🍉🍉🍉🍉 အခန်း ၂၆


အဖွဲ့မျိုးစုံက ပရိသတ်အဖွဲ့များထဲ သပ်ဝင်လျှိုကာ သံသယမျိုးစေ့စိုက်ရန် စတင်ကြသည်။

သူတို့၏ ဗျူဟာမှာ လွန်စွာပြောင်မြောက်လှသောကြောင့် များမကြာမီမှာပင် ရိုးစင်းသော ပရိသတ်များအား ထိန်းချုပ်လိုက်နိုင်သည်။ ထို့နောက် ပရိသတ်များအား ဒေါသဆွပေးကာ လဲ့ရှစ်အင်တာတိန်းမန့်မှာ ကျင့်ဝတ်ပျက်ပြားသော ကုမ္ပဏီသေးတစ်ခုဖြစ်ပြီး ကုမ္ပဏီ၏ idol များအား မမျှမတဆက်ဆံသည်ဟု အယုံသွင်းလိုက်နိုင်သည်။

သူတို့၏ အစီအစဉ်မှာ ချောချောမွေ့မွေ့ပင်ဖြစ်သည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က တိုက်ရိုက်ထုတ်လွှင့်နေစဉ် လဲ့ရှစ်အင်တာတိန်းမန့်သည် သူတို့နှစ်ဦးအပေါ် ကောင်းမွန်စွာ ဆက်ဆံပြီး မတရားမှုဟူ၍ မခံစားရကြောင်း အလေးပေးပြောကြားခဲ့သော်ငြား ကျိုးဟန် စိတ်မပူပေ။

မည်သို့ပင်ဖြစ်စေ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ထံ၌ ကြော်ငြာအရင်းအမြစ် တစ်ခုတစ်လေပင် မရှိသောအချက်မှာ ငြင်းပယ်၍မရချေ။ လက်ရှိအချိန်၌ ကုမ္ပဏီအပေါ် ယုံကြည်နိုင်သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲသွားနိုင်သည်။

စီးပွားရေးလုပ်ရာ၌ ယုံကြည်မှုမှာ တစ်သတ်မှတ်တည်းမဟုတ်ချေ။ အထူးသဖြင့် အနုပညာရှင်နှင့် အင်တာတိန်းမန့်ကြား၌ဖြစ်သည်။ တစ်ဖက်သတ် ချုပ်ကိုင်ထားခြင်း သို့မဟုတ် အပြန်အလှန်ဖြစ်နိုင်သည်။

ယခင်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ လူမသိသူမသိ သင်တန်းသားများ ဖြစ်သောကြောင့် ကုမ္ပဏီအပေါ် အလုံးစုံမှီခိုရသည်။ ယခုအခါတွင် လူသိများရေပန်းစားလာပြီး အစွမ်းထက်ဟက်ကာတစ်ဦးအား ပရိသတ်အဖြစ် ရရှိထားသဖြင့် အနည်းနှင့်အများ စိတ်ခံစားချက်များ ပြောင်းလဲနိုင်သည်။

ကျိုးဟန်က ယုံကြည်မှုအပြည့်ပင်။

မီးထဲလောင်စာထည့်နေကြသော ပရိသတ်များနှင့်အတူ သစ္စာရှိပရိသတ်အချို့သည်လည်း အခြေအနေအား တည်ငြိမ်စေရန် အစွမ်းကုန်ကြိုးစားနေကြသည်။

ချောင်ရို့ယောင်မှာ ထိုသစ္စာရှိပရိသတ်များထဲမှ တစ်ဦးဖြစ်၏။

သူမသည် တစ်ချိန်က ယိမ်းယိုင်လွယ်ပြီး ဘေးစကားများအား အလွယ်တကူ ယုံကြည်တတ်သော ပရိသတ်တစ်ဦး ဖြစ်ခဲ့ဖူးသည်။

သို့သော် သူမ၏ ယခင် idol ဖြစ်သူ နာမည်ပျက်ပြီးနောက် ချောင်ရို့ယောင်မှာ ဆင်ခြင်တုံတရားများစွာ ရှိလာပြီး အရာတိုင်းအား သေသေချာချာ ချင့်ချိန်စဉ်းစားပြီးမှသာ ဖြေရှင်းတတ်လာသည်။ ထို့နောက် သူမက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ် ဖြစ်လာသည်။

ချောင်ရို့ယောင်က မီးထဲလောင်စာထည့်နေသည့် စကားများအား မြင်ချိန်တွင် ဒေါသပေါက်ကွဲလုနီးနီးပင်။ သို့သော် အလျင်အမြန်ပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်သည်။ အဆောင်ခန်းအတွင်း အကြိမ်ပေါင်းများစွာ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီးနောက် စိတ်တည်ငြိမ်သွားပြီး ခြားနားချက်များအား သတိပြုမိသည်။

ချက်ချင်းပင် အဖွဲ့ထဲရှိ အခြားသူများအား စည်းရုံးနိုင်ရန် ကြိုးစားသည်။

[ကောင်မလေးတွေ.. ရှန့်ပေါင်ပေ့က တိုက်ရိုက်ထုတ်လွှင့်နေတုန်း ပြောထားခဲ့တယ်လေ.. ကုမ္ပဏီက သူတို့အပေါ် ကောင်း‌ကောင်းမွန်မွန် ဆက်ဆံတယ်တဲ့.. တို့တွေ ရှန့်ပေါင်ပေ့ကို ယုံကြည်ပြီး အချိန်နည်းနည်းလောက် ပေးလိုက်ရအောင်..]

သူ၏အစီအစဉ်အား နှောင့်ယှက်ဖျက်ဆီးမည့်သူ ရှိလာလိမ့်မည်ဟု ကျိုးဟန် မမျှော်လင့်ချေ။ မျက်မှောင်ကြုတ်ကာ ချက်ချင်းတုံ့ပြန်ပြီး ကြားနေတစ်ဦးသဖွယ်ဟန်ဆောင်လိုက်သည်။

[ဘာလို့ဆို ရှန့်ပေါင်ပေ့က မကျေနပ်တဲ့အကြောင်းတောင် မပြောတတ်တဲ့ လူကောင်းလေး ဖြစ်နေလို့ပေါ့.. ပရိသတ်ဖြစ်တဲ့ တို့တွေက ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းတို့ တိတ်တိတ်လေး နာကျင်နေဖို့ ခွင့်ပြုထားလို့မရဘူး.. မဟုတ်ရင် တို့တွေက ဘာလုပ်ဖို့ ပရိသတ်အမည်ခံနေဦးမှာလဲ..]

ချောင်ရို့ယောင် မချင်မရဲဖြစ်ကာ စိတ်သောကရောက်လာသည်။ သို့သော် ကျိုးဟန်၏ စကားများမှာ အလွန်ကျိုးကြောင်းသင့်သောကြောင့် စကားဝိုင်းမှာ သွေဖယ်သွားပြန်သည်။

ထို့နောက် ဆက်လက်ငြင်းခုံနေစဉ် ပုံစံတစ်ခုအား သတိပြုမိသည်။

သူမက မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်အဖွဲ့ နှစ်ခုလုံး၌ ရှိသူဖြစ်သောကြောင့် အဖွဲ့နှစ်ခုစလုံး၌ လူတစ်ဦးတည်းမှ နာမည်ချိန်းကာ ပုံစံတူမှတ်ချက်များအား တင်နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

ရုတ်တရက်ဆိုသလို ချောင်ရို့ယောင်၏စိတ်ထဲတွင် လျှို့ဝှက်ကြံစည်မှုနှင့် ပတ်သက်သည့် သီအိုရီများစွာ ထွက်ပေါ်လာသည်။

ထိုစကားများအား စခရင်ရှော့ရိုက်ပြီးနောက် အဖွဲ့ထဲ၌ ပြန်လည်မျှဝေလိုက်သည်။

ချောင်ရို့ယောင် : [ကောင်မလေးတွေ.. အားလုံးပဲ.. ခဏနေကြဦး.. ဒီလူက ပရိသတ်အဖွဲ့ နှစ်ခုစလုံးမှာ တစ်ပုံစံတည်း ပြောနေတာ.. သေချာပေါက် လျှို့ဝှက်ကြံစည်မှုတစ်ခုတော့ ရှိနေပြီ..]

ကျိုးဟန်မှာ ထုတ်ဖော်ခံလိုက်ရမည်ဟု မျှော်လင့်မထားချေ။ သို့သော် ပြန်လည်တိုက်ခိုက်ရန် အရန်သင့်ပြင်ဆင်ထားပြီး ဖြစ်သောကြောင့် ချက်ချင်းဆိုသလို လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

[ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းက ရင်းနှီးတယ်ဆိုတာ မသိတဲ့သူ ရှိသေးလို့လား.. ငါက နှစ်ယောက်စလုံးရဲ့ပရိသတ်.. နင်က ငါပို့သမျှ မြင်တယ်ဆိုတော့ နင်ကလည်း နှစ်ယောက်လုံးရဲ့ပရိသတ်ပဲ မဟုတ်ဘူးလား.. ဒါမှမဟုတ် နင်က အဲဒီခွေးအင်တာတိန်းမန့်က စပိုင်လား.. ပရိသတ်အဖွဲ့ထဲဝင်ပြီး သွေးခွဲနေတာပေါ့လေ..]

ထိုလူမှာ အခြေအနေအား ပြောင်းပြန်လှန်လိမ့်မည်ဟု ချောင်ရို့ယောင် မမျှော်လင့်ထားသဖြင့် ဒေါသတကြီးဖြစ်လာသည်။

စိတ်တည်တည်ငြိမ်ငြိမ်ထားရန် မနည်းကြိုးစားလိုက်ရပြီး ထိုလူ၏ ထောင်ချောက်အတွင်း ကျရောက်မသွားစေရန် ရှောင်ပြီးနောက် အခြားသူများအား ဆက်လက်စည်းရုံးသိမ်းသွင်းလေသည်။

သို့သော် ချောင်ရို့ယောင်က ကျိုးဟန်၏ နည်းလမ်းများအား မယှဉ်နိုင်ဘဲ “လဲ့ရှစ်လက်ပါးစေ” ဟူ၍ပင် တံဆိပ်တပ်ခံလိုက်ရသည်။

[နင်က ပရိသတ်အစစ်ရော ဟုတ်ရဲ့လား.. ငါတို့လူကို တကယ်ပဲ ဂရုစိုက်တယ်ဆိုရင် သူတို့အတွက် စိတ်ထိခိုက်နေရမှာ မဟုတ်ဘူးလား..]

[အဲဒီခွေးကုမ္ပဏီက နင့်ကို ဘယ်လောက်ပေးထားလဲ.. နင့်အကောင့်နံပါတ်ပေးလေ.. ဒီလောက် ပိုက်ဆံမက်နေတာ ဖို့သတ်ပေးမယ်..]

ချောင်ရို့ယောင် မျက်ရည်ဝဲလာပြီး ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားသည်ဟု ခံစားရသည်။

ထိုအချိန်မှာပင် အကောင့်သစ်တစ်ခုမှ ဂရုထဲ စာဝင်ပို့သည်။

[@ချောင်ရို့ယောင် တို့ မင်းကိုယုံတယ်..]

ချောင်ရို့ယောင်က တစ်ဖက်သတ်စကားများကြောင့် ဆက်မပြောတော့ရန် ပြင်စဉ်မှာပင် သူမဘက်မှ ရပ်သူပေးလာသူအား မြင်သည့်အခါ မျက်ရည်ကျမတတ်ပင် ဖြစ်သွားရသည်။ အကောင့်နာမည်အား ကြည့်လိုက်သည့်အခါ မှင်တက်သွားတော့သည်။

အဆိုပါအကောင့်မှာ “ဒီနေ့ရန်ရန်ဓာတ်ပုံတင်ပြီးပြီလား” ဖြစ်သည်။

အဲဒီအကောင့်က နတ်ဘုရားအဆင့် ရိုက်ချက်တွေကြောင့် နာမည်ကြီးတဲ့ ဒဏ္ဍာရီလာ fansite အက်ဒမင်မဟုတ်ဘူးလား..

ထိုအကောင့်သည် ယခင်က ရှန့်ပေါင်ပေ့ မှားယွင်းစွပ်စွဲခံရစဉ် အခိုင်အမာ ကာကွယ်ပေးခဲ့သူဖြစ်ပြီး အဖွဲ့အတွင်း၌လည်း ဘေဘီရှန့်ဘက်မှ မပြောင်းမလဲ ရပ်တည်ပေးခဲ့သူဖြစ်သည်။ သူမ၏ ပြောင်မြောက်လှသော ဓာတ်ပုံများနှင့် မယိမ်းမယိုင် သစ္စာရှိမှုကြောင့် ပရိသတ်အဖွဲ့အတွင်း၌ ကောင်းမွန်သောပုံရိပ်ရှိသူဖြစ်သည်။

ပိုင်ရန် စကားဝင်ပြောသည်နှင့် ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည့် ပရိသတ်များ ကြောင်အကုန်သည်။

ထိုနေ့က ပိုင်ရန်သည် ရှန့်ယွီ၏ အလုပ်နောက် လိုက်နေခဲ့သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအား လွဲချော်ခဲ့သည်။ အိမ်ပြန်ရောက်ချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်အား မြင်ပြီးနောက် အဖြစ်အပျက်အား မြန်မြန်ဆန်ဆန် နားလည်သွားသည်။

နှစ်ပေါင်းများစွာ ပရိသတ်တစ်ဦးဖြစ်လာသောကြောင့် ထိုကဲ့သို့သော လှည့်ကွက်များအား တစ်ချက်ကြည့်ရုံမျှနှင့် မြင်နိုင်သည်။

သူမ၏ စကားမှာ ချောင်ရို့ယောင်ထက် ပိုမိုထိရောက်သည်။ အခြေအနေအား စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ပရိသတ်အများစုမှာ တဖြည်းဖြည်းချင်း တည်ငြိမ်လာကြသည်။

မည်သို့ပင်ဖြစ်စေ ပြိုင်ပွဲကာလအတွင်း ရှိနေဆဲဖြစ်သောကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ သူတို့၏ ကုမ္ပဏီနှင့် အကွဲအပြဲဖြစ်လျှင် မကောင်းပေ။

မယုံကြည်သော ပရိသတ်အနည်းငယ်ရှိနေဆဲဖြစ်ကာ ဒေါသတကြီးပြောကြသည်။

[အဲဒီ ခွေးကုမ္ပဏီက ငါတို့လူတွေကို မတရားမဆက်ဆံဘူးဆိုတာ နင်က ဘာလို့အရမ်းသေချာနေတာလဲ..]

ပိုင်ရန် ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေသည်။
[အဲဒီလူကို တွေ့ဖူးတယ်.. နင်တို့ပြောတဲ့ လူစားမျိုး မဟုတ်ဘူး..]

ထိုသို့ပြောပြီး မုန့်ယွမ်ရှန့်တို့နှင့်အတူ ရိုက်ထားသော ဓာတ်ပုံအား ရှာလိုက်သည်။

ပြိုင်ပွဲမစမီ သူတို့ ၃ ဦးနှင့် လေဆိပ်၌ မတော်တဆ တွေ့ဆုံချိန် ရိုက်ထားသောပုံဖြစ်သည်။ ထိုစဉ်က သူတို့၏ ရုပ်ရည်ကြောင့်သာ ဓာတ်ပုံရိုက်ပြီး လက်မှတ်ထိုးပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံနှင့် လက်မှတ် နှစ်ခုစလုံးအား အဖွဲ့ထဲပို့လိုက်သည်။

ဒီနေ့ရန်ရန်ဓာတ်ပုံတင်ပြီးပြီလား : [ဒီပုံကိုကြည့်ပြီး သူတို့ ဘယ်လောက်ရင်းနှီးလဲဆိုတာ ပြောနိုင်တယ် မဟုတ်လား.. ပြီးတော့ ရှန့်ပေါင်ပေ့တို့ကို မျက်စိတောက်ထောက်ကြည့်နေကျသူဆို သူ့ကို သတိပြုမိသင့်တယ်.. သူက အမြဲပဲ ရှန့်ပေါင်ပေ့တို့နားမှာ ရှိနေပြီး ရေဘူးတို့ အိတ်တို့ကို သယ်ပေးထားတာ.. သူက ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းအတွက် အများကြီး လုပ်ပေးခဲ့တယ်.. ရှန့်ပေါင်ပေ့နဲ့ အစ်ကိုရှင်းအပေါ် ဒီလောက် ဂရုတစိုက်ရှိတဲ့ လူတစ်ယောက်ကို ဘာလို့များ သံသယဝင်နိုင်ရတာလဲ..]

ပရိသတ်အဖွဲ့တစ်ခုလုံး ငြိမ်ကျသွားသည်။

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက်_

[ခဏလေး.. ဒါက သူတို့ မန်နေဂျာလား..]

ရိုးရှင်းသော စကားတစ်ခွန်းဖြစ်သော်ငြား စနက်တံဖြုတ်လိုက်သလိုပင် ပရိသတ်အဖွဲ့တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။

ပရိသတ် : [ဝှက်သယ်ဖတ်.. ဒီလူကို မြင်ဖူးတယ်.. သူက အမြဲပဲ mask တပ်ထားတာ.. မျက်လုံးလေးတွေက အရမ်းလှတာပဲ.. ကျေးဇူးတင်ပါတယ်လို့ နူးနူးညံ့ညံ့လေးပြောတာလေ.. သူ့ကို သင်တန်းသားလို့ပဲ ထင်နေတာ..]

ပရိသတ် : [အိုး.. ဟုတ်သားပဲ.. ပြီးခဲ့တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက ရှန့်ပေါင်ပေ့ကို ကင်မရာအပြင်ကနေ ရေဘူးကမ်းပေးတဲ့ လူရှိတာလေ.. လက်ကလေးက အရမ်းလှတာဆိုတာမှ.. ဝန်ထမ်းလားလို့ အားလုံးက ဝိုင်းမေးကြတော့ ရှန့်ပေါင်ပေ့က သူတို့မန်နေဂျာဆိုပြီး ဂုဏ်ယူတဲ့လေသံနဲ့ ပြောတာလေ..]

ပရိသတ် : [ဟုတ်တယ်.. ဟုတ်တယ်.. အဲဒီတုန်းက လူအိုကြီးတစ်ယောက်မှာ အရမ်းလှတဲ့ လက်တွေရှိနေတာ ဖြုန်းတီးတာပဲဆိုပြီး နောက်လိုက်သေးတာ.. အခုတော့ ငါ့ကိုယ်ငါ ပြန်ရိုက်ချင်လာပြီ..]

*

အပူတပြင်း ဆွေးနွေးပြီးနောက်_

ပရိသတ် : [ဒီလူက လူဆိုးနဲ့လည်း မတူဘူး.. တစ်ခုခု ရှိနေတာများလား..]

ပရိသတ် : [ဟုတ်တယ်.. ငါတို့က အတော်လေး တင်းမာခဲ့တော့ သူ့ကို လန့်အောင်လုပ်လိုက်မိရင် ဘယ်လိုလုပ်မလဲ..]

