အခန်း (၃၁)
လျန်ဟွမ်းက ခေါက်ဆွဲလိမ့်နေသော လက်ကို ခဏ ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ "မေးကြည့်တာပါ၊ နောက်ကျ သွားဖြစ်မှာမလို့ပါ"
မှောင်ခိုဈေးတန်းကို သူမ အခွင့်အရေးရှာပြီး သွားရမည်။ နေရာလွတ်ထဲမှ ပဲသီးများ စားလို့ရသည့်အခါ အကြောင်းပြချက်ရှာပြီး ထုတ်ယူရမည်။
ကျိဟုန်ကျွင်းက တိတ်ဆိတ်သွားပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေသည်။ "မှောင်ခိုဈေးတန်းက မလုံခြုံဘူး"
"သွားချင်ရင် ကိုယ် လိုက်ပို့ပေးမယ်"
လျန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ၊ သွားတဲ့အခါကျရင် အတူတူ သွားကြမယ်"
ကျိဟုန်ကျွင်းက တကယ် လူကောင်းဖြစ်သည်။ မှောင်ခိုဈေးတန်း အန္တရာယ်များတာ သိလျက်နှင့် သူမကို မတားဘဲ အတူတူ လိုက်ပို့ပေးမည်ဟု ဆိုသည်။ သူက လူတစ်ဖက်သားကို လေးစားတတ်သော အမျိုးသားဖြစ်သည်။
လျန်ဟွမ်းက ခေါက်ဆွဲလိမ့်ရင်း ကျိဟုန်ကျွင်းကို ခိုးကြည့်လိုက်သည်။
ထိုအချိန်တွင် ကျိဟုန်ကျွင်းသည် မီးမွှေးနေ၏။ ဘေးတိုက်မျက်နှာထားက ရုပ်ဖြောင့်ပြီး ကြည့်ကောင်းနေသည်။ လျန်ဟွမ်းက သူ့ဘေးတိုက်မျက်နှာကို ကြည့်ရင်း ရင်ခုန်မြန်လာသည်။ ရင်ခုန်သံများ မမှန်တော့သဖြင့် လျန်ဟွမ်း၏ မျက်နှာက ရဲတက်လာသည်။ သူမက ခေါင်းအမြန်လွှဲလိုက်ပြီး ကျိဟုန်ကျွင်းကို ဆက်မကြည့်တော့ဘဲ ခေါင်းငုံ့ကာ ခေါက်ဆွဲ ဆက်လိမ့်နေလိုက်သည်။
လျန်ဟွမ်း ခေါက်ဆွဲလုပ်ပြီးသောအခါ အိုးဖုံးဖွင့်ကြည့်လိုက်ရာ ကြက်ပေါင်းရည်က ဆူပွက်နေပြီ ဖြစ်သည်။ သူမသည် အပူပေးခုတင်ပေါ်မှ မုန်ညင်းရွက်အနည်းငယ်ကို ယူကာ ရေဆေးပြီး ခေါက်ဆွဲကို အိုးထဲ ထည့်လိုက်သည်။ ပြီးနောက် မုန်ညင်းရွက်များကိုလည်း အိုးထဲ ထည့်လိုက်သည်။
ကြက်ပေါင်းရည် မုန်ညင်းခေါက်ဆွဲသည် အနံ့မွှေးနေပြီး လက်လုပ် ဂျုံခေါက်ဆွဲဖြူဖြူလေးများက အနံ့မွှေးရုံသာမက စားချင်စဖွယ်လည်း ကောင်းလှသည်။
ခေါက်ဆွဲ ကျက်သောအခါ ကျိဟုန်ကျွင်းသည် မီးဖိုပေါ်မှ ခေါက်ဆွဲတစ်ပန်းကန်ကို ယူပြီး စားပွဲတွင် ထိုင်စားလိုက်သည်။
လျန်ဟွမ်းလည်း တစ်ပန်းကန်ယူကာ ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
လျန်ဟွမ်းချက်သည့် ဟင်းက မွှေးသည်။ ယခုခေတ် ရွာသားများက အသားစားရခဲသဖြင့် အသားနံ့ရလျှင် အလွန် အာရုံခံကောင်းကြသည်။ လျန်ဟွမ်းတို့အိမ်မှ အသားနံ့သည် ခြံဝင်းထဲမှ အပြင်သို့ ပျံ့လွင့်သွားရာ လမ်းသွားလမ်းလာများက ခြေလှမ်းရပ်တန့်ပြီး နှာခေါင်းရှုံ့ကာ နမ်းနေကြသည်။
ရွာသားများက အတင်းပြောတတ်ကြသည်။ လျန်ဟွမ်းတို့အိမ်မှ အသားနံ့ ရသောအခါ မကြာမီမှာပင် လျန်ဟွမ်းတို့အိမ်က ဒီနေ့ အသားထပ်စားပြန်ပြီဟူသော ကောလာဟလများ ရွာထဲ ပြန့်နှံ့သွားသည်။
ရွာသူရွာသားများသည် အတင်းပြောရသည်ကို နှစ်သက်ကြသည်။ ထမင်းစားပြီးသည်နှင့် ရွာထိပ်တွင် ထိုင်ကာ အတင်းပြောကြသည်။ အရင်က ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ အိမ်မှ အမောင်းထုတ်ခံရသည့်အကြောင်း ပြောကြသော်လည်း ယခုမူ လျန်ဟွမ်းသည် အိမ်စီးပွားဖြုန်းသူ၊ ဇနီးဆိုး၊ ယောက္ခမနှင့် ခဲအိုကို ရိုက်နှက်သူ၊ ယောက္ခမအိမ်မှ ကြက်နှင့် ပိုက်ဆံများကို လုယူသူဟူ၍ ပြောဆိုနေကြသည်။
လျန်ဟွမ်းက ယောက္ခမအိမ်မှ လုလာသော ပိုက်ဆံများဖြင့် နေ့တိုင်း အသားစားနေသည်။ ဒီလိုပုံစံနှင့်ဆို မကြာခင် ပိုက်ဆံကုန်ပြီး လေပဲသောက်နေရတော့မည်ဟု ပြောကြသည်။
ရွာထဲမှ အတင်းအဖျင်းများကို လျန်ဟွမ်း မသိပေ။ သူမက ကြက်ပေါင်းရည်ခေါက်ဆွဲကို ဗိုက်ဝအောင် စားလိုက်သည်။ စားပြီးနောက် ပန်းကန်များကို ကျိဟုန်ကျွင်းအား ဆေးခိုင်းပြီး သူမက ပင်မအခန်းကြီးထဲ ဝင်သွားသည်။ ဖိနပ်အောက်ခံကို ပြုလုပ်ရန် ဖြစ်သည်။ ဤရက်ပိုင်း အလုပ်မဆင်းရသေးခင် ဖိနပ်အပို လုပ်ထားရမည်။ ၁၅ ရက် ကျော်လျှင် အလုပ်ပြန်ဆင်းရတော့မည်။
လျန်ဟွမ်းက ထွက်သွားသော်လည်း ကျိဟုန်ကျွင်းက မီးဖိုချောင်ထဲတွင် စားကောင်းနေဆဲ ဖြစ်သည်။ သူက ခေါက်ဆွဲကို အားပါးတရ စားနေပြီး မျက်နှာတွင် ကျေနပ်သည့်အမူအရာ ပေါ်နေသည်။
ဆောင်းတွင်းတွင် ပူပူနွေးနွေး ခေါက်ဆွဲစားရသည်မှာ တစ်ကိုယ်လုံး နွေးထွေးသွားစေသည်။ ထို့အပြင် ခေါက်ဆွဲအရည်က အရသာရှိပြီး ကြက်သားလည်း ပါသဖြင့် စားလို့ကောင်းလှသည်။
ကျိဟုန်ကျွင်းက ပန်းကန်ဆေးပြီး အပြင်ထွက်သောအခါ အပြင်မှ ဝင်လာသော ဒုတိယအဒေါ်ကို တွေ့လိုက်ရသည်။ ဒုတိယအဒေါ်သည် လျန်ဟွမ်းကို ဖိနပ်အောက်ခံချုပ်နည်း သင်ပေးရန် လာခြင်းဖြစ်ပြီး ထမင်းစားချိန်ကို ရှောင်ပြီး လာခြင်းဖြစ်သည်။ ကျိဟုန်ကျွင်းကို တွေ့သောအခါ သူမက နှုတ်ဆက်လိုက်သည်။ 
"ဟုန်ကျွင်း အပြင်သွားမလို့လား၊ နင့်ဦးလေးတို့ ဒီနေ့ မြောက်ဘက်ရေကန်ကို သွားကြတယ်၊ ခေါင်းဆောင်က မနက်ဖြန် မြောက်ဘက်ရေကန်က ရေခဲပြင်ကို ခွဲပြီး ငါးဖမ်းမယ်တဲ့၊ နင် သွားမကြည့်ဘူးလား"
တောသားများတွင် အပျော်အပါး သိပ်မရှိပေ။ ရွာထဲမှ အမျိုးသားများသည် ငါးဖမ်းခြင်း၊ တောင်ခြေနှင့် လယ်ကွင်းများတွင် ယုန်လိုက်ဖမ်းခြင်းများကို နှစ်သက်ကြသည်။
ဒုတိယအဒေါ် ရောက်လာချိန်တွင် ရွာထဲမှ လူအများအပြား မြောက်ဘက်ရေကန်သို့ ရောက်နေကြပြီ ဖြစ်သည်။ ထိုလူများသည် ရေခဲခွဲပြီး ငါးဖမ်းရန် တိုင်ပင်နေကြသည်။ မြောက်ဘက်ရေကန်သည် မြစ်မကြီးမှ စီးဝင်လာခြင်းဖြစ်ပြီး ရွာထဲမှ မြစ်ငယ်လေးလို ပိတ်နေသော မြစ်မဟုတ်သဖြင့် ငါးပေါသည်။ နွေရာသီဆိုလျှင် ရွာသားများသည် ထိုနေရာသို့ သွားကာ ငါးဖမ်းလေ့ရှိသည်။
သို့သော် မြောက်ဘက်ရေကန်က ရေနက်သဖြင့် ငါးဖမ်းရာတွင် သတိထားရသည်။ ဒီတစ်ခါ ရေခဲခွဲရန်အတွက် ခေါင်းဆောင်က လူလွှတ်ပြီး ဘယ်လိုခွဲရင် ကောင်းမလဲဟု သွားကြည့်ခိုင်းသည်။ ရေခဲပေါက်ကြီးသွားလျှင် လူပြုတ်ကျမည် စိုးရပြီး သေးလွန်းလျှင်လည်း ငါးဖမ်းလို့မရမည်ကို စိုးရိမ်နေသည်။
"အင်း... ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ကျိဟုန်ကျွင်းက ဒုတိယအဒေါ်ကို ပြောပြီး အပြင်ထွက်သွားသည်။
ကျိဟုန်ကျွင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ဒုတိယအဒေါ်သည် လျန်ဟွမ်းတို့၏ အခန်းမကြီးထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် လျန်ဟွမ်းက ဖိနပ်အောက်ခံ ချုပ်နေသည်။
"ဟုန်ကျွင်းမိန်းမ... နင် လုပ်နေပြီလား၊ အဆင်ပြေရဲ့လား၊ လက်ဝင်သေးလား" ဒုတိယအဒေါ်က လျန်ဟွမ်းဘေးတွင် ဝင်ထိုင်ပြီး ခြင်းတောင်းထဲမှ ဖိနပ်အောက်ခံတစ်ခုကို ယူလိုက်သည်။
လျန်ဟွမ်းက ခြင်းတောင်းကို ဘေးရွှေ့လိုက်ပြီး ဒုတိယအဒေါ်နားသို့ တိုးထိုင်ကာ မေးလိုက်သည်။
"မနက်ကထက်စာရင် ပိုအဆင်ပြေလာပါပြီ၊ လုပ်နေတာ ကြာပြီ၊ လက်ကို မထိုးမိတော့ဘူး"
ထိုအလုပ်က များများလုပ်ပြီး လေ့ကျင့်မှ အဆင်ပြေမှာ ဖြစ်သည်။ မနက်က အပ်ကိုင်တုန်းက လက်ကို ခဏခဏ ထိုးမိသော်လည်း အခုတော့ မထိုးမိတော့ပေ။
ဒုတိယအဒေါ်က ပြုံးလိုက်သည်။ "လက်မှုပညာဆိုတာ မခက်ပါဘူး၊ နင် များများလေ့ကျင့်ရင် တတ်သွားမှာပါ"
"ဟုတ်ကဲ့... ဒုတိယအဒေါ်၊ ဒီနေရာမှာ ဘယ်လို ချိုးရမလဲ ကြည့်ပေးပါဦး" လျန်ဟွမ်းက အပ်နှင့်ချည်ကို ကိုင်ကာ ဒုတိယအဒေါ်ကို မေးလိုက်သည်။
ဒုတိယအဒေါ်က သူမလက်ထဲမှ ဖိနပ်အောက်ခံကို ကြည့်ပြီး ချိုးရမည့်နေရာကို လက်ညှိုးထိုးပြသည်။ 
"နင် ဒီကနေ အပ်ထိုးလိုက်၊ ပြီးရင် ဒီဘက်ကနေ တစ်ချက်ပြန်ထိုးရင် ကြိုးက ချိုးသွားလိမ့်မယ်"
လျန်ဟွမ်းသည် အိမ်တွင် ဒုတိယအဒေါ်နှင့် ဖိနပ်အောက်ခံချုပ်သည့်အကြောင်း ဆွေးနွေးနေသည်။
မြောက်ဘက်ရေကန်တွင် ခေါင်းဆောင်နှင့် လူများသည် ရေခဲခွဲမည့်ကိစ္စကို တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။ ကျိဟုန်ကျွင်းက အပြင်ဘက်အဝိုင်းမှ ရပ်ကြည့်နေပြီး ဝင်မပြောပေ။
ကျေးရွာအတွင်းရေးမှူးက မျက်စိလျင်သဖြင့် လူအုပ်အပြင်ဘက်မှ ကျိဟုန်ကျွင်းကို မြင်လိုက်ရာ လက်လှမ်းပြလိုက်သည်။ "ဟုန်ကျွင်း... ဒီကို လာပါဦး"
ကျိဟုန်ကျွင်း လျှောက်သွားလိုက်သည်။ "အတွင်းရေးမှူး... ကျွန်တော့်ကို ခေါ်တာလား"
"အေး... ဟုန်ကျွင်းရေ၊ ငါးဖမ်းဖို့အတွက် ရေခဲပြင်ကို အပေါက်သေးသေးလေး ဖောက်တာ ကောင်းမလား၊ ရေခဲပြင်တစ်ခုလုံးကို ခွဲလိုက်တာ ကောင်းမလား"
ကျိဟုန်ကျွင်းက မြောက်ဘက်ရေကန်ကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်သည်။ 
"အတွင်းရေးမှူး... နှစ်သစ်ကူးပြီးပြီ၊ နွေဦးပေါက်တော့မယ်၊ ဒီရေခဲပြင်က ခွဲလိုက်တာနဲ့ သူ့အလိုလို အရည်ပျော်သွားတာ ရက်ပိုင်းပဲ ကွာမှာပါ၊ အခု အကုန်ခွဲလိုက်လည်း ဘာမှ မဖြစ်ပါဘူး"
အတွင်းရေးမှူးက ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဟုတ်သားပဲ၊ နွေဦးပေါက်တော့မှာဆိုတော့ ရေခဲတွေက အရည်ပျော်တော့မှာပဲ"
အတွင်းရေးမှူးက ကျိကော်ပင်းဘက် လှည့်ပြောလိုက်သည်။ "ကော်ပင်း... မနက်ဖြန် ရွာထဲက လူငယ်တွေကို ခေါ်ပြီး ရေခဲပြင်တစ်ခုလုံးကို ခွဲလိုက်ကြကွာ၊ ငါးများများ ဖမ်းပြီး အဖွဲ့အစည်းကို ပေးစရာရှိတာ ပေး၊ ကျန်တာကို ရွာထဲက လူဦးရေအလိုက် ခွဲပေးလိုက်မယ်"
ထိုသို့ ပြောလိုက်ရာ ရွာသားများ ပျော်ရွှင်သွားကြသည်။ ရွာထဲတွင် မြစ်တစ်စင်းရှိသော်လည်း လူအများစုမှာ ငါးမဖမ်းတတ်ကြပေ။ ဒီနှစ် နှစ်သစ်ကူးတွင် ဝက်သားမဝေပေးသဖြင့် အသားမစားရသည်မှာ ကြာပြီဖြစ်သည်။ ပုံမှန်လည်း ငါးမဖမ်းတတ်သဖြင့် ငါးမစားရပေ။ မနက်ဖြန် ငါးဖမ်းပြီး ငါးဝေပေးမည်ဆိုသဖြင့် ပျော်နေကြသည်။
ရွာသားများ ပျော်နေကြသည်ကို ကြည့်ပြီး အတွင်းရေးမှူးတို့လည်း ဝမ်းသာနေကြသည်။ မြစ်ကမ်းဘေးတွင် ရပ်ကာ ဘယ်နေရာကနေ ရေခဲစခွဲမလဲ။ ဘယ်ကိရိယာ အသုံးပြုမလဲဆိုတာ ဆွေးနွေးနေကြသည်။
ကျိဟုန်ကျွင်းက သူတို့နောက်တွင် ရပ်ပြီး နားထောင်နေသည်။ မိုးချုပ်စပြုလာသောအခါမှ အတွင်းရေးမှူးက လက်ကာပြလိုက်သည်။ 
"ဒီနေ့တော့ ဒီလောက်ပဲ၊ အိမ်ပြန်ကြတော့၊ ညကျရင် စောစောအိပ်ကြ၊ မနက်ဖြန် ငါးနာရီကျရင် ရေခဲ စခွဲမယ်"
ငါးနာရီဆိုသည်မှာ မိုးမလင်းသေးပေ။ ထိုသို့ ကြားလိုက်ရသဖြင့် လူများက အိမ်ပြန်ကြတော့သည်။ ညစာစားပြီး စောစောအိပ်ကာ မနက်ဖြန် စောစောထပြီး ရေခဲလာခွဲကြမည်။
ကျိဟုန်ကျွင်းလည်း လူများနှင့်အတူ အိမ်ပြန်လာသည်။ လမ်းတွင် လူအချို့က ကျိဟုန်ကျွင်းနား ကပ်လာပြီး သူ့အိမ်အကြောင်း ပြောကြသည်။
"ဟုန်ကျွင်း... မင်းမိန်းမက သိပ်ဖြုန်းတာပဲ၊ မင်းတို့အိမ်က နေ့တိုင်း အသားစားတယ်လို့ ကြားတယ်၊ မင်း မိန်းမကို ထိန်းဦး၊ ပိုက်ဆံတွေ ကုန်သွားရင် စားစရာ မရှိဘဲ လေပဲ သောက်နေရလိမ့်မယ်"
ကျိဟုန်ကျွင်းက ထိုလူကို ကြည့်လိုက်သည်။ "နေ့တိုင်း မစားပါဘူး"
ထိုလူက ရယ်မောလိုက်သည်။ "ရွာထဲက မိန်းမတွေက လျှောက်ပြောနေကြတာလို့ ငါ သိသားပဲ၊ ဘယ်သူကများ နေ့တိုင်း အသားစားနိုင်မှာလဲ၊ နေ့တိုင်း အသားစားတာက အရင်းရှင်တွေရဲ့ လုပ်ရပ်ပဲ"
ကျိဟုန်ကျွင်းက ထိုလူကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ အိမ်ပြန်လာခဲ့သည်။
နေ့တိုင်း အသားစားခြင်းက အရင်းရှင်ဟန်ပန်တဲ့။ အသားက မွှေးသည်။ နေ့တိုင်း မစားရလျှင်တောင် ရံဖန်ရံခါ စားရမည်။ ဒီလူတွေက အသားနံ့ရတာနဲ့ ဒီလို အတွေးမျိုး တွေးနေကြတာလား။
ကျိဟုန်ကျွင်း၏ မျက်လုံးများက နက်ရှိုင်းသွားသည်။
လျန်ဟွမ်းတို့အိမ်တွင် နေဝင်ချိန်၌ ဒုတိယအဒေါ်က ပြန်သွားပြီဖြစ်သည်။ လျန်ဟွမ်းက ညစာအတွက် ဆန်ပြုတ်ပြုတ်ထားသည်။ နေ့လယ်က ကြက်ပေါင်းရည်ခေါက်ဆွဲ စားထားသဖြင့် ညစာကို ရိုးရိုးရှင်းရှင်း ဟင်းရွက်ဆန်ပြုတ်သာ ပြုတ်လိုက်သည်။
ဆန်ပြုတ်ထဲတွင် ဟင်းရွက်နှင့် ကြက်ဥ ထည့်ထားပြီး ဝက်ဆီအနည်းငယ် ထည့်ထားသဖြင့် အနံ့မွှေးကာ စားချင်စဖွယ် ဖြစ်နေသည်။ လျန်ဟွမ်းက ပန်းကန်ထဲမှ ဆန်ပြုတ်ကို ကြည့်ရင်း နှမ်းဆီကို သတိရမိသည်။
ဆန်ပြုတ်ထဲ နှမ်းဆီထည့်လျှင် ပိုမွှေးမှာ ဖြစ်သည်။ ဝက်ဆီက နှမ်းဆီလောက် အနံ့မမွှေးပေ။ နောက်တစ်ခါ သမဝါယမဆိုင် သွားလျှင် နှမ်းဆီရှိမရှိ ကြည့်ပြီး ဝယ်လာရမည်။
လျန်ဟွမ်း တွေးနေစဉ် ခြံဝင်းတံခါး ပွင့်သွားပြီး ကျိဟုန်ကျွင်း ဝင်လာသည်။
လျန်ဟွမ်းက အသံကြားသဖြင့် မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး ကျိဟုန်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။ "ရှင် ပြန်ရောက်ပြီလား"
လျန်ဟွမ်း၏ မျက်နှာတွင် အပြုံးများ ရှိနေပြီး အသံက တက်ကြွနေသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "အင်း"
အိမ်ပြန်ရောက်လျှင် စောင့်နေမည့်သူ ရှိသည်ဆိုသော ခံစားချက်က မဆိုးပေ။
"ထမင်းကျက်ပြီ၊ လာစားတော့" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ခေါ်ပြီး ပန်းကန်ခွက်ယောက်များကို စားပွဲပေါ် တင်လိုက်သည်။
ကျိဟုန်ကျွင်းက ထိုင်လိုက်ပြီး လျန်ဟွမ်း ထည့်ပေးထားသော ပန်းကန်ကို ယူလိုက်သည်။
လျန်ဟွမ်းက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး ထမင်းစားရင်း စကားပြောလိုက်သည်။ "မနက်ဖြန် မြောက်ဘက်ရေကန်မှာ ရေခဲခွဲပြီး ငါးဖမ်းမယ်လို့ ဒုတိယအဒေါ် ပြောတယ်၊ ရှင်ရော ကြားလား"
"အင်း... မနက်ဖြန် မနက် ငါးနာရီ သွားရမယ်" ကျိဟုန်ကျွင်းက ဆန်ပြုတ်ကို သောက်လိုက်သည်။
ဆန်ပြုတ်က သောက်လို့ကောင်းသော်လည်း အသားလောက်တော့ မကောင်းပေ။
ကျိဟုန်ကျွင်း၏ မျက်လုံးများက နက်ရှိုင်းသွားသည်။ သူ ဆန်ပြုတ်ကို အမြန်သောက်လိုက်ပြီး ထပ်မထည့်တော့ဘဲ လျန်ဟွမ်းကို ကြည့်လိုက်သည်။ "ဒီနေ့ ရွာထဲမှာ ငါတို့အိမ်က နေ့တိုင်း အသားစားတယ်လို့ ပြောနေကြတယ်"
လျန်ဟွမ်းသည် ဒီခေတ်အခြေအနေကို သိသဖြင့် ကျိဟုန်ကျွင်းပြောချင်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
"ဒီရက်ပိုင်း ကျွန်မတို့ အသားစားတာ များသွားတယ်၊ မနက်ဖြန်ကစပြီး အသားလျှော့ချက်တော့မယ်၊ အိမ်မှာရှိတဲ့ အသားတွေကို ဆားနယ်ထားလိုက်မယ်၊ လောလောဆယ် မစားတော့ဘူး"
အသားမစားဘူး ဟုတ်လား။ ကျိဟုန်ကျွင်း မျက်မှောင်ကြုတ်လိုက်သည်။
"အသားမစားတာက ဖြေရှင်းနည်း မဟုတ်ဘူး၊ အသားကတော့ စားရမှာပဲ"
လျန်ဟွမ်း စိတ်ညစ်သွားသည်။ သူမလည်း အသားစားချင်သည်။ သို့သော် ချက်လိုက်လျှင် အနံ့ထွက်မည်။ ရွာသားများက အနံ့ရလျှင် သိသွားကြမည်။ မချက်ဘဲလည်း မနေနိုင်။ ဘယ်လိုလုပ်ရမလဲ။ ရွာထဲက လူတွေနဲ့ ဝေးတဲ့နေရာမှာ နေရရင် ကောင်းမည်။
လျန်ဟွမ်း မျက်လုံးများ အရောင်တောက်သွားသည်။
"ကျိဟုန်ကျွင်း... ရှင် အိမ်ပြောင်းဖို့ စဉ်းစားဖူးလား"
သူတို့အိမ်က ရွာလယ်ခေါင်တွင် ရှိသဖြင့် ဘယ်ဘက်ညာဘက်တွင် လူများ ရှိနေသည်။ အိမ်ရှေ့မှ ဖြတ်သွားဖြတ်လာသူ များသည်။ ဒီမှာနေရင် ချက်စားသမျှ လူသိမည်။ ရွာစွန်ဘက်သို့ ပြောင်းလိုက်လျှင် ဘယ်သူမှ သတိထားမိတော့မည် မဟုတ်ပေ။
ကျိဟုန်ကျွင်း စဉ်းစားလိုက်သည်။ ခဏကြာတော့ လျန်ဟွမ်းကို ကြည့်ပြီး ပြောလိုက်သည်။ 
"စဉ်းစားကြည့်မယ်"
"ကောင်းပြီ၊ စဉ်းစားကြည့်ပါ၊ အခုက ရွာလယ်ခေါင်မှာ နေတာဆိုတော့ အသားစားရင် လူတွေ သတိထားမိတယ်၊ ရွာစွန်ဘက် ပြောင်းလိုက်ရင် ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး"
ရွာစွန်ဘက် ပြောင်းလိုက်လျှင် အသားစားရမည့်ကိစ္စ အဆင်ပြေသွားမည့်အပြင် ကျိမိသားစုနှင့်လည်း ဝေးဝေးနေရမည် ဖြစ်သည်။
ဒီရက်ပိုင်း ကျိမိသားစုက ငြိမ်နေသော်လည်း အပြင်ထွက်တိုင်း ကျိမိသားစုမှ ဒုတိယချွေးမက တံခါးနောက်မှ ချောင်းကြည့်နေသည်ကို မြင်နေရသည်။ အကြည့်များက မရိုးသားပေ။ ပြီးတော့ ကျိမိသားစုတွင် ကံကောင်းခြင်းများ ပိုင်ဆိုင်ထားသော ဇာတ်လိုက်မလေး ရှိသေးသည်။ ဇာတ်လိုက်မလေးက အခုမှ ၇ ရက်၊ ၈ ရက်လောက်ပဲ ရှိသေးသည်။ ကျိမိသားစုက ပြဿနာအိုး ဖြစ်သဖြင့် အတူနေလျှင် ပြဿနာတက်နိုင်သည်။ စောစောစီးစီး ပြောင်းတာ ကောင်းသည်။
"ထမင်းအရင်စား" ကျိဟုန်ကျွင်းက ပြောပြီး ပန်းကန်ယူကာ ထမင်းထပ်ထည့်လိုက်သည်။
"ကောင်းပြီ၊ ထမင်းအရင်စားမယ်" လျန်ဟွမ်းလည်း ခေါင်းငုံ့ပြီး ဆက်စားလိုက်သည်။
အိမ်ပြောင်းမည့်ကိစ္စက ချက်ချင်း လုပ်လို့ရသည် မဟုတ်ပေ။ အခွင့်အရေး ကြုံမှ ကြည့်လုပ်ရမည်။
နှစ်ယောက်သား ထမင်းစားပြီးနောက် လျန်ဟွမ်းက ခြေဆေးရန် ရေနွေးတည်မည်ဟု တွေးကာ ပန်းကန်ဆေးရန် ထရပ်လိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း ရှေ့တွင် ရပ်လိုက်ပြီး ပန်းကန်များကို ယူလိုက်သည်။ "ကိုယ် ဆေးလိုက်မယ်၊ မင်း နားလိုက်၊ အားမွေးထား"
အားမွေးထား ဟုတ်လား။ ဘာအားမွေးရမှာလဲ။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ကျောပြင်ကို ကြည့်ပြီး မေးချင်သော်လည်း နေ့လယ်က ကိစ္စကို သတိရသွားသည်။
နေ့လယ်က ကျိဟုန်ကျွင်းက ဓမ္မတာ လာသေးလားဟု မေးရာ သူမက မလာတော့ကြောင်း ပြောခဲ့သည်။
အခု အားမွေးထားဟု ပြောပြန်ပြီ။ လျန်ဟွမ်း မျက်နှာ ရဲသွားသည်။ သူမ မီးဖိုချောင်ထဲမှ ထွက်ပြေးရန် ပြင်လိုက်ပြီး တံခါးဝရောက်မှ လှည့်ပြောလိုက်သည်။ "ဒီနေ့ ရေများများ တည်ထားနော်"
သူမ ရေချိုးချင်သည်။
ပုံမှန်ဆို ခြေထောက်ဆေးပြီး အိပ်လိုက်သော်လည်း ဒီနေ့တော့ ရေချိုးမှ ဖြစ်မည်။ ရေချိုးခန်းသီးသန့် ရှိလျှင် ကောင်းမည်။
လျန်ဟွမ်း ထောင့်ဘက်သို့ ကြည့်လိုက်ပြီး ပြန်လှည့်လာကာ ပင်မအခန်းထဲ ဝင်သွားသည်။ မကြာခင် အိမ်ပြောင်းရတော့မှာဆိုတော့ ဒီမှာ ရေချိုးခန်း လုပ်မနေတော့ဘူး။
လျန်ဟွမ်းက အခန်းထဲ ဝင်သွားပြီး ကျိဟုန်ကျွင်းက ရေနွေးတစ်အိုး တည်ထားသည်။ နာရီဝက်ခန့် ကြာမှ ရေနွေးရသည်။
ရေနွေးရသောအခါ ကျိဟုန်ကျွင်းက အခန်းထဲဝင်လာပြီး မီးအိမ်အောက်တွင် အပ်ချုပ်နေသော လျန်ဟွမ်းကို ပြောလိုက်သည်။ "ရေရပြီ၊ ရေချိုးလို့ရပြီ"
လျန်ဟွမ်း လန့်သွားပြီး လက်ကို အပ်စူးသွားသည်။
လျန်ဟွမ်း ဒီနေ့ အပ်စူးတာ များနေပြီ။ ဒီတစ်ခါ စူးတာကို သိပ်မထူးဆန်းတော့ဘဲ လက်ကို ကြည့်လိုက်ပြီး အပ်နှင့်ချည်ကို ခြင်းတောင်းထဲ ထည့်ကာ စားပွဲပေါ် တင်လိုက်သည်။ ပြီးနောက် ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ကျိဟုန်ကျွင်းဘေးမှ ဖြတ်သွားချိန်တွင် ကျိဟုန်ကျွင်းက သူမလက်ကို ဆွဲယူလိုက်သည်။ လက်မတွင် အပ်ပေါက်ရာများ ရှိနေပြီး ရောင်နေသည်။
ကျိဟုန်ကျွင်းက နီရဲနေသော လက်မလေးကို ကြည့်ပြီး မေးလိုက်သည်။ "ဒီနေ့ စူးတာလား"
ကျိဟုန်ကျွင်းက မေးပြီးသည်နှင့် အဖြေကို မစောင့်ဘဲ ခေါင်းငုံ့ကာ သူမ၏ လက်မကို နှုတ်ခမ်းဖြင့် ထိကပ်ပြီး ဖွဖွလေး စုပ်ယူလိုက်သည်။
လက်ချောင်းလေး ကျင်တက်သွားပြီး လျန်ဟွမ်း လက်တွန့်သွားသည်။
"ကျိဟုန်ကျွင်း... ကျွန်မ ရေသွားချိုးတော့မယ်"
ကျိဟုန်ကျွင်း မျက်လုံးများ မည်းနက်နေပြီး လည်ချောင်းသံဖြင့် "အင်း" ဟု ပြောလိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို လွှတ်ပေးလိုက်ရာ လျန်ဟွမ်းက မီးဖိုချောင်သို့ သွားပြီး ရေချိုးလိုက်သည်။
မိနစ် ၄၀ ခန့် ကြာမှ လျန်ဟွမ်း ရေချိုးပြီး၍ အဝတ်အစားဝတ်ကာ အခန်းထဲ ပြန်လာသည်။
လျန်ဟွမ်းသည် မူလက ပိန်ပြီး ဝါနေသော်လည်း ရောက်လာပြီးနောက်ပိုင်း အစားအသောက် ကောင်းသဖြင့် ပြည့်လာပြီး အသားဖြူလာသည်။ ရေချိုးပြီးစဖြစ်ရာ ပို၍ လှနေသည်။
ကျိဟုန်ကျွင်းက သူမကို ခဏကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကိုယ် ရေသွားချိုးလိုက်ဦးမယ်"
ကျိဟုန်ကျွင်း ရေသွားချိုးသောအခါ လျန်ဟွမ်းက ဝါဂွမ်းအင်္ကျီကို ချွတ်ပြီး စောင်အောက်သို့ ဝင်လိုက်သည်။
ခဏနေရင် သူတို့နှစ်ယောက် အတူနေရတော့မည်။
စိတ်လှုပ်ရှားလိုက်တာ။ ယောက်ျားတစ်ယောက်နဲ့ တစ်ခါမှ မနေဖူးဘူး။ နာတယ်လို့ ပြောကြတယ်။
အချိန်ကုန်သွားပြီး ကျိဟုန်ကျွင်းက ရေချိုးပြီး ပြန်ရောက်လာသည်။ ရေချိုးပြီးစမို့ ကိုယ်ငွေ့များ ထွက်နေသလိုပင်။ ဝါဂွမ်းအင်္ကျီကို မဝတ်ထားဘဲ လက်ထဲတွင် ကိုင်လာသည်။ အခန်းထဲ ရောက်သည်နှင့် တံခါးပိတ်ပြီး အင်္ကျီကို ခုတင်ပေါ်တင်ကာ စောင်လှန်ပြီး ဝင်လိုက်သည်။
လျန်ဟွမ်းဘေးတွင် ဝင်အိပ်ပြီး ကျိဟုန်ကျွင်း၏ လက်ကြီးများက လျန်ဟွမ်း၏ လက်ကို လှမ်းကိုင်လိုက်သည်။
"လျန်ဟွမ်း"
ကျိဟုန်ကျွင်း၏ အသံမှာ နက်ရှိုင်းနေသည်။
လျန်ဟွမ်း လှည့်ကြည့်လိုက်သည်။ "ရှင်"
လျန်ဟွမ်း၏ အသံကို ကြားသောအခါ ကျိဟုန်ကျွင်းက လှည့်လာပြီး လျန်ဟွမ်းကို ကြည့်လိုက်သည်။ မီးအိမ်ရောင်အောက်တွင် သူ့မျက်လုံးများက ဆွဲဆောင်မှု ရှိနေသည်။
ကျိဟုန်ကျွင်းက ဘာမှမပြောဘဲ ခေါင်းငုံ့ကာ နှုတ်ခမ်းချင်း ထိကပ်လိုက်သည်။
အနမ်းများက ဖွဖွလေးမှသည် တဖြည်းဖြည်း နက်ရှိုင်းလာသည်။
မသိမသာပင် ကျိဟုန်ကျွင်း၏ လက်က လျန်ဟွမ်း၏ ကျောပြင်ပေါ် ရောက်လာပြီး အင်္ကျီအောက်သို့ တိုးဝင်သွားသည်။
အခြေအနေများ ပြင်းထန်လာချိန်တွင် လျန်ဟွမ်းက မျက်လုံးဖွင့်ကြည့်လိုက်ရာ မီးမငြှိမ်းရသေးသည်ကို တွေ့လိုက်ရသည်။ "မီး... မီးမှုတ်လိုက်ဦး"
ကျိဟုန်ကျွင်းက လက်ကိုထုတ်ကာ ဝှေ့ယမ်းလိုက်ရာ မီးအိမ်က မီးငြိမ်းသွားသည်။
ညဉ့်နက်သွားပြီ။
.......
