အပိုင်း(၅၆) နတ်ဘုရားချင် အွန်လိုင်းပေါ်မှာရှိတဲ့ကမ္ဘာကြီး ပေါက်ကွဲ
အတွင်းရေးမှူးလျန်က မဟုတ်မမှန်သည့် သတင်းကို အစီရင်ခံနေစဉ် ဂိမ်းဆာဗာတစ်ခုလုံးက ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
မည်သူကမှ ဂိမ်းချည်းသက်သက် ကစားကြတာ မဟုတ်ပေ။ တစ်ယောက်နှင့် တစ်ယောက် အနည်းအကျဉ်းတော့ စာအပြန်အလှန် ပို့ကြပေသည်။ 
"သောက်ကျိုးနည်း ငါအသက်ရှင်နေတဲ့ကာလ တစ်လျှောက်လုံးမှာ ကြီးမြတ်လှတဲ့သခင်လေးချင် အွန်လိုင်းဖြစ်နေတာကို မြင်လိုက်ရသေးတယ်လား၊ ပြီးတော့ သူ့ကို ငါအခုမြင်နေရတာလား၊ ဒီဟာက အမှန်မဟုတ်ဘူးဆိုတာကိုတစ်ယောက်ယောက်ပြောပေးကြပါဟ"
"ငါတို့ fan group က ဒီနေ့ သခင်လေးချင် live streamလုပ်မယ်လို့လည်း သတင်းမကြားမိပါလား၊ သခင်လေးချင် အွန်လိုင်းဖြစ်နေတယ်ဆိုတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ လုံးဝကိုမဖြစ်နိုင်တာ"
"အဲဒါက အမှန်ပဲဟ လူတွေအများကြီးက သခင်လေးချင် ဘော့စ် ရှင်းနေတာကိုမြင်လိုက်ရတယ်တဲ့"
" စိတ်ကူးယဉ်နေတာကိုရပ်လိုက်စမ်း၊ သခင်လေးချင်က ဘော့စ်ရှင်းမယ် ဟုတ်လား၊ မဖြစ်နိုင်တာတွေ၊ သူက နိုင်ငံအဆင့်ပြိုင်ပွဲတွေပဲဆော့တာ ဟုတ်ပြီလား"
"ချီးပဲ တကယ်လို့ မင်းမယုံရင် မင်းဘာသာ သွားကြည့်ကြည့်၊ သခင်လေးချင်က အသစ်လေးတစ်ယောက်နဲ့ တူတူ ရှိနေတာ၊ ပြီးတော့ သူတို့ကိုကြည့်ရတာ တော်တော်ရင်းနှီးတဲ့ပုံပဲ"
သူတို့ကိုကြည့်ရတာ ရင်းနှီးတယ်။ အရမ်းကိုရင်းနှီးတယ်တဲ့လား။
Supreme အသင်းကလည်း သူတို့ စီအီးအို ဘော့စ်ရှင်းနေသည်ကို ကြားလိုက်သည်နှင့် ချက်ချင်း ဂိမ်းထဲကို log in ဝင်လိုက်ကြသည်။ ယခုတော့ သူတို့ စီအီးအို ဘော့စ်ရှင်းနေသည်ကို မြင်ပြီးသည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေပေတော့သည်။
ထို့နောက် သူတို့အားလုံးက COCOကို ဝိုင်းကြည့်လိုက်ပေတော့သည်။
ကြောင်ပေါက်စနှင့် တူသည့်လူငယ်က သူ့ယုန်အရုပ်နားရွက်ကို ကိုက်ကာ
"ငါ့ကိုလာမမေးနဲ့၊ ငါဘာမှမသိဘူးဟ သိဘူးဆိုသိဘူးနော် လာမမေးကြနဲ့ "
အစ်ကိုကြီး ဘာလို့ "Spade Z"နဲ့တူတူ ဘော့စ်ရှင်းနေရတာလဲ၊ ဘော့စ်ရှင်းရတာက ပျော်စရာမကောင်းဘူးလို့ ဘယ်သူများ ပြောခဲ့တာလဲဆိုတာကိုကော မေ့သွားပြီလား။
ပြီးတော့ အစ်ကိုကြီး အွန်လိုင်းဖြစ်သွားတာနဲ့ ဂိမ်းစစ်စတန်တစ်ခုလုံးက ပေါက်ကွဲလုနီးဖြစ်နေပြီ ဆိုတာကိုကော သိရဲ့လား။
ဆာဗာတစ်ခုလုံးရဲ့ အသိပေးချက်ကလည်း ဆယ်မီလီယံထက်ကိုကျော်နေပြီဗျ။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် နည်းပညာရှင်တွေကလည်း ရူးသွားတော့မှာနော် အဲ့တာကိုကောသိရဲ့လား။
Supreme အသင်း၏မန်နေဂျာက ထိုအကြောင်းကိုကြားလိုက်ရသည်။ Live streaming ကုမ္ပဏီပိုင်ရှင်က သည်အကြောင်းကို သူ့ကို ပြောပြတာဖြစ်လေသည်။
မန်နေဂျာက ညင်သာစွာရယ်လိုက်ပြီး စီးပွားရေးဆန်သည့် လေသံဖြင့်
"ကျွန်တော်တို့ရဲ့စီအီးအိုက ဘယ်တုန်းကမှ ဘော့စ်တွေ ရှင်းဖူးတာမဟုတ်ဘူးဗျ၊ ခင်ဗျားမှားနေတာနဲ့ တူတယ်"
ကုမ္ပဏီပိုင်ရှင်က သူ့လက်တော့ကို မန်နေဂျာဆီ လက်လွှဲပေးလိုက်ကာ ပြလိုက်သည်။
မန်နေဂျာက နောက်ကျောမှ ကြက်သီးများ ထလာသည်ကို ခံစားလိုက်ရသည်။
"ခဏလေး ကျွန်တော် ဖုန်းခေါ်ပါရစေဦး"
