အပိုင်း(၇၁) မင်းကများ သူ့ကိုနှင်ထုတ်ရဲတယ်ပေါ့
မန်နေဂျာလီက မည်သည့်အရာမှ မဖြစ်ခဲ့သလိုမျိုး ဆက်ဟန်ဆောင်နေသည်။ ထို့နောက် သူက သက်ပြင်းချကာ
"ဘာဖြစ်ရမှာလဲ အတွင်းရေးမှူးလျန်ရယ် နံပါတ် (၁၉)ကို ဒီလူတွေ့စစ်ဆေးမှုဆီလာဖို့ ဘယ်သူထောက်ခံပေးလိုက်မှန်းတော့ မသိပေမဲ့ သူက ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားတို့သိမှာ မဟုတ်ဘူး၊ သူက အတော်လေးကို ညံ့ပြီးတော့ စည်းမျဥ်းတွေကိုလည်း ချိုးဖောက်တယ်ဗျ၊ အဲဒါကြောင့် ကျွန်တော် နှင်ထုတ်လိုက်တာ"
အကြောင်းအရင်း မသိသော်ငြား ရုံးခန်းထဲ၌ ရှိသည့် လေထုအပူချိန်က တစ်စုံတစ်ယောက်သောသူကြောင့် ချက်ချင်း အနုတ်မှတ်ပြသွားလေတော့သည်။
အတွင်းရေးမှူးလျန်က သူ့စီအီးအိုကို လှည့်ကြည့်လိုက်သည်။
အလွန်အမင်း ချောမောခံ့ညားသည့် မျက်နှာက ယခုတော့ ရေခဲအလွှာကြီးနှင့် ဖုံးအုပ်ထားသလို အေးခဲတောင့်တင်းနေပေသည်။ စီအီးအို၏ ယခုပုံစံမျိုးကို သူ မည်သည့်အခါမှ မမြင်ဖူးခဲ့ပေ။
သူ့အသံက တိုးသော်လည်း အလွန်အမင်း ကြောက်စရာကောင်းနေပြီး စကားလုံး တစ်လုံးစီတိုင်းက လူတိုင်း၏နှလုံးသားကို အကြောက်တရားဖြင့် ဖုံးလွှမ်းစေနိုင်ပေသည်။
"မင်းပြောတာက သူ့ကို မင်း နှင်ထုတ်လိုက်တာလား"
"ဟုတ်ပါတယ် စီအီးအိုချင်"
မန်နေဂျာလီက ချင်မော့ကို ကပ်ဖားရပ်ဖားလုပ်ကာ ရယ်လိုက်ပေသည်။
"ဒီပရမ်းပတာနဲ့ အမှိုက်လိုကောင်က ဘယ်နေရာမှာမှ မကောင်းဘူးဗျ၊ စီအီးအို မရောက်လာခင်လေး ဒီကောင်ကို ကျွန်တော်နှင်ထုတ်လိုက်လို့ တော်သေးတယ်"
ချင်မော့က ရယ်လိုက်ပြီး မန်နေဂျာလီဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ ထို့နောက် မန်နေဂျာလီ၏ ကော်လံကို ဆွဲကိုင်လိုက်သည်။ ချင်မော့၏ မျက်လုံးအကြည့်များက အေးစက်လွန်းသဖြင့် တစ်စုံတစ်ယောက်ကို သေစေနိုင်သည်အထိ ပြင်းထန်လွန်းလှပေသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ ငါရဲ့ပြိုင်ပွဲဝင်ကို နှင်ထုတ်ရဲတယ်ပေါ့ ဟုတ်လား"
"စီအီးအိုချင်၊ ကျွန်တော် ကျွန်တော်က...."
မန်နေဂျာလီက ရှင်းပြရန် ကြိုးစားလေသည်။
သည်အဖြစ်အပျက်ကို မြင်လိုက်ပြီးသည်နှင့် ပထမဆုံး သွက်သွက်ခါအောင် ရူးသွားတော့မည့်သူမှာ ဖုန်းရီဖြစ်ပေသည်။ ချင်မော့ စကားအသွားအလာကို ကြည့်ခြင်းဖြင့် သည်နှင်ထုတ်ခံလိုက်ရသည့် လူငယ်က “Spade Z"ဖြစ်မှန်း သူအတပ်သိလိုက်ပေသည်။
ငါ သေလောက်အောင် စာချုပ်ချုပ်ချင်နေတဲ့"Spade Z"ကို ခွေးမသား အဘိုးကြီးလီက နှင်ထုတ်လိုက်တယ်တဲ့လား၊ ငါရဲ့နားကို ငါတောင်မယုံချင်တော့ဘူး။
"အဘိုးကြီးလီ ခင်ဗျား အခု ဘယ်လိုလုပ်လိုက်တာလဲဟမ်"
မန်နေဂျာလီက ဖုန်းရီကသာ သူ၏ တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်သည်ကို ရှင်းလင်းစွာ သိလေသည်။ ထို့ကြောင့် သူက အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်တော်က သူရဲ့လက်အရှိန်နှုန်းကို စမ်းသပ်ဖို့ ပြောခဲ့ပေမဲ့ သူငြင်းခဲ့တာ၊ ပြီးတော့ သူရဲ့ရလဒ်စာရွက်ကိုလည်း ဆုတ်ဖြဲခဲ့သေးတယ်၊ ပြီးတော့ သူက ကျွန်တော်တို့ရဲ့အသင်းကိုလဲ မဝင်ချင်ဘူးလို့ ပြောခဲ့သေးတယ်ဗျ"
ချင်မော့က သူ့ရှင်းပြချက်များကို မယုံကြည်ပေ။ ထို့ကြောင့် သူက သူ့လက်ကို မြှောက်လိုက်ပြီး ကစားသမားတစ်ယောက်ကို ခေါ်လိုက်ကာ
"မင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကိုပြော"
သည်ကစားသမားက ချင်မော့ သူ့ကို ထိုသို့ ခေါ်ထုတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အမှန်တရားကို ပြောရန်အတွက် စိတ်လှုပ်ရှားနေ၏။
"နံပါတ် (၁၉)က သူရဲ့ပထမအကြိမ်စစ်ဆေးမူကို ပထမဆုံးနဲ့ အမြန်ဆုံးပြီးသွားပေမဲ့ သူရဲ့ရလဒ်တွေကို မန်နေဂျာလီဆီ တင်ပြဖို့ လုပ်နေတုန်းမှာ မန်နေဂျာလီက သူ့ကို အရမ်းတွေ ဘဝင်မြင့်မနေနဲ့၊ မင်းကိုယ်မင်း ဘာထင်နေလဲ၊ နောက်ထပ်တစ်ကြိမ်ထပ်သွားလုပ်စမ်း ဆိုပြီးပြောတယ်ဗျ၊ နံပါတ် (၁၉)က ဒီဟာကိုကြားလိုက်တော့ ဒီရလဒ်စာရွက်ကို ဆုတ်ဖြဲလိုက်ပြီး မန်နေဂျာလီလို ဝန်ထမ်းမျိုး ဒီကုမ္ပဏီမှာရှိနေမယ်ဆိုရင် သူဒီအသင်းကို ဘယ်တော့မှမဝင်ဘူးလို့ ပြောပြီး ထွက်သွားတာပါပဲ"
