အခန်း (၃၆)
မြို့နယ်ခွဲရှိ လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုတွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်းနောက်သို့လိုက်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေသည်။ ကျဉ်းမြောင်းသော လမ်းကြားလေးတစ်ခုကို ကျော်ဖြတ်ပြီးနောက် ပိုမိုကျယ်ဝန်းသော လမ်းကြားတစ်ခုကို သူမ မြင်လိုက်ရသည်။ ထိုလမ်းကြားထဲတွင် လူအများအပြားကို သူမ တွေ့လိုက်ရသည်။ ထိုလူများသည် အလျင်စလို သွားလာနေကြပြီး ဘယ်ကြည့်ညာကြည့်နှင့် နားစွင့်နေကြသလို မျက်လုံးများကလည်း လေးဖက်လေးတန်ကို အကဲခတ်နေကြသည်။
ထိုလူများကို ကြည့်ရင်း လျန်ဟွမ်း၏ ခေါင်းထဲတွင် စကားလုံးတစ်လုံး လက်ခနဲ ပေါ်လာသည်။ 
မှောင်ခိုဈေး။
ဒီနေရာက မြို့နယ်ခွဲရဲ့ မှောင်ခိုဈေး ဖြစ်လောက်တယ်။ ရှာတွေ့ဖို့ ခက်ခဲတဲ့ လမ်းကြားလေးထဲမှာ ဒီကလူတွေက ရပ်ပြီး အရောင်းအဝယ် လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ အရောင်းအဝယ်လုပ်တာက ပုံမှန်အားဖြင့် တစ်မိနစ်ထက် မပိုဘူး။ လျန်ဟွမ်းက ကျိဟုန်ကျွင်းဘေးနားမှာ နေပြီး လူအတော်များများကို အကဲခတ်ကြည့်လိုက်သည်။ ထိုလူများသည် ရပ်လိုက်ပြီး ဘေးလူနှင့် စကားနှစ်ခွန်းလောက် ပြောလိုက်ကြသည်။ ပြီးနောက် ပစ္စည်းကို အမြန်ထုတ်ကာ တစ်ဖက်လူကို ပေးလိုက်ပြီး တစ်ဖက်လူကလည်း ပိုက်ဆံကို အမြန်ပေးလိုက်သည်။ အရောင်းအဝယ် ပြီးဆုံးသွားသည်နှင့် တွေ့ဆုံကြသူ နှစ်ဦးသည် တစ်ခါမှ မဆုံဖူးသကဲ့သို့ အမြန်လမ်းခွဲသွားကြသည်။
ထိုလူများ ခိုးကြောင်ခိုးဝှက် အရောင်းအဝယ်လုပ်နေကြပုံကို ကြည့်ရင်း လျန်ဟွမ်း သဘောပေါက်သွားသည်။ ဒါက ဒဏ္ဍာရီလာမှောင်ခိုဈေးပါလား။ မှောင်ခိုဈေးနေရာကို ရှာတွေ့ပြီဆိုတော့ နောက်ဆို သူမ ဟင်းသီးဟင်းရွက်တွေကို ဒီမှာ လာခိုးရောင်းလို့ ရပြီ။ ဒါပေမဲ့ သူမလည်း သတိထားပြီး လုပ်ရှားရမယ်။ အဖမ်းခံရလို့ မဖြစ်ဘူး။
လျန်ဟွမ်း တွေးနေစဉ်မှာပင် ကျိဟုန်ကျွင်းက သူမကို ခေါ်ပြီး မှောင်ခိုဈေးကို ဖြတ်သန်းကာ မှောင်ခိုဈေး၏ အခြားတစ်ဖက်ရှိ လမ်းချိုးအကွေ့ လမ်းကြားလေးတစ်ခုဆီသို့ ရောက်ရှိလာသည်။ ထိုလမ်းကြားလေးမှာ လမ်းပိတ်ဖြစ်ပြီး လေးဖက်လေးတန်တွင် နံရံများ ရှိနေသည်။
လျန်ဟွမ်းက မော့ကြည့်ပြီး ကျိဟုန်ကျွင်းကို မေးလိုက်သည်။ "ဟုန်ကျွင်း... ကျွန်မတို့ ဒီမှာ ဘာလုပ်မလို့လဲ"
ကျိဟုန်ကျွင်းက ဘေးနားရှိ နံရံကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီမှာ ကိုယ့်ကို စောင့်နေ၊ နှစ်မိနစ်နေရင် ပြန်လာခဲ့မယ်"
ကျိဟုန်ကျွင်းက နံရံကို ကြည့်လိုက်သည်ကို လျန်ဟွမ်း မြင်လိုက်ရသည်။ သူမလည်း နံရံကို မော့ကြည့်လိုက်သည်။ "ရှင် ကျော်တက်မလို့လား"
"အင်း"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ လက်ကို လွှတ်ပေးလိုက်သည်။ သူ ဘာသွားလုပ်မည်ကို ဆက်မမေးတော့ဘဲ ပြောလိုက်သည်။ "ရှင် ဂရုစိုက်နော်"
"ကောင်းပြီ" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် နံရံကို ကျော်ကာ တစ်ဖက်သို့ ခုန်ဆင်းသွားသည်။
တစ်ဖက်ခြံဝင်းထဲတွင် ဟေးဇီးက ကျိဟုန်ကျွင်း နံရံကျော်ဝင်လာသည်ကို မြင်သောအခါ အံ့ဩသွားသည်။ ထို့နောက် သူ့မျက်လုံးနက်နက်များ အရောင်တောက်လာပြီး အိမ်ထဲသို့ အမြန်ပြေးဝင်သွားသည်။ "အစ်ကိုနျူ... ဟို... ဟိုလူ ရောက်လာပြီ"
ကျိဟုန်ကျွင်းက သူ့နာမည်ကို တစ်ခါမှ မပြောဖူးသဖြင့် အစ်ကိုနျူနှင့် ဟေးဇီးတို့က သူ ဘယ်သူလဲဆိုတာ မသိကြပေ။ သို့သော် အစ်ကိုနျူက ကျိဟုန်ကျွင်း၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန်နှင့် ကျိဟုန်ကျွင်း မှောင်ခိုဈေးတွင် ပေါ်လာသည်နှင့် သူ့ကို ပြောပြရန် ဟေးဇီးကို ကြိုတင်မှာထားသည်။
အစ်ကိုနျူသည် အခန်းထဲရှိ ပက်လက်ကုလားထိုင်ပေါ်တွင် အနားယူနေရာမှ ဟေးဇီး၏ စကားကို ကြားသောအခါ ကုလားထိုင်ပေါ်မှ ထလိုက်သည်။ "သူ ပစ္စည်းတွေ ယူလာသလား"
ဟေးဇီးက ခေါင်းခါလိုက်သည်။ "လက်ဗလာနဲ့ လာတာ"
အစ်ကိုနျူ အနည်းငယ် စိတ်ပျက်သွားသော်လည်း အခန်းထဲမှ ထွက်လာခဲ့သည်။ ခြံဝင်းထဲတွင် ရပ်နေသော ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ညီလေး... မင်း ရောက်လာပြီပဲ"
"ဟုတ်ကဲ့ အစ်ကိုနျူ... ကျွန်တော် ပစ္စည်းနည်းနည်း လာလဲတာ၊ ပြီးတော့ အစ်ကိုနျူကို စုံစမ်းခိုင်းထားတဲ့ ဂွမ်းကိစ္စ သတင်းရပြီလား မသိဘူး" ကျိဟုန်ကျွင်းက ဒီတစ်ခေါက် လာရသည့် ရည်ရွယ်ချက်ကို တဲ့တိုးပင် ပြောလိုက်သည်။
"ရပြီ ရပြီ... ပစ္စည်းတွေ မင်းအတွက် ချန်ထားပေးတယ်၊ ညီလေး အခန်းထဲ လိုက်ယူချေ" အစ်ကိုနျူက ကျိဟုန်ကျွင်းကို ခေါ်ပြီး အခန်းထဲ ဝင်သွားသည်။
အခြားတစ်ဖက် လမ်းကြားလေးထဲတွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ဝင်သွားသည်ကို မြင်သောအခါ စက္ကန့်သုံးဆယ်ခန့် စောင့်ပြီးနောက် လမ်းကြားထဲမှ အမြန်ထွက်ကာ မှောင်ခိုဈေး လူအုပ်ထဲသို့ သွားလိုက်သည်။ သူမ မျက်လုံးများက ဝေ့ဝဲကြည့်ရှုရင်း သတိထား လျှောက်လှမ်းကာ လူစုလူဝေး ရှိရာသို့ တိတ်တဆိတ် တိုးကပ်သွားသည်။
ထိုလူများအနား ရောက်သောအခါ ဘယ်ဈေးနဲ့ ရောင်းသလဲ၊ လက်မှတ်ပါရင် ဘယ်လိုလဲချသလဲ၊ လက်မှတ်မပါရင် ဘယ်လိုလဲသလဲ၊ ဈေးလျှော့ပေးလို့ ရမလား စသည့် စကားများကို လျန်ဟွမ်း ကြားလိုက်ရသည်။
လျန်ဟွမ်းသည် အရောင်းအဝယ် လုပ်နေသော လူနှစ်စုအနားသို့ ကပ်သွားပြီး စကားအနည်းငယ် နားထောင်ပြီးနောက် အမြန် ပြန်ထွက်လာခဲ့သည်။
ဒီခေတ် အရောင်းအဝယ်တွေကလည်း ဈေးဆစ်လို့ ရတာပဲ။ ဒီက ဈေးနှုန်းတွေက သမဝါယမအရောင်းဆိုင်ထက် အများကြီး ပိုမြင့်ပုံရတယ်။ ခုနက လူတစ်ယောက် သကြားနီအကြောင်း ပြောနေတာ သူမ ကြားလိုက်ရတယ်။ သမဝါယမဆိုင်မှာ သကြားနီ တစ်ကျင်းကို ငါးဆင့်၊ လက်မှတ်လိုတယ်။ ဒီမှာ သကြားနီ တစ်ကျင်းကို တစ်ယွမ်နဲ့ သုံးဆင့်၊ လက်မှတ်မလိုဘူး။
