Chapter 11


ရှန်းယိုယို "ဒီလိုပါ အဖေနဲ့အမေ၊ အရင်တုန်းက သမီးတွေဝေပြီး အသိလွတ်နေချိန်မှာ သမီးရဲ့ဝိညာဉ်က တခြားကမ္ဘာတစ်ခုကို ရောက်နေတယ်လို့ ခံစားခဲ့ရတယ်၊ အဲ့ဒီမှာ သမီးက ဟင်းချက်တာအပါအဝင် အရာတော်တော်များများကို သင်ယူခဲ့ရတယ်"

ရှန်းယိုယို "တစ်နေ့မှာကျတော့ သမီးနားထဲက အသံတစ်သံက သမီး ပြန်သွားဖို့ အချိန်တန်ပြီ၊ သမီးရဲ့ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်သင့်ပြီလို့ ပြောလာတယ်၊ အဲ့ဒီနောက် သမီး သတိပြန်လည်လာခဲ့တာပဲ၊ အဲ့ဒီအချိန်မှာ နတ်ဆရာအိုကြီးလို့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့လူတစ်ယောက်ကလည်း သူ့အမှားကြောင့် သမီးရဲ့ဝိညာဉ်က ခန္ဓာကိုယ်နဲ့ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရတာပါတဲ့၊ ဒါကြောင့် သမီးကို လျော်ကြေးပေးတဲ့အနေနဲ့ အသက်မွေးဝမ်း ကျောင်းပြုဖို့ ကျွမ်းကျင်မှုအများကြီး သင်ပေးခဲ့တယ်လို့ ပြောတယ်"

ဤသို့ပြောပြီးနောက် ရှန်းယိုယိုသည် အခန်းထဲရှိ သူမ မိသားစုများ၏ မျက်နှာအမူအရာများကို အကဲခတ်လိုက်သည်။

သူတို့ကိုတစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်ရာတွင် ၎င်းတို့မှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။

မည်သူကမျှ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ကြပေ။

အချိန်အတော်ကြာပြီးနောက်တွင် အမျိုးသမီးလီ တိတ်ဆိတ်မှုကို အရင်ဆုံး ဖြိုခွင်းလိုက်သည်။ သူမ မျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး စကားပြောရာတွင်လည်း အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်

အမျိုးသမီးလီ "အို... အို၊ ငါ သိသားပဲ၊ ငါ့ရဲ့ယိုယိုလေးက မတုံးပါဘူးလို့ ငါ သိနေခဲ့ပါတယ်၊ သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားလို့ကိုး၊ ငါသာ စောစောသိခဲ့ရင် သမီးကို ကူညီပေးဖို့ နတ်ကတော်တစ်ယောက်ကိုရှာခဲ့သင့်တာ၊ သမီး ဒီနှစ်တွေတစ်လျှောက်လုံး ဉာဏ်ရည်ချို့တဲ့နေခဲ့ရတာ အမေ့အမှားတွေပါ၊ အမေ တကယ်တောင်းပန်ပါတယ်"

စကားပြောနေရင်း သူမသည် မျက်ရည်များကို စတင် သုတ်ဖယ်တော့သည်။

ဖြစ်ကတတ်ဆန်း သူမ ဖန်တီးပြောဆိုလိုက်သည့် အကြောင်းပြချက်က ဤမိခင်ဖြစ်သူအား အပြစ်ရှိသလို ခံစားရစေလိမ့်မည်ဟု ရှန်းယိုယို တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

'ငါ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်'

ကံကောင်းစွာဖြင့် လူတိုင်း၏အာရုံမှာ ရှန်းနန်ဆီသို့ ချက်ချင်းရောက်သွားခဲ့သည်။

ရှန်းနန် "ဝါး၊ အစ်မက တကယ်ကြီးနတ်မင်းက လမ်းညွှန်ပြသပေးခဲ့တာပေါ့၊ ဒါကြောင့် အစ်မရဲ့ ဟင်းချက်လက်ရာက ဒီလောက်စားလို့ကောင်းနေတာကိုး၊ အစ်မ အနာဂတ်မှာ သေချာပေါက် ကံကောင်းခြင်းတွေ အများကြီးရမှာပဲ၊ သာမန်လူတွေမှာ ဒီလိုအခွင့်အရေးမျိုးမှမရှိတာ၊ သားလည်း နတ်မင်းကို တကယ် တွေ့ချင်လိုက်တာ"

ရှန်းဟယ်လည်း ထောက်ခံလိုက်သည်။

ရှန်းဟယ် "ဟုတ်တယ် ဟုတ်တယ်၊ ကလေးတွေရဲ့ အမေ၊ မငိုပါနဲ့တော့၊ ဒါ ကောင်းတဲ့ကိစ္စလေ၊ ငါတို့ရဲ့ ယိုယိုလေးရဲ့ ကံကောင်းခြင်းတွေက လာတော့မှာပါ၊ အရာအားလုံးက အတိတ်မှာကျန်ခဲ့ပါပြီ"

ရှန်းယိုယို "ဟုတ်ပါတယ် အမေ၊ မငိုပါနဲ့တော့၊ ဒါက ဆိုးတာတွေထဲကနေ ကောင်းတာတွေ ဖြစ်လာတာပါ၊ မပူပါနဲ့၊ ငါတို့ မိသားစုရဲ့ဘဝက အခုကစပြီး ပိုပိုပြီးကောင်းလာမှာပါ၊ အဲ့ဒီရှန်းမိသားစုက လူတွေကို ငါတို့ကို မျက်စိသူငယ်အိမ် ကျယ်သွားတဲ့အထိ အံ့သြသွားအောင် သေချာပေါက်လုပ်ပြမယ်"

ရှန်းယိုယိုသည် သူမ၏တူဖြင့် ကြက်သားတစ်တုံးကို ကောက်ယူကာ အမျိုးသမီးလီပန်းကန်ထဲသို့ ထည့်ပေးရင်း နှစ်သိမ့်လိုက်သည်။

သမီးဖြစ်သူကို ကြည့်ကာ အမျိုးသမီးလီ ကျေနပ်စွာဖြင့် သဘောတူလိုက်သည်။

အမျိုးသမီးလီ "အေးပါ၊ အမေ သိပါတယ်၊ သမီးတို့အားလုံး ကျန်းမာနေသရွေ့ အမေကျေနပ်ပါတယ်၊ ရှန်းမိသားစုနဲ့ပတ်သက်လို့တော့ သူတို့နဲ့ အဝေးဆုံးမှာပဲနေပြီး သူတို့ကို ဘယ်တော့မှထပ်မတွေ့ချင်တော့ဘူး"

ရှန်းဟယ် "မင်းအမေ ပြောတာမှန်တယ်၊ အဖေလည်း သူတို့ကို လုံးဝစိတ်ပျက်သွားပြီ၊ အခုကစပြီး ငါတို့ဘာသာ ငါတို့ပဲ တံခါးပိတ်ပြီး ကိုယ့်ဘဝလေးနဲ့ကိုယ် နေကြမယ်၊ သူတို့နဲ့ ဘာမှမပတ်သက်တော့ဘူး၊ အဖေ့ခြေထောက် ပြန်ကောင်းလာတာနဲ့ ဒီအနီးအနားမှာ သစ်သားအိမ် နှစ်လုံးလောက်ထပ်ဆောက်မယ်၊ ဒါမှ ငါတို့ ပိုပြီး သက်တောင့်သက်သာနေနိုင်မှာ"

ရှန်းဖခင်သည်လည်း ဤဖြစ်ရပ်မှ သင်ခန်းစာအချို့ကိုရရှိခဲ့သည်။ သူ့မိဘများမှာ လုံးဝအားကိုး၍မရပေ။ ၎င်းတို့သည် သူ့အစ်ကိုကြီးကို မျက်နှာသာပေးကြောင်း အချိန်ကြာမြင့်စွာကတည်းက သူ သိခဲ့သော်လည်း ဤမျှအထိ ဘက်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယခုမှစ၍ သူတို့အပေါ် မည်သည့်မျှော်လင့်ချက်မှ ထားတော့မည် မဟုတ်ပေ။

အိမ်သစ်ဆောက်မည်ဟု ကြားရသောအခါ ရှန်းယိုယို အလွန်ပျော်ရွှင်သွားသည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း မိသားစုတစ်ခုလုံး ဤသက်ကယ်မိုး တဲအိမ်လေးထဲတွင် ပူးကပ်နေခဲ့ရသဖြင့် အတော်လေး ဆင်းရဲဒုက္ခရောက်ခဲ့ရသည်။

ဤသို့ဖြင့် မိသားစုလေးဦးသည် အတူတကွထိုင်ကာ ဤရက်ပိုင်းအတွင်း သူတို့၏အကောင်းဆုံး အစားအစာကို စားသုံးရင်း တောက်ပသော အနာဂတ်အကြောင်း စိတ်ကူးယဉ်အိပ်မက်မက်နေကြတော့သည်။

...

နောက်တစ်နေ့ မွန်းတည့်ချိန်ခန့်

မော့ရန်သည် ယနေ့နံနက်၌ ဥသုံးလုံးစလုံးကို ပြုတ်ကာ စားပစ်လိုက်ပြီဖြစ်သည်။

သူတို့သုံးဦး ကြက်ဥမစားရသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ဤရှားရှားပါးပါး အစားအစာလေးမှာ အလွန်တရာအရသာရှိလှသည်။

နေ့လယ်စာစားချိန် ရောက်သည်အထိ နောက်တစ်ကြိမ် ဟင်းချက်ရန်အချိန်ကျလာပြီဖြစ်သည်။

မော့ရန်သည် မီးဖိုချောင်ထဲသို့ တွန့်ဆုတ်တွန့်ဆုတ်ဝင်သွားကာ သက်ပြင်းချလိုက်ပြီး သူ၏ ရင်ထဲတွင် ညည်းတွားလိုက်သည် 'လူတွေက ဘာလို့များ စားဖို့လိုရတာလဲ'

'ငါတို့ ဘာလို့ နေ့တိုင်း ဟင်းချက်ဖို့လိုရတာလဲ'

'စံအိမ်တော်မှာ အစေခံတွေ ရှိတုန်းက သတိမထားမိခဲ့ပေမဲ့ အခု ငါ့အလှည့်ရောက်လာတော့ တကယ်သေချင်စိတ်တောင် ပေါက်လာပြီ'

သူ နေ့တိုင်းအန်ထွက်တော့မတတ် ဟင်းချက်နေရသော်လည်း သူလုပ်သော အစားအစာများမှာ တကယ့်ကို အလွန်ဆိုးရွားလွန်းသည်။ သူ ကလေးငယ်နှစ်ဦးသာ မရှိပါက သူ တောရိုင်းလူဆိုင်း တစ်ယောက်အဖြစ်သာ နေလိုက်ချင်တော့သည်။

ထိုနံနက်က သူ အမဲလိုက်လာသော တောကြက်ကိုချက်ပြုတ်ရန် အိုးထဲသို့ ပစ်ထည့်တော့မည့်ဆဲဆဲမှာပင် မီးဖိုချောင်တံခါးဝမှ အပြစ်ကင်းစင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထွမ်းဇီ "ဦးလေး၊ သားတို့ ဦးလေး ချက်တာကို မစားချင်တော့ဘူး၊ တကယ်ကြီး အရမ်းဆိုးတာပဲ"

ယွမ်ဇီ "ဟုတ်တယ် ဦးလေး၊ မလုပ်ပါနဲ့တော့၊ တခြားနည်းလမ်း စဉ်းစားကြရအောင်၊ မနေ့က မမယိုယိုလုပ်တဲ့ ကြက်သားကို စားပြီးကတည်းက ဦးလေး လုပ်တဲ့ ကြက်သားကို တကယ်စားလို့မရတော့ဘူး၊ ညှီနံ့ကြီး နံနေတာပဲ"

ယွမ်ဇီသည် သူမအစ်ကို နောက်မှလိုက်ကာ သူ့စကားကို ထောက်ခံလိုက်သည်။ ၎င်းတို့၏မျက်နှာအမူအရာများမှာ လုံးဝရွံရှာနေကြောင်း ပြသနေသည်။

မော့ရန် အနည်းငယ်ရှက်ရွံ့သွားသဖြင့် သူ့လက်ထဲရှိ ယောက်မကိုပစ်ချကာ ကလေးငယ်နှစ်ဦးနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့တော့သည်။

လူကြီးတစ်ဦးနှင့် ကလေးနှစ်ဦးမှာ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။

