🖼🖼🖼🖼အခန်း (၁၁)
 – ရုတ်တရက် ကျရောက်လာသော စိတ်ဒဏ်ရာ 
 

ရှန်လီ တစ်ယောက် ထွက်ခွာသွားပြီး မကြာမီအချိန်မှာပင် အော်ဟစ်ဆူညံလျက် ပြေးလွှားလာကြသော ကလေးတစ်စုက အစိမ်းရောင် ယူနီဖောင်းများ ဝတ်ဆင်ထားသော ရဲအရာရှိများကို ရှေ့မှ ဦးဆောင်ကာ စျေးအဝင်ဝသို့ ရောက်ရှိလာကြလေသည်။ 
 
သူတို့က စျေးသို့ရောက်ရန် ဤမျှအထိ အချိန်ကြန့်ကြာသွားခဲ့ရခြင်းက အဓိကအားဖြင့် ကလေးများက တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေကြသဖြင့် ရဲစခန်းရှိ အရာရှိများက ကလေးများ လာရောက်နောက်ပြောင် ကျီစယ်နေကြသည်ဟု ထင်မှတ်မှားသွားခဲ့သောကြောင့် ဖြစ်သည်။ သူတို့ထဲတွင် အသက်အနည်းငယ် ပိုကြီးသော ကလေးမလေးတစ်ဦးက အခြားကလေးများကို စကားဖြတ်ပြောကာ အခြေအနေအရပ်ရပ်ကို အကျိုးအကြောင်း ရှင်းပြလိုက်နိုင်မှသာ ရဲအရာရှိတစ်ဦးက စိတ်ချသွားပြီး သူတို့နှင့်အတူ လိုက်ပါလာခဲ့ခြင်းပင်။ 
 
သို့သော်လည်း သူတို့ ရောက်ရှိလာချိန်တွင်မူ ရန်ပွဲအခြေအနေအရပ်ရပ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ရဲအရာရှိများက စျေးအဝင်ဝ၌ ဖြစ်ပွားခဲ့သော အခြေအနေများကို သေသေချာချာ သိရှိနားလည်နိုင်ရန်အတွက် ဟယ်ယဲ့ချင်းနှင့် စကားပြောဆိုကာ အချက်အလက်များကို မေးမြန်းခဲ့ကြသည်။ ထို့နောက် သူမအား စိတ်မပူရန်နှင့် အကယ်၍ ထိုလမ်းသရဲများ နောက်တစ်ကြိမ် ထပ်မံလာရောက် နှောင့်ယှက်ပါက ရဲစခန်းသို့ အချိန်မရွေး လာရောက်တိုင်ကြားနိုင်ကြောင်း စိတ်ချစေရန် အာမခံ စကား ပြောကြားခဲ့ကြသည်။ 
 
ဟယ်ယဲ့ချင်းကလည်း ဖော်ရွေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

“ကျေးဇူးတင်ပါတယ် ဦးလေးတို့…” 
 
သူမအတွက် မဆုတ်မနစ်သော သတ္တိဖြင့် ရဲရဲဝံ့ဝံ့ ရှေ့ထွက်ကာ တရားမျှတမှု ရှာဖွေပေးခဲ့ကြသော ဤကလေးငယ်များအတွက်လည်း ဟယ်ယဲ့ချင်းထံတွင် ပေးစရာ ဆုလာဘ်ကလေးများ အဆင်သင့် ရှိနေခဲ့သည်။ သူမက ခါးကို ကုန်း၍ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးတစ်ယောက်ချင်းစီကို တုတ်ထိုးတစ်ချောင်းစီ ကမ်းပေးလိုက်ကာ ပြောလိုက်၏။ 

“ကျေးဇူးအများကြီး တင်ပါတယ် ကလေးလေးတို့ရေ…” 
 
ကလေးငယ်များက မမချင်းချင်း၏ ချီးမွမ်းစကားကြောင့် ပါးပြင်လေးများ နီမြန်းသွားကြပြီး မျက်လုံးလေးများ တောက်ပလျက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ သူတို့က ရင်ဘတ်ကလေးများကို လက်ဖြင့် အသာပုတ်ကာ လိမ္မာစွာ ကတိပေးကြသည်။ 

“မမချင်းချင်း ဘာမှ စိတ်မပူနဲ့နော်… သားတို့က မမကို အမြဲတမ်း ကာကွယ်ပေးသွားမှာ…”  
 
“အင်းပါကွယ်…”  
ဟယ်ယဲ့ချင်းက သူတို့၏ ချစ်စဖွယ် အမူအရာများကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်ခဲ့ပေ။ 
 
စိတ်အနှောင့်အယှက်ဖြစ်စရာ လူမိုက်ပြဿနာ တစ်ခန်းရပ်သွားခဲ့ပြီ ဖြစ်သော်လည်း နေ့စဉ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကိုမူ ဆက်လက် လုပ်ကိုင်ရဦးမည် ဖြစ်သည်။ 
 
… 
 
နောက်တစ်နေ့ နံနက်ခင်းတွင်လည်း ဟယ်ယဲ့ချင်းသည် ထုံးစံအတိုင်း ဆိုင်လေးကို လာရောက် ဖွင့်လှစ်ခဲ့သည်။ စားပွဲခုံနှင့် ပစ္စည်းများကို စနစ်တကျ ပြင်ဆင်ပြီးသွားသောအခါ ဟယ်ယဲ့ချင်းသည် လီအားကွေ့တစ်ယောက် ထုံးစံအတိုင်း စျေးထဲသို့ ဟင်းသီးဟင်းရွက်များ သွားမရောင်းသည်ကို သတိပြုမိလိုက်သည်။ 
 
သူမက စိတ်ဝင်တစားဖြင့် လှမ်းမေးလိုက်သည်။ 
“ဦးလေး အားကွေ့… ဒီနေ့ စျေးထဲမှာ ဟင်းသီးဟင်းရွက်တွေ မရောင်းဘူးလား…” 
 
လီအားကွေ့က ခေါင်းကို ခါယမ်းလိုက်ပြီး ထိုင်ခုံပုလေးတစ်လုံးကို ဆွဲကာ ဟယ်ယဲ့ချင်း၏ ဆိုင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး တိုးတိုးလေး ပြောလာသည်။ 

“ဒီနေ့တော့ မရောင်းတော့ဘူး…” 
 
ထိုအခါမှ ဟယ်ယဲ့ချင်းသည် လီအားကွေ့တစ်ယောက် သူကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ယနေ့ စျေးသို့ ယူဆောင်မလာခဲ့သည်ကို သတိပြုမိသွား၏။ လီအားကွေ့၏ အနည်းငယ် ကုန်းနေသော ကျောပြင်ကြီးကို ကြည့်ကာ ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက် နားလည်သွားခဲ့ရသည်။ 
 
သူမ ထင်မှတ်သည့်အတိုင်းပင် ဖြစ်ပေလိမ့်မည်။ ဦးလေးအားကွေ့သည် ယမန်နေ့က ဖြစ်ပွားခဲ့သော လူမိုက်ပြဿနာအကြောင်းကို ကြားသိသွားခဲ့သဖြင့် သူမတစ်ဦးတည်း ဆိုင်ဖွင့်လျှင် အန္တရာယ်ရှိမည်ကို စိုးရိမ်ကာ ဘေးမှနေ၍ ဖေးမကူညီ စောင့်ရှောက်ပေးရန်အတွက် တမင်တကာ လာရောက် အဖော်ပြုပေးခြင်း ဖြစ်ပေသည်။ ထိုအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်းသည် ရင်ထဲတွင် လှိုက်ခနဲ နွေးထွေးသွားရပြီး မျက်ဝန်းအစုံကလည်း မျက်ရည်စများဖြင့် စိုစွတ်လာခဲ့သည်။ 
 
လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက် လုပ်ကိုင်နေခဲ့သော်လည်း ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် ထိုလမ်းသရဲများ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာမည်လားဟူသော စိုးရိမ်စိတ်ကလေးကမူ အနည်းငယ် ရှိနေသေးသည်။ သို့သော်လည်း ရက်အနည်းငယ်မျှ ကြာမြင့်သွားသည့်တိုင်အောင် ထိုလူမိုက်များက အရိပ်ကလေးမျှပင် ပေါ်မလာတော့သဖြင့် ဟယ်ယဲ့ချင်းက ရင်ထဲမှ စိုးရိမ်ပူပန်မှု အလုံးကြီးကို အပြီးအပိုင် ချလိုက်နိုင်တော့သည်။ 
 
… 
 
ထိုနေ့တွင် ကွမ်းဖန်ကျဲသည် အိမ်အတွက် လိုအပ်သော ကုန်စုံများကို ဝယ်ယူပြီးစီးပြီးနောက် ဟယ်ရီချင်း၏ တုတ်ထိုးဆိုင်လေးဆီသို့ အေးအေးလူလူ လမ်းလျှောက်လာခဲ့သည်။

“ချင်းချင်း… သမီးက ဒီမနက် အစောကြီး အိမ်ကနေ ထွက်သွားတာဆိုတော့ ငါလည်း ပြောဖို့ အချိန်မရလိုက်ဘူး…”  

ကွမ်းဖန်ကျဲက ခုံတွင် ဝင်ထိုင်လိုက်ကာ သတိပေး စကားဆိုသည်။ 

“ကျန်းလောင်ရှီးက ပြောတယ်… ဒီနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်တွေ ထွက်ပြီတဲ့… သမီးလည်း ကျောင်းကိုသွားပြီး ရလဒ်စာရင်းကို သွားကြည့်ဖို့ မမေ့နဲ့ဦးနော်…” 
 
ဟယ်ယဲ့ချင်းက ရက်စွဲကို စိတ်ထဲမှ တွက်ချက်ကြည့်လိုက်ရာ အမှန်တကယ်ပင် ယနေ့ဖြစ်နေသည်ကို သတိပြုမိသွားသည်။ အကယ်၍ ကွမ်းဖန်ကျဲသာ လာရောက် သတိမပေးခဲ့လျှင် သူမက ဤအရေးကြီးသော နေ့ရက်ကို လုံးဝ မေ့လျော့နေတော့မည် ဖြစ်သည်။ သူမက ကွမ်းဖန်ကျဲကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် နံနက် ဆယ်နာရီခန့်တွင် ဆိုင်ကို ခေတ္တပိတ်ကာ ကျောင်းရှိရာဘက်သို့ ဦးတည် လျှောက်လှမ်းခဲ့လိုက်သည်။ 
 
သူမက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နောက်တစ်နှစ်တွင် ပြန်လည် ဖြေဆိုရမည်ဟူသော အမှန်တရားကို စိတ်ထဲကနေ ကြိုတင် လက်ခံထားပြီး ဖြစ်သဖြင့် ဟယ်ယဲ့ချင်းက စာမေးပွဲရလဒ် အမှတ်စာရင်းအပေါ် ကြီးကြီးမားမား စိတ်ဖိစီးမှု သို့မဟုတ် ဖိအား တစ်စုံတစ်ရာ ရှိမနေခဲ့ပေ။ 
 
ထိုခေတ်ကာလတွင် ယခုခေတ်ကဲ့သို့ အင်တာနက် လိုင်းများနှင့် လက်ကိုင်မိုဘိုင်းဖုန်းများ လုံးဝ မရှိသေးချေ။ ရှီနန်ခရိုင်တစ်ခုလုံး၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲရလဒ် အမှတ်စာရင်းများကို ပညာရေးဦးစီးဌာနထံမှတစ်ဆင့် ကူးယူကာ ကျောင်းအသီးသီး၏ ကြော်ငြာဘုတ်များတွင်သာ ကပ်နှိပ် ထုတ်ပြန်ကြေညာလေ့ ရှိသည်။ 
 
ထိုထုတ်ပြန်ချက်က အလွန်ကြီးမားလှသော အနီရောင် ဗီနိုင်းပိုစတာကြီး ဖြစ်ပြီး ၎င်းအပေါ်တွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ၏ နာမည်များနှင့် အမှတ်စာရင်းများကို စုတ်တံနှင့် မင်အိုးကို အသုံးပြု၍ သေသေချာချာ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ 
 
အနီရောင် ပိုစတာကြီး၏ ရှေ့တွင် စာမေးပွဲဖြေဆိုထားသော ကျောင်းသားများနှင့် မိဘအုပ်ထိန်းသူ အမြောက်အမြား တရုန်းရုန်း ဝိုင်းအုံနေကြပြီး လူတိုင်းက သူတို့၏ နာမည်ကို ရှာဖွေနိုင်ရန်အတွက် ပိုစတာပေါ်သို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် စာမေးပွဲ အောင်မြင်သွားသော ကျောင်းသားအချို့ကမူ ဝမ်းသာအားရဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ငိုရယ်လျက် “ငါ အောင်ပြီ… ငါ အောင်ပြီဟေ့…” ဟု အော်ဟစ် အောင်ပွဲခံနေကြသည်။ ဆန့်ကျင်ဘက်အားဖြင့် စာမေးပွဲ ကျရှုံးသွားခဲ့သော ကျောင်းသားအချို့ကမူ စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာဖြင့် လူအုပ်ကြီးထဲမှနေ၍ ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားကြသည်ကိုလည်း တွေ့ရှိရသည်။ 
 
ဟယ်ယဲ့ချင်းက လူအုပ်ကြားထဲမှ တည်ငြိမ်စွာဖြင့် သူမ၏ နာမည်ကို ရှာဖွေလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပထမဦးဆုံး ဖြေဆိုခဲ့သော ဘာသာရပ်တွင် အမှတ်စာရင်းက သုည ဖြစ်နေသော်လည်း အခြားသော ဖြေဆိုခဲ့သည့် ဘာသာရပ်များတွင်မူ အလွန်မြင့်မားသော အမှတ်များကို ရရှိထားခဲ့ပြီး သင်္ချာဘာသာရပ်တွင်မူ အမှတ်ပြည့်ပင် ရရှိထားခဲ့သည်ကို တွေ့ရှိလိုက်ရသည်။ 
 
ဤကဲ့သို့သော ထူးချွန်လှသည့် အမှတ်စာရင်းကို ကြည့်ကာ ဟယ်ယဲ့ချင်းက စိတ်ထဲတွင် အနည်းငယ်မျှ နှမြောတသခြင်း မရှိဟု ဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ သို့သော်လည်း အခြေအနေအရပ်ရပ်က ပြောင်းလဲ၍ မရနိုင်တော့သည့်အဆုံး ဤကိစ္စကို စိတ်ထဲတွင် အသည်းအသန် တွေးတောပူပန်နေခြင်းကလည်း အလကားပင် ဖြစ်သည်။ ဤစာမေးပွဲ ရလဒ်ကို ကြည့်ပြီးနောက် သူမ၏ စိတ်ထဲတွင် ပိုမို ပြတ်သားသော ရည်မှန်းချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမ၏ အရည်အချင်းနှင့်ဆိုလျှင် နောက်တစ်နှစ်တွင် ပေကျင်းတက္ကသိုလ်သို့ အသေအချာ တက်ရောက်နိုင်မည်က မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ 
 
သူမက သူမ၏ အမှတ်စာရင်းကို ကြည့်ရှုပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ အခြားအတန်းဖော် ကျောင်းသားများ၏ အမှတ်များကိုပါ အမှတ်မထင် လှမ်းကြည့်မိလိုက်သည်။ ရှီနန်ခရိုင်၏ ပညာရေး အရင်းအမြစ်များနှင့် သင်ကြားမှုစနစ်က အလွန်ပင် ခေါင်းပါးနွမ်းပါးလှသည်ကို သိထားသော်လည်း အခြားကျောင်းသားများ၏ အမှတ်စာရင်းက ဤမျှအထိ ဆိုးရွားလိမ့်မည်ဟုမူ ဟယ်ယဲ့ချင်းက တွေးမထားခဲ့မိပေ။ သူမက ဘာသာရပ်တစ်ခု လုံးဝ ပျက်ကွက်ခဲ့သည့်တိုင်အောင် သူမ၏ စုစုပေါင်း အမှတ်စာရင်းက ဒုတိယရရှိသော ကျောင်းသား၏ စုစုပေါင်း အမှတ်ထက်ပင် အမှတ်နှစ်ဆယ်ကျော် ဖြတ်ကျော်ကာ ခရိုင်တစ်ခုလုံးတွင် ပထမနေရာ၌ ရပ်တည်နေဆဲ ဖြစ်သည်။ 
 
… 
 
အမှတ်စာရင်းကို ကြည့်ရှုစစ်ဆေးပြီးနောက် ဟယ်ယဲ့ချင်းသည် ကျောင်းဝင်းထဲတွင် အချိန်ဖြုန်းမနေဘဲ ချက်ချင်းပင် လှည့်ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူမ ကျောင်းဝင်းတံခါးဝသို့ ရောက်ရှိချိန်တွင်မူ ဆရာဖြစ်သူ ကျန်းကော်ဝမ်နှင့် မထင်မှတ်ဘဲ ထိပ်တိုက် တိုးတော့သည်။ 
 
ကျန်းကော်ဝမ်သည် ဟယ်ယဲ့ချင်းကို မြင်လိုက်ရသောအခါ ဒေါသနှင့် နှမြောတသမှုများကြောင့် ရင်ဘတ်ကြီး တလှပ်လှပ် တုန်ခါနေပြီး သူ၏ နှုတ်ခမ်းမွေးကြီးများကပင် ထောင်တက်မတတ် ဖြစ်နေရှာသည်။ ထိုအခါမှသာ ဆရာကြီးက ဟယ်ယဲ့ချင်းတစ်ယောက် အခြားမည်သည့် တက္ကသိုလ်၊ ကောလိပ်ကျောင်းများကိုမျှ လျှောက်လွှာ တင်သွင်းထားခြင်း မရှိခဲ့သည်ကို သဘောပေါက်သွားတော့သည်။

ထို့အပြင် အဓိက ပြဿနာက သူမ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အမှတ်စာရင်းက အံ့မခန်းလောက်အောင် ထူးချွန်ပြောင်မြောက်လွန်းနေခြင်း ဖြစ်သည်။ ဘာသာရပ်တစ်ခုတွင် သုည ရရှိထားခဲ့သည့်တိုင်အောင် ခရိုင်တစ်ခုလုံးတွင် ပထမစွဲနေဆဲ ဖြစ်၏။ အကယ်၍သာ သူမက ပထမဆုံး ဘာသာရပ်ကိုသာ ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့မည်ဆိုပါက ပြည်နယ် တစ်ခုလုံးတွင် အမှတ်အများဆုံး ‘ပြည်နယ်ချန်ပီယံ’ ဖြစ်လာနိုင်သည်။ 
 
ဤကဲ့သို့သော ဖြစ်နိုင်ခြေကြီးကို တွေးတောမိကြသောအခါ ရှီနန် အမှတ် (၁) အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ခရိုင်ပညာရေးဦးစီးဌာနမှ အရာရှိများအားလုံးက နှမြောလွန်းသဖြင့် ရင်ဘတ်ကို လက်ဖြင့်ထုကာ သွေးအန်မတတ် ခံစားရရှာသည်။  
တကယ့်ကို နှမြောစရာကောင်းတယ်… သူက ဘာဖြစ်လို့ ပထမဆုံး ဘာသာရပ်ကိုမှ လွဲချော်ခဲ့ရတာလဲ… 
 
ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ 

“သမီး… နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ…” 
 
“သမီး နောက်ထပ် ကျောင်းတစ်နှစ် ပြန်တက်ပြီး လာမယ့်နှစ် စာမေးပွဲကို ပြန်ဖြေဖို့ စိတ်ကူးထားပါတယ် လောင်ရှီး…” 

ဟယ်ယဲ့ချင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ 
 
ထိုခေတ်ကာလတွင် စာမေးပွဲကျရှုံး၍ဖြစ်စေ၊ အမှတ်မပြည့်၍ဖြစ်စေ ကျောင်းတွင် နောက်တစ်နှစ် ပြန်လည် တက်ရောက်ဖြေဆိုခြင်းက အလွန် ရိုးရှင်းသော ထုံးစံတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ရှီနန်ခရိုင်တွင် ပထမအကြိမ် စာမေးပွဲ ဖြေဆိုရုံမျှဖြင့် တက္ကသိုလ်သို့ တိုက်ရိုက် အောင်မြင် တက်ရောက်နိုင်သော ကျောင်းသား အရေအတွက်က အလွန် နည်းပါးလှသည်။ ကျောင်းသား အများစုက ကျောင်းတွင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ပြန်လည် တက်ရောက် ကြိုးစားကြပြီးမှသာ တက္ကသိုလ်ဝင်ခွင့်ကို ရရှိကြခြင်း ဖြစ်သည်။ 
 