မှောင်ခိုဈေး၏ အရောင်းအဝယ်နှင့် ဈေးနှုန်း အချို့ကို နားလည်သွားပြီးနောက် လျန်ဟွမ်းသည် ခုနက လာခဲ့သည့် လမ်းကြားလေးဆီသို့ အမြန် ပြန်လျှောက်သွားလိုက်သည်။ ကျိဟုန်ကျွင်း ပြန်ရောက်နေပြီလား မသိဘူး။
အစ်ကိုနျူ နေထိုင်သည့် ခြံဝင်းထဲတွင် သူက ကျိဟုန်ကျွင်း လိုချင်သော ပစ္စည်းများကို ပေးလိုက်သည်။ 
"ညီလေး... မင်း လိုချင်တဲ့ ပစ္စည်းတွေ ပေးပြီးပြီ၊ ငါ လိုချင်တဲ့ ပစ္စည်းကိုရော ဘယ်တော့လောက် လာပို့ပေးနိုင်မလဲ"
အသား... မွှေးကြိုင်နေတဲ့ အသား။ သူ အသားမစားရတာ ရက်အတော်ကြာပြီမို့ ပါးစပ်ထဲတွင် အရသာမရှိဘဲ ခြောက်ကပ်ကပ် ဖြစ်နေသည်။ အသားစားချင်လှပြီ။
ကျိဟုန်ကျွင်းက လက်မှတ်များကို သိမ်းဆည်းလိုက်ပြီး ဂွမ်းထုပ်ကို လက်ဖြင့် ဆွဲကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီည"
ကောင်းတာပေါ့။ ဝက်အသည်း တစ်စုံလောက် ရရင် ကောင်းမယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ဝက်အသည်းကို ဟွမ်းဟွမ်းက မုန်ညင်းဖြူနဲ့ ရောချက်လိုက်တော့ သူက သူမ ပြောတဲ့ အသည်းကြော် အစပ်ချက်ကို မစားလိုက်ရဘူး။ ဒီတစ်ခေါက်တော့ စားရလောက်ပါရဲ့။
ကျိဟုန်ကျွင်းက ပစ္စည်းများ ဆွဲကာ ထွက်သွားသည်။ ခြံဝင်းထဲ ရောက်သည်နှင့် အစ်ကိုနျူနှင့် ဟေးဇီးတို့ ရှေ့မှာပင် နံရံပေါ်သို့ ခုန်တက်ကာ တစ်ဖက်သို့ ခုန်ဆင်းသွားသည်။
လျန်ဟွမ်းက လမ်းကြားထဲသို့ ပြန်ရောက်ခါစတွင် ကျိဟုန်ကျွင်း ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။ သူမက ခြေလှမ်းကျဲကြီး နှစ်လှမ်းဖြင့် သူ့အနားသို့ လျှောက်သွားလိုက်ရာ အသက်ရှူသံ အနည်းငယ် ပြင်းနေသည်။ "ဟုန်ကျွင်း"
ကျိဟုန်ကျွင်းက ဂွမ်းထုပ်ကို ကိုင်ထားရင်း ခေါင်းညိတ်ပြသည်။ "အင်း... သွားစို့၊ အိမ်ပြန်ကြမယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း ကိုင်ထားသည့် ပစ္စည်းကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။ 
"ဟုန်ကျွင်း... ရှင် ကိုင်ထားတာ ဘာကြီးလဲ"
ဒီအိတ်ကြီးထဲက ပစ္စည်းက ပေါ့ရွှတ်ရွှတ်နဲ့ ဘာများပါလိမ့်။
"ဂွမ်း" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေသည်။
ကျိဟုန်ကျွင်း၏ အဖြေကို ကြားသောအခါ လျန်ဟွမ်းက ဂွမ်းထုပ်ကို လှမ်းကိုင်လိုက်သည်။ 
"တကယ်လား"
ကျိဟုန်ကျွင်းက တကယ်ပဲ ဂွမ်းရအောင် ယူလာနိုင်တာပဲ။ ဒီတစ်ခေါက် အိမ်ပြန်ရောက်ရင် ဂွမ်းကပ်အင်္ကျီ ချုပ်လို့ရပြီ။ နှစ်သစ်ကူး ပြီးသွားပြီဆိုပေမဲ့ နှစ်ကူးပြီးခါစမလို့ ရာသီဥတုက အေးနေသေးတယ်။ နှစ်ကူးပြီးရင်လည်း နှင်းကျတဲ့ ရက်တွေ ရှိဦးမှာ။ ဒီအချိန်မှာ ဂွမ်းရတယ်ဆိုတော့ အိမ်ပြန်ရောက်ရင် ဂွမ်းကပ်အင်္ကျီ ချုပ်မယ်။ ချုပ်ပြီးရင် အင်္ကျီသစ် ဝတ်လို့ရပြီ။ ကိုယ်ပေါ်က အင်္ကျီဟောင်းကို ဖျက်လိုက်မယ်။ လျှော်ပြီး အသစ် ပြန်ချုပ်လို့ရတယ်။
"တကယ်ပါ" ကျိဟုန်ကျွင်းက ဂွမ်းအိတ်ကို ကိုင်ထားရင်း လျန်ဟွမ်းကို အိတ်ထဲမှ ဂွမ်းကို စမ်းကြည့်စေသည်။
လျန်ဟွမ်းက အိတ်ပေါ်သို့ လက်တင်ကာ ဖွဖွလေး ဖျစ်ကြည့်လိုက်သည်။ ပျော့အိနေတာ တကယ့် ဂွမ်းပဲ။ ဂွမ်းစေ့လေးတွေကိုတောင် စမ်းမိတယ်။ အခုခေတ် ဂွမ်းတွေက ဂွမ်းစေ့ မထုတ်ရသေးတဲ့ ဂွမ်းတွေ ဖြစ်လောက်တယ်။ အိမ်ပြန်ရောက်ပြီး အင်္ကျီချုပ်မယ်ဆိုရင် ဂွမ်းစေ့တွေကို အရင် ထုတ်ရဦးမယ်။
"ဟုန်ကျွင်း... အိမ်ရောက်ရင် ရှင့်ကို ဂွမ်းကပ်အင်္ကျီ ချုပ်ပေးမယ်" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို လှည့်ကြည့်လိုက်ပြီး သူမ၏ ပျော်ရွှင်နေသော မျက်လုံးများနှင့် ဆုံသောအခါ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ခေါ်ပြီး လမ်းကြားထဲမှ ထွက်လာခဲ့သည်။ သူက စက်ဘီး ရပ်ထားခဲ့သော နေရာသို့ သွားပြီး လျန်ဟွမ်းကို တင်ကာ အိမ်ပြန်လာကြသည်။
ကျိဟုန်ကျွင်းက စက်ဘီးနင်းတာ မြန်သဖြင့် မိနစ်နှစ်ဆယ်ကျော် အတွင်းမှာပင် မြို့နယ်ခွဲမှ အိမ်သို့ ရောက်လာကြသည်။ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့သည် ဝယ်လာသော ပစ္စည်းများကို အိမ်မကြီးထဲသို့ အတူတူ သယ်သွားကြသည်။ ပြီးနောက် သူက ခေါင်းဆောင်အိမ်သို့ စက်ဘီး သွားပြန်ပေးရန် ပြင်လိုက်သည်။
လျန်ဟွမ်းက သူ စက်ဘီး သွားပြန်ပေးမည်ကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။ "ဟုန်ကျွင်း... ခဏလေး"
ကျိဟုန်ကျွင်းက စကားနားထောင်စွာဖြင့် ခြေလှမ်း တန့်လိုက်သည်။
လျန်ဟွမ်းက မီးဖိုချောင်ထဲသို့ အမြန် ပြေးဝင်သွားသည်။ ရှုပ်ပွနေသော ဟင်းရွက်ခင်းထဲမှ အကောင်းပကတိ ကျန်နေသေးသော ဟင်းရွက်အချို့ကို ရွေးကာ ခြင်းတောင်းတစ်လုံးထဲသို့ ထည့်လိုက်သည်။ အပေါ်မှ အဝတ်စဖြင့် အုပ်ပြီးနောက် လျန်ဟွမ်း မီးဖိုချောင်ထဲမှ ထွက်လာပြီး ကျိဟုန်ကျွင်းကို ပေးလိုက်သည်။ "ဒါကို ယူသွားပြီး ခေါင်းဆောင်အိမ်ကို ပေးလိုက်၊ အိမ်မှာ စိုက်ထားတာလို့ ပြောလိုက်၊ ကျိထျဲ့ကျူးက နုတ်ပစ်လိုက်လို့ အကြာကြီး ထားလို့ မခံတော့ဘူး၊ သူတို့ကို စားလိုက်တော့လို့ ပြောလိုက်"
သူတို့က ခေါင်းဆောင်အိမ်က စက်ဘီးကို ယူစီးခဲ့တာ။ ဒီခေတ်မှာ စက်ဘီးဆိုတာ နောင်လာမဲ့ ခေတ်က BMW ကားနဲ့ တူတူပဲ။ ယောကျ်ားသားတွေ မြတ်နိုးရတဲ့ ပစ္စည်း။ သူများ စက်ဘီးကို ယူစီးပြီး အလကား နေလို့တော့ မကောင်းဘူး။ သူတို့အိမ်မှာ ဟင်းရွက်စိမ်း ရှိနေတော့ ဟင်းရွက်လေး ပေးပြီး ကျေးဇူးဆပ်တာ ကောင်းပါတယ်။
ကျိဟုန်ကျွင်းက ခြင်းတောင်းကို လှမ်းယူလိုက်သည်။ "အင်း"
ကျိဟုန်ကျွင်းက ခြင်းတောင်းကို ကိုင်ရင်း စက်ဘီးကို တွန်းကာ ခေါင်းဆောင်အိမ်သို့ ထွက်သွားသည်။ လျန်ဟွမ်းက အခန်းထဲ ပြန်ဝင်ပြီး ကျိဟုန်ကျွင်း ဝယ်လာသော ပစ္စည်းများကို ကြည့်ရန် စိတ်မလောပေ။ သူမသည် ဇလုံတစ်လုံးကို ကိုင်ကာ အပူပေးခုတင်ပေါ်ရှိ ဟင်းရွက်ခင်းရှေ့တွင် ရပ်ပြီး ဟင်းရွက်များကို ရွေးနေသည်။ စားလို့ရသော ဟင်းရွက်များကို ရွေးပြီး ဇလုံထဲ ထည့်သည်။ မကောင်းသော ဟင်းရွက်များကို တစ်ပုံ ပုံထားပြီး ခဏနေ လွှင့်ပစ်ရန် ပြင်ထားသည်။
