Chapter 1

ရှန်းယိုယိုတစ်ယောက် ဇွန်ဘီဖြစ်နေခဲ့သည်။

သို့သော် သူမသည် ရိုးရိုးဇွန်ဘီခေါင်းပွမျိုးမဟုတ်ဘဲ တစ်ချိန်ချိန်တွင် လူသားတစ်ယောက်၏အသိစိတ်နှင့် အလေ့အထများကို ပြန်လည်ရရှိလာခဲ့သည်။

ဤအချက်က သူမအတွက်တော့ သိပ်ပြီးကောင်းလှသည့်ကိစ္စကြီးမဟုတ်ပေ။

ဥပမာအားဖြင့် ယနေ့တွင်ပေါ့။

လမ်းပေါ်တွင် အေးအေးလူလူ လမ်းလျှောက်နေစဉ် ရှန်းယိုယို၏လက်မောင်းကို ဇွန်ဘီတစ်ကောင်က ရုတ်တရက် ဝင်ကိုက်လေသည်။ သူမသည် ထိုအကောင်ကို စိတ်ရှုပ်ရှုပ်ဖြင့် ခါထုတ်ပစ်လိုက်ပြီး တန်ဖိုးကြီးပစ္စည်းကို ကာကွယ်နေသည့်အလား အိမ်သို့လစ်ပြေးလာခဲ့တော့သည်။

လမ်းတစ်လျှောက်တွင် ဇွန်ဘီအမြောက်အမြားကိုတွေ့ခဲ့ရသည်။ ပျက်စီးယိုယွင်းနေသည့် မြို့ကြီး၏လက်ရှိအခြေအနေကို မြင်လိုက်ရသောအခါ သူမ ရင်ထဲတွင် ဆို့နင့်သွားခဲ့ရသည်။

တစ်ချိန်က မီးရောင်စုံလင်းလက်ပြီး သက်ဝင်လှုပ်ရှားနေခဲ့သည့် နေရာကြီးက အမှန်ပင် ဤအခြေအနေသို့ဆိုက်ရောက်သွားခဲ့ပြီဖြစ်သည်။

ယခုမူ ဤမျှကြီးမားကျယ်ပြန့်သော မြို့ကြီးထဲတွင် သူမသည်သာ အသိစိတ်နှင့် တွေးခေါ်နိုင်စွမ်းရှိသည့် တစ်ကောင်တည်းသော ဇွန်ဘီဖြစ်နေလေသည်။ သူမသည် ဖယ်ရှားမရနိုင်သော အထီးကျန်မှုကိုသာ ခံစားနေရတော့သည်။

အိမ်သို့ဘေးကင်းစွာ ရောက်ရှိသွားပြီး တံခါးကိုသော့ခတ်လိုက်ပြီးမှသာ သူမ စိတ်အေးသွားကာ မီးဖိုချောင်ထဲသို့ဝင်၍ ဟင်းချက်ရန် ပြင်ဆင်တော့သည်။

ပိုက်လာသည့် အာလူးအိတ်ထဲမှ အာလူးများကို ကြမ်းပြင်ပေါ်သို့သွန်ချလိုက်ပြီး ရှန်းယိုယို နှစ်လုံးကို ကျပန်းကောက်ယူကာ အခွံနွှာ၊ အချပ်လှီးပြီး ရေဆေးလိုက်သည်။

ထို့နောက် မနက်ကတည်းက ရေခဲပျော်ရန်ထုတ်ထားသည့် ဝက်သုံးထပ်သားကို လှီးချလိုက်ပြီး ဝက်သုံးထပ်သားနှင့် အာလူးကြော် တစ်အိုးကို ချက်ပြုတ်လိုက်သည်။ အငွေ့တထောင်းထောင်းထနေသော ထမင်းဖြူလေးနှင့် တွဲဖက်၍ ရှန်းယိုယိုတစ်ယောက် အားရပါးရ ရှယ်တွယ်လိုက်လေသည်။

ထမင်းစားပြီးနောက်တွင် ရှန်းယိုယိုသည် သူမ၏နေ့စဉ်လုပ်ငန်းစဉ်ဖြစ်သော ကြောင်တောင်တောင်ဖြင့် ငေးမောကြည့်နေခြင်းကို စတင်လိုက်သည်။

သူမ အသိစိတ်ပြန်လည်ရရှိလာကတည်းက သူမ မီးဖိုချောင်လေးထဲတွင် ထူးဆန်းသော အရာအချို့ဖြစ်ပေါ်လာခဲ့သည်။

စားသောက်ကုန် ပါဝင်ပစ္စည်းများကို သူမ မည်မျှပင် ချက်ပြုတ်စားသောက်လိုက်စေကာမူ ဤမီးဖိုချောင်လေးမှာ သူမ ဇွန်ဘီမဖြစ်ခင် ယခင်နေ့က အတိုင်း အမြဲရှိနေတတ်သည်။

သူမ ရေတွက်မရနိုင်အောင် စမ်းသပ်ကြည့်ပြီးသွားခဲ့ပြီဖြစ်သည်။ သန်းခေါင်ယံအချိန် ကျော်လွန်သွားသည်နှင့်တစ်ပြိုင်နက် မီးဖိုချောင်လေးသည် သူ၏ မူလအခြေအနေသို့ ချက်ချင်းပြန်လည်ရောက်ရှိသွားတတ်သည်။

ဤအရာကပင် သူမ အသိစိတ်မလွတ်ဘဲ ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ယခုလောက်အထိ အသက်ရှင်ရပ်တည်နိုင်ခဲ့သည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။

အံ့သြမိသော်လည်း ရှန်းယိုယိုကမူ ဤအခြေအနေကို အေးဆေးစွာလက်ခံလိုက်သည်။

စဉ်းစားကြည့်လေ တစ်ကမ္ဘာလုံး ဇွန်ဘီတွေ ဖုံးလွှမ်းသွားတာတောင် ဖြစ်သေးတာပဲ၊ ဘာကများ မဖြစ်နိုင်စရာ ရှိတော့မှာမို့လို့လဲ။ ရှန်းယိုယိုတစ်ယောက် အလွန်တည်ငြိမ်နေခဲ့သည်။

ခုနကတင် သူမ အတော်လေးပျင်းလာသဖြင့် လွန်ခဲ့သော အချိန်အတန်ကြာက သူမ အာလူးစိုက်ခဲ့သည့် ပန်းခြံထဲသို့ ဆင်းကာ လမ်းလျှောက်ထွက်ခဲ့သေး သည်။ အံ့သြစရာကောင်းသည်မှာ တကယ်ပင် ဆွတ်ခူးစရာများ ရှိနေခဲ့ခြင်းပင်။ သူမ စိုက်ပျိုးခဲ့သည့် အာလူးအတုံးလေး အနည်းငယ်မှ တကယ့်ကို အများကြီး အသီးထွက်နေခဲ့သည်။

ထို့ကြောင့် ရှန်းယိုယို ၎င်းတို့အားလုံးကို တူးဖော်ကာ ပြန်ယူလာခဲ့ခြင်းဖြစ်သည်။

မှောင်မိုက်နေသော ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ရှန်းယိုယို ဘာတွေတွေးနေမှန်း သူမကိုယ်တိုင်ပင် မသေချာတော့ပေ။ အမှန်တကယ်ပင် မြို့တွင်းရှိ လူတိုင်း ဇွန်ဘီဖြစ်သွားကြသောကြောင့် မြို့ကြီးသည် ပုံမှန်လည်ပတ်နေမှု ရပ်ဆိုင်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဧည့်ခန်းထဲတွင် လျှပ်စစ်မီး မရှိတော့ပေ။ အမှန်ဆိုရလျှင် မှော်ဆန်သော မီးဖိုချောင်လေးမှလွဲ၍ အခြားမည်သည့်နေရာတွင်မှ လျှပ်စစ်မီးနှင့် ရေ မရှိတော့ပေ။

မီးဖိုချောင်လေး တစ်ခုတည်းသာ ထိခိုက်မှုမရှိဘဲ ကျန်ရစ်ခဲ့သည်။

သိပ္ပံပညာနှင့် ဆန့်ကျင်နေသော်လည်း ရှန်းယိုယို ထိုအကြောင်းကို သိပ်ပြီးခေါင်းစားမခံချင်တော့ပေ။ ထိုနေရာတွင် မီးရောင်ရှိသောကြောင့် ညဘက်ဆိုလျှင် မီးဖိုချောင်ထဲတွင်ပင် ခေါက်ခုတင်လေး တစ်လုံးချကာ အိပ်လေ့ရှိသည်။

သူမ ဤကဲ့သို့သော ဘဝမျိုးကို တကယ်ကြီးကို ရွံရှာငြီးငွေ့နေပြီဖြစ်သည်။

စကားပြောဆို ဆွေးနွေးစရာ လူဆိုလို့ တစ်ယောက်မှမရှိသဖြင့် အချိန်တွေ ပိုကြာလာပါက လူတွေနှင့် မည်သို့ ဆက်သွယ်ပြောဆိုရမည်ကိုပင် မေ့သွားမည်ကို သူမ စိုးရိမ်မိသည်။

ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့လှမ်းကြည့်လိုက်လျှင် အရာအားလုံးက ကသောင်းကနင်းဖရိုဖရဲဖြစ်နေသည်။

စိမ်းလန်းသော တောင်တန်းများ၊ ကြည်လင်သော ရေပြင်များနှင့် ဆူညံနေသော လူအုပ်ကြီးရှိခဲ့သည့် အတိတ်ကာလများကို သူမ အလွန် လွမ်းဆွတ်တမ်းတမိသည်။ အတိတ်ကိုများပြန်သွားခွင့်ရမည်ဆိုပါက ဘယ်လောက်ကောင်းလိုက်မလဲ။

ဤသို့တွေးတောရင်း ရှန်းယိုယို ခေါက်ခုတင်ပေါ်တွင် လှဲချလိုက်ကာ တဖြည်းဖြည်း အိပ်ပျော်သွားတော့သည်။

သူမ ပုံမှန်အခြေအနေသို့ ပြန်ရောက်ပြီးကတည်းက သူမ ဗိုက်ဆာတတ်လာသလို ပင်ပန်းနွမ်းနယ်မှုကိုလည်း ခံစားလာရသည်။ သူမတွင် လုပ်စရာအလုပ် မရှိသောကြောင့် သူမ၏နေထိုင်မှုပုံစံမှာ အလွန်ကျန်းမာရေးနှင့် ညီညွတ်နေလေသည်။ ပုံမှန်အားဖြင့် ညကိုးနာရီဆိုလျှင် အိပ်မက်ကမ္ဘာထဲသို့ ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည်။

သူမ ခန္ဓာကိုယ်ပေါ်ရှိ ပုံမှန်မဟုတ်သော အလောင်းကွက်အချို့မှလွဲ၍ပေါ့လေ။

သူမသည် သာမန်လူတစ်ယောက်နှင့် ဘာမှ မကွာခြားတော့ပေ။

အိပ်မောကျနေစဉ်အတွင်း ငှက်ကလေးများ၏ တေးသီသံတစ်ပုဒ်ကြောင့် ရှန်းယိုယို နိုးလာခဲ့သည်။

ထိုအသံက သူမ၏ငြိမ်းချမ်းနေသော အိပ်စက်ခြင်းကို အတော်လေးအနှောင့်အယှက်ဖြစ်စေသည်။

ရှန်းယိုယို မှုန်ဝါးနေသော မျက်လုံးများကိုပွတ်သပ်လိုက်ပြီး ထထိုင်ကာ သူမကိုယ် သူမ ရေရွတ်လိုက်သည်။

"အဲ့ဒီ ငှက်အော်သံတွေက ဘယ်ကနေထွက်လာတာလဲဟ၊ ငါ အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်"

အမှန်ပင် မြို့ကြီးကို ဇွန်ဘီများ သိမ်းပိုက်ပြီးကတည်းက ဤကဲ့သို့ စူးရှကြည်လင်ပြီး သာယာသော အသံမျိုးကို ရှန်းယိုယို ပြန်မကြားခဲ့ရတော့ပေ။

သို့သော် သူမ ရောက်ရှိနေသည့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ရှန်းယိုယိုတစ်ယောက် အကြီးအကျယ် ကြောင်တောင်တောင် ဖြစ်သွားတော့သည်။

ကြက်ဥတစ်လုံး အေးဆေးဝင်သွားလောက်သည်အထိ ပါးစပ်ကြီးဟကာ ပတ်ဝန်းကျင်ကို ငေးမောကြည့်နေမိသည်။

ဤနေရာက သက်ကယ်မိုး တဲအိမ်လေးတစ်လုံးနှင့် တူနေသည်။

အခန်းထဲတွင် ကောင်းမွန်သည့် ပရိဘောဂဟူ၍ တစ်ခုမှမရှိဘဲ ကျိုးပဲ့နေသော သစ်သားကုတင်တစ်လုံးနှင့် လေးထောင့်စားပွဲတစ်လုံးသာရှိပြီး အခြားဘာမှ မရှိပေ။

