💓💓💓 👩‍❤️‍👨Chapter 56

1970 ခုနှစ်များတွင် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးသည် ဆယ်စုနှစ်များစွာကြာသည်ထက် နီးကပ်ခဲ့သည်။ ဥပမာအားဖြင့် ချန်မန်သည် စားပွဲထိုးသာဖြစ်သည်။ အကယ်၍ သူမသည် ရက်အနည်းငယ် အနားယူပြီး အလုပ်သို့ မလာပါက ပုံမှန်ဖောက်သည်များက သူမ ဘယ်ရောက်နေလဲဟု မေးပေလိမ့်မည်။

ထို့ကြောင့် ဖောက်သည်များသည် စက်ယန္တရားစက်ရုံမှ မဟုတ်စေကာမူ ချန်မန်၏ မင်္ဂလာပွဲအကြောင်းကို အားလုံးသိကြသည်။ နေ့လည်ထမင်းစားရန် ရောက်လာချိန်တွင် လူငယ်မောင်နှံကို တွေ့ကြသောအခါ မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကားဆိုကြလေသည်။

ချန်မန်သည် ယခုရက်ပိုင်းမှာ မကြာခဏ စနောက်ခံနေရသဖြင့် သူမဟာ ရိုးစင်းသော ဂုဏ်ပြုစကားများကြောင့် ရှက်ရွံ့မနေဘဲ ရက်ရက်ရောရောပင် ကျေးဇူးတင်ရှိကြောင်း ပြသခဲ့သည်။

နေ့ခင်းဘက်တွင် သူတို့လင်မယားသည် စားသောက်ဆိုင်တွင်သာ နေလိုက်ကြပြီး ညနေပိုင်းတွင် လုဖျင်ကျိုးသည် အလုပ်မှ ကျွေးသော ထမင်းစားရန် ၎င်းတို့နောက်သို့ လိုက်သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ အစားအသောက်ကူပွန်များနှင့် ဟင်းသီးဟင်းရွက်ငွေများကို ချန်မန် ၏ထောက်ပံ့မှုနှင့် လစာများမှ နုတ်ယူခဲ့ပြီး အိမ်ထောင်စုဇယား ရွှေ့ပြောင်းမှုသည် လကုန်ပိုင်းတွင် အခြေကျသွားမည်ဖြစ်ရာ ပြန်အမ်းငွေ ပိုနည်းပြီး အပိုထပ်ဆောင်းပေးလေသည်။

ညစာစားပြီးနောက် အလုပ်ဆက်လုပ်ကြပြန်သည်။ ရှစ်နာရီတွင် အလုပ်ဆင်းသောအခါ လုဖျင်ကျိုးသည် ချန်မန်ကို တင်ဆောင်၍ စက်ဘီးစီးပြီး ပြန်သွားခဲ့သည်။

လမ်းပေါ်တွင် လရောင်က တောက်ပနေပြီး လေညှင်းလေးကလည်း လတ်ဆတ်အေးမြနေကာ ဖားအော်သံကို တစ်ချက်တစ်ချက် ကြားနေရသည်။ အရာအားလုံးက ကြည်နူးစရာ လှပနေခဲ့သည်။

သို့သော် လုဖျင်ကျိုးက အတွေးများနေမိသည်။ ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်ငြိမ်သက်မှုကို နှိုင်းဆကြည့်နေမိကာ ထိုပတ်ဝန်းကျင်ကို ယခုထက်ပို၍ လူသွားလူလာများလာစေချင်မိပြီး အနည်းဆုံး အလုပ်သိမ်းပြီး ပြန်လာသော ချန်မန်၏ လုံခြုံရေးကို အာမခံနိုင်စေရန် သူမျှော်လင့်နေမိသည်။

သို့သော် ရေတိုတွင် ပတ်ဝန်းကျင်က လုံးဝပြောင်းလဲသွားမှာ မဟုတ်သည့်အတွက် တခြားနည်းလမ်းများကိုသာ တွေးနိုင်ခဲ့သည်။

ထို့ကြောင့် အားလပ်ရက်ပြီး၍ အလုပ်ပြန်ဝင်သော ပထမနေ့တွင် လုဖျင်ကျိုးသည် တစ်နေကုန်အလုပ်လုပ်ပြီးနောက် တပ်စခန်းမှ ထွက်လာကာ အိမ်သို့ တိုက်ရိုက်မပြန်ဘဲ ဖန်းချောင်လမ်းသို့ ရောက်သော နောက်ဆုံးဘတ်စ်ကားကို စီးလာခဲ့သည်။

ထိုအချိန်တွင် ချန်မန်ရှေ့၌ ဧည့်သည်သုံးလေးယောက်ရှိသည်။ သူမက ပြန်အမ်းငွေနှင့် လက်မှတ်များအား ရှာဖွေရင်း အလုပ်ရှုပ်နေသည်။ တံခါးဖွင့်သံကို ကြားလိုက်ရသောအခါတွင် သူမသည် မော့မကြည့်ဘဲ စကားလှမ်းပြောခဲ့သည်။

"ကြိုဆိုပါတယ်..." 

သူမရှေ့မှ လူကို ပြန်အမ်းငွေ ပေးပြီးနောက် နောက်တစ်ယောက်အား ဘာစားမလဲဟု မေးမြန်းရင်း ချန်မန်က မော့ကြည့်လိုက်ချိန်တွင် နောက်ဆုံးတွင် တန်းစီနေသော သူ့ကို မြင်လိုက်ရသည်။ သူမ၏မျက်နှာပေါ်တွင် အံ့သြသောအပြုံးတစ်ခုပေါ်လာသည်။

"ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ..."

တန်းစီနေသော ရှေ့ဆုံးမှ အသက် နှစ်ဆယ်ကျော် လူငယ်လေးသည် ချန်မန်က သူ့ကို ပြုံးပြနေသည်ဟု ထင်ကာ သူ့မျက်နှာ လျင်မြန်စွာ နီရဲလာပြီး ထစ်တီးထစ်ငေါ့နှင့် ဖြေလိုက်သည်။

"ကျွန်တော် ထမင်းစားဖို့ လာတာပါ..."

သို့သော် သူစကားပြောပြီးသည်နှင့် သူ့ဘေးတွင် အခြားလူတစ်ယောက်ရှိနေသည်ကို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ယောက်ျားတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။

"မိန်းမရေ..."

လုဖျင်ကျိုးသည် အိမ်ထောင်ကျပြီးနောက် ချန်မန်ကို မိန်းမ(ဇနီးလေး)ဟု မကြာခဏ ခေါ်ဝေါ်ခဲ့သော်လည်း၊ သူသည် သူမကို လူအများ၏နောက်ကွယ်တွင် လျှို့ဝှက်စွာ ခေါ်ဝေါ်ခြင်း သို့မဟုတ် ကျွန်တော့်ဇနီးလေးက မည်သို့မည်ပုံဖြစ်သည်ဟု အကြောင်းအရာကို ရည်ညွှန်းပြောဆိုခြင်းသာ ဖြစ်သည်။ သူမကို မိန်းမ (ဇနီးလေး)ဟု အများသူငါရှေ့ တမင်တကာ ခေါ်ဝေါ်ခြင်းသည် ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့ကို ပိုမိုနီးကပ်ရင်းနှီးသွားစေသည်။

ချန်မန်သည် လုဖျင်ကျိုးကို ဒေါသတကြီးကြည့်ကာ သူမ၏နှုတ်ခမ်းပေါ်တွင်မူ အပြုံးတစ်ပွင့်ကို ဆင်မြန်းထားသည်။

"ကျွန်မ အလုပ်လုပ်နေတာနော်..."

"ကိုယ် မင်းကို ကူညီမယ်လေ..."
လုဖျင်ကျိုးသည် သူ့ဘေးနားရှိ လမ်းပျောက်နေသည့် လူငယ်လေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ (လမ်းမဟုတ်ဘူး ကြောင်ပျောက်တာ)

"ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ..."

လူငယ်လေးက 'အို' ဟုဆိုကာ နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ လုဖျင်ကျိုး သည် သူ့အား ကျော်ဖြတ်ကာ ကောင်တာဆီသို့ လျှောက်လာခဲ့သည်။ ချန်မန်နှင့် ပုခုံးချင်းယှဉ်ရပ်ပြီး မေးလိုက်သည်။

"မင်း ဘာစားမလဲ..."

သူ့ရှေ့ရှိ လိုက်ဖက်ညီလှသော လူနှစ်ယောက်ကို ကြည့်လိုက်ချိန်တွင် လူငယ်လေးက အစောပိုင်း သူစိတ်ကူးယဉ်ဆန်လွန်းသွားတယ်ဆိုတာ ဝန်ခံလိုက်ရသည်။ သူက ပြောလိုက်သည်။

"ငရုတ်သီးစိမ်းနဲ့ ဝက်သားဟင်း တစ်ပွဲ၊ ထမင်းက လေးတေးဖိုး..."

ချန်မန်နဲ့ တွဲစကတည်းက လုဖျင်ကျိုးသည် အစိုးရပိုင် စားသောက်ဆိုင်ကို ကူညီပေးရန် မကြာခဏ လာရောက်လေ့ရှိသည်။ သူ ဟင်းပွဲများ၏ ဈေးနှုန်းများနှင့် ပမာဏများကို ရင်းနှီးကျွမ်းဝင်နေပေပြီ။ ဟင်းပွဲစျေးနှုန်းများနှင့် လိုအပ်သော အစားအသောက်လက်မှတ်နှင့် အသားလက်မှတ်များကို လျင်မြန်စွာ ပြောပြပေးသည်။ တဖက်လူမှ ငွေလက်မှတ်များ ပေးပြီးနောက်တွင် သူက ပြန်အမ်းရန် လိုအပ်သော ငွေလက်မှတ်များကို အမြန်တွက်ချက်ပြီး ချန်မန်ကို ပြောပြသည်။

ချန်မန်က အမှာစာရေးပြီး အံဆွဲထဲမှ ငွေရှင်းစာရွက်ကို ထုတ်ကာ သူမရှေ့က လူငယ်အား ပေးလိုက်၏။သို့သော်လည်း သူမလက်ကို ဆန့်လိုက်သည်နှင့် လုဖျင်ကျိုးက ပြေစာနှင့် အမှာစာကို ကြားဖြတ်ယူလိုက်ပြီး လူငယ်လေးဆီသို့ လှမ်းပေးလိုက်သည်။

"ငွေရှင်းပြေစာကို ဟင်းပွဲထုတ်ပေးတဲ့ ပြတင်းပေါက်မှာ ရပ်နေတဲ့ ရဲဘော်ကို ပေးလိုက်ပါ... ထိုင်ခုံရှာပြီး ထိုင်စောင့်ပေးပါ..."

လူငယ်သည် ငွေတောင်းခံလွှာနှင့် အမှာစာကို ယူကာ ထွက်ခွာသွားသည်။ ချန်မန်သည် နောက်ဆုံးတွင် တစ်ခုခုကို သဘောပေါက်သွားပြီး လုဖျင်ကျိုးကို မော့ကြည့်လိုက်သော်လည်း သူ၏ ပြတ်သားသော မျက်လုံးများနှင့် တွေ့လိုက်ရသည်။

ကောင်းပါပြီတဲ့ရှင်...

ချန်မန်က သူမဖာသာ တွေးလိုက်ပြီး နောက်ဧည့်သည်ကို ဘာစားချင်လဲဟု မေးလိုက်သည်။။

ခုနစ်နာရီအထိ အလုပ်များနေပြီးနောက် ဖောက်သည်အနည်းငယ်သာ ဝင်လာတော့သည်။ ထိုအခါကျမှ ပန်းကန်များကို သယ်ပို့ပေးပြီး ကောင်တာသို့ပြန်လာသော လုဖျင်ကျိုးကို မေးရန် ချန်မန် သတိရသွားသည်။

"ညနေစာ ထမင်းစားပြီးပြီလား..."

"မစားရသေးဘူး..."

"ရှင်က ညနေစာမစားဘဲ ဒီကိုလာတာလား..."

ချန်မန် အံ့သြသွားသည်။ လုဖျင်ကျိုး ထမင်းစားပြီးပြီဟု သူမထင်ခဲ့သည်။

လုဖျင်ကျိုးက ခေါင်းညိတ်လိုက်သည်။
"တပ်စခန်းကထွက်ပြီး ကိုယ် ဘတ်စ်ကားစီးလာတာ..."

"ဘာစားချင်လဲ..."
ချန်မန်က မေးလိုက်ပြီးမှ ထိုမေးခွန်းသည် အဓိပ္ပာယ်မရှိမှန်း သဘောပေါက်သွားသည်။ သူမတို့၏ စားသောက်ဆိုင်က ညနေပိုင်းတွင် အသားဟင်း နှစ်မျိုးသာ ရောင်းချပြီး အရေအတွက်က သိပ်မများလှပေ။ အသားဟင်းက ရောင်းကုန်သွားသည်မှာ ကြာပြီ။ ယခုအချိန်တွင် အသီးအရွက်ဟင်းနှင့် အာလူးများကိုသာ မှာယူနိုင်ပါသည်။ လုဖျင်ကျိုး၏ အဖြေစကားကို မစောင့်ဘဲ သူမက ပြောလိုက်သည်။

"ထားလိုက်ပါ... တခြားဟင်းတွေ ဘာရှိသေးလဲ မေးကြည့်လိုက်မယ်..."

ယခုအချိန်တွင် ဧည့်သည်များစွာ လာရောက်ခြင်းမရှိသော်လည်း မီးဖိုချောင်တွင် ဟင်းလျာများမှာလည်း ချက်ပြုတ်၍ မပြီးသေးပါ။

 á€…ဏးဖိုမသူး နှစ်ယောက် အလုပ်ရှုပ်နေသည်။ ချန်မန်က သူတို့ကို အနှောက်အယှက်မပေးဘဲ အနီးနားက ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေသည့်အဒေါ် လောကို မေးလိုက်သည်။

"အဒေါ်လော... ကျွန်မတို့မှာ တခြားဟင်းသီးဟင်းရွက်တွေရှိသေးလား..."

“သခွားသီး၊ မုန်လာဥ၊ အာလူး…”

အဒေါ် လောကက ဟင်းသီးဟင်းရွက်များ ချထားရာ နောက်ဖေးရှိ စင်ကို လက်ညှိုးထိုးပြသည်။

“အဲ့ဒီမှာလည်း ရှိသေးတာလားလို့...”

ချန်မန်သည် သစ်သားစင်ကို တချက်ဝေ့ကြည့်ကာ မေးသည်။
"အသားဟင်းတွေ ရှိသေးလား..."

"အသားဟင်းတွေ ရောင်းလိုက်တာကြာပြီလေ..."
အဒေါ်လောက မေးလိုက်သည်။
"စားသောက်ဆိုင်ကို ညစာလာစားတဲ့ အထဲမှာ အသိပါလာလို့လား..."

"မဟုတ်ပါဘူး..."
ချန်မန်က အဖြေပေးလိုက်ရင်း အမှားလုပ်မိသလို ခံစားလိုက်ရသည်။
"အဲ့ဒါ ဖျင်ကျိုးပါ... သူ ညနေကတည်းက ဒီမှာ ရောက်နေပြီးတော့ ဘာမှမစားရသေးဘူးတဲ့..."

အဒေါ် လောက အံ့သြသွားသည်။
"သူမစားရသေးတာကို နင်က ဘာလို့ မပြောတာလဲ..."

"သူ အလုပ်များနေလို့ ပြောဖို့ မေ့သွားတာ..."

"နင်ကတော့ တကယ်ပါပဲ... ကိုယ့်အလုပ်ထက်တောင်မှ သူများအလုပ်ကို ပိုဂရုစိုက်နေတယ်..."

အဒေါ် လောက မီးဖိုနားသို့ လျှောက်သွားရင်း ဟိုဟိုဒီဒီ ခဏလှမ်းကြည့်ရင်း ပြောလိုက်သည်။
"အသားဟင်းမရှိတော့ပေမယ့် ဝက်ဆီအကျန်တော့ ရှိသေးတယ်... အဲ့ဒါနဲ့ အသီးအရွက်တွေကို ကြော်လိုက်မယ်ဆို ဘယ်လိုနေမလဲ. ကြက်ဥနည်းနည်းကျန်သေးတယ်... ငရုတ်ပွအစိမ်းနဲ့ရောကြော် ဒါမှမဟုတ် ကြက်ဥမွှေကြော် လုပ်လို့ရတယ်..."

ချန်မန်က အဲဒါကို စဉ်းစားပြီး အဆင်ပြေသည်ဟု တွေးလိုက်မိသည်။

"ဒါဆို ဝက်ဆီအကျန်တွေနဲ့ အသီးအရွက်မွှေကြော်လုပ်ပြီးတော့ ကြက်ဥမွှေကြော် လုပ်ပေးပါ... ကျွန်မ အမှာစာ သွားလုပ်လိုက်မယ်...

"အေးပါ..."