သူမ ပင်ပင်ပန်းပန်း စိုက်ထားရသော ဟင်းရွက်ခင်းလေးကို ကျိထျဲ့ကျူးက ဖျက်ဆီးပစ်လိုက်သည်။ တွေးမိတိုင်း ဒေါသထွက်ရသည်။
ခေါင်းဆောင်အိမ်သို့ ကျိဟုန်ကျွင်း ရောက်သွားချိန်တွင် ခေါင်းဆောင်သည် စာရင်းကိုင်နှင့်အတူ စာရင်းတွက်နေသည်။ ဒီမနက် ရွာထဲက ငါးဖမ်းကျွမ်းကျင်သူတွေကို ခေါ်ပြီး ငါးဖမ်းခိုင်းရာ ငါးအတော်များများ ရခဲ့သည်။ ညနေကျရင် ငါးဝေရမည်။ သူက ရွာထဲမှာ ငါးဘယ်လောက် ရထားသလဲ၊ သမဝါယမကို ဘယ်လောက် ပို့ရမလဲ၊ ရွာသားတွေကို ဘယ်လို ခွဲဝေပေးရမလဲဆိုတာကို တွက်ချက်နေခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်းက စက်ဘီး တွန်းပြီး ဝင်လာသည်ကို ခေါင်းဆောင် သတိထားမိပြီး ဘောပင်ကို စားပွဲပေါ် တင်လိုက်သည်။ "ဟုန်ကျွင်း ပြန်ရောက်ပြီလား၊ ကျန့်ရှဲ့ အခြေအနေ ဘယ်လိုလဲ"
"နည်းနည်း ချုပ်လိုက်ရတယ်၊ လူကတော့ သတိရလာပါပြီ" ကျိဟုန်ကျွင်းက အခြေအနေကို ပြောပြသည်။
"လူ သတိရလာရင် ပြီးတာပါပဲ၊ ဟုန်ကျွင်း... လာ ထိုင်ဦး၊ မင်း ဦးလေးတို့ ဘယ်တော့လောက် ပြန်လာကြမလဲ" ခေါင်းဆောင်က ကျိဟုန်ကျွင်းကို သူ့ဘေးနားရှိ ခုံတွင် ထိုင်ရန် ခေါ်ရင်း ကျိဦးလေးတို့ အကြောင်း မေးလိုက်သည်။
"ဦးလေး... ကျွန်တော် မထိုင်တော့ဘူး၊ ဦးလေးတို့က လောလောဆယ် ပြန်လာဦးမှာ မဟုတ်ဘူး။ ဦးလေးကော်ပင်း... စက်ဘီး ယူစီးပြီးပါပြီ၊ ဒီမှာ ထားခဲ့လိုက်မယ်၊ ဒါက ဟွမ်းဟွမ်း စိုက်ထားတဲ့ ဟင်းရွက်တွေ၊ မနေ့ညက ကျိထျဲ့ကျူး နုတ်ပစ်လိုက်တာ၊ ပြန်စိုက်လို့ မရတော့ဘူး၊ အိမ်မှာလည်း စားမကုန်လို့ ဦးလေးကော်ပင်းတို့ စားလိုက်ပါ" ကျိဟုန်ကျွင်းက လျန်ဟွမ်း မှာလိုက်သည့်အတိုင်း စာသားအရှည်ကြီး ပြောလိုက်ပြီး ခြင်းတောင်းကို ကျိကော်ပင်း ရှေ့တွင် ချလိုက်သည်။
ကျိကော်ပင်းက ဟင်းရွက်စိမ်းဟု ကြားသောအခါ အံ့ဩသွားသော်လည်း ငြင်းလိုက်သည်။ 
"မလိုပါဘူးကွာ၊ အိမ်မှာ ဟင်းစား ရှိပါတယ်၊ မင်း ပြန်ယူသွားပြီး လျန်ဟွမ်းနဲ့ စားကြပါ"
ကျိဟုန်ကျွင်းက ပြန်မယူဘဲ ခြင်းတောင်းကို ကျိကော်ပင်း ရှေ့သို့ တိုးပေးလိုက်သည်။
စာရင်းကိုင် ကျိကျန့်ဟွာက အနည်းငယ် စပ်စုချင်လာသည်။ သူက ခြင်းတောင်းကို ကြည့်ပြီး ပြောလိုက်သည်။ "ဒါ ဟင်းရွက်စိမ်းလား၊ အစ်ကိုဟုန်ကျွင်း... ကျွန်တော် ကြည့်လို့ ရမလား"
ကျိကျန့်ဟွာက အထက်တန်း ကျောင်းပြီးထားသူ ဖြစ်သည်။ တောင်ဘက်ပိုင်းမှ လာသော ပညာတတ် လူငယ်အချို့က သူတို့ဆီမှာ ဆောင်းရာသီလည်း ဟင်းရွက်စိမ်း စားရကြောင်း ပြောသည်ကို မြို့ပေါ်က ကျောင်းနေဖက်တွေဆီမှတစ်ဆင့် သူ ကြားဖူးသည်။ ဆောင်းရာသီတွင် ဟင်းရွက် မည်သို့ စိုက်ရသည်ကို သူ အမြဲ သိချင်နေခဲ့သည်။
ကျိဟုန်ကျွင်းက ကျိကျန့်ဟွာကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေသည်။ "ကြည့်လေ"
ကျိကျန့်ဟွာက ခြင်းတောင်းပေါ်မှ အဝတ်စကို ဖွင့်လိုက်ရာ အတွင်းရှိ ဟင်းရွက်စိမ်းများကို တွေ့လိုက်ရသည်။ စိမ်းလန်းစိုပြည်နေသော ဟင်းရွက်များမှာ အလွန် လတ်ဆတ်နေပုံ ရသည်။ ကျိကျန့်ဟွာ၏ မျက်လုံးများ အရောင်တောက်လာသည်။
"အစ်ကိုဟုန်ကျွင်း... ဒီဟင်းရွက်တွေကို မရီးက ဘယ်လို စိုက်တာလဲ"
ဒါ ဟင်းရွက်စိမ်းတွေပဲ။ သူတို့အိမ်မှာ ဆောင်းရာသီဆိုရင် မုန်ညင်းဖြူနဲ့ မုန်လာဥပဲ ရှိတာ။ အဲဒါတွေကလည်း မလတ်ဆတ်တော့ဘူး။ မုန်လာဥတွေက ပွနေပြီ။ အရည်ရွှမ်းတာ မရှိတော့ဘူး။ စားလိုက်ရင် ခါးသက်သက်နဲ့။ မုန်ညင်းဖြူကလည်း ခြောက်ကပ်ကပ် ဖြစ်နေပြီ။ မုန်ညင်းဖြူ လတ်လတ်ဆတ်ဆတ်ရဲ့ အရသာမျိုး မရှိတော့ဘူး။ ဒီဟင်းရွက်စိမ်းတွေက ကြည့်လိုက်တာနဲ့ လတ်ဆတ်မှန်း သိသာတယ်။ စားရင် အရမ်း ကောင်းမှာပဲ။
သူ ဟင်းရွက်စိုက်ချင်တယ်။ ဟင်းရွက်စိမ်းတွေက ကြီးထွားတာ မြန်တယ်။ ပုံမှန်ဆို ရက်နှစ်ဆယ်လောက်ဆို စားလို့ရပြီ။
"ဟွမ်းဟွမ်း စိုက်တာ၊ မင်း သိချင်ရင် သူ့ကို သွားမေးလို့ ရအောင် ငါ ခေါ်သွားပေးမယ်" 
အပူပေးခုတင်ပေါ် ဟင်းရွက်စိုက်တဲ့ နည်းလမ်းကို ဟွမ်းဟွမ်း စဉ်းစားခဲ့တာ။ ရွာထဲက လူတွေကို ပြောပြမလား ဆိုတာကတော့ သူ ကိုယ်တိုင် ဆုံးဖြတ်လိမ့်မယ်။
ကျိကျန့်ဟွာက ဘောပင်ကို စားပွဲပေါ် တင်လိုက်သည်။ "ဒါဆို အခု သွားမလား"
သူ အခုပဲ ဟင်းရွက်စိုက်နည်း သွားမေးချင်နေပြီ။
ခေါင်းဆောင်သည် ထိုကဲ့သို့သော ဟင်းရွက်စိမ်းများကို မြင်သောအခါ အလွန် အံ့ဩသွားပြီး စိုက်ပျိုးနည်းကို လိုချင်သွားသည်။ သို့သော် သူက ကျိကျန့်ဟွာထက် ပိုတည်ငြိမ်သည်။ ကျိကျန့်ဟွာကို ကြည့်ပြီး ပြောလိုက်သည်။ 
"ကျန့်ဟွာ... ငါးကိစ္စ အရင် တွက်လိုက်ဦး၊ ငါးဝေပြီးရင် ငါတို့ ဟုန်ကျွင်းအိမ်ကို သွားကြမယ်၊ သူ့အိမ်က ဟင်းရွက်ခင်းကို သွားကြည့်ကြတာပေါ့"
ဆောင်းရာသီမှာ ဟင်းရွက်စိုက်နိုင်ရင် ရွာထဲက လူတွေရဲ့ စားနပ်ရိက္ခာ အခက်အခဲ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းပေးနိုင်မယ်။ ရွာသားတွေ ငတ်ပြတ်တာ နည်းသွားမယ်။ လျန်ဟွမ်းသာ သူတို့ကို စိုက်ပျိုးနည်း သင်ပေးမယ်ဆိုရင် ရွာကို အများကြီး ကူညီရာ ရောက်တာပေါ့။
ကျိကျန့်ဟွာက ခေါင်းဆောင် ပြောသည်ကို ကြားသောအခါ ခြေလှမ်းတန့်လိုက်သည်။ သူ ပြန်ထိုင်လိုက်သည်။ "ကောင်းပြီ... ကျွန်တော် အခု တွက်လိုက်မယ်"
ငါးစာရင်း မြန်မြန် တွက်ပြီး သမဝါယမ ပို့ရမဲ့ ငါးတွေကို ပို့ရမယ်။ ပြီးရင် ကျန်တာတွေကို ရွာထဲ ဖြန့်ဝေပြီးတာနဲ့ သူ ဟင်းရွက်စိုက်နည်း သွားသင်လို့ရပြီ။
ကျိကျန့်ဟွာ စာရင်း ထိုင်တွက်နေစဉ် ခေါင်းဆောင်က ကျိဟုန်ကျွင်းဘက် လှည့်ပြောလိုက်သည်။ 
"ဟုန်ကျွင်း... ဒီဟင်းရွက်တွေကို ငါ မျက်နှာပြောင်တိုက်ပြီး ယူလိုက်တော့မယ်၊ ငါ ဟင်းရွက်တွေကို လှယ်ထည့်လိုက်မယ်၊ ခြင်းတောင်းကို မင်း ပြန်ယူသွား"
ခေါင်းဆောင်က ပြောပြောဆိုဆိုနှင့် ခြင်းတောင်းကို မီးဖိုချောင်ထဲ ယူသွားပြီး ဟင်းရွက်များကို ထားခဲ့ကာ ခြင်းတောင်းကို ကျိဟုန်ကျွင်းအား ပြန်ပေးလိုက်သည်။
