Chapter 6


မိသားစုလေးဦးသည် ရှန်းယိုယို ယခင်နေထိုင်ခဲ့သော သက်ကယ်မိုး တဲအိမ်လေးသို့ ရောက်ရှိပြီးနောက်

အမျိုးသမီးလီက စိုးရိမ်တကြီးဖြင့်

အမျိုးသမီးလီ "ယိုယို၊ သမီး ဒီမှာနေပြီး အဖေနဲ့ နန်နန်ကို စောင့်ကြည့်ပေးပါ၊ အမေ တောင်အောက်ဆင်းပြီး သွားပြဖို့ သမားတော် သွားခေါ်လိုက်ဦးမယ်"

ရှန်းယိုယို "ကောင်းပါပြီ၊ လမ်းမှာ သတိထားပါ"

ဖခင်ဖြစ်သူ၏ဒဏ်ရာကို သူမ စိုးရိမ်နေမှန်း သိသောကြောင့် ရှန်းယိုယို ချက်ချင်းသဘောတူလိုက်သည်။

အမျိုးသမီးလီ ထွက်သွားပြီးနောက် ရှန်းဟယ်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး မျက်နှာနီရဲကာ

"ယိုယို၊ နောက်ဆုံးကျရင် အခြေအနေတွေက ဒီလိုဖြစ်လာလိမ့်မယ်လို့ အဖေ မထင်ထားခဲ့ဘူး၊ စောစောကတည်းက သိခဲ့ရင် အဖေလည်း ရှန်းမိသားစုကနေ သမီးနဲ့အတူ ထွက်လာခဲ့သင့်တာ၊ ဒါဆိုရင် သမီးလည်း နှစ်ပေါင်းများစွာ တောင်ပေါ်မှာ တစ်ယောက်တည်း နေစရာမလိုတော့ဘူးပေါ့၊ အဖေက အသုံးမကျ တဲ့သူပါ၊ အဖေ သမီးအပေါ်တာဝန်မကျေခဲ့ဘူး"

ဤသို့ပြောရင်း နှစ်ပေါင်းများစွာ အညံ့ခံလာခဲ့သော အသက်သုံးဆယ်အရွယ်ရိုးသားသည့် တောင်သူကြီးမှာ မျက်ရည်များ ကျလာတော့သည်။

သူ၏အသုံးမကျမှု၊ သူ၏သူရဲဘောကြောင်မှုနှင့် ခုခံဆန့်ကျင်ရန် သတ္တိမရှိမှုတို့က သမီးဖြစ်သူအား နှစ်ပေါင်းများစွာ ဒုက္ခရောက်စေခဲ့ခြင်းဖြစ်သည်။ သူက သူမအတွက် အရသာရှိသော အစားအသောက်များ မကြာခဏ ယူလာပေးတတ်သော်လည်း သူမကို ဤတောင်ပေါ်တွင် တစ်ယောက်တည်း ထားခဲ့သည် ဟူသော အမှန်တရားကိုတော့ မပြောင်းလဲနိုင်ခဲ့ပေ။

သူ့ ရင်ထဲတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

နောင်တွင် သူ့ခြေထောက် ပြန်ကောင်းလာခဲ့ပါက မည်သူ့ကိုမှ သမီးဖြစ်သူအား ထပ်မံ အနိုင်ကျင့်ခွင့် ပြုတော့မည်မဟုတ်ပေ။

သူ၏မိခင်အရင်း အပါအဝင်ပင်။

ရှန်းယိုယိုမှာ ၎င်းကိုကြားပြီးနောက် သိပ်ပြီး စိတ်လှုပ်ရှားသွားခြင်းမရှိပေ။ ပထမအချက်မှာ ယခင် ရှန်းယိုယိုသည် ဉာဏ်ရည်ဉာဏ်သွေး ရိုးရှင်းသူဖြစ်သောကြောင့် သူမ စိတ်နှလုံးမှာ အလွန်ဖြူစင်ကြောင်းကို ခံစားနိုင်သည်။ သူမထံ အစားအသောက်ပို့ရန် တောင်ပေါ်သို့ မကြာခဏ လာတတ်သော ဤမိသားစုဝင် သုံးဦးအပေါ် သူမ ကျေးဇူးတင်စိတ်သာရှိပြီး မုန်းတီးမှုမရှိခဲ့ပေ။ ဝလင်အောင်စားပြီး ကျန်တစ်နေ့လုံး ဆော့ကစားကာ သူမသည် အလွန်ပျော်ရွှင်စွာနေထိုင်ခဲ့သည်။

တကယ်တော့ အောက်ဘက်ရှိရွာတွင် နေထိုင်ခြင်းထက် ဤနေရာတွင် နေထိုင်ရသည်မှာ ပို၍ သက်တောင့်သက်သာရှိသည်ဟု သူမ ခံစားရသည်။ အနည်းဆုံးတော့ သူမကို အနိုင်ကျင့်မည့် လူဆိုးများမရှိပေ။

ဒုတိယအချက်မှာ သူမသည် ကမ္ဘာပျက်ကပ်ကြီးထဲမှ လာသူဖြစ်ရာ အကြမ်းဖက်မှုများနှင့် သွေးထွက်သံယိုမှုများကို အသားကျနေပြီဖြစ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲပြဿနာများကို သူမ လုံးဝဂရုမစိုက်ပေ။

ဆိုရမည်ဆိုလျှင် သူမ ၎င်းကို အတော်လေး လန်းဆန်းသည်ဟုပင် ခံစားမိသည်။ သူမအား ဆဲဆိုရိုက်နှက်ခဲ့သော ထိုအဖွားအိုရှန်းကိုပင် သူမ သိပ်ပြီး အငြိုးမထားပေ။ သူမအတွက်မူ ထိုကဲ့သို့ အသက်ဝင်လှုပ်ရှားနေသော ဇာတ်ကောင်မျိုးမှာ အတော်လေး စိတ်ဝင်စားစရာကောင်းနေသည်။

ထို့ကြောင့် သူမကိုယ်တိုင် အကြိမ်အနည်းငယ် အရိုက်ခံခဲ့ရသော်လည်း ရှန်းယိုယိုမှာ သိပ်ပြီးဒေါသမထွက်ခဲ့ပေ။

ရှန်းယိုယို "စိတ်ထဲ မထားပါနဲ့၊ အရာအားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ ဘဝက ပိုပြီးကောင်းလာမှာပါ"

ယောကျ်ားကြီးတန်မဲ့ မျက်ရည်ကျနေသည်ကိုမြင်သောအခါ ရှန်းယိုယိုသည် ရှားရှားပါးပါး နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်သည်။

ရှန်းနန် သူမအား လေးစားအားကျသော မျက်နှာဖြင့် ကြည့်ကာ

"အစ်မ၊ အစ်မက တကယ်မိုက်တာပဲ၊ ဟိုစုန်းမကြီးကို တကယ်ကြီး အနိုင်ယူနိုင်ခဲ့တာနော်၊ တအားမိုက်တာပဲ"

ရှန်းယိုယို "ကဲပါ၊ မြှောက်ပင့်နေတာ တော်တော့၊ ပစ္စည်းတွေ ရှင်းဖို့ကူပေးပါဦး၊ ဒီတဲအိမ်လေးထဲမှာ နှစ်ရက်လောက် ဖြစ်သလိုနေကြမယ်၊ မနက်ဖြန်ကစပြီး အနီးအနားမှာ အိမ်သစ်တစ်လုံးဆောက်ကြတာပေါ့"

ရှန်းနန် "လာပြီ၊ ဟီးဟီး၊ အရမ်းကောင်းတာပဲ၊ ငါတို့ဘာသာ သီးသန့်နေလို့ရပြီဆိုတော့ နောက်ဆုံးတော့ ဦးလေးကြီး မိသားစုရဲ့အနိုင်ကျင့်တာကို ခံစရာ မလိုတော့ဘူးပေါ့"

ရှန်းနန် စကားပြောရင်း သူလုပ်နိုင်သည့် အလုပ်များကို အစ်မဖြစ်သူနှင့်အတူ ကူညီလုပ်ကိုင်ကာ စိတ်အားထက်သန်နေခဲ့သည်။

ကလေးများ ပျော်ရွှင်စွာနေရာထိုင်ခင်း ရှင်းလင်းနေကြသည်ကို မြင်သောအခါ ရှန်းဟယ်၏စိတ်အခြေအနေမှာလည်း နောက်ဆုံးတွင် အနည်းငယ် ကောင်းမွန်လာခဲ့သည်။

ဟုတ်သည်။ သူ့သမီးပြောသည်မှာ မှန်သည်။ ဘဝက ပိုကောင်းလာလိမ့်မည်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ရှိသည်။ ယခု အရေးကြီးဆုံးအရာမှာ ဇနီးနှင့် သားသမီးများကို ပိုမိုကာကွယ်ပေးနိုင်ရန် သူ့ ခြေထောက်အား ကုသရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌

ရှန်းယိုယို ရှန်းဟယ်၏ မိသားစုကို တောင်ပေါ်သို့ ခေါ်ဆောင်သွားကြောင်း သတင်းမှာ ခြေထောက်ပေါက်လာသည့်အလား နေရာအနှံ့သို့ ချက်ချင်း ပြန့်နှံ့သွားခဲ့သည်။

ရွာတစ်ရွာလုံးရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေး လူကြီး အားလုံးမှာ ၎င်းအကြောင်းကိုဆွေးနွေးနေကြသည်။ အချိန်တိုအတွင်းမှာပင် ရှန်းယိုယို၏ နာမည်သည် ရှန်းကျားရွာတစ်ခွင် နာမည်ကြီးသွားခဲ့သည်။

ရွာသားတစ်ဦး "ဟေ့၊ ကြားပြီးကြပြီလား၊ ရှန်းမိသားစုရဲ့ငတုံးမလေးက မတုံးတော့ဘူးတဲ့၊ ရောဂါပျောက်သွားပြီတဲ့၊ မထူးဆန်းဘူးလား၊ ရုတ်တရက်ကြီးကို ပုံမှန်ဖြစ်သွားတာ"

ရွာသူတစ်ဦး "အေး၊ ငါလည်း ကြားတယ်၊ အဲ့ဒီကောင်မလေးက အဖွားအိုရှန်းကိုတောင် ရိုက်လိုက်သေးတယ်ဆို၊ ဟားဟားဟား၊ သူ တကယ်ကို မလွယ်ဘူး၊ အဲ့ဒီအဖွားအိုက အခွင့်အရေးယူဖို့ ဘယ်တော့မှ အားမရသလို အရှုံးလည်း မခံနိုင်ဘူးလေ၊ နောက်ဆုံးတော့ တစ်ယောက်ယောက်က သူ့ကို နေရာချပေး လိုက်ပြီ၊ အဲ့ဒါကလည်း သူ့ရဲ့မြေးအရင်းကပဲ၊ သူမ အပြင်ထွက်ပြီးကြွားဝါရဲတဲ့ မျက်နှာရှိသေးလားဆိုတာ ကြည့်ရသေးတာပေါ့၊ တအား ရယ်ရတာပဲ"

ရွာသားတစ်ဦး "ဘာရယ်စရာရှိလို့လဲ၊ ငတုံးက အရူးကို ရိုက်တာလေ၊ အဲ့ဒီမိသားစုမှာ လူကောင်းတစ်ယောက်မှမရှိဘူး၊ သူတို့အကြောင်း မပြောကြတာ ပိုကောင်းမယ်"

ရွာသူတစ်ဦး "ဒုတိယသားရဲ့မိန်းမက တကယ်တော့ အတော်လေးကောင်းပါတယ်၊ စိတ်ထားနူးညံ့လွန်းပြီး ယောက္ခမရဲ့ချုပ်ကိုင်မှုအောက်မှာ အပြည့်အဝ ရောက်နေတာပါ၊ အခုလို ခွဲထွက်သွားတာကောင်းပါတယ်၊ သူတို့အိမ်ကို သူတို့ဦးဆောင်လို့ရပြီလေ၊ ရှန်းမိသားစုကြီးရဲ့အိမ်မှာ နွားထက် ပိုအလုပ်လုပ်ရပြီး ကြက်ထက် နည်းနည်းစားရတာထက်စာရင်တော့ ပိုကောင်းပါတယ်"

ရွာသားတစ်ဦး "အဲ့ဒီ အဖွားအိုရှန်းက တကယ်ကို အကြင်နာတရားကင်းမဲ့တာပဲ၊ ဘာပဲဖြစ်ဖြစ် သူ့သားအရင်းပဲလေ၊ ဒီလောက်အထိ အေးစက်စက်နိုင်တာကို နားကို မလည်နိုင်ဘူး"