ပရိသတ် : [အေးဆို.. ငါတို့လူကို ငါတို့ယုံမှဖြစ်မယ်.. သူတို့က ယုံကြည်လို့မရတဲ့သူကို ရွေးမှာမဟုတ်ဘူး.. သူတို့ရဲ့ မန်နေဂျာကို အခွင့်အရေးပေးလိုက်ကြတာပေါ့..]

ပရိသတ် : [အခုပဲ ကုမ္ပဏီရဲ့ အချက်အလက်တွေကို သွားကြည့်လာတာ.. သူ့နာမည်က ကုရှင်းရှစ်တဲ့.. ဘယ်လောက်တောင်လှလိုက်တဲ့ နာမည်လေးလဲ.. လူကောင်းတစ်ယောက်ရဲ့ နာမည်လေး..]

ပရိသတ် : [ကောင်းပြီ.. လဲ့ရှစ်မှာ အလုပ်ရဖို့ နောက်ထပ် အကြောင်းပြချက်တစ်ခု ထပ်တိုးလာပြီ..]

ပရိသတ် : [+၁ ငါ့ဘော့စ်သာ ဒီလိုလေးဆိုရင် အခမဲ့ အလုပ်လုပ်ပေးလိုက်မယ်..]

ကျိုးဟန် : “???”

ဒီရူးသွပ်နေတဲ့ပရိသတ်တွေက ဒီလောက်လေးနဲ့ ငြိမ်ကျသွားတာလား..

အဆိုပါဓာတ်ပုံမှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်အဖွဲ့အားလုံးသို့ ညတွင်းချင်း ပျံ့နှံ့သွားလေသည်။

ဖရိုဖရဲဖြစ်နေခဲ့သည့် ပရိသတ်အဖွဲ့များမှာ အလျင်အမြန်ပင် ငြိမ်ကျသွားတော့သည်။ ပရိသတ်များမှာ အားအင်အပြည့် အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီး ဘာတစ်ခုမျှ မဖြစ်ခဲ့သလို ဗီဒီယိုများ တည်းဖြတ်ခြင်း၊ idol ပုံရိပ်မြှင့်တင်ခြင်းနှင့် ပရိသတ်တာဝန်များအား ဆက်လက်ထမ်းဆောင်ကြသည်။

ကြီးမားပြင်းထန်သည့် မုန်တိုင်းကြီးမှာ လေထုထဲ ပျောက်ကွယ်သွားတော့သည်။

ကြိုးစားအားထုတ်မှု နှစ်ဆထည့်ရန် ပြင်ဆင်နေကြသော ကုမ္ပဏီများ : “???”

ပရိသတ်များအား နှစ်သိမ့်ပေးရန် စီစဉ်ထားပြီးဖြစ်သော ကုရှင်းရှစ် : “???”

ကောလာဟလများအား ဆန့်ကျင်ကာ ကုရှင်းရှစ်ဘက်မှ မားမားမတ်မတ် ရပ်တည်ပေးရန် လျှို့ဝှက်ကျိန်ဆိုထားသော မုန့်ယွမ်ရှန့်နှင့် ချန်ရှင်း : “???”

အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက်...

မုန့်ယွမ်ရှန့် တီးတိုးရေရွတ်လိုက်သည်။

“ဥက္ကဌကုကို စိတ်မပူခဲ့သင့်တာ.. ဥက္ကဌကုရဲ့ ပြဿနာတွေကို ကိုင်တွေဖြေရှင်းပုံက.. အမြဲပဲ အရမ်း.. အင်း.. တီထွင်ဆန်းသစ်မှုရှိတယ်..”

ချန်ရှင်းက တွေးတွေးဆဆနှင့် ခေါင်းညိတ်လိုက်သည်။
“သူ့ရဲ့ ရုပ်ရည်ကိုသုံးပြီး ပရိသတ်တွေကို အာရုံလွှဲတဲ့အချက်က အရှက်မရှိသလို ဖြစ်နေပေမဲ့လည်း သက်ရောက်မှုရှိတယ်..”

အလွန်စိတ်တိုဒေါသထွက်နေသည့် ကုရှင်းရှစ် : “ငါဘာမှမလုပ်ထားဘူးကွ.. ငါ့ကို အဲလိုလာမကြည့်နဲ့.. ရှင်းပြခွင့်ပေးကြပါဦး..”


🍉🍉🍉🍉 အခန်း ၂၇


“အရမ်းကို အရှက်မဲ့တယ်..”

ကျိုးဟန် ဒေါသတကြီးဖြင့် အခန်းအတွင်း ဝုန်းဒိုင်းကြဲ လမ်းလျှောက်နေသည်။

ကုရှင်းရှစ် အသုံးပြုလာနိုင်သည့် ဖြစ်နိုင်ခြေရှိသော လှည့်ကွက်တိုင်းအတွက် ပြင်ဆင်ထားခဲ့သော်ငြား ကုရှင်းရှစ်က စည်းမျဉ်းအပြင်မှ ကစားလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ပြဿနာအား ဓာတ်ပုံအနည်းငယ်မျှနှင့် ဖြေရှင်းလိုက်နိုင်ပြီး ကျိုးဟန်၏ ပြန်လည်တိုက်ခိုက်မည့် နည်းလမ်းမှန်သမျှအား ဖြတ်တောက်လိုက်သည်။

လူတိုင်းမှာ စည်းမျဉ်းများအတိုင်း ကစားနေသည့်အချိန်တွင် ကုရှင်းရှစ်မှာ မသမာသောနည်းလမ်းများ အသုံးပြုခြင်းနှင့် တူသည်။

ဒီလိုဟာမျိုးကို ဘယ်သူက ပြိုင်နိုင်မှာတဲ့လဲ..

ပို၍ဆိုးသည်မှာ ကျိုးဟန်နှင့် အပေါင်းအပါများသည် အဆိုပါ ‘မသမာသောနည်းလမ်း’ အား အသုံးပြုချင်လျှင်ပင် စိတ်ရှိသလို အသုံးမပြုနိုင်ကြချေ။

ဖျော်ဖြေရေးလောက၌ ရုပ်ရည်ချောမောခြင်းမှာ ဘုရင်ဖြစ်သည်။ သို့သော် ထိုအရူးအမူး စွဲလမ်းမှုသည် မန်နေဂျာများထံသို့ပင် ပျံ့နှံ့လာပြီဖြစ်သည်။

ကျိုးဟန် ထိုအကြောင်းအား စဉ်းစားမိတိုင်း ပို၍ပို၍ ဒေါသထွက်လာရသည်။

မဖြစ်ရဘူး..

ဒီလိုမျိုး လွယ်လွယ်လေး အရှုံးမပေးနိုင်ဘူး..

ကျိုးဟန် အံတင်းတင်းကြိတ်ကာ ပြောသည်။ 

ငါမရနိုင်မှတော့ ဖျက်ဆီးပစ်တာပေါ့..

သူ၏ သင်တန်းသားနှစ်ဦးသည်လည်း လက်ရှိအချိန်၌ အရည်အချင်းပြရှိုးများတွင် ပါဝင်ယှဉ်ပြိုင်နေကြသည်။ [Boy Group Training Camp] ကဲ့သို့ ရေပန်းစားသောရှိုး မဟုတ်သော်ငြား သင်တန်းသားတစ်ဦးက ကောင်းမွန်သော အဆင့်သတ်မှတ်ချက်များ ရရှိထားပြီး သူ၏ ပုံစံသွင်ပြင်မှာလည်း ချန်ရှင်းနှင့် ဆင်တူသည်။

ထို့အပြင် နိုင်ငံတကာဘရန်း XX သည် သူတို့ထံသို့ သံလွင်ခတ် ကမ်းလာသည်။ ဘရန်းကိုယ်စားလှယ်တစ်နေရာသာ ဖြစ်သော်ငြား သူ၏ သင်တန်းသားအတွက်မူ ကြီးမားသော အရင်းအမြစ်တစ်ခုပင်။

XX ၏ အထက်စီးဆန်သော အပြုအမူနှင့် မနှစ်မြို့ဖွယ်ကောင်းစွာ မတန်တဆ လာဘ်သိပ်ထိုးငွေ တောင်းဆိုမှုကြောင့် ကျိုးဟန် ချီတုံချတုံ ဖြစ်နေခဲ့ခြင်းသာ။ 

သို့သော် ယခုအခါတွင် ဆုံးဖြတ်ချက် ပြတ်သားသွားလေပြီ။

မည်မျှကုန်ကျစေကာမူ သုံးစွဲပစ်လိုက်မည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ဆွဲချကာ သူ၏ သင်တန်းသားအား မြှင့်တင်ပေးနိုင်မည် ဆိုပါက win-win အခြေအနေပင် ဖြစ်သည်။

မုန့်ယွမ်ရှန့်… ချန်ရှင်း…

သူ အံတင်းတင်းကြိတ်ရင်း ထိုနာမည်နှစ်ခုအား ရေရွတ်လိုက်သည်။

ထိုနှစ်ဦးမှာ သေးငယ်ကာ မျှော်လင့်ချက်မဲ့နေသော လဲ့ရှစ်အင်တာတိန်းမန့်မှ ထွက်ခွာရန် ခေါင်းမာနေခဲ့ကြသည်။ ထိုသို့ဆိုလျှင် အကြင်နာမဲ့ခြင်းကြောင့် သူ့အား အပြစ်မတင်သင့်ပေ။

*

ကုရှင်းရှစ်၏ ထပ်ခါတလဲလဲ အာမခံမှုများကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့သည် ဓာတ်ပုံများအား ဖြန့်လိုက်သူမှာ ကုရှင်းရှစ်မဟုတ်ကြောင်း ယုံကြည်သွားကြသည်။ သို့‌သော် အခြားသူများမှာမူ မယုံကြသေးချေ။ ယင်ဟယ်ဖုန်းက ကုရှင်းရှစ်ထံသို့ တိုက်ရိုက်မက်ဆေ့ချ်ပို့ပြီး ‘ပြောင်မြောက်လှသည့်ဗျူဟာ’ အား ချီးကျူးစကား ပြောခဲ့သေးသည်။

ကုရှင်းရှစ် : “...”

ပင်ပန်းလိုက်တာနော်..

သိုသိုသိပ်သိပ်နေရန်အတွက် အချိန်တစ်ခုမျှ ဖုန်းပိတ်ထားရန် စဉ်းစားမိသည်။

ထိုအချိန်မှာပင် ကုရှင်းရှစ်၏ဖုန်းက မြည်လာသည်။

သက်ပြင်းချကာ အလွန်ပင်ပန်းနေသော အသံဖြင့် ဖုန်းကိုင်လိုက်သည်။
“ဟယ်လို..”

အခြားတစ်ဖက်မှ ခပ်ဟဟရယ်မောသံ ထွက်ပေါ်လာသည်။
“ရှောင်ကု.. ဘာဖြစ်လို့ အသံက အရမ်းပဲ စိတ်ပျက်နေပုံ ရတာလဲ.. ပြဿနာတစ်ခုခု ရှိလို့လား..”

ကုရှင်းရှစ်က အသံကို မှတ်မိပြီးနောက် ချက်ချင်းပင် ထထိုင်လိုက်သည်။
“အစ်မဝမ်ကျွင်းလား.. ဘာကိစ္စရှိလို့လဲဟင်..”

“မင်းကို ကျေးဇူးတင်ချင်လို့ပါ.. သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်.. မင်းကြောင့် အမှားအယွင်းမရှိဘဲ လွတ်မြောက်နိုင်ခဲ့တာ..”

ကုရှင်းရှစ်က ကျေးဇူးတင်စကားအား လက်ခံရန် မသင့်ဟု ခံစားမိသည်။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ပေါ့ပေါ့တန်တန်သာ ပြောခဲ့ခြင်းဖြစ်သည်။ လျန်ဝမ်ကျွင်း၏ လျင်မြန်သော တွေးခေါ်နိုင်စွမ်းနှင့် အရင်းအမြစ် ပေါကြွယ်ဝခြင်းကြောင့်သာ အခြေအနေအား ပြောင်းပြန်လှန်ကာ ချောင်ကွမ်းလိအား ဖမ်းဆီးလိုက်နိုင်ခြင်းပင်။

ကုရှင်းရှစ် ချီးကျူးမခံလိုကြောင်း ခံစားမိသဖြင့် လျန်ဝမ်ကျွင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အစ်မ ဒီတလော အွန်လိုင်းပေါ်က ကောလာဟလတွေကို လိုက်ကြည့်နေခဲ့မိတာ.. မင်းရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ထင်တယ်.. မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းက အလားအလာကောင်းတဲ့ ပုံရိပ်နဲ့ သန်မာတဲ့ စွမ်းရည်တွေရှိကြတယ်.. သူတို့ရဲ့ အနာဂတ်က အခုမြင်နေရတာထက် ပိုပြီးတော့ ဝေးဝေးသွားနိုင်လိမ့်မယ်.. အခုလို အာမခံချက်မရှိတဲ့ ဘရန်းတွေနဲ့ သဘောတူစာချုပ်ချုပ်ပြီး လက်တလော ပိုက်ဆံရှာတာက ရေတိုနည်းလမ်းပဲ.. သူတို့ရဲ့ နောက်ပိုင်းတန်ဖိုးတွေကို လျော့ကျသွားစေလိမ့်မယ်..”

ကုရှင်းရှစ်က လျန်ဝမ်ကျွင်းထံမှ ထိုကဲ့သို့သော အားပေးထောက်ခံမှုမျိုး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် အလွန်အမင်း အံ့ဩသွားလေသည်။

ဤလောကထဲ အသစ်ဝင်လာသူတစ်ဦးအနေနှင့် သူ၏ချဉ်းကပ်ပုံမှာ မှန်ကန်သည်ဟု ဆိုရမည်သော်ငြား အတိုက်အခိုက်များစွာနှင့် ရင်ဆိုင်ရသည့်အခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်ရသည်။

လျန်ဝမ်ကျွင်း၏ စကားများမှာ စိတ်လက်ပေါ့ပါးစေမည့် အာမခံချက် ပေးလိုက်သလိုပင်။

သူမက ဖျော်ဖြေရေးလောက၌ ဒဏ္ဍာရီတစ်ဦးဖြစ်ပြီး စူးရှထက်မြက်သော မျက်လုံးများနှင့် ထူးချွန်ပြောင်မြောက်သော နည်းလမ်းများကြောင့် နာမည်ကျော်သူတစ်ဦးဖြစ်သည်။ ဖျော်ဖြေရေးလောကရှိ လူသစ်စုဆောင်းသော မန်နေဂျာအများစုက လျန်ဝမ်ကျွင်းအား စံနမူနာကောင်းတစ်ခုအဖြစ် မှတ်ယူကြသည်။

သူမ၏ ထောက်ခံချက် ရရှိခြင်းမှာ ရွှေကဲ့သို့ တန်ကြေးရှိသောကြောင့် ကုရှင်းရှစ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။

ကုရှင်းရှစ်၏ တုံ့ပြန်ပုံကြောင့် လျန်ဝမ်ကျွင်း ပိုမိုနှစ်သက်သဘောကျလာမိပြီး ရက်ရက်ရောရောပင် အကူအညီပေးရန် ကမ်းလှမ်းလိုက်သည်။
“XX က လူတွေက မင်းနဲ့ပတ်သက်ပြီး ကောလာဟလတွေ ဖြန့်နေတယ်လို့ အစ်မ ကြားထားတယ်.. မင်းက ကြီးမြတ်သလို ပြုမူနေတယ်တဲ့.. ကိစ္စတွေကို ချောချောမွေ့မွေ့ဖြစ်သွားအောင် အစ်မ စီစဉ်ပေးရမလား..”

လျန်ဝမ်ကျွင်းက ထိုကောလာဟလများအား မယုံပေ။

ကုရှင်းရှစ်၏ အကျင့်စရိုက်အပေါ် ယုံကြည်မှုရှိပြီး ထိုသူများပြောသလို ပြုမူလိမ့်မည်ဟု မတွေးချေ။ ထို့အပြင် XX က တရုတ်ဈေးကွက်၌ ငွေရှာလိုသည့်တိုင်အောင် မောက်မာထောင်လွှားကာ ပြည်တွင်းကုမ္ပဏီများအပေါ် အထင်အမြင်သေးစွာ ပြုမူဆက်ဆံတတ်သည်။

လျန်ဝမ်ကျွင်းသည် XX အပေါ် အကောင်းမြင်စိတ် အနည်းငယ်မျှပင် မရှိချေ။

မျှော်လင့်ထားသလိုပင် ကုရှင်းရှစ်က ရှင်းပြလာသည်။
“ကျွန်တော်က ကြီးမြတ်သလို ပြုမူတာမျိုး မဟုတ်ပါဘူး.. သူတို့က ဘရန်းကိုယ်စားပြုနေရာလို့ ပြောလို့ရတယ် ဆိုရုံလေးပဲ ကမ်းလှမ်းခဲ့တာ.. အဲဒီနေရာကို ရဖို့အတွက် ကြီးမားတဲ့ အဖိုးအခ ပေးရမယ်လို့ တောင်းဆိုတယ်.. ကျွန်တော်က သူတို့ကို ငြင်းလိုက်တော့ ထမင်းဝအောင်စားထားတဲ့.. သူတို့က သေချာပေါက် လက်စားချေမှာလို့လည်း ပြောသွားတယ်..”

လျန်ဝမ်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။

XX ၏ ကုမ္ပဏီငယ်လေးများနှင့် တက်သစ်စ အနုပညာရှင်လေးများအပေါ် အမြတ်ထုတ်မှုနှင့် ပတ်သက်သည့် ကောလာဟလများအား သူမ ကြားဖူးသော်ငြား ထိုမျှလောက် အရှက်မဲ့လိမ့်မည်ဟု မသိထားခြင်းသာ ဖြစ်သည်။

ကုရှင်းရှစ်က ဆက်ပြောသည်။
“အစ်မဝမ်ကျွင်း အလုပ်ရှုပ်ခံပြီး ကျွန်တော့်အတွက် ပြဿနာတွေ ဖြေရှင်းပေးဖို့ မလိုပါဘူး.. ကျွန်တော်က သူတို့ရဲ့ ‘ဘရန်းကိုယ်စားလှယ်’ ဆိုတဲ့ နေရာကို လုံးဝ စိတ်မဝင်စားဘူး.. ကျွန်တော့်ကို အတင်းအကြပ် တောင်းဆိုရင်တောင် လုံးဝပဲ..”