ချန်မန်သည် မီးဖိုချောင်မှ ထွက်လာပြီး ကောင်တာသို့ ပြန်သွားပြီး လုဖျင်ကျိုးကို မှာထားသည့် ဟင်းပွဲများအကြောင်း ပြောပြပြီး အဆင်ပြေလားဟု မေးလိုက်သည်။

"ကိုယ်က ဘာနဲ့ဖြစ်ဖြစ် စားနိုင်ပါတယ်..."
လုဖျင်ကျိုးက အစားအသောက်ကို ဇီဇာမကြောင်ပါ။

"ဒါဆို အဆင်ပြေသွားပြီ..."
ချန်မန်က အမှာစာ ရေးလိုက်ပြီးနောက် သူမ၏ အိတ်ကပ်ကို ကိုင်လိုက်ရင်း လုဖျင်ကျိုးကို မေးလိုက်သည်။

"အစားအသောက်လက်မှတ် ယူလာသလား... ပြီးတော့ ကြက်ဥလက်မှတ်တွေရော..."
လုဖျင်ကျိုးက သူ့အိတ်ကပ်ထဲမှ အစားအသောက်လက်မှတ်တခုကို ထုတ်လိုက်သည်။
"အစားအသောက်လက်မှတ်တွေပဲ ပါတယ်..."

ချန်မန်က အမှာစာရေးပြီး ပိုက်ဆံကူပွန်ကို အံဆွဲထဲထည့်ကာ စာရင်းစာအုပ်တွင် သူမနာမည်ဖြင့် ကြက်ဥလက်မှတ်နှစ်ခု ရရန်ရှိဟု ရေးမှတ်လိုက်သည်။ ထို့နောက် အမှာစာကို မီးဖိုချောင်သို့ ယူသွားပြီး အဒေါ်လောထံ ပေးလိုက်သည်။

အဒေါ်လောက စာရင်းကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ရှောင်လုက မင်းကို ဒီနေ့ပဲ လာကြိုတာလား နောက်ရော လာကြိုဦးမှာလား..." 

"ဒါ... ကျွန်မ မမေးရသေးဘူး... အဲ့ဒါက မတူဘူးလား..."

"သေချာပေါက် မတူဘူးပေါ့... သူက ဒီနေ့ပဲ အားလို့ လာကြိုတာတို့ ဒါမှမဟုတ် နင့်ကို လာကြိုဖို့ ရုတ်တရက် ဆုံးဖြတ်လိုက်တာမျိုးဆိုရင် ဒီလိုတနပ်နှစ်နပ်က စားလို့ အဆင်ပြေသေးတယ်... ဒါပေမယ့် နေ့တိုင်း လာကြိုမယ် နေ့တိုင်းစားမယ်ဆိုရင်ကျ အဲ့ဒါက အလုပ်မဖြစ်တော့ဘူး... ပိုက်ဆံနဲ့ လက်မှတ်တွေ အများကြီးကုန်တယ်..."

အဒေါ်လောက တိုးတိုးလေးပြောသည်။
"ဒါဆို ဒါရိုက်တာဝမ်နဲ့ သွားတွေ့ပြီး သူ့အတွက် ညဘက် ထမင်းစားဖို့ ပြောလိုက်လေ... ငွေပမာဏနဲ့ လက်မှတ်တွေက အရင်အတိုင်းပါပဲ... သူတို့က အဲ့စာရင်းကို နင့်နာမည်နဲ့ ထည့်ပေးပြီး လကုန်ရင် အလုပ်လုပ်တာကောင်းလို့ ငွေရှာနိုင်ရင်အပိုငွေပြန်အမ်းလိမ့်မယ်... ဒီနည်းနဲ့ စားမယ်ဆို ပိုမသက်သာဘူးလား..."

ချန်မန်က အနည်းငယ် တုံ့ဆိုင်းသွားသည်။
"ဒီလိုနည်းနဲ့ အကြာကြီး စားနေမယ်ဆို... မသင့်တော်ဘူးလားလို့..."

အဒေါ်လောက ပြန်မေးသည်။
"ဘာဖြစ်နေတာလဲ... ငါတို့အားလုံးက ဒီအလုပ်မှာ လူဟောင်းတွေချည်းပဲ... အလုပ်က ထမင်းစားဖို့ စားသောက်ဆိုင်ကို ဘယ်သူ့ကလေးတွေ မရောက်ဖူးကြတာလဲ..."

ကိုယ့်မိသားစုကို ဂရုမစိုက်နိုင်သည်ကလွဲလျှင် နိုင်ငံပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်သည်က ကောင်းမွန်လှသည်။ အမျိုးသားများအတွက် အဆင်ပြေသော်လည်း ယခုခေတ်တွင် အိမ်မှုကိစ္စများကို အမျိုးသမီးများက လုပ်ဆောင်သောကြောင့် အမျိုးသမီးရဲဘော်များမှာ ပို၍ဒုက္ခရောက်ပေသည်။

အဒေါ်လောကို ဥပမာပြရလျှင် သူမ၏ ခင်ပွန်းသည် အိမ်တွင် ဆီပုလင်း ကျကွဲလျှင်ပင် အကူအညီ မပေးနိုင်သော ယောက်ျား ဖြစ်သည်။ ချန်စုဝေ့သည် သူမခင်ပွန်းထက် အနည်းငယ်သာလွန်သော်လည်း သူ၏ချက်ပြုတ်မှုစွမ်းရည်မှာ ခေါက်ဆွဲ သို့မဟုတ် ဂျုံယာဂုအတွက်သာဖြစ်သည်။ ထို့ကြောင့် မိသားစုနှစ်စု၏ သားသမီးများသည် ငယ်စဉ်အခါက ကိုယ်တိုင်ယူစားသောက်ဆိုင် သို့မဟုတ် အစိုးရပိုင် စားသောက်ဆိုင်သို့ သွားပြီး အလုပ်ထမင်း သွားစားကြရသည်။

ကွမ်ကျန့်ကော်နှင့် ယန်မင်ကျစ်၏ ဖခင်သည်လည်း အိမ်ပြန်၍ ချက်ပြုတ်ရန် မလိုအပ်သော်လည်း အလုပ်မှ ဟင်းသီးဟင်းရွက်များကို မကြာခဏ လာရောက်ယူဆောင်ကြသည်။ လက်မှတ်ပေးစရာ မလိုသော စျေးသက်သာသော အစားအသောက်ကို လူတိုင်းစားချင်ကြသည်။ အခုအချိန်အထိတော့ ဒါကို အများကြီးလုပ်နေကြပြီ။ သူတို့က ငွေမပေးချေကြခြင်းမဟုတ်လေရာ ထိုသို့ အသေးအမွှားလေးများအတွက် အစိုးရကို အခွင့်ကောင်းယူသည်ဟုပင် ယူဆ၍မရနိုင်ပေ။

အဒေါ်လောက ဆက်ပြောသည်။
"ပြီးတော့လဲ ရှောင်လုက ဒီအလုပ်ကို ဘယ်အချိန်က မကူညီပဲ နေခဲ့လို့လဲ... ဒါက အလကားလုပ်ပေးသလောက်ပဲလေ... ဒါရိုက်တာဝမ်က သူ့ကို ဘယ်လောက်သဘောကျတယ်ဆိုတာ မသိပါဘူး... ဒါရိုက်တာဝမ်ကို သွားပြောကြည့်လိုက်... သေချာပေါက် သူ ကျေနပ်သွားမှာ..."

ချန်မန် စိတ်ထဲမှာ အကြံတစ်ခုရလိုက်သည်။
"ဖျင်ကျိုးက ဘယ်လိုထင်လဲဆိုတာ ကျွန်မ အရင်မေးကြည့်ဦးမယ်... ကျွန်မကို လာကြိုတာ လေးငါးရက်ပဲ ဖြစ်နိုင်သလို ကျွန်မ အပြန်လမ်းကို အသားကျသွားရင်လဲ လာမှာမဟုတ်လောက်ဘူး..."

လုဖျင်ကျိုးက အလုပ်ပြီး၍ သူမအား လာကြိုသည်ကို အရမ်းအံ့သြပြီး ပျော်နေသော်လည်း သူက တပ်ရင်းမှာလည်း အလုပ်တွေ အများကြီးလုပ်ရပြီး နေ့တိုင်းထိုသို့ပြေးလွှားနေရသည်က ပင်ပန်းလွန်းလှပေသည်။

အဒေါ် လောက ဤစကားကိုကြားသောအခါ ဟွန့်ခနဲ့ နှစ်ကြိမ်မျှ နှာမှုတ်လိုက်ပြီး ပြောသည်။
"သွားမေးလေ..."

လုဖျင်ကျိုးက အလုပ်အပြီးတွင် ချန်မန်အား လာကြိုခြင်းသည် ရုတ်တရက် ဖြစ်လာသော စိတ်ကူးမျှသာ ဖြစ်ပြီး အချိန်အကြာကြီး လာကြိုနေဦးမည်ဟု သူမ ထင်မထားပေ။ လင်းကျန်းမြို့ခံတစ်ယောက်အနေဖြင့် လေတပ်အခြေစိုက်စခန်းကို တစ်ခါမှမရောက်ဖူးစေကာမူ အခြေစိုက်စခန်းသွားရာလမ်းမှာ လမ်းဘေးရှုခင်းက ဘယ်လိုလဲဆိုတာ သူမ သိပေသည်။။

အဒေါ်လောက လက်မခံချင်သော်လည်း ဤနေရာက အမှန်ပင် ဆင်ခြေဖုံးရပ်ကွက် ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စတင်တည်ထောင်ချိန်က ဤနေရာကိုဟစက်မှုဇုန်အဖြစ် သတ်မှတ်ခြင်း မပြုခဲ့လျှင်၊ စက်ပစ္စည်းစက်ရုံနှင့် ဓာတုဗေဒစက်ရုံလိုမျိုး အစိုးရပိုင်စက်ရုံကြီးတွေက တစ်ခုပြီးတစ်ခု အခြေမချခဲ့လျှင် အခုအချိန်အထိ လယ်ယာမြေဖြစ်မှာကို စိုးရိမ်နေမိပေသည်။

စက်ယန္တရားစက်ရုံသည် စက်မှုဇုန်၏ အစွန်အဖျားတွင်ရှိပြီး အခြေစိုက်စခန်းသည် သဘာဝအားဖြင့် ပို၍ဝေးသည်။

ချန်မန်သာ စက်ယန္တရားစက်ရုံတွင် အလုပ်လုပ်ပါက အခြေအနေ ပိုကောင်းနိုင်သည်။ အလုပ်သွားလုပ်ရသော စစ်ဘက်ဇနီးမောင်နှံ များစွာရှိပြီး လမ်းတွင် လူဆိုးများနှင့် တွေ့ဆုံမိမည်ကို စိတ်ပူစရာ မလိုပေ။

လုဖျင်ကျိုးသည် အလုပ်ပြီး၍ ချန်မန်ကို လာကြိုရခြင်းမှာ သူမ ညဘက်အိမ်ပြန်ချိန်တွင် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့်ဟူသည်မှာ သိသာပေသည်။။

ဤကိစ္စတွင် သူသည် သူမအား ဂရုစိုက်ပြီး အချိန်ရှိမှသာ သူမကို လာကြိုနိုင်မည် ဖြစ်ပေရာ သူက အမြဲလို လာကြိုနိုင်မည် မဟုတ်ပေ။

ဤသည်မှာ အမှန်ပင်။ ချန်မန်က အပြန်လမ်းမှာ ဒီကိစ္စကို မေးတဲ့အခါ လုဖျင်ကျိုး က ပြောလိုက်သည်။

"ကိုယ် မင်းကို အချိန်အကြာကြီးလာကြိုဖို့ စီစဉ်ထားပါတယ်..."

ချန်မန်က တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။
"ဒါက သွားရလာရတာ တအားများလွန်းတယ်... အဲ့လောက်အကြာကြီးဆိုရင် ကြာလာရင် တအားပင်ပန်းမှာပေါ့...

"ဘာများ ပင်ပန်းရမှာလဲ... ကိုယ်က ပုံမှန်ညဘက်ဆို လေးငါးနာရီလောက် လေ့ကျင့်ပြီး ဆယ်နာရီကျော်မှ အိပ်ရာဝင်တာ... အခု မင်းဆီကို ကားစီးလာပြီး လမ်းလျှောက်ပြန်ရမှာလဲ မဟုတ်ဘူး... ပြန်စီးဖို့ စက်ဘီးလည်း ရှိတာဆိုတော့ အပျင်းကြီးနေတယ်လို့ ယူဆလို့ရတယ်..."

လုဖျင်ကျိုးက စက်ဘီးနင်းရင်း အတန်ငယ်ကြာမှ ဆက်ပြောသည်။

“ဒီလမ်းက အရမ်းမှောင်နေတယ်... ညဘက်ကို မင်းတစ်ယောက်တည်း စက်ဘီးစီးပြီး ပြန်ရဲပါ့မလား...”

ချန်မန် လှည့်ကြည့်လိုက်သည်။ သူတို့သည် လူနေရပ်ကွက်ကို ဖြတ်ပြီးဖြစ်၍ လယ်မြေနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများအနီးသို့ ရောက်နေချေပြီ။ ဤနေ့က တိမ်ထူပြီး လရောင်ကလည်း မှုန်တိမှုန်မွှားဖြင့် ပတ်ဝန်းကျင်က မည်းမှောင်နေသည်။ ထိုမျှမက ဖားအော်သံပင် မကြားရဘဲ တိတ်ဆိတ်လွန်းနေသည်။

လူသတ်ပြီး အလောင်းဖျောက်ဖို့ တကယ့်နေရာကောင်းလေးပဲ...

ချန်မန်သည် လုဖျင်ကျိုး ၏ခါးကို မသိစိတ်ဖြင့် ပွေ့ဖက်လိုက်မိသော်လည်း ပြောလိုက်သည်။

"ကျွန်မ အဲဒါကို ဖြည်းဖြည်းချင်း အကျင့်ရသွားမှာပါ..."
သူမ သူ့ကိုချည်း အမြဲတမ်း အားကိုးမနေနိုင်ပေ။

လုဖျင်ကျိုးက ပြောလိုက်သည်။
"မင်း ဒါကို ကျင့်သားရနိုင်ပေမယ့် ကိုယ်က စိတ်မပူဘဲ မနေနိုင်ဘူးလေ... အလုပ်ပြီးရင် မင်းကို ဟိုတယ်မှာ လာကြိုပေးမယ်... တခါတလေ ကိုယ်နောက်ကျလို့ လာကြိုမပေးနိုင်ရင် ဒါမှမဟုတ် စစ်ဆင်ရေး သွားရလို့ အိမ်မှာ မရှိရင် မင်းမိဘတွေဆီ ပြန်သွားနေလေ... အဲ့လိုဆို အဆင်ပြေလား..."

ချန်မန်က သူ့ကို ဤမျှအထိ သူမအတွက် ပြည့်ပြည့်စုံစုံ တွေးတောပေးထားမည်ဟု မျှော်လင့်မထားသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။

"ရှင် ဘယ်တုန်းကတည်းက ဒါတွေကို စဥ်းစားပေးထားတာလဲ..."

"ကိုယ် ဒါကို စဥ်းစားနေတာ အရင်ရက်တွေကတည်းကပဲ..."


💓💓💓 👩‍❤️‍👨Chapter 57


ပထမတွင် လုဖျင်ကျိုးသည် ဝမ့်ချိုးမိန်နှင့် ခင်ပွန်းဖြစ်သူကို အနှောက်အယှက်မပေးလိုပေ။ အဆုံးသတ်တွင် သူတို့လက်ထပ်ပြီးသွားပြီး ချန်မန်ကလည်း မိဘအိမ်ဆီ အမြဲလိုလို ပြန်သွားတတ်သည်။ သူ ဂရုမစိုက်သော်လည်း အခြားသူများက ကဲ့ရဲ့မည်ကိုတော့ သူစိုးရိမ်မိသည်။

သို့သော် သူသည် လောလောဆယ် အလုပ်မများသောကြောင့် ချန်မန်ကို ယခုကဲ့သို့ လာကြိုနိုင်သည်။ သူအလုပ်ရှုပ်နေချိန်တွင် သူမကို အချိန်မီ ကြိုနိုင်ပါ့မလားဟူသည်က မသေချာလှပေ။ ထို့အပြင်၊ သူသည် အလုပ်သဘောအရ နှစ်တိုင်းပင် စမ်းသပ်ပျံသန်းရန်အတွက် အခြားမြို့များသို့ သွားရလေ့ရှိသည်။ ကြာချိန်က ပုံသေမဟုတ်ပေ။ တခါတရံတွင် အချိန်တိုတောင်းပြီးဆယ်ရက်မှ ဆယ့်ငါးရက်ခန့်အတွင်းသာကြာသော်လည်း ရက်ရှည်ဆိုလျှင် တစ်လပင်ကျော်သွားတတ်သည်။

သူမကို အိမ်မှာ တစ်ယောက်တည်း ထားရတာ အဆင်မပြေသလို အပြင်တွင် တစ်ယောက်တည်း နေရန်ကလည်း အဆင်မပြေလှပေ။ ထိုအကြောင်းကို တွေးပြီးသောအခါ သူမမိဘအိမ်သို့ ပြန်သွားခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်၏။

လုဖျင်ကျိုးက ပြောသည်။
"မင်းမကန့်ကွက်ရင် ကိုယ် တနင်္ဂနွေနေ့မှာ မင်းမိဘတွေဆီ သွားပြီး ဒီအကြောင်းကို ပြောပြလိုက်မယ်... နောင်မှာ ပွဲတော်ချိန်တွေရောက်တိုင်း သူတို့ကို ပိုပြီးလေးစားမှုပြရမယ်..."