မိုးမလင်းမီ ရွာထဲမှ အိမ်အများစုက မီးထွန်းထားကြသည်။ ဒီနေ့ ရေခဲခွဲပြီး ငါးဖမ်းကြမည်။ ငါးရလျှင် အသားစားရမည်ဖြစ်သောကြောင့် အလုပ်မြန်မြန် သွားလုပ်ချင်ကြသည်။
အမျိုးသားများ ထပြီး အလုပ်လုပ်ရန် ပြင်ကြသလို အမျိုးသမီးများလည်း ထမင်းထချက်ကြသည်။ ကလေးများလည်း ငါးဖမ်းသည်ကို ကြည့်ချင်သဖြင့် စောစော ထကြသည်။
ရွာထဲတွင် ဆူညံသံများ ထွက်ပေါ်လာသည်။
ထိုအသံများကြောင့် လျန်ဟွမ်း နိုးလာသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ကိုယ်လုံး ကိုက်ခဲနေသည်ကို ခံစားလိုက်ရသည်။ ကိုယ်လက်လှုပ်ရှားလိုက်ရာ အရိုးများ ပြုတ်ထွက်သွားသလိုပင်။
လျန်ဟွမ်းက မီးအိမ်အောက်တွင် အဝတ်ဝတ်နေသော အမျိုးသားကို ကြည့်လိုက်သည်။
"ကျိဟုန်ကျွင်း... ရှင် မြောက်ဘက်ရေကန်ကို သွားမလို့လား"
"အင်း... အတွင်းရေးမှူးက ခြောက်နာရီလောက် ငါးစဖမ်းမယ်လို့ ပြောတယ်၊ အချိန်စောသေးတယ်၊ မင်း ထစရာ မလိုဘူး၊ ပြန်အိပ်လိုက်ဦး" ကျိဟုန်ကျွင်းက ပြောရင်း လျန်ဟွမ်း ကိုယ်ပေါ်မှ လျောကျနေသော စောင်ကို ပြန်ခြုံပေးလိုက်သည်။
လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "မနက်စာ ချက်ရတော့မယ်၊ ရှင်သွားရင် ခဏနေ ပြန်လာစားဦးမှာလား"
"မလိုဘူး၊ မင်း ဆက်အိပ်လိုက်၊ နိုးမှ ထချက်၊ ကိုယ် အခု ဗိုက်မဆာသေးဘူး" ကျိဟုန်ကျွင်းက တိုးတိုး ပြောလိုက်သည်။
လျန်ဟွမ်းက ပင်ပန်းနေသဖြင့် ကျိဟုန်ကျွင်း ပြောသည့်အတိုင်း ဆက်အိပ်လိုက်သည်။ "ဒါဆို ရှင်သွားတော့၊ ကျွန်မ ခဏနေမှ ထပြီး ထမင်းချက်ပို့လိုက်မယ်"
သူမ အရမ်းအိပ်ချင်နေပြီး ပင်ပန်းနေသည်။ မထချင်သေးပေ။
"အင်း... အိပ်တော့" ကျိဟုန်ကျွင်း ပြောပြီး ထွက်သွားသည်။
နေထွက်လာသောအခါ မြောက်ဘက်ရေကန်တွင် စည်ကားနေပြီ ဖြစ်သည်။ အမျိုးသားများ အလုပ်လုပ်သည်မှာ နှစ်နာရီခန့် ရှိပြီဖြစ်ပြီး အမျိုးသမီးများက ထမင်းလာပို့ကြသည်။
အများစုက ပြောင်းဖူးမုန့်နှင့် ကန်စွန်းဥပြုတ်များ လာပို့ကြသည်။
နှစ်နာရီခန့် အလုပ်လုပ်ထားသော အမျိုးသားများသည် ထမင်းကို အားပါးတရ စားကြသည်။
ကျိဟုန်ကျွင်းက သစ်ပင်အောက်တွင် ထိုင်နားနေသည်။ မာအာ့ကျူးက ကျိဟုန်ကျွင်း ထမင်းမစားသည်ကို မြင်သောအခါ သူ၏ ထမင်းပန်းကန်ကို ယူလာသည်။ 
"အစ်ကိုဟုန်ကျွင်း... အစ်မ လာမပို့သေးဘူးလား"
"အင်း... ဘာဖြစ်လို့လဲ" ကျိဟုန်ကျွင်းက မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ အစ်ကိုဟုန်ကျွင်း... ကျွန်တော့်ဟာ စားလိုက်ပါ၊ အမေက ကန်စွန်းဥ နှစ်လုံး ပြုတ်ပေးလိုက်တယ်၊ တစ်လုံး ယူလိုက်" မာအာ့ကျူးက ပြောရင်း ကန်စွန်းဥတစ်လုံး ထည့်ပေးလိုက်သည်။
ကျိဟုန်ကျွင်း ပြန်ပေးရန် ပြင်လိုက်သော်လည်း မာအာ့ကျူးက ထွက်ပြေးသွားပြီ ဖြစ်သည်။
ကျိဟုန်ကျွင်းသည် အစားအသောက်ကို တန်ဖိုးထားတတ်သဖြင့် လက်ထဲရောက်လာသော ကန်စွန်းဥကို ကြည့်ပြီး စားလိုက်သည်။
မာအာ့ကျူးက ကျိဟုန်ကျွင်းကို ကန်စွန်းဥပေးသည်ကို မြင်သောအခါ အမျိုးသမီးများက အတင်းပြောကြပြန်သည်။ 
"ဟုန်ကျွင်းမိန်းမက သိပ်ဆိုးတာပဲ၊ ဖြုန်းတာ၊ ဆိုးတာအပြင် ပျင်းလည်း ပျင်းသေးတယ်၊ ယောက်ျား အလုပ်လုပ်တာတောင် ထမင်းလာမပို့ဘူး"
"ပျင်းတာ မဟုတ်လောက်ဘူး၊ အိမ်မှာ ဆန်ကုန်သွားလို့ နေမှာပေါ့"
"သူတို့အိမ်ခွဲတုန်းက ဆန် ကျင်းငါးဆယ် ပေးလိုက်တယ်လို့ ကြားတယ်၊ ချွေတာစားရင် တစ်လလောက် ခံပါတယ်၊ အခုမှ လဝက်ပဲ ရှိသေးတာ ကုန်သွားပြီလား"
"ဘယ်သိမလဲ၊ ဟုန်ကျွင်းမိန်းမက ပျင်းသလို ဟုန်ကျွင်းကလည်း ပျင်းတာပဲ၊ အရင်ကတော့ အိမ်ခွဲပေးလိုက်တာ လွန်တယ်လို့ ထင်ပေမဲ့ အခုကြည့်ရတာ ဒီလိုလူပျင်းတွေက အိမ်မှာနေလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်ဦးမှာ၊ ဟုန်ကျွင်းတို့လင်မယားတော့ မကြာခင် ငတ်သေတော့မှာပဲ"
အတင်းပြောခံနေရသော လျန်ဟွမ်းမှာမူ အိမ်တွင် ထမင်းချက်နေသည်။
သူမ နောက်ကျမှ အိပ်ယာထသည်။ ကျိဟုန်ကျွင်း ထွက်သွားပြီးနောက် ပြန်အိပ်လိုက်ရာ နေဖင်ထိုးမှ နိုးတော့သည်။
ကျိဟုန်ကျွင်း ဗိုက်ဆာလောက်ပြီဟု တွေးကာ ဆန်အနည်းငယ် ထည့်ပြုတ်လိုက်သည်။ ဂျုံမုန့်လုပ်ရန် စိတ်ကူးသော်လည်း လူမြင်မှာစိုးသဖြင့် ကန်စွန်းဥ လေးလုံးနှင့် ကြက်ဥ နှစ်လုံး ပေါင်းလိုက်သည်။
ကန်စွန်းဥက အိမ်ခွဲတုန်းက ရထားခြင်းဖြစ်ပြီး ကြက်ဥက ကျိမိသားစုအိမ်မှ ယူလာခြင်းဖြစ်သည်။ ဒါတွေက အများသိအောင် စားပြလို့ ရသည်။
မိနစ် ၂၀ ခန့်အကြာတွင် ဆန်ပြုတ်ကျက်သွားပြီး ကန်စွန်းဥနှင့် ကြက်ဥလည်း ကျက်သွားသည်။ လျန်ဟွမ်းက ကန်စွန်းဥနှင့် ကြက်ဥကို ဇလုံထဲထည့်ကာ အဝတ်သန့်သန့်နှင့် အုပ်လိုက်သည်။ ပြီးနောက် အပူမထွက်စေရန် ဝါဂွမ်းအင်္ကျီနှင့် ထပ်ပတ်လိုက်သည်။
လျန်ဟွမ်း အပြင်ထွက်လာသောအခါ ထမင်းပို့ပြန်လာသော အမျိုးသမီးများနှင့် တွေ့သည်။ သူတို့က လက်ညှိုးထိုး ပြောဆိုနေသော်လည်း လျန်ဟွမ်း ဂရုမစိုက်ဘဲ မြောက်ဘက်ရေကန်သို့ ဆက်သွားသည်။
မြောက်ဘက်ရေကန်တွင် အမျိုးသမီးအချို့ ရှိနေသေးသည်။ လျန်ဟွမ်း လာနေသည်ကို မြင်သောအခါ ဘေးလူကို တို့လိုက်သည်။ "ဟိုမှာကြည့်... ဟုန်ကျွင်းမိန်းမ မဟုတ်လား"
"ဟုတ်တယ်၊ သူ ဘာလာလုပ်တာလဲ၊ လက်ထဲမှာလည်း အင်္ကျီကိုင်လာတယ်၊ ထမင်းလာပို့တာနဲ့ မတူဘူး၊ ဒီမိန်းမပျင်းက ဟုန်ကျွင်းကို ထမင်းမချက်ကျွေးဘူး ထင်တယ်၊ အိမ်မှာ ဆန်ကုန်သွားပြီ နေမှာ"
လျန်ဟွမ်းက သစ်ပင်အောက်သို့ လျှောက်သွားပြီး ကျိဟုန်ကျွင်းကို လှမ်းခေါ်လိုက်သည်။ "ဟုန်ကျွင်း"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး လျန်ဟွမ်းဆီသို့ လျှောက်လာကာ လက်ထဲမှ ပစ္စည်းကို ယူလိုက်သည်။ "ဘာလို့ ပိုမအိပ်တာလဲ"
လျန်ဟွမ်းက သစ်တုံးပေါ် ဝင်ထိုင်လိုက်ပြီး ပြောလိုက်သည်။ "အိပ်ရေးဝသွားလို့ ထလာတာ၊ ရှင့်ဖို့ ကန်စွန်းဥပေါင်း ယူလာတယ်၊ မြန်မြန်စားလိုက်"
ကျိဟုန်ကျွင်း လက်ထဲမှ ပစ္စည်းကို ကိုင်ရင်း ရင်ထဲ နွေးထွေးသွားသည်။ "အင်း"
ကျိဟုန်ကျွင်းက အထုပ်ကို ဖွင့်လိုက်ရာ ကန်စွန်းဥနှင့် ကြက်ဥများ ပေါ်လာသည်။
…
အခန်း (၃၂)
ကျိဟုန်ကျွင်းသည် ဇလုံထဲတွင် ဝါဂွမ်းအင်္ကျီဖြင့် ပတ်ထားသော ကန်စွန်းဥနှင့် ကြက်ဥများကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျန်ဟွမ်းကို ကြည့်လိုက်သည်။ "မင်း စားပြီးပြီလား"
"အိမ်မှာ ဆန်ပြုတ် ချန်ထားတယ်၊ အိမ်ပြန်ရောက်ရင် ဆန်ပြုတ်ပဲ သောက်လိုက်တော့မယ်" 
ကျိဟုန်ကျွင်းက အစားများသဖြင့် သူမ ယူလာသည့် ထမင်းသည် သူ့တစ်ယောက်စာသာ ဖြစ်သည်။ ကျိဟုန်ကျွင်း စားပြီးလျှင် သူမ အိမ်ပြန်စားမည်။
"အင်း" ကျိဟုန်ကျွင်းက ခေါင်းညိတ်လိုက်ပြီး ကန်စွန်းဥတစ်လုံးကို ယူကာ မတ်တတ်ရပ်လိုက်သည်။ 
"မင်း မလာခင်က အာ့ကျူးက ကိုယ့်ကို ကန်စွန်းဥတစ်လုံး ပေးတယ်၊ အဲဒါ သွားပြန်ပေးလိုက်ဦးမယ်"
ကျိဟုန်ကျွင်း ကန်စွန်းဥကို ယူပြီး အာ့ကျူး ရှိရာသို့ သွားလိုက်သည်။ လျန်ဟွမ်းက သူ အာ့ကျူးကို ကန်စွန်းဥ ပေးလိုက်ပြီး တစ်စုံတစ်ခု ပြောနေသည်ကို လှမ်းမြင်လိုက်ရသည်။ ပြီးနောက် သူ ပြန်လှည့်လာသည်။
လျန်ဟွမ်းသည် ဇလုံထဲမှ ကန်စွန်းဥတစ်လုံးကို ယူလိုက်သည်။ ကျိဟုန်ကျွင်းက ရောက်လာသောအခါ သူမက ကမ်းပေးလိုက်သည်။ "မြန်မြန်စား၊ ရာသီဥတု အေးတယ်၊ ကန်စွန်းဥက အေးလွယ်တယ်"
ဆောင်းရာသီတွင် အေးစက်စက် အစားအစာများ စားခြင်းက မကောင်းပေ။
"အင်း" ကျိဟုန်ကျွင်းက ပြုံးလိုက်ပြီး လျန်ဟွမ်းဘေးတွင် ဝင်ထိုင်လိုက်သည်။
ကျိဟုန်ကျွင်းက အစားစားတာ မြန်သည်။ လျန်ဟွမ်းဘေးတွင် ထိုင်ပြီး မကြာခင်မှာပင် သူမ ယူလာသည့် ကန်စွန်းဥကို စားပြီးသွားသည်။ လျန်ဟွမ်းက သူ ကန်စွန်းဥကို အားပါးတရ စားနေသည်ကို ကြည့်ပြီး သူ့ကို ဆွဲလိုက်သည်။ "ဖြည်းဖြည်းစား၊ ရေမပါဘူး၊ နင်နေဦးမယ်"
ကန်စွန်းဥက ခြောက်သည်။ လာတုန်းက ရေနွေး ယူလာချင်သော်လည်း အိမ်တွင် ခွက်မရှိသဖြင့် ပန်းကန်လုံးဖြင့် ယူလာရမည်။ ပန်းကန်လုံးဖြင့် ယူလာလျှင် ရေနွေးက အေးစက်သွားမည် ဖြစ်သောကြောင့် ရေမယူလာခဲ့ခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်းက မော့ကြည့်လိုက်ပြီး နက်ရှိုင်းသော မျက်လုံးများဖြင့် လျန်ဟွမ်းကို ကြည့်လိုက်သည်။ 
"ကိစ္စမရှိပါဘူး"
ကျိဟုန်ကျွင်း စိုက်ကြည့်နေသဖြင့် လျန်ဟွမ်း၏ မျက်နှာက ရဲသွားသည်။ သူမ ခေါင်းအမြန်ငုံ့လိုက်ပြီး ဇလုံထဲမှ ကြက်ဥကို ယူကာ ကျိဟုန်ကျွင်းကို ပေးလိုက်သည်။ "ရော့"
"မင်းစားလေ၊ ကိုယ် ဒါစားလိုက်မယ်" ကျိဟုန်ကျွင်းက ပြောရင်း ဇလုံထဲမှ နောက်ထပ် ကြက်ဥတစ်လုံးကို ယူလိုက်သည်။
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ကြက်ဥကို ခွာကာ တစ်ကိုက်တည်း စားလိုက်သည်။
လျန်ဟွမ်းက ကြက်ဥနှစ်လုံးကို ကျိဟုန်ကျွင်းအတွက် ယူလာခြင်း ဖြစ်သည်။ သို့သော် ကျိဟုန်ကျွင်း စားနေသည်ကို ကြည့်ပြီး သူမလည်း ဗိုက်ဆာလာသည်။ ကျိဟုန်ကျွင်းက သူမကို စားခိုင်းနေသဖြင့် ခဏတုံ့ဆိုင်းပြီးနောက် ကြက်ဥကို ခွာစားလိုက်သည်။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း လင်မယားနှစ်ယောက် သစ်တုံးပေါ်တွင် ထိုင်ပြီး မုန့်စားနေကြသည်။
ဘေးနားတွင် ကြည့်နေကြသော ရွာသားများက သူတို့နှစ်ယောက် မုန့်စားနေသည်ကို ကြည့်ပြီး အတင်းပြောကြပြန်သည်။ အထူးသဖြင့် ယန်အိမ်က ချွေးမသည် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေသည်။
ယန်အိမ်က ထိုချွေးမတို့လင်မယားက ဆင်းရဲသည်။ သူမ၏ ယောက္ခမက စည်းကမ်းကြီးသည်။ အိမ်တွင် ကန်စွန်းဥပြုတ်သောက်လျှင်တောင် ကန်စွန်းဥမပါသော အရည်ကျဲကျဲသာ သောက်ရသည်။ သူမယောက်ျားကလည်း သူမအပေါ် မကောင်းပေ။ စားစရာ ပေးဖို့နေနေသာသာ မရိုက်လျှင် ကံကောင်းသည်ဟု ဆိုရမည်။ ယခု လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့်အတူ ကြက်ဥစားနေသည်ကို တွေ့သောအခါ သူမ မနာလို ဖြစ်သွားပြီး မျက်နှာရဲရဲဖြင့် လှောင်ပြောင်လိုက်သည်။
"တချို့လူတွေက ပျင်းတဲ့အပြင် အစားလည်း မက်သေးတယ်၊ ဒီလို ဖြုန်းတီးနေရင် အိမ်က စားစရာတွေ မကြာခင် ကုန်ပြီး လေပဲသောက်နေရတော့မှာ"
ယန်အိမ်က ချွေးမ ပြောလိုက်သည်နှင့် တစ်ယောက်က ထောက်ခံလိုက်သည်။ "ယောက်ျားက အလုပ်လုပ်လို့ ကြက်ဥစားတာ ထားပါတော့၊ အလုပ်မလုပ်တဲ့ မိန်းမပျင်းက ဘာကိစ္စ ကြက်ဥ လိုက်စားနေတာလဲ၊ ငတ်ကြီးကျတာ"
ရွာထဲမှ တချို့က လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ကြက်ဥစားသည်ကို ကြည့်မရကြသော်လည်း တချို့ကမူ အားကျကြသည်။ ဝမ်အိမ်က ချွေးမဆိုလျှင် ဘေးမှနေ၍ ပြောလိုက်သည်။ 
"အိမ်မှာ ကြက်ဥရှိလို့ လင်မယားနှစ်ယောက် စားကြတာ ကောင်းပါတယ်"
သူမယောက်ျား အိမ်မှာရှိတုန်းကဆိုလျှင် သူမကို စားစရာများ ခိုးကျွေးလေ့ရှိသည်။
မာအာ့ကျူးအမေလည်း ထိုအမျိုးသမီးများ ပြောစကားကို ကြားသည်။ အမှန်အတိုင်း ပြောရလျှင် သူမလည်း ကြက်ဥကို ယောက်ျားစားလျှင် တော်ပြီဟု ထင်သည်။ မိန်းမများ အလုပ်က ယောက်ျားများလောက် မပင်ပန်းသဖြင့် စားစား မစားစား ကိစ္စမရှိဟု ယူဆသည်။ သို့သော် လူရှေ့သူရှေ့တွင်တော့ ထိုသို့ ထုတ်မပြောပေ။ ကျိဟုန်ကျွင်းက သူမသား ကော်တုန်းကို ကယ်ဖူးသဖြင့် ကျေးဇူးသိတတ်သည်။
"နင်တို့မိန်းမတွေက တစ်နေ့တစ်နေ့ အတင်းပဲ ပြောနေကြတယ်၊ ငါကြည့်ရတာ နင်တို့က ဟုန်ကျွင်း သူ့မိန်းမအပေါ် ကောင်းတာကို အားကျနေကြတာပဲ၊ ကြက်ဥစားချင်ရင် နင်တို့ယောက်ျားတွေကို သွားပြော၊ နင်တို့ယောက်ျားတွေ နင်တို့ကို ကြက်ဥ ချန်ပေးလိမ့်မယ်"
မာအာ့ကျူးအမေ၏ အသက်သည် အမေကျိနှင့် မတိမ်းမယိမ်း ဖြစ်သည်။ ရွာထဲတွင် ပုံမှန်ဆို ပြဿနာမရှာတတ်သော်လည်း သူများ လာရှာလျှင် ငြိမ်မခံတတ်ပေ။ အရင်က သားမမွေးနိုင်ဟု အပြောခံရစဉ်က ရန်ဖြစ်ဖူးသည်ကို လူတိုင်း မှတ်မိကြသည်။ သူမ ဝင်ပြောလိုက်သောအခါ အတင်းပြောနေကြသော အမျိုးသမီးငယ်များ မျက်နှာပျက်သွားပြီး အသံတိတ်သွားကြသည်။ 
"ကျုပ်တို့က ဒီတိုင်းပြောတာပါ၊ ကြက်ဥစားချင်တယ်လို့လည်း မပြောပါဘူး"
လျန်ဟွမ်းက ထိုလူများနှင့် မဝေးသော နေရာတွင် ရှိသည်။ ရွာထဲမှ အမျိုးသမီးများက အသံကျယ်ကျယ်ဖြင့် ပြောဆိုနေကြသဖြင့် လျန်ဟွမ်း ကြားနေရသည်။ လျန်ဟွမ်း ကြက်ဥစားပြီးသောအခါ လက်ကို ခါလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ကျွန်မ အိမ်ပြန် ထမင်းစားလိုက်ဦးမယ်၊ ပြီးမှ ပြန်လာခဲ့မယ်"
ကျိဟုန်ကျွင်းက ဇလုံနှင့် ဝါဂွမ်းအင်္ကျီကို လျန်ဟွမ်းအား ပေးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ 
"မလာပါနဲ့တော့၊ ရာသီဥတု အေးတယ်၊ ကိုယ် အလုပ်ပြီးရင် ပြန်လာခဲ့မယ်"
ဝါဂွမ်းအင်္ကျီနှင့် ဇလုံကို ယူလိုက်ပြီး လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "အိမ်မှာလည်း ဘာမှလုပ်စရာ မရှိဘူး၊ ဒီနေ့ ရေခဲခွဲပြီး ငါးဖမ်းမှာဆိုတော့ ဒုတိယအဒေါ်လည်း ငါးဖမ်းတာ လာကြည့်မှာပဲ၊ အိမ်မှာ ဖိနပ်ချုပ်စရာ မလိုတော့ ကျွန်မ လာကြည့်မယ်"
"ကောင်းပြီ၊ မင်း လာချင်ရင် လာခဲ့လေ" ကျိဟုန်ကျွင်းက ပြန်ဖြေလိုက်သည်။
"အင်း... ကျွန်မ သွားတော့မယ်" လျန်ဟွမ်း ပြောပြီးသည်နှင့် အိမ်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ သူမအကြောင်း အတင်းပြောနေကြသော အမျိုးသမီးများအနားသို့ ရောက်သောအခါ လျန်ဟွမ်းက တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ကျွန်မ ကြက်ဥစားတာ ကျွန်မအိမ်မှာ ကြက်ဥရှိလို့ စားတာ၊ ကျွန်မယောက်ျား ဟုန်ကျွင်းက ကျွန်မကို ချစ်လို့ ကြက်ဥကျွေးတာလေ"
လျန်ဟွမ်း ပြောပြီးသည်နှင့် ထွက်သွားသည်။
အတင်းပြောနေကြသော အမျိုးသမီးများသည် လျန်ဟွမ်း၏ ကျောပြင်ကို ကြည့်ပြီး အံကြိတ်နေကြသည်။ အမျိုးသမီးငယ်များသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေကြသည်။ သူတို့လည်း ကြက်ဥစားချင်သော်လည်း ယောက္ခမက ပေးမစားပေ။ သက်လတ်ပိုင်း အမျိုးသမီးများကမူ စိတ်ထဲတွင် ဆဲဆိုနေကြသည်။ 
"ဟွန်း... မိန်းမပျင်း၊ ငတ်ကြီးကျတာ၊ ကြက်ဥဆိုတာ ယောက်ျားနဲ့ ကလေးတွေ စားဖို့ပဲ၊ မိန်းမတွေက ဘာကိစ္စ စားရမှာလဲ"
လျန်ဟွမ်းက ထိုလူများ၏ အတွေးကို ဂရုမစိုက်ဘဲ အိမ်သို့ အမြန်ပြန်လာခဲ့သည်။
လျန်ဟွမ်းက ရွာထိပ်သို့ ရောက်သောအခါ တံခါးသော့ခတ်ပြီး ထွက်လာသော ဒုတိယအဒေါ်ကို တွေ့လိုက်ရသည်။ ဒုတိယအဒေါ်က အိမ်ရှေ့တံခါးကို သော့ခတ်ပြီး လျန်ဟွမ်းကို နှုတ်ဆက်လိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... မြောက်ဘက်ရေကန်က ပြန်လာတာလား"
"ဟုတ်ကဲ့... ဟုန်ကျွင်းကို ထမင်းသွားပို့တာ၊ ဒုတိယအဒေါ်က ဦးလေးကို ထမင်းသွားပို့ပြီးပြီလား" 
မြောက်ဘက်ရေကန်တွင် လူများနေသဖြင့် ကျိဦးလေး ဘယ်နားရှိနေမှန်း သူမ မတွေ့လိုက်ပေ။
"ငါ ကျန့်ခန်းကို သွားပို့ခိုင်းလိုက်ပြီ၊ နင်က အိမ်ပြန် ထမင်းစားမလို့လား၊ ခဏနေ မြောက်ဘက်ရေကန်ကို ငါးဖမ်းတာ သွားကြည့်ဦးမလား" ဒုတိယအဒေါ်က လျန်ဟွမ်းနား တိုးကပ်လာသည်။
"သွားမှာ၊ ထမင်းစားပြီးရင် သွားမယ်၊ အဒေါ် အရင်သွားနှင့်လေ၊ ကျွန်မ ခဏနေ လိုက်လာခဲ့မယ်" သူမ အိမ်ပြန် ထမင်းစားပြီး ပန်းကန်ဆေးရမည်။ ထို့နောက် အိမ်က အသီးအနှံများနှင့် နေရာလွတ်ထဲမှ အသီးအနှံများကို ရေလောင်းပြီးမှ သွားရမည်။
"ကောင်းပြီ၊ ဒါဆို ငါ အရင်သွားနှင့်မယ်" ဒုတိယအဒေါ်က ပြောပြီးသည်နှင့် လျန်ဟွမ်းနှင့် ဆန့်ကျင်ဘက် လမ်းသို့ ထွက်သွားသည်။
ဒုတိယအဒေါ် ထွက်သွားပြီးနောက် လျန်ဟွမ်းလည်း အိမ်သို့ အမြန်ပြန်လာသည်။ ရွာသားများ ငါးဘယ်လိုဖမ်းကြလဲဆိုတာ သူမ သိချင်နေသည်။ အိမ်အလုပ်တွေ မြန်မြန်လက်စသတ်ပြီး မြောက်ဘက်ရေကန်သို့ ငါးဖမ်းတာ သွားကြည့်ရမည်။
မြောက်ဘက်ရေကန်တွင် လျန်ဟွမ်း ထွက်သွားသည်နှင့် အမျိုးသားအချို့က ကျိဟုန်ကျွင်းနား ကပ်လာကြသည်။
လျိုကျန့်ကော်က သူ့ပခုံးကို ပုတ်လိုက်သည်။ "ဟုန်ကျွင်း... မင်းက မင်းမိန်းမကို သိပ်အလိုလိုက်တာပဲ၊ ကြက်ဥတောင် ပေးစားတယ်၊ မိန်းမဆိုတာ အလိုလိုက်ရင် ခေါင်းပေါ် တက်လာတတ်တယ်၊ မင်း သူ့ကို ထိန်းမှ ဖြစ်မယ်"
ကျိဟုန်ကျွင်းက ဗိုက်ပြည့်နေသဖြင့် အားရှိနေသည်။ လျိုကျန့်ကော်၏ စကားကို ကြားသောအခါ အေးစက်စက် ကြည့်လိုက်သည်။ "ငါ့မိန်းမ ငါမချစ်လို့ ဘယ်သူ့ချစ်ရမှာလဲ"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ရေခဲခွဲသည့် ကိရိယာကို ကိုင်ကာ မြစ်ကမ်းဘေးသို့ ဆင်းသွားသည်။
ခေါင်းဆောင်က လူအုပ်ထဲတွင် ရပ်ကာ အားလုံး ထမင်းစားပြီးကြပြီဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အလုပ်စရန် ညွှန်ကြားလိုက်သည်။ ရေခဲပြင်တစ်ခုလုံးကို မြန်မြန်ခွဲပြီး ငါးဖမ်းကြမည်။
