🍉🍉🍉🍉 အခန်း ၃၁


ကျူရှင်း ဒေါသတကြီးဖြစ်လာစဉ် လက်ထောက်မှ တစ်စုံတစ်ခု ပြောချင်နေသေးပုံရသည်ကို သတိပြုမိလိုက်သည်။ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခပ်ဆတ်ဆတ် မေးလိုက်သည်။
“ခုကရော ဘာလဲ..”

အခြားသူများထံမှ သိရှိထားသည့် သတင်းအစအနများအား ပေါင်းစပ်ကာ လက်ထောက်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့လာသော်ငြား ကိုယ့်ကိုယ်ကိုယ် အားပေးကာ ပြောလိုက်သည်။

“အဲဒီ 10086 အကြောင်းပါ.. ရဲတွေကို သတင်းပေးလိုက်တာ သူဆိုရင် သူသုံးလေ့ရှိတဲ့ နည်းလမ်းတွေအရ ဒီလောက်နဲ့ ရပ်သွားမှာ မဟုတ်ပါဘူး..”

ထိုအချိန်မှာပင် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။

“10086 ဝေ့ပေါ်ပိုစ့်တင်ပြီဟေ့..”

ကျူရှင်း အလျင်အမြန် ဖုန်းဖွင့်လိုက်ပြီး ထိုအကောင့်အား ရှာလိုက်သည်။ သို့သော် ပိုစ့်အား နှိပ်လိုက်ချိန်မှာပင် ကျောရိုးတစ်လျှောက် အေးစက်သွားတော့သည်။

အတင်းပြောစနစ်10086 : [စပွန်ဆာ သူဌေးတစ်ယောက်ကို ပြုစုပြီးတော့ ဧည့်ခံပွဲကြီး ကျင်းပတယ်တဲ့.. ဒီနေ့ခေတ်ရဲ့ ‘ကျောင်းမြက်ခင်းလေး’ ကတော့ ဘဝကို ဘယ်လိုစံစားရမလဲ တကယ်သိတာပဲ..]

အင်တာနက်တစ်ခွင် ပွက်ပွက်ဆူသွားသည်။

10086 ဤသို့ ပိုစ့်တင်ချိန်တိုင်းတွင် ကြီးမားသော အတင်းအဖျင်းတစ်ခု လာနေပြီဟု ဆိုလိုသည်။

[ဘုရားရေ.. လတ်လတ်ဆတ်ဆတ် ဖရဲသီးရှိတယ်ကြားလို့ အပြေးလေး ရောက်လာတာပါ]

[ဟိုလီရှစ် အရည်ရွှမ်းမဲ့ပုံပဲ.. ဒါပေမဲ့ “ကျောင်းမြက်ခင်းလေး” က ဘယ်သူလဲ..]

[ယလယ မလား]

[ဘယ်သူလား.. အတိုကောက်တွေပြောနေတာ ရပ်ကြပါဦး.. ဖျော်ဖြေရေးလောကရဲ့ အတင်းအဖျင်းတွေနဲ့ မရင်းနှီးတဲ့ ငါတို့အတွက်ကတော့ စပျစ်ကိုင်းပေါ်ရောက်နေတဲ့ ရက်ကွန်းလေးလို ဖြစ်နေပြီနော်..]

[ယန်လောယွမ် ဟုတ်တယ် ဟုတ်.. သူ အဖမ်းခံလိုက်ရတယ်လို့ ကြားလိုက်သလိုပဲ..]

[မဖြစ်ရဘူးးးး အဲဒီ ကျောင်းတွင်းဒရာမာကြည့်ပြီး သူ့ကို အရမ်းသဘောကျသွားတာလေ..]

အချိန်တိုလေးအတွင်းမှာပင် ယန်လောယွမ်၏ ဧည့်ခံပွဲကြီး ဟူသော # မှာ လတ်တလောထိပ်တန်းသတင်း စာရင်း၌ ဒုံးကျည်ပစ်လွှတ်လိုက်သကဲ့သို့ လျင်မြန်စွာ မြင့်တက်လာသည်။

ယန်လောယွမ်၏ ပရိသတ်များမှ အသည်းအသန် ငြင်းဆိုကာ ခုခံကာကွယ်ကြသည်။

[ကောလာဟလတွေကို မယုံပါနဲ့.. လောယွမ်က သန့်ရှင်းပြီး ရိုးသားတဲ့ မင်းသားတစ်ယောက်ပါ..]

[သနားဖို့ကောင်းတဲ့ ရှောင်လောယွမ်.. ပင်ကိုယ်အရည်အချင်းနဲ့ တောက်ပနေတော့ လူတိုင်းက သူ့ကို ရွှံ့ပေစေချင်ကြတာ..]

[ငါတို့ကောင်လေးက ဒီလိုမျိုး ရွှံ့ရေတွေနဲ့ အပက်ခံရအောင် ဘယ်လိုလူကိုများ စော်ကားမိသွားတာလဲ.. ငါ့တို့ကောင်လေးကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာပဲ..]

[ဖွီ.. @အတင်းပြောစနစ်10086 ‘ကျောင်းမြက်ခင်းလေး’ က အတိအကျ ဘယ်သူလဲ.. လျှို့ဝှက်နက်နဲသလိုတွေ လုပ်မနေနဲ့..]

[လောယွမ်လို့ ငါမယုံဘူး.. @ယန်လောယွမ်.. ကောကော.. မစိုးရိမ်နဲ့နော်.. ကောကောရဲ့ ပရိသတ်တွေက ကောကောကို ယုံကြည်တယ်..]

*

အချက်အလက်များ ပိုမိုထုတ်ပြရန် ပရိသတ်များ၏ ပွက်လောရိုက် ဖိအားပေး တောင်းဆိုမှုကြောင့် အတင်းပြောစနစ်10086က ဝေ့ပေါ်၌ နောက်ထပ် ပိုစ့်တစ်ခု ထပ်တင်လိုက်သည်။ သို့သော် အဆိုပါပိုစ့်မှာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထူးဆန်းစွာ ဖျက်ချခံရသည်။

ကျူရှင်း အသက်ရှူထုတ်လိုက်ပြီး စိတ်သက်သာရာ ရစွာဖြင့် ဖုန်းချလိုက်သည်။

ပထမပိုစ့်အား မြင်လိုက်ရချိန်တွင် ကမ္ဘာပျက်တော့မည့်အလား ခံစားရသည်။ ဤ 10086 အကောင့်ပိုင်ရှင်မှာ ထိုကဲ့သို့ အတွင်းသတင်းများအား မည်သို့ရရှိသည်ကို မသိသော်ငြား ဤကောလာဟလ ပျံ့သွားပါက ယန်လောယွမ်၏ အသက်မွေးဝမ်းကျောင်းမှု ပြီးဆုံးသွားလိမ့်မည် ဖြစ်သည်။

ကျူရှင်း စိုးရိမ်ထိတ်လန့်စွာဖြင့် ရေတပ်အား စေခိုင်းကာ 10086 ၏ ပိုစ့်အား ရီပို့ထုစေသည်။ နှစ်ပေါင်းများစွာ ဝေ့ပေါ်နှင့် တွဲဖက် အလုပ်လုပ်ကိုင်လာပြီးနောက် ဝန်ထမ်းများသည် အဆိုပါပိုစ့်အား ယာယီ ဖိနှိပ်ထားနိုင်သည်။

ဤတစ်ည ကုန်ဆုံးသွားပြီးလျှင် အခြားသော ကောလာဟလများကြား နစ်မြုပ်သွားမည် ဖြစ်သောကြောင့် အချိန်ကုန်သွားသည်နှင့်အတူ လူများ၏ စိတ်ဝင်စားမှုများလည်း လျော့သွားလိမ့်မည်။

ထို့အပြင် ယန်လောယွမ်၏ ပြဿနာမှာ ပြင်းထန်မှုမရှိဟု ယူဆရသည်။ ယန်လောယွမ် လွတ်မြောက်လာပြီး ပရိသတ်များရှေ့ ပြန်လည်ရောက်ရှိလာသည်နှင့် ပြဿနာတစ်ခုလုံး ကင်းစင်လွင့်ပျောက်သွားမည် ဖြစ်သည်။

ကုရှင်းရှစ် ပထမဆုံးအကြိမ် ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။ အကြိမ်ပေါင်းများစွာ ပိုစ့်တင်ရန် ကြိုးစားခဲ့ပြီး စာသားများ ချိန်ညှိသည့်တိုင်အောင် ပိုစ့်တင်၍ မရချေ။ အဆုံး၌ မသိမသာ ပိတ်ဆို့ခံထားရခြင်းဖြစ်ကြောင်း သိရှိသွားတော့သည်။

ထိုကဲ့သို့သော အကြောင်းနှင့် ပတ်သက်၍ ယင်ဟယ်ဖုန်း ပြောသည်ကို ကြားဖူးထားသည်။ သို့သော် ကိုယ်တိုင် ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ဝေ့ပေါ်အသုံးပြုသူဝန်ဆောင်မှုထံသို့သွားကာ အယူခံဝင်သည်။ 

လက်ခံရရှိသည့် ပြန်လည်ဖြေကြားချက်များမှာ အလိုအလျောက် ဖြေကြားချက်များသာဖြစ်ပြီး အဓိကကျသည့် ဖြေရှင်းချက်ဟူ၍ မပါပေ။

တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်ရှိ ပရိသတ်များမှာလည်း စိတ်ချယုံကြည်ရသည့် အတင်းအဖျင်းအား စောင့်ဆိုင်းရခြင်းကို စိတ်မရှည်ဖြစ်လာသည်။ ကျူရှင်း ငှားယမ်းထားသည့် ရေတပ်မှာလည်း စကားဝိုင်းအား စတင်ပုံဖော်လာကြပြီး လူထုအမြင်ကို တဖြည်းဖြည်းချင်း ပြောင်းလဲယူနေသည်။

[အရည်ရွှမ်းရွှမ်း ဖရဲသီးစားဖို့ ဒီကိုရောက်လာတာလေ.. ဒါပေမဲ့ တစ်သက်လောက် ကြာနေပြီ.. အရိပ်အမြွက်လေးတောင် မတွေ့ရဘူး.. နေလှမ်းထားသလို ခံစားရတယ်.. ငါတော့ ဒိုးပြီ..]

[အဲဒီ ‘ကျောင်းမြက်ခင်းလေး’ ဆိုတာက ဘယ်သူလဲဆိုတာ လူတွေက အတော်လေး သိချင်နေကြပြီ.. အပြစ်မရှိတဲ့ အနုပညာရှင်တွေပါ ဆွဲသွင်းခံနေရတာ.. နင့်ရဲ့ idol လေးတွေကို မြှင့်တင်ချင်တာနဲ့ တခြားလူတွေက လူမဟုတ်တော့ဘူးလား..]

[10086 က တခြား အတင်းအဖျင်းအကောင့်တွေနဲ့ မတူလောက်ဘူးလို့ ထင်ခဲ့တာလေ.. ကလစ်မျှားတဲ့ အကောင့်တွေနဲ့ ထူးမခြားနားပါလား..]

မကျေနပ်ချက်များအား မြင်တွေ့နေရသည့်တိုင်အောင် ကုရှင်းရှစ် ထိတ်လန့်သွားခြင်း မရှိပေ။ ခေတ္တမျှ စဉ်းစားပြီးနောက် ဝေ့ပေါ်အသုံးပြုသူဝန်ဆောင်မှုထံသို့ သီးသန့်မက်ဆေ့ချ် ပို့လိုက်သည်။ 

“ဒီလိုမျိုး ဆက်လုပ်နေမယ်ဆိုရင် တခြား လူမှုကွန်ယက်ကို ပြောင်းသုံးမယ်.. မင်းတို့ရဲ့ မျက်နှာသာပေး ဘက်လိုက်တဲ့အကြောင်းကိုလည်း ဖော်ထုတ်မယ်..”

ဝေ့ပေါ်အသုံးပြုသူဝန်ဆောင်မှု : “...”

မိနစ်အနည်းငယ်ကြာပြီးနောက် ကုရှင်းရှစ်၏ စာအရှည်ကြီးအား အောင်မြင်စွာ ပိုစ့်တင်လိုက်နိုင်တော့သည်။

ပိုစ့်ထဲတွင် ကုရှင်းရှစ်က ယန်လောယွမ်၏ ကိုယ်ပိုင်ဘဝအား အသေးစိတ်ကျကျ ဖော်ပြထားသည်။ ယန်လောယွမ်၏ မန်နေဂျာမှ ယန်လောယွမ်အတွက် ဖောက်သည်များ စီစဉ်ပေးပုံ၊ ‘ဧည့်ခံပွဲကြီး’ များအား အလွန်အမင်း ခုံမင်နှစ်သက်စွာ ကျင်းပလေ့ရှိပုံနှင့် နိုင်ငံရပ်ခြားသို့ ခရီးသွားချိန်တွင် ထိုသို့သော နေရာများသို့ သွားလေ့ရှိပုံများအား ဝေဝေဆာဆာ ဖော်ပြထားသည်။ ကုရှင်းရှစ်က ဆင်ဆာမမိစေရန်အတွက် ယဉ်ကျေးသိမ်မွေ့သော စကားလုံးများအား အသုံးပြုထားသည်။ သို့သော် အကြောင်းအရာမှာမူ ပေါက်ကွဲစေနိုင်ဆဲ ဖြစ်သည်။

အဆိုပါပိုစ့်ကြောင့် ဝေ့ပေါ်သည် အချိန်တစ်ခုကြာ ရပ်သွားခဲ့ပြီး အမျိုးမျိုးသော အတင်းအဖျင်းအကောင့်များနှင့် မီဒီယာများအတွက် အလွန်ကြီးမားသည့် ခေါင်းစီးသတင်းများ ရရှိစေသည်။

[ငါ့မျက်လုံးတွေ.. ငါ့မျက်လုံးတွေ.. နှစ်စကတည်းက ဒီလိုမျိုး ဖရဲသီးကြီးကြီး စားရမယ်လို့ မမျှော်လင့်ထားဘူးလေ..]

[ဒါက ထိပ်တန်းအနုပညာရှင်တစ်ယောက်ရဲ့ ဘဝပေါ့.. အစုံသုပ်ကျနေတာပဲ.. ]

[10086 ကတော့ လုံးဝမူမပျက်ဘူး.. ဒီဖရဲသီးက ရှင်းလင်းပြီး တိုက်ရိုက်ကျတဲ့အပြင် ဆိုလိုရင်းလည်း တိကျတယ်.. နားလည်ရခက်တာမျိုး လုံးဝမရှိဘူး.. နေ့စွဲနဲ့ တည်နေရာတွေပါ အတိအကျ ဖော်ပြပေးထားတာ.. ထိပ်တန်းဖရဲသီးလို့တောင် ပြောရမယ်.. ငါငိုနေပါပြီ..]

[ငါ ခေါင်းခြောက်နေတာ တစ်ခုရှိတယ်.. ဒီလောက် ဖြစ်နေတာတောင် သူ့ဆံပင်က အရမ်းကောင်းနေတုန်းနော်.. ဘယ်လိုများ ထိန်းသိမ်းတာလဲ.. ငါက ကောလိပ်ကျောင်းသူတစ်ယောက်ပါ.. သူ့ရဲ့ ဆံပင်ထိန်းသိမ်းနည်း လျှို့ဝှက်ချက်ကို သိချင်ပါတယ်..]

ယန်လောယွမ်၏ ပရိသတ်များမှာ မျှော်လင့်ချက်အား ဆုပ်ကိုင်ထားကြဆဲ ဖြစ်သော်ငြား ပေကျင်းရဲတပ်ဖွဲ့၏ တရားဝင်ဝေ့ပေါ်အကောင့်မှ ‘ယန်’ မျိုးရိုး မင်းသားတစ်ဦးအကြောင်း သတင်းပေးတိုင်ကြားချက်အား ရရှိသဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအား ချိုးဖောက်မှုကြောင့် ဖမ်းဆီးထားကြောင်း အတည်ပြုထုတ်ပြန်လာသည်။

အသက်အရွယ်နှင့် အကြောင်းအရာ အသေးစိတ်မှာ တိတိကျကျ တူညီနေပြီး ထိုဖမ်းဆီးထိန်းသိမ်းခံထားရသော ‘ယန်’ မျိုးရိုး မင်းသားမှာ ယန်လောယွမ် ဟုတ်၊ မဟုတ် သံသယအနည်းငယ်သာ ကျန်ရှိတော့သည်။

ပရိသတ်အသိုင်းအဝိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ 

ယန်လောယွမ်မဟုတ်ဟု အခိုင်အမာ ငြင်းဆိုနေကြသည့် အမာခံပရိသတ်အချို့ ရှိနေသေးသည့်တိုင်အောင် အများစုမှာ  á€•ရိသတ်ဥဖဟစ်မသ တိတ်တဆိတ် နှုတ်ထွက်သွားကြသည်။

ကျူရှင်းက ဆိုဖာပေါ်၌ အရုပ်ကြိုးပြတ် ထိုင်နေမိပြီး ဦးနှောက်အလုပ်မလုပ်နိုင်တော့ချေ။

ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ဖြစ်သွားရတာလဲ..

အဲဒီကောင် 10086 က ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် သိနေရတာလဲ.. ဒင်းက အတိအကျ ဘယ်သူလဲ..

ကျူရှင်းက ပရိသတ်များ၏ 10086 မည်သူဖြစ်မည်အား ခန့်မှန်းပြောဆိုကြသည့် ကောလာဟလမှန်သမျှအား ယခင်က လျစ်လျူရှုခဲ့သည်။

တစ်ဦးတစ်ယောက်က ပုဂ္ဂိုလ်ရေးအရ ရယူလိုမှု မရှိဘဲ လူတစ်ယောက်အား ထိုမျှလောက်အထိ အကာအကွယ်ပေးလိမ့်မည်ဟု မယုံကြည်နိုင်ချေ။

10086 နှင့် မုန့်ယွမ်ရှန့်၊ ချန်ရှင်းတို့အကြား၌ ချိတ်ဆက်မှုတစ်ခု ရှိရမည်။

ချက်ချင်းဆိုသလို ကျူရှင်း၏ အာရုံ၌ ကုရှင်းရှစ် ပေါ်လာသည်။

သို့သော် အဓိပ္ပါယ်မရှိချေ။

ကုရှင်းရှစ်သာ ထိုသို့သောစွမ်းအားမျိုး ရှိပါက လဲ့ရှစ်အင်တာတိန်းမန့်မှာ ဒေဝါလီခံရန် ခြေတစ်လှမ်းပင် လိုလိမ့်မည် မဟုတ်ပေ။

ဒီလိုအရင်းအမြစ်မျိုးက နောက်ခံတောင့်မှဖြစ်မှာ..

ထိုအချိန်မှာပင် ကျူရှင်း တစ်စုံတစ်ခုအား ဖမ်းဆုပ်မိလိုက်သလိုပင်။

ကွန်ပျူတာရှိရာသို့ အလျင်စလို ပြေးသွားကာ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့ တက်လှမ်းလာသည့် ခရီးတစ်လျှောက်အား စတင် သုံးသပ်သည်။

သူတို့က စတားရှိုင်းမီဒီယာနှင့် ထျန်းချန်ဗီဒီယိုတို့ ပူးတွဲထုတ်လုပ်သည့် [Boy Group Training Camp] ဟူသော အရည်အချင်းပြရှိုးသို့ ဝင်ရောက်ခဲ့သည်။

ပြိုင်ပွဲဝင်နေစဉ် မုန့်ယွမ်ရှန့်က မှားယွင်းစွာ စွပ်စွဲခံရပြီး ရှိုးအဖွဲ့မှ အထူးစိန်ခေါ်မှုအလှည့်အား ဖန်တီးကာ မုန့်ယွမ်ရှန့်က ကျန်းမော့ထက်သာလွန်အောင် တင်ဆက်နိုင်ခဲ့သဖြင့် လူထုထောက်ခံမှုအား ရရှိသွားသည်။

နောက်ပိုင်း၌ ပွဲဦးပင်မထွက်ရသေးသော လူသစ်သင်တန်းသား နှစ်ဦးမှာ နားလည်ရခက်စွာပင် တျန်းရွှမ်လူငယ်လိုင်း၏ ဘရန်းကိုယ်စားပြုများ ဖြစ်လာကြသည်။

အဖြစ်အပျက် တစ်ခုချင်းစီတိုင်း၌ တူညီသော အရာတစ်ခုသာ ရှိသည်။ ယင်းမှာ ဝမ်မိသားစုပင်။

ဝမ်ယွဲ့။

ဆိုတော့ ဒီလိုပေါ့..

ချမ်းသာကြွယ်ဝပြီး အတွင်းသတင်းများစွာအား ရရှိနိုင်သည့် အဆက်အသွယ်ရှိသူမှာ ဝမ်ယွဲ့အပြင် အခြားမရှိ‌ချေ။

ဤသတင်းမှာ ကျူရှင်းအတွက် ရိုက်ခတ်မှု ကြီးမားသော်ငြား ပို၍ပင် စိတ်ရှုပ်ထွေးလာစေသည်။

ဝမ်ယွဲ့ရဲ့ အဆင့်အတန်းနဲ့ဆို ဘာကြောင့် ဒီလောက်ထိ လုပ်ရတာလဲ…

မဟုတ်မှလွဲ..