ဤအရာများက သူမ၏အာရုံကို ဖမ်းစားနိုင်ရန် မလုံလောက်သေးပေ။ ရှန်းယိုယို အာရုံများက တံခါးအပြင်ဘက်ရှိ စိမ်းလန်းမှု အရိပ်အယောင်များဆီသို့ အလိုလို ဆွဲငင်သွားခဲ့သည်။

ဖိနပ်စီးရန်ပင် သတိမရတော့ဘဲ ခြေဗလာဖြင့် အပြင်သို့ပြေးထွက်သွားခဲ့သည်။

တဲအိမ်လေးထဲမှ အပြင်သို့ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တောက်ပလင်းလက်နေသော နေရောင်ခြည်ကြောင့် မျက်စိများပင်ပြာဝေသွားခဲ့သည်။

နေရောင်ခြည်လား။

ရှန်းယိုယို မပြုံးဘဲ မနေနိုင်တော့ပေ။ ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက ကောင်းကင်ယံတွင် ဤမျှ သန့်စင်ပြီး တောက်ပသော နေရောင်ခြည်မျိုးကို ထပ်မတွေ့ခဲ့ရတော့ပေ။ ကမ္ဘာကြီးကို မြူခိုးတွေ ဖုံးလွှမ်းထားသကဲ့သို့ တစ်နေ့လုံး မီးခိုးရောင်သမ်းနေတတ်သည်။

မျက်စိသူငယ်အိမ် အလင်းရောင်နှင့် အသားကျသွားသည်နှင့် ရှန်းယိုယို မျက်လုံးဖွင့်လိုက်ရာ အစိမ်းရောင် ဖုံးလွှမ်းနေသော တောင်တန်းများနှင့် လယ်ကွင်းများကို မြင်လိုက်ရပြီး သူမတစ်ယောက် ပျော်လွန်းလို့အူမြူးသွားရတော့သည်။

သူမ အိပ်မက်များ မက်နေတာလား။

ဒီအိပ်မက်က တကယ်အမိုက်စားကြီးပဲ။ နောက်ဆုံးတော့ သူမ ပုံမှန်ကမ္ဘာကြီးကို ပြန်မြင်တွေ့လိုက်ရပြီလေ။

စိမ်းလန်းတဲ့ တောင်တန်းတွေရယ်၊ နေရောင်ခြည်ရယ်၊ စိမ်းစိုနေတဲ့ သစ်တောတွေရယ်၊ ဝူးဝူးဝူး၊ ရှန်းယိုယိုတစ်ယောက် အရမ်းဝမ်းသာလွန်းလို့ ငိုတောင်ငိုချင်လာသည်။

သစ်တောထဲတွင် လွတ်လပ်ပေါ့ပါးစွာ အခေါက်ပေါင်းမြောက်မြားစွာ ပြေးလွှားပြီးနောက် နောက်ဆုံးတွင်တော့ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်သွားကာ မြက်ခင်းပေါ်သို့ ပုံကျသွားတော့သည်။

မြက်ခင်းစိမ်းစိမ်းလေးများ၏ရနံ့များအပြည့် ပါဝင်နေသော လတ်ဆတ်သည့် လေကောင်းလေသန့်များကို သူမ လွတ်လပ်စွာရှူရှိုက်လိုက်သည်။

ရှန်းယိုယိုတစ်ယောက် အလွန်ပျော်ရွှင်နေလေသည်။

သူမ ဇိမ်ယူအနားယူနေစဉ်မှာပင် အသံတစ်သံက သူမ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

【Host အနေနဲ့ ကမ္ဘာပျက်ကပ်ကြီးကနေ အောင်မြင်စွာလွတ်မြောက်လာပြီး စိုက်ပျိုးမွေးမြူရေးဝတ္ထုကမ္ဘာငယ်လေးကို ဖွင့်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီကမ္ဘာမှာ ရှင်သန်နိုင်ဖို့အတွက် ကိုယ့်အစွမ်းအစကိုပဲ အားကိုးပါနော်။】

ရှန်းယိုယို : "???"

ဘာအဓိပ္ပာယ်ကြီးလဲ 

သူမ ခုလေးတင် ယုံကြည်နိုင်စရာမရှိတဲ့ အရာတစ်ခုခုကို ကြားလိုက်ရတာလား။

စကားမပြောရသည်မှာ အတော်ကြာပြီဖြစ်သော ရှန်းယိုယိုကမူ လည်ချောင်းရှင်းလိုက်ပြီး စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

"ဟယ်လို"

"အဲ့မှာ ရှိနေတာလား"

"ခုနက ပြောသွားတာ ဘာသဘောလဲဟင်"

"ဟေ့၊ ဟယ်လို"

သို့သော်လည်း ရှန်းယိုယို မည်မျှပင် မေးမြန်းနေစေကာမူ ထိုအသံက နောက်ထပ် ထွက်ပေါ်လာခြင်းမရှိတော့ပေ။

လန့်ဖြတ်သွားပြီး သူမ ချက်ချင်းကုန်းထိုင်လိုက်သည်။

ထိုအချိန်ကျမှသာ သူမ လက်များက တကယ်ကြီး သန့်ရှင်းနေမှန်း သူမ သတိပြုမိသွားသည်။ သူမ အင်္ကျီလက်ကို ပင့်တင်လိုက်ရာ လက်မောင်းများကလည်း ထိုအတိုင်းပင် ပြာနှမ်းနှမ်း အရောင်အဆင်းတစ်စက်ကလေးမျှမရှိဘဲ သန့်စင်နေလေသည်။

ဒါက

သူမ၏အလောင်းကွက်များက တကယ်ကြီးပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက အနည်းငယ်လွဲချော်နေသလို သူမ သတိထားမိလိုက်သည်။ အနီးအနားတွင် မြစ်တစ်စင်းရှိနေ သည်ကို မြင်လိုက်ရသဖြင့် သူမ ချက်ချင်းပြေးသွားကာ မြစ်ရေပြင်မှတစ်ဆင့် ကမ်းစပ်တွင် ရပ်နေသော သူမကိုယ် သူမ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

ဒီလူက သူမနှင့် ချွတ်စွတ်တူနေသည်ပင်။

သို့သော် ဝတ်ဆင်ထားပုံက အနည်းငယ်ထူးဆန်းနေသည်။ ရှေးခေတ်က လူတစ်ယောက်၏အဝတ်အစားနှင့် တူနေသည်။

သူမ ကြောင်တောင်တောင်ဖြစ်နေစဉ် အနီးအနားမှ လန့်ဖြတ်နေသည့် အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မမယိုယို၊ မလှုပ်နဲ့နော်၊ သား ဦးလေးကို သွားခေါ်လိုက်ဦးမယ်"

အသံကြားလိုက်ရသဖြင့် ရှန်းယိုယို ဗီဇအတိုင်း လှည့်ကြည့်လိုက်ရာ ကြောက်လန့်တကြားဖြစ်နေသည့် လမ်းလျှောက်တတ်စအရွယ် ကလေးငယ်နှစ်ဦးကို တွေ့လိုက်ရသည်။ တစ်ယောက်က အဝေးသို့ပြေးထွက်သွားပြီး ကျန်တစ်ယောက်ကမူ တိုတိုလုံးလုံး ခြေထောက်လေးများဖြင့် သူမဆီသို့ ပြေးလာနေလေသည်။

ကလေးငယ်လေး ရှန်းယိုယိုအနားသို့ ရောက်လာသောအခါ သူမ၏အင်္ကျီလက်ကို ဆွဲကိုင်ကာ ငိုယိုအော်ဟစ်ရင်း အပေါ်သို့ အတင်းဆွဲတင်ရန် ကြိုးစားနေလေသည်။

"မမယိုယို၊ ကျေးဇူးပြုပြီး မသေပါနဲ့နော်၊ မမသာ သေသွားရင် အရသာရှိတဲ့ အစားအသောက်တွေ စားရတော့မှာ မဟုတ်ဘူး၊ မမကို ငတုံးလို့ ခေါ်တဲ့လူတွေကမှ တကယ့်ငတုံးတွေပါ၊ မမယိုယိုက နည်းနည်းလေးမှ မတုံးပါဘူး"

ဘာတွေဖြစ်နေမှန်း ရှန်းယိုယို ခေါင်းထဲမရှင်းလင်းရသေးခင်မှာပင် သူမ နောက်ကျောဘက်မှ အားကောင်းသော ဆွဲငင်အားတစ်ခုကိုရုတ်တရက် ခံစားလိုက်ရပြီး သူမအား မြစ်ကမ်းဘေးမှ အဝေးသို့ဆွဲခေါ်သွားတော့သည်။

 Chapter 2

သူမသတိပြန်ဝင်လာချိန်၌ မြစ်ကမ်းဘေးမှ အလှမ်းဝေးလှသော မြေလမ်းတစ်ခုပေါ်သို့ ဆွဲခေါ်ခံထားရပြီးဖြစ်သည်။

မော့ယန်က စိုးရိမ်တကြီးနှင့် 

"ရှန်းယိုယို၊ ဘာလုပ်နေတာလဲ၊ မြစ်ကမ်းဘေးက အန္တရာယ်များတယ်ဆိုတာ မသိဘူးလား၊ ထွမ်ဇီသာ အချိန်မီ လာမပြောရင် ရေထဲကျပြီး သေသွားပြီဆိုတာ သိလား"

ဤသို့ပြောပြီးနောက် ရှန်းယိုယို၏ကြောင်အမ်းအမ်းနှင့် အတုံးအအပုံစံကို မြင်လိုက်ရမှပင် မော့ယန်တစ်ယောက် သူမသည် သူပြောသည့်စကားများကိုပင် နားလည်မည်မဟုတ်ကြောင်း သတိရသွားသည်။

စိတ်ဓာတ်အနည်းငယ် ကျသွားကာ သူ မိမိဘာသာ 

'ထားပါတော့၊ ဘာမှလည်း နားလည်တာမဟုတ်ဘဲနဲ့ ငါက ဘာလို့များ စိတ်တိုနေရတာလဲ'

ရှန်းယိုယိုဘက်တွင်မူ ဤအချိန်၌ အနည်းငယ် ရူးကြောင်ကြောင်ဖြစ်နေခဲ့ပြီဖြစ်သည်။

သူမရှေ့ရှိ လူက သူမအား ဆွဲခေါ်မလာမီကမှ သူမ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည့် အသံနှင့်ပတ်သက်၍ မည်သည်ကိုမျှ သူမ စဉ်းစားမရသေးပေ။

ယခုမူ သူမဘေးနားရှိ အသက်ဝင်နေသော ဤလူသုံးဦးကိုမြင်လိုက်ရသောအခါ 

လူကြီးတစ်ဦးနှင့် ကလေးနှစ်ဦး  á€žá€°á€™ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

'ဘုရားရေ၊ ဒါ လူတွေပဲ၊ အသက်ရှူနေတဲ့ တကယ့်လူသားတွေပဲ၊ ဇွန်ဘီတွေ မဟုတ်ဘူး၊ သူတို့က စကားပြောနိုင်တယ်၊ ငိုနိုင်တယ်၊ စိတ်ဆိုးနိုင်ကြတယ်၊ နောက်ဆုံးတော့ သူမရဲ့ အမျိုးတွေကို ပြန်တွေ့ရပြီ၊ ဝူးဝူးဝူး'

ရှန်းယိုယို မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များဝဲလာခဲ့သည်။ ရှိုက်ငိုနေရင်းပင် သူမသည် ထိုဖက်ထုပ်လုံးလေး 2 လုံးကို လှမ်း၍ ထိတွေ့ကာ ပွတ်သပ်လိုက်လေသည်။

သူမသည် ဆယ့်ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်သာရှိသေးပုံရသော ကောင်လေး၏မျက်နှာကိုပင် လှမ်း၍ တို့ထိလိုက်သေးသည်။

အထိအတွေ့က တကယ်ကိုအံ့ဩစရာကောင်းလှသည်။ နူးညံ့ပြီး ပျော့ပျောင်းနေသည်။

ဤကဲ့သို့သော ငတုံးမလေးရှန်းယိုယို၏ ရုတ်တရက် တိုက်ခိုက်မှုကို မမျှော်လင့်ထားခဲ့သော မော့ယန်မှာ သူမ၏ အောင်မြင်သော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုအပြီးတွင် အတန်ငယ် အလန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့သည်။ သူ အံ့ဩသွားသည်။

'ဘာလဲ၊ သူမ ဘာဖြစ်နေတာလဲ ဘာလို့ ဒီနေ့မှ ထူးဆန်းနေရတာလဲ'

သူမ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်ကို မြင်ချိန် မော့ယန် အလွန်တရာ ထူးဆန်းသည်ဟု ခံစားနေရသည်။

