16

ရွာလူကြီးလေး၏ သစ္စာရှိလေးတစ်ယောက်အနေဖြင့် အားသို့က ဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်း စတင်ပြောပြလေသည်။ ရွာလူကြီးလေးမှ ဓားပြများကို မည်သို့ရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့ကြောင်း၊ လက်တစ်ဖက်တည်းဖြင့် လူတစ်ယောက်ကို မိုးပေါ်ရောက်အောင် မည်သို့ပစ်တင်လိုက်ကြောင်း၊ လူဆယ်ယောက်ကျော်ကို မည်သို့နှိမ်နင်းလိုက်ကြောင်းတို့အား ပြောပြလိုက်ရာ ရွာသားများခမျာ ပါးစပ်အဟောင်းသားဖြင့် လေးစားအားကျဟန်ဖြင့် နားထောင်နေကြရ၏။
ရှောင်ကျိုးကတော့ အားသို့၏ပုံပြောကောင်းမှုကို လေးစားမိပေသည်။ တကယ်တော့ ၁၀မိနစ်ခန့်နှင့်ပြီးသွားသောကိစ္စလေးတစ်ခုသာ ဖြစ်သည်။ ဒါကို အားသို့ပြောပုံအရဆိုလျှင် ကမ္ဘာပျက်မတတ်၊ သရဲတစ္ဆေများ အော်ဟစ်ငိုယိုရမတတ် ဖြစ်သွားရချေသည်။ သူမသည် သူတစ်ပါးချီးကျူးသည်အားခံရသည်ကို နှစ်သက်သော်လည်း လူအုပ်ကြီးဝိုင်းပြီး ဤကဲ့သို့အကြီးအကျယ် မြှောက်ပင့်ချီးကျူးနေသည်ကို နားထောင်ရသောအခါ ရှက်သလိုလိုဖြစ်လာရသည်။ သူမ အားလုံးကို စကားစအမြန်ဖြတ်ပြောပြီး ညွှန်ကြားလိုက်လေ၏။

"ဒီလူတွေကို ဘိုးဘေးခန်းမထဲမှာသွားပိတ်ထားလိုက်"

ရွာသားများ ချက်ချင်းလှုပ်ရှားကြတော့သည်။ ယနေ့မြို့ကိုသွားခဲ့ရသဖြင့် အားလုံး ပင်ပန်းနေကြပြီပင်။ မုဆိုးထျန်းမှာ ရှောင်ကျိုးမြို့မှဝယ်လာသော ပစ္စည်းများကို ရွာလူကြီးလေး၏ခြံဝင်းထဲ ရွှေ့ပေးပြီးနောက် ရွာလူကြီးလေးကို ကောင်းကောင်းနားရန်ပြောကာ ကျောက်ဟူနှင့် တခြားကလေးများကို ခေါ်ပြီးပြန်သွားတော့သည်။ ရှောင်ကျိုး ခြံဝင်းထဲပြန်ရောက်သောအခါ အဘိုးရွှီနှင့် မျက်နှာဖုံးစွပ်လူတို့ကြားမှ အခြေအနေမဟန်သည်ကို သတိထားမိလိုက်၏။ အဘိုးရွှီမှာ ရှောင်ကျိုးပြန်ရောက်လာသည်ကိုမြင်သည်နှင့် ဘေးကို အမြန်ဆွဲခေါ်ပြီး ပြောလိုက်သည်။

"ရှောင်ကျိုး ငါပြောပြမယ်၊ ဒီလူက လူကောင်းမဟုတ်ဘူး၊ အမြန်မောင်းထုတ်လိုက်"

ယန်ချွဲ့မှာ အဘိုးရွှီကိုကြည့်ပြီး ဓားကိုတစ်လက်မခန့် ဆွဲထုတ်လိုက်သည်။
အဘိုးရွှီမှာ မျက်နှာဖုံးစွပ်လူ၏အားနည်းချက်ကို မိသွားသလိုမျိုး ချက်ချင်းလက်ညှိုးထိုးပြီး ပြောလေသည်။

"တွေ့လား ရှောင်ကျိုး ဒီလူက မျက်တောင်မခတ်ဘဲ လူသတ်မယ့်လူစားမျိုး၊ နည်းနည်းလေးစိတ်ဆိုးတာနဲ့ ဓားဆွဲထုတ်တော့တာပဲ၊ အန္တရာယ်များလိုက်တာ"

ရှောင်ကျိုးမှာတော့ သူတို့နှစ်ယောက်ကြား ဘာဖြစ်နေမှန်းနားမလည်ချေ။ ယန်ချွဲ့မှာ အဘိုးရွှီကိုသတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် ကြည့်နေလေသည်။
ရှောင်ကျိုး သူတို့နှစ်ယောက်ကိုတိုက်ရိုက်မေးလိုက်၏။

"ဘာဖြစ်ကြတာလဲ"

ယန်ချွဲ့မှာ အဘိုးရွှီကိုအေးစက်စက် မျက်နှာဖြင့်ကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျားနောက်တစ်ခါ ငါ့မျက်နှာဖုံးကို ခိုးချွတ်ဖို့ကြိုးစားရင် လက်ဖြတ်ပစ်မယ်"

"ငါချွတ်လို့မှမရလိုက်တာ ဟုတ်တယ်မလား၊ နေ့ခင်းကြောင်တောင်ကြီး မျက်နှာဖုံးစွပ်ထားတယ်ဆိုကတည်းက လူကောင်းမဟုတ်တာ သေချာနေပြီပဲ"

အဘိုးရွှီ ခြေဆောင့်ပြီးပြန်ပြောလေသည်။ ယန်ချွဲ့မှာ ဒီလောက်ထိဆိုးသွမ်းသောအဘိုးကြီးမျိုး တစ်ခါမှမတွေ့ဖူးပေ။ ဒေါသထွက်လွန်းသဖြင့် ဓားကို တန်းဆွဲထုတ်လိုက်တော့သည်။

"ဒီနေ့တော့ ခင်ဗျားကိုခုတ်သတ်ပစ်မယ်"

အခြေအနေပိုဆိုးလာသည်ကို မြင်သောအခါ ရှောင်ကျိုး သူတို့နှစ်ယောက်ကို အမြန်တားလိုက်ရသည်။ ပြီးနောက် အဘိုးကြီးကို ဆူလိုက်၏။

"အဘိုးကလည်း ဘာကိစ္စ သူ့မျက်နှာဖုံးကို အကြောင်းမဲ့သက်သက် သွားချွတ်ရတာလဲ"

"ပြီးတော့ ဦးလေးကိုပြောထားမယ် ဒါကငါ့ရဲ့ရွာနော်၊ နောက်ဆိုရွာထဲမှာ ဓားကို တွေ့ကရာဆွဲမထုတ်နဲ့၊ ရွာသားတွေ လန့်ကုန်ရင် ဘယ်လိုလုပ်မလဲ"

ယန်ချွဲ့ ဘာမှမကြားသလိုမျိုး ဘေးတွင်သာမျက်နှာသေနှင့် ရပ်နေလေသည်။

"အဘိုးတို့နှစ်ယောက် ရန်ထပ်ဖြစ်ရင် နှစ်ယောက်လုံး သမီးခြံဝင်းထဲကနေ ထွက်သွားကြ"

အမိန့်ထုတ်ပြီးသည်နှင့် ရှောင်ကျိုး သူ့အခန်းထဲ ဒေါသတကြီးပြန်ဝင်သွားတော့သည်။ အဘိုးရွှီ နှာခေါင်းရှုံ့လိုက်ပြီး ဝိုင်အိုးကိုပိုက်ကာ ယိုင်တိယိုင်တိုင်ဖြင့် ထွက်ခွာသွားလေသည်။ မသွားခင် စကားတစ်ခွန်း ပြောသွားခဲ့သေး၏။

"မင်းကိုယ်မင်း သေချာပုန်းထားစမ်းပါ၊ နေ့တိုင်း အဲ့ဓားကျိုးကြီးကိုင် မျက်နှာဖုံးကြီးတပ်ထားမှတော့ မင်းကိုလိုက်နေတဲ့လူတွေက ဒီမှာရှိမှန်းမသိဘဲနေမလား၊ ဒီရွာကလူအကုန်လုံးကိုပါ မင်းနဲ့အတူ မြေမြှုပ်စေချင်တာလား"

ယန်ချွဲ့သည် ထွက်ခွာသွားသော အဘိုးရွှီ၏ကျောပြင်ကို ကြည့်ပြီး ဇဝေဇဝါဖြစ်သွားရ၏။ သူ့အကြောင်းကို ဤအဘိုးကြီး မည်သို့သိရှိနေပါသနည်း။ ဒီအဘိုးကြီးက တကယ်ဘယ်သူပါလိမ့်။ ရှောင်ကျိုး အခန်းထဲမှပြန်ထွက်လာသောအခါ မျက်နှာဖုံးစွပ်လူသည် ခြံဝင်းထဲတွင် တံခါးပေါက်အားငေးကြည့်ပြီး ငူငူငိုင်ငိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဦးလေး ငါ့ကိုတစ်ခုလောက် ကူညီပေးနိုင်မလား" 

ရှောင်ကျိုး မေးလိုက်သည်။


"ဘာကိစ္စလဲ" 


ယန်ချွဲ့လှည့်ကြည့်ပြီး မေးလိုက်၏။

"ဘာအကူအညီလဲလို့ မမေးတော့ဘူးလား" 

ရှောင်ကျိုးမှာ ဤလူသည်တော်တော်ထူးဆန်းသည်ဟု တွေးလိုက်၏။

"မလိုပါဘူး ပြောသာပြောပါ"


သူ့အဆိပ်ကိုဖြေပေးခဲ့သော ရှောင်ကျိုးအပေါ် ယန်ချွဲ့မှာဖော်ရွေနေဆဲပင်။

"ဒါဆို သစ်ပင်ပေါ်တက်ပြီး လူနှစ်ယောက်လောက် သွားချပေးပါလား"

ရှောင်ကျိုး ပြောလိုက်သည်။

"လူနှစ်ယောက်ကို ပြန်ချပေးရမယ်ဟုတ်လား" 

ယန်ချွဲ့နားမလည်ဟန်ဖြင့် မေးလိုက်သည်။

"လူနှစ်ယောက်ကိုသစ်ပင်ပေါ် ငါပစ်တင်လိုက်မိလို့၊ အဲ့ဒါ သွားချပေးပါဦး"

ရှောင်ကျိုး အသေးစိတ်ရှင်းပြလိုက်၏။

"မင်းကပစ်တင်လိုက်တယ်ပေါ့လေ၊ မင်းကသိုင်းတတ်တယ်လား" 

ယန်ချွဲ့ အနည်းငယ်စိတ်ဝင်စားသွားလေသည်။ ဟိုကလေးတွေက နောက်နေတာ မဟုတ်ဘူးပဲ။ ဒီကောင်မလေးက တကယ် သိုင်းတတ်နေတယ်။ ရှောင်ကျိုး ခေါင်းခါပြီးငြင်းလိုက်သည်။

"ဟင့်အင်း မတတ်ပါဘူး"

သူမက သန်မာမြန်ဆန်ပြီး စိတ်စွမ်းအင်ရှိသည်ဆိုရုံမျှသာ ဖြစ်ပေသည်။ သို့သော်သိုင်းပညာကိုတော့ တကယ် မတတ်ချေ။ သူမလှုပ်သေးသည်ကိုတွေ့တော့ ရှောင်ကျိုး တိုက်တွန်းလိုက်လေသည်။

"သွားရအောင် မှောင်နေပြီလေ၊ သူတို့ကို စောစောသွားခေါ်ကြစို့"

"ဘယ်မှာလဲ" 


ယန်ချွဲ့မေးလိုက်၏။

"ဦးလေးနဲ့ ပထမဆုံးတွေ့ပြီးကယ်ခဲ့တဲ့ တောအုပ်ထဲမှာလေ" 


ရှောင်ကျိုးပြန်ဖြေသည်။ သူမစကားဆုံးသည်နှင့် ယန်ချွဲ့မှာ ရှောင်ကျိုး၏အင်္ကျီကော်လံကို ဖမ်းဆွဲပြီး အိမ်ထဲမှနေ ပျံထွက်သွားတော့၏။
ရှောင်ကျိုးခြေထောက်များမှာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေရရှာသည်။

"အမလေး ဒီလိုကြီးမဆွဲသွားလို့ မရဘူးလားဟင်"

သူမက ရွာလူကြီးနော်။ ကော်လံကနေအဆွဲခံရပြီး လေထဲမှာယက်ကန်ယက်ကန်ဖြစ်နေတာကိုသာ ရွာသားတွေမြင်သွားရင် သူမရဲ့ ရင့်ကျက်တည်ငြိမ်ပြီး လေးနက်ခန့်ညားတဲ့ ရွာလူကြီးပုံရိပ်ကြီး ကျိုးပဲ့ကုန်မှာပေါ့။