နှစ်ဦးသား ငြင်းခုံစဉ်အတွင်း ကုရှင်းရှစ် စကားပြောဆိုပုံအား ပြန်လည်အမှတ်ရလိုက်သည်။

သေးငယ်သည့် ကုမ္ပဏီလေးတစ်ခုအား မနည်းရုန်းကန်နေရသော မန်နေဂျာလေးတစ်ယောက်မှာ တောင့်တင်းသည့် နောက်ခံမရှိဘဲနှင့် ထိုမျှလောက် ရဲတင်းနေလိမ့်မည် မဟုတ်‌ချေ။

ကျူရှင်း တဖြည်းဖြည်းနှင့် အပိုင်းအစများအား ဆက်စပ်မိလာသည်။ ကုရှင်းရှစ်နောက်ကွယ်၌ ရှိနေသူမှာ ဝမ်ယွဲ့ဆိုပါက မိုင်းနင်းမိပြီဖြစ်သည်။

ဝမ်ယွဲ့၏ ကုရှင်းရှစ်အပေါ် ထောက်ပံ့ပုံမှာ အလွန်အမင်း ပိရိသေသပ်လှပြီး နှစ်ဦးကြားရှိ ဆက်ဆံရေးအား ဖွင့်ဟခြင်း မရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ရိုးရိုးတန်းတန်း စိတ်ဝင်စားရုံသာ မဟုတ်ချေ။ နောက်ကွယ်၌ ပိုမိုနက်ရှိုင်းမှုရှိကြောင်း သိသာသည်။

လေးစားနှစ်သက်ရုံ မဟုတ်ဘဲ အချစ် ဖြစ်သည်။ လူတစ်ယောက်အား ဦးနှောက်မဲ့သွားစေနိုင်သော အချစ်။

ကျူရှင်း စိတ်မတည်ငြိမ်နိုင်ဘဲ ဖြစ်နေသည်။

နောက်တစ်လှမ်း လှမ်းရန်အတွက် ဤကိစ္စအား အရင်ဆုံး အတည်ပြုရမည်။

ဖုန်းထဲရှိ အဆက်အသွယ်များအား လှန်လှောရှာဖွေရာ နာမည်တစ်ခုအရောက်တွင် ရပ်တံ့သွားသည်။

ဟုတ်သည်။ ဤလူထံမှ စတင်ရမည်။

*

စွန်းဟုန်ဖေးမှာ ဤရက်ပိုင်းအတွင်း တရှိန်ထိုး အောင်မြင်နေသည်။ [Boy Group Training Camp] ၏ အောင်မြင့်မှုမှာ မိုးထိအောင် မြင့်တက်နေသဖြင့် ဝမ်ယွဲ့၏ ချီးကျူးမှုကိုပင် ရရှိထားသည်။

အုပ်ချုပ်ရေးပိုင်းမှ ရရှိလာသော အရိပ်အမြွက်များအရ အရာအားလုံး အဆင်ပြေနေမည်ဆိုလျှင် နှစ်ကုန်၌ ရာထူးတိုးနိုင်ခြေရှိသည်။

သူ၏ အသက်အရွယ်နှင့် နောက်ခံအရ ရာထိုးတိုးနိုင်မည့် အခွင့်အရေးမှာ ရှားပါးလှသည်။

ကံကောင်းလွန်းသောကြောင့်သာ ကုရှင်းရှစ်နှင့် တွေ့ဆုံမိခဲ့ခြင်းဖြစ်၏။

ဤသည်မှာ ကံတစ်ခုတည်းကြောင့်သာ မဟုတ်ဘဲ သူ၏ စူးစမ်းလေ့လာနိုင်စွမ်းမှာလည်း အရေးကြီးသည့် နေရာမှ ပါဝင်သည်။ ကုရှင်းရှစ် မည်သူဖြစ်သည်ဟူသော သဲလွန်စများအား သတိပြုမိကာ မဟာမိတ်ဖွဲ့လိုက်ခြင်းမှာ သူ၏ဘဝ၌ အထက်မြက်ဆုံးသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ကုရှင်းရှစ်အား စတွေ့သည့်နေ့၌ လျစ်လျူရှုခဲ့မိမည်ဆိုလျှင် နောက်တစ်နေ့၌ အလုပ်ထုတ်ခံရမည်မှာ သေချာသလောက်ပင်။

ထိုအချိန်မှာပင် စွန်းဟုန်ဖေး၏ဖုန်း မြည်လာသည်။ 

ခေါ်ဆိုသူအားကြည့်ကာ မျက်ခုံးတွန့်သွားမိသော်လည်း ဖုန်းကိုင်လိုက်ဆဲပင်။
“အတန်းဖော်ဟောင်းပါလား.. ဘာကိစ္စရှိလို့လဲကွ..”

ကျူရှင်းက စွန်းဟုန်ဖေး၏ ဖော်ရွေမှုမရှိသည့် လေသံအား လျစ်လျူရှုကာ ယခင်အချိန်များအကြောင်း စိတ်အားထက်သန်စွာ ပြောဆိုတော့သည်။

နှစ်ဦးသားမှာ တက္ကသိုလ်အတူတူ တက်ခဲ့ကြခြင်း ဖြစ်သည်။

ကျူရှင်း လုပ်ငန်းခွင်ဝင်ချိန်မှစကာ စွန်းဟုန်ဖေးနှင့် ပိုမိုရင်းနှီးလာခဲ့သော်ငြား သူ၏ အနုပညာရှင်များ ပိုမိုအောင်မြင်လာပြီးနောက် အဆင့်အတန်း မြင့်တက်လာသဖြင့် စွန်းဟုန်ဖေးနှင့် တဖြည်းဖြည်းချင်း အကွာအဝေးခြားလိုက်သည်။

ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုကြပြီးနောက် စွန်းဟုန်ဖေး၏ လေသံပျော့လာသည်။

“ဆိုတော့.. မင်း လိုချင်တာ ဘာလဲ..”

ကျူရှင်းက ခေတ္တစဉ်းစားပြီးနောက် တည့်တိုးပင် မေးလိုက်သည်။
“မင်းတို့ ဥက္ကဌဝမ်က ကုရှင်းရှစ်နဲ့ ဟိုလိုလို ဒီလိုလိုဆိုတာ ဟုတ်လား..”

“မင်း ဘယ်လိုလုပ်..”

စွန်းဟုန်ဖေး ရုတ်တရက် သတိလွတ်ကာ အမှန်တရားအား ထုတ်ပြောမိလုနီးနီး ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် အချိန်မီ သတိပြန်ဝင်လာသည်။

“ဘယ်လို အဓိပ္ပါယ်မရှိတဲ့ စကားတွေကို လျှောက်ပြောနေတာလဲ.. ဥက္ကဌဝမ်က ကုရှင်းရှစ် ဘယ်သူမှန်းတောင် သိတာမဟုတ်ဘူး.. ခံစားချက်ရှိဖို့ဆိုတာ ဝေးသေးတယ်..”

သို့သော် တစ်ဝက်ခန့် ခန့်မှန်းမိနေသည့် ကျူရှင်းမှာ အနည်းငယ် စကားကျွံလာသည်ကိုသာ လိုအပ်ခြင်းဖြစ်သည်။ စွန်းဟုန်ဖေး၏ စကားအသွားအလာမှတစ်ဆင့် သူ၏ သံသယအား အတည်ပြုလိုက်နိုင်သည်။

သတင်းဆိုးပင်။

ယန်လောယွမ်၏ အသက်မွေးဝမ်းကြောင်းမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။

ယန်လောယွမ် အဆုံးသတ်သွားလျှင် သူ၏ ကျဆုံးခန်းမှာလည်း မဝေးတော့ချေ။


🍉🍉🍉🍉 အခန်း ၃၂


ကျူရှင်းက ကုန်လွန်ခဲ့သည့် နှစ်များအတွင်း၌ အဆင့်ဆင့်တက်လှမ်းရန် အသုံးပြုခဲ့ဖူးသော လက်သီးပုန်းထိုး လှည့်ကွက်များအား ကောင်းစွာ သိရှိနားလည်ထားသည်။ သူ၏ လုပ်ဆောင်ချက် တစ်ဝက်ခန့်မျှသာ ဖော်ထုတ်ခံရမည်ဆိုလျှင် ကံကောင်းထောက်မစွာဖြင့် ထောင်ထဲသို့ မဝင်ရလျှင်ပင် ဖျော်ဖြေရေးလောက၌ ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ပေ။

ဆုတောင်းနေရုံနှင့် မဖြစ်ချေ။ စီးပွားရေးလုပ်ရာတွင် ဝမ်ယွဲ့၏ အညှာအတာမဲ့မှုများအပါအဝင် သူ၏ မျက်ခုံးပေါ် စင်္ကြံလျှောက်ရန် ကြိုးစားသူများအား အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရကြောင်း မသိသူ မရှိဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း ဝမ်ယွဲ့သည် တစ်ဦးတစ်ယောက်အား အထူးအလေးပေး ဆက်ဆံသည်ဟူ၍ မရှိခဲ့ဘဲ အေးစက်စက်နှင့် လျစ်လျူရှုတတ်သော ဥက္ကဌဟူ၍ ဂုဏ်သတင်းကျော်စောခဲ့သည်။ ထိုသို့သော လူစားမျိုးမှာ နှလုံးသားထဲ တစ်ဦးတစ်ယောက် ဝင်လာပါက အရာအားလုံး စိတ်နှစ်ကာ အလေးပေးဆက်ဆံတတ်ကြသည်။

ကျူရှင်းမှာ အထိအခိုက်မရှိ လွတ်မြောက်ရန် စိတ်ကူးဖြင့်ပင် တွေးမရချေ။

သူ့ကိုယ်သူ ကယ်တင်နိုင်ရန် ဒါရိုက်တာနင်အား တွယ်တက်ရတော့မည်။

*

အခြားတစ်ဖက်၌မူ ကျူရှင်းနှင့် ဖုန်းပြောပြီးနောက် စွန်းဟုန်ဖေး မသက်မသာ ခံစားနေရသည်။

ကျူရှင်း၏ အနုပညာရှင်နှင့် ပတ်သက်သော ကောလာဟလအား ကြားထားသည်။ သို့သော် ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းမည့်အစား မည်သည်ကြောင့် ကုရှင်းရှစ်၊ ဥက္ကဌဝမ်နှင့် ပတ်သက်သည့် သတင်းရရှိရန် ရောက်လာသလဲဟု သူ စဉ်းစားနေမိသည်။

စွန်းဟုန်ဖေး တွေးလေလေ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရလေဖြစ်သည်။ ထို့ကြောင့် ကုရှင်းရှစ်အား ချက်ချင်းရှာဖွေကာ ကျူရှင်းနှင့် စကားပြောခဲ့သမျှ အသေးစိတ်အား အသိပေးလိုက်သည်။ ဥက္ကဌဝမ်နှင့် ကုရှင်းရှစ်တို့၏ ဆက်ဆံရေးအား လျှို့ဝှက်ပေးထားမည်ဟု ကတိပေးထားသဖြင့် ထိုအကြောင်းနှင့် ပတ်သက်၍ မေးသည့်အပိုင်းအား ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားကာ ကုရှင်းရှစ်၏ နောက်ခံအား လိုက်လံစုံစမ်းနေပုံ ရသည်ဟုသာ ပြောလိုက်သည်။

စွန်းဟုန်ဖေး ပြောသည့်စကားအား နားထောင်ရင်း ကုရှင်းရှစ် မျက်မှောင်ကြုတ်လိုက်သည်။

မူလက ကျူရှင်းအား ဤမျှစောစီးစွာ ကိုင်တွယ်ရန် အစီအစဉ် မရှိပေ။ ယန်လောယွမ်နှင့် မတူညီစွာ ကျူရှင်းမှာ ဉာဏ်များကောက်ကျစ်ပြီး သဲလွန်စများစွာ မချန်ထားချေ။

ကျူရှင်းမှ သူ၏နောက်ကြောင်းအား လိုက်လံတူးဆွနေသောကြောင့် သူ့လမ်းကြောင်းအတိုင်း တုံ့ပြန်ရန် ဆုံးဖြတ်လိုက်သ်ည။

ကုရှင်းရှစ် စနစ်အား ခေါ်လိုက်သည်။
[ကျူရှင်းကို မျက်စိတောက်ထောက်ကြည့်ထားပြီး ငါသိဖို့ လိုအပ်တာဆို ချက်ချင်းပြောပြပေးဦး..]

စနစ် : [သိပြီ..]

ကုရှင်းရှစ်က ထိုကိစ္စအား ဘေးဖယ်ထားပြီး လက်ရှိအချိန်၌ နင်ဝမ်ကျိုးအား ဆက်သွယ်ရန်သာ ဦးစားပေးဖြစ်သည်။

သို့သော် စနစ် သတိပေးထားသလိုပင် နင်ဝမ်ကျိုးမှာ အတော်လေး သတိကြီးလှသည်။ နင်ထျန်းယို၏ စောင့်ကြည့်မှုအောက်တွင်သာ သတိရှိရှိနှင့် နေထိုင်ပြီး ထိုသည်ကပင် ကုရှင်းရှစ်အတွက် နင်ဝမ်ကျိုးအား ချဉ်းကပ်ရန် စိန်ခေါ်မှုလည်း ဖြစ်သည်။

မိဘများ သေဆုံးရခြင်း နောက်ကွယ်ရှိ အမှန်တရားအား ဖော်ထုတ်ပြီးနောက်မှာပင် နင်ဝမ်ကျိုးက ၎င်းအား နင်ထျန်းယို၏ လှည့်ကွက်ဟု ထင်မှတ်သဖြင့် ပြီးပြည့်စုံစွာ သရုပ်ဆောင်ဆဲဖြစ်သည်။

နင်ဝမ်ကျိုး၏ စရိုက်အစစ်အမှန်အား စနစ်မှ ကြိုတင်ပြောပြထားခြင်း မရှိခဲ့လျှင် ထိုသူမှာ အသုံးမကျဘဲ ရည်းစားရှုပ်ပွေသော ကောင်လေးတစ်ဦးထက် မပိုဟု ယုံကြည်မိမည် ဖြစ်သည်။

ကံမကောင်းစွာဖြင့် နင်ဝမ်ကျိုး ယုံကြည်စေရန် ခိုင်မာသည့် သက်သေအထောက်အထား မဲ့နေသောကြောင့် သူတို့၏ စကားပြောခန်းမှာ ရှေ့ဆက်မတိုးနိုင်ဘဲ ရှိလေသည်။

ထိုအချိန်မှာပင် စနစ်၏ ဆူညံသံ ထွက်ပေါ်လာပြန်သည်။
[ပိုင်ရှင်ရေ.. ဖရဲသီးအသစ်..]

ကုရှင်းရှစ် နားစွင့်လိုက်သည်။
[ပြော.. ပြော..]

[ယန်လောယွမ်ရဲ့ လတ်တလော ပြဿနာတွေကြောင့် နင်ထျန်းယိုက ကျူရှင်းကို အတော်လေး မကျေမနပ် ဖြစ်နေတာ.. အဲဒါ နင်ထျန်းယိုကို နှစ်သိမ့်ဖို့အတွက် ကျူရှင်းက နေရာအနှံ့သွားပြီး အမြွှာနှစ်ယောက်ကို ရှာခဲ့တယ်လေ.. သူ့နေရာမှာပဲ နင်ထျန်းယိုကို ‘ပျော်ရွှင်စေဖို့’ စီစဉ်ပေးထားတယ်..]

ကုရှင်းရှစ် : “!!!”

အမှိုက်ကောင်က ဘယ်တော့မှ သန့်ရှင်းလာမှာ မဟုတ်ဘူး..

သို့သော် ကုရှင်းရှစ်အတွက်မူ ရွှေအခွင့်အရေးဖြစ်သည်။

သူက နင်ဝမ်ကျိုးအား ချက်ချင်း မက်ဆေ့ချ်ပို့လိုက်သည်။
[ငါ့ရဲ့ ရိုးသားမှုကို သက်သေပြနိုင်တယ်..]

နင်ဝမ်ကျိုးဘက်က အလျင်အမြန် စာပြန်သည်။ [?]

ကုရှင်းရှစ် : [နောက်ရက်ပိုင်းအတွင်း ရှင်းမောင်မီဒီယာက ရှုပ်ထွေးလာနိုင်တယ်.. မင်း စိတ်ဝင်စားရင် မင်းအတွက် အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်..]

နင်ဝမ်ကျိုး : [ခင်ဗျားပြောနေတာတွေကို ကျွန်တော် မသိဘူး..]

ကုရှင်းရှစ် : [ကိစ္စမရှိဘူး.. နောက်ရက်ပိုင်းထဲ လတ်တလောထိပ်တန်းသတင်းတွေနဲ့ ရဲဌာနက ကြေညာချက်တွေကိုသာ မျက်ခြေမပျက်ကြည့်နေပေါ့..]

နင်ဝမ်ကျိုး : [??]

သို့သော် ကုရှင်းရှစ် ထိုအတိုင်းသာ ထားလိုက်သည်။

လိုအပ်သမျှ အရိပ်အမြွက် မှန်သမျှအား ပေးထားပြီးဖြစ်သည်။ နင်ဝမ်ကျိုး၏ အတိတ်ကြောင့် စာနာသနားမိသော်ငြား ရှေ့ဆက်ချိီတုံချတုံ ဖြစ်နေဦးမည်ဆိုလျှင် ထိုကဲ့သို့သောလူတစ်ဦးအား ဖေးမကူညီလိုစိတ် မရှိတော့ချေ။

နင်ဝမ်ကျိုးသာ အချိန်ဖြုန်းနေဦးမည်ဆိုလျှင် ထိုအတိုင်းသာ ထားလိုက်တော့မည်။ ကုရှင်းရှစ်သည် မူလကတည်းက တစ်ဦးတည်းလုပ်ဆောင်ရန် ပြင်ဆင်ပြီးသားဖြစ်သည်။ တွဲဘက်မပါဘဲ တစ်ဦးတည်းသာဆိုလျှင် အချိန်အနည်းငယ် ပိုယူရုံသာဖြစ်သည်။

လူကြီးလူကောင်းတစ်ဦး၏ လက်စားချေခြင်းဆိုသည်မှာ လိုအပ်လျှင် ဆယ်စုနှစ် တစ်ခုစာလည်း ကြာသွားနိုင်သည်။

ထိုသို့တွေးမိပြီးနောက် ကုရှင်းရှစ်က ဖုန်းအသစ်တစ်လုံးထုတ်ကာ ရင်းနှီးနေသည့် နံပါတ်အား ခေါ်ဆိုလိုက်သည်။
“ဟယ်လို ၁၁၀ ကပါလား.. ကျွန်တော့်မှာ သတင်းပေးစရာ ရှိလို့ပါ..”

*

ကျူရှင်းက သူ့တိုက်ခန်းသို့ နင်ထျန်းယို ရောက်လာချိန်၌ အရာအားလုံး ပြီးပြည့်စုံနေစေရန် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ ပြင်ဆင်လျက်ရှိသည်။

နင်ထျန်းယိုက တိုက်ခန်းသို့ ရောက်ရှိလာချိန်၌ သင်္ကာမကင်း‌ မေးလိုက်သည်။
“ဒီနေရာက လုံခြုံတာ သေချာရဲ့လား..”

ကျူရှင်းက ဤကဲ့သို့သော တွေ့ဆုံခြင်းများအား ယခင်က ဟိုတယ် သို့မဟုတ် နင်ထျန်းယို သီးသန့်ပိုင်ဆိုင်သည့် နေရာများ၌ စီစဉ်ပေးလေ့ရှိသည်။ သို့သော် ယန်လောယွမ်၏ ကောလာဟလကြောင့် ထိုနေရာများ၏ လိပ်စာအတိအကျမှာ ဖော်ထုတ်ခံထားရပြီး နင်ထျန်းယိုအား အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာလည်း ထိုအချက်ပင်။

ကျူရှင်းက ‘ရှားပါးအမြွှာစားတော်ပွဲ’ ဟု ကတိပေးထားခြင်းမရှိလျှင် ဤနေရာသို့ လာရောက်ရန် သဘောတူမိမည် မဟုတ်ချေ။

ကျူရှင်း ကပ်ဖားလျက်ဖားလေသံဖြင့် ပြန်ဖြေသည်။
“ဒါက ကျွန်တော်ပိုင်တဲ့နေရာပါ.. ဒါရိုက်တာနင်.. လုံးဝ လုံခြုံမှုရှိပါတယ်..”

အတွင်းသို့ဝင်ကာ ကျူရှင်းစီစဉ်ပေးထားသော ဆွဲဆောင်မှုရှိသည့် အမြွှာနှစ်ယောက်အား မြင်လိုက်သည်နှင့်  á€”á€„á€şá€‘á€ťá€”á€şá€¸á€šá€­á€Żá စိတ်ခံစားချက်များ မြင့်တက်လာသည်။

စိတ်ကျေနပ်ပုံပေါ်သည့် နင်ထျန်းယိုအား မြင်ပြီးနောက် ကျူရှင်းက ဖိတ်ခေါ်ရသည့် အကြောင်းအရင်း နောက်တစ်ခုအား ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒါရိုက်တာနင်.. တကယ်တော့ ကျွန်တော် လျှို့ဝှက်ချက်ကြီးတစ်ခု သိထားတယ်..”

