💝💝💝👩‍❤️‍👨Chapter 6
သဘောမကျခဲ့ဘူး


☆ ရှောင်ချန် နင်ကြင်ဖက်ရှာချင်လား…☆


ရေသောက်ပြီးသည်နှင့် သူမ လောဝမ်ရှင်းမေးလာသည်ကို ကြားလိုက်ရလေသည်။

 “ ဘယ်လိုနေခဲ့လဲ… နင်တို့နှစ်ယောက် စကားကောင်းကောင်းပြောခဲ့ရဲ့လား… ငါပြောသားပဲ သူ့အခြေအနေတွေက တကယ်ကောင်းပါတယ်ဆို… သူက အိမ်အကြီးကြီးနဲ့နေနိုင်တာလေ… မိဘတွေက ကေဒါတွေဖြစ်တဲ့အပြင် သူကိုယ်တိုင်ကိုက အလုပ်သမားသမဂ္ဂမှာ အရာရှိဆိုတော့ အလုပ်လုပ်နိုင်တာ ဘယ်လောက်တောင်ဂုဏ်ယူစရာကောင်းလဲ… နင်တို့အဆင်ပြေသွားရင်တော့ ငါ့ကိုကောင်းကောင်းကျေးဇူးတင်ရမှာနော်…”

ချန်မန် အပူခံခွက်ကိုချကာ ပြောလိုက်သည်။

 “ ဒီတစ်ခေါက်ကြင်ဖက်တွေ့တာက အဆင်ပြေနိုင်မှာမဟုတ်ဘူး…”

“ အဆင်မပြေနိုင်ဘူးလား…”

ရှော့ရသွားသောကြောင့် လောဝမ်ရှင်း မသိစိတ်မှ အသံကိုမြှင့်လိုက်မိသည်။

 “ ဘာလို့အဆင်မပြေနိုင်တာလဲ… မန်မန် ငါပြောမယ်နော်… ကြင်ဖက်ရှာတယ်ဆိုတာက ဂေါ်ဖီရွေးရသလိုပဲ ကောင်းတာကိုယူရတာ… နင်က အခု ငယ်သေးတော့ ဒီလိုနောက်ခံကောင်းတာလေး ရှာလို့ရတာပေါ့… နောက် နှစ်နှစ်လောက်ပဲနေကြည့်စမ်းပါဟယ်… နင်သာ အသက်နှစ်ဆယ့်ငါးနှစ်ဖြစ်သွားရင် နင်ရနိုင်မယ့်လူတွေက အသက်အရမ်းကြီးရင်ကြီး မကြီးရင် မိန်းမမရှာနိုင်တဲ့ငပျင်းတွေပဲကျန်မှာ… ဒီနေ့ နင်တွေ့ခဲ့တဲ့လူလိုနောက်ခံမျိုးနဲ့‌ ယောင်္ကျားက နင့်ကို တွေ့တောင်တွေ့မှာမဟုတ်ဘူးဆိုတာ နင်ယုံလား…”

လောဝမ်ရှင်းက ချန်မန်ကိုထည့်မတွက်ဘဲ မသိစိတ်ကြောင့် ထိုစကားများကို ပြောလိုက်မိသော်လည်း အနောက်မှလိုက်၍ အိမ်ထဲသို့ဝင်လာသည့် ဝမ့်ချိုးမိန်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်။

 “ နင်ဘာတွေပြောနေတာလဲ… မန်မန်က အခုမှ နှစ်ဆယ့်တစ်နှစ်ပဲရှိသေးတာ… နှစ်ဆယ့်ငါးပြည့်ဖို့ လေးနှစ်တောင်လိုသေးတယ်လေ…”

လောဝမ်ရှင်း သီးသွားခဲ့သည်။

 “ မန်မန်က အခုမှ နှစ်ဆယ့်တစ်နှစ်ဆိုတာ ကျွန်မလည်းသိပါတယ်… ဒါပေမယ့် ဒီကြင်ဖက်တွေ့တာက တစ်နှစ်ခွဲလောက် အချိန်ယူရတာကို… လက်ထပ်တယ်ဆိုတာကလည်း အချိန်ယူရဦးမှာ… နှစ်နှစ်လောက်ဆိုတာ မျက်တောင်တခတ်အတွင်း ကုန်သွားမှာလေ… မန်မန်အတွက် အချိန်ကျန်ဦးမယ်လို့ အမေထင်လို့လား… လက်တွဲဖော်တစ်ယောက်ရှာဖို့ သူ့မှာအချိန်ဘယ်လောက်ကျန်ဦးမှာမလို့လဲ… ပြီးတော့ ဒီနေ့တွေ့ခဲ့တဲ့ကောင်လေးက အလုပ်အကိုင်ကော ပညာအရည်အချင်းကော ရုပ်ရည်ကော တကယ်ပဲအသာကြီးလေ… ဒီတစ်ယောက်ကိုသာလွတ်သွားရင် သူ့လိုအခြေအနေနဲ့လူမျိုးထပ်ရှာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး…”

ပြောရန်မလိုပေ။ လောဝမ်ရှင်း၏စကားမှာ ကြားလိုက်ရရုံနှင့်ပင် အဓိပ္ပါယ်ရှိနေခဲ့သည်။ သို့သော်လည်း ဝမ့်ချိုးမိန်မှာ အကြောင်းအရင်းတစ်ခု ရှိနိုင်မည်ဟု တွေးမိပြီး အမှန်တကယ်ပင် စိတ်ပူလာခဲ့သည်။ သူမ တုန့်ဆိုင်းစွာဖြင့် မေးလိုက်မိသည်။

 “ အဲ့ဒီကောင်လေးရဲ့အခြေအနေက တကယ်ပဲ နင်ပြောသလို ကောင်းနေတာလား…”

“ လုံးဝကိုသေချာတယ်… မယုံရင် မန်မန်ကိုမေးကြည့်လိုက်ပါ…”

ဝမ့်ချိုးမိန်မှ ချန်မန်ထံကြည့်လာသောအခါ သူမ ခေါင်းညိတ်ပြလိုက်လေသည်။

 “ သူ့အခြေအနေက တကယ်ပဲကောင်းပါတယ်… ဒါပေမယ့် ကျွန်မတို့က မသင့်တော်ဘူး…”

“ နင်တို့ကအခုမှ ပထမဆုံးတွေ့ကြတာလေ… ဘာပြဿနာရှိတာမလို့လဲ…” 

လောဝမ်ရှင်းမှာ ချန်မန်ပြောသည်ကို မယုံကြည်ခဲ့ဘဲ ထပ်ပြောလိုက်သည် ။

“ ပြီးတော့ စုံတွဲတွေဆိုတာက ဖြည်းဖြည်းချင်း လိုက်လျောညီထွေဖြစ်လာတာပဲလေ.. နင့်အစ်ကိုကြီးနဲ့ ငါဆိုလည်း အစတုန်းက ကိုက်ညီမှုမရှိဘူးမဟုတ်လား…ဒါပေမယ့် အခုကြည့်လေ ငါတို့ကောင်းကောင်းနေနေကြတာလေဟယ်…”

ဝမ့်ချိုးမိန် ထိုအကြောင်းကို တွေးမိသွားပြီး ပြောလိုက်သည်။

 “ သမီးယောက်မပြောတာ အဓိပ္ပါယ်တော့ရှိတယ်နော်…”

“ သမီးလည်း အမှန်ကိုသိပြီးသားပါ..  á€’ဍပ္မယအ် အဲ့ဒီလူရဲ့ပေါက်ကရတွေကိုတော့ ဘယ်လိုမှညှိယူလို့ရနိုင်မှာမဟုတ်ဘူး…” 

ချန်မန် ပြန်လှည့်လိုက်ပြီး ဗီရိုရှိရာသို့ ကျောမှီလျက်ပြောလိုက်သည်။

 “ သူက လက်ထပ်ပြီးသွားရင် သမီးရဲ့အလုပ်ကို ရောင်းပစ်ချင်တာတဲ့…”

ဝမ့်ချိုးမိန် ကြောင်သွားခဲ့သည် ။

“ အလုပ်ကိုရောင်းချင်တာလား…”

လောဝမ်ရှင်းသည်လည်း အနည်းငယ်အံ့အားသင့်သွားရသည်။

 “ အလုပ်ကိုရောင်းပစ်ချင်တာလား… ဘာလို့တဲ့လဲ… သူ့မိသားစုက ပိုကောင်းတဲ့အလုပ်ကို မိတ်ဆက်ပေးမှာမလို့များလား…”

ချန်မန် သူမတို့အကြားမှ စကားဝိုင်းကို အပိုစကားမပါဘဲ အရှိတိုင်းပြန်ပြောလိုက်သည်။

 “ သူပြောတာတော့ အလုပ်ကိုရောင်းပြီးရင် သမီးကို အိမ်မှာနေပြီး အိမ်အလုပ်လုပ် ကလေးထိန်းတဲ့လေ… သူပြောနေပုံအရတော့ နောက်ထပ်အလုပ်တစ်ခု ပြန်ရှာပေးဖို့ စိတ်ကူးမရှိတဲ့ပုံပဲ…”

ထိုစကားကိုကြားလိုက်ပြီးနောက် ဝမ့်ချိုးမိန်၏မျက်နှာမှာ လုံးလုံးလျားလျား မဲမှောင်သွားရသည်။

 “ သမီး နင်အဲ့ဒီလူနဲ့ ထပ်ပြီးဆက်ဆံစရာမလိုတော့ဘူး…”

“ အမေ…” လောဝမ်ရှင်း အလျင်စလိုဖြတ်ပြောလိုက်မိသော်လည်း ဝမ့်ချိုးမိန်၏မျက်လုံးများနှင့် ဆုံလိုက်ရချိန်၌ သူမ ဂရုတစိုက်ပြောလိုက်သည် ။

“ ကျွန်မတော့ အဲ့ဒီပြဿနာကို အရေးကြီးတယ်လို့မထင်ဘူးနော်… ထပ်ပြီးဆွေးနွေးလို့ရတာပဲဟာ… ပြီးတော့ အဲ့ဒီလူက နောက်ခံကောင်းပြီး တကယ်ပဲ သူ့လစာကမြင့်တယ်လေ… မန်မန် အလုပ်ကိုရောင်းပြီး အိမ်မှာနေ ကလေးထိန်းရမယ်ဆိုရင်တောင် ဘဝကကြမ်းတမ်းမှာမဟုတ်ပါဘူး…”

ဝမ့်ချိုးမိန် အေးစက်စွာပြောလိုက်သည်။

 “ ချန်ကျင်းရဲ့လစာကမြင့်သားပဲ… သူ့တစ်ယောက်ထဲနဲ့တင် နင်တို့မိသားစုသုံးယောက်စားလောက်တယ်လေ…နင်ကော နင့်အလုပ်ကိုမရောင်းချင်ဘူးလား…”

လောဝမ်ရှင်း၏မျက်နှာမှာ တောင့်ခဲသွားရသည် “ ကျွန်မ…”

သေချာပေါက်ပင် လောဝမ်ရှင်း သူမ၏အလုပ်ကို မရောင်းပစ်ချင်ပေ။ သူမသည် အဝတ်အထည်စက်ရုံတွင် အလုပ်လုပ်ပြီး သူမ၏လစာမှာ ယွမ်သုံးဆယ်ထက်ပင် ကျော်လွန်ခဲ့သည်။ ထိုပိုက်ဆံမရှိလျှင် သူမတို့မိသားစု၏ နေထိုင်ရေးမှာ သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။

ထို့ထက်ပိုသည်မှာ အလုပ်ရှိခြင်းသည် ယုံကြည်ချက်ရှိခြင်း၏ အရင်းအမြစ်ဖြစ်ပြီး အလုပ်ရှိသူမိန်းကလေးမှာ လက်ထပ်သွားလျှင်ပင် ခါးမတ်မတ်ထားနေနိုင်သည်။

ဝမ့်ချိုးမိန် လှောင်ရယ်လိုက်သည်။

 “ နင်တောင်မလုပ်ချင်မှတော့ ဘာလို့ငါ့သမီးကို လာနားချနေတာလဲ…” 

ပြောပြီးသည်နှင့် ဝမ့်ချိုးမိန် လောဝမ်ရှင်း၏အဖြေကိုပင် မစောင့်ဘဲ ဆက်ပြောလိုက်သည်။

 “ ငါ့သမီးက သူ့အလုပ်ကို သူ့ဘာသာရောင်းချင်တယ်ဆိုရင် ရောင်းလို့ရတယ်… ဒါပေမယ့် တခြားသူကတော့ သူ့ကိုရောင်းစေချင်လို့မရဘူး… မနက်ဖြန်ကျ သူတို့နင့်စီလာမေးရင် အမှန်အတိုင်းပြောပြလိုက်… ပြီးရင် ဘာမှထပ်မမေးဘဲ ဒီဟာကိုမေ့လိုက်တော့..”

လောဝမ်ရှင်းမှာ ဆက်လက်တိုက်ပွဲဝင်ချင်သေး‌ကာ အသံကိုမြှင့်လိုက်သည်။

 “ အမေ…”

သို့သော်လည်း ဝမ့်ချိုးမိန် ဒေါသထွက်လာပြီး လောဝမ်ရှင်းပြောသည်ကို မကြားချင်သောကြောင့် ကြားဖြတ်ပြောလိုက်သည်။

 “ ကောင်းပြီ နင်ပြန်လိုက်တော့… ငါမန်မန်နဲ့ပြောစရာကျန်သေးတယ်…”

ယောက္ခမဖြစ်သူမှာ စိတ်ကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း မြင်နေရသောကြောင့် လောဝမ်ရှင်း ရွေးချယ်ရန်မရှိဘဲ ချန်မန် စိတ်ပြောင်းနိုင်မည်ဟု မျှော်လင့်လျက် အကြည့်ကို ချန်မန်ထံပြောင်းလိုက်ရသည်။ သို့သော်လည်း ဝမ့်ချိုးမိန် သူမကို မောင်းထုတ်လာချိန်အထိ ချန်မန်မှာ မလှုပ်မယှက်ရှိနေသောကြောင့် သူမ မနေနိုင်တော့ဘဲ ဒေါသတကြီးပြောချလိုက်မိသည်။

 “ ကောင်းပြီလေ နောက်ကြရင် ကျွန်မ မန်မန်နဲ့ပတ်သက်ပြီး ဘာမှလုပ်ပေးတော့မှာမဟုတ်ဘူး… လုံးဝပဲ…” 

ပြောပြီးသည်နှင့် သူမ ဧည့်ခန်းထဲမှ ထွက်သွားလိုက်သည်။

ချွေးမဖြစ်သူပြန်သွားပြီးနောက် ဝမ့်ချိုးမိန် သမီးငယ်ကို အခန်းတွင်းခေါ်ကာမေးလိုက်သည် ။

“ ဒီနေ့တွေ့တဲ့ကောင်လေးကို သဘောမကျခဲ့ဘူးမလား…”

ချန်မန် ကြောင်သွားရသည် ။

“ သမီး အခုပဲအကုန်ပြောပြပြီးတာ မဟုတ်လို့လား အမေရဲ့…”

ဝမ့်ချိုးမိန် နှာခေါင်းရှုပ်လိုက်သည်။

 “ အမလေး ငါက နင့်ယောက်မကို ဒီဟာနဲ့အကြောင်းပြပေးလိုက်တာပါအေ… နင်က ငါ့စီကမွေးလာတာပါ… နင့်အကြောင်းမသိဘဲနေမလား.. နင်သာ အဲ့ကောင်လေးကို သဘောကျမိခဲ့ရင် ဒီလောက်လေးက ပြဿနာတောင်ဟုတ်မှာမဟုတ်ဘူး…”

မွေးမိခင်ရင်းထံမှ ထွင်းဖောက်မြင်ခံလိုက်ရသည်ဖြစ်ရာ ချန်မန် ဟန်ဆောင်နေသည်ကို ရပ်လိုက်ပြီး သူမ၏အမေကိုဖက်၍ ကပ်ဖားလိုက်သည်။

 “ အမေပဲသမီးအကြောင်းကိုသိတာပါနော်…”

“ စကားကိုတတ်တယ်…”

“ သမီးက အမှန်အတိုင်းပြောတာပါနော်… အမေ အဲ့ဒီလိုပြောရင် သမီးတော့စိတ်မကောင်းဖြစ်ရလိမ့်မယ်…”

 á€á€ťá€”á€şá€™á€”á€şá€•á€źá€Żá€śá€¸á€œá€ťá€€á€ş စနောက်ဟန်ဖြင့်ပြောလိုက်သည်။

 “ ဒီတစ်ခါတော့ အမေသမီးကိုအပြစ်တင်လို့မရဘူးနော်… ဟုတ်ပါတယ် သမီးက အဲ့ဒီလောက်ပြဿနာလေးကို ကိုင်တွယ်နိုင်တယ်ဆိုပေမယ့် အမေပဲစဉ်းစားကြည့်ပါဦး… သမီးတို့ကအခုမှတွေ့တာလေ… ဇာတာတောင်တိုက်မကြည့်ရသေးဘဲနဲ့ သူ့တစ်ကိုယ်အကျိုးအတွက် သမီးအလုပ်ကိုရောင်းခိုင်းနေတာ… အဲ့လိုလူကိုသာယူမိရင် သမီးတော့ သည်းခံတယ်ဆိုတဲ့စကားကို သေတဲ့အထိ နဖူးမှာထွင်းထားရတော့မှာပဲ…”

ဝမ့်ချိုးမိန်လည်း ဤသည်ကိုတွေးမိခဲ့သည်။ သူမအနေဖြင့် သမီးငယ်မှာ ထိုကဲ့သို့သောလူမျိုးနှင့် ချစ်ကျွမ်းဝင်မိမည်ဆိုလျှင်ပင် သူမ သဘောတူမည်မဟုတ်ပေ။

သူမသမီး၏ နည်းစနစ်ကျကျ တွေးခေါ်တတ်ပုံမှာ ကောင်းသောအရာတစ်ခုပင်ဖြစ်သည်။

ကိစ္စတစ်ခုလုံးကို သေသေချာချာနားလည်သွားပြီးနောက် ဝမ့်ချိုးမိန်ပြောလိုက်မိသည် ။

“ သမီးရဲ့ယောက်မက နည်းနည်းတော့တစ်ကိုယ်ကောင်းဆန်တယ်လေ… အဲ့ဒါ…”  

သူမ လောဝမ်ရှင်းကို အပြစ်မတင်ရန် သမီးဖြစ်သူကို ပြောချင်နေသော်လည်း စကားလုံးရှာမရခဲ့ချေ။

ဝမ့်ချိုးမိန်တုန့်ဆိုင်းနေသောကြောင့် ချန်မန်မှ လက်ဦးမှုယူကာ စပြောလိုက်သည် ။

“ အမေစိတ်မပူပါနဲ့ သမီးစိတ်ထဲမထားပါဘူး…”

ဝမ့်ချိုးမိန် သမီးငယ်၏နောက်ကျောကိုပုတ်ကာ သက်ပြင်းသာချလိုက်မိသည်။

 “ မင်းအပေါ် အမှားလုပ်ခဲ့မိတာပဲကွယ်..”