ကုရှင်းရှစ်၏ စကားများကြောင့် လျန်ဝမ်ကျွင်း စိတ်ကျေနပ်သွားသည်။

သို့သော် ကုရှင်းရှစ်က ငယ်ရွယ်ကာ အားမာန်တက်ကြွဆဲဖြစ်သည့် အချက်အား သူမ လျစ်လျူရှုမထားချေ။ ဤလောက၌ အချို့အရာများမှာ အဖြူနှင့် အနက် နှစ်မျိုးတည်းသာ ရှိသည်။

အထူးသဖြင့် ဖက်ရှင်လောက၌ နိုင်ငံတကာဇိမ်ခံဘရန်းများအပေါ် အလွန်အမင်း မျက်နှာသာပေးတတ်ကြသည်။

လျန်ဝမ်ကျွင်း၏ အဆင့်အတန်းနှင့်ပင် ထိုအရာများအား ပြောင်းလဲရန် မဖြစ်နိုင်ချေ။

လျန်ဝမ်ကျွင်း သက်ပြင်းချကာ ကုရှင်းရှစ်အား အကြံပေးစကားပြောသည်။
“ရှောင်ကုရေ.. XX ရဲ့ အပြုအမူက စိတ်ပျက်ဖို့ကောင်းတာတော့ အစ်မနားလည်ပေမဲ့ ဒီလောက,က ဒီလိုပဲ သွားကြတာလေ.. XX ကို ဆန့်ကျင်တာက ဖက်ရှင်အရင်းအမြစ်တွေကို လုံးဝ စွန့်လွှတ်လိုက်ရတဲ့ သဘောပဲ.. အနုပညာရှင်တစ်ဦးအတွက် ဆုတ်ယုတ်မှုလို့လည်း ပြောလို့ရတယ်.. မင်းရဲ့ သင်တန်းသားတွေက ပွဲဦးတောင်မထွက်ရသေးတဲ့ အသစ်လေးတွေပဲ ရှိသေးတာ.. သူတို့ ဘယ်လောက်ပဲ အလားအလာရှိနိုင်တယ်ပြောပြော အဲဒီလို အဆက်အသွယ်တွေ မရှိဘူးဆိုရင် ထိပ်ဆုံးရောက်ဖို့ အရမ်းပဲ ရုန်းကန်ရလိမ့်မယ်..”

လျန်ဝမ်ကျွင်း ထိုသို့ပြောပြီး နောင်တရမိသည်။

ကုရှင်းရှစ်၏ ခံစားချက်အား သူမနားလည်သည်။ ၎င်းမှာ ပါးရိုက်ပြီးမှ ပြန်တောင်းပန်ခိုင်းနေသည်နှင့် တူသည်။ သို့သော် ဤလောက၌ ထုတ်မပြောသော စည်းမျဉ်းများရှိပြီး တစ်ခါတစ်ရံ ဂုဏ်သိက္ခာကိုပင် ချနင်းရန် လိုအပ်သည်။ 

လျန်ဝမ်ကျွင်း အံ့ဩရသည်မှာ ကုရှင်းရှစ်က သူမ၏ အကြံပေးချက်ကြောင့် အနှောင့်အယှက်ဖြစ်ဟန်ပင် မရချေ။
“အစ်မဝမ်ကျွင်း.. ကျွန်တော်နားလည်ပါတယ်.. သူတို့ရဲ့ အပြုအမူကသာ ပြဿနာဆို ကျွန်တော်က မမြင်ချင်ယောင်ဆောင်နေလိုက်မှာပါ.. ဒါပေမဲ့ သူတို့နဲ့ အတူတူလက်တွဲဖို့ ငြင်းရတာက ဒီနှစ် သူတို့ထုတ်ကုန်အသစ် မိတ်ဆက်ပွဲမှာ တရုတ်ကို စော်ကားတဲ့စကား ပြောခဲ့တဲ့ အတွက်ပါ.. အဲဒါကိုတော့ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး..”

လျန်ဝမ်ကျွင်း ကြောင်အသွားပြီးနောက် အလေးအနက်ဖြစ်လာသည်။
“မင်း သေချာလား..”

ကုရှင်းရှစ်က ပြန်ပြောသည်။
“အစ်မ ရှာကြည့်လို့ရပါတယ်.. ဒီနှစ် နွေဦး-နွေရာသီ ထုတ်ကုန်သစ် မိတ်ဆက်ပွဲတုန်းက သူတို့ရဲ့ ဒီဇိုင်းနာခေါင်းဆောင် ပြောသွားတဲ့ စကားကို ပြန်နားထောင်ကြည့်ပါ..”

ဤသည်မှာ သေးငယ်သော ပြဿနာတစ်ခု မဟုတ်ချေ။ 

ကုရှင်းရှစ်မှာ ထိုကဲ့သို့သော အရာနှင့် စနောက်မည့်သူ မဟုတ်မှန်း သူမသိသည်။ လျန်ဝမ်ကျွင်း ချက်ချင်းပင် သူမ၏ လက်ထောက်အား XX ၏ နွေဦး-နွေရာသီ ထုတ်ကုန်သစ် မိတ်ဆက်ပွဲ ဗီဒီယို ရှာကာယူလာစေသည်။ ကြည့်ပြီးနောက် ဒေါသအုံကြွလာသည်။

XX ၏ နွေဦး-နွေရာသီ ထုတ်ကုန်သစ် စုစည်းမှုအား ဖက်ရှင်လောကမှ ဝိုင်းဝန်းချီးကျူးဂုဏ်ပြုကြသည်အား သူမ အမှတ်ရနေဆဲဖြစ်သည်။ ပြည်တွင်းဖက်ရှင်လောကပင်လျှင် ယင်းတို့အား အလွန်အကျူး ချီးကျူးမြှောက်ပင့်ခဲ့ကြသည်။ XX သည် ကျော်ကြားမှုလှိုင်းလုံးများ ရိုက်ခတ်ခဲ့သည်။

ထိုစဉ်က သူမသည် ချောင်ကွမ်းလိ၏ ထောင်ချောက်အတွင်း ရောက်ရှိနေခဲ့သဖြင့် ရင်ဆိုင်ဖြေရှင်းကာ အလုပ်ရှုပ်နေခဲ့သောကြောင့် အာရုံမစိုက်မိခဲ့ချေ။ သို့သော် ဤကဲ့သို့ မောက်မာထောင်လွှားနေလိမ့်မည်ဟု မမျှော်လင့်ထားပေ။

XX သည် အဆိုပါပွဲ၌ တရုတ်သတင်းမီဒီယာများ၊ ဖက်ရှင်influencerများနှင့် လူသိများကျော်ကြားသူများကို ဖိတ်ကြားခဲ့သည်။
အဲဒါကို ဘယ်သူမှ သတိမထားမိကြဘူးလား…

ဒါမှမဟုတ် သတိထားမိပေမဲ့ ဂရုမစိုက်ကြတာလား…

ဤလောက၌ နိုင်ငံတကာဇိမ်ခံဘရန်းများသည် ပင်ကိုယ်အားဖြင့် သာလွန်ကောင်းမွန်သည်ဟူသော အယူအဆအား လက်ခံထားသောကြောင့် ပုတ်ခတ်ပြောဆိုသည့် မှတ်ချက်စကားများအား စက္ကန့်ပိုင်းမျှပင် တွေးတောမနေဘဲနှင့် ပေါ့ပေါ့တန်တန် သဘောထား၍ လက်ခံထားကြခြင်း ဖြစ်သည်။

ဂုဏ်သရေရှိ တရုတ်လူမျိုးတစ်ဦးအနေနှင့် ထိုကဲ့သို့သော အပြုအမူအား လျန်ဝမ်ကျွင်း သည်းမခံနိုင်ချေ။

ဒီအကြောင်းကို ဖော်ထုတ်ရမယ်..

‘ကျွေးသောလက်အား ပြန်ကိုက်သည့်’ ဘရန်းများအား တရုတ်မှ နှင်ထုတ်ရန် လိုအပ်သည်။

စိတ်ဆိုးဒေါသဖြစ်ပြီးနောက် လျန်ဝမ်ကျွင်း၏ ထိပ်တန်းအဆင့် မန်နေဂျာတစ်ဦးဟူ‌သော အသိစိတ် ပြန်ဝင်လာသည်။

အရှက်ခွဲခံပြက်ရယ်ပြုခံရသော်ငြား ဤအဖြစ်အပျက်မှာ အခွင့်အရေးတစ်ခုလည်းဖြစ်သည်။

ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဆိုပါက ပြည်တွင်းဖက်ရှင်လောကအား ပြောင်းလဲပစ်နိုင်ပြီး နိုင်ငံတကာဘရန်းများအပေါ် ကိုးကွယ်မှုကိုလည်း အထိုက်အလျောက် ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

သူမအတွက်လည်း အကျိုးအမြတ်များစွာ ရရှိပေမည်။

သို့သော် ထိုသို့သာဆိုလျှင် ကုရှင်းရှစ်အပေါ် မျက်နှာသာပေးမှုတစ်ခု အကြွေးတင်သွားလိမ့်မည်။

လျန်ဝမ်ကျွင်း သက်ပြင်းချရင်း ဒွိဟဖြစ်နေမိသည်။

ကုရှင်းရှစ်အား ကျေးဇူးတင်စကားဆိုရန် ဖုန်းခေါ်ဆိုခြင်းဖြစ်ပြီး ကျေးဇူးတင်မှုအား ဖော်ပြသည့်အနေနှင့် ကြော်ငြာအရင်းအမြစ်အချို့ ကမ်းလှမ်းရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ကုရှင်းရှစ်၏ ကြီးမားသော အကျိုးပြုမှုနှင့် နှိုင်းစာလျှင် ထိုသေးငယ်သည့် ကျေးဇူးတင်အပြုအမူများမှာ မလုံလောက်ချေ။

ခေတ္တမျှစဉ်းစားပြီးနောက် လျန်ဝမ်ကျွင်း မေးလိုက်သည်။
“ရှောင်ကုရေ.. မင်း တျန်းရွှမ်ကို ကြားဖူးလား..”

ကုရှင်းရှစ်၏ မျက်လုံးများ ပြူးကျယ်လာသည်။
“သေချာပေါက် ကြားဖူးတာပေါ့..”

တျန်းရွှမ်ဟူသည်မှာ ဝမ်လုပ်ငန်းစုလက်အောက်ရှိ စမတ်ဖုန်းဘရန်းတစ်ခုဖြစ်ပြီး ပြည်တွင်းအဆင့်မြင့် စမတ်ဖုန်းဈေးကွက်တွင် ကြီးမားသည့်ရှယ်ယာ ကိုင်ဆောင်ထားသည်။ ကုရှင်းရှစ်၏ လက်ရှိစမတ်ဖုန်းသည်လည်း တျန်းရွှမ်တံဆိပ်ဖြစ်သည်။

လျန်ဝမ်ကျွင်းက ဆက်ပြောသည်။
“တျန်းရွှမ်က လူငယ်ဈေးကွက်ကို ဦးတည်တဲ့ ထုတ်ကုန်လိုင်းရှိတယ်.. သူတို့က အဲဒီအတွက် လူငယ်ပြောရေးဆိုခွင့်ရှိသူတွေကို ရှာနေတာ.. မင်းသာ စိတ်ဝင်စားရင် အဲဒီနေရာကိုရအောင် လုပ်ပေးနိုင်တယ်..”

ကုရှင်းရှစ် မျက်လုံးများ အရောင်လက်လာသည်။

ဝမ်လုပ်ငန်းစုက အလွန့်အလွန် ချမ်းသာကြွယ်ဝပြီး တျန်းရွှမ်၏ ထောက်ခံချက်အား အမြဲလိုလို ထိပ်တန်းအဆင့် နာမည်ကျော်များကိုသာ ကမ်းလှမ်းလေ့ရှိကြသည်။

ဖျော်ဖြေရေးလောက၌ တျန်းရွှမ်၏ ထောက်ခံချက်ရရှိခြင်းမှာ ကြယ်ပွင့်အစစ်အမှန်တစ်ယောက်အဖြစ် ခြေကုပ်ရယူနိုင်ခြင်းဟု ကောလာဟလ ရှိလေသည်။

လျန်ဝမ်ကျွင်းသည် တျန်းရွှမ် လူငယ်လိုင်းနှင့် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အများအပြားအား ဖော်ပြခဲ့ပြီး ဤကဲ့သို့သော အခွင့်အရေးမှာ သူတို့ အိပ်မက်ပင် မမက်ရဲသော အရာဖြစ်သည်။

ဒီလို ရွှေအခွင့်အရေးကြီးကို မလိုချင်တဲ့သူ ဘယ်သူရှိမှာလဲ..

“ကျေးဇူးတင်ပါတယ် အစ်မဝမ်ကျွင်း.. ကျွန်တော် သေချာပေါက်လိုချင်ပါတယ်..”

ကုရှင်းရှစ်၏ စိတ်အားထန်သန်စွာ တုံ့ပြန်ပုံကြောင့် လျန်ဝမ်ကျွင်း ရယ်မောကာ အာမခံလိုက်သည်။
“အစ်မလည်း ၇၀.. ၈၀ ရာခိုင်နှုန်းလောက်တော့ သေချာပါတယ်.. သတင်းကောင်းလေးသာ ထိုင်စောင့်နေ ဟုတ်ပြီလား..”

သူမ၏ စကားအတိုင်း လျန်ဝမ်ကျွင်းက မကြာမီပင် စတင်လှုပ်ရှားလေသည်။ ကုရှင်းရှစ်က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ခေါ်ကာ ထောက်ခံချက်အကြောင်း ပြောပြလိုက်ပြီး နှစ်ဦးသား ကြောင်အလျက်နှင့်ပင် အဆောင်ခန်းသို့ ပြန်ရောက်လာကြသည်။

ချန်ရှင်းက မှင်တက်နေဆဲပင်။
“တျန်းရွှမ်ဖုန်းတဲ့လား.. ငါ အိပ်မက် မက်နေတာလား.. အားရှန့်.. ငါ့ကို ရိုက်စမ်းကွာ.. အမှန်လား သိချင်လို့..”

မုန့်ယွမ်ရှန့်က တစ်စက္ကန့်မျှပင် စဉ်းစားမနေဘဲ ရိုက်လိုက်သည်။
“အားးး သောက်ခွေး.. ဘာဖြစ်လို့ အရမ်းရိုက်တာလဲကွ..”

မုန့်ယွမ်ရှန့် သူ့လက်ဖဝါးအား စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
“နာတာပဲ.. တကယ်ကြီးပေါ့..”

ကုရှင်းရှစ်က ထိုနှစ်ဦးအားကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။

ချန်ရှင်း တစ်ဦးတည်းနှင့်ပင် ခေါင်းကိုက်ရန် လုံလောက်နေပြီဖြစ်သည်။ မုန့်ယွမ်ရှန့်မှာ တည်ငြိမ်ကာ စဉ်းစားချင့်ချိန်နိုင်ပြီး ဆင်ခြင်တုံတရားရှိသူဖြစ်လိမ့်မည်ဟု ယူဆခဲ့သော်ငြား မုန့်ယွမ်ရှန့်အကြောင်း ပိုသိလာလေလေ အနည်းငယ် ကြောင်တောင်တောင်နိုင်သည့်ဘက်ခြမ်းအား သိလာရလေပင်။

အဆောင်ခန်းသို့ ပြန်ရောက်ပြီးနောက် စိတ်လှုပ်ရှားနေကြဆဲဖြစ်သည်။

သို့သော် မုန့်ယွမ်ရှန့်က အနည်းငယ် တည်ငြိမ်မှု ရှိလာသည်။
“ကောင်းပြီ.. အိပ်ကြရအောင်.. မနက်ဖြန် အင်တာဗျူးရှိသေးတယ်..”

ပြိုင်ပွဲစတင်ချိန်မှစ၍ ပထမဆုံး တရားဝင်သတင်းစာရှင်းလင်းပွဲဖြစ်သည်။

ယခင်က သတင်းထောက်များအနေဖြင့် ခက်ခဲသည့် မေးခွန်းများ မေးလာမည်ကို စိုးရိမ်မိခဲ့‌သော်ငြား ယခုမူ စိုးရိမ်စိတ် အနည်းငယ်ပင် မရှိတော့ချေ။

ဥက္ကဌကုထံမှ ရရှိသော ယုံကြည်မှုကြောင့်ပင်။

*

နောက်တစ်နေ့ နေ့လယ် ၁ နာရီ၌ [Boy Group Training Camp] Season 2၏ ပထမဆုံး တရားဝင်သတင်းစာရှင်းလင်းပွဲ စတင်သည်။

သင်တန်းသားများ၊ မီဒီယာများအပြင် အဖွဲ့အသီးသီး၏ ပရိသတ်များလည်း ရောက်ရှိနေကြသည်။

ချောင်ရို့ယောင်သည် ကြီးမားသော အမွေးပွရုပ်ကြီးအား ပွေ့ပိုက်ကာ လုံခြုံရေးမှတစ်ဆင့် ခန်းမအတွင်း ဝင်ရောက်လာပြီးနောက် ချက်ချင်းပင် လူအုပ်ကြီးအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

အွန်လိုင်းပေါ်မှ အစောပိုင်း ဆက်ဆံမှုများမှတစ်ဆင့် သူမသည် ပိုင်ရန်နှင့် အသိအကျွမ်းများ ဖြစ်လာခဲ့ပြီးနောက် လူချင်းတွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲသို့ အတူတကွ တက်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

လူအုပ်ထဲရှိ ပိုင်ရန်အား ရှာတွေ့ပြီးနောက် သူမ၏ ဦးဆောင်မှုဖြင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်များရှိရာနေရာသို့ သွားကြသည်။

ပွဲမစသေးသဖြင့် လူတိုင်း စကားစမြည် ပြောဆိုလျက်ရှိကြသည်။

ချောင်ရို့ယောင် ခြေဖျားထောက်ပြီး စင်နောက်ဘက်သို့ ချောင်းကြည့်နိုင်ရန် ကြိုးစားလျက် ပိုင်ရန်အား သတိလက်လွတ် ပြောလိုက်မိသည်။
“ဟိုချစ်ဖို့ကောင်းတဲ့ မန်နေဂျာလေးလည်း ဒီကို ရောက်နေလား သိချင်တယ်..”

တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏ စကားများ ထွက်ပေါ်လာချိန်တွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။

သူမ ပြောလိုက်မိသည့်စကားကြောင့် ချောင်ရို့ယောင် ပါးစပ်အား လက်ဖြင့်အုပ်လိုက်သည်။

ထို့နောက် လူအုပ်ကြားမှ အသံခပ်တိုးတိုး ထွက်ပေါ်လာသည်။
“ငါလည်း သိချင်တယ်..”

ထိုစကားက မန္တန်အား ချိုးဖြတ်လိုက်သလိုဖြစ်ပြီး လူတိုင်းနီးပါး တစီစီအသံထွက်လာတော့သည်။

“အဟမ်း.. ငါပြောတာက ခပ်ချောချောကောင်လေးကို မမြင်ချင်တဲ့သူ ဘယ်သူရှိလို့လဲ..”

“လာစမ်းပါ.. ဒါက သဘာဝပဲလေ.. ချစ်ဖို့ကောင်းတာလေးကို လူတိုင်းမြင်ချင်ကြတယ် မဟုတ်ဘူးလား..”

“ဟုတ်ပြီ.. ငါဝန်ခံတယ်.. ငါလည်း သူ့ကို မြင်ချင်တယ်..”

ချောင်ရို့ယောင် : “...”