ထိုကစားသမားက အဖြစ်အပျက်တစ်ခုလုံးကို ကြိုးကြိုးစားစားနှင့် အားစိုက်ထုတ်ပြီး ပြောလိုက်ရသည်။ အကြောင်းအရင်းမူကား ချင်မော့ မျက်လုံးများက နားထောင်ရင်းဖြင့် နက်ရှိုင်းသည့် ရေကန်ပေါင်းများစွာလို အေးစက်သည်ထက်အေးစက်လာသောကြောင့် ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကို သတ်ပစ်တော့မည့်ပုံ ဖြစ်နေပေသည်။
ဖုန်းရီကလည်း ထိုအကြောင်းကို နားထောင်နေတာဖြစ်လေသည်။ ထိုအဖြစ်မျိုး ဖြစ်လာခဲ့လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူက မန်နေဂျာလီကို ကြည့်လိုက်ပြီး သူ့လက်များက ဒေါသကြောင့် တဆတ်ဆတ် တုန်နေပေတော့သည်။
"မင်း မင်း မင်း... ငါ မင်းကို ပြိုင်ပွဲပေါ်မှာ အာရုံစိုက်ပြီး ငါ့ဆီ ပြဿနာမသယ်လာနဲ့လို့ မပြောခဲ့ဘူးလား"
ချင်မော့က ဖုန်းရီပြောနေသည်ကို မနှောင့်ယှက်ပေ။ သူက မန်နေဂျာလီ၏ ကော်လံကို ဆွဲပြီး ဖူကျို့သုံးခဲ့သည့် ကွန်ပျူတာ အရှေ့သို့ ဆွဲခေါ်သွားပေတော့သည်။
ချင်မော့က နိုင်ငံရေးအသိုင်းအဝိုင်းမိသားစု၏ တတိယမြောက်မျိုးဆက် ဖြစ်လေသည်။ သူက ဘယ်သောအခါမှ တစ်ဖက်သားအပေါ် မညင်သာဖူးပေ။ ယခုတော့ သူ၏ ကြမ်းကြုတ်မှုကို အစွမ်းကုန် ပြသပေတော့မည်။
"သူရဲ့လက်အရှိန်က ဘယ်လောက်အထိ မြန်လဲဆိုတာကို မင်းမျက်လုံးနဲ့ သေချာကြည့်၊ သူ့မှာ မောက်မာချင်သလိုမောက်မာဖို့ အခွင့်အရေးအပြည့်အဝရှိတယ်"
ထိုပုံစံမျိုးဖြင့် ချင်မော့က အလွန်အမင်း ကြောက်ဖို့ကောင်းပေသည်။
စီးပွားရေးလုပ်ငန်း လုပ်နေစဥ်က မြင့်မြတ်ပြီး ခံစားချက်မဲ့သည့် အမူအရာက ယခုတော့ ပျောက်ကွယ်သွားခဲ့ပြီ။
သူ့မျက်လုံးများက သွေးဆာမှုဖြင့်သာ ပြည့်နေပေတော့သည်။
မန်နေဂျာလီက အလွန်အမင်း တုန်လှုပ်နေပေတော့သည်။
"စီအီးအိုချင် ကျွန်တော် မရည်ရွယ်ပါဘူး၊ ကျွန်တော် တကယ်မရည်မိပါဘူး"
"မင်းကများ သူ့ကို နှင်ထုတ်ရဲတယ်ပေါ့၊ မင်းကိုယ်မင်းဘယ်သူလို့ ထင်နေတာလဲ"
ချင်မော့က သူ့လက်ကို အိတ်ကပ်၌ ထည့်ထားရင်း
မန်နေဂျာလီကို ဖိအားပေးလေတော့သည်။ သူက အလွန်အမင်း အေးစက်နေသည့် အသံဖြင့်
"ဒီလူတွေ့စစ်ဆေးမှုဆီလာဖို့ သူ့ကို ဘယ်သူကများ ထောက်ခံပေးလိုက်လဲဆိုတာကို မင်း မသိချင်ဘူးလား"
................

အပိုင်း(၇၂) ချင်မော့: ဖူကျို့ မင်းဘယ်မှာလဲ၊ ဖူကျို့ : ငါလေး ဟော့ပေါ့စားနေတာလေ
"အဲဒါ ငါပဲ"
ချင်မော့က ထိုသို့ပြောပြီးသည်နှင့် မန်နေဂျာလီကို လွှတ်ပေးလိုက်လေပေသည်။
သူ့စကားများ၌ နွေးထွေးမှု အလျင်းမရှိပေ။ မန်နေဂျာလီက နေရာ၌ ကြောင်အနေပြီး သူ့ခန္ဓာကိုယ်က စတင်ပြီး တုန်လှုပ်လာပေသည်။ သူ့မျက်နှာက ကွန်ပျူတာ၏ ညာဘက်ဘေး၌ ရှိနေပြီး ထိတ်လန့်မှုကြောင့် ထိုင်ခုံပေါ် လဲကျသွားသည်။ ချင်မော့ ထွက်သွားပြီး အတော်ကြာသည်အထိ မန်နေဂျာလီက အသိစိတ် ပြန်မကပ်သေးပေ။ သူက အလွန်အမင်း ကြောက်လန့်နေတော့သည်။
သူရဲ့အလုပ်က လုံးဝကိုသွားပြီဟု မန်နေဂျာလီက ကောင်းစွာသိလေသည်။ သူ အလုပ်ပြုတ်သည့်အကြောင်းကို စီအီးအိုချင်က နှုတ်မှ ထုတ်ပြောစရာမလိုအောင် သူ သေချာပေါက် ရှင်းလင်းစွာ သိလေသည်။ ကျန်းမြို့၌ သူ့အနာဂတ် မရှိတော့မှန်းလည်း မန်နေဂျာလီက ကောင်းစွာသိနေပေတော့သည်။
ဘာလို့..ဘာလို့ ဒီအမှိုက်လိုကောင်က စီအီးအို ထောက်ခံပေးထားတဲ့သူဖြစ်နေတာလဲ။
တစ်ချိန်တည်း၌ ဖူကျို့၏ လက်အမြန်နှုန်းက အခန်း၌ရှိသည့် ကွန်ပျူတာအားလုံး၏ ဖန်သားပြင်ပေါ်၌ ပေါ်လာသည်။ လူတိုင်းက သည်မယုံနိုင်ဖွယ်ကောင်းသည့် ရလဒ်ကိုမြင်လိုက်ရသဖြင့် လုံးဝ အံ့အားသင့်သွားပေတော့သည်။
၉၀ ရာခိုင်နှုန်းထက်ကို ကျော်တယ်တဲ့လား။
လူတိုင်းက ချက်ချင်း ငြိမ်သက်သွားသည်။
ထိတ်လန့်မှု၊ အံ့အားသင့်မှု၊ မထင်မှတ်ထားမှုများက အခန်းတစ်ခန်းလုံး၌ ပျံ့နှံနေပေတော့သည်။
ငါတို့ တစ်သက်လုံး လေ့ကျင့်တာတောင်မှ ဒီလိုလက်အမြန်နှုန်းလို့မျိုး ရနိုင်ပါ့မလား၊ အံ့ဩဖို့ကောင်းလိုက်တာ။
နံပါတ် (၁၉) က ဘယ်သူများလဲ။
လူတိုင်းက သိချင်လွန်းသဖြင့် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောနေကြပေသည်။
ဒါပေမဲ့ သူ့ကိုယ်ရေးအကျဥ်းတွေက အမှိုက်ပုံးထဲ ရောက်သွားပြီလေ၊ ဘယ်လိုတောင် အရှက်ရမှုကြီးမျိုးလဲ၊ အဲဒါကြောင့် သူထွက်သွားတာမဆန်းပါဘူး။
ချင်မော့က ဒေါသတကြီးဖြင့် အခန်းအပြင်သို့ ထွက်သွားလေသည်။ သူ့နောက်ကျောက အေးစက်သည့် အငွေ့အသက်များ ထုတ်လွင့်နေပေတော့သည်။ အတွင်းရေးမှူးလျန်နှင့် ဖုန်းရီက ကြောက်လွန်းသဖြင့် သွေးမရှိတော့သလို ဖြူရော်နေပေတော့သည်။
