🖼🖼🖼🖼အခန်း ၆
ပြင်ဆင်ခြင်း


ဟယ်ယဲ့ချင်း၏ရင်ထဲတွင် အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ သူမက အိုးထဲတွင် ပြုတ်ထားသော ငရုတ်သီးများကို ဇကာဖြင့် ဆယ်ယူလိုက်ပြီး ခေါင်းမော့ကာ နျိုချွန်းဟုန်ကို အေးအေးဆေးဆေးကြည့်၍ ဆိုလိုက်သည်။  

“ဒါဆိုရင် သမီးက တက္ကသိုလ်လည်း တက်ခွင့်မရှိတော့ဘူး… အခု ကိုယ့်ဘာသာ ငွေလေးနည်းနည်း ရှာတာကျတော့လည်း မရဘူးပေါ့ ဟုတ်လား…”

နျိုချွန်းဟုန်တစ်ယောက် မည်သည့်စကားမျှ ဆက်မပြောရဲတော့ချေ။ 
 
ဟယ်ယဲ့ချင်း၏ နားနှစ်ဖက်ကလည်း နောက်ဆုံးတွင် အေးချမ်းသွားရသည်။ 
 
နျိုချွန်းဟုန်က ကူညီရန် အနားသို့ ရောက်မလာသကဲ့သို့ ဟယ်ယဲ့ချင်းကလည်း သူမကို လာရောက်ကူညီရန် လှမ်း၍ မခေါ်ခဲ့ချေ။ 
 
သို့သော် အိမ်ကိစ္စများဖြင့် အိမ်တွင်းအိမ်ပြင် အလုပ်ရှုပ်နေသည့် နျိုချွန်းဟုန်ကို တစ်ချက်မျှ လှမ်းကြည့်ရုံဖြင့် ဟယ်ယဲ့ချင်းသည် မိခင်၏ စိတ်ကူးကို ကောင်းစွာ ရိပ်မိသည်။ 
 
မိခင်ဖြစ်သူက ဟယ်ယဲ့ချင်းအား သူမဘာသာ တစ်ယောက်တည်း ဒုက္ခခံကြည့်စေချင်ပုံရသည်။ အလုပ်က ပင်ပန်းဆင်းရဲပြီး ခက်ခဲမှန်းသိသွားလျှင် သမီးဖြစ်သူက အလိုလို အရှုံးပေးကာ လက်လျှော့သွားလိမ့်မည်ဟု တွေးနေခြင်း ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းကမူ နျိုချွန်းဟုန်၏ အတွေးအမြင်အပေါ် မည်သည့်မှတ်ချက်မျှမပေးဘဲ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုသာ အာရုံစိုက်၍ ဆက်လက်လုပ်ကိုင်နေခဲ့သည်။ 
 
အရသာရှိလှသော တုတ်ထိုးများ ရရှိရန်အတွက် အဓိကသော့ချက်က ဟင်းရည်အိုး၏ အခြေခံအနှစ်ကို အရသာရှိအောင် သေသေချာချာ ချက်ပြုတ်စပ်သပ်နိုင်ခြင်းပင် ဖြစ်သည်။ 
 
ယမန်နေ့က ဟယ်ယဲ့ချင်းသည် ခရိုင်မြို့ရှိ သမဝါယမဆိုင်သို့ သွားရောက်ကာ ဟင်းရည်ချက်ရန်အတွက် အရိုးအချို့ သွားရောက်ဝယ်ယူခဲ့စဉ်က မမျှော်လင့်ဘဲ ရောင်းမကုန်ဘဲ ကျန်ရှိနေသည့် အမဲဆီအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ 
 
အမဲဆီသည် အနံ့ပြင်းထန်ပြီး သာမန်ဟင်းချက်ကြော်လှော်ရန်အတွက် အဆင်မပြေလှသဖြင့် ကျေးလက်ဒေသ သမဝါယမဆိုင်များတွင် လူကြိုက်မများချေ။ သို့သော်လည်း အမဲဆီသည် တုတ်ထိုးဟင်းရည်အနှစ်ချက်ရန်အတွက် အလွန်ကောင်းမွန်သော ကုန်ကြမ်းတစ်ခု ဖြစ်သဖြင့် ဟယ်ယဲ့ချင်းသည် ၎င်းတို့ကို ချက်ချင်းပင် အကုန်ဝယ်ယူခဲ့သည့်အပြင် နောင်တွင်လည်း အမဲဆီများ ထပ်မံရရှိပါက သူမအတွက် ချန်ထားပေးရန် အရောင်းဝန်ထမ်းနှင့် သေသေချာချာ စကားပြောဆို ကတိတောင်းခဲ့သေးသည်။ 
 
သူမက အမဲဆီများကို ဝယ်ယူလာပြီးနောက် ထိုနေ့၌ပင် ဆီချက်ချက်ကာ သီးသန့်ဖယ်ထားခဲ့သည်။ ဆီချက်ချက်ပြီးနောက် ကျန်ရစ်သော အမဲဆီဖတ်များကိုလည်း တုတ်ထိုးဆော့စ်ထဲတွင် ထည့်သွင်းအသုံးပြုနိုင်သော်လည်း ထိုအမဲဆီဖတ်အချို့ကိုမူ မောင်ဖြစ်သူ ဟယ်ကျားဝမ်က ခိုးယူစားသောက်ခဲ့ပြီး ဖြစ်သည်။ 
 
ယခုအခါတွင် ကုန်ကြမ်းများ အားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ ဟယ်ယဲ့ချင်းသည် ဟင်းရည်အနှစ်ကို စတင်ချက်ပြုတ်လိုက်သည်။ 
 
ရာသီဥတုက ပူပြင်းလှသဖြင့် ဟယ်ယဲ့ချင်း ပြင်ဆင်နေခြင်းက အအေးခံထားသော ဟင်းရည်အနှစ်ထဲတွင် တုတ်ထိုးများကို စိမ်၍ စားသုံးရသည့် အအေးတုတ်ထိုး ပုံစံ ဖြစ်သည်။ 
 
သူမက မုန်ညင်းဆီ တစ်ဝက်ခန့်ကို အိုးထဲသို့ လောင်းထည့်လိုက်ပြီး ဆီပူလာသည့်အခါတွင်မူ အသင့်ချက်ထားသော အမဲဆီများအားလုံးကို အိုးထဲသို့ ထပ်မံသွန်းလောင်းလိုက်သည်။ 
 
နျိုချွန်းဟုန်တစ်ယောက် မီးဖိုချောင်ထဲသို့ ဝင်လာပြီး အိုးထဲရှိ မုန်ညင်းဆီများကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် နှမြောတသဖြစ်စွာဖြင့် မနေနိုင်ဘဲ ညည်းတွားတော့သည်။  

“နင်ကလည်း... ဘာဖြစ်လို့ ဆီတွေကို ဒီလောက်အများကြီး သုံးနေရတာလဲ… အလကား ကုန်အောင်လို့…” 
 
ဟယ်ယဲ့ချင်းကမူ သူမကို အပိုစကားများဖြင့် ရှင်းပြမနေတော့ချေ။ ဆီများ ဆူပွက်လာသည့်အခါ သူမက ကြိုတင်လှီးဖြတ်ထားသော ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်နှင့် ချင်း စသည်တို့ကို ထည့်သွင်းကာ ခြောက်သွေ့သွားသည်အထိ ဆီပူထိုးလိုက်သည်။ ထို့နောက် ပဲငံပြာရည်အနှစ်နှင့် အချဉ်ဖောက်ထားသော ပဲနှစ်များကို ထည့်ကာ အနံ့မွှေးလာသည်အထိ မွှေပေးပြီးနောက် အသင့်ထောင်းထားသော ငရုတ်သီးအနှစ်များကို ထည့်သွင်းချက်ပြုတ်ပြန်သည်။ 
 
နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင်မူ အချဉ်ဖောက်ထားသော ကောက်ညှင်း၊ စီချွမ်းငရုတ်ကောင်းနှင့် အရက်ဖြူတွင် ကြိုတင်စိမ်ထားသော ဟင်းခတ်အမွှေးအကြိုင်များကို အိုးထဲသို့ အဆင့်ဆင့် ထည့်သွင်းလိုက်လေသည်။ 
 
ဤချက်ပြုတ်နေသည့် ကာလပတ်လုံး အလွန်တရာ ဆွဲဆောင်မှုရှိပြီး စူးရှမွှေးကြိုင်လှသော အမွှေးနံ့များက မီးဖိုချောင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ရာ မိခင်ဖြစ်သူ နျိုချွန်းဟုန်ပင် မကြာခဏ လှမ်း၍ကြည့်လာလေသည်။ 
 
အပြင်တွင် ဆော့ကစားနေသော ဟယ်ကျားဝမ်သည်ပင် ထိုမွှေးကြိုင်လှသော အနံ့နောက်သို့ ကောက်ကောက်ပါအောင် လိုက်လံစုံစမ်းရင်း အိမ်သို့ ပြန်ရောက်လာပြီး အနားသို့ ယတိုးကာ မေးလာ၏။  

“ဒုတိယအစ်မ... ဘာတွေချက်နေတာလဲ… အနံ့က အရမ်းမွှေးတာပဲ… သားကို နည်းနည်းပေးဦး…” 
 
ဟယ်ယဲ့ချင်းကမူ ငရုတ်ဆီနီများကို ဇကာဖြင့် အသည်းအသန် စစ်ထုတ်နေရသဖြင့် သူ့ကို အရေးလုပ်ရန် အချိန်မရှိချေ။ 
 
ဟယ်ကျားဝမ်ကမူ အိုးထဲမှ စစ်ထုတ်ပြီး ကျန်ရစ်သော ဟင်းခတ်အနှစ်ဖတ်များကို စားစရာဟု ထင်မှတ်ကာ အပူလောင်မည်ကိုပင် မကြောက်ဘဲ လက်ဖြင့် နှိုက်ယူ၍ ပါးစပ်ထဲသို့ အတင်းကောက်ထည့်လိုက်သည်။ 
 
စီချွမ်းငရုတ်ကောင်းစေ့များ၊ ငရုတ်သီးများနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောပြွမ်းနေသည့် ထိုအနှစ်ဖတ်များ၏ အရသာက ပြောမပြတတ်အောင် ခါးသက်စပ်ရှလှသဖြင့် ဟယ်ကျားဝမ်၏ မျက်နှာက ချက်ချင်းပင် ပျက်ယွင်းသွားရပြီး ပါးစပ်ထဲမှအရာများကို ပြန်လည်၍ ထွေးထုတ်လိုက်လေသည်။

“ဖွီ... ဝေါ့... အရသာက စုတ်ပြတ်သတ်နေတာပဲ…” 

ဟယ်ကျားဝမ်က ဒေါသတကြီးဖြင့် မကျေမနပ် ညည်းတွားလိုက်သည်။ 
 
သူက ပြောဆိုပြီးနောက် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ အသားဟင်းများ ထည့်ထားတတ်သည့် သစ်သားဗီရိုတံခါးကို ခြေဖွဖွနင်း၍ သွားရောက်ဖွင့်လိုက်ပြီး ကျန်ရှိနေသော အမဲဆီဖတ်များကို တိတ်တဆိတ် ခိုးစားရန် ကြံစည်ပြန်သည်။ 
 
သို့သော်လည်း ယခုအကြိမ်တွင်မူ ဗီရိုထဲ၌ ဘာမှရှိမနေဘဲ ဗလာဖြစ်နေသည်ကိုသာ တွေ့လိုက်ရသည်။ 

ဟယ်ယဲ့ချင်းသည် ထိုပန်းကန်ကို ကြိုတင်သိမ်းဆည်းထားခဲ့ပြီးဖြစ်၏။ 
 
“ဒုတိယအစ်မ... သား အမဲဆီဖတ်စားချင်တယ်…” 

ဟယ်ကျားဝမ်က အိမ်တွင်းအာဏာပိုင်လေးပမာ မောက်မာစွာ အမိန့်ပေးသံဖြင့် ဆိုလိုက်သည်။ 
 
ဟယ်ယဲ့ချင်းက အလုပ်ရှုပ်နေသည့်ကြားမှ သူ့ကို မျက်မှောင်ကြုတ်၍ တစ်ချက် လှမ်းကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။  

“ငါ အလုပ်ရှုပ်နေတာ မမြင်ဘူးလား… နင့်ကို ငါ ရိုက်ရအောင် မလုပ်နဲ့…” 
 
အတော့်ကို ရခဲလှသော သားယောက်ျားလေးတစ်ဦး ဖြစ်သည့်အတွက် ဟယ်ကျားဝမ်၏ ဟယ်မိသားစုအတွင်း အဆင့်အတန်းက ပြောနေစရာပင် မလိုအောင် မြင့်မားလှပေသည်။ 
 
ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့က သူ့ကို အလိုလိုက် အကြိုက်ဆောင်ထားကြသော်လည်း ဟယ်ယဲ့ချင်းကမူ ထိုသို့မဟုတ်ချေ။ သူမက သူ့ကို လုံးဝအလိုမလိုက်ချေ။ 
 
ဟယ်ကျားဝမ်ကအိမ်တွင်း၌ ဗိုလ်ကျတတ်သော အာဏာရှင်လေး ဖြစ်သော်လည်း အခြေအနေကိုမူ အကဲခတ်တတ်သေးသည်။ လွန်ခဲ့သော အကြိမ်များစွာက ဒုတိယအစ်မဖြစ်သူ ဟယ်ယဲ့ချင်း၏ လက်ချက်ဖြင့် အထိနာခဲ့ဖူးသဖြင့် သူက ယခုအခါတွင် အသိတရားရှိလာပြီး ဒုတိယအစ်မကို ထိပ်တိုက်မတွေ့ရဲတော့ချေ။ 
 
သူမ၏ တည်တင်းလှသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ ယနေ့တွင် အမဲဆီဖတ်စားရရန် လုံးဝလမ်းမရှိတော့မှန်း သိရှိသွားသဖြင့် သူက မကျေမနပ်ဖြင့်သာ အိမ်ပြင်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် အိမ်တွင် ဤမျှလောက် အကြီးအကျယ် စီမံချက်ပြုတ်နေခြင်းကို ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများက မသိရှိဘဲ နေမည်မဟုတ်ပေ။ 
 
ဤသည်က ကျေးလက်တောရွာ၌ နေထိုင်ရခြင်း၏ အားနည်းချက်တစ်ခုပင် ဖြစ်သည်။ အိမ်တစ်အိမ်တွင် အနည်းငယ်မျှ ထူးခြားသော ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသည်နှင့် အိမ်နီးနားချင်းများ အားလုံးက ဝိုင်းအုံလာကြလေ့ရှိသည်။ 
 
လူအချို့က အိမ်တံခါးဝမှနေ၍ ခေါင်းပြူကာ ချောင်းမြောင်းကြည့်ရှုကြသည့် အချိန်တွင် ဟယ်ယဲ့ချင်းက အိမ်ရှေ့ဝင်းထဲ၌ ထိုင်ကာ အသင့်ပြင်ဆင်ထားသော ကုန်ကြမ်းများကို ဝါးတုတ်လေးများဖြင့် သေသေချာချာ ထိုးစိုက်နေဆဲ ဖြစ်သည်။ 
 
အပြင်က လူများသည် ဟယ်ယဲ့ချင်းက သူတို့အား သတိပြုမိသွားပြီဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ အိမ်ဝင်းထဲသို့ အားမနာတမ်း ဗြောင်ကျကျ ဝင်ရောက်လာကြသည်။ 
 
ပထမဆုံးလူ ဝင်လာပြီးနောက်တွင်မူ ဒုတိယလူ၊ တတိယလူများကလည်း ကပ်လျက် လိုက်လံဝင်ရောက်လာကြလေသည်။ 
 
“ချင်းချင်း... နင် ဘာအရသာရှိတာတွေများ ချက်နေတာလဲ…နင်တို့ မီးဖိုချောင်က ထွက်လာတဲ့ အနံ့မွှေးမွှေးကြီးက တစ်ရွာလုံးကို ပျံ့နှံ့နေတာပဲ…” 
 
“အဒေါ်... သမီးတို့ ကိုယ်တိုင်စားဖို့ ချက်တာမဟုတ်ပါဘူး… မြို့ပေါ်မှာ သွားပြီး ရောင်းဖို့အတွက် ပြင်ဆင်နေတာပါ…”  

ဟယ်ယဲ့ချင်းက ဝါးတုတ်ထိုးရင်းနှင့်ပင် ချိုသာစွာ ပြန်လည်ဖြေကြားလိုက်သည်။ 
 
“ဒါတွေက သာမန် ဟင်းသီးဟင်းရွက်တွေပဲ မဟုတ်လား… နင်က ဒါတွေကို ဒီလိုမျိုး တုတ်ထိုးလိုက်ရုံနဲ့ လူတွေက တကယ်ပဲ ပိုက်ဆံပေးပြီး ဝယ်စားကြမှာတဲ့လား…” 

အမျိုးသမီးတစ်ဦးက ဟော်ယဲ့ချင်းကို ဝိုင်းဝန်းတုတ်ထိုးပေးနေစဉ် သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။ 
 
ဤကျေးလက်တောရွာမှ လူများသည် လမ်းဘေးတုတ်ထိုးဟူသော အယူအဆကို တစ်ကြိမ်မျှ မကြားဖူးကြသကဲ့သို့ အနာဂတ်ကာလတွင် ၎င်းလုပ်ငန်းက မည်မျှအထိ ရေပန်းစား အောင်မြင်မည်ကိုလည်း မသိရှိကြချေ။ 
 
ဟယ်ယဲ့ချင်းကလည်း သူတို့အား အရှည်ကြီး ရှင်းလင်းပြောပြမနေတော့ဘဲ ပြုံးလျက်သာ ဆိုလိုက်သည်။ 

“သမီးလည်း အသစ်အဆန်းအနေနဲ့ စမ်းသပ်ပြီး လုပ်ကြည့်တဲ့ သဘောပါပဲ အဒေါ် ရယ်…” 
 
“ဟယ်... နင် ပြင်ဆင်ထားတဲ့ ဒီတုတ်ထိုးတွေ အားလုံးကို တကယ်ပဲ ကုန်အောင် ရောင်းနိုင်ပါ့မလား…”  

အခြားအမျိုးသမီးတစ်ဦးက ဝါးတုတ်ထိုးပြီးသားများ ထည့်ထားသည့်ဇလုံကြီးနှင့် မထိုးရသေးဘဲ ကျန်ရှိနေသေးသော ဟင်းသီးဟင်းရွက် ဇလုံတစ်ဝက်ခန့်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် လှမ်းမေးပြန်သည်။ 
 
“မနက်ဖြန်ကျရင်တော့ အဖြေပေါ်လာမှာပါပဲ…”  
ဟယ်ယဲ့ချင်းက ဆိုလိုက်သည်။ 
 
ကျေးလက်မှ အမျိုးသမီးအချို့သည် စကားစမြည် ပြောဆိုရင်းနှင့်ပင် ဟယ်ယဲ့ချင်းအား ကူညီ၍ တုတ်များကို ကျွမ်းကျင်စွာ ထိုးပေးခဲ့ကြသည်။ 
 
သူတို့က နှုတ်မှ တိုက်ရိုက်ထုတ်ဖော်၍ မပြောဆိုကြသော်လည်း ရင်ထဲတွင်မူ ဟယ်ယဲ့ချင်း၏ စီးပွားရေးအပေါ် လုံးဝ အကောင်းမမြင်ကြချေ။ 
 
မြို့ပေါ်မှ လူများကလည်း ငတုံးများ မဟုတ်ကြပေ။ ငရုတ်သီးအရည်ထဲ၌ စိမ်ထားသော ယခုလို သာမန်ဟင်းသီးဟင်းရွက် တုတ်ထိုးများကို အလွယ်တကူ ပိုက်ဆံပေးပြီး ဝယ်စားကြလိမ့်မည်ဟု သူတို့ လုံးဝမယုံကြည်ကြချေ။ 
 
ဒီစီးပွားရေးကတော့ အရင်းပြုတ်ပြီး အရှုံးပေါ်ဖို့ သေချာနေတာပဲ…

***
 
နောက်တစ်နေ့ မနက်စောစောတွင် ဟယ်ယဲ့ချင်း တစ်ယောက် အိပ်ရာမှ ထလာခဲ့သည်။ 
 
သူမက ပထမဦးစွာ အိုးအဖုံးကိုဖွင့်ပြီး ညကတည်းက တည်ထားသော အရိုးပြုတ်ရည်အိုးကို စစ်ဆေးလိုက်သည်။ မီးဖိုထဲတွင် မီးခဲလေးများသာ ကျန်တော့သော်လည်း အိုးထဲမှ ပြုတ်ရည်က နွေးနေဆဲပင်။ အရိုးများက နူးအိနေပြီး ၎င်းတို့တွင် ကပ်နေသော အသားလွှာလေးများကလည်း တူဖြင့် အသာအယာ တို့လိုက်ရုံဖြင့် အဖတ်လိုက် ကွာကျလာသည်။ 
 