ဖုန်းမခေါ်၌ မန်နေဂျာက သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ သူ မထင်ထားမိသည်က ချင်မော့ ပထမဆုံးပြောလိုက်သည့် စကားကြောင့်ဖြစ်ပေသည်။
"ငါ အခု ဘော့စ်ရှင်းနေတယ်၊ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့၊ အပြင်မှာပဲ အချိန်ကုန်မနေနဲ့၊ ရုံးကို စောစောပြန်ပြီး အလုပ်လေးဘာလေးလည်းလုပ်ဦး သွားတော့"
ချင်မော့အသံက အေးစက်နေပြီး ပြတ်သားစွာ ဖုန်းချလိုက်ပေတော့သည်။
ဒီလိုပုံစံက သူမှသူ စစ်စစ်ပဲ။ ကောင်းပြီ။ ဒါပေမဲ့ ကျွန်တော်ကလေ စီအီးအိုရဲ့ ကောင်းကျိုးအတွက် အလုပ်လုပ်ပေးနေတဲ့ မန်နေဂျာပါနော်၊ ကျွန်တော်ကသာ စီအီးအိုကို ထိန်းချုပ်တဲ့သူ ဖြစ်သင့်တာပါနော်၊ အခုက ပြောင်းပြန်ဖြစ်နေသလိုပဲ။
ဒါပေမဲ့ အဓိကက စီအီးအို ဘော့စ်ရှင်းနေတယ် ဆိုတဲ့ကိစ္စပဲဗျ။ တကယ်လို့ မနက်ဖြန် သတင်းစာခေါင်းစီးပိုင်းရောက်သွားရင် ဘယ်လိုလုပ်မှာလဲဗျ။
ခဏလေး သတင်းစာခေါင်းစီးပိုင်း။
မန်နေဂျာက ကုမ္ပဏီ၏ အသင်းဆီ ဖုန်းဆက်လိုက်သည်။
"မင်းတို့ အခုချက်ချင်း ဆောင်းပါးတစ်ပုဒ်ပြင်ဆင်ထားကြ၊ စီအီးအိုချင်က အသင်းထဲက အသစ်ရောက်လာတဲ့ လူငယ်တွေကို ကူပြီး ဘော့စ်ရှင်းနေတဲ့အကြောင်းရယ်၊ ဘယ်လိုတောင် ရင်းနှီးလိုက်တဲ့ ဆက်ဆံရေးမျိုးလဲ၊ ဒီလိုရင်းနှီးတဲ့ဆက်ဆံရေးက ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲဆိုတဲ့အကြောင်း ဘာညာပြင်ဆင်ထားကြ "
"ဒါပေမဲ့ တစ်ယောက်ယောက်ပြောတာကတော့ စီအီးအိုချင်က ဂိမ်းထဲက အသစ်လေးအတွက်နဲ့ ဘော့စ်ရှင်းပေးတာဆို၊ ဒီအသစ်လေးက စီအီးအိုချင်နဲ့ တူတူဆော့ပြီး ပိုက်ဆံရှာနေတာဗျ၊ ပထမဆုံး ဖြိုဖျက်နိုင်တဲ့သူတိုင်း ယွမ်၅ထောင် ရမှာဆိုတော့လေ၊ အဲဒါကြောင့် သူတို့ ဘော့စ်တူတူရှင်းနေကြတာ၊ တစ်ယောက်ယောက်က စီအီးအိုနဲ့တူတူ ဓာတ်ပုံရိုက်လို့လည်း ရသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး အွန်လိုင်းပေါ်ရောက်နေတာ။ ကျွန်တော်တို့လည်း အခွင့်အရေးရလိုရငြားပေါ့ဗျာ "
မန်နေဂျာ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပေသည်။
ငါ့ကို တစ်ယောက်ယောက်လောက် စီအီးအိုကြီး ဘာထဖြစ်နေတာလဲဆိုတာကို ပြောပေးကြပါ။ 
အရင်တုန်းကတော့ ငါက စီအီးအိုကို ဘော့စ်ကိုရှင်းပေးဖို့ live streaming လေးလုပ်ပေးပါဆိုပြီး ခြေသလုံး ဖက်မတတ် တောင်းပန်လိုက်ရတာလေ။
ဒီလိုလုပ်ပေးဖို့က စီအီးအိုကြီး အစည်းအဝေးမရှိဖို့ရယ်၊ ဘာမှလုပ်စရာမရှိတာရယ်နဲ့ စိတ်ကောင်းဝင်နေတဲ့အချိန်လေးရယ် ဒီအခြေအနေတွေအပေါ်မူတည်သေးတယ်လေဟ။ 
ငါတို့စီအီးအိုက အမြဲတမ်း
"ငါ့ကို မင်းသဘောကျချင်မှကျ ငါက ဒီလိုပဲ အထက်စီးဆန်တတ်တယ်” ဆိုတဲ့ လုံးဝကို နတ်ဘုရားတစ်ပါးရဲ့ စတိုင်လေ။
အခုတော့ သူက ဒီအရေးမပါတဲ့ယွမ်၅ထောင် လေးအတွက်နဲ့ အခြားသူကို "ပထမဆုံးဖြိုဖျက်နိုင်သူဘွဲ့"ကို ရဖို့ ကူညီပေးနေတယ်ပေါ့။
စီအီးအိုရေ တကယ်လို့ ပိုက်ဆံကြောင့်သာ ဒီလိုကူပေးတယ်ဆိုရင် ဘာလို့ကျွန်တော်ကို စောစော မပြောရတာလဲ။
မန်နေဂျာ၏ နှလုံးသားလေးက တဆစ်ဆစ် ကိုက်ခဲလာကာ သူ့အမူအရာကလည်း ချက်ချင်း ပြောင်းလဲသွားပေတော့သည်။
"စီအီးအို အခု ဘယ်နေရာမှာရှိနေတာလဲ"
"ဟမ် ဘာလို့လဲ"
မန်နေဂျာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
"ငါအခု သူ့ကို ဘော့စ်ရှင်းပေးဖို့အတွက် ငှားမလို့ "
ဝန်ထမ်းများ : "......."
.........................