သို့သော် နင်ထျန်းယိုမှာ သူ့ရှေ့ရှိ စားကောင်းသောက်ဖွယ်များကိုသာ သွားရည်ယိုနေပြီဖြစ်သောကြောင့် အခြားအရာများအား စိတ်မဝင်စားနိုင်ချေ။
“မနက်ဖြန်ထိတောင် မစောင့်နိုင်ဘူးလား..”

ကျူရှင်းက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။
“အဲဒါက ဝမ်လုပ်ငန်းစုနဲ့ ဥက္ကဌဝမ်အကြောင်း..”

အဆုံး၌ နင်ထျန်းယို စိတ်ဝင်စားလာသည်။ ကျူရှင်းရှိရာသို့ စိတ်ဝင်စားမှု အပြည့်ဖြင့် လှည့်ကြည့်သည်။
“မင်း ဘာပြောတာလဲ..”

ကျူရှင်းက ကိုယ်ကိုကိုင်းကာ ဗုံးကြဲချလိုက်သည်။
“ဥက္ကဌဝမ်မှာ ရည်းစားကောင်လေးတစ်ယောက် ရှိတယ်.. နက်နက်ရှိုင်းရှိုင်းကို ချစ်ကျွမ်းဝင်နေတာ..”

နင်ထျန်းယို အော်ဟစ်ရယ်မောလိုက်သည်။
“မဖြစ်နိုင်တာ..”

မည်သို့ပင်ဖြစ်စေ နင်ထျန်းယိုသည် ဝမ်ယွဲ့နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့ဖူးသောကြောင့် ထိုလူမှာ မည်မျှ အညှာအတာမဲ့ပြီး တွက်ချက်တတ်သူဖြစ်ကြောင်း ကောင်းစွာသိထားသည်။ နင်ထျန်းယို၏ စိတ်ထဲ၌ ဝမ်ယွဲ့မှာ မကောင်းဆိုးဝါးထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်သူဖြစ်သည်။

ဝမ်ယွဲ့ကဲ့သို့သော လူတစ်ယောက် ချစ်ကျွမ်းဝင်နေသည်ဟု စိတ်ကူးကြည့်ယုံနှင့်ပင် မနက်ဖြန် ကမ္ဘာကြီး ပျက်တော့မည်ဟု ယုံကြည်လိုက်မည်။

သို့သော် ကျူရှင်းက ဖိအားပေးဆက်ပြောသည်။
“ကျွန်တော်ပြောတာ အမှန်ပါ.. အဲဒီလူနာမည်က ကုရှင်းရှစ်တဲ့.. အင်တာတိန်းမန့်ကုမ္ပဏီလေး တစ်ခုရဲ့ မန်နေဂျာ..”

မူလက ယုံကြည်မှုမရှိသူ နင်ထျန်းယိုသည် ကျူရှင်း ရှာဖွေတွေ့ရှိသမျှ အရာများအား နားထောင်ပြီးနောက် ပိုမိုလေးနက်လာသည်။

နောက်ဆုံး၌ ကျူရှင်းက သူ့ဝှက်ဖဲအား ထုတ်ပြလိုက်သည်။
“ဒါရိုက်တာနင် အတင်းပြောစနစ်10086 ဆိုတဲ့ အကောင့်ကို သိတယ်မလား..”

နင်ထျန်းယို၏ အမူအရာ မဲမှောင်လာသည်။

ထိုအကောင့်အား သေချာပေါက်သိသည်။ သူပိုင်ဆိုင်သော ရှင်းမောင်အင်တာတိန်းမန့်မှ သင်တန်းသားများက ထိုအကောင့်ကြောင့် ထိခိုက်မှုကြီးမားခဲ့သည်။

ကုမ္ပဏီငယ်လေးများနှင့် ပတ်သက်သည့် အခြင်းအရာများအား များစွာ ဂရုမစိုက်သော်ငြား ထိုအဖြစ်အပျက်ကြောင့် လူသိရှင်ကြား အရှက်ရခဲ့ရသည်။ ထိုမျှနှင့် မလုံလောက်သေးဘဲ ယန်လောယွမ်၏ ကောလာဟလသည် နင်ထျန်းယိုအား နောက်ထပ်အရှုပ်အထွေးထဲသို့ ဆွဲချသွားပြန်သည်။

နှစ်ကြိမ်ဆက်တိုက် ကြီးမားစွာ ပြက်ရယ်ပြုလှောင်ပြောင်ခံရခြင်းမှာ ထို 10086 ၏ ကျေးဇူးကြောင့် ဖြစ်သည်။ နင်ထျန်းယိုမှာ မကျေမချမ်းနိုင်စွာဖြင့် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့သည့်တိုင်အောင် ထိုအကောင့်၏ နောက်ကွယ်ရှိလူအား စုံစမ်းမရနိုင်ဘဲ ရှိလေသည်။

ကျူရှင်း၏ နောက်ဆုံးပိတ်စကားသံ ထွက်ပေါ်လာသည်။
“အဲဒီ အတင်းပြောစနစ်10086 ရဲ့ နောက်ကွယ်ကလူက ဝမ်ယွဲ့ကိုယ်တိုင်ကလွဲ တခြားမဟုတ်ဘူး.. သူ့ရဲ့ ချစ်သူကောင်လေးကို ကာကွယ်ပေးနေတာ..”

ကျူရှင်းက အကြောင်းပြချက်ခိုင်လုံစွာဖြင့် တင်ပြလာသောကြောင့် အရာအားလုံး အစီအစဉ်တကျ ဖြစ်နေကြောင်း နင်ထျန်းယို ဝန်ခံရတော့သည်။

ဒါက အချက်ပြတာ မဟုတ်ရင် ဘာဖြစ်မှာလဲ..

နှလုံးသားအေးစက်တဲ့ ‘မိစ္ဆာဘုရင်’ ဝမ်ယွဲ့တောင် နူးညံ့တဲ့အချိန် ရှိနေပါရောလား..

နင်ထျန်းယို၏ စိတ်ထဲ၌ ဖြစ်နိုင်ခြေရှိသည်များ တဝဲလည်လည် ဖြစ်နေပြီးနောက် မျက်နှာထက်တွင် စိတ်ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။ ဝမ်ယွဲ့၏ ပျော့ကွက်အား ရှာတွေ့ပြီးဖြစ်သောကြောင့် အလွန်အမင်း စိတ်ကျေနပ်နေသည်။

နင်ထျန်းယိုက သွားဖြီးလျက်နှင့် အမြွှာနှစ်ယောက်အား တစ်ဖက်စီ ပွေ့ကာ အိပ်ခန်းသို့ ဦးတည်လိုက်သည်။ သုံးဦးသား ထိပ်တိုက်တွေ့ဆုံမှုမှာ အလျင်အမြန်ပင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကျူရှင်းက နောက်ဆုံးမှ စိတ်သက်သာရာ ရတော့သည်။ ဤတစ်ကြိမ် စီစဉ်ပေးရာ၌ သူ၏နေရာမှာ လုံခြုံမှုရှိကြောင်း အာမခံခဲ့ပေသည်။

နင်ထျန်းယို ပြီးမြောက်ချိန်အထိ စင်္ကြံတွင်သာ စောင့်ဆိုင်းရန်အတွက် အပြင်ထွက်မည်ပြင်လိုက်သည်။

သူ တံခါးဖွင့်လိုက်ချိန်မှာပင် ရဲအရာရှိများနှင့် ကြုံတွေ့လိုက်ရသည်။

“မင်္ဂလာ ညနေခင်းပါ..”
ရဲအရာရှိတစ်ဦးမှ ဆိုသည်။
“ဒီနေရာမှာ တရားမဝင်တဲ့ အပြုအမူတွေ ပြုလုပ်နေတယ်လို့ သံသယရှိကြောင်း သတင်းပေးချက် ရရှိထားပါတယ်.. ပူးပေါင်းပေးပါ..”

ကျူရှင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“!!”

ထပ်ဖြစ်ပြန်တာလား..

နောက်လှည့်ကာ တံခါးပိတ်မည်ပြုသော်ငြား နောက်ကျသွားလေပြီ။

မိနစ်အနည်းငယ်အတွင်းမှာပင် ဆဲရေးတိုင်းထွာနေသော အဝတ်မကပ်သည့် နင်ထျန်းယိုအား ရဲအရာရှိများက ဆွဲထုတ်လာကြသည်။

နင်ထျန်းယို၏ မျက်လုံးထဲ၌ ရှက်ရွံ့မှုနှင့် ဒေါသတို့ တောက်လောင်နေသည်။

သေစမ်း.. ဒီလောက်တောင် ယုတ်မာကောက်ကျစ်တာ..

ဝမ်ယွဲ့.. မင်းက စစ်ပွဲစလိုက်တာပဲ.. မင်းကို မဆွဲချနိုင်မချင်း အရှုံးမပေးဘူးကွ..

×××××

ထိုနေ့ည၌ အတင်းအဖျင်းချစ် အင်တာနက်အသုံးပြုသူများမှာ ရင်းနှီးနေပြီးဖြစ်သည့် ရဲဌာနမှ တရားဝင်ကြေညာချက်အား မြင်တွေ့လိုက်ရပြန်သည်။

ယန်လောယွမ်၏ ကောလာဟလနှင့် နှိုင်းယှဉ်ပါက စိတ်ဝင်စားမှု များစွာမရသော်ငြား အရည်ရွှမ်းရွှမ်း အချက်အလက်များစွာ အသေးစိတ်ပါဝင်သည်။

အဓိကစကားလုံးများမှာ #မန်နေဂျာ #ကျူ #ပြည့်တန်ဆာလုပ်ငန်း။ ထိုစကားလုံးများအား ပေါင်းစပ်လိုက်ပါက အတင်းအဖျင်းသခင်တစ်ဦး၏ ဝေ့ပေါ်အကောင့်အား ချက်ချင်းမြင်ယောင်လာစေသည်။

အင်တာနက်အသုံးပြုသူ : [ငါမှတ်မိတာသာ မှန်ရင် ယန်လောယွမ်ရဲ့ မန်နေဂျာက ကျူမျိုးရိုးလေ ဟုတ်တယ်မလား.. လခွမ်း သူ့ပရိသတ်တွေပြောတော့ ယန်လောယွမ်က ‘ဧည့်ခံပွဲကြီး’ ဆီကို လှည့်စားပြီး အခေါ်ခံရတာဆို.. ဘာမှမလုပ်ခဲ့ပါဘူးဆို.. အတင်းပြောစနစ်10086 က လိမ်နေတာလို့တောင် စွပ်စွဲကြသေးတာလေ.. အခုတော့ သက်သေက မျက်စိရှေ့ရောက်နေပြီ.. ဘယ်လိုတွေ ပြောဦးမလဲ စောင့်နေတယ်နော်..]

အင်တာနက်အသုံးပြုသူ : [အမှန်တရားကတော့ အနှေးနဲ့အမြန် ပေါ်လာမှာပဲ.. အနည်းဆုံးတော့ ပရိသတ်တွေက သူတို့လိုချင်နေတဲ့ သက်သေကို ရသွားကြပြီလေ.. နောက်ထပ် အကြောင်းပြချက်အသစ်တွေ ပေါ်လာဦးမလားပဲ သိချင်တယ်..]

အင်တာနက်အသုံးပြုသူ : [အိုး.. ကျူရှင်းက အမှိုက်လို မန်နေဂျာတစ်ယောက်ပဲ.. သူက ခေါင်းလုပ်ရတာကို စွဲလမ်းနေတာ.. ရှေးခေတ်မှာ မွေးလာသင့်တယ်.. အတော်‌လေးအောင်မြင်တဲ့ ခေါင်းဖြစ်မှာ..]

အင်တာနက်အသုံးပြုသူ : [‘နင်’ မျိုးရိုးက တွေ့နေကျ မဟုတ်ဘူးနော်.. ငါ နည်းနည်းပါးပါး မွှေနှောက်ကြည့်တာတော့ ရှင်းမောင်မီဒီယာရဲ့ အကြီးအကဲတစ်ယောက်က နင်မျိုးရိုးတဲ့..]

အင်တာနက်အသုံးပြုသူ : [ရှင်းမောင်မီဒီယာလား.. အဲဒါက XX ဘရန်းကို ခယနေတဲ့ ရှင်းမောင်အင်တာတိန်းမန့်က သင်တန်းသားတွေရဲ့ နောက်ကွယ်က မိခင်ကုမ္ပဏီ မဟုတ်လား..]

အင်တာနက်အသုံးပြုသူ : [အိုး.. သွားပါပြီ.. ငါအကြိုက်ဆုံး သရုပ်ဆောင်တွေက သူတို့နဲ့ စာချုပ်ချုပ်ထားကြတာ.. ကျေးဇူးပြုပြီး မဟုတ်လိုက်ပါနဲ့..]

*

နင်ဝမ်ကျိုးက ဝေ့ပေါ်ရှိ လတ်တလောထိပ်တန်းသတင်းများအား ကြည့်ကာ တုန်လှုပ်နေတော့သည်။ ထို့နောက် “ကမ်းလက်ကူ” ထံမှ မက်ဆေ့ချ်များအားကြည့်ပြီး အနည်းငယ် မူးဝေလာသည်။

လွန်ခဲ့တော့ တစ်ပတ်ခန့်က “ကမ်းလက်ကူ” သည် သူ့ထံသို့ မက်ဆေ့ချ်ပို့လာပြီး နင်ထျန်းယိုအား ဖြုတ်ချရန် ကူညီပေးမည်ဟု ဆိုသည်။

ကနဦး၌ နင်ဝမ်ကျိုး မယုံကြည်ခဲ့ချေ။

အတိတ်၌ ရရှိခဲ့သော စိတ်ဒဏ်ရာကြောင့် အခြားသူများအား အလွယ်တကူ မယုံကြည်နိုင်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များနှင့် ထူးဆန်းသောလူစိမ်းမှ ချဉ်းကပ်လာသည့်အခါ ပိုသတိထားမိသည်။

နင်ထျန်းယိုအား ဖြုတ်ချရန်မှာ နတ်သမီးပုံပြင်နှင့်တူသည်။ ထိုလူ၏ ရည်ရွယ်ချက် အစစ်အမှန်အား မသိထားရုံသာမက နင်ထျန်းယိုသည် ဖျော်ဖြေရေးလောကအတွင်း အဆက်အသွယ်များစွာ ရှိပြီး နှစ်ပေါင်းများစွာ ခြေကုပ်ရယူထားနိုင်သည်။ ထိုသို့သောလူတစ်ဦးအား ဖြုတ်ချရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ပြောမပြတတ်သည့် အကြောင်းအရာများကြောင့် နင်ဝမ်ကျိုးသည် ထိုလူအား ယခုထိတိုင်အောင် အဆက်အသွယ်မလုပ်နိုင်ရန် ပိတ်ဆို့လိုက်ခြင်း (blockလိုက်ခြင်း) မရှိချေ။ ထို့အစား နှစ်ဦးသား ရံဖန်ရံခါ စကားပြောတတ်ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုအကောင့်နောက်ကွယ်ရှိလူမှာ သူနှင့် သက်တူရွယ်တူခန့်ဖြစ်ကြောင်း ခံစားမိလာသည်။ ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုးဆန်သည့် အကျင့်စရိုက်ရှိပြီး မကြာခဏဆိုသလို အင်တာနက်ပေါ်ရှိ memes များ ပို့တတ်သည်။

ယင်းကပင် နင်ဝမ်ကျိုးအား ပိုမိုစိတ်ဝင်စားစေပြီး နှစ်ယောက် စကားပြောမည့်အချိန်အား စောင့်မျှော်တတ်လာသည်။ ‘ကမ်းလက်ကူ’ နှင့် စကားပြောရခြင်းမှာ သူ၏ ပိတ်လှောင်မွန်းကြပ်ဖွယ်ကောင်းသော ဘဝအတွက် အတော်လေး ငြိမ်းချမ်းကာ သက်သောင့်သက်သာ ရှိစေသည်။ အသက်ရှူနိုင်ရန် ရှားရှားပါးပါး အချိန်တစ်ခု ရလိုက်သလိုပင်။

တစ်ခါတစ်ရံ နင်ဝမ်ကျိုးမှာ အသက် ၈ နှစ်အရွယ်သို့ ပြန်ရောက်သွားသလို ခံစားရသည်။

နင်ဝမ်ကျိုး အသက် ၈ နှစ် မတိုင်မီက ပျော်ရွှင်စရာကောင်းသော ဘဝတစ်ခုအား ပိုင်ဆိုင်ခဲ့သည်။ သူ့အား ချစ်မြတ်နိုးကြသည့် မိဘများ၊ လုံခြုံဘေးကင်းသော အိမ်တစ်လုံးနှင့် အပူအပင်မဲ့ နေ့ရက်များ...

သို့သော် အသက် ၈ နှစ်အရွယ်သို့ ရောက်ချိန်တွင် မိဘများ ကားမတော်တဆမှုကြောင့် သေဆုံးပြီးနောက် နင်ဝမ်ကျိုး၏ ကမ္ဘာတစ်ခုလုံး အစိတ်စိတ်ကွဲထွက်သွားသည်။

သူ့အား အမြဲလိုလို နွေးထွေးကြင်နာစွာ ဆက်ဆံပေးခဲ့ပါသော ဦးလေးဖြစ်သူက ညတွင်းချင်းပင် ပြောင်းလဲသွားခဲ့ပြီး မိဘများ၏ကုမ္ပဏီအား သိမ်းယူကာ သူနှင့်အတူ ကြီးပြင်းလာခဲ့သော မိသားစုချင်းရင်းနှီးသည့် သူငယ်ချင်းများအား နှင်ထုတ်ခဲ့သည်။

ထို့နောက် နင်ဝမ်ကျိုးအား နိုင်ငံခြားသို့ ပို့လိုက်သည်။

ထိုနှစ်များမှ ရရှိသည့် ဖိအားကြောင့် နင်ဝမ်ကျိုးအား အလျင်အမြန် ကြီးပြင်းလာစေပြီး ဘေးအန္တရာယ်များမှ အကြိမ်ပေါင်းများစွာ ကပ်သီးလေး လွတ်မြောက်ခဲ့ရသည်။ အဖြစ်အပျက် တစ်ခုချင်းစီ၏ နောက်ကွယ်တွင် ဦးလေးဖြစ်သူ၏ ခြေရာလက်ရာများအား ရှာတွေ့ခဲ့သည်။

မိဘများ သေဆုံးမှုမှာ မတော်တဆမှု မဖြစ်နိုင်လောက်ဟူသော သံသယမှာလည်း ပိုမိုကာ ကြီးထွားလာသည်။


🍉🍉🍉🍉 အခန်း ၃၃


သို့သော် ထိုအတွေးများအား သူ့စိတ်ထဲ၌သာ သိမ်းဆည်းထားရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ တစ်စုံတစ်ဦးအား ယုံကြည်နိုင်လိမ့်မည်ဟု ယူဆမိချိန်တိုင်း၌ ထိုလူများမှာ နင်ထျန်းယိုထံသို့သာ တန်းတန်းမတ်မတ်သွားကြသည်။ ထိုနေ့မှစ၍ နင်ဝမ်ကျိုးသည် သူ၏လျှို့ဝှက်ချက်များအား ချိပ်ပိတ်လိုက်ပြီး အခြားသူများအား မယုံကြည်နိုင်တော့‌ချေ။

လုံခြုံဘေးကင်းစေရန်အတွက် အလိုလိုက်ခံရ၍ ပျက်စီးနေသော လူရှုပ်လူပွေတစ်ဦးဟန်ဆောင်ကာ နင်ထျန်းယိုအား လှည့်စားခဲ့သည်။ နောက်ကွယ်၌မူ မမောပန်းနိုင်စွာ အလုပ်ကြိုးစားပြီး သူ၏ ကျွမ်းကျင်မှုများအား ပိုမိုထက်မြက်လာအောင် သွေးကာ အနာဂတ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

နင်ဝမ်ကျိုးမှာ အများအမြင်၌ ‘သူငယ်ချင်း’ များစွာရှိပြီး အပူအပင်မဲ့ဘဝအား ဖြတ်သန်းနေသူဖြစ်သည်။ သို့သော် ထိုလူများအား အရင်းနှီးဆုံးဖြစ်လာရန် မည်သည့်အခါကမှ ခွင့်ပြုထားခြင်း မရှိချေ။

‘ကမ်းလက်ကူ’ ရောက်မလာမီအထိ ဖြစ်သည်။

အွန်လိုင်းပေါ်ရှိ စကားပြောဖော်တစ်ဦးသာ ဖြစ်သော်ငြား ထိုလူသည် နင်ဝမ်ကျိုးအား အလွန်အမင်း သက်‌သောင့်သက်သာ ရှိစေသည်။

‘ကမ်းလက်ကူ’ မှ သူ့အား လက်လျှော့သွားလိမ့်မည်ဟု ခံစားမိချိန်တွင် နင်ဝမ်ကျိုး ထိတ်ထိတ်ပျာပျာ ဖြစ်လာတော့သည်။

မသိလိုက်ခင်မှာပင် တရုတ်သို့ပြန်ရန် လက်မှတ်ဖြတ်ပြီးဖြစ်သည်။

ထိုအချိန်က နင်ဝမ်ကျိုး အသိစိတ်လွတ်သွားသည်ဟုပင် ထင်မိသည်။

သို့သော် ဤအခြေအနေထိ ရောက်လာပြီးနောက် ပြန်မပြင်လိုတော့ချေ။

ကြွက်တစ်ကောင်သဖွယ် နှစ်ပေါင်းများစွာ အရိပ်ထဲ၌ ပုန်းအောင်းခဲ့ရပြီး ထိုအခြေအနေအား အလွန်မုန်းတီးနေပြီ ဖြစ်သည်။

နှိမ့်ချစွာနေခဲ့ခြင်းသည် ဆုံးဖြတ်ချက်ပြတ်သားလာစေသော်ငြား အချိန်ကြာလာသည်နှင့်အမျှ အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မည်။

ယခုအခါ ၂၃ နှစ် ရှိပြီဖြစ်သောကြောင့် အနှေးနှင့်အမြန် ကြုံတွေ့ရမည် ဖြစ်သည်။

ဤအခိုက်အတန့်သည် နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့သော အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်သည်။

ထိုအချိန်မှာပင် နင်ဝမ်ကျိုး၏ဖုန်း မြည်လာသည်။

ခေါ်ဆိုသူမှာ ရှောက်ဖန်းဖြစ်ပြီး ရှင်မောင်မီဒီယာ၌ ကျန်ရှိနေဆဲဖြစ်သော နင်ဝမ်ကျိုး ဖခင်၏ လူယုံများထဲမှ တစ်ဦးဖြစ်ပြီး နင်ထျန်းယို၏ မျက်စိတောက်ထောက် စောင့်ကြည့်ခြင်း ခံနေရသူလည်းဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်များအတွင်း၌ ရှောက်ဖန်းသည် ကုမ္ပဏီတွင်း ကိစ္စများနှင့် ပတ်သက်၍ နင်ထျန်းယို၏ အယုံကြည်ရဆုံး အရင်းအမြစ် ဖြစ်ခဲ့သည်။

ရှောက်ဖန်း၏ လေသံ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။
“ရှောင်ကျိုးရေ.. အခုပဲ သတင်းရတယ်.. နင်ထျန်းယို ဒီညပဲ အဖမ်းခံလိုက်ရတယ်တဲ့.. ပြည့်တန်ဆာမှုနဲ့လို့ ပြောတယ်.. ပြီးတော့ သတင်းက အင်တာနက်တစ်ခုလုံး ပျံ့နေတာ.. ကုမ္ပဏီက အခု ဖရိုဖရဲ ဖြစ်နေပြီ.. မင်းပြန်လာဖို့ အသင့်တော်ဆုံးအချိန်ပဲ..”

