🖼အခန်း (၁)
 - ဝတ္ထုထဲမှ ဗီလိန် 

 
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်။ ရှီနန်ခရိုင် အမှတ် (၁) အထက်တန်းကျောင်း၏ အဝင်ဝ။ 
 
ဟောင်းနွမ်းစုတ်ပြတ်နေသော ကျောင်းဂိတ်တံခါးဝတွင် “အမျိုးသားတက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန၊ ရှီလင်ပြည်နယ်၊ ရှီနန်အမှတ် (၁) အထက်တန်းကျောင်း” ဟု စာလုံးအဖြူရောင်များဖြင့် ရေးသားထားသည့် နောက်ခံအနီရောင် ဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ 
 
နံနက်ကိုးနာရီကျော်ပြီဖြစ်၍ နေရောင်က စူးရှတောက်ပနေပြီဖြစ်ပြီး လေထုထဲတွင် အပူရှိန်များ လှိုက်တက်ကာ အပူချိန်ကလည်း တရိပ်ရိပ် မြင့်တက်နေလေသည်။ 
 
ကျောင်းဝင်းအတွင်းနှင့် အပြင်နှစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ စာသင်ခန်းများထဲရှိ စာမေးပွဲဖြေဆိုသူများက နဖူးမှ ချွေးများ တဒီးဒီးကျနေသော်လည်း ၎င်းတို့၏ စာမေးပွဲမေးခွန်းလွှာများပေါ်တွင်သာ အာရုံစိုက်ထားကြသည်။ စာမေးပွဲစောင့်ဆရာ အချို့ကမူ စာသင်ခန်းအပူချိန် လျော့ကျသွားစေရန် ဘိလပ်မြေကြမ်းပြင်ပေါ်သို့ ရေအေးများ လိုက်လောင်းနေလျက် လျှောက်လှမ်းနေကြသည်။ 
 
ထိုစဉ် ကျောင်းဂိတ်ဝသို့ မိန်းကလေးတစ်ယောက် ထိတ်လန့်တကြား ပျာပျာသလဲလဲ ပြေးဝင်လာခဲ့သည်။ 
 
ထိုမိန်းကလေး၏ ဝတ်စားဆင်ယင်မှုက ထူးခြားမှုမရှိဘဲ နေရာတိုင်းတွင် မြင်တွေ့နိုင်သည့် ရိုးရှင်းသော အင်္ကျီအဖြူနှင့် ဝါဂွမ်းသား ဘောင်းဘီအမည်းကိုသာ ဝတ်ဆင်ထားလေသည်။ သို့သော်လည်း သူမ၏မျက်နှာကမူ ဝင်းပစိုပြေသော အသားအရေနှင့် ပြစ်မျိုးမှဲ့မထင်သော ရုပ်ရည်အလှကြောင့် သိသိသာသာ ထင်ရှားပေါ်လွင်နေပြီး ဤခရိုင်မြို့ငယ်လေးနှင့် လုံးဝမလိုက်ဖက်အောင်ပင် လှပလွန်းနေ၏။ 
 
သို့သော်လည်း သူမက မည်မျှပင် ရုပ်ရည်ချောမောလှပပါစေ၊ ကျောင်းထဲသို့ ဝင်ရန်ပြုချိန်တွင် တားဆီးခြင်းကို ခံလိုက်ရသည်။ 
 
“လောင်ရှီး... သမီး စာမေးပွဲဖြေဖို့ လာတာပါ… သမီးကို ပေးဝင်လို့ရမလား…”  

ဟယ်ယဲ့ချင်းသည် စာမေးပွဲခန်းမဘက်သို့ ပူပန်သောကရောက်စွာ လှမ်းကြည့်လျက် သူမ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို အမြန်ထုတ်ကာ တားဆီးထားသည့် ဆရာ့ထံသို့ ကမ်းပေးလိုက်သည်။ 
 
အသားညိုညိုနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားဆရာက ချွေးများစီးကျနေသော သူမ၏မျက်နှာကို ကြည့်ကာ လက်ပတ်နာရီကို တစ်ချက်ငဲ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။  

“အခု ကိုးနာရီ နှစ်ဆယ့်ငါးတောင် ရှိနေပြီ… စည်းကမ်းအရဆိုရင် မင်းကို ပေးဝင်လို့မရတော့ဘူး…” 
 
“ဒီလောက် အရေးကြီးတဲ့ စာမေးပွဲကို ဘယ်လိုဖြစ်လို့ နောက်ကျရတာလဲ…”  

ဟယ်ယဲ့ချင်းကို ဆူပူကြိမ်းမောင်းပြီးနောက် ထိုဆရာက လက်ယမ်းပြကာ ဆိုလိုက်သည်။ 

“နောက်နှစ်မှပဲ ပြန်လာခဲ့တော့…” 
 
ဟယ်ယဲ့ချင်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီး မည်သည့်စကားတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့ပေ။ 
 
သူမက စာမေးပွဲခန်းမဘက်သို့ မချင့်မရဲ လှမ်းကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် ဆန့်ကျင်ဘက်လမ်းအတိုင်း လှည့်ထွက်ခဲ့လိုက်သည်။ သူမ လှည့်ထွက်လာစဉ်မှာပင် နောက်ကွယ်မှ ဆရာဖြစ်သူက နှမြောတသစွာ သက်ပြင်းချကျန်ရစ်သည့် အသံကို ကြားနေရသေးသည်။ 
 
ဒါက ဒုတိယအကြိမ်မြောက်ပဲ… 
 
ယခု သူမ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့ရသည်က ဒုတိယအကြိမ်မြောက် ဖြစ်သည်။ 
 
ယမန်နှစ်ကလည်း ယခုလို အချိန်မျိုး၌ပင် ဖြစ်ခဲ့သည်။ 
 
သို့သော် ယမန်နှစ်က သူမ နောက်မကျခဲ့ပေ။ သူမ စာမေးပွဲခန်းထဲ ဝင်ခါနီးမှ သူမ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပျောက်ဆုံးနေမှန်း သိခဲ့ရခြင်း ဖြစ်သည်။ 
 
ပထမတစ်ကြိမ်ကို တိုက်ဆိုင်မှုဟု ပြောနိုင်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဟယ်ယဲ့ချင်းက သူမကိုယ်သူမပင် လှည့်ဖြား၍မရတော့ပေ။ 
 
ယနေ့နံနက်က သူမကို အပြင်မှနေ၍ အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ထားခဲ့သည်ကို ပြန်တွေးမိပြီး ဟယ်ယဲ့ချင်း၏ လှပသောမျက်နှာလေးက ဒေါသနှင့်စိတ်ပျက်မှုတို့ကြောင့် ရှုံ့မဲ့သွားရသည်။ 
 
ဟယ်ယဲ့ချင်းသည် သစ်ရိပ်ကောင်းကောင်းနေရာတစ်ခုကို ရှာပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူမက စာမေးပွဲခန်းမဘက်သို့ နောက်ထပ်တစ်ချက် လှမ်းကြည့်ပြီးနောက် ခေါင်းငုံ့ကာ ခြေရင်းနားရှိ သစ်ကိုင်းခြောက်တစ်ခုကို ကောက်ယူကာ စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးကို တုတ်နှင့် ထိုးဆွနေမိသည်။ 
 
မကြာမီပင် ဟယ်ယဲ့ချင်းသည် သူမအပေါ်သို့ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို သတိပြုမိလိုက်သည်။ 
 
သူမ ခေါင်းမော့ကြည့်လိုက်သောအခါ သစ်ရွက်စိပ်စိပ်များကြားမှတစ်ဆင့် ခန္ဓာကိုယ်ထွားကျိုင်းပြီး အသားညိုညိုနှင့် ဒေါသကြောင့် တုန်ယင်နေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ 
 
လေးထောင့်ကျကျ မျက်နှာပုံစံနှင့် ထိုအမျိုးသားက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ကြေးခေါင်းလောင်းထက်ပင် ကျယ်ပြောလှသော မျက်လုံးကြီးများဖြင့် ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။  

“ဟယ်ယဲ့ချင်း... မင်း ဒီမှာ ဘာလုပ်နေတာလဲ…” 
 
ဟယ်ယဲ့ချင်းသည် ငိုမဲ့မဲ့မျက်နှာဖြင့် အတင်းအကျပ် ပြုံးပြလိုက်ပြီး ခေါ်လိုက်သည်။
 
“ကျန်းလောင်ရှီး...” 
 
'ကျန်းကော်ဝမ်' သည် ဟယ်ယဲ့ချင်း၏ အတန်းပိုင်ဆရာ ဖြစ်သည်။ သူ့အမည်က ပညာတတ်ဆန်လှသော်လည်း အမှန်စင်စစ်တွင်မူ သူက ဗလတောင့်တောင့်နှင့် လူကောင်ကြီးကြီး ဖြစ်သည်။ ယခုအချိန်တွင် ခက်ထန်သော မျက်နှာထားနှင့် ဖြစ်ခြင်းကြောင့် ကလေးများ မြင်လျှင်ပင် ကြောက်လန့်တကြား ငိုယိုသွားလောက်သည်။

“မင်းရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ပြန်ပျောက်သွားပြန်ပြီလား…”  

ကျန်းကော်ဝမ်က အံကြိတ်ကာ ပြောလိုက်သည်။ ဟယ်ယဲ့ချင်းတစ်ယောက် စာမေးပွဲခန်းထဲသို့ ထပ်မံဝင်ခွင့်မရတော့သည်ကို မြင်လိုက်ရသဖြင့် သူ မည်မျှပင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ 
 
“ဒီမှာ ရှိပါတယ် လောင်ရှီး…”  
ဟယ်ယဲ့ချင်းက ခေါင်းငုံ့ကာ ပြောရှာသည်။ 
 
“ဒါဆို မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ…”  
ကျန်းကော်ဝမ်က သူမကို စိုက်ကြည့်လိုက်သည်။ 
 
“သမီး နောက်ကျသွားလို့ တံခါးဝက လောင်ရှီးက ပေးမဝင်တော့ဘူး...”  

ဟယ်ယဲ့ချင်း၏ ခေါင်းက ပို၍ပင် ငုံ့သွားတော့သည်။ 
 
“ဘာ...”  
ကျန်းကော်ဝမ်က ဒေါသအိုးပေါက်ကွဲသွားသည်။  

“မင်း... မင်း... ငါ မင်းကို ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး…” 
 
“ဒီလောက် အရေးကြီးတဲ့ စာမေးပွဲကို ဘယ်လိုဖြစ်လို့ နောက်ကျရတာလဲ…”  

အစပိုင်းတွင် ဒေါသတကြီး ဖြစ်သွားသော်လည်း နောက်ပိုင်းတွင် ကျန်းကော်ဝမ်က တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားသည်။ သူက ဟယ်ယဲ့ချင်း၏ စိတ်နေသဘောထားကို သိထားပြီး ယမန်နှစ်က အတွေ့အကြုံလည်း ရှိထားရာ ယခုကဲ့သို့ အခြေခံအမှားမျိုးကို သူမ လုပ်လိမ့်မည်မဟုတ်ကြောင်း နားလည်ထားသည်။ 
 
“အမှန်အတိုင်းပြောစမ်း… ဘာဖြစ်ခဲ့တာလဲ…” 
 
ကျန်းကော်ဝမ်၏ မျက်လုံးများက စူးစမ်းမှုများဖြင့် ပြည့်နှက်နေသဖြင့် ဟယ်ယဲ့ချင်းလည်း ယနေ့နံနက်က သူမကို အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ထားခဲ့၍ အပြင်ထွက်မရခဲ့သည့် အကြောင်းစုံကို အမှန်အတိုင်း ပြောပြလိုက်ရတော့သည်။ 
 
နားထောင်ပြီးနောက် ကျန်းကော်ဝမ်၏ နဖူးပေါ်ရှိ အရေးအကြောင်းများက ယင်ကောင်တစ်ကောင်ကိုပင် ညှပ်သတ်နိုင်လောက်အောင် တွန့်ရှုံ့သွားသည်။  

“မင်းတို့ မိသားစုကတော့...” 
 
“ထားလိုက်ပါတော့... နောက် ဘာဆက်လုပ်မလဲ…”  

ကျန်းကော်ဝမ်က သက်ပြင်းချလိုက်သည်။ 
 
“ကျန်တဲ့ စာမေးပွဲတွေကို ဆက်ဖြေပါ့မယ်…”  
ဟယ်ယဲ့ချင်းက စာမေးပွဲခန်းမဘက်သို့ လှမ်းကြည့်ကာ ပြတ်သားစွာပြောလိုက်သည်။ 
 
ကျန်းကော်ဝမ်က နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ 
 
“အေး... အဲဒါ အမှန်ကန်ဆုံးပဲ…”  

ကျန်းကော်ဝမ်က သဘောတူညီစွာဖြင့် ဟယ်ယဲ့ချင်းကို ချီးကျူးသလို ကြည့်လိုက်ပြီးနောက် သူမ၏ ပုခုံးကို သူ၏ လက်ဖဝါးကြီးဖြင့် ပုတ်ပေးလိုက်သည်။  

“မင်းရဲ့ အမှတ်နဲ့ဆိုရင် စာမေးပွဲတစ်ခု လွတ်သွားရင်တောင် ဆရာအတတ်သင်ကောလိပ်ကို တက်ခွင့်ရဖို့က ပြဿနာမရှိပါဘူး…” 
 
ဟယ်ယဲ့ချင်းသည် ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုသာ မဆိုစလောက် လှုပ်ရှားပြလိုက်သည်။ 
 
“ကဲ... စိတ်မကောင်းဖြစ်မနေနဲ့တော့…”  
ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းကို နှစ်သိမ့်ပေးပြီးနောက် ပြောလိုက်သည်။ 

“လာမယ့် စာမေးပွဲရက်တွေမှာ မင်း ငါ့အိမ်မှာပဲ တည်းခိုပြီး ကျန်တဲ့ စာမေးပွဲတွေကို စိတ်အေးလက်အေး ဖြေဖို့ပဲ အာရုံစိုက်ပါ…” 
 
“အဆင်ပြေပါ့မလား လောင်ရှီး…”  
ဟယ်ယဲ့ချင်းက တွန့်ဆုတ်နေမိသည်။ 
 
“ဘာလို့ အဆင်မပြေရမှာလဲ…”  
ကျန်းကော်ဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။  

“မင်း အိမ်ပြန်သွားရင် မနက်ဖြန် တခြား မတော်တဆမှုတွေ ထပ်မဖြစ်စေရဘူးလို့ မင်း အာမခံနိုင်လို့လား…” 
 
ဟယ်ယဲ့ချင်း : “...ဒါဆိုရင်တော့ ဆရာ့ကို အားနာရတော့မှာပဲ…” 
 
ကျန်းကော်ဝမ် ပြောသည်က မှန်ပေသည်။ အကယ်၍ သူမ အိမ်ပြန်သွားလျှင် နောက်ထပ် မည်သည့်ပြဿနာမှ ထပ်မတက်တော့ဟု သူမ မပြောနိုင်ပေ။ 
 
ဤအချက်ကို သဘောပေါက်သွားပြီးနောက် ဟယ်ယဲ့ချင်းသည် ဆက်လက်၍ ပူပန်မနေတော့ဘဲ ရှေ့မှဦးဆောင်သွားသော ကျန်းကော်ဝမ်၏ နောက်သို့ လိုက်ပါသွားခဲ့တော့သည်။ 
 
ရှီနန်အမှတ် (၁) အထက်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သော်လည်း ကျန်းကော်ဝမ်သည် ဆရာများမိသားစုလိုင်းခန်းတွင် မနေဘဲ ကျောင်းနှင့်နီးသော အိမ်ဝိုင်းလေးတစ်ခုတွင် နေထိုင်သည်။ ထိုအိမ်က လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ၎င်းတို့မိသားစုကိုယ်တိုင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 
 
ကျန်းကော်ဝမ်၏ မိသားစုက ရိုးရှင်းပြီး သူနှင့် သူ့ဇနီး၊ ပြီးလျှင် ပေကျင်းတွင် တက္ကသိုလ်တက်နေသော သားတစ်ယောက်သာရှိရာ ယခုအချိန်တွင် အိမ်၌ ကျန်းကော်ဝမ်နှင့် သူ့ဇနီးသည်တို့ နှစ်ယောက်တည်းသာ ရှိ၏။ 
 
ကျန်းကော်ဝမ်၏ ဇနီးသည်က အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဟယ်ယဲ့ချင်း ရောက်ရှိလာခြင်းအပေါ် စိတ်ကွက်ခြင်းမရှိသည့်အပြင် ပြုံးရွှင်စွာဖြင့် ကြိုဆိုနှုတ်ဆက်လေသည်။ 
 
နောက်ထပ် နှစ်ရက်အတွင်းတွင် ဟယ်ယဲ့ချင်းသည် ကျန်ရှိနေသော ဘာသာရပ်ခြောက်ခုလုံးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။ 
 
တက္ကသိုလ်ဝင်စာမေးပွဲခန်းမမှ ထွက်လာပြီးနောက် ဟယ်ယဲ့ချင်းသည် ကျန်းကော်ဝမ်နှင့် သူ့ဇနီးဖြစ်သူတို့ကို နှုတ်ဆက်ကာ အိမ်အပြန်လမ်းသို့ ထွက်ခွာခဲ့လိုက်သည်။ 
 
ဟယ်ယဲ့ချင်း၏ အိမ်သည် ခရိုင်မြို့ထဲတွင်မဟုတ်ဘဲ မြို့နှင့် ဆယ်မိုင်ခန့် ကွာဝေးသော ကန်းရွှေရွာတွင် ရှိသည်။ 
 
အိမ်အပြန်လမ်းက ဟယ်ယဲ့ချင်းအတွက် စိမ်းသက်မနေပေ။

၁၉၈၉ ခုနှစ်တွင် ရှီနန်ခရိုင်မြို့ငယ်လေးက ဝေးလံခေါင်သီသော တည်နေရာကြောင့် ဖွံ့ဖြိုးတိုးတက်မှု အရိပ်အယောင် သိပ်မရှိသေးပေ။ 
 
မြို့လယ်ရှိ အဓိကလမ်းမကြီးက ဘိလပ်မြေလမ်းဖြစ်သော်လည်း အမြဲတမ်း ဖုန်တထောင်းထောင်း ထနေသဖြင့် မှိုင်းညို့ညို့ အရောင်သာ ရှိသည်။ 
 
မော်တော်ကားများကို တွေ့ရခဲပြီး စက်ဘီးများက လမ်းပေါ်တွင် အသုံးအများဆုံး သွားလာရေးယာဉ် ဖြစ်သည်။ 
 
လမ်းဘေးဝဲယာရှိ အိမ်များနှင့် အဆောက်အအုံများက သုံးထပ်ထက်မပိုဘဲ အများစုက ကိုယ်တိုင်ဆောက်လုပ်ထားသော ခပ်နိမ်နိမ့် အုတ်ကြွပ်မိုးအိမ်များသာ ဖြစ်ကြသည်။ 
 
ထူးခြားချက်တစ်ခုအနေဖြင့် ပြောရလျှင် မြို့ထဲတွင် ပုဂ္ဂလိကပိုင် ဆိုင်ခန်းများ တိုးပွားလာပြီး လမ်းဘေးတွင် ဈေးသည်ငယ်လေးများစွာ ရှိနေခြင်းဖြစ်သည်။ 
 
ထို့အပြင် မြို့ထဲတွင် လေလွင့်နေသော လူမိုက်များ၊ အထူးသဖြင့် ဆန်းပြားဆန်းကြယ်စွာ ဝတ်ဆင်ထားပြီး ဝေးဝေးမှ ရှောင်ရမည့် လူငယ်အုပ်စုများကိုလည်း အများအပြား တွေ့ရတတ်သည်။ 
 
မြို့ထဲမှ ကန်းရွှေရွာသို့ ပြန်ရန်အတွက် 'အန္တရာယ်ရှိသော' လမ်းတစ်ခုကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ 
 
ထိုလမ်း၏ 'အန္တရာယ်' က လမ်းဆုံလမ်းခွမှစတင်၍ လောင်းကစားဒိုင်များ၊ ကာရာအိုကေဆိုင်များနှင့် အကခန်းမများကဲ့သို့သော ဖျော်ဖြေရေးကလပ်များစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် ခရိုင်မြို့ရှိ အလုပ်လက်မဲ့ လူမိုက်များ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။ 
 
ဤလမ်းကို ဖြတ်သန်းသွားသည့်အခါ လူမိုက်လူငယ်အချို့ စုဝေးကာ ဆေးလိပ်သောက်နေသည်ကို မကြာခဏ တွေ့ရတတ်သည်။ 
 
'လူမိုက်' ဟု အခေါ်ခံရသည့်အတိုင်း ထိုလူငယ်များ၏ နှုတ်ထွက်စကားများက မသန့်ရှင်းကြပေ။ ၎င်းတို့သည် အပျိုအရွယ် မိန်းကလေးများကို မြင်လျှင် လေချွန်ခြင်းနှင့် ရိုင်းစိုင်းသော စကားလုံးများဖြင့် ပြောင်လှောင်ခြင်းတို့ကို မလုပ်ဘဲမနေကြချေ။ 
 
လမ်းသွားလမ်းလာများက ဒေါသထွက်ကြသော်လည်း သူတို့ကို ဘာမှမလုပ်နိုင်ကြသောကြောင့် ရင်ဆိုင်ခြင်းမပြုဘဲသာ ဖြတ်သန်းသွားကြရရှာသည်။ 
 
အချို့ကမူ ထိုလူငယ်များကို မကျေမနပ်ဖြင့် တံတွေးထွေး စိန်ခေါ်သွားကြသော်လည်း လမ်းသွားလမ်းလာ အများစုကမူ ပြဿနာမဖြစ်လိုသဖြင့် မသိကျိုးကျွံပြုကာ ခြေလှမ်းသွက်သွက်ဖြင့်သာ ဖြတ်သန်းသွားကြသည်။ 
 
ဟယ်ယဲ့ချင်းသည် ဤလမ်းကို ဖြတ်သန်းရတိုင်း အမြဲတမ်း ကြောက်ဒူးတုန်နေမိသည်။ 
 
သူမက ရုပ်ရည်ချောမောလှပမှန်း သူမကိုယ်သူမ သိသော်လည်း ယခုလို ခရိုင်မြို့ငယ်လေးတွင် လူအများအာရုံစိုက်မှုကို ခံရလွန်းခြင်းက ကောင်းသည့်အချက် မဟုတ်မှန်းလည်း သူမက နားလည်ထားသည်။ 
 
ထို့ကြောင့် မလှမ်းမကမ်းတွင် ခေါင်းလောင်းဘောင်းဘီများကို ဝတ်ဆင်ကာ နေကာမျက်မှန်များ တပ်ထားသည့် လေလွင့်လူငယ်အချို့ကို မြင်လိုက်ရသောအခါ ဟယ်ယဲ့ချင်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရသည်။ 
 
သူမက မည်သည့်ပြဿနာမျှမဖြစ်လိုသဖြင့် ခေါင်းငုံ့ကာ ဤလမ်းကို အမြန်ဆုံး ဖြတ်ကျော်ရန် ကြိုးစားလိုက်သည်။ 
 
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း...  
 
အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ထိုလူမိုက်များ၏ စကားပြောသံကို ဟယ်ယဲ့ချင်း ကြားနေရပြီဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းက ခြေလှမ်းကို ပို၍ သွက်လိုက်သည်။ 
 
ထိုစဉ် အလုပ်လက်မဲ့ လူငယ်အုပ်စု၏ စကားပြောသံက ရုတ်ချည်း ရပ်တန့်သွားပြီး ဟယ်ယဲ့ချင်းအပေါ်သို့ စူးစိုက်ကြည့်လာသည့် မသက်မသာဖြစ်ဖွယ် အကြည့်အချို့ကို သူမက ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။ 
 
ထို့နောက် ကျယ်လောင်သော လေချွန်သံတစ်ခုနှင့်အတူ မနှစ်မြို့ဖွယ်နိုင်လှသော အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။  

“ဟေး... ညီမလေး… တစ်ယောက်တည်းလား… အစ်ကိုတို့နဲ့…” 
 
ထိုလူက စကားပင် မဆုံးသေးဘဲ တစ်ဝက်တစ်ပျက်တွင် ကျိန်ဆဲကာ ရပ်တန့်သွားသည်။ 

“တောက်... သောက်ကျိုးနည်းပဲကွာ…” 
 
ဤရုတ်တရက် ပြောင်းလဲမှုကြောင့် ဟယ်ယဲ့ချင်းက အံ့အားသင့်သွားရသည်။ 
 
သူမက ထိုအသံလာရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ရာ နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားလေသည်။ 
 
ထိုအမျိုးသားတွင် အလွန်ဆွဲဆောင်မှုရှိသော မျက်ဝန်းတစ်စုံ ရှိသည်။ 
 
မျက်ဝန်းပုံစံက အနည်းငယ် ရှည်လျားပြီး မျက်ခွံအပေါ်ပိုင်းက ပြားကာ မျက်လုံးအိမ်အဖျားက အနည်းငယ် ပင့်တက်နေသည်။ သို့သော် ထင်ရှားသော မျက်ခုံးရိုးနှင့် မြင့်မားသော နှာတံကြောင့် မျက်လုံးနှစ်လုံးကြား အကွာအဝေးကို ကျဉ်းမြောင်းသွားစေပြီး သူ့ကို ကြည့်ရသည်က အနည်းငယ် ခက်ထန်ကြမ်းတမ်းသော ပုံစံ ပေါက်စေသည်။ 
 
ယခုလေးတင် ဤအမျိုးသားနှင့် ဟယ်ယဲ့ချင်းကို နှောက်ယှက်ရန် ကြိုးစားခဲ့သည့် လူမိုက်များအကြား တစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းက သိသာလှသည်။ 
 
ထိုလူမိုက်များသည် ထိုအမျိုးသားကို မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကြည့်နေကြသော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် သူ့ရှေ့တွင် အတော်လေး မလုံမခြုံ ဖြစ်နေကြပုံရသည်။ 
 
အမျိုးသားက သူတို့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာတွင် စိန်ခေါ်မှုအပြည့်ရှိသော အပြုံးတစ်ခုကို ဖော်ပြကာ  á€™á€ąá€¸á€œá€­á€Żá€€á€şá€žá€Šá€şá‹

“ချမလို့လား…” 
 
ထိုအခါ သူတို့၏ မျက်နှာထားများက ချက်ချင်း ပျက်ယွင်းသွားကြပြီး “မင်း...” ဟုသာ ဆိုနိုင်သည်။ 
 
နောက်ဆုံးတွင်မူ ထိုလူမိုက်များသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်ကာ မျက်နှာပျက်ပျက်ဖြင့် လှည့်ထွက်သွားကြတော့သည်။ 
 
ဟယ်ယဲ့ချင်းကမူ သူတို့ ဒေါသတကြီး လှည့်ပြန်သွားကြသည့် ကျောပြင်များကိုသာ မြင်တွေ့လိုက်ရ၏။ 
 
ထိုလူငယ်များ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်း၏ အကြည့်သည် ထိုအမျိုးသား၏ အကြည့်နှင့် ထပ်မံဆုံတွေ့ပြန်သည်။ 
 
သူမက နှုတ်ဆက်ရန် လက်မြှောက်လိုက်သော်လည်း တစ်ဖက်လူကမူ သူမထံမှ အကြည့်ကို တိုက်ရိုက် လွှဲဖယ်သွားလေသည်။ 
 
“ရှန်လီ... သွားစို့…”  
တစ်စုံတစ်ယောက်က သူ့ကို လှမ်းခေါ်လိုက်သည်။ 
 
ထိုအမျိုးသားက သူမကို မနှုတ်ဆက်လိုသည်ကို မြင်သောအခါ ဟယ်ယဲ့ချင်းလည်း အလိုက်သိစွာဖြင့် ထွက်ခွာလာခဲ့သည်။ 
 
ရွာဘက်သို့ လမ်းလျှောက်ပြန်လာစဉ် ဟယ်ယဲ့ချင်းသည် အစောပိုင်းမှ အမျိုးသားအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ 
 
မှန်ပေသည်။ ဟယ်ယဲ့ချင်းက ထိုအမျိုးသားကို သိသည်။ သူတို့နှစ်ယောက်လုံးက ကန်းရွှေရွာသားများ ဖြစ်ကြသည်။ 
 
သို့သော်လည်း ငယ်စဉ်ကတည်းက စကားအနည်းငယ်သာ ပြောဖူးကြပြီး အပြန်အလှန် အနည်းငယ် ရင်းနှီးကြခြင်းသာ ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းသည် ထိုအမျိုးသား၏ အမည်ကို 'ရှန်ကုန်းဇီ' ဟုသာ အမြဲတမ်း ထင်မှတ်ထားခဲ့ပြီး ယခုမှသာ သူ၏ နာမည်အရင်းကို ပထမဆုံးအကြိမ် သိရှိခဲ့ရခြင်း ဖြစ်သည်။ 
 
ဪ... သူ့နာမည်က 'ရှန်လီ' တဲ့လား… 
 
အသံထွက်ချင်း ဆင်တူနေသဖြင့် မည်သည့် “လီ” စာလုံး ဖြစ်မည်ကို ဟယ်ယဲ့ချင်းက သေသေချာချာ မသိရသော်လည်း စိတ်ထဲတွင် ထိုနာမည်ကို အကြိမ်ကြိမ် ရွတ်ဆိုနေမိသည်။ 
 
ထပ်ခါတလဲလဲ ရွတ်ဆိုလေလေ၊ ထိုနာမည်က ပို၍ ရင်းနှီးနေလေလေ ဖြစ်လာပြီး... 
 
ထို့နောက်တွင်မူ လျှပ်စီးလက်သွားသကဲ့သို့ ဟယ်ယဲ့ချင်း၏ စိတ်ထဲတွင် တစ်ခုခုကို ရုတ်ချည်း သတိရသွားမိသည်။ 
 
နေပါဦး... ရှန်လီ ဟုတ်လား… ရှန်လီ တဲ့… 
 
သူက ဟိုဝတ္ထုထဲက အဓိက ဗီလိန်ကြီး မဟုတ်ဘူးလား…

🖼🖼🖼🖼အခန်း (၂) 
- အမြှောက်စာအရံ‌ဇာတ်ကောင်လေး ဟယ်ယဲ့ချင်း 
 

ဟယ်ယဲ့ချင်းသည် မူလက ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ခဲ့ပေ။ 
 
သူမ၏ မူလဘဝက ၂၁ ရာစုနှစ်တွင် ဖြစ်ပြီး၊ ပြည်နယ်တစ်ခုလုံးတွင် အမှတ်အများဆုံးရကာ ပေကျင်းတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိခဲ့သည့် အသက် ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ 
 
တက္ကသိုလ်ဝင်ခွင့်စာလွှာကို လက်ခံရရှိခဲ့သည့် ညက အပျော်လွန်ကာ အိပ်မပျော်နိုင်သဖြင့် ဝတ္ထုတစ်အုပ်ကို ကောက်ကိုင်ကာ ဖတ်ရှုနေစဉ် စာအုပ်မဆုံးမီမှာပင် အိပ်ပျော်သွားခဲ့သည်ကို သူမ ကောင်းကောင်းမှတ်မိနေသေးသည်။ သို့သော် ပြန်လည်နိုးထလာချိန်တွင်မူ သူမက မွေးကင်းစ ကလေးငယ်တစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ရလေပြီ။ 
 
ပြောရလျှင် ဆယ့်ရှစ်နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့သမျှအရာအားလုံးသည် လွတ်လပ်ရေးမရမီ ခေတ်ဟောင်းကာလထံသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ပင် ဖြစ်သည်။ 
 
ပို၍ စိတ်ပျက်စရာကောင်းသည်က သူမ ကူးပြောင်းရောက်ရှိလာသည့် နေရာသည် ၁၉၇၀ ပြည့်လွန်နှစ်များထံမှ အဝတ်အစားနှင့် အစားအစာ အလွန်တရာ ရှားပါးလှသည့် ကျေးလက်တောရွာတစ်ရွာ ဖြစ်နေခြင်းပင် ဖြစ်၏။ 
 
သို့သော်လည်း ဘဝက ကူးပြောင်းရောက်ရှိလာခဲ့ပြီဖြစ်ရာ သူမအနေဖြင့် မည်သို့မျှ မတတ်နိုင်တော့ချေ။ 
 
ရောက်ရာအရပ်တွင် အခြေအနေနှင့်အညီ အကောင်းဆုံးဖြစ်အောင် နေထိုင်ရုံမှတစ်ပါး အခြားမရှိတော့ပေ။ 
 
ထို့ကြောင့် ဟယ်ယဲ့ချင်းသည် ကန်းရွှေရွာရှိ ဟယ်မိသားစု၏ ဒုတိယမြောက်သမီးအဖြစ် အသက် ဆယ့်ရှစ်နှစ်အရွယ်အထိ ဆိတ်ဆိတ်ငြိမ်ငြိမ်ဖြင့်သာ ရှင်သန်နေထိုင်လာခဲ့သည်။ 
 
အခြားသော ခေတ်ကူးဝတ္ထုများထဲမှ ဇာတ်လိုက်များကဲ့သို့ပင် ဟယ်ယဲ့ချင်းသည်လည်း ခေတ်ကာလတစ်ခုသို့ ကူးပြောင်းလာပြီးနောက် လူထုကြားတွင် ထင်ပေါ်ကျော်ကြားပြီး အောင်မြင်မှုအကြီးအကျယ် ရရှိရန် စိတ်ကူးယဉ်ခဲ့ဖူးသည်။ 
 
အကြောင်းကမူ သူမသည် အရင်ဘဝ၌ ခေတ်ကာလနောက်ခံ ဝတ္ထုအချို့ကို ဖတ်ရှုဖူးသောကြောင့်ပင်။ 
 
ထိုဝတ္ထုများ၏ ယေဘုယျဇာတ်ကွက်များအရဆိုလျှင် ၁၉၇၀ ပြည့်လွန်နှစ်များတွင် စျေးကွက်စီးပွားရေး၌ ပါဝင်ပတ်သက်ပြီး သူမ၏ ပထမဆုံးသော ရွှေအိုးကြီးကို စတင်ရှာဖွေ စုဆောင်းနိုင်သည်။ 
 
ထို့နောက် ၁၉၈၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်ဝါဒများ စတင်လာချိန်၌ ချက်ချင်းဆိုသလို စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ကာ ပထမဆုံးသော သူဌေးကြီးများစာရင်းတွင် ပါဝင်နိုင်ရမည်။ 
 
သို့သော်လည်း စိတ်ကူးက လှပသလောက် လက်တွေ့ကမူ အလွန်ပင် ကြမ်းတမ်းလှပေသည်။ 
 
နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်သည့် ထိုနှစ်တွင် သူမက အသက်ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးမျှသာ ရှိသေးသည်။ ထိုကဲ့သို့ ခြေသေးသေး လက်သေးသေးနှင့် ကလေးဘဝဖြင့် သူမက မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ချေ။ 
 
ဒါမှမဟုတ် မိသားစုကို အားကိုးရမှာလား… 
 
သူမ၏ မိဘများကို ပြန်တွေးမိသည့်အခါတွင်မူ ဟယ်ယဲ့ချင်း တစ်ချက်မျှ ဆွံ့အသွားရပြန်သည်။ 
 
အချိန်ကြာလာသည်နှင့်အမျှ ဟယ်ယဲ့ချင်းသည် ဤစီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရလေသည်။ 
 
အရင်ဘဝတွင် သူမသည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးစ မိန်းကလေးတစ်ဦးသာဖြစ်ပြီး လူမှုပတ်ဝန်းကျင်လောကထဲသို့ တစ်ကြိမ်မျှ ခြေမချဖူးသေးသဖြင့် စီးပွားရေးလုပ်ရန်အတွက် မွေးရာပါပါရမီ လုံးဝမရှိပေ။ ထို့ကြောင့် ဘဝသစ်တွင် ပြန်လည်စတင်ရမည်ဆိုပါက စာကိုသာ ကြိုးစားပမ်းစားသင်ယူပြီး တက္ကသိုလ်တက်ရောက်ခြင်းက ပို၍ သင့်တော်ပေလိမ့်မည်။ 
 
ဤခေတ်ကာလတွင် တက္ကသိုလ်ကျောင်းသားများ၏ တန်ဖိုးက အလွန်ပင် မြင့်မားလှသည်။ 
 
ထို့အပြင် ဟယ်ယဲ့ချင်းသည် အရင်ဘဝတွင် သူမ ရရှိခဲ့သည့်၊ အသစ်စက်စက်အတိုင်း ရှိနေဆဲဖြစ်သော ပေကျင်းတက္ကသိုလ်ဝင်ခွင့်စာလွှာကို စိတ်ထဲတွင် အမြဲတစေ စွဲလန်းနေခဲ့သည်။ 
 
ဤဘဝတွင်မူ သူမက ပေကျင်းတက္ကသိုလ်သို့ မဖြစ်မနေတက်ရောက်ရန် ခိုင်ခိုင်မာမာဆုံးဖြတ်ထားသည်။ 
 
ဤအကြောင်းအရာများက အနည်းငယ် ဝေးကွာသွားပြီဖြစ်၍ သူမ ခေတ်မကူးမီက ဖတ်ခဲ့ဖူးသည့် ဝတ္ထုအကြောင်းထံသို့ ပြန်သွားကြပါစို့။ 
 
အချိန်ကာလ ကြာမြင့်သွားခဲ့ပြီဖြစ်သည့်အပြင် အရောင်းရဆုံးစာရင်းဝင် ဝတ္ထုများ၏ နာမည်များကလည်း ဆင်တူရိုးမှားဖြစ်နေသဖြင့် ဟယ်ယဲ့ချင်းက ထိုဝတ္ထု၏ တိကျသော အမည်နာမကို မမှတ်မိတော့ပေ။ 
 
သူမ ဝေဝေဝါးဝါး မှတ်မိသည်က ထိုဇာတ်လမ်းသည် ၁၉၉၀ ပြည့်လွန်နှစ်များကို နောက်ခံပြုထားပြီး အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်နောက်သို့ တကောက်ကောက်လိုက်ကာ အချစ်ကို တောင်းခံရသည့် 'ဇနီးကို ပြန်လိုက်ရသော' ရိုမန့်စ်ဝတ္ထုအမျိုးအစားတစ်ခု ဟူ၍သာ ဖြစ်၏။ 
 
အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့သည် လူနေအိမ်ရာဝင်းတစ်ခုတည်းတွင် အတူတူ ကြီးပြင်းလာခဲ့ကြသူများ ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်သည် ငယ်သူငယ်ချင်းဖြစ်သော အမျိုးသားဇာတ်လိုက်အပေါ် ငယ်စဉ်ကတည်းက တိတ်တခိုး ချစ်မြတ်နိုးခဲ့သော်လည်း အမျိုးသားဇာတ်လိုက်ကမူ သူမကို ညီမအရင်းတစ်ယောက်လိုသာ သဘောထားခဲ့သည်။

ထို့ကြောင့် အမျိုးသမီးဇာတ်လိုက်သည် အမျိုးသားဇာတ်လိုက်၏ ရည်းစားများ တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲနေသည်ကို ဘေးမှနေ၍ ရင်နာနာဖြင့်သာ စောင့်ကြည့်နေခဲ့ရရှာသည်။ 
 
နောက်ပိုင်းတွင်မှ အမျိုးသမီးဇာတ်လိုက်က စိတ်ပျက်အားလျော့ကာ သူ့အနားမှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည့်အခါမှသာ အမျိုးသားဇာတ်လိုက်သည် သူအမှန်တကယ် ချစ်မြတ်နိုးရသူက ငယ်သူငယ်ချင်းသာဖြစ်ကြောင်း သဘောပေါက်သွားပြီး နောင်တတရားများဖြင့် ဇနီးလောင်းနောက်သို့ အသည်းအသန် လိုက်လံချော့မြူရသည့် ဇာတ်ကွက် ဖြစ်သည်။ 
 
ဝတ္ထု၏ နိဂုံးပိုင်းတွင်မူ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်၏ အချစ်ကို ပြန်လည်ရရှိသွားပြီး ပျော်ရွှင်စွာဖြင့် ပေါင်းဖက်သွားကြသည်က ဓမ္မတာပင်။ 
 
အမှန်စင်စစ် ဟယ်ယဲ့ချင်းသည် ဝတ္ထုကို အဆုံးထိ မဖတ်ဖြစ်ခဲ့ပေ။ ယခုသူမ ပြောပြသည့် နိဂုံးက ဝတ္ထုများ၏ ရိုးရိုးစင်းစင်း ဇာတ်ကွက်များအပေါ် အခြေခံ၍ ခန့်မှန်းထားခြင်းသာ ဖြစ်သည်။ 
 
'ရှန်လီ' နှင့် ပတ်သက်၍မူ သူက ထိုစာအုပ်ထဲတွင် အလွန်ဩဇာအာဏာကြီးမားသော အဓိကဗီလိန်ဇာတ်ကောင် ဖြစ်သည်။ 
 
မူရင်းဝတ္ထုထဲတွင် ရှန်လီသည် အလွန်တရာ အောင်မြင်ကျော်ကြားသော စီးပွားရေးသမားတစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူက ကောက်ကျစ်ပြီး ပရိယာယ်များလှသူ၊ အမျိုးသမီးများကို ရှောင်ကြဉ်သူဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်ကာ သွေးအေးလွန်းသူဖြစ်သည်။ သူက အမျိုးသားဇာတ်လိုက်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့သူလည်း ဖြစ်သည်။ 
 
သူသည် အစကတည်းက ဗီလိန်အစစ် ဖြစ်သော်လည်း မမျှော်လင့်ဘဲ မူရင်းဝတ္ထုထဲတွင် စာဖတ်သူများကို ဆွဲဆောင်နိုင်သည့် နက်နဲသော စရိုက်လက္ခဏာများ ရှိနေခဲ့သည်။ 
 
ထို့ကြောင့်ပင် စာဖတ်သူအများအပြားက မှတ်ချက်ကဏ္ဍတွင် ထိုဗီလိန်ကိုသာ အာဏာရရှိစေချင်ကြောင်း ဆူညံစွာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းသည် ထိုဗီလိန်ကို အောင်မြင်စေချင်သည့် စာဖတ်သူများထဲတွင် မပါဝင်ခဲ့သော်လည်း ရှန်လီ၏ ဇာတ်ကောင်စရိုက်က အလွန်ပင် ပီပြင်ပြောင်မြောက်လှကြောင်း ဝန်ခံရမည်ဖြစ်ပြီး၊ ၎င်းသည် သူမ ဤဝတ္ထုထဲတွင် စိတ်ဝင်တစား နစ်မြောခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ခဲ့သည်။ 
 