အပိုင်း(၅၇) နတ်ဘုရားချင်ရဲ့ပထမဆုံးလူပျိုညကို လေလံတင်မယ်
ဖူကျို့က သူတို့ပတ်ပတ်လည်၌ လူအုပ်က အရင်ကထက် ပိုများလာသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် သည်လူများ၏ ခေါင်းပေါ်၌ ကြီးမြတ်လှသည့် သခင်လေးချင်၏ ခေါင်းပေါ်မှ တလက်လက် တောက်ပနေသည့် ဘွဲ့တံဆိပ်လိုမျိုးရှိကြပေသည်။
ဖူကျို့က သူမ မျက်ခုံးကိုပင့်လိုက်ကာ စုပ်လုံးကို ပါးစပ်ထဲ၌ ငုံထားသည်။ ဖူကျို့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ချင်မော့ကို မက်ဆေ့ချ်ပို့လိုက်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင်ရေ နင်လေးက တကယ့်ကို ကျော်ကြားတာပဲ၊ အခု တစ်နိုင်ငံလုံးရဲ့ အတော်ဆုံးကစားသမားတွေက နင်လေးအတွက်ရှိနေကြတယ်လေ"
ချင်မော့က ဖန်သားပြင်ကို ကြည့်လိုက်ပြီး ဂရုပင်စိုက်ပုံ မရချေ။
"လျှောက်ကြည့်မနေဘဲနဲ့ မွန်းစတားတွေဆီမှာပဲ အာရုံစိုက်"
ဘာလို့ နင်လေး ဒီလောက်တောင် အေးတိအေးစက်နိုင်ရတာလဲဟမ်။
ဖူကျို့က သူမ လက်ချောင်းများမှ တိုက်ခိုက်မှု စွမ်းအားအပြည့် ထုတ်လွှတ်လိုက်သည်။
ပထမဆုံး ဖြိုဖျက်သူဘွဲ့ရရှိခဲ့ပြီဖြစ်လေသည်။
"Spade Z" နှင့် ချင်မော့ နာမည်က ဆာဗာ၏ ကြေညာချက်ဘုတ်ပေါ်၌ ပေါ်လာပေသည်။
ည အတော်နက်နေပြီ ဖြစ်သော်လည်း ကစားသမားများ၏ ချင်မော့အပေါ် အရူးအမူးစွဲလမ်းမှုက မငြိမ်သက်သေးပေ။ သူတို့အားလုံးက ဖန်သားပြင်ကို စိုက်ကြည့်နေကြပေတော့သည်။
ကစားသမားများက အင်တာနက်ဆိုင်က ကစားသမားများဖြစ်စေ၊ နိုင်ငံအဆင့် ကစားသမားများဖြစ်စေ သူတို့က"Spade Z"ကို friend request တစ်ခုပြီး တစ်ခု ဆက်တိုက် ပို့နေကြပေသည်။ သူတို့ request ကို
ဖူကျို့၏ ကောက်ကျစ်သည့် မျက်ဝန်းများက ထိုအခြေအနေကို မြင်လိုက်သည်နှင့် တလက်လက် တောက်ပလာပေတော့သည်။ ထို့နောက် မကောင်းဆိုးဝါးဆန်ဆန် အပြုံးလေးဖြင့် ချင်မော့ဆီ စာပို့လိုက်သည်။
"ဒီညရဲ့ ဘော့စ်ရှင်းခကတော့ အမြင့်ဆုံးအထိ မြင့်တက်သွားတော့မယ်"
ဘော့စ် ရှင်းခ။
မန်နေဂျာက သူ့စီအီးအိုကို ထိုသို့ ခိုင်းစားရသည့် အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် သူ ချက်ချင်း ဈေးတင်လိုက်ပေတော့သည်။
သူက ချက်ချင်းပင် ယွမ်၅ထောင်မှ ယွမ်၁သောင်းအထိ ဈေးတင်လိုက်ပေတော့သည်။
ဂိမ်းလောက၌ ရှိသည့်သူများက ဘယ်သောအခါမှ ပိုက်ဆံမပြတ်ကြပေ။
ဘယ်သူကများ သူတို့ရဲ့ အိုင်ဒေါနဲ့ နီးနီးကပ်ကပ် မနေချင်ကြမှာလဲ။ ပိုက်ဆံထပ်တိုးဦးမယ်။
တစ်ခဏချင်း၌ ဖန်သားပြင်က လေလံပွဲဖြစ်သွားပေတော့သည်။ ဘော့စ်ရှင်းခက ယွမ်၅ထောင်မှ ယွမ်၁သောင်းအထိ ပြေးတက်သွားတော့သည်။
ဖူကျို့က သူမ၏ ခြေတံရှည်များကို ချိတ်ကာ ထိုင်နေသည်။ သူမ၏ ငွေရောင်ဆံပင်များက နားကြပ်ဝတ်ထားခြင်းကြောင့် အနည်းငယ် ပွနေသည်။ ဈေးနှုန်း အဆမတန် ပြေးတက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖူကျို့က ချင်မော့ကို အရိုးသားဆုံး မက်ဆေ့ချ်လေးတစ်စောင်ပေးပို့လိုက်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် ငါ ဘာလို့ နင်လေးရဲ့ ပထမဆုံးလူပျိုညကို လေလံတင်လိုက်ရတယ်လို့ ခံစားလိုက်ရတာပါလိမ့် ဟားဟားဟား"
"ဖူ..ကျို့"
ဖန်သားပြင်တစ်ခုစီ ခြားနေသော်လည်း ဖူကျို့က ထိုလူ၏ အံကြိတ်နေသည့်ပုံကို ခံစားလို့ရနေပေသည်။
"တကယ်လို့ မင်းပါးစပ်မပိတ်ဘူးဆိုရင် ငါမင်းကို မင်း လက်တော့ပ်နဲ့အတူ ကန်ထုတ်လိုက်တော့မယ်"
ချင်မော့၏ မျက်လုံးများက လေးနက်ပြီး မည်းမှောင်နေပေတော့သည်။ သူ၏ ရှည်လျားသွယ်လျသည့် လက်ချောင်းများက မောက်စ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ချင်မော့က သူ့သည်းခံနိုင်စွမ်းကို မြှင့်တင်ကာ သည်လူငယ်ကို တစ်ခုခုမလုပ်မိစေရန် ထိန်းထားရပေသည်။
အတွင်းရေးမှူးလျန်က အခန်းထဲကို ဝင်လာသည်နှင့် ချက်ချင်း ဤအခြင်းအရာကို မြင်လိုက်ရတာ ဖြစ်သည်။ သူက ချင်မော့ကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ပြန်လှည့်ထွက်လာခဲ့သည်။
အရမ်း ကြောက်ဖို့ကောင်းတာပဲ။
စီအီးအိုကို မကောင်းဆိုးဝါးများ ဝင်ပူးနေပြီလားလို့။
ငါ ဖုန်းလေး နှစ်ခါပဲဆက်ပြီး သခင်မကြီးကို အစီအရင်ခံနေတာလေ။
ဘာလို့ စီအီးအိုက သွေးဆာနေတဲ့ မကောင်းဆိုးဝါးလိုဖြစ်နေရတာလဲလို့။
ငါဘာလို့ အခန်းအထဲကိုဝင်သွားတဲ့လူကို စီအီးအိုက ဂုတ်ချိုးသတ်တော့မယ်လို့ ခံစားနေရတာပါလိမ့်။
အချစ်နဲ့တွေ့သွားတဲ့လူတိုင်းက ထူးဆန်းတာပဲနော်။ ပထမတုန်းကတော့ သူက ပြုံးနေပြီး နောက်တစ်စက္ကန့ရောက်တာနဲ့ လူသတ်ချင်တဲ့ပုံပြောင်းသွားပြန်ပြီ။အတွင်းရေးမှူးလျန်က ဖုန်းကို ယူထုတ်ကာ
"သခင်မကြီးလား ဟုတ်တယ် ကျွန်တော်ပါဗျ ကျွန်တော်ထင်တာက စီအီးအိုကလေ ဟိုတစ်ယောက်နဲ့ စကားများနေတဲ့ပုံပဲဗျ။ ဟုတ်တယ် ဟုတ်တယ်။ လူငယ်စုံတွဲတွေကြားထဲက ကတောက်ကဆတွေလိုမျိုးပေါ့ဗျာ"
ဖူကျို့က အနည်းငယ်မျှ တွေးတောပြီးသည်နှင့် စာထပ်ရိုက်သည်။
"မစိုးရိမ်ပါနဲ့ တကယ်လို့ နင်လေးရဲ့ ပထမဆုံးလူပျိုညကို လေလံတင်လိုက်မယ်ဆိုရင်လေ ငါ လေလံနိုင်အောင် ဆွဲမှာသိလား၊ ငါ ဒီဟာကို ဘယ်သူ့ဆီကိုမှ အပါမခံနိုင်ဘူးဟယ်"
သူတို့က မက်ဆေ့ချ် ပို့နေကြသော်လည်း ချင်မော့က သည်လူငယ်ကို ကွန်ပျူတာမျက်နှာပြင်မှ ဆွဲထုတ်ပြီး ပါးစပ်သာ ပိတ်ရိုက်လိုက်ချင်နေပေတော့သည်။
ဂိမ်းကစားတာက လွဲလို့ ဒီကောင်ဟာ ဘာဆိုဘာမှ မကောင်းဘူးပဲ၊ တစ်မိနစ်ဆီတိုင်း သူ့ကို သတ်ပစ်ချင်လာအောင်လုပ်ဖို့ပဲသိတယ်၊ တစ်နေ့တော့ ဒီမထိတထိစတဲ့အကျင့်နဲ့တွေ့ကရာ အီစီကလီ ရိုက်တတ်တဲ့အကျင့်ကို ပြင်ပေးရဦးမယ်။
……….