နင်ဝမ်ကျိုး တောင့်ခဲသွားသည်။

ဝေ့ပေါ်အား အလျင်အမြန်ဖွင့်ကာ လတ်တလောထိပ်တန်းသတင်းများအား မြင်လိုက်ချိန်တွင် နင်ဝမ်ကျိုး ကြောင်အသွားတော့သည်။

ဒီတော့ ကမ်းလက်ကူက အမှန်တွေ ပြောနေတာပေါ့..

ငါ့ကို လာနှောင့်ယှက်ဖို့ နင်ထျန်းယို လွှတ်လိုက်တဲ့လူ မဟုတ်ဘူးပေါ့..

တကယ် ကူညီပေးဖို့ ရောက်လာတာပဲ..

ပြန်စဉ်းစားကြည့်လျှင် အရာအားလုံး အဓိပ္ပါယ်ရှိသည်။ နင်ထျန်းယိုအတွက် နင်ဝမ်ကျိုး၏ တည်ရှိမှုမှာ ပမွှားအဆင့်သာ ဖြစ်သည်။ ထိုမျှလောက်အထိ ကြိုးစားအားထုတ်ကာ နင်ဝမ်ကျိုးအား ထိန်းသိမ်းထားရန် မလိုအပ်ချေ။

ကမ်းလက်ကူသည် သူ့ထံသို့ ရိုးသားသော ရည်ရွယ်ချက်များဖြင့် ချဉ်းကပ်လာခဲ့သည်။

စေ့စေ့စပ်စပ် တွေးကြည့်လေလေ ကမ်းလက်ကူ၏ ရိုးသားမှုအား ပို၍သိလာလေဖြစ်သည်။ သို့သော် အလွယ်တကူ ယုံကြည်ရန်အတွက် ကြောက်လန့်နေခဲ့မိသည်။

သို့သော် ကမ်းလက်ကူမှာ သူ့အား လက်လျှော့မသွားချေ။

နင်ဝမ်ကျိုး ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာပြီး မျက်လုံးထဲ၌ စိတ်ခံစားချက်များ ပြည့်လွှမ်းလာသည်။

အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ကာ အားနည်းခဲ့သောကြောင့် ရှားပါးအခွင့်အရေးအား ဆုံးရှုံးလုနီးနီးပင်။

နှလုံးသားထဲ၌ ခံစားချက်လှိုင်းများ အုံကြွလာသည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် သူ့ကိုယ်သူ ချိန်ညှိလိုက်နိုင်ပြီး ကမ်းလက်ကူအား မက်ဆေ့ချ်ပို့လိုက်သည်။
“ကျေးဇူးတင်ပါတယ်.. ကျွန်တော် စိတ်ပြင်ဆင်ပြီးပါပြီ.. တရုတ်ကို ပြန်လာပါတော့မယ်..”

ထိုသို့ပို့ပြီးနောက် သူ၏နှလုံးသားထဲရှိ ဝန်ထုပ်တစ်ခု လျော့ကျသွားသလို ခံစားရသည်။

သူတွေးထားသလောက် ခက်ခဲပုံမရချေ။

သို့သော် ကမ်းလက်ကူကြောင့်သာ မဟုတ်လျှင် သူ၏ ခရီးလမ်းမှာ ရှည်လျားနေဦးမည် ဖြစ်သည်။

နောက်ကွယ်ရှိလူအား မသိသလို မည်သည့်ရည်ရွယ်ချက်ဖြင့် ကူညီမှန်းလည်း မသိပေ။ သို့သော် ကောင်းကင်မှ ပြုတ်ကျလာသည့် လက်ဆောင်တစ်ခုဟု ခံစားမိပြီး ၎င်းက သူ့ဘဝတစ်လျှောက် ရရှိဖူးသော အကောင်းဆုံးသော လက်ဆောင်လည်းဖြစ်သည်။

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ခေါင်းမော့လိုက်သည်။ နင်ဝမ်ကျိုး၏ အကြည့်ထဲ၌ ရှင်းလင်းပြတ်သားမှုတို့ ထင်ဟပ်နေသည်။

*

ကုရှင်းရှစ် ဖုန်းတုန်ခါလာသည်ကို ခံစားမိသည်။

ဖွင့်ကြည့်လိုက်ချိန်တွင် နင်ဝမ်ကျိုးထံမှ မက်ဆေ့ချ်ဖြစ်နေလေသည်။

နောက်ဆုံးတစ်ခေါက် စာပို့ပြီးချိန်မှစကာ နင်ဝမ်ကျိုးထံမှ မည်သည့်တုံ့ပြန်မှုမှ မရခဲ့သောကြောင့် နောက်ဆုတ်သွားပြီဟု ယူဆခဲ့မိသည်။

သို့သော် အံ့အားသင့်မိသည်မှာ နင်ဝမ်ကျိုး တရုတ်ပြည်သို့ ပြန်လာရန် ဆုံးဖြတ်ပြီးဖြစ်နေသည်ကိုပင်။

နင်ဝမ်ကျိုး ပေးပို့ထားသည့် လက်မှတ်ပါ အချက်အလက်များအားကြည့်ကာ နင်ထျန်းယို အဖမ်းမခံရမီ လက်မှတ်ဖြတ်ထားခြင်းဖြစ်ကြောင်း ကုရှင်းရှစ် သိလိုက်ရသည်။

ရုတ်တရက် ကုရှင်းရှစ် စိတ်ပျော့သွားသည်။

အထူးသဖြင့် နင်ဝမ်ကျိုးမှ သတိထားဟန်ဖြင့် မက်ဆေ့ချ်ပို့လာချိန်၌ ဖြစ်သည်။

[မင်း စိတ်မဆိုးဘူး မဟုတ်လား..]

အစာကျွေးနေကျ ကြောင်ကလေးမှာ ကြောက်ရွံ့သော်ငြား အဝေးမှ လှမ်းလှမ်းကြည့်နေတတ်သည့် ခံစားချက်မျိုး ဖြစ်သည်။

ကြောင်ကလေးမှာ စိတ်မကျေလည်စွာဖြင့် ထွက်သွားတော့မည်ဟု တွေးမိစဉ် ရုတ်တရက် ပြေးလာပြီး သနားဖွယ်ကောင်းစွာ အော်နေသလိုပင်။

ကုရှင်းရှစ် ခေါင်းယမ်းကာ ရယ်စရာကောင်းသည့် အတွေးအား ခါထုတ်လိုက်သည်။

[ပြန်ရောက်လာရင် ဘာလုပ်ရမယ်ဆိုတာ စဉ်းစားထားလား..]

အခြားတစ်ဖက်မှ ‘စာရိုက်နေသည်....’ ဟုသာပြနေသည်။

ကုရှင်းရှစ် စည်းကျော်သွားပြီဟု သဘောပေါက်သွားသောကြောင့် မက်ဆေ့ချ်အား ပြန်ဖျက်မည် ပြုစဉ်မှာပင် နင်ဝမ်ကျိုးက သူ့အစီအစဉ်များနှင့် ပတ်သက်၍ ပြန်ဖြေသည်။

ကုရှင်းရှစ်က စီးပွားရေးလုပ်ငန်းစဉ်များအား နားမလည်သော်ငြား ကြားဖူးထားသည့် ရုံးတွင်းအတင်းအဖျင်းများမှတစ်ဆင့် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များအား ပြောပြလိုက်သည်။

နင်ဝမ်ကျိုး၏ မျက်နှာအမူအရာမှာ ပိုမိုလေးနက်လာသည်။

ဤအခြေအနေထိ ရောက်လာပြီးနောက် ကုရှင်းရှစ်အား အနည်းငယ်မျှပင် သံသယမရှိတော့ချေ။ ထို့ကြောင့် အနည်းငယ် အံ့အားသင့်နေမိသည်။

ထိုပြဿနာများမှာ ထိပ်တန်းလျှို့ဝှက်ချက်များ မဟုတ်သည့်တိုင်အောင် ဖျော်ဖြေရေးလောကမှ မဟုတ်သူများအနေဖြင့် သိရန်အကြောင်း မရှိချေ။

သို့သော် ကုရှင်းရှစ်မှာ ထိုအရာများအား သိရုံသာမကဘဲ အတွင်းကျကျ သိရှိထားသည်။

ထိုသည်ကပင် ကုရှင်းရှစ်၏ အဆင့်အတန်းမှ မနိမ့်လောက်ဟု ပြနေခြင်းဖြစ်သည်။

အဓိကအချက်မှာ ကုရှင်းရှစ်သည် ထိုအရာများအား သင်ကြားပို့ချပေးခြင်း မဟုတ်ဘဲ ပေါ့ပေါ့တန်တန် ပြောပြရုံသာဖြစ်သောကြောင့် သာမန်ရုံးတွင်း အတင်းအဖျင်းများဟုပင် ထင်ရသည်။

သူတို့နှစ်ဦးမှာ သက်တူရွယ်တူများ ဖြစ်နိုင်လောက်သော်ငြား ကုရှင်းရှစ်သည် အလွန်အမင်းတည်ငြိမ်ကာ ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာ၌လည်း အတွေ့အကြုံပြည့်ဝသည်။

နင်ဝမ်ကျိုးသည် ကုရှင်းရှစ်အား ပို၍ပို၍ပင် လေးစားအားကျလာတော့သည်။
(သူက ကမ်းလက်ကူကို ကုရှင်းရှစ်မှန်း မသိသေးပါဘူးနော်.. E-tran က ကုရှင်းရှစ်လို့ သုံးထားတာပါ)

သေသေချာချာ စဉ်းစားပြီးနောက် နှစ်ဦးသား ပိုမိုစကားပြောဆိုနိုင်ရန် မျှော်လင့်မိသည်။

သို့သော် ကုရှင်းရှစ်ထံမှ စာဝင်လာသည်။
[ဒီလောက်နဲ့ပဲ တော်ကြစို့.. ငါ့မှာ ကိစ္စလေး ရှိသေးလို့..]

နင်ဝမ်ကျိုး အနည်းငယ် ရှက်ရွံ့သွားသည်။

ထိုလူမှာ အလုပ်များသူဖြစ်ပြီး နေ့စဉ်နေ့တိုင်း မရေမတွက်နိုင်အောင် များပြားသည့် ကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းနေရသည်။ 
ဘာလို့ အသေးအမွှား ကိစ္စလေးတွေနဲ့ ပတ်သက်ပြီး အနှောင့်အယှက် သွားပေးမိတာလဲ…

သူက အလျင်အမြန်ပင် ရေးလက်စ မက်ဆေ့ချ်အားဖျက်လိုက်ပြီးနောက် ပြောလိုက်သည်။

[ကောင်းပြီလေ.. လုပ်စရာရှိတာ လုပ်ပါ..]

နင်ဝမ်ကျိုး မသိလိုက်သည်မှာ ထိုအချိန်၌ အဆိုပါ ‘အကောင်ကြီးကြီး အမြီးရှည်ရှည် ပုဂ္ဂိုလ်’ မှာ လက်ထဲရှိ ဖုန်းအားချကာ ပါဆယ်ဘူးအား တရိုတသေနှင့် ဖွင့်လိုက်သည်ကိုပင်။ ထို့နောက် ရွှေရောင်သန်းကာ ကြွပ်ရွနေသည့် ကြက်ကြော်အား ပျော်ရွှင်စွာဖြင့် စိုက်ကြည့်ရင်း ပါးစပ်ထောင့်မှ သွားရည်များပင် ကျနေသည်။

*

ဝမ်ယွဲ့က ရုံးခန်း၌ ထိုင်ကာ သူ့ရှေ့မှ တာဝန်ရှိသူအား မျက်နှာထားတင်းတင်းဖြင့် မေးလိုက်သည်။
“ပြောရေးဆိုခွင့်ရှိသူနဲ့ ပတ်သက်တာက ဘယ်လိုအခြေအနေရှိလဲ..”

တာဝန်ရှိသူက နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ အလျင်အမြန် တင်ပြသည်။
“ယန်လောယွမ်ရဲ့ ဖြစ်ရပ်ကြောင့် ချက်ချင်းပဲ စာချုပ်ကို ရပ်စဲလိုက်ပါတယ်.. ဥပဒေဌာနက တရားစွဲဆိုပြီးပါပြီ.. ကြော်ငြာကလည်း မထုတ်လွှင့်ရသေးတာကြောင့် ပုံရိပ်ထိခိုက်မှု မရှိသလောက်ပါပဲ.. ကျွန်တော်တို့ ကမ်ပိန်းအတွက် စိတ်ကူးအသစ်တွေ ပြင်ဆင်ထားပါတယ်.. သတင်းစာရှင်းလင်းပွဲမှာ ကြေညာပြီးတာနဲ့ ပြဿနာတွေ လျော့သွားမှာပါ..”

ဝမ်ယွဲ့၏ အမူအရာမှာ မပြောင်းမလဲ ရှိနေဆဲပင်။ ခေါင်းမညိတ်သလို မျက်မှောင်လည်း မကြုတ်ချေ။

တာဝန်ရှိသူမှာ စကားပြောနေရင်း ပိုမိုစိတ်လှုပ်ရှားလာသည်။

ထို့နောက် ဝမ်ယွဲ့က မေးလိုက်သည်။
“ကျန်တဲ့သူတွေကိုရော ပြန်စစ်ဆေးပြီးပြီလား.. သူတို့အခြေအနေကရော..”

“ဟုတ်ကဲ့.. စစ်ဆေးပြီးပါပြီ..”
ထိုသို့ပြောရင်း ဖိုင်ကမ်းပေးလိုက်သည်။

ဝမ်ယွဲ့ ဖတ်ရှုနေချိန်၌ အခန်းတစ်ခုလုံး တိတ်ဆိတ်ပြီး စာရွက်လှန်သံတစ်ခုတည်းသာ ရံဖန်ရံခါ ထွက်ပေါ်လာသည်။

တာဝန်ရှိသူမှာ ပို၍ပင် မသက်မသာဖြစ်လာသည်။

ဝမ်ယွဲ့က များသောအားဖြင့် ကိစ္စကြီးများမှအပ ကျန်ကိစ္စများအား လက်အောက်ငယ်သားများကိုသာ လွှဲထားတတ်သူဖြစ်သည်။ ယန်လောယွမ်၏ လတ်တလော ကောလာဟလကဲ့သို့သော ပြဿနာကြီးမတိုင်မီ လူငယ်လိုင်းအတွက် ထောက်ခံချက် တစ်ခုလုံးအား သူ၏အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုကောလာဟလသည် ဝမ်ယွဲ့အား အာရုံစိုက်လာစေပြီး ယခုအခါ လူငယ်လိုင်းနှင့် ပတ်သက်သည့် မည်သည့်ကိစ္စမဆို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုစစ်ဆေးလေသည်။

တာဝန်ရှိသူက လျန်ဝမ်ကျွင်းအား မျက်နှာသာပေးသည့်အနေနှင့် သင်တန်းသားနှစ်ဦးအား ဘရန်းကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားမိသဖြင့် စိုးရိမ်ပူပန်နေမိသည်။

ယန်လောယွမ်၏ ကောလာဟလသာ မရှိခဲ့လျှင် ထိုသင်တန်းသားနှစ်ဦးအား သတိမူမိမည် မဟုတ်‌ချေ။ ယခုအခါ ဝမ်ယွဲ့က စိတ်မပျော်ရွှင်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ မေးလာသည်။

ရှောင်နိုင်မည့်လမ်း မရှိသဖြင့် အလုပ်ကိစ္စအတွက် မြို့တော်သို့ ပြန်ရောက်နေသည့် စွန်းဟုန်ဖေးအား မေးလိုက်သည်။ စွန်းဟုန်ဖေးက [Boy Group Training Camp] ၏ တာဝန်ရှိသူ ဖြစ်သောကြောင့် မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အကြောင်း သိလေသည်။ ကြော်ငြာနှင့် သဘောတူစာချုပ်အတွက် အကြိမ်ပေါင်းများစွာ ဆွေးနွေးတွေ့ဆုံရာမှ နှစ်ဦးသား အသိအကျွမ်းများ ဖြစ်လာကြသည်။ 

စွန်းဟုန်ဖေးက ထိုအကြောင်းအားကြားချိန်တွင် သနားကရုဏာသက်ရမည့်အစား လျှို့ဝှက်နက်နဲစွာ ပြောသည်။
“ငါ့ကိုယုံ.. တခြားအပိုတွေ မလုပ်နဲ့.. မင်းရဲ့ လက်ထဲမှာရှိတဲ့ စာရွက်စာတမ်းတွေကိုသာ ကမ်းပေးလိုက်.. ဥက္ကဌက တစ်ခုခု မေးလာရင် အရိုးသားဆုံးသာ ဖြေနော်.. အဆင်ပြေသွားလိမ့်မယ်..”

“သေချာလို့လား.. ကျွန်တော် သိထားသင့်တာမျိုး ရှိနေသေးလား..”

စွန်းဟုန်ဖေးက ထို့ထက်ပိုပြောရန် ငြင်းဆန်လိုက်ပြီး သူပြောသလိုသာလုပ်ရန် ထပ်ကာထပ်ကာ ပြောသည်။

တာဝန်ရှိသူက စွန်းဟုန်ဖေး၏ အကြောင်းအား ကြားဖူးထားသည်။ စွန်းဟုန်ဖေးသည် ယခင်က ထျန်းချန်ဗီဒီယို၏ မထင်မရှား အဆင့်နိမ့်မန်နေဂျာဘဝမှ [Boy Group Training Camp] ကြောင့် သိသိသာသာ မြင့်တက်လာခဲ့သည်။ အမျိုးမျိုးသော အငြင်းပွားမှုများကြောင့် ရှိုး၏ ကြည့်ရှုနှုန်းနှင့် ရေပန်းစားကျော်ကြားမှုမှာ တစ်ပိုင်းထက်တစ်ပိုင်း ပိုမိုမြင့်တက်လာသည်။

အရေးအကြီးဆုံးအချက်မှာ ဝမ်ယွဲ့ရှေ့၌ နာမည်တစ်လုံးရယူထားနိုင်ခြင်း ဖြစ်သည်။

စွန်းဟုန်ဖေး၏ မြင့်တက်လာမှုကြောင့် ကုမ္ပဏီရှိလူတိုင်း မနာလိုဖြစ်လာကြသည်။

တကယ်ပဲ ဘာမှမသိတာ ဖြစ်နိုင်လား..