နစ်နာသည်ဟု အမှန်တကယ်ပြော၍မရပေ။ လောဝမ်ရှင်းထံတွင် တစ်ကိုယ်ကောင်းဆန်သောစိတ်မျိူးရှိသော်လည်း ချန်မန်ထံ တွဲဖက်‌မိတ်ဆက်ပေးစဉ်အခါက အောက်ခြေစည်းမထားခြင်းမျိုး မဟုတ်ချေ။ ဥပမာအားဖြင့် ချန်မန် ယနေ့တွေ့ခဲ့သူမှာ ဒဲ့တိုးဆန်သော စိတ်နေစိတ်ထားရှိပြီး ကိုယ့်ဖက်ကိုယ်သာကြည့်သော်လည်း ထိုသူ၏အပြင်ပိုင်း အခြေအနေမှာမူ များစွာကောင်းမွန်နေသည်။

သို့သော်လည်း မိခင်ဖြစ်သူမှာ သူမ၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ အစကတည်းကပင် စိတ်ပူနေခဲ့ကြောင်း ချန်မန်သိခဲ့သည်။ ထို့အတွက်ကြောင့် လောဝမ်ရှင်း သူမကိုကြင်ဖက်တွေ့ပေးမည်ဟု ပြောလာစဉ်အချိန်၌ သူမ၏မိခင်မှာ မငြင်းပယ်ခဲ့ရုံသာမက အနည်းငယ်ပင် ပျော်ရွှင်နေခဲ့သည်။

ထိုအချိန်မှစ၍ ချန်မန်မှာ အမျိုးမျိုးသောဟိုတယ်များသို့သွား၍ မတူညီသော ကြင်ဖက်တွေ့ဆုံမှုများကို လုပ်ခဲ့ရတော့သည်။

အကယ်၍ သူမ ငြင်းဆိုမည်ဆိုလျှင် ချန်မန်အနေဖြင့် သင့်လျော်သည့် အကြောင်းပြချက်တစ်ခု ပေးရမည်ဖြစ်ကာ အဓိကအကြောင်းအရင်းဖြစ်သည့် ဆိုင်သို့မကြာခဏလာစားသော အစ်ကိုဖျင်အပေါ် မြင်မြင်ချင်းချစ်မိသွားခြင်း ဆိုသည်မှာမူ သိသိသာသာပင် များစွာသင့်တော်ခြင်းမရှိပေ။

မကြာခဏကြင်ဖက်တွေ့ရခြင်းကို ရှောင်ရှားနိုင်ရန်အတွက် ချန်မန် တွေးနေခဲ့သည်။ သူမ၏ခေါင်းကို ဝမ့်ချိုးမိန်၏ပုခုံးပေါ်သို့ တိတ်တဆိတ်မှီကာ နူးညံ့စွာပြောလိုက်လေသည်။

 “ အမေရယ် သမီး ကြင်ဖက်တွေ့တာတွေကို ထပ်မသွားချင်တော့ဘူး …”

ယမန်နေ့တွင် ချန်မန် သူမ၏လိမ္မာပါးနပ်မှုကိုသုံး၍ အချိန်တိုအတွင်း ကြင်ဖက်သွားမတွေ့ရရန် စီစဉ်နိုင်ခဲ့သည်။ နောက်တစ်နေ့တွင်မူ အလုပ်သို့ရောက်ပြီးနောက် ကြင်ဖက်တွေ့ခြင်း ရလဒ်ကိုပြောပြရန်သွားချိန် အဒေါ်လောမှ သူမကို မီးဖိုချောင်တွင်းသို့ဆွဲခေါ်ကာ မေးလာခဲ့သည်။

 “ ရှောင်ချန် နင် ကြင်ဖက်မတွေ့ချင်ဘူးလား…”

ချန်မန် : “....”

☆☆☆

စာရေးသူတွင် ပြောစရာရှိပါတယ် : 

ချန်မန် : အဒေါ်လော ရှင် မြင်းထိန်းသူအကြောင်း ကြည့်ဖူးမယ်လို့ သံသယဝင်မိပေမယ့် သက်သေပြစရာမရှိဘူးဖြစ်နေတယ်။


💝💝💝👩‍❤️‍👨Chapter 7
- ငါမိတ်ဆက်ပေးမယ့်လူက နင်သိပြီးသားလူပါ

တကယ်တမ်းကမူ ချန်မန်က ကြင်ဖက်တွေ့ခြင်းကို အစတည်းက သွားချင်နေခဲ့ခြင်းမဟုတ်ပေ။ 

ပထမတစ်ချက်က ချန်မန်၌ သဘောကျမိသောလူရှိနေပြီးသားဖြစ်သောကြောင့် ထို ကြင်ဖက်တွေ့ခြင်း သို့ သွားခြင်းက ချန်မန်အတွက်သာမက တစ်ဖက်လူအတွက်လည်း အချိန်အလဟဿကုန်စေသည်။ ထို့အပြင် ယခု ကြင်ဖက်တွေ့ရာ သို့ သွားလိုက်သောအခါမှ ဖိုဝါဒပြင်းပြလှသော ယောင်္ကျားနှင့်တွေ့လာရသောကြောင့် ချန်မန်ခမျာ ကြင်ဖက်တွေ့ခြင်းကို အကြောက်ကြီးမကြောက်သွားသော်လည်း အနာဂတ်၌ ထပ်သွားရန်မူ စိတ်ပျက်နေမိပေပြီ။ 

ထို့ကြောင့် အဒေါ်လောက ဝမ်းသာအားရဖြင့် ကြင်ဖက်တွေ့ခြင်း အကြောင်းပြောလာသောအခါ ချန်မန်က အားနာသော်လည်း လေသံပျော့လေးဖြင့် ငြင်းလိုက်မိသည်။

"အဒေါ်...ကျွန်မ ခုတလောတော့ ကြင်ဖက် အကြောင်း မစဉ်းစားချင်သေးဘူး..."

"နင် မနေ့ကပဲ ကြင်ဖက်သွားတွေ့ ခဲ့တယ်မဟုတ်ဘူးလား.."

အ‌ဒေါ်လောက ထိုသို့ပြောပြီးမှ လေသံကို နှိမ့်ကာ ခပ်တိုးတိုးထပ်ပြောလိုက်သည်။

"ဘာလဲ...မနေ့က သွားတာ အဆင်မပြေခဲ့လို့လား..."

"အင်း တစ်စိတ်တစ်ပိုင်းပေါ့..."
ချန်မန်ကလည်း လေသံခပ်တိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

"အဓိကကတော့ ကျွန်မကိုယ်တိုင်က စိတ်ကို သေချာမပြင်ဆင်သွားလို့ပါ..."

အဒေါ်လောက ယခုခေတ်လူငယ်များ၏အတွေးများကို နားမလည်နိုင်ချေ။

"ကြင်ဖက်သွားတွေ့တာများအေ ဘာများစိတ်ပြင်ဆင်စရာလိုလို့လဲ...လူနှစ်ယောက်တွေ့ပြီး ကိုယ့်အကြောင်း သူ့အကြောင်း ပြောကြတယ်...ပြီးတော့ အနာဂတ်အကြောင်းပြောကြတယ် ဒါပဲလေ...စကားပြောရင်း အဆင်ပြေရင် ရှေ့ဆက်လို့ရမယ်...မပြေရင် ပြတ်ကြမယ်...လွယ်လွယ်လေးပဲဟာကို..."

"ကျွန်မ ယောက်မလည်းအဲဒီလိုပဲပြောတာပဲ...ဒါပေမယ့်..."

အဒေါ်လောက ဆက်နား‌မထောင်ဘဲ ဖြတ်ပြောလိုက်သည်။

"ကဲ ငါပြောတာကို အရင်နားမထောင်ဘဲ စွတ်ငြင်းမနေပါနဲ့...ငါမိတ်ဆက်ပေးမယ့်လူကို နင်သိပြီးသားပါ..."

"ကျွန်မသိပြီးသား ဟုတ်လား..."
ချန်မန်က အံ့ဩသွားပြီး ခေါင်းထဲ၌ အမြန်စဉ်းစားလိုက်သည်။ 

ချန်မန်က စက်ပစ္စည်းစက်ရုံဝန်းအတွင်း၌ရှိသော လက်ထပ်နိုင်သည့်အရွယ် ယောင်္ကျားလေးလေးအများစုကိုသိသည်။ သို့သော် အ‌ဒေါ်လော၏ အမျိုးသားက ကုန်ကြမ်းပစ္စည်းစက်ရုံ၌ အလုပ်လုပ်၍ အဒေါ်လောတို့ မိသားစုကလည်း ထိုစက်ရုံဝန်းအတွင်းနေကြခြင်းဖြစ်သည်။ စက်ပစ္စည်းစက်ရုံဝန်းအတွင်း၌ အရွယ်တော်ယောင်္ကျားလေး မရှိလှသော်လည်း ကုန်ကြမ်းပစ္စည်းစက်ရုံဝန်းအတွင်း၌မူ ယောင်္ကျားလေးအများစုရှိသည်။ သို့သော် ထိုလူများကို ချန်မန်မသိပေ။ 

ချမ်မန်နှင့် အဒေါ်လောတို့ နှစ်ယောက်လုံးသိသူများ ရှိသောနေရာက ဤအစိုးရပိုင်စားသောက်ဆိုင်သာ ရှိသည်။ ဤစားသောက်ဆိုင်သို့ လာသမျှလူတိုင်းကို သူတို့နှစ်ယောက်လုံးသိကြသည်။ 

ဤအစိုးရပိုင်စားသောက်ဆိုင်သို့ လာစားသူများကလည်း သူတို့အလုပ်လုပ်သောနေရာနှင့် အဆင်ပြေသောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဝင်ငွေကောင်း၍ ပိုက်ဆံများစွာရှိသောကြောင့်ဖြစ်စေ ထိုကဲ့သို့အကြောင်းများဖြင့်သာ လာစားသူများသည်။ ထို့ကြောင့် မည်သည့်အမျိုးအစားပင်ဖြစ်စေ လာစားသူအများစုက အဆင့်အတန်း အလွန်မနိမ့်ကျသူများဖြစ်၍ အသက်ကလည်း ကြီးကြသည်။ 

သေချာစဉ်းစားပြီးသောအခါ အဒေါ်လောပြောသည်နှင့် ကိုက်ညီ၍ သူမနှင့် အသက်အရွယ်ကိုက်သူဟူ၍ နှစ်ယောက်သာ ချန်မန့်ခေါင်းထဲ‌ပေါ်လာသည်။ တစ်ယောက်က ချန်မန်ကြိုက်သော ရဲဘော်အစ်ကိုဖြစ်သည်။ သူက တပ်ရင်း၌ လက်ထောက်တပ်မှူးအဆင့်ခန့်ရှိ၍ ဝင်ငွေကလည်း တစ်လကို ပြား ၁၀၀ ခန့်ရသူဖြစ်သည်။ ထို့နောက် အဒေါ်လောနှင့်လည်းခင်၍ တစ်ခါဆိုလျှင် သူ၏ မိသားစုနောက်ခံအကြောင်းကို အကုန်ဖွင့်ပြောမိမတတ်ပင် ဖြစ်သွားသေးသည်။ 

ဒုတိယတစ်ယောက်ကမူ မူရင်းဝတ္ထုထဲမှ အမျိုးသားဇာတ်ဆောင်ဖြစ်သည်။ ထိုအမျိုးသားဇာတ်ဆောင်က တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်သည်။ ဘွဲ့ရပြီးသောအခါ စက်ပစ္စည်းစက်ရုံ၌ အလုပ်ဝင်လုပ်ကာ ရာထူးကလည်း အင်ဂျင်နီယာဖြစ်သည်။ သူ၏ အမှတ်များက ကောင်းသောကြောင့် ရသောလစာကလည်း   ဤခေတ်၌ အတော်ကောင်းသောလစာဖြစ်သည်။ 

ထိုမူရင်းအမျိုးသားဇာတ်ဆောင်က ဖန်းချောင်လမ်းပေါ်မှ အစိုးရပိုင်စားသောက်ဆိုင်၌ မတော်တဆစားမိသွားရင်း ယန်မင်ကျစ်၏ဟင်းပွဲများကို စားပြီးနောက်ပိုင်းတွင် ကြားရက်များ၌ ဤစားသောက်ဆိုင်ဆီသို့သာ အမြဲလာစားနေတော့သည်။

မည်သို့ပင်ဖြစ်စေ ထိုမူရင်းဇာတ်ကောင်ကလည်း ပိုက်ဆံချမ်းသာသူဖြစ်သည်။ 

သို့သော် မူလဝတ္ထုထဲ၌ အရှေ့ကောင်တာစားပွဲ၌ထိုင်သောမိန်းကလေးက အမျိုးသားဇာတ်ကောင်နှင့်မည်သည့်အချိန်ကမှ ကြင်ဖက်မတွေ့ခဲ့ချေ။

ထိုကဲ့သို့ ကြင်ဖက်တွေ့ခဲ့လျှင်လည်း ထိုအရှေ့ကောင်တာမှမိန်းကလေးက နောက်ခံဇာတ်ကောင်သက်သက်သာ မဟုတ်ဘဲ အနည်းဆုံးမူ အမြှောက်စာမိန်းကလေးဇာတ်ကောင်ခန့် ဖြစ်လာနိုင်သည်။ 

ထို့ကြောင့် ယခု အဒေါ်လောမိတ်ဆက်ပေးမည်ဆိုသူက အစ်ကိုဖျင်သာ ဖြစ်နိုင်ချေများနေလေသည်။ 

ဒါပေမယ့် လုဖျင်ကျိုးရဲ့ အခြေအနေက အရမ်းကောင်းလွန်းနေတယ်မဟုတ်ဘူးလား...

လုဖျင်ကျိုးကဲ့သို့သောလူမျိုး၌ အခြားမိန်းကလေးနှင့် မိတ်ဆက်ပေးချင်သော လူများ ဝိုင်းဝိုင်းလည်နေမည်သာ။ ထို့ကြောင့် သူနှင့် အနည်းငယ်သာရင်းနှီးသော အဒေါ်လောလိုလူမျိုးက မိတ်ဆက်ပေးရန်မှာ မဖြစ်နိုင်ချေ။ 

ဒါပေမယ့် တကယ်မှန်နေရင်ရော...

အစ်ကိုဖျင်က အဒေါ်လောနားပူနားဆာလုပ်တာကို မခံနိုင်တော့လို့ လက်ခံလိုက်တာဆိုရင်...
ချန်မန်က နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မေးလိုက်သည်။

"အဒေါ် မိတ်ဆက်ပေးမယ့်လူက ဘယ်သူလဲ...ကျွန်မသိလို့ရမလားဟင်..."

အဒေါ်လောက ပျော်ရွှင်စွာပင် ပြန်ဖြေလိုက်သည်။
"ရတာပေါ့...သူ့နာမည်က လုဖျင်ကျိုးတဲ့..."

ချန်မန်၏မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

ဒါဆို တကယ်မှန်နေတာပေါ့...

ချန်မန် အံ့ဩသွားသည်ကို ကြည့်ပြီး အဒေါ်လောက ငါသိပြီးသားပါ ဆိုသောပုံနှင့် အနည်းငယ်ပြုံးလိုက်သည်။

"ရှောင်လုက ငါတို့ဆိုင်ကို တနင်္ဂနွေနေ့တိုင်း လာလာစားတဲ့ စစ်သားလေ...နင် သူ့ကို သိတယ်မလား..."

သိတာပေါ့...အရမ်းသိတာ...

ချန်မန်က ပျော်ရွှင်စွာ တွေးလိုက်မိပြီးမှ အဒေါ်လောကို ထပ်မေးလိုက်သည်။

"သူ့ကို ကျွန်မနဲ့ ကြင်ဖက်တွေ့ဖို့ ဘယ်လိုများ နားချလိုက်တာလဲဟင်..."

သူကိုယ်တိုင်က ငါ့ကို လက်ခံစေချင်တာလား...ဒါမှမဟုတ် ဒီတိုင်း မတတ်သာလို့ လက်ခံလိုက်ရတာလား...

သူမရှေ့မှ ဘာကိုမှ နားမလည်သော အူတူတူအတတကောင်မလေးကို ကြည့်ပြီး အဒေါ်လောက ပို၍ ရင်ခုန်ရစေရန် သေချာမပြောဘဲနေလိုက်သည်။

"နင်သိချင်ရင် တနင်္ဂနွေနေ့ သူနဲ့တွေ့တဲ့အခါကျ ကိုယ်တိုင်မေးကြည့်လိုက်ပေါ့..."

ချန်မန်က ခဏစဉ်းစားကာ ပြောလိုက်သည်။
"ဒါပေမယ့် တနင်္ဂနွေနေ့ကျ ကျွန်မ အလုပ်ဆင်းရမှာ..."

အဒေါ်လောက ချန်မန် ဆင်ခြေပေးနေသည်ကို မသိဘဲ အေးအေးဆေးဆေး‌ပြန်ပြောလိုက်သည်။

"ငါ အဲဒီနေ့ကျ အားတယ်လေ...ဒါရိုက်တာလာရင် ငါတို့‌နှစ်ယောက် တနင်္ဂနွေနေ့အတွက် အလုပ်ချိန်ပြောင်းမယ်လို့ပြောလိုက်ပေါ့..."

ချန်မန်က ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ ကိုက်နေလိုက်သည်။ 

"ရှောင်လုက တကယ်လူကောင်းလေး...သူက စစ်တပ်မိသားစုက မွေးလာတာ...ပြီးတော့ စစ်တပ်တက္ကသိုလ်မှာတက်လာတာ...တချို့တွေလို မူလတန်းပဲအောင်ပြီး စစ်သားဖြစ်လာတာမဟုတ်ဘူး...ငါကြားဖူးတာ စစ်တပ်ထဲမှာ ရာထူးတိုးဖို့ဆိုရင် ပညာအရည်အချင်းကိုလည်း ကြည့်တာတဲ့...ရှောင်လုက ပညာရေးနောက်ခံကလည်း ကောင်းပြီး တော်ကလည်းတော်တော့ ရာထူးတွေမြန်မြန်တိုးတာပေါ့...အဲဒါကြောင့် အခု အသက် ၂၆ နှစ်တည်းနဲ့ ဒုတပ်ရင်းမှူးဖြစ်နေတာ..."

အဒေါ်လောက အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။

"ကောင်လေးက ဒီလောက်တောင် အသက်ငယ်ငယ်နဲ့ အရည်အချင်းကရှိနေတော့ မိန်းကလေးတိုင်းက အနားကပ်ချင်နေကြတာ...ဒါပေမယ့် သူက အလုပ်ပဲ ခေါင်းထဲရှိတာဆိုတော့ လက်ထပ်ဖို့ကို မစဉ်းစားမိဘူးတဲ့...အဲဒါကြောင့် အခုအချိန်အထိ တစ်ယောက်တည်းဖြစ်နေတာ..."

ချန်မန်က ဘာပြန်ပြောရမည်မသိဖြစ်နေသည်။ ယခင်က လုဖျင်ကျိုး၏မွေးနေ့ကိုပင် မသိခင်တုန်းကမူ အလွန်မသိသာစေဘဲ မည်သို့ ဆွဲဆောင်ရမည်ကို စဉ်းစားနေခဲ့သော်လည်း ယခု အခွင့်အရေးက ရှေ့သို့ ရောက်နေချိန်တွင် ချန်မန် တုံ့ဆိုင်းနေမိသည်။ ခဏအကြာမှ အသံကို နှိမ့်ကာ မေးလိုက်သည်။

"ဒါဆိုရင် အခုကရော ဘာဖြစ်လို့ ကြင်ဖက်တွေ့မယ်ဖြစ်သွားရတာလဲ..."

သူကြိုက်တဲ့မိန်းကလေးကိုတွေ့သွားလို့ပေါ့...

အန်တီလောက ခေါင်းထဲမှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"လက်ထပ်ချင်လာလို့ပေါ့...နင်ပဲ စဉ်းစားကြည့်လေ...စစ်တပ်ထဲမှာတောင်မှ သူ့အသက်အရွယ်မှာ လူတိုင်းက မိန်းမနဲ့ ကလေးနဲ့ ဖြစ်နေကြပြီမလား...သူလည်း နေ့တိုင်း တစ်ယောက်တည်းဖြစ်နေတော့ အထီးကျန်လာမှာပေါ့..."

အဒေါ်လောက ပိုပိုသာသာထိုးပြောနေမှန်း ချန်မန်ရိပ်မိသော်လည်း လက်ဆုပ်လက်ကိုင်ပြစရာမရှိသောကြောင့် မျက်နှာနီနီဖြင့် ဆက်မေးလိုက်သည်။

"ဒါဆိုရင် အခု သူနဲ့ ကြင်ဖက်လာတွေ့မှာ ကျွန်မဆိုတာရော သူသိရဲ့လား..."

"သိပါ့အေ...နင့်အကြောင်းကိုလည်းပြောလိုက်ရော ဘာဖြစ်သွားလဲသိလား..."

"ဘာဖြစ်သွားလို့လဲ..."

