အပိုင်း (၆၆) သခင်လေးချင်က ကုမ္ပဏီမှာ အီစီကလီရိုက်ခြင်းကို တားမြစ်လိုက်တယ်
ချင်ကုမ္ပဏီ၏ အပေါ်ထပ်မှ ရုံးခန်း၌ အတွင်းရေးမှူးလျန်က သူ့စီအီးအို၏ လက်ချောင်းများက စာရိုက်နေရင်း ရပ်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဘာလို့ ရုတ်တရက်ကြီး ပုံမှန်အနေအထားကနေ စိတ်ဆိုးသွားတဲ့ပုံ ပေါက်သွားရတာလဲလို့၊ အခု စီအီးအို ဘာတွေ ဖြစ်နေတာလဲ။
အတွင်းရေးမှူးလျန်က ရုတ်တရက် ဟိုနေ့က သူ့စီအီးအို အွန်လိုင်း၌ ဒိတ်သည့်အကြောင်းကို တွေးမိသွားသည်။ချင်မော့က ဖူကျို့ပို့လိုက်သည့် မက်ဆေ့ချ်ကို ကြည့်နေဆဲဖြစ်ပြီး မျက်ခုံးပင့်လိုက်ကာ စာရိုက်လိုက်သည်။
" ချင်ကုမ္ပဏီက မင်း ဒီလို လျှောက် အီစီကလီရမဲ့ နေရာမျိုး မဟုတ်ဘူး၊ နားလည်လား"
ဖူကျို့က ချင်မော့ ပို့လိုက်သည့်စာကို ကြည့်လိုက်ပြီး စုပ်လုံး ငုံထားလျက်သား
"မစိုးရိမ်ပါနဲ့ဟယ်၊ ချင်ကုမ္ပဏီမှာ နင်လေးလောက် ချောတဲ့သူ မှမရှိတာ၊ တကယ်လို့ ငါလေး အီစီကလီရင်တောင် နင်လေးကိုပဲ အီစီကလီလိုက်မှာပေါ့၊ မိချင်းမိ ငါးအကြီးကြီးကိုပဲ မိအောင် ဖမ်းမယ်လေဟာ"
ငါးအကြီးကြီး၊
ဘယ်သူကများ ဒီလို နည်းလမ်းနဲ့ ဖော်ပြခံရတာကို ကြိုက်မှာလဲ။ ဇီဝဗေဒဆရာက ဒီကောင်စုတ်လေးကို စာကော သေချာသင်ပေးနေရဲ့လား။ 
ချင်မော့၏ လက်ချောင်းများက တုံ့ဆိုင်းသွားကာ သူ့မျက်ဝန်း၌ အေးစက်မှု အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
ချင်မော့နံဘေး၌ ရပ်နေသည့် အတွင်းရေးမှူးလျန်က သူ့စီအီးအိုက ဖုန်းကို လူသေကောင်လို စိုက်ကြည့်နေရုံသာမက ဘေး၌ ရပ်နေသည့်သူ့ကိုပါ ကျောချမ်းအောင် လုပ်နိုင်စွမ်းရှိသည် ဟုသာ တွေးနေမိသည်။
ဟိုဘက်ကလူက ငါတို့ စီအီးအိုကို ဒေါသထွက်အောင် ဘာလုပ်ပြန်ပြီလဲ မသိဘူး၊ ဘာလို့ ရုတ်တရက်ကြီး အေးစက်သွားရပြန်တာလဲလို့။
ချင်မော့က အစည်းအဝေးခန်းတံခါးကို လက်တစ်ဖက်ဖြင့် ဖွင့်လိုက်ပြီး ကျန်တစ်ဖက်က စာပို့နေသည်။ထို့နောက်အတွင်းရေးမှူးလျန်ကို ကြည့်လိုက်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
" အသင်းကို ညွှန်ကြားလိုက်၊ ဒီနေ့ကစပြီး ကုမ္ပဏီမှာ အီစီကလီရိုက်တာကို တားမြစ်တယ်လို့၊ တကယ်လို့ အီစီကလီနေတာကို တွေ့ရင် လစာနုတ်ပစ်မယ်လို့ ပြောလိုက်"
" ဟင် ဟုတ်ကဲ့"
အတွင်းရေးမှူးလျန်က စာအုပ်၌ ချရေးထားရင်းဖြင့် အံ့ဩနေမိသည်။ 
အီစီကလီတာ။
အသင်းက ကစားသမားအားလုံးက လာမဲ့ ပြိုင်ပွဲအတွက် လက်ရည်တက်အောင် ကြိုးစားနေကြရင်းနဲ့ကို အချိန်တွေ မရှိပါဘူးနော်၊ ပြီးတော့ လူတိုင်းက ကုမ္ပဏီမှာပဲ နေတာလေ၊ ဘယ်နားက အီစီကလီဖို့ အချိန်ပိုရှိမှာလဲလို့။ 
ပြီးတော့ သူတို့အကုန်လုံးက ယောက်ျားတွေချည်းပဲကို၊ ဘယ်သူနဲ့ သွား အီစီကလီရမှာလဲ။
အနည်းဆုံးတော့ အီစီကလီဖို့ မိန်းကလေးအချို့တော့ လိုသေးတယ်လေ။
ထိုအချိန်၌ ဖူကျို့က ခုံတန်းရှည်ပေါ်၌ ထိုင်နေဆဲဖြစ်ပြီး ချင်မော့ ပို့လိုက်သည့်စာကို ကြည့်နေတာ ဖြစ်သည်။ ထိုနောက်သူမ နှုတ်ခမ်းကို ကွေးညွတ်လိုက်ကာ
" ကဲ အစည်းအဝေးသာ အရင်ပြီးအောင် လုပ်စမ်းပါ၊ ငါလေး ဒီမှာ အဆင်ပြေပါတယ်နော်၊ သေချာပေါက် ဒီစစ်ဆေးပွဲအောင်ကို အောင်တယ်"
သူ့လို အလုပ်များတဲ့ သခင်လေးကို အမြဲ ဒုက္ခပေးနေဖို့ မလိုဘူးလေ၊ ပြီးတော့ ကြီးမြတ်လှတဲ့ သခင်လေးချင်က ငါလေးရဲ့ ပိုက်ဆံထုတ်စက်ကြီးလေ၊ မစဉ်းစားဘဲ အမြဲ အသုံးချနေလို့ ဘယ်ရမလဲ။