ကောင်းကင်ကြီးကို မော့ကြည့်လိုက်၊ မြေကြီးကို ငုံ့ကြည့်လိုက်နှင့်

မော့ရန် "ငါလည်း လက်ခံပါတယ်၊ တကယ် မျိုချရခက်တာ၊ ဒါပေမဲ့ ငါတို့ ဘာလုပ်နိုင်မှာလဲ၊ ရှန်းယိုယိုက ငါတို့နဲ့ ဘာမှမပတ်သက်ဘူးလေ၊ သူက ငါတို့အတွက် ဘယ်လိုလုပ် နေ့တိုင်းဟင်းချက်ပေးနိုင်မှာလဲ"

မော့ရန်သည်လည်း သူ့ကိုယ်ပိုင် ဟင်းချက်စွမ်းရည်များကို မနှစ်သက်သဖြင့် ကလေးများ မစားချင်ဘူးဟု ကြားသောအခါ ချက်ချင်းလုပ်လက်စအလုပ်အား ရပ်ဆိုင်း လိုက်တော့သည်။

ယွမ်ဇီ "အမ်း၊ ဦးလေးမှာ ပိုက်ဆံရှိလားဟင်၊ မမယိုယို ချက်တဲ့ ဟင်းတွေကို ဝယ်ဖို့ သွားပြောကြည့်ရင်ကော"

ယွမ်ဇီ ခဏတာ စဉ်းစားလိုက်ပြီးနောက် သူမ၏အကြံပြုချက်ကို ပြောလာသည်။

မော့ရန် ခေါင်းပင်မမော့ဘဲ "ငါတို့မှာ ပိုက်ဆံမရှိဘူး၊ ပိုက်ဆံတွေ အကုန်သုံးပစ်လိုက်ပြီ၊ မဟုတ်ရင် ဒီတောနက်ကြီးထဲမှာ ပိတ်မိပြီး မင်းတို့ကို ငါနဲ့အတူ ဒုက္ခရောက်အောင် လုပ်နေစရာမှမလိုတာ"

ထွမ်းဇီသည်လည်း အဖြေတစ်ခုရရန် အလွန် ကြိုးစားစဉ်းစားနေပြီး မေးလိုက်သည်။

ထွမ်းဇီ "ဦးလေး၊ ဦးလေးဆီမှာ ဘာများပေးစရာရှိလဲ၊ မမယိုယိုနဲ့ သွားပြီး အလဲအလှယ်လုပ်ကြမလား"

ကလေးငယ်နှစ်ဦး မည်မျှဆာလောင်နေပုံရသည်ကို မြင်သောအခါ မော့ရန် လေးလေးနက်နက် စတင်တွေးတောတော့သည်။

အမှန်ပင် သူနှင့်အတူ နေထိုင်ရသော အချိန်များမှာ ကလေးငယ်နှစ်ဦး မွေးဖွားလာကတည်းက အခက်ခဲဆုံးကာလဖြစ်ပေလိမ့်မည်။

၎င်းတို့က ပုံမှန်အစားအစာလေးတစ်ခုသာ လိုချင်ခဲ့ပြီး ငြင်းပယ်ရန် သူ မရက်စက်နိုင်ပေ။

သို့သော်လည်း မော့ရန်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အဖန်တလဲလဲစဉ်းစားနေခဲ့သည်။ သူသညါ ကိုယ်ခံပညာ၌ ကျွမ်းကျင်ပြီး ကလေးများ မငတ်စေရန် သားကောင်အချို့ အမဲလိုက်နိုင်ခြင်းမှလွဲ၍ အခြားအားသာချက်များ မရှိပုံရသည်။

'အင်း၊ မဟုတ်ရင်လည်း ငါ သူမနဲ့ သွားပြောကြည့်လို့ရပါတယ်၊ သူ ငါတို့သုံးယောက်အတွက် ဟင်းချက်ပေးသရွေ့ အခုကစပြီး သူတို့မိသားစုအတွက် အသားကိစ္စ အားလုံးကို ငါ တာဝန်ယူပေးမယ်လို့ပြောရမယ်'

ပိုစဉ်းစားလေလေ ဖြစ်နိုင်ခြေ ပိုရှိလေလေဟု သူ ခံစားရသည်။ ဤအရာက အောင်မြင်ရန်အဖြစ်နိုင်ဆုံး ရွေးချယ်စရာဖြစ်ပေလိမ့်မည်။

မော့ရန် ချက်ချင်းမတ်တတ်ရပ်လိုက်သည်။

သူ ကလေးငယ်နှစ်ဦးကိုခေါ်ကာ ရှန်းယိုယို အိမ်ဆီသို့ ဦးတည်သွားလေသည်။

လမ်းတွင် သူ ကလေးနှစ်ဦးအား အကြံဉာဏ်အနည်းငယ်ပေးလိုက်သေးသည်။ လိုအပ်ပါက အစ်မဖြစ်သူ၏သနားကြင်နာမှုကို ရရှိရန် သနားစရာကောင်းပြီး ကိုယ်ချင်းစာဖွယ်ဖြစ်အောင် ဟန်ဆောင်နိုင်ကြောင်းပြောပြလေသည်။

နောင်တွင် အရသာရှိသော အစားအစာများစားနိုင်ရန်အတွက် သူတို့သုံးဦးစလုံး အရှက်မဲ့ရန်ဆုံးဖြတ်လိုက်ကြသည်။ အစားအသောက်ကောင်းများ ရှိနေသရွေ့ သူတို့ မည်သည့်အရာကိုမဆို လုပ်ရန်ဆန္ဒရှိကြသည်။

'ဂုဏ်သိက္ခာနဲ့မာနက အရသာရှိတဲ့ အစားအစာတစ်နပ်လောက် အရေးမကြီးဘူးလေ'

——

ထို့ကြောင့် ရှန်းယိုယိုသည် သူတို့သုံးဦး သူမ၏မီးဖိုချောင် တံခါးဝသို့ရောက်ရှိလာသည်ကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။

သူမ အလျင်အမြန်ထွက်လာပြီး သူတို့ကို စကားပြောလိုက်သည်။

ရှန်းယိုယို "အစ်ကိုမော့၊ ဘာကိစ္စရှိလို့ လာတာလဲ"

ထို့ကြောင့် မော့ရန် သူတို့၏လိုအပ်ချက်များကို တိုက်ရိုက်ပြောပြလိုက်ပြီး သူမ ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် သူ ထပ်ဖြည့်ပြောလိုက်သည်

မော့ရန် "ငါ သားကောင်တွေ အများကြီးဖမ်းမိအောင် အစွမ်းကုန်ကြိုးစားပါ့မယ်၊ ဒါမှ မင်း အရမ်းဒုက္ခမများရမှာ၊ ငါ့ရဲ့ဟင်းချက်စွမ်းရည်တွေက အရမ်းဆိုးလွန်းလို့ပါ၊ ငါ့ဘာသာ ငါတော့ ဖြစ်သလိုနေလို့ရပေမဲ့ ကလေးနှစ်ယောက်က ငါနဲ့အတူ ဒုက္ခရောက်နေရတာ သနားစရာကောင်းလို့ပါ"

ဤသို့ပြောပြီးနောက် မော့ရန် ကလေးနှစ်ဦးကို အလျင်အမြန်ပုတ်ပြလိုက်ရာ ၎င်းတို့က အစားအသောက်ကောင်းများအတွက် ချက်ချင်းပင် ဇာတ်လမ်းတစ်ပုဒ် စတင်သရုပ်ဆောင်ကြတော့သည်။

ထွမ်းဇီ "မမယိုယို၊ ကျွန်တော်တို့ကို သနားပါဦး၊ ဦးလေးနောက်ကို လိုက်ကတည်းက တစ်နပ်မှကောင်းကောင်းမွန်မွန် မစားရသေးပါဘူး"

ယွမ်ဇီ "မမယိုယို၊ ဦးလေးက ဟင်းချက်တာ အရမ်းဆိုးပေမဲ့ သူက တအားတော်တာ၊ အခုကစပြီး မမတို့အိမ်က အသားကိစ္စ အားလုံးကို သူ တာဝန်ယူ ပေးနိုင်တယ်၊ ဦးလေးကြီးရှန်းရဲ့ဒဏ်ရာကလည်း ခန္ဓာကိုယ်ကိုအားဖြည့်ပေးဖို့ဆို အသားတွေရှိရင် မြန်မြန်ပိုသက်သာလာမှာပါ၊ သမီးတို့ အချင်းချင်း ကူညီကြရအောင်လေ၊ နော်"
 Chapter 12


မော့ရန် သူ့ မျက်နှာကို တိတ်တဆိတ် လက်ဝါးဖြင့်အုပ်လိုက်သည်။

 'ဒီကလေးလေးတွေက တကယ်ပဲ၊ အစားအသောက်လေး နည်းနည်းအတွက်နဲ့ ငါ့ကို ချက်ချင်းရောင်းစားတော့တာပဲ'

တကယ်တော့ မော့ရန် ဤအကြံကိုစပြောကတည်းက ရှန်းယိုယို ရင်ထဲတွင် သဘောတူပြီးဖြစ်သည်။

အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် သူ ဟင်းချက်စရာများကို ဖြုန်းတီးနေသည်ကို သူမ ကြည့်မနေနိုင်ခဲ့ပေ။

ယခု သူကိုယ်တိုင် ဤအကြောင်းကိုစပြောလာပြီဖြစ်ရာ သူမအတွက် အလွန်အဆင်ပြေသွားသည်။

သူမ စကားပြောဖို့ပြင်နေတုန်းမှာပင် မိခင်ဖြစ်သူက ဝင်ပြောလိုက်သည်။

အမျိုးသမီးလီ "အယ် အစ်ကိုမော့ကလည်း၊ ဘာလို့ ဒီလောက်အားနာနေရတာလဲ၊ ရိုးရိုးလေးပါပဲ၊ နောက်ထပ် တူတစ်စုံလောက် ပိုလာရုံပဲလေ၊ ပြီးတော့ ငါတို့လည်း မင်းနဲ့အတူ အသားစားရမှာဆိုတော့ အကျိုးအမြတ်ရတာက တကယ်တော့ ငါတို့ပါ၊ ဒါဆိုလည်း ပြီးရောလေ၊ ငါတို့ အခုကစပြီး အတူတူ စားကြမယ်၊ အားနာနေစရာမလိုပါဘူး"

အနီးရှိ ခြံထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေရင်း အမျိုးသမီးလီကမူ ၎င်းကို ကောင်းသောအရာဟု ယူဆကာ အဆိုပြုချက်ကို သဘောတူလိုက်သည်။

ထို့အပြင် အိမ်နီးချင်းများ အချင်းချင်းကူညီကြသည်မှာ ပုံမှန်ဖြစ်သည်။

ဥပမာအားဖြင့် ယခု သူမ စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များကို ယနေ့နံနက်က ရှန်းကျားရွာမှ သူမ သူငယ်ချင်းကောင်းဖြစ်သူ ရွှမ်းဇီ၏မိခင်ထံမှ ရွှေ့ပြောင်းယူလာခဲ့ခြင်းဖြစ်သည်။

အဒေါ်ကြီးရှန်း သဘောတူလိုက်သည်ကို ကြားသောအခါ မော့ရန်သည် ရှန်းယိုယိုကိုသတိထား၍ တစ်ချက်ကြည့်လိုက်သေးသည်။ သူမလည်း ပြုံးပြီး ခေါင်းညိတ်ကာ "ကောင်းပြီလေ" ဟု ပြောသည်ကို မြင်သောအခါမှ သူ နောက်ဆုံးတွင် လုံးဝစိတ်အေးသွားတော့သည်။

ကလေးငယ်နှစ်ဦးမှာ ခုန်ပေါက်ကာ အလွန်အမင်းစိတ်လှုပ်ရှားနေကြသည်။

သူတို့ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

"ရေး၊ ဟေး သိပ်ကောင်းတာပဲ၊ အခုကစပြီး အရသာရှိတဲ့ အစားအစာတွေ အများကြီးစားရတော့မယ်"

ရှန်းယိုယိုလည်း သူတို့၏ပျော်ရွှင်မှုများ ကူးစက်လာပြီး ဝမ်းသာသွားသည်။ သူမက မော့ရန်ကို

ရှန်းယိုယို "ကျမ အခု ဟင်းချက်တော့မလို့၊ ကလေးနှစ်ယောက်ကိုခေါ်ပြီး ခဏလောက် သွားဆော့နေပါလား၊ ကျက်သွားရင် ကျမ လှမ်းခေါ်လိုက်မယ်လေ"