ထို့ကြောင့် ကျန်းကော်ဝမ်သည် ဟယ်ယဲ့ချင်းထံမှ နောက်တစ်နှစ် ပြန်တက်မည့် အစီအစဉ်ကို ကြားလိုက်ရသောအခါ အံ့ဩခြင်းမရှိဘဲ သာမန်အတိုင်းသာ လက်ခံလိုက်သည်။ ယခုခေတ်ကဲ့သို့ နွေရာသီ ကျောင်းပိတ်ရက်များတွင် အခကြေးငွေပေး၍ တက်ရောက်ရသော ကျူရှင်အတန်းများနှင့် ဘာသာရပ်ဆိုင်ရာ အထူးမွမ်းမံသင်တန်းများက ထိုခေတ်တွင် ခေတ်မစားသေးချေ။ ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းအား ကျောင်းဖွင့်ရာသီ ရောက်ရှိသောအခါ ကျောင်းသို့ အချိန်မီ လာရောက် အပ်နှံရန်နှင့် စာပေများကို ကြိုးစားလေ့လာရန် အဖိုးတန်သော လမ်းညွှန်ချက်အချို့ကို မှာကြားပြီးနောက် လမ်းခွဲခဲ့ကြတော့သည်။ 
 
… 
 
သို့သော်လည်း ကျောင်းဝင်းအတွင်း၌ အသိမိတ်ဆွေများနှင့် ဆုံတွေ့ရန်က အလွန် လွယ်ကူလှသည်။ ဟယ်ယဲ့ချင်းက ကျောင်းဝင်းတံခါးဝမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အတန်းဖော် ကျောင်းသူ နှစ်ဦးနှင့် ထပ်မံ၍ ထိပ်တိုက် တိုးပြန်သည်။ 
 
ဟယ်ယဲ့ချင်းက ထိုမိန်းကလေး နှစ်ဦးထဲမှ တစ်ဦးကို အမှတ်ရစရာ အကြောင်းရင်း ရှိနေခဲ့သည်။ အဓိကအကြောင်းအရင်းကမူ ထိုကျောင်းသူသည် လွန်ခဲ့သော ကာလများက သူမနှင့် အကြီးအကျယ် စကားများ ငြင်းခုံခဲ့ဖူးသောကြောင့် ဖြစ်သည်။ 
 
တကယ်တမ်းတွင် ထိုပြဿနာက အလွန် ရိုးရှင်းလှသည်။ ထိုခေတ်ကာလတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် ‘အကြိုစစ်ဆေးခြင်း စာမေးပွဲ’ ကို အရင်ဆုံး ဖြေဆိုအောင်မြင်ရသည်။ ထိုမိန်းကလေးက လွန်ခဲ့သောနှစ်က အကြိုစစ်ဆေးခြင်း စာမေးပွဲတွင် ကျရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် အဆင့်မမီခဲ့ချေ။ 
 
တစ်ချိန်တည်းမှာပင် ဟယ်ယဲ့ချင်းကမူ အကြိုစာမေးပွဲကို ကောင်းမွန်စွာ အောင်မြင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက် မဖြေဆိုဖြစ်ခဲ့ပေ။ ထိုမိန်းကလေးက ကျောင်းတွင် တစ်နှစ် ပြန်လည်တက်ရောက်ကာ ကြိုးစားခဲ့သော်လည်း မျှော်လင့်မထားဘဲ ယခုနှစ်တွင်လည်း အကြိုစစ်ဆေးခြင်း စာမေးပွဲတွင် ထပ်မံ၍ အဆင့်မမီဘဲ ကျရှုံးခဲ့ရပြန်သည်။ သူမက စိတ်ပျက်အားလျော့မှုနှင့် ဒေါသတရားများကို မည်သည့်နေရာတွင် ပေါက်ကွဲရမှန်း မသိဖြစ်နေစဉ် စာမေးပွဲ ဖြေဆိုခွင့် ရပါလျက်နှင့် မဖြေဆိုခဲ့သော ဟယ်ယဲ့ချင်းကို တွေ့ရှိသွားသောအခါ သူမ၏ ဒေါသအားလုံးကို ဟယ်ယဲ့ချင်းထံသို့ ဦးတည်သွားတော့သည်။ 
 
ထိုမိန်းကလေးက ဟယ်ယဲ့ချင်းအား စာမေးပွဲဖြေဆိုခွင့် ရပါလျက်နှင့် အဖိုးတန်လှသော အခွင့်အရေးကို မလေးစား မတန်ဖိုးထားဘဲ ဖြုန်းတီးပစ်ရမည်လားဟု စွပ်စွဲခဲ့သည်။ အကယ်၍ ဟယ်ယဲ့ချင်းတစ်ယောက် စာမေးပွဲ ဝင်မဖြေမှန်း ကြိုတင်သိရှိခဲ့ပါက သူမက အကြိုစာမေးပွဲကို လျှောက်ထားခဲ့မည်မဟုတ်ကြောင်းနှင့် ဟယ်ယဲ့ချင်းက သူမ၏ စာမေးပွဲဖြေဆိုခွင့် ခွဲတမ်းကို သူမအား(ကျောင်းသူ) လွှဲပြောင်းပေးခဲ့သင့်ကြောင်း ရုန့်ရင်းရိုင်းစိုင်းစွာ ပြောဆိုခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက မည်မျှပင် စိတ်သဘောထားပြည့်ဝပြီး စိတ်ရှည်တတ်သူ ဖြစ်လင့်ကစား ထိုမိန်းကလေး၏ စွပ်စွဲချက်များက အမှန်တကယ်ပင် အဓိပ္ပာယ်မရှိဘဲ ယုတ္တိမဲ့လွန်းသည်ဟု ခံစားခဲ့ရသည်။ အကယ်၍သာ လမ်းခရီးတွင် မျှော်လင့်မထားသော အခက်အခဲများနှင့် မကြုံတွေ့ခဲ့ရလျှင် သူမသည်လည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ချောမွေ့စွာ ဝင်ရောက်ဖြေဆိုချင်မိသည်။ ထို့အပြင် မိမိ၏ စာမေးပွဲဖြေဆိုခွင့် ခွဲတမ်းကို အခြားသူတစ်ဦးထံသို့ စိတ်ကြိုက် လွှဲပြောင်းပေးရမည်ဟူသော အတွေးအခေါ်ကလည်း အမှန်ပင် ရယ်စရာကောင်းလှသော

ကလေးကလား အတွေးမျိုးသာ ဖြစ်သည်။ 
 
အကြိုစစ်ဆေးခြင်း စာမေးပွဲဆိုသည်က ပြည်နယ်တစ်ခုလုံးရှိ စာမေးပွဲဖြေဆိုမည့် ကျောင်းသားအားလုံး ဝင်ရောက် ယှဉ်ပြိုင်ကြရခြင်း ဖြစ်သည်။ အကယ်၍ သူမက ဤစာမေးပွဲကို ဝင်ရောက် မဖြေဆိုခဲ့သည့်တိုင်အောင် ဤခွဲတမ်းက ထိုအတန်းဖော် မိန်းကလေး၏ ခေါင်းပေါ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်လာလိမ့်မည်ဟု မည်သူမျှ အာမခံနိုင်ခြင်း မရှိချေ။ 
 
ဟယ်ယဲ့ချင်းက ဤစာမေးပွဲ၏ ပြင်းထန်လှသော အကဲဖြတ်မှု စနစ်ကို ကောင်းမွန်စွာ သဘောပေါက်ထားသည်။ ထိုမိန်းကလေးက စာမေးပွဲကြောင့် ကြီးမားသော စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်နေရခြင်းက မှန်သော်လည်း မိမိ၏ စိတ်ပျက်မှုများကို အပြစ်မရှိသော အခြားသူများအပေါ်သို့ ပုံချကာ ဒေါသပုံချခြင်းကမူ လုံးဝ တရားမျှတမှု မရှိချေ။ မည်သို့ပင်ဆိုစေ အခြားသူများက သူမ၏ ကျရှုံးမှု အခြေအနေများအတွက် တာဝန်ရှိသူများ မဟုတ်ကြပေ။ 
 
မည်သို့ပင် ဖြစ်စေကာမူ ထိုစဉ်က သူတို့နှစ်ဦးက ကျောင်းဝင်းအတွင်း၌ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အငြင်းပွားမှုကြီး ဖြစ်ပွားခဲ့ကြပြီး ထိုကာလအတွင်း၌လည်း သေးငယ်သော ပဋိပက္ခအချို့ ရှိခဲ့ကြသေးသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ထိုမိန်းကလေးက အပတ်တကုတ် ကြိုးစားခဲ့သဖြင့် အကြိုစစ်ဆေးခြင်း စာမေးပွဲကို ကောင်းမွန်စွာ အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးကိုလည်း အောင်မြင်စွာ ဝင်ရောက်ဖြေဆိုနိုင်ခဲ့ပြီ ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းသည် အစောပိုင်းက အနီရောင်ပိုစတာကြီးပေါ်တွင် မြင်တွေ့ခဲ့ရသော လူအများ၏ အမှတ်စာရင်းများကို စိတ်ထဲမှ ပြန်လည်တွေးတောကြည့်လိုက်သည်။ ထိုမိန်းကလေး၏ အမှတ်က တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်မျဉ်းကို လုံးဝ မီပုံမပေါ်ခဲ့ချေ။ ထို့ကြောင့်လည်း ယခုအချိန်တွင် သူမ၏ မျက်နှာအမူအရာက ကြည့်ရဆိုးလောက်အောင်အထိ ပျက်ယွင်းနေခြင်း ဖြစ်ပေလိမ့်မည်။ 
 
သူတို့နှစ်ဦးအကြားတွင် ရှေးယခင်ကတည်းက တင်းမာလှသော ဆက်ဆံရေး ရှိခဲ့ကြသဖြင့် ဟယ်ယဲ့ချင်းက သူမအား အထူးတလည် နှုတ်ဆက်စကား ဆိုရန် စိတ်ကူးမရှိဘဲ ဘေးနားရှိ အခြားသူများကိုသာ အသာအယာ ခေါင်းညိတ်ပြပြီးနောက် ကျောင်းဝင်းအတွင်းမှ ခပ်သွက်သွက်ပင် ထွက်ခွာခဲ့လိုက်သည်။ 
 
ဟယ်ယဲ့ချင်း၏ ကျောပြင်ကြီး တဖြည်းဖြည်း ဝေးကွာသွားသည်ကို စိုက်ကြည့်ကာ ထိုမိန်းကလေးက မကျေမနပ်ဖြစ်စွာဖြင့် သူမ၏ နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ သူမက လောကကြီးသည် သူမအပေါ် အလွန် မတရားဟု ရင်ထဲတွင် ခံစားနေရရှာသည်။ သူမက ဤမျှအထိ နေ့မနား ညမနား ကြိုးစားအားထုတ်ခဲ့ပါလျက်နှင့် အဘယ့်ကြောင့် တက္ကသိုလ်ဝင်ခွင့် မရရှိခဲ့ရသည်ကို နားမလည်နိုင်ချေ။ တစ်ဖက်တွင်မူ စာမေးပွဲ၌ တစ်ဘာသာလုံး ပျက်ကွက်ခဲ့သော ဟယ်ယဲ့ချင်းကမူ ခရိုင်တစ်ခုလုံးတွင် အမှတ်အများဆုံး ပထမနေရာ၌ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည်။ ဤသည်ကို တွေးတောကာ သူမ၏ စိတ်ထဲတွင် မနာလိုမှုနှင့် မခံချင်စိတ်တို့က တရိပ်ရိပ် တက်လာခဲ့လေတော့သည်။ 
 
… 
🖼🖼🖼
🖼အခန်း ၁၂
အောင်သွယ်တော်


ကျောင်းဝင်းအတွင်းမှ ထွက်ခွာလာပြီးနောက် ဟယ်ယဲ့ချင်းက ခရိုင်မြို့လေးအတွင်း၌ အချိန်ဆွဲ မနေတော့ပေ။ အိမ်အပြန်လမ်းတလျှောက်လုံးတွင် သူမက နောက်တစ်နှစ် ကျောင်းပြန်တက်မည့် ကိစ္စကိုသာ အလေးအနက် တွေးတောလာမိသည်။ 
 
ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့၏ သဘောထားက အလွန်ပင် ရှင်းလင်းလှသည်။ သူတို့သည် သူမက ကျောင်းတွင် အချိန်ကုန်ခံကာ နောက်တစ်နှစ် ပြန်တက်မည့် ကိစ္စကို လုံးဝ ထောက်ပံ့ကူညီကြမည် မဟုတ်ပေ။ သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ယခုအချိန်တွင် ဟယ်ယဲ့ချင်းက ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်လောက်သော အခြေအနေတစ်ရပ် ရှိနေခဲ့လေပြီ။ 
 
ဟယ်ယဲ့ချင်းက သူမ၏ အင်္ကျီအတွင်းဘက်တွင် လျှို့ဝှက်ချုပ်လုပ်ထားသော အိတ်ကပ်ကလေးကို လက်ချောင်းများဖြင့် အသာအယာ စမ်းသပ်ကြည့်လိုက်ရာ ရင်ထဲတွင် တဒင်္ဂမျှ အကြီးအကျယ် စိတ်သက်သာရာရသွားခဲ့သည်။ ထိုအိတ်ကပ်လေး၏ အတွင်း၌ အကြွေစေ့အချို့နှင့်အတူ ဘဏ်စုငွေစာအုပ်တစ်အုပ် ရှိနေခဲ့သည်။ လွန်ခဲ့သော ရက်ပိုင်းကတည်းက သူမ ကြိုးစားပန်းစား ရှာဖွေစုဆောင်းထားခဲ့သော ငွေကြေးအားလုံးကို ဤစုငွေစာအုပ်ထဲသို့ သေသေချာချာ ထည့်သွင်းအပ်နှံထားခဲ့ခြင်း ဖြစ်သည်။ အချိန်ကာလ အနည်းငယ်မျှအတွင်း၌ပင် ထိုစာအုပ်ထဲရှိ ငွေပမာဏက ယွမ်ငါးထောင်မှ ခြောက်ထောင်နီးပါးအထိ ရှိနေခဲ့ပြီ ဖြစ်သည်။ 
 
ဤယွမ် ငါးထောင်၊ ခြောက်ထောင်ကို အထင်သေး၍ မရချေ။ ယခုကဲ့သို့သော ခေတ်ကာလ အခြေအနေမျိုးတွင် ဤပမာဏက သာမန်လူတန်းစားများအတွက် အမှန်ပင် များပြားလှသောငွေ ဖြစ်ပေသည်။ 
 
မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ပြီးခဲ့သော ရက်ပိုင်းက ဟယ်ယဲ့ချင်းထံမှ သူမ မည်မျှအထိ ငွေကြေးရှာဖွေစုဆောင်းမိနေပြီလဲဟူသော အချက်ကို သွယ်ဝိုက်သောနည်းဖြင့် စပ်စုမေးမြန်းခဲ့ဖူးသေးသည်။ သို့သော်လည်း ဟယ်ယဲ့ချင်းက စကားလမ်းကြောင်းလွှဲကာ ပါးနပ်စွာဖြင့် ရှောင်လွှဲနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ယခင်က အကြီးအကျယ် သင်ခန်းစာရဖူးသော အတွေ့အကြုံများ ရှိခဲ့သဖြင့် ဟယ်ယဲ့ချင်းသည် ယခုအခါ ပိုမို သတိကြီးစွာ ထားတတ်လာခဲ့ပြီ ဖြစ်သည်။ မိသားစုဝင်အရင်းအချာများ ဖြစ်ကြသည်ဆိုသော အချက်ကြောင့် အူကြောင်ကြောင်ဖြင့် မိမိ၏ လျှို့ဝှက်ချက်နှင့် ငွေကြေးအခြေအနေ အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြတတ်သည့် အနာဂတ်မဲ့သမီးငယ်လေး မဟုတ်တော့ပေ။ 
 
သို့သော်လည်း သူမက အိမ်ရှိ မီးဖိုချောင်နှင့် နေရာလွတ်အချို့ကို အသုံးပြု၍ တုတ်ထိုးအတွက် လိုအပ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက် အမွှေးအကြိုင်များကို ပြင်ဆင်ကိုင်တွယ်နေရခြင်းအပေါ် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းကမူ မကြာခဏဆိုသလို မကျေမနပ်ဖြစ်ကာ အမြင်စောင်းနေခဲ့သည်။ ဟယ်ယဲ့ချင်းကလည်း အိမ်တွင် ထိုသူနှင့် အချိန်ကုန်ခံကာ စကားများ အငြင်းပွားမနေချင်သဖြင့် တစ်ခါတစ်ရံတွင် အိမ်လခသဘောမျိုး ငွေအချို့ကို ပစ်ပေးကာ ကိစ္စကို အေးအေးလူလူ ရှင်းလင်းပစ်လေ့ရှိသည်။ 
 
ဤအချက်ကို ပြန်လည်တွေးတောမိသောအခါ ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် ခရိုင်မြို့ငယ်လေးအတွင်း၌ အိမ်တစ်လုံး အမြန်ဆုံး ငှားရမ်းနေထိုင်လိုသော ဆန္ဒက ပိုမို ပြင်းပြလာလေသည်။ အကယ်၍ သူမက အိမ်မှ သီးသန့် ခွဲထွက်သွားနိုင်မည်ဆိုပါက တုတ်ထိုးဆိုင်အတွက် ပစ္စည်းများ ပြင်ဆင်ရာတွင် ပိုမို လွတ်လပ်အဆင်ပြေသွားမည့်အပြင် သူမ၏ စာပေလေ့လာသင်ယူမှုနှင့် စာမေးပွဲအတွက် ပြင်ဆင်ခြင်း လုပ်ငန်းများအတွက်လည်း ပိုမို ကောင်းမွန်ငြိမ်သက်သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို ရရှိစေမည် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းက ခဏကြာမျှ အတွေးနယ်ချဲ့ကြည့်လိုက်ရာ သူမ နောက်တစ်နှစ် ကျောင်းပြန်တက်မည့် အစီအစဉ်ကို ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့အား လုံးဝ အသိမပေးဘဲ လျှို့ဝှက်ထားခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ သို့မှသာ သူတို့က သူမ၏ ဘဝလမ်းကြောင်းအပေါ် နောက်ထပ်တစ်ကြိမ် ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းများ မပြုလုပ်နိုင်ကြတော့မည် ဖြစ်သည်။ 
 
… 
 
ဤကဲ့သို့ အတွေးမျိုးစုံဖြင့် လမ်းလျှောက်လာခဲ့ရာ ဟယ်ယဲ့ချင်းက နောက်ဆုံးတွင် အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူမက သူမ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်ဆောင်ကာ အိမ်သို့ လျှောက်လှမ်းခဲ့သော်လည်း အနားသို့ မရောက်မီမှာပင် ခြံဝင်းအတွင်းမှ ကျယ်လောင်လှသော မိန်းမများ၏ ရယ်မောသံများကို အတိုင်းသား ကြားလိုက်ရသည်။ 
 
ဤသည်က အလွန်ပင် ထူးခြားလှသော အခြေအနေ ဖြစ်သည်။ အကြောင်းကမူ မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ပင်ကိုယ်ကတည်းက စကားနည်းပြီး လူအများနှင့် ပြောဆိုဆက်ဆံလေ့မရှိသူ ဖြစ်ရာ ဟယ်ယဲ့ချင်း အိမ်တွင် မရှိခိုက် ရွာထဲမှ အမျိုးသမီးအချို့ ဟယ်မိသားစု၏ အိမ်သို့ လာရောက်လည်ပတ်ခြင်းမျိုးက အလွန် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။ ယနေ့တွင်မူ မည်သည့်အတွက်ကြောင့် ဤမျှအထိ မြိုင်မြိုင်ဆိုင်ဆိုင် ရယ်မောနေကြသည်ကို ဟယ်ယဲ့ချင်းက စိတ်ထဲမှ မသင်္ကာဖြစ်မိ၏။ 
 
သူမက အိမ်တံခါးခုံကို ကျော်ဖြတ်ကာ အတွင်းသို့ ဝင်ရောက်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စိမ်းသက်လှသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိလိုက်ရသည်။ တံခါးဝမှ ခြေသံကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးက ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ထို့နောက် ဟယ်ယဲ့ချင်း၏ ရုပ်ရည်ကို မြင်လိုက်ရသော ခဏ၌ သူမ၏ မျက်ဝန်းအစုံတွင် အံ့ဩချီးကျူးသွားသော အရိပ်အယောင်များ ချက်ချင်း ဖြတ်သန်းသွားလေသည်။ 
 
ထိုအမျိုးသမီးက ရုတ်တရက် ထိုင်ရာမှ ထရပ်လိုက်ပြီး နျိုချွန်းဟုန်ဘက်သို့ လှည့်ကာ အားရပါးရ သက်ပြင်းချလျက် ဆိုလာသည်။ 