အထူးသဖြင့် ဖုန်းရီ။ သည်လူတွေ့စစ်ဆေးမှု၏ အဓိကတာဝန်ခံက သူ ဖြစ်လေသည်။
စီအီးအို ကိုယ်တိုင်အရေးပေးတဲ့ “Spade Z”ကို သူ့လက်ထောက်က နှင်ထုတ်လိုက်မိမယ်လို့ ဘယ်သူက ထင်မိမှာလဲတဲ့။
အဓိကအချက်ကတော့ စီအီးအိုက ဒီခွေးသားအဖိုးကြီးလီကို သတ်ပစ်ချင်တဲ့အထိ ဒေါသတကြီးဖြစ်နေတုန်းပဲ။
စီအီးအို သည်လောက်အထိ ဒေါသထွက်သည်ကို သူတို့နှစ်ယောက်စလုံး မမြင်ဖူးပေ။
ယခုတော့ အတွင်းရေးမှူးလျန်က စီအိအို၏ ညစာချိန်းဆိုမှုအကြောင်းကို ပါးစပ်က ဟပင်မဟရဲတော့ပေ။ သည်အချိန်၌သူက အငွေ့ပျံပျောက်ကွယ်သွားချင်နေပေတော့သည်။
ရုတ်တရက်။
ချင်မော့က ရပ်လိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။ ချင်မော့က ဖန်သားပြင်ကိုထိလိုက်ပြီး သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်ကာ
"မင်း အခု ဘယ်မှာလဲ"
သည်စကားလုံးများက ရိုးရှင်းသည့် စကားလုံးမျှသာ ဖြစ်သည်။
ငါတို့ စီအီးအိုက တစ်ယောက်ယောက်ကို wechat ကနေမက်ဆေ့ချ်ပို့နေတာလား။
အတွင်းရေးမှူးလျန်နှင့် ဖုန်းရီက အကြည့်ချင်းဖလှယ်လိုက်ပြီး ရုတ်တရက် စီအီးအို မက်ဆေ့ချ် ပို့နေသည့်လူက " Spade Z"ဖြစ်မည်ကို သဘောပေါက်သွားပေတော့သည်။
ထိုအချိန်၌ ဖူကျို့က စောနမှ ကောင်လေးခေါ်သွားသည့် ဟော့ပေါ့ဆိုင်ကို စူးစမ်းနေတာဖြစ်သည်။ သူမက မျက်ခုံးပင့်လိုက်ပြီး
"အဲဒါက မင်းပြောနေတဲ့ "Ordinary ဟော့ပေါ့" ဆိုင်ဆိုတာလား"
မြောက်ပိုင်းနယ်မြေကြီး၌ ထိုသို့ အဆင့်တန်းမြင့်သည့် စားသောက်ဆိုင်မှာ စုစုပေါင်း သုံးဆိုင်တိတိသာ ရှိလေသည်။
ချမ်းသာသည်သာမက လူများက ဂုဏ်ထူးဒြပ်နှင့် အာဏာရှိမှသာလျှင် သည်ဆိုင်မျိုး၌ လာစားနိုင်ကြသည်။
Ordinary ဟော့ပေါ့ ဆိုင်လား။
ကမ္ဘာပေါ်၌ ထိုသို့ ဟော့ပေါ့ဆိုင်မျိုးက ဆယ်ဆိုင်အောက် လျော့နည်းပေလိမ့်မည်။ တစ်နည်းအားဖြင့် သည်ဟော့ပေါ့ဆိုင်မျိုးက limited edition ဟုပြောရပေလိမ့်မည်။
သည်ကောင်လေးက ပြုံးလိုက်ပြီး သူ့ဆံပင်များကို ထိုးဖွလိုက်လေသည်။
"မင်းဘာ..ဘာ..ဘာစားချင်လဲ ငါ..ငါ..သွားယူလာခဲ့မယ်လေ"
"အသား ငါလေးက အသားကြိုက်တယ်"
ဖူကျို့က မီနူးကို တစ်ချက်ပင် လှည့်မကြည့်ပေ။ သူမက ကောက်ကျစ်သည့် ပင်ကိုယ်စရိုက်နှင့် ဆွဲဆောင်မှုရှိသည့်အပြုံးလေးဖြင့် နေရာ၌ ထိုင်ကာ
 "ငါလေးက ဒီလို အရေးမပါတဲ့ပြိုင်ပွဲကနေ ချမ်းသာတဲ့ဒုတိယမျိုးဆက်ကို ရှာတွေ့ခဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး"
ကောင်လေးက စကားပို၍ ထစ်သွားပေတော့သည်။
"ငါ..ငါ..ကမချမ်းသာပါဘူး ငါ..ငါ..မင်းကို ဟော့ပေါ့လေးပဲ ကျွေးနိုင်တာပါ၊ နောက်ဆိုရင် ငါ..ငါ ကိုယ်တိုင် ပိုက်ဆံရှာနိုင်ရင် မင်း..မင်း..ကို ဒီထက်ပိုကောင်းတဲ့ဟာဝယ်ကျွေးမယ်"
"မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ၊ ဘာလို့ ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ"
ဖူကျို့က မျက်စိမှိတ်ပြလိုက်ပြီး သူမ တစ်ကိုယ်လုံးမှ အီစိကလီ အငွေ့အသက်များ ထုတ်လွှတ်လိုက်ပေသည်။
ဘုန်း၊ ငါလေးရင်ခုန်နေပါပြီနော်။
သည်ကောင်လေးက ရှက်သွေးဖြာသွားပေသည်။
 "မင်း..မင်းက အမြဲဒီလိုပဲ စကားပြောတတ်တာလား"
"ဘယ်လိုမျိုးလဲ"
ဖူကျို့က စားပွဲထိုးလာချသည့် အသားပန်းကန်ကို ကြည့်ပြီး သွားရည်တမြားမြားကျကာ သူမအတွက် အချဥ်ရည် ထည့်လိုက်လေသည်။
ထိုကောင်လေးက သူ့မျက်မှန်ကို အနည်းငယ် ပင့်လိုက်ကာ
"အီ..အီစိကလီတာလေ"
"အာ ဒီဟာလား၊ ဒီဟာက နင်လေးချောနေရင် ငါလေးအီမယ်၊ ငါလေးအီတာကိုလိုချင်ရင် နင်လေး ရုပ်ချောနေဖို့လိုတယ်လေ"
ဖူကျို့က ထိုင်ခုံပေါ်၌ လက်တစ်ဖက် တင်လိုက်သည်။ သူမ ငွေရောင်ဆံပင်များနှင့် အနက်ရောင် မျက်ဝန်းများက မကောင်းဆိုးဝါးဆန်ဆန် အရှိန်အဝါကို ထုတ်လွင့်နေသယောင်။
ထိုကောင်လေးက တစ်ခဏရပ်သွားပြီး ရယ်လိုက်လေသည်။
"ဒီ. .ဒီဟာက ဟုတ်သားပဲ၊ ခ..ခဏလေး မင်းဖုန်းမြည်နေလားလို့ "
ဖုန်း။
ဖူကျို့က လှ့ည်လိုက်ပြီး ဖုန်းကို ယူလိုက်လေသည်။ သည်စာက ကြီးမြတ်လှသည့် သခင်လေးချင်ဆီက ဖြစ်သည်။ ထို့ကြောင့် ဖူကျို့က တူကို ပါးစပ်၌ ကိုက်ထားကာ စာပြန်ရန် ပြင်လိုက်သည်။
"ပြိုင်ပွဲမှာ ကောင်လေးချောချောလေးနဲ့ တွေ့လိုက်တယ်လေ၊ အခုသူက ငါလေးကို ဟော့ပေါ့ဒကာခံမလို့တဲ့၊ နင်လေးအစည်းအဝေးပြီးသွားပြီလားဟင် "
.............