ယခု ဟယ်ယဲ့ချင်း သူမဘာသာ ပြန်စဉ်းစားကြည့်သည့်အခါမှသာ တစ်စုံတစ်ခုကို ကောင်းကောင်း သတိရသွားတော့သည်။ 
 
သူမ၏ အရင်ဘဝမှ နာမည်နှင့် ယခုဘဝမှ နာမည် 'ဟယ်ယဲ့ချင်း' က တရုတ်စာလုံးချင်း ထပ်တူမကျသော်လည်း ၎င်းတို့နှစ်ခုလုံးတွင် “ချင်း [Qing/အစိမ်းရောင်]” ဆိုသည့် စာလုံး ပါဝင်နေသည်။ 
 
ဤသို့ “ချင်း” ဟူသော စာလုံး တူညီနေခြင်းကြောင့်ပင် မူရင်းဝတ္ထုထဲတွင် “ဟယ်ယဲ့ချင်း” ဟူသော နာမည် ပေါ်လာတိုင်း သူမက ပို၍ အာရုံစိုက်ကာ ဖတ်ရှုမိခဲ့ခြင်း ဖြစ်သည်။ 
 
ဇာတ်ကွက်တစ်ခုတွင် အမျိုးသမီးဇာတ်လိုက်နှင့် အမျိုးသားဇာတ်လိုက်တို့ ရန်ဖြစ်နေကြစဉ် အမျိုးသမီးဇာတ်လိုက်က ငိုယိုကာ အမျိုးသားဇာတ်လိုက်ကို မေးမြန်းခဲ့သည့် အခန်းတစ်ခု ရှိခဲ့ဖူးသည်။  

“ရှင် အခုထိ ဟယ်ယဲ့ချင်းကို မေ့လို့မရသေးဘူး မဟုတ်လား…” 
 
ထိုအချိန်တွင် အမျိုးသားဇာတ်လိုက်က အခြားအလုပ်တစ်ခုဖြင့် ရှုပ်နေသဖြင့် ဝတ်ကျေတန်းကျေပင် ပြန်လည်ဖြေကြားခဲ့သည်။  

“ပြဿနာရှာမနေနဲ့တော့... သူ သေသွားတာ ကြာပြီ…” 
 
ဤစကားနှစ်ခွန်းမှလွဲ၍ တစ်အုပ်လုံးတွင် “ဟယ်ယဲ့ချင်း” နှင့် ပတ်သက်သော အခြားမည်သည့် ဇာတ်ကွက်မျှ ပါဝင်ခြင်း မရှိတော့ပေ။ 
 
ထိုဇာတ်ကွက်ကို ယခုအချိန်တွင် ပြန်တွေးမိသောအခါ ဟယ်ယဲ့ချင်း တစ်ယောက် ဆွံ့အသွားမိတော့သည်။ 
 
ဤစကားဝိုင်းကို အခြေခံ၍ ကြည့်ရလျှင် စာအုပ်ထဲမှ ဟယ်ယဲ့ချင်းသည် အသက်ငယ်ငယ်ဖြင့် သေဆုံးသွားခဲ့ရသည့် အမျိုးသားဇာတ်လိုက်၏ ရည်းစားဟောင်းများထဲမှ တစ်ယောက် ဖြစ်ဟန်တူသည်။ အတိုချုပ်ပြောရလျှင် သူမက ဇာတ်လမ်းအစောပိုင်းတွင်တင် ပျောက်ကွယ်သွားရမည့် 'အမြှောက်စာအရံ‌ဇာတ်ကောင်' သက်သက်မျှသာ ဖြစ်သည်။ 
 
သို့သော်လည်း “ဟယ်ယဲ့ချင်း” ဟူသော နာမည်တူသူများစွာ ရှိနေနိုင်သည့်အပြင် စာအုပ်ထဲမှ ဇာတ်ကောင်ကလည်း သူမနှင့် အလွန်ဝေးကွာလှသဖြင့် သူမက လက်ရှိရင်ဆိုင်နေရသော အခြေအနေကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ 
 
တက္ကသိုလ်ဝင်စာမေးပွဲအတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည့် မတော်တဆမှု နှစ်ခုကို တွေးမိသောအခါ ဟယ်ယဲ့ချင်း၏ စိတ်အခြေအနေက လေးလံထိုင်းမှိုင်းသွားရပြန်သည်။ 
 
မြို့ထဲမှ ရွာသို့ ဆယ်မိုင်ကျော်ခရီးကို ခြေကျင်လျှောက်လျှင် တစ်နာရီကျော်ခန့် ကြာမြင့်မည်ဖြစ်သည်။ 
 
ကံကောင်းထောက်မစွာဖြင့် လမ်းခုလတ်တွင် ရွာမှ မြည်းလှည်းတစ်စီးနှင့် ဆုံသဖြင့် ဟယ်ယဲ့ချင်းလည်း လိုက်ပါစီးနင်းခွင့် ရခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက ရုပ်ရည်ချောမောလှပသည့်အပြင် နှုတ်ချိုသူလည်း ဖြစ်သည်။ သူမက လူတိုင်းကို အမြဲပြုံးရွှင်စွာ ဆက်ဆံတတ်သဖြင့် ရွာထဲတွင် အတော်လေး လူချစ်လူခင် ပေါများသူ ဖြစ်သည်။ 
 
လှည်းပေါ်တွင် ရွာမှ အမျိုးသမီးအချို့လည်း ပါလာကြပြီး သူမကို ပြုံးရွှင်စွာဖြင့် လှမ်းမေးကြသည်။

“ချင်းချင်း... စာမေးပွဲ ဖြေပြီးပြီလား… ဘယ်လိုလဲ... အဆင်ပြေရဲ့လား…” 
 
ဟယ်ယဲ့ချင်းက ပြုံးလိုက်ပြီး ဆိုသည်။ 
“ပုံမှန်ပါပဲ အဒေါ်…” 
 
သူမ စာမေးပွဲတစ်ခု ပျက်ကွက်ခဲ့သည့်အကြောင်းကို ထည့်မပြောခဲ့ပေ။ ထိုကဲ့သို့သော အကြောင်းအရာများကို ပြောပြနေခြင်းက အပိုသာဖြစ်ပြီး ရွာထဲတွင် အတင်းအဖျင်းစကားများ တိုးပွားလာစေရန် ဖန်တီးပေးသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ 
 
လှည်းဖြင့် သွားရခြင်းက ခြေကျင်လျှောက်ရသည်ထက် များစွာ မြန်ဆန်လှသည်။ စကားစမြည် ပြောဆိုနေကြရင်းဖြင့်ပင် မကြာမီ ရွာအဝင်ဝသို့ ရောက်ရှိလာလေသည်။ 
 
ဟယ်ယဲ့ချင်းသည် လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အခြားသူများကို ပြုံး၍ နှုတ်ဆက်လိုက်သည်။ လှည်းပေါ်မှ လူများက လှည့်ထွက်သွားသော ဟယ်ယဲ့ချင်း၏ ကျောပြင်ကို ကြည့်ကာ အမျိုးသမီးတစ်ဦးက မချင့်မရဲဖြင့် သက်ပြင်းချလိုက်၏။  

“အာ့ရွှမ်းတို့ မိသားစုကတော့ သူတို့ ဘိုးဘွားတွေရဲ့ ကုသိုလ်ကံကြောင့် ဒီလို သမီးချောလေး ရထားတာပဲ…” 
 
“နှမြောစရာပဲ... ဒါလေးသာ ယောက်ျားလေး ဖြစ်ခဲ့ရင်...” 
 
“ဟင်း... အဲဒီလင်မယား နှစ်ယောက်ကတော့ တကယ်ကို ပြောရခက်တဲ့ လူတွေပဲ…” 
 
“ဟုတ်ပ... ဒါပေမဲ့ မိန်းကလေး ဖြစ်နေရင်တောင် ဒီရွှေရောင်ဖီးနစ်လေးကတော့ ငါတို့တောင်ပေါ်ရွာကနေ တစ်နေ့ ပျံထွက်သွားမှာ သေချာပါတယ်…” 
 
“ဒါပေမဲ့ အဲဒါကလည်း သေချာလှတာ မဟုတ်ဘူး… အာ့ရွှမ်းနဲ့ သူ့မိန်းမကရော ခွင့်ပြုပါ့မလား…” 
 
ရွာသားများ မည်သည့်အကြောင်း ပြောနေကြသည်ကို ဟယ်ယဲ့ချင်းက မသိရှိဘဲ ဤအချိန်တွင် သူမက သူမအိမ်၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ 
 
ဟယ်မိသားစု၏ အိမ်က ရွာထဲရှိ သာမန်လယ်သမားအိမ်များအတိုင်း ဟောင်းနွမ်းကာ ယိုယွင်းပျက်စီးနေသော ပုံစံရှိသည်။ 
 
ကျေးလက်တောရွာများတွင် အိမ်တိုင်း၏ တံခါးများကို အမြဲ ဖွင့်လှစ်ထားလေ့ရှိသည်က ဓမ္မတာပင် ဖြစ်သည်။ 
 
ဟယ်မိသားစု၏ အိမ်တံခါးကလည်း ဖွင့်ထားပြီး အတော်လေး သန့်ရှင်းသပ်ရပ်သော အိမ်ဝင်းလေးကို မြင်တွေ့နေရသည်။ 
 
ဖခင်ဖြစ်သူ 'ဟယ်အာ့ရွှမ်း' က လယ်ကွင်းထဲမှ ပြန်လာခါစ ဖြစ်ဟန်တူသည်။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် အင်္ကျီဝတ်ဆင်ထားခြင်းမရှိဘဲ သစ်ခေါက်ကဲ့သို့ ညိုမည်းခြောက်သွေ့သော အသားအရေက ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ 
 
သူက အိမ်ဝင်းအလယ်ရှိ ကုလားထိုင်အသေးလေးတစ်ခုပေါ်တွင် ထိုင်ကာ လက်လိပ်ဆေးလိပ်ကို သောက်နေလေသည်။ 
 
တံခါးဝတွင် လူရိပ်လူခြေ မြင်လိုက်သဖြင့် သူက လှမ်းကြည့်လိုက်ရာ ဟယ်ယဲ့ချင်း ဖြစ်နေသည်ကို မြင်သောအခါ အေးစက်စွာဖြင့် အကြည့်ကို ချက်ချင်း လွှဲဖယ်သွားလေသည်။ ထို့နောက် အိမ်ဝင်း၏ အခြားတစ်ဖက်တွင် ဆော့ကစားပြေးလွှားနေသော အသက်ခြောက်နှစ်အရွယ် 'ဟယ်ကျားဝမ်' ထံသို့ အကြည့်ကို ပို့လိုက်ပြီးမှသာ သူ့မျက်ဝန်းတွင် အပြုံးအရိပ်အယောင်အချို့ ပေါ်လာတော့သည်။ 
 
ဟယ်ကျားဝမ်သည်လည်း ဟယ်ယဲ့ချင်း ပြန်လာသည်ကို မြင်လိုက်သည်။ သူ၏ သိပ်မကြီးလှသော မျက်လုံးလေးများက ကလယ်ကလယ်ဖြစ်သွားပြီး သူမထံသို့ ချက်ချင်း ပြေးလာကာ ချိုသာစွာဖြင့် လှမ်းအော်လိုက်သည်။  

“ဒုတိယအစ်မ... သားအတွက် မုန့်ဝယ်လာပေးလား…” 
 
“မဝယ်လာဘူး…”  
ဟယ်ယဲ့ချင်းက အေးစက်စွာ ပြောလိုက်သည်။ 
 
“မုန့်လည်း ဝယ်မလာပေးဘူး... သား ဒုတိယအစ်မကို မချစ်တော့ဘူး…”  

ဟယ်ကျားဝမ်က စိတ်ကောက်ကာ နှုတ်ခမ်းစူလျက် ဒေါသတကြီး ပြေးထွက်သွားလေသည်။ 
 
ဟယ်ယဲ့ချင်းကမူ သူ့ကို အရေးမစိုက်ဘဲ ထားလိုက်၏။ 
 
ထိုစဉ် မီးဖိုချောင်ထဲမှ လူတစ်ယောက် ထွက်လာခဲ့ရာ သူမက အခြားသူမဟုတ်ဘဲ ဟယ်ယဲ့ချင်း၏ မိခင်ဖြစ်သူ ‘နျိုချွန်းဟုန်’ ပင် ဖြစ်သည်။ 
 
နျိုချွန်းဟုန်သည် အသက်လေးဆယ်ကျော်အရွယ်သာ ရှိသေးသော်လည်း ပင်ပန်းဆင်းရဲမှုများကြောင့် အမှန်တကယ်အသက်ထက် ဆယ်နှစ်ခန့် ပို၍ အိုမင်းရင့်ရော်နေပုံရသည်။ သူမက အရပ်အမောင်း အနည်းငယ် ပုပြီး ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ဦးခေါင်းနောက်တွင် စုစည်း၍ ထုံးဖွဲ့ထားကာ လက်ထဲတွင်လည်း ယောင်းမတစ်ချောင်းကို ကိုင်ထားသည်။ 
 
ဟယ်ယဲ့ချင်းကို မြင်လိုက်ရသောအခါ နျိုချွန်းဟုန်၏ နှုတ်ခမ်းများက တုန်ရီသွားပြီး အသံတိုးတိုးဖြင့် ခေါ်ရှာသည်။ 

“ချင်းချင်း...” 
 
မိခင်ဖြစ်သူ၏ ထိုကဲ့သို့သော ပုံစံကို မြင်လိုက်ရသည့်အခါ ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားရသည်။ မိမိနှင့် အနီးကပ်ဆုံး ဖြစ်ရမည့် မိသားစုအရင်းအချာများထံမှ ယခုကဲ့သို့ စိမ်းကားရက်စက်သော ဆက်ဆံမှုမျိုးကို ခံရသည့်အခါ မည်သူမဆို ခံစားရခက်မည်က အမှန်ပင်ဖြစ်သည်။ 
 
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟယ်ယဲ့ချင်း၏ စိတ်အစဉ်တွင် မကျေနပ်မှုနှင့် နာကျည်းမှုများ အတိုင်းအဆမရှိ ပြည့်နှက်နေခဲ့သော်လည်း ယခုကဲ့သို့ မိဘနှစ်ပါးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူတို့ကို မည်သို့သော မျက်နှာထားဖြင့် ရင်ဆိုင်ရမည်ကိုပင် သူမ ဝေခွဲမရတော့ချေ။ 
 
ငါ အိမ်သားတွေကို အကြီးအကျယ် ရန်ထောင်၊ အသံကုန်အော်ဟစ်ပြီး စကားများရမှာလား…

သူမ၏မိဘများ၏ ခေါင်းမာပြီး ရှေးရိုးစွဲဆန်လှသော စရိုက်သဘာဝကို ပြန်လည်တွေးတောမိသည့်အခါ ဟယ်ယဲ့ချင်းက ထိုစိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်သည်။ သူမက တင်းမာခက်ထန်သော မျက်နှာထားဖြင့် အိမ်ထဲသို့ တည့်တည့်မတ်မတ် ဝင်ရောက်ကာ သူမ၏ အခန်းငယ်လေးထံသို့သာ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။ 
 
ဟယ်ယဲ့ချင်း၏ အခန်းက အလွန်အမင်း မကျယ်ဝန်းလှပေ။ ယခင်ကမူ ဤအခန်းငယ်လေးကို သူမနှင့် သူမ၏ အစ်မဖြစ်သူ ‘ဟယ်ဟွာဟွာ’ တို့ နှစ်ယောက် အတူတကွ မျှဝေအသုံးပြုခဲ့ကြခြင်း ဖြစ်သည်။ 
 
လွန်ခဲ့သော နှစ်နှစ်ခန့်က အစ်မဖြစ်သူ ဟယ်ဟွာဟွာက အိမ်ထောင်ပြုပြီး အခြားသို့ပြောင်းရွှေ့သွားခဲ့သည်။ ယခုအခါတွင်မူ ဟယ်ယဲ့ချင်းတစ်ယောက်တည်း သီးသန့် လွတ်လပ်စွာ နေထိုင်ခွင့်ရရှိနေခြင်းဖြစ်ရာ ဤအခန်းလေးက သူမအတွက် အတော်လေး ကျယ်ဝန်းသည်ဟု ဆိုနိုင်ပေသည်။ 
 
ဟယ်မိသားစု၏ နောက်ခံအခြေအနေနှင့် အတွင်းရေးကိစ္စရပ်များက အလွန်အမင်း မရှုပ်ထွေးလှသော်လည်း ရိုးရှင်းလှခြင်းလည်း မဟုတ်ချေ။ 
 
အိမ်ထောင်ကျပြီး အပြင်သို့ ရောက်ရှိသွားသော အစ်မဖြစ်သူ ဟယ်ဟွာဟွာကို ဖယ်ထုတ်လိုက်လျှင် ယခုအခါ ဟယ်မိသားစုတွင် အိမ်ထောင်ဦးစီး ဖခင်၊ မိခင်၊ ဟယ်ယဲ့ချင်းနှင့် မောင်ငယ်လေး ဟယ်ကျားဝမ်ဟူ၍ လူဦးရေ လေးယောက်သာ ကျန်ရှိတော့သည်။ 
 
ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့သည် ကျေးလက်တောရွာမှ သာမန်ရိုးသားဖြောင့်မတ်သော လယ်သမားဇနီးမောင်နှံများ ဖြစ်ကြသော်လည်း သူတို့တွင် ကိုယ်စီကိုယ်စီ ထူးခြားသော စရိုက်ဆိုးများ ရှိကြသည်။ 
 
အတိအကျ ပြောရလျှင် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် အပြင်တွင် သူတစ်ပါးခိုင်းသမျှကို ခေါင်းငုံ့ခံကာ အလိုလိုက် အကြိုက်ဆောင်တတ်သော်လည်း မိမိအိမ်တွင်းသို့ ရောက်ရှိလာသည့်အခါတွင်မူ အာဏာရှင်ဆန်လှသော အိမ်ထောင်ဦးစီးကြီးအလား ပြုမူတတ်သူဖြစ်သည်။ ထို့အပြင် သူ့တွင် အလွန်ထင်ရှားပြီး ပြင်မရသော စရိုက်လက္ခဏာကြီးတစ်ခု ရှိနေသေးသည်။ ၎င်းက သမီးများကို အရေးမထားဘဲ သားသမီးရတနာတွင် ယောက်ျားလေးကိုသာ အလွန်အမင်း အသားပေးလိုလားခြင်းပင် ဖြစ်သည်။ 
 
ကျေးလက်တောရွာများတွင် သမီးများထက် သားများကို ပိုမိုမျက်နှာသာပေးခြင်းက ဆန်းပြားသောအရာတစ်ခု မဟုတ်ချေ။ ကန်းရွှေရွာတစ်ရွာလုံးတွင် သားကို ပို၍မချစ်သော မိသားစုဟူ၍ မရှိသလောက် ရှားပါးလှသော်လည်း သူတို့၏ မျက်နှာလိုက်မှု အတိုင်းအဆချင်းကမူ တစ်အိမ်နှင့်တစ်အိမ် မတူညီကြပေ။ 
 
ဟယ်အာ့ရွှမ်း၏ သားကိုအသားပေးမှုနှင့် သမီးများအပေါ် ခွဲခြားဆက်ဆံမှုကမူ အစွန်းရောက်လောက်အောင် ပြင်းထန်လွန်းလှသည်ဟု ဆိုရမည်။ 
 
ဟယ်ယဲ့ချင်း၏ ငယ်စဉ်က‌လေးဘဝ မှတ်ဉာဏ်များအရပင် လွန်ကဲလှသော ဖြစ်ရပ်အချို့ကို ကောင်းကောင်းကြီး မှတ်မိနေသေးသည်။ 
 
ပထမဆုံးဖြစ်ရပ်က ရွာသားများအကြား ယနေ့တိုင် အတင်းအဖျင်း ပြောဆိုနေကြဆဲ ကိစ္စတစ်ခု ဖြစ်သည်။ ယခင်က မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ခရိုင်ဆေးရုံတွင် ဟယ်ယဲ့ချင်းကို မွေးဖွားခဲ့စဉ်က ဖြစ်သည်။ ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် မွေးဖွားလာသော ကလေးငယ်က ဒုတိယမြောက် သမီးမိန်းကလေးဖြစ်ကြောင်း ကြားသိလိုက်ရသည့်အခါ ဒေါသတကြီးဖြင့် ဆေးရုံသို့ သွားရောက်၍ သားအမိနှစ်ယောက်ကို အိမ်ပြန်ရန် လိုက်လံခေါ်ဆောင်ခြင်း လုံးဝမပြုခဲ့ပေ။ နောက်ဆုံးတွင် ရွာမှ စိတ်နှလုံးကောင်းရှိသော လမ်းကြုံလှည်းသမားတစ်ဦးက သနားသဖြင့် ခေါ်ဆောင်ပေးခဲ့၍သာ သူတို့ သားအမိနှစ်ဦး အိမ်သို့ အဆင်ပြေပြေ ပြန်လည်ရောက်ရှိခဲ့ကြရခြင်း ဖြစ်သည်။ 
 
ဒုတိယမြောက် ဖြစ်ရပ်ကမူ ဟယ်ယဲ့ချင်းကိုယ်တိုင် ခါးသီးစွာ ခံစားခဲ့ရသော လက်တွေ့ဘဝ အတွေ့အကြုံတစ်ခုပင် ဖြစ်၏။ 
 
