အပိုင်း(၅၁) ဖူကျို့က ချင်မော့ကို ထပ်ပြီး မြူဆွယ်ပြန်တယ်
ချင်မော့က ဖူကျို့ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းအကြည့်များက နက်ရှိုင်းလွန်းသဖြင့် မည်သည့်အရာများ တွေးနေလဲဆိုသည်ကို ခန့်မှန်းကြည့်လို့ မရအောင်ပင် ဖြစ်နေတော့သည်။
"အစ်ကိုကြီးချင် ကျွန်တော်တို့ဖူမိသားစုရဲ့အိမ်ရာကို ရောက်ပါပြီ"
ဖက်တီးက ကားကို ရပ်လိုက်လေသည်။
ကျောက်ပုစွန်များကို လက်မောင်း၌ တင်းတင်းကြပ်ကြပ်ကိုင်ထားသည့် ဖူကျို့က ချင်မော့ကို တစ်ချက်ကြည့်လိုက်သည်။ ဖူကျို့က ချင်မော့ကို ခေါင်းစောင်းကာ ပြုံးပြလိုက်ပြီး
"ဒီလိုဆိုရင် ငါလေး သွားတော့မယ်နော်၊ ကြီးမြတ်လှတဲ့ သခင်လေးချင်ရေ အိမ်ပြန်ပို့ပေးလို့ကျေးဇူးပါ၊ ခဏလေးနေရင် အွန်လိုင်း မှာတွေ့မယ်နော် တာ့တာ"
သူတို့နှစ်ယောက်က တူတူထိုင်နေကြဆဲဖြစ်သည်။ ချင်မော့က ဖူကျို့၏ အပြစ်ကင်းသည့် မျက်နှာလေးကို ဘေးဘက်မှ မြင်နေရသည့်အပြင် ရှုပ်ပွနေသည့်ဆံပင်များက ဖူကျို့မျက်နှာပေါ်၌ တစ်စနှစ်စ တွဲကျနေသည်ကိုလည်းရှင်းရှင်းလင်းလင်း မြင်ရပေသည်။
သည်မျက်နှာလေးကို ကြည့်ပြီး ချင်မော့ သည်းမခံနိုင်သည့် အဆုံး၌
"ဒီလောက်ပဲလား အခြားတစ်ခုခု ထပ်မပြောတော့ဘူးလား"
အမ်... အခြား ဘယ်ဟာပြောရမှာတုံးဟဲ့။
"အိမ်ကို ဂရုစိုက်ပြန်နော် ဟုတ်ပြီလား၊ အိမ်ပြန်ရောက်ရင် မက်ဆေ့ချ်ပို့ဖို့ မမေ့နဲ့နော်၊ ဘော့စ်တွေ တူတူသတ်ဖို့ နင်လေးကို ခေါ်လိုက်မယ်လေနော်"
ဖူကျို့က လှည့်လိုက်ပြီး ချင်မော့နဖူးထက်က ဆံနွယ်များကို သူမ လက်ချောင်းလေးဖြင့် ပွတ်သပ်လိုက်လေသည်။
"တကယ်လို့ ကြီးမြတ်လှတဲ့ သခင်လေးချင်က ဘော့စ်တွေ တူတူသတ်ပေးမယ်ဆိုရင် ငါလေးကို ပိုက်ဆံပိုပေးကြမှာလေ ဟုတ်တယ်ဟုတ် "
ချင်မော့က
"တကယ်လို့ မင်းရဲ့မိသားစုကိစ္စအတွက်နဲ့ ငါ့ကို လာတွေ့တာဆိုရင် ငါ ကူညီပေးနိုင်ပါတယ် " ဟူ၍ ပြောရန်ပြင်နေစဉ် သည်စကားကို ကြားလိုက်ရတာဖြစ်သည်။
သို့သော် ချင်မော့က ဖူကျို့တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် အံ့ဩနေဆဲ ဖြစ်သည်။
အခုတော့ သူက သေခြင်းတရားနဲ့ အနမ်းပေးချင်နေတယ်နဲ့ တူတယ်၊ ငါ့ဆံပင်ကို လာထိရဲတယ်ပေါ့ ဟုတ်လား ဟမ့်။
ချင်မော့ သက်ပြင်းချလိုက်ပြီး သူ့မျက်လုံးများက ကျဉ်းမြောင်းလာသည်။ ဒေါသထွက်ရလွန်းသဖြင့် သူ့ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချင်မော့က အံကြိတ်ထားသဖြင့် စကားတစ်လုံးကိုပင် ခက်ခက်ခဲခဲ ပြောနေရသည့်အသံဖြင့်
"မင်း.... ထွက်သွားစမ်း"
"စိတ်ဆိုးပြန်ပြီလား"
ဖူကျိုု့က နောက်လှည့်ကြည့်လိုက်ပြီး အကျယ်ကြီး အော်ရယ်လိုက်ပေသည်။ ဖူကျို့က သူမလက်ကို မြှောက်လိုက်ပြီး ချင်မော့ခေါင်းကို တယုတယ ပွတ်သပ်လိုက်ပြန်သည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် အရမ်းတွေမစိမ်းကားနဲ့လေနော်၊ ကောင်းကောင်း ဆက်ဆံပေးလေဟယ်၊ ဒီဟာက ငါတို့နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုလေ၊ မပျော်မရွှင် ဖြစ်မနေနဲ့ ဟုတ်ပြီလား၊ အခုတော့ နေလို့ကောင်းသွားပြီမလား"
အရှေ့ခန်း၌ ထိုင်နေသည့် COCO နှင့် ဖက်တီးက သူတို့ခေါင်းကို အနောက်လှည့်ကြည့်ရန် သတ္တိမရှိတော့ချေ။
ဒီအရူးကောင် ဘာလုပ်နေတာလဲဟ။
အစ်ကိုကြီးရဲ့ဆံပင်ကို ပွတ်သပ်လိုက်တာလား။
ကျားမြီးကို ဆွဲတယ်ဆိုတဲ့စကားကိုကော ကြားဖူးရဲ့လား ဟမ်။
အဲဒါက မင်း အစ်ကိုကြီးရဲ့ဆံပင်ကို ပွတ်သပ်လိုက်တာနဲ့ တူတူပဲကွ။
အစ်ကိုကြီးကတော့ မင်းကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်ဖို့ လက်ယားနေတော့မှာပဲ။
ချင်မော့ခေါင်းက မည်သူ့ဆီကမှ ပွတ်သပ်မခံဖူးပေ။
ချင်မော့ ဒေါသထွက်လွန်းသဖြင့် သူ့လက်ချောင်းများကို ဆုပ်လိုက်ဖြန့်လိုက် အကြိမ်ကြိမ် ပြုလုပ်နေသည်။ သည်းမခံနိုင်တော့သည့် အဆုံး၌ ချင်မော့ ကားတံခါးကို ဖွင့်လိုက်ပြီး ပြုံးနေသည့် ဖူကျို့ကို ကန်ချလိုက်သည်။
"မောင်းတော့"
ချင်မော့ ထိုစကားလုံးနှစ်လုံးကို အေးစက်စွာ ပြောလိုက်သည်။ ထိုစကားများ၌ နွေးထွေးမှု အလျင်းမပါရှိပေ။
ဖက်တီး ခန္ဓာကိုယ်က တုန်ယင်သွားပြီး စကားတစ်ခွန်းမှမပြောဘဲ မောင်းထွက်သွားလေတော့သည်။
ဖက်တီးကြောက်သည်က သူတို့ အခုချက်ချင်း မထွက်သွားရင် ချင်မော့က “Spade Z “ကို တကယ် သတ်ပစ်လိုက်တော့မည်ကိုဖြစ်သည်။