"ချက်ချင်းကို နင်နဲ့ ကြင်ဖက်တွေ့ဖို့ သဘောတူလိုက်တာလေ..."
အဒေါ်လောက ပြောလိုက်သည်။

"သူက အစတည်းက နင့်ကို စိတ်ဝင်စားနေတဲ့ပုံပါ...အဲဒါကြောင့်လည်း ငါက နင်တို့နှစ်ယောက်ကို မိတ်ဆက်ပေးချင်တာပေါ့...နင်လည်း သူ့ကို စိတ်ထဲမှာတော့ရှိတယ်မလား....ဘာမှရှည်ရှည်ဝေးဝေးစဉ်းစား‌မနေဘဲ သွားသာတွေ့လိုက်...ရှက်ပြီး ပြောစရာရှိတာမပြော လုပ်စရာရှိတာမလုပ်ဘဲနေရင် နောက်မှ နောင်တရနေရမယ်..."

ချန်မန်ကလည်း သေချာစဉ်းစားကာ မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။
"ဟုတ် ကျွန်မနားလည်ပါတယ်..."

"ဒါဆိုရင် တနင်္ဂနွေနေ့ကို ချိန်းလိုက်တော့မယ်နော်..."
အဒေါ်လောက သေချာသောပုံစံဖြင့် ပြောလိုက်သည်။

"ကြင်ဖက်တွေ့ဖို့ကို ဒီစားသောက်ဆိုင်မှာပဲ တွေ့ချင်လား...တခြားတစ်နေရာမှာ တွေ့ချင်လား..."

"တခြားနေရာ..."

ငါတို့သာ ဒီစားသောက်ဆိုင်မှာတွေ့ရင် ဒီမှာ လုပ်သမျှလူတိုင်းက တွေ့ပြီး ငါ့ကို စလို့ဆုံးတော့မှာမဟုတ်ဘူး...ရှက်လို့သေရချည်ရဲ့...

"ဒါဆို တုန်းဟယ်လမ်းမပေါ်က စားသောက်ဆိုင်ရော..."

ဖန်းချောင်လမ်းဆုံး၍ တစ်ဖက်သို့ ချိုးလိုက်လျှင် တုန်းဟယ်လမ်းသို့ရောက်မည်ဖြစ်သည်။ တုန်းဟယ်လမ်းက စက်ပစ္စည်းစက်ရုံနှင့်လည်း မဝေးလှချေ။ ချန်မန်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဟုတ်..."

"ဒါဆို အချိန်က ၁၂ နာရီလို့ပြောလိုက်မယ်နော်...စကားပြောလို့အဆင်ပြေရင် စားသောက်ပြီးတဲ့အချိန်ကျ ရုပ်ရှင်လေးဘာလေးသွားကြည့်တာတို့...ရေကန်ဘေး လမ်းလျှောက်တာတို့ လုပ်ဖို့ အချိန်ရှိတာပေါ့..."

ပြောပြောဆိုဆိုနှင့်ပင် အဒေါ်လောက ချန်မန်တို့ တနင်္ဂနွေနေ့တွေ့ရန်ကို အကုန်စီစဉ်ပေးပြီးသားဖြစ်သွားသည်။

ချန်မန်ကလည်း စောဒကတက်မနေဘဲ အေးအေးဆေးဆေးသာ သဘောတူလိုက်လေသည်။

"ဟုတ်ကဲ့..."

...

ပုံမှန်ဆိုလျှင် ကြင်ဖက်တွေ့ရန်စီစဉ်ပြီးသောအခါ ချန်မန်တစ်‌ယောက် အိမ်သို့ပြန်ရောက်ရောက်ချင်း မိဘများကို ပြောမိမည်ဖြစ်သည်။ 

သို့သော် မနေ့ကမှ သူ့အမေရှေ့၌ နောက်တွင် မည်သောအခါမှ ကြင်ဖက်ထပ်မတွေ့တော့ပါ ဟု ကြွေးကြော်မိထားသောကြောင့် ယနေ့၌ ကြင်ဖက်တွေ့မည်ဟုပြောလိုက်လျှင် ချန်မန် ကိုယ့်ပါးကိုယ်ပြန်ရိုက်သကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ 

ထို့ကြောင့် ချန်မန်က အချိန်ကို ရနိုင်သမျှဆွဲကာ ဝမ့်ချိုးမိန်ကို စနေနေ့ညမှသာ အကုန်ပြောပြလိုက်သည်။

ရက်လေးနည်းနည်းနောက်ဆုတ်ပြီးမှပြောတော့ နည်းနည်းတော့ အရှကသက်သာရာရတာပေါ့လေ...

ဝမ့်ချိုးမိန်ကိုပြောပြနေချိန်တွင် ချန်မန်၏အသံက ယုံကြည်ချက်မရှိဘဲ တုန်ယင်နေပြီး လက်များကို အချင်းချင်းကျစ်ကျစ်ပါအောင်ဆုပ်ကာ မျက်နှာကလည်း ရှက်နေပုံပေါက်နေလေသည်။ 

ဝမ့်ချိုးမိန်၏ မျက်နှာပေါ်တွင်မူ ချန်မန့်ကို လှောင်ပြောင်ချင်သောအရိပ်အယောင်ဟူ၍ အနည်းငယ်မျှပင် မရှိပေ။ တစ်နေ့ကမှ ကြင်ဖက်မတွေ့တော့ပါ ဟု ကြွေးကြော်‌ထားသော သမီးဖြစ်သူက ယခု ကြင်ဖက်ထပ်တွေ့မည့်အကြောင်းပြောနေသည်ကို မရယ်ချင်၍မဟုတ်ပေ။ သို့သော် ဝမ့်ချိုးမိန်ရယ်လိုက်လျှင် ချန်မန်တစ်ယောက် ကြင်ဖက်တွေ့ရန် လုံးဝ စိတ်မပါဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ 

ချန်မန်က နောက်ထပ်ကြင်ဖက်မတွေ့ချင်တော့ပါ ဟု ပြောစဉ်တုန်းက ဝမ့်ချိုးမိန်က လွယ်လွယ်ကူကူပင် သဘောတူခဲ့သော်လည်း လောဝမ်ရှင်း၏စကားကိုကြားပြီးသောအခါ သေချာပြန်စဉ်းစားပြီး နောင်တရနေမိသည်။ 

ဘာဖြစ်လို့များ အဲဒီတုန်းက စိတ်လွတ်ပြီး ချန်မန်က ကြင်ဖက်မတွေ့ချင်တော့ဘူးဆိုတာကို သဘောတူခဲ့မိပါလိမ့်...

ယခုအချိန်တွင် မျက်စိတစ်မှိတ်အတွင်း၌ မတ်လသို့ ရောက်နေပြီဖြစ်သည်။ မကြာမီ၌ နှစ်ဝက်သို့ ရောက်ခါနီးပေပြီ။ ကံမကောင်းလွန်းပြီး သင့်တော်သောလူ ရှာမတွေ့လျှင် ဤတစ်နှစ်လုံးရ အလဟဿ ဖြစ်သွားပေလိမ့်မည်။ 

ထိုအကြောင်းကိုစဉ်းစားလေ ဝမ့်ချိုးမိန်တစ်ယောက် ပို၍ စိတ်ပူကာ နောင်တရလေဖြစ်နေတော့သည်။ ထိုကဲ့သို့သော အချိန်၌ ချန်မန်က သူမကိုယ်တိုင်မှစ၍ မနက်ဖြန်၌ ကြင်ဖက်တွေ့မည်ဟုပြောလာသောအခါ ဝမ့်ချိုးမိန်အတွက် အလွန်အိပ်ချင်နေချိန်၌ တစ်စုံတစ်ယောက်က ခေါင်းအုံးယူလာပေးသကဲ့သို့ အလွန်ပင် ပျော်ရွှင်သွားမိ၏။ 

ငါဘာဖြစ်လို့များ ငါ့သမီးကို အထင်သေးနေမိပါလိမ့်...

ဒါပေမယ့် သမီးကိုက ချော့ချော့မော့မော့ ပြောပေးမှရမှာ...မနက်ဖြန် ကြင်ဖက်တွေ့တာမှ ထပ်ပြီး အဆင်မပြေဘူးဆိုရင်တော့ နောက် အချိန်တစ်ခုအထိ ကြင်ဖက်မတွေ့ခိုင်းတော့ဘူးလို့ပြောရမှာပဲ...

ယခုကြင်ဖက်တွေ့ခြင်းက အဆင်မပြေလျှင် ဝမ့်ချိုးမိန်က သူမ၏ မိတ်ဆွေများကို အကူအညီတောင်းပြီး ချန်မန်ကို နှစ်လခန့် အနားယူခိုင်းလိုက်မည်ဟု စဉ်းစားထားလိုက်သည်။ 
အခုတွေ့တာ အဆင်ပြေတယ်ဆိုရင်တော့ ပိုကောင်းတာပေါ့...

ဤတစ်ခေါက် ကြင်ဖက်တွေ့ခြင်းက အဆင်ပြေသွားလျှင်မူ ကလေးနှစ်ယောက် အချင်းချင်း ရင်းနှီးမှုရရန် ၄ ၅ လခန့် အချိန်ရှိသေးသည်။ ထို့နောက်တွင်မူ မင်္ဂလာဆောင်ရန် ဆွေးနွေးပြီး နောက်နှစ်တွင် ဝမ့်ချိုးမိန်တစ်ယောက် မြေးပင် ချီလျှင် ချီနေရလောက်ပြီဖြစ်လေသည်။ 

ထိုသို့ စဉ်းစားပြီး ချန်မန်၏စကားဆုံးသည်နှင့် ဝမ့်ချိုးမိန်က ပြုံးပြီးပြောလိုက်သည်။

"ကောင်းတယ်လေ...သမီးက ငယ်ငယ်လေးရှိသေးတာပဲကို...လူများများနဲ့ တွေ့တာ ပိုကောင်းတာပေါ့...အခု ကောင်လေးနဲ့က ဘယ်အချိန် ဘယ်နေရာမှာ တွေ့မှာလဲ..."

"မနက်ဖြန် နေ့လယ် တုန်းဟယ်စားသောက်ဆိုင်မှာ..."

"ကောင်းတယ် ကောင်းတယ်...တုန်းဟယ်စားသောက်ဆိုင်က အဆင်ပြေတယ်...ကောင်လေးဖက်ကရော လာဖို့ အဆင်ပြေရဲ့လား...'

ချန်မန်က ခပ်တိုးတိုးပြန်ပြောလိုက်သည်။
"ပြေမှာပါ...သူက သမီးတို့စားသောက်ဆိုင်ကို အမြဲလာစားနေကျပဲကို..."

ချန်မန်၏စကားထဲမှ သဲလွန်စကို ဝမ့်ချိုးမိန် ရှာတွေ့သွားသည်။
"အခုတွေ့မယ့်ကောင်လေးက လျန်းဟွာ မိတ်ဆက်ပေးတာလား..."
အဒေါ်လော၏ နာမည်အရင်းက လောလျန်းဟွာဖြစ်သည်။ 

ချန်မန်လည်း အမေ့ကို အကုန် အိတ်သွန်‌ဖာမှောက်ပြောလိုက်မိကြောင်း ယခုမှပင် သတိထားမိသွားပြီး မျက်နှာနီသွားမိသည်။ သို့သော် အမေ့ထံမှ အကြည့်မလွှဲဘဲ ခပ်တိုးတိုးပြောလိုက်သည်။ 

"သူနဲ့က စကားတော့ နည်းနည်းပြောဖူးတယ်...အရမ်းတော့ မရင်းနှီးဘူး..."

ဝမ့်ချိုးမိန် စဉ်းစားလိုက်သည်။ 
အေးပေါ့...သူတို့အချင်းချင်းရင်းနှီးနေတယ်ဆိုလည်း မိတ်ဆက်တာတွေ ကြင်ဖက်တွေ့ဖို့တွေ ဘယ်လိုနေတော့မလဲ...

ဒါပေမယ့် သေချာလည်း ပြောလို့မရသေးဘူး...

ဝမ့်ချိုးမိန်က သူ့သမီးကို သေချာစူးစိုက်ကြည့်လိုက်သည်။ ယခု ချန်မန်တွေ့မည့် ကြင်ဖက်ကောင်လေးက မည်သို့မည်ပုံရှိမှန်း ဝမ့်ချိုးမိန် မသိသေးသော်လည်း သူ့သမီးက စိတ်ဝင်စားနေမှန်းကိုမူ ရိပ်မိလိုက်သည်။

ပြီးခဲ့တဲ့အပတ်က ကြင်ဖက်သွားတွေ့ပြီး နောက်ထပ် ကြင်ဖက်မတွေ့ချင်တော့ဘူးလို့ ချန်မန်ပြောတာလည်း မဆန်းတော့ပါဘူးလေ...သူ့ရင်ထဲမှာ တခြားတစ်ယောက်က ရှိနေပြီးသားဖြစ်နေတာကိုး...

ဝမ့်ချိုးမိန်က အခြားမိဘများကဲ့သို့ ရှေးရိုးဆန်၍ ခေတ်နောက်ပြန်ဆွဲနေသော မိဘမျိုးမဟုတ်၍ ချန်မန် ရည်းစားထားလျှင်လည်း တားမည့်မိခင်မျိုးမဟုတ်ပေ။ သို့သော် ယခု ချန်မန်တွေ့မည့်ကောင်လေးက ရိုးရိုးကြင်ဖက်တွေ့ခြင်းမျိုးမဟုတ်ဘဲ ချန်မန်ကိုယ်တိုင်က စိတ်ဝင်စားနေသည်ကို သိသောအခါတွင်မူ ဝမ့်ချိုးမိန် အနည်းငယ်စိတ်ပူသွားမိသည်။ 

ခဏစဉ်းစားပြီးသောအခါ ဝမ့်ချိုးမိန်က မေးလိုက်သည်။
"ကောင်လေးအကြောင်းကို အဒေါ်လောဆီက သိသင့်တာအကုန်သိပြီးပြီလား..."

"ဟုတ် သိပြီးပါပြီ..."
ချန်မန်က အေးအေးဆေးဆေးပင် လုဖျင်ကျိုး၏လက်ရှိအခြေအနေကို အကုန်ရှင်းပြလိုက်သည်။ 

ချန်မန်ပြောသမျှကို နားထောင်ပြီးသောအခါ ဝမ့်ချိုးမိန်က သေချာစဉ်းစားပြီး ပြောလိုက်သည်။

"ဒါဆို ဒီကောင်လေးက ရုပ်လည်း ချောတယ် အလုပ်အကိုင်ကလည်းကောင်းတယ်...သူ့လိုအခြေအနေနဲ့ လက်တွဲဖော်တစ်ယောက်‌ရှာဖို့က မခက်ဘူးမလား...ဘာဖြစ်လို့ အခုထိ သူက လူပျို‌ဖြစ်နေရတာလဲ..."

"အရင်နှစ်တွေတုန်းက သူ့အလုပ်ကိုပဲ အာရုံစိုက်နေလို့ လက်ထပ်ဖို့ ကိစ္စကို ဂရုမစိုက်မိလို့တဲ့..."

"ဒါဆိုရင် အခုကျတော့ရော ဘာဖြစ်လို့အချိန်ရှိသွားတာလဲ..."

ဤတစ်ခေါက်တွင်မူ ချန်မန်က အဒေါ်လောပြော‌လိုက်သောစကားကို ပြန်မပြောရဲဘဲ ရှက်နေမိသောကြောင့် အဆင်ပြေမည့် အဖြေကိုသာ ပေးလိုက်သည်။

"အခုက လက်ထပ်သင့်တဲ့ အရွယ်ရောက်နေပြီမို့လို့တဲ့..."

ဝမ့်ချိုးမိန်က ရယ်လိုက်သည်။
"ဟုတ်ပါပြီ...အဲဒီကောင်လေးကို သွားတွေ့လိုက်ပါတော့..."

ချန်မန်၏မျက်လုံးများက အရောင်တောက်ပသွားကြသည်။
"ဟင် တကယ်လား...အမေခွင့်ပြုတယ်ပေါ့..."

"သမီးက မနက်ဖြန်ပဲ သွားတွေ့တော့မှာမဟုတ်ဘူးလား...အမေခွင့်မပြုလည်း သွားမှာပဲမလား..."
ဝမ့်ချိုးမိန်က စိတ်တိုချင်ယောင်ဆောင်ကာ ပြောလိုက်သည်။ ထို့နောက် ချန်မန်၏ ရှက်နေသော မျက်နှာကို မြင်ကာ ထပ်ပြောလိုက်သည်။

"သွားတွေ့တာကတွေ့လို့ရတယ်...အခုကောင်လေးကို သမီးသဘောကျတယ်ဆိုရင် တွဲလည်းတွဲလို့ရတယ်...ဒါပေမယ့် လက်မထပ်ခင် စည်းတော့မကျော်ရဘူးနော် ကြားလား..."

ယခုတွင်မူ ချန်မန် တကယ်ရှက်ကာ ချက်ချင်းပင် နားရွက်နှင့် လည်ပင်းက ရဲရဲနီသွားလေသည်။ ထို့နောက် ရုတ်တရက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ဟာ အမေကလည်း ဘာတွေပြောနေမှန်းမသိဘူး...တော်ပြီ နောက်ဆို အမေ့ကို ဘာမှမပြောပြတော့ဘူး...ရေချိုးပြီး သွားအိပ်တော့မယ်..."