ကျေးဇူးတင်ရသည်မှာ များမကြာမီမှာပင် သင်တန်းသားများ စင်ပေါ်၌ နေရာယူလိုက်ကြပြီး သတင်းစာရှင်းလင်းပွဲ စတင်လေသည်။

ရေပန်းစားမှုအဆင့်မြင့်သည့် ပြိုင်ပွဲဝင်သင်တန်းသားများဖြစ်ကြသော မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က မေးခွန်းအများအပြား ဖြေဆိုကြရသည်။

မုန့်ယွမ်ရှန့်၏ ဖြေဆိုပုံမှာ ရည်မွန်ကျော့ရှင်းသော်ငြား ချန်ရှင်း၏ ဖြေကြားမှုများမှာမူ အတော်လေး ဖရိုဖရဲနိုင်သည့်တိုင်အောင် မမျှော်လင့်ဘဲ ဆွဲဆောင်မှုရှိလေသည်။ ရံဖန်ရံခါ မုန့်ယွမ်ရှန့်၏ ဖုံးဖိပေးမှုကြောင့် အမှားအယွင်းမရှိ ကျော်ဖြတ်လိုက်နိုင်သည်။

ယင်းမှာ ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်မှ မတ်တတ်ရပ်ကာ မေးခွန်းမမေးခင်အထိဖြစ်သည်။

“မုန့်ယွမ်ရှန့်ရေ.. ရေပန်းအစားဆုံး ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ကြော်ငြာသဘောတူညီချက် တစ်ခုတစ်လေတောင် မရှိဘူးနော်.. မင်းရဲ့ ရေပန်းစားမှုက အပေါ်ယံပဲဆိုတဲ့ အဓိပ္ပါယ်လား.. ဈေးကွက်က မင်းကို အသိအမှတ်မပြုဘူးပေါ့..”

အဆိုပါမေးခွန်းကြောင့် ပရိသတ်အပိုင်းမှာ တီးတိုးစကားသံများ ထွက်ပေါ်လာသည်။

ချောင်ရို့ယောင်က ပိုင်ရန်၏ လက်မောင်းအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိပြီး နှစ်ဦးသား စိုးရိမ်ပူပန်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကြော်ငြာထောက်ခံချက်များနှင့် ပတ်သက်၍ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ပြဿနာရှာမည်ကို စိုးရိမ်နေခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ သူမတို့ စိုးရိမ်ထားသည့်အတိုင်း ဖြစ်လာပြီး မေးခွန်းမေးသည့် သတင်းထောက်၏ လေသံမှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား တမင်ငြှိုးနေပုံရသည်။

သူမတို့က မုန့်ယွမ်ရှန့်၏ မျက်လုံးအကြည့်များ ထူးဆန်းဖွယ်ကောင်းလောက်အောင် တလက်လက် တောက်ပလာသည်ကို သတိမပြုမိလောက်အောင် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ကြသည်။ 

မုန့်ယွမ်ရှန့်က ချောင်းဟန့်ပြီးနောက် ယဉ်ကျေးစွာဖြင့် ပြန်ဖြေသည်။
“ဈေးကွက်က ကျွန်တော့်ကို အသိအမှတ် ပြု မပြု... ဆိုတာကတော့ လူကြီးမင်းအနေနဲ့ စောင့်ကြည့်နိုင်ပါတယ်..”

မုန့်ယွမ်ရှန့်က သူ့မေးခွန်းအား လွယ်ကူစွာ ရှောင်တိမ်းသွားနိုင်သောကြောင့် သတင်းထောက်က ဒေါသတကြီးဖြင့် ချန်ရှင်းဘက်သို့ လှည့်လိုက်သည်။
“ချန်ရှင်းရေ.. လတ်တလော အွန်လိုင်းပေါ်မှာ မင်းကို ‘တောက်ပကြစို့’ က ဖုန်းယိမင် နဲ့ နှိုင်းယှဉ်နေကြတယ်နော်.. အဲဒီအပေါ် ဘယ်လိုထင်မြင်ချက်ရှိလဲ..”

လူအုပ်ကြီးမှာ စိတ်လှုပ်ရှားလာကြသည်။

ချန်ရှင်းမှာမူ နားမလည်နိုင်စွာဖြင့် သတင်းထောက်အား ကြည့်လိုက်သည်။
“ဘယ်သူလဲ..”


🍉🍉🍉🍉 အခန်း ၂၈


ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်မှာ ဆွံ့အသွားတော့သည်။

အော်ဟစ်ရယ်မောသံများ ထွက်ပေါ်လာသည်။

‘တောက်ပကြစို့’ Boy Bandက အမျိုးသား idol ရွေးချယ်သော ရှိုးတစ်ခုဖြစ်ပြီး [Boy Group Training Camp] နှင့် နှိုင်းယှဉ်မည်ဆိုလျှင် traffic နှင့် လွှမ်းမိုးနိုင်စွမ်း၌ အပြတ်အသတ် ကွာဟချက်များလေသည်။

သို့သော် ဤရက်ပိုင်းအတွင်း၌ အင်တာနက်ပေါ်တွင် ရုတ်တရက် ချန်ရှင်းနှင့် ဖုန်းယိမင်အား နှိုင်းယှဉ်သည့် ဆောင်းပါးများနှင့် ပြည့်လာသည်။

ဤဖြစ်ရပ်နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အလွန်သိသာလှသည်။

တိုက်ရိုက်ထုတ်လွှင့်မှုရှိ မှတ်ချက်ကဏ္ဍ၌ ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။ 

[ချန်ရှင်းရဲ့ ပရိသတ်တော့ မဟုတ်ဘူး.. ဒါပေမဲ့ ဒီဟာကြီးက လုံးဝ ရုပ်ပေါက်လွန်းတယ်..]

[အဲဒီ နာမည်တောင်မသိရတဲ့ ဒုတိယအဆင့်သတ္တဝါက ဘယ်ကနေ ရောက်လာတာလဲ.. တခြားသူတွေကို တွယ်တက်ဖို့ အတော်လေး ကြိုးစားနေတာပဲ..]

[နှိုင်းယှဉ်ချက်ဗီဒီယိုကို ကြည့်ပြီးပါပြီနော်.. ဖုန်းယိမင်က ချန်ရှင်းထက်ပိုပြီး အကကောင်းတယ်လို့ ထင်တယ်..]

[ရုတ်တရက်ကြီး ဖုန်းယိမင်အကြောင်း သိချင်လာပြီ..]

[??? ဘာတွေလဲ.. ဒီဟာက Boy Group Training Camp ရဲ့ သတင်းစာရှင်းလင်းပွဲ မဟုတ်ဘူးလား.. အခမ်းအနားမှူးက ဒီလိုမျိုး အရှက်မရှိဘဲ တခြားသူရဲ့ပွဲမှာ ပရိသတ်ကို အာရုံပြောင်းအောင် လုပ်နေတဲ့ဟာကို ဘာကိစ္စ ခွင့်ပြုထားရတာလဲ..]

အခမ်းအနားမှူးက ဝန်ထမ်းတစ်ဦးအား မိုက်ခရိုဖုန်း ပြန်ယူရန် အချက်ပြလိုက်သော်ငြား ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်မှ အတင်းကာရော ဆက်ပြောသည်။
“ကျွန်တော်သိသလောက်ဆိုရင် XX က မင်းနဲ့ လက်မှတ်ထိုးဖို့ စဉ်းစားခဲ့ဖူးတယ်တဲ့.. ဒါပေမဲ့ နောက်ဆုံးမှာ သူတို့က ဖုန်းယိမင်ကို သူတို့ရဲ့ ဘရန်းကိုယ်စားပြုအနေနဲ့ ရွေးချယ်သွားတယ်.. XX နဲ့ သဘောတူညီချက်ကို ဆုံးရှုံးလိုက်ရလို့ စိတ်ပျက်မိလား.. မင်းကို ‘အနိုင်ရ’ သွားတဲ့ ဖုန်းယိမင်ကိုရော ဘာများ ပြောချင်သေးလဲ..”

[ကြော်ငြာသဘောတူညီချက် တစ်ခုပဲလေ.. ဘာကိစ္စနဲ့ ‘အနိုင်ရ’ တယ်ဆိုပြီး သတ်မှတ်ရတာတုန်း.. စကားလုံးသုံးတတ်တယ်နော်..]

[အဲဒီ ဘရန်းကြီးတွေက ငါတို့လို သာမန်လူတွေထက် ပိုပြီးတော့ ကောင်းကောင်းသုံးသပ်တတ်ကြတယ်.. ချန်ရှင်းက မထိုက်တန်ဘူးလို့ ထင်ကြလို့ပဲ ဖြစ်မှာပေါ့..]

[ဟမ်.. XX က ရုတ်တရက်ကြီး ကြော်ငြာခနည်းတဲ့သူကို ရှာတယ်လို့ထင်တာ ငါတစ်ယောက်တည်းလား..]

သို့သော် ချန်ရှင်းမှာမူ အနည်းငယ်မျှပင် အနှောင့်အယှက်ဖြစ်ပုံမရဘဲ စိတ်လက်ပေါ့ပါးစွာဖြင့် ပြန်ဖြေသည်။
“လုံးဝပဲ.. ကျွန်တော် နည်းနည်းလေးတောင် စိတ်မပျက်မိပါဘူး.. သူ့ကို ပြောစရာစကားလည်း မရှိဘူး.. သူပျော်တယ်ဆို ကောင်းပါတယ်..”

ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက် : “...”

ထိုအချိန်မှာပင် ပရိသတ်ထဲမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာသည်။

သတင်းထောက်အများစုက အချင်းချင်း တီးတိုးစကားများ ပြောဆိုနေကြပြီး အချို့မှာ ဖုန်းများထုတ်လိုက်ကြသည်။

ပရိသတ်များသည်လည်း ရုတ်တရက် အုံအုံကြွကြွဖြစ်လာမှုအား သတိထားမိသဖြင့် စိတ်ရှုပ်ထွေးလာကြသည်။

လူအုပ်ထဲရှိ တစ်စုံတစ်ယောက်မှ အော်ပြောလိုက်သည်။

“ဝေ့ပေါ်ကို ကြည့်လိုက်ကြ.. တောင်တန်းနှင့်မြစ်များအလွန်ရဲ့ ပရိုမိုသီချင်းက ဒေါသပင်လယ်တဲ့..”

ချောင်ရို့ယောင် ကြက်သေသေသွားပြီးနောက် သွားအဖြီးသား ဖြစ်လာသည်။

ထိုသည်မှာ တောင်တန်းနှင့်မြစ်များအလွန်ဖြစ်သည်။ အကျော်ဇေယျဒါရိုက်တာရှု၏ ရုပ်ရှင်ဇာတ်ကားပင်။

[ဘုရားရေ.. ရုပ်ရှင်လောက,က idol တွေကိုဆို နှိမ့်ချပြီး ကြည့်ကြတာ မဟုတ်လား.. idol တစ်ယောက်ရဲ့ သီချင်းကို ပရိုမိုသီချင်းအဖြစ်သုံးတာ ဒါ ပထမဆုံး မဟုတ်ဘူးလား..]

[မုန့်ယွမ်ရှန့် တစ်ကွက်ပြလိုက်ပြီ..]

[ဟားဟား.. ဈေးကွက်က ရှန့်ပေါင်ပေ့ကို အသိအမှတ်မပြုဘူးလို့ ခုလေးတင် ပြောသွားတယ် မဟုတ်ဘူးလား.. ဒီလောက်ဆို အသိအမှတ်ပြုခံရဖို့ လုံလောက်လား..]

ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်က အလျင်အမြန်ပင် ဝေ့ပေါ်အား ကြည့်လိုက်သည်။ ကြေညာချက်အား ဖတ်ပြီးနောက် မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်လာသည်။

တကယ်ကြီးဟ..

ဇာတ်ကားနမူနာ ထုတ်လွှင့်သည်မှာ တစ်နာရီခန့်သာ ရှိသေးသော်ငြား ကြည့်ရှုသူအရေအတွက်မှာ ၁ သန်းကျော်နေပြီဖြစ်သည်။

မုန့်ယွမ်ရှန့်၏ ရေပန်းစားမှုမှာ ဈေးကွက်အသိအမှတ်ပြုမှုကို မခံရဟု မေးခဲ့မိသည်ကို အမှတ်ရမိပြီး ဤသတင်းမှာ မျက်နှာဖြတ်ရိုက်လိုက်သလိုပင်။

သတင်းထောက်၏ အမူအရာမှာ စိမ်းရာမှ ဖြူလာပြီး တီးတိုးပြောသံများ မျက်စောင်းများကြောင့် လွန်ခဲ့သော မိနစ်အနည်းငယ်သို့ ပြန်သွားကာ သူ၏စကားများအား ပြန်လည်ရုတ်သိမ်းချင်စိတ်ပင် ပေါက်လာသည်။

စိတ်ကျဉ်းကြပ်စွာ ထိုင်နေစဉ်မှာပင် ခန်းမအတွင်း နောက်ထပ် အံ့ဩတကြီး ရေရွတ်သံများ ထွက်ပေါ်လာပြန်သည်။

နှလုံးခုန်နှုန်းများ မြန်လာပြီး မကောင်းသည့် ခံစားချက် ရလိုက်သည်။

သေချာပေါက်ပင် နောက်တစ်စက္ကန့်၌ ဖုန်းမျက်နှာပြင်၌ ပေါ်လာသော လတ်တလောရေပန်းစားမှုသတင်းအား မြင်တွေ့လိုက်ရသည်။

#တျန်းရွှမ်လူငယ်လိုင်းကဘရန်းကိုယ်စားပြုတွေကိုကြော်ငြာလိုက်ပြီ

အဆိုပါနာမည်များထဲ၌ ပါဝင်နေသည်မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းမှလွဲ အခြားမဟုတ်ချေ။

[အားးးးးးးးးးးးးးးးး ငါ့ကောင်လေးတွေမှာ ကြော်ငြာသဘောတူညီချက်တွေ မရှိဘူးလို့ ဘယ်သူပြောလဲ.. တျန်းရွှမ်ဖုန်းတဲ့... ဘရန်းကိုယ်စားပြုတဲ့.. ကြွားတာ လုံးဝ မဟုတ်ဘူးနော်.. ဒီတစ်ခုနဲ့တင် သူတို့ရဲ့ ၁၀ ခုလောက်ကို ရိုက်ချလို့ရတယ်လို့..]

[ကောင်လေးတွေက ကောင်းကောင်းဖုံးထားခဲ့ကြတာပဲ.. ဒီမတိုင်ခင် တစ်ခွန်းတလေတောင် အရိပ်အမြွက်မပေးကြဘူး.. တချို့ တချို့တွေများ ပမွှားလေးတွေကို ကြွားလုံးထုတ်တာ မပြီးတော့ဘူး.. အင်း.. ဟုတ်တယ်လေ.. အဲဒီ ‘ဘရန်းကိုယ်စားပြု’ ဆိုတာကို ပြောနေတာ..]

[သူတို့ကို ယုံပါလို့ ပြောသားပဲ.. သူတို့ရဲ့ မန်နေဂျာက စူပါ့စူပါ မန်နေဂျာလို့ ပြောရမယ်..]

ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်မှာ ကြက်သေသေနေတော့သည်။ မျက်လုံးအား လက်ဖြင့်ပွတ်ကာ နာမည်မှားကြော်ငြာထားခြင်း မဟုတ်စေရန်အတွက် တျန်းရွှမ်၏ တရားဝင်ဝေ့ပေါ်အား နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။

တျန်းရွှမ်က အသိစိတ်လွတ်သွားတာလား..

မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းက ပွဲဦးတောင် မထွက်ရသေးတဲ့ အသစ်လေးတွေလေ.. ဘယ်လိုလုပ်ပြီး နာမည်ကျော်ကြယ်ပွင့်တွေနဲ့ တစ်တန်းတည်းရပ်ဖို့ အခွင့်အရေး ရှိတာလဲ..

ပြီးတော့ ဘရန်းကိုယ်စားပြုတဲ့လေ..

XX က ကမ်းလှမ်းတဲ့ အ‌ရေးမပါတဲ့ ‘ဘရန်းကိုယ်စားပြု’ ထက် အများကြီးအဆင့်မြင့်နေတာ..

အဲဒါတောင် ချန်ရှင်းကို ‘စိတ်ပျက်မိသေးလား’ ဆိုပြီး မေးခဲ့မိတာလေ..

မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းက ဒီအကြောင်းကို အစောကတည်းက သိထားတာပဲ ဖြစ်ရမယ်.. မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက် အဆင်ပြေပြေ တုံ့ပြန်နိုင်ကြမှာလဲ..

ရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားရချိန်တွင် အခြားသတင်းထောက်များမှာမူ ပန်းသီးသတင်းထောက်၏ တုံ့ပြန်ပုံနှင့် လုံးလုံးလျားလျား ကွဲပြားသည်။

ကျန်သတင်းထောက်များမှာ ရူးသွပ်သွားသည့်နှယ် အင်တာဗျူးရန် အလုအယက် ပြေးသွားကြသည်။

ကောင်းကင်မှ ပြုတ်ကျလာသော ရွှေရောင်ခေါင်းစီးပင်။

အရူးမှသာ ဤအခွင့်အရေးအား လက်လွှတ်ခံလိမ့်မည်။

အိုး.. ခဏလေး..

သတင်းထောက်တစ်ဦးက ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်အား စာနာသနားသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။

ဒီနေရာမှာ အရူးတစ်ယောက် ရှိနေတာပဲ..

*

ဤရက်ပိုင်း၌ ကျိုးဟန်မှာ လေပေါ်လွင့်နေသလိုပင်။

အခြားသူ၏ ရေပန်းစားမှုအပေါ် တွယ်တက်သည့် ဗျူဟာမှာ အလုပ်ဖြစ်လေသည်။ ဖုန်းယိမင်၏ ရေပန်းစားမှု မြင့်တက်လာပြီး အထူးသဖြင့် XX ၏ ‘ဘရန်းကိုယ်စားပြု’ ဖြစ်လာပြီးနောက်၌ ဖြစ်သည်။ ကျိုးဟန်သည် လူထုအမြင်ပြောင်းလဲစေရန် ရေတပ်ထံ အမြောက်အမြား မြှုပ်နှံပြီးသည့်တိုင်အောင် သွားအဖြီးသားဖြင့် ရှိလေသည်။

ရလဒ်မှာ သိသိသာသာပင် ဖြစ်သည်။ တစ်ရက်၊ နှစ်ရက်အတွင်း၌ ဖုန်းယိမင်၏ ရေပန်းစားမှုမှာ [တောက်ပကြစို့ Boy Band] ၏ ထိပ်ဆုံးနေရာသို့ ထောင်တက်သွားလိမ့်မည်။

သူ၏ အစီအစဉ်တိုင်းဆိုလျှင် ဖုန်းယိမင်က ရှိုးမပြီးခင်မှာပင် လူသိများထင်ရှားလာလိမ့်မည်။

ကျိုးဟန် အစီအစဉ်၏ အရေးကြီးဆုံးသော အပိုင်းမှာ [Boy Group Training Camp] ၏ သတင်းစာရှင်းလင်းပွဲ ဖြစ်သည်။

သူက ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက်အား သိသာထင်ရှားသော မေးခွန်းများမေးရန် လာဘ်ထိုးခဲ့သေးသည်။

ဤနည်းလမ်းသည် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား အလုံးစုံ ထိုးနှက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

သို့သော် အငြင်းပွားမှု တစ်စုံတစ်ရာ ရှိနေသရွေ့ အာရုံစိုက်ခံရပေမည်။

သူ၏ ရည်မှန်းချက်မှာ ဖုန်းယိမင် ခိုင်မာသော နေရာတစ်ခု ရရှိချိန်အထိ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့နှင့် အတူတွဲထားနိုင်ရန်ဖြစ်သည်။

ကျိုးဟန်က သူ့အစီအစဉ်နှင့် ပတ်သက်၍ အလွန်အမင်း ကျေနပ်နေမိသည်။

လက်အောက်ငယ်သားများအား အစည်းအဝေးခေါ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအား ဖွင့်ပြီး အတူတကွ ကြည့်စေသည်။

ပန်းသီးအင်တာတိန်းမန့်၏ သတင်းထောက် မေးခွန်းစတင်သည်ကို မြင်သည့်အခါ ကျိုးဟန် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်သည်။

ခဏလေး.. မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းတို့က အတော်လေး တည်ငြိမ်နေတယ်လို့ မထင်ဘူးလား..