အပိုင်း(၇၃) သခင်လေးချင်က မင်း ဂိမ်းထဲကအသိလား
ချင်ကလပ်တွင် ဖြစ်သည်။
ကမ္ဘာပေါ်၌ ရှိသည့်အလင်းရောင်များနှင့် တောက်ပမှုများကို ပိုင်ဆိုင်ထားသည့် ပုံရိပ်တစ်ခုက လျှောက်လှမ်းလာလေသည်။
ကြီးမြတ်လှသည့်သခင်လေးချင်ကို တွေ့ချင်ကြသည့် ပြိုင်ပွဲဝင်များသာမက မီဒီယာများကလည်း သူတို့၏ ကင်မရာကို မြှောက်ကာပင့်ကာဖြင့် ချင်မော့ကို တဖျတ်ဖျတ် ဓာတ်ပုံရိုက်ကြပေတော့သည်။
ထိုအရာများက ချင်မော့ မည်မျှထိ နာမည် ကျော်ကြားလဲဆိုသည်ကို သက်သေပြနေသလိုပင်။
ချင်မော့က ဖျော်ဖြေရေးနယ်ပယ်က မဟုတ်သော်ငြားလည်း သူက အနုပညာရှင်ပေါင်းများစွာထက် ပိုပြီးကျော်ကြားလေသည်။
ချင်မော့ကလွဲ၍ မည်သူကမှ ထိုမျှအထိ အကျိုးသက်ရောက်မှု မရှိနိုင်ပေ။
အရာအားလုံးကို သိမ်ငယ်သွားစေနိုင်လောက်သည့် ချင်မော့၏ မြင့်မြတ်သည့် အရှိန်အဝါကြောင့် သူ ထွက်ပေါ်လာသည်နှင့် လူတိုင်းက သူတို့ပါးစပ်ကို အုပ်ကာ အော်ဟစ်ကြပေတော့သည်။
သို့သော် ဖုန်းရီနှင့် အတွင်းရေးမှူးလျန်သာလျှင် သူ တို့စီအီးအို၏ စိတ်အခြေအနေက တစ်စုံတစ်ယောက်ကို သတ်ပစ်နိုင်သည်အထိကို ပြင်းထန်နေမှန်း သေချာသိပေသည်။ ထိုစိတ်အခြေအနေက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည့်အချိန်၌ ပိုပြင်းထန်လာလေသလားဟု သူတို့ခံစားလိုက်ရပေသည်။
ဖုန်း၏ တစ်ဖက်မှလူက မည်သို့ စာပြန်လိုက်သည်မှန်း မသိသော်လည်း ထိုစာက ချင်မော့၏ မျက်လုံးအကြည့်များကို ပို၍အေးခဲသွားစေသည်ကို သူတို့ သေသေချာချာ သတိထားမိလေသည်။
ဖူကျို့မှာ သူမ မက်ဆေ့ချ်က ချင်မော့ကို ပို၍ဆွလိုက်သလို ဖြစ်သွားသည်ကို သတိမထားမိလေဘဲ
"နင်လေး ဗိုက်ဆာနေလို့လား ငါတို့နဲ့တူတူလာစားလေ၊ ဒီနေရာကအတော်လေးကောင်းတယ် ပြီးတော့ ဟိုကောင်လေးကလည်း အတော်လေးချစ်ဖို့ကောင်းတယ်"
ဒီဖူကျို့ကိုတော့ ငါ သေချာပေါက် စည်းကမ်းတင်းကျပ်မှရတော့မယ်။
ချင်မော့က ရပ်နေဆဲဖြစ်ပြီး သူ့လက်ချောင်းများကလည်း ဖုန်းကို ကိုင်ထားလျက်ရှိနေပေသည်။ သူက သက်ပြင်းအရှည်ကြီးချလိုက်ချင်သော်လည်း သည်နေရာက လူအများကြီးထူထပ်နေသောကြောင့် အခွင့်အရေး မရပေ။ ထို့ကြောင့်သူက အသံမာမာဖြင့်
"လိပ်စာပေး"
ဖူကျို့က မျက်တောင်ခတ်မိသွားပေသည်။
ဘာလို့ နင်လေးရဲ့အသံက အေးတိအေးစက်ဖြစ်နေရတာလဲ၊ စိတ်ဆိုးပြန်ပြီလားဟ၊ ငါလေး နင်နဲ့ မအီလိုက်မိပါဘူးနော်၊ ဘာလို့ နင်လေးက စိတ်ဆိုးနေပြန်တာလဲဟဲ့။
ဖူကျို့က စားပွဲ၌ ထိုင်လိုက်သည်။ သူမ ဘယ်လက်ဖြင့် မေးစေ့ကို ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ချင်မော့ကို လိပ်စာပို့လိုက်လေသည်။
ချင်မော့က သည်မက်ဆေ့ချ်ကို မြင်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက အတွင်းရေးမှူးလျန်ကို ကားတစ်စီး ပြင်ထားရန် ပြောလိုက်လေသည်။
အတွင်းရေးမှူးလျန်က ထိုလိပ်စာကို ကြားလိုက်သည်နှင့် သည်နေရာက သူ့စီအီးအို၏ ညစာချိန်းထားသည့် နေရာဖြစ်သည်ကို သတိပြုလိုက်မိလေသည်။
"စီအီးအိုချင် အခုဘယ်သွားမှာလဲဗျ"
ညစာစားဖို့က အရမ်းစောနေသေးတယ်လေဗျာ။
ချင်မော့က အတွင်းရေးမှူးလျန်ကို ဘာမှပြန်မဖြေလေဘဲ သူ့လက်ဆီက ကားသော့ကို ယူလိုက်လေသည်။ ဒရိုင်ဘာနေရာ၌ ထိုင်လိုက်ခြင်းဖြင့် ချင်မော့က သူနှင့်အတူ မည်သူ့ကိုမှ ခေါ်မသွားဘူးဟု အတွင်းရေးမှူးလျန်နှင့် ဖုန်းရီကို အသိပေးလိုက်ပေသည်။
အတွင်းရေးမှူးလျန်က မေးချိန်ပင်မရလိုက်ပေ။ သူ့ စီအီးအိုက အနက်ရောင်ဆံသားများ ဝဲကျနေပြီး အနက်ရောင်မျက်ဝန်းကို ဖုံးအုပ်လျက်ဖြင့် ကားမောင်းထွက်သွားသည်ကိုပဲ ကြည့်နေလိုက်ရပေသည်။
အလွန် မိုက်သည့် limited edition ပြိုင်ကားက မြောက်ဘက်ဆီသို့ တည့်တည်မတ်မတ် မောင်းထွက်သွားပေတော့သည်။
ထိုအရာကို ကြည့်ရသည်မှာ သူတို့စီအီးအိုက ညစားသွားစားရန်ထက် လက်တုံ့ပြန်ရန် သွားနေသလိုပဲဟု သူတို့နှစ်ယောက်လုံး ခံစားလိုက်ရလေသည်။
ဖူကျို့က ထိုအချိန်၌ ပျင်းရိပျင်းတွဲဖြင့် ရေနွေးကြမ်းသောက်နေပေသည်။ ဖူကျို့က မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ထိုကောင်လေးကို မေးလိုက်သည်။
"ငါလေးရဲ့ဂိမ်းထဲကအသိက ငါတို့နဲ့အတူတူ ဟော့ပေါ့ လာစားမယ်လို့ပြောနေတယ်၊ အဆင်ပြေရဲ့လား"