“အို… ဒါ နင်တို့အိမ်က ချင်းချင်းလေး ပေါ့လေ… အရင်က ရွာထဲကလူတွေက ဒီမိန်းကလေးက အရမ်း ချောမောလှပတယ်လို့ ပြောကြတုန်းကတော့ ငါက မြှောက်ပင့်ပြောနေကြတာလို့ ထင်ခဲ့တာ… ဒီနေ့ကျမှ ကိုယ်တိုင်ကိုယ်ကျ မြင်ရတော့မှ သူတို့ပြောတာထက်တောင် အများကြီး ပိုပြီး လှနေပါလားလို့ သဘောပေါက်တော့တယ်…” 
 
ဟယ်ယဲ့ချင်းသည် ဤအမျိုးသမီးက မည်သူမည်ဝါဖြစ်သည်ကို လုံးဝ မသိရှိသဖြင့် နှုတ်ခမ်းဖျားတွင် အပြုံးဖျော့ဖျော့လေးတစ်ခု ဆင်မြန်းကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီးနောက် မိခင်ဖြစ်သူ နျိုချွန်းဟုန်ထံသို့ မေးခွန်းထုတ်လိုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ 
 
နျိုချွန်းဟုန်က မျက်လွှာအသာချကာ စကားစလိုက်သည်။  

“သမီး… ဒါကတော့…” 
 
သို့သော်လည်း ထိုအမျိုးသမီးက နျိုချွန်းဟုန်က သူမအား မိတ်ဆက်ပေးမည့် အချိန်ကိုပင် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းမနေတော့ပေ။ သူမက ဟယ်ယဲ့ချင်း၏ လက်ကို ဝမ်းသာအားရဖြင့် လှမ်းကိုင်လိုက်ပြီး ပြုံးရွှင်စွာဖြင့် ဆိုသည်။ 

“မင်းက ငါ့ကို မမှတ်မိတာက သဘာဝကျပါတယ်… ငါက ကျန်းကျားရွာက လာတာပါ… ရွာထဲကလူတွေ အားလုံးကတော့ ငါ့ကို ‘အစ်မကြီး ကျန်း’လို့ ခေါ်ကြတယ်…” 
 
ဤအမည်နာမကို ကြားလိုက်ရသော ခဏ၌ ဟယ်ယဲ့ချင်း၏ မျက်နှာက ချက်ချင်းပင် အေးစက်တင်းမာသွားတော့သည်။ 
 
သူမက ဤအမျိုးသမီးကို တစ်ခါမျှ မမြင်ဖူးခဲ့သည်က မှန်သော်လည်း ကျန်းကျားရွာမှ ‘အစ်မကြီး ကျန်း’ ဆိုသော အမည်ကမူ သူမတို့၏ ကန်းရွှေရွာ အပါအဝင် ပတ်ဝန်းကျင်တစ်ဝိုက်တွင် အလွန်ပင် ရေပန်းစား ကျော်ကြားလှသည်။ အကြောင်းကမူ သူမက ဤဒေသတစ်ခုလုံးတွင် အလွန်နာမည်ကြီးလှသော  ‘အောင်သွယ်တော်’ တစ်ဦး ဖြစ်သောကြောင့်ပင်။ 
 
ဟယ်ယဲ့ချင်းက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း မိခင်ဖြစ်သူ နျိုချွန်းဟုန်တစ်ယောက် အဘယ့်ကြောင့် ဤမျှအထိ ငြိမ်သက်အေးဆေးနေခဲ့ရခြင်းက ယခုမှသာ အဖြေပေါ်တော့သည်။ အမှန်တွင် သူမက ဤသည်ကို စီစဉ်နေခဲ့ခြင်းသာ ဖြစ်ပေသည်။
 
အောင်သွယ်တော် ကျန်း၏ နာမည်ကျော်ကြားမှုက ပတ်ဝန်းကျင်ကျေးရွာများအကြားတွင် မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှသည်။ 
 
ဤသည်က သူမ နေထိုင်ရာ ကျန်းကျားရွာက ခရိုင်မြို့နှင့် အလွန်နီးကပ်သော နေရာတွင် တည်ရှိသဖြင့် မြို့ပေါ်ရှိ လူကုံထံ အသိုင်းအဝိုင်းနှင့်လည်း အနည်းနှင့်အများ အဆက်အသွယ် ရှိနေသောကြောင့် ဖြစ်သည်။ ထိုအဆက်အသွယ်များကို အသုံးချကာ သူမက ကျေးလက်တောရွာမှ မိန်းကလေးငယ်အချို့နှင့် မြို့ပေါ်မှ အမျိုးသားများကို အကြိမ်ကြိမ် အောင်သွယ်ပေးကာ လက်ထပ်ထိမ်းမြားပေးနိုင်ခဲ့သဖြင့် ကျေးလက်ဒေသ၏ အိမ်ထောင်ရေးစျေးကွက်တွင် တစ်ဟုန်ထိုး ရေပန်းစားလာခဲ့ခြင်း ဖြစ်ပေသည်။ 
 
ခေတ်ကာလ အခြေအနေအရ ကျေးလက်တောရွာမှ ဆင်းရဲသားရွာသားများသည် မိမိတို့၏ သမီးငယ်များကို မြို့ပေါ်သို့ ပေးစားကာ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိစေရန်နှင့် မြို့ပြသားအဖြစ် အဆင့်အတန်း မြင့်မားသွားစေရန်အတွက် အိပ်မက်မက်လေ့ ရှိကြသည်။ သမီးဖြစ်သူအား မြို့ပေါ်သို့ ပေးစားနိုင်ခြင်းက တစ်မိသားစုလုံးအတွက် ပတ်ဝန်းကျင်တွင် မျက်နှာပွင့်ကာ ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စရပ်တစ်ခုလည်း ဖြစ်ပေသည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းကမူ ဤအချက်ကို ထိုသို့သော အတွေးမျိုးဖြင့် မရှုမြင်ခဲ့ပေ။ ကျေးလက်သားများအတွက် မြို့ပေါ်သို့ သမီးပေးစားရခြင်းက ဂုဏ်ယူစရာ ဖြစ်သော်လည်း မြို့ပြသားများ၏ အမြင်တွင်မူ ကျေးလက်တောရွာမှ မိန်းကလေးတစ်ဦးကို အိမ်သူသက်ထားအဖြစ် လက်ထပ်ယူခြင်းက လုံးဝ ဂုဏ်ယူစရာ ကိစ္စတစ်ခုမဟုတ်ဘဲ ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများနှင့် မိတ်ဆွေသူငယ်ချင်းများအကြားတွင် လှောင်ပြောင်စရာ အတင်းအဖျင်း ခေါင်းစဉ်တစ်ခုသာ ဖြစ်လာတတ်သည်။ 
 
အမှန်စင်စစ်အားဖြင့် မြို့ပေါ်တွင် နေထိုင်ပါလျက်နှင့် ရုပ်ရည်၊ ပညာ သို့မဟုတ် အကျင့်စရိုက် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိလွန်းသဖြင့် မြို့ပေါ်တွင် မိန်းမရှာမရသော အမျိုးသားများသာလျှင် ကျေးလက်တောရွာမှ မိန်းကလေးများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လေ့ ရှိကြသည်။ ဤသည်က ရာနှုန်းပြည့် မှန်ကန်သည်ဟု မဆိုနိုင်သော်လည်း လက်တွေ့တွင်မူ အများစုက ဤကဲ့သို့သော အခြေအနေမျိုးသာ ဖြစ်နေတတ်သည်။ ဟယ်ယဲ့ချင်းအနေဖြင့် မြို့ပေါ်သို့ အောင်သွယ်ဖြင့် ရောက်ရှိသွားကြသော မိန်းကလေးများ၏ အိမ်ထောင်ရေး သာယာမှုအပေါ်တွင် အမြဲတမ်း သံသယစိတ် ရှိနေခဲ့သည်။ 
 
ယခုအခါ မိခင်ဖြစ်သူ နျိုချွန်းဟုန်က အောင်သွယ်တော် ကျန်းကို အိမ်တိုင်ရာရောက် ဖိတ်ခေါ်ထားသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ ရည်ရွယ်ချက်က မည်သို့ရှိသည်ကို အထူးတလည် ဖွင့်ဟပြောဆိုနေစရာပင် မလိုတော့ချေ။

 á€Ÿá€šá€şá€šá€˛á€ˇá€á€ťá€„်းက နျိုချွန်းဟုန်တစ်ယောက် သူမအား ယောင်္ကျားပေးစားရန်အတွက် ယခုကဲ့သို့ ရုတ်တရက် အလွန်တက်ကြွလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိပေ။ သူမက ဟယ်ယဲ့ချင်းကို အိမ်မှ အမြန်ဆုံး နှင်ထုတ်ချင်နေသည့်အလား စိတ်အားထက်သန်နေခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ပင်ကိုယ်ကတည်းက စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီး စကားပြောဆိုရာတွင် ချိုသာသူတစ်ဦး ဖြစ်သော်လည်း ဤသည်က လူတိုင်းအပေါ်တွင် ထိုသို့သော နူးညံ့မှုမျိုးဖြင့် ဆက်ဆံမည်ဟု မဆိုလိုပေ။ သူမအား ကုန်ပစ္စည်းတစ်ခုကို အကဲဖြတ်နေသည့်အလား ခြေဆုံးခေါင်းဆုံး စူးစိုက်ကြည့်ရှုနေသော အောင်သွယ်တော် ကျန်း၏ အကြည့်များကို သူမက လုံးဝ သဘောမကျမိပေ။ 
 
သူမက အောင်သွယ်တော် ကျန်း ဆုပ်ကိုင်ထားသော သူမ၏ လက်ကို အသာအယာ ဆွဲထုတ်လိုက်ပြီးနောက် ဆိုလိုက်သည်။ 

“သမီးက အသက်ငယ်ပါသေးတယ်… အခုအချိန်မှာ အိမ်ထောင်ပြုဖို့အတွက် ဘာအစီအစဉ်မှ မရှိသေးပါဘူး…” 
 
အောင်သွယ်တော် ကျန်းက ဤလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပီပီ လူအမျိုးမျိုး၊ စရိုက်အဖုံဖုံကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။ ဟယ်ယဲ့ချင်းကဲ့သို့ ရုပ်ရည်ချောမောလှပသော မိန်းကလေးငယ်တစ်ဦးတွင် ဤမျှလောက်သော မာနနှင့် မောက်မာမှုကလေး ရှိနေတတ်ခြင်းက သဘာဝကျသည်ဟု သူမက ယူဆသည်။

 á€‘ိုအကဟ္ဏငအ် အောင်သွယ်တော်ကျန်းက ဟယ်ယဲ့ချင်း၏ အေးစက်စက် အမူအရာကို စိတ်ထဲတွင် အထူးတလည် ထားမနေခဲ့ပေ။ ဤကျေးလက်တောရွာမှ မိန်းကလေးငယ်များက ယခုအချိန်တွင် မည်မျှပင် မာနကြီးနေကြပါစေ… မြို့ပေါ်မှ လူကုံထံများနှင့် အိမ်ထောင်ပြုခွင့်ရမည်ဟူသော သတင်းကို ကြားသိရလျှင်မူ ခြေကို ဦးတိုက်ကာ တောင်းပန်တိုးလျှိုးလာကြမည်က အသေအချာပင် ဖြစ်သည်။ 
 
သူမက စိတ်ထဲမှ ‘နောက်ကျရင်တော့ နင် ငါ့ကို ဒူးထောက်ပြီး ကျေးဇူးတင်ရလိမ့်မယ်’ ဟု ကြုံးဝါးကာ ဟယ်ယဲ့ချင်း၏ အေးစက်လှသော တုံ့ပြန်မှုကို သည်းခံကာ ပြုံးပြလိုက်သည်။ 
 
နျိုချွန်းဟုန်ကလည်း ဟယ်ယဲ့ချင်း၏ မျက်နှာပျက်သွားသည်ကို သတိပြုမိလိုက်သည်။ အခြေအနေ ပိုမို မတင်းမာလာစေရန်အတွက် အောင်သွယ်တော် ကျန်းကပင် ဦးဆောင်ကာ နှုတ်ဆက်စကား ဆိုလိုက်သည်။ 

“ကဲ… ညီမလေး နျိုရေ… အချိန်လည်း တော်တော်လေး လင့်နေပြီဆိုတော့ အစ်မလည်း အိမ်ပြန်ဖို့ ပြင်ရတော့မယ်…”

“အို… ဟုတ်ကဲ့အစ်မ… ကျွန်မ ခြံဝအထိ လိုက်ပို့ပေးပါမယ်…”  
နျိုချွန်းဟုန်က ပျာပျာသလဲ ပြောသည်။ 
 
“ရပါတယ်… လမ်းလျှောက်ရင်း စကားစမြည် ပြောသွားကြတာပေါ့…”  
အောင်သွယ်တော် ကျန်းက ဖော်ရွေစွာ ပြုံးလျက် ဆိုသည်။ 
 
သူတို့နှစ်ဦး ခြံဝသို့ လျှောက်လှမ်းသွားကြစဉ် သူတို့အကြား ပြောဆိုနေကြသော စကားသံအချို့က လေထဲမှတစ်ဆင့် ဟယ်ယဲ့ချင်း၏ နားထဲသို့ ခပ်သဲ့သဲ့ တိုးဝင်လာခဲ့သည်။ 
 
“ဘာမှ စိတ်မပူနဲ့ ညီမလေးနျိုရယ်… နင့်သမီးရဲ့ ရုပ်ရည်အလှအပကိုတော့ ငါက အထူးတလည် ပြောနေစရာတောင် မလိုတော့ပါဘူး… ဒီလို ရုပ်ရည်မျိုးက မြို့ပေါ်မှာတောင် ရှာမှရှားတဲ့ ထိပ်တန်းအလှမျိုးပဲ… သူ့အတွက် ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု ရှာဖွေပေးဖို့ဆိုတာ ငါ့အတွက်တော့ လက်ဖျစ်တစ်ချက်တီးရသလောက်ပဲ လွယ်ကူပါတယ်…”  

ဤသည်က အောင်သွယ်တော် ကျန်း၏ ယုံကြည်ချက်အပြည့်ရှိသော စကားသံ ဖြစ်သည်။ 
 
မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ စကားသံကမူ အလွန်ပင် တိုးညင်းလွန်းသဖြင့် ဟယ်ယဲ့ချင်းက သေသေချာချာ မကြားလိုက်ရပေ။ သို့သော်လည်း အောင်သွယ်တော် ကျန်း၏ စကားသံကိုမူ ထပ်မံ ကြားလိုက်ရပြန်သည်။ 

“ဒါနဲ့ စကားမစပ်… နင်တို့ရွာအဆုံးက ရှန်မိသားစုကလည်း သူတို့သားအတွက် မိန်းမရှာဖို့ အောင်သွယ်ငှားနေကြတယ်… ဒါပေမဲ့ ယောက်ျားလေးဆိုတာ မိန်းကလေးနဲ့ ဘယ်တူပါ့မလဲ… ငါကိုယ်တိုင်တော့ အဲဒီကလေးကို မမြင်ဖူးသေးဘူး… ဒါပေမဲ့ ကြားရတဲ့ ကောလာဟလတွေအရတော့ အကျင့်စရိုက်က သိပ်ပြီး ကောင်းလှတာ မဟုတ်ဘူးတဲ့… ပြီးတော့ သူတို့မိသားစုက အရင်ခေတ်က မြေရှင်အသိုင်းအဝိုင်း မဟုတ်လား… အခုခေတ်မှာ လူမှုအဆင့်အတန်းတွေကို သိပ်ပြီး ဂရုမစိုက်ကြတော့ဘူး ဆိုပေမဲ့လည်း နာမည်ပျက်ရှိနေတာကတော့ အမှန်ပဲလေ… တကယ်လို့ သူတို့မိသားစုက အခြေအနေ အရမ်းကောင်းနေရင်တော့ တစ်မျိုးပေါ့… အခုတော့ ကြားရသလောက်က… ငါ့အထင်တော့ အဲဒီအိမ်ထောင်ရေးက ဖြစ်မြောက်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်… ဘယ်မိန်းကလေးကမှ သူတို့အိမ်ထဲကို ဝင်ဖို့ အလွယ်တကူ သဘောတူကြမှာ မဟုတ်ဘူး…” 
 
ဟယ်ယဲ့ချင်းသည် သူတို့ ပြောဆိုနေကြသောသူက အခြားသူမဟုတ်ဘဲ သူမအား ကူညီခဲ့ဖူးသော ရှန်လီ ဖြစ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ ဤစကားများကို ကြားရသောအခါ ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် အောင်သွယ်တော် ကျန်းအပေါ် ထားရှိသော အထင်အမြင်က ပိုမို ဆိုးရွားသွားခဲ့ရသည်။ သူတစ်ပါး၏ ကွယ်ရာတွင် ဤကဲ့သို့ အတင်းအဖျင်း ပြောဆိုတတ်သော အမူအရာကို ကြည့်ခြင်းအားဖြင့် သူမ၏ စိတ်ဓာတ်နှင့် လူ့ကျင့်ဝတ်က မည်မျှအထိ အောက်တန်းကျသည်ကို သိသာစေသည်။ ဤကဲ့သို့သော လူစားမျိုးက သူမအတွက် စေတနာမှန်ဖြင့် အိမ်ထောင်ရေး ကောင်းတစ်ခုကို ရှာဖွေပေးနိုင်ပါ့မည်လားဟု သူမက သံသယဝင်မိသည်။ 
 
ခြံဝသို့ ရောက်ရှိသောအခါ အောင်သွယ်တော် ကျန်းနှင့် နျိုချွန်းဟုန်တို့သည် စကားအနည်းငယ် ထပ်မံ ပြောဆိုကြပြီးနောက် နောက်ဆုံးတွင် အောင်သွယ်တော် ကျန်းက ပြုံးလျက် ပြောလိုက်သည်။ 

“ကဲ… ညီမလေးရေ… စိတ်အေးအေးသာ ထားလိုက်စမ်းပါ… ဒီကိစ္စကို ငါ့လက်ထဲသာ အပ်ထားလိုက်… မကြာခင်မှာ မင်္ဂလာသတင်းကောင်း ကြားရစေရမယ်… ပြန်ဝင်တော့… လမ်းကို ငါ သိပါတယ်…” 
 
အောင်သွယ်တော် ကျန်း၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားပြီးနောက် ခဏအကြာတွင် နျိုချွန်းဟုန်က အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမ အိမ်ထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်း၏ စူးစိုက်ကြည့်နေသော မျက်ဝန်းများနှင့် ထိပ်တိုက် ဆုံတွေ့လေတော့သည်။ 
 
သမီးငယ်နှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ နျိုချွန်းဟုန်က စိတ်ထဲတွင် အနည်းငယ် အနေရခက်သွားသည်။ 
 
“သမီး… ဘာလို့ အပြင်မှာ ရပ်နေတာလဲ… အိမ်ထဲဝင်ပြီး အနားယူလေ…” 
နျိုချွန်းဟုန်က အခြေအနေကို ထိန်းသည့်အနေဖြင့် တိုးတိုးလေး ဆိုလိုက်သည်။ 
 
“အမေ… သမီးကို အခုပဲ အိမ်ထောင်ချပေးပြီး အိမ်ကနေ နှင်ထုတ်ဖို့ ပြင်နေတာလား…” 

ဟယ်ယဲ့ချင်းက စိတ်မကောင်းဖြစ်စွာဖြင့် ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်၏။ 
 
နျိုချွန်းဟုန်က သမီးဖြစ်သူ၏ မျက်လုံးများကို တည့်တည့်မကြည့်ဝံ့ဘဲ မျက်နှာကို လွှဲကာ အိုးတိုးအမ်းတမ်းဖြင့် ပြောလာသည်။ 

“သမီးကလည်းကွယ်… အရွယ်ရောက်လာပြီဆိုတော့ အိမ်ထောင်ပြုရမယ့် အချိန်တန်ပြီလေ…” 
 
“သမီး အသက်က ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာလေ အမေ…” 
 
“အမေ နင့်အသက်အရွယ်တုန်းက နင့်အဖေနဲ့ အိမ်ထောင်ကျပြီးပြီ…”  
 
နျိုချွန်းဟုန်က ယခင် ခေတ်ဟောင်းအယူအဆများကို ပြန်လည်ဆွဲကိုင်ကာ ယုံကြည်ချက်အချို့ ပြန်လည်ရရှိလာသည့်အလား လေသံကို မြှင့်လျက် ဆိုသည်။ 

“ဆယ့်ရှစ်နှစ်ဆိုတာ ငယ်တဲ့အသက်အရွယ် မဟုတ်တော့ဘူး…” 
 