အပိုင်း(၅၈) တစ်စုံတစ်ယောက်က ဖူကျို့ကို နတ်ဘုရားချင်လို ဖြစ်အောင် ပျိုးထောင်ပေးမယ်
ချင်မော့က အန္တရာယ်ရှိသည့် အငွေ့အသက်များ ထုတ်လွှတ်လိုက်ပြီး သူ့မျက်လုံး အောက်ခြေ၌ အလွန်တရာ အေးစက်သည့် အငွေ့အသက်များ ရှိနေပေသည်။
"ငါတို့ ဘော့စ် ထပ်မရှင်းရတော့ဘူး မလား၊ ကြည့်ရတာမင်းရဲ့လက်ကို ရိုက်ချိုးစေချင်တာနဲ့တူတယ်"
ကြီးမြတ်လှတဲ့ သခင်လေးချင်ကတော့ ထပ်ပြီး ဆတ်ဆတ်အထိမခံပြန်ဘူး။
ဖူကျို့က ပျင်းရိပျင်းတွဲ အညောင်းဆန့်လိုက်ပြီး နောက်ထပ် အီစီကလီထပ် မရိုက်သည်က ပိုကောင်းမည်ဟု တွေးနေပေသည်။ မဟုတ်လျှင် အကျိုးဆက်အနေဖြင့် သူမ နုပ်နုပ်စဉ်း ခံရပေတော့မည်။
သူမ စဉ်းစားနေစဉ် ဖူကျို့က စုပ်လုံးကို ပါးစပ်ထဲ၌ ငုံထားဆဲဖြစ်သည်။ သူမ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီးမောက်စ်ကို နှိပ်လိုက်ကာ သူမကို ဘော့စ်ရှင်းခ အမြင့်ဆုံးပေးသည့်သူ၏ "ငါသည် ကြီးမြတ်လှသောနတ်ဘုရား၏ မန်နေဂျာဖြစ်သည်" ဟူသော အကောင့် ပရိုဖိုင်ကို နှိပ်ကြည့်လိုက်သည်။
ငါသည် ကြီးမြတ်လှသောနတ်ဘုရား၏ မန်နေဂျာဖြစ်သည်၊ ထူးဆန်းလိုက်တာ၊ ဘယ်လို အကောင့်နာမည်ကြီးလဲ။
ဖူကျို့က ချင်မော့နှင့် စကားပြောနေရင်း ထိုလူကို ညွှန်ပြလိုက်သည်။
ချင်မော့က သည်ကစားသမားကို တစ်ချက်ကြည့်လိုက်ပြီး သူ့နက်မှောင်သည့် မျက်ဝန်းများ၌ အေးစက်မှု အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
မန်နေဂျာက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် သူ့ဘေးမှ လက်ထောက်ကို မေးနေပေသည်။
"စီအီးအိုက တစ်ကြိမ်လောက် ငါ့အမိန့်ကို လိုက်နာအောင် ငါဘယ်လိုလုပ်ရမလဲ"
လက်ထောက်က လည်ပင်းကို ကျုံ့လိုက်ကာ
"စာ....စာရိုက်လေဗျာ"
စာရိုက်ရမယ်။
မန်နေဂျာက ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် အလွန်အမင်း အူမြူးသွားပေသည်။
စီအီးအိုက သူ့ရဲ့အမိန့်ကိုလိုက်နာရမဲ့ တစ်နေ့ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
မန်နေဂျာက သူ့လက်ချောင်းများကို ကီးဘုတ်ပေါ်၌ တင်လိုက်သည်နှင့် စာတစ်ကြောင်း ပေါ်နေသည်ကို တွေ့လိုက်ရပေသည်။
"မင်း အခုချက်ချင်း offlineလုပ်မလား ဒါမှမဟုတ် ငါ မင်းကို ဖုန်းဆက်ပြီး offlineလုပ်ဖို့ ဖိအားပေးရမလား၊ မင်း ကြိုက်တာရွေးလေ၊ ကြီးမြတ်လှတဲ့ နတ်ဘုရားရဲ့မန်နေဂျာဖုန်း"
ဖုန်းရီသည် သူ့ပုံစံအစစ်အမှန်က ထိုသို့ အလျင်အမြန် ပေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူက သူ့နောက်ကျော၌ အေးစက်မှုများ ဖြတ်ပြေးသွားသလို ခံစားလိုက်ရပေသည်။
ထို့နောက် ချင်မော့က ဆက်လက်ပြီး
"ကြည့်ရတာ မင်း ကုမ္ပဏီရဲ့အလုပ်တွေ သေချာမလုပ်ဘူးနဲ့တူတယ်၊ ဂိမ်းဆော့ဖို့တောင် အချိန်ရှိတယ်ဆိုတော့လေ၊ မနက်ဖြန်ကစပြီးတော့ တစ်ပတ်တိတိ အချိန်ပိုဆင်းလိုက်"
ဖုန်းရီ :"...."