သူတို့က နည်းနည်းလေးတောင် ရှက်သွားတာ စိတ်ဆိုးဒေါသဖြစ်တာမျိုး မရှိဘူးနော်..

ကျိုးဟန်၏ စိတ်ထဲ၌ မကောင်းသောခံစားချက်များ ခပ်ရေးရေးပေါ်လာသည်။

ကျေးဇူးတင်စရာကောင်းစွာပင် သူငှားရမ်းထားသည့် ရေတပ်မှာ တိုက်ရိုက်ထုတ်လွှင့်မှု၌ ကောင်းမွန်စွာ အလုပ်လုပ်နေဆဲဖြစ်သောကြောင့် မျက်နှာမပျက် ရှိနေနိုင်သည်။

တောင်တန်းနှင့်မြစ်များအလွန်သည် ဒေါသပင်လယ်အား ပရိုမိုသီချင်းအဖြစ် အသုံးပြုမည်ဖြစ်ကြောင်းနှင့် တျန်းရွှမ်၏ လူငယ်လိုင်းသည် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ဘရန်းကိုယ်စားပြုအဖြစ် ရွေးချယ်လိုက်ကြောင်း ကြေညာချက်ပြီးနောက် အဆိုပါ လတ်တလောထိပ်တန်းသတင်း နှစ်ခုက ကျိုးဟန်အား ပါးနှစ်ချက်ဆင့်ရိုက်လိုက်သလိုပင်။

ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကျိုးဟန်၏ တုံ့ပြန်ပုံမှာ ပန်းသီးအင်တာတိန်းမန့် သတင်းထောက်နှင့် တစ်ထပ်တည်းပင်။

မုန့်ယွမ်ရှန့်.. ချန်ရှင်း.. မင်းတို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်လား..

အစည်းအဝေးခန်းမှာ သုဿန်တစပြင်အလား တိတ်ဆိတ်သွားလေသည်။

ဝန်ထမ်းများမှာ ခေါင်းငုံ့ထားရင်း လက်ချောင်းများ ဖုန်းပေါ်၌ ပြေးလွှားလျက်ရှိကြသည်။

ဝန်ထမ်း : [အခုလေးတင် အော်ရယ်မိတော့မလို့ပဲ..]

ဝန်ထမ်း : [ကျိုးဟန်ရဲ့ မျက်နှာကို မြင်လိုက်လား.. အရမ်းပဲရယ်စရာကောင်းတာ..]

ဝန်ထမ်း : [ဒီကိစ္စအတွက် ပိုက်ဆံတော်တော်များများ သုံးထားတာတဲ့လေ.. သူ့ပါးသူပြန်ရိုက်ဖို့ ပိုက်ဆံအကုန်ခံလိုက်တာပေါ့ဟယ်.. နှစ်ချက်ဆင့်နော်.. ဘုရားရေ.. အရမ်းပဲ ကျေနပ်စရာကောင်းလိုက်တာ..]

ကျိုးဟန်၏မျက်နှာတစ်ခုလုံး နီမြန်းကာ အသက်ရှူသံများ ပြင်းလာသည်။ ပြိုလဲကျမသွားစေရန်အတွက် စားပွဲအား လက်ဖြင့်ထောက်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းထားရသည်။

အံတင်းတင်းကြိတ်ရင်း မာန်မချတမ်း ပြောသည်။

“ကောင်းပြီ.. ဘာပဲဖြစ်ဖြစ် ဖုန်းယိမင်ကို ပရိုမုတ်ဖို့ ရည်ရွယ်ချက်ကတော့ အောင်မြင်သွားတာပေါ့.. သူကအခု XX ရဲ့ ဘရန်းကိုယ်စားပြု ဖြစ်နေပြီလေ.. ပြီးတော့..”

ကျိုးဟန် စကားမဆုံးခင်မှာပင် ဝန်ထမ်းတစ်ဦးမှ တုန်တုန်ယင်ယင်နှင့် ကြားဖြတ်ပြောလေသည်။
“ဒါရိုက်တာကျိုး.. အင်း.. XX က ပြဿနာတက်နေပုံပဲ..”

ကျိုးဟန် မျက်လုံးများ ပြူးကျယ်လာသည်။

“ဘာ”

အလျင်စလို ပြေးသွားကာ ဝန်ထမ်း၏ဖုန်းအား ဆွဲလုလိုက်ပြီး လတ်တလောထိပ်တန်းသတင်းများအား ကြည့်လိုက်သည်။

#XXရဲ့ဒီဇိုင်နာခေါင်းဆောင်ကတရုတ်ပြည်ကိုချိုးချိုးဖဲ့ဖဲ့ပြောခဲ့တယ်

#အမှိုက်လိုXXတရုတ်ကအခုထွက်

#ဖုယာကXXနဲ့စာချုပ်ကိုဖျက်သိမ်းလိုက်တယ်

#ယွမ်ချင်းချင်းကရုပ်ရှင်ပွဲတော်အတွက်XXရဲ့စပွန်ဆာဂါဝန်ကိုငြင်းဆန်

*

ကပ်ဘေးဒုက္ခထဲ ဝင်ရောက်ရန် ငွေကြေးအမြောက်အမြား သုံးစွဲမိခဲ့သည်အား သိရှိပြီးနောက် ကျိုးဟန်၏ အမြင်အာရုံ ဗလာကျသွားပြီး နေရာမှာပင် ပုံလျက်သား လဲကျသွားတော့သည်။

“ဒါရိုက်တာကျိုး အဆင်ပြေရဲ့လား..”

“လူနာတင်ယာဉ် ခေါ်ကြပါဟ.. ဒါရိုက်တာကျိုး သတိလစ်သွားပြီ..”


🍉🍉🍉🍉 အခန်း ၂၉


XX ၏ ချိုးနှိမ်ပြောဆိုသော မှတ်ချက်များနှင့် ပတ်သက်သော အရေးကိစ္စမှာ တောမီးသဖွယ် ပျံ့နှံ့သွားပြီး အွန်လိုင်းပေါ်ရှိ လူထုအား အုံကြွလာစေသည်။

အင်တာနက်သုံးစွဲသူများမှာ စုံထောက်များသဖွယ် XX ၏ ပြီးခဲ့သောနှစ်များအတွင်း တရုတ်ပြည်အား အထင်သေးရှုံ့ချသော အပြုအမူများနှင့် ထုတ်ပြန်ချက်များအား အလျန်အမြန် ရှာဖွေတွေ့ရှိခဲ့ကြသည်။

XXက တရုတ်ပြည်အား အစဉ်တစိုက် အထင်သေးရှုံ့ချလာသည်ကို တွေ့ရှိပြီးနောက် လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က XX ဆိုင်ဝန်ထမ်းများက နိုင်ငံခြားဈေးဝယ်များကိုသာ ဝန်ဆောင်မှုပေးပြီး တရုတ်လူမျိုး ဈေးဝယ်များကို လျစ်လျူရှုကြကြောင်း ကောလာဟလ ထွက်ပေါ်ဖူးသည်။ XX သည် အဆိုပါ ကောလာဟလအား လူထုဆက်ဆံရေးဌာန၏ လှည့်ကွက်အချို့ဖြင့် ရှင်းထုတ်နိုင်ခဲ့သည်။

နိုင်ငံခြားနှင့် ပြည်တွင်းဈေးဝယ်များအပေါ် မရှက်မရှိ စံနှစ်ထပ် ပြုမူဆက်ဆံခြင်းနှင့် ပတ်သက်သည့် ဖြစ်ရပ်များစွာ ထွက်ပေါ်လာခဲ့သည်။

ထိုအဖြစ်အပျက်များမှာ ကြီးမားသော ကောလာဟလများ မဟုတ်သဖြင့် အများစုမှာ XX ၏ အထက်စီးဆန် မောက်မာသော အပြုအမူများနှင့် အသားကျလာပြီး အဆင့်မြင့်နိုင်ငံတကာဇိမ်ခံဘရန်းများ၏ ပုံစံတစ်မျိုးဟု လက်ခံလိုက်ကြသည်။

ယခုအခါ အရာအားလုံး ထွက်ပေါ်လာပြီ ဖြစ်သောကြောင့် လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။

အချို့သည် XX ၏ လတ်တလော ဘဏ္ဍာရေးအစီရင်ခံစာများကိုပင် ဆွဲထုတ်လာခဲ့ပြီး တရုတ်ဈေးကွက်၏ အရောင်းစာရင်းမှာ ပုံမှန်မြင့်တက်လျက်ရှိပြီး စုစုပေါင်းရောင်းရငွေ၏ ထက်ဝက်မျှရှိသည်ကို တွေ့ရသည်။

သူတို့ အထင်အမြင်သေးသည့် တရုတ်လူမျိုးဖောက်သည်များမှာ ဝင်ငွေလမ်းကြောင်း၏ အကြီးမားဆုံးသော အရင်းအမြစ်များ ဖြစ်နေလေသည်။

သူတို့က ရွှေဥ ဥပေးနေသည့်ငန်းအား စက်ဆုပ်ရွံရှာစွာ ဆက်ဆံနေသူများ ဖြစ်သည်။

အဆုံး၌ XX ၏ မောက်မာသောအပြုအမူများနှင့် တရုတ်လူမျိုး ဖောက်သည်များအပေါ် အထင်သေးစက်ဆုပ်စွာ ဆက်ဆံသည့် အရိုးစွဲနေသော အမူအကျင့်များ ဘူးပေါ်သလို ပေါ်လာတော့သည်။

သို့သော် အချိန်များ ပြောင်းလဲလာပြီး ယခင်နှင့်မတူတော့ပေ။ တရုတ်လူမျိုးများမှာ ထိုအဖြစ်အပျက်အား သာမန်ကာလျှံကာ မထားနိုင်တော့ချေ။

လူမှုကွန်ယက်ထက်၌ ‘XX ကို သပိတ်မှောက်ကြ’ ဟူသော အုံကြွမှု ဖြစ်ပေါ်လာသည်။

[အရမ်းကြီး ချမ်းသာနေတာတော့ မဟုတ်ဘူး.. ဒါပေမဲ့ နှစ်တိုင်း XX မှာ ယွမ် ၁ သန်းလောက် သုံးလေ့ရှိတယ်.. ပိုက်ဆံတွေကို မြောင်းထဲ လွှင့်ပစ်လိုက်တယ်လို့ပဲ သဘောထားလိုက်တော့မယ်.. အခုကစပြီး ဒင်းတို့အပေါ် တစ်ပြားတစ်ကျပ်တောင် ဖြုန်းတီးမှာမဟုတ်ဘူး..]

[တတ်နိုင်လို့တော့ မဟုတ်ပေမဲ့ XX ဆိုင်ကို တစ်ခေါက်ရောက်ဖူးတယ်.. သူတို့ရဲ့ ဝန်ထမ်းတွေကို တကယ်ကြီး သဘောမကျဘူး.. ဒါပေမဲ့ အရောင်းဝန်ထမ်းက ‘လူဆင်းရဲတွေ ဒီကိုမလာသင့်ဘူး’ ဆိုပြီး မကြားတကြားပြောတယ်လေ.. စိတ်မပူနဲ့နော်.. တစ်သက်လုံး ခြေဦးတောင် မလှည့်ဘူး စိတ်ချ.. ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတဲ့ တရုတ်လူမျိုးတွေ ဘယ်သူမှ အဲဒီဆိုင်ကို မသွားကြနဲ့..]

[XX တစ်ခုတည်းကိုပဲ အာရုံစိုက်မနေကြနဲ့.. သူတို့မှာ ဘရန်းအခွဲတွေ အများကြီးရှိသေးတယ်နော်.. ဒီမှာ စာရင်းလုပ်ပေးထားတယ်.. XXX.. XX… တစ်ခုမကျန် သပိတ်မှောက်ကြနော်.. ညီစေ..]

[ကျေးဇူးနော်.. အခုပဲ ပြန်ရှဲလိုက်ပြီ..]

[ရှဲလိုက်ပြီနော် +၁]

*

အနုပညာရှင်များသည်လည်း အလျင်အမြန် တုံ့ပြန်ကြပြီး XX နှင့် သဘောတူညီချက်များအား လူသိရှင်ကြား ဖြတ်တောက်ကြသည်။

တစ်ရက်အတွင်းမှာပင် XX ၏ ဈေးကွက်တန်ဖိုး ၂၀% ကျော် ကျဆင်းသွားပြီး ရှယ်ယာဈေးနှုန်းမှာလည်း အောက်ဆုံးရောက်သည်အထိ ကျဆင်းသွားသည်။

တောင်းပန်ခယရန် ငြင်းပယ်လိုသည့်တိုင်အောင် XX ၏ အုပ်ချုပ်ရေးအဖွဲ့၏ အကြီးပိုင်းများက ဖိအားများအောက်၌ မတတ်သာစွာ ဦးညွှတ်ရတော့သည်။ သူတို့က ဒီဇိုင်နာခေါင်းဆောင်၏ နှုတ်ထွက်မှုနှင့်အတူ တရားဝင် တောင်းပန်စာ ထုတ်ပြန်လိုက်သည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။

တရုတ်ပြည်၌ XX ၏ ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ဖြစ်သွားခဲ့ပြီး လအနည်းငယ်အတွင်းမှာပင် တရုတ်ဈေးကွက်မှ တိတ်တဆိတ် ထွက်ခွာသွားပေလိမ့်မည်။

ထိုအခြင်းအရာများမှာ အနာဂတ်တွင် ဖြစ်လာမည်ဖြစ်သည်။

XX ၏ ကျဆုံးခန်းနှင့်အတူ သင်တန်းသားအား ဈေးကွက်တင်ရန် လောဘတကြီး ကြိုးစားခဲ့သော ကျိုးဟန်မှာလည်း ကံမကောင်းမှုများ ဆက်တိုက် ကြုံတွေ့နေရသည်။ သူ၏ အပြုအမူများမှာ မိခင်ကုမ္ပဏီဖြစ်သည့် ရှင်းမောင်မီဒီယာအား သက်ရောက်မှုရှိသောကြောင့် ပျက်စီးဆုံးရှုံးမှုများအား အချိန်မီထိန်းချုပ်ရန် တာဝန်ပေးလိုက်သည်။ ထို့ကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ ပရိသတ်အသိုင်းအဝိုင်း၌ ပြဿနာရှာရန် အချိန်သာမက စွမ်းအင်ပါ မရှိတော့ချေ။

ကျိုးဟန်၏ ကျဆုံးခန်းမှာ ပညာပေးပုံပြင်တစ်ပုဒ် ဖြစ်လာပြီး အခြားသော ကုမ္ပဏီများမှာ ကျိုးဟန်၏ ခြေလှမ်းများအတိုင်း လိုက်ပါဆောင်ရွက်ရန် တုံ့ဆိုင်းလာကြသည်။

ထိုဗျူဟာမှာ အကြိမ်ပေါင်းများစွာ အလုပ်ဖြစ်ခဲ့သော်ငြား ပထမဆုံးအကြိမ်အဖြစ် ရလဒ်ပြောင်းပြန် ထွက်ပေါ်သွားသောကြောင့် အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းသို့ ရှိုးသို့ဝင်ရောက်စဉ်မှစကာ သူတို့အား ဟန့်တားနှောင့်ယှက်ရန် ကြိုးစားသူတိုင်းမှာ ပြဿနာများနှင့်သာ အဆုံးသတ်ခဲ့ရသည်။ ပထမဆုံး ကျန်းမော့၊ ဒုတိယ ကွမ်းယိအင်တာတိန်းမန့်နှင့် ယခု ကျိုးဟန် ဖြစ်သည်။

ဤသင်တန်းသားနှစ်ဦးမှာ ကျိန်စာသင့်နေသည့်အလားပင်။

ထိုအကြောင်းအားတွေးမိသူတိုင်းမှာ စိတ်မသက်မသာ ဖြစ်လာကြပြီး ထိုသူများနှင့် တူညီစွာ ခံစားရမည်ကို ကြောက်ရွံ့လာကြသည်။

ပြဿနာရှာသူများ မရှိဘဲနှင့် ပရိသတ်အဖွဲ့များမှာ တည်ငြိမ်အေးချမ်းကာ ပြိုင်ပွဲ၏ ပွဲစဉ်ဇယားမှာလည်း ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့သည်လည်း ပိုမိုစိတ်လက်ပေါ့ပါးလာကြသည်။

သို့သော် သူတို့နှစ်ဦး၏ အချိန်ဇယားများမှာမူ ပြည့်ကျပ်နေဆဲပင်။ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က တျန်းရွှမ် လူငယ်လိုင်းအတွက် ကြော်ငြာရိုက်ကူးရန် ပေကျင်းသို့ ပြန်သွားရမည် ဖြစ်သောကြောင့် ခွင့်တစ်ရက်ယူရန် လိုအပ်လာသည်။

တစ်လကျော်အတွင်း ပထမဆုံးအကြိမ် သွမ့်ဟိုင်မြို့မှ ထွက်ခွာခြင်းဖြစ်သည်။

ကုရှင်းရှစ်နောက်မှလိုက်ကာ အဆောင်ခန်းမှ ထွက်လာချိန်တွင် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့မှာ အတော်လေး မှင်တက်နေကြဆဲဖြစ်သည်။

သုံးဦးသား အတူတကွ ထွက်ခွာလာစဉ် မကြာမီမှာပင် ကြိုတင်စောင့်ဆိုင်းနေသည့် ပရိသတ်များ၏ သတိပြုခြင်း ခံရပြီးနောက် အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ကုန်လွန်ခဲ့သည့် တစ်လအတွင်း နေ့စဉ်ကြုံတွေ့နေရခြင်းဖြစ်သော်ငြား မုန့်ယွမ်ရှန့်နှင့် ချိန်ရှင်းတို့မှာမူ စိတ်လှုပ်ရှားကာ ကျေးဇူးတင်မိဆဲဖြစ်သည်။

ရှိုးသို့ ဝင်ရောက်ခြင်းမပြုမိက သူတို့နှစ်ဦးမှာ သာမန်လူများသာ ဖြစ်ကြသည်။ တစ်လကျော်အတွင်း ထိုမျှလောက် ပြောင်းလဲသွားလိမ့်မည်ဟု နှစ်ဦးစလုံး စိတ်ကူးပင် မယဉ်ဖူးချေ။ တစ်လကျော်ဟူသော အချိန်မှာ တစ်သက်တာမျှကြာသည်ဟု ခံစားမိကြသည်။

ကုရှင်းရှစ်သည်လည်း ထပ်တူခံစားမိသောကြောင့် မုန့်ယွမ်ရှန့်တို့အား အလျင်မလိုချေ။ ပရိသတ်များအား ကောင်းမွန်စွာ နှုတ်ဆက်စေပြီး ပရိသတ်များထံမှ ဓာတ်ပုံများယူကာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား လက်မှတ်ထိုးစေပြီးနောက် ပြန်ကမ်းပေးသည်။ 

သို့သော် မမျှော်လင့်ထားသည်မှာ ပရိသတ်ငယ်လေးတစ်ဦးက လက်မှတ်ထိုးပြီးသော ဓာတ်ပုံအား ပြန်ယူရင်း ရှက်သွေးဖြာလျက် မေးလာသည်။
“မန်နေဂျာအစ်ကိုလေးနဲ့ လက်ဆွဲနှုတ်ဆက်လို့ ရမလားဟင်..”