ထို့ကြောင့် တာဝန်ရှိသူက ဤတစ်ကြိမ်၌ စွန်းဟုန်ဖေးအား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ဝမ်ယွဲ့ရှေ့၌ မတ်တတ်ရပ်နေရချိန်တွင် ဝမ်ယွဲ့၏ အသေးစိတ်ကျကျ မေးခွန်းများကြောင့် သတ္တိများ တဖြည်းဖြည်းချင်း ယုတ်လျော့လာသလို ခံစားနေရသည်။

ထိုအချိန်မှာပင် ဝမ်ယွဲ့က အစီရင်ခံစာအား လက်ဖြင့်ထောက်လိုက်သည်။
“ဒီနှစ်ယောက် အကြောင်းကရော..”

တာဝန်ရှိသူ ကြည့်လိုက်ချိန်တွင် ဝမ်ယွဲ့က မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့အား ရည်ညွှန်းနေခြင်းဖြစ်သည်။

အကြောင်းပြချက်အသစ်ရှာရန် အချိန်မရှိတော့သဖြင့် စွန်းဟုန်ဖေး၏ အကြံအတိုင်း ထိုနှစ်ဦးအား လျန်ဝမ်ကျွင်းမှ ထောက်ခံပေးထားခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။

“သူတို့က လျန်ဝမ်ကျွင်းနဲ့ လက်မှတ်ထိုးထားတာလား..”

တာဝန်ရှိသူက ခေါင်းယမ်းလိုက်သည်။
“မဟုတ်ပါဘူး.. သူတို့ရဲ့ ကုမ္ပဏီနာမည်က လဲ့ရှစ်ပါ.. လျန်ဝမ်ကျွင်းက လဲ့ရှစ်ရဲ့ ပိုင်ရှင်နဲ့ မန်နေဂျာဖြစ်တဲ့ ကုရှင်းရှစ်နဲ့ ဆက်ဆံရေးကောင်းလို့ပါ..”

ထိုသို့ပြောပြီးနောက် စိတ်အနှောင့်အယှက် ဖြစ်ပုံမရသည့် ဝမ်ယွဲ့အား မသိမသာ ကြည့်လိုက်ပြီး ဆက်ပြောသည်။
“သူတို့ကို ရွေးချယ်ရတဲ့ အဓိကရယ်ရွယ်ချက်က ကျွန်တော်တို့ကိုယ်ပိုင် အရည်အချင်းပြရှိုးက ဖြစ်တာကြောင့်ပါ.. နောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုတွေမှာလည်း ပိုပြီးလွယ်ကူလာပြီး ကုမ္ပဏီအတွက်လည်း ဂုဏ်သတင်းမြင့်လာစေမှာပါ..”

မုန့်ယွမ်ရှန့်နှင့် ကျန်းမော့တို့ကြားရှိ ကောလာဟလမှာ အင်တာနက်တစ်ခွင် ပျံ့နှံ့လျက်ရှိပြီး တာဝန်ရှိသူသည် ထိုအရာများအား လေ့လာကာ ဝမ်ယွဲ့ထံတင်ပြသည့် အစီရင်ခံစာထဲ၌ ပူးတွဲတင်ပြလိုက်သည်။

ဝမ်ယွဲ့က အစီရင်ခံစာအား ဖတ်ရှုနေရင်း အာရုံမစိုက်နိုင်ဘဲ ရှိလေသည်။

လဲ့ရှစ်ဟူသည့် အမည်အား ရင်းနှီးနေပုံရသည်။

ယင်းမှာ သူ၏ ဦးလေးငယ် ယန်ကျစ်ဟန့် ပွဲဦးထွက်ခဲ့သည့် ကုမ္ပဏီပင်ဖြစ်သည်။

ဝမ်ယွဲ့၏ မိခင်က သူမ၏ မိသားစုနှင့် ခပ်တန်းတန်းဆက်ဆံခဲ့သောကြောင့် မိခင်ဘက်မှ မိသားစုနှင့် အဆက်အသွယ် အနည်းငယ်သာရှိပြီး ယန်ကျစ်ဟန့်နှင့် တွေ့ဆုံဖူးသည့် အကြိမ်အရေအတွက်မှာ လက်ငါးချောင်းပင် မပြည့်ချေ။

ဦးလေးငယ်၏ ပုန်ကန်မှုနှင့် ပတ်သက်သည့် ဇာတ်လမ်းများအား ကြားဖူးထားသည်။

ဦးလေးငယ်က မိသားစုအား ဖီဆန်ကာ ကုမ္ပဏီအသေးတစ်ခုအား လျှို့ဝှက်ဝင်ရောက်ပြီး မမျှော်လင့်ဘဲနှင့် အောင်မြင်လာခဲ့သည်။

ဦးလေးငယ်က ယန် နှင့် ဝမ် မိသားစုများအား မမှီခိုဘဲနှင့် ပေါ့ပါးလွတ်လပ်စွာ နေထိုင်ခဲ့သည်။

ဝမ်ယွဲ့၏မိခင် ကွယ်လွန်သွားချိန်၌ ယန်ကျစ်ဟန့် လာရောက်ဂါရဝပြုခဲ့သည်။

ထိုစဉ်က ဝမ်မိသားစုအတွင်းပိုင်း ပဋိပက္ခမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။

မိခင်ဖြစ်သူ၏ နာရေး၌ပင် ဝမ်ယွဲ့မှာ အစောင့်အကြပ် လျော့မထားနိုင်ချေ။

ဤဦးလေးငယ်မှာ သူနှင့် အနီးကပ်ဆက်ဆံရေး မရှိသည့်တိုင်အောင် ပခုံးပုတ်ပေးပြီး တိတ်တဆိတ်နှင့် သူ၏ သီးသန့်ဖုန်းနံပါတ် ပါရှိသည့် ကတ်တစ်ခုပေးလာသည်။
“ဦးလေးကို လိုအပ်ရင် ဆက်သွယ်လိုက်..”

ဝမ်မိသားစုအား ဝမ်ယွဲ့ ထိန်းချုပ်ပြီးနောက် ယန်ကျစ်ဟန့်သည် ဖျော်ဖြေရေးလောကမှ အနားယူကာ နိုင်ငံခြားသို့ ထွက်ခွာသွားတော့သည်။

ဝမ်ယွဲ့သည် ဦးလေးဖြစ်သူ၏ ကတ်အား အသုံးမပြုခဲ့သော်ငြား ထိုကြင်နာမှုအား အမြဲတစေ မှတ်မိနေခဲ့သည်။

ဦးလေးဖြစ်သူ၏ ဂျူနီယာလေးများဖြစ်ကြောင်း စဉ်းစားမိသဖြင့် ဝမ်ယွဲ့က ထိုနှစ်ဦးနှင့် ပတ်သက်၍ တင်းတင်းကြပ်ကြပ် မပြုလုပ်သင့်ဟု ဆုံးဖြတ်လိုက်သည်။

ထို့နောက် တာဝန်ရှိသူအား စကားဆက်မပြောရန် လက်မြှောက်လိုက်သည်။
“သူတို့ကို သေချာလေး စစ်ဆေးပြီးပြီဆိုရင်လည်း ဆက်သုံးလိုက်ပေါ့..”

ညွှန်ကြားချက်ပေးပြီးနောက် ဝမ်ယွဲ့က တခြားအလုပ်ကိစ္စများအား ဆက်စစ်ဆေးနေသည်။

တာဝန်ရှိသူမှာမူ မျက်လုံးအပြူးသားဖြစ်နေသည်။

ခဏလေး.. ဒီလိုပဲ ပြီးသွားတာလား..

ဝမ်ယွဲ့မှာ နောက်ထပ်ခေါင်းစဉ်တစ်ခုအား ဆက်ပြောနေပြီဖြစ်သောကြောင့် သူ၏ အစီရင်ခံစာအား အလျင်အမြန် အာရုံစိုက်ရတော့သည်။

အစည်းအဝေး ပြီးဆုံးပြီးနောက် ဝမ်ယွဲ့၏ ရုံးခန်းထဲမှ ကြောင်အစွာဖြင့် ထွက်လာမိသည်။

စွန်းဟုန်ဖေးက မလိမ်ဘူးပဲ..

တကယ်ကြီး ပြဿနာမရှိဘူး..

တာဝန်ရှိသူမှာ လုပ်ဖော်ကိုင်ဖက်၏ ထိုးထွင်းသိမြင်စွမ်းအား အလွန်အမင်း အထင်ကြီးလေးစားမိသောကြောင့် အရက်ကောင်းတစ်ပုလင်းဝယ်ကာ ထိုနေ့ညနေ၌ စွန်းဟုန်ဖေးထံ သွားလည်သည်။

စွန်းဟုန်ဖေးမှာ နှစ်ခွက်ခန့် သောက်ပြီးနောက် အာရွှင်လာပြီး ပခုံးဖက်ကာ ကြွားဝါတော့သည်။
“ဆိုတော့ ဘယ်လိုလဲ.. အဆင်ပြေသွားမှာပါလို့ ငါ မပြောဘူးလား..”

တာဝန်ရှိသူက စွန်းဟုန်ဖေးအား အရက်ငှဲ့ပေးပြီး ဆက်လက်ချီးကျူးစကားပြောသည်။ စွန်းဟုန်ဖေး သတိလျော့လာသည်နှင့် မသိမသာ မေးလိုက်သည်။
“အစ်ကိုစွန်း.. အဲဒီ သင်တန်းသား နှစ်ယောက်နဲ့ ဥက္ကဌ ဝမ်ရဲ့ ဆက်ဆံရေးက ဘာလဲ.. ဥက္ကဌဝမ်က ဘာလို့ သူတို့ကို သက်ညှာပေးတာလဲ..”

“သင်တန်းသား နှစ်ယောက်ကို သက်ညှာပေးတာလား.. လုံးဝပဲ.. အားလုံးက ကုရှင်းရှစ်ကြောင့်..”
စွန်းဟုန်ဖေးက သဘောမတူစွာ ကန့်ကွက်လိုက်သည်။

“ကုရှင်းရှစ် ဟုတ်လား.. လဲ့ရှစ်ရဲ့ ဥက္ကဌ ကုရှင်းရှစ်လား..”

“ဘယ်သူရှိဦးမှာလဲ..”
စွန်းဟုန်ဖေး ကိုယ်ကိုကိုင်းကာ အမူးသမားပြုံး ပြုံးလိုက်သည်။
“နားထောင်.. ငါတို့က ရင်းနှီးလို့ ပြောပြတာ.. မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်.. ဘယ်သူ့ကိုမှ ပြန်ပြောလို့ မရဘူးနော်..”

တာဝန်ရှိသူက အလျင်အမြန်ပင် အရက်ငှဲ့ပေးပြီးနောက် ရင်ဘတ်ပုတ်ကာပြောသည်။
“စိတ်ချပါ.. ကျွန်တော်ပဲ သိစေရမယ်..”

စွန်းဟုန်ဖေးက အသံတိုးကာ ပြောသည်။
“ငါပြောမယ်ကွ.. ငါတို့ ဥက္ကဌဝမ်နဲ့ ကု.. သူတို့က ပတ်သက်နေတာ..”

တာဝန်ရှိသူမှာ လက်များပင်တုန်လာပြီး အရက်များ မှောက်ကျလုနီးနီးပင်။ တုန်ယင်စွာဖြင့် ပုလင်းအားပြန်ချပြီး မေးလိုက်သည်။
“သေချာလို့လား.. ဘယ်လိုလုပ်ပြီး သိတာလဲ..”

စွန်းဟုန်ဖေးမှာ သံသယဝင်ခံရသောကြောင့် စိတ်ဆိုးသွားသည်။
“သေချာတာပေါ့.. စဉ်းစားကြည့်စမ်း.. မင်း ကုရှင်းရှစ်အကြောင်းပြောတော့ ဥက္ကဌရဲ့ အမူအရာက ဘယ်လိုမျိုးလဲ..”

တာဝန်ရှိသူက သေသေချာချာ ပြန်တွေးလိုက်သည်။
“သူ.. ကြည့်ရတာ တစ်ခုခုကို လွမ်းဆွတ်သွားသလိုပဲ.. မျက်နှာက အမြဲပဲ အေးစက်နေတာလေ.. အဲတုန်းကကျ နည်းနည်း နူးညံ့သွားသလားလို့..”

“တွေ့လား..”
စွန်းဟုန်ဖေးက သူ့နောက်ကျောအား လက်ဖြင့်ပုတ်လိုက်သည်။
“ဥက္ကဌကို အဲဒီလို အမူအရာမျိုး ဘယ်တုန်းက မြင်ဖူးလဲ.. နာမည်လေး ကြားရုံနဲ့တင် နူးညံ့သွားစေတာ.. အဲဒါ အချစ်ပဲကွ..”

“အာ..”
တာဝန်ရှိသူက ရုတ်တရက် နားလည်သွားပြီး စွန်းဟုန်ဖေးအား လက်မထောင်ပြလိုက်သည်။
“အစ်ကိုစွန်း.. ခင်ဗျားတို့ ဖျော်ဖြေရေးလောက,က လူတွေက တကယ်ပဲ စူးစမ်းလေ့လာအား ကောင်းကြတယ်.. ကျွန်တော်တို့အုပ်ချုပ်ရေးပိုင်းက လူတွေကတော့ တကယ်ပဲ အမြင်မရှိပါဘူး..”

“ဘာမှမဟုတ်ပါဘူးကွာ.. ဒါက ရာထူးတိုးဖို့ လျှို့ဝှက်ချက်လေ.. မင်းသိတယ်မလား.. ငါတို့က ညီအစ်ကိုတွေမို့လို့ မင်းကိုပဲ ပြောပြတာနော်..”

“ကျွန်တော်သိတယ်.. သိတယ်..”
ထို့နောက် တာဝန်ရှိသူက ချီတုံချတုံဖြစ်ပြီးနောက် မေးလိုက်သည်။
“အစ်ကိုစွန်း.. ကျွန်တော် တစ်ခုလောက် အကြံတောင်းချင်လို့..”

“ပြောလေ..”

“ရှင်းမောင်မီဒီယာရဲ့ ဥက္ကဌနင်က ကုရှင်းရှစ်အပေါ် အငြိုးထားနေတယ်လို့ ကျွန်တော်ကြားထားတယ်.. အဲဒီကိစ္စကို ဥက္ကဌဝမ်ဆီ ပြောသင့်လား..”

“လုံးဝ မပြောသင့်ဘူးပေါ့..”
စွန်းဟုန်ဖေး မျက်မှောင်ကြုတ်လိုက်သည်။
“ဥက္ကဌကို ပြောလိုက်ရင် မင်းက သူတို့အကြောင်း သိထားပါတယ်လို့ ဝန်ခံလိုက်တာနဲ့ မတူဘူးလား..”

“ဟမ်..”
တာဝန်ရှိသူ နားမလည်နိုင်တော့ချေ။
“အဲဒါက ပြဿနာရှိလို့လား..”

“မင်း နားမလည်သေးဘူးပဲ.. သူတို့အတွဲက အဲ့လိုပဲကွ..”
စွန်းဟုန်ဖေး လက်ယမ်းလိုက်သည်။
“ပြီးတော့ မင်းလည်း နင်ထျန်းယိုက ဘယ်လိုလူစားမျိုးလည်း သိတာပဲလေ.. ဥက္ကဌဝမ်သာ မှားယွင်းဆုံးဖြတ်မိရင် မင်းက မီးတောတဲ့ဝင်တိုးမိတဲ့ ပိုးဖလံ ဖြစ်သွားလိမ့်မယ်..”

“ဟုတ်သားပဲ..”

တာဝန်ရှိသူက ထပ်ကာထပ်ကာ ခေါင်းညိတ်လိုက်ပြီး ဉာဏ်အလင်းရသွားပုံပင်။ သို့သော် စိုးရိမ်မိနေဆဲ ဖြစ်သည်။

“ဒါပေမဲ့ အဲဒါကြောင့်နဲ့တော့ ကျွန်တော်တို့ လျစ်လျူရှုထားရတော့မှာလား..”

“လုံးဝ မဟုတ်ဘူးပေါ့..”
စွန်းဟုန်ဖေးက ယုံကြည်ချက်ရှိစွာ ပြောသည်။


🍉🍉🍉🍉 အခန်း ၃၄


“မင်းလုပ်ရမှာက လဲ့ရှစ်မှာ နောက်ခံရှိတယ်ဆိုတဲ့ အကြောင်းကို ဖြန့်ဖို့ပဲ.. ဘယ်သူလဲဆိုတာတော့ မသိစေနဲ့ပေါ့.. သူတို့သာ ဉာဏ်ကောင်းရင် ဥက္ကဌဝမ်ဆိုတာ ခန့်မှန်းမိကြလိမ့်မယ်.. ဖျော်ဖြေရေးလောကရဲ့ မပြောဘဲသိထားရမယ့် စည်းမျဉ်းတွေအရ သူတို့က ကုရှင်းရှစ်ကို သွားရှုပ်ရဲမှာ မဟုတ်တော့ဘူး.. ဒီလိုနဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်.. ရလဒ်သာကောင်းရင် ကုရှင်းရှစ်ရဲ့ ကျေးဇူးတင်တာကိုပါ ရနိုင်တယ်.. ခဲတစ်လုံးနဲ့ ငှက် ၃ ကောင် ပစ်ပြီးသား ဖြစ်တာ‌ပေါ့..”

“အစ်ကိုစွန်းက အကောင်းဆုံးပဲ.. ကမ်းပေ့..”

*

လတ်တလော ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် နင်ထျန်းယို ပြန်လည်လွတ်မြောက်လာရန် အတော်လေး ကြိုးစားလိုက်ရပြီး လှောင်ပြောင်ရယ်မောခံရလေသည်။

ပို၍ဆိုးဝါးသည်မှာ ကုမ္ပဏီသို့ ပြန်လာချိန်၌ နင်ဝမ်ကျိုး ရောက်ရှိနေသည်ကို တွေ့လိုက်ရခြင်းပင်။

လွန်ခဲ့သော နှစ်များစွာက နင်ထျန်းကျိုးနှင့် ဇနီးဖြစ်သူ ချန်ထားရစ်သော သေတမ်းစာအရ ရှင်းမောင်မီဒီယာ၏ ဆက်ခံသူ အစစ်အမှန်မှာ နင်ဝမ်ကျိုးဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် နင်ထျန်းယိုသည် ကုမ္ပဏီအား အောင်မြင်စွာ ချုပ်ကိုင်ထားနိုင်ပြီး နင်ဝမ်ကျိုးအား ပြည်ပသို့ စေလွှတ်ကာ ရှင်းမောင်မီဒီယာအား သူ၏ ကိုယ်ပိုင်ကစားကွင်းသဖွယ် ပြုမူခဲ့သည်။

ယခုအခါ နင်ဝမ်ကျိုး ပြန်လည်ရောက်ရှိလာပြီး လူသိရှင်ကြား ဖမ်းဆီးထိန်းသိမ်းခံရမှုကြောင့် ဒါရိုက်တာအဖွဲ့သည် နင်ထျန်းယိုအား မကျေမနပ် ဖြစ်နေကြသည်။

ဤအခြေအနေအား အခွင့်ကောင်းယူကာ နင်ဝမ်ကျိုးက ကုမ္ပဏီ၌ ခိုင်မာစွာ ခြေကုပ်ရယူလိုက်နိုင်သည်။

နင်ထျန်းယို ပြန်လည်ရောက်ရှိလာချိန်၌မူ နင်ဝမ်ကျိုးမှာ အခိုင်အမာ ခြေကုပ်ယူထားပြီး ဖြစ်သောကြောင့် တားဆီးရန် မဖြစ်နိုင်တော့ချေ။

နင်ဝမ်ကျိုး၏ ဘဝင်ခိုက်နေသည့် အမူအရာကြောင့် နင်ထျန်းယိုမှာ အားတင်းပြုံးကာ ဂုဏ်ပြုစကား ပြောလိုက်ရသည်။

အိမ်ပြန်ရောက်ချိန်၌ နင်ထျန်းယိုက ချက်ချင်းဆိုသလို ယုံကြည်စိတ်ချရသည့် လက်အောက်ငယ်သားများအား ခေါ်ယူကာ နင်ဝမ်ကျိုး ပြန်လည်ရောက်ရှိလာရသည့် အကြောင်းအရင်းအား စုံစမ်းရန် အမိန့်ပေးသည်။

နင်ဝမ်ကျိုး ပြန်ရောက်လာသည့်နေ့မှာ သူအဖမ်းခံရသည့်နေ့နှင့် တစ်နေ့တည်း ဖြစ်နေသည်ကို သိရှိပြီးနောက် နင်ဝမ်ကျိုးမှာ နင်ထျန်းယို ပြဿနာတက်တော့မည်ကို သိရှိထားသောကြောင့် အချိန်ကိုက်ပြန်လာခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

သူ အံတင်းတင်းကြိတ်ကာ ဒေါသတကြီး ကြိမ်းဝါးလိုက်သည်။
“ငါသိနေတယ်.. ကိစ္စတစ်ခုလုံးက လုံးဝ မရိုးရှင်းဘူး..”