ဖူကျို့က ပျော်ရွှင်နေပြီး သူမ နှုတ်ခမ်းပါးများက အပေါ်သို့ ကွေးတက်သွားလေတော့သည်။ သူမက တောက်ပသည့်အပြုံးလေးဖြင့် ကားဆီသို့ လက်ဝှေ့ယမ်းပြလိုက်သည်။
သည်အပြုံးက ချင်မော့ မျက်လုံးများကို အနှောင့်အယှက်ဖြစ်စေပေသည်။ ချင်မော့က နှာခေါင်းရှုံ့လိုက်ပြီး ဦးခေါင်းကိုလှည့်လိုက်သည်။
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်သည်။
အံမယ် နင်လေးက ငါ့ကို မျက်နှာလွှဲလိုက်တယ်ပေါ့။ စိတ်မပူနဲ့ ငါလေးမှာနင့်ကို စိတ်အနှောင့်အယှက်ပေးဖို့ နည်းလမ်းတွေအများကြီးပဲ သိလား။
ဖူကျို့က ခေါင်းငုံ့လိုက်ပြီး ချင်မော့ကို wechat ၌ စာပို့လိုက်သည်။
"သခင်လေးချင် အိမ်ရောက်ရင် ဂိမ်းဆီကိုဝင်လာဖို့ မမေ့နဲ့နော်၊ ငါလေးလို ကျွမ်းကျင်အဆင့် ကစားသမားက နင့်ကို ဘော့စ်တွေရှင်းဖို့ ခေါ်သွားပေးမှာပါနော်၊ နင်လေးဂုဏ်ယူသင့်"
ချင်မော့က သူ့မေးရိုးကို ကိုင်လိုက်ပြီး မက်ဆေ့ချ်ကို ကြည့်လိုက်လေသည်။ နောက်ထပ်တစ်ကြိမ် နှာခေါင်းထပ်ရှုံ့လိုက်ပြီး
"ဘော့စ်တွေ ရှင်းဖို့ မင်းကို ငါကလိုအပ်လို့လား"
"ဒီလိုဆိုရင် နင်လေး ငါ့ကိုခေါ်သွားလေ ဘယ်လိုပဲဖြစ်ဖြစ် တူတူပဲဟာကို"
ဖူကျို့က စာရိုက်လိုက်ပြီး ပြုံးနေသည့် အီမိုဂျီလေးထပ်ပြီးမပို့ခင်၌
"သူငယ်ချင်းတွေနဲ့ တူတူကစားရတာပျော်ဖို့ကောင်းတယ်လေဟာ"
ချင်မော့က သည်တစ်ကြိမ်၌ ဖူကျို့ကို ထပ်မငြင်းဆန်တော့ပေ။ ထို့နောက် ရိုးရိုးရှင်းရှင်း စကားလုံးနှစ်လုံးဖြင့်သာစာပြန်လိုက်လေသည်။
"ကောင်းပြီ"
ဒီလိုဆိုရင် နင်လေး သဘောတူတယ်ပေါ့။
ဖူကျို့က သူမ၏ လှပသည့် မျက်ခုံးကို ပင့်လိုက်သည်။
ကြည့်ရတာ ဒီသခင်လေးချင်က လုံးဝ လူမပီသတာတော့ မဟုတ်ဘူးပဲ။
တကယ်လို့ ဒီကြီးမြတ်လှတဲ့ သခင်လေးချင်က ငါလေးနဲ့ တူတူ ဘော့စ် ရှင်းမယ်ဆိုရင် မစ်ရှင် တစ်ခုစီတိုင်းအတွက် သတ်မှတ်ထားတဲ့ ပိုက်ဆံက အရင်ကထက် ပိုပြီးချက်ချင်း တက်ပြေးသွားမှာပဲ။
ပြီးတော့ သူနဲ့ ဘော့စ်တူတူရှင်းနေတာကို ဓာတ်ပုံရိုက်ထားလိုက်မယ်ဆိုရင် ပိုက်ဆံတောင်ပိုရဦးမှာ။
ဟွင်းဟွင်း သခင်လေးချင်နဲ့တူတူ ဘော့စ်ရှင်းနိုင်ကြဖို့ဆိုတာမလွယ်ဘူးလေ၊ ပုံမှန်စျေးတွေကတော့ ငါလေးလုံးဝလက်မခံနိုင်ဘူး။
နိုးပဲ။ ငါလေးကို ဗီအိုင်ပီ စျေးလိုမျိုးပေးမှ ကျေနပ်နိုင်မှာ။
မဆိုးဘူး မဆိုးဘူး၊ ဒီလိုဒိတ်တာကလည်း အကျိုးအမြတ်တော့ရှိသား။
နောက်ဆိုရင် ငါလေးဘယ် ဘော့စ်ကို ရှင်းရှင်း၊ နင်လေးတူတူ လိုက်ခဲ့ရမယ်နော်၊ ရဒီလိုဆိုရင် ပိုက်ဆံတွေက အလုံးအရင်းနဲ့ ဝင်လာမှာပဲ ဟိဟိ။
......................

အပိုင်း(၅၂) နတ်ဘုရားချင်နဲ့ဆက်ပြီး အီစီကလီရိုက်လိုက်ဦးမယ်
သည်အကြောင်းကို တွေးလိုက်သည်နှင့် ချက်ချင်း ဖူကျို့က စိတ်ညစ်နေသည်များ ပျောက်သွားပြီး သူမလက်ဆီက ကျောက်ပုစွန်များအတွက် ဝမ်းမနည်းနေတော့ပေ။
ဒီသခင်လေးချင် ငါလေးဆီက ငွေတွေ ဘယ်လောက်ပဲ့အလစ်သုတ်သွားသွား နောက်တစ်ခါကျရင် ငါလေးကတော့ နင့်ဆီက ပြန်ယူပြမယ်၊ ဒီဟာက တရားမျှတယ်လို့ခေါ်တယ်အသည်းလေးရဲ့။
ထိုအချိန်၌ ချင်မော့၏ နက်မှောင်သည့် မျက်ဝန်းများက ဖူကျို့ ပို့လိုက်သည့် စာများကို ရှုပ်ထွေးနေသည့် ခံစားချက်ပေါင်းစုံနှင့် စူးစိုက်ကြည့်နေပေသည်။
ဒီကောင်လေးက တကယ့်ကို သူ့မိသားစုကုမ္ပဏီအကြောင်း တစ်ခွန်းမှမပြောခဲ့ဘူးပဲ၊ ငါထင်တာက သူသေချာပေါက် ပြောလိမ့်မယ်လို့ပေါ့။
COCOက လှည့်လိုက်ပြီး ချင်မော့ကို ကြည့်ကာ မဝံ့မရဲဖြင့်
"ကြည့်ရတာ ဖူကျို့က သူ့ရဲ့မိသားစုကိစ္စအတွက်နဲ့ အစ်ကိုကြီးဆီ လာတာမဟုတ်ဘူးနဲ့တူတယ်။ သူ တစ်ညအတွင်းမှာ ဒီလောက် မြန်မြန်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံနိုင်စရာမရှိဘူး။ အစ်ကိုကြီးကို ချဉ်းကပ်ဖို့ပဲ ကြံစည်နေတာများလား။ အစ်ကိုကြီး အရင်က နူးညံ့သိမ်မွေ့တဲ့ပင်ကိုယ်စရိုက်ကို သဘောကျတယ်ဆိုတာကို သူ သိချင်သိနေမှာပေါ့။ အခုတော့ သူထပ်ပြီးတော့ ဟန်ဆောင်စရာ မလိုတော့ဘူးထင်ပြီး သူ့ရဲ့ပင်ကိုယ်စရိုက်ကို လှစ်ဟပြတာများလား"
ချင်မော့က wechatမှ ဖူကျို့ ပရိုဖိုင်ကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး
"သူ့လိုဦးနှောက်မျိုးနဲ့ သူ့မှာ ဒီလို အရည်အချင်း ပြည့်ဝတဲ့ သရုပ်ဆောင်စကေးတွေ ရှိနေမယ်လို့ ထင်လား"
ထိုအရာကို ကြားပြီးသည်နှင့် COCO နှုတ်ခမ်းက အကြောဆွဲချင်သလိုလိုပင် ဖြစ်သွားတော့သည်။