ခဏလေး၊ ငါ ခုနလေးကတင် စီအီးအိုကို ခိုင်းစားဖို့ဆိုပြီး ဘော့စ်ငါးကြိမ်သတ်ခ ယွမ် ၅သောင်းကို သုံးလိုက်တာလေ။
သူ ငါ့ကို ပြန်ခိုင်းစားဖို့အတွက်နဲ့ ဒီယွမ်၅သောင်းကို သုံးတာမှ မဟုတ်တာ။
ဒီဟာက ခိုင်းစားတာမဟုတ်တော့ဘူး၊ ထောင်ချောက်သက်သက်ပဲဟ။
ပိုက်ဆံပေးလိုက်ရင် စီအီးအိုကို ခိုင်းစားဖို့ အခွင့်အရေးရမယ်လို့ ထင်ခဲ့တဲ့ ငါ့ရဲ့ဝက်ဦးနှောက်ကို ဖြတ်ရိုက်ခဲ့သင့်တာ။
ပြောတော့ တစ်ယောက်က ပိုက်ဆံပေးနေသရွေ့ တစ်ယောက်က ဘော့စ်ရှင်းပေးမယ်ဆို။
လူလိမ်။
ဖုန်းရီက မျက်ရည် အတောင့်လိုက် ကျဆင်းလာလုနီးပါး ဖြစ်နေပေတော့သည်။
ငါက တစ်ကြိမ်လောက် စီအီးအိုကို ခိုင်းစားဖူးသည်ရှိအောင် ယွမ်၅သောင်းကို သုံးတာလေ။
စီးအီအိုကို သွားမရှုပ်သင့်ဘူး။
ဒါပေမဲ့ ဒီ"Spade Z"ရဲ့တိုက်ခိုက်ပုံကတစ်ကယ်မိုက်တာပဲဟ။
တစ်ချက်တည်းနဲ့ တစ်ခါတည်း အပြတ်ဖြတ်နိုင်တယ်။
ဒီလိုဆိုရင်တောင်မှ စာရိုက်ဖို့ လက်တစ်ဖက်က အားနေသေးတာလား။
ခဏလေး။
သူက စီအီးအိုရဲ့ လှုပ်ရှားမှုတစ်ခုစီတိုင်းနဲ့ တန်းတူညီတူလှုပ်ရှားနိုင်တာလား။
စီအီးအိုရဲ့ အမြန်နှုန်းကို ဂိမ်းမှာ ဘယ်သူမှ လိုက်မမှီဘူးလေ။
ဒီ...ဒီ...ဟာက ဆရာ့ဆရာတွေထဲက ဆရာကြီးပဲ ဖြစ်ရမယ်။
ဖုန်းရီ၏ သွေးများက ကြည့်နေရင်းဖြင့် ပွက်ပွက်ဆူလာပေတော့သည်။
"ဘန်း" ဆိုသည့် မြည်သံနှင့်အတူ သူသည် ထိုင်ခုံပေါ်က ထလိုက်ပြီး လက်ထောက်ကို ဆွဲကိုင်လှုပ်လိုက်ကာ
"ဒီ” Spade Z” ကိုကြည့်ထား၊ မင်း ဘယ်လိုလုပ်မလဲဆိုတာကိုတော့ ငါမသိဘူး၊ ငါ့ကို ဒီလူရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် အပြည့်အစုံကိုရှာပေး၊ သူက ယောကျာ်းလေးလား မိန်းကလေးလား၊ ရည်းစားရှိလားမရှိဘူးလား၊ အသက်ဘယ်လောက်လဲ၊ ဘယ်နေရာကလဲ၊ ဘယ်နေရာမှာနေလဲ၊ ဒါတွေကို ငါဂရုမစိုက်ဘူး။ ငါ ဂရုစိုက်တာက မနက်ဖြန် ငါ့ရဲ့စားပွဲမှာ ဒီလူရဲ့ အချက်အလက် အပြည့်အစုံကို မနက်အစောကြီး ပထမဆုံးမြင်ချင်တာပဲ"
"ဟမ် မန်နေဂျာက သူ့ရဲ့ပုံကို လိုချင်တာလား"
လက်ထောက်က စိတ်ရှုပ်ထွေးလာပေတော့သည်။ သူ့မန်နေဂျာကြီးက မည်သည့်အချိန်မှစ၍ ယွမ်၅သောင်း ဖြုန်းပစ်ရသည်အထိ တုံးသွားလဲ ဆိုသည်ကို တွေးနေမိပေသည်။
ဖုန်းရီ၏ မျက်လုံးအောက်ခြေ၌ အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။
"ငါက သူ့ကို ဒုတိယ ချင်မော့အဖြစ် ကြီးမြတ်လှတဲ့နတ်ဘုရားတစ်ပါးလို ပျိုးထောင်မှာ၊ သူဘယ်လိုပုံစံလဲဆိုတာကို ငါသေချာပေါက်သိဖို့လိုအပ်တယ်၊ သွားတော့" 
ဒီဟာက မထင်မှတ်ထားတဲ့ ဆုလာဘ်ပဲ။
အံ့သြဖို့ကောင်းတဲ့ တိုက်ခိုက်မှုပုံစံမျိုးပဲ။
ဒီလိုတိုက်ခိုက်တဲ့ပုံစံမျိုးက live streamingအတွက်အထူး သင့်တော်တယ်။
ပြီးတော့ စီအီးအိုနဲ့ တွဲဆော့ဖို့ ဒီလိုလူမျိုးကို ငါတို့ အသင်းက လိုကိုလိုတယ်။
အဆိုးဆုံးကတော့ တော်လှပါချည်ရဲ့ဆိုတဲ့ COCOတောင် စီးအီအိုနဲ့ တွဲမဆော့နိုင်ဘူး။
အခုတော့ ငါရှာတွေ့ပြီ။
ဘုရားသခင်က ငါ့ကို စောင့်ရှောက်တာပဲ။
ခဏလေးနေပါဦး၊ ငါ သူ့ကို အရင်addသင့်တယ်။ 
အချို့အကြောင်းအရာလေးတွေ နည်းနည်းပါးပါး ကြိုပြောထားသင့်တာပေါ့။
ဖုန်းရီသည် ချင်မော့က သူ့ပုံစံအစစ်အမှန်ကို ဖော်ထုတ်ပြီး ဖြစ်သောကြောင့် အခြားတစ်ဖက်ကလူမှာ သေချာပေါက်သူ့fri requestကို အလျှင်အမြန် လက်ခံလိုက်မည်ဟု တွေးနေပေသည်။
ဒါပေမဲ့ သူ မထင်ထားတာက... အငြင်းခံရတယ်တဲ့လား။ငါက နိုင်ငံရဲ့ လက်ရွေးစင်ဂိမ်းသမားတစ်ယောက်ရဲ့မန်နေဂျာ၊ မန်နေဂျာကြီးလေ၊ လူတိုင်းနီးပါး ငါ့ကို ဆက်သွယ်ချင်နေကြတာလေဟ၊ ဒါပေမဲ့ ငါအခုအငြင်းခံလိုက်ရတာလား...။
.........