မထင်မှတ်ဘဲ မော့ရန်တံခါးဝတွင်ထိုင်ကာ ထွမ်းဇီနှင့် ယွမ်ဇီတို့ကို အားကျနေသော အကြည့်ဖြင့် ကြည့်နေသည့် ရှန်းနန်ကိုတွေ့လိုက်ရသည်။ ခဏတာ စဉ်းစားပြီးနောက် သူ မေးလိုက်သည်။

မော့ရန် "ဟေး ရှန်းနန်၊ ငါ့အတွက် အဲ့ဒီကလေးနှစ်ယောက်ကို ကြည့်ပေးထားလို့ရမလား၊ ငါ အလုပ်သွားလုပ်ရဦးမယ်၊ ဒီအတိုင်း အလကားတော့ စားသောက်နေလို့မဖြစ်ဘူးလေ"

အစ်ကိုမော့ ရုတ်တရက် သူ့ကို ခေါ်လိုက်သဖြင့် ရှန်းနန်အံ့ဩသွားပြီး အလျင်အမြန်ပြန်ဖြေလိုက်သည်။

ရှန်းနန် "ဟုတ်ကဲ့၊ အခုပဲ သွားလိုက်ပါ့မယ်"

ထို့နောက် သူသည် ကလေးငယ်နှစ်ဦးဆီသို့ပြေးသွားလေသည်။ ရွာတွင် ရှိနေစဉ်က ဦးလေးဖြစ်သူ၏ကလေးများက သူ့ကို မကြာခဏ အနိုင်ကျင့်လေ့ရှိ သည်။ သူတို့က ရွာထဲရှိအခြားကလေးများကို သူနှင့်တမင်တကာ မဆော့ရန်ပြောထားသဖြင့် အကြိမ်တိုင်း၌ သူအဝေးမှသာ ငေးကြည့်နေခဲ့ရသည်။

တစ်စုံတစ်ယောက်က သူ့ကိုကလေးများနှင့် ကစားခိုင်းသည်မှာ ဤအကြိမ်က ပထမဆုံးအကြိမ်ဖြစ်သည်။

မောင်လေးဖြစ်သူ ဤမျှပျော်ရွှင်နေသည်ကို မြင်သောအခါ ရှန်းယိုယို အနည်းငယ်ကျေနပ်မိသည်။ ရှန်းနန် ကလေးငယ်နှစ်ဦးထက် နှစ်နှစ်ကြီးသော်လည်း သူတို့ထက် သိပ်မရှည်ပေ။

ထို့ကြောင့် ကလေးသုံးဦးမှာ အချင်းချင်းလျင်မြန်စွာ စတင်ကစားကြတော့သည်။

သူတို့ကိုနေရာချထားပြီးနောက် မော့ရန်သည် သူ့မီးဖိုချောင်ဆီသို့ ချက်ချင်းပြန်သွားကာ ခုတ်ထစ်ထားသော ကြက်သားများ၊ အိမ်ထဲရှိ ဟင်းခတ်အမွှေး အကြိုင်များနှင့် စားသောက်စရာအားလုံးကိုယူလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူတို့ ဤနေရာတွင် အချိန်အကြာကြီး စားသောက်ရန် ရည်ရွယ်ထားသောကြောင့် သူ့ဆီတွင် ထားထား၍လည်း အဓိပ္ပာယ်မရှိပေ။ ၎င်းတို့ကို ယူလာပြီး ရှန်းယိုယိုကို အကုန်သုံးခွင့်ပေးလိုက်သည်ကပိုကောင်းသည်။

အရသာရှိအောင် ချက်ပြုတ်ပြီးသွားသောအခါ လူတိုင်းအတူတကွ ပျော်ရွှင်စွာစားသောက်နိုင်ကြမည်ဖြစ်သည်။

ဤအလုပ်များကိုလုပ်ပြီးနောက် သူ ခြံထဲသို့ပါးနပ်စွာသွားပြီး အဒေါ်ကြီးရှန်းကိုကူညီပေးလေသည်။

လူငယ်လေး မည်မျှကြိုးစားလုပ်ကိုင်သည်ကိုမြင်သောအခါ အမျိုးသမီးလီ သူ့အား မိသားစုဝင်တစ်ဦးကဲ့သို့ဆက်ဆံကာ ပေါက်ပြားဖြင့် မြေဆွရန် တိုက်ရိုက်ခိုင်းလိုက်သည်။

အမျိုးသမီးလီ သူ့အားပြသပေးပြီးနောက် မော့ရန်သည် အလွန်ကျွမ်းကျင်သောပုံစံဖြင့် စတင်လုပ်ကိုင်တော့သည်။

မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ရှန်းယိုယိုမှာ မရယ်ဘဲမနေနိုင်တော့ပေ။

သူ ယူလာသည့် ဟင်းချက်စရာများကိုကြည့်လိုက်ရာ ဂျုံမှုန့်အပါအဝင် ပစ္စည်းအတော်များများပါဝင်သည်။

သို့သော်လည်း အစ်ကိုမော့လုပ်နေသည်အား တစ်ခါမှမတွေ့ဖူးပေ။

အဆိုပါနံနက်ပိုင်းတွင် အခြားအဒေါ်တစ်ဦး၏အိမ်မှ သူမ မိခင်ယူလာခဲ့သော ကြက်သားတုံးများနှင့် ဟင်းသီးဟင်းရွက်များကို တစ်ချက်ထပ်ကြည့် လိုက်သည်။

ရှန်းယိုယိုသည် နေ့လယ်စာအတွက် သူတို့အား မည်သည့်အရသာရှိသော အစားအစာချက်ပြုတ်ပေးရမည်ကို ဆုံးဖြတ်ပြီးဖြစ်သည်။

သူမသည် ဂျုံမှုန့်အချို့ကို ကျွမ်းကျင်စွာခပ်ယူကာနယ်လိုက်ပြီး ဤရှေးခေတ်လူများအတွက် နေ့လယ်စာအဖြစ် ကြက်သားပန်းကန်ကြီးတစ်ပန်းကန် ပြုလုပ်ပေးရန်ပြင်ဆင်လိုက်သည်။ သို့မှသာ သူတို့လည်း ခေတ်သစ်အရသာရှိသော အစားအစာများ၏မြှူဆွယ်မှုကို မြည်းစမ်းနိုင်မည်ဖြစ်သည်။

ဂျုံနယ်ပြီးနောက် ကြက်သားကိုပြင်ဆင်နေစဉ် ရှန်းယိုယိုသည် အရေးကြီးသော ဟင်းချက်စရာတစ်ခုဖြစ်သည့် အာလူးမရှိကြောင်း ရုတ်တရက် သတိရသွားသည်။

သူမ မီးဖိုချောင်ငယ်လေးထဲတွင် အာလူးများရှိနေသော်လည်း ၎င်းတို့ကို သတိလက်လွတ်ထုတ်ယူလိုက်ပါက ၎င်းတို့မှာ မည်သည့်အရာများဖြစ်ကြောင်း သူတို့ သေချာပေါက်မေးကြလိမ့်မည်။

ဤခေတ်တွင် အာလူးများ ရှိ၊ မရှိကို ရှန်းယိုယို မသေချာပေ။

မီးဖိုချောင်ထဲတွင် ခဏရပ်နေပြီးနောက် သူမ အကြံကောင်းတစ်ခု ရုတ်တရက်ရလာသည်။

ထို့ကြောင့် တံခါးဝရှိ တံစဉ်းကိုကောက်ယူကာ ရှန်းယိုယိုအပြင်ထွက်လာခဲ့သည်။

ရှန်းယိုယို "အမေ၊ ဟင်းခတ်ဖို့ တောကြက်သွန်မြိတ် နည်းနည်းသွားခူးမလို့"

အမျိုးသမီးလီ "အေးပါ၊ ဂရုစိုက်သွားနော်"

အရမ်းဝေးဝေးလံလံ မဟုတ်သောကြောင့် အမျိုးသမီးလီ သူမကို မတားခဲ့ပေ။ ထိုတောကြက်သွန်မြိတ်ခင်းကို သူမ အရင်မြင်ဖူးသည်။ ရှန်းနန် အပြင်ထွက်ကစားစဉ်က ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မှာ အလွန်ဖြစ်ထွန်းနေပြီး တောင်ပေါ်တွင် မည်သူမှမရှိသောကြောင့် ၎င်းတို့မှာ သူတို့ မိသားစုအတွက် ကံကောင်းမှုတစ်ခုပင်။

ရှန်းယိုယို တံစဉ်းကိုကိုင်ကာ အချိန်အတန်ကြာလမ်းလျှောက်ပြီးနောက် တောကြက်သွန်မြိတ်ခင်းသို့ ရောက်ရှိသွားသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မည်သူမျှ မရှိသည်ကို တွေ့သောအခါ သူမသည် စိတ်ထဲမှနေ၍ မီးဖိုချောင်ငယ်လေးနှင့် ဆက်သွယ်လိုက်သည်။ မကြာမီမှာပင် သူမရှေ့ရှိ မြေကြီးပေါ်တွင် အာလူးငါးလုံး ခြောက်လုံးခန့်ပေါ်လာခဲ့သည်။

ပိုလက်တွေ့ဆန်စေရန် ရှန်းယိုယိုသည် မြေဆီလွှာအသစ်အချို့ကို တူးကာ ၎င်းတို့အပေါ်တွင် အများအပြား ပွတ်သပ်လိုက်ပြီး ယခုလေးတင် တူးဖော်ထားသည့်ပုံစံ ပေါက်အောင်ပြုလုပ်လိုက်သည်။ ထို့နောက် တောကြက်သွန်မြိတ် တစ်ဆုပ်ကိုဖြစ်သလိုဖြတ်ကာ အာလူးများကို ကောက်ယူပြီး အိမ်သို့ ပြန်လာခဲ့သည်။

အိမ်တံခါးဝသို့ ရောက်ခါနီးတွင်

ရှန်းယိုယို လည်ချောင်းရှင်းလိုက်ပြီး သူမ၏သရုပ်ဆောင်မှုအား စတင်လိုက်သည်။

ရှန်းယိုယို "အမေ၊ အမေ၊ ကြည့်ပါဦး၊ ဒါ ဘာကြီးလဲ၊ အရင်က ဒီလိုမျိုးမြင်ဖူးလားဟင်၊ သမီး အပြင်မှာ တူးလာတာ၊ စားလို့ရမယ့်ပုံပဲ၊ လာကြည့်ပါဦး"

စကားပြောနေရင်း သူမ အလွန်အံ့ဩသွားဟန်ဆောင်ကာ အမျိုးသမီးလီထံပြေးသွားပြီး သူမကို ကြည့်ခိုင်းလိုက်သည်။

ရှန်းယိုယို ကိုင်ထားသည်ကို မြင်သောအခါ အမျိုးသမီးလီ မှာ ထူးထူးခြားခြားတည်ငြိမ်နေပြီး

အမျိုးသမီးလီ "အို ဒါ မြေပဲလေ၊ ဘာမှတန်ဖိုးမရှိပါဘူး၊ ရွာထဲက မိသားစုတော်တော်များများက ဝက်စာကျွေးဖို့စိုက်ကြတာ၊ ဒီအပင်က အသီးသီးတယ် လေ၊ အထွက်နှုန်းကောင်းပြီး ဂရုစိုက်စရာ သိပ်မလိုလို့ လူတိုင်းစိုက်ရတာ ကြိုက်ကြတယ်၊ ဒါပေမဲ့ အခု ဝက်တွေတောင် သိပ်မစားချင်ကြတော့ဘူး၊ အရသာမရှိဘူးလို့ပြောကြတယ်၊ အမေ ပြောပြမယ်၊ အမေ အရင်က စားဖူးတယ်၊ တကယ်ကို စားလို့မကောင်းဘူး၊ တအား ပေါ့ပျက်ပျက်နိုင်လွန်းတယ်၊ ကန်စွန်းဥထက်တောင် ပိုဆိုးသေးတယ်"

မိခင်ဖြစ်သူက ဤဟင်းချက်စရာကို သိနေသည့်အတွက် ရှန်းယိုယို အနည်းငယ်အံ့ဩသွားသည်။

ထို့ကြောင့် ရှန်းယိုယိုသည် မိခင်ဖြစ်သူနှင့်စကားပြောရင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်ကူညီပေးလိုက်သည်။