ဒီသခင်လေးချင်က အစည်းအဝေးပြီးရင် ငါလေးနဲ့တွေ့မယ်လို့ ပြောထားပေမဲ့ ဒီစစ်ဆေးပွဲလောက်တော့ ငါလေးအတွက် အေးဆေးပါဟာ။
မန်နေဂျာဖုန်းက ငါလေးကို တစ်ချိန်လုံး လိုချင်နေတာလေ၊ ဘယ်လိုဖြစ်ဖြစ် သူ ငါ့ကို အအောင်ပေးမှာပဲ။ တစ်ဖက်လူက စာပြန်ရန် အချိန်မရှိတော့သည်ကို သူမ သိသောကြောင့် ဖူကျို့သည် ဖုန်းကို ထည့်သိမ်းလိုက်ပြီး သူမ နာမည်ကိုခေါ်မည်ကို တိတ်တဆိတ် ထိုင်စောင့်နေလိုက်သည်။
သူမနံဘေးမှ ထိုလူငယ်၏ မျက်နှာက နီရဲနေပြီး
"ငါ..ငါ.. ငါ က မချောပါဘူး သာ.. သာမန်ပါပဲ"
" မဟုတ်ပါဘူး နင်လေး မျက်မှန် မတပ်ထားရင် ပိုကြည့်ကောင်းတာ"
ဖူကျို့က သူ့ဘက်သို့ လှည့်လိုက်သည်။
"နင်လေးရဲ့ အသားအရေက ကောင်းတာပဲကို"
ထိုလူငယ်က ရှက်ရွံ့ သွားလေဟန်ဖြင့် ပြောလေသည်။
"ကျေး..ကျေးဇူးပါ"
" ရပါတယ်"
ဖူကျို့က ကွန်ပျူတာအစိတ်အပိုင်းများကို သူမ အိတ်ထဲသို့ ထည့်လိုက်သည်။
ထိုလူငယ်က ဆက်လက်ပြီး
" မင်း..မင်းက ဘယ်ဇုန်မှာလဲ"
"ဟီးရိုးဂိမ်းကို ပြောတာလား၊ ငါလေးက ဇုန် စီ မှာလေ"
ထိုလူငယ်၏ မျက်ဝန်းများက ပြူးကျယ်သွားပြီး
"ဒီ..ဒီ..ဒီ Spade Zကလည်း ဇုန် စီ မှာပဲလေ၊ မင်း..မင်း သူ့ကိုသိလား"
…

အပိုင်း (၆၇) မန်နေဂျာက ဖူကျို့ကို အခက်တွေ့စေတယ်
ဖူကျို့က ချောင်းဆိုးလိုက်ပြီး ဘာမှမပြောပေ။ 
ငါလေး Spade Zကို သိတယ်လို့ ပြောလိုက်သင့်လား။
ထိုကောင်လေး၏ မျက်လုံးများက တလက်လက် တောက်ပလာပြီး
"သူ..သူ..သူက အရမ်း အံ့ဩဖို့ကောင်းတာပဲ၊ ကျွန်တော် သတင်းကြားတာက သူလည်းပဲ ဒီလူတွေ့စစ်ဆေးပွဲကို လာမယ်လို့ကြားတယ်၊ ကျ..ကျ..ကျွန်တော် သူ ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို အရမ်း သိချငိတာပဲ"
ဖူကျို့က ရယ်လိုက်ကာ
" မင်း ဘာလို့ ဒီလိုလူသစ်အကြောင်းကို အရမ်းသိချင်နေရတာလဲ"
"သူ..သူ..သူက လူသစ်မဟုတ်ဘူး"
ထိုလူငယ်၏ အမူအရာက စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားသော်လည်း
" ကျ..ကျ..ကျွန်တော်ထင်တာက သူက တကယ် နတ်ဘုရားတစ်ပါးပဲ၊ သူ..သူ..သူ့ကို ကျွန်တော် တကယ် သဘောကျတယ်ဗျာ"
ထိုအရာကို ကြားပြီးသည်နှင့် ဖူကျို့က သူမ လက်မောင်းကို မလိုက်ပြီး ထိုကောင်လေး၏ ပခုံးကို ပုတ်ကာ ပြောလိုက်တော့သည်။
"ကျေးဇူးပဲ"
ဟမ် သူက ဘာလို့ ငါ့ကို ကျေးဇူးတင်လိုက်တာလဲ။ 
ထိုစဉ် နားနေခန်းမှ တစ်စုံတစ်ယောက်က ထွက်လာသည်။ ထိုလူကို ကြည့်ရသည်မှာ လူတွေ့စစ်ဆေးရတော့မည်ပုံနှင့် တူသည်။ မန်နေဂျာမှ ထိုလူကို ဦးဆောင်ကာ ခေါ်လာခဲ့ခြင်းဖြစ်သည်။
ဖူကျို့က ထိုမန်နေဂျာကို မြင်ဖူးပေသည်။ သည်လူမှာ ကွန်ပျူတာစတိုးဆိုင်၌ ဖူရှီမင်နှင့်အတူ ရှိနေသည့် မန်နေဂျာပင်ဖြစ်သည်။
ဖူကျို့က ထိုသူ့ကို စိုက်ကြည့်လိုက်သည်။ သူမနံဘေးမှ ကောင်လေးက ဖူကျို့ မန်နေဂျာကို အကဲခတ်နေသည်ကို မြင်လေရာ အသံနိမ့်ဖြင့်
"ဒီ..ဒီ တစ်ယောက်က လူတွေစစ်ဆေးပွဲကို တာဝန်ယူရတဲ့ အသင်းမန်နေဂျာလေ၊ ခုနက ထွက်လာတဲ့သူတွေက စာရွက်စာတမ်းအပြည့်အစုံရှိကြတော့ သူတို့အရင် အစစ်ဆေးခံရမှာ၊ ကျွန်တော့်မှာ အဲလိုမရှိတော့ အစစ်ဆေးခံရဖို့ နောက်ဆုံးမှ ဝင်ရမယ်နဲ့တူတယ်"
မန်နေဂျာလီကလည်း ဖူကျို့ကို မြင်ပေသည်။ ထိုနောက် သူ့လက်ကောက်ဝတ်ကို လှုပ်လိုက်ပြီး နာရီမှ အချိန်ကို ကြည့်လိုက်ကာ