ကလေးငယ်နှစ်ဦးကိုဆွဲခေါ်ရင်း သူနှင့် သီးသန့်ဘေးကင်းသော အကွာအဝေးတစ်ခုကို ထိန်းထားလိုက်သည်။

သူ့ရင်ထဲတွင်လည်း သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။

'ဘာကြောင့်များ ဒီရှန်းမိသားစုရဲ့ငတုံးသမီးလေးက ဒီနေ့မှ ဒီလောက်တောင်ထူးဆန်းနေရတာလဲ။ ဗိုက်ဆာနေလို့များလား'

လွန်ခဲ့တဲ့ နှစ်ရက်အတွင်းက အဒေါ်ကြီးရှန်း တောင်ပေါ်တက်လာပြီး သူမကို အစားအသောက် လာပို့တာ မတွေ့ရသလိုပဲ။

ဤသို့ စဉ်းစားမိရင်း မော့ယန် ကုန်းထောက်လိုက်ကာ အနီးရှိကလေးငယ်လေးအား 

"ထွမ်ဇီ၊ တို့တွေ မနက်စာ စားပြီး ကျန်ခဲ့တဲ့ ကြက်ခြေထောက်ကို သွားယူခဲ့ပါဦး"

သူ့ဦးလေး၏ညွှန်ကြားချက်ကို ကြားလိုက်ရသဖြင့် ထွမ်ဇီ ဤငတုံးမမနှင့် ကြက်ခြေထောက်ကို မျှဝေစားသုံးရန် အနည်းငယ်နှမြောသော်လည်း သူမက သူတို့ထက်ပင် ပိုသနားစရာကောင်းနေသည်ဟု ထင်ရသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

သူတို့ နေထိုင်ရာ သက်ကယ်မိုးတဲအိမ်လေးဆီသို့ အပြေးအလွှားသွားလိုက်သည်။

ခဏကြာတော့ ထွမ်ဇီတစ်ယောက် ကြက်ခြေထောက် တစ်ချောင်းကိုင်ကာ ပြန်ပြေးလာခဲ့သည်။

သူ့ဦးလေးအား လှမ်းပေးလိုက်သည်။ မော့ယန် ကြက်ခြေထောက်ကို ယူလိုက်ပြီး ရှန်းယိုယိုအား စမ်းသပ်သည့်အနေဖြင့် ကမ်းပေးကာ 

"ဗိုက်ဆာနေပြီလား၊ ဒါ မင်းစားဖို့၊ ဒီကြားထဲ အဒေါ်ကြီးရှန်း ငါတို့အပေါ် ဂရုစိုက်ပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လို့ သဘောထားလိုက်ပါ"

ကြက်ခြေထောက်ကို မြှောက်ကိုင်ကာ ဗိုက်ဆာနေသလားဟု မေးနေသည့် လူငယ်လေးကိုကြည့်ရင်း ရှန်းယိုယိုတစ်ယောက် ဇွန်ဘီမရှိတော့သည့် နေရာတစ်ခုသို့ သူမ အမှန်ပင် ကူးပြောင်းရောက်ရှိလာပြီဆိုသည်ကို နောက်ဆုံးတွင် ယုံကြည်သွားတော့သည်။ သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရသည်မှာ ရှေးခေတ်ကလား 

သူမ၏စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး 


ရှန်းယိုယို "အို၊ မလိုပါဘူး၊ ငါ မဆာပါဘူး၊ နင်တို့ရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်"

သူမ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် မထင်မှတ်ဘဲ လူငယ်လေး၏မျက်နှာအမူအရာက ပိုအံ့ဩသွားခဲ့သည်။ သူ မယုံကြည်နိုင်သော အကြည့်ဖြင့် 

"မင်း... မင်း အခု မတုံးတော့ဘူးလား"

မော့ယန် တကယ် အံ့ဩသွားခဲ့သည်။ ဤနေရာတွင် တစ်လကျော်ကြာအောင် နေထိုင်လာခဲ့ရာတွင် သူ အများဆုံးကြားခဲ့ရသည့် ကောလဟာလမှာ ဤရှန်းကျားရွာမှ ငတုံးမလေးအကြောင်းပင်။

ထို့ပြင် တောင်ပေါ်တွင် ဤရက်ပိုင်းများအတွင်း နေထိုင်ရင်း သူမအကြောင်းကို သူ အမှန်တကယ် နားလည်မှုအချို့ ရရှိခဲ့သည်။

သူမက လုံးဝဥဿုံ ငတုံးဖြစ်နေခြင်းတော့ မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျနေရုံသာ။ သူမ အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ် ရှိပြီဖြစ်သော်လည်း သူမ၏ဉာဏ်ရည်မှာ ထွမ်ဇီနှင့် ယွမ်ဇီတို့နှင့် တူညီနေသည်။ ထို့ကြောင့်ပင် သူမ ယခုလေးတင်ပြောလိုက်သည့် အဓိပ္ပာယ်ရှိသော စကားများကြောင့် သူ အံ့အားသင့်သွားရခြင်းဖြစ်သည်။

ရှန်းယိုယို ဦးနှောက်မှာ လက်ရှိတွင် ဆန်ပြုတ်အိုးကြီးကဲ့သို့ ရှုပ်ထွေးနေသည်။ သူ မေးသည်ကို ကြားလိုက်ရသဖြင့် သူမ ချက်ချင်းအပြစ်ရှိသလို ခံစားသွားရကာ ထိုနေရာတွင် အကြောင်းပြချက်တစ်ခုရှာလိုက်သည် 

"ငါ... ငါ မမှတ်မိတော့ဘူး၊ တောင်းပန်ပါတယ်၊ ငါ အိမ်ပြန်တော့မယ်"

ထို့နောက် သူမ၏သက်ကယ်မိုး တဲအိမ်လေးဆီသို့ အခွင့်အရေးယူကာ ပြေးဝင်သွားတော့သည်။

အလန့်တကြားဖြင့် ကျန်ရစ်ခဲ့သော လူကြီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးကို ချန်ထားရစ်လျက်ပေါ့။

ယွမ်ဇီ သူမ၏မျက်လုံးကြီးများကို ပတ္တမြားကဲ့သို့ တဖိတ်ဖိတ်ခတ်ကာ သိလိုစိတ်ဖြင့် 

"မမယိုယို ပုံမှန်ဖြစ်သွားတာလား၊ နောက်ဆိုရင် ယွမ်ဇီနဲ့ အတူတူ ဆော့လို့ရဦးမှာလား"

မော့ယန်က သူလည်း မသိပါဟူသောအမူအရာဖြင့် ခေါင်းယမ်းပြလိုက်ပြီးနောက် ကလေးငယ်နှစ်ဦးကိုခေါ်ကာ သူတို့အိမ်သို့ ပြန်သွားခဲ့သည်။

သူမ၏ ပြိုလဲနေသော သက်ကယ်မိုး တဲအိမ်လေးထဲသို့ ပြန်ရောက်လာချိန်တွင် ရှန်းယိုယို ရင်ထဲတွင် အနည်းငယ် တုန်လှုပ်လှုပ်ရှားနေဆဲပင်။

'သူမ... ကမ္ဘာပျက်ကပ်ကြီးကနေ လွတ်မြောက်လာခဲ့ပြီလား'

'သူမ... ပုံမှန်လူတစ်ယောက် ဖြစ်သွားပြီလား'

ထိုလူ ပြောသွားသည်များကို ထောက်ရှုရပါက သူမကို ရှန်းယိုယိုဟုပင် ဆက်ခေါ်နေဆဲဖြစ်သော်လည်း ယခင်က သူမက ငတုံးတစ်ယောက် ဖြစ်နေခဲ့တာလား။

ကောင်းပြီလေ၊ ဒါလည်း အဆင်ပြေပါတယ်။ ဒီလိုဆိုရင် ဘယ်သူမှ သူမမှာ တစ်ခုခုမှားနေတယ်လို့ သံသယဝင်ကြတော့မှာ မဟုတ်ဘူး၊ အများဆုံးတော့ ငတုံးမလေး ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားတာပဲ ဖြစ်မှာပေါ့။

သူမတော့ မသိပေ။ ဟိုကောင်လေးနဲ့ ကလေးနှစ်ယောက်က ဘယ်သူတွေလဲ၊ ဘာကြောင့်များ သူမလိုပဲ ဒီတောင်ပေါ်မှာ လာနေနေကြတာလဲ။

ဒါဆို သူမမှာ မိသားစု မရှိတော့ဘူးလား ကောင်လေးပြောတဲ့ အဒေါ်ကြီးရှန်းဆိုတာ ဘယ်သူလဲ။

သူမနဲ့ ဘာတော်လဲ။

ဒါတွေ အားလုံးက ဘာတွေလဲ။

သံသယတွေ အများကြီးရှိပြီး အနာဂတ်က မသေချာပေမဲ့ ရှန်းယိုယိုကတော့ အရမ်းပျော်နေတုန်းပါပဲ။ သူမ နောက်ဆုံးတော့ ပုံမှန်လူလိုနေလို့ရပြီပေါ့။

ဒါက သူမ အကြာကြီးမျှော်လင့်ခဲ့ရတဲ့အရာဖြစ်ပြီး အခုတော့ တကယ်ဖြစ်လာပါပြီ။

ရှန်းယိုယို ဒီလိုပြန်ရှင်သန်ခွင့်ရတာကို ရင်ထဲကနေ တန်ဖိုးထားပါတယ်။

အလဟဿ အတွေးပေါင်းများစွာ တွေးတောနေပြီးနောက် သူမ ဗိုက်ထဲမှ အူသံမြည်လာသည်ကို ခံစားလိုက်ရသည်။

သက်ကယ်မိုး တဲအိမ်လေးတစ်ဝိုက်ကို လှည့်ပတ်ကြည့်လိုက်ရာ ဤနေရာတွင် ဘာမှ မရှိသည်ကိုတွေ့လိုက်ရသည်။

ဒါက

ဒီရှန်းယိုယိုက ပုံမှန်ဆိုရင် ဘယ်လိုစားသောက်နေခဲ့တာလဲ။

သက်ကယ်မိုး တဲအိမ်လေးထဲမှ ထွက်လာပြီးနောက် အနီးအနားရှိ ယာယီစတိုခန်းလေးထဲတွင် ရိုးရိုးအိုးတစ်လုံးနှင့် အနားစွန်းကွဲနေသော ပန်းကန်လုံး တစ်လုံးကို တွေ့လိုက်ရသည်။

ဘုရားရေ၊ ဒါက ဟင်းချက်လို့ရမယ့် နေရာနဲ့တောင် လုံးဝမတူပါလား။

သက်ကယ်မိုး တဲအိမ်လေးထဲတွင် အချိန်အကြာကြီးစိတ်ဓာတ်ကျနေပြီးနောက် ရှန်းယိုယို တစ်ခုသော အမှန်တရားကို လက်ခံလိုက်ရတော့သည်။

ကမ္ဘာပျက်ကပ်ကြီးကနေ လွတ်မြောက်လာခဲ့သော်လည်း သူမ၏လက်ရှိအခြေအနေက ထိုစဥ်ကထက်တောင် ပိုဆိုးနေသေးသည်။ အဲ့ဒီတုန်းကဆိုရင် အနည်းဆုံးတော့ သူမမှာ စားသောက်ဖို့ အာမခံချက်ရှိတဲ့ မီးဖိုချောင်ငယ်လေးတစ်ခုတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ သူမမှာ ဘာမှမရှိတော့ဘူး၊ ဒီကမ္ဘာကရှန်းယိုယိုမှာ တကယ့်ကို ဆင်းရဲသားတစ်ယောက်ဖြစ်နေသည်။

ဤအချိန်တွင် ကောင်းကင်ယံမှာ တဖြည်းဖြည်းမှောင်လာခဲ့ပြီဖြစ်သည်။

အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် ရှန်းယိုယိုသည် သူမ၏တစ်ဦးတည်းသော အိမ်နီးချင်းဖြစ်သည့် ဟိုရှေ့က လူငယ်လေးဆီသို့ အကူအညီ တောင်းရန်သွားရတော့သည်။

လေတိုးသံများထွက်နေသော တံခါးရွက်ကို ခေါက်လိုက်ရာ မကြာမီမှာပင် အတွင်းဘက်မှ အသံထွက်လာခဲ့သည် 

"လာပြီ"

တံခါးကို ဖွင့်လိုက်ပြီးနောက် လာရောက်သူမှာ ရှန်းယိုယိုဖြစ်နေမှန်း မော့ယန် တွေ့လိုက်ရသည်။ သူမ၏လက်ရှိအခြေအနေက မည်သို့ရှိနေသည်ကို သူ မခန့်မှန်းနိုင်တော့သဖြင့် 

"ရှန်းယိုယိုလား၊ ဘာ... ဘာလာလုပ်တာလဲ"