စနစ် : ရင့်ကျက်တည်ငြိမ်ပြီး လေးနက်ခန့်ညားတယ်ဆိုတာ ဘယ်နေရာကိုကြည့်ပြီးများ ပြောချင်တာလဲ

ကော်လံမှနေအဆွဲခံရသည်ကို အကြီးအကျယ်ငြင်းဆန်နေ၍ ယန်ချွဲ့ သူမကိုမ,လိုက်ပြီး ပခုံးပေါ်ထမ်းတင်လိုက်လေသည်။ တင်ပါးလေးက မိုးပေါ်ထောင်ပြီး ခေါင်းကအောက်စိုက်လျက်သားဖြစ်နေရ၏။ ရှောင်ကျိုး ဂရုမစိုက်နိုင်တော့ပေ။ 

ဖြစ်ချင်ရာဖြစ်တော့ အကုန်ပျက်စီးကုန်ပြီ။ 

နောက်ဆိုလျှင် ကိုယ်ဖော့ပညာကို သေချာလေ့ကျင့်မှဖြစ်ပေမည်။ ကိုယ့်ဘာသာကိုယ်မပျံသန်းနိုင်ပါက ရှက်စရာကောင်းနေတော့မည်ပင်။ ယန်ချွဲ့ ပြီးခဲ့သည့်တစ်ခေါက်မှနေရာကို အမြန်ရောက်လာသည်။ သူ့ပခုံးပေါ်မှ ရှောင်ကျိုးကို မြေကြီးပေါ်ချပေးလိုက်၏။ မြေကြီးနှင့်ခြေထောက်ထိသည်နှင့် ရှောင်ကျိုးမှာ မျက်နှာဖုံးစွပ်လူကို ဒေါသတကြီးကြည့်လိုက်သည်။ သူမ ဦးနှောက်တွေတောင် အပြင်ထွက်ကျကုန်မတတ် ခံစားနေရ၏။ ယန်ချွဲ့မှာ ခုနလေးတင် အကောင်းအတိုင်းရှိသေးသည့် ကောင်မလေးမှာ အဘယ်ကြောင့် ရုတ်တရက်ဒေါသထွက်သွားသည်အား နားမလည်နိုင်ဖြစ်နေရှာသည်။ ရှောင်ကျိုး စနစ်ကိုမေးလိုက်၏။

"စနစ်ဆိုင်မှာ အတောင်ပံရောင်းလားဟင်၊ ငါ့အတွက် တစ်စုံလောက်ဝယ်ချင်လို့၊ ဒေါသထွက်လွန်းလို့ပါ"

"မရှိပါဘူး ရှိရင်လည်းသခင်က ပျံနိုင်မှာမဟုတ်ဘူးလေ၊ လူတစ်ယောက် ပျံသန်းနိုင်ဖို့ဆိုတာ ကိုယ်ခန္ဓာဟန်ချက်ညီမှုနဲ့ ပေါင်းစပ်ညှိနှိုင်းမှုလိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတိုင်းကို တိတိကျကျ ထိန်းချုပ်နိုင်ရမယ်။ လေကြောင်းအပြောင်းအလဲကိုသုံးပြီး ကိုယ်နေဟန်ထားနဲ့ ဆင်းသက်တဲ့အမြန်နှုန်းကို ချိန်ညှိရမယ်....."

စနစ်မှာ ရှောင်ကျိုးကိုရှင်းပြနေလေသည်။

"တော်တော့"

ရှောင်ကျိုး စနစ်၏ရှည်လျားထွေပြားသောရှင်းပြချက်ကို ချက်ချင်းဖြတ်လိုက်သည်။ သူမဘေးနားတွင် တိတ်တိတ်လေးရပ်နေသော မျက်နှာဖုံးစွပ်လူကိုကြည့်ပြီး အမြင့်ဆုံးသစ်ပင်ကို လက်ညှိုးထိုးပြလိုက်၏။

"ဟို အမြင့်ဆုံးသစ်ပင်ပေါ်မှာ လူနှစ်ယောက်ရှိတယ် သွားချပေးပါဦး"

ယန်ချွဲ့ပျံတက်သွားသည့်အချိန်တွင် ဟိုလူနှစ်ယောက်မှာ လုံးဝသတိလစ်နေပြီ ဖြစ်သည်။ ယန်ချွဲ့ ထိုလူနှစ်ယောက်ကို အောက်ချပေးလိုက်သည်။ သူ့လက်တစ်ဖက်စီတွင်ကိုင်ထားသော လူနှစ်ယောက်ကိုကြည့်ပြီး ယန်ချွဲ့ ဒူးထောက်ချလိုက်ကာ ရှောင်ကျိုးကိုပြောလိုက်လေ၏။


"ငါ့ကျောပေါ်တက်လိုက်"

ရှောင်ကျိုး ဒီပျံသန်းနည်းကိုအလွန်သဘောကျသွားသည်။ သူမချက်ချင်းပင် ကျောပေါ်တက်ပြီး မျက်နှာဖုံးစွပ်လူ၏လည်ပင်းကို ဖက်ထားလိုက်လေသည်။ သူ့ပခုံးပေါ်နောက်တစ်ခါ ထပ်ထမ်းခံရမှာကြောက်လှပေ၏။ သူတို့နှစ်ယောက် ရွာကိုအမြန်ပြန်ပျံသန်းလာကြသည်။ ရှောင်ကျိုးမှာ မျက်နှာဖုံးစွပ်လူကို ဒီလူနှစ်ယောက်အားကြိုးတုပ်ပြီး ကျန်သည့်သူများနှင့် အဖော်ရအောင် ဘိုးဘေးခန်းမထဲ ပစ်ထည့်ထားခိုင်းလိုက်၏။ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းပြီးမှ ရှောင်ကျိုး တစ်ခုခု သတိရသွားပြီး အမြန်ပြန်ပြေးလာကာ မျက်နှာဖုံးစွပ်လူကို ထိုလူနှစ်ယောက်ဆီက ပိုက်ဆံတွေအကုန်ရှာခိုင်းလိုက်လေသည်။

ယန်ချွဲ့ : သူက ဘာကိစ္စကြောင့် ဒီလိုအောက်တန်းကျတဲ့အလုပ်မျိုး လုပ်ပေးရမှာလဲ

ရှောင်ကျိုး သတိပေးလိုက်သည်။

"ငါ့မှာရှိတဲ့ တစ်လုံးတည်းသောအဆိပ်ဖြေဆေးကို ဦးလေးသုံးလိုက်တာနော်၊ ကိုယ့်ဘာသာတောင်မသုံးရက်ဘဲ ဦးလေးကို ပေးလိုက်တာ၊ အဲ့ဆေးကိုသာရောင်းလိုက်ရင် ပိုက်ဆံတွေအများကြီး ရမှာပဲ၊ အဲ့ပိုက်ဆံသာရှိရင် ကျောင်းဆောက်တာလည်းပြီးနေလောက်ပြီ"

ကိုယ်ကျင့်တရားနှင့်ဖိအားပေးသည်ကို သူမတဖြည်းဖြည်း ကျွမ်းကျင်လာပြီဟု ရှောင်ကျိုး ခံစားလိုက်ရသည်။ ယန်ချွဲ့ခမျာ ဘာမှမပြောဘဲ ဟိုလူနှစ်ယောက်ဆီက ပိုက်ဆံသွားရှာပေးရရှာလေသည်။ လူကောင်ညှက်ညှက်နှင့်လူထံမှ တေး၁၀၀၊ အမာရွတ်နှင့်လူဆီမှ တေး၅၀၀ နှင့် ငွေစအကျိုးအပဲ့တချို့အား တွေ့ရသည်။ ရှောင်ကျိုးမှာ ရှာတွေ့သောပိုက်ဆံများကိုဆုပ်ကိုင်ပြီး မျက်လုံးများ အရောင်တောက်နေတော့သည်။

သူဌေးဖြစ်ပြီဟေ့ သူဌေးဖြစ်ပြီ။

ဓားပြတိုက်ခြင်းမှာ ဤမျှတွက်ခြေကိုက်မည်ဟု ထင်မထားမိခဲ့ပေ။ မသင့်လျော်သောအတွေးများ ရှောင်ကျိုးခေါင်းထဲ ပိုပိုပြီးဝင်လာနေတော့သည်။ ယန်ချွဲ့မှာ ငွေမက်သည့်ပုံစံပေါက်နေသော ကလေးမလေးကို ကြည့်ပြီးမေးလိုက်၏။

"မင်းက ပိုက်ဆံအရမ်းလိုနေတာလား"

"ဦးလေးကရော ပိုက်ဆံမလိုဘူးလား"

ရှောင်ကျိုး ပြန်မေးလိုက်၏။
သူမလက်ထဲတွင် တေး၁၀၀ကိုကိုင်ထားသည်။ မူလကတော့ ခြေကြွခအဖြစ် မျက်နှာဖုံးစွပ်လူကိုပေးမလို့ပင်။ သူလည်း ပါဝင်ကူညီထားတာကိုး။ ဒါပေမယ့် သူက ပိုက်ဆံမလိုဘူးဆိုတော့လည်း ထားလိုက်ပါတော့။ ရှောင်ကျိုး ပိုက်ဆံကိုပိုက်ဆံအိတ်ထဲ ပြန်ထည့်လိုက်လေသည်။

ယန်ချွဲ့မှာတော့ သူပိုက်ဆံမလိုဘူးဟုပြောလိုက်ချင်ပေသိ လက်ရှိအခြေအနေအရကြည့်ရသည်မှာ ယခုသူ့ထံတွင် ပိုက်ဆံတစ်ပြားမှမရှိသည့်ပုံပင်။


17


နောက်တစ်နေ့မနက် စောစောတွင် ရှောင်ကျိုးမှ ရွာသားများကို အစည်းအဝေးခေါ်လိုက်လေသည်။ မောင်းသံကြားသည်နှင့် ရွာသားများက ရွာလူကြီးအိမ်ရှေ့ကွင်းပြင်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ရွာသားများအားလုံး စိတ်လှုပ်ရှားနေကြသည်။ မနေ့ကစ၍ ရွာလူကြီးလေး ကျောင်းဆောက်ရန် စီစဉ်နေသည်ကို အားလုံးသိထားသောကြောင့် ယနေ့အစည်းအဝေးမှာ ထိုကိစ္စကို ဆွေးနွေးရန်သာ ဖြစ်မည်ဟု ထင်ကြေးပေးနေကြသည်။ တခဏအကြာတွင် ရွာသားများစုံလင်ပြီဖြစ်၍ ရှောင်ကျိုးမှ စကားစပြောလိုက်၏။

"ဒီနေ့ကစပြီး ရွာမှာကျောင်းစဆောက်တော့မယ်၊ နောက်နောင် ရွာထဲမှာ ယောင်္ကျားလေး မိန်းကလေးမခွဲခြားဘဲ ကလေးအားလုံး စာသင်ရမယ်၊ သိုင်းကျင့်ရမယ်"

သူမ ပြောပြီးသည်နှင့် အောက်မှ ရွာသားများကြားတွင် ဆွေးနွေးသံများ ဆူညံသွားလေသည်။

"ရွာက,ကလေးအားလုံး စာသင်ရတော့မယ်တဲ့ဟေ့၊ ဒါဆို ငါ့သားကျန့်ယီမြို့ကို သွားစရာ မလိုတော့ဘူးပေါ့"


အဒေါ်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ဝမ်ကျန့်ယီ၏ ကျောင်းမတက်ရသည့်ကိစ္စကြောင့် အဒေါ်ဝမ်မိသားစုမှာ ယခုရက်ပိုင်း စိတ်ဆင်းရဲနေခဲ့ရသည်။ ယခု ရွာ၌ ကျောင်းဆောက်ပြီး ကလေးအားလုံး စာသင်ခွင့်ရမည်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် အဒေါ်ဝမ်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

"ဟုတ်ပါ့၊ ရွာလူကြီးလေးက ယောင်္ကျားလေး မိန်းကလေးမခွဲခြားဘဲ အကုန်လုံး စာသင်ရမယ်လို့ပြောတယ်နော်၊ ငါ့သား ဟူဇီလည်း ပညာတတ်ကြီးဖြစ်လာတော့မှာပေါ့၊  á€Ÿá€Źá€¸á€Ÿá€Źá€¸"

ကျောက်ဟူ၏ အမေမှာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"ဒါတင်မကသေးဘူး၊ သိုင်းပါသင်ရဦးမှာတဲ့၊ မြို့ကကျောင်းတွေမှာတောင် သိုင်းသင်တန်း မရှိဘူး"