" ကျန်နေသေးတဲ့ မင်းတို့ အကုန် အထဲကို ဝင်လာလို့ရပြီ၊ ကုမ္ပဏီရဲ့ ကွန်ပျူတာတွေ မဖျက်ဆီးမိစေဖို့ ဂရုစိုက်ပေးကြပါ"
ချင်ကုမ္ပဏီ၏ ပထမအကြိမ် စစ်ဆေးသည်က လက်အမြန်နှုန်းပင်ဖြစ်သည်။ သေချာသည်က လက်အမြန်နှုန်းသည် ဂိမ်းကစားရာ၌ အရေးကြီးသည့် အခြေခံအချက်များထဲမှ တစ်ချက်ဖြစ်သည်။
ကစားသမား အကုန်လုံးက စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ချင်ကုမ္ပဏီ၏ အသင်းကို ဝင်နိုင်၊ မဝင်နိုင်က ထိုစစ်ဆေးပွဲ၌ မူတည်နေသောကြောင့် ဖြစ်သည်။အသင်းက ကစားသမား တစ်ယောက်စီတိုင်းကို အကောင့်တစ်ခုစီပေးကာ ဂိမ်းသို့ log in ဝင်စေသည်။ သို့သော် သူတို့ log inရသည့် ဂိမ်းမှာ Hero မဟုတ်ဘဲ QQX5 ဖြစ်သည်။ သည်ဂိမ်းမှာ လက်အမြန်နှုန်းကို စစ်ဆေးသည့် ဂိမ်းဖြစ်သည်။
ဖူကျို့က သည်အရာက အကြံကောင်းတစ်ခုဖြစ်သည်ကို တွေးလိုက်မိသည်။ ဆိုရလျှင် သူမ ဟက်တတ်သည့်စကေး ပိုတိုးတက်လာစေရန် အမြဲ X5 ဖြင့် လေ့ကျင့်လေ့ရှိရာ သည် QQ X5 မှာ သူမအတွက် အလွန်လွယ်ကူနေသည့်အရာဖြစ်သည်။
သို့သော် ဖူကျို့က အမြန်နှုန်းကို အမြင့်ဆုံးထားကာ စမ်းကြည့်ရန် တွေးလိုက်သည်။ ထိုနည်းဖြင့် သူမ လက်ချောင်းများက ပိုမို မြန်ဆန်လာမည်ဖြစ်သည်။ 
ရုံးခန်းတစ်ခန်းလုံးက ကီးဘုတ်ရိုက်ခတ်သံများဖြင့် ပြည့်နှက်နေပေသည်။
တစ်ကြိမ်ပြီးသည်နှင့် ကွန်ပျူတာက ကစားသမားများ၏ လက်အမြန်နှုန်းကို ပြသပေးလေ့ရှိသည်။ ကစားသမားတစ်ယောက်စီတိုင်းက သုံးကြိမ် ကစားခွင့် ရှိပေရာ ချင်ကုမ္ပဏီက ထိုအထဲမှ အကောင်းဆုံးရလဒ်ကို ရွေးချယ်လေ့ရှိသည်။ ထို့အပြင် ကစားသမားများက မိမိကိုယ်ပိုင်ဖန်သားပြင်ကိုသာ မြင်နိုင်ပေသည်။ အခြားသူများ၏ ရလဒ်ကို မမြင်နိုင်ပေ။
သူတို့ မသိသည်က သူတို့အထဲ၌ ထူးခြားသည့် လူငယ်တစ်ယောက်၏ လက်အမြန်နှုန်းက ၉၀%ထိ ရောက်နေသည်ပင်ဖြစ်သည်။
ထို ထူးခြားသည့်လူငယ်မှာ သေချာပေါက် ဖူကျို့ပင်ဖြစ်သည်။ ဖူကျို့ တစ်ကြိမ်ကစားပြီးသည်နှင့် သူမ လက်အရှိန်ကိုပိုင်နိုင်စွာ ထိန်းကျောင်းနိုင်သည်ဖြစ်ရာ ထရပ်လိုက်ပြီး အမြန်နှုန်းဖောင်စာရွက်ကို ဖြည့်လိုက်ပြီး မန်နေဂျာဆီသို့ ကမ်းပေးလိုက်သည်။
မန်နေဂျာလီက သူမကို အေးစက်စက် စိုက်ကြည့်လိုက်ကာ
" ဒီစစ်ဆေးပွဲက သုံးကြိမ်တိတိ ဆော့ရမှာ၊ ဒါမှ မင်းအတွက် မှန်ကန်တိကျတဲ့ရလဒ် ထွက်လာမှာ"
" ဘယ်နှစ်ကြိမ် ဆော့ဆော့ ငါလေးရဲ့ ရလဒ်က တူတူပဲလေ၊ ပြီးတော့ ငါလေးရဲ့ ဘယ်ရလဒ်ကို မင်းတို့ဆီ တင်ပြမလဲဆိုတာက ငါ့အပေါ်ကိုပဲ မူတည်တာ၊ အဲတော့ ပထမအကြိမ်ရလဒ်ကို မင်းတို့ဆီ တင်ပြတာကလည်း မင်းတို့ရဲ့စည်းကမ်းကို မချိုးဖောက်မိဘူးလို့ ထင်တာပဲ"
မန်နေဂျာလီက အေးစက်စွာ ရယ်လိုက်ပြီး ဖူကျို့ကို အခက်တွေ့အောင် လုပ်နေပေသည်။
" တကယ်လို့ ငါက မင်းကို သုံးကြိမ်ဆော့ရမယ်လို့ ပြောရင် မင်း ဆော့လိုက်၊ အတွန့်လာမတက်နဲ့၊ ကစားသမားအားလုံးမှာ မင်း အမြန်ဆုံး ဖောင်လာတင်တာနဲ့ မင်း လက်အမြန်နှုန်းက အကောင်းဆုံးဖြစ်တယ်လို့ မထင်နဲ့၊ ငါတို့ကုမ္ပဏီကအရည်ချင်းရှိတဲ့သူတွေကိုပဲ လိုတာ၊ မင်းလို မာနတလွှားလွှားနဲ့ကောင်မျိုး မလိုဘူး၊ မင်း ရလဒ်ကို အစောဆုံး လာတင်လိုက်တာနဲ့ မင်းကိုယ်မင်း တော်လှ၊တတ်လှပြီလို့ ထင်နေတာလား၊ ဒီလိုဆို မင်း မှားသွားပြီ၊ ငါ ဘယ်တုန်းကမှ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်တတ်လို့ပဲ"
.......