ထွက်ပြေးသွားသော ချန်မန်၏ နောက်ကျောကို ကြည့်ပြီး ဝမ့်ချိုးမိန်လည်း လျှာတစ်ချက် စုတ်သပ်ကာ အိပ်ခန်းထဲသို့ ဝင်လာလိုက်လေသည်။ 


💝💝💝👩‍❤️‍👨Chapter 8


အိပ်ခန်းထဲ၌ ချန်စုဝေ့က ကုတင်ပေါ်၌ ထိုင်ပြီး စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ချန်စုဝေ့က ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်၍ ကျောင်းစာဟူ၍ တစ်လုံးမှ မသင်ခဲ့ရဖူးချေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီး လပိုင်းအနည်းငယ်အကြာ၌ ဖွင့်လှစ်ပေးသော စာအရေးအဖတ်သင်တန်းသို့သာ တက်ပြီး စာဖတ်တတ်လာခြင်းဖြစ်သည်။ 

ထိုစဉ်အခါတုန်းက စစ်တပ်ထဲမှ ထိုစာအရေးအဖတ်သင်တန်းများကို အချိန်ကုန်သည်ဟုဆိုကာ မည်သူကမှ မတက်ချင်ခဲ့ကြချေ။ သို့သော် ထက်မြက်သော ချန်စုဝေ့က နောက်ပိုင်း တိုင်းပြည်အခြေအနေများ ငြိမ်သက်၍ တိုးတက်လာလျှင် စာတတ်သူများက ပို၍ အခွင့်အရေးများရမည်ကို ကြိုစဉ်းစားခဲ့မိသည်။ ကျေးရွာများ၌ ခေါင်းဆောင်ရွေးသောအခါတွင်လည်း စာတတ်သူများ၊ ပညာအရည်အချင်းမြင့်သောလူများကို ဦးစားပေးရွေးချယ်သည်ကို ချန်စုဝေ့ သတိထားခဲ့မိသည်။ 

ထို့ကြောင့် စာ‌အရေးအဖတ်သင်တန်းပြီးသွားသောအခါတွင်လည်း ချန်စုဝေ့က ဆရာ့ထံမှ စာအုပ်များငှားကာ ယာခင်းမှပြန်လာပြီး အားနေချိန်များတွင် အိမ်၌ ပုန်းပြီး ထိုစာအုပ်များကို လျို့ဝှက်စွာ ကြိုးစားဖတ်ခဲ့သည်။ 

ထိုစဉ်အခါတုန်းကမူ ဘေးပတ်ဝန်းကျင်မှ လူများက ချန်စုဝေ့ကို စာကြမ်းပိုးအရူးကောင်ဟု ခေါ်ကာ လှောင်ပြောင်ခဲ့ကြသည်။ ထိုစာကြမ်းပိုးအရူးကောင်က အခွင့်အရေးများရောက်လာသောအခါ အမိအရ ဖမ်းဆုပ်သွားမည်ကိုမူ မည်သူမှ မထင်ထားမိခဲ့ကြချေ။ 

၁၉၅၀ ပြည့်နှစ် အစောပိုင်းများတွင် လင်းကျန်းမြို့၌ စက်ပစ္စည်းစက်ရုံကို စတည်ထောင်ကာ အလုပ်သမားများစွာ ခေါ်ယူခဲ့သည်။ တော်လှန်စစ်တပ်ထဲမှ လူငယ်များစွာက အလုပ်လျှောက်ခဲ့ကြသော်လည်း ချန်စုဝေ့တစ်‌ယောက်တည်းသာ စာမေးပွဲအောင်ပြီး အစိုးရပိုင်စက်ရုံ၌ တရားဝင်အလုပ်သမားဖြစ်လာခဲ့သည်။ 

အစပိုင်း၌ ချန်စုဝေ့က အောက်ခြေအလုပ်သမားနေရာမှစခဲ့ရသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် စာဖတ်တတ်မှုကြောင့် လျှပ်စစ်ဌာနသို့ ရွှေ့ပြောင်းခွင့်ရခဲ့သည်။ လျှပ်စစ်ဌာနသို့ စရောက်စဉ်ကလည်း ချန်စု‌ဝေ့ မည်သည်ကိုမှ သေချာမသိခဲ့ချေ။ ဌာနမှူးကလည်း ချန်စုဝေ့ကို အကုန်သင်ပေးလိုက်လျှင် တပည့်က ပြန်ကျော်တက်သွားမည်ကို ကြောက်သောကြောင့် သေချာမသင်ပေးခဲ့ချေ။

သို့သော် ချန်စုဝေ့က ဉာဏ်ကောင်း၍ တက်မြောက်လွယ်သူဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ပြင်ခြင်းနှင့် ပတ်သက်သော စာအုပ်များကို မရရအောင်ရှာကာ ညဘက်များ၌ ထိုစာအုပ်များကို လေ့လာပြီး နေ့ဘက်၌ ဌာနမှူးထံမှ နည်းပညာများကို မရရအောင်လေ့လာခဲ့သည်။ နောက်ပိုင်းတွင် တဖြည်းဖြည်းနှင့် ရာထူးများ တစ်ဆင့်ပြီး တစ်ဆင့်တိုး၍ အလုပ်သင်မှ အချိန်ပြည့်အလုပ်သမားအဆင့်သို့ ရောက်လာခဲ့သည်။ 

ချန်စုဝေ့သည် နှစ်ပေါင်းများစွာ အစွမ်းကုန်ကြိုးစားပြီးကာမှ ရှောင်ချန်ဟု ခေါ်ခံရသောအဆင့်မှနေ၍ ဆရာချန် ဖြစ်လာခြင်းဖြစ်သည်။ သူ့ကို ယခုကဲ့သို့ လူရိုသေ ရှင်ရိုသေဖြစ်လာစေရန် ပံ့ပိုးပေး‌ခဲ့သော စာဖတ်သည့်အလေ့အထကိုလည်း ချန်စုဝေ့ မည်သည့်အချိန်ကမှ မစွန့်လွှတ်ခဲ့ပေ။ ယခုလည်း ချန်စုဝေ့က လျှပ်စစ်နည်းပညာနှင့်ဆိုင်သော စာအုပ်များ၊ စက်ရုံမှထုတ်သော စာအုပ်များအပြင် ကမ္ဘာကြီးနှင့် အဆက်အသွယ်မပြတ်စေရန် နေ့စဉ်ထုတ်သော သတင်းစာများကိုပါ မပြတ်မကွက် ဖတ်လေ့ရှိသည်။ 

စာအုပ်မှ စာရွက်ကို လှန်လိုက်ချိန်တွင်ပြုံးရွှင်၍ အခန်းထဲသို့ ဝင်လာသော ဝမ့်ချိုးမိန်ကို လှမ်းမြင်လိုက်သောကြောင့် မေးလိုက်လေသည်။

"သမီးနဲ့ ဘာတွေ ပြောလာလို့ ဒီလောက် ပျော်ရွှင်လာတာလဲ...

သူတို့နှစ်ဦးက လက်ထပ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် နှစ်ယောက်ကြား၌ လျှို့ဝှက်ချက်ဟူ၍ ဘာမှမရှိချေ။ ယခုကိစ္စကိုလည်း ဝမ့်ချိုးမိန်က ချန်စုဝေ့ထံမှ ဖုံးကွယ်ထားရန် စိတ်ကူးမရှိသောကြောင့် ပြုံးကာ ပြောလိုက်သည်။

"လျန်းဟွာက မန်မန့်ကို ကောင်လေးတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့ ပြောပေးထားတယ်တဲ့...မနက်ဖြန် သွားတွေ့မယ်ပြောတယ်..."

ချန်စုဝေ့က အံ့ဩစွာမေးလိုက်သည်။
"ဟိုတစ်ခေါက် ကြင်ဖက်တွေ့ပြီးတုန်းက မန်မန်က နောက်ထပ် ကြင်ဖက်မတွေ့ချင်တော့ဘူးလို့ပြောထားတယ်မဟုတ်ဘူးလား...အခု ဘယ်လိုဖြစ်လို့..."

ဝမ့်ချိုးမိန်က မှန်တင်ခုံရှေ့၌ ထိုင်ပြီး မှန်ထဲ၌ မျက်နှာပေါ်အောင် အနည်းငယ်စောင်းလိုက်သည်။ ထို့နောက် မှန်တင်ခုံပေါ်မှ အလှဆီဘူးကိူယူပြီး အနည်းငယ်ယူကာ မျက်နှာ‌၌ လိမ်းရင်း ပြောလိုက်သည်။ 

"လျန်းဟွာက သူတို့ဆိုင်ကို လာစားနေကျကောင်လေးတစ်ယောက်နဲ့ ကြင်ဖက်တွေ့ဖို့ ပြောပေးလိုက်တာတဲ့..."

ချန်စုဝေ့က စကားကို တဲ့တိုးသာပြောတတ်သူဖြစ်သည်။ ယခုလည်း ဝေ့မနေဘဲ ဖတ်နေသော စာအုပ်ကို ချကာ မေးလိုက်သည်။

"မန်မန်ကရော ရဲဘော်လော မိတ်ဆက်ပေးတဲ့ ကောင်လေးကို သဘောကျရဲ့လား..."

"ကျတယ်ထင်တာပဲလေ...ကျွန်မကို ပြောတုန်းကတော့ ရှက်ပြီး မျက်နှာနီနေတယ်..."
ဝမ့်ချိုးမိန်က အလှဆီကို မျက်နှာ၌ပွတ်ရင်း ကုတင်ပေါ် လာထိုင်လိုက်သည်။

"ဒီတစ်ခေါက်တော့ အဆင်ပြေမယ်ထင်တာပဲ..."

"မင်းက ဘယ်လိုသိလဲ..."

"ရှင်ပဲစဉ်းစားကြည့်လေ...လျန်းဟွာက ဆိုင်လာနေကျကောင်လေးနဲ့ ပြောပေးတာဆိုတော့ အဲဒီကောင်လေးက ဘယ်သူဆိုတာ မန်မန်က သိပြီးသားပဲကို...ဒီလိုသိပြီးသားလူကိုမှ မန်မန်က ကြင်ဖက်တွေ့ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတော့..."

ဝမ့်ချိုးမိန်က သူပြောချင်သည်ကို သူ့ယောင်္ကျားသိမည်ထင်ပြီး ဆက်မပြော‌ဘဲနေလိုက်သည်။

"နှစ်ကုန်ပိုင်းလောက်ကျရင်တော့ သတင်းကောင်းကြားရတော့မယ်ထင်တာပဲ..."

ချန်စုဝေ့ကမူ ထိုအကြောင်းကြားပြီး သဘောမကျဖြစ်ကာ မျက်နှာတည်တည်ဖြင့်ပြောလိုက်သည်။

"လက်ထပ်တယ်ဆိုတာ ကလေးကစားနေတာမဟုတ်ဘူး...သူတို့နှစ်ယောက် အချင်းချင်း အဆင်ပြေတယ်ဆိုရင်တောင်မှ လက်မထပ်ခင်မှာ ကောင်လေးရဲ့အကြောင်းကိုသေချာသိဖို့ ၂နှစ် ၃နှစ်လောက်စောင့်ရဦးမယ်မဟုတ်ဘူးလား...."

"၂နှစ် ၃ နှစ် ဟုတ်လား..."

ဝမ့်ချိုးမိန်က ဘာပြောရမသိဘဲ သူမ ယောင်္ကျားကို "ရှင်ဘာတွေပြောနေတာလဲ..." ဆိုသော အကြည့်ဖြင့်ကြည့်လိုက်သည်။

"ဒါဆိုရင် ကျွန်မအဖေကလည်း ကျွန်မတို့ကို လက်ထပ်ခွင့်မပေးခင် ရှင့်ကို ၂ နှစ် ၃ နှစ် စောင့်ကြည့်ခဲ့သင့်တယ်လို့ ရှင်က ပြောချင်နေတာလား..."

ချန်စုဝေ့က မျက်နှာတည်တည်ဖြင့်ပင် ဆက်ပြောလိုက်သည်။

"မန်မန့်ကောင်လေးနဲ့ ကိုယ်နဲ့က မတူဘူးလေ...ကိုယ်က ယုံကြည်စိတ်ချရပြီးသား..."

ဝမ့်ချိုးမိန်: "ဟွန်း ရှင်တော်တော်တတ်နော်..."

****

ကြင်ဖက်တွေ့မည့်နေ့တွင် လုဖျင်ကျိုးတစ်ယောက် အရုဏ်မတက်မီ၌ပင် နိုးနေလေ၏။ 

ယခုတလော၌ လုဖျင်ကျိုး အရုဏ်မတက်မီ နိုးနေသည်မှာ အလေ့အကျင့်တစ်ခုကဲ့သို့ပင် ဖြစ်နေပြီဖြစ်သည်။ ချန်မန်က သူနှင့် ကြင်ဖက်တွေ့ဖို့ကို သဘောတူလိုက်သည်ကို သိပြီးတည်းက သူ အလွန်စိတ်လှုပ်ရှားကာ မနက်များ၌ စောစီးစွာ နိုးနေခြင်းဖြစ်သည်။ မနက်များတွင် မျက်လုံးဖွင့်ပြီးသည်နှင့် ပြန်အိပ်မရ‌တော့ဘဲ လေ့ကျင့်ခန်းလုပ်လိုက်မှသာ လှုပ်ရှားနေသောစိတ်က ငြိမ်သွားသည်။ .

ထို့ကြောင့် မနက်ပိုင်းနေမထွက်မီ မှောင်နေချိန်မှစ၍ လုဖျင်ကျိုး အပြေးလေ့ကျင့်သည်မှာ တဖြည်းဖြည်း နေထွက်လာ၍ ပတ်ဝန်းကျင်က လူများနှင့် ဆူညံလာချိန်မှပင် ရပ်တော့သည်။ 

အဆောင်သို့ ပြန်ရောက်သောအခါ လဲရန် အဝတ်အစားများယူပြီး ရေချိုးရန် အပြင်သို့ ပြန်ထွက်လိုက်သည်။ အပြင်သို့ ရောက်ရောက်ချင်းမှာပင် သွားပွတ်တံနှင့် သွားတိုက်ဆေးကို ကိုင်ပြီး ရေချိုးခန်းသို့ သွားရန်ပြင်နေသော ရှဲ့ကျီမင်နှင့် တိုးသွားသည်။ 

ရှဲ့ကျီမင်က လုဖျင်ကျိုး၏ ချွေးစိုနေသော အင်္ကျီနှင့် လက်ထဲမှ ရေခွက်ကိုမြင်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်း အခုတလော နေ့တိုင်း အစောကြီးတွေ ထနေပါလား..."

"ငါ စောစောမထတဲ့ နေ့ရော ရှိလို့လား..."
လုဖျင်ကျိုးက ပြန်မေးလိုက်ရင်း ရေချိုးခန်းဆီသို့ အရင်လျှောက်သွားလိုက်သည်။ 

ရှဲ့ကျီမင်က လုဖျင်ကျိုးနောက်သို့ အပြေးလိုက်ပြီး ဘေးချင်းယှဉ်လျှောက်လိုက်သည်။

"ငါဘာပြောချင်လဲ မင်းသိပါတယ်..."

လုဖျင်ကျိုးက ဘာမှပြန်မပြောချေ။ 

ရှဲ့ကျီမင်က လုဖျင်ကျိုး သူ့ကို ဘာမှပြန်မပြောသည်ကို ခေါင်းထဲ မထည့်ဘဲ ထပ်စနေသည်။ 
"မင်း ဒီတစ်ပတ်ထဲမှာ ခါတိုင်းထက်အများကြီးစောထနေတာ...ပြီးတော့ ပိုပြီးတော့လည်း လေ့ကျင့်ရေးတွေ ဆင်းနေတယ်...ဘာလဲ...ကောင်မလေးလိုချင်နေပြီလား..."

လုဖျင်ကျိုးက ယခုထိ ဘာမှမပြောဘဲ တိတ်နေ၏။ 

ရှဲ့ကျီမင်က အသံကို နှိမ့်ကာ ထပ်ပြော‌နေသည်။
"ငါမင်းကို အမြဲပြောတယ်လေ...ကောင်မလေးတွေကို ကြိုက်တော့မယ်ဆိုရင် ကိုယ့်ဘက်ကစပြီး လှုပ်ရှားမှရမှာလို့...မင်းက ဒီလို ဘာမှမပြောဘဲ အေးစက်စက်ရေခဲတုံးလုပ်နေမှတော့ ကောင်မလေးတွေကရော ဘယ်လိုစိတ်ဝင်စားတော့မလဲ...မင်းက မင်းကိုယ်မင်း အကောင်းဆုံးအရွယ်ရောက်နေပြီလည်းပြောသေးတယ် ကောင်မလေးမရှိဘဲ ဘယ်လိုနေမလဲ..."

လုဖျင်ကျိုးက လမ်းလျှောက်နေသည်ကို ရပ်ပြီး ပြောလိုက်သည်။
"ဒါနဲ့...ငါ မင်းကို မေးချင်နေတာတစ်ခုရှိလို့..."

"ဘာလဲ..."

"မင်းနဲ့ မင်းမိန်းမကလည်း နှစ်နေရာကွဲနေတာပဲမလား...အဲဒီတော့ မင်းကရော ညဘက်တွေကို ဘယ်လိုတွေ ဖြတ်သန်းနေတာလဲ...ဒါမှမဟုတ်..."
သူ့စကားကြောင့် ရုတ်တရက် မျက်နှာပျက်သွားသော ရှဲ့ကျီမင်ကို ကြည့်ရင်း လုဖျင်ကျိုးက ပခုံးကိုပုတ်ကာပြောလိုက်သည်။

"ဒီမှာ ကျီမင်...မင်း ငါ့ဘဝအကြောင်းကိုပဲ လိုက်စပ်စုမနေဘဲ မင်းမိန်းမကိုသာ သူ့မြို့ကနေ ဒီကို ခေါ်နိုင်ဖို့ လုပ်စမ်းပါ..."

ရှဲ့ကျီမင်၏မျက်နှာက အနည်းငယ် ညှိုးသွား၍ စကားပြောသောအခါ အနည်းငယ် ဝမ်းနည်းနေသော လေသံပေါက်သွားသည်။

"သူကမှ မလာချင်တာ...ငါ ဘာလုပ်နိုင်မှာလဲ..."

"မင်းသာ တကယ်ခေါ်ချင်ရင် နည်းလမ်းတွေအများကြီးရှိပါတယ်ကွာ..."

ရှဲ့ကျီမင်က လုဖျင်ကျိုးကို မျက်စောင်းထိုးပြီး ရွဲ့သည့်လေသံဖြင့် ပြောလိုက်သည်။

"ဪ ဒါဆိုရင် မင်းကရော နည်းလမ်းတွေ အများကြီးရှိနေတာ ဘာဖြစ်လို့ ရည်းစားလေးတစ်ယောက်တောင်မရသေးတာလဲ..."

"အခု ငါကြိုးစားနေပြီ‌လေ..."

"ဒါက ကြိုးစား‌တာဆိုရင်..."
ရှဲ့ကျီမင်က တချက်လှောင်ရယ်ရယ်လိုက်ပြီးမှ ရုတ်တရက် စဉ်းစားမိသွားကာ ရေချိုးခန်းထဲသို့ ခြေလှမ်းနေပြီဖြစ်သော လုဖျင်ကျိုးကို လှမ်းဆွဲ‌ကာပြောလိုက်သည်။

"နေစမ်းပါဦး...မင်း..."

"ဒီနေ့ ကြင်ဖက်သွားတွေ့မှာလေ..."

လုဖျင်ကျိုး၏လေသံက တည်ငြိမ်နေသော်လည်း သူ့နှုတ်ခမ်းတစ်ဖက်ကို ကော့တက်၍ ပြုံးယောင်သမ်းသွားသည်ကို ရှဲ့ကျီမင် သတိထားလိုက်မိသည်။ ရှဲ့ကျီမင်လည်း ပြုံးရင်း လျှာတစ်ချက်စုတ်သပ်လိုက်သည်။

"ဒီကောင်ကတော့..."

...