လုဖျင်ကျိုးက အစီအစဥ်များ လုပ်ထားပြီးသားဖြစ်သည်။ ချန်မန်သည် ၎င်းကို တွေးတောကြည့်ပြီး သူမတွင် ကန့်ကွက်စရာအကြောင်းမရှိဟု ခံစားမိသည်။

ကျင့်သားရသွားနိုင်ပါတယ်ဟု သူမ ပြောခဲ့သော်လည်း ညဘက်တွင် တစ်ယောက်တည်း အိမ်ပြန်ရမှာကို ကြောက်ရွံ့သည့်အတွက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ထို့နောက် ညစာအကြောင်းပြောလိုက်သည်။

လုဖျင်ကျိုးက ပြောသည်။
"မင်းရဲ့ဆိုင်မှာ ကိုယ်က အမြဲစားတယ်... မင်းတို့ဒါရိုက်တာက သဘောတူပါ့မလား..."

"ဒါရိုက်တာက သဘောတူသင့်တယ်လို့ အဒေါ်လောက ပြောပါတယ်... ဒါက ကျွန်မတို့က အခွင့်ကောင်းယူနေတယ် ဆိုပေမယ့် စားသောက်ဆိုင်ဘက်ကလည်း မရှုံးပါဘူး... ရှင်က အလုပ် ကူလုပ်ပေးမှာပဲလေ..."

လုဖျင်ကျိုးက သူမကို အလုပ်အတွက် ကူညီပေးသည့်အခါ သူမကလည်း မတ်တပ်ရပ်ပြီး စောင့်ကြည့်နေရုံမျိုး မဟုတ်ပေ။ သူတို့နှစ်ယောက်လုံး အလုပ်လုပ်ကြပြီး လူတိုင်းကလဲ အလကားလုပ်အားကို နှစ်သက်ကြသည်။ ထိုသို့မဟုတ်လျှင် ဒါရိုက်တာဝမ်က သူ့ကိုမြင်တိုင်း အဘယ်ကြောင့် ဤမျှပျော်နေရမည်နည်း။

လုဖျင်ကျိုးက တုံ့ဆိုင်းမနေတော့ပေ။
"ဟုတ်ပါပြီ... ဒါဆိုရင် မင်းတို့ရဲ့ လူကြီးကို အရင်ပြောလိုက်လေ... သူသဘောတူရင် ကိုယ် မင်းနဲ့ ညစာစားမယ်... သူ သဘောမတူရင်လဲ နောက်မှ ပြောကြတာပေါ့ကွာ..."

သူတို့ဇနီးမောင်နှံက ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်တစ်နေ့တွင် ချန်မန်က ဒါရိုက်တာဝမ်ကို ပြောပြခဲ့သည်။

ဒါရိုက်တာဝမ်က တကယ်ပင် မကန့်ကွက်ခဲ့ဘဲ ထို့အတွက် အကြောင်းပြချက်က ရိုးရှင်းသည်။ အခြေခံအားဖြင့် ချန်မန်နှင့် အဒေါ်လော ပြောခဲ့သောစကားဖြစ်သည်။ ထို့အပြင် ချန်မန်သည် အလုပ်မှ အတော်ဝေးသောနေရာတွင် နေထိုင်ကြောင်းနှင့် လုဖျင်ကျိုး၏ အိမ်ပြန်ရန် လာကြိုမှုကသာ အလုပ်မှ အိမ်အပြန်လမ်းတွင် သူမအား ပြဿနာမဖြစ်အောင် တားဆီးနိုင်မည်ဖြစ်ကြောင်း သိခဲ့ရသည်။

နိုင်ငံပိုင်ဟိုတယ်သည် အများပြည်သူပိုင်ပစ္စည်းဖြစ်သော်ငြားလည်း ဒါရိုက်တာအနေဖြင့် အလုပ်သွားရာလမ်းရှိ ဝန်ထမ်းများ၏ ယာဉ်မတော်တဆမှုများအတွက် တာဝန်ခံရမည်ကို လုံးလုံးလျားလျား ခေါင်းရှောင်ရန် ခက်ခဲပေသည်။

ဒါရိုက်တာဝမ်သည် အလွန်လျင်မြန်စွာ သဘောတူညီခဲ့သောကြောင့် သဘာဝကျစွာပင်ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းအတွက်လည်း ပြဿနာမရှိပေ ။

ချန်မန်သည် အိမ်ထောင်ကျခဲ့သော်လည်း အခန်းကို သူမအတွက် သီးသန့်ထားခဲ့သည်။ မူလက သူမသည် နေ့လယ်တွင် အနားယူမည်ဟု ပြောခဲ့သော်လည်း အိမ်ထောင်ကျပြီးနောက် လုဖျင်ကျိုး သည် သူမနှင့် အလုပ်သို့ အတူသွားအတူပြန် လုပ်နေသောကြောင့် သူတို့နှစ်ယောက် နေ့လည်ဘက်တွင် အရှေ့ပြေးအနောက်ပြေး ဖြစ်ရန် မလိုတော့ပေ။ နေ့လယ်တွင် လာ၍ အနားယူကြပြီး ညဘက်တွင် နောက်ကျလျှင်လည်း တစ်ညတာ အိပ်ကြသည်။ ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းအတွက် ခြားနားချက် မရှိပေ။

မည်သို့ပင်ဖြစ်စေ သူတို့သည် ဒါရိုက်တာဝမ်ထက်ပင် သူတို့သမီးလေး၏ လုံခြုံမှုကို ပိုဂရုစိုက်ကြသည်။ သားမက်ဖြစ်သူက လာမကြိုနိုင်သဖြင့် သမီးဖြစ်သူ အိမ်ပြန်လာအိပ်သောအခါ စိတ်အနှောက်အယှက်မဖြစ်ဘဲ ပျော်ရွှင်နေခဲ့ကြသည်။

အခြားသူများက မည်သို့ပြောမည် ဒါမှမဟုတ် မည်သို့ထင်မြင်ကြမည်ကို ဂရုမစိုက်ကြပေ။ သူတို့တွင် ကိုယ်ပိုင်အိမ်ရှိပြီး သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချကြသည်။ 

ဆွေးနွေးပြီးနောက် သူတို့က လုဖျင်ကျိုးအား သူအလုပ်ရှုပ်မည့်အချိန်ကိုလည်း မေးမြန်းခဲ့သည်။

သို့သော် လကုန်ချိန်အထိ လုဖျင်ကျိုးသည် အလုပ်မှ အချိန်မီ ဆင်းနိုင်ပြီး ချန်မန်ကိုကြိုရန် နိုင်ငံပိုင်စားသောက်ဆိုင်သို့ ဘတ်စ်ကားစီးသွားကာ အလုပ်ပြီးပါက အိမ်သို့ စက်ဘီးနင်းပြန်နိုင်သည်။

ချန်မန်သည် ထိုအချိန်တွင် အလုပ်အဆိုင်းခွဲခြင်းနှင့် လစာ စီစဉ်ပေးသောကြောင့် လကုန်ချိန်ကို အကြိုက်ဆုံးဖြစ်သည်။

ပထမအပိုင်းသည် နောက်လ၏ နားရက်များနှင့် သက်ဆိုင်သောကြောင့်ဖြစ်ပြီး ဒုတိယပိုင်းတွင် ငွေနှင့် လက်မှတ်များ ပါ၀င်သောကြောင့် ဖြစ်သည်မှာ ပြောပြရန်ပင် မလိုတော့ပေ။

ပထမဆုံးရောက်သောနေ့မှာ အလုပ်ဆိုင်း အချိန်ခွဲသောနေ့ဖြစ်သည်။ မနက်ပိုင်း သန့်ရှင်းရေးလုပ်ပြီးသောအခါ ဒါရိုက်တာဝမ်ကလွဲလျှင် စားသောက်ဆိုင်မှ ဝန်ထမ်းအားလုံး ဖောက်သည်တွေမလာခင် ဧည့်ခန်းမှာ အတူထိုင်လိုက်ကြသည်။

စားသောက်ဆိုင်တွင် အသက်အကြီးဆုံးဖြစ်သည့် အဒေါ် လောသည် လက်တစ်ဖက်တွင် အလုပ်အဆိုင်းဇယားစာရွက်နှင့် ကျန်တဖက်တွင် ဘောပင်တစ်ချောင်းကို ကိုင်ကာ ဦးစွာ မေးမြန်းလိုက်သည်။

"နောက်လအတွက် အစီအစဉ်တွေ ရှိကြလား... အနားယူဖို့ သေချာတဲ့သူတွေကို ငါ မှတ်ထားပေးမယ်..."

ချန်မန်က သူမ၏လက်ကို ပထမဆုံး မြှောက်ခဲ့သည်။
"တနင်္ဂနွေနေ့မှာ လုပ်စရာရှိတယ်..."

ထိုစကားကို ကြားသည်နှင့် အဒေါ် လောက ပြုံးလိုက်မိသည်။

"ဘယ်တနင်္ဂနွေနေ့မှာများ နင် လုပ်စရာမရှိတာ ရှိသေးလို့လဲ..."

ကြင်စဦးဇနီးမောင်နှံများသည် အလွန်ပင် တတွဲတွဲ ဖြစ်နေကြပြီး အချိန်ရတိုင်းလည်း အတူတူ အချိန်ဖြုန်းလိုကြသည်။ ချန်မန်သည် လ၏ ဒုတိယတဝက်တွင် အနားယူခြင်းမရှိပေ။ လုဖျင်ကျိုးသည် ညနေတိုင်း အလုပ်သို့ လာကြိုရုံသာမက တနင်္ဂနွေနေ့များတွင်လည်း အနားမယူဘဲ ဟိုတယ်တွင် အလုပ်ကူလုပ်ခဲ့သည် ။

ထိုစကားကိုကြားသောအခါ တခြားလူများအားလုံးက ချန်မန်ကို စနောက်လိုသော အပြုံးနှင့် ကြည့်နေကြ၏။ ၎င်းက အချိန်အတော်ကြာအောင် ရှက်သွေးမဖြာခဲ့သော သူမကို ရှက်ရွံ့သွားစေသည်။ 

"တနင်္ဂနွေနေ့က ကျွန်မ တကယ်လုပ်စရာရှိတယ်... ဖျင်ကျိုးနဲ့အတူ တာဝန်ထမ်းဆောင်ဖူးတဲ့ အရာရှိတွေက အထည်အလိပ်စက်ရုံတို့ အထည်ချုပ်စက်ရုံတို့က အမျိုးသမီးရဲဘော်တွေနဲ့ လူမှုရေးမိတ်ဆုံစားပွဲလုပ်ကြမှာ... ကျွန်မတို့ရဲ့ စုပေါင်းခြံဝင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့ချုပ် ဒါရိုက်တာက ကျွန်မကို အကူအညီတောင်းထားတယ်..."

"သူတို့က မင်းကိုဘာလို့အကူအညီတောင်းတာလဲ..."

အဒေါ်လောကက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"အဲဒီနေ့က မိတ်ဆုံပွဲမှာ ပါဝင်ကြမယ့်စစ်သားတော်တော်များများက ဖျင်ကျိုး ရဲ့တပ်ရင်းကမို့လို့ သူ့ကို ကူညီဖို့ တာဝန်ပေးထားတယ်လေ... အဲဒီနေ့မှာပဲ ဒါရိုက်တာဝူက ကျွန်မတို့နဲ့ တွေ့လိုက်တော့ ကျွန်မကိုပါ လိုက်လာပြီး ကူညီပေးဖို့ ပြောနေတာ..."

ချန်မန်က ဒါကို စဉ်းစားပြီး ဒါရိုက်တာဝူရဲ့ အစီအစဉ်ကို မပြောရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုအကြောင်းကို သူမ ပြောမပြစေကာမူ အဒေါ်လောသည် အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး သူမ အောင်သွယ်ပေးခဲ့သော စုံတွဲများမှာ အနည်းဆုံး ဆယ့်ရှစ်တွဲခန့် ရှိပေပြီ။ထိုအကြောင်းကို ကြားလျှင် ဒါရိုက်တာဝူတွင် မည်သည့်တာဝန်ရှိနေသည်ကို သူမ ချက်ချင်းပင် နားလည်သွားပြီး ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။

"နင့်ရဲ့ အမျိုးသမီးအဖွဲ့ချုပ် ဒါရိုက်တာက နင်တို့လင်မယားရဲ့ချစ်ခင်မှုကို ပြသစေချင်တယ်ပေါ့လေ..."

ချန်မန်: "..."

ကံကောင်းသည်က အဒေါ်လောသည် ထိုကိစ္စကို သိပ်စိတ်မ၀င်စားဘဲ အခြားကိစ္စကိုသာ မေးလိုက်သည်။

"ဒီတခေါက် ပါတီမှာ ပါဝင်နေတဲ့ စစ်သားတွေရဲ့ ယေဘုယျအခြေအနေကို မင်းသိလား..."

"ဘယ်လိုအခြေအနေလဲ..."

"အသက်တို့ ရာထူးတို့ ပြီးတော့ အရာရှိတွေလား သာမန်စစ်သားတွေလား..."

ချန်မန်က ရယ်မောလိုက်သည်။
"သူတို့ရဲ့အချက်အလက်တွေကိုမှ ကျွန်မ မမြင်ဖူးတာကို အသက်ဘယ်လောက်ရှိပြီလဲ ကျွန်မ ဘယ်လိုသိပါ့မလဲ... ဒါပေမယ့် သူတို့အသက်က သိပ်မငယ်လောက်ဘူး... အသက်နှစ်ဆယ်ကျော် ဒါမှမဟုတ် သုံးဆယ်ကျော်တော့ ဖြစ်လောက်တယ်... အရာရှိတွေနဲ့ အရာရှိမဟုတ်သေးပေမယ့် အကြပ်အဆင့်တွေ ဖြစ်နိုင်ပါတယ်..."

ထိုသို့ ပြောပြီးမှ သူမက သတိရကာ မေးလိုက်သည်။

"ဘာလို့ ဒီလိုမေးတာလဲ..."

"ငါက ဘာလို့မေးရမှာလဲ... ငါတို့ယူနစ်ထဲက လက်မထပ်ရသေးတဲ့ မိန်းကလေးတွေ အတွက်ပေါ့..."

အဒေါ် လောက ယန်မင်ကျစ်နဲ့ ရန်လင်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

မိန်းကလေးနှစ်ယောက်မှာ ရှက်သွားကြပြီး အထူးသဖြင့် အထက်တန်းကျောင်းပြီးကာစ ရန်လင်က ပို၍ ရှက်ရွံ့သွားသည်။ သူမက အရှက်သည်းတတ်သူဖြစ်ပြီး နီရဲနေအောင် ရှက်သွေးဖြာသွားသည်။ သူမသည် အလွန်ရှက်ရွံ့နေကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ကျွန်မက ငယ်သေးတယ်..."

"အသက် ၁၈နှစ်ဆို လက်တွဲဖော်ရှာနိုင်တာပဲလေ... နောက်ပြီး အဲဒါက မိတ်ဆုံစားပွဲတစ်ခုပဲကို... နင့်ကို လက်တွဲဖော်ရှာပြီး ချက်ချင်းလက်ထပ်ဖို့ မတောင်းဆိုပါဘူးအေ..."
အဒေါ်လောက ဆက်ပြောသည်။

"ဒီစုဝေးပွဲမှာ ပါဝင်မယ့် အမျိုးသားတွေက စစ်သားတွေချည်းပဲ... သူတို့က နိုင်ငံပိုင်စက်ရုံတွေမှာ ရှိတဲ့ ဝန်ထမ်း အမျိုးသားတွေထက် အများကြီး ပိုတက်ကြွကြတယ်... ပြီးတော့ ဒီလူမှုရေးတွေ့ဆုံပွဲမှာ ပါဝင်သူအားလုံးနီးပါးက အရာရှိတွေလို့ ရှောင်ချန်ပြောတာကို အခုပဲ ကြားကြတယ်မဟုတ်လား..."

ချန်မန်က ကမန်းကတမ်း ဝင်ပြောသည်။
"အားလုံးတော့ မဟုတ်..."