မိခင်ဖြစ်သူ နျိုချွန်းဟုန်သည် ဟယ်ယဲ့ချင်းကို ခဲယဉ်းစွာ မွေးဖွားခဲ့ရသဖြင့် မီးတွင်းထဲတွင်ပင် သူမ၏ ကျန်းမာရေးက အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရသည်။ ထို့နောက် ဆရာဝန်များက သူမက နောင်တွင် ကလေး ထပ်မံရရှိရန် မဖြစ်နိုင်တော့ကြောင်း အတည်ပြုပေးခဲ့ကြသည်။ ဤရောဂါအခြေအနေက ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းအတွက် မိမိ၏ သွေးသားရင်းဖြစ်သော သားယောက်ျားလေးတစ်ယောက် ရရှိနိုင်မည့် မျှော်လင့်ချက်မီးတောက်ကို အပြီးတိုင် ငြှိမ်းသတ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ 
 
ထို့ကြောင့် ဟယ်ယဲ့ချင်း၏ မှတ်ဉာဏ်ထဲတွင် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် အမြဲတမ်း ခက်ထန်တင်းမာသော မျက်နှာထား ရှိခဲ့ပြီး သူမနှင့် သူမ၏အစ်မ ဟယ်ဟွာဟွာတို့အပေါ် တစ်ကြိမ်တစ်ခါမျှ ကြင်နာတတ်သော မျက်ဝန်းများဖြင့် ကြည့်ရှုခဲ့ခြင်း မရှိခဲ့ချေ။ 
 
ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့ ဇနီးမောင်နှံနှစ်ဦးလုံးသည် ကျန်းမာသန်စွမ်းပြီး လယ်ယာလုပ်ငန်းကို ကြိုးစားပမ်းစား လုပ်ကိုင်နိုင်ကြသူများ ဖြစ်ကြသော်လည်း ဟယ်ယဲ့ချင်း၏ ကလေးဘဝကမူ စိုပြည်လှပခြင်းမရှိခဲ့ဘဲ ငတ်မွတ်ခေါင်းပါးမှုနှင့်သာ အမြဲတစေ ရင်ဆိုင်ခဲ့ရရှာသည်။ 
 
အကြောင်းကမူ ဟယ်မိသားစု၏ လုပ်အားမှ ရရှိသမျှသော သီးနှံနှင့် ငွေကြေးဓန အားလုံးကို ဟော်ယဲ့ချင်း၏ အကြီးဆုံးဦးလေးဖြစ်သူ ‘ဟယ်သာ့ရွှမ်း’ နှင့် အငယ်ဆုံးဦးလေးဖြစ်သူ ‘ဟယ်စန်းရွှမ်း’ တို့က အိမ်သို့ လာရောက်ကာ နည်းမျိုးစုံဖြင့် လုယက်ယူငင်သွားကြသောကြောင့်ပင်။

၎င်းကလည်း အခြားသောအကြောင်းပြချက်ကြောင့် မဟုတ်ပေ။ ထိုဦးလေးနှစ်ယောက်စလုံးတွင် သားယောက်ျားလေးများ ကိုယ်စီ ထွန်းကားထားကြသောကြောင့်သာ ဖြစ်လေသည်။ 


🖼🖼🖼🖼အခန်း ၃
မစင်တွင်းထဲက ကျောက်ခဲ


ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းသည် သူကွယ်လွန်သွားသည့် အနာဂတ်ကာလတွင် သူ၏ တူတော်မောင်များက သူ၏ နာရေးကိစ္စနှင့် အိုမင်းမစွမ်းချိန်များတွင် တာဝန်ယူ စောင့်ရှောက်ပေးလိမ့်မည်ဟု သွေးရူးသွေးတန်း မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ 
 
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ထိုတူများထဲမှ တစ်ယောက်ကို သူ့သားအရင်းအဖြစ် မွေးစားရန်ပင် စိတ်ကူးယဉ်နေခဲ့သည်။ 
 
ထို့ကြောင့်ပင် သူ့ညီအစ်ကိုအရင်းများက အိမ်ရှိ ပိုင်ဆိုင်မှုများကို လာရောက် သိမ်းကျုံးယူငင်သွားကြသည့်တိုင်အောင် ဟယ်အာ့ရွှမ်းသည် စကားတစ်ခွန်းမျှပင် မပြောရဲဘဲ နှုတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။ 
 
အိမ်ထောင်ဦးစီးဖြစ်သူ ဟယ်အာ့ရွှမ်းကိုယ်တိုင်က ဘာမှမပြောရဲသည့်အတွက် မိခင်ဖြစ်သူ နျိုချွန်းဟုန်ကမူ ပို၍ပင် မပြောရဲတော့ချေ။ 
 
နျိုချွန်းဟုန်၏ စရိုက်က ခေါင်းငုံ့ခံတတ်လွန်းလှသည်။ သူမက အိမ်ထောင်မကျမီက ဖခင်ဖြစ်သူ၏ စကားကို မြေဝယ်မကျ နားထောင်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်တွင်လည်း လင်ယောက်ျား၏ အမိန့်ကိုသာ နာခံခဲ့သည်။ 
 
ထို့အပြင် ဟယ်မိသားစုတွင် သားယောက်ျားလေး မထွန်းကားရခြင်းက သူမ၏ မစွမ်းဆောင်နိုင်မှုကြောင့် ဖြစ်သည်ဟု သူမကိုယ်သူမ အပြစ်မကင်းစိတ်များဖြင့် အမြဲတစေ နာကျင်နေခဲ့ရရှာသူ ဖြစ်သည်။ ထို့ကြောင့် အိမ်တွင်း၌ ဖြစ်စေ၊ မောင်နှမအုပ်စုထဲမှ ယောက်မများနှင့် ခဲအိုများက သူမတို့အပေါ် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်လာသည့်အခါတွင်ဖြစ်စေ သူမက မည်သည့်တုံ့ပြန်မှုကိုမျှ မလုပ်ရဲဘဲ ငြိမ်ခံနေခဲ့ခြင်းပင်။ 
 
ဟယ်ယဲ့ချင်းက သူမ၏ မိဘများ၏ ထိုကဲ့သို့သော လွဲမှားနေသည့် အတွေးအခေါ်များကို ပြောင်းလဲပစ်ရန် မကြိုးစားခဲ့ဖူးခြင်းမျိုး မဟုတ်ပေ။ 
 
သို့သော် ထိုရှေးရိုးစွဲ အယူအဆဆိုးကြီးများက သူတို့၏ စိတ်အစဉ်တွင် အမြစ်တွယ်နေခဲ့သည်က ကြာမြင့်လှပြီဖြစ်ရာ သူမ၏ စကားအနည်းငယ်မျှဖြင့် လွယ်လွယ်ကူကူ ပြောင်းလဲပစ်ရန်က လုံးဝမဖြစ်နိုင်သောအရာပင်။ 
 
ငယ်စဉ်က ဟယ်ယဲ့ချင်း၏ စရိုက်သဘာဝက ယခုကဲ့သို့ တည်ငြိမ်ရင့်ကျက်ခြင်း မရှိသေးချေ။ 
 
စိတ်ပျက်အားလျော့မှုများကြောင့် ငယ်စဉ်က ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် ထိပ်တိုက်တွေ့ကာ စကားအချေအတင် အကြိမ်အနည်းငယ် ပြောဆိုမိခဲ့ဖူးသည်။ ထိုသို့ ပြန်လှန်ပြောဆိုမိသည့် ရလဒ်အနေဖြင့် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းက သူမ၏ပါးကို အားပြင်းစွာ ရိုက်နှက်ခဲ့ပြီး ထင်းဂိုဒေါင်ထဲတွင် သော့ခတ်ပိတ်လှောင်ကာ ထမင်းအငတ်ထား၍ ရက်စက်စွာ အပြစ်ပေးခဲ့သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် ထင်းဂိုဒေါင်ထဲတွင် ဆာလောင်မွတ်သိပ်စွာဖြင့် ငိုယိုနေစဉ် မိခင်ဖြစ်သူ နျိုချွန်းဟုန်က ဟယ်အာ့ရွှမ်း၏ ကွယ်ရာတွင် အစားအစာအချို့ကို မျက်ရည်စက်လက်ဖြင့် တိတ်တဆိတ် လာရောက်ကျွေးမွေးခဲ့ရရှာသည်။ ထို့အပြင် ဖခင်ဖြစ်သူ၏ စကားကိုသာ မြေဝယ်မကျ နားထောင်ရန်နှင့် နောက်နောင်တွင် ဟယ်အာ့ရွှမ်းကို မည်သည့်အခါမျှ ထိပ်တိုက်မရင်ဆိုင်ရန် တောင်းပန်တိုက်တွန်းခဲ့လေသည်။ 
 
ထိုဖြစ်ရပ်များနောက်ပိုင်းတွင်မှ ဟယ်ယဲ့ချင်းသည် လိမ်လိမ်မာမာနှင့် အလိုက်သိစွာ နေထိုင်တတ်ရန် သင်ယူခဲ့ရတော့သည်။

 á€–ခင်ဖဟစ်သူ ဟယ်အာ့ရွှမ်းသည် မစင်တွင်းထဲမှ ကျောက်ခဲကဲ့သို့ပင် နံစော်ပြီး မာကျောလှသဖြင့် မည်သို့မျှ အကျိုးအကြောင်းပြ၍ နားချ၍မရနိုင်သော လူစားမျိုးဖြစ်ကြောင်း သူမ ကောင်းကောင်း သဘောပေါက်သွားခဲ့၏။ 
 
သို့သော် ဤအကြောင်းရင်းများကြောင့်ပင် ဟယ်ယဲ့ချင်းနှင့် ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းတို့အကြား ဆက်ဆံရေးက လုံးဝအဆင်မပြေခဲ့ဘဲ သူမက သူ့ကို “အဖေ” ဟုပင် လှမ်း၍ ခေါ်ဆိုခဲလှပေသည်။ 
 
ဟုတ်ပေသည်။ ဟယ်အာ့ရွှမ်းကိုယ်တိုင်ကလည်း သမီးဖြစ်သူ၏ အဖေဟု ခေါ်ဝေါ်ခြင်း၊ မခေါ်ဝေါ်ခြင်းကို အရေးစိုက်မနေပေ။ အကြောင်းကမူ သူ့အတွက် သမီးမိန်းကလေးဆိုသည်က အိမ်အတွက် ငွေကုန်လူပန်းစေသည့် အပိုပစ္စည်း သက်သက်မျှသာ ဖြစ်သောကြောင့်ပင်။ 
 
လွန်ခဲ့သော ခြောက်နှစ်ခန့်က မိခင်ဖြစ်သူ နျိုချွန်းဟုန်က မမျှော်လင့်ဘဲ အသက်ကြီးမှ ကိုယ်ဝန် ထပ်မံရရှိခဲ့ပြီး ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်း နေ့ညမပြတ် တမ်းတတောင့်တနေခဲ့သော သားယောက်ျားလေးတစ်ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ 
 
၎င်းက ဟယ်မိသားစုအတွက် အတိုင်းအဆမရှိ ကြီးမားလှသော ကောင်းချီးတစ်ခု ဖြစ်ခဲ့ရသည်။ 
 
ထိုစဉ်က ဟယ်ယဲ့ချင်းသည်လည်း အတော်လေး ဝမ်းမြောက်မိခဲ့သည်။ သို့သော် ဟယ်မိသားစုတွင် သားယောက်ျားလေး ရလာ၍ ဝမ်းသာခြင်းမျိုး မဟုတ်ဘဲ၊ ယခုအခါ အိမ်တွင် သားယောက်ျားလေးတစ်ယောက် ရှိလာပြီဖြစ်ရာ ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်ဖြစ်သူ နျိုချွန်းဟုန်တို့က အခြားသူများ၏ ခေါင်းပုံဖြတ်မှုကို မခံတော့ဘဲ သူတို့ သားအတွက် အနာဂတ် ရည်မှန်းချက်အချို့ ထားရှိလာကြလိမ့်မည်ဟု မျှော်လင့်မိသောကြောင့်ပင်။

မောင်ငယ်လေး ဟယ်ကျားဝမ်ကို မွေးဖွားချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည်က နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်သည်။ အစောပိုင်းကာလက ကသောင်းကနင်း ဖြစ်ရပ်များကလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီဖြစ်ရာ စီးပွားရေးလုပ်ငန်းငယ်များ စတင်လုပ်ကိုင်ရန် အကောင်းဆုံးသော ရွှေရောင်အချိန်အခါသမယပင် ဖြစ်သည်။ 
 
ထိုအချိန်တွင် အသက် ဆယ့်နှစ်နှစ်အရွယ်သာ ရှိသေးသော ဟယ်ယဲ့ချင်းသည် ဤကောင်းမွန်လှသော အခွင့်အရေးကို လက်လွတ်မခံလိုသည်က အမှန်ပင်။ 
 
သို့သော် သူမကိုယ်တိုင်က အသက်ငယ်လွန်းသေးသဖြင့် သူမ၏ ရည်မှန်းချက်နှင့် မျှော်လင့်ချက်အားလုံးကို ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်းနှင့် မိခင်နျိုချွန်းဟုန်တို့အပေါ်၌သာ ပုံအော၍ အားကိုးခဲ့ရရှာသည်။ 
 
သူမက မိဘနှစ်ပါးအား လယ်ကွင်းထဲတွင်သာ ပင်ပန်းဆင်းရဲစွာဖြင့် တစ်သက်လုံး ရုန်းကန်မနေကြဘဲ အပြင်လောကသို့ ထွက်၍ စီးပွားရေးလုပ်ငန်းလေးတစ်ခုခုကို စမ်းသပ်လုပ်ကိုင်ကြည့်ရန် နည်းမျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းခဲ့ဖူးသည်။ 
 
သို့သော် ရလဒ်ကမူ ထင်ရှားလှပေသည်။ ဟယ်အာ့ရွှမ်းနှင့် သူ့ဇနီးသည်တို့သည် ဟယ်ယဲ့ချင်းကို ရူးနေသည်ဟုသာ သတ်မှတ်ခဲ့ကြသည်။ သူတို့၏ ရှေးရိုးစွဲအမြင်တွင်မူ စီးပွားရေးလုပ်ကိုင်ခြင်းဟူသည်က သူတစ်ပါးအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းသက်သက်သာဖြစ်ပြီး တိုင်းပြည်၏ ဥပဒေအရ ရာဇဝတ်ကောင်များအဖြစ် သတ်မှတ်ကာ သေဒဏ်ပင် အပေးခံရနိုင်သည်ဟု အကြောက်လွန်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့ပိုင်ဆိုင်သော လယ်မြေငယ်လေးပေါ်တွင်သာ အေးအေးလူလူ လုပ်ကိုင်စားသောက်ခြင်းက ပို၍ ဘေးကင်းသည်ဟု ယူဆခဲ့ကြသည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် ထိုစဉ်က အမှန်ပင် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရ၏။ 
 
ထားလိုက်ပါတော့...  
 
စိတ်လျှော့လိုက်ရုံမှတစ်ပါး အခြားမရှိပြီ။ သူမက ထိုလူများ၏ ကျောက်ခဲကဲ့သို့ မာကျောလှသော စိတ်ဓာတ်ကို မည်သို့မျှ လှုပ်ခတ်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ 
 
ဟယ်ယဲ့ချင်းသည် ငယ်စဉ်ဘဝမှ ယနေ့တိုင် ဖြတ်သန်းခဲ့ရသော ခါးသီးလှသည့် အတွေ့အကြုံများကို တရစပ် ပြန်လည်တွေးတောမိကာ ရင်ထဲတွင် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။ 
 
ထိုစဉ် အခန်းတံခါးအပြင်ဘက်မှ မိခင်ဖြစ်သူ နျိုချွန်းဟုန်က ညစာချက်ပြုတ်ပြင်ဆင်ပြီးစီးသွားပြီဖြစ်၍ လှမ်း၍ အော်ခေါ်လိုက်သည်။  

“ချင်းချင်း... ထမင်းစားဖို့ အပြင်ထွက်ခဲ့တော့လေ သမီး…” 
 
ဟယ်ယဲ့ချင်းကမူ မကြားချင်ယောင်ဆောင်ကာ အခန်းထဲတွင် တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။ 
 
နျိုချွန်းဟုန်က စိုးရိမ်တကြီးဖြင့် နောက်ထပ်တစ်ကြိမ် ထပ်မံလှမ်းခေါ်လိုက်သည့်အခါတွင်မူ ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်း၏ မာဆတ်ပြတ်သားသော အသံကြီး ထွက်ပေါ်လာတော့သည်။  

“သူ့ကို လှမ်းခေါ်မနေနဲ့တော့... မင်းက သူ့ကို အလိုလိုက်လွန်းလို့ အကျင့်ပျက်နေတာ… သူ ထမင်းမစားချင်ရင်လည်း အငတ်ထားလိုက်…”

ဖခင်ဖြစ်သူ ဟယ်အာ့ရွှမ်း၏ မောက်မာခက်ထန်လှသော စကားသံကို ကြားလိုက်ရသည့်အခါ ဟယ်ယဲ့ချင်းက ခုတင်ပေါ်သို့ ချက်ချင်း ပြန်ထိုင်ချလိုက်လေသည်။ 
 
သူမတွင် သူတစ်ပါး၏ အမှားများအတွက် မိမိကိုယ်ကိုယ် အစာငတ်ခံကာ အပြစ်ပေးတတ်သည့် အကျင့်ဆိုးမျိုး လုံးဝမရှိချေ။ ညစာကိုမူ မဖြစ်မနေ စားသုံးရမည်ဖြစ်ပြီး ခဏကြာလျှင် သူမကိုယ်တိုင် မီးဖိုချောင်သို့ သွားရောက်၍ ချက်ပြုတ်ပြင်ဆင်မည်ဟု ဆုံးဖြတ်လိုက်သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းတစ်ယောက် အခန်းအပြင်သို့ ထွက်ရန် မပြင်ဆင်ရသေးမီမှာပင် မိခင်ဖြစ်သူ နျိုချွန်းဟုန်က ထမင်းတစ်ပန်းကန်ကို အသာအယာ ကိုင်ဆောင်လျက် အခန်းထဲသို့ ဝင်ရောက်လာလေသည်။ 
 
လွန်ခဲ့သောရက်က ဟယ်ယဲ့ချင်းကို အခန်းထဲတွင် ပိတ်လှောင်ရန်အတွက် အတင်းအကျပ် သော့ခတ်ခဲ့သည့် ပြင်းထန်သော ရုန်းရင်းဆန်းခတ် ဖြစ်ရပ်ကြောင့် အခန်းတံခါး၏ သော့ခလောက်က ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် နျိုချွန်းဟုန်က တံခါးကို အသာအယာ တွန်းလိုက်ရုံမျှဖြင့်ပင် တံခါးက အလွယ်တကူ ပွင့်သွားလေသည်။ 
 
နျိုချွန်းဟုန်က ထမင်းပန်းကန်ကို ဟယ်ယဲ့ချင်း၏ ရှေ့ရှိ စားပွဲငယ်လေးပေါ်သို့ အသာအယာ ချထားပေးလိုက်ပြီးနောက် တုံ့ဆိုင်းနှေးကွေးသော လေသံဖြင့် ဆိုရှာသည်။ 

“ချင်းချင်း... ထမင်းစားလိုက်ပါဦး သမီးရယ်…” 
 
နိုင်ငံတော်က ကျေးလက်တောရွာများတွင် တစ်ပိုင်တစ်နိုင် လယ်ယာစိုက်ပျိုးထုတ်လုပ်မှုစနစ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဟယ်မိသားစု၏ စားပွဲပေါ်ရှိ အစားအစာများကမူ သိသာထင်ရှားစွာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးချေ။ 
 
ပန်းကန်ထဲတွင် ထည့်ထားသော ထမင်းက ပြောင်းဆန်ကြမ်းများနှင့် ရောနှောချက်ပြုတ်ထားသည့် ပြောင်းထမင်းကြမ်း ဖြစ်သဖြင့် ကြမ်းတမ်းလှသောကြောင့် လည်ချောင်းထဲသို့ မြိုချရန်ပင် ခက်ခဲလှပေသည်။ ထိုထမင်းကြမ်းကို အိမ်တွင် ကိုယ်တိုင်အချဉ်တည်ထားသော အသီးအရွက်ချဉ်၊ ပြီးလျှင် ကန်စွန်းရွက်ကြော် အနည်းငယ်တို့ဖြင့်သာ တွဲဖက်ထားရာ ၎င်းသည်ပင် ဤမိသားစု၏ တစ်နေ့တာ အကောင်းဆုံးသော ညစာတစ်နပ် ဖြစ်ပေသည်။ 
 
မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ သနားစဖွယ် မျက်ဝန်းအစုံအောက်တွင် ဟယ်ယဲ့ချင်းသည် မည်သည့်စကားမျှ မပြောဘဲ ထမင်းပန်းကန်ကို တိတ်တဆိတ်သာ ကောက်ကိုင်လိုက်၏။ 
 
သူမက တူဖြင့် ပြောင်းထမင်းများကို အသာအယာ ထိုးဆွကြည့်လိုက်ရာ ပန်းကန်၏ အောက်ခြေနားတွင် ထူးခြားသောအရာတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် တူဖြင့် ထမင်းများကို ဘေးသို့ အနည်းငယ် ဖယ်ကြည့်လိုက်သည့်အခါတွင်မူ ထမင်းများအောက်တွင် တိတ်တဆိတ် ဖုံးကွယ်ထားသော ကြက်ဥကြော်တစ်လုံးကို ရှာဖွေတွေ့ရှိလိုက်ရလေသည်။ 
 
ဒါက ဘာသဘောလဲ… ပါးတစ်ချက် ရိုက်ပြီးမှ သကြားလုံးတစ်လုံး ပြန်ကျွေးတဲ့ သဘောလား… 
 
နျိုချွန်းဟုန်က ဟယ်ယဲ့ချင်း၏ မျက်နှာထားက အနည်းငယ် ပျော့ပျောင်းသွားသည်ဟု ထင်မှတ်ပြီး သူမ၏မျက်နှာကို အကဲခတ်ကာ စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။  

“ချင်းချင်း... သမီး ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး မြို့ထဲကို စာမေးပွဲသွားဖြေခဲ့တာ မဟုတ်လားဟင်…” 
 
ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ ဟယ်ယဲ့ချင်းက ရင်ထဲတွင် မခံမရပ်နိုင်အောင် နာကျည်းသွားရသဖြင့် ရယ်ရခက်၊ ငိုရခက်သော အမူအရာဖြင့် မချင့်မရဲ ရယ်မောလိုက်မိ၏။ 
 
သူမက လက်ထဲမှ ထမင်းပန်းကန်ကို စားပွဲပေါ်သို့ အသံမြည်အောင် ဒေါသတကြီး ဆောင့်ချလိုက်ပြီးနောက် မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ မျက်နှာကို စူးစိုက်ကြည့်ကာ စကားတစ်လုံးချင်းစီကို ပြတ်သားစွာ ပြောဆိုလိုက်လေသည်။  

“အမေတို့အားလုံးပဲ သမီးကို အိမ်ထဲမှာ သော့ခတ်ပိတ်လှောင်ထားခဲ့ကြတာ မဟုတ်လား… သမီးက ဘယ်လိုလုပ် စာမေးပွဲသွားဖြေနိုင်ရမှာလဲ…” 
 
နျိုချွန်းဟုန်က သမီးဖြစ်သူ၏ ဒေါသတကြီး တုံ့ပြန်မှုကို ကြားလိုက်ရသည့်အခါ တစ်ချက်မျှ တွေဝေတုံ့ဆိုင်းသွားပြီးမှ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆက်မေးပြန်သည်။ 

“ဒါဆိုရင် ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး သမီးက...” 
 