ထိုတနင်္ဂ‌နွေနေ့၌ ချန်မန်လည်း သာမာန်ထက် စောစီးစွာ မနက် ၆ နာရီတည်းက နိုးနေလေသည်။ နိုးပြီး ပြန်အိပ်၍ မရ‌သောကြောင့် အိပ်ရာမှထကာ မနက်စာပြင်နေသော ဝမ့်ချိုးမိန်ကိုသာ ကူပေးနေလိုက်သည်။ 

ချန်ကျင်းတို့မိသားစုသုံး‌ယောက် အလုပ်နှင့် ဘေးအခန်းသို့ပြောင်းလာပြီးတည်းက သုံးယောက်လုံးက ဝမ့်ချိုးမိန်တို့အိမ်၌သာ တစ်နေ့ ထမင်းသုံးနပ်စားနေကြသည်။ အလကားစားသည်မဟုတ်ဘဲ ထမင်းသုံးနပ်အတွက် တစ်လကို ယွမ် ၂၀ ပေးသည်။ 

သို့သော် ချန်ကျင်းတို့မိသားစုသုံးယောက်လုံးက အစားကြီးကြသောကြောင့် တစ်လ ယွမ် ၂၀ နှင့် လူသုံးယောက်စာ လုံးဝမလောက်ပေ။ ထို့ကြောင့် တစ်နည်းပြောရလျှင် ချန်စုဝေ့နှင့် ဝမ့်ချိုးမိန်တို့က ယခုထိ ချန်ကျင်းတို့ကို ထောက်ပံ့နေရဆဲဖြစ်လေသည်။ 

ဝမ့်ချိုးမိန်တို့ လင်မယားက သူတို့၏ သားအကြီးဆုံးမိသားစုကို ထောက်ပံ့ပေးရရုံသာမက နယ်၌နေနေသော သားအလတ် ချန်လျန့်ကိုလည်း မကြာခဏ ပိုက်ဆံပို့ပေးနေရသေးသည်။

ချန်လျန့်က လင်းကျန်းမြို့နှင့် အလွန်မဝေးလှသော နယ်မြို့လေးတစ်မြို့၌ နေ၍ အလုပ်လုပ်နေခြင်းဖြစ်သည်။ မြို့လေးကသေးသောကြောင့် နေစရိတ် စားစရိတ်က အလွန်မကြီးဘဲ သူအလုပ်လုပ်ရသမျှပိုက်ဆံက ကောင်းကောင်းမွန်မွန်နေထိုင်စားသောက်နိုင်သည်။

ချန်လျန့်ကိုယ်တိုင်ကလည်း သန်မာ၍ အလုပ်ကြိုးစားသူဖြစ်သည်။ ထို့ကြောင့် လုပ်အားခအမှတ်များ အပြည့်ရ၍ သူကိုယ်တိုင်အတွက် လုံလောက်ရုံမက အိမ်သို့ ပြန်ပို့နိုင်အောင်ပင် ပိုလျှံနေသေးသည်။


ထို့ကြောင့် ဝမ့်ချိုးမိန်တို့က ပို့ပေးလိုက်၊ ချန်လျန့်က ပြန်ပို့ပေးလိုက်ဖြင့် မိဘနှင့်သားတို့ မည်သူက မည်သူ့ကို ပိုထောက်ပံ့ပေးသည်ကို သေချာတွက်မရဖြစ်နေလေသည်။ 

ချန်မန်ကလည်း သူတတ်နိုင်သလောက် အိမ်ကို ထောက်ပံ့သော သမီးလေးဖြစ်သည်။ ချန်မန်လုပ်သော အစိုးရပိုင်စားသောက်ဆိုင်၌ နေ့လယ်စာနှင့် ညစာကို အလကားစားခွင့်ရသောကြောင့် အိမ်၌ ချန်မန်အတွက်က စားစရိတ်မကုန်လှပေ။ အိမ်၌ ချန်မန်က မုန့်နှင့် မနက်စာသာစားသောကြောင့် ချန်မန်၏ စားစရိတ်ကို သေချာတွက်မရဖြစ်နေသည်။ 

ချန်ကျင်းနှင့်သူ့မိန်းမကလည်း ချန်မန် အိမ်၌ အစားအလွန်မစားသည်ကို မကန့်ကွက်ကြချေ။ သေချာတွက်ကြည့်မည်ဆိုလျှင် ချန်ကျင်းတို့မိသားစုက ချန်မန်ထက် မိဘများ၏ပိုက်ဆံကို ပိုသုံးနေကြသည်မှာ အသေအချာပင်ဖြစ်သည်။ 

ထို့အပြင် ချန်မန်က အိမ်၌ အလကားထမင်းစားနေခြင်းမဟုတ်ဘဲ မကြာခဏဆိုသလို စားသောက်ဆိုင်မှ ဟင်းသီးဟင်းရွက်များ၊ ဟင်းပွဲများ ယူလာတတ်သည်။ ဟင်းပွဲများက မကုန်သော အကျန်များဆိုသော်လည်း သာမာန်မိသားစု တော်တော်များများ မဝယ်စားနိုင်သော ဟင်းကောင်းများဖြစ်သည်။ 

အိမ်၌ နားနေရသော ရက်များတွင်လည်း ချန်မန်က ဝမ့်ချိုးမိန်နှင့် အတူ ဈေးသွားကာ ဝယ်ခြမ်းလာသည်များအတွက် ပိုက်ဆံရှင်းပေးသေးသည်။ အိမ်သို့ လာသော ဧည့်သည်များကို ကျွေးမွေးရန်အတွက် လက်ဖက်ရည်နှင့် သကြားများကိုလည်း ဝယ်ပေးသေးသည်။ 

ထို့ကြောင့် ချန်ကျင်းနှင့် သူ့မိန်းမနှင့် ယှဉ်လျှင် ချန်မန်က ပို၍ သိတတ်လိမ္မာသော သမီးဖြစ်နေလေသည်။ 

တစ်ခါတစ်ရံ၌ လောဝမ်ရှင်းက ချန်မန် ဤအစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်ရရန် ဝမ့်ချိုးမိန်က အလုပ်ထွက်၍ သူမ နေရာကို ချန်မန့်ကိုပေးလိုက်ရသည်ဟုပြောကာ သူမ(ဝမ်ရှင်း)တို့ဘက်မှ မိဘများအား ပိုက်ဆံလုံလုံလောက်လောက် မပေးသည့်ကိစ္စကို ကာတတ်သည်။ 

သို့သော် သူမ၏ ယောက္ခမများက သူမ ယောင်္ကျားကိုလည်း ခွဲခြားမဆက်ဆံမှန်း လောဝမ်ရှင်း ကောင်းစွာသိသည်။ ယခု ချန်ကျင်း၏အလုပ်ကလည်း ဝမ့်ချိုးမိန်တို့က ငွေများစွာပေး၍ ရအောင် လုပ်ထားပေးရခြင်းဖြစ်သည်။

ဒုတိယသားဖြစ်သူ ချန်လျန့်တစ်ယောက်သာ အထက်တန်းကျောင်းအောင်သည်နှင့်တစ်ပြိုင်နက် နယ်ဘက်သို့ ရောက်သွားခြင်းဖြစ်သည်။ 

ထိုသို့ဖြစ်ရသည်ကလည်း ချန်စုဝေ့နှင့် ဝမ့်ချိုးမိန်တို့က သားသမီးအချင်းချင်း ခွဲခြားဆက်ဆံသောကြောင့် မဟုတ်ပေ။ ချန်လျန့်အထက်တန်းအောင်ချိန်၌ အစိုးရက အရွယ်ရောက်သားသမီးတစ်ယောက်ထက်ပိုရှိသော မိသားစုများတွင် သားသမီးတစ်ယောက်တည်းကသာ မြို့တော်၌ နေရမည်ဟု တင်းကျပ်သောအမိန့်ထုတ်ထားသောကြောင့်ဖြစ်သည်။ 

ထိုအချိန်၌ ချန်ကျင်းက အလုပ်လုပ်နေပြီဖြစ်၍ ချန်မန်ကလည်း အရွယ်မရောက်သေးပေ။ ချန်လျန့်တစ်ယောက်တည်းကသာ အထက်တန်းအောင်ပြီး၍ အလုပ်မရသေးသူဖြစ်နေခဲ့သည်။ ထို့ကြောင့် ချန်စုဝေ့တို့လည်း မတတ်နိုင်ဘဲ ချန်လျန့်ကို နယ်သို့ ပို့လိုက်ရခြင်းဖြစ်၏။ 

ချန်လျန့် နယ်သို့ သွားပြီး နှစ်နှစ်ခန့်အကြာတွင် ထိုအမိန့်က ယခင်ကကဲ့သို့ မတင်းကျပ်တော့ပေ။ ချန်မန် အထက်တန်းအောင်ချိန်တွင် သားသမီးတစ်ယောက်က နယ်သို့ရောက်နေပါက ကျန်သားသမီးများက အလုပ်လုပ်နေသရွေ့ မြို့တော်၌ နေထိုင်နိုင်သည်ဟု ပြောင်းလဲသွားလေသည်။ 

ချန်စုဝေ့နှင့် ဝမ့်ချိုးမိန်တို့လည်း ချန်မန်သာ နယ်သို့ရောက်သွားလျှင် တစ်ခုခုဖြစ်မည်စိုးသောကြောင့် ဝမ့်ချိုးမိန်က အစိုးရပိုင်စားသောက်ဆိုင်မှသူမ၏အလုပ်ကို ချန်မန့်ကို ပေးလိုက်ခြင်းဖြစ်သည်။ 

ထို့ကြောင့် ချန်မိသားစု၏ သားသမီးသုံးယောက်ထဲ၌ မည်သူက အနစ်နာဆုံးလဲ ဆိုလျှင် ချန်လျန့်ကိုသာ လက်ညှိုးထိုးပြရမည်ပင်။ လောဝမ်ရှင်းကမူ ထိုသို့မဟုတ်ကြောင့် ဆင်ခြေများပေး၍ ကာပြောမည်ဖြစ်သည်။ 

သို့သော် သူမကိုယ်တိုင်ကလည်း ထိုအကြောင်းကိုသိသော်လည်း အခြားလူများကို ထုတ်မပြောဖြစ်ဘဲ သူမ ရင်ထဲ၌သာ ထိုအပြစ်စိတ်များကို သိမ်းထားမိလေသည်။ 

...

မနက်စာစားပြီးသွားကြသောအခါ ချန်ကျင်းနှင့်‌လောဝမ်ရှင်းတို့က ကလေးများကိုခေါ်ပြီး အပြင်ထွက်သွားကြသည်။ ယနေ့ လောဝမ်ရှင်း၏ဝမ်းကွဲညီအစ်မတစ်ယောက်၏ မင်္ဂလာဆောင်ရှိသောကြောင့် မိသားစုလိုက် မင်္ဂလာဆောင်သို့ သွားကြခြင်းဖြစ်သည်။ 

ချန်စုဝေ့ကလည်း တစ်နေရာသို့ သွားစရာရှိနေသည်။ မိတ်ဆွေတစ်ယောက်ကို လျှပ်စစ်ဝိုင်ယာများဆက်ရန် သွားကူညီရမည်ဖြစ်သည်။ 

ချန်စုဝေ့က မိတ်ဆွေကို ကူရမည်ပြောသော်လည်း တကယ်တမ်းက သွား၍ အလုပ်လုပ်ပေးခြင်းသာဖြစ်သည်။ သို့သော် ထိုကဲ့သို့ တစ်ဦးတစ်ယောက်တည်းအတွက် သီးသန့် အလုပ်လုပ်ပေးခြင်းကို အစိုးရက တားမြစ်ထားသောကြောင့် ကူညီပေးသည်ဟုသာ ပြောခြင်းဖြစ်သည်။ အလုပ်ပြီးလျှင် ချန်စုဝေ့ကို ငှားရမ်းသောလူက ဆန်ခေါက်ဆွဲ သို့မဟုတ် အခြား ပစ္စည်းများကို ကျေးဇူးတင်သည့်အနေဖြင့် ပေးသောလက်ဆောင်ဟုဆိုကာ ပေးလိုက်ပေလိမ့်မည်။

ထိုသို့လုပ်ခြင်းဖြင့် အခြားမနာလိုသူများက အထက်ကို တိုင်ကြားလျှင်ပင် အပြစ်လွတ်နိုင်လေသည်။ 


💝💝💝👩‍❤️‍👨Chapter 9
မတွေ့ခင်အချိန်


ချန်ကျင်းနှင့် မိသားစုတို့ ထွက်သွားပြီးသောအခါ ချန်စုဝေ့လည်း သူ၏ ကိရိယာသေတ္တာကို ဆွဲပြီး ထွက်သွားတော့သည်။ 

ချန်မန်သာ ဝမ့်ချိုးမိန်ကို ပန်းကန်များကူသိမ်းပေးရန် အိမ်၌ ကျန်နေခဲ့သည်။ 

ပန်းကန်‌များဆေးပြီးသောအခါ အချိန်ကစောနေသေးသောကြောင့် ချန်မန်လည်း အိမ်ကို ရှင်းလင်းရန် စိတ်ကူးလိုက်သည်။ သို့သော် ချန်မန် တံမြက်စည်းကို ကိုင်လိုက်ချိန်မှာပင် ဝမ့်ချိုးမိန်က တားလိုက်သည်။

"ဟဲ့ ဒါတွေ လုပ်မနေနဲ့တော့လေ...ဒီနေ့ ကြင်ဖက်သွားတွေ့မှာမလား...အင်္ကျီသွားလဲတော့..."

ချန်မန်ကပြန်ပြောလိုက်သည်။
"ချိန်းထားတာက ၁၂ နာရီမှလေ...အခုက စောနေသေးလို့..."

"ဒါဆိုလည်း တံမြက်စည်းတော့ လှဲမနေနဲ့လေ...ဖုန်တွေပေကုန်ရင် ရေပြန်ချိုးနေရမယ်...အချိန်ကုန်အောင်လုပ်မနေနဲ့..."
ဝမ့်ချိုးမိန်က လက်ကို ဝှေ့ရမ်းကာ ထပ်ပြောလိုက်သည်။
"အပြင်ထွက်နေပါလား...တံမြက်စည်းလှဲနေရင် ဖုန်တွေပေကုန်မှာ..."

ချန်မန် ရယ်ရမလို ငိုရမလို ဘာပြောရမည်မသိဖြစ်သွားသည်။

"အမေပြောသလိုသာဆိုရင် သမီးရဲ့ ဖုန်ပေနေတဲ့ မျက်နှာကို သူမြင်ဖူးနေတာ ကြာပေါ့...ဒီလောက်လည်း ဂရုစိုက်နေစရာမလိုပါဘူး..."

ချန်မန်က အစိုးရပိုင်စားသောက်ဆိုင်၌ စားပွဲထိုးလုပ်ရသော်လည်း မနက်တိုင်း ဆိုင်ကိုလည်း သန့်ရှင်းရေးလုပ်ရသေးသည်။ 

ဝမ့်ချိုးမိန်က ပြန်ပြောလိုက်သည်။
"ပုံမှန်ဆိုရင်တော့ ဘယ်တတ်နိုင်မလဲ...သမီးက အလုပ်လုပ်နေရတာ အလုပ်က အရေးကြီးတယ်လေ...ဒါပေမယ့် ဒီနေ့က ပုံမှန်နေ့မှမဟုတ်တာ...ဒီနေ့က စားပွဲထိုးနဲ့ လာစားတဲ့ ဧည့်သည်အနေနဲ့ တွေ့ကြမှာမှမဟုတ်တာ...အဲဒီတော့ အရင်နေ့တွေနဲ့ တူနေလို့ မရဘူး...ဒီနေ့ လှလှပပဝတ်ပြီး သူသဘောကျသွားအောင် လုပ်ရမယ်လေ..."

"အဲ...အဲဒါကတော့ နည်းနည်းခက်မယ်ထင်တယ်..."
ချန်မန်က အနည်းငယ်ရှက်သွားသော မျက်နှာနီနီဖြင့်ပြောလိုက်ကာ ဝမ့်ချိုးမိန် ဘာမှမမေးနိုင်ခင်မှာပင် အမြန်ရှင်းပြလိုက်သည်။

"သမီးမှာ အဝတ်အစားက သုံးစုံပဲရှိတာလေ...သူကလည်း သမီးမှာ ရှိသမျှ အင်္ကျီတွေကို အကုန်တွေ့ဖူးနေလောက်ပြီ...အင်္ကျီလှလှဝတ်ပြီး သူသဘောကျအောင် ဘယ်လိုလုပ်ရမှာလဲလို့..."

ဝမ့်ချိုးမိန်လည်း သူ့သမီးကို ခေါင်းအစ ခြေအ‌ဆုံး ကြည့်လိုက်ပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။

"ဒီအင်္ကျီတော့ မဝတ်သွားနဲ့လေ...ဟို ကုတ်အင်္ကျီအနီလေးဝတ်သွား...ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်လုပ်ဦး...မသွားခင် ရေမွှေးလေးလည်း ဖြန်းသွားဦး..."

တကယ်တမ်းကမူ ချန်မန်က အပြာနုရောင်အင်္ကျီနှင့်က ပိုလိုက်ဖက်သည်။ ထိုအင်္ကျီက ချန်မန်၏ အသားအရည်ကို ပိုဝင်းပစေ၍ ပို၍လည်း နုသွားစေသည်။ သို့သော် ထိုအင်္ကျီက မကြာခဏဝတ်ထားသောကြောင့် နွမ်းနေပြီဖြစ်၍ အင်္ကျီလက်များကလည်း ရွဲနေပေပြီ။ ထို့ကြောင့် ထိုအင်္ကျီနှင့်ဆိုလျှင် သားရေဖိနပ်ကောင်းကောင်းဝတ်ထားလျှင်ပင် ဝတ်ကောင်းစားလှဝတ်ထားသည်နှင့် မတူပေ။ 

ထို့ကြောင့် ချန်မန်၏ အမေ့၏စကားကို နားထောင်ကာ အနီရောင်အင်္ကျီကိုသာ ဝတ်ရန်ဆုံးဖြတ်လိုက်သည်။ ဘောင်းဘီကိုမူ မည်သည့်အရောင်နှင့်မဆို လိုက်ဖက်သော အမည်းရောင်ကိုသာ ဝတ်လိုက်သည်။ 

ချန်မန်က ဆံပင်ကိုလည်း အနည်းငယ်အချိန်ပေးကာ လှလှပပ ပြင်လိုက်သေးသည်။ ပုံမှန်စည်းနေကျအတိုင်း ဆံပင်ကို ရိုးရိုး ကျစ်ဆံမြီးမကျစ်ဘဲ ကြိုးနီလေးဖြင့်ရောကာ ငါးရိုးကျစ်ဆံမြီးကို ခပ်ဖွဖွစည်းလိုက်သည်။ 

ထို့နောက် နှုတ်ခမ်းခြောက်မနေစေရန် နှုတ်ခမ်းနီအဆီကိုလည်း အနည်းငယ် ဆိုးလိုက်သေး၏။ 

ချန်မန်က နဂိုတည်းက လှပြီးသားဖြစ်သောကြောင့် အနည်းငယ် သပ်သပ်ရပ်ရပ်ပြင်လိုက်ရုံဖြင့် အလှအပက ပေါ်လွင်လာသည်။ ဝမ့်ချိုးမိန်လည်း အလွန်သဘောကျကာ ပြုံးပြီးပြောလိုက်သည်။

"နေ့တိုင်း ဒီလိုပဲ ပြင်ပြင်ဆင်ဆင်လေး နေသင့်တာ..."

ချန်မန်ကမူ အမေ့စကားကို နားသာထောင်ပြီး ခေါင်းထဲ မထည့်လိုက်ပေ။ ယနေ့တွင် ဝမ့်ချိုးမိန်က သူသမီး ကြင်ဖက်တွေ့မည်ကို ပျော်နေပြီး ချန်မန် မည်သို့ပင် ပြင်ဆင်ပါစေ အလွန်လှသည်ဟု ထင်နေခြင်းဖြစ်သည်။ 

ယနေ့ ချန်မန်သာ သာမာန်အတိုင်း အလုပ်သွားမည်ဆိုပါက ယခုကဲ့သို့ ကျစ်ဆံမြီးကျစ်ထားသည်ကို မြင်လျှင် ဆံပင်က ပွ၍ ရှုပ်နေသည်ဟု ပြောကာ ရိုးရိုးကျစ်ဆံမြီး သို့မဟုတ် ဆံပင်ကိုသာ သေချာစည်းသွားရန် ပြောမည်မှာ အသေအချာပင်။ 

အဝတ်အစားလဲပြီးသည့်တိုင် ချိန်းထားသောအချိန်ထက် အလွန်စောနေသေးသည်။ ဝမ့်ချိုးမိန်က အဝတ်အစားများ ညစ်ပတ်မည်စိုးပြီး ချန်မန့်ကို ဘာအလုပ်မှ မလုပ်ခိုင်းပေ။ ထို့ကြောင့် ချန်မန်လည်း ပျင်းကာ အခန်းထဲသို့ ပြန်ဝင်ပြီး ၁၁ နာရီ ခွဲသည်အထိ စာထိုင်ဖတ်နေလိုက်သည်။ 

တုန်းဟယ်လမ်းက ဖန်းချောင်လမ်းထပ် အနည်းငယ်ပိုဝေးသည်။ ထို့အပြင် ချန်မန်က ယနေ့၌ သူမ၏ စားသောက်ဆိုင်ရှေ့မှ မဖြတ်ချင်သောကြောင့် လမ်းလွှဲမှသွားရာ တုန်းဟယ်စားသောက်ဆိုင်ဆီသို့ ၁၂ နာရီအတိမှ ရောက်သွားလေသည်။ 

ဤတုန်းဟယ်ရပ်ကွက်က စက်ရုံများစွာ ရှိသောနေရာဖြစ်သည်။ တော်လှန်ရေးကော်မတီနှင့် ထောက်ပံ့ရေးနှင့်စျေးကွက်သမဝါယမဆိုင်တို့ကလည်း တုန်းဟယ်လမ်းမပေါ်၌သာရှိကြသောကြောင့် တနင်္ဂနွေနေ့တွင် တုန်းဟယ်လမ်းမက ဖန်းချောင်လမ်းမ ထက်ပို၍ လူရှုပ်နေကာ တုန်းဟယ်စားသောက်ဆိုင်၌လည်း လူက ပိုများနေလေသည်။

တုန်းဟယ်စားသောက်ဆိုင်က ချန်မန်တို့ ဖန်းချောင်‌စားသောက်ဆိုင်ထက် ပိုကျဉ်းသောကြောင့် လူပိုများသည်ဟု ထင်နေရခြင်းလည်း ဖြစ်နိုင်ပေသည်။ 

တုန်းဟယ်စားသောက်ဆိုင်က တစ်ထပ်သာရှိသည်။ ထိုတစ်ထပ်တည်းသော အလွှာက ဖန်းချောင်စားသောက်ဆိုင် အောက်ထပ်ထက် ပိုကျယ်သော်လည်း သီးသန့်များ များစွာ ခွဲထားသောကြောင့် ကောင်တာနေရာက ကျဉ်းမြောင်းနေ၍ အပြင်၌လည်း စားပွဲခုံ ၈ ခုသာ ရှိသည်။ 

စားသောက်ဆိုင်က ယခုအချိန်၌ပင် လူပြည့်နေပြီဖြစ်သည်။ ချန်မန်က ကောင်တာရှေ့ရပ်ပြီး စားသောက်ဆိုင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း လုဖျင်ကျိုးကို မတွေ့ချေ။ မရောက်သေးသည်လား သီးသန့်အခန်းထဲရောက်နေသည်လားကိုလည်း ချန်မန်မသိချေ။ ထို့ကြောင့် ခဏ စောင့်ပြီးသောအခါ ဘေးမှ ဖြတ်သွားသော စားပွဲထိုးတစ်ယောက်ကို ချန်မန်လှမ်းမေးလိုက်သည်။
"ရဲဘော်...သီးသန့်ခန်းထဲမှာ လု ဆိုတဲ့ မိသားစုနာမည်နဲ့ တစ်ယောက်ယောက် ရှိလား..."