"ရ ...ရတာပေါ့"
ထိုကောင်လေးက စကားထစ်နေ၏။
"ဒီ..ဒီလိုဆိုရင် ငါနောက်ထပ် သောက်စရာ သွားယူလာခဲ့မယ်လေ၊ ငါ..ငါ..ငါတို့ စကားတွေ အများကြီးပြောကြတာပေါ့၊ဒါ…ဒါပေမဲ့ ငါအခုချိန်ထိ မင်းနာမည်ကိုမသိသေးဘူးရယ်"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က အပြုံးလေးဖြင့် ထိုကောင်လေးကို
" ငါ့နာမည်က ဖူကျို့"
"နာ..နာမည်ကောင်းလေးပဲ"
သည်ကောင်လေးက သည်ထက်သင့်တော်မည့် စကားလုံးကို ရှာရန်ကြိုးစားနေသော်လည်း ပိုပိုပြီးတော့သာ ရှက်သွေးဖြာလာပေတော့သည်။
"ငါ..ငါ့နာမည်က ဖုန်းရှန်း၊ ဂိမ်း..ဂိမ်းထဲကနာမည်ကတော့ "ပါးရိုက်ပြီးဆုချမဲ့သူလေ"
"ဖလူး.... "
ဖူကျို့ကဲ့သို့ အေးအေးဆေးဆေး နေတတ်သည့်သူတောင်မှ သည်ဂိမ်းထဲက နာမည်ကို ကြားလိုက်သည်နှင့် ရယ်မိသွားလေတော့သည်။
ထိုနာမည်က မရယ်ရသော်လည်း တကယ့်ကို နာမည်ကြီးသည့် ကစားသမားစာရင်း၌ ပါလေသည်။
သူက ကောင်းမွန်သည့် ထိန်းချုပ်နိုင်စွမ်းနှင့် ပိုက်ဆံအများကြီးသုံးနိုင်မှုကြောင့် နာမည်ကြီးပြီး နောက်ထပ်တစ်ခုက သူမှာ အလွန်အမင်း စကားများလွန်းတာကြောင့် ဖြစ်ပေသည်။ ဂိမ်းထဲ၌ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်သည်နှင့် သူက ပြောလိမ့်မည်။
"ဟေး ခေးလေး ဦးနဲ့တူတူမကစားချင်ဘူးလား၊ ခေးလေးအတွက် ဦး ဘော့စ်ရှင်းပေးမယ်လေ၊ ပြီးတော့ ခေးလေးနဲ့တူတူ ဝေဟင်မှာပျံသန်းကြမယ်လေ ဘယ်လိုလဲ" ဟုပြောလေ့ရှိပေသည်။
ဖူကျို့က ဂိမ်းထဲ၌ အလွန်အမင်း အားကောင်းသည့်သူက လက်တွေ့ဘဝ၌ ထိုသို့ ချောမောပြီး ချစ်ဖို့ကောင်းသည့် ကောင်လေးဖြစ်နေလိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ဖူးပေ။
အမလေးလေး ဒီကိစ္စက ငါလေး "Spade Z"ဖြစ်တယ် ဆိုတာထက်ကို သောက်ရမ်းဂေါ်ပြီး မိမိုက်လွန်းတယ်ဟဲ့။
…

အပိုင်း(၇၄) သခင်လေးချင်လာနေပြီ
ဖုန်းရှန်းက ဖူကျို့ ဘာကြောင့် ထိုသို့ဖြစ်သွားသည်ကို ကောင်းစွာ သိလေသည်။ သူက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်ပြီး သူ့နားရွက်များကလည်း အရှက်သည်းလွန်းသဖြင့် နီရဲတွတ်နေပေသည်။
"မင်း..မင်းကတော့ ငါက ဂိမ်းထဲကနဲ့အပြင်နဲ့လုံးဝမတူဘူးလို့ တွေးနေတော့မှာပဲ၊ ဒါပေမဲ့ မင်းတစ်ခုတော့ သိထားပေးရမယ်နော်၊ ငါ့အစ်ကိုက ငါ့ကို ဂိမ်းထဲမှာပဲ ပိုက်ဆံတွေ အများကြီး ထည့်ပေးတာ အပြင်မှာတော့ မပေးဘူးရယ်၊ ဒါကြောင့်ငါ..ငါ့ဆိုင်မှာပဲ ဟော့ပေါ့ကျွေးနိုင်သေးတာ၊ ပြီးတော့ မင်း.မင်းက ငါစကားထစ်တာကို မလှောင်ရယ်တဲ့ ပထမဆုံးသူပဲ၊အဲ..အဲဒါကြောင့် မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်တာပါ”
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ပြီး မျက်လုံးအကြည့်များက ထက်ရှသွားပေတော့သည်။
"မင်းရဲ့အစ်ကို၊ မင်းရဲ့အစ်ကိုက ဖုန်းရီလား"
ထို့အပြင် ကျန်းမြို့၌ သည်မျိုးရိုးနာမည်နှင့် လူများက သိပ်မများပေ။
သည်ကောင်လေးက ခေါင်းညိတ်ပြပြီး
"မင်း..မင်းရဲ့ ဂိမ်းထဲကနာမည်က ဘာလဲ၊ နောက်..နောက်ဆိုရင် ငါတို့ဂိမ်းတူတူကစားကြရအောင်နော်"
" ဘာလဲ ငါလေးကို ဘော့စ်တွေကူရှင်းပေးပြီး ဝေဟင်မှာ ပျံသန်းဖို့ ခေါ်သွားမလို့လား"
ဖူကျို့က ဖုန်းရှန်းကို ထိုသို့ပြောပြီး စနောက်လိုက်သည်။ အကြောင်းအရင်းမူကား သည်ပုံစံက သူ့ဂိမ်းထဲက စရိုက်ပုံစံ ဖြစ်သောကြောင့် ဖြစ်သည်။
ဖုန်းရုန်းက ထိုအရာကို ကြားလိုက်သည်နှင့် ခေါင်းမှ ခြေအထိ ရှက်သွေးဖြာသွားပေတော့သည်။
ဖူကျို့က ဖုန်းရှန်းကို စနောက်တာများသွားပြီဟု ခံစားလိုက်ရသည်။
ပြီးတော့ သူလေးက ကြီးမြတ်လှတဲ့သခင်လေးချင်မှ မဟုတ်တာ၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘယ်လိုစစ နောက်နောက် အေးတိအေးစက်နဲ့ မာနကြီးကြီးနဲ့ ကိုင်တွယ်နိုင်တဲ့ လူစားမျိုးမှမဟုတ်ပဲ။
ဖူကျို့က ထိုသို့တွေးလိုက်မိသည်နှင့် သူမ စားလက်စတူကို ချထားလိုက်သည်။ ထိုနောက် ဖုန်းရှန်းကို ကြည့်လိုက်ပြီး
"ခုနက ပြိုင်ပွဲမှာတုန်းက ပြောဖို့ အခွင့်အရေးမရခဲ့ဘူး၊ ငါ့ရဲ့ဂိမ်းနာမည်က “ Spade Z "လေ"
ဖုန်းရှန်းက အံ့ဩလွန်းသဖြင့် စကားပင်မပြောနိုင်တော့ချေ။