ဒီလိုနဲ့ ဒီခေတ်အကြောင်းကို တဖြည်းဖြည်းနားလည်လာခဲ့တယ်။

တကယ်တော့ ဤမင်းဆက်အား နင်မင်းဆက်ဟု ခေါ်ပြီး ရှန်းယိုယို ယခင် တစ်ခါမှမကြားဖူးပေ။ ၎င်းသည် သူမ မူလနေထိုင်ခဲ့ရာ နေရာ၏ သမိုင်းကြောင်းနှင့် လုံးဝကွာခြားသဖြင့် သူမ ရောက်ရှိလာသော ရှေးခေတ်ကာလမှာ စိတ်ကူးယဉ်မင်းဆက်တစ်ခုဖြစ်မည်ဟု ခန့်မှန်းရသည်။

ပိုထူးဆန်းသည်မှာ ဤမင်းဆက်တွင် သယံဇာတများမရှားပါးပေ။ နောင်ခေတ်များတွင် အတွေ့ရများသော အာလူး၊ ကန်စွန်းဥနှင့် ပြောင်းဖူးကဲ့သို့သော အရာများကို ဤနေရာတွင် ရနိုင်သည်။ သို့သော်လည်း ဤနေရာရှိ ဟင်းချက်စွမ်းရည်များမှာ အလွန်ခေတ်နောက်ကျနေပြီး ဟင်းခတ်အမွှေးအကြိုင်များမှာ လည်း အလွန်ရှားပါးလှသည်။

မိသားစုအများစုသည် အစားအစာများကိုပြုတ်ခြင်း သို့မဟုတ် ဆားကြမ်းဖြင့် ရောနယ်ကာ တိုက်ရိုက်စားသုံးကြသည်။

ရိုးရှင်းပြီး ကြမ်းတမ်းလှသည်။ အရသာမရှိသည်မှာလည်း အံ့သြစရာမဟုတ်ပေ။

၎င်းကိုကြားသောအခါ ရှန်းယိုယိုသည် သူမဘေးရှိ မော့ရန်ကိုမကြည့်ဘဲ မနေနိုင်တော့ပေ။

‘သြော် သူ ကြက်သားကို ရေလုံပြုတ်ပဲ ပြုတ်တတ်တာက သူ့အမှားမှ မဟုတ်တာ’

ဤအမည်မသိ မင်းဆက်သည် အစားအသောက်ယဉ်ကျေးမှု ခေါင်းပါးရာ နေရာကြီးတစ်ခုလိုပင်။

သို့သော်လည်း ပရော်ဖက်ရှင်နယ်စားဖိုမှူးတစ်ဦးဖြစ်သော ရှန်းယိုယိုအတွက်မူ ၎င်းသည် အံ့မခန်းအခွင့်အရေးတစ်ခုဖြစ်သည်။

ဆိုလိုသည်မှာ သူမသည် ဤမင်းဆက်ရှိ လူတိုင်းအားအနိုင်ယူပြီး ဘဝ၏အမြင့်ဆုံး အထွတ်အထိပ်သို့ရောက်ရှိရန် သူမ မီးဖိုချောင်လေး၊ သူမ၏ အချက်အပြုတ်စွမ်းရည်များနှင့် ကမ္ဘာနှစ်ခု၏ဟင်းလျာများကြားရှိ သတင်းအချက်အလက်ကွာဟချက်ကို အသုံးပြုနိုင်မည်ဖြစ်သည်။


 Chapter 13

သူမ သိချင်သမျှ အရာအားလုံးကို သိပြီးနောက် ရှန်းယိုယိုသည် ဟင်းဆက်ချက်ရန်အကြောင်းပြချက်ပြကာ ဟင်းသီးဟင်းရွက်ခင်းမှ ထွက်လာခဲ့သည်။

'ဟင်၊ အချိန်တွေ ဒီလောက်ကြာသွားတာတောင် သူမ ဟင်းသီးဟင်းရွက်ပျိုးပင် နည်းနည်းတောင်ကူမစိုက်ပေးဘူးပဲ'

သူတို့ အတင်းပြောဖို့ပဲ အလုပ်ရှုပ်နေကြတာလား။

သူမ၏ဟင်းချက်စွမ်းရည် မည်သို့ရလာကြောင်းကို မိသားစုအား ရှင်းပြပြီးဖြစ်ရာ ရှန်းယိုယိုသည် ၎င်းကို ဖုံးကွယ်ထားရန်မရည်ရွယ်တော့ပေ။ ထို့အပြင် သူမ ဟင်းချက်ကောင်းသူတစ်ဦးအဖြစ် နာမည်မရပါက နောင်တွင် သူမ၏ကျွမ်းကျင်မှုများဖြင့် ငွေမည်သို့ ရှာနိုင်မည်နည်း။

ထို့ကြောင့် ရှန်းယိုယိုသည် ဤကြက်သားနှပ်ဟင်းကို ချက်ပြုတ်ရန် အလွန်အားထုတ်ကြိုးပမ်းခဲ့သည်။

၎င်းတို့သည် အလွန်စေ့စပ်သေချာပြီး ခေါက်ဆွဲများကိုလည်း အလွန်စစ်မှန်သောပုံစံဖြင့် ဆွဲဆန့်ထားသည်။

သူမ ခေါက်ဆွဲဆွဲ မစားရသည်မှာ အလွန်ကြာပြီဖြစ်ရာ အခြားသူများကို မဆိုထားနှင့် သူမကိုယ်တိုင်လုပ်နေရင်းဖြင့် သွားရည်ကျလာခဲ့သည်။

ရှန်းယိုယိုသည် ကြက်သားနှပ်ထဲရှိ အာလူးနှင့် ခေါက်ဆွဲများကို ကြက်သားထက် ပိုနှစ်သက်သည်။

အချိန်အတော်ကြာပြီးနောက် နေ့လယ်စာ နောက်ဆုံးတွင် အဆင်သင့်ဖြစ်သွားခဲ့သည်။

အိုးအဖုံးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အရသာရှိသော ရနံ့တစ်ခု အဝေးသို့ပျံ့နှံ့သွားတော့သည်။

အရသာရှိသော ရနံ့ကိုရလိုက်သော ကလေးငယ်အချို့မှာ မီးဖိုချောင်ဆီသို့ အပြေးအလွှားရောက်လာကြသည်။

ယွမ်ဇီ "မမယိုယို၊ ဘာဟင်းကောင်းတွေ ချက်ထားတာလဲ၊ တအားမွှေးတာပဲ"

ထွမ်းဇီ "မမ၊ အရမ်းမွှေးတာပဲ၊ ထမင်းစားလို့ ရပြီလားဟင်"

ရှန်းနန် "ဝါး၊ မမယိုယိုရဲ့ဟင်းချက်လက်ရာက တအားမွှေးတာပဲ၊ သား သွားရည်တွေတောင် ကျလာပြီ"

ဤလူဆိုးလေးများ၏ပိုလွန်းသော မျက်နှာအမူအရာများကိုမြင်သောအခါ ရှန်းယိုယိုမှာ ရယ်ရလွန်း၍ သေတော့မတတ်ပင် ဖြစ်သွားကာ အလျင်အမြန် ဝင်ပြောလိုက်သည်။

ရှန်းယိုယို "ထမင်းစားလို့ရပြီ၊ သွားပြီး မော့ရန်ကို အပြင်က ဟိုတံခါးရွက်ကိုခင်းဖို့ သွားပြောလိုက်၊ ငါတို့ အဲ့ဒါကို ထမင်းစားပွဲအဖြစ် သုံးမယ်၊ ဒီနေ့ အပြင်မှာပဲ စားကြတာပေါ့၊ ရာသီဥတုလည်း ကောင်းတယ်၊ နေရာလည်း ကျယ်တယ်လေ"

ရှန်းနန် "ဟုတ်ကဲ့၊ အခုပဲ သွားလိုက်မယ်"

ဤသို့ပြောပြီးနောက် ရှန်းနန် အလုပ်လုပ်ရန် အစ်ကိုမော့အား ချက်ချင်းသွားခေါ်လေသည်။

မကြာမီမှာပင် မော့ရန်သည် စားပွဲအားခင်းကျင်းလိုက်ပြီး သူ့ကိုယ်ပိုင်အိမ်မှ ခွေးခြေခုံအချို့ကိုယူလာခဲ့သည်။ အဖေရှန်း ခြေထောက်မှာ ဒဏ်ရာရနေဆဲဖြစ်သောကြောင့် အမျိုးသမီးလီ ရှန်းယိုယိုအား သူ့အတွက် သီးသန့်ခွဲထုတ်ကာ အထဲသို့ယူသွားပေးရန်ပြောလိုက်သည်။

ထိုအရာများ အားလုံးကိုပြီးစီးပြီးနောက် လူတိုင်းသည် စားပွဲတွင်ထိုင်ကာ အရသာရှိသော အစားအစာအိုးကြီးကို စိုက်ကြည့်နေကြသော်လည်း မည်သူကမျှ လက်မခံရဲကြပေ။

ဤပြင်ဆင်ထားပုံက တကယ်ကို...

အရမ်းစားချင်စရာ ကောင်းနေတယ်လေ။

နောက်ဆုံးတွင် အမျိုးသမီးလီ အရင်ဆုံး စကားစကာ မေးလိုက်သည်။

အမျိုးသမီးလီ "အမလေး၊ သမီးလုပ်ထားတဲ့ ဒါက ဘာကြီးလဲ၊ အမေ အရင် တစ်ခါမှမမြင်ဖူးဘူး"

မော့ရန်လည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ပြီးနောက်

"ငါလည်း ဒီဟင်းကို အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ နာမည် ဘယ်လိုခေါ်လဲ"

သူ အလွန်တောကျနေသည်ဟု တွေးကာ အရင် စကားတစ်ခွန်းမှမပြောရဲခဲ့ပေ။ သူ ဤကဲ့သို့သော အစားအစာမျိုးကို အရင် တစ်ခါမှ မစားဖူးခဲ့သော်လည်း အဒေါ်ကြီးရှန်းလည်း မမြင်ဖူးကြောင်း သိလိုက်ရသောအခါ သူ၏ယုံကြည်မှုများ ချက်ချင်းပြန်လည်ရရှိသွားတော့သည်။

'ပြဿနာက ငါ့ဆီမှာ ရှိတာမဟုတ်ဘူးပဲ'

'ရှန်းယိုယို သတိပြန်ရလာကတည်းက အရမ်းပြောင်းလဲသွားပုံရတယ်'

'ငါလည်း ထူးဆန်းပြီး အရင်က မရှိခဲ့တဲ့ အရာတွေ အများကြီးကို လေ့လာသင်ယူခဲ့ရတယ်'

သို့သော်လည်း သူ ထပ်ပြီးမေးခွန်းမထုတ်တော့ပေ။ ဘာပဲဖြစ်ဖြစ် ၎င်းက သူနှင့်ဘာမှမဆိုင်သည့်အပြင် သူက ဤအကျိုးကျေးဇူးများကို ခံစားရသူပင် ဖြစ်နေသေးသည်။

ရှန်းယိုယို သူတို့အား တည်ငြိမ်စွာ မိတ်ဆက်ပေးလိုက်သည်။

ရှန်းယိုယို "ဒီဟင်းကို ကြက်သားဟင်းလို့ခေါ်တယ်၊ အစ်ကိုမော့တို့ အိမ်က ကြက်သားရယ်၊ ဂျုံမှုန့်ရယ်၊ ခုနက အပြင်ကနေတူးလာတဲ့ မြေပဲတွေရယ်နဲ့ လုပ်ထားတာ၊ အရသာ တကယ်ကောင်းမှာပါ၊ မြည်းကြည့်ကြပါဦး"

သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးလီ ခေါက်ဆွဲတစ်လုတ်ကို ကောက်ယူကာစားလိုက်သည်။

ခေါက်ဆွဲမှာ ဝါးရတာစေးပိုင်ပြီး ချောမွေ့သည့် အထိအတွေ့ရှိကာ ဟင်းရည်ထဲတွင် စိမ်ထားသောကြောင့် အလွန်အရသာရှိလှသည်။

ဒါ အရင်က သူတို့စားခဲ့ဖူးတဲ့ ကြက်သားနှပ်ထက်တောင် ပိုကောင်းသေးတယ်။

အမျိုးသမီးလီ မချီးကျူးဘဲ မနေနိုင်တော့ပေ

အမျိုးသမီးလီ "ဒါ အရမ်းစားလို့ကောင်းတာပဲ၊ အားလုံး တူယူကြတော့၊ ဝါး၊ သမီးက တကယ်တော်တာပဲ"

သူမ ဤမျှလောက်အထိ ချီးကျူးနေသည်ကို မြင်သောအခါ လူတိုင်း သူတို့၏တူများကို ကောက်ယူကာ စားပွဲပေါ်ရှိပန်းကန်လုံးကြီးထဲမှ အစားအစာများကို စတင် ယူကြတော့သည်။