အိုက်ယား အစ်ကိုကြီးရေ အရင်က ဖူကျို့ကိုတုံးတယ်လို့ထင်နေတာတော့ ဟုတ်တယ်လေ၊ အခုတော့ သူပြောင်းလဲသွားပြီဟာကို၊ အရင်လိုခပ်တုံးတုံး မဟုတ်တော့ဘူးဗျ၊ သူ တကယ်လည်း ဟန်ဆောင်နေတာ ဖြစ်ချင်ဖြစ်မှာပေါ့လို့။
ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ သူသာသရုပ်ဆောင်နေတယ်ဆိုရင် ဘာလို့ ငါတို့ကို သူက"Spade Z"ပါလို့ ပေးသိစေရတာလဲ။
ထိုအရာကို တွေးမိလိုက်သည်နှင့် COCOက "Spade Z” ၏ ပြောဆိုဆက်ဆံမှုစွမ်းရည်ကို အထင်ကြီးမိသွားသည်ဟု ခံစားလိုက်ရပေသည်။
တကယ်လို့ သူက သရုပ်ဆောင်တော်တယ်ဆိုရင် ဘာလို့အစ်ကိုကြီးကို အီစီကလီတွေ ခဏခဏရိုက်ပြီး သွေးတက်သေအောင် လုပ်ရတာလဲဟမ်။
ဒီလိုဆိုရင် ဘယ်အကြောင်းအရင်းက အစ်ကိုကြီးကိုလာတွေ့စေလောက်တဲ့ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်နိုင်မလဲ။ သူ့မိသားစုနောက်ခံ ပြောင်းသွားခြင်းကြောင့်များလား။
COCO က မဖော်ထုတ်နိုင်ခဲ့ပေ။
"တကယ်လို့ သူသာ ဒီလိုဆက်ပြီးနေမယ်ဆိုရင် ငါလည်း သူ့ကို ဂရုစိုက်စရာအကြောင်းမရှိဘူး"
ချင်မော့ဟာ ထိုသို့ပြောပြီးသည်နှင့် နောက်ကိုမှီကာ မျက်လုံးမှိတ်ထားလိုက်ပေတော့သည်။ သူ့၏နက်မှောင်ပြီး အနည်းငယ်ပွနေသောဆံပင်က ရှုပ်ပွမှုတစ်မျိုးကို ဖြစ်ပေါ်နေစေသည်။ ချင်မော့ဟာ သူ့ခေါင်းဆီက တစ်စုံတစ်ခုကို ခံစားမိပြီး သက်သောင့်သက်သာမရှိ ဖြစ်နေလျက် ပွယောင်းနေသော ဆံပင်အချို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်လိုက်လေသည်။
COCOနှင့် ဖက်တီးက သည်စကားကို ကြားလိုက်သည်နှင့် အေးခဲသွားပေတော့သည်။
ဒီလိုဆက်နေမယ်ဆိုရင်တဲ့လား၊ ဘယ်လို ဆက်နေတာကိုပြောတာလဲ၊ အစ်ကိုကြီးနဲ့ အီစီကလီ ရိုက်ရိုက်နေတာကိုပြောတာလား။
COCOက သူ့ခေါင်းကို ငုံ့လိုက်ပြီး ယုန်အရုပ်နားရွက်ကို ကိုက်လိုက်လေသည်။
အစ်ကိုကြီးက "Spade Z"ကို တကယ်အလိုလိုက်လွန်းတာပဲ။
သည်နေ့ည၌ ချန်ရှောင်တုံးက ဟိုဟိုသည်သည် စောင့်ကြည့်ရင်းဖြင့် ဂိတ်ပေါက်ဝ၌ စောင့်နေပေသည်။
သူက ဖူကျို့ကို သေမတတ် စိုးရိမ်နေပေသည်။ အကြောင်းအရင်းမူကား ဖူကျို့ဆီက "သူလဲသိပြီးသားနေမှာ" ဟု စာပြန်ပြီးချိန်မှစ၍ ထပ်အဆက်အသွယ်မရတော့သောကြောင့် ဖြစ်ပေသည်။
ချန်ရှောင်တုံး နှလုံးသားက သည်စကားကြောင့် ကွဲကြေသွားပေတော့သည်။
သခင်လေးပြောတဲ့ "သူလဲသိပြီးသားနေမှာ"ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ။
ဒီလိုဆိုရင် သခင်လေးချင်က ငါတို့သခင်လေးက သူနဲ့အိပ်ချင်တာကို သိပြီးသားလို့ဆိုလိုချင်တာလား။
သခင်လေး အိမ်ကို အန္တရာယ်ကင်းကင်း ပြန်မရောက်နိုင်တော့ဘူးပေါ့။
ချန်ရှောင်တုံး မျက်လုံးများက ပြူးကျယ်သည်ထက်ပြူးကျယ်လာပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်လေသည်။
မဟုတ်သေးဘူး၊ ငါ တစ်ခုခုလုပ်မှဖြစ်တော့မယ်၊ စစ်တပ်ထဲခိုးဝင်ပြီး သွားကြည့်ရင်ကောင်းမလား၊ ချင်မိသားစုကအများအားဖြင့် ဒီနေရာမှာနေကြတာပဲကို။ ချန်ရှောင်တုံးက စိုးရိမ်မှုကြောင့် ခုန်ဆွခုန်ဆွလုပ်နေစဉ် ဖူကျို့က သူ့ပခုံးကို အနောက်ကနေ လှမ်းပုတ်လိုက်သည်။
"ဘာလို့ ညဘက်ကြီးအပြင်ထွက်ရပ်နေတာလဲ ရှောင်တုံးရေ"
"သခင်လေး"
ချန်ရှောင်တုံး၏ မျက်လုံးများက တောက်ပသွားပြီး
"အသက်ရှင်လျက်ပြန်လာသေးတယ်နော် သခင်လေး၊ အရိုက်တွေဘာတွေခံရသေးလားဟင်၊ အဆင်ပြေပါတယ်၊ ကျွန်တော့်ကိုရင်ဖွင့်လို့ရတယ်နော်၊ သခင်လေးရဲ့ဒဏ်ရာတွေကိုဆေးထည့်ဖို့ ဆေးသွားယူလိုက်ဦးမယ် ခဏနော် သခင်လေး"
ဖူကျို့က သည်စကားကို ကြားလိုက်သည်နှင့် သူမ နားထင်ကို ပွတ်လိုက်ပြီး
"နင်ဘာလို့ ငါလေးကိုခဏခဏအရိုက်သတ်ခံရဖို့ပဲ ဆုတောင်းနေတာလဲဟမ်၊ သေချာကြည့် ငါလေးခန္ဓာကိုယ်မှာ မှဲ့အပိုတစ်စက်တောင်မစွန်းဘူးဟဲ့"
ဖူကျို့ ထိုသို့ ပြောလိုက်မှသာ ချန်ရှောင်တုံးက သူ့သခင်လေး အကောင်းပကတိ ရှိနေသေးသည်ကို ယုံကြည်သွားပေသည်။ ထို့ပြင် သူ့သခင်လေး၏ မျက်နှာက သွေးရောင်လွမ်းနေပြီး ပါးမို့မို့လေးများပင် နီနေသေးသည်။ သူက မရှင်တရှင် ကျောက်ပုစွန်နှစ်ကောင်ကို လက်၌ ကိုင်ထားပေသေး၏။
ချန်ရှောင်တုံးက စပ်စုလိုစိတ်ဖြင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး
"သခင်လေး ဒီကျောက်ပုစွန်တွေကို ဘယ်ကရလာတာလဲ၊ သူတို့က အသက်တောင်ရှိနေသေးသလိုပဲ"
………..