"ဒါပေါ့  á€„ဍတိုအရွဏရဲအ ကလေးတွေကလေ စာပေပညာရော သိုင်းပညာဘက်ပါအကုန်တတ်ပြီး စွယ်စုံရတွေ ဖြစ်လာတော့မှာ"

"ဆရာကရော ဘယ်သူလဲ"

ရွာသားတစ်ယောက်က မေးလိုက်သည်။

"ရွာလူကြီးလေးက ပြောတယ်၊ အရင်နှစ်ရက်က ရွာလူကြီးလေးခေါ်လာတဲ့ အဘိုးကြီးနဲ့ မျက်နှာဖုံးစွပ်လူက ဆရာလုပ်ပေးကြမှာတဲ့"

"သူတို့က တတ်ရော တတ်ပါ့မလား၊ မြို့က ဆရာတွေလောက် တော်ပါ့မလား"

"တော်တာ မတော်တာ အဓိက မဟုတ်ပါဘူး၊ ကလေးတွေကို စာတတ်အောင် သင်ပေးနိုင်ရင် ပြီးတာပါပဲ"


"ဟုတ်တယ်၊ ရွာလူကြီးလေးကို မယုံလို့လား၊ ရွာလူကြီးလေးက အဆင်ပြေတယ်ဆိုရင် သေချာပေါက် အဆင်ပြေမှာပါ"

"ဟုတ်တယ်၊ ဟုတ်တယ်"


"မိန်းကလေးတွေကရော ဘာကိစ္စ စာသင်ရမှာလဲ၊ အိမ်မှုကိစ္စတွေ ဘယ်သူ လုပ်မလဲ" 


လူမိုက်တစ်ယောက်မှ ထမေးလိုက်သည်။ သူမေး၍ မဆုံးသေးခင်မှာပင် သူ့မိန်းမက နားရွက်ကို လိမ်ဆွဲပြီး ဆူတော့သည်။


"ဘာ၊ ရှင်က ရှင့်သမီးကို ရှင်လိုပဲ တစ်သက်လုံး စာမတတ်ပေမတတ် ဖြစ်စေချင်လို့လား၊ အိမ်မှုကိစ္စကို ရှင် မလုပ်တတ်ဘူးလား၊ သမီးလေး လုပ်ဖို့ ချန်ထားရဦးမှာလား၊ ပြောထားမယ်နော် ငါ့သမီးကျောင်းသွားတာကို တားရဲရင် လောင်ဟွမ်ရေရှင့်မိသားစု အိမ်ခေါင်မိုးကို လှန်ပစ်မယ်"

လူမိုက်မှာ ပြာပြာသလဲ ကာကွယ်ရတော့သည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ဒီတိုင်း ပါးစပ်ထဲ ရှိရာ ပြောလိုက်တာပါ၊ မသွားခိုင်းဘူးလို့ မပြောပါဘူး၊ လွှတ်ပါဦး၊ လူတွေ ကြည့်နေတယ်လေ၊ ကြည့်လို့ မကောင်းပါဘူးကွာ"


"ဟွန်း"


အဒေါ်ဟွမ်လည်း အပြင်၌ ရန်ဖြစ်ပြီး လူဝိုင်းကြည့်ခံရသည်က မကောင်းမှန်း သိ၍ ယောင်္ကျားဖြစ်သူ၏နားရွက်ကို လွှတ်ပေးလိုက်သည်။ အနီးနားမှ အလားတူ အတွေးရှိသော ယောင်္ကျားများမှာလည်း နောက်ထပ် အဆူခံရမယ့်သူဖြစ်မည်စိုးသောကြောင့် ပါးစပ်ပိတ်နေလိုက်ကြတော့သည်။ ကျောင်းဆောက်ရန် အားလုံးစိတ်အားထက်သန်နေသည်ကို တွေ့ရ၍ ရှောင်ကျိုး ကျေနပ်သွားပြီး ရွာအကြီးအကဲကို ပြောလိုက်သည်။

"ရွာအကြီးအကဲအဘိုး၊ သမီးဆီမှာ တေး၆၀၀ကျော် ရှိတယ်၊ ကျောင်းကို အကြီးကြီးဆောက်ပြီး လေ့ကျင့်ရေးကွင်းပါထည့်ဆောက်ရအောင်"

ရှောင်ကျိုး ခဏစဉ်းစားပြီး သူမစိတ်ကူးထဲမှ ကျောင်းပုံစံကို ရွာအကြီးအကဲအဘိုး မြင်သာအောင် ပြောပြရန်ပြင်လိုက်သည်။

"တေး၆၀၀ဟုတ်လား ရွာလူကြီးလေးက အဲ့ဒီလောက်ပိုက်ဆံ အများကြီး ဘယ်က ရတာလဲ"

ရွာအကြီးအကဲများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ တေး၆၀၀ ဆိုသည်မှာ သူတို့ တစ်သက်လုံး မမြင်ဖူးသော ပမာဏပင်။

"ဘိုးဘေးခန်းမထဲမှာ ကြိုးတုပ်ထားတဲ့ လူတွေကို မြင်တယ်မလား၊ သူတို့က သမီးကို ဓားပြတိုက်ဖို့ကြိုးစားတာလေ သူတို့အနိုင်မတိုက်နိုင်လို့ သမီးက သူတို့ကို ပြန်ပြီး ဓားပြတိုက်လိုက်တယ်"


ရှောင်ကျိုးမှာ ဖုံးကွယ်စရာ မရှိဘူးဟု ထင်သောကြောင့် ပြောပြလိုက်သည်။ 

"သူခိုး‌ဆီကဓားပြတိုက်လာတယ်ပေါ့လေ၊ သူတို့နောက်ကျရင် ရွာလူကြီးလေးကို လက်စားလာချေနိုင်မလား" 

ရွာအကြီးအကဲ တစ်ယောက်မှ စိုးရိမ်တကြီး မေးလိုက်သည်။

"သူတို့ ပြန်လာရဲပါ့မလား၊ တစ်ယောက်လာရင် တစ်ယောက်ကို ဓားပြပြန်တိုက်မယ်၊ နောက်တစ်ခါဆို တေးထောင်ချီရမလား မသိဘူး" 


ရွာအကြီးအကဲကျိုး စနောက်လိုက်သော်လည်း ရှောင်ကျိုးမှ အတည်အဖြစ် မှတ်ထားလိုက်သည်။


‘ဒီနည်းလမ်းက မဆိုးဘူးပဲ၊ နောက်ထပ် ဓားပြတွေ ထပ်လာဖို့ မျှော်လင့်မိတယ်၊ ဒါဆိုသူဌေးဖြစ်ဖို့ လက်တစ်ကမ်းပဲလိုတော့မှာ’


ရွာလူကြီးလေးမှ ကျောင်းဆောက်ရန် ငွေအကုန် ပုံပေးသည်ကို မြင်သောကြောင့် ရွာအကြီးအကဲများမှ ချက်ချင်း ပြောလိုက်ကြသည်။


"ကျောင်းဆောက်တာ ဒီလောက် မကုန်ပါဘူး၊ အများဆုံး တေး၂၀၀ လောက်ပါပဲ၊ ပြီးတော့ ဘယ်လိုလုပ် ရွာလူကြီးလေး တစ်ယောက်တည်း အကုန်ခံခိုင်းရမှာလဲ"


ရှောင်ကျိုး အချိန်မဖြုန်းချင်၍ ပြောလိုက်သည်။

"ကျောင်းဆောက်ဖို့ သမီး အကုန်ကျခံမယ်၊ ဒါပေမယ့် ကတိတစ်ခု ပေးရမယ်၊ သမီးက ကျောင်းအုပ်ကြီး လုပ်မယ်၊ ကျောင်းတွင်းကိစ္စအားလုံး သမီး သဘောအတိုင်းဖြစ်ရမယ်၊ ပြီးတော့ ကျောင်းပြီးတဲ့ ကလေးတိုင်း သမီးဆီမှာ အလုပ်ဝင်လုပ်ရမယ်"

ရွာအကြီးအကဲများက ကျောင်းအုပ်ကြီး ဆိုသည်မှာ မည်သည်အား နားမလည်သော်ငြား ရွာလူကြီးလေးမှာ စိတ်ထားကောင်းမှန်း သိကြသည်။ ဤကျောင်း မဆောက်လျှင်ပင် ရွာသားများက ရွာလူကြီးလေး၏ စကားကို နားထောင်ကာ ကူညီပေးပြီးသားပင်။ ရှောင်ကျိုး တေး၂၀၀ ကို ရွာအကြီးအကဲများ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ကျောင်းပုံစံ မည်ကဲ့သို့ဖြစ်သင့်သည်ကို အကြမ်းဖျင်း ပြောပြလိုက်သည်။ ခြံနောက်ဖေး၌ ကြိုးတုပ်ခံထားရသော လူများကို သတိရသွားပြီး သူမ ဆက်ပြောလေသည်။


"ဘိုးဘေးခန်းမထဲက လူတွေကို ခဏနေရင် ကျောင်းဆောက်ဖို့ ခေါ်သုံးလိုက်၊ နားမထောင်ရင် သမီးကို လာပြော၊ မိုးပေါ် ထပ်ပစ်တင်လိုက်မယ်"


ရှောင်ကျိုးမှာ စိတ်မချသေးသောကြောင့် အားသို့တို့ထံလက်ပြကာ ခေါ်လိုက်ပြီး ဘိုးဘေးခန်းမထဲမှ လူများကို ထပ်၍ခြိမ်းခြောက်ခိုင်းလိုက်သည်။ အားသို့ အာမခံလိုက်၏။


"ရွာလူကြီးလေး စိတ်မပူနဲ့၊ သား သေချာကိုင်တွယ်လိုက်မယ်"


"ရွာလူကြီးလေး သားရောပဲ၊ သူတို့ကို နားထောင်အောင် လုပ်ပြမယ်"


"ဟုတ်တယ်၊ သူတို့ကို လူကောင်းဖြစ်အောင် ပြုပြင်ပေးလိုက်မယ်"


သူတို့၏ ယုံကြည်မှုကို မြင်ရ၍ ရှောင်ကျိုးမှာ စိတ်အေးသွားရသည်။ ရွာအကြီးအကဲများမှ ကျောင်းအား မည်သည့်နေရာတွင်  á€†á€ąá€Źá€€á€şá€™á€Šá€şá€€á€­á€Ż ဆွေးနွေးနေကြသည်။ နောက်ဆုံး၌ ရှောင်ကျိုးမှ ဆုံးဖြတ်လိုက်၏။ 

"အနောက်ဘက်တောင်ခြေမှာ ဆောက်မယ်၊ အနောက်ဘက်တောင်ခြေက ကျောင်းသားတွေ လေ့ကျင့်ခန်းလုပ်ဖို့၊ သိုင်းကျင့်ဖို့ ကောင်းသလို တိတ်ဆိတ်ပြီး ကျယ်ဝန်းတာကြောင့် ကျောင်းဆောက်ဖို့ အသင့်တော်ဆုံးပဲ"


ထို့ကြောင့်ပင် အားလုံး၏ မျှော်လင့်ချက်များကြားမှ ကျောင်းဆောက်လုပ်ရေးလုပ်ငန်း စတင်ခဲ့တော့သည်။ တစ်ဖက်မှာလည်း ဘိုးဘေးခန်းမထဲရောက်သွားသည့် သုံးယောက်သည် ကြိုးတုပ်ခံထားရသော ဓားပြများ နိုးနေသည်ကို တွေ့လိုက်ရသည်။


အမာရွတ်နှင့်လူမှာ ကောင်လေးများကိုသာ တွေ့ရပြီး ကလေးမလေး ပါမလာသည်ကို မြင်သောကြောင့် သက်ပြင်းချနိုင်သွားသည်။ မနေ့ကကဲ့သို့ လေပေါ်ဝဲသော အရသာမျိုး နောက်တစ်ခါ ထပ်မခံစားချင်တော့ပေ။ စိတ်လွတ်ကိုယ်လွတ်ရှိပေသိ သူမကြိုက်ပါချေ။ မနေ့ကဆိုလျှင် ဤကမ္ဘာကြီးကို နှုတ်ဆက်ရတော့မည်ဟုပင် ထင်ခဲ့ရသည်။ အလွန် ကြောက်စရာ ကောင်းသည်ပင်။


ကျောက်ဟူမှ စပြောလိုက်သည်။

"မင်းတို့ကို ဘာလို့ ဒီမှာ ကြိုးတုပ်ထားလဲ သိလား"


လူကောင်ပိန်ပိန်နှင့်လူမှ တုန်တုန်ယင်ယင်နှင့် မေးလာသည်။


"ဘာလုပ်မလို့လဲ"


ပိန်ညှက်ညှက်လူမှာ ယခုချက်ချင်း အိမ်ပြန်ချင်နေလေပြီ။ အားသို့ပြောလာသည်။


"ငါ ပြောပြမယ်၊ ငါတို့ ရွာလူကြီးလေးက အရမ်းစွမ်းတာ၊ လက်သီးတစ်ချက်တည်းနဲ့ မင်းတို့ခေါင်းကို ကွဲအောင် လုပ်နိုင်တယ်"

