🖼🖼🖼🖼အခန်း (၁၆)
 – ဆေးရုံ 
 

အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် မည်မျှခက်ခဲကြောင်း သဘောပေါက်သွားပြီးနောက် ဟယ်ယဲ့ချင်းတစ်ယောက် မွန်းလွဲပိုင်းတစ်ခုလုံး စိတ်မရွှင်မလန်း ဖြစ်နေခဲ့ရုံမျှမက နောက်တစ်နေ့တွင်လည်း ဆိုင်ထွက်ရန် စိတ်ကူးမရှိတော့ချေ။ 
 
စိတ်မပါသည်နှင့် သူမက ဆိုင်မထွက်ရန် ပြတ်ပြတ်သားသားပင် ဆုံးဖြတ်လိုက်သည်။ 
 
ဟယ်ယဲ့ချင်းက သူမကိုယ်သူမ ရက်ရက်ရောရောဖြင့် အနားပေးရန် သန္နိဋ္ဌာန်ချလိုက်ခြင်းပင်။ တုတ်ထိုးဆိုင်ထွက်ပြီး စီးပွားရှာခဲ့သည်က တစ်လတင်းတင်း ပြည့်ခဲ့ပြီဖြစ်ရာ ယခုကဲ့သို့ တစ်ရက်၊ နှစ်ရက်မျှ အနားယူခြင်းက သူမအတွက် သဘာဝကျလှပေသည်။ 
 
သူမက သူမ၏ ဘဏ်ငွေစုစာအုပ်ထဲရှိ ငွေစာရင်းကို သေချာစွာ တွက်ချက်ကြည့်လိုက်ရာ တက္ကသိုလ်တက်နေစဉ်ကာလအတွင်း သူမကိုယ်သူမ ထောက်ပံ့နိုင်ရုံမျှမက သက်တောင့်သက်သာရှိသော ဘဝတစ်ခုကိုပါ ဖန်တီးနိုင်လောက်သည့် ငွေကြေးပမာဏ ရှိနေကြောင်း သိလိုက်ရသည်။ 
 
သို့သော် ထိုအချက်က သူမ တက္ကသိုလ်တက်ခွင့်ရမှသာ အဓိပ္ပာယ်ရှိပေလိမ့်မည်။ 
 
နောက်တစ်နေ့တွင် ဆိုင်မထွက်ရန် ဆုံးဖြတ်ပြီးဖြစ်သဖြင့် ဟယ်ယဲ့ချင်းက လီအားကွေ့အား ကြိုတင်အကြောင်းကြားရန် ပြင်ဆင်လိုက်သည်။ သို့မှသာ သူက နောက်တစ်နေ့ နံနက်အစောကြီးတွင် အိမ်သို့ အလဟဿ လာရောက်ခေါ်ဆောင်ရသည့် အဖြစ်မျိုးမှ ကင်းဝေးပေမည်။ 
 
သို့သော် သူမ လီအားကွေ့၏အိမ်သို့ သွားရောက်သည့်အခါ ခြံဝင်းတံခါးကြီးက သော့ခတ်ထားပြီး အထဲတွင် မည်သူမျှမရှိသည်ကို တွေ့ရသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ အိမ်သို့ ပြန်လှည့်ခဲ့ရလေသည်။ 
 
… 
 
နောက်တစ်နေ့ နံနက်ခင်းတွင်လည်း ဟယ်ယဲ့ချင်းက အကျင့်အတိုင်း စောစီးစွာပင် နိုးထလာခဲ့သည်။ 
 
သူမက ပုံမှန်လုပ်ငန်းစဉ်အတိုင်း အိမ်တံခါးဝတွင် ရပ်ကာ လီအားကွေ့ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမိသည်။ အပြင်ဘက်တွင် ခဏမျှ စောင့်ဆိုင်းပြီးနောက် ရုတ်တရက် မြည်းလှည်းမောင်းနှင်လာသည့် အသံကို ကြားလိုက်ရသဖြင့် ဟယ်ယဲ့ချင်းက အသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ အခြေအနေက ပုံမှန်မဟုတ်မှန်း သတိပြုမိသွားသည်။  
 
လီအားကွေ့ရဲ့ မြည်းလှည်းက ဘာလို့ ရွာအဝင်လမ်းဘက်ကနေ မောင်းလာရတာလဲ… 
 
“ဦးလေးအားကွေ့... ဘာလို့ ရွာအဝင်လမ်းဘက်ကနေ မောင်းလာတာလဲ…” 
ဟယ်ယဲ့ချင်းက လှမ်း၍ မေးလိုက်သည်။ 
 
လီအားကွေ့က လှည်းကို အပြေးအလွှား မောင်းနှင်လာခဲ့ခြင်း ဖြစ်ဟန်တူသည်။ နံနက်ခင်း အစောပိုင်းအချိန်ဖြစ်သဖြင့် ရာသီဥတုက အေးမြနေဆဲဖြစ်သော်လည်း သူ၏ ညိုမှောင်သော နဖူးပြင်ပေါ်တွင်မူ ချွေးစက်အချို့ တွဲခိုနေသည်ကို တွေ့ရသည်။ 
 
“မနေ့က အမျိုးသမီးကြီး ရှန် ခြေချော်လဲလို့လေ... အဲဒါနဲ့ ဆေးရုံကို လိုက်ပို့ပေးနေရလို့ပါ…” 
လီအားကွေ့က အမောတကော ရှင်းပြရှာသည်။ 
 
အမျိုးသမီးကြီ ရှန်ဆိုတာက ရှန်လီရဲ့ အဘွား မဟုတ်ဘူးလား… 
 
“အဘွား ရှန်က ပြင်းပြင်းထန်ထန် လဲကျသွားတာလားဟင်... အခြေအနေ သိပ်ဆိုးလို့လား…”  
ဟယ်ယဲ့ချင်း၏ မျက်နှာထားက ချက်ချင်းပြောင်းလဲသွားပြီး စိုးရိမ်တကြီး မေးမြန်းလိုက်တော့သည်။ အသက်ကြီးရင့်သူများ ချော်လဲသည့်ကိစ္စက အသေးအဖွဲမဟုတ်ဘဲ အလွန်အန္တရာယ်ကြီးလှသည်။ 
 
လီအားကွေ့က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။ 
 
သူ၏ မျက်နှာအမူအရာကို မြင်လိုက်ရမှသာ ဟယ်ယဲ့ချင်းလည်း ရင်ထဲတွင် သက်ပြင်းအသာချနိုင်တော့သည်။ အခြေအနေက အလွန်အမင်း စိုးရိမ်ရသည့် အဆင့်တော့ ဟုတ်ပုံမရပေ။ 
 
“ဒါဆို... ဦးလေးအားကွေ့က ဆေးရုံကနေ အခုပဲ တန်းမောင်းလာတာပေါ့လေ…” 

ဟယ်ယဲ့ချင်းက မျက်လုံးဝိုင်းလေးများဖြင့် မေးလိုက်သည်။ 
 
လီအားကွေ့က အလွန်ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်သဖြင့် သူက ဆေးရုံတွင် တစ်ညလုံး စောင့်ဆိုင်းပေးခဲ့ပြီး နံနက်အစောကြီး သုံးနာရီ၊ လေးနာရီလောက်တွင် ရွာသို့ သုတ်ခြေတင် ပြန်လာခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ 
 
“ကဲ... ဒါဆိုရင်တော့ ဦးလေးအားကွေ့လည်း အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါတော့… သမီးလည်း ဒီနေ့ ဆိုင်မထွက်တော့ဘူး…” 
ဟယ်ယဲ့ချင်းက ဆိုလိုက်သည်။ 
 
လီအားကွေ့က သူမ၏ ခြေရင်းတွင် မည်သည့်ပစ္စည်းမျှ ပြင်ဆင်ထားခြင်းမရှိသည်ကို သတိပြုမိလိုက်သဖြင့် သူမ၏စကားကို နားလည်သဘောပေါက်သွားသည်။ သို့သော်လည်း သူက ခေါင်းကို ခါယမ်းလျက် ပြောသည်။ 

“ငါ ဆေးရုံကို ချက်ချင်းပြန်သွားရမယ်... အဲဒီမှာ လူနာစောင့်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး…”  
 
သို့ရာတွင် ဟယ်ယဲ့ချင်းက ထိုအချက်ကို သဘောမတူနိုင်ချေ။ 
 
လီအားကွေ့က အသက်ငါးဆယ်၊ ခြောက်ဆယ်ဝန်းကျင်ရှိပြီဖြစ်၍ အသက်အရွယ် မငယ်တော့သည့်အပြင် ယမန်နေ့ညကလည်း ကောင်းကောင်းအိပ်စက်ခဲ့ရပုံမပေါ်ဘဲ ပင်ပန်းနွမ်းနယ်နေမှန်း သိသာလှသည်။ သူ့ကို ဤကဲ့သို့ ဆက်လက်၍ ပင်ပန်းခံခိုင်း၍ မဖြစ်နိုင်ပေ။ 
 
ဆေးရုံတွင် အဘွားရှန်ကို ပြုစုစောင့်ရှောက်မည့်သူ အဘယ်ကြောင့် မရှိရသည်ကို သူမ အသေအချာမသိသော်လည်း၊ ယခင်က ရှန်လီက သူမအပေါ် ကူညီစောင့်ရှောက်ခဲ့ဖူးသဖြင့် အနည်းဆုံးအနေဖြင့် သူ့အဘွားဖြစ်သူထံ သွားရောက်လူမမာမေးသင့်သည်ဟု ဟယ်ယဲ့ချင်းက တွေးတောမိလိုက်သည်။

ထို့ကြောင့် သူမက လီအားကွေ့အား ပြောလိုက်သည်။ 

“ဒီလိုလုပ်ပါ ဦးလေးအားကွေ့ရယ်... ဆေးရုံမှာ အဘွားရှန် တက်နေတဲ့ အခန်းနံပါတ်ကို သမီးကိုပြောပြပါ… ခဏနေရင် သမီးပဲ ဆေးရုံကို သွားကြည့်လိုက်ပါ့မယ်…” 
 
လီအာကွေ့က ငြင်းပယ်ရန် ပြင်ဆင်လိုက်သော်လည်း ဟယ်ယဲ့ချင်းက စကားကို ဖြတ်၍ ပြောလိုက်သည်။ 

“သမီးလည်း နောက်ကျရင် မြို့ပေါ်ကို ကိစ္စတစ်ခုနဲ့ သွားစရာရှိတာမို့ အားနေတာပဲ… ဦးလေးအားကွေ့ မပင်ပန်းဘူးဆိုရင်တောင် ဒီမြည်းကလေးကတော့ ပင်ပန်းနေရှာပြီလေ…” 
 
ဟယ်ယဲ့ချင်းက မြည်းကလေး၏ ဦးခေါင်းကို သာသာယာယာ ပွတ်သပ်ပေးလိုက်သည်။ 
 
မြည်းကလေးက ဟယ်ယဲ့ချင်းနှင့် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သဖြင့် သူမ၏ လက်ဖဝါးနွေးနွေးအောက်တွင် အလိုက်သင့်လေး ငြိမ်သက်နေရှာသည်။ 
 
နောက်ဆုံးတွင် လီအားကွေ့လည်း ဟယ်ယဲ့ချင်း၏ ဖျောင်းဖျမှုကို လက်ခံလိုက်ရပြီး အဘွားရှန်၏ ဆေးရုံအခန်းနံပါတ်ကို ပြောပြလိုက်၏။ ထို့နောက် သူက မြည်းလှည်းကို လှည့်ကာ ရွာအဆုံးရှိ သူ့အိမ်ဘက်သို့ မောင်းနှင်သွားလေသည်။ 
 
… 
 
ဟယ်ယဲ့ချင်းက လီအားကွေ့အား ကတိပေးခဲ့သည့်အတိုင်း အချိန်ဆွဲမနေဘဲ အိမ်သို့ အမြန်ပြန်ကာ ကိုယ်လက်သန့်စင်လိုက်သည်။ သူမက အဝတ်အစားလဲလှယ်ပြီးနောက် ဘေးအိမ်မှ စက်ဘီးတစ်စီးကို ခေတ္တငှားရမ်းကာ မြို့သို့ သုတ်ခြေတင် နင်းသွားလိုက်သည်။ 
 
၁၉၈၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ စက်ဘီးများက ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များကဲ့သို့ အလွန်တရာ ရှားပါးလှသည့် ပစ္စည်းမျိုး မဟုတ်တော့ချေ။ သူတို့ရွာရှိ အိမ်ထောင်စုအတော်များများတွင် စက်ဘီးကိုယ်စီ ပိုင်ဆိုင်ထားကြပြီဖြစ်သည်။ 
 
သို့သော်လည်း ဟယ်အာ့ရွှမ်းတို့ မိသားစုတွင်မူ စက်ဘီးမရှိပေ။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ လက်ဝယ်တွင် ငွေကြေးမည်မျှ ရှိသည်ကို ဟယ်ယဲ့ချင်းက အတိအကျ မသိသော်လည်း သူတို့ထံ၌ စက်ဘီးတစ်စီး ဝယ်ယူနိုင်လောက်သည့် အင်အားရှိခြင်းကမူ အမှန်ပင်ဖြစ်သည်။ 
 
ယခုအခါ အတိတ်ကို ပြန်လည်သုံးသပ်ကြည့်မိမှသာ ဟယ်ယဲ့ချင်းက သဘောပေါက်သွားရသည်။ အကယ်၍ သူမ၏ မိသားစုက ယခင်က စက်ဘီးတစ်စီး ဝယ်ယူခဲ့မည်ဆိုပါက ထိုစက်ဘီးကို အများဆုံး အသုံးပြုမည့်သူက သူမသာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူမက မြို့ပေါ်တွင် ကျောင်းတက်နေရသူဖြစ်ပြီး ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ကမူ ရွာထဲတွင်သာ နေကြသူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ စက်ဘီးမဝယ်ခဲ့ခြင်းကလည်း ဆန်းတော့မဆန်းလှချေ။ 
 
ယခုအချိန်တွင် ဟယ်ယဲ့ချင်း၏ လက်ဝယ်၌ ငွေကြေးအချို့ ရှိနေပြီဖြစ်သော်လည်း သူမက စက်ဘီးဝယ်ရန် အစီအစဉ်မရှိပေ။ 
 
ပထမအချက်အနေဖြင့် ဤမျှတိုတောင်းလှသော အချိန်ကာလအတွင်း စက်ဘီးတစ်စီး ဝယ်ယူလိုက်ပါက ရွာသားများက သူမတစ်ယောက် တုတ်ထိုးရောင်းရာမှ ငွေကြေးအမြောက်အမြား ရှာဖွေစုဆောင်းမိနေပြီဟု သံသယဝင်ကာ အတင်းပြောကြပေလိမ့်မည်။ ပုံမှန်အားဖြင့် ရွာသားများနှင့် ဆက်ဆံရေးပြေလည်သည်ဆိုသော်လည်း မိမိ၏ ငွေကြေးစီးပွားအခြေအနေကို လျှို့ဝှက်ထားရမည်ဟူသော အခြေခံစည်းမျဉ်းကို ဟယ်ယဲ့ချင်းက ကောင်းစွာနားလည်သည်။ 
 
ဒုတိယအချက်အနေဖြင့် စက်ဘီးဝယ်လိုက်လျှင်ပင် သူမအတွက် စီးနင်းရန် အခွင့်အရေး အလွန်နည်းပါးလှပေသည်။ ဆိုင်ထွက်သည့်အခါတိုင်း မြည်းလှည်းဖြင့်သာ အသွားအပြန် ပြုလုပ်နေရသဖြင့် စက်ဘီးက သူမအတွက် အသုံးမဝင်လှဘဲ သူတစ်ပါးကို အလကား သုံးစွဲခွင့်ပေးသလို ဖြစ်သွားပေမည်။ထို့ပြင် နောင်တစ်ချိန်တွင် ထိုစက်ဘီးက သူမ၏ ကိုယ်ပိုင်ပစ္စည်းအဖြစ် တည်ရှိနေဦးမည်ဟုလည်း အာမခံချက်မရှိချေ။ 
 
အကယ်၍ သူမက မိသားစုနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့မည်ဆိုပါက စက်ဘီးဝယ်ရန် စဉ်းစားမိကောင်း စဉ်းစားမိပေလိမ့်မည်။ သို့သော် လက်ရှိတွင် အခြေအနေများက ဤကဲ့သို့ ပုံပျက်ပန်းပျက် ဖြစ်နေပြီဖြစ်ရာ ဟယ်ယဲ့ချင်းက သူတို့ သူမအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခွင့် မပေးနိုင်တော့ချေ။ 
 
… 
 
စက်ဘီးစီးရခြင်းက မြည်းလှည်းစီးရသည်ထက်စာလျှင် အနည်းငယ် ပိုမိုမြန်ဆန်လှ၏။ 
 
မြို့ပေါ်သို့ ရောက်ရှိသည့်အခါ ဟယ်ယဲ့ချင်းက ဆေးရုံသို့ တန်းတန်းမတ်မတ် မသွားသေးဘဲ လူနာမေးရန်အတွက် သစ်သီးအချို့ကို ဦးစွာဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ လူနာတစ်ယောက်ထံ သွားရောက်သည့်အခါ လက်ဗလာဖြင့် သွားခြင်းက အလွန်ပင် ယဉ်ကျေးမှုကင်းမဲ့ရာ ရောက်ပေသည်။ 
 
သစ်သီးဝယ်ယူနေစဉ်အတွင်း ဟယ်ယဲ့ချင်းက သူမ၏ ဆိုင်တွင် အမြဲ လာရောက်အားပေးလေ့ရှိသော ဖောက်သည်ဟောင်း အချို့နှင့်လည်း ဆုံတွေ့ခဲ့ရသေးသည်။ 
 
သူတို့က ယနေ့ ဟယ်ယဲ့ချင်း ဆိုင်မထွက်မှန်း သိလိုက်ရသည့်အခါ အလွန်ပင် စိတ်ပျက်သွားကြပြီး နောက်နေ့တွင် ဆိုင်ထွက်၊ မထွက်ကို မေးမြန်းကြသည်။ ဟယ်ယဲ့ချင်းကမူ အချိန်ရလျှင် ထွက်ဖြစ်မည်ဖြစ်ကြောင်းသာ မရေမရာ ပြန်ဖြေလိုက်သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် အနံ့မွှေးကြိုင်လှသော တုတ်ထိုးများကို စတင်ရောင်းချပြီး အောင်မြင်မှုရရှိလာသည်ကို မြင်ရသောအခါ အခြားသူများကလည်း အတုယူကာ လိုက်လံရောင်းချကြသည်က မဆန်းလှပေ။ သို့သော်လည်း သူတို့က ဟယ်ယဲ့ချင်း၏ လျှို့ဝှက်ဆော့စ်ရည်၏ အရသာကိုမူ မည်သို့မျှ တုပနိုင်ခြင်းမရှိကြသဖြင့် တုတ်ထိုးများက အရသာမရှိလှပေ။ထို့ကြောင့် လူအများစုက ဟယ်ယဲ့ချင်း၏ ဆိုင်ကိုသာ ရွေးချယ်အားပေးကြမြဲပင်။

ဟယ်ယဲ့ချင်းက အခြားသူများ တုတ်ထိုးလိုက်ရောင်းခြင်းကို လုံးဝတားဆီးပိတ်ပင်ခြင်း မရှိပေ။ 
 
အဘယ်ကြောင့်ဆိုသော် ဤဈေးကွက်က သူမတစ်ဦးတည်း ပိုင်ဆိုင်သည့် နယ်မြေမဟုတ်သကဲ့သို့၊ ဈေးကွက်ကလည်း အလွန်ကျယ်ပြန့်လှသဖြင့် သူမတစ်ယောက်တည်း လက်ဝါးကြီးအုပ်၍ မရနိုင်မှန်း သိရှိသောကြောင့်ပင်။ ၎င်းက လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်နှင့်သာ သက်ဆိုင်ပေသည်။ 
 
… 
 
သစ်သီးများ ဝယ်ယူပြီးနောက် ဟယ်ယဲ့ချင်းက လီအားကွေ့ ပေးထားခဲ့သော လိပ်စာအတိုင်း ခရိုင်ပြည်သူ့ဆေးရုံကြီးထံသို့ ဦးတည်သွားလိုက်သည်။ 
 
ဆေးရုံတစ်ခုလုံးတွင် ပြင်းထန်လှသော  á€•ိုးသတ်ဆ္းဥနလအဥသက်မဝဏး လွှမ်းမိုးနေလေသည်။ ဆေးရုံစင်္ကြံလမ်းများနှင့် လူနာဆောင်များ၏ နံရံများကို အစိမ်းရောင်နှင့် အဖြူရောင် များဖြင့် ခြယ်သထားရာ အတိတ်ခေတ်ဟောင်းထံသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားချက်မျိုးကို ပေးစွမ်းနေသည်။ 
 