ရွာသူတစ်ဦး "ဟုတ်ပါ့၊ ဒါ အကောင်းဆုံးပါပဲ၊ ကိုယ့်ဘာသာ သီးသန့်နေရတာက နည်းနည်းဆင်းရဲရင်တောင်မှ အနည်းဆုံးတော့ စိတ်အေးချမ်းရတာပေါ့"

ရွာသားတစ်ဦး "ဒါပေမဲ့ အဲ့ဒီ ငတုံးမလေးကလည်း တကယ်မလွယ်ဘူး၊ သူ့အဖွားအရင်းကိုတကယ်ကြီး ရိုက်ရဲတယ်၊ ကျွတ် ကျွတ်၊ ငါထင်တာတော့ သူ မတုံးတော့ရင်တောင်မှ ယောက်ျားရဖို့ခက်လိမ့်မယ်၊ သူက အရမ်းကြမ်းတမ်းလွန်းတယ်၊ ဒီလို ကျားမကြီးမျိုးကို ဘယ်သူက ယူရဲမှာလဲ"

ရွာသူတစ်ဦး "ဟုတ်တယ်၊ သူ့နာမည်ကတော့ အခုပျက်သွားရှာပြီ၊ ရှက်စရာကောင်းလိုက်တာ၊ ဘာပဲဖြစ်ဖြစ် သူက လူကြီးလေ၊ လူကြီးကို ဘယ်လိုလုပ် ရိုက်ရက်ရတာလဲ"

အခြားသူများက ရှန်းယိုယိုအကြောင်း အတင်းပြောနေကြစဉ် အမျိုးသမီးလီသည် ရွာ၏တစ်ဦးတည်းသော သမားတော်ကို သက်ကယ်မိုး တဲအိမ်လေးသို့ နောက်ဆုံးတွင် ခေါ်ဆောင်လာခဲ့သည်။

သမားတော်ကမူ ရှန်းဟယ်၏ဒဏ်ရာကို လေးနက်သော မျက်နှာထားနှင့်ကုသပေးကာ အရိုးဆက်ပေးပြီး လိမ်းဆေးအချို့ကို ညွှန်းပေးကာ မိသားစုအား ညွှန်ကြားလိုက်သည်

သမားတော် "ကျိုးသွားတဲ့ အရိုးတွေနဲ့ အကြောတွေ ပြန်ကောင်းဖို့ ရက်တစ်ရာ အချိန်ယူရတယ်၊ လောလောဆယ် ကောင်းကောင်းလှဲအိပ်ပြီး နားနားနေနေ နေပါ၊ ကံကောင်းလို့ အချိန်မီ ကုသလိုက်နိုင်တာ၊ မဟုတ်ရင် တစ်သက်လုံး အနာတရဖြစ်သွားလိမ့်မယ်၊ ရက်အနည်းငယ်ကြာရင် ပြန်လာစစ်ဆေးပေးမယ်"

အမျိုးသမီးလီ "ကျေးဇူးတင်ပါတယ် သမားတော်၊ ကျေးဇူးတင်ပါတယ်၊ ဘယ်လောက်ကျပါသလဲ၊ ကျွန်မ ငွေသွားယူပေးပါ့မယ်"

၎င်းကို ကြားသောအခါ အမျိုးသမီးလီ၏စိတ်မှာ နောက်ဆုံးတွင် အေးချမ်းသွားတော့သည်။ ခင်ပွန်းဖြစ်သူ ခြေထောက်ကို ကုသနိုင်သရွေ့ အဆင်ပြေသည်။ သူ့ခြေထောက်သာ ဆက်လက်ကျိုးနေခဲ့မည်ဆိုပါက မည်သို့ဖြစ်သွားမည်ကို သူမ အမှန်ပင်ကြောက်လန့်နေခဲ့သည်။ ထိုသို့ဆိုလျှင် တစ်သက်လုံး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားလိမ့်မည်။

သမားတော်ကျန်းက ၎င်းကို ကြားသောအခါ သက်ပြင်းချလိုက်သည်။ သူတို့ မိသားစု၏အခြေအနေကို သူ အနည်းငယ် ကြားသိထားပြီး အမှန်ပင် အတော်လေးခက်ခဲလှသည်။

သမားတော်ကျန်း "ငါတို့အားလုံးက အိမ်နီးချင်းတွေပဲ၊ ငွေတစ်ချောင်းပဲ ပေးပါ၊ သောက်ဆေးအတွက်လည်း ဆေးစာရေးပေးခဲ့မယ်၊ မနက်ဖြန် မြို့ထဲသွားပြီး ဆေးမြစ်တွေ ဝယ်လာခဲ့၊ သူ့ကို ခုနစ်ရက်လောက်တိုက်ပေးလိုက်ရင် သူ့အခြေအနေအတွက် ကောင်းသွားပါလိမ့်မယ်"

အမျိုးသမီးလီ "ကောင်းပါပြီ၊ သမားတော်ပြောတဲ့အတိုင်း လုပ်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် သမားတော်ကျန်း"

ဤသို့ဖြင့် ရှန်းဟယ်၏ဒဏ်ရာကို နောက်ဆုံးတွင် ကုသပေးနိုင်ခဲ့သည်။ အမျိုးသမီးလီသည် သမားတော်ကျန်းအား လိုက်ပို့ပြီးနောက် သူတို့ ယူလာသော ပစ္စည်းများကို နေရာချထားရန် လည်နေသောဂျင်ကဲ့သို့ ချက်ချင်းအလုပ်များတော့သည်။

အရေးအကြီးဆုံးအလုပ်မှာ ညစာကို အမြန်ချက်ပြုတ်ရန်ဖြစ်သည်။

အချိန်လည်း လင့်နေပြီဖြစ်ရာ ကလေးများလည်း ဗိုက်ဆာနေလောက်ပြီဖြစ်သည်။ အမျိုးသမီးလီသည် ရေနွေးတည်ရန် အပြင်ဘက်တွင် မီးမွှေးနေစဉ် သူတို့ကို နှစ်သိမ့်လိုက်သည်။

အမျိုးသမီးလီ "ယိုယို၊ နန်နန်၊ သမီးတို့ ဗိုက်ဆာနေကြပြီမလား၊ အမေ အခု ဆန်ပြုတ်ပြုတ်ပေးမယ်၊ မပူနဲ့၊ ခဏနေရင် ကျက်တော့မှာပါ"

စကားပြောရင်း သူမ ယူလာသည့် ဆန်လုံးညိုအိတ်တစ်ဝက်ကို ဖွင့်ကာ ဆေးကြောပြီး အိုးထဲသို့ထည့်ပြုတ်လေသည်။

မိသားစုစကားပြောနေကြစဉ် အစ်ကိုမော့ကမူ လမ်းလျှောက်တတ်စ ကလေးငယ်နှစ်ဦးနှင့်အတူ ပန်းကန်တစ်လုံးကိုင်ကာ လာနေသည်ကိုမြင်လိုက်ရသည်။

မော့ရန် "အဒေါ်ကြီးရှန်း၊ အဒေါ်တို့ မိသားစု အကြောင်းတွေ ကျွန်တော် နည်းနည်းကြားပြီးပါပြီ၊ ဒါ ကျွန်တော်ချက်ထားတဲ့ ကြက်သားပါ၊ အဒေါ်တို့ စိတ်မရှိဘူးဆိုရင် ဟင်းတစ်ခွက်အနေနဲ့သုံးဆောင်ပါ၊ အရင်တုန်းက အဒေါ်တို့စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို အမြဲလာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အမျိုးသမီးလီ "အဒေါ် ဘယ်လိုလုပ် လက်ခံရမှာလဲ၊ အဲ့ဒီဟင်းသီးဟင်းရွက် အရွက်နည်းနည်းက တန်ဖိုးရှိတာမှမဟုတ်တာ၊ ဒါက အသားလေ၊ မယူပါဘူး မယူပါဘူး၊ မြန်မြန်ပြန်ယူသွားပြီး ကလေးလေးနှစ်ယောက်အတွက်ပဲ ချန်ထားလိုက်ပါ"

ယင်းကိုမြင်သောအခါ အမျိုးသမီးလီ အလျင်အမြန်ငြင်းဆန်လိုက်သည်။ သူတို့၏ဘဝက ယခုအချိန်တွင် ခက်ခဲနေလျှင်တောင်မှ လူငယ်တစ်ယောက်ဆီ ကနေ အခွင့်အရေးမယူနိုင်ချေ။

 Chapter 7


မော့ရန် "အိမ်မှာ နည်းနည်းကျန်သေးလို့ စိတ်ချလက်ချစားကြပါ၊ အခုကစပြီး ကျွန်တော်တို့က အိမ်နီးချင်းတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီရမှာပေါ့၊ အရင်တုန်းက ထွမ်းဇီရဲ့အင်္ကျီပြဲသွားတုန်းက အဒေါ်ကြီး ချုပ်ပေးခဲ့သေးတယ်လေ၊ အဲ့ဒါကို ကျွန်တော် မှတ်မိနေပါတယ်"

မော့ရန်သည် ပန်းကန်လုံးကို သက်ကယ်မိုး တဲအိမ်လေးထဲရှိတစ်ခုတည်းသော လေးထောင့်စားပွဲပေါ်သို့ တိုက်ရိုက်တင်လိုက်ပြီး မိသားစုတစ်စုလုံးကို အကဲခတ်ကြည့်လိုက်သည်။

ယခုအချိန်၌ သူတို့မှာ သူ့ထက်ပင် ပိုဆိုးရွားသော အခြေအနေသို့ ရောက်နေကြသည်။

သူ ကလေးနှစ်ယောက်ကို တစ်ယောက်တည်း ကျွေးမွေးပြုစုနေရသော်လည်း သူ၏ကိုယ်ခံပညာစွမ်းရည်များကို အားကိုးကာ တောင်ပေါ်တွင် နေထိုင်ရသည်ဖြစ်ရာ တိရစ္ဆာန်ငယ်လေးများဖမ်းဆီးခြင်းက သဘာဝကျကျပင် ကလေးကစားသလို လွယ်ကူလှပြီး ကလေးများကို ဗိုက်ဝစေရန် လုံလောက်သည်။

သို့သော် ဤမိသားစုတွင်မူ ဖျားနာသူနှင့် ဒဏ်ရာရသူများပါရှိနေပြီး လတ်တလောတွင် အိမ်ထောင်ဦးစီးအနေဖြင့် ရပ်တည်ပေးနိုင်သူ တစ်ဦးမျှမရှိပေ။

ဤကာလအတွင်း ထိတွေ့ဆက်ဆံပြီးနောက် အဒေါ်ကြီးရှန်းနှင့်ပတ်သက်၍ သူ အနည်းငယ် သိလာခဲ့သည်။ သူမသည် စစ်မှန်သော တောသူတစ်ဦးဖြစ်ပြီး သဘောကောင်းသူဖြစ်ကာ သဘာဝအရ အနည်းငယ်ကြောက်တတ်ရုံသာဖြစ်သည်။

အစ်ကိုမော့က ထိုမျှအထိ အတင်းပေးနေသည်ကိုမြင်သောအခါ အမျိုးသမီးလီမျက်နှာနီရဲသွားပြီး လက်ခံလိုက်သည်။ တကယ်တော့ ဤအသားပန်းကန်မှာ လတ်တလော သူတို့အတွက် အချိန်မီရလိုက်သည့် အကူအညီဖြစ်သည်။ အနာဂတ်တွင် ဘဝများပိုအဆင်ပြေလာသောအခါ သူ့ကို ကျေးဇူးပြန်ဆပ်ရမည်ဟု တွေးကာ သူမ ရင်ထဲတွင် တိတ်တဆိတ်မှတ်သားထားလိုက်သည်။

သူတို့ လက်ခံလိုက်သည်ကိုမြင်သောအခါ မော့ရန် ပြန်သွားလေသည်။ ကောင်းကင်ယံက မှောင်လာပြီဖြစ်ရာ ကလေးငယ်နှစ်ဦး အိမ်တွင် တစ်ယောက်တည်း ရှိနေပါက သေချာပေါက်ကြောက်နေကြမည်ဖြစ်သည်။

ထို့ကြောင့် သူ အကြာကြီးမနေခဲ့ပေ။

သူ အပြင်သို့ လျှောက်သွားစဉ် ရှန်းယိုယိုနှင့် တိုက်ဆိုင်စွာဆုံမိသည်။ သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူကမှ စကားမပြောကြပေ။ မော့ရန် သူမကို ခေါင်းညိတ်ပြလိုက်ပြီး သူ့အိမ်ဆီသို့ ခြေလှမ်းကျဲကျဲဖြင့် ပြန်သွားလေသည်။