"ငါ့... ငါ့ရဲ့ မှတ်ဉာဏ်တွေ နည်းနည်း ရှုပ်ထွေးနေပြီး အရာတော်တော်များများကို မမှတ်မိတော့ဘူး၊ ဒီနားမှာ နင်တို့မိသားစုပဲ ရှိတာကို တွေ့လို့ တစ်ချို့ကိစ္စတွေ မေးချင်လို့ပါ"

ရှန်းယိုယိုလည်း အနည်းငယ်အားနာသွားမိသည်။ သူမ ရောက်လာချိန်က သင့်တော်သည့် အချိန်မဟုတ်ပုံရပေသည်၊ အခန်းထဲမှ ထွက်လာသည့် ကြက်စွပ်ပြုတ်၏မွှေးရနံ့ကို သူမ ရလိုက်သည်။

၎င်းတို့ ညစာ စားနေကြသည်။

သူမ ခဏနေမှ ပြန်လာခဲ့မယ်လို့ ပြောတော့မည့်ဆဲဆဲမှာပင် 

မက်မောစရာကောင်းသည်မှာ သူမ ရှေ့မှ လူငယ်လေးက နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ 

"အပြင်က မှောင်နေပြီ၊ ဝင်ခဲ့ပြီးမှ ပြောကြတာပေါ့"

ထို့ကြောင့် ရှန်းယိုယိုသည် မော့ယန်၏အိမ်ထဲသို့ ဖိတ်ကြားခံရကာ ဝင်သွားခဲ့သည်။ ၎င်းလည်း သက်ကယ်မိုး တဲအိမ်လေးပင် ဖြစ်သော်လည်း သူ၏ အိမ်က သူမအိမ်ထက် ပိုကြီးမားပြီး ပရိဘောဂများလည်း ပိုစုံလင်သည်။ အရာရာတိုင်းက အင်မတန်ဟောင်းနွမ်းနေသော်လည်း ဤလူငယ်လေးသည် ပိုမိုကောင်းမွန်သော ဘဝတစ်ခုကိုဖန်တီးရန် ကြိုးစားလုပ်ကိုင်နေဆဲဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသာနေသည်။

တစ်ချက်ကြည့်ရုံဖြင့် ယာယီခိုကိုးရာနေရာတစ်ခုကဲ့သို့ဖြစ်နေသည့် သူမ၏ နေရာနှင့် မတူပေ။

အစောပိုင်းက ချစ်စရာကောင်းသော ကလေးနှစ်ဦးမှာ လက်ရှိတွင် ကြက်ခြေထောက်ကိုယ်စီကိုက်ရင်း စားသောက်နေကြသည်။ ရှန်းယိုယို ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ယွမ်ဇီက 

"မမယိုယို ရောက်လာပြီ၊ ယွမ်ယွမ်က အသားတွေ နည်းနည်းဝေပေးမယ်နော်"

ရှန်းယိုယို စကားမပြောရသေးမီမှာပင် မော့ယန်က  

"မင်းတို့ဘာသာ စားကြ၊ ဦးလေး မမယိုယိုအတွက် ပန်းကန်တစ်လုံး ထပ်သွားယူလိုက်ဦးမယ်"

 Chapter 3

ရှန်းယိုယို မျက်နှာလေး ရဲသွားကာ ယွမ်ဇီ၏စေတနာကို အလျင်အမြန် ငြင်းဆန်လိုက်သည်။

ရှန်းယိုယို "ယွမ်ဇီ၊ သမီးဘာသာ သမီးစားပါ၊ မမ မဆာသေးလို့ပါ"

နောက်နေတာလား၊ သူမ လူမဖြစ်ခဲ့တာ ကြာပြီဆိုပေမဲ့လည်း ကလေးဆီကနေ အစားအသောက်လုစားရလောက်အောင်ထိတော့ အရှက်မမဲ့ပါဘူး။

ထိုင်ပြီးနောက်တွင် မော့ရန် သူမ စကားများကို လျစ်လျူရှုလိုက်သည်။ သူ ကြက်စွပ်ပြုတ် တစ်ပန်းကန်ကို တိုက်ရိုက်ခပ်လိုက်ပြီး ၎င်းထဲသို့ ကြက်သားအနည်းငယ် ထည့်ကာ ရှန်းယိုယိုထံသို့ ကမ်းပေးလိုက်သည်

မော့ရန် "မြန်မြန်စားလိုက်ပါ၊ အားနာနေစရာမလိုပါဘူး၊ ဒီရက်ပိုင်း အဒေါ်ကြီးရှန်း တောင်ပေါ်တက်မလာဘူးလား၊ သူ့ကို မတွေ့မိသလိုပဲ"

ပန်းကန်လုံးကိုကိုင်ထားရင်း ရှန်းယိုယို အပြစ်ရှိသလို ခံစားချက်နှင့် သူ့ မေးခွန်းကို ဖြေလိုက်သည်။

ရှန်းယိုယို "ငါလည်း မသိဘူး၊ တကယ်တော့ မင်းကို မေးမလို့ပဲ၊ ငါ ဘာလို့ ဒီတောင်ပေါ်မှာ တစ်ယောက်တည်းနေနေရတာလဲ၊ ပြီးတော့ ငါ့နေရာမှာ မီးမွှေးထားတဲ့ပုံစံမျိုးလည်း တစ်ခါမှ မတွေ့ဘူး၊ ပုံမှန်ဆို ငါ ဘယ်လိုစားသောက်လဲ၊ ငါ ဘာတစ်ခုမှကို မမှတ်မိတော့ဘူး"

သူမ စကားများကို ကြားပြီး သူမ၏အပြစ်ကင်းစင်သော အကြည့်များကို မြင်လိုက်ရသောအခါ မော့ရန် နောက်ဆုံးတွင် သူမ တကယ်အတိတ်မေ့နေသည်ကို ယုံကြည်သွားတော့သည်။

သို့သော်လည်း စဉ်းစားကြည့်မည်ဆိုပါက ၎င်းမှာ အတော်လေးပုံမှန်ဖြစ်နေသည်။

သူမ အရင်က ဘာမှနားမလည်သည့် ငတုံးမလေးတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်နှင့် ဘာမှမကွာခြားပေ။ ရုတ်တရက် ပုံမှန်လူတစ်ယောက် ဖြစ်လာပြီး သူမ ယခင်မှတ်ဉာဏ်များ ပျောက်ဆုံးသွားခြင်းမှာ ဖြစ်နိုင်ခြေရှိပုံရသည်။

သို့ဖြစ်၍ မော့ရန် သူမနှင့်ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ပြန်ပြောပြလေသည်။

သေချာသည်မှာ သူလည်း ဤနေရာသို့ ရောက်သည်မှာ မကြာသေးသဖြင့် အခြားသူများထံမှ ကြားခဲ့ရခြင်းဖြစ်သည်။

တကယ်တော့ ရှန်းယိုယိုသည် တောင်ခြေရှိ ရှန်းကျားရွာမှ အဘိုးကြီးရှန်းမိသားစုရှိ ဒုတိယသားဖြစ်သူ၏သမီးဖြစ်သည်။ အသက်သုံးနှစ်အရွယ်တွင် အဖျားကြီးပြီး ဦးနှောက်ကို ထိခိုက်သွားကာ ဉာဏ်ရည်ချို့တဲ့သွားခဲ့သည်ဟုဆိုကြသည်။ သူမ ခန္ဓာကိုယ်က ဆက်လက်ကြီးထွားလာသော်လည်း သူမ၏ စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာ သုံးနှစ်အရွယ် ကလေးတစ်ဦးကဲ့သို့သာရှိနေခဲ့သည်။

ထို့နောက် နှစ်နှစ်အကြာတွင် သားအကြီးဆုံး၏ သားလေးမွေးဖွားလာခဲ့သည်။ ၎င်းမှာအမြဲတမ်း ဖျားနာနေတတ်သဖြင့် အဖွားအိုရှန်းက သရဲပူးနေသလား သို့မဟုတ် တစ်ခုခုဖြစ်နေသလားဟူ၍ ဆရာတစ်ဦးကို အထူးတလည် ပင့်ဖိတ်ကာ ပြသခဲ့ရသည်။

ထိုဆရာက သားအကြီးဆုံး၏အဖိုးတန်သားလေး အမြဲဖျားနာနေရခြင်းမှာ ရှန်းယိုယို ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ပြောလိမ့်မည်ဟု မည်သူ ထင်ထားမည် နည်း။ သူမ၏ကံကြမ္မာက သူနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် ကလေးကိုကျန်းမာစေချင်ပါက ဤငတုံးမလေးကိုစွန့်ပစ်ပြီး ရှန်းမိသားစုထဲတွင် ပေးမနေရန် သူက အခိုင်အမာပြောဆိုခဲ့သည်။

ထိုအချိန်က အဖွားအိုရှန်းမှာ ရှန်းယိုယိုကို ရောင်းစားရန်စီစဉ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမသ် ငတုံးမလေးတစ်ယောက်သာဖြစ်ပြီး အိမ်တွင် ကျွေးမွေးထားခြင်းက ထမင်းဖြုန်းခြင်းသာ။

ရှန်းယိုယို မိခင်ကသာ သူမကို အသေအလဲကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အဖွားအိုရှန်း၏ရှန်းမိသားစုအိမ်တွင် ပေးမနေဆိုသည့် တောင်းဆိုချက်ကိုမူ သူမ သဘောတူခဲ့ရသည်။ ထို့နောက် ရှန်းမိဘများက ဤတောင်ပေါ်တွင် သူမအတွက် သက်ကယ်မိုးတဲအိမ်လေးတစ်လုံး ဆောက်ပေးကာ သူမကို ဤနေရာတွင် တစ်ယောက်တည်း နေခိုင်းခဲ့သည်။

အမေရှန်းကနေ့စဉ် တောင်ပေါ်သို့ တစ်နေ့တစ်ကြိမ် အစားအသောက် လာပို့ပေးတတ်သည်။

ဤနည်းဖြင့် ရှန်းယိုယို တစ်ဖြည်းဖြည်းကြီးပြင်းလာခဲ့သည်။

အံ့သြစရာကောင်းသည်မှာ ရှန်းယိုယိုတောင်ပေါ်သို့ ရောက်သွားကတည်းက သားအကြီးဆုံး၏အဖိုးတန်သားလေးမှာ အမှန်ပင် ဖျားနာခြင်းမရှိတော့ပေ။

ထို့ကြောင့် ရှန်းမိသားစုမှ လူတိုင်းက ထိုဆရာပြောခဲ့သည်ကို ပိုယုံကြည်သွားကြပြီး ရှန်းယိုယိုအား နိမိတ်မကောင်းသည့် ကံဆိုးမလေးအဖြစ် ဆက်ဆံကြတော့သည်။

သူမအား ရှန်းမိသားစုထံသို့ ပြန်လာခွင့်မပြုခဲ့ပေ။

ရှန်းမိသားစု၏ဒုတိယအိမ်ခွဲက သူတို့သမီးအတွက် စိတ်မကောင်းဖြစ်ရသော်လည်း ထိုဇနီးမောင်နှံမှာ အလွန်အားနည်းပြီး မိခင်ရှန်းအား မဆန့်ကျင်ရဲကြပေ။ ထို့ကြောင့် ၎င်းတို့၏အရင်းအခေါက် သမီးလေးကို တောင်ပေါ်တွင်သာထားခဲ့ကြရသည်။ သူမ ကံကောင်း၍လားမသိ၊ ဤနှစ်များတစ်လျှောက်လုံး အမှန်ပင် အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။

မော့ရန် ထွမ်းဇီနှင့်ယွမ်ဇီတို့အား ဤတောင်ပေါ်သို့ ခေါ်မလာမီအချိန်အထိပင်။ အကြောင်းရင်းကို မသိရသော်လည်း သူတို့လည်း ဤနေရာတွင် အခြေချ နေထိုင်ခဲ့ကြသည်။

ထိုအချိန်မှစ၍သာ ရှန်းယိုယိုတွင် အိမ်နီးချင်းများ စတင်ရှိလာခဲ့သည်။

လုပ်စရာမရှိသည့်အခါ သူမသည် ဤလမ်းလျှောက်တတ်စ ကလေးငယ်နှစ်ဦးနှင့် ဆော့ကစားလေ့ရှိသည်။

သူမ အနည်းငယ် ဉာဏ်နည်းရုံသာဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက်မရှိသည်ကို မြင်သောကြောင့် မော့ရန် ကလေးငယ်နှစ်ဦးအား ကစားဖော်ရစေရန် ခွင့်ပြုပေးခဲ့သည်။

တစ်နေ့တွင် ဤငတုံးမလေးက ရုတ်တရက် မတုံးတော့ဘဲ ပုံမှန်ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိခြင်းသာ။