အပိုင်း (၅၃) နတ်ဘုရားချင်နဲ့အီစီကလီဖို့ ဂိမ်းထဲဝင်ကြပါစို့
ကျန်းမြို့က ပင်လယ်နှင့် မနီးသောကြောင့် ထိုသို့ ကျောက်ပုစွန်အကောင်ကြီးများက အသက်မရှိဘဲ သေနေလျှင်တောင်မှ အလွန် ဈေးကြီးပေသည်။
အခု သူ့သခင်လေးကိုင်ထားတာက အရှင်လတ်လတ်ကြီးလေ၊ ဘယ်လိုတောင် ဈေးကြီးလိုက်မဲ့ဖြစ်ခြင်း။
ဟိုတလောက သခင်လေး ပိုက်ဆံပြတ်နေတာဆို။
အခုကျတော့ ဈေးအကြီးဆုံးအရာတွေကိုလက်ဝယ်ပိုက်လို့။
"ကြီးမြတ်လှတဲ့သခင်လေးချင်က ငါလေးကိုပေးတာလေ"
ဖူကျို့က ထိုကျောက်ပုစွန်များကို ချန်ရှောင်တုံး လက်အတွင်းသို့ ပစ်ပေးလိုက်လေသည်။
"ဒီဟာတွေကို ရေပုံးထဲထည့်ပြီး အန်တီလင်းကို ပေးလိုက်၊ အမေလာတဲ့အခါကျရင် ဒီကျောက်ပုစွန်တွေကို အမေ့အတွက်ချက်ပေးဖို့ပြောလိုက်"
ချင်....ချင်၊ သခင်လေးချင်ဆီက ကျောက်ပုစွန်။
ချန်ရှောင်တုံး၏ မျက်လုံးများက အရင်ကထက်ပို ပြူးကျယ်သွားပေသည်။ သူ့လက်ထဲက ကျောက်ပုစွန်များက အရင်ကထက်ပိုပြီး လေးလံလာသလို ခံစားလိုက်ရပေသည်။
ငါတို့သခင်လေးနဲ့ သခင်လေးချင်က လက်ဆောင်တွေပေးရလောက်တဲ့အထိကို ရင်းနှီးကုန်ပြီလားဟ။
ဟုတ်ချင်ဟုတ်မှာပေါ့။ တစ်စုံတစ်ယောက်က သူနဲ့အိပ်ချင်တယ်လို့ ပြောတာတောင် ဒီလူက အသက်ရှင်နေသေးတယ်ဆိုတော့.....ဥပမာ ငါတို့သခင်လေးလိုပေါ့။
ငါတို့သခင်လေးက သူ့ချစ်ခြင်းမေတ္တာဘာညာသလကာကို သခင်လေးချင်ဆီ ပထမဆုံးအကြိမ် ဖော်ပြတုန်းကတောင်သခင်လေးချင်က သူ့ကို လက်တစ်ဖက်တည်းနဲ့ သေအောင် ရိုက်သတ်လုနီးပါးပဲလေ။
အခုတော့ သူက သခင်လေးကို ထူးထူးဆန်းဆန်း လက်ဆောင်တွေဘာတွေ ပေးလို့ပါလား။
ဒါပေမဲ့ ကျောက်ပုစွန်တွေကို လက်ဆောင်ပေးတာက နည်းနည်းများ ထူးဆန်းမနေဘူးလားလို့။
ကြီးမြတ်လှတဲ့သခင်လေးချင်ရဲ့ကမ္ဘာက ငါတို့လို သာမန်လူတွေ အမြဲနားလည်နိုင်တဲ့နေရာမှမဟုတ်တာ။
"ခဏလေး သခင်လေး ဘယ်သွားမလ်ို့လဲ"
ဖူကျို့ အပေါ်ထပ် ပြေးတက်သွားသည်ကို ကြည့်နေသည့် ချန်ရှောင်တုံးက စကားတစ်ခွန်းကိုတော့ မေးဖြစ်အောင် မေးလိုက်ပေသည်။
ဖူကျို့က အခန်းတံခါးကို မပိတ်ခင်
"ဂိမ်းထဲ log in ဝင်ပြီး ကြီးမြတ်လှတဲ့သခင်လေးချင်နဲ့အီစီကလီရိုက်မလို့"
ချန်ရှောင်တုံး: "......."
ချန်ရှောင်တုံးနှင့် အန်တီလင်းက သူတို့သခင်လေးကမကောင်းဆိုးဝါးများ ဝင်ပူးသွားပြီလားဟု တွေးနေကြပေသည်။
ယခင်က သူတို့သခင်လေးက ယောက်ျားတစ်ယောက်အတွက် နေ့နေ့ညည မနားဘဲ အရူးတစ်ယောက်လို ဂိမ်းချည်း ထိုင်ဆော့နေခဲ့တာ ဖြစ်လည်။ ရူးလွန်းသဖြင့် အိပ်ချိန်၊ စားချိန်ပါမေ့ပြီး ဂိမ်းချည်းပဲ ဆော့နေတော့တာဖြစ်လေသည်။
ဒါပေမဲ့ သူတို့သခင်လေး အကောင်းဆုံးကြိုးစားပြီးဆော့တာကို သိပေမဲ့ သူကဂိမ်းထဲက ကာရိုက်တာတွေကို ဘယ်လိုကျွမ်းကျွင်စွာ ကိုင်တွယ်ရမလဲဆိုတာတောင် မသိဘူးလေ။ သခင်မကြီး ကုမ္ပဏီကို စတည်ထောင်တဲ့အချိန်ကျမှ ချန်ရှောင်တုံးနှင့် အန်တီလင်းက သူတို့ရဲ့သခင်လေး အွန်လိုင်းဂိမ်းဆော့တာ သောက်ရမ်းညံ့တာကို သိသွားပေတော့တယ်။
ဒီလို အမျိုးကောင်းသားကြီးက ထူးဆန်းစွာနဲ့ သခင်လေးချင်နဲ့ အချိတ်အဆက်မိသွားတယ်တဲ့လား။
ပြောရမယ်ဆို တစ်ခါတစ်လေကျရင် လူတစ်ယောက်က မမျှော်လင့်ဘဲ ရုတ်တရက်ကြီး ကံကောင်းမှုတွေအလုံးအရင်းဝင်လာတာကြောင့် လူတွေကအံ့အားသင့်ရတာမျိုးပေါ့။
အန်တီလင်းက သည်ကျောက်ပုစွန်များကို မချက်ရဲပေ။ သည်ကျောက်ပုစွန်များက သခင်လေးချင် လက်ဆောင်ပေးထားသည်ကို ကြားလိုက်သည်နှင့် ထိပင်မထိရဲတော့ချေ။ ထိုအစား သူမက ကျောက်ပုစွန်များကို သစ်သားစည်ထဲ၌ ထည့်ထားပြီး ရေညှိမျှင်ကိုတောင် ထည့်ထားပေးလိုက်သေးသည်။ ထို့နောက် သည်သစ်သားစည်ကို ဖူကျို့ အိပ်ခန်းဆီသို့ သယ်သွားပေးလိုက်သည်။