အမျိုးသမီးလီ ဆန်ပြုတ် ပြုတ်ပြီးသွားပြီးနောက် မိသားစုများ အတူတကွစုရုံးကာ နောက်ဆုံးတွင် ပူပူနွေးနွေးအစားအစာကို စားရတော့သည်။ အစ်ကိုမော့ ယူလာပေးသည့် အသားပန်းကန်ကိုလည်း သူတို့အနည်းငယ်ကြားတွင် အကုန်အစင် ခွဲဝေစားသောက်လိုက်ကြသည်။

မူလက အမျိုးသမီးလီသည် ၎င်းကို ထိုသုံးဦးကြားတွင်သာ ခွဲဝေပေးရန်ရည်ရွယ်ခဲ့သည်။ သူမ ခင်ပွန်းမှာ ဒဏ်ရာရထားပြီး သားဖြစ်သူမှာ ငယ်ရွယ်ကာ ဖျားနာလွယ်သလို သမီးဖြစ်သူမှာလည်း အသိစိတ်ပြန်လည်ရရှိလာခါစဖြစ်ရာ လူတိုင်းမှာ ကောင်းစွာ အာဟာရဖြည့်တင်းရန် လိုအပ်နေသည်။

သို့သော်လည်း သူမ သမီးဖြစ်သူက ကြက်သားတစ်တုံးကိုယူကာ သူမ၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး တည်ငြိမ်သော မျက်နှာထားနှင့်

"အမေလည်း စားသင့်တယ်၊ အခု မိသားစုက အမေ့အပေါ် လုံးလုံးလျားလျား မှီခိုနေရတာမို့လို့ အမေ ဖျားလို့မဖြစ်ဘူး"

အစ်မဖြစ်သူ၏လုပ်ရပ်ကို မြင်သောအခါ ရှန်းနန်ကလည်း သူ့ ကိုယ်ပိုင်ပန်းကန်ထဲမှ ကြက်သားတစ်တုံးကို ယူကာ မိခင်၏ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး အစ်မဖြစ်သူကို အတုခိုးကာ

ရှန်းနန် "အမေလည်း စားရမယ်၊ အားလုံး အတူတူစားကြမယ်"

ဘေးဘက်တွင် မှီနေသော ရှန်းဟယ်လည်း သူတို့နည်းတူ လုပ်ဆောင်လိုက်ကာ အသားတစ်တုံးကိုယူ၍ ဇနီးဖြစ်သူပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီး လေးနက်စွာ

ရှန်းဟယ် "ကလေးတွေရဲ့အမေ၊ ယိုယိုပြောတာ မှန်တယ်၊ မင်းက အခု မိသားစုရဲ့ထောက်တိုင်ဖြစ်နေပြီမို့ ပိုစားသင့်တယ်၊ ကလေးတွေက မင်း ဂရုစိုက် ပေးဖို့လိုသေးတယ်"

ခင်ပွန်းဖြစ်သူနှင့် ကလေးများက ဤမျှရင်နွေးဖွယ်ကောင်းနေသည်ကို ကြည့်ရင်း အမျိုးသမီးလီမှာ မျက်ရည်ကျချင်လာသည်အထိ စိတ်လှုပ်ရှားသွားခဲ့သည်။

တကယ်ကို ကောင်းလွန်းလှသည်။ ယခု သူတို့မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘဲ သင့်တင့်လျောက်ပတ်သော အိမ်တစ်လုံးမှမရှိသော်လည်း မိသားစုများ အတူတကွ စုံစုံလင်လင်ရှိနေပြီး အလွန်နွေးဖွယ်ကောင်းနေသည်။ ဘဝက နောက်ဆုံးတော့ မျှော်လင့်စရာ တစ်ခုခုရှိလာခဲ့ပြီဖြစ်ရာ ၎င်းက ရှန်းမိသားစု ခြံဝင်းထဲ၌ နေ့စဉ်နှင့်အမျှ နာကြည်းခံစားနေရခြင်းထက် အများကြီးပိုကောင်းသည်။

စားသောက်ပြီးနောက် ကောင်းကင်ယံက လုံးဝမှောင်မိုက်သွားခဲ့ပြီဖြစ်သည်။ ပိုက်ဆံချွေတာရန် မိသားစုများ သက်ကယ်မိုးတဲအိမ်လေးထဲတွင် ပူးကပ်ကာ အိပ်စက်လိုက်ကြသည်။

ဒဏ်ရာရထားသော ရှန်းဖခင်မှာ အခန်းထဲရှိ တစ်ခုတည်းသော ကျိုးပဲ့နေသည့် ခုတင်ပျဉ်ပြားပေါ်တွင် လှဲအိပ်ပြီး အမျိုးသမီးလီနှင့် ကလေးငယ်နှစ်ဦးကမူ မြေကြီးပေါ်တွင် ကောက်ရိုးအထူကြီးတစ်ထပ်ခင်းကာ ထိုညအတွက် ဖြစ်သလိုသာ နေလိုက်ကြသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရှန်းယိုယိုသည် အပြင်ဘက်မှ စူးရှတောက်ပသော နေရောင်ခြည်ကြောင့် နိုးလာခဲ့သည်။

မနေ့ညက သူမ မြေကြီးပေါ်တွင် အိပ်ခဲ့ရသော်လည်း တစ်နေ့လုံးပင်ပန်းနေခဲ့ပြီး ကောက်ရိုးများကလည်း လုံလောက်စွာ နူးညံ့နေသဖြင့် သူမ အတော်လေး ကောင်းကောင်း အိပ်ပျော်ခဲ့သည်။

အိပ်ရာမှထပြီးနောက် ရှန်းယိုယိုသည် အပြင်သို့ထွက်ကာ ရေနွေးတည်ပြီး ကိုယ်လက်သန့်စင်လေသည်။

နေ့သစ်တစ်ခုက မျှော်လင့်ချက်အသစ်များကို သယ်ဆောင်လာခဲ့သည်။ သူမပတ်ဝန်းကျင်ရှိ လှပသောတောင်တန်းများနှင့် ကြည်လင်သော ရေပြင်များကို ကြည့်ရင်း ရှန်းယိုယိုမှာ ခွန်အားများဖြင့် ပြည့်နှက်နေခဲ့သည်။ ဆင်းရဲသော်လည်း ဘဝက မျှော်လင့်ချက် ရှိသည်။ ဤခံစားချက်မှာ ကမ္ဘာပျက်ကပ်ကြီး ထဲတွင် တစ်ယောက်တည်း ရှင်သန်နေရခြင်းထက် အဆတစ်ရာပိုမိုကောင်းမွန်လှသည်။

သူမ မျက်နှာသစ်ပြီးနောက် အခန်းထဲတွင် လှုပ်ရှားမှုများရှိလာခဲ့သည်။

အမျိုးသမီးလီသည် မနက်စာပြင်ဆင်ရန် အလျင်အမြန်ထလာခဲ့ပြီး ၎င်းမှာ ဆန်လုံးညို ဆန်ပြုတ်သာဖြစ်နေဆဲဖြစ်သည်။

စားသောက်နေစဉ် ရှန်းယိုယို ရုတ်တရက် "အဖေ၊ အမေ၊ ခဏနေ စားပြီးရင် သမီး တောင်ပေါ်တက်ပြီး တောဟင်းရွက် တချို့သွားတူးမလို့၊ အခုအချိန် တောဟင်းရွက်တွေက အကောင်းဆုံးပဲလေ"

အမျိုးသမီးလီ "ကောင်းပြီလေ၊ ဒါဆိုရင် ဂရုစိုက်ပါ၊ အရမ်း အတွင်းထဲအထိ မဝင်သွားနဲ့၊ ဒီအနီးအနားမှာပဲ တူးပါ"

အမျိုးသမီးလီ စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်သည်။ တကယ်တော့ ယခုအချိန်တွင် တောဟင်းရွက်များမှာ အလွန်နုနယ်ပြီး ဟင်းခတ်အမွှေး အကြိုင်များနှင့် ရောနယ်လိုက်သောအခါ အရသာရှိလှသည်။ အရင်က သူတို့ တောင်ခြေတွင်ရှိနေစဉ်က အမျိုးသမီးနှစ်ဦး သို့မဟုတ် သုံးဦးခန့်သည် အတူတကွ သွားတူးရန် မကြာခဏချိန်းဆိုလေ့ရှိကြသည်။

သူတို့၏မျက်နှာအမူအရာများကို စောင့်ကြည့်နေခဲ့သော ရှန်းနန်မှ ရုတ်တရက် ပြောလာလိမ့်မည်ဟု မည်သူ သိမည်နည်း

ရှန်းနန် "အမေ၊ သားလည်း မမနောက်ကိုလိုက်ပြီး တောဟင်းရွက် သွားတူးချင်တယ်၊ ဒီရက်ပိုင်း သား မဖျားဘူးလေ၊ ပြီးတော့ သားလည်း မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီချင်လို့ပါ"

အမျိုးသမီးလီ "ဒါကတော့..."

အမျိုးသမီးလီ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူမ သားဖြစ်သူမှာ ဝမ်းဗိုက်ထဲတွင် ရှိနေစဉ်ကတည်းက ခံစားခဲ့ရပုံရသည်။ မွေးကတည်းက မွေးရာပါ အားနည်းနေခဲ့ပြီး အနည်းငယ်မျှ အကြောင်းဖန်သည်နှင့် မကြာခဏ ဖျားနာတတ်သည်။ ထို့ကြောင့် သူက အသက်ခြောက်နှစ်ကျော်နေပြီဖြစ်သော်လည်း လေးငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကဲ့သို့ ပိန်လှီပြီးသေးငယ်နေသေးသည်။

အမျိုးသမီးလီ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ရှန်းနန်၏မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

ရုတ်တရက် ရှန်းယိုယို ဝင်ပြောလိုက်သည်။

ရှန်းယိုယို "အမေ၊ သူ့ကို သမီးနဲ့အတူ လိုက်ခိုင်းလိုက်ပါ၊ လမ်းများများလျှောက်တာက သူ့ကျန်းမာရေးအတွက် ကောင်းပါတယ်၊ အိမ်ထဲမှာပဲ အောင်းနေတာထက်စာရင် ပိုကောင်းတာပေါ့"

အမျိုးသမီးလီ "ကောင်းပြီလေ၊ အဲ့ဒါဆိုရင်လည်း တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြရမယ်၊ ပြီးတော့ တောင်ပေါ်က အဝေးကြီးဆီကို လုံးဝ မသွားရဘူးနော်"

မောင်နှမနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အလွန်ပျော်ရွှင်သွားကြကာ ပြိုင်တူ "သိပါပြီ အမေ"

ဤသို့ဖြင့် ရှန်းနန်သည် ခြင်းတောင်းတစ်လုံးနှင့်အတူ အစ်မဖြစ်သူနောက်မှ တောင်ပေါ်သို့ ပျော်ရွှင်စွာ လိုက်ပါသွားတော့သည်။

လမ်းတစ်လျှောက်တွင် သူ အဆက်မပြတ် တတွတ်တွတ်ပြောနေတော့သည်။

ရှန်းနန် "အစ်မ၊ ဒီနေရာက အရမ်းလှတာပဲ၊ အရင်တုန်းက အမေနဲ့အတူ ထမင်းလာပို့တုန်းက ဘာလို့ သတိမထားမိပါလိမ့်"

ရှန်းနန် "အစ်မ၊ ဒီအပင်ကို ကြည့်ပါဦး၊ စားလို့ရလား"

ရှန်းနန် "အစ်မက အခု အရမ်းမိုက်တာပဲ၊ အဲ့ဒီနေ့က ဟိုအဖွားကြီးဆီကနေ အစ်မက ကျွန်တော့်ကို ချက်ချင်းကယ်ပေးခဲ့တာနော်"

ရှန်းနန် "အစ်မက နည်းနည်းလေးမှ မတုံးဘူးဆိုတာ သား သိနေခဲ့တယ်"

ရှန်းနန် "အစ်မ၊ အဖေ့ခြေထောက်က ပြန်ကောင်းလာနိုင်မယ် ထင်လားဟင်"

...