စားပွဲထိုး၏ ပြန်ဖြေပုံက အချိုးမပြေလှချေ။ 

"နေ့တိုင်း ဒီလောက် လူတွေများနေတာ လုဆိုတဲ့ နာမည်နဲ့ လူကို ဘယ်လိုမှတ်မိမှာလဲ..."

"ဟို...ဒါဆို...စစ်ဝတ်စုံ ဝတ်ထားတဲ့လူ..."

ချန်မန်က ထပ်မေးရန် ပြင်လိုက်သော်လည်း စားဖိုဆောင်ထဲမှ ဟင်းပွဲများ ထပ်ထွက်လာသောကြောင့် ချန်မန် ဘာမှမပြောရသေးခင်မှာပင် စားပွဲထိုးက ဟင်းပွဲများ သွားချရန် ထွက်သွားလေသည်။ ချန်မန်လည်း ထိုနေရာ၌ ကြောင်တောင်တောင်ရပ်၍ ထိုစားပွဲထိုးပြန်လာသည်ကို စောင့်ရမည်လား သီးသန့်ခန်းတစ်ခန်းချင်းစီကို ဝင်ကြည့်ရမည်လား ဝေခွဲမရဘဲ ကျန်ခဲ့လေသည်။ 

ချန်မန်မဆုံးဖြတ်ရသေးခင်မှာပင် စားဖိုဆောင်ထဲမှ ဟင်းပွဲများ ထပ်ထွက်လာသောကြောင့် စားပွဲထိုးက တော်တော်နှင့် ပြန်လာမည်မဟုတ်သည်ကို သတိထားမိလိုက်သည်။ 

ထို့ကြောင့် ချန်မန်လည်း အံကြိတ်ပြီး ခြေတစ်ချက်ဆောင့်ကာ သီးသန့်ခန်းများရှိရာဘက်သို့ ထွက်လာလိုက်တော့သည်။ 

နှစ်လှမ်းခန့်လှမ်းပြီးသောအခါ ခန်းစီးလိုက်ကာကို အနည်းငယ် လှပ်ထားသည့် သီးသန့်အခန်းတစ်ခုဆီသို့ အကြည့်ရောက်သွားသည်။ ထိုအခန်းထဲမှ စစ်တပ်ဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က တံခါးဝ၌ပေါ်လာပြီး ခန်းမထဲမှ မိန်းကလေးကိုလှမ်းကြည့်လိုက်သည်။ 

သူတို့နှစ်ဦး၏ အကြည့်ချင်းဆုံသွားသောအခါ မိန်းကလေး၏ မျက်လုံးများက တောက်ပသွား၍ ပါးစပ်ကလည်း ချက်ချင်း ပြုံးသွားလေသည်။

တုန်းဟယ်စားသောက်ဆိုင်၌ သီးသန့်အခန်း စုစုပေါင်း ၆ ခန်းရှိ၍ ခန်းမ၏ တစ်ဖက်တစ်ချက်၌ သုံးခန်းစီ ခွဲထားသည်။

လုဖျင်ကျိုးရွေးထားသော သီးသန့်အခန်းက ဘယ်ဘက်၌ ရှိသည်။ အခန်း၏ တစ်ဖက်၌ ပြတင်းပေါက်ရှိ၍ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ကြည်လင်‌သောရေကန်ကို မြင်နေရသည်။ 

ချန်မန်က ပြတင်းပေါက်ဘေး၌ ထိုင်ပြီး ရင်တုန်နေမိသည်။ အစကမူ ချန်မန်က သူ့ကိုယ်သူ ဤမျှ ရန်တုန်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူတို့နှစ်ယောက်က ယခင်ကလည်း အခေါက်ခေါက်အခါခါ တွေ့ဖူးထားသောကြောင့် အလွန်မရင်းနှီးလျှင်ပင် ခင်မင်သောအဆင့်ခန့် ရှိနေသည်။ 

ယခင်က လုဖျင်ကျိုး ချန်မန်လုပ်သော အစိုးရပိုင်စားသောက်ဆိုင်၌ လာစားသည့်အခါများတွင် ချန်မန် ဘာမှမဖြစ်ခဲ့ချေ။ ယခု အခြေအနေလေး အနည်းငယ်ပြောင်းသွားသည်နှင့် ဤမျှ ရင်တုန်နေသည်မှာ အဓိပ္ပာယ်မရှိချေ။ 

သို့သော် လောက၌ အဓိပ္ပာယ်မရှိသောအရာများက များစွာ ရှိနေတတ်သည်။ ယခုတွင်လည်း ချန်မန်သည် သူမ ရှေ့၌ ထိုင်နေသော လူငယ်ကို ကြည့်ရင်း ဘာလုပ်ရမည်မသိဘဲ ပြုံးသာပြုံးနေမိ၏။ 

ချန်မန်က ပြုံးနေသောကြောင့် လုဖျင်ကျိုးကလည်း လိုက်ပြုံးလိုက်မိသည်။ 

သို့သော် လုဖျင်ကျိုးက မျက်လုံးများကို မှေးပြီး အနည်းငယ်သာ ပြုံးရင်း သူ၏ စူးရှသော မျက်လုံးများဖြင့် ချန်မန့်ကို လှမ်းကြည့်နေရာ ချန်မန်လည်း ရှက်‌သွေးဖြာပြီး ခေါင်းကိုငုံ့ထားလိုက်မိသည်။ 

ထို့နောက် လုဖျင်ကျိုးက ချန်မန့်ကို လှမ်းမေးလိုက်သည်။

"ဘာစားချင်လဲ..."

ချန်မန်က ခေါင်းပြန်မော့ကြည့်လိုက်သည်။
"ဘာတွေရလဲ..."

လုဖျင်ကျိုးက ဆိုင်မှဝန်ထမ်းကို မေးပြီးသားဖြစ်သောကြောင့် ယနေ့ ရသော ဟင်းပွဲများကို ရွတ်ပြလိုက်သည်။

"ဒီနေ့ ရတာတွေက ဘဲကင်နဲ့ အာလူး...ငါးပေါင်း...ဝက်သားနဲ့ ငရုတ်ပွကြော်..."

ချန်မန်က ခဏစဉ်းစားကာပြောလိုက်သည်။
"ဒီမှာ ရတာတွေက ကျွန်မတို့ စားသောက်ဆိုင်ထက် ပိုစုံတာပဲ..."
ဤ တုန်းဟယ်စားသောက်ဆိုင်က ထမင်းတစ်ပွဲအတွက် အသားဟင်း ၂ မျိုးရပြီး အသီးအရွက်ဟင်းပွဲများကိုလည်း အကန့်အသတ်မရှိ မှာစားနိုင်သည်။ ဟင်းသီးဟင်းရွက်များကလည်း ရာသီအလိုက် ပေါ်သော ရာသီစာများကို ရောင်းချပေးခြင်းဖြစ်သည်။ 

"ဒီဆိုင်က လမ်းမနဲ့ နီးပြီး လူသွားလူလာလည်း များတာကိုး..."
လုဖျင်ကျိုးက ခန့်မှန်းပြီးပြောလိုက်သည်။
"ဒါပေမယ့် မင်းတို့ဆိုင်က လက်ရာက ပိုကောင်းတယ်..."

"ရှင် ဒီမှာ စားဖူးလား..."

လုဖျင်ကျိုးက ခေါင်းခါရင်းပြောလိုက်သည်။
"နှစ်ခါလောက်စားဖူးတယ်...အရသာက အကောင်းကြီးမဟုတ်ဘူး ပုံမှန်ပါပဲ..."

"ကျွန်မတို့စားသောက်ဆိုင်နားကို ရှင် အလုပ်နဲ့ ခဏခဏရောက်တာလား..."

ဤမေးခွန်းက ယခင်တည်းက ချန်မန်သိချင်နေသော မေးခွန်းဖြစ်သည်။ ချန်မန်သိသလောက် လုဖျင်ကျိုး၏ အလုပ်က ချန်မန်တို့ စားသောက်ဆိုင်နှင့် ဝေးသည်။ 

"တစ်ခါတလေပေါ့..."

"ဒါဆိုရင် ကျွန်မတို့စားသောက်ဆိုင်ကို ဘာဖြစ်လို့ တနင်္ဂနွေနေ့တိုင်း ရောက်ရောက်လာတာလဲ..."

လုဖျင်ကျိုးက ဘာဖြေရမည်မသိဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဘာစားချင်လဲ စဉ်းစားပြီးပြီလား..."

"ကျွန်မက အကုန်စားပါတယ်..."

လုဖျင်ကျိုးက မေးလိုက်သည်။
"ဒါဆို ဘဲကင်နဲ့ အာလူးရယ်...ငါးပေါင်းရယ်...တို့ဟူးဟင်းချိုရယ်...အရွက်ကြော်ရယ် မှာလိုက်ရမလား..."

"အများကြီးပဲ...ကျွန်မတို့နှစ်ယောက်ပဲ စားမှာကို...ဒီလောက်အများကြီး ဘယ်လိုကုန်မှာလဲ..."
ချန်မန်ကပြောရင်းနှင့် သတိရသွားသည်။

"ဪ ဟုတ်သားပဲ...ရှင်က တစ်ခါစားရင် အသားဟင်းနှစ်ခွက်စားနေကျကို...ဒါဆိုလည်း ငါးပေါင်းတော့မမှာနဲ့တော့...ကျွန်မက အစားနည်းပါတယ်...ဟင်းနှစ်ခွက်နဲ့ တို့ဟူးဟင်းချိုဆို လောက်မှာပါ..."

ချန်မန်က သူမ အစားနည်းသောကြောင့်မဟုတ်ဘဲ ရှက်သွားသောကြောင့် ငါးပေါင်းကို မမှာခိုင်းမှန်း လုဖျင်ကျိုးသတိထားလိုက်မိသည်။ ထို့ကြောင့် ထပ်မပြောတော့ဘဲ ချန်မန်ပြောသည်ကိုသာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"အင်း ဒါဆိုလည်း နောက်တစ်ခါမှ ငါးပေါင်း မှာစားကြတာပေါ့..."

နောက်တစ်ခါ ဟူသော စကား၏ အဓိပ္ပာယ်ကို သတိပြုမိလိုက်သောကြောင့် ချန်မန်၏ နှုတ်ခမ်းများက အနည်းငယ်ပြုံးသွားပြီး ဘာမှမပြောဘဲ ဘေးမှ ပြတင်းပေါက်ကိုသာ လှမ်းကြည့်နေလိုက်သည်။ 

လုဖျင်ကျိုးက မတ်တပ်ရပ်ကာ ပြောလိုက်သည်။
"ကျွန်တော် သွားမှာလိုက်မယ်..."

ချန်မန်က ခေါင်းညိတ်ပြလိုက်သောအခါ လုဖျင်ကျိုးက အခန်းထဲမှ ထွက်သွားသည်။

မှာရသည်မှာ မကြာပေ။ ငါးမိနစ်ခန့်အကြာတွင် လက်ထဲ၌ ရေနွေးကရားကို ကိုင်ပြီး လုဖျင်ကျိုး ပြန်ရောက်လာသည်။ စားပွဲ၌ ပြန်ထိုင်ပြီးသောအခါ ချန်မန့်ရှေ့မှ ရေနွေးခွက်ကိုယူပြီး ရေနွေးငှဲ့ပေးလိုက်သည်။

"ဒီနေ့ လူတွေများနေတာ...နည်းနည်းတော့ စောင့်ရမယ်ထင်တယ်..."

"အင်း..."
ချန်မန်က ဆူညံနေသော အခန်းအပြင်ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

"ဒီမှာက ကျွန်မတို့ ဆိုင်ထက် အများကြီး ပိုရောင်းရတာပဲ..."

"မင်းတို့ဆိုင်မှာက ကြားရက်ဆို ပိုရောင်းရတယ်မဟုတ်ဘူးလား..."

"ဒါပေမယ့် ဒီမှာလောက် မရောင်းရပါဘူး..."

"ဒီမှာက ပိတ်ရက်ပဲ လူများတာ....ကြားရက်က သိပ်မရောင်းရပါဘူး..."

စားသောက်ဆိုင်နှစ်ခုက မတူညီသော နေရာနှစ်နေရာ၌ရှိနေသောကြောင့် လူကျချိန်ကလည်း မတူပေ။ လုဖျင်ကျိုးပြောချင်သည်ကို ချန်မန်လည်း နားလည်သောကြောင့် ပြုံးကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။

"ကျွန်မမေးတာကို ရှင်မဖြေရသေးဘူးနော်..."

"ဟင်..."

"ကျွန်မတို့ စားသောက်ဆိုင်ကို ရှင် ဘာဖြစ်လို့ တနင်္ဂနွေနေ့တိုင်း လာနေလဲဆိုတာလေ..."

ချန်မန်က သူ့ဘက်ကပင် စပြီး စကားစပေးလိုက်သည်။

"အလုပ်ကိစ္စရှိလို့လား..."

လုဖျင်ကျိုးက ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး..."

"ဒါဆို ဘာဖြစ်လို့လဲ...ဟင်းတွေက အရသာရှိလို့လား..."

လုဖျင်ကျိုးက ချန်မန်၏မျက်လုံးများကို တည့်တည့်ကြည့်ကာ အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် တွေ့ချင်တဲ့ တစ်ယောက်သောသူက အဲဒီဆိုင်မှာ ရှိနေလို့လေ..."

ချန်မန်၏ ပါးလေးများက နီမြန်းကာ ရှက်သွေးဖြင့် ပူနွေး‌သွားကြသည်။ လုဖျင်ကျိုး၏ အကြည့်များကို မရင်ဆိုင်‌တော့သောကြောင့် ချန်မန်က အကြည့်ကို ပြတင်းပေါက်ဆီသို့ အမြန်လွှဲလိုက်သည်။ 

ယခု၌ အလျှော့မပေးသူက လုဖျင်ကျိုးဖြစ်သွားသည်။ လုဖျင်ကျိုးက အကြည့်ကို မလွှဲဘဲ ချန်မန့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော်တွေ့ချင်တဲ့လူက ဘယ်သူလဲလို့ မမေးတော့ဘူးလားဟင်..."

ချန်မန်၏ မျက်နှာက နီသွားပြန်ကာ ပါးစပ်များက အနည်းငယ် ပြုံးယောင်သမ်းသွားကြသည်။ 

"ရှင်ပြောချင်ရင်တော့ ကျွန်မ နားထောင်ပေးမယ်လေ..."

"အင်း..."

လုဖျင်ကျိုးက ပြောမည်အလုပ်မှာပင် အခန်းလိုက်ကာ ပွင့်သွားပြီး ဘဲကင်နှင့် အာလူးပန်းကန်အပါအဝင် အခြားပန်းကန်များတင်ထားသော ဗန်းကိုကိုင်ထားသော စားပွဲထိုးက ဝင်လာလေသည်။ 

ပန်းကန်များကို စားပွဲပေါ်တင်ပြီးသောအခါ စားပွဲထိုးက မေးလိုက်သည်။
"ထမင်းကို အခုယူမလား နောက်မှ ယူပါမလား..."

လုဖျင်ကျိုးက ဖြေလိုက်သည်။
"အခုယူမယ်..."

စားပွဲထိုးက ခေါင်းညိတ်ပြကာ အခန်းပြင်သို့ ပြန်ထွက်သွားသည်။

လုဖျင်ကျိုးက ချန်မန့်ကိုကြည့်ကာ ပြောလိုက်သည်။
"ဟင်းတွေ မြည်းကြည့်လေ..."

ချန်မန်က တူဖြင့် အာလူးတစ်တုံးကိုယူကာ အနည်းငယ် ကိုက်လိုက်သည်။ အာလူးက စေးစေးပိုင်ပိုင်ရှိပြီး အစပ်အရသာလည်း အနည်းငယ်ပါကာ အရသာရှိသည်။ ချန်မန်က ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

"အရသာက မဆိုးဘူးပဲ...ရှင်လည်း မြည်းကြည့်လေ..."

နှစ်ယောက်လုံး မြည်းကြည့်ပြီးချိန်တွင် စားပွဲထိုးက လက်ထဲ၌ ထမင်း နှစ်ပန်းကန်ကိုင်ကာ ပြန်ဝင်လာသည်။ 

လုဖျင်ကျိုးက ထမင်းပန်းကန်များကို လှမ်းယူပြီး ချန်မန့်ကို တစ်ပန်းကန်ပေးကာ ကျန်သော ပန်းကန်ကို သူ့ရှေ့၌ ချထားလိုက်သည်။ 

ထမင်းလာချပြီးသောအခါ အခြားဟင်းပွဲများလည်း တစ်ပွဲပြီး တစ်ပွဲ ရောက်လာတော့သည်။ ဆယ်မိနစ်ခန့်အကြာတွင် စားပွဲပေါ်၌ တို့ဟူးဟင်းချို၊ ဟင်းရွက်ကြော် စသော ဟင်းပွဲများအားလုံးပြည့်သွားလေသည်။ ချန်မန်တို့နှစ်ယောက်လည်း ဟင်းပွဲများအကြောင်းပြောရင်း ဟင်းချက်သည့်ကိစ္စသို့ စကားစက ရောက်သွား၏။ 

ယခင်ကြင်ဖက်တွေ့စဉ်က ချန်မန်သည် သူမနှင့် ကြင်ဖက်တွေ့ခဲ့သူကို သူမ ဟင်းချက်မကောင်းကြောင်းပြောခဲ့သည်။ထိုသည်မှာလည်း သူမကိုယ်သူမ နှိမ့်ချပြောနေခြင်းမဟုတ်ဘဲ အမှန်တရားဖြစ်သည်။ ချန်မန်ဟင်းချက်လျှင် အရသာက ကံ ပေါ်မူတည်ပြီး တစ်ခါတစ်ရံ၌ ချန်မန့်ခေါင်းထဲပေါ်လာတတ်သော နည်းလမ်းအသစ်အဆန်းများပေါ်၌လည်း မူတည်တတ်သည်။ 

လူတစ်ယောက်၏ ဟင်းချက်စွမ်းရည်က နိမ့်ကျလေလေ သူ့ဘာသာသူ ခေါင်းထဲပေါ်လာသော နည်းလမ်းအသစ်အဆန်းများကို အသုံးပြုတတ်လေလေဖြစ်သည်။ ဥပမာအားဖြင့် ဟင်းချက်လျှင် သေချာမချက်ဘဲ အာလူးကြော်ရာ၌ ဆီလျှော့ထည့်ခြင်း၊ အသီးအရွက်များကြော်လျှင် ရေပိုထည့်ခြင်း၊ ဟင်းချိုချက်ရာ၌ ပဲငံပြာရည်အကြည်ထည့်ခြင်းတို့ လုပ်တတ်သည်။ 

တစ်ခါတစ်ရံ၌ ထိုစိတ်ကူးပေါ်သော နည်းလမ်းများက ဟင်းကို ပိုကောင်းစေသော်လည်း များသောအားဖြင့်မူ ဟင်းအရသာကို ပိုဆိုးသွားစေတတ်သည်။ 

များသောအားဖြင့် ချန်မန်သည် သူမ ချက်သောဟင်းများကို သူမ ကိုယ်တိုင်ပင် မြိုမကျဖြစ်နေတတ်သည်။ 

သူမ၏ ဟင်းချက်စွမ်းရည်ကို သူမ ကိုယ်တိုင်လည်း သိသောကြောင့် အိမ်၌ မည်သူမှ မရှိချိန်၌သာ ချန်မန် ဟင်းချက်တတ်သည်။ 

လောဝမ်ရှင်းမိတ်ဆက်ပေးသောလူကိုလည်း ချန်မန်က သူမ ဟင်းချက်မတော်ကြောင်းပြောခဲ့သည်။ ယခု လုဖျင်ကျိူးကိုလည်း ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်းသာ ပြောပြလိုက်သည်။

ကြင်ဖက်တွေ့လျှင် မည်သည့်အရာကိုမဆို အမှန်အတိုင်းပြောလိုက်ခြင်းက ပိုကောင်းလေသည်။ 

ချန်မန်က လုဖျင်ကျိုးကို အထင်ကြီးသော်လည်း ခကြင်ဖက်တွေ့ရမည်ကို ကြောက်နေမိသောကြောင့် အဆင်မပြေဖြစ်မည်စိုးနေမိသည်။ ထို့ကြောင့် ပြောစရာရှိသည်များကို မြန်မြန်ဆန်ဆန်ပြောပြီး ထမင်းစားပြီးသည်နှင့် ပြန်ရန် စိတ်ကူးနေမိခြင်းဖြစ်သည်။ 

ချန်မန်က သူမ ဟင်းချက်မကောင်းကြောင်းပြောပြီးသောအခါ တူကိုရပ်ပြီး လုဖျင်ကျိုးကို ကြည့်ကာ သူ‌ပြောလာမည်ကို စောင့်နေလိုက်လေသည်။ 

💝💝💝👩‍❤️‍👨Chapter 10
ကြင်ဖက်တွေ့ခြင်း


လုဖျင်ကျိုးက ခဏစဉ်းစားကာ ပြောလိုက်သည်။

"ကျွန်တော့် ဟင်းချက်လက်ရာကတော့ မဆိုးလှဘူးထင်တာပဲ...ရိုးရိုး အိမ်မှာချက်တဲ့ ဟင်းတွေတော့ ကောင်းကောင်းချက်နိုင်တယ်...ဒီနေ့ ဒီဆိုင်မှာရတဲ့ ဟင်းတစ်ချို့လည်း ကျွန်တော်ချက်နိုင်တယ်..."