အဘွားရှန်က လူလေးဦးဆံ့သော အများသုံးလူနာဆောင်တစ်ခုတွင် တက်ရောက်ကုသနေခြင်း ဖြစ်သည်။ ဟယ်ယဲ့ချင်းတစ်ယောက် လူနာဆောင်တံခါးဝသို့ ရောက်ရှိသွားသည့်အခါ အဘွားရှန်က ခုတင်ပေါ်မှ အားယူကာ ထိုင်ရန် ကြိုးစားနေသည်ကို လှမ်း၍မြင်လိုက်ရသည်။ 
 
ဟယ်ယဲ့ချင်းက အပြေးအလွှား သွားရောက်ကာ သူမလက်ထဲမှ ပစ္စည်းများကို ခုတင်ဘေးရှိ စားပွဲခုံအသေးလေးပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူမက အဘွားရှန်အား လှမ်း၍ တွဲထူပေးလိုက်ပြီး ယဉ်ကျေးစွာ ဆိုလိုက်၏။ 

“အဘွားရှန်... သမီး တွဲပေးပါရစေ…” 
 
အဘွားရှန်က အသက်ခြောက်ဆယ်၊ ခုနစ်ဆယ်ဝန်းကျင်ရှိပြီဖြစ်၍ ဆံပင်များက ဖြူဖွေးနေပြီး ပါးပြင်ပေါ်တွင်လည်း နက်ရှိုင်းသော အရေးအကြောင်းများ ထင်ဟပ်နေသည်။ 
 
သို့သော်ငြားလည်း ထိုကဲ့သို့ လောကဓံဒဏ်ကို ခံစားထားရသော မျက်နှာပြင်ပေါ်မှ ဤအဘွားအိုသည် ငယ်စဉ်က အလွန် လှပချောမောခဲ့မည့် မိန်းကလေးတစ်ဦး ဖြစ်ခဲ့ရမည်မှန်း ဟယ်ယဲ့ချင်းက အကဲခတ်မိလိုက်သည်။ အဓိကအချက်က သူမသည် ယခင်က မြေပိုင်ရှင်သူဌေးကြီး၏ ဇနီးဖြစ်ခဲ့ဖူးသဖြင့် သူမ၏ ရုပ်ရည်အသွင်အပြင်က သာမန်ထက် ထူးကဲကာ အထက်တန်းစားဆန်နေဆဲပင်။ 
 
အဘွားရှန်က ရုတ်တရက် ရောက်ရှိလာသော ဟယ်ယဲ့ချင်းအား ဝေခွဲမရသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။ 
 
ထိုအခါ ဟယ်ယဲ့ချင်းက သူမကိုယ်သူမ လျင်မြန်စွာ မိတ်ဆက်လိုက်သည်။ 
“မင်္ဂလာပါ အဘွားရှန်... သမီးက ဟယ်မိသားစုရဲ့ ဒုတိယသမီး ဟယ်ယဲ့ချင်းပါ…” 
 
သူမ ထိုသို့ပြောလိုက်သည့်အခါမှသာ အဘွားရှန်လည်း သဘောပေါက်သွားပြီး သူမ၏ မှတ်ဉာဏ်ထဲရှိ လူပုဂ္ဂိုလ်နှင့် ရှေ့မှောက်ရှိ ဟယ်ယဲ့ချင်းတို့ကို တိုက်ဆိုင်စစ်ဆေးကာ သိရှိသွားလေသည်။ 
 
သူမက ခေါင်းကို အသာအယာ ညိတ်ပြလိုက်သော်လည်း အလွန်အမင်း စိတ်အားထက်သန်သည့် အမူအရာမျိုး မပြဘဲ ဟယ်ယဲ့ချင်းအား သာမန်ကာလျှံကာမျှသာ နှုတ်ဆက်လိုက်သည်။ 
 
ဟယ်ယဲ့ချင်းကမူ အဘွားရှန်၏ ထိုကဲ့သို့သော အေးစက်စက် အမူအရာအပေါ် စိတ်ထဲတွင် တစ်စုံတစ်ရာ ထားရှိခြင်းမရှိပေ။ 
 
အဘယ်ကြောင့်ဆိုသော် ဤအဘွားအိုက သူမ၏ဘဝသက်တမ်းတစ်လျှောက်တွင် လောကဓံတရားနှင့် ဒုက္ခပေါင်းစုံကို အလူးအလဲ ခံစားခဲ့ရဖူးသူဖြစ်သဖြင့် သူစိမ်းများအပေါ် သံသယစိတ်ဖြင့် သတိကြီးစွာ ထားရှိခြင်းက သဘာဝကျလှပေသည်။ ထို့အပြင် ဟယ်ယဲ့ချင်းက သူမကိုယ်သူမ လူတိုင်း၏ အချစ်ကို ခံယူရမည့်သူတစ်ဦးအဖြစ် မည်သည့်အခါမျှ မသတ်မှတ်ထားခဲ့ဖူးချေ။ 
 
“အဘွား အိမ်သာသွားမလို့လားဟင်... သမီး တွဲပေးပါ့မယ်…” 
ဟယ်ယဲ့ချင်းက ကူညီရန် ကမ်းလှမ်းလိုက်သည်။ 
 
အဘွားရှန်က သူမ၏ ခြေထောက်များကြောင့် လှုပ်ရှားရ အနည်းငယ် ခက်ခဲနေပုံရသည်။ 
 
မှန်ပေသည်။ အဘွားရှန်က အမှန်တကယ်ပင် အိမ်သာသွားရန် လိုအပ်နေခြင်း ဖြစ်သည်။ ယခုကဲ့သို့ ဒဏ်ရာရရှိထားသော ခြေထောက်ဖြင့် သူမတစ်ဦးတည်း သွားရောက်ရန်ကမူ အလွန်ပင် ခက်ခဲပင်ပန်းလှသည့် အလုပ်တစ်ခု ဖြစ်ပေသည်။ 
 
ထို့ကြောင့် သူမက ဟယ်ယဲ့ချင်းအပေါ် အားနာနာဖြင့်သာ ရိုးရိုးသားသားပင် ဆိုလိုက်တော့သည်။ 
“ကျေးဇူးပါပဲကွယ်... သမီးကို ဒုက္ခပေးမိသလို ဖြစ်သွားပြီ…” 
 
“ဒုက္ခမဖြစ်ပါဘူး အဘွားရယ်…” 
ဟယ်ယဲ့ချင်းက ပြုံးလျက် ပြန်ပြောခဲ့သည်။ 
 
အဘွားရှန်အား လူနာဆောင်သို့ ပြန်လည်တွဲပို့ပေးပြီးနောက် ဟယ်ယဲ့ချင်းက ဆေးရုံ စားသောက်ဆိုင်သို့ သွားရောက်ကာ နံနက်စာအနည်းငယ်ကို ဝယ်ယူလာခဲ့သည်။ 
 
ထပ်မံရောက်ရှိလာသော နံနက်စာကို မြင်လိုက်ရသည့်အခါ အဘွားရှန်က ဟယ်ယဲ့ချင်းကို မေးခွန်းထုတ်လိုသည့် အကြည့်များဖြင့် စိုက်ကြည့်လာပြန်သည်။ 
 
“အဘွားရှန်... သမီး အဘွားကို မပြောရသေးဘူးပဲ… ဦးလေးအားကွေ့က သမီးကို အဘွားဆီ လာကြည့်ပေးဖို့ အကူအညီတောင်းလို့ လာခဲ့တာပါ… ဒါကြောင့် ဘာမှစိုးရိမ်မနေဘဲ စိတ်အေးလက်အေး စားပါနော်…” 
ဟယ်ယဲ့ချင်းက ရှင်းပြလိုက်သည်။ 
 
လီအားကွေ့နှင့် ရှန်မိသားစုတို့အကြားတွင် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိနေရမည်ဖြစ်ကြောင်း သူမက ယခုမှပင် သေချာပေါက် သဘောပေါက်သွားတော့သည်။ သို့မဟုတ်ပါက လီအားကွေ့တစ်ယောက် ဆေးရုံတွင် တစ်ညလုံး လာရောက်စောင့်ဆိုင်းပေးစရာ အကြောင်းမရှိချေ။

ရုတ်တရက် ရောက်ရှိလာသော သူမထက်စာလျှင် အဘွားရှန်က လီအားကွေ့ကို ပိုမိုယုံကြည်စိတ်ချလိမ့်မည်က အမှန်ပင်ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းသည် ယခင်က ရှန်လီ သူမအပေါ် ကူညီစောင့်ရှောက်ခဲ့ဖူးသည့် ကိစ္စရပ်များကိုမူ အဘွားရှန်အား ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။ အဓိကအချက်ကမူ ထိုအကြောင်းအရာများကို လျှောက်ပြောနေရန်မလိုဘဲ မိမိ၏ရင်ထဲတွင်သာ သိမ်းဆည်းထားသင့်သည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။ 
 
သူမ တွေးထားသည့်အတိုင်းပင် လီအားကွေ့၏ အမည်ကို ကြားလိုက်ရသည့်အခါ အဘွားရှန်က ဟယ်ယဲ့ချင်းအပေါ် ထားရှိသော သံသယစိတ်များနှင့် သတိကြီးစွာ ထားရှိမှုများက အနည်းငယ် လျော့ပါးသွားခဲ့ရသည်။ 
 
အဘွားရှန်က နံနက်စာကို လက်ခံစားသုံးခဲ့သော်လည်း ဟယ်ယဲ့ချင်းအား ကျသင့်ငွေကို မေးမြန်းပြီးနောက် သူမ၏အိတ်ကပ်ထဲမှ ငွေများကို ထုတ်ယူကာ အတင်းအဓမ္မ ပေးလာလေသည်။ 
 
ဟယ်ယဲ့ချင်းက ငြင်းပယ်၍မရသဖြင့် လက်ခံလိုက်ရသော်လည်း သူမ ဆေးရုံမှ ပြန်ခါနီးအချိန်ကျမှသာ ထိုငွေများကို အဘွားအိုထံ တိတ်တဆိတ် ပြန်ပေးရန် ဆုံးဖြတ်လိုက်သည်။ 
 
နံနက်ခင်းအချိန်ကာလအတွင်း ဟယ်ယဲ့ချင်းက ဆေးရုံ၌ အဘွားရှန်နှင့် စကားစမြည်ပြောဆိုရင်း အချိန်ကုန်လွန်စေခဲ့သည်။ 
 
သူတို့ စကားပြောဆိုနေကြစဉ်အတွင်း အဘွားရှန်၏ မျက်နှာအမူအရာက အလွန်အမင်း ရင်းနှီးနွေးထွေးလာခြင်း မရှိသေးသော်လည်း အနည်းဆုံးအနေဖြင့် အစပိုင်းကကဲ့သို့ အိုးတိုးအမ်းတန်း ဖြစ်မနေတော့ချေ။ 
 
ဟယ်ယဲ့ချင်း ဆေးရုံသို့ ရောက်ရှိကတည်းက ရှန်လီကို လုံးဝမတွေ့ရသေးဘဲ 'ဆေးရုံတွင် လူနာစောင့်မယ့်သူ တစ်ယောက်မှမရှိဘူး' ဟူသော လီအားကွေ့၏ စကားကို ပြန်လည်သုံးသပ်ကြည့်လျှင် ရှန်လီတစ်ယောက် လက်ရှိတွင် ရွာ၌ ရှိမနေခြင်း ဖြစ်နိုင်ကြောင်း သူမက ကောက်ချက်ချလိုက်မိသည်။ 
 
ရှန်လီက ရွာထဲတွင် ခဏခဏ ပေါ်လာလေ့မရှိသူ ဖြစ်သည်။ ရွာသားများက သူ့ကို အပြင်၌သာ အချိန်ကုန်နေပြီး အိမ်ပြန်မလာတတ်သည့် အသုံးမကျသော လေလွင့်လူငယ်တစ်ဦးအဖြစ် ပြောဆိုလေ့ရှိကြသော်လည်း၊ ဟယ်ယဲ့ချင်းကမူ သူက လူအများပြောသလောက် ဆိုးသွမ်းသူတစ်ဦး မဟုတ်နိုင်ကြောင်း ယုံကြည်ထားသည်။ 
 
ဝတ္ထုထဲတွင် ဖော်ပြထားသော ရှန်လီ၏ အကြောင်းအရာများကို ပြန်လည်တွေးတောမိသည့်အခါ သူက ယခုအချိန်လောက်တွင် အတိုင်းအတာတစ်ခုအထိ စည်းစိမ်ဥစ္စာများကို စတင်စုဆောင်းမိနေပြီ ဖြစ်ရမည်။ 
 
စီးပွားဥစ္စာဆိုသည်က ဘာမျှမရှိရာမှ ရုတ်တရက် သို့မဟုတ် တစ်ညတာအတွင်း ဖြစ်တည်လာနိုင်သောအရာ မဟုတ်သည့်အတွက် ဟယ်ယဲ့ချင်းက ရှန်လီသည် ယခုကာလကတည်းကပင် တစ်ဖက်လှည့်ဖြင့် ငွေကြေးအမြောက်အမြား ရှာဖွေနေပြီဖြစ်ကြောင်း ယုံကြည်ရန် ခိုင်လုံသော အကြောင်းပြချက် ရှိနေသည်။ 
 
သို့သော် ဤအချက်များက ဟယ်ယဲ့ချင်း၏ ရင်ထဲရှိ အတွေးများမျှသာ ဖြစ်ပြီး သူမက အဘွားရှန်အား အတည်ပြုချက်ရယူရန် မေးမြန်းခြင်းလည်း မပြုခဲ့ပေ။ 
 
ပထမအချက်အနေဖြင့် သူမက သူတစ်ပါးအကြောင်းကို ထိုမျှလောက်အထိ သိချင်စိတ် မပြင်းပြပေ။ ဒုတိယအချက်အနေဖြင့် သူတစ်ပါး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို စပ်စုမေးမြန်းခြင်းက အလွန်ပင် ယဉ်ကျေးမှုကင်းမဲ့ရာ ရောက်သောကြောင့်ပင်။ 
 
ထိုအချိန်အတောအတွင်း ဆရာဝန်တစ်ဦးကလည်း လူနာဆောင်များသို့ လှည့်လည်စစ်ဆေးရန် ရောက်ရှိလာခဲ့သည်။ 
 
ဆရာဝန်က ဟယ်ယဲ့ချင်းအား အဘွားရှန်၏ မြေးမလေးဟု ထင်မှတ်ကာ လူနာကို သေချာမပြုစုဟု အနည်းငယ် ဆူပူကြိမ်းမောင်းနေစဉ်အတွင်း၊ ဟယ်ယဲ့ချင်းက အခွင့်ကောင်းယူကာ အဘွားရှန်၏ ဒဏ်ရာအခြေအနေကို အသေးစိတ် မေးမြန်းစုံစမ်းလိုက်သည်။ 
 
အဘွားရှန်၏ ဒဏ်ရာက အလွန်အမင်း စိုးရိမ်ရသည့် အခြေအနေမျိုး မဟုတ်သော်လည်း ယခင်က ကြုံတွေ့ခဲ့ဖူးသော လောကဓံဒဏ်များကြောင့် သူမ၏ ခန္ဓာကိုယ်က အလွန်ပင် အားနည်းနွမ်းနယ်နေရှာသည်။ 
 
အသက်အရွယ်ကလည်း ကြီးရင့်နေပြီဖြစ်ရာ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်အမျိုးမျိုးက တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီ ဖြစ်သည်။ 
 
ယခုရရှိထားသော ဒဏ်ရာအသေးစားလေးက သာမန်အားဖြင့် အရေးမကြီးလှဟု ထင်ရသော်လည်း အသက်ကြီးသူများအတွက်မူ အခြားသော ရောဂါဘေးဆိုးများကိုပါ ဖိတ်ခေါ်သလို ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ဆရာဝန်က အဘွားရှန်အား အခြေအနေ စောင့်ကြည့်ရန်အတွက် ဆေးရုံတွင် ရက်အနည်းငယ်မျှ ထပ်မံတက်ရောက်ကုသရန် အကြံပြုခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ဆရာဝန်၏ အထင်အမြင်လွဲမှားမှုကို ပြန်လည်ချေပခြင်း မပြုဘဲ ဆရာဝန်၏ လမ်းညွှန်စကားများကိုသာ အလေးအနက်ထား၍ သေချာစွာ နားထောင်ခဲ့ပြီး၊ တစ်ခါတစ်ရံတွင် သူမ မရှင်းလင်းသည်များကိုပါ ယဉ်ကျေးစွာ မေးမြန်းခဲ့သည်။ 
 
သူမ၏ ကောင်းမွန်လှသော သဘောထားနှင့် နာခံမှုကို မြင်တွေ့ရသည့်အခါ ဆရာဝန်က အစောပိုင်း၌ သူ အနည်းငယ် ပြင်းပြင်းထန်ထန် ပြောဆိုမိသွားခြင်းအတွက် စိတ်မကောင်းဖြစ်သွား၏။ 
 
အဘွားရှန်ကမူ နှုတ်ခမ်းကို အသာအယာ စေ့ထားလျက် ဘာမှထပ်မံပြောဆိုခြင်း မရှိခဲ့ချေ။ 
 
… 
 
🖼🖼🖼🖼အခန်း ၁၇
 – “ရှင် ကျွန်မကို လက်ထပ်နိုင်မလား”


နံနက် ဆယ့်တစ်နာရီ ကျော်လွန်သွားသည့်အခါတွင်မူ လီအားကွေ့က ရွာမှ ဆေးရုံသို့ အပြေးအလွှား ရောက်ရှိလာလေသည်။

ဟယ်ယဲ့ချင်းက အချိန်ကို တွက်ချက်ကြည့်လိုက်ရာ သူက အိမ်တွင် နာရီအနည်းငယ်မျှသာ အိပ်စက်အနားယူခဲ့ရမှန်း သိသာလှသဖြင့် စကားအများကြီး ဆက်မပြောတော့ချေ။ 
 
လီအားကွေ့က သူရောက်လာပြီဖြစ်၍ ဟယ်ယဲ့ချင်းအား အိမ်သို့ ပြန်စေချင်နေပြီး ဆေးရုံရှိ ကိစ္စရပ်များကို သူကိုယ်တိုင် ဆက်လက်တာဝန်ယူ ပြုစုစောင့်ရှောက်မည်ဟု ဆိုလာသည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းက ထိုအချက်ကို သဘောမတူပေ။ သူမက အိမ်သို့ ပြန်သွားလျှင်ပင် နျိုချွန်းဟုန်၏ စူပုတ်နေသောမျက်နှာနှင့် စိတ်ရှုပ်စရာ အရေးကိစ္စများကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ထက်စာလျှင် ဆေးရုံတွင် ဆက်လက်နေထိုင်လျက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။

 á€Ąá€˜á€˝á€Źá€¸á€›á€žá€”်နသငအ် လီအားကွေ့တို့ နှစ်ယောက်စလုံးသည် အသက်အရွယ် မငယ်ကြတော့သည့်အတွက် အချို့သော ဝေယျာဝစ္စကိစ္စရပ်များတွင် သူမကဲ့သို့သော လူငယ်တစ်ဦးက လုပ်ဆောင်ပေးခြင်းက ပိုမိုသင့်လျော်လှပေသည်။ 
 
သို့ဖြစ်ရာ ရှန်လီတစ်ယောက် သတင်းကြားကြားချင်း ဆေးရုံလူနာဆောင်သို့ အပြေးအလွှား ပြန်လည်ရောက်ရှိလာသည့် ခဏ၌ သူ့အဘွား၏ ခုတင်ဘေးတွင် သေချာစွာ ထိုင်ကာ ပြုစုပေးနေသော ဟယ်ယဲ့ချင်းကို လှမ်း၍မြင်လိုက်ရသောအခါတွင်မူ... သူက ရင်ထဲတွင် အံ့ဩဝေခွဲမရခြင်းများနှင့်အတူ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။

အဘွားဖြစ်သူအတွက် စိုးရိမ်ပူပန်စိတ်က အရာအားလုံးထက် သာလွန်သွားသဖြင့် ရှန်လီက သူ့ခြေတံရှည်ကြီးများဖြင့် အရှိန်ပြင်းပြင်း လှမ်းလျှောက်လာကာ အဘွားရှန်၏ လူနာခုတင်ဘေးသို့ ခြေလှမ်းအနည်းငယ်အတွင်း ရောက်ရှိသွား၏။

“အဘွား... ဘာမှမဖြစ်ဘူးမလား…” 