လူတစ်ယောက်က ခေါက်ဆွဲတစ်လုတ်ယူလိုက်၊ နောက်တစ်ယောက်က အာလူးတစ်တုံးယူလိုက်နှင့် နောက်တစ်ယောက်က ကြက်သားတစ်တုံး ယူလိုက်ကာ စားနေရင်း အားလုံးခေါင်းညိတ်နေကြသည်။

ရှန်းနန် "အင်း၊ ဒါ အရမ်းစားလို့ကောင်းတာပဲ၊ မြေပဲတွေကို ဒီလိုစားလို့ရမှန်း သား အရင်ကမသိခဲ့ဘူး၊ တအားကောင်းတာပဲ"

ယွမ်ဇီ "ဒီကြက်သားက အရမ်းမွှေးတာပဲ၊ ဦးလေးလုပ်တာထက် အများကြီးပိုစားလို့ကောင်းတယ်"

မော့ရန် "အဟမ်း အဟမ်း၊ အင်း၊ ဒါက ငါလုပ်တာထက် တကယ်ကို အများကြီး ပိုစားလို့ကောင်းပါတယ်၊ ပြီးတော့ ဒီခေါက်ဆွဲတွေ၊ ဂျုံမှုန့်ကို ဒီလို အစားအစာမျိုး လုပ်လို့ရမှန်း ငါ အရင်က မသိခဲ့ဘူး၊ တကယ်ကောင်းတယ်၊ အရသာရှိပြီးဗိုက်ပြည့်တယ်"

အမျိုးသမီးလီ "ဒီမြေပဲကို ဒီလိုစားရတာ အမေ့အတွက် ပထမဆုံးအကြိမ်ပဲ၊ တအား အရသာရှိတာပဲ၊ အရင်က အမေ ကောက်လာသမျှ မြေပဲတွေ အကုန်လုံးကို အဘိုးကြီးရှန်းရဲ့ဝက်တွေကို ကျွေးခဲ့တာ မှတ်မိသေးတယ်၊ အားးး အဲ့ဒါက အမေ့ရင်ကို တကယ်ကွဲစေတာပဲ"

...

အဖွဲ့သားများသည် စားရင်းနှင့် တစ်ပြိုင်နက်စကားပြောနေကြသည်။

ရှန်းယိုယို နားထောင်နေရင်း ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့သည်။ တကယ်တော့ ယခင်က ရှန်းနန်လုပ်စရာမရှိသည့်အခါ အပြင်ထွက်၍ မြက်ရိတ်လေ့ရှိပြီး မြေပဲ အများအပြားကို စုဆောင်းခဲ့သော်လည်း ဤအရာများမှာ ဝက်စာဟုသာ သူ အမြဲထင်ခဲ့သဖြင့် ၎င်းတို့အားလုံးကို ဝက်များကိုသာကျွေးခဲ့ခြင်းဖြစ်သည်။

ယခု ဤမြေပဲများကို ဤမျှအရသာရှိသော ဟင်းလျာအဖြစ် ဖန်တီးနိုင်ကြောင်း ရုတ်တရက် သိလိုက်ရသောအခါ သူ နောင်တများဖြင့် ပြည့်နှက်သွားကာ ငိုရင်း စားနေတော့သည်။

နောက်ဆုံးတွင် ရှန်းယိုယို သူ့အား နှစ်သိမ့်လိုက်ရသည်။

ရှန်းယိုယို "ကဲပါ ကဲပါ၊ နန်နန်၊ မငိုနဲ့တော့၊ နောက်တစ်ခါ နင်မြေပဲ တူးမိရင် အစ်မဆီ ယူလာခဲ့၊ အစ်မက နင့်အတွက် အရသာရှိတဲ့ အစားအစာမျိုးစုံ ချက်ပေးမယ်"

ထိုသို့ဖြင့် သူမ သူ့အား ချော့မော့နိုင်ခဲ့သည်။

စားသောက်ပြီးနောက် တက်ရောက်လာသူ အားလုံးမှာ ရှန်းယိုယို၏ဟင်းချက်စွမ်းရည်များကြောင့် သဘောကျသွားကြသည်၊ အထူးသဖြင့် မော့ရန်ဖြစ်သည်။ သူမ ချက်သော အစားအစာ နှစ်နပ်ကိုစားပြီးနောက် ယခင် သူ ဖြတ်သန်းခဲ့သော ဘဝအတွက် သူ ပိုရှက်မိလာသည်။

'အဲ့ဒါ လုံးဝကို ဆိုးရွားလွန်းတာပဲ'

တစ်ချိန်တည်းမှာပင် သူ့ ဆုံးဖြတ်ချက်မှာ သူပြုလုပ်ဖူးသမျှ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်သည်ဟု သူ အလွန်ကံကောင်းကြောင်း ခံစားလိုက်ရသည်။

ကလေးငယ်နှစ်ဦး ဤမျှကြီးမားသော ကျေနပ်မှုဖြင့် စားသောက်နေကြသည်ကိုမြင်သောအခါ သူ့ ခံစားချက်မှာ ပိုပြင်းထန်လာခဲ့သည်။

ကလေးသုံးဦးစလုံး ၎င်းတို့ဗိုက်များကို ပုတ်ကာ ဗိုက်ဝပြီဖြစ်ကြောင်းနှင့် ထပ်မစားနိုင်တော့ကြောင်း ပြောပြီးမှသာ သူတို့ အောက်ဆင်းကာ ကစားကြတော့သည်။

အခန်းထဲရှိ ရှန်းဟယ်သည်လည်း အစားအစာပန်းကန်လုံးကြီး တစ်လုံးကို အကုန်အစင်စားပစ်လိုက်သည်။ ရှန်းယိုယို ပန်းကန်များကို လာသိမ်းသောအခါ ရှန်းဟယ် သူမအား မချီးကျူးဘဲ မနေနိုင်တော့ပေ

ရှန်းဟယ် "ယိုယိုရဲ့ဟင်းချက်လက်ရာက တကယ်ကောင်းတာပဲ၊ အရသာရှိတယ်၊ နတ်ဆရာအိုကြီးပြောတာ မှန်တယ်"

သူ့အမြင်တွင် သူ့သမီးသည် ကြီးမားသောကံကောင်းခြင်းများရှိသည့် လူတစ်ယောက်ဖြစ်သည်။ သူမ ငယ်ရွယ်စဉ်က ဒုက္ခများစွာ ခံစားခဲ့ရသော်လည်း နတ်ဆရာအိုကြီး၏ကောင်းချီးမင်္ဂလာဖြင့် နောင်တွင် ချောမွေ့ပြီး အေးချမ်းသောဘဝကို သေချာပေါက်ရရှိမည်ဖြစ်သည်။

ရှန်းယိုယို သူ့အား လှဲအိပ်ရန် ကူညီပေးရင်း "အရသာရှိရင် ပြီးတာပါပဲ၊ အဖေ၊ အဖေ အနားယူလိုက်ဦး"

ထို့နောက် သူမသည် ပန်းကန်ကိုယူကာ ထွက်လာခဲ့သည်။ သူမ စားသောက်ပြီးနောက် အမျိုးသမီးလီ သူမအား မီးဖိုချောင်ကို ဆက်လက်ရှင်းလင်းခွင့် မပေးတော့ဘဲ အပြင်ထွက်ကစားရန် ချော့မော့လွှတ်လိုက်ကာ မီးဖိုချောင်ကို သူမကိုယ်တိုင် ရှင်းလင်းလိုက်သည်။

သူမ အမြင်တွင် သမီးဖြစ်သူ ယိုယိုမှာ ကလေးတစ်ယောက်သာရှိသေးပြီး ဤမျှအရသာရှိသော အစားအစာများ ချက်ပြုတ်ရာတွင် ကူညီပေးနိုင်ခြင်းကပင် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ သူမသည် အချိန်တိုင်း မီးဖိုအနီးတွင်သာ အချိန်ကုန်နေသင့်သူ မဟုတ်ပေ။

'အခု နောက်ဆုံး သမီး အသိစိတ်ပြန်လည်လာပြီဆိုတော့ အပြင်ထွက်ပြီး ပျော်ပျော်ပါးပါးနေသင့်တာပေါ့'

ဤတောင်ပေါ်ရှိ ရှုခင်းမှာ လှပပြီး သူတို့နေထိုင်ရာ နေရာမှာလည်း အတွင်းပိုင်းသို့ သိပ်မရောက်ပေ။ ပုံမှန်အားဖြင့် တိရစ္ဆာန်ငယ်လေး အချို့သာ လှည့်လည်သွားလာတတ်သဖြင့် အန္တရာယ်မရှိပေ။

ထို့ကြောင့် အမျိုးသမီးလီသည် တကယ်ကို အတော်လေးကျေနပ်နေခဲ့သည်။ ခင်ပွန်းဖြစ်သူ၏ခြေထောက်များ ပြန်ကောင်းလာပြီးနောက် သစ်သားအိမ် နှစ်လုံး ထပ်ဆောက်ကာ ဤနေရာတွင် အခြေချရန် သူမ စိတ်အားထက်သန်နေသည်။ ဘဝသည် အဘိုးကြီးရှန်း၏အိမ်တွင် ရှိနေစဉ်ကထက် အများကြီးပို မျှော်လင့်ချက် ရှိသည်ဟု သူမ ခံစားရသည်။

ထို့အပြင် အစ်ကိုမော့သည် အထူးကျွမ်းကျင်သော မုဆိုးတစ်ဦးဖြစ်သည်။ သူ ရှိနေသဖြင့် ကလေးများမှာ မကြာခဏ အသားစားနိုင်သည်၊ ၎င်းမှာ တောင်အောက်တွင် နေထိုင်စဉ်က သူတို့ တစ်ခါမှ အိပ်မက်ပင် မမက်ခဲ့ဖူးသောအရာဖြစ်သည်။

တောင်ခြေရှိ ရှန်းကျားရွာတွင် သူတို့မိသားစု၏အစားအစာများအတွက် ဟင်းတစ်ခွက်တိုးနိုင်ရန် မျှော်လင့်ချက်ဖြင့် တိရစ္ဆာန်ငယ်လေးများ ဖမ်းရန် တောင်ပေါ်သို့ မကြာခဏတက်တတ်သော အမျိုးသားအများအပြားရှိသော်လည်း ၎င်းတို့မှာ ပြစရာသိပ်မရှိဘဲ အများစုမှာ လက်ဗလာဖြင့်သာ ပြန်လာရလေ့ရှိသည်။

ဤတောင်ပေါ်ရှိ တိရစ္ဆာန်ငယ်လေးများ အားလုံးမှာ နတ်များကဲ့သို့ လျင်မြန်ဖြတ်လတ်ကြသော်လည်း အကြောင်းတစ်ခုခုကြောင့် အစ်ကိုမော့က ၎င်းတို့ကို အမြဲလိုလိုဖမ်းမိနိုင်ခဲ့သည်။ သူကား သိုင်းပညာကို တကယ်တတ်ကျွမ်းသူ ဖြစ်နိုင်သည်။

 Chapter 14


သူမ မိခင်အရင်းက နှင်ထုတ်ခဲ့သော်လည်း ရှန်းယိုယို အငြိမ်မနေနိုင်ခဲ့ပေ။

သူမ တောကြက်ဥများကိုတွေ့ရှိချိန်က စနစ်ပြောခဲ့သည့် စကားများကို တွေးတောနေဆဲဖြစ်သည်။ ၎င်းမှာ သူမက တောဟင်းရွက် ၁၀၀ ကို ခူးယူခဲ့သော ကြောင့် ဖြစ်ပုံရသည်။ ထို့အပြင်စနစ်က ၎င်းမှာ အပင်စွယ်စုံကျမ်းစနစ်ဖြစ်ကြောင်း ပြောခဲ့ပုံရသည်။

'ဒါဆို အပင်ဖြစ်နေသရွေ့ အကျုံးဝင်တယ်ပေါ့' 

သူမ မိခင် အလုပ်လုပ်၍ မပြီးသေးသော ခြံထဲရှိဟင်းသီးဟင်းရွက်ခင်းကို ကြည့်ရင်း ရှန်းယိုယို အနည်းငယ်စမ်းသပ်ကြည့်ချင်လာသည်။ သူမ ထင်သည့်အတိုင်း ဟုတ်၊ မဟုတ် စမ်းသပ်ကြည့်နိုင်သည်။

ထို့ကြောင့် သူမသည် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ခင်းထဲသို့ သွက်လက်စွာဝင်သွားပြီး ထိုနံနက်က အမျိုးသမီးလီ၏ လုပ်ဆောင်ပုံကို အတုယူကာ ပျိုးပင်အားလုံးကို တစ်ပင်ချင်းစီ စိုက်ပျိုးလိုက်သည်။