ချန်မန်က စိတ်ထဲရှိသည့်အတိုင်း ရိုးရိုးသားသားပင်ပြောလိုက်၏။

"ဒါဆိုရင် ရှင်က ကျွန်မထက် အများကြီးသာတာပေါ့...ဒီနေ့ ဒီဆိုင်မှာ ရတဲ့ ဟင်းတွေဆို ဘယ်ကဘယ်လိုစချက်ရမလဲတောင် ကျွန်မ မသိဘူး..."

လုဖျင်ကျိုးက ပြုံးပြီးပြောလိုက်သည်။
"ဒါဆို နောက်ကျရင် အိမ်မှာ ကျွန်တော်ပဲ ဟင်းချက်ပေးမယ်လေ..."

လုဖျင်‌ကျိုး ဘာပြောချင်မှန်း သိလိုက်သော ချန်မန်က မျက်နှာနီသွားပြန်၍ မျက်လွှာချလိုက်ပြန်သည်။
"ရှင့်ဘာသာရှင် အိမ်မှာ ဟင်းချက်တာ ကျွန်မကို ဘာဖြစ်လို့လာပြောနေတာလဲ..."

လုဖျင်ကျိုးက ယခု စစ်တပ်အဆောင်၌သာ နေနေဆဲဖြစ်၍ အိမ်ဝယ်ပြီးမှသာ မိသားစုနှင့် အခြေတကျနေနိုင်မည်ဖြစ်သည်။ ထိုသို့ နေနိုင်ရန် အိမ်ဝယ်ရန်ကလည်း အိမ်ထောင်ဖက်ရှိပြီး လက်ထပ်စာချုပ်ပြနိုင်မှ ဝယ်နိုင်မည်ဖြစ်သည်။ 

အဲဒါကြောင့် နောက် အိမ်မှာ ဘယ်သူ ဟင်းချက်မယ်ဆိုတာက အိမ်ထောင်ဖက်နဲ့ ဆွေးနွေးရမယ့်ကိစ္စမဟုတ်ဘူးလား...

သို့သော် သူ့ရှေ့မှ ရှက်သွေးဖြန်းပြီး မျက်နှာလေး‌နီနေသော မိန်းကလေးကို ကြည့်ပြီး လူဖျင်ကျိုး ထပ်မရှင်းပြတော့ဘဲ ပြုံးရုံသာပြုံးပြီး မေးလိုက်သည်။

"မင်း ဒီနေ့လယ် အားလား..."

အဒေါ်လော ပြောပြထားသော အစီအစဉ်ကြောင့် လုဖျင်ကျိုးမေးခွန်း၏ အဓိပ္ပာယ်ကို ချန်မန်ချက်ချင်းနားလည်လိုက်သည်။ ထို့ကြောင့် အချိန်ဆွဲမနေဘဲ အမြန်ပြန်ဖြေလိုက်သည်။

"အမေက ညနေ ၆ နာရီမတိုင်ခင် အိမ်‌ပြန်လာခိုင်းထားတယ်..."

လုဖျင်ကျိုးက လက်ကိုမြှောက်ပြီး လက်ကောက်ဝတ်မှ လက်ပတ်နာရီကို လှမ်းကြည့်လိုက်သည်။

"ဒါဆို ထမင်းစားပြီးရင် ရုပ်ရှင်သွားကြည့်ကြမလား..."

"ကောင်းပြီလေ..."

...

လုဖျင်ကျိုးက အစားကိုကောင်းကောင်းစားနိုင်သူဖြစ်သည်။ ချန်မန်က ထမင်းတစ်ပန်းကန်သာစားပြီး ဝသွားချိန်တွင် လုဖျင်ကျိုးက ထမင်းသုံးပန်းကန်နှင့် ဟင်းများကို အကုန်ပြောင်စင်အောင်စားပြီး ဘာမှမဖြစ်သကဲ့သို့ ထိုင်နေလေသည်။ 

စားသောက်ပြီး၍ အခန်းထဲမှ ထွက်မည်အလုပ်တွင် ချန်မန်က မေးလိုက်သည်။
"ရှင် တကယ်ရော ဝရဲ့လား..."

"ဝပါတယ်..."

ချန်မန်က မသိမသာဖြင့် ခေါင်းငုံ့ကာ လုဖျင်ကျိုးက ဝမ်းဗိုက်ကို ကြည့်လိုက်မိသည်။ သို့သော်လည်း ဝမ်းဗိုက်နေရာက စစ်ဝတ်စုံက ချောင်နေ၍ ချပ်ရပ်နေသော ဝမ်းဗိုက်ကိုသာ မြင်လိုက်ရသည်။ 

ချန်မန်၏အကြည့်များက သူ့ဗိုက်နေရာသို့ ရောက်သွားကြသည်ကို သတိထားလိုက်မိသော လုဖျင်ကျိုးကလည်း အနည်းငယ် နေရခက်သွားကာ အသက်ရှူပင်မှားသွားမိသည်။ 

"ကျွန်တော် တကယ်ဝပါတယ်..."

ဗိုက်ကိုခိုးကြည့်နေသည်ကို လူမိသွားသော ချန်မန်လည်း ခပ်ရှက်ရှက်ဖြင့် အမြန် အကြည့်လွှဲလိုက်လေသည်။ 

တုန်းဟယ်လမ်းမပေါ်၌ ရုပ်ရှင်ရုံမရှိပေ။ ရုပ်ရှင်ကြည့်ချင်လျှင် အနည်းငယ်ဝေးသော စီးပွားရေးစင်တာသို့ သွားရမည်ဖြစ်သည်။ အစိုးရပိုင်စားသောက်ဆိုင်ထဲမှ ထွက်လာပြီးသောအခါ ချန်မန်က ဘတ်စ်ကားမှတ်တိုင်ရှိသော ညာဘက်သို့ ကွေ့မည်ပြင်လိုက်သည်။ 

သို့သော် ချန်မန် ခြေမလှမ်း‌ရသေးခင်မှာပင် လုဖျင်ကျိုး၏ လှမ်းပြောလိုက်သံကိုကြားလိုက်ရသည်။

"ဒီဘက်မှာ..."

"ဟင်..."
ချန်မန်က နားမလည်ဘဲ ခေါင်းလှည့်ကြည့်လိုက်သည်။

လုဖျင်ကျိုးက ရှင်းပြလိုက်သည်။
"ကျွန်တော် ဒီကို ကားမောင်းလာတာ..."

ထိုအခါမှပင် ချန်မန်လည်း သဘောပေါက်သွားကာ ဘယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်းပင် လမ်းမဘေး၌ စစ်တပ်ပိုင်ဂျစ်ကားတစ်စီး ရပ်ထားသည်ကို မြင်လိုက်သည်။ 

ချန်မန်က ကားကို တစ်ခါမှမစီးဖူးသော တောသူမလေးမဟုတ်ချေ။ ယခင်ဘဝတုန်းကလည်း ကားပေါ်မှ မဆင်းလောက်လုနီးပါး စီးလာသူဖြစ်သည်။ သို့သော် ကားနှင့် ဂျစ်ကားမတူပေ။ ထို့အပြင် လုဖျင်ကျိုးမောင်းလာသောကားက ၁၉၆၀ ခုနှစ်များဆီမှ စစ်တပ်ဂျစ်ကားဖြစ်သောကြောင့် ရှေးခေတ်ရုပ်ရှင်များထဲသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 

ထို့ကြောင့် ဂျစ်ကားပေါ်သို့ ရောက်သောအခါ ချန်မန်လည်း စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ ကားအတွင်း လှည့်ပတ်ကြည့်နေမိသည်။ လုဖျင်ကျိုးက "ငြိမ်ငြိမ်ထိုင်နော်..." ဟု သတိပေးမှပင် အသိပြန်ဝင်ကာ သေချာထိုင်ချလိုက်ရသည်။ 

ဂျစ်ကားစီးရခြင်းက ချန်မန်မျှော်မှန်းထားသလောက် သက်တောင့်သက်သာ မရှိလှပေ။ ထိုသို့ဖြစ်ရသည်မှာလည်း ကားနှင့် မဆိုင်ပေ။ အဓိကအကြောင်းရင်းက လမ်းမကောင်းသောကြောင့်ဖြစ်သည်။ လမ်းက ကွန်ကရစ်လမ်းမဟုတ်လေရာ ခင်းထားသည်မှာ ကြာပြီဖြစ်သောကြောင့် အပေါက်များ၊ ချိုင့်ခွက်များ များစွာ ရှိနေသည်။ မည်မျှပင် ကားမောင်းကျွမ်းကျင်သူဖြစ်‌ပါစေ၊ ထိုချိုင့်ခွက်များကို ရှောင်၍ မောင်းနိုင်ရန်မှာ မဖြစ်နိုင်ပေ။ 

ကားစီးရင်း ခဏအကြာတွင် ချန်မန် မနေနိုင်တော့ဘဲ လက်ကိုဆန့်ကာ ကားခေါင်မိုးနားရှိ တံခါးလက်ကိုင်ကို လှမ်းကိုင်လိုက်ရသည်။

လုဖျင်ကျိုးက မျက်လုံးထောင့်မှ လှမ်းကြည့်ရင်း မေးလိုက်သည်။
"စီးရတာ အဆင်မပြေလို့လား..."

"ကားမူးပြီး မအန်နေတာပဲ တော်ပါသေးတယ်..."

လုဖျင်ကျိုးက သက်ပြင်းချကာပြောလိုက်သည်။
"ကျွန်တော် ဖြည်းဖြည်းမောင်းပေးပါမယ်..."

"မြန်မြန်မောင်းတာ ပိုကောင်းမယ်ထင်တယ်..."

"သေချာလို့လား..."
တစ်ကိုယ်လုံး‌ တောင့်တောင့်လေးဖြစ်နေသော ချန်မန့်ကို လှမ်းကြည့်ရင်း လုဖျင်ကျိုးက မေးလိုက်သည်။

ချန်မန်က ခေါင်းညိတ်ပြလိုက်သည်။
"အင်း...မြန်မြန်ရောက်တော့ ဒီကားပေါ်က မြန်မြန်ဆင်းလို့ရတာပေါ့..."

"ကောင်းပါပြီ..."

လုဖျင်ကျိုးက ပြုံးချင်နေသောစိတ်ကို ထိန်းကာပြောရင်း လီဗာနင်းကာ ကား၏အရှိန်ကို တင်လိုက်သည်။

ဆယ်မိနစ်ကြာသောအခါ စီးပွားရေးစင်တာနေရာသို့ ရောက်သွားကြသည်။ လုဖျင်ကျိုးက ကားကို ရုပ်ရှင်ရုံရှေ့၌ ရပ်ပြီး သော့ချကာ ချန်မန့်နောက်မှ လိုက်လာသည်။ 

ယနေ့ တနင်္ဂ‌နွေနေ့ ဖြစ်သောကြောင့် လက်မှတ်ဝယ်ရန် တန်းစီနေသော လူတန်းက အတော်ရှည်နေသည်။ ချန်မန်တို့နှစ်ယောက်လည်း ထိုလူတန်းနောက်မှ ဝင်တန်းစီကာ မည်သည့်ရုပ်ရှင်ကို ကြည့်ရမည်လဲ တိုင်ပင်နေလိုက်ကြသည်။ 

ရုပ်ရှင်ကလည်း ရွေးချယ်စရာ များများစားစားမရှိလှပေ။ ရှိနေသော ရုပ်ရှင်အများစုက စစ်ပွဲများအကြောင်းက များနေ၏။ နာမည်ကြီးနေသော ရုပ်ရှင်များကလည်း ယခင်က နာမည်ကြီးပြဇာတ်များကို ပြန်ရိုက်ထားခြင်းဖြစ်သောကြောင့် ရုပ်ရှင်ကို မကြည့်ရသေးလျှင်ပင် ဇာတ်လမ်းကိုမူ သိပြီးသားဖြစ်နေကြသည်။ 

နှစ်ယောက်သားတိုင်ပင်ပြီးသောအခါ တရုတ်ကို ကိုရီးယားက အကူအညီပေးသော ခေတ်အကြောင်းကို ပြန်ရိုက်ထားသော ရုပ်ရှင်ကို ကြည့်ရန် ရွေးချယ်လိုက်ကြသည်။ ထိုရုပ်ရှင်က မနှစ်တည်းက ထွက်ထားသော ရုပ်ရှင်ဖြစ်ပြီး ထွက်ကာစက လူအပြောသိပ်မများလိုက်သောကြောင့် ချန်မန်ရော လုဖျင်ကျိုးရော မကြည့်ရသေးဘဲ နှစ်ယောက်လုံးအတွက် အသစ်ဖြစ်နေသေးသည်။ 

လက်မှတ်ဝယ်ပြီးသောအခါ လုဖျင်ကျိုးက ချန်မန့်ကို အရှေ့ခန်းမ၌စောင့်ခိုင်းပြီး အအေး၂ပုလင်းနှင့် ဖရုံစေ့တစ်ထုတ် သွားဝယ်လာသည်။ 

ဪ အင်း...ဒီခေတ်တုန်းက ရုပ်ရှင်ကြည့်ရင်း ဖရုံစေ့စားလို့ရသေးတာပဲ...

သို့သော် ယနေ့ ထိုဖရုံစေ့က အသုံးမဝင်ဖြစ်သွားသည်။ ရုပ်ရှင်စသည်နှင့် နှစ်ယောက်လုံးက ဖရုံစေ့မပြောနှင့် အအေးကိုပင် မသောက်မိကြပေ။ ရုပ်ရှင်ကိုသာ စိတ်ဝင်စားစွာ ကြည့်နေမိကြ၍ ရုပ်ရှင် ဒုတိယပိုင်း၌ဆိုလျှင် တစ်ရုံလုံးက ဘာသံမှမထွက်ဘဲ တိတ်ဆိတ်စွာပင် ရုပ်ရှင်ကို ကြည့်နေကြလေသည်။ 

ရုပ်ရှင်ပြီးသွားသောအခါ ချန်မန်က ထိုခေတ်အခါက ခံခဲ့ရသည်များကို ပြန်စဉ်းစားပြီး အနည်းငယ် ဝမ်းနည်းနေမိသည်။ ရုံထဲမှ ထွက်လာကြသောအခါ ချန်မန်က မေးလိုက်သည်။
"ရှင် စစ်တိုက်ဖူးလားဟင်..."

"မတိုက်ဖူးဘူး..."

"အင်းလေ...ကျွန်မတို့တိုင်းပြည်က တခြားနိုင်ငံတွေနဲ့ အကြီးအကျယ် စစ်တိုက်တာမျိုးမှ မရှိခဲ့တာ..."

"ပြည်တွင်းစစ်လိုမျိုးမှာရော တိုက်ခဲ့ဖူးလား..."

"အင်း..."

"အဲဒီတုန်းက ရှင်ကြောက်နေခဲ့လားဟင်..."

လုဖျင်ကျိုးက ခေါင်းခါလိုက်သည်။
"အဲဒီတုန်းက ကြောက်ဖို့တောင် သတိမရခဲ့ပါဘူး..."

"ရှင်က တကယ်သတ္တိရှိတာပဲ..."

လုဖျင်ကျိုးက လမ်းလျှောက်နေသည်ကို ရပ်ပြီး ဘေး၌ရှိသော ချန်မန့်ကို လှမ်းကြည့်ကာ ခေါင်းကို အနည်းငယ်ငုံ့၍ မေးလိုက်သည်။

"ဒါဆို မင်းက သတ္တိရှိတဲ့လူနဲ့ အမြဲတူတူရှိနေချင်လား..."

လုဖျင်ကျိုးက ယခုကဲ့သို့ တဲ့တိုးကြီးမေးချလိုက်မည်ဟု ချန်မန် မထင်ထားသောကြောင့် မျက်တောင်ပင်မခတ်မိဘဲ ထိုနေရာ၌သာ မလှုပ်မယှက် ရပ်လိုက်မိသည်။ ထို့နောက် ဝိုင်းစက်သော မျက်ဝန်းများဖြင့် သူမ ရှေ့မှ လူငယ်ကို ကြောင်ကြည့်နေလျုက်မိသည်။ 

လုဖျင်ကျိုးက အကြည့်မလွှဲဘဲ ခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်တော်တို့ ထမင်းစားနေတုန်းက တနင်္ဂနွေနေ့တိုင်း မင်းတို့စားသောက်ဆိုင်ဆီကို ကျွန်တော်ဘာဖြစ်လို့ လာနေတာလဲလို့ မင်းမေးတယ်မလား...အဲဒါဘာဖြစ်လို့လဲဆိုတော့ အဲဒီဆိုင်မှာ ကျွန်တော် အမြဲ တွေ့ချင်နေတဲ့ လူတစ်ယောက်ရှိနေလို့လေ..."

"အဲဒီလူဘယ်သူလဲဆို‌တာ မင်းသိလား..."

သိတယ်...

ချန်မန်က မျက်တောင်တစ်ချက် ထပ်ခတ်လိုက်ရင်း လုဖျင်ကျိုး ဆက်ပြောလိုက်သံကို ကြားလိုက်ရသည်။

"ကျွန်တော် အမြဲတွေ့ချင်နေတဲ့လူက မင်းလေ..."