ထို့အပြင် တောင်အောက်ရှိ ရှန်းမိသားစုတွင် ဘာတွေဖြစ်နေသည်ကို သူ မသိသော်လည်း သူတို့ သူမထံ အစားအသောက် လာမပို့သည်မှာ နှစ်ရက်ပင် ရှိသွားခဲ့ပြီဖြစ်သည်။

မော့ရန် စကားများကို နားထောင်ပြီးနောက် ရှန်းယိုယိုတိတ်ဆိတ်သွားခဲ့သည်။ ဤလူက တကယ်ကို သနားစရာကောင်းလှသည်။ ကမ္ဘာပျက်ကပ်ကြီးထဲက သူမထက်ပင် ပိုဆိုးရွားနေသေးသည်။ အနည်းဆုံးတော့ သူမ ထိုစဉ်က ဗိုက်မဆာခဲ့ရပေ။

သူမ လက်ထဲရှိ နွေးထွေးနေသော ကြက်စွပ်ပြုတ်ကို ကြည့်လိုက်ပြီးနောက် ဗိုက်ဆာ၍ ချိုင့်ဝင်နေသော သူမ ဝမ်းဗိုက်ကို ငုံ့ကြည့်ကာ ရှန်းယိုယို ငြင်းဆန်ခြင်းမပြုတော့ပေ။ သူမ မော့ရန်ကို ကျေးဇူးတင်လိုက်သည်။

ရှန်းယိုယို "ကျေးဇူးတင်ပါတယ် အစ်ကိုမော့၊ အနာဂတ်မှာ အခွင့်အရေးရရင် ဒီညစာအတွက် အစ်ကို့ရဲ့ကျေးဇူးကို သေချာပေါက်ပြန်ဆပ်ပါ့မယ်"

ထို့နောက် သူမ စတင် စားသောက်လေတော့သည်။

ဤကြက်စွပ်ပြုတ်၏အရသာမှာ ရိုးရိုးသားသားပြောရလျှင် အလယ်အလတ်သာရှိသည်။ ဆားအနည်းငယ်သာ ထည့်ထားပုံရပြီး ကြက်သားကို ရေထဲတွင် ပြုတ်ထားရုံသာဖြစ်သည်။ သူမ ၎င်းကို ထိုအတိုင်းပင် စွပ်ပြုတ်နှင့် အသား တွဲဖက်၍စားလိုက်သည်။

ကလေးငယ်နှစ်ဦး အလွန်အမင်းအရသာခံ၍ စားသောက်နေကြသည်ကိုမြင်သောကြောင့် ရှန်းယိုယို ဘာမှမပြောတော့ဘဲ ဤကမ္ဘာရှိ သူမ၏ ပထမဆုံး အစားအစာကိုသာ ဖြစ်သလို စားသောက်လိုက်တော့သည်။

အခြေအနေများကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက် ရှန်းယိုယို စိတ်အခြေအနေမှာ အနည်းငယ် ပေါ့ပါးသွားခဲ့သည်။ သူမက ယခင်က ငတုံးမလေး ဖြစ်နေခဲ့သောကြောင့် သူမသည် ယခင် ရှန်းယိုယိုနှင့် အတူတူပဲလားဆိုသည်ကို မည်သူကမှ ခွဲခြားသိနိုင်မည် မဟုတ်ပေ။

သူမအတွက် အမြဲတမ်း အစားအသောက်များလာပို့ပေးနေသည့် မိခင်ဖြစ်သူနှင့်ပတ်သက်၍မူ ရှန်းယိုယိုက မနက်ဖြန်တောင်အောက်သို့ ဆင်းကာ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

တရားမျှတစွာ တွေးကြည့်မည်ဆိုလျှင် သူမ အစားအသောက်များကို အချိန်အတော်ကြာအောင် လာပို့ပေးခဲ့သည်။ သူမအနေဖြင့် တစ်ခုခုများ ဖြစ်နေသလားဆိုသည်ကို သွားကြည့်ပြီး သူမ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ကိစ္စရပ်များကို ရှင်းလင်းစွာတွေးတောပြီးနောက် ရှန်းယိုယိုသည် သက်ကယ်မိုး တဲအိမ်လေးထဲတွင် ဖြစ်သလိုပင် တစ်ညတာ အိပ်စက်လိုက်တော့သည်။

သူမ အတော်လေး ကောင်းကောင်း အိပ်ပျော်ခဲ့သည်ဟုဆိုရမည်။ တောင်တန်းများက သာယာလှပပြီး ရေကလည်း ကြည်လင်နေသည်။ သူမ အိပ်စက်ရန် အဖော်ပြုပေးနေသည့် တိရစ္ဆာန်ငယ်လေးအချို့၏အသံများမှလွဲ၍ ဘာတစ်ခုမှ ဆိုးရွားခြင်း မရှိပေ။ သူမအတွက်မူ ဤအသံများက တေးသီချင်းတစ်ပုဒ်ကဲ့သို့ ဖြစ်နေပြီး ပိုအိပ်ပျော်လွယ်စေသည်။

တကယ့်ကို ကောင်းလွန်းလှသည်။ နောက်ဆုံး သူမ တစ်ယောက်တည်း မဟုတ်တော့ပေ။ အဆုံးမှာ သူမထံ လူသားအဖော်များ ရှိလာခဲ့ပြီဖြစ်သည်။

နောက်ဆုံး သူမ ပုံမှန်ဘဝမျိုးနှင့် ရှင်သန်နိုင်ပြီဖြစ်သည်။

အိပ်ရာမှထပြီးနောက် ရှန်းယိုယိုသည် ဘေးအိမ်မှ အစ်ကိုမော့၏အိမ်သို့သွားကာ မီးသွားတောင်းလေသည်။ သူမ အိမ်အပြင်ဘက်ရှိ ရိုးရှင်းသော မီးဖိုကို မီးမွှေးလိုက်ပြီး ရေသွားခပ်ကာ ရေဆူလာပြီးနောက် ရေနွေးဖြင့် မျက်နှာသစ်ကာ ကိုယ်လက်သန့်စင်လိုက်သည်။

နွေဦးရာသီ ရောက်နေပြီဖြစ်သော်လည်း မနက်ခင်းနှင့် ညနေခင်းများတွင် အတော်လေး ချမ်းအေးနေဆဲဖြစ်သည်။

ကမ္ဘာပျက်ကပ်ကြီးတုန်းကမူ သူမသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော လူသားဖြစ်နေခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် သူမ ရှင်သန်ချင်စိတ်ပင် မရှိခဲ့ပေ။

အထူးသဖြင့် သူမ ခန္ဓာကိုယ်ပေါ်တွင် အလောင်းကွက်များ တစ်ခုပြီးတစ်ခုပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် သူမ ပိုရွံရှာလာခဲ့သည်။ အရာအားလုံးကို အဆုံးသတ်လိုက်ရန် သူမ တစ်ခါကတွေးခဲ့ဖူးသည်။ လမ်းလျှောက်နေသည့် အလောင်းကောင်တစ်ကောင်လို ရှင်သန်နေရခြင်းက တကယ်ကို အဓိပ္ပာယ်မဲ့လွန်းသည်။

ထို့အပြင် ထိုကမ္ဘာတွင် သူမ ဇွန်ဘီများထက် အထီးကျန်မှုကို ပိုကြောက်ရွံ့ခဲ့သည်။

သို့သော် ဇွန်ဘီတစ်ကောင်အနေဖြင့် သူမ ခေါင်းကို သေနတ်ဖြင့် ပစ်ဖောက်မခံရသရွေ့ သူမ အလွယ်တကူ မသေနိုင်ပေ။ သို့သော်လည်း သူမကိုယ် သူမ ထိုမျှအထိ ရက်ရက်စက်စက် မလုပ်ရက်သောကြောင့် ရည်ရွယ်ချက်မဲ့စွာဖြင့်သာ ဆက်လက်ရှင်သန်နေခဲ့ခြင်းဖြစ်သည်။

အခြေအနေများက ပိုကောင်းမွန်သောဘက်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမသည် အခြားကမ္ဘာတစ်ခုတွင် ဘဝသစ်တစ်ခုကို အမှန်တကယ်ရရှိခဲ့ပြီဖြစ်သည်။

'ငါ အတိတ်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့မိလို့ ကောင်းကင်ဘုံက ငါ့ကို သနားပြီး ဒီရှေးခေတ်ကာလကို ပို့ပေးလိုက်တာများလား'

ဤနေရာရှိ အခြေအနေများက အလွန်ကြမ်းတမ်းခက်ခဲသော်လည်း ရှန်းယိုယိုအတွက်မူ ၎င်းတို့မှာပြဿနာမဟုတ်ပေ။

အရေးကြီးဆုံးအချက်မှာ သူမတွင် ကျန်းမာသော ခန္ဓာကိုယ်နှင့် လူသားအဖော်များရှိနေခြင်းပင်။

သူမနှင့် စကားပြောနိုင်မည့် လူများရှိနေခြင်းက တကယ့်ကို အံ့ဩစရာကောင်းလှသည်။

ကိုယ်လက်သန့်စင်ပြီးနောက် ရှန်းယိုယိုသည် အစ်ကိုမော့ပြောပြထားသည့် လမ်းကြောင်းအတိုင်း တောင်အောက်သို့ စိတ်အားထက်သန်စွာဖြင့် ဆင်းလာခဲ့သည်။

အမှန်ပင် နံ့သာတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့် လမ်းလျှောက်ပြီးနောက် တောင်ခြေရှိ ရွာတစ်ရွာကို သူမ တွေ့လိုက်ရသည်။

အနီးသို့ လျှောက်သွားသောအခါ လူများ အသွားအလာရှိနေပြီး အလွန်စည်ကားနေသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် ရွာအဝင်ဝတွင် အဘိုးအဘွား တစ်စုက ထိုင်ကာ နေဆာလှုံနေကြသည်။

'ဒီနေရာက ရှန်းကျားရွာဖြစ်ရမယ်' ဟု သူမဘာသာ တွေးလိုက်သည်။

ထို့ကြောင့် သူမ အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားလိုက်သည်။

မထင်မှတ်ဘဲ ရွာအဝင်ဝတွင် ထိုင်နေသော အဖွားအိုတစ်ဦးက ရုတ်တရက် အံ့သြတကြီးဖြင့်

"အမလေး၊ ဒါ ဟိုငတုံးမလေး မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ တောင်ပေါ်က ဆင်းလာရတာတုန်း"


 Chapter 4

ရှန်းယိုယို တစ်စုံတစ်ယောက် သူမအား ခေါ်နေသည်ကို ကြားလိုက်ရသဖြင့် အလျင်အမြန်ရပ်တန့်လိုက်ကာ တက်ကြွစွာ

ရှန်းယိုယို "အဖွား၊ ကျွန်မ သိချင်လို့ပါ၊ ကျွန်မအမေ တစ်ခုခုဖြစ်လို့လား၊ ဘာလို့ ဒီရက်ပိုင်း တောင်ပေါ်တက်ပြီး ထမင်းလာမပို့တာလဲ၊ ကျွန်မ အရမ်းဗိုက်ဆာနေလို့ ဆင်းလာကြည့်တာပါ"

ရှန်းယိုယို စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိ ဝဝဖိုင့်ဖိုင့် အဒေါ်ကြီးတစ်ဦးက

"အမလေး၊ ရှန်းမိသားစုက ဒီငတုံးမလေး မတုံးတော့ဘူး မဟုတ်လား၊ စကားပြောတာ ရှင်းလင်းနေတာပဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ လာစမ်းပါဦး၊ ငါ့ကို ပေးကြည့်စမ်းပါ"

ထိုသို့ပြောရင်း ဝဝဖိုင့်ဖိုင့်အဒေါ်ကြီးသည် ရှန်းယိုယိုအား စတင်ဆွဲကိုင်ကာ ပါးကိုဆွဲလိမ်ခြင်းနှင့် လက်ကိုကိုင်တွယ်ခြင်းများ ပြုလုပ်တော့သည်။

လူများနှင့် ထိတွေ့ဆက်ဆံမှုမရှိသည်မှာ ကြာပြီဖြစ်သော ရှန်းယိုယိုသည် အနည်းငယ်နေရခက်သွားသည်။ သူမ ချက်ချင်း နောက်သို့ဆုတ်လိုက်ပြီး လာရောက်စုရုံးကာ ပွဲကြည့်နေကြသော အဘိုးအဘွားများအား ကျယ်လောင်စွာ

"အဘိုးတို့ အဘွားတို့၊ ကျွန်မ မတုံးတော့ပါဘူး၊ ရုတ်တရက်ကြီး နိုးကြားလာတာပါ၊ ကောင်းကင်ဘုံက ကျွန်မ သနားစရာကောင်းတာကိုမြင်ပြီး အသိစိတ်ပြန်ဝင်လာအောင် ကူညီပေးတာနေမှာ၊ အဖွား၊ ကျွန်မအမေ ဘာဖြစ်သွားလဲဆိုတာ သိလား၊ ပြီးတော့ ကျွန်မအိမ်ကို ဘယ်လိုသွားရမလဲ၊ ကျွန်မ သူ့ကို သွားတွေ့ချင်လို့ပါ"