ကျိဟုန်ကျွင်းက ခြင်းတောင်းကို လှမ်းယူလိုက်သည်။ "ဦးလေးကော်ပင်း... ကျွန်တော် ပြန်တော့မယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် အိမ်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လာခဲ့သည်။
…
အခန်း (၃၇)
ကျိဟုန်ကျွင်းအိမ်တွင် လျန်ဟွမ်းသည် အပူပေးခုတင်ပေါ်မှ ဟင်းရွက်ခင်းကို ရှင်းလင်းပြီးနောက် စားလို့ရသည့် ဟင်းရွက် အတော်များများကို ရွေးချယ်ထားရာ ရေတစ်ပုံးခန့် ရသည်။ ဒီဟင်းရွက်တွေကို သူနဲ့ ဟုန်ကျွင်းလည်း စားလို့ ကုန်မှာ မဟုတ်ဘူး။ သူမရဲ့ နေရာလွတ်ထဲမှာလည်း ဟင်းရွက်တွေ အများကြီး ရှိသေးသည်။ မနေ့ညက ဦးလေးမာတို့က ကျိထျဲ့ကျူးကို တားပေးခဲ့သည်ကို တွေးမိပြီး လျန်ဟွမ်းသည် ဇလုံတစ်လုံးထဲသို့ ဟင်းရွက်စိမ်း အနည်းငယ် ထည့်ကာ ဦးလေးမာအိမ်သို့ ထွက်လာခဲ့သည်။
လျန်ဟွမ်းက ဦးလေးမာတို့အိမ်တံခါးဝတွင် ရပ်ကာ တံခါးခေါက်လိုက်သည်။ ခြံဝင်းထဲမှ ဒေါ်ဒေါ်မာက အသံကြားသဖြင့် တံခါး လာဖွင့်ပေးသည်။
လျန်ဟွမ်းကို တွေ့သောအခါ သူမက ပြုံးပြပြီး နှုတ်ဆက်သည်။ 
"ဟုန်ကျွင်း မိန်းမ ရောက်လာပြီလား၊ ဒီနေ့ ညည်းတို့ မြို့နယ်ခွဲကို သွားပြီး ကျန့်ရှဲ့ကို သွားကြည့်ကြတယ်ဆို၊ ကျန့်ရှဲ့ ဘယ်လိုနေသေးလဲ"
"အခု သတိရနေပါပြီ၊ ဆေးရုံမှာ ကုသနေပါတယ်၊ ဒေါ်ဒေါ်... ဒါ ကျွန်မ စိုက်ထားတဲ့ ဟင်းရွက်စိမ်းတွေပါ၊ ဒေါ်ဒေါ်တို့ မြည်းကြည့်ရအောင် ယူလာပေးတာ"
လျန်ဟွမ်းက ပြောရင်း အပေါ်မှ အုပ်ထားသော အဝတ်စကို လှန်ကာ အတွင်းမှ ဟင်းရွက်စိမ်းများကို ပြလိုက်သည်။
လတ်ဆတ်နေသော ဟင်းရွက်စိမ်းများကို ကြည့်ပြီး ဒေါ်ဒေါ်မာ အံ့ဩသွားသည်။ "တကယ် စိုက်ထားလာတာလား"
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... စိုက်ထားတာပါ"
ဒေါ်ဒေါ်မာက ဘယ်ကြည့်ညာကြည့် လုပ်လိုက်ပြီး သူတို့ကို ဘယ်သူမှ သတိမထားမိသည်ကို တွေ့သောအခါ လျန်ဟွမ်းကို ဆွဲပြီး သူမ၏ ခြံဝင်းထဲသို့ ခေါ်သွားသည်။ သူမအနားသို့ တိုးကပ်ပြီး တီးတိုး ပြောလိုက်သည်။ 
"ဟုန်ကျွင်း မိန်းမ... ဒီဟင်းရွက်တွေကို ညည်း ဘယ်လို စိုက်တာလဲ၊ ဒေါ်ဒေါ် သင်လို့ ရမလား"
ဟုန်ကျွင်း မိန်းမက သူမဆီက ဟင်းရွက်မျိုးစေ့ လာလဲတုန်းက သူမက ဆော့ကစားတာလို့ ထင်ခဲ့တာ။ ဟင်းရွက်စိုက်လို့ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ သူမ တကယ် စိုက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဟင်းရွက်တွေကလည်း လတ်ဆတ်နေတာပဲ။
လျန်ဟွမ်းက ဟင်းရွက်စိုက်တာကို ဗြောင်ကျကျ စိုက်ခဲ့တာဆိုတော့ ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိပေ။ ဒေါ်ဒေါ်မာ ပြောတာ ကြားတော့ သူမက တဲ့တိုးပင် ပြောလိုက်သည်။ "ဒေါ်ဒေါ် စိုက်ချင်ရင် စိုက်လို့ ရပါတယ်"
ဒေါ်ဒေါ်မာက စိတ်လှုပ်ရှားစွာဖြင့် လျန်ဟွမ်း၏ လက်မောင်းကို ဆွဲလိုက်သည်။ "ဒါဆို ဒေါ်ဒေါ့်ကို ဘယ်လို စိုက်ရမလဲဆိုတာ ပြောပြလို့ ရမလား"
လျန်ဟွမ်း ပြုံးလိုက်သည်။ "ဒေါ်ဒေါ်... ညနေကျမှပေါ့၊ ညနေကျရင် ဒေါ်ဒေါ် ကျွန်မအိမ်ကို လာခဲ့၊ အိမ်က ဟင်းရွက်ခင်းကို လာကြည့်ရင်း ဘယ်လို စိုက်ရမလဲဆိုတာ ပြောပြမယ်၊ ကျွန်မနဲ့ ဟုန်ကျွင်း မြို့နယ်ခွဲက ပြန်ရောက်တာ မကြာသေးဘူး၊ ထမင်းတောင် မချက်ရသေးဘူး၊ အိမ်ပြန် ထမင်းချက်ရဦးမယ်"
သူမနှင့် ကျိဟုန်ကျွင်းတို့က ဆေးရုံကနေ အမြန်ပြန်လာပြီး မှောင်ခိုဈေး ဝင်ခဲ့ကြသည်။ အခုထိ ထမင်းမစားရသေးပေ။
ဒေါ်ဒေါ်မာက လျန်ဟွမ်း ထမင်းမစားရသေးကြောင်း ကြားသောအခါ လျန်ဟွမ်း၏ လက်မောင်းကို လွှတ်ပေးလိုက်သည်။ 
"ဒါဆိုရင်တော့ အမြန် ပြန်ချက်တော့၊ ဒေါ်ဒေါ်တို့က စားပြီးတာ ကြာပြီ၊ ဒီအချိန်ထိ ထမင်းမစားရသေးရင် ဟုန်ကျွင်း ဗိုက်ဆာနေလောက်ပြီ၊ ညည်း အိမ်ပြန်ပြီး ထမင်းမြန်မြန် သွားချက်တော့"
လျန်ဟွမ်းက အသာအယာ ပြုံးလိုက်သည်။ ဇလုံကို ဒေါ်ဒေါ်မာထံ ပေးလိုက်သည်။ သူမက ဟင်းရွက်များကို ဇလုံထဲ အကုန် လောင်းထည့်လိုက်ပြီး လျန်ဟွမ်း၏ ဇလုံကို ပြန်ပေးလိုက်သည်။
"ဟုန်ကျွင်း မိန်းမ... ဒီဟင်းရွက်တွေကို ဒေါ်ဒေါ် ယူထားလိုက်မယ်နော်" ဒီဟင်းရွက်တွေက လတ်ဆတ်ပုံရတော့ အိမ်ကလူတွေ မြည်းကြည့်ဖို့ ချန်ထားလိုက်မယ်။ ယောက်ျားနဲ့ ကော်တုန်းတို့ ကြိုက်မှာ သေချာတယ်။
လျန်ဟွမ်းက ဟင်းရွက်ဇလုံ အလွတ်ကို ပြန်ယူလိုက်သည်။ "ဒေါ်ဒေါ့်ကို ပေးတာပဲ၊ ဒေါ်ဒေါ် ယူထားလိုက်ပါ"
လျန်ဟွမ်း ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။
သူမက ဒေါ်ဒေါ်မာနဲ့ အတူရှိနေရင် ဒုတိယအဒေါ်နဲ့ အတူရှိသလောက် လွတ်လပ်မှု မရှိသလို ခံစားရသည်။ သူတို့နှစ်ယောက်ရဲ့ ခံယူချက်တွေက နည်းနည်း ကွဲပြားတယ်။ ခုနက သူမ ထမင်းမစားရသေးဘူး ပြောတော့ ဒေါ်ဒေါ်မာက အရင်ဆုံး တွေးမိတာက အိမ်ပြန်ပြီး ဟုန်ကျွင်း စားဖို့ ထမင်းချက်ခိုင်းတာ ဖြစ်သည်။
ဒါက ဒီခေတ်ရဲ့ ထူးခြားချက်ပဲ။ အမျိုးသမီး အများစုက အမျိုးသမီးတွေဟာ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်သင့်ပြီး ခင်ပွန်းသည်ကို ကောင်းကောင်း ပြုစုတာက သူတို့ရဲ့ တာဝန်လို့ ထင်ကြတယ်။
ဟုန်ကျွင်းက သူမ ယောကျ်ားပဲ။ သူမလည်း ဟုန်ကျွင်းကို ကောင်းကောင်း ဆက်ဆံချင်ပါတယ်။ ဒါပေမဲ့ ဒေါ်ဒေါ်မာဆီကနေ မသိမသာ ထွက်ပေါ်လာတဲ့ ခင်ပွန်းသည်ကို နတ်ဘုရားလို ကိုးကွယ်ရမယ်ဆိုတဲ့ အတွေးအခေါ်က သူမကို နေရခက်စေတယ်။
ဒါပေမဲ့လည်း နေရခက်ရုံပါပဲ။ သူမနဲ့ ဒေါ်ဒေါ်မာက အတူတူ နေမှာမှ မဟုတ်တာ။ အတွေးအခေါ် မတူရင်လည်း နောက်ဆို မနီးမဝေး အိမ်နီးချင်းတွေလိုပဲ ဆက်ဆံသွားရင် ရတာပဲ။
လျန်ဟွမ်းက ဟင်းရွက်ဇလုံကို ကိုင်ပြီး အိမ်ပြန်လာခဲ့သည်။ သူမ အိမ်ပြန်ရောက်တော့ ကျိဟုန်ကျွင်းလည်း အပြင်ကနေ ပြန်ရောက်လာတာနှင့် ဆုံသည်။
"ပြန်ရောက်ပြီလား၊ နေ့လယ်စာ ဘာစားချင်လဲ" လျန်ဟွမ်းက သူမ နောက်မှ ဝင်လာသော ကျိဟုန်ကျွင်းကို မေးလိုက်သည်။