ကုရှင်းရှစ် ခေတ္တမျှ ကြောင်အသွားသည်။

ပရိသတ်လေး၏ မျက်လုံးများမှာ ရိုးသားမှုတို့ ထင်ဟပ်နေသည်။
“မကောင်းပြောတဲ့ လူတွေကို နားမထောင်နဲ့နော်.. ညီမတို့ရဲ့ idol တွေကို စောင့်ရှောက်ဖို့ မန်နေဂျာအစ်ကိုလေး ဘယ်လောက်တောင် အားထုတ်ခဲ့ရလဲဆိုတာ သိပြီး ပရိသတ်တွေက တကယ်ပဲ ကျေးဇူးတင်နေတာ.. မန်နေဂျာအစ်ကိုလေးကို ကျေးဇူးအများကြီး တင်ပါတယ်..”

အခြားပရိသတ်များသည်လည်း ကုရှင်းရှစ်အား အသိအမှတ်ပြုကြပြီး ကုရှင်းရှစ်အနား၌ ဝိုင်းအုံကာ အားပေးစကား ပြောကြသည်။

“ဥက္ကဌကု.. ကောလာဟလတွေကို ဂရုမစိုက်ပါနဲ့.. ဥက္ကဌကုက အရမ်းပဲ အံ့ဩဖို့ကောင်းတာ အားလုံးသိပြီးသား..”

“ဥက္ကဌကု အားတင်းထား.. ညီမတို့အမြဲပဲ ထောက်ခံနေမယ်..”

“ဥက္ကဌကု.. ညီမက ဥက္ကဌရဲ့ ပရိသတ်အကြီးစားနော်.. ညီမအချစ်တွေအားလုံး ပေးထားတယ်..”

*

ပရိသတ်များ၏ နွေးထွေးလှသော စကားများအား နားထောင်လျက် ကုရှင်းရှစ် ပျော်ရွှင်ကာ စိတ်လှုပ်ရှားလာမိသည်။

စစ်မှန်ထက်သန်သော ထောက်ခံအားပေးမှုနှင့် ကြုံတွေ့ရချိန်တွင် ရင်ထဲမထိဘဲ မနေတော့ချေ။ အဆုံးတွင် လက်အသာယမ်းပြလိုက်သည်။
“မစိုးရိမ်နဲ့နော်.. အခုတော့ အိမ်ကို ဘေးကင်းကင်းနဲ့ ပြန်ကြပါ..”

*

ပေကျင်းသို့ ရောက်ရှိချိန်တွင် အနားယူရန် အချိန်မရှိဘဲ ရိုက်ကူးမည့်နေရာသို့ တန်းတန်းမတ်မတ် သွားကြသည်။

တျန်းရွှမ်လူငယ်လိုင်းမှာ ဘရန်းကိုယ်စားပြုအနေနှင့် အနုပညာရှင် ၆ ဦးအား ရွေးချယ်ထားသည်။ ရေပန်းစားနေသော မင်းသမီးငယ် ၃ ဦး၊ တက်သစ်စ မင်းသားတစ်ဦးနှင့်အတူ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ဖြစ်သည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့က တက်သစ်စမင်းသား ယန်လောယွမ်နှင့် အတူရိုက်ကူးရမည်ဖြစ်သည်။ 

ယန်လောယွမ်သည် လွန်ခဲ့သော ၂ နှစ်ခဲ့က အထက်တန်းကျောင်းဒရာမာတစ်ခု၌ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ရာမှ တရှိန်ထိုး အောင်မြင်လာခဲ့သည်။

သူတို့၏ကား ရိုက်ကွင်းအနီးသို့ ရောက်လာစဉ်တွင် ယန်လောယွမ်၏ ပရိသတ်များနှင့် ပြည့်နေသည်ကို မြင်လိုက်ရသည်။

ယန်လောယွမ် မရောက်သေးသည်ကို သိလိုက်ရသောကြောင့် သုံးဦးစလုံး အံ့အားသင့်သွားကြသည်။

သူတို့၏ ရိုက်ကူးရေး ဤအချိန်ထိ နှောင့်နှေးနေရခြင်းမှာ ယန်လောယွမ်၏ ပြည့်ကြပ်နေသော အချိန်ဇယားအား လိုက်ညှိနေရသောကြောင့် ဖြစ်သည်။

ယန်လောယွမ်၏ အဖွဲ့သည် မွန်းလွဲ ၂ နာရီအထိ ရောက်မလာနိုင်သော်ငြား သူတို့၏မင်းသားအား ဦးစွာရိုက်ကူးခွင့်ပေးရန် တောင်းဆိုထားသည်။

ညှိနှိုင်းမှုအချို့ပြီးနောက် မနက် ၁၁ နာရီ၌ စတင်ရိုက်ကူးရန် စိတ်မပါစွာဖြင့် သဘောတူလိုက်ရသည်။

သို့သော် မနက် ၁၁: ၃၀ နာရီ ရှိသည့်တိုင်အောင် ယန်လောယွမ်အား အရိပ်ပင် မမြင်ရသေးသည့်အပြင် နောက်ကျရသည့်အကြောင်းအားလည်း ဖုန်းဆက်ရှင်းပြခြင်း မပြုချေ။

ရိုက်ကူးရေးအဖွဲ့သား တစ်ဦး၏ အဆက်မပြတ် ခေါ်ဆိုမှုကြောင့် နောက်ဆုံး၌ ယန်လောယွမ်၏ မန်နေဂျာကျူရှင်းနှင့် အဆက်အသွယ်ရခဲ့သည်။

ကျူရှင်းက ယန်လောယွမ်မှာ နေမကောင်းဖြစ်နေသောကြောင့် အိပ်ပျော်သွားခဲ့ကြောင်း ရှင်းပြကာ တောင်းပန်စကားဆိုသည်။ ထို့နောက် မကြာမီ ရောက်ရှိမည်ဟု ပြောသည်။

‘မကြာမီ’ ဟူသော စကားနှင့်အတူ မည်သည့်အကြောင်းမျှ မပြန်တော့ချေ။

ကုရှင်းရှစ် နာရီကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

မည်သည့်နှောင့်နှေးမှုမျိုးမဆို သူတို့အတွက် ရိုက်ကူးချိန်နည်းပါးစေသလို လေယာဉ်ချိန်နှင့် [Boy Group Training Camp] အချိန်ဇယားများကိုလည်း ထိခိုက်စေသည်။

စိတ်လှုပ်ရှားပူပန်နေသော မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား စိတ်တည်ငြိမ်စေပြီးနောက် ကုရှင်းရှစ်က ထုတ်လုပ်ရေး အဖွဲ့ထံ ချဉ်းကပ်ပြီး ယန်လောယွမ်မပါဘဲ ရိုက်ကူးခွင့် ရနိုင်မလားဟု မေးလိုက်သည်။

ရိုက်ကူးရေးအဖွဲ့သားများမှာလည်း စိတ်မရှည်တော့ပေ။ ယန်လောယွမ်၏ အဖွဲ့မှ ဖုန်းကိုင်ရန် ငြင်းဆန်နေသောကြောင့် ဒါရိုက်တာက ဆုံးဖြတ်ချက် ချလိုက်သည်။

“ကောင်းပြီ.. မင်းရဲ့လူတွေနဲ့ အရင်စရိုက်ကြတာပေါ့..”

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းမှာ ဆံပင်၊ မိတ်ကပ် အသင့်ပြင်ဆင်ပြီးဖြစ်ကာ အနည်းငယ်ပြန်ဖို့ရန်သာ လိုသည်။

အပြီးသတ်ချိန်ညှိပြီးနောက် ရိုက်ကူးရန် အဆင်သင့်ဖြစ်နေပြီပင်။

အချိန်မှာလည်း မွန်းလွဲ ၂ နာရီ ရှိပြီဖြစ်သည်။

ထိုစဉ်မှာပင် နောက်ကျနေသော ယန်လောယွမ်က ဖက်ရှင်ကျစွာ ရောက်ရှိလာသည်။

သူ၏ မျက်နှာအစိတ်အပိုင်းအများစုမှာ နေကာမျက်မှန်ကြီးအောက်၌ ဖုံးအုပ်နေပြီး ယန်လောယွမ်က ပင်ပန်းနွမ်းနယ်ပြီး စိတ်မဝင်စားဟန်ဖြင့် သမ်းဝေရင်း လက်တစ်ဖက်အား ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ အေးအေးလူလူ လမ်းလျှောက်ဝင်လာသည်။ 

သို့သော် ယန်လောယွမ်၏ မန်နေဂျာမှာမူ ရိုက်ကူးမည့်နေရာသို့ ရောက်ရှိလာချိန်မှစကာ စိတ်ရောကိုယ်ပါ တောင်းပန်စကားဆိုလေသည်။ လက်ထောက်အား လူတိုင်းထံ ကော်ဖီလိုက်ဝေစေပြီး ယန်လောယွမ် မကျန်းမာသောကြောင့် နောက်ကျရခြင်းဖြစ်ကြောင်း ရှင်းပြကာ လူတိုင်းအား နားလည်ခွင့်လွှတ်ပေးပါရန် တောင်းပန်တိုးလျှိုးသည်။

မူလက ရိုက်ကူးရေးနှောင့်နှေးမှုကြောင့် စိတ်ဆိုးဒေါသထွက်နေသော အဖွဲ့သားများမှာလည်း ယန်လောယွမ်၏ ဖြူဖျော့နေသော အသားအရေနှင့် တောင်းပန်စကားအား ကြားပြီးနောက် မကျေနပ်ချက်များ မှေးမှိန်သွားသည်။

ထိုအချိန်မှာပင် ကုရှင်းရှစ် စိတ်ထဲ၌ စနစ်၏ ဆူညံသံ ထွက်ပေါ်လာသည်။
[တစ်ညတည်းနဲ့ ချမ်းသာကြွယ်ဝတဲ့ ဖောက်သည်နှစ်ယောက်ကို ဝန်ဆောင်မှုပေးခဲ့မှတော့ သေချာပေါက် နေမကောင်းတော့ဘူးပေါ့..]

ကုရှင်းရှစ် တက်ကြွလာသည်။
[အသေးစိတ် ပြောပြချင်လား..]

[ယန်လောယွမ်ရဲ့ မန်နေဂျာက မန်နေဂျာတစ်ယောက်ထက် ပိုတယ်လေ.. မကြာခဏဆိုသလို သူ့ရဲ့ အနုပညာရှင်တွေကို လူချမ်းသာဖောက်သည်တွေနဲ့ မိတ်ဆက်ပေးတတ်တယ်.. ယန်လောယွမ်က ဖောက်သည်တွေ မကြာခဏ ‘တောင်းဆို’ တတ်တဲ့သူပေါ့.. ဒါကြောင့်ပဲ အကောင်းဆုံး အရင်းအမြစ်တွေ ရနေတာလေ..]

[မနေ့ညက သူ့ရဲ့ မူလအချိန်ဇယားက အမျိုးသမီးဖောက်သည်တစ်ယောက်တည်းပဲ.. ဒါပေမဲ့ နောက်ထပ် ဖောက်သည်တစ်ယောက်ကလည်း တောင်းဆိုလာတော့ မနက်အစောပိုင်းအထိ နေပေးလိုက်ရတယ်လေ.. အိပ်ချိန် ၂ နာရီ ၃ နာရီပဲ ရတော့ ပင်ပန်းနေတာ သဘာဝပဲပေါ့.. ပိုပြီးရယ်စရာကောင်းတာ ဘာလဲသိလား.. ယန်လောယွမ် ထွက်လာတော့ သူ့ရဲ့ မန်နေဂျာက နေမကောင်းပေမဲ့ အလုပ်သွားဖို့ကို တက်ကြွနေဆဲဆိုပြီး လူမှုကွန်ယက်မှာ ပိုစ့်တင်တယ်လေ.. ပရိသတ်တွေက ဝိုင်းသနားနေကြသေးတာ..]

ကုရှင်းရှစ် မျက်မှောင်ကြုတ်သွားမိသည်။

[အိုး.. ယန်လောယွမ်ကလည်း လုံးလုံးကြီး ဖြူစင်နေတာတော့ မဟုတ်ဘူး.. သူ့ရဲ့ အထိန်းအချုပ်မဲ့တဲ့ ညဘဝကြောင့် နာမည်ကြီးတယ်လေ.. အဲဒီအပြင် မကောင်းတဲ့ စုဝေးပွဲ တော်တော်များများကိုလည်း တက်ခဲ့ဖူးတယ်.. သူ့မန်နေဂျာက အဲဒါတွေကို မမြင်ချင်ယောင်ဆောင်ထားပေးရုံမကဘဲ တက်တက်ကြွကြွ ဖုံးဖိပေးနေသေးတာ.. သူ့ပရိသတ်တွေကတော့ ယန်လောယွမ်က ဖြူစင်ပြီး တစ်ခါမှတောင် ချိန်းမတွေ့ဖူးတဲ့ အဖြူရောင် idol လေးလို့ ထင်နေကြတာာလေ..]

ကုရှင်းရှစ်က မျက်မှောင်ကြုတ်လျက် အချိန်အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် ခပ်တိုးတိုး ရေရွတ်သည်။
“သူတို့က အချင်းချင်း အတော်လေး လိုက်ဖက်ညီကြတာပဲ..”

ဒီလိုမျိုး ပရမ်းပတာဖြစ်နေတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ စွမ်းအင်ကုန်ဆုံးသွားမှာ မစိုးရိမ်ဘူးလား..

ကုရှင်းရှစ် နားထင်အား လက်ဖြင့်ပွတ်လိုက်သည်။ ဤအလုပ်၏ ရှုပ်ထွေးမှုအား လျှော့တွက်မိပုံပင်။ အငြင်းပွားမှု တစ်စုံတစ်ရာ မရှိစေရန် ဘရန်းတွဲဖက်များအား မျက်စိတောက်ထောက်ကြည့်နေရန်သာ လိုအပ်မည်ဟု ထင်မြင်ယူဆထားခဲ့ခြင်း ဖြစ်သော်ငြား လမ်းလျှောက်နေသော ကောလာဟလများဖြစ်သည့် လုပ်ဖော်ကိုင်ဖက်များနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟု မထင်ခဲ့ပေ။

ဤတစ်ကြိမ်အား အောင့်အည်းသည်းခံရန်သာ ဆုံးဖြတ်လိုက်ပြီး အနာဂတ်တွင် ထိုသို့သောလူမျိုးနှင့် မဆုံဆည်းရန်သာ မျှော်လင့်မိတော့သည်။

အံ့ဩရသည်မှာ ယန်လောယွမ်၏ အဖွဲ့အား အခြားသူများမှ ဝေဖန်ခြင်း မပြုမီမှာပင် မန်နေဂျာဖြစ်သူမှ ဦးစွာ ပြဿနာရှာလေသည်။

ကျူရှင်းက ဒါရိုက်တာထံသို့ တန်းတန်းမတ်မတ် သွားသည်။
“ဒါရိုက်တာနီ.. လောယွမ်ကို အရင်ရိုက်ကူးခွင့်ပေးမယ်လို့ ကျွန်တော်တို့ သဘောတူထားတာ မဟုတ်ဘူးလား..”

ဒါရိုက်တာက ပြန်ငေါက်လိုက်သည်။
“အဲဒီလို စီစဉ်ထားတာလေ.. အေး.. မင်းတို့ အချိန်ကိုလည်း ကြည့်ဦးကွ.. ၃ နာရီတောင် နောက်ကျတဲ့အပြင် မိတ်ကပ်တောင် မပြင်ရသေးဘူး.. သူ့တစ်ယောက်ကြောင့်နဲ့တော့ လူတိုင်းကို စောင့်ခိုင်းမနေနိုင်ဘူး..”

ကျူရှင်းက ထပ်မံဖိအားပေးလိုက်သည်။
“ကျွန်တော်တို့က ပြဿနာရှာချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့လည်း လောယွမ် နေမကောင်းဘူးဆိုတာ ဒါရိုက်တာလည်း မြင်နိုင်တာပဲလေ.. နည်းနည်းလောက်လေး စောင့်မပေးဘူးဆိုရင် သူက ရိုက်ကူးရေးကိုတောင် လာနိုင်မှာ မဟုတ်ဘူး.. အဲဒီတော့မှ တကယ့်ကို နှောင့်နှေးသွားစေမှာပါ..”

ဒါရိုက်တာ မျက်မှောင်ကြုတ်လိုက်သည်။

ဒါရိုက်တာ၏ ချီတုံချတုံ ဖြစ်နေခြင်းအား မြင်ပြီးနောက် ကျူရှင်းက အောင်ပွဲခံဟန်ဖြင့် ပြုံးလိုက်သည်။

ဒါရိုက်တာအား ဝေခွဲမရဖြစ်အောင် လုပ်ပြီးနောက် သူ၏ တာဝန်မှာ သင်တန်းသားအသစ်လေး ၂ ဦးနှင့် သူတို့၏ မန်နေဂျာအား နှစ်သိမ့်ရန်ဖြစ်သည်။

ကျူရှင်း၏ မျက်လုံးထဲ၌ ကုမ္ပဏီငယ်လေးများမှလာသော အဆိုပါ အမည်မရှိ ကောင်လေးများမှာ ခြိမ်းခြောက်လိုက်ရုံနှင့် လုံလောက်သည်။ သူတို့အား နည်းနည်းပိုကြာအောင် စောင့်ခိုင်းလိုက်ရုံမှာ ပြဿနာတစ်ရပ် မဟုတ်ပေ။

သို့သော် ကျူရှင်း မည်သည့်စကားမျှ မပြောမီမှာပင် ကုရှင်းရှစ်က ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

ကျူရှင်းမှာ ကြောင်အလျက်သား ဖြစ်နေတော့သည်။
“မန်နေဂျာကု.. ငါပြောတာ ကြားလိုက်ရဲ့လား..”