၎င်းကို ကြားသောအခါ ဝဝဖိုင့်ဖိုင့်အဒေါ်ကြီးက ချက်ချင်းအနီးသို့ တိုးကပ်လာကာ

"အမလေး၊ အဲ့ဒါက နင့်အတွက် တကယ့် ကောင်းချီးတစ်ခုပဲ၊ နင့်အမေကို သွားရှာချင်လို့လား၊ လာ၊ အဒေါ် လိုက်ပို့ပေးမယ်၊ ဒီရက်ပိုင်း နင့်ကို ထမင်းလာ မပို့တာ နင့်အမေကိုအပြစ်မတင်နဲ့၊ သူ တကယ် အချိန်မပေးနိုင်လို့ပါ၊ ငါ ပြောပြမယ်၊ နင့်မိသားစုမှာ ဒီရက်ပိုင်းပြဿနာကြီးတစ်ခုဖြစ်နေတယ်"

အမျိုးသမီး "ဟုတ်တယ် ငတုံးမလေးရဲ့၊ နင့်အဖေ သူများဆီမှာ အလုပ်လုပ်နေတုန်း အိမ်ပေါ်ကနေ မတော်တဆ ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတယ်၊ အဲ့ဒါကြောင့် ဟိုအဖွားအိုရှန်း၊ ဪ နင့်အဖွားလေ၊ သူ့သားကို စတင်ပြီး ရွံရှာနေတော့တာပဲ၊ နင့်မိသားစုတစ်ခုလုံးက ဝန်ထုပ်ဝန်ပိုးတွေနဲ့ အကြွေးလာ တောင်းတဲ့လူတွေဆိုပြီး နင့်အမေကို နေ့တိုင်း ဆဲဆိုနေတာ"

အလွန်ဖော်ရွေနွေးထွေးပုံရသော အမျိုးသမီးတစ်ဦးက သူမ သိသမျှကို ချက်ချင်းစတင်ပြောပြလေသည်။

အမျိုးသမီး "ဟုတ်တယ်၊ ပြီးတော့ သားအကြီးဆုံးမိသားစုက ချွေးမကလည်း လူကောင်းမဟုတ်ဘူး၊ နင့်အမေကို နေ့တိုင်းအနိုင်ကျင့်နေတာ၊ နင် သူ့ကို ကူညီရမယ်၊ သူသာ နေ့တိုင်းတောင်ပေါ်တက်ပြီး နင့်ကို ထမင်းလာမပို့ရင် နင် ငတ်သေနေတာကြာပြီ၊ ကျေးဇူးမရှိဘူးဆိုရင်တောင် ကြိုးစားပန်းစား လုပ်ပေးခဲ့တာတွေ ရှိတယ်"

...

ဤသို့ဖြင့် စိတ်အားထက်သန်နေကြသော အိမ်နီးချင်းနှစ်ဦးသည် လမ်းလျှောက်ရင်း ရှန်းယိုယိုအား သူတို့သိသမျှ အရာအားလုံးကိုပြောပြကြလေသည်။

ရှန်းမိသားစု၏ခြံဝင်းထဲသို့ ရောက်ရှိချိန်၌ ရှန်းမိသားစုအခြေအနေကို သူမ အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် သူမ အဖွားအရင်းဖြစ်သော အဖွားအိုရှန်းသည် သွားရှုပ်၍ရမည့်သူမျိုး မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ဘက်လိုက်တတ်သူဖြစ်သည်။ ဒုတိယသားမိသားစုကို လမ်းဘေးမှ ကောက်ရလာသည့်အလားပင်။

မည်သူကမှ သူမ၏ မျက်နှာသာပေးမှုကို မရရှိနိုင်ပေ။

ရှန်းဟယ်၏တစ်ဦးတည်းသော သားဖြစ်သူ ရှန်းနန်ပင်လျှင် ဆေးအိုးကြီးနှင့် ရောဂါသည်လေး၊ ဆေးဖိုးအမြဲတောင်းနေသည်ဟုဆိုကာ အဖွားအိုရှန်း၏ နေ့စဉ် ဆဲဆိုခြင်းကိုခံနေရသည်။ သူ့အစ်မဖြစ်သူကဲ့သို့ပင် ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

စိတ်အားထက်သန်သော အဖွားနှစ်ဦးသည် သူမအား ရှန်းမိသားစု၏ခြံဝင်းထဲသို့ ခေါ်ဆောင်လာပြီးနောက် ပြန်မသွားကြပေ။ ယင်းအစား ပွဲကြည့်ရန် နေရစ်ခဲ့ကြသည်။

ရှန်းမိသားစု၏ငတုံးမလေးသည် မတုံးတော့ဘဲ အလွန်ရှင်းလင်းပြတ်သားပုံရသည်။ ရှန်းမိသားစု၏ဒုတိယအိမ်ခွဲမှာ ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်နေချိန်၌ ဤမိန်းကလေး မည်သို့လုပ်မည်ကို သူတို့သိချင်နေကြသည်။ ပြဿနာပိုကြီးသွားမည်ကို မကြောက်ဘဲ ပွဲကြည့်ချင်သည့် စိတ်ဓာတ်မျိုး သူတို့တွင် ရှိနေကြသည်။

ဤအချိန်၌ ခြံဝင်းထဲတွင် အလွန်ဆူညံပွက်လောရိုက်နေသည်။

ရှန်းကျားရွာတွင် ရှန်းမိသားစု၏အခြေအနေမှာ အတော်လေးအဆင်ပြေပုံရသည်။

ခြံဝင်းမှာ ကျယ်ဝန်းပြီး သန့်ရှင်းစွာထားရှိကာ ကြက်ဘဲအချို့ကိုလည်း မွေးမြူထားသည်။ ဤအချိန်၌ အမျိုးသမီးတစ်ဦးမှာ မြေကြီးပေါ်တွင် ထိုင်ကာ ငိုကြွေးနေသည်

အမျိုးသမီး "အမေ၊ ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မတို့ကို မောင်းမထုတ်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် တာ့ဟယ်က အမေ့ရဲ့သားအရင်းပါ၊ အမေ ဒီလောက် ရက်စက်ပြီး ကျွန်မတို့ရဲ့ရှင်သန်ရာလမ်းကြောင်းကို ဖြတ်တောက်မပစ်နိုင်ပါဘူး၊ သူ အခု ဒဏ်ရာရနေတယ်၊ ကျွန်မ တောင်းပန်ပါတယ်၊ သူ့ကို သမားတော်ခေါ်ပြလို့ရအောင် ငွေနှစ်တုံးလောက် ပေးပါ၊ မဟုတ်ရင် သူ တကယ်ပဲ ခြေထောက်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး"

သူမက ငိုကြွေးရင်း အဖွားအိုတစ်ဦးရှေ့ မြေကြီးပေါ်၌ ဦးချကန်တော့နေသည်။

ထိုအဖွားအိုမှာ ရှန်းယိုယို ကြားဖူးထားသည့် နာမည်ကြီး အဖွားပင်ဖြစ်ရမည်။ သူမ၌ စူးရှပြီး စွာတေးလန်သည့် ရုပ်သွင်ရှိသည်။

တစ်ချက်ကြည့်ရုံနှင့်ပင် သူမသည် ပေါင်းသင်းဆက်ဆံရန် လွယ်ကူသူမဟုတ်ကြောင်း သိသာသည်။

သူမဘေး၌ ဝဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးက မီးလောင်ရာ လေပင့်ပေးနေသည်

ဝဝဖိုင့်ဖိုင့်အမျိုးသမီး "အမေ၊ ဒီနေ့ မိသားစုကို ခွဲကို ခွဲရမယ်၊ သူတို့မိသားစုရဲ့တစ်ဦးတည်းသော လုပ်အားက အသုံးမကျတော့ဘူး၊ အဲ့ဒါက နောင်ကျရင် ကျွန်မရဲ့တာ့ရှန်းက သူတို့မိသားစုတစ်ခုလုံးကို ကျွေးမွေးရမယ်ဆိုတဲ့ သဘောမဟုတ်ဘူးလား၊ ဒီလောကမှာ ဒီလောက်ကောင်းတဲ့ အပေးအယူမျိုး ဘယ်မှာရှိလို့လဲ၊ အမေ၊ အမေ မိသားစုကို မခွဲဘူးဆိုရင် ကျွန်မ လက်မခံနိုင်ဘူး၊ အမလေး၊ ကျွန်မ တာ့ရှန်းရဲ့ဘဝက အရမ်းခါးသီးလွန်းပါတယ်၊ ဒီဘဝက တကယ်ကို နေလို့မရတော့ဘူး"

စကားပြောရင်း အဒေါ်ကြီးဟူသည် မြေကြီးပေါ်၌ ထိုင်ကာ ပြဿနာရှာတော့သည်။ လူးလှိမ့်ကာ ငိုယိုအော်ဟစ်နေပြီး အထူးသဖြင့် ရယ်စရာကောင်းနေ သည်။ အဖွားအိုရှန်းသည် စိတ်အနှောင့်အယှက်ဖြစ်သွားကာ အေးစက်စွာ နှာမှုတ်လိုက်သည်။

အဖွားအိုရှန်း "ထစမ်း၊ မြန်မြန်၊ ဒါ ဘယ်လိုပုံပေါက်နေလဲ၊ သူတို့ကို မထွက်သွားခိုင်းဘူးလို့ ငါ ဘယ်တုန်းက ပြောလို့လဲ၊ အမျိုးသမီးလီ နင်လည်းထစမ်း၊ ဒီကိစ္စမှာ ညှိနှိုင်းစရာ နေရာမရှိဘူး၊ နင်တို့ ဒီနေ့ရှန်းမိသားစုကနေ ထွက်သွားရမယ်၊ ရောဂါသည်တွေချည်းပဲရှိတဲ့ မိသားစုတစ်စု၊ ကြည့်ရတာနဲ့တင် ငါ စိတ်ရှုပ်တယ်၊ နင်တို့ အခုထွက်သွားရင် ငါ ပစ္စည်းတချို့ပေးလိုက်ဦးမယ်၊ ကျေးဇူးကန်းပြီး အခြေအနေကို အရမ်းမဆိုးဝါးသွားစေနဲ့ သတိထား၊ မဟုတ်ရင် ကြေးပြားတစ် ပြားတောင် ငါ ပေးမှာမဟုတ်ဘူး"

၎င်းကိုကြားသောအခါ အမျိုးသမီးလီသည် မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်သည်။ ယခုနှစ်များတစ်လျှောက်လုံး ယောက္ခမဖြစ်သူနှင့် အတူနေထိုင်လာခဲ့ရာ သူမ၏ စိတ်သဘောထားကို ကောင်းကောင်းသိသည်။ သို့ဖြစ်၍ သူမ နောက်တစ်လှမ်းဆုတ်ကာ

အမျိုးသမီးလီ "အမေ၊ မိသားစုခွဲတာ အဆင်ပြေပါတယ်၊ ကျွန်မတို့ တခြားဘာမှ မလိုချင်ပါဘူး၊ ငွေဆယ်ချောင်းလောက်ပဲပေးပါ၊ တာ့ဟယ်ရဲ့ ခြေထောက်ကို ကုသဖို့လိုတယ်၊ သူ့ရှေ့မှာ ဘဝခရီးက အရှည်ကြီးကျန်သေးတယ်၊ ဒီလိုမျိုး ဖျက်ဆီးခံလိုက်လို့မရဘူး၊ ကျွန်မ တောင်းပန်ပါတယ်"

အဖွားအိုရှန်း "အိပ်မက်ထဲမှာ သွားတောင်း၊ ငွေဆယ်ချောင်း၊ နင့်လောဘက သိပ်ကြီးတာပဲ၊ ငွေဆယ်ချောင်းရဖို့ ငါ ဘယ်လောက်ကြာကြာ စုရလဲဆိုတာ နင် သိလား၊ ဆက်ပြီး အိပ်မက်မက်နေလိုက်"

စကားပြောပြီးနောက် မြေကြီးပေါ်၌ ဒူးထောက်နေဆဲဖြစ်သော အမျိုးသမီးလီ ၏အပေါ်သို့ သူမ တိုက်ရိုက် တံတွေးထွေးချလိုက်သည်။

ဤအချိန်၌ ငါးနှစ် ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက် ဘေးပေါက်မှ ရုတ်တရက် ပြေးထွက်လာပြီး အဖွားအိုရှန်းအား ရိုက်နှက်ကန်ကျောက်ကာ ငိုယိုဆဲဆိုမည်ကို မည်သူက သိမည်နည်း။

ကောင်လေး "ငါ နင့်ကို သတ်မယ်၊ ငါ့အမေကို အနိုင်ကျင့်တဲ့အတွက် ငါ နင့်ကို သတ်မယ်"