"ရိုးရှင်းတာလေးပဲ လုပ်စားကြမယ်၊ ခုနက ခေါင်းဆောင်က မင်းရဲ့ ဟင်းရွက်စိုက်နည်းကို မေးချင်တယ်လို့ ပြောတယ်" ကျိဟုန်ကျွင်းက လျန်ဟွမ်း နောက်သို့ လိုက်ကာ မီးဖိုချောင်ထဲ ဝင်ရင်း ပြောလိုက်သည်။
"ဟင်းရွက်စိုက်နည်းလား... ရပါတယ်၊ ထမင်းစားပြီးရင် သူ့ဆီ သွားပြီး ပြောပြလိုက်မယ်" လျန်ဟွမ်းက ပြောရင်း မီးဖိုချောင် ဗီရိုကို ဖွင့်ကာ ဂျုံမှုန့်ဇလုံကို ထုတ်လိုက်သည်။
"ဟုန်ကျွင်း... ငါတို့ ဂျုံခေါက်ဆွဲ လုပ်စားကြမယ်၊ အိမ်မှာ ဂျုံမှုန့် နည်းနည်း ကျန်သေးတယ်" ဟုန်ကျွင်း ယူလာတဲ့ ဂျုံမှုန့်တွေကို သူမက ပေါက်စီ လုပ်လိုက်၊ ခေါက်ဆွဲပြုတ် လုပ်လိုက်နဲ့ စားလိုက်တာ တစ်ဝက်ကျော် ကုန်သွားပြီ။ နည်းနည်းပဲ ကျန်တော့တယ်။ အခွင့်အရေး ရရင် မှောင်ခိုဈေးကို သွားပြီး အခွံမချွတ်ရသေးတဲ့ ဂျုံစေ့တွေ ရမလား ကြည့်ရမယ်။ နေရာလွတ်ထဲမှာ ဂျုံစိုက်လို့ ရမလား စမ်းကြည့်ရမယ်။ ဂျုံစိုက်လို့ရရင် ကိုယ်တိုင် ဂျုံမှုန့် ကြိတ်လို့ ရပြီ။
"ကောင်းပြီ" ကျိဟုန်ကျွင်းက ဖြေပြီးနောက် မီးဖိုနောက်သို့ ကိုယ်တိုင် ဝင်ထိုင်ကာ မီးမွှေးရန် ပြင်လိုက်သည်။
ဂျုံခေါက်ဆွဲ... လျန်ဟွမ်း လုပ်တာ မွှေးတယ်။ စားလို့ကောင်းတယ်။
ကျိဟုန်ကျွင်းက ခေါက်ဆွဲစားဖို့ သဘောတူသဖြင့် လျန်ဟွမ်းက ဂျုံမှုန့်ဇလုံကို ကိုင်ကာ အိမ်မကြီးထဲသို့ ဂျုံသွားခပ်လိုက်သည်။ မနက်တုန်းက ကျိဟုန်ကျွင်းက ပေါက်စီ တစ်လုံးနဲ့ ဆန်ပြုတ် တစ်ပန်းကန်ပဲ စားခဲ့ရတာ။ ကျိဟုန်ကျွင်းရဲ့ စားနိုင်အားကို တွေးပြီး သူမ သိလိုက်သည်။ သူ ဗိုက်မဝသေးတာ သေချာတယ်။ သူမ ဂျုံခပ်တုန်းက ပိုခပ်ခဲ့သည်။ ဂျုံနယ်တာ၊ ခေါက်ဆွဲလုပ်တာကို ပိုလုပ်ပြီး ကျိဟုန်ကျွင်းကို ဗိုက်ဝအောင် ကျွေးမည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းက ဂျုံခပ်ပြီး ပြန်ရောက်လာသည်။ သူမက ဘေးတစ်ဖက်တွင် ဂျုံနယ်နေပြီး ကျိဟုန်ကျွင်းကလည်း မီးဖိုနောက်တွင် ထိုင်ကာ မီးမွှေးနေသည်။
နှစ်ယောက်သား တစ်ယောက်က ဂျုံနယ် ခေါက်ဆွဲလုပ်၊ တစ်ယောက်က မီးမွှေးနှင့် မကြာမီ လျန်ဟွမ်း ခေါက်ဆွဲလုပ်၍ ပြီးသွားသည်။ ကျိဟုန်ကျွင်းကလည်း ရေဆူအောင် တည်ထားပြီးဖြစ်သည်။ လျန်ဟွမ်းက ခေါက်ဆွဲထည့်ပြီး ဟင်းရွက်ဆေးကာ ထည့်လိုက်သည်။
ဝက်ဆီ ထည့်ထားသော ဟင်းရွက်စိမ်း လက်လုပ်ခေါက်ဆွဲမှာ မွှေးကြိုင်နေသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့က ခူးပြီး စားလိုက်ကြသည်။
သူတို့ ထမင်းစားနေစဉ် အိမ်တံခါး ခေါက်သံ ကြားလိုက်ရသည်။
ကျိဟုန်ကျွင်းက ပန်းကန်လုံးကို ဘေးချကာ မတ်တတ်ရပ်လိုက်သည်။ "ငါ သွားဖွင့်လိုက်မယ်"
တံခါးအပြင်ဘက်တွင် ကျိကျန့်ခန်းက စိတ်လှုပ်ရှားစွာ စောင့်နေသည်။ ကျိဟုန်ကျွင်း တံခါးဖွင့်လိုက်သည်နှင့် သူ အိမ်ထဲသို့ ချက်ချင်း ဝင်လာသည်။ "အစ်ကိုဟုန်ကျွင်း... ကျွန်တော့်အစ်ကို ထိခိုက်မိတယ်ဆို၊ သူ အခု ဘယ်လိုနေလဲ"
"လူ သတိရလာပါပြီ၊ အသက်အန္တရာယ် မရှိတော့ပါဘူး၊ မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ" 
ကျိဟုန်ကျွင်းက ပြောရင်း မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။
ကျိကျန့်ခန်းက သူ့နောက်မှ လိုက်ကာ မီးဖိုချောင်ဘက်သို့ သွားရင်း ပြောလိုက်သည်။ "အခုလေးတင် ပြန်ရောက်တာ၊ အိမ်ပြန်ရောက်တော့ အိမ်မှာ လူမရှိဘူး၊ ရွာထဲကလူတွေ ပြောတာ ကြားမှ အစ်ကို ဒဏ်ရာရပြီး ဆေးရုံ ရောက်နေမှန်း သိရတာ"
လွန်ခဲ့တဲ့ နှစ်ရက်က သူ့အမေက သူ့အဖွားအိမ် ပစ္စည်းသွားပို့ခိုင်းတယ်။ အဖွားအိမ်က တောင်ကြားထဲမှာ။ တောင်တစ်လုံး ကျော်မှ ရောက်တာ။ ဟိုဘက်က ဒီဘက်နဲ့ ဝေးတယ်။ သွားမယ်ဆိုရင် နှစ်နာရီလောက် ကြာတယ်။ သူ သွားတုန်းက သူ့အမေက ပြောတယ်။ အဖွားအိမ်မှာ မနေတာ ကြာပြီမို့ ဟိုမှာ နှစ်ရက်လောက် နေပြီး အဖွားကို အဖော်လုပ်ပေးလိုက်ဦးတဲ့။
သူ ဟိုမှာ နှစ်ရက် နေခဲ့တယ်။ ဒါပေမဲ့ တောင်ကြားထဲမှာက တကယ် ပျင်းဖို့ကောင်းတယ်။ အဖွားတို့ရွာက ယောကျ်ား တော်တော်များများက အကျင့်မကောင်းကြဘူး။ ဟိုမှာ နေတုန်း မိန်းမနဲ့ ကလေးတွေကို ရိုက်နှက်နေတာတွေ မကြာခဏ တွေ့ရတယ်။ ကြည့်မရပေမဲ့လည်း ဝင်တားလို့က မရပေ။ ဟိုမှာ နေရတာ စိတ်မချမ်းသာတာနဲ့ အဖွားကို နှုတ်ဆက်ပြီး ဒီနေ့ ပြန်လာခဲ့တာ။
ရွာပြန်ရောက်တော့ သူ့မိဘတွေ အိမ်မှာ မရှိဘူး၊ အစ်ကို ဒဏ်ရာရတယ်ဆိုတဲ့ သတင်း ကြားလိုက်ရတယ်။
"မင်းအစ်ကို ဘာမှ မဖြစ်ဘူး၊ ဦးလေးနဲ့ ဒေါ်လေးက ဆေးရုံမှာ စောင့်နေကြတယ်၊ မင်း မြို့နယ်ခွဲကို သွားမလား၊ အိမ်ပြန်မလား၊ အိမ်ပြန်မယ်ဆိုရင် မင်းတို့အိမ်သော့ ဒီမှာ ရှိတယ်၊ ခဏနေ ထမင်းစားပြီးရင် ယူပေးမယ်" ကျိဟုန်ကျွင်းက ပြောရင်း ကျိကျန့်ခန်းကို ခေါ်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းက ကျိကျန့်ခန်း ရောက်လာသည်ကို မြင်သောအခါ ပြုံးပြပြီး နှုတ်ဆက်သည်။ 
"ကျန့်ခန်း ပြန်ရောက်လာပြီလား၊ ထမင်းစားပြီးပြီလား၊ ထိုင်ပြီး အတူစားပါလား"
ကျိကျန့်ခန်းက အလိုအလျောက် ငြင်းလိုက်သည်။ "ကျွန်တော် စား... ကျွန်တော် မစားရသေးဘူး"
ကျိကျန့်ခန်းက ရှေ့ကစကား မဆုံးသေးခင် လျန်ဟွမ်း၏ ပန်းကန်ထဲမှ ဂျုံခေါက်ဆွဲကို မြင်လိုက်ရသဖြင့် တံတွေးမျိုချကာ ပြောလက်စ စကားကို မျိုချပြီး စကားပြောင်း ပြောလိုက်သည်။
"မစားရသေးရင် အတူစားလေ၊ စောင့်ဦး... ငါ သွားထည့်ပေးမယ်" လျန်ဟွမ်းက မတ်တတ်ရပ်ပြီး ကျိကျန့်ခန်းအတွက် သွားထည့်ပေးသည်။
ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို တစ်ချက် စောင်းကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။
လျန်ဟွမ်းက ခေါက်ဆွဲထည့်ပြီး ကျိကျန့်ခန်းကို ပေးလိုက်သည်။ "မြန်မြန် ထိုင်စား"
မွှေးကြိုင်နေသော ဂျုံခေါက်ဆွဲက မျက်စိရှေ့ ရောက်နေပြီမို့ ကျိကျန့်ခန်းက သူ့အမေ ပြောဖူးသော "ဆန်ရေစပါးက တန်ဖိုးရှိတယ်၊ သူများအိမ်က အလကား မစားရဘူး" ဆိုသည့် စကားကို မေ့သွားပြီး ထိုင်ကာ ပန်းကန်ကို ကိုင်ပြီး အားရပါးရ စားတော့သည်။