ကုရှင်းရှစ်က အေးစက်စွာ ပြန်ဖြေသည်။
“အိုး.. သေချာပေါက် ကြားလိုက်ပါတယ်.. ဒါပေမဲ့ မဖြစ်နိုင်ပါဘူး..”

တုံးတိတိ ငြင်းပယ်စကားအား မျှော်လင့်မထားသောကြောင့် ကျူရှင်း၏ မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။
“မန်နေဂျာကုက ဒီလောကမှာ အသစ်ဆိုတော့ စည်းမျဉ်းတွေကို မရင်းနှီးသေးဘူး ထင်တယ်.. လောယွမ်က စီနီယာဖြစ်ပြီး မင်းရဲ့ အနုပညာရှင်တွေကတော့ သင်တန်းသားပဲ ရှိသေးတာ.. အဆင့်အတန်းနဲ့ ဝါအရ သူတို့က လေးစားမှုပြသင့်တယ်.. ငြင်းမယ်ဆိုရင်တော့ သူတို့ရဲ့ ဂုဏ်သတင်းကို ထိခိုက်နိုင်ပြီး စီနီယာတွေအပေါ် လေးစားမှု မရှိဘူးလို့ ထင်ကြလိမ့်မယ်.. ဒီလောကမှာလည်း အခက်အခဲတွေ တွေ့လာရနိုင်တယ်..”

ကုရှင်းရှစ် အော်ဟစ်ရယ်မောလုနီးနီးပင်။
ဒီလောက် အရှက်မဲ့တဲ့သူမျိုးကို တစ်ခါမှတောင် မတွေ့ဖူးဘူးနော်..

“ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဘက်က ညှိနှိုင်းထားတာထက်ကျော်အောင် ဆောင်ရွက်ပေးပြီးသား.. ရိုက်ကူးချိန်ဇယားကနေ ရိုက်ကူးရေး ဦးစားပေးအထိ အားလုံးက ခင်ဗျားတို့ဘက်က လိုချင်တဲ့အတိုင်း လုပ်ပေးထားတာ.. ဒါပေမဲ့ ခင်ဗျားတို့က ၃ နာရီတောင် နောက်ကျခဲ့တယ်.. မူလအချိန်ဇယားအရ အခုက ကျွန်တော်တို့ ရိုက်ရမဲ့အချိန်ပဲ..”

ကုရှင်းရှစ်က ပြတ်ပြတ်သားသား ဆက်ပြောသည်။
“ကျွန်တော့် အနုပညာရှင်တွေရဲ့ အနာဂတ်အတွက်တော့ ခင်ဗျား စိတ်ပူပေးဖို့ မလိုပါဘူး.. ကိုယ့်လူကိုယ် စီမံတဲ့နေရာမှာပဲ အာရုံစိုက်ထားသင့်တယ်..”

ကျူရှင်း ဆွံ့အနေမိသည်။

ကုရှင်းရှစ်မှာ ထိုမျှလောက်အထိ ယုံကြည်မှုလွန်ကဲနေလိမ့်မည်ဟု မထင်ထားချေ။

သူ့ကိုယ်သူ ဘာကောင်လို့ ထင်နေတာလဲ..

ကျူရှင်း၏ လေသံမှာလည်း အေးစက်သွားသည်။
“လူငယ်လေး.. မင်းကိုယ်မင်း အဆုံးသတ်ချင်နေပုံရတယ်.. မာန်မတက်နဲ့ မပြစ်မှားသင့်တဲ့သူတွေကို ပြစ်မှားမိရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး..”

“ခြိမ်းခြောက်တာလား..”
ကုရှင်းရှစ်၏ အပြုံးမှာ ရေခဲတမျှ အေးစက်လာသည်။
“ဒါဆိုလည်း ခင်ဗျားကို ပြန်ပြီးတော့ အကြံပေးလိုက်မယ်.. ခင်ဗျားရဲ့ ‘အတွေ့အကြုံ’ ဆိုတဲ့ စကားနဲ့ တခြားလူတွေကို အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရမယ်လို့ ထင်မနေနဲ့.. တစ်နေ့မှာ မပြစ်မှားသင့်တဲ့သူတွေကို ပစ်မှားမိရင် ခင်ဗျားကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး.. ခင်ဗျားရဲ့ အနာဂတ်တင်မကဘဲ ဖောက်သည်တွေကိုပါ ထိခိုက်သွားနိုင်တယ်..”

ကျူရှင်း၏ အမူအရာမှာ ဒေါသမှ သံသယသို့ ပြောင်းလဲသွားသည်။
“မင်း..”

သို့သော် ကုရှင်းရှစ်က လှည့်ထွက်သွားကာ ဒါရိုက်တာအား ဘာမှမဖြစ်ဟန်ဖြင့် စကားပြောလိုက်သည်။
“ဒါရိုက်တာနီ.. ကျွန်တော်တို့ ရိုက်ကူးဖို့ အသင့်ဖြစ်ပြီလား..”

ဒါရိုက်တာနီက ကြားဝင်ဖျန်ဖြေရန် ကြိုးစားမည့်အရေးမှရပ်ကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဖြစ်ပြီ.. ဖြစ်ပြီ.. အခုပဲ စကြမယ်ဟေ့..”

*

ကုရှင်းရှစ်အား နားချရန် ချဉ်းကပ်မှုမှာ အံ့ဩဖွယ်ကောင်းစွာ ကျရှုံးပြီးနောက် ကျူရှင်း ဒေါသူပုန်ထစွာဖြင့် စောင့်ဆိုင်းခန်းသို့ ပြန်လာသည်။

ဖုန်းကြည့်နေသော ယန်လောယွမ်မှာ အမှုမထားဟန်ဖြင့် မော့ကြည့်လိုက်သည်။
“အဆင်ပြေတယ် မဟုတ်လား..”

ကျူရှင်း အံတင်းတင်းကြိတ်လိုက်သည်။
“မပြေဘူး..”

ယန်လောယွမ်က ထီမထင်ဟန်ဖြင့် ရှိနေဆဲပင်။
“ကျွန်တော့် အကြံအတိုင်း မွန်းလွဲ ၂ နာရီမှ စမယ်ဆိုရင်.. ခဏလေး.. ဘာဖြစ်တယ်.. မပြေဘူး ဟုတ်လား..”

“ဟုတ်တယ်.. မပြေဘူး..”

ကျူရှင်းက ခပ်တိုးတိုး ရေရွတ်ရင်း စိတ်မထိန်းနိုင်တော့ချေ။ သူက ကုရှင်းရှစ် ပြောခဲ့သည့် စကားများအား တစ်လုံးမကျန် ပြန်ပြောလိုက်သည်။

ယန်လောယွမ် မယုံကြည်နိုင်ဘဲ ရှိနေသည်။

“အဲဒီလူ ရူးနေတာလား.. ကျွန်တော် ဘယ်သူလဲဆိုတာ သူ မသိတာများလား..”


🍉🍉🍉🍉 အခန်း ၃၀ 


ကျူရှင်းမှာ တိတ်ဆိတ်နေဆဲဖြစ်ကာ ကုရှင်းရှစ်၏ စကားလုံးများမှာ အတော်လေး သက်ရောက်မှု ပြင်းထန်သွားပုံရသည်။

ယန်လောယွမ် နှာမှုတ်လိုက်သည်။
“ခင်ဗျားက သတ္တိကြောင်နေတာပဲ.. သူက အခုမှ လမ်းဖောက်နေဆဲ လူသစ်တစ်ယောက်လေ.. လူသစ်တစ်ယောက် ကျောတာကို ဒီတိုင်းပဲ ငြိမ်ခံနေမလို့လား..”

“အဲဒီထက်ပိုတယ်..”
ကျူရှင်းက ပြန်ဖြေသည်။
“စဉ်းစားကြည့်စမ်းပါ.. အဆက်အသွယ်မရှိတဲ့ သင်တန်းသားလေးတွေက တျန်းရွှမ်လိုမျိုး ဘရန်းကြီးရဲ့ ဘရန်းကိုယ်စားပြု ဖြစ်လာနိုင်တာလဲ..”

ယန်လောယွမ် လက်ယမ်းလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ.. ကျွန်တော့်ရဲ့ နောက်ခံတွေထဲ ဒါရိုက်တာနင်နဲ့ သူ့ အဆက်အသွယ်တွေ ရှိနေတာပဲကို.. သူတို့အသိုင်းအဝိုင်းထဲက လူတိုင်းကို ကျွန်တော်သိတယ်.. သူတို့ထဲက တစ်ယောက်ကမှ ကုရှင်းရှစ်နဲ့ သူ့ရဲ့ အနုပညာရှင်တွေအကြောင်း မပြောဖူးဘူး.. ဝမ်မိသားစုခေါင်းဆောင်နဲ့ တိုက်ရိုက်ဆက်သွယ်မှု ရှိရင်တော့ မပြောတတ်ဘူးပေါ့..”

ဝမ်မိသားစုခေါင်းဆောင်ဖြစ်သည့် ဝမ်ယွဲ့အား မသိသူ မရှိပေ။ ထိုသူက သန့်ရှင်းသောပုံရိပ်ရှိပြီး ဖျော်ဖြေရေးလောက၏ နာမည်ကျော်များနှင့် ပတ်သက်ဆက်နွယ်ရန် ရှောင်ကြဉ်လေ့ရှိသူဖြစ်သည်။

ကျူရှင်း စိတ်သက်သာရာ ရသွားသဖြင့် အမူအရာများလည်း ပြုံးရွှင်လာသည်။ 
“မင်းပြောတာ မှန်တယ်.. အဲဒီကောင်စုတ်လေးကြောင့် စိတ်ရှုပ်ထွေးသွားတော့မလို့..”

ယန်လောယွမ်က ဒေါသနှင့် အရှက်ရမှုတို့ကြောင့် လောင်မြိုက်နေသည်။
“အခုသွားပြီး အဲဒီ ကောင်စုတ်ကို ဖော်ထုတ်ရမယ်.. သူ့ရဲ့ ငချွတ်လေး ၂ ယောက်နဲ့ ဘယ်လို အမြီးကုတ်ထွက်သွားမလဲဆိုတာ ကြည့်ကြတာပေါ့..”

“ခဏလေး..”
ကျူရှင်း ယန်လောယွမ်အား တားလိုက်သည်။ 
“ငါတို့က နောက်ကျနေတာ.. ဒီနေရာက တျန်းရွှမ်ရဲ့ ရိုက်ကွင်းပဲ.. ဒီမှာ ပြဿနာရှာလိုက်လို့ ဥက္ကဌဝမ် သာ သိသွားရင် ဒါရိုက်တာနင်‌ တောင်မှပဲ မင်းကို ကူနိုင်မှာ မဟုတ်ဘူး..”

“အဲဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ.. မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်နေတာကို ဒီတိုင်း ထားလိုက်ရမှာလား..”
ယန်လောယွမ် မကျေမချမ်းနှင့် စိတ်အနှောင့်အယှက် ဖြစ်လာသည်။

လွန်ခဲ့သော ၂ နှစ်ခန့် သူ နာမည်ရလာစဉ်မှစကာ သူ၏ဆန္ဒ မှန်သမျှအား ဖြည့်ဆည်းပေးကြသူချည်းသာ။ ယခုကဲ့သို့ သင်တန်းသား လူသစ် နှစ်ဦးနှင့် အတူယှဉ်တွဲ ရိုက်ကူးရခြင်းကပင် မျက်နှာပျက်စရာ ဖြစ်နေပြီဖြစ်သည့်အပြင် သူတို့နောက်မှ ရိုက်ကူးရမည် ဆိုသည်မှာ ပို၍ ဆိုးဝါးသော အနေအထားပင်။ ထိုအကြောင်းသာ ပျံ့နှံ့သွားပါက လူရယ်စရာ ဖြစ်သွားလိမ့်မည်။

ကျူရှင်းက ယန်လောယွမ်အား ပခုံးပုတ်ကာ စိတ်လျှော့စေသည်။
“စိတ်လျှော့ဦး.. သေသေချာချာ စုံစမ်းဦးမယ်.. သူက လူအထင်ကြီးအောင် ဖြီးဖြန်းနေတာ ဆိုရင်တော့ နောင်တဆိုတာ ဘာလဲသိသွားအောင် ပြပေးလိုက်မှာပေါ့..”

*

ကျူရှင်းအား ပြတ်ပြတ်သားသား ငြင်းပယ်ပြီးနောက် ထိုသူများ လက်တုံ့ပြန်လာရန် ကုရှင်းရှစ် လုံးလုံးလျားလျား မျှော်လင့်နေမိသည်။ သို့သော် အံ့ဩမိသည်မှာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ ရိုက်ကူးပြီးစီးသည်အထိ ယန်လောယွမ်၏ဘက်မှ ငြိမ်သက်တိတ်ဆိတ်နေခြင်းပင်။

ကုရှင်းရှစ် စိတ်သက်သာရာရစွာဖြင့် ထိုအဖြစ်အပျက်အား စိတ်ထဲမှ ထုတ်လိုက်သည်။

ရိုက်ကူးရေးပြီးနောက် သုံးဦးသား လေဆိပ်သို့ အလောတကြီး ပြေးရတော့သည်။

ရိုက်ကွင်းမှ ထွက်ခွာချိန်တွင် နေဝင်နှင့်ပြီးဖြစ်သည်။ ကုရှင်းရှစ် အပြင်ဘက်သို့ ကြည့်လိုက်ရာ ယန်လောယွမ်၏ ပရိသတ်အချို့မှာ ပင်ပန်းနွမ်းနယ်စွာဖြင့် ဝင်ပေါက်၌ စောင့်နေကြဆဲဖြစ်သည်။ အချို့မှာ မြေပြင်ပေါ်၌ ထိုင်နေကြသည်။

သူတို့၏ ကြိုးစားအားထုတ်မှုအပေါ် ဝေဖန်ရန်အခွင့်မရှိသော်ငြား သနားစိတ်ဝင်မိသည်။ ဤပရိသတ်များ၏ အကန့်အသတ်မဲ့သော စိတ်အားထက်သန်မှုများအား ယန်လောယွမ်ကဲ့သို့ အလိမ်အညာများပြည့်နှက်ကာ မေးခွန်းထုတ်ဖွယ် အမူအကျင့်များရှိသည့် လူတစ်ယောက်အပေါ် ဖြုန်းတီးနေခြင်းပင်။

သွမ့်ဟိုင်မြို့သို့ ပြန်ရောက်ပြီးနောက် ပြည့်ကျပ်နေသော အချိန်ဇယားထဲ အလျင်အမြန် ရောက်ရှိသွားသည်။

တင်ဆက်မှုနောက်တစ်ကျော့ နီးကပ်လာသည်နှင့်အမျှ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ နေ့ရက်များမှာ အစမ်းလေ့ကျင့်ခြင်း၊ စားသောက်ခြင်း၊ အိပ်စက်ခြင်းတို့နှင့်သာ ပြည့်ကျပ်လျက်ရှိသည်။ အချိန်ကျပ်နေသည့်တိုင်အောင် အရာအားလုံး ချောချောမွေ့မွေ့ပင်ဖြစ်သည်။

သို့သော် ကုရှင်းရှစ်၏ အလုပ်မှာမူ ချောချောမွေ့မွေ့ မရှိချေ။

ပထမဆုံးအနေနှင့် အပြီးသတ် စာချုပ်ချုပ်လုနီးနီး စီးပွားမိတ်ဖက်များမှ ရုတ်တရက် နောက်ဆုတ်သွားကြသည်။ ထို့နောက် သီချင်းရေးသားရန် ပူးပေါင်းမှုအချို့မှာလည်း ပြဿနာကြုံရသည်။ အချို့အား အဖတ်ဆယ်လိုက်နိုင်သော်ငြား တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသည်။

ထိုအကြောင်းအား ယင်ဟယ်ဖုန်းကြားချိန်တွင် မမေးဘဲ မနေနိုင်တော့ချေ။
“မင်း တစ်ယောက်ယောက်ကို အပြစ်လုပ်ထားသေးလား..”

“ကျွန်တော် မလုပ်မိပါဘူး..”

ကုရှင်းရှစ် ကြောင်အစွာဖြင့် ပြောသည်။ ဤအတောအတွင်း ဖျော်ဖြေရေးလောက၏ အတင်းအဖျင်းများအား တိတ်တဆိတ် စူးစမ်းရင်းဖြင့်သာ ပျော်မွေ့နေခြင်းဖြစ်သည်။

ထိုအကြောင်းတွေးကာမှ ကြော်ငြာရိုက်ကွက်မှ ဖြစ်ရပ်အား ရုတ်တရက် အမှတ်ရလိုက်သည်။

ဖြစ်နိုင်တာက..

ထိုအချိန်မှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာပြီး ခေါ်ဆိုသူမှာ လျန်ဝမ်ကျွင်းဖြစ်သည်။

ဖုန်းကိုင်လိုက်သည်နှင့် လျန်ဝမ်ကျွင်း၏အသံ တရစပ် ထွက်ပေါ်လာသည်။
“ရှောင်ကု.. မင်း ဒါရိုက်တာနင်ကို ဘယ်လိုမျိုး အပြစ်လုပ်ထားတာလဲ..”

ကုရှင်းရှစ် စိတ်ရှုပ်ထွေးသွားသည်။
“ဒါရိုက်တာနင် လား.. သူဘယ်သူလဲ ဆိုတာတောင် ကျွန်တော် မသိဘူး..”

လျန်ဝမ်ကျွင်း နားမလည်နိုင်တော့ပေ။
“သူ့ကို မသိဘူးလား.. ဒါဆိုရင် မင်းက ကိုယ့်နေရာကိုယ်မသိလို့ သင်ခန်းစာပေးဖို့ စီစဉ်နေတယ်ဆိုပြီး ပြောနေတာကို ငါဘာလို့များ ကြားရတာလဲ..”

ကုရှင်းရှစ်က တစ်စုံတစ်ခုအား တွေးမိပြီးနောက် စနစ်အား အလျင်အမြန် မေးလိုက်သည်။

[ယန်လောယွမ်ရဲ့ ဖောက်သည်တွေထဲက တစ်ယောက်နာမည်က နင် လား..]

[ဒါပေါ့.. သူ့ရဲ့ စပွန်ဆာတွေထဲမှာ နင်မျိုးရိုး တစ်ယောက်ပါတယ်..]