ဖူကျို့သည် ရေချိုးခန်းက ထွက်လာသည်နှင့် ပျော်ရွှင်နေသည့် ကျောက်ပုစွန်နှစ်ကောင်က သူတို့ လက်မကြီးဖြင့် ဝှေ့ယမ်းပြနေသည်ကို မြင်လိုက်ရလေသည်။ ဖူကျို့က ကျောက်ပုစွန်တစ်ကောင်ကို ယူလိုက်ပြီး ကြည့်လိုက်ကာ ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။ ထို့နောက် သည်ပုံကို ချင့်မော့ဆီ ပို့လိုက်ကာ
"ငါလေးရဲ့အိမ်မွေးကျောက်ပုစွန်လေးကို သုံးပြီး ကြီးမြတ်လှတဲ့သခင်လေးချင်ကို နှိုးရမယ်"
သည်ပုံ၌ သူမ၏ ရှုပ်ပွနေသည့် ငွေရောင်ဆံပင်များနှင့် လည်ပင်းညှပ်ရိုး တစ်စွန်းတစ်စ ပါသွားသည်ကို ဖူကျို့သတိမထားမိလိုက်ပေ။
ချင်မော့သည် သူ့ဖုန်းကို ဖွင့်လိုက်ပြီး ဖူကျို့ ပို့ထားသည့်ပုံကို ကြည့်လိုက်သည်နှင့် သည်လူငယ်လေး၏ ချောမွေ့သောအသားအရေနှင့် လည်ပင်းညှပ်ရိုးကို ဦးစွာမြင်လိုက်ရတာဖြစ်သည်။ ချင်မော့ မျက်လုံးများက ရပ်တန့်သွားပြီး မျက်မှောင်ကြုံ့ကာ အနည်းငယ် အေးစက်နေသည့်ပုံဖြင့် စာရိုက်လိုက်လေသည်။
"ဒီလိုပုံမျိုး နောက်ထပ်လာမပို့နဲ့" ဒီလိုပုံမျိုး။
ငါလေး ပို့လိုက်တဲ့ပုံက ဘယ်နေရာကများမှားနေလို့လဲဟဲ့။
ဖူကျို့က သူမလက်ထဲမှ ကျောက်ပုစွန်ကို ကြည့်လိုက်သည်။
ဒီကျောက်ပုစွန်က ဘယ်နေရာကများ မှားနေလို့လဲ။
ပြီးတော့ ဒီကျောက်ပုစွန်ကို နင်ပဲလက်ဆောင်ပေးတာလေဟယ်။
ထားလိုက်တော့။ ငါတို့စီးပွားရေးကိစ္စဆက်ဆွေးနွေးရဦးမယ်။
"ဂိမ်းဆီ ရောက်နေပြီလား"
ဖူကျို့က ကွန်ပျူတာ ဖွင့်ထားလျက် ချင်မော့ဆီ အသံမက်ဆေ့ချ်ပို့လိုက်သည်။
ချင်မော့ သူ့ဖုန်းကို နား၌ ကပ်လိုက်သည်နှင့် သူမ ကွန်ပျူတာဆီက ဆူညံသံကို ကြားလိုက်ရသည်။
ဒီကောင်လေးက ဂိမ်းဆော့ဖို့အတွက် ဒီကွန်ပျူတာအစုတ်လေးကို သုံးနေတာလား။
"ငါ့ကို သေမင်းတမန်တံတားဆီမှာ စောင့်နေလိုက်"
ဖူကျို့က သေချာပေါက် မငြင်းဆန်ခဲ့ပေ။ သူမက ကာရိုက်တာတစ်ခုကို ရွေးလိုက်ပြီးသည်နှင့် သေမင်းတမန်တံတား၌စောင့်နေပေသည်။
ဒင်။
တစ်စုံတစ်ခု ပို့လာပေသည်။
သင့်ရဲ့သူငယ်ချင်း ချင်မော့က သင့်ကို ၉၉၉၉၉၉ in-game ရွှေဒင်္ဂါး ပေးပို့ထားပါတယ် လက်ခံပါသလား။
သည် ရွှေဒင်္ဂါးတင်မက ထပ်ပြီးတော့ ရှိပေသေးသည်။
နောက်ထပ် မက်ဆေ့ချ်တစ်ခုက ချက်ချင်း ထပ်ဝင်လာသည်။
သင့်ရဲ့သူငယ်ချင်း ချင်မော့က ၉၉၉၉၉၉ စိန် ပေးပို့ထားပါတယ် လက်ခံပါသလား။
....................

အပိုင်း (၅၄) ချင်မော့ : ဒီဟာက ငါတို့တွေ့ဆုံမှုအတွက် လက်ဆောင်
သင့်ရဲ့သူငယ်ချင်း ချင်မော့က ၉၉၉၉၉၉ in game ရွှေဒင်္ဂါးပေးပို့ထားပါတယ် လက်ခံပါသလား။
၉၉၉၉၉၉ in-game ရွှေဒင်္ဂါးတဲ့လား။
ဒီရွှေဒင်္ဂါးတွေက တကယ့်ပိုက်ဆံနဲ့ဆို ယွမ် ကိုးသိန်းကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုး လောက်ကျတယ်လေဟ၊ စိန်သာဆိုရင်တော့ ဘယ်လောက်တောင်ဈေးကြီးလိုက်မဲ့ဖြစ်ခြင်းလဲ။
တစ်စုံတစ်ယောက်က ပိုက်ဆံအများကြီး ရှိနေလျှင်တောင် ထိုစိန်များကို ရရန် အလွန်ခက်ခဲပေသည်။
ဒီကြီးမြတ်လှတဲ့သခင်လေးချင်က ဘာတွေလုပ်နေတာလဲဟယ်။
ဖူကျို့က မည်သို့ပင် ဉာဏ်ကောင်းသည်ပြောပြော သည်တစ်ကြိမ်၌ ချင်မော့ ဘာတွေးနေမှန်း မခန့်မှန်းနိုင်တော့ပေ။
"လက်ခံလိုက်"
ချင်မော့က ပြောလိုက်သည်။
 "ငါတို့ပထမဆုံးတွေ့ဆုံမှုအတွက် လက်ဆောင်ပေါ့"
ဖူကျို့ : "..............."
