အတော်လေး ရှုပ်ထွေး၏။

ထို့အပြင် လဲ့ရှစ်မှာ ဝမ်လုပ်ငန်းစုနှင့် အလွန်အမင်း ရစ်တွယ်နေမိကြောင်း ယခုမှသာ သိမြင်လာသည်။ ပထမဆုံး ပရောဂျက်ဖြစ်သည့် ယောကျ်ားလေးအဖွဲ့မှစကာ နောက်ဆုံး ဒရာမာများအထိ လဲ့ရှစ်၏ အလုပ်အားလုံး နီးပါးသည် ဝမ်လုပ်ငန်းစုနှင့် အမျိုးမျိုး ချည်နှောင်မိထားခြင်း ဖြစ်၏။

သူ၏ အတွေ့အကြုံအရ ကြက်ဥများ အားလုံးကို ခြင်းတစ်ခုထဲ ထည့်မည်ဆိုပါက အန္တရာယ်များလေသည်။

ထို့အပြင် ယခုအခါ သူ့ထံတွင် တာဝန်ဝတ္တရားများ ရှိလာပြီ ဖြစ်သည်။ သူတစ်ဦးတည်း မဟုတ်တော့ပေ။ သူ့လက်အောက်၌ အနုပညာရှင်များနှင့် ဝန်ထမ်းများ ရှိနေပြီပင်။ ဝမ်လုပ်ငန်းစုအား ပါတနာအနေနှင့် ရှိနေခြင်းမှာ ကောင်းမွန်ပြီး ဝမ်ယွဲ့ကို သူက လေးစားသော်လည်း ကုမ္ပဏီနှစ်ခုမှာ တူညီသောနေရာ၌ ရှိနေခြင်း မဟုတ်ပေ။

ဝမ်လုပ်ငန်းစုမှာ ခရီးသည်တင် ဇိမ်ခံသင်္ဘောကြီးတစ်စင်းဟု ဆိုပါလျှင် လဲ့ရှစ်မှာ လှေငယ်လေးမျှသာ။ စနစ်၏ အကူအညီနှင့်ပင် မုန်တိုင်းအားလုံးကို ကြံ့ကြံ့ခိုင် ရှောင်လွှဲနိုင်မည်ဟု အာမမခံနိုင်ချေ။

လဲ့ရှစ် အင်အားကြီး ကုမ္ပဏီတစ်ခု ဖြစ်လာသည့် တစ်နေ့၌ ဝမ်လုပ်ငန်းစုနှင့် နောက်တစ်ကြိမ်လက်တွဲရန် စဉ်းစားနိုင်မည် ဖြစ်သည်။

ထိုသို့တွေးမိပြီးနောက် ကုရှင်းရှစ်က ဆုံးဖြတ်ချက်အား လျင်လျင်မြန်မြန် ချမှတ်လာနိုင်သည်။ ကုမ္ပဏီ၏ လက်ရှိအနေအထားနှင့် ကိုက်ညီမည့် ဇာတ်ညွှန်းကို ရွေးချယ်ပြီးနောက် ယွီယိုရှားတို့အား အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

ရွေးချယ်ခြင်း မခံရသည့် ဇာတ်ညွှန်းရေးသူများမှာ အနည်းငယ် စိတ်ဓာတ်ကျမိသော်ငြား ကုရှင်းရှစ်၏ စိုးရိမ်မှုများအား နားလည်ပေးကြသည်။

သူတို့သည် ဖျော်ဖြေရေးလောကထဲ၌ နှစ်ပေါင်းများစွာ ဝင်ရောက်လာပြီးနောက် ကုမ္ပဏီကြီးများအား မှီခိုနေရသည့် ကုမ္ပဏီငယ်များအားကို မြင်တွေ့ခဲ့ဖူးသည်။ ကုမ္ပဏီငယ်လေးများမှာ ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်များကြောင့် ဒေဝါလီခံသွားကြသည်ချည်းသာ။

သူတို့သည် လက်ရှိဘဝအား အလွန်ပျော်ရွှင်သောကြောင့် ကြီးမားသည့် ပြောင်းလဲမှုများအား မလိုချင်တော့ပေ။

ထို့အပြင် သူတို့၏ ဇာတ်ညွှန်းများအား ဖြုန်းတီးမည်မဟုတ်ဟု ကုရှင်းရှစ် အာမခံခဲ့သည်။ အနာဂတ်တွင် အခွင့်အရေးများ ရရှိလာပါက ဇာတ်ညွှန်းအားလုံးအား ထုတ်လုပ်မည်ဟု ပြောလေသည်။