အရိုးပြုတ်ရည်က နို့နှစ်ရောင်သန်းကာ မွှေးကြိုင်လှသဖြင့် ဟယ်ယဲ့ချင်း အလွန် စိတ်ကျေနပ်သွားသည်။ ထို့နောက် ဝယ်ယူထားသော ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်၊ ငရုတ်ဆီ ပြင်ဆင်ပြီး လှော်ထားသော နှမ်းဖြူများကို အိုးထဲသို့ ဖြူးလိုက်ရာ ဟင်းရည်အနှစ်က ခဏချင်းအတွင်း အဆင်သင့် ဖြစ်သွားတော့သည်။ 
 
လမ်းခရီးတွင် ဖိတ်စင်မှုမရှိစေရန်အတွက် ဟယ်ယဲ့ချင်းသည် ဟင်းရည်များကို အနည်းငယ် ပိုနက်သော ပုံးကြီးတစ်လုံးထဲသို့ ပြောင်းထည့်လိုက်သည်။ 
 
ထို့နောက် ရေတစ်အိုး ထပ်တည်ပြီး ဆားနှင့် ဆီအနည်းငယ် ထည့်ကာ ညကတည်းက တုတ်ထိုးထားသော အသားနှင့် အသီးအရွက်များကို အိုးထဲသို့ ထည့်ပြုတ်လိုက်သည်။ ကျေးလက်ဒေသ၏ ညချမ်းအချိန်က အေးမြလှသဖြင့် ပါဝင်ပစ္စည်းများ ပုပ်သိုးသွားမည်ကို စိုးရိမ်စရာမလိုပေ။ 
 
တုတ်ထိုးများ ကျက်သွားသောအခါ ဟယ်ယဲ့ချင်းသည် ၎င်းတို့ကို ရေအေးဖြင့် အအေးခံပြီးနောက် ဇလုံကြီးများထဲသို့ ခွဲထည့်လိုက်၏။ 
 
သူမ အလုပ်ရှုပ်၍ ပြီးစီးချိန်တွင် တံခါးဝ၌ မြည်းလှည်းသံကို ကြားလိုက်ရလေသည်။ ဟယ်ယဲ့ချင်းက အမြန်ပြေးသွားပြီး လီအားကွေ့နှင့်အတူ ပစ္စည်းအားလုံးကို မြည်းလှည်းပေါ်သို့ မ,တင်လိုက်ကြသည်။ 
 
နျိုချွန်းဟုန်က သူတို့နှစ်ဦး အလုပ်ရှုပ်နေကြသည်ကို ကြည့်ပြီး တစ်ခုခု ပြောချင်သော်လည်း တွေဝေနေမိ၏။ သို့သော်လည်း အပြင်လူရှေ့တွင် စကားအများကြီး မပြောချင်သဖြင့် သူမက သက်ပြင်းကိုသာ ခပ်ပြင်းပြင်း ချနိုင်သည်။ 
 
ဟယ်ယဲ့ချင်းကမူ နျိုချွန်းဟုန်၏ အတွေးများကို စိတ်မဝင်စားပေ။ ပစ္စည်းများကို ရေတွက်ပြီးနောက် သူမက မြည်းလှည်းပေါ်တွင် ထိုင်ကာ လီအားကွေ့နှင့်အတူ ခရိုင်မြို့ထံသို့ ထွက်ခွာခဲ့လိုက်သည်။ 
 
နံနက်ခင်း လေထုက အေးမြလတ်ဆတ်နေပြီး လမ်းဘေးရှိ မြက်ခင်းစိမ်းများပေါ်တွင် ဆီးနှင်းပေါက်လေးများက တလက်လက် တောက်ပနေသည်။ မိုးကုတ်စက်ဝိုင်းထဲမှ နေမင်းကြီးက မထွက်လာသေးသော်လည်း ကောင်းကင်ယံကို လှပသော အရောင်အသွေးများဖြင့် ခြယ်သထား၏။ 
 
လီအားကွေ့က ရှေ့မှနေ၍ လှည်းကို တိတ်တဆိတ် မောင်းနှင်နေပြီး ဟယ်ယဲ့ချင်းကမူ နောက်မှနေ၍ တစ်ခါတစ်ရံ စကားစမြည် ပြောဆိုနေသည်။ လီအားကွေ့ကလည်း တစ်ချက်တစ်ချက် ပြန်လည် တုံ့ပြန်တတ်သဖြင့် ပတ်ဝန်းကျင် အခြေအနေက ကြည်နူးစရာ ကောင်းလှသည်။ 
 
တစ်နာရီခန့် ကြာပြီးနောက် သူတို့နှစ်ဦးက ခရိုင်မြို့ရှိ ဟင်းသီးဟင်းရွက် စျေးငယ်လေးတစ်ခုသို့ ရောက်ရှိလာကြသည်။ လီအားကွေ့က စျေးအတွင်း၌ ဟင်းသီးဟင်းရွက် ဆိုင်ခန်းဖွင့်ပြီး ဟယ်ယဲ့ချင်းကမူ စျေးအပြင်ဘက်၌ သူမ၏ "အအေးတုတ်ထိုး" ကို ရောင်းချသည်။ 
 
ဤစျေး၏ တည်နေရာက အလွန်ကောင်းမွန်ပြီး အနီးအနားတွင် လူနေအိမ်ခြေ အများအပြား ရှိသည့်အပြင် နေ့စဉ် လူစည်ကားသော နေရာလည်း ဖြစ်သည်။ 
 
လီအားကွေ့က ဟယ်ယဲ့ချင်းအတွက် ပစ္စည်းများကို ချပေးခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက မနားတမ်းပင် လမ်းဘေးရှိ နေရာလွတ်ကို အမြန်ရှင်းလင်းပြီး စားပွဲများကို ခင်းကာ ဇလုံကြီး အနည်းငယ်ကို အစီအရီ ချလိုက်သည်။ 
 
သူမက ဇလုံအကြီး နှစ်လုံးနှင့် အသေးတစ်လုံး၊ စုစုပေါင်း သုံးလုံး ပြင်ဆင်ထားရာ ဇလုံအကြီး နှစ်လုံးတွင် အသီးအရွက် တုတ်ထိုးများ ထည့်ထားပြီး ဇလုံအသေးတွင်မူ အသားတုတ်ထိုးများကို ထည့်ထားသည်။ 
 
လှည်းပေါ်တွင် ရှိနေစဉ်ကတည်းက ဟယ်ယဲ့ချင်းသည် ဟင်းရည်အချို့ကို ဇလုံများထဲသို့ လောင်းထည့်ထားပြီး ဖြစ်သဖြင့် ပါဝင်ပစ္စည်းများထဲသို့ အရသာများ စိမ့်ဝင်နေပြီ ဖြစ်သည်။ ယခုအခါ ဇလုံများကို ထုတ်ပြီး လှည်းလှုပ်ခါမှု မရှိတော့သဖြင့် ဇလုံတစ်ခုစီတွင် ကိုးပုံခန့် ရောက်သည်အထိ ဟင်းရည်များကို ဖြည့်လိုက်ပြီး ပါဝင်ပစ္စည်းများအားလုံး ဟင်းရည်ထဲ သေသေချာချာ စိမ်မိစေရန် ဝါးတုတ်ထိုး အစုလိုက်ကို လက်ဖြင့် တစ်လှည့်စီ အထက်အောက် လှန်ပေးလိုက်သည်။ 
 
တစ်ချိန်တည်းမှာပင် ဟယ်ယဲ့ချင်းက ဆိုင်ရှေ့၌ လက်ရေးဖြင့် ရေးထားသော ဆိုင်းဘုတ်တစ်ခုကို ချိတ်ဆွဲလိုက်သည်။ “အိမ်လုပ် အမွှေးအကြိုင် တုတ်ထိုး” ဟူသော စာလုံးကြီး ငါးလုံးကို ထင်ရှားလှပစွာ ရေးသားထားပြီး ၎င်း၏အောက်တွင် “တစ်ချောင်းလျှင် ဆယ်ဆင့်” ဟူသော စာလုံးသေးလေးများကို ရေးသားထားသည်။ 
 
သူတို့ ရောက်ရှိချိန်က စောလွန်းသေးသဖြင့် စျေးပတ်ဝန်းကျင်တွင် လူ သိပ်မရှိသေးပေ။ 
 
ဟယ်ယဲ့ချင်း ဆိုင်ကို သေသေချာချာ ပြင်ဆင်ပြီးသွားချိန်တွင် လီအားကွေ့တစ်ယောက် မည်သည့်အချိန်၌ ထွက်သွားမှန်းမသိ ပျောက်ကွယ်သွားသည်ကိုသာ သတိပြုမိလိုက်သည်။ တော်သေးသည်က လမ်းတွင် သူ၏ ပုံမှန် ဟင်းသီးဟင်းရွက်ဆိုင် တည်နေရာကို မေးမြန်းထားခဲ့မိခြင်းပင်။

ဟယ်ယဲ့ချင်း၏ ဆိုင်ဘေးတွင် မနက်စာ ရောင်းချသော ဆိုင်ငယ်နှစ်ဆိုင် ရှိသည်။ တစ်ဆိုင်က ပေါက်စီနှင့် မုန့်ပေါင်းများ ရောင်းချပြီး နောက်တစ်ဆိုင်ကမူ ဖက်ထုပ်ခေါက်ဆွဲပြုတ် ရောင်းချသည်။ 
 
ဟယ်ယဲ့ချင်း မြည်းလှည်းပေါ်မှ ဆင်းပြီး ဆိုင်ပြင်ကတည်းက ထိုဆိုင်ရှင်နှစ်ဦးစလုံးက သူမကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။ 
 
ဟယ်ယဲ့ချင်းက တုတ်ထိုးနှစ်ပွဲကို ရွှင်ပျစွာ ကောက်ကိုင်ပြီး ထိုသူနှစ်ဦးထံသို့ သွားပေးလိုက်သည်။ 
 
“အစ်ကိုနဲ့ အစ်မ… ဒါက မြည်းစမ်းကြည့်ဖို့ တုတ်ထိုးလေးတွေပါ… နောင်ကျရင် ကျွန်မ ဒီနေရာမှာပဲ ပုံမှန် ဆိုင်ဖွင့်မှာမို့လို့ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ကြတာပေါ့နော်…” 

သူမက ဆိုလိုက်သည်။ 
 
ထိုသူနှစ်ဦးက ဟယ်ယဲ့ချင်း၏ ဖော်ရွေမှုကြောင့် အားနာသွားကြပြီး လက်ကာပြကာ ငြင်းဆိုကြသည်။ 

“ရပါတယ် ညီမလေးရယ်… မဟုတ်တာပဲ… ဒါတွေကို ရောင်းလိုက်ပါ…” 
 
“ဒါက သိပ်တန်ဖိုးရှိတာ မဟုတ်ပါဘူး… မြည်းစမ်းကြည့်ပါဦး…” 

ဟယ်ယဲ့ချင်းက ပြုံးလျက် ပြောဆိုသည်။ 
 
သူတို့ကလည်း အားနာနာနှင့်ပင် လက်ခံလိုက်ကြရတော့သည်။ သူမအပေါ် ထားရှိခဲ့သော ‘ငါတို့ စျေးကွက်ကို လာလုတာလား’ ဆိုသည့် ရန်လိုစိတ်များလည်း ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားခဲ့သည်။ 
 
ဝယ်သူများ သိပ်မလာသေးသည်ကို မြင်သဖြင့် ဟယ်ယဲ့ချင်းသည် လီအားကွေ့အတွက် နောက်ထပ် တစ်ပွဲကို အမြန်ပြင်ဆင်လိုက်သည်။ ထို့နောက် သူမက ဘေးမှ ဆိုင်ရှင်နှစ်ဦးကို ပြောခဲ့သည်။ 

“အစ်ကိုနဲ့ အစ်မ… ကျွန်မ စျေးထဲကို ခဏသွားလိုက်ဦးမယ်… ဆိုင်လေးကို ခဏလောက် ကြည့်ပေးလို့ ရမလား… ချက်ချင်း ပြန်လာခဲ့ပါ့မယ်…” 
 
ပေါက်စီရောင်းသော အစ်မကြီးက ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။ 

“ရတာပေါ့ ညီမလေးရဲ့… အစ်မတို့ဆီသာ စိတ်ချလက်ချ အပ်ထားလိုက်…” 
 
ဟယ်ယဲ့ချင်းက သူမကို ပြုံးပြပြီး စျေးထဲသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။ 
 
စျေးထဲရှိ လီအားကွေ့၏ ဆိုင်ခန်းက မဝေးလှသဖြင့် ဟယ်ယဲ့ချင်းက သူ့ကို အလွယ်တကူပင် ရှာဖွေတွေ့ရှိသွားသည်။ သူမက တုတ်ထိုးပွဲကို လီအားကွေ့ထံ ကမ်းပေးလျက် ပြုံးရွှင်စွာ ပြောလိုက်သည်။ 

“ဦးလေးအားကွေ့… ဦးလေးက မြန်မြန်ထွက်သွားတာကိုး… ရော့… ဒါက ဦးလေးအတွက်ပါ…” 
 
လီအားကွေ့က အံ့အားသင့်သွားပြီးနောက် အေးစက်သော လေသံဖြင့် အမြန်ငြင်းဆိုသည်။ 

“ဒါကို ပြန်ယူသွားပြီး ရောင်းလိုက်ပါ…” 
 
ဟယ်ယဲ့ချင်းကမူ ဇွတ်ပင် သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး ဆိုလိုက်သည်။ 

“ကျွန်မဆီမှာ အများကြီး ကျန်ပါသေးတယ် ဦးလေးအားကွေ့ရယ်… ယူထားလိုက်ပါ… ကျွန်မ အမြန်ပြန်ရမယ်… ဆိုင်မှာ လူတစ်ယောက် စောင့်ပေးနေတာ…” 
 
လီအားကွေ့က လက်မခံချင်သေးသည်ကို မြင်သောအခါ ဟယ်ယဲ့ချင်းက ထပ်ပြောလိုက်သည်။ 

“ပြီးတော့ ဒါက အလကား ပေးတာလည်း မဟုတ်ပါဘူးနော်… စျေးထဲကလူတွေ ဒီတုတ်ထိုးအကြောင်း မေးရင် ကျွန်မအတွက် ကြော်ငြာပေးဦးလေ…” 
 
သူမ စကားဆုံးသည်နှင့် လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးက လှမ်းမေးသည်။ 

“ဝါးတုတ်ထိုးနဲ့ ထိုးထားတဲ့ အဲဒါက ဘာလဲဟင်… အနံ့က တော်တော်မွှေးတာပဲ…” 
 
ဟယ်ယဲ့ချင်းကလည်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။ 

“ဒါကို ‘အမွှေးအကြိုင် တုတ်ထိုး’ လို့ ခေါ်ပါတယ်… စျေးအဝင်နားမှာ ရောင်းနေတာပါ… အစ်မ စိတ်ဝင်စားရင် လာကြည့်လှည့်ပါဦး…” 
 
“ဟုတ်လား… ဒါဆို စျေးဝယ်ပြီးရင် သွားကြည့်ရမယ်…” 
 
ထိုစကားကို ကြားသောအခါ လီအားကွေ့သည် ငြင်းဆန်ခြင်း မပြုတော့ဘဲ တုတ်ထိုးပွဲကို သူ့ဆိုင်ခန်းတွင် လူအများ မြင်သာသော နေရာ၌ အထင်အရှား တင်ထားလိုက်လေသည်။ 
 
တုတ်ထိုးပွဲကို ပေးပြီးနောက် ဟယ်ယဲ့ချင်းသည် သူမ၏ဆိုင်သို့ ခပ်မြန်မြန် ပြန်လာခဲ့သည်။ 
 
ဤအချိန်တွင် ဆိုင်ရှေ့၌ လူအနည်းငယ် စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ 
 
ပေါက်စီရောင်းသည့် အစ်မကြီးက ဟယ်ယဲ့ချင်းကို လက်ညှိုးထိုးပြလျက် ပြောလိုက်သည်။ 

“ဟိုမှာ… ဆိုင်ရှင် ရောက်လာပြီ…” 
 
ဟယ်ယဲ့ချင်းက အမြန် လျှောက်လာခဲ့သည်။ 
 
“ဆိုင်ရှင်… မင်းရောင်းတဲ့ ဒီဆန်းဆန်းပြားပြား အရာက ဘာလဲဟင်…” 
တစ်ဦးက မေးသည်။ 
 
ဆိုင်းဘုတ်ပေါ်တွင် ရေးထားသော်လည်း ဟယ်ယဲ့ချင်းက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။ 

“ဒါကို အမွှေးအကြိုင် တုတ်ထိုးလို့ ခေါ်ပါတယ်…” 
 
“ဘယ်လို ရောင်းတာလဲ… အသားရော အသီးအရွက်ရော ရောရောင်းတာလား…” 
 
“ဒါက အသားဖြစ်ဖြစ်၊ အသီးအရွက်ဖြစ်ဖြစ် တစ်ချောင်းချင်းစီ ရောင်းတာပါ… တစ်ချောင်းကို ဆယ်ဆင့်ပဲ ပေးရပါတယ်…” 
 
အသီးအရွက်များအတွက်မူ ဝါးတုတ်ထိုးတစ်ချောင်းတွင် အပြည့်ထိုးထားပြီး အသားများအတွက်မူ တုတ်ထိုးတစ်ချောင်းတွင် နှစ်တုံးမှ သုံးတုံးခန့်သာ ပါရှိသည်။ 
 
“တစ်ချောင်းကို ဆယ်ဆင့်ဆိုတော့ နည်းနည်း ဈေးမကြီးဘူးလား…” 
 
“ဒါမျိုး တစ်ခါမှလည်း မမြင်ဖူး၊ မစားဖူးသေးဘူး… အရသာရော ရှိရဲ့လား…” 
အမျိုးသမီးတစ်ဦးက တွေဝေစွာ မေးသည်။ 
 
“အရသာရှိပါတယ် အစ်မရယ်… တကယ်လို့ အရသာမရှိရင် ပိုက်ဆံမပေးပါနဲ့…” 

ဟယ်ယဲ့ချင်းက ပြုံးလျက် အာမခံလိုက်လေသည်။


🖼🖼🖼

🖼အခန်း (၇) 
– ငွေရှာခြင်း 

ထိုအမျိုးသမီးက အာမခံချက်ကြောင့် ပြုံးရွှင်သွားပြီး ကြာစွယ်တုတ်ထိုးတစ်ချောင်းကို ကောက်ကိုင်ကာ ဆိုသည်။ 

“ညီမလေး… မင်းပြောတာနော်… အရသာမရှိရင် ပိုက်ဆံမပေးဘူးနော်…” 
 
“ဟုတ်ကဲ့ပါ… မြည်းစမ်းကြည့်ပါဦး…” 
ဟယ်ယဲ့ချင်းက သဘောကောင်းစွာဖြင့် တုံ့ပြန်လိုက်သည်။ 
 
အမျိုးသမီးက ကြာစွယ်တုတ်ထိုးတစ်ချောင်းကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ပါးလွှာပြီး ကြွပ်ဆတ်သော ကြာစွယ်ကွင်းလေးထဲသို့ ငရုတ်ဆီ အရသာများ စိမ့်ဝင်နေသဖြင့် အလွန်ပင် ခံတွင်းတွေ့စေသည်။ ဝါးလိုက်တိုင်း ကြွပ်ကြွပ်နှင့် မြည်နေပြီး စပ်ဖျဉ်းဖျဉ်းနှင့် မွှေးကြိုင်လှသော ဟင်းရည်အရသာသည် ကြာစွယ်၏ အချိုဓာတ်နှင့် ပေါင်းစပ်ကာ လျှာဖျားပေါ်တွင် အရသာ ပေါက်ကွဲသွားသဖြင့် ထိုအမျိုးသမီး၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားတော့သည်။ 
 
ဘေးမှလူကလည်း စိတ်လောစွာဖြင့် မေးသည်။ 
“ဘယ်လိုလဲဟင်… အရသာ ရှိရဲ့လား…” 
 
အမျိုးသမီးက ကျန်ရှိသော ကြာစွယ်ကို ပါးစပ်ထဲသို့ အမြန်ကောက်ထည့်လိုက်ပြီး ဝါးရင်းတန်းလန်းဖြင့် ပြောလေသည်။ 