ကျိဟုန်ကျွင်းက ကျိကျန့်ခန်း၏ ခေါက်ဆွဲ စုပ်ယူစားသောက်နေသည့် အသံကို ကြားသောအခါ မျက်လုံးအရောင် အနည်းငယ် မှိန်သွားပြီး ခေါက်ဆွဲစားသည့် အရှိန်ကို မြှင့်လိုက်သည်။ သူ တစ်ပန်းကန် စားပြီးချိန်တွင် ကျိကျန့်ခန်းက ခေါက်ဆွဲ တစ်ဝက်ကျိုးနေပြီ။ ကျိဟုန်ကျွင်း ပန်းကန်ယူကာ အိုးထဲမှ ခေါက်ဆွဲ ထပ်ခူးလိုက်သည်။
ကျိဟုန်ကျွင်းက ဒုတိယတစ်ပန်းကန် စားပြီးချိန်တွင် ကျိကျန့်ခန်းက တစ်ပန်းကန် စားပြီးသွားသည်။ သူ ကျေနပ်စွာဖြင့် လေပူ မှုတ်ထုတ်လိုက်သည်။ "မရီး လုပ်တဲ့ ခေါက်ဆွဲက စားလို့ အရမ်းကောင်းတာပဲ"
လျန်ဟွမ်းက သူ့ပုံစံကို ကြည့်ပြီး ပြုံးလိုက်သည်။ "အိုးထဲမှာ ရှိသေးတယ်၊ ကိုယ့်ဘာသာ သွားထည့်စား"
ကျိကျန့်ခန်းက အခု ဗိုက်နည်းနည်း ဝနေပြီ။ သူ ထပ်စားချင်သေးပေမဲ့ ဂျုံက တန်ဖိုးရှိမှန်း သိသည်။ တစ်ပန်းကန် စားပြီးပြီပဲ။ အရသာ မြည်းခွင့်ရလို့ ဂျုံခေါက်ဆွဲ စားချင်စိတ် ပြေသွားပြီ။
"မရီး... ကျွန်တော် ဝပြီ၊ မစားတော့ဘူး"
ကျိကျန့်ခန်း မစားချင်တော့သဖြင့် လျန်ဟွမ်းလည်း အတင်း မတိုက်တွန်းတော့ပေ။ တိုးတိုးလေး ပြောလိုက်သည်။ "ဝရင် ပြီးတာပဲ၊ မဝသေးရင် ထပ်စားနော်၊ အားမနာနဲ့"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ခေါင်းငုံ့ကာ ခေါက်ဆွဲ ဆက်စားနေသည်။
ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို တစ်ချက် စောင်းကြည့်လိုက်သည်။ သူ ပန်းကန်ယူပြီး ထပ်မခူးသည်ကို မြင်မှ စားသည့်နှုန်းကို လျှော့ချလိုက်သည်။
သူ့ခေါက်ဆွဲကို လုစားမဲ့သူ မရှိတော့ဘူး။
နေ့လယ်စာ စားပြီးနောက် လျန်ဟွမ်းက ပန်းကန်ခွက်ယောက်များကို ကျိဟုန်ကျွင်းထံ ပေးလိုက်သည်။ 
"ရှင် ပန်းကန်ဆေးလိုက်"
သူမက ထမင်းစားပြီးလျှင် ပျင်းသွားတတ်သည်။ ထိုင်ပဲ နေချင်ပြီး မလှုပ်ချင်တော့ပေ။
ကျိဟုန်ကျွင်းက ရှေ့မှ ပန်းကန်များကို ကြည့်ပြီး ကျိကျန့်ခန်း ရှေ့သို့ တွန်းပို့လိုက်သည်။ "အိုးပါ တစ်ခါတည်း ဆေးလိုက်"
ကျိကျန့်ခန်းက ရှေ့မှ ပန်းကန်ခွက်ယောက်များကို ကြည့်ပြီး ကြောင်သွားသည်။ "အစ်ကိုဟုန်ကျွင်း... မရီးက အစ်ကို့ကို ဆေးခိုင်းတာလေ"
"မင်း ခေါက်ဆွဲ မစားဘူးလား" ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
ကျိကျန့်ခန်း ပြန်မငြင်းနိုင်တော့ပေ။ သူ စားခဲ့သည်။ ကံကြမ္မာကို လက်ခံပြီး ပန်းကန်ခွက်ယောက်များ ယူကာ အိုးဆေး ပန်းကန်ဆေး သွားလုပ်ရတော့သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ့ကို တိတ်တဆိတ် ခြေထောက်ဖြင့် ကန်လိုက်သည်။ ကျိဟုန်ကျွင်း မော့ကြည့်လိုက်သည်။ လျန်ဟွမ်းက မျက်လုံးဖြင့် ကျိကျန့်ခန်းကို ညွှန်ပြလိုက်သည်။ "ရှင် ဘာလို့ ကျန့်ခန်းကို ပန်းကန်ဆေးခိုင်းတာလဲ" ဟု မေးနေသည့်ဟန်ဖြစ်သည်။
ကျိဟုန်ကျွင်း ပြန်မဖြေပေ။ သူ လျန်ဟွမ်း၏ လက်ကို ကိုင်ကာ ဆွဲထူလိုက်သည်။ "မင်း ငါ့ကို အင်္ကျီချုပ်ပေးမယ်ဆို၊ အခန်းထဲ သွားပြီး သွားတိုင်းရအောင်"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ဆွဲပြီး အိမ်မကြီးထဲသို့ ခေါ်သွားသည်။ မီးဖိုချောင်ထဲတွင် ကျိကျန့်ခန်း တစ်ယောက်တည်း ကျန်ခဲ့ပြီး ပန်းကန် ဆေးနေရသည်။
အိမ်မကြီးထဲတွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်းနောက် လိုက်ပါလာသည်။ သူမလက်ကို ကျိဟုန်ကျွင်းက ကိုင်ထားဆဲဖြစ်သည်။ အခန်းထဲ ရောက်သည်နှင့် သူမ လက်ကို ရုန်းလိုက်သည်။ ကျိဟုန်ကျွင်း လက်ထဲမှ လက်ကို ဆွဲထုတ်လိုက်သည်။ 
"ကျိဟုန်ကျွင်း... အိမ်မှာ ပေတံမှ မရှိတာ၊ အခု ရှင့်ကို တိုင်းပေးလို့ မရဘူး"
"အင်း... ဒါဆို မတိုင်းနဲ့ဦး" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ဒီနေ့ ဝယ်လာသော ပစ္စည်းအိတ်ကို သွားမွှေသည်။
"ရှင် ဘာရှာနေတာလဲ" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ရင်း မေးလိုက်သည်။
"ဦးလေးအိမ် သော့" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောရင်း သော့ကို တွေ့သွားပြီး ထုတ်ယူလိုက်သည်။
"ရှင်... သော့ကို ကျန့်ခန်းဆီ သွားပေးမလို့လား" လျန်ဟွမ်းက သူ့ကို ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
"အင်း" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် သော့ကို ကိုင်ကာ အပြင်ထွက်ပြီး မီးဖိုချောင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
… 
အခန်း (၃၈)
ကျိမိသားစု မီးဖိုချောင်တွင် ကျိဟုန်ကျွင်း ဝင်သွားချိန်၌ ကျိကျန့်ခန်းက ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးနေပြီ ဖြစ်သည်။
ကျိဟုန်ကျွင်းသည် မီးဖိုခုံဘက်သို့ တစ်ချက်ကြည့်လိုက်ရာ မီးဖိုခုံပေါ်ရှိ ပန်းကန်များသည် ဆေးကြောသန့်စင်ပြီး သပ်ရပ်စွာ စီထားသည်ကို တွေ့လိုက်ရသဖြင့် သော့ကို ကျိကျန့်ခန်းအား ပေးလိုက်သည်။
"ဆေးပြီးပြီဆိုရင် ကိုယ့်အိမ်ကိုယ် ပြန်တော့"
ကျိကျန့်ခန်းသည် သော့ကို လှမ်းယူပြီးနောက် မျက်နှာပူပူဖြင့် ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုဟုန်ကျွင်း... ကျွန်တော့်အဖေနဲ့ အမေက မြို့နယ်ထဲ ရောက်နေတာ၊ ကျွန်တော် အစ်ကို့အိမ်မှာ ထမင်းစားလို့ ရမလား"
"မရဘူး၊ မင်း ကျောင်းဖွင့်တော့မယ်၊ မြို့နယ်ဘက် ပြန်သင့်ပြီ" ကျိဟုန်ကျွင်းက လေးနက်သော အသံဖြင့် ငြင်းပယ်လိုက်သည်။
ကျိကျန့်ခန်းသည် မြို့နယ်တွင် အထက်တန်းကျောင်း တက်နေသူ ဖြစ်သည်။ ပထမလ ၁၈ ရက်နေ့ ကျောင်းဖွင့်မည် ဖြစ်ပြီး ယခု ပထမလ ၁၂ ရက်နေ့ ရောက်နေပြီဖြစ်ရာ ကျောင်းဖွင့်ရက် နီးကပ်နေပြီ ဖြစ်သည်။
ကျိကျန့်ခန်းသည် မြို့နယ်သို့ ပြန်မနေချင်ပေ။ မြို့နယ်ရှိ အစ်ကိုကြီး၏ အိမ်မှာ အခန်းနှစ်ခန်းပါ အိမ်ဖြစ်ပြီး ကျောင်းမဖွင့်သေးသဖြင့် ယခု ပြန်သွားလျှင် အစ်ကိုကြီးအိမ်တွင်သာ နေရမည် ဖြစ်ကာ ကျောင်းဆောင်တွင် နေ၍မရပေ။ ထိုအိမ်ကျဉ်းလေးမှာ တောရွာရှိ အိမ်ကျယ်ကြီးလောက် နေထိုင်ရသည်မှာ သက်‌သောင့်သက်သာ မရှိလှပေ။