ကြီးမြတ်လှတဲ့သခင်လေးချင်ရေ ဒီလိုလုပ်ရတယ်လို့ ဘယ်သူသင်ပေးလိုက်တာလဲဟမ်။
ဘာလို့ နင်လေး ငါ့ကို စေ့စပ်လက်ဆောင်ပေးနေတယ်လို့ ခံစားနေရတာပါလိမ့်။
နင်လေးလို ဂိမ်းထဲသူငယ်ချင်းကို ရော့အင့်ဆိုပြီး ပိုက်ဆံကြီး ချက်ချင်းလာပေးတဲ့သူမျိုးကိုတော့ ငါ ဒီတစ်သက်မမြင်ဖူးသေးပါဘူးနော်။
ဒီကောင်ကတော့ ချမ်းသာပြီးအကွက်ကျတာပဲ။ နင်လေးနဲ့တွေ့ရတာ ငါ ကံကောင်းသလား ကံဆိုးသလား ဆိုတာတောင်ခွဲခြားလို့ မတတ်တော့ဘူးနော်။
ဖူကျို့က သည်လိုတွေးလိုက်မိိသော်လည်း
"လက်ခံသည်"ဆိုသည့် ခလုတ်ကို မနှိပ်သေးပေ။  á€›á€˝á€žá€ąá€’င်ယဂဍးဥစဏး သူမက စိန်ကိုတော့ လက်ခံလိုက်တာဖြစ်သည်။ သို့မှသာ ဖူကျို့က စိန်ကို အသုံးပြုပြီး သူမကိုယ်သူမလူသစ် ဟု ထင်ရအောင် လှည့်စားနိုင်မည့် အကောင့်အသစ်လေးတစ်ခု ထပ်ဖွင့်နိုင်ပြီး အကောင့်နှစ်ခုလုံးအတွက်လက်နက်များကို ပြုလုပ်နိုင်မည်ဖြစ်ပေသည်။
"မင်း ပိုက်ဆံလိုနေတာဆို"
ကြီးမြတ်လှသည့် သခင်လေးချင်က လူများ ပြောကြသည့်အတိုင်း အံ့ဩဖွယ်ကောင်းပေသည်။ သူ့စကားပြောပုံမှာ အေးစက်ပြီး မာနကြီးကာ တဲ့တိုးဆန်ပေသည်။
ဖူကျို့က စုပ်လုံးကို အခွံချွတ်လိုက်ပြီး အပြုံးတစ်ပွင့် ဆင်မြန်းထားပေသည်။
"အင်းဟုတ်တယ် ဒါပေမဲ့ ကြီးမြတ်လှတဲ့သခင်လေးချင်၊ နင်လေး ဒီလိုပိုက်ဆံတွေ ဆက်ပို့ပေးနေမယ်ဆိုရင်လေ နင်လေးက ငါ့ကို နင်ရဲ့ သကြားဘေဘီလေးအဖြစ် နေခိုင်းစေချင်နေတာလို့ သေချာပေါက်တွေးမိတော့မှာနော် သိလား"
မောက်စ်ပေါ်၌ ရှိသည့် ချင်မော့လက်ချောင်းများက တင်းကျပ်သွားပေတော့သည်။ သူက အလွန်အမင်း အေးစက်သည့်လေသံဖြင့် ရယ်လိုက်ပြီး
"မင်း ခုနက လက်ခံလိုက်တဲ့စိန်တွေ အခုချက်ချင်း ပြန်ပေး"
"ငါလေး ဒီဟာကိုလိုတယ် "
ဖူကျို့က စုပ်လုံးကို ပါးစပ်၌ ငုံထားရင်း ခြေချိတ်ထိုင်ကာ အလျင်အမြန် စာပြန်လိုက်လေသည်။
"ကြီးမြတ်လှတဲ့သခင်လေးချင် ငါလေး နင့်ကို ဒီလို ဟန်ဆောင်ပန်ဆောင်မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း စနောက်နေတာက နင့်ကို အစ်ကိုတစ်ယောက်လို့မှတ်ယူထားလို့ပဲ၊ အဲ့လောက်ကြီး ကပ်စေးမနည်းပါနဲ့ဟယ်၊ နင်လေးက ယောကျာ်းကောင်းလေ၊ ဒီလိုဆိုရင် ပေးပြီးသားကို ပြန်ယူလို့ ဘယ်ကောင်းမလဲ ဟုတ်တယ်ဟုတ်၊ ငါလေးမှာ အလုပ် ပေါ်လာပြီ၊ လာလာလာငါတို့ ဘော့စ်သွားရှင်းကြရအောင်၊ အိုက်ရိုး နင်လေးက လိမ္မာလိုက်တာ "
ချင်မော့၏ နက်မှောင်သည့် မျက်ဝန်းများက မျက်နှာပြင်၌ ရှိသည့် သည်စာကြောင်းကို မမှိတ်မသုန် စိုက်ကြည့်နေပေတော့သည်။ အထူးသဖြင့် "နင်လေးက လိမ္မာလိုက်တာ"ဆိုသည့်စကားကို စိုက်ကြည့်နေတာ ဖြစ်သည်။
သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှ အေးစိမ့်မှုများ ဖြာထွက်လာပြီး သူ့ဆီသို့ အစီအရင်ခံစာ လာပို့သည့် အတွင်းရေးမှူးလျန်ကိုအလိုလို အနောက်ပြန်ဆုတ်ပြေးစေလောက်သည်အထိ ပတ်ဝန်းကျင်လေထုက အေးစက်နေပေတော့သည်။
စီအီးအိုက ဘာဖြစ်သွားတာလဲဟ၊ ဘာလို့ သူ့ကြည့်ရတာ ရုတ်တရက်ကြီး လူသတ်ချင်နေတယ်လို့ ခံစားနေရတာပါလိမ့်။
ထို့နောက် အတွင်းရေးမှူးက သူ့စီအီးအိုက လက်မြှောက်လိုက်ပြီး ကီးဘုတ်၌ ခက်ခက်ခဲခဲ စာရိုက်နေရသည်ကို တွေ့လိုက်ရသည်။
"ပါးစပ်ပိတ်ထား ပြီးတော့ ဘော့စ်ရှင်းမယ် "
ချင်မော့က ဘယ်တုန်းကမှ ဖူကျို့အပေါ် ၌ မျှော်လင့်ချက်မထားဖူးပေ။
ဒီလိုအကျင့်မကောင်းတဲ့သူဆီက အကျင့်ကောင်းပေးပါလို့ ဘယ်လိုများ မျှော်လင့်ရမှာလဲ။
ငါ ဒီအရာတွေအားလုံးကို "Spade Z"အတွက်လုပ်နေတာပါ။ ငါ ဒီအတိုင်းလွှတ်ပေးထားလိုက်ပါမယ်။
ချင်မော့က သူ့ကိုယ်သူ ဖျောင်းဖျနေရပေသည်။
ဖူကျို့က ခေါင်းစားနေသည့် အီမိုဂျီလေး ပို့လိုက်သည်။
"စိန်နဲ့ ငါတို့အတွက် လက်နက်တွေလုပ်လို့ရတယ် နင်လေး ဘယ်လက်နက်လိုချင်တာလဲဟင်"
ချင်မော့က သည်သကောင့်သား ပြောသည့်နည်းကို ဖြည်းဖြည်းချင်း အတုယူပြီး ခံစားချက်မဲ့စွာ
 "ငါ ဂရုမစိုက်ဘူး"
"ကောင်းပြီလေ ငါလေး နောက်မှစဉ်းစားတော့မယ်" 
ဖူကျို့က ထိုသို့ပြောပြီးသည်နှင့် သူမ နားကြပ်ကို တပ်ဆင်လိုက်လေသည်။ 
"ငါလေး နင့်ကို အသင်းဆီ ဖိတ်လိုက်မယ်နော် "
"ကောင်းပြီ"
ချင်မော့က ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်း ဂိမ်းနောက်ခံက ပြောင်းလဲသွားသည်။
တံတားအပြင် တံတားအောက်မှရေ အပါအဝင် မက်မွန်ပန်းပွင့်လေးများဖြင့် ဂိမ်းနောက်ခံက ပျောက်ကွယ်သွားလေသည်။
သူတို့က ရှေးဟောင်းမြေအောက်သိုလှောင်ခန်းဆီသို့ ထွက်လာလေသည်။ သည်မြေအောက်ခန်း၏ ဝင်ပေါက်၌ နောက်ထပ် ကစားသမား၄ယောက်က ရပ်နေသည်။
သူတို့ထဲမှ တချို့က “ Spade Z"ကို ယခင်က ဘော့စ်ရှင်းပေးရန် ငှားရမ်းဖူးလေသည်။
သူတို့က " Spade Z"၏ ဂိမ်းစွမ်းရည်က အားကောင်းသည်ကို သိပြီးသားဖြစ်သည်။ သူတို့က သည်မြေအောက်ခန်းကို သူတို့ချည်းသာ ဝင်တိုက်ရန် စဉ်းစားထားပြီးသော်လည်း “ Spade Z"က သူငယ်ချင်းတစ်ယောက်ကို ခေါ် လာမည် ဟုပြောထားခဲ့သဖြင့် စောင့်နေတာဖြစ်လေသည်။
အစပိုင်း၌ သူတို့က သည်မြေအောက်ခန်းကို လူအများကြီးနှင့် ဝင်တိုက်သည်က မကောင်းဘူးဟု တွေးနေခဲ့တာဖြစ်သည်။ သည်မြေအောက်ခန်းကို ဝင်တိုက်ရာတွင် ကစားသမားများက သူတို့ လက်နက်များကို ခွဲထုတ်ရတာဖြစ်ပြီးတစ်စုံတစ်ယောက်က ထိုသို့ ထိန်းချုပ်ပြီး တိုက်ခိုက်ရသည့်နေရာ၌ ညံ့နေရင် သူတို့က "ပထမဆုံး ဖြိုဖျက်နိုင်သူ"ဘွဲ့ကိုဆုံးရှုံးရမှာဖြစ်လေသည်။ 
သို့သော် “ Spade Z"ခေါ်လာသည့် သူငယ်ချင်းကို သူတို့ မြင်လိုက်ရသည့် အချိန်၌......