ရှန်းယိုယိုမှာ တောဟင်းရွက်များ တူးနေရင်း ရှန်းနန် အဆက်မပြတ် မေးခွန်းများ မေးနေသည်ကို နားထောင်ကာ တစ်ခါတစ်ရံ သူ့ကို ပြန်လည်ဖြေကြား ပေးလေသည်။ သူမ မျက်နှာပေါ်တွင် စိတ်ခံစားမှု အတက်အကျသိပ်မရှိသော်လည်း သူမ ရင်ထဲတွင်မူ အလွန်ပျော်ရွှင်နေခဲ့သည်။

သူမ နားထဲတွင် တစ်စုံတစ်ယောက်က အဆက်မပြတ်စကားပြောနေသည့် ဤခံစားချက်မျိုးကို သူမ တကယ်သဘောကျသည်။

သူတို့နှစ်ဦးမှာ တောဟင်းရွက်များတူးရင်း စကားပြောနေကြသည်။ မကြာမီမှာပင် တောဟင်းရွက်တစ်ခြင်းတောင်း အပြည့်တူးပြီးသွားခဲ့သည်။

စိမ်းလန်းပြီး နုနယ်နေသော ဤတောဟင်းရွက်များကို ကြည့်ရင်း ရှန်းယိုယိုမှာ တူးလေတူးလေ ပိုစွဲလမ်းလာလေဖြစ်သည်။ ယခင်ဘဝက ကမ္ဘာပျက်ကပ်ကြီး မတိုင်မီတွင် သူမ ဤတောဟင်းရွက်မျိုးကိုစားဖူးခဲ့သည်။ ၎င်းကို ခါးသောအရွက်ဟုခေါ်ကြသည်။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ရောနယ်လိုက်သောအခါ အရသာရှိပြီး ဆေးဘက်ဝင်တန်ဖိုးလည်း ရှိသည်။ ဒါက ကောင်းသောအရာပင်။

၎င်းကို တူးပြီးနောက် ရှန်းယိုယိုသည် ခါးသောအရွက်ကို ယူကာ ၎င်းပေါ်ရှိ ရွှံ့များကို ခါထုတ်လိုက်ပြီး ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်တော့မည့်ဆဲဆဲမှာပင် သူမ၏ စိတ်ထဲ၌ စက်သံတစ်ခုကို ကြားလိုက်ရသည်။

【Host အနေနဲ့ အပင်စွယ်စုံကျမ်း စနစ်ကို ဖွင့်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ခါးသောအရွက် ၁၀၀ စုဆောင်းပါက ဆုလာဘ်အနေနဲ့ တောကြက်ဥ ၁၀ လုံး ရရှိမှာဖြစ်ပြီး သင့်အနီးအနားမှာ ချပေးထားပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ။】

ဤအသံကို ကြားလိုက်ရသောအခါ ရှန်းယိုယိုမှာ ခဏတာ မှင်သက်သွားခဲ့သည်။

'ခုနက ဘာဖြစ်သွားတာလဲ'

'သူမ ဘာကြားလိုက်ရတာလဲ'

'သူမ စနစ်တစ်ခုခုကို ဖွင့်လိုက်တယ်လို့ အသံတစ်ခုကပြောလိုက်သလိုပဲ၊ ပြီးတော့ သူမကို တောကြက်ဥတွေ ပေးတယ်ဆိုတာ တကယ်လား'

'သူမ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား'

ဤအသံနှင့်ပတ်သက်၍ သူမ မှတ်ဉာဏ်အချို့ရှိသည်။ သူမ ဤနေရာသို့ စရောက်လာစဉ်ကပေါ်လာခဲ့သော်လည်း ထိုအရာများကို ပြောပြီးနောက် ပျောက်ကွယ်သွားခဲ့ပုံရသည်။ ၎င်းက သူမ ဤနေရာသို့ရောက်လာခြင်းအတွက် သူမ၏ cheat များဖြစ်နေနိုင်မလား။

သူမ ရင်ထဲတွင် ထိုစနစ်ကို အကြိမ်အနည်းငယ်လှမ်းခေါ်ကြည့်သော်လည်း မည်သူကမှ အရေးမလုပ်ပေ။
 Chapter 8


ရှန်းယိုယိုမှာ ထိုကိစ္စကို လက်လျှော့လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ 

'ထားလိုက်ပါတော့၊ ဒါက အေးစက်ပြီး မာနကြီးတဲ့ စနစ်တစ်ခုထင်တယ်'

၎င်းက သူမ ဒီအတိုင်း အလွယ်တကူ စကားစမြည်ပြော၍ ရနိုင်သည့် အရာမျိုး မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ အရေးအကြီးဆုံးအလုပ်မှာ စနစ်ပြောသွားသည့် တောကြက်ဥများကို ရှာဖွေရန်ဖြစ်သည်။ ဆယ်လုံးဆိုသည်မှာ အတော်လေး များပြားသော အရေအတွက်ဖြစ်ပြီး သူတို့ မိသားစုလေးဦးအတွက် သုံးနပ်စာလောက်ငသည်။

သို့ဖြစ်၍ ရှန်းယိုယို အလျင်အမြန်မတ်တတ်ရပ်လိုက်ကာ တောဟင်းရွက် တူးနေခြင်းကို ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင်ကို စတင် ရှာဖွေလေတော့သည်။

အစ်မဖြစ်သူ မတ်တတ်ရပ်ကာ တစ်ခုခုကို ရှာဖွေနေသည့်အလား ဟိုဟိုဒီဒီ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို မြင်သောအခါ ရှန်းနန်က နားမလည်စွာဖြင့်

ရှန်းနန် "အစ်မ၊ ဘာရှာနေတာလဲ၊ ကျွန်တော့်ဘက်မှာ တောဟင်းရွက်တွေ အများကြီးရှိတယ်၊ ကျွန်တော့်ဘက်လာပြီး မတူးဘူးလား"

ရှန်းယိုယို အလျင်အမြန် ငြင်းဆန်လိုက်သည်။

ရှန်းယိုယို "ရတယ်၊ နန်နန် ဆက်တူးနေလိုက်ပါ၊ အစ်မ ပိုနုတဲ့အကွက်ကို ရှာနေတာ၊ အဲ့ဒါမှ ပိုစားလို့ကောင်းမှာ"

ရှန်းနန် "အော်၊ ဒါဆိုလည်း ပြီးရော"

အစ်မဖြစ်သူ ဤသို့ပြောသည်ကို ကြားသောအခါ ရှန်းနန် ထပ်မမေးတော့ဘဲ ခေါင်းငုံ့ကာ ဟင်းရွက်များကို ဆက်တူးနေတော့သည်။

သူ့အစ်မက ဤဟင်းရွက်များမှာ အလွန်ကောင်းပြီး သူတို့ကိုဖျားနာမှု နည်းပါးစေရန် ကူညီပေးလိမ့်မည်ဟု ပြောခဲ့သည်။ အိမ်ရောက်သည်နှင့် ၎င်းတို့ကို ပိုစားမည်ဟု သူ ဆုံးဖြတ်လိုက်သည်။

'သူက တကယ့်ယောကျ်ားစစ်စစ်ပဲ၊ ကြီးလာရင် သူ့အစ်မကိုကာကွယ်ပေးရမယ်၊ ခွန်အားတွေ တည်ဆောက်ရမယ်၊ မဟုတ်ရင် အစ်မကပဲ သူ့ကို အမြဲကာကွယ်ပေးနေရမယ်ဆိုရင် အရမ်းရှက်စရာကောင်းလွန်းတယ်'

ထိုအတွေးဖြင့် ရှန်းနန်သည် တူးဆွရာတွင် ပိုကြိုးစားလုပ်ကိုင်တော့သည်။

ရှန်းယိုယိုဘက်တွင် အတန်ငယ် ရှာဖွေပြီးနောက် မနီးမဝေးရှိ ကျောက်တုံးကြီးတစ်ခုအောက်တွင် ထိုတောကြက်ဥ ဆယ်လုံးကို နောက်ဆုံးတွင် တွေ့သွားတော့သည်။ သံသယမဖြစ်စေရန်အတွက် သူမက အံ့သြဟန်ဆောင်ကာ ရှန်းနန်အား အလျင်အမြန် လှမ်းခေါ်လိုက်သည်

ရှန်းယိုယို "နန်နန်၊ ဒီကိုမြန်မြန်လာခဲ့၊ အစ်မ ပစ္စည်းကောင်းတစ်ခုတွေ့ထားတယ်"

သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှန်းနန်ချက်ချင်းပင် သူ့ကိရိယာများကို ချထားခဲ့ပြီး သူမဆီသို့ပြေးလာကာ သူ့မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး စိတ်အားထက်သန်စွာဖြင့်

"အစ်မ၊ ဘာပစ္စည်းကောင်းလဲ၊ ဘယ်မှာလဲ၊ ကျွန်တော့်ကို ပြပါဦး"

ရှန်းယိုယို ကျောက်တုံးဘေးရှိ ဥပုံကြီးကို တိုက်ရိုက် လက်ညှိုးထိုးပြကာ

"နန်နန်၊ ကြည့်စမ်း၊ အဲ့ဒါတွေက စားလို့ရလား"

ရှန်းနန်သည် သူ့အစ်မ ညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ မြက်သိုက်တစ်ခုထဲတွင် ထင်ရှားစွာရှိနေသော ဥပုံကြီးကိုတွေ့လိုက်ရသည်။ သူ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ထပ်ခါတလဲလဲ ကိုင်တွယ်ကြည့်ရန်ပြေးသွားကာ ၎င်းတို့ကို ရေတွက်ပြီးနောက် စိတ်လှုပ်ရှားစွာ

"အစ်မ၊ တောကြက်ဥ အလုံးရေ ဆယ်လုံးအတိအကျကြီးပဲ၊ အရမ်းမိုက်တာပဲ၊ မြန်မြန်၊ ခြင်းတောင်းယူလာခဲ့၊ အဖေ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် ကွက်တိပဲ"

ရှန်းနန် အလွန်ပျော်ရွှင်နေပြီး ကလေးဆန်သော အပြစ်ကင်းစင်မှုများ ပြည့်နှက်နေသည်ကို မြင်သောအခါ ရှန်းယိုယို နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။ သူမ အလျင်အမြန်သွားကာ တောဟင်းရွက်များ အပြည့်ပါနေပြီဖြစ်သော ခြင်းတောင်းကို သူ့ အနီးသို့ ယူလာပေးလိုက်သည်။

ထို့နောက် ပြိုင်ဘက်ကင်း ရတနာများအလား ရှန်းနန်သည် တောကြက်ဥ ဆယ်လုံးကိုခြင်းတောင်းထဲသို့ ညင်သာစွာထည့်လိုက်လေသည်။

သူ မတ်တတ်ရပ်ကာ အင်္ကျီပေါ်မှ မြက်စအချို့ကို ခါထုတ်လိုက်သည်နှင့် ရှန်းယိုယိုက "ဒီနေ့ ငါတို့ ကံသိပ်ကောင်းတာပဲ၊ အိမ်ပြန်ကြရအောင်၊ တောဟင်းရွက်တွေလည်း အတော်များများတူးပြီးနေပြီ"

ရှန်းနန် "ဟုတ်ကဲ့၊ သွားကြမယ်"

ဤသို့ဖြင့် မောင်နှမနှစ်ဦးသည် အိမ်ဆီသို့ ဖြည်းညင်းစွာ ပြန်လာခဲ့ကြတော့သည်။

အိမ်နှင့် နီးလာချိန်၌ သူတို့ မနက်ပိုင်းခဏသာ အပြင်ထွက်ခဲ့သော်လည်း သူတို့နေထိုင်ရာ သက်ကယ်မိုး တဲအိမ်လေးတွင် ခြားနားချက်အချို့ ရှိနေပြီဖြစ်ကြောင်း ရှန်းယိုယို သေချာစွာ သတိပြုမိလိုက်သည်။

တဲအိမ်လေးဘေးရှိ မြက်ပင်များပေါက်နေသော မြေရိုင်းကုန်းစောင်းကို အမျိုးသမီးလီ အတော်များများ ရှင်းလင်းထားပြီး တစ်ခုခု စိုက်ပျိုးရန် ရည်ရွယ်ထားပုံရသည်။

အဝင်ဝအနီး၌ ရိုးရှင်းသော မီးဖိုတစ်ခုတည်ဆောက်ထားသည့် နေရာကိုလည်း သပ်ရပ်စွာရှင်းလင်းထားပြီး ပစ္စည်းများစွာကို စနစ်တကျ နေရာချထားလေသည်။

ထိုနေရာလေးက တဖြည်းဖြည်းနှင့် အိမ်တစ်အိမ်လို ခံစားလာရသည်။

ရှန်းယိုယို ရင်ထဲတွင် ပျောက်ဆုံးနေသည်မှာ ကြာပြီဖြစ်သော နွေးထွေးမှုခံစားချက်တစ်ခု လှိုင်းထလာခဲ့သည်။

သူမ မိခင်မှာ အမှန်ပင် အလွန်အလုပ်ကြိုးစားသူဖြစ်ကြောင်း သူမ သိနိုင်သည်။

သူမ အံ့သြသွားသည်မှာ အခန်းထဲသို့ပြန်ရောက်သောအခါ ဒဏ်ရာရထားသော ရှန်းဟယ်မှာလည်း လှဲမနေပေ။