အဖွားအိုရှန်း၏ဒေါသမှာ ချက်ချင်းပေါက်ကွဲသွားသည်။ သူမသည် ထိုငပြူးလေးကို ကောက်မကာ ပါးရိုက်ချလိုက်ရာ သူ၏ပိန်လှီအားနည်းနေပြီဖြစ်သော မျက်နှာပေါ်၌ တောက်ပသော အနီရောင်အရာတစ်ခု ချက်ချင်းထင်းထွက်လာသည်။

ရှန်းယိုယို တကယ်ကို ဆက်ကြည့်မနေနိုင်တော့ပေ။ သူမ ပြေးဝင်သွားကာ အဖွားအိုရှန်းလက်ထဲမှ ကလေးငယ်ကို ပြန်လုယူလိုက်ပြီး ကျန်လက်တစ်ဖက်နှင့် အဖွားအိုရှန်း မျက်နှာကို ဖြတ်ရိုက်ချလိုက်သည်။

ဤလုပ်ဆောင်ချက်များက အလွန်မြန်ဆန်လွန်းသဖြင့် မည်သူကမှ အချိန်မီ တုံ့ပြန်နိုင်ခြင်းမရှိကြပေ။

ရှန်းယိုယိုက ကလေးငယ်ကို အမျိုးသမီးလီ၏လက်ထဲသို့ ဘေးကင်းစွာ ထည့်ပေးလိုက်မှသာ သူ့ကို ကယ်တင်ခဲ့သူမှာ သူ့အစ်မဖြစ်သူ၊ ရွာသားများက ငတုံးမလေးဟု အမြဲခေါ်ကြသော အစ်မအရင်းဖြစ်ကြောင်း ရှန်းနန် အံ့ဩစွာသိလိုက်ရသည်။

သူသည် မိခင်ဖြစ်သူနောက်သို့လိုက်ကာ အစ်မဖြစ်သူထံ အစားအသောက်လာပို့ရန် တောင်ပေါ်သို့ မကြာခဏတက်လေ့ရှိသောကြောင့် သူမကို အမှန်ပင် သံယောဇဉ်ရှိသည်။

ထို့အပြင် သူ့အစ်မမှာ တုံးသည်ဟု သူ မထင်ပေ၊ သူမမှာ ကလေးတစ်ယောက်ကဲ့သို့ ရိုးရှင်းနေခြင်းသာဖြစ်သည်။

ဤတစ်ကြိမ်တွင် သူမက သူ့ကိုတကယ်ပင် ကာကွယ်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူမက သူ့အားကယ်တင်ခဲ့ရုံသာမက ထိုစုန်းမကြီးကိုလည်း ပါးရိုက်ကာ သူ့အတွက် လက်စားချေပေးခဲ့သည်။

'ငါ့အစ်မကတော့ တကယ်မိုက်တယ်'

ရှန်းနန် မျက်လုံးများထဲ၌ ကြယ်ပွင့်လေးများထွက်ပေါ်လာပြီး သူမအား လေးစားအားကျစွာ ကြည့်ကာ စိတ်လှုပ်ရှားစွာအော်လိုက်သည်။

ရှန်းနန် "အစ်မ၊ ဒီကို ဘာလို့ ရောက်လာတာလဲ"

အစောပိုင်းပြေးဝင်လာသူမှာ တောင်ပေါ်မှ သူမ၏ သမီးဖြစ်ကြောင်း အမျိုးသမီးလီလည်း သိလိုက်ရသည်။ တွဲလောင်းဖြစ်နေသော သူမ ရင်ထဲမှ အလုံးကြီးမှာ နောက်ဆုံးတော့ ကျသွားခဲ့သည်။ အိမ်၌ ရုတ်တရက်ဖြစ်ရပ်များကြောင့် သူမသည် ဤရက်ပိုင်းအတွင်း တောင်ပေါ်တက်ကာ အစားအသောက် သွားမပို့နိုင်ခဲ့သဖြင့် သူမ ငတ်နေမည်လားဟုစိုးရိမ်နေခဲ့သည်။ သူမကို ရှာရန် တောင်အောက်သို့ဆင်းလာရမညိမှန်း သိနေသည်ကို မြင်သောအခါ သူမ၏ စိတ်မှာ နောက်ဆုံးတော့ အေးချမ်းသွားခဲ့သည်။

တစ်သက်လုံး နေလာခဲ့ရာတွင် တစ်ခါမှ ပါးရိုက်မခံခဲ့ရဖူးသော အဖွားအိုရှန်းမှာ အစောပိုင်းရိုက်ချက်ကြောင့် မှင်သက်သွားခဲ့သည်။

ယခု သူမ သတိပြန်ဝင်လာသောအခါ ဒေါသတကြီးဖြစ်သွားတော့သည်။

'ဒါ တကယ့်ကို ပုန်ကန်တာပဲ၊ ကလေးတစ်ယောက်က ငါ့ကိုတကယ်ကြီး ရိုက်ရဲတယ်ပေါ့လေ'

 Chapter 5

'ဒီနေ့တော့ ဒီငတုံးမလေးကို မှတ်လောက်သားလောက်အောင် ပညာပေးရမယ်'

ဒေါသတကြီးဖြစ်နေသော အဖွားအိုရှန်းသည် ဘေးနားရှိ တံမြက်စည်းကိုဆွဲယူကာ ရှန်းယိုယိုအား ရိုက်ရန်သွားလေသည်။ အမျိုးသမီးလီမှာ အလွန်လန့်သွားသဖြင့် အလျင်အမြန်မတ်တတ်ရပ်ကာဝင်ကာပြီး အဆက်မပြတ်တောင်းပန်တော့သည်

အမျိုးသမီးလီ "အမေ၊ ယိုယိုက တမင်လုပ်တာ မဟုတ်ပါဘူး၊ သူ့ကို မရိုက်ပါနဲ့၊ ရိုက်မယ်ဆိုရင်လည်း ကျွန်မကိုပဲ ရိုက်ပါ၊ သူက ကလေးပဲ ရှိသေးတာမို့ သူ့ကို အပြစ်မယူပါနဲ့"

အဖွားအိုရှန်းသည် သူမ စကားများကို လျစ်လျူရှုကာ ရှန်းယိုယိုအားရိုက်ရန် အခွင့်အရေးရှာရင်း ဆဲဆိုလေသည်။

အဖွားအိုရှန်း "ဒါ တကယ့်ကို ပုန်ကန်တာပဲ၊ နင်က ငါ့ကို တကယ်ကြီး ရိုက်ရဲတယ်ပေါ့လေ၊ နင်လို ငတုံးမကို သေအောင် ဘယ်လိုရိုက်မလဲဆိုတာ ကြည့်ထားလိုက်"

ရှန်းယိုယို စိတ်အနှောင့်အယှက် ဖြစ်လာသည်။ ဤအဖွားအိုက အဆုံးသတ်တော့မည် မဟုတ်ဘူးလား။

သူမက လက်လှမ်းကာ အဖွားအို၏လက်မောင်းကို ဖမ်းဆုပ်လိုက်ပြီး

ရှန်းယိုယို "ငါ ပြောမယ်၊ ဒီလက်မောင်းကို လိုချင်သေးရင် ငါ့အမေစကားကို လိမ်လိမ်မာမာနားထောင်တာ ပိုကောင်းမယ်၊ ငွေဆယ်ချောင်းပေးပြီး ငါတို့ကို ခွဲထွက်ခွင့်ပေးလိုက်၊ မဟုတ်ရင် နင့်လက်မောင်းကို ချိုးပစ်ဖို့ ငါ ဝန်မလေးဘူးနော်"

အဖွားအိုရှန်း၏လက်မောင်းမှာ အလွန်နာကျင်နေသော်လည်း သူမ အရှုံးမပေးချင်သဖြင့် အဆက်မပြတ် အော်ဟစ်တော့သည်။

အဖွားအိုရှန်း "အာ့ အဖိုးကြီး၊ သားအကြီးကောင်၊ မြန်မြန်ထွက်လာကြစမ်း၊ ကမ္ဘာပျက်နေပြီ၊ ဒီငတုံးမကြီးက သူ့အဖွားကို ရိုက်တော့မလို့ လုပ်နေတယ်၊ မြန်မြန်ထွက်လာကြစမ်း"

သူမ၏အော်ဟစ်သံများနောက်တွင် အိမ်ထဲမှ လူများပြေးထွက်လာကြသည်။ အရပ်ရှည်ရှည်နှင့် တောင့်တောင့်တင်းတင်း အမျိုးသားတစ်ဦးက ရှန်းယိုယိုအား ဖမ်းဆုပ်ရန် ပြေးဝင်လာသော်လည်း မထင်မှတ်ဘဲ သူမက နောက်ပြန်လက်ဝါးဖြင့် ပြန်ချလိုက်ရာ သူ မြေကြီးပေါ်သို့လဲကျသွားတော့သည်။

ဟာသတစ်ခုလိုပင်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ကမ္ဘာပျက်ကပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီး ဇွန်ဘီပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ တိုက်ခိုက်ရေးနှင့်ပတ်သက်လာလျှင် သာမန်လူများမှာ သူမ၏ပြိုင်ဘက်များ လုံးဝမဟုတ်ပေ။

လူတိုင်းကိုမြေကြီးပေါ်သို့ ရိုက်လှဲပြီးနောက်မှသာ အဖွားအိုရှန်း သနားခံလာတော့သည်။

အဖွားအိုရှန်း "ငါ့ကို လွှတ်ပေး၊ နင့်တောင်းဆိုချက်ကို ငါ သဘောတူတယ်၊ ငွေဆယ်ချောင်းပဲ မဟုတ်လား၊ ငါ ပေးပါ့မယ်၊ ဒါပေမဲ့ နင် တကယ်ပဲ ဟိုငတုံးမလေး ဟုတ်လို့လား၊ နင်က ဘယ်လိုလုပ် မတုံးတော့တာလဲ၊ ဒီလောက်ခွန်အားတွေအများကြီး ဘယ်တုန်းကရလာတာလဲ"

ရှန်းယိုယို ဆက်မတိုက်ခိုက်ချင်တော့ပေ။ သူမ အရှုံးပေးသည်ကို ကြားလိုက်ရသဖြင့် လွှတ်ပေးလိုက်သည်။

ရှန်းယိုယို "ကျမ အစစ်ပါ၊ တစ်သက်လုံး ငတုံးဖြစ်နေမယ်လို့ ထင်နေတာလား၊ အဲ့ဒါက ရှင်နဲ့ ဘာမှမဆိုင်ဘူး၊ မြန်မြန်သွားပြီး ပိုက်ဆံသာ သွားယူချေ"

ယခုအခါ အံ့မခန်း ခွန်အားများရှိနေပြီး စကားများကို ရှင်းလင်းပြတ်သားစွာပြောဆိုနေသော သမီးဖြစ်သူကို ကြည့်ကာ အမျိုးသမီးလီ သူမ၏ မျက်ရည်များကို မထိန်းနိုင်တော့ပေ။ သူမ သိနေခဲ့သည်။ သူမ သမီးသည် တစ်သက်လုံး ငတုံးဖြစ်နေမည်မဟုတ်ကြောင်းကိုပေါ့။ တကယ့်ကို ဝမ်းသာစရာပင်၊ ကောင်းကင်ဘုံက နောက်ဆုံးတော့ မျက်စိဖွင့်ပေးခဲ့ပြီး မိသားစု၏အခက်ခဲဆုံးအချိန်တွင် သမီးဖြစ်သူအား အသိစိတ် ပြန်လည်ရရှိစေခဲ့သည်။

ထိုနည်းအတိုင်းပင် ရှန်းယိုယို၏အင်အားသုံး ခြိမ်းခြောက်မှုအောက်တွင် အဖွားအိုရှန်းသည် ငွေဆယ်ချောင်းကိုထုတ်ပေးလိုက်ရသည်။ သူမသည် ယခုအချိန်တွင် ဤဝန်ထုပ်ဝန်ပိုး မိသားစုကို ဖယ်ရှားပစ်ရန်သာ လိုလားနေပြီးနောက် သူမ ထပ်ပြောလိုက်သည်။

အဖွားအိုရှန်း "နောင်ကျရင် စားစရာအတွက် ငါ့ဆီကို ပြန်မလာနဲ့၊ နင်တို့ အပြင်မှာ ငတ်သေနေရင်တောင် ငါ ဂရုစိုက်မှာ မဟုတ်ဘူး၊ ရှန်းချိုး၊ နင် မိသားစုခွဲထွက်တဲ့ စာချုပ်တစ်ခုရေးလိုက်၊ အခုကစပြီး ငါတို့ ရှန်းမိသားစုကြီးနဲ့ ရှန်းဟယ်ရဲ့မိသားစုက ဘာမှမပတ်သက်တော့ဘူး၊ ငါတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှထပ်မတွေ့ကြတော့ဘူး"