“အမေတို့ အလိုရှိတဲ့အတိုင်းပါပဲ... သမီး တက္ကသိုလ်တက်ခွင့် ရတော့မှာ မဟုတ်ဘူး…” 
ဟယ်ယဲ့ချင်းက ခါးသီးစွာ ဆိုလိုက်သည်။ 
 
ထိုခေတ်ကာလက အမျိုးသားတက္ကသိုလ်ဝင်စာမေးပွဲကြီးကို တိုက်ရိုက်ဖြေဆိုခွင့် မရှိဘဲ ၎င်းမတိုင်မီ ပြည်နယ်အတွင်း ကျင်းပသော ဝင်ခွင့်အရည်အချင်းစစ် အကြိုစာမေးပွဲကို မဖြစ်မနေ ဖြေဆိုကြရသည်။ ထိုအကြိုစာမေးပွဲတွင် အောင်မြင်မှုရရှိသူများသာလျှင် အမျိုးသားတက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဆက်လက်ဖြေဆိုခွင့် ရရှိကြခြင်း ဖြစ်သည်။ 
 
ဤအဆင့်တွင်ပင် စာမေးပွဲဖြေဆိုသူ ဦးရေအမြောက်အမြားက အရည်အချင်းမမီသဖြင့် ပြုတ်ကျကျန်ရစ်ခဲ့ကြရသည်။ သုံးနှစ်တိုင်တိုင် စာကို ကြိုးစားပမ်းစား သင်ယူခဲ့ကြသော်လည်း ကျောင်းသားအများစုက တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုခွင့် အရည်အချင်းပင် မပြည့်မီကြရှာချေ။

ထို့အပြင် မိမိတို့ တက်ရောက်လိုသော တက္ကသိုလ်နှင့် ဘာသာရပ် ဦးစားပေးရွေးချယ်မှုများကိုလည်း ထိုအကြိုစာမေးပွဲနှင့် တက္ကသိုလ်ဝင်စာမေးပွဲကြီးအကြား ကာလတိုလေးအတွင်း၌သာ အပြီးသတ် စာရင်းပေးသွင်းကြရသည်။ 
 
ဟယ်ယဲ့ချင်း၏ တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်က မူလကတည်းက ပေကျင်းတက္ကသိုလ်ကြီးသာ ဖြစ်ခဲ့သဖြင့် သူမက ဦးစားပေးရွေးချယ်မှုတွင် ထိုတက္ကသိုလ်တစ်ခုတည်းကိုသာ စာရင်းသွင်းခဲ့သည်။ 
 
အတန်းပိုင်ဆရာ ကျန်းကော်ဝမ်က စောစောက အခြေအနေများကို အကောင်းမြင်ကာ ဟယ်ယဲ့ချင်းက စာမေးပွဲတစ်ဘာသာ ပျက်ကွက်ခဲ့သည့်တိုင်အောင် သူမ၏ ထူးချွန်လှသော အရည်အချင်းကြောင့် အခြားသော အသက်မွေးဝမ်းကျောင်းကောလိပ် သို့မဟုတ် သိပ္ပံနှင့်နည်းပညာကျောင်းတစ်ခုခုသို့ တက်ရောက်ခွင့် ရရှိနိုင်လိမ့်မည်ဟု တွေးတောခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ မသိရှိခဲ့သည့်အချက်က ဟယ်ယဲ့ချင်းသည် အခြားသော မည်သည့် နည်းပညာကျောင်း သို့မဟုတ် ကောလိပ်များကိုမျှ ဦးစားပေးစာရင်းတွင် လုံးဝထည့်သွင်း ရေးသားခဲ့ခြင်း မရှိဟူသောအချက်ပင်။ 
 
သို့သော်လည်း အကယ်၍ သူမက အခြားကျောင်းများကို ရွေးချယ်ခဲ့ပြီး ၎င်းကျောင်းများက ဝင်ခွင့်ပေးခဲ့သည့်တိုင်အောင် ဟယ်ယဲ့ချင်းသည် ထိုကျောင်းများသို့ တက်ရောက်မည်မဟုတ်ချေ။ 
 
သမီးဖြစ်သူထံမှ တက္ကသိုလ်တက်ခွင့် လုံးဝမရှိတော့ကြောင်း ခါးသီးလှသော စကားသံကို ကြားလိုက်ရသည့်အခါ မိခင်ဖြစ်သူ နျိုချွန်းဟုန်၏ မျက်ဝန်းအစုံတွင် နောင်တနှင့် အပြစ်မကင်းစိတ် အရိပ်အယောင်အချို့ ချက်ချင်း ဖြတ်သန်းသွားခဲ့ပြီး ၎င်းနှင့်အတူ အခြားသော နက်နဲသည့် လျှို့ဝှက်ချက်တစ်ခုလည်း ကိန်းအောင်းနေပုံရသည်။ 
 
သူမက တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ ဟယ်ယဲ့ချင်း၏ လက်ကလေးကို အတင်းဆုပ်ကိုင်လိုက်ပြီး မည်သည့်စကားမှ မပြောဘဲ နှုတ်ဆိတ်နေရှာသည်။ 
 
ဟယ်ယဲ့ချင်းက မိခင်၏ လက်ဖဝါးထဲမှ သူမ၏လက်ကို ရုန်းကန်ကာ အတင်းဆွဲထုတ်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် မေးလိုက်လေသည်။  

“မနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဖြေခါနီးမှာ သမီးရဲ့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကို ခိုးပြီး ဝှက်ထားခဲ့တာလည်း အမေပဲ မဟုတ်လား…” 
 
စာမေးပွဲမဖြေမီ ညက သူမသည် သူမ၏ စာရေးကိရိယာများနှင့် ကတ်ပြားကို အိတ်ထဲတွင် ရှိမရှိ အကြိမ်ကြိမ် သေသေချာချာ စစ်ဆေးခဲ့သည်။ ထိုမျှလောက် အရေးကြီးသောအရာက မည်သို့မျှ အလိုအလျောက် ပျောက်ဆုံးသွားစရာ အကြောင်းမရှိချေ။ အိမ်သားတစ်ဦးဦးကသာ ရည်ရွယ်ချက်ရှိရှိဖြင့် ၎င်းကတ်ပြားကို တိတ်တဆိတ် ခိုးယူဝှက်ဖျောက်ခဲ့ခြင်း ဖြစ်ရမည်။ 
 
ထိုစကားကို ကြားလိုက်ရသည့်အခါတွင်မူ နျိုချွန်းဟုန်က အပြစ်မကင်းသည့် မျက်နှာထားဖြင့် သမီးဖြစ်သူ၏ အကြည့်ကို မရင်ဆိုင်ရဲဘဲ မျက်လုံးများကို ဘေးသို့ လွှဲဖယ်သွားခဲ့ရှာသည်။ 
 
ဤအမူအရာကို မြင်လိုက်ရရုံမျှဖြင့် ဟယ်ယဲ့ချင်းသည် အဖြစ်မှန်အားလုံးကို အကြွင်းမဲ့ သဘောပေါက်သွားခဲ့လေပြီ။ 
 
“ဘာဖြစ်လို့လဲ... အဖေက အမေ့ကို အဲဒီလိုလုပ်ဖို့ ခိုင်းခဲ့တာလား…”  

ဟယ်ယဲ့ချင်းက ရင်နာနာဖြင့် ဆက်လက်ဖိအားပေးကာ မေးမြန်းလိုက်သည်။ 
 
နျိုချွန်းဟုန်ကမူ သမီး၏ စူးစိုက်ကြည့်မှုကို ရှောင်လွှဲလျက် တိုးညှင်းစွာ ပြောလာသည်။ 

“သမီးရယ်... ဆက်မမေးပါနဲ့တော့…”  
 
အမှန်စင်စစ် ဟယ်ယဲ့ချင်း ဤသို့ သံသယဝင်ကာ မေးမြန်းရခြင်းကလည်း ဆန်းကြယ်သောအရာ မဟုတ်ပေ။  á€–ခင်ဖဟစ်သူ ဟယ်အာ့ရွှမ်းသည် သမီးဖြစ်သူ ဟယ်ယဲ့ချင်းကို အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူရန် ကျောင်းထားပေးခြင်းကို အစကတည်းက လုံးဝသဘောမတူခဲ့သောကြောင့်ပင်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် ငယ်စဉ်က ကျောင်းတက်ခွင့်ရရှိရန်အတွက် အခက်အခဲနှင့် အလှည့်အပြောင်းများစွာကို ကျော်ဖြတ်ခဲ့ရ၏။ 
 
ဟယ်အာ့ရွှမ်း၏ အတွေးအခေါ်က အလွန်ပင် ရှင်းလင်းလှသည်။ သူ့အနေဖြင့် သမီးမိန်းကလေးဟူသည်က စာသင်ပေးလျှင်လည်း အလကား ငွေကုန်လူပန်းရုံသာရှိပြီး စာတတ်ခြင်းက မည်သည့်အကျိုးကျေးဇူးမျှ မရှိဟု ယူဆထားသည်။ 

သမီးများကို အိမ်တွင်သာ ထားကာ အိမ်မှုကိစ္စနှင့် လယ်ယာလုပ်ငန်းများကို ကူညီခိုင်းစေပြီး အရွယ်ရောက်သည်နှင့် အမြန်ဆုံးအိမ်ထောင်ချပေးကာ ကလေးမွေးခိုင်းခြင်းကသာ အကောင်းဆုံးဖြစ်သည်ဟု ခံယူထားသူ ဖြစ်သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းသည် သူမ၏ ဘဝကို ထိုကဲ့သို့သော မျှော်လင့်ချက်မဲ့လှသည့် စီမံခန့်ခွဲမှုအောက်တွင် အရှုံးပေးရန် လုံးဝအလိုမရှိခဲ့ချေ။ 
 
သို့သော်လည်း ဟယ်အာ့ရွှမ်း၏ စကားက အိမ်တွင်း၌ ဧကရာဇ်တစ်ပါး၏ အမိန့်တော်ကဲ့သို့ မည်သူမျှ မလွန်ဆန်ရဲရာ ထိုစဉ်က သမီးငယ်လေးဖြစ်သူ ဟယ်ယဲ့ချင်းက ကျောင်းတက်ခွင့်ရရှိရန်အတွက် နည်းလမ်းမျိုးစုံကို ဉာဏ်ဆင်ကာ ကြံဆခဲ့ရရှာသည်။ သို့သော် မမျှော်လင့်ဘဲ နောက်ဆုံးတွင်မူ အမြဲတမ်း ခေါင်းငုံ့ခံတတ်လှသော မိခင်ဖြစ်သူ နျိုချွန်းဟုန်က ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် ပြတ်သားသော စိတ်ဓာတ်ကို ပြသကာ ဟယ်အာ့ရွှမ်းနှင့် အကြီးအကျယ် စကားများရန်ဖြစ်ပြီး ဟယ်ယဲ့ချင်းကို ကျောင်းအပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်သာ ဟယ်ယဲ့ချင်းတစ်ယောက် ကျောင်းတက်ခွင့် ရရှိခဲ့ခြင်း ဖြစ်လေသည်။


🖼🖼🖼🖼အခန်း (၄) 
- ကံကြမ္မာကို ငါမယုံကြည်ဘူး 


ဟယ်ယဲ့ချင်းကိုယ်တိုင်ကလည်း ပညာရေးတွင် အလွန်ပင် ထူးချွန်ထက်မြက်သူ ဖြစ်သည်။ 
 
သူမက မွေးရာပါ ဉာဏ်ပညာထက်မြက်သည့်အပြင် ယခင်ဘဝ၌ ဆည်းပူးခဲ့ဖူးသော ပညာရေးအတွေ့အကြုံများနှင့် ဗဟုသုတများ ရှိနေသဖြင့် ကျောင်းတွင် အမြဲတမ်း ပထမဆု ရရှိရန်က သူမအတွက် လက်ဖျောက်တစ်ချက်တီးရသကဲ့သို့ လွယ်ကူလွန်းလှသည်။ 

ဟယ်ယဲ့ချင်း၏ အမှန်တကယ် ပညာအရည်အချင်း အဆင့်အတန်းအရဆိုလျှင် သူမက အသက်ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်အရွယ်ကတည်းကပင် တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်နိုင်လောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိခဲ့သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းသည် အများ၏ အာရုံစိုက်မှုကို အလွန်အမင်း မခံလိုသဖြင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသားဘဝတွင် အတန်းတစ်တန်းစီကိုသာ ကျော်ဖြတ်ကာ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ 
 
အကယ်၍ အရာအားလုံးသာ အဆင်ပြေချောမွေ့ခဲ့မည်ဆိုပါက ယခုအချိန်တွင် သူမက ဂုဏ်သိက္ခာကြီးမားလှသော ပေကျင်းတက္ကသိုလ်ကြီး၏ စံပြကျောင်းသူတစ်ဦး ဖြစ်နေလောက်ပျပြီ ။ 
 
ဟယ်ယဲ့ချင်းအနေဖြင့် တွေးတော၍မရနိုင်ဆုံးသော အချက်ကမူ ယခင်က သူမ၏ ပညာရေးကို အစွမ်းကုန် ပံ့ပိုးကူညီပေးခဲ့သည့် မိခင်ဖြစ်သူ နျိုချွန်းဟုန်က အဘယ်ကြောင့် ယခုကဲ့သို့ ရက်စက်စွာ စိတ်ပြောင်းလဲသွားရသည် ဟူသောအချက်ပင် ဖြစ်၏။ 
 
ဒါက သမီးထက် သားကို ပိုမျက်နှာသာပေးတဲ့ ရှေးရိုးစွဲစိတ်ဓာတ်ကြောင့်ပဲလား… 
 
သို့သော် ထိုအချက်ကလည်း ယုတ္တိမရှိလှပေ။ 
 
သူမ၏ ထူးချွန်လှသော စာမေးပွဲရလဒ်များနှင့် ပညာရေးအောင်မြင်မှုများသည် သူမအား တက္ကသိုလ်သို့ အခမဲ့ တက်ရောက်ခွင့် ရရှိစေမည်ဖြစ်ရာ မောင်ငယ်ဖြစ်သူ ဟယ်ကျားဝမ်၏ အနာဂတ်အတွက် ငွေကြေးဓန သုံးစွဲမှုအပေါ် မည်သို့မျှ ထိခိုက်ပျက်စီးစေမည် မဟုတ်ချေ။ 
 
ထို့အပြင် ဤခေတ်ကာလတွင် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းကျောင်းများမှ ဘွဲ့ရရှိသူများကို နိုင်ငံတော်က အလုပ်အကိုင် အာမခံချက် ချက်ချင်းပေးအပ်သဖြင့် ၎င်းက ကျေးလက်တောရွာမှ ဆင်းရဲသားများအတွက် ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်မည့် ရွှေရောင်အခွင့်အရေးကြီး ဖြစ်သည်။ ထိုကဲ့သို့သော ဘဝမြှင့်တင်နိုင်မည့် အခွင့်အရေးကို မည်သည့်မိဘကမျှ ငြင်းပယ်ရက်မည် မဟုတ်ချေ။ 
 
သူမက သမီးမိန်းကလေးတစ်ဦး ဖြစ်နေသည့်တိုင်အောင် အနာဂတ်တွင် ကြီးပွားချမ်းသာပြီး ရာထူးဂုဏ်ရှိန် ရရှိလာသည့်အခါ သူမ၏ မိသားစုအရင်းအချာများကို ပစ်ပယ်ထားလိမ့်မည်ဟု တွေးနေကြသလော။ 
 
“သမီးက တကယ်ပဲ အမေတို့ ဝမ်းနဲ့လွယ်မွေးထားတဲ့ သမီးအရင်း ဟုတ်ရောဟုတ်ရဲ့လားလို့ တခါတလေ သံသယဝင်မိတယ်… မိဘအရင်းဖြစ်ပြီး ကိုယ့်ရင်သွေးကို ဒီလောက်အထိ ရက်ရက်စက်စက် ဒုက္ခပေးရက်ကြတယ်လို့…”  

ဟယ်ယဲ့ချင်းသည် ရင်ထဲမှ နာကျည်းမှုများကြောင့် စိတ်ပျက်လက်ပျက်ဖြင့် မချင့်မရဲ ပြောဆိုလိုက်မိလေသည်။ 
 
သို့သော်လည်း ထိုစကားက ဒေါသအလျောက် ပြောဆိုမိသည့် စိတ်ဆိုးမာန်ဆိုး စကားတစ်ခွန်းမျှသာဖြစ်ကြောင်း ဟယ်ယဲ့ချင်းကိုယ်တိုင် ကောင်းကောင်းကြီး သိရှိပေသည်။ 
 
ငယ်စဉ်ကတည်းက မိဘနှစ်ပါး၏ နားမလည်နိုင်လောက်အောင် ဆန်းကြယ်ပြီး ရက်စက်လှသော ပြုမူဆောင်ရွက်ချက်များကြောင့်လည်းကောင်း၊ ထို့အပြင် ဟယ်ယဲ့ချင်းကိုယ်တိုင်က အလွန် လှပလွန်းပြီး မိသားစုဝင်များ၏ ရုပ်ရည်နှင့် လုံးဝတူညီခြင်းမရှိသည့်အပြင် လယ်သမားမိသားစုဝင်နှင့် မတူဘဲ မြို့ကြီးသူလေးတစ်ဦးအလား သန့်ပြန့်နေခြင်းကြောင့်လည်းကောင်း သူမသည် သူမကိုယ်သူမ ဟယ်အာ့ရွှမ်းနှင့် နျိုချွန်းဟုန်တို့၏ သမီးအရင်း ဟုတ်မဟုတ်ကို အကြိမ်ကြိမ် သံသယဝင်ခဲ့ဖူးသည်။ 
 
သို့သော်လည်း ရွာထဲရှိ သက်ကြီးဝါကြီး အဘိုးအဘွားများကမူ ဟယ်ယဲ့ချင်း၏ ရုပ်ရည်အလှက ကွယ်လွန်သွားပြီဖြစ်သော သူမ၏ အဒေါ်ဖြစ်သူ (အဖေ ဟယ်အာ့ရွှမ်း၏ နှမအရင်း) နှင့် အလွန် တူလှကြောင်း တညီတညွတ်တည်း ပြောဆိုကြလေသည်။ 
 
ထိုအဒေါ်ဖြစ်သူက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ဟယ်ယဲ့ချင်းက သူမကို တစ်ကြိမ်မျှ မမြင်ဖူးခဲ့သော်လည်း သူမက တစ်ရွာလုံးတွင် သတင်းမွှေးလှသော အလှလေးတစ်ဦး ဖြစ်ခဲ့သည်ဟု လူကြီးများက ဆိုကြသည်။ 
 
တူမဖြစ်သူက အဒေါ်ဖြစ်သူနှင့် ရုပ်ရည်ချင်း ဆင်တူနေခြင်းက သဘာဝတရားအရ အလွန်ပင် ပုံမှန်ဖြစ်ပေသည်။ 
 
“အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောစမ်းနဲ့ သမီးရယ်…”  

နျိုချွန်းဟုန်က သမီး၏စကားကို ကြားသောအခါ စိတ်မကောင်းစွာဖြင့် ဖြတ်ပြောရှာသည်။ 
 
“ဒါဆိုရင် အမေတို့က ဘာဖြစ်လို့ သမီးကို တက္ကသိုလ်ဝင်စာမေးပွဲ သွားမဖြေခိုင်းရတာလဲ…”  

ဤအချက်က ဟယ်ယဲ့ချင်း မည်သို့မျှ စဉ်းစား၍ မရနိုင်သော ပဟေဠိကြီးတစ်ခု ဖြစ်နေဆဲပင်။ 
 
“ချင်းချင်းရယ်... သမီးလည်း သိပါတယ်… အမေတို့မိသားစုရဲ့ စီးပွားရေးအခြေအနေက မကောင်းလှဘူး… သမီးကို အဝေးကြီးမှာရှိတဲ့ မြို့ကြီးပြကြီးက တက္ကသိုလ်တွေဆီ ပို့ပြီး ကျောင်းထားပေးဖို့ အမေတို့ မတတ်နိုင်ဘူးကွယ်...”  