လျှို့ဝှက်ဆန်းကြယ်မှုကြီးအား ဖြေရှင်းပြီးလေပြီ။

ဤကိစ္စ နောက်ကွယ်၌ မွှေနှောက်နေသူမှာ ယန်လောယွမ်နှင့် သူ၏အဖွဲ့ ဖြစ်နိုင်ချေ အလွန်များသည်။

လျန်ဝမ်ကျွင်း၏ ရှင်းပြချက်အရ ဒါရိုက်တာနင် ဟူသည်မှာ ရှင်းမောင်မီဒီယာ၏ ခေါင်းဆောင် (ဥက္ကဌ) နင်ထျန်းယို ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုသူမှာ ဖျော်ဖြေရေးလောက၏ အကောင်ကြီးတစ်ယောက်ဖြစ်ပြီး နာမည်ဆိုးနှင့် ကျော်ကြားသူလည်းဖြစ်သည်။ ထိုသူအား အပြစ်ပြုမိခြင်းမှာ သေးငယ်သောကိစ္စ မဟုတ်ချေ။ ဒါရိုက်တာနင်အား အပြစ်ပြုမိသူတိုင်းမှာ ကြီးကြီးမားမား ပေးဆပ်ရလေ့ရှိသည်။

အခြားသူတစ်ဦးတစ်ယောက်သာဆိုလျှင် ကိစ္စများ ချောချောမွေ့မွေ့ ဖြစ်စေရန် လျန်ဝမ်ကျွင်းအနေဖြင့် နှစ်ဖက်အား တွေ့ဆုံပွဲတစ်ခု စီစဉ်ပေးနိုင်သည်။ သို့သော် နင်ထျန်းယို၏ လူမှုဘဝမှာ အတော်လေး ရှုပ်ထွေးပြီး ဆွဲဆောင်မှုရှိသော လူငယ်လေးများအား ထူးထူးခြားခြား “အသိအမှတ်ပြု” တတ်သူတစ်ယောက် ဖြစ်သည်။ ကုရှင်းရှစ်အား နင်ထျန်းယို မျက်စိကျသွားမည်ကို လျန်ဝမ်ကျွင်း မလိုချင်ပေ။

တတ်နိုင်သလောက် အရိပ်အမြွက်ပေးပြီး ကုရှင်းရှစ်အား မုန်တိုင်းဖြတ်ကျော်ပြီးသည်အထိ သိုသိုသိပ်သိပ် နေရန် အကြံပေးလိုက်သည်။ နင်ထျန်းယိုမှာ လွှမ်းမိုးနိုင်စွမ်းရှိသူဟု ဆိုရမည်ဖြစ်သော်ငြား အလွန်အမင်း အာဏာကြီးမားသူ တစ်ဦးမဟုတ်ပေ။ အများဆုံးအနေနှင့် ကုရှင်းရှစ်အား အချိန်တစ်ခုကြာ ပြဿနာပေးရုံသာရှိမည်။ သို့သော် သူမ၏ အကူအညီနှင့်ဆိုလျှင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှု ပြုလုပ်နိုင်ပေမည်။

ကုရှင်းရှစ်က တည်ငြိမ်စွာဖြင့် လျန်ဝမ်ကျွင်းအား ကျေးဇူးတင်လိုက်သည်။ သို့သော် ဖုန်းချပြီးနောက် သူ၏အမူအရာမှာ မဲမှောင်လာသည်။

အကင်းပါးသည့် စနစ်မှာ အသေးစိတ်အချက်အလက်များအား ထောက်ပံ့လာသည်။ 
[ဒါရိုက်တာနင်ရဲ့ နာမည်အပြည့်အစုံက နင်ထျန်းယိုလေ.. ရှင်းမောင်မီဒီယာက တကယ်တော့ သူ့အစ်ကိုကြီး နင်ထျန်းကျိုး တည်ထောင်ခဲ့တာ.. နင်ထျန်းကျိုးက အရည်အချင်းရှိပြီး ဖြောင့်မတ်တဲ့ လူတစ်ယောက်.. သူတို့ဇနီးမောင်နှံက ကုမ္ပဏီကို အောက်ခြေကနေ တဖြည်းဖြည်းချင်း တည်ထောင်လာခဲ့ကြတာ.. နင်ထျန်းယို ကုမ္ပဏီကို ဝင်လာတော့ နင်ထျန်းကျိုးက အခွင့်အရေး ပေးခဲ့ပေမဲ့ နင်ထျန်းယိုက ချက်ချင်းပဲ သူ့ရဲ့ ရာထူးကိုသုံးပြီး အနုပညာရှင်ငယ်လေးတွေကို မသင့်တော်တဲ့ အသားယူမှုတွေ လုပ်တာလေ.. အဲဒီအကြောင်းကို နင်ထျန်းကျိုးသိတော့ ချက်ချင်းပဲ မောင်းထုတ်လိုက်တာ..]

[နောက်ပိုင်းက နင်ထျန်းယိုက သူ့ကိုယ်သူ ပြောင်းလဲလိုက်ပါပြီဆိုပြီး လေးဖက်ထောက်မတတ် တောင်းပန်ကျိန်ဆိုတယ်လေ.. နင်ထျန်းကျိုးက စိတ်ပျော့တော့ ပြန်လာခွင့်ပြုလိုက်တယ်.. ဒါပေမဲ့ ရာထူးသေးသေးနဲ့ သူ့ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ထားတာပေါ့.. နင်ထျန်းယိုက သူ့အစ်ကိုကြီးကို မကျေနပ်ဘူး.. ဒါပေမဲ့ သူ့ရဲ့ဒေါသတွေကို ထိန်းထားခဲ့တယ်.. နင်ထျန်းကျိုးနဲ့ သူ့ဇနီးက ကားမတော်တဆမှုနဲ့ သေဆုံးသွားပြီး သူတို့ရဲ့ ၆ နှစ်အရွယ်သားလေးရယ် နင်ထျန်းယိုရယ်ကို ချန်ထားခဲ့တယ်..]

[အစ်ကိုကြီးနဲ့ မရီး ဆုံးပြီးတော့ နင်ထျန်းယိုက ခပ်သွက်သွက်ပဲ ရှင်းမောင်မီဒီယာကို ထိန်းချုပ်လိုက်ပြီး တူဖြစ်သူကိုယ်စား စီမံပေးတာလို့ အပေါ်ယံမှာပြောတယ်.. တကယ်တမ်းက ကုမ္ပဏီရဲ့ မူလဝန်ထမ်းတွေကို မောင်းထုတ်.. နင်ဝမ်ကျိုးကို နိုင်ငံခြားပို့ပြီး စာရိတ္တမကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင် အကွက်ချစီစဉ်တယ်.. ကံကောင်းပြီးတော့ နင်ဝမ်ကျိုးက အဲဒီဟာတွေအကုန်လုံးကို ရှောင်တိမ်းနိုင်လောက်အောင် ထက်မြက်နေတာပဲ..]

[မိဘတွေရဲ့ သေဆုံးမှုက မတော်တဆမှု မဟုတ်လောက်ဘူးလို့ နင်ဝမ်ကျိုးက သံသယဝင်နေခဲ့တာ.. နင်ထျန်းယို သံသယမဝင်အောင်လို့ လူရှုပ်လူပွေတစ်ယောက်လို့ နေထိုင်ခဲ့ပေမဲ့ အမှန်တရားကို တိတ်တဆိတ် စုံစမ်းနေခဲ့တာ..]

စနစ်မှ အသေးစိတ်အချက်အလက်များအား ပြန်လည်ဖောက်သည်ချနေချိန် ကုရှင်းရှစ် ခေါင်းထဲ၌ အကြံထုတ်နေသည်။

ဘေးကင်းအောင်ရှောင်ရမယ်ပေါ့.. ဒီလို အမှိုက်ကောင်မျိုးကို ဦးညွှတ်ရမှာလား..

ကုရှင်းရှစ် တစ်ခုမျှ မလုပ်နိုင်ပေ။

မည်သို့ပင်ဖြစ်စေ နင်ထျန်းယိုမှာ ဖျော်ဖြေရေးလောက၌ အခြေခိုင်နေပြီဖြစ်သောကြောင့် ထိုသူအား ဆွဲချရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

သို့သော် ကုရှင်းရှစ်၏ နာမည်ပျက်စာရင်း၌ နင်ထျန်းယိုတစ်ဦးတည်း မဟုတ်‌ချေ။

အကြံအသစ် ရရှိပြီးနောက် သူက စနစ်အား မေးလိုက်သည်။
[ဒီတော့.. စနစ်ရေ.. မင်းကို ယန်လောယွမ်ကို မျက်ခြေမပျက် ကြည့်ထားလို့ပြောတာ မှတ်မိသေးရဲ့လား.. အခုနောက်ပိုင်း အပုတ်အပွတွေ လုပ်နေသေးလား..]

စနစ်မှ စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေသည်။
[ပိုင်ရှင်.. အမလေး ပြောချင်လွန်းလို့ သေတော့မယ်.. ယန်လောယွမ်က အခုနောက်ပိုင်း ဂနာမငြိမ် ဖြစ်နေတာလေ.. ဒီညဆိုရင် ကြမ်းကြမ်းတမ်းတမ်း ပါတီတစ်ခုကို ဦးဆောင်ကျင်းပဦးမှာ.. တည်နေရာကတော့..]

ကုရှင်းရှစ် လူယုတ်မာဆန်ဆန် ပြုံးလိုက်သည်။
“အရမ်းကောင်းတယ်..”

သူ ဖုန်းအသစ်အားထုတ်ကာ ခေါ်ဆိုလိုက်သည်။
“ဟယ်လို.. 110 ကလား.. ကျွန်တော် သတင်းပို့ချင်လို့ပါ..”

ဒီညတော့ နိုင်ငံသားကောင်းတစ်ဦးတာဝန်ကို ထမ်းဆောင်ရတာပေါ့..

×××××

ယန်လောယွမ် အဖမ်းခံရသည့် သတင်းမှာ အင်တာနက်တစ်ခွင် ညတွင်းချင်း ပျံ့နှံ့သွားလေသည်။

သတင်းများအရ အဆိုပါမြင်ကွင်းမှာ မျက်စိရှက်စရာ ကောင်းလှသဖြင့် ရဲများအတွက်ပင် ကြည့်ရန်ခက်ခဲလှပြီး နေရာရှိလူများအား ခွဲထုတ်ရန် အချိန်အတော်ယူလိုက်ရကြောင်းနှင့် ရဲကားများစွာဖြင့် ခေါ်ဆောင်သွားရကြောင်း ဆိုသည်။

ယန်လောယွမ်၏ မန်နေဂျာ ကျူရှင်းမှာ အဆိုပါသတင်းကြောင့် အိပ်ရာမှ ဆွဲထုတ်ခံလိုက်ရပြီး သက်တမ်းတစ်ဝက် တိုသွားသလိုပင်။ ယန်လောယွမ်အား သူ၏ လိင်စိတ်ဆန္ဒပြင်းပြမှုကို မထိန်းချုပ်နိုင်သောကြောင့် ဆဲရေးကာ ကြားဝင်စွက်ဖက်သည့် အမည်မသိ သတင်းပေးအားလည်း ကျိန်ဆဲလိုက်သည်။

လက်ရှိအရေးအကြီးဆုံးမှာ ယန်လောယွမ်အား အချုပ်ခန်းမှ အာမခံဖြင့်ထုတ်ရန် ဖြစ်သည်။

အဆက်အသွယ်မှန်သမျှအား ဆက်သွယ်ကာ အသည်းအသန် ကြိုးစားသော်ငြား ယန်လောယွမ် လွတ်မြောက်အောင် မလုပ်နိုင်ချေ။

တစ်ချိန်တည်းမှာပင် အဆိုပါဖြစ်ရပ်မှာလည်း အင်တာနက်ပေါ်၌ တောမီးသဖွယ် ပျံ့နှံ့လျက်ရှိသည်။ ယန်လောယွမ်၏ ပရိသတ်အင်အားစုမှာလည်း စတင်ပြိုကွဲလာသည်။ ဤနှုန်းအတိုင်းဆိုလျှင် ယန်လောယွမ် အာမခံဖြင့် ထွက်လာနိုင်မည်ဆိုလျှင်ပင် သူ၏ အသက်မွေးဝမ်းကြောင်းအား ထိန်းသိမ်းရန် မဖြစ်နိုင်တော့ပေ။

ကျူရှင်းက ယန်လောယွမ် လွတ်မြောက်စေရန် ကြိုးပမ်းနေစဉ် အတင်းအဖျင်း အကောင့်များအား တရားဝင်ခြိမ်းခြောက်စာပို့ကာ ပရိသတ်များအား ချွေးသိပ်ရင်း အလုပ်များလျက်ရှိသည်။

သို့သော် ကျူရှင်း၌ အဆက်အသွယ် မည်မျှပင် ရှိစေကာမူ အာဏာပိုင်များနှင့် မယှဉ်နိုင်ပေ။

ထို့ကြောင့် ယန်လောယွမ်၏ ဖောက်သည်များထံ အကူအညီတောင်းရတော့သည်။

အစပိုင်း၌ ဤကိစ္စအား တိုင်ကြားသူမှာ ယန်လောယွမ်၏ ပြိုင်ဘက်များဖြစ်မည်ဟု ထင်ခဲ့သည်။ သို့သော် အခြေအနေမှာ ဆက်လက်မြင့်တက်နေပြီး ပြိုင်ဘက်များဘက်မှ မည်သည့်လှုပ်ရှားမှုမှ မလုပ်ထားပုံရသည်။ ထို့အပြင် ယန်လောယွမ်မှာ ရည်းစားရှုပ်သော်ငြား ဘယ်သွားသွား ဘာလုပ်လုပ် အမြဲလိုလို ဂရုစိုက်လေ့ရှိသည်။ သိုသိုသိပ်သိပ် နေရာများအား ရွေးချယ်ကာ သူ၏ မိတ်ဆွေသူငယ်ချင်းများမှာလည်း နှုတ်လုံသူများ ဖြစ်ကြသည်။ 

ဒါဆို ဘယ်လိုလုပ်ပြီး သတင်းရသွားကြတာလဲ..

ကံဆိုးသွားရုံ သပ်သပ်ပဲလား.. ဒါမှမဟုတ် ရဲတွေနဲ့ မတော်တဆ တိုးသွားတာလား..

ဒါပေမဲ့ ဒီကိစ္စရဲ့ သတင်းပေးက ဘယ်သူလဲ..

စိတ်ပျက်လက်ပျက်နှင့် ဦးနှောက်တစ်ခုလုံး ပေါက်ထွက်လုနီးနီး ဖြစ်နေချိန်တွင် ရှက်ရွံ့တွန့်ဆုတ်နေတတ်သော လက်ထောက်လေးမှ လက်မြှောက်ကာ ပြောသည်။
“အစ်ကိုကျူ.. ကျ.. ကျွန်တော် ထင်တာတော့ ဒီကိစ္စ နောက်ကွယ်မှာ ဘယ်သူရှိသလဲ သိသလိုပဲ..”

“ပြောကြည့်..”
ကျူရှင်း ခပ်မာမာပြောသည်။

“ဝေ့ပေါ်က နာမည်ကြီးအကောင့် ‘အတင်းပြောစနစ်10086’ ကို အစ်ကိုကျူ သိလား..”

ကျူရှင်း မျက်ခုံးများ တွန့်ချိုးသွားသည်။

နာမည်မှာ အလွန်ရင်းနှီးသည်ဟု ခံစားမိသော်ငြား ပုံမှန်တွေ့နေကျ နာမည်ကြီးလိုသည့် မားကတ်တင်းအကောင့်ဟုသာ မှတ်ယူပြီး စိတ်ထားမထားချေ။

လက်ထောက်လေးက ဆက်ပြောသည်။
“အဲဒီအကောင့်က အတွင်းသတင်းတွေ တော်တော်များများကို သိထားတာ.. စုန့်ယန်.. ကျန်းမော့နဲ့ ကွမ်းယိရဲ့ ချောင်ကွမ်းလိတို့ ပြုတ်ကျသွားတာ အားလုံး သူ့ကြောင့်ပဲလေ.. နောက်ကွယ်ကလူက အရည်အချင်းပြရှိုးတစ်ခုက ပြိုင်ပွဲဝင်သင်တန်းသားနှစ်ယောက်ရဲ့ ပရိသတ်လို့ ကြားထားတယ်..”

ကျူရှင်း နားထောင်လေလေ တစ်စုံတစ်ခုအား တီးခေါက်မိသလို ရှိလာလေ ဖြစ်သည်။
“အဲဒီ ပြိုင်ပွဲဝင်သင်တန်းသား နှစ်ယောက်နာမည်က ဘာလဲ..”

“အိုး.. အဲဒါက မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းပါ.. အစ်ကိုယန်နဲ့ ကြော်ငြာအတူတူရိုက်ခဲ့တဲ့ နှစ်ယောက်လေ..”
ထိတ်လန့်မှုကြောင့် ကျူရှင်းမျက်လုံးများ ပြူးကျယ်သွားတော့သည်။

လက်ထောက်လေးက ကျူရှင်းနှင့် ထိုသင်တန်းသား ၂ ယောက်အကြားရှိ ပဋိပက္ခအား သတိမပြုမိဘဲ ဆက်ပြောသည်။

“အစ်ကိုကျူ.. ကျွန်တော်တို့ သူတို့ကို ဆက်သွယ်ပြီး အဲဒီ 10086 နဲ့ ချိတ်ဆက်ပေးလို့ရမလားလို့ မေးကြည့်မလား.. ဒါမှမဟုတ်..”

လက်ထောက် စကားမဆုံးမီမှာပင် ကျူရှင်း ဒေါသတကြီးဖြစ်လာသည်ကို မြင်လိုက်ရသောကြောင့် ထိတ်လန့်ကာ နောက်သို့ဆုတ်လိုက်သည်။
“အ.. အစ်ကိုကျူ.. ဘာဖြစ်တာလဲ..”

ကျူရှင်း အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။
“10086 က မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းရဲ့ ပရိသတ်လို့ ပြောလိုက်တာလား..”

တစ်စုံတစ်ခု မူမမှန်ဟု အာရုံခံမိသည့် လက်ထောက်လေးမှာ ဂရုတစိုက်နှင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်.. ဟုတ်ပါတယ်..”

ကျူရှင်း စားပွဲအား လက်သီးဖြင့် ထိုးလိုက်သည်။

အခု အားလုံး ရုပ်လုံးပေါ်သွားပြီ..

ကြော်ငြာရိုက်ကူးပြီးတော့ ကုရှင်းရှစ်နဲ့ သူ့ရဲ့ လဲ့ရှစ်အင်တာတိန်းမန့် ဆိုတဲ့ မဖြစ်စလောက် ကုမ္ပဏီလေးကို စုံစမ်းခဲ့ပေမဲ့ နောက်ခံကြီးကြီးမားမား မရှိဘူးလို့ပဲ ရှာတွေ့ခဲ့တာ..  á€œá€°á€Ąá€‘င်ကဟဎးဥ္ဏင် လျှောက်ရွှီးနေတဲ့ မန်နေဂျာအသစ်လေးဆိုပြီး ဒေါသထွက်ခဲ့တာ.. အဲဒါကြောင့် ဒါရိုက်တာနင်ရဲ့ နာမည်ကိုသုံးပြီး ကုရှင်းရှစ်ကို ပညာပေးဖို့ ကြိုးစားခဲ့တယ်..

ဒီအကြောင်းကို ကုရှင်းရှစ် သိသွားမယ် ဆိုရင်တောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး ထင်ခဲ့တာ.. ဒါပေမဲ့ အဲဒီအစား ကုရှင်းရှစ်က ရက်စက်ယုတ်မာတဲ့ နည်းလမ်းနဲ့ ပြန်တိုက်ခိုက်တာပဲ..


 

Search Novels