နင်ထျန်းယို၏ လက်အောက်ခံတစ်ဦးမှ ပြောသည်။
“မစ္စတာနင်.. ကျွန်တော်တို့ အခုပဲ သတင်းရထားပါတယ်.. လဲ့ရှစ်မှာ နောက်ခံရှိနေတယ်တဲ့.. သတင်းက တျန်းရွှမ်မိုဘိုင်းဘက်က ထွက်လာတာပါ.. တခြားသူတွေအားလုံးကို သတိပေးဖို့ ကြံရွယ်ထားပုံပါပဲ.. ကျွန်တော်ထင်တာတော့ သူတို့က ကျွန်တော်တို့ကို ရည်ရွယ်နေသလိုပါပဲ..”

အနည်းငယ် စဉ်းစားပြီးနောက် နင်ထျန်းယိုက ကောက်ချက်ချသည်။
“ဝမ်ယွဲ့ပဲ ဖြစ်ရမယ်..”

ထိုသို့သာဆိုလျှင် သူဖမ်းဆီးခံရသည့် နောက်ကွယ်၌ ရှိနေသူမှာ ဝမ်ယွဲ့ဖြစ်ပြီး နင်ဝမ်ကျိုးအား သတင်းပေးသူမှာလည်း အဆိုပါ ဝမ်မျိုးရိုးသာ ဖြစ်လိမ့်မည်။

ဝမ်ယွဲ့က ရှင်းမောင်မီဒီယာအား ပစ်မှတ်ထားနေလျှင် မည်သည်ကြောင့် ဤကဲ့သို့သော နည်းလမ်းများအား အသုံးပြုနေရလဲဟု နင်ထျန်းယို အံ့အားသင့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ဝမ်ယွဲ့သည် နင်ဝမ်ကျိုးအား ပြန်လည်ခေါ်ယူကာ နင်ထျန်းယိုအား စိန်ခေါ်စေသည်။ ထို့နောက် နင်ဝမ်ကျိုးသည် အတွင်းလူအနည်းငယ်သာ သိထားနိုင်သည့် စီးပွားရေးလုပ်ငန်းကိစ္စများ၏ ဘေးအန္တရာယ်များမှ သိသာထင်ရှားစွာ ရှောင်တိမ်းနိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိပြီးနောက် ဝမ်ယွဲ့၏ အကူအညီ မပါဟု ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။ 

အတွင်းလူများသာ သိနိုင်မည့် အချက်အလက်များအား နင်ဝမ်ကျိုးထံ ပေးပို့သူမှာ သေချာပေါက် ဝမ်ယွဲ့ပင် ဖြစ်မည်။

ထိုသို့ဆိုလျှင် ကျူရှင်း၏ စကားများမှာ အဓိပ္ပါယ်ရှိလာသည်။

ချစ်သူလေးကို ကာကွယ်ဖို့ ဒီလိုတွေ လုပ်တော့ပေါ့လေ..

ဝမ်ယွဲ့က ဘယ်လိုတောင် အချစ်ရူးနေတာလဲ..

“ဟတ်ချိုး..”

အလုပ်ကြိုးစားနေရှာသူ ဝမ်ယွဲ့မှာ ရုတ်တရက် နှာချေမိတော့သည်။

×××××

နိုင်ငံတွင်းသို့ ပြန်လာပြီးနောက် နင်ဝမ်ကျိုးသည် နင်ထျန်းယို ဖန်တီးလာနိုင်သည့် ပြဿနာအမျိုးမျိုးနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ 

သို့သော် လဝက်ကြာသည့်တိုင်အောင် နင်ထျန်းယိုမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေလေသည်။

နှစ်ပေါင်းများစွာ နင်ထျန်းယို၏ စောင့်ကြည့်မှုအောက်၌ နေထိုင်ခဲ့ရခြင်း မဟုတ်လျှင် ဦးလေးဖြစ်သူမှာ ကြင်နာတတ်ပြီး သူတစ်ပါးအကျိုး လိုလားသူဟု ထင်သွားနိုင်သည်။

ရှောက်ဖန်း သိရှိသွားချိန်၌ သူသည်လည်း ထူးဆန်းသည်ဟု ခံစားမိသည်။

နင်ထျန်းယိုမှာ အကွက်ကြီးကြီးရွှေ့ရန် ခြေတစ်လှမ်းဆုတ်ထားခြင်းဖြစ်မည်ဟု ခန့်မှန်းမိကြသည်။ အကြိမ်အနည်းငယ်ခန့် စမ်းသပ်ပြီးသည့်တိုင်အောင် နင်ထျန်းယိုမှာ စိတ်ရှည်သည်းခံလျက်ရှိပြီး ‘အခြားလူတစ်ဦး၏ လွှမ်းမိုးခံနေရသည်’ ဟူ၍ပင် နင်ဝမ်ကျိုးအား ကြိမ်းမောင်းလိုက်သေးသည်။

ပိုမိုစုံစမ်းကြည့်ပြီးနောက် အကောင်ကြီးကြီးတစ်ဦး၏ ဖိအားပေးမှုကြောင့် နင်ထျန်းယို အမှုမဲ့အမှတ်မဲ့ မလှုပ်ရှားနိုင်ခြင်းဖြစ်ကြောင်း နင်ဝမ်ကျိုး သိရှိသွားသည်။

အဆိုပါ အကောင်ကြီးကြီးမှာ ‘ကမ်းလက်ကူ’ မှလွဲ အခြားမဖြစ်နိုင်ချေ။

ကမ်းလက်ကူတစ်ဦးတည်းသာလျှင် မည်သည့် အသိအမှတ်ပြု ကျေးဇူးတင်စကားမျှ မလိုအပ်ဘဲ နင်ဝမ်ကျိုးအား နောက်ကွယ်မှ တိတ်တဆိတ် ကူညီပေးမည့်သူ ဖြစ်သည်။

ထိုသို့သော ကြင်နာမှုသည် နင်ဝမ်ကျိုး၏ အေးစက်စက် ရေခဲထုများဖြင့် ကာရံထားသည့် ခံစစ်အား တဖြည်းဖြည်းချင်း အရည်ပျော်လာစေသည်။

ကမ်းလက်ကူ၏ အဆင့်အတန်းနှင့်ဆိုလျှင် မည်သည့်အရာနှင့်မျှ ပြန်လည်ပေးဆပ်ရန် မဖြစ်နိုင်ကြောင်း နင်ဝမ်ကျိုး ကောင်းစွာနားလည်ထားသည်။

ကမ်းလက်ကူသည် မည်သူနှင့်မဆို ပူးပေါင်းလုပ်ဆောင်နိုင်သည်။ နင်ဝမ်ကျိုး ဝန်မခံလိုသော်ငြား နင်ထျန်းယိုပင်လျှင် သူကိုယ်တိုင်ထက် ပို၍အသုံးဝင်သည်။

ကမ်းလက်ကူမှာ သူ၏အမည်အတိုင်း အခြားသူများအား ကူညီပေးရန်သာ ဆန္ဒရှိသူတစ်ဦး ဖြစ်ရမည်။

သို့သော် နင်ဝမ်ကျိုးက အသုံးမကျဟု မခံစားမိဘဲ မနေနိုင်ချေ။

ကမ်းလက်ကူသည် နင်ဝမ်ကျိုး မိဘများ သေဆုံးရခြင်း နောက်ကွယ်ရှိ အမှန်တရားအား ပြောပြခဲ့သော်ငြား တရုတ်သို့ ပြန်ရောက်သည့်အချိန် ကြာလာသည့်တိုင်အောင် စုံစမ်းစစ်ဆေးရန် စတင်နိုင်ခြင်း မရှိသေးချေ။

ကမ်းလက်ကူသည် သူ့အား ကုမ္ပဏီသို့ ပြန်လည်ဝင်ရောက်နိုင်မည့် အခွင့်အရေးအား ပေးလာသော်ငြား နင်ထျန်းယိုသည် ကောက်ကျစ်စဉ်းလဲစွာ ပညာပြသည့်အနေနှင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်မသာသော ဌာနတစ်ခု၌သာ တာဝန်ပေးထားသည်။

နင်ဝမ်ကျိုး စိတ်ပျက်အားငယ်လာပြီး တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်လာသည်။

ကမ်းလက်ကူမှာ ကြင်နာတတ်သူဖြစ်သည်။ သူ့ထက်ပို၍ အသုံးဝင်သူတစ်ဦးအား ကူညီလိုက်မည်ဆိုလျှင် နင်ဝမ်ကျိုးအတွက် အခွင့်အရေး မရှိနိုင်တော့ချေ။ အသုံးမကျသည့်သူ့အား စိတ်ပျက်ကာ ပြန်လှည့်မကြည့်တော့လျှင် မည်သို့လုပ်ရမည်မသိတော့ပေ။

ဤအတောအတွင်း၌ ကမ်းလက်ကူမှာ သိသိသာသာ အေးစက်လာကြောင်း နင်ဝမ်ကျိုး သတိပြုမိသည်။

စာပြန်ရာ၌ နှေးကွေးလာသလို လိုရင်းတိုရှင်းသာ ပြန်တော့သည်။

ကမ်းလက်ကူမှ သူ့အပေါ် စိတ်ပျက်သွားပြီဟူသော အတွေးကြောင့် နင်ဝမ်ကျိုး၏ စိတ်တစ်ခုလုံး ယောက်ယက်ခတ်လာသည်။

မဖြစ်ရဘူး..

အဲဒီလို ဖြစ်ခွင့် မပေးဘူး..

မက်ဆေ့ချ်အက်ပ်၏ ထိပ်ဆုံး၌ရှိသည့် အမည်အားကြည့်လိုက်သည်။ ကမ်းလက်ကူအား အကူအညီတောင်းလိုသည့်တိုင်အောင် စိတ်ပျက်သွားမည်ကို ကြောက်မိသည်။

ထို့ကြောင့် ရေးလိုက်၊ ဖျက်လိုက်နှင့် အကြိမ်ပေါင်းများစွာ လုပ်နေမိတော့သည်။

၁၇ ကြိမ်၊ ၁၈ ကြိမ်ခန့် ပြန်လည်ပြင်ဆင်ပြီးနောက် နင်ဝမ်ကျိုး ကမ်းလက်ကူထံ စာပို့လိုက်တော့သည်။

*

ကုရှင်းရှစ်မှာ ဤတလော၌ အလုပ်ပိနေခြင်းဖြစ်သည်။

[Boy Group Training Camp] ၏ နောက်ဆုံးပွဲစဉ် နီးကပ်လာသည်နှင့်အတူ လေထုမှာလည်း တင်းမာလျက်ရှိပြီး ပြင်ဆင်ရမည့်အရာ များစွာရှိသည်။

ဤကဲ့သို့သော ပွဲစဉ်မျိုး၌ ပထမဆုံးအကြိမ် ပါဝင်ဖူးခြင်း ဖြစ်သောကြောင့် ကောင်းစွာဖွဲ့စည်း ထောက်ပံ့နိုင်သော ကုမ္ပဏီများနှင့် နှိုင်းယှဉ်ပါက သူ့အနေနှင့် များစွာနောက်ကျကျန်နေခဲ့သည်။

အထူးသဖြင့် မဲပေးရာ၌ ပရိသတ်များ၏ တက်ကြွသည့် လှုံ့ဆော်မှုနှင့်အတူ ကုမ္ပဏီအချို့မှာ အတော်လေး စိတ်လက်ပေါ့ပါးစွာ ရှိနေကြပုံပေါ်သော်ငြား ထိုသူများသည် အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်ကြသောကြောင့် လက်ရှိအချိန်၌ အတော်လေး လွှမ်းမိုးမှုရှိနေပြီဖြစ်သည်။

ကုရှင်းရှစ် အံ့ဩတကြီးဖြစ်နေတော့သည်။

သင်ယူစရာ မကုန်နိုင်တော့ချေ။ ထိုအရာအားလုံးအား တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရန် စွမ်းအင်မည်မျှ လိုအပ်မည်ကို မသိတော့ပေ။

အပိုင်းတစ်ခု ပြီးဆုံးပြီးနောက် အသက်ရှုရန် အချိန်ရလိုက်သည်။ ဖုန်းဖွင့်လိုက်ချိန်တွင် နင်ဝမ်ကျိုးထံမှ မက်ဆေ့ချ်များစွာ ဝင်ရောက်ထားသည်ကို တွေ့လိုက်ရသည်။

ကုရှင်းရှစ် အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။

နင်ထျန်းယိုနှင့် ထိပ်တိုက်ရင်ဆိုင်ရန် နင်ဝမ်ကျိုးအား တရုတ်သို့ ပြန်ခေါ်ခဲ့ခြင်းဖြစ်သော်ငြား နောက်ပိုင်း၌ လျစ်လျူရှုထားမိခဲ့သည်။

သို့တိုင်အောင် နင်ဝမ်ကျိုးမှာ အပြစ်တင်စကား မဆိုချေ။

ထို့အစား သူ့ကိုယ်သူသာ မေးခွန်းထုတ်နေပြီး အလွန်အမင်း အသုံးမကျ ဖြစ်နေသလားဟု ထင်မြင်နေရှာသဖြင့် သနားဖွယ်ကောင်းနေသည်။ ယင်းမှာ နဂိုမူလ သတိကြီးသော နင်ဝမ်ကျိုးနှင့် ကွဲပြားနေတော့သည်။ ယခုနင်ဝမ်ကျိုးမှာ အလွန်အမင်း နာခံကာ စဉ်းစားချင့်ချိန်တတ်လာပုံရသည်။

ကုရှင်းရှစ်သည် နင်ဝမ်ကျိုးအားကြည့်ကာ အပြစ်ရှိစိတ်ဝင်လာသည်။ 

အကူအညီမပေးနိုင်ခဲ့သည့်အပြင် သူ၏အပြုအမူမှာ လူဆိုးတစ်ဦးနှင့်ပင် တူသွားသည်။

ထို့ကြောင့် နင်ဝမ်ကျိုးအား ချက်ချင်း စာပြန်သည်။ လတ်တလော အလုပ်များနေသောကြောင့် နင်ဝမ်ကျိုးအား ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခြင်း မဟုတ်ကြောင်း ရှင်းပြလိုက်သည်။

နင်ဝမ်ကျိုး လုပ်ငန်းကိစ္စများအား ဆောင်ရွက်နေရင်း ဖုန်းကိုသာ မပြတ်ကြည့်နေမိသည်။ မက်ဆေ့ချ်အသစ် ရောက်မနေပါက ပင်အပ်ဖြင့် အထိုးခံလိုက်ရသော ပူဖေါင်းသဖွယ် ရှုံ့မဲ့လာသည်။

ရှောက်ဖန်းပင်လျှင် ထိုသို့သော နင်ဝမ်ကျိုးအား ကြည့်မနေနိုင်တော့ချေ။
“သခင်လေး.. ဘယ်သူ့ဆီက စာကို စောင့်နေတာလဲ..”

နင်ဝမ်ကျိုး နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ရှောက်ဖန်းအား ယုံကြည်သဖြင့် မကြာခဏဆိုသလို သူ၏အတွေးအမြင်များအား မျှဝေလေ့ရှိသည်။

သို့သော် အကြောင်းပြချက်အချို့ကြောင့် ကမ်းလက်ကူနှင့် ပတ်သက်လာသည့်အခါ မျှဝေလိုစိတ် မရှိတော့ပေ။ သူ၏ကိုယ်ပိုင် လျှို့ဝှက်ချက်လေးအဖြစ် ထိန်းသိမ်းထားချင်ပြီး အခြားသူများအား အသိမပေးလိုချေ။

နင်ဝမ်ကျိုး အကျပ်ရိုက်နေချိန်မှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

ထခုန်မိသောကြောင့် ဒူးခေါင်းနှင့် စားပွဲစွန်း ဆောင့်မိသွားသည်။ သို့သော် ပွတ်သပ်ဖို့ရန်ပင် ဂရုမစိုက်နိုင်ဘဲ ဖုန်းကြည့်ရန်သာ စိတ်လောနေမိသည်။

ကမ်းလက်ကူထံမှ မက်ဆေ့ချ်ရောက်လာသည်ကို မြင်လိုက်ရပြီး ကမ်းလက်ကူသည် နင်ဝမ်ကျိုးအား စိတ်ပျက်ခြင်းမရှိသည်ကို သိရှိပြီးနောက် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

စိတ်အေးသွားပြီ ဖြစ်သောကြောင့် နင်ဝမ်ကျိုးသည် သူ၏ ပြဿနာများ ပြောရာ၌ စိတ်လက်ပေါ့ပါးနေသည်ဟု ခံစားမိသည်။

ကုရှင်းရှစ်သည် ဖန်သားပြင်တစ်ခုလုံး ပြည့်သွားသည့် ကုမ္ပဏီပြဿနာများအားကြည့်ကာ မူးဝေလာပြီး တစ်ခုမှ နားမလည်ကြောင်း ပြောလိုက်ရသည်။

နင်ဝမ်ကျိုး၏ စိတ်ထဲ၌ မည်သို့တွေးနေမည်အား မသိနိုင်သော်ငြား စိုးရိမ်စွာဖြင့် တောင်းပန်စကားဆိုလေသည်။

ကုရှင်းရှစ် အားမလိုအားမရ ဖြစ်စွာ နဖူးအား လက်ဖြင့်ပွတ်လိုက်ပြီး နင်ဝမ်ကျိုးအား နောက်တစ်ဖန် ငြင်းပယ်မိပြန်သည်မိပါက နင်ဝမ်ကျိုးမှာ မျက်ရည်လည်ရွဲ ဖြစ်နေလောက်သည်ဟု တွေးလိုက်မိသည်။

ထို့ကြောင့် သူ ပြန်ဖြေလိုက်သည် : [ငါလည်း အများကြီးတော့ မသိဘူး.. ဒါပေမဲ့ ငါ့ရဲ့ အမြင်ကို သိချင်ရင်တော့ အကြံဉာဏ် နည်းနည်း ပေးလို့ရတယ်..]

နင်ဝမ်ကျိုး ချက်ချင်းပင် လန်းဆန်းတက်ကြွလာပြီး ကမ်းလက်ကူပြောသမျှ သာမန်စကားလုံးများပင်လျှင် လုံလောက်သည်ထက် ပိုသည်ဟု မှတ်ယူထားသည်။

ထိုသို့ဖြင့် ကုရှင်းရှစ် အနည်းငယ် စိတ်သက်သာသွားမိသည်။

ကုရှင်းရှစ်မှာ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ အမှန်တကယ်ကိုပင် များစွာသိထားခြင်း မရှိချေ။ သို့သော် လတ်တလော idol များနှင့် ပတ်သက်သည့် အရာများအပေါ် အာရုံစိုက်လေ့လာနေခဲ့သောကြောင့် ထိုနယ်ပယ်နှင့် ပတ်သက်၍ အနည်းငယ် ညွှန်ပြနိုင်သည်။

ကုရှင်းရှစ် မျှဝေပေးသည့် အရာများမှာ အတော်လေး အခြေခံကျသည့် အချက်များဖြစ်သည်။

သို့တိုင်အောင် နင်ဝမ်ကျိုးမှာ အလွန်အမင်း စိတ်အားထက်သန်နေသူ ဖြစ်သောကြောင့် ကုရှင်းရှစ် ပြောသမျှ အရာအားလုံးအပေါ် အကောင်းမြင်စိတ်ဖြင့် တုံ့ပြန်လေသည်။

ကုရှင်းရှစ်သည်လည်း နင်ဝမ်ကျိုး၏ တုံ့ပြန်ပုံကြောင့် စကားပြောရာ၌ အားပါလာပြီး သူရည်ရွယ်ထားသည်ထက် ပိုမိုကာ ပြောပြမိလိုက်သည်။

တစ်ဖက်ရှိ နင်ဝမ်ကျိုးမှာမူ သူတို့နှစ်ဦး၏ စကားပြောခန်းအား ကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။

ကမ်းလက်ကူပေးသည့် အချက်အလက်များမှာ idol စီမံခန့်ခွဲခြင်းနှင့် သက်ဆိုင်ပြီး သာမန်အကြောင်းအရာများသာဖြစ်သည်။

သို့‌သော် ထိုစကားများအား ပြောသူမှာ ကမ်းလက်ကူ ဖြစ်နေသောကြောင့် သာမန်ဟု ယူဆ၍ မရနိုင်တော့ချေ။

နင်ဝမ်ကျိုး၏ အတွေ့အကြုံအရ ကမ်းလက်ကူမှာ အဓိပ္ပါယ်မဲ့ စကားများအား ပြောလေ့မရှိပေ။

သူပြောလိုက်သမျှ စကားလုံးတိုင်း၌ အဓိပ္ပါယ်ရှိသည်ချည်းသာ။

ထို့ကြောင့် ကမ်းလက်ကူ၏ လမ်းညွှန်မှုထဲ၌ နက်ရှိုင်းသည့် အဓိပ္ပါယ်တစ်ခုခုအား လွဲချော်နေခြင်း ဖြစ်ရမည်။

နင်ဝမ်ကျိုး စတင်ကာ ခွဲခြမ်းစိတ်ဖြာဝေဖန်သုံးသပ်တော့သည်။

သူ၏ လက်ရှိပြဿနာများအား ဖြေရှင်းနည်းတစ်ခုခု ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ်းလက်ကူအား ပြောပြခဲ့သည်။

ကမ်းလက်ကူသည် မူလက ကုမ္ပဏီ ပြဿနာများအား ဝင်ပါရန် ငြင်းဆန်ခဲ့သည်။ ယင်းအချက်အား နင်ဝမ်ကျိုး နားလည်နိုင်သည်။ ယခင်က ကမ်းလက်ကူ အကူအညီပေးခဲ့သည့် အရာများမှာ အသေးအဖွဲ ပြဿနာများသာလျှင် ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်၌ ကုမ္ပဏီအတွင်းပိုင်း ပြဿနာများနှင့် ပတ်သက်၍ အကူအညီတောင်းခံခြင်း ဖြစ်သောကြောင့် စည်းကျော်သွားသည်ဟု ဆိုရမည်။

ထိုအခါမှသာ နင်ဝမ်ကျိုး အလျင်စလို ပြုမူမိခြင်းကြောင့် နောင်တရမိသည်။

ကျေးဇူးတင်စရာကောင်းစွာပင် ကမ်းလက်ကူသည် သူ့အား အာဃာတမထားဘဲနှင့် လမ်းကြောင်းတစ်ခုသို့ ညွှန်ပြလာသည်။
Idol များ...