ထျဲနျိုမှ ဖြည့်ပြောလိုက်သည်။


"ငါတို့ ရွာလူကြီးလေးက စိတ်ဆိုးရင် လူတွေကို ဟိုပစ်ဒီပစ် လုပ်ရတာ သဘောကျတယ်၊ မင်းတို့ နားမထောင်ရင် ရွာလူကြီးလေးက နေ့တိုင်း မိုးပေါ် ပစ်တင်နေလိမ့်မယ်"


ကျောက်ဟူကလည်း ထပ်ဆင့်ပြောသည်။


"ဟုတ်တယ်၊ ရွာလူကြီးလေးက ပြောတယ်၊ မင်းတို့ မလိမ္မာရင် မင်းတို့ဘဝကို ငရဲကျသလို ဖြစ်အောင် လုပ်ပစ်မယ်တဲ့"


အမာရွတ်နဲ့လူက "ငါ ဘာမှမကြောက်ဘူးကွ" ဟုသာ ရဲရဲရင့်ရင့် ပြောချင်သည်။ သို့သော် ထိုကလေးမလေးက တကယ့် သရဲဘီလူးပင်။ သူတို့ ရုပ်ဆိုးပန်းဆိုး ဖြစ်နေခြင်းကို မကြည့်လေနှင့်။ တကယ်တမ်း သူတို့မှာ မြို့ပေါ်က လမ်းသရဲ အဆင့်လောက်သာ ရှိပြီး လမ်းပေါ်တွင် ဆက်ကြေးကောက်ရုံလောက်သာ လုပ်ခြင်း ဖြစ်သည်။ ဤမျှစွမ်းသောသူမျိုးနှင့် တစ်ခါမှ မတွေ့ဖူးချေ။

ထျဲနျိုမှ အားသို့ကို မေးလိုက်သည်။


"သူတို့ ဘာလို့ စကားပြန်မပြောတာလဲ၊ ငါတို့ကို ဘယ်လို ပြန်လက်စားချေရမလဲ ကြံစည်နေကြတာလား"


ကျောက်ဟူက ကြား၍ ပြောလိုက်သည်။


"ရွာလူကြီးလေးကို သွားခေါ်ရအောင်၊ ဒီကောင်တွေ နားမထောင်ဘူး၊ ရွာလူကြီးလေးရဲ့ အစွမ်းကို ပြလိုက်မှ ရမယ်"


ကြိုးတုပ်ခံထားရသောသူများ စိတ်ထဲမှ အော်လိုက်ကြသည်။


"ငါတို့ကို ဘာလုပ်စေချင်တာလဲ ပြောလေကွာ၊ ဘာမှမပြောဘဲ ဒီတိုင်းကြီး ခြိမ်းခြောက်မနေနဲ့တော့၊ နှလုံးရောဂါ ရတော့မယ်"


သူတို့မှ အမြန်ပြောလိုက်ကြသည်။


"သူရဲကောင်းလေးတို့ရယ်၊ ဘာလုပ်စေချင်လဲ ပြောကြပါ၊ မလုပ်ဘူးလို့တော့ ပြန်မပြောပါဘူး"


ထျဲနျို ခေါင်းကုတ်လိုက်သည်။


"ရွာမှာ ကျောင်းဆောက်ဖို့ ကူညီပေးရမယ်လို့ ခုနက ပြောလိုက်တယ်မလား"


ကြိုးတုပ်ခံထားရသူများမှ ခေါင်းခါပြကြသည်။

"မပြောဘူးလေ၊ ကျောင်းဆောက်ပေးရမှာလား လုပ်ပေးပါ့မယ်၊ ဒါပေမယ့် ဘယ်တော့လောက် ပြန်လွှတ်ပေးမှာလဲ၊ အိမ်မှာမိဘအိုကြီးတွေနဲ့ ကလေးတွေ ရှိသေးတယ်"

ကျောက်ဟူ ပြန်ဖြေလိုက်လေသည်။

"အဲ့ဒါက မင်းတို့ အလုပ်လုပ်တဲ့အပေါ် မူတည်တယ်၊ ကောင်းကောင်းလုပ်ရင် ရွာလူကြီးလေးက ပြန်လွှတ်ပေးလိမ့်မယ်၊ မကောင်းရင်တော့ ရွာလူကြီးလေးက မင်းတို့ကို ကောင်းကင်ဘုံဆီ ပို့ပေးလိမ့်မယ်"

ထိုလူများ ကတိပေးလိုက်ကြသည်။

"လုပ်ပါ့မယ် လုပ်ပါ့မယ်၊ သေချာပေါက် ကြိုးစားလုပ်ပါ့မယ်"


18


ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ရှောင်ကျိုး သူမ၏ကိုယ်ဖော့ပညာ လေ့ကျင့်ရေးစာအုပ်ကို ထုတ်ပြီး ဆက်လေ့ကျင့်ရန် ပြင်လိုက်သည်။ ယန်ချွဲ့မှ ဖားတစ်ကောင်ကဲ့သို့ ခုန်ဆွခုန်ဆွလုပ်နေသည့် ရှောင်ကျိုးကို ကြည့်ပြီး မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

"ကိုယ်ဖော့ပညာကို အဲ့ဒီလိုကျင့်ရတာ မဟုတ်ဘူး"

ရှောင်ကျိုးမှ သူ့စာအုပ်ကိုပြန်ကြည့်လိုက်သည်။ 

"ဒီပုံစံအတိုင်းပါပဲ"


ယန်ချွဲ့ မေးလိုက်သည်။


"မင်းရဲ့စာအုပ်ကို ငါကြည့်လို့ရမလား"

ရှောင်ကျိုး ကမ်းပေးလာရာ ယန်ချွဲ့ စာအုပ်ကိုလှန်ကြည့်လိုက်သည်။ သိုင်းစာအုပ်မှာ အစစ်ဖြစ်‌သော်ငြား ရှေ့ဆုံး စာမျက်နှာ တစ်ဒါဇင်လောက်မှ အခြေခံသိုင်းကွက်များကို ဦးစွာပိုင်နိုင်အောင် လေ့ကျင့်ပြီးမှသာ နောက်ပိုင်းမှ ကိုယ်ဖော့ပညာပုံများကို လေ့ကျင့်ရမည်ဟု ရေးထားခြင်းပင်။ ဤကောင်မလေးမှာ ရှေ့က စာများကို တစ်လုံးမှ မဖတ်ဘဲ ပုံပါသည့် စာမျက်နှာကို တန်းလှန်ပြီး လေ့ကျင့်နေခြင်း ဖြစ်သည်။ ယန်ချွဲ့ သက်ပြင်းချပြီး ပြောလိုက်လေသည်။

"မင်း ရှေ့ဆုံးကစာတွေကို မဖတ်ဘူးလား"

ရှောင်ကျိုးမှ လက်ချောင်းလေးများကို ကလိရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"စာတွေက ပြွတ်သိပ်နေတာပဲ၊ ဖတ်ရတာ မျက်စိနောက်လို့ ပုံတွေကိုပဲ ကြည့်လိုက်တာ"

ယန်ချွဲ့ စဉ်းစားလိုက်သည်။ သူက ဤကောင်မလေးကို ကတိပေးထားပြီးပြီ ဖြစ်သည်။ ရွာ၌ တစ်နှစ်နေပြီး ကလေးများကို သိုင်းသင်ပေးမည်ဖြစ်၍ အခြေခံမှသာ စသင်ပေးလိုက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။


"မင်း ကိုယ်ဖော့ပညာ သင်ချင်ရင် မနက်ဖြန် အနောက်ဘက်တောင်ခြေမှာ လာစုလှည့်၊ ငါအခြေခံကနေ စသင်ပေးမယ်"


ရှောင်ကျိုး သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပါ ဆရာ"

ယန်ချွဲ့ တစ်ယောက်ယောက်မှ သူ့ကို ဆရာဟု ခေါ်သည်မှာ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သောကြောင့် ထူးဆန်းနေ၍ ပြောလိုက်သည်။


"ယန်ချွဲ့လို့ပဲ ခေါ်ပါ၊ ဆရာလို့ ခေါ်စရာ မလိုပါဘူး"

"ဟုတ်ကဲ့ပါ ဆရာယန်" 

ရှောင်ကျိုး ခေါ်လိုက်သည်။


ယန်ချွဲ့:  á€‘á€Źá€¸á€œá€­á€Żá€€á€şá€•á€Ťá€á€ąá€Źá€ˇáŠ သူခေါ်ချင်သလို ခေါ်ပါစေ။

အဘိုးရွှီ အပြင်မှ  á€•á€źá€”á€şá€œá€Źá€žá€ąá€Źá€Ąá€á€Ť ရှောင်ကျိုးက ယန်ချွဲ့အား  'ဆရာ'ဟုခေါ်နေသည်ကို ကြားလိုက်ရပြီး မကျေမနပ် ဖြစ်သွားလေသည်။ သူ ရှောင်ကျိုးကို မေးလိုက်သည်။

"ဘာလို့ ငါ့ကိုကျ ဆရာလို့ မခေါ်တာလဲ၊ ငါက သူ့ထက် အများကြီး ပိုတော်တာနော်"

ရှောင်ကျိုး - "မင်္ဂလာပါ ဆရာရွှီ"

အဘိုးရွှီ ကျေနပ်သွားကာ ယန်ချွဲ့ကို မျက်စောင်းထိုးရင်း အဘိုးရွှီမှာအေးတိအေးစက် သူ့မျက်နှာထားကို ကြည့်မရဖြစ်လာရသည်။ ရှောင်ကျိုးမှာ ကျောင်းကိစ္စရော၊ ဆရာကိစ္စပါ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် အောင်ပွဲခံသင့်သည်ဟု တွေးလိုက်သည်။ ထို့ကြောင့် သူမအခန်းထဲသို့ ပြေးဝင်သွားပြီး နေ့လယ်စာအဖြစ် စားရန် ဈေးဝယ်စင်တာထဲမှ မြစ်ခရုခေါက်ဆွဲနှင့် ကိုလာအချို့ကို အမှတ်ဖြင့် လဲလှယ်လိုက်သည်။ 

ရှောင်ကျိုးမှ ပစ္စည်းများကို အစ်မရွှီထံသို့ ပေးလိုက်ပြီး မည်သို့ချက်ရမည်အား ပြောပြလိုက်သည်။ ရွှီရှောင်ရှောင်က ရွာလူကြီးလေးမှ ရံဖန်ရံခါ ထုတ်ပေးတတ်သည့် ထူးထူးဆန်းဆန်း ပစ္စည်းများကို ကျင့်သားရနေလေပြီ။ အဘိုးရွှီမှာမူ တစ်ခါမှမမြင်ဖူးသော စားစရာအသစ်အကြောင်း ကြားလိုက်ရသည့်အခါ ချက်ချင်းကပ်လာပြီး မေးလိုက်လေသည်။

"ဘာ စားကောင်းသောက်ဖွယ်တွေလဲ"


ရှောင်ကျိုးမှ ဖြေလိုက်သည်။


"မြစ်ခရုခေါက်ဆွဲ"


"မြစ်ခရုခေါက်ဆွဲဟုတ်လား တစ်ခါမှမကြားဖူးဘူး၊ စားကောင်းလား"


အဘိုးရွှီမှာ ဤရက်ပိုင်းနေလာရင်းဖြင့် ဒီကောင်မလေး၏ ထူးခြားမှုများကို သတိထားမိလာသည်။ တစ်ခါတစ်လေ မည်သူမှ မမြင်ဖူးသော ပစ္စည်းများကို ထုတ်ပေးတတ်သည်။ အဘိုးရွှီက ဤသည်မှာ သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သောကြောင့် စပ်စုရန် မလိုဟု ယူဆထားသည်။ ထို့ပြင် သူက အစားမက်သူပင်။ စားကောင်းသောက်ဖွယ်များထဲ၌ သူ့အတွက်ပါလျှင် ရပြီပင်။

"စားကောင်းတာပေါ့"

ရှောင်ကျိုးကိုယ်တိုင်လည်း တစ်ခါသာ စားဖူးသေးခြင်းပင်။ သူမ၏မိဘများက အိမ်၌ ပေးမစားချေ။ တစ်ခါဝမ်းကွဲအစ်မမှ အိမ်တွင်မှာစားစဉ်၌ မြည်းကြည့်ဖူးခြင်းသာ။ ထိုအရသာကို သူမ မည်သည့်အချိန်မှ မမေ့နိုင်ခဲ့ပေ။ အဘိုးရွှီမှာ ရှောင်ကျိုး၏သွားရည်ကျမတတ် ဖြစ်နေသည့်ပုံစံကိုမြင်၍ ထိုအရာမှာ သေချာပေါက် စားကောင်းမည်ဟုသာ တွေးလိုက်သည်။ ရွှီရှောင်ရှောင်မှာ ရေနွေးဆူလာသည်ကို မြင်သောအခါ အိတ်ကိုဖောက်ပြီး ထည့်ပြုတ်ရန် ပြင်လိုက်သည်။ သို့သော် အိတ်ဖွင့်လိုက်သည်နှင့် ထူးဆန်းသောအနံ့ကြီးအား ရလိုက်သောကြောင့် ရွှီရှောင်ရှောင်မှ ရွာလူကြီးလေးကို မေးလိုက်လေသည်။

"ရွာလူကြီးလေး၊ ဒီဟာက ပုပ်နေတာလား၊ အနံ့က ပုပ်စော်နံနေတာပဲ"

"မပုပ်ပါဘူး၊ သူ့အနံ့က ဒီလိုပဲ၊ အနံ့က နံပေမယ့် စားရင်မွှေးနေတာ" 

ရှောင်ကျိုး အမြန် ရှင်းပြလိုက်သည်။ ရွှီရှောင်ရှောင်မှာ ရွာလူကြီးလေးမှ မပုပ်ဘူးဟု ပြောလိုက်သောကြောင့် ထည့်ပြုတ်လိုက်သည်။ သို့သော် ရေပွက်ပွက်ဆူလာလေ အနံ့ဆိုးမှာ ပိုပြင်းလာလေ ဖြစ်သည်။ အဘိုးရွှီ ယခုမှ တွေးမိတော့၏။

‘ဒီလောက် နံစော်နေတာကြီးက တကယ်ရော စားကောင်းပါ့မလား၊ ဒီကောင်မလေး ငါ့ကိုဂျင်းထည့်နေတာတော့ မဟုတ်ပါဘူးနော်’


တခဏအကြာတွင် ခေါက်ဆွဲကျက်သွားပြီး ရွှီရှောင်ရှောင်မှ ရွာလူကြီးလေးအတွက် ပန်းကန်လုံးအသေးနှင့် တစ်ပွဲ ပြင်ပေးလိုက်သည်။ ရှောင်ကျိုး ငြင်းလိုက်၏။

"ပန်းကန်လုံးအကြီးကြီးနဲ့ လိုချင်တာ"


ခေါက်ဆွဲပွဲခင်းလိုက်သည်နှင့် ရှောင်ကျိုးမှ ပန်းကန်လုံးအကြီးကြီးဖြင့် ထည့်ပြီး အားရပါးရစားတော့သည်။ ပူနေ၍ တဖူးဖူးမှုတ်ရင်းစားနေရ၏။ ရွှီရှောင်ရှောင်နှင့် ယန်ချွဲ့တို့လည်း တစ်ယောက်တစ်ပွဲထည့်ပြီး ရှောင်ကျိုးကဲ့သို့ပင် အားရပါးရစားလိုက်ကြသည်။ ပထမဆုံး တစ်လုပ်စားလိုက်သည်နှင့် နှစ်ယောက်စလုံး မှင်သက်သွားကြသည်။ စပ်တဲ့အရသာက လျှာပေါ်တွင် ပျံ့နှံ့သွားပြီး ငရုတ်ကောင်းကဲ့သို့ မွှန်ထူနေခြင်းလည်း  á€™á€Ÿá€Żá€á€şá€•္။ ဤအစပ်မှာ စွဲမက်စရာကောင်းပြီး အလွန် အရသာရှိသည်။ ဤမျှ နံစော်နေသောအရာမှာ စားကောင်းလိမ့်မည်ဟု ထင်မထားမိချေ။

ဤခေတ်တွင် ငရုတ်သီးမရှိဘဲ ငရုတ်ကောင်းသာ ရှိသည်။ ငရုတ်ကောင်းမှာလည်း ဈေးကြီး သောကြောင့် သာမန်လူများ မစားနိုင်ကြ‌ပေ။ ပုံမှန် ချက်ပြုတ်လျှင် ဆီနှင့် ဆားလောက်သာ ထည့်နိုင်ကြသည်။ အခြား ဟင်းခတ်အမွှေးအကြိုင်များက ရှားပါးလှ၏။ အဘိုးရွှီမှာမူ အနံ့ဆိုးကြီး ရနေဆဲဖြစ်သောကြောင့် တွန့်ဆုတ်နေသည်။ သူတို့ခေါင်းငုံ့ပြီး စားနေကြသည်ကိုမြင်‌၍ အမြန် မေးလိုက်လေသည်။

"အရသာ ဘယ်လိုလဲ"

ပြန်ရလိုက်သော အဖြေမှာ ခေါက်ဆွဲ စုပ်ယူသံများသာ။

"အရသာ ဘယ်လိုလဲလို့ တကယ်ပါပဲ"

 á€Ąá€˜á€­á€Żá€¸á€›á€˝á€žá€Žá€™á€žá€Ź စိတ်မရှည်တော့ပေ။


"မကောင်းဘူး စားမကောင်းဘူး ရှလွတ် ရှလွတ်" 

ရှောင်ကျိုးမှ ပြန်ဖြေသည်။

"ဟုတ်တယ် ဆိုးရွားချက် နံစော်နေတာပဲ ရှလွတ် ရှလွတ်" 

ရွှီရှောင်ရှောင် ထ်ုသို့ပြောပြီး ခေါင်းငုံ့၍ဆက်စားနေသည်။ ယန်ချွဲ့ တစ်ပွဲ မြန်မြန်ကုန်သွားပြီး ဒုတိယတစ်ပွဲ ထပ်ထည့်ရန် အလုပ်ရှုပ်နေသောကြောင့် အဘိုးရွှီကို ဂရုစိုက်ချိန်မရပေ။ အဘိုးရွှီမှာ သူတို့ပုံစံအားမြင်၍ မနေနိုင်တော့ဘဲ ပန်းကန်လုံးအကြီးကြီးနှင့် တစ်ပွဲထည့်လိုက်ပြီး သူတို့ကဲ့သို့ပင် အားရပါးရ စားလိုက်သည်။ တစ်လုပ်စားလိုက်သည်နှင့် အဘိုးရွှီခံစားလိုက်ရသည်မှာ လွန်ခဲ့သော နှစ် ၅၀လုံး သူစားဖူးခဲ့သမျှမှာ အရသာမရှိသည့် ရေလုံပြုတ်များလားဆိုသည့် အတွေးပင်။

"စားကောင်းလိုက်တာ၊ ဒီကောင်စုတ်လေးတွေ ငါ့ကိုလိမ်ရက်တယ် တောက် ရှလွတ် ရှလွတ်"

အဘိုးရွှီစားပြီးသည်နှင့် အိုးထဲမှထပ်ခပ်ရန် သွားချိန်တွင် အိုးကပြောင်သလင်းခါနေပြီ ဖြစ်သည်။


"ဘယ်သူလဲ ဘယ်ကောင်လဲကွ ဘယ်သူ ဒီလောက် အများကြီး စားလိုက်တာလဲ" 


အဘိုးရွှီ ဒေါသတကြီးအော်ဟစ်လိုက်လေသည်။ ရှောင်ကျိုး ယန်ချွဲ့ထံလက်ညှိုးထိုးပြလိုက်၏။

"သူ သုံးပွဲရှိပြီ"

ရှောင်ကျိုးမှာ လူလေးယောက်ရှိသောကြောင့် မလောက်မည်စိုး၍ တမင် တစ်ထုပ်ပိုထည့်ပြီး စုစုပေါင်း ၅ထုပ် ပြုတ်ခိုင်းထားခြင်းပင်။ ယန်ချွဲ့မှာ ပန်းကန်ထဲမှ နောက်ဆုံးလက်ကျန်လေးကို မော့သောက်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်လေသည်။

"သိုင်းသမားတွေက အစားပိုစားကြတယ်လေ၊ ခွင့်လွှတ်ကြပါ"

အဘိုးရွှီ - "ဒီ မျက်နှာဖုံးစွပ် ခွေးကောင်၊ ငါ မင်းနဲ့ ချမယ်"

အဘိုးရွှီမှ ပန်းကန်လုံးကိုကိုင်ပြီး ပစ်ပေါက်ရန် လုပ်လိုက်သည်။ ယန်ချွဲ့ ဓားဆွဲထုတ်ပြီး ဓားထိပ်ဖျားဖြင့် အဘိုးရွှီကို ချိန်လိုက်လေသည်။

"စမ်းကြည့်မလား"

အဘိုးရွှီ ပန်းကန်လုံးကို ပြန်ချလိုက်သည်။

"လူကြီးလူကောင်းက နှုတ်ပဲသုံးတယ်၊ လက်သီးမသုံးဘူး၊ မင်းလိုလူရိုင်းနဲ့ ငါ ရန်ဖက်မဖြစ်တော့ဘူး"


ထို့နောက် ရှောင်ကျိုးဘက်သို့လှည့်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါကျရင် သူ့ဆီကအစားအသောက်ဖိုးတောင်းပစ်၊ သူက အများကြီး စားတယ်"

ယန်ချွဲ့မှာ နည်းနည်းမျက်နှာပူသွားရသည်။ ယခု သူ့တွင် ဘာပိုက်ဆံမှမရှိ‌ပေ။ အဘိုးရွှီမှာ သူ့မျက်နှာပျက်သွားသည်ကိုမြင်တော့ ချက်ချင်း ပြောလိုက်လေသည်။

"မရဘူး မရဘူးနော် မင်းက ဒီမှာ အလကားစားပြီး အလကားနေချင်တာလား"

အဘိုးရွှီမှ ရှောင်ကျိုးကို တစ်လငါးတေးပေးထားခြင်းကြောင့် ယုံကြည်မှုအပြည့် ရှိနေသည်။ ရှောင်ကျိုးမှာတော့ သူတို့သည် ရွာမှကလေးများကို စာသင်ပေးကြမည့်သူများဖြစ်သောကြောင့် အိမ်လခယူစရာမလိုဟု တွေးလိုက်သည်။ ထို့ကြောင့်  á€›á€žá€ąá€Źá€„်ကဝိုး အိတ်ကပ်ထဲမှ ငါး‌တေးထုတ်ပြီး အဘိုးရွှီကို ပြန်ပေးလိုက်သည်။

"နောက်ဆို အဘိုးက ရွာမှာ စာသင်ပေးမှာမို့ ရွာကအိမ်လခနဲ့ စားစရိတ်ကိုတာဝန်ယူပေးပါ့မယ်၊ ပိုက်ဆံပေးစရာ မလိုတော့ပါဘူး"

အဘိုးရွှီ ရှောင်ကျိုးထံ မကျေမနပ်ဖြင့်ကြည့်လိုက်သည်။

'မဟုတ်သေးပါဘူး၊ ငါ အခုမှ တစ်ပွဲနိုင်ကာစရှိသေးတယ်၊ မင်းက အိမ်လခမယူတော့ဘူး လာပြောနေတာလား’

ရှောင်ကျိုးမှာ နေ့တိုင်းရန်ဖြစ်နေသော ဤလူနှစ်ယောက်ကို ဂရုမစိုက်နိုင်တော့ပေ။ ဗိုက်ဝသွားပြီဖြစ်၍ သူမ ကျောင်းဆောက်လုပ်ရေးကို သွားကြည့်ရန်နှင့် ရွာမှ ကလေးများကို မနက်ဖြန် တောင်ခြေတွင် သိုင်းသင်ဖို့လာစုကြရန် ပြောဖို့စီစဉ်လိုက်သည်။ ယွိဟွာမှာ ရှောင်ကျိုး ထွက်သွားသောကြောင့် နောက်က ကောက်ကောက်ပါအောင် လိုက်သွားသည်။ ရှောင်ကျိုး ယွိဟွာကို မေးလိုက်လေသည်။

"နင် မနက်ဖြန် ငါတို့နဲ့အတူ သိုင်းလိုက်သင်မလား"

ယွိဟွာသည် ကြက်လည်ပင်းကို ဆန့်ပြီး ရှောင်ကျိုးကို ကြည့်လိုက်သည်။


‘သခင်ပြောနေတာ ဘာစကားလဲလို့ နားရောလည်ရဲ့လား’


ရှောင်ကျိုးမှ ယွိဟွာကို ဦးနှောက်ဆေးလိုက်သည်။

"ကြည့်လေ အခုတို နင်က ရွာကကြက်ဖတွေကိုပဲ ဆွဲဆောင်နိုင်တဲ့ ရုပ်သန့်သန့် ကြက်မတစ်ကောင်အဖြစ်ပဲ ရှိသေးတာ၊ ဒါပေမယ့် နင်သာ ကိုယ်ဖော့ပညာတတ်သွားရင် အခြေအနေပြောင်းသွားပြီ၊ တခြားကြက်တွေထက် ပိုမြင့်အောင် ပျံနိုင်မယ်၊ နင်သွားချင်တဲ့ နေရာတိုင်း ပျံသွားနိုင်မယ်၊ အဲ့အချိန်ကျရင် တုန်းရှားနိုင်ငံတစ်ခုလုံးမှာ နင်ကအမိုက်စားဆုံး ကြက်မဖြစ်လာမှာနော်"


19


ယွိဟွာ၏ မျက်လုံးများ အရောင်တောက်သွားပြီး ကြက်ခေါင်းကို မနားတမ်း ညိတ်ပြတော့သည်။

"ကွပ် ကွပ်... ကွပ် ကွပ်... ကွပ် ကွပ်"


‘သင်မယ်... သင်မယ်... သခင်... ယွိဟွာ သင်မယ်၊ ကမ္ဘာပေါ်မှာ အမိုက်ဆုံး ကြက်မကြီး ဖြစ်ချင်တယ်’


ယွိဟွာမှ သဘောတူလိုက်သောကြောင့် ရှောင်ကျိုးက လေထဲတိုက်အိမ်ဆောက်ပြသည်ကို ရပ်လိုက်လေသည်။ တကယ်တော့ သူမက လျှောက်ပြောလိုက်ခြင်းသာ။ ကြက်တစ်ကောင်က ကိုယ်ဖော့ပညာတတ်သွားလျှင် ငှက်ဖြစ်လာမလားကို သိချင်၍ဖြစ်သည်။ ရှောင်ကျိုးမှာ အိပ်မက်လှလှမက်နေဆဲဖြစ်သည့် ယွိဟွာကိုခေါ်ပြီး အနောက်ဘက်တောင်ခြေဆီသို့ ထွက်လာခဲ့သည်။ အမာရွတ်နှင့်လူအပါအဝင် သူ့လူများမှာ ကြောက်စရာကောင်းသော ကလေးမလေး လာနေသည်ကို မြင်လိုက်ရသောကြောင့် လန့်လွန်း၍ သေး‌ပင်ထွက်တော့မည်အတိုင်းပင်။ သူတို့က ပေါက်တူးများကို အားကုန်စိုက်ပြီး ပေါက်ပြလိုက်ကြသည်။ အလုပ်လုပ်တာနှေးလျှင် မိုးပေါ်ထပ်ပစ်တင်ခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။ သူတို့ ကြိုးစားပမ်းစား လုပ်နေသည်ကို တွေ့ရ၍ ရှောင်ကျိုး ကျေနပ်သွားသည်။ ကျောက်ဟူမှ ရွာလူကြီးလေးအနားသို့  á€Ąá€•á€źá€ąá€¸á€œá€ąá€¸ ရောက်လာလေသည်။

"ရွာလူကြီးလေး၊ ကျွန်တော် ဒီမှာ သူတို့ကို သေချာ ကြပ်မတ်ပေးနေတာပါ၊ အပျင်းကြီးလို့ မရဘူး"

ကျောက်ဟူရဲ့ မျက်နှာက 'ကျွန်တော့်ကို ချီးကျူးပါ' ဆိုသည့် ပုံပေါက်နေသည်။ သို့သော် ကျောက်ဟူ စကားပြော၍ ပြီးပြီးချင်းမှာပင် ရွာလူကြီးလေးဆီမှ အနံ့ဆိုးကြီးအား ရလိုက်သည်။ မသေချာသောကြောင့် ထပ်ရှူကြည့်လိုက်ရာ အမှန်ပင် နံနေသည်။

‘ရွာလူကြီးလေး မတော်တဆအီးပါချလိုက်တာများလား၊ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ရွာလူကြီးလေးက ကလေးပဲ ရှိသေးတာကိုး’

ကျောက်ဟူက ရွာလူကြီးလေးကို ယဉ်ယဉ်ကျေးကျေးဖြင့် မည်ကဲ့သို့ သတိပေးရမည်ကို စဉ်းစားလိုက်သည်။ ရှောင်ကျိုးမှာ တစ်ခုခုပြောချင်ပေမယ့် တွန့်ဆုတ်နေသည့် ကျောက်ဟူကို ကြည့်ပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ရွာလူကြီးလေး ကျွန်တော် ၅နှစ်တုန်းကလည်း အိပ်ရာထဲရှူးပေါက်ချဖူးတယ်" 

ကျောက်ဟူ ပြောလိုက်သည်။

"အဲ့တော့"

ရှောင်ကျိုးမှာ နားမလည်တော့ပေ။ 

‘ဘာလို့ ရုတ်တရက်ကြီး ဒါတွေလာပြောနေတာလဲ၊ ၅ နှစ်သားမှာ အိပ်ရာထဲသေးပါတာက ဂုဏ်ယူစရာကြီးမို့လို့လား’


ရွာလူကြီးလေးထံမှ မည်သည့်တုံ့ပြန်မှုကိုမှ မတွေ့ရ၍ ကျောက်ဟူ ဆက်ပြောလေသည်။

"ရွာလူကြီးလေးက ငယ်သေးတာပဲ၊ တစ်ခါတလေ မထိန်းနိုင်တာမျိုးဖြစ်တတ်ပါတယ်"

ရှောင်ကျိုး စိတ်မရှည်တော့ပေ။

"နင် ဘာဖြစ်နေတာလဲ၊ တည့်တည့်မပြောရင် နင့်အဖေကို သွားခေါ်လိုက်မှာနော်"

ကျောက်ဟူ သတ္တိမွေးပြီး ပြောလိုက်လေသည်။

"ရွာလူကြီးလေးက ငယ်သေးတော့ မအောင့်နိုင်ဘဲ အီးပါချမိလည်းကိစ္စမရှိပါဘူးလို့ ပြောတာပါ၊ ကျွန်တော်လည်း ငယ်ငယ်တုန်းက အိပ်ရာထဲအီးပါချဖူးပါတယ်"

ရှောင်ကျိုးမှာ ကိုယ့်ကိုယ်ကို ပြန်နမ်းကြည့်လိုက်သည်။ 


‘မြစ်ခရု ခေါက်ဆွဲအနံ့ရနေတာကိုး၊ ကျောက်ဟူက သူမ အီးပါချတယ်လို့ ထင်နေတာ မဆန်းပါဘူးလေ’


"ဒါ အစားအသောက်အနံ့ပါဟ" 


ရှောင်ကျိုး ရှင်းပြလိုက်သည်။ ကျောက်ဟူ၏ မျက်နှာက 'ကျွန်တော် နားလည်ပါတယ်၊ ရွာလူကြီးလေး ပြောချင်တာပြောပါ၊ ကျွန်တော် ယုံပေးပါ့မယ်၊ ဘယ်သူ့ကိုမှလည်း ပေးမသိပါဘူး' ဆိုသည့် ပုံစံ ဖြစ်နေသည်။ ရှောင်ကျိုးမှ ခြိမ်းခြောက်လိုက်၏။

"နင်လည်း လွတ်လပ်စွာပျံသန်းချင်သေးလား"

ကျောက်ဟူမှာ ရွာလူကြီးလေး စိတ်ဆိုးပြီး မိုးပေါ် တကယ်ပစ်တင်လိုက်မည်ကို ကြောက်သောကြောင့် ချက်ချင်းပြောလိုက်လေသည်။

"ရွာလူကြီးလေး အမေက ထမင်းစားဖို့ ခေါ်နေလို့ ပြန်တော့မယ်နော်၊ ရွာလူကြီးလေးဘာသာပဲ ဖြည်းဖြည်းချင်းလှည့်ပတ်ကြည့်ခဲ့တော့"

သူပြောပြီးသည်နှင့် အမြန်လစ်ပြေးတော့သည်။


"နေဦး" 


ရှောင်ကျိုး လှမ်းခေါ်လိုက်၍ ကျောက်ဟူမှာ ငိုချင်သွားရသည်။

"ရွာလူကြီးလေး ကျွန်တော်တကယ် မှားသွားပါတယ်"

ရှောင်ကျိုးပြောလိုက်သည်။

"ခဏနေရင် ရွာက ကလေးတွေကို မနက်ဖြန်မနက် အနောက်ဘက်တောင်ခြေမှာ လာစုဖို့သွားပြောလိုက်၊ ဆရာယန်က သိုင်းစသင်ပေးတော့မယ်လို့"

"တကယ်လား မနက်ဖြန် သိုင်းစသင်ရတော့မှာလား"

ကျောက်ဟူမှ စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"ကျွန်တော် အခုချက်ချင်း ရွာက ကလေးတွေကို သွားပြောလိုက်မယ်"

ကျောက်ဟူမှ သူ့တာဝန်ကို ထမ်းဆောင်ရန် အမြန် ပြေးထွက်သွားတော့သည်။ ရှောင်ကျိုးက ဓားပြအတုများကို မြို့မှ အခြေအနေများ မေးချင်သောကြောင့် စကားပြောရန် ပြင်လိုက်သည်။ ရွာရှိလူများမှာ မြို့ကို သိပ်မရောက်ဖူးကြ၍ မြို့အကြောင်း မသိကြဘူး‌ပေ။ အမာရွတ်နှင့်လူနှင့် အခြားလူများက ကလေးမလေး လျှောက်လာသောကြောင့် လန့်သွားကြပြီး သူတို့၏ စိတ်ထဲ၌ အော်ဟစ်နေကြသည်။

 'မလာပါနဲ့ မလာပါနဲ့’

ရှောင်ကျိုးမှာ သူတို့အတွေးကို ဂရုမစိုက်ဘဲ အလွန်နွေးထွေးသော အပြုံးဟု သူမထင်သည့်  á€Ąá€•ဟုလးမဝိုးဖဟင်အ ပြုံးပြလိုက်သည်။ သို့သော် ဓားပြများ၏ မျက်လုံးထဲတွင်တော့ ထိုအရာမှာ ယုတ်မာကောက်ကျစ်သည့် အေးစက်စက် အပြုံးကြီးပင်။ အမာရွတ်နှင့်လူက တုန်တုန်ယင်ယင်ဖြင့် မေးလိုက်လေသည်။

"နတ်ဘုရားမလေး ဘာကိစ္စရှိလို့ပါလဲ"


"နင်တို့ မြို့မှာတုန်းက ဘာလုပ်ခဲ့ကြတာလဲ"

ရှောင်ကျိုး အလွန် သိချင်နေသည်။ သူတို့၏ ပုံစံက ကြမ်းတမ်းပြီး ဓားရှည်လည်း ကိုင်ထား၍ ဤမျှ ကြောက်တတ်စရာ အကြောင်းမရှိပေ။

"ကျွန်တော်တို့က မြို့ပေါ်ကလမ်းသရဲလေးတွေပါ" 

အမာရွတ်နှင့်လူက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ဒါဆို ဘာလို့ ဓားရှည်တွေ ပါနေတာလဲ"

"ဒီဓားတွေက လူသေအလောင်းတစ်လောင်းဆီက ယူထားတာပါ"

"ဒါဆို နင့်မျက်နှာပေါ်က အမာရွတ်ကရော"

"ကိုယ့်ဘာသာကိုယ် ထိခိုက်မိတာပါ" 


အမာရွတ်နှင့်လူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလေသည်။

"အမှန်အတိုင်း မပြောသေးဘူးပေါ့" 

ရှောင်ကျိုး၏လေသံမှာ ခြိမ်းခြောက်သကဲ့သို့ ဖြစ်သွားသည်။ လူကောင်ပိန်ပိန်နှင့်လူမှ အမာရွတ်နှင့်လူ စကားမပြောရာ နတ်ဘုရားမ စိတ်ဆိုးမည်အား ကြောက်၍ ဝင်ပြောလိုက်လေသည်။

"သူ့မျက်နှာပေါ်က ဒဏ်ရာက သူ့မိသားစုဝင်တွေ လုပ်လိုက်တာပါ"

ထို့ကြောင့် ရှောင်ကျိုးက ဇာတ်လမ်းကြီးရှိမှန်း သိလိုက်ရသည်။ သူမက သစ်တုံးတစ်တုံးပေါ် ချက်ချင်း ဝင်ထိုင်လိုက်ပြီး လူကောင်ပိန်ပိန်နှင့်လူကို မြန်မြန်ပြောရန် အချက်ပြလိုက်သည်။ ပိန်ညှက်ညှက်လူမှာ နတ်ဘုရားမနှင့် တောကြက်မတို့ သူ့ကို စိတ်ဝင်တစား စိုက်ကြည့်နေသည်ကိုမြင်၍ ရင်ဖွင့်ချင်စိတ်ပေါက်သွားသည်။ သူက သစ်တုံးဘေး၌ ဝင်ထိုင်ပြီး စပြောပြတော့သည်။

"ကျွန်တော့် သခင်လေးက မူလက မြို့တော်လီမိသားစုရဲ့ တရားဝင်သားပါ၊ သခင်လေးအမေ ရှိတုန်းကဆိုရင် သခင်ကြီးက သခင်လေးတို့ သားအမိအပေါ် အရမ်းကောင်းခဲ့တာ၊ ဘာပဲဖြစ်ဖြစ် သခင်လေးအမေကို ပထမဦးစားပေးပဲ၊ သခင်လေး ၆ နှစ်သားမှာ သခင်လေးအမေက ရောဂါနဲ့ ဆုံးပါးသွားတယ်၊ မထင်မှတ်ထားတာက ဈာပန ပြီးပြီးချင်းမှာပဲ သခင်ကြီးက နောက်အိမ်ထောင် ချက်ချင်းပြုလိုက်တယ်၊ သခင်လေးကို ပြုစုစောင့်ရှောက်ဖို့ပါလို့ အကြောင်းပြပြီး သူ့ရဲ့ ဝမ်းကွဲညီမကို အိမ်တော်သခင်မအဖြစ် ခမ်းခမ်းနားနား တင်မြှောက်လိုက်တယ်"

"နင့်သခင်ကြီးက အဲ့ဒီ ဝမ်းကွဲညီမနဲ့ ခိုးစားနေတာ ကြာပြီမလား"

ရုတ်တရက်ထွက်ပေါ်လာသော အဘွားအိုတစ်ယောက်၏အသံကြောင့် လူများ လန့်သွားကြပြီး ရှောင်ကျိုးလည်းမော့ကြည့်လိုက်‌သည်။

‘ဘုရားရေ... သူမနဲ့ အမာရွတ်နဲ့လူကို ဗဟိုပြုပြီး ရွာသားတွေ ဝိုင်းအုံနေကြတာကိုး’

ရွာသားအားလုံး အလုပ်များအား ပစ်ထားခဲ့ပြီး ပိန်ညှက်ညှက်နှင့်လူပြောသည်ကို နားစွင့်နေကြသည်။ အစောကဝင်ပြောလိုက်သူမှာ အဘွားရွှီပင်။ အဘွားရွှီက ပိန်ညှက်ညှက်နှင့်လူစကားရပ်သွားသောကြောင့် အမြန် တိုက်တွန်းလိုက်သည်။


"ဘာလို့ ရပ်သွားတာလဲ ဆက်ပြောလေ"

"အဘွားက ဘယ်လိုလုပ်သိတာလဲ"

ငပိန်လေးမှာ အနည်းငယ်အံ့ဩသွားရသည်။ 

‘သူက အဲ့ဒီအပိုင်းတောင်မရောက်သေးဘူးလေ’


"သိနေတယ်လေ မယားကြီးသေတာနဲ့ ချက်ချင်း နောက်မိန်းမယူတယ် ဆိုကတည်းက ဖောက်ပြန်နေတာ ကြာနေပြီဆိုတာပဲ၊ မဟုတ်ရင် ဒီအဘွားကြီးကိုခေါင်းလာဖြတ်သွား" 

အဘွားရွှီ ပြောလိုက်သည်။

"ဟုတ်ပါတယ် သခင်ကြီးက သခင်လေးအမေနဲ့ မတွေ့ခင်ကတည်းက အဲ့ဒီ ဝမ်းကွဲညီမနဲ့ ငြိစွန်းနေခဲ့တာပါ၊ သခင်လေးအမေနဲ့ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ အဲ့ဒီမိန်းမကို မြို့တော်အပြင်ဘက်က အိမ်တစ်လုံးမှာ တိတ်တိတ်လေး ထားခဲ့တာ"

ငပိန်လေးက နာကျည်းစွာပြောလိုက်သည်။

"ပြီးတော့ရော" 

နောက်ထပ် အဘွားအိုတစ်ယောက်ဖြစ်သည့် အဘွားမာမှ မေးလိုက်သည်။

"သခင်လေးအမေ ဆုံးသွားတော့ သူတို့နှစ်ယောက်လုံး ဟန်မဆောင်ကြတော့ဘူး၊ သခင်လေးအမေရဲ့ လက်ဖွဲ့ပစ္စည်းတွေကို သိမ်းယူလိုက်ပြီး သခင်လေးအမေဘက်က ဆွေမျိုးတွေကိုတောင် ထောင်ချပစ်လိုက်ကြတယ်၊ သခင်လေးအမေရဲ့ အနီးကပ်အပျိုတော်ချွေ့အာက အမှန်တရားကိုသိသွားပြီး သခင်လေး အန္တရာယ်ရှိမှာစိုးလို့ ညတွင်းချင်း ခေါ်ပြီးထွက်ပြေးခဲ့တယ်၊ ကံဆိုးချင်တော့ သခင်ကြီးရဲ့လူတွေနဲ့ သွားတိုးတယ်၊ နောက်ဆုံးတော့ ချွေ့အာက သခင်လေးကို ကာကွယ်ရင်း ရိုက်သတ်ခံလိုက်ရတယ်၊ သခင်လေးရဲ့ မျက်နှာလည်း အခုတ်ခံလိုက်ရတယ်၊ သခင်လေးက ကျွန်တော့်ကိုခေါ်ပြီး ချောက်ကမ်းပါးထဲ ခုန်ချလိုက်လို့ သီသီလေး အသက်ရှင်ခဲ့ရတာ၊ ပြီးတော့မှ ဒီ ချင်းယွင်မြို့လေးမှာ လာပုန်းနေခဲ့ကြတာပဲ"


"တောက် ယုတ်မာလိုက်တဲ့ စုံတွဲ" 

အဘွားရွှီ အသံကျယ်ကျယ်ဖြင့်ဆဲရေးလိုက်သည်။

"ဟုတ်တယ် ရက်စက်ယုတ်မာလိုက်တာ၊ လူစိတ်မရှိတဲ့ကောင် ကျားတောင် သူ့သားသမီး သူပြန်မစားဘူး၊ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"

"သခင်လေးအမေက ရောဂါနဲ့ သေတာ ဟုတ်မှဟုတ်ပါ့မလား၊ အဲ့ဒီစုံတွဲ သတ်လိုက်တာပဲနေမှာ၊ သူသေတာနဲ့ ပစ္စည်းဥစ္စာတွေသိမ်းပြီး ဟိုမိန်းမကို အိမ်တော်သခင်မမြှောက်ဖို့ စောင့်နေကြတာ"

ရွာသားအားလုံးမှ ထိုထင်ကြေးကို တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။ ရှောင်ကျိုး အမာရွတ်နှင့်လူကို မေးလိုက်လေသည်။

"နင်တို့ လက်စားချေဖို့ မစဉ်းစားဖူးဘူးလား"

အမာရွတ်နှင့်လူက ခါးသက်သက် ပြုံးလိုက်လေသည်။

"လက်စားချေရမယ်ပေါ့လေ ဘယ်လိုလုပ် လက်စားချေရမှာလဲ၊ မြို့တော်ကို သွားပြီး အသေခံရမှာလား"

အမာရွတ်နှင့်လူက အဘယ်ကြောင့် လက်စားမချေချင်ဘဲ နေမည်နည်း။ သို့သော် သူနှင့် သူ့အစေခံလေး ထွက်ပြေးလာစဉ်က  á… နှစ်၊ ၆ နှစ်သာ ရှိကြသေးသည်။ ကလေးနှစ်ယောက် အသက်ရှင်ရန်ပင် မနည်းရုန်းကန်ခဲ့ရသည်။ ဤမြို့လေးကိုရောက်စဉ် အစပိုင်း၌ သူတောင်းစားများထံမှ အစာလုစားခဲ့ရသည်။ နောက်ပိုင်း အသက်နည်းနည်းကြီးလာမှသာ တခြားလူများနှင့် ပေါင်းပြီး ဆက်ကြေးလိုက်ကောက်ကာ စားခဲ့ရသည်။


’လက်စားချေမယ်၊ ဘယ်လိုလုပ် လက်စားချေနိုင်မှာလဲ၊ သူ့ရဲ့ လက်ရှိဘဝနဲ့ဆို အဲ့ဒီစုံတွဲရဲ့မျက်နှာကို မြင်ခွင့်တောင် ရမှာမဟုတ်ဘူး၊ မြို့တော်ကို မရောက်ခင်မှာပဲ လမ်းမှာတင် အသတ်ခံလိုက်ရနိုင်တယ်’


20


ရှောင်ကျိုး အမာရွတ်နှင့်လူ၏ ခေါင်းကို ရိုက်လိုက်လေသည်။


"ဘာကြောက်စရာရှိလို့လဲ၊ အမျိုးကောင်းသားဆိုတာ လက်စားချေဖို့ ဆယ်နှစ်စောင့်ရလည်း မနောက်ကျပါဘူး၊ သူရဲဘောမကြောင်စမ်းပါနဲ့"

ရှောင်ကျိုးအတွက်မူ သူမကို လာထိသည့်သူတိုင်း ပြန်ပေးဆပ်ရပေမည်။ စာရင်းရှင်းပြီးမှသာ သူမ အိပ်စက်နိုင်မည် ဖြစ်သည်။ အမာရွတ်နှင့်လူက မျှော်လင့်တကြီး ကြည့်လာလေသည်။

"မနက်ဖြန် လေ့ကျင့်တဲ့အခါ ကျွန်တော်ပါ လိုက်လေ့ကျင့်လို့ ရမလား၊ ရွာမှာလည်း အလုပ်ကြိုးစားပါ့မယ်"

"ရပါတယ်၊ ဒါပေမယ့် နင်တို့နာမည်တွေက ဘယ်သူတွေလဲ"

ရှောင်ကျိုးက သူ့ကိုအမာရွတ်နှင့်လူဟု ခေါ်နေရသည်မှာ ငြီးငွေ့နေပြီ ဖြစ်သဖြင့် မေးလိုက်သည်။

အမာရွတ်နှင့်လူက အမြန်မိတ်ဆက်လာလေသည်။

"ကျွန်တော့်နာမည် လင်းချီပါ"

သူက လူကောင်ပိန်ပိန်နှင့်လူထံ လက်ညှိုးထိုးပြလိုက်သည်။

"ဒါက လင်းချုံး၊ မြို့တော်ကနေ ထွက်ပြေးလာတုန်းက ပါလာတဲ့ အစေခံပါ၊ အခုတော့ ကျွန်တော့် ညီအစ်ကိုပါပဲ"

ထို့နောက် ကျန်သည့်လူများကို ညွှန်ပြလိုက်လေသည်။

"သူတို့ကတော့ ဆင်းရဲတဲ့ မိသားစုက သာမန်လူတွေပါ၊ နေစရာမရှိတော့လို့ ကျွန်တော်တို့နောက်လိုက်ပြီး မြို့မှာရပ်တည်နေကြတာ"

"နင်တို့ ယုတ်မာတဲ့ကိစ္စတွေ လုပ်ဖူးလား" 

ရှောင်ကျိုးမှ လင်းချီကို မေးလိုက်သည်။


"အရင်တစ်ခေါက်က ဓားပြတိုက်တာပဲ ရှိဖူးတာပါ၊ အရင်ကတော့ ဆိုင်တွေဆီက ဆက်ကြေးပဲကောက်တာ၊ အများကြီးလည်း မကောက်ပါဘူး၊ နတ်ဘုရားမလေး ကျွန်တော်တို့ဆီက ရှာတွေ့တဲ့ ပိုက်ဆံတွေက ဟိုဓားရှည်တွေနဲ့ ဝတ်ရုံနက်ဝတ်အလောင်းတွေဆီကနေ ယူလာတာပါ"

အမာရွတ်နှင့်လူ ကျိန်ပြောလိုက်လေသည်။ ကျန်သည့်လူများကလည်း အတင်းခေါင်းညိတ်ပြကြသည်။ ရှောင်ကျိုး သူတို့ကို ယုံကြည်လိုက်သည်။

"မနက်ဖြန်ကစပြီး နင်တို့ဆရာယန်နဲ့အတူ လေ့ကျင့်ကြ၊ ကျောင်းဆောက်တာလည်း ကူလုပ်ပေး၊ ပြီးသွားရင် ရွာကင်းလှည့်ဖို့နဲ့ ကျောင်းကို ကာကွယ်ဖို့ ကင်းတပ်ဖွဲ့ ဖွဲ့ပေးမယ်၊ လစာရမယ် နေစရာ စားစရာ စီစဉ်ပေးမယ်၊ စိတ်ဝင်စားလား"

သူတို့ ချက်ချင်းသဘောတူလိုက်ကြသည်။ မြို့တွင်နေရသည်ထက် အများကြီး ပိုကောင်းပေသည်။ ထမင်းမှန်မှန် စားရမည့်အပြင် အိပ်စရာနေရာလည်းရှိဦးမည်ပင်။ အရေးကြီးဆုံးမှာ သိုင်းသင်ခွင့်ရမည်ဖြစ်၏။ သူတို့လည်း စွမ်းရည်ရှိချင်သည်မှာ သူတို့အိပ်မက်ပင် ဖြစ်သည်။ မဟုတ်လျှင် သူတို့ ဤမျှ သတ္တိနည်းနေမည် မဟုတ်ပေ။ နတ်ဘုရားမလေး ယူသွားသည့် တေးရာချီသောဘာသောကိစ္စကိုမူ မည်သူမှထုတ်မပြောရဲကြချေ။ ထိုပိုက်ဆံများမှာလည်း လူသေအလောင်းများထံမှ ရလာခြင်း‌ကြောင့် သူတို့၏ပထမဆုံး ပြစ်မှုအတွက် ပေးဆပ်လိုက်ရသည်ဟုသာ သဘောထားလိုက်ကြတော့သည်။

နောက်တစ်နေ့ မနက် အာရုံတက်ချိန်တွင် ရှောင်ကျိုးမှ ယွိဟွာနှင့် ရွာသားများကို ဦးဆောင်ပြီး အနောက်ဘက်တောင်ခြေသို့ သွားရောက်စုဝေးကြလေသည်။ ယန်ချွဲ့ ရောက်လာသောအခါ လူအုပ်ကြီးက ပြိုင်တူ အော်ဟစ်နှုတ်ဆက်ကြသည်။


"မင်္ဂလာနံနက်ခင်းပါ ဆရာယန်"


ယန်ချွဲ့မှာ ရုတ်တရက် သူ့ပခုံးပေါ်တွင် တာဝန်ကြီးလေးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူတို့ ငြိမ်သွားသောအခါ ယန်ချွဲ့က ချောင်းဟန့်လိုက်သည်။

"သိုင်းကျင့်တယ်ဆိုတာ ဇွဲရှိဖို့ လိုတယ်၊ အခြေခံကို အရင်ပိုင်နိုင်အောင် လုပ်ရမယ်၊ ဒီနေ့ကစပြီး မနက်တိုင်း ပြေးကြမယ်"


သူက လူတိုင်း၏ခြေထောက်တွင် သဲအိတ်များ ချည်ခိုင်းပြီး အနောက်ဘက်တောင်ကိုပတ်ကာ ဖြည်းဖြည်းချင်း စတင်ပြေးခိုင်းလေသည်။ လူတိုင်းထံတွင်သဲအိတ်ပါသည်ကို မြင်သောအခါ ယွိဟွာက သူ့ကြက်ခြေထောက်ကို အမြန်ဆန့်ထုတ်ပြီး ယန်ချွဲ့ကို သူ့အတွက်လည်း တစ်ခုပေးရန် အချက်ပြလိုက်သည်။ ယန်ချွဲ့ဆွံ့အသွားရသည်။ 

‘ဒါ တကယ်ကြက်ဟုတ်ရဲ့လား လူများလား’

သူ ကြောင်တောင်တောင်ဖြစ်သွားသော်လည်း အိတ်အသေးလေးတစ်ခု ချည်ပေးလိုက်လေသည်။ ပြေးနေသူများထံ သူတစ်ချက်ကြည့်လိုက်သည်။

"ခြေလှမ်းမှန်မှန်ထား၊ အသက်ရှူတာ ညီပါစေ၊ ရွာလူကြီးလေးနောက်က လိုက်ခဲ့ကြ၊ ငါက ပန်းတိုင်မှာ စောင့်နေမယ်"


ထိုစကားပြောပြီးသည်နှင့် သူခုန်ပျံပြီး ပျောက်ကွယ်သွားတော့သည်။ မနေ့က သူ လမ်းကြောင်း သွားကြည့်ထားပြီး ဖြစ်သည်။ ကလေးများအတွက် အဆင်ပြေပြီး တောင်နက်ထဲမရောက်မည့် လမ်းကြောင်းမျိုးပင်။ ကလေးများမှာ စိတ်လှုပ်ရှားနေကြသည်။ ကြည့်ရသည်မှာ လွယ်ကူမည့်ပုံပင်။ ဝက်စာပင်ခုတ်၊ ဟင်းရွက်ခူးရန် နေ့တိုင်း တောင်တက်နေကျ ကလေးများအတွက်တော့ ဤသည်က အသေးအဖွဲမျှသာ ဖြစ်ပေသည်။

သို့သော် တောင်လမ်းမှာမညီမညာဖြစ်ပြီး လမ်းလျှောက်နေ၍ မရပေ။ သဲအိတ်များလည်း ရှိနေပြီး၊ ဆက်တိုက်လည်း ပြေးရသဖြင့် မကြာခင်မှာပင် ကလေးအတော်များများ လဲကျကုန်ကြလေသည်။ သို့သော် သူတို့ထက်ပိုငယ်သော ရွာလူကြီးလေးမှ မှန်မှန်ပြေးနေသည်ကို မြင်သောအခါ သူတို့ မညည်းရဲကြဘဲ အံကြိတ်ပြီး ဆက်လိုက်ကြတော့သည်။ ရှောင်ကျိုးနှင့် အားသို့က အငယ်ဆုံးပင်ဖြစ်သည်။ သုံးနှစ်အရွယ် ရှီထိုလေးမှာပိုငယ်သဖြင့် ရှောင်ကျိုးသည် အဒေါ်ကျိုးကို အိမ်ပြန်ခေါ်သွားခိုင်းလိုက်လေသည်။ တနွီမှာ အားသို့ ခဏခဏလဲကျသော်လည်း ဆက်ပြေးနေသည်ကို တွေ့လိုက်ရသည်။ သူ့မောင်လေးမှာ တော်တော်ဇွဲရှိပေသည်ဟု တွေးလိုက်မိ၏။

အစပိုင်းတွင် လင်းချီနှင့် တခြားလူများမှာ ကလေးများ လဲကျမည် သို့မဟုတ် ကျန်ခဲ့မည်စိုးသဖြင့် ဘေးမှ ဝိုင်းကာကွယ်ပေးကြသည်။ မကြာခင်မှာပင် ကလေးများ မည်မျှစည်းလုံးသည်ကို သူတို့ တွေ့လိုက်ရသည်။ အကြီးများက အငယ်များကို ဆွဲခေါ်သွားကြသကဲ့သို့ တစ်ယောက်ယောက် လဲကျလျှင် တခြားသူများက ချက်ချင်းထူပေးကြလေသည်။ ရွာတစ်ရွာတွင် ဤမျှ စည်းလုံးခြင်းမျိုးကို လင်းချီပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး သူအားကျသွားရသည်။ တစ်နာရီခန့်ကြာသောအခါ လူကြီးများပင် မောပန်းပြီး လဲကျချင်နေကြပြီ ဖြစ်သည်။ ကလေးများ ဆက်မပြေးနိုင်တော့သည်ကို မြင်သောအခါ ရှောင်ကျိုး ပြောလိုက်သည်။


"ဒီနေရာမှာ ၁၅မိနစ် နားမယ်၊ ပြီးရင် ဆက်သွားမယ်"

"ဆက်ပြေးဦးမှာလား ရွာလူကြီးလေး၊ သားတို့ တကယ် မရတော့ဘူး၊ မနက်ဖြန်မှ ဆက်လုပ်ကြရအောင်" 

ကလေးတစ်ယောက်မှာ ငိုသံကြီးဖြင့် ပြောရှာသည်။

"မရဘူး တစ်နာရီတောင် မပြည့်သေးဘူးလေ၊ နည်းနည်းလောက် ထပ်သည်းခံလိုက်၊ ပြီးရင် ပြန်လို့ရပြီ၊ ဆရာယန်က ရှေ့မှာ စောင့်နေတယ်"

ဆရာယန် ရှေ့၌စောင့်နေသည်ဟု ကြားလိုက်ရသဖြင့် သူတို့အားပြန်တက်လာကြလေသည်။ မည်သူမှ ဆရာ၏ အထင်ကြီးမှုကို အပျက်မခံနိုင်ကြပေ။ လေးလံသော ခြေလှမ်းများဖြင့်သူတို့ ဆက်ပြေးကြသည်။ ခဏကြာသော် ယန်ချွဲ့က သစ်ကိုင်းတစ်ကိုင်းပေါ်တွင် သက်တောင့်သက်သာမှီပြီး သူတို့ရောက်လာသည်ကို စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။ ယန်ချွဲ့ ခုန်ဆင်းလိုက်သောအခါ အားလုံးမှာ အားကျလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။

တစ်နေ့ကျလျှင် သူတို့လည်း ထိုကဲ့သို့ ပျံသန်းနိုင်မည်ဟု တွေးလိုက်မိသောအခါ မောပန်းမှုများ ပျောက်ကွယ်သွားသကဲ့သို့ပင်။ ယန်ချွဲ့မှာ မည်သူမှ လက်မလျှော့ဘဲ ပန်းတိုင်ရောက်လာကြသည်ကို အံ့ဩသွားရသည်။ သူတို့ အမောဖြေပြီးသောအခါ သူက ကွင်းပြင်ကျယ်တစ်ခုဆီသို့ ခေါ်သွားလိုက်သည်။ ထိုနေရာတွင် သစ်သားတံတားများနှင့် အနိမ့်မှအမြင့်ကို တက်သွားသော ကျောက်တိုင်များကို တွေ့လိုက်ရသည်။ မည်သည့်နေရာမှ မည်သို့ ရောက်လာမှန်း မသိချေ။ ယန်ချွဲ့မှာ သူတို့ကို သစ်သားတံတားပေါ်သို့ ဦးစွာ လျှောက်ခိုင်းပြီး  á€Ąá€”ိမအ်ဆုလး ကျောက်တိုင်မှ တစ်ဆင့်မြင့်သည့် ကျောက်တိုင်ထံမှ ခုန်ကူးခိုင်းလေသည်။

"အာရုံစိုက်ပြီး ခန္ဓာကိုယ်ကို ပေါ့ပါးအောင်လုပ်"


သူ သတိပေးလိုက်လေသည်။ အစပိုင်းတွင် သူတို့ ဟန်ချက်မညီဘဲ အကြိမ်ကြိမ် ပြုတ်ကျကြသည်။ သို့သော် အံကြိတ်ပြီး ပြန်တက်ကာ ကြိုးစားကြပြန်လေသည်။ အချိန်ပြည့်သွားသောအခါ ယန်ချွဲ့သည် မောပန်းနေသော်လည်း စိတ်ဓာတ်ခိုင်မာသော လူအုပ်ကိုကြည့်ပြီး ပြောလိုက်၏။

"ဒီနေ့တော့ ဒီလောက်ပဲ၊ ကောင်းကောင်း အနားယူကြ၊ မနက်ဖြန် ဆက်လုပ်မယ်၊ မှတ်ထားပါ သိုင်းကျင့်တယ်ဆိုတာ ဇွဲရှိဖို့ လိုတယ်"

"ဆရာ ကျွန်တော်တို့ မှတ်ထားပါ့မယ်၊ စိတ်မပူပါနဲ့ ကျွန်တော်တို့ ဆက်လေ့ကျင့်မှာပါ"

သူတို့ကတိပေးလိုက်ကြသည်။ ရွာလူကြီးလေးမှ ဦးဆောင်ပြီး သူတို့ပြန်ပြေးလာကြသည်။ တောင်ခြေကို ရောက်သောအခါ ကလေးများ လေ့ကျင့်ခန်းဆင်းပြီး ပြန်လာသည်ကို မြင်၍ ရွာသားများစိတ်လှုပ်ရှားစွာဖြင့် ဝိုင်းအုံလာကြတော့သည်။

"ငါ့သားက မနက်ခင်း လေ့ကျင့်ခန်း တစ်ကြိမ်လောက်လုပ်ရုံနဲ့ ပိုသန်မာလာသလိုပဲနော်"

"ဟုတ်ပါ့ မျက်လုံးတွေကအစရင့်ကျက်လာသလိုပဲ"

"တဟူ သေချာလေ့ကျင့်ပြီး စစ်သူကြီး ဖြစ်အောင် လုပ်နော် ဟားဟား"

"ဟုတ်တယ် စစ်သူကြီးလုပ်ပြီး မင်းအမေကို ဂုဏ်ရှိန်မြင့်စေရမယ်"

"တနွီ သေချာလေ့ကျင့်နော်၊ ယောင်္ကျားရလို့ ယောက္ခမတွေ အနိုင်ကျင့်ရင် အသေရိုက်ပစ်လိုက်"

"ဟုတ်တယ် ငါ့သမီးအနိုင်ကျင့်ခံရမှာ မပူရတော့ဘူး၊ သူတို့ကို ပြန်မတောင်းပန်မချင်း ရိုက်ပစ်ရမှာ ဟားဟား"


…


ရွာသားများမှာ အပြိုင်အဆိုင်ချီးကျူးနေကြတော့သည်။


 

Search Novels