အပိုင်း(၆၈) သခင်ကျို့က စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်
ဖူကျို့က ထိုစကားများကြောင့် စိတ်အနှောင့်အယှက်ပင် မဖြစ်ပေ။ ထိုအစား သူမက
" ဒီလိုဆိုရင် ခင်ဗျား ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ၊ ဒီစာရွက်မှာ ရလဒ်ကိုတောင် ဖြည့်ထားပြီးပြီပဲဟာ"
" မင်း စာရွက်ကို ပြန်ယူသွားပြီး နောက်တစ်ကြိမ် ထပ် စစ်ဆေးရမယ်"
မန်နေဂျာလီက ဖူကျို့ဆီသို့ စာရွက်ကို ရိုင်းပျစွာ ပစ်လိုက်သည်။
ဖူကျို့နှင့် စကားပြောဖြစ်ခဲ့သည့် ကောင်လေးက ဖူကျို့ကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။ ဖူကျို့က ရယ်လိုက်ပြီး ခါးညွှတ်လိုက်ကာ စာရွက်ကို ကောက်ယူလိုက်သည်။ ထိုအခြင်းအရာကို မြင်လိုက်ရသဖြင့် သည်ကောင်လေးက စိတ်သက်သာရာရသွားကာ နောက်ထပ်တစ်ကြိမ် အစစ်ဆေးခံရန် ဖူကျို့ကို ဆွဲခေါ်သွားချင်မိသည်။
သို့သော် သူ မထင်ထားမိသည်က ဖူကျို့က ထရပ်လိုက်ပြီး သူမ လက်ကို မြှောက်လိုက်ကာ အား အနည်းငယ်သုံးပြီး ထိုစာရွက်ကို နှစ်ပိုင်းဖြဲပစ်လိုက်သည်။
အစပထမ၌ ကီးဘုတ်ပေါ်မှ ရိုက်ခတ်သံများကိုသာ ကြားနေရတာဖြစ်သည်။ သို့သော် ဖူကျို့၏ လုပ်ရပ်ကြောင့် ကစားသမားအားလုံး ဂိမ်းကစားရာမှ ရပ်တန့်သွားပြီး အခန်း၌ စာရွက်ဆုတ်ဖြဲသံကိုသာ ကြားရပေတော့သည်။ ဖူကျို့ စာရွက်ကို နှစ်ပိုင်းဖြဲလိုက်ပြီးသည်နှင့် ကျန်ရှိသည်များကို မန်နေဂျာလီရှေ့၌ ချထားလိုက်သည်။ 
ထိုနောက် စားပွဲခုံပေါ်၌ လက်တစ်ဖက် ထောက်လိုက်ပြီး သူမ၏ ငွေရောင်ဆံပင်များက မျက်နှာထက်၌ ကျနေပြီး အသံကို နှိမ့်လိုက်ကာ
"တကယ်လို့ ချင်ကုမ္ပဏီက ခင်ဗျားလိုလူမျိုးကို မန်နေဂျာအဖြစ် အလုပ်ခန့်ထားရင် ငါလေး ဒီအသင်းဆီကို ဘယ်တော့မှ မဝင်ဘူး"
စက္ကန့်အနည်းငယ်အတွင်း၌ အခန်းတစ်ခန်းလုံးက အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။ မည်သူကမှ အသင်းမန်နေဂျာကို ထိုသို့ ပြန်မပြောရဲချေ။ 
အသင်းဆီ ဝင်ခွင့်ရဖို့ကို သူ ဂရုကိုမစိုက်တာများလား။
" မင်း"
မန်နေဂျာလီက ထိုအဖြစ်မျိုးနှင့် တစ်ခါမှ မကြုံဖူးပေ။ မည်သို့ပင်ဖြစ်စေ သူ့အတွက် မထူးမခြားနားတော့သည်မို့ မန်နေဂျာလီက
"ကောင်းပြီလေ သိပ်ကောင်းတာပေါ့၊ မင်းကများ ခေါင်းမာရဲတယ်ပေါ့၊ မင်း ပစ္စည်းတွေ သိမ်းပြီး ဒီနေရာကနေ မြန်မြန်လစ်လိုက်တော့"
ဖူကျို့က အေးစက်စွာ ရယ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောပေ။ သူမ လွယ်အိတ်ကို လွယ်လိုက်ပြီး အခန်းမှ ချက်ချင်းထွက်သွားပေသည်။ ထွက်သွားသည့် သူမ နောက်ကျောပြင်ပုံရိပ်က အလွန် ခံ့ညားလွန်းနေသည်။စောနမှ ကောင်လေးက ထိုင်ခုံ၌ ထိုင်နေပြီး ငြိမ်သက်နေသည်။ ထိုနောက် သူ့လက်အမြန်နှုန်းကို တစ်ချက် စစ်ဆေးလိုက်ကာ အံကြိတ်လိုက်ပြီး လွယ်အိတ်ကို ကောက်ယူကာ ဖူကျို့နှင့်အတူ ထွက်လာခဲ့လိုက်သည်။