အပိုင်း(၅၉) ကြီးမြတ်လှတဲ့သခင်လေးချင်ဆီက ဖိအားတစ်ခု
ဖုန်းရီက လွယ်လွယ်ဖြင့် အလျှော့မပေးချင်ပေ။ ထို့ကြောင့်သူက fri request ကို ထပ်ကာထပ်ကာ ပို့နေသည်။
နောက်ထပ်တစ်ကြိမ် ဘော့စ်ထပ်ရှင်းပြီးနောက် ပစ္စည်းများ ခွဲဝေယူပြီးသည်နှင့် ဖုန်းရီမှာ အသင်းထဲက ကန်ထုတ်ခံလိုက်ရပေသည်။
ကန်.....ထုတ်.....ခံ.....လိုက်.....ရ.....တယ်။
ဖူကျို့က ယခင် ဂိမ်းဆော့သည့်အချိန်ကတည်းက မည်သည့် fri request ကိုမဆို လက်ခံပေးလေ့မရှိပေ။ 
ကြီးမြတ်လှတဲ့သခင်လေးချင်ကို add မိတာက မတော်တဆမှုတစ်ခုပဲ။ ဘာလို့ ငါလေးက နောက်ထပ်လက်ခံပေးရမှာလဲ။ သေချာပေါက် ငြင်းပစ်မှာပေါ့ဟဲ့။အခုတော့ ငါလေးရဲ့ ဦးတည်ချက်က ပိုက်ဆံများများရဖို့တစ်ခုပဲ။
သူမ ဘဏ်အကောင့်မှ ပိုက်ဆံအမြောက်အမြားက သူမကို ပျော်ရွှင်စေသည်။
နတ်ဘုရားချင်နဲ့ အတူတူ ကစားရတာ တကယ်ကို ခြားနားတာပဲ။ သူက ချောလဲချောပြီး အလွန်ကို စျေးကြီးတာပဲ။
နောက်ထပ် အကြိမ်အရေ အနည်းငယ်မျှ ဆော့ပြီးသည်နှင့် သူမက ယွမ် ၆သောင်းခန့် စုမိနေပြီ ဖြစ်သည်။သူမ လက်တော့ပ် ဝယ်ရန်အတွက် လိုအပ်သည့် ပစ္စည်းအချို့ဝယ်ရန် စုမိနေပြီဖြစ်သည်။
ဒီနေ့ အကြွေးတင်လာတဲ့ ကျောက်ပုစွန်ဖိုးကိုပါ ထပ်ပေါင်းလိုက်ရင် ငါလေးမှာ ယွမ်၄သောင်းဝန်းကျင်လောက်တော့ ကျန်သေးတာပဲ။
ဖူကျို့က သူမ စုပ်လုံးကို ကိုက်လိုက်ပြီး ချင်မော့ကို စာပို့လိုက်သည်။
"ပြီးပြီ အိပ်ချိန်ရောက်ပြီ "
"မအိပ်ခင်လေး အရင်တွက်ကြည့်ဦးမယ် "
ချင်မော့က ကီးဘုတ်ကို ဖြည်းညင်းစွာ ထိလိုက်ပြီး စာရိုက်လိုက်သည်။
" ဒီနေ့ မင်းရှာလိုက်တဲ့ ပိုက်ဆံတွေကိုလေ "
ဖူကျို့က ဆွံ့အသွားမိသည်။
သူမ စုပ်လုံးက ပါးစပ်မှ ထွက်ကျသွားပေတော့သည်။ဘာလို့ နင်လေးက ပိုက်ဆံတွက်ကြည့်မှာလဲ။
နင်လေး စောနက ၉၉၉၉၉၉ စိန်တွေ၊ ပိုက်ဆံတွေ ပေးတုန်းက တွက်ကြည့်ပါလား၊ ဘာလို့ အခုမှ လာတွက်နေရတာလဲဟဲ့။
"ငါလေး ထင်တာက သခင်လေးချင်က ပိုက်ဆံကို အမှိုက်လို သဘောထားတာလို့ထင်နေတာ"
ဖူကျို့က သူမ ငွေရောင်ဆံပင်ကို ဘေးဘက်သို့ သပ်လိုက်သည်။ အစောပိုင်း၌ သူမ ရှာထားသည့် ပိုက်ဆံများကို ခွဲဝေပေးရန် နှမြောတသ ဖြစ်နေသည်။ သည်လို ခံစားချက်ကြီးကို သူမ မကြိုက်ပေ။
ချင်မော့က
" ကြည့်ရတာ မင်း ငါ့ရဲ့စည်းမျဥ်းတွေနဲ့ ပတ်သတ်ပြီး တစ်ခုခု အထင်လွဲနေတဲ့ပုံပဲ၊ ငါက စီးပွားရေးသမားလေ၊ ပိုက်ဆံမရတဲ့အလုပ်ကို ငါ မလုပ်တတ်ဘူး "
သွေးစုတ်ဖုတ်ကောင်ကြီး။
ဖူကျို့က ချင်မော့ကို နာမည်အသစ် ထည့်ပေးလိုက်သည်။ ပြီးနောက် သူမအလုပ်အတွက် ချင်မော့ကို လိုအပ်သည်ကိုတွေးမိပြီး မကောင်းဆိုးဝါးဆန်ဆန်အပြုံးလေးဖြင့်
"ကောင်းပြီလေ ငါလေး နင့်ကို wechat ကနေ တစ်ဝက် လွှဲပေးလိုက်မယ်"
"တစ်ဝက်တဲ့လား အဟမ့်"
ချင်မော့က ပြုံးလိုက်ပြီး
 "ဝေစုက တစ်ဝက်စီ ရမယ်လို့ ဘယ်သူပြောလဲ၊ မင်းက ၁၀ရာခိုင်နှုန်း၊ ငါက ၉၀ ရာခိုင်နှုန်း၊ ဒီလိုခွဲရမှာ"
ဖူကျို့က သည် အလွန်အမင်းမတရားသည့် ဝေစုခွဲပုံခွဲနည်းကို ကြည့်ကာ သွေးပင် အန်ထွက်ချင်လာတော့သည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် ပိုက်ဆံကို ဒီလိုနည်းနဲ့ခွဲတာ နင်လေး မရှက်ဘူးလားဟင်"
"မရှက်ပါဘူး "
ချင်မော့က မထူးမခြားနားလေဟန် ဖူကျို့ကို မေးခွန်းသုံးခု တစ်ပြိုင်တည်း မေးလိုက်သည်။
"ဒီလို အလုပ် request တွေရဖို့ ဘယ်သူ့ရဲ့နာမည်ကို ထည့်သုံးတာလဲ"
"လူတွေက ဘယ်သူ့ကြောင့်ဒီနေရာမှာရှိနေတာလဲ"
" နောက်ဆုံး ဒီ ဘော့စ် ရှင်းခအတွက် ဘယ်သူ့ မန်နေဂျာက ကြေးအမြင့်ဆုံးပေးတာလဲ"
ဖူကျို့:". ......"