လျန်ဟွမ်းတို့အိမ်တွင် လျန်ဟွမ်းက ထမင်းစား၊ ပန်းကန်ဆေးပြီးနောက် နေရာလွတ်ထဲသို့ ဝင်လိုက်သည်။
နှစ်ရက်လောက် မရောက်ဖြစ်လေရာ နေရာလွတ်ထဲမှ မုန်ညင်းရွက်များက အလွန် ကြီးထွားနေပြီ ဖြစ်သည်။ လျန်ဟွမ်းက ခြင်းတောင်းကို ကိုင်ကာ အပင်ကြီးများကို ခူးလိုက်ပြီး အပင်ငယ်များကို ချန်ထားလိုက်သည်။
မုန်ညင်းရွက် ခူးပြီးနောက် သူမ စိုက်ထားသော ပဲသီးပင်များဆီသို့ သွားလိုက်သည်။ ပဲသီးများ သီးနေပြီး အပင်သန်သော ပဲသီးများဆိုလျှင် လက်မ ၂၀ ခန့် ရှည်သည်။ ဒီနှုန်းအတိုင်းဆို မနက်ဖြန် ပဲသီးစားလို့ရလောက်ပြီ။
ဆောင်းတွင်းတွင် ကျိဟုန်ကျွင်းယူလာသော အသားများရှိသဖြင့် စားသောက်ရေး အဆင်ပြေသော်လည်း ဟင်းရွက်စိမ်း သိပ်မရှိပေ။ မုန်လာဥဖြူနှင့် မုန်လာဥနီတော့ ရှိသည်။ သို့သော် နေ့တိုင်း ထိုအသီးအရွက်သာ စားနေရလျှင် ငြီးငွေ့လာနိုင်သည်။ ပဲသီးကို မြင်လိုက်ရသောအခါ လျန်ဟွမ်း ခေါင်းထဲတွင် ပဲသီးဟင်းချက်နည်း အမျိုးမျိုး ပေါ်လာသည်။
ဝက်သားပဲသီးကြော်၊ ပဲသီးသုပ်၊ ငရုတ်သီးပဲသီးကြော်။
လျန်ဟွမ်းက ပဲသီးများကို ကြည့်ပြီး ကျေနပ်နေသည်။ ထို့နောက် အာလူးခင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ အာလူးက သူမ အစောဆုံး စိုက်ခဲ့သည့် အသီးအနှံ ဖြစ်သည်။ အာလူးပွင့်များ ကြွေကျကုန်ပြီ။ အာလူးတွေ ဘယ်လောက်ကြီးနေပြီလဲ မသိဘူး။ မနက်ဖြန် ပြန်လာရင် စားလို့ရပြီလားဆိုတာ ပေါက်တူး ယူလာပြီး တူးကြည့်ရမယ်။
မုန်ညင်းရွက်တစ်ခြင်းလုံး ခူးပြီးနောက် လျန်ဟွမ်း အပြင်ထွက်လာပြီး မီးဖိုချောင်ထဲရှိ စဉ့်အိုးကြီးထဲတွင် ဝှက်ထားလိုက်သည်။ အဝတ်ဖြင့် အုပ်ကာ မီးဖိုချောင်တံခါး ပိတ်ပြီး အပြင်ထွက်လာခဲ့သည်။
လျန်ဟွမ်း မြောက်ဘက်ရေကန်သို့ ရောက်သောအခါ ရေခဲပြင်တစ်ခုလုံးကို ခွဲပြီးနေကြပြီ ဖြစ်သည်။ ရွာထဲမှ ငါးဖမ်းကျွမ်းကျင်သူများက ပိုက်ကွန်ဖြင့် ငါးဖမ်းနေကြသည်။
ကျိဟုန်ကျွင်းက ကမ်းပေါ်တွင် ရပ်နေသည်။ လျန်ဟွမ်း ကြည့်လိုက်ရာ ကျိဟုန်ကျွင်းဘေးတွင် အမျိုးသားများသာ ရှိသဖြင့် ထိုဘက်သို့ မသွားတော့ပေ။ ဘေးဘီဝဲယာ ကြည့်လိုက်ရာ ဒုတိယအဒေါ်နှင့် ခေါင်းဆောင်ကတော်တို့ အတူရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိုဘက်သို့ လျှောက်သွားလိုက်သည်။
"ဒုတိယအဒေါ်၊ ဒေါ်ဒေါ်" လျန်ဟွမ်းက ဒုတိယအဒေါ်နှင့် ခေါင်းဆောင်ကတော်ကို နှုတ်ဆက်လိုက်သည်။
ဒုတိယအဒေါ်က ပြုံးပြလိုက်သည်။ "အိမ်အလုပ်တွေ ပြီးပြီလား"
"ဟုတ်ကဲ့... ဒုတိယအဒေါ်၊ ခုနက ဦးလေး ပိုက်ကွန်ပစ်နေတာ တွေ့လိုက်တယ်၊ ဒီနေ့ ဦးလေး ငါးဖမ်းမလို့လား" လျန်ဟွမ်းက ငါးဖမ်းနေသော လူအုပ်ကြီးဘက် လှမ်းကြည့်ပြီး မေးလိုက်သည်။
ဒုတိယအဒေါ် ဘာမှမပြောရသေးခင် ခေါင်းဆောင်ကတော်က ဝင်ပြောလိုက်သည်။ "ဟုန်ကျွင်းမိန်းမ မသိသေးဘူးလား၊ နင့်ဦးလေးက ရွာထဲမှာ နာမည်ကြီး ငါးဖမ်းဝိဇ္ဇာလေ၊ ဒီနှစ်တွေမှာ ရွာက ငါးဖမ်းရင် သူ့ကိုပဲ အားကိုးနေရတာ"
လျန်ဟွမ်းက ကျိဦးလေးသည် ရွာထဲမှ နာမည်ကြီး ငါးဖမ်းဝိဇ္ဇာဖြစ်ကြောင်း တကယ် မသိခဲ့ပေ။ ခေါင်းဆောင်ကတော် ပြောသည်ကို ကြားသောအခါ ချီးကျူးလိုက်သည်။ "ဦးလေးက တော်လိုက်တာ"
"နင့်ဦးလေး တော်သလို နင့်အဒေါ်လည်း မညံ့ပါဘူး" ခေါင်းဆောင်ကတော်က ဒုတိယအဒေါ်ကို ကြည့်ပြီး ပြောလိုက်သည်။ ပြီးနောက် ငါးဖမ်းနေသည်ကို ဆက်ကြည့်နေသည်။
လျန်ဟွမ်းက အတင်းအဖျင်း မပြောတတ်ပေ။ ခေါင်းဆောင်ကတော် ပြောသည်ကို ကြားသောအခါ ပြုံးလိုက်ပြီး မြစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တကယ်တော့ သူတို့အိမ်က ဟုန်ကျွင်းလည်း ငါးဖမ်းတတ်သည်။ ဟိုတစ်နေ့က ရေခဲခွဲတုန်းက ငါးအများကြီး ဖမ်းမိခဲ့သေးသည်။
လျန်ဟွမ်းသည် ဒုတိယအဒေါ်တို့အနားတွင် ရပ်ပြီး ငါးဖမ်းသည်ကို ကြည့်ရင်း စကားပြောနေသည်။ ဒုတိယအဒေါ်နှင့် ခေါင်းဆောင်ကတော်တို့ ပြောစကားများအရ ရွာထဲမှ အကြောင်းအရာ အတော်များများကို လျန်ဟွမ်း သိလာရသည်။
မြစ်ကမ်းဘေးတွင် ရွာသားများ တိတ်တဆိတ် ငါးဖမ်းနေကြစဉ် ရုတ်တရက် ပိုက်ကွန်ပစ်နေသော လူတစ်ယောက် ရေထဲ ပြုတ်ကျသွားသည်။ မြစ်တစ်ဖက်ကမ်းမှ လူများ အော်ဟစ်လိုက်ကြသည်။ 
"ရေထဲ ပြုတ်ကျကုန်ပြီ၊ ဦးလေးလျို ရေထဲ ပြုတ်ကျသွားပြီ"
ဆောင်းတွင်းကြီး ရေက အေးစက်နေသဖြင့် သေလောက်အောင် အေးသည်။ ခေါင်းဆောင်က လူတစ်ယောက် ရေထဲကျသွားသည်ကို ကြားသောအခါ ချက်ချင်း အော်ပြောလိုက်သည်။ "သစ်ကိုင်း မြန်မြန်ရှာကြ၊ လူကယ်ကြ"
ဆောင်းတွင်းဖြစ်၍ ရွာသားများ ရေခဲခွဲရာတွင် မြစ်ကမ်းဘေး တစ်လျှောက် ရေခဲများ ဖုံးလွှမ်းနေပြီး ချောနေသည်။ တချို့က ရေခဲများကို ကမ်းပေါ်တင်ထားသဖြင့် ရေခဲပျော်သွားသောအခါ ကမ်းပါးက ပိုချောနေသည်။ ဦးလေးလျို ပိုက်ကွန်ပစ်ရာတွင် ခြေချော်ပြီး ရေထဲ ပြုတ်ကျသွားခြင်း ဖြစ်သည်။
ဦးလေးလျို၏ မိသားစုဝင်များက သူ ရေထဲကျသွားသည်ကို ကြားသောအခါ မြစ်ကမ်းဘေးသို့ ပြေးလာကြသည်။ သူ၏ မိန်းမက ခေါင်းဆောင်၏ အင်္ကျီကို ဆွဲပြီး အော်ငိုနေသည်။ "ခေါင်းဆောင်... ကျုပ်တို့ အစ်ကိုလျိုကို ကယ်ပါဦး"
ခေါင်းဆောင်လည်း စိတ်ပူနေသည်။ သူတို့ရွာက နှစ်တိုင်း ငါးဖမ်းလေ့ရှိသည်။ အရင်နှစ်တွေက နွေဦးပေါက်မှ ဖမ်းသော်လည်း ဒီနှစ်က နှစ်သစ်ကူးတွင် ဝက်မပေါ်သဖြင့် ရွာသားများ အသားငတ်နေကြသောကြောင့် စောစော ငါးဖမ်းကြခြင်း ဖြစ်သည်။ ဘယ်သူကများ ရေထဲ လူကျမယ်လို့ ထင်မှာလဲ။ တကယ်လို့ မကယ်နိုင်ရင် သူလည်း ခေါင်းဆောင် ဆက်လုပ်လို့ရမှာ မဟုတ်တော့ဘူး။
ခေါင်းဆောင် စိတ်ပူနေသော်လည်း ရေထဲ မဆင်းရဲပေ။ မြောက်ဘက်ရေကန်က ရေနက်သလို အေးလည်း အေးသည်။ ရေထဲ ရောက်သည်နှင့် လူက တောင့်သွားနိုင်သည်။
ရွာသားတချို့က သစ်ကိုင်း သွားရှာကြသည်။ တချို့က မြစ်ကမ်းဘေးတွင် လျှောက်သွားနေကြသည်။ ဦးလေးလျို၏ မိသားစုဝင်များက ခေါင်းဆောင်ဘေးတွင် ငိုယိုနေကြသည်။
လျန်ဟွမ်းက မြစ်ကမ်းဘေးနှင့် အနည်းငယ် ဝေးသော နေရာတွင် ရှိနေသည်။ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒုတိယအဒေါ်က လျန်ဟွမ်းကို လှမ်းဆွဲလိုက်သည်။ "ဟိုဘက် မသွားနဲ့ဦး၊ လူတွေ များနေတယ်၊ ကမ်းပါးက ချောတယ်၊ ရေထဲ ပြုတ်ကျလိမ့်မယ်"
မြစ်ကမ်းဘေးတွင် လူများနေသဖြင့် သွားရင် တကယ် ရေထဲ ပြုတ်ကျနိုင်သည်။
လျန်ဟွမ်းက ဒုတိယအဒေါ် စကားကို နားထောင်ပြီး မသွားဘဲ နေလိုက်သည်။ သူမ ထိုဘက်ကို လှမ်းကြည့်လိုက်ရာ ရင်းနှီးသော လူတစ်ယောက် ဝါဂွမ်းအင်္ကျီနှင့် ဖိနပ်ကို ချွတ်ပြီး ရေထဲ ခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း ရေထဲခုန်ဆင်းသွားသည်ကို တွေ့လိုက်ရသည်။ ဒုတိယအဒေါ်လည်း တွေ့သွားပြီး လျန်ဟွမ်း၏ အင်္ကျီကို ဆွဲလိုက်သည်။ "ဟုန်ကျွင်းမိန်းမ... ခုနက ရေထဲ ခုန်ဆင်းသွားတာ ဟုန်ကျွင်း မဟုတ်လား"
လျန်ဟွမ်း အသက်ရှူရပ်မတတ် ဖြစ်သွားသည်။ သူမ အန္တရာယ်ရှိမရှိ ဂရုမစိုက်နိုင်တော့ဘဲ ထိုဘက်သို့ ပြေးသွားသည်။
ရေက ဒီလောက်အေးတာ ကျိဟုန်ကျွင်း သတိထားမှ ဖြစ်မယ်။ သူ ဘာလို့ ခုန်ဆင်းသွားရတာလဲ။ ရေက နက်လား။
လျန်ဟွမ်း စိတ်ပူပြီး ပိုမြန်မြန် ပြေးသွားသည်။
ဒုတိယအဒေါ်လည်း သူမနောက်မှ ပြေးလိုက်လာသည်။ ဟုန်ကျွင်း ဘာမှမဖြစ်ပါစေနဲ့။ အဖေကျိက ဟုန်ကျွင်းကို စောင့်ရှောက်ဖို့ မှာထားတာ။ ဟုန်ကျွင်းက...
လျန်ဟွမ်း မြစ်ကမ်းဘေး ရောက်သောအခါ ရင်တဒိတ်ဒိတ် ခုန်နေသည်။ သူမ ရေပြင်ကို ကြည့်လိုက်ရာ ကျိဟုန်ကျွင်းကို မတွေ့ရပေ။ သူမ ရင်ထဲ ထိတ်သွားသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရေပြင်ကို မျက်တောင်မခတ် ကြည့်နေမိသည်။
နောက်ဆုံးတွင် လျန်ဟွမ်း ရင်ဘတ်ထဲက အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ ကျိဟုန်ကျွင်းက လူတစ်ယောက်ကို ဆွဲပြီး ရေပေါ် ပေါ်လာကာ ကမ်းဘေးသို့ အမြန်ကူးခတ်လာသည်။
ထိုအချိန်တွင် ရွာသားများက သစ်ကိုင်း ရှာလာကြသည်။ ခေါင်းဆောင်က ရွာထဲမှ သန်မာသော လူငယ်များကို သစ်ကိုင်းပစ်ပေးပြီး ကျိဟုန်ကျွင်းကို ဆွဲတင်ခိုင်းသည်။
ကျိဟုန်ကျွင်းက သစ်ကိုင်းကို ဖမ်းဆွဲလိုက်ပြီး လူကို ဆွဲကာ ကမ်းဘေးသို့ ကူးလာသည်။
ရွာသားများ ဝိုင်းဆွဲကြသဖြင့် ကျိဟုန်ကျွင်းနှင့် ဦးလေးလျို ကုန်းပေါ် ရောက်လာသည်။
ဦးလေးလျိုက သတိလစ်နေပြီ ဖြစ်သည်။ မျက်နှာက ပြာနှမ်းနေသည်။
မြောက်ဘက်ရေကန်က ရေနက်ပြီး အေးစက်နေသဖြင့် ဦးလေးလျို ရေထဲကျသွားပြီး တစ်မိနစ်မပြည့်ခင်မှာပင် နစ်သွားခြင်း ဖြစ်သည်။ ကျိဟုန်ကျွင်းက ရေထဲခုန်ဆင်းပြီး တစ်မိနစ်ခန့် ရှာမှ တွေ့ခြင်းဖြစ်သည်။
ရွာထဲမှ လူကြီးများက ဦးလေးလျိုကို ကြည့်ပြီး ခေါင်းခါနေကြသည်။
လျန်ဟွမ်းက ဦးလေးလျိုကို ကြည့်ပြီး ခေါင်းဆောင်ကို ပြောလိုက်သည်။ "ခေါင်းဆောင်... သူ့ရင်ဘတ်ကို ဖိပေးလိုက်ပါ၊ မြန်မြန်လုပ်မှ ရမယ်"
ခေါင်းဆောင် ဘာမှမလုပ်ရသေးခင် ရေစိုနေသော ကျိဟုန်ကျွင်းက ထိုင်ချလိုက်ပြီး လက်ကြီးများဖြင့် ဦးလေးလျို၏ ရင်ဘတ်ကို ဖိချလိုက်သည်။ ကျိဟုန်ကျွင်း အကြိမ်ကြိမ် ဖိချလိုက်ရာ ဦးလေးလျိုက ရေများ အန်ထုတ်လိုက်ပြီး ချောင်းဆိုးလာသည်။
ကျိဟုန်ကျွင်းက သူ ရေအန်ထုတ်သည်ကို မြင်သောအခါ လက်ကို လွှတ်လိုက်ပြီး ရေစိုနေသော အင်္ကျီကို ညှစ်ကာ မတ်တတ်ရပ်လိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း ချွတ်ထားသော ဝါဂွမ်းအင်္ကျီနှင့် ဖိနပ်ကို ကောက်ယူပြီး ကျိဟုန်ကျွင်း ကိုယ်ပေါ် လွှမ်းပေးလိုက်သည်။ ဖိနပ်ကို သူ့ရှေ့ ချပေးလိုက်သည်။ "မြန်မြန်ဝတ်၊ အိမ်ပြန်ကြမယ်"
ဒီလောက်အေးတာ ဟုန်ကျွင်း ရေခဲရိုက်သွားလိမ့်မယ်။
"အင်း" ကျိဟုန်ကျွင်းက ဝါဂွမ်းအင်္ကျီကို ဝတ်လိုက်သည်။ ဖိနပ်မစီးဘဲ လက်ထဲ ကိုင်ထားသည်။ လျန်ဟွမ်းနှင့် အတူပြန်ရန် ပြင်လိုက်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း ဖိနပ်မစီးဘဲ လက်ထဲကိုင်ထားသည်ကို မြင်သောအခါ ဖိနပ်ကို ဆွဲယူလိုက်သည်။ "စီးလိုက်"
ဆောင်းတွင်းကြီး ဖိနပ်မစီးရင် ခြေထောက် ခဲသွားမှာပေါ့။
ကျိဟုန်ကျွင်းက သူ့ခြေထောက်မှ ရေများနှင့် ရွှံ့များကို ကြည့်လိုက်သည်။ ဖိနပ်စီးရင် ဖိနပ်ညစ်ပတ်သွားမည်။
"ညစ်ပတ်မယ်၊ မစီးတော့ဘူး"
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မျက်စောင်းထိုးလိုက်သည်။ "စီးလိုက်"
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ မျက်လုံးများကို ကြည့်လိုက်သည်။ ထိုမျက်လုံးများထဲတွင် သူ့ကို စိတ်ပူနေမှုများ ရှိနေသည်။
ကျိဟုန်ကျွင်း ခေါင်းငုံ့လိုက်သည်။ "ကောင်းပြီ၊ စီးလိုက်မယ်"
ကျိဟုန်ကျွင်း ဖိနပ်စီးပြီး လျန်ဟွမ်းနှင့်အတူ အိမ်ပြန်လာသည်။
ကျိဟုန်ကျွင်းနှင့်အတူ ခြံထဲဝင်လာပြီးနောက် လျန်ဟွမ်းက ပင်မအခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်းထဲဝင်ပြီး ခုတင်ပေါ်မှ စောင်ကို ဖြန့်လိုက်ကာ မျက်နှာသုတ်ပဝါတစ်ထည် ယူလာသည်။ သူမက တံခါးဝမှ ဝင်လာသော ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ရှင် ရေစိုနေတဲ့ အဝတ်တွေ မြန်မြန်ချွတ်ပြီး ခုတင်ပေါ်မှာ လှဲနေ၊ ကျွန်မ အတွင်းခံအင်္ကျီနှစ်ထည် ရှာပေးမယ်၊ အဲဒါ ဝတ်ထား၊ ခဏနေရင် ရေနွေးတည်ပေးမယ်၊ ရေနွေးပူပူလေး စိမ်လိုက်ရင် အအေးဓာတ် ပြေသွားလိမ့်မယ်"
အိမ်မှာ ချင်းမရှိတော့ဘူး။ ခဏနေ ဒုတိယဦးလေးအိမ် သွားပြီး ချင်းတောင်းရမယ်။ ချင်းပြုတ်ရည် လုပ်တိုက်ရင် အအေးဓာတ် ပြေစေတယ်။
လျန်ဟွမ်း အလုပ်ရှုပ်နေသည်ကို ကြည့်ပြီး ကျိဟုန်ကျွင်းက စကားနားထောင်လျက် ခုတင်နား သွားကာ အဝတ်အစားများ ချွတ်ပြီး ခုတင်ပေါ် တက်လိုက်သည်။
လျန်ဟွမ်းက ဗီရိုထဲမှ သူ့အတွက် အတွင်းခံအင်္ကျီ ထုတ်ပေးပြီး ခုတင်ပေါ် တင်ပေးလိုက်သည်။ ကျိဟုန်ကျွင်း ခုတင်ပေါ် တက်သွားသည်ကို မြင်သောအခါ လျန်ဟွမ်းက ပြောလိုက်သည်။ 
"အဝတ်ဝတ်ပြီး ခုတင်ပေါ်မှာ လှဲနေ၊ ကျွန်မ ရေနွေးသွားတည်လိုက်ဦးမယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ထွက်သွားသည်။ မီးဖိုချောင်ထဲတွင် ရေနွေးသွားတည်လိုက်သည်။
လျန်ဟွမ်း ရေနွေးတည်နေစဉ် ဒုတိယအဒေါ် ဝင်လာသည်။ ခြံထဲရောက်သည်နှင့် လှမ်းအော်သည်။ 
"ဟုန်ကျွင်းမိန်းမ... ဟုန်ကျွင်းမိန်းမ"
လျန်ဟွမ်းက မီးဖိုရှေ့တွင် မီးမွှေးနေသည်။ ဒုတိယအဒေါ် အသံကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာသည်။ "ဒုတိယအဒေါ်... ကျွန်မ ဒီမှာ"
"ဟုန်ကျွင်းမိန်းမ... ဟုန်ကျွင်း ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား" ဒုတိယအဒေါ်က လျန်ဟွမ်းကို မြင်သောအခါ ကျိဟုန်ကျွင်းအကြောင်း မေးလိုက်သည်။
"သူ့ကို အဝတ်လဲပြီး ခုတင်ပေါ် လှဲခိုင်းထားတယ်၊ ရေနွေးတည်ပေးနေတာ၊ ရေနွေးစိမ်လိုက်ရင် အအေးဓာတ် ပြေသွားမှာ၊ ဒါနဲ့ ဒုတိယအဒေါ်... အဒေါ်တို့အိမ်မှာ ချင်းရှိလား၊ ဟုန်ကျွင်းကို ချင်းပြုတ်ရည် တိုက်ချင်လို့၊ အိမ်မှာ ချင်းမရှိတော့ဘူး"
နောက်တစ်ခါ သမဝါယမဆိုင် သွားရင် ချင်းဝယ်ထားမှ ဖြစ်မယ်။ ဒုတိယအဒေါ်ဆီက ခဏခဏ မငှားချင်ဘူး။ ဆောင်းတွင်းကြီး အိမ်မှာ ချင်းဆောင်ထားရင် အအေးဓာတ် ပြေစေသလို ဟင်းချက်ရင်လည်း သုံးလို့ရတယ်။
"ချင်းလား၊ နင့်အဒေါ်က ဆောင်းဦးတုန်းက တောင်ပေါ်ကနေ တောချင်းတွေ အများကြီး တူးလာတယ်၊ ပုံမှန် မသုံးတော့ အိမ်မှာ အများကြီး ရှိသေးတယ်၊ ငါ ပြန်ယူလာပေးမယ်" ဒုတိယအဒေါ် ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်သည်။
ချင်းက ဒီအချိန်မှာ အအေးဓာတ် ပြေစေသည့် ဆေးကောင်းတစ်လက် ဖြစ်သည်။ လျန်ဟွမ်းက ဒုတိယအဒေါ်အိမ်က ချင်းတွေ အကုန်မယူချင်ပေ။ သူမ ဒုတိယအဒေါ်ကို လှမ်းဆွဲလိုက်သည်။ "အဒေါ်... တစ်တက်လောက်ဆို ရပါပြီ၊ များရင် မကုန်ဘဲ နေမယ်"
"ကောင်းပြီ၊ ငါ ပြန်ယူလာပေးမယ်" ဒုတိယအဒေါ် ပြောပြီးသည်နှင့် ချင်းယူရန် အိမ်ပြန်ပြေးသွားသည်။
ဒုတိယအဒေါ် ချင်းသွားယူနေစဉ် လျန်ဟွမ်းက ရေနွေးရပြီ ဖြစ်သည်။ သူမ ကျိဟုန်ကျွင်းကို မီးဖိုချောင်ထဲသို့ မခေါ်တော့ပေ။ အပြင်ထွက်ရင် အအေးမိမှာ စိုးလို့ ဖြစ်သည်။ သူမ ရေပုံးကြီးကို အခန်းထဲ ယူသွားပြီး ရေနွေးကို ပုံးသေးဖြင့် သယ်ကာ ရေပုံးကြီးထဲ ထည့်လိုက်သည်။ ရေပုံး တစ်ဝက်ကျော်ကျော် ရသောအခါ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ပြောလိုက်သည်။ 
"ဟုန်ကျွင်း... ဆင်းပြီး ရေချိုးလိုက်၊ ဒုတိယအဒေါ် အိမ်ပြန်ပြီး ချင်းသွားယူတယ်၊ ခဏနေရင် ချင်းပြုတ်ရည် လုပ်ပေးမယ်၊ သောက်လိုက်ရင် အအေးဓာတ် ပြေသွားလိမ့်မယ်"
လျန်ဟွမ်းက နူးညံ့စွာ ပြောရင်း ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် စိတ်ပူပန်မှုများ ရှိနေသည်။
ကျိဟုန်ကျွင်းက ခုတင်ပေါ်တွင် ထိုင်နေပြီး ဝါဂွမ်းအင်္ကျီကို ပခုံးပေါ် တင်ထားသည်။ လျန်ဟွမ်းကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
"ဒါဆို ရှင်စိမ်လိုက်တော့၊ ခဏနေ ရေအေးသွားရင် မြန်မြန်ထနော်" လျန်ဟွမ်း မှာကြားပြီး အခန်းတံခါး ဖွင့်ကာ ထွက်သွားသည်။ အပြင်ရောက်သောအခါ တံခါးပြန်ပိတ်လိုက်သည်။
လျန်ဟွမ်း အပြင်တွင် ခဏစောင့်နေစဉ် ဒုတိယအဒေါ် ရောက်လာသည်။ သူမ အိမ်ပြန်ပြေးသွားသဖြင့် နဖူးတွင် ချွေးစို့နေသည်။ လျန်ဟွမ်းနား ရောက်သောအခါ ချင်းကို ကမ်းပေးလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... ရော့... နင်လိုချင်တဲ့ ချင်း"
"ကျေးဇူးပါ ဒုတိယအဒေါ်" လျန်ဟွမ်းက ချင်းကို ယူပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲ ဝင်သွားပြီး ချင်းပြုတ်ရည် လုပ်ပေးလိုက်သည်။
ဒုတိယအဒေါ်က လျန်ဟွမ်း ချင်းပြုတ်ရည် လုပ်နေသည်ကို ကြည့်ပြီး မပြန်သေးဘဲ ကျိဟုန်ကျွင်းကို ကြည့်ချင်နေသည်။
ဆောင်းတွင်းဖြစ်၍ ရေအေးလွယ်သည်။ ကျိဟုန်ကျွင်းက ၁၀ မိနစ်ခန့် စိမ်ပြီးသောအခါ ရေက အေးစပြုလာသည်။ လျန်ဟွမ်း မှာထားသည်ကို သတိရပြီး ကျိဟုန်ကျွင်း ရေထဲမှ ထလိုက်သည်။ အဝတ်အစား ဝတ်ပြီး ဖိနပ်စီးရန် ပြင်လိုက်စဉ် ဖိနပ်ထဲမှ ရွှံ့များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
လျန်ဟွမ်း၏ ခြင်းတောင်းထဲမှ အဝတ်စုတ်တစ်စကို ယူကာ ဖိနပ်ထဲမှ ရွှံ့များကို သုတ်လိုက်သည်။ သုတ်ပြီးနောက် ဖိနပ်စီးကာ အခန်းတံခါး ဖွင့်လိုက်သည်။ ထို့နောက် ပြန်လှည့်လာပြီး ရေပုံးကြီးကို မကာ အပြင်ထွက်လာသည်။
မီးဖိုချောင်ထဲတွင် ဒုတိယအဒေါ်က စိုးရိမ်တကြီး စောင့်နေသည်။ အခန်းတံခါးဖွင့်သံ ကြားသောအခါ မီးဖိုချောင်ထဲမှ ထွက်လာပြီး အခန်းဘက် လှမ်းကြည့်လိုက်သည်။ ကျိဟုန်ကျွင်းက ရေပုံးကြီးကို ဆွဲပြီး ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုရေပုံးကြီးက သူတို့အိမ်က ရေစည်ပိုင်းလောက် ရှိသည်။