သူက အစ်ကိုကြီးအိမ်သို့ ပြန်ရောက်လျှင်လည်း ဧည့်ခန်းတွင်သာ အိပ်ရမည် ဖြစ်သည်။ အမြဲလိုလို ထိုင်ခုံနှစ်လုံးကို ဆက်ကာ တံခါးရွက်တင်ပြီး အိပ်ရသည်။ တံခါးရွက်ပေါ်တွင် အိပ်ရသည်မှာ အဆင်မပြေလှပေ။ သူ မနက်ဖြန် မြို့နယ်သို့ သွားပြီး အစ်ကိုကြီးကို သွားကြည့်မည်။ အဆင်ပြေလျှင် အိမ်ပြန်လာနေပြီး ကျောင်းဖွင့်မှ မြို့နယ်ပြန်ကာ ကျောင်းဆောင်တွင် သွားနေမည်ဟု တွေးထားသည်။
"အစ်ကိုဟုန်ကျွင်း... ကျွန်တော် ဆန်ယူလာခဲ့ပါမယ်၊ အစ်ကို့အိမ်မှာ ရက်နည်းနည်းလောက် ထမင်း ပေးစားပါနော်"
ကျိဟုန်ကျွင်းသည် ကျိကျန့်ခန်းကို တည်ငြိမ်စွာ ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။
"မင်း မြို့နယ်ကို သွား၊ သွားပြီး ဒေါ်လေးကို ကူညီလိုက်"
ကျိကျန့်ခန်း တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ် ကြာမှ ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် သိပါပြီ အစ်ကိုဟုန်ကျွင်း"
အစ်ကိုကြီးက ဆေးရုံတက်နေရသည်။ အစ်ကိုကြီးအိမ်တွင် ကလေးလည်း ရှိသေးရာ သူသွားလျှင် အမေလုပ်စရာ ရှိသည်များကို ကူညီပေးနိုင်မည် ဖြစ်သည်။
ကျိကျန့်ခန်းက မြို့နယ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်ကို တွေ့သောအခါ ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။
"အင်း... ပြန်ပြီး ပစ္စည်းသွားသိမ်းလိုက်၊ နေ့လယ်ကျရင် ရွာထဲမှာ ငါးဝေလောက်တယ်၊ မင်း ငါးယူပြီး မြို့နယ်ဘက် သွားလိုက်"
"ဟုတ်ကဲ့ အစ်ကိုဟုန်ကျွင်း"
ကျိဟုန်ကျွင်းသည် မီးဖိုချောင်ထဲတွင် ကျိကျန့်ခန်းနှင့် စကားအနည်းငယ် ပြောနေစဉ် ခေါင်းဆောင်၊ ပါတီအတွင်းရေးမှူးကြီးနှင့် ကျိကျန့်ဟွာတို့သည် အပြင်ဘက်မှ သူတို့အိမ်သို့ လျှောက်လာကြသည်။
ကျိဟုန်ကျွင်း၏ အိမ်တံခါးမှာ ပွင့်လျက်သား ဖြစ်နေသဖြင့် ခေါင်းဆောင်သည် လူများကို ခေါ်ကာ ခြံဝင်းထဲသို့ တန်းဝင်လာပြီး လှမ်းအော်လိုက်သည်။
"ဟုန်ကျွင်း... အိမ်မှာ ရှိလား"
ကျိဟုန်ကျွင်းက မီးဖိုချောင်ထဲမှ ထွက်လာသည်။ အိမ်မကြီးထဲရှိ လျန်ဟွမ်းသည်လည်း ခေါင်းဆောင်၏ အသံကို ကြားလိုက်သဖြင့် ထွက်လာခဲ့သည်။
မီးဖိုချောင်မှ ထွက်လာပြီးနောက် ကျိဟုန်ကျွင်းသည် ခေါင်းဆောင်တို့ ရှိရာသို့ လျှောက်သွားလိုက်သည်။
"အတွင်းရေးမှူး... ဦးလေးကော်ပင်း"
ပါတီအတွင်းရေးမှူးကြီးသည် ဆေးတံကို ကိုက်လျက် ထူးလိုက်သည်။ "အေး"
ခေါင်းဆောင်သည် ကျိဟုန်ကျွင်းကို ကြည့်ပြီး တဲ့တိုး ပြောလိုက်သည်။
"ဟုန်ကျွင်း... ငါတို့ မင်းအိမ်က စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို လာကြည့်တာ၊ ဟုန်ကျွင်းမိန်းမ... ငါတို့ ကြည့်လို့ ရမလား"
ခေါင်းဆောင်က ပြောရင်း လျန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။ ကျိဟုန်ကျွင်းက သူ့အိမ်တွင် ပြောခဲ့သော စကားများကို သူ မှတ်မိနေသေးသည်။ ဟင်းသီးဟင်းရွက်များသည် လျန်ဟွမ်း စိုက်ထားခြင်းဖြစ်ပြီး သူတို့ကို ဟင်းသီးဟင်းရွက်စိုက်နည်း သင်ပေးမလား မသင်ပေးဘူးလားဆိုသည်မှာ လျန်ဟွမ်း၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ပြောခဲ့သည်။
လျန်ဟွမ်းသည် ခေါင်းဆောင် ရှေ့သို့ လျှောက်သွားပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ရတာပေါ့ရှင်၊ ဒီဟင်းသီးဟင်းရွက် စိုက်နည်းက လျှို့ဝှက်ချက်မှ မဟုတ်တာ"
"အတွင်းရေးမှူး၊ ခေါင်းဆောင်... ဟင်းသီးဟင်းရွက်တွေက မီးဖိုချောင်ထဲမှာပါ၊ ကျွန်မ လိုက်ပြပါမယ်"
လျန်ဟွမ်းသည် ခေါင်းဆောင်၊ ပါတီအတွင်းရေးမှူးကြီးနှင့် ကျိကျန့်ဟွာတို့ကို မီးဖိုချောင်ဘက်သို့ ခေါ်သွားလိုက်သည်။
ခေါင်းဆောင်တို့သည် လျန်ဟွမ်းနောက်မှ လိုက်ကာ မီးဖိုချောင်ထဲ ဝင်သွားကြသည်။ ဝင်သွားသည်နှင့် လျန်ဟွမ်း အပူပေးခုတင်ပေါ်တွင် စိုက်ထားသော ဟင်းသီးဟင်းရွက်များကို တွေ့လိုက်ကြရသည်။
ပါတီအတွင်းရေးမှူးကြီးသည် ဟင်းသီးဟင်းရွက်များကို ကြည့်ပြီး ဆေးတံကို မီးငြှိမ်းလိုက်ကာ အပူပေးခုတင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များကို လေးလေးနက်နက် ကြည့်ရင်း မေးလိုက်သည်။
"ဟုန်ကျွင်းမိန်းမ... ညည်း ဒီဟင်းသီးဟင်းရွက်တွေကို ဘယ်လို စိုက်တာလဲ"
လျန်ဟွမ်းသည် ဒုတိယဒေါ်လေးကို ပြောပြခဲ့ဖူးသည့်အတိုင်း ပါတီအတွင်းရေးမှူးကြီးကို ပြောပြလိုက်သည်။
"ကျွန်မ အရင်တုန်းက လျန်မိသားစုရွာမှာ နေတုန်းက ရွာက ပညာတတ်လူငယ်တွေ ပြောတာ ကြားဖူးတယ်၊ တောင်ဘက်ဒေသမှာ ဆောင်းတွင်းဆိုရင် ဟင်းသီးဟင်းရွက် စိုက်လို့ရတယ်တဲ့၊ အပူချိန် မြင့်နေရင် ရပြီတဲ့၊ ကျွန်မလည်း စဉ်းစားကြည့်တာ ဒီမှာက အပူပေးခုတင် ရှိတော့ ဆောင်းတွင်းဆို အပူပေးခုတင်ပေါ်က အပူချိန်က တော်တော်မြင့်တယ်လေ၊ အဲဒါနဲ့ အပူပေးခုတင်ပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်လို့ရမလားဆိုပြီး စမ်းကြည့်လိုက်တာပါ"
"အပူပေးခုတင်ပေါ် ဟင်းသီးဟင်းရွက်စိုက်တာ၊ အပူချိန် သင့်လျော်ရင် ဟင်းသီးဟင်းရွက်တွေ ရှင်တာပဲ၊ ဒါ နည်းလမ်းကောင်းပဲ၊ ငါ အရင်က ဘာလို့ မစဉ်းစားမိပါလိမ့်" ခေါင်းဆောင်က သဘောကျစွာ ပြောလိုက်သည်။
ပါတီအတွင်းရေးမှူးကြီးက လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်းမိန်းမ... ညည်းရဲ့ နည်းလမ်းက ကောင်းတယ်၊ နောက်ကျရင် ငါ ရွာထဲက လူတွေကို ပြောပြပြီး ဒီနည်းလမ်းအတိုင်း စမ်းစိုက်ခိုင်းရမယ်၊ ရွာထဲကလူတွေက ပထမဆုံးအကြိမ် စိုက်ကြမှာဆိုတော့ ဟုန်ကျွင်းမိန်းမ... ညည်း ကူညီပြီး လမ်းညွှန်ပြသပေးနိုင်မလား"
နည်းလမ်းကို ပြောပြပြီးပြီ ဖြစ်ရာ ရွာသားများ လာမေးလျှင်လည်း ဘယ်လိုစိုက်ရမလဲဆိုသည်ကို ပြောပြရုံသာ ရှိသဖြင့် ပြဿနာကြီးမဟုတ်ဟု လျန်ဟွမ်း ယူဆကာ ပါတီအတွင်းရေးမှူးကြီးကို သဘောတူလိုက်သည်။
"အတွင်းရေးမှူး... ဟင်းသီးဟင်းရွက် စိုက်တာနဲ့ ပတ်သက်ပြီး ကျွန်မ သိတာတွေ ရှိပါတယ်၊ ရွာထဲကလူတွေ မေးစရာရှိရင် ကျွန်မ ပြောပြပေးပါ့မယ်"