ဟယ်ယဲ့ချင်း၏ တရစပ် ဖိအားပေးကာ မေးမြန်းမှုအောက်တွင် နျိုချွန်းဟုန်က အခြားရွေးချယ်စရာမရှိတော့ဘဲ ရင်ထဲရှိ အမှန်တရားကို ဖြည်းညှင်းစွာ ဖွင့်ဟပြောဆိုလိုက်ရတော့သည်။

“သမီးက ကျောင်းလခနဲ့ နေထိုင်စားသောက်စရိတ်တွေကို ကိုယ့်ဘာသာ ရှာနိုင်ပါတယ် အမေ… ပြီးတော့ တက္ကသိုလ်က ပေးမယ့် ပညာသင်ဆုနဲ့ ထောက်ပံ့ကြေးတွေလည်း အများကြီး ရှိပါတယ်…” 

ဟယ်ယဲ့ချင်းက ပြန်လည်ချေပလိုက်သည်။ 
 
အမှန်စင်စစ် လွန်ခဲ့သော ကျောင်းတက်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်လည်း ဟယ်ယဲ့ချင်းသည် အိမ်မှ ငွေတစ်ပြားတစ်ချပ် သို့မဟုတ် ရိက္ခာအနည်းငယ်မျှ တောင်းခံသုံးစွဲခဲ့ခြင်း လုံးဝမရှိခဲ့ချေ။ သူမ သုံးစွဲခဲ့သမျှက ကျောင်းမှ ပေးအပ်သော ထောက်ပံ့ကြေးများနှင့် သူမကိုယ်တိုင် အားလပ်ရက်များတွင် ပင်ပန်းခံရှာဖွေခဲ့သော ငွေကြေးများသာ ဖြစ်သည်။ ထိုသို့ သူမ၏စရိတ်ကို သူမကိုယ်တိုင် တာဝန်ယူနိုင်ခဲ့သောကြောင့်သာ ခေါင်းမာလှသော ဖခင်ဟယ်အာ့ရွှမ်းက သူမအား ယနေ့တိုင် ကျောင်းဆက်တက်ခွင့်ပြုရန် သည်းခံခဲ့ခြင်း ဖြစ်သည်။ 
 
“တက္ကသိုလ်က အိမ်နဲ့ အရမ်း ဝေးလွန်းတယ် သမီးရဲ့… ပြီးတော့ အမေက သမီးကို အဝေးကြီးကို ပို့ပြီး မခွဲနိုင်ဘူး…”  

နျိုချွန်းဟုန်က မပွင့်တပွင့်နှင့် ထပ်မံ ဆင်ခြေပေးသည်။ 
 
“အဲဒါက နှစ်နည်းနည်းပဲ ကြာမှာပါအမေ… သမီး ဟိုမှာ အလုပ်အကိုင် အခြေတကျဖြစ်ပြီး အဆင်ပြေသွားတာနဲ့ အမေတို့ အားလုံးကို မြို့ပေါ်ကို ခေါ်ပြီး အတူတူ နေမှာပါ…”  

ဟယ်ယဲ့ချင်းက သူမ၏ အနာဂတ်အစီအစဉ်ကို တက်ကြွစွာ ပြောပြလိုက်သည်။ 
 
သို့သော် သူမ လုံးဝမမျှော်လင့်ထားသည့်အချက်က မိခင်ဖြစ်သူ နျိုချွန်းဟုန်က ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်းမြောက်ဝမ်းသာ ဖြစ်မသွားသည့်အပြင် သူမ၏ မျက်နှာအမူအရာက သိသိသာသာ ပျက်ယွင်းကာ အလွန်တရာ အကျည်းတန်ဆိုးရွားသွားခဲ့ခြင်းပင် ဖြစ်သည်။ 
 
နျိုချွန်းဟုန်က ပင်ပန်းနွမ်းနယ်မှုများကြောင့် အနည်းငယ် အတွင်းထဲသို့ ချိုင့်ဝင်နေသော မျက်ဝန်းအစုံဖြင့် ဟယ်ယဲ့ချင်းကို စိုက်ကြည့်ကာ သက်ပြင်းတစ်ချက်ကို ပြင်းထန်စွာ ချလိုက်သည်။ ထို့နောက် သူမက ဝမ်းနည်းပူဆွေးမှုနှင့် ပြတ်သားမှုတို့ ရောပြွမ်းနေသော လေသံဖြင့် ဆိုလာလေသည်။ 

“ချင်းချင်းရယ်... သမီးက ဘာဖြစ်လို့ အခြေအနေမှန်ကို နားမလည်နိုင်ရတာလဲ… အမေတို့လို ကျေးလက်တောရွာက ဆင်းရဲသားတွေမှာ အဲဒီလို မြင့်မြတ်လှတဲ့ ကံကြမ္မာမျိုး မရှိကြပါဘူးကွယ်... အားလုံးကို အရှုံးပေးပြီး ကိုယ့်ကံကြမ္မာကိုပဲ လက်ခံလိုက်စမ်းပါ…” 
 
နျိုချွန်းဟုန်က ဤစကားကို ပြောဆိုလိုက်သည့် အမူအရာက ရုန်းထွက်ရခက်လှသော ရွှံ့နွံတွင်းကြီးထဲတွင် နစ်မြုပ်နေရှာသော အမျိုးသမီးတစ်ဦးက ကုန်းပေါ်တွင် ဘေးကင်းစွာ ရပ်တည်နေသည့် အခြားလူတစ်ယောက်ကိုပါ မိမိနှင့်အတူ နွံတွင်းထဲသို့ နစ်မြုပ်သွားစေရန်အတွက် ခြောက်သွေ့ညှိုးနွမ်းနေသော လက်ဝါးများဖြင့် အသည်းအသန် လှမ်း၍ ဆွဲချနေသကဲ့သို့ပင် ဖြစ်ပေသည်။ 
 
ဤရုတ်တရက် ပေါ်ပေါက်လာသော ခါးသီးလှသည့် ခိုင်းနှိုင်းချက်ကြောင့် ဟယ်ယဲ့ချင်းတစ်ယောက် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။ 
 
ချက်ချင်းဆိုသလိုပင် ပြင်းထန်လှသော ဒေါသတရားနှင့် မကျေနပ်မှုလှိုင်းလုံးကြီးများက ဟယ်ယဲ့ချင်း၏ ရင်ဘတ်ထဲတွင် တရစပ် တိုးဝှေ့လှိုက်တက်လာလေသည်။ 
 
အားလုံးကို အရှုံးပေးပြီး ကိုယ့်ကံကြမ္မာကို လက်ခံရမယ်ဟုတ်လား… ငါက ဘာဖြစ်လို့ ငါ့ဘဝကို ကံကြမ္မာဆိုးအောက်မှာ အလွယ်တကူ အရှုံးပေးရမှာလဲ… ဘယ်လိုအကြောင်းပြချက်၊ ဘယ်လိုအခြေခံအချက်တွေကြောင့် ငါက ကံကြမ္မာကို ဒူးထောက်ရမှာလဲ… 
 
ကျေးလက်တောရွာတွင် မွေးဖွားလာခဲ့ရုံနဲ့၊ ဆင်းရဲနွမ်းပါးလှတဲ့ ဘဝနောက်ခံ ရှိခဲ့ရုံနဲ့၊ ငါက ဘဝမှာ ထိပ်ဆုံးကို ရောက်အောင် ကြိုးစားပမ်းစား ရုန်းကန်ခွင့် ဘယ်တော့မှ မရှိတော့ဘူးဟု ဆိုလိုတာလား… 
 
ဒီနေရာမှာ ရှိနေကြတဲ့ လူအားလုံးက လူမှုပတ်ဝန်းကျင်ရဲ့ အောက်ခြေအလွှာမှာပဲ တစ်သက်လုံး ပိတ်လှောင်ခံရပြီး ဒုက္ခဆင်းရဲတွေနဲ့ပဲ ထိုက်တန်ကြတယ်လို့ သတ်မှတ်ရမှာလား… 
 
ဟယ်ယဲ့ချင်းတစ်ယောက် ထိုကဲ့သို့သော လှည့်စားတတ်လှသည့် ကံကြမ္မာဆိုးကို လုံးဝမယုံကြည်ဘဲ အဆုံးထိ တော်လှန်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေတော့သည်။ 
 
ယခင်ဘဝတွင် မိဘမဲ့တစ်ဦးအဖြစ် ရှင်သန်ခဲ့ရသော်လည်း သူမက ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် ပေကျင်းတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယခုဘဝတွင် ဘဝသစ်ကို ပြန်လည်စတင်ရပြန်ရာ သူမက ထိုကဲ့သို့ ထပ်မံစွမ်းဆောင်နိုင်ရမည်သာ ဖြစ်သည်။ 
 
ထို့အပြင် ၎င်းက အမှန်တကယ်ပင် ကံကြမ္မာကြောင့်လားဆိုသည်ကိုလည်း မသိတော့ပေ။ 
 
တက္ကသိုလ်ဝင်စာမေးပွဲတွင် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရခြင်းက ကံကြမ္မာ၏ အလှည့်အပြောင်းကြောင့် လုံးဝမဟုတ်ဘဲ သူမ စာမေးပွဲမဖြေဆိုနိုင်စေရန် နောက်ကွယ်မှ စနစ်တကျ ကြံစည်လုပ်ဆောင်ခဲ့ကြခြင်းက ထင်ရှားလှပေသည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် အလွန်အမင်း မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ 
 
သူမက မိခင်ဖြစ်သူ နျိုချွန်းဟုန်နှင့် ဆက်လက်၍ အချေအတင် စကားများရန် အစီအစဉ် မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ရှေ့မှောက်ရှိ ထိုအမျိုးသမီးသည် သူမ၏ စကားကို နားထောင်မည်မဟုတ်ကြောင်း ကောင်းစွာ သိရှိသောကြောင့်ပင်။ 

နျိုချွန်းဟုန်သည် ရှေးရိုးစွဲအယူအဆများကိုသာ အသေစွဲလမ်းနေသူဖြစ်ရာ အခြားသူများ မည်သို့ပင် ပြောဆိုပါစေ ပြောင်းလဲမည့်သူ မဟုတ်ချေ။

နျိုချွန်းဟုန်က အဘယ်ကြောင့် ယခုကဲ့သို့ စိတ်ဓာတ်မျိုး ဖြစ်သွားရသည်ကို ဟယ်ယဲ့ချင်းက နားမလည်နိုင်အောင် ဖြစ်ရသည်။ 
 
သူမက စဉ်းစား၍မရနိုင်တော့သဖြင့် သူမတွင် မိဘမေတ္တာကို ခံစားခွင့်မရှိသည့် ကံကြမ္မာမျိုး ဖြစ်နိုင်သည်ဟုသာ သတ်မှတ်လိုက်ရတော့သည်။ 
 
ယခင်ဘဝတွင် သူမက မိဘမဲ့ကလေးတစ်ဦးဖြစ်ပြီး ဆွေမျိုးများစွာတို့၏ အိမ်များတွင် လှည့်လည်နေထိုင်ခဲ့ရသဖြင့် လူ့လောက၏ သံယောဇဉ် အပူအအေးနှင့် ဆက်ဆံရေး အခြေအနေများကို ကောင်းစွာ ကျွမ်းဝင်ခဲ့ပြီး ဖြစ်သည်။ 
 
ယခုဘဝတွင်မူ သူမ၌ မိဘအရင်းအချာများ ရှိနေသော်လည်း သူတို့၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိရန် ကံတရားက မျက်နှာသာမပေးခဲ့ရှာချေ။ 
 
ဟယ်ယဲ့ချင်းက စကားပြန်မများဘဲ ငြိမ်သက်နေသည်ကို မြင်လိုက်ရသည့်အခါ နျိုချွန်းဟုန်သည် သမီးဖြစ်သူအား စည်းရုံးနိုင်ခဲ့ပြီဟု ထင်မှတ်ကာ သူမ၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပျော့ပြောင်းသွား၏။ 
 
သူမက ဟယ်ယဲ့ချင်း၏ လက်ကလေးကို အသာအယာ ဆုပ်ကိုင်ကာ ညင်သာသော လေသံဖြင့် ပြောလာသည်။  

“ချင်းချင်းရယ်... အမေ့စကားကို နားထောင်စမ်းပါ… အမေက သမီးကို ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ပါဘူးကွယ်…” 
 
ဟယ်ယဲ့ချင်းက မျက်လွှာချလိုက်ပြီး မည်သည့်စကားတစ်ခွန်းမျှ မပြောဘဲ သူမ၏လက်ကို အသာအယာ ပြန်ရုန်းလိုက်သည်။ 
 
ထိုအခါ နျိုချွန်းဟုန်၏ မျက်နှာအမူအရာက အနည်းငယ် တင်းမာသွားရပြန်သည်။ 
 
ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်၏ စကားကို မြေဝယ်မကျ နားထောင်ရန်က လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။ 
 
သူမက အထူးတလည် စဉ်းစားမနေဘဲနှင့်ပင် အကယ်၍ နျိုချွန်းဟုန်၏ အလိုအတိုင်း လိုက်နာခဲ့မည်ဆိုပါက သူမက ဤကျေးလက်မြေကွက်ငယ်လေးပေါ်တွင်သာ တစ်သက်လုံး ပိတ်လှောင်ခံရပြီး သာမန်အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျကာ ကလေးတစ်ယောက်၊ မဟုတ်သေးပေ... ကလေးအများအပြား မွေးဖွားရပေလိမ့်မည်။ အကယ်၍ ပထမဦးဆုံးမွေးဖွားသော ကလေးက သမီးမိန်းကလေး ဖြစ်ခဲ့မည်ဆိုပါက လူဦးရေထိန်းချုပ်ရေးကော်မတီထံမှ တိတ်တဆိတ် ဖုံးကွယ်ကာ သားယောက်ျားလေး ရရှိသည်အထိ ကလေးများကို တရစပ် ဆက်လက်မွေးဖွားရပေဦးမည်။ 
 
နျိုချွန်းဟုန်ကဲ့သို့သော ရှေးရိုးစွဲလူများက ပုံမှန်ဟု သတ်မှတ်ထားကြသည့် ဤကဲ့သို့သော ဘဝမျိုးကို ဟယ်ယဲ့ချင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်စွမ်း မရှိချေ။ 
 
ဟယ်ယဲ့ချင်းသည် ထိုအကြောင်းအရာများကို ဟိုဟိုဒီဒီ တွေးတောကာ တစ်ညလုံး အိပ်မပျော်ဘဲ လူးလှိမ့်နေခဲ့ရပြီး မည်သည့်အချိန်ကျမှ အိပ်ပျော်သွားသည်ကိုပင် မသိလိုက်ရချေ။ 
 
သို့သော်လည်း နောက်တစ်နေ့ နံနက်တွင်မူ သူမက စောစောစီးစီးပင် အိပ်ရာမှ ထလာခဲ့သည်။ 
 
အတိတ်က အကြောင်းအရာများကို အလွန်အမင်း တွေးတောနေခြင်းက အပိုသာ ဖြစ်သည်။ အချိန်ရရှိနေဆဲ ကာလအတွင်းတွင် စီးပွားရေးလုပ်ရန်နှင့် ငွေကြေးအချို့ ရှာဖွေရန် အခွင့်အရေးကို သူမဘာသာသူမ ဖန်တီးယူခြင်းကသာ ပို၍ သင့်တော်ပေလိမ့်မည်။ 
 
အနာဂတ်တွင် မည်သို့သော ဆုံးဖြတ်ချက်မျိုးမဆို ချမှတ်ရသည့်အခါ လက်ဝယ်တွင် ငွေကြေးဓန ရှိနေခြင်းက ပိုမို ယုံကြည်မှုရှိစေမည်။ 
 
ဟယ်ယဲ့ချင်း စဉ်းစားထားသော ငွေရှာမည့် နည်းလမ်းက အလွန်ပင် ရိုးရှင်းပေသည်။ ၎င်းက အသားနှင့် အသီးအရွက်များကို တုတ်ထိုးလုပ်ကာ ဆော့စ်ဖြင့် တို့စားရသည့် တုတ်ထိုး (မာလာတုတ်ထိုးကဲ့သို့သော) ဆိုင်ငယ်လေးတစ်ခုကို လမ်းဘေးတွင် ဖွင့်လှစ်ရန်ပင် ဖြစ်သည်။ 
 
သူမ ဤတုတ်ထိုးရောင်းသည့် စီးပွားရေးလုပ်ငန်းကို ရွေးချယ်ရခြင်းသည် ထူးခြားသော အကြောင်းရင်းတစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ 
 
ယခင်ဘဝမှ သူမ၏ မိဘများသည် သရေစာဆိုင်ငယ်လေးတစ်ခုကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ပြီး အရသာရှိသော မုန့်အချို့ကြောင့် ဆိုင်ငယ်လေးမှသည် ဆိုင်ကြီးတစ်ဆိုင်အထိ အောင်မြင်စွာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ကြသည်။ သို့သော်လည်း လုပ်ငန်းကြီး အကြီးအကျယ် မချဲ့ထွင်နိုင်သေးမီမှာပင် သူတို့ ဇနီးမောင်နှံနှစ်ဦးလုံး မတော်တဆ ထိခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ကြရသည်။ 
 
သို့သော်လည်း ထိုသို့ မကွယ်လွန်မီကပင် သူတို့က ဟယ်ယဲ့ချင်းအတွက် ငွေကြေးဓနအမြောက်အများကို အမွေအဖြစ် ချန်ထားရစ်ခဲ့ကြသည်။ 
 
ထိုအမွေများကြောင့်ပင် ဆွေမျိုးများက ဟယ်ယဲ့ချင်းကို သူတို့အိမ်တွင် ခေါ်ယူကျွေးမွေးရန် လိုလားခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုဆွေမျိုးများ မသိရှိခဲ့ကြသည့်အချက်က ဟယ်ယဲ့ချင်း၏ လက်ဝယ်တွင် မိဘများ ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်ဖြစ်သော အရသာရှိလှသည့် မုန့်လုပ်နည်းများနှင့် ဖော်မြူလာများ ရှိနေဆဲဟူသောအချက်ပင် ဖြစ်၏။ 
 
ဟယ်ယဲ့ချင်းအတွက် သူ၏ မိဘများအပေါ် မှတ်ဉာဏ်က အလွန်ပင် ဝေဝါးနေခဲ့ပြီ ဖြစ်သည်။ သူမက အိမ်ပြောင်းရွှေ့မှုများစွာ ပြုလုပ်ခဲ့ရသဖြင့် မိဘများ၏ ဓာတ်ပုံများက မည်သည့်အချိန်၌ ပျောက်ဆုံးသွားခဲ့သည်ကိုပင် မသိရှိရတော့ချေ။ ထို့ကြောင့် ထိုမုန့်လုပ်နည်းစာအုပ်လေးက မိဘများက သူမအတွက် ချန်ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမှတ်တရပစ္စည်း ဖြစ်လာခဲ့ရသည်။ ဤအကြောင်းရင်းကြောင့်ပင် ဟယ်ယဲ့ချင်းသည် ထိုမုန့်လုပ်နည်းများကို စိတ်ထဲတွင် အလွတ်ရနေလောက်အောင် မှတ်သားထားခဲ့ခြင်း ဖြစ်သည်။

ထိုမုန့်လုပ်နည်းများထဲတွင် ယခု သူမ ရောင်းချမည့် တုတ်ထိုးလုပ်နည်းလည်း ပါဝင်နေသည်။ 
 
အခြားသော သရေစာများနှင့် နှိုင်းယှဉ်ပါက တုတ်ထိုးရောင်းခြင်းက အရင်းအနှီးနည်းပြီးလုပ်ရလွယ်ကူသဖြင့် ယခုအချိန်တွင် ဟယ်ယဲ့ချင်း ကိုယ်တိုင် လုပ်ကိုင်ရန်အတွက် အသင့်တော်ဆုံး ဖြစ်သည်။ 
 
မူလကမူ ဤတုတ်ထိုးလုပ်ငန်းက အရင်ဘဝမှ သူမ၏ မိဘများ လုပ်ကိုင်ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ 
 
သို့သော် ယခုအခါတွင်မူ သူမကိုယ်တိုင် ဤလုပ်ငန်းကို စတင်လုပ်ကိုင်ရန် အခြေအနေက ဖန်တီးလာခဲ့ပြီ ဖြစ်သည်။ 
 
လုပ်ငန်းလုပ်ရန် ဆုံးဖြတ်ပြီးနောက် ဟယ်ယဲ့ချင်းသည် တုတ်ထိုးရောင်းရန်အတွက် လိုအပ်မည့် ပစ္စည်းများကို စတင်ပြင်ဆင်တော့သည်။ 
 