သမီးဖြစ်သူ သူ့ကို ကြည့်နေသည်ကိုမြင်သောအခါ ရှန်းဟယ်သည် သူ့ နောက်စေ့ကို ပွတ်ကာ ရှက်ရွံ့စွာဖြင့်

ရှန်းဟယ် "အဖေ လှဲနေရတာ တကယ် ဘာမှလုပ်စရာမရှိဘူး၊ တစ်ကိုယ်လုံးလည်း နေရခက်လာလို့၊ အဲ့ဒါနဲ့ သမီးအမေ့ကို မိုးမခကိုင်းလေးတွေ နည်းနည်း သွားယူပေးဖို့ ခိုင်းလိုက်တာ၊ အဖေက ခြေထောက်ပဲ ဒဏ်ရာရထားတာဆိုတော့ ဒီမှာထိုင်ပြီး ပစ္စည်းလေးတွေ ယက်တာက အနှောင့်အယှက်မဖြစ်ပါဘူး၊ နောက်ကျရင် ဈေးမှာ ကြေးပြားနည်းနည်းနဲ့ ရောင်းလို့ရတာပေါ့၊ နည်းနည်းစီ စုရတာပေါ့ကွယ်၊ သမီးတို့မောင်နှမ စားဖို့ အသားပေါက်စီတွေလည်း ဝယ်ပေးလို့ရတယ်လေ"

ရှန်းယိုယို အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ မူလက ဤမိသားစုကို ထိုစုန်းမကြီးအနိုင်ကျင့်နေသည်ကို သူမ ကြည့်မနေနိုင်ခဲ့ခြင်းသာဖြစ်ပြီး သူမက ယခု သူတို့၏သမီးဖြစ်နေသောကြောင့် သူမ တာဝန်ကို ထမ်းဆောင်သင့်သည်ဟု ခံစားခဲ့ရခြင်းဖြစ်သည်။ သူတို့ထံမှ ဤမျှရိုးရှင်းပြီး ရိုးသားသော တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ထို့အပြင် ဤခန္ဓာကိုယ်သည် ကမ္ဘာပျက်ကပ်ကြီးထဲမှ ရှန်းယိုယိုလား သို့မဟုတ် ရှေးခေတ်မှ ရှန်းယိုယိုလားဆိုသည်ကို သူမ မစဉ်းစားတတ်တော့ပေ။

သူတို့နှစ်ဦးမှာ တစ်ပုံစံတည်းတူညီနေပြီး ဘာတွေဖြစ်နေမှန်း သူမ နားမလည်ပေ။

သို့သော် ယခုမူ သူမ အမှန်ပင် ၎င်းတို့အား ရိုးသားဖြူစင်စွာ ဆက်ဆံချင်နေပြီဖြစ်သည်။

၎င်းတို့က တကယ့် လူကောင်းများဖြစ်သည်။

လက်ရှိအချိန်တွင် သူတို့ထံ ဘာမျှမရှိသော်လည်း သူတို့ အရှုံးမပေးခဲ့ကြပေ။ ယင်းအစား သူတို့၏ကြိုးစားပန်းစား လုပ်ကိုင်တတ်သော လက်များကို အသုံးပြုကာ ဤအိမ်လေးကို ပိုမိုကောင်းမွန်လာစေရန်ကြိုးစားနေကြသည်။

အိမ်ရောက်ပြီးနောက် ရှန်းနန်သည် မိဘများအနီးသို့ တိုးကပ်သွားကာ လျှို့ဝှက်ချက်တစ်ခုလို "အဖေ၊ အမေ၊ ဒါ ဘာကြီးလဲ ကြည့်ပါဦး"

စကားပြောနေစဉ်မှာပင် ခြင်းတောင်းထဲရှိ တောကြက်ဥများကို သူ ဖော်ပြလိုက်သည်။ အပြန်လမ်းတွင် သူများမြင်သွားမည်ကို စိုးရိမ်သဖြင့် ရှန်းနန်သည် ၎င်းတို့ကို တောဟင်းရွက်များနှင့် ဖုံးကွယ်လာခဲ့သည်။ လောလောဆယ် တောင်ပေါ်တွင် သူတို့နှင့် အစ်ကိုမော့၏မိသားစုသာ နေထိုင်ကြသော်လည်း အောက်ဘက်မှ ရွာသားများ မကြာခဏတက်လာတတ်သောကြောင့် ၎င်းတို့ကို ဖုံးကွယ်ထားခြင်းက ပိုဘေးကင်းသည်။

အမျိုးသမီးလီသည် ခြင်းတောင်းထဲရှိ အရာများကြောင့် အလန့်တကြားဖြစ်သွားပြီး မယုံကြည်နိုင်စွာဖြင့်

"ဘယ်လိုလုပ် ဥတွေ ဒီလောက် အများကြီးဖြစ်နေတာလဲ၊ ဘယ်ကနေ ရလာတာလဲ၊ နန်နန်၊ သူများပစ္စည်းကို သွားခိုးလို့မရဘူးနော်"

မိခင်ဖြစ်သူ ဤသို့ပြောသည်ကို မြင်သောအခါ ရှန်းနန် အလျင်အမြန်ရှင်းပြလိုက်သည်။

ရှန်းနန် "အမေကလည်း ဘယ်လိုလုပ် ခိုးရမှာလဲ၊ အစ်မ တောင်ပေါ်မှာတွေ့တာပါ၊ တောကြက်ဥတွေ ဖြစ်ရမယ်၊ ကျွန်တော်တို့ တိုက်ဆိုင်စွာ တွေ့ခဲ့တာပါ၊ အစ်မက ကံသိပ်ကောင်းတာပဲ၊ အဖေ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ကွက်တိပဲ"

တောကြက်ဥများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမျိုးသမီးလီ ကြားသောအခါ သူမ မယုံကြည်နိုင်ဖြစ်သွားသည်။ သူမက တစ်လုံးကို ကောက်ကိုင်ကာ စစ်ဆေးကြည့်ရင်း

"အမလေး၊ ဒီတောကြက်ဥတွေက တအားကြီးတာပဲ၊ အဲ့ဒီတောကြက်က အရမ်းဆူဖြိုးမှာပဲ၊ အရင်က ငါတို့ မွေးခဲ့တဲ့ကောင်တွေနဲ့တောင် သိပ်မကွာဘူးလို့ ခံစားရတယ်၊ ဒါ အရမ်းကောင်းတာပဲ၊ ယိုယို တကယ်ပဲ သမီးကျေးဇူးပဲ၊ အမေ သိတယ်၊ ငါတို့ ယိုယိုလေးက ကံကောင်းစေတဲ့ကြယ်လေး၊ ဘာကံဆိုးမလေးမှ မဟုတ်ဘူး"

ဤအနှစ်သာရမရှိသော ခေါင်းစဉ်များကို ရှန်းယိုယို သိပ်ဂရုမစိုက်ပေ။ 

'သူတို့ ငါ့ကို ဘာကြယ်လို့ပဲ ခေါ်ချင် ခေါ်ချင် အဆင်ပြေပါတယ်'

ရှန်းယိုယို "အမေ၊ ဒီဥတွေကို သိမ်းထားလိုက်၊ ဒီည အဖေ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ဟင်းတစ်ခွက်ကြော်ပေးလိုက်ပါ"

အမျိုးသမီးလီ "အေး၊ ကောင်းပြီလေ"

အမျိုးသမီးလီ ခြင်းတောင်းကိုယူကာ အခန်းထောင့်ရှိ မြေအိုးငယ်လေးတစ်လုံးထဲသို့ ဥများကို ဂရုတစိုက်ထည့်လိုက်ပြီး တစ်ခုခု ပြောချင်နေသည့်အလား ရှန်းယိုယိုအား တွန့်ဆုတ်စွာကြည့်နေလေသည်။

ရှန်းယိုယို ၎င်းကို မြင်သောအခါ တိုက်ရိုက်ပင် "အမေ၊ ဘာဖြစ်လို့လဲ"

အမျိုးသမီးလီ "ယိုယို၊ ဒီလိုပါ၊ မော့မိသားစုက ကောင်လေးကို ကြက်ဥသုံးလုံးလောက် သွားပေးလိုက်ရင် ကောင်းမလား၊ သူ မနေ့ကတင် ငါတို့ကို ကြက်သားတစ်ပန်းကန် ပေးထားတာလေ၊ အိမ်နီးချင်းတွေဆိုတော့ အပြန်အလှန်ပေးကမ်းပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်သင့်တာပေါ့၊ မနေ့က ငါတို့မှာ ကောင်းကောင်းမွန်မွန် ဘာမှမရှိလို့ ဘာမှမတတ်နိုင်ခဲ့ဘူး၊ အခု ဒီဥတွေ ရှိလာပြီဆိုတော့ ဟိုကလေးနှစ်ယောက် အရသာခံလို့ရအောင် သုံးလုံးလောက် သွားပေးချင်လို့ပါ"

ရှန်းယိုယို "ရတာပေါ့၊ အမေ ပြောတာမှန်တယ်၊ အိမ်နီးချင်းတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကူညီပြီး အပြန်အလှန်ရှိသင့်တာပေါ့"

အမျိုးသမီးလီ ဤသို့တွေးလိမ့်မည်ဟု ရှန်းယိုယို မမျှော်လင့်ထားခဲ့ပေ။ သူမလည်း သဘောတူလက်ခံသောကြောင့် သဘာဝကျကျပင် ငြင်းဆန်ခြင်း မပြုခဲ့ပေ။
 Chapter 9

၎င်းကိုကြားသောအခါ အမျိုးသမီးလီ မျက်နှာမှာ ချက်ချင်းဝမ်းသာအားရ ဖြစ်သွားတော့သည်။ သူမ တောကြက်ဥ သုံးလုံးကို ပျော်ရွှင်စွာ ထုတ်ယူကာ ရှန်းယိုယိုထံသို့ ကမ်းပေးလိုက်ပြီး

"ယိုယို၊ အစ်ကိုမော့ဆီကို ဒါလေးတွေ သွားပို့ပေးလိုက်ပါလား၊ အမေတို့စားဖို့ ကြက်ဥမွှေကြော်လေး လုပ်လိုက်ဦးမယ်"

ရှန်းယိုယို "ကောင်းပါပြီ"

ထို့နောက် ရှန်းယိုယိုသည် အမျိုးသမီးလီထံမှ တောကြက်ဥ သုံးလုံးယူကာ မော့ရန် နေထိုင်ရာဆီသို့ လျှောက်သွားလေသည်။

မိသားစုနှစ်စုမှာ အလွန်နီးကပ်စွာ နေထိုင်ကြသဖြင့် ရှန်းယိုယိုသည် မော့ရန်၏သက်ကယ်မိုး တဲအိမ်လေးအနီးသို့ မကြာမီ ရောက်ရှိသွားသည်။

တိုက်ဆိုင်စွာပင် ထွမ်းဇီနှင့်ယွမ်ဇီတို့မှာ အပြင်ဘက်တွင် ကစားနေကြသည်။ သူမ လာသည်ကို မြင်သောအခါ ယွမ်ဇီ ချက်ချင်းပြေးလာပြီး စိတ်အားထက်သန်စွာ ဆီးကြိုကာ

"မမယိုယို၊ ယွမ်ဇီနဲ့လာဆော့တာလား၊ ကြည့်ပါဦး၊ သမီးတို့ ရွှံ့ဆော့နေကြတာ"

ရှန်းယိုယိုသည် ဤချစ်စရာကောင်းသော ကလေးငယ်နှစ်ဦးအပေါ်တွင် ကြီးမားသော သံယောဇဉ်ရှိနေသည်။ သူတို့မှာ ဇွန်ဘီများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူမ ပထမဆုံးမြင်တွေ့ခဲ့ရသည့် သက်ရှိလူသားများ ဖြစ်သောကြောင့်ပင်။

သူမအတွက်မူ သူတို့က အထူးအဓိပ္ပာယ်တစ်ရပ်ရှိနေခဲ့သည်။

ရှန်းယိုယို "ဟုတ်တယ်၊ မမ ပစ္စည်းတချို့လာပို့ပေးတာပါ၊ သမီးတို့ရဲ့ ဦးလေးရော ဘယ်မှာလဲ"

ယွမ်ဇီ "ဦးလေးက အထဲမှာ ဟင်းချက်နေတယ်၊ မမ လက်ထဲမှာ ကိုင်ထားတာ ဘာတွေလဲ၊ ဥတွေလားဟင်၊ သမီးတို့ စားဖို့လား"