“အရသာရှိတယ်… တကယ့်ကို စွဲမက်ဖို့ကောင်းတာပဲ… ငါ့ကို တစ်မျိုးစီကို တစ်ချောင်းစီ ပေးပါဦး…” 
 
“ဟုတ်ကဲ့ပါ…” 

ဟယ်ယဲ့ချင်းက အမျိုးအစား တစ်ခုစီမှ တစ်ချောင်းစီကို ကျွမ်းကျင်စွာ ရွေးထုတ်ပေးပြီး ပြောလိုက်သည်။ 

“ရပါပြီ အစ်မ… အားလုံးပေါင်း တစ်ယွမ်နဲ့ ဆင့်နှစ်ဆယ် ကျပါတယ်…” 
 
ဤသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများကလည်း ပိုက်ဆံများကို မထုတ်ဘဲ မနေနိုင်ကြတော့ပေ။ 
 
အချို့က စမ်းသပ်ကြည့်ရန်အတွက် တစ်ချောင်း ဝယ်ယူကြပြီး အချို့ကမူ တစ်ခါတည်းနှင့် အများအပြား ဝယ်ယူကြသည်။ 
 
ဟယ်ယဲ့ချင်း၏ မျက်နှာထက်တွင်မူ အမြဲတစေ အပြုံးပန်း ဆင်လျက်ရှိပြီး ချိုသာပျူငှာသော အမူအရာများဖြင့် ဆက်ဆံဧည့်ခံနေလေသည်။ 
 
အသက်သိပ်မကြီးသေးသော အမျိုးသမီးများကို “အစ်မ” ဟု ခေါ်ပြီး အမျိုးသားများကိုမူ “အစ်ကို” ဟု ခေါ်သည်။ မိမိထက်ငယ်သူများကိုမူ ခေတ်အသုံးအနှုန်းအတိုင်း “မောင်လေး” သို့မဟုတ် “ညီမလေး” ဟု ခေါ်ဝေါ်ပြီး ကလေးများကိုမူ “သူငယ်ချင်းလေး” သို့မဟုတ် “ကလေးလေး” ဟု ခေါ်ဆိုသည်။ 
 
အချိန်ကာလတစ်ခုအတွင်း ဟယ်ယဲ့ချင်း၏ ဆိုင်ခန်းလေးက လူစည်ကားပြီး အလွန်အလုပ်ရှုပ်သွားခဲ့သည်။ 
 
လူဟူသည် သဘာဝအတိုင်းပင် လူစည်ကားရာသို့ သွားရောက်အားပေးချင်ကြပေသည်။ ဤနေရာတွင် လူအများအပြား စုရုံးနေကြသည်ကို မြင်သောအခါ ကောင်းသည့်အရာ တစ်ခုခုရှိရမည်ဟု တွေးတောကာ ဝိုင်းအုံလာကြလေသည်။ 
 
ရလဒ်အနေဖြင့် လူအုပ်ထဲမှ ပြန်ထွက်လာသူတိုင်း၏ လက်ထဲတွင် အနည်းဆုံး တုတ်ထိုးတစ်ချောင်းစီ ပါလာကြသည်။ 
 
တစ်နာရီမပြည့်မီအချိန်အတွင်းမှာပင် ဟယ်ယဲ့ချင်း ပြင်ဆင်လာသော တုတ်ထိုးအချောင်းရေ ရာဂဏန်းက အကုန်လုံး ပြတ်သွားခဲ့လေသည်။ 
 
မဝယ်လိုက်ရသူများကမူ စိတ်ပျက်သွားကြပြီး မေးကြသည်။ 

“ဘယ်လိုဖြစ်လို့ အကုန်ကုန်သွားတာလဲ… နောက်ကျရင် ရောင်းဦးမှာလား…” 
 
ဟယ်ယဲ့ချင်းက တောင်းပန်စကား ဆိုလိုက်သည်။ 

“ဒီနေ့အတွက်တော့ ကုန်သွားပါပြီ… စားချင်ရင် မနက်ဖြန်လည်း ဒီနေရာမှာပဲ ရှိနေမှာမို့လို့ လာခဲ့ပါနော်… ကျွန်မဘေးက ပေါက်စီနဲ့ ဖက်ထုပ်စွပ်ပြုတ်တွေကလည်း အရသာ အရမ်းရှိတာမို့လို့ မြည်းစမ်းကြည့်ကြပါဦး…” 
 
ထိုစကားကို ကြားလိုက်ရသောအခါ ဟယ်ယဲ့ချင်း၏ ဆိုင်ရောင်းကောင်းမှုကို မနာလိုဖြစ်နေကြသော ဘေးမှ ဆိုင်ရှင်နှစ်ဦးစလုံးက ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြ၏။ 
 
ဆိုင်စောစော သိမ်းလိုက်ရသဖြင့် လီအားကွေ့၏ ဟင်းသီးဟင်းရွက်များက မကုန်သေးပေ။ ဟယ်ယဲ့ချင်းက ဆိုင်ကို ထိုနေရာတွင်ပဲ ထားခဲ့ပြီး အနီးနားရှိ ဆိုင်ရှင်နှစ်ဦးအား ခေတ္တကြည့်ရှုပေးရန် အကူအညီတောင်းလိုက်သည်။ 
 
ထို့နောက် ကုန်ကြမ်းအသစ်များ ဝယ်ယူရန်အတွက် ခရိုင်မြို့ရှိ ပိုမိုကြီးမားသော အစိုးရသမဝါယမဆိုင်ကြီးထံသို့ ထွက်ခွာခဲ့သည်။ 
 
ကံကောင်းသည်က ယခုနှစ်တွင် ရိက္ခာကူပွန်စနစ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်၏။ သို့မဟုတ်ပါက သူမက ဤမျှအများအပြားကို ဝယ်ယူနိုင်မည် မဟုတ်ပေ။ 
 
သူမ ပစ္စည်းများနှင့်အတူ ပြန်ရောက်လာချိန်တွင် လီအားကွေ့သည်လည်း သိမ်းဆည်းပြီးနေလေပြီ။ 
 
သူတို့နှစ်ဦးစလုံးက မြို့ထဲ၌ အချိန်ဆွဲမနေကြတော့ဘဲ ရာသီဥတု အသင့်အတင့် ကောင်းမွန်နေဆဲအချိန်ကို အခွင့်ကောင်းယူကာ မြည်းလှည်းဖြင့် ရွာသို့ ပြန်ခဲ့ကြသည်။ 
 
တစ်နာရီခန့် ကြာပြီးနောက် ဟယ်ယဲ့ချင်းနှင့် လီအားကွေ့တို့ ရွာသို့ ပြန်လည်ရောက်ရှိလာကြသည်။ 
 
သူတို့က ပေါက်ပြားများကိုယ်စီ ထမ်းကာ လယ်ကွင်းမှ ပြန်လာကြသော ရွာသားများနှင့် ဆုံတွေ့ကြလေသည်။ ပုံမှန်အတိုင်းပင် လီအားကွေ့က နှုတ်ဆိတ်နေပြီး ဟယ်ယဲ့ချင်းကမူ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။ 
 
ရွာသားတစ်ဦးက မြည်းလှည်းကို လှမ်းကြည့်ပြီး မေးလာသည်။ 

“ချင်းချင်း… မင်းရဲ့ တုတ်ထိုးတွေ အကုန်ရောင်းလိုက်ရလား…” 
 
“ရောင်းလိုက်ရတယ်…”  
ဟယ်ယဲ့ချင်းက ရွှင်လန်းစွာဖြင့် ပြန်ပြောလိုက်သည်။

ထိုအဖြေကို ကြားသောအခါ မေးမြန်းသူက အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်သွားပြီး ဆိုသည်။ 

“မင်း တကယ်ပဲ အကုန်ရောင်းလိုက်ရတာလား…” 
 
“မြို့ပေါ်ကလူတွေက ဒါမျိုး တစ်ခါမှမမြင်ဖူးတော့ အဆန်းအပြားအနေနဲ့ မြည်းစမ်းကြည့်ချင်ကြတာပါ အဒေါ်တို့ရယ်…” 

ဟယ်ယဲ့ချင်းက ပြုံးလျက် ရှင်းပြသည်။  

“ကျွန်မဆီမှာ ဟင်းရည်အနှစ်တွေ ကျန်သေးတယ်… အဒေါ်တို့ ဒီနေ့မွန်းလွဲပိုင်းကျရင် အိမ်ဘက်ကို လာပြီး မြည်းစမ်းကြည့်ကြပါဦးနော်…” 
 
“အားနာစရာကြီးကွယ်… မဟုတ်တာပဲ… မလိုပါဘူး…” 
 
“အားမနာပါနဲ့ အဒေါ်တို့ရယ်… ပြီးတော့ မနေ့ကလည်း အဒေါ်တို့က တုတ်ထိုးတွေ ဝိုင်းထိုးပေးကြတာပဲဥစ္စာ… ဒါက အပြန်အလှန်ပေါ့…” 
 
ဟယ်ယဲ့ချင်း၏ စကားကြောင့် ရွာမှ အမျိုးသမီးကြီး အနည်းငယ်က စိတ်ထဲတွင် ကျေနပ်နှစ်သိမ့်သွားကြသည်။ 
 
ပြောသည့်အတိုင်းပင် ထိုနေ့မွန်းလွဲပိုင်း၌ သူတို့က ဟယ်မိသားစုအိမ်သို့ ရောက်ရှိလာကြသည်။ 
 
သူတို့သည် အလကား လာစားကြခြင်း မဟုတ်ခြင်းက သိသာပေသည်။ အမျိုးသမီး အနည်းငယ်က ဟယ်ယဲ့ချင်းကို ကူညီရန် အတင်းအကျပ် ဆန္ဒပြုကာ တုတ်ထိုးများကို ဆက်လက် ဝိုင်းထိုးပေးကြသဖြင့် သူမအတွက် အလုပ်များစွာ သက်သာသွားခဲ့သည်။ 
 
ညနေမိုးချုပ်သည်အထိ အလုပ်ရှုပ်ပြီးနောက်မှသာ ဟယ်ယဲ့ချင်းသည် ယနေ့ရရှိသော ငွေများကို ရေတွက်ရန် အချိန်ရတော့သည်။ 
 
သူမက ပထမဆုံးအကြိမ် ဆိုင်ဖွင့်ခြင်း ဖြစ်သောကြောင့် ယမန်နေ့က တုတ်ထိုးများကို အနည်းငယ်သာ ခန့်မှန်းပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ အသီးအရွက် တုတ်ထိုး အချောင်းရေ ၅၀၀ ကျော်နှင့် အသားတုတ်ထိုး အချောင်းရေ ၁၀၀ ကျော်ခန့်သာ ရှိလိမ့်မည်။ 
 
ပြန့်ကျဲနေသော အကြွေစေ့အားလုံးကို တစ်ကြိမ် ရေတွက်ပြီးနောက်၊ ယနေ့ ကုန်ကြမ်းဝယ်ယူရာတွင် အသုံးပြုခဲ့သော ငွေများကိုပါ ပေါင်းထည့်လိုက်သောအခါ ဟယ်ယဲ့ချင်း၏ ယနေ့ ဝင်ငွေက မထင်မှတ်ဘဲ ၇၇ ယွမ်နှင့် ဆင့် ၄၀ အထိ ရှိနေသည်ကို တွေ့လိုက်ရ၏။ 
 
အရင်းအနှီးများကို နုတ်လိုက်ပြီးနောက် အသားတင်အမြတ်က ၆၂ ယွမ် ဖြစ်သည်။ 
 
သရေစာဆိုင်များ ငွေရနိုင်သည်ကို ဟယ်ယဲ့ချင်းက အမြဲ သိရှိထားသော်လည်း ဤမျှအထိ အများအပြား ရရှိလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိပေ။ 
 
ရှီနန်ခရိုင်ရှိ ဝန်ထမ်းများ၏ ပျမ်းမျှ လစာက တစ်လလျှင် ယွမ် ၂၀၀ ပင် မပြည့်ပေ။ 
 
ဤနှုန်းအတိုင်းဆိုလျှင် သူမက နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း သူတစ်ပါး၏ တစ်လစာ ဝင်ငွေကို ရရှိနိုင်မည် ဖြစ်သည်။ 
 
မဟုတ်သေးပေ။ ထို့ထက်ပင် ပိုမိုရရှိနိုင်သေးသည်။ 
 
တုတ်ထိုးလုပ်ငန်း၏ ဆွဲဆောင်မှုအရှိဆုံး အနှစ်သာရကို ဟယ်ယဲ့ချင်းထက် ပိုမိုနားလည်သူ မရှိပေ။ ယနေ့ရရှိသော အောင်မြင်မှုက စတင်ခြင်းမျှသာ ရှိသေးလေသည်။

***
 
နောက်တစ်နေ့ မနက်ခင်းတွင်လည်း ဟယ်ယဲ့ချင်းသည် ယမန်နေ့ကအတိုင်းပင် အိပ်ရာမှ စောစောထကာ လီအားကွေ့နှင့်အတူ ကုန်ပစ္စည်းများနှင့် ဆိုင်သုံးပစ္စည်းများကို မြည်းလှည်းပေါ်သို့ အစီအရီ မ,တင်လိုက်ကြသည်။ သို့သော်လည်း ယနေ့ ပြင်ဆင်လာသော အစားအသောက် အရေအတွက်က ယမန်နေ့ကထက် နှစ်ဆထက်မက ပိုမိုများပြားလှသဖြင့် လှည်းအပြည့် ဖြစ်နေတော့သည်။ 
 
သူတို့နှစ်ဦးက ပုံမှန်အတိုင်းပင် ခရီးနှင်လာခဲ့ကြပြီး ယမန်နေ့က ဆိုင်ခင်းခဲ့သည့် နေရာဟောင်းသို့ အချိန်မှန် ရောက်ရှိလာခဲ့ကြသည်။ 
 
လီအားကွေ့က မြည်းလှည်းကို ရပ်တန့်ပေးလိုက်သည်နှင့် ဟယ်ယဲ့ချင်းက လှည်းပေါ်မှဆင်းကာ ပစ္စည်းများ ချရန် ပြင်ဆင်လိုက်သော်လည်း သူမ မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။ ဘေးဆိုင်မှ ပေါက်စီရောင်းသော အစ်မနှင့် ဖက်ထုပ်ရောင်းသော အစ်ကိုဖြစ်သူတို့က သူမကို မြင်သည်နှင့် တက်တက်ကြွကြွဖြင့် ဆိုင်ရှေ့သို့ အပြေးအလွှား ရောက်ရှိလာပြီး ပစ္စည်းများ ဝိုင်းချပေးကြလေသည်။ 
 
ထိုမျှသာမကသေး၊ ဟယ်ယဲ့ချင်း ယမန်နေ့က ဆိုင်ခင်းခဲ့သည့် လမ်းဘေးနေရာလွတ်လေးကလည်း ဖုန်တစ်မှုန်မျှမရှိအောင် အပြောင်အစင် ရှင်းထားပြီးသား ဖြစ်နေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။ 
 
ဟယ်ယဲ့ချင်း၏ အံ့အားသင့်သွားသော မျက်နှာကို ကြည့်ပြီး ပေါက်စီရောင်းသည့် အစ်မက ပြုံးရွှင်စွာဖြင့် ရယ်မောလျက် ရှင်းပြလာသည်။ 

“ညီမလေး ဒီနေရာမှာ ဆိုင်လာခင်းပေးလို့ အစ်မတို့ဆိုင်တွေလည်း ရောင်းကောင်းသွားတာ သိလား… ဒါကြောင့် အစ်မတို့က ကြိုပြီး ရှင်းလင်းပေးထားတာပေါ့…” 
 
ယမန်နေ့ညက ပေါက်စီရောင်းသည့်အစ်မသည် အိမ်ပြန်ရောက်၍ စာရင်းဇယားများကို တွက်ချက်ကြည့်ရာ တစ်နေ့တာ ဝင်ငွေက ပုံမှန်ထက် ထက်ဝက်နီးပါး ပိုမိုများပြားနေသည်ကို တွေ့ရှိခဲ့ရသည်။ သေသေချာချာ ပြန်လည် စဉ်းစားသုံးသပ်ကြည့်သောအခါ ဤသည်က ဟယ်ယဲ့ချင်းကြောင့် ဖြစ်သည်ကို သူမ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ 
 
ဟယ်ယဲ့ချင်း ရောင်းချသောတုတ်ထိုးက စားချင်စဖွယ်ကောင်းပြီး အရသာရှိလှသော်လည်း အစားအသောက် သဘောမျိုး ဗိုက်ပြည့်စေရန် စားနိုင်သောအရာ မဟုတ်ပေ။ ဝယ်သူအများစုက အဆာပြေ သရေစာအဖြစ် အာသာပြေရုံသာ ဝယ်ယူစားသုံးကြခြင်း ဖြစ်သည်။ ထို့ကြောင့် တကယ်တမ်း ဗိုက်ဝလိုသောအခါတွင်မူ အနီးနားရှိ အဝစားနိုင်သည့် ပေါက်စီ၊ မုန့်ပေါင်းနှင့် ဖက်ထုပ်ခေါက်ဆွဲပြုတ်ဆိုင်များသို့ သဘာဝအတိုင်း ခြေဦးလှည့်လာကြလေသည်။ ထို့အပြင် ဟယ်ယဲ့ချင်းကိုယ်တိုင်ကလည်း ယမန်နေ့က ဝယ်သူများကို သူမ၏ ဆိုင်ဘေးမှ မနက်စာဆိုင်များသို့ သွားရောက်အားပေးရန် နှုတ်ဖြင့် ကူညီကြော်ငြာပေးခဲ့သေးသည်။ 
 
ဤအကြောင်းရင်းကြောင့်ပင် ပေါက်စီရောင်းသည့် အစ်မက ယနေ့နံနက် စောစောစီးစီး၌ပင် ဟယ်ယဲ့ချင်းအပေါ် ဤမျှအထိ လှိုက်လှိုက်လှဲလှဲနှင့် ထက်ထက်သန်သန် ကူညီပေးနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးက ဟယ်ယဲ့ချင်းရှိနေခြင်းကြောင့် စီးပွားရေး ပိုမိုတွက်ချေကိုက်လာကြသဖြင့် ကျေးဇူးဆပ်ချင်ကြသည်က အမှန်ပင်။ 

ထိုမျှပင်မကသေး ဟယ်ယဲ့ချင်းကို ဤနေရာတွင်ပင် နေ့စဉ်နေ့တိုင်း ဘေးချင်းကပ် ဆိုင်ခင်းစေချင်ကြသည်။ ဘေးမှ ဖက်ထုပ်ရောင်းသော အစ်ကိုကြီးကလည်း ဤအတိုင်းပင် တွေးတောထားပုံရ၏။ ထို့ကြောင့်ပင် နံနက်စောစောကတည်းက ဟယ်ယဲ့ချင်း ဆိုင်ခင်းမည့် နေရာကို သေသေချာချာ တံမြက်လှည်း ရေပက်ပေးထားခဲ့ခြင်း ဖြစ်သည်။ 
 
ပတ်ဝန်းကျင် ဘေးဆိုင်များမှ ဆိုင်ရှင်များ၏ ရိုးသားလှသော စေတနာနှင့် ကူညီလိုစိတ်ကို မြင်တွေ့ရသောအခါ ဟယ်ယဲ့ချင်းက အလွန်အံ့ဩဝမ်းသာသွားပြီး ကျေးဇူးစကားကို လှိုက်လှိုက်လှဲလှဲ ပြောကြားလိုက်သည်။ 

သူမ၏ နွေးထွေးလှသော တုံ့ပြန်မှုကြောင့် ပေါက်စီရောင်းသည့် အစ်မနှင့် ဖက်ထုပ်ရောင်းသည့် အစ်ကိုကြီးတို့က အားရပါးရ ပြုံးပျော်သွားကြပြီး ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ နောင်တွင် အကူအညီ လိုအပ်သည်များရှိပါက အချိန်မရွေး လှမ်းခေါ်နိုင်ကြောင်း ကတိကဝတ်ပြုကြလေတော့သည်။ 
 
… 
 
ဟယ်ယဲ့ချင်း ဆိုင်ခင်းပြီးရုံမျှသာ ရှိသေးသော်လည်း ဝယ်သူများက တစ်ဦးပြီးတစ်ဦး ဆက်တိုက်ဆိုသလို ရောက်ရှိလာကြသည်။ 
 
ဝယ်သူတစ်ဦးက တုတ်ထိုးများကို ရွေးချယ်နေစဉ် ပြုံးလျက် ပြောလာသည်။ 

“ငါ ဒီနားမှာ လမ်းလျှောက်ပြီး စောင့်နေတာ ကြာပြီ… ညီမလေးက အခုမှ ရောက်လာတော့တယ်…” 
 