ရှင်းမောင်မီဒီယာ၌ ရှင်းမောင်အင်တာတိန်းမန့်ဟုခေါ်သော idol များအား မွေးထုတ်သည့် ကုမ္ပဏီခွဲတစ်ခုရှိသည်။

ရှင်းမောင်အင်တာတိန်းမန့်သည် လတ်တလော ဘရန်းကောလာဟလကြောင့် သက်ရောက်မှုပြင်းထန်စွာ ခံစားနေရသောကြောင့် အတော်လေး ရုန်းကန်နေရသည်။ ကုမ္ပဏီအား ဖျက်ရန် အကြံပေးလာသူအချို့ပင် ရှိလေသည်။ သို့သော် ရှင်းမောင်မီဒီယာ၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကြောင့် ကုမ္ပဏီ၏ အုပ်ချုပ်ရေးပိုင်းမှာ တုံ့ဆိုင်းနေကြခြင်း ဖြစ်သည်။

ကမ်းလက်ကူက ရှင်းမောင်အင်တာတိန်းမန့်ကို လက်လွှဲယူဆိုပြီး အရိပ်အမြွက်ပေးနေတာလား..

အတော်လေး ဖြစ်နိုင်တယ်..

နင်ဝမ်ကျိုးသည် ယခင်က စစ်ဆေးခဲ့ဖူးသည့် အချက်အလက်များအား ပြန်လည်စစ်ဆေးကြည့်သည်။

ရှင်းမောင်အင်တာတိန်းမန့်၏ အရင်းအမြစ်များနှင့် အခြေခံမှာ ခိုင်မာသည်။ လတ်တလော ဆုတ်ယုတ်မှုများကြောင့် နင်ထျန်းယို၏ သစ္စာခံအများအပြားနှင့် ကပ်ဖားလျက်ဖားများသည် ကုမ္ပဏီအား စွန့်ခွာသွားကြပြီး ကြိုးစားလုပ်ကိုင်ပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများသာ ကျန်ရှိတော့သည်။

တည်ထောင်ချိန် နှစ်အနည်းငယ်သာ ရှိသေးသည့် ကုမ္ပဏီအသစ် တစ်ခုသာ ဖြစ်သောကြောင့် ရှင်းမောင်အင်တာတိန်းမန့်၏ လုပ်ငန်းစနစ်မှာ လုပ်ငန်းစုကြီးများကဲ့သို့ ဖောင်းပွနေခြင်းမျိုး မရှိချေ။ နင်ဝမ်ကျိုး၏ စိတ်ကူးစိတ်သန်းများအား အကောင်အထည်ဖော်နိုင်မည့် နေရာတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ရှင်းမောင်အင်တာတိန်းမန့်မှာ စွန့်ပစ်ခံရလုနီးနီး အခြေအနေ၌ ရှိနေသည်ဖြစ်သောကြောင့် ထိုနေရာ၌ အလုပ်လုပ်မည်ဆိုလျှင် နင်ထျန်းယိုသည် သူ့အားတားဆီးမည့်အစား ပိုမိုလိုလားပေမည်။

မိခင်ကုမ္ပဏီ၏ ထိန်းချုပ်မှု မရှိဘဲနှင့် အောင်မြင်ရရှိအောင် လွတ်လွတ်လပ်လပ် ကြိုးစားနိုင်သည်။

ရုပ်ရှင်လောကနှင့် နှိုင်းယှဉ်လျှင် idol ဈေးကွက်မှာ မတူးဖော်ရသေးသော အလားအလာများစွာ ရှိနေဆဲဖြစ်သည်။

ဆိုလိုသည်မှာ idol ဈေးကွက်၌ ကြီးထွားရန် နေရာလုံလုံလောက်လောက် ရှိသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ပိုစဉ်းစားမိလေလေ 'ရှေ့တစ်လှမ်းတိုးဖို့ နောက် ၁၀ လှမ်းဆုတ်မည်' ဟူသော ဗျူဟာမှာ သူ့အတွက် အဆင်ပြေကွက်တိကျသည်ဟု နင်ဝမ်ကျိုး ခံစားမိလေလေ ဖြစ်သည်။

ကမ်းလက်ကူမှာ ဩဇာကြီးမားသူဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ် ကိုက်ညီလှသည်။ သာမန်ကာလျှံကာ အကြံပေးချက်တစ်ခုပင်လျှင် နင်ဝမ်ကျိုး ရက်ပိုင်းများစွာ အသည်းအသန် တွေးနေခဲ့မိသော စိတ်ကူးစိတ်သန်းများထက် များစွာအကူအညီပေးနိုင်သည်။

နင်ဝမ်ကျိုးသည် အမျိုးမျိုးသော ကိစ္စရပ်များ၌ ကမ်းလက်ကူ ကိုင်တွယ်ဖြေရှင်းပုံကို မျက်မြင်တွေ့ရှိထားသူ ဖြစ်သောကြောင့် နောက်တစ်ဖန် အထင်ကြီးလေးစားမိပြန်သည်။

စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ရန် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အာရုံစိုက်လိုက်သည်။

Idol လမ်းကြောင်းသို့ ပြောင်းလဲရန် ရည်ရွယ်ထားပြီး ဖြစ်သော်ငြား စဉ်းစားစရာများစွာ ရှိနေဆဲဖြစ်သည်။ ဘယ်နေရာက စရမလဲ...

ထို့ကြောင့် တစ်ယောက်တည်း ခေါင်းခြောက်ခံမနေရန် ဆုံးဖြတ်လိုက်သည်။

ကမ်းလက်ကူသည် idol လမ်းကြောင်းအားရွေးရန် ညွှန်ပြပြီးဖြစ်သောကြောင့် နင်ဝမ်ကျိုး မည်သည့်အပိုင်းအား အလေးပေး အာရုံစိုက်ရမည် ဟူသည်ကို စဉ်းစားထားပြီး ဖြစ်ရမည်။

အဖြေမှာ လက်တစ်ကမ်းအလို၌ ရှိနေသဖြင့် လမ်းကြောင်းအမှားများအား စဉ်းစားရင်း အချိန်ကုန်ခံမနေတော့ချေ။

တစ်ချိန်တည်းမှာပင် ကုရှင်းရှစ်သည် နင်ဝမ်ကျိုး၏ မက်ဆေ့ချ်အား ဖတ်လိုက်သည်။

[idol လမ်းကြောင်းမှာဆို ဘယ်ဟာကို အဓိကအလေးပေးရမှာလဲ..]

ဤမေးခွန်းအတွက် အဖြေမှာ သိသိသာသာ တစ်ခုတည်းသာရှိသည်။

ကုရှင်းရှစ် စဉ်းစားမနေတော့ဘဲ ပြန်ဖြေလိုက်သည်။
“သေချာပေါက် စင်မြင့်ပဲပေါ့..”

တိကျခိုင်မာသည့် အဖြေကို ရရှိပြီးနောက် နင်ဝမ်ကျိုး ပျော်ရွှင်သွားပြီး နောက်တစ်ဖန် ရှုပ်ထွေးသွားပြန်သည်။

စင်မြင့်လား..

ဒါပေမဲ့ ‘စင်မြင့်’ ဆိုတာက အတော်လေး မရေမရာနဲ့လေ..

မဟုတ်ဘူး..

ဒီလိုမျိုး စဉ်းစားလို့ မရဘူး..

ကမ်းလက်ကူရဲ့ နက်ရှိုင်းတဲ့ ရည်ရွယ်ချက်ကို မဖမ်းဆုပ်မိသေးတာပဲ ဖြစ်မယ်..

နင်ဝမ်ကျိုး မျက်မှောင်ကြုတ်ကာ ဆက်လက်သုံးသပ်ပြန်သည်။

ရှင်းမောင်အင်တာတိန်းမန့်၏ သင်တန်းသားများမှာ လက်ရှိအချိန်၌ စင်မြင့်အတွေ့အကြုံ များစွာမရှိသေးသဖြင့် ကမ်းလက်ကူ၏ “စင်မြင့်” မှာ သူတို့ တစ်ဦးချင်းစီ၏ တင်ဆက်မှုစွမ်းရည်ကို ရည်ညွှန်းခြင်း မဟုတ်နိုင်ချေ။

ရှင်းမောင်အင်တာတိန်းမန့်၏ တည်ဆောက်ပုံမှာ ကုမ္ပဏီသည် ပြည်ပမှ ထိပ်တန်း idol ကုမ္ပဏီများအား ပုံစံယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။  á€Ąá€žá€śá€žá€˝á€„်းစတူဒဎယို၊ အကစတူဒီယို၊ အဝတ်အစား ပြင်ဆင်မှု စတူဒီယိုနှင့် ၂၀၀ မီတာ အကျယ်အဝန်းရှိသော အတွင်းပိုင်းစင်မြင့်တို့ ပါဝင်သည်။

ထိုစင်မြင့်သည် သင်တန်းသားများအား စိတ်လက်ပေါ့ပါးစွာ တင်ဆက်နိုင်ရေးအတွက် ကူညီပေးရန် ပြင်ဆင်ထားခြင်း ဖြစ်သော်လည်း ယခုထိတိုင်အောင် စင်မြင့်၏ ရည်ရွယ်ချက်အား အပြည့်အဝ အသုံးချနိုင်ခြင်း မရှိသေးချေ။

ကမ်းလက်ကူက အဲဒီစင်မြင့်ကို ရည်ရွယ်တာ ဖြစ်နိုင်လား..

မဟုတ်ဘူး.. ဒီထက်ပိုပြီး စဉ်းစားကြည့်ရအောင်..

ပြည်တွင်းဖျော်ဖြေရေးလောကတွင် အရည်အချင်းပြရှိုးများနှင့် အင်တာနက်ပြိုင်ပွဲများမှလွဲရင် သီချင်း-အက နှင့် ပတ်သက်သည့် စင်မြင့်များက အလွန်ရှားပါးသည်။


🍉🍉🍉🍉 အခန်း ၃၅


သင်တန်းသားများအား ထည့်မစဉ်းစားလျှင်ပင် ပွဲဦးထွက်ပြီးသော idol အများစုမှာ သင့်တော်သည့် စင်မြင့်တစ်ခု ရရှိရန် ခက်ခဲလှပြီး အများစုမှာ “ပွဲဦးထွက်ပြီးပြီးချင်း ချောင်ထိုးခံလိုက်ရသူများ” ဟုပင် ပြက်ရယ်ပြုခံကြရသည်။

ရုပ်ရည်ချောမောကာ သရုပ်ဆောင်စွမ်းရည် ရှိကြသူများမှာမူ သရုပ်ဆောင်လိုင်း သို့မဟုတ် ရသစုံရှိုးများသို့ ကူးပြောင်းနိုင်ကြသည်။ သရုပ်ဆောင်စွမ်းရည်ချို့တဲ့သည့် idol များမှာမူ အရည်အချင်းရှိသည့် အဆိုတော်များ၊ အကကျွမ်းကျင်သူများပင်လျှင် ဖျော်ဖြေရေးလောက၌ ရှင်သန်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ကြရသည်။

သူတို့အတွက် စင်မြင့်တစ်ခု ရှိလာမယ် ဆိုရင်ရော..

ပြည်တွင်းဖျော်ဖြေရေးလောက၌ ထိုသို့သော အစီအစဉ်မျိုး မရှိသေးချေ။ ဆိုလိုသည်မှာ ထိုအစီအစဉ်အား အကောင်အထည်ဖော်ရန် လက်ဦးမှု ယူနိုင်သည်။

နှစ်စဉ်နှစ်တိုင်းတွင် အရည်အချင်းပြရှိုးများမှ ပွဲဦးထွက်လာသော idol အဖွဲ့များစွာရှိသည်။ ကုမ္ပဏီများသည် သီချင်း-အက ကျွမ်းကျင်သူများကိုသာ လေ့ကျင့်ပေးကြပြီး အရည်အချင်းတစ်ခုသာ ရှိသူများအတွက်မူ တောက်ပနိုင်မည့် စင်မြင့်တစ်ခု လိုအပ်နေသည်။ ထိုသို့သော စင်မြင့်မျိုး ပေါ်ထွက်လာလျှင် ပါဝင်သူဦးရေ ပြတ်လပ်နေလိမ့်မည် မဟုတ်ချေ။

ထို့အပြင် ‘idol ပရိသတ်များ’ နှင့် ‘ကျင့်ကြံရေးပရိသတ်များ’ မှာ သစ္စာအရှိဆုံး ပရိသတ်များအဖြစ် နာမည်ကျော်ကြပြီး ဤသို့သော အစီအစဉ်မျိုးအတွက် ပဓာနကျသော ပရိသတ်များဖြစ်သည်။

ထိုသို့သော ပရိသတ်အင်အားနှင့်ဆိုလျှင် ဈေးကွက်မြှင့်တင်ရေးအတွက် များစွာအားထုတ်ရန်ပင် မလိုအပ်‌ချေ။ ပရိသတ်များမှ သူ့နည်းသူ့ဟန်ဖြင့် ကိုင်တွယ်သွားကြလိမ့်မည်။

နင်ဝမ်ကျိုး အသက်ရှူမြန်လာသည်။

ဟုတ်တယ်..

အဲဒါပဲ ဖြစ်ရမယ်..

ဒီလမ်းကြောင်းတစ်ခုလုံးက ပန်းခင်းလမ်းလိုမျိုး ဖြောင့်ဖြူးနေရော..

ကမ်းလက်ကူ၏ အကြံပေးချက်သာ မရှိခဲ့လျှင် ထိုသို့သော စိတ်ကူးမျိုး ရလာနိုင်မည် မဟုတ်ပေ။

ကမ်းလက်ကူမှာ စံပြုရလောက်သော ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။

ကမ်းလက်ကူနှင့် အပြန်အလှန် ပေးပို့ထားသည့် မက်ဆေ့ချ်များအားကြည့်ကာ နင်ဝမ်ကျိုး စိတ်လှုပ်ရှား၍ မျက်လုံးများ အရောင်လက်လာသည်။

ဦးတည်ချက်တစ်ခု ရှိလာခြင်းကြောင့် လမ်းကြောင်းပျောက်မည်ကို စိုးရိမ်ရန် မလိုတော့ချေ။

ဥပမာအားဖြင့် နင်ဝမ်ကျိုးသည် စင်မြင့်တစ်ခု၊ ငွေကြေးနောက်ခံနှင့် အဓိကအကျဆုံးအနေနှင့် ခိုင်မာသော အစီအစဉ်တင်ဆက်မှုပုံစံတို့ လိုအပ်နေဆဲဖြစ်သည်။

သို့သော် နင်ဝမ်ကျိုးမှာ ယုံကြည်မှု တိုးလာကြောင်း ခံစားရသည်။

ထိုမေးခွန်းများအတွက် ကမ်းလက်ကူထံ၌ အဖြေရှိပြီးသားဖြစ်မည်ဟု ယုံကြည်သည်။

သေချာပေါက်ပင် နောက်ဆက်တွဲမေးခွန်းများ မေးလိုက်သည့်အခါ လျင်မြန်သည့် ဖြေကြားချက်တစ်ခု ရလာသည်။

[Boy Group Training Camp]

ကမ်းလက်ကူ၏ အကျင့်စရိုက်အရ လိုရင်းတိုရှင်း အဖြေတစ်ခုသာ ဖြစ်သည့်တိုင်အောင် အဓိပ္ပါယ်များစွာ ပါဝင်သည်။

ဤတစ်ကြိမ်တွင် နင်ဝမ်ကျိုးသည် ယုံကြည်မှုရှိစွာဖြင့် ကမ်းလက်ကူ၏ အဖြေအား စတင်သုံးသပ်တော့သည်။

[Boy Group Training Camp] မှာ စတားရှိုင်းနှင့် ထျန်းချန်ဗီဒီယိုတို့ ပူးတွဲထုတ်လုပ်ပြီး စီးပွားရေးလောက၏ ဘီလူးကြီးဖြစ်သော ဝမ်လုပ်ငန်းစုမှ နောက်ခံအဖြစ် ပံ့ပိုးပေးထားသော နာမည်ကြီးအစီအစဉ်တစ်ခုမှန်း လူတိုင်းသိကြသည်။ 

ယင်းမှာ ပထမဆုံးသော ပြဿနာနှစ်ရပ်ဖြစ်သည့် စင်မြင့်နှင့် ငွေကြေးနောက်ခံအတွက် ဖြေရှင်းပြီးသားဖြစ်သည်။

ဝမ်လုပ်ငန်းစုထက် ပိုကောင်းတဲ့ နောက်ခံမျိုး ရှိသေးလား..

ဝမ်လုပ်ငန်းစု၏ ပံ့ပိုးမှုနှင့်ဆိုလျှင် နင်ထျန်းယို သံသယရှိသည့်တိုင်အောင် အလျင်စလို ပြုမူရဲလိမ့်မည် မဟုတ်ချေ။

တတိယပြဿနာရပ်အတွက်မူ...

နင်ဝမ်ကျိုးသည် [Boy Group Training Camp] ၏ လက်ရှိထုတ်လွှင့်နေသည့် seasonအား ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ဤနည်းအားဖြင့် ကိစ္စရပ်များအား ပို၍ရှင်းလင်းစွာ မြင်တွေ့လာသည်။

မျှတမှု...