“သမီး အိမ်ထောင်မပြုနိုင်ဘူး…” 
ဟယ်ယဲ့ချင်းက ပြတ်သားစွာ တုံ့ပြန်လိုက်သည်။ 
 
“ကလေးလို ဂျစ်ကန်ကန် လုပ်မနေစမ်းပါနဲ့ ချင်းချင်းရယ်…”  

နျိုချွန်းဟုန်က သမီးဖြစ်သူ၏ အနာဂတ်ကို တွေးပေးနေသည့်အလား စေတနာအရောင်အဝါများ ဖုံးလွှမ်းနေသော မျက်ဝန်းများဖြင့် ကြည့်လျက် ပြောလိုက်လေသည်။


🖼🖼🖼🖼အခန်း ၁၃
– ဖုံးကွယ်ထားသော အမှန်တရား 


“မိန်းကလေးဆိုတာ ကြီးလာရင် အိမ်ထောင်မပြုဘဲ နေလို့ရမလား… ဘာမှ စိတ်မပူပါနဲ့… အမေက အောင်သွယ်တော် ကျန်းကို သေသေချာချာ မှာထားပြီးပြီ… သမီးအတွက် မြို့ပေါ်က လူကုံထံတစ်ယောက်ကို ရှာပေးလိမ့်မယ်… သမီး မြို့ပေါ်ကို အိမ်ထောင်ကျသွားရင် သမီးကနေ မွေးလာမယ့် ကလေးတွေကလည်း မြို့ပြသားတွေ ဖြစ်လာကြမှာပေါ့…” 
 
ဤစကားကို ပြောဆိုပြီးသွားသောအခါ နျိုချွန်းဟုန်၏ မျက်ဝန်းအစုံတွင် သူမကိုယ်သူမ ကျေနပ်အားရနေသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် အေးစက်သွားပြီး သွားများပင် ကျိန်းစပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမက ယခုအချိန်တွင် မြင်တွေ့နေရသော မိခင်ဖြစ်သူ နျိုချွန်းဟုန်အား အလွန်ပင် စိမ်းသက်ပြီး ကြောက်မက်ဖွယ်ကောင်းသော သူတစ်ဦးအဖြစ် ခံစားနေရသည်။ 
 
ဤအခြေအနေအရပ်ရပ်က မည်သည့်အချိန်ကတည်းက စတင်၍ ပြောင်းလဲသွားခဲ့ရသည်ကို မသိတော့ချေ။ ကျေးလက်တောရွာမှ မိန်းကလေးငယ်များအနေဖြင့် အရွယ်ရောက်လာသောအခါ အိမ်ထောင်ပြုကြသည်က ထုံးစံတစ်ခု ဖြစ်ခြင်းက မှန်သော်လည်း၊ အချို့ဆိုလျှင် အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ် အရွယ်ကတည်းကပင် စေ့စပ်ကြောင်းလမ်းကြခြင်းက ရှိသော်လည်း၊ ဟယ်ယဲ့ချင်းက သူမကိုယ်သူမ ထိုကဲ့သို့သော မိန်းကလေးများထဲမှ တစ်ဦးအဖြစ် လုံးဝ မသတ်မှတ်ခဲ့ဖူးချေ။ 
 
သူမ၏ အနာဂတ် ရည်မှန်းချက် ပန်းတိုင်က တရုတ်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ကြီး ဖြစ်သော ပေကျင်းတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရှိရန်နှင့် ထိုနေရာတွင် အေးချမ်းစွာဖြင့် ပညာရပ်များကို ဆက်လက် ဆည်းပူးလေ့လာရန် ဖြစ်သည်။ အကယ်၍ နောင်တစ်ချိန်တွင် သူမနှင့် စိတ်သဘောထားချင်း တိုက်ဆိုင်သော အိမ်ထောင်ဖက်ကောင်းတစ်ဦးနှင့် ဆုံတွေ့ခဲ့လျှင်မူ ချစ်ခြင်းမေတ္တာကို အခြေခံကာ သာယာသော မိသားစုဘဝတစ်ခုကို ထူထောင်ရန် စိတ်ကူးရှိခဲ့သည်။ 
 
ယခုကဲ့သို့ အသက် ဆယ့်ရှစ်နှစ် အရွယ်တွင် မိသားစု၏ အဓမ္မတိုက်တွန်းမှုကြောင့် အောင်သွယ်ဖြင့် မျက်စိမှိတ် အိမ်ထောင်ပြုရမည့် ဘဝမျိုးကိုမူ သူမ လုံးဝ အဖြစ်မခံနိုင်ချေ။ ဟယ်ယဲ့ချင်းက ဤအခြေအနေအားလုံးကို အလွန်ပင် ထိတ်လန့်စရာကောင်းပြီး အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားနေရသည်။ မမြင်နိုင်သော အမှောင်ထုကြီး၏ အတွင်း၌ သူမ၏ ဘဝတစ်ခုလုံးကို ဝါးမြိုဖျက်ဆီးပစ်မည့် မိစ္ဆာကြီးတစ်ကောင် ခိုအောင်းနေသည့်အလား ခံစားရသည်။ 
 
ဟယ်ယဲ့ချင်းနှင့် နျိုချွမ်းဟုန်တို့အကြားတွင် ရှိခဲ့ဖူးသော မိခင်နှင့် သမီးအကြားမှ သံယောဇဉ် နှောင်ကြိုးကလေးက ဤဖြစ်ရပ်ဆိုးများကြောင့် နောက်ဆုံးတွင် အပြီးအပိုင် ပြတ်တောက်သွားခဲ့ရပြီ ဖြစ်သည်။ ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် မိခင်အပေါ် ထားရှိသော မေတ္တာတရားများက လုံးဝ အေးစက်သွား၏။ 
 
နျိုချွန်းဟုန်ကလည်း သမီးဖြစ်သူ၏ အေးစက်လှသော အမူအရာနှင့် စိမ်းသက်သွားသော မျက်ဝန်းများကို မကြာမီမှာပင် သတိပြုမိလိုက်လေသည်။ 
 
… 
 
ထိုနေ့ မွန်းလွဲပိုင်းအချိန်တွင်မူ အိမ်သို့ လာရောက်လည်ပတ်လေ့ မရှိလှသော အဒေါ်ဟယ်က ဟန်မပျက်ပင် အိမ်သို့ ရောက်ရှိလာခဲ့သည်။ 
 
အဒေါ်ဟယ်က အိမ်တံခါးဝသို့ ခြေမချရသေးမီမှာပင် ကျယ်လောင်လှသော လေသံကြီးဖြင့် အော်ဟစ်ကာ ဝင်ရောက်လာခဲ့တော့သည်။ 

“ယောက်မရေ… ယောက်မ… အခြေအနေတွေက ဘယ်လိုဖြစ်ကုန်တာလဲ… ဒီမနက်တင်ပဲ ကျန်းကျားရွာက အောင်သွယ်တော် ကျန်းရယ် ယောက်မတို့အိမ်ကို လာသွားတယ်လို့ ရွာထဲမှာ သတင်းတွေ ကြားနေရတယ်… ဟုတ်လားဟင်…” 
 
နျိုချွန်းဟုန်က ယောက်မဖြစ်သူကို မြင်လိုက်ရသောအခါ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွား၏။ သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤသူ၏ နှိမ်ချဆက်ဆံခြင်းနှင့် ဗိုလ်ကျစိုးမိုးခြင်းများကို ခံခဲ့ရဖူးသဖြင့် နျိုချွန်းဟုန်က စိတ်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့သည့်တိုင်အောင် ဒေါသကို မြိုသိပ်ကာ အလျှော့ပေးတတ်သည့် အကျင့်က စွဲမြဲနေခဲ့ပြီ ဖြစ်သည်။ 
 
သူမက အဒေါ်ဟယ်၏ အမေးကို ရင်ဆိုင်လိုက်ပြီး ဟယ်ယဲ့ချင်းဘက်သို့ အကဲခတ်သည့်အလား လှမ်းကြည့်လိုက်ပြီးနောက် မဝံ့မရဲဖြင့် လိမ်ညာကာ တုံ့ပြန်လိုက်သည်။ 

“သူက လမ်းကြုံလို့ ဝင်လာရင်း ခဏတဖြုတ် စကားစမြည် ပြောသွားတာပါ…” 
 
အဒေါ် ဟယ်က နျိုချွန်းဟုန်၏ ရိုးအလှသော မျက်နှာကို စူးစိုက်ကြည့်ရှုလိုက်ရာ တစ်ဖက်လူက လိမ်ညာနေသည်ဟု မသင်္ကာစိတ် မရှိခဲ့ပေ။ 
 
“ဩော်… ငါကလည်း ဟုတ်တယ်မှတ်လို့… အောင်သွယ်တော် ကျန်းက ယောက်မတို့အိမ်ကို ရုတ်တရက် ရောက်လာတယ်ဆိုတော့ ငါ့တူမလေး ချင်းချင်းအတွက် အောင်သွယ်လာတာလားလို့ ထင်နေတာ… အခုမှပဲ ရှင်းတော့တယ်…”  
အဒေါ်ဟယ်က စိတ်သက်သာရာရသွားသည့်အလား ပြောသည်။ 
 
သူမက စကားပြောဆိုပြီးနောက် ဘေးနားတွင် ရပ်နေသော ဟယ်ယဲ့ချင်းဘက်သို့ လှည့်ကာ ဆိုလိုက်သည်။ 

“ငါတို့ရဲ့ ချင်းချင်းက ရုပ်ရည်ကလည်း ချောတယ်… စာပေလည်း ထူးချွန်သလို အခုဆိုရင် ကိုယ်ပိုင်ငွေလည်း ရှာဖွေနိုင်နေပြီဆိုတော့ တကယ့်ကို အနာဂတ် ရှိတဲ့ မိန်းကလေးပဲ… တကယ်လို့သာ သူက ငါ့ရဲ့ သမီးအရင်းသာ ဖြစ်မယ်ဆိုရင်တော့ ငါက အိမ်မှာ နောက်ထပ် နှစ်ပိုင်းလောက်အထိ ဆက်ထားဦးမှာ… ဘယ်သူ့ကိုမှ အလွယ်တကူ အခွင့်အရေး ပေးမှာ မဟုတ်ဘူး…”

နှုတ်မှ ဤသို့ပင် ချီးမွမ်းစကား ဆိုနေသော်လည်း အဒေါ်ဟယ်၏ ရင်ထဲတွင်မူ မနာလိုမှုများကြောင့် အံကြိတ်ထားမိသည်။ သူတို့အားလုံးက ‘ဟယ်’ ဟူသော မျိုးရိုးအမည်တစ်ခုတည်းကို ခံယူထားကြသူများ ဖြစ်ကြပါလျက်နှင့် အဘယ့်ကြောင့် သူမ၏ မိသားစုတွင် ဟယ်ယဲ့ချင်းကဲ့သို့ ထူးချွန်ပြောင်မြောက်သော သားသမီးမျိုး တစ်ယောက်မျှ ထွက်မလာခဲ့ရသည်ကို နားမလည်နိုင်ချေ။ သူမတို့ ဇနီးမောင်နှံ၏ ဘဝအခြေအနေက အသုံးမကျဘဲ ရိုးအလွန်းသော ဟယ်အာ့ရွှမ်းတို့ ဇနီးမောင်နှံထက်စာလျှင် အစစအရာရာ သာလွန်နေသည်ဟု အမြဲတမ်း တွေးထင်ထားခဲ့ဖူးသည်။ လောကကြီးက အမှန်တကယ်ပင် မတရားလွန်းလှချေ။ 
 
ယောက်မဖြစ်သူ၏ စကားလုံးများကြောင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ မျက်နှာက အနည်းငယ် တင်းမာသွားလေသည်။ သို့သော်လည်း ခဏအကြာတွင်မူ နျိုချွန်းဟုန်က သူမ၏ ယောက်မက ဟန်ဆောင်ပြီး စကားကောင်း ပြောနေခြင်းသာ ဖြစ်သည်ဟု သဘောပေါက်လိုက်၏။ အကြောင်းကမူ အဒေါ်ဟယ်ကလည်း သမီးအရင်း နှစ်ယောက်အပေါ်တွင် သားဖြစ်သူထက်စာလျှင် မည်မျှအထိ နှိမ်ချဆက်ဆံတတ်သည်ကို သူမက ကောင်းစွာ သိရှိထားသောကြောင့်ပင်။ 
 
ဟယ်ယဲ့ချင်းအား အိမ်ထောင်ချပေးရန် အောင်သွယ်ငှားရမ်းထားသော ကိစ္စကိုမူ ယခုအချိန်တွင် အဒေါ်ဟယ်အား လုံးဝ အသိမပေးနိုင်သေးချေ။ သို့မဟုတ်ပါက အဒေါ်ဟယ်၏ လောဘဇော တိုက်တတ်သော အကျင့်စရိုက်အရ သူမ၏ အကျိုးအမြတ်အတွက် လမ်းဘေးမှ မည်သည့်အဆင့်မရှိသော အရက်သမား၊ လူမိုက်များကိုမဆို ဟယ်ယဲ့ချင်းနှင့် အတင်းအဓမ္မ အောင်သွယ်ပေးရန် ကြိုးစားလာနိုင်သောကြောင့် ဖြစ်သည်။ 
 
နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းအား အိမ်ထောင်ပြုစေချင်သည်က မှန်သော်လည်း သူမ စိတ်ထဲတွင် ရည်ရွယ်ထားသော သမက်လောင်းကမူ ပတ်ဝန်းကျင်တွင် အလွယ်တကူ တွေ့ရှိနိုင်သော သာမန် အရည်အချင်းမရှိသူမျိုး လုံးဝ မဟုတ်စေရဟု ဆုံးဖြတ်ထားသည်။ သူမက သမီးဖြစ်သူအတွက် အကောင်းဆုံးသော ဘဝအခြေအနေကိုသာ မျှော်လင့်နေခြင်း ဖြစ်သည်ဟု သူမကိုယ်သူမ တွေးတောကာ ဆင်ခြေပေးနေခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ထိုသူတို့နှစ်ဦး၏ ဟန်ဆောင်မှုများကို ကြည့်ကာ မည်သည့်စကားကိုမျှ ဝင်ရောက်မပြောဘဲ နှုတ်ဆိတ်နေလေသည်။ သူမက မိခင်ဖြစ်သူ နျိုချွန်းဟုန်အား လှောင်ပြုံးတစ်ချက်ဖြင့် စောင်းငဲ့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများက မိခင်ဖြစ်သူ စိတ်ထဲတွင် မည်သည့်အတ္တနှင့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားသည်ကို အတိုင်းသား အကဲခတ်မိနေသည့်အလား ရှိနေလေ၏။ 
 
အဒေါ်ဟယ်က အောင်သွယ်တော် ကျန်း၏ ကိစ္စကို ထပ်မံ၍ အသည်းအသန် မမေးမြန်းတော့ဘဲ ဟယ်ယဲ့ချင်းဘက်သို့ လှည့်ကာ အခြားသော စကားများကိုသာ ဟန်ဆောင်ပန်ဆောင် ဆက်လက် ပြောဆိုလာသည်။ 
 
“ချင်းချင်း… မင်း မနက်ဖြန်လည်း စျေးထဲမှာ ပစ္စည်းတွေ သွားရောင်းဦးမှာမလား…”  

အဒေါ်ဟယ်က မနာလိုဝန်တိုမှုများ ရောပြွမ်းနေသော လေသံဖြင့် မေးမြန်းလိုက်သည်။  

“ကြားရသလောက်တော့ မင်းက အခု ခရိုင်မြို့ပေါ်အထိ သွားပြီး စျေးရောင်းနေတာဆိုတော့ ငွေတွေ အများကြီး ရနေတာပေါ့ ဟုတ်လား…” 
 
“ဘယ်သူက အဒေါ့်ကို ပြောလို့လဲဟင်…”  

ဟယ်ယဲ့ချင်းက စကားလုံးချင်း တုံ့ပြန်လျက် ဆတ်ခနဲ ပြန်လည် မေးခွန်းထုတ်လိုက်သည်။  

“သမီးက မနက်ကနေ ညမိုးချုပ်တဲ့အထိ တစ်နေ့လုံး မနားတမ်း ရုန်းကန်လှုပ်ရှားနေရတာပါ… ပင်ပန်းခံပြီး ရှာဖွေရတဲ့ ချွေးနည်းစာလေး တချို့တလေကလွဲလို့ ဘာမှ အပိုအလျှံ မရှိပါဘူး…” 
 
ထိုစကားကို ကြားလိုက်ရသောအခါမှသာ အဒေါ်ဟယ်၏ စိတ်ထဲတွင် အတန်ငယ် သက်သာရာရသွား၏။  
 
ဪ… ဟုတ်မှာပေါ့… အစားအသောက်လေး နည်းနည်းပါးပါး ရောင်းရုံနဲ့ ငွေဘယ်လောက် ရနိုင်ပါ့မလဲ…  
 
မိန်းကလေးတစ်ယောက် ဖြစ်ပါလျက်နှင့် လူတကာ့ရှေ့မှောက်တွင် မျက်နှာပြကာ စျေးရောင်းနေရခြင်းထက်စာလျှင် သားနားတင့်တယ်သော ရုံးလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်နေရခြင်းကမှ ဂုဏ်သိက္ခာ ရှိဦးမည်ဟု သူမက စိတ်ထဲမှ တွေးတောကာ နှာခေါင်းရှုံ့လိုက်မိသည်။ 
 
သို့သော်လည်း ရွာထဲမှ အခြားသူများက ဟယ်ယဲ့ချင်း ပြုလုပ်သော တုတ်ထိုးများက အလွန်ပင် အရသာထူးကဲလှသည်ဟု ချီးမွမ်းပြောဆိုနေကြသည်ကို ပြန်လည် အမှတ်ရမိသွားသောအခါ အဒေါ်ဟယ်၏ လောဘစိတ်က တဖန် ပြန်လည်နိုးထလာခဲ့ပြန်သည်။ 
 
“ချင်းချင်း… မင်း လုပ်ပုံကတော့ လုံးဝ မဟုတ်သေးဘူး… ဒီလို အရသာရှိတဲ့ အစားအသောက်တွေကို လုပ်ရောင်းနေတာတောင် ငါတို့အိမ်ကို တစ်ပွဲမှ လာပို့ပေးဖို့ စိတ်ကူးမရှိဘူး… ဘာပဲပြောပြော ငါတို့က နင့်ရဲ့ အဒေါ်အရင်းတွေပဲ ဥစ္စာ…”  
 
အဒေါ်ဟယ်၏ စကားလုံးများက သူမအား အလကား ကျွေးရန် သွယ်ဝိုက်သောနည်းဖြင့် အဓမ္မ တောင်းဆိုနေခြင်း ဖြစ်သည်က ထင်ရှားလှပေသည်။ 
 
ဟယ်ယဲ့ချင်းက ထိုစကားကြောင့် ဒေါသ မထွက်လာခဲ့ဘဲ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်လိုက်သည်။ 

“အို… ရတာပေါ့အဒေါ်…”  
 
အဒေါ်ဟယ်၏ မျက်နှာက ချက်ချင်းပင် ဝင်းပသွားခဲ့သော်လည်း ဟယ်ယဲ့ချင်း၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်ကို ကြားလိုက်ရပြန်သည်။

“ဒါဆိုရင်လည်း အဒေါ်ရယ်… ဒီနေ့မွန်းလွဲပိုင်းကျရင် သမီးရဲ့ဆိုင်မှာ ပစ္စည်းတွေ ဝိုင်းကူပြင်ပေးဖို့ လာခဲ့ပေးပါဦးနော်…” 
 
“ဘာ… ငါက ဘာဖြစ်လို့ ဝိုင်းကူပေးရမှာလဲ…”  
အဒေါ်ဟယ်က မျက်လုံးအပြူးသားဖြင့် မကျေမနပ် မေးမြန်းလိုက်သည်။ 
 
“အဒေါ်က သမီးဆီကနေ အလကားပဲ ထိုင်စားဖို့ စိတ်ကူးထားတာလားဟင်…”  

ဟယ်ယဲ့ချင်းက ဘာမှနားမလည်သော ကလေးငယ်တစ်ဦးကဲ့သို့ ဝေခွဲမရသည့် အမူအရာဖြင့် ပြန်လည် မေးခွန်းထုတ်လိုက်သည်။  

“ရွာထဲက တခြား အဒေါ်တွေတောင် သမီးကို ကူညီဖို့ လာကြသေးတာပဲ… အဒေါ်က သမီးရဲ့ အဒေါ်အရင်းကြီး ဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့…” 
 
ဟယ်ယဲ့ချင်း၏ စကားပင် မဆုံးသေးမီမှာပင် အဒေါ်ဟယ်၏ မျက်နှာတွင် အရှက်ရမှုနှင့် စိတ်ဆိုးဒေါသထွက်မှု အရိပ်အယောင်များ ချက်ချင်း ဖြတ်သန်းသွား၏။ 
 