"ဘာပဲဖြစ်ဖြစ် အဲ့နေရာမှာ အရာရှိတွေ အများကြီး ရှိနေမှာပဲ... နင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်... ဒီလိုအခွင့်အရေးမျိုးကို လွတ်သွားမယ်ဆိုရင် တူညီတဲ့ အခြေအနေရှိတဲ့ လူတစ်ယောက်ကို နောက်ထပ် ရှာနိုင်သေးရဲ့လား..."
ထိုစကား၏ ဒုတိယပိုင်းသည် လက်မထပ်ရသေးသော မိန်းမပျိုနှစ်ဦးအား ရည်ညွှန်းလေသည်။

ရန်လင်၏ အမူအရာမှာ ချီတုံချတုံ ဖြစ်နေသည်။ အသက် ဆယ့်ရှစ်နှစ်က သိပ်မကြီးသလို အရမ်းလည်း မငယ်တော့ပေ။ အိမ်ထောင်ပြုရန် လုံလောက်ပေပြီ။ သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတော်တော်များများလည်း အိမ်ထောင်ပြုရန် စဉ်းစားထားပြီး ဖြစ်နေကြပေသည်။

ရန်လင်က တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
"ဒါပေမယ့် စစ်သားတော်တော်များများက တခြားနေရာက လာနေကြတာ မဟုတ်လား... ကျွန်မရဲ့မိသားစုက ကျွန်မကို သိပ်အဝေးကြီးကလူနဲ့ လက်မထပ်စေချင်ဘူး..."

"အခြားနေရာကလူတွေရှိတယ်ဆိုရင် ဒေသခံတွေလည်း ရှိရမှာပေါ့... နောက်ပြီး သူတို့က အရည်အချင်းပေါ် မူတည်ပြီး စစ်တပ်ထဲဝင်ကြတယ်... အရည်အချင်းရှိသရွေ့ အသက်ကြီးတဲ့အထိ စစ်တပ်မှာ အလုပ်လုပ်နိုင်တယ်... ငါ့ကို မယုံရင် ရှောင်ချန်ကို မေးကြည့်..."

ရန်လင်သည် ချန်မန်ကို ကြည့်လိုက်သည်။ ချန်မန်လည်း စကားလုံးများကို သေချာစဥ်းစားရွေးချယ်လိုက်ပြီးမှ ပြောလိုက်သည်။

"မှန်ပါတယ်... ဒါပေမယ့် အသက်ကြီးတဲ့အထိ စစ်တပ်ထဲမှာ အလုပ်လုပ်ရဖို့ကတော့ သိပ်မလွယ်ပါဘူး... လူအများစုက သတ်မှတ်ထားတဲ့ အသက်အရွယ်တစ်ခုကို ရောက်ရင် အငြိမ်းစားယူရမယ်..."

"ဒါပေမယ့် ခင်ပွန်းဖြစ်သူက ဒီမှာ နေချင်တဲ့ ဆန္ဒရှိပြီး ဇနီးဖြစ်သူရဲ့ အိမ်ထောင်စုစာရင်းက လင်းကျန်းမှာ ဆိုရင်ရော သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးနိုင်မလား..."

ချန်မန်ကို လက်တွဲဖော်တစ်ဦးနှင့် မိတ်ဆက်ပေးသည့် လုပ်ငန်းစဉ်တွင် အဒေါ်လောသည် စစ်သားများ၏ အငြိမ်းစားယူခြင်းအကြောင်း များစွာသင်ယူခဲ့ရသည်။

ချန်မန်က ပြောလိုက်သည်။
"ယေဘုယျအားဖြင့်တော့ စီစဉ်ပေးလို့ရတယ်... ဒါပေမယ့် အဲဒီလူက ဆန္ဒရှိမရှိအပေါ် မူတည်တယ်... သူ့မွေးရပ်မြေကို ပြန်သွားဖို့ပဲ ပိုပြီးဆန္ဒပြင်းပြရင်တော့ ပြန်ပြောင်းဖို့ စီစဉ်ပေးမှာပါ..."

"ဒါကတော့ ရှင်းရှင်းလေးပါအေ... အိမ်ထောင်မပြုခင်မှာ ကဏ္ဍပေါင်းစုံကို မေးရမယ်... လူကို သဘောကျတယ်ဆိုရင် သူနဲ့ မပေါင်းခင် သေသေချာချာ စုံစမ်းမေးမြန်းထား... သူက ကိုယ်နဲ့ လက်တွဲချင်သေးနေရင် အတူတူ ဆက်လျှောက်လိုက်... မဟုတ်ရင် မေ့လိုက်ပေါ့..."

အဒေါ် လောက ဆက်၍ ဖျောင်းဖျနေသည်။

"ဘာပဲဖြစ်ဖြစ် ဒါက မိတ်ဆုံစားပွဲလေးပါပဲ... မှန်ကန်တဲ့ ဆုံဆည်းမှုတစ်ခု မဟုတ်ရင်တောင်မှ ကမ္ဘာကြီးကို မြင်တွေ့ရတာ ကောင်းပါတယ်... အဖော်ရှာရတာက ငါးဖမ်းတာနဲ့တူတယ်လို့ အဒေါ်ကတော့ ပြောချင်တယ်... ပိုက်ကွန်ကို ကျယ်ကျယ်ချပြီး ငါးကောင်းကောင်းမဖမ်းခင်မှာ သေချာလေး နှိုင်းယှဉ်ကြည့်ရမှာပေါ့..."

အဒေါ် လော၏ စကားက ရန်လင်ကို ရှက်သွေးဖြာသွားစေရုံသာမက ကွမ်ကျန့်ကော်ကိုလည်း အဆက်မပြတ် ချောင်းဆိုးသွားစေခဲ့သည်။ သူက ကြွေရည်သုတ်မတ်ခွက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

"မင်းတို့တွေ ဖြည်းဖြည်းချင်း စကားစမြည်ပြောကြ... ငါ ပြင်ဆင်ထားတဲ့ ဟင်းပွဲတွေကို စစ်ဆေးဖို့ မီးဖိုချောင်ကို သွားလိုက်ဦးမယ်..."

သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး ရပ်လိုက်ပြန်ကာ ထပ်လောင်းပြောလိုက်သည်။

"ငါက ဘယ်နေ့နားရနားရ အဆင်ပြေတယ်..."

ကွမ်ကျန့်ကော်ထွက်သွားသည်နှင့် အဒေါ်လောက ပြောလိုက်သည်။

"နင်တို့နှစ်ယောက် အဲ့ထဲကို တိုးဝင်သွားတာကို မြင်ရဖို့ နင်တို့မှာ အကြံဥာဏ်တွေ ရှိရင် ငါ ဒါရိုက်တာ ဝမ်ကို ပြောထားပေမယ်..."

"အဒေါ် ရှောင်ရန်ကိုပဲ မေးလိုက်ပါ... ကျွန်မကတော့ အခုလောလောဆယ် လက်ထပ်ဖို့ မစဉ်းစားသေးဘူး..." ယန်မင်ကျစ်က မတ်တတ်ရပ်လိုက်ရင်း ဆက်ပြောသည်။

"သွားပြီးတော့ ဟင်းပွဲတွေ ဆက်ပြီး ပြင်ဆင်လိုက်ဦးမယ်..."

ထိုစကားကို ကြားချိန်တွင် အဒါ်လောက မျက်မှောင်ကြုတ်သွားသည်။

"တကယ်ပဲ..."

သူမ၏ စကားမဆုံးခင် ယန်မင်ကျစ်က မီးဖိုချောင်သို့ အမြန်ပြေးသွားသဖြင့် အဒေါ်လောက ဒေါသအလွန်ထွက်သွားပြီး စိတ်မထိန်းနိုင်ဘဲ အော်ငေါက်မိလေသည်။

"ဒီခေါင်းမာတဲ့ကောင်မလေးကတော့လေ..."

အဒေါ်လောတွင် ထိုမိန်းကလေးနှစ်ယောက်ကို မိတ်ဆုံစားပွဲထဲသို့ အတင်းအကျပ် ပါဝင်နေစေလိုသော အကြံရှိနေခြင်းမှာ အကြောင်းရှိသည်။ ပထမအချက်မှာ လုဖျင်ကျိုးသည် စစ်သားဖြစ်နေခြင်းအပေါ် ကောင်းမွန်သောအမြင် ရှိနေသောကြောင့်ဖြစ်ပြီး ဤမိတ်ဆုံစားပွဲအား တပ်မတော်မှ ဦးဆောင်ပြီး အခြားသော ဌာနကြီးများစွာ ပူးပေါင်းပါဝင်သောကြောင့် ယုံကြည်စိတ်ချနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ အဒေါ်လောသည် ဌာနအတွင်းရှိ လက်မထပ်ရသေးသော မိန်းကလေးရဲဘော်နှစ်ယောက်ကို သူတို့၏ ကိုယ်ရေးကိုယ်တာ ပြဿနာများအား တတ်နိုင်သမျှ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ထားပြီး အထူးသဖြင့် ယန်မင်ကျစ်ကို ဖြစ်သည်။


💓💓💓 👩‍❤️‍👨Chapter 58


ယန်မင်ကျစ်၏ ဘဝမှာ ခက်ခဲခဲ့ရှာသည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိထွေးလက်အောက်တွင် ရှင်သန်နေထိုင်ခဲ့ရသည်။ 

အသက်၁၈နှစ်တွင် အထက်တန်းကျောင်းမှ ကျောင်းပြီးခဲ့ပြီးနောက် သူမတွင် အလုပ်ကောင်းကောင်းတစ်ခု ရှာတွေ့နိုင်ခွင့် ရှိခဲ့သည်။သို့သော်လည်း သူမ၏ မိသားစုက သူမကို အထုပ်အပိုးပြင်ပေးကာ ကျေးလက်ဒေသသို့ ပို့ဆောင်လိုက်၏။ ထိုဒေသ၌ သုံးနှစ်မှ လေးနှစ်အထိ နေထိုင်ခဲ့ရလေသည်။

နောက်ဆုံးတွင် သူမသည် မြို့သို့ ပြန်ရောက်လာသော်လည်း သူမ၏ မောင်ငယ်အတွက် အလုပ်တစ်နေရာ ဦးထားရန်အတွက်သာ ဖြစ်ကာ သုံးနှစ်အတွင်း လက်တွဲဖော်မရှာပါဟူသော ရူးကြောင်ကြောင်နိုင်လှသော ကတိကဝတ်ကိုပါ ပြုထားခဲ့ရသည်။

ထိုသုံးနှစ်အတွင်း သူမအသက် ၂၅နှစ် ပြည့်သွားမည်ဖြစ်ပြီး လက်တွဲဖော်ရှာရခက်မည်ကို ပြောစရာပင်မလိုချေ။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမအား ကျေးလက်ဒေသသို့ ပို့လိုက်သော သူမ၏ မိသားစုသည် အလွန်ရက်စက်သည်ဟု ဆိုနိုင်သည်။

အကယ်၍သာ သူမကို ကျေးလက်သို့ ပို့လိုက်သော မူဝါဒသည် သုံးနှစ်အတွင်း ပြောင်းလဲခြင်းမရှိပါက သူမ၏ အလုပ်ကို မောင်ငယ်ဖြစ်သူအား ပေးပြီးသည့်တိုင်အောင် သူမ၏ မိသားစုသည် သူမအား မြို့ပေါ်တွင် နေခွင့်ပြုပါမည်ဟု မသေချာပေ။ ယန်မင်ကျစ် ပထမဆုံး အလုပ်ဝင်လာသောနေ့တွင် သူမ၏ မိထွေးက လိုက်လာပြီး ယန်မင်ကျစ်သည် နောက်သုံးနှစ်အတွင်း အိမ်ထောင်ဖက် မရှာပါဟု ကတိပေးထားကြောင်း လူတကာသိအောင် ပြောသွားခဲ့သည်။ အကယ်၍ အပြင်လူများသည် သူမကို လက်တွဲဖော် ရှာပေးချင်သည့်တိုင်အောင် ထိုသူများအနေဖြင့် သူမ၏ မွေးဖခင်နှင့် မိထွေးကိုပါ ထည့်တွက်ရပေမည်။

ယန်မင်ကျစ်ကလည်း ခေါင်းမာလှသည်။ သုံးနှစ်အတွင်း လက်တွဲဖော် မရှာပါဟု ကတိပေးပြီးသည့်နောက်ပိုင်း သူမက ထိုအကြောင်းကို တကယ်ပင် မစဉ်းစားခဲ့ပေ။ထို့ကြောင့် သူမအသက်ကြီးလာသည်ကို ထိုင်ကြည့်နေခဲ့ရသော အဒေါ်လောကို စိုးရိမ်ပူပန်နေစေခဲ့သည်။

ချန်မန်က မိတ်ဆုံစားပွဲကို အသိပေးလိုက်သည့် အခိုက်အတန့်မှာပင် အဒေါ်လောသည် ထိုသည်က အခွင့်အရေးဖြစ်ပြီး ယန်မင်ကျစ်ကို တွန်းအားပေးသင့်သည်ဟု ခံစားရ၏။

အကယ်၍သာ ယန်မင်ကျစ်သည် စစ်တပ်မှ အရာရှိတစ်ယောက်နှင့် သိကျွမ်းလာခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့ချုပ်က သူမရှေ့မှ ရပ်တည်လိုက်မည်ဆိုလျှင် သူမဖခင်နှင့် မိထွေးတို့သည် ပြဿနာရှာချင်လျှင်ပင် ရှာနိုင်စွမ်းရှိတော့မည် မဟုတ်ပေ။

သို့သော်လည်း အခွင့်အရေးက လက်ထဲသို့ ရောက်လာသည့်တိုင်အောင် ယန်မင်ကျစ်က ဖမ်းဆုပ်ထားခြင်း မရှိပေ။ အဒေါ်လောက စိတ်မပျော်မရွှင်ဖြင့် ပြောလိုက်၏။

“ထားလိုက်ပါတော့… အဲ့ကလေးမကို ထည့်မတွက်နဲ့တော့… နင်ကရော ဘယ်လိုလဲ ရှောင်ရန်…”

ရန်လင်က ပါဝင်ဆင်နွှဲလိုသော်လည်း တစ်ယောက်တည်း သွားရမည်ကို အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသောကြောင့် တီးတိုးပြောလိုက်သည်။

“ကျွန်မတို့လို ဌာနသေးသေးလေးက အဲ့ပွဲမှာ ပါဝင်နိုင်ပါ့မလား…”

“ငါတို့ စားသောက်ဆိုင်တစ်ခုတည်းဆိုရင်တော့ ပါဝင်ဖို့ မဖြစ်နိုင်တာ အသေအချာပေါ့… ဒါပေမဲ့ ငါတို့က အထက်က အကြီးအကဲတွေဆီကို တင်ပြလိုက်ပြီးတော့ အစားအသောက်ဌာနတစ်ခုလုံး အတူထွက်ပေါ်လာမယ်ဆိုရင်တော့ ငါတို့က ဌာနသေးသေးလေး ဘယ်ဟုတ်ပါတော့မလဲ…”

“ရှင်… အထက်ကအကြီးအကဲတွေက သဘောတူကြပါ့မလား…”

ရန်လင်သည် အထက်အကြီးအကဲများကို တင်ပြမည်ဟု မျှော်လင့်မထားမိဘဲ အနည်းငယ် ထိတ်လန့်သွားသည်။

“ဘာလို့ သဘောမတူကြမှာလဲ… ငါတို့ရဲ့ စက်မှုဇုန်ထဲမှာတင် စားသောက်ဆိုင်အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာရယ် အဲ့ဒီစားသောက်ဆိုင်တွေမှာ လက်မထပ်ရသေးတဲ့ အမျိုးသမီးရဲဘော်တွေ ဘယ်လောက်ရှိသလဲဆိုတာရယ်ကို တွေးကြည့်လိုက်… အမျိုးသမီးရဲဘော်တွေရဲ့ လူမှုရေးပြဿနာတွေကို ကူညီပြီး ဖြေရှင်းပေးတယ်ဆိုတာကလည်း အစားအသောက်ဌာနက လူတွေရဲ့ အသိအမှတ်ပြုမှုကို ရမှာပဲလေ…”

အဒေါ်လောက ပြောသည်။
“နင် အဲ့ပွဲကို ပါချင်တယ်ဆိုရင် တော်ကြာနေလို့ ဒါရိုက်တာဝမ်လာရင် အဲ့ကိစ္စကို အဒေါ် တင်ပြပေးလိုက်မယ်… ဘာပဲဖြစ်ဖြစ် ဒီကိစ္စ အောင်မြင်သွားရင် ကောင်းတာပဲ… မအောင်မြင်လဲ ဘာမှ ထိခိုက်စရာ မရှိပါဘူး…”

အဒေါ်လောသည် ဤကိစ္စကို တင်ပြပေးချင်သည်မှာ ယန်မင်ကျစ်အတွက် အဓိက ဖြစ်၏။သို့သော်လည်း အားလုံးရှေ့တွင် ပြောပြလိုက်သည်ဖြစ်ရာ ရန်လင်၏ အတွေးများကို လျစ်လျူရှုလိုက်ရန်က မသင့်တော်လှပေ။