ရှန်လီ၏ ကျဉ်းမြောင်းစူးရှသော မျက်ဝန်းအစုံတွင် ဖုံးကွယ်၍မရသည့် စိုးရိမ်ပူပန်ရိပ်တို့ ယှက်သန်းနေခဲ့သည်။

မြေးဖြစ်သူကို မြင်လိုက်ရသည့်အခါ အဘွားရှန်က မကျေနပ်သလို နှာခေါင်းတစ်ချက် ရှုံ့ပြလိုက်လေသည်။

အဘွားရှန်တစ်ယောက် သူ့အပေါ် ယခုထိတိုင် စိတ်ကောက်ဒေါသထွက်နိုင်သေးသည်ကို မြင်လိုက်ရမှသာ ရှန်လီ၏ ရင်ထိတ်နေမှုတို့က အေးချမ်းသွားရသည်။

လွန်ခဲ့သည့် နှစ်ရက်က သူသည် အချို့ကိစ္စများကြောင့် မြို့ပြင်သို့ ခရီးထွက်ခဲ့ရခြင်း ဖြစ်သည်။ ခရီးက အလွန်မဝေးလှသဖြင့် နှစ်ရက်၊ သုံးရက်အတွင်း ပြန်ရောက်မည်ဟု တွက်ချက်ကာ အဘွားကို ကူညီစောင့်ရှောက်ပေးရန် လီအားကွေ့အား အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူ မရှိသည့် ဤတစ်ရက်၊ နှစ်ရက်အတွင်း၌ပင် မမျှော်လင့်ဘဲ ပြဿနာက ပေါ်ပေါက်လာခဲ့ရသည်။

လီအားကွေ့ထံမှ သတင်းစကားကို ရရချင်း ရှန်လီက အမြန်ဆုံးနှုန်းဖြင့် ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။ လမ်းခရီးတစ်လျှောက်လုံးတွင် အကယ်၍ အဘွားသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက သူ မည်သို့ရှေ့ဆက်ရမည်ကိုပင် မတွေးဝံ့အောင် ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ အဘွားဖြစ်သူက သူ့အပေါ် စိတ်ကောက်နေရုံမျှမက ယခုအချိန်တွင် သူ့ကို ဆူပူကြိမ်းမောင်းလျှင်ပင် ရှန်လီတစ်ယောက် ဝမ်းသာပီတိ ဖြစ်နေမိမည် ဖြစ်သည်။

အဘွားရှန်က သူ့ကို ဆူပူခြင်းမပြုဘဲ ရှန်လီအား ပြောလိုက်သည်။

“မင်းရဲ့ ဦးလေးအားကွေ့နဲ့ ဟယ်မိသားစုက ဒီသမီးလေးကို ကျေးဇူးတင်ရမယ်… သူတို့ကို ကျေးဇူးဆပ်ဖို့ မမေ့နဲ့ဦး…”

လီအားကွေ့၏ ဘိုးဘွားမိဘများသည် မူလကတည်းက ကန်းရွှေရွာသားများ မဟုတ်ကြပေ။ စစ်မက်ဖြစ်ပွားချိန်တွင် ဤဒေသသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

ထိုစဉ်က သဘောထားပြည့်ဝလှသော မြေပိုင်ရှင် ရှန်မိသားစုက သူတို့ကို ထမင်းတစ်နပ် ကျွေးမွေးရုံမျှမက အလုပ်အကိုင်ပေးကာ အခြေချနေထိုင်ခွင့်ပြုခဲ့သဖြင့် လီအားကွေ့၏ ဘိုးဘွားများက ဤခေတ်ကာလအထိ အသက်ဆက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

လီမိသားစုက သစ္စာတရားနှင့် ကတိကဝတ်ကို အလွန်တန်ဖိုးထားကြသူများ ဖြစ်သည်။ ရှန်မိသားစု ဘဝပျက်ကာ အကျပ်အတည်းဆိုက်ရောက်ချိန်တွင်ပင် သူတို့က နင်းခြေခြင်းမပြုသလို ကျောခိုင်းလည်းမသွားခဲ့ကြချေ။

လီအားကွေ့က ထိုကျေးဇူးတရားကို အစဉ်အမြဲ ရင်ထဲတွင် မှတ်ကျောက်တင်ထားခဲ့ပြီး လွန်ခဲ့သော နှစ်များစွာကတည်းက ရှန်မိသားစုကို တတ်နိုင်သမျှ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်သည်။

ရှန်လီက လီအားကွေ့အပေါ် ထားရှိသော ကျေးဇူးတရားအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ရန် ဝန်မလေးသော်လည်း လီအာကွေ့ကမူ ခေါင်းခါယမ်းလျက် ဤသည်က သူလုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်မျှသာဖြစ်ကြောင်း ဆိုကာ ငြင်းပယ်ခဲ့သည်။

ဦးလေးလီအား ကျေးဇူးတင်စကား ပြောကြားပြီးနောက် ရှန်လီက ဟယ်ယဲ့ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

သူမက သူ့ကို ယဉ်ကျေးသိမ်မွေ့သော အပြုံးလေးဖြင့် တုံ့ပြန်လိုက်ရာ ရှန်လီက မျက်လုံးကို အသာချလျက် တိုးညင်းစွာ ပြောလိုက်သည်။

“ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်…”

“မလိုပါဘူး... ရှင်လည်း ကျွန်မကို ကူညီခဲ့ဖူးတာပဲဥစ္စာ…”
ဟယ်ယဲ့ချင်းက ပြန်လည်ပြောဆိုခဲ့သည်။

အဘွားရှန်၏ မြေးဖြစ်သူ ရောက်ရှိလာပြီဖြစ်ရာ လီအားကွေ့နှင့် ဟယ်ယဲ့ချင်းတို့ ဆေးရုံတွင် ဆက်လက်နေထိုင်ရန် မလိုအပ်တော့ချေ။

ရှန်လီက လီအားကွေ့အား အိမ်ပြန်နားရန် တိုက်တွန်းလိုက်ပြီး ဟယ်ယဲ့ချင်းကလည်း သူမကိုယ်သူမ သတိပြုမိကာ ယခုအချိန်က ပြန်ရမည့်အချိန်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ရှန်လီက လီအားကွေ့နှင့် ဟယ်ယဲ့ချင်းတို့ကို ဆေးရုံတံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့ပြီးနောက် သူက ဟယ်ယဲ့ချင်းနှင့်အတူ စက်ဘီးကို တွန်းလျက် အတန်ငယ် အကွာအဝေးအထိ အတူတူ လမ်းလျှောက်ခဲ့ကြသည်။

ဟယ်ယဲ့ချင်းက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး အဘွားရှန်၏ ဒဏ်ရာအခြေအနေများကို သူ့အား အကျဉ်းချုံး ရှင်းပြလိုက်သည်။

ရှန်လီကမူ စကားလုံးအများကြီး ပြန်လည်ပြောဆိုခြင်းမရှိဘဲ အတိုချုံးသာ တုံ့ပြန်လေသည်။

သူတို့ လမ်းအနည်းငယ်မျှ ဆက်လက်လျှောက်လှမ်းပြီးနောက် ဟယ်ယဲ့ချင်းက သူ့ဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သည်။

“ကျွန်မ သွားတော့မယ်နော်…”

“လမ်းမှာ ဂရုစိုက်သွားပါဦး…”
သူက သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆိုသည်။

ဟယ်ယဲ့ချင်းက စက်ဘီးပေါ်သို့ တက်ခွလိုက်ပြီး ထွက်ခွာသွားစဉ်အတွင်း ရှန်လီ၏ ပုံစံကို တိတ်တဆိတ် စောင့်ကြည့်လေ့လာနေမိသည်။

သူမက မူရင်းဝတ္ထုဇာတ်လမ်းထဲတွင် ဖော်ပြထားသော ရှန်လီ၏ ပုံစံက မည်သို့ရှိသည်ကို ပြန်လည်တွေးတောရန် ကြိုးစားမိလိုက်ရာ ယခုသူမရှေ့ရှိ ရှန်လီက ဝတ္ထုထဲတွင် ပါရှိသော ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲလှသည့် ဗီလိန်ကြီး၏ ပုံစံမျိုးနှင့် လုံးဝကွဲပြားခြားနားနေကြောင်းကို သတိပြုမိသွားသည်။

ပြန်တွေးကြည့်လျှင် လက်ရှိ ရှန်လီက အသက်နှစ်ဆယ်ကျော်အရွယ်မျှသာ ရှိသေးပြီး အနည်းငယ် နုနယ်ပျိုမြစ်သော ရုပ်ရည်အသွင်အပြင် ရှိနေသေးသည်။ ဝတ္ထုမူရင်း ဇာတ်လမ်းထဲတွင်မူ သူ ပေါ်လာသည့်အချိန်၌ အသက်နှစ်ဆယ်နှောင်းပိုင်း သို့မဟုတ် သုံးဆယ်အရွယ် ရင့်ကျက် တည်ငြိမ်နေသော အမျိုးသားတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ငါးနှစ်၊ ခြောက်နှစ်ဆိုသည့် အချိန်ကာလက လူတစ်ယောက်ကို အကြီးအကျယ် ပြောင်းလဲသွားစေရန်အတွက် လုံလောက်သော အချိန်ပင် ဖြစ်သည်။

ထိုအချိန်အတောအတွင်း ရှန်လီတစ်ယောက် မည်ကဲ့သို့သော လောကဓံနှင့် ဒုက္ခပေါင်းစုံကို ကြုံတွေ့ခဲ့ရသည်ကိုမူ ဝတ္ထုထဲတွင် အသေးစိတ် ဖော်ပြထားခြင်း မရှိချေ။

ဝတ္ထုထဲတွင် ဖော်ပြထားခြင်းက ရှန်လီသည် အပေါင်းအသင်း ဝင်ဆန့်သူမဟုတ်ဘဲ အထီးကျန်စွာ နေတတ်ကာ စီးပွားရေးလုပ်ကိုင်ရာတွင် အလွန်ရက်စက်ပြီး တိကျစေ့စပ်သူဖြစ်သဖြင့် ရန်သူအမြောက်အမြား ရှိခဲ့ကြောင်းသာ ဖြစ်သည်။

အချို့သောသူများက ရှန်လီ၏ မျက်နှာသာပေးမှုကို ရရှိရန် သို့မဟုတ် သူ့ကို အကွက်ဆင် ဖမ်းဆီးရန်အတွက် ငွေကြေးများ၊ အရက်သေစာများနှင့် မိန်းမလှလေးများကို လာရောက်ပေးအပ်ကာ ချဉ်းကပ်လေ့ရှိကြသည်။

သို့သော်လည်း ရှန်လီက ထိုအရာများကို မည်သည့်အခါမျှ လက်ခံခြင်းမရှိခဲ့ရာ ထိုလူများက သူ့ကို ကိုင်တွယ်ရ အလွန်ခက်ခဲသော လူတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

တစ်ခါက ရှန်လီအား ကပ်ဖားလိုသော လူတစ်ဦးက အလွန်လှပချောမောလှသည့် မိန်းမလှလေးတစ်ဦးကို စေလွှတ်ကာ အကွက်ဆင်ခဲ့ဖူးသော်လည်း ထိုမိန်းကလေးက အိမ်တံခါးဝသို့ပင် ဝင်ခွင့်မရဘဲ မောင်းထုတ်ခြင်း ခံခဲ့ရသည်။

ထိုလူက ဤကိစ္စအပေါ် အလွန်ပင် ဝေခွဲမရဖြစ်ခဲ့ရသည်။ ထိုမိန်းကလေးက အမှန်တကယ်ပင် လှပလွန်းလှပြီး သူကိုယ်တိုင်ပင်လျှင် သူမ၏အလှအပအောက်တွင် မူးယစ်မိခဲ့ရသည်ဖြစ်ရာ ရှန်လီက လက်တစ်ကမ်းတွင် ရှိနေသော မိန်းမလှလေးကို အဘယ်ကြောင့် ငြင်းပယ်ရသည်ကို နားမလည်နိုင်ဖြစ်ရသည်။ ထို့အပြင် ရှန်လီတွင် အိမ်ထောင်ဖက် သို့မဟုတ် အခြားသော မိန်းကလေးတစ်ဦး ရှိနေသည်ဟုလည်း မကြားဖူးသဖြင့် ထိုလူက ရှန်လီတွင် အမျိုးသားတစ်ဦးအနေဖြင့် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိနေလေသည်လားဟုပင် တိတ်တဆိတ် သံသယဝင်ခဲ့မိသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်က ဝတ္ထုထဲတွင် အမျိုးသားဇာတ်လိုက်၏ ယုတ်မာကောက်ကျစ်မှုများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အမျိုးသမီးဇာတ်လိုက်က အလူးအလဲ ဒုက္ခရောက်နေသည့် အချိန်ကာလ ဖြစ်သည်။

ဝတ္ထုထဲတွင် ထိုဇာတ်ကွက် ပေါ်လာသည့်အခါ ဖတ်ရှုသူအမြောက်အမြားက မကျေမနပ်ဖြစ်ကြပြီး အမျိုးသားဇာတ်လိုက်ကို ပြောင်းလဲပေးရန် တောင်းဆိုခဲ့ကြသည်။ ဆွဲဆောင်မှုရှိပြီး စွမ်းဆောင်ရည်မြင့်မားလှသော ဗီလိန်ကြီး ရှန်လီက မိန်းမရှုပ်သော အမျိုးသားဇာတ်လိုက်ထက်စာလျှင် ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့သည်။

ဝတ္ထု၏ ဝေဖန်ရေးကဏ္ဍတွင်လည်း အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့ရသည်။

သို့သော်ငြားလည်း ရှန်လီက အမျိုးသမီးဇာတ်လိုက်အပေါ်တွင်လည်း မည်သည့်အခါမျှ စိတ်ဝင်စားမှု မပြခဲ့ချေ။

…

ဟယ်ယဲ့ချင်းက မူရင်းဝတ္ထု၏ ဇာတ်ကွက်ကို ပြန်လည်တွေးတောမိနေစဉ် လမ်းခုလတ်တွင် ရုတ်တရက် ကြောင်အမ်းကာ စက်ဘီးကို ရပ်လိုက်မိသည်။

နေပါဦး... ရှန်လီက မိန်းမရှုပ်တဲ့သူလည်း မဟုတ်ဘူး… လက်ရှိမှာလည်း အိမ်ထောင်ဖက် မရှိသေးဘူး မဟုတ်လား…

အလွန်ပင် ရဲတင်းလှသော အတွေးဆန်းကြီးတစ်ခုက သူမ၏ ရင်ထဲတွင် ရုတ်ချည်း ပေါက်ဖွားလာလေသည်။

ငါ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နိုင်ဖို့အတွက် ငါ့ကို ဟန်ဆောင်လက်ထပ်ပေးဖို့ ရှန်လီကို အကူအညီတောင်းရင်ရော မဖြစ်နိုင်ဘူးလား…

ရှန်လီက နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်ကြာသည်အထိ အိမ်ထောင်ပြုဦးမည်မဟုတ်ရာ၊ အကယ်၍ သူတို့နှစ်ဦး ယခုအချိန်တွင် ဟန်ဆောင်လက်ထပ်ကြမည်ဆိုလျှင် သူ့ဖူးစာကို ဖျက်ဆီးရာ ရောက်မည်မဟုတ်ပေ။ အဓိကအချက်က ဤအတုအယောင် အိမ်ထောင်ရေးသည် အချိန်တိုအတွင်း၌ပင် ပြီးဆုံးသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ယခုအချိန်တွင် ရှန်လီကလည်း အိမ်ထောင်ပြုရန် ပတ်ဝန်းကျင်၏ ဖိအားပေးမှုကို ခံနေရပုံရရာ၊ ဤအစီအစဉ်က သူ့အတွက်လည်း လတ်တလော စိုးရိမ်ပူပန်မှုအချို့ကို ဖြေရှင်းပေးနိုင်သည့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပေသည်။

အပြန်အလှန် အကျိုးအမြတ်အနေဖြင့် သူ အပြင်တွင် စီးပွားရေးကိစ္စရပ်များဖြင့် သွားလာနေစဉ်အတွင်း သူမက အဘွားရှန်ကို သေချာစွာ ပြုစုစောင့်ရှောက်ပေးနိုင်သည်။

အကယ်၍ သူ့တွင် သူမ ဖြည့်ဆည်းပေးနိုင်မည့် အခြားသော တောင်းဆိုချက်များ ရှိနေခဲ့လျှင်ပင် သူမက သဘောတူနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စက သူမဘက်မှ သူ့ကို အကူအညီတောင်းခံရမည့် ကိစ္စ ဖြစ်သည်။

ပို၍အရေးကြီးသောအချက်က ရှန်လီသည် သူမအပေါ်တွင်သာမက အခြားသော မိန်းကလေးများအပေါ်တွင်ပါ မည်သည့်စိတ်ဝင်စားမှုမျှ မရှိခြင်းပင် ဖြစ်သည်။ ဤအချက်က ဟန်ဆောင် အိမ်ထောင်ဖက် ဖြစ်လာရန်အတွက် အလွန်ပင် ပြည့်စုံလွန်းလှသည့် အရည်အချင်းတစ်ရပ် ဖြစ်ပေသည်။

အထပ်ထပ် စဉ်းစားသုံးသပ်ပြီးနောက် ဟယ်ယဲ့ချင်းသည် ဤအစီအစဉ်က ဖြစ်နိုင်ခြေ အလွန်မြင့်မားကြောင်း တွေ့ရှိသွားသည်။ သူမ သတိမထားမိမီမှာပင် စက်ဘီးက လမ်းဘေးတွင် ရပ်တန့်သွားခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးတွင် အိမ်မှခွဲထွက်ခွင့်ရမည့်အပြင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုပါ ချောမွေ့စွာ ဖြေဆိုနိုင်တော့မည့် အလင်းရောင်ဖျဖျကို တွေ့မြင်လိုက်ရသဖြင့် ဟယ်ယဲ့ချင်းက ဝမ်းသာပီတိဖြစ်လွန်း၍ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ ဤအစီအစဉ်ကို ချက်ချင်းပင် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြလာလေသည်။

သူမက တွေးသည့်အတိုင်းပင် ချက်ချင်းပင် လုပ်ဆောင်လိုက်၏။

ဟယ်ယဲ့ချင်းက အချိန်ဆွဲမနေတော့ဘဲ စက်ဘီးကို ချက်ချင်းပင် လှည့်ကာ ဆေးရုံရှိရာဘက်သို့ အပြေးအလွှား ပြန်နင်းခဲ့လိုက်သည်။

မိနစ်ပိုင်းမျှ ကြာပြီးနောက်တွင်မူ သူမက ရှန်လီနှင့် လမ်းခွဲခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာ၏။

သူမ အံ့ဩသွားရသည်က ရှန်လီသည် ထိုနေရာမှ ထွက်ခွာသွားခြင်း မရှိသေးချေ။

သူက နံရံကိုမှီလျက် ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းတွင် ခဲထားဆဲ ဖြစ်သည်။ သူက ဦးခေါင်းကို အနည်းငယ် နောက်သို့ စောင်းလျက် မျက်လွှာချထားပြီး မျက်နှာတစ်ခုလုံးတွင် မရေမရာဖြစ်မှုနှင့်အတူ ဝမ်းနည်းပူဆွေးရိပ်တို့ ယှက်သန်းနေလေသည်။

ဟယ်ယဲ့ချင်းက စက်ဘီးပေါ်မှ ဆင်းကာ သူ့ထံသို့ လျှောက်လှမ်းသွားခဲ့သည်။

ရှန်လီက ခြေသံကြားသဖြင့် လှမ်းကြည့်လိုက်ရာ ဟယ်ယဲ့ချင်းတစ်ယောက် သူ့ရှေ့မှောက်သို့ ထပ်မံပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ထိုအခါ သူ့ မျက်စိသူငယ်အိမ်က အနည်းငယ် ကျယ်ပြန့်သွားပြီး လက်ထဲမှ ဆေးလိပ်မီးကို လျင်မြန်စွာပင် ခြေဖျက်ပစ်လိုက်သည်။

ထိုအချိန်တွင် ဟယ်ယဲ့ချင်းက သူ့အနီးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက အပြေးအလွှား ပြန်လာခဲ့ခြင်းဖြစ်သဖြင့် အသက်ရှူသံများက အနည်းငယ် ပြင်းထန်နေသော်လည်း သူမ၏ မျက်ဝန်းအစုံတွင်မူ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ရိပ်တို့ အပြည့်ရှိနေခဲ့သည်။

သူမက စိတ်ကို ခေတ္တမျှ စုစည်းကာ အသက်ကို ဝဝရှူလိုက်ပြီးနောက် ရှန်လီကို စိုက်ကြည့်ကာ မေးလိုက်လေသည်။