"ခ...ခ..ခဏလေး စောင့်ပါဦး"
ဖူကျို့က သူမ အနောက်ဘက်မှ အသံတစ်သံကို ကြားလိုက်လေရာ မျက်ခုံးပင့်လိုက်ပြီး လှည့်ကြည့်လိုက်သည်။
"ဟမ် နင်လေးကရော ဘာလို့ ထွက်လာတာလဲ"
" ငါ..ငါ မင်း ထွက်လာတာကို မြင်လိုက်ရတော့ အဲမှာ ထပ်မနေချင်တော့လို့"
အပြုံးတစ်ပွင့်က ထိုကောင်လေး မျက်နှာပေါ်၌ ဖြစ်ထွန်းလာသည်။
" ချ..ချ..ချင်ကုမ္ပဏီကို ဝင်ချင်ပေမဲ့လည်း စ..စကားကိုတောင် ဖြောင့်ဖြောင့် မပြောတတ်တဲ့ ငါ့လိုလူမျိုးက ဝင်ခွင့်ရမှာမဟုတ်ပါဘူး၊ ပြီး..ပြီး..ပြီးတော့ ဟိုမန်နေဂျာကလည်း တစ်ဖက်ပိတ်ကြီး၊ ငါလည်း ဒီလို ပတ်ဝန်းကျင်မျိုး မကြိုက်လို့၊ ဂိမ်း..ဂိမ်း..ဂိမ်းကစားတယ်ဆိုတာက ပျော်ချင်လို့လေ ဟုတ်တယ်မလား"
ဖူကျို့က သူမ နှာခေါင်းကို ထိလိုက်သည်။ ထိုအရာကို ကြားပြီးသည်နှင့် သူမ အပြစ်ရှိသလို အနည်းငယ် ခံစားလိုက်ရသည်။
ပြောရမယ်ဆိုရင် ငါလေးက ဂိမ်းကို ပိုက်ဆံရဖို့ပဲ ဆော့နေတာပါလား၊ အခုတော့ ငါ့အမေကုမ္ပဏီကို ပြန်ရဖို့ ဂိမ်းဆော့တော့မှာ။
ဒီ စကားနားထောင်တဲ့ ကလေးနဲ့စာရင် ငါလေးရဲ့ ရည်ရွယ်ချက်တွေက တကယ် တစ်မူထူးခြားနေတာပဲ။
" ဟို..ဟို..ဟိုလေ အခု အားနေပြီဆိုတော့ တစ်ခုခု သွားစားကြမလား"
ထို ရှက်သွေးဖြာနေသည့်ကောင်လေး၏ မျက်နှာက နီရဲနေပေသည်။
"ငါ..ငါ..ငါ ဟော့ပေါ့ဆိုင်ကောင်းကောင်းတစ်ဆိုင်ကို သိတယ်၊ အ..အ..အစက ဂိမ်းထဲက သူငယ်ချင်းတစ်ယောက်ယောက်နဲ့အတူတူ အဲဆိုင်မှာ သွားစားဖို့ လုပ်ထားတာ၊ အ..အ..အခုလို အိပ်မက်တွေ မြန်မြန် အကောင်ထည်ဖော်လာလိမ့်မယ်လို့ မထင်ထားမိဘူး"
ဖူကျို့: “…”
ဒီကောင်လေးလည်း ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့ တစ်နေရာရာမှာ တူနေတယ်လို့ ဘာလို့များ ငါ ခံစားမိနေတာပါလိမ့်၊ အမြင်မှားတာများလား။
ဒီလိုလူမျိုးတွေက သူတို့ဂိမ်းထဲက သူငယ်ချင်းတွေအပေါ် အတော် ကောင်းကောင်းဆက်ဆံကြတာပဲ။
"ရတယ်လေ သွားကြတာပေါ့၊ ဒါပေမဲ့ ငါလေးမှာ ပိုက်ဆံမရှိဘူးရယ်၊ ဒီတစ်ခေါက်တော့ မင်းရှင်းလိုက်ပေါ့၊ နောက်တစ်ကြိမ်ဆို ငါလေး ကျွေးပါ့မယ်"
ဖူကျို့က ထိုစကားပြောရင်း သည်ကောင်လေးပခုံးပေါ်လက်တင်လိုက်သည်။ ထိုကောင်လေးက ယခင်ထက် ရှက်သွားပုံပေါက်ကာ ခေါင်းညိတ်လိုက်၏။
"ကောင်း..ကောင်း..ကောင်းပြီ ငါ မင်းကို လိုက်ကျွေးပါ့မယ်၊ ဒီဟော့ပေါ့ဆိုင်က ငါ ပိုင်တာလေ၊ ကိစ္စမရှိဘူး စားသာစားအားမနာနဲ့"
ဖူကျို့: “…”
ဟင် ငါလေးရဲ့ ဂိမ်းထဲက နောက်ထပ် မိတ်ဆွေတစ်ယောက်ကတော့ ငွေဇွန်းကိုက်ပြီး မွေးလာပြန်ပါပြီဟ။
.......