“တော်ပြီ… တော်ပြီ… နင်က တကယ်ကို ကပ်စေးနှဲလွန်းတဲ့ မိန်းကလေးပဲ…”  

အဒေါ်ဟယ်က ဒေါသတကြီးဖြင့် စကားဖြတ်ပြောလိုက်သည်။ 
 
သူမက ထိုတုတ်ထိုးများကို အလကား စားချင်သည်မှာ မှန်သော်လည်း ဟယ်ယဲ့ချင်း၏ အလုပ်များကိုမူ မည်သည့်အကျိုးအမြတ်မျှ မရဘဲ အလကား ဝိုင်းဝန်းကူညီပေးရန် စိတ်ကူး လုံးဝမရှိချေ။ သူမက အမြဲတမ်း အခြားသူများအပေါ်တွင်သာ အခွင့်အရေး ယူတတ်သည့် အကျင့်ရှိသူ ဖြစ်ရာ အခြားသူက သူမအပေါ် အခွင့်အရေး ပြန်ယူမည့် ကိစ္စမျိုးကိုမူ လုံးဝ အဖြစ်မခံနိုင်သူ ဖြစ်သည်။ 
 
… 
 
ထိုစဉ်မှာပင် ခြံဝင်းအပြင်ဘက်မှနေ၍ အခြားရွာသား အမျိုးသမီး အနည်းငယ် ထပ်မံ ရောက်ရှိလာကြသည်။ အဖွဲ့ကို ဦးဆောင်လာသော အမျိုးသမီး၏ မျက်နှာတွင် လှိုက်လှဲလှသော ဝမ်းမြောက်မှုများ ပြည့်နှက်နေပြီး ဟယ်ယဲ့ချင်းကို မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အားပါးတရ ပြုံးလျက် ဆိုတော့သည်။ 
 
“ချင်းချင်းရေ… အဒေါ်တို့အားလုံး သတင်းကြားပြီးပြီ… သမီးက ဒီတစ်ကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ တို့ခရိုင်တစ်ခုလုံးရဲ့ ‘အမှတ်အများဆုံး ခရိုင်ချန်ပီယံ’ ဖြစ်သွားတယ်ဆို…” 
 
ဤစကားလုံးတစ်ခွန်းက ငြိမ်သက်နေသော ခြံဝင်းငယ်လေးအတွင်းသို့ ကြီးမားလှသော ဗုံးတစ်လုံး ပစ်ချလိုက်သည့်အလား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့သည်။ 
 
ဟယ်ယဲ့ချင်းက အသာအယာ ပြုံးပြလိုက်ရုံမျှသာ ပြုလုပ်ပြီး မည်သည့်စကားကိုမျှ ဝင်ရောက် မပြောဆိုခဲ့ပေ။ သို့သော်လည်း မိခင်ဖြစ်သူ နျိုချွန်းဟုန်ကမူ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတစ်ခုလုံးတွင် လုံးဝ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသော အရိပ်အယောင်များ ပြည့်နှက်သွားလေသည်။ တစ်ဖက်တွင်မူ အဒေါ်ဟယ်၏ မျက်နှာက တဒင်္ဂမျှ ရှုံ့မဲ့သွားပြီးနောက် မနာလိုဝန်တိုမှုများအဖြစ်သို့ ကူးပြောင်းသွားတော့သည်။  
 
ဟယ်အာ့ရွှမ်းတို့လို ရိုးရိုးအအ လင်မယားမှာ ဒီလို ထူးချွန်လွန်းတဲ့ သမီးမျိုး ရတာက ဘယ်လို ကုသိုလ်ကံတွေကြောင့်လဲ… 

သူမက စိတ်ထဲမှ မကျေမနပ် ရေရွတ်မိသည်။ 
 
“ချင်းချင်းလေး… သမီးက ငါတို့ရွာအတွက် တကယ်ကို ဂုဏ်ဆောင်ပေးလိုက်တာပဲ…”  
အခြား အမျိုးသမီးတစ်ဦးကလည်း လှိုက်လှိုက်လှဲလှဲ ချီးမွမ်းစကား ဆိုသည်။ 
 
“ဟုတ်ပါ့… ငါ့သားအသုံးမကျတာကတော့ အကြိုစစ်ဆေးခြင်း စာမေးပွဲကိုတောင် အောင်အောင် မဖြေနိုင်ခဲ့ဘူး… ချင်းချင်းလေးက ခရိုင်တစ်ခုလုံးမှာ အမှတ်အများဆုံး ရလိမ့်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး… ဒါကို တွေးကြည့်ရင် ငါ့သားအတွက် ရင်နာစရာကြီး…” 
 
“ဒါနဲ့ စကားမစပ် ချင်းချင်း… သမီးက ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်ကျရင် မြို့ပြက တက္ကသိုလ်ကြီးကို တက်ရတော့မှာမလားဟင်…”  

အခြား အမျိုးသမီးတစ်ဦးက စိတ်ဝင်တစား မေးမြန်းလိုက်သည်။ 
 
ဟယ်ယဲ့ချင်းက မျက်လွှာအသာချလိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချကာ ဆိုလိုက်သည်။ 

“သမီး တက္ကသိုလ် တက်ခွင့်ရမှာ မဟုတ်ပါဘူးအဒေါ်…” 
 
သူမက ယခင်က ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့အတွက် ပတ်ဝန်းကျင်တွင် အရှက်မရစေရန် သိက္ခာကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးခဲ့သော်လည်း ယခုကြည့်ရသည်က ထိုသူတို့သည် အရှက်တရားဟူသည်ကို လုံးဝ သိရှိပုံမပေါ်ကြတော့ချေ။ သို့ဖြစ်ရာ သူမက သူတို့၏ အပြစ်များကို ဆက်လက်၍ ဖုံးကွယ်ပေးနေရန် မလိုတော့ချေ။ 
 
မျှော်လင့်ထားသည့်အတိုင်းပင် ဟယ်ယဲ့ချင်း၏ စကားကို ကြားလိုက်ရသောအခါ ရွာသား အမျိုးသမီးများအားလုံး ဘာမှနားမလည်နိုင်ဘဲ ဝေခွဲမရ ဖြစ်သွားကြတော့သည်။ 
 
“သမီး ပြောတာ ဘာအဓိပ္ပာယ်လဲ… မင်းက ခရိုင်တစ်ခုလုံးမှာ အမှတ်အများဆုံး ရထားတာတောင် တက္ကသိုလ် တက်ခွင့်မရဘူးဆိုရင် ငါတို့ခရိုင်တစ်ခုလုံးမှာ တက္ကသိုလ်တက်ခွင့်ရမယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူးပေါ့… ဟုတ်လား…” 
 
“အဒေါ်တို့ မသိသေးလို့ပါ… သမီးက ဘာသာရပ်တစ်ခုမှာ သုည ရခဲ့လို့ပါ…”  

ဟယ်ယဲ့ချင်းက ခပ်အေးအေးပင် ဆက်ပြောလိုက်သည်။  

“သမီးရဲ့ စုစုပေါင်းအမှတ်က ခရိုင်မှာ အမြင့်ဆုံး ဖြစ်နေခဲ့ပေမဲ့ သမီးလျှောက်ထားခဲ့တဲ့ ထိပ်တန်းတက္ကသိုလ်ရဲ့ ဝင်ခွင့်သတ်မှတ်ချက်နဲ့ကျတော့ အများကြီး လိုအပ်နေသေးတဲ့အတွက် တက္ကသိုလ်ဝင်ခွင့် မရခဲ့တာပါ…”

“အို… ဘုရားရေ…”  
တစ်စုံတစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ 
 
“ဘာသာရပ်တစ်ခုမှာ သုည ရထားတာတောင် ခရိုင်မှာ အမှတ်အများဆုံး ရတယ် ဟုတ်လား… ဒါကတော့ တကယ့်ကို…” 
 
ထိုအထဲမှ ပါးနပ်သော အမျိုးသမီးတစ်ဦးက အဓိက အချက်ကို ချက်ချင်း ဖမ်းဆွဲလိုက်ပြီး မေးမြန်းလိုက်သည်။ 

“ချင်းချင်း… သမီးက ဘာဖြစ်လို့ အဲဒီဘာသာရပ်ကို ဝင်မဖြေခဲ့ရတာလဲ…” 
 
ဟယ်ယဲ့ချင်းက မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ တုန်လှုပ်နေသော မျက်နှာကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မျက်လုံးများကို ပြန်လည်လွှဲဖယ်ကာ ခေါင်းကို ခါယမ်းလျက် တိုးညင်းစွာ ဆိုလိုက်သည်။ 

“သမီး မပြောချင်တော့ပါဘူး အဒေါ်တို့ရယ်… ကျေးဇူးပြုပြီး ထပ်ပြီး မမေးကြပါနဲ့တော့နော်…” 
 
သို့သော်လည်း ဤကျေးလက်တောရွာမှ အမျိုးသမီးကြီးများက လောကအတွေ့အကြုံ ရင့်ကျက်လှသော ‘မြေခွေးအိုကြီးများ’ ဖြစ်ကြရာ ဤအခြေအနေဆိုး၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက် တစ်စုံတစ်ရာ ရှိနေသည်ကို မရိပ်မိဘဲ နေမည် မဟုတ်ချေ။ 
 
“ဘာမှ စိတ်မပူနဲ့ ချင်းချင်း… တကယ်လို့ တစ်ယောက်ယောက်က သမီးအပေါ် မတရားလုပ်ခဲ့တာ ရှိရင် ငါတို့တွေအားလုံး သမီးဘက်ကနေ မားမားမတ်မတ် ရပ်တည်ပြီး တရားမျှတမှု ရှာပေးမယ်…” 
 
ဟယ်ယဲ့ချင်းကမူ ခေါင်းကိုသာ ဆက်လက် ခါယမ်းနေပြီး မည်သည့်စကားကိုမျှ ထပ်မံ၍ ဖွင့်ဟခြင်း မပြုတော့ပေ။ 
 
ထိုစဉ်မှာပင် အမျိုးသမီးများထဲမှ တစ်ဦးက ရုတ်တရက် သူမ၏ နဖူးကို လက်ဖြင့် ဆတ်ခနဲ ရိုက်လိုက်ပြီး ထိတ်လန့်တကြား အော်ဟစ်တော့သည်။ 

“အို… ငါ သတိရပြီ… ချင်းချင်း… ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက မင်းက ငါ့ယောကျ်ားကို မင်းအခန်းရဲ့ တံခါးသော့ကို လာပြင်ပေးဖို့ အကူအညီတောင်းခဲ့ဖူးတယ် မဟုတ်လား… ငါ့ယောကျ်ားက အိမ်ပြန်ရောက်တော့ ပြောတယ်… အဲဒီအခန်းတံခါးရဲ့ သော့ခလောက်က အထဲကနေ အားပြင်းပြင်းနဲ့ အတင်းအကျပ် ဖျက်ဆီးခံထားရတာတဲ့… နေစမ်းပါဦး… မင်းက စာမေးပွဲဖြေမယ့်ရက်မှာ အခန်းထဲမှာ အပြင်ကနေ အပိတ်ခံထားရတာလား…” 
 
“နင်ပြောမှပဲ ငါလည်း သတိရတော့တယ်… ပြီးခဲ့တဲ့လ (၇) ရက်နေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမဆုံးနေ့တုန်းက… ငါ ချင်းချင်း အိမ်ထဲကနေ အသည်းအသန် ပြေးထွက်သွားတာကို လှမ်းမြင်လိုက်သေးတယ်… အဲဒီတုန်းက တစ်ခုခု ပြဿနာတက်လို့ ထင်ပေမဲ့ ငါလည်း အလုပ်ရှုပ်တာနဲ့ လှမ်းမမေးဖြစ်လိုက်ဘူး…”  

အခြား အမျိုးသမီးတစ်ဦးကလည်း သက်သေအထောက်အထားကို ပီပြင်စွာ ထုတ်ဖော်ပြောဆိုလိုက်သည်။ 
 
“ချင်းချင်း… သမီးကို အဲဒီနေ့က အခန်းထဲမှာ တစ်ယောက်ယောက်က တမင်တကာ သော့ခတ် ပိတ်လှောင်ထားခဲ့တာ အမှန်ပဲလား…”  

တစ်ဦးက အတည်ပြုလိုသော လေသံဖြင့် ပြတ်သားစွာ မေးမြန်းလိုက်သည်။ 
 
ဟယ်ယဲ့ချင်းကမူ မျက်လွှာကို အသာချကာ နှုတ်ဆိတ်လျက်သာ နေလိုက်သည်။ 
 
သို့သော်လည်း ယခုအချိန်တွင် ခြံဝင်းအတွင်းရှိ ရွာသားများအားလုံး၏ စိတ်ထဲတွင် အမှန်တရားက ကွက်ကွက်ကွင်းကွင်း ပေါ်ထွက်၍ အတည်ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ ဟယ်ယဲ့ချင်း စာမေးပွဲကို သွားရောက် မဖြေဆိုနိုင်စေရန်အတွက် အိမ်ရှိ အခန်းတစ်ခုအတွင်း၌ အပြင်မှ သော့ခတ်ကာ ရက်ရက်စက်စက် ပိတ်လှောင်ခြင်း ခံခဲ့ရသည်က မြေကြီးလက်ခတ်မလွဲ အမှန်ပင် ဖြစ်သည်။ 
 
ဒါဆိုရင်… သူ့ကို အဲဒီလို  á€›á€€á€şá€›á€€á€şá€…က်စက်  á€šá€Żá€á€şá€šá€Żá€á€şá€™á€Źá€™á€Ź သော့ခတ်ပိတ်လှောင်ခဲ့တဲ့ တရားခံက ဘယ်သူလဲ… 
 
တစ်ခဏချင်း၌ပင် ခြံဝင်းအတွင်းရှိ ရွာသားအမျိုးသမီး အားလုံး၏ စူးရှလှသော မျက်ဝန်းအစုံက အရာရာကို သိမြင်သွားကြသည့်အလား၊ တစ်ချိန်လုံး နှုတ်ဆိတ်ကာ တုန်လှုပ်ခြောက်ခြားနေသော မိခင်ဖြစ်သူ နျိုချွန်းဟုန်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေသည်။ 

နျိုချွန်းဟုန်ကလည်း အပြစ်ရှိသူပီပီ ရင်ထဲ၌ သွေးပျက်မတတ် ခံစားလိုက်ရလေတော့သည်။

🖼🖼🖼🖼အခန်း (၁၄)
 – တွက်ချက်ခြင်း

ထိုတိုတောင်းလှသော မိနစ်ပိုင်းလေးအတွင်း၌ နျိုချွန်းဟုန်၏ ရင်ထဲဝယ် ခံစားချက်ပေါင်းစုံဖြင့် ဗလောင်ဆူကာ လှိုင်းထန်နေခဲ့သည်။

ဟယ်ယဲ့ချင်းတစ်ယောက် ခရိုင်လုံးတစ်ခုတွင် အမှတ်အကောင်းဆုံးဖြင့် ပထမရရှိသွားကြောင်း သိလိုက်ရသည့်ခဏ၌ နျိုချွန်းဟုန်က မိုးကြိုးပစ်ချခံလိုက်ရသလို ဆွံ့အသွား၏။ ဟယ်ယဲ့ချင်းတစ်ယောက် သူမအား လှည့်စားခဲ့သည်ဟု သူမက ထင်မှတ်သွားမိသည်။ အထူးသဖြင့် ဟယ်ယဲ့ချင်းကိုယ်တိုင်က ယခင်က တက္ကသိုလ်တက်မည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။

သို့သော်လည်း ဟယ်ယဲ့ချင်းကိုယ်တိုင်က တက္ကသိုလ်မတက်နိုင်တော့ကြောင်း ပြောလိုက်သည်ကို ကြားရသောအခါမှသာ နျိုချွန်းဟုန်၏ ရင်တမမဖြင့် စိုးရိမ်နေခဲ့ရသော စိတ်က အလုံးကြီးကျသွားတော့သည်။

သို့ရာတွင် ပတ်ဝန်းကျင်မှ လူအားလုံးက ဟယ်ယဲ့ချင်းအား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမဖြေဆိုနိုင်အောင် သူမက တားဆီးပိတ်ပင်ခဲ့ခြင်း ရှိ၊ မရှိ စတင်သံသယဝင်ကာ မေးခွန်းထုတ်လာကြသည့်အခါ၌မူ နျိုချွန်းဟုန်တစ်ယောက် ပြန်လည်ပျာယာခတ်လာရပြန်သည်။

“ချွန်းဟုန်... နင်နဲ့နင့်ယောက်ျားက တကယ်ပဲ ချင်းချင်းကို စာမေးပွဲမဖြေဖြစ်အောင် တားခဲ့ကြတာလား…”

အမျိုးသမီးတစ်ဦးက လှမ်းမေးလိုက်သည်။

ထိုသို့သော အမေးအောက်တွင် နျိုချွန်းဟုန်၏ မျက်ဝန်းအစုံက နီမြန်းလာပြီး အားကိုးရာမဲ့နေသည့်အသွင် သနားစဖွယ်မျက်နှာငယ်လေး ဖြစ်သွားလေသည်။

ပုံမှန်အားဖြင့် အဒေါ်ဟယ်၏ နှိပ်စက်ညှဉ်းပန်းမှုကို ခံရသည့်အခါတိုင်း နျိုချွန်းဟုန်က ဤကဲ့သို့သော မျက်နှာထားမျိုး လုပ်လေ့ရှိပြီး ထိုအခါမျိုးတွင် ဟယ်ယဲ့ချင်းက သူမဘက်မှ အမြဲတစေ မားမားမတ်မတ် ကာကွယ်ပေးခဲ့စမြဲဖြစ်သည်။ 

သို့သော် ယခုအကြိမ်တွင်မူ နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းထံ အကူအညီတောင်းခံသည့် အကြည့်တို့ဖြင့် လှမ်းကြည့်သော်လည်း ဟယ်ယဲ့ချင်းက သူမအား လုံးဝဥပေက္ခာပြုကာ မျက်ကွယ်ပြုထားခဲ့လေသည်။

“ကဲပါ... တစ်ခုခု ပြောဦးလေ…”

“ဟုတ်ပ... ငါတို့က အားလုံးပေါင်းပြီး နင့်ကို ဝိုင်းနှိပ်စက်နေတာလည်း မဟုတ်ဘူး… ဘာစကားကြမ်းကြမ်းမှလည်း မပြောရသေးဘူးလေ…”

“ကျွန်မ... ကျွန်မ...” 
နျိုချွန်းဟုန်က ထစ်ငေါ့နေပြီး စကားတစ်ခွန်း ဆုံးအောင်ပင် မပြောနိုင်ချေ။

အဒေါ်ဟယ်ကမူ နျိုချွန်းဟုန်၏ ထိုကဲ့သို့သော ဟန်ဆောင်အမူအယာများကို ကြည့်မရဖြစ်နေခဲ့သည်က ကြာပြီဖြစ်သည်။

မှန်ပေသည်။ လွန်ခဲ့သောနှစ်များက သူမက ဟယ်အာ့ရွှမ်းတို့အိမ်မှ ပစ္စည်းပစ္စယအတော်များများကို ယူခဲ့ဖူးသည်။ သို့သော် ဟယ်အာ့ရွှမ်းကိုယ်တိုင်က တားမြစ်စကား တစ်ခွန်းမျှ မပြောခဲ့ဖူးပေ။ သူကိုယ်တိုင်ပင်လျှင် သူမ၏သားများဖြစ်ကြသော တာ့ကျွမ်းနှင့် ရှောင်ကျွမ်းတို့ကို အားကိုးနေရခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူမ ပစ္စည်းအနည်းငယ် ယူမိခြင်းက အပြစ်ရှိသည်ဟု မဆိုနိုင်ချေ။

ထို့အပြင် ဟယ်ယဲ့ချင်း အသက်ကြီးပြင်းလာသည်နှင့်အမျှ သူမကလည်း ထိုသို့ယူခြင်းများကို ရပ်တန့်ခဲ့သည်။

အဒေါ်ဟယ်က သူမ ဟယ်ယဲ့ချင်းကို ကြောက်ရွံ့၍ ရပ်တန့်ခဲ့ရခြင်းဖြစ်သည်ဟု မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။ ထို့ကြောင့် သူမက အပြစ်အားလုံးကို နျိုချွန်းဟုန်အပေါ်သို့သာ လွှဲချလိုက်တော့သည်။