အမျိုးသမီးလီသည် ဟင်းသီးဟင်းရွက်ပျိုးပင် အတော်များများကိုယူလာခဲ့သည်။ ယခုနွေဦးရာသီဖြစ်ရာ မျိုးစေ့ချရန် ရာသီကောင်းတစ်ခုဖြစ်သည်။ ပျိုးပင်များအပြင် ရွှမ်းဇီ၏မိခင်ထံမှ ပုံမှန်စားလေ့ရှိသော ဟင်းသီးဟင်းရွက် မျိုးစေ့အချို့ကိုလည်း သူမ ယူလာခဲ့သည်။

ဤတောင်ပေါ်တွင် နေရာကျယ်ဝန်းလှရာ ပင်ပန်းဆင်းရဲမှုကို မကြောက်သရွေ့ ဟင်းသီးဟင်းရွက်များ ကြိုက်သလောက် စိုက်ပျိုးနိုင်သည်။

သူတို့ မြေများကို ပိုမိုရှင်းလင်းစိုက်ပျိုးရန်သာ လိုအပ်သည်။

အမျိုးသမီးလီ အတွေးများမှာ ရိုးရှင်းလှသည်။ သူမသည် သီးနှံများကိုပြုစုပျိုးထောင်ခြင်းမှလွဲ၍ အခြား မည်သည့်စွမ်းရည်မျှ မရှိသော တောင်သူမတစ်ဦးသာ ဖြစ်သည်။ သို့သော်လည်း မိသားစုပိုင်ဆိုင်မှုများကို ခွဲဝေသောအခါ အဖွားအိုရှန်းကမူ ၎င်းတို့အား မြေကွက်တစ်ကွက်မျှ ပေးချင်ပုံမရသည်မှာ ရှင်းလင်းလှသည်။ အိမ်ထောင်ဦးစီး၏ဆေးကုသစရိတ်အတွက် ငွေအမြန်ဆုံးရရန် သူမ ပြဿနာကြီးကြီးမားမား မရှာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခု သူတို့သည် မြေရိုင်းများကို ပိုမိုရှင်းလင်းကာ ဟင်းသီးဟင်းရွက်များနှင့် အခြားအရာများကို ပိုမိုစိုက်ပျိုးခြင်းသာပြုလုပ်နိုင်သည်။ ၎င်းမှာ သူတို့ ကိုယ်တိုင်စားသုံးရန်အတွက်သာမက ပိုလျှံသည်များကို ဈေးသို့သွားရောင်းကာ မိသားစုဝင်ငွေအတွက် ငွေအချို့ရှာရန်ဖြစ်သည်။

ထမင်းစားပြီးနောက် မော့ရန်သည် မြေဆွရန်နှင့်တူးရန် ဆက်လက်ကူညီပေးလေသည်။

ဤအရာများက သူ့အတွက်မခက်ခဲပေ။ အနည်းငယ် ငြီးငွေ့စရာ ကောင်းရုံသာ။

ထို့ကြောင့် အမျိုးသမီးလီ မီးဖိုချောင်ကို ရှင်းလင်းပြီးနောက် အပြင်သို့ထွက်လာသောအခါ ထိုမြင်ကွင်းကိုတွေ့လိုက်ရခြင်းဖြစ်သည်။

ကလေးနှစ်ဦးသည် အချိတ်အဆက်မိမိ အတူတကွလုပ်ကိုင်နေကြပြီး တစ်ယောက်ကမြေဆွကာ နောက်တစ်ယောက်ကစိုက်ပျိုးနေကြသည်။

အမျိုးသမီးလီ သက်သာရာရစွာ ပြုံးလိုက်သည်။ သူမ ကလေးများ ဤမျှကြိုးစားလုပ်ကိုင်နေကြသည်ဖြစ်ရာ အနာဂတ်တွင် ဘာကိုကြောက်စရာ လိုတော့မည်နည်း။ အရာအားလုံးက ပိုကောင်းမွန်လာမည်သာဖြစ်သည်။

ထို့နောက် သူမလည်း သွားရောက်ကာ အလုပ်များတွင် ပါဝင်ကူညီတော့သည်။

ရှန်းယိုယိုသည် ဟင်းသီးဟင်းရွက် ငါးမျိုး ခြောက်မျိုးခန့်ကို ကိုယ်တိုင် စိုက်ပျိုးပြီးသောအခါ စုစုပေါင်း အပင် ၁၀၀ ခန့် ရှိသွားရာ သူမ၏ စိတ်ထဲ၌ ထိုစက်သံ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

【Host အနေနဲ့ ဟင်းသီးဟင်းရွက် အပင် ၁၀၀ စိုက်ပျိုးခြင်း တာဝန်ကိုပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီနေရာမှာ အရင်က မတွေ့ဖူးတဲ့ ရှားပါးအပင် နှစ်မျိုးဖြစ်တဲ့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးတို့ကို ဆုလာဘ်အဖြစ်ပေးအပ်ပါတယ်။ သူတို့ကို သင့်နေထိုင်ရာ နေရာတစ်ဝိုက်မှာ ချထားပေးပါတယ်၊ ကျေးဇူးပြုပြီး သေချာဂရုစိုက်ပါ။】

၎င်းကို ကြားသောအခါ ရှန်းယိုယို အလွန်ပျော်ရွှင်သွားသည်။

စနစ်က ၁၀၀ ဆိုသည့် ကိန်းဂဏန်းကို တကယ် သဘောကျပုံရသည်။ သူမ အပင်များနှင့် သက်ဆိုင်သည့် အရာတစ်ခုခုကိုပြုလုပ်ပြီး ၁၀၀ သို့ ရောက်တိုင်း ဆုလာဘ်တစ်ခုပေါ်လာပုံရသည်။

ထို့အပြင် ဆုလာဘ်များမှာ အကြိမ်တိုင်းတွင် မတူညီသဖြင့် ရှန်းယိုယိုမှာ ကံကောင်းခြင်း လက်ဆောင်ထုပ်ကြီးတစ်ခုကို ဖွင့်ဖောက်နေရသလို ခံစားရစေသည်။

အတွေ့အကြုံက အံ့မခန်းပင်။

ဥပမာအားဖြင့် ယနေ့ရရှိသော ဆုလာဘ်ဖြစ်သည့် ငရုတ်သီးနှင့် ခရမ်းချဉ်သီးတို့ကို သူမ တကယ်သဘောကျသည်။ ယခင်ဘဝက သူမသည် ဤအစားအစာ နှစ်မျိုးကို အလွန်နှစ်သက်ခဲ့သည်။

၎င်းတို့မှာ အလွန်အရေးကြီးသော ဟင်းခတ်အမွှေးအကြိုင်များလည်း ဖြစ်သည်။

ထို့ကြောင့် သူမ လက်ထဲရှိပျိုးပင်ကို စိုက်ပျိုးပြီးနောက် ရှန်းယိုယို အမျိုးသမီးလီအား တိုက်ရိုက်ပင် "အမေ၊ သမီး အိမ်သာသွားချင်လို့"

ထို့နောက် သူမ တန်းပြီး လျှောက်ထွက်သွားလေသည်။

အနီးအနားတွင် အလုပ်လုပ်နေသော မော့ရန်မှာ သူမ အိမ်သာသွားမည်ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်ကို ကြားသောအခါ မျက်နှာနီရဲသွားသည်ကိုမူ လုံးဝ သတိမထားမိပေ။

ဤတောသူမလေးက မြို့တော်တွင် သူ တွေ့ခဲ့ဖူးသော အမျိုးသမီးများနှင့် အမှန်ပင် ကွာခြားလှသည်။ ယောကျ်ားတစ်ယောက်ဖြစ်သော သူ့ရှေ့တွင် အိမ်သာသွားမည့်အကြောင်းကို နည်းနည်းလေးမှ ရှက်ရွံ့ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုနေသည်။

သို့သော်လည်း မော့ရန်သည် ရှန်းယိုယို၏ပွင့်လင်းသော စရိုက်ကို အတော်လေးသဘောကျသည်။ ဤကဲ့သို့သော လူမျိုးနှင့် ပေါင်းသင်းဆက်ဆံရခြင်းက သူ့ကို ပိုသက်တောင့်သက်သာ ခံစားရစေသည်ဟု သူ ထင်သည်။ အနည်းဆုံးတော့ လူတွေကိုခန့်မှန်းရတာ ပင်ပန်းစေမည့် ရှုပ်ထွေးသော အတွေးတွေ အများကြီး ရှိနေမည်မဟုတ်ပေ။

'ဟုတ်တယ်၊ သူက နည်းနည်းတော့ ပွင့်လင်းလွန်းတယ်၊ အိမ်သာသွားတာလိုမျိုး ကိုယ်ရေးကိုယ်တာ ကိစ္စကိုတောင် ငါ့ရှေ့မှာ ပြောနေတာပဲ'

၎င်းက သူ့အား အတော်လေး နေရခက်သွားစေခဲ့သည်။

အခြားတစ်ဖက်တွင် ရှန်းယိုယို အပြင်သို့ထွက်လာပြီးနောက် စနစ်က ဘယ်နေရာတွင် နေရာချပေးခဲ့သလဲဟု တွေးကာ သူမအိမ်ပတ်လည်ကို စတင် ပတ်ကြည့်တော့သည်။ သူမ တစ်ယောက်တည်း နေထိုင်ခဲ့သောကြောင့် အိမ်သာ ဆောက်မထားဘဲ လိုအပ်သည့်အခါတိုင်း သစ်တောထဲသို့ အဝေးကြီးသွား၍ ဖြေရှင်းခဲ့ရသည်။

သို့သော်လည်း သူမ ဤသို့ပြောလိုက်ပြီးနောက် ယခုလူများလာပြီဖြစ်ရာ ခြောက်သွေ့သောအိမ်သာ တစ်လုံးဆောက်ခြင်းက ပိုသင့်တော်မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ၎င်းကိုမြက်ခြောက်များနှင့် ရောစပ်ကာ မြေသြဇာပြုလုပ်နိုင်ပြီး လယ်ကွင်းများအတွက် မြေသြဇာအဖြစ်လည်း အသုံးပြုနိုင်သည်။

သို့သော်လည်း ၎င်းကို အဝေးတွင်ထားရန် လိုအပ်သည်။ မဟုတ်ပါက အနံ့ဆိုးများကို သည်းခံနိုင်မည် မဟုတ်ပေ။

အတွေးလွန်နေရင်း ရှန်းယိုယိုသည် လမ်းလျှောက်ကာ ရှာဖွေနေခဲ့သည်။

နှစ်ပတ်ခန့် လှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် သက်ကယ်မိုး တဲအိမ်လေး၏အနောက်ဘက် မနီးမဝေးရှိ ပေါင်းပင်များ ဖုံးလွှမ်းနေသော နေရာတစ်ခုတွင် ဟင်းသီးဟင်းရွက်များကို သူမ တွေ့ရှိသွားသည်။

အံ့သြစရာကောင်းသည်မှာ စနစ်က ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပေးပြီးဖြစ်သည်။

၎င်းတို့မှာ ပျိုးပင်များအဖြစ်သို့ကြီးထွားနေပြီဖြစ်ကာ အလွန်ကျန်းမာပြီး ကြီးထွားမှုကောင်းမွန်နေပုံရသည်။

ရှန်းယိုယို အလွန်စိတ်လှုပ်ရှားသွားပြီး ၎င်းတို့ကို ရေတွက်ကြည့်ရာ ငရုတ်သီး ဆယ်ပင်နှင့် ခရမ်းချဉ်သီး ဆယ်ပင် အတိအကျဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူမက သူမကိုယ် သူမ 'ဒီစိုက်ပျိုးမွေးမြူရေး စနစ်က စွဲလမ်းမှုလွန်ကဲတဲ့ရောဂါ (OCD) များ ရှိနေတာလား၊ ၁၀၀ မဟုတ်ရင် ၁၀ ပဲ' ဟု မညည်းတွားဘဲ မနေနိုင်တော့ပေ။ သို့သော် သူမအတွက်မူ ၁၀ ဆိုသည်မှာ နည်းပါးသော အရေအတွက်မဟုတ်ပေ။ ၎င်းတို့ကို သူမ သေချာဂရုစိုက်မည်ဖြစ်ပြီး အသီးသီးလာမည့်အချိန်ကို စောင့်မျှော်နေမည်ဖြစ်သည်။