“မတတ်နိုင်ဘူးလေ အစ်ကိုရယ်… ညီမရဲ့ အိမ်က ဒီမြို့နဲ့ နည်းနည်း လှမ်းလို့ပါ…” 

ဟယ်ယဲ့ချင်းက အားနာစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ 
 
နေ့စဉ်နေ့တိုင်း ဝေးလံလှသော ခရီးကို သွားလာနေရခြင်းက တကယ်တမ်း၌လည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်နေသည်။ အမှန်အတိုင်း ပြောရလျှင် ယခုရောင်းချနေရသော တုတ်ထိုးလုပ်ငန်း၏ ဝင်ငွေရှာဖွေနိုင်စွမ်းကို ထည့်တွက်မည်ဆိုပါက ဟယ်ယဲ့ချင်းက ခရိုင်မြို့ထဲ၌ ဆိုင်ခန်းအသေးတစ်ခန်းကို အလွယ်တကူ ငှားရမ်းကာ စားသောက်ဆိုင်ငယ်လေးတစ်ဆိုင် ဖွင့်လှစ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဤအတွေးက သူမ၏ ခေါင်းထဲသို့ ရုတ်တရက် ဖျတ်ခနဲ ဝင်ရောက်လာပြီး ဟယ်ယဲ့ချင်းသည် ထိုအချက်ကို သေသေချာချာ လေးလေးနက်နက် စတင်စဉ်းစားမိတော့သည်။ 
 
အကယ်၍ ဆိုင်ခန်းငှားရမ်းမည်ဆိုပါက ရှေ့တွင် စီးပွားရေးလုပ်ပြီး နောက်ဘက်တွင် နေထိုင်နိုင်မည့် ‘ရှေ့ဆိုင်-နောက်အိမ်’ ပုံစံမျိုးကို ငှားရမ်းခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။ ပထမဦးစွာ၊ သူမက ယခုကဲ့သို့ နေ့စဉ်နေ့တိုင်း ပစ္စည်းများကို သယ်ယူပို့ဆောင်နေရသည့် ပင်ပန်းမှုကို ခံစားရတော့မည်မဟုတ်သလို အပြင်ဘက်တွင် နေပူမိုးရွာ လေဒဏ်ခံရသည့် ဒုက္ခမှလည်း ကင်းဝေးသွားမည်ဖြစ်သည်။ 
 
ထို့ထက် ပိုမိုအရေးကြီးသည်က သူမက ဟယ်မိသားစုအိမ်မှ ပြောင်းရွှေ့နေထိုင်နိုင်မည် ဖြစ်ခြင်းပင်။ 
 
ဒုတိယအချက်အနေဖြင့် နျိုချွန်းဟုန်က ဟယ်ယဲ့ချင်း၏ လုပ်ငန်းကို အတိအလင်း ပိတ်ပင်တားဆီးခြင်း မပြုသော်လည်း နောက်ကွယ်မှနေ၍ စိတ်ဓာတ်ကျစေမည့် စကားမျိုး၊ လှောင်ပြောင်သရော်သည့် စကားမျိုးကို အမြဲတစေ ပြောဆိုနေသဖြင့် ဟယ်ယဲ့ချင်း စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ဟယ်အာ့ရွှမ်းကလည်း ဟယ်ယဲ့ချင်း လုပ်နေသော ဤအလုပ်က ဂုဏ်သရေရှိသော အလုပ်တစ်ခုမဟုတ်ဟု ယူဆထားသဖြင့် သူမအပေါ် မကျေမနပ် ဖြစ်နေသည်။ ထို့အပြင် ဟယ်မိသားစု၏ မီးဖိုချောင်ထဲတွင် နေ့စဉ်နေ့တိုင်း တုတ်ထိုးကုန်ကြမ်းများကို ပြင်ဆင်နေရခြင်းကလည်း သူမကို အားနာစိတ်ဖြစ်စေပြီး အနေရခက်စေသည်။ အကယ်၍ သူမသာ ဟယ်မိသားစုအိမ်မှ ထွက်သွားနိုင်ပါက စိတ်လွတ်ကိုယ်လွတ်၊ ပိုမိုပေါ့ပါးပြီး သက်တောင့်သက်သာ ရှိသွားပေလိမ့်မည်။ 
 
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အရှုပ်တော်ပုံ ဖြစ်ရပ်ဆိုးကို ကြုံတွေ့ပြီးကတည်းက ဟယ်ယဲ့ချင်းသည် ဟယ်မိသားစုအပေါ် လုံးဝဥဿုံ စိတ်ပျက်အားလျော့သွားခဲ့ပြီး ဖြစ်သည်။ သူတို့က မိသားစု ဖြစ်နေသဖြင့် အပြတ်အသတ် ရန်ဖြစ်လမ်းခွဲ၍ မရနိုင်သော်လည်း ယခုကဲ့သို့ အနည်းငယ် အလှမ်းကွာဝေးအောင် နေထိုင်ခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။ 
 
ထို့အပြင် ဝယ်သူများဘက်မှ ကြည့်မည်ဆိုလျှင်လည်း သီးသန့်ဆိုင်ခန်းတစ်ခု ရှိနေခြင်းက တုတ်ထိုးလာရောက် စားသုံးရန်အတွက် ပိုမိုအဆင်ပြေ လွယ်ကူစေမည်ဖြစ်သည်။ ယခုလက်ရှိ ဆိုင်ငယ်လေးက သေးငယ်လွန်းလှသဖြင့် ဝယ်သူများသည် အိမ်သို့ ပါဆယ်ထုတ်ယူသွားကြရုံ သို့မဟုတ် ဆိုင်ဘေးတွင် မတ်တတ်ရပ်လျက် ခပ်သုတ်သုတ် စားသောက်သွားကြရုံသာ တတ်နိုင်ကြသည်။ အကယ်၍ ဆိုင်ခန်းသာရှိပါက ဆိုင်တွင်းရှိ စားပွဲနှင့် ကုလားထိုင်များတွင် သေသေချာချာ ထိုင်ကာ အေးအေးလူလူ စားသုံးနိုင်မည် ဖြစ်သည်။ 
 
၎င်းအပြင် ဆိုင်ခန်းငှားရမ်းလိုက်ပါက နေ့ဘက် ဆိုင်ဖွင့်ချိန် နာရီအပိုင်းအခြား ကန့်သတ်ချက်များ ရှိတော့မည်မဟုတ်ပေ။ ကုန်ကြမ်းများ ကုန်သွားပါကလည်း အချိန်မရွေး ချက်ချင်း ထပ်မံဖြည့်တင်းနိုင်သည်။ ယခုကဲ့သို့ ဆိုင်ရှိ အစားအစာများ ကုန်သွားချိန်တွင် ဝယ်သူက ပိုက်ဆံကိုင်ပြီး လာဝယ်လျှင်ပင် ထပ်မံရောင်းချပေးနိုင်ခြင်းမရှိသည့် နှမြောစရာ အခြေအနေမျိုး ကြုံတွေ့ရတော့မည် မဟုတ်ပေ။ 
 
… 
 
ဆိုင်ခန်းဖွင့်လှစ်ခြင်း၏ ကောင်းကျိုး အဖြာဖြာကို တွေးတောနေမိသော်လည်း ဟယ်ယဲ့ချင်းသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးပေ။ 
 
သူမ စိုးရိမ်ပူပန်မိဆုံး အချက်က ယခုတုတ်ထိုးလုပ်ငန်းသည် ရေရှည်တွင် မည်မျှအထိ ခိုင်မာမှုရှိမည်ကို မသေချာခြင်းပင် ဖြစ်သည်။ ယခုအချိန်တွင် စီးပွားရေးလုပ်နေသည်က အမှန်ပင်ဖြစ်သော်လည်း ဟယ်ယဲ့ချင်း၏ စိတ်ကူးရည်မှန်းချက်က တစ်ခါမျှ ပြောင်းလဲသွားခြင်းမရှိပေ။ သူမက ပေကျင်းတက္ကသိုလ်သို့ မဖြစ်မနေ တက်ရောက်လိုသည်။ 
 
အကယ်၍ ဆိုင်ခန်းငှားရမ်းလိုက်သည့်တိုင်အောင် ဤလုပ်ငန်းက ရေရှည်တည်တံ့ချင်မှ တည်တံ့မည် ဖြစ်သည်။ ထို့ကြောင့် ဆိုင်ခန်းတစ်ခုကို ငှားရမ်းရန် အမှန်တကယ် လိုအပ်ပါ့မည်လားဟု သူမက သံသယဝင်မိသည်။ စဉ်းစားခန်း ဖွင့်နေသော်လည်း အဖြေတစ်ခု မထွက်လာသဖြင့် ဟယ်ယဲ့ချင်းက ဤအတွေးကို လောလောဆယ် ဘေးဖယ်ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 
 
ထားလိုက်ပါတော့လေ… 
 
ဆိုင်ခန်းငှားရမ်းခြင်း ဆိုသည်က ချက်ချင်းတွေး ချက်ချင်း ဆုံးဖြတ်၍ရသော အရာမျိုး မဟုတ်ပေ။ ထို့အပြင် သူမ လိုချင်သည့် ဆိုင်ခန်းပုံစံက စီးပွားရေးနှင့် နေထိုင်ရေး ပူးတွဲပါဝင်သည့် နေရာမျိုး ဖြစ်သဖြင့် မြို့ပေါ်တွင် ထိုကဲ့သို့သော နေရာမျိုးကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်လား ဆိုသည်ကလည်း မသေချာလှပေ။ ဤကာလအတွင်းတွင်မူ သူမကိုယ်တိုင်သာ အနည်းငယ် ပိုမိုပင်ပန်းခံ ကြိုးစားသွားပြီး နောက်ပိုင်းကျမှသာ အစီအစဉ်ကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရပေမည်။ 
 
… 
 
“ဒီနေ့ အရသာအသစ်တွေ ထပ်တိုးထားတာ ရှိလားဟင်…” 

ယမန်နေ့က လာရောက်ဝယ်ယူခဲ့သော ဝယ်သူတစ်ဦးက လှမ်းမေးလာသည်။ 
 
“ရှိပါတယ် အစ်ကို… ဒီနေ့တော့ ကျွန်မတို့ ကျောက်ပွင့် ထပ်တိုးထားပါတယ်…”  

ဟယ်ယဲ့ချင်းက ပြုံးလျက် ပြောလိုက်၏။ 
 
ယမန်နေ့က အစိုးရသမဝါယမဆိုင်သို့ ကျောက်ပွင့်ခြောက် အုပ်စုအသစ် ရောက်ရှိလာသဖြင့် ဟယ်ယဲ့ချင်းက ပြတ်ပြတ်သားသားပင် အများအပြား ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ကျောက်ပွင့်ကြိုက်တတ်သူ တစ်ဦးအနေဖြင့် ဟယ်ယဲ့ချင်းသည် တုတ်ထိုးဟင်းရည်ထဲတွင် ကျောက်ပွင့်မပါဝင်ပါက ပြီးပြည့်စုံသော တုတ်ထိုးဟင်းရည် ဖြစ်မလာနိုင်ဟု ခံယူထားသူ ဖြစ်လေသည်။


🖼🖼🖼🖼အခန်း (၈) 
– အကျပ်အတည်း 


ယနေ့ ပြင်ဆင်လာသော အစားအသောက် ပမာဏက ယမန်နေ့ကထက် များစွာ ပိုမိုများပြားသော်လည်း တစ်နာရီကျော်အတွင်း၌ပင် ကုန်သွားခဲ့ပြန်သည်။ သို့သော်လည်း မဝယ်လိုက်ရသဖြင့် မကျေမနပ် ညည်းညူနေကြသော လူအများအပြားက ရှိနေဆဲပင် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းကမူ အားနာသည့် အပြုံးဖြင့်သာ တောင်းပန်စကား ဆိုနိုင်တော့သည်။ ကြည့်ရသည်က သူမက နေ့စဉ် ရောင်းအားပမာဏကို ခန့်မှန်းရာတွင် အလွန် ရှေးရိုးစွဲဆန်စွာ ခန့်မှန်းမိပုံရပြီး မနက်ဖြန်တွင်မူ ယခုထက် ပိုမိုတိုးမြှင့် ပြင်ဆင်ရပေလိမ့်မည်။ 
 
ထိုသို့နှင့် ဟယ်ယဲ့ချင်း၏ ရှေ့မှောက်သို့ ပြဿနာအသစ်တစ်ခု ထပ်မံရောက်ရှိလာပြန်သည်။ ဆိုင်တွင် သုံးနေသော စားပွဲခေါက်လေးက သေးငယ်လွန်းနေခြင်းပင် ဖြစ်သည်။ 
 
လူအများအပြားက ဤမျှ သေးငယ်လှသော စားပွဲလေးကို ဝိုင်းအုံနေကြရခြင်းကို ကြည့်ရသည်က အနည်းငယ် စုတ်ပြတ်သတ်သလို ဖြစ်နေလေသည်။ ထို့အပြင် တုတ်ထိုးဝယ်လိုအား ပိုမိုမြင့်မားလာသည်နှင့်အမျှ စားပွဲခုံငယ်လေးပေါ်တွင် တုတ်ထိုးဇလုံအားလုံးကို ဆန့်အောင်တင်ရန် ခက်ခဲလာခဲ့သည်။ ယခုလက်ရှိ အခြေအနေအရ ဆိုင်ခန်းငှားသည်ဖြစ်စေ၊ မငှားသည်ဖြစ်စေ ဤစားပွဲခုံအသေးကို ပိုမိုကြီးမားသော စားပွဲခုံကြီးတစ်ခုနှင့် လဲလှယ်ရန်က မဖြစ်မနေ လိုအပ်နေပေပြီ။ 
 
သို့သော်လည်း စားပွဲခုံကြီးတစ်ခုံကို ပြောင်းလဲအသုံးပြုရန်က ထင်သလောက် မလွယ်ကူပေ။ လီအားကွေ့၏ မြည်းလှည်းနောက်တွဲက ဤမျှသာ ကျယ်ဝန်းသည်။ ယခုလက်ရှိ သုံးနေသော ခေါက်စားပွဲအပြင် တုတ်ထိုးများ၊ ဟင်းရည်ပုံးများနှင့် သူမ သယ်ဆောင်ရမည့် မီးဖိုချောင်သုံးပစ္စည်းများဖြင့်ပင် လှည်းတစ်ခုလုံး ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် စားပွဲခုံကြီးတစ်ခုံအတွက် အပိုနေရာ လုံးဝ မရှိတော့ပေ။ 
 
ထို့အပြင် စားပွဲခုံကြီးက အလေးချိန် ကြီးမားမည်က အသေအချာပင်။ သနားစရာ မြည်းလေးက နေ့စဉ်နေ့တိုင်း ရှည်လျားလှသော တောင်ပတ်လမ်းတလျှောက်တွင် ဤမျှလေးလံသော ပစ္စည်းများကို သယ်ဆောင်နေရသဖြင့် ပင်ပန်းနွမ်းနယ်နေရှာပြီဖြစ်ရာ ဟယ်ယဲ့ချင်းက ၎င်းအပေါ် ထပ်မံ၍ ဝန်ထုပ်ဝန်ပိုး မပေးရက်တော့ပေ။ 
 
အဖန်ဖန် စဉ်းစားသုံးသပ်ပြီးသည့်တိုင်အောင် ဟယ်ယဲ့ချင်းက သူမ၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မည့် အဖြေကောင်းကို မရှာဖွေနိုင်သေးပေ။ ဆိုင်ပစ္စည်းများကို သိမ်းဆည်းနေစဉ် သူမက စိတ်မသက်မသာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ 
 
ထိုစဉ် အမျိုးသမီးတစ်ဦး၏ နွေးထွေးသော လှမ်းခေါ်သံကြောင့် ဟယ်ယဲ့ချင်းက သတိဝင်လာခဲ့သည်။ သူမ မော့ကြည့်လိုက်သောအခါ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသော အပြုံးများ ပေါ်လာပြီး နှုတ်ဆက်လိုက်၏။ 

“ကွမ်းလောင်ရှီးပါလား…” 
 
ရောက်ရှိလာသူက အခြားသူမဟုတ်ဘဲ ဆရာကျန်းကော်ဝမ်၏ ဇနီးဖြစ်သူ ဆရာမ ကွမ်းဖန်ကျဲပင် ဖြစ်သည်။ ဆရာမကွမ်းက စျေးထဲမှ ဝယ်ယူလာသော ဟင်းသီးဟင်းရွက် အိတ်များကို သယ်ဆောင်လာပြီး စျေးမှ ထွက်လာပုံရသည်။ 
 
ဆရာမကွမ်းက ဟယ်ယဲ့ချင်းအပေါ် အမြဲတမ်း အထင်ကြီး လေးစားစိတ် ရှိခဲ့သူ ဖြစ်သည်။ သူမက ဟယ်ယဲ့ချင်း သိမ်းဆည်းနေသော ဆိုင်လေးကို ကြည့်ပြီး သဘောကျစွာဖြင့် ခေါင်းညိတ်ကာ ပြောလာသည်။ 

“မနေ့က အိမ်နီးနားချင်းတွေ ပြောသံကြားတယ်… စျေးဝမှာ အနံ့ရော အရသာရော ထူးခြားပြီး သွားရည်ကျလောက်တဲ့ တုတ်ထိုးတွေ ရောင်းနေတဲ့သူ ရှိတယ်ဆိုတာ… အခုကြည့်တော့ မင်း ဖြစ်နေတာကိုး…” 
 
ဟယ်ယဲ့ချင်းက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး အလိုက်တသိ ပြောလိုက်သည်။ 

“ဒီနေ့တော့ တုတ်ထိုးတွေ အကုန်ကုန်သွားပြီ လောင်ရှီးရယ်… မနက်ဖြန်ကျရင်တော့ ကျန်းလောင်ရှီးနဲ့ လောင်ရှီးတို့အတွက် သီးသန့် ပြင်ဆင်လာပြီး ကျွေးပါ့မယ်…” 
 
ဆရာမကွမ်းက သူမကို မျက်စောင်းလေးခဲကာ စနောက်သလို ဟန်လုပ်ကာ ဆူပူလိုက်သည်။ 

“မင်းက ငါတို့တွေကို မင်းရဲ့ တုတ်ထိုးတွေကို သွားရည်ကျနေတယ်လို့ ထင်နေတာလား…” 
 
ဟယ်ယဲ့ချင်းကလည်း ရယ်မောလျက် ဆိုသည်။ 
“မဟုတ်ပါဘူး လောင်ရှီးရယ်… ဒါက သမီးရဲ့ စေတနာ လက်ဆောင်လေးမို့လို့ လောင်ရှီးတို့က မကြိုက်ဘဲ နေမှာ စိုးလို့ပါ…” 
 
အနည်းငယ် စကားစမြည် ပြောဆိုပြီးနောက် ဟယ်ယဲ့ချင်းက မိမိခြေထောက်ပေါ်မိမိ ရပ်တည်ကာ ကိုယ်ပိုင်ငွေရှာနေခြင်း ဖြစ်သည်ကို သိရှိသွားသောအခါ ဆရာမကွမ်းက သူမကို ချီးမွမ်း၍ မဆုံးတော့ပေ။ 
 
မကြာမီအချိန်အတွင်း၌ပင် လီအားကွေ့သည်လည်း မြည်းလှည်းကို မောင်းနှင်လျက် ဆိုင်ရှေ့သို့ ဆိုက်ရောက်လာလေသည်။ 
 
သူတို့ ပစ္စည်းများကို လှည်းပေါ်သို့ တင်နေကြသည်ကို ကြည့်ကာ ဆရာမကွမ်းဖန်ကျဲက  á€™á€™á€ąá€¸á€˜á€˛ မနေနိုင်တော့ပေ။ 

“ဒီပစ္စည်းတွေကို ရွာအထိ ပြန်သယ်သွားမလို့လား… အဲဒါ အလုပ်ရှုပ်လွန်းရာ မကျဘူးလား…” 
 
သူမက ဟယ်ယဲ့ချင်းတို့ မိသားစု နေထိုင်ရာအရပ်ကို သိရှိထားသဖြင့် သူမအတွက် တွေးပြီး သက်ပြင်းချမိခြင်း ဖြစ်သည်။ 
 
“တခြားနည်းလမ်းမှ မရှိတာပဲ လောင်ရှီးရယ်…” 
ဟယ်ယဲ့ချင်းက ပုခုံးလေးတွန့်ပြကာ ပြောလိုက်သည်။ 
 