အပိုင်း (၆၉) စီအီးအိုချင်က ထိုကောင်လေးရဲ့ ရလဒ်ကို စစ်ဆေးကြည့်ဖို့ သွားတယ်
အစည်းအဝေးခန်းမှ လေထုဖိအားက သာမန်အခြေအနေကဲ့သို့ အစည်းအဝေးကျင်းပနေသည်။
မားကတ်တင်းအသင်းက သည်နှစ်၏ အခြေအနေကို စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။ သူတို့ ကြောက်သည်က သူတို့ စီအီးအိုမှ သည်နှစ်အခြေအနေနှင့် ပတ်သက်၍ စိတ်ကျေနပ်မှု မရမည်ကို စိုးရိမ်နေသည်။ တကယ်လို့ စီးအီအိုက ရလဒ်နှင့်ပတ်သက်၍ မကျေနပ်လျှင် သူ၏ သေစေနိုင်လောက်သည့် အကြည့်များဖြင့် ရင်ဆိုင်ရမည်ကို သူတို့ အကြောက်ဆုံးဖြစ်သည်။
ကံကောင်းထောက်မစွာ စီအီးအိုက သည်နေ့ အနည်းငယ် စိတ်ပါဝင်စားမှု မရှိသည်ကို သူတို့ သတိထားမိသည်။ စီအီးအိုက တစ်ချိန်လုံး သူ့ဖုန်းနှင့်သာ ဆော့ကစားနေပေသည်။
" စီအီးအိုချင် ဒီနေ့တော့ ဒီလောက်ပါပဲဗျ"
မားကတ်တင်းအသင်းက ချင်မော့ ဝေဖန်ချက်များကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည်။
အံ့ဩစရာကောင်းသည်က
"အင်း"
ဘာလဲဟ ဒီလောက်ပဲလား။ လူတိုင်းက သည်မှတ်ချက်နှင့် နေသားမကျပေ။ 
ချင်မော့က ဤတင်ပြချက်များကို နားပင်မထောင်နေပေ။ ထိုအစား သူက အချိန်ကိုသာ ကြည့်နေသည်။ 
အခုဆိုရင် ဒီကောင်လေး ပြီးနေလောက်ပြီပေါ့။ 
အသင်းထဲရောက်လာရင် ဒီကောင်စုတ်လေးကို ငါ့ဘေးမှာ ထားရမယ်၊ ဒါမှ သူ အီစီကလီ မလုပ်နိုင်တော့မှာ။ 
ထိုအတွေးဖြင့် ချင်မော့၏ နှုတ်ခမ်းများက ကွေးညွတ်သွားပြီး အပြုံးတစ်ပွင့် ဖြစ်တည်လာသည်။ 
စီမံခန့်ခွဲရေးအသင်းမှ လူများက ကြောင်အသွားမိသည်။ သူတို့သူဌေး၏ မျက်နှာထက်မှ အပြုံးကို ကြည့်ရင်း သူတို့စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။ 
ဒီနေ့က ဘာနေ့မို့လို့ စီအီးအိုက ပျော်နေတဲ့ပုံပေါက်နေရတာလဲ။
ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက် ချင်မော့က သူ့လက်ကို မြှောက်လိုက်ပြီး
" ဒီနေ့တော့ ဒီမှာတင် ရပ်ကြစို့၊ မနက်ဖြန်မှ ဆက်ပြောကြမယ်"
" ဟမ်"
စီမံခန့်ခွဲရေးဌာနမှူးက သည်အဖြစ်ကို မမျှော်လင့်ထားသော်လည်း သူ့စီအီးအို ဆုံးဖြတ်ချက်ကို လေးစားရမည်ဖြစ်ရာ ပျော်ရွှင်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါဗျ"
ချင်မော့က ဦးစွာ ထရပ်လိုက်ပြီး သူ့ မကောင်းဆိုးဝါးသဖွယ် အရှိန်အဝါဖြင့် အစည်းအဝေးခန်းဆီမှ အလျင်အမြန် ထွက်ခွာသွားသည်။ သူ ထွက်သွားသည်နှင့် ချက်ချင်း အခန်းမှ လူများက သူတို့ပခုံးပေါ်မှ ဖိအားများ ချက်ချင်းပပျောက်သွားသလို ခံစားလိုက်ရသည်။
ဒါပေမဲ့ စီအီးအိုက ဒီတစ်ကြိမ်ကော ဘယ်ကိုသွားတာလဲဟ။
အတွင်းရေးမှူးလျန်က ချင်မော့နောက်သို့ လိုက်နေရင်း အစည်းအဝေးခန်းမှ စာရွက်များကို ကိုင်ထားသည်။
"စီအီးအိုချင် ညစာစားပွဲကိုသွားဖို့ ည ၇နာရီ မထိုးခင်အထိ အချိန်ရပါသေးတယ်ဗျ၊ အခုချိန်ကြီး သွားတာက နည်းနည်းမစောနေဘူးလား၊ အနား အရင်ယူလိုက်ဦးမလားဗျ"
" မယူဘူး ငါ အသင်းဆီကို တစ်ချက် သွားကြည့်မှာ"
ချင်မော့က ပြန်ဖြေရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားလိုက်သည်။
ချင်ကုမ္ပဏီ၏ အဆောက်အဦက အသင်း၏ ဘေး၌ ရှိပေရာ ခြေဖြင့်သွားလျှင်တောင် သိပ်မဝေးပေ။ ချင်မော့က ဖူကျို့ကို အစည်းအဝေးပြီးပြီဟု အသိမပေးပေ။ ချင်မော့က ထိုကောင်လေးကို အသိပေးမည့်အစား ရုတ်တရက် သွားကြည့်လိုက်တာက ပိုကောင်းမည်ဟု တွေးကာ အသင်းဆီသို့ ထွက်လာလိုက်သည်။ 
အတွင်းရေးမှူးလျန်က ထိုအရာကို ကြားသည်နှင့် အံ့ဩသွားကာ
" အသင်းကို သွားကြည့်မလို့လား၊ ဒီနေ့ သူတို့ လူတွေ့စစ်ဆေးပွဲရှိတယ်လေ စီအီးအိုက သွားစစ်ကြည့်မလို့လားဗျ"
ချင်မော့က ပြန်မဖြေပေ။
အတွင်းရေးမှူးလျန်က တခဏ ရပ်သွားပြီး
