အခန်း (၂၆)
လျန်ဟွမ်းက ကျိဟုန်ကျွင်း ယူခိုင်းလိုက်တာပါဟု ပြောလိုက်ရာ ဒုတိယအဒေါ်က ရေရွတ်လိုက်သည်။ 
"ဟုန်ကျွင်း ဒီကလေးကတော့ အားနာတတ်လိုက်တာ၊ ဘာလုပ်လုပ် ငါတို့ လင်မယားကို သတိရနေတာပဲ"
လျန်ဟွမ်းက ဘေးမှနေ၍ နားထောင်နေရင်း ဒုတိယအဒေါ်၏ လေသံထဲမှ ရင်းနှီးမှုကို ခံစားမိလိုက်သည်။ ဤကဲ့သို့သော ရင်းနှီးမှုမျိုးသည် မိသားစုဝင်များ သို့မဟုတ် ရင်းနှီးသူများကြားတွင်သာ ရှိတတ်သဖြင့် ကျိဟုန်ကျွင်းနှင့် ဒုတိယအဒေါ်တို့၏ သံယောဇဉ်မှာ တကယ်ကောင်းမွန်ကြောင်း သိသာသည်။
လျန်ဟွမ်းက ဒုတိယအဒေါ်ကို ပြုံးပြပြီး တိုးတိုး ပြောလိုက်သည်။ "အဒေါ်... ကျွန်မ ဟင်းသီးဟင်းရွက် ကူလှီးပေးမယ်"
......
နေ့လယ်စာက အမြန် ကျက်သွားပြီ ဖြစ်သည်။ ဒုတိယအဒေါ်သည် သဘောထားကြီးသူဖြစ်ပြီး နေ့လယ်စာအတွက် လျန်ဟွမ်းယူလာသော ဟင်းများကို အကုန်ချက်လိုက်ရုံသာမက သီးနှံပေါင်းစုံပြုတ်တစ်အိုးနှင့် ပေါင်မုန့်ပြားများပါ လုပ်လိုက်သည်။
ထမင်းဝိုင်း ပြင်ပြီးနောက် ဒုတိယအဒေါ်က လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းကို ထမင်းစားရန် ခေါ်လိုက်သည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့သည် ဒုတိယဦးလေးတို့ လင်မယား၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။
ဒုတိယအဒေါ်သည် တူများကို ယူကာ ထမင်းဝိုင်းပေါ်ရှိ လူများကို ဝေပေးရင်း ဒုတိယဦးလေးကို ရယ်မောကာ ပြောလိုက်သည်။ 
"ဒီအသားတွေအကုန်လုံး ဟုန်ကျွင်းမိန်းမ ယူလာတာ၊ ဒီကလေးနှစ်ယောက်က လိမ္မာလိုက်တာ"
ဒုတိယဦးလေးက စားပွဲပေါ်မှ အသားများကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုန်ကျွင်းက လိမ္မာတယ်၊ ဟုန်ကျွင်းမိန်းမကလည်း လိမ္မာတယ်၊ နောက်ဆို မင်းတို့ မိသားစုလေး ကောင်းကောင်းနေကြ၊ ကောင်းတာရှိရင် ကိုယ့်ဘာသာ ချန်စားကြ၊ အသားက တန်ဖိုးကြီးတယ်"
"ဦးလေး... အိမ်မှာ ရှိပါသေးတယ်" ကျိဟုန်ကျွင်းက ဒုတိယဦးလေးကို ကြည့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"အေး... စားကြစို့" ဒုတိယဦးလေးက စကားစလိုက်သည်နှင့် ထမင်းဝိုင်းပေါ်ရှိ လူအားလုံး တူစကိုင်လိုက်ကြသည်။
ကျိကျန့်ခန်းသည် ယုန်သားနှင့် ကြက်သားကို ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။ သူ့အဖေ၏ စကားကို ကြားသည်နှင့် ချက်ချင်း တူကိုကိုင်ကာ အသားကို ညှပ်စားတော့သည်။ ဒုတိယအဒေါ်နှင့် ဒုတိယဦးလေးတို့လည်း စတင် စားသောက်ကြသည်။
ထမင်းဝိုင်းပေါ်တွင် အသားပါသဖြင့် တည်ငြိမ်သောသူများပင် စိတ်အားထက်သန်လာကြသည်။ ဒုတိယအဒေါ်နှင့် ဒုတိယဦးလေးတို့သည် ထမင်းဝိုင်းတွင် ဟင်းအတော်များများ စားမိကြသလို ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့လည်း မနည်းမနော စားလိုက်ကြသည်။
မန်ထိုခြောက်လုံးကို ဒုတိယအဒေါ်က တစ်ယောက်တစ်လုံး ဝေပေးပြီး ကျန်သော တစ်လုံးကို လျန်ဟွမ်းအား ပေးလိုက်သည်။
"ဟုန်ကျွင်းမိန်းမ... များများစား၊ နင်က ပိန်လွန်းတယ်၊ ခန္ဓာကိုယ် ပြည့်ဖြိုးလာမှ ဟုန်ကျွင်းနဲ့ ဝဖြိုးဖြိုးကလေးလေး မွေးနိုင်မှာ"
ကလေးမွေးမယ် ဟုတ်လား။ ဒီနေ့ ဒီအကြောင်းကိုပဲ တောက်လျှောက် ကြားနေရသည်။ လျန်ဟွမ်း၏ ခေါင်းထဲတွင် ကျိဟုန်ကျွင်း ယနေ့ ပြောခဲ့သော စကားများကို ပြန်ကြားယောင်မိပြီး မျက်နှာ အနည်းငယ် ရဲသွားသည်။
"အဒေါ်... ကျွန်မ ဗိုက်ဝနေပြီ၊ ကျန့်ခန်းကိုပဲ ကျွေးလိုက်ပါ" ဒုတိယအဒေါ်၏ လက်ရာကောင်းမွန်သဖြင့် လျန်ဟွမ်း ဟင်းအတော်များများ စားလိုက်မိပြီး ဆန်ပြုတ်လည်း သောက်ထားသောကြောင့် မန်ထိုထပ်မစားနိုင်တော့ပေ။
ကျန့်ခန်းက လျန်ဟွမ်း၏ စကားကို ကြားသောအခါ ဒုတိယအဒေါ် လက်ထဲမှ မန်ထိုကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
မန်ထိုက စားလို့ကောင်းသည်။ တစ်လုံးတည်းနှင့် မဝဘဲ ထပ်စားချင်သေးသည်။
"ကျန့်ခန်းက ပေါင်မုန့်ပြား စားရင် ရပြီ၊ နင့် ဗိုက်ဝရင် ဟုန်ကျွင်းကို ပေးလိုက်၊ ငါနဲ့ နင့်ဦးလေးက ဒီနေ့ နင့်တို့လင်မယားကြောင့် မန်ထိုစားရတာ၊ နင့်တို့ဆီကပဲ အမြဲ စားနေလို့ ဘယ်ဖြစ်မလဲ၊ ဟုန်ကျွင်းကို ပေးလိုက်" ဒုတိယအဒေါ်က ပြောရင်း မန်ထိုကို ကျိဟုန်ကျွင်းထံ ကမ်းပေးလိုက်သည်။
ကျိဟုန်ကျွင်းက မငြင်းဘဲ မန်ထိုကို လှမ်းယူလိုက်သော်လည်း သူက ကျိကျန့်ခန်းကို ပြန်ကမ်းပေးလိုက်သည်။
"ကျန့်ခန်း စားလိုက်ပါ၊ မင်းက လူပျိုပေါက်အရွယ် ကြီးထွားနေတဲ့အရွယ်ပဲ" ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိကျန့်ခန်းက သူ့အမေကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမေ မကန့်ကွက်သည်ကို မြင်မှ မန်ထိုကို ယူလိုက်ကာ ကျိဟုန်ကျွင်းကို ပျော်ရွှင်စွာ ပြောလိုက်သည်။ "ကျေးဇူးပဲ... အစ်ကိုဟုန်ကျွင်း"
ကျိဟုန်ကျွင်းက နှုတ်ခမ်းအနည်းငယ် ကွေးသွားပြီး စကားမပြောဘဲ ခေါင်းလှည့်ကာ ဆက်လက် စားသောက်နေသည်။
နေ့လယ်စာသည် တက်ကြွပျော်ရွှင်စွာဖြင့် ပြီးဆုံးသွားသည်။ နေ့လယ်စာစားပြီးနောက် လျန်ဟွမ်းသည် ဒုတိယအဒေါ်ကို ကူညီပြီး ပန်းကန်ခွက်ယောက်များ သိမ်းဆည်းပေးကာ ခဏကြာမှ သူတို့အိမ်မှ ပြန်လာခဲ့ကြသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို အိမ်ပြန်ပို့ပေးပြီးနောက် ကိစ္စရှိသည်ဟုဆိုကာ ပြန်ထွက်သွားသည်။ လျန်ဟွမ်း တစ်ယောက်တည်း အိမ်မကြီးထဲသို့ ပြန်လာခဲ့သည်။ အခန်းထဲ ရောက်သည်နှင့် လျန်ဟွမ်းသည် ဒုတိယအဒေါ် ပေးလိုက်သော ပိုက်ဆံကို ထုတ်ကြည့်လိုက်သည်။
ပိုက်ဆံများကို ရေတွက်ကြည့်ပြီးနောက် လျန်ဟွမ်း အံ့သြသွားကာ ငါးယွမ်တောင် ရှိနေတာကို တွေ့လိုက်ရသည်။
ဤခေတ်တွင် ကြက်ဥတစ်လုံးလျှင် ငါးဆင့်ရှိလေရာ ငါးယွမ်ဆိုလျှင် ကြက်ဥ အလုံးတစ်ရာ ဝယ်နိုင်သည်။ ဤခေတ် ကျေးလက်ဒေသမှ လူများအတွက်မူ မနည်းသော ပမာဏဖြစ်ပြီး ချွေတာသုံးပါက တစ်လစာ သုံးနိုင်သည်။
လျန်ဟွမ်းက ထိုပိုက်ဆံများကို ကြည့်ရင်း ဒုတိယအဒေါ် မိသားစုသည် ကျိဟုန်ကျွင်းအပေါ် တကယ် ကောင်းမွန်ကြောင်း ထပ်မံ အတည်ပြုလိုက်မိသည်။
လျန်ဟွမ်းက ပိုက်ဆံများကို သိမ်းဆည်းလိုက်ပြီး အခန်းထဲတွင် ခဏနားရန် ပြင်လိုက်စဉ် ဘေးအိမ်မှ အော်ဟစ်သံများကို ရုတ်တရက် ကြားလိုက်ရသည်။
လျန်ဟွမ်းက အခန်းထဲမှ ထွက်ကာ ခြံဝင်းထဲသို့ ဆင်းပြီး ကျိမိသားစုအိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဘေးအိမ်မှ အဒေါ်မာကလည်း အသံကြားသဖြင့် ခေါင်းပြူကြည့်နေပြီး လျန်ဟွမ်း အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ မေးလိုက်သည်။ "ဟုန်ကျွင်းမိန်းမ... ဒီအော်သံက နင်တို့ တတိယယောက်မ မွေးတော့မှာလား"
တတိယယောက်မ မွေးတော့မှာလား။ လျန်ဟွမ်း မူရင်းစာအုပ်ထဲမှ အကြောင်းအရာများကို ချက်ချင်း သတိရသွားသည်။ စာအုပ်ထဲတွင် ဇာတ်လိုက်မလေးသည် သူမ ကူးပြောင်းရောက်ရှိလာသည့် နေ့တွင်ပင် လမစေ့ဘဲ မွေးဖွားလာခြင်း ဖြစ်သည်။ ဇာတ်လိုက်မလေး မွေးဖွားချိန်သည် အနီရောင်အစောင့်တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရလုနီးပါးဖြစ်နေသော အမေကျိကို တိုက်တိုက်ဆိုင်ဆိုင် ကယ်တင်လိုက်နိုင်သဖြင့် ထိုအချိန်မှစ၍ အမေကျိက သူမကို ကံကောင်းစေသော ကလေးလေးအဖြစ် အလိုလိုက်ထားတော့သည်။
ကျိမိသားစုအိမ်တွင် ဇာတ်လိုက်မလေး ရောက်လာပြီးနောက်ပိုင်း ဘဝက တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ဇာတ်လိုက်မလေးသည် ကံကောင်းလွန်းသူဖြစ်ပြီး တောင်ပေါ်တက်လျှင် တောကြက်ဥ ကောက်ရတတ်သလို မြစ်ထဲဆင်းလျှင်လည်း ငါးများက သူမလက်ထဲသို့ အလိုလို ခုန်ဝင်လာတတ်ကြသည်။
ဒီကံကောင်းလွန်းတဲ့ ဇာတ်လိုက်မလေး မွေးတော့မှာလား။ ဇာတ်လိုက်မလေးက လမစေ့ဘဲ မွေးတာမဟုတ်သလို အမေကျိကိုလည်း တိုက်တိုက်ဆိုင်ဆိုင် မကယ်တင်နိုင်တော့သည့် အခြေအနေတွင် သူမ၏ ကံကြမ္မာက မူရင်းအတိုင်း ကောင်းမွန်နေဦးမည်လား မသိပေ။ ကျိမိသားစုနှင့် လျန်မိသားစုမှာ တူညီကြပြီး ယောက်ျားလေးကိုသာ ဦးစားပေးတတ်ကြသည်။ ကျိမိသားစုတွင် မြေးမလေး လေးယောက်ရှိနေပြီဖြစ်ရာ နောက်ထပ် မြေးမလေးတစ်ယောက် ထပ်ရလျှင် အမေကျိတို့က သဘောကျပါ့မလား။
လျန်ဟွမ်း တွေးနေစဉ်မှာပင် ကျိမိသားစုအိမ်ထဲမှ ကလေးငိုသံ ထွက်ပေါ်လာသည်။ လျန်ဟွမ်းက သူမ၏ အဖြေကို စောင့်နေသော အဒေါ်မာဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "မွေးပါပြီ"
အဒေါ်မာက ခေါင်းညိတ်လိုက်သည်။ "မွေးပြီပဲ၊ နင့် သွားမကြည့်ဘူးလား"
လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "မသွားတော့ပါဘူး၊ ကျွန်မ သွားလည်း ဘာမှ ကူညီပေးနိုင်မှာ မဟုတ်ဘူး"
"နင့် တတိယယောက်မက ယောက်ျားလေးမွေးလား၊ မိန်းကလေးမွေးလားဆိုတာ မသိချင်ဘူးလား" 
အဒေါ်မာက အတင်းအဖျင်း မေးလိုသော မျက်နှာထားဖြင့် မေးလိုက်သည်။ သူမသည် တကယ်ပင် တတိယချွေးမက ယောက်ျားလေး မွေးသလား၊ မိန်းကလေး မွေးသလား သိချင်နေခြင်း ဖြစ်သည်။
တစ်ချိန်က သူမနှင့် အမေကျိတို့ အလံနီအုပ်စုသို့ ပြိုင်တူ ရောက်လာခဲ့ကြသည်။ အမေကျိက သားယောက်ျားလေးချည်း ဆက်တိုက် မွေးခဲ့သော်လည်း သူမကမူ သမီးမိန်းကလေးချည်း ဆက်တိုက် မွေးခဲ့သဖြင့် အမေကျိ၏ လှောင်ပြောင်ခြင်းကို မကြာခဏ ခံခဲ့ရသည်။ တော်သေးသည်က နောက်ဆုံးတွင် သူမ သားယောက်ျားလေး မွေးနိုင်ခဲ့ခြင်းပင်။ သူမတို့အိမ်မှ ကော်တုန်းသည် ယခု ဆယ်နှစ်သားအရွယ် ရောက်နေပြီဖြစ်ရာ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် လူပျိုပေါက်ဖြစ်ပြီး မိန်းမယူနိုင်တော့မည်။
အဒေါ်မာ ပြောသောစကားထဲတွင် ယောက်ျားလေးကို ပိုဦးစားပေးသော သဘောပါနေသည်ကို လျန်ဟွမ်း သတိထားမိလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ 
"ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အတူတူပါပဲ၊ ကိုယ်မွေးထားတဲ့ ကလေးပဲဟာ"
အဒေါ်မာ ခဏတာ ကြောင်အသွားပြီး သူမ၏ အတွေးများကို လျန်ဟွမ်း ရိပ်မိသွားသလို ခံစားလိုက်ရသဖြင့် မျက်နှာ အနည်းငယ် ရဲသွားသည်။
"နင့် ပြောတာ ဟုတ်ပါတယ်၊ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ့်သားသမီးပါပဲ၊ နင့်ယောက္ခမကတော့ အဲဒီလို တွေးပါ့မလား မသိဘူး"
"မသိပါဘူး၊ အဒေါ်မာ... ကျွန်မ အိမ်မှာ အလုပ်ရှိသေးလို့ အခန်းထဲ ဝင်တော့မယ်" လျန်ဟွမ်းက အဒေါ်မာကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
အဒေါ်မာသည် သူမကို ဟင်းသီးဟင်းရွက် မျိုးစေ့များပေးခဲ့သလို သူမတို့အိမ်တွင် ဂျုံသွားကြိတ်သည်ကိုလည်း ခွင့်ပြုခဲ့သဖြင့် အဒေါ်မာကို သူမ ကျေးဇူးတင်သည်။ သို့သော် ယောက်ျားလေး မိန်းကလေး ခွဲခြားသည့်ကိစ္စနှင့် ပတ်သက်၍ လျန်ဟွမ်းသည် အဒေါ်မာ၏ အယူအဆကို သဘောမတူသလို တတိယယောက်မ ကလေးမွေးသည့် ကိစ္စကို လှောင်ပြောင်ချင်သည့် သဘောဖြင့် မေးမြန်းနေသည်ကိုလည်း မနှစ်သက်ပေ။
မနှစ်သက်သဖြင့် သူမ အဒေါ်မာနှင့် ဆက်လက် ဆွေးနွေးမနေတော့ဘဲ အကြောင်းပြချက် ပေးကာ အခန်းထဲ ပြန်ဝင်ရန် ပြင်လိုက်သည်။
"အေး... ဝင်လေ၊ ငါ့အိမ်မှာလည်း အလုပ်ရှိသေးတယ်၊ ငါလည်း ပြန်တော့မယ်" အဒေါ်မာက အသံကျယ်ကျယ်ဖြင့် ပြောပြီးနောက် ကိုယ့်ခြံဝင်းထဲကိုယ် ပြန်ဝင်သွားသည်။
တတိယယောက်မ ကလေးမွေးသည့် ကိစ္စသည် လျန်ဟွမ်း၏ ဘဝထဲတွင် ဂယက်အနည်းငယ်သာ ထပြီး ပြီးဆုံးသွားသည်။ ညနေစောင်း၌ ကျိဟုန်ကျွင်း အပြင်က ပြန်လာသောအခါ လျန်ဟွမ်းက ထမင်းဟင်း ချက်ပြုတ်ပြီးနေပြီ ဖြစ်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ထမင်းစားရန် ခေါ်လိုက်ပြီး ထမင်းစားနေစဉ် လျန်ဟွမ်းက ဒုတိယအဒေါ် ငါးယွမ်ပေးလိုက်သည့် အကြောင်းကို ပြောပြလိုက်သည်။ သူမသည် ပိုက်ဆံကို ကျိဟုန်ကျွင်းအား ကမ်းပေးလိုက်သည်။ "ဟုန်ကျွင်း... ဒါ မနက်က နှစ်သစ်ကူးကန်တော့တုန်းက ဒုတိယအဒေါ် ပေးလိုက်တဲ့ ပိုက်ဆံ၊ ငါးယွမ်တောင်နော်… ပေးတာ နည်းနည်း များနေတယ်၊ ကျွန်မတို့ ပြန်ပေးလိုက်ရမလား"
မနက်က ဒုတိယအဒေါ်နှင့် စကားပြောတုန်းက သူမ သိလိုက်ရသည်မှာ မြို့နယ်စက်ရုံတွင် အလုပ်လုပ်နေသော ကျိဟုန်ကျွင်း၏ ဝမ်းကွဲအစ်ကို၏ လစာမှာ တစ်လမှ ယွမ်နှစ်ဆယ်သာ ရကြောင်း၊ ဤငါးယွမ်ဆိုသည်မှာ သူ့လစာ၏ လေးပုံတစ်ပုံနှင့် ညီမျှကြောင်း သိခဲ့ရသည်။ ဤပမာဏသည် မနည်းသော ပမာဏ ဖြစ်သည်။
ကျိဟုန်ကျွင်းသည် သေသေသပ်သပ် ခေါက်ထားသော ပိုက်ဆံကို တစ်ချက်ကြည့်လိုက်ပြီး သူ့ခေါင်းထဲတွင် ပုံရိပ်အချို့ ဖြတ်ခနဲ ပေါ်လာကာ ခဏငြိမ်သက်သွားပြီးနောက် တိုးတိုး ပြောလိုက်သည်။ 
"မင်းကို ပေးတာဆိုတော့ မင်းပဲ သိမ်းထားလိုက်ပါ"
ကျိဟုန်ကျွင်းက သိမ်းထားရန် ပြောသဖြင့် လျန်ဟွမ်း မငြင်းတော့ဘဲ ပိုက်ဆံကို သိမ်းလိုက်သည်။ "ဒါဆို ကျွန်မ သိမ်းထားလိုက်မယ်"
"အင်း" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
ပိုက်ဆံကိစ္စ ဆွေးနွေးပြီးနောက် လျန်ဟွမ်းက စိတ်အေးလက်အေး ညစာစားလိုက်သည်။ ညစာစားပြီးနောက် ကျိဟုန်ကျွင်းက ပန်းကန်ဆေးပြီး လျန်ဟွမ်းက ခြေဆေးရေ ယူကာ အခန်းထဲ ဝင်ခဲ့သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သူမ စောစောစီးစီး ခုတင်ပေါ် တက်လိုက်သည်။
ခုတင်ပေါ်တွင် လှဲနေရင်း လျန်ဟွမ်း၏ ခေါင်းထဲတွင် မနက်က ကျိဟုန်ကျွင်းနှင့် ပြောခဲ့သော ကိစ္စများကို ပြန်တွေးမိသည်။ ကျိဟုန်ကျွင်းက ဒီညများ...
စိတ်အနည်းငယ် လှုပ်ရှားလာသဖြင့် လျန်ဟွမ်း မျက်လုံးကျယ်လာကာ ခုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့် ဖြစ်နေသည်။
သူမ ဂဏာမငြိမ်ဖြစ်နေစဉ် ကျိဟုန်ကျွင်း အပြင်မှ ဝင်လာသည်။ ရေနံဆီမီးခွက်၏ အလင်းရောင်အောက်မှနေ၍ လျန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။
"အိပ်မပျော်ဘူးလား" ကျိဟုန်ကျွင်း၏ အသံက တိုးပြီး တည်ငြိမ်သည်။
လျန်ဟွမ်း ချက်ချင်း ငြင်းလိုက်သည်။ "မဟုတ်ပါဘူး၊ ခဏနေရင် အိပ်ပျော်တော့မှာပါ"
လျန်ဟွမ်းက ပြောပြီးသည်နှင့် စောင်ကို ခေါင်းမြီးခြုံကာ ငြိမ်ငြိမ်လေး လှဲနေလိုက်ပြီး စကားမပြောတော့ပေ။
ကျိဟုန်ကျွင်းက သူမကို တစ်ချက်ကြည့်ပြီး ခုတင်နားသို့ တိတ်တဆိတ် လျှောက်လာကာ သူမအိပ်နေသည့် အနားတွင် ရပ်လိုက်သည်။
လျန်ဟွမ်း အသက်အောင့်ထားလိုက်သည်။ သူက ဟိုဘက်မှာ အိပ်မှာ မဟုတ်ဘူးလား။ ကျိဟုန်ကျွင်းက ဒီဘက်မှာ လာအိပ်တော့မလို့လား။ တကယ်ပဲ လင်မယားအရာ မြောက်တော့မှာလား။
လျန်ဟွမ်း တွေးနေရင်း ခန္ဓာကိုယ်ကို နံရံဘက်သို့ တိုးကပ်လိုက်ရာ နံရံနှင့် ကပ်သွားမှ ရပ်လိုက်သည်။
ကျိဟုန်ကျွင်းက ခေါင်းငုံ့ကာ ခုတင်ပေါ်တွင် ကျယ်ဝန်းစွာ လွတ်နေသော နေရာကို ကြည့်လိုက်ပြီး ဖိနပ်ချွတ်ကာ စောင်ကိုလှန်ပြီး ခုတင်ပေါ် တက်လိုက်သည်။
လျန်ဟွမ်း၏ ဘေးတွင် ပက်လက်လှဲလိုက်ပြီး ကျိဟုန်ကျွင်းက စကားမပြောပေ။ သူ့ခန္ဓာကိုယ်က အနည်းငယ် တင်းမာနေပုံရပြီး မျက်လုံးထောင့်မှ လျန်ဟွမ်း၏ လှုပ်ရှားမှုကို အကဲခတ်နေသည်။
လျန်ဟွမ်းလည်း ယခုအချိန်တွင် စိတ်လှုပ်ရှားနေပြီး နံရံကို ကပ်ကာ မလှုပ်မယှက် နေနေသည်။
ညဉ့်နက်လာသောအခါ ခုတင်ပေါ်မှ နှစ်ယောက်သား ဘယ်အချိန် အိပ်ပျော်သွားမှန်း မသိလိုက်ကြပေ။ အိပ်ပျော်သွားသော လျန်ဟွမ်းသည် သူမဘေးတွင် ကျိဟုန်ကျွင်း အိပ်နေသည်ကို မေ့လျော့သွားပြီး ခုတင်တစ်ဖက်စွန်းတွင် အိပ်သည်ဟု ထင်ကာ အကျင့်ပါနေသည့်အတိုင်း ဟိုလှိမ့်ဒီလှိမ့် လုပ်လိုက်ရာ ခြေထောက်က ကျိဟုန်ကျွင်းကိုယ်ပေါ် ရောက်သွားပြီး လက်မောင်းကလည်း သူ့လက်မောင်းပေါ် တင်လိုက်မိသည်။
အိပ်ပျော်နေသော ကျိဟုန်ကျွင်းသည် လှုပ်ရှားမှုကို သတိထားမိလိုက်သဖြင့် ချက်ချင်း မျက်လုံး ဖွင့်ကြည့်လိုက်သည်။ စူးရှသော မျက်လုံးများက အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိပုံရပြီး သိမ်းငှက်ကဲ့သို့သော မျက်ဝန်းများက လျန်ဟွမ်း၏ လက်မောင်းပေါ်သို့ ကျရောက်သွားသည်။ ခဏအကြာတွင် စူးရှသော မျက်လုံးများက ပြန်လည် တည်ငြိမ်သွားသည်။ လျန်ဟွမ်းကို ခဏတာ စိုက်ကြည့်ပြီးနောက် မျက်လုံးပြန်မှိတ်ကာ အိပ်စက်လိုက်သည်။
နောက်တစ်နေ့၊ နှစ်သစ်ကူး ဒုတိယနေ့တွင် လျန်ဟွမ်းသည် ပုံမှန်အတိုင်း အိပ်ရာမှ နိုးလာသည်။ မျက်လုံးဖွင့်လိုက်သည့် ခဏတွင် သူမ၏ မျက်နှာရှေ့၌ အနီးကပ် မြင်လိုက်ရသော မျက်နှာကြောင့် ကြောင်သွားသည်။
ကျိဟုန်ကျွင်းရဲ့ မျက်နှာပဲ။ လျန်ဟွမ်း နှစ်စက္ကန့်ခန့် ကြောင်အသွားပြီးနောက် မှတ်ဉာဏ်များ ပြန်ဝင်လာသည်။ သူမ သတိရသွားပြီ။ မနေ့ညက သူမနဲ့ ကျိဟုန်ကျွင်းက ခေါင်းရင်းဘက်ခြမ်းမှာ အတူအိပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ သူမ မှတ်မိတာက သူမက နံရံဘက် ကပ်အိပ်ခဲ့တာလေ။ ဘယ်လိုလုပ် ကျိဟုန်ကျွင်း ရင်ခွင်ထဲ ရောက်လာရတာလဲ။
သို့သော် ကျိဟုန်ကျွင်း၏ ရင်ခွင်က တော်တော် နွေးထွေးသည်။ တစ်ယောက်တည်း အိပ်ရတာထက် ပိုနွေးထွေးသည်။
လျန်ဟွမ်း တွေးနေစဉ်မှာပင် သူမဘေးနားမှ အမျိုးသားကလည်း မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လာသည်။
ကျိဟုန်ကျွင်း၏ နက်မှောင်သော မျက်လုံးထဲတွင် လျန်ဟွမ်း၏ ပုံရိပ် ထင်ဟပ်နေပြီး လျန်ဟွမ်းကို ကြည့်ကာ တိုးတိုး ပြောလိုက်သည်။ "နိုးပြီလား"
လျန်ဟွမ်းက ချက်ချင်း ကျိဟုန်ကျွင်း ရင်ခွင်ထဲမှ လှိမ့်ထွက်လိုက်ပြီး အားနာစွာ ပြောလိုက်သည်။ "နိုးပြီ၊ ဟို... မနက်စာ ချက်ရတော့မယ်၊ ကျွန်မ အရင် ထနှင့်မယ်"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ခုတင်ပေါ်မှ ဆင်းလိုက်သည်။
လျန်ဟွမ်း အိပ်ရာထပြီးနောက် ကျိဟုန်ကျွင်းလည်း အိပ်ရာမှ ထလာသည်။ နှစ်ယောက်သား အိပ်ရာထပြီးနောက် တစ်ယောက်က မီးဖိုချောင်တွင် အလုပ်ရှုပ်နေပြီး တစ်ယောက်က ရေပုံးကို ထမ်းကာ ရေတွင်းဆီသို့ ထွက်သွားသည်။
မနေ့ညက ညစာစားပြီးချိန်တွင် ကျိဟုန်ကျွင်း ရေမခပ်ဖြစ်ခဲ့ပေ။ သူတို့အိမ်မှ ရေက မနက်စာ ချက်ရုံလောက်သာ ရှိတော့သည်။ တစ်နေ့တာ ထမင်းသုံးနပ်အတွက် ရေလိုသဖြင့် ရေစည်ပြည့်အောင် ခပ်ထည့်ထားမှ ဖြစ်မည်။
ကျိဟုန်ကျွင်းက ရေခပ်မြန်သည်။ သူက ရေတစ်စည်ပြည့်အောင် ခပ်ပြီးချိန်တွင် လျန်ဟွမ်းက မနက်စာ ပြင်ဆင်၍ မပြီးသေးပေ။ မနက်စာ မကျက်သေးသဖြင့် သူလည်း အခန်းထဲတွင် ဆက်မနေတော့ဘဲ အိမ်မကြီးထဲ ပြန်ဝင်ကာ မနေ့က လဲထားသော အတွင်းခံအင်္ကျီကို ယူပြီး မြစ်ကမ်းဘေးသို့ ထွက်သွားသည်။
မနက်စောစောစီးစီး မြစ်ကမ်းဘေးတွင် အဝတ်လျှော်သူ မရှိပေ။ သို့သော် ရေခဲပြင်ကို ထွင်းဖောက်ပြီး ငါးဖမ်းနေသော အမျိုးသားများတော့ ရှိသည်။
ရွာထဲမှ လူများက အချင်းချင်း သိကြသည်။ ရေခဲထွင်းနေသော အမျိုးသားတစ်ဦးက ကျိဟုန်ကျွင်း ရောက်လာပြီး မြစ်ကမ်းဘေးတွင် အဝတ်လျှော်နေသည်ကို မြင်သောအခါ လှမ်းစလိုက်သည်။ 
"ဟုန်ကျွင်း... မင်းအဝတ်အစားတွေကို မင်းမိန်းမက လျှော်မပေးဘူးလား"
"မင်းမိန်းမက ပျင်းလိုက်တာကွာ၊ ဒီလိုမိန်းမမျိုးကို အလိုလိုက်လို့ မဖြစ်ဘူး၊ ရိုက်မှ ရမှာ၊ မင်း ခဏခဏ ရိုက်ပေးမှ သူ အလုပ်လုပ်မှာ၊ ငါ ကြားတာတော့ မင်းမိန်းမက အိမ်ထောင်မကျခင် သူ့အိမ်မှာတုန်းကလည်း ပျင်းတယ်ဆို၊ မင်းကလည်း ပျင်း၊ သူကလည်း ပျင်းဆိုရင် ဘယ်ဖြစ်မလဲ၊ မင်း အလိုလိုက်မထားနဲ့၊ မဟုတ်ရင် သူလည်း အလုပ်မလုပ်၊ မင်းလည်း အလုပ်မလုပ်နဲ့ မင်းတို့ ဘာစားကြမလဲ၊ စားစရာမရှိရင် ငတ်သေကုန်မှာပေါ့"
ထိုအမျိုးသား ပြောသောစကားများက နားထောင်ရ ဆိုးရုံသာမက လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့သည် လူပျင်းများဖြစ်ကြောင်း လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။ ကျိဟုန်ကျွင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့လက်ထဲမှ ခက်ရင်းကို ကြည့်လိုက်သည်။ တြိဂံပုံ ခက်ရင်းတွင် လက်ဝါးအရွယ်အစားရှိသော ငါးတစ်ကောင် ပါလာသည်။ ခုနလေးကမှ ရေခဲထွင်းပြီး ဖမ်းမိထားပုံ ရသည်။
"မိန်းမ ယူတယ်ဆိုတာ အတူတူ နေထိုင်ဖို့လေ" ရိုက်နှက်ဖို့ မဟုတ်ဘူး။
ကျိဟုန်ကျွင်းက တစ်ခွန်း ပြောပြီးနောက် ထိုအမျိုးသားကို ဂရုမစိုက်တော့ပေ။ မြစ်ကမ်းဘေးတွင် ထိုင်ကာ သူ့အဝတ်အစားသူ ဆက်လျှော်နေလိုက်သည်။ အတွင်းခံ နှစ်ထည်တည်း ဖြစ်ပြီး ဆပ်ပြာလည်း မရှိသဖြင့် ကျိဟုန်ကျွင်း ပွတ်လျှော်ရုံသာ လျှော်လိုက်ပြီး အဝတ်များကို သိမ်းကာ အိမ်ပြန်လာခဲ့သည်။
သူ အိမ်ပြန်ရောက်သောအခါ လျန်ဟွမ်းက ထမင်းချက်ပြီးနေပြီဖြစ်ပြီး ပန်းကန်ထဲ ထည့်ထားသည်ကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်းက အပြင်မှ ဝင်လာသည်ကို မြင်သောအခါ လျန်ဟွမ်းက လှမ်းခေါ်လိုက်သည်။ "ရှင် အဝတ်သွားလျှော်တာလား၊ လာ... ထမင်းစားကြမယ်၊ ထမင်းကျက်ပြီ"
"အင်း... ကိုယ် အဝတ်လှန်းလိုက်ဦးမယ်" ကျိဟုန်ကျွင်းက အဝတ်များကို အပြင်တွင် တန်းထားသော ဝါးလုံးတန်းပေါ် တင်လှန်းလိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ ထမင်းစားလိုက်သည်။
မနက်စာကလည်း ကုန်စင်အောင် စားသည့် မနက်ခင်းပါပင်။ လျန်ဟွမ်းက ဆန်ပြုတ်အိုးသေး တစ်လုံး ပြုတ်ထားရာ သူမက ပန်းကန်လုံး တစ်လုံးခွဲ သောက်ပြီး ကျိဟုန်ကျွင်း တစ်ယောက်တည်း ပန်းကန်လုံး ခြောက်လုံး သောက်ကာ ကြက်ဥနှစ်လုံးနှင့် ပေါက်စီနှစ်လုံးပါ စားလိုက်သည်။
မနက်စာကို ကျိဟုန်ကျွင်း ကျေနပ်အားရစွာ စားသောက်လိုက်ပြီး မျက်ဝန်းများ နူးညံ့သွားသည်။ ပန်းကန်ခွက်ယောက်များ ချလိုက်ပြီးနောက် သူ ပုံမှန်အတိုင်း ပန်းကန်ဆေးရန် ပြင်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း ပန်းကန်ဆေးနေသော ကျောပြင်ကို ကြည့်ရင်း ခေါင်းထဲတွင် မနေ့က ပြောခဲ့သော ကိစ္စကို ပြန်တွေးမိသည်။ တကယ့် လင်မယားအဖြစ် နေထိုင်ကြရာတွင် ကျိဟုန်ကျွင်းက တကယ် အရည်အချင်းပြည့်မီသည်။ သူမ အိမ်မှုကိစ္စလုပ်လျှင် သူက ဝိုင်းကူလုပ်ပေးသည်။ ဒီလိုယောက်ျားမျိုးက ယောက်ျားကောင်း ဖြစ်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ကျောပြင်ကို ငေးကြည့်နေစဉ် ကျိဟုန်ကျွင်းက ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးသွားပြီ ဖြစ်သည်။ ဆေးပြီးသော ပန်းကန်များကို မူလနေရာတွင် ပြန်ထားလိုက်ပြီး ကျိဟုန်ကျွင်းက လျန်ဟွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"မြစ်ကမ်းဘေးမှာ ငါးဖမ်းနေတဲ့သူတွေ ရှိတယ်၊ ခဏနေ ငါးသွားဖမ်းမလို့၊ မင်း လိုက်ကြည့်ဦးမလား"
"ငါးဖမ်းမယ် ဟုတ်လား၊ ဒီအချိန် မြစ်ထဲမှာ ရေခဲတွေချည်းပဲ၊ ငါးဖမ်းလို့ ရပါ့မလား" သူမ ကမ္ဘာအဆင့်ဆင့် ကူးပြောင်းဖူးသော်လည်း ကူးပြောင်းသည့် ဘဝတိုင်းတွင် မိသားစုအခြေအနေ ကောင်းမွန်သဖြင့် ကိုယ်တိုင် ငါးမဖမ်းဖူးပေ။ ဒါကြောင့် သွားကြည့်ချင်စိတ် ဖြစ်မိသည်။
"ရေခဲပြင်ကို ထွင်းလိုက်ရင် ဖမ်းလို့ရတယ်"
"ဒါဆို ကျွန်မ လိုက်ခဲ့မယ်လေ" လျန်ဟွမ်း မတ်တတ်ရပ်လိုက်သည်။
လျန်ဟွမ်း၏ အဖြေကို ကြားသောအခါ ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "အင်း... ကိုယ့်ကို ခဏစောင့်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားကာ ခြံဝင်းထဲမှ တုတ်ချောင်းတစ်ချောင်းကို ယူလာပြီး ဓားမဖြင့် တုတ်ချောင်းထိပ်ကို ချွန်လိုက်သည်။ ပြီးမှ လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။ 
"သွားကြစို့"
"ကျွန်မ ရေပုံးတစ်လုံး ယူခဲ့မယ်၊ ခဏနေ ငါးထည့်လို့ရအောင်" လျန်ဟွမ်း ပြောပြီးနောက် မီးဖိုချောင်ထဲမှ အသုံးမလိုသော ရေပုံးတစ်လုံးကို ယူကာ ကျိဟုန်ကျွင်းနှင့်အတူ အပြင်ထွက်လာခဲ့သည်။
မြစ်ကမ်းဘေးတွင် နှစ်သစ်ကူးကာလဖြစ်သောကြောင့် လူသိပ်မများဘဲ ရေခဲထွင်း ငါးဖမ်းနေသူ နှစ်ယောက်၊ သုံးယောက်သာ ရှိသည်။ နှစ်သစ်ကူး ဒုတိယနေ့သည် သမီးမိန်းကလေးများ မိဘအိမ် ပြန်လာကြသည့်နေ့ ဖြစ်သဖြင့် လျန်ဟွမ်း ငါးဖမ်းနေသူများကို ကြည့်လိုက်ရာ သက်လတ်ပိုင်း အမျိုးသားများဖြစ်နေကြသည်။ ထိုသူများသည် နေ့လယ်တွင် သမီးများ ပြန်လာကန်တော့ကြမည်ဖြစ်သဖြင့် သမီးများအတွက် ဟင်းကောင်းကျွေးချင်သောကြောင့် ငါးလာဖမ်းကြခြင်း ဖြစ်လောက်သည်။
ကျိဟုန်ကျွင်းက သစ်သားခက်ရင်းကို ကိုင်ပြီး ရောက်လာသောအခါ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သူ့ခက်ရင်းကို မြင်ပြီး ဘေးမှနေ၍ ဝင်ပြောသည်။ 
"ဟုန်ကျွင်း... မင်းခက်ရင်းက အဆင်မပြေဘူး၊ ငါးတွေက ပါးတယ်၊ သစ်သားခက်ရင်းနဲ့ဆို ထိုးမမိဘူး"
"စမ်းကြည့်တာပေါ့" ကျိဟုန်ကျွင်းက ထိုအမျိုးသားကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
ထိုအမျိုးသားလည်း ကျိဟုန်ကျွင်းကို တစ်ခွန်းပြောရုံသာ ပြောခြင်းဖြစ်ပြီး ကျိဟုန်ကျွင်းက သိပ်ဂရုမစိုက်သည်ကို တွေ့သောအခါ ဆက်မပြောတော့ဘဲ လှည့်ထွက်သွားကာ ရေခဲထွင်းပြီး ငါးဆက်ဖမ်းနေသည်။
ဤအချိန်တွင် မြစ်ထဲမှ ငါးအချို့သည် ရေခဲအောက်တွင် ရှိတတ်ကြသည်။ မြင်ရသော ငါးများကို ဖမ်းမိနိုင်သော်လည်း မြင်ရသော ငါးမှာ မများပေ။ ငါးအများစုမှာ ရေနက်ပိုင်းတွင် ပုန်းအောင်းနေတတ်ကြသည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းနောက်မှ လိုက်လာပြီး ထိုလူများနှင့် ဝေးသော မြစ်ကမ်းဘေးတစ်နေရာသို့ ရောက်လာကြသည်။ ကျိဟုန်ကျွင်းက မြစ်ကမ်းဘေးတွင် ရေခဲထွင်းနေသည်ကို လျန်ဟွမ်းက ဘေးမှနေ၍ ဘယ်လိုထွင်းသလဲဆိုတာ ကြည့်နေလိုက်သည်။
ကျိဟုန်ကျွင်းက လက်အားသန်သည်။ သစ်သားခက်ရင်းကို ကိုင်ကာ အားဖြင့် နှစ်ချက်လောက် ထိုးချလိုက်ရာ ရေခဲပြင် ကွဲအက်သွားပြီး ရေပြင်ပေါ်တွင် အပေါက်တစ်ခု ဖြစ်သွားသည်။
ရေပြင်ပေါ်တွင် အပေါက်ဖြစ်သွားသဖြင့် လေဝင်လေထွက် ရရှိကာ ငါးအချို့သည် လေကောင်းလေသန့် ရရှိမှုကို ခံစားမိပြီး ဤနေရာသို့ အလျင်အမြန် ကူးခတ်လာကြသည်။ ကျိဟုန်ကျွင်း၏ ခက်ရင်းက အလွန်လျင်မြန်စွာပင် ငါးကိုယ်ပေါ်သို့ ကျရောက်သွားသည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ လှုပ်ရှားမှုကို အမြဲ ဂရုစိုက်ကြည့်နေပြီး သူက တစ်ချက်တည်းနှင့် ငါးကို ထိုးမိလိုက်သည်ကို မြင်သောအခါ စိတ်ထဲ အံ့သြသွားသည်။
တော်လိုက်တာ။
"ကျိဟုန်ကျွင်း... ရှင် တကယ် တော်တာပဲ" လျန်ဟွမ်း စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို တစ်ချက်ကြည့်လိုက်သည်။ "အင်း"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ပြန်ဖြေပြီးနောက် ငါးဆက်ဖမ်းနေသည်။ လျန်ဟွမ်းက သူဖမ်းမိသော ငါးကို ရေပုံးထဲ ထည့်လိုက်သည်။ သူမကိုယ်တိုင်လည်း ကျောက်တုံးတစ်တုံး ရှာလိုက်ပြီး ကမ်းစပ်တွင် ထိုင်ကာ ကျိဟုန်ကျွင်း လုပ်သလိုမျိုး ရေခဲထွင်းကြည့်သည်။
လျန်ဟွမ်း ရေခဲထွင်းသည့် နေရာသည် အရင်က လူတစ်ယောက် ထွင်းဖူးသည့်နေရာ ဖြစ်သဖြင့် ပြန်ခဲနေသော ရေခဲမှာ သိပ်မထူပေ။ လျန်ဟွမ်း အချက်အနည်းငယ် ထုလိုက်ရာ ရေခဲ ကွဲသွားပြီး ရေပြင် ပေါ်လာသည်။ လျန်ဟွမ်းက မြစ်ရေထဲသို့ လက်နှိုက်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူမ အမြန် ပြန်ရုတ်လိုက်ရသည်။ အေးလိုက်တာ။ အရမ်း အေးတာပဲ။ ဒီလိုရေထဲ လက်နှိုက်ထားရင် သူမ လက်တွေ ခဲသွားလိမ့်မည်။
"ကျိဟုန်ကျွင်း... ရှင် မနက်က မြစ်ကမ်းဘေးမှာ ဒီတိုင်း အဝတ်လျှော်ခဲ့တာလား"
လျန်ဟွမ်းက ရေခဲပြင်ပေါ် ရပ်နေသော အမျိုးသားကို လှမ်းကြည့်ကာ မေးလိုက်သည်။
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "အင်း"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ လက်ကို ကြည့်လိုက်ရာ လက်ပေါ်တွင် နှင်းကိုက်နာများ ရှိနေပြီး ယခုအချိန်တွင် သူ့လက်များ ရဲနေသည်။
"ကျိဟုန်ကျွင်း... နောက်ဆိုရင် မြစ်ကမ်းဘေးမှာ အဝတ်မလျှော်နဲ့တော့၊ အဝတ်အစားတွေကို ကျွန်မ လျှော်ပေးမယ်၊ ရှင်က မြစ်ရေကို အိမ်သယ်လာပေး၊ ကျွန်မတို့ ရေနွေးကြိုပြီး လျှော်ကြမယ်"
မူလကတည်းက ဆောင်းတွင်းဖြစ်လို့ အေးနေရသည့်အထဲ ရေခဲရေနဲ့ အဝတ်လျှော်ရင် လက်တွေ ပျက်စီးကုန်မှာပေါ့။
ကျိဟုန်ကျွင်း အနည်းငယ် တန့်သွားသည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်း၏ အသံမှာ အနည်းငယ် အက်ရှရှ ဖြစ်နေသည်။ လျန်ဟွမ်း သတိမထားမိပေ။ သူမက ကျိဟုန်ကျွင်း သဘောတူလိုက်သည်ကို ကြားသောအခါ ဆက်ပြောလိုက်သည်။ "ရှင် ရေလာခပ်ရင်လည်း လက်နဲ့ မြစ်ရေကို တိုက်ရိုက် မထိနဲ့၊ မြစ်ရေက အရမ်းအေးတယ်၊ လက်တွေ ခဲကုန်မယ်"
ကျိဟုန်ကျွင်း ရေခဲပြင်ပေါ်တွင် ရပ်နေရင်း နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ ပြုံးလိုက်သည်။ 
"မင်းသဘောအတိုင်းပါ"
ကျိဟုန်ကျွင်း ပြောလိုက်သော စကားလုံးများက နူးညံ့လွန်းပြီး အသံက ဆွဲဆောင်မှု ရှိနေသည်။ လျန်ဟွမ်းက သူ့အဖြေကို ကြားသောအခါ မျက်နှာက အနည်းငယ် ရဲသွားသည်။ ကျိဟုန်ကျွင်းကို ပြန်မပြောတော့ဘဲ သူမ ထွင်းထားသော ရေခဲပေါက်ကို ငုံ့ကြည့်လိုက်သည်။
သူမ ထွင်းလိုက်သော ရေကန်ငယ်ထဲသို့ ငါးလေးအချို့ ကူးခတ်လာကြသည်။ အကောင်သေးသေးလေးများ ဖြစ်ပြီး အအေးဒဏ်ကြောင့် ခဲနေသလား မသိချေ။ ကူးခတ်ရာတွင် ကိုယ်ခန္ဓာက သိပ်မသွက်လက်ပေ။ လျန်ဟွမ်း လက်ဖြင့် ဖမ်းကြည့်လိုက်ရာ ချက်ချင်းပင် ငါးကို ဖမ်းမိလိုက်သည်။ သို့သော် လက်ကတော့ အေးစက်သွားသည်။
လက်ထဲက ငါးကို ကြည့်လိုက် ဒီဘက်ကို ဂရုမစိုက်သော ကျိဟုန်ကျွင်းကို ကြည့်လိုက်နှင့် လျန်ဟွမ်းသည် ငါးကို နေရာလွတ်ထဲရှိ မြစ်ငယ်လေးထဲသို့ အမြန် ထည့်လိုက်သည်။
သူမ၏ နေရာလွတ်ထဲမှ မြစ်ငယ်လေးသည် ကြည်လင်သော်လည်း ငါးတစ်ကောင်မှ မရှိပေ။ ဒီငါးလေး သူမ၏ နေရာလွတ်ထဲ ရောက်သွားလျှင် အသက်ရှင်နိုင်မလား မသိဘူး။
ကျိဟုန်ကျွင်းက ငါးဖမ်းနေပြီး လျန်ဟွမ်းက သူ ဖမ်းမိသော ငါးများကို ရေပုံးထဲ လိုက်ကောက်ထည့်ပေးနေရင်း မသိမသာနှင့် ကျိဟုန်ကျွင်း ငါးဖမ်းမိသည်မှာ လက်ဝါးအရွယ်အစားရှိသော ငါး သုံးကောင် ရနေပြီ ဖြစ်သည်။ နေမြင့်လာပြီဖြစ်ပြီး ရွာထဲမှ မိဘအိမ်ပြန်လာကြသော သမီးများလည်း ပြန်ရောက်လာကြပြီ ဖြစ်သည်။ အိမ်အချို့တွင် မီးခိုးတန်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။
အချိန်တန်ပြီဟု ထင်သဖြင့် ကျိဟုန်ကျွင်းလည်း ငါးဖမ်းရတာ ဗိုက်ဆာလောက်ပြီဟု တွေးမိကာ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ဟုန်ကျွင်း... နေ့လယ်ရောက်တော့မယ်၊ အိမ်ပြန်ကြစို့"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ရေခဲပြင်ပေါ် ရပ်နေသော ကျိဟုန်ကျွင်း၏ လက်က ရုတ်တရက် လှုပ်ရှားသွားပြီး နောက်ထပ် ငါးတစ်ကောင် ထပ်မိသွားသည်ကို တွေ့လိုက်ရသည်။
ဒီငါးက အရင်ဖမ်းမိထားသော ငါးသုံးကောင်ထက် ပိုကြီးသည်။ ငါးကြင်းဖြူ ဖြစ်ပြီး နှစ်ပိဿာလောက် ရှိပုံရသည်။ လျန်ဟွမ်း ထိုငါးကို ကြည့်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။
ငါးကြင်းဖြူက စွပ်ပြုတ်လုပ်သောက်လျှင် အကောင်းဆုံးပဲ။ ခုနက ဖမ်းမိထားသော မြက်စားငါး သုံးကောင်ကလည်း စွပ်ပြုတ်လုပ်လျှင် အရသာရှိသော်လည်း သေးလွန်းသဖြင့် စားမလောက်ပေ။ အခု ဒီငါးကြင်းကြီးပါ ပေါင်းလိုက်ရင် သူတို့ နေ့လယ်စာ ကောင်းကောင်း စားရပြီ။
"ကျိဟုန်ကျွင်း... ကျွန်မတို့ နေ့လယ်စာ ငါးစွပ်ပြုတ် လုပ်သောက်ကြမယ်လေ" ကျိဟုန်ကျွင်း လက်ထဲမှ ငါးကြင်းကြီးကို ကြည့်ပြီး လျန်ဟွမ်း မေးလိုက်သည်။
"ကောင်းပြီ" ကျိဟုန်ကျွင်း၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ငါးကိုကိုင်ကာ လျန်ဟွမ်းဘေးသို့ လျှောက်လာသည်။ ငါးကို လျန်ဟွမ်းဘေးရှိ ရေပုံးထဲ ထည့်လိုက်ပြီး ကျိဟုန်ကျွင်းက ငါးဖမ်းခက်ရင်းကိုကိုင်ကာ ရေပုံးကိုဆွဲပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။
လျန်ဟွမ်းလည်း ချက်ချင်း သူ့နောက်မှ လိုက်ပါသွားသည်။
အပြန်လမ်းတွင် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့သည် ရွာထဲမှ လူများနှင့် တွေ့သဖြင့် နှုတ်ဆက်လိုက်ကြသည်။ ထိုလူများက ထွက်သွားကြသော်လည်း မသွားခင် ကျိဟုန်ကျွင်း လက်ထဲမှ ရေပုံးကို အကြည့်မလွှဲဘဲ ကြည့်သွားကြသည်။
အိမ်ပြန်ရောက်သောအခါ ကျိဟုန်ကျွင်းက ရေစိုနေသော ဘောင်းဘီကို လဲရန် အခန်းထဲ ဝင်သွားပြီး လျန်ဟွမ်းက ရေပုံးကို ဆွဲကာ မီးဖိုချောင်ထဲ ဝင်သွားသည်။ သူမ ငါးသွားဆေးမလို့ ဖြစ်သည်။
ငါးစွပ်ပြုတ်ဆိုလျှင် ချင်း၊ ကြက်သွန်ဖြူ ထည့်ပြီး ရေကြည်ဖြင့် ပြုတ်ကာ ဆား၊ ကြက်သားမှုန့် ထည့်လိုက်လျှင် အရသာက တကယ့်ကို ရှယ်ပင်။
သူတို့အိမ်တွင် ချင်းနှင့် ကြက်သွန်ဖြူ မရှိပေ။ သို့သော် ဒုတိယအဒေါ်အိမ်တွင် ချင်းနှင့် ကြက်သွန်ဖြူ ရှိသည်။ မနေ့ နေ့လယ်က ဒုတိယအဒေါ် ချက်ပြုတ်တုန်းက လျန်ဟွမ်း ကူလုပ်ပေးရင်း ဟင်းချက်ရာတွင် ချင်းနှင့် ကြက်သွန်ဖြူ ထည့်သည်ကို တွေ့ခဲ့ရသည်။ သူတို့ ကိုယ်တိုင် စိုက်ထားသော ကြက်သွန်ဖြူနှင့် ချင်း ဖြစ်လောက်သည်။ ငါးစွပ်ပြုတ်လုပ်ရန် အတော်ပဲ ဖြစ်သော်လည်း ကြက်သွန်မြိတ် မရှိသည်ကတော့ နှမြောစရာပင်။
လျန်ဟွမ်း တွေးနေစဉ် ကျိဟုန်ကျွင်း အခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။ "ဟုန်ကျွင်း... ဒုတိယအဒေါ်ဆီက ချင်းနဲ့ ကြက်သွန်ဖြူ သွားငှားပေးပါလား၊ နေ့လယ် ငါးစွပ်ပြုတ်လုပ်ဖို့ အိမ်မှာ ချင်းနဲ့ ကြက်သွန်ဖြူ မရှိလို့"
"ကောင်းပြီ၊ အခုပဲ သွားလိုက်မယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြံဝင်းထဲမှ ထွက်ခွာသွားပြီး ဒုတိယအဒေါ်အိမ်ဘက်သို့ လျှောက်သွားသည်။
ဒုတိယအဒေါ်အိမ်သို့ ကျိဟုန်ကျွင်း ဝင်သွားချိန်တွင် ကျိဟုန်ယင်းက ခြံဝင်းထဲမှ ထွက်လာသည်နှင့် တိုးမိကြသည်။ ကျိဟုန်ကျွင်းကို မြင်သောအခါ သူမ ချက်ချင်း ပြောလိုက်သည်။
"အစ်ကိုလေး... အဒေါ်ဆီ လာတာလား၊ အမေ ပြောတာတော့ အစ်ကိုတို့ အိမ်ခွဲလိုက်ပြီဆို၊ ဒီမနက် အစ်ကိုတို့အိမ် သွားကြည့်တော့ အိမ်မှာ လူမရှိဘူး၊ အစ်ကိုနဲ့ အစ်မတို့ အစ်မရဲ့ မိဘအိမ် သွားကြတယ် ထင်နေတာ၊ အစ်ကိုက ဒီမှာ ရှိနေတာဆိုတော့ အစ်မအိမ် မသွားကြဘူးလား"
"မသွားဘူး" ကျိဟုန်ကျွင်းက ကျိဟုန်ယင်းကို စကားနှစ်ခွန်းသာ ပြန်ပြောပြီး ဒုတိယအဒေါ်အိမ်ဘက်သို့ အမြန် လျှောက်သွားသည်။
အိမ်မကြီးထဲမှ အသံကြားသဖြင့် ဒုတိယအဒေါ် ထွက်လာသည်။ သူမ ထွက်လာချိန်တွင် ကျိဟုန်ယင်း ထွက်သွားပြီ ဖြစ်သည်။ အရှိန်ဖြင့် လျှောက်လာသော ကျိဟုန်ကျွင်းသာ ကျန်ရစ်သည်။
"ဟုန်ကျွင်း လာပြီလား၊ ခုနက နင့်ညီမနဲ့ တွေ့လိုက်သေးလား"
"အင်း... တွေ့တယ်" ကျိဟုန်ကျွင်းက ဖြေသည်။
ဒုတိယအဒေါ်က သူ့စကားကို ကြားသောအခါ ချက်ချင်း သူ့ကို ဆွဲပြီး အခန်းထဲ ခေါ်သွားသည်။ 
"ဟုန်ကျွင်း... ဟုန်ယင်း ပြောတာတွေကို နားမထောင်နဲ့၊ ငါ ကြည့်ရသလောက် နင့်မိန်းမက လူကောင်းပါ၊ နင့်ညီမက နင့်အမေနဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း၊ သူက နင့်အမေ စကား နားထောင်ပြီး နင့်မိန်းမက မကောင်းဘူး ပြောနေတာ၊ သူကများ နင့်မိန်းမကို မောင်းထုတ်ခိုင်းရင် နားမထောင်နဲ့နော်"
ကျိဟုန်ကျွင်း မျက်နှာ အနည်းငယ် တင်းမာသွားသည်။ "မောင်းမထုတ်ဘူး၊ အဒေါ်... သူ အဒေါ့်ကို ဘာတွေ ပြောသွားလဲ"
…
အခန်း (၂၇)
ကျိဟုန်ကျွင်းက ကြက်သွန်ဖြူနှင့် ချင်းငှားပြီး အိမ်ပြန်ရောက်သောအခါ အိမ်တံခါးဝသို့ ရောက်သည်နှင့် ဘေးအိမ်မှ ရုတ်တရက် ပြေးထွက်လာသော ကျိဟုန်ယင်းက တားလိုက်သည်။
"စတုတ္ထအစ်ကို... အစ်ကို ပြန်လာပြီပဲ၊ ဒီကိုလာပါဦး၊ ကျွန်မ အစ်ကို့ကို ပြောစရာ ရှိလို့"
ကျိဟုန်ယင်းက ပြောပြောဆိုဆိုနှင့် ကျိဟုန်ကျွင်းကို ကျိမိသားစုအိမ်ဝင်းထဲသို့ အတင်း ဆွဲခေါ်ရန် ပြင်လိုက်သည်။
တခြားအိမ်များတွင် မီးဖိုမှ မီးခိုးများ ထွက်နေပြီဖြစ်ပြီး ရွာထဲတွင် အသားဟင်းနံ့များပင် သင်းပျံ့နေပြီ ဖြစ်သော်လည်း သူတို့အိမ်တွင် မီးမမွှေးရသေးပေ။ ကျိဟုန်ကျွင်းက လက်ထဲမှ ချင်းကို ငုံ့ကြည့်လိုက်ပြီး ကျိဟုန်ယင်း၏ လက်ကို ခါချလိုက်သည်။
"ပြောစရာရှိရင် ဒီမှာပဲ ပြော၊ မင်းအစ်မ အိမ်မှာ ငါ့ကို စောင့်နေတယ်"
ကျိဟုန်ယင်းက ကျိဟုန်ကျွင်းဆီမှ လျန်ဟွမ်းအကြောင်း ကြားလိုက်ရသဖြင့် ဒေါသထွက်သွားသည်။ 
"စတုတ္ထအစ်ကို... အစ်ကို ဘာဖြစ်နေတာလဲ၊ အဲဒီမိန်းမအကြောင်း ဘာလို့ ပြောနေတာလဲ၊ အမေ ပြောတာ သူက မိန်းမပျင်း၊ အရိုင်းအစိုင်းမိန်းမတဲ့၊ သူက ကျွန်မ အစ်မ မဟုတ်ဘူး၊ ကျွန်မ သူ့ကို အစ်မ မတော်နိုင်ဘူး၊ အစ်ကို အိမ် မြန်မြန် ပြန်လိုက်ခဲ့"
"ပြီးတော့ စတုတ္ထအစ်ကို... အစ်ကို့ကို ပြောရဦးမယ်၊ အိမ်က အဖေနဲ့အမေ ပိုင်တာလေ၊ အစ်ကိုက ဘယ်လိုလုပ်ပြီး အရှေ့ဘက်ဆောင်ကို ယူပြီး ကိုယ်ပိုင် လုပ်လိုက်ရတာလဲ၊ အဲဒီမိန်းမပျင်းကို မြန်မြန် မောင်းထုတ်လိုက်၊ အိမ်က နံရံကို ဖြိုချပြီး အဖေတို့ အမေတို့နဲ့ အတူတူ ပြန်နေလိုက်တော့"
ကျိဟုန်ယင်းက တရစပ် ပြောဆိုနေသော်လည်း ကျိဟုန်ကျွင်း၏ မျက်လုံးများ အေးစက်လာသည်ကို သတိမထားမိပေ။
ကျိဟုန်ကျွင်းက မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး ကျိဟုန်ယင်းကို အေးစက်စွာ ကြည့်လိုက်သည်။
ကျိဟုန်ယင်းက ကျိဟုန်ကျွင်း ပြန်မဖြေသည်ကို ဂရုမစိုက်ပေ။ သူမ အမြင်တွင် သူမ၏ စတုတ္ထအစ်ကိုက သူမကို အချစ်ဆုံးဖြစ်ပြီး သူမ စကားကို သေချာပေါက် နားထောင်မည်ဟု ထင်နေသည်။
"စတုတ္ထအစ်ကို... အမေ ပြောတယ်၊ အိမ်က ကြက်မကြီးနှစ်ကောင်ကို အဲဒီငပျင်းမက သတ်လိုက်တယ်တဲ့၊ အစ်ကို အိမ်ပြန်ယူလာခဲ့၊ ကျွန်မတို့ အတူတူ စားကြမယ်၊ ပြီးတော့ အမေက ပြောတယ်၊ အစ်ကို ယုန်နှစ်ကောင် ဖမ်းမိထားတယ်ဆို၊ ကျွန်မ အသားမစားရတာ ကြာပြီ၊ တစ်ကောင်လောက် ပေးပါလား၊ ကျွန်မ အိမ်ယူသွားပြီး စားမလို့၊ ကျွန်မ ယောက္ခမက အသားမြင်ရင် ကျွန်မကို အထင်ကြီးမှာ"
ကျိဟုန်ယင်းက ကျိဟုန်ကျွင်း၏ မျက်နှာကို လုံးဝ မကြည့်ဘဲ ကိုယ့်ဘာသာ ပြောချင်ရာ ပြောနေသည်။
ကျိဟုန်ကျွင်းသည် ယခုအချိန်တွင် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ကျိဟုန်ယင်းကို ကြည့်နေပြီး နှုတ်ခမ်းကို ဖွင့်ကာ ရေခဲတမျှ အေးစက်သော အသံဖြင့် ပြောလိုက်သည်။ "ပြောလို့ ပြီးပြီလား"
"ပြောလို့ ပြီးရင် အိမ်ပြန်တော့၊ အရှေ့ဘက်ဆောင်က အခု ငါနဲ့ မင်းအစ်မရဲ့ အိမ် ဖြစ်သွားပြီ၊ နံရံက ငါ ကိုယ်တိုင် စီထားတာ"
သူ ကိုယ်တိုင် စီထားသော နံရံကို ကိုယ်တိုင် ပြန်ဖြိုချစရာ အကြောင်းမရှိချေ။
"အိမ်က အသားကိုလည်း မင်း မမျှော်လင့်နဲ့၊ မင်းက လျိုမိသားစုဝင် ဖြစ်သွားပြီ၊ မင်းအိမ်မှာ တကယ် စားစရာ မရှိတော့လို့ ဆင်းရဲနေရင် မင်းယောက္ခမ လျိုမိသားစုဝင်တွေကို လာပြောခိုင်း၊ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနဲ့ တတိယအစ်ကိုတို့ မင်းကို ဘယ်လောက် ထောက်ပံ့မလဲဆိုတာ ကြည့်ပြီး ငါနဲ့ မင်းအစ်မလည်း လျော့မှာ မဟုတ်ဘူး၊ ပိုတော့ မပေးနိုင်ဘူး"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။
ကျိဟုန်ယင်းက နောက်မှ လိုက်လာရာ ကျိဟုန်ကျွင်းက တံခါးနားတွင် ရပ်ပြီး သူမကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "မင်းအိမ် မင်းပြန်ပြီး ထမင်းသွားစားတော့"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ကျိဟုန်ယင်း ရှေ့မှာပင် တံခါးကို ပိတ်လိုက်ပြီး အတွင်းမှ ကန့်လန့်ချလိုက်သည်။
ကျိဟုန်ယင်း အပြင်မှာ ကျန်ရစ်ခဲ့သည်။ သူမက ကျိဟုန်ကျွင်း၏ အိမ်ထဲ ဝင်ချင်သော်လည်း ဝင်မရတော့ပေ။ ခြေဆောင့်ကာ လျန်ဟွမ်းကို ဆဲဆိုပြီးနောက် ကျိမိသားစုအိမ်သို့ ပြန်ပြေးသွားသည်။
......
ကျိမိသားစုအိမ်တွင် လျိုတုံးလျန်က ယောက္ခမနှင့် ခဲအိုကြီးတို့အား စကားပြောနေစဉ် သူ့မိန်းမ ပြန်ရောက်လာသည်ကို မြင်သောအခါ တန်းမေးလိုက်သည်။ "မင်း စတုတ္ထအစ်ကိုကို သွားခေါ်တာလား၊ စတုတ္ထအစ်ကို မလာဘူးလား"
"မပြောပါနဲ့တော့၊ စတုတ္ထအစ်ကိုက အဲဒီမိန်းမပျင်း ပြုစားတာ ခံလိုက်ရပြီ၊ ကျွန်မက အဲဒီမိန်းမကို မောင်းထုတ်ခိုင်းတာ သူက လက်မခံတဲ့အပြင် ကျွန်မကို တံခါးပိတ်ပြီး အိမ်ထဲ ပေးမဝင်ဘူး" 
ကျိဟုန်ယင်းက ဆဲဆိုရေရွတ်ရင်း ပြောလိုက်သည်။
လျိုတုံးလျန် မျက်မှောင်ကြုတ်သွားသည်။ သူသည် အရပ်ရှည်ပြီး ရုပ်ရည်သန့်ပြန့်ကာ ဖြောင့်မတ်တည်ကြည်သော ပုံစံရှိသည်။ ဝတ်ထားသော အဝတ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေသည်။
မိန်းမဖြစ်သူ၏ စကားကို ကြားသောအခါ လျိုတုံးလျန် လေးနက်စွာ ပြောလိုက်သည်။ "စတုတ္ထအစ်ကိုနဲ့ စတုတ္ထမရီးက လင်မယားတွေလေ၊ သူတို့ ကိစ္စ မင်း ဝင်မပါသင့်ဘူး"
"အဲဒီမိန်းမ ကောင်းရင် ကျွန်မလည်း ဝင်မပါပါဘူး၊ အဲဒီမိန်းမက အရမ်းဆိုးတာ၊ အမေ ပြောတယ်၊ အဲဒီမိန်းမက ကြက်မကြီးနှစ်ကောင်ကို သတ်ပစ်လိုက်တယ်တဲ့၊ စတုတ္ထအစ်ကိုကလည်း ယုန်နှစ်ကောင် ဖမ်းမိထားတယ်တဲ့၊ အိမ်မှာ လူတွေ ဒီလောက်များတာ၊ ကျွန်မတို့ ရောက်နေတာတောင် ကျွန်မတို့ကို လာမကျွေးဘူး၊ စတုတ္ထအစ်ကိုက ကျွန်မလို ညီမတစ်ယောက် ရှိတာကို မေ့သွားပြီလား"
"ကျွန်မ အဲဒီလို မိန်းမမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ ကိုယ်တိုင် ပျင်းတာထားလိုက်တော့၊ ယောက္ခမကိုတောင် ပြန်ရိုက်သေးတယ်၊ အဲဒါ မိန်းမဆိုးပဲ..."
ကျိဟုန်ယင်းက လျန်ဟွမ်း မကောင်းကြောင်း ပြောနေဆဲတွင် ကျိအစ်ကိုကြီးက လျိုတုံးလျန်၏ မျက်နှာပျက်နေသည်ကို မြင်လိုက်ရသဖြင့် ကျိဟုန်ယင်းကို အမြန် ပြောလိုက်သည်။ 
"ဟုန်ယင်း... တော်တော့၊ အမေနဲ့ မင်းအစ်မကြီး မီးဖိုချောင်မှာ ထမင်းချက်နေကြတယ်၊ မင်း သွားကူလုပ်လိုက်ဦး"
မီးဖိုချောင် သွားကူလုပ်ရင် အမေ ဘာဟင်းကောင်းတွေ ချက်နေလဲ မြင်ရမှာပဲ။ ကျိဟုန်ယင်းက လျန်ဟွမ်းအကြောင်း ပြောနေသည်ကို ရပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ကျွန်မ အမေ့ကို သွားကူလိုက်ဦးမယ်"
ကျိဟုန်ယင်း မီးဖိုချောင်သို့ ထွက်သွားသောအခါ ကျိအစ်ကိုကြီးက လျိုတုံးလျန်ဘက် လှည့်ကာ ပြောလိုက်သည်။ "တုံးလျန်... ဟုန်ယင်းက စိတ်ဆတ်ပေမဲ့ စိတ်ရင်းက မဆိုးပါဘူး"
လျိုတုံးလျန်၏ အဖေသည် လျိုမိသားစုရွာ၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် ၁၆ နှစ်သားအရွယ်တွင် စစ်ထဲဝင်ခဲ့ပြီး နှစ်နှစ်အကြာတွင် တပ်မှ ထွက်ခဲ့ရာ စစ်သားတစ်ဦး၏ ကြံ့ခိုင်သော စိတ်ဓာတ်မျိုး ရှိသည်။ ကျိဟုန်ယင်းနှင့် လက်ထပ်ထားသည်မှာ အချိန်တစ်ခု ကြာပြီဖြစ်သည်။ မိန်းမက သူ့ထက် နှစ်နှစ်ငယ်သဖြင့် ပုံမှန် အသေးအဖွဲ့ ကိစ္စလေးများကို အလိုလိုက်သော်လည်း အရေးကြီးသော ကိစ္စများတွင်မူ သူက အတော်လေး တင်းမာသည်။
လျိုတုံးလျန်က ကျိအစ်ကိုကြီးကို မော့ကြည့်လိုက်သည်။ 
"အစ်ကိုကြီး... ကျွန်တော်တို့ လျိုမိသားစုက စားစရာ မရှားပါဘူး၊ နောက်ဆိုရင် ဟုန်ယင်းကို အိမ်မှာ ဘာစားစရာရှိတယ်ဆိုတာမျိုး မပြောဖို့ အဖေနဲ့အမေကို ပြောပေးပါဗျာ"
သူတို့အိမ်တွင် နှံစားပြောင်းရှိလျှင် နှံစားပြောင်းစားမည်။ ဆန်ရှိလျှင် ဆန်စားမည်။ အသားမရှိလျှင် မစားဘဲ နေမည်။ သူများအိမ်က ပစ္စည်းကို မလိုချင်ပါ။
ကျိအစ်ကိုကြီးက မျက်နှပူသွားပြီး ခေါင်းညိတ်လိုက်သည်။ "မင်း စိတ်ချပါ၊ အဖေနဲ့အမေကို ငါ ပြောလိုက်ပါ့မယ်"
......
ကျိဟုန်ကျွင်း အိမ်ပြန်ရောက်သောအခါ လျန်ဟွမ်းသည် ငါးကို ကိုင်တွယ်ပြီးနေပြီ ဖြစ်သည်။ ငါးကိုယ်ပေါ်တွင် ဓားရာပေးပြီး ဆားနယ်ထားလိုက်သည်။
ကျိဟုန်ကျွင်း အပြင်မှ ဝင်လာသည်ကို မြင်သောအခါ သူမ မော့ကြည့်လိုက်သည်။ "ပြန်လာပြီလား"
"အင်း... မင်းလိုချင်တဲ့ ချင်းနဲ့ ကြက်သွန်ဖြူ" ကျိဟုန်ကျွင်းက ပြောရင်း ချင်းနှင့် ကြက်သွန်ဖြူကို လျန်ဟွမ်း ရှေ့ရှိ စဉ်းတီတုံးပေါ် တင်ပေးလိုက်သည်။
"ကြက်သွန်ဖြူ ခွာပေးပါလား" အခွံမခွာရသေးသော ကြက်သွန်ဖြူကို ကြည့်ပြီး လျန်ဟွမ်း တည်ငြိမ်စွာ ခိုင်းလိုက်သည်။
ကျိဟုန်ကျွင်းက ကြက်သွန်ဖြူကို ယူလိုက်ပြီး ကြမ်းပြင်ပေါ် ထိုင်ကာ ကြက်သွန်ဖြူ ခွာပေးသည်။ လျန်ဟွမ်းက သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်သည်။ ကျိဟုန်ကျွင်း ယူလာပေးသော ချင်းကို ယူကာ ရေဆေးပြီး ပါးပါးလှီး၍ စဉ်းတီတုံးပေါ်တွင် အဆင်သင့် ထားလိုက်သည်။
ကျိဟုန်ကျွင်းက ကြက်သွန်ဖြူ ခွာပြီးသောအခါ လျန်ဟွမ်းက ယူလိုက်ပြီး ပါးပါးလှီးကာ ချင်းပြားများနှင့်အတူ ထားလိုက်သည်။ ထို့နောက် နာနတ်ပွင့်နှင့် ငရုတ်ကောင်းစေ့တို့ကို ဆေးကြောပြီး စဉ်းတီတုံးပေါ် တင်ထားလိုက်သည်။
ငါးစွပ်ပြုတ်လုပ်ရန် အဆင်သင့် ဖြစ်သွားပြီမို့ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။ 
"မီးမွှေးပေးပါ၊ ကျွန်မ ငါးစွပ်ပြုတ် လုပ်တော့မယ်"
"အင်း" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး မီးဖိုနောက်သို့ သွားကာ မီးခြစ်ယူပြီး မီးမွှေးလိုက်သည်။
ဒယ်အိုးပူလာသောအခါ လျန်ဟွမ်းက ဝက်ဆီ ထည့်လိုက်သည်။ ဆီပူလာသောအခါ ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်ရာ မွှေးကြိုင်သော အနံ့ ထွက်ပေါ်လာသည်။ ထို့နောက် ငါးကို ထည့်ပြီး ကြော်လိုက်သည်။ ငါး၏ နှစ်ဖက်စလုံး ရွှေအိုရောင် သန်းလာသောအခါ ရေအေး ထည့်ပြီး စွပ်ပြုတ် တည်လိုက်သည်။
......
လျန်မိသားစုရွာ၊ လျန်မိသားစုအိမ်။ အမေလျန်သည် အပြင်သို့ ခေါင်းတမော့မော့ဖြင့် ကြည့်နေသည်။ တခြားအိမ်မှ သမီးများ ပြန်ရောက်နေကြပြီ ဖြစ်သော်လည်း သူတို့အိမ်မှ သမီးမှာ အရိပ်အယောင်ပင် မတွေ့ရပေ။ သူမက နောက်လှည့်ပြီး အဖေလျန်ကို ညည်းညူလိုက်သည်။
"ကြည့်ရတာ သမီးကြီးကတော့ အထက်စီး ဆန်နေပြီ၊ ဟိုတစ်ခေါက် သူ့အိမ် သွားတုန်းကလည်း ငါ့ကို အသားဟင်း မကျွေးဘဲ မောင်းထုတ်တယ်၊ အခု နှစ်သစ်ကူးလည်း အိမ်ပြန်မလာဘူး၊ အိမ်ကို ပစ္စည်း ပြန်မပေးချင်လို့ နေမှာပေါ့"
အဖေလျန်က ဆေးတံကို ကိုင်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ "မင်း သွားကြည့်လိုက်ပါဦး၊ သမက်နဲ့ တွေ့ရင် ပြောလိုက်အုံး၊ မိဘဆိုတော့ သူများ သမီးနဲ့သမက်တွေ အိမ်ပြန်လာကြတာ မြင်ပြီး ကိုယ့်သမီး ပြန်မလာလို့ စိတ်ပူနေတယ်လို့ "
"အေး... ငါ သွားကြည့်လိုက်မယ်၊ အဲဒီကောင်မလေး မလာတာ အိမ်မှာ ဘာလုပ်နေလဲ မသိဘူး၊ ငါတို့ကို ရှောင်ပြီး ကောင်းတာတွေ စားနေမလား မသိဘူး၊ အဲဒီကောင်မလေး အိမ်မှာ ရှိတုန်းကလည်း အစားမက်ပြီး ပျင်းတာ၊ အိမ်မှာ ကောင်းတာရှိရင် မောင်လေးကို မကျွေးဘဲ သူချည်း ခိုးစားနေတာ"
အမေလျန်က ညည်းညူရင်း အခန်းထဲမှ ထွက်လာပြီး လျန်ဟွမ်းအိမ်သို့ သွားရန် ပြင်လိုက်သည်။
ပေါင်တန့်သည် ပြတင်းပေါက်တွင် ကပ်ပြီး အတွင်းမှ လူများ ပြောစကားကို နားထောင်နေသည်။ အမေလျန် အခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ပြေးသွားပြီး အမေလျန်၏ ပေါင်ကို ဖက်လိုက်သည်။
"အမေ... အစ်မကြီးအိမ် မသွားပါနဲ့၊ ကျွန်တော် မသွားစေချင်ဘူး"
ပေါင်တန့်က ခြေထောက်ကို ဖက်ထားသဖြင့် အမေလျန် သွား၍ မရပေ။ သားကို လက်မပါရက်သဖြင့် ချော့ပြောလိုက်သည်။ "ပေါင်တန့်... လွှတ်လိုက်ဦး၊ အမေ သားအစ်မကြီးအိမ် သွားပြီး သားအတွက် မုန့်ကောင်းကောင်း သွားယူပေးမလို့"
"အမေ ပြန်လာရင် သားကို ကြက်ဥ လုပ်ကျွေးမယ်"
ကြက်ဥ ဟုတ်လား။ ပေါင်တန့် တံတွေး မျိုချလိုက်သည်။
ကြက်ဥက စားကောင်းတယ်။ ဒါပေမဲ့ ကြက်ဥက အသားလောက် မစားကောင်းဘူး။ အစ်မကြီးအိမ်က အသားက မွှေးကြိုင်နေတာပဲ။
အသားအကြောင်း တွေးမိပြီး ပေါင်တန့် အမေလျန်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ 
"မရဘူး အမေ... ကျွန်တော် အမေ အစ်မကြီးအိမ် သွားတာ မကြိုက်ဘူး၊ မသွားပါနဲ့"
ပေါင်တန့်က အမေလျန်၏ ခြေထောက်ကို ဖက်ပြီး ငိုနေသည်။ အမေလျန်ကို လုံးဝ မလွှတ်ပေးပေ။
အဖေလျန် အခန်းထဲမှ သားဖြစ်သူ ငိုသံကြားသဖြင့် သားကို သနားပြီး ထွက်လာသည်။ သားဖြစ်သူ မြေကြီးပေါ် ထိုင်ငိုနေသည်ကို တွေ့သောအခါ အမေလျန်ကို ပြောလိုက်သည်။ 
"တော်ပါတော့ကွာ... ပေါင်တန့်က မသွားစေချင်ရင် မသွားပါနဲ့တော့၊ အာ့ယာကိုပဲ သွားခိုင်းလိုက်တော့"
အာ့ယာကို သွားခိုင်းမည်ဟု ကြားသောအခါ ပေါင်တန့် မျက်လုံးကစားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "မရဘူး... ဒုတိယအစ်မလည်း သွားလို့မရဘူး"
အစ်မကြီးက ပြောထားတယ်။ အိမ်ကလူတွေကို တားပေးရမယ်တဲ့။ အိမ်ကလူတွေကို အစ်မကြီးအိမ် ပေးမသွားရဘူးတဲ့။ ဒါမှ နောက်တစ်ခါ အသားရှိရင် သူ့ကို ကျွေးမှာတဲ့။ အဖေနဲ့အမေ ပြီးတော့ ဒုတိယအစ်မကိုပါ တားထားမှ ဖြစ်မယ်။ မဟုတ်ရင် အစ်မကြီးက သူ့ကို အသားမကျွေးဘဲ နေလိမ့်မယ်။
အစ်မကြီးက သူ့ကို ပေါင်ချန်နဲ့ များများ ဆော့ဖို့လည်း ပြောထားတယ်။ ဒီရက်ပိုင်း သူ ပေါင်ချန်နဲ့ပဲ ဆော့နေတာ။ နောက်တစ်ခါ အစ်မကြီးနဲ့ တွေ့ရင် အစ်မကြီးကို ပြောပြပြီး အသားတောင်းစားရမယ်။
လျန်မိသားစုအိမ်၌ ဖြစ်ပျက်နေသည်များကို လျန်ဟွမ်း မသိပေ။ ယခုအချိန်တွင် သူမ ငါးစွပ်ပြုတ် ချက်ပြီးပြီ ဖြစ်သည်။ ပြင်းထန်သော ငါးဟင်းနံ့က လေနှင့်အတူ ပျံ့လွင့်သွားပြီး လူများကို ဗိုက်ဆာစေသည်။
လျန်ဟွမ်းက ဟင်းရည်ကို ခပ်ထည့်လိုက်ပြီးနောက် ကျိဟုန်ကျွင်းကို ပန်းကန်တစ်လုံး ပေးလိုက်သည်။ သူမကိုယ်တိုင်လည်း ပန်းကန်တစ်လုံး ယူကာ စားပွဲတွင် ထိုင်ပြီး မန်ထိုနှင့်အတူ ငါးစွပ်ပြုတ်ကို သောက်လိုက်သည်။
ဤခေတ်တွင် ငါးများက သဘာဝအတိုင်း ဖြစ်သည်။ မြစ်ရေကလည်း ကြည်လင်သန့်ရှင်းပြီး ညစ်ညမ်းမှု မရှိသဖြင့် ငါးက အလွန် လတ်ဆတ်သည်။ ချက်လိုက်သော ဟင်းရည်မှာ နို့နှစ်ရောင် ပေါက်နေပြီး သောက်လို့ကောင်းရုံသာမက ကြည့်လို့လည်း လှသည်။ လျန်ဟွမ်းက မန်ထိုတစ်လုံးစားပြီး ဟင်းရည် နှစ်ပန်းကန် သောက်ကာ ငါးအသား အများကြီး စားလိုက်မှ ကျေနပ်သွားသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းထက် ပိုစားနိုင်သူ ဖြစ်သည်။ လျန်ဟွမ်း စားပြီးသည်ကို မြင်သောအခါ ဇလုံထဲ ကျန်နေသော ငါးဟင်းရည် သုံးပုံတစ်ပုံခန့်ကို သူ့ရှေ့သို့ ယူလိုက်ပြီး မန်ထို နှစ်လုံးကို ဖဲ့ထည့်ကာ ငါးဟင်းရည်နှင့်ရောပြီး အကုန် စားလိုက်သည်။
စားပြီးသောအခါ ကျိဟုန်ကျွင်းက မျက်လုံးမှေးကာ လျန်ဟွမ်းကို ချီးကျူးလိုက်သည်။ "အရမ်း စားလို့ကောင်းတယ်"
"ရှင် ဖမ်းတဲ့ ငါးက လတ်ဆတ်လို့ပါ" လျန်ဟွမ်းက ကျိဟုန်ကျွင်း မျက်နှာကို ကြည့်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
ကျိဟုန်ကျွင်းသာ ငါးအများကြီး မဖမ်းလာလျှင် သူမလည်း ဒီလောက် ဗိုက်ဝအောင် စားရမည် မဟုတ်ပေ။ ငါးဟင်းရည် မသောက်ရတာ ကြာပြီမို့ ဒီငါးဟင်းရည်က တကယ် သောက်လို့ကောင်းသည်။
"အင်း... နောက်တစ်ခါ ထပ်သွားဖမ်းမယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောသည်။
"ဒါဆို ကျွန်မလည်း လိုက်မယ်" လျန်ဟွမ်း ချက်ချင်း ဝင်ပြောလိုက်သည်။
ပထမလ ၁၅ ရက်ရောက်မှ ရွာထဲတွင် အလုပ်ပြန်ဆင်းရမည် ဖြစ်သည်။ ယခုအချိန်တွင် သူမ အလုပ်ဆင်းစရာ မလိုသေးပေ။ အိမ်တွင် အဝတ်အစား အစုတ်အပြဲ ဖာထေးလိုက် အိမ်မှုကိစ္စ လုပ်လိုက်နှင့် ပျင်းစရာ ကောင်းသည်။ ကျိဟုန်ကျွင်းနှင့်အတူ ငါးသွားဖမ်းရတာ ပျော်စရာ ကောင်းသည်။
"ကောင်းပြီ၊ အတူတူ သွားကြမယ်" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ဒယ်အိုးကို ဆေးလိုက်သည်။
ဒယ်အိုးဆေးပြီးနောက် ကျိဟုန်ကျွင်းက လျန်ဟွမ်းထံ လျှောက်လာသည်။ နှစ်လှမ်းခန့် လျှောက်ပြီးနောက် ရပ်တန့်သွားပြီး သူ့ခြေထောက်ကို ငုံ့ကြည့်ကာ မူလနေရာတွင် ထိုင်နေသော လျန်ဟွမ်းကို မော့ကြည့်လိုက်သည်။
"လျန်ဟွမ်း... မင်း ဖိနပ်ချုပ်တတ်လား"
"ဖိနပ်လား၊ မချုပ်ဖူးဘူး" လျန်ဟွမ်းက ပြောရင်း ကျိဟုန်ကျွင်း၏ ဖိနပ်ကို ကြည့်လိုက်သည်။
ကျိဟုန်ကျွင်း၏ ကောက်ရိုးဖိနပ်မှာ ရွှံ့များ ပေကျံနေပြီး စိုရွှဲနေသည်။ ကောက်ရိုးကြိုးအချို့ ပြတ်နေပြီး ဖနောင့်က ဖိနပ်အပြင်သို့ ထွက်နေသည်။
"အဒေါ်မာက အဝတ်ဖိနပ် ချုပ်နေတာ တွေ့ဖူးတယ်၊ ညနေကျရင် ဘယ်လိုချုပ်လဲ သွားကြည့်လိုက်မယ်၊ ကျွန်မတို့ နှစ်ယောက်စလုံး ကောက်ရိုးဖိနပ်ပဲ ရှိတာဆိုတော့ သွားလာရတာ အဆင်မပြေဘူး၊ အဝတ်ဖိနပ် နှစ်ရံလောက် သွားသင်ပြီး ချုပ်လိုက်မယ်"
ကျိဟုန်ကျွင်း၏ ကောက်ရိုးဖိနပ်က အတော် စုတ်နေပြီ။ သူမ ခြေထောက်က ဖိနပ်ကလည်း ပေါက်နေပြီး သိပ်ကြာကြာ ခံတော့မည် မဟုတ်ပေ။ အခွင့်အရေးရတုန်း ဖိနပ်ချုပ်နည်း သင်ထားတာ မဆိုးဘူး။ သူမ ဒီမှာ နေထိုင်ရတော့မှာဆိုတော့ ဒီကလူတွေက ကိုယ့်ဘာသာ ဖိနပ်လုပ်စီးကြတာ။ ကောက်ရိုးဖိနပ် ရက်တာဖြစ်ဖြစ်၊ အဝတ်ဖိနပ် ချုပ်တာဖြစ်ဖြစ် လုပ်ကြတယ်။ ကောက်ရိုးဖိနပ်က စီးရတာ မသက်သာဘူး။ ဖိနပ်ချုပ်နည်း သင်မယ်ဆိုရင် အဝတ်ဖိနပ်ပဲ သင်တာ ကောင်းမယ်။
"ကောင်းပြီ၊ မင်း သဘောပဲ၊ သင်လို့ရရင် သင်လိုက်၊ သင်လို့ မရရင် အဒေါ်မာကို အကူအညီတောင်းပြီး ချုပ်ခိုင်းလိုက်မယ်၊ ပစ္စည်းတစ်ခုခုနဲ့ လဲပေးလိုက်မယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဟုတ်ပြီ၊ အရင် သင်ကြည့်လိုက်မယ်၊ ရှင် ညနေ အိမ်မှာ ရှိမလား၊ ဒီအချိန်ဆို အဒေါ်မာ ထမင်းစားပြီးလောက်ပြီ၊ အားရင် သူ့အိမ် သွားကြည့်ပြီး ဖိနပ်ချုပ်တဲ့အကြောင်း သွားမေးလိုက်မယ်" 
ဖိနပ်ချုပ်နည်း သင်မည်ဆိုလျှင် မြန်မြန်သင်တာ ကောင်းသည်။ မြန်မြန်ပြီးလျှင် စောစောစီးစီး ဖိနပ်စီးရမည်။
"ရှိတယ်၊ ဒုတိယဦးလေးအိမ် သွားစရာ ရှိတယ်"
"အင်း... ဒါဆို ရှင် ဒုတိယဦးလေးအိမ် သွားလိုက်၊ ကျွန်မ အဒေါ်မာအိမ် သွားလိုက်မယ်" လျန်ဟွမ်း ပြောပြီးသည်နှင့် မီးဖိုချောင်ထဲမှ ထွက်ကာ အဒေါ်မာအိမ်သို့ ထွက်လာခဲ့သည်။
အဒေါ်မာအိမ်သို့ လျန်ဟွမ်း ရောက်မလာခင်မှာပင် ခြံဝင်းထဲမှ စကားပြောသံများ ကြားလိုက်ရသည်။
လျန်ဟွမ်းက ခြေလှမ်းတန့်သွားပြီး ကိုယ့်အိမ်ဝင်းထဲ ပြန်ဝင်လာခဲ့သည်။ သူမ မေ့သွားသည်။ ဒီနေ့က နှစ်သစ်ကူး ဒုတိယနေ့၊ အိမ်တိုင်းက သမီးတွေ မိဘအိမ် ပြန်လာကြသည့်နေ့ ဖြစ်သည်။ အဒေါ်မာအိမ်က သမီးများလည်း ပြန်ရောက်နေလောက်ပြီဖြစ်ရာ ဒီအချိန် သွားနှောင့်ယှက်ရင် မကောင်းဘူးလေ။
လျန်ဟွမ်း အပြင်မှ ပြန်ဝင်လာသောအခါ ကျိဟုန်ကျွင်းက အပြင်ထွက်ရန် ပြင်နေပြီး သူမ ပြန်လာသည်ကို မြင်သောအခါ အံ့သြသွားသည်။ 
"အဒေါ်မာအိမ် မသွားဘူးလား"
"အဒေါ်မာအိမ်က သမီးတွေ ပြန်ရောက်နေကြတယ်၊ ဒီအချိန်သွားပြီး နှောင့်ယှက်လို့ မကောင်းပါဘူး" 
လျန်ဟွမ်းက ပြောရင်း ခြံဝင်းထဲ ဝင်လာခဲ့သည်။
ကျိဟုန်ကျွင်း နှစ်စက္ကန့်ခန့် ငြိမ်သက်သွားပြီးနောက် လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။ 
"ဒုတိယအဒေါ်အိမ် သွားကြစို့၊ ဒုတိယအဒေါ်အိမ်က မေ့ကျားက ကိုယ်ဝန်ရှိနေလို့ နှစ်သစ်ကူး ပြန်မလာဘူးလို့ ပြောထားတယ်၊ ဒုတိယအဒေါ်ကလည်း ဖိနပ်ချုပ်တတ်တယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ သိပ်မစဉ်းစားဘဲ လက်ခံလိုက်သည်။ 
"ကောင်းပြီ၊ ရှင်နဲ့ လိုက်ခဲ့မယ်"
သူမက ဒုတိယအဒေါ်ကို သဘောကျပြီး သူမက သဘောကောင်းသောသူ တစ်ယောက် ဖြစ်သည်။ သူမဆီမှာ ဖိနပ်ချုပ်နည်း သင်ရတာ ရွေးချယ်မှု ကောင်းတစ်ခု ဖြစ်သည်။
လျန်ဟွမ်းက အခန်းထဲ ပြန်ဝင်ပြီး သော့ယူကာ အခန်းတံခါး သော့ခတ်လိုက်ပြီး ကျိဟုန်ကျွင်းနှင့်အတူ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ခြံဝင်းတံခါးကိုလည်း သော့ခတ်လိုက်ပြီး လျန်ဟွမ်းက နောက်လှည့်ကာ ကျိဟုန်ကျွင်းနှင့် ယှဉ်လျက် လျှောက်လာခဲ့သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ရှေ့သို့ နှစ်လှမ်းခန့် လျှောက်လာစဉ် ဘေးဘက်မှ ကျိမိသားစုအိမ် တံခါးပွင့်လာပြီး အမေကျိ၏ ညည်းညူသံကို ကြားလိုက်ရသည်။
"တုံးလျန်... နှစ်သစ်ကူးကြီးကို အိမ်မှာ ဘာကိစ္စ ရှိလို့လဲ၊ စောစောစီးစီး ပြန်သွားကြမလို့လား၊ မင်းနဲ့ ဟုန်ယင်း ခဏလောက် ထပ်နေပါဦးလား"
"မနေတော့ပါဘူး၊ အိမ်မှာ ကိစ္စ ရှိလို့ပါ၊ နောက်တစ်ခါမှ ဟုန်ယင်းကို ခေါ်လာခဲ့ပါ့မယ်" လျိုတုံးလျန် ပြောပြီးသည်နှင့် မပြန်ချင်ဖြစ်နေသော ကျိဟုန်ယင်းကို ဆွဲခေါ်သွားသည်။
ကျိဟုန်ယင်းက မပြန်ချင်သေးဘဲ မိဘအိမ်တွင် ကြာကြာ နေချင်သေးသည်။ လျိုတုံးလျန်က သူမကို ဆွဲခေါ်သွားရာ သူမ ခေါင်းငုံ့ပြီး လမ်းမကြည့်ဘဲ ပါသွားသည်။
လျိုတုံးလျန်က လမ်းကြည့်လျှောက်နေသူ ဖြစ်သည်။ သူ ခေါင်းလှည့်ပြီး ရှေ့ဆက်လျှောက်ရန် ပြင်လိုက်စဉ် ဘေးအိမ်ရှေ့မှ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ကို တွေ့လိုက်ရသည်။
"စတုတ္ထအစ်ကို... စတုတ္ထမရီး" လျိုတုံးလျန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ကျိဟုန်ကျွင်းက သူ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အေး... ပြန်ကြတော့မလို့လား"
"အိမ်မှာ ကိစ္စရှိလို့ ဟုန်ယင်းကို ခေါ်ပြီး အရင် ပြန်တော့မလို့" လျိုတုံးလျန်က လေးနက်စွာ ဖြေသည်။
"ကိစ္စရှိရင် ပြန်ကြလေ၊ ငါနဲ့ မင်းစတုတ္ထမရီးလည်း ကိစ္စရှိလို့ သွားတော့မယ်" ကျိဟုန်ကျွင်းက ပြောရင်း လျန်ဟွမ်း၏ လက်ကို ကိုင်ကာ ရှေ့ဆက်လျှောက်သွားသည်။
ကျိဟုန်ယင်းက လျိုတုံးလျန်နှင့် ကျိဟုန်ကျွင်းတို့ စကားပြောသည်ကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ လျန်ဟွမ်းကို ကြည့်ပြီး မျက်လုံးများ စူးရှသွားသည်။ 
"နင်က လျန်ဟွမ်းလား၊ နင်က မိန်းမပျင်းပဲ၊ နေ့လယ်က ငါ့စတုတ္ထအစ်ကိုကို ငါ့အတွက် အသားမပေးခိုင်းတာ နင် မဟုတ်လား"
လျန်ဟွမ်း "......"
"ရှင် ဘယ်သူလဲ"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း လက်ထပ်စဉ်က ကျိဟုန်ယင်းက ထမင်းတစ်နပ် လာစားပြီး ပြန်သွားခဲ့သဖြင့် လျန်ဟွမ်းနှင့် မတွေ့လိုက်ရပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ကျိဟုန်ယင်းနှင့် ပတ်သက်သော မှတ်ဉာဏ် မရှိသဖြင့် ဒီနေ့မှ လျန်ဟွမ်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ကျိဟုန်ယင်း၏ စကားအရ သူမသည် ကျိဟုန်ကျွင်း၏ ညီမဖြစ်ကြောင်း လျန်ဟွမ်း ခန့်မှန်းမိသည်။ သို့သော် ဤညီမလေးက သူမအပေါ် သဘောထား မကောင်းသဖြင့် သူမလည်း ပြုံးပြနေစရာ မလိုပေ။
ကျိဟုန်ယင်းက လျန်ဟွမ်းကို စိုက်ကြည့်ပြီး ကျိဟုန်ကျွင်းကို ဒေါသတကြီး ပြောလိုက်သည်။ "အစ်ကို... ကြည့်ပါဦး ဒီမိန်းမကို၊ သူ တမင်လုပ်နေတာ၊ ကျွန်မက အစ်ကို့ညီမဆိုတာ သိသိရက်နဲ့ ကျွန်မ ဘယ်သူလဲလို့ မေးနေတယ်"
ကျိဟုန်ကျွင်း၏ မျက်နှာထားက တည်ငြိမ်နေသော်လည်း စူးရှသော မျက်လုံးများက ကျိမိသားစုဝင်များကို ကြည့်လိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင် ပြန်ပေါ်လာသည်။ သူ၏ မျက်နှာထားက ပို၍ တည်သွားသည်။
ကျိဟုန်ယင်းကို အေးစက်စွာ ကြည့်ရင်း ကျိဟုန်ကျွင်း၏ အသံက ရေခဲတမျှ အေးစက်နေသည်။ "မင်းကို ပထမဆုံး တွေ့ဖူးတာလေ၊ မင်းက သူ့ကို အစ်မလို့ မခေါ်တော့ သူလည်း မင်း ဘယ်သူလဲဆိုတာ ဘယ်သိမလဲ"
ကျိဟုန်ယင်းသည် အမေကျိနှင့် အဖေကျိတို့၏ ရတနာလေး ဖြစ်သည်။ သူတို့တွင် သားလေးယောက်၊ သမီးတစ်ယောက်ရှိသော်လည်း သမီးကို မြေးမလေးများကဲ့သို့ လူရာမသွင်းဘဲ မထားပေ။ သမီးအရင်းဖြစ်သဖြင့် လက်ပေါ်တင်ပြီး အလိုလိုက်ထားကြသည်။ ကျိဟုန်ယင်း၏ အစ်ကိုများကလည်း ညီမတစ်ယောက်တည်း ရှိသဖြင့် အလိုလိုက်ကြသည်။
အိမ်သားတွေ အလိုလိုက်ထားသဖြင့် ကျိဟုန်ယင်းက ငယ်ငယ်ကတည်းက ဆိုးသည်။ တစ်မိသားစုလုံး သူ့ကို အလိုလိုက်ရမည်။ အိမ်တွင် ကောင်းတာရှိရင် သူပဲ ရရမည်ဟု ထင်နေသည်။ ကျိဟုန်ကျွင်း၏ ပြန်ပက်သော စကားကို ကြားသောအခါ သူမ ခြေဆောင့်လိုက်သည်။ 
"စတုတ္ထအစ်ကို... အစ်ကိုက ဒီမိန်းမအတွက်နဲ့ ကျွန်မကို ဒီလို ပြောရက်တယ်ပေါ့"
"ထားလိုက်တော့၊ အစ်ကို ကျွန်မကို ပြောတာ ကျွန်မ မမှတ်ထားတော့ဘူး၊ ကျွန်မ အိမ်ပြန်တော့မယ်၊ စတုတ္ထအစ်ကို... အိမ်ပြန်ပြီး ကျွန်မဖို့ အသား သွားယူပေး၊ အမေ ပြောတယ် ယုန်သားက စားလို့ကောင်းတယ်တဲ့"
သူမ အသားစားချင်သည်။ အမေက နေ့လယ်တုန်းက ဝက်ဆီဖတ်နှင့် မုန်ညင်းဖြူဟင်း ချက်ကျွေးသည်။ ဟင်းထဲတွင် ဝက်ဆီဖတ် အနည်းငယ်သာ ပါပြီး သူမ နှစ်ဖတ်လောက်သာ စားလိုက်ရသည်။ သူမ အိမ်ထဲတွင် ထမင်းစားနေစဉ် စတုတ္ထအစ်ကိုအိမ်မှ ငါးဟင်းနံ့ကို ရနေသည်။ စတုတ္ထအစ်ကိုအိမ်က ဟင်းက စားချင်စရာကောင်းလိုက်တာ။ တုံးလျန်က သူမကို သွားခွင့်မပေးဘူး။
ကျိဟုန်ကျွင်း၏ ညီမက အသားတောင်းနေသည်။ ကျိဟုန်ယင်းဘေးတွင် ရပ်နေသော လျိုတုံးလျန်၏ မျက်နှာ ချက်ချင်း ပျက်သွားပြီး မည်းမှောင်သွားသည်။
လျန်ဟွမ်းက မျက်ခုံးပင့်ကာ ကျိဟုန်ယင်းကို ကြည့်လိုက်သည်။ နောက်ထပ် သူမအိမ်က အသားကို လိုချင်သူ တစ်ယောက် ရောက်လာပြန်ပြီ။ သူမအိမ်က အသားတွေက ကျိဟုန်ကျွင်း ပိုင်တာ။ ပေးမလား မပေးဘူးလားဆိုတာ ကျိဟုန်ကျွင်း ဆုံးဖြတ်လိမ့်မယ်။ ဒါပေမဲ့ ပေးမယ်ဆိုရင်လည်း သူမက ကျိဟုန်ကျွင်းအပေါ် ကောင်းတဲ့သူကိုပဲ ပေးစေချင်တယ်။ ကျိဟုန်ကျွင်း ညီမက ကြည့်ရတာ ရိုင်းစိုင်းပြီး ဆိုးသွမ်းမဲ့ပုံပဲ။ ကျိဟုန်ကျွင်းအပေါ်လည်း သံယောဇဉ်ရှိမဲ့ပုံမပေါ်ဘူး။ ကျိဟုန်ကျွင်းဆီက အကျိုးအမြတ် လိုချင်ရုံ သက်သက်ပဲ နေမှာ။
ကျိဟုန်ကျွင်း၏ ညီမက အသားတောင်းနေသည်ကို လျန်ဟွမ်း ဘေးမှနေ၍ ဘာမှမပြောဘဲ ကျိဟုန်ကျွင်း ဖြေရှင်းရန် ထားလိုက်သည်။
ကျိဟုန်ကျွင်း မျက်နှာတည်သွားပြီး ကျိဟုန်ယင်းကို ကြည့်လိုက်သည်။ "မင်းအိမ်မှာ စားစရာ မရှိတော့ဘူးလား"
လျိုတုံးလျန်က ကျိဟုန်ယင်းကို သူ့နောက်သို့ ဆွဲပို့လိုက်ပြီး ကျိဟုန်ကျွင်းကို ပြောလိုက်သည်။ 
"စတုတ္ထအစ်ကို... အိမ်မှာ စားစရာ လောက်ပါတယ်၊ အသားလည်း ရှိတယ်၊ အချိန်မစောတော့ဘူး၊ ကျွန်တော် ဟုန်ယင်းကို ခေါ်ပြီး ပြန်တော့မယ်"
လျိုတုံးလျန်က စစ်ထဲ ဝင်ခဲ့ဖူးသူဖြစ်၍ ခွန်အား ကြီးသည်။ ပြောပြီးသည်နှင့် ကျိဟုန်ယင်းကို ဆွဲကာ ရှေ့ဆက်လျှောက်သွားသည်။
ကျိဟုန်ယင်းက ဆူပူအော်ဟစ်ပြီး မသွားချင်ဘူး လုပ်နေသော်လည်း လျိုတုံးလျန်က ရပ်ပြီး ကျိဟုန်ယင်းကို တစ်စုံတစ်ခု ပြောလိုက်သည်ကို လျန်ဟွမ်း အဝေးမှ လှမ်းမြင်လိုက်ရသည်။ ချက်ချင်းပင် သူမ မအော်တော့ဘဲ ကျိဟုန်ယင်းနောက်သို့ လိုက်ပါသွားသည်။
ကျိဟုန်ယင်းနှင့် လျိုတုံးလျန် ထွက်သွားသောအခါ အမေကျိက လျန်ဟွမ်းကို စိုက်ကြည့်လိုက်သည်။ 
"မိန်းမယုတ်"

လျန်ဟွမ်းကို ဆဲပြီးသည်နှင့် မကျေနပ်သေးဘဲ ကျိဟုန်ကျွင်းကိုပါ စောင်းမြောင်းပြောလိုက်သည်။ "ကျေးဇူးကန်းတဲ့ အကောင်"
အမေကျိ ပြောပြီးသည်နှင့် ကျိမိသားစုအိမ်ဝင်းထဲသို့ ပြန်ဝင်သွားသည်။ သူမ မေ့မသွားပါ။ အဘိုးကြီးက မှာထားတယ်။ စတုတ္ထတို့ လင်မယားကို သွားမရှုပ်နဲ့တဲ့။
ကျိအစ်ကိုကြီးက ဘေးတွင် အနေခက်စွာ ရပ်နေပြီး လက်ကိုပွတ်ကာ ရိုးသားစွာ ပြောလိုက်သည်။ 
"ဟို... စတုတ္ထနဲ့ စတုတ္ထမိန်းမ... အမေက စကားပြောတာ အဲဒီလိုပဲ၊ စိတ်မဆိုးပါနဲ့"
ကျိဟုန်ကျွင်းက ကျိအစ်ကိုကြီး၏ စကားကို ပြန်မဖြေဘဲ တည်ငြိမ်စွာ မေးလိုက်သည်။ "အစ်ကိုကြီး ကိစ္စ ရှိသေးလား"
"မရှိတော့ပါဘူး၊ မရှိတော့ပါဘူး၊ ငါ အိမ်ပြန်တော့မယ်" ကျိအစ်ကိုကြီး ပြောပြီးသည်နှင့် အိမ်ပြန်သွားသည်။
ကျိမိသားစုဝင်များ ထွက်သွားကြသောအခါ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ဒုတိယအဒေါ်အိမ်ဘက်သို့ ယှဉ်တွဲ လျှောက်လာကြသည်။
ကျိဟုန်ကျွင်းဘေးတွင် လျှောက်ရင်း အမေကျိ၏ ကျိဟုန်ကျွင်းအပေါ် ဆက်ဆံပုံကို တွေးမိကာ လျန်ဟွမ်း တိုးတိုး မေးလိုက်သည်။ "ကျိဟုန်ကျွင်း... ရှင့်အမေက အရင်း ဟုတ်ရဲ့လား"
ဒီကို ရောက်လာတာ ဆယ်ရက်လောက် ရှိပြီ။ ကျိမိသားစုအိမ်က နေ့တိုင်း ဆူညံနေတတ်သည်။ သူတို့၏ အသံကျယ်ကျယ် ပြောဆိုသံများအရ အမေကျိက ဒုတိယမိသားစုကို ဘက်လိုက်ကြောင်း သူမ သိလိုက်ရသည်။ သို့သော် ဒုတိယမိသားစုကို ဘက်လိုက်သော်လည်း ကျိအစ်ကိုကြီးနှင့် ကျိတတိယသားတို့ကို ကျေးဇူးကန်းတဲ့အကောင်တွေ ဘာတွေ မဆဲပေ။
ကျိဟုန်ကျွင်းကျတော့ နားထောင်ရခက်တဲ့ စကားလုံးတွေနဲ့ ဆဲဆိုတတ်ပြီး ကျိဟုန်ကျွင်း သေမလိုဖြစ်တုန်းကလည်း လုံးဝ ဂရုမစိုက်တဲ့ ပုံစံမျိုးပင်။ သူမ ကြည့်ရတာ ကျိဟုန်ကျွင်းက အမေကျိရဲ့ သား မဟုတ်သလိုပဲ။ အမေကျိက ကျိဟုန်ကျွင်းကို ဆဲတဲ့ စကားတွေ၊ ပြီးတော့ ကျိဟုန်ကျွင်း သေမလိုဖြစ်တုန်းက သဘောထားတွေကို ကြည့်ရင် ကျိဟုန်ကျွင်းက အမေကျိရဲ့ သားအရင်း မဟုတ်သလို ခံစားရတယ်။
ကျိဟုန်ကျွင်းက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ ရှေ့ဆက်လျှောက်နေသည်။
"မသိဘူး"
ကျိဟုန်ကျွင်းက စကားသုံးလုံးသာ ဖြေပြီး လျန်ဟွမ်း၏ လက်ကို ကိုင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆက်လျှောက်သွားသည်။
ကျိဟုန်ကျွင်းက လေးလေးနက်နက် လျှောက်သွားနေသည်ကို ကြည့်ပြီး ခုနက ခေါင်းစဉ်ကို ဆက်မဆွေးနွေးချင်တော့သည့်ပုံ ပေါ်သည်။ လျန်ဟွမ်းလည်း ခုနက မေးခွန်းကို ဆက်မမေးတော့ပေ။ ကျိဟုန်ကျွင်းက အမေကျိ၏ သားအရင်း ဟုတ်မဟုတ် သူမ၏ ခေါင်းထဲတွင် စဉ်းစားနေမိသည်။
နေရာလွတ်ထဲက စာအုပ်ကို သူမ ဖတ်ပြီးသွားပြီ။ စာအုပ်ထဲတွင် ကျိဟုန်ကျွင်းက ပထမအခန်းမှာပဲ ပါပြီး နောက်ပိုင်း သူ့အကြောင်း မပါတော့ဘူး။ စာအုပ်ထဲမှာ သူက ကျိမိသားစုရဲ့ သားအရင်း ဟုတ်မဟုတ် မပြောထားဘူး။
ကျိဟုန်ကျွင်းက ခြေတံရှည်သဖြင့် လျှောက်တာ မြန်သည်။ လျန်ဟွမ်းကို ဆွဲခေါ်သွားသဖြင့် ခဏကြာသောအခါ ဒုတိယအဒေါ်အိမ်သို့ ရောက်သွားသည်။
ဒုတိယအဒေါ်အိမ်တွင် ဒုတိယအဒေါ်က ခြံဝင်းထဲ၌ မြေးလေးအတွက် ဝါဂွမ်းအင်္ကျီ ချုပ်နေပြီး ကျန့်ခန်း နှင့် ဒုတိယဦးလေးတို့က ခြံဝင်းထဲတွင် ဝါးတောင်း ယက်နေကြသည်။ ဒုတိယဦးလေးက ယက်ပြီး ကျန့်ခန်းက ဝါးနှီး ကမ်းပေးနေသည်။
ကျိဟုန်ကျွင်း ရောက်လာသည်ကို မြင်သောအခါ ကျန့်ခန်း၏ မျက်လုံးများ တောက်ပသွားသည်။ 
"အစ်ကိုဟုန်ကျွင်း လာပြီ"
ကျန့်ခန်းက ကျိဟုန်ကျွင်းကို နှုတ်ဆက်ပြီးနောက် လျန်ဟွမ်းကို ကြည့်လိုက်သည်။ "မရီး... မင်္ဂလာပါ၊ ကျွန်တော် အိမ်ထဲသွားပြီး ထိုင်ခုံ သွားယူလိုက်မယ်"
ကျိကျန့်ခန်း ပြောပြီးသည်နှင့် သူ့အဖေ၏ အကြည့်ကို ရှောင်ကာ အိမ်ထဲသို့ အမြန် ပြေးဝင်သွားသည်။
အစ်ကိုဟုန်ကျွင်းက တောင်ပေါ်မှာ တောယုန် ဖမ်းမိတယ်တဲ့။ သူ နောက်ဖေးတောင်ဘက် သွားကြည့်ချင်ပေမဲ့ အဖေနဲ့အမေက ပေးမသွားဘဲ အဖေက အိမ်မှာ ဝါးတောင်းယက်တာ ကူလုပ်ခိုင်းထားတယ်။ အခု အစ်ကိုဟုန်ကျွင်း ရောက်လာတော့ သူ အပျင်းထူလို့ ရပြီ။
ဒုတိယဦးလေးက သားဖြစ်သူကို ဂရုမစိုက်ဘဲ ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ 
"လာပြီလား၊ ကော်ပင်း ပြောတာတော့ အိမ်ခွဲတုန်းက မင်းတို့အိမ်မှာ ဝါးတောင်းတောင် မပါဘူးဆို၊ ခဏနေ ဒီတောင်း ပြီးရင် အိမ်ယူသွားလိုက်"
ဒုတိယဦးလေး ပြောနေစဉ် ကျန့်ခန်းက ထိုင်ခုံ ယူလာပြီး ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို တစ်လုံးစီ ပေးလိုက်သည်။
ကျိဟုန်ကျွင်းက ထိုင်ခုံကို ယူပြီး ဒုတိယဦးလေးဘေးတွင် ဝင်ထိုင်လိုက်သည်။ "မလိုပါဘူး၊ ကျွန်တော် ကိုယ့်ဘာသာ ယက်လိုက်မယ်"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ဒုတိယဦးလေး လုပ်သလို ဝါးနှီးယူကာ ဝါးတောင်း ဘယ်လိုယက်သလဲဆိုတာ ဒုတိယဦးလေးကို မေးလိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့် ဒုတိယဦးလေး ဝါးတောင်းယက်သည့်အကြောင်း ဆွေးနွေးနေသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သူမ ထိုင်ခုံတွင် ထိုင်ကာ ခေါင်းလှည့်ပြီး ဒုတိယအဒေါ်ကို ကြည့်လိုက်သည်။
"အဒေါ်... ကျွန်မ ဖိနပ်ချုပ်ချင်လို့၊ အရင်က မချုပ်ဖူးတော့ မလုပ်တတ်ဘူး၊ အဒေါ် သင်ပေးလို့ ရမလား"
ဒုတိယအဒေါ်က ဝါဂွမ်းအင်္ကျီကို ဝါးတောင်းထဲ ထည့်လိုက်ပြီး လျန်ဟွမ်း၏ မျက်နှာကို ပြုံးရွှင်စွာ ကြည့်လိုက်သည်။ "ဟုန်ကျွင်းဖို့ ချုပ်ပေးမလို့မလား၊ ငါ မနေ့က ဟုန်ကျွင်းရဲ့ ကောက်ရိုးဖိနပ် ပေါက်နေတာ မြင်လို့ ညည်းဦးလေးကို သူ့အတွက် တစ်ရံလောက် ယက်ပေးပါဦးလို့ ပြောမလို့၊ ညည်းက သူ့အတွက် အဝတ်ဖိနပ် ချုပ်ပေးမယ်ဆိုတော့ ပိုကောင်းတာပေါ့"
"ဟုန်ကျွင်း ဒီကလေးက အရင်တုန်းက ဆင်းရဲရှာတာ၊ အခု ညည်းနဲ့ လက်ထပ်ပြီးတော့ ကံကောင်းသွားပြီ" လျန်ဟွမ်း၏ လက်ကို ကိုင်ကာ ဒုတိယအဒေါ်က ပြောလိုက်သည်။
လျန်ဟွမ်းက ဒုတိယအဒေါ်၏ စကားကို ကြားသောအခါ မျက်လုံးထောင့်မှ ကျိဟုန်ကျွင်းဘက်သို့ ကြည့်လိုက်သည်။ ကျိဟုန်ကျွင်းက ကံကောင်းတာလား။ သူမလည်း ကံကောင်းတယ်လို့ ထင်ပါတယ်။ ကျိဟုန်ကျွင်းက အလုပ်လုပ်နိုင်တယ်။ အသားဟင်း ရှာကျွေးနိုင်တယ်။
ကျိဟုန်ကျွင်း၏ ဘေးတိုက်မျက်နှာကို ကြည့်ရင်း လျန်ဟွမ်း ကြည့်လို့ မဝနိုင် ဖြစ်နေသည်။
ကျိဟုန်ကျွင်းက ဘေးတိုက်ကြည့်ရင် အရမ်း ခန့်ညားပြီး ကြည့်လို့ကောင်းတယ်။
…
အခန်း (၂၈)
လျန်ဟွမ်းသည် အစပထမတွင် ကျိဟုန်ကျွင်းကို ခိုးကြည့်နေသော်လည်း နောက်ပိုင်းတွင် သတ္တိရှိလာကာ ကိုယ်ကိုစောင်း၍ ကျိဟုန်ကျွင်းကို တည့်တည့်ကြည့်လိုက်သည်။
သူမ ကြည့်နေသည်မှာ ကြာသွားသဖြင့် ကျိဟုန်ကျွင်းသည် ဒုတိယဦးလေးနှင့် စကားပြောနေသည့် ပုံစံကို ဆက်မထိန်းထားတော့ဘဲ ကိုယ်ကိုလှည့်ကာ လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင်လှည့်လိုက်သည်။
"ဟွမ်းဟွမ်း၊ ကိစ္စရှိလို့လား"
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ အမည်ပြောင်ကို ခေါ်လိုက်သည်။ သူ၏ အသံမှာ ဆွဲဆောင်မှု ရှိနေသဖြင့် လျန်ဟွမ်း၏ နားရွက်ဖျားလေးများ နီရဲသွားကာ ချက်ချင်း ကိုယ်ကို လှည့်လိုက်သည်။
"အင်း၊ မရှိပါဘူး၊ ရှင် ဖိနပ်ဆိုဒ် ဘယ်လောက်စီးလဲလို့ မေးချင်လို့ပါ"
"၄၄ ပါ" ဟု ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
"အော်၊ ဟုတ်ပြီ"
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို ပြန်ပြောပြီးနောက် ခေါင်းကို လှည့်ကာ ဒုတိယဒေါ်လေးကို ကြည့်လိုက်သည်။
ဒုတိယဒေါ်လေးက လျန်ဟွမ်းကို ပြုံးကြည့်နေသည်။
လျန်ဟွမ်းသည် ဒုတိယဒေါ်လေး၏ စနောက်ချင်သော အပြုံးများကို ရှောင်လွှဲရန် ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။
"ဒုတိယဒေါ်လေး၊ ကျွန်မကို ဖိနပ်ချုပ်နည်း သင်ပေးပါလား၊ ဘယ်လို လုပ်ရမလဲဟင်"
"ဖိနပ်ချုပ်တာလား၊ ဖိနပ်အောက်ခံ အရင်ချုပ်ရမယ်၊ သမဝါယမဆိုင်မှာ သွားဝယ်ပြီး တန်းတပ်လိုက်လို့လည်း ရတယ်၊ ဒါပေမဲ့ ဝယ်တဲ့ ဖိနပ်အောက်ခံတွေက ဈေးကြီးတယ်၊ ကိုယ်တိုင်ချုပ်တာလောက် မခိုင်ဘူး၊ အိမ်မှာ ဒုတိယဦးလေးအတွက် ချုပ်ထားတဲ့ ဖိနပ်အောက်ခံ အပိုရှိတယ်၊ သူ့ခြေထောက်က ဟုန်ကျွင်း ခြေထောက်နဲ့ အတူတူပဲ၊ ဟုန်ကျွင်းကို အရင်ပေးလိုက်မယ်"
ဒုတိယဒေါ်လေးသည် ပြောပြီးသည်နှင့် အိမ်ထဲသို့ ဝင်သွားသည်။
လျန်ဟွမ်းက တားချင်သော်လည်း ကျိဟုန်ကျွင်း၏ စုတ်ပြတ်နေသော ကောက်ရိုးဖိနပ်ကို တွေးမိပြီး မတားတော့ပေ။ ဒုတိယဒေါ်လေး မြို့ပေါ်ပြန်တက်သည့်အခါမှ အသားနည်းနည်း ပေးလိုက်ပြီး ကျေးဇူးဆပ်လိုက်မည်ဟု တွေးလိုက်သည်။
ဒုတိယဒေါ်လေးသည် အခန်းထဲဝင်သွားပြီး မကြာမီ ဖိနပ်အောက်ခံ ယူလာသည်။ အိမ်တွင် ချုပ်ပြီးသား ဖိနပ်အောက်ခံရှိသော်လည်း အဝတ်စ မရှိပေ။ ထို့ကြောင့် သားဖြစ်သူ ကျိကျန့်ခန်းကို အခန်းထဲမှ မဝတ်တော့သည့် အင်္ကျီအစုတ် တစ်ထည် သွားယူခိုင်းလိုက်သည်။
ဖိနပ်အောက်ခံနှင့် အဝတ်စ ရောက်လာသောအခါ ဒုတိယဒေါ်လေးက လျန်ဟွမ်းကို ပြောလိုက်သည်။
"ဟုန်ကျွင်းမိန်းမ၊ ဒီကိုလာ၊ ဒေါ်လေး ဖိနပ်ပုံ ဖော်တာ သင်ပေးမယ်၊ ကြည့်၊ ဒါက အရင်တုန်းက စက္ကူနဲ့ ညှပ်ထားတဲ့ ပုံစံခွက်ပဲ၊ အဝတ်စ တစ်စ ရှာပြီး ပုံစံခွက်အတိုင်း ညှပ်လိုက်ရင် ရပြီ၊ အခုလို ရာသီဥတုက အေးတော့ အဝတ်တစ်ထပ်တည်းနဲ့ မရဘူး၊ ဂွမ်းဖိနပ် လုပ်မှရမှာ၊ ဒါကြောင့် ပုံစံခွက်ညှပ်ရင် လေးခု ညှပ်ရမယ်"
ဒုတိယဒေါ်လေး ပြောသည်ကို လျန်ဟွမ်းက သေချာ နားထောင်နေသည်။ အဝတ်စ ဘယ်လိုညှပ်ရသလဲ၊ ညှပ်ပြီးသား အဝတ်စတွေကို ဂွမ်းခံပြီး ဘယ်လိုချုပ်ရသလဲ ဆိုတာကို ကြည့်နေသည်။
တနေ့လယ်ခင်းလုံး လျန်ဟွမ်းသည် ဒုတိယဒေါ်လေးအိမ်တွင် ဖိနပ်ချုပ်နည်း သင်နေသည်။ ဒုတိယဒေါ်လေးက လက်မှုပညာ ကျွမ်းကျင်ပြီး လက်မြန်သဖြင့် နေ့လယ်ခင်းအတွင်းမှာပင် ဂွမ်းဖိနပ်တစ်ဖက် ပြီးသွားသည်။
လျန်ဟွမ်းက သူမနောက်မှ လိုက်လုပ်သော်လည်း ဖိနပ်ပုံစံခွက်သာ ပြီးသေးသည်။ ဖိနပ်အောက်ခံ မတပ်ရသေးပေ။
နေဝင်ပြီး မိုးချုပ်တော့မည်ဖြစ်ရာ ရွာထဲမှ အိမ်အများစု ထမင်းချက်နေကြပြီ ဖြစ်သည်။ လျန်ဟွမ်းက ပြန်ရန် ပြင်လိုက်သည်။
"ဒေါ်လေး၊ မိုးချုပ်နေပြီ၊ ကျွန်မနဲ့ ဟုန်ကျွင်း အရင် ပြန်တော့မယ်၊ ဒီဖိနပ်ကို အိမ်ပြန်ပြီး ဆက်လုပ်လိုက်မယ်"
"မိုးချုပ်နေပြီပဲ၊ စားပြီးမှ ပြန်ကြပါလား" ဒုတိယဒေါ်လေးက တားသည်။
လျန်ဟွမ်းက ခေါင်းခါလိုက်သည်။
"မစားတော့ပါဘူး၊ အိမ်မှာ မန်ထိုရှိသေးတယ်၊ ဟုန်ကျွင်းနဲ့ အတူ ဆန်ပြုတ်ပြုတ်ပြီး မန်ထိုနွှေးစားလိုက်ရင် ရပါပြီ"
လျန်ဟွမ်းက မနေ့က ယူလာပေးသော မန်ထိုကို သတိရသွားသည်။ အရသာက သိပ်ကောင်းသည်။ လျန်ဟွမ်းက အိမ်ပြန်ပြီး မန်ထိုစားမည်ဟု ပြောသဖြင့် ဒုတိယဒေါ်လေးက ထပ်မတားတော့ဘဲ မှာလိုက်သည်။
"ကောင်းပြီလေ၊ အခု ရေခဲနေပြီဆိုတော့ လမ်းက ချောတယ်၊ ဖြည်းဖြည်း ပြန်ကြနော်"
"ဟုတ်ကဲ့၊ ဒေါ်လေး" လျန်ဟွမ်းက တက်ကြွစွာ ဖြေလိုက်သည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းဘက်ကို အမြဲ အာရုံစိုက်နေသဖြင့် လျန်ဟွမ်း မတ်တတ်ရပ်ကာ ပြန်တော့မည်ကို မြင်သောအခါ သူလည်း ထရပ်လိုက်ပြီး ဒုတိယဦးလေးကို ကြည့်ကာ ပြောလိုက်သည်။
"ဦးလေး၊ ကျွန်တော် ပြန်တော့မယ်"
"အေး၊ ပြန်ကြတော့"
ကျိဟုန်ကျွင်းက ခေါင်းညိတ်ပြပြီး လျန်ဟွမ်းရှိရာသို့ လျှောက်သွားသည်။
ကျိကျန့်ခန်းသည် ကျိဟုန်ကျွင်း ပြန်တော့မည်ကို မြင်သောအခါ ဝါးများကို ဘေးသို့ ပစ်ချကာ ကျိဟုန်ကျွင်း အနားသို့ ပြေးသွားသည်။
"အစ်ကိုဟုန်ကျွင်း၊ ကျွန်တော် အစ်ကို့အိမ် လိုက်လည်လို့ ရမလား"
သူ အိမ်မှာနေပြီး ဝါးခြင်းတောင်း မရက်ချင်ပေ။ အပြင်ထွက်ပြီး တောင်နောက်ဘက် သွားချင်နေသည်။
ကျိကျန့်ခန်းက ပြောပြီးသည်နှင့် သူ့အနောက်မှ ဒုတိယဦးလေးက ခွဲထားသော ဝါးခြမ်းပြားဖြင့် သူ့ကို ရိုက်လိုက်သည်။
"ကောင်စုတ်လေး၊ မင်း ဘယ်မှ မသွားရဘူး၊ အိမ်မှာပဲ နေပြီး အလုပ်ကောင်းကောင်း လုပ်စမ်း"
ကျန့်ခန်းက ခုန်ရှောင်လိုက်ပြီး ဒုတိယဦးလေး၏ ဝါးခြမ်းပြားကို ရှောင်လိုက်သည်။
"အဖေကလည်း၊ ကျွန်တော် လျှောက်သွားမှာ မဟုတ်ပါဘူး၊ အစ်ကိုဟုန်ကျွင်းအိမ်ပဲ သွားလည်မှာပါ၊ အစ်ကိုဟုန်ကျွင်းနဲ့ မတွေ့ရတာ ကြာပြီ၊ စကားပြောချင်လို့ပါဆို၊ မရဘူးလား"
ဒုတိယဦးလေးက ဝါးခြမ်းပြားဖြင့် ထပ်ရိုက်ရန် ပြင်လိုက်စဉ် ကျိဟုန်ကျွင်းက ဝင်ပြောလိုက်သည်။
"ဦးလေး၊ ကျန့်ခန်းကို လိုက်ခဲ့ခိုင်းလိုက်ပါ"
ကျိဟုန်ကျွင်း ဝင်ပြောလိုက်သဖြင့် ဒုတိယဦးလေးက ဝါးခြမ်းပြားကို ဆက်မရိုက်တော့ပေ။ သားဖြစ်သူကို ကြည့်ကာ မှာလိုက်သည်။
"မင်း ဟုန်ကျွင်းအိမ် ရောက်ရင် လျှောက်မပြေးနဲ့၊ အဲဒီမှာပဲ ဆော့၊ အချိန်တန်ရင် ပြန်လာ၊ တောင်နောက်ဘက်ကို မသွားရဘူးနော်"
"ဟုတ်ကဲ့ပါ အဖေ၊ ကျွန်တော် သိပါတယ်"
ကျိကျန့်ခန်းက ဖြေရင်း ကျိဟုန်ကျွင်းဘက်သို့ လျှောက်သွားသည်။ အိမ်ကနေ ထွက်ချင်လွန်းသဖြင့် ဒုတိယဦးလေး စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေသည့်ပုံပင်။
ဒုတိယဦးလေးက ကျိကျန့်ခန်းကို ကျိဟုန်ကျွင်းအိမ် သွားခွင့်ပြုလိုက်သည်ကို မြင်သောအခါ ဒုတိယဒေါ်လေးက မတားတော့ဘဲ အခန်းထဲဝင်ကာ အထုပ်တစ်ထုပ် ယူလာပြီး လျန်ဟွမ်းကို ပေးလိုက်သည်။
"ဟုန်ကျွင်းမိန်းမ၊ ဒါက ပြီးခဲ့တဲ့ နွေဦးတုန်းက လှန်းထားတဲ့ မှိုခြောက်တွေ၊ ညည်းနဲ့ ဟုန်ကျွင်းအိမ်မှာ ရှိမှာ မဟုတ်ဘူး၊ ဒေါ်လေးအိမ်မှာ အများကြီး ကျန်သေးတယ်၊ ဒါလေး ယူသွားပြီး ချက်စားကြ"
ဒုတိယဒေါ်လေးက ပြောရင်းဆိုရင်း လျန်ဟွမ်းလက်ထဲ အတင်း ထိုးထည့်လိုက်သည်။
လျန်ဟွမ်းသည် ဒုတိယဒေါ်လေး ပစ္စည်းယူလာသည်ကို မြင်ကတည်းက ငြင်းဖို့ ပြင်ထားသော်လည်း ဒုတိယဒေါ်လေး၏ စကားကြောင့် ငြင်းမရ ဖြစ်သွားသည်။
မှိုက စားကောင်းသောက်ဖွယ် ဖြစ်သည်။ ဒီနေရာက တောင်တန်းဒေသဖြစ်သဖြင့် မူလပိုင်ရှင်၏ မှတ်ဉာဏ်အရ နွေဦးတွင် မှိုများ ပေါက်တတ်သည်။ သို့သော် ယခုက ဆောင်းတွင်းဖြစ်၍ မှိုမရှိပေ။ ဒုတိယဒေါ်လေးအိမ်တွင် ဒီလောက်ရှိနေသည်မှာ နွေဦးတုန်းက ပင်ပင်ပန်းပန်း ရှာဖွေ သိမ်းဆည်းထားသောကြောင့် ဖြစ်မည်။
ဒါကို အသားနှင့် ချက်စားလျှင် အလွန် ကောင်းသည်။ အိမ်တွင် တောဝက်သား အများကြီး ရှိသေးရာ မှိုနှင့် ရောချက်လိုက်လျှင် အရသာ ရှိမှာ သေချာသည်။
လက်ထဲ ရောက်နေသော မှိုထုပ်ကို ကြည့်ရင်း လျန်ဟွမ်း ပြုံးလိုက်သည်။
"ဒေါ်လေး၊ ဒါဆို ကျွန်မ ယူသွားလိုက်မယ်နော်၊ အိမ်မှာ အသားနည်းနည်း ရှိတာနဲ့ ဘာနဲ့ ချက်ရမလဲ စဉ်းစားနေတာ၊ ဒီမှိုနဲ့ ချက်ရင် ကွက်တိပဲ"
ဒုတိယဒေါ်လေးပေးသည့် မှိုကို ယူသွားပြီး အသားနှင့် ချက်ကာ ဟုန်ကျွင်းကို တစ်ပန်းကန်လောက် လာပို့ခိုင်းရမည်။
"ယူသွားပြီး စားလိုက်၊ ဒေါ်လေးကို အားနာစရာ မလိုပါဘူး" ဟု ဒုတိယဒေါ်လေးက ရယ်မောကာ ပြောသည်။
မှိုထုပ်ကို ကိုင်ရင်း လျန်ဟွမ်းက နှုတ်ဆက်လိုက်သည်။
"ကဲ၊ ဒေါ်လေးရေ၊ ဒါဆို ကျွန်မနဲ့ ဟုန်ကျွင်း ပြန်တော့မယ်နော်"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းနှင့်အတူ လှည့်ထွက်လာသည်။
ကျိကျန့်ခန်းက သူတို့နှစ်ယောက် ရှေ့မှ သွားနေသည်။ သူတို့နှစ်ယောက် အပြင်ထွက်လာသည်ကို မြင်သောအခါ ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ အရင်လျှောက်သွားပြီး အိမ်တံခါးဝနှင့် ဝေးသွားမှ ရပ်ကာ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို စောင့်နေသည်။
အပြန်လမ်းတွင် ကျိကျန့်ခန်း ပါလာသဖြင့် လျန်ဟွမ်းသည် ကျိဟုန်ကျွင်းနှင့် သိပ်စကားမပြောဖြစ်ပေ။ ကျိကျန့်ခန်းက ကျိဟုန်ကျွင်းကို မြို့အကြောင်းတွေ မေးနေသည်ကိုသာ နားထောင်လာသည်။
သုံးယောက်သား လမ်းလျှောက်မြန်သဖြင့် မကြာမီ အိမ်ရောက်လာကြသည်။ အိမ်ရောက်သည်နှင့် လျန်ဟွမ်းက မီးဖိုချောင်ထဲဝင်ကာ ဒုတိယဒေါ်လေးပေးလိုက်သော မှို တစ်ဝက်ကို ရေစိမ်လိုက်ပြီး ကျန်တစ်ဝက်ကို အိမ်မကြီးထဲရှိ ဗီရိုထဲ ထည့်သိမ်းလိုက်သည်။
မှိုကို ဗီရိုထဲ ထည့်ပြီးနောက် လျန်ဟွမ်းသည် တောဝက်သား တစ်ကျင်းခန့် လှီးယူကာ မီးဖိုချောင်ထဲ ဝင်သွားသည်။
ခြံဝင်းထဲတွင် ကျိဟုန်ကျွင်းက ကျိကျန့်ခန်းနှင့် စကားပြောနေသည်။ လျန်ဟွမ်းက မီးဖိုချောင်ထဲ ဝင်သွားသည်ကို မြင်သောအခါ ကျိကျန့်ခန်းကို ပြောလိုက်သည်။
"မင်း အခန်းထဲ သွားထိုင်နေ၊ ငါ မင်းအစ်မကို မီးမွှေးပေးလိုက်ဦးမယ်"
သူတစ်ယောက်တည်း အခန်းထဲ သွားထိုင်ရမည်တဲ့လား။ ကျိကျန့်ခန်း ငြင်းလိုက်သည်။ ကျိဟုန်ကျွင်း မီးဖိုချောင်ဘက် ထွက်သွားသည်ကို မြင်သောအခါ သူလည်း အနောက်မှ လိုက်သွားသည်။
"အစ်ကိုဟုန်ကျွင်း၊ ကျွန်တော် အစ်မကို မီးမွှေးပေးလိုက်မယ်၊ အစ်ကို သွားနားလိုက်"
ကျိကျန့်ခန်းက ပြောရင်း ကျိဟုန်ကျွင်းနောက်မှ မီးဖိုချောင်ထဲ ဝင်သွားသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ဝင်လာသည်ကို မြင်သောအခါ မော့ကြည့်လိုက်သည်။
"လာပြီလား၊ ကွက်တိပဲ မီးမွှေးပေးပါဦး၊ ညစာကို မှိုနဲ့ အသားချက်မယ်၊ ပြီးတော့ ဂေါ်ဖီအချဉ်ကြော်လေး တစ်ခွက် လုပ်မယ်၊ ရမလား"
ကျိဟုန်ကျွင်းက မီးဖိုခုံ နောက်သို့ လျှောက်သွားရင်း တည်ငြိမ်စွာ ဖြေလိုက်သည်။
"မင်းသဘောပဲ လုပ်ပါ"
ကျိကျန့်ခန်းသည် လျန်ဟွမ်း ပြောသည့် ဟင်းလျာများကို ကြားသောအခါ တံတွေး မျိုချလိုက်မိသည်။ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူ့မျက်လုံးက အပူပေးအိပ်ရာပေါ်တွင် စိုက်ထားသော ဟင်းရွက်များကို မြင်သွားသည်။ အပင်ပေါက်လေးများက ကြီးထွားနှုန်း မြန်သည်။ စိုက်ထားတာ တစ်ပတ်လောက်ပဲ ရှိသေးသော်လည်း လက်မဝက်ခန့် ရှိနေပြီ ဖြစ်ရာ နောက်တစ်ပတ်လောက်ဆို စားလို့ရလောက်ပြီ ဖြစ်သည်။
"အစ်ကိုဟုန်ကျွင်း၊ ဒါ... ဒါတွေက ဟင်းရွက်တွေလား"
ကျိကျန့်ခန်းသည် မူလ အပူပေးအိပ်ရာနားသို့ လျှောက်သွားပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
ဆောင်းတွင်းကြီး ဖြစ်သည်။ အပြင်တွင် မြက်ပင်တစ်ပင်မျှ မရှိတော့။ ရေခဲနှင်းထုများနှင့် သစ်ရွက်များ ကြွေကျကုန်ပြီ ဖြစ်သော်လည်း အစ်ကိုဟုန်ကျွင်း၏ မီးဖိုချောင်ထဲတွင်မူ ဟင်းရွက်ခင်းလေး ရှိနေသည်။
ကျိဟုန်ကျွင်းက ကျိကျန့်ခန်း ပြောသော ဟင်းရွက်များကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"အင်း၊ မင်းအစ်မ စိုက်ထားတာ"
လျန်ဟွမ်းသည် အသားလှီးနေသည်။ အဆီအသား မျှတသော တောဝက်သားကို ပါးပါးလှီးကာ ဒယ်အိုးထဲတွင် အရင်ကြော်မည်။ ရွှေညိုရောင်သန်းပြီး အနည်းငယ် ကြွပ်လာမှ မှိုထည့်ပြီး မွှေကြော်မည်။
သူမ အလုပ်ရှုပ်နေစဉ် ကျိကျန့်ခန်း၏ ခေါ်သံကို ကြားလိုက်ရသည်။
"အစ်မ၊ ဒီဟင်းရွက်တွေကို ဘယ်လို စိုက်တာလဲ"
ဆောင်းတွင်းတွင် အိမ်၌ စားစရာဟူ၍ မုန်လာဥနှင့် ဂေါ်ဖီသာ ရှိသည်။ အစ်မတို့အိမ်လိုမျိုး ဟင်းရွက်စိမ်းလေး စိုက်ထားနိုင်လျှင် သိပ်ကောင်းမည်။
လျန်ဟွမ်းက လှည့်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောပြလိုက်သည်။
"အော်၊ ဒါလား၊ ရွာထဲက ပညာတတ်လူငယ်တွေ ပြောတာ ကြားဖူးတယ်၊ ဆောင်းတွင်းမှာလည်း ဟင်းရွက်စိုက်လို့ ရတယ်တဲ့၊ နွေးတဲ့နေရာမှာ စိုက်ရင် ရတယ်တဲ့လေ၊ ငါ့မိဘတွေ ရွာမှာ တောင်ဘက်ပိုင်းက လာတဲ့ ပညာတတ်လူငယ်တွေ ရှိတယ်၊ သူတို့ဆီမှာဆို ဆောင်းတွင်းလည်း စိမ်းစိုနေတာပဲတဲ့၊ ဆောင်းတွင်းလည်း ဟင်းရွက်တွေ အများကြီး စားရတယ်တဲ့၊ တောင်ဘက်ပိုင်းက နွေးလို့ ဆောင်းတွင်း ဟင်းရွက်စိုက်လို့ ရတယ်ဆိုတော့ ငါတို့ဆီမှာလည်း နွေးတဲ့နေရာမှာ စိုက်ရင် ရမလားဆိုပြီး အပူပေးအိပ်ရာပေါ်မှာ စမ်းစိုက်ကြည့်တာ၊ တကယ်ပဲ ပေါက်လာတာပဲ"
"အစ်မ နည်းလမ်းက မိုက်တယ်၊ ကျွန်တော် ပြန်ရင် အမေ့ကို ပြောပြီး စမ်းစိုက်ခိုင်းဦးမယ်"
"ရတာပေါ့၊ စိုက်လို့အောင်မြင်ရင် ဆောင်းတွင်းလည်း ဟင်းရွက်စိမ်း စားရမှာဆိုတော့ ကောင်းတာပေါ့"
လျန်ဟွမ်း ပြောရင်း အသားလှီးပြီးသွားသည်။ သူမက မီးဖိုခုံတွင် ထိုင်နေသော ကျိဟုန်ကျွင်းကို လှည့်ကြည့်လိုက်သည်။
"မီးမွှေးလို့ ရပြီ"
"အင်း"
ကျိဟုန်ကျွင်းက ခေါင်းငုံ့ကာ မီးစတင် မွှေးလိုက်သည်။
ကျိဟုန်ကျွင်း မီးမွှေးလာသည်မှာ ရက်အနည်းငယ် ရှိပြီမို့ ကျွမ်းကျင်လာပုံရသည်။ မီးကို ချက်ချင်း ညှိနိုင်ပြီး မီးဖိုအောက်ရှိ မီးတောက်များက ညီညာကာ အားကောင်းသဖြင့် မကြာမီ ဒယ်အိုး ပူလာသည်။ လျန်ဟွမ်းက ဆီထည့်လိုက်ပြီး ဆီပူလာသောအခါ အသားသုံးထပ်သားများကို ထည့်ကြော်လိုက်သည်။ ဝက်သားက မူလကပင် မွှေးရာ ဒယ်အိုးထဲတွင် ကြော်လိုက်သောအခါ ပို၍ မွှေးပျံ့သွားသည်။ မကြာမီ မွှေးကြိုင်သော အသားနံ့များ ထွက်ပေါ်လာသည်။
ကျိကျန့်ခန်းသည် ဘေးမှနေ၍ အသားနံ့ကို ရှူရှိုက်ကာ တံတွေး မျိုချလိုက်မိသည်။ ဒယ်အိုးထဲမှ အသားများကို ကြည့်ကာ မျက်လုံးများ အရောင်တောက်လာသည်။
လည်ချောင်းတစ်ခုလုံး လှုပ်ရှားသွားပြီး ကျိကျန့်ခန်း တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုဟုန်ကျွင်း၊ အစ်မ၊ ကျွန်တော် အပြင်မှာ သွားစောင့်မယ်နော်"
ကျိကျန့်ခန်း ပြောပြီးသည်နှင့် အပြင်သို့ အမြန်ပြေးထွက်သွားသည်။
လျန်ဟွမ်းက သူ၏ ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်ပြီး ဟင်းဆက်ချက်လိုက်သည်။
လျန်ဟွမ်း ဟင်းချက်တာ မြန်သည်။ မကြာမီ မှိုအသားချက် ကျက်သွားသည်။ ပြီးနောက် ငရုတ်သီးခြောက် နှစ်တောင့်နှင့် ဂေါ်ဖီတစ်ဝက်ကို လှီးကာ ဂေါ်ဖီအချဉ်ကြော် ကြော်လိုက်သည်။ ဟင်းရပြီးနောက် ဆန်ပြုတ်ပြုတ်ရသည်။ ညစာအတွက် ကန်စွန်းဥဆန်ပြုတ် ပြုတ်ပြီး မန်ထိုရှစ်လုံးကို ပေါင်းလိုက်သည်။
ကျိကျန့်ခန်းသည် ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ မီးဖိုချောင်ဘက်သို့ မကြာခဏ လှမ်းကြည့်ပြီး ဟင်းကျက်မကျက် စောင့်မျှော်နေသည်။ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေပြီးနောက် ကျိဟုန်ကျွင်း၏ ခေါ်သံကို ကြားလိုက်ရသည်။
"ကျန့်ခန်း၊ လာခဲ့"
"လာပြီ"
ကျိကျန့်ခန်း ဝမ်းသာအားရ ပြန်ထူးပြီး မီးဖိုချောင်ထဲ ပြေးဝင်သွားသည်။
"အစ်ကိုဟုန်ကျွင်း"
ကျိဟုန်ကျွင်းက မှိုအသားချက် တစ်ပန်းကန်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"အိမ်ပြန်ပြီး ဦးလေးနဲ့ ဒေါ်လေးကို သွားပေးလိုက်၊ ပြီးရင် ပြန်လာခဲ့၊ ညကျရင် မင်းကို အပြင်ခေါ်သွားမယ်"
"အစ်ကိုဟုန်ကျွင်း၊ ကျွန်တော့်ကို အပြင်ခေါ်သွားမလို့လား၊ တကယ်လား"
ကျိကျန့်ခန်း အံ့သြဝမ်းသာ ဖြစ်သွားသည်။
"အင်း"
ကျိဟုန်ကျွင်း၏ အတည်ပြုချက်ကို ရသောအခါ ကျိကျန့်ခန်းသည် ပန်းကန်ကို ကိုင်ကာ ချက်ချင်း ပြေးထွက်သွားသည်။
"အစ်ကိုဟုန်ကျွင်း၊ ကျွန်တော် ခဏနေ ပြန်လာခဲ့မယ်"
ကျိကျန့်ခန်း ပျော်ရွှင်စွာ ပြေးထွက်သွားသည်ကို ကြည့်ပြီး လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မေးလိုက်သည်။
"ရှင် ညကျရင် သူ့ကို ဘယ်ခေါ်သွားမလို့လဲ၊ ဦးလေးနဲ့ ဒေါ်လေးကို ပြောပြထားဖို့ လိုမလား"
"မလိုဘူး၊ ဦးလေး ပြောတာက မနေ့က ယုန်သားစားပြီးကတည်းက ကျန့်ခန်းက တောင်နောက်ဘက် အကြောင်း မေးနေတယ်တဲ့၊ သူ တောင်ပေါ်တက်ချင်နေတာ နေမှာ၊ သူ့ကို တောင်ထိပ်တစ်ပတ်လောက် ခေါ်သွားလိုက်မယ်"
"အင်း၊ ဒါဆို ဂရုစိုက်နော်"
လျန်ဟွမ်း ပြောရင်း ဒယ်အိုးထဲမှ ဆန်ပြုတ်ကို ထည့်လိုက်သည်။
ကျိကျန့်ခန်း အိမ်မှ ပြန်ရောက်လာချိန်တွင် လျန်ဟွမ်းသည် ဟင်းပွဲနှင့် ပန်းကန်များကို စားပွဲပေါ် ပြင်ဆင်ပြီး ဖြစ်သည်။ ကျိကျန့်ခန်း ရောက်လာသည်ကို မြင်သောအခါ ကျိဟုန်ကျွင်းက ပြောလိုက်သည်။
"လာထိုင်"
"ဟုတ်ကဲ့၊ အစ်ကိုဟုန်ကျွင်း"
ကျိကျန့်ခန်းသည် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
စားပွဲပေါ်တွင် အနံ့အရသာနှင့် ပြည့်စုံသော ဟင်းနှစ်ပွဲကို ကျိကျန့်ခန်း ရှေ့တွင် ချထားသည်။ တူကို ကိုင်လိုက်ပြီးနောက် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။
"အစ်မ၊ ကျွန်တော်တို့ စားကြရအောင်၊ အစ်မ ချက်တဲ့ဟင်းက သိပ်မွှေးတာပဲ၊ ကျွန်တော် စားချင်နေပြီ"
ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် လူပျိုပေါက်လေး ဖြစ်သည်။ မြို့တွင် ကျောင်းတက်နေရသူဖြစ်၍ အသားအရေ ဖြူဝင်းပြီး တောတွင် အလုပ်လုပ်သော ကလေးများနှင့် ယှဉ်လျှင် ပို၍ သန့်ပြန့်နေသည်။ လျန်ဟွမ်းက သူ့မျက်နှာပေါ်မှ အပြုံးကို ကြည့်ပြီး ပြန်ပြုံးပြလိုက်သည်။
"အင်း၊ စားကြစို့"
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းက တူကိုင်ပြီး စားမှသာ ကျိကျန့်ခန်းလည်း ဟင်းကို ယူစားသည်။
လျန်ဟွမ်း၏ လက်ရာက ကောင်းမွန်သဖြင့် ကျိကျန့်ခန်း ပထမဆုံးတစ်လုတ် စားလိုက်သည်နှင့် မျက်လုံးများ အရောင်တောက်လာသည်။ လျန်ဟွမ်းကို ချီးကျူးချင်သော်လည်း တစ်ဖက်မှ ကျိဟုန်ကျွင်းက စကားတစ်ခွန်းမှ မပြောဘဲ စားနေသည်ကို မြင်သောအခါ သူလည်း ခေါင်းငုံ့ပြီး သေချာ စားလိုက်သည်။
ညစာကို ကြည်နူးစွာ စားသောက်ပြီးနောက် ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို တောင်ပေါ်ခေါ်သွားမည် ဖြစ်သဖြင့် လျန်ဟွမ်းက သူ့ကို ပန်းကန်ဆေးမခိုင်းတော့ဘဲ ကိုယ်တိုင် ဆေးကြောလိုက်သည်။
လျန်ဟွမ်း ပန်းကန်ဆေးနေချိန်တွင် ကျိဟုန်ကျွင်းသည် ကျိကျန့်ခန်းကို ခေါ်ထုတ်သွားပြီး တောင်နောက်ဘက်သို့ ဦးတည်သွားကြသည်။
ညဘက် အလံနီအုပ်စု၏ ရွာနောက်ဘက်ရှိ တောင်ကြီးမှာ မှောင်မည်းနေသည်။ တောင်ခြေသို့ ရောက်သည်နှင့် လေတိုးသံ တဝေါဝေါကို ကြားနေရသည်။
လမိုက်ည၊ တောနက်ကြီးထဲတွင် ကျိကျန့်ခန်းသည် ကျိဟုန်ကျွင်း နောက်မှ ကပ်လိုက်ပြီး သူ့အင်္ကျီစကို ဆွဲထားသည်။
အင်္ကျီကို ဆွဲထားသည်ကို ကျိဟုန်ကျွင်း သတိထားမိသည်။ သူ လှည့်မကြည့်ဘဲ မေးလိုက်သည်။
"နောက်ဆို တစ်ယောက်တည်း တောင်ပေါ်တက်ချင်သေးလား"
ကျိကျန့်ခန်းက ကျိဟုန်ကျွင်း၏ မေးခွန်းကို မဖြေဘဲ မေးလိုက်သည်။
"အစ်ကိုဟုန်ကျွင်း၊ တောယုန်ကို ဘယ်နားမှာ ဖမ်းလို့ရလဲ"
"ကံကောင်းမှ တွေ့ပြီး ဖမ်းလို့ရတာ၊ မတွေ့ရင် မဖမ်းနိုင်ဘူး"
ကျိဟုန်ကျွင်းက ပြောရင်း ကျိကျန့်ခန်းကို ခေါ်ပြီး တောင်ပေါ် ဆက်တက်သွားသည်။
ညဉ့်နက်လာလေ လေက ပိုကြမ်းလာလေ ဖြစ်သည်။ ကျိကျန့်ခန်းသည် အင်္ကျီကို လုံအောင် စည်းလိုက်သည်။ သူ အလွန် ချမ်းနေပြီ ဖြစ်သဖြင့် ပြန်ချင်လာသည်။
ကျိဟုန်ကျွင်းက ဘာမှမပြောဘဲ ကျိကျန့်ခန်းကို ခေါ်ပြီး တောင်ခါးပန်းတွင် တစ်နာရီခန့် ရှာဖွေနေသည်။ ကျိကျန့်ခန်း၏ ယုန်ဖမ်းချင်သော စိတ်ဆန္ဒများ ပျောက်ဆုံးကုန်ပြီ ဖြစ်သည်။
"အစ်ကိုဟုန်ကျွင်း၊ ဒီနေ့ ယုန်မမိတော့ဘူးလား"
"မဖမ်းချင်တော့ဘူးလား" ကျိဟုန်ကျွင်းက မေးလိုက်သည်။
ကျိကျန့်ခန်း ခေါင်းညိတ်လိုက်သည်။
"ချမ်းတယ်၊ အိမ်ပြန်ကြရအောင်"
သူ အိမ်ပြန်ချင်ပြီ။ အိမ်ပြန်ရောက်ရင် အဖေ့ကို တစ်ယောက်တည်း တောင်ပေါ်တက်မယ်လို့ ဂျီမကျတော့ဘူး။ ဒီတောင်ကြီးက အရမ်း အေးတာပဲ။
"ဒါဆို ပြန်ကြစို့"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့ဆက်လျှောက်သွားသည်။
ရွာထဲ ပြန်ရောက်သောအခါ ကျိဟုန်ကျွင်းသည် ကျိကျန့်ခန်းကို ဒုတိယဦးလေးအိမ်ထိ လိုက်ပို့သည်။ ဒုတိယဦးလေးက တံခါးဖွင့်ပြီး ကျိကျန့်ခန်းကို အိမ်ထဲခေါ်သွားမှ သူ ပြန်လှည့်ထွက်လာသည်။
မှောင်မည်းနေသော ညဉ့်နက်နက်တွင် လူရိပ်မည်းတစ်ခုသည် ရွာလမ်းကြားလေးများကို ဖြတ်သန်းကာ အိမ်ရှိရာသို့ ဦးတည်သွားသည်။ အိမ်ရှေ့ရောက်သောအခါ ကျိဟုန်ကျွင်းသည် အပြင်မှ ခတ်ထားသော သော့ကို ဖွင့်ကာ ခြံထဲဝင်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
တံခါးပိတ်ပြီးနောက် သူသည် အိမ်မကြီးဘက်သို့ ခြေသံလုံလုံဖြင့် လျှောက်သွားသည်။ အိမ်မကြီးတံခါးကို လျန်ဟွမ်းက သော့မခတ်မထားပေ။ ကျိဟုန်ကျွင်းက အခန်းတံခါးကို ဖွဖွလေး ဖွင့်ဝင်လိုက်သည်။
သူ တံခါးဖွင့်လိုက်ချိန်တွင် လရောင် ဖြာကျလာသဖြင့် လျန်ဟွမ်း အလင်းရောင်ကြောင့် အိပ်ရာမှ နိုးလာသည်။ ခုတင်ဘေးတွင် ရပ်နေသော အမျိုးသားကို မြင်သောအခါ လျန်ဟွမ်း နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။
"ကျိဟုန်ကျွင်း၊ ရှင် ပြန်ရောက်ပြီလား"
"အင်း၊ မင်းကို နှိုးမိသွားလား"
ကျိဟုန်ကျွင်း တိုးတိုး ပြောရင်း ခုတင်ခေါင်းရင်းတွင် မတ်တတ်ရပ်ကာ ဖိနပ်ချွတ်လိုက်သည်။
"ကျွန်မလည်း အိပ်ပျော်တာ မကြာသေးပါဘူး၊ ရှင် ဒီနေ့ ပြန်လာတာ စောသားပဲ၊ ညဘက် ဘာရလိုက်လဲ"
လျန်ဟွမ်းက မေးလိုက်ရင်း ကျိဟုန်ကျွင်းက သူမ ကိုယ်ပေါ်မှ စောင်ကို ဆွဲယူကာ အိပ်ရာပေါ် တက်လာသည်ကို မြင်သောအခါ သူမ၏ ခန္ဓာကိုယ် တင်းမာသွားပြီး နံရံဘက်သို့ တိုးကပ်လိုက်သည်။
"ဘာမှ မရပါဘူး၊ ဒီညက ကျန့်ခန်းကို တောင်ပေါ်က အန္တရာယ်များတယ်ဆိုတာ သိအောင် လုပ်ပေးရုံပါပဲ"
ကျိဟုန်ကျွင်း တည်ငြိမ်စွာ ပြောရင်း လျန်ဟွမ်းဘေးတွင် ဝင်လှဲလိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ စကားကို နားမလည်သဖြင့် မေးလိုက်သည်။
"ဘာသဘောလဲ"
"မနေ့က ယုန်သားစားပြီးကတည်းက ကျန့်ခန်းက ငါ့ကို အမဲလိုက်တဲ့အကြောင်း လာမေးတယ်၊ ဒီနေ့ ဒုတိယဦးလေးကလည်း သူ တောင်ပေါ်တက်ပြီး အမဲလိုက်ချင်နေတဲ့အကြောင်း ပြောတယ်၊ ကျန့်ခန်းက စိတ်မြန်ပြီး ခေါင်းမာတယ်၊ သူက ဘာအလုပ်ကြမ်းမှ မလုပ်ဖူးဘူး၊ တောင်ပေါ်တက်ရင် အန္တရာယ် ရှိနိုင်တယ်၊ တောင်ပေါ်မှာ အန္တရာယ်ရှိတယ်ဆိုတာ သိသွားရင် နောက်ဆို သူ သွားတော့မှာ မဟုတ်ဘူး"
ကျိဟုန်ကျွင်း၏ သံလိုက်လို ဆွဲဆောင်မှုရှိသော အသံကို ကြားရသောအခါ လျန်ဟွမ်း၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း လျော့ကျသွားပြီး ကျိဟုန်ကျွင်းဘက်သို့ အနည်းငယ် တိုးသွားမိသည်။
"ရှင်က ကျန့်ခန်းအပေါ် အရမ်းကောင်းတာပဲ"
ဤရက်ပိုင်း အတူနေလာသည်ဖြစ်ရာ သူက အေးစက်စက် နေတတ်သူဆိုတာ သူမ ခံစားမိသည်။ သူက လူတစ်ဖက်သားကို စတင် ကူညီပေးတတ်သည်ကို လျန်ဟွမ်း အံ့သြမိသည်။
ကျိဟုန်ကျွင်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်အချို့ကို ပြန်တွေးကာ ပြောလိုက်သည်။
"ဒုတိယဦးလေး မိသားစုက သဘောကောင်းတယ်"
သူတို့သာ မရှိလျှင် မူလခန္ဓာကိုယ်ပိုင်ရှင် သေဆုံးနေပြီ ဖြစ်သည်။ ဒီခန္ဓာကိုယ်ကို ရယူထားသည့်အတွက် ကျေးဇူးဆပ်သည့်အနေဖြင့် မူလပိုင်ရှင်အပေါ် ကောင်းခဲ့သူများကို ကူညီပေးခြင်း ဖြစ်သည်။
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။
"ဒုတိယဦးလေးနဲ့ ဒေါ်လေးက သဘောကောင်းကြတယ်၊ ကျန့်ခန်းကလည်း လိမ္မာတဲ့ ကလေးပါ"
ကျန့်ခန်းက စိတ်မြန်ပြီး ခေါင်းမာတတ်သော်လည်း ယဉ်ကျေးသိမ်မွေ့သူ ဖြစ်သည်။
"အင်း"
ကျိဟုန်ကျွင်းက တိုးတိုး ဖြေရင်း ခေါင်းကို အနည်းငယ် စောင်းကာ ဘေးနားရှိ လျန်ဟွမ်းကို ကြည့်လိုက်သည်။
လျန်ဟွမ်းက အိပ်ချင်စိတ် မရှိတော့ဘဲ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကျိဟုန်ကျွင်းကို ကြည့်နေသည်။ သူမ၏ မျက်လုံးများက အမှောင်ထဲတွင် အရောင်တောက်နေသည်။ ကျိဟုန်ကျွင်း၏ လက်က ဖြည်းဖြည်းချင်း မြောက်တက်လာပြီး လျန်ဟွမ်း၏ ပါးပြင်ပေါ်သို့ တင်လိုက်သည်။
လျန်ဟွမ်း မျက်တောင်လေးများ လှုပ်ခတ်သွားပြီး မျက်လုံး ပြူးသွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ တစ်ချက်ကလေးမျှ မလှုပ်ရဲတော့ပေ။
ကျိဟုန်ကျွင်းက လျန်ဟွမ်း အနားသို့ တိုးကပ်လာပြီး သူ၏ သြရှရှ အသံ ထွက်ပေါ်လာသည်။
"ဟွမ်းဟွမ်း၊ ကိုယ် မင်းကို နမ်းချင်တယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် လက်ဖြင့် ထောက်ကာ လျန်ဟွမ်း၏ ခေါင်းပေါ်သို့ ငုံ့မိုးလိုက်သည်။
အမှောင်ထဲတွင် လျန်ဟွမ်းသည် သူမ၏ နှလုံးခုန်သံက ဒုန်းဒုန်းဒုန်းဖြင့် ပြင်းထန်စွာ ခုန်နေသည်ကို ကြားနေရသည်။
ကျိဟုန်ကျွင်း၏ နှုတ်ခမ်းက လျန်ဟွမ်း၏ နဖူးပြင်ပေါ်သို့ ကျရောက်သွားသည်။ အတော့်ကို ဖွဖွလေး နမ်းလိုက်ခြင်း ဖြစ်သော်လည်း လျန်ဟွမ်း၏ နှလုံးခုန်နှုန်းကို ပိုမြန်စေသည်။
အနမ်းက ခဏလေး ဖြစ်သည်။ ကျိဟုန်ကျွင်းက မူလနေရာသို့ ပြန်လှဲလိုက်ပြီး သူ့လက်ကို လျန်ဟွမ်း ပခုံးပေါ် တင်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
လျန်ဟွမ်း၏ ပခုံးကို ကျိဟုန်ကျွင်း ဖက်ထားသော်လည်း သူမ ဘာမှ မသိတော့သလို ဖြစ်နေသည်။ သူမ၏ စိတ်အာရုံမှာ နဖူးပေါ်မှ အနမ်းတွင်သာ ကျန်ရစ်နေသည်။
တိတ်ဆိတ်နေပြီး အတော်ကြာမှ လျန်ဟွမ်းက တိုးတိုးလေး ခေါ်လိုက်သည်။
"ကျိဟုန်ကျွင်း"
"ဟင်"
"ရှင် ခုနက ကျွန်မကို နမ်းလိုက်တယ်" လျန်ဟွမ်းက မျက်နှာကြက်ကို ကြည့်ရင်း မေးလိုက်သည်။
ကျိဟုန်ကျွင်းက ဝန်ခံလိုက်သည်။
"အင်း၊ ကိုယ်တို့က လင်မယားတွေလေ၊ နမ်းတာက တရားဝင်တယ်၊ ပုံမှန်ပါပဲ"
ကျိဟုန်ကျွင်း၏ အဖြေက လျန်ဟွမ်း၏ ရင်ထဲသို့ တိုးဝင်သွားသည်။ သူတို့က လင်မယားတွေ။ နမ်းတာက တရားဝင်တယ်။ ပုံမှန်ပါပဲတဲ့။
လျန်ဟွမ်း စကားဆက်မပြောတော့ဘဲ မျက်လုံးမှိတ်ကာ အိပ်ပျော်အောင် ကြိုးစားလိုက်သည်။
လျန်ဟွမ်းဘေးတွင် ကျိဟုန်ကျွင်း၏ မျက်လုံးများက အမှောင်ထဲတွင် တောက်ပနေသည်။ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေသော မိန်းကလေးကို လှည့်ကြည့်လိုက်ပြီး အကြည့်များ နက်ရှိုင်းသွားသည်။
ကမ္ဘာပျက်ကပ်တွင် သူ တစ်ယောက်တည်း ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသည်။ အဖော်ရှိတာက တကယ် မတူဘူးပဲ။ နွေးထွေးတယ်...။
နောက်တစ်နေ့ မိုးလင်းသွားသောအခါမှ လျန်ဟွမ်း အိပ်ရာနိုးလာသည်။ နိုးနိုးချင်းမှာပင် ဘေးနားမှ အနွေးဓာတ်ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်းကို တွေ့လိုက်ရသည်။ သူမက ကျိဟုန်ကျွင်း ရင်ခွင်ထဲ ဝင်အိပ်နေမိတာလား။
လျန်ဟွမ်းက ကိုယ်ကို ဖြည်းဖြည်းချင်း ရွှေ့ကာ ကျိဟုန်ကျွင်း ရင်ခွင်ထဲမှ ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ လှုပ်လိုက်သည်နှင့် ကျိဟုန်ကျွင်းက မျက်လုံးပွင့်လာသည်။
ကျိဟုန်ကျွင်း၏ မျက်လုံးများက ကြည်လင်နေပြီး အိပ်ရာနိုးကာစ ပုံစံ လုံးဝ မပေါက်ပေ။
"ရှင်... နိုးနေတာ ကြာပြီလား"
ကျိဟုန်ကျွင်း မငြင်းပေ။
"မင်းထက် နည်းနည်း စောတယ်"
ကျိဟုန်ကျွင်း ပြောရင်း သဘာဝကျကျပင် သူ၏ ဂွမ်းအင်္ကျီကို ယူဝတ်ကာ အိပ်ရာထလိုက်သည်။
ကျိဟုန်ကျွင်း၏ အပြုအမူများက ပုံမှန်အတိုင်းပင် ဖြစ်ပြီး မျက်နှာပေါ်တွင် ထူးခြားမှု မရှိပေ။ လျန်ဟွမ်းက သူ ပုံမှန်အတိုင်း ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲမှ ရှက်ရွံ့နေမှုများကို ဖိနှိပ်လိုက်ပြီး ပုံမှန်အတိုင်း အိပ်ရာထ၊ မျက်နှာသစ်ကာ မီးဖိုချောင်ဝင်ပြီး ထမင်းချက်လိုက်သည်။
ကျိဟုန်ကျွင်းက အိမ်တံခါး သွားဖွင့်ပြီး မျက်နှာသစ်ကာ မီးဖိုချောင်တွင် လျန်ဟွမ်းကို မီးကူမွှေးပေးသည်။
လျန်ဟွမ်းက ထမင်းချက်ပြီး ကျိဟုန်ကျွင်းက မီးမွှေးကြသည်။ သူတို့နှစ်ယောက် အကျင့် ဖြစ်နေကြပြီဖြစ်သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက ဒီနေ့ အိပ်ရာထ နောက်ကျသဖြင့် သူတို့ ထမင်းချက်နေချိန်တွင် ရွာထဲမှ လူအများစု ထမင်းစားပြီးကြပြီ ဖြစ်သည်။ ဒုတိယဒေါ်လေးတို့ မိသားစုလည်း စားပြီးကြပြီ။
ဒုတိယဒေါ်လေးအိမ်တွင် ထမင်းစားပြီးနောက် ကျိကျန့်ခန်းက လျန်ဟွမ်းတို့အိမ်တွင် ဟင်းရွက်စိုက်သည့်ကိစ္စကို ပြောပြသည်။
"အမေ၊ အစ်ကိုဟုန်ကျွင်းအိမ်က မီးဖိုချောင်ထဲမှာ ဟင်းရွက်တွေ စိုက်ထားတယ်၊ ဟင်းရွက်တွေက သိပ်ဖြစ်ထွန်းတာပဲ၊ ကျွန်တော် မနေ့က အစ်ကိုဟုန်ကျွင်းနဲ့ အစ်မကို ပြောခဲ့တယ်၊ အမေ သွားကြည့်ပြီး ဘယ်လိုစိုက်လဲ မေးကြည့်ပါလား၊ ကျွန်တော်တို့လည်း မီးဖိုချောင်ထဲ စိုက်ကြမယ်လေ"
ဒုတိယဦးလေးနှင့် ဒုတိယဒေါ်လေးတို့သည် ကျိကျန့်ခန်း ပြောစကားကို ကြားသောအခါ လက်ထဲမှ အလုပ်များကို ရပ်လိုက်ကြသည်။
"ဆောင်းတွင်းကြီး ဘယ်လိုလုပ် ဟင်းရွက်စိုက်လို့ ရမှာလဲ၊ ငါ အသက် ဒီလောက်ကြီးပြီ၊ ဒီမှာ ဆောင်းတွင်း ဟင်းရွက်စိုက်လို့ရတာ မမြင်ဖူးပါဘူး၊ တောင်ဘက်ပိုင်းမှာတော့ ရတယ်လို့ ကြားဖူးတယ်" 
ဒုတိယဦးလေးက ပြောလိုက်သည်။
"အဖေနဲ့ အမေ၊ အစ်ကိုဟုန်ကျွင်းအိမ် သွားကြည့်လိုက်ပါလား၊ ကြည့်လိုက်ရင် သိရမှာပေါ့၊ ဆောင်းတွင်းကြီး တကယ် စိုက်လို့ရတယ်၊ အစ်မ စိုက်ထားတာ အပင်ပေါက်နေပြီ"
ကျိကျန့်ခန်းက အတည်ပေါက် ပြောနေသဖြင့် ဒုတိယဒေါ်လေးက သားဖြစ်သူကို ယုံကြည်လိုက်သည်။ သားက လိမ်တတ်သူ မဟုတ်ပေ။ ဒုတိယဦးလေးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို သွားကြည့်ကြမလား"
ဆောင်းတွင်းကြီး တကယ် ဟင်းရွက်စိုက်လို့ရရင် အိမ်မှာလည်း ဟင်းစား ချောင်တာပေါ့။
"ကောင်းပြီလေ၊ သွားကြည့်တာပေါ့၊ ဟုန်ကျွင်းတို့ အိမ်ခွဲပြီးကတည်းက ငါတို့ မရောက်ဖြစ်သေးဘူး၊ ဒီတော့လည်း သွားလည်ရင်း ကြည့်တာပေါ့"
ဒုတိယဦးလေးက ကိုယ်ပေါ်မှ အင်္ကျီကို သေချာဝတ်ရင်း ပြောလိုက်သည်။
ဒုတိယဦးလေး သဘောတူလိုက်သဖြင့် ကျိကျန့်ခန်းက မိဘနှစ်ပါးကို ခေါ်ကာ ကျိဟုန်ကျွင်းအိမ်သို့ ထွက်လာခဲ့သည်။
ကျိဟုန်ကျွင်းအိမ် မီးဖိုချောင်တွင် လျန်ဟွမ်းသည် နွှေးထားသော ပေါက်စီနှင့် ပြုတ်ထားသော ကြက်ဥကို ယူကာ ဆန်ပြုတ် နှစ်ပန်းကန် ခူးလိုက်သည်။
ထမင်းပွဲ ပြင်ပြီးနောက် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း စားပွဲတွင် ထိုင်လိုက်ကြသည်။ ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင် ထိုင်ရင်း လျန်ဟွမ်းသည် ပုံမှန်အတိုင်း ကြက်ဥတစ်လုံးကို ကျိဟုန်ကျွင်းအား ကမ်းပေးလိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းလက်ထဲမှ ကြက်ဥကို ကြည့်လိုက်သည်။ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသယောင် ရှိသော်လည်း လျန်ဟွမ်း ကြည့်လိုက်ချိန်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ကြက်ဥကို လှမ်းယူလိုက်ရာ လက်ချောင်းထိပ်ချင်း ထိမိသွားသည်။
လက်ချောင်းထိပ်များ ထိမိချိန်တွင် လျှပ်စီးစီးသွားသလို ခံစားလိုက်ရသည်။ လျန်ဟွမ်း မော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်း၏ မျက်နှာနှင့် နှုတ်ခမ်းများကို မြင်လိုက်ရသည်။ မနေ့ညက အဖြစ်အပျက်ကို ပြန်မြင်ယောင်လာသည်။ နဖူးပေါ်တွင် အနွေးဓာတ် ကျန်နေသေးသလို နားထဲတွင်လည်း ကျိဟုန်ကျွင်း ပြောသည့်စကားကို ကြားယောင်နေမိသည်။
"ငါတို့က လင်မယားတွေလေ..."
… 
အခန်း (၂၉)
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူမ ကမ်းပေးသော ကြက်ဥကို အခွံခွာ၍ စားလိုက်သည်။
လျန်ဟွမ်းသည် သူ့ကိုကြည့်ရင်း မနေ့ညက အကြောင်းကို တွေးမိကာ သတိမထားမိလိုက်ဘဲ မေးလိုက်သည်။ "ကျိဟုန်ကျွင်း၊ ကျွန်မတို့က လင်မယားဖြစ်သွားရင် ရှင်က ဇနီးသည်ကို အမြဲ ကောင်းကောင်းဆက်ဆံမှာလား"
စကားပြောပြီးသည်နှင့် လျန်ဟွမ်း နောင်တရသွားသည်။ သူမ မေးတာ အရမ်းတဲ့တိုးဆန်သွားပြီ ထင်သည်။
လျန်ဟွမ်း ခေါင်းငုံ့လိုက်သည်။ "အဲဒါက ကျွန်မ ဘာရယ်မဟုတ် မေးကြည့်တာပါ၊ စားကြရအောင်"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ခေါင်းငုံ့ပြီး ထမင်းစားလိုက်သည်။
သူမ၏ မျက်နှာချင်းဆိုင်တွင် ကျိဟုန်ကျွင်းသည် သူမ၏ မေးခွန်းကို ကြားလိုက်ရသည်။ ကြက်ဥကို ကုန်အောင်စားပြီးနောက် သူ၏ အကြည့်များက လျန်ဟွမ်းအပေါ် ငြိမ်သက်စွာ ကျရောက်လာသည်။ 
"ဇနီးသည်အပေါ် ကောင်းကောင်းဆက်ဆံတာက ခင်ပွန်းတစ်ယောက်ရဲ့ တာဝန်ပဲလေ"
ကျိဟုန်ကျွင်းက လေးနက်စွာ ဖြေသည်။ သူ၏ နက်မှောင်သော မျက်လုံးများကလည်း လျန်ဟွမ်းကို စိုက်ကြည့်နေသည်။ ထိုစကားက ကတိတစ်ခုလို လျန်ဟွမ်း၏ နှလုံးသားထဲသို့ ကျရောက်လာသည်။
ရင်ထဲတွင် လှုပ်ရှားသွားသည်။ ကျိဟုန်ကျွင်းက တကယ် မဆိုးပါဘူး။ တကယ် လင်မယားဖြစ်သွားရင်လည်း မဆိုးလောက်ဘူး။
လျန်ဟွမ်း တွေးနေစဉ် ခြံဝင်းတံခါးဝမှ အသံကြားလိုက်ရသည်။ လျန်ဟွမ်းသည် ပန်းကန်နှင့် တူကို စားပွဲပေါ်တင်ကာ မတ်တတ်ရပ်လိုက်သည်။ 
"ကျွန်မ တံခါးသွားဖွင့်လိုက်မယ်"
လျန်ဟွမ်းသည် တံခါးဝသို့ လျှောက်သွားရင်း ရင်ထဲမှ လှုပ်ရှားမှုများကို အသက်ပြင်းပြင်းရှူကာ ထိန်းချုပ်လိုက်သည်။ တံခါးဖွင့်လိုက်သည်။
တံခါးအပြင်ဘက်တွင် ဒုတိယဒေါ်လေးတို့ မိသားစု ရပ်နေကြသည်။ လျန်ဟွမ်းကို မြင်သောအခါ ဒုတိယဒေါ်လေးက ပြုံးလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ၊ အိမ်မှာ ရှိနေတာပဲ၊ ကျန့်ခန်းက ညည်း ဟင်းရွက်စိုက်ထားတယ်ဆိုလို့ ဒေါ်လေး လာကြည့်တာ၊ ဘယ်လိုစိုက်တာလဲလို့လေ"
"ဒေါ်လေး အထဲဝင်ပါ၊ အထဲရောက်မှ ပြောကြတာပေါ့" လျန်ဟွမ်းက တံခါးဝ ညာဘက်သို့ ကပ်ကာ ဒုတိယဦးလေးနှင့် ဒုတိယဒေါ်လေး ဝင်လာရန် လမ်းဖယ်ပေးလိုက်သည်။
ဒုတိယဒေါ်လေးက စကားပြောကောင်းသူဖြစ်သည်။ လမ်းလျှောက်ရင်း လျန်ဟွမ်းနှင့် ဟင်းရွက်စိုက်သည့်အကြောင်း ပြောလာသည်။ "ဟုန်ကျွင်းမိန်းမ၊ ကျန့်ခန်း ပြောတော့ ညည်းက မီးဖိုချောင်ထဲမှာ စိုက်ထားတာဆို၊ အိမ်ထဲမှာ ဘယ်လိုလုပ် ဟင်းရွက်စိုက်လို့ ရမှာလဲ၊ ဆောင်းတွင်းကြီးဆိုတော့ ဟင်းရွက်တွေ ခဲမသွားဘူးလား"
"အပူပေးခုတင်ပေါ်မှာ စိုက်တာပါ၊ အပူပေးခုတင်ကို အပူချိန်တစ်ခုမှာ ထားထားရင် အခန်းထဲမှာ မအေးတော့ဘူးလေ၊ ဟင်းရွက်တွေ ရှင်သန်နိုင်တာပေါ့" လျန်ဟွမ်းက ရှင်းပြရင်း ဒုတိယဒေါ်လေးကို အိမ်ထဲသို့ ခေါ်လာသည်။
မီးဖိုချောင်ထဲတွင် ကျိဟုန်ကျွင်းက ထမင်းစားနေဆဲ ဖြစ်သည်။ လျန်ဟွမ်းက ဒုတိယဦးလေးတို့ မိသားစုကို ခေါ်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။ "ဦးလေး၊ ဒေါ်လေး"
ဒုတိယဦးလေးက ခေါင်းညိတ်ပြသည်။ "အေး"
ဒုတိယဒေါ်လေးက ထမင်းစားပွဲပေါ်မှ ထမင်းများကို မြင်သောအခါ ပြုံးလိုက်သည်။ "ညည်းတို့ အခုမှ စားနေကြတာလား၊ ဒေါ်လေးတို့ လာတာ ညည်းတို့ ထမင်းစားတာ နှောင့်ယှက်သလို ဖြစ်သွားပြီ၊ ဟုန်ကျွင်းမိန်းမရေ ညည်း ထမင်းမြန်မြန် သွားစားလိုက်ဦး၊ စားပြီးမှ ဒေါ်လေးကို ဟင်းရွက်စိုက်တဲ့အကြောင်း ပြောပြ"
လျန်ဟွမ်းက ထမင်းစားပွဲဘေးမှ ကျိဟုန်ကျွင်းကို တစ်ချက်ကြည့်လိုက်ပြီး ဒုတိယဒေါ်လေးဘက် လှည့်ကာ ပြောလိုက်သည်။ "ဒေါ်လေး၊ ကျွန်မ စားပြီးပါပြီ၊ ဟင်းရွက်တွေက ဒီမှာပါ၊ ကျွန်မ ကြည့်ရသလောက် နောက်ရက်နည်းနည်းလောက်ဆို စားလို့ရပြီ"
လျန်ဟွမ်းက ဒုတိယဒေါ်လေးကို အပူပေးခုတင်ဆီ ခေါ်သွားသည်။ ခုတင်ပေါ်တွင် ရှင်သန်ကြီးထွားနေသော ဟင်းရွက်စိမ်းလေးများက ဒုတိယဒေါ်လေး၏ မျက်လုံးထဲ ရောက်လာသည်။
ဒုတိယဒေါ်လေးသည် အပူပေးခုတင်ပေါ်မှ ဟင်းရွက်များကို မြင်သောအခါ မျက်လုံးများ အရောင်တောက်လာသည်။ "ဟင်းရွက်တွေက သိပ်ဖြစ်ထွန်းတာပဲ၊ စိမ်းစိုနေတာပဲ၊ နွေဦးတုန်းက စိုက်တဲ့ ဟင်းရွက်တွေထက်တောင် ပိုဖြစ်ထွန်းနေသေးတယ်"
ဆောင်းတွင်းကြီး တကယ်ပဲ ဟင်းရွက်စိုက်လို့ ရတာပဲ။ ဟုန်ကျွင်းမိန်းမက တကယ် တော်တာပဲ။
ဒုတိယဦးလေးကလည်း အပူပေးခုတင်ပေါ်မှ ဟင်းရွက်များကို ကြည့်ကာ မျက်လုံးများ အရောင်တောက်နေသည်။ "ဟုန်ကျွင်းမိန်းမ၊ ဒီဟင်းရွက်တွေကို ဘယ်လို စိုက်တာလဲ"
"အပူပေးခုတင်ပေါ်မှာ စိုက်တာပါ၊ ခုတင်ပေါ်မှာ မြေကြီးတစ်ထပ် ခင်းလိုက်တယ်၊ မြေကြီး များရင် ပိုကောင်းတယ်၊ ပြီးရင် မီးမွှေးရတယ်၊ မီးကို အရမ်းမပြင်းစေဘဲ ခုတင်ကို နွေးရုံလောက် မီးအေးအေးလေး မွှေးထားရင် ရပြီ၊ ခုတင်ပေါ်မှာ အပူချိန်ရှိရင် စိုက်ထားတဲ့ ဟင်းရွက်တွေ အပင်ပေါက်လာတာပဲ၊ ပြီးတော့ ရေမကြာခဏ လောင်းပေးရတယ်" လျန်ဟွမ်းက ဒုတိယဦးလေးနှင့် ဒုတိယဒေါ်လေးကို သူမ၏ စိုက်ပျိုးနည်းကို တဲ့တိုး ပြောပြလိုက်သည်။
"အပူပေးခုတင်ပေါ်မှာ စိုက်တာလား၊ ဒေါ်လေးတို့အိမ်မှာ အလွတ်ဖြစ်နေတဲ့ ခုတင်တစ်ခုရှိတယ်၊ မေ့ကျား မင်္ဂလာမဆောင်ခင်တုန်းက အိပ်တဲ့ ခုတင်လေ၊ အဲဒါနဲ့ စိုက်လို့ရတာပဲ၊ ဟုန်ကျွင်းမိန်းမ၊ ညည်း ခဏနေရင် အားလား၊ အားရင် ဒေါ်လေးကို ဘယ်လိုစိုက်ရမလဲ လာသင်ပေးပါလား" ဒုတိယဒေါ်လေးက လျန်ဟွမ်းကို မေးလိုက်သည်။
ဟုန်ကျွင်းမိန်းမပြောတာ ရိုးရှင်းသော်လည်း သူမ စိတ်ပူနေသေးသည်။ ဆောင်းတွင်းကြီး ဟင်းရွက်စိုက်တာ အပင်မပေါက်မှာ စိုးရိမ်သည်။ ဟုန်ကျွင်းမိန်းမ လာသင်ပေးရင်တော့ စိတ်ချရတာပေါ့။
"ကောင်းပါပြီ၊ ကျွန်မ ဒေါ်လေးနဲ့ လိုက်ခဲ့မယ်လေ"
ဆောင်းတွင်းကြီး ဟင်းရွက်စိမ်းမြင်ရတော့ ဒုတိယဒေါ်လေး ပျော်နေသည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ အခုချက်ချင်း အိမ်ပြန်ပြီး ဟင်းရွက်စိုက်ချင်နေပြီဖြစ်သည်။
"ဒါဆို အခု သွားကြမလား"
"သွားကြတာပေါ့" လျန်ဟွမ်းက ဖြေလိုက်သည်။
လျန်ဟွမ်းက ဒုတိယဒေါ်လေးကို ကတိပေးပြီးနောက် ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။ 
"ကျွန်မ ဒေါ်လေးနဲ့ လိုက်သွားလိုက်ဦးမယ်၊ အိမ်က ပန်းကန်ခွက်ယောက်တွေ ရှင်ပဲ တာဝန်ယူလိုက်တော့"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "အင်း"
ကျိဟုန်ကျွင်း ခေါင်းညိတ်သည်ကို မြင်သောအခါ လျန်ဟွမ်းသည် ဒုတိယဒေါ်လေး၊ ဒုတိယဦးလေးတို့နှင့်အတူ လိုက်သွားသည်။
ဒုတိယဒေါ်လေးက အိမ်ရောက်သည်နှင့် ဒုတိယဦးလေးနှင့် ကျိကျန့်ခန်းကို ခိုင်းတော့သည်။ 
"နင်တို့နှစ်ယောက် အပြင်ထွက်ပြီး မြေကြီး သွားသယ်ကြ၊ ဟုန်ကျွင်းမိန်းမ ပြောတယ်၊ ဟင်းရွက်စိုက်ရင် မြေကြီးလိုတယ်တဲ့၊ မြေကြီး များများ သယ်လာခဲ့"
တောသူတောင်သားများက စားနပ်ရိက္ခာကို တန်ဖိုးထားကြသည်။ ဆောင်းတွင်းတွင် ဟင်းရွက်စိမ်းက ရှားပါးသဖြင့် ဒုတိယဦးလေးက ဟင်းရွက်စိုက်သည့်ကိစ္စကို စိတ်ဝင်စားသည်။ ဒုတိယဒေါ်လေး ပြောသည်ကို ကြားသောအခါ ခေါင်းဆောင်ကြီးအိမ်သို့သွားပြီး တွန်းလှည်းငှားကာ ကျိကျန့်ခန်းနှင့်အတူ တောင်ခြေသို့ မြေကြီးသွားတူးကြသည်။
ဒုတိယဦးလေးနှင့် ကျိကျန့်ခန်း ပထမဆုံး မြေကြီးတစ်ခေါက် သယ်လာချိန်တွင် ကျိဟုန်ကျွင်း ရောက်လာသည်။ သူ ရောက်လာပြီးနောက် လျန်ဟွမ်းကို တစ်ချက်ကြည့်ကာ ကျိကျန့်ခန်း နေရာတွင် ဝင်လုပ်ပြီး ဒုတိယဦးလေးကို ကူညီကာ မြေကြီး သယ်ပေးသည်။
လူများလျှင် အလုပ်တွင်သည် ဆိုစကားအတိုင်း လူငါးယောက် ဝိုင်းလုပ်ကြသဖြင့် မကြာမီ ဒုတိယဦးလေးအိမ်မှ အပူပေးခုတင်ပေါ်တွင် မြေကြီးများ ပြည့်သွားပြီး ရေလောင်း စိုက်ပျိုးရန် အဆင်သင့် ဖြစ်သွားသည်။
လျန်ဟွမ်းက သူမအိမ်မှ အပူပေးခုတင်ပေါ်တွင် ဟင်းရွက်စိမ်းလေးများသာ ပေါက်သေးပြီး ပဲတောင့်ရှည်နှင့် အာလူးများ အပင်မပေါက်သေးကြောင်း သိထားသည်။ အပူပေးခုတင်ပေါ်တွင် အာလူးကဲ့သို့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုး၍ ရမရ မသေချာသဖြင့် ဒုတိယဒေါ်လေး၏ အပူပေးခုတင် ပြင်ဆင်ပြီးသောအခါ ဒုတိယဒေါ်လေးကို အကြံပေးလိုက်သည်။ 
"ဒေါ်လေး၊ ဟင်းရွက်စေ့လေးတွေပဲ အရင်ကြဲလိုက်ပါ၊ တခြားဟာတွေ မစိုက်နဲ့ဦး၊ ကျွန်မ ပဲတောင့်ရှည် စိုက်ထားတာ အပင်မပေါက်သေးဘူး၊ ဒီအချိန် စိုက်လို့ရမရ မသိသေးဘူး"
သူမ၏ နေရာလွတ်ထဲတွင်မူ ပဲတောင့်ရှည်များ အပင်ပေါက်နေပြီး ကြီးထွားနှုန်းလည်း ကောင်းမွန်နေသည်။ စားလို့ရသည့်အချိန်ကျမှ အကြောင်းပြချက်တစ်ခုခုပေးပြီး ထုတ်ယူစားရမည်။
လျန်ဟွမ်းက အတွေ့အကြုံရှိသူဖြစ်၍ ဒုတိယဒေါ်လေးက သူမ စကားကို နားထောင်သည်။ 
"ကောင်းပြီလေ၊ ဟင်းရွက်စေ့လေးတွေပဲ စိုက်ကြတာပေါ့၊ အိမ်မှာ ဟင်းရွက်စေ့တွေ အများကြီး ရှိတယ်၊ ဒေါ်လေး အခန်းထဲ သွားယူလိုက်ဦးမယ်"
ပြီးခဲ့တဲ့ နွေဦးတုန်းက ဟင်းရွက်စေ့တွေ အများကြီး ချန်ထားခဲ့တာ။ အခု စိုက်လို့ရပြီ။
ဒုတိယဒေါ်လေး မျိုးစေ့သွားယူချိန်တွင် လျန်ဟွမ်းက စောင့်နေသည်။ ဒုတိယဒေါ်လေးက မျိုးစေ့ယူလာပြီး အပူပေးခုတင်ပေါ် ကြဲချလိုက်သောအခါ လျန်ဟွမ်းက ရေမကြာခဏ လောင်းပေးရန် မှာကြားလိုက်သည်။
"ကောင်းပါပြီ၊ ဒေါ်လေး အိမ်မှာရှိရင် နေ့တိုင်း ရေလောင်းပေးပါ့မယ်၊ ၁၆ ရက်ကျော်ရင် ဒေါ်လေး မြို့တက်ပြီး ညည်းအစ်မဝမ်းကွဲကို သွားပြုစုပေးရမှာ၊ အဲဒီကျရင် ညည်းဦးလေးကို အိမ်မှာနေခဲ့ခိုင်းပြီး ဟင်းရွက်ခင်းကို ကြည့်ခိုင်းရမှာပေါ့" ဒုတိယဒေါ်လေးက ပျော်ရွှင်စွာ ပြောသည်။
"ဟုတ်ကဲ့၊ ဒေါ်လေးရေ၊ ဟင်းရွက်ခင်းကို မခြောက်သွေ့စေရင် ရပါပြီ" အပူပေးခုတင်ပေါ်တွင် ဟင်းရွက်စိုက်ပါက ရေငွေ့ပျံလွယ်သဖြင့် ရေဓာတ်မပြတ်စေရန် ဂရုစိုက်ရမည်။ မဟုတ်လျှင် ဟင်းရွက်ပင်လေးများ ခြောက်သွေ့သေဆုံးသွားနိုင်သည်။
"ဒေါ်လေး မှတ်ထားပါ့မယ်" ဟု ဒုတိယဒေါ်လေးက ဖြေသည်။
ဒုတိယဒေါ်လေးအိမ်တွင် ဟင်းရွက်စိုက်ပြီးသွားပြီဖြစ်ရာ လျန်ဟွမ်းတို့ မီးဖိုချောင်ထဲတွင် ဘာမှလုပ်စရာ မရှိတော့ပေ။ လျန်ဟွမ်းက မနေ့က မပြီးသေးသော ဖိနပ်ကို သတိရသွားသည်။ သူမ မနေ့က ဖိနပ်ကို အိမ်ပြန်ယူသွားပြီး ညဘက်ဆက်လုပ်မည်ဟု တွေးထားသော်လည်း ဖိနပ်လုပ်တာက ကြည့်ရသလောက် မလွယ်ကူပေ။
ဒေါ်လေးလုပ်တာ ကြည့်တုန်းက လွယ်သလိုလိုနဲ့ ကိုယ်တိုင်လုပ်တော့မှ မလွယ်မှန်း သိရသည်။ သူမ မလုပ်တတ်ပေ။
"ဒေါ်လေး၊ ဟုန်ကျွင်းရဲ့ ဖိနပ်ကို မနေ့က ကျွန်မ အိမ်ပြန်ယူသွားပြီး လုပ်မလို့ပဲ၊ ဒါပေမဲ့ မလုပ်တတ်ဘူး ဖြစ်နေတယ်၊ ဒေါ်လေး ကျွန်မကို ထပ်သင်ပေးပါဦး၊ ဒီနေ့ အပြီးလုပ်ချင်လို့ပါ"
ကျိဟုန်ကျွင်း စီးထားသော ဖိနပ်မှာ ကွင်းထိုးဖိနပ် ဖြစ်နေပြီး ဖိနပ်နှစ်ဖက်စလုံး၏ ဖနောင့်မှ ကြိုးများ ပြတ်နေလေပြီ။ ဆောင်းတွင်းကြီး ဒီလိုဖိနပ် စီးထားရင် ခြေထောက်တွေ ခဲကုန်မှာ။ ဖိနပ် အမြန်လုပ်ပေးမှ ဖြစ်မည်။
"ရတာပေါ့၊ ညည်း ဖိနပ်မျက်နှာပြင်နဲ့ ဖိနပ်အောက်ခံ ယူလာခဲ့၊ ဒီမှာပဲ လုပ်ကြတာပေါ့၊ မလုပ်တတ်တာရှိရင် ဒေါ်လေး ပြောပြမယ်" ဒုတိယဒေါ်လေးက တက်ကြွစွာ ပြောသည်။
လျန်ဟွမ်းက ဆောင်းတွင်းဟင်းရွက်စိုက်နည်းကို သင်ပေးထားရာ ဖိနပ်ချုပ်နည်း သင်ပေးရုံလောက်ကတော့ ဘာမှမဟုတ်ပေ။ လျန်ဟွမ်းအတွက် ဖိနပ်နှစ်ရံလောက် ချုပ်ပေးရရင်တောင် သူမ ချက်ချင်း လုပ်ပေးမည် ဖြစ်သည်။
"ကောင်းပါပြီ၊ ဒါဆို ကျွန်မ အိမ်ပြန်ပြီး ဖိနပ်အောက်ခံ သွားယူလိုက်ဦးမယ်" လျန်ဟွမ်း ပြောပြီးသည်နှင့် အပြင်သို့ ထွက်သွားသည်။
သူမ ဖိနပ် အမြန်သွားယူပြီး ဒီနေ့ ကျိဟုန်ကျွင်းအတွက် ဖိနပ် အပြီးလုပ်ပေးရမည်။ ပြီးရင် ဒေါ်လေးကို ဖိနပ်အောက်ခံ ဘယ်လိုချုပ်ရသလဲဆိုတာ မေးပြီး မနက်ဖြန်ကျရင် ကိုယ့်အတွက် ဖိနပ်တစ်ရံ လုပ်ရဦးမည်။
ကောက်ရိုးဖိနပ် စီးရတာ တကယ် အဆင်မပြေပေ။ မာကျောရုံသာမက ခြေထောက်လည်း အေးသည်။ ဂွမ်းဖိနပ်က ကောက်ရိုးဖိနပ်ထက် အများကြီး သာမှာ သေချာသည်။
လျန်ဟွမ်းက ဖိနပ်ပြုလုပ်ရန် ပစ္စည်းများကို အိမ်သို့ ပြန်သွားယူချိန်တွင် ဒုတိယဒေါ်လေးက ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်း၊ နင့်မိန်းမက စိတ်သဘောကောင်းတယ်၊ အေးလည်း အေးတယ်၊ နင့်အပေါ်လည်း ကောင်းတယ်၊ သူ့အပေါ် ကောင်းကောင်းဆက်ဆံနော်"
"ဒေါ်လေး၊ ကျွန်တော် သိပါတယ်" ကျိဟုန်ကျွင်းက တိုးတိုးလေး ဖြေရင်း မျက်လုံးများ နူးညံ့သွားသည်။
ဒုတိယဦးလေးကလည်း ဘေးမှနေ၍ ကျိဟုန်ကျွင်းကို ကြည့်ကာ ရှားရှားပါးပါး ချီးကျူးလိုက်သည်။ 
"မင်းဒေါ်လေး ပြောတာ မှန်တယ်၊ မင်းမိန်းမက စိတ်သဘောကောင်းတယ်၊ နောက်ဆို သူ့အပေါ် ကောင်းကောင်းဆက်ဆံ၊ နောက်ဆို မင်းဘေးနားမှာ ဂရုစိုက်ပေးမဲ့လူ ရှိပြီဆိုတော့ မင်း... အဘိုးလည်း စိတ်ချသွားမှာပါ"
ဒုတိယဦးလေး တိုးတိုးလေး ပြောရင်း မျက်လုံးများ အဝေးသို့ ရောက်သွားသည်။
လျန်ဟွမ်းသည် ဖိနပ်မျက်နှာပြင်နှင့် ဖိနပ်အောက်ခံ ယူပြီး ဒုတိယဒေါ်လေးအိမ်သို့ အမြန်ပြန်လာသည်။ အပြင်တွင် ရာသီဥတု အေးသဖြင့် လျန်ဟွမ်းကလည်း ဟင်းရွက်စိုက်နည်း သင်ပေးထားသောကြောင့် ဒုတိယဒေါ်လေးက လျန်ဟွမ်းအပေါ် မနေ့ကထက် ပို၍ နွေးထွေးစွာ ဆက်ဆံသည်။ လျန်ဟွမ်းက ဖိနပ်မျက်နှာပြင် ကိုင်ပြီး ဝင်လာသည်နှင့် ခြံထဲတွင် မသင်ပေးတော့ဘဲ လျန်ဟွမ်းလက်ကို ဆွဲကာ အိမ်ထဲ ခေါ်သွားသည်။ 
"ဟုန်ကျွင်းမိန်းမ၊ အိမ်ထဲမှာ လုပ်ကြရအောင်၊ ခုတင်ပေါ်မှာ ထိုင်လုပ်ကြမယ်၊ ခုတင်က နွေးတယ်"
ဒုတိယဒေါ်လေးအိမ်မှ အပူပေးခုတင်မှာ မီးမွှေးထားသဖြင့် ပူနွေးနေသည်။ အခန်းထဲ ဝင်လိုက်သည်နှင့် အနွေးဓာတ်ကို ခံစားလိုက်ရသည်။ လျန်ဟွမ်း လမ်းတစ်လျှောက် သယ်လာသော အအေးဓာတ်များ လျော့ပါးသွားသည်။
အခန်းထဲတွင် နွေးထွေးသဖြင့် လျန်ဟွမ်းလည်း အပြင်မှာ အအေးမခံချင်တော့ဘဲ ဒုတိယဒေါ်လေး၏ စေတနာကို လက်ခံကာ အခန်းထဲမှ အပူပေးခုတင်ပေါ်တွင် ဖိနပ်ချုပ်လိုက်သည်။
သူတို့နှစ်ယောက် အခန်းထဲတွင် ဖိနပ်ချုပ်နေစဉ် ဒုတိယဦးလေးက ကျိဟုန်ကျွင်းနှင့် ကျိကျန့်ခန်းကို ခေါ်ကာ အပြင်ထွက်သွားသည်။
နှစ်သစ်ကူးအတွက် အလုပ်ပိတ်ထားသဖြင့် ရွာထဲမှ လူအချို့ ဆွေမျိုးအိမ် လည်ပတ်ကြပြီး အချို့မှာ မြစ်ကမ်းဘေးသို့ သွားကာ ရေခဲတူးပြီး ငါးဖမ်းကြသည်။ ဒုတိယဦးလေးလည်း ကျိဟုန်ကျွင်းတို့ကို ခေါ်ပြီး မြစ်ကမ်းဘေးသို့ သွားသည်။
သူက ငါးဖမ်းပိုက် ယူသွားသည်။ မြစ်ကမ်းဘေး ရောက်သောအခါ ကျောက်တုံးကြီးဖြင့် ရေခဲကို တူးသည်။ ကျောက်တုံးကြီးသလို ဒုတိယဦးလေးကလည်း ရေခဲတူးပြီး ငါးဖမ်းရာတွင် ကျွမ်းကျင်သူ ဖြစ်သဖြင့် မကြာမီ မြစ်ထဲမှ ရေခဲပြင်ကို အပေါက်ကြီးကြီး ဖောက်နိုင်လိုက်သည်။ ထို့နောက် တုတ်ဖြင့် အပေါက်တစ်လျှောက် ထပ်တူးလိုက်ရာ မကြာမီ နှစ်မီတာ၊ သုံးမီတာခန့် ကျယ်သော ရေပြင်ကို ဖော်ထုတ်နိုင်လိုက်သည်။
ရေပြင်ပေါ်လာပြီးနောက် ဒုတိယဦးလေးသည် ပြောင်းဖူးပေါက်စီကို ချေမွကာ မြစ်ထဲသို့ ပစ်ချလိုက်သည်။
ဆောင်းရာသီလယ် ဖြစ်သဖြင့် ရေထဲမှ ငါးများသည် ရေခဲအောက်မှ ထွက်လာရ၍ ပျော်ရွှင်နေကြသည်။ အစာမြင်သောအခါ ပို၍ ပျော်ရွှင်သွားကြပြီး အစာလုစားရန် စုရုံးရောက်ရှိလာကြသည်။
မြစ်ရေပြင်ပေါ်တွင် ငါးများ စုရုံးရောက်ရှိလာချိန်တွင် ဒုတိယဦးလေးက ငါးဖမ်းပိုက်ကို အားဖြင့် ပစ်ချလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။ ဒုတိယဒေါ်လေးအိမ်တွင် လျန်ဟွမ်းသည် ဒုတိယဒေါ်လေး ပြောသည့်အတိုင်း ကျိဟုန်ကျွင်း၏ ဖိနပ်ကို ပြီးစီးအောင် ချုပ်လုပ်ပြီးသွားသည်။ ပြီးသွားသော ဖိနပ်ကို ကြည့်ရင်း ရင်ထဲတွင် ကျေနပ်ပီတိ ဖြစ်နေသည်။
ဒါက သူမ ကျိဟုန်ကျွင်းအတွက် ချုပ်ပေးတဲ့ ဖိနပ်ပဲ။
ဒုတိယဒေါ်လေးက လျန်ဟွမ်း၏ မျက်နှာပေါ်မှ နူးညံ့သော အပြုံးကို ကြည့်ကာ ပြုံးစစ ပြောလိုက်သည်။ 
"ဟုန်ကျွင်းအတွက် ဖိနပ်ချုပ်ပေးရတာ ဒီလောက်တောင် ပျော်နေတာလား"
လျန်ဟွမ်း အပြုံးက အနည်းငယ် တန့်သွားသည်။ "ဒေါ်လေး၊ ဟုန်ကျွင်းမှာ စီးစရာ ဖိနပ်မရှိလို့ သူ ဖိနပ်စီးရတော့မယ်ဆိုပြီး ဝမ်းသာနေတာပါ"
ဒုတိယဒေါ်လေးက လျန်ဟွမ်း၏ ခြေထောက်ကို ကြည့်လိုက်သည်။ "သူ့မှာ ရှိသွားပြီ၊ ညည်းမှာ မရှိသေးဘူးလေ၊ ညည်း ခြေထောက်က ဖိနပ်လည်း ပေါက်နေပြီ၊ ရက်နည်းနည်းလောက်ဆို စီးလို့ရတော့မှာ မဟုတ်ဘူး၊ ဒေါ်လေးအခန်းထဲမှာ ချုပ်ပြီးသား ဖိနပ်အောက်ခံ ရှိတယ်၊ ယူလာပြီး ညည်းအတွက် ဖိနပ်ချုပ်ပေးမယ်"
ဒုတိယဒေါ်လေး ပြောပြီးသည်နှင့် ဖိနပ်ချွတ်ကာ ခုတင်ပေါ် တက်လိုက်သည်။ ခုတင်ခေါင်းရင်းရှိ ဗီရိုကို ဖွင့်ပြီး ချုပ်ပြီးသား ဖိနပ်အောက်ခံတစ်ရံ ထုတ်ယူလိုက်သည်။
ဒုတိယဒေါ်လေး ထုတ်ယူလာသော ဖိနပ်အောက်ခံသည် သူမ မနေ့က ကျိဟုန်ကျွင်းအတွက် ပေးသော ဖိနပ်အောက်ခံထက် ပို၍ သပ်ရပ်သေချာသည်။ ဖိနပ်အောက်ခံမှ ကြိုးများက စိပ်နေပြီး အောက်ခံအဝတ်စက ကတ္တီပါအနီရောင် ဖြစ်သည်။ အလွန် နူးညံ့သည်။ ချုပ်တဲ့သူက သေချာ ဂရုစိုက်ထားမှန်း သိသာသည်။ ဒီဖိနပ်အောက်ခံက ဗီရိုထဲ ထည့်ထားတာဆိုတော့ ဒေါ်လေးက အရေးကြီးတဲ့သူအတွက် လုပ်ပေးထားတာ ဖြစ်မယ်။
လျန်ဟွမ်းက ဒုတိယဒေါ်လေးကို ကြည့်ကာ ငြင်းလိုက်သည်။ 
"ဒေါ်လေး၊ မလိုပါဘူး၊ ဟုန်ကျွင်းအတွက် ဖိနပ်အရင်လုပ်ပေးလိုက်ရင် ရပါပြီ၊ ကျွန်မ ဒေါ်လေးဆီက ဖိနပ်အောက်ခံ ဘယ်လိုချုပ်ရသလဲဆိုတာ သင်ချင်လို့ပါ၊ ဒေါ်လေးရဲ့ ဖိနပ်အောက်ခံကို ယူလိုက်ရင် ကျွန်မ သင်လို့မရတော့ဘူးလေ၊ ပြီးတော့ ကျွန်မ ဖိနပ်က စီးလို့ရပါသေးတယ်၊ အလျင်မလိုပါဘူး"
"ဘယ်လိုလုပ် အလျင်မလိုရမှာလဲ၊ ညည်း ဖိနပ်အောက်ခံကလည်း ပေါက်တော့မယ်၊ ဒီဖိနပ်အောက်ခံက မေ့ကျားအတွက် ပြင်ထားတာ၊ သူက အခု ကိုယ်ဝန်ရှိနေတော့ အပြင်မထွက်ရဘူး၊ ခဏလောက် မစီးရသေးဘူး၊ ညည်း ခြေထောက်နဲ့လည်း တော်လောက်တယ်ဆိုတော့ ညည်းအတွက် အရင်လုပ်ပေးလိုက်မယ်၊ နောက်ရက်ကျမှ မေ့ကျားအတွက် ထပ်လုပ်ပေးလိုက်မယ်" ဒုတိယဒေါ်လေး ပြောပြီးသည်နှင့် ခြင်းတောင်းထဲမှ အဝတ်စအဟောင်းများကို ရွေးကာ အပြာရင့်ရောင် အဝတ်စတစ်စကို ယူပြီး လျန်ဟွမ်းကို ပြလိုက်သည်။
"ဒီအဝတ်စ ရမလား၊ အိမ်မှာ အဝတ်စအဟောင်းတွေပဲ ရှိတယ်၊ အသစ်မရှိဘူး၊ ရှိရင် ညည်းအတွက် အသစ်နဲ့ လုပ်ပေးပါတယ်"
ဒုတိယဒေါ်လေးက လျန်ဟွမ်းအတွက် စေတနာအပြည့်ဖြင့် ဖိနပ်ချုပ်ပေးချင်နေသည်။ လျန်ဟွမ်းက သူမ အဝတ်စ ရွေးနေသည်ကို မြင်သောအခါ ထပ်မငြင်းတော့ဘဲ ဒုတိယဒေါ်လေး ကိုင်ထားသော အဝတ်စကို ကြည့်ကာ ဖြေလိုက်သည်။ "ဒေါ်လေး၊ ဒီအဝတ်စက သစ်ပါတယ်၊ ကြည့်ရတာ ဟောင်းတဲ့ပုံ မပေါ်ပါဘူး"
ဒီခေတ်ကာလမှာ အဝတ်စအသစ် မဆိုထားနှင့် အဝတ်စအဟောင်းတောင် ရှားပါးပစ္စည်း ဖြစ်သည်။ ဒေါ်လေးက ဖိနပ်အောက်ခံရော အဝတ်စပါ ပေးနေမှတော့ သူမ ဘယ်လိုလုပ် ငြင်းရက်မှာလဲ။ ရင်ထဲတွင် ကျေးဇူးတင်မိသည်။
ဒုတိယဒေါ်လေးကို ကြည့်ရင်း လျန်ဟွမ်း ရင်ထဲ နွေးထွေးသွားသည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ နေမွန်းတည့်ချိန်တွင် ဒုတိယဦးလေးသည် ကျိဟုန်ကျွင်း၊ ကျိကျန့်ခန်းတို့နှင့်အတူ ပြန်ရောက်လာသည်။ သုံးယောက်သား ပစ္စည်းများ အပြည့်ပါလာသည်။ ဒုတိယဦးလေး၏ ရေပုံးထဲတွင် နှစ်ကျင်းခန့်ရှိသော ငါးခူတစ်ကောင်နှင့် လက်ဖဝါးအရွယ်ခန့်ရှိသော မြက်စားငါး ဆယ်ကောင်ကျော် ပါလာသည်။
ရေပုံးကို ဆွဲပြီး ခြံထဲဝင်လာသောအခါ ဒုတိယဦးလေးက မီးဖိုချောင်ထဲ တန်းဝင်သွားသည်။ မီးဖိုချောင်ထဲတွင် ဒုတိယဒေါ်လေးကို မတွေ့သဖြင့် လှမ်းခေါ်လိုက်သည်။ "ကျန့်ခန်းအမေ"
ဒုတိယဒေါ်လေးသည် ဒုတိယဦးလေး ခေါ်သံကြားသဖြင့် ချုပ်လက်စ ဖိနပ်မျက်နှာပြင်ကို ခြင်းတောင်းထဲ ထည့်လိုက်သည်။ "ဟုန်ကျွင်းမိန်းမ၊ ဒေါ်လေး အပြင်ထွက်ပြီး ညည်းဦးလေး ဘာခေါ်တာလဲ သွားကြည့်လိုက်ဦးမယ်၊ ညည်း ဆက်လုပ်နေနော်"
ဒုတိယဒေါ်လေး ပြောပြီး ထွက်သွားသည်။ လျန်ဟွမ်းက တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ မိုးနည်းနည်း ချုပ်နေပြီ။ နေ့လယ်စာ ပြန်ချက်ဖို့ အချိန်ရောက်လောက်ပြီ။
လျန်ဟွမ်း တွေးရင်း အစပဲ ချုပ်ရသေးသော ဖိနပ်မျက်နှာပြင်ကို ခြင်းတောင်းထဲ ထည့်ကာ ခုတင်ပေါ်မှ ဆင်းပြီး အပြင်ထွက်လိုက်သည်။
ဒုတိယဦးလေးအိမ်၏ ဧည့်ခန်းမှ ထွက်လာသောအခါ ခြံဝင်းထဲတွင် ရပ်နေသော ကျိဟုန်ကျွင်းနှင့် ကျိကျန့်ခန်းကို တွေ့လိုက်ရသည်။
"ဟုန်ကျွင်း၊ နေ့လယ်ရောက်ပြီ၊ ထမင်းချက်ဖို့ အချိန်ရောက်ပြီ၊ အိမ်ပြန်ကြရအောင်"
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "အင်း"
မီးဖိုချောင်ထဲတွင် ဒုတိယဒေါ်လေးသည် ဒုတိယဦးလေး ငါးရလာသဖြင့် ပျော်ရွှင်နေစဉ် ခြံဝင်းထဲမှ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း၏ စကားပြောသံကို ကြားလိုက်ရသည်။ ဒုတိယဦးလေးကို ငါးကိစ္စ မမေးတော့ဘဲ မီးဖိုချောင်ထဲမှ ထွက်လာသည်။ "ဟုန်ကျွင်း၊ ဟုန်ကျွင်းမိန်းမ၊ ညည်းဦးလေး ငါးရလာတယ်၊ အများကြီးပဲ၊ ညည်းတို့ ဒီနေ့ မပြန်နဲ့တော့၊ ဒီမှာပဲ စားကြ"
ဟိုတစ်နေ့က ဟုန်ကျွင်းမိန်းမက ယုန်သားနဲ့ ကြက်သား လာပေးပြီး အတူစားခဲ့ကြသည်။ ဒီနေ့ အိမ်မှာ ငါးရှိတော့ သူတို့ကို ဖိတ်ကျွေးချင်သည်။
"ဒေါ်လေး၊ မစားတော့ပါဘူး၊ ကျွန်မနဲ့ ဟုန်ကျွင်း အိမ်ပြန်စားလိုက်ပါ့မယ်" သူမ ဒေါ်လေးဆီက ဖိနပ်နှစ်ရံ ယူထားပြီးပြီ။ သူတို့အိမ်မှာ ထပ်စားဖို့က အားနာစရာ ကောင်းသည်။
ဒုတိယဦးလေးလည်း မီးဖိုချောင်ထဲမှ ထွက်လာပြီး လျန်ဟွမ်းကို ပြောလိုက်သည်။ "နေခဲ့ပြီး စားကြပါ၊ ဒီငါးက ဟုန်ကျွင်းနဲ့ အတူတူ ဖမ်းလာတာပဲ"
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်လိုက်ရာ ကျိဟုန်ကျွင်းက ခေါင်းညိတ်ပြသည်။
ကျိဟုန်ကျွင်း ခေါင်းညိတ်ပြသဖြင့် လျန်ဟွမ်း မနေခဲ့လျှင် မကောင်းတော့ပေ။ ဦးလေးနဲ့ ဒေါ်လေး နှစ်ယောက်စလုံးက ပြောနေမှတော့ သူမ အိမ်ပြန်စားမယ်လို့ ဇွတ်ပြောရင် မကောင်းဘူး။
"ဒါဆို ဦးလေးနဲ့ ဒေါ်လေးကို ဒုက္ခပေးရတော့မယ်"
"ဒုက္ခမပေးပါဘူး၊ ဟုန်ကျွင်းမိန်းမ၊ ညည်း အခန်းထဲ ပြန်ဝင်ပြီး ဖိနပ်ချုပ်နေ၊ ဒေါ်လေး ချက်လိုက်မယ်" ဒေါ်လေးက လက်ကာပြပြီး လျန်ဟွမ်းကို အခန်းထဲ ပြန်ဝင်ခိုင်းသည်။
သူများအိမ်မှာ ထမင်းစားပြီး သူများချက်တာ ထိုင်စောင့်နေရမှာ လျန်ဟွမ်း ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ သူမ ချက်ချင်း ပြောလိုက်သည်။ "ဒေါ်လေး၊ ကျွန်မ မီးကူမွှေးပေးမယ်"
လျန်ဟွမ်း ပြောရင်း ကျိဟုန်ကျွင်း အင်္ကျီစကို တိတ်တဆိတ် ဆွဲလိုက်သည်။ "ရှင် အိမ်ပြန်ပြီး ပေါက်စီ နည်းနည်းနဲ့ အသား တစ်ကျင်းလောက် သွားယူလာခဲ့"
အသား တစ်ကျင်းဆိုသည်မှာ ရှားပါးသော ယခုခေတ်ကာလတွင် မနည်းလှပေ။ အိမ်အများစုမှာ တစ်နှစ်လုံးနေမှ အသား လေးငါးကျင်းလောက်သာ ဝေစုရသည်။ ဒီနှစ် သူတို့ရွာက မွေးထားတဲ့ ဝက်တွေ ဆောင်းဦးတုန်းက ရောဂါနဲ့ သေကုန်လို့ နှစ်သစ်ကူးမှာ ရွာထဲ အသားဝေတာ မရှိဘူး။ ဒီနှစ် အသားတစ်ကျင်းက အရင်နှစ်တွေထက် ပိုတန်ဖိုးရှိတယ်။
ဒုတိယဒေါ်လေးက ကျိဟုန်ကျွင်းအပေါ် ကောင်းသလို သူမအပေါ်လည်း မဆိုးပေ။ သူတို့ ဒေါ်လေးအိမ်မှာ ထမင်းစားတာ နှစ်နပ်ရှိပြီ။ ပြီးတော့ ကျိဟုန်ကျွင်းက အစားကြီးတယ်။ စားစရာ မပါလာဘဲ စားရမှာ သူမ အားနာတယ်။
"အင်း၊ ငါ ပြန်ယူလိုက်မယ်" ကျိဟုန်ကျွင်းက ခေါင်းငုံ့ကာ လျန်ဟွမ်း နားနားကပ်ပြီး စကားအနည်းငယ် ပြောကာ မတ်တတ်ရပ်ပြီး ပုံမှန်အတိုင်း ထွက်သွားသည်။
လျန်ဟွမ်း နားရွက်ဖျားလေးများ နီရဲသွားသည်။ ခုနက ကျိဟုန်ကျွင်း စကားပြောတာ သူမနဲ့ အရမ်းကပ်လွန်းအားကြီးလို့ နားရွက်တွေတောင် ယားသွားတယ်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ထွက်သွားသည်ကို မြင်သောအခါ မီးဖိုချောင်ဘက် လျှောက်သွားသည်။
ကျိကျန့်ခန်းသည် ခြံဝင်းထဲတွင် ရပ်နေရင်း လျန်ဟွမ်း မီးဖိုချောင်ထဲ ဝင်သွားသည်ကို မြင်သောအခါ သူလည်း လိုက်ဝင်သွားသည်။ လျန်ဟွမ်း မီးဖိုခုံနောက် ဝင်ပြီး မီးမွှေးရန် ပြင်နေသည်ကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။
"အမေ၊ အစ်မကို ချက်ခိုင်းလိုက်ပါလား၊ သူ ချက်တာ စားလို့ကောင်းတယ်၊ အမေ ချက်တာထက် ပိုစားကောင်းတယ်"
အမေချက်တာလည်း စားကောင်းပေမဲ့ အစ်မချက်တာက တကယ်မွှေးတာ။ အရမ်း စားကောင်းတယ်။ အထူးသဖြင့် မနေ့က အစ်မချက်တဲ့ မှိုအသားချက်ဆို အခုထိ အရသာကို သတိရနေတုန်းပဲ။
ဒုတိယဒေါ်လေးသည် သားဖြစ်သူ၏ စကားကို ကြားသောအခါ လှည့်ကြည့်ပြီး သူ့လက်မောင်းကို အားဖြင့် ရိုက်လိုက်သည်။ "ကောင်စုတ်လေး၊ နင် ဘာပြောလိုက်တယ်၊ ငါ ချက်တာ မကောင်းဘူးပေါ့၊ ငါ ဒီနေ့ ချက်ရင် နင် မစားနဲ့တော့"
ကျိကျန့်ခန်း ခုန်ရှောင်လိုက်သည်။ "အမေ၊ ကျွန်တော် မှားပါတယ်၊ မပြောတော့ပါဘူး၊ အမေပဲ ချက်ပါ"
"ဒီမှာ နင့်ကို မလိုဘူး၊ အခန်းထဲသွားပြီး စာသွားဖတ်ချေ" ဒုတိယဒေါ်လေးက ကျိကျန့်ခန်းကို မောင်းထုတ်လိုက်သည်။
စာဖတ်ရမယ်ဆိုတော့ ကျိကျန့်ခန်း စိတ်ဓာတ်ကျသွားသည်။ ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ကာမှ စာဖတ်ရမယ်တဲ့။ ပြီးတော့ အခုက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလည်း မရှိတော့ဘူး။ သူက အထက်တန်း ဒုတိယနှစ်တောင် ရောက်နေပြီ။ ဒီနှစ်ဆို ဘွဲ့ရပြီ။ စာဆက်ဖတ်စရာ မလိုတော့ဘူး။
"အမေ၊ မနှစ်က စာအုပ်တွေ ကျွန်တော် ဖတ်ပြီးပါပြီ၊ စာအုပ်အသစ်တွေ မရသေးဘူး၊ ဖတ်စရာ မလိုပါဘူး" ကျိကျန့်ခန်းက ဆင်ခြေပေးသည်။
"စာမဖတ်ဘူး ဟုတ်လား၊ စာမဖတ်ရင် မီးသွားမွှေး၊ ဟုန်ကျွင်းမိန်းမကို ချက်ခိုင်းလိုက်" ဒုတိယဒေါ်လေး ပြောပြီး လျန်ဟွမ်းဘက် လှည့်ကြည့်လိုက်သည်။
"ဟုန်ကျွင်းမိန်းမ၊ ညည်း လက်ရာက ငါ့ထက် ကောင်းတာ အမှန်ပဲ၊ ငါ ငါး သွားကိုင်လိုက်မယ်၊ ညည်းပဲ ချက်လိုက်တော့" ဟုန်ကျွင်းမိန်းမ လက်ရာက သူမထက် ကောင်းတာ အမှန်ပဲ။ မနေ့က ကျန့်ခန်း လာပို့တဲ့ မှိုအသားချက် တစ်ခွက်ဆို သူမ ဘဝမှာ စားဖူးသမျှ အကောင်းဆုံးပဲ။
သူမနဲ့ အဖေကြီးက မစားရက်လို့ အသားတစ်ဖတ် မှိုတစ်ဖတ်ပဲ စားပြီး သိမ်းထားလိုက်တာ။ ဒီနေ့ နေ့လယ် ကျန့်ခန်းနဲ့ အတူစားဖို့ ပြန်နွှေးမလို့။ ကွက်တိပဲ ဟုန်ကျွင်းတို့ လင်မယား ဒီမှာ စားမယ်ဆိုတော့ အဲဒီဟင်းကို ဂေါ်ဖီထုပ်နဲ့ ရောချက်လိုက်မယ်။ ငါးဟင်းပါ ချက်လိုက်ရင် သူတို့လည်း ဗိုက်ဝအောင် စားရမှာပေါ့။
လျန်ဟွမ်းသည် ရေပုံးထဲမှ ငါးခူကို မြင်ကတည်းက ငါးခူအချိုပေါင်း ချက်ဖို့ စိတ်ကူးနေတာ။ ဒုတိယဒေါ်လေးက သူမကို ချက်ခိုင်းတော့ မငြင်းဘဲ လက်ခံလိုက်သည်။
ဒုတိယဒေါ်လေးက လျန်ဟွမ်း လက်ခံလိုက်သည်ကို ကြားသောအခါ ဂေါ်ဖီတစ်ထုပ် ပေးလိုက်သည်။ ပြီးတော့ ဗီရိုထဲမှ မနေ့က ဟင်းကျန်ကို ထုတ်ပေးသည်။
"ဒါက မနေ့က ညည်း ကျန့်ခန်းကို လာပေးခိုင်းတဲ့ ဟင်းလေ၊ ငါတို့ မကုန်သေးဘူး၊ ညည်း ကြည့်ပြီး ဂေါ်ဖီနဲ့ ရောချက်လိုက်၊ ဟင်းတစ်ပွဲ ရတာပေါ့၊ ငါ အပြင်ထွက်ပြီး ငါးသွားကိုင်လိုက်ဦးမယ်" 
ဒုတိယဒေါ်လေးက မှိုအသားချက် ပန်းကန်ကို စားပွဲပေါ်တင်ပြီး ရေပုံးဆွဲကာ ထွက်သွားသည်။
လျန်ဟွမ်းသည် စားပွဲပေါ်မှ မှိုအသားချက်နှင့် ဂေါ်ဖီထုပ်ကို ကြည့်ပြီး စဉ်းစားလိုက်သည်။ ဂေါ်ဖီနဲ့ မှိုအသားချက်ကို ရောမချက်တော့ဘူး။ မှိုအသားချက်က ချက်ပြီးသား ဟင်းဆိုတော့ ဂေါ်ဖီနဲ့ ရောချက်လိုက်ရင် မူလအရသာ ပျက်သွားလိမ့်မယ်။ သီးသန့်ပဲ ချက်လိုက်တော့မယ်။
လျန်ဟွမ်းက ဂေါ်ဖီကို ဆေးပြီး ဂေါ်ဖီအချဉ်ကြော်တစ်ခွက် ကြော်လိုက်သည်။ သူမ ဂေါ်ဖီကြော်ပြီးခါနီးတွင် ကျိဟုန်ကျွင်း ပြန်ရောက်လာသည်။ ဂျုံပေါက်စီနှင့် ဝက်သားကို စားပွဲပေါ် တင်လိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို လှည့်ကြည့်လိုက်သည်။ "ရှင် အသားလှီးတတ်လား၊ ဝက်သားသုံးထပ်သားကို အတုံးလေးတွေ တုံးပေးပါလား"
ကျိဟုန်ကျွင်းက သူ့ရှေ့မှ အသားကို ကြည့်ပြီး လက်ခံလိုက်သည်။ "အင်း"
ကျိဟုန်ကျွင်း ခေါင်းငုံ့ပြီး အသားလှီးနေသည်။ လျန်ဟွမ်းက ဂေါ်ဖီအချဉ်ကြော်ကို ပန်းကန်ထဲ ထည့်ပြီး လှည့်ကြည့်လိုက်ရာ ကျိဟုန်ကျွင်းက အသားလှီးပြီးနေပြီ။ အသားတုံးတွေက ညီညာနေသည်။
"ဟုန်ကျွင်း၊ အာလူးနှစ်လုံးလောက် အခွံနွှာပေးပါလား" ဝက်သားနီချက်နဲ့ အာလူးချက်ရင် ကောင်းတယ်။
"အင်း" ကျိဟုန်ကျွင်းက တိုးတိုးလေး ဖြေပြီး ခုံပုလေးပေါ်ထိုင်ကာ လိမ်လိမ်မာမာ အာလူးခွံနွှာနေသည်။
ကျိကျန့်ခန်းက ကျိဟုန်ကျွင်းကို တစ်ချက်ခိုးကြည့်လိုက် လျန်ဟွမ်းကို တစ်ချက်ကြည့်လိုက် လုပ်ပြီး လျန်ဟွမ်းကို ပြောလိုက်သည်။ "အစ်မ၊ အစ်ကိုဟုန်ကျွင်းက အစ်မအပေါ် အရမ်းကောင်းတာပဲ"
အစ်ကိုဟုန်ကျွင်းက အစ်မစကားဆို အရမ်းနားထောင်တာပဲ။ အစ်မ ဘာခိုင်းခိုင်း လုပ်ပေးတယ်။ သူ့အဖေနဲ့ အမေလည်း ချစ်ကြပေမဲ့ အမေက အဖေ့ကို မီးမွှေးခိုင်းရင်၊ ထမင်းချက်ခိုင်းရင် အဖေက မလုပ်ချင်ဘူး။ အဲဒါ မိန်းမတွေ အလုပ်တဲ့။ အဖေ မလုပ်ဘူးတဲ့။
တခြားသူက ကျိဟုန်ကျွင်း သူ့အပေါ်ကောင်းကြောင်း ပြောလာသဖြင့် လျန်ဟွမ်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ ပြီးမှ ခေါင်းညိတ်လိုက်သည်။ "အင်း၊ ဟုန်ကျွင်းက ကောင်းပါတယ်"
ကျိဟုန်ကျွင်းက လူကောင်းပါ။ သူ့အပေါ်လည်း မဆိုးပါဘူး။ ဒီဆယ်ရက်ကျော် အတူနေလာတာ သူမ သတိထားမိသည်။ ငြင်းစရာ မရှိပါဘူး။
ကျိကျန့်ခန်း ပြုံးလိုက်ပြီး ခေါင်းငုံ့ကာ မီးဆက်မွှေးလိုက်သည်။
နေ့လယ်စာ အမြန်ချက်ပြီးသွားသည်။ ဟင်းလေးပွဲ။ ဝက်သားနီအာလူးချက်၊ ငါးခူအချိုပေါင်း၊ ဂေါ်ဖီအချဉ်ကြော်နှင့် မနေ့က ကျန်သော မှိုအသားချက်။ ဟင်းပွဲများ စားပွဲပေါ် ရောက်လာသောအခါ ဒုတိယဦးလေးသည် စားပွဲပေါ်မှ အသားဟင်းကို ကြည့်ပြီး ကျိဟုန်ကျွင်းကို မေးလိုက်သည်။ 
"အသားက ဟုန်ကျွင်း ယူလာတာလား"
ဒုတိယဒေါ်လေးက တူများကို လျန်ဟွမ်းတို့ကို ဝေပေးရင်း ဝင်ပြောသည်။ "ဟုတ်တာပေါ့၊ ဟုန်ကျွင်းက အသားတင် ယူလာတာ မဟုတ်ဘူး၊ ဂျုံပေါက်စီပါ ယူလာသေးတယ်"
အသားကို လျန်ဟွမ်း ချက်လိုက်ပြီ။ ဂျုံပေါက်စီကိုလည်း နွှေးထားပြီ။ ဒုတိယဦးလေးက စားပွဲပေါ်မှ ဟင်းများကို လေးလေးနက်နက် ကြည့်ပြီး ခဏကြာမှ ပြောလိုက်သည်။ "အေး၊ ဟုန်ကျွင်း ယူလာမှတော့ စားကြတာပေါ့"
ထမင်းတစ်နပ်တွင် အသားရော ဂျုံပေါက်စီပါပါသဖြင့် ငါးယောက်သား ဗိုက်ဝအောင် စားလိုက်ကြသည်။ စားပြီးနောက် လျန်ဟွမ်းက ဒုတိယဒေါ်လေးနှင့်အတူ မီးဖိုချောင်ကို ရှင်းလင်းလိုက်သည်။ ပြီးနောက် ဒုတိယဒေါ်လေးနှင့်အတူ ဖိနပ်ဆက်ချုပ်သည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ နေဝင်ရီတရော အချိန်ရောက်သောအခါ လျန်ဟွမ်း၏ ဖိနပ် ပြီးသွားပြီဖြစ်သည်။ သူမသည် ပြီးသွားသော ဖိနပ်ကို ကိုင်ကာ ဒုတိယဒေါ်လေးကို နှုတ်ဆက်လိုက်သည်။
"ဒေါ်လေး၊ မိုးချုပ်နေပြီ၊ ကျွန်မနဲ့ ဟုန်ကျွင်း ပြန်တော့မယ်"
ညဘက်တွင် ဒုတိယဒေါ်လေးက လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းကို ထမင်းစားရန် မခေါ်တော့ပေ။ 
"ကောင်းပြီလေ၊ ပြန်ကြတော့၊ ဖြည်းဖြည်း ပြန်ကြနော်"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း အိမ်ပြန်ရောက်သောအခါ မိုးနည်းနည်း ချုပ်နေပြီ။ လျန်ဟွမ်းက ဖိနပ်ကို အိမ်မကြီးထဲ ထည့်ပြီး မီးဖိုချောင်ထဲ တန်းဝင်သွားပြီး ညစာ ချက်သည်။ နေ့လယ်က ဗိုက်ဝအောင် စားထားသဖြင့် ညစာကို ဂျုံကပ်ခေါက်ဆွဲပြုတ် ချက်လိုက်သည်။ ကြက်စွပ်ပြုတ်ရည် နှစ်ခွက်ထည့်ပြီး ဝက်ဆီနည်းနည်းထည့်လိုက်တော့ ခေါက်ဆွဲပြုတ်က မွှေးကြိုင်နေသည်။ ကျိဟုန်ကျွင်းက ငါးပန်းကန် စားလိုက်သည်။
ထမင်းစားပြီးနောက် လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မီးဖိုချောင်ထဲတွင် ခြေဆေးရန် ရေနွေးတည်ခိုင်းလိုက်ပြီး သူမက အခန်းထဲ ဝင်သွားသည်။
မီးဖိုချောင်ထဲတွင် ကျိဟုန်ကျွင်းသည် ခြေဆေးရေ ပူလာသည်ကို ကြည့်ပြီး ဇလုံထဲ ထည့်ကာ အခန်းထဲ ယူသွားသည်။
အခန်းထဲတွင် လျန်ဟွမ်းသည် ယနေ့ ချုပ်ထားသော ဖိနပ်ကို ကြည့်နေသည်။ ကျိဟုန်ကျွင်း ရေယူလာသည်ကို မြင်သောအခါ ဖိနပ်ကို ခုတင်ပေါ် တင်လိုက်သည်။
"ရေရပြီလား၊ ရှင် အရင်ဆေးလိုက်၊ ပြီးရင် ဖိနပ် စီးကြည့်လို့ ရပြီ"
ကျိဟုန်ကျွင်း၏ မျက်လုံးများက ဖိနပ်ပေါ်သို့ ကျရောက်သွားသည်။ သူ၏ မျက်ဝန်းများ လှုပ်ရှားသွားသည်။
"အင်း"
…
အခန်း (၃၀)
မှောင်မည်းနေသော ရေနံဆီမီးရောင်အောက်တွင် ကျိဟုန်ကျွင်းက ခြေထောက်ဆေးပြီးသည်နှင့် လျန်ဟွမ်းသည် ဖိနပ်ကို သူ့ထံ ကမ်းပေးလိုက်သည်။
"စီးကြည့်ပါဦး၊ အဆင်ပြေလားလို့"
ဖိနပ်အသစ်က ဂွမ်းဖိနပ်အသစ်ဖြစ်၍ ကြည့်ရုံဖြင့်ပင် နွေးထွေးမည့်ပုံ ပေါ်နေသည်။ ကျိဟုန်ကျွင်းက လက်လှမ်းလိုက်ပြီး လျန်ဟွမ်း ပေးလာသည့် ဖိနပ်ကို လှမ်းယူလိုက်သည်။ သူသည် ဖိနပ်ကို ကြည့်ရင်း အကြည့်များ နက်ရှိုင်းသွားသည်။ အတော်ကြာသည်အထိ စမ်းမစီးကြည့်သေးပေ။
လျန်ဟွမ်းက ဘေးတွင် ထိုင်ရင်း ကျိဟုန်ကျွင်း ဖိနပ်စီး၍ ရ၊ မရ စောင့်ကြည့်နေသည်။ သို့သော် သူက ဖိနပ်ကို ကိုင်ထားရုံသာ ရှိပြီး မစီးကြည့်သေးပေ။
လျန်ဟွမ်း စိတ်မရှည် ဖြစ်လာသည်။ "ကျိဟုန်ကျွင်း၊ မြန်မြန် စီးကြည့်ပါဦး၊ ရလားလို့"
လျန်ဟွမ်း၏ မျက်နှာပေါ်တွင် သူ့ထက်ပို၍ စိတ်လှုပ်ရှားနေပုံ ပေါ်နေသဖြင့် ကျိဟုန်ကျွင်း တိုးတိုးလေး ဖြေလိုက်သည်။ "အင်း"
ခါးကိုကိုင်းကာ ဖိနပ်ကို စီးလိုက်သည်။ ခုနကမှ ရေနွေးနှင့် ဆေးထားသော ခြေထောက်များသည် မူလကပင် နွေးထွေးနေပြီး ဖိနပ်စီးလိုက်သောအခါ ပို၍ ပူနွေးသွားကာ သက်သောင့်သက်သာ ရှိလှသည်။
ကျိဟုန်ကျွင်းက ဖိနပ်နှစ်ဖက်စလုံး စီးပြီးနောက် လျန်ဟွမ်းကို ကြည့်လိုက်သည်။ "တော်တော် အဆင်ပြေတယ်"
လျန်ဟွမ်း သက်ပြင်းချလိုက်သည်။ သူမ စိတ်ပူနေတာက သူမ ချုပ်ပေးလိုက်သည့် ဖိနပ်က ကျိဟုန်ကျွင်းနှင့် မတော်မှာကို ဖြစ်သည်။
"တော်ရင် ပြီးတာပါပဲ၊ ဆင်းပြီး လမ်းလျှောက်ကြည့်ပါဦး"
ဖိနပ်အသစ်ဆိုတာ လမ်းလျှောက်ကြည့်မှ ခြေထောက်နာ၊ မနာ သိရမည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း ပြောသည့်အတိုင်း အိပ်ရာပေါ်မှ ဆင်းကာ အခန်းထဲတွင် တစ်ပတ် လမ်းလျှောက်ကြည့်လိုက်သည်။ တစ်ပတ်လျှောက်ပြီးနောက် အိပ်ရာဘေးသို့ ပြန်လာပြီး လျန်ဟွမ်းဘေးတွင် ရပ်ကာ သူမကို ငုံ့ကြည့်လိုက်သည်။ "အရမ်း သက်သောင့်သက်သာ ရှိတယ်"
"ကျေးဇူးပါပဲ၊ ဟွမ်းဟွမ်း"
လျန်ဟွမ်း၏ အမည်ပြောင်ကို ကျိဟုန်ကျွင်း၏ နှုတ်မှ ထွက်ပေါ်လာချိန်တွင် သူက အသံကို နှိမ့်ကာ ပြောလိုက်သဖြင့် လျန်ဟွမ်း ခံစားမိသည်မှာ သူက သူမနာမည်ကို အလွန် နူးညံ့စွာ ခေါ်လိုက်သည်ဟု ထင်ရသည်။
လျန်ဟွမ်းက အခန်းထဲတွင် ပူလာသလို ခံစားလိုက်ရသည်။ သူမ ပါးပြင်များ ပူနွေးလာသည်။ လျန်ဟွမ်း ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ "ကျွန်မ ခြေဆေးရေ သွားသွန်လိုက်ဦးမယ်"
ကျိဟုန်ကျွင်း၏ ခြေဆေးရေ သွန်ပြီးနောက် သူမက ရေတစ်ဇလုံ ထပ်ယူလာပြီး သူမကိုယ်တိုင် ခြေထောက်ဆေးကာ ဖိနပ်အသစ် စမ်းစီးကြည့်ရမည်။
လျန်ဟွမ်း ပြောပြီးသည်နှင့် ပြေးထွက်ရန် ပြင်လိုက်သော်လည်း ခြေတစ်လှမ်းလှမ်းရုံ ရှိသေးသည်။ ကျိဟုန်ကျွင်းက သူမလက်ကို လှမ်းဆွဲထားလိုက်သည်။ လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖြစ်နေကြသည်။ ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ငုံ့ကြည့်လိုက်ရာ သူ၏ နက်ရှိုင်းသော မျက်ဝန်းထဲတွင် လျန်ဟွမ်း၏ ပုံရိပ်က ထင်ဟပ်နေသည်။
"ဟွမ်းဟွမ်း၊ ကိုယ်တို့က လင်မယားတွေလေ"
လိမ္မော်ရောင် ရေနံဆီမီးရောင်အောက်တွင် လျန်ဟွမ်း၏ မျက်နှာလေးမှာ နူးညံ့နေပြီး သူမ၏ မျက်လုံးများကလည်း လှပနေသည်။ တစ်ကိုယ်လုံးတွင် အလင်းရောင်ဖျော့ဖျော့လေး လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေရာ မူလကပင် သူမအပေါ် စိတ်ဝင်စားနေသူအတွက် ပို၍ ရင်ခုန်စရာ ဖြစ်သွားစေသည်။ ခန္ဓာကိုယ်၏ တစ်နေရာရာတွင်လည်း စိတ်ခံစားချက်များက မျက်စိရှေ့မှ အလှပဂေးကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "ကျွန်မ သိပါတယ်"
သူမ သိပါသည်။ သူတို့က ယခု လင်မယားတွေ ဖြစ်နေကြပြီ။ နောင်တစ်ချိန်ကျရင် တကယ့်လင်မယားတွေ ဖြစ်လာနိုင်သည်။
လျန်ဟွမ်း ဖြေပြီးသည်နှင့် ကျိဟုန်ကျွင်းက လက်ကမ်းကာ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ခါးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရာ လျန်ဟွမ်း၏ ခန္ဓာကိုယ်က သူနှင့် ကပ်သွားသည်။ "ဟွမ်းဟွမ်း၊ ကိုယ် ပြောဖူးတယ်လေ၊ ကိုယ်တို့က တကယ့်လင်မယားတွေ ဖြစ်လာမှာပါ၊ မင်း အသားကျဖို့ အချိန်ပေးမယ်လို့"
ကျိဟုန်ကျွင်း၏ နှုတ်ခမ်းက လျန်ဟွမ်း၏ နားရွက်နားသို့ ကပ်သွားပြီး ဆွဲဆောင်မှုရှိသော သံလိုက်အသံ ထွက်ပေါ်လာသည်။ "ဒါပေမဲ့ ကြာသွားရင်တော့ ကိုယ် မထိန်းနိုင်မှာ စိုးတယ်"
"ကိုယ်က ယောကျ်ားတစ်ယောက်လေ၊ မိန်းမမရှိတုန်းကတော့ သိပ်မထူးခြားပေမဲ့ မိန်းမရှိလာရင်တော့ စိတ်ဆန္ဒတွေ ဖြစ်လာတတ်တယ်၊ လိုအင်ဆန္ဒတွေ ရှိလာတတ်တယ်"
ကျိဟုန်ကျွင်း၏ လက်ကြီးများက လျန်ဟွမ်း၏ ခါးကို ဖိထားသဖြင့် လျန်ဟွမ်းက သူ့ခန္ဓာကိုယ်နှင့် ကပ်နေသည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ခန္ဓာကိုယ်မှ ပြောင်းလဲမှုတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူမက ကလေးမဟုတ်သလို ယခုခေတ်ကာလမှ ရိုးအသော မိန်းကလေးလည်း မဟုတ်ပေ။ သူမက ကမ္ဘာအဆင့်ဆင့် ကူးပြောင်းခြင်းနယ်ပယ်မှ ရောက်လာသူဖြစ်သည်။ အချို့ကိစ္စများကို လက်တွေ့မလုပ်ဖူးသော်လည်း ကြားဖူး၊ မြင်ဖူးသည်မို့ ကျိဟုန်ကျွင်း၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုက ဘာလဲဆိုတာ သူမ သိသည်။
လျန်ဟွမ်း၏ မျက်နှာက ပို၍ ပူနွေးလာသည်။ သူမက ကျိဟုန်ကျွင်းကို တွန်းလိုက်သည်။ "ကျွန်မ သိပါတယ်၊ ကျွန်မကို အချိန်နည်းနည်း ထပ်ပေးပါဦး"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်မှ ခြေဆေးဇလုံကို ကောက်ကိုင်ကာ အပြင်သို့ ပြေးထွက်သွားသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း ပြေးထွက်သွားသည်ကို ကြည့်ပြီး အနောက်မှ လိုက်မသွားတော့ပေ။ သူသည် ခြေထောက်မှ ဖိနပ်ကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။
လျန်ဟွမ်းသည် အိမ်တံခါးမှ ထွက်လာသော်လည်း မီးဖိုချောင်ထဲသို့ တန်းမဝင်သေးပေ။ ခြံဝင်းထဲတွင် ရပ်ကာ မျက်နှာပေါ်မှ အပူရှိန်များ လျော့သွားအောင် စောင့်ပြီးမှ ခြေဆေးဇလုံကို ကိုင်ကာ မီးဖိုချောင်ထဲ ဝင်သွားသည်။ မီးဖိုချောင်ထဲတွင် ခြေဆေးရေထည့်ပြီး ပြန်ထွက်လာသည်။
လျန်ဟွမ်း အိမ်မကြီးထဲ ပြန်ရောက်ချိန်တွင် ကျိဟုန်ကျွင်းက အိပ်ရာပေါ်တွင် ထိုင်နေသည်။ လျန်ဟွမ်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဇလုံကို ကိုင်ကာ အိပ်ရာခြေရင်းတွင် ထိုင်ပြီး ခြေဆေးလိုက်သည်။
ခြေဆေးပြီး၍ မတ်တတ်ရပ်ကာ ရေသွားသွန်ရန် ပြင်လိုက်စဉ် ကျိဟုန်ကျွင်းက ဇလုံကို ယူလိုက်သည်။ 
"ငါ သွားသွန်လိုက်မယ်"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ဇလုံကို ကိုင်ကာ ထွက်သွားသည်။ လျန်ဟွမ်းက အိပ်ရာပေါ်တွင် ထိုင်ကျန်ရစ်ခဲ့ပြီး ရင်ခုန်မြန်နေသည်။
ကျိဟုန်ကျွင်း ဒီလူကြီးက သိပ်တတ်တာပဲ။ နေ့စဉ်ဘဝ ကိစ္စတွေမှာပဲ ဖြစ်ဖြစ်၊ အတူနေထိုင်တဲ့ ကိစ္စတွေမှာပဲဖြစ်ဖြစ် သူမရဲ့ စိတ်နှလုံးကို လှုပ်ခတ်အောင် လုပ်တတ်တယ်။ သူက အရည်အချင်းရှိတယ်။ ရုပ်ချောတယ်။ စိတ်သဘောထား ကောင်းတယ်။ ဒီလိုလူနဲ့ နေ့တိုင်း အတူနေရရင် စိတ်မလှုပ်ရှားဘဲ နေနိုင်ဖို့ ခက်တယ်။
အခုလိုပေါ့။ ကျိဟုန်ကျွင်းက သူမကို ခြေဆေးရေ သွန်ပေးတယ်။ သူက သိပ်ကောင်းတဲ့ ယောကျ်ားတစ်ယောက်ပဲလို့ ခံစားရတယ်။ ဒီခေတ်ကာလ ယောကျ်ားတွေထဲမှာ မိန်းမကို ခြေဆေးရေ သွန်ပေးတဲ့သူ ဘယ်နှစ်ယောက် ရှိမှာလဲ။ ဒီခေတ် ယောကျ်ားတွေ အများစုက ယောကျ်ားကြီးဝါဒ ရှိကြတယ်။ မိန်းမတွေက သူတို့ကို ပြုစုရမယ်လို့ ထင်ကြတယ်။ သူတို့က မိန်းမတွေကို ဘာမှ ကူလုပ်ပေးစရာ မလိုဘူးလို့ ထင်ကြတယ်။
ဒီခေတ် ယောကျ်ားတွေ အများစုက လယ်လုပ်တာ တော်ကြပေမဲ့ အိမ်မှာ ထမင်းချက်တာ၊ မိန်းမကို အဝတ်လျှော်တာ၊ မီးမွှေး ကူပေးတာမျိုး လုပ်တဲ့လူ ရှားတယ်။ ဒီအလုပ်တွေကို ကျိဟုန်ကျွင်းက အကုန်လုပ်တယ်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း လုပ်ပေးခဲ့သည်များကို ပြန်တွေးလေလေ ကျိဟုန်ကျွင်းက သိပ်ကောင်းတယ်လို့ ခံစားရလေဖြစ်သည်။ စံပြယောကျ်ားကောင်းတစ်ယောက်ပဲ။ ဒီယောကျ်ားကောင်းက အခု သူမရဲ့ ခင်ပွန်း ဖြစ်နေပြီ။ သူတို့က တကယ့်လင်မယားတွေ ဖြစ်လို့ရတယ်။
လျန်ဟွမ်းသည် အပြင်မှ ဝင်လာသော ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် သူ၏ ခန့်ညားပြီး သန်မာသော ပုံရိပ် ထင်ဟပ်နေသည်။
"ကျိဟုန်ကျွင်း"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်လိုက်သည်။ "ဟင်"
လျန်ဟွမ်း အသက်ပြင်းပြင်းရှူကာ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ပြီး မေးလိုက်သည်။ "ရှင်... ဟိုလေ... ရှင် မအောင့်နိုင်ရင်လည်း မအောင့်နဲ့တော့လေ"
ကျိဟုန်ကျွင်း၏ လက်ထဲမှ ဇလုံ ပြုတ်ကျလုမတတ် ဖြစ်သွားသည်။ တော်သေးသည်။ အသိစိတ် နည်းနည်း ကျန်နေသေး၍ ဇလုံကို ကြမ်းပြင်ပေါ် မပစ်ချမိပေ။ ဇလုံကို တံခါးနောက် ထားလိုက်ပြီး အခန်းတံခါးကို အမြန်ပိတ်ကာ လျန်ဟွမ်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။
"မင်း... သေချာပြီလား"
ကျိဟုန်ကျွင်းက သူမကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်နေသည်။ မျက်လုံးထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းနေသကဲ့သို့ ရှိသည်။
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "အင်း..."
ဘာပဲဖြစ်ဖြစ် ကျိဟုန်ကျွင်း ပြောသလိုပဲ။ သူတို့ အတူနေရတာ အဆင်ပြေပါတယ်။ ပြီးတော့ သူတို့က အခု လင်မယားတွေပဲလေ။ သူမမှာ ကွာရှင်းဖို့ အစီအစဉ် မရှိသလို ကျိဟုန်ကျွင်းကလည်း ကွာရှင်းဖို့ မစဉ်းစားထားဘူး။ ဒါဆို တကယ့်လင်မယားတွေ လုပ်လိုက်ကြတာပေါ့။ နောက်ဆို အပြန်အလှန် ဖေးမကူညီလို့ ရတာပေါ့။
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်မှာ မီးကို ရှို့လိုက်သလို ဖြစ်သွားသည်။ ကျိဟုန်ကျွင်းက သူမ ပခုံးကို ဖက်လိုက်ပြီး နှုတ်ခမ်းချင်း ထိကပ်လိုက်တော့သည်။
ကျား၊ မ ဆက်ဆံရေးကိစ္စမှာ ယောကျ်ားတွေက ဆရာကျပြီးသား ထင်ပါရဲ့။ ကျိဟုန်ကျွင်းက မိန်းမတစ်ခါမှ မရဖူးပေမဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ သိနေသလိုပဲ။ နမ်းရင်းနမ်းရင်းနှင့် သူ့လက်တွေက လျန်ဟွမ်း အင်္ကျီပေါ် ရောက်လာသည်။
လျန်ဟွမ်း၏ ဂွမ်းအင်္ကျီ ကျွတ်သွားပြီး အတွင်းခံအင်္ကျီကို ချွတ်တော့မည့်အချိန်တွင် လျန်ဟွမ်း ဗိုက်အောက်ပိုင်း နာကျင်လာသည်။
လျန်ဟွမ်း မျက်နှာ ပျက်သွားသည်။ သူမ... ဟိုဟာ လာတာတော့ မဟုတ်ပါဘူးနော်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို အားဖြင့် တွန်းလိုက်သည်။
ရုတ်တရက် ရပ်တန့်လိုက်ရသဖြင့် ကျိဟုန်ကျွင်း မျက်နှာ မည်းမှောင်သွားသည်။ သူက လျန်ဟွမ်းကို စိတ်ရှုပ်ထွေးစွာ ငုံ့ကြည့်လိုက်သည်။ "ဟွမ်းဟွမ်း၊ မင်း သေချာတယ်လို့ ပြောထားတယ်လေ"
ခုနက သေချာတယ်လို့ ပြောပြီး အခု ပြန်ဖျက်လို့ မရဘူး။
လျန်ဟွမ်းက ကျိဟုန်ကျွင်း မပြောဘဲ ချန်ထားခဲ့သော စကားကို နားလည်သည်။ သူမ ပြန်ဖျက်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူမ အောက်ပိုင်းမှာ တစ်ခုခု စီးဆင်းသွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ 'အမျိုးသမီးကိစ္စ' ရောက်လာပြီဆိုတာ သေချာသလောက် ရှိသွားပြီ။
"ဟိုလေ... ကျိဟုန်ကျွင်း၊ ကျွန်မ... ကျွန်မ အိမ်သာ ခဏသွားလိုက်ဦးမယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ဘေးနားမှ ဂွမ်းအင်္ကျီကို ယူဝတ်ကာ အပြင်ထွက်ရန် ပြင်လိုက်သည်။
ကျိဟုန်ကျွင်း လက်သီးဆုပ်ထားသည်။ လက်ပေါ်တွင် သွေးကြောများ ထောင်နေသည်။ လျန်ဟွမ်း အပြင်ထွက်တော့မည်ကို မြင်သောအခါ သူလည်း ဘေးနားမှ ဂွမ်းအင်္ကျီကို ယူဝတ်လိုက်သည်။
"ကိုယ် လိုက်ပို့မယ်"
သူတို့အိမ် ခြံဝင်းထဲတွင် အိမ်သာမရှိပေ။ အပြင်အိမ်သာ သွားရမည်။ ညက မှောင်ပြီး လမ်းက ချောသည်။
လျန်ဟွမ်းက ညဘက် တစ်ယောက်တည်း အိမ်သာသွားရမှာ ကြောက်နေသည်။ ကျိဟုန်ကျွင်း လိုက်ပို့မည်ဆိုတော့ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း အတူတူ ထွက်လာကြသည်။ လျန်ဟွမ်းဘေးတွင် လျှောက်လာရင်း ကျိဟုန်ကျွင်းက စကားတစ်ခွန်းမှ မပြောပေ။
ကျိဟုန်ကျွင်းဆီမှ လေဖိအားနည်းရပ်ဝန်း ဖြတ်သန်းနေသလို လျန်ဟွမ်း ခံစားရသည်။ သူမ လက်ကို တိတ်တဆိတ် လှမ်းလိုက်ပြီး ကျိဟုန်ကျွင်း၏ လက်ချောင်းလေးကို ချိတ်လိုက်သည်။
ကျိဟုန်ကျွင်းက ငုံ့ကြည့်လိုက်သည်။ လက်ကြီးကို ဖြန့်ကာ လျန်ဟွမ်းလက်ကို ဆုပ်ကိုင်လိုက်သည်။
လက်ချင်း ဆုပ်ကိုင်ထားပြီး လက်ဖဝါးချင်း ထိကပ်ကာ ကျိဟုန်ကျွင်း၏ အပူဓာတ် စီးကူးလာသဖြင့် လျန်ဟွမ်း ပြုံးလိုက်ပြီး ကျိဟုန်ကျွင်းနှင့်အတူ အိမ်သာသို့ လျှောက်သွားသည်။
သူမ အခု ကျိဟုန်ကျွင်းက မဆိုးဘူးလို့ ပိုပြီး ခံစားလာရပြီ။ အဲဒီလို အခြေအနေမျိုးမှာ သူမ တွန်းထုတ်လိုက်တာတောင် သူက ဒေါသ မထွက်ဘူး။ ပြီးတော့ သူမကို အဖော်လိုက်ပို့ပေးသေးတယ်။ ဒီလိုယောကျ်ားမျိုးက တကယ် ကောင်းတယ်။
အိမ်သာရောက်သောအခါ ကျိဟုန်ကျွင်းက ရေနံဆီမီးခွက်ကို လျန်ဟွမ်းအား ပေးလိုက်သည်။ သူက အပြင်တွင် စောင့်နေသည်။
လျန်ဟွမ်းက မီးခွက်ကိုင်ပြီး ဝင်သွားသည်။ မီးရောင်မှိန်မှိန်အောက်တွင် အနီရောင် အစအနများကို တွေ့လိုက်ရသဖြင့် သူမ ထင်တာ မှန်သွားသည်။ သူမရဲ့ 'အမျိုးသမီးကိစ္စ' တကယ် ရောက်လာပြီ။ ဘယ်လိုလုပ်ရမလဲ။ ဒီမှာက လစဉ်သုံးပစ္စည်း မရှိဘူး။
သူမ နေရာလွတ်ထဲက စာအုပ်ထဲမှာ ရေးထားတာ ဖတ်ဖူးတယ်။ ဒီခေတ်လူတွေက ပြာကို သုံးကြတယ်တဲ့။ အဲဒါကြီးက ညစ်ပတ်လွန်းတယ်။ မသန့်ရှင်းဘူး။
လျန်ဟွမ်း အိမ်သာထဲတွင် ခဏနေပြီး ပြန်ထွက်လာသည်။ ကျိဟုန်ကျွင်းလက်ကို ဆွဲလိုက်သည်။ 
"ပြန်ကြရအောင်"
အပြန်လမ်းတွင် လေအေးများ တိုက်ခတ်နေသဖြင့် လျန်ဟွမ်း လည်ပင်းကို ကျုံ့လိုက်မိသည်။ ကျိဟုန်ကျွင်း ရပ်လိုက်ပြီး ကျုံ့နေသော လျန်ဟွမ်းကို ကြည့်ကာ သူ့ကိုယ်ပေါ်မှ ဂွမ်းအင်္ကျီကို ချွတ်ပြီး လျန်ဟွမ်း ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ ဆောင်းတွင်းကြီး ကျိဟုန်ကျွင်းက ဂွမ်းအင်္ကျီကို သူမအား ပေးလိုက်ရာ သူ့တွင် စုတ်ပြတ်နေသော အတွင်းခံအင်္ကျီ တစ်ထည်သာ ကျန်တော့သည်။
လျန်ဟွမ်းက ကိုယ်ပေါ်မှ အင်္ကျီကို ကျိဟုန်ကျွင်းအား ပြန်ပေးရန် ပြင်လိုက်စဉ် ကျိဟုန်ကျွင်းက သူမလက်ကို ဖိထားလိုက်သည်။ "ကိုယ် မအေးဘူး၊ အိမ်မြန်မြန်ပြန်ကြမယ်"
လက်ကို ကျိဟုန်ကျွင်း ဖိထားသဖြင့် လျန်ဟွမ်း အင်္ကျီကို ပြန်ချွတ်ပေးလို့ မရတော့ပေ။ ရာသီဥတုက အေးလွန်းသဖြင့် ကျိဟုန်ကျွင်း အအေးမိသွားမှာ စိုးရိမ်သောကြောင့် စကားနားထောင်ပြီး သူနှင့်အတူ ခြေလှမ်းသွက်သွက်ဖြင့် အိမ်သို့ ပြေးပြန်လိုက်သည်။
အိမ်ရောက်သည်နှင့် လျန်ဟွမ်း အခန်းထဲဝင်ကာ အင်္ကျီကို ချွတ်ပြီး ကျိဟုန်ကျွင်း ကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။ "ရှင် မြန်မြန် ဝတ်လိုက်"
အင်္ကျီကို ကျိဟုန်ကျွင်း ကိုယ်ပေါ် လွှမ်းခြုံပေးပြီးနောက် လျန်ဟွမ်း ဗီရိုဘက်သို့ လျှောက်သွားသည်။ ဗီရိုထဲတွင် အသုံးမလိုသော အဝတ်စုတ်များနှင့် ဂွမ်းများ ရှိမရှိ ရှာကြည့်ချင်သည်။ ဂွမ်းနှင့် လစဉ်သုံးပစ္စည်း ချုပ်ပြီး သုံးကြည့်မည်။ ပြာက ညစ်ပတ်လွန်းလို့ သူမ မသုံးချင်ဘူး။
အခန်းထဲ ဝင်လာပြီး လေအေးများ မရှိတော့သဖြင့် ကျိဟုန်ကျွင်း၏ အနံ့ခံအာရုံ ပိုမို ကောင်းမွန်လာသည်။ သူက လျန်ဟွမ်းဘက် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ "မင်း ဒဏ်ရာရထားတာလား"
သွေးညှီနံ့ ရတယ်။
လျန်ဟွမ်း ဗီရိုမွှေနေသော လက် ရပ်တန့်သွားသည်။
"မရပါဘူး" လျန်ဟွမ်း ဖြေပြီး ပစ္စည်း ဆက်ရှာနေသည်။
ကျိဟုန်ကျွင်းက မျက်မှောင်ကြုတ်ထားသည်။ အခန်းထဲတွင် သွေးညှီနံ့ ရနေသည်။ သူက ဒဏ်ရာမရထားဘူး။ ဒါကြောင့် သူ့ဆီက အနံ့မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ယူလာတဲ့ အသားတွေကလည်း သွေးနံ့ ပျောက်နေပြီ။ အသားနံ့ မဟုတ်ဘူး။
ဒီအခန်းထဲက သွေးညှီနံ့က လျန်ဟွမ်းဆီက လာတာ သေချာသလောက်ပဲ။
ကျိဟုန်ကျွင်း တွေးရင်း လျန်ဟွမ်းအနောက်သို့ လျှောက်သွားသည်။ လျန်ဟွမ်းလက်ကို ဆွဲကာ လှည့်ကြည့်ခိုင်းလိုက်သည်။ "မင်း ကိုယ်ပေါ်မှာ သွေးညှီနံ့ ရတယ်၊ ဒဏ်ရာမရတာ သေချာလို့လား"
လျန်ဟွမ်း မျက်နှာ ထပ်မံ နီရဲသွားသည်။ သူမ ခေါင်းငုံ့ပြီး တိုးတိုးလေး ဖြေလိုက်သည်။ "မရပါဘူး၊ ကျွန်မ... လစဉ်ကိစ္စ လာနေလို့ပါ"
ကျိဟုန်ကျွင်းက ဇဝေဇဝါ ဖြစ်သွားပြီး ထပ်မေးရန် ပြင်လိုက်သည်။ ပါးစပ်ဟလိုက်ပြီး လျန်ဟွမ်းမျက်နှာကို ကြည့်ကာမှ ခေါင်းထဲ အလင်းတစ်ချက် ဝင်လာပြီး လျန်ဟွမ်း ဘာပြောတာလဲ ဆိုတာ နားလည်သွားသည်။ လျန်ဟွမ်းလက်ကို လွှတ်ပေးလိုက်ပြီး နောက်ဆုတ်လိုက်သည်။ "ဪ"
ကျိဟုန်ကျွင်း လွှတ်ပေးလိုက်ပြီးနောက် လျန်ဟွမ်းက ကိုယ်ကို လှည့်ကာ ဂွမ်းစ ဆက်ရှာသည်။ နောက်ဆုံးတွင် အလွန်ဟောင်းနွမ်းနေသော ဂွမ်းအင်္ကျီတစ်ထည် တွေ့လိုက်ရသည်။ ကြည့်ရတာ ကျိဟုန်ကျွင်း၏အင်္ကျီ ဖြစ်ပုံရသည်။ သို့သော် လက်မောင်းက တိုနေသဖြင့် ကျိဟုန်ကျွင်း ဝတ်လို့ရတော့မည် မဟုတ်ပေ။ လျန်ဟွမ်းက အင်္ကျီကို ကိုင်ကာ ခုတင်ခေါင်းရင်းတွင် ထိုင်နေသော ကျိဟုန်ကျွင်းကို မေးလိုက်သည်။ 
"ဒီအင်္ကျီ ရှင် လိုသေးလား"
ကျိဟုန်ကျွင်း တစ်ချက်ကြည့်ပြီး ခေါင်းခါလိုက်သည်။ "မလိုတော့ဘူး"
အဲဒီအင်္ကျီက ဒုတိယဦးလေးကျိ ကျိဟုန်ကျွင်းကို ပေးထားတာ။ ကျိဟုန်ကျွင်း ၁၃ နှစ်ကနေ ၁၆ နှစ်ထိ ဝတ်ခဲ့တာ။ အခုတော့ အရပ်ရော ကိုယ်လုံးပါ အရင်ကထက် အများကြီး ကြီးလာပြီမို့ အဲဒီအင်္ကျီ ဝတ်လို့မရတော့ဘူး။ လက်မောင်းဆိုရင် ကျိဟုန်ကျွင်း တံတောင်ဆစ်လောက်ထိပဲ ရှိတော့မယ်။
"ဒါဆို ကျွန်မ ဖြဲလိုက်တော့မယ်" လျန်ဟွမ်း တိုးတိုးလေး ပြောလိုက်သည်။
"အင်း" ကျိဟုန်ကျွင်း ခေါင်းညိတ်သည်။
ကျိဟုန်ကျွင်းဆီမှ ခွင့်ပြုချက်ရသောအခါ လျန်ဟွမ်းသည် ကတ်ကြေးနှင့် အပ်ချည်ကို ယူကာ အင်္ကျီအစုတ်ကို အမြန်ဖျက်လိုက်သည်။ ထို့နောက် ရေနံဆီမီးရောင်အောက်တွင် လစဉ်သုံးပစ္စည်း အခုအနည်းငယ် ချုပ်လိုက်သည်။
လစဉ်သုံးပစ္စည်း လုပ်ပြီးနောက် လျန်ဟွမ်း အပြင်တစ်ခေါက် ထပ်ထွက်သည်။ ဒီတစ်ခါလည်း ကျိဟုန်ကျွင်းက သူမကို အဖော်လိုက်ပို့သည်။
လျန်ဟွမ်း ကိုယ့်ကိစ္စကိုယ် ရှင်းပြီးချိန်တွင် နာရီဝက်ခန့် ကြာသွားသည်။ ကိစ္စပြီးသွားပြီမို့ အိပ်ချင်လာသဖြင့် ဂွမ်းအင်္ကျီချွတ်ကာ အိပ်ရာပေါ် တက်လိုက်သည်။ ကျိဟုန်ကျွင်းလည်း သူမ အိပ်ရာပေါ်တက်သည်ကို မြင်သောအခါ ဂွမ်းအင်္ကျီချွတ်ပြီး ခုတင်ခေါင်းရင်းတွင် ဝင်လှဲလိုက်သည်။
လျန်ဟွမ်းဘေးတွင် လှဲရင်း ကျိဟုန်ကျွင်းက လက်တစ်ဖက် ဆန့်ထုတ်ကာ လူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
အချိန်များ ကုန်ဆုံးသွားသည်။ ၇ ရက် ကြာပြီးနောက် ပထမလ ၁၀ ရက်နေ့သို့ ရောက်ရှိလာသည်။ ၁၀ ရက်နေ့တွင် လျန်ဟွမ်းသည် အခန်းထဲ၌ ကျိဟုန်ကျွင်း၏ အဝတ်ဟောင်းများကို ဖျက်နေစဉ် အိမ်တံခါး ခေါက်သံ ကြားလိုက်ရသည်။
လျန်ဟွမ်း အပ်ချည်များကို အိပ်ရာပေါ် တင်လိုက်သည်။ အိပ်ရာပေါ်မှ ဆင်းကာ ဂွမ်းဖိနပ် စီးပြီး တံခါးသွားဖွင့်လိုက်သည်။
ဒီအချိန် ဘယ်သူလာတာလဲ။ ဒီရက်ပိုင်း သူမ နေမကောင်းဖြစ်နေ၍ အိမ်မှာပဲ နေသည်။ အပြင်သိပ်မထွက်ပေ။ အိမ်ကိုလည်း ဘယ်သူမှ မလာကြချေ။ ဒီအချိန် ဘယ်သူလာတာပါလိမ့်။
လျန်ဟွမ်း တံခါးဝသို့ လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။
ဒုတိယဒေါ်လေးက လျန်ဟွမ်းကို မြင်သောအခါ ပြုံးရွှင်စွာ ခြံဝင်းထဲ ဝင်လာသည်။ "ဟုန်ကျွင်းမိန်းမ၊ ငါတို့အိမ်က ဟင်းရွက်တွေ အပင်ပေါက်ပြီဟေ့"
ဒုတိယဒေါ်လေး၏ ပျော်ရွှင်နေသော အသံကို ကြားရသဖြင့် လျန်ဟွမ်းလည်း ဝမ်းသာသွားသည်။ 
"ကောင်းတာပေါ့၊ နည်းနည်း ထပ်ကြီးလာရင် ဒေါ်လေးတို့ ဟင်းရွက်စားရတော့မှာပေါ့"
"ဟုတ်ပါ့အေ၊ ဒါတွေ အကုန်လုံး ညည်းကျေးဇူးကြောင့်ပါ၊ ငါ ဒီနှစ်ရက် ညည်း အပြင်ထွက်တာ မမြင်မိဘူး၊ အိမ်မှာ ဘာတွေ လုပ်နေတာလဲ" ဒုတိယဒေါ်လေးက ရင်းရင်းနှီးနှီး မေးလိုက်သည်။
"အိမ်မှာ ဟုန်ကျွင်း အရင်က ဝတ်ခဲ့တဲ့ အဝတ်ဟောင်းတွေ ရှိနေလို့လေ၊ သူက အခု အရပ်ရှည်လာတော့ အဲဒီအဝတ်တွေ ဝတ်မရတော့ဘူး၊ ဒါကြောင့် ကျွန်မ ဖျက်နေတာ၊ ဖိနပ်မျက်နှာပြင် လုပ်လုပ်၊ တခြားဟာပဲ လုပ်လုပ် ရတာပေါ့" ကျိဟုန်ကျွင်း အရင်က အဝတ်တွေက တကယ် စုတ်ပြတ်နေတာ။ ဖာထေးရာတွေချည်းပဲ။ အဲဒီအဝတ်တွေကို ဖျက်ပြီး အင်္ကျီပြန်ချုပ်လို့ မရတော့ဘူး။ ဖိနပ်အတွင်းခံ လုပ်ဖို့ပဲ ရတော့မယ်။
"အေး ကောင်းတယ်၊ ညည်း ဖိနပ်အောက်ခံ ချုပ်ပြီးပြီလား၊ ဟိုတစ်ခါတုန်းက ညည်း ပြောတော့ ဖိနပ်အောက်ခံ မချုပ်တတ်သေးဘူးဆို၊ ငါ ဒီနေ့ အားတယ်၊ ညည်းကို ဖိနပ်အောက်ခံ ချုပ်နည်း သင်ပေးမယ်လေ" သူမ အိမ်မှုကိစ္စတွေက ပြီးပြီ။ ၁၅ ရက်ကျော်ရင် မြို့တက်ရတော့မယ်။ ဒီနှစ်ရက် အိမ်မှာရှိတုန်း ဟုန်ကျွင်းမိန်းမကို သင်ပေးလိုက်မယ်။
"ဒေါ်လေး၊ ဒါဆို သိပ်ကောင်းတာပေါ့၊ လာ၊ အခန်းထဲ သွားလုပ်ကြမယ်၊ ဒေါ်လေး သင်ပေးရင် ကျွန်မ တစ်ယောက်တည်း စမ်းတဝါးဝါး လုပ်နေစရာ မလိုတော့ဘူးပေါ့" သူမ ဒီနှစ်ရက်မှာ ဖိနပ်အောက်ခံ ဘယ်လိုချုပ်ရသလဲဆိုတာကို သိဖို့ လုပ်ထားတဲ့ ဖိနပ်ကို လေ့လာနေတာ။ ဒေါ်လေးက ဖိနပ်အောက်ခံ ချုပ်နည်း သင်ပေးမယ်ဆိုတော့ သိပ်ကောင်းတာပေါ့။ သူမ တစ်ယောက်တည်း စမ်းတဝါးဝါး လုပ်နေစရာ မလိုတော့ဘူး။
"ညည်း နောက်တစ်ခါ မလုပ်တတ်တာရှိရင် ငါ့ကို လာမေး၊ ငါ အိမ်မှာ ဘာမှ လုပ်စရာမရှိပါဘူး၊ ကိုယ့်ဘာသာ တစ်ယောက်တည်း စမ်းတဝါးဝါး မလုပ်နဲ့" ဒုတိယဒေါ်လေးက ပြောရင်း လျန်ဟွမ်းနှင့်အတူ အခန်းထဲ ဝင်သွားသည်။
အပူပေးအိပ်ရာပေါ်တွင် ထိုင်ရင်း ဒုတိယဒေါ်လေးက ဖိနပ်အောက်ခံ ချုပ်ရန် လိုအပ်သော အပ်ချည်၊ အဝတ်စများကို ယူကာ လျန်ဟွမ်းကို ဖိနပ်အောက်ခံ ချုပ်နည်းကို စတင် သင်ကြားပေးလေသည်။
ဖိနပ်အောက်ခံ ချုပ်သည်မှာ ဖိနပ်မျက်နှာပြင် လုပ်သလို မဟုတ်ပေ။ သေးစိတ်ပြီး ပင်ပန်းသော အလုပ်ဖြစ်သည်။ လက်ညောင်းသည်။ အဝတ်စကို မကြာခဏ ချုပ်ရသည်။ လျန်ဟွမ်းက ဒုတိယဒေါ်လေးနောက်က လိုက်လုပ်ရင်း လက်ကို အပ်နှင့် အကြိမ်ကြိမ် ထိုးမိသည်။
လက်ကို အပ်ထိုးမိသော်လည်း လျန်ဟွမ်း အော်မငိုပေ။ လက်ချောင်းလေးကို နှိပ်နယ်လိုက်ပြီး သွေးမထွက်သည်ကို မြင်လျှင် ဒုတိယဒေါ်လေးနှင့်အတူ ဖိနပ်အောက်ခံ ဆက်ချုပ်သည်။
လျန်ဟွမ်းက ဒုတိယဒေါ်လေးနှင့်အတူ ဖိနပ်အောက်ခံ ချုပ်နည်း သင်နေစဉ် တစ်ဖက်တွင် ကျိဟုန်ကျွင်းသည် မြို့နယ်ရှိ မှောင်ခိုဈေးသို့ ထပ်မံ ရောက်ရှိနေသည်။
ဒီတစ်ခါ နေ့ဘက် လာခဲ့ခြင်း ဖြစ်သည်။ နှစ်သစ်ကူးဖြစ်၍ အစောင့်တပ်သားများလည်း အနားယူနေကြသည်။ မြို့နယ်လမ်းမပေါ်တွင် ပုံမှန်ထက် ပိုစည်ကားနေသည်။ မြို့နေလူထုများ လမ်းပေါ်ထွက်ကာ ဆွေမျိုးမိတ်ဆွေများထံ လည်ပတ်နေကြသည်။ မျက်နှာတိုင်းတွင် အပြုံးများဖြင့် ရှိနေကြသည်။
ကျိဟုန်ကျွင်းသည် ထိုလူအုပ်ကြားမှ ဖြတ်သန်းကာ မြို့ထဲရှိ နက်ရှိုင်းသော လမ်းကြားတစ်ခုထဲသို့ ဝင်သွားသည်။ ဒီလမ်းကြားက သူ ပြီးခဲ့တဲ့တစ်ခေါက် လာခဲ့တဲ့ မှောင်ခိုဈေးပဲ။ ဒီတစ်ခါ လာတာက ပြီးခဲ့တဲ့တစ်ခေါက် ညဘက်လာတာထက် လူနည်းနည်း ပိုစည်ကားနေတယ်။ အရောင်းအဝယ် လုပ်နေကြတာကို ရိပ်ဖမ်းသံဖမ်း တွေ့နေရတယ်။
လမ်းကြားထဲတွင် လူအချို့ ခေါင်းချင်းဆိုင်ကာ အရောင်းအဝယ် ဆွေးနွေးနေကြသည်။
ကျိဟုန်ကျွင်းက ထိုလူများဘေးမှ ဖြတ်လျှောက်သွားသည်။ သူ တခြားလူများကို သိပ်အာရုံမစိုက်ဘဲ လမ်းကြားအဆုံးသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးချိန်တွင် အရှေ့မှ ကောင်လေးတစ်ယောက် ထွက်လာသည်။ ကောင်လေးမျက်နှာတွင် ဖုန်များ ပေကျံနေသော်လည်း မျက်လုံးများက တောက်ပနေသည်။ ဒီမျက်လုံးကို ကျိဟုန်ကျွင်း မှတ်မိသည်။
"ဟေးဇီးလား"
ဟေးဇီးက ခေါင်းညိတ်လိုက်သည်။ "အစ်ကို၊ ကျွန်တော်ပါ၊ အစ်ကိုနျူက အစ်ကို့ကို ရှာနေတာ ကြာပြီ"
အစ်ကိုနျူက ဒုတိယလ ၂ ရက်နေ့ကတည်းက သူ့ကို လမ်းကြားထဲမှာ စောင့်ခိုင်းထားတာ။ ဒီအစ်ကိုကြီးကို တွေ့ရင် ခေါ်လာခဲ့တဲ့။ သူ စောင့်နေတာ ၈ ရက် ရှိပြီ။ နောက်ဆုံးတော့ လူတွေ့ပြီ။
ကျိဟုန်ကျွင်း ဒီနေ့ လာသည်ကလည်း အစ်ကိုနျူကို ရှာဖို့ပဲ ဖြစ်သည်။ ဟေးဇီး စကားကို ကြားတော့ ခေါင်းညိတ်လိုက်သည်။ "အင်း၊ သွားကြစို့"
ဟေးဇီးက ကျိဟုန်ကျွင်းကို အစ်ကိုနျူဆီသို့ ခေါ်သွားသည်။ အစ်ကိုနျူက ကျိဟုန်ကျွင်းကို မြင်သောအခါ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်သည်။ "ညီလေး၊ မင်းပါလား၊ နောက်ဆုံးတော့ ရောက်လာပြီပေါ့၊ ညီလေးရေ... ဒီရက်ပိုင်း ပစ္စည်းကောင်း ရသေးလား"
နှစ်သစ်ကူးတုန်းက ဝက်တစ်ကောင်နဲ့ သူ အမြတ်နှစ်ဆလောက် ရလိုက်တယ်။ အကြီးအကျယ် မြတ်တာ။ မကြာခင် ပထမလ ၁၆ ရက် ရောက်တော့မယ်။ ဖက်ထုပ်စားရမဲ့ရက်ပဲ။ ဒီအချိန် ဝက်တစ်ကောင်လောက် ထပ်ရရင် သူ အကြီးအကျယ် ထပ်မြတ်ဦးမှာ။
သမဝါယမဆိုင်မှာ ဝက်သားပြတ်လပ်နေတယ်လို့ သူ ကြားထားတယ်။ ဒီအချိန် ဝက်သားရဖို့ အရမ်း ခက်ခဲတယ်။
"လောလောဆယ် မရှိသေးဘူး၊ အစ်ကိုနျူ၊ ကျွန်တော် လာတာ အစ်ကို့ကို အကူအညီတောင်းစရာ ရှိလို့" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိဟုန်ကျွင်းဆီမှာ ပစ္စည်းကောင်း မရှိဘူးဆိုတော့ အစ်ကိုနျူ စိတ်ပျက်သွားသည်။ သို့သော် ကျိဟုန်ကျွင်း စကားကို ပြန်ဖြေလိုက်သည်။ "ညီလေးက ဘာကူညီစေချင်လို့လဲ၊ ပြောပါ၊ အစ်ကို ကူညီနိုင်တာဆို ကူညီပေးပါ့မယ်"
"အစ်ကိုနျူဆီမှာ အဝတ်စနဲ့ ဂွမ်း ရှိလား" ကျိဟုန်ကျွင်း တိုးတိုး မေးလိုက်သည်။
"အဝတ်စနဲ့ ဂွမ်းလား၊ အဲဒါတွေက ရှားပါးပစ္စည်းတွေ၊ အစ်ကို့ဆီမှာ လောလောဆယ် မရှိဘူး၊ မင်း လိုချင်ရင် အစ်ကို ရှာပေးလို့ရတယ်၊ ဒါပေမဲ့ နှစ်ရက်လောက် စောင့်ရမယ်"
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "ရပါတယ်"
ကျိဟုန်ကျွင်းက အစ်ကိုနျူကို ပြန်ဖြေပြီးနောက် စဉ်းစားကာ ထပ်မေးလိုက်သည်။ "အစ်ကိုနျူဆီမှာ ဘာပစ္စည်းတွေ ရှိသေးလဲ"
"ဒီမှာတော့ ကောက်ပဲသီးနှံ၊ ဂေါ်ဖီ၊ အာလူးတွေ ရှိတယ်၊ အဲဒါတွေ မင်းဆီမှာ ရှိတာပဲ၊ အော်... ဒီနေ့ ဟေးဇီးက သကြားနီ နှစ်ကျင်းနဲ့ မုန့်တစ်ကျင်း ရှာလာတယ်၊ မင်း ယူမလား" အစ်ကိုနျူက သူ့ဆီမှာရှိတဲ့ ပစ္စည်းတွေကို စဉ်းစားပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
အစားအသောက်က အိမ်မှာ ရှိသေးသည်။ လောလောဆယ် မလိုသေးပေ။ သကြားနီတော့ နည်းနည်း ဝယ်လို့ရတယ်။
"သကြားနီ နှစ်ကျင်းလုံး ကျွန်တော့်ကို ရောင်းပေးပါ၊ ဘယ်လို ဈေးတွက်မလဲ အစ်ကိုနျူ"
"ညီလေး ယူမယ်ဆိုရင် အစ်ကို အမြတ်မယူပါဘူး၊ တစ်ကျင်း ငါးဆင့်နဲ့ ယူသွားပါ၊ နောက်တစ်ခါ အသားရရင် အစ်ကို့ဆီ လာပို့ဖို့ မမေ့နဲ့နော်" အစ်ကိုနျူက အခုထိ ကျိဟုန်ကျွင်း ရှာလာမည့် အသားကို မျှော်လင့်နေတုန်း ဖြစ်သည်။
"အင်း" သမဝါယမဆိုင်တွင် သကြားနီက လက်မှတ်ပါမှ တစ်ကျင်းကို နှစ်ဆင့် ပေးရတာ ဖြစ်သည်။ အစ်ကိုနျူက ငါးဆင့်ဖြင့် တွက်ပေးပြီး လက်မှတ်မလိုဘူးဆိုတော့ သူ နည်းနည်း မြတ်ပေသည်။ မများပါဘူး။
ကျိဟုန်ကျွင်းက အစ်ကိုနျူဆီမှ သကြားနီ ယူပြီး ထွက်လာခဲ့သည်။
ကျိဟုန်ကျွင်းအိမ်တွင် လျန်ဟွမ်းသည် ဒုတိယဒေါ်လေးနှင့်အတူ ဖိနပ်အောက်ခံ ချုပ်နေသည်မှာ မနက်ခင်း တစ်ခုလုံး ကုန်သွားပြီ။ သူမ သိပ်မတတ်သေးပေ။ နေ့လယ်စာ စားချိန် ရောက်နေပြီဖြစ်ရာ လျန်ဟွမ်းက ဒုတိယဒေါ်လေးကို ပြောလိုက်သည်။ "ဒေါ်လေး၊ နေ့လယ်စာ ဒီမှာပဲ စားပါလား၊ ကျွန်မ ထမင်းသွားချက်လိုက်မယ်"
အိမ်က ဝက်ကလီစာနဲ့ ဝက်ခေါင်းကို သူမ ပေါင်းစားလိုက်လို့ ကုန်သွားပြီ။ ဝက်သားနဲ့ ယုန်သား၊ ကြက်သား နည်းနည်း ကျန်သေးတယ်။ ဒီနေ့နေ့လယ် နည်းနည်းလောက် ချက်လိုက်မယ်။
ဒုတိယဒေါ်လေးက လျန်ဟွမ်း ထမင်းချက်ရန် ထတော့မည်ကို မြင်သောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။ "ဟုန်ကျွင်းမိန်းမ၊ မချက်နဲ့တော့၊ ညည်းဦးလေးနဲ့ ကျန့်ခန်း အိမ်မှာ ရှိသေးတယ်၊ ဒေါ်လေး အိမ်ပြန်စားလိုက်မယ်"
"ဒေါ်လေး၊ ကျန့်ခန်းနဲ့ ဦးလေးကိုပါ ဒီခေါ်လာပြီး စားလိုက်ပါလား၊ ဒေါ်လေးက ကျွန်မအိမ်မှာ ထမင်းတစ်ခါမှ မစားဖူးသေးဘူး၊ ဒီနေ့တော့ မပြန်ပါနဲ့တော့" လျန်ဟွမ်းက ပြုံးပြုံးရွှင်ရွှင်နှင့် ဧည့်ဝတ်ပြုလိုက်သည်။
ဒုတိယဒေါ်လေး လက်ကာပြလိုက်သည်။ "မဖြစ်ပါဘူး၊ ဒေါ်လေး ဒီနေ့ ပြန်မှ ဖြစ်မှာ၊ ဒေါ်လေး ပြန်တော့မယ်နော်"
ဒုတိယဒေါ်လေး ပြောပြီးသည်နှင့် အလောတကြီး ပြန်သွားသည်။
ဒုတိယဒေါ်လေး အိမ်ပေါက်ဝ ရောက်သည်နှင့် အပြင်မှ အလောတကြီး ပြန်လာသော ကျိဟုန်ကျွင်းနှင့် တွေ့သည်။
"ဒေါ်လေး" ကျိဟုန်ကျွင်း နှုတ်ဆက်လိုက်သည်။
ဒုတိယဒေါ်လေးက ရပ်ပြီး သူ့ကို ကြည့်လိုက်သည်။ "ဟုန်ကျွင်း ပြန်လာပြီလား၊ မွန်းတည့်နေပြီ၊ ညည်းမိန်းမ ထမင်းချက်တော့မယ်၊ ညည်း မြန်မြန်ပြန်ပြီး ဝိုင်းကူချက်ပေးလိုက်ဦး၊ ဒေါ်လေးလည်း ပြန်တော့မယ်"
ဒုတိယဒေါ်လေး ပြောပြီးသည်နှင့် ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားသည်။
ကျိဟုန်ကျွင်း အိမ်ထဲဝင်လာသောအခါ လျန်ဟွမ်းက အိမ်မကြီးထဲမှ ထွက်လာပြီး အပြင်သို့ မျှော်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ တိုးတိုး မေးလိုက်သည်။ "ဘာကြည့်နေတာလဲ"
"ဒေါ်လေးလေ၊ ဒေါ်လေးက ကျွန်မကို မနက်ခင်းလုံး ဖိနပ်အောက်ခံ ချုပ်နည်း သင်ပေးတာ၊ ထမင်းစားသွားဖို့ ပြောတာကို သူက အမြန်ပြန်သွားတယ်"
"ဒေါ်လေး မနေချင်ရင်လည်း ထားလိုက်ပါတော့၊ ဒါ မင်းအတွက်" ကျိဟုန်ကျွင်း ပြောရင်း လက်ထဲမှ သကြားနီကို လျန်ဟွမ်းအား ပေးလိုက်သည်။
"ဒါ ဘာလဲ" လျန်ဟွမ်း တိုးတိုး မေးရင်း ပစ္စည်းကို ယူကာ အိမ်မကြီးထဲ ဝင်သွားသည်။
"သကြားနီ" ကျိဟုန်ကျွင်းက သူမနောက်မှ လိုက်ရင်း ဖြေသည်။
"ရှင် မြို့ထဲ သွားတာလား" လျန်ဟွမ်း လှည့်ကြည့်ပြီး ကျိဟုန်ကျွင်းကို မေးလိုက်သည်။
ဒီသကြားနီက ပစ္စည်းကောင်းပဲ။ သူမ လစဉ်ကိစ္စ လာတဲ့ရက်တွေ ဗိုက်အောင့်နေတာ။ သကြားနီရည် သောက်လိုက်ရင် သက်သာသွားနိုင်တယ်။ ဒါပေမဲ့ သူမရဲ့ အမျိုးသမီးကိစ္စက ဒီနေ့ ပြီးသလောက် ဖြစ်နေပြီ။ သကြားနီကို နောက်တစ်ခါ သုံးဖို့ သိမ်းထားလို့ ရတာပဲ။
"အင်း၊ မနေ့ညက မင်း ပြောတယ်လေ၊ ဂွမ်းနဲ့ အဝတ်စ လိုချင်တယ်၊ ဂွမ်းအင်္ကျီချုပ်ဖို့ဆို၊ ငါ သွားကြည့်တာ"
ကျိဟုန်ကျွင်း ပြောလိုက်မှ လျန်ဟွမ်း မနေ့ညက ကိစ္စကို သတိရသွားသည်။ သူမ ဝတ်ထားတဲ့ ဂွမ်းအင်္ကျီက ဝတ်တာ လဝက်လောက် ရှိနေပြီ။ သူမ ဒီကို ရောက်လာကတည်းက ဒီဂွမ်းအင်္ကျီ တစ်ထည်တည်း ရှိတာ။ ဒီတစ်ထည်တည်းပဲ ဝတ်နေရတာ။ ကိုယ့်ကိုယ်ကိုယ်တောင် နံနေပြီလို့ ထင်ရတယ်။
တော်သေးတာက သူမမှာ အတွင်းခံအင်္ကျီ နှစ်ထည် ရှိလို့၊ အတွင်းက အင်္ကျီကို လဲဝတ်လို့ရတယ်။ မဟုတ်ရင် သူမ တကယ် ကိုယ့်ကိုယ်ကိုယ် ရွံမိမှာ။
ဒီရက်ပိုင်း သူမ လစဉ်ကိစ္စ လာနေတော့ ကိုယ်နံ့က ပိုသိသာလာသလို ခံစားရတယ်။ မနေ့ညက အိပ်ခါနီး ကျိဟုန်ကျွင်းကို ညည်းမိတာ။ ဂွမ်းအင်္ကျီ တစ်ထည်လောက် ထပ်ရှိရင် ကောင်းမှာပဲလို့။ ဒီနေ့ ကျိဟုန်ကျွင်းက ဂွမ်းနဲ့ အဝတ်စ သွားရှာပေးမယ်လို့ မထင်ထားဘူး။
စိတ်လှုပ်ရှားမိတယ်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။ ဒီလူကြီးက စကားနည်းပေမဲ့ အလုပ်လုပ်ရင် သပ်ရပ်တယ်။ သူက စကားအလှတွေ သိပ်မပြောတတ်ပေမဲ့ လက်တွေ့လုပ်ပြတတ်တယ်။
"ကျိဟုန်ကျွင်း၊ ကျေးဇူးတင်ပါတယ်" လျန်ဟွမ်းက ကျိဟုန်ကျွင်း မျက်နှာကို ကြည့်ပြီး ရိုးသားစွာ ပြောလိုက်သည်။
ကျိဟုန်ကျွင်း လျန်ဟွမ်းကို ငုံ့ကြည့်လိုက်သည်။ "တကယ် ကျေးဇူးတင်တာလား"
"မင်းရဲ့ ဟိုကိစ္စ ပြီးပြီလား" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ မေးလိုက်သည်။
လျန်ဟွမ်း "အဲဒါလား၊ ပြီးသွားပြီ"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ မေးခွန်းကို ဖြေပြီးနောက် အမြန်ပြောလိုက်သည်။ "အချိန် မစောတော့ဘူး၊ နေ့လယ်စာ ချက်ရတော့မယ်၊ ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်"
လျန်ဟွမ်း ပြောရင်း သကြားနီကို ဗီရိုထဲ ထည့်ကာ ကိုယ်ကိုလှည့်ပြီး အိမ်မကြီးထဲမှ ထွက်သွားသည်။
ကျိဟုန်ကျွင်းက သူမနောက်မှ လိုက်သွားသည်။
ခြံဝင်းထဲ ရောက်သောအခါ လျန်ဟွမ်းသည် ပြတင်းပေါက်ပေါ်တွင် တင်ထားသော အေးခဲနေသည့် တောကြက်တစ်ကောင်ကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ ကြက်ကို ခုတ်ထစ်ပြီး ကြက်ပေါင်းခေါက်ဆွဲပြုတ် ချက်ရန် ပြင်လိုက်သည်။
အသားလှီးပြီးနောက် လျန်ဟွမ်းသည် ကြက်သားကို အိုးထဲထည့်ပြီး ချင်း၊ နာနတ်ပွင့်၊ ဆားနှင့် ရေတို့ကိုထည့်ကာ ကျိဟုန်ကျွင်းကို မီးမွှေးခိုင်းပြီး ကြက်ပြုတ်ရည် တည်လိုက်သည်။
ကျိဟုန်ကျွင်း မီးမွှေးနေစဉ် လျန်ဟွမ်းက အိမ်မကြီးထဲ ပြန်ဝင်ပြီး ဂျုံမှုန့် ၅၀ သားခန့် ယူလာသည်။ ဂျုံနယ်ပြီး ခေါက်ဆွဲ လုပ်မည်။
သူမက နေ့လယ်စာအတွက် ကြက်ပေါင်းခေါက်ဆွဲပြုတ် စားမည်။ အပူပေးအိပ်ရာပေါ်က ဟင်းရွက်စိမ်းလေးတွေလည်း စားလို့ရနေပြီ။ ကြက်ပေါင်းခေါက်ဆွဲပြုတ်ထဲ ဟင်းရွက်စိမ်းလေး ထည့်လိုက်ရင် အရသာက ရှယ်ပဲ။
သူမရဲ့ နေရာလွတ်ထဲက ဟင်းရွက်စိမ်းတွေက အခုဆို အရမ်း ဖြစ်ထွန်းနေပြီ။ စားလို့ရနေပြီ။ နေရာလွတ်ထဲက ပဲတောင့်ရှည်တွေလည်း အပွင့်ပွင့်နေပြီ။ နောက်ရက်နည်းနည်းဆို ပဲတောင့်ရှည်လည်း စားလို့ရတော့မယ်။
နေရာလွတ်ထဲက ဟင်းရွက်တွေက ရေဓာတ်ပြည့်ဝပြီး အပူပေးအိပ်ရာပေါ်က ဟင်းရွက်တွေထက် ပိုစားချင်စရာ ကောင်းနေတယ်။ သူမ ဘယ်လိုလုပ် ထုတ်ယူမလဲ။
လျန်ဟွမ်း ဂျုံနယ်ရင်း အခွင့်အရေးရတုန်း မေးလိုက်သည်။ "ဟုန်ကျွင်း၊ မြို့ထဲက မှောင်ခိုဈေးက ဘယ်နားမှာလဲ"
ကျိဟုန်ကျွင်း၏ မီးမွှေးနေသော လက်က တန့်သွားသည်။ "မင်း မှောင်ခိုဈေး သွားချင်လို့လား"
…


 

Search Novels