နျိုချွန်းဟုန်က အမြဲတစေ ရိုးသားဖြောင့်မတ်ဟန် ဆောင်နေတတ်သော်လည်း လက်တွေ့တွင်မူ အလွန်ကောက်ကျစ်စဉ်းလဲသူဖြစ်သည်။ အဒေါ်ဟယ် ပစ္စည်းတစ်ခုခုယူတိုင်း သူမက မျက်နှာချင်းဆိုင်တွင် ဘာမျှမပြောဝံ့ဘဲ ကွယ်ရာကျမှသာ ရွာသားများရှေ့တွင် သနားစဖွယ် မျက်နှာဖြင့် လျှောက်ပြောလေ့ရှိပြီး ရွာထဲတွင် အဒေါ်ဟယ်၏ သိက္ခာကို ကျဆင်းစေခဲ့သည်။

ထို့ကြောင့် အစောပိုင်းကလည်း သူမက အကွက်ကျကျ သရုပ်ဆောင်ပြသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခုအခါ နျိုချွန်းဟုန်တစ်ယောက် ထိုကဲ့သို့ ရွံရှာဖွယ်ကောင်းသော မျက်နှာထားမျိုး ထပ်မံလုပ်ပြနေသည်ကို မြင်ရသောအခါ အဒေါ်ဟယ်က သူမ၏မျက်နှာဖုံးကို ခွာချရန်နှင့် ပြဿနာကို ပိုမိုကြီးထွားအောင် မီးမွှေးရန် ဆုံးဖြတ်လိုက်၏။

“အို... ချွန်းဟုန်ရယ်… နင် ဒီလိုလူစားမျိုးမှန်း ငါ တကယ်မထင်ထားမိဘူး… ချင်းချင်းလို သမီးကောင်းရတနာမျိုး ရထားတာတောင် တန်ဖိုးမထားဘဲ အခန်းထဲမှာ ပိတ်လှောင်ပြီး စာမေးပွဲမဖြေခိုင်းဘူးပေါ့လေ…”

အဒေါ်ဟယ်က အခြားသူများ၏ အသံကို လွှမ်းမိုးသွားစေသည်အထိ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ နျိုချွန်းဟုန် တကယ်လုပ်၊ မလုပ်ကို သူမ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ အပြစ်ပုံချရန်သာ သူမ အလိုရှိသည်။

“စောစောက နင် ငါ့ကို လိမ်ပြောနေတာမလား…” 
အဒေါ်ဟယ်က အသံကို ပိုမြှင့်လိုက်ပြီး ပြောလိုက်လေ၏။

“အောင်သွယ်တော် ကျန်း နင့်အိမ်က ထွက်သွားတာကို လူတွေအများကြီး မြင်လိုက်ကြတယ်… နင်ကတော့ ငါ့ကို သူက ဒီအတိုင်း လမ်းကြုံလို့ ဝင်လာတာပါလို့ ပြောခဲ့တယ်မဟုတ်လား… အခုမှပဲ ငါ သဘောပေါက်တော့တယ်… နင် ချင်းချင်းကို စာမေးပွဲမဖြေခိုင်းတာက သူ့ကို အတင်းအဓမ္မ ယောက်ျားပေးစားဖို့ ကြံစည်နေလို့ပဲ…”

၎င်းက အဒေါ်ဟယ်၏ ရမ်းသန်းခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း သူမက အလွန်ရဲရဲဝံ့ဝံ့နှင့် အချက်ကျကျပင် ပြောဆိုသွားလေသည်။

ထိုအခါ နျိုချွန်းဟုန်၏ မျက်နှာတစ်ခုလုံးက ဖြူလျော်သွားတော့သည်။ သူမက ရှင်းပြချင်သော်လည်း စကားပြောခွင့်ပင် မရရှာပေ။

“မငြင်းနဲ့တော့… ဒီနေ့ ရွာထဲမှာ အောင်သွယ်တော် ကျန်းကို ငါကိုယ်တိုင် တွေ့ခဲ့တာ… သူက သိပ်ကို ပျော်ရွှင်မြူးတူးနေတဲ့ ရုပ်နဲ့…”

“နင် ဘာတွေတွေးနေတာလဲ… ကိုယ့်သမီးကို ဘာလို့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေခိုင်းရတာလဲ… နင် ရူးနေလို့လား…”

“ဟုတ်ပဟယ်… ငါ့သမီးသာ ချင်းချင်းလို တက္ကသိုလ်တက်ခွင့်ရမယ်ဆိုရင် ငါ ဘာပဲလုပ်ရလုပ်ရ အစွမ်းကုန် ပံ့ပိုးပေးမှာ…”

“ဒီကိစ္စမှာ တစ်ခုခု အကျိုးအမြတ်ရှိလို့ နေမှာပေါ့… ဒါက သမီးကို ပြန်ရောင်းစားတာနဲ့ ဘာထူးလို့လဲ…”
အမျိုးသမီးတစ်ဦးက ထင်မြင်ချက်ပေးကာ ခန့်မှန်းလိုက်သည်။

လူအများအပြားက ထိုကဲ့သို့သော အမှုကိစ္စရပ်များကို ပြုလုပ်လေ့ရှိကြသော်လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခံရသည့်အခါတွင်မူ နားဝင်မချိုလှပေ။

ဤကဲ့သို့ စွပ်စွဲချက်ကြောင့် နျိုချွန်းဟုန်က အကျပ်ရိုက်ကာ အလွန်ခက်ခဲသော အခြေအနေသို့ ဆိုက်ရောက်သွားရသည်။

“ကျွန်မ သမီးကို မရောင်းစားပါဘူး…”
နျိုချွန်းဟုန်က နောက်ဆုံးတွင် ပြန်လည်အော်ဟစ် ငြင်းဆန်လိုက်သည်။

“ဒါဆိုရင် ချင်းချင်းရဲ့ စာမေးပွဲကို ဘာလို့ ဖျက်ဆီးပြီး အောင်သွယ်တော် ကျန်းကို အိမ်ဖိတ်ရတာလဲ…” 
တစ်ဦးက မေးခွန်းထုတ်ပြန်သည်။

နျိုချွန်းဟုန်က ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့တော့ချေ။

နျိုချွန်းဟုန်က ဆိတ်ဆိတ်နေလေလေ၊ ပတ်ဝန်းကျင်မှ လူများ၏ အထင်အမြင်လွဲမှားမှုများနှင့် ကောလာဟလများက ပိုမိုကျယ်ပြန့်လာလေလေပင်။

မကြာမီမှာပင် တစ်ယောက်သောသူက ကွင်းဆက်အမှားတစ်ခုကို သတိပြုမိသွားပြန်သည်။

“မနှစ်ကလည်း ချင်းချင်းတစ်ယောက် စာမေးပွဲမဖြေလိုက်ရဘူး မဟုတ်လား… စာမေးပွဲကတ်ပြား ပျောက်သွားလို့ဆိုလား...” 

ထိုသူက သတိတရဖြင့် နျိုချွန်းဟုန်ကို တည့်တည့်စိုက်ကြည့်လျက် မေးလိုက်သည်။ 

“မနှစ်ကလည်း နင်နဲ့နင့်ယောက်ျား လက်ချက်ပဲ မဟုတ်လား…”

“နင်ပြောမှ ငါ သတိရတော့တယ်… အရင်ကတည်းက အာ့ရွှမ်းက ချင်းချင်းကို ကျောင်းမထားချင်ခဲ့တာ… အခုလည်း အတူတူပါပဲလား… ဟားဟား…”

“လူတစ်ယောက်ရဲ့ စိတ်ထားက ဘယ်လောက်တောင် ရက်စက်နိုင်ရတာလဲ… ချွန်းဟုန်ကိုယ်တိုင် ချင်းချင်းကို မွေးခဲ့တာကို ငါသာ မျက်မြင်မတွေ့ခဲ့ရင် သူက မိထွေးလားလို့ ငါ သံသယဝင်မိမှာ အမှန်ပဲ…”

လူတိုင်းက တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်းဝေဖန် ပြောဆိုနေကြသော်လည်း ဟယ်ယဲ့ချင်းကမူ ထိုဆွေးနွေးပွဲများက သူမနှင့် လုံးဝမသက်ဆိုင်သကဲ့သို့ တိတ်ဆိတ်စွာသာ နေမြဲနေနေလေသည်။

နျိုချွန်းဟုန်၏ မျက်နှာက စက္ကူအလား ဖြူဖျော့သွားခဲ့ရသည်။ သူမ စကားပြောရန် ကြိုးစားသော်လည်း လူတိုင်းက သူမကို လျစ်လျူရှုကာ ဆက်လက်အတင်းတုပ် နေကြ၏။

ခြံဝင်းအတွင်းရှိ လူအားလုံး လူစုခွဲသွားကြပြီးနောက်မှသာ နျိုချွန်းဟုန်က နာကျည်းဝမ်းနည်းမှုအပြည့်ရှိသော မျက်နှာဖြင့် ဟယ်ယဲ့ချင်းကို လှမ်းကြည့်လိုက်လေသည်။

“ချင်းချင်း... စောစောက ဘာလို့ အမေ့ဘက်ကနေ စကားတစ်ခွန်းမှ ဝင်မပြောပေးရတာလဲ… ကိစ္စတွေက အဲဒီလိုမဟုတ်ဘူးဆိုတာ နင် အသိဆုံးပဲလေ…” 
နျိုချွန်းဟုန်က ဆိုသည်။

ဟယ်ယဲ့ချင်းကမူ ထိုစကားများကို နားမဝင်တော့ချေ။ သူမက အေးစက်သော မျက်နှာထားဖြင့်သာ တုံ့ပြန်လိုက်သည်။

“သူတို့ပြောတာ ဘာမှားလို့လဲ… အမေတို့ သမီးကို စာမေးပွဲမဖြေဖို့ မတားခဲ့ဘူးလား… သမီးကို အတင်းအဓမ္မ ယောက်ျားပေးစားဖို့ ဖိအားမပေးခဲ့ဘူးလား…”

နျိုချွန်းဟုန်က ခဏမျှ ဆွံ့အသွားပြီးနောက် စကားလုံးအချို့ကို မနည်းညှစ်ထုတ်ကာ ပြောသည်။

“အမေက သမီးကောင်းစားဖို့အတွက် လုပ်ခဲ့တာပါ…”

ထိုစကားကို ကြားလိုက်ရသောအခါ ဟယ်ယဲ့ချင်းက လှောင်ပြုံးတစ်ချက်ဖြင့် ရယ်မောလိုက်မိသည်။

“သမီးကောင်းစားဖို့ ဟုတ်လား… ဒါဆို အဲဒီစကားတွေကို စောစောက လူတွေရှေ့မှာ ဘာလို့ ထုတ်မပြောခဲ့တာလဲ… အမေ ကြောက်နေလို့လား…”
ဟယ်ယဲ့ချင်းက မေးခွန်းထုတ်ပြီးနောက် အဖြေကိုမစောင့်ဘဲ ဆက်ပြောလိုက်သည်။

“ဒါမှမဟုတ် အဲဒီလိုပြောလိုက်ရင် လူတွေအားလုံးက အမေ့ကို ဝိုင်းဆွဲဆုတ်ပစ်ပြီး စကားမပြောနိုင်အောင် လုပ်လိုက်မှာကို ကြောက်နေတာလား…” 

ဟယ်ယဲ့ချင်းက ဆက်လက်စကားပြောရန် စိတ်မဝင်စားတော့သဖြင့် သူမ၏အခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်ဝင်သွားလိုက်သည်။

ရွာကလေးက သေးငယ်လှပြီး ပုံမှန်အားဖြင့် လှုပ်ရှားမှုအသစ်အဆန်း အလွန်နည်းပါးလှရာ ဤကဲ့သို့ ဟိုးဟိုးကျော်သွားသော အတင်းအဖျင်းစကားက တစ်ရွာလုံးသို့ အချိန်တိုအတွင်း ပျံ့နှံ့သွားလေသည်။

ဟယ်အာ့ရွှမ်းတစ်ယောက် အိမ်အပြန်လမ်းတွင် ရွာသားများ၏ ထူးဆန်းသော အကြည့်များဖြင့် ကြည့်ခြင်းကို ခံရရုံမျှမက အချို့ကမူ သူ့အနီးမှ ဖြတ်သွားစဉ် တံတွေးဖြင့်ပင် ထွေးသွားကြသေးသည်။

ရွာထဲတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အလုံးစုံသဘောပေါက်သွားပြီးနောက် ဟယ်အာ့ရွှမ်း၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွား၏။

သူက သိက္ခာနှင့် မျက်နှာကို အလွန်တန်ဖိုးထားသူဖြစ်ရာ ရွာထဲတွင် ဤမျှအရှုပ်အထွေးကြီး ဖြစ်နေသည်ကို သိလိုက်ရသဖြင့် အိမ်သို့ပြန်ရောက်သည်နှင့် ဒေါသတကြီး ပေါက်ကွဲလေတော့သည်။

ဟယ်ယဲ့ချင်းကမူ သူမ၏အခန်းထဲ၌ ဘာမျှမကြားရသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။

သို့သော်လည်း ဟယ်အာ့ရွှမ်းက သူမကို လွယ်လွယ်နှင့် လွှတ်မပေးခဲ့ပေ။ သူက သူမအား ဆုံးမရန်အတွက် အခန်းတံခါးကို အဆက်မပြတ် ဒုန်းဒုန်းဒိုင်းဒိုင်း ထုရိုက်လာလေသည်။

သို့ရာတွင် ဟယ်ယဲ့ချင်းကမူ တုန်လှုပ်ခြင်းမရှိဘဲ အေးဆေးစွာပင် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူမက ခြံဝင်းတံခါးမကြီးကို တွန်းဖွင့်လျက် လမ်းမဘက်သို့ မျက်နှာမူကာ မတ်မတ်ရပ်လိုက်သည်။

ဟယ်အာ့ရွှမ်းက သူမကို ရိုက်နှက်ရန် လက်ရွယ်လိုက်သည့်အခါ ဟယ်ယဲ့ချင်းက သူ့ကို မကြောက်မရွံ့ စိုက်ကြည့်လျက် စိန်ခေါ်လိုက်သည်။

“သမီးကို ရိုက်မလို့လား… ကဲ... ဒီခြံဝင်းတံခါးဝမှာပဲ ရိုက်လိုက်စမ်းပါ… ဟယ်အာ့ရွှမ်းက ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ရွာထဲကလူတွေအားလုံး မြင်အောင်လို့လေ…”

သူမ ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ဟယ်အာ့ရွှမ်းက ဘေးအိမ်မှ တံခါးဖွင့်သံကို ကြားလိုက်ရသည်။

ဟယ်အာ့ရွှမ်းက ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေသော်လည်း သူမ၏စကားကြောင့် ရှေ့ဆက်ရန် တွန့်ဆုတ်သွားလေသည်။

ထိုစဉ် အပြင်၌ ဆော့ကစားနေသော ဟယ်ကျားဝမ်လည်း အိမ်သို့ ပြန်ရောက်လာသည်။

သူက အမြောက်ဆံအလား အိမ်ထဲသို့ ပြေးဝင်လာပြီး မျက်နှာငယ်လေးဖြင့် ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ကို ကြည့်ကာ ဝမ်းနည်းပက်လက် ပြောလိုက်သည်။

“အဖေ... အမေ... ရွာထဲကလူတွေက ပြောနေကြတယ်… အဖေတို့က ဒုတိယအစ်မကို ရောင်းစားပြီး သားကို ပိုက်ဆံပေးမှာတဲ့… သူတို့က သားနဲ့ မဆော့ကြတော့ဘူး…”

ထို့နောက် သူက ခြေဆောင့်ကာ ငိုယိုကာ အော်ဟစ်လေတော့သည်။

“သား ဂရုမစိုက်ဘူး… ပိုက်ဆံလည်း မလိုချင်ဘူး… အဖေတို့ ဒုတိယအစ်မကို မရောင်းရဘူးနော်…”

…

ဟယ်အာ့ရွှမ်းတို့အိမ်တွင် ကမ္ဘာပျက်မတတ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေချိန်၌ ဟယ်သာ့ရွှမ်းတို့အိမ်တွင်မူ အလွန်ပင် စည်ကားသိုက်မြိုက်နေ၏။

အဒေါ်ဟယ်က အလွန်ပင် ကျေနပ်အားရနေလေသည်။ ယနေ့တွင် နျိုချွန်းဟုန်တို့ မိသားစု၏ အရှက်ရဖွယ် ပြက်လုံးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရုံမျှမက အိမ်မှထွက်လာစဉ် နျိုချွန်းဟုန်၏ အခန်းထဲမှ 'နှင်းပွင့်ခရင်မ်' ဘူးကိုပါ နှိုက်ယူလာခဲ့သေးသည်။

ထိုနှင်းပွင့်ခရင်မ်သည် ဟယ်ယဲ့ချင်းက သူမ၏အမေအတွက် ဝယ်ပေးထားခြင်း ဖြစ်ဟန်တူသည်။ နျိုချွန်းဟုန်က မသုံးရက်မစွဲရက်ဘဲ သိမ်းထားသဖြင့် ဘူးထဲတွင် အတော်များများ ကျန်ရှိနေသေးရာ အဒေါ်ဟယ်အတွက်မူ အလွန်တွက်ခြေကိုက်သည့် အမြတ်အစွန်းပင် ဖြစ်သည်။

သို့သော်လည်း ယနေ့ကြားသိခဲ့ရသော သတင်းကို ပြန်လည်စဉ်းစားမိသောအခါ အဒေါ်ဟယ်၏ မျက်လုံးများက အရောင်တောက်လာ၏။

အဒေါ်ဟယ်က နျိုချွန်းဟုန်၏ လုပ်ရပ်များကို ရယ်စရာဟု ထင်မှတ်ခဲ့သော်လည်း ထိုကိစ္စတွင် အကျိုးအမြတ်ရရှိနိုင်မည့် အခွင့်အရေးကို လျင်မြန်စွာ သတိပြုမိသွားခြင်း ဖြစ်သည်။

အဒေါ်ဟယ်က မွန်းလွဲပိုင်းက ဟယ်အာ့ရွှမ်းတို့အိမ်၌ ဟယ်ယဲ့ချင်း၏ ဒုက္ခရောက်မှုကို ကြည့်ကာ တရားမျှတမှုအတွက် အလွန်ဒေါသထွက်ပြခဲ့သော်လည်း လက်တွေ့တွင်မူ ဟယ်ယဲ့ချင်း တက္ကသိုလ်တက်သည်၊ မတက်သည်က သူမနှင့် မည်သို့မျှမသက်ဆိုင်ပေ။ ဟယ်ယဲ့ချင်း တက္ကသိုလ်တက်သွားလျှင်ပင် သူမအတွက် မည်သည့်အကျိုးအမြတ်မှ ရရှိမည်မဟုတ်ချေ။

သို့သော် ဟယ်ယဲ့ချင်း၏ အိမ်ထောင်ရေးကိစ္စကမူ လုံးဝဥဿုံ ကွဲပြားခြားနားလှသည်။

သူမ၏ မိဘအိမ်ဘက်တွင် အိမ်ထောင်မကျသေးသော တူတော်မောင် အတော်များများ ရှိနေသေးသည်။

ဟယ်ယဲ့ချင်းက စကားအပြောအဆို ချိုသာပြီး ထက်မြက်ဖျတ်လတ်သူ ဖြစ်သော်လည်း သူမက အလွန်ပင် ထင်ပေါ်ကျော်ကြားလွန်းနေသည်။ ထိုအချက်ကမူ အိမ်ထောင်ဖက်ကောင်း တစ်ယောက်ဖြစ်ရန်အတွက် အနည်းငယ် လိုအပ်ချက်ရှိနေသေးသည်ဟု အဒေါ်ဟယ်က စိတ်ကူးဖြင့် တွက်ချက်နေမိသည်။

သို့သော်လည်း ဟယ်ယဲ့ချင်းက မြို့ပေါ်တွင် ဈေးဆိုင်လေးဖွင့်ကာ ပိုက်ဆံရှာနိုင်စွမ်းရှိသူ ဖြစ်သည်။ အကယ်၍ ဟယ်ယဲ့ချင်းသာ သူမ၏တူတစ်ယောက်ယောက်နှင့် အိမ်ထောင်ကျသွားခဲ့လျှင် ဟယ်ယဲ့ချင်း ရှာဖွေသမျှ ငွေကြေးဓနအားလုံးက သူမ၏ မိဘမိသားစုထံသို့သာ စီးဆင်းသွားမည် ဖြစ်သည်။

ထိုအခါကျလျှင် သူမအနေဖြင့်လည်း ထိုအကျိုးအမြတ်ထဲမှ ဝေစုအချို့ကို သဘာဝကျကျ ရရှိခံစားနိုင်မည်ဖြစ်ရာ အလွန်တွက်ခြေကိုက်လှပေသည်။

ထို့အပြင် ဤအစီအစဉ်သာ အောင်မြင်သွားခဲ့ပါက သူမက နှစ်ဖက်လုံး၌ ဆွေမျိုးတော်စပ်သည့် အဒေါ်ဖြစ်ခွင့် ရရှိသွားမည်ဖြစ်သည်။