“ရှန်လီ... ရှင် ကျွန်မကို လက်ထပ်နိုင်မလား…”

ရှန်လီက ဤကဲ့သို့ မမျှော်လင့်ထားသော စိတ်လှုပ်ရှားဖွယ်ရာ မေးခွန်းကြောင့် ကြောင်အမ်းကာ ဆွံ့အသွားရသည်။ သူ့လက်ထဲမှ ဆေးလိပ်တိုလေးက နှစ်ပိုင်းကျိုးသွားခဲ့ရပြီး မီးစမငြိမ်းသေးသော ဆေးလိပ်အကြွင်းအကျန်က သူ့လက်ဖဝါးပြင်ကို ချက်ချင်းပင် လောင်သွားကာ အပူဒဏ်ကြောင့် စပ်ဖျဉ်းဖျဉ်းပင် ဖြစ်သွားရသည်။

သူ့ရင်ဘတ်ထဲရှိ နှလုံးကလည်း ဒုန်းဒုန်းဒိုင်းဒိုင်းဖြင့် ပြင်းထန်စွာ တုန်ခါလာခဲ့ရပြီး သူက တံတွေးကို ခက်ခဲစွာ မျိုချလျက် နောက်ဆုံးတွင် စကားလုံးအချို့ကို မနည်းညှစ်ထုတ်ကာ မေးလိုက်ရသည်။

“ဘာ... ဘာပြောလိုက်တယ်…”

ဟယ်ယဲ့ချင်းက သူမ၏ အစောပိုင်းမှ စကားလုံးများက အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့မှန်း သတိပြုမိလိုက်သဖြင့် ရင်ထဲတွင် နောင်တရစိတ်များနှင့်အတူ သူမ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ရသည်။

“ရှန်လီ... ကျွန်မကို အကူအညီတစ်ခုလောက် ပေးနိုင်မလား…”
ထိုသို့ပြောကာ ဟယ်ယဲ့ချင်းက စကားကို ခေတ္တရပ်လိုက်သည်။

ထိုခဏ၌ သူမ၏ ခေါင်းထဲတွင် ပြင်းထန်နေသော စိတ်လှုပ်ရှားမှု အဟုန်တို့က တဖြည်းဖြည်း ချုပ်ငြိမ်းကာ တည်ငြိမ်သွားခဲ့ရပြီ ဖြစ်သည်။

ရှန်လီကဲ့သို့သော လူတစ်ဦးအား ရုတ်တရက် ဤကဲ့သို့သော တောင်းဆိုချက်မျိုး ပြုလုပ်မိခြင်းက အနည်းငယ် ရဲတင်းလွန်းရာ ရောက်နေသည်ဟု သူမ ခံစားလိုက်ရသည်။

သို့သော်လည်း စကားကို စတင်ပြီးပြီ ဖြစ်သဖြင့် ဟယ်ယဲ့ချင်းက သတ္တိမွေးကာ ကိစ္စရပ်များကို အဆုံးထိ ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။

သူမက ရှန်လီ၏ မျက်ဝန်းကို တည့်တည့်စိုက်ကြည့်လျက် ဆက်လက်၍ အားကိုးတကြီး တောင်းပန်တိုးလျှိုးလိုက်၏။

“ဆိုလိုတာက... ရှင် ကျွန်မကို ဟန်ဆောင်လက်ထပ်ပေးနိုင်မလားလို့ပါ… ကျွန်မ လတ်တလောမှာ အရမ်း ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရလို့ပါ... ဘာမှစိတ်မပူပါနဲ့… အချိန်တန်ရင် ကျွန်မတို့ တရားဝင် ကွာရှင်းပြတ်စဲကြမှာပါ… အဲဒီနောက်ပိုင်းကျရင် ကျွန်မ ရှင်တို့ဘဝထဲကို လုံးဝ ဝင်ရောက်နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး…”

ရှန်လီကမူ မည်သည့်စကားမျှ ပြန်လည်ပြောဆိုခြင်းမရှိဘဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်စွာသာ စိုက်ကြည့်နေလေသည်။

ဟယ်ယဲ့ချင်းက သူ့အား အတင်းအဓမ္မ မတိုက်တွန်းတော့ချေ။ အကယ်၍ တစ်စုံတစ်ဦးက သူမထံသို့ ရုတ်တရက် ရောက်ရှိလာပြီး ယခုကဲ့သို့ တောင်းဆိုချက်မျိုး ပြုလုပ်လာပါက သူမသည်လည်း ထိုလူအား အရူးတစ်ယောက်ဟုသာ သတ်မှတ်မိလိမ့်မည်ဖြစ်ကြောင်း သူမ ကိုယ်ချင်းစာ သဘောပေါက်လိုက်သည်။

သူမ ထင်မှတ်ထားသည့်အတိုင်းပင် ရှန်လီ၏ နှုတ်ခမ်းအစုံက တင်းတင်းစေ့သွားခဲ့ရသည်။

ဟယ်ယဲ့ချင်း၏ မျက်နှာလေးကမူ သိသိသာသာပင် ညှိုးငယ်သွားခဲ့ပြီး ပုခုံးလေးနှစ်ဖက်ပါ ကျဆင်းသွားတော့သည်။

“အင်း... ကျွန်မ နားလည်ပါပြီ…”

ဟယ်ယဲ့ချင်းက လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး ဆိုလိုက်သည်။

“စိတ်လိုက်မာန်ပါ ပြောမိသွားတဲ့အတွက် တောင်းပန်ပါတယ်…”

စိတ်ပျက်အားလျော့မှုနှင့်အတူ အလွန် ရှက်ကိုးရှက်ကန်းဖြစ်ရသည့် ခံစားချက်ကြီးက ရုတ်ချည်း တိုးဝင်လာလေသည်။

သူမက သူ့မျက်နှာကို ဆက်၍ပင် မကြည့်ဝံ့တော့သဖြင့် တိုးညင်းစွာပြောပြီး ထွက်သွားလိုက်သည်။

“ကျွန်မ သွားတော့မယ်နော်… စောစောက ပြောခဲ့တဲ့ စကားတွေကို ဘာမှမကြားခဲ့ဘူးလို့ပဲ သတ်မှတ်ပေးပါ...”

သူမ မြန်မြန်ဆန်ဆန် ပြန်ထွက်သွားသည်ကို ကြည့်ကာ ရှန်လီ၏ ခြေလှမ်းများက ရှေ့သို့ အလိုက်သင့် တိုးသွားခဲ့သော်လည်း နောက်ဆုံးတွင်မူ မူလနေရာ၌ပင် ခိုင်မြဲစွာ ရပ်တန့်နေလိုက်သည်။

သူက နောက်ထပ် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ နှုတ်ခမ်းတွင် ခဲထားလိုက်ပြီး မီးမညှိဘဲ ထိုအတိုင်းပင် အချိန်အတော်ကြာအောင် ငြိမ်သက်နေမိတော့သည်။

🖼🖼🖼🖼အခန်း ၁၈ 
 – အိမ်တိုင်ရာရောက် လာကြခြင်း


ဆေးရုံလူနာဆောင်အတွင်း၌...

အဘွားရှန်က စိတ်လွင့်မျောနေပုံရသော ရှန်လီကို စိုက်ကြည့်ကာ ခပ်တိုးတိုး မေးမြန်းလိုက်သည်။

“ပြန်ရောက်ပြီလား... ဘာလို့ ဒီလောက်တောင် ကြာသွားရတာလဲ…”

“လမ်းမှာ ကိစ္စတစ်ခုနဲ့ ကြုံသွားလို့ပါ အဘွား…”
ရှန်လီက ပြန်လည်ဖြေကြားခဲ့သည်။

မြေးဖြစ်သူ၏ ပုံစံကို မြင်တွေ့ရသည့်အခါ အဘွားရှန်က ဆက်လက်၍ မေးမြန်းခြင်းမပြုတော့ဘဲ ခုတင်ပေါ်တွင် အသာအယာ လှုပ်ရှားရင်း ဂျီကျနေလေသည်။

“အဘွားအခြေအနေက သိပ်ဆိုးတာမဟုတ်ပါဘူး… ဆေးရုံမှာ ဆက်မနေချင်တော့ဘူး... အခုပဲ ဆေးရုံက ဆင်းချင်ပြီ…”

ရှန်လီက စိတ်ပျက်လက်ပျက်ဖြင့် အဘွားဖြစ်သူကို လှမ်းကြည့်လိုက်သော်လည်း သူ့လေသံကမူ ငြင်းပယ်ရန် အခွင့်အရေးမရှိလောက်အောင် ပြတ်သားလှပေသည်။

“ဆရာဝန်က အဘွားရဲ့ ဒဏ်ရာအခြေအနေက တော်တော်လေး စိုးရိမ်ရတယ်လို့ ပြောထားတယ်… ဆေးရုံမှာ ရက်ပိုင်းလောက် ထပ်ပြီး စောင့်ကြည့်ရဦးမှာမို့ အခုချက်ချင်း ဆင်းလို့မရဘူး…”

“ငါ့ခန္ဓာကိုယ်အကြောင်း ငါအသိဆုံးပါ…”
အဘွားရှန်က ဇွတ်ငြင်းပြန်သည်။

“ငါ ဘာမှမဖြစ်ဘူးဆိုရင် မဖြစ်ဘူးပဲ…”

ရှန်လီက ကလေးတစ်ယောက်လို ဂျီကျနေသော အဘွားဖြစ်သူကို ကြင်နာနားလည်ပေးနိုင်သည့် မျက်ဝန်းအစုံဖြင့်သာ စိုက်ကြည့်နေမိသည်။ သူမ ပြောချင်သမျှကို ပြောခွင့်ပြုထားသော်လည်း ဆေးရုံမှ ဆင်းခွင့်ပြုရန်မူ လုံးဝ (လုံးဝ) သဘောမတူခဲ့ချေ။

အဘွားရှန်က သူမ ဆေးရုံမှ ဆင်းခွင့်ရတော့မည်မဟုတ်မှန်း သိရှိသွားသည့်အခါ စကားလမ်းကြောင်းကို ရုတ်ချည်း ပြောင်းလဲလိုက်လေသည်။

“ကဲပါ... မဆင်းရရင်လည်း မဆင်းရဘူးပေါ့… ဒါနဲ့ မင်းကရော ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ စဉ်းစားထားလဲ… အဘွားကလည်း အသက်ကြီးပြီး နေမကောင်းဖြစ်နေရတဲ့ ကြားထဲ... မင်း အိမ်ထောင်ပြုပြီး မြေးချီချင်တဲ့ ဆန္ဒလေးတစ်ခုပဲ ရှိတော့တာပါ…”

အိမ်ထောင်ပြုမည့် အရေးကိစ္စက အဘွားရှန်၏ ရင်ထဲတွင် အစဉ်အမြဲ စိုးရိမ်ပူပန်နေရသော အချက်တစ်ချက်ဖြစ်ပြီး ရှန်လီ၏ နားထဲတွင်လည်း မကြာခဏ ကြားနေရသည့် မြည်တွန်တောက်တီးမှုတစ်ခု ဖြစ်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရှန်လီက ပြုံးလျက်သာ စကားလမ်းကြောင်း လွှဲလေ့ရှိသော်လည်း၊ ယနေ့တွင်မူ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ သူက ခေတ္တမျှ ကြောင်အမ်းကာ ငေးမောသွားခဲ့ရသည်။

သို့သော်လည်း ထိုကဲ့သို့ ငေးမောသွားခြင်းက ခဏမျှသာ ဖြစ်သည်။ ရှန်လီ၏ မျက်နှာအမူအရာက တည်ငြိမ်မှုများ ချက်ချင်း ပြန်လည်လွှမ်းမိုးသွားခဲ့ပြီး၊ သူက မတ်တတ်ရပ်ကာ အဘွားရှန်၏ လက်ကို အသာအယာ ဆုပ်ကိုင်လျက် ဆိုလိုက်၏။

“အဘွား... ကျွန်တော် ဆရာဝန်နဲ့ သွားပြီး စကားပြောလိုက်ဦးမယ်နော်…”

အဘွားရှန်က သူ၏ မထူးဆန်းသလို အေးစက်စက် သဘောထားကို ကြည့်ကာ ရင်ထဲတွင် အလိုမကျဘဲ စိတ်ပျက်မိသွားသည်။

သူမက မြေးဖြစ်သူအပေါ် အလွန် အကြွေးတင်နေခဲ့ပြီဟု ခံစားနေရရုံမျှမက၊ သူ ဘဝသက်တမ်းတစ်လျှောက်လုံး အထီးကျန်စွာ ကုန်လွန်သွားရလေမည်လားဟူသော အတွေးဖြင့် အမှန်တကယ်ပင် စိုးရိမ်ထိတ်လန့်နေမိလေသည်။

ဟယ်ယဲ့ချင်းတစ်ယောက် ဆေးရုံမှ အိမ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ ရင်ထဲတွင် အတော် စိတ်ပျက်အားလျော့ကာ စိတ်မရွှင်မလန်း ဖြစ်နေခဲ့သည်။ ရှန်လီနှင့် ဟန်ဆောင်လက်ထပ်ပြီး အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန် ကြံစည်ခဲ့သော သူမ၏ အစီအစဉ်ဆန်းကြီးက မည်သို့မျှ ဖြစ်နိုင်ခြေမရှိတော့ကြောင်း လက်တွေ့ကျကျ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် ရှန်လီက ဟန်ဆောင်လက်ထပ်ရန်အတွက် အလွန်ပင် ပြည့်စုံကောင်းမွန်လှသော အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်က ငြင်းပယ်၍မရချေ။ ထို့ကြောင့်လည်း ဟယ်ယဲ့ချင်းက ရင်ထဲတွင် တစ်ဆစ်ဆစ်နှင့် နှမြောတသဖြစ်ကာ နောင်တရမိနေသော်လည်း ယခုအခြေအနေတွင် သူမအနေဖြင့် ဘာမျှတတ်နိုင်စွမ်း မရှိတော့ချေ။

သို့သော်လည်း တစ်ဖက်တွင် ပြန်လည်တွေးတောကြည့်ပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် အချိန်တစ်နှစ်နီးပါးမျှ ကျန်ရှိနေသေးသဖြင့် သူမက အခြားသော နည်းလမ်းကောင်းများနှင့် ရွေးချယ်စရာများကို ရှာဖွေရန် အချိန်အလုံအလောက် ရှိနေသေးသည်ဟု သူမကိုယ်သူမ ပြန်လည်နှစ်သိမ့်နိုင်ပေသည်။

သို့ရာတွင် ဟယ်ယဲ့ချင်းတစ်ယောက် လုံးဝ မျှော်လင့်မထားခဲ့မိသည့် အချက်ကမူ သူမဘက်မှ အချိန်ဆွဲပြီး စောင့်ဆိုင်းနိုင်သော်လည်း၊ သူမ၏ မိခင်ဖြစ်သူ နျိုချွန်းဟုန်ကမူ ထိုမျှလောက်အထိ အချိန်မဆွဲနိုင်တော့ဘဲ စိတ်လောနေခဲ့ခြင်းပင် ဖြစ်သည်။

မည်သည့်အကြောင်းရင်းကြောင့်မှန်း အသေအချာမသိရသော်လည်း နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းအား အမြန်ဆုံး အိမ်ထောင်ချပေးပြီး ဤအိမ်မှ မောင်းထုတ်ပစ်ရန်အတွက် ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချထားပုံရပေသည်။

မွန်းလွဲပိုင်းတစ်နေ့တွင် ဟယ်ယဲ့ချင်းက နောက်တစ်နေ့ ဆိုင်ထွက်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်ခံကာ ပြင်ဆင်နေစဉ်အတွင်း၊ အောင်သွယ်တော် ကျန်းက သူတို့အိမ်တံခါးဝသို့ တကျော့ပြန် ရောက်ရှိလာခဲ့ပြန်သည်။

သို့သော်ငြားလည်း ယခုတစ်ကြိမ်တွင်မူ အောင်သွယ်တော် ကျန်းက တစ်ဦးတည်း ရောက်ရှိလာခြင်း မဟုတ်ဘဲ သူမ၏အနောက်တွင် အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိမည့် အမျိုးသမီးကြီးတစ်ဦးကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ထိုအမျိုးသမီးကြီးက အလွန်စေ့စပ်သေချာစွာ ဝတ်ဆင်ထားသည်။ သူမက အဝါရင့်ရောင် လက်တိုရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ အောက်ပိုင်းတွင်မူ အနက်ရောင် စတိုင်ပန်ဘောင်းဘီကို သပ်ရပ်စွာ ဝတ်ဆင်လျက် ခြေထောက်တွင်လည်း သားရေဖိနပ်တစ်ရံကို စီးထားသည်။ ထိုသားရေဖိနပ်၏ အတွင်းဘက်၌မူ ပန်းနုရောင် နိုင်လွန်ခြေအိတ် အရှည်တစ်စုံကိုပါ ပူးတွဲစွပ်ထားသေးသည်။

သူမ၏ ဆံပင်များကိုမူ ဦးခေါင်းနောက်ဘက်တွင် သေသပ်ကျနစွာ ထုံးဖွဲ့ထားပြီး၊ ပါးလွှာလှသော နှုတ်ခမ်းအစုံကို တင်းတင်းစေ့ထားပုံက ကြည့်ရုံမျှဖြင့်ပင် အလွန်ခက်ထန်ပြီး စည်းကမ်းကြီးမည့် အသွင်သဏ္ဌာန်မျိုး ပေါ်လွင်နေစေသည်။

တစ်ချိန်တည်းမှာပင် သူမက ခေါင်းကို အမြဲမော့ထားလျက် လူအများကို အထက်စီးမှနေ၍ နှာခေါင်းရှုံ့ကြည့်တတ်သည့် ပုံစံရှိရာ၊ သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မျိုးရိုးမြင့်များ၏ မာနတံခွန် ထောင်လွှားနေသည့် အငွေ့အသက်များ တဖွားဖွား ထွက်ပေါ်နေလေသည်။

အောင်သွယ်တော် ကျန်းက အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် မျက်နှာတစ်ခုလုံး ပြုံးရွှင်နေလျက် ဝမ်းသာအားရ နှုတ်ဆက်လာလေသည်။

“ညီမနျိုရေ... ငါ တစ်ခေါက် ပြန်လာခဲ့ပြီ…”

ထိုအသံကြောင့် နျိုချွန်းဟုန်ကလည်း အိမ်ရှေ့သို့ အပြေးအလွှား ထွက်လာခဲ့ပြီး လှိုက်လှိုက်လှဲလှဲ ဆီးကြိုနှုတ်ဆက်ရန် ပြင်ဆင်လိုက်၏။သို့သော်လည်း၊ အောင်သွယ်တော် ကျန်း၏ အနောက်တွင် တည်ငြိမ်ခက်ထန်စွာ ရပ်နေသော အမျိုးသမီးကြီးကို မြင်လိုက်ရသည့် ခဏ၌... သူမက ရုတ်ချည်းပင် စကားလုံးများ ပျောက်ရှသွားကာ မည်သို့ပြောဆိုရမှန်းမသိဘဲ ယောင်တောင်တောင်ဖြင့် အောင်သွယ်တော် ကျန်း ဘက်သို့သာ အကူအညီတောင်းသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်မိလေသည်။

နျိုချွန်းဟုန်၏ အရိပ်အခြေပြမှုကို သဘောပေါက်သွားသည့်အတွက် အောင်သွယ်တော် ကျန်းက ရယ်မောလျက် ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။

“ဪ... ကြည့်စမ်းပါဦး… မိတ်ဆက်ပေးဖို့ မေ့တော့မလို့… ဒီက အမျိုးသမီးကတော့ ငါတို့ခရိုင်မြို့ပေါ်က အထည်အလိပ်စက်ရုံရဲ့ ညွှန်ကြားရေးမှူး 'ရှန်ယွီယင်း' ပါ… ဒီဘက်ကတော့ ကျွန်မ ပြောပြထားတဲ့ ညီမနျိုပေါ့…”

နျိုချွန်းဟုန်က သူမ၏ ဘဝသက်တမ်းတစ်လျှောက်လုံး ကျေးလက်တောရွာတွင်သာ အချိန်ကုန်လွန်ခဲ့ရသူဖြစ်ပြီး သူမ မြင်တွေ့ဖူးသမျှ အာဏာအရှိဆုံးနှင့် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဆိုသည်က ရွာလူကြီးမျှသာ ရှိခဲ့ဖူးသည်။ ထို့ကြောင့်လည်း ခရိုင်မြို့အဆင့်ရှိ စက်ရုံကြီးတစ်ခု၏ ညွှန်ကြားရေးမှူးအဆင့်ရှိသော ပုဂ္ဂိုလ်ကြီးနှင့် ဤကဲ့သို့ မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ချေ။