ပစ္စည်းများကို လမ်းဘေးတွင် ဤအတိုင်း ပစ်ထားခဲ့၍လည်း မရပေ။ ယခုခေတ်ကာလတွင် ပတ်ဝန်းကျင်၏ လုံခြုံရေး အခြေအနေက သိပ်မကောင်းလှဘဲ ခိုးဆိုးလုနှိုက်များကလည်း အလွန်သောင်းကျန်းလှသည်။ ဤပစ္စည်းများက တန်ဖိုးမကြီးလှဟု ဆိုသော်ငြား အခိုးခံရပါက နောက်တစ်ကြိမ်အတွက် အလုပ်ရှုပ်ရပေဦးမည်။

ဆရာမကွမ်းက ပြုံးလိုက်ပြီး အကြံပြုသည်။ 
“ဒါက ခက်တာမှတ်လို့… မင်းဆိုင်က ပစ္စည်းတွေကို ငါတို့အိမ်မှာပဲ လာထားလိုက်ပါလား… ဒါဆိုရင် ဝေးလံလှတဲ့ လမ်းခရီးကို နေ့တိုင်း သယ်မနေရတော့ဘူးပေါ့…” 
 
“အိုး… လောင်ရှီးတို့အိမ်က…”  
ဟယ်ယဲ့ချင်းက အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ 
 
“ဪ… ချင်းချင်းက မသိသေးဘူးပဲ… ဒီစျေးကနေ ငါတို့အိမ်ကို လျှောက်သွားရင် ခြေလှမ်းနည်းနည်းလောက်ပဲ ဝေးတာ…” 

ဆရာမကွမ်းက ရှင်းပြသည်။ 
 
ဟယ်ယဲ့ချင်းက ဆရာမကွမ်းတို့အိမ်တွင် ရက်အနည်းငယ်ခန့် တည်းခိုဖူးသော်လည်း ထိုစဉ်က ကျောင်းသွားရသည့် လမ်းကြောင်းက အခြားတစ်ဖက်မှ ဖြစ်နေခဲ့သဖြင့် ဆရာမကွမ်းတို့အိမ်နှင့် ဤစျေးက ဤမျှအထိ နီးကပ်နေမှန်း သူမ အမှန်တကယ်ပင် မသတိထားမိခဲ့ပေ။ 
 
ဆရာမကွမ်း၏ အကြံပြုချက်ကို တွေးတောမိသောအခါ ဟယ်ယဲ့ချင်း၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားတော့သည်။ 
 
ဒါက အိပ်ချင်နေတုန်း ခေါင်းအုံးကောက်ရသလိုမျိုး၊ အချိန်ကိုက် အကူအညီလိုက်တာပဲ မဟုတ်ဘူးလား… 
 
နောက်ဆုံးတွင် သူမ၏ စားပွဲခုံကြီးကို သိမ်းဆည်းထားနိုင်မည့် နေရာတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။ ဆရာမကွမ်းတို့အိမ်က စျေးနှင့် နီးကပ်နေသဖြင့် စားပွဲခုံကြီးအပါအဝင် အခြား စားပွဲ၊ ကုလားထိုင် အသေးလေးများကိုပါ ထိုအိမ်တွင် အလွယ်တကူ သွားရောက်သိမ်းဆည်းနိုင်ပြီး ဆိုင်ဖွင့်မည့်အချိန်ကျမှသာ သယ်လာရုံပင် ဖြစ်သည်။ 
 
လမ်းကလည်း ခြေလှမ်းအနည်းငယ်မျှသာ ဝေးသည့်အပြင် စားပွဲက လေးလံသည်ဆိုသော်လည်း လမ်းက ညီညာလှသဖြင့် သနားစရာ မြည်းလေးလည်း အေးအေးဆေးဆေးပင် သယ်ဆောင်နိုင်ပေလိမ့်မည်။ 
 
ဟယ်ယဲ့ချင်းက သူမ၏ စိတ်ကူးကို ဆရာမကွမ်းအား ပြောပြလိုက်ရာ ဆရာမကွမ်းကလည်း လုံးဝ ပြဿနာမရှိကြောင်း လှိုက်လှိုက်လှဲလှဲ သဘောတူညီခဲ့သည်။ 
 
“ဒါနဲ့… သမီး စားပွဲနဲ့ ကုလားထိုင်တွေ လိုချင်တယ်ဆိုရင် ငါတို့အိမ်မှာ မသုံးဘဲ ပစ်ထားတဲ့ အဟောင်းတွေ ရှိသေးတယ်… လိုက်ကြည့်ပြီး သုံးလို့ရတာရှိရင် ယူသုံးပေါ့…” 
ဆရာမကွမ်းက ဆိုသည်။ 
 
ဟယ်ယဲ့ချင်းက ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား အလျင်အမြန် ဆိုလိုက်သည်။  

“လောင်ရှီး… ကျေးဇူးအများကြီး တင်ပါတယ်…” 
 
ဟယ်ယဲ့ချင်းက မထင်မှတ်ထားသော ဝမ်းသာစရာ အခြေအနေများကြောင့် ရင်ခုန်ကြည်နူးနေမိသော်လည်း မကြာမီမှာပင် တစ်ခုခုကို သတိရသွားပြီး အားနာမိသည့် မျက်နှာဖြင့် မေးလိုက်သည်။ 

“ဒါပေမဲ့… သမီးတို့က မနက်တိုင်း အစောကြီး လာယူကြမှာဆိုတော့ လောင်ရှီးနဲ့ ကျန်းလောင်ရှီးတို့ အိပ်နေတာကို နှောင့်ယှက်သလို ဖြစ်မနေဘူးလားဟင်…” 
 
“အဲဒါအတွက်တော့ ဘာမှ စိတ်ပူမနေပါနဲ့… မင်းရဲ့ ကျန်းလောင်ရှီးရော ငါရော မနက်စောစော ထလေ့ရှိကြလို့ တံခါးက အမြဲပွင့်နေမှာ… မင်းတို့ဘာသာ ယူချင်တဲ့အချိန် လာယူသွားလို့ရတယ်…” 

ဆရာမကွမ်းက ပြုံးလျက် ပြောသည်။ 
 
စကားအများကြီး ပြောမနေတော့ဘဲ ဟယ်ယဲ့ချင်းက ဆရာမကွမ်း၏နောက်သို့ လိုက်ကာ သူမတို့အိမ်သို့ ရောက်ရှိလာခဲ့သည်။ 
 
သူမက ဆရာကျန်းတို့အိမ်၏ စတိုခန်းမှ စားပွဲနှင့် ကုလားထိုင် အနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့နောက် ဆရာမကွမ်း၏ ကူညီလမ်းညွှန်မှုဖြင့် အနီးနားရှိ အိမ်တစ်အိမ်မှ ဟောင်းနွမ်းနေသော်လည်း ခိုင်ခံ့ဆဲဖြစ်သော စားပွဲခုံကြီးတစ်ခုံကို ထပ်မံဝယ်ယူလိုက်ရာ ယခု သုံးနေသော စားပွဲခုံအသေးလေးနေရာတွင် အစားထိုးရန် အကွက်တိပင် ဖြစ်သွားတော့သည်။ 
 
ဆရာမကွမ်းက သူမအပေါ် ဤမျှအထိ ကူညီပေးခဲ့သဖြင့် ဟယ်ယဲ့ချင်းက ကျေးဇူးတင်ကြောင်း ပြသရန်အတွက် ဘာမှမလုပ်ဘဲ ဤအတိုင်း ပြန်လှည့်မသွားရက်ပေ။ သူမက ဆရာမကွမ်းတို့အိမ်၏ ခြံဝင်းကွက်လပ်လေးကို ဆိုင်ပစ္စည်းများ သိမ်းဆည်းရန် နေရာအဖြစ် ငှားရမ်းသည့် သဘောမျိုးဖြင့် ယူဆကာ ဆရာမကွမ်းထံသို့ အိမ်လခပေးရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ 
 
သို့သော်လည်း ဆရာမကွမ်းက လုံးဝ လက်မခံဘဲ ငြင်းဆိုသည်။ သူမက အမှန်တကယ်ပင် အပြန်အလှန် တစ်ခုခုကို မျှော်လင့်၍ ကူညီခြင်းမဟုတ်ဘဲ ဟယ်ယဲ့ချင်းအဆင်ပြေစေရန်အတွက် စေတနာ သက်သက်ဖြင့်သာ လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ 
 
သူတို့နှစ်ဦးစလုံးက သူမတို့၏ သဘောထားကို အလျှော့မပေးဘဲ အပြန်အလှန် ငြင်းခုံနေကြသည်။ နောက်ဆုံးတွင် ဟယ်ယဲ့ချင်း၏ မလျှော့သော ဇွဲဖြင့် အတင်းအကျပ် တောင်းပန်တိုးလျှိုးမှုကြောင့် ဆရာမကွမ်းသည် အားနာနာဖြင့်ပင် ငွေအနည်းငယ်ကို စတိသဘောမျိုးအဖြစ် လက်ခံလိုက်ရသော်လည်း ထို့ထက်ပိုသော ငွေများကိုမူ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့လေသည်။ 
 
… 
 
စားပွဲနှင့် ကုလားထိုင်များ ပြည့်စုံသွားပြီဖြစ်ရာ ဟယ်ယဲ့ချင်း၏ ဆိုင်လေးက ယခုအခါ ပိုမို သပ်ရပ်စနစ်ကျပြီး ဆိုင်ကြီးပုံစံ ပေါက်သွားခဲ့သည်။ 
 
တုတ်ထိုးလာရောက် ဝယ်ယူစားသုံးကြသော ဝယ်သူများကလည်း အလွန်ပင် စိတ်ကျေနပ်သွားကြသည်။ ယခုအခါ သူတို့က တုတ်ထိုးများကို ဝယ်ယူပြီးနောက် ဆိုင်တွင် အေးအေးလူလူ ထိုင်ကာ အရသာခံ စားသုံးနိုင်ပြီဖြစ်ရာ စားရသည့် အရသာကလည်း ပိုမိုထူးကဲ ကောင်းမွန်သွားခဲ့သည်။

ရက်အနည်းငယ်ခန့် ဆိုင်ဖွင့်ပြီးနောက် ဟယ်ယဲ့ချင်းသည် နေ့စဉ် ရောင်းချရမည့် တုတ်ထိုးကုန်ကြမ်း အရေအတွက်ကို အကြမ်းဖျင်း တွက်ချက်ရမိသွားသည်။ ယခုအခါ သူမက အသားနှင့် အသီးအရွက် တုတ်ထိုး စုစုပေါင်း အချောင်းရေ ၃၀၀၀ ခန့်ကို နေ့စဉ်နေ့တိုင်း ရောင်းချနေရပြီ ဖြစ်သည်။ 
 
အမှန်အတိုင်း ပြောရလျှင် မြို့ပေါ်ရှိ လူထု၏ ဝယ်လိုအားနှင့် ယှဉ်မည်ဆိုပါက ဤအရေအတွက်က လိုအပ်ချက်ထက် များစွာ နည်းပါးနေသေးသည်။ သို့သော်လည်း ဟယ်ယဲ့ချင်းသည် လောဘမကြီးပေ။ တစ်နေ့လျှင် တုတ်ထိုးအချောင်းရေ ၃၀၀၀ ပြင်ဆင်ရခြင်းကပင် အချိန်အတော်များများ ပေးရလှပြီ ဖြစ်သည်။ ထို့အပြင် ဆိုင်လေးက လမ်းဘေး ဟင်းလင်းပြင်တွင် ရှိနေသဖြင့် သူမက ပုံမှန်အားဖြင့် နံနက် ဆယ်နာရီခန့်တွင် ဆိုင်သိမ်းလေ့ရှိသည်။ မဟုတ်ပါက နေမြင့်လာပြီး အပူချိန် မြင့်မားလာသောအခါ ဝယ်သူတစ်ဦးဦး နေပူရှိန်ကြောင့် မူးလဲသွားပါက ရောင်းရသည့် အမြတ်နှင့် မကာမိဘဲ ရှိချေမည်။ 
 
အနီးနားရှိ နေထိုင်သူများကလည်း ဟယ်ယဲ့ချင်း၏ ဆိုင်ဖွင့်ချိန် ပုံစံကို အသားကျသွားကြပြီဖြစ်ရာ နေ့စဉ်နေ့တိုင်း ထိုအချိန် သတ်မှတ်ချက်အတိုင်း ပုံမှန် လာရောက် အားပေးကြသည်။ 
 
ဟယ်ယဲ့ချင်း၏ တုတ်ထိုးဆိုင်လေးသို့ လာရောက်ကြသော ဝယ်သူဦးရေက တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့ပြီးနောက် ဟယ်ယဲ့ချင်းသည် သူမအား ရယ်ရခက်၊ ငိုရခက် ဖြစ်စေမည့် အဖြစ်အပျက်သစ်တစ်ခုကို သတိပြုမိလိုက်လေသည်။


နေ့စဉ်နေ့တိုင်း သူမ၏ တုတ်ထိုးဆိုင်လေးသို့ လာရောက်ကြသော ကလေးအရေအတွက်က အံ့မခန်းပင် ဖြစ်သည်။ ယခုကဲ့သို့ စပ်စပ်မွှေးမွှေး တုတ်ထိုးမျိုးသည် ကလေးများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ ကြိုတင်တွေးဆထားခဲ့သော်လည်း ဤမျှအထိ ရေပန်းစား လူကြိုက်များလာလိမ့်မည်ဟုမူ ဟယ်ယဲ့ချင်းက အမှန်တကယ်ပင် မျှော်လင့်မထားခဲ့မိပေ။ 
 
ထို့ကြောင့် ဆိုင်သို့ ပုံမှန်လာနေကျ ရင်းနှီးပြီးသား ဝယ်သူအချို့က ဟယ်ယဲ့ချင်းထံသို့ လာရောက်ကာ အရွှန်းဖောက်၍ မနာလိုသံလေးများဖြင့် ညည်းညူတတ်ကြသည်။ 

“ငါ့အိမ်က ကောင်လေးဆိုရင်လေ… မင်းနဲ့တွေ့ရင် သူ့ကိုမွေးတဲ့ အမေအရင်း ငါ့ထက်တောင် ပိုပြီး ကပ်ချွဲနေသေးတယ်…” 
 
“ကျွန်မအိမ်က ကလေးလည်း အတူတူပါပဲ… သူ ဂျီကျပြီး စကားနားမထောင်တိုင်း ‘မင်း လိမ်လိမ်မာမာမနေရင် ချင်းချင်းဆိုင်က တုတ်ထိုးဝယ်စားဖို့ ပိုက်ဆံမပေးဘူး’ လို့ ခြောက်လိုက်ရုံနဲ့ ချက်ချင်း ငြိမ်ကုပ်ပြီး လိမ္မာသွားတာပဲ…” 
 
“ဟင်း… ငါ့အိမ်က ကောင်လေးကတော့ ပိုပြီး စိတ်တိုဖို့ကောင်းတယ် ဆိုင်ရှင်မလေးရယ်… သူ စကားမနားထောင်လို့ ငါက နည်းနည်း ဆူလိုက်မိတာကို ဘာပြန်ပြောတယ်မှတ်လဲ… ‘အမေက ဘာလို့ မမချင်းချင်းလို သဘောမကောင်းရတာလဲ’ ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြန်ပြောတာလေ… ငါဖြင့် ရူးတောင် ရူးချင်တယ်…” 
 
ဟယ်ယဲ့ချင်းသည် ထိုစကားများကို ကြားရသောအခါ ရယ်လည်းရယ်ချင်၊ အားလည်းနာမိသဖြင့် စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် ထိုသူများကို စေတနာလက်ဆောင်အဖြစ် တုတ်ထိုးတစ်ချောင်းစီ အခမဲ့ ပေးကမ်းကာ ချော့မော့လိုက်ရသည်။ 
 
စကားမဆုံးသေးမီမှာပင် ချောင်ချောင့်အကြောင်းပြောတုန်း ချောင်ချောင်ပေါ်လာ ဆိုသကဲ့သို့ ကလေးတစ်စုသည် အဝေးကတည်းက ဆူညံပွက်လောရိုက်လျက် သူမ၏ ဆိုင်ဘက်သို့ တရုန်းရုန်း ဦးတည်လာနေကြသည်ကို ဟယ်ယဲ့ချင်းက လှမ်းမြင်လိုက်ရ၏။

 á€Ąá€€á€˝á€Źá€Ąá€á€ąá€¸á€€ အနည်းငယ် လှမ်းနေသေးသဖြင့် သူတို့ မည်သည့်အရာများ ပြောဆိုငြင်းခုံလာကြသည်ကိုမူ ဟယ်ယဲ့ချင်းက သေသေချာချာ မကြားရသေးပေ။ 
 
သို့သော်လည်း သူတို့ အနီးနားသို့ ရောက်ရှိလာသောအခါ ကလေးအချင်းချင်း အပြိုင်အဆိုင် ကြွားဝါကာ စကားနိုင်လုနေကြသည်ကို အတိုင်းသား ကြားလိုက်ရတော့သည်။ 
 
“မနေ့က မမချင်းချင်းက ငါ့ကို ‘ကလေးလေး’ လို့ နှစ်ခါတောင် ခေါ်တာကွ…” 
 
“ဟွန်း… ဘာဆန်းလို့လဲ… မမချင်းချင်းက ငါ့ကို ‘ကလေးလေး’ လို့ သုံးခါတောင် ခေါ်တာနော်…” 
 
“နင်တို့နှစ်ယောက်လုံးက အပြောပဲ ရှိတာပါ… မမချင်းချင်းက ငါ့ကို ‘ကလေးလေး’ လို့ ခေါ်ရုံတင်မကဘူး… ငါ့ခေါင်းကိုတောင် အသာအယာ ပုတ်ပေးသေးတယ် သိလား…” 

မိန်းကလေးငယ်တစ်ဦးက သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်သည်။ 
 
“ဟာ… မတရားဘူး… ဒါဆိုရင် ဒီနေ့ကျရင် ငါ့ခေါင်းကိုလည်း ပုတ်ပေးဖို့ မမချင်းချင်းကို ပြောရမယ်…” 
ကောင်လေးတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ 
 
“အဲလိုလုပ်လို့ ဘယ်ရမလဲ… ငါတို့က မမချင်းချင်းကို အလုပ်ရှုပ်အောင် သွားပြီး မနှောင့်ယှက်ရဘူးလေ…” 

သူတို့ထဲတွင် အနည်းငယ် အသက်ကြီးပုံရသော မိန်းကလေးက တည်ကြည်သော မျက်နှာပေးဖြင့် ဆုံးမလိုက်သည်။ 
 
“အင်းပါ… ဒါဆိုလည်း ပြီးတာပါပဲ…”  

ခေါင်းအပုတ်ခံချင်သော ကောင်လေးက စိတ်ပျက်သွားကာ နှုတ်ခမ်းလေး စူသွားရှာသည်။ 
 
ကလေးများက လမ်းတလျှောက်လုံး ဆူညံစွာ စကားပြောဆိုလာကြသော်လည်း ဟယ်ယဲ့ချင်း၏ ဆိုင်ရှေ့သို့ ရောက်ရှိသွားသောအခါတွင်မူ အားလုံးက ချက်ချင်းပင် လိမ္မာယဉ်ကျေးသော ကလေးလေးများအဖြစ်သို့ ပြောင်းလဲသွားကြပြီး မျက်လုံးလေးများ တောက်ပလျက် “မမချင်းချင်း” ဟု ပြိုင်တူ နှုတ်ဆက်ကြတော့သည်။ သူတို့၏ တီတီတာတာ နှုတ်ဆက်သံများက နေ့ကလေးထိန်းကျောင်းတစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ပေါ်ထွက်လာလေသည်။ 
 
ဟယ်ယဲ့ချင်းက ထိုဆူညံသံများကို စိတ်အနှောင့်အယှက် မဖြစ်သည့်အပြင် နွေးထွေးလှသော အပြုံးဖြင့် ဆီးကြိုကာ နှုတ်ဆက်လိုက်သည်။ 

“အို… တို့ရဲ့အသည်းတုံးလေးတစ်သိုက် ပြန်ရောက်လာကြပြန်ပြီပဲ…” 
 
“ဒီနေ့ရော ဘာတွေ စားချင်ကြလဲ…” 
ဟယ်ယဲ့ချင်းက ဆက်လက် မေးမြန်းလိုက်သည်။ 
 
အစားအသောက်အကြောင်း ပြောလိုက်သည်နှင့် ကလေးများအားလုံးက တံတွေးများ မျိုချမိကြပြီး အလုအယက် ပြောဆိုကြတော့သည်။ 
 
“သမီးက အာလူး တုတ်ထိုးတစ်ချောင်း လိုချင်ပါတယ်…” 
 
“သားက ကြာစွယ်…” 
 
“သမီးက ကျောက်ပွင့်…” 
 