" ခဏစောင့်ပါဦးဗျ၊ စီအီးအို လာမဲ့အကြောင်း သူတို့ဘက်ကို အသိပေးလိုက်ဦးမယ်ဗျာ၊ ပြိုင်ပွဲဝင်ထဲက တချို့က စီအီးအိုရဲ့ ပရိသတ်တွေလေ၊ ဒီလို မပြောမဆို ရုတ်တရက်ကြီး ရောက်ချသွားရင် ပွဲဆူကုန်တော့မှာပဲ"
" ဆူရင်လည်း ဘယ်လောက်တောင် ပွဲဆူနိုင်မှာမို့လို့လဲ"
ချင်မော့က သူ့လက်ကို မြှောက်လိုက်ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။ သူ၏ အနက်ရောင် ဝတ်စုံပြည့်က အထက်တန်းဆန်သည့် အငွေ့အသက်ကို ပေးနေသယောင်။
အတွင်းရေးမှူးလျန်က သူ့ဖုန်းကို ပြန်သိမ်းလိုက်သည်။ သူ့စီအီးအိုကို ကြည့်ရသည်မှာ သွားကိုသွားမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။
ထူးဆန်းလိုက်တာ၊ မန်နေဂျာဖုန်း စီအီးအိုကို အသင်းဆီလာလည်ဖို့ ခေါ်တာတောင် မသွားဖူးတဲ့သူကများ ဘာလို့ရုတ်တရက်ကြီး စိတ်အပြောင်းအလဲမြန်သွားရတာလဲ၊ ဖြစ်နိုင်တာက...။
အတွင်းရေးမှူးလျန်၏ မျက်ဝန်းများက တောက်ပလာသည်။
စီအီးအိုနဲ့ အွန်လိုင်းမှာ ဒိတ်နေတဲ့ ဟိုတစ်ယောက်က ဒီနေ့လူတွေ့စစ်ဆေးပွဲမှာ ရှိနေလို့များလား။ အဲဒါ ဖြစ်နိုင်ခြေရှိတယ်။
သခင်ကြီးနဲ့ သခင်မကြီးကို ဒီအကြောင်း တင်ပြရဦးမယ်။ ငါတို့စီအီးအိုချင်က ဒီလောက် ရူးရူးမူးမူး ဖြစ်နေတာ တကယ်ကို အချစ်နဲ့တွေ့နေပြီနဲ့ တူတယ်ကွ။
.........

အပိုင်း(၇၀) စီအီးအိုချင်က ဖူကျို့ကို လာရှာပါသော်လည်း...
ချင်မော့ အသင်းရှိရာသို့ ဝင်လာသည်နှင့် သူ့ ခပ်တုံးတုံး မန်နေဂျာက တစ်စုံတစ်ယောက်ကို စောင့်နေသည်ကို မြင်လိုက်ရသည်။
ဖုန်းရီက တစ်စုံတစ်ယောက်ကို စောင့်နေသည်မှာ အမှန်ဖြစ်သော်လည်း ထိုလူက အရိပ်အယောင်ပင် မပေါ်လာပေ။ သူချင်မော့ကို မြင်လိုက်သည်နှင့်
" စီအီးအို ခင်ဗျားပြောတော့ ဒီနေ့ “ Spade Z” လာမှာဆို၊ လူက ဘယ်မှာလဲ ၊ ကျွန်တော် ဒီမှာ စောင့်နေတာ တော်တော်ကြာနေပြီဗျ၊ ကျွန်တော့်ကို အင်တာလာဗျူးကြမှာစိုးလို့ ဒီမှာ ရုပ်လေးဖျက်ပြီး စောင့်နေရတာဗျာ တော်တော်ပင်ပန်းတာပဲ၊ စီအီးအိုလည်း သိပါတယ် ကျွန်တော် တော်တော် နာမည်ကြီးတယ်ဆိုတာကိုလေ အဟမ်း"
ချင်မော့က ဖုန်းရီခေါင်းပေါ်မှ ဦးထုပ်ကို ကြည့်လိုက်ပြီး
" အိုး ရုတ်တရက် ကြည့်လိုက်ရင် ရူးပေါပေါ ငါးဖမ်းသမားနဲ့တူနေတာက မင်း တမင်သက်သက် ရုပ်ဖျက်ထားတာပေါ့"
ဖုန်းရီက အတွင်းရေးမှူးလျန်ဘက်ကို ကြည့်လိုက်ပြီး
" ငါ မချောဘူးလား"
အတွင်းရေးမှူးလျန်က မျက်တောင်ခတ်ပြလိုက်သည်။ ဖုန်ရီက သူ့သခင်လေး၏ လျှာစောင်းထက်မှုကို မယှဉ်နိုင်တော့သဖြင့် ဦးထုပ်ကို ချွတ်လိုက်ကာ
"ဟုတ်ပါပြီ ဒီလိုဆိုရင် "Spade Z” က ဘယ်မှာလဲ"
" အထဲမှာလေ"
ချင်မော့က ပြောရင်း လူတွေ့စစ်ဆေးသည့်နေရာသို့ လျှောက်သွားလိုက်သည်။
အသင်းရှိလူအားလုံးက ချင်မော့ကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားသွားကြသည်။
ကြီးမြတ်လှတဲ့ သခင်လေးချင်က တကယ်လာတာပဲဟ။ အမလေး ရင်တုန်လွန်းလို့ အပြင်မှာ ဗုံးပေါက်သလိုမျိုး ခံစားနေရပါပြီနော်။
အခန်း၌ ကစားသမားများ၏ တတိယအကြိမ်မြောက် လက်အမြန်နှုန်းကို စစ်ဆေးနေကြတာဖြစ်သည်။ ဒျိတစ်ကြိမ်တွင် သူတို့က Hero ဂိမ်းသို့ log in ဝင်လိုက်ကြပြီး အမြန်နှုန်းကို စမ်းသပ်ရန် သူတို့ ကိုယ်ပိုင် အကောင့်များဖြင့် ဘော့စ်များကို ရှင်းရမည်ဖြစ်သည်။
မန်နေဂျာလီက ဖူကျို့ကိစ္စနှင့် ပတ်သက်၍ ဒေါသထွက်နေဆဲဖြစ်ရာ အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လျှောက်နေရင်း
" မင်းတို့အားလုံး နားထောင်ကြ ၊ မင်းတို့ ဂိမ်းဆက်ကစားချင်သေးရင် မှန်ကန်တဲ့နည်းလမ်းနဲ့ ကစားကြ၊ ခုနက ဟိုကောင်စုတ်လေးလိုမျိုး ချင်ကုမ္ပဏီကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လိုမျိုး မလုပ်ကြနဲ့ ကြားကြလား မင်းတို့.."