ယခုအခါ အောင်သွယ်တော် ကျန်း၏ ခမ်းနားလှသော မိတ်ဆက်ပေးမှုကို ကြားလိုက်ရသည့်အခါ သူမက ရုတ်ချည်းပင် ရင်တထိတ်ထိတ်ဖြင့် အလွန်တရာ လန့်ဖျန့်သွားရုံမျှမက စကားပင် ကောင်းကောင်းမပြောနိုင်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြင့်သာ နှုတ်ဆက်လိုက်ရသည်။

“ညွှန်... ညွှန်ကြားရေးမှူးရှန်... မင်္ဂလာပါ…”

နျိုချွန်းဟုန်၏ ထိုကဲ့သို့သော ကြောက်ရွံ့တုန်လှုပ်နေသည့် တောဆန်သည့်အမူအရာကို မြင်လိုက်ရသည့်အခါ ရှန်ယွီယင်းက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။

ရှန်ယွီယင်းက နျိုချွန်းဟုန်အား အထင်သေးရွံရှာသော မျက်ဝန်းများဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ အလွန်ပင် အေးစက်စက်နှင့် ဝတ်ကျေတန်းကျေ အမူအရာမျိုးဖြင့်သာ တုံ့ပြန်လိုက်ရာ သူမ၏ ဟန်ပန်က ဘေးလူကို ဖိအားအပြည့် ပေးနေသကဲ့သို့ ရှိပေသည်။

အောင်သွယ်တော် ကျန်းနှင့် နျိုချွန်းဟုန်တို့ စကားလက်ဆုံကျနေကြစဉ်အတွင်း ရှန်ယွီယင်းက ဟောင်းနွမ်းစုတ်ပြတ်နေသော ခြံဝင်းတစ်ခုလုံးကို စူးရှသော မျက်ဝန်းများဖြင့် တစ်ပတ်ပတ် အကဲခတ်ကြည့်ရှုပြီး ဖြစ်သည်။

သူမ ဤအိမ်ထဲသို့ ခြေချဝင်ရောက်လာသည့် အချိန်မှစ၍ ယခုတိုင်အောင် ရှန်ယွီယင်း၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခုက အစဉ်အမြဲ ခိုတွဲနေခဲ့ပြီး၊ ဤနေရာတစ်ခုလုံးကို အလွန်အမင်း ရွံရှာစက်ဆုပ်ကာ အထင်သေးနေကြောင်းက သိသာလွန်းလှပေသည်။

“ရှင်တို့ မိသားစုရဲ့ လူနေမှုအခြေအနေက တကယ့်ကို စုတ်ပြတ်သတ်နေတာပဲနော်…”
ရှန်ယွီယင်းက အားနာရမှန်းမသိဘဲ တဲ့တိုးပင် ဝေဖန်လိုက်၏။

နျိုချွန်းဟုန်က မျက်လုံးအဝိုင်းသား၊ ပါးစပ်အဟောင်းသား ဖြစ်သွားရသော်လည်း မည်သို့ ပြန်လည်ချေပရမှန်း မသိသဖြင့် သိမ်ငယ်စိတ်များဖြင့်သာ လေသံတိုးတိုးဖြင့် ပြန်ပြောရသည်။

“အာ... ဟုတ်ကဲ့…”

ဤအခြေအနေကို မြင်လိုက်ရသည့်အခါ အောင်သွယ်တော် ကျန်းက အခြေအနေ ပျက်စီးမသွားစေရန်အတွက် ကြားထဲမှ ချက်ချင်းပင် ဝင်ရောက်ဖျောင်းဖျပေးလိုက်သည်။

“အို... ဒါကတော့ ဘယ်သူနဲ့ နှိုင်းယှဉ်ကြည့်လဲဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်တာပေါ့ အစ်မရှန်ရယ်… ညွှန်ကြားရေးမှူးရှန်တို့ရဲ့ မိသားစုအခြေအနေနဲ့ သွားပြီး နှိုင်းယှဉ်မယ်ဆိုရင်တော့ ခရိုင်မြို့ပေါ်က အိမ်ထောင်စုအတော်များများတောင် အစ်မရှန်တို့ကို ရင်ဘောင်တန်းနိုင်ကြတာ မဟုတ်ပါဘူး…”

ဤကဲ့သို့ မြှောက်ပင့်ပြောဆိုလိုက်သော စကားလုံးများက ရှန်ယွီယင်း၏ မာနစိတ်ကို ကောင်းစွာ အရောင်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် သူမ၏ ခက်ထန်နေသော မျက်နှာထားက သိသိသာသာပင် ပြေလျော့သွားလေသည်။ သို့သော် သူမကရေ မာနတခွဲသားဖြင့် ဟန်ဆောင်နှိမ့်ချလိုက်၏။

“ငါတို့မိသားစုက သာမန်ပါပဲ…”

အောင်သွယ်တော် ကျန်းက နောက်ထပ်တစ်ကြိမ် ချီးမွမ်းခန်းဖွင့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ပြီးတော့ ရှေးလူကြီးတွေက ပြောလေ့ရှိကြတယ် မဟုတ်လား... မိန်းကလေး အိမ်ထောင်ပြုရင် အဆင့်မြင့်တဲ့နေရာကို ယူရပြီး၊ ယောကျ်ားလေး မိန်းမယူရင်တော့ ကိုယ့်ထက် အဆင့်နိမ့်တဲ့သူကို ယူရတယ်ဆိုတာလေ… ဒါကြောင့်မို့ မိန်းကလေးဘက်က မိသားစုနောက်ခံ အခြေအနေက အဲဒီလောက်အထိ အရေးမကြီးပါဘူး… အဓိက အရေးအကြီးဆုံးအချက်ကတော့ အဲဒီမိန်းကလေးရဲ့ အရည်အချင်းနဲ့ အမူအကျင့်ကောင်းဖို့ပဲ မဟုတ်လား…”

စကားအဆုံးတွင် အောင်သွယ်တော် ကျန်းက နျိုချွန်းဟုန်အား တိုက်တွန်းလိုက်သည်။

“ဒါနဲ့... နင်တို့အိမ်က ချင်းချင်းလေးရော ဘယ်ရောက်နေလဲ… ဧည့်သည်တွေနဲ့ တွေ့ရအောင် အမြန်ဆုံး လှမ်းခေါ်လိုက်ဦးလေ…”

မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်နေသော ဟယ်ယဲ့ချင်းက အောင်သွယ်တော် ကျန်း အိမ်ရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရကတည်းက အခြေအနေအရပ်ရပ်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ သူမက လက်ထဲမှ ညစ်ပတ်နေသော ရေများကို အပြင်ဘက်သို့ ပြင်းပြင်းထန်ထန် သွန်ပစ်လိုက်ပြီးနောက်၊ အပြင်မှလူများကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ မီးဖိုချောင်အတွင်းသို့ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ပြန်လည်ဝင်ရောက်သွားလိုက်သည်။

ထိုအမူအရာကြောင့် ရှန်ယွီယင်း၏ မျက်နှာက သိသိသာသာပင် မည်းမှောင်သွားလေသည်။

“ဒီမိန်းကလေးကတော့ တကယ့်ကို အဆုံးအမ မရှိ၊ ယဉ်ကျေးမှုမရှိတဲ့ ပုံစံပဲ…”

ရှန်ယွီယင်းက နှုတ်ခမ်းကို မဲ့လျက် အောင်သွယ်တော် ကျန်းအား မကျေမနပ်ဖြင့် ပြောလိုက်၏။

အောင်သွယ်တော် ကျန်းကလည်း ကြားညပ်ကာ အလွန်ပင် မျက်နှာပျက်သွားရသည်။ သူမက နျိုချွန်းဟုန်အား မျက်ရိပ်ပြလျက် ဟယ်ယဲ့ချင်းကို မီးဖိုချောင်ထဲမှ အမြန်ဆုံး ခေါ်ထုတ်လာရန် အချက်ပြလိုက်လေသည်။

နျိုချွန်းဟုန်က မီးဖိုချောင်အတွင်းသို့ အပြေးအလွှား ဝင်သွားခဲ့ပြီး၊ သူမအား လူပုံအလယ်တွင် မျက်နှာပျက်အောင် ပြုလုပ်ခဲ့သော ဟယ်ယဲ့ချင်းအပေါ် ရင်ထဲတွင် အလွန်ပင် အပြစ်တင်မိနေလေသည်။

“ချင်းချင်း... အပြင်မှာ ဧည့်သည်တွေ ရောက်နေတယ်လေ… အပြင်ထွက်ပြီး သူတို့ကို နှုတ်ဆက်လိုက်ဦး…”

နျိုချွန်းဟုန်က အမိန့်ပေးလိုက်သည်။

ဟယ်ယဲ့ချင်းကမူ သူမ၏ လက်ရှိအလုပ်များကိုသာ အာရုံစိုက်လုပ်ဆောင်နေပြီး နျိုချွန်းဟုန်၏စကားကို လုံးဝ ဥပေက္ခာပြုထားခဲ့သည်။

နျိုချွန်းဟုန်က အလျော့မပေးဘဲ ဟယ်ယဲ့ချင်း၏ ဘေးနားတွင် တဝဲဝဲလည်လည် လုပ်ကာ စကားလုံးပေါင်းစုံကို မရပ်မနား တတွတ်တွတ် ပြောဆိုနေခဲ့ရာ ထိုစကားသံများက ဟယ်ယဲ့ချင်း၏ နားစည်ကို အလွန်ပင် အနှောင့်အယှက် ပေးလာခဲ့သည်။ နောက်ဆုံးတွင်မူ ဟယ်ယဲ့ချင်းက သူမ၏လက်ထဲမှ ပစ္စည်းများကို ဘုန်းကနဲ ချလိုက်ပြီးနောက် တင်းမာစွာ ပြန်ပြောလိုက်သည်။

“အပြင်က ရောက်နေတဲ့ ဧည့်သည်တွေက သမီးနဲ့ ဘာဆိုင်လို့လဲ…”

“သူတို့က ငါ့ဧည့်သည်တွေ မဟုတ်ပါဘူး... မင်းအတွက် သီးသန့်လာကြတာပါ… ချင်းချင်းရယ်... အပြင်ကို ခဏလောက်ပဲ ထွက်ပြီး နှုတ်ဆက်လိုက်ပါ… သူတို့ အမြင်ကောင်းလေးတစ်ခု ရှိသွားအောင်လို့ပါ… အမေ တောင်းပန်ပါတယ်... အမေ မင်းကို ဒူးထောက်တောင်းပန်ရမလား…”

နျိုချွန်းဟုန်က ငိုသံပါကြီးဖြင့် အတင်းအဓမ္မ တောင်းပန်တိုးလျှိုးလေတော့သည်။

ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်အား နက်နဲလှသော မျက်ဝန်းအစုံဖြင့် အကဲခတ်ကာ စိုက်ကြည့်နေမိသည်။

ယခုနက သူမ အပြင်သို့ ရေထွက်သွန်စဉ်အတွင်း တံခါးအပြင်တွင် ရပ်နေသော ရှန်ယွီယင်းနှင့် မျက်ဝန်းချင်း တစ်ချက်မျှသာ ဆုံတွေ့ခဲ့ရသော်လည်း၊ ထိုအမျိုးသမီးကြီးက လွယ်လွယ်ကူကူ ဆက်ဆံ၍ရမည့် သာမန်ပုဂ္ဂိုလ်မျိုး လုံးဝမဟုတ်မှန်း ချက်ချင်းပင် ရိပ်မိခဲ့သည်။

နျိုချွန်းဟုန်က သူမအား ယခုကဲ့သို့ စရိုက်ကြမ်းတမ်းလှမည့် မိသားစုတစ်ခုအတွင်းသို့ အတင်းအဓမ္မ တွန်းပို့ရန်အတွက် ထိုမျှလောက်အထိ စိတ်အားထက်သန်နေသည်။

အတိုင်းအတာမရှိလှသော စိတ်ပျက်အားလျော့မှုနှင့် နာကျင်မှုတို့က ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် တရိပ်ရိပ် ကြီးထွားလာခဲ့ရသည်။ နျိုချွန်းဟုန်က သူမအား ထိုလူများနှင့် အတင်းအဓမ္မ တွေ့ဆုံစေချင်နေမှန်း သိသာလှသဖြင့်၊ သူမကလည်း မိခင်ဖြစ်သူ၏ ဆန္ဒအတိုင်းသာ လိုက်လျောပေးလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်၏ အနောက်မှ အိမ်ရှေ့ခန်းသို့ နာခံမှုမရှိသော ခြေလှမ်းများဖြင့် လျှောက်လှမ်းထွက်ခွာလာခဲ့သည်။

ဟယ်ယဲ့ချင်း အပြင်သို့ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှန်ယွီယင်း၏ စူးရှပြီး အပြစ်ရှာလိုသော မျက်ဝန်းအစုံက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် ကျရောက်လာခဲ့ပြီး ခေါင်းအစ ခြေအဆုံးအထိ သေသေချာချာ စစ်ဆေးဆန်းစစ်နေလေသည်။

ဟယ်ယဲ့ချင်းကမူ သူမ စိတ်ကြိုက် အကဲခတ်ကြည့်ရှုနိုင်ရန်အတွက် ငြိမ်သက်စွာ ရပ်တည်ပေးထားပြီး၊ မည်သည့်စကားမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ သူမ၏ သဘောထားက အလွန်ပင် အေးစက်ခက်ထန်လှပေသည်။

အောင်သွယ်တော် ကျန်း၏ အမြဲ မြှောက်ပင့်ဖားယားသော စကားလုံးများအောက်တွင် သာယာယစ်မူးနေခဲ့ဖူးသော ရှန့်ယွီယင်းက ဟယ်ယဲ့ချင်း၏ ဤကဲ့သို့သော မခန့်လေးစား အေးစက်စက် အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ မျက်နှာက ချက်ချင်းပင် ပုပ်သိုးသွား၏။

ထို့ကြောင့် သူမက အောင်သွယ်တော် ကျန်းဘက်သို့ မျက်နှာလှည့်ကာ အပြစ်တင်စကား ဆိုလေတော့သည်။

“ကြည့်စမ်းပါဦး... စောစောကကျတော့ ရှင်ပဲ ဒီမိန်းကလေးက စကားပြောချိုသာပါတယ်၊ ရုပ်ရည်လည်း လှပပါတယ်ဆိုပြီး မရပ်မနား ချီးမွမ်းခန်းဖွင့်နေတာလေ… အခုကျတော့ ဘာဖြစ်လို့ ဧည့်သည်တွေ ရှေ့ရောက်နေတာတောင် နှုတ်ဆက်စကား တစ်ခွန်းမှ မပြောရတာလဲ…”

အောင်သွယ်တော် ကျန်း၏ မျက်နှာကလည်း အရှက်ရလွန်းသဖြင့် နီမြန်းသွားရသည်။ ဟယ်ယဲ့ချင်းတစ်ယောက် ဤမျှလောက်အထိ အေးစက်သောစရိုက်ရှိပြီး ခေါင်းမာတတ်မှန်း သူမ မသိခဲ့ပေ။

ယခင်က သူမ အကျိုးဆောင်ပေးခဲ့ဖူးသော တောသူမလေးများဆိုလျှင် မြို့ပေါ်မှ လူကုံထံမိသားစုများနှင့် ဆုံတွေ့ရသည့်အခါတိုင်း အမြင်ကောင်းရရှိစေရန်အတွက် တတ်နိုင်သမျှ အစွမ်းအစများနှင့် နည်းပရိယာယ်ပေါင်းစုံကို အသုံးပြုကာ ဖားယားမြှောက်ပင့် နှုတ်ဆက်လေ့ရှိကြသည်။

ဟယ်ယဲ့ချင်းကမူ ရှန့်ယွီယင်း၏ စကားများကို မကြားချင်ယောင်ဆောင်ထားလျက် သူမ၏ လက်ချောင်းလေးများကိုသာ ငေးမောကြည့်ရှုနေခဲ့သည်။

နျိုချွန်းဟုန်က သူမ၏အနောက်မှ စကားပြောရန် အတင်းအဓမ္မ တွန်းအားပေးနေသော်လည်း ဟယ်ယဲ့ချင်းကမူ လုံးဝ ဂရုမစိုက်ခဲ့ချေ။

ထိုခဏ၌ ဧည့်ခန်းအတွင်းရှိ လေထုက အလွန်ပင် တင်းမာခက်ထန်သွားလေသည်။

သို့ရာတွင် ဝါရင့်အောင်သွယ်တော်ဖြစ်သော အောင်သွယ်တော် ကျန်းက အခြေအနေကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး၊ ရှန်ယွီယင်း၏ သားဖြစ်သူအကြောင်းကို စကားလမ်းကြောင်းလွှဲကာ မြှောက်ပင့်ပြောဆိုလိုက်မှသာ တင်းမာနေသော လေထုက အနည်းငယ် ပြန်လည်ပြေလျော့သွားခဲ့ရသည်။

ရှန်ယွီယင်းက သူမ၏ သားနှင့်ပတ်သက်လာလျှင် အလွန် ဂုဏ်ယူဝင့်ကြွားတတ်ပုံရပြီး၊ အောင်သွယ်တော် ကျန်း၏ ဖားယားမြှောက်ပင့်သော စကားများအောက်တွင် သူမ၏ သားအကြောင်းကို မရပ်မနား ကြွားလုံးထုတ်ပြောဆိုလေတော့သည်။

သူမ၏ သားက ငယ်စဉ်ကတည်းကပင် စက်ရုံဝန်ထမ်းအိမ်ရာဝင်းတစ်ခုလုံး၌ အလိမ္မာဆုံးနှင့် အတော်ဆုံးကလေးတစ်ဦး ဖြစ်ခဲ့ကြောင်း၊ ငယ်စဉ်ကတည်းကပင် သူ့နောက်သို့ တကောက်ကောက်လိုက်နေကြသော မိန်းကလေးအမြောက်အမြား ရှိခဲ့ကြောင်း၊ ယခုအခါတွင်လည်း အလုပ်အကိုင်ရရှိပြီးဖြစ်၍ အရည်အချင်းအရှိဆုံး လူငယ်တစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း စသည်ဖြင့် သမိုင်းကြောင်းပေါင်းစုံကို ပြောဆိုနေလေသည်။

ရှန်ယွီယင်းက ထိုသို့ပြောဆိုနေစဉ်အတွင်း ဟယ်ယဲ့ချင်း၏ မျက်နှာအမူအရာကို အကဲခတ်ရန်အတွက်လည်း မကြာခဏ လှမ်း၍ကြည့်ရှုသေးသည်။

သို့သော်လည်း ဟယ်ယဲ့ချင်းက သူမ၏စကားများကို စိတ်မဝင်စားဘဲ ခေါင်းငိုက်စိုက်ဖြင့် အိပ်ငိုက်နေသည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ သူမ၏ ရင်ထဲရှိ ဒေါသမီးလျှံများက ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားလေတော့သည်။

🖼🖼🖼🖼အခန်း ၁၉
ဆိုင်လုခြင်း


သူမက သားဖြစ်သူအကြောင်း ဂုဏ်ယူနေသော စကားများကို ချက်ချင်းရပ်တန့်လိုက်ပြီး၊ ဟယ်ယဲ့ချင်းအား တည့်တည့်စိုက်ကြည့်လျက် အလွန်ပင် ရန်လိုပြီး မောက်မာလှသော လေသံဖြင့် မေးခွန်းထုတ်လိုက်သည်။

“မင်းက ခရိုင်မြို့ပေါ်မှာ တုတ်ထိုးဆိုင်ထွက်ပြီး စီးပွားရှာနေတယ်လို့ ငါ ကြားထားတယ်…”

ဤမမျှော်လင့်ဘဲ တဲ့တိုးဆန်လှသော မေးခွန်းကြောင့် နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းတစ်ယောက် ရှန်ယွီယင်း၏ စကားကို ထပ်မံဥပေက္ခာပြုထားမည်ကို စိုးရိမ်သဖြင့် သမီးဖြစ်သူ၏ ကိုယ်စား ကြားထဲမှ ချက်ချင်း ဝင်ဖြေပေးလိုက်သည်။

“ဟုတ်ပါတယ်... ဒါပေမဲ့ ဒါက မိန်းကလေးတစ်ယောက် အပျင်းပြေ ဝါသနာအရ လုပ်နေတဲ့ လုပ်ငန်းအသေးစားလေးပါပဲ…”

ရှန်ယွီယင်းက နျိုချွန်းဟုန်အား အထင်သေးရွံရှာသော မျက်ဝန်းများဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက်တွင်မူ မည်သည့်စကားမျှမပြောဘဲ နှုတ်ဆိတ်နေသော ဟယ်ယဲ့ချင်းကို စိုက်ကြည့်လိုက်ပြီး ရှန်ယွီယင်း၏ လေသံက အလွန်ပင် အေးစက်ခက်ထန်သွားသည်။