[Boy Group Training Camp] ၏ ယခုseasonအတွက် အဓိကဆောင်ပုဒ်မှာ မျှတမှုဖြစ်သည်။

ကျန်းမော့နှင့် ကျိယိဝေတို့၏ ကောလာဟလများ ရှိနေသည့်တိုင်အောင် ယခုseason [Boy Group Training Camp] ၏ လူထုအမြင်မှာ အကောင်းဘက်၌သာ ရှိနေသည်။

မည်သည့်နေရာ၌မဆို ယနေ့ခေတ်၏ အကောင်းဆုံးသော အရည်အချင်းပြရှိုးဟု ချီးကျူးဂုဏ်ပြုကြသည်။

သို့-X ကဲ့သို့သော အဓိကဝက်ဘ်ဆိုဒ်များ၌ပင် အဆင့်သတ်မှတ်ချက်မှာ ၉ အထက်၌ ရှိနေသည်။

ပုံမှန်အားဖြင့် ရသစုံရှိုးတစ်ခု၏ ပထမseasonများမှာ အမြင့်ဆုံးသော အဆင့်သတ်မှတ်ချက်များ ရတတ်ကြပြီး အချိန်အတော်ကြာမှသာ တဖြည်းဖြည်းချင်း ကျဆင်းလာကြခြင်း ဖြစ်သည်။

သို့တိုင်အောင် [Boy Group Training Camp] ၏ ယခုseasonမှာ ပြိုင်ပွဲစတင်ချိန်မှစ၍ မျှော်မှန်းထားသည်ထက် ကျော်လွန်အောင် မြင့်တက်လာခဲ့ပြီး ယခင်season၏ စံချိန်ကိုပင် ချိုးဖြတ်နိုင်ခဲ့သဖြင့် အမှန်တကယ် အံ့ဩဖွယ်ရာ ဖြစ်သည်။

ထိုအရာအားလုံး၏ အခြေခံအကျဆုံး အချက်မှာ ‘မျှတမှု’ ဟူသော ဆောင်ပုဒ်တစ်ခုတည်းကြောင့် ဖြစ်သည်။

ယင်းမှာ ကမ်းလက်ကူ ရည်ညွှန်းလိုသော အဓိကအချက် ဖြစ်ရမည်။

ထိုသို့ နားလည်သ‌ဘောပေါက်ပြီးနောက် နင်ဝမ်ကျိုးသည် ကမ်းလက်ကူ၏ ရည်ရွယ်ချက်အား သိရှိနားလည်သောကြောင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိသလို အနည်းငယ် ရှက်ရွံ့မိသည်။

ရုတ်တရက် ကလေးဘဝမှ မှတ်ဉာဏ်တစ်ခုအား အမှတ်ရမိလိုက်သည်။ ထိုစဉ်က သူ၏မိဘများသည် ရံဖန်ရံခါ ရုပ်ရှင်ရိုက်ကွင်းများသို့ ခေါ်သွားတတ်သည်။  á€›á€Żá€•်ရသင်ဇဏတ်ကဏးမဝဏးဥဏးကဟ္ဏင်း ပြောစဥ် မိဘများ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေတတ်ကြောင်း အမှတ်ရမိသည်။

မိဘများ ပြောလေ့ရှိသည့် စကားမှာ သူတို့၏အလုပ်မှာ စစ်မှန်သော စိတ်အားထက်သန်မှုနှင့် ထိပ်တန်းအဆင့် ထုတ်လုပ်ရေးအား အသုံးပြုကာ ပရိသတ်များအား ဆွဲဆောင်ရန် ကောင်းမွန်သောရှိုးများ ဖန်တီးရန် ဖြစ်သည်။

နင်ဝမ်ကျိုးက မိဘများကြောင့် လွန်စွာဂုဏ်ယူမိသလို မိဘနှစ်ပါးအား ရှေ့ဆောင်လမ်းပြအဖြစ် မှတ်ယူကာ တူညီသောလမ်းကို လျှောက်လိုခဲ့သည်။

သို့သော် ဤနှစ်များအတွင်း၌ နင်ထျန်းယိုအား ဖြုတ်ချပြီး လက်စားချေရန်ကြိုးစားရင်း တဖြည်းဖြည်းချင်း လမ်းပျောက်လာခဲ့သည်။

နင်ဝမ်ကျိုး၏ အတွေးများမှာ အရှုံးအမြတ်ကိုသာ အဓိကထား စဉ်းစားလျက်ရှိပြီး အစီအစဉ်အား အဓိကကြည့်ရှုမည့် ပရိသတ်များအား စဉ်းစားရခြင်း မရှိသေးချေ။ 

နင်ဝမ်ကျိုးက တဖြည်းဖြည်းချင်း နင်ထျန်းယိုကဲ့သို့သော လူအဖြစ် ပြောင်းလဲလာသည်။

ကမ်းလက်ကူ၏ စကားလုံးများမှာ သူ့စိတ်ထဲရှိ အမှောင်ထုအား ဖယ်ရှားပေးလိုက်သလိုဖြစ်ကာ မသန့်ရှင်းသော ရည်မှန်းချက်နှင့် မတော်လောဘတို့မှ ရုန်းထွက်လာနိုင်သည်။ 

နင်ဝမ်ကျိုး စိတ်ရှုပ်ထွေးနေခြင်း မရှိတော့ချေ။ စိတ်လှုပ်ရှားမှုနှင့် စိတ်မရှည်မှုတို့မှာလည်း တဖြည်းဖြည်းချင်း လွင့်စင်သွားပြီး တည်ငြိမ်လာသည်။

သူ၏ အစီအစဉ်အတွက် ဖြစ်လာနိုင်သည့် အကျိုးအမြတ်အား တွေးတောခြင်း မရှိတော့ချေ။

ထို့အစား ရှိုးအား အကောင်းဆုံးဖြစ်အောင် မည်သို့ တင်ဆက်မည်ကိုသာ အလေးအနက်ထား စတင်စဉ်းစားတော့သည်။

*

[Boy Group Training Camp] ၏ နောက်ဆုံးပွဲစဉ်အတွက် ဝတ်စုံအစမ်းဝတ်ကြည့်သည့်နေ့၌ ကုရှင်းရှစ်က ပြေးလွှားနေကြသော မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအားကြည့်ကာ စိတ်ကျေနပ်စွာဖြင့် စတူဒီယိုမှ ထွက်လာသည်။ အပြင်ဘက်သို့ ရောက်ချိန်၌ သက်ပြင်းတချချ ဖြစ်နေသော ယင်ဟယ်ဖုန်းနှင့် ဆုံလေသည်။

ကုရှင်းရှစ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“အစ်ကိုယင်.. ဘာဖြစ်လို့လဲ.. ယွမ်ယဲ့ရဲ့ အစမ်းလေ့ကျင့်တဲ့ နေရာမှာ ပြဿနာရှိလို့လား..”

“မဟုတ်ဘူး.. အကုန်အဆင်ပြေတယ်..”
ယင်ဟယ်ဖုန်း ပြန်ဖြေသော်ငြား သူ့မျက်နှာပေါ်ရှိ မသက်မသာဖြစ်မှုတို့ ပျောက်မသွားချေ။

“အဲဒါဆို ပရိသတ်တွေ မဲပေးတဲ့ ရလဒ်ကြောင့်လား.. အဲဒါကြောင့်ပဲ ဖြစ်မယ်.. ဟုတ်တယ်မလား.. ကျွန်တော် ကြည့်တုန်းကတော့ သူ့အဆင့်က တော်တော်လေး မြင့်နေတာပါ.. နေရာကောင်းတစ်ခုနဲ့ ပွဲဦးထွက်နိုင်မှာ သေချာတယ်.. စိုးရိမ်စရာ မရှိဘူးလေ..”

ယင်ဟယ်ဖုန်း သက်ပြင်းချလိုက်သည်။
“အဲဒါကြောင့်လည်း မဟုတ်ပါဘူးကွာ.. ငါ ရိုးရိုးသားသားပဲ ပြောမယ်.. နောက်ဆုံးပွဲအတွက် စိုးရိမ်နေတာ မဟုတ်ဘူး.. ပွဲဦးထွက်ပြီးနောက်ပိုင်းကိစ္စတွေကို စိုးရိမ်နေတာ..”

ကုရှင်းရှစ် နားမလည်နိုင်ဘဲ ရှိလေသည်။
“ပွဲဦးထွက်ပြီးရင် ဘယ်လိုပြဿနာမျိုးတွေ ရှိလို့လဲ..”

ယင်ဟယ်ဖုန်းက ကုရှင်းရှစ်အား မနာလိုဖြစ်စွာ ကြည့်လိုက်သည်။
“မုန့်ယွမ်ရှန့်နဲ့ ချန်ရှင်းတို့ နှစ်ယောက်လုံးက အရမ်းပဲ ကြည့်ကောင်းကြတယ်လေ.. မုန့်ယွမ်ရှန့်ဆိုရင် သရုပ်ဆောင်နိုင်တယ်.. ချန်ရှင်းကလည်း ရသစုံရှိုးတွေနဲ့ သင့်တော်တယ်.. အဲဒီအပြင် မုန့်ယွမ်ရှန့်က သီချင်းလည်း ရေးနိုင်တယ်လေ.. သူတို့မှာ အလားအလာကောင်းတွေ ရှိကြတယ်.. ဒီတော့ သူတို့အတွက်က စိုးရိမ်ဖို့ မလိုဘူး.. ဒါပေမဲ့ ယွမ်ယဲ့ကတော့.. သူ့မှာက အရည်အချင်းပဲ ရှိတာ.. စင်ပေါ်ကလွဲရင် ဘယ်နေရာမှာမှ တောက်ပနိုင်မှာ မဟုတ်ဘူး..”

“ဖျော်ဖြေရေးလောကမှာ ဖျော်ဖြေရေးသမားတွေအတွက် စင်မြင့်က အကန့်အသတ်နဲ့ရှိတာ မင်းသိလား.. သူ့ရဲ့ ပွဲဦးထွက်က အဆုံးသတ်ဖြစ်နေမှာကို တကယ်ပဲ ကြောက်မိတယ်..”

ကုရှင်းရှစ် တိတ်ဆိတ်သွားသည်။

Idol လောကအကြောင်း သိလာလေလေ ယင်ဟယ်ဖုန်း၏ စိုးရိမ်မှုများအား နားလည်လာလေ ဖြစ်သည်။

ထိုပြဿနာနှင့် ရင်ဆိုင်နေရသည်မှာ ယွမ်ယဲ့တစ်ဦးတည်းသာ မဟုတ်ပေ။

မုန့်ယွမ်ရှန့်၊ ချန်ရှင်းတို့နှင့်လည်း သက်ဆိုင်သည်။

သူတို့နှစ်ဦးမှာ စင်မြင့်ကိုသာလျှင် ရူးသွပ်ကြသည်။

မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းတို့၏ နှစ်မြှုပ်ထားပုံမှတစ်ဆင့် ဖျော်ဖြေတင်ဆက်ရသည်ကို ချစ်မြတ်နိုးကြောင်း သံသယဝင်ရန်ပင် မလိုချေ။

သရုပ်ဆောင်ခြင်းနှင့် ရသစုံရှိုးများမှာ အရံအစီအစဉ်များသာ ဖြစ်သည်။

သူတို့ အမှန်တကယ် တောက်ပနိုင်မည့် တစ်ခုတည်းသော နေရာမှာ စင်မြင့်ထက်၌ ဖြစ်သည်။

ကုရှင်းရှစ်က စင်အောက်ရှိ မုန့်ယွမ်ရှန့်နှင့် ချန်ရှင်းအား ကြည့်လိုက်သည်။ နှစ်ဦးသား တင်ဆက်ပုံအတွက် စိတ်အားထက်သန်စွာ ဆွေးနွေးနေသည်ကို မြင်သည့်အခါ ရင်ဘတ်ထဲ၌ အနည်းငယ် နာကျင်လာသည်။

“ဖျော်ဖြေရေးသမားတွေအတွင့် သင့်တော်တဲ့ စင်မြင့်တစ်ခုသာရှိမယ်ဆိုရင်..”
ယင်ဟယ်ဖုန်း တမ်းတမ်းတတ ရေရွတ်လိုက်သည်။

ထိုမှတ်ချက်သည် လမ်းလျှောက်လာသည့် စွန်းဟုန်ဖေး၏ အာရုံစိုက်မှုအား ရရှိသွားသည်။

မူလတွင် သူက သက်ပြင်းချနေသည့် ယင်ဟယ်ဖုန်းထံသို့ လာရောက်ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အတွင်းပိုင်းသတင်းများကြောင့် ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်သည်။

ထျန်းချန်ဗီဒီယိုက တေးဂီတရှိုးတစ်ခုအား ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။

ယင်းမှာ ရေရှည်အစီအစဉ်တစ်ခုဖြစ်ပြီး ဝမ်ယွဲ့၏ အကြံဉာဏ်ဖြစ်သည်။

ဝမ်ယွဲ့မှာ အမြင်ကောင်းရှိကာ မျက်စိတစ်ဆုံး ကြည့်တတ်သူလည်း ဖြစ်သည်။

[Boy Group Training Camp] ပထမseason မစတင်မီကပင် ထိုအရာအား ကြိုတင်ခန့်မှန်းထားခဲ့သောကြောင့် ဝမ်လုပ်ငန်းစု၏ အင်တာတိန်းမန့်လုပ်ငန်းအောက်တွင် ထိုအစီအစဉ်အား ထည့်သွင်းထားပြီးဖြစ်သည်။

ဝမ်ယွဲ့မှာ အလွန်များပြားသော အလုပ်ချိန်များကြား၌ပင် သေးငယ်သည့် အရည်အချင်းပြရှိုးတစ်ခုအား အာရုံစိုက်နေခြင်းအတွက် အံ့ဩရန်ပင် မလိုတော့ချေ။

အဆိုပါရှိုးအား ပို၍စောစီးစွာ ထုတ်လုပ်လာနိုင်ပြီး စတားရှိုင်းမီဒီယာရှိ ထုတ်လုပ်ရေးအဖွဲ့များက ယင်းအား ရရှိရန် အသည်းအသန် ပြိုင်ဆိုင်လျက်ရှိကြသည်။

သို့သော် ဝမ်ယွဲ့၏ အစီအစဉ်မှာ ရှိုးတစ်ခုတည်းသာလျှင် မဟုတ်ချေ။

Idol လောကတစ်ခုလုံးကို ရည်ရွယ်သည်။

ဝမ်ယွဲ့ လိုချင်သည်မှာ ဈေးကွက်တစ်ခုလုံးအား ချုပ်ကိုင်နိုင်ရန် ဖြစ်သည်။

အစပိုင်းကတည်းက သူ၏ ကိုယ်ပိုင်ကုမ္ပဏီမှ ရှိုးနှစ်ခုလုံး စီစဉ်ထုတ်လုပ်ရန် ရည်ရွယ်ထားခြင်း မရှိသောကြောင့် တစ်ဆင့်ခံကုမ္ပဏီတစ်ခုအား ခေါ်ယူရန် စီစဉ်ထားသည်။

ကံမကောင်းစွာဖြင့် ယခုထိတိုင်အောင် သင့်တော်သည့် ကုမ္ပဏီအား ရှာမတွေ့သေးချေ။

ကမ်းလှမ်းချက်အများစုမှာ တီထွင်ဖန်တီးမှု အားနည်းကာ ပြည်ပရှိုးများကို ကော်ပီယူထားကြသည်များလည်း ရှိသလို အချို့မှာ အတော်လေး လက်တွေ့မကျသဖြင့် ဈေးကွက်နှင့် ပရိသတ်များအား ဆွဲဆောင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ပရောဂျက်မှာ နှောင့်နှေးနေရခြင်းဖြစ်သည်။ မကြာသေးမီအချိန်က ဤစိန်ခေါ်မှုအား လက်ခံလိုက်သူတစ်ဦး ရှိသည်။

အထက်လူကြီးထံမှ သိရှိထားသည်မှာ စွန်းဟုန်ဖေးသည် များမကြာမီတွင် ထျန်းချန်ဗီဒီယို မိတ်ဖက်ဆက်ဆံရေးဌာနသို့ ပြောင်းရနိုင်သောကြောင့် ဤရှိုးသည် သူ၏ပထမဆုံးပရောဂျက် ဖြစ်လာနိုင်သည်။

ရာထူးတိုးရန် ရောင်နီသန်းလာပြီ ဖြစ်သောကြောင့် စွန်းဟုန်ဖေးက စိတ်လှုပ်ရှားမှုအား ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။

သို့သော် သူ၏အထက်လူကြီးမှာ အသေးစိတ်အချက်အလက်များအား များများစားစား သိရှိထားခြင်း မရှိဘဲ လုပ်ငန်းစဉ်အသေးစိတ်အား သိရှိသူမှာ ဝမ်ယွဲ့နှင့် ထျန်းချန်ဗီဒီယို၏ CEO သာလျှင်ဖြစ်သည်။

စွန်းဟုန်ဖေးက CEO အား တိုက်ရိုက်မမေးရဲသောကြောင့် အကောင်းဆုံး အစီအစဉ်အနေနှင့် ကုရှင်းရှစ်အား ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။

ဝမ်ယွဲ့၏ အနီးကပ်ဆုံးသော လူဖြစ်သည့် ကုရှင်းရှစ်အနေနှင့် အခြားသူများထက် အချက်အလက်များအား ပိုသိထားနိုင်သည်။

စွန်းဟုန်ဖေး ရောက်သွားချိန်တွင် ကုရှင်းရှစ်နှင့် ယင်ဟယ်ဖုန်းတို့ နှစ်ဦးစလုံး အံ့ဩသွားပုံရသည်။

စကားစမြည်အချို့ဆိုပြီးနောက် စွန်းဟုန်ဖေး ခေါင်းစဉ်ပြောင်းမည် ပြုစဉ်မှာပင် ကုရှင်းရှစ်၏ဖုန်း မြည်လာသည်။
“ခွင့်ပြုပါဦး.. ဒီမက်ဆေ့ချ်ကို ကြည့်ဖို့ အရေးကြီးလို့ပါ..”

စွန်းဟုန်ဖေး တံတွေးသီးလုမတတ်ပင်။

နောက်တစ်စက္ကန့်မှာပင် ကုရှင်းရှစ် စိတ်လှုပ်ရှားလာသည်။
“အစ်ကိုယင်ရေ.. အခုပဲ သတင်းရတယ်.. ဖျော်ဖြေရေးရှိုးတစ်ခု ရှိလာတော့မယ်တဲ့.. သူက အပတ်စဉ် ထုတ်လွှင့်မှာလို့ပြောတယ်.. အစ်ကို စိုးရိမ်နေဖို့ မလိုအပ်တော့ဘူး..”

ယင်ဟယ်ဖုန်း မျက်လုံးပြူးလာသည်။
“တကယ်လား..”

စွန်းဟုန်ဖေးမှာမူ စိတ်ထဲတွင်သာ ပြောမိတော့သည်။
ထင်တဲ့အတိုင်းပဲ..

သူက ချောင်းဟန့်ကာ စကားဝိုင်း၏ အဓိကလူဖြစ်လာရန် ပြင်ဆင်လိုက်သည်။
“ဒီရှိုးအတွက်.. ငါ..”

သို့သော် စွန်းဟုန်ဖေး ပြောနေစဉ်မှာပင် ယင်ဟယ်ဖုန်း၏ တံတောင်နှင့် တိုက်ခံလိုက်ရသည်။

ကုရှင်းရှစ်၏လက်အား ဆုပ်ကိုင်ပြီး ယင်ဟယ်ဖုန်းက စကားများပင် ဗလုံးဗထွေး ဖြစ်လာသည်။
“ညီလေးကု.. ဒီသတင်းက အတည်လား.. မင်း.. မင်းကို မယုံလို့ မဟုတ်ပါဘူး.. ဒါက ကိစ္စကြီးလေ.. ဒီတိုင်း..”

ကုရှင်းရှစ်က ယင်ဟယန်ဖုန်း၏ စိတ်လှုပ်ရှားမှုအား နားလည်သဖြင့် စိတ်အေးစေရန် ပခုံးပုတ်လိုက်သည်။
“လုံးဝသေချာတယ်.. ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်က ပြောပြတာပါ..”

အနီးရှိ စွန်းဟုန်ဖေးမှာမူ ဘဝင်ခိုက်သည့် အမူအရာဖြင့် ရှိနေသည်။
သေချာပေါက် အမှန်ပဲပေါ့.. ဝမ်ယွဲ့ကိုယ်တိုင် အတည်ပြုထားတာလေ.. ဒါပေမဲ့ ကုရှင်းရှစ်က သူ့ရဲ့ ချစ်သူကို ‘သူငယ်ချင်းကောင်း’ လို့ ခေါ်တယ်ပေါ့.. ဝိုး.. အသည်းမာချက်ကတော့..

ယင်ဟယ်ဖုန်း စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချပြီးနောက် ပြောသည်။
“တကယ့် သတင်းထူးပဲ.. ဒါပေမဲ့ ညီလေးကု.. မင်းမှာ အဆက်အသွယ်ကောင်းတွေ ရှိတယ်ဆိုတော့ ဖျော်ဖြေရေးလောကရဲ့ သတင်းထူးတွေကို ကြိုသိနေတာပဲ ဖြစ်ရမယ်.. ငါက အတွင်းသတင်းဆိုပြီး မင်းကို လာလာပြောနေတတ်တာ.. ရှက်စရာပါကွာ..”

“အိုး.. မဟုတ်ပါဘူး..”
ကုရှင်းရှစ် ကြောင်အသွားပုံရသည်။

မည်သို့ပင်ဖြစ်စေ သူ၏ အတွင်းသတင်းများ ရရှိရာ အဓိက အရင်းအမြစ်တစ်ခုမှာ ယင်ဟယ်ဖုန်းဖြစ်သည်။ ယင်ဟယ်ဖုန်းသာ သတင်းများ မျှဝေပေးခြင်း မရှိတော့လျှင် ကုရှင်းရှစ်က မျက်ကန်းတစ်ဦးနှင့် ခြားလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အလျင်အမြန် ရှင်းပြရသည်။
“တကယ်တော့ အဲဒီသူငယ်ချင်းနဲ့ သိတာ သိပ်မကြာသေးပါဘူး.. “အဲလောက်ကြီး” လည်း မရင်းနှီးကြပါဘူး..”

သူ့ကိုယ်သူ အဖတ်ဆယ်ရန်အတွက် ကုရှင်းရှစ်သည် အဆိုပါသူငယ်ချင်းကောင်းအား ဘေးချိတ်ရန် ကြိုးစားလေသည်။

စွန်းဟုန်ဖေးမှာ ပြုံးဖြီးမနေမိရန် အတော်လေး ကြိုးစားနေရသည်။
အား.. အမှန်တရားကို သိနေတဲ့ တစ်ဦးတည်းသောသူဆိုတော့ ဒီလိုအခြေအနေမျိုးမှာ တိတ်တိတ်လေးနေရတာ ခက်ခဲလိုက်တာနော်..

ထိုအချိန်မှာပင် တစ်စုံတစ်ခုက မူမမှန်ဟု ခံစားမိသည်။

သူ မထိန်းချုပ်နိုင်တော့သဖြင့် ကုရှင်းရှစ်အား မေးလိုက်သည်။
“ဒီတော့.. ဥက္ကဌကုရဲ့ သူငယ်ချင်းနာမည်က ဘယ်လိုခေါ်လဲ မသိဘူး..”

ကုရှင်းရှစ်က လျှို့ဝှက်ထားရန် မလိုအပ်ဟု ယူဆသောကြောင့် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“နင်ဝမ်ကျိုးပါ.. သူက ဒီရှိုးအသစ်အတွက် ထုတ်လုပ်သူလေ..”

စွန်းဟုန်ဖေး : “!!!”

ခဏလေး.. ဘာဖြစ်တယ်..

အဲဒီ နင်ဝမ်ကျိုးက ဘယ်သူလဲ.. ဘယ်ကနေ ပေါ်လာတာလဲ..

သူက ဝမ်ယွဲ့နေရာကို ဝင်ယူဖို့ ကြိုးစားနေတာလား..


 

Search Novels