သူ စကားပြောလို့ မပြီးခင်၌ တံခါးဝ၌ ရပ်နေသည့် သူကြောင့် အံ့အားသင့်သွားမိသည်။
စီအီးအို၊ သူက ဒီကို ဘာလာလုပ်တာလဲဟ။
မန်နေဂျာလီက ထိုပုံရိပ်ကို မြင်လိုက်သည်နှင့် ချက်ချင်း ပြောလိုက်သည်။
" စီအီးအိုချင် ကျွန်တော် ဘာများ..."
ချင်မော့က သူ့ကို ကြည့်ပင် မကြည့်ချေ။ အေးစက်နေသည့် မျက်နှာထားဖြင့် အခန်းသို့ ဝင်သွားပေသည်။
အခန်း၌ ရှိသည့် လူအားလုံး လှုပ်ရှားနေသည်များ ရပ်တန့်သွားကြပြီး သူတို့ခေါင်းများ ထောင်လာကြသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများကို မရပ်တန့်နိုင်ကြတော့ပေ။
ကြီးမြတ်လှတဲ့ သခင်လေးချင်။ ငါတို့အားလုံး အခု သက်ရှိထင်ရှားရှိနေတဲ့ သခင်လေးချင်ကို မြင်လိုက်ရတာလား။
ချင်မော့က သူ၏ ရုပ်ရည်ချောမောမှုကြောင့် နာမည်ကြီးသည်သာမက သူ၏ အလွန်အမင်း တော်လှသည့် ဂိမ်းကစားစွမ်းရည်ကြောင့်လည်း နာမည်ကြီးပေသည်။ ချင်မော့က မိန်းကလေးများ၏ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သလို ယောက်ျားလေးများအတွက်လည်း အားကျဖွယ်ကောင်းသည့် သူရဲကောင်းတစ်ဦးပင် ဖြစ်သည်ကို ဝန်ခံရပေမည်။
သည်အခန်း၌ ချင်မော့၏ တည်ရှိမှုက အားလုံးကို စိတ်လှုပ်ရှားမှု အပြည့်ပေးနေသော်လည်း ချင်မော့ကမူ မည်သူ့ကိုမှဂရုစိုက်ပုံမရချေ။ သူ့မျက်ဝန်းများက အခန်းတစ်ဝိုက် ဝေ့ဝိုက်ကြည့်နေပြီး နောက်ဆုံး၌ သူ့မျက်ခုံးများက တွန့်ချိုးသွားသည်။
ဒီကောင်လေး ဘာလို့ ဒီမှာ မရှိနေရတာလဲ။
ချင်မော့က သူ့ခေါင်းကို ငုံ့လိုက်ပြီး ဖူကျို့နံပါတ်စဉ်ကို wechat၌ ပြန်ကြည့်လိုက်သည်။
နံပါတ် (၁၉)။
ချင်မော့ ထိုနေရာသို့ သွားကြည့်သော်လည်း ထိုင်ခုံနေရာ လွတ်နေသည်ကို မြင်လိုက်ရသည်။ အတွင်းရေးမှူးလျန်က သူ့သခင်လေးအကြောင်းကို ကောင်းစွာသိပေရာ နံဘေးမှ လူတစ်ယောက်ကို မေးလိုက်သည်။
" ပြိုင်ပွဲဝင် နံပါတ်စဉ် (၁၉)ကရော"
မေးလိုက်သည်နှင့် အခန်းတစ်ခန်းလုံး တိတ်ဆိတ်မှုအပြည့်ဖြစ်သွားသည်။ ကစားသမားများက တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြပြီး ပြန်မဖြေကြပေ။ မည်သူကမှ စကားမပြောရဲကြဘဲ လူတိုင်းက မန်နေဂျာလီကိုသာ ခိုးကြည့်နေကြသည်။
မန်နေဂျာလီမှာလည်း ကြောင်အသွားပြီး စီအီးအိုချင်မှ ထိုသို့မေးလာခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ကြောင့် သူအကြောင်းပြချက်ပေးရန် ကြိုးစားတော့သည်။
ချင်မော့က ထိုနေရာ၌ ရပ်နေပြီး သူ့မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။ အတွင်းရေးမှူးလျန်က ထိုအခြင်းအရာကို သတိထားမိရာ သူ့စီးအီးအို သည်းခံနိုင်မှု ကုန်ဆုံးနေပြီဟု သိလိုက်သည်။ ထို့ကြောင့် သူက လျင်မြန်စွာ
" ဒီမှာ ဘာတွေ ဖြစ်ခဲ့ကြတာလဲ "
…
 

Search Novels