“သမီး… သမီးကတော့ ပဲပြားခြောက် လိုချင်ပါတယ်…” 
 
“ကဲ… ကဲ… ဖြည်းဖြည်းချင်း ပြောကြပါ… အလုအယက် လုပ်စရာမလိုပါဘူး… တစ်ယောက်ချင်းစီ ပြင်ပေးမယ်နော်…” 
ဟယ်ယဲ့ချင်းက ပြုံးလျက်ပြောလိုက်လေသည်။ 
 


🖼🖼🖼🖼အခန်း (၉) 
– ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေ 


 á€€á€œá€ąá€¸á€™á€ťá€Źá€¸á€á€˝á€„် နေ့စဉ် မုန့်ဖိုးအများအပြား မရှိကြသဖြင့် အများအားဖြင့် သရေစာအဖြစ် တစ်ချောင်း သို့မဟုတ် နှစ်ချောင်းခန့်သာ ဝယ်ယူစားသုံးကြသော်လည်း ဟယ်ယဲ့ချင်းက နည်းသည်များသည်ကို စိတ်မကွက်ဘဲ စေတနာအပြည့်ဖြင့် ရောင်းချပေးသည်။ ကလေးများက အရပ်ပုကြသဖြင့် ဟယ်ယဲ့ချင်းသည် တုတ်ထိုးများကို ကမ်းပေးရန်အတွက် အကြိမ်ကြိမ် ခါးညွတ်ပေးနေရသည်။


“ရော့… ကလေးလေး… ဒါက သားရဲ့ ကြာစွယ်နော်… သေသေချာချာ ကိုင်ပါဦး…” 
 
“ကလေးလေး… မလောနဲ့နော်… နောက်တစ်ယောက်က သမီးအလှည့်ပဲ…” 
 
“ရပြီ… ရပြီ… အားလုံး ရစေရမယ်… ခဏလေးပဲ စောင့်နော် ကလေးတို့…” 
 
ဟယ်ယဲ့ချင်းက ကလေးများအပေါ် အလွန် စိတ်ရှည်သည်ဖြစ်ရာ ကလေးများကလည်း အလွန် လိမ္မာကြသည်။ သူတို့က တုတ်ထိုးများကို ဝယ်ယူပြီးသည်နှင့် ဆိုင်ရှေ့တွင် ပိတ်ဆို့မနေဘဲ သူတို့ဘာသာ ဖယ်ခွာသွားကြသည်။ နောက်ဆုံးတွင် ကျန်ရှိနေသော ကလေးငယ်တစ်ဦးကလည်း ဝယ်ယူပြီးစီးသွားခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ခါးကို ဆန့်လိုက်ရာ ကလေးများကို တုတ်ထိုးများ အဆက်မပြတ် ကမ်းပေးရန်အတွက် ခါးကို အကြာကြီး ညွတ်ထားခဲ့ရသဖြင့် ခါးအနည်းငယ် နာကျင်ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ သူမ အညောင်းအညာ ဆန့်ရန် ပြင်ဆင်လိုက်စဉ်မှာပင် တစ်စုံတစ်ဦးက သူမ၏ အင်္ကျီစကို အသာအယာ ဆွဲလိုက်သည်ကို ခံစားလိုက်ရ၏။ 
 
သူမ ငုံ့ကြည့်လိုက်သောအခါ အရပ်ပုပုနှင့် မိန်းကလေးငယ်တစ်ဦးကို တွေ့ရှိလိုက်ရသည်။ တစ်ခုခု လိုအပ်နေသည်ဟု ထင်မှတ်ကာ ဟယ်ယဲ့ချင်းက ခါးကို ထပ်မံညွတ်လိုက်ပြီး ကလေးမလေး၏ ခေါင်းကို သာသာယာယာ ပုတ်ပေးကာ မေးလိုက်သည်။ 

“ကလေးလေး… ဘာဖြစ်လို့လဲဟင်…” 
 
မိန်းကလေးငယ်လေးက ပါးချိုင့်နှစ်ဖက် ပေါ်လာသည်အထိ ပြုံးပြလိုက်ပြီးနောက် ခေါင်းကို ခါယမ်းကာ ဝမ်းသာအားရဖြင့် ပြေးထွက်သွားလေသည်။ ဟယ်ယဲ့ချင်းက ဇဝေဇဝါဖြစ်ကျန်ခဲ့သော်လည်း အဝေးသို့ ရောက်သွားသော အခြားကလေးများအကြားတွင်မူ ဆူညံပွက်လောရိုက်သွားကြတော့သည်။ 
 
“ဟာ… မေ့မေ့ကတော့ မတရားလုပ်တာပဲ…” 
 
“နင်က မမချင်းချင်း ခေါင်းပုတ်ပေးတာကို လိုချင်လို့ အကွက်ချပြီး နောက်ဆုံးမှ တမင် ရွေးဝယ်တာမလား…” 
 
“ဒါကတော့ တကယ်ကို လွန်လွန်းတယ်ဟာ…” 
 
… 
 
တစ်ချိန်တည်းမှာပင်၊ ကျန်းပေါ်က ရှန်လီ၏ ပုခုံးကို သူ့ပုခုံးဖြင့် အသာအယာ တွန်းကာ မေးလိုက်သည်။ 

“မင်း ဘာတွေကို အသည်းအသန် ကြည့်နေတာလဲ…” 
 
ရှန်လီက သူ့အကြည့်ကို ချက်ချင်း လွှဲဖယ်လိုက်သော်လည်း ကျန်းပေါ်ကမူ တစ်ခုခုကို အရိပ်အမြွက် သတိပြုမိသွားခဲ့သည်။ သူက ရှန်လီ ကြည့်နေခဲ့သော လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ရာ မျက်လုံးများက ချက်ချင်း တောက်ပသွားလေသည်။ 
 
မလှမ်းမကမ်းရှိ ဆိုင်ငယ်လေးတစ်ဆိုင်၏ ရှေ့တွင် အသားအရည် ဝင်းပစိုပြေလှသော မိန်းကလေးတစ်ဦးက ဝယ်သူတစ်ဦးနှင့် ပြုံးရွှင်စွာ စကားပြောဆိုနေသည်။ သူမ ဝတ်ဆင်ထားသော အဝတ်အစားများက ရိုးရှင်းလှသော်လည်း သူမ၏ လှပကျော့ရှင်းသော ရုပ်ရည်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ 
 
“အို… အလှပန်းလေးတစ်ပွင့် ပါလား……”  

ကျန်းပေါ်က အသံကိုဆွဲကာ ညည်းတွားလိုက်ပြီးနောက် ရှန်လီကို ထပ်မံ၍ တံတောင်ဖြင့် တွန်းလိုက်ပြန်သည်။  

“ဘယ်လိုလဲ… စိတ်ဝင်စားလို့လား… စိတ်ဝင်စားရင်လည်း အပိုင်သွားပြီးလိုက်လေကွာ…” 
 
ရှန်လီကမူ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားပြီး ပြတ်သားစွာ ပြောလိုက်သည်။ 

“စိတ်မဝင်စားဘူး…” 
 
စိတ်မဝင်စားဘူး ဟုတ်လား… ဒါဆို ဘာဖြစ်လို့လဲ… 
 
ကျန်းပေါ်က ဟယ်ယဲ့ချင်းရှိရာဘက်သို့ နှမြောတသစွာဖြင့် ထပ်မံကြည့်ရှုလိုက်သည်။  
 
ရှန်လီက စိတ်မဝင်စားဘူးဆိုရင် ငါ့အတွက်ရော…  
 
မည်သို့ပင်ဆိုစေ ထိုမိန်းကလေး၏ ရုပ်ရည်က သူ၏ စံပြအကြိုက်နှင့် တစ်ထပ်တည်း ကျနေပေသည်။ 
 
ကျန်းပေါ်တစ်ယောက် အတွေးကမ္ဘာထဲတွင် နစ်မျောနေစဉ်မှာပင် ဘေးမှ ရှန်လီ၏ အေးစက်လှသော သတိပေးသံကို ကြားလိုက်ရသည်။ 

“အဲဒီအကြောင်းကို စိတ်ကူးအ‌နေနဲ့တောင် လုံးဝ မတွေးလိုက်နဲ့…” 
 
ကျန်းပေါ်က ဆတ်ခနဲ ထိတ်လန့်သွားပြီး မော့ကြည့်လိုက်ရာ ရှန်လီ၏ စိမ်းကားအေးစက်လှသော အကြည့်နှင့် တည့်တည့်တိုးတော့သည်။  
 
ဘာလဲကွာ… သူကလည်း စိတ်မဝင်စားဘူးဆိုပြီး တခြားလူကျတော့လည်း ပိုးပန်းခွင့်မပေးဘူးလား… သိပ်ကို အာဏာရှင်ဆန်လွန်းတာပဲ… 
 
ကျန်းပေါ်က စိတ်ထဲမှသာ တိတ်တဆိတ် မကျေမနပ် ညည်းတွားနေမိသော်လည်း ရှန်လီကို ထိပ်တိုက် မဆန့်ကျင်ချင်သည့်အပြင် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စလေးတစ်ခုအတွက်နှင့် အငြင်းပွားမနေချင်သဖြင့် ချက်ချင်းပင် လက်လျှော့လိုက်လေသည်။ 
 
သူတို့နှစ်ဦးက အတူတကွ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာခဲ့ကြသည်။ 
 
ထိုစဉ် ကလေးတစ်စုက သူတို့၏ အနောက်မှ လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဆူညံစွာ ပြေးလွှားလာကြရာ မုန်လာဥကဲ့သို့ ဦးခေါင်းနှင့် ကလေးငယ်တစ်ဦးက အရှိန်မထိန်းနိုင်ဘဲ ကျန်းပေါ်၏ ခြေထောက်ကို တိုက်မိလေသည်။ ကျန်းပေါ်က ထိုကလေးငယ်ကို လဲမကျသွားစေရန် အလျင်အမြန် ဖမ်းထိန်းပေးလိုက်ပြီး သူ၏ ပုခုံးလေးနှစ်ဖက်ကို လက်ဖြင့် အသာကိုင်ကာ ဆောင့်ကြောင့်ထိုင်လျက် ဆိုလိုက်သည်။  

“လမ်းလျှောက်ရင် သေသေချာချာ သတိထားဦးလေ ကလေးရဲ့…” 
 
တကယ်တမ်းတွင် ကျန်းပေါ်က လမ်းသရဲဆန်ပြီး အဝတ်အစား ဝတ်ဆင်ပုံကလည်း လျှပ်ပေါ်လော်လီလှကာ ဆံပင်က ဆီရွှဲရွှဲနှင့် နောက်သို့ လန်တင်ထားသူ ဖြစ်သည်။ မျက်နှာတွင်လည်း ခပ်နောက်နောက် အပြုံးမျိုး အမြဲရှိနေသဖြင့် မိဘများက သူတို့ကလေးများကို ‘ဝေးဝေးကရှောင်’ ဟု သတိပေးလေ့ရှိသော လူစားမျိုး ဖြစ်သည်။

ထို့ကြောင့် ထိုကလေးငယ်က ကျန်းပေါ်၏ ရုပ်ရည်ကို ကြည့်ပြီး အနည်းငယ် ကြောက်လန့်သွားကာ အခြားသူငယ်ချင်းများ ဝေးဝေးသို့ ပြေးသွားကြသည်ကို မြင်သောအခါ ပိုမို ထိတ်လန့်သွားပြီး ရုန်းကန်တော့သည်။  

“ဦးလေး… သားကို လွှတ်ပါ…” 
 
ကျန်းပေါ်က မည်သည့်အကြောင်းကြောင့်မှန်းမသိ ဤကလေးကို စနောက်ချင်စိတ် ပေါ်လာသဖြင့် မလွှတ်ပေးသည့်အပြင် မေးမြန်းလိုက်သည်။ 

“မင်းတို့တွေ အားလုံး ဘယ်ကိုအပြေးအလွှား သွားနေကြတာလဲ…” 
 
ရှန်လီကမူ ကြည့်မနေနိုင်တော့ဘဲ ကျန်းပေါ်၏ ခြေထောက်ကို အသာကန်လိုက်ပြီး တားမြစ်လိုက်သည်။ 

“ကလေးကို လျှောက်မနောက်စမ်းနဲ့…” 
 
ကလေးငယ်က ရုန်းမထွက်နိုင်သဖြင့် ပိုမို ပူပန်သွားပြီး အော်ဟစ်လိုက်သည်။ 

“လူဆိုးတွေက မမချင်းချင်းကို လာပြီး အနိုင်ကျင့်နေလို့… သားတို့က ဦးဦးရဲကို သွားတိုင်မလို့…”  
 
ကျန်းပေါ်က မမချင်းချင်း ဆိုသည်က မည်သူ ဖြစ်သည်ကို ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဘေးတွင် ရပ်နေခဲ့သော ရှန်လီက လေပြင်းတစ်ချက်ကဲ့သို့ အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ပြေးထွက်သွားသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရလေသည်။ 
 
ကျန်းပေါ်က ကလေးကို စနောက်လိုစိတ်များ ချက်ချင်း ပျောက်ကွယ်သွားပြီး ရှန်လီ ပြေးသွားရာ လမ်းကြောင်းအတိုင်း နောက်မှနေ၍ အပြေးအလွှား လိုက်ပါသွားလိုက်သည်။ 
 
မိနစ်အနည်းငယ် ကြာပြီးနောက်၊ ကျန်းပေါ်က ရှန်လီ ရပ်နေခဲ့သော နေရာကို လှမ်းကြည့်လျက် မေးစေ့ကို လက်ဖြင့်ပွတ်ကာ တွေးတောနေမိသည်။  

စောစောကတော့ စိတ်မဝင်စားဘူးဆိုပြီး အခုကျတော့ ဘာဖြစ်လို့ အသည်းအသန် ပြေးသွားတာလဲ… ဒါက ဘာသဘောလဲ… 
 
… 
 
လွန်ခဲ့သော မိနစ်ပိုင်းက၊ ရှန်လီနှင့် ကျန်းပေါ်တို့ ထွက်ခွာသွားပြီးမကြာမီ အချိန်အတွင်းမှာပင် လူအနည်းငယ်က စျေးအဝင်ဝသို့ ရောက်ရှိလာခဲ့ကြသည်။ အကယ်၍ ဟယ်ယဲ့ချင်းသာ မှတ်မိမည်ဆိုပါက ဤလူစုက လွန်ခဲ့သောရက်က လမ်းကြားတွင် သူမကို လေချွန် စနောက်ခဲ့ကြသော လမ်းသရဲ လူမိုက်အုပ်စု ဖြစ်သည်ကို သတိပြုမိပေလိမ့်မည်။ 
 
ဤလူစု ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ စျေးဝယ်သူများနှင့် ဆိုင်ရှင်များ၏ မျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ချက်ချင်း ဖြတ်သန်းသွားကြသည်။ ဟယ်ယဲ့ချင်းကလည်း စိတ်ထဲမှ ကျိန်ဆဲနေမိပြီး ဤလူမိုက်များ အမြန်ဆုံး ထွက်သွားစေရန်သာ ဆုတောင်းနေမိသည်။ 
 
သို့သော်လည်း ကံဆိုးစွာဖြင့် ထိုပြဿနာရှာမည့် လူအုပ်စုသည် အခြားနေရာသို့မသွားဘဲ ဟယ်ယဲ့ချင်း၏ ဆိုင်လေးထံသို့ တည့်တည့်မတ်မတ် ဦးတည်လျှောက်လှမ်းလာကြလေသည်။ 
 
“ဟေ့… ဆိုင်ရှင်မလေး… ဒါက ဘာစားစရာလဲ…” 

ခေါင်းဆောင်ဖြစ်ပုံရသော လူမိုက်က ပြီတီတီလေသံ၊ ရိုင်းစိုင်းသော အမူအရာဖြင့် မေးလိုက်သည်။ 
 
ဟယ်ယဲ့ချင်းက ဤကဲ့သို့သော လူစားမျိုးများနှင့် ပြဿနာမဖြစ်လိုသဖြင့် အေးဆေးတည်ငြိမ်သော လေသံဖြင့်သာ ပြန်ဖြေလိုက်သည်။ 

“ဒါကို အမွှေးအကြိုင် တုတ်ထိုးလို့ ခေါ်ပါတယ်… တစ်ချောင်းကို ဆယ်ဆင့်ပါ…” 
 
“ဪ… ဒါဆိုရင် ငါ့ကို အမျိုးအစားတူ ငါးချောင်းစီ ပေးစမ်းပါ…” 

ထိုလူက စကားပြောနေစဉ် သူ၏ အကြည့်ရိုင်းများကို ဟယ်ယဲ့ချင်း၏ ခန္ဓာကိုယ်ပေါ်သို့ အရိုးကွဲမတတ် စိုက်ကြည့်နေသဖြင့် မြင်ရသူတိုင်းကို ပျို့အန်ချင်စိတ် ပေါက်စေသည်။ 
 
ဟယ်ယဲ့ချင်းက စိတ်ထဲမှ ရွံရှာစက်ဆုပ်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ အမျိုးအစား တစ်ခုစီမှ ငါးချောင်းစီကို ကျွမ်းကျင်စွာ ရွေးထုတ်ပေးလိုက်ပြီး ကမ်းပေးလိုက်သည်။ 

“ရပါပြီ… ပါဆယ် ထုတ်ပေးထားပါတယ်…” 
 
သို့သော်လည်း ထိုလူက တုတ်ထိုးအထုတ်ကို လှမ်းမယူသည့်အပြင် ဟယ်ယဲ့ချင်း၏ လက်ကိုပါ တမင်သက်သက် ထိတွေ့ရန် လက်ကို ရှေ့သို့ ဆန့်ထုတ်လာလေသည်။ 
 
ဟယ်ယဲ့ချင်းက သတိရှိရှိဖြင့် သူမ၏ လက်ကို ဆတ်ခနဲ နောက်သို့ ဆွဲထုတ်လိုက်၏။ 
 
ထိုလူမိုက်က လက်လွတ်သွားသဖြင့် နှမြောတသဖြစ်သွားပြီးနောက် မျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်များ ဖြတ်သန်းသွားကာ ဆိုလိုက်သည်။ 

“ငါက ပါဆယ်ထုတ်ပေးဖို့ ပြောလို့လား… ငါတို့က ဒီနေ့ ဒီနေရာမှာပဲ ထိုင်စားမှာကွ… ကဲ… ညီမလေး… ငါ့နားကို နည်းနည်းလောက် တိုးလာခဲ့ပါဦး…” 
 
ဟယ်ယဲ့ချင်းက နေရာမှ မရွေ့ဘဲ တည်ငြိမ်စွာ ရပ်နေသည်ကို မြင်သောအခါ သူ့အနောက်မှ အပေါင်းအပါများကပါ ရှေ့သို့ တိုးလာပြီး ခြိမ်းခြောက်လာကြသည်။ 

“မင်းက ဝယ်သူတွေကို ဘယ်လို ဆက်ဆံရမှန်း မသိဘူးလား…” 
 
ယခုအခါတွင်မူ ဤလူစုက စားရန်လာခြင်းမဟုတ်ဘဲ သူမကို တမင်သက်သက် လာရောက် နှောင့်ယှက်စော်ကားရန် ပြဿနာရှာနေခြင်း ဖြစ်သည်ကို ဟယ်ယဲ့ချင်း အသေအချာ သိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နေ့ခင်းကြောင်တောင် ပြည်သူ့ရှေ့မှောက်တွင် ဤလမ်းသရဲများက ကြီးကြီးမားမား ရန်ပြုရဲလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသဖြင့် သူမက လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်သာ တုံ့ပြန်ရန် ပြင်ဆင်လိုက်သည်။ 
 
“စိတ်မရှိပါနဲ့… ကျွန်မ ဆက်ပြီး မရောင်းတော့ပါဘူး…” 

ဟယ်ယဲ့ချင်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“မရောင်းတော့ဘူး ဟုတ်လား… မင်းက ငါတို့ကို အထင်သေးတာလား…”  

အပေါင်းအပါများထဲမှ တစ်ဦးက သူ၏လက်သီးကို ရွယ်ကာ ခြိမ်းခြောက်လိုက်သည်။ 
 
“ခိုင်ဇီ… ဒီလောက် လှတဲ့ကောင်မလေးကို သွားပြီး မခြောက်လှန့်စမ်းနဲ့…”  

ခေါင်းဆောင်ဖြစ်သူက ဟယ်ယဲ့ချင်းကို အရိုင်းစိုင်းသောမျက်လုံးများဖြင့် စိုက်ကြည့်လျက် သူမကို ဖမ်းဆွဲရန် လက်ကို ရှေ့သို့ လှမ်းထုတ်လိုက်လေသည်။ 
 