ရှန်းချိုး ခေါင်းညိတ်လိုက်ပြီး စာချုပ်သွားရေးလေသည်။

သူသည် ရှန်းမိသားစုတွင် စာဖတ်တတ်သူ တစ်ဦးတည်းသာဖြစ်ရာ သူသာလျှင် ဤစာချုပ်ကိုရေးနိုင်သည်။

သူ့အဖွားမှာ အနည်းငယ် ရက်စက်သည်ဟု သူ ခံစားရသော်လည်း ဒုတိယဦးလေး၏မိသားစုကို သူက ထောက်ပံ့ရနိုင်ခြေရှိပြီး ၎င်းက သူ့ကျောင်းလခများကို မပေးနိုင်ဖြစ်သွားစေမည်ကို တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သူ့သနားကြင်နာမှုများ အားလုံးပျောက်ကွယ်သွားတော့သည်။

ဒါ သူတို့ရဲ့ကံကြမ္မာပဲ၊ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးလေ။

စာရေးပြီးနောက် စာချုပ်နှစ်စောင်ကိုယူကာ အပြင်သို့ လျှောက်လာပြီး သူတို့နှစ်ဦးထံသို့ ကမ်းပေးလိုက်သည်။

ဤအချိန်၌ အခန်းထဲတွင် လှဲနေခဲ့သော ရှန်းဟယ်ကို ရှန်းယိုယို အပြင်သို့ သယ်ထုတ်လာခဲ့ပြီး အပြင်ဘက်ရှိ ခွေးခြေခုံတစ်ခုပေါ်တွင် ထိုင်နေစေသည်။ သူ့ခြေထောက်တစ်ဖက်မှာ သွေးသံရဲရဲဖြစ်နေသည်။ ဒဏ်ရာမှာ အလွန်ပြင်းထန်ကြောင်း ရှင်းလင်းစွာ သိသာနေပြီး သေချာစွာ ကုသထားပုံလည်း လုံးဝမရပေ။

သူတို့ထပ်ပြီး အချိန်ဆွဲနေမည်ဆိုပါက ထိုခြေထောက်မှာ ပျက်စီးသွားဖွယ်ရှိသည်။

ခုနက အခန်းထဲတွင် ရှိနေစဉ် အပြင်ဘက်မှ အခြေအနေများကို သူ ရှင်းလင်းစွာကြားခဲ့ရသည်။

သူ့ မိခင်အရင်းက သူနှင့်သူ့မိသားစုအပေါ် ဤမျှ ရက်စက်လိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။ မိခင်ဖြစ်သူက အစ်ကိုကြီးကို မျက်နှာသာ ပေးကြောင်းကို ကလေးဘဝကတည်းက သူ သိခဲ့သော်လည်း သူ့ကို ဘာကြောင့် ဤမျှမုန်းတီးရသနည်းဆိုသည်ကို သူ နားမလည်နိုင်ပေ။

ယခု သူငွေရှာနိုင်စွမ်း မရှိတော့သည်ကို မြင်သောအခါ သူ့မိသားစုကို အိမ်ပေါ်မှ ချက်ချင်းနှင်ထုတ်ပစ်ရန် သူမ မစောင့်နိုင်တော့ပေ။

၎င်းက သူ့အား အမှန်ပင်စိတ်နှလုံးအေးစက်သွားစေခဲ့သည်။ သူတို့သားအမိသံယောဇဉ်မှာ ဤအချိန်၌ လုံးဝပြတ်တောက်သွားခဲ့ပြီဖြစ်သည်။

ထို့အပြင် သမီးဖြစ်သူ၏အသံကိုလည်း သူ ကြားခဲ့ရသည်။ သူတို့၏ယိုယိုလေး အသိစိတ်ပြန်လည်ရရှိလာလိမ့်မည်ဟု သူ တကယ်ကို မမျှော်လင့်ထားခဲ့ပေ။

သူ တကယ်ကို ပျော်ရွှင်ခဲ့ရသော်လည်း ရှေ့ဆက်ရမည့်လမ်းက အလွန်ခက်ခဲလွန်းသည်။ သူ့ရင်ထဲတွင် အတွေးများစွာရှိနေသည်။ သမီးဖြစ်သူ ပုံမှန်ပြန်ဖြစ်သွားသည့်အတွက် သူ ဝမ်းသာသော်လည်း အများစုမှာမူ အနာဂတ်နှင့်ပတ်သက်၍ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ထားလိုက်ပါတော့။ အနာဂတ်မှာ သူတို့ ရှေ့ဆက်မသွားနိုင်တော့ရင်တောင်မှ ရှန်းမိသားစုကြီးကို ဘယ်တော့မှထပ်ပြီး ဒုက္ခပေးတော့မည် မဟုတ်ပေ။

မျက်စိအောက်က ပျောက်ရင် စိတ်ထဲကပါ ပျောက်သွားတာပဲလေ။

တစ်ယောက်ကို တစ်ယောက်မြင်ရတာတောင် ရွံရှာနေကြမှတော့ ဘာလို့ အတင်းအကျပ်လုပ်နေရဦးမလဲ။

ရှန်းယိုယို သူတို့ကို ကြည့်ကာ "ဒီက နေထိုင်မှုအခြေအနေတွေ သိပ်မကောင်းတာ ကျွန်မ တွေ့ရတယ်၊ ကျွန်မနဲ့အတူ တောင်ပေါ်ကိုလိုက်ခဲ့ကြပါလား၊ ကျွန်မရဲ့သက်ကယ်မိုး တဲအိမ်လေးက နည်းနည်းရိုးရှင်းပေမဲ့ နေလို့တော့ လုံလောက်ပါတယ်၊ အနည်းဆုံးတော့ အနီးအနားမှာ ခုန်ပေါက်နေတဲ့ လူဆိုးတွေ အများကြီးမရှိတော့ဘူးပေါ့၊ အေးချမ်းပါလိမ့်မယ်"

တောင်ပေါ်မှ ဆင်းလာပြီးပြီးချင်း ဤကဲ့သို့သော ကိစ္စမျိုးနှင့်ကြုံတွေ့ရလိမ့်မည်ဟု သူမ တကယ် မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ ဤသူများမှာ ဤခန္ဓာကိုယ်ထဲရှိ သူမ၏မိသားစုဝင်များ ဖြစ်သည်။ သူမက ဒီအတိုင်းကြည့်နေပြီး ဘာမှမလုပ်ဘဲ မနေနိုင်ပေ။ ထို့အပြင် သူမအတွက် မိသားစုရှိလာရန်ဆိုတာ မလွယ်ကူဘူးမဟုတ်လား။ သူတို့ကို ဒီလောက်အလွယ်တကူ သေခိုင်းလို့မရဘူးလေ။

ကမ္ဘာပျက်ကပ်ကြီးထဲတွင် သူမသည် မိဘမဲ့တစ်ဦးဖြစ်သည်။ သူမနှင့် ရင်းနှီးသူဆို၍ မိဘမဲ့ဂေဟာမှူး တစ်ဦးသာရှိသည်။ နောက်ပိုင်းတွင် ကျွမ်းကျင်မှုများ သင်ယူရန်နှင့် အလုပ်ရှာရန် မြို့ကြီးသို့ သွားသောအခါ မိဘမဲ့ဂေဟာမှ မောင်ငယ် ညီမငယ်လေးများကို သွားကြည့်ရန် တစ်နှစ်လျှင် တစ်ကြိမ်သာ ပြန်သွားဖြစ်ခဲ့သည်။

သူမသည် ဤခန္ဓာကိုယ်၏မိသားစုကို အလွန်တန်ဖိုးထားနေဆဲဖြစ်သည်။

သူမ မိဘများမှာ အနည်းငယ် အားနည်းပုံရသော်လည်း သူတို့၏စည်းမျဉ်းတစ်ခုတော့ ရှိကြသည်။ မဟုတ်ပါက သူတို့သည် ငတုံးမလေး ရှန်းယိုယိုကို ကာကွယ်ပေးခဲ့မည် မဟုတ်သလို နေ့စဉ်နှင့်အမျှ ပင်ပန်းဆင်းရဲမှုကို မကြောက်ဘဲ သူမထံ အစားအသောက်ပို့ရန် တောင်ပေါ်သို့ တက်လာခဲ့ကြမည် မဟုတ်ပေ။ သူတို့က တကယ်တော့ ထိုမျှအထိ မုန်းစရာမကောင်းကြပေ။

အမျိုးသမီးလီ သမီးဖြစ်သူကို ကြည့်ကာ သက်သာရာရစွာဖြင့်

အမျိုးသမီးလီ "ကောင်းပြီ၊ ငါတို့ မိသားစု အတူတူရှိနေနိုင်သရွေ့ ဘယ်နေရာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး"

ရှန်းယိုယို အခန်းထဲရှိ ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး

ရှန်းယိုယို "ဒီနေ့စဉ်သုံး ပစ္စည်းတွေ အကုန်ယူသွား၊ ဟိုစုန်းမကြီးအတွက် နည်းနည်းလေးတောင် ချန်မထားခဲ့နဲ့"

ရှန်းနန် ၎င်းကိုကြားသောအခါ ချက်ချင်းစိတ်လှုပ်ရှားသွားပြီး

"ကောင်းပြီ၊ အစ်မ စကားကို နားထောင်မယ်၊ အကုန်ယူသွားကြရအောင်"

သူပြောနေစဉ်မှာပင် ပစ္စည်းများကို စတင်သိမ်းဆည်းတော့သည်။

အခန်းထဲမှ ထွက်လာပြီးနောက် ရှန်းယိုယို ထပ်မံ၍စိုးရိမ်လာပြန်သည်။ ဤပစ္စည်းများ အားလုံးနှင့် သူမ၏ဖခင်ကို တောင်ပေါ်ရောက်အောင် မည်သို့မည်ပုံသယ်ယူသွားရမည်နည်း။ သူမတွင် ကြီးမားသော ခွန်အားရှိသော်လည်း ဖခင်ကိုသာ အများဆုံးသယ်ဆောင်နိုင်မည်ဖြစ်သည်။ ကျန်ပစ္စည်းများကို သူမ၏မိခင်နှင့် မောင်လေးတို့ သယ်နိုင်မည်မဟုတ်ဟု သူမ ခံစားရသည်။

သူမ စိုးရိမ်နေစဉ်မှာပင် အပြင်သို့ ထွက်သွားသော အမျိုးသမီးလီသည် ကျိုးပဲ့နေသော လှည်းပြားတစ်စီးကိုတွန်းကာ ပြန်ရောက်လာသည်။

သူမကို မြင်တော့ ပြုံးကာ "ယိုယို၊ လာ၊ နင့်အဖေကို ဒီလှည်းပေါ် တင်ဖို့ ကူပေးပါဦး၊ သူ့ကိုရော ဒီပစ္စည်းတွေကိုပါ ငါတို့ တွန်းသွားကြမယ်"

ယနေ့ သူမတို့ မိသားစုကို ယောက္ခမဖြစ်သူက နှင်ထုတ်ခဲ့သော်လည်း အမျိုးသမီးလီသည် သက်သာရာရသွားခဲ့သည်။ ဤငွေဆယ်ချောင်းဖြင့် ခင်ပွန်းဖြစ်သူ၏ခြေထောက်ကို အနည်းဆုံးတော့ သေချာကုသနိုင်ပြီဖြစ်သည်။ နာတာရှည် နောက်ဆက်တွဲ ပြဿနာများမရှိသရွေ့ အနာဂတ်မှာ သူတို့ ငတ်နေပါ့မလား။

ဒါကိုဖြတ်ကျော်ပြီးသွားရင် အဆင်ပြေသွားမှာပါ။ ဤခြံဝင်းကြီးထဲတွင် ၎င်းတို့၏အနိုင်ကျင့်ခံရခြင်းထက်စာလျှင် ပိုကောင်းသည်။

ထို့အပြင် သမီးဖြစ်သူ၏ရောဂါလည်း ပျောက်ကင်းသွားခဲ့ပြီ။ သူမအတွက်မူ ယနေ့သည် ပျော်ရွှင်ဖွယ်ကောင်းသော နေ့တစ်နေ့ပင်။

သူမ မည်သို့မပျော်ရွှင်ဘဲ စိတ်သက်သာရာမရဘဲ နေနိုင်မည်နည်း။

ဤသို့ဖြင့် မိသားစုဝင်လေးဦးသည် လှည်းကိုတွန်းကာ တောင်ပေါ်သို့လျှောက်သွားကြတော့သည်။

လမ်းမှာ ခက်ခဲပြီး အတက်အဆင်းများသော်လည်း အံ့မခန်းခွန်အားများရှိသော ရှန်းယိုယိုအတွက်မူ ကလေးကစားသလို အလွန်လွယ်ကူလှသည်။
 

Search Novels