ချန်မန်သည် ယနေ့မနက် အိမ်မှ မထွက်ခင်အထိ ရည်းစားမရှိဘဲ လူလွတ်ဖြစ်နေသော်လည်း ယခု နေ့လယ်၌ ရည်းစားတစ်ယောက်ရသွားပေပြီ။ 

ထိုခေတ်က ထိုသို့ လူငယ်နှစ်ဦး မေတ္တာမျှနေပြီဆိုလျှင် အချင်းချင်းကို "ဒါက ကျွန်မ ချစ်သူပါ..." ဟု ထုတ်မပြောကြချေ။ "ဒါ ကျွန်မနဲ့ အခု လက်ရှိ တွဲကြည့်နေတဲ့လူပါ..." ဟုသာ ပြောတတ်ကြသည်။ ယခုလည်း လုဖျင်ကျိုးက "ကျွန်တော်တို့ တွဲကြရအောင်..." ဟု ပြောလာနေပြီဖြစ်သည်။ 

ချန်မန်ကလည်း ခေါင်းညိတ်လိုက်ပြီဖြစ်သည်။ 

ဤခေတ်အခါက ချန်မန်နေထိုင်ခဲ့သော မော်ဒန်ခေတ်ကဲ့သို့ ချစ်ကျွမ်းမဝင်ခင် အရင် တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးအောင်လုပ်ပြီး အချင်းချင်း အဆင်ပြေမှ တွဲကြခြင်းမဟုတ်ပေ။ ဤခေတ်က ချစ်ကျွမ်းဝင်ချင်လျှင် အရင်ဆုံး လူသိရှင်ကြား တွဲပြီးမှ ဖြည်းဖြည်းချင်း ရင်းနှီးအောင် လုပ်ရခြင်းဖြစ်သည်။ အရင် လူသိရှင်ကြားမတွဲဘဲ ဟိုလိုလို ဒီလိုလို မပြတ်မသားလုပ်နေလျှင် ပတ်ဝန်းကျင်က ရှုတ်ချကြမည်ဖြစ်သည်။ 

ယခု လုဖျင်ကျိုးလုပ်သကဲ့သို့ ချန်မန်နှင့် ဆက်၍ အဆက်အသွယ်ရှိနေချင်လျှင် အရင် "ကျွန်တော်တို့ တွဲကြရအောင်..." ဟု အရင်ပြောခြင်းက တစ်ဖက်လူကို လေးစားမှုရှိ၍ လူအများသဘောကျသော အမူအကျင့်ဖြစ်သည်။ 

ချန်မန်ကလည်း လုဖျင်ကျိုးနှင့် ရှေ့လျှောက် ဆက်ပြီး ရင်းနှီးလျင်သောကြောင့် ယခုကဲ့သို့ တွဲမည့်ကိစ္စကို လွယ်ကူစွာပင် လက်ခံလိုက်၏။ 

ချန်မန် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ လုဖျင်ကျိုးလည်း ပျော်သွားပြီး သွားများပေါ်သည်အထိ ပြုံးလိုက်မိသည်။ လုဖျင်ကျိုး၏သွားများက ဖြူဖွေး၍ ညီညာလှပနေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သွားကို ပုံမှန်တိုက်၍ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားကြောင်း ပေါ်နေသည်။ 

ချန်မန်လည်း လုဖျင်ကျိုးကို ကြည့်ပြီး မနေနိုင်ဘဲ ရယ်လိုက်မိသည်။ 

လုဖျင်ကျိုးရော ချန်မန်ရော နှစ်ယောက်လုံးက ကြည့်ကောင်းကြသူများဖြစ်သည်။ ချန်မန်၏ ရုပ်ရည်က ယခုခေတ်၏ အလှအပစံနှုန်းများနှင့် မကိုက်ညီလှသော်လည်း မည်သူကမှ ချန်မန့်ကိုရုပ်ဆိုးသည်ဟု မမြင်ကြချေ။ 

လုဖျင်ကျိုး၏အရပ်ကလည်း အခြားလူများကို အုပ်မိုးထားနိုင်သည်အထိ ရှည်သောအရပ်မျိုးဖြစ်သည်။ ခြေတံရှည်ရှည် ရင်အုပ်ကျယ်ကျယ်နှင့် လုဖျင်ကျိုးကို ကြည့်ရသည်မှာ ဩဇာအာဏာရှိသော လူတစ်ယောက်မှန်းသိသာနေသည်။ လုဖျင်ကျိုး၏မျက်နှာက ထိုခေတ်၌ လူကြိုက်များသော လေးထောင့်မျက်နှာမျိုးမဟုတ်သော်လည်း မျက်နှာက သူ့ဟာနှင့်သူ အချိုးကျကြည့်ကောင်းသည်။ အလွန်တရာ ချောမွေ့မနေသော အသားအရည်ကလည်း ယောင်္ကျားဆန်မှုကို ပြသနေသည်။ မျက်ခုံးကောင်းကောင်းနှင့် နှာတံလည်း ပေါ်သောကြောင့် လုဖျင်ကျိုးက ချောမောသည်ကို မည်သူကမှ ငြင်းမည်မဟုတ်ချေ။ 

နှစ်ယောက်သားက ရုပ်ရှင်ရုံအဝတွင်ရပ်နေပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အရူးများကဲ့သို့ ပြုံးနေကြသောကြောင့် ဘေးမှဖြတ်သွားသူများကပင် လှည့်ကြည့်ကုန်ကြ၏။ 

ဘေးလူများကြည့်နေကြသည်ကို သတိထားမိသောအခါမှ ချန်မန်လည်း ပါးစပ်ကို လက်ဖြင့် အုပ်ပြီး ခပ်ရှက်ရှက်ပြောလိုက်သည်။

"ကျွန်မတို့လည်း ရူးနေကြပြီလားမသိဘူး..."

"မရူးပါဘူး..."

"ဟင်..."

ချန်မန်က ရုတ်တရက် အံ့ဩသွားပြီး လုဖျင်ကျိုးကို သူမ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်မိသည်။ 

လုဖျင်ကျိုးက တံတွေးမျိုချလိုက်သကဲ့သို့ လည်စလုတ်က အနည်းငယ်လှုပ်သွားပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ 

"မင်းက ရူးနေတယ်ဆိုရင်လည်း အရမ်းလှတဲ့ အရူးမလေး ဖြစ်နေမှာပဲ..."

ချန်မန်လည်း ချက်ချင်း မျက်လွှာချလိုက်ပြီး လုဖျင်ကျိုး၏ စကားကို မတုံ့ပြန်လိုက်မိပေ။ မျက်နှာကိုသာ တစ်ဖက်သို့ လှည့်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

"ကျွန်မတို့ ပြန်သင့်ပြီထင်တယ်..."

"ဒီနားမှာ ဝယ်စရာပစ္စည်း‌လေး ဘာညာ မကြည့်တော့ဘူးလား..."

"အခု ဘယ်နှနာရီရှိပြီလဲ..."

လုဖျင်ကျိုးက လက်မှ နာရီကို လှမ်းကြည့်လိုက်သည်။

"၄ နာရီ ၂၇ မိနစ်..."

ချန်မန်ကပြောလိုက်သည်။
"ကျွန်မက အိမ်ကို ၆နာရီအရောက်ပြန်ရမှာ...ဒီအချိန်လေးနဲ့ သွားလို့ရတဲ့နေရာရှိလို့လား..."

ကားဖြင့်ပြန်လျှင်ပင် ချန်မန့်ကိုပြန်ပို့ဖို့က မိနစ်နှစ်ဆယ်ခန့်ကြာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ လျှောက်သွားရန်က တစ်နာရီခန့်သာကျန်တော့သည်။ ထိုအချိန်လောက်လေးနှင့် ဝေးဝေးလံလံလည်း သွား၍မရသောကြောင့် လုဖျင်ကျိုးက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။ ရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင်၌ စတိုးဆိုင်တစ်ဆိုင်ရှိနေသည်ကို မြင်သောအခါ လက်ညှိုးထိုးပြပြီး မေးလိုပ်သည်။
"အဲဒီထဲကို ခဏလောက် ပတ်ကြည့်ကြမလား..."

"...အင်း ရတယ်လေ...ဒါပေမယ့် အချိန်က တစ်နာရီလောက်ပဲရတော့မှာ..."

လုဖျင်ကျိုးက ခေါင်းညိတ်ပြပြီး ချန်မန့်ရှေ့သို့ လက်ကိုဆန့်လိုက်သည်။
"ကျွန်တော့်ကို အအေးပုလင်းတွေပေး..."

ချန်မန်က ပုလင်းကို လှမ်းပေးလိုက်ရာ လုဖျင်ကျိုးက "ခဏစောင့်နော်..." ဟုပြောပြီး ရုပ်ရှင်ရုံထဲသို့ ပြန်ဝင်သွားသည်။ အထဲမှ ပြန်ထွက်လာသောအခါ လက်ထဲ၌ ဘာမှမရှိတော့ချေ။ လုဖျင်ကျိုးက ပြုံးကာပြောလိုက်သည်။

"သွားကြမယ်..."

...

သူတို့ရောက်သွားကြသော စတိုးဆိုင်၏ အမည်အပြည့်အစုံက နံပါတ် ၄ စတိုးဆိုင်ဖြစ်သည်။ ထိုနာမည်ကို ကြည့်ရုံနှင့်ပင် လင်းကျန်းမြို့၌ စတိုးဆိုင်အမြောက်အများရှိသည်ကို သိနိုင်သည်။ ဤ နံပါတ် ၄ ဆိုင်က အတော်ကြီးပြီး စုစုပေါင်း ၄ လွှာရှိ၍ အလွှာတိုင်း၌လည်း ဆိုင်များစွာရှိနေသည်။ 

ဆိုင်ကကြီးသည်နှင့်အမျှ လာဝယ်ကြသူများကလည်း များပြားလှသောကြောင့် နာမည်ကြီးပစ္စည်းများရောင်းသောဆိုင်များ၌ဆိုလျှင် လူများဖြင့် ပြည့်နေသည်။ 

ချန်မန်က ယခုကဲ့သို့ စတိုးဆိုင်အကြီးကြီး၌ ဈေးဝယ်ထွက်ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ချေ။ ထို့ကြောင့် ယနေ့ အိမ်မှ ထွက်လာစဉ်က လက်မှတ်များများစားစား မယူလာခဲ့ချေ။ ယူလာသောလက်မှတ်များက ထမင်းစားလက်မှတ်နှင့် ဆန်စပါးလက်မှတ်များသာဖြစ်နေသည်။ ထိုလက်မှတ်များကို အဓိက ယူလာရခြင်းအကြောင်းက ဤကြင်ဖက်တွေ့ခြင်း အဆင်မပြေပါက ချန်မန်လည်း တစ်ဖက်လူကို ဒုက္ခမပေးချင်ဘဲ တူတူစားသောနေ့လယ်စာကို တစ်ယောက်တစ်ဝက် ခွဲရှင်းရန်ဖြစ်သည်။ 

ယခင်တစ်ခေါက် ကြင်ဖက်တွေ့စဉ်တုန်းကလည်း ထိုသို့ အဆင်မပြေဖြစ်ခဲ့သောကြောင့် ချန်မန့်ခမျာ သတိထား၍ အရာရာကို ကြိုတွေးနေရခြင်းဖြစ်သည်။ 

ယခင်တစ်ခေါက် ကြင်ဖက်တွေ့ပြီး ပြန်လာစဉ်က ချန်မန့်ခေါင်းထဲ၌ အတွေးတစ်ခုသာရှိနေမိသည်။ 

အသားဟင်းတွေ များများမမှာမိလို့တော်သေးတာပေါ့...မဟုတ်ရင် ငါ့မှာ အသားဟင်းကို သေချာလည်းမစားရ ပြီးရင် တစ်ယောက်တစ်ဝက်ကလည်း ရှင်းရသေးတယ်...မတန်မရာတွေ...

ယခု ချန်မန်က ပိုက်ဆံကို များများစားစား ယွမ် ၂၀ ခန့် ယူလာသော်လည်း ဤခေတ်အခါက ပစ္စည်းများကို လက်မှတ်များဖြင့်သာ ဝယ်ရသောကြောင့် ငွေကြေးပိုက်ဆံက အရေးမပါလှချေ။

ထို့ကြောင့် စတိုးဆိုင်ထဲ၌ ချန်မန်လည်း လမ်းလျှောက်ရင်း ဟိုကြည့်ဒီကြည့်သာ ကြည့်နေမိပြီး အခြားလူများကဲ့သို့ ဆိုင်ထဲ၌ တိုးဝှေ့ဝယ်ရန် အစီအစဉ်မရှိချေ။ လုဖျင်ကျိုးက မဝယ်ဘူးလား ဟု မေးတိုင်း ချန်မန်က ပြုံးပြီး အဖြေတစ်ခုတည်းသာ ပေးနေမိသည်။ 

"ရှင်ဝယ်ချင်တာရှိရင် ကျွန်မ အဖော်လိုက်ပေးမယ်လေ..."

ထိုကဲ့သို့ အဖြေကို သုံးလေးခါမျှ ရပြီးသောအခါ လုဖျင်ကျိုးလည်း ချန်မန်၏ စိတ်ကို ဖတ်မိပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
"စားစရာတွေဘက် သွားကြည့်ကြမလား..."

"အိုခေ..."

ချန်မန်က ခေါင်းညိတ်လိုက်သောကြောင့် နှစ်ယောက်သား မုန့်အချိုများရောင်းသော ဆိုင်ဆီသို့ လျှောက်သွားလိုက်ကြသည်။ လုဖျင်ကျိုးက ချန်မန်ကြိုက်သော မုန့်ကိုမေးပြီး ထိုမုန့်အချို့ကိုယူကာ နှစ်ထုပ်ခွဲထုပ်ခိုင်းလိုက်သည်။ 

ချန်မန်ကလည်း တုံးအလှသူမဟုတ်သောကြောင့် လုဖျင်ကျိုးက သူမ ကြိုက်သော မုန့်ကို မေးချိန်မှာပင် သူ့ရည်ရွယ်ချက်ကိုသိလိုက်သည်။ သူ့ကို မုန့်မဝယ်ရန် တားမည်လုပ်သော်လည်း အရာရာကို လိုက်ပြောနေသည်ဖြစ်မည်စိုးသောကြောင့် တိတ်တိတ်သာနေနေလိုက်သည်။ 

ထို့နောက် လုဖျင်ကျိုးက ပန်းသီးကိုလည်း သုံးပေါင်(အလေးချိန်) ဝယ်လိုက်သည်။ ပန်းသီးများက သေး၍ အလုံးလည်း မလှဘဲ ဈေးကအလွန်ကြီးနေသည်။ သုံးပေါင်ကို ယွမ် ၅၀ ပင်ပေးလိုက်ရသည်။ 

သို့သော် မတတ်နိုင်ပေ။ လင်းကျန်းမြို့က အချက်အချာကျသော မြို့ဖြစ်ပြီး အချိန်ကလည်း စားစရာရှားပါးသော မတ်လဖြစ်နေသောကြောင့် စတိုးဆိုင်၌ အသီးအနှံများရစော ဆိုင်ဟူ၍ မရှိလှပေ။ 

ဝယ်စရာများဝယ်ပြီးသောအခါ စတိုးဆိုင်ထဲမှ ထွက်လိုက်ကြပြီး လမ်းကူးကာ ဂျစ်ကားဆီသို့ ပြန်လျှောက်လာကြသည်။ 

ကားပေါ်၌ ထိုင်ပြီးသောအခါ လုဖျင်ကျိုးက ကားကို စက်မနှိုးသေးဘဲ မုန့်ထုပ်တစ်ထုပ်ကို ဖွင့်လိုက်ကာ ချန်မန့်ကို လှမ်းပေးလိုက်သည်။

"တစ်ခုလောက် မြည်းကြည့်လေ..."

ချန်မန်က ငြင်းမည်စိတ်ကူးလိုက်သော်လည်း လုဖျင်ကျိုး၏ စားစေချင်နေသော မျက်လုံးများကို သတိထားလိုက်မိသောကြောင့် အထုပ်ထဲသို့ လက်နှိုက်ပြီး ပဲကိတ်မုန့်တစ်ခုကို ယူကာ တစ်ကိုက်ကိုက်လိုက်သည်။

"အင်း...စားကောင်းသားပဲ..."

လုဖျင်ကျိုးက သူ့အတွက်မယူဘဲ ချန်မန်ယူပြီးသောအခါ အိတ်ကို ပြန်ပိတ်ပြီး ချန်မန့်ဘေး၌ ချပေးလိုက်သည်။

"ပြန်ရင် ဒီအထုပ်ပါ ယူသွားလိုက်လေ..."

"ဟင့်အင်း...ကိတ်မုန့်တွေ ဒီလောက်အများကြီးစားနေရင် ကျွန်မ ပြန်ရောက်ရင် ညစာ မစားနိုင်ဖြစ်လိမ့်မယ်..."

ချန်မန်က လက်ထဲမှ ကိုက်ပြီး တစ်ဝက်ကျန်နေသော ကိတ်မုန့်ကို မြှောက်ပြလိုက်သည်။
"ဒီတစ်ခုဆို ရပါပြီ..."

လုဖျင်ကျိုးလည်း အတင်းမတိုက်တွန်းဘဲ ကောင်းပြီဟုသာပြောပြီး ကားကို စက်နှိုးကာ မောင်းထွက်လာလိုက်သည်။ 

အပြန်လမ်းတွင် နေဝင်ခါစပြုနေပြီဖြစ်သည်။ ဝင်ခါနီးနေရောင်ခြည်များက ကားရှေ့မှန်မှတစ်ဆင့် ကားထဲသို့ဖြာကျကာ နွေးနေစေသည်။ ချန်မန်က နေရောင်အောက်တွင် ရီဝေဝေဖြစ်လာပြီး ဘေးမှ လုဖျင်ကျိုးကို မသိမသာ လှည့်ကြည့်လိုက်မိသည်။ 

လုဖျင်ကျိုး၏ ခန္ဓာကိုယ်အပေါ်ပိုင်းက နေရောင်အောက်ရောက်နေပြီး အနက်ရောင်မျက်ဝန်းများက နေရောင်ဖြင့် ရွှေရောင်လက်နေပြီး လုဖျင်ကျိုး၏မျက်နှာကို ပိုပြီး တည်ငြိမ်ပြတ်သားသောပုံပေါက်နေစေသည်။ 

သို့သော် ခဏအကြာတွင် လုဖျင်ကျိုးက ကားကို လမ်းဘေး၌ ရပ်ပြီး ချန်မန့်ဘက်သို့ လှည့်ကာပြောလိုက်သည်။

"မင်း ကျွန်တော့်ကိုကြည့်နေတာ တော်တော်ကြာနေပြီ...ကျွန်တော် ကားမောင်းဖို့ အာရုံစိုက်လို့မရတော့ဘူး..."

ချန်မန်လည်း သူမ၏အကြည့်ကြောင့် လုဖျင်ကျိုး အာရုံထွေပြားသွားသည်ကို သိသွားသောအခါ နီရဲသွားသောမျက်နှာကို တစ်ဖက်သို့လှည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မ ရှင့်ကို ကြည့်နေတာမဟုတ်ပါဘူး...ကိုယ့်ဘာသာကိုယ် အပြင်ကရှုခင်းကိုကြည့်နေတာပါ..."

ချန်မန့်စကားကြောင့် လုဖျင်ကျိုးက မရှက်သွားဘဲ အေးဆေးစွာပင် "ဪ..." ဟုသာ ပြန်ပြောလိုက်၏။ 

"အပြင်က ရှုခင်းက လှရဲ့လား..."

"..."

ဤတစ်ကြိမ်တွင်မူ ချန်မန် ဘာမှပြန်မပြောနိုင်တော့ချေ။ တကယ်တမ်းကလည်း သူမက အပြင်ကိုကြည့်နေခြင်းမဟုတ်ဘဲ လုဖျင်ကျိုးကို ကြည့်နေခြင်းသာဖြစ်သည်။ 

လုဖျင်ကျိုးက ဘာမှဆက်မပြောတော့ဘဲ တစ်ချက်ရယ်ကာ လီဗာကို နင်းပြီး ကားအရှိန်ကို မြှင့်လိုက်လေသည်။ 

…
 

Search Novels