အကယ်၍ ဟယ်ယဲ့ချင်းက လင်ယောက်ျား၏အိမ်တွင် စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိချင်သည်ဆိုလျှင် သူမကဲ့သို့သော အဒေါ်ဖြစ်သူကို ကပ်ဖားရမည်သာ ဖြစ်သည်။

ဤကဲ့သို့သော အတွေးပေါင်းစုံဖြင့် အဒေါ်ဟယ်က မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

အချိန်ဆွဲနေ၍မဖြစ်ပေ။ သူမ၏ မိဘအိမ်ထံသို့ ဤသတင်းစကားကို အမြန်ဆုံး အကြောင်းကြားရမည်။

ရွာထဲတွင် အဒေါ်ဟယ်ကဲ့သို့ပင် အလားတူ အတွေးမျိုး တွေးနေကြသူများက အနည်းငယ်မျှမက ရှိနေခဲ့သည်။

အဓိကအချက်က ဟယ်ယဲ့ချင်းသည် အမှန်တကယ်ပင် ထူးချွန်ထက်မြက်လွန်းလှခြင်းကြောင့် ဖြစ်သည်။ ယခင်ကမူ မည်သူမျှ ဤကဲ့သို့သော အတွေးမျိုးကို ရင်ထဲတွင် မွေးမြူဝံ့ခြင်းမရှိခဲ့ကြချေ။ စာတော်သောကလေးများက တောက်ပသော အနာဂတ်ရှိကြမည် ဖြစ်ကြောင်း၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားကြီးများ ဖြစ်လာကြမည်ဖြစ်ကြောင်း သူတို့အမြဲ ကြားဖူးနားဝ ရှိခဲ့ကြသည်။ သူတို့ကဲ့သို့သော ကျေးလက်တောရွာ နောက်ခံရှိသူများက မတန်မရာ ကြံစည်မိပါက ပတ်ဝန်းကျင်၏ လှောင်ပြောင်မှုကိုသာ ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသည်။

သို့သော် ယခုအခါတွင်မူ အခြေအနေများက လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ လင်မယားက ထူးဆန်းသော စိတ္တဇစိတ်ကူးဖြင့် ဟယ်ယဲ့ချင်းအား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုနိုင်အောင် ပိတ်ပင်တားဆီးလိမ့်မည်ဟု မည်သူမျှ ကြိုတင်တွေးဆထားနိုင်ခြင်း မရှိကြချေ။

ရွာသားများအနေဖြင့် ထိုလင်မယားနှစ်ဦး၏ လုပ်ရပ်အပေါ် အလွန်ရွံရှာစက်ဆုပ်မိကြသော်လည်း လုံလောက်အောင် ဆဲဆိုဝေဖန်ပြီး ကြပြီဖြစ်သည်။

အကယ်၍ ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့က ဟယ်ယဲ့ချင်းအား ပညာဆက်မသင်ခိုင်းဘဲ အတင်းအဓမ္မ ယောက်ျားပေးစားရန် အမှန်တကယ်ပင် စိတ်ပိုင်းဖြတ်ထားကြသည်ဆိုပါက ပြင်ပလူများအနေဖြင့် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိချေ။

အကယ်၍ အခြေအနေများက ထိုအဆင့်သို့ တကယ်ပင် ဆိုက်ရောက်လာခဲ့မည်ဆိုလျှင် သူတို့အနေဖြင့်လည်း စိတ်ကူးအချို့ကို မတွေးမိဘဲ မနေနိုင်ကြတော့ပေ။

ဟယ်ယဲ့ချင်းက ရွာထဲတွင် သူတို့မျက်စိရှေ့မှောက်၌ ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရသူဖြစ်ပြီး သူမ၏ထူးချွန်ထက်မြက်မှုကိုလည်း လူတိုင်းက အသိအမှတ်ပြုထားကြသည်။ အခွင့်အရေးသာ ရှိမည်ဆိုလျှင် ဤကဲ့သို့သော ချွေးမမျိုးကို မည်သူမျှ မလိုချင်ဘဲ မနေပေ။

သူတို့တွင် သားယောက်ျားလေး မရှိလျှင်ပင် အခြားသော ဆွေမျိုးသားချင်းများလည်း ရှိနေသေးသည်။

အကယ်၍ သူတို့က ဟယ်ယဲ့ချင်းကဲ့သို့သော မိန်းကလေးမျိုးနှင့် မိတ်ဆက်ပေးနိုင်ခဲ့လျှင် တစ်သက်လုံး ကျေးဇူးတင်ခြင်း ခံရမည်က အမှန်ပင်ဖြစ်သည်။

သို့သော်လည်း သူတို့က ဟယ်ယဲ့ချင်းနှင့် မိတ်ဆက်ပေးရန်အတွက် မည်သည့်လူကိုမဆို ကောက်ကာငင်ကာ ရွေးချယ်မည်မဟုတ်ပေ။

၎င်းက ဆွေမျိုးအဖြစ် မိသားစုဖွဲ့ရမည့် ကိစ္စဖြစ်ပြီး ရန်ငြိုးဖွဲ့ရမည့်ကိစ္စ မဟုတ်ချေ။ နောင်အနာဂတ်တွင်လည်း ဆက်ဆံရေးများ ရှိနေဦးမည်ဖြစ်ရာ သူတို့မိတ်ဆက်ပေးမည့်သူက သာမန်ကာလျှံကာလူ ဖြစ်၍မရပေ။

ထို့ကြောင့် ထိုအချိန်အတောအတွင်း ရွာသားအားလုံးက သူတို့၏ မိသားစုများထဲတွင် ထူးချွန်ထက်မြက်သော လူငယ်လူရွယ် ဆွေမျိုးများ ရှိ၊ မရှိကို ဆွေမျိုးမိတ်ဆွေများအကြား တိတ်တဆိတ် စုံစမ်းစစ်ဆေးနေကြလေတော့သည်။

🖼🖼🖼🖼အခန်း (၁၅)
 – ဟန်ဆောင်လက်ထပ်ခြင်း 

 
ဤရွာကလေးတွင် ဆယ့်ရှစ်နှစ်တိုင်တိုင် နေထိုင်လာခဲ့သည့် ဟယ်ယဲ့ချင်းအတွက် ယခုဖြစ်ပျက်နေသော အခြေအနေများက သူမ ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ 
 
ဤကိစ္စကို လူသိရှင်ကြားဖြစ်အောင် ချပြလိုက်သည့်အတွက်လည်း ဟယ်ယဲ့ချင်းတစ်ယောက် နောင်တရခြင်းမရှိပေ။ သူမက ရက်ရောလွန်းလှသည့် သူတော်စင်တစ်ဦး မဟုတ်သည့်အတွက် သူမအား ဤမျှအထိ နှိပ်စက်ညှဉ်းပန်းနေသူများကို ဆွေမျိုးသားချင်း သွေးသားတော်စပ်မှုဆိုသည့် အချက်တစ်ခုတည်းဖြင့် ငဲ့ညှာကာ မျက်နှာချိုသွေး ပေးနေစရာ အကြောင်းမရှိချေ။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့သည် ထိုကဲ့သို့သော လုပ်ရပ်များကို လုပ်ဆောင်ခဲ့စဉ်ကပင် သူမအား သူတို့၏ သမီးအရင်းကဲ့သို့ သဘောမထားခဲ့ကြပေ။ သို့ဖြစ်ရာ သူမက သူတို့ အရှက်မရစေရေးအတွက် ဖုံးကွယ်ရန် ကြိုးစားနေစရာအကြောင်း မရှိချေ။ 
 
ယခုကဲ့သို့ ရုန်းရင်းဆန်ခတ် ဖြစ်ပျက်နေခြင်းကပင် ပုံမှန် ဖြစ်ပေသည်။ ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ လက်အောက်တွင် တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်ခံနေရသည်ထက်စာလျှင် ယခုအခြေအနေက အဆပေါင်းများစွာ သာလွန်ပေသည်။ 
 
ပတ်ဝန်းကျင်မှ လူအများအပြားက စောင့်ကြည့်နေကြပြီဖြစ်ရာ သူတို့လင်မယားကလည်း လွန်လွန်ကဲကဲ လုပ်ဝံ့ကြတော့မည်မဟုတ်ချေ။ 
 
ဟယ်ယဲ့ချင်းက သူမ၏ ဆိုင်လေးကို ပုံမှန်အတိုင်းပင် ဆက်လက်ဖွင့်လှစ် ရောင်းချနေခဲ့သည်။ 
 
နံနက်ခင်းတွင် လီအားကွေ့တစ်ယောက် သူမအား လာရောက်ခေါ်ဆောင်သည့်အခါ သူ့မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ယှက်သန်းနေသည်ကို တွေ့ရသဖြင့် ယမန်နေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သူလည်း သိရှိထားကြောင်း သိသာလှပေသည်။ 
 
ဟယ်ယဲ့ချင်းကမူ ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် သူ့အား ပြုံးပြလိုက်၏။ 
 
လီအားကွေ့က စကားအပြောအဆို ကျွမ်းကျင်သူတစ်ဦးမဟုတ်ရာ သူမ၏ တုံ့ပြန်မှုကို မြင်ရသောအခါ ခေါင်းကို အသာလှည့်လျက် မြည်းလှည်းကိုသာ အားသွန်ခွန်စိုက် မောင်းနှင်သွားလိုက်သည်။ 
 
ရွာတွင်း၌ ကောလာဟလ အရှိန်အဟုန်တို့ ပြင်းထန်နေဆဲမှာပင် ဟယ်ယဲ့ချင်း၏ အစ်မဖြစ်သူ 'ဟယ်ဟွာဟွာ' က သူတစ်ပါးထက် ဦးအောင် ရောက်ရှိလာခဲ့သည်။ 
 
သူမက ဟယ်ယဲ့ချင်း၏ ဆိုင်သို့ တန်းတန်းမတ်မတ် ရောက်လာခဲ့ခြင်း ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် ငွေသိမ်းရင်း အလုပ်ရှုပ်နေစဉ်တွင် လက်တစ်ဖက်က တုတ်ထိုးတစ်ချောင်းကို လှမ်းယူကာ စားနေသည်ကို တွေ့လိုက်ရသည်။ 
 
သူမ မော့ကြည့်လိုက်သောအခါ ဟယ်ဟွာဟွာ၏ အနည်းငယ် ပြည့်ဖြိုးဝိုင်းစက်သော မျက်နှာနှင့် ဆုံတွေ့လိုက်ရလေသည်။ 
 
“ဒီတုတ်ထိုးတွေက စားလို့တော့ တော်တော်အဆင်ပြေသားပဲ…” 
ဟယ်ဟွာဟွာက မေးကို အသာပင့်လျက် မှတ်ချက်ပြုသည်။ 
 
သူမက တုတ်ထိုးတစ်ချောင်းကို စားပြီးနောက် နောက်ထပ် တစ်ချောင်းကို ထပ်မံလှမ်းယူပြန်သည်။ 
 
အရသာကို ခံတွင်းတွေ့သွားပုံရသော ဟယ်ဟွာဟွာက လောဘတက်လာပြီး တုတ်ထိုး အမြောက်အမြားကို လက်တစ်ဆုပ်စာမျှ ဆွဲယူလိုက်၏။ 
 
ထိုအခါ ဟယ်ယဲ့ချင်းက သူမ၏လက်ကို လှမ်းကိုင်တားမြစ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ 

“အစ်မ... အသာအယာ လုပ်ပါ…” 
 
တားဆီးခံလိုက်ရသဖြင့် ဟယ်ဟွာဟွာက ဟယ်ယဲ့ချင်းကို မကျေမနပ်ဖြစ်မှုနှင့် မာန်မာနတို့ ရောပြွမ်းနေသော ထူးဆန်းသည့် အကြည့်ဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။ 

“ကပ်စေးနှဲလိုက်တာ… ငါက နင့်ရဲ့ အစ်မအရင်းပါဟယ်… တုတ်ထိုးနည်းနည်းပါးပါး စားမိတာ ဘာဖြစ်သွားလို့လဲ…” 
 
“ကြည့်ပါဦး အစ်မရယ်…” 
ဟယ်ယဲ့ချင်းက ရွဲ့ပြုံးလေးဖြင့် ပြန်လည်ချေပလိုက်သည်။  

“ရပါတယ်... စားချင်ရင်လည်း စားပါ… အစ်မယောက်ျားက မြို့ပေါ်မှာ အသားဆိုင်ဖွင့်ထားတယ် မဟုတ်လား… ညီမလည်း နောက်ကျရင် အဲဒီကိုသွားပြီး အသားနည်းနည်း သွားယူရမယ်… ညီမတို့က မိသားစုတွေပဲဟာ... အစ်မယောက်ျားကလည်း စိတ်ဆိုးမှာ မဟုတ်ပါဘူး… ဟုတ်တယ်မလား…” 
 
“နင်... နင်…”  
 
ဟယ်ဟွာဟွာက ဟယ်ယဲ့ချင်း၏ စကားကြောင့် ဒေါသထွက်သွားသည်။ ဟယ်ယဲ့ချင်းတစ်ယောက် သူမယောက်ျား၏ အသားဆိုင်မှ အသားများကို တကယ် အလကားသွားယူမည်ကို စိုးရိမ်သွားကာ နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။ 

“ကဲပါ... တော်ပြီ… တော်ပြီ… ငါ ဆက်မစားတော့ဘူး... ရပြီလား…” 
 
တုတ်ထိုးက မည်မျှပင် အရသာရှိစေကာမူ အသားထက် ပို၍ တန်ဖိုးရှိနိုင်မည် မဟုတ်ချေ။ 
 
“ဘာကိစ္စရှိလို့လဲ…” 
ဟယ်ယဲ့ချင်းက မေးလိုက်သည်။ 
 
ထိုအခါမှသာ သူမ ယနေ့လာရသည့် အဓိကအကြောင်းအရင်းကို သတိရသွားပြီး ဟယ်ဟွာဟွာ၏ မျက်ဝန်းတွင် သနားမှုနှင့် ဝမ်းသာအားရဖြစ်မှုတို့ ရောပြွမ်းနေသည့် ရှုပ်ထွေးသော အကြည့်တို့ဖြင့် ဟယ်ယဲ့ချင်းကို စိုက်ကြည့်လာသည်။ 
 
သူမက နျိုချွန်းဟုန်သည် ဟယ်ယဲ့ချင်းကို ပို၍မျက်နှာသာပေးသည်ဟု အမြဲတစေ ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်မှန်း သိလိုက်ရပြီ ဖြစ်သည်။ 
 
သူတို့က ညီအစ်မအရင်းအချာများ ဖြစ်ကြသော်လည်း ဆက်ဆံရေးကမူ ထိုမျှလောက် ရင်းနှီးကျွမ်းဝင်မှု မရှိကြချေ။

ဟယ်ယဲ့ချင်းထက် ခြောက်နှစ်မျှ ပိုကြီးသော ဟယ်ဟွာဟွာက 'သားကိုအလေးပေးပြီး သမီးကိုနှိမ်' သည့် မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ သူမက ဟယ်ယဲ့ချင်းထက် များစွာ "လူရည်လည်ပြီးထက်မြက်" သူဖြစ်သည်။ 
 
သူမ၏ အားနွဲ့လှသော မိဘနှစ်ပါးက အားကိုး၍မရမှန်း သူမ ငယ်စဉ်ကတည်းက သဘောပေါက်ခဲ့သည်။ ထို့ကြောင့် သူမက ငယ်ဘဝကို ဝမ်းကွဲမောင်နှမများနှင့်အတူ အချိန်ကုန်လွန်စေခဲ့ပြီး အကြီးဆုံးဦးလေးဟယ်နှင့် တတိယဦးလေးဟယ်တို့၏ မိသားစုများထံတွင် မျက်နှာလိုမျက်နှာရ ကပ်ဖားကာ နေထိုင်ခဲ့သည်။ 
 
ထိုကဲ့သို့သော မြှောက်ပင့်ပြီး ကပ်ဖားနေရသည့် ပတ်ဝန်းကျင်တွင် ထိုမိသားစုနှစ်စုလုံး စိတ်ခံစားချက်ကောင်း၍ အသားဟင်း စားကြသည့်အခါမျိုး၌ ဟယ်ဟွာဟွာက တစ်ခါတစ်ရံတွင် ဟင်းရည်သောက်ခွင့် ရရှိတတ်သည်။ 
 
သို့သော်လည်း သူမက သွေးဝေးတူမတစ်ယောက်မျှသာ ဖြစ်သဖြင့် ထိုမိသားစုနှစ်စုက သူမအပေါ် များများစားစား မျက်နှာသာပေးနိုင်မည် မဟုတ်ချေ။ 
 
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသဖြင့် ဟယ်ဟွာဟွာ၏ ရင်တွင်းခံစားချက်က အနည်းငယ် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ရသည်။ တစ်ဖက်တွင် သူတစ်ပါးကို အလိုက်သင့် ကပ်ဖားနေရသော်လည်း အခြားတစ်ဖက်တွင်မူ ထိုလူများကို ခြေဖဝါးအောက်တွင် နင်းချေပစ်ချင်သည့် ပြင်းပြသော အာသီသများ ရှိနေခဲ့သည်။ 
 
သူမ အသက်ကြီးပြင်းလာသောအခါ ဘေးရွာမှ အသားရောင်းသည့် လူငယ်တစ်ဦးနှင့် အကြောင်းပါခဲ့ပြီး နေ့စဉ်ရက်ဆက် အသားစားနိုင်သည့် ဘဝမျိုးကို ပိုင်ဆိုင်လိုသည့် သူမ၏ ဆန္ဒက ပြည့်ဝသွားခဲ့သည်။ 
 
သူမက လတ်တလောတွင် သူမကိုယ်သူမ ကောင်းမွန်သော ဘဝတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ခံစားနေရသော်လည်း အခြားသူများ သူမထက် သာလွန်ကောင်းမွန်သော ဘဝဖြင့် နေထိုင်နေကြသည်ကို မြင်ရလျှင်မူ လုံးဝမရှုစိမ့်နိုင်ချေ။ 
 
အထူးသဖြင့် သူမ၏ ညီမအရင်းဖြစ်သူ ဟယ်ယဲ့ချင်းကို ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းက ငယ်စဉ်ကတည်းက ပတ်ဝန်းကျင်တွင် 'သူတစ်ပါးအိမ်က ကလေး' အဖြစ် အမြဲတစေ သတ်မှတ်ခံခဲ့ရသည်။ သူမက အလွန် လှပချောမောရုံမျှမက စာပေပညာတွင်လည်း ထူးချွန်ထက်မြက်သူဖြစ်သည်။ သူမ ကျောင်းစတက်ကတည်းက သူမကို သိကျွမ်းသူတိုင်းက ဟယ်ယဲ့ချင်းက တောက်ပသောအနာဂတ်ကို ပိုင်ဆိုင်ရလိမ့်မည်ဟု ပြောလေ့ရှိကြသည်။ ('သူတစ်ပါးအိမ်က ကလေး' =ချီးကျူးခံကလေး)
 
ထိုစကားများကို ကြားရသည့်အခါတိုင်း ဟယ်ဟွာဟွာ၏ ရင်ထဲတွင် အလွန်ပင် မခံမရပ်နိုင် ဖြစ်ရစမြဲ ဖြစ်သည်။ 
 
သို့ဖြစ်ရာ နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းအား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုနိုင်အောင် ပိတ်ပင်တားဆီးခဲ့သည်ဟူသော သတင်းကို ကြားလိုက်ရသည့်အခါ ဟယ်ဟွာဟွာက အံ့ဩသွားရုံမျှမက ရင်ထဲတွင်လည်း ကျေနပ်ပီတိ ဖြစ်သွားမိသည်။ သူမက ဟယ်ယဲ့ချင်းအပေါ် အန္တရာယ်ပြုလိုသည့် ရည်ရွယ်ချက် မရှိသော်လည်း ညီမဖြစ်သူက သူမထက် များစွာသာလွန်သွားမည့် အခြေအနေကိုမူ လုံးဝမကြည့်ချင်ခြင်းမျှသာ ဖြစ်သည်။ 
 
ယနေ့တွင် ဟယ်ဟွာဟွာ ရောက်လာရခြင်း၌ ရည်ရွယ်ချက်တစ်ခု ရှိနေသည်။ 
 
ရွာနှစ်ရွာက နီးကပ်လှသဖြင့် သူမ၏ မိဘအိမ်မှ သတင်းများက သူမ၏ ယောကျာ်းရွာသို့ တစ်နည်းနည်းဖြင့် ပျံ့နှံ့သွားခဲ့လေသည်။ 
 