ဟယ်ယဲ့ချင်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး စားပွဲအောက်ရှိ ဟင်းသီးဟင်းရွက်လှီးဓားကို နှိုက်ယူရန် လက်လှမ်းလိုက်၏။ သို့သော်လည်း သူမက ဓားရိုးကို မကိုင်မိသေးမီမှာပင် မျှော်လင့်မထားသော အဖြစ်အပျက်တစ်ခု ရုတ်တရက် ဆိုက်ဆိုက်မြိုက်မြိုက် ဖြစ်လာခဲ့လေသည်။
 
ဟယ်ယဲ့ချင်းအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ရန် ကြံစည်ခဲ့သော ထိုလူမိုက်ခေါင်းဆောင်သည် မျက်စိတစ်မှိတ်အတွင်း၌ပင် မြေပြင်ပေါ်သို့ ပစ်လဲကျသွားတော့သည်။ 
 
ထိုမျှမကသေး၊ သူက ဟယ်ယဲ့ချင်း၏ ညာလက်ကို ထိတွေ့ရန် ကြိုးပမ်းခဲ့သည့်အတွက် သူ့လက်ဖဝါးပေါ်သို့ နက်မှောင်ပြောင်လက်နေသော သားရေဖိနပ်တစ်ဖက်က ပြင်းထန်စွာ နင်းခြေချေဖျက်လိုက်ရာ ထိုလူမိုက်က မခံမရပ်နိုင်လောက်အောင် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားလေသည်။ 
 
ထိုဖိနပ်၏ ပိုင်ရှင်က အခြားသူမဟုတ်ဘဲ ရှန်လီပင် ဖြစ်၏။ 
 
ရှန်လီက တည်ငြိမ်အေးစက်လွန်းသော မျက်နှာဖြင့် ထိုလူ၏လက်ကို ဖိနပ်အောက်တွင် ရက်ရက်စက်စက် ဖိခြေထားပြီးနောက် ခနဲ့တဲ့တဲ့ အပြုံးမျိုးဖြင့် နှာခေါင်းရှုံ့ကာပြောလိုက်သည်။ 

“မင်းရဲ့ လက်တွေ ခြေထောက်တွေက ဒီလောက်တောင် ညစ်ပတ်နေမှတော့ နောင်ကျရင် ဆက်မသုံးတော့တာ ပိုကောင်းလိမ့်မယ်…” 
 
မြေပြင်ပေါ်တွင် လှဲလျောင်းနေရသော လူမိုက်ခေါင်းဆောင်က ချက်ချင်းပင် အသည်းအသန် အော်ဟစ်လေရာ လွန်ခဲ့သော မိနစ်ပိုင်းက စောင့်ကြွားစောင့်ကြွား လုပ်နေခဲ့သော လမ်းသရဲတစ်ဦးနှင့် လုံးဝ မတူတော့ပေ။ 
 
ထိုအခါမှသာ သူ၏ နောက်လိုက်အချို့က သတိဝင်လာကြပြီး သူတို့၏ ဆရာသမားကို ကယ်တင်ရန်အတွက် ရှန်လီအား ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်ကြလေသည်။ သို့သော်လည်း လူမိုက်အများအပြား၏ ဝိုင်းရံခြင်းကို ခံနေရသည့်တိုင်အောင် ရှန်လီက တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ တစ်ဦးပြီးတစ်ဦးကို ကျွမ်းကျင်စွာ တုံ့ပြန်တိုက်ခိုက်နေသဖြင့် ခဏတာအတွင်း၌ပင် မည်သူမျှ သူ့အနားသို့ တိုးမကပ်နိုင်ကြချေ။ 
 
သို့သော် ရှန်လီက နောက်ဆုံးကျန်ရှိနေသော အပေါင်းအပါတစ်ဦးနှင့် လုံးထွေးသတ်ပုတ်နေစဉ်အတွင်း ယခုနကက ခြေကန်ချက်ကြောင့် လဲကျသွားခဲ့သော အခြားလူမိုက်တစ်ဦးက ရုတ်တရက် ကောက်ကျစ်စွာဖြင့် ထလာခဲ့သည်။ သူက အနီးနားရှိ ဝါးရင်းတုတ်တစ်ချောင်းကို ကောက်ကိုင်ပြီး ရှန်လီ၏ ဦးခေါင်းကို အနောက်မှနေ၍ ပြင်းထန်စွာ ရိုက်နှက်ရန် ပြင်လိုက်လေသည်။ 
 
ဤသည်ကို မြင်လိုက်ရသောအခါ ဟယ်ယဲ့ချင်း၏ မျက်ဆံများက ဆတ်ခနဲ ကျုံ့ဝင်သွားပြီး ရင်တထိတ်ထိတ်ဖြင့် အသံအကျယ်ကြီးဖြင့် အော်လိုက်မိသည်။ 

“သတိထားဦး…” 
 
ရှန်လီက ရှေ့မှလူကို ခြေဖြင့် ကန်ထုတ်လိုက်ပြီးနောက် အနောက်သို့ အေးစက်စွာ လှည့်ကြည့်လိုက်သည်။ သို့သော် သူ ကိုယ်တိုင် အရေးယူဆောင်ရွက်ခြင်း မပြုရသေးမီမှာပင် ဝါးရင်းတုတ်ကိုင်ထားသော လူမိုက်က ဘေးမှနေ၍ အခြေအနေကို စောင့်ကြည့်နေခဲ့သော ပန်းပွင့်ရှပ်အင်္ကျီဝတ်ထားသော ဆံပင်ကောက်ကောက်နှင့် လူငယ်၏ လက်ချက်ဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားခဲ့ပြီ ဖြစ်သည်။ 
 
“လူအင်အားသုံးပြီး ကောက်ကောက်ကျစ်ကျစ်နဲ့ အနောက်က တိုက်ခိုက်တာက ကောင်းတဲ့ အလေ့အထ မဟုတ်ဘူးနော်… မင်းတို့ သိရဲ့လား…” 

ကျန်းပေါ်က မျက်နှာတွင် အပြုံးကြီးကြီး ဆင်မြန်းလျက် ပြောဆိုလိုက်ပြီးနောက် ထိုလူမိုက်၏ လက်မောင်းအဆစ်ကို ဖြုတ်ချပစ်လိုက်လေသည်။ 
 
ကျန်းပေါ်က စကားဆုံးသည်နှင့် ရှန်လီ၏ ဘေးသို့ လျှောက်လှမ်းလာခဲ့ပြီး မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေကြသော လူမိုက်များကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။ 

“မင်းတို့တွေ အခုထိ မသွားကြသေးဘူးလား…” 
 
လူမိုက်အနည်းငယ်က နာကျင်မှုများကို အောင့်အည်းကာ မြေပြင်မှ လူးလဲထရန် ကြိုးစားကြသည်။ 
 
“နေဦး…” 
ရှန်လီက ရုတ်တရက် အမိန့်ပေးသံဖြင့် ထပ်မံ ပြောဆိုလိုက်သည်။ 
 
ဟယ်ယဲ့ချင်းက ရှန်လီတစ်ယောက် သူမရှိရာဘက်သို့ အရိပ်အမြွက် လှမ်းကြည့်လိုက်သည်ကို သတိပြုမိလိုက်၏။ 
 
ထို့နောက်တစ်ဆက်တည်း၌ပင် သူ၏ ဩဇာပါသော စကားသံကို ကြားလိုက်ရသည်။ 

“ပိုက်ဆံရှင်းပြီးမှ ထွက်သွားကြ…” 
 
ဟယ်ယဲ့ချင်းကလည်း ချက်ချင်းပင် သတိဝင်လာပြီး သူမလက်ထဲ၌ ပါဆယ်ထုတ်ထားသော တုတ်ထိုးအထုပ်ကို ကိုင်မြှောက်လျက် တည်ငြိမ်သော မျက်နှာဖြင့် ဆိုလိုက်သည်။ 

“အားလုံးပေါင်း ဆယ့်နှစ်ယွမ် ကျပါတယ်…” 
 
ရှန်လီက ဟယ်ယဲ့ချင်း၏ လက်ထဲမှ ပစ္စည်းကို လှမ်းယူလိုက်ပြီး မြေပြင်ပေါ်တွင် လဲနေဆဲဖြစ်သော ခေါင်းဆောင်၏ အင်္ကျီကော်လာကို ဆွဲမကာ မေးလိုက်သည်။ 

“ဘာလဲ… ငါပြောတာကို မကြားဘူးလား…” 
 
မြေပြင်ပေါ်ရှိ ထိုလူမိုက်၏ မျက်လုံးများက ဒေါသကြောင့် နီမြန်းနေပြီး တကျိကျိမြည်အောင် အံကြိတ်နေလေသည်။ သို့သော်လည်း လွန်ကဲလှသော ခွန်အားဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ခံထားရသဖြင့် သူက ပြန်လည် တုံ့ပြန်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ 
 
“ခိုင်ဇီ… သူတို့ကို ပိုက်ဆံပေးလိုက်စမ်း…” 
ထိုလူက အသံတိုးတိုးဖြင့် အရှုံးပေးလိုက်ရသည်။ 
 
ခိုင်ဇီဟု ခေါ်သော နောက်လိုက်က သူ့အိတ်ကပ်ထဲမှ ပိုက်ဆံများကို တုန်တုန်ရင်ရင်ဖြင့် ထုတ်ပေးလာ၏။ 

ရှန်လီက ပိုက်ဆံကို လှမ်းယူပြီးနောက် ထိုလူမိုက်ခေါင်းဆောင်ကို ခြေတစ်ချက် ထပ်ကန်ကာ လွှတ်ပေးလိုက်လေသည်။ ဤသည်ကို မြင်သောအခါ လမ်းသရဲများက တစ်ယောက်ကိုတစ်ယောက် တွဲထူကာ အမြန်ဆုံး ထွက်ပြေး လွတ်မြောက်သွားကြလေတော့သည်။


🖼🖼🖼🖼အခန်း (၁၀)
 – ငယ်ဘဝဇာတ်ကြောင်း 
… 
 
ယခုအခါ ဆိုင်ရှေ့တွင် ဟယ်ယဲ့ချင်း၊ ရှန်လီနှင့် ကျန်းပေါ်တို့ သုံးဦးသာ ကျန်ရှိတော့သည်။ 
 
ရှန်လီက ရရှိလာသော ငွေများကို ဟယ်ယဲ့ချင်းထံသို့ ပြန်ပေးလိုက်၏။ 

ကျန်းပေါ်က ရှန်လီတစ်ယောက် ယခုထက်ထိ တည်တင်းခက်ထန်သော မျက်နှာပေးကြီး ဖြစ်နေသည်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ 
 
ငါတို့က အန္တရာယ်ကျရောက်နေတဲ့ အလှလေးကို အခုတင် ကယ်တင်ပေးခဲ့တာ မဟုတ်ဘူးလား… နည်းနည်းလောက် ဆွဲဆောင်မှုရှိတဲ့ အပြုံးမျိုး မပြသင့်ဘူးလား… ဒီလောက် ခက်ထန်နေတဲ့ ရုပ်ရည်ကြောင့် မိန်းကလေးငယ်လေးက လန့်ဖျပ်သွားရင် ဘယ်လိုလုပ်မလဲ… 
 
ထို့ကြောင့် ကျန်းပေါ်က ရှန်လီကို ဘေးသို့ အသာတွန်းထုတ်လိုက်ပြီးနောက် ဖော်ရွေလှသော အပြုံးဖြင့် ဟယ်ယဲ့ချင်း၏ အနားသို့ တိုးကပ်ကာ ရင်းနှီးကျွမ်းဝင်သော လေသံဖြင့် စကားဆိုလိုက်သည်။ 

“ညီမလေး… ဘာမှမကြောက်နဲ့တော့နော်… လူဆိုးတွေကို အစ်ကိုတို့ မောင်းထုတ်ပေးလိုက်ပြီ…” 
 
ဘေးသို့ တွန်းထုတ်ခြင်း ခံလိုက်ရသော ရှန်လီကမူ မျက်မှောင်ကြုတ်လျက်၊ သူရဲကောင်းကြီး စတိုင်လ် ဖမ်းနေသော ကျန်းပေါ်ကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်နေမိသည်။ 
 
“ဒါနဲ့… ငါတို့တွေ ဒီလို ဆုံတွေ့ကြတာပဲ… တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ထားကြတာပေါ့… အစ်ကို့နာမည်က ကျန်းပေါ်ပါ… ဒီဘက်က လူဆိုးရုပ်နဲ့ လူကတော့ ရှန်လီလို့ ခေါ်တယ်…” 

ကျန်းပေါ်က မိတ်ဆက်ပေးလိုက်သည်။ 
 
ထိုလူနှစ်ဦးစလုံးက အနည်းငယ် လမ်းသရဲဆန်သော အသွင်သဏ္ဌာန် ရှိကြသော်လည်း ကျန်းပေါ်၏ အမူအရာက ယခုနကက လူများကဲ့သို့ ရိုင်းစိုင်းခြင်းနှင့် ရွံရှာဖွယ်ရာ ပုံစံမျိုး မရှိသဖြင့် ဟယ်ယဲ့ချင်းက စိတ်အနှောင့်အယှက် မဖြစ်မိပေ။ ထို့အပြင် သူတို့က သူမကို ကူညီခဲ့ကြသူများ ဖြစ်ကြသည်။ 
 
ထို့ကြောင့် ဟယ်ယဲ့ချင်းက လှိုက်လှိုက်လှဲလှဲဖြင့် ပြောလိုက်သည်။ 

“ကျေးဇူးအများကြီး တင်ပါတယ်…” 
 
ထို့နောက် သူမ၏ အကြည့်က ဘေးတွင် နှုတ်ဆိတ်နေသော ရှန်လီထံသို့ ရောက်ရှိသွားပြီး ထပ်လောင်း ပြောကြားလိုက်သည်။ 

“ရှန်လီ… ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်…” 
 
ဟယ်ယဲ့ချင်း၏ ထူးခြားလှသော ကျေးဇူးတင်စကားကြောင့် ရှန်လီက ခဏတာမျှ ဆွံ့အသွားပြီးနောက် မျက်လွှာချလျက် ခပ်အေးအေးပင် ပြန်လည် တုံ့ပြန်လိုက်သည်။ 

“ဘာမှ မဟုတ်ပါဘူး…” 
 
ကျန်းပေါ်ကမူ စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားရသည်။  
 
ဘာပဲဖြစ်ဖြစ် ငါလည်း ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား… ဘာဖြစ်လို့ ဟယ်ယဲ့ချင်းက ရှန်လီတစ်ယောက်တည်းကိုပဲ အလေးအနက်ထားပြီး သီးသန့်ကျေးဇူးတင်စကား ဆိုရတာလဲ… 
 
သူ့အကြည့်က ထိုသူနှစ်ဦးအကြားတွင် ဟိုဟိုဒီဒီ ကူးလူး ဖြတ်သန်းသွားသည်။ 
 
သူတို့နှစ်ဦးစလုံးက ချောမောလှပသူများ ဖြစ်ကြသဖြင့် ကြည့်ရသည်က အလွန်ပင် လိုက်ဖက်ညီလှသည်။ ထို့ပြင် ရှန်လီ၏ ယနေ့ အမူအရာက ပုံမှန်နှင့် မတူဘဲ ဆန်းပြားနေသည်။ ကျန်းပေါ်က ဤဝံပုလွေပေါက် တစ်ယောက် ဤမျှအထိ ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ကြည့်ရသည်က သူတို့နှစ်ဦးသည် ယခုမှ စတင်ဆုံတွေ့ဖူးကြသော သူစိမ်းပုံစံမျိုး မဟုတ်ပေ။ 
 
“မင်းတို့နှစ်ယောက်က အရင်ကတည်းက သိကြတာလား…” 

ကျန်းပေါ်က အရိပ်အမြွက် စမ်းသပ်မေးမြန်းလိုက်သည်။ 
 
“အင်း…” 
ဟယ်ယဲ့ချင်းက ပွင့်လင်းစွာဖြင့် ခေါင်းညိတ်ပြလာသည်။  

“ကျွန်မတို့က တစ်ရွာတည်းကလေ…” 
 
“ဪ… ဒါကြောင့်ကိုး…” 
ကျန်းပေါ်က သဘောပေါက်စွာဖြင့် ခေါင်းညိတ်လိုက်၏။ 
 
ကျန်းပေါ်တစ်ယောက် စကားများလွန်းနေသည်ဟု ခံစားရသဖြင့် ရှန်လီက သူ့ကို ဆွဲခေါ်ရန် ပြင်လိုက်သော်လည်း ကျန်းပေါ်က လျင်မြန်စွာဖြင့် ဟယ်ယဲ့ချင်း၏ တုတ်ထိုးဆိုင် စားပွဲခုံကြီးထံသို့ ခြေလှမ်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။ 
 
“ဒါက ဘာစားစရာလဲဟင်… အနံ့က တော်တော်မွှေးတာပဲ…” 
ကျန်းပေါ်က စိတ်ဝင်တစား မေးသည်။ 
 
ဟယ်ယဲ့ချင်းက ပြုံးလျက် ဆိုသည်။ 
“မြည်းစမ်းကြည့်ကြပါဦး… ကျွန်မ ဧည့်ခံပါ့မယ်…” 
 
“ဧည့်ခံစရာမလိုပါဘူး ညီမလေးရယ်… ငါတို့တွေကို ပုံမှန် ဝယ်သူတွေလိုပဲ သဘောထားပြီး ရောင်းပါ…” 

ကျန်းပေါ်က ပြတ်သားစွာ ပြောဆိုလိုက်ပြီး ရှန်လီကိုပါ အတင်းဆွဲကာ ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်လေသည်။ ရှန်လီ၏ နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားသော်လည်း ဘာမှ ပြန်လည် မပြောဆိုခဲ့ပေ။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းကမူ သူတို့ထံမှ ပိုက်ဆံမယူရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ သူမက ပြုံး၍ ပြောလိုက်သည်။  

“ခဏလေး စောင့်နော်…” 
 
သူမက ကျွမ်းကျင်သွက်လက်လှစွာဖြင့် တုတ်ထိုးအချို့ကို ပြင်ဆင်ပြီးနောက် လင်ဗန်းတစ်ခုဖြင့် သယ်ဆောင်လာခဲ့သည်။ ကျန်းပေါ်၏ ဘေးဘက်တွင် ထိုင်နေသော ရှန်လီ၏ အနားသို့ ဟယ်ယဲ့ချင်း လင်ဗန်းချလိုက်ချိန်တွင် သူမ၏ အင်္ကျီလက်က ရှန်လီ၏ လက်မောင်းနှင့် အသာအယာ ပွတ်တိုက်မိသွားခဲ့သည်။ ထိုခဏ၌ ထိုအမျိုးသား၏ ခန္ဓာကိုယ်က သိသိသာသာ တောင့်တင်းသွားခဲ့သည်။ 
 
ကျန်းပေါ်ကမူ အဆင်သင့် ဖြစ်နေပြီဖြစ်ရာ အာလူးတုတ်ထိုးတစ်ချောင်းကို ကောက်ကိုင်ပြီး အရသာခံ ကိုက်စားလိုက်သည်။ သူက တွေဝေမနေဘဲ လက်မထောင်ပြကာ အားရပါးရ ချီးမွမ်းတော့သည်။

“ဒါက တကယ့်ကို အရသာက ထူးခြားပြီး အရမ်းကောင်းတာပဲ…” 
 
ဟယ်ယဲ့ချင်း၏ မျက်လုံးလေးများက လမင်းကွေးလေးကဲ့သို့ ဖြစ်သွားပြီး ဆိုလိုက်သည်။ 

“အားမနာတမ်း သုံးဆောင်ကြပါ… အများကြီး ရှိပါသေးတယ်…” 
 
ရှန်လီက ကျန်းပေါ်ကို မကျေမနပ် မျက်လုံးဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားလိုက်သည်။ ဟယ်ယဲ့ချင်းက တုတ်ထိုးများကို ချပေးပြီးနောက် ဆိုင်ရှေ့သို့ ပြန်လည် လျှောက်လှမ်းသွား၏။ အကြောင်းကမူ အခြားဝယ်သူအချို့ ထပ်မံရောက်ရှိလာသောကြောင့်ပင်။ 
 
အလုပ်ရှုပ်နေသည့် ကြားမှပင် သူမက ထိုသူနှစ်ဦးရှိရာဘက်သို့ တစ်ချက်တစ်ချက် ခိုးကြည့်မိသည်။ သူတို့နှစ်ဦးက တုတ်ထိုးများကို စားသောက်နေစဉ် စကားပြောဆိုနေကြရာ အများအားဖြင့် ကျန်းပေါ်၏ ဆူညံသော စကားသံများကိုသာ ကြားရသည်။