သူမ နားမလည်သော ပြဿနာများနှင့် ကြုံလာရလျှင်တော့ သူမလည်း ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
"ညည်းက သဘောကောင်းတာပဲ၊ ဒါဆိုရင် ရွာကို ကူညီဖို့ ညည်းကိုပဲ ဒုက္ခပေးရတော့မယ်" 
ပါတီအတွင်းရေးမှူးကြီးသည် လျန်ဟွမ်းကို ချီးကျူးသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
ခေါင်းဆောင်ကလည်း အပူပေးခုတင်ပေါ်ရှိ ဟင်းသီးဟင်းရွက်များကို ကြည့်ကာ မျက်လုံးများ အရောင်တောက်နေသည်။
"ဒီတစ်ခေါက်တော့ ဟုန်ကျွင်းမိန်းမက အများကြီး ကူညီပေးတာပဲ၊ တကယ်လို့ ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရသွားရင် ရွာထဲက လူတွေအကုန်လုံး ညည်းကို ကျေးဇူးတင်ကြမှာ"
လျန်ဟွမ်း အသာအယာ ပြုံးလိုက်ပြီး ခေါင်းဆောင်၏ စကားကို ပြန်မပြောပေ။ သူမ တွေးနေသည်မှာ အကယ်၍ သူမ သင်ပေးလိုက်လို့ ရွာသားတွေ အပူပေးခုတင်ပေါ် ဟင်းသီးဟင်းရွက် စိုက်နိုင်သွားပြီ ဆိုလျှင် အိမ်ဆောက်မည့် မြေနေရာကိစ္စကို ခေါင်းဆောင်ထံ တင်ပြလို့ ရနိုင်မလား ဆိုသည်ကိုပင်။
မြေနေရာ စောစောချပေးလျှင် သူတို့ အိမ်စောစောဆောက်ပြီး ဒီနေရာမှ စောစော ထွက်ခွာနိုင်မည် ဖြစ်သည်။
လျန်ဟွမ်း တွေးနေစဉ်မှာပင် ဘေးနားရှိ ပါတီအတွင်းရေးမှူးကြီးနှင့် ခေါင်းဆောင်တို့သည် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကိစ္စကို ပြောဆိုပြီးသွားကြပြီ ဖြစ်သည်။ ပါတီအတွင်းရေးမှူးကြီးသည် ဆေးတံကို ဝါဂွမ်းအင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး ကျိဟုန်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။
"ဟုန်ကျွင်း... မင်း မြေနေရာ လျှောက်ထားတယ်လို့ ကော်ပင်း ပြောတာ ငါ ကြားတယ်၊ ဘာဖြစ်လို့လဲ၊ အိမ်ဆောက်ချင်လို့လား"
ခေါင်းဆောင်နှင့် လျန်ဟွမ်းတို့ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးအကြောင်း ဆွေးနွေးနေစဉ်က ကျိဟုန်ကျွင်းသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး ယခု ပါတီအတွင်းရေးမှူးကြီး မေးလာမှ သူ့ဘက် လှည့်ကြည့်ကာ ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ပါတီအတွင်းရေးမှူးကြီးသည် မီးဖိုချောင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်နှာထား လေးနက်သွားသည်။
"ဟုန်ကျွင်းရာ... မင်းအိမ်က ဒီအိမ်က မကောင်းလို့လား၊ ဒါက အုတ်တစ်ဝက် မြေတစ်ဝက် အိမ်လေ၊ ရွာထဲက လူတွေအများကြီးက မင်းအိမ်လို ကျယ်ဝန်းပြီး အုတ်တစ်ဝက်ပါတဲ့ အိမ်မျိုး ရချင်လို့ အားကျနေကြတာ၊ မင်းက ဘာလို့ အိမ်သစ် ပြန်ဆောက်ချင်ရတာလဲ"
အိမ်ကတော့ ကောင်းပါသည်။ သို့သော် အိမ်နီးနားချင်းများက စိတ်ပျက်စရာ ကောင်းနေသည်။ လျန်ဟွမ်းသည် ဘေးအိမ်ရှိ ကျိမိသားစုအကြောင်း တွေးမိပြီး စိတ်ထဲတွင် မွန်းကျပ်နေသည်။
ကျိဟုန်ကျွင်း၏ မျက်နှာထားမှာ တည်ငြိမ်မြဲ တည်ငြိမ်နေပြီး ပါတီအတွင်းရေးမှူးကြီး၏ စကားကို ပြန်ဖြေလိုက်သည်။
"အိမ်ကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ ဒီနေရာမှာ နေရတာ အရမ်း ဆူညံတယ်၊ ပြဿနာ များတယ်၊ တိတ်ဆိတ်တဲ့ နေရာကို ပြောင်းချင်တာ"
ကျိဟုန်ကျွင်းက ထိုသို့ ပြောလိုက်သည်နှင့် ပါတီအတွင်းရေးမှူးကြီးသည် ဘေးအိမ်ရှိ ကျိမိသားစုအကြောင်း တွေးမိသွားသည်။
"ဟုန်ကျွင်းရာ... မင်းအဖေနဲ့အမေက မင်းကို ဒီလောက်ကြီးလာအောင် မွေးထားရတာ မလွယ်ပါဘူးကွ၊ အိမ်ခွဲပြီးပြီပဲ၊ ထပ်ပြီး အိမ်ပြောင်းစရာ မလိုပါဘူး၊ နီးနီးနားနား နေတော့ နောက်ပိုင်း မင်းအဖေနဲ့အမေကို မင်း စောင့်ရှောက်လို့ ရတာပေါ့"
မည်သို့ပင်ဖြစ်စေ ချန်ရှန်းတို့ လင်မယားက ဟုန်ကျွင်းကို မွေးထားသူများ ဖြစ်သည်။ ချန်ရှန်းက ဟုန်ကျွင်း၏ မိဘအရင်း ဖြစ်နေမှတော့ တစ်မိသားစုတည်းသားတွေ အိမ်ခွဲပြီး ထပ်ပြီး ဝေးဝေးလံလံ ပြောင်းသွားစရာ မလိုပေ။ တကယ်လို့ ဝေးဝေး ပြောင်းသွားလျှင် ကျန်ရှိနေသေးသော သံယောဇဉ် အနည်းငယ်သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်ပေသည်။
"အတွင်းရေးမှူး... နီးနီးနေနေ ဝေးဝေးနေနေ သူတို့ကို စောင့်ရှောက်တဲ့အပေါ် သက်ရောက်မှု မရှိပါဘူး"
ကျိဟုန်ကျွင်းသည် နက်မှောင်သော မျက်လုံးများဖြင့် ပါတီအတွင်းရေးမှူးကြီးကို ကြည့်ကာ လေးနက်စွာ ပြန်ပြောလိုက်သည်။
ကျိဟုန်ကျွင်း ထိုသို့ ပြောလိုက်သဖြင့် ပါတီအတွင်းရေးမှူးကြီးသည် အိမ်မပြောင်းရန် ဆက်လက် နားချခြင်း မပြုတော့ဘဲ သက်ပြင်းချလိုက်သည်။
"ဒီကိစ္စကို မင်း သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ၊ ခဏနေရင် ငါးဝေတော့မယ်၊ ငါ သွားနှင့်တော့မယ်၊ ငါးဝေရင်းနဲ့ ရွာထဲက လူတွေကို အပူပေးခုတင်ပေါ် ဟင်းသီးဟင်းရွက် စိုက်တဲ့ကိစ္စ ပြောပြလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ကျိဟုန်ကျွင်း ပြန်ဖြေလိုက်သည်နှင့် ပါတီအတွင်းရေးမှူးကြီး၊ ခေါင်းဆောင်နှင့် စာရင်းကိုင်တို့ ထွက်သွားကြသည်။ ထို့နောက်မှ ကျိဟုန်ကျွင်းသည် လျန်ဟွမ်းကို ကြည့်ကာ သူမနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာပြီး မီးဖိုချောင်တံခါးပိတ်ကာ အိမ်မကြီးဘက်သို့ လျှောက်သွားကြသည်။
အိမ်မကြီးထဲ ရောက်သည်နှင့် လျန်ဟွမ်းသည် အခန်းတံခါးကို ပိတ်လိုက်ပြီး ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။
"အတွင်းရေးမှူးက ခဏနေ ငါးဝေမယ်လို့ ပြောသွားတယ်၊ အခု သွားကြည့်ရအောင်"
သူမနှင့် ဟုန်ကျွင်းက ငါး ဘယ်နှစ်ကောင်လောက် ရမလဲ မသိဘူး။ ရတဲ့ငါးက ကြီးလောက်လား။ သူမ ငါးခူဟင်း စားချင်နေပြီ။ ဒီနေ့ ငါးဝေမယ်ဆိုတော့ ရွာထဲကလူတိုင်း ငါးစားကြမှာ။ သူမ ငါးခူဟင်း ချက်စားရင်လည်း လူတွေ သတိထားမိမှာ မဟုတ်ဘူး။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ တံခါးပိတ်ပြီး ထွက်လာကြရာ သူတို့နောက်မှ ကျိကျန့်ခန်းလည်း လိုက်လာခဲ့သည်။