ရန်လင်က ခေါင်းငုံ့ပြီး သေချာစဉ်းစားနေသည်။

သူမသည် ချန်မန်နှင့် သူမ၏ခင်ပွန်းတို့ လက်ထပ်ပြီးနောက် အတူတကွ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။ ရိုးရိုးသားသား ဝန်ခံရလျှင် သူမအနေဖြင့် ထိုလင်မယားစုံတွဲကို မနာလိုဖြစ်မိပြီး စစ်တပ်အသိုက်အဝန်းနှင့် ပတ်သက်၍ အထင်ကြီးသဘောကျမိသည်။

အကယ်၍သာ အဒေါ်လောပြောသလို ဖွံ့ဖြိုးတိုးတက်ရန်အတွက် လင်းကျန်းမြို့တွင် နေချင်သော အရာရှိတစ်ဦးနှင့်သာ ဆုံတွေ့နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု သူမ တွေးလိုက်မိသောကြောင့် သူမ ပြောလိုက်သည်။

“ကျွန်မ သွားချင်တယ်… ကျွန်မရဲ့ မိုးကုတ်စက်ဝိုင်းကို ချဲ့ထွင်ချင်တယ်…”

“ဟုတ်ပြီလေ… ပြီးတာနဲ့ အဒေါ် ဒီအကြောင်းကို ဒါရိုက်တာဝမ်ကို ပြောလိုက်မယ်… အလုပ်ချိန်ဇယားလေး ပြီးအောင် ဆက်လုပ်ကြရအောင်…”

အဒေါ်လောက ချန်မန်ကို ပြောလိုက်သည်။
“ရှောင်ချန်… ဦးလေးကွမ်နဲ့ ရှောင်ယန်ကို သွားခေါ်လိုက်ပါဦး…”

ချန်မန်က မီးဖိုချောင်ထဲသို့ သွားကာ လူများကို ခေါ်လိုက်သော်လည်း ယန်မင်ကျစ်က အစားအစာများ ပြင်ဆင်နေပြီး သူမအတွက် အချိန်ဇယားကို အဆင်ပြေသလို ဆွဲပေးနိုင်မလားဟု ပြန်မေးလိုက်သည်။ ကွမ်ကျန့်ကော်၏ အဖြေကလည်း ထိုနည်းလည်းကောင်းပင်။

ထိုစကားကို ကြားလိုက်ရချိန်တွင် အဒေါ်လောက ပို၍ပင် စိတ်ဓာတ်ကျသွားပြီး မပျော်မရွှင်ဖြင့် ပြောလိုက်သည်။

“အဲ့ဒါဆိုလဲ ငါတို့ အစီအစဉ်ဇယားပဲ ဆက်ဆွဲရအောင်… ဒီလောက်တောင် သူ့အဖေစကားကို နားထောင်နေတာ အဲ့ကလေးမတော့ နောင်ကျရင် ဒုက္ခလှလှတွေ့မယ်…”

ရန်လင်က ဌာနသို့ ရောက်သည်မှာ မကြာသေးဘဲ ယန်မိသားစုအကြောင်းကိုလည်း မသိသောကြောင့် သူမမျက်နှာက စိတ်ရှုပ်ထွေးမှုများ ပြည့်သွားသည်။

ချန်မန်သည် ယန်မင်ကျစ်၏ မိထွေးက အလုပ်သို့ ရောက်လာကာ သဘောတူညီချက်ကို လူတကာသိအောင် ဖွင့်ချခဲ့သော အဖြစ်အပျက်အား မျက်မြင်ကြုံတွေ့ခဲ့ရသလို မူရင်းဝတ္ထုကိုလည်း ဖတ်ရှုခဲ့သောကြောင့် သူမက အဒေါ်လော ဘာကိုဆိုလိုကြောင်း နားလည်လေသည်။

အမှန်စင်စစ်မှာ ယန်မင်ကျစ်သည် ဤကဲ့သို့ ရူးကြောင်ကြောင်နိုင်လှသော ကတိကဝတ်ကို လက်ခံခြင်းမှာ သူမက ခေါင်းမာရုံကြောင့်သာ မဟုတ်ပေ။ ယခင်ဘဝက လက်ထပ်ခြင်း၏ ဆင်းရဲဒုက္ခများကို အပြည့်အဝ ခံစားခဲ့ရသောကြောင့်ပါဖြစ်၏။ ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း လက်ထပ်ရန် ရည်ရွယ်ချက် လုံးဝမရှိတော့ပေ။

ထပ်ဖြည့်ပြောရလျှင် ၁၉၇၈ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခြင်းနှင့် တံခါးဖွင့်စီးပွားရေးစနစ်တို့အား ကျင့်သုံးမည်ကို သူမက သိရှိထား၏။ထို့ကြောင့် နောင်အနာဂတ်တွင် ကိုယ်ပိုင်စားသောက်ဆိုင် ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်ဖြစ်ရာ ဤစားဖိုမှူးအလုပ်ကို ဆုံးရှုံးရခြင်းသည် သူမအတွက် ဘာမျှမဟုတ်ချေ။

မူရင်းဝတ္ထုအကြောင်းကို တွေးနေရင်း ချန်မန်က အကြံပေးလိုက်သည်။

“အဒေါ်လော… မပျော်မရွှင်မဖြစ်ပါနဲ့… လူတိုင်းမှာ ကိုယ်ပိုင်အိမ်ထောင်မှုဘဝ ရှိကြပါတယ်… မင်ကျစ်ရဲ့ ဇာတ်လမ်းက မိတ်ဆုံစားပွဲမှာ အစမပြုတာလဲ ဖြစ်နိုင်တာပဲလေ…”

အဒေါ်လောက မပျော်မရွှင်ဖြင့် ပြောသည်။
“အဲ့ကောင်မလေးက အိမ်နဲ့ အလုပ်ပဲ နေ့တိုင်းကူးသန်းနေတာ… အပြင်ထွက်ပြီး တိုးတက်‌အောင်မလုပ်ရင် ဘယ်လိုလုပ်ပြီး လက်ထပ်ဖို့ ရှာတွေ့မလဲ…”

ချန်မန်က လျှို့ဝှက်နက်နဲစွာဖြင့် ပြောလိုက်သည်။
“သူရဲ့ အိမ်ထောင်ရေးက ကျွန်မတို့စားသောက်ဆိုင်ထဲမှာလည်း ဖြစ်နိုင်တာပဲလေ…”

“ငါတို့ဆိုင်လား… ဘယ်သူများပါလိမ့်…”

သေချာတာကတော့ အဲ့လူက အဓိကအမျိုးသားဇာတ်လိုက်ပေါ့ဟု ချန်မန်စိတ်တွင်းမှ တွေးလိုက်မိသော်လည်း ပြောလိုက်သည်က တစ်မျိုးဖြစ်သည်။

“ကျွန်မက စဉ်းစားကြည့်မိတာပါ… ‘ကံဆိုးတာက ကံကောင်းခြင်းရဲ့ အရင်းအမြစ်ဖြစ်သလို ကံကောင်းတာကလဲ ကံဆိုးခြင်းရဲ့ အရင်းအမြစ်ဖြစ်တယ်’လို့ ရှေးလူကြီးတွေ ပြောကြတယ်မဟုတ်လား… မိတ်ဆုံစားပွဲကို လက်လွတ်သွားရတာလဲ မင်ကျစ်အတွက် ကံကောင်းတာလဲ ဖြစ်နိုင်ပါတယ်…”

“အဓိပ္ပာယ်မရှိတာတွေ ပြောပြန်ပြီ… တော်လိုက်တော့… နင်တို့လို လူငယ်တွေမှာလဲ နင်တို့ကိုယ်ပိုင်အတွေးတွေ ရှိမှာပဲ… ငါဝင်မပါချင်တော့ဘူး… အစီအစဉ်ဇယားပဲ ဆက်လုပ်တော့မယ်…”
အဒေါ်လောက ရန်လင်ဘက်သို့ လှည့်လိုက်သည်။

“ဇူလိုင်လထဲမှာ တစ်ရက်နားမှာ သေချာတယ်နော်…”

ရန်လင်က ပြောသည်။
“နောက်တစ်ပတ်တနင်္ဂနွေမှာ ကျွန်မလုပ်စရာရှိတယ်…”

“ရတယ်… နောက်ထပ်ရော…”

“မရှိတော့ပါဘူး…”

“ငါလည်း တနင်္ဂနွေနေ့မှာ နားရက်မယူဘူးဆိုတော့ အထဲက နှစ်ယောက်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး…”

အဒေါ်လောက ပြောလိုက်ရင်း အလုပ်ချိန်ဇယားကို ကြည့်လိုက်သည်။

“ရှောင်ချန်… ကျန်တဲ့တနင်္ဂနွေနေ့တွေရော နင်နားရက်ယူမှာလား…”

ချန်မန်က ပြုံးလိုက်သည်။
“ဟုတ်ကဲ့…”

လူတိုင်းတွင် အထူးတလည် အခြေအနေ မရှိကြသဖြင့် နားရက်များကို အချိန်ဇယားဆွဲရသည်က လွယ်ကူလှသည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းတွင် နားရက်လေးရက်ရှိပေရာ နားရက်များကို အမှတ်အသားပေးရာတွင် ထပ်နေခြင်း မရှိပေ။ 

သူတို့ အလုပ်ချိန်ဇယား ရေးဆွဲပြီးချိန်တွင် ဒါရိုက်တာဝမ်လည်း ရောက်လာပေသည်။ ထိုသည်ကို မြင်လိုက်သည်နှင့် အဒေါ်လောက အလုပ်ချိန်ဇယားကို အမြန်ဆွဲယူလိုက်ပြီး နောက်ဘက်ရှိ ဒါရိုက်တာရုံးခန်းဆီသို့ သွားကာ ဒါရိုက်တာဝမ်နှင့် တွေ့ဆုံ၍ မိတ်ဆုံစားပွဲအကြောင်းကို တင်ပြလိုက်ပေသည်။

ဒါရိုက်တာဝမ်သည် အမျိုးသားတစ်ယောက်ဖြစ်ပြီး လက်ထပ်ထားပြီးသားဖြစ်စေကာမူ ဒါရိုက်တာအဆင့်အထိ တက်လှမ်းလာနိုင်သောသူသည် အရူးတစ်ယောက် မဟုတ်ပေ။ ထိုအကြောင်းကို ကြားလိုက်သည်နှင့် သူသည် ထိုကိစ္စကို ကောင်းစွာကိုင်တွယ်နိုင်လျှင် သူ့အတွက် မည်မျှ အကျိုးအမြတ်ရရှိနိုင်မည်ဆိုသည်ကို တွက်ချက်မိလိုက်ပြီး တိကျပြတ်သားစွာ ပြောလိုက်သည်။

“နောက်ရက်ကျရင် အစားအသောက်ဌာနကို သွားပြီးတော့ အဲ့အကြောင်းကို တင်ပြလိုက်မယ်…”

အဒေါ်လောက အထွန့်တက်လာသည်။
“နောက်ရက်အထိ စောင့်မနေပါနဲ့… မိတ်ဆုံစားပွဲက တနင်္ဂနွေနေ့မှာ လုပ်မှာရှင့်… တကယ်ဆို ရှင် ဒီနေ့သွားမှ ပွဲထဲမှာ ပါဖို့က ဖြစ်နိုင်လိမ့်မယ်ထင်တယ်… နောက်ကျသွားရင် ဒီကိစ္စက ဖြေရှင်းရခက်လိမ့်မယ်…”

“ကောင်းပြီလေ… ကျွန်တော် အခုပဲ အစားအသောက်ဌာနကို သွားပြီးတော့ အဲ့ဒီကိစ္စကို တင်ပြလိုက်မယ်…”

အစားအသောက်ဌာနသည် အမျိုးသမီးရဲဘော်အများအပြားရှိသော ဌာနကြီးတစ်ခုဖြစ်လေရာ သူတို့အနေဖြင့် ထိုပွဲတွင် ပါဝင်ဆင်နွှဲရန်ကိစ္စမှာ အလျင်အမြန်ပင် ခွင့်ပြုချက်ရလာခဲ့လေသည်။


💓💓💓 👩‍❤️‍👨Chapter 59


ဒါရိုက်တာဝမ်သည် ထိုအကြောင်းကို အကြီးအကဲများအား တင်ပြရာတွင် ထိုကိစ္စကို ဦးစွာအဆိုပြုပေးသူမှာ အဒေါ်လောဖြစ်သည်ကို မေ့လျော့မနေရုံသာမက စစ်တပ်မှ မိတ်ဆုံစားပွဲကျင်းပရန် စီစဉ်နေသည်ကို ပထမဆုံး သတင်းပေးခဲ့သူမှာ ချန်မန်ဖြစ်သည်ကိုလည်း ချန်လှပ်မထားခဲ့ပေ။

အစားအသောက်ဌာနမှ အကြီးအကဲက ချန်မန်သည် စစ်တပ်မှ အရာရှိတစ်ဦး၏ ဇနီးမယားဖြစ်ကြောင်း သိလိုက်ရ၏။ထို့ကြောင့် သူမကို အတင်းအကျပ် တောင်းဆိုကာ မိတ်ဆုံစားပွဲတွင် ပါဝင်ဆင်နွှဲကြမည့် အဖွဲ့ဖြစ်သော ကုန်သွယ်ရေးစုပေါင်းရုံးနှင့် အမျိုးသမီးရေးရာအဖွဲ့မှ လူများကို ဦးဆောင်ပေးရန် တာဝန်ပေးအပ်ခဲ့သည်။

သူမ၏ တာဝန်မှာ အမျိုးသမီးဝန်ထမ်းများနှင့် လက်မထပ်ရသေးသော စစ်တပ်မှ လူငယ်များကြားတွင် ကြင်ဖက်တွေ့ဆုံခြင်း အောင်မြင်မှုနှုန်းထား မြင့်တက်လာစေရန် အစစအရာရာ အဆင်ပြေချောမွေ့အောင် ချောဆီသဖွယ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ထိုကြောင့် မိတ်ဆုံစားပွဲ ကျင်းပသောနေ့တွင် ချန်မန်သည် စစ်တပ်မှ လူများနှင့် အတူမသွားတော့ဘဲ ဌာနမှ လူများနှင့် တွေ့ဆုံရန် အစားအသောက်ဌာနသို့ သွားလိုက်သည်။ ထိုမှတဆင့် မိတ်ဆုံစားပွဲကျင်းပရာ နေရာဖြစ်သော အလုပ်သမားယဉ်ကျေးမှုနန်းတော်ရှိ ပွဲကြည့်စင်ဆီသို့ ထိုသူများနှင့်အတူ သွားရောက်ခဲ့သည်။

ယခုအကြိမ်၌ မိတ်ဆုံစားပွဲတွင် အစားအသောက်ကုမ္ပဏီဘက်မှ ပါဝင်ဆင်နွှဲကြသူများမှာ အခြေခံအားဖြင့် စက်မှုဇုန်အတွင်းရှိ အစိုးရပိုင်စားသောက်ဆိုင်များမှ အမျိုးသမီးဝန်ထမ်းများ ဖြစ်ကြသည်။ အဖွဲ့တွင် အမျိုးသမီးဦးရေ ၃၀ ပါဝင်ပြီး အသက်အရွယ်မှာ ၁၇-၁၈မှ ၂၅-၂၆ အတွင်း ဖြစ်ကြသည်။

သူတို့၏ ရုပ်ရည်အသွင်အပြင်ကိုသာ ကြည့်၍ သူတို့၏ အသက်ကို ခန့်မှန်းဆုံးဖြတ်မည်ဆိုလျှင် အမှန်ပင် ခက်ခဲပေမည်။သို့သော်လည်း သူတို့၏ ပြောစကားများကို သေချာစွာ နားထောင်ပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သေချာစွာ စေ့ငုကြည့်မည်ဆိုလျှင် သူတို့၏ အသက်အရွယ်ကို ခန့်မှန်းနိုင်ပေသည်။

အသက်ပိုကြီးသူများက ထုံးစံအတိုင်း ပို၍ တည်ငြိမ်ကြပြီး အထူးသဖြင့် မိတ်ဆုံစားပွဲများ သို့မဟုတ် ကြင်ဖက်တွေ့ပွဲများ အကြိမ်ကြိမ် ဆင်နွှဲပြီးသူများက တည်တည်ငြိမ်ငြိမ် ရှိနေကြသည်။ ဤမိတ်ဆုံစားပွဲအကြောင်း ပြောရာတွင် သူတို့သည် သာမန်အကြောင်းအရာကို ပြောနေသည့်နှယ် ထူးခြားသော အမူအရာလည်း ရှိမနေကြပေ။ 