ထိုနောက် သူက ဖူကျို့ကို သူ့ဘယ်ဘယ်လက်ဖြင့် လက်ညှိုးထိုးကာ ယခင်ကထက်ပို၍ စကားထစ်လာပေတော့သည်။
"မင်း...မင်း...မင်းက Spade Zလား"
"ဟုတ်တယ်လေ၊ Spade Zက ငါ့ရဲ့ဂိမ်းနာမည်ပဲ"
ဖူကျို့က စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပေသည်။
ဖုန်းရှန်းမှာ ကြောင်အနေပြီး ချက်ချင်း သဘောမပေါက်ပေ။ သို့သော်...
“Spade Z”တဲ့လား။
သူပြောတာက သူက”Spade Z”တဲ့၊
သူက ငါ အမြဲတမ်းတွေ့ချင်နေခဲ့တဲ့ ငါ့ရဲ့အိုင်ဒေါ “Spade Z”လား။
ဖုန်းရုန်းက ဘာဆက်ပြောရမှန်းမသိတော့ပေ။ သူ့ခေါင်းကို မော့လိုက်ပြီး
" အိုင်ဒေါ ငါ့ကိုယ်ငါ တည်ငြိမ်အောင်လုပ်ဖို့ အချိန်ခဏပေးနော် "
ဖူကျို့က ရယ်လိုက်ပြီး
"မင်း စကားမထစ်တော့ဘူးပေါ့"
ဖုန်းရှန်းက သူစကားမထစ်ခဲ့ဘူးဆိုသည်ကို သတိပြုမိသွားသည်။ သူ စကားကို ချောမွေ့စွာ ပြောသွားနိုင်သည်က အလွန်ရှော့ခ်ရသွားတာကြောင့် ဖြစ်လိမ့်မည်ဟု သူ တွေးလိုက်မိသည်။
ထိုနောက် ဖုန်းရှန်းသည် တစ်စုံတစ်ခုကို တွေးလိုက်မိကာ
"ဒီ..ဒီ စိတ်ထားပုပ်တဲ့မန်နေဂျာကတော့ အခုဆိုရင် နောင်..နောင်တရနေလောက်ပြီ၊ မင်း..မင်း သခင်လေးချင်နဲ့ ဂိမ်းကစားနေတာကို ငါမြင်လိုက်တယ်၊ ဒီ..ဒီ မန်နေဂျာက မင်းကို ဒီလိုဆက်ဆံရဲတယ်ဆိုတော့ သူ သေချာပေါက် ရူးနေတာပဲဖြစ်ရမယ်၊ သခင်လေးချင်က သူ..သူ့ကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး "
"ငါ့အကြောင်း ထပ်မပြောနဲ့တော့လေ၊ မင်းကရော ဘာလို့ မန်နေဂျာဖုန်းရီက မင်းရဲ့အစ်ကိုလို့ ဟိုအဘိုးကြီးကို မပြောခဲ့တာလဲ "
ဖူကျို့၏ နှုတ်ခမ်းပါးလေးများက ကွေးညွတ်သွားပြီး
"တကယ်လို့ မင်းသာပြောခဲ့မယ်ဆိုရင် ဒီလူတွေ့စစ်ဆေးမှုကို မင်းလာပြိုင်စရာအကြောင်းကို မရှိဘူးလေ”
ဖုန်းရှန်းက တခဏရပ်သွားပြီး သူ့အသံကို နိမ့်လိုက်ကာ
"ငါ..ငါ.ငါက ပရော်ဖက်ရှင်နယ် ဂိမ်းသမားတစ်ယောက်ဖြစ်ဖို့အထိ မတော်သေးပါဘူး၊ ပြီးတော့ ငါ..ငါကစကားထစ်နေတာလေ၊ ငါ့အစ်ကိုရဲ့ အင်အားကိုသုံးပြီး ဒီ.. ဒီလိုနည်းလမ်းနဲ့မဝင်ချင်ပါဘူး၊ ကိုယ့်အားကိုယ်ကိုးပြီးပဲ ဝင်ချင်တာ"
"ကိစ္စက ဒီလိုဆိုမှတော့ ငါလေးနဲ့ပူးပေါင်းဖို့ ဆန္ဒရှိလား"
ဖူကျို့က သူမ မေးကို ပွတ်လိုက်ပြီး ဖုန်းရှန်းကို မကောင်းဆိုးဝါးဆန်ဆန် ကြည့်လိုက်လေသည်။
"ပြီးတော့ ဒီလူတွေ အထင်သေးမှုတွေကို နင်းချေပစ်ကြတာပေါ့"
ဖုန်းရှန်းက အလွန်အံ့အားသင့်သွားပေသည်။ သူက မိန်းကလေးအမြောက်အများကို ရူးသွပ်သွားစေမည့် လှပသည့်မျက်နှာကို ပိုင်ဆိုင်ထားသည့် ဖူကျို့ကို အနီးကပ်ကြည့်လိုက်သည်။ တလက်လက် တောက်ပနေသည့် အလင်းရောင်များက သူ့မျက်လုံး၌ ထင်ဟပ်နေပေသည်။
"ဒီလိုဆိုရင် သူတို့ရဲ့အထင်သေးမှုတွေကို နင်းချေပစ်ဖို့ ငါဘာလုပ်ရမလဲ "
"နောက်ဆယ်ရက်အတွင်းမှာ e-sports ပြိုင်ပွဲရှိတယ်လေ၊ ချင်ကုမ္ပဏီရဲ့ ဒီနေ့စစ်ဆေးမှုက ကစားသမားတွေက သေချာပေါက် လာပြိုင်ကြမှာပဲ၊ သူတို့ကိုနင်းချေပြီး ငါတို့ပထမနေရာကို ယူလိုက်ရင်ကော"
ဖူကျို့က သူမ လက်ကို ဖုန်းရှန်း ပခုံးပေါ်၌ အလွန်အမင်း ကျက်သရေရှိသည့်အမူအရာဖြင့် တင်ထားလိုက်သည်။ သူမအသားအရေက ကြည်လင်တောက်ပနေပြီး သူမ၏ ကွေးညွတ်နေသည့် နှုတ်ခမ်းစွန်းများက မကောင်းသည့်အငွေ့အသက်တစ်မျိုးကို ထုတ်လွှင့်နေသယောင်ပင်။
ငွေရောင်ဆံပင်များက ဝဲကျနေပြီး သူမ မျက်လုံးကို ဖုံးအုပ်ထားသကဲ့သို့ ဖြစ်နေသည်။ သို့သော် ထိုသို့ ရှုပ်ပွနေသည့် ပုံဖြစ်နေသော်လည်း ဖူကျို့က တစ်ဖက်လူကို သွေးပွက်ပွက်ဆူလာသည်အထိ အရူးအမူး စွဲလမ်းစေစိတ်ကို ဖြစ်ပေါ်စေနိုင်သည်။
"ဟုတ်ပြီ ငါတို့သေချာပေါက် ပထမရစေရမယ်"
သည်ချစ်ဖို့ကောင်းသည့် ကောင်လေးက ဖူကျို့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူတို့နှစ်ယောက်ကို ကြည့်ရသည်မှာသွေးသောက်ညီအကိုများကဲ့သို့ ဖြစ်နေပေတော့သည်။
ချင်မော့က ဟော့ပေါဆိုင်အတွင်းသို့ လျှောက်လာနေစဉ် ဖူကျို့မှာ ဖုန်းရှန်း ပခုံးပေါ်၌ လက်တင်ထားပြီး သူမ၏ အီစီကလီအပြုံးဖြင့် ဖုန်းရှန်း နားကို ထိလုနီးပါးအထိ စကားပြောနေသည့် မြင်ကွင်းကို အစအဆုံး မြင်လိုက်ရပေတော့သည်။
.................................