အခြားလူတစ်ဦးမှ ထိုသို့ပြောလာပါက ဗလာကတိများဟု သတ်မှတ်ပြီး မေ့မေ့လျော့လျော့ ဖြစ်သွားကြမည် ဖြစ်သည်။ သို့သော် သူတို့သည် ကုရှင်းရှစ်၏ ကုမ္ပဏီသို့ ဝင်ရောက်ပြီးနောက် သူက ယခင်ပေးထားခဲ့သည့် ကတိများအား တစ်ခုမကျန် ပြုလုပ်ပေးခဲ့သည်။

ဆန့်ကျင်ဘက်အနေနှင့် ကုရှင်းရှစ်မှာ မရေရာသော အာမခံစကားကြောင့် စိတ်မသက်မသာ ဖြစ်ရသည်။

သူ၏ ဝန်ထမ်းဘဝနေ့ရက်များအား အမှတ်ရမိသည်။ သူဌေးဖြစ်သူ၏ လက်ဆုပ်လက်ကိုင် မပြနိုင်သော ဆုလာဘ်များအကြောင်း ပြောလာချိန်တိုင်းတွင် မည်မျှ မုန်းတီးခဲ့သည်ကို သူသာလျှင်သိသည်။ သူက ထိုသို့သော သူဌေးတစ်ဦး မဖြစ်လိုပေ။

ထိုအကြောင်းအား တွေးမိပြီးနောက် ကုရှင်းရှစ် ထပ်ပေါင်းပြောလိုက်သည်။
“မင်းတို့အားလုံး အလုပ်ကြိုးစားခဲ့ကြတယ် ဆိုတော့ စိတ်ကူးတစ်ခု ပေါ်လာတယ်.. ငါတို့ ကုမ္ပဏီက ဝန်ထမ်းတွေအတွက် နှစ်တိုင်း ၂ ပတ် အားလပ်ရက်ပေးတယ်လေ.. အားလပ်ရက်ယူပြီး ကိုယ်သဘောကျတဲ့ နေရာတစ်ခုခုကို သွားကြမယ် ဆိုရင်ရော ဘယ်လိုလဲ.. နေရာသာရွေးလိုက်.. ကုန်ကျစရိတ်ကို ကုမ္ပဏီကပဲ ကျခံပေးမှာ..”

ဇာတ်ညွှန်‌ရေးသည့် ငုံးပေါက်ကလေးများအားလုံး မှင်တက်သွားကြသည်။ 

ကုမ္ပဏီ၏ အားလပ်ရက် အကျိုးအမြတ်များအား သိရှိထားပြီးဖြစ်သည်။ သို့သော် ယင်းမှာ ပုံမှန်အားဖြင့် ကုမ္ပဏီမှ စီစဉ်ပေးသော အဖွဲ့လိုက်ခရီးမျိုး ဖြစ်သည်ဟုသာ ထင်ခဲ့ကြခြင်းပင်။

လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်ပြေသည်ဟု ဆိုနိုင်သော်ငြား လူကြောက်တတ်သူများအဖို့ ထိုသို့သော အဖွဲ့လိုက်ခရီးများအား ရှောင်တတ်လေ့ရှိသည်။ သူတို့သည် အစောကတည်းကပင် ကုမ္ပဏီ၏ အဖွဲ့လိုက်ခရီးစဉ်အား မလိုက်ဘဲနေရန် အကြောင်းပြချက်အမျိုးမျိုးအား ရှာဖွေထားကြပြီး ဖြစ်သည်။

ခဏလေး… ဒါက တကယ့် အားလပ်ရက်ခရီးလား...

အကြည့်ချင်း ဖလှယ်ပြီးနောက် အဖွဲ့ထဲတွင် အရှက်တတ်ဆုံးဖြစ်သည့် ချွန်းယန်းသည် ကြောက်ရွံ့စွာဖြင့် လက်မြှောက်လိုက်သည်။
“ဥက္ကဌကု.. ကျွန်မတို့ ပေါင်းဖူမြို့ကို‌ သွားလို့ရမလား..”

ပထမဆုံး စကားပြောလာသူအား အားပေးသည့်အနေနှင့် ကုရှင်းရှစ်က ပြန်ဖြေလိုက်သည်။
“ရတာပေါ့..”

ထို့နောက် ခေတ္တမျှ တုံ့ဆိုင်း၍ ဆက်ပြောသည်။
“ဒါပေမဲ့ ပေါင်းဖူမြို့မှာ နာမည်ကြီးတဲ့ ရှုခင်းတွေ နေရာတွေ ရှိလို့လား.. ကုမ္ပဏီရဲ့ ပိုက်ဆံကို ချွေတာဖို့ မလိုဘူးနော်.. ကိုယ်တကယ်သွားချင်တဲ့ နေရာကိုသာ ရွေးကြ.. ဟုတ်ပြီလား..”