မမယိုယို သူတို့အတွက် တစ်ခုခု ယူလာပေးသည်ဟု ကြားသောအခါ ယွမ်ဇီ အလွန် ပျော်ရွှင်သွားသည်။ သူမလက်ထဲရှိ ဥများကို မြင်သောအခါ သွားရည်မမျိုဘဲ မနေနိုင်တော့ပေ။ ကြက်ဥ မစားရသည်မှာ ကမ္ဘာတစ်ခုကြာမြင့်နေပြီဟုပင် ခံစားရသည်။

ဦးလေးနှင့်အတူ အခြေချနေထိုင်ကတည်းက ၎င်းတို့ နေ့တိုင်း နေ့တိုင်း အသားတွေချည်းသာ စားနေရသည်။

အများကြီးစားရလွန်းသဖြင့် သူမ အန်ထွက်လုမတတ်ဖြစ်နေရသည်။

ယွမ်ဇီ လက်ကိုဆွဲကာ ဟင်းချက်ရာနေရာသို့ လျှောက်သွားလိုက်ရာ မော့ရန်တစ်ယောက်ကြက်သားကို ရေလုံပြုတ် ပြုတ်ရန် ကပျာကယာ ပြင်ဆင်နေသည်ကို အချိန်ကိုက်မြင်လိုက်ရသည်။

ရှန်းယိုယိုမှာ အံ့အားသင့်သွားပြီး "အစ်ကိုမော့၊ ကြက်သားကို ရေလုံပြုတ် ပြန်လုပ်မလို့လား"

အသံကြားသောအခါ မော့ရန် အလျင်အမြန်လှည့်ကြည့်လိုက်ရာ ရှန်းယိုယို သူ့အား ရှုပ်ထွေးသော မျက်နှာထားနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူ အနည်းငယ် နေရခက်သွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းကိုကုတ်ကာ

"အမ်း၊ ငါ... ငါ ရေလုံပြုတ်ပဲ လုပ်တတ်လို့ပါ၊ ဘာကိစ္စ ရှိလို့လဲ"

ရှန်းယိုယို "မောင်လေးနဲ့ကျမ ဒီနေ့ တောင်ပေါ်မှာ တောကြက်ဥ တချို့တွေ့ခဲ့လို့ပါ၊ အရင်တစ်ခေါက်က ကျမတို့မိသားစုကို ပို့ပေးခဲ့တဲ့ ကြက်သားတစ်ပန်းကန်အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ မြည်းကြည့်ဖို့ သုံးလုံးယူလာခဲ့တယ်"

ရှန်းယိုယို လက်ထဲရှိ ဥများကို မြှောက်ပြကာ အနီးရှိ စားပွဲပေါ်တွင် တင်လိုက်ပြီး လေးနက်စွာဖြင့်

မော့ရန် "မပြောပါနဲ့တော့၊ ငါတို့က အခု အိမ်နီးချင်းတွေ ဖြစ်နေပြီလေ၊ တစ်ယောက်နဲ့တစ်ယောက် ကူညီတာက မှန်ကန်တဲ့ ကိစ္စပါ၊ ဒါဆိုလည်း ကျေးဇူးပဲနော်၊ နောက်မှ ကလေးတွေအတွက် ငါ ပြုတ်ပေးလိုက်ပါ့မယ်"

ရှန်းယိုယို "ကောင်းပြီလေ၊ ဒါဆိုရင်လည်း အလုပ်ဆက်လုပ်ပါဦး၊ ကျမ သွားတော့မယ်"

စကားပြောပြီးနောက် ရှန်းယိုယို လှည့်ထွက်သွားလေသည်။ ထိုမျှကောင်းမွန်လှသော တောကြက်တစ်ကောင်အား သူ ဖျက်ဆီးပစ်နေသည်ကို သူမ တကယ်ကြည့်မနေနိုင်တော့ပေ။

သူမထင်တာ မမှားဘူးဆိုလျှင် သူက ဟင်းချက်နည်းကို လုံးဝသိပုံမရပေ၊ သူ့နည်းလမ်းမှာ အစားအစာကို ကျက်ရုံသာပြုတ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်က သူမအိမ်တွင် သူပေးသော ဟင်းကိုစားခဲ့ရသည်မှာ သူမ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲဖြစ်သည်။

သူမ အတော်လေးဝေးဝေးအထိ လျှောက်သွားခဲ့ပြီးပြီဖြစ်သည်။

ရုတ်တရက် ရှန်းယိုယို သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ဆက်ပြီးသည်းမခံနိုင်တော့ဘဲ သူမသည် နောက်သို့လှည့်ကာ ပြတ်သားသော ခြေလှမ်းများဖြင့် ပြန်လျှောက်လာခဲ့သည်။

စားဖိုမှူးတစ်ယောက်အနေဖြင့် သူမ အနည်းဆုံး သည်းခံနိုင်သောအရာမှာ တစ်စုံတစ်ယောက်က ကောင်းမွန်သော ဟင်းချက်စရာများကို ဖြုန်းတီးနေသည်ကို မြင်ရခြင်းဖြစ်သည်။

ဟုတ်သည်။ ကမ္ဘာပျက်ကပ်ကြီး မတိုင်မီက ရှန်းယိုယိုသည် လန်ရှန်းသက်မွေးဝမ်းကျောင်းကျောင်းမှ ဘွဲ့ရခဲ့သော ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ဦး ဖြစ်ခဲ့သည်။

သူမသည် ဤအသက်မွေးဝမ်းကျောင်းလုပ်ငန်းကို အလွန်အမင်း ရူးသွပ်ခုံမင်ခဲ့ပြီး သူမ၏ ဆရာများက သူမတွင် ပါရမီရှိကြောင်း အမြဲပြောလေ့ရှိကာ အချိန်တန်လျှင် အချက်အပြုတ်လောက၌ နာမည်တစ်လုံးဖြင့် အောင်မြင်လာမည်ဟု ဟောကိန်းထုတ်ခဲ့ကြသည်။

သို့သော်လည်း သူမ အောင်မြင်မှုမရရှိမီမှာပင် ထိုလှပသော ကမ္ဘာကြီးသည် ဇွန်ဘီများ၏ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ယခု သူမသည် သူမ၏ကျွမ်းကျင်မှုများ အပြည့်အဝဖြင့် ရှေးခေတ်သို့ ရောက်ရှိလာပြီဖြစ်ရာ သူမ အသက်မွေးဝမ်းကျောင်း ရည်မှန်းချက် မီးတောက်ငယ် လေးမှာ နောက်တစ်ကြိမ် ပြန်လည်မလောင်ကျွမ်းဘဲမနေနိုင်တော့ပေ။

ထင်သည့်အတိုင်းပင် ရှန်းယိုယို မော့ရန်၏ပြင်ပရှိ ရိုးရှင်းသော မီးဖိုချောင်ငယ်လေးဆီသို့ပြန်ရောက်လာသောအခါ သူ ကြက်သားတုံးများကို အိုးထဲသို့ပစ်ထည့်ကာ ပြုတ်နေသည်ကိုမြင်လိုက်ရသည်။

ရှန်းယိုယို ချက်ချင်းအော်ဟစ်လိုက်သည်။

"ရပ်လိုက်စမ်း"

မော့ရန် "ဘာ... ဘာဖြစ်လို့လဲ"

မော့ရန်သည် ရှန်းယိုယို ရုတ်တရက် ပြန်ရောက်လာမှုကြောင့် လန့်သွားပြီး အနည်းငယ်စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

ရှန်းယိုယိုက သူ့ မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်းစီ မေးလိုက်သည်။

ရှန်းယိုယို "အစ်ကိုမော့၊ ရှင်က... တကယ်ကို ဟင်းမချက်တတ်တာလား"

သူမ၏ပွင့်လင်းသော မေးခွန်းကြောင့် မော့ရန် အနည်းငယ်ရှက်ရွံ့သွားသည်။ အပူကြောင့်လား သို့မဟုတ် ရှက်၍လား မသိသော်လည်း သူ့ မျက်နှာပေါ်တွင် ထင်ရှားသော နီရဲမှုတစ်ခုဖြစ်ပေါ်လာပြီး သူက ရိုးသားစွာ

"အင်း၊ ငါ... ငါက ကျက်တဲ့အထိ ပြုတ်ရုံပဲ သိတာပါ၊ တခြားနည်းလမ်း ဘာမှမသိဘူး"

ရှန်းယိုယို "ရှင် စိတ်မရှိဘူးဆိုရင် ဒီကြက်သားကို ကျွန်မ ကူချက်ပေးရမလား၊ ကျွန်မရဲ့ဟင်းချက်လက်ရာက အတော်လေး ကောင်းပါတယ်၊ ယွမ်ဇီတို့အတွက် အရသာပြောင်းသွားတာလို့ သဘောထားလိုက်ပါ"

ရှန်းယိုယို ဖြစ်ကတတ်ဆန်း အကြောင်းပြချက်တစ်ခုပေးကာ ကူညီပေးရန် ကမ်းလှမ်းလိုက်သည်။

မော့ရန် "အို၊ အဲ့ဒါက မသင့်တော်ဘူး မဟုတ်လား၊ မင်းအတွက် အရမ်းဒုက္ခများနေပါလိမ့်မယ်"

မော့ရန်မှာ ယဉ်ကျေးစွာပြောနေသော်လည်း သူ့ ရင်ထဲတွင်မူ တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။ သူ ချက်ထားသော ရေလုံပြုတ်အသားများကို နောက်ဆုံးတော့ စားစရာမလိုတော့ဘူးပေါ့။ သူ တကယ်ကို အန်ထွက်တော့မည်ဖြစ်သည်။ လွန်ခဲ့သော တစ်လခန့်က ဤနေရာတွင် အခြေချ နေထိုင်ကတည်းက နေ့တိုင်း ဤကဲ့သို့သာစားနေခဲ့ရသဖြင့် သူ သေမတတ် ရွံရှာငြီးငွေ့နေပြီဖြစ်သည်။

ရှန်းယိုယို "နည်းနည်းလေးတောင် ဒုက္ခမများပါဘူး၊ ရှင် ယွမ်ဇီနဲ့ အပြင်ထွက်ပြီး ဆော့နေကြပါ"

စကားပြောရင်း သူမသည် မော့ရန်အား မီးဖိုချောင်ငယ်လေးထဲမှ တွန်းထုတ်လိုက်သည်။

မော့ရန်မှာ သက်သာရာရသွားပြီး ပျော်ရွှင်စွာဖြင့် အပြင်သို့ လျှောက်ထွက်သွားလေသည်။

သူ ကလေးများကို စကားတစ်ခွန်းပြောပြီးနောက် အနီးရှိ သစ်တောဆီသို့ ဦးတည်သွားလေသည်။ တစ်စုံတစ်ယောက်က သူ့အား ဟင်းချက်ကူညီပေး နေပြီဖြစ်ရာ သူ ဒီအတိုင်း အလကားအခွင့်အရေး မယူနိုင်ပေ။ နောက်မှ ရှန်းမိသားစုအား ပေးရန်အတွက် ထင်းအချို့သွားကောက်ရန် သူ စီစဉ်လိုက်သည်။

မီးဖိုချောင်ထဲတွင်မူ ရှန်းယိုယိုသည် အိုးထဲ၌ ဆူပွက်နေပြီဖြစ်သော ကြက်သားတုံးများကို မြင်လိုက်ရပြီး ချက်ချင်းဆယ်ယူလိုက်သည်။

'ဒါကို ကယ်တင်လို့ ရနိုင်သေးတယ်' ဟု သူမ တွေးလိုက်သည်။

သို့သော်လည်း မီးဖိုချောင်ထဲတွင် ရနိုင်သော ဟင်းခတ်အမွှေးအကြိုင် အားလုံးကို မြင်လိုက်ရသောအခါ သူမ စိုးရိမ်လာတော့သည်။ မော့ရန်တွင် ဤနေရာ၌ ဆားမှလွဲ၍ ဘာမျှမရှိပေ။ သူမ၏ အချက်အပြုတ်စွမ်းရည် မည်မျှပင် ကောင်းမွန်နေစေကာမူ အတော်ဆုံး အိမ်ရှင်မပင်လျှင် ဆန်မရှိဘဲ ထမင်းမချက်နိုင်ပေ။

ကမ္ဘာပျက်ကပ်ကြီးထဲမှ သူမ၏ မှော်ဆန်သော မီးဖိုချောင်ငယ်လေးကို လွမ်းဆွတ်တမ်းတရင်း သူမ ရင်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

'အဲ့ဒါလေးသာ ဒီမှာ ရှိနေရင် သိပ်ကောင်းမှာပဲ'

ထိုစဉ် ရှန်းယိုယို စိတ်ထဲ၌ ချစ်စရာကောင်းသော အသံလေးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

【ဟယ်လို သခင်မလေး၊ ကျွန်တော့်ကို ခေါ်နေတာလား၊ ကျွန်တော် ဒီမှာ ရှိပါတယ်】

ရှန်းယိုယို "???"