တဖြည်းဖြည်းနှင့် နည်းနည်းစီ စုဆောင်းသွားပါက အများကြီးဖြစ်လာလိမ့်မည်။

ထို့ကြောင့် ရှန်းယိုယိုသည် အလျင်အမြန်ဆောင့်ကြောင့်ထိုင်ကာ ပျိုးပင်များပတ်လည်ရှိ ပေါင်းပင်များအားလုံးကို ဆွဲနှုတ်လိုက်ပြီး သူမ အပင်လေးများနှင့် အာဟာရများကို မလုယူနိုင်စေရန် သေချာအောင်လုပ်လိုက်သည်၊ မဟုတ်ပါက ၎င်းတို့ကြီးထွားလာမည် မဟုတ်ပေ။

နောက်ဆုံးတွင် တောင်ပေါ်ရှိ တိရစ္ဆာန်ငယ်လေးများ၏ အန္တရာယ်ပြုခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် ရှန်းယိုယိုသည် သစ်ကိုင်းအများအပြားကို စုဆောင်းကာ ၎င်းတို့အားလုံးကိုကာရံရန် ရိုးရှင်းသော ခြံစည်းရိုးတစ်ခုပြုလုပ်လိုက်သည်။

ရှန်းယိုယိုသည် သူမ ယခုလေးတင် ပြုလုပ်ထားသော လက်ရာကို ကြည့်ကာ အလွန်ဂုဏ်ယူသော အပြုံးဖြင့် ကျေနပ်စွာလက်ခုပ်တီးလိုက်သည်။

'အရမ်းကောင်းတယ်'

ယခုမှစ၍ သူမသည် နေ့တိုင်းလာရောက်၍ ၎င်းတို့ကို ဂရုစိုက်တော့မည်ဖြစ်သည်။

အိမ်ပြန်ရောက်ပြီးနောက် သူမသည် မိသားစုကို ၎င်းအကြောင်းမပြောခဲ့ပေ။ နောက်မှ သူတို့ကို အံ့အားသင့်အောင်လုပ်ရန် စီစဉ်ထားသည်။

သူတို့သုံးဦး ဟင်းသီးဟင်းရွက်ခင်းထဲတွင် အလုပ်လုပ်ပြီးသောအခါ အားလုံးချွေးအနည်းငယ်ထွက်နေကြသည်။

ရှန်းယိုယိုသည် သူမကိုယ် သူမ နမ်းကြည့်ပြီးနောက် ရွံရှာစွာဖြင့် နှုတ်ခမ်းမဲ့လိုက်သည်။ သူမ နံစော်နေသည်။ သူမ ရေမချိုးရသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ အပူဆုံးရာသီ မဟုတ်သေးသော်လည်း နေရခက်နေဆဲဖြစ်သည်။

'ဒီရှေးခေတ်ကာလက ဟူး နောက်ကျလွန်းနေသေးတယ်'

ရေချိုးရသည်မှာ အလွန်အဆင်မပြေပေ။ သူမ ဇွန်ဘီဖြစ်နေစဉ်က တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ခဲ့သော်လည်း ယခု လူသားတစ်ယောက် ဖြစ်လာပြီဖြစ်ရာ ပိုဂရုစိုက်ရမည်ဖြစ်သည်။ မဟုတ်ပါက သူမနှင့် ဇွန်ဘီကြားတွင် ဘာကွာခြားတော့မည်နည်း။

သူမ သက်ပြင်းမချဘဲ မနေနိုင်တော့သဖြင့် သူမဘာသာ ရေရွတ်လိုက်သည်။

ရှန်းယိုယို "ဟူး၊ ရေချိုးစရာ နေရာလေးတစ်ခုလောက်ရှိရင် ကောင်းမှာပဲ"

အသံမှာ အနည်းငယ် တိုးသဖြင့် အမျိုးသမီးလီ မကြားလိုက်သော်လည်း သူမနှင့် မလှမ်းမကမ်းတွင် ရှိနေသော မော့ရန်ကမူ ရှင်းလင်းစွာ ကြားလိုက်ပြီး သူမအား အနည်းငယ်ဇဝေဇဝါဖြင့် မေးလိုက်သည်

မော့ရန် "ရေချိုးမလို့လား၊ မင်း ရေချိုးချင်တာ မဟုတ်လား"

မေးခွန်းမေးပြီးနောက်တွင် ၎င်းမှာ အနည်းငယ် မသင့်တော်ကြောင်း ရုတ်တရက် သူ ခံစားလိုက်ရသည်။ အမျိုးသားနှင့် အမျိုးသမီးကြားတွင် ကွာခြားချက် ရှိပြီး သူ နယ်ကျွံသွားသလို ဖြစ်သွားသည်။

ရှန်းယိုယို သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

ရှန်းယိုယို "ကျမ နံစော်နေပြီ၊ ဟင်၊ ထူးဆန်းတယ်နော်၊ ရှင်လည်း ဒီမှာနေတာပဲလေ၊ ရှင်လည်း ရေချိုးဖို့ အဆင်မပြေဘဲနဲ့ ဘာလို့ နည်းနည်းလေးမှ မနံရတာလဲ"

စကားပြောနေရင်း ရှန်းယိုယိုသည် သိလိုစိတ်ဖြင့် မော့ရန်အနီးသို့တိုးကပ်သွားကာ နှစ်ကြိမ်ခန့် နမ်းကြည့်လိုက်သည်။

အမှန်ပင် မော့ရန်မှာ နည်းနည်းလေးမှ မနံပေ။

သူမ ဤသို့လုပ်သည်ကို မြင်သောအခါ မော့ရန် အလျင်အမြန် နောက်သို့တစ်လှမ်းဆုတ်လိုက်ပြီး မျက်နှာနီရဲကာ

"အင်း ငါ ရေချိုးလို့ရတဲ့ နေရာတစ်ခု သိထားတယ်၊ မင်းကို ငါ အဲ့ဒီကို ခေါ်သွားပေးရမလား"
 Chapter 15


သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ရှန်းယိုယို မျက်လုံးများ လင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှန်းယိုယို "ဘယ်နေရာမှာ ရေချိုးလို့ရလဲဟင်၊ မြန်မြန်ပြောပြပါ၊ ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ"

မော့ရန်သည် သူမ၏စိတ်လှုပ်ရှားမှုကြောင့် အံ့ဩသွားပြီး လွန်ခဲ့သောလဝက်ခန့်က သူ တိုက်ဆိုင်စွာရှာတွေ့ခဲ့သော ရေပူစမ်း၏တည်နေရာကို သူမအား အလျင်အမြန် ပြောပြလိုက်သည်။

ဤတောင်ပေါ်တွင် ရေပူစမ်းကဲ့သို့သော အံ့မခန်းအရာများရှိနေကြောင်း သိလိုက်ရသောအခါ ရှန်းယိုယို ပိုလို့စိတ်လှုပ်ရှားသွားတော့သည်။

'ဒါ အရမ်းကောင်းတာပဲ' 

ယခုမှစ၍ သူမ ရေချိုးရန်အတွက် စိုးရိမ်ပူပန်စရာမလိုတော့ပေ။

သို့သော်လည်း မော့ရန် သူမအား ရေပူစမ်းသို့ သွားရမည့်လမ်းကို အချိန်အတော်ကြာအောင် ရှင်းပြနေသော်လည်း ရှန်းယိုယိုမှာ မှတ်မိနိုင်ခြင်းမရှိပေ။ ယင်းအစား သူမက နားထောင်လေလေ ပိုရှုပ်ထွေးလေလေဖြစ်လာသည်။ တစ်ခါတစ်ရံ တောင်ဘက်သို့ သွားရမည်။ တစ်ခါတစ်ရံ အနောက်ဘက်သို့ သွားရမည်ဟု ဆိုသည်။ ဘယ်အရပ်က ဘယ်အရပ်မှန်းကိုပင် သူမ မခွဲခြားတတ်တော့ပေ။

ဟုတ်သည်။ ရှေးခေတ်တွင်ဖြစ်စေ၊ ကမ္ဘာပျက်ကပ်ကြီးထဲတွင်ဖြစ်စေ ရှန်းယိုယိုသည် အမြဲတမ်း မျှော်လင့်ချက်မဲ့လောက်အောင် လမ်းကြောင်းရှာဖွေရာတွင် အားနည်းပြီး ဘယ်အရပ်က ဘာအရပ်မှန်း မခွဲခြားတတ်ပေ။ နောက်ဆုံးတွင် မော့ရန်အားထပ်၍ အချိန်မဖြုန်းစေချင်တော့သဖြင့် ရှက်ရွံ့စွာဖြင့် တိုက်ရိုက်ပြောလိုက်ရသည်။

ရှန်းယိုယို "မော့ရန်၊ ရှင် ခဏနေရင် အလုပ်များမှာလား၊ ကျွန်မနဲ့အတူ လိုက်ခဲ့ပေးလို့ ရမလားဟင်၊ လမ်းကို တကယ်မမှတ်မိလို့ပါ၊ ကျေးဇူးပြုပြီးတော့"

ဤသို့ပြောပြီးနောက် သူမ လက်အုပ်ချီကာ သူ့အား သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ မော့ရန်၏စိတ်နှလုံးကို နူးညံ့သွားစေခဲ့သည်။

သူ စဉ်းစားကြည့်သောအခါ သူမ တစ်ယောက်တည်း ရေချိုးရန်တောင်ပေါ်သို့ သွားခြင်းက အမှန်ပင် ဘေးကင်းမှုမရှိကြောင်း သဘောပေါက်သွားသည်။ တောရိုင်းတိရစ္ဆာန် အချို့နှင့် တွေ့ဆုံခဲ့လျှင် မည်သို့လုပ်မည်နည်း။ ပြဿနာများလိမ့်မည်။ ထို့ကြောင့် သူမနှင့်အတူ လိုက်သွားပေးရန် သူ ဆုံးဖြတ်လိုက် သည်။ ဘာပဲဖြစ်ဖြစ် သူ့ထံ အရေးတကြီးလုပ်စရာမရှိပေ။

ထို့ကြောင့် သူ ကြည်ဖြူစွာပင် သဘောတူလိုက်သည်။

မော့ရန် "ကောင်းပြီ၊ ရပါတယ်"

ရှန်းယိုယို "သိပ်ကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မ အဝတ်အစားအသန့်လေးတွေ သွားယူလိုက်ဦးမယ်၊ ပြီးရင် အခုချက်ချင်း သွားကြတာပေါ့၊ ကလေးသုံးယောက်ကို ကြည့်ထားပေးဖို့ အမေ့ကိုပြောခဲ့လိုက်မယ်၊ အဲ့ဒါကြောင့် စိတ်မပူနဲ့နော်"

သူ သဘောတူလိုက်သည်ကို ကြားသောအခါ ရှန်းယိုယို အလွန်ပျော်ရွှင်သွားသည်။ သူမ ချက်ချင်းအလုပ်များသွားကာ ကလေးများနှင့် အမျိုးသမီးလီ ကို ပြောပြပြီးနောက် မော့ရန်နှင့်အတူ တောင်ပေါ်သို့ လျှောက်သွားလေသည်။

ရေချိုးရန် ရေပူစမ်း သွားရှာမည်ဟု အမျိုးသမီးလီအား ရှန်းယိုယိုမပြောခဲ့ပေ။ ယင်းအစား သားကောင်များ ရနိုင်၊ မရနိုင် သွားကြည့်မည်ဟုသာ သူမ ပြောခဲ့သည်။ သူမ မိခင်မှာ အလွန်ရှေးရိုးစွဲကြီးပြီး ယောကျ်ားတစ်ယောက်နှင့်အတူ သူမကို သွားခွင့်ပြုမည်မဟုတ်ဟု သူမ စိုးရိမ်သောကြောင့်ဖြစ်သည်။

ရှန်းယိုယိုကိုယ်တိုင်ကမူ မော့ရန်နှင့်ပတ်သက်၍ အတော်လေး စိတ်ချမ်းသာမှုရှိသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ၏ လေ့လာတွေ့ရှိချက် များအရ သူက သေချာပေါက် လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သူ သူမနှင့် စကားပြောသောအခါ တစ်ခါတစ်ရံမျက်နှာနီရဲတတ်ပြီး အလွန် ရှက်တတ်သည်။ သူ ယုံကြည်စိတ်ချရပြီး လူကောင်းတစ်ယောက်ဖြစ်ရာ ရှန်းယိုယို သူ့အတွက် အလွန်စိတ်အေးရသည်။

ထို့ကြောင့် ရှန်းယိုယို သူမ လဲလှယ်ရန် အဝတ်အစားအသန့်များကိုယူကာ မော့ရန်ကို အပြင်ဘက်တွင် စောင့်နေခဲ့သည်။