ရန်လင်တို့ကဲ့သို့ ယခုမှ အလုပ်စတင်လုပ်ဖူးကာ မိတ်ဆုံစားပွဲအတွေ့အကြုံ လုံးဝမရှိသူများမှာ မိတ်ဆုံစားပွဲအကြောင်း ပြောလိုက်သည်နှင့် စိတ်လှုပ်ရှားသလိုလို ရှက်သလိုလို ဖြစ်နေကြ၏။သို့သော် သူတို့အားလုံးသည် ထိုပွဲကို မျှော်လင့်စောင့်စားနေလျက် ရှိကြလေသည်။

မိတ်ဆုံစားပွဲတွင် ပါဝင်ဆင်နွှဲကြသူများအနက် ချန်မန်သည်သာလျှင် စစ်တပ်မှ စစ်သားများနှင့် အဆက်အသွယ် အများဆုံးရှိသူဖြစ်သည်။ 

ထိုကိစ္စက မေးခွန်းထုတ်စရာဖြစ်နေ၏။ 

သူမသည် သူမကိုယ်သူမ စစ်သားအတော်များများနှင့် အဆက်အသွယ်ရှိသည်ဟု မထင်ပေ။သို့သော် လူတိုင်းကမူ သူမသည် စစ်တပ်မိသားစုဝင်ဖြစ်ရာ စစ်သားများနှင့် ပတ်သက်လျှင် ပို၍နက်ရှိုင်းသော နားလည်နိုင်စွမ်း ရှိကိုရှိရမည်ဟု တွက်ဆထားကြလေသည်။

ထို့ကြောင့် မိတ်ဆုံစားပွဲသို့ သွားရာလမ်းတွင် လူတိုင်းလူတိုင်းသည် ချန်မန်ကို ဝန်းရံထားကြပြီး မေးခွန်းများဖြင့် တရစပ် ပစ်ပေါက်နေကြ၏။၎င်းမှာ ယဉ်ကျေးမှုနန်းတော်သို့ ရောက်ပြီး ပွဲကြည့်စင်ရှိရာ တံခါးဝသို့ ရောက်သည့်တိုင်အောင်ပင် ဖြစ်လေသည်။

ချန်မန်သည် ဌာနပေါင်းစုံမှ မိန်းကလေးငယ်များ တံခါးဝတွင် တန်းစီကာ အခန်းထဲသို့ ဝင်နေသကြည်ကို ကြည့်ရှုရင်း သူမ၏ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်လျှံလာသည်။

မည်သူက စဉ်းစားမိပါမည်နည်း။ လွန်ခဲ့သော သုံးလမတိုင်မီကပင် သူမသည် အပျိုလေးတစ်ယောက် ဖြစ်နေခဲ့ပြီး မျက်စိတမှိတ်အတွင်းမှာပင် သူမသည် အောင်သွယ်တော် ဖြစ်လာစေရန် တွန်းပို့ခံလိုက်ရလေပြီ။

***

ချန်မန်နှင့် ရန်လင်တို့ နှစ်ယောက်စလုံး မိတ်ဆုံစားပွဲသို့ သွားသော်လည်း အစိုးရပိုင်စားသောက်ဆိုင်ကမူ ပုံမှန်အတိုင်း ဖွင့်လှစ်လေသည်။ အရှေ့ခန်းမထဲတွင် လူနှစ်ယောက်ပင် မရှိသောကြောင့် စာရင်းအင်း တွက်တတ်သော ယန်မင်ကျစ်က အရှေ့ငွေသိမ်းကောင်တာတွင် ယာယီတာဝန်ယူပေးထား၏။ အဒေါ်လောက မီးဖိုခန်းထဲတွင် ကူညီပေးပြီး ဒါရိုက်တာဝမ်က မကြာခဏထွက်လာကာ ကူညီ၍ ဟင်းပွဲများ သယ်ယူပေးလေသည်။

အရှေ့ခန်းမထဲရှိ လူနှစ်ယောက်မှာ လူသစ်များဖြစ်ပြီး မီးဖိုခန်းထဲတွင် ချက်ပြုတ်မည့်သူကလည်း တစ်ယောက်ထဲသာ ရှိပေသည်။ ကံကောင်းထောက်မစွာဖြင့် တနင်္ဂနွေည၌ စားသုံးသူများ ပုံမှန်ထက် ပိုနည်းတတ်သောကြောင့် သူတို့ နိုင်နင်းစွာ စီမံခန့်ခွဲနိုင်လေသည်။

သို့သော်လည်း ယန်မင်ကျစ်သည် ယခင်က မီးဖိုခန်းထဲတွင် အမြဲတမ်း ရှိနေခဲ့သည်။ ထို့ကြောင့် သူမက အရှေ့ခန်းတွင် ပထမဆုံး တာဝန်ယူသောအခါ ဖောက်သည်ဟောင်းများက သူမကို မသိကြပေ။ ဆိုင်ထဲသို့ သူတို့ ဝင်လာချိန်တွင် သူမကို မြင်လိုက်ရသောအခါ အားလုံးပင် ဆိုင်မှားဝင်လာသည်ဟု တွေးထင်မိပြီး ဆိုင်နာမည်ကို ဖတ်ကြည့်ရန် အပြင်သို့ ပြန်ထွက်ကြည့်ရပေသည်။

ရှဲ့လန်လဲ ထိုနည်းလည်းကောင်းပင်။ ဆိုင်တံခါးထဲသို့ မဝင်မီ ထိုဆိုင်သည် ဖန်းချောင်လမ်း အစိုးရပိုင်စားသောက်ဆိုင်ဖြစ်ကြောင်း သေချာသည်အထိ စောင့်နေခဲ့သေးသည်။ ထို့နောက် လူတန်း၏ နောက်ဆုံးတွင် တန်းစီလိုက်ပြီး ကောင်တာ၏ နောက်ရှိ သင်ပုန်းကို လှမ်းကြည့်လိုက်သည်။

ဝက်သားအကြွပ်ကြော်ဟင်းနှင့် ငါးချဉ်စပ်ဟင်း နှစ်မျိုးစလုံးမှာ သူ့အကြိုက်ချည်းသာ ဖြစ်နေသောကြောင့် သူ့မှာ ချက်ချင်း ဆုံးဖြတ်ချက်မချနိုင် ဖြစ်နေရသည်။

သူ ရွေးချယ်ရခက်နေဆဲမှာပင် သူ့ရှေ့မှ လူနှစ်ယောက်က ဟင်းပွဲများကို မှာယူလိုက်ပြီးနောက် အမှာစာကို ပြတင်းပေါက်ဆီသို့ ယူသွားကြသည်။ သူက ကောင်တာရှေ့သို့ ရောက်လာသော်လည်း ချက်ချင်း မမှာယူသေးပေ။ သူက မေးလိုက်သည်။

“ဒီ ဝက်သားအကြွပ်ကြော်ဟင်းနဲ့ ငါးချဉ်စပ်ဟင်းက မနက်ဖန်ကျရင်ရော ရောင်းဦးမှာလား…”

ကောင်တာနောက်ရှိ ယန်မင်ကျစ်က အေးတိအေးစက်လေသံဖြင့် ဖြေလိုက်သည်။

“ကျောက်သင်ပုန်းပေါ်မှာ ရေးထားတာက ဒီနေ့မှာ ရနိုင်တဲ့ ဟင်းပွဲတွေပါ… မနက်ဖန်ရနိုင်မရနိုင်ဆိုတာက မသေချာပါဘူး…”

ဤသည်က မျှော်လင့်ထားသည့် အဖြေဖြစ်နေသော်လည်း သူက အနည်းငယ်စိတ်ဓာတ်ကျဆင်းသွားသော လေသံဖြင့် ဆက်ပြောလိုက်သည်။

“ဒါဆိုလဲ ငါးချဉ်စပ်ဟင်းနဲ့ ထမင်းလေးတေးဖိုးသာ ပေးပါ… ပြီးတော့ စားဖိုမှူးယန်ကိုပဲ ချက်ခိုင်းပေးပါ…”

အမှာစာကို စောင့်ဆိုင်းနေသော ယန်မင်ကျစ်မှာ တုန့်ဆိုင်းသွားပြီး သူမရှေ့ရှိ လူငယ်လေးကို မော့ကြည့်လိုက်သည်။

သူမ၏ ဟင်းပွဲများကို အလွန်ကြိုက်နှစ်သက်သော ဖောက်သည်မှာ အသက်ကြီးပိုင်းတစ်ယောက်ဖြစ်သည်ဟု သူမ အမြဲသိထားခဲ့သည်။ သူလာတိုင်းလည်း သူ့အတွက် ဟင်းပွဲများကို ချက်ပြုတ်ပေးရန် သူမကိုသာ အမြဲတမ်း တောင်းဆိုလေ့ရှိသည်။ ထိုကဲ့သို့ သတ်မှတ်တောင်းဆိုခြင်းများသည် အမှန်တကယ်ပင် စည်းမျဉ်းစည်းကမ်းများနှင့် အကြုံးမဝင်ချေ။

စားသောက်ဆိုင်တစ်ခု ဖြစ်သောကြောင့် များသောအားဖြင့် မီးဖိုခန်းထဲရှိ လူတိုင်းအတွက် မည်သည့်ဟင်းလျာအား ချက်ပြုတ်ရမည်ကို စားဖိုမှူးက တာဝန်ခွဲဝေပေးလေ့ရှိ၏။ ဖန်းချောင်လမ်း အစိုးရပိုင်စားသောက်ဆိုင်တွင် စားဖိုမှူးသည် ကွမ်ကျန့်ကော်ဖြစ်သည်။

စည်းကမ်းပိုမိုတင်းကျပ်သော စားသောက်ဆိုင်များသည် ဧည့်သည်များအား ထိုသို့ ရွေးချယ်နိုင်ရန် အခွင့်အရေး ပေးမထားရခြင်းမှာ စားဖိုမှူးများအကြားတွင် ရှုပ်ထွေးမှု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ အထူးသဖြင့် ‘စားသုံးသူသာအမှန်’ဆိုသည်ကို နားမလည်သော ဤအချိန်အခါတွင် စားသုံးသူများသည် “ကြိုက်ရင်စား မကြိုက်ရင်သွား”ဟူသော အယူအဆကိုသာ လက်ခံကြရပေသည်။

ထပ်ဖြည့်ရမည်ဆိုလျှင် အကယ်၍သာ ကွမ်ကျန့်ကော်က လှပသောအမျိုးသမီးတစ်ယောက် ဖြစ်နေမည်ဆိုပါက ထိုသို့သီးခြားတောင်းဆိုမှုအကြောင်းကိုသာ ကြားရလျှင် ဤသည်က သူ၏ အဆင့်အတန်းကို သက်ရောက်မှု ဖြစ်လာသောကြောင့် သူက ယန်မင်ကျစ်ကို မုန်းတီးလာနိုင်ပေသည်။

သို့သော်လည်း ဖန်းချောင်လမ်း အစိုးရပိုင်စားသောက်ဆိုင်သည် ထိုသို့ စည်းကမ်းတင်းကျပ်သော ဧရာမဌာနကြီး မဟုတ်သလို ကွမ်ကျန့်ကော်ကလည်း အမျိုးသမီးလှလှလေး မဟုတ်နေပေ။ မည်သို့ပင်ဖြစ်စေ သူကလည်း ယန်မင်ကျစ်နှင့် သူမ၏မိသားစုကြားမှ ကတိကဝတ်ကို သိထားပြီး သူမကို ဖိနှိပ်ရန် မည်သည့်အခါကမျှ မတွေးခဲ့ဖူးချေ။

ထိုကြောင့် ရှဲ့လန်က ဟင်းပွဲများကို မှာယူသောအချိန်တိုင်း ချန်မန်က ပုံမှန်အတိုင်း ရှောင်ယန် ချက်ပေးရန် စာရင်းထဲသို့ ထည့်ပေးလေ့ရှိသည်။ နောက်ပိုင်းတွင် အဒေါ်လောက ထိုစာရင်းကို မြင်သည်နှင့် ယန်မင်ကျစ်လက်ထဲသို့သာ တန်းထည့်ပေးလိုက်ပြီး ချက်ပေးရန်သာ ပြောလေ့ရှိသည်။

သို့သော်လည်း ယန်မင်ကျစ်က ထိုဧည့်သည်ကို မမြင်ဖူးပေ။

သူတို့နှစ်ဦးက တစ်ကြိမ်မျှ မတွေ့ဖူးစေကာမူ သူ့အကြောင်းတော်တော်များများကို ယန်မင်ကျစ် ကြားဖူးထား၏။ ထိုသူသည် စက်ပစ္စည်းစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး တနင်္လာနေ့မှ စနေနေ့အထိ နေ့လည်စာစားရန် အစိုးရပိုင် စားသောက်ဆိုင်သို့ အမြဲလိုလို လာလေ့ရှိသည်ဆိုသော အချက်မျိုး၊ ဥပမာဆိုရလျှင် သူသည် တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ထိုဌာနတွင် အင်ဂျင်နီယာအဖြစ် အလုပ်ဝင်နေခြင်းဖြစ်သည်ဆိုသော အချက်မျိုး၊ သူက အလွန်ချောမောခန့်ညားပြီး အဒေါ်လောက လုဖျင်ကျိုးလိုပင် သူ့ကို “မြက်စားကောင်”ဟု နာမည်ပြောင်ပေးကာ စနောက်လေ့ရှိသည်ဆိုသော အချက်မျိုး စသည်တို့ဖြစ်သည်။

အဒေါ်လော၏ အခြေခံကျသော တွက်ချက်မှုမှာ စက်ရုံထဲရှိ အလှပဆုံးသော မိန်းမပျိုလေးများကို ဌာန၏ပန်းလေးဟု ခေါ်ကြပြီး စက်ရုံထဲရှိ အခန့်ညားဆုံးသော လူပျိုလေးများကို ဌာန၏မြက်ပင်လေးများဟု ခေါ်ကြသည်။ အစိုးရပိုင်စားသောက်ဆိုင်သို့ လာရောက်စားသောက်ကြသည့် ဧည့်သည်များထဲမှ အချောမောဆုံးသော ဧည့်သည်များကို မြက်စားကောင်ဟု အမည်ပေးသင့်သည်ဟူလေ၏။

ထိုအချက်များကို သိရှိထားပြီးနောက် သူမရှေ့ရှိ လူငယ်လေးက ချက်ပြုတ်ပေးရန်အတွက် သူမကို တောင်းဆိုလိုက်ချိန်တွင် သူမ၏ စိတ်ထဲ၌ ‘ရှဲ့လန်’ဆိုသော သူ့နာမည်က ချက်ချင်းပင် ဖြုန်းစားကြီး ပေါ်ပေါက်လာသည်။

သူမက သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသောကြောင့် ဖြစ်ပေလိမ့်မည်။ ရှဲ့လန်၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးမှုအနည်းငယ်ကို မြင်လိုက်ရသည်။

“ဒီနေ့ စားဖိုမှူးယန် မလာဘူးလား…”

“ဟုတ်ကဲ့… ဒါပေမဲ့…”

ယန်မင်ကျစ် စကားကို ပြီးဆုံးအောင် မပြောရသေးမီမှာပင် အသံဗလံအချို့ကို ကြားလိုက်ရသော ဒါရိုက်တာဝမ်က ပေါက်ချလာသည်။ သူက ရှဲ့လန်ကို ထင်ရှားစွာ မှတ်မိသောကြောင့် ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။

“ရှောင်ရှဲ့ ရောက်နေပြီလား… သူဘာဟင်းမှာထားလဲ…”

ယန်မင်ကျစ်က ဖြေလိုက်သည်။
“သူက ငါးချဉ်စပ်ဟင်းနဲ့ ထမင်းလေးတေး မှာထားတယ်… ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ…”
ဒါရိုက်တာဝမ်က မေးလိုက်ပြီးနောက် ချက်ချင်းလိုပင် ပြန်လည်တုန့်ပြန်လိုက်ပြီး ပြောလိုက်သည်။

“သူက မင်းကို ချက်ခိုင်းတာ ဟုတ်တယ်မဟုတ်လား… မင်း မီးဖိုခန်းထဲ သွားချင်ရင်လဲ အဆင်ပြေပါတယ်… ငါ ဆိုင်ရှေ့ကို ကြည့်ထားပေးမယ်…”

“ဟုတ်ကဲ့ပါ…”

ယန်မင်ကျစ်က အမှာစာကို ရေးလိုက်ပြီး ရှဲ့လန်အား ပြန်အမ်းငွေ ပေးလိုက်ကာ အမှာစာကို မီးဖိုခန်းဆီသို့ ယူသွားသည်။

“ခဏလေး…”

ရှဲ့လန်ကို ကြည့်ရသည်မှာ သူ့စိတ်ဝိညာဉ်သည် ယခုလေးတင်မှ သူ့ကိုယ်ထံ ပြန်ရောက်လာဟန် ရှိလေသည်။ သူက ယန်မင်ကျစ်၏ နာမည်ကို ခေါ်လိုက်ပြီး သူမနဘေးသို့ လွှားကနဲ ခြေလှမ်းကျဲကြီး လှမ်းလိုက်သည်။ သူမကို စုန်ချည်ဆန်ချည်ကြည့်ပြီးနောက် မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ခင်ဗျားက စားဖိုမှူးယန်လား…”