“ဪ... အပျင်းပြေ လျှောက်လုပ်နေတာပေါ့လေ… ငါကတော့ စကားကို ဒီနေရာတင်ပဲ အပြတ်ပြောလိုက်မယ်… တကယ်လို့ မင်းက နောင်တစ်ချိန်မှာ ငါ့သားနဲ့ လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ အဲဒီလို အဆင့်အတန်းမရှိ၊ သိက္ခာမရှိတဲ့ အလုပ်အကိုင်မျိုးတွေကို လုံးဝ ဆက်ပြီး မလုပ်ရတော့ဘူး… လူအများကြားထဲမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် အပြုအမူမျိုးတွေကို ခွင့်မပြုနိုင်ဘူး… ငါတို့ 'ကျန်း' မိသားစုက အဲဒီလို နိမ့်ကျတဲ့ အပြုအမူမျိုးရှိတဲ့ လူကို အိမ်သားအဖြစ် အသိအမှတ်မပြုနိုင်ဘူး…”

သူမ၏ အလွန်ပင် ရိုင်းစိုင်းစော်ကားလှသော စကားလုံးများက ဟယ်ယဲ့ချင်း၏ ရင်ထဲရှိ ဒေါသစိတ်ကို ကောင်းစွာ မီးမွှေးပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။ မူလကမူ ဟယ်ယဲ့ချင်းက ထိုအမျိုးသမီးကြီးအား မည်သည့်စကားမျှ ပြန်လည်တုံ့ပြန်ရန် စိတ်ကူးမရှိခဲ့ချေ။

သို့သော် ယခုအခါတွင်မူ ဟယ်ယဲ့ချင်းက ခေါင်းမော့ကာ ရှန့်ယွီယင်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းဖျားတွင် လှောင်ပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီးနောက် ပညာသားပါပါဖြင့် ပြန်လည်လှောင်ပြောင်လိုက်တော့သည်။

“အဒေါ်... အဒေါ်က ဘယ်သူလဲ… အဒေါ်တို့အိမ်က ပင်လယ်ကမ်းခြေနားမှာ ရှိတာလား... အဲဒါကြောင့် အဒေါ်က ပင်လယ်ပြင်ကြီးလိုပဲ အတွေးအခေါ်တွေ ဗဟုသုတတွေ အရမ်းကျယ်ပြန့်ပြီး သူတစ်ပါးကိစ္စကို လိုက်စွက်ဖက်နေတာလား…”


ထိုအခိုက်မှသာ ရှန်ယွီယင်းက ဟယ်ယဲ့ချင်း၏ လှပလွန်းလှသော မျက်နှာပြင်ကို အနီးကပ် သေသေချာချာ မြင်တွေ့ခွင့်ရလိုက်ပြီး ခေတ္တမျှ ကြောင်အမ်းကာ ငေးမောသွားခဲ့ရသည်။ ထို့နောက်တွင်မူ သူမက ရင်ထဲ၌ အလွန်ပင် မကျေမနပ် ဖြစ်သွားရပြန်သည်။ ဤမိန်းကလေးက ရုပ်ရည်အလွန်လှပလွန်းလှသဖြင့် ကြည့်ရသည်က မြေခွေးမလေးတစ်ကောင်ကဲ့သို့ ယောက်ျားများကို မြှူဆွယ်မည့် အသွင်သဏ္ဌာန်မျိုး ရှိနေသည်။

ဟယ်ယဲ့ချင်း၏ စူးရှလှသော ပြန်လည်ချေပချက်ကို သေသေချာချာ ကြားလိုက်ရသည့်အခါတွင်မူ ရှန်ယွီယင်းက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါသွားလေသည်။

သူမက လက်ညှိုးကို ဟယ်ယဲ့ချင်း၏ မျက်နှာနားအထိ ထိုးကာ မျက်ဝန်းအစုံတွင် ဒေါသမီးလျှံများ တောက်လောင်နေလျက် အော်ဟစ်လေတော့သည်။

“မင်းက နှုတ်သီးကောင်းလျှာပါးလှချည်လား… ဒီနေ့ကျမှပဲ ငါ အသေအချာ သဘောပေါက်သွားတော့တယ်… မင်းကို မိဘတွေက အိမ်မှာ စနစ်တကျ ဆုံးမသွန်သင်ခဲ့တာမျိုး လုံးဝမရှိဘူး ထင်တယ်…”

“အို... ကိစ္စမရှိပါဘူး… အဒေါ့်လိုမျိုး စကားတွေကို ရေပက်မဝင်အောင် ပြောနိုင်တဲ့ အရည်အချင်းက လူတိုင်းမှာ ရှိနေတာမှ မဟုတ်တာပဲဥစ္စာ…”

ဟယ်ယဲ့ချင်းက ပုခုံးကို တစ်ချက်အသာတွန့်လျက် ခနဲ့တဲ့တဲ့ အပြုံးလေးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ 

“စောစောက အဒေါ်တစ်ယောက်တည်း သားအကြောင်း ဂုဏ်ယူဝင့်ကြွားပြီး လေလုံးထွားနေတာတွေကို ဘေးကနေ နားထောင်ရတာ တကယ့်ကို အော့နှလုံးနာဖို့ ကောင်းလွန်းလို့ပါ… အဒေါ့်သားက အဲဒီလောက်တောင် ထူးချွန်ပြောင်မြောက်နေတယ်ဆိုရင် ဘာဖြစ်လို့ ဒီနေ့ အတူတူခေါ်မလာခဲ့တာလဲ… ဒါမှမဟုတ် သူကိုယ်တိုင်က လူတောမတိုးရဲဘဲ အခြေအနေတွေကို ရင်မဆိုင်ရဲလို့လား…”

ဟယ်ယဲ့ချင်းက ပုံမှန်အားဖြင့် နှုတ်ချိုပြီး လူမှုဆက်ဆံရေး ပြေပြစ်သူတစ်ဦး ဖြစ်သော်လည်း၊ သူမက သူတစ်ပါးကို မဆူပူမကြိမ်းမောင်းတတ်ဟု မဆိုလိုပေ။

ရှန်ယွီယင်း ရောက်ရှိလာခြင်းက မူလကတည်းကပင် ဖိတ်ခေါ်ခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်လာခြင်း ဖြစ်သည်။ သူမက စိတ်သဘောထား သေးသိမ်ယုတ်ညံ့လှရုံမျှမက၊ ဟယ်ယဲ့ချင်းအပေါ် အစွမ်းကုန် နှိမ်ချဖိနှိပ်ရန်အတွက်သာ ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ 

ဤကဲ့သို့သော အခြေအနေမျိုးတွင် ဟယ်ယဲ့ချင်းက ပြုံးရွှင်သော မျက်နှာထားဖြင့် ဆက်လက်ကြိုဆိုနေမည်ဆိုပါက ထိုအပြုအမူက အလွန်တရာ ရူးမိုက်ရာ ရောက်ပေလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းက သူမ၏ ဦးနှောက်တွင် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိနေခြင်း သို့မဟုတ် သူမကိုယ်သူမ တန်ဖိုးမရှိအောင် ဆွဲချပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဟယ်ယဲ့ချင်း၏ စူးရှလှသော ခနဲ့သည့်စကားလုံးများက ရှန်ယွီယင်း၏ အနာပေါ်သို့ ဆားနှင့်ပက်လိုက်သကဲ့သို့ သူမ၏ အသည်းနှလုံးကို အတိအကျ ထိုးနှက်မိသွား၏။

ရှန်ယွီယင်း၏ မျက်နှာတစ်ခုလုံးက ဒေါသနှင့် အရှက်ရလွန်းမှုတို့ကြောင့် ရုတ်ချည်းပင် ရဲရဲနီသွားခဲ့ရပြီး၊ ဟယ်ယဲ့ချင်း၏ ထိမိလှသော ရန်စမှုများအောက်တွင် စကားတစ်ခွန်းမျှ ပြန်လည်မပြောနိုင်တော့ဘဲ ဆွံ့အသွားလေသည်။

ရှန်ယွီယင်းက ဟယ်ယဲ့ချင်းအား ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းရန် ကြံစည်လိုက်သော်လည်း၊ သူမ၏ လုံးဝ အလျော့မပေးဘဲ တင်းခံထားသော စူးရှလှသည့် မျက်ဝန်းအစုံကို လှမ်း၍မြင်လိုက်ရသည့်အခါ ရင်ထဲတွင် တုန်လှုပ်သွား၏။ ထိုမျက်ဝန်းများက သူမအား ‘ဆဲချင်ရင်လည်း ဆဲလိုက်စမ်းပါ… ဘာပဲဖြစ်ဖြစ် ကျွန်မဘက်ကလည်း အလျော့ပေးမှာ မဟုတ်ဘူး…’ ဟု စိန်ခေါ်နေသကဲ့သို့ ရှိပေသည်။

ရှန်ယွီယင်း၏ ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေလေသည်။ သူမက ဦးခေါင်းကို ချက်ချင်းလှည့်ကာ အောင်သွယ်တော် ကျန်းအား ဒေါသတကြီး စိုက်ကြည့်လျက် အံကြိတ်ကာ အော်ဟစ်လိုက်၏။

“ဒါ... ဒါက ရှင်တို့ ကျွန်မကို မိတ်ဆက်ပေးတဲ့ အဆင့်အတန်းရှိတဲ့ ဖူးစာဖက်ပေါ့လေ…”

စကားအဆုံးတွင် ရှန်ယွီယင်းက အင်္ကျီလက်ကို စူဆောင့်ကာ ဝှေ့ယမ်းလျက် ဒေါသတကြီးဖြင့် အိမ်ပြင်သို့ ဝုန်းဒိုင်းကြဲကာ ထွက်ခွာသွားလေတော့သည်။

အောင်သွယ်တော် ကျန်း၏ မျက်နှာကလည်း အလွန်ပုပ်သိုးအကျည်းတန်နေ၏။ သူမက နျိုချွန်းဟုန်အား လက်ညှိုးထိုးလျက် အပြစ်တင်စကား ဆိုလိုက်သည်။

“ညီမနျို... နင်... နင်ကတော့လေ… တော်ပြီ တော်ပြီ... နောင်ကျရင် နင်တို့ ကိစ္စကို ငါ လုံးဝ ဝင်မစွက်ဖက်တော့ဘူး…”

ထို့နောက် အောင်သွယ်တော် ကျန်းက ရှန်ယွီယင်း ထွက်ခွာသွားရာ နောက်သို့ အပြေးအလွှား လိုက်လံတောင်းပန်ရသည်။

“ညွှန်ကြားရေးမှူးရှန်ရယ်... စိတ်မဆိုးပါနဲ့ဦး… ကျွန်မ ရှင်းပြပါရစေဦး…”

နျိုချွန်းဟုန်က ရှန်ယွီယင်းနှင့် အောင်သွယ်တော် ကျန်းတို့ ဒေါသတကြီး ထွက်ခွာသွားကြသည်ကို ကြည့်ကာ ရင်ထဲတွင် အလွန်ပင် မကျေမနပ် ဖြစ်နေမိသည်။ ထို့နောက်တွင်မူ မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိဘဲ အေးစက်တည်ငြိမ်စွာ ထိုင်နေသော ဟယ်ယဲ့ချင်းကို လှမ်းကြည့်လိုက်ပြီးနောက် သူမက စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်ကာ ဒေါသ ပေါက်ကွဲနေတော့သည်။

ဟယ်ယဲ့ချင်းကမူ သူတို့၏ စိတ်ခံစားချက်များနှင့် အမျက်ဒေါသများကို အနည်းငယ်မျှပင် ဂရုစိုက်ခြင်းမရှိချေ။ သူမက မီးဖိုချောင်အတွင်းသို့ ပြန်ဝင်သွားခဲ့ပြီး သူမ၏ ကိုယ်ပိုင်အလုပ်များကိုသာ ဆက်လက်၍ အာရုံစိုက်လုပ်ကိုင်နေလိုက်သည်။

သို့သော်ငြားလည်း သူမ လုံးဝသတိမထားမိခဲ့သည့် အချက်က ဤကိစ္စသည် ယခုကဲ့သို့ လွယ်လွယ်ကူကူဖြင့် ပြီးဆုံးသွားမည့် အရာတစ်ခု လုံးဝမဟုတ်ခြင်းပင် ဖြစ်ပေသည်။

***

ရက်အနည်းငယ်မျှ အနားယူပြီးနောက် ဟယ်ယဲ့ချင်းက ဈေး၌ သူမ၏ ဆိုင်လေးကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လိုက်သည်။

သို့သော်ငြားလည်း မြည်းလှည်းလေးက သူမ ယခင်က ပုံမှန်ရောင်းချနေကျ နေရာဟောင်းသို့ ဆိုက်ရောက်သွားသည့်အခါ ထိုနေရာတွင် အခြားသူတစ်ဦးက ဦးသူစနစ်ဖြင့် နေရာယူထားပြီးဖြစ်ကြောင်း ဟယ်ယဲ့ချင်းက တွေ့ရှိလိုက်ရသည်။

သူမ၏ နေရာဟောင်းကို လုယူကာ ရောင်းချနေသူက သူမ လုံးဝ မသိကျွမ်းဖူးသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ထိုအမျိုးသမီးကလည်း သူမကဲ့သို့ပင် အသားများကို တုတ်ထိုး၍ ရောင်းချနေခြင်း ဖြစ်သည်။

ထိုစိမ်းသက်သော အမျိုးသမီးက ဟယ်ယဲ့ချင်းအား ရန်လိုသောအကြည့်များဖြင့် စိုက်ကြည့်နေလေသည်။ ဘေးနားရှိ ပေါက်စီရောင်းသော အစ်မကြီးကမူ ဟယ်ယဲ့ချင်းကို မြင်လိုက်ရသည့်အခါ အတန်ငယ် အံ့အားသင့်သွားသည့် ပုံစံရှိပေသည်။ သူမက အတန်ကြာမှ စကားဆိုလာသည်။

“ချင်းချင်း... မင်း ဆိုင်ပြန်ထွက်တာလား… ဒီရက်ပိုင်း မင်းမလာတော့တာနဲ့ ငါတို့တွေက မရောင်းတော့ဘူး ထင်နေတာ... အခုတော့ မင်းနေရာကို သူများယူသွားပြီ...”

ပြီးခဲ့သည့်အကြိမ်က လူမိုက်များနှင့် ပြဿနာဖြစ်ပွားခဲ့သည့် အချိန်မှစ၍ ဟယ်ယဲ့ချင်းနှင့် ထိုပေါက်စီရောင်းသော အစ်မကြီးတို့၏ ဆက်ဆံရေးက ယခင်ကလောက် အဆင်မပြေတော့ချေ။

ထိုစကားကို ကြားလိုက်ရသည့်အခါ ဟယ်ယဲ့ချင်းက မည်သည့်စကားမျှအပိုမပြောတော့ဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်ပြီးနောက်၊ ဆိုင်ဖွင့်ရန် အခြားသင့်တော်မည့် နေရာသစ်တစ်ခုကို ရှာဖွေရန် ခြေဦးလှည့်လိုက်သည်။

သူမ၏ ဆိုင်နေရာကို သူတစ်ပါး လုယူသွားသည့်အပေါ် ဟယ်ယဲ့ချင်းက များများစားစား အပြစ်တင်ပြောဆိုနေရန် မလိုအပ်ချေ။

မည်သို့ပင်ဖြစ်စေ ဤနေရာက အများပြည်သူပိုင် ဈေးနေရာဖြစ်၍ အရင်လာသူက အရင်ရောင်းရသည့် စနစ်သာ ဖြစ်သည်။ သူမက ဤနေရာတွင် အချိန်အတော်ကြာအောင် ရောင်းချခဲ့ဖူးသည်ဆိုရုံမျှဖြင့် ဤနေရာတစ်ခုလုံးက သူမ၏ ပိုင်ဆိုင်မှု ဖြစ်မလာနိုင်ချေ။

ဟယ်ယဲ့ချင်းက အခြားသော နေရာသစ်တစ်ခုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့ပြီးနောက်၊ မြည်းလှည်းပေါ်မှ ပစ္စည်းများကို အောက်သို့ချကာ သူမ၏ တုတ်ထိုးဆိုင်လေးကို တစ်ဖန်ပြန်၍ အခြေချလိုက်လေသည်။

အချိန်အတန်ကြာသည့်အခါ ဈေးအတွင်းရှိ လူစီးဆင်းမှုက တဖြည်းဖြည်း ပိုမိုများပြားလာခဲ့သည်။

ဟယ်ယဲ့ချင်း၏ နေရာသစ်က အနည်းငယ် လူသူကွယ်ရာ အလှမ်းဝေးသော နေရာတွင် ရှိနေသည်။ ထို့ကြောင့် အပြင်ဘက်မှ လှမ်းကြည့်ရုံမျှဖြင့် ချက်ချင်းမမြင်နိုင်ဘဲ အနည်းငယ် အတွင်းဘက်သို့ လျှောက်လှမ်းလာမှသာ တွေ့ရှိနိုင်မည် ဖြစ်သည်။

အစပိုင်းတွင်မူ ဆိုင်လေးက အတော်လေး တိတ်ဆိတ်ခြောက်ကပ်နေခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် မကြာမီအချိန်အတွင်းမှာပင် သူမ၏ ဖောက်သည်ဟောင်းအချို့က ဆိုင်သစ်သို့ လိုက်လံရှာဖွေကာ ရောက်ရှိလာကြလေသည်။

“ညီမလေး... နောက်ဆုံးတော့ ဆိုင်ပြန်ဖွင့်ပြီပေါ့… ငါတို့တွေက ညီမလေး ဆိုင်မထွက်တော့ဘူးလို့ ထင်နေတာ…”

“ရက်ပိုင်းလောက် မစားရရုံနဲ့တင် တကယ့်ကို လွမ်းနေရတာ… ကဲ... ငါတို့ကို တုတ်ထိုး အမျိုးစုံ တစ်ချောင်းစီသာ ပေးပါတော့…”

ဟယ်ယဲ့ချင်းက ဖောက်သည်များအတွက် တုတ်ထိုးများကို သွက်လက်စွာ ရွေးချယ်ပေးနေစဉ် ဤရက်ပိုင်းအတွင်း သူမထံ၌ အိမ်တွင်းရေး ကိစ္စအချို့ ရှိနေခဲ့သောကြောင့် ဆိုင်မထွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရိုးသားစွာ ရှင်းပြနေသည်။

ဟယ်ယဲ့ချင်း၏ ဆိုင်နေရာသစ်တွင် ဖောက်သည်များက တဖြည်းဖြည်းနှင့် ပြန်လည်စည်ကားလာခဲ့ပြီ ဖြစ်သည်။

ထိုစဉ်အတွင်း ရင်းနှီးကျွမ်းဝင်နေသော ကလေးတစ်စုကလည်း ဆိုင်ရှိရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

ကလေးများက ဟယ်ယဲ့ချင်းကို မြင်တွေ့လိုက်ရသည့်အခါ အလွန်ပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး  “မမချင်းချင်း... မမချင်းချင်း” ဟု အော်ဟစ်ကာ ဝိုင်းဝန်းနှုတ်ဆက်ကြလေသည်။

“အိုး... တို့ရဲ့ ကလေးလေးတွေ ရောက်လာကြပြီပဲ…”

ဟယ်ယဲ့ချင်းက လှပစွာ ပြုံးလျက် ဆီးကြိုလိုက်သည်။

ကလေးများက ထိုစကားကို ကြားလိုက်ရသည့်အခါ ပို၍ စိတ်လှုပ်ရှားသွားကြ၏။

“မမချင်းချင်း... မမ နောက်ဆုံးတော့ ရောက်လာပြီနော်…”

“ဟုတ်တယ်... သားတို့က မမကို တကယ့်ကို သတိရနေတာ…”

“ဟိုဘက်က ဆိုင်က တုတ်ထိုးတွေက လုံးဝ စားမကောင်းဘူး… ဆိုင်ရှင်ကလည်း ရုပ်ဆိုးရုံတင်မကဘူး... သားတို့ကို ကလေးလေးတွေလို့လည်း တစ်ခွန်းမှ မခေါ်ဘူး .. ဟင့်…”

ကလေးများ၏ အပြစ်ကင်းစင်သော စကားလုံးများကို ကြားလိုက်ရသည့်အခါ ဘေးနားရှိ လူကြီးတစ်ဦးက သာမန်ကာလျှံကာ ဝင်ရောက်မေးမြန်းလာသည်။

“ဪ... ဟိုဘက်က ဆိုင်ရှင်ပြောတော့ မင်းတို့က ညီအစ်မတွေမို့လို့ နေရာဟောင်းမှာ လာပြီး ကူရောင်းပေးတာဆို… အခုကျတော့ ဘာဖြစ်လို့ တစ်ယောက်တစ်နေရာစီ ခွဲပြီး ရောင်းနေကြတာလဲ…”

ဟယ်ယဲ့ချင်းက ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ ရင်ထဲတွင် မည်သည့်ဇဝေဇဝါအတွေးမှ ကျန်ရှိမနေတော့ပေ။

သူမ၏ နေရာဟောင်းကို လုယူထားသော ထိုအမျိုးသမီးက အမှန်စင်စစ်အားဖြင့်မူ ဟယ်ယဲ့ချင်း၏ နာမည်ကောင်းကို အလွဲသုံးစားပြုလျက် ‘ညီအစ်မ’ ဟု အယောင်ဆောင်ကာ တုတ်ထိုးများကို လိမ်လည်ရောင်းချနေခြင်းပင် ဖြစ်ပေသည်။

ဟယ်ယဲ့ချင်း လှမ်းကြည့်လိုက်သည့်အခါ ထိုအမျိုးသမီး၏ ဆိုင်က ယခုအခါတွင်မူ အတော်လေး ခြောက်ကပ်စပြုနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုခဏ၌ ထိုအမျိုးသမီးက ဘေးနားရှိ ပေါက်စီရောင်းသော အစ်မကြီးနှင့် ခေါင်းချင်းရိုက်ကာ လေသံတိုးတိုးဖြင့် အတင်းအဖျင်း ပြောဆိုနေကြပြီး၊ မကြာခဏဆိုသလို ဟယ်ယဲ့ချင်းရှိရာ ဘက်သို့လည်း မကျေမနပ်ဖြင့် လှမ်းလှမ်းကြည့်နေကြသည်။

ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် သံသယတစ်ခု ချက်ချင်းပင် စွဲထင်သွားခဲ့ရသည်။

အဲဒီမိန်းမက ပေါက်စီရောင်းတဲ့ အစ်မကြီးနဲ့ ပတ်သက်မှု တစ်ခုခု ရှိနေလေမလား...