" အားလုံးက ငါ့ကြောင့်ပဲ"
ချင်မော့က စီးကရက်တစ်လိပ် မီးညှိလိုက်ပြီး
" ဒါကြောင့်မင်း ၁၀ ရာခိုင်နှုန်းပဲ ရတာကတရားတယ်"
ဒီလောက် အငြိုးထားတဲ့သူနဲ့ ရင်ဆိုင်နေရမှတော့ ဖူကျို့ ဘာများပြောနိုင်ဦးမှာလဲ။
သူမ wechat ကို ဖွင့်လိုက်ပြီး ပိုက်ဆံ အမြောက်အမြားကို လွှဲလိုက်ရလေသည်။
" နောက်ထပ်အများကြီးတူတူဆော့မယ် "
ပိုက်ဆံလွှဲပေးနေတဲ့အတောအတွင်းမှာလဲ ဖူကျို့ဟာ သူမကိုယ်သူမ ငါးအကြီးကြီးမိချင်လို့ သည်းခံလိုက် သည်းခံလိုက်လို့ ဖျောင်းဖျနေရပေသည်။
ချင်မိုနဲ့တစ်ပွဲလေးတူတူဆော့တာနဲ့တင် သူတို့က ယွမ်၆၀,၀၀၀ လောက်စုမိနေပြီ။
နောက်တစ်ကြိမ်ကျရင် ပရိုမိုးရှင်းခပ်များများနဲ့ ပိုက်ဆံများများထပ်ရှာရဦးမယ်။
အခုကိစ္စက ရင်းနှီးမြှုပ်နှံတယ်လို့ဘဲသဘောထားလိုက်ရအောင်ပါ။
ဒါပေမဲ့ ပိုက်ဆံတွေအများကြီးပေးလိုက်ရလို့ ငါလေးရဲ့နှလုံးသားက တဆစ်ဆစ်နာနေတုန်းပဲ။
ပိုက်ဆံလွှဲနေစဉ်အတောအတွင်း၌ သောင်းဂဏန်း အရေအတွက်ရှိသည့် ပိုက်ဆံက ထောင်ဂဏန်း အရေအတွက်သာ ကျန်ရှိနေပေတော့သည်။
ဖူကျို့က စုပ်လုံးကို ကိုက်လိုက်သည်။ သည်လူက သူမ မထိတထိစနေသည့်အချိန်၌သာ ချစ်ဖို့ကောင်းတာ ဖြစ်ပြီး ကျန်အချိန်၌ အကြံပက်စက်တာ ဖြစ်လေသည်။
ဖူကျို့ ပိုက်ဆံလွှဲလို့ပြီးသည်နှင့် ချင်မော့ဆီ အော်ငိုနေသည့် သူ့ မန်နေဂျာမှ ဖုန်းဝင်လာသည်။
" စီအီးအိုချင်ရေ "Spade Z" ကလေ ကျွန်တော့ကို ငြင်းလိုက်တယ်ဗျာ ငြင်းလိုက်တယ် "
ချင်မော့က ဘာတွေဖြစ်ပျက်ခဲ့လဲဆိုသည်ကို အကျဥ်းချုပ် နားထောင်ပြီးနောက် သူ့ဖုန်းကို ဖွင့်လိုက်လေသည်။ ချင်မော့က ငွေလွှဲထားသည်ကို မြင်လိုက်ပြီးနက်မှောင်နေသည့် အလင်းရောင်တစ်ချက်က သူမျက်လုံးများ၌ ဖြတ်ပြေးသွားသည်။
ယွမ်၃သောင်းထက်တော့ များတဲ့ငွေပမာဏပဲ။
သူ ထင်မိသည်က ထိုလူငယ်က ပိုက်ဆံလွှဲပေးရန် အလွန် တွန့်တိုနေမည်ကိုပင်။ ကြည့်ရသည်မှာ ငွေလွှဲပေးရသည်ကို သူဟိုတယ်၌ ယနေ့ အကြွေးပေးရမည့် ပုံစံကဲ့သို့ သူ့စိတ်ဆန္ဒ မပါပေ။
သည်အကြောင်းကို တွေးမိသည်နှင့် ချင်မော့ နှုတ်ခမ်းပါးထက်၌ အပြုံးတစ်ပွင့် ဖြစ်ထွန်းလာလေသည်။ သူကိုယ်တိုင်ပင် သည်အပြုံးကို သတိမမူခဲ့မိပေ။
.........
 
အပိုင်း (၆၀) မအိပ်ခင်လေး သခင်လေးချင်ကို အီစီကလီကြမယ်လေ
ချင်မော့က ကွန်ပျူတာကို ပိတ်လိုက်သော်လည်း ချက်ချင်း မအိပ်ပေ။ ထို့နောက် သူ၏ ရှည်လျားသွယ်လျသည့်လက်ချောင်းများဖြင့် ဖူကျို့ဆီသို့ wechatမှ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
" မင်း အခုလေးတင် မင်းကို လာ addတဲ့သူကို ငြင်းလိုက်တာလား"
ဖူကျို့က တဲ့တိုးဖြေရမည့်အစား အိပ်ရာမဝင်ခင် နတ်ဘုရားချင်မော့ကို အနည်းငယ် အီစီကလီ လုပ်ချင်သေးသည်။ သူမက အသံမက်ဆေ့ချ်ဖြင့်
"ကြီးမြတ်လှတဲ့ သခင်လေးချင်ကလွဲလို့ ငါလေး အကောင့်ထဲမှာ ဘယ်သူနဲ့မှ fri မဖြစ်ချင်ပါဘူးနော်၊ နင်လေး ရန်ခုန်သွားပြီမလား၊ ငါလေးကို နင့်ခန္ဓာကိုယ်နဲ့ အကြွေးပြန်ဆပ်ရင် စိတ်မဆိုးဘူး သိလား၊ သခင်လေးချင်ရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်နဲ့ဆို ငါလေး နင်နဲ့ အိပ်ဖို့ စဉ်းစားပေးလို့ရတယ်"
ချင်မော့က ဖုန်းကိုင်ရင်းဖြင့် ကျန်လက်တစ်ဖက်က ယခုလေးတင်မှ အတွင်းရေးမှူးလျန် ယူလာပေးသည့် ဖိုင်တွဲကို ကိုင်ထားသည်။ သည်ရိသဲ့သံ့နိုင်သည့် အသံက သူ့နားထဲသို့ ဝင်ရောက်သွားသည်နှင့် ထိုလူငယ်၏ စိတ်အားထက်သန်မှုကိုအတိုင်းသား ကြားနေရသည်။
တစ်ဖက်၌ အတွင်းရေးမှူးလျန်က ဖူကျို့အသံကို မကြားလိုက်ရပေ။ သူ့စီးအီးအိုက အကြောင်းရင်းမရှိဘဲ ခေတ္တရပ်တန့်သွားကာ စကားတစ်ခွန်းမျှ မပြောဘဲ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေသည်ကိုသာ သူ မြင်လိုက်ရသည်။
သည်ရှည်လျားသွယ်လျသည့် ချင်မော့ လက်ချောင်းများက နားရွက်ဘေး၌ ဖုန်းကို ဆုပ်ကိုင်ထားပြီး သူ့မျက်ဝန်းများက အေးစက်မှုနှင့် စိတ်အလိုမကျဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။ သူ့ကို ကြည့်ရသည်မှာ တစ်ဖက်လူမှ စကားတစ်ခွန်းထပ်ပြောခဲ့သည်ရှိသော် ထို့လူ့အား နှုတ်နှုတ်စင်းတော့မည် အသွင်ပေါက်နေသည်။