သူမ၏ ယခင်ဘဝရော ယခုဘဝတွင်ပါ ယန်မင်ကျစ်သည် ထိုစကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးပြီး ထိုမှတ်ချက်သည် မိန်းမများသည် စားဖိုမှူးကောင်း မဖြစ်နိုင်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ ထိုစကားကို ကြားလိုက်သည်နှင့် သူမ၏ မျက်နှာက အေးစက်သွားသည်။

“ဟုတ်တယ် ကျွန်မပဲ… ဘာဖြစ်လို့လဲ…”

“ဘာမှမဖြစ်ပါဘူး…”
ရှဲ့လန်က ခေါင်းယမ်းပြသည်။

“ကျွန်တော်က နည်းနည်း အံ့အားသင့်သွားလို့ပါ…”

ဒါရိုက်တာဝမ်က ဘေးသို့ ရောက်လာပြီး ရယ်မောလိုက်သည်။

“ရှောင်ယန်က စားဖိုမှူးဆိုတာကို သိသွားတာနဲ့ ဘယ်သူမဆို အံ့အားသင့်သွားမှာပါပဲ… ဒါပေမဲ့ သူချက်တဲ့ ဟင်းတွေကို မင်းစားပြီးရင်တော့ သူက စားဖိုမှူးကောင်းတစ်ယောက်ဆိုတာ မင်းသိသွားလိမ့်မယ်…”

ရှဲ့လန်က ယန်မင်ကျစ်ကို ရိုးသားသော အကြည့်များဖြင့် ကြည့်နေပြီး သူ့အမူအရာကလည်း တည်ကြည်လေးနက်နေသည်။

“ဟုတ်ကဲ့… ကျွန်တော် အဲ့ဒါကိုလည်း သိပါတယ်…”

ယန်မင်ကျစ်က နှုတ်ခမ်းကို စေ့လိုက်ပြီး အသာအယာပင် ကျေးဇူးစကားဆိုကာ မီးဖိုခန်းဆီသို့ လျှောက်လာခဲ့သည်။

မီးဖိုခန်းထဲရှိ လူနှစ်ဦးမှာ အလုပ်များနေကြသည်။ သူတို့က ယန်မင်ကျစ် ဝင်လာသည်ကို မြင်သောအခါ အာလူးအခွံခွာနေသော အဒေါ်လောက မေးလိုက်သည်။

“ဘာဖြစ်လို့ အထဲဝင်လာတာလဲ… အပြင်မှာ အလုပ်မများတော့လို့လား…”

ယန်မင်ကျစ်က ပြောလိုက်သည်။
“ရဲဘော်ရှဲ့ ရောက်နေပြီ… ဒါရိုက်တာဝမ်က ကျွန်မကို ဟင်းချက်ဖို့ အထဲကို သွားခိုင်းလို့ပါ…”

အဒေါ်လောက လုပ်လက်စအလုပ်ကို ရပ်လိုက်ပြီး နားမလည်ဟန်ဖြင့် မေးလိုက်သည်။

“ရဲဘော်ရှဲ့?... ရှဲ့လန်လား… ဒီနေ့က တနင်္ဂနွေနေ့မဟုတ်ဘူးလား… သူက ဘာလို့ ဒီရောက်နေတာလဲ… သူ ဘာဟင်း မှာလိုက်လဲ…”

ယန်မင်ကျစ်က အခန်းထောင့်ရှိ ရေကန်ငယ်ဆီသို့ လျှောက်သွားပြီး ပိုက်ကွန်ကို ကောက်ယူလိုက်သည်။ ငါးဖမ်းနေရင်း သူမက ပြောလိုက်သည်။
“သူက ငါးချဉ်စပ်ဟင်း မှာလိုက်တယ်… သူ ဘာဖြစ်လို့ ဒီနေ့ ရောက်လာလဲဆိုတာတော့ ကျွန်မ မသိဘူး…”

ယန်မင်ကျစ်က ထိုစကားကို ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း အဒေါ်လော၏ စိတ်ထဲတွင် ချက်ချင်းဆိုသလိုပင် ချန်မန်၏ စကားများကို ကြားယောင်လာလေသည်။

‘သူရဲ့ အိမ်ထောင်ရေးက ကျွန်မတို့ရဲ့ စားသောက်ဆိုင်ထဲမှာ ဖြစ်ချင်ဖြစ်နေမှာပေါ့…’

💓💓💓 👩‍❤️‍👨Chapter 60
တူညီသောအသိုင်းအဝိုင်း


ထိုအချိန်တုန်းက သူမတို့၏ စားသောက်ဆိုင်ထဲတွင် လူအနည်းငယ်သာ ရှိသောကြောင့် အသက်အရမ်းကွာတာနဲ့လား... မိန်းမအချင်းချင်းလားဟုသာ အဒေါ်လော တွေးမိလေသည်။ ဤနေရာတွင် ညစာလာစားလေ့ရှိသူ များစွာရှိပြီး ပုံမှန်လာစားသူလည်း အများအပြား ရှိစေကာမူ သူတို့အားလုံးမှာ လက်ထပ်ပြီးသော သက်လတ်ပိုင်း အမျိုးသားများသာ ဖြစ်ကြသည်။ ဤနေရာတွင် အိမ်ထောင်ရေးကိစ္စ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

ယန်မင်ကျစ်နှင့် ရှဲ့လန်တို့ တွေ့ဆုံလိုက်သော ယနေ့ မတိုင်မီအထိ သူမသည် အမှောင်ထဲတွင် ရောက်နေခဲ့၏။ ထိုကဲ့သို့ အရေးကြီးသော လူတစ်ယောက်အား သူမ မေ့လျော့နေခဲ့ကြောင်း အဒေါ်လော နားလည်လိုက်ရသည်။

အဓိကအကြောင်းပြချက်မှာ ရှဲ့လန်သည် လုဖျင်ကျိုးကဲ့သို့ မဟုတ်ခြင်းဖြစ်သည်။ နောက်မှကြည့်လျှင် အေးတိအေးစက်ပုံပေါက်သော်လည်း စားသောက်ဆိုင်သို့ လာသည့်အချိန်တိုင်း သူက နှစ်နာရီမျှကြာအောင် ထိုင်လေ့ရှိသည်။ သူ့ကို မေးသမျှ မေးခွန်းတိုင်းကိုလည်း အဖြေပေးလေ့ရှိသည်။ လအနည်းငယ်ကြာချိန်တွင် သူ့တမိသားစုလုံးကိုပင် အဒေါ်လော သိကျွမ်းလုနီးပါး ဖြစ်လာသည်။ ထပ်ပေါင်းပြောရလျှင် ရှဲ့လန် ပေါ်လာတိုင်း ချမ်ရှောင်ဖျင်က စောင်းပါးရိပ်ခြည်ပြောတတ်ပြီး အဒေါ်လောကလည်း နိုးနိုးကြားကြား ရှိနေလေ့ရှိသည်။

ရှဲ့လန်သည် လုဖျင်ကျိုးကဲ့သို့ အေးတိအေးစက်ဟန်ပန် မရှိသော်လည်း သူနှင့် လိုက်လျောညီထွေ ဖြစ်ရန်လည်း မလွယ်ကူလှပေ။ သူ၏ ကိုယ်ရေးအချက်အလက်များကို မေးမြန်းစပ်စုတိုင်းလည်း အဖြေကို အလွယ်တကူ ဖြေဆိုပေးလေ့ ရှိစေကာမူ ဝေဝေဆာဆာပြောနေမည်တော့ မဟုတ်ပေ။

အစိုးရပိုင်စားသောက်ဆိုင်သို့ သူလာရသောအကြောင်းရင်းမှာ စားသောက်ရန်ကလွဲလျှင် အခြားအကြောင်းပြချက် မရှိပေ။ ဟင်းပွဲများ ရောက်မလာမီတွင် သူသည် အခြားသူများနှင့် စကားစမြည်ပြောရန် ဆန္ဒရှိသော်လည်း အစားအသောက်များ ရောက်လာပြီဆိုလျှင် စကားပြောတော့မည် မဟုတ်ပေ။ စားပြီးလျှင်လည်း အချိန်ကြာမြင့်စွာ ထိုင်လေ့မရှိဘဲ ပြန်သွားတတ်သည်။ ဤသို့ပြုမူခြင်းသည် သူက သူတို့ကို အထင်သေးသောကြောင့် မဟုတ်ဘဲ လူတိုင်းကို ထိုကဲ့သို့ ပြုမူဆက်ဆံခြင်းဖြစ်သည်။ 

တစ်ခါက စားသောက်ရန် သူရောက်လာပြီးနောက် သူ၏အထက်လူကြီးတစ်ယောက်နှင့် ဆုံတွေ့ခဲ့သည်။ အစားအသောက်များ ရောက်လာပြီးနောက် သူက စကားသိပ်မပြောတော့သော်လည်း စားသောက်ပြီးချက်ချင်း ထပြန်မသွားပဲ အခြားသူများနှင့်အတူ ခေတ္တမျှ ထိုင်နေခဲ့လေသည်။ သူက အတိအကျကြီး ဉာဏ်တုံးနေသည်တော့ မဟုတ်ချေ။

ထို့ကြောင့်ပင် စားသောက်ဆိုင်ရှိ လူတိုင်းက ရှဲ့လန်သည် အစားအသောက်ကိုသာ အထူးဂရုစိုက်သည်ဟု ထင်မြင်ကြသည်။ ယန်မင်ကျစ်၏ စကားလုံးကို ထည့်ပေါင်းပေးရမည်ဆိုလျှင် သူက အစားမက်သူသာ ဖြစ်သည်။

ပြောရမည်ဆိုလျှင် ရှဲ့လန်နှင့် လုဖျင်ကျိုးတို့၏ အစိုးရပိုင်စားသောက်ဆိုင်သို့ ပထမဆုံး လာရောက် စားသောက်ချိန်သည် အတူတူလောက်ပင်ဖြစ်သည်။ထို့အပြင် ရှဲ့လန်တွင်လည်း စက်ပစ္စည်းစက်ရုံမှ ဝန်ထမ်းဟူသော အားသာချက်ရှိနေစေကာမူ အဒေါ်လောနှင့် ရင်းနှီးကျွမ်းဝင်မှုက လုဖျင်ကျိုးနှင့် နှိုင်းယှဉ်၍ပင် မရပေ။

ထိုအကြောင်းသည်ပင် အဒေါ်လော သူ့ကို မေ့လျော့နေရခြင်း၏ အဓိကအချက်ဖြစ်သည်။ သူမနှင့် မရင်းနှီးသော တစ်စုံတစ်ယောက်ကို အဘယ်ကဲ့သို့ လက်တွဲဖော် ရှာဖွေမိတ်ဆက်ပေးနိုင်မည်နည်း။ ထိုသို့ အပြောမခံရသော်လည်း သူမမှာ ကျောကုန်းကို အထိုးခံလိုက်ရသည့်နှယ် ပါးစပ်အဟောင်းသား ပွင့်ဟလာသည်။

အောင်သွယ်တော်အလုပ်ကို သူမ မြတ်နိုးလှသော်လည်း သူမအနေဖြင့်လည်း သိက္ခာထိန်းရသည်က ရှိသေးသည်။

ယခုမူ အဒေါ်လောသည် သူမစိတ်ထဲတွင် ထိုအကြောင်းကို မတွေးဘဲ မနေနိုင်တော့ပေ။

ရှဲ့လန်သည် တက္ကသိုလ်မှ ဘွဲ့ရလာပြီးနောက် စက်ပစ္စည်းစက်ရုံတွင် အလုပ်ဝင်ခဲ့သည်။ ယခုနှစ်စတွင် အသက်က ၂၂ ပြည့်ခဲ့ပြီဖြစ်သည်။ ယန်မင်ကျစ်၏ မွေးနေ့က သူ့ထက် နှစ်လမျှစောသော်လည်း သုံးနှစ်တိတိ ကောလိပ်တက်ခဲ့ခြင်းက မိန်းမတစ်ယောက်အတွက် ရွှေအုတ်ချပ်ကြီး ဖြစ်နေဆဲသာ ဖြစ်သောကြောင့် နှစ်လမျှအသက်ကြီးနေခြင်းက ပြောပလောက်သော ကွာဟချက် မဟုတ်တော့ပေ။

ထို့အပြင် ထိုနှစ်ယောက်၏ အသွင်အပြင်ကို လေ့လာကြည့်လျှင် တစ်ယောက်က အရပ်ရှည်ပြီး ခန့်ညားကာ ကျန်တစ်ယောက်က သွယ်လျ၍ လှပလေသည်။

တစ်ယောက်က ပင်ကိုပါရမီရှိပြီး ပညာတတ်တစ်ယောက်ဖြစ်ကာ အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ဖြစ်သလို ကျန်တစ်ယောက်ကလည်း ဟင်းချက်ရာတွင် ပါရမီပါလေသည်။ သူမသည် ဘဝ၏ ပထမအစပိုင်း အသက်နှစ်ဆယ်အတွင်း၌သာ ရှိနေသေးသော်လည်း သူမချက်ပြုတ်သော ဟင်းလျာများသည် ဝါရင့်စားဖိုမှူးဖြစ်သော ကွမ်ကျန့်ကော်ချက်သော ဟင်းများထက်ပင် အရသာကောင်းလေသည်။

ပို၍ အရေးကြီးသော အချက်မှာ ယန်မင်ကျစ်ချက်သော ဟင်းပွဲများသည် ရှဲ့လန်အကြိုက်အရသာများဖြစ်ပြီး စားသောက်ဆိုင်သို့ သူရောက်လာတိုင်း ယန်မင်ကျစ်ကိုသာ ဟင်းချက်ပေးရန် တောင်းဆိုလေ့ရှိသည်။

အဒေါ်လောသည် ထိုအကြောင်းကို စဉ်းစားလေလေ ဤသည်က ကောင်းကင်ဘုံက ဖန်တီးပေးသော ကံကြမ္မာဟု ခံစားရလေလေဖြစ်လာသောကြောင့် သူမက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ရဲဘော်ရှဲ့က အတော်တော့ ချောတယ်မဟုတ်လား…”

ယန်မင်ကျစ်က ငါးဖမ်းနေရာမှ တုန့်ခနဲ ရပ်သွားပြီးနောက် သူမက ခေါင်းကို လျင်မြန်စွာ ငုံ့လိုက်ကာ ဆူဆူဖြိုးဖြိုး ငါးကြင်းတစ်ကောင်ကို ပိုက်ကွန်နှင့် ဆယ်ယူလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ သတိမထားလိုက်မိပါဘူး…”

သူမက သတိမထားလိုက်မိတာလား ဒါမှမဟုတ် သတိမထားရဲတာလား…

အဒေါ်လော စိတ်ထဲတွင် ထိုသို့ တွေးလိုက်မိသော်လည်း ထိုစကားကို ထုတ်မပြောလိုက်မိပေ။

သူတို့နှစ်ယောက်ကို အောင်သွယ်ပေးရန် သူမတွင် ရည်ရွယ်ချက်ရှိစေကာမူ ယန်မင်ကျစ်၏ အပြုအမူကို မြင်လိုက်ချိန်တွင် ဤကိစ္စသည် အောင်သွယ်တော်တစ်ယောက်အတွက် လွယ်ကူမည်မဟုတ်မှန်း အဒေါ်လော ရိပ်စားလိုက်မိလေသည်။

****

ပထမပိုင်းတွင် ချန်မန်အတွက် အောင်သွယ်တော်တစ်ယောက် ဖြစ်ရသည်မှာ မလွယ်ကူလှပေ။သို့သော်လည်း မကြာမီမှာပင် ဤသည်က သူမအတွက် မခက်ခဲလှသည်ကို တွေ့လိုက်ရလေသည်။ မိတ်ဆုံစားပွဲစတင်ပြီး နာရီဝက်အတွင်းမှာပင် အမျိုးသားနှင့်အမျိုးသမီး စုံတွဲသုံးတွဲကို စကားလက်ဆုံကျစေရန် အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့သည်။

ဤသည်က သူမသည် အောင်သွယ်ခြင်းတွင် အထူးတလည် ပါရမီပါခြင်းကြောင့် မဟုတ်သလို ရုတ်တရက်ကြီး စကားပြောကောင်းသွားခြင်းကြောင့်လည်း မဟုတ်ပေ။ သူမသည် အစားအသောက်ဌာနမှ စေလွှတ်လိုက်သော ဦးဆောင်သူဖြစ်နေရုံမျှမက ဦးဆောင်သူ အရာရှိ၏ မိသားစုဝင်ပါ ဖြစ်နေသောကြောင့် ဖြစ်သည်။