သူတို့က တစ်ယောက်ပြီး တစ်ယောက် ဆွံ့အသွားကြပေတော့သည်။
ကြီး..ကြီး..ကြီးမြတ်လှတဲ့သခင်လေးချင်။
ဒီဟာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ဒီဟာက သခင်လေးချင်ရဲ့နာမည်ကို အလွဲသုံးစားလုပ်ပြီး လိမ်ညာထားတာပဲဖြစ်ရမယ်။
ဒါပေမဲ့ ငါတို့ ဒီအကောင့်ရဲ ပရိုဖိုင်နဲ့ လယ်ဗယ်ကို စစ်ကြည့်လိုက်ရင် အတုမှန်းသိသွား...သွား...
သောက်ကျိုးနည်း ဘယ်နေရာမှ သံသယဖြစ်စရာမရှိဘူးကွ၊ ကြီးမြတ်လှတဲ့သခင်လေးချင်စစ်စစ်မှ စစ်စစ်ဟေ့။ ရေတောင်တစ်စက်မရောထားဘူးကွ။
.........................

အပိုင်း(၅၅) နတ်ဘုရားချင်က အွန်လိုင်းပေါ်မှာ ဒိတ်နေတာလား
ကစားသမားလေးယောက်က သူတို့ မျက်လုံးအကြည့်များကို ချင်မော့ဆီ မရွေ့ခင် တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေကြပေတော့သည်။
လယ်ဗယ်အမြင့်ဆုံး၊ ပြီးပြည့်စုံတဲ့ ပရိုဖိုင်တစ်ခု။
ပြီးတော့ သူရဲ့ ဂိမ်းမှာ တစ်ယောက်ချင်း ယှဉ်သတ်တဲ့ အဆင့်ကလည်း သောက်ကျိုးနည်းအောင်ကြောက်ဖို့ကောင်းတယ်၊ 
တစ်ယောက်ချင်း ယှဉ်သတ်တဲ့အဆင့် နံပါတ် (၁)။
ဒီဟာက သေချာပေါက် ကြီးမြတ်လှတဲ့သခင်လေးချင်ပဲ။ မှားစရာအကြောင်းကိုမရှိဘူး။
ငါတို့အခု ကြီးမြတ်လှတဲသခင်လေးချင်ကို တွေ့လိုက်တာလား။ သက်ရှိထင်ရှားရှိနေတဲ့ ကြီးမြတ်လှတဲ့ သခင်လေးချင်ကိုလေ။ အံ့ဩတုန်လှုပ်၊ စိတ်လှုပ်ရှားပြီး ရင်တွေ ပိုးစိုးပက်စက်ခုန်နေပြီဟ။ ဒီစကားလုံးတွေက ငါတို့ရင်ထဲက စိတ်ခံစားချက်ကို ဖော်ပြလို့တောင်မရဘူး။
အင်တာနက်ဆိုင်၌ ထိုင်နေသည့် သည်လေးယောက်၏ လက်ချောင်းများက အလွန်အမင်း တုန်လှုပ်နေကြပေသည်။
သခင်လေးချင်က ဘယ်တုန်းကမှ ဒီလို ဘော့စ်တွေရှင်းတာကို မကစားဖူးဘူး။ သူက ကြီးမြတ်လှတဲ့သခင်လေးချင်လေ။ live streamingတစ်ခုလုပ်ရုံနဲ့ ထောင်သောင်းချီတဲ့ ပရိသတ်တွေ ရလာတဲ့သူဟာ။ သူလိုလူက ဘယ်လိုလုပ် ဒီလိုဘော့စ်တွေ ရှင်းမှာတုန်း။
ငါတို့ အခု အိပ်မက်မက်နေတာများလား။ 
ထားလိုက်တော့ ငါတို့ကာရိုက်တာကို ငါတို့ သတ်သေပြီး နောက်ထပ်log inဝင်ကြည့်လိုက်ရအောင်ကွာ။
ထိုသို့ တစ်ကြိမ် သတ်သေပြီးသည်နှင့် ထိုအရာက အိပ်မက် မဟုတ်ဘူး ဆိုတာကို သူတို့ သဘောပေါက်သွားသည်။
"ဘာလို့ မင်းတို့ ငြိမ်သက်နေရတာလဲ၊ လာလေ၊ ဘော့စ် ရှင်းကြမယ်လေ"
ဖူကျို့ စာရိုက်လိုက်ပြီးသည်နှင့် သည်လေးယောက်၏ ကာရိုက်တာများက သေဆုံးနေကြသည်ကို တွေ့လိုက်သည်။ 
သောက်ကျိုးနည်း ဘာတွေဖြစ်ပျက်နေတာလဲဟ။
ဖူကျို့က ခေတ္တရပ်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"နင်လေးကြောင့်များလား"
ဖူကျို့က သည်စာကို သီးသန့် မက်ဆေ့ချ်ကနေ ချင်မော့ဆီ ပေးပို့လိုက်သည်။
ချင်မော့က လက်တစ်ဖက်ဖြင့် စာပြန်ရိုက်လိုက်သည်။
"မသိဘူး ငါဒီလို အပျော်တမ်းဂိမ်းတွေမကစားဖူးဘူး၊ နိုင်ငံအဆင့် ဂိမ်းပြိုင်ပွဲတွေပဲ ကစားဖူးတာ"
"ဒီလိုဆိုရင် နင်လေး အရင်က ဘော့စ် မရှင်းဖူးဘူးပေါ့"
ဖူကျို့က ရှော့ခ်ရသွားမိသည်။
ချင်မော့က မထူးမခြားနားလေဟန်ဖြင့်
"အခုလို သီးသန့်ကြီး အချိန်ပေးပြီးမကစားဖူးဘူး၊ ကုမ္ပဏီရဲ့ပရိုမိုးရှင်းအတွက်ပဲ ကစားဖူးတာ၊ စုစုပေါင်း သုံးကြိမ်လောက်ပေါ့"
ဖူကျို့က ချင်မော့ ဆိုလိုသည့် အဓိပ္ပာယ်ကို သေချာပေါက် နားလည်သည်။ 
ဒီတော့ နင်လေးက ဘော့စ်ကို သုံးကြိမ်တိတိပဲရှင်းဖူးတယ်ပေါ့၊ ဒီသုံးကြိမ်က live streaming အတွက်ပေါ့လေ။
"အဲဒါကြောင့် ဟိုလေးယောက် သတ်သေကုန်တာ မထူးဆန်းပါဘူး၊ သူတို့က ဒီနတ်ဘုရားချင်ကြောင့် လန့်ပြီးသေကုန်ကြတာကို"
ဖူကျို့က သူမ မျက်ခုံးကို ပင့်လိုက်ပြီး လျင်မြန်စွာ စာရိုက်လိုက်သည်။