ကုန်ကြမ်းများ ရှာဖွေရန်က အလွန်မခက်ခဲလှပေ။ ရွာထဲရှိ အိမ်တိုင်းတွင် ကိုယ်ပိုင်အသီးအရွက်စိုက်ခင်းများ ရှိကြသဖြင့် လိုအပ်သော ဟင်းသီးဟင်းရွက် အများစုကို ရွာထဲတွင်ပင် တိုက်ရိုက် ဝယ်ယူနိုင်သည်။ ဆီ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် အသားများကိုမူ မြို့ပေါ်ရှိ နိုင်ငံပိုင် သမဝါယမ ဆိုင်သို့ သွားရောက်ဝယ်ယူရမည် ဖြစ်သည်။ သို့သော်လည်း မြို့ပေါ်ရှိ ကုန်စုံဆိုင်က သေးငယ်လှသဖြင့် ကုန်ကြမ်းအမျိုးအစား စုံလင်စွာ ရရှိရန် ခဲယဉ်းသည်။ 
 
ဝါးတုတ်ထိုးများ ရှာဖွေရန်ကလည်း လွယ်ကူပေသည်။ ရွာထဲတွင် ဝါးဖြင့် လူသုံးကုန်ပစ္စည်းများ ပြုလုပ်တတ်သော လက်မှုပညာရှင်များ ရှိကြသဖြင့် သူတို့ကို ငွေအနည်းငယ်ပေးကာ ဝါးတုတ်အချို့ကို ပြုလုပ်ခိုင်းနိုင်သည်။ 
 
ပို၍ အခက်အခဲရှိသော ပြဿနာကမူ ဆိုင်ခန်းဖွင့်မည့် တွန်းလှည်း သို့မဟုတ် စားပွဲ ပြဿနာပင် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်း၏ စိတ်ကူးအရဆိုလျှင် အနာဂတ်ကာလတွင် တွေ့ရလေ့ရှိသည့် အစားအသောက်ရောင်းချသော စတီးတွန်းလှည်းအသေးစားမျိုး ရှိလျှင် အကောင်းဆုံးဖြစ်သော်လည်း ယခုလက်ရှိ သူမ၏ ငွေကြေးအခြေအနေအရ ထိုကဲ့သို့သော ပစ္စည်းမျိုးကို လုံးဝမတတ်နိုင်မှန်းလည်း သဘောပေါက်ထားသည်။ 
 
သူမတွင် ရှိသမျှ ငွေကြေးအနည်းငယ်က လိုအပ်သော ကုန်ကြမ်းများနှင့် အိုးခွက်ပန်းကန်များကို ဝယ်ယူပြီးနောက်တွင် ကုန်သလောက် ဖြစ်နေပြီ ဖြစ်သည်။ 
 
သို့သော်လည်း သူမက ယခုမှ လုပ်ငန်းစတင်ခါစ ဖြစ်သဖြင့် ရိုးရိုးစင်းစင်းသာ လုပ်ကိုင်ခြင်းက ပြဿနာမရှိချေ။ ဆိုင်ကို အရင်ဆုံး ဖြစ်သလို ဖွင့်လှစ်ပြီးနောက်မှသာ အဆင်ပြေလျှင် တဖြည်းဖြည်း တိုးချဲ့မွမ်းမံပြင်ဆင်မည်ဟု ဆုံးဖြတ်လိုက်သည်။ 
 
နောက်ဆုံးတွင် ဟယ်ယဲ့ချင်းသည် အိမ်၌ အသုံးမပြုဘဲ စွန့်ပစ်ထားသော ခေါက်စားပွဲအသေးလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ စားပွဲ၏ ထောင့်တစ်ဖက်က ပျက်စီးနေသော်လည်း ၎င်းကို ပြန်လည်ပြင်ဆင်လိုက်လျှင် အသုံးပြုနိုင်ဆဲ အခြေအနေတွင် ရှိသေးသည်။ 
 
နောက်ထပ် ဖြေရှင်းရမည့် ပြဿနာတစ်ခုကမူ ဟယ်ယဲ့ချင်းက ဤတုတ်ထိုးဆိုင်ကို ခရိုင်မြို့ထဲတွင် သွားရောက်ဖွင့်လှစ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ 
 
ခရိုင်မြို့ထဲတွင် လူသွားလာမှု များပြားလှပြီး ကျေးလက်တောရွာထက် လူနေထိုင်မှုအဆင့်အတန်း ပိုမိုမြင့်မားသဖြင့် လူများက ငွေကြေးသုံးစွဲရန် ဝန်မလေးကြချေ။ သို့သော်လည်း သူမတို့ရွာနှင့် မြို့က ဆယ်မိုင်ကျော် ကွာဝေးသဖြင့် သွားလာရသည်က အတော်လေး ဝေးလံလှပေသည်။ 
 
ဟယ်ယဲ့ချင်းသည် စောစောထရမည်ကို မကြောက်သော်လည်း အဓိက ပြဿနာက ဤရောင်းချမည့် ပစ္စည်းအားလုံးကို မြို့ပေါ်သို့ မည်သို့ သယ်ယူပို့ဆောင်မည်ဟူသောအချက်ပင် ဖြစ်သည်။ 
 
စားပွဲ၊ အိုးခွက်ပန်းကန်များ၊ ဟင်းရည်အိုးကြီးတစ်လုံးနှင့် အသင့်ပြင်ဆင်ထားသော တုတ်ထိုးအမြောက်အမြား၊ ဤအထွေထွေသော ပစ္စည်းအားလုံးကို စုစည်းလိုက်ပါက အလေးချိန်က အတော်လေး လေးလံလှပေသည်။ ၎င်းတို့ကို နေ့စဉ် အသွားအပြန် သယ်ယူနေရရန်က အမှန်တကယ်ပင် ခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်၏။ 
 
သူမက ရွာမှ မြည်းလှည်းကို ငွေအနည်းငယ်ပေးကာ လိုက်ပါစီးနင်းနိုင်သော်လည်း မြည်းလှည်းတွင် ပစ္စည်းတင်ဆောင်နိုင်မည့် နေရာက ကန့်သတ်ချက် ရှိသည်။ သူမ၏ ပစ္စည်းများကို တင်ဆောင်လိုက်ပါက လှည်း၏ နေရာထက်ဝက်ခန့်ကို နေရာယူသွားမည်ဖြစ်ရာ အခြားသော ရွာသားများ လိုက်ပါစီးနင်းရန်အတွက် နေရာကျဉ်းမြောင်းသွားစေမည်က မလွဲဧကန်ပင် ဖြစ်သည်။ 
 
ယခုလက်ရှိတွင် သူမက ရွာသားများနှင့် မည်သည့်ပဋိပက္ခမျှ မရှိသေးသော်လည်း အနာဂတ်တွင် သူမ အမှန်တကယ် စီးပွားရေးအဆင်ပြေကာ ငွေကြေးရရှိလာသည့်အခါ ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကြောင့် ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ 
 
သို့သော် အကယ်၍ မြည်းလှည်းကို အသုံးမပြုပါက ဤဆိုင်ဖွင့်မည့် ပစ္စည်းအားလုံးကို ခရိုင်မြို့ထဲသို့ သယ်ဆောင်ရန်က မည်သို့မျှ မဖြစ်နိုင်ချေ။ 
 
ဟယ်ယဲ့ချင်းသည် ရွာထဲတွင် ကိုယ်ပိုင်မြည်းလှည်း ရှိကြသည့် အိမ်ထောင်စုများကို စိတ်ထဲတွင် တစ်အိမ်ပြီးတစ်အိမ် လိုက်လံရေတွက်ကြည့်ရာမှ ရုတ်တရက် လူတစ်ယောက်ကို ကောင်းကောင်း သတိရသွားမိလေတော့သည်။

🖼🖼🖼🖼အခန်း (၅)
 - ဝံပုလွေပေါက်စ 
 

ဟယ်ယဲ့ချင်း စိတ်ထဲတွင် ရုတ်တရက် သတိရလိုက်မိသည့် လူက အခြားသူမဟုတ်ဘဲ ရွာအစွန်ဆုံးတွင် နေထိုင်သည့် အဘိုးကြီး လီ ပင် ဖြစ်၏။ 
 
အဘိုးကြီး လီ ၏ အမည်ရင်းက လီအားကွေ့ ဖြစ်ပြီး ယခုအခါ အသက် ငါးဆယ်ကျော် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ငယ်စဉ်ကပင် ဇနီးနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရရှာသဖြင့် ယခုအခါ မည်သူမျှမရှိဘဲ တစ်ကိုယ်တည်း နေထိုင်သူ ဖြစ်သည်။ သူ့၌ ကိုယ်ပိုင် မြည်းလှည်းလေးတစ်စီး ရှိပြီး နေ့စဉ်နှင့်အမျှ သူကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ထိုလှည်းပေါ်သို့ တင်ဆောင်ကာ ခရိုင်မြို့ထဲသို့ သွားရောက် ရောင်းချလေ့ရှိသည်။ 
 
ဟယ်ယဲ့ချင်းက လီအားကွေ့ကို အမှတ်ရသွားရခြင်း၏ အဓိက အကြောင်းရင်းက သူ၏ ထူးခြားလှသော စိတ်နေသဘောထားကြောင့် ဖြစ်သည်။ 
 
သူက တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်ရသူဖြစ်သဖြင့် အလွန်ပင်နှုတ်ဆိတ်ပြီး ရွာထဲရှိ မည်သည့်လူနှင့်မျှ အပိုစကားပြောဆိုခြင်း၊ ရောရောနှောနှော နေထိုင်ခြင်းမျိုး လုံးဝမရှိချေ။ 
 
ရွာထဲ၌ လယ်ယာလုပ်ငန်းခွင် ဝင်သည့်အခါတွင်လည်း သူက ခေါင်းတွင် စုတ်ပြဲနေသော ကောက်ရိုးဦးထုပ်ဟောင်းတစ်လုံးကို ဆောင်းထားပြီး လည်ပင်းတွင်မူ ချွေးသုတ်ရန်အတွက် မျက်နှာသုတ်ပုဝါတစ်ထည်ကို အမြဲပတ်ထားလေ့ရှိသည်။ ထို့နောက် မနက်ခင်းဖြစ်စေ၊ ညနေခင်းဖြစ်စေ တစ်နေ့လုံး လယ်ကွင်းထဲတွင်သာ ခေါင်းစိုက်၍ အလုပ်ကြိုးစားလုပ်ကိုင်နေတတ်သည်။ 
 
သူက အပြင်သို့ ထွက်ခွာသည့်အခါတွင်လည်း သူ၏ မြည်းလှည်းလေးကို တိတ်ဆိတ်စွာ မောင်းနှင်လျက် ခရိုင်မြို့ထံသို့သာ တစိုက်မတ်မတ် ဦးတည်သွားလေ့ရှိပြီး လမ်းခရီးတွင် မည်သည့်အရာကိုမျှ အာရုံစိုက်ခြင်း၊ အခြားသူများနှင့် စကားလက်ဆုံကျခြင်းမျိုး မရှိချေ။ လမ်းတွင် တစ်စုံတစ်ယောက်က လှမ်း၍ နှုတ်ဆက်လျှင်ပင် သူက ခေါင်းကို အသာအယာ တစ်ချက်မျှသာ ညိတ်ပြလေ့ရှိသည်။ 
 
အချိန်များ ကြာမြင့်လာသည်နှင့်အမျှ ရွာထဲရှိ လူများကလည်း လီအားကွေ့နှင့် စကားပြောဆိုရန် ဆန္ဒမရှိကြတော့ဘဲ တဖြည်းဖြည်း ကင်းကွာသွားခဲ့ကြသည်။ 
 
ထို့အပြင် သူက အမြဲတမ်းလိုလို ခက်ထန်တည်တင်းသော မျက်နှာထားရှိသူ ဖြစ်သဖြင့် ရွာထဲရှိ ကလေးငယ်များအတွက်မူ လီအားကွေ့သည် အကြောက်ရဆုံးသော ဘီလူးကြီးတစ်ဦး ဖြစ်လာခဲ့ရသည်။ မိဘများက သူတို့၏ သားသမီးများ ငိုယိုသည့်အခါ သို့မဟုတ် စကားနားမထောင်သည့်အခါတွင် “နင်တို့ စကားနားမထောင်ရင် အဘိုးကြီး လီ ကို လာဖမ်းခိုင်းပြီး သူ့အိမ်ကို ခေါ်သွားခိုင်းလိုက်မယ်…” ဟု ခြောက်လှန့်လေ့ရှိကြသည်။ 
 
ကလေးငယ်များက ထိုစကားကို ကြားလိုက်ရသည့်အခါတိုင်း အလွန် ကြောက်လန့်ကာ အသံကုန်ဟစ်၍ အော်ငိုကြတော့သည်။ 
 
ရွာသားအားလုံးက အဘိုးကြီးလီသည် ထူးခြားဆန်းပြားပြီး ပေါင်းသင်းရခက်သော လူတစ်ယောက်ဟု ပြောဆိုကြသော်လည်း ဟယ်ယဲ့ချင်းကမူ သူက အပြင်ပန်းတွင်သာ အေးစက်တည်တင်းနေသော်လည်း အတွင်းစိတ်၌မူ အလွန်ပင် ကြင်နာသနားတတ်ပြီး နွေးထွေးသော နှလုံးသားရှိသူတစ်ဦး ဖြစ်သည်ဟု ခံယူထားသည်။ 
 
သူမ ငယ်စဉ်က တောင်ပေါ်တွင် လမ်းပျောက်ခဲ့ဖူးစဉ်က သူမကို အန္တရာယ်ကင်းစွာဖြင့် အိမ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သူက အဘိုးကြီး လီ ပင် ဖြစ်ကြောင်း ယနေ့တိုင် ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် သူမ ခရိုင်မြို့ပေါ်သို့ ကျောင်းတက်ရန် သွားရောက်သည့်အခါ သို့မဟုတ် ကျောင်းပိတ်ရက်များတွင် အိမ်သို့ ပြန်လာသည့်အခါတိုင်း လမ်းခရီးတွင် လီအားကွေ့၏ မြည်းလှည်းနှင့် ဆုံတွေ့ရခဲလှသော်လည်း ဆုံတွေ့သည့် အကြိမ်တိုင်းတွင် သူက လှည်းကို ချက်ချင်းရပ်တန့်ပေးကာ သူမကို မြို့ပေါ်အထိ အခမဲ့ လိုက်ပါစီးနင်းခွင့် ပြုခဲ့သည်။ 
 
ဤလှပသောအမှတ်တရများကို ပြန်လည်စဉ်းစားမိသည့်အခါတွင်မူ အဘိုးကြီးလီသည် သူမ၏ စီးပွားရေးလုပ်ငန်းအတွက် အားကိုးထိုက်ဆုံးသော အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်လာခဲ့ရသည်။ 
 
ထို့ကြောင့် ဟယ်ယဲ့ချင်းသည် အဘိုးကြီးလီ၏ အိမ်သို့သွားရောက်ရန် ချက်ချင်း ဆုံးဖြတ်လိုက်၏။ 
 
လီအားကွေ့၏ အိမ်က ရွာ၏အစွန်အဖျားအကျဆုံးတွင် တည်ရှိသဖြင့် ဟယ်ယဲ့ချင်း၏ အိမ်နှင့် အတော်လေး လှမ်းလှသည်။ 
 
ဟယ်ယဲ့ချင်းက ရွာလယ်လမ်းမအတိုင်း ရွာအဆုံးထံသို့ ဖြည်းညှင်းစွာ လမ်းလျှောက်လာခဲ့သည်။ 
 
ရွာဦးပိုင်းနှင့် နှိုင်းယှဉ်ပါက ဤရွာအဆုံးပိုင်းက သိသာထင်ရှားစွာပင် ပိုမိုတိတ်ဆိတ်ငြိမ်သက်လှပြီး အိမ်ခြေအနည်းငယ်သာ ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲတည်ရှိနေသည်။ 
 
ထိုအိမ်ငယ်များထဲတွင် ဖြူဖွေးသော နံရံများနှင့် အပြာရောင် အုတ်ကြွပ်မိုးများဖြင့် ဆောက်လုပ်ထားသော အိမ်တစ်လုံးကမူ ထူးခြားထင်ရှားစွာဖြင့် အများ၏ အာရုံကို ဖမ်းစားနေပေသည်။ 
 
ထိုအိမ်က အခြားသော အိမ်ကြီးများနှင့် နှိုင်းယှဉ်လျှင် အလွန် ခမ်းနားထည်ဝါခြင်းမျိုး မဟုတ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ ရိုးရှင်းလွန်းလှသော ရွှံ့အိမ်၊ သက်ငယ်မိုးအိမ်ငယ်များကြားတွင်မူ သိသာထင်ရှားစွာ ပေါ်လွင်နေလေသည်။

ဤရွာထဲရှိ လူတိုင်းက ထိုအိမ်၏ ပိုင်ရှင်က မည်သူဖြစ်သည်ကို ကောင်းစွာ သိရှိကြပေသည်။ 
 
မှန်ပေသည်။ ထိုအိမ်က အခြားသူမဟုတ်ဘဲ ရှန်မိသားစု၏ အိမ်ပင် ဖြစ်၏။ 
 
လွတ်လပ်ရေး မတိုင်မီခေတ်ကာလက ရှန်မိသားစုသည် ဤဒေသတစ်ခုလုံးတွင် ဩဇာအာဏာအကြီးမားဆုံးသော မြေရှင်ကြီးများ ဖြစ်ခဲ့ကြပြီး လယ်မြေအမြောက်အမြားကို ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။ 
 
လွတ်လပ်ရေး ရရှိပြီးနောက်တွင်မူ ရှန်မိသားစုက သူတို့ ပိုင်ဆိုင်သမျှ လယ်ယာမြေများကို သဘောဆန္ဒအလျောက်စွန့်လွှတ်ကာ နိုင်ငံတော်သို့လှူဒါန်းခဲ့ကြသည်။ သူတို့၏ တစ်ချိန်က ခမ်းနားထည်ဝါလှသော မြေရှင်အိမ်တော်ကြီးကမူ ယခုအခါတွင် ရွာ၏ အုပ်ချုပ်ရေးမှူးရုံးခန်း ဖြစ်လာခဲ့ရသည်။ 
 
ထို့နောက်တွင်မူ ရှန်မိသားစုက ရွာ၏အဆုံးပိုင်း ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ကြပြီး အိမ်အသစ်တစ်လုံးကို ပြန်လည်ဆောက်လုပ်ကာ တိတ်ဆိတ်အေးချမ်းစွာ ရှင်သန်နေထိုင်ခဲ့ကြလေသည်။ 
 
သူတို့က ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် မည်သူ့ကိုမျှ မထိပါးဘဲ အေးချမ်းစွာ နေထိုင်ခဲ့ကြသော်လည်း မမျှော်လင့်ဘဲ ကံဆိုးမိုးမှောင်ကျမှုများနှင့် ထပ်မံကြုံတွေ့ခဲ့ရပြန်သည်။ 
 
မဟာယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်းတွင် စိတ်သဘောထား ကောက်ကျစ်သူအချို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မူလက မြေရှင်မျိုးနွယ်စု ဖြစ်ခဲ့ဖူးသော ရှန်မိသားစုသည် တစ်ရွာလုံး၏ ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်ခြင်းနှင့် ရှုံ့ချခြင်းကို ခံခဲ့ရပြီး လမ်းမပေါ်တွင် ဖြတ်သန်းသွားလာသော ကြွက်တစ်ကောင်ကဲ့သို့ လူတိုင်း၏ နှိပ်စက်မှုကို ခံခဲ့ရရှာသည်။ 
 
ရှန်မိသားစုတွင် လူဦးရေ အလွန်နည်းပါးလှပြီး မူလက အဘွားအို ရှန်၊ သူမ၏ သားနှင့် ချွေးမဟူ၍ မိသားစု သုံးဦးသာ ရှိခဲ့သည်။ နောက်ပိုင်း ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း၌ မြေးဖြစ်သူ ရှန်လီ ကို မွေးဖွားခဲ့ပြီးမှသာ မိသားစု လေးဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 
 
သို့သော်လည်း ရှန်လီ အသက် သုံးနှစ်အရွယ်သို့ ရောက်ရှိသည့်အခါတွင် အဖေရှန်သည် ဆည်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေစဉ် မတော်တဆ ကွယ်လွန်သွားခဲ့သည်။ အမေရှန်သည်လည်း လင်ယောက်ျား ကွယ်လွန်သွားသည့်အတွက် ရင်ကွဲမတတ် ခံစားရကာ ပြင်းထန်သောစိတ်ဒဏ်ရာကြောင့် မကြာမီမှာပင် ကွယ်လွန်သွားခဲ့ရပြန်သည်။ 
 
ထိုအချိန်မှစ၍ ရှန်မိသားစုတွင် အိုမင်းမစွမ်း ဖြစ်‌နေသော အဘွားအို ရှန် နှင့် သူမ၏ မြေးငယ်လေး ဖြစ်သူ ရှန်လီ တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ 
 
ထိုခေတ်ကာလက ရှန်မိသားစုအား အပြစ်ရှာဝေဖန်ခြင်းနှင့် လူသိရှင်ကြား နှိပ်စက်တိုက်ခိုက်ခြင်းက နိုင်ငံရေးအရ မှန်ကန်သောအပြုအမူတစ်ခုအဖြစ် လူအများက သတ်မှတ်ထားကြသည်။ 
 