 á€›á€žá€”á€şá€œá€Žá€€á€™á€° သူမကို ကျောပေးကာ ထိုင်နေသဖြင့် သူ၏ မျက်နှာအမူအရာကို ဟယ်ယဲ့ချင်းက မမြင်ရပေ။ ကြည့်ရသည်က သူက အပြင်ပန်းတွင် အေးစက်နေသော်လည်း တကယ်တမ်း၌မူ စိတ်သဘောထား ကောင်းမွန်သူတစ်ဦး ဖြစ်နိုင်ပေသည်။ 
 
… 
 
ရုတ်တရက်ဆိုသလို ဟယ်ယဲ့ချင်း၏ စိတ်အာရုံထဲတွင် ငယ်စဉ်ကလေးဘဝက မေ့လျော့လုနီးပါး ဖြစ်နေခဲ့သော ဖြစ်ရပ်ဆိုးတစ်ခု ပြန်လည် ထင်ဟပ်လာခဲ့သည်။ 
 
ထိုစဉ်က သူမသည် အသက် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ခန့်သာ ရှိသေးပြီး ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် စကားများ စိတ်ကောက်ကာ ရွာလမ်းတလျှောက်တွင် တစ်ဦးတည်း ခြေဦးတည့်ရာ လျှောက်သွားနေခဲ့မိသည်။ ထိုအချိန်၌ လမ်းတွင် ရွာရှိ လူပျိုကြီးတစ်ဦးနှင့် ဆိုက်ဆိုက်မြိုက်မြိုက် တိုးခဲ့ရသည်။ 
 
ထိုလူပျိုကြီးက ဆင်းရဲပြီး ရုပ်ဆိုးလှသည့်အပြင် မိန်းမလည်း တစ်ခါမှ မရခဲ့ဖူးသူ ဖြစ်သည်။ ရွာထဲတွင်မူ သူက အကျင့်စာရိတ္တ မကောင်းသူတစ်ဦးအဖြစ် ကျော်ကြားပြီး ရွာရှိ မိန်းကလေးငယ်များနှင့် အပျိုမလေးများကို နှုတ်ဖြင့် သော်လည်းကောင်း၊ အမူအရာဖြင့် သော်လည်းကောင်း အမြဲတစေ စနောက်လေ့ရှိသူ ဖြစ်သည်။ 
 
ထိုစဉ်က ဟယ်ယဲ့ချင်း တစ်ဦးတည်း ရှိနေသည်ကို မြင်သောအခါ ထိုလူပျိုကြီးက ကောက်ကျစ်သော အပြုံးဖြင့် ဖြားယောင်းသွေးဆောင်ခဲ့သည်။ 

“ချင်းချင်း… ဦးလေးအိမ်ထဲကို လာခဲ့ပါလား… ဦးလေး သကြားလုံး ပေးမယ်လေ…” 
 
ဟယ်ယဲ့ချင်းက ငယ်သေးသော်လည်း နုံအသော ကလေးတစ်ဦး မဟုတ်ပေ။ ထိုလူပျိုကြီး၏ မျက်လုံးထဲမှ ရိုင်းစိုင်းညစ်ပတ်လှသော စိတ်ကူးများကို သူမက နားမလည်ဘဲ မနေပေ။ သူမက အပြေးအလွှား နောက်လှည့်ထွက်ပြေးခဲ့သော်လည်း ကလေးတစ်ယောက်၏ ခြေတံတိုတိုလေးဖြင့် လူကြီးတစ်ယောက်ကို မည်သို့မှ မယှဉ်နိုင်ခဲ့ပေ။ ထို့အပြင် ထိုနေရာက လူသူကင်းဝေးပြီး ဝေးလံလှသည့်အပြင် ရွာရှိ လူကြီးမိဘများအားလုံး လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေကြချိန် ဖြစ်သဖြင့် ပတ်ဝန်းကျင်တွင် ကယ်မည့်သူ တစ်ဦးမျှ မရှိခဲ့ချေ။ 
 
ဟယ်ယဲ့ချင်းက အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်သော်လည်း ထိုလူပျိုကြီးက သူမ၏ ပါးစပ်ကို လက်ဖြင့် အတင်းအကျပ် ပိတ်ဆို့လိုက်တော့သည်။ ထိုခဏ၌ သူမက မျှော်လင့်ချက်အားလုံး ပျောက်ဆုံးကာ အသည်းအသန် ငိုကြွေးနေမိစဉ်မှာပင် ရုတ်တရက် မြေကြီးခဲတစ်ခုက ထိုလူပျိုကြီး၏ ဦးခေါင်းတည့်တည့်သို့ ထိမှန်သွားလေသည်။ 
 
လူပျိုကြီးက ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ရာ အသက် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်ခန့်ရှိသော ကောင်လေးတစ်ဦးက သူ့ကို မမှုဘဲ မြေကြီးခဲများဖြင့် ဆက်တိုက် ပစ်ပေါက်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုစဉ်က ရှန်လီသည် ရွာထဲ၌ ဝံပုလွေပေါက်ဟု အမည်ကျော်ကြားပြီး ဒေါသထွက်လျှင် ရူးသွပ်စွာ သတ်ပုတ်တတ်သူအဖြစ် လူတိုင်းက ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ထိုလူပျိုကြီးက ရှန်လီနှင့် ထိပ်တိုက် မရင်ဆိုင်ရဲဘဲ ဟယ်ယဲ့ချင်း၏ လက်ကို လွှတ်ပေးလိုက်ပြီး ပွစိပွစိပြောကာ ထွက်ခွာသွားလေသည်။ 
 
လူပျိုကြီး ထွက်ခွာသွားသောအခါ ရှန်လီက ဟယ်ယဲ့ချင်းကို တစ်ချက်မျှ လှည့်မကြည့်ဘဲ အခြားလမ်းကြောင်းတစ်ခုသို့ ခပ်တည်တည်ဖြင့် ထွက်ခွာသွားခဲ့သည်။ သူက ဟယ်ယဲ့ချင်းကို ကယ်တင်ချင်စိတ်ထက် ထိုလူပျိုကြီးကို ကြည့်မရသဖြင့် မြေကြီးခဲဖြင့် ပစ်ပေါက်ကစားခဲ့သည့် ပုံစံမျိုးသာ ဖြစ်သည်။ သို့သော်လည်း ဟယ်ယဲ့ချင်းကမူ အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသဖြင့် အိမ်သို့ သုတ်ခြေတင် ပြန်ပြေးခဲ့လေသည်။ 
 
သူမက ဤအကြောင်းကို မိခင်ဖြစ်သူ နျိုချွန်းဟုန်အား ပြောပြခဲ့ရာ နျိုချွန်းဟုန်ကလည်း ကြားရုံမျှဖြင့် ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း ဟယ်ယဲ့ချင်းတွင် ဒဏ်ရာဒဏ်ချက် တစ်စုံတစ်ရာ မရရှိခဲ့သည်ကို သိရသောအခါ စိတ်အေးသွားပြီး သမီးဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးရန်ကိုမူ မဝံ့ရဲခဲ့ချေ။ 
 
ထိုစဉ်က ဟယ်ယဲ့ချင်းက စိတ်ပျက်အားလျော့မှုမှတစ်ပါး အခြားဘာကိုမျှ မခံစားခဲ့ရပေ။ သို့သော်လည်း အတိတ်ကို ပြန်ပြောင်း သုံးသပ်ကြည့်လျှင် သူမက ရှန်လီနှင့် မည်သည့်အခါမျှ ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့သည့်တိုင်အောင်၊ သူကိုယ်တိုင်က ကူညီရန် ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမှန်တရားကမူ ထိုစဉ်က သူမကို ကယ်တင်ပေးခဲ့သူက ရှန်လီပင် ဖြစ်သည်။

ထိုစဉ်က သူမက တောင်ပေါ်မှ အသီးများကိုပင် သွားရောက်ခူးဆွတ်ကာ ကျေးဇူးတင်စကား ဆိုရန်အတွက် သူ့အိမ်သို့ တမင်တကာ သွားခဲ့ဖူးသေးသည်။ သို့သော် ရှန်လီက သူမကို အိမ်ထဲသို့ ပေးမဝင်ဘဲ “သိပြီ” ဟုသာ ခပ်ပြတ်ပြတ် ပြောခဲ့သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းသည် ဤကျေးဇူးတရားကို ရင်ထဲတွင် အမြဲစွဲမှတ်ထားခဲ့သည်။ ရွာထဲတွင် သူ့ကိုတွေ့တိုင်း နှုတ်ဆက်လေ့ရှိပြီး ရွာမှ အခြားကလေးများက သူ့အတင်းအဖျင်းကို ပြောဆိုကြလျှင်လည်း သူမက ရှေ့နေလိုက်၍ ကာကွယ်ပြောဆိုပေးတတ်သည်။ 
 
အချိန်ကြာလာသည်နှင့်အမျှ ရှန်လီကလည်း သူမက သူ့ကို အခြားသူများကဲ့သို့ ရှောင်ဖယ်မသွားသည်ကို သတိပြုမိလာပြီးနောက် သူတို့နှစ်ဦးအကြား စကားအနည်းငယ်စီ ပြောဖြစ်လာကြလေသည်။ 
 
နောက်ပိုင်းတွင် ဟယ်ယဲ့ချင်း အလယ်တန်းတက်ရသည့်အချိန်၌ ရှန်လီက အထက်တန်းကျောင်းမှ ထွက်လိုက်ရသဖြင့် သူတို့နှစ်ဦးအကြား အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ရသည်။ ရံဖန်ရံခါ လမ်းတွင် ရှန်လီနှင့် ဆုံတွေ့ရလျှင်ပင် သူက သူမကို မမြင်ချင်ယောင်ဆောင်ကာ ရှောင်ဖယ်သွားတတ်သဖြင့် သူမကလည်း လိုက်လံ မနှောင့်ယှက်တော့ပေ။ သူမက သူ့အပေါ် တစ်နေရာရာတွင် ပြစ်မှားမိခဲ့လေသလားဟုပင် တစ်ခါတစ်ရံ သံသယဝင်မိခဲ့သေးသည်။ 
 
သို့သော် ယခုကြည့်ရသည်က ရှန်လီသည် အပြင်ပန်းတွင်သာ အေးစက်စက်နှင့် လူအနားမကပ်ချင်စရာပုံစံ ဖြစ်နေသော်လည်း တကယ်တမ်း၌မူ အလွန်ပင် စိတ်သဘောထားပြည့်ဝပြီး ကြင်နာတတ်သူတစ်ဦး ဖြစ်နေခဲ့သည်။ 
 
… 
 
ဪ… ဒါနဲ့ စကားမစပ်… 
 
ထိုလူပျိုကြီးသည် လွန်ခဲ့သော နှစ်နှစ်ခန့်က တစ်ရွာတည်းသားတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ဖြစ်သည်။ ရွာသားများက ဤကိစ္စနှင့်ပတ်သက်၍ လျှို့ဝှက်ထားကြသော်လည်း ကောလာဟလ သတင်းများကမူ အရိပ်အမြွက် ပျံ့နှံ့နေဆဲ ဖြစ်သည်။ 
 
ကြားသိရသရွေ့အရ ထိုလူပျိုကြီးသည် ရွာရှိ အိမ်တစ်အိမ်မှ အရွယ်မရောက်သေးသော သမီးငယ်လေးကို စော်ကားခဲ့သည်ဟု ဆိုကြသည်။ မိန်းကလေး၏ ဖခင်ဖြစ်သူက ဤအကြောင်းကို သိရှိသွားသောအခါ ဒေါသအမျက်ချောင်းချောင်းထွက်လျက် ဟင်းသီးဟင်းရွက်လှီးဓားကို ကိုင်ဆောင်ကာ ထိုလူပျိုကြီး၏ အိမ်ထဲသို့ အတင်းအကျပ် ဝင်ရောက်သွားခဲ့ပြီး သူ့ကို ဓားဖြင့် ဆယ်ချက်ထက်မနည်း ရက်ရက်စက်စက် ထိုးခုတ်ပစ်လိုက်တော့ရာ ထိုးချက်တိုင်းက အရိုးထဲအထိပင် မြုပ်ဝင်သွားခဲ့သည်။ ထိုလူပျိုကြီးက အော်ဟစ်အကူအညီတောင်းရန်ပင် အချိန်မရလိုက်ဘဲ နေရာ၌ပင် အသက်ပျောက်သွားခဲ့ရသည်။ 
 
ထိုအမျိုးသားက လူသတ်မှုဖြင့် အဖမ်းခံခဲ့ရပြီး မကြာမီမှာပင် ထိုမိန်းကလေးငယ်လေးကလည်း မြစ်ထဲသို့ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့လေသည်။ ကျန်ရစ်သော မိသားစုဝင်များကလည်း ရွာမှ အခြားတစ်ပါးသို့ ပြောင်းရွှေ့သွားကြရာ ယခုအခါ မည်သည့်နေရာသို့ ရောက်ရှိသွားကြသည်ကို မည်သူမျှ မသိရှိကြတော့ပေ။ 
 
ဟယ်ယဲ့ချင်းသည် ထိုစဉ်က ထိုသတင်းဆိုးကို ကြားလိုက်ရသောအခါ အချိန်အတော်ကြာအောင် ဆွံ့အမှင်တက်နေခဲ့မိသည်။ သူမက သူမထက် အသက်အနည်းငယ်မျှသာ ငယ်ရွယ်သော သနားစရာ မိန်းကလေးငယ်လေး၏ ဘဝကို တွေးတောကာ သူမ၏ အတိတ်ဟောင်းကိုလည်း ပြန်လည် မြင်ယောင်လာခဲ့သည်။ 
 
သူမ စိတ်ထဲမှ အကယ်၍ ထိုစဉ်က သူမသာ ဤကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ခဲ့ရလျှင် သူမ၏ မိသားစုက သူမဘက်မှ မားမားမတ်မတ် ရပ်တည်ပေးပါ့မည်လားဟု မတွေးဘဲ မနေနိုင်ခဲ့ပေ။ 
 
အမှန်တွင် ဤမေးခွန်း၏အဖြေက လုံးဝ ရင်ခုန်စိတ်လှုပ်ရှားစရာ မရှိလှပေ။ အကြောင်းကမူ မီးရောင်အောက်တွင် မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာနှင့် ထိုစဉ်က သူမကို ပြောခဲ့သော စကားလုံးများက မှတ်ဉာဏ်ထဲတွင် ပြန်လည် ပေါ်ထွက်လာသောကြောင့်ပင်။ 

မိခင်က “ဒီအကြောင်းကို ဘယ်သူ့ကိုမှ အသိမပေးနဲ့နော်…” ဟု တိုးတိုးလေး မှာကြားခဲ့ဖူးသည်။ ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းအကြောင်းမူ ပြောနေစရာပင် မလိုတော့ချေ။ သူက အသုံးမကျသော သမီးတစ်ယောက်၏ ဘဝကို လုံးဝ ဂရုစိုက်မည့်သူ မဟုတ်ပေ။ 
 
ဟယ်ယဲ့ချင်းကမူ စိတ်ထဲတွင် နောင်တမကင်း ဖြစ်မိသည်။ အကယ်၍ ထိုစဉ်ကသာ သူမက ဤအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုခဲ့လျှင် အနည်းဆုံးတွင် ရွာသားအားလုံးက ထိုလူပျိုကြီး၏ အကျင့်စရိုက်ကို သတိထားမိကြမည်ဖြစ်ရာ ယခုကဲ့သို့သော ကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီး ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ။ ဤကိစ္စကြောင့် ဟယ်ယဲ့ချင်းသည် အချိန်အတော်ကြာအောင် စိတ်မကောင်းဖြစ်ကာ စိတ်ဓာတ်ကျနေခဲ့ရဖူးသည်။ 
 
… 
 
“ဝယ်သူတစ်ယောက် ဆိုင်အနားသို့ တိုးကပ်လာခြင်း” က ဟယ်ယဲ့ချင်း၏ အာရုံကို လက်ရှိအခြေအနေသို့ ပြန်လည် ဆွဲခေါ်လာလေသည်။ 
 
သူမက ပါဆယ်ထုတ်ထားသော တုတ်ထိုးထုပ်ကို ဝယ်သူထံသို့ ကမ်းပေးလိုက်ပြီးနောက် ရှန်လီနှင့် ကျန်းပေါ်တို့ တုတ်ထိုးများ ထပ်မံ လိုအပ်ဦးမည်လားဟု လှည့်ကြည့်လိုက်သည်။ သို့သော် သူမ လှည့်ကြည့်လိုက်သောအခါတွင်မူ ထိုသူနှစ်ဦးစလုံးက မည်သည့်အချိန်ကတည်းက ထွက်ခွာသွားခဲ့ကြသည်မသိရဘဲ နေရာတွင် မရှိကြတော့ပေ။

သူတို့ စားသုံးသွားခဲ့သော ဝါးတုတ်ချောင်းကလေးများက စားပွဲခုံပေါ်တွင် သေသေချာချာ စုစည်းထားရှိပြီး လင်ဗန်း၏ အောက်တွင်မူ အကြွေစေ့အချို့ကို ဖိ၍ တင်ထားခဲ့ကြသည်။ ထိုငွေပမာဏက သူတို့စားသုံးသွားခဲ့သော တုတ်ထိုးများ၏ တန်ဖိုးနှင့် ကွက်တိပင် ဖြစ်နေလေသည်။ 
 
ဟယ်ယဲ့ချင်းက သက်ပြင်းတစ်ချက်ကို အသာချပြီး ထိုငွေများကို ကောက်ယူသိမ်းဆည်းလိုက်၏။ 
 
ထိုစဉ် ဘေးဆိုင်မှ ပေါက်စီရောင်းသော အမကြီးကလည်း စပ်စုလိုသော အမူအရာဖြင့် အနားသို့ တိုးကပ်လာကာ တိုးတိုးတိတ်တိတ် ပြောဆိုလာသည်။ 

“ချင်းချင်း… မင်းက အဲဒီ လမ်းသရဲနှစ်ယောက်ကို သိလို့လား… ဒီလိုလူစားမျိုးတွေနဲ့တော့ ဝေးဝေးက ရှောင်ပြီး အဆက်အသွယ် မလုပ်တာက ပိုကောင်းလိမ့်မယ်နော်…” 
 
ဟယ်ယဲ့ချင်းက သူမကို လှည့်ကြည့်လိုက်ပြီး သူမ၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားလေသည်။ 
 
အစောပိုင်း၌ သူမ လမ်းသရဲများ၏ နှောင့်ယှက်စော်ကားခြင်းကို ခံနေရစဉ်က ဤပေါက်စီသည်အစ်မကြီးကလည်း အတိုင်းသား မြင်တွေ့နေခဲ့ရသည်။ ထိုစဉ်က သူမက အဝေးမှနေ၍ စကားအနည်းငယ် ဝင်ရောက်ပြောဆိုခဲ့သော်လည်း ထိုလူမိုက်များက မမှုဘဲ နှာခေါင်းရှုံ့လိုက်သောအခါတွင်မူ သူမကို အမှုမပတ်စေရန်အတွက် ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားခဲ့သူ ဖြစ်သည်။ 
 
လူသားတို့၏ သဘာဝအရ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် ပုန်းရှောင်တတ်ကြသည်က ဓမ္မတာပင် ဖြစ်သော်လည်း ဤသည်က ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် အဖုအထစ် မရှိဟု မဆိုလိုနိုင်ပေ။ 
 
“သူတို့က လမ်းသရဲတွေ မဟုတ်ပါဘူးအစ်မ…” 

ဟယ်ယဲ့ချင်းက ပေါက်စီသည်အစ်မကြီးကို စကားနာထိုးသည့်အနေဖြင့် ခပ်အေးအေးပင် ပြန်လည် တုံ့ပြန်လိုက်သည်။  

“ပြီးတော့ သူတို့က ညီမကို ကူညီခဲ့ကြတာလေ… ဘာမှမလုပ်ဘဲ ဒီအတိုင်း ရပ်ကြည့်နေတဲ့သူတွေထက်စာရင်တော့ အများကြီး ပိုပြီး ကောင်းပါတယ်… မဟုတ်ဘူးလား အစ်မရယ်…” 
 
ပေါက်စီသည်အစ်မကြီး၏ မျက်နှာတွင် အပြစ်မကင်းသော အရိပ်အယောင်များ ချက်ချင်း ဖြတ်သန်းသွားပြီးနောက် ဘာမှ ပြန်မပြောရဲတော့ဘဲ မျက်နှာပျက်ပျက်ဖြင့်သာ နှုတ်ဆိတ်သွားခဲ့ရရှာတော့သည်။

Search Novels