အတွင်းရေးမှူးလျန်က သည်မြင်ကွင်းကို ထပ်ကြည့်ရန် မတတ်နိုင်တော့သောကြောင့် သူ့ခေါင်းကို ငုံ့လိုက်ပြီး ပြန့်ကျဲနေသည့် ဖိုင်တွဲများကို စီနေဟန်ဆောင်လိုက်သည်။
နောက်ဆုံး၌ သူ့စီအီးအိုက သက်ပြင်းချလိုက်ပြီး အေးစက်နေသည့် လေသံဖြင့်
"တကယ်လို့ မင်း နောက်ထပ် အိပ်မယ် ဆိုတဲ့စကား ထပ်ထွက်လာရင် မင်း နောက်ထပ် စကား တစ်သက်လုံး ပြောနိုင်တော့မှာ မဟုတ်တော့ဘူးဆိုတာ ငါ အာမခံရဲတယ်"
အိပ်မယ်တဲ့လား။
အတွင်းရေးမှူးလျန်၏ မျက်ဝန်းများက မီးတောက်လာသကဲ့သို့ သိလိုစိတ် ပြင်းပြနေမိသည်။
ချင်မော့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အခန်းထဲမှ နှင်ထုတ်လိုက်ကာ မျက်နှာသေဖြင့် အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။
အတွင်းရေးမှူးလျန် : “…”
လုပ်စမ်းပါ စီအီးအိုရယ်၊ ဒီလို ညနက်ကြီးမှာ ကျွန်တော်မျိုးကို ဘယ်နေရာကိုများ သွားခိုင်းစေချင်လို့လဲလို့။
ခေါင်မိုးထပ် အပြင်မှာ သောက်ရမ်းအေးနေတာပါဗျာ။
ခိုးနားထောင်သည့်သူကို ဖြေရှင်းပြီးနောက် ချင်မော့က ရှပ်အင်္ကျီကို လက်တစ်ဖက်ဖြင့် ကြယ်သီးဖြုတ်ရင်း ဖူကျို့ကို အသံမက်ဆေ့ချ် ပို့လိုက်သည်။
" မင်းကို ခုနက လာaddတဲ့သူက ငါ့ မန်နေဂျာလေ"
"သိတယ်လေ"
ဖူကျို့က သူမ လက်ချောင်းများဖြင့် ဆံပင်ကို သပ်လိုက်ပြီး ကွန်ပျူတာစားပွဲပေါ်သို့ ခြေဆန့်ထုတ်လိုက်သည်။
" ငါလေး သူ addတာကို လက်မခံချင်ဘူး၊ တကယ်လို့ ငါလေးသာ မှောင်ခိုနည်းနဲ့ နင်တို့အသင်းဆီ ဝင်ချင်ရင် နင်လေးတစ်ယောက်လုံး ရှိနေတဲ့ဟာ ငါ တခြားသူကို လိုအပ်ဦးပါ့မလား စဉ်းစားလေ"
ညနက် နေသောကြောင့်လားဟု သူ သေချာမသိသော်လည်း ထိုကောင်လေး၏ အသံကို နားထောင်ရသည်မှာ ယခင်ကကဲ့သို့ အမြင်ကတ်စရာ မကောင်းတော့ဘဲ နားထောင်လို့ကောင်းနေသည်။
ချင်မော့က သူ့နံဘေးမှ မျက်နှာသုတ်ပဝါကို ယူလိုက်သည်။ သူ ခေါင်းစောင်းလိုက်သည်နှင့် သူ့ အဖြူရောင် ရှပ်အင်္ကျီက တစ်ဝက်ပွင့်လျက် ရှိနေပြီး သူ၏ လှပသော ရင်အုံကြွက်သားများနှင့် ဆွဲဆောင်မှုရှိသည့် v lineက သူ့ ရှပ်အင်္ကျီကို ချွတ်လိုက်စဉ် မသိမသာ ပေါ်နေသည်။
ချင်မော့ ရုတ်တရက် ခဏ ရပ်တန့်သွားမိသည်။တစ်စုံတစ်ခုကို စဉ်းစားမိလိုက်သည်နှင့် သူ့လက်များက ဖုန်းဖန်သားပြင်ကို ထိလိုက်ကာ ဖူကျို့ဆီ အသံမက်ဆေ့ချ် ပို့လိုက်သည်။
"မနက်ဖြန် ချင်ကုမ္ပဏီက ကစားသမား လူသစ်တွေကို ခေါ်ယူဖို့ လူတွေ့စစ်ဆေးပွဲ တစ်ခု ကျင်းပဖို့ရှိတယ်။ မင်းတစ်ခါတည်း အဲဆီကို တန်းလာခဲ့လို့ရတယ်"
" အဲဒါဆို လဝက်လောက်နေမှ ကျင်းပမဲ့ ဂိမ်းပြိုင်ပွဲရဲ့ ပထမအကြိမ် လူတွေ့စစ်ဆေးပွဲကရော"
"အဲဒါက အမြဲတမ်း ကစားသမားအဖြစ် ခန့်မဲ့ လူတွေ့စစ်ဆေးပွဲ၊ အခုဟာက ယာယီအစမ်းခန့် ကစားသမားအနေနဲ့ခန့်မဲ့ စစ်ဆေးပွဲ၊ အဲဒါ အောင်မှ မင်း နောက်တစ်ဆင့် တက်လို့ရမှာ"
ဖူကျို့က ချင်မော့ မည်သည့်အရာကို ဆိုလိုမှန်း နားလည်လေရာ ပြုံးလိုက်ပြီး
" ဟုတ်ပြီလေ အဲဒါဆို မနက်ဖြန် လာခဲ့လိုက်မယ်လေ"
"အင်း"
သည်စကားက ကြီးမြတ်လှသည့် သခင်လေးချင် စာပြန်ခဲ့တာဖြစ်သည်။ ချင်မော့က စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးသည်မှလွဲ၍ ကျန်ကိစ္စများတွင် တိုတိုတုတ်တုတ်သာ စာပြန်တတ်သည်။
ဖူကျို့ကလည်း ကျင့်သားရနေပြီ ဖြစ်သလို ဂရုလည်း မစိုက်ပေ။ သူမက သမ်းလိုက်ပြီး အိပ်ရာထက်၌ လှဲလိုက်ကာ ချင်မော့ကို အသံမက်ဆေ့ချ် ပို့လိုက်သည်။
"Good night”
ရေနွေးငွေ့များဖြင့် ပြည့်နှက်နေသည့် ရေချိုးခန်း၌ ချင်မော့က ထိုမက်ဆေ့ချ်ကို နားထောင်လိုက်သည်။ ထိူအသံက နူးညံ့ပြီး တိုးညင်းပေရာ ထိုလူငယ်၏ လွှမ်းမိုးနိုင်ပြီး စနောက်တတ်သည့် ပုံမှန်အသံနှင့်မတူ ကွဲပြားနေသည်။ သတိမမူမိပါဘဲလျက် ချင်မော့က ထိုအသံမက်ဆေ့ချ်ကို ထပ်ကာထပ်ကာ နားထောင်နေမိသည်။
ရေနွေးငွေ့များဖြင့် ပြည့်နေသည့် ရေချိုးခန်း၌ မည်သူကမှ ကြီးမြတ်လှသည့် သခင်လေးချင်၏ မျက်နှာထက်၌ မည်သည့် အမူအရာရှိနေမည်ကို ခန့်မှန်း၍မရနိုင်ပေ။ 
ထိုအချိန်၌ ဖူကျို့၏ နူးညံ့သည့် " good night”ဆိုသည့် အသံက ရေချိုးခန်းထဲ၌ ပျံ့လွင့်နေပေတော့သည်။
…
 

Search Novels