သို့သော်လည်း ရှန်မိသားစုတွင် ဤကဲ့သို့သော ရင်နင့်ဖွယ်ရာ အဖြစ်ဆိုးကြီး ကြုံတွေ့သွားခဲ့ရပြီးနောက် ရွာထဲရှိ အမှန်တရားကို မြတ်နိုးပြီး အသိတရားရှိကြသော ရွာသားအများစုက သူတို့အပေါ် နှိပ်စက်ခြင်းကို ရပ်တန့်ကာ ကိုယ်ချင်းစာခဲ့ကြသည်။ 

သို့သော်လည်း စိတ်သဘောထား ယုတ်မာလှသော လူအနည်းငယ်ကမူ “တရားမျှတမှု” ဟူသော ခေါင်းစဉ်ကို အကာအကွယ်ယူလျက် အိုမင်းလှသောအဘွားနှင့် ကလေးငယ်တို့ကို ဆက်လက်၍ နည်းမျိုးစုံဖြင့် အနိုင်ကျင့် ဗိုလ်ကျနေခဲ့ကြဆဲပင်။ 
 
ရှန်လီသည် ငယ်စဉ်ကတည်းကပင် ရွာသားများ၏ “မြေရှင်အိမ်က ခွေးမသားလေး” ဟု ခေါ်ဝေါ်နှိမ်ချခြင်းကို အမြဲတမ်း ခံခဲ့ရသဖြင့် ဟယ်ယဲ့ချင်းက သူ့အမည်ရင်းက မည်သို့ဖြစ်သည်ကိုပင် မသိရှိခဲ့ရချေ။ 
 
သို့သော်လည်း ရှန်လီက သူတစ်ပါး၏ အနိုင်ကျင့် ဗိုလ်ကျမှုကို အလွယ်တကူ လက်ခံပြီး ခေါင်းငုံ့ခံတတ်သည့် လူစားမျိုး လုံးဝမဟုတ်ချေ။ 
 
သူက အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်အရွယ်ကတည်းကပင် သူ့ထက် အသက်ကြီးသော ကလေးကြီးများနှင့် လူကြီးများကိုပင် မကြောက်မရွံ့ဘဲ ပြန်လည်၍ အသေအလဲ ရန်ပွဲဆင်နွှဲရဲသူ ဖြစ်သည်။ 
 
ရှန်လီက ရန်ဖြစ်သည့်အခါတွင် အလွန် ရက်စက်ခက်ထန်လှသည်။ စတင်ရန်ဖြစ်ခါစက သူက အသက်ငယ်သေးသဖြင့် ခွန်အား သိပ်မရှိလှသော်လည်း နာကျင်မှုကို လုံးဝမကြောက်တတ်ချေ။ သူက ရန်သူကို အမိအရ ဖမ်းဆွဲကာ တစ်ဖက်လူ၏ ကိုယ်ပေါ်မှ အသားတစ်စ ပြုတ်ထွက်သွားတော့မည့်အလား သွားများဖြင့် အသေအလဲ ကိုက်ခဲထားပြီး လုံးဝပြန်မလွှတ်တတ်ချေ။ 
 
ရှန်မိသားစုကို လာရောက်အနိုင်ကျင့်ကြသော ကောက်ကျစ်သည့် ရွာသားအများစုက ရှန်လီ၏ ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်မှုကြောင့် အနည်းဆုံး တစ်ကြိမ်စီခန့် သွေးထွက်သံယို ဖြစ်ခဲ့ကြဖူးသည်။ 
 
ထိုစဉ်က ရှန်လီသည် ကလေးငယ်တစ်ဦးမျှသာ ဖြစ်သဖြင့် ထိုလူယုတ်မာများသည် သူ့ကို သေလုမတတ် ပြန်လည်ရိုက်နှက်ခဲ့ကြဖူးသည်။ သို့သော်လည်း ရှန်လီက ပြင်းထန်စွာ အရိုက်ခံရသည့်တိုင်အောင် ဒူးထောက်အရှုံးမပေးဘဲ လမ်းဘေးမှ ခဲလုံးများကို ကောက်ယူကာ ထိုလူများကို အနောက်မှနေ၍ မရမက လိုက်လံထုနှက်လေ့ရှိသည်။ 
 
ထိုရွာသားများသည် ရှန်လီ၏ ရက်စက်ခက်ထန်ပြီး အရှုံးမပေးသော စရိုက်ဆိုးကြီးကို ကြောက်လန့်သွားကြသဖြင့် နောက်ကွယ်တွင် တိတ်တဆိတ် ရေရွတ်ကျိန်ဆဲခဲ့ကြသည်။

“ဒီကောင်က ဘယ်လိုလုပ် ခွေးကလေး ဖြစ်မှာလဲ… ဒါက တစ်ဖက်လူကို ကိုက်မိရင် လုံးဝပြန်မလွှတ်တတ်တဲ့ ဝံပုလွေပေါက်စ အစစ်ပဲ…” 
 
ဤအကြောင်းရင်းကြောင့်ပင် ထိုလူများသည် ရှန်မိသားစုမှ အဘွားနှင့် မြေးကို ဆက်လက်၍ အကြောင်းမဲ့သက်သက် လာရောက်ရန်မစရဲကြတော့ဘဲ ရှန်လီ၏ နောက်ကွယ်တွင်သာ မကျေမနပ် ကျိန်ဆဲနိုင်ကြတော့သည်။ 

"ဒီကောင်က အရမ်းမောက်မာလွန်းတယ်… အနာဂတ်မှာ ဥပဒေအရ သေနတ်နဲ့ အပစ်ခံရပြီး သေရလိမ့်မယ်…" 
 
မဟာယဉ်ကျေးမှုတော်လှန်ရေးကြီး ပြီးဆုံးသွားခဲ့ပြီးနောက်တွင်မူ ရှန်မိသားစု၏ ဘဝက တဖြည်းဖြည်း အေးချမ်းသာယာလာခဲ့သည်။ 
 
သို့သော်လည်း အဘွားအို ရှန်သည် အိမ်ပြင်သို့ မထွက်ဘဲ အိမ်တွင်း၌သာ အမြဲနေထိုင်လေ့ရှိပြီး ရှန်လီကလည်း တစ်ရွာလုံးတွင် ရက်စက်သူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသဖြင့် ရွာသားများနှင့် ဆက်ဆံရေးက အလွန်ပင် နည်းပါးလှ၏။ 
 
ဟယ်ယဲ့ချင်းသည် ယခုအချိန်မတိုင်ခင်အထိ ရှန်လီသည် သူမ ဖတ်ခဲ့ဖူးသော ဝတ္ထုစာအုပ်ထဲမှ ဗီလိန်ဘစ်ရှော့ကြီး ဖြစ်လာမည့်သူမှန်း မသိရှိခဲ့ချေ။ သူ၏ ငယ်စဉ်က ကြေကွဲဖွယ်ရာ အတွေ့အကြုံများကို ပြန်လည်တွေးတောမိသည့်အခါတွင်မူ ဤဝတ္ထု၏ ဇာတ်အိမ် တည်ဆောက်ပုံက အလွန်ပင် ယုတ္တိရှိလှသည်ဟု တွေးတောကာ ရင်ထဲတွင် သက်ပြင်းချမိတော့သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းသည် ထိုအကြောင်းရင်းများကြောင့် ရှန်လီအပေါ် မည်သည့် မုန်းတီးမှု သို့မဟုတ် ရန်ငြိုးစိတ်မျှ ထားရှိခြင်း မရှိချေ။ 
 
ရှန်လီက ရက်စက်ခက်ထန်သူဖြစ်သော်လည်း သူက သူ့မိသားစုကို လာရောက်အနိုင်ကျင့်စော်ကားသော လူယုတ်မာများကိုသာ ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မည်သည့် အပြစ်မဲ့ပြည်သူကိုမျှ အကြောင်းမဲ့ ဒုက္ခပေးခြင်း သို့မဟုတ် ဥပဒေဖောက်ဖျက်ကျူးလွန်ခြင်းမျိုး လုံးဝမလုပ်ခဲ့ဖူးချေ။ 
 
ဝတ္ထုထဲတွင် သူက အမျိုးသားဇာတ်လိုက်ကို အဘယ်ကြောင့် အသေအလဲ ဆန့်ကျင်တိုက်ခိုက်ခဲ့ရခြင်းကမူ အမျိုးသားဇာတ်လိုက်ကိုယ်တိုင်က စရိုက်ပိုင်းတွင် ညံ့ဖျင်းပြီး မကောင်းမှုများ ပြုလုပ်ခဲ့သောကြောင့် ဖြစ်သည်။ 

ရှန်လီက အမျိုးသားဇာတ်လိုက်ကို စာနာမှုမရှိဘဲ ဆန့်ကျင်ခဲ့သောကြောင့်သာ စာရေးဆရာ၏ ကလောင်တံအောက်တွင် ဗီလိန်ဟူသော ဘွဲ့ထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ 
 
ဝတ္ထု၏ ဇာတ်သိမ်းတွင် ရှန်လီ၏ ဘဝက မည်သို့ အဆုံးသတ်သွားခဲ့ရသည်ကို သူမက စဉ်းစားမိနေသည်။ 
 
သူမက အတွေးကမ္ဘာထဲတွင် နစ်မြောလျက် လမ်းလျှောက်လာစဉ်မှာပင် ဖြူဖွေးသော နံရံရှိသည့် ထိုအိမ်ကြီး၏ အညိုရင့်သစ်သားတံခါးကြီး ရုတ်တရက် ပွင့်ဟလာသည်ကို မြင်တွေ့လိုက်ရသည်။ 
 
ထို့နောက် တံခါးကြီး၏ အနောက်မှ ရှန်လီ၏ အရပ်မြင့်မားပြီး ထည်ဝါလှသော ခန္ဓာကိုယ်က ပေါ်ထွက်လာခဲ့သည်။ 
 
ရှန်လီကို ပြန်လည် မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် ဟယ်ယဲ့ချင်းသည် ရင်ထဲမှနေ၍ “ရှန်လီရဲ့ ရုပ်ရည်က တကယ်ကို ခံ့ညားလွန်းတယ်…” ဟု မချီးမွမ်းဘဲ မနေနိုင်အောင်ပင်။ 
 
ဟယ်ယဲ့ချင်းသည် ဝတ္ထုထဲမှ အမျိုးသားဇာတ်လိုက်၏ ရုပ်ရည်က မည်သို့ရှိသည်ကို မသိသော်လည်း ဤလောကတွင် ရှန်လီထက် ပိုမိုခံ့ညားပြီး စမတ်ကျမည့်သူ ရှိလိမ့်မည်ဟု မည်သို့မျှ စိတ်ကူး၍ မရနိုင်ချေ။ 
 
ဟယ်ယဲ့ချင်းသည် ရှန်လီကို ရိုးသားစွာ နှုတ်ဆက်ရန် ပြင်ဆင်လိုက်သော်လည်း လွန်ခဲ့သော အကြိမ်က သူမကို မြင်သည့်အခါ သူက မျက်ဝန်းများကို ရှောင်လွှဲကာ ဝေးဝေးသို့ ထွက်ခွာသွားခဲ့သည့် အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားသည်။ 
 
သူက သူမကို အလွန် သဘောကျပုံမရဟု ဟယ်ယဲ့ချင်းက သူမဘာသာသူမ ကောက်ချက်ချလိုက်၏။ 
 
ထိုသို့ဖြစ်ရာ ဟယ်ယဲ့ချင်းကလည်း သူ့ကို အနှောင့်အယှက်မပေးဘဲ နေခြင်းက အကောင်းဆုံးဖြစ်သည်ဟု တွေးလိုက်လေသည်။ 
 
ထို့ကြောင့် သူမက အဘိုးကြီး လီအားကွေ့၏ အိမ်သို့သာ တစိုက်မတ်မတ် ဆက်လျှောက်သွားလိုင်လေသည်။ 
 
သို့သော် သူမ မသိရှိခဲ့သည်က သူမ၏ အနောက်တွင် ကျန်ရစ်ခဲ့သော ထိုခံ့ညားလှသည့် အမျိုးသားက နေရာတွင် ကျောက်ရုပ်ပမာ ငြိမ်သက်စွာ ရပ်တန့်နေခဲ့ပြီး သူမ၏ ကျောပြင်လေး ကွယ်ပျောက်သွားသည့် အချိန်ကျမှသာ သူ့မျက်ဝန်းများကို အဝေးသို့ လွှဲဖယ်သွားခဲ့ခြင်းပင် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် လီအားကွေ့၏ အိမ်ဝင်းထဲသို့ ရောက်ရှိသွားသည့် အချိန်တွင် လီအားကွေ့သည် အိမ်ရှေ့ဝင်းထဲ၌ ပျက်စီးနေသော သစ်သားတန်းလျားခုံအရှည်တစ်ခုကို စိတ်ရှည်လက်ရှည်ဖြင့် ပြင်ဆင်နေသည်။ 
 
သူက တစ်ကိုယ်တည်း နေထိုင်သူဖြစ်သော်လည်း သူ၏ အိမ်ဝင်းအတွင်းပိုင်း၌မူ ရှုပ်ပွမနေဘဲ အမြဲတမ်း သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ထင်ရှားလှပေသည်။ 
 
လီအားကွေ့သည် အိမ်ထဲသို့ လမ်းလျှောက်ဝင်ရောက်လာသော ဟယ်ယဲ့ချင်းကို အသာအယာ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် မည်သည့်စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းကို ပြန်ငုံ့ကာ သစ်သားခုံကိုသာ ဆက်လက်၍ ရိုက်နှက်ပြင်ဆင်နေသည်။ 
 
ဟယ်ယဲ့ချင်းသည် သူ၏ အေးစက်တည်တင်းလှသော အမူအရာကြောင့် စိတ်ဓာတ်ကျမသွားဘဲ အနားသို့ တိုးသွားလိုက်သည်။

လီအားကွေ့တစ်ယောက် လက်ထဲမှ သစ်သားခုံကို ပြင်ဆင်ပြီးစီးသွားသည့် အချိန်တွင်မူ ဟယ်ယဲ့ချင်းက ချိုသာလှသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ရိုသေစွာ စကားဆိုလိုက်သည်။  

“ဦးလေးအားကွေ့... သမီး ဒီနေ့ ဦးလေးဆီကို အရေးကြီးတဲ့ ကိစ္စတစ်ခု တိုင်ပင်ဖို့ လာခဲ့တာပါ…” 
 
ထို့နောက် ဟယ်ယဲ့ချင်းသည် သူမ စိတ်ထဲတွင် စီစဉ်ထားသမျှသော စီးပွားရေးလုပ်ငန်း အစီအစဉ်များကို လီအားကွေ့အား အစအဆုံး အသေးစိတ် ရှင်းလင်းပြောပြလိုက်သည်။ 
 
သူမ၏ ကမ်းလှမ်းချက်က အလွန်ပင် သင့်တင့်လှပေသည်။ သူမက လီအားကွေ့၏ မြည်းလှည်းကို တစ်လလျှင် ငှားရမ်းခ ငွေ (၁၀) ယွမ် တိတိ ပေးချေမည်ဖြစ်ပြီး ၎င်းအတွက် သူက နေ့စဉ် နံနက်ခင်းတိုင်းတွင် သူမနှင့် သူမ၏ ရောင်းကုန်ပစ္စည်းများကို ခရိုင်မြို့ပေါ်သို့ မြည်းလှည်းဖြင့် လိုက်လံပို့ဆောင်ပေးရမည် ဖြစ်သည်။ 
 
ထို့အပြင် သူမက တုတ်ထိုးရောင်းရန်အတွက် လိုအပ်မည့် ဟင်းသီးဟင်းရွက် အားလုံးကိုလည်း လီအားကွေ့ ကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းမှပင် ဈေးကောင်းပေး၍ တိုက်ရိုက် ဝယ်ယူမည် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းတစ်ယောက် စကားများကို အားတက်သရော ပြောဆိုနေသည့် ကာလပတ်လုံး လီအားကွေ့သည် မည်သည့်စကားမျှ မပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ နားထောင်နေခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက သူမ၏ ကမ်းလှမ်းချက်ကို သူက ငြင်းပယ်တော့မည်ဟု ထင်မှတ်ကာ စိုးရိမ်နေမိသည့် အခိုက်အတန့်တွင်ပင် လီအားကွေ့က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး သူ၏ ဩဇာပြည့်ဝပြီး ကြမ်းတမ်းလှသော လေသံကြီးဖြင့် အတိုချုံး ပြောဆိုလိုက်တော့သည်။ 

“ကောင်းပြီ... သဘောတူတယ်…” 
 
လီအားကွေ့က အဘယ်ကြောင့် ယခုကဲ့သို့ အလွယ်တကူ ချက်ချင်း သဘောတူညီခဲ့သည်ကို ဟယ်ယဲ့ချင်းတစ်ယောက် သေသေချာချာ နားမလည်နိုင်ခဲ့သော်လည်း သူမ၏ မျက်နှာတွင်  á€œá€žá€•သ္ဏဥပဟုလးမဝဏး ပွင့်လန်းသွားရပြီး ဆိုလိုက်သည်။ 

“ဒါဆိုရင် မနက်ဖြန် မနက်ကစပြီး သမီးတို့အိမ်ကို မြည်းလှည်းနဲ့ လာခဲ့ပေးဖို့ ဦးလေးအားကွေ့ကို အကူအညီတောင်းပါရစေနော်…” 
 
လီအားကွေ့ကလည်း ကတိပေးသည့်အနေဖြင့် ခေါင်းကို ထပ်မံညိတ်ပြလိုက်သည်။ 
 
ဘဝ၏ အကြီးမားဆုံးသော သယ်ယူပို့ဆောင်ရေး ပြဿနာကြီးကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သဖြင့် ဟယ်ယဲ့ချင်းက ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ အလွန်ပင် စိတ်သက်သာရာ ရရှိသွား၏။ 
 
သို့သော်လည်း သူမက အချိန်ဆွဲအနားယူနေ၍ မဖြစ်သေးချေ။ မနက်ဖြန်တွင် ဆိုင်ကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ယနေ့တွင် ပြင်ဆင်စရာ ကိစ္စရပ်များစွာ တောင်ပုံရာပုံ ကျန်ရှိနေသေးသည်။ 
 
ရွာထဲရှိ ဝါးခြင်းတောင်း ရက်လုပ်တတ်သော လက်မှုပညာရှင်ထံတွင် သူမက အခကြေးငွေပေးကာ ကြိုတင်မှာယူထားခဲ့သည့် ဝါးတုတ်များက ယခုအခါတွင် အားလုံး အပြီးသတ် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ထိုဝါးတုတ်လေးများသည် အလျားရှည်လျားပြီး ပျော့ပျောင်းမှုရှိသဖြင့် အသားနှင့် အသီးအရွက်များကို သေသေချာချာ ထိုးစိုက်ရန်အတွက် အလွန်ပင် အဆင်ပြေလှပေသည်။ 
 
ရွာထဲက အိမ်များထံမှ သူမ လိုက်လံဝယ်ယူစုဆောင်းခဲ့သော ဟင်းသီးဟင်းရွက်များကလည်း အိမ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အိမ်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်းသည် ဟင်းခတ်အမွှေးအကြိုင်များကို ရေစိမ်ခြင်း၊ ငရုတ်သီးများကို ပြင်ဆင်ခြင်း၊ အသီးအရွက်များကို ဆေးကြောလှီးဖြတ်ခြင်း စသည်တို့ဖြင့် ချက်ချင်းပင် လက်မလည်အောင် အလုပ်ရှုပ်သွားလေသည်။ 
 
ဟယ်ယဲ့ချင်းက သူမ လမ်းဘေးတုတ်ထိုးဆိုင် ဖွင့်လှစ်မည့်အချက်ကို မိသားစုဝင်များထံမှ ဖုံးကွယ်ထားရန် စိတ်ကူးမရှိချေ။ ထို့အပြင် သူတို့အားလုံးက အိမ်တစ်လုံးတည်းတွင် အတူတူ နေထိုင်ကြသည်ဖြစ်ရာ ဖုံးကွယ်ထားချင်လျှင်ပင် ဖုံးကွယ်ထား၍ ရနိုင်မည် မဟုတ်ပေ။ 
 
မိခင်ဖြစ်သူ နျိုချွန်းဟုန်ကမူ ဟယ်ယဲ့ချင်း လမ်းဘေးတွင် ဆိုင်ထွက်ရောင်းမည့်အရေးကို သိသိသာသာပင် သဘောမတူချေ။ 
 
သူမက ဟယ်ယဲ့ချင်းတစ်ယောက် အိမ်ရှေ့ဝင်းထဲတွင် အသည်းအသန် အလုပ်ရှုပ်နေသည်ကို စောင့်ကြည့်နေပြီးနောက် အတန်ကြာမှ သိရက်နှင့် လှမ်း၍ မေးမြန်းလိုက်သည်။  

“ချင်းချင်း... သမီး ဘာတွေ လုပ်နေတာလဲ…” 
 
“သမီး ခရိုင်မြို့ထဲသွားပြီး တုတ်ထိုးဆိုင် ထွက်မလို့ပါ…”  

ဟယ်ယဲ့ချင်းက ခေါင်းပင်မဖော်ဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ 
 
“မဖြစ်နိုင်တာ... မိန်းကလေးတစ်ယောက်ဖြစ်ပြီး လမ်းဘေးမှာ ဗြောင်ကျကျ ဆိုင်ထွက်ရောင်းတယ်ဆိုတာ ဘယ်လိုလုပ် သင့်တော်မှာလဲ…”  

နျိုချွန်းဟုန်က ချက်ချင်းပင် ကန့်ကွက်လေတော့သည်။ 
 

Search Novels