အမှန်စင်စစ် ဟယ်ယဲ့ချင်းက အခြားသူများက သူမကဲ့သို့ တုတ်ထိုးများ လိုက်လံရောင်းချခြင်းအပေါ် တစ်စုံတစ်ရာ စိတ်ကွက်ခြင်းမျိုး မရှိချေ။ သို့သော်ငြားလည်း သူမ၏ အမည်နှင့် ဂုဏ်သတင်းကို အသုံးချကာ မရိုးမသား နည်းလမ်းဖြင့် ပိုက်ဆံရှာရန် ကြံစည်သည့် လုပ်ရပ်အပေါ်တွင်မူ သူမက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အလွန် ရွံရှာစက်ဆုပ်မိပေသည်။

ထို့ကြောင့် သူမက ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေသော ဖောက်သည်များအား ပြုံးလျက် တဲ့တိုးပင် ပြောလိုက်တော့သည်။

“ညီအစ်မ မဟုတ်ရပါဘူး… ကျွန်မကတော့ အဲဒီမိန်းမကို လုံးဝ မသိပါဘူး…”

သူမ၏ စကားကို ကြားလိုက်ရသည့်အခါ ဖောက်သည်များက အခြေအနေအရပ်ရပ်ကို ချက်ချင်း သဘောပေါက်သွားကြပြီး၊ ဟိုဘက်ဆိုင်သို့ အထင်သေးရွံရှာသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့ လိမ်လည်လှည့်ဖြားခြင်း ခံလိုက်ရပြီမှန်း သိရှိသွားကြပြီ ဖြစ်သည်။

“တစ်ခုခုတော့ မှားနေပြီဆိုတာ ငါ ထင်သားပဲ... သူတို့ တုတ်ထိုးတွေက လုံးဝစားမကောင်းတဲ့အပြင် အနံ့ကလည်း တစ်မျိုးကြီး… တစ်ခါဝယ်စားပြီးကတည်းက နောက်ထပ်မဝယ်ချင်တော့တာ…”

“အဲဒီလူကတော့ တကယ့်ကို အရှက်မရှိတဲ့လူပဲ… ပိုက်ဆံရဖို့အတွက်နဲ့တော့ လိမ်ချင်တိုင်း လိမ်နေတာပဲ…”

“...”


“ဒီဆိုင်လေးကို ကျွန်မတစ်ယောက်တည်းပဲ ကိုယ်တိုင်ဦးစီးပြီး ရောင်းတာပါ… နောင်အနာဂတ်မှာလည်း ကျွန်မ မဟုတ်ဘဲ အခြားလူက ကျွန်မရဲ့ နာမည်ကို သုံးပြီး လာရောင်းရင်လည်း လုံးဝ အလိမ်မခံကြပါနဲ့နော်…”

ဟယ်ယဲ့ချင်းက ပြုံးလျက် သတိပေးလိုက်သည်။

“ရပါတယ်... နောက်ဆိုရင် ငါတို့တွေ ညီမလေးရဲ့ မျက်နှာကိုပဲ အသေအချာ မှတ်ထားပြီး ဝယ်စားတော့မယ်…”

ဟယ်ယဲ့ချင်း၏ စကားလုံးအနည်းငယ်မျှဖြင့် ရှင်းပြချက်က အလွန်ပင် ထိရောက်လှပေသည်။

သူမထံမှ တုတ်ထိုးများ ဝယ်ယူပြီးသွားသော ဖောက်သည်များသည် အပြန်တွင် ထိုအမျိုးသမီး၏ ဆိုင်ရှေ့မှ ဖြတ်သန်းသွားကြစဉ်၊ ဆိုင်ရှေ့တွင် ဝယ်ယူရန် ပြင်ဆင်နေသော အခြားသော ဖောက်သည်များအား တိုက်ရိုက်ပင် လှမ်း၍ သတိပေးကြတော့သည်။

“ဒီဆိုင်က အရင်ရောင်းနေကျ ဆိုင်မဟုတ်ဘူးနော်… အစစ်အမှန်က ဟိုဘက်အဝေးကြီးမှာ ပြောင်းပြီး ရောင်းနေတာ... ဟိုဘက်ကို သွားဝယ်ကြပါ…”

“ဟုတ်လား... ငါ ထင်သားပဲ… ဒီတုတ်ထိုးတွေရဲ့ အရသာက တစ်မျိုးကြီး ဖြစ်နေတာ…”

ထိုသို့ဆိုကာ ဟယ်ယဲ့ချင်း၏ ဖောက်သည်ဟောင်းများက ထိုဆိုင်ရှေ့မှ ချက်ချင်းပင် ခြေဦးလှည့်ကာ ထွက်ခွာသွားကြလေသည်။

ထိုအမျိုးသမီး၏ ဆိုင်လေးက ယခင်ကထက် ပို၍ လူသူကင်းမဲ့ကာ ခြောက်ကပ်သွားခဲ့လေသည်။

ထိုဆိုင်ရှေ့တွင် ရပ်နေသော လူငယ်တစ်ဦးကလည်း ခေတ္တမျှ ကြောင်အမ်းကာ တုန်လှုပ်သွား၏။

သူက ဆိုင်အတွင်း၌ ရပ်နေသော သက်လတ်ပိုင်း အမျိုးသမီးကြီးအား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်၊ ဖောက်သည်များ ညွှန်ပြခဲ့သော ဟယ်ယဲ့ချင်း၏ ဆိုင်ရှိရာဘက်သို့ မျက်လုံးဝေ့၍ ကြည့်ရှုလိုက်သည်။ အတန်ငယ် ဝေခွဲမရဖြစ်ပြီးနောက်၊ သူသည်လည်း ထိုဆိုင်ရှေ့မှ အသာအယာ ခြေလှမ်းလှည့်ကာ ထွက်ခွာသွားလေသည်။

ထိုအမျိုးသမီးကမူ ဒေါသကြောင့် အံကြိတ်ကာ ရင်ထဲတွင် မီးတောက်မတတ် ခံစားနေရသည်။

ဟယ်ယဲ့ချင်းကမူ အလွန် အလုပ်ရှုပ်နေခဲ့သဖြင့် ထိုအမျိုးသမီး၏ ပျက်စီးယိုယွင်းနေသော အခြေအနေများကို လှည့်ကြည့်ရန် အချိန်မရှိချေ။

“မင်္ဂလာပါ... ဘာများ အလိုရှိပါသလဲ…”

ဟယ်ယဲ့ချင်းက ဆိုင်ရှေ့တွင် အချိန်အတော်ကြာအောင် မတ်တတ်ရပ်နေသော အမျိုးသားတစ်ဦးအား ယဉ်ကျေးစွာ မေးမြန်းလိုက်၏။

ဟယ်ယဲ့ချင်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ထိုအမျိုးသားက ကြက်ဖတစ်ကောင်ကဲ့သို့ သူ့ မေးစေ့ကို မောက်မာစွာ အထက်သို့ ပင့်မြှောက်လိုက်ပြီးနောက်၊ ဂုဏ်ယူဝင့်ကြွားလှသော ဟန်ပန်ဖြင့်မေးမြန်းလာလေသည်။

“မင်းက ဟယ်ယဲ့ချင်း ဆိုတာလား…”

ထိုအမျိုးသား၏ ရိုင်းစိုင်းစော်ကားလှသော လေသံက ဟယ်ယဲ့ချင်းအား အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သဖြင့် သူမက မျက်မှောင်ကြုတ်လိုက်မိသည်။

“ဟုတ်ပါတယ်... ကျွန်မက ဟယ်ယဲ့ချင်းပါ… ဘာကိစ္စရှိလို့လဲရှင်…”

“ငါက ‘ကျန်းကျစ်ဖန်’ ပဲ…”

ထိုအမျိုးသားက မေးစေ့ကို ဆက်လက်၍ ပင့်မြှောက်ထားလျက် မောက်မာစွာ မိတ်ဆက်လိုက်သည်။

ဟယ်ယဲ့ချင်းက ဤအမျိုးသား၏ စိတ်အခြေအနေက ပုံမှန်မဟုတ်ဟု ခံစားလိုက်ရသဖြင့် အေးစက်စက် အမူအရာမျိုးဖြင့်သာ ဝတ်ကျေတန်းကျေ ပြန်ပြောလိုက်၏။

“ဪ... ဟုတ်ကဲ့… မင်္ဂလာပါ…”

ကျန်းကျစ်ဖန်က ဟယ်ယဲ့ချင်းထံမှ သူ့အား အထင်ကြီးလေးစားသွားမည့် တုံ့ပြန်မှုမျိုးကို အပြည့်အဝ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူမ၏ မထူးဆန်းသလို အေးစက်စက် အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ သူက မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး အံ့အားသင့်စွာ မေးခွန်းထုတ်လိုက်ပြန်သည်။

“မင်းက ငါ ဘယ်သူလဲဆိုတာကို လုံးဝမသိဘူးပေါ့လေ…”

****

(မှတ်ချက်
“ရှင်တို့အိမ်က ပင်လယ်ကမ်းခြေနားမှာ ရှိတာလား” ဟူသော စကားစုသည် တရုတ်အသုံးအနှုန်းအရ မိမိနှင့်မဆိုင်သော ကိစ္စများတွင် အလွန်အမင်း စပ်စုတတ်သူ သို့မဟုတ် သူတစ်ပါးကိစ္စကို လိုက်စွက်ဖက်တတ်သူများအား ပညာသားပါပါဖြင့် ပြန်လည်လှောင်ပြောင် သရော်ရာတွင် အသုံးပြုလေ့ရှိသော စကားစုဖြစ်သည်။ ပင်လယ်ပြင်ကြီးက အတိုင်းအဆမရှိ ကျယ်ပြန့်လှသဖြင့် ပင်လယ်နားတွင် နေထိုင်သူများသည်လည်း ထိုပင်လယ်ပြင်ကြီးကဲ့သို့ပင် စည်းဘောင်များကို ကျော်လွန်ကာ သူတစ်ပါးကိစ္စကို အလွန်အမင်း လိုက်လံစွက်ဖက်တတ်သည်ဟူသော အဓိပ္ပာယ်ဖြင့် တင်စားခနဲ့ခြင်း ဖြစ်သည်။)

🖼🖼🖼
🖼အခန်း (၂၀)
 – ရွံရှာစက်ဆုပ်ဖွယ်ရာ


“မင်းက ငါ ဘယ်သူလဲဆိုတာကို လုံးဝမသိဘူးပေါ့လေ…”

“ကျွန်မက ရှင့်ကို သိနေရမှာလား…”

ဟယ်ယဲ့ချင်းက ဝေခွဲမရစွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

အမှန်စင်စစ် ဤကျန်းကျစ်ဖန်ဆိုသူက မောက်မာလှသော အမျိုးသမီးကြီး ရှန်ယွီယင်း၏ သားဖြစ်သူပင် ဖြစ်ပေသည်။

သူသည် မိခင်ဖြစ်သူက ယမန်နေ့က ရွာတစ်ရွာသို့သွားကာ သူ့အတွက် အိမ်ထောင်ဖက် သွားရောက်ကြည့်ခဲ့ကြောင်း ကောင်းစွာသိရှိထားသည်။ ထိုမိန်းကလေးက အလွန် လှပချောမောလှကြောင်း ကြားသိထားခဲ့ရသဖြင့် ကျန်းကျစ်ဖန်က ရင်ထဲတွင် အတော်အတန် မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း သူ လုံးဝ မျှော်လင့်မထားခဲ့မိသည့်အချက်က ယမန်နေ့က အိမ်သို့ ပြန်ရောက်လာသော မိခင်ဖြစ်သူက စိတ်ဆိုးဒေါသထွက်လျက် ဟယ်ယဲ့ချင်းအား အလွန်ပင် ပြင်းပြင်းထန်ထန် ဆဲဆိုကြိမ်းမောင်းနေခဲ့ခြင်းပင် ဖြစ်သည်။

ကျန်းကျစ်ဖန်က မိခင်ဖြစ်သူကို အလွန်ပင် ရိုသေလေးစားသူဖြစ်ရာ၊ ယနေ့တွင် ဟယ်ယဲ့ချင်းအား ဆုံးမစကားပြောဆိုရန်အတွက် ကိုယ်တိုင်လာရောက် ဆုံတွေ့ခြင်း ဖြစ်၏။

ကျန်းကျစ်ဖန်က ဟယ်ယဲ့ချင်းကို အလွန်လှပသည်ဟု ကြားဖူးထားသော်လည်း၊ ယခုကဲ့သို့ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါ ဤမျှလောက်အထိ ရင်သပ်ရှုမောဖွယ် ချောမောလှပနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့မိချေ။ ထိုခဏ၌ပင် သူ၏ မူလရည်ရွယ်ချက်နှင့် အာရုံစိုက်မှုအားလုံးက ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။

“ငါ့အဖေက အထည်အလိပ်စက်ရုံရဲ့ ဒုတိယညွှန်ကြားရေးမှူး… ငါ့အမေကတော့ အထည်အလိပ်စက်ရုံရဲ့ ဌာနမှူး…”

ကျန်းကျစ်ဖန်က သူ့မိသားစုနောက်ခံ အခြေအနေကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထုတ်ဖော်ပြသလိုက်၏။

ဤအမျိုးသားက အကြောင်းရင်းတစ်စုံတစ်ရာမရှိဘဲ သူ့မိသားစု၏အဆင့်အတန်းကို လာရောက်ကြွားဝါနေသည့် လုပ်ရပ်အပေါ် ဟယ်ယဲ့ချင်းက ပို၍ သံသယပွားမိသွားသည်။

သို့ရာတွင် ခဏမျှ တွေးကြည့်လိုက်သည့် အခါ သူမက ဤလူက မည်သူ ဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ဟယ်ယဲ့ချင်းက သူ့ရှေ့တွင် ရပ်နေသော ရုပ်ရည်က အလွန် သာမန်မျှသာရှိပြီး၊ ကောက်ကျစ်စဉ်းလဲသော မျက်ဝန်းအစုံရှိသည့်အပြင်၊ သူမထက်ပင် အရပ်ပုနေသော အမျိုးသားကို အကဲခတ်ကြည့်ရှုလိုက်၏။ 

ဪ... ဒီလူက သူ့အမေ ရှန်ယွီယင်းရဲ့ နှုတ်ဖျားကနေ အမြဲ ချီးမွမ်းခန်းဖွင့်နေခဲ့တဲ့ မိန်းကလေးတွေ အများကြီးက တကောက်ကောက် လိုက်နေကြပါတယ်ဆိုတဲ့ ‘အရမ်းပြောင်မြောက်လှတဲ့ သားရတနာ’ ပေါ့လေ...

ဟယ်ယဲ့ချင်းက ထိုလူ့ပုံစံကို ကြည့်ကာ အော်ဂလီဆန်မိသွား၏။ ရှန်ယွီယင်းက ပင်လယ်ကမ်းခြေနားတွင် နေထိုင်ရုံမျှမက၊ သူမ၏ နှုတ်ဖျားမှ ထွက်သမျှ စကားလုံးများကလည်း အနှစ်သာရမရှိသော လေလုံးကြီးများသာ ဖြစ်ကြောင်း လက်တွေ့ကျကျ သိရှိလိုက်ရပြီ ဖြစ်သည်။

“ဪ... ရှင့်မှာ ကိစ္စတစ်ခုခု ရှိလို့လား… တကယ်လို့ ဘာကိစ္စမှ မရှိဘူးဆိုရင်တော့ ကျွန်မရဲ့ အရောင်းအဝယ်ကို မနှောင့်ယှက်ပါနဲ့…”

ဟယ်ယဲ့ချင်းက အေးစက်စက် လေသံဖြင့် ပြတ်သားစွာ ဆိုလိုက်သည်။

ကျန်းကျစ်ဖန်က သူ၏ မိတ်ဆက်မှုကို ဟယ်ယဲ့ချင်းဘက်က ငြင်းပယ်လိုက်ရုံမျှမက၊ အေးစက်ခက်ထန်သော အမူအရာကိုသာ ဆက်လက်ပြသနေသည့်အတွက် ရင်ထဲတွင် ချက်ချင်းပင် မကျေမနပ် ဖြစ်သွားလေသည်။

“မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စတွေအပေါ်မှာ ငါက မင်းကို အပြစ်ယူမှာ မဟုတ်ပါဘူး… ဒါပေမဲ့ မင်းဘက်က ငါ့အမေကို စနစ်တကျ ပြန်တောင်းပန်မယ်ဆိုရင်တော့ ငါတို့မိသားစုအနေနဲ့ မင်းကို ချွေးမအဖြစ် လက်ခံဖို့အတွက် ဆက်လက်ပြီး စဉ်းစားပေးနိုင်ပါသေးတယ်…” 

ကျန်းကျစ်ဖန်က ဟယ်ယဲ့ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ တဏှာမျက်ဝန်းများဖြင့် စိုက်ကြည့်ကာ အထက်စီးမှ ပြောဆိုလိုက်၏။

အကြောင်းရင်းက အလွန်ပင် ရိုးရှင်းလှပေသည်။ သူ့ရှေ့ရှိ မိန်းကလေးက အလွန် ထူးခြားစွာ ချောမောလှပလွန်းလှသဖြင့် ကျန်းကျစ်ဖန်၏ ရင်ထဲရှိ ရမ္မက်ဇောများကို ပြင်းပြင်းထန်ထန် နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခြင်းပင်။

အကယ်၍ သူသာ ဤမိန်းကလေးကို လက်ထပ်ခွင့်ရရှိမည်ဆိုပါက လူပုံအလယ်တွင် အလွန်ပင် မျက်နှာပန်းလှကာ ဂုဏ်ယူနိုင်မည် ဖြစ်သည်။

သူ့မိခင်ကလည်း ဤလှပသော မိန်းကလေးကို မြင်တွေ့ပါက နားလည်ပေးလိမ့်မည်ဟု သူက တွေးတောနေခဲ့ခြင်း ဖြစ်သည်။

ဟယ်ယဲ့ချင်းကမူ ကျန်းကျစ်ဖန်၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှသော စကားများကို ကြားလိုက်ရသည့်အခါ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောမိလေသည်။

“ကျွန်မ တစ်ခုတော့ အမှန်အတိုင်း ပြောရလိမ့်မယ် မစ္စတာကျန်းရယ်... ရှင့်ရဲ့ ရုပ်ရည်ကတော့ အဲဒီလောက်အထိ ကြည့်ကောင်းတာမဟုတ်ပေမဲ့၊ ရှင့်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကတော့ တကယ့်ကို ချီးကျူးစရာ ကောင်းလောက်အောင် အဆင့်မြင့်လွန်းလှပါတယ်…”