ကျိဟုန်ကျွင်းက ဒုတိယအဒေါ်ကို တွေ့သော်လည်း ရေပုံးကို ဆွဲကာ ခြံဝင်းအပြင်ဘက်သို့ ထွက်သွားပြီး ရေသွန်လိုက်သည်။
ဒုတိယအဒေါ်က သူ့ဆီ ပြေးသွားပြီး ကျိဟုန်ကျွင်း ရေပုံးဆွဲပြီး ပြန်လာသည်ကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။ "ဟုန်ကျွင်း... နင် ခုနက ရေဘယ်လောက်တောင် သယ်သွားတာလဲ"
ဒီရေပုံးက မသေးဘူး။ ဟုန်ကျွင်းက ပုံမှန်ဆို အားမသန်ဘူး။ ရေများရင် မနိုင်လောက်ဘူး။ ရေနည်းနည်းပဲ ပါတာ ဖြစ်မယ်။
"မများပါဘူး၊ နည်းနည်းပါ" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေပြီး ရေပုံးကို ကိုင်ကာ မီးဖိုချောင်ဘက် လျှောက်သွားသည်။
ဒုတိယအဒေါ်က ကျိဟုန်ကျွင်း လက်ထဲမှ ရေပုံးကို ကြည့်ပြီး ‘ဟုန်ကျွင်းက ပုံမှန်ဆို အားမသန်ဘူး၊ ရေများရင် မနိုင်လောက်ဘူး၊ ရေနည်းနည်းပဲ ပါမှာပါ’ ဟု တွေးလိုက်သည်။
"ဟုန်ကျွင်း... နင် အခု ဘယ်လိုနေလဲ၊ အေးသေးလား၊ နင့်မိန်းမက ချင်းပြုတ်ရည် လုပ်ပေးနေတယ်၊ ခဏနေရင် သောက်ပြီး အအေးဓာတ် ဖြေလိုက်ဦး" ဒုတိယအဒေါ်က ကျိဟုန်ကျွင်းဘေးတွင် မှာကြားလိုက်သည်။
"ဟုတ်ကဲ့... ဒုတိယအဒေါ်" ကျိဟုန်ကျွင်းက ပြန်ဖြေလိုက်သည်။
လျန်ဟွမ်းက ရေနွေးဆူပြီ ဖြစ်သဖြင့် ကျိဟုန်ကျွင်း ဝင်လာသည်ကို မြင်သောအခါ အိုးဖုံးဖွင့်လိုက်သည်။ 
"ဟုန်ကျွင်း... ရေချိုးပြီးပြီလား၊ ချင်းပြုတ်ရည်လည်း ရပြီ၊ တစ်ခွက်ထည့်ပေးမယ်၊ မြန်မြန်သောက်လိုက်"
လျန်ဟွမ်း ပြောပြီးသည်နှင့် လက်ဆေးကာ ပန်းကန်တစ်လုံးယူပြီး ကျိဟုန်ကျွင်းအတွက် ချင်းပြုတ်ရည် ထည့်ပေးလိုက်သည်။
ချင်းပြုတ်ရည်တစ်ခွက်ကို ကျိဟုန်ကျွင်း ပူပူနွေးနွေး သောက်လိုက်သည်။ သောက်ပြီးနောက် မျက်နှာတွင် သွေးရောင်လွှမ်းလာသည်။ လျန်ဟွမ်းက သူ သောက်ပြီးသည်ကို မြင်သောအခါ နောက်တစ်ခွက် ထပ်ထည့်ပေးလိုက်သည်။ "များများသောက်၊ အအေးဓာတ် ပြေစေတယ်"
ဒုတိယအဒေါ်က ဘေးမှ ကြည့်ပြီး စိတ်အေးသွားသည်။ သူမ လျန်ဟွမ်းဘက် လှည့်ပြောလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... ဟုန်ကျွင်း ဘာမှမဖြစ်ရင် ငါ ပြန်လိုက်ဦးမယ်၊ နင့်ဦးလေးက မြောက်ဘက်ရေကန်မှာ ကျန်ခဲ့တာ၊ သူ ဟုန်ကျွင်းကို စိတ်ပူနေတယ်"
"ဟုတ်ကဲ့... ဦးလေးကို ဟုန်ကျွင်း ဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့လို့ ပြောလိုက်ပါ" လျန်ဟွမ်းက တိုးတိုး ပြောလိုက်သည်။
"အေး... ငါ ပြောလိုက်မယ်"
ဒုတိယအဒေါ် ထွက်သွားပြီးနောက် အိမ်တွင် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းသာ ကျန်တော့သည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ချင်းပြုတ်ရည် သုံးခွက်ဆက်တိုက် တိုက်ပြီးမှ ပန်းကန်ကို ဘေးချလိုက်သည်။
လျန်ဟွမ်းက ပန်းကန်ကို ဘေးချပြီး ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။
"ကျိဟုန်ကျွင်း"
လျန်ဟွမ်း အသံက လေးနက်နေသည်။ ကျိဟုန်ကျွင်းက ငုံ့ကြည့်လိုက်သည်။ "ဟင်"
"ကျိဟုန်ကျွင်း... ရှင်က မိန်းမရှိတဲ့သူနော်၊ တစ်ကိုယ်တည်းသမား မဟုတ်ဘူး"
လျန်ဟွမ်း ပြောရင်း ကျိဟုန်ကျွင်း၏ ခါးကို ဖက်ကာ သူ့ရင်ခွင်ထဲ ခေါင်းဝှက်လိုက်သည်။ "နောက်ဆိုရင် အန္တရာယ်ရှိတဲ့ အလုပ်တွေ မလုပ်ပါနဲ့တော့၊ ကျွန်မ စိတ်ပူတယ်"
သူမက အခုမှ နှစ်ယောက်တူတူ နေရတဲ့ ဘဝကို နေသားကျခါစရှိသေးတယ်။ ကျိဟုန်ကျွင်းသာ သူမကို ထားသွားခဲ့ရင် သူမ ခံစားရမှာ။ ရင်ထဲမှာ ဟာတာတာ ဖြစ်ကျန်ခဲ့မှာ။ မြစ်ကမ်းဘေးတွင် ကျိဟုန်ကျွင်းက ခုန်ဆင်းသွားသည်ကို မြင်လိုက်ရသည့်အချိန်တုန်းက ရင်ခုန်သံ ရပ်မတတ် ဖြစ်သွားခဲ့သည်။ သူမ ပထမဆုံးအကြိမ် ဒီလို ခံစားချက်မျိုး ခံစားရဖူးခြင်း ဖြစ်သည်။ စိုးရိမ်တာ၊ ကြောက်တာ၊ လန့်တာတွေပေါ့။
…
အခန်း (၃၃)
လျန်ဟွမ်း၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေသည်။ သူမ၏ မျက်လုံးများထဲတွင် ယခုအချိန်၌ ကျိဟုန်ကျွင်း၏ ပုံရိပ်သာ ရှိတော့သည်။
ကျိဟုန်ကျွင်းသည် ကမ္ဘာပျက်ကပ် ကာလတွင် တစ်ကိုယ်တည်း နေထိုင်ခဲ့ရသူ ဖြစ်သည်။ ထိုနေရာတွင် သတ်ဖြတ်ခြင်းသာ ရှိသည်။ ဇွန်ဘီများကို အနိုင်သတ်နိုင်မှ အသက်ရှင်နိုင်သည်။ သူသည် သွေးပုံကြားမှ လျှောက်လှမ်းလာသူဖြစ်သဖြင့် တစ်စုံတစ်ယောက်၏ ဂရုစိုက်မှုကို ခံယူဖူးသည့် အတွေ့အကြုံ မရှိခဲ့ပေ။
ဒါက ပထမဆုံးအကြိမ် သူ တကယ် ခံစားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့ကို ဂရုစိုက်သည်တဲ့။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်ပြီး ခေါင်းငုံ့ကာ သူမ၏ ပါးပြင်ပေါ် လက်တင်လိုက်သည်။ လျန်ဟွမ်း၏ မျက်ဝန်းထောင့်မှ ကျမလာသေးသော မျက်ရည်စများကို ဖွဖွလေး သုတ်ပေးလိုက်သည်။
"နောက် မလုပ်တော့ပါဘူး"
သူ့ကို စိတ်ပူပေးမည့်သူရှိမှန်း သိလိုက်ရသဖြင့် နောက်ဆို အန္တရာယ်ရှိသော အလုပ်များကို လုပ်တော့မည် မဟုတ်ပေ။
လျန်ဟွမ်းက မော့ကြည့်လိုက်ရာ သူမ၏ အကြည့်နှင့် ကျိဟုန်ကျွင်း၏ နက်ရှိုင်းသော မျက်လုံးများ ဆုံသွားသည်။ သူ့မျက်လုံးထဲတွင် သူမ၏ မျက်နှာပုံရိပ်က ထင်ဟပ်နေသည်။ လျန်ဟွမ်းက မျက်နှာကို လက်ဖြင့် ပွတ်သပ်ပြီး ကျိဟုန်ကျွင်းကို တွန်းလိုက်သည်။ "အခန်းထဲ ပြန်ဝင်ပြီး စောင်ခြုံနေလိုက်"
ခုတင်ပေါ်က စောင်အောက်ထဲတွင် နွေးထွေးသည်။ ကျိဟုန်ကျွင်းက ချင်းပြုတ်ရည် သောက်ထားသဖြင့် စောင်ခြုံထားလျှင် ချွေးထွက်လာလိမ့်မည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်ပြီး စကားနားထောင်စွာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်းက ပြောပြီးသော်လည်း အခန်းထဲ ပြန်မဝင်သေးဘဲ လျန်ဟွမ်းရှေ့တွင် ဆက်ရပ်နေသည်။ သူ၏ မျက်လုံးနက်ကြီးများဖြင့် သူမကို ကြည့်နေသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို တွန်းလိုက်သည်။ "ရပ်နေပြီး ဘာလုပ်နေတာလဲ၊ အခန်းထဲ ပြန်ဝင်လို့ ပြောထားတယ်လေ၊ မြန်မြန်ဝင်တော့"
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မီးဖိုချောင်ထဲမှ တွန်းထုတ်လိုက်ရာ ကျိဟုန်ကျွင်း အခန်းဘက် လျှောက်သွားသည်။
ကျိဟုန်ကျွင်း ထွက်သွားမှ လျန်ဟွမ်းက သက်ပြင်းချလိုက်သည်။ စားပွဲပေါ်မှ ပန်းကန်လုံးနှင့် ချင်းပြုတ်ရည်အိုးကို ကြည့်ပြီး ဆေးကြောလိုက်သည်။
မီးဖိုချောင်အလုပ်များ ပြီးသောအခါ လျန်ဟွမ်းက အခန်းထဲ ဝင်လာသည်။ အခန်းထဲတွင် ကျိဟုန်ကျွင်းက စကားနားထောင်စွာဖြင့် ခုတင်ပေါ် ထိုင်ကာ စောင်ခြုံထားသည်။
လျန်ဟွမ်း ခုတင်ဘက် လျှောက်သွားပြီး လက်မှုပစ္စည်းခြင်းတောင်းကို ယူကာ ခုတင်စွန်းတွင် ထိုင်ပြီး ဖိနပ်ချုပ်လိုက်သည်။
လျန်ဟွမ်း ခေါင်းငုံ့ပြီး ဖိနပ်ချုပ်နေစဉ် ကျိဟုန်ကျွင်းက သူမဘေးတွင် ထိုင်ပြီး သူမကို ငေးကြည့်နေသည်။ ခဏကြာတော့ ရုတ်တရက် ခေါ်လိုက်သည်။ "မိန်းမ"
လျန်ဟွမ်းက သံသယဖြင့် လှည့်ကြည့်လိုက်သည်။ "ရှင် ခုနက ကျွန်မကို ခေါ်လိုက်တာလား"
ကျိဟုန်ကျွင်းက မိန်းမလို့ ခေါ်လိုက်သံကို သူမ ကြားလိုက်သလိုပင်။ နားကြားမှားတာ ဖြစ်လောက်တယ်။ ကျိဟုန်ကျွင်းက အမြဲတမ်း သူ့နာမည်ပဲ ခေါ်တာ။
ကျိဟုန်ကျွင်းက လျန်ဟွမ်းမျက်နှာကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "အင်း... မိန်းမ"
အသံနိမ့်နိမ့်၊ ချောမောသော မျက်နှာနှင့် နက်ရှိုင်းသော မျက်လုံးများဖြင့် ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။
ဒီတစ်ခါ လျန်ဟွမ်း သေချာ ကြားလိုက်သည်။ ကျိဟုန်ကျွင်း တကယ်ပဲ သူ့ကို မိန်းမလို့ ခေါ်လိုက်တာ။
ရင်ခုန်သံမြန်လာပြီး နားရွက်များ ပူလာသည်။ လျန်ဟွမ်းခေါင်းငုံ့ပြီး ဟန်ဆောင်ကာ ဖိနပ်ဆက်ချုပ်နေလိုက်သည်။ "ဘာလို့ ခေါ်တာလဲ"
ရွာထဲက လူငယ်တချို့ သူတို့ဇနီးသည်တွေကို မိန်းမလို့ ခေါ်တာ ကြားဖူးသည်။ ဒါက ပထမဆုံးအကြိမ် ကျိဟုန်ကျွင်းက သူမကို မိန်းမလို့ ခေါ်ခြင်းဖြစ်သည်။ မိန်းမဆိုသော စကားလုံးကြောင့် သူတို့နှစ်ဦး၏ လင်မယားဆက်ဆံရေး ပိုမို ပေါ်လွင်လာသည်။
သူမက ကျိဟုန်ကျွင်းရဲ့ မိန်းမ။
"ဘာမှ မဟုတ်ပါဘူး၊ ဒီတိုင်း ခေါ်ကြည့်တာ" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြန်ဖြေသည်။
"ဪ" လျန်ဟွမ်းကလည်း စကားတစ်လုံးတည်း ပြန်ပြောပြီး ခေါင်းငုံ့ကာ ဖိနပ်ဆက်ချုပ်နေသည်။ နားရွက်ဖျားမှ အပူများ တဖြည်းဖြည်း လျော့ကျသွားသည်။
ဒီတိုင်း ခေါ်ချင်လို့ ခေါ်တာတဲ့လား။ တခြားအကြောင်းအရင်း မရှိဘူးလား။
လျန်ဟွမ်း တိတ်ဆိတ်သွားသည်။ ကျိဟုန်ကျွင်းက ခုတင်ခေါင်းရင်းတွင် မှီကာ သူမလက်ထဲမှ ဖိနပ်ကို ကြည့်ပြီး ထပ်မေးလိုက်သည်။ "မိန်းမ... ဒီဖိနပ်က ကိုယ့်အတွက်လား"
မိန်းမလို့ ထပ်ခေါ်ပြန်ပြီ။ ကျိဟုန်ကျွင်းက နှုတ်ကျိုးနေသလိုပင်။ ဒီစကားလုံးကို သဘာဝကျကျ ပြောထွက်လာသည်။ အကြိမ်ကြိမ် ခေါ်ဖူးနေသလိုပင်။
လျန်ဟွမ်း မော့ကြည့်လိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မ စီးဖို့"
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ အဖြေကို ဂရုမစိုက်ပေ။ သူမလက်ထဲမှ ဖိနပ်အောက်ခံကို ကြည့်လိုက်သည်။ ဖိနပ်အောက်ခံက ကြီးမားပြီး လျန်ဟွမ်း စီးသည့် အရွယ်အစား မဟုတ်ပေ။
"မိန်းမ... ကျေးဇူးပါ" ကျိဟုန်ကျွင်းက တိုးတိုး ပြောလိုက်သည်။
ကျိဟုန်ကျွင်းက သူမကို ထပ်ခေါ်ပြန်သဖြင့် လျန်ဟွမ်း ဖိနပ်အောက်ခံကို ခြင်းတောင်းထဲ ပစ်ထည့်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ကျိဟုန်ကျွင်း... ရှင် ဘယ်သူသင်ပေးလို့ ဒီလို ခေါ်နေတာလဲ"
မိန်းမ၊ မိန်းမနဲ့ ခေါ်နေတာ သူမ ရင်ထဲ လှုပ်ရှားလာပြီ။
ကျိဟုန်ကျွင်းက ပြုံးလိုက်သည်။ လျန်ဟွမ်း စိတ်ဆိုးချင်နေသည့် ပုံစံကို ကြည့်ပြီး လက်လှမ်းကာ သူမကို ဆွဲယူလိုက်သည်။ လျန်ဟွမ်း၏ ကိုယ်လုံးလေး ခုတင်ပေါ် ရောက်လာပြီး ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ မျက်လုံးများကို စိုက်ကြည့်ပြီး ခေါင်းကို တိုးကပ်လိုက်သည်။ "မင်းက ကိုယ့်မိန်းမပဲ၊ ဒီလို မခေါ်ရဘူးလား"
ရွာထဲတွင် မင်္ဂလာဆောင်ခါစ ကလေးမရသေးသော အမျိုးသားအချို့က သူတို့ဇနီးသည်ကို ဒီလို ခေါ်တတ်ကြသည်။ တချို့က နာမည်ခေါ်ကြသည်။ အိမ်ထောင်သက်ကြာပြီး ကလေးရလာလျှင် ကလေးအမေဟု ခေါ်တတ်ကြသည်။
ကျိဟုန်ကျွင်း၏ မေးခွန်းကို လျန်ဟွမ်း ဘယ်လိုဖြေရမှန်း မသိတော့ပေ။ သူမက ကျိဟုန်ကျွင်းရဲ့ မိန်းမ ဖြစ်နေတော့ ဒီလိုခေါ်တာ မမှားဘူးပေါ့။
"သဘောပဲ၊ ရှင်ခေါ်ချင် ခေါ်ပေါ့" လျန်ဟွမ်း ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းကို တွန်းဖယ်ကာ နေရာပြန်ယူလိုက်သည်။ ခြင်းတောင်းထဲမှ ဖိနပ်အောက်ခံကို ယူပြီး ဆက်ချုပ်ရန် ပြင်လိုက်သည်။
သူမလက်က ဖိနပ်အောက်ခံကို ထိရုံရှိသေး အိမ်ရှေ့တံခါးကို ဒုန်းဒုန်းဒုန်း ထုသံ ကြားလိုက်ရသည်။ လျန်ဟွမ်းက ခြင်းတောင်းကို ဘေးချပြီး အပြင်ထွက်ကာ အော်ပြောလိုက်သည်။ "လာပြီ"
သူတို့အိမ် တံခါးက အဟောင်းကြီးမို့ အပြင်ကလူက အားပြင်းပြင်းနှင့် ထုနေသဖြင့် တံခါးကျိုးသွားမှာ စိုးရိမ်ရသည်။ ဘယ်သူများလဲ မသိဘူး။
လျန်ဟွမ်း အမြန်ထွက်သွားသည်။ တံခါးဖွင့်လိုက်သောအခါ အပြင်ကလူကို မြင်လိုက်ရသည်။
တံခါးဝတွင် လူတစ်စု ရပ်နေသည်။ ဒုတိယယောက်မက ရှေ့ဆုံးတွင် ရပ်နေပြီး သူမနောက်တွင် ဦးလေးလျို၏ မိန်းမ ရပ်နေသည်။ သူတို့နောက်တွင် ရွာသားအချို့ ပါလာသည်။
ဒုတိယယောက်မက လျန်ဟွမ်း ထွက်လာသည်ကို မြင်သောအခါ ပြောလိုက်သည်။ "စတုတ္ထရဲ့ မိန်းမ... နင် ဘာလုပ်နေတာလဲ၊ ငါ တံခါးခေါက်နေတာ ကြာပြီ၊ ဘာလို့ မဖွင့်တာလဲ၊ နေ့ခင်းကြောင်တောင် တံခါးပိတ်ပြီး ဘာမကောင်းမှု လုပ်နေတာလဲ"
ဒုတိယယောက်မ၏ ပါးစပ်က ကောင်းတာ တစ်ခွန်းမှ မထွက်ပေ။ လျန်ဟွမ်း သူမကို အေးစက်စွာ ကြည့်လိုက်သည်။ "စကားမပြောတတ်ရင် ပါးစပ်ပိတ်ထား"
ဒုတိယယောက်မက ဘေးတွင် ရပ်နေရင်း တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် ဦးလေးလျိုမိန်းမက ရှေ့တိုးလာပြီး သူမကို တိုက်ထုတ်လိုက်သည်။ သူမက လျန်ဟွမ်း ရှေ့တွင် ရပ်လိုက်သည်။
"ဟုန်ကျွင်းမိန်းမ... ငါ ဟုန်ကျွင်းကို လာကြည့်တာ၊ ဟုန်ကျွင်း ဘယ်လိုနေလဲ" ဦးလေးလျိုမိန်းမက ပြောရင်း လက်ထဲမှ ခြင်းတောင်းကို လျန်ဟွမ်းကို ပေးလိုက်သည်။
"ဒါ ဟုန်ကျွင်းကို အားဆေးအနေနဲ့ လာပေးတာ၊ ဟုန်ကျွင်းက ငါတို့ အစ်ကိုလျိုကို ကယ်ခဲ့တာလေ၊ ငါတို့မှာ ဘာမှမရှိတော့ အိမ်က ကြက်ဥလေးတွေ ယူလာပေးတာ" ဒီနေ့သာ ဟုန်ကျွင်း မရှိခဲ့ရင် သူမယောက်ျား သေလောက်ပြီ။ သူမ သားအငယ်ဆုံးတောင် မိန်းမမရသေးဘူး။ အစ်ကိုလျိုသာ မရှိတော့ရင် ဒီတစ်မိသားစုလုံးကို သူမ ဘယ်လို လုပ်ကျွေးရမလဲ။
ကံကောင်းလို့ ဟုန်ကျွင်းက အစ်ကိုလျိုကို ကယ်လိုက်နိုင်တာ။ ရာသီဥတုက အေးပြီး မြောက်ဘက်ရေကန်ရေက ရေခဲနေတာ။ ဟုန်ကျွင်းရေထဲဆင်းပြီး အစ်ကိုလျိုကို ကယ်ခဲ့တာ။ ဒီကျေးဇူးကို သူမ တစ်သက်လုံး မှတ်ထားမှာပါ။
အမှန်တိုင်း ပြောရရင် ကြက်ဥက အဖိုးတန်သည်။ ဦးလေးလျိုမိန်းမက ကြက်ဥလာပေးတာ တကယ် ကျေးဇူးတင်လို့ ပေးတာ ဖြစ်သည်။
လျန်ဟွမ်းက ဦးလေးလျိုမိန်းမကို ကြည့်ပြီး ငြင်းလိုက်သည်။ "ဒေါ်ဒေါ်လျို... ဟုန်ကျွင်း ဘာမှမဖြစ်ပါဘူး၊ ကြက်ဥတွေ ပြန်ယူသွားပါ၊ ဦးလေးလျိုကိုပဲ ကျွေးလိုက်ပါ"
ဦးလေးလျို၏မိန်းမက ကျိဟုန်ကျွင်း ဘာမှမဖြစ်ဘူးဆိုတာ ကြားလိုက်ရသဖြင့် စိတ်အေးသွားသည်။ သူမက လျန်ဟွမ်းလက်ကို ဆွဲပြီး ခြင်းတောင်းကို အတင်းထည့်ပေးလိုက်သည်။ 
"ငါတို့အိမ်မှာ ပေးစရာ ဘာမှမရှိလို့ ဒါလေးပဲ ပေးနိုင်တာ၊ ဒါ ဟုန်ကျွင်းအတွက် ယူထားလိုက်ပါ၊ ငါ့ယောက်ျား အိမ်မှာ ကျန်ခဲ့တာ၊ ပြန်ကြည့်ရဦးမယ်၊ သွားလိုက်ပါဦးမယ်"
ဦးလေးလျိုမိန်းမက ခြင်းတောင်းကို လျန်ဟွမ်းလက်ထဲ ထည့်ပေးပြီး အမြန်ပြန်ထွက်သွားသည်။
ဦးလေးလျိုက အိမ်မှာ သူမကို စောင့်နေသည်။ ဆရာဝန်က ကြည့်ပေးပြီးပြီ။ ဘာမှမဖြစ်ဘူး။ မဖျားသွားအောင် ဂရုစိုက်လို့ မှာသွားသည်။ သူမ ပြန်ကြည့်မှ ဖြစ်မည်။
ဦးလေးလျို၏မိန်းမက ခြင်းတောင်းပေးပြီး ထွက်သွားသည်။ ခြင်းတောင်းကို ကိုင်ရင်း လျန်ဟွမ်း သူမနောက် လိုက်မသွားတော့ပေ။ စဉ်းစားပြီးနောက် ခြင်းတောင်းကို ကိုင်ကာ အိမ်ထဲဝင်ရန် ပြင်လိုက်သည်။
ဟုန်ကျွင်းက ဦးလေးလျိုကို ကယ်ခဲ့တာ။ ဒီပစ္စည်းတွေကို ဒေါ်ဒေါ်လျို လာပေးတာက တကယ် ကျေးဇူးတင်လို့ ပေးတာ။ သူမ ထပ်ငြင်းရင် မကောင်းတော့ဘူး။
လျန်ဟွမ်းက ခြင်းတောင်းကို ကိုင်ပြီး အိမ်ထဲဝင်ရန် ပြင်လိုက်စဉ် ဒုတိယယောက်မက လည်ပင်းရှည်ကြီးဖြင့် လှမ်းကြည့်လိုက်သည်။ "စတုတ္ထယောက်မ... ဒီကြက်ဥတွေ နင်မလိုချင်ရင် အဖေနဲ့အမေကို ပေးလိုက်လေ၊ ဒေါ်ဒေါ်လျိုက စတုတ္ထကို ပေးတာ၊ စတုတ္ထက အဖေနဲ့အမေရဲ့ သားဆိုတော့ အဖေနဲ့အမေကို ပေးလည်း အတူတူပဲပေါ့"
ဒုတိယယောက်မက လျန်ဟွမ်း လက်ထဲမှ ခြင်းတောင်းကို ကြည့်နေသည်။ မျက်လုံးများက ခြင်းတောင်းပေါ် ရောက်နေပြီ။ ဒါတွေက ကြက်ဥတွေ။ အိမ်ပြန်ယူသွားရင် သူ့သား တာ့ကျူး စားရမှာ။
ဒုတိယယောက်မက အမြင်ကျဉ်းပြီး ဗဟုသုတနည်းသောသူ ဖြစ်သည်။ သူမက ကိုယ်ကျိုးကြည့်တတ်သည်။ ကိုယ့်အတွက်ပဲ စဉ်းစားသည်။ ကောင်းတာ တွေ့ရင် အိမ်ပြန်ယူချင်သည်။ ငယ်ငယ်ကတည်းက ကျင့်လာတဲ့ အကျင့်ပေါ့။ ကောင်းတာ လက်ထဲရောက်ရင် ကိုယ့်ဟာပဲ။
လျန်ဟွမ်းအိမ်မှာ ကောင်းတာတွေ တွေ့ရင် သူမက လျန်ဟွမ်း ရိုက်တာကို မေ့ပြီး လုယူချင်စိတ် ပေါက်လာသည်။
လျန်ဟွမ်းက သူမကို ကြည့်တောင် မကြည့်ဘဲ တံခါးကို ပိတ်လိုက်သည်။
ဒုတိယယောက်မက အပြင်မှာ ကျန်ခဲ့သည်။ ဒုတိယယောက်မနှင့် အတူပါလာသော ကျိထျဲ့ကျူးမိန်းမက သူမကို ကြည့်ပြီး ပြောလိုက်သည်။ 
"ဟုန်ရှင်းမိန်းမ... အရှက်ကွဲသွားပြီမလား၊ ငါကြည့်ရတာ ဟုန်ကျွင်းမိန်းမက ဟုန်ချီနဲ့ ဟုန်ဝေ့မိန်းမတို့လို မဟုတ်ဘူး၊ နင် အနိုင်ကျင့်လို့ ရမဲ့ပုံ မပေါ်ဘူး"
ဒုတိယယောက်မက ပြောလိုက်သောသူကို ကြည့်ပြီး တံတွေးထွေးလိုက်သည်။ "တောက်... ဖယ်စမ်း၊ ငါ့ကို လာလှောင်နေတယ်၊ ငါက စတုတ္ထမိန်းမဆီက ပစ္စည်းမရပေမဲ့ ငါ့အိမ်က ပစ္စည်းတွေက ငါ့သားအတွက်ပဲ၊ နင်လို ကြက်မဥ မဥတတ်တဲ့ ကောင်မက သားတောင် မမွေးနိုင်ဘဲ ငါ့ကို လာလှောင်နေတယ်"
ကျိထျဲ့ကျူးမိန်းမက သားမမွေးနိုင်တာကို အပြောခံရဆုံး ဖြစ်သည်။ ဒုတိယယောက်မက သားမမွေးနိုင်တာကို ထည့်ပြောလိုက်သဖြင့် သူမက ဒုတိယယောက်မ၏ မျက်နှာကို ကုတ်ဆွဲလိုက်သည်။ 
"ဘယ်သူက သားမမွေးနိုင်တာလဲ၊ ငါ့သားက အခု လမ်းမှာ လာနေပြီ၊ ငါ မကြာခင် သားမွေးမှာ၊ ငါ့ကို သားမရှိဘူးလို့ ကျိန်ဆဲတာ၊ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ဒုတိယယောက်မက မျက်နှာ အကုတ်ခံလိုက်ရသဖြင့် မခံနိုင်တော့ဘဲ ပြန်ချသည်။ "ကောင်မစုတ်၊ ကြက်မဥ မဥတဲ့ ကြက်မက ငါ့ကို လာရိုက်တယ်၊ နင့်ကို သတ်မယ် ကောင်မစုတ်..."