"ဒီလိုဆိုရင် ဒီလိုတစ်ယောက်တည်း ဂိမ်းဆော့ရတာ နင်လေး မပျင်းဘူးလားဟင်၊ အခုတော့ အဆင်ပြေသွားပါပြီ၊ မစိုးရိမ်နဲ့တော့နော်၊ အတွေ့အကြုံ အများကြီးရှိတဲ့ ငါလေးက နင့်ကို လမ်းပြခေါ်ဆောင်သွားမယ်လေနော် မစိုးရိမ်နဲ့တော့"
ချင်မော့က ဖူကျို့ကို လုံးဝ လျစ်လျူရှုထားပေသည်။ သည်ကောင်လေးက အခွင့်အရေး အနည်းငယ် ပေးလိုက်သည်နှင့် ခေါင်းပေါ်တက်တတ်သည့် လူစားမျိုးဆိုတာကို သူ ကောင်းကောင်းသိသည်။ ထို့ကြောင့် သည်ကောင်စုတ်လေးကို လျစ်လျူရှုထားသည်က အကောင်းဆုံးပင်။
ဒါပေမဲ့ ထူးဆန်းတာက ငါ ဒီကောင်လေးကို အခြားသူတွေနဲ့စာရင် စိတ်ရှုပ်စရာလို့မမြင်မိတာပဲ။
ထိုအကြောင်းကို တွေးနေရင်း ချင်မော့က စီးကရက်ကို မီးညှိလိုက်ပြီး သူ့သားရေထိုင်ခုံ၌ မှီချလိုက်သည်။
ကြယ်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ကြီးက သူ့နောက်ကျောဘက်၌ တည်ရှိနေပြီး မြို့၏ ညဘက်ရှုခင်းက ယခုအချိန်၌ သူ့ကို စိတ်ရှုပ်ထွေးစေပေသည်။
အတွင်းရေးမှူးလျန်က ခါးညွှတ်လိုက်ကာ ကော်ဖီခွက်ကို အဖြူရောင်လက်အိတ်ဖြင့် လာချပေးသည်။
သူ့စီအီးအိုက မည်သူ့ကိုမှ ထိုသို့ တမ်းတမ်းစွဲပြီး စိတ်ဝင်စားတတ်သည့် သူမျိုးမဟုတ်ပေ။ ထို့အပြင် သူသည် ဘယ်တုန်းကမှ လူတစ်ယောက်၏ ကိုယ်ရေးအချက်အလက်များကို စိတ်ဝင်စားခြင်းမရှိပေ။ထို့ကြောင့် အတွင်းရေးမှူးလျန်က သူ့စီအီးအိုနှင့် စကားပြောနေသည့်သူကို အလွန်အမင်း စိတ်ဝင်စားကာ ဖန်သားပြင်ကို ချောင်းကြည့်လိုက်ပေသည်။
ပုံမှန် ဒီအချိန်ဆို စီအီးအိုက အစီအရင်ခံစာတွေကို ဖတ်နေကြလေ။ ဘာလို့ အခု အွန်လိုင်းဂိမ်းတွေ ဆော့နေရတာတုန်းဟ။
ပြီးတော့ စီအီးအိုနဲ့ စကားပြောနေတဲ့လူက ဘယ်သူလဲ၊ စီအီးအိုက သူနဲ့စကားပြောဖို့ ဟိုတစ်ခါတုန်းကတောင် အစည်းအဝေးကို ခဏရပ်လိုက်သေးတယ်လေ။ အခုတော့ သူက ငါတို့စီအီးအိုရဲ့ အလုပ်အချိန်ဇယားတွေကိုပါပြောင်းပြန်လှန်ပစ်ချင်နေတာလားပဲ။
ဒီလူက မကောင်းဆိုးဝါးလေးပဲဖြစ်ရမယ်။ မဟုတ်ရင် ငါတို့စီအီးအိုက ဂိမ်းအတွက်နဲ့ သူ့ရဲ့အလုပ်ကို ပစ်ပယ်မှာမဟုတ်ဘူး။
ဒါပေမဲ့ ဒီမကောင်းဆိုးဝါးလေးက ဘယ်သူလဲ။
အတွင်းရေးမှူးလျန်က စပ်စုချင်စိတ်များ အလွန် ပြင်းပြနေသည်။ စိတ်ဆန္ဒပြင်းပြမှုကြောင့် သူ့နှလုံးသားကို အစွယ်ဖြင့် ကုတ်ခြစ်နေသလိုမျိုး ခံစားရခက်နေပေတော့သည်။
စီအီးအိုက ငါ့ကို နည်းနည်းလေးတောင် ပေးမသိဘူး၊ အရမ်း ဝမ်းနည်းစိတ်ပျက်ဖို့ကောင်းတယ်၊ ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီးနည်းနည်းလေးတောင်မသိရင် သခင်မကြီးနဲ့သခင်ကြီးကို ဘယ်လိုလုပ် တင်ပြရမှာလဲ။
"အတွင်းရေးမှူးလျန်"
ချင်မော့က စီးကရက်ကို မီးငြှိမ်းလိုက်ပြီး ကော်ဖီခွက်ကို ယူလိုက်သည်။ ထို့နောက် ချင်မော့က
"မင်း ဘယ်သူ့အတွက် အလုပ်လုပ်နေလဲဆိုတာကိုလည်း သတိရဦး၊ အခု ထွက်သွားပြီး တံခါးပိတ်ထားခဲ့"
အတွင်းရေးမှူးလျန်၏ ခန္ဓာကိုယ်က တုန်သွားပေသည်။ သူက ရှိရှိသမျှသတ္တိအကုန်စုပြီး "ဟုတ်ကဲ့" ဆိုသည့် စကားတစ်ခွန်းကို အားတင်းပြီး ပြောလိုက်ရပေသည်။
ဘာလို့ စီအီးအိုက သခင်ကြီးထက် ပိုပြီးကြောက်ဖို့ကောင်းနေရတာလဲဟ။ သူက အခုထိ ကျောင်းသားလေးပဲဟာကို။
စီအီးအိုရဲ့ဖန်တွေက စီအီးအိုကို ကြီးမြတ်လှတဲ့သခင်လေးလို့ ခေါ်ကြတာမဆန်းဘူး၊ သူက သေချာပေါက် နတ်ဆိုးတစ်ပါးဝင်စားတာဖြစ်လိမ့်မယ်။
ထို့နောက် အတွင်းရေးမှူးလျန်က သူ့ဖုန်းကို ယူထုတ်လိုက်ပြီး အလွန်ရင်းနှီးနေသည့် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ အလွန်လေးနက်သည့်အသံဖြင့်
"သခင်ကြီးနဲ့သခင်မကြီးရေ စီအီးအိုက အွန်လိုင်းပေါ်မှာ တစ်စုံတစ်ယောက်နဲ့ ဒိတ်နေတာကို ကျွန်တော်တွေ့ခဲ့ရတယ်ဗျ ဟုတ်တယ်ဗျ၊ အွန်လိုင်းပေါ်မှာဒိတ်နေတာ"
.............................
 

Search Novels