မော့ရန် သူ့ ကိရိယာများကိုယူရန် အိမ်သို့ ပြန်သွားပြီးနောက် သူမထံ အလျင်အမြန် ပြန်လာခဲ့သည်။

သူ လေးနှင့်မြားကို ကိုင်ထားသည်ကို မြင်သောအခါ ရှန်းယိုယို သိလိုစိတ်ဖြင့် "ရှင် လေးနဲ့မြားကိုလည်း သုံးတတ်တာလား"

မော့ရန် "အင်း၊ သွားကြည့်ရအောင်၊ သားကောင်များ ရမလားလို့၊ ပုံမှန်ဆို ထွမ်းဇီနဲ့ ယွမ်ဇီတို့ကို ငါနဲ့အတူ ခေါ်သွားရတော့ တောင်နက်ထဲကို သိပ်မဝင်ဖြစ်ဘူး၊ အော် ဒါနဲ့ ဒီမှာ၊ ဒါလေး ယူထားလိုက်"

စကားပြောရင်း မော့ရန်သည် သူ့အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်ယူကာ ရှန်းယိုယို လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရှန်းယိုယိုသည် ထိုအထုပ်ငယ်လေးကို ကြည့်ကာ ညှစ်ကြည့်ပြီးနောက် မသေချာစွာဖြင့် မေးလိုက်သည်။

ရှန်းယိုယို "ဒါ၊ ဒါက ဘာကြီးလဲ၊ ဆပ်ပြာသီးလား"

မော့ရန် "အင်း၊ ဆပ်ပြာသီး၊ အရင်က တောင်ပေါ်မှာ ဒီအပင်ကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ဖူးလို့ ခူးပြီးပြန်ယူလာခဲ့တာ၊ ငါ ပုံမှန်ဆို အဝတ်လျှော်ဖို့နဲ့ ခေါင်းလျှော်ဖို့ သုံးတယ်၊ တကယ် အလုပ်ဖြစ်တယ်၊ ဒါကထောင်းပြီးသားမို့လို့ တိုက်ရိုက် သုံးလို့ရတယ်၊ ဟိုရေပူစမ်းနဲ့ ပတ်သက်ပြီးတော့ ငါ ပြီးခဲ့တဲ့ အကြိမ် သုံးပြီးနောက် သစ်သားဇလုံတစ်လုံး အဲ့ဒီမှာဝှက်ထားခဲ့တယ်၊ အဲ့ဒါကို သုံးပြီး ခေါင်းလျှော်လို့ရတယ်"

မော့ရန် ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြောလိုက်သည်။ ဤအရာကို အရင်က စာအုပ်များထဲတွင်သာ သူ မြင်ဖူးခဲ့သော်လည်း ဤတောနက်ကြီးထဲတွင် အပြင်၌ အမှန်ပင်မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

ဤအချိန်၌ ငယ်ရွယ်စဉ်က သူ့အား စာအုပ်များစွာ ဖတ်ရန် အတင်းအကျပ် ခိုင်းစေခဲ့သော သူ့ အစ်ကိုကြီးအပေါ် ကျေးဇူးတင်စိတ်တစ်ခုကို သူ ခံစားလိုက်ရသည်။

'စာအုပ်တွေထဲမှာ တကယ်ဗဟုသုတတွေ အများကြီး ရှိတာပဲ၊ မဟုတ်ရင် ငါ ဒါကို သေချာပေါက် သိမှာမဟုတ်ဘူး'

ခေါင်းလျှော်ရည်ပင် ရနိုင်ကြောင်းတွေ့လိုက်ရသဖြင့် ရှန်းယိုယို အံ့ဩသွားပြီး သူမ၏စိတ်လှုပ်ရှားမှုမှာ ပိုပြင်းထန်လာခဲ့သည်။ သူမ ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။

ရှန်းယိုယို "ကောင်းပြီ၊ ကျေးဇူးပါ မော့ရန်၊ မြန်မြန် သွားကြရအောင်"

မော့ရန် "အင်းအင်း"

ဤသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် တောင်ပေါ်သို့ အတူတကွလျှောက်သွားကြသည်။

နံ့သာတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာပြီးနောက်မှသာ မော့ရန် စကားပြောလာသည်။

မော့ရန် "ငါတို့ ရောက်တော့မယ်၊ ရှေ့ကလမ်းက နည်းနည်းခက်တယ်၊ ငါ ရှေ့ကနေ သွားမယ်၊ မင်း ငါ့နောက်ကနေ လိုက်ခဲ့"

ရှန်းယိုယို "အော်၊ ကောင်းပါပြီ"

ထို့နောက် ရှန်းယိုယိုသည် မော့ရန်အား ရှေ့မှသွားစေကာ သူ့ နောက်မှ လိမ္မာစွာလိုက်ပါသွားသည်။

ရှေ့တွင် လမ်းမရှိကြောင်း ထင်ရှားနေပြီး နေရာတိုင်းတွင် သစ်ရွက်စိမ်းများနှင့် သစ်ကိုင်းများရှိနေသည်။ ရှန်းယိုယိုသည် မော့ရန် နောက်တွင် ပုန်းအောင်းနေခဲ့ပြီး သူမ မျက်နှာကို သစ်ကိုင်းများနှင့် အကြိမ်အနည်းငယ် ရိုက်မိမတတ်ဖြစ်သွားခဲ့ရာ အမှန်ပင် အတော်လေးအန္တရာယ်များလှသည်။

နောက်ဆုံးတွင် အတန်ကြာ ရှေ့ဆက်သွားပြီးနောက် သူတို့၏ခရီးပန်းတိုင်သို့ ရောက်ရှိသွားကြသည်။

ရှန်းယိုယို ရေပူစမ်းကို မြင်လိုက်ရသောအခါ အလွန်ဝမ်းသာသွားသည်။ လမ်းတစ်လျှောက် သူမ ခံစားခဲ့ရသော အခက်အခဲများ အားလုံးမှာ ယခုတော့ တန်သွားခဲ့ပြီဖြစ်သည်။

သူမ တောက်ပနေသော မျက်လုံးများဖြင့် မော့ရန်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်

"ဒါဆိုရင် ကျွန်မ ဆင်းတော့မယ်၊ ရှင် အမ်း၊ အပြင်မှာ သွားစောင့်နေပေးနော်"

မော့ရန် မျက်နှာနီရဲသွားပြီး ချက်ချင်းပြန်ဖြေလိုက်သည်။

မော့ရန် "ကောင်းပါပြီ၊ ငါ အနီးအနားမှာ သားကောင်တွေ ရှိ၊ မရှိ သွားကြည့်လိုက်မယ်၊ တစ်ခုခုလိုအပ်ရင် ဒါလေးကို မှုတ်လိုက်၊ ငါ ကြားတာနဲ့ ချက်ချင်း လာရှာမယ်"

စကားပြောရင်း သူ့ အင်္ကျီလက်ထဲမှ ဝါးဝီစီတစ်ခုကို ထုတ်ယူကာ ရှန်းယိုယိုအား ကမ်းပေးရင်း ညွှန်ကြားလိုက်သည်။

'ငါ သူ့ကို တောင်ပေါ် ခေါ်လာကတည်းက သူ ဘေးကင်းဖို့ကို သေချာပေါက်တာဝန်ယူရမှာပေါ့'

ရှန်းယိုယို သူမလက်ထဲရှိ ဝါးဝီစီနှင့် ဆပ်ပြာသီးကိုကြည့်ကာ သူ့အား မနောက်ပြောင်ဘဲ မနေနိုင်တော့ပေ။

ရှန်းယိုယို "ရှင်က ဒိုရေမွန်လား၊ ဘယ်လိုလုပ် အရာအားလုံးရှိနေရတာလဲ"

မော့ရန် နားမလည်နိုင်ဖြစ်သွားပြီး သိလိုစိတ်ဖြင့် မေးလိုက်သည်။

မော့ရန် "အဲ့ဒါက ဘာလဲဟင်"

ထိုအခါမှသာ သူမ မပြောသင့်သည်ကို ပြောမိသွားကြောင်း ရှန်းယိုယို သတိပြုမိသွားသည်။

သူမ အလျင်အမြန် ပြောလိုက်သည်။

ရှန်းယိုယို "အော်၊ ဘာမှမဟုတ်ပါဘူး၊ ရှင် သွားလို့ရပြီ"

မော့ရန် "ကောင်းပြီ၊ ဂရုစိုက်နော်၊ တစ်ခုခုဖြစ်ရင် ဝါးဝီစီကိုသာ မှုတ်လိုက်၊ ငါ သွားတော့မယ်"

မော့ရန် စကားပြောပြီးနောက် သူမကို တစ်ချက်ကြည့်ကာ ရေပူစမ်းမှ ထွက်ခွာသွားလေသည်။

သူ အဝေးသို့လျှောက်သွားသည်ကို ကြည့်ပြီးနောက် မည်သူမျှမရှိကြောင်း အတည်ပြုကာ ရှန်းယိုယိုသည် သူမ အဝတ်အစားများကို စတင် ချွတ်ပြီး ရေပူစမ်းထဲသို့ ဝင်သွားလေသည်။

ရေစိမ်ပြီးနောက် သူမသည် သက်တောင့်သက်သာဖြင့် ညည်းတွားလိုက်သည်။

ရှန်းယိုယို "အာ၊ ဒါက အရမ်း သက်တောင့်သက်သာရှိတာပဲ၊ အရမ်းကောင်းတာပဲ၊ ငါ့မှာ ကိုယ်ပိုင် ရေချိုးကန်မရှိခင် ဒီကိုလာပြီး စိမ်လို့ရတယ်"

ထို့ကြောင့် သီချင်းတစ်ပုဒ်ကို ညည်းတွားရင်း ရေထဲတွင် ပျော်ရွှင်စွာ အတန်ကြာစိမ်နေခဲ့သည်။

သူမ ခေါင်းမူးလာချိန်မှသာ ရေချိုးကန်ထဲတွင် အချိန်အကြာကြီးရှိနေခဲ့ကြောင်း သူမ သတိပြုမိသွားသည်။ မူးမေ့လဲသွားမည်ကို စိုးရိမ်သဖြင့် သူမ အလျင်အမြန်ထွက်လာခဲ့သည်။

သူမ ဆံပင်များကို ခြောက်သွေ့အောင် သုတ်ပြီးနောက် အဝတ်အစားအသန့်များကို လဲလှယ်လိုက်သောအခါ ရှန်းယိုယို အသစ်ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။

'အတွင်းရော အပြင်ရော အရမ်းသက်တောင့်သက်သာနဲ့ ခြောက်သွေ့နေတာပဲ'

သူမ ပြီးစီးသွားသောအခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အသံဗလံမရှိဘဲ မော့ရန် ဘယ်ရောက်သွားမှန်း သူမ မသိပေ။

ထို့ကြောင့် ရှန်းယိုယို အလျင်အမြန် ခုနကအသုံးပြုခဲ့သော ဝါးဝီစီကိုကောက်ယူကာ အကြိမ်အနည်းငယ် မှုတ်လိုက်သည်။

ထို့နောက် ရေပူစမ်းဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ သူ့ကိုစောင့်နေခဲ့သည်။

ခဏအကြာတွင် မော့ရန်သည် သူ့ လက်ထဲ၌ တောဘဲနှစ်ကောင်ကိုကိုင်ကာ ထင်သည့်အတိုင်းပင် ပြန်ရောက်လာခဲ့သည်။

ရှန်းယိုယို အလွန်ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာဖြင့်

"ဝါး၊ မော့ရန် ရှင်က အရမ်းတော်တာပဲ၊ အချိန်တိုအတွင်းမှာ တောဘဲနှစ်ကောင်တောင် ဖမ်းမိခဲ့တယ်ပေါ့၊ ရှင် တကယ်ကြီး သိုင်းပညာ အရမ်းတော်တာလား၊ အံ့မခန်းပဲ"

သူမ၏ပွင့်လင်းသော ချီးကျူးစကားများကြောင့် မော့ရန် အနည်းငယ်ရှက်ရွံ့သွားသည်။ သူ့ နောက်စေ့ကို ရှက်ရွံ့စွာ ကုတ်ရင်း

"ရပါတယ်၊ ဒီတိရစ္ဆာန်လေးတွေနဲ့ ရင်ဆိုင်ရတာက ပြဿနာမရှိပါဘူး၊ သွားကြရအောင်၊ မဟုတ်ရင် အချိန်အကြာကြီးနေနေရင် အဒေါ်ကြီး စိတ်ပူနေလိမ့်မယ်"

 

Search Novels