အပြင်တွင် ဒုတိယယောက်မနှင့် ရွာသားများ ရန်ဖြစ်နေကြသည်။ အိမ်ထဲတွင် လျန်ဟွမ်းက ခြင်းတောင်းကို ကိုင်ပြီး အခန်းထဲ ဝင်လာသည်။ ခြင်းတောင်းကို စားပွဲပေါ် တင်လိုက်သည်။ "ဒေါ်ဒေါ်လျို လာပေးသွားတာ၊ ရှင် ဦးလေးလျိုကို ကယ်လို့ ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာတဲ့"
ကျိဟုန်ကျွင်းက ခြင်းတောင်းကို တစ်ချက်ကြည့်လိုက်သည်။ "အင်း"
"သူ ကြက်ဥတွေ ပေးသွားတယ်၊ နေ့လယ်ကျရင် ရှင်စားဖို့ ကြက်ဥပန်ကိတ် လုပ်ပေးမယ်" ဒီရက်ပိုင်း အိမ်မှာ အသားဟင်း ခဏခဏ ချက်မိသဖြင့် အပြင်မှာ ကောလာဟလတွေ ထွက်နေသည်။ ဒီရက်ပိုင်း အသားလျှော့ချက်ပြီး ကောလာဟလတွေ ငြိမ်သွားအောင် လုပ်ရမည်။
နေ့လယ်စာ ကြက်ဥပန်ကိတ် လုပ်စားမည်။ အာလူးချဉ်စပ်ကြော်နှင့် ကြက်သွန်ဖြူဆီချက် မုန်ညင်းရွက်ကြော်လေးပါ လုပ်လိုက်ရင် နေ့လယ်စာအတွက် ပြည့်စုံပြီ။
"အင်း... မင်းသဘောပဲ၊ ကိုယ် မီးမွှေးပေးမယ်" ကျိဟုန်ကျွင်းက တိုးတိုး ပြောလိုက်သည်။
"ကောင်းပြီ" လျန်ဟွမ်းက ပြန်ဖြေပြီး ထိုင်ကာ ဖိနပ်ဆက်ချုပ်နေသည်။ သူမ ဖိနပ်ချုပ်တာ သိပ်မကြာလိုက်ပေ။ နာရီဝက်ခန့်အကြာတွင် ဖိနပ်အောက်ခံ ချုပ်ပြီးသွားသည်။
နေ့လယ်ရောက်ပြီဖြစ်၍ ထမင်းချက်ရတော့မည်။
လျန်ဟွမ်းက မီးဖိုချောင်ထဲ ဝင်သွားသည်။ ပန်ကိတ်လုပ်ရန် ဂျုံနယ်ရန်လုပ်စဉ် ရေကန်ထဲတွင် ရေမရှိတော့သည်ကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်းအတွက် ချင်းပြုတ်ရည် လုပ်တုန်းကရော၊ ပန်းကန်ဆေးတုန်းကရော သုံးလိုက်သဖြင့် ရေကုန်သွားခြင်း ဖြစ်သည်။
လျန်ဟွမ်း ရေပုံးနှင့် ထမ်းပိုးကို ယူကာ ရေသွားခပ်ရန် ပြင်လိုက်သည်။
ကျိဟုန်ကျွင်းက အခန်းထဲမှ ထွက်လာပြီး လျန်ဟွမ်း ရေသွားခပ်မည်ကို တွေ့သောအခါ ရေပုံးနှင့် ထမ်းပိုးကို ယူလိုက်သည်။ "ကိုယ် သွားခပ်လိုက်မယ်"
ကျိဟုန်ကျွင်းက ရေပုံးနှင့် ထမ်းပိုးကို ယူသွားသဖြင့် လျန်ဟွမ်း မလိုက်တော့ပေ။ သူမ အားနှင့်ဆို ရေခပ်ရတာ မလွယ်ပေ။ ရေတစ်ပုံး ခပ်လျှင်ပင် ယိုင်နဲ့နေတတ်သည်။
ဟုန်ကျွင်း သွားခပ်တာ ကောင်းပါတယ်။ သက်သာတာပေါ့။ လျန်ဟွမ်း တွေးရင်း အခန်းထဲ ပြန်ဝင်ကာ အာလူးသွားခွာလိုက်သည်။ အာလူးသုံးလုံး ခွာပြီးနောက် မနက်က စဉ့်အိုးထဲတွင် ဝှက်ထားသော မုန်ညင်းရွက်များကို ထုတ်လိုက်သည်။ မုန်ညင်းရွက် တစ်ခြင်းလုံး ဒီနေ့ ကုန်မှာ မဟုတ်ဘူး။ ညနေကျရင် ဒုတိယအဒေါ် လာရင် နည်းနည်း ပေးလိုက်ရမယ်။
လျန်ဟွမ်း ဟင်းရွက်သင်နေစဉ် အပြင်မှ ဆူညံသံများ ကြားလိုက်ရသည်။
"ကျိဟုန်ရှင်း... မင်း ထွက်ခဲ့စမ်း" အသံဩဩကြီးဖြင့် အမျိုးသားတစ်ဦးက ကျိဟုန်ရှင်းကို အော်ခေါ်လိုက်သည်။
"ကျိဟုန်ရှင်း... မင်းမိန်းမက ငါ့မိန်းမကို ရိုက်ရဲတယ်၊ ကြည့်ပါဦး ငါ့မိန်းမကို ရိုက်ထားတာ၊ လျော်ကြေးပေး" အမျိုးသား၏ အသံဩဩကြီးက လေထဲမှတဆင့် ပျံ့လွင့်လာသည်။ လျန်ဟွမ်းသည် အပြင်က ဆူညံသံများကို ကြားသော်လည်း ထွက်မကြည့်ဘဲ မီးဖိုချောင်ထဲတွင်သာ နေပြီး ကျိဟုန်ကျွင်း ပြန်လာမည့်အချိန်ကို စောင့်နေလိုက်သည်။
အပြင်တွင် ကျိဟုန်ရှင်း၏ အသံလည်း ထွက်လာသည်။ သူက ထိုအမျိုးသားနှင့် အကြီးအကျယ် စကားများနေသည်။ အပြင်က ဆူညံသံများကို နားထောင်ရင်း လျန်ဟွမ်းက မျက်မှောင်ကြုတ်လိုက်သည်။
အခွင့်အရေးရရင် ကျိဟုန်ကျွင်းကို အိမ်ပြောင်းဖို့ ပြောရမယ်။ ဒီမှာနေရတာ ဆူညံလွန်းတယ်။ ကျိမိသားစုက သူတို့ပစ္စည်းတွေကို အမြဲ ကြံစည်နေသလို အခုလည်း သူများနဲ့ ရန်ဖြစ်နေကြတယ်။ ဆူညံနေတာ စိတ်မချမ်းသာစရာပဲ။
လျန်ဟွမ်း တွေးရင်း ဟင်းရွက်သင်နေလိုက်သည်။ သူမ ဟင်းရွက်သင်ပြီးချိန်တွင် ကျိဟုန်ကျွင်း ရေခပ်ပြီး ပြန်ရောက်လာသည်။ ရေများကို စဉ့်အိုးထဲ လောင်းထည့်ပြီးနောက် ရေထပ်ခပ်ရန် ပြင်လိုက်သည်။
"ကျိဟုန်ကျွင်း... ရေနှစ်ပုံးဆို ရပါပြီ၊ ထမင်းအရင်စားကြမယ်၊ ပြီးမှ ဆက်ခပ်ပေါ့"
စဉ့်အိုးထဲတွင် ရေနှစ်ပုံး ရှိနေပြီမို့ နေ့လယ်စာအတွက် လောက်သည်။ ကျန်တာကို နေ့လယ်စာ စားပြီးမှ ခပ်ခိုင်းရမည်။ ခဏနေရင် သူမ ပန်ကိတ်လုပ်မှာမို့ ဟုန်ကျွင်းကို မီးမွှေးခိုင်းရဦးမည်။
"ကောင်းပြီ" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး မီးဖိုနောက်သို့ သွားထိုင်လိုက်သည်။ လျန်ဟွမ်း မီးမွှေးခိုင်းမည့်အချိန်ကို စောင့်ရင်း မီးခြစ်ဖြင့် မီးမွှေးလိုက်သည်။
ကျိဟုန်ကျွင်း မီးမွှေးနေစဉ် လျန်ဟွမ်းက ဒုတိယယောက်မ ရန်ဖြစ်သည့်အကြောင်း ပြောပြလိုက်သည်။ ဒုတိယယောက်မက အပြင်မှာ လူတွေနဲ့ ရန်ဖြစ်နေတုန်းပဲ။ သူမ၏ ဆဲဆိုသံများကို လျန်ဟွမ်း မီးဖိုချောင်ထဲကနေ ကြားနေရသည်။
ထိုဆဲဆိုသံများကို လျစ်လျူရှုကာ လျန်ဟွမ်း ပန်ကိတ်လုပ်ရင်း ကျိဟုန်ကျွင်းနှင့် စကားပြောလိုက်သည်။
"ဟုန်ကျွင်း... ကျွန်မတို့ အိမ်ပြောင်းလို့ ရမလား၊ ဒီမှာ နေရတာ အရမ်း ဆူညံတယ်"
ကျိဟုန်ကျွင်းက မီးဖိုထဲ ထင်းထည့်ရင်း ပြောလိုက်သည်။ "နောက်မှ ခေါင်းဆောင်ကို မေးကြည့်မယ်၊ ရွာစွန်မှာ မြေကွက်လပ် လျှောက်လို့ ရမလားလို့"
"ကောင်းပြီ" လျန်ဟွမ်းက ပြောရင်း ဒယ်အိုးထဲ ဆီပူလာသည်ကို ကြည့်ကာ ကြက်ဥအနှစ်ရည် ထည့်ပြီး ပန်ကိတ်လုပ်လိုက်သည်။
လျန်ဟွမ်းက လက်ရာကောင်းသည်။ သူမ လုပ်သော ကြက်ဥပန်ကိတ်က ပါးပြီး ဝိုင်းစက်နေသည်။ ကြက်ဥပန်ကိတ် လုပ်ပြီးနောက် လျန်ဟွမ်းက အာလူးချဉ်စပ်ကြော် ကြော်လိုက်သည်။ အာလူးကြော်နံ့က အပြင်သို့ ပျံ့လွင့်သွားသည်။ ဟင်းက မွှေးလွန်းနေသည်။
အပြင်တွင် ရန်ဖြစ်နေသော ဒုတိယယောက်မက အနံ့ရသွားသည်။ သူမက ကျိထျဲ့ကျူးနှင့် စကားများနေသော ကျိဟုန်ရှင်းကို ဆွဲလိုက်သည်။ "ဟုန်ရှင်း... နင် အသားနံ့ ရလား"
ဒုတိယယောက်မက ကျိဟုန်ရှင်းနား ကပ်သွားသည်။ 
"ဒီလောက်မွှေးတာ၊ စတုတ္ထအိမ်က အသားထပ်ချက်နေပြန်ပြီ"
ကျိဟုန်ရှင်း နှာခေါင်းရှုံ့လိုက်သည်။ သူ ခြေလှမ်းကို ကျိဟုန်ကျွင်းအိမ်ဘက် လှမ်းချင်သော်လည်း မလှမ်းရဲပေ။ သူ့အဖေက သူ့ကို မှာထားသည်။ ဒီရက်ပိုင်း ငြိမ်ငြိမ်နေ။ စတုတ္ထအိမ် မသွားနဲ့တဲ့။
သူ့အဖေစကားကို သူ နားမထောင်ဘဲ မနေရဲပေ။
ကျိထျဲ့ကျူးက ကျိဟုန်ရှင်း ဘေးနားတွင် ငြိမ်နေသည်ကို တွေ့သောအခါ သူက လိုက်လျောတယ်ထင်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျိဟုန်ရှင်း... မြန်မြန်လုပ်၊ မရှည်နဲ့တော့၊ လျော်ကြေးပေး၊ ငါ့မိန်းမ မျက်နှာ သွားပြရမယ်"
ကျိဟုန်ရှင်းက မျက်လုံးကစားလိုက်သည်။ သူ ပြဿနာမရှာရဲသော်လည်း တခြားလူ ရှာအောင် လုပ်လို့ရသည်။
"ထျဲ့ကျူးရေ... မင်းမိန်းမ ဒဏ်ရာရတာ ငါ့မိန်းမလည်း ဒဏ်ရာရတာပဲ၊ ဘယ်သူက ဘယ်သူ့ကို လျော်ရမလဲဆိုတာ ခဏထားပါဦး၊ ထျဲ့ကျူးရေ... မင်း အသားနံ့ ရလား၊ မွှေးလိုက်တာ"
ထျဲ့ကျူးက အသားဆိုတာ ကြားလိုက်တော့ သူ့မိန်းမကိစ္စ မေ့သွားသည်။ သူ နှာခေါင်းရှုံ့ပြီး ဘယ်ညာ နမ်းကြည့်လိုက်သည်။ တကယ် မွှေးတာပဲ။
"တကယ် မွှေးတာပဲ၊ ဘယ်သူ့အိမ်က ချက်တာလဲ"
ဒုတိယယောက်မက ထျဲ့ကျူးစကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်သည်။ "ဘယ်သူ ရှိဦးမလဲ၊ စတုတ္ထအိမ်ပေါ့၊ စတုတ္ထရဲ့ မိန်းမက ပျင်းသလောက် အစားမက်တယ်၊ အသား ခဏခဏ ချက်စားတယ်၊ သူတို့အိမ်က နေ့တိုင်း အသားစားနေတာ"
ထိုမိန်းမပျင်း ဘာတွေ ချက်စားလဲ မသိဘူး။ နေ့တိုင်း မွှေးနေတာပဲ။ သူတို့အိမ်ထဲ ဝင်ကြည့်ချင်လိုက်တာ။ အဲဒီငပျင်းမက ဘယ်သူ့တားထားလဲ မသိဘူး။ နေ့တိုင်း တံခါးပိတ်ထားတော့ ဝင်လို့မရဘူး ဖြစ်နေတယ်။
ကျိထျဲ့ကျူးက မျက်လုံးကစားလိုက်သည်။ မရိုးသားသော မျက်လုံးများဖြင့် ကျိဟုန်ရှင်းကို ကြည့်လိုက်သည်။ 
"ဟုန်ရှင်း... ဟုန်ကျွင်းအိမ်က နေ့တိုင်း အသားစားတယ် ဟုတ်လား၊ သူ အသား ဘယ်ကရတာလဲ"
"ဘယ်ကရမှာလဲ၊..." ကျိဟုန်ရှင်းက ပြောရင်း ရပ်လိုက်သည်။ သူ ကျိထျဲ့ကျူးနား ကပ်သွားပြီး နားနားကပ်ကာ တစ်စုံတစ်ရာ ပြောလိုက်သည်။
ကျိဟုန်ရှင်း ပြောပြီးသည်နှင့် ကျိထျဲ့ကျူး မျက်လုံးများ အရောင်တောက်သွားသည်။ သူ့မိန်းမကို ဆွဲလိုက်သည်။ "လာ... ပြန်မယ်"
"ငါ မပြန်ဘူး၊ ငါ့မျက်နှာ ကုတ်ခံထားရတာ၊ ကျိဟုန်ရှင်းမိန်းမ ငါ့ကို လျော်ကြေးပေးရမယ်..." 
ကျိထျဲ့ကျူးမိန်းမက မပြန်ချင်ဘဲ အော်ဟစ်နေသည်။
ကျိထျဲ့ကျူးက သူမကို အတင်းဆွဲခေါ်သွားသည်။ "ကျိဟုန်ရှင်းလိုကောင်က ကပ်စေးနည်းတယ်၊ သူ့ဆီက ပိုက်ဆံရဖို့ မလွယ်ဘူး၊ လာ... ပြန်မယ်၊ ငါ နင့်ကို အသားကျွေးမယ်"
......
ကျိဟုန်ကျွင်းတို့အိမ်တွင် လျန်ဟွမ်း ထမင်းချက်ပြီးပြီ ဖြစ်သည်။ သူမက ကျိဟုန်ကျွင်းနှင့်အတူ ထမင်းစားပွဲတွင် ထိုင်စားနေကြသည်။
ကြက်ဥပန်ကိတ်ထဲ အာလူးချဉ်စပ်ကြော် ထည့်လိပ်ပြီး ကြက်သွန်ဖြူဆီချက် မုန်ညင်းရွက်ကြော်နှင့် စားရသည်မှာ အရသာရှိလှသည်။ ထမင်းစားပွဲတွင် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းက တိတ်ဆိတ်စွာ စားနေကြသည်။
လျန်ဟွမ်းက ကြက်ဥပန်ကိတ် မစားရတာ ကြာပြီဖြစ်သည်။ အခုလို အာလူးချဉ်စပ်ကြော်နှင့် တွဲစားလိုက်ရတော့ စားကောင်းနေသည်။ ကိုယ်တိုင်လုပ် ကြက်ဥပန်ကိတ်၊ ကိုယ်တိုင်ကြော် အာလူးချဉ်စပ်ကြော်မို့ အရသာက ရှယ်ပဲ။ မုန်ညင်းရွက်ကလည်း လတ်ဆတ်ပြီး ကြွပ်ရွနေသည်။
ကျိဟုန်ကျွင်းက ကမ္ဘာပျက်ကပ် ကာလတွင် ကြက်ဥပန်ကိတ် မစားဖူးပေ။ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သော်လည်း တော်တော် ကြိုက်သွားသည်။ ပန်ကိတ် တစ်ခုပြီးတစ်ခု စားနေသည်။
လင်မယားနှစ်ယောက် ထမင်းစားနေစဉ် အိမ်ရှေ့တံခါး ထုသံ ကြားလိုက်ရသည်။ တံခါးထုသူက အလျင်လိုနေပုံရသည်။ တစ်ချက်ပြီးတစ်ချက် ထုနေသည်။
ကျိဟုန်ကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။ ကြက်ဥပန်ကိတ်ကို စားပွဲပေါ်တင်ပြီး ထရပ်လိုက်သည်။ 
"ကိုယ် သွားဖွင့်လိုက်မယ်"
ကျိဟုန်ကျွင်း တံခါးသွားဖွင့်စဉ် လျန်ဟွမ်းက ဘယ်သူလာတာလဲ မသိသဖြင့် ဇလုံထဲမှ ကြက်ဥပန်ကိတ်အချို့ကို နေရာလွတ်ထဲ သိမ်းလိုက်သည်။ ဇလုံထဲတွင် တစ်ခုသာ ချန်ထားလိုက်သည်။
အိမ်ရှေ့တံခါးဝတွင် ကျိဟုန်ကျွင်း တံခါးဖွင့်လိုက်ရာ ဒုတိယအဒေါ်နှင့် ဒုတိယဦးလေးကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်းက ဘေးဖယ်ပေးလိုက်သည်။
"ဦးလေး၊ အဒေါ်"
ဒုတိယအဒေါ် အိမ်ထဲ မဝင်ချင်ပေ။ သူမလက်ထဲတွင် သော့ကိုင်ထားပြီး မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ကျိဟုန်ကျွင်း လက်ကို ဆွဲလိုက်သည်။ 
"ဟုန်ကျွင်းရေ... ငါ မဝင်တော့ဘူး၊ နင့်အစ်ကို စက်ရုံက စက်နဲ့ညပ်မိလို့တဲ့၊ လူကြုံပါးလိုက်လို့ သိရတာ၊ ငါ သွားကြည့်ရမယ်"
"အလုပ်ပြန်ဆင်းခါစ ရှိသေးတာ ဘယ်လိုဖြစ်လို့ ညပ်မိရတာလဲ" ဒုတိယအဒေါ်က ကယောင်ကတမ်း ပြောရင်း မျက်ရည်ဝဲလာသည်။
သားဆိုတာ မိဘရဲ့ အသည်းနှလုံးပဲ။ သား ထိခိုက်တယ်ဆိုတာ ကြားလိုက်ရတော့ မိခင်က သားရှိရာဆီ ပျံသန်းသွားချင်နေပြီ။
"အဒေါ်... နေဦး၊ ကျွန်တော် လိုက်ပို့မယ်" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ဒုတိယအဒေါ် ပြောတာကို မစောင့်ဘဲ လျန်ဟွမ်းကို ပြောရန် လှည့်ထွက်သွားသည်။
လျန်ဟွမ်းက အပြင်က အသံများကို ကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာသည်။ ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ဟုန်ကျွင်း... အဒေါ်နဲ့ အတူ သွားလိုက်လေ၊ အိမ်က ကိစ္စတွေ ကျွန်မ ကြည့်လုပ်လိုက်မယ်"
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်းက ဒုတိယအဒေါ်၊ ဒုတိယဦးလေးတို့နှင့် အတူ ထွက်သွားသည်။ လမ်းမကြီးအတိုင်း မြို့ထဲသို့ မသွားဘဲ ခေါင်းဆောင်အိမ်သို့ သွားလိုက်သည်။ ခေါင်းဆောင်အိမ်တွင် စက်ဘီးတစ်စီး ရှိသည်။ ပုံမှန် အစည်းအဝေးသွားရင် စီးလေ့ရှိသည်။ ကျိဟုန်ကျွင်းက စက်ဘီးငှားပြီး ဒုတိယဦးလေးတို့ကို လိုက်ပို့ရန် စိတ်ကူးလိုက်သည်။
ခေါင်းဆောင်အိမ် ရောက်သောအခါ ကျိဟုန်ကျွင်းက နှုတ်ဆက်ပြီး စက်ဘီးငှားမည့်အကြောင်း ပြောလိုက်သည်။ ခေါင်းဆောင်က ကျိဟုန်ကျွင်းဘေးမှ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "သွားကြ၊ ကလေးက အရေးကြီးတယ်၊ မြို့ရောက်ရင် အကူအညီလိုရင် လူလွှတ်ပြီး ပြောလှည့်"
ဒုတိယဦးလေးက ခေါင်းဆောင်ကို ကြည့်ပြီး ပြောလိုက်သည်။ "ကော်ပင်း ညီလေး... လိုရင် ပြောပါ့မယ်"
"အေး... မြန်မြန် သွားကြ"
ကျိဟုန်ကျွင်းက ခေါင်းဆောင်အိမ်မှ စက်ဘီးငှားလာသည်။ ဒုတိယဦးလေးက စက်ဘီးမစီးတတ်သဖြင့် ကျိဟုန်ကျွင်းက ဒုတိယအဒေါ်ကို အရင်တင်ပြီး မြို့သို့ သွားလိုက်သည်။ ဒုတိယဦးလေးက အရင်သွားချင်သော်လည်း ဒုတိယအဒေါ်က ငိုနေသဖြင့် သူမကို အရင်လွှတ်လိုက်သည်။ ဒုတိယဦးလေးက လမ်းလျှောက်ပြီး လိုက်လာသည်။
ကျိဟုန်ကျွင်း စက်ဘီးနင်းတာ မြန်သည်။ ပုံမှန် မိနစ် ၄၀ ကြာမည့် ခရီးကို မိနစ် ၂၀ နှင့် ရောက်သွားသည်။
ဆေးရုံရှေ့တွင် စက်ဘီးသော့ခတ်ပြီး ကျိဟုန်ကျွင်းက ဒုတိယအဒေါ်ကို ခေါ်ကာ ဆေးရုံထဲ ဝင်သွားသည်။ ဆေးရုံစင်္ကြံလမ်းတွင် ဒုတိယအဒေါ်က သူမ၏ ချွေးမကြီးကို တွေ့လိုက်ရသည်။
ဒုတိယအဒေါ်က ပြေးသွားလိုက်သည်။ "ရှို့မေ... ကျန့်ရှဲ့ ဘယ်လိုနေလဲ"
ဝမ်ရှို့မေက ကြောက်လန့်နေသည်။ ဒုတိယအဒေါ် မေးတာ ကြားတော့ ခေါင်းခါလိုက်သည်။ "သမီး မသိဘူး၊ ဆရာဝန် ကြည့်နေတုန်းပဲ"
"ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ကျန့်ရှဲ့ ဘာမှမဖြစ်ပါဘူး" ဒုတိယအဒေါ်က ခွဲစိတ်ခန်းရှေ့တွင် ရပ်ပြီး အထဲကို လှမ်းကြည့်နေသည်။
သူနာပြုတစ်ယောက် ထွက်လာပြီး အပြင်မှာ ရပ်နေသော ဒုတိယအဒေါ်တို့ကို တွေ့လိုက်ရသည်။ 
"လူနာ ဒဏ်ရာ ချုပ်ပြီးပြီ၊ လူနာရှင်တွေ ငွေသွားသွင်းလိုက်ပါ"
"ပြီးပြီလား၊ ဒါဆို ငါ့သား ထွက်လာလို့ရပြီလား" ဒုတိယအဒေါ်က သူနာပြုလက်ကို ဆွဲလိုက်သည်။
"ခဏနေ ထွက်လာလိမ့်မယ်၊ ရိုးရိုးအခန်း ပြောင်းရမယ်၊ ငွေမြန်မြန် သွားသွင်းလိုက်၊ ငွေမသွင်းရင် ဆေးရုံတက်ခွင့် မရဘူး" သူနာပြုက ထပ်ပြောလိုက်သည်။
"အေး... အေး... ငါ သွားသွင်းလိုက်မယ်" ဒုတိယအဒေါ်က အိတ်ထဲမှ ပိုက်ဆံများ ထုတ်လိုက်သည်။ ကျိဟုန်ကျွင်းကို ပေးလိုက်သည်။ "ဟုန်ကျွင်း... ငါ ကျန့်ရှဲ့ကို ကြည့်ချင်လို့၊ နင်ပဲ သွားသွင်းပေးပါ"
ဒုတိယအဒေါ်က ပိုက်ဆံအကြွေလေးများကို သေသေချာချာ ခေါက်ပြီး သိမ်းထားခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်း ပိုက်ဆံကို ယူလိုက်သည်။ "ကောင်းပြီ"
ဝမ်ရှို့မေက ဒုတိယအဒေါ် ကျိဟုန်ကျွင်းကို ပိုက်ဆံပေးသည်ကို ကြည့်ပြီး သူမ အိတ်ထဲမှ ပိုက်ဆံ ထုတ်ပေးလိုက်သည်။ 
"သမီး လာတုန်းက ပိုက်ဆံမပါလာဘူး၊ ဒီလောက်ပဲပါတယ်၊ အရင်သွင်းထားလိုက်၊ မလောက်ရင် ပြန်ယူပေးမယ်"
ဝမ်ရှို့မေက အိမ်မှာ ကလေးထိန်းနေရင်း ကျိကျန့်ရှဲ့ စက်ညပ်တယ်ဆိုတာ ကြားတော့ ကလေးကို အိမ်နီးနားချင်းဆီ အပ်ပြီး ပြေးလာခြင်းဖြစ်သည်။ ပိုက်ဆံ သီးသန့် မယူလာမိပေ။
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်ပြီး ပိုက်ဆံယူကာ ငွေသွားသွင်းလိုက်သည်။
ကျိဟုန်ကျွင်း ငွေသွင်းပြီး ပြန်လာသောအခါ ပိုသည့်ပိုက်ဆံများကို ဒုတိယအဒေါ်ကို ပြန်ပေးလိုက်သည်။
"အဒေါ်... ဦးလေး မရောက်သေးဘူး၊ ကျွန်တော် သွားကြိုလိုက်ဦးမယ်"
ဒုတိယအဒေါ် ခေါင်းညိတ်လိုက်သည်။ "အေး... ကျေးဇူးပါပဲ ဟုန်ကျွင်း"
"ရပါတယ်" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြေတံရှည်ကြီးများဖြင့် ထွက်ခွာသွားသည်။
သူ စက်ဘီးစီးပြီး ဒုတိယဦးလေးကို သွားကြိုသည်။ ဆေးရုံက ထွက်ပြီး နှစ်ကီလိုမီတာလောက် အရောက်မှာ ပြေးလာသော ဒုတိယဦးလေးကို တွေ့လိုက်ရသည်။ ဒုတိယဦးလေးက ချွေးများ ထွက်နေသည်။ ကျိဟုန်ကျွင်း အရှိန်မြှင့်ပြီး သူ့ရှေ့ ရပ်လိုက်သည်။
"ဦးလေး... ကျွန်တော် လိုက်ပို့မယ်"
ဒုတိယဦးလေး တကယ် ပင်ပန်းနေပြီ။ မောဟိုက်နေသည်။ ကျိဟုန်ကျွင်း လိုက်ပို့မည်ဆိုတော့ အားမနာဘဲ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
"ဟုန်ကျွင်း... ကျန့်ရှဲ့ ဘယ်လိုနေလဲ" စက်ဘီးပေါ် ရောက်သည်နှင့် ဒုတိယဦးလေးက မောမောနှင့် မေးလိုက်သည်။
"သူနာပြုကတော့ စိုးရိမ်စရာ မရှိဘူး ပြောတယ်" ကျိဟုန်ကျွင်း အမှန်အတိုင်း ပြောလိုက်သည်။
"တော်ပါသေးရဲ့၊ တော်ပါသေးရဲ့" ဒုတိယဦးလေး သက်ပြင်းချလိုက်သည်။
ကျိဟုန်ကျွင်း ဘာမှမပြောတော့ဘဲ စက်ဘီးကို ဂရုတစိုက် နင်းကာ ဒုတိယဦးလေးကို ဆေးရုံသို့ ပို့ပေးလိုက်သည်။
……
ညအချိန်၊ လျန်ဟွမ်း အခန်းထဲတွင် တစ်ယောက်တည်း ရှိနေသည်။ မီးအိမ်ထွန်းထားသော်လည်း အိပ်ရာမဝင်သေးပေ။ ကျိဟုန်ကျွင်းက ညနေက မြို့ထဲသွားတာ အခုထိ ပြန်မရောက်သေးပေ။ ညပြန်လာမလား မသိဘူး။
ဒီနေ့က ပျော်စရာကောင်းမဲ့နေ့ ဖြစ်ခဲ့သင့်တာ။ ရွာထဲမှာ ငါးဖမ်းပြီး ငါးဝေမဲ့နေ့။ ဒါပေမဲ့ မနက်က ဦးလေးလျို ရေထဲကျလို့ ဟုန်ကျွင်း ဆင်းကယ်ရတယ်။ ညနေကျတော့ ဟုန်ကျွင်းရဲ့ အစ်ကိုဝမ်းကွဲ ဒဏ်ရာရလို့ ဟုန်ကျွင်းက ဒုတိယဦးလေးနဲ့ မြို့တက်သွားရတယ်။ အခုထိ ပြန်မလာသေးဘူး။
ဒုတိယဦးလေးနှင့် ဦးလေးလျိုက ရွာထဲမှ ငါးဖမ်းဝိဇ္ဇာများ ဖြစ်ကြသည်။ သူတို့ မရှိတော့ ညနေက ငါးဖမ်းပွဲ ပျက်သွားသည်။ ဒီနေ့ ရွာထဲ ငါးမဝေဖြစ်တော့ဘူး။
ဒီနေ့တစ်နေ့လုံး ရင်တမမ ဖြစ်ခဲ့ရသည်။
လျန်ဟွမ်းက အပ်နှင့်ချည်ကို ကိုင်ထားသော်လည်း ဖိနပ်မချုပ်ဖြစ်ပေ။ ညဉ့်နက်နေပြီ။ အစ်ကိုဝမ်းကွဲ ဘယ်လိုနေလဲ မသိဘူး။ ဟုန်ကျွင်း ပြန်လာပါ့မလား။
လျန်ဟွမ်း တွေးနေစဉ် ခြံဝင်းအပြင်ဘက်မှ အသံကြားလိုက်ရသည်။ စိတ်ထဲ ဝမ်းသာသွားသည်။ ဟုန်ကျွင်း ပြန်လာပြီ။
…
အခန်း (၃၄)
လျန်ဟွမ်းသည် ခုတင်ပေါ်မှ ဆင်းကာ ဝါဂွမ်းအင်္ကျီဝတ်လိုက်သည်။ ထို့နောက် ဖိနပ်စီးပြီး တံခါးဖွင့်ရန် ပြင်လိုက်သည်။ သူမ တံခါးနားသို့ ခြေဖွဖွနင်းပြီး လျှောက်သွားလိုက်သည်။ သူမ ခုနက ကြားလိုက်ရသော အသံက ပျောက်သွားပြန်သည်။
လျန်ဟွမ်းက တံခါးဘေးတွင် ရပ်ပြီး အပြင်မှ အသံကို နားစွင့်နေသည်။ ခုနက သူမ အသံတစ်ခု ကြားလိုက်သည်။ စိတ်ထင်တာတော့ မဟုတ်လောက်ဘူး။
လျန်ဟွမ်း စဉ်းစားနေစဉ် အပြင်မှ အသံထပ်ကြားလိုက်ရသည်။ ဒီတစ်ခါ အသံက သူတို့အိမ် မီးဖိုချောင်ထဲမှ ထွက်လာခြင်း ဖြစ်သည်။ လျန်ဟွမ်း မျက်မှောင်ကြုတ်လိုက်သည်။ တံခါးနောက်ရှိ တုတ်ချောင်းကို လှမ်းယူလိုက်ပြီး တံခါးဖွင့်ကာ အပြင်ထွက်လိုက်သည်။
ကျိဟုန်ကျွင်းအိမ်၏ မီးဖိုချောင်ထဲတွင် ကျိထျဲ့ကျူးသည် ပုံးများကို မွှေနှောက်ရှာဖွေနေသည်။ ရှာဖွေကြည့်ရာ အသားမတွေ့ဘဲ ဟင်းရွက်များသာ တွေ့ရသည်။ ဟင်းရွက်များက လတ်ဆတ်ပြီး စိမ်းလန်းနေသည်။
ကျိထျဲ့ကျူးသည် ဟင်းရွက်များကို အားရပါးရ နုတ်ယူနေသည်။ ကျိဟုန်ကျွင်းက တော်သားပဲ။ ဆောင်းတွင်းကြီး ဟင်းရွက်စိုက်တတ်တယ်။ သူတို့အိမ်မှာ ဟင်းရွက်မစားရတာ ကြာပြီ။ ဒီဟင်းရွက်တွေ ရရင် အိမ်မှာ ဟင်းကောင်းစားရပြီ။
ကျိထျဲ့ကျူးက ဟင်းရွက်နုတ်ကောင်းနေစဉ် အပြင်တွင် လျန်ဟွမ်းက တုတ်ကိုင်ပြီး ရောက်လာပြီ ဖြစ်သည်။ လရောင်အောက်တွင် လျန်ဟွမ်းက မီးဖိုချောင်ထဲရှိ ပျိုးခင်းရှေ့တွင် ခါးကုန်းနေသော လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ သူမအိမ်က ဟင်းရွက်များကို ခိုးနေခြင်း ဖြစ်သည်။
လျန်ဟွမ်းက တုတ်ကို မြှောက်ပြီး ထိုလူ၏ ကျောကုန်းကို အားကုန် ရိုက်ချလိုက်သည်။
ကျိထျဲ့ကျူးက ဟင်းရွက်နုတ်ကောင်းနေသဖြင့် လျန်ဟွမ်း ရောက်လာသည်ကို သတိမထားမိပေ။ လျန်ဟွမ်း ရိုက်ချလိုက်သောအခါ သူ မရှောင်နိုင်လိုက်ပေ။ တုတ်က သူ့ကျောကုန်းပေါ် တည့်တည့်ကျပြီး အလွန် နာကျင်သွားသည်။
"အား..."