ဟယ်ယဲ့ချင်း၏ ပညာသားပါပါဖြင့် ခနဲ့တဲ့တဲ့ တုံ့ပြန်လိုက်သော စကားလုံးများကြောင့် ကျန်းကျစ်ဖန်၏ မျက်နှာတစ်ခုလုံးက အရှက်ရလွန်းသဖြင့် ရုတ်ချည်းပင် ရဲရဲနီသွား၏။

“မင်း... မင်း…”

ဘေးနားရှိ ဝိုင်းအုံကြည့်ရှုနေကြသော ဖောက်သည်များနှင့် လမ်းသွားလမ်းလာများကလည်း ဤမြင်ကွင်းကို ကြည့်ကာ ရယ်မောမိကြပြီး ဟယ်ယဲ့ချင်းအား စပ်စုမေးမြန်းလာကြသည်။

“ဘာတွေဖြစ်နေကြတာလဲ…”

ဟယ်ယဲ့ချင်းကမူ ပုခုံးကို အသာအယာ တွန့်ပြလိုက်ပြီး ဆိုလိုက်သည်။

“ကျွန်မလည်း မသိပါဘူး… ကျွန်မကတော့ ဒီလူကို လုံးဝ မသိပါဘူး… သူက ရုတ်တရက် ရောက်လာပြီးတော့ ဘာတွေမှန်းမသိတဲ့ စကားလုံးတွေကို အဓိပ္ပာယ်မရှိ လာပြောနေတာပါ…” 

“ဟယ်ယဲ့ချင်း... မင်းက ငါတို့ရှေ့မှာ လာပြီး မာနထောင်မနေနဲ့နော်… မင်းက တောသူမလေးတစ်ယောက်ပဲလေ… ငါတို့လို မြို့ပေါ်က လူကုံထံမိသားစုတစ်ခုအတွင်းကို လက်ထပ်ခွင့်ရရှိမယ်ဆိုတာ မင်းဘဝအတွက် အရမ်း ကြီးမားတဲ့ ဘုန်းကံနဲ့ ကံကောင်းမှုပဲ…”

ကျန်းကျစ်ဖန်က ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ လူပုံအလယ်တွင် စည်းလွတ်ဝါးလွတ် အော်ဟစ်လေတော့သည်။

“ကဲပါ... အဲဒီကြီးမားလှတဲ့ ဘုန်းကံနဲ့ ကံကောင်းတာတွေကို ရှင့်ဘာသာရှင်ပဲ သိမ်းထားလိုက်ပါ… ကျွန်မရဲ့ အရောင်းအဝယ်ကို မပိတ်ထားဘဲ ဖယ်ပေးပါတော့…”

ဟယ်ယဲ့ချင်းက မျက်လုံးကို တစ်ချက်ဝင့်လျက် မထူးဆန်းသလို နှင်ထုတ်လိုက်၏။

ဘေးနားရှိ ပတ်ဝန်းကျင်မှ လူများကလည်း လက်ရှိအခြေအနေအရပ်ရပ်ကို အသေအချာ သဘောပေါက်သွားကြပြီ ဖြစ်သည်။

ယခု မြင်တွေ့နေရသော အခြေအနေအရမူ ဤအမျိုးသားက ဟယ်ယဲ့ချင်းအား မရမက လာရောက်နှောင့်ယှက်ကာ အနိုင်ကျင့်ရန် ကြံစည်နေခြင်းဖြစ်ကြောင်း အားလုံးက သိရှိသွားကြပေသည်။

ကျန်းကျစ်ဖန်၏ အမူအရာက ကောက်ကျစ်စဉ်းလဲပုံပေါက်ပြီး နှုတ်ကလည်း ရိုင်းစိုင်းစွာ ပြောဆိုနေခြင်းနှင့် နှိုင်းယှဉ်ပါက၊ ပတ်ဝန်းကျင်ရှိ လူများသည် ရုပ်ရည်ကလည်းချောမောလှပပြီး စကားပြောဆိုပုံလည်း ယဉ်ကျေးပျူငှာလှသော ဟယ်ယဲ့ချင်း၏ ဘက်တော်သားများအဖြစ်သို့ သဘာဝအတိုင်း ရောက်ရှိသွားကြလေသည်။

ဤလူအုပ်ကြီး၏ ပြန်လည်တုံ့ပြန်လိုက်သော စကားလုံးများက ဟယ်ယဲ့ချင်း ပြောဆိုခဲ့သည်ထက်ပင် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှပေသည်။

“လူငယ်လေး... ဒီမိန်းကလေးက မင်းကို လုံးဝသဘောမကျဘူးဆိုတာ ထင်ရှားနေတာပဲဥစ္စာ… မင်း နောက်ကျရင် သူ့ကို ဆက်ပြီး မနှောင့်ယှက်တာ အကောင်းဆုံးပဲနော်…”

“ဒါက ဘာသဘောလဲ… အထည်အလိပ်စက်ရုံမှာ အလုပ်လုပ်ရုံနဲ့တင် လူပုံအလယ်မှာ ဒီလောက်အထိ မောက်မာရိုင်းစိုင်းပြနေတာလား… တကယ်လို့ အမှန်အတိုင်းသာ မသိကြရင် အဲဒီစက်ရုံကြီးတစ်ခုလုံးက မင်းတို့မိသားစု ပိုင်တာလို့ တောင် မှတ်ရလိမ့်မယ်…”

“ဟဲဟဲ... ဒါက နိုင်ငံပိုင်ပစ္စည်းတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်နေတဲ့ သဘောမျိုး မဟုတ်ဘူးလား… တကယ့်ကို ကပ်ပါးကောင်တစ်စုပဲ…”

“ငါတို့အမြင်ကို အမှန်အတိုင်း ပြောရရင်တော့လေ... ဒီလူငယ်က ငန်းသားကို တောင့်တနေတဲ့ ဖားပြုတ်တစ်ကောင်နဲ့ တူနေတာပဲ… တောက်... တကယ့်ကို အရှက်မရှိတဲ့လူပဲ…”

“...”

ကျန်းကျစ်ဖန်က ငယ်စဉ်ကတည်းကပင် အထည်အလိပ်စက်ရုံ ဝန်ထမ်းအိမ်ရာဝင်းအတွင်း၌ အမြဲ ချီးမွမ်းခံခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့်လည်း သူက သူ့ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယခုကဲ့သို့သော ပြင်းထန်လှသည့် လှောင်ပြောင်သရော်မှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ချေ။

သူ့မျက်နှာတစ်ခုလုံးက အရှက်ရလွန်းခြင်းနှင့် ဒေါသတို့ကြောင့် ရဲရဲနီသွားခဲ့ရသော်လည်း၊ လူအုပ်ကြီး၏ စကားဝိုင်းအတွင်းသို့ ကြားဖြတ်ကာ သူ့ကိုယ်သူ ခုခံကာကွယ်ရန် စကားတစ်ခွန်းမျှပင် ပြောခွင့်မရခဲ့ချေ။ နောက်ဆုံးတွင်မူ ပတ်ဝန်းကျင်ရှိ လူအများ၏ ဝိုင်းဝန်းလှောင်ပြောင်မှုများအောက်တွင် သူက အမြီးကုပ်ကာ ကပျာကယာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရလေသည်။

ကျန်းကျစ်ဖန် ထွက်ခွာသွားခဲ့ပြီးနောက်၊ လူအုပ်ကြီးက ဟယ်ယဲ့ချင်းအား ဝိုင်းဝန်းနှစ်သိမ့်ပေးကြသည်။

“နောင်ကျရင် ဒီလိုလူမျိုးတွေနဲ့ ထပ်တွေ့ရရင် လုံးဝ ကြောက်မနေနဲ့နော်… ကြိမ်းမောင်းဖို့ လိုအပ်လာရင်လည်း ပြတ်ပြတ်သားသားသာ ကြိမ်းမောင်းပစ်လိုက်စမ်းပါ…”

ဟယ်ယဲ့ချင်းကလည်း ပြုံးလျက် သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။

…

ရှန်လီက ဆေးရုံတွင် အဘွားရှန်၏ ဘေး၌ ရက်အနည်းငယ်မျှ အနီးကပ်ပြုစု စောင့်ရှောက်ပေးခဲ့ပြီးနောက်၊ ဆရာဝန်က အခြေအနေကောင်းမွန်ပြီဖြစ်၍ ဆေးရုံဆင်းခွင့် ပြုလိုက်သည်။

ရွာသို့ ပြန်လည်ရောက်ရှိလာသည့်အခါ ရှန်လီက သူမရှိသည့် ဤရက်ပိုင်းအတွင်း ရွာထဲ၌ ဖြစ်ပွားခဲ့သော များပြားလှသည့် အဖြစ်အပျက်များကို ကြားသိလိုက်ရသည်။

ယမန်နေ့က ဟယ်ယဲ့ချင်းက သူ့အား ရုတ်တရက် လမ်းခုလတ်တွင် တားဆီးကာ ထူးဆန်းသော တောင်းဆိုချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည့် နေ့ကို ပြန်လည်တွေးတောမိပြီး ရှန်လီက နှုတ်ခမ်းအစုံကို တင်းတင်းစေ့လိုက်မိသည်။

ကြည့်ရသည်က သူမက အမှန်တကယ်ပင် ကြီးမားလှသော ဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်နေရပုံရပေသည်။

သူ့ခြေလှမ်းများကို မထိန်းချုပ်နိုင်တော့သကဲ့သို့ပင်၊ သူက ဟယ်ယဲ့ချင်းရှိရာ ဈေးသို့ ဦးတည်ကာ လျှောက်လှမ်းလာခဲ့မိသည်။

ဟယ်ယဲ့ချင်း ယခင်က ပုံမှန်ဆိုင်ဖွင့်လေ့ရှိသော နေရာဟောင်းက အခြားသူတစ်ဦး၏ လက်ထဲသို့ ပြောင်းလဲရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ရှန်လီက အနည်းငယ် အတွင်းဘက်သို့ ထပ်မံလျှောက်လှမ်းလာခဲ့သည့် အချိန်၌ သူနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသော ထိုကျောပြင်လေးကို ပြန်လည်မြင်တွေ့လိုက်ရသည်။

သို့သော်ငြားလည်း မကြာမီအချိန်အတွင်း၌ပင် ရှန်လီက ရုတ်ချည်းပင် တောင့်တင်းကာ ရပ်တန့်သွားခဲ့ရတော့သည်။

မလှမ်းမကမ်းရှိ မြင်ကွင်းတစ်ခုက သူ့အတွက် အလွန်ပင် မျက်စိစပါးမွှေးစူးစရာ ကောင်းလှပေသည်။

ထိုမိန်းကလေး၏ ဘေးနားတွင်မူ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိရသော အခြားသော လူငယ်အမျိုးသားတစ်ဦးက အဖော်ပြုကာ မတ်တတ်ရပ်နေခဲ့ခြင်း ဖြစ်သည်။

ထိုအမျိုးသားက သန့်ရှင်းစင်ကြယ်လှသော အင်္ကျီအဖြူရောင်ကို ဝတ်ဆင်ထားပြီး မျက်မှန်ကိုလည်း တပ်ဆင်ထားသည်။ သူ့ပုံစံက အသိပညာအတတ်ပညာ ပြည့်စုံလှသော ပညာတတ်ကျောင်းသားတစ်ဦးကဲ့သို့ သပ်ရပ်ကျနလှရာ၊ ကြမ်းတမ်းခက်ထန်လှသော သူ့ပုံစံနှင့်မူ လုံးဝဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

ဟယ်ယဲ့ချင်းတစ်ယောက် ရှန်လီ ထိုနေရာတွင် ရှိနေသည်ကို လုံးဝ မသိရှိခဲ့ပေ။ ယခုအချိန်၌ သူမက ကျန်းဝေကျဲနှင့် စကားလက်ဆုံ ကျနေခဲ့သည်။

ကျန်းဝေကျဲက ကျန်းကော်ဝမ်၏ တစ်ဦးတည်းသော သားဖြစ်သည်။ သူက ပေကျင်းတွင် တက္ကသိုလ်တက်နေသူဖြစ်ပြီး ယခု နွေရာသီကျောင်းပိတ်ရက်အတွင်း အိမ်သို့ ခေတ္တ ပြန်လာခဲ့ခြင်း ဖြစ်၏။ သူက ဟယ်ယဲ့ချင်းထက် တစ်နှစ်မျှ အသက်ကြီးသော်လည်း ကျန်းကော်ဝမ်ကြောင့် သူတို့နှစ်ဦးက ငယ်စဉ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းက ဟယ်ယဲ့ချင်းတစ်ယောက် ကျန်းမိသားစုအိမ်သို့ စားပွဲနှင့် ကုလားထိုင်အချို့ သွားရောက်သယ်ယူစဉ် အိမ်ပြန်ရောက်ခါစ ကျန်းဝေကျဲနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရသည်။ 

သူက သူမကို ကူညီရန်အတွက် အတူတူ လိုက်လာပေးမည်ဟု အတင်းအကျပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“မင်း တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်ဖြေဖို့ ပြင်ဆင်နေတယ်လို့ အဖေပြောတာ ကြားတယ်…” 

ကျန်းဝေကျဲက ဘေးနားတွင် လျှောက်လှမ်းနေသော ချောမောလှပသည့် မိန်းကလေးကို ကြည့်ကာ မေးမြန်းလိုက်သည်။

“ဟုတ်တယ်…” 
ဟယ်ယဲ့ချင်းက အတိုချုံးပင် ပြန်ဖြေလိုက်၏။

“မင်းရဲ့ စာမေးပွဲရမှတ်တွေအတွက် တကယ့်ကို နှမြောဖို့ကောင်းတယ်…” 

ကျန်းဝေကျဲ၏ အကြည့်များက ဟယ်ယဲ့ချင်းထံမှ ရွေ့လျားမသွားဘဲ စူးစိုက်ကြည့်နေဆဲဖြစ်သည်။ 

“တကယ်လို့ မင်းသာ တက္ကသိုလ် လျှောက်လွှာတွေကို နေရာစုံစုံလင်လင် ပိုလျှောက်ခဲ့ရင် ငါနဲ့ တစ်ကျောင်းတည်းမှာ အတူတူ ပညာသင်ကြားခွင့် ရချင်ရနေမှာ…”

ကျန်းဝေကျဲကလည်း ခရိုင်အဆင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော်လည်း ဤခရိုင်ငယ်လေး၏ ပညာရေးအဆင့်အတန်းအရ ခရိုင်တွင်း ပထမရခြင်းက ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ကြည့်လျှင်မူ ပြောပလောက်သည့် အရာတစ်ခု မဟုတ်ချေ။ ထို့ကြောင့်လည်း ကျန်းဝေကျဲက မြို့တော်ရှိ သာမန်တက္ကသိုလ်တစ်ခုတွင်သာ တက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ကြားမှာ ရေစက်သိပ်မပါဘူးထင်တယ်…” 

ဟယ်ယဲ့ချင်းက ခပ်ဖွဖွလေး ပြုံးလျက် ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းဝေကျဲက ခဏကြာမျှ ဆွံ့အသွားခဲ့သည်။ သို့သော် မကြာမီမှာပင် သူက အကဲခတ်သည့် လေသံဖြင့် မေးမြန်းလိုက်၏။

“မင်း ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ နှစ်ကြိမ်စလုံးမှာ အခက်အခဲတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရတာလား…” 

ဟယ်ယဲ့ချင်းက အစဉ်အမြဲ စာတော်သော ကျောင်းသူတစ်ဦး ဖြစ်သော်လည်း စာမေးပွဲ နှစ်ကြိမ်စလုံးတွင် မမျှော်လင့်ထားသော မတော်တဆမှုများနှင့် ဆက်တိုက် ကြုံတွေ့ခဲ့ရခြင်းက တိုက်ဆိုင်လွန်းလှသည်ဟု ကျန်းဝေကျဲက ခံစားမိသောကြောင့် ဤသို့ စူးစမ်းမိခြင်း ဖြစ်သည်။

“မင်းမှာ အခက်အခဲ တစ်ခုခုရှိနေရင် ငါ့ကို အချိန်မရွေး အကူအညီတောင်းလို့ ရတယ်နော်…” 

ကျန်းဝေကျဲက ထပ်ပြောလိုက်သည်။

ဟယ်ယဲ့ချင်းက သူ့ကို တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် ခေါင်းကို ခါယမ်းကာ ငြင်းပယ်လိုက်သည်။

“ရပါတယ်… ဘာမှမဖြစ်ပါဘူး…”

လွန်ခဲ့သည့်ရက်က ရှန်လီ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသော်လည်း အမည်ခံ အိမ်ထောင်ပြုရန် လူတစ်ယောက် ရှာဖွေရေးဟူသော စိတ်ကူးက ဟယ်ယဲ့ချင်း၏ စိတ်ထဲမှ ပျောက်ကွယ်မသွားသေးပေ။ ယခုတစ်ကြိမ်တွင် ကျန်းကျစ်ဖန် ဆိုသည့် လူကို ဖြေရှင်း ကျော်ဖြတ်နိုင်ခဲ့သော်လည်း မကြာမီတွင် လီကျစ်ဖန်၊ ဝမ်ကျစ်ဖန် စသည့် အခြားသော လူအမျိုးမျိုး ထပ်မံ ရောက်ရှိလာဦးမည်ကို သူမ ကောင်းစွာ သိရှိနေသည်။ သူမ အိမ်ထောင်မပြုသရွေ့၊ ဟယ်မိသားစုအိမ်တွင် ဆက်လက် ရှိနေသရွေ့ ထိုကဲ့သို့သော ရှုပ်ထွေးပွေလီသည့် ကိစ္စရပ်များက မည်သို့သောအခါမှ ပြီးဆုံးသွားမည် မဟုတ်ပေ။

ယခုရက်ပိုင်းအတွင်း ဟယ်ယဲ့ချင်းက အားလပ်သည့် အချိန်တိုင်း ထိုကိစ္စကိုသာ ထပ်ဖန်တလဲလဲ တွေးတောနေမိသည်။ ကန်းရွှေရွာလေးက အလွန်အမင်း ကြီးမားကျယ်ပြန့်ခြင်း မရှိသလို အလွန်သေးငယ်သည့် ရွာလေးလည်း မဟုတ်ပေ။ သို့သော် ရွာထဲတွင် ထူးခြားမှု တစ်ခုခု ဖြစ်ပွားတိုင်း တစ်ရွာလုံးက မသိမရှိ အချိန်တိုအတွင်း ပျံ့နှံ့သွားလေ့ ရှိသည်။ 

အောင်သွယ်တော် ကျန်းက ရှန်ယွီယင်းကို အိမ်အရောက် ခေါ်ဆောင်လာခဲ့သည့် ကိစ္စကလည်း ရွာသားများ၏ မျက်စိအောက်မှ ကွယ်ဝှက်ထားနိုင်ခြင်း မရှိခဲ့ပေ။ နျိုချွန်းဟုန်နှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့က ဟယ်ယဲ့ချင်းကို အမှန်တကယ်ပင် အိမ်ထောင်ချပေးရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း ရွာသားများအားလုံးက သိရှိသွားကြပြီ ဖြစ်သည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း ရွာသားအများအပြားက ဟယ်ယဲ့ချင်းအတွက် သင့်တော်မည့် အိမ်ထောင်ဖက်လောင်း အမျိုးသားများကို လာရောက် မိတ်ဆက်ပေးကြသည်။ ထို့အပြင် ရွာတွင်းရွာပြင်ရှိ အိမ်ထောင်မရှိသေးသော လူပျိုလူရွယ် အများအပြားကလည်း ဟယ်ယဲ့ချင်း နေ့စဉ် သွားလာတတ်သည့် လမ်းမများတွင် လာရောက် စောင့်ဆိုင်း ပိတ်ဆို့တတ်ကြသည်။

သို့သော် ဟယ်ယဲ့ချင်းက ထိုလူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ စိတ်ကူးထဲပင် ထည့်မစဉ်းစားခဲ့ပေ။ အကယ်၍ သူမ အိမ်ထောင်ပြုမည်ဆိုလျှင်ပင် ၎င်းက ဟန်ပြ အမည်ခံ အိမ်ထောင်ရေးတစ်ခုသာ ဖြစ်ရပေမည်။ ထိုလူပျိုလူရွယ်များက ဤကဲ့သို့သော အမည်ခံအိမ်ထောင်ရေးကို သဘောတူကြမည် မဟုတ်သလို၊ အကယ်၍ သူတို့က သဘောတူလျှင်ပင် သူတို့၏ မိသားစုများက လုံးဝ ခွင့်ပြုကြမည် မဟုတ်ချေ။
 

Search Novels