ထို့နောက် သူမ၌ ရဲတင်းသော အကြံတစ်ခုရလာကာ သူမ စိတ်ထဲမှနေ၍ ၎င်းနှင့်ဆက်သွယ်ရန် ကြိုးစားလိုက်သည်

ရှန်းယိုယို 'နင်က ဘယ်သူလဲ၊ ငါ နင့်ကို ဘာလို့ မမြင်ရတာလဲ'

【ကျွန်တော်က မီးဖိုချောင်လေးပါ၊ သခင်မလေး၊ သခင်မလေးနဲ့အတူ ရှေးခေတ်ကို ကျွန်တော် လိုက်လာခဲ့တာပါ၊ သခင်မလေး လိုအပ်သရွေ့ စိတ်ထဲကသာ တွေးလိုက်ပါ၊ ဘယ်ဟင်းခတ်အမွှေးအကြိုင် ဒါမှမဟုတ် ဘယ်ပစ္စည်းကိရိယာကိုမဆို အချိန်မရွေးသုံးလို့ရပါတယ်၊ ဒါ့အပြင် သခင်မလေးက စိတ်ထဲကနေ တွေးလိုက်ရုံနဲ့ မီးဖိုချောင်လေးထဲကိုဝင်လို့ရပါတယ်】

ရှန်းယိုယို 'ဒါ အရမ်းကောင်းတာပဲ၊ တကယ်ကို ဆန္ဒပြည့်ဝသွားတာပဲ၊ ကျေးဇူးပါနော်၊ ငါ့ကို သခင်မလေးလို့ ဆက်မခေါ်ပါနဲ့တော့၊ မမလို့ပဲ ခေါ်ပါ၊ နင့်နာမည်က ဘယ်လိုခေါ်လဲ'

ရှန်းယိုယိုမှာ အလွန်ဝမ်းသာအံ့ဩဖြစ်သွားသည်။ ရှေးခေတ်သို့ ရောက်ရှိလာကတည်းက သူမ အတော်လေးကံကောင်းနေခဲ့သည်ဟု သူမ ခံစားရသည်။

ပုံမှန်ဘဝမျိုးနှင့် ရှင်သန်နိုင်သည့်အပြင် သူမ အထူးစွမ်းအား cheat များကိုပါ ယူဆောင်လာခဲ့ပုံရသည်။

သူမကို ဤဒုတိယအကြိမ် အခွင့်အရေးပေးသနားခဲ့သည့် ကောင်းကင်ဘုံကို ကျေးဇူးတင်မိသည်။

သူမသည် ဤဘဝကို သေချာပေါက်တန်ဖိုးထားကာ ကောင်းမွန်စွာရှင်သန်သွားမည်ဖြစ်သည်။

【ကောင်းပါပြီ၊ ဒါဆိုရင် အခုကစပြီး ကျွန်တော် မမလို့ပဲခေါ်ပါတော့မယ်၊ ကျွန်တော့်မှာ နာမည်မရှိပါဘူး၊ မီးဖိုချောင်လေးလို့ပဲ ခေါ်ကြတာပါ၊ မမ ကျွန်တော့်ကို အဲ့လိုပဲ ခေါ်လို့ရပါတယ်】

ရှန်းယိုယို ခဏတာ စဉ်းစားလိုက်ပြီး စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။

ရှန်းယိုယို 'အင်း၊ အဲ့ဒါက သိပ်နားထောင်လို့ မကောင်းပါဘူး၊ နင့်အသံလေးက ကလေးလေးတစ်ယောက်လို အရမ်းချစ်စရာကောင်းတာပဲ၊ နင့်ကို မန်မန်လို့ ခေါ်ရင်ကော၊ နင့်ရဲ့လုပ်ဆောင်ချက်အတိုင်းပဲ မီးဖိုချောင်လေးက အမြဲတမ်းပြည့်လျှံ (မန်မန်) နေမှာပေါ့'

【ကောင်းပါပြီ ကောင်းပါပြီ၊ ကျေးဇူးပါ မမ၊ ဟီးဟီး၊ ကျွန်တော်က အခုပြည့်လျှံနေတဲ့ မီးဖိုချောင်လေး မန်မန်ဖြစ်သွားပြီ၊ ကျွန်တော့်မှာ နာမည်ရှိသွားပြီ၊ ဒါ အရမ်းကောင်းတာပဲ၊ မမ မြန်မြန်ဟင်းချက်ပါတော့၊ အရသာရှိတဲ့ အစားအစာတွေရဲ့အနံ့ကို ရှူဖို့ ကျွန်တော် မစောင့်နိုင်တော့ဘူး】

ရှန်းယိုယို 'ကောင်းပြီ၊ အခုချက်ချင်း စလုပ်လိုက်မယ်'

ဤသို့ပြောပြီးနောက် ရှန်းယိုယို၏လက်များမှာ ချက်ချင်းအလုပ်များသွားတော့သည်။ မီးဖိုချောင်ငယ်လေးထဲမှ ဟင်းခတ်အမွှေးအကြိုင်များနှင့်ဆိုလျှင် သူမ အရသာရှိလှသော ကြက်သားဟင်းတစ်ခွက်ကို ချက်ပြုတ်နိုင်မည်ဟု အလွန်ယုံကြည်မှုရှိနေလေသည်။

 Chapter 10


အချိန်အတော်ကြာပြီးနောက်

အပြင်ဘက်တွင် ဆော့ကစားနေသော ကလေးငယ်နှစ်ဦးသည် ထူးဆန်းပြီး မွှေးကြိုင်လှသော ရနံ့တစ်ခုကြောင့် ရုတ်တရက် အာရုံစိုက်သွားကြသည်။

ယွမ်ဇီ လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး

ယွမ်ဇီ "ကိုကို၊ အဲ့ဒီအနံ့ ရလား၊ တအားမွှေးတာပဲ၊ မမယိုယို ချက်တဲ့ဟင်းက တကယ်ကြီး ဒီလောက်တောင် စားလို့ကောင်းတာလား"

ထွမ်းဇီလည်း သူပါ အနံ့ရကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ကလေးနှစ်ဦးမှာ အချင်းချင်းပြုံးပြလိုက်ကြပြီး မတ်တတ်ရပ်ကာ မီးဖိုချောင်ငယ်လေးဆီသို့ပြေးသွားကြသည်။ တံခါးဝမှနေ၍ အတွင်းဘက်၌ အလုပ်များနေသော ရှန်းယိုယိုကို ချောင်းကြည့်နေကြသည်။

ဆာလောင်မှုကြောင့် သူတို့ သွားရည်တမြားမြားကျလာသည်အထိ မမျိုဘဲ မနေနိုင်ကြတော့ပေ။ ဤရနံ့က သူတို့၏ ဦးလေးချက်သည့် ဟင်းထက် အဆပေါင်းများစွာ ပိုမွှေးကြိုင်နေလေသည်။

ခဏအကြာတွင် တံခါးဝမှနေ၍ မျက်လုံးပြူးကာ သူမကို စောင့်ကြည့်နေသော ထိုချစ်စရာကလေးငယ်နှစ်ဦးကို ရှန်းယိုယို သတိပြုမိသွားသည်။

သူမ သဘောကျစွာ ရယ်မောလိုက်ပြီး "ခဏနေရင် ရတော့မယ်၊ သွား၊ ဦးလေးကို ထမင်းစားဖို့ ပြန်ခေါ်လာခဲ့"

ထွမ်းဇီ "ဟုတ်ကဲ့၊ အခုချက်ချင်း သွားလိုက်မယ်"

စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထွမ်းဇီသည် သူ့ ဦးလေး ထင်းကောက်နေသည့် နေရာဆီသို့ ချက်ချင်းပြေးထွက်သွားလေသည်။

သူတို့ ပြန်ရောက်လာချိန်၌ ရှန်းယိုယို ကြက်သားတစ်တုံးကို ယူကာ ယွမ်ဇီ၏ပါးစပ်ထဲသို့ အရသာမြည်းရန် ခွံ့ပေးနေသည်ကို အချိန်ကိုက်မြင်လိုက်ရသည်။

ယွမ်ဇီ အရသာမြည်းပြီးနောက် သူမ မျက်လုံးများမှာ လင်းလက်သွားသည့်အလား တောက်ပသွားသည်။ သူမ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ချီးကျူးလိုက်သည်။

ယွမ်ဇီ "အရမ်းစားလို့ကောင်းတာပဲ၊ မမယိုယို အရမ်းကောင်းတယ်၊ မမလုပ်တဲ့ ဒီကြက်သားက ဦးလေး လုပ်တာထက် အများကြီး ပိုစားလို့ကောင်းတယ်၊ တအားမွှေးတာပဲ"

အယ်... တူမဖြစ်သူက သူ၏ ဟင်းချက်လက်ရာကို ဆိုးရွားလှသည်ဟု ရုတ်တရက်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ မော့ရန်တစ်ယောက် ကြက်ဥပြုတ်နှင့် ခေါင်းခေါက်ခံရသလို အကြီးအကျယ် မျက်နှာပူသွားတော့သည်။

ရှန်းယိုယို သူတို့ကို ပထမဆုံး သတိပြုမိသွားသည်။ ရယ်ချင်စိတ်ကို အောင့်ထားရင်း 

ရှန်းယိုယို "ကဲပါ၊ မြန်မြန်စားကြ၊ ငါလည်း အိမ်ပြန်ပြီး ထမင်းစားရဦးမယ်၊ ငါ့အမေလည်း အရသာရှိတာတွေ လုပ်ထားတယ်"

သူမ ထွက်ခွာရန် ပြင်ဆင်နေသည်ကို မြင်သောအခါ မော့ရန် အလျင်အမြန် ပန်းကန်တစ်လုံးယူလိုက်ပြီး ၎င်းထဲသို့ ကြက်သားနှပ် တစ်ဝက်ကျော်ခန့် ထည့်ကာ ရှန်းယိုယိုထံသို့ ကမ်းပေးလိုက်သည်။ သူ ရှက်ရွံ့စွာဖြင့်

မော့ရန် "အဲ့ဒါ... အင်း၊ ဘာပဲဖြစ်ဖြစ် မင်း ချက်ထားတာပဲလေ၊ အားလုံး မြည်းကြည့်လို့ရအောင် နည်းနည်း ပြန်ယူသွားပါ၊ ငါတို့ကို ဟင်းချက်ပေးတာကို ကျေးဇူးဆပ်တဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ"

သူ မည်မျှရိုးသားဖြူစင်ကြောင်းကို မြင်သောအခါ ရှန်းယိုယို မငြင်းဆန်တော့ဘဲ ကြည်ဖြူစွာလက်ခံလိုက်သည်။

ရှန်းယိုယို "ကောင်းပြီလေ၊ ကျေးဇူးပဲ၊ ငါ သွားတော့မယ်"

ထို့နောက် သူမသည် ပန်းကန်ကိုကိုင်ကာ သူမ၏ ကိုယ်ပိုင်အိမ်ဆီသို့ ပြန်သွားလေသည်။

သူမ ထွက်သွားပြီးနောက် မော့ရန်သည် ရှန်းယိုယို ချက်ထားသော ကြက်သားနှပ်ကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ချက်ချင်းပြောင်းထည့်ကာ အိမ်ထဲသို့ ယူသွားလေသည်။ ထို့နောက် သူ စောစောက ပြန်နွှေးထားသော ပေါက်စီများကို ယူလာခဲ့သည်။

လူကြီးတစ်ဦးနှင့် ကလေးနှစ်ဦး ချက်ချင်းစတင်စားသောက်ကြတော့သည်။

ယွမ်ဇီမှာ အရသာမြည်းပြီးသားဖြစ်၍ ကောင်းမှန်းသိနေသောကြောင့် ချက်ချင်းစတင်စားသောက်တော့သည်။ တစ်ချိန်တည်းမှာပင် ထွမ်းဇီနှင့် မော့ရန်တို့မှာ ပထမဆုံးအလုတ်၏အရသာကြောင့် မှင်သက်သွားကြသည်။

'ဒါက အရမ်းစားလို့ကောင်းလွန်းနေပြီ'

ကြက်သားမှာ ညှီနံ့လုံးဝမရှိပေ၊ အလွန်နူးညံ့ပြီး ထူးခြားသော ရနံ့တစ်ခု ရှိနေသည်။ ဤမျှ အရသာရှိစေရန် မည်သည့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ထားမှန်း သူတို့ မသိကြပေ။

ရှန်းယိုယို စောစောက သိပ်မပြောခဲ့ဘဲ သူမ၏ကိုယ်ပိုင် လျှို့ဝှက်ဟင်းခတ်အမွှေးအကြိုင်များကို သုံးထားကြောင်းသာ ပြောခဲ့သည်။