ကျိထျဲ့ကျူးက အော်ဟစ်လိုက်သည်။ ကျိထျဲ့ကျူး၏ အော်သံက ကျယ်လောင်သဖြင့် တိတ်ဆိတ်သော ညအချိန်တွင် ပိုမို ထင်ရှားနေသည်။
ရွာထိပ်တွင် လရောင်အောက်၌ လမ်းလျှောက်ကာ အိမ်ပြန်လာသော ကျိဟုန်ကျွင်းသည် ကျိထျဲ့ကျူး၏ အော်သံကို ကြားလိုက်ရသဖြင့် ခြေလှမ်းများ မြန်ဆန်သွားသည်။
လျန်ဟွမ်းက ကျိထျဲ့ကျူး၏ အော်သံကို ကြားသော်လည်း လက်ထဲမှ တုတ်ကို မရပ်ဘဲ ဆက်တိုက် ရိုက်နှက်နေသည်။ "ငါ့အိမ်က ဟင်းရွက်ကို ခိုးရဲတယ်ပေါ့... သေစမ်း..."
လျန်ဟွမ်းက တစ်ချက်ပြီးတစ်ချက် ရိုက်နေသဖြင့် ကျိထျဲ့ကျူး စကားပြောရန် အခွင့်အရေး မရပေ။
"ငါ့ဟင်းရွက်ကို ခိုးဦးမလား... ခိုးဦးမလား..."
လျန်ဟွမ်းက တစ်ခွန်းပြောလိုက် တစ်ချက်ရိုက်လိုက် လုပ်နေသည်။ ကျိထျဲ့ကျူးမှာ ခေါင်းကို အုပ်ကာ ရှောင်တိမ်းနေရသည်။
"မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့"
"ကျုပ်က သူခိုး မဟုတ်ပါဘူး၊ ကျုပ်က ပစ္စည်းလာခိုးတာ မဟုတ်ပါဘူး" ကျိထျဲ့ကျူးက လျန်ဟွမ်း သူ့ခေါင်းကို ရိုက်မိမည်စိုး၍ ခေါင်းကို အုပ်ကာ အပြင်သို့ ပြေးထွက်ရန် ကြိုးစားသည်။ လျန်ဟွမ်းက တုတ်ကိုင်ပြီး သူ့နောက်မှ လိုက်ရိုက်နေသည်။
"သူခိုးမဟုတ်ဘူးတဲ့၊ အိမ်ထဲအထိ ဝင်ခိုးနေပြီးတော့ သူခိုးမဟုတ်ဘူးလို့ ပြောရဲသေးတယ်၊ သေစမ်း" 
လျန်ဟွမ်းက တုတ်ဖြင့် ကျိထျဲ့ကျူးကို မနားတမ်း ရိုက်နေသည်။
ကျိထျဲ့ကျူး အပြင်ပြေးထွက်သွားပြီး လျန်ဟွမ်းက အနောက်မှ လိုက်နေသည်။
လျန်ဟွမ်း ရိုက်နှက်သံနှင့် ကျိထျဲ့ကျူး အော်ဟစ်သံများက ကျယ်လောင်သဖြင့် တိတ်ဆိတ်သော ညအချိန်တွင် အိမ်နီးနားချင်းများ ကြားကုန်ကြသည်။
ကျိမိသားစုအိမ်တွင် အကြီးဆုံးအစ်ကိုကျိ၏ ဇနီးသည်က အသံကြားသဖြင့် အကြီးဆုံးအစ်ကိုကျိကို လှုပ်နှိုးလိုက်သည်။ "ဟုန်ချီ... နားထောင်ကြည့်ပါဦး၊ စတုတ္ထယောက်မရဲ့ အသံ မဟုတ်လား၊ သူခိုးမိလို့ ရိုက်နေတာနဲ့ တူတယ်"
အကြီးဆုံးအစ်ကိုကျိက အဝတ်အစားဝတ်ပြီး ခုတင်ပေါ်မှ ထလိုက်သည်။ "စတုတ္ထ မရှိဘူး၊ ညနေက ဒုတိယဦးလေးနဲ့ မြို့တက်သွားတာ၊ ငါ သွားကြည့်လိုက်မယ်၊ မင်း ကလေးနှစ်ယောက်ကို ကြည့်ထား"
အကြီးဆုံးအစ်ကိုကျိက ဝါဂွမ်းအင်္ကျီဝတ်ပြီး အပြင်ထွက်လာသည်။ ခြံထဲရောက်သည်နှင့် ကျိမိသားစု ပင်မအခန်းက မီးလင်းလာသည်။ အဖေကျိက ဝါဂွမ်းအင်္ကျီထူထူကြီး ဝတ်ပြီး ထွက်လာကာ အကြီးဆုံးအစ်ကိုကျိကို ကြည့်ပြီး ပြောလိုက်သည်။ 
"အကြီးကောင်... မှောင်နေပြီ၊ အခန်းပြန်ဝင်ပြီး အိပ်တော့၊ အပြင်မထွက်နဲ့"
အကြီးဆုံးအစ်ကိုကျိက ခြေလှမ်းတုံ့သွားသည်။ ခဏကြာတော့ သူ တည်ငြိမ်စွာ ပြောလိုက်သည်။ 
"အဖေ... စတုတ္ထ မရှိဘူး၊ ကျွန်တော် သွားကြည့်လိုက်မယ်၊ ဘာမှမဖြစ်ရင် ပြန်လာခဲ့မယ်"
အကြီးဆုံးအစ်ကိုကျိ ပြောပြီးသည်နှင့် အဖေကျိ မျက်နှာကို မကြည့်ဘဲ ထွက်သွားသည်။
အဖေကျိ၏ မျက်နှာက မည်းမှောင်သွားသည်။ သူ့နောက်မှ အမေကျိ ထွက်လာသည်။ 
"ဒီအကြီးကောင်က ဒုတိယလောက် အားမကိုးရဘူး၊ သူ့ဘာသာ သွားပလေ့စေ၊ ရှင် ပြန်အိပ်တော့"
စတုတ္ထချွေးမကောင်မစုတ် ပြဿနာတက်ရင် ကောင်းတာပေါ့။ အဲဒီကောင်မစုတ် သေသွားရင် ပိုကောင်းမယ်။ ဒါမှ သူတို့အိမ်က အရှေ့ဘက်အဆောင် ပြန်ရမှာ။
အဖေကျိက သူမကို တစ်ချက်ကြည့်ပြီး ခုတင်ပေါ် ပြန်တက်သွားသည်။ "တံခါးပိတ်ပြီး မီးငြှိမ်းလိုက်၊ အသက်ကြီးပြီ၊ အိပ်ရေးဝဖို့ လိုတယ်၊ အိပ်ပျော်သွားရင် နိုးဖို့ မလွယ်ဘူး"
ဒုတိယအစ်ကို၏ အခန်းထဲတွင် ဒုတိယချွေးမလည်း အသံကြားသည်။ သူမက ကျိဟုန်ရှင်းကို လှုပ်နှိုးလိုက်သည်။ "ဟုန်ရှင်း... စတုတ္ထယောက်မ သူခိုးမိလို့ အော်နေတာ ကြားလား၊ သူတို့အိမ် သူခိုးဝင်တာ သေချာတယ်၊ နေ့တိုင်း အသားစားနေတော့ သူခိုးဝင်တာပေါ့၊ သူတို့အိမ်က ပစ္စည်းတွေ အကုန်ပါသွားရင် ကောင်းမယ်"
ဒုတိယချွေးမက ဝမ်းသာအားရ ပြောနေသည်။ သူမဘေးတွင် ကျိဟုန်ရှင်းက အကြံအောင်မြင်သည့် အပြုံးမျိုး ပြုံးလိုက်သည်။
စတုတ္ထတို့လင်မယားက တော်တော်ဆိုးတာ။ သူ ကိုယ်တိုင် မနှိပ်စက်နိုင်ရင် တခြားလူ နှိပ်စက်ပေးမှာပေါ့။
တတိယအစ်ကို၏ အခန်းထဲတွင် တတိယချွေးမက မွေးကင်းစ သမီးလေးကို ချော့သိပ်နေသည်။ ကလေးက လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ မွေးထားခြင်း ဖြစ်သည်။ အရင်ရက်များက လိမ္မာသော်လည်း ဒီနေ့ ညဉ့်နက်သည်အထိ မအိပ်ပေ။
ကလေးမအိပ်သဖြင့် တတိယချွေးမလည်း မအိပ်ရသေး။ အပြင်က အသံများကို သူမလည်း ကြားသည်။ သူမက ကျိဟုန်ဝေ့၏ အင်္ကျီကို ဆွဲလိုက်သည်။ "ဟုန်ဝေ့... အပြင်မှာ စတုတ္ထယောက်မ သူခိုးမိလို့ အော်နေသလိုပဲ၊ ရှင် သွားကြည့်ဦးမလား"
ကျိဟုန်ဝေ့က အိပ်ချင်မူးတူး ဖြစ်နေသည်။ တတိယချွေးမပြောသည်ကို ကြားသောအခါ ခဏငြိမ်သွားပြီးနောက် ဖိနပ်စီးလိုက်သည်။ 
"မင်း အခန်းထဲမှာ နေခဲ့၊ ငါ တိတ်တိတ်လေး သွားကြည့်မယ်"
"ကောင်းပြီ၊ သတိထားနော်၊ အဖေနဲ့အမေ မသိစေနဲ့" တတိယချွေးမက ကျိဟုန်ဝေ့ကို မှာလိုက်သည်။
"ငါ သိပါတယ်" ကျိဟုန်ဝေ့ ပြောပြီး တိတ်တဆိတ် ထွက်သွားသည်။
ကျိဟုန်ကျွင်းအိမ်တွင် ကျိထျဲ့ကျူးသည် အိမ်ထဲမှ ပြေးထွက်လာပြီ ဖြစ်သည်။ လျန်ဟွမ်းက သူ့နောက်မှ လိုက်နေသည်။ ဘေးအိမ်မှ ဦးလေးမာ တံခါးဖွင့်ပြီး တုတ်ကိုင်ကာ ထွက်လာသည်။ လျန်ဟွမ်း လူလိုက်နေသည်ကို မြင်သောအခါ ထိုလူရှေ့သို့ ပြေးသွားပြီး တားလိုက်သည်။
အကြီးဆုံးအစ်ကိုကျိလည်း ရောက်လာသည်။ မှောင်နေသော်လည်း တားဆီးခံထားရသူကို မြင်သောအခါ ပြေးသွားပြီး ဦးလေးမာနှင့်အတူ ကျိထျဲ့ကျူးကို ဝိုင်းထားလိုက်သည်။
သူခိုးဖမ်းသည့် အသံက ကျယ်လောင်သဖြင့် တိတ်ဆိတ်သော ညအချိန်တွင် လူအများအပြား ကြားလိုက်ရသည်။ လျန်ဟွမ်းအိမ်နီးချင်းများ အိမ်ထဲမှ ထွက်လာကြသည်။ တချို့က မီးအိမ်ကိုင်ပြီး ထွက်လာကြသည်။ သူခိုးက ဘယ်သူလဲ။ ဖမ်းမိပြီလားဆိုတာ သိချင်ကြသည်။
လူအများအပြား ဝိုင်းထားသဖြင့် ကျိထျဲ့ကျူး ပြေးမလွတ်တော့ပေ။
အဒေါ်လျိုက မီးအိမ်ဖြင့် ကျိထျဲ့ကျူး၏ မျက်နှာကို ထိုးကြည့်လိုက်သည်။ မီးရောင်အောက်တွင် သူ့မျက်နှာကို လူအများ မြင်လိုက်ရသည်။ ချက်ချင်းပင် လူတစ်ယောက်က ပြောလိုက်သည်။ 
"ထျဲ့ကျူးပါလား"
လျန်ဟွမ်း လူရိုက်ရတာ မောနေပြီ။ သူမ တုတ်ကို ဘေးပစ်လိုက်ပြီး ကူညီပေးသော ဦးလေးမာကို ပြောလိုက်သည်။ "ဦးလေးမာ... ခေါင်းဆောင်ကို သွားခေါ်ပေးလို့ ရမလား"
သူမအိမ်က ပစ္စည်းကို ခိုးတာ အပြစ်ပေးရမည်။ သင်ခန်းစာ ပေးရမည်။ မဟုတ်ရင် နောက်တစ်ခါ လာခိုးနေလိမ့်မည်။
"ရတယ်၊ ငါ သွားခေါ်ပေးမယ်" ဦးလေးမာ ပြောပြီးသည်နှင့် ခေါင်းဆောင်အိမ်သို့ အမြန်သွားလိုက်သည်။
ခေါင်းဆောင်အိမ်က ကျိဟုန်ကျွင်းအိမ်နှင့် ဝေးသဖြင့် အသံမကြားရပေ။
အကြီးဆုံးအစ်ကိုကျိက ကျိထျဲ့ကျူးဘေးတွင် ရပ်ပြီး သူ့ကို ဖမ်းချုပ်ထားသည်။ ကျိဟုန်ဝေ့လည်း ရောက်လာပြီး အကြီးဆုံးအစ်ကိုကျိနား ကပ်သွားသည်။ 
"အစ်ကိုကြီး... ဘာဖြစ်တာလဲ၊ ကျိထျဲ့ကျူးက စတုတ္ထအိမ်က ပစ္စည်း ခိုးတာလား"
အကြီးဆုံးအစ်ကိုကျိ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပုံရတယ်၊ ဦးလေးမာ ခေါင်းဆောင်ကို သွားခေါ်နေပြီ"
လူများ ပြောဆိုနေကြစဉ် ကျိဟုန်ကျွင်း ရောက်လာသည်။
လျန်ဟွမ်းနှင့် ကျိထျဲ့ကျူးကို ဝိုင်းကြည့်နေသူများက ကျိဟုန်ကျွင်း ရောက်လာသည်ကို မြင်သောအခါ လမ်းဖယ်ပေးလိုက်ကြသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းရှေ့သို့ လျှောက်သွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။ "ဘာဖြစ်သွားသေးလဲ"
လျန်ဟွမ်း အသက်ရှူမဝသေးပေ။ လူရိုက်ရတာ မောနေတုန်းပင်။ "ကျွန်မ ဘာမှမဖြစ်ဘူး၊ သူတော့ ဖြစ်လောက်တယ်၊ တုတ်နဲ့ တော်တော်များများ ရိုက်လိုက်တယ်"
ကျိဟုန်ကျွင်းက ကျိထျဲ့ကျူးကို တစ်ချက်မျှပင် မကြည့်ဘဲ လျန်ဟွမ်းရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ 
"ကိစ္စမရှိဘူး၊ ပစ္စည်းခိုးတဲ့ကောင်က အရိုက်ခံရတာ နည်းသေးတယ်၊ မသေရင် ကော်မတီရုံး ပို့လိုက်မယ်"
ကျိထျဲ့ကျူးမှာ လျန်ဟွမ်း ရိုက်ထားသဖြင့် တစ်ကိုယ်လုံး နာကျင်နေသည်။ ထိုမိန်းမယုတ်က နာမည့်နေရာကို ရွေးရိုက်ထားသည်။ အခု နာနေတုန်းမှာပင် ကျိဟုန်ကျွင်းက ကော်မတီရုံး ပို့မည်ဟု ပြောလိုက်သဖြင့် ကြောက်သွားသည်။ သူ ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။ 
"ဟုန်ကျွင်းညီလေး... ငါ့ကို ကော်မတီရုံး မပို့ပါနဲ့၊ တစ်ယောက်ယောက်က မင်းအိမ်မှာ အသားရှိတယ်၊ သွားခိုးလို့ ပြောလို့ ငါ လာခိုးမိတာပါ"
လျန်ဟွမ်းက ကျိဟုန်ကျွင်း နောက်ကျောမှ ခေါင်းပြူထွက်လာပြီး မေးလိုက်သည်။ "ဘယ်သူလဲ"
ဘယ်သူကများ ဒီလောက်ယုတ်မာပြီး သူများအိမ် ပစ္စည်းခိုးခိုင်းရတာလဲ။
"ကျိဟုန်ရှင်း... ဟုန်ကျွင်းညီလေး၊ ကျိဟုန်ရှင်းက မင်းအစ်ကိုအရင်းလေ၊ သူက ငါ့ကို ခိုးခိုင်းတာ၊ မင်း ငါ့ကို ကော်မတီရုံး ပို့ရင် သူလည်း လွတ်မှာ မဟုတ်ဘူး" ကျိဟုန်ကျွင်းက သူ့အစ်ကိုအရင်းကို ကော်မတီရုံး ပို့ရဲမယ် မထင်ဘူး။
ကျိဟုန်ကျွင်းက သူ့ကို ဂရုမစိုက်ဘဲ လျန်ဟွမ်း လက်ကို ကိုင်လိုက်သည်။ "လန့်သွားလား"
လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "နည်းနည်းပါ"
ကျိထျဲ့ကျူးကို စတွေ့တုန်းကတော့ လန့်သွားသည်။ တော်သေးတာက လက်ထဲ တုတ်ပါသွားပြီး ဦးအောင် ရိုက်လိုက်နိုင်တာပဲ။ နောက်ပိုင်း ရိုက်ရင်းနဲ့ လက်ရဲသွားတယ်။ ကျိထျဲ့ကျူးက ထွက်ပြေးဖို့ပဲ ကြိုးစားပြီး ပြန်မချဘူး။ နောက်တော့ ရွာသားတွေ ထွက်လာတော့ လုံးဝ မကြောက်တော့ဘူး။
ကျိဟုန်ကျွင်းက လျန်ဟွမ်းလက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ "အင်း... ကိုယ် ရှင်းလိုက်မယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ကျိထျဲ့ကျူးကို ကြည့်လိုက်သည်။ "သူများပစ္စည်း ခိုးတာ ဥပဒေနဲ့ မလွတ်ကင်းဘူး၊ ဘယ်လိုလုပ်မလဲဆိုတာ ကော်မတီရုံးက ဆုံးဖြတ်လိမ့်မယ်"
"ဟုန်ကျွင်းညီလေး... ငါ ပစ္စည်း မခိုးပါဘူး၊ ဟုန်ရှင်းက လာယူခိုင်းလို့ လာယူတာပါ၊ ဟုန်ရှင်းက မင်းအစ်ကိုအရင်းလေ" ကျိထျဲ့ကျူး အော်ဟစ်လိုက်သည်။
ကျိဟုန်ကျွင်း သူ့ကို ဂရုမစိုက်ဘဲ အဝေးမှ ခေါင်းဆောင် လာနေသည်ကို မြင်သောအခါ လျန်ဟွမ်းကို ဆွဲပြီး လျှောက်သွားလိုက်သည်။
"ခေါင်းဆောင်"
ခေါင်းဆောင် ရပ်လိုက်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ဟုန်ကျွင်း ပြန်ရောက်ပြီလား၊ ဦးလေးမာ ပြောပြလို့ သိရပြီ၊ မင်း ဘယ်လို လုပ်ချင်လဲ၊ ထျဲ့ကျူးက ကိုယ့်ရွာသားပဲ၊ မင်းအိမ် ပစ္စည်းခိုးတာ အမှားကြီး မှားတာပေါ့၊ မင်း ပစ္စည်း ပြန်လျော်ခိုင်းပြီး တောင်းပန်ခိုင်းလိုက်ကွာ"
ခေါင်းဆောင်က ကျိထျဲ့ကျူးကို ပစ္စည်းပြန်လျော်ခိုင်းပြီး တောင်းပန်ခိုင်းကာ ပြီးစေချင်သည်။
ကျိဟုန်ကျွင်း မျက်နှာထား မပြောင်းလဲပေ။ ခေါင်းဆောင်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ 
"ခေါင်းဆောင်... ဒီရက်ပိုင်း မြို့ပေါ်မှာ စစ်ဆေးရေး တင်းကျပ်နေတယ်၊ ခိုးတာဝှက်တာဆိုရင် ပညာပေးဖို့ ကော်မတီရုံး ပို့ရမယ်၊ ကျိထျဲ့ကျူးက ဒီနေ့ ကျွန်တော့်အိမ် ခိုးတယ်၊ မနက်ဖြန် တခြားအိမ် ခိုးလိမ့်မယ်၊ အမှားလုပ်ရင် စည်းကမ်းအတိုင်းပဲ ကော်မတီရုံး ပို့ပြီး ပညာပေးသင့်တယ်"
ခေါင်းဆောင်က မျက်နှာပျက်သွားသည်။ "ဟုန်ကျွင်း... ကော်မတီရုံး ပို့တာက ပြင်းထန်လွန်းမနေဘူးလား"
ကော်မတီရုံး ရောက်သွားရင် ဝေဖန်ရေး လုပ်ခံရတော့မှာ။ မိသားစုထဲက တစ်ယောက် ဝေဖန်ရေး လုပ်ခံရရင် တစ်မိသားစုလုံး နာမည်ပျက်ပြီ။ နောက်ဆို ကျိထျဲ့ကျူးတို့ မိသားစုဘဝက ရပ်တည်ဖို့ ခက်ခဲသွားလိမ့်မယ်။
ခေါင်းဆောင်က ကျိထျဲ့ကျူးကို သက်ညှာပေးချင်သော်လည်း ကျိဟုန်ကျွင်းက သဘောမတူပေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ 
"ဦးလေး... သူ ဒီနေ့ တစ်ခါခိုးလို့ အပြစ်ပေါ့သွားရင် နောက်တစ်ခါ ထပ်ခိုးဦးမှာ၊ ပြီးတော့ ဒီရက်ပိုင်း ရွာတချို့မှာ မကောင်းတဲ့ ကိစ္စတွေ ဖြစ်နေတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ရွာမှာ အဲဒီလို မဖြစ်သင့်ဘူး"
ကျိဟုန်ကျွင်း ပြောလိုက်သည်နှင့် ခေါင်းဆောင်က တခြားရွာများတွင် ဖြစ်ပွားခဲ့သော ကိစ္စများကို သတိရသွားသည်။ ရွာတချို့မှ လူမိုက်များက ပညာတတ် အမျိုးသမီးများကို စော်ကားသဖြင့် ထိုအမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်ကြသည်။ အထက်က သိသွားပြီး ရွာလူကြီးများကို အရေးယူခဲ့သည်။
သူတို့ရွာက နာမည်ကောင်းသည်။ လူမိုက်များ မရှိပေ။ သို့သော် ပစ္စည်းခိုးခြင်းနှင့် လူခိုးခြင်းက အပြစ်တူတူပင် ဖြစ်သည်။ အနီရောင်စစ်သည်များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည်။ အထက်ကသာ ကျိထျဲ့ကျူး ပစ္စည်းခိုးတာကို သူ ဖုံးကွယ်ထားမှန်း သိသွားရင် မကောင်းတော့ဘူး။ ဟုန်ကျွင်း ပြောသလို ကော်မတီရုံး ပို့တာပဲ ကောင်းမယ်။
"ကောင်းပြီ၊ မင်းပြောသလိုပဲ ကော်မတီရုံး ပို့လိုက်မယ်၊ ဒါပေမဲ့ အချိန်လွန်နေပြီဆိုတော့ ကော်မတီရုံးမှာ လူရှိမှာ မဟုတ်ဘူး၊ မနက်ဖြန် မနက်မှ သွားကြတာပေါ့"
"ဟုတ်ကဲ့" ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
ကျိထျဲ့ကျူးကို အပြစ်ပေးမည့် ဆုံးဖြတ်ချက် ချပြီးနောက် ခေါင်းဆောင်က လူအုပ်ကြီးကို ပြောပြပြီး အိမ်ပြန်အိပ်ကြရန် ပြောလိုက်သည်။
လာကြည့်ကြသူများသည် လျန်ဟွမ်း၏ အိမ်နီးနားချင်းများ ဖြစ်ကြသည်။ အိပ်နေရင်း အသံကြားလို့ ထလာကြခြင်း ဖြစ်သည်။ ခေါင်းဆောင်က ပြန်ခိုင်းသဖြင့် ကျိထျဲ့ကျူးက ကော်မတီရုံး ပို့ခံရမည့်အကြောင်း ပြောဆိုရင်း အိမ်ပြန်သွားကြသည်။
လူများ ပြန်သွားကြသောအခါ ခေါင်းဆောင်က ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ထျဲ့ကျူးကို မင်းအိမ် မီးဖိုချောင်ထဲမှာပဲ ခဏ ချုပ်ထားလိုက်ကွာ၊ မနက်ဖြန် မနက်ကျမှ ကော်မတီရုံး ပို့ကြမယ်၊ အဆင်ပြေမလား"
"ပြေပါတယ်" ကျိဟုန်ကျွင်း ပြန်ဖြေသည်။
အကြီးဆုံးအစ်ကိုကျိနှင့် ကျိဟုန်ဝေ့က ကျိထျဲ့ကျူးကို တွဲပြီး ကျိဟုန်ကျွင်းအိမ် မီးဖိုချောင်ထဲ ခေါ်သွားသည်။ ကျိဟုန်ကျွင်းက အခန်းထဲမှ ကြိုးယူလာပြီး ကျိထျဲ့ကျူး၏ လက်နှင့်ခြေထောက်များကို တုပ်နှောင်လိုက်သည်။
လူကို တုပ်နှောင်ပြီး မီးဖိုချောင်ထဲ ထားခဲ့ကာ ကျိဟုန်ကျွင်းက မီးဖိုချောင်တံခါး ပိတ်လိုက်သည်။
ကျိဟုန်ဝေ့က ကျိဟုန်ကျွင်း ထွက်လာသည်ကို မြင်သောအခါ တိုးတိုး ပြောလိုက်သည်။ "စတုတ္ထ... ငါနဲ့ အစ်ကိုကြီး ပြန်တော့မယ်၊ ကိစ္စရှိရင် လှမ်းခေါ်လိုက်"
"အင်း"
ကျိဟုန်ကျွင်း ပြန်ဖြေသည်ကို ကြားသောအခါ ကျိဟုန်ဝေ့နှင့် အကြီးဆုံးအစ်ကိုကျိက အတူတူ ထွက်လာကြသည်။ ကျိဟုန်ဝေ့က အကြီးဆုံးအစ်ကိုကျိနား ကပ်ပြီး ပြောလိုက်သည်။ 
"အစ်ကိုကြီး... တကယ်ပဲ ဒုတိယအစ်ကိုက ထျဲ့ကျူးကို ခိုးခိုင်းတာလား"
အကြီးဆုံးအစ်ကိုကျိ၏ မျက်နှာက မည်းမှောင်နေသည်။ "ဟုတ်လောက်တယ်၊ မိုးချုပ်နေပြီ၊ အိပ်တော့"
လျန်ဟွမ်းအိမ်တွင် လူများ ပြန်သွားကြသဖြင့် တိတ်ဆိတ်သွားသည်။
လျန်ဟွမ်းက မီးဖိုချောင်မှ ပြန်လာသော ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "သူခိုးက ကျိဟုန်ရှင်း ခိုင်းလို့ လာခိုးတာလို့ ပြောတယ်"
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "ကိုယ် ကြားတယ်၊ ကော်မတီရုံးက စစ်ဆေးလိမ့်မယ်၊ သူ ခိုင်းတာ ဟုတ်ရင် ကျိထျဲ့ကျူးနဲ့အတူ အပြစ်ပေးခံရလိမ့်မယ်"
ကျိဟုန်ကျွင်းက ကျိဟုန်ရှင်းကို ဖုံးကွယ်မပေးသဖြင့် လျန်ဟွမ်း ကျေနပ်သွားသည်။ "အင်း... ကျိဟုန်ရှင်းက သိပ်ဆိုးတာပဲ၊ အရင်တုန်းက ဒယ်အိုးခိုးတယ်၊ အခု တခြားလူကို ခိုင်းပြီး ပစ္စည်းလာခိုးခိုင်းပြန်ပြီ၊ သူ အပြစ်ပေးခံရမှ မှတ်မှာ"
"အင်း... အပြစ်ပေးခံရမှာပါ" ကျိဟုန်ကျွင်းက လျန်ဟွမ်း စကားကို ထောက်ခံလိုက်သည်။
လျန်ဟွမ်းက ဖိနပ်ချွတ်ပြီး ခုတင်ပေါ် တက်လိုက်သည်။ သူမက ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ရှင် ခေါင်းဆောင်ကို အိမ်ပြောင်းဖို့ ပြောလိုက်လား၊ ကျွန်မ မြန်မြန် ပြောင်းချင်နေပြီ။ ဒီနေ့ ကျိဟုန်ရှင်းက လူလွှတ်ပြီး ခိုးခိုင်းတယ်၊ မနက်ဖြန်ကျရင် ဘယ်လို မကောင်းကြံဦးမလဲ မသိဘူး၊ ဒီမှာနေရတာ စိတ်မချရဘူး"
ကျိဟုန်ကျွင်း၏ မျက်လုံးများက နက်ရှိုင်းသွားပြီး လူသတ်ချင်စိတ် တစ်ချက် ဖြတ်ပြေးသွားသည်။
လျန်ဟွမ်းကို ကြည့်ပြီး သူ့မျက်လုံးများ ပုံမှန် ပြန်ဖြစ်သွားသည်။ "မြေနေရာရတာနဲ့ အိမ်ဆောက်ကြမယ်"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ခုတင်ပေါ်တက်ကာ ဖိနပ်ချွတ်ပြီး အိပ်လိုက်သည်။
လျန်ဟွမ်းဘေးတွင် လှဲအိပ်ပြီး ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "မနက်ဖြန် ဒုတိယဦးလေးကို ပစ္စည်းသွားပို့ရမယ်၊ ဘယ်အချိန်ပြန်ရောက်မလဲ မသိဘူး၊ အတူတူ သွားကြမယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း ရင်ခွင်ထဲ မှီလိုက်သည်။ "အစ်ကိုကြီးကျန့်ရှဲ့ရဲ့ ဒဏ်ရာ ပြင်းလား၊ မနက်ဖြန် ကျွန်မ ရှင်နဲ့အတူ သွားကြည့်ပြီး ပြန်လာခဲ့မယ်၊ မနက်ဖြန် ညနေ ရွာထဲမှာ ငါးဝေလောက်တယ်"
ကျိဟုန်ကျွင်းက မနက်ဖြန် ဒီနေ့လို နောက်ကျမှ ပြန်ရောက်ရင် သူမ အကြာကြီး မနေနိုင်ဘူး။ ရွာထဲက ဝေတဲ့ ငါးကို စားချင်သေးတယ်။ မနက်ဖြန် ငါးသွားယူရမယ်။
"မင်း ကိုယ်နဲ့ အတူတူ ပြန်လာရမယ်၊ မနက်ဖြန် အစ်ကိုကြီးကျန့်ရှဲ့ သတိရမရ ကြည့်ရမယ်၊ သတိရရင် စောစော ပြန်လာကြမယ်" သတိမရရင်တော့ ဒီနေ့လို နောက်ကျမှ ပြန်လာရလိမ့်မယ်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ မော့ကြည့်လိုက်သည်။ "ရှင် ကျွန်မ တစ်ယောက်တည်း အိမ်မှာနေရင် အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့လား"
ကျိဟုန်ကျွင်းက ပုံမှန် အပြင်သွားရင် အတူတူသွား အတူတူပြန်ဖို့ မပြောဖူးဘူး။ အစ်ကိုကြီးကျန့်ရှဲ့ကို သွားကြည့်တာ သူမ ဘာမှလုပ်စရာမရှိရင် ပြန်လာလို့ ရတာပဲ။ အခု ကျိဟုန်ကျွင်းက အတူတူ ပြန်လာရမယ် ပြောတော့ သူမကို စိတ်ပူနေသလို ခံစားရတယ်။
ကျိဟုန်ကျွင်းက လက်ကို လျန်ဟွမ်း လည်ပင်းပေါ် တင်ပြီး သူ့ရင်ခွင်ထဲ ဆွဲကပ်လိုက်သည်။ "အင်း"
စာလုံးတစ်လုံးတည်းဖြင့် ဝန်ခံလိုက်သည်။ သူ လျန်ဟွမ်းကို စိတ်ပူသည်။
လျန်ဟွမ်း၏ ရင်ထဲတွင် နွေးထွေးသွားသည်။
"ကျိဟုန်ကျွင်း... ကျွန်မ တစ်ယောက်တည်း နေလည်း ဘာမှမဖြစ်ပါဘူး၊ မနက်ဖြန်ကျရင် ဒီလိုကိစ္စမျိုး ထပ်မဖြစ်တော့ပါဘူး" သူတို့ ဒီနေ့ သူခိုးဖမ်းမိထားတာ။ မနက်ဖြန် ကော်မတီရုံး ပို့မှာဆိုတော့ ဘယ်သူမှ လာခိုးရဲမှာ မဟုတ်တော့ဘူး။
"ကိုယ် စိတ်ပူတယ်၊ ကိုယ်နဲ့ အတူ လိုက်ခဲ့" ကျိဟုန်ကျွင်းက ခေါင်းငုံ့ပြီး နက်ရှိုင်းသော မျက်လုံးများဖြင့် လျန်ဟွမ်းကို စိုက်ကြည့်လိုက်သည်။
ကျိဟုန်ကျွင်း၏ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်လုံးများကို ကြည့်ပြီး လျန်ဟွမ်း မငြင်းရက်ပေ။ သူမ၏ မျက်လုံးထဲတွင် ကျိဟုန်ကျွင်း၏ မျက်နှာပုံရိပ်က ထင်ဟပ်နေသည်။ လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
လျန်ဟွမ်း သဘောတူသည်ကို ကြားလိုက်ရသဖြင့် ကျိဟုန်ကျွင်းက သူမ နှုတ်ခမ်းကို ကြည့်ပြီး ဖြည်းဖြည်းချင်း ငုံ့နမ်းလိုက်သည်။
.........