ချွန်းယန်းက ခေါင်းယမ်းလိုက်သည်။
“ကျွန်မ တကယ်ပဲ ပေါင်းဖူမြို့ကို သွားချင်တာပါ.. ပေါင်းဖူမှာ နိုင်ငံတွင်းက အကျော်ကြားဆုံး သရဲရွာတွေထဲကတစ်ခု ရှိတယ်လေ.. ပေါင်းဖူကို အခြေတည်ပြီး ဇာတ်ညွှန်းတစ်ပုဒ် ရေးချင်ခဲ့တာ.. ဒါပေမဲ့ သွားဖို့ အခွင့်အရေး မရခဲ့ဘူး.. နောက်ဆုံးတော့ အခွင့်အရေး ပေါ်လာပြီ..”

ချွန်းယန်းက ပြောနေရင်း စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးလေးများ လက်လာသည်။

ကုရှင်းရှစ် : “...”

ကျန်လူများသည်လည်း ချွန်းယန်းကြောင့် စိတ်ကူးများ ပေါ်လာပုံပင်။

“ဥက္ကဌကု ကျွန်တော်က တောင်ပေါ်မှာရှိတဲ့ သီးသန့် ဘုရားကျောင်းတစ်ခုကို သွားချင်ပါတယ်.. ခရီးသွားမရှိဘဲ တိတ်ဆိတ်တဲ့ နေရာတစ်ခုပေါ့..”

“ဥက္ကဌကု.. ကျွန်မကတော့ မီးပြတိုက်မှာ ခဏလောက် သွားနေကြည့်ချင်ပါတယ်.. နေရာအတိအကျကိုပါ ရွေးပြီးပါပြီ..”

“ဥက္ကဌကု..”

ကုရှင်းရှစ် : “...”

ဒါက အားလပ်ရက်ခရီးလား..

သို့သော် ငုံးပေါက်ကလေးများသည် ရှက်ရွံ့တတ်သည့် အမူအရာများမှ ကင်းဝေးကာ စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ အစီအစဉ်များအား ဆွေးနွေးပြောဆိုနေရသည်ကို မြင်ပြီးနောက် သူတို့၏ စိတ်ကူးများအား ထောက်ပံ့ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းအား အသေးစိတ်စီစဉ်ပေးရန် လွှဲပြောင်းပေးလိုက်သည်။

သူ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်ကျေနပ်မှုရှိသောကြောင့် ကုရှင်းရှစ် ပြုံးလိုက်မိသည်။

အသီးသီး ကိုယ်ပိုင်တောင်းဆိုမှုများ ပြုလုပ်ပြီးနောက် ဇာတ်ညွှန်းရေးသည့် ငုံးပေါက်ကလေးများမှာ ယခင်ထက်ပို၍ စိတ်အားထက်သန်လာကြလေသည်။

“ဥက္ကဌကု.. ကျွန်မတို့အားလုံး အလုပ်သွားလုပ်တော့မယ်..”

“ဒီနေ့တော့ စာလုံးရေ ၃၀၀၀ လောက် ရေးနိုင်ပြီပဲ.. မဟုတ်ဘူး.. မလုံလောက်သေးဘူး.. လုံးဝ မလုံလောက်သေးဘူး..”

“ဇာတ်ညွှန်းအသစ်အတွက် အမိုက်စား ဇာတ်ကောင်တစ်ခု ပုံဖော်ဖို့ အစည်းအဝေးစကြမယ်..”

ကုရှင်းရှစ် : “...”

ခဏလေး နေကြပါဦး.. ဘာကိစ္စနဲ့ ရုတ်တရက်ကြီး အရမ်းပဲ စိတ်အားထက်သန်နေကြတာတုန်း..

အားလပ်ရက်ခရီးလေးပဲ သွားခိုင်းတာလေ.. အချင်းချင်း ပြိုင်ခိုင်းတာမှ မဟုတ်တာ..

ဒီလိုသာ ဆက်လုပ်နေကြရင် ကုမ္ပဏီမှာ ဇာတ်ညွှန်းတွေ တောင်လိုပုံနေတော့မှာ မဟုတ်ဘူးလား.. အဲဒီလိုဆို အဖိုးတန်ရတနာတွေကို ဖြုန်းတီးတာမျိုး ဖြစ်မသွားဘူးလား.. ဒီလိုဆို လောကကြီးက ဒဏ်ခတ်တော့မှာပဲ..

တစ်နေ့တာလုံး အနားယူရန် စီစဉ်ထားခဲ့သော်ငြား ကုရှင်းရှစ်မှာ အလုပ်ထဲ ခေါင်းနှစ်လိုက်ရတော့သည်။

ထိုနေ့၌ ဥက္ကဌကုသည် ပင်ပန်းသော်ငြား ပျော်ရွှင်စွာဖြင့် အလုပ်ကြိုးစားခဲ့လေသည်။


 

Search Novels