မကြာမီမှာပင် ပေါက်စီများနှင့် တွဲဖက်ထားသော ကြက်သားပန်းကန်လုံးကြီးကို လူကြီးတစ်ဦးနှင့် ကလေးနှစ်ဦးက ပြောင်သလင်းခါနေအောင် စားပစ်လိုက်ကြသည်။

သူတို့သည် ပန်းကန်လုံးထဲရှိ ဟင်းရည်တစ်ပေါက်မကျန်ကိုပင် ပေါက်စီများဖြင့် စုပ်ယူကာ စားသောက်လိုက်ကြသေးသည်။

မော့ရန် သူ့ ရင်ထဲတွင် မြည်တမ်းလိုက်သည်။ မြို့တော်မှ ထွက်ခွာပြီး ဤနေရာတွင် အခြေချကတည်းက နောက်ဆုံးတွင် ၎င်းတို့ အရသာရှိသော အစားအစာတစ်နပ်ကို စားလိုက်ရပြီဖြစ်သည်။ ဤပေါက်စီများမှာ ပြီးခဲ့သည့်အကြိမ်က ရှန်းကျားရွာမှ အဒေါ်ကြီးများနှင့် သူ ဖမ်းမိထားသော ဘဲတစ်ကောင်ကို အသုံးပြုကာလဲလှယ်ထားခြင်းဖြစ်သည်။

သူ့အသက်အန္တရာယ်နှင့် ရင်းရမည်ဆိုလျှင်တောင် သူကိုယ်တိုင် ၎င်းတို့ကို မပေါင်းနိုင်ပေ။

စားသောက်ပြီးနောက် ကလေးငယ်နှစ်ဦးသည် ကျေနပ်စွာ လေချဉ်ပင်တက်လိုက်ကြသေးသည်။ ထွမ်းဇီ ပြုံးကာ မေးလိုက်သည်။

ထွမ်းဇီ "မမယိုယိုရဲ့ ဟင်းချက်လက်ရာက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ သူ အရင်က ငတုံးမလေး မဟုတ်ဘူးလား၊ သူ ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ဟင်းချက်စွမ်းရည်တွေ ရှိနေတာလဲ၊ တအား စားလို့ကောင်းတာပဲ"

မော့ရန်လည်း အလွန်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ ခေါင်းယမ်းလိုက်ပြီး သူ မသိကြောင်းနှင့် စူးစမ်းချင်စိတ်မရှိကြောင်း ပြသလိုက်သည်။

'ဘယ်သူ့မှာ လျှို့ဝှက်ချက်အနည်းအကျဉ်းမှ မရှိဘဲနေမှာလဲ'

'ငါလည်း ဒီလိုပါပဲလေ'

မော့ရန် "ကဲပါ၊ ပေါက်ကရတွေ ပြောမနေနဲ့၊ အခု ဗိုက်ဝသွားပြီဆိုတော့ ခြံထဲမှာ ခဏသွားဆော့ကြ၊ မနက်ဖြန် မနက်ကျရင် မင်းတို့အတွက် ကြက်ဥတွေ ပြုတ်ပေးမယ်"

ယွမ်ဇီ "ရေး၊ ကြက်ဥပြုတ် စားရတော့မယ်၊ သိပ်ကောင်းတာပဲ"

ယွမ်ဇီသည် သူမ ဆော့ကစားရန် အပြင်သို့ထွက်သွားသည်အထိ ထိုစကားများကို ထပ်ခါတလဲလဲ ပြောနေခဲ့သည်။

ကလေးမလေးက ကြက်ဥကို တကယ်စားချင်နေကြောင်း ရှင်းလင်းစွာ သိသာနေသည်။

မော့ရန် ရင်ထဲတွင် အနည်းငယ်နာကျင်မှုကို မခံစားဘဲမနေနိုင်တော့ပေ။ မြို့တော်မှ ထွက်ခွာလာကတည်းက သူတို့၏ဘဝများမှာ နေရပ်စွန့်ခွာရကာ မသေချာမရေရာဖြစ်နေပြီး အရသာရှိသော အစားအစာတစ်ခုမှမစားခဲ့ရပေ။ ယခင်က သူတို့အလွန်ငယ်ရွယ်သေးသဖြင့် ၎င်းနှင့်ပတ်သက်၍ မည်သည့် မှတ်ဉာဏ်မှရှိမည်မဟုတ်ပေ။

ဤနေရာတွင် အခြေချပြီးနောက် သူ့အခြေအနေမှာ ပိုခက်ခဲလာခဲ့သည်။ သူတို့တွင် ပိုက်ဆံသိပ်မကျန်တော့သဖြင့် ချွေတာစွာသာ နေထိုင်ရတော့သည်။ သို့သော် သူ ဟင်းမချက်တတ်သည်မှာ အမှန်ပင်။ သူထံ ရွေးချယ်စရာ မရှိပေ။ သူ မစားလျှင်တောင်မှ ကလေးနှစ်ဦး စားရမည်ဖြစ်သည်။ အစားအစာကို ကျက်အောင် ချက်နိုင်သရွေ့လုံလောက်ပြီဖြစ်သည်။

သူ ဤသို့ပင် ဖြစ်သလို ရုန်းကန်ဖြတ်သန်းနေခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။

မထင်မှတ်ဘဲ နောက်ဆုံးတော့ သူတို့ ဒီနေ့ ပုံမှန်အစားအစာတစ်နပ်ကို စားလိုက်ကြရပြီဖြစ်သည်။ ကလေးနှစ်ဦးကို မဆိုထားနှင့်၊ သူပင်လျှင် စိတ်လှုပ်ရှားမှုကြောင့် ငိုချင်လာသည်အထိ ခံစားရသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သူ ဤကဲ့သို့သော အခြေအနေမျိုးသို့ တစ်နေ့ရောက်လာလိမ့်မည်ဟု ဘယ်သောအခါမှ စိတ်ကူးယဉ်မိမည်မဟုတ်ပေ။

သူ့ အစ်ကိုကြီးဘက်မှ လူများ သူတို့ကိုရှာတွေ့နိုင်ပါ့မလားဟုလည်း သူ တွေးနေမိသည်။

'ဟူး'

အခြားတစ်ဖက်၌

ရှန်းယိုယို ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးချိန်တွင် သူမ မောင်လေး ရှန်းနန်အနီးအနား၌ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမကို မြင်သောအခါ သူက ပျော်ရွှင်စွာဖြင့်

ရှန်းနန် "အစ်မ၊ ဘာလို့ ဒီလောက် ကြာနေတာလဲ၊ အမေ ဟင်းချက်လို့ပြီးနေပြီ၊ အယ်၊ အစ်မ ဘာကိုင်လာတာလဲ၊ တအားမွှေးတာပဲ"

ရှန်းယိုယို "သွားရအောင်၊ အိမ်ပြန်ပြီး ထမင်းစားမယ်"

ရှန်းနန် သူမအား ထမင်းစားရန်လာခေါ်သည်ကို မြင်သောအခါ ရှန်းယိုယို ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ ဤကဲ့သို့ မခံစားရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

'မိသားစုရှိရတာ သိပ်ကောင်းတာပဲ'

အိမ်ပြန်ရောက်သောအခါ ရှန်းယိုယို မော့ရန်အိမ်တွင် ဖြစ်ပျက်ခဲ့သည်များကို ရှန်းမိသားစုဝင်များအား ပြန်ပြောပြခဲ့သော်လည်း ဟင်းလျာတွင် မန်မန် မီးဖိုချောင်လေးမှ ဟင်းခတ်အမွှေးအကြိုင်များကို သုံးထားကြောင်းကိုမူ မပြောခဲ့ပေ။

အမျိုးသမီးလီ စိတ်လှုပ်ရှားစွာဖြင့်

အမျိုးသမီးလီ "အစ်ကိုမော့က ကောင်လေးကောင်းပါ၊ ခုနက သူ ဘာလို့ ထင်းစည်းကြီးလာပို့တာလဲလို့ ငါ တွေးနေတာ၊ ဒါကြောင့်ကိုး၊ သူ အားနာပြီး ငါတို့ကို ကျေးဇူးပြန်ဆပ်ဖို့ နည်းလမ်းရှာနေတာနေမှာပါ"

အမျိုးသမီးလီ "ကဲပါ၊ ဒါဆိုလည်း မြန်မြန်စားကြစို့၊ ဒီနေ့ အသားတွေရော ဥတွေရော စားရတာ ရှားရှားပါးပါးပဲ၊ အားလုံး ကိုယ့်ခန္ဓာကိုယ်ကို အားဖြည့်ဖို့အတွက် အခွင့်အရေးကောင်းပဲ"

ဤသို့ဖြင့် မိသားစုခွဲပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တကယ်ကောင်းမွန်သော အစားအစာတစ်နပ်ကို စားသောက်ရန် အားလုံးအတူတကွ စုရုံးလိုက်ကြသည်။

စားသောက်နေရင်း ရှန်းယိုယို မမေးဘဲ မနေနိုင်တော့ပေ

ရှန်းယိုယို "အမေ၊ အဲ့ဒီအစ်ကိုမော့က ဘယ်သူလဲ၊ သူက ဘာလို့ ဒီတောင်ပေါ်မှာ နေနေတာလဲ၊ ပြီးတော့ ဟိုကလေးနှစ်ယောက်ရဲ့မိဘတွေက ဘယ်မှာလဲ၊ သူတို့ရဲ့ဦးလေးက ဘာလို့ သူတို့ကိုကျွေးမွေးပြုစုနေရတာလဲ"

အမျိုးသမီးလီ သက်ပြင်းချကာ "ရွာသားတွေဆီက ကောလဟာလတွေပဲ အမေ ကြားဖူးတာပါ၊ သူတို့ပြောတာတော့ အစ်ကိုမော့က အရမ်းဝေးတဲ့ နေရာတစ်ခုကနေ လာတာတဲ့၊ သူ့ဇာတိရွာမှာ ရေကြီးပြီး သူ့မိသားစုတစ်ခုလုံး သေကုန်တာ၊ သူတို့သုံးယောက်ပဲ ကျန်တော့တာတဲ့"

အမျိုးသမီးလီ "သူတို့ ငါတို့ရွာကို စရောက်တုန်းက ဘယ်လောက်တောင် သနားစရာကောင်းလဲဆိုတာ သမီး မသိပါဘူး၊ ရွာသူကြီးက သူတို့ကို သနားလို့ နေခွင့်ပြုလိုက်တာ၊ ဒါပေမဲ့ နေစရာအိမ်မရှိလို့ သူတို့ကို တောင်ပေါ်တက်ပြီး သမီးရဲ့အိမ်နီးချင်းအဖြစ် နေခိုင်းလိုက်တာလေ"

ရှန်းယိုယို "အော်... အဲ့လိုကိုး"

ရှန်းယိုယို ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည့် မျက်နှာထားဖြင့်ပြောလိုက်သည်။

'အစ်ကိုမော့ရဲ့ဇာတ်လမ်းက ဘယ်လောက်အထိ တကယ်ယုံကြည်နိုင်စရာရှိမလဲ' ဟု သူမ တွေးမိသည်။

သူမ ကြက်ဥမွှေကြော် နောက်တစ်ဖက်ကိုယူရန် ပြင်နေဆဲမှာပင် အမျိုးသမီးလီ ထပ်မေးသည်ကို ရှန်းယိုယို ကြားလိုက်ရသည်။

အမျိုးသမီးလီ "ဒါနဲ့ ယိုယို၊ သမီးက ဘယ်လိုလုပ် ဟင်းချက် ဒီလောက်ကောင်းသွားတာလဲ၊ ဒီနှစ်တွေတစ်လျှောက်လုံး သမီးက ကြောင်တောင်တောင်နဲ့ ဉာဏ်နည်းပြီး ဆော့ဖို့လောက်ပဲ သိခဲ့တာလေ၊ ဒီလောက် ထူးချွန်တဲ့ စွမ်းရည်တွေကို ဘယ်လိုလုပ်ရလာတာလဲ"

သူမ တစ်ယောက်တည်း စူးစမ်းချင်နေခြင်း မဟုတ်ပေ။ ရှန်းနန်နှင့် အဖေရှန်းတို့မှာလည်း ထပ်တူပင် သိချင်နေကြသည်။

ရှန်းယိုယို ဤအရာကို သူမ ရှောင်လွှဲ၍မရနိုင်ကြောင်း သိထားသဖြင့် ရှင်းပြချက်တစ်ခုကို စောစောကတည်းက ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

၎င်းတို့ မေးသည်ကို ကြားသောအခါ သူမ ပွင့်ပွင့်လင်းလင်း စတင်ရှင်းပြတော့သည်။
 

Search Novels