ထို့ကြောင့် ထိုရွာရှိ လူအချို့က ဟယ်ယဲ့ချင်းအား သူတို့၏ သားများနှင့် အိမ်ထောင်ချပေးရန် စတင်စဉ်းစားလာကြသည်။ 
 
ဟယ်ဟွာဟွာက ထိုရွာမှ လူငယ်က မဆိုးလှမှန်း သိသော်လည်း သူမ၏ ယောကျာ်းလောက်မူ မသာလွန်မှန်း အသေအချာ သိရှိထားသည်။ ထို့ကြောင့်ပင် သူမက ဤခရီးကို စိတ်လိုလက်ရ လာခဲ့ခြင်း ဖြစ်သည်။ 
 
အကယ်၍ ဤအိမ်ထောင်ရေးသာ တကယ်ဖြစ်မြောက်သွားခဲ့ပါက သူမက ဟယ်ယဲ့ချင်းအပေါ် အမြဲ အသာစီးရနေတော့မည် ဖြစ်သည်။ 
 
“အမေက နင့်ကို ယောက်ျားပေးစားဖို့ ကြံစည်နေတယ်လို့ ငါ ကြားတယ်…” 

ဟယ်ဟွာဟွာက ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။ ဟယ်ယဲ့ချင်းက သူမကို တစ်ချက်လှမ်းကြည့်သော်လည်း ဘာမှပြန်မပြောချေ။ 
 
ဟယ်ဟွာဟွာက ဆက်လက်၍ ပြောသည်။ 
 
“အမေက ဘယ်တုန်းကမှ အမြော်အမြင်ရှိခဲ့တာ မဟုတ်ဘူး… နင်က ငါ့ရဲ့ ညီမအရင်းပဲဟာ... ငါ့ဆီမှာ အဆင်ပြေမယ့် လူငယ်တစ်ယောက် ရှိတယ်… နင် သူနဲ့ တွေ့ကြည့်ချင်လား…” 
 
“အို... မလိုပါဘူး…” 
ဟယ်ယဲ့ချင်းက အတိအလင်း ငြင်းပယ်လိုက်သည်။ 
 
ဟယ်ဟွာဟွာက စကားများစွာ ဆက်ပြောရန် ကြိုးစားသော်လည်း ဟယ်ယဲ့ချင်း၏ ပြတ်သားသော ငြင်းဆိုမှုကြောင့် စကားလုံးတို့က လည်ချောင်းဝတွင် တစ်ဆို့သွားရပြီး မျက်နှာတစ်ခုလုံး ပုပ်သိုးသွားလေသည်။ 
 
“နင်က ဘာဖြစ်လို့ အဲဒီလို သဘောထားမျိုး ပြရတာလဲ… ငါက နင့်ရဲ့ အစ်မအရင်းပါဟယ်... နင့်ကို ဒုက္ခရောက်အောင် လုပ်မလား…”

ဟယ်ဟွာဟွာက ဒေါသတကြီး အော်ဟစ်လိုက်သည်။ 
 
“အစ်မအရင်း ဟုတ်လား… ငယ်ငယ်တုန်းက ညီမရဲ့ စားစရာတွေကို အမြဲတမ်း လုစားခဲ့တဲ့ အစ်မမျိုးလား…” 
ဟယ်ယဲ့ချင်းက ခပ်ပြုံးပြုံးဖြင့် တုံ့ပြန်လိုက်သည်။ 
 
ထိုစကားကြောင့် ဟယ်ဟွာဟွာက အတိတ်ကို ပြန်လည်သတိရသွားပုံရပြီး မျက်နှာထားက အလွန်အကျပ်ရိုက်ကာ အိုးတိုးအမ်းတန်း ဖြစ်သွားသည်။

ဟယ်ဟွာဟွာက ငယ်စဉ်ကတည်းက အတ္တကြီးသူတစ်ဦးဖြစ်ပြီး သူမကိုယ်သူမသာ အမြဲတစေ ကြည့်တတ်ကာ ညီမဖြစ်သူအပေါ် သံယောဇဉ် အလွန်နည်းပါးခဲ့သည်။ 
 
ဟယ်ယဲ့ချင်း ငယ်စဉ်က ဟယ်ဟွာဟွာသည် သူမထံမှ စားစရာအမြောက်အမြားကို လုယူစားသောက်ခဲ့ဖူးသည်။ ထိုစဉ်က သူတို့က ဆင်းရဲနွမ်းပါးလှသဖြင့် ထမင်းနပ်မှန်ရန်ပင် ခက်ခဲလှသည်။ ဟယ်ဟွာဟွာက ဟယ်ယဲ့ချင်း၏ စားစရာကို လုယူသည့်အခါတိုင်း ဟယ်ယဲ့ချင်းက ငတ်မွတ်ရစမြဲ ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်း အသက်ကြီးပြင်းလာသောအခါမှသာ ဟယ်ဟွာဟွာက စားစရာလုသည့် အကျင့်ကို အနည်းငယ် ဆင်ခြင်လာခဲ့ခြင်း ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်း၏ ပြန်လည်ချေပမှုကြောင့် ဟယ်ဟွာဟွာက ဆွံ့အသွား၏။ 
 
ထို့နောက် သူမက မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။ 

“ငါ့ရဲ့ စေတနာတွေက အလဟဿ ဖြစ်ကုန်တာပဲ… အမေက နင့်အတွက် အဆင်ပြေမယ့် လင်ကောင်းကောင်း တစ်ယောက် ရှာပေးမလား စောင့်ကြည့်လိုက်ဦးမယ်…” 
 
ဟယ်ဟွာဟွာက သူမ အိမ်ထောင်ပြုမည့်အချိန်မှ ကိစ္စကို ပြန်လည်သတိရမိသွားသည်။ ထိုစဉ်က နျိုချွန်းဟုန်က သူမအတွက် ရိုးသားဖြောင့်မတ်သော ရွာခံလူငယ်တစ်ဦးကိုသာ ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။ 
 
နောက်ပိုင်းတွင်မူ သူမ၏ ထက်မြက်မှုကြောင့်သာ လက်ရှိ သားသတ်သမားနှင့် အကြောင်းပါခဲ့ပြီး နေ့စဉ်ရက်ဆက် အသားစားနိုင်သည့် သက်တောင့်သက်သာရှိသော ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ 
 
ထိုအချက်ကို တွေးမိသောအခါ နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းအတွက် ရွေးချယ်ပေးမည့် မည်သည့်လူမဆို ကောင်းမွန်သော ရွေးချယ်မှု ဖြစ်လာစရာ အကြောင်းမရှိချေ။ 
 
သူမက ဟယ်ယဲ့ချင်းတစ်ယောက် ဒုက္ခရောက်မည့်ရက်ကိုသာ ထိုင်၍ စောင့်ကြည့်နေတော့မည်။ 
 
ဟယ်ဟွာဟွာ၏ စကားများက ဟယ်ယဲ့ချင်းအပေါ် မည်သို့မျှ သက်ရောက်မှုမရှိခဲ့ပေ။ 
 
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့က ရွာသားများ၏ စောင့်ကြည့်မှုများကြောင့် အနည်းငယ် ငြိမ်သက်သွားကြသည်။ 
 
ဟယ်ယဲ့ချင်းက သူမ၏ အခြေအနေကို ပြန်လည်သုံးသပ်ကာ စဉ်းစားခန်း ဝင်နေမိ၏။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ကို ဖိနှိပ်ရန်အတွက် ရွာသားများ၏ အင်အားအပေါ်တွင်သာ အမြဲတစေ မှီခိုအားထားနေ၍ မဖြစ်နိုင်မှန်း သိသာလှပေသည်။ 
 
ဟယ်ယဲ့ချင်းက ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ ကြိုးကိုင်မှုအောက်မှ လွတ်မြောက်ရန်အတွက် အိမ်မှ ထွက်ပြေးတိမ်းရှောင်ရန်ကိုလည်း စဉ်းစားခဲ့ဖူးသည်။ 
 
သို့သော် မကြာမီမှာပင် သူမက ထိုအတွေးကို လက်လွှတ်လိုက်ရသည်။ 
 
ဤခေတ်ကာလက နောင်အနာဂတ်ခေတ်နှင့် မတူညီချေ။ လယ်သမားများက သူတို့၏ မြေယာနောက်ခံနှင့် ရွာ၌သာ ရိုးစင်းစွာ စည်းနှောင်ခံထားရသည်က ကြာပြီဖြစ်သည်။ အကယ်၍ သူမက သူမ၏ အထောက်အထားကို စွန့်ပယ်ကာ ထွက်ပြေးမည်ဆိုပါက မြို့ကြီးပြကြီးများတွင် လေလွင့်နေသော အခြေမဲ့အနေမဲ့ လူဦးရေစာရင်းဝင်တစ်ဦး ဖြစ်သွားပေလိမ့်မည်။ 
 
ထိုသို့ဖြစ်၍မရပေ။ ဟယ်ယဲ့ချင်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုခြင်း ဖြစ်သည်။ သူမက သိက္ခာရှိရှိနှင့် ဂုဏ်သရေရှိစွာ မြို့ပြသို့ တက်လှမ်းလိုသူ ဖြစ်သည်။ 
 
သူမ၏ သန်းခေါင်စာရင်း အထောက်အထားက ဟယ်မိသားစုနှင့် ဆက်နွှယ်နေဆဲပင်။ သူမက လူကိုယ်တိုင် ထွက်ပြေးနိုင်သော်လည်း သူမ၏ အိမ်ထောင်စု စာရင်းနှင့် မှတ်ပုံတင်ကိုမူ ယူဆောင်သွားနိုင်မည် မဟုတ်ချေ။ 
 
နေပါဦး... အိမ်ထောင်စုစာရင်း ဟုတ်သားပဲ… 
 
ရုတ်တရက် ဟယ်ယဲ့ချင်းက အလွန်အရေးကြီးသော အချက်တစ်ခုကို သတိရသွားမိသည်။ 
 
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အမည်စာရင်း သွားရောက်ပေးသွင်းသည့်အခါတွင် အိမ်ထောင်စုစာရင်း အထောက်အထား လိုအပ်သည်။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ လက်ရှိ သဘောထားနှင့်ဆိုလျှင် စာမေးပွဲဖြေဆိုရန်အတွက် အိမ်ထောင်စုစာရင်းကို သူမအား လွယ်လွယ်နှင့် ပေးကြလိမ့်မည် မဟုတ်ချေ။ 
 
၎င်းက အလွန်ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း ဟယ်ယဲ့ချင်းက သဘောပေါက်သွားသည်။ 
 
အကယ်၍ သူမက သူမ၏ အိမ်ထောင်စုစာရင်း အထောက်အထားကိုသာ သီးခြားခွဲထုတ်ပြီး ပြောင်းရွှေ့နိုင်မည်ဆိုလျှင် အလွန်ကောင်းမွန်ပေလိမ့်မည်။ 
 
ယခုအခါ သူမက ဤခေတ်ကာလ၏ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခွဲထွက်ခွင့်ဆိုင်ရာ စည်းကမ်းချက်များကို ပြန်လည်တွေးတောမိသွားသည်။ ၎င်းတို့က အိမ်ထောင်ပြုခြင်း၊ အလုပ်အကိုင်ပြောင်းရွှေ့ခြင်းနှင့် အိမ်ထောင်စုခွဲခြင်း တို့ပင် ဖြစ်သည်။ 
 
အိမ်ထောင်ပြု၍ ပြောင်းရွှေ့ခြင်းဆိုသည်က လက်ထပ်ပြီးနောက် မိမိ၏ အိမ်ထောင်စုစာရင်းကို အိမ်ထောင်ဖက်ရှိရာသို့ ရွှေ့ပြောင်းခြင်း ဖြစ်ပြီး၊ အလုပ်အကိုင်ကြောင့် ပြောင်းရွှေ့ခြင်းကမူ မိမိလုပ်ကိုင်ရာ လုပ်ငန်းခွင်တည်ရှိရာဒေသသို့ ရွှေ့ပြောင်းခြင်း ဖြစ်သည်။ အိမ်ထောင်စုခွဲခြင်းကမူ သားဖြစ်သူက အိမ်ထောင်ရက်သားကျ၍ မိသားစုအသစ်ထူထောင်ကာ ရွာမှ မြေကွက်လျှောက်ထားရန်အတွက် သီးခြားအိမ်ထောင်စုစာရင်း ခွဲထုတ်ခြင်းမျိုး ဖြစ်သည်။

ဤအချက်များအပြင် နောက်ထပ်အခြေအနေတစ်ခုက တက္ကသိုလ်တက်ခွင့်ရခြင်း ဖြစ်ပြီး၊ ထိုအခါမျိုးတွင် အိမ်ထောင်စုစာရင်းကို တက္ကသိုလ်၏ စုပေါင်းအိမ်ထောင်စုစာရင်းအောက်သို့ ရွှေ့ပြောင်းပေးလေ့ရှိသည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်း၏ လက်ရှိအခြေအနေနှင့်ဆိုလျှင် ၎င်းအချက်များထဲမှ မည်သည့်အချက်နှင့်မျှ ကိုက်ညီမှုမရှိချေ။ 
 
အိမ်ထောင်ပြုရန် သို့မဟုတ် အလုပ်အကိုင်ဖြင့် ပြောင်းရွှေ့ရန်က လုံးဝမဖြစ်နိုင်သကဲ့သို့၊ အိမ်ထောင်စုခွဲရန်ကလည်း စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်သည်။ သူမက ရွာထဲတွင် မည်မျှပင် အကျင့်စာရိတ္တကောင်းမွန်ပါစေ ရွာသားများက ထိုသို့ခွဲထုတ်ပေးရန် သဘောတူကြလိမ့်မည်မဟုတ်ချေ။ 
 
အိမ်ထောင်စုစာရင်း ထိန်းချုပ်မှုစနစ်က အလွန် တင်းကျပ်လှသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် လူအများစုက သူတို့၏ လယ်ယာလုပ်ငန်းအခြေပြု အိမ်ထောင်စုစာရင်းမှသည် မြို့ပြအခြေပြု အိမ်ထောင်စုစာရင်းသို့ ပြောင်းလဲလိုကြသော်လည်း အချည်းနှီးသာ ဖြစ်ရသည်။ 
 
နောင်အနာဂတ်ခေတ်များတွင် ခေတ်စားလာမည့် မြို့ပေါ်၌ အိမ်ဝယ်ယူကာ အခြေချနေထိုင်ခြင်းဖြင့် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နိုင်သည့် မူဝါဒမျိုးက ယခုခေတ်တွင်မူ လုံးဝတွေးဝံ့စရာပင် မရှိသေးချေ။ 
 
အကယ်၍ ဟယ်ယဲ့ချင်းတွင် မြို့ပေါ်၌ အိမ်ဝယ်နိုင်လောက်အောင် ငွေကြေးအမြောက်အမြား ရှိနေပါစေ သူမအနေဖြင့် အိမ်ထောင်စုစာရင်းကို လွယ်လွယ်နှင့် ပြောင်းရွှေ့နိုင်မည် မဟုတ်ပေ။ 
 
ယခုအခါ ဟယ်ယဲ့ချင်းတစ်ယောက် လှုပ်မရအောင် အကျပ်ရိုက်နေရသည့် ဝေဒနာကို အမှန်တကယ်ပင် ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့ရပြီ ဖြစ်သည်။ 
 
သို့သော် မည်မျှပင် ခက်ခဲပင်ပန်းပါစေ သူမက အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နိုင်မည့် နည်းလမ်းကို မရရအောင် ရှာဖွေရမည်ဖြစ်သည်။ သို့မဟုတ်ပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်ကိစ္စကို အပြီးတိုင် မေ့ဖျောက်ပစ်လိုက်ရုံသာ ရှိတော့သည်။ 
 
အထပ်ထပ်အခါခါ စဉ်းစားသုံးသပ်ပြီးနောက်တွင်မူ လက်ရှိအချိန်၌ အိမ်ထောင်စုစာရင်း ခွဲထုတ်ပြောင်းရွှေ့နိုင်မည့် တစ်ခုတည်းသော နည်းလမ်းက 'အိမ်ထောင်ပြုခြင်း' သာ ဖြစ်ကြောင်း သူမ သဘောပေါက်သွားမိ၏။ 
 
ဟယ်ယဲ့ချင်းက သူမအခြေအနေ၏ ကြီးမားလှသော ဖိအားဒဏ်ကြောင့် ဆွံ့အလျက် သက်ပြင်းချမိလိုက်သည်။ 
 
ဘယ်လိုပဲ လုပ်လုပ် နောက်ဆုံးတော့ အိမ်ထောင်ရေးကိစ္စကို ရှောင်လွှဲလို့မရပါလား… 
 
သို့သော်လည်း သူမက မည်သည့်လူကိုမဆို ကောက်ကာငင်ကာ လက်ထပ်၍မဖြစ်ချေ။ 
 
သို့မဟုတ်ပါက ကျင်းတစ်ခုထဲမှ ရုန်းထွက်ပြီး နောက်ထပ် ချောက်တစ်ခုထဲသို့ သက်ဆင်းသွားသလိုမျိုး ဖြစ်ပေလိမ့်မည်။ 
 
အဓိကအချက်က သူမသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့လို၍သာ လက်ထပ်ရမည် ဖြစ်သည်။ 
 
ဘယ်လိုပုံမှန်ယောကျာ်း ဒါမှမဟုတ် ဘယ်လိုယောက္ခမမျိုးက ကိုယ့် ဇနီး ဒါမှမဟုတ် ချွေးမကို လက်ထပ်ပြီးခါမှ တက္ကသိုလ်သွားတက်ခွင့်ပြုမှာလဲ… 
 
သူတို့က ထိုမိန်းကလေးက သူတို့အနားတွင် မြဲမြံစွာ နေထိုင်တော့မည်မဟုတ်ဟုသာ စိုးရိမ်ကြမည် ဖြစ်သည်။ 
 
တကယ်လက်ထပ်ဖို့က မဖြစ်နိုင်တဲ့ အခြေအနေဆိုတော့ ဟန်ဆောင်ရင်ရော ဘယ်လို ဖြစ်မလဲ… 
 
ရုတ်တရက် ထိုအတွေးဆန်းကြီးက ဟယ်ယဲ့ချင်း၏ ခေါင်းထဲသို့ လျှပ်တပြပ် ဝင်ရောက်လာခဲ့သည်။ 
 
တကယ်လို့ ငါက ငါ့ကို ဟန်ဆောင်လက်ထပ်ဖို့ သဘောတူမယ့်သူတစ်ဦးကို ရှာဖွေနိုင်ခဲ့ရင်ရော… 
 
သူတို့နှစ်ဦးစလုံးက အပြန်အလှန် လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြပြီး၊ ကတိကဝတ်ပြုထားသည့် အချိန်ကာလတစ်ခုသို့ ရောက်ရှိလာသည့်အခါတွင်မူ တရားဝင်ကွာရှင်းပြတ်စဲကာ ကိုယ့်လမ်းကိုယ် လျှောက်ကြမည်ဖြစ်သည်။ ထိုအခါကျမှ သူမက တက္ကသိုလ်ပညာရေးကို ချောမွေ့စွာ ဆက်လက်ဆည်းပူးနိုင်ပေမည်။ 
 
ဤကဲ့သို့သော ဖြစ်နိုင်ခြေကို တွေးမိလိုက်သည်နှင့် ဟယ်ယဲ့ချင်းက ချက်ချင်းပင် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။ သို့သော် မကြာမီမှာပင် သူမက စိတ်ကို ပြန်လည်စုစည်းကာ တည်ငြိမ်အောင် ထိန်းလိုက်ရပြန်သည်။ 
 
ငါနဲ့ အဲဒီလို ဟန်ဆောင်လက်ထပ်ဖို့ သဘောတူမယ့်သူကို ဘယ်မှာ သွားရှာရမှာလဲ… 
 
ထို့အပြင် "ဟန်ဆောင်လက်ထပ်ခြင်း" ဆိုသည့် စကားလုံးက နောင်အနာဂတ်ခေတ်တွင် မရေမတွက်နိုင်အောင် အများအပြား ကြားဖူးနားဝရှိသဖြင့် သူမအတွက် ဆန်းသစ်မနေသော်လည်း၊ ယခုခေတ်ကာလတွင်မူ အလွန်ပင် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပြီး သိက္ခာမဲ့လှသော အရှုပ်အထွေးကိစ္စရပ်ကြီးတစ်ခု ဖြစ်နေပေလိမ့်မည်။ 
 
ထိုအချက်ကို ဆက်စပ်တွေးတောမိလိုက်သောအခါ ဟယ်ယဲ့ချင်းက သူမကိုယ်သူမ ရေအေးဖြင့် အပက်ခံလိုက်ရသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး စိမ့်ခနဲ ချမ်းတုန်သွားတော့သည်။ 
 
ဟူး... ဒါက တကယ်ကို ခက်ခဲလွန်းလှပါလား...

Search Novels