အစားအသောက်ဌာနမှ လူများ ရောက်လာသည့်အချိန်တွင် တပ်ဘက်မှ လက်မထပ်ရသေးသော လူငယ်လေးတစ်သိုက်ကလည်း ရောက်နေနှင့်ပေပြီ။ ပွဲကြည့်စင်အခန်းထဲသို့ ချန်မန် ဝင်လာသည်နှင့် တပ်မိသားစုအဖွဲ့၏ နောက်ဆုံးတွင် မတ်တတ်ရပ်နေသော လုဖျင်ကျိုးကို သူမ မြင်လိုက်ရသည်။

သူ၏ မြင့်မားလှသောအရပ်နှင့်  á€›á€Żá€•်ရည်သွင်ပဟင်က အမှန်တကယ် ထင်ရှားသိသာလှသည်ဟု ပြောနိုင်ပေသည်။ 

အခြားသူများက ထိုင်နေကြပြီး သူက မတ်တတ်ရပ်နေခြင်းဖြစ်စေကာမူ အကယ်၍ သူ့တွင် သာမန်ရုပ်ရည်မျိုးသာ ရှိနေခဲ့လျှင် ဝင်လာသမျှ မိန်းကလေးအပေါင်းတို့၏ အာရုံကို ဖမ်းစားလိုက်ကာ အလျင်အမြန်ပင် တီးတိုးဆွေးနွေးစေရန် ဆွဲဆောင်နိုင်မည်မဟုတ်သည်မှာ အသေအချာပင်။

သူ့ဘေးတွင် မတ်တတ်ရပ်နေသော ဝူရွှမ်းယွီက ထိုကိစ္စကို သတိထားမိသွားပြီး ခေါင်းလှည့်ကာ လုဖျင်ကျိုးကို ထိုင်ခိုင်းလိုက်သည်။

လုဖျင်ကျိုးက နားမလည်နိုင်သော်လည်း မငြင်းဆန်ပေ။ ထိုင်ချလိုက်လုဆဲဆဲမှာပင် သူက ချန်မန်ကို မြင်လိုက်ပြီး ချက်ချင်းပင် စိတ်ပြောင်းသွားကာ ပြောလိုက်သည်။

“ကျွန်တော့်အမျိုးသမီး ရောက်လာပြီ… ကျွန်တော် သူ့ကို သွားတွေ့လိုက်ဦးမယ်…”

၎င်းနောက် သူက အစားအသောက်ဌာမှ လာသော လူအုပ်စုဘက်ဆီသို့ ခြေလှမ်းကျဲကျဲ လှမ်းသွားလိုက်လေသည်။

လုဖျင်ကျိုး ချဉ်းကပ်လာသည်နှင့် အစားအသောက်ကုမ္ပဏီအဖွဲ့သည် စိတ်လှုပ်ရှားမှု ပြင်းထန်စွာ ဆွေးနွေးနေခြင်းများ မြင့်တက်လာနေရင်းမှ တိတ်ဆိတ်မှုဆီသို့ လျင်မြန်စွာ ကူးပြောင်းသွားကာ အမျိုးသမီးရဲဘော် တော်တော်များများသည် ရှက်သွေးဖြာလျက် ခေါင်းများငုံ့သွားမိကြသည်။

သို့သော် လုဖျင်ကျိုးက သူတို့ကို လုံးဝမကြည့်စေကာမူ ချန်မန်ဆီသို့ တည့်မတ်စွာ လျှောက်သွားပြီး ပြုံးပြလိုက်သည်။

“မင်းရောက်လာပြီပေါ့…”

အစားအသောက်ဌာန၏ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဒါရိုက်တာသည် ထိုစကားကို ကြားသည်နှင့် အပြုံးတစ်ပွင့်နှင့် မေးလိုက်သည်။

“ရှင်က ရှောင်ချန်ကို သိတာလား…”

အခြားသူများက ချန်မန်ကို ကြည့်လိုက်ကြသည်။ သူမက အုပ်စု၏ အပြင်ဘက်သို့ ထွက်လိုက်ပြီး သူမရှေ့ရှိ စစ်တပ်ယူနီဖောင်းနှင့် လူငယ်လေးကို ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။

“ကျွန်မရဲ့ အမျိုးသား လုဖျင်ကျိုးပါ…”

သူမက အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒါရိုက်တာကို လက်ညှိုးထိုးပြလိုက်ရင်း ပြောပြန်သည်။

“ဒါက ဒါရိုက်တာဖုန်းပါ…”

အုပ်စုထဲမှ လူအချို့သည် ချက်ချင်းလိုလိုပင် နားလည်သွားပြီး အချို့မှာ စိတ်ပျက်သွားကြဟန် ရှိလေသည်။

လုဖျင်ကျိုးမှာ ထိန်းမထားနိုင်တော့ဘဲ သူ၏ နှုတ်ခမ်းထောင့်များက ကော့တက်လာသည်။ ယနေ့သည် ချန်မန်က သူ့ကို ပထမဆုံး “အမျိုးသား”ဟု ခေါ်သံကို ကြားလိုက်ရသောနေ့ဖြစ်သည်။ သူက လက်ဦးမှုယူကာ လက်ကို ဆန့်ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“ဟယ်လို… ဒါရိုက်တာဖုန်း…”

ဒါရိုက်တာဖုန်းက သူ့လက်ကို အသာအယာ လှုပ်ယမ်းလိုက်ပြီး စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

“ဟယ်လို… ရဲဘော်လု… မင်းလဲ ဒီမိတ်ဆုံစားပွဲကို လာတာလား…”

လုဖျင်ကျိုးက တိုတိုတုတ်တုတ် ဖြေလိုက်သည်။

“ကျွန်တော့်ကို အကူအညီပေးဖို့ ခေါ်ထားတာပါ…”

“တိုက်ဆိုင်လိုက်တာရှင်… ရှောင်ချန်ကိုလည်း ဒီကို အကူအညီပေးရအောင် ကျွန်မတို့ခေါင်းဆောင်က ခေါ်လာခိုင်းတာ…”

ဒါရိုက်တာဖုန်းက လုဖျင်ကျိုးနှင့် ဆက်လက်၍ စကားစမြည် ပြောလိုသေးသော်လည်း လူငယ်စုံတွဲလေးမှာ တစ်စုံတစ်ခု ပြောလိုဟန်ရှိနေသည်ကို မြင်ရသောကြောင့် သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။

“မင်းတို့တွေ စကားပြောကြဦးလေ… ကျွန်မ သူတို့ကို ထိုင်ဖို့ နေရာလိုက်ပြပေးထားလိုက်ဦးမယ်…”

ချန်မန် ခေါင်းညိတ်ပြလိုက်ပြီး ဟုတ်ကဲ့ဟု ပြောလိုက်သည်။ သူတို့ ထွက်သွားပြီးနောက် သူမက လုဖျင်ကျိုးနှင့်အတူ နံရံကို ကျောကပ်ကာ မတ်တတ်ရပ်လိုက်ပြီး သူဘယ်အချိန်က ရောက်လာသနည်းဟု မေးလိုက်သည်။

“ကိုယ်တို့ ငါးနာရီလောက်ကတည်းက ရောက်နေပြီးတော့ အခမ်းအနားကို ပြင်ဆင်ပေးနေကြတာ…”

“ရှင် စားခဲ့ပြီးပြီလား…”

“ကိုယ် စားပြီးမှ လာတာပါ… မင်းကရော…”

“ကျွန်မတို့လဲ ဒီမလာခင် စားလာခဲ့ပါတယ်…”
ချန်မန်က ပြောလိုက်ရင်း ပွဲကြည့်စင်ခန်းမအလယ်ဆီသို့ အကြည့်ရောက်သွားသည်။

“ဒီနေ့ လူတွေ အများကြီးပဲနော်…”

လုဖျင်ကျိုးက ချန်မန်၏ အကြည့်လမ်းကြောင်းအတိုင်း လိုက်ကြည့်နေရင်း ပြောလိုက်သည်။

“ဒီနေ့ကတော့ ဒီနှစ်တွေထဲမှာ မြို့စောင့်တပ်က ကျင်းပသမျှ မိတ်ဆုံစားပွဲတွေထဲက အကြီးဆုံး မိတ်ဆုံစားပွဲပဲ…”

ယခုအချိန်တွင် မိတ်ဆုံစားပွဲသို့ လာရောက်ဆင်နွှဲကြသော စစ်သားများမှာ တစ်ရာကျော်ကျော်မျှ ရှိပြီး ရာထူးအနိမ့်အမြင့် အစုံပါဝင်သော်လည်း သူတို့အားလုံးသည် လူပျိုလူလွတ်များ ဖြစ်ပြီး အသက်အားဖြင့် ၂၂နှင့် ၃၂ ကြားတွင် ရှိကြသူများ ဖြစ်သည်။

အမျိုးသမီးရဲဘော်များမှာ မတူခြားနားသော ဌာနအစုံမှ လာကြသူများဖြစ်ပြီး အထည်အလိပ်စက်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ ကျောင်းများနှင့် အစိုးရပိုင်စားသောက်ဆိုင်များ ပါဝင်သော အစားအသောက်ဌာန စသည်တို့မှဖြစ်သည်။ 

ဌာနတစ်ခုချင်းစီမှ အမျိုးသမီးရဲဘော်အရေအတွက်သည် အများအပြား မဟုတ်ဘဲ ၃၀နှင့် ၅၀ကြား ဖြစ်စေကာမူ စုစုပေါင်းအရေအတွက်မှာ စစ်သားများထက် ၂၀ ၊ ၃၀ ခန့် ပိုများနေလေသည်။

သို့သော်လည်း ချန်မန်၏ အာရုံသည် ထိုလူများအပေါ်တွင် ရှိမနေပေ။ သူမ၏ အာရုံမှာ လုဖျင်ကျိုး၏ စကားလုံးများထံမှ ဆွဲဆောင်ဖြားယောင်းခံလိုက်ရသည်။

“မြို့စောင့်တပ်က ပြီးခဲ့တဲ့နှစ်တွေတုန်းက မိတ်ဆုံစားပွဲတွေ လုပ်ခဲ့သေးတာလား…”

လုဖျင်ကျိုးက ပြောသည်။
“ဒီကို ကိုယ်ရောက်ပြီးနောက်ပိုင်း နှစ်ပွဲရှိပြီဆိုတော့ အခုတစ်ခါက သုံးခါမြောက်ပေါ့…”

“ရှင်က သေချာကို မှတ်မိနေတာပဲ…”
ချန်မန်က အသံကို ဖျစ်ညှစ်ပြောလိုက်ပြီး အဓိပ္ပာယ်အပြည့်ဖြင့် မေးလိုက်သည်။

“ရှင်က အဲ့ပွဲတွေတိုင်း တက်ဖူးခဲ့တာလား…”

လုဖျင်ကျိုးက ရုတ်ချည်းပင် နိုးနိုးကြားကြားဖြင့် သတိရှိသွားပြီး ဖြေလိုက်သည်။

“မတက်ဖူးပါဘူး…”

“တကယ်လား ညာနေတာလား…”

“တကယ်မတက်ဖူးတာပါ… ပထမဆုံးပွဲက ကိုယ် အလုပ်စဝင်တဲ့ ပထမဆုံးနှစ်မှာ လုပ်တာ… ကိုယ်က ငယ်သေးတော့ လူကြီးတွေက ကိုယ့်ကို အဲ့အကြောင်း မပြောကြဘူး…”

စစ်တပ်မှ မိတ်ဆုံစားပွဲများ ကျင်းပရသော ရည်ရွယ်ချက်မှာ အိမ်ထောင်ပြုရန် ခက်ခဲနေသော လူပျိုဟိုင်းကြီးများ၏ ပြဿနာကို ဖြေရှင်းပေးရန် ဖြစ်သောကြောင့် မိတ်ဆုံစားပွဲတွင် ပါဝင်ဆင်နွှဲနိုင်သော အရာရှိများ၏ အသက်အရွယ်ကန့်သတ်ချက်သည် အလွန် တင်းကျပ်ကာ ယခုအချိန်ကဲ့သို့ပင် အနည်းဆုံး အသက် ၂၂နှစ် ပြည့်ပြီး ဖြစ်ရပေသည်။

“နောက်ဆုံးတစ်ခေါက်ကတော့ရော…”

လုဖျင်ကျိုးက ဖြေလိုက်သည်။

“နောက်ဆုံးတစ်ခေါက်တုန်းက ကိုယ်တို့လူကြီးက အတူပါဖို့ ပြောပေမယ့် ကိုယ်က လက်မခံလိုက်ဘူးလေ…”

“ဒါဆို ရှင်က ဘယ်လိုလုပ်ပြီး အသက်အပိုင်းအခြားကို ဒီလောက် ရှင်းရှင်းကြီး သိနေတာလဲ…”

“ကိုယ့်နားက လူတွေက အဲ့ပွဲကို တက်ကြပြီးတော့ သူတို့က အဲ့အကြောင်းကို ကိုယ့်ကို ပြန်ပြောပြကြတာပေါ့… ကိုယ်က မှတ်ဉာဏ်ကောင်းတော့ အဲ့တာတွေကို မှတ်မိနေတာပေါ့…”

“ရှင့်အဖြေက လက်ခံပေးလို့ရပါတယ်…”

ချန်မန်က ဟွန့်ကနဲ နှာမှုတ်လိုက်ပြီး ပွဲကြည့်စင်ခန်းမ၏ အလယ်နားဆီသို့ ကြည့်နေလိုက်သည်။

ယခုအချိန်တွင် မိတ်ဆုံစားပွဲအခမ်းအနား မစတင်သေးသော်လည်း အချင်းချင်း တွေ့ဆုံကြပြီးနောက် လူအတော်များများသည် ကိုယ့်ပစ်မှတ်ကို ရှာတွေ့နေကြချေပြီ။ အမျိုးသမီးရဲဘော် အတော်များများသည် ခေါင်းငုံ့ကာ အချင်းချင်း တီးတိုးပြောနေကြသည်။ စစ်တပ်ဘက်မှ အမျိုးသားရဲဘော်များကမူ စည်းမျဉ်းစည်းကမ်းကို အလေးထားပြီး အချင်းချင်း တီးတိုးပြောနေကြခြင်း မရှိချေ။ သူတို့က ပခုံးနှင့် ကျောကို ဖြောင့်ဖြောင့်မတ်မတ်ထား၍သာ နေကြပြီး သူတို့ သဘောကျသော မိန်းကလေးက သူတို့ကို မြင်တွေ့စေရန် မျှော်လင့်နေကြလေသည်။

ချန်မန်က အမျိုးသားရဲဘော်များကို ငေးမောကြည့်နေရင်း သူမနှင့် ပထမဆုံး ချိန်းတွေ့ကြသောနေ့က လုဖျင်ကျိုး မည်သို့ ဖြစ်ပျက်နေခဲ့သည်ကို ပြန်လည်မြင်ယောင်သတိရနေမိသည်။

ထိုနေ့က မြစ်တစ်ဖက်ကမ်းပေါ်၌ သူမသည် အပေါ်အကျီမပါဘဲ ရေကူးနေကြသော လူများကို မြင်ခဲ့ရပြီး သူမက ထိုလူများကို အကြိမ်အတော်များများလည်း ကြည့်ခဲ့မိသည်။

လုဖျင်ကျိုးက အသာအယာ ချောင်းဟန့်လိုက်ကာ သူ့ဇနီးလေး၏ အာရုံကို ပြန်လည်ဖမ်းယူလိုက်ပြီး အေးဆေးတည်ငြိမ်ဟန်ဆောင်လိုက်ပြီး မေးလိုက်သည်။

“မိတ်ဆုံစားပွဲက အခုထိ မစသေးဘူးဆိုတော့ ကိုယ်တို့ အပြင်မှာ လမ်းလျှောက်ကြမလား…”

“အပြင်သွားမလို့လား…”
ချန်မန်က လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ရာ နာရီက ခြောက်နာရီ မိနစ်ငါးဆယ်ကို ညွှန်ပြနေသည်။

“အချိန်ဖြုန်းသလိုများ ဖြစ်နေမလား…”

“ကိုယ်တို့က အဓိကလူတွေမှမဟုတ်တာ ဘယ်လိုလုပ်ပြီး အချိန်ဖြုန်းသလို ဖြစ်ရမလဲ…”
လုဖျင်ကျိုးက ဂရုမစိုက်ဘဲ သူမကို ငုံ့ကြည့်ကာ မေးလိုက်သည်။

“သွားမှာလား…”

ချန်မန်က တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်။
“… ကျွန်မတို့ ဌာနက လူတွေကို ပြောပြလိုက်ဦးမယ်…”

“ဟုတ်ပြီလေ… ကိုယ်လည်း ဒါရိုက်တာဝူကို သွားပြောလိုက်မယ်…”

လုဖျင်ကျိုးက ထိုသို့ပြောပြီးနောက် နှစ်ယောက်သား ကိုယ်စီဌာနမှ လူများရှိရာဆီသို့ ဦးတည်၍ လျှောက်သွားကြလေသည်။

Search Novels