အပိုင်း(၇၅) သခင်ကျို့ဟာ ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ အီစီကလီရိုက်တယ်
"ချင်.. စီအီးအိုချင်.. "
စားပွဲထိုးက ယခုဝင်လာသည့် ချင်မော့ကို သတိထားကြည့်နေရင်း ဖူကျို့နှင့် ဖုန်းရှန်းကို အသံတိုးလေးဖြင့် သတိပေးလေသည်။
ချင်မော့က သူ့အရှေ့မှ လူနှစ်ယောက်ကို ကြည့်နေသည်။ သူ့နောက်ကျောမှာ တည့်မတ်လွန်းသဖြင့် တောင့်တောင်ကြီး ဖြစ်နေကာ ခမ်းနားကြီးကျယ်သည့် ထင်ရှူးပင်ကြီးလို နွေးထွေးမှု အလျင်းမရှိသကဲ့သို့ ဖြစ်နေသည်။
ချင်မော့ မျက်လုံးများက အလွန်အမင်းကို အန္တရာယ်ရှိနေသကဲ့သို့ ဖြစ်နေသည်။ သူ့မျက်လုံးများက ရှေးဟောင်းရေကန်ကဲ့သို့ အလွန်နက်ရှိုင်းကာ အေးစက်နေပေသည်။
စားပွဲထိုးက တစ်ခုခုပြောချင်သော်လည်း သူ မပြောလိုက်နိုင်ခင် မည်သူနှင့်မျှ နှိုင်းယှဉ်လို့မရနိုင်သည့် နတ်ဘုရားလို ချင်မော့က ပြတင်းပေါက်သို့ လျှောက်သွားလိုက်ပြီး ငွေရောင်ဆံပင်နှင့်လူငယ်၏ ကော်လံကို အားအပြည့်ဖြင့် ဆွဲကိုင်လိုက်သည်။
ဘန်း။
ဖူကျို့က ရုတ်တရက် ဘာဖြစ်သွားလဲဆိုသည်ကို မသိလိုက်ပေ။ ဖူကျို့က ကြည့်ဖို့လှည့်လိုက်သည်နှင့် သူမမျက်နှာတစ်ခုလုံးက ချင်မော့ရင်ခွင်ထဲ၌ နစ်မြုပ်သွားလေတော့သည်။ အေးမြသည့် ပူရှိန်းသကြားလုံးလို ကိုယ်သင်းရနံ့က ချင်မော့ဝတ်စုံမှ ပျံ့နှံ့လာပြီး သူမ နှာခေါင်းအတွင်းသို့ တိုးဝင်လာသည်။
သေချာပေါက် နင်လေးပဲဆိုတာကို ငါသေချာပေါက် ပြောစရာမလိုဘူးထင်တယ်၊
ငါလေးရဲ့ကော်လံကို ခဏခဏထထဆွဲတာက နင်လေးပဲရှိတာကို။
ဖူကျို့က မော့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်၏ မျက်လုံးများက အကြည့်ချင်းဆုံသွားပေတော့သည်။ သည်မျက်လုံးများက နက်ရှိုင်းလွန်းလှသည့် တွင်းနက်ကြီးတစ်တွင်းလို ခံစားချက်မရှိမှု၊ တင့်တယ်ကြော့ရှင်းမှုများနှင့် ပြည့်နှက်နေပေတော့သည်။
"မင်းရဲ့လက်ဖဝါးနှစ်ဖက်က ဂိမ်းကစားဖို့အတွက် သီးသန့်၊ အခြားယောကျာ်းလေးနဲ့ အီစီကလီဖို့ မဟုတ်ဘူး "
ချင်မော့က ဖူကျို့မေးစေ့ကို ကိုင်ကာ ညှစ်လိုက်သည်။ ချင်မော့အသံက စွဲမက်ဖွယ်ကောင်းအောင် တမင်တကာ ပြောနေသကဲ့သို့ ဖြစ်နေသည်။
"တကယ်လို့ မင်း နောက်ထပ်အီနေတာကို ငါ့မျက်လုံးနဲ့တွေ့ခဲ့ရင် မင်းရဲ့လက်ကို ငါရိုက်ချိုးပစ်မယ် "
ဖူကျို့က မျက်ခုံးပင့်လိုက်ပြီး
"ငါလေး မအီရပါဘူးနော်၊ ငါတို့က သွေးသောက်ညီအကိုဖွဲ့နေတာလေ၊ ပြီးတော့ ကြီးမြတ်လှတဲ့သခင်လေးချင် နင်လေးဘာလို့ ငါ့အကြောင်းကို ဒီလောက်ဂရုစိုက်နေရတာလဲ ဟမ်၊ နင်လေး သဝန်တိုနေတာလို့တော့ ငါ့ကိုမပြောနဲ့နော် "
ဖူကျို့က သည်စကားကို ပြောနေရင်း ပြုံးလိုက်ကာ ချင်မော့နားရွက်ဆီသို့ တိုးကပ်သွားလေသည်။
"သဝန်တိုနေတာမလား ဟုတ်တယ်ဟုတ်"
ယောကျာ်းလေးအများစု၏ အားနည်းချက်က သူတို့နားရွက်ဖြစ်လေသည်။
ချင်မော့က မည်မျှပင် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း မြင့်မားသော်လည်း သူလည်း ယောကျာ်းထဲက ယောကျာ်းလေးတစ်ယောက်သာ ဖြစ်လေသည်။
ချင်မော့က သူ့နားရွက်ကို ဖူကျို့မှ လေနှင့် လာမှုတ်နေသည်ကို သည်းမခံနိုင်ပေ။
ချင်မော့က သူ့ကို အမြဲလိုလို အံတကြိတ်ကြိတ်ဖြစ်အောင်လုပ်သည့် သူ့အရှေ့ကလူငယ်၏ အပြစ်ပြောရက်စရာမရှိသည့် ချောမွေ့နေသော မျက်နှာကို ကြည့်လိုက်လေသည်။ သည်လူငယ်၌ သစ်သီးသကြားလုံးအနံ့လို ချိုချိုအီအီကိုယ်သင်းရနံ့ရှိသည်ကို သူ သတိထားမိလိုက်လေသည်။
ချင်မော့က သည်မျက်နှာလေးက ကြိုက်ချင်စရာကောင်းလှသော်လည်း ဘာလို့ သူ့ကို အမြဲလိုလို လည်ပင်းညှစ်သတ်ချင်ရလောက်အောင် အကြောတင်းလွန်းလှသည်ကို စဉ်းစားလို့မရဖြစ်နေပေသည်။
ဖူကျို့က ရယ်လိုက်ပြီး ယခင်ကထက်ပင်ပိုပြီး နီးကပ်သွားအောင် ရှေ့သို့ တိုးသွားလိုက်လေသည်။
"ငါလေး မှန်းတာမှန်တယ်မလား အဟင်းဟင်း"
ဖူကျို့က လူချင်းခွာလိုက်သည်နှင့် သူမ မျက်နှာနှင့် ချင်မော့မျက်နှာက မသိမသာ ထိမိသွားလေသည်။ သူတို့ နှစ်ယောက်က နီးကပ်လွန်းသဖြင့် ဖူကျို့ ပန်းဆီရောင်နှုတ်ခမ်းပါးများက ချင်မော့ နားရွက်ကို ထိလိုက်မိလေသည်။
"ဖူ ကျို့"
ချင်မော့က ဖူကျို့လက်ကို နောက်ထပ်တစ်ကြိမ် အားဖြင့် ဆွဲကိုင်လိုက်ပြီး သူမ ထိုင်ခုံဆီသို့ တွန်းပစ်လိုက်လေသည်။ သူ၏ အမြဲတစေ အေးစက်ပြီး အထက်စီးဆန်ကာ မကောင်းဆိုးဝါးဆန်သည့် နှုတ်ခမ်းပါးများက အကြောဆွဲချင်သလိုပင်ဖြစ်လာပေတော့သည်။ ချင်မော့က လက်သီးဆုပ်လိုက်ပြီး အလွန်အမင်း အေးစက်နေသည့်အသံဖြင့်
"မင်း ငါနဲ့စကားပြောတဲ့အခါကျရင် ခပ်ဝေးဝေးနေ၊ ငါက ဂေးမဟုတ်ဘူးဆိုတာ မင်း သိထား၊ ငါ မင်းအတွက်နဲ့ သဝန်တိုစရာအကြောင်းမရှိဘူး၊ အဲဒါကြောင့် မင်းရဲ့ဟော့ပေါ့ကိုသာ ဆက်စား"
ဖူကျို့က သူမ နှာခေါင်းကို ထိလိုက်ပြီး
"နင်လေး တကယ်စိတ်ဆိုးနေတာလား၊ အစည်းအဝေးပြီးတော့ ငါလေးကို လာရှာတဲ့အချိန်မှာ ငါလေးမရှိလို့ နင်စိတ်ဆိုးနေတာလား၊ ငါလေးကို အပြစ်တင်လို့မရဘူးနော်၊ နင်လေးရဲ့မန်နေဂျာက အရမ်းကို စပ်စုတာပဲ၊ နင်လေးလည်း ငါ့အကြောင်းသိသားပဲကို၊ ငါ ဘယ်လိုလုပ် ဒီလိုဟာမျိုးကို သည်းခံနိုင်မှာလဲ၊ သူ့ကို တစ်ချက်လောက် မထိုးပစ်ခဲ့တာက နင်လေးရဲ့မျက်နှာကိုထောက်ထားလို့ "
"အဲဒီတော့ ငါက မင်းကို ကျေးဇူးတောင်ပြန်တင်ရဦးမယ်ပေါ့ ဟုတ်လား "
ချင်မော့အသံက ယခင်ထက်ပိုပြီး အေးစက်လာပေတော့သည်။
အခြားတစ်ဖက်၌ ဖုန်းရှန်းက လုံးဝကို ကြောင်အမ်းနေပေသည်။ ထို့အပြင် သူက ချင်မော့ကို အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း ချင်မော့က လူတစ်ယောက်ကို ထိုသို့ အရေးပေး ပြုမူဆက်ဆံသည်ကို သူ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။
သူက ငါ့ရဲ့အိုင်ဒေါအပေါ် ဆက်ဆံနေတာက သိပ်မဆိုးပေမဲ့ သူ့ရဲ့မျက်လုံးတွေက ငါ့အိုင်ဒေါလေးရဲ့ လည်ပင်းကို ညှစ်သတ်ချင်နေတယ်လို့ သွယ်ဝိုက်ဖော်ပြနေသလိုပဲ၊ ဒါပေမဲ့ ငါ့ရဲ့အိုင်ဒေါလေးက ဘာတွေလုပ်လိုက်တာလဲ၊သူ..သူ..သခင်လေးချင်ရဲ့နားရွက်ကိုတောင် နမ်းလိုက်သေးတယ်။
သူ..သူ..သေချင်နေတာလားဟင်၊ ငါ့အိုင်ဒေါလေးရဲ့ ညီအစ်ကိုကောင်းတစ်ယောက်အနေနဲ့ ငါ့အိုင်ဒေါဘက်က ရပ်တည်ပေးမှရမယ်၊ မဟုတ်ရင် သခင်လေးချင်က ငါ့အိုင်ဒေါကို blacklist ထဲသွင်းလိုက်ရင် ဘယ်လိုလုပ်မလဲ။
"သ..သခင်လေးချင် ဒီ..ဒီဟာကလေ ဖူကျို့ရဲ့အမှား မဟုတ်ပါဘူး၊ ဒီ.. ဒီမန်နေဂျာက သူ့ကို လာဆွပြီးတော့ ကျို့ကျို့ကို နှင်ထုတ်လိုက်တာပါဗျာ... "
ထိုအရာကို ကြားပြီးသည်နှင့် ချင်မော့က မျက်ခုံးပင့်လိုက်ပြီး ဖူကျို့ကို ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။
သူ့မျက်လုံးအကြည့်များက နွေးထွေးသည့်ပုံပေါက်နေသော်လည်း...။
"ကျို့ကျို့တဲ့လား သိပ်ကောင်းတယ် ဟမ့် သခင်ကျို့ရေ မင်းရဲ့နာမည်ကိုထပ်ချိန်းပြန်ပြီလား၊ မင်းပဲ လူတွေကို သခင်ကျို့လို့ခေါ်ပါလို့ မပြောခဲ့ဘူးလားဟမ် ကျို့ကျို့"
………….
 

Search Novels