နောက်တစ်နေ့ မိုးလင်းပြီး နေထွက်လာသောအခါမှ လျန်ဟွမ်း မျက်လုံးပွင့်လာသည်။
ကျိဟုန်ကျွင်း၏ လည်ပင်းကို မြင်လိုက်ရသဖြင့် လျန်ဟွမ်း နေသားမကျသလို လှုပ်ရှားလိုက်သည်။ သူမ လှုပ်ရှားလိုက်သဖြင့် ကျိဟုန်ကျွင်းလည်း နိုးလာသည်။
မျက်လုံးဖွင့်လိုက်ပြီး လျန်ဟွမ်းကို မြင်သောအခါ ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "နိုးပြီလား"
ကျိဟုန်ကျွင်း ရင်ခွင်ထဲတွင် ညက အကြောင်းအရာများကို ပြန်သတိရလာပြီး လျန်ဟွမ်း၏ မျက်နှာက ရဲတက်သွားသည်။ သူမက ကျိဟုန်ကျွင်း လက်ကို တွန်းပြီး ရုန်းထွက်လိုက်သည်။ "မိုးလင်းပြီ၊ ထတော့မယ်"
လျန်ဟွမ်းက ပြောရင်း အဝတ်အစား လှမ်းယူလိုက်သည်။ သူမ လက်က အဝတ်အစားကို ထိရုံရှိသေး အိမ်ရှေ့တံခါးကို ဒုန်းဒုန်းဒုန်း ထုသံ ကြားလိုက်ရသည်။
ကျိဟုန်ကျွင်းက ထိုတံခါးထုသံကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ လက်လှမ်းကာ ဝါဂွမ်းအင်္ကျီကို ယူပြီး ဝတ်လိုက်သည်။ "ကိုယ် သွားဖွင့်လိုက်မယ်"
ကျိဟုန်ကျွင်း တံခါးသွားဖွင့်နေစဉ် လျန်ဟွမ်းလည်း အဝတ်အစား အမြန်ဝတ်ကာ ဖိနပ်စီးပြီး အခန်းထဲမှ ထွက်လာသည်။
မနက်စောစောစီးစီး ဘယ်သူလာတာလဲ မသိဘူး။
ကျိဟုန်ကျွင်းက အခန်းထဲမှ ထွက်လာပြီး တံခါးရှေ့တွင် ရပ်ကာ အပြင်ကလူကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ကျိထျဲ့ကျူး၏ အမေက ကျိဟုန်ကျွင်းကို ကြည့်ပြီး ချော့မော့ ပြောဆိုနေသည်။ 
"ဟုန်ကျွင်းရေ... ငါ့သား ထျဲ့ကျူးက အမှားသိပါပြီ၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်၊ ငါ တောင်းပန်ပါတယ်"
ကျိထျဲ့ကျူး၏ မိန်းမက သနားစရာ မျက်နှာဖြင့် ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "အစ်ကိုဟုန်ကျွင်း... ငါ့ယောက်ျား ထျဲ့ကျူးက လူကောင်းပါ၊ ကျေးဇူးပြုပြီး လွှတ်ပေးပါနော်"
"ဥပဒေ ချိုးဖောက်ရင် ကော်မတီရုံး ပို့တာ ဥပဒေနဲ့ ညီညွတ်တယ်၊ လွှတ်မလွှတ်က ကော်မတီရုံးက ဆုံးဖြတ်လိမ့်မယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိထျဲ့ကျူးမိန်းမက ကျိဟုန်ကျွင်း စကားကို ကြားသောအခါ ဒူးထောက်လိုက်သည်။ သူမက ကျိဟုန်ကျွင်း၏ ဘောင်းဘီကို ဆွဲရန် ကြိုးစားလိုက်သည်။ 
"အစ်ကိုဟုန်ကျွင်း... ကျေးဇူးပြုပြီး ငါ့ယောက်ျားကို လွှတ်ပေးပါ"
ကျိထျဲ့ကျူးမိန်းမ၏ လက်က ကျိဟုန်ကျွင်း အင်္ကျီကို ထိလုနီးပါး ဖြစ်နေစဉ် လျန်ဟွမ်းက နောက်မှနေ၍ ကျိဟုန်ကျွင်းကို ဆွဲလိုက်သည်။ ထိုမိန်းမနှင့် ဝေးဝေးနေစေချင်သည်။
သူမက ကျိထျဲ့ကျူးမိန်းမကို ငုံ့ကြည့်လိုက်သည်။ "ပစ္စည်းခိုးတာ ရှင်ယောက်ျားလေ၊ အမှားလုပ်တာ သူလေ၊ ငါ့ယောက်ျား ဟုန်ကျွင်း မဟုတ်ဘူး၊ ဒါကြောင့် ဟုန်ကျွင်းကို လာတောင်းပန်စရာ မလိုဘူး၊ ဟုန်ကျွင်းကပဲ တမင် သက်သက် လုပ်နေသလို ဖြစ်နေပြီ"
လျန်ဟွမ်း ပြောနေစဉ် တစ်ဖက်မှ ခေါင်းဆောင်က လူငါးယောက်၊ ခြောက်ယောက် ခေါ်လာသည်။ ဒူးထောက်နေသော ကျိထျဲ့ကျူး အမေနှင့် မိန်းမကို မြင်သောအခါ ခေါင်းဆောင်က ပြောလိုက်သည်။ 
"ဘာလုပ်နေကြတာလဲ၊ ကျိထျဲ့ကျူးက သူခိုး၊ အမှားကြီး လုပ်ထားတဲ့သူ၊ နင်တို့က သူ့ဘက်ကနေ အသနားခံနေတာက သူ့ကို ဖုံးကွယ်ပေးချင်လို့လား၊ အမှားလုပ်တဲ့သူကို ဖုံးကွယ်ပေးရင် အဲဒီလူနဲ့အတူ ဝေဖန်ရေး လုပ်ခံရမှာနော်"
ကျိထျဲ့ကျူးနှင့် အတူတူ ဖြစ်သွားမည်ကို ကြားသောအခါ ကျိထျဲ့ကျူးမိန်းမက ကြောက်သွားသည်။ သို့သော် ဒူးထောက်လျက် ဆက်နေသည်။ သူမ စိတ်ထဲတွင် ကျိဟုန်ကျွင်းသာ ကျိထျဲ့ကျူးကို လွှတ်ပေးလိုက်ရင် ပြီးပြီဟု မျှော်လင့်နေဆဲ ဖြစ်သည်။
ကျိထျဲ့ကျူးအမေက သားတစ်ယောက်တည်း ရှိသည်။ သားမရှိတော့ရင် ဒုက္ခရောက်မှာမို့ ခေါင်းဆောင် စကားကို နားမဝင်ပေ။ လျန်ဟွမ်းကို ဆွဲပြီး ပြောလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... ငါ လျော်ကြေးပေးမယ်၊ တောင်းပန်မယ်၊ ငါ့သားကို လွှတ်ပေးလို့ ရမလား၊ ငါ တောင်းပန်ပါတယ်"
လျန်ဟွမ်းက နည်းနည်း စိတ်လျှော့ချင်သွားသော်လည်း သူမအိမ်မှ ပစ္စည်းခိုးသောသူကို လွှတ်ပေးလောက်အောင်တော့ မဟုတ်ပေ။ သူမ ကျိထျဲ့ကျူးအမေ၏ လက်ကို ဖယ်လိုက်သည်။ 
"တောင်းပန်ပါတယ်၊ ကျိထျဲ့ကျူး ပစ္စည်းခိုးတာ အပြစ်ပေးခံရမှာပါ"
ကျိထျဲ့ကျူးအမေက လျန်ဟွမ်းကို တောင်းပန်သော်လည်း လျန်ဟွမ်းက လက်မခံသဖြင့် မျက်နှာပြောင်းသွားသည်။ လျန်ဟွမ်းကို အော်ဟစ်လိုက်သည်။ "နင် ဘယ်လိုလူလဲ၊ ငါ တောင်းပန်နေတာတောင် ငါ့သားကို မလွှတ်ပေးဘူး၊ နင့်နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာလား၊ ဘာလို့ ဒီလောက် ရက်စက်ရတာလဲ"
လျန်ဟွမ်းက ကျိထျဲ့ကျူးအမေ မျက်နှာပြောင်းသွားသည်ကို ကြည့်ပြီး စိတ်ထဲရှိနေသော သနားစိတ်ကလေး ပျောက်သွားသည်။ သူမက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ 
"ခေါင်းဆောင်... လူတိုင်း ကိုယ်လုပ်တာ ကိုယ်တာဝန်ယူရမယ်၊ ကျွန်မနဲ့ ဟုန်ကျွင်းက ကျိထျဲ့ကျူးကို ကော်မတီရုံး အမြန်ပို့စေချင်ပါတယ်"
"ကောင်းပြီ၊ အခု ပို့လိုက်မယ်၊ ဟုန်ကျွင်းလည်း လိုက်ခဲ့" ခေါင်းဆောင် ပြောပြီးသည်နှင့် သူ့နောက်မှ လူများကို ကျိဟုန်ကျွင်း မီးဖိုချောင်ထဲမှ ကျိထျဲ့ကျူးကို သွားခေါ်ခိုင်းလိုက်သည်။
ကျိထျဲ့ကျူးအမေက တားသော်လည်း ခေါင်းဆောင်က တခြားလူများကို တားခိုင်းလိုက်သည်။
ကျိထျဲ့ကျူး အပြင်ရောက်လာသောအခါ အော်ဟစ်နေသည်။ "အမေ... ကယ်ပါဦး၊ ကျိဟုန်ကျွင်း... ငါ မှားပါတယ်၊ ငါ့ကို လွှတ်ပေးပါ..."
ကျိဟုန်ကျွင်းက သူ့စကားများကို ကြားသော်လည်း မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ အေးစက်နေသည်။
ခေါင်းဆောင်က လှည်းယူလာသည်။ ရွာသားများက ကျိထျဲ့ကျူးကို လှည်းပေါ် တင်လိုက်သည်။ လျန်ဟွမ်းက အိမ်တံခါး ပိတ်ပြီး ကျိဟုန်ကျွင်းနှင့်အတူ လှည်းပေါ် လိုက်ပါသွားသည်။
မနေ့ညက ပြောထားသည့်အတိုင်း ဒီနေ့ သူမက ဟုန်ကျွင်းနှင့်အတူ မြို့ပေါ်ရှိ ဆေးရုံမှ အစ်ကိုကြီးကျန့်ရှဲ့ကို သွားကြည့်မည်။
ကော်မတီရုံးက မြို့နယ်ထဲတွင် ရှိသည်။ မြို့ပေါ်သွားလျှင် မြို့နယ်ကို ဖြတ်သွားရမည်။ ကျိထျဲ့ကျူးကို ကော်မတီရုံး ပို့ပြီးမှ ဆေးရုံ ဆက်သွားမည်။
မြို့နယ်ကော်မတီရုံး ရောက်သောအခါ နေထွက်လာပြီ ဖြစ်သည်။ ရုံးတက်ချိန် ရောက်ပြီဖြစ်၍ ကော်မတီရုံးမှ ဝန်ထမ်းများက ရောက်လာကြပြီ ဖြစ်သည်။
ခေါင်းဆောင်က ကော်မတီရုံးတွင် လူသိသည်။ သူ လူခေါ်သွားပြီး တစ်ယောက်နှင့် စကားပြောနေသည်။
သူတို့ စကားပြောနေသည်ကို လျန်ဟွမ်း မကြားရပေ။ သူတို့ ပြောပြီးနောက် ကော်မတီရုံးမှ လူတစ်ယောက်က ကျိထျဲ့ကျူးကို ခေါ်သွားသည်။
ခေါင်းဆောင်က ကျိဟုန်ကျွင်းကို နှုတ်ဆက်ပြီး ရွာပြန်သွားသည်။
ကျိဟုန်ကျွင်းက ခေါင်းဆောင် ထွက်သွားသည်ကို စောင့်ပြီး လျန်ဟွမ်းဘေးသို့ ပြန်လာသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။ "ကျိထျဲ့ကျူးကိစ္စ ဘယ်လို အရေးယူမလဲဆိုတာ ပြောလား၊ ပြီးတော့ ကျိဟုန်ရှင်းဘက်ကရော အပြစ်ပေးခံရမှာလား"
ကျိထျဲ့ကျူးက ပစ္စည်းခိုးတာ ဆိုးသော်လည်း သူ့ကို အကြံပေးသည့် ကျိဟုန်ရှင်းက ပိုရွံဖို့ကောင်းသည်။
"ကော်မတီရုံးက စစ်ဆေးလိမ့်မယ်၊ သူ့ပယောဂ ပါတယ်ဆိုရင် သူလည်း အပြစ်ပေးခံရလိမ့်မယ်" 
ကျိဟုန်ကျွင်းက ပြောပြီး လျန်ဟွမ်း လက်ကို ဆွဲလိုက်သည်။ "သွားကြမယ်၊ ထမင်းအရင်စားမယ်၊ ပြီးမှ မြို့ပေါ် သွားမယ်"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း မနေ့ညက နောက်ကျမှ အိပ်ပြီး မနက် နောက်ကျမှ ထကြသည်။ ထထချင်း ကျိထျဲ့ကျူး မိသားစု ပြဿနာလာရှာသဖြင့် မနက်စာ မစားရသေးပေ။
"ဘယ်မှာ စားမှာလဲ" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။
"ပြည်သူပိုင် စားသောက်ဆိုင်မှာ" ကျိဟုန်ကျွင်းက ပြောရင်း ခြေလှမ်းကို လျှော့ပြီး လျန်ဟွမ်းနှင့် အတူလျှောက်လိုက်သည်။
… 
အခန်း (၃၅)
ပြည်သူပိုင် စားသောက်ဆိုင်တွင် မြို့ထဲမှ အလုပ်သမားအများစု အလုပ်သွားကြသဖြင့် စားသောက်ဆိုင်တွင် လူမရှိသလောက် နည်းပါးနေသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ဝင်သွားသောအခါ လူနှစ်ယောက်၊ သုံးယောက်သာ ထိုင်စားနေသည်ကို တွေ့ရသည်။ ကောင်တာတွင် အမျိုးသမီးဝန်ထမ်းက ပျင်းရိစွာ ထိုင်နေသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ဝင်လာသည်ကို မြင်သောအခါ ပျင်းရိစွာ မော့ကြည့်ပြီး အေးစက်စွာ မေးလိုက်သည်။ "ဘာစားမလဲ"
"အသားပေါက်စီ လေးလုံး၊ ဆန်ပြုတ် နှစ်ပန်းကန်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ကောင်တာဝန်ထမ်းက သူ့ကို မော့ကြည့်လိုက်သည်။ "အသားပေါက်စီ ကုန်ပြီ၊ သတ်သတ်လွတ်ပေါက်စီ နှစ်လုံးပဲ ကျန်တော့တယ်၊ ဆန်ပြုတ်က ပြောင်းဖူးဆန်ပြုတ်ပဲ ရှိတယ်၊ ယူမလား"
"ယူမယ်" ကျိဟုန်ကျွင်းက ဖြေလိုက်သည်။
"ပေါက်စီနှစ်လုံးက ကောက်ပဲသီးနှံလက်မှတ် ကျင်းဝက်နဲ့ ၂ ဆင့်၊ ပြောင်းဖူးဆန်ပြုတ်က ကောက်ပဲသီးနှံလက်မှတ် နှစ်လျန်၊ ၁ ဆင့်၊ ပိုက်ဆံအရင်ပေး ပြီးမှ စားရမယ်" ဝန်ထမ်းက ကျိဟုန်ကျွင်းကို အေးစက်စွာ ပြောလိုက်သည်။
ကျိဟုန်ကျွင်းက လက်မှတ်နှင့် ပိုက်ဆံကို ထုတ်ပေးလိုက်သည်။
ဝန်ထမ်းက ပိုက်ဆံနှင့် လက်မှတ်ကို ယူပြီး သူတို့ကို တစ်ချက်ကြည့်လိုက်သည်။ "နေရာလွတ်မှာ သွားထိုင်နေ၊ ပြီးရင် ကိုယ့်ဘာသာ လာယူ"
ဝန်ထမ်းက ပြောပြီးသည်နှင့် အနောက်သို့ ပေါက်စီနှင့် ဆန်ပြုတ် သွားယူသည်။
ပြည်သူပိုင် စားသောက်ဆိုင်မှ ပေါက်စီနှင့် ဆန်ပြုတ်သည် ကြိုလုပ်ထားခြင်း ဖြစ်သည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက နေရာထိုင်ခုံတွင် ထိုင်လိုက်သည်နှင့် ဝန်ထမ်းက ပေါက်စီနှင့် ဆန်ပြုတ် ယူလာပြီး ကောင်တာပေါ် တင်ကာ လှမ်းခေါ်လိုက်သည်။ "ပေါက်စီ ရပြီ၊ လာယူ"
ဝန်ထမ်းက ပြောပြီးသည်နှင့် ကောင်တာပေါ်တွင် ပေါက်စီနှင့် ဆန်ပြုတ်ကို တင်ထားပြီး ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ပြန်မှီနေလိုက်သည်။
ကျိဟုန်ကျွင်း လျှောက်သွားပြီး သတ်သတ်လွတ်ပေါက်စီနှင့် ဆန်ပြုတ် ယူလာကာ လျန်ဟွမ်းရှေ့တွင် ထိုင်ပြီး ပေါက်စီတစ်လုံး ကမ်းပေးလိုက်သည်။ "ပေါက်စီစား"
ဂျုံပေါက်စီဖြူဖြူကြီးက ကြီးလည်းကြီး ဖြူလည်းဖြူသဖြင့် စားချင်စဖွယ် ကောင်းလှသည်။ လျန်ဟွမ်း အားမနာဘဲ ပေါက်စီနှင့် ဆန်ပြုတ်ကို လှမ်းယူလိုက်ပြီး စားလိုက်သည်။
မနက်ကတည်းက ဘာမှမစားရသေးသဖြင့် ဗိုက်ဆာနေပြီ ဖြစ်သည်။ ပေါက်စီရသည်နှင့် အားပါးတရ စားလိုက်သည်။ ကျိဟုန်ကျွင်းလည်း ထိုနည်းတူပင်။ သူက အစားအသောက်ကို တန်ဖိုးထားသူမို့ ခေါင်းငုံ့ပြီး ပေါက်စီကို သေသေချာချာ စားနေသည်။
ပြည်သူပိုင် စားသောက်ဆိုင်မှ ပေါက်စီက တကယ် စားကောင်းသည်။ မုန်ညင်းရွက်နှင့် ကြာဇံ အစာသွပ်ထားပြီး ဝက်ဆီထည့်ထားသဖြင့် အသားပေါက်စီ မဟုတ်သော်လည်း မွှေးနေသည်။ ဂျုံနယ်တာ ကောင်းသဖြင့် ပေါက်စီသားက နူးညံ့နေသည်။
လျန်ဟွမ်းက ပေါက်စီစားရင်း ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "အိမ်ပြန်ရောက်ရင် ကျွန်မတို့လည်း ပေါက်စီ လုပ်စားကြမယ်" အိမ်မှာ ဝက်သားနည်းနည်း ကျန်သေးသည်။ ဝက်သားသုံးထပ်သားဖြင့် အသားပေါက်စီ လုပ်စားရင် ကောင်းမှာပင်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ဂျုံပေါက်စီဖြူဖြူကြီးကို အိမ်မှာ များများလုပ်စားရင် ဗိုက်ဝအောင် စားလို့ရသည်။
ပေါက်စီနှစ်လုံးနှင့် ဆန်ပြုတ်နှစ်ပန်းကန်သာ ရှိသဖြင့် တစ်ယောက် တစ်လုံးနှင့် တစ်ပန်းကန် စားလိုက်ရာ ခဏလေးနှင့် ကုန်သွားသည်။ စားသောက်ဆိုင်မှ ထွက်ပြီးနောက် ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ခေါ်ပြီး မြို့ထဲသို့ လျှောက်သွားသည်။
မနေ့ညက ပြန်လာတုန်းက မှောင်နေသဖြင့် ကျိဟုန်ကျွင်းက စက်ဘီးမစီးဘဲ ခေါင်းဆောင်ကြီး၏ စက်ဘီးကို ဆေးရုံတွင် ထားခဲ့ကာ ဝမ်ရှို့မေကို စီးပြီး ပြန်ခိုင်းလိုက်သည်။ မြို့နယ်မှ မြို့ထဲသို့ ဘတ်စ်ကား မရှိသဖြင့် သူနှင့် လျန်ဟွမ်း လမ်းလျှောက်သွားရမည်။
ကျိဟုန်ကျွင်း တစ်ယောက်တည်းဆို လမ်းလျှောက်မြန်သဖြင့် မိနစ် ၄၀ ခန့်နှင့် ရောက်သော်လည်း ဒီနေ့ လျန်ဟွမ်ပါ ပါလာသဖြင့် ခြေလှမ်းညှိလျှောက်ရသောကြောင့် တစ်နာရီကျော်မှ ရောက်သည်။
မြို့ထဲသို့ရောက်သောအခါ ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ဆေးရုံခေါ်သွားရန် ပြင်လိုက်သည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းလက်ကို ဆွဲထားလိုက်သည်။ "ဟုန်ကျွင်း... သမဝါယမဆိုင် အရင်သွားပြီး ပစ္စည်းဝယ်ကြမယ်"
လူမမာ သွားမေးတာ လက်ဗလာနဲ့ သွားလို့ မကောင်းဘူး။
ကျိဟုန်ကျွင်းက လူမှုရေး အတွေ့အကြုံ မရှိပေ။ သူက သူများ ကိုယ့်အပေါ်ကောင်းရင် ကိုယ်က ပြန်ကောင်းပေးတတ်သူမျိုးသာ ဖြစ်သည်။ လျန်ဟွမ်းက ပစ္စည်းဝယ်ချင်သည် ဆိုသောအခါ ခေါင်းညိတ်လိုက်သည်။ "အင်း... မင်းသဘောပဲ"
လျန်ဟွမ်းက မြို့ထဲ မရောက်ဖူးသဖြင့် သမဝါယမဆိုင် ဘယ်နားရှိမှန်း မသိပေ။ သူမက ကျိဟုန်ကျွင်းကို မေးလိုက်သည်။ "သမဝါယမဆိုင် ဘယ်နားလဲ မသိဘူး၊ ရှင် သိလား"
"သိတယ်၊ ကိုယ် လိုက်ပို့မယ်" ကျိဟုန်ကျွင်းက လျန်ဟွမ်းလက်ကို ဆွဲပြီး သမဝါယမဆိုင်ဘက် လျှောက်သွားသည်။
ကျိဟုန်ကျွင်းဘေးမှ လိုက်ပါရင်း လျန်ဟွမ်း မေးလိုက်သည်။ "ကျိဟုန်ကျွင်း... ရှင် မြို့ထဲ ခဏခဏ ရောက်ဖူးလား"
လမ်းကျွမ်းကျင်နေပုံအရ ခဏခဏ ရောက်ဖူးပုံရသည်။
"နည်းနည်း ရောက်ဖူးတယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေသည်။
လျန်ဟွမ်း ဆက်မမေးတော့ဘဲ ကျိဟုန်ကျွင်းနောက် လိုက်ပါသွားသည်။ သမဝါယမဆိုင်တွင် အိမ်သုံးပစ္စည်းများသာ ရောင်းသည်။ လူမမာမေးရာတွင် အိမ်သုံးပစ္စည်း ဝယ်သွားရန် မသင့်တော်သဖြင့် လျန်ဟွမ်း လိုက်ကြည့်ပြီးနောက် မုန့် ၁ ကျင်း နှင့် သကြားနီ ၁ ကျင်း ဝယ်လိုက်သည်။
မုန့်နှင့် သကြားနီက ဒီခေတ်တွင် တန်ဖိုးရှိသော ပစ္စည်းများ ဖြစ်သည်။ သကြားနီက ၁ ကျင်းလျှင် ၅ ဆင့် နှင့် သကြားလက်မှတ် ၁ ကျင်း ပေးရသည်။ မုန့်ကလည်း ၁ ကျင်းလျှင် ၅ ဆင့် နှင့် ကောက်ပဲသီးနှံလက်မှတ် ၁ ကျင်း ပေးရသည်။
တော်သေးသည်က လျန်ဟွမ်းလက်ထဲတွင် ပြီးခဲ့သောတစ်ခေါက်က ကျိဟုန်ကျွင်း ပေးထားသော လက်မှတ်များ ရှိနေသဖြင့် ဝယ်၍ ရသွားသည်။
ပစ္စည်းဝယ်ပြီးနောက် လျန်ဟွမ်းက ပစ္စည်းများကို ကိုင်ပြီး ကျိဟုန်ကျွင်းနှင့်အတူ ဆေးရုံသို့ သွားသည်။
ဆေးရုံတွင် ကျိကျန့်ရှဲ့ သတိရနေပြီ ဖြစ်သည်။ သူ့လက်မောင်းက စက်ညပ်မိထားသဖြင့် ၁၀ ချက်ခန့် ချုပ်ထားရသည်။ သွေးထွက်လွန်ထားသဖြင့် သတိရသော်လည်း မျက်နှာ ဖြူဖျော့နေသည်။
ဒုတိယအဒေါ်က ခုတင်ဘေးတွင် ထိုင်ပြီး ဂရုတစိုက် မေးမြန်းနေသည်။ ဒုတိယဦးလေးက အင်္ကျီကို ဆွဲစေ့ပြီး ဘေးတွင် ဘာမှမပြောဘဲ ရပ်နေသည်။
ဝမ်ရှို့မေက ကလေးချီပြီး ခုတင်တစ်ဖက်တွင် ထိုင်ကာ ကလေးချော့နေသည်။ ဒီနေ့ သူမ၏ အိမ်နီးနားချင်းက အိမ်လည်သွားသဖြင့် အိမ်မှာ မရှိသောကြောင့် ကလေးကို ဆေးရုံ ခေါ်လာခဲ့ရသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ဝင်လာသောအခါ မိသားစု ၅ ယောက် အခန်းထဲ ရှိနေသည်ကို တွေ့လိုက်ရသည်။
ဒုတိယအဒေါ်က လျန်ဟွမ်းကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။ "ဟုန်ကျွင်းမိန်းမ လာပြီလား၊ ကျန့်ရှဲ့ ဘာမှမဖြစ်ပါဘူး၊ ရာသီဥတု အေးတာကို ဘာလို့ လာနေတာလဲ"
ဒုတိယအဒေါ်က အားနာစကားပြောခြင်း ဖြစ်သည်။ လျန်ဟွမ်းက လာကြည့်သဖြင့် သူမ ဝမ်းသာနေသည်။
လျန်ဟွမ်းက ဒုတိယအဒေါ်၏ အားနာစကားကို နားလည်သဖြင့် ပြုံးပြီး မုန့်နှင့် သကြားနီကို စားပွဲပေါ် တင်လိုက်သည်။ "အဒေါ်... အိမ်မှာ နေလည်း ဘာမှလုပ်စရာ မရှိလို့ လာကြည့်တာပါ၊ အစ်ကိုကျန့်ရှဲ့ ဘယ်လိုနေလဲ၊ ဆရာဝန် ဘာပြောလဲ"
"ဆရာဝန်က လက်မောင်း ဘာမှမဖြစ်ဘူး ပြောတယ်၊ ဒါပေမဲ့ သွေးထွက်များလို့ အားရှိတာ စားရမယ်တဲ့၊ လက်မောင်းမှာတော့ အမာရွတ် ကျန်ခဲ့လိမ့်မယ်" ဒုတိယအဒေါ်က ပြောရင်း ဝမ်းနည်းနေသည်။
သား၏လက်မောင်းက ၁၀ ချက်လောက် ချုပ်လိုက်ရတာ ဘာမှမဖြစ်ဘူး ပြောသော်လည်း မိခင်စိတ်က ခံစားနေရသည်။
"သွေးထွက်များရင် သွေးအားပြန်ဖြည့်ရမယ်၊ အဒေါ်... ဝက်အသည်းက သွေးအားကောင်းတယ်လို့ ကြားတယ်၊ အစ်ကိုကျန့်ရှဲ့ကို ဝက်အသည်း ကျွေးရင် သက်သာမြန်လိမ့်မယ်"
သူမက ကမ္ဘာများစွာ ရောက်ဖူးသဖြင့် ဝက်အသည်းက သွေးအားကောင်းကြောင်း ကြားဖူးသည်။ ဒီခေတ်မှာ အသားဝယ်ရခက်သော်လည်း ဝက်အသည်းကို လူတွေ သိပ်မကြိုက်ကြပေ။ ဒီခေတ်လူတွေ ချက်ပြုတ်နည်းက ဆီနည်းနည်း၊ ဆားနည်းနည်းနှင့် အမွှေးအကြိုင် မပါဘဲ ချက်ကြသဖြင့် အရသာ မရှိပေ။ ဝက်အသည်းက ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ အမွှေးအကြိုင်များများ၊ ဆီများများဖြင့် ချက်မှ ကောင်းတာဖြစ်သည်။ ပုံမှန်လူတွေက ပြုတ်ချက်ကြသဖြင့် ဝက်အသည်း မစားကြပေ။
ဒုတိယအဒေါ်က လျန်ဟွမ်း စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ 
"အဲဒါ တကယ် သွေးအားကောင်းလို့လား၊ အဲဒါက စားမကောင်းဘူး၊ ညှီစော်နံတယ်၊ တခြား သွေးအားကောင်းတာ မရှိဘူးလား"
"သကြားနီလည်း ကောင်းပါတယ်" လျန်ဟွမ်းက ပြုံးပြီး ပြောလိုက်သည်။
ဝက်အသည်းကို အိမ်ပြန်ရောက်ရင် ဟုန်ကျွင်းနဲ့ သမဝါယမဆိုင် သွားကြည့်ပြီး ဝယ်ရမယ်။ အိမ်ရောက်မှ ချက်ပြီး မနက်ဖြန် ဟုန်ကျွင်းကို ပေးလိုက်ရမယ်။ ဒုတိယအဒေါ်က ဝက်အသည်း မကောင်းဘူးလို့ ထင်နေတာမို့ အခု ပြောလည်း လက်ခံမှာ မဟုတ်ဘူး။ ဟုန်ကျွင်းကို ချက်ပြီးသား ယူသွားခိုင်းတာ ပိုကောင်းမယ်။
"သကြားနီတော့ သိတယ်၊ အိမ်မှာ သကြားလက်မှတ် မရှိတော့ဘူး၊ နောက်မှ လက်မှတ်သွားလဲပြီး နင့်အစ်ကိုကို သကြားနီ ဝယ်တိုက်ရမယ်" ဒုတိယအဒေါ်က လျန်ဟွမ်းနှင့် ကျိကျန့်ရှဲ့ အားဖြည့်မည့်အကြောင်း ဆွေးနွေးနေသည်။
ဒုတိယဦးလေးနှင့် ကျိဟုန်ကျွင်းက ဘေးတွင် ရပ်ပြီး နားထောင်နေသည်။
ဝမ်ရှို့မေက ကလေးချီထားရာ ကလေးက အဘွားအသံ ကြားလိုက်သဖြင့် ငိုလာသည်။
လျန်ဟွမ်းက ဝမ်ရှို့မေ ချီထားသော ကလေးကို ကြည့်ပြီး အနားတိုးသွားကာ ငုံ့ကြည့်လိုက်သည်။ 
"အစ်မ... ကလေးငိုနေတယ်၊ ဗိုက်ဆာလို့လား"
လျန်ဟွမ်းက ကလေး၏ မျက်နှာလေးကို ကြည့်ပြီး သဘောကျနေသည်။
ဝမ်ရှို့မေက ကလေးထိန်းတတ်သူဖြစ်၍ ကလေးကို ကောင်းကောင်းမွန်မွန် ထားထားသည်။ ကလေးက ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည်။ လျန်ဟွမ်းက ကလေးကို ကြည့်ပြီး ချီချင်လာသည်။
သူမက ကလေးချစ်သည်။ မစ်ရှင်အများကြီး လုပ်ဖူးရာတွင် လူကြီးများကို ပြုစုပျိုးထောင်ရသည်များ ရှိသလို ကလေးဘဝကတည်းက ပြုစုပျိုးထောင်ရသည်များလည်း ရှိသဖြင့် ကလေးထိန်း အတွေ့အကြုံ ရှိသည်။
ဝမ်ရှို့မေက ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး၊ ကလေးက ငြီးငွေ့လာလို့ နေမှာ၊ လှုပ်ပေးလိုက်ရင် ပျောက်သွားလိမ့်မယ်"
ဝမ်ရှို့မေက ကလေးကို လှုပ်ပေးလိုက်ရာ ကလေး အငိုတိတ်သွားသည်။
လျန်ဟွမ်းက ငြိမ်သွားသော ကလေးကို ကြည့်ပြီး ချီချင်စိတ် ပေါ်လာပြန်သည်။ "အစ်မ... ကျွန်မ ချီကြည့်လို့ ရမလား"
လသားအရွယ် ကလေးလေးက ဖြူဖြူဖွေးဖွေးနှင့် ချစ်စရာကောင်းသည်။ ဒီအရွယ် ကလေးလေးတွေက နတ်သမီးလေးလို ချစ်ဖို့ကောင်းသည်။
"ရပါတယ်၊ လာ... ဒီလို ပွေ့ထား..." ဝမ်ရှို့မေက ကလေးကို လျန်ဟွမ်းလက်ထဲ ထည့်ပေးပြီး ဘယ်လိုပွေ့ရမလဲ သင်ပေးသည်။
လျန်ဟွမ်း ကလေးကို ပွေ့လိုက်သည်။ သတိထားပြီး ဝမ်ရှို့မေ ပြောသလို ပွေ့လိုက်သည်။
ကလေး၏ နူးညံ့သော ခန္ဓာကိုယ်လေး ရင်ခွင်ထဲ ရောက်လာသောအခါ လျန်ဟွမ်း ငုံ့ကြည့်လိုက်သည်။ 
"ကလေးလေး..."
လျန်ဟွမ်းက ကလေးကို ကြည့်ပြီး ပြုံးနေသည်။ အပြုံးက ရိုးသားဖြူစင်သည်။
ဒုတိယအဒေါ်က လျန်ဟွမ်း ကလေးချီနေသည်ကို ကြည့်ပြီး စနောက်လိုက်သည်။ "ဟုန်ကျွင်းမိန်းမက ကလေးချစ်တာလား"
လျန်ဟွမ်း ဘာမှမစဉ်းစားဘဲ ဖြေလိုက်သည်။ "ဟုတ်ကဲ့... ဒီကလေးက ချစ်ဖို့ကောင်းတယ်"
"ကလေးတိုင်း ချစ်ဖို့ကောင်းပါတယ်" ဒုတိယအဒေါ်က ရယ်မောပြီး ပြောလိုက်သည်။ ပြီးနောက် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို ကြည့်ပြီး ဆက်ပြောသည်။ "ဟုန်ကျွင်းမိန်းမ... ချစ်ရင် ဟုန်ကျွင်းနဲ့ ကလေးမွေးလိုက်လေ၊ နင်နဲ့ ဟုန်ကျွင်းက ရုပ်ချောတော့ နင်တို့ကလေးလည်း ချောမှာ"
လျန်ဟွမ်း၏ ကလေးချီထားသောလက်က တောင့်သွားသည်။ သူမနှင့် ကျိဟုန်ကျွင်းတို့ရဲ့ ကလေးလား။ နည်းနည်း စောလွန်းနေပြီ။
"အဒေါ်... ကျွန်မတို့ မလောပါဘူး"
အဆင်ပြေသလို ဖြစ်လာပါစေ။ သူမနှင့် ကျိဟုန်ကျွင်းက အခုမှ လင်မယားအရာ မြောက်တာ။ ကလေးကိစ္စ ပြောဖို့ စောသေးတယ်။ ရရင် ယူမယ်။ မရရင်လည်း မလောဘူး။
ကျိဟုန်ကျွင်းက လျန်ဟွမ်းနှင့် ကလေးကို ကြည့်လိုက်သည်။ နက်ရှိုင်းသော မျက်လုံးများထဲတွင် အတွေးများ ဖြတ်ပြေးသွားသည်။
ကလေး...။ သူနဲ့ လျန်ဟွမ်းရဲ့ ကလေး...။ ဒုတိယအဒေါ် ပြောသလို သူတို့နှစ်ယောက် ရုပ်နဲ့တူပြီး ချစ်ဖို့ကောင်းမှာ။
လျန်ဟွမ်းက ကျိဟုန်ကျွင်း ဘာတွေးနေမှန်း မသိပေ။ သူမ ကလေးကို ခဏချီပြီးနောက် ကလေးက သူမအမေ မဟုတ်မှန်း သိသွားသလို အော်ငိုတော့သည်။
ကလေးငိုသဖြင့် လျန်ဟွမ်းက ဝမ်ရှို့မေလို လှုပ်ပေးသော်လည်း မရပေ။ ဝမ်ရှို့မေကို ပြန်ပေးလိုက်ရသည်။ "အစ်မ... ကြည့်ပါဦး၊ ဘာဖြစ်တာလဲ မသိဘူး"
"ဗိုက်ဆာလို့ နေမှာ" ဝမ်ရှို့မေက ကလေးကို ပွေ့ပြီး အခန်းထောင့်ဘက် လှည့်ကာ နို့တိုက်လိုက်သည်။
ကလေးက တကယ် ဗိုက်ဆာနေပုံရသည်။ နို့သောက်ရသည်နှင့် အငိုတိတ်သွားသည်။
ကျိကျန့်ရှဲ့ နိုးလာပြီးနောက် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း နေ့လယ်အထိ နေလိုက်သည်။ ဒုတိယဦးလေးက ထမင်းလိုက်ကျွေးမည် ဆိုသော်လည်း လျန်ဟွမ်း ငြင်းလိုက်သည်။
"ဦးလေး... ကျွန်မတို့ မလိုက်တော့ဘူး၊ ဒီနေ့ ညနေ ရွာထဲမှာ ငါးဝေမှာမို့ ပြန်ကြည့်လိုက်ဦးမယ်" လူမမာ လာမေးတာ ဒုတိယဦးလေး မိသားစုလည်း ဆေးရုံမှာ ရှိနေတော့ လိုက်စားဖို့ မကောင်းဘူး။
ငါးဝေမည်ဆိုသဖြင့် ဒုတိယဦးလေး ဆက်မတားတော့ပေ။ "ငါးဝေမှာဆိုတော့ ဟုန်ကျွင်းရေ... မင်းမိန်းမနဲ့ အတူ ပြန်လိုက်တော့၊ ငါ့အိမ်အတွက် ရမဲ့ ငါးကိုပါ ကူယူပေးပါကွာ"
ဆရာဝန်က ကျန့်ရှဲ့ရဲ့ ဒဏ်ရာကို ချုပ်ထားပေမဲ့ ၃ ရက်လောက် အဖျားမဝင်အောင် ဂရုစိုက်ရမယ် ပြောထားတယ်။ သူက ဆေးရုံမှာ သားကို စောင့်ကြည့်ရမယ်။ အိမ်ကိစ္စတွေ ဟုန်ကျွင်းကို အကူအညီတောင်းရမှာပဲ။
"ဟုတ်ကဲ့" ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
ဒုတိယဦးလေးက ငါးကိစ္စ စိတ်ပူသလို ဒုတိယအဒေါ်က ဟင်းရွက်ခင်းကို စိတ်ပူသည်။ အိမ်သော့ကို လျန်ဟွမ်းကို ပေးလိုက်သည်။ "ဟုန်ကျွင်းမိန်းမ... ငါ့အိမ်က ဟင်းရွက်ခင်းကို ဒီရက်ပိုင်း ရေမလောင်းနိုင်ဘူး၊ နင် အားရင် ကူလောင်းပေးပါဦး"
ဒုတိယအဒေါ်အိမ်က ဟင်းရွက်ခင်းက ခုတင်ပေါ်မှာပဲ ရှိတာမလို့ ရေလောင်းရတာ မိနစ်ပိုင်းပဲ ကြာမှာ။ လျန်ဟွမ်း သော့ယူပြီး လက်ခံလိုက်သည်။ "အဒေါ်... ကျွန်မ လောင်းပေးပါ့မယ်"
"အေး... ဟုန်ကျွင်းတို့လင်မယားကို ဒုက္ခပေးရပြီ" ဒုတိယအဒေါ်က လျန်ဟွမ်းလက်ကို ကိုင်ပြီး ပြောလိုက်သည်။
"ရပါတယ်... ဦးလေး၊ အဒေါ်၊ အစ်ကိုကျန့်ရှဲ့၊ အစ်မ... မိုးချုပ်တော့မယ်၊ ကျွန်မတို့ ပြန်တော့မယ်၊ မနက်ဖြန်မှ ပြန်လာခဲ့မယ်" လျန်ဟွမ်းက နှုတ်ဆက်လိုက်သည်။
"ပြန်ကြတော့၊ မနက်ဖြန် မလာပါနဲ့တော့၊ ကျန့်ရှဲ့ ဘာမှမဖြစ်ပါဘူး" ဒုတိယဦးလေးက မှာလိုက်သည်။
လျန်ဟွမ်း ပြုံးလိုက်ပြီး ဘာမှပြန်မပြောပေ။ လာမလာက ဟုန်ကျွင်း သဘောပဲ။ ဟုန်ကျွင်း လာရင် လိုက်လာမယ်။
ဒုတိယဦးလေးက ဆေးရုံပေါက်ဝအထိ လိုက်ပို့သည်။ ဆေးရုံပေါက်ဝရောက်မှ စက်ဘီးသော့ကို ကျိဟုန်ကျွင်းကို ပေးလိုက်သည်။ "ဟုန်ကျွင်း... မနေ့က ငှားလာတဲ့ ခေါင်းဆောင်ကြီး စက်ဘီးကို နင့်အစ်မ မနက်က စီးလာတာ၊ နင် ပြန်ယူသွားပြီး ပြန်ပေးလိုက်တော့"
စက်ဘီးက တန်ဖိုးရှိ ပစ္စည်းမလို့ ရွာထဲမှာ တစ်စီးတောင် ရှိတာ မဟုတ်ဘူး။ ခေါင်းဆောင်ကြီးက သူ့စက်ဘီးကို တယုတယ ထားတာ။ သူတို့ ငှားစီးတာ တစ်ရက်ရှိပြီမို့ ပြန်ပေးသင့်ပြီ။
ကျိဟုန်ကျွင်းလည်း ခေါင်းဆောင်ကြီး စက်ဘီးကို တန်ဖိုးထားမှန်း သိသဖြင့် ဒုတိယဦးလေး သိပ်မလိုတော့ဘူးဆိုတော့ သော့ယူလိုက်သည်။ "ဟုတ်ကဲ့ ဦးလေး... ဦးလေး ပြန်ဝင်တော့၊ ကျွန်တော်တို့ ပြန်တော့မယ်"
"အေး... ပြန်ကြတော့" ဒုတိယဦးလေးက လက်ပြပြီး ဆေးရုံထဲ ပြန်ဝင်သွားသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ခေါ်ပြီး စက်ဘီးထားရာ နေရာသို့ သွားသည်။ သော့ဖွင့်ပြီး စက်ဘီးပေါ် တက်လိုက်သည်။
"ဟွမ်းဟွမ်း... တက်လေ" ကျိဟုန်ကျွင်းက လျန်ဟွမ်းကို နောက်က လိုက်စီးရန် ပြောလိုက်သည်။
လျန်ဟွမ်းက စက်ဘီးအဟောင်းကြီးကို ကြည့်လိုက်သည်။ နောက်ထိုင်ခုံက သံတုံးကြီးမို့ ထိုင်ရတာ နာမှာ။
"ဟုန်ကျွင်း... ကျွန်မ သမဝါယမဆိုင် သွားချင်သေးတယ်၊ ပစ္စည်းဝယ်မလို့" ဝက်အသည်း ရှိမရှိ ကြည့်ရမယ်။ အထည်ဆိုင်မှာ အထည်ရှိမရှိ ကြည့်ရမယ်။ နှစ်သစ်ကူးပြီးရင် နွေဦးရောက်တော့မှာမို့ နွေဦးဝတ် အဝတ်အစား လုပ်ဖို့ ပြင်ဆင်ရမယ်။
"ကောင်းပြီ၊ တက်၊ ကိုယ် လိုက်ပို့မယ်" ကျိဟုန်ကျွင်းက လျန်ဟွမ်းကို တက်ခိုင်းလိုက်သည်။
ဒီတစ်ခါ လျန်ဟွမ်း မငြင်းတော့ဘဲ စက်ဘီးနောက်ခုံကို ကိုင်ပြီး ခုန်တက်လိုက်သည်။ ထိုင်ခုံပေါ် ရောက်သောအခါ ပြုတ်ကျမှာစိုးသဖြင့် ထိုင်ခုံကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
ကျိဟုန်ကျွင်းက ခြေထောက်ကို နင်းတံပေါ်တင်ပြီး လှည့်ကြည့်ကာ တိုးတိုး ပြောလိုက်သည်။ 
"ဟွမ်းဟွမ်း... ကိုယ့်ခါးကို ဖက်ထား"
လူရှေ့သူရှေ့ ခါးဖက်ရမှာလား။ လျန်ဟွမ်းက ဒီခေတ်အခြေအနေကို စဉ်းစားပြီး ငြင်းလိုက်သည်။ လက်နှစ်ဖက်ဖြင့် ကျိဟုန်ကျွင်း အင်္ကျီကို ဆွဲလိုက်သည်။ "သွားမယ်"
ကျိဟုန်ကျွင်းက အင်္ကျီစ ဆွဲထားသော လက်နှစ်ဖက်ကို ကြည့်ပြီး ဘာမှမပြောဘဲ စက်ဘီးနင်းထွက်သွားသည်။
မြို့ထဲတွင် ကျိဟုန်ကျွင်းက စက်ဘီးကို ပုံမှန်အရှိန်ဖြင့် နင်းသည်။ သမဝါယမဆိုင်ရှေ့ ရောက်သောအခါ ရပ်လိုက်သည်။ စက်ဘီးသော့ခတ်ပြီး နှစ်ယောက်သား ဝင်သွားကြသည်။
သမဝါယမဆိုင်တွင် နေ့လယ်စာစားချိန် နီးကပ်လာသဖြင့် လူမရှိသလောက် နည်းပါးနေသည်။ ဝန်ထမ်းများ စုပြီး စကားပြောနေကြသည်။
လျန်ဟွမ်းက အသားသည်ဘက် လျှောက်သွားသည်။ အသားသည်က အသားကုန်ပြီ ဖြစ်ကြောင်း ပြောလိုက်သည်။ "မင်း နောက်ကျသွားပြီ၊ ဒီနေ့ အသားမရှိတော့ဘူး၊ စားချင်ရင် မနက်ဖြန် စောစောလာတန်းစီ"
ယခုနှစ်က ဝက်သားရှားသည်။ တစ်နေ့ ဝက်တစ်ကောင်သာ ရသည်။ မြို့နယ်လူဦးရေ သောင်းချီရှိရာ ဝက်တစ်ကောင်က ဘယ်လောက်မှ မရှိပေ။ လူတွေ မနက်အစောကြီး တန်းစီကြသည်။
လျန်ဟွမ်းက အသားသည်ရှေ့တွင် ရပ်ပြီး ပြောလိုက်သည်။ "ကျွန်မ ဝက်သား မဝယ်ပါဘူး၊ ဝက်အသည်း ရှိလား"
အသားသည် ခေါင်းခါလိုက်သည်။ "ကုန်ပြီ၊ ဝက်အသည်းလည်း ကုန်ပြီ"
ဝက်အသည်း၊ ဝက်အဆုတ်၊ ဝက်အရိုးများပါ မကျန်တော့ပေ။ ဝက်အသည်း မကောင်းသော်လည်း ဝက်သားမစားရသောသူများက အာသာပြေ ဝယ်စားကြသည်။
အသားသည်စကား ကြားရသဖြင့် လျန်ဟွမ်း စိတ်ပျက်သွားသည်။ "ကျေးဇူးပါပဲ"
လျန်ဟွမ်း လှည့်ထွက်လာသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းနောက်မှ လိုက်လာပြီး မေးလိုက်သည်။ "ဝက်အသည်း လိုချင်လို့လား"
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ 
"အင်း... အစ်ကိုကျန့်ရှဲ့ သွေးထွက်များတော့ ဝက်အသည်းစားရင် သွေးအားပြန်ပြည့်စေတယ်၊ ဒုတိယအဒေါ်တို့ မိသားစုက ကျွန်မတို့ကို ကူညီဖူးတော့ ကူညီချင်လို့ပါ၊ ပြီးတော့ ဒုတိယအဒေါ်က ဝက်အသည်း မကောင်းဘူး ထင်နေတာ၊ တကယ်တမ်း ကောင်းတယ်ဆိုတာ ချက်ကျွေးချင်လို့၊ အသည်းကြော်က ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနဲ့ ကြော်ရင် စားကောင်းတယ်"
လျန်ဟွမ်းက တည်ငြိမ်စွာ ပြောနေသော်လည်း ကျိဟုန်ကျွင်း ခေါင်းထဲတွင် အသည်းကြော်ဟင်းပွဲ ပေါ်လာပြီး မျက်လုံးများ အရောင်တောက်သွားသည်။
"ဝက်အသည်း... ကိုယ် ရှာပေးမယ်"
လျန်ဟွမ်း ခြေလှမ်းတုံ့သွားပြီး ကျိဟုန်ကျွင်းကို မော့ကြည့်လိုက်သည်။ "ရှင် ရှာပေးမယ် ဟုတ်လား"
ကျိဟုန်ကျွင်း ဘယ်သွားရှာမှာလဲ။ မှောင်ခိုဈေးလား။
လျန်ဟွမ်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ မှောင်ခိုဈေးကို သူမ သွားချင်နေတာ ကြာပြီ။ ဒီတစ်ခါ ကျိဟုန်ကျွင်းနဲ့ အတူသွားပြီး လမ်းကြောင်းစုံစမ်းလို့ ရပြီ။ လမ်းကြောင်းသိရင် နေရာလွတ်ထဲက ဟင်းရွက်တွေ ထုတ်ရောင်းလို့ ရပြီ။ နေရာလွတ်ထဲက ဟင်းရွက်တွေ စားဖို့ အကြောင်းပြချက် ပေးလို့ရပြီ။
"အင်း" ကျိဟုန်ကျွင်းက ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ၊ ဒါဆို ရှင့်တာဝန်ပဲ၊ လာ... ဟိုဘက် သွားကြည့်ရအောင်၊ အိမ်မှာ ပစ္စည်းတွေ လိုနေတာ၊ ဒီတစ်ခါ ရောက်တုန်း ဝယ်သွားရမယ်" လျန်ဟွမ်းက တခြားကောင်တာဘက် လျှောက်သွားသည်။
ပြီးခဲ့တဲ့တစ်ခေါက် မြို့နယ် သမဝါယမဆိုင် သွားတုန်းက နှစ်သစ်ကူးကာလ ဖြစ်နေလို့ လူများပြီး ဘာမှမဝယ်ခဲ့ရဘူး။ မြို့ပေါ်က သမဝါယမဆိုင်က ပိုကြီးပြီး လူနည်းတော့ တန်းစီစရာ မလိုဘဲ ဝယ်လို့ရတယ်။
လျန်ဟွမ်းက ဆီကောင်တာသို့ အရင်သွားပြီး နှမ်းဆီတစ်ပုလင်း ဝယ်လိုက်သည်။ သမဝါယမဆိုင်က နှမ်းဆီကို ပုလင်းယူလာပြီး ထည့်လို့ရသော်လည်း လျန်ဟွမ်းတို့အိမ်တွင် ပုလင်းမရှိသဖြင့် ပုလင်းပါဝယ်လိုက်ရသည်။
ဆီဝယ်ပြီးနောက် ချင်းခြောက် ဝယ်လိုက်သည်။ ချင်းစိမ်း မရှိသဖြင့် ချင်းခြောက်ကလည်း ဟင်းချက်ရာတွင် သုံးလို့ရသည်။
မီးဖိုချောင်သုံးပစ္စည်းများ ဝယ်ပြီးနောက် အထည်ကောင်တာဘက် လျှောက်သွားသည်။ ကျိဟုန်ကျွင်းက ချင်းနှင့် ဆီပုလင်း ကိုင်ပြီး နောက်မှ လိုက်လာသည်။
အထည်ကောင်တာတွင် ဝန်ထမ်းက မိန်းကလေးဖြစ်သည်။ လျန်ဟွမ်းကို မြင်သောအခါ မေးလိုက်သည်။ "အထည် လိုချင်လို့လား"
"ဟုတ်တယ်... ညီမလေး၊ ဒီမှာ ဘာအထည်တွေ ရှိလဲ" လျန်ဟွမ်း မေးလိုက်သည်။
ဝန်ထမ်းကောင်မလေးက ကောင်တာပေါ်မှ အထည်များကို လက်ညှိုးထိုးပြသည်။ "ဒီမှာ ရှိသမျှ အကုန်ပဲ၊ ကြိုက်တာ ရွေး"
လျန်ဟွမ်း ကြည့်လိုက်ရာ အပြာရောင်နှင့် မီးခိုးရောင် အထည်များသာ တွေ့ရသည်။ တောက်ပသော အရောင်ဟူ၍ အပြာရောင် တောက်တောက် အထည်နှစ်စသာ ရှိသည်။ အရောင်က ရင့်သဖြင့် အင်္ကျီချုပ်ဝတ်ရာတွင် သိပ်မလှလောက်ပေ။
အနက်ရောင်အထည်ကတော့ ကျိဟုန်ကျွင်းအတွက် ဝယ်လို့ရသည်။ သို့သော် သူမက ကျိဟုန်ကျွင်းအတွက်တင် မကဘဲ ကိုယ့်အတွက်ပါ ဝယ်ချင်သည်။
"ညီမလေး... တခြား အထည် မရှိတော့ဘူးလား"
"တခြားအထည်လား" ကောင်မလေး စဉ်းစားလိုက်သည်။ "ကွက်စိပ်နဲ့ ချည်ချောသားအထည်တော့ ရှိတယ်၊ ကြည့်မလား"
ကွက်စိပ်က မလှသလို ချည်ချောသားက ဈေးကြီးသဖြင့် ရောင်းမထွက်ဘဲ ဂိုဒေါင်ထဲ ထားထားရသည်။
"ဟုတ်ကဲ့... ယူလာပေးပါလား၊ ကြည့်ချင်လို့ပါ" လျန်ဟွမ်းက ဝန်ထမ်းကောင်မလေးကို ပြောလိုက်သည်။
"ကောင်းပြီ၊ ခဏစောင့်" ဝန်ထမ်းကောင်မလေးက ဘေးက ဝန်ထမ်းကို ကောင်တာကြည့်ခိုင်းပြီး ဂိုဒေါင်ထဲ ဝင်သွားသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်းနား ကပ်ပြီး မေးလိုက်သည်။ "ဟုန်ကျွင်း... ရှင် ဘာအရောင် ကြိုက်လဲ၊ အပြာလား၊ အနက်လား"
"ကိုယ့်အတွက်လား" ကျိဟုန်ကျွင်းက ငုံ့ကြည့်လိုက်သည်။
လျန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ "အင်း... ရှင် ပြီးခဲ့တဲ့တစ်ခေါက် ယူလာတဲ့ လက်မှတ်ထဲမှာ အထည်လက်မှတ် ပါတယ်လေ၊ လက်မှတ်နဲ့ အင်္ကျီချုပ်ဝတ်ကြမယ်"
"အနက်ရောင်၊ အနက်ရောင် လုပ်ပေး" ကျိဟုန်ကျွင်းက မြန်မြန် ဖြေလိုက်သည်။
"ကောင်းပြီ၊ ဒါဆို အနက်ရောင် ဝယ်မယ်" လျန်ဟွမ်း ပြောနေစဉ် ဝန်ထမ်းကောင်မလေး အထည်ပိုက်ပြီး ထွက်လာသဖြင့် စကားစဖြတ်လိုက်သည်။
ဝန်ထမ်းကောင်မလေးက အထည်ကို ကောင်တာပေါ် တင်လိုက်သည်။ "ဒါက ကွက်စိပ်နဲ့ ချည်ချောအထည်၊ ကွက်စိပ်က ပိတ်စ ၁ ချီ ကို ၁ ယွမ်၊ ချည်ချောက ချည်သား၊ လက်မှတ်မလိုဘူး၊ ဒါပေမဲ့ ၁ ချီ ကို ၁ ယွမ်ခွဲ"
လျန်ဟွမ်းက ကွက်စိပ်အထည်ကို သဘောကျသည်။ အပေါ်ထပ်အင်္ကျီ ချုပ်ဝတ်ရင် လှမှာ။ ဈေးကြားတော့ တွန့်သွားသည်။ ပိုက်ဆံရှိပေမဲ့ အထည်လက်မှတ်က ၅ ချီပဲ ရှိတော့ နှစ်ယောက်စာ မလောက်ဘူး။
"ညီမလေး... ဒီအထည် ဘယ်လို ရောင်းလဲ" လျန်ဟွမ်းက အနက်ရောင်အထည်ကို မေးလိုက်သည်။
"ဒါက ၁ ချီ ကို ၈ ဆင့်၊ အထည်လက်မှတ် ၁ ချီ ကို အထည် ၂ ချီ ရမယ်"
"ဒါဆို ဒီအထည် ၅ ချီ ပေးပါ"
လျန်ဟွမ်းက ဈေးကြားတော့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ အနက်ရောင်က ကွက်စိပ်ထက် ဈေးသက်သာပြီး လက်မှတ်လည်း သက်သာတယ်။ ကျိဟုန်ကျွင်းအတွက် အရင်ဝယ်ပေးလိုက်မယ်။ ကိုယ့်အတွက်က နောက်မှ စုဝယ်တော့မယ်။
"ကောင်းပြီ" ဝန်ထမ်းကောင်မလေးက လျန်ဟွမ်းအတွက် အထည်ဖြတ်ပေးလိုက်သည်။
ပိုက်ဆံရှင်းပြီး အထည်ယူလိုက်သည်။ ဝန်ထမ်းကောင်မလေးက ရောင်းမထွက်သော ချည်ချောသားအထည်ကို ကြည့်ပြီး ပြောလိုက်သည်။ "ဒီအထည်က လက်မှတ်မလိုဘူး၊ အရမ်းနူးညံ့တယ်၊ ကလေးအသားအရေနဲ့ တည့်တယ်၊ အစ်မ ကလေးအတွက် အတွင်းခံချုပ်ပေးဖို့ မဝယ်ချင်ဘူးလား"
"မဝယ်တော့ပါဘူး၊ ဒီလောက်ဆို ရပါပြီ၊ ကျေးဇူးပဲ ညီမလေး" လျန်ဟွမ်းက အထည်ကို ယူပြီး ကျိဟုန်ကျွင်းကို ဆွဲခေါ်သွားသည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းဆွဲခေါ်ရာ နောက်သို့ ပါသွားရင်း ကောင်တာပေါ်မှ ကွက်စိပ်အထည်နှင့် ချည်ချောသားအထည်ကို လှမ်းကြည့်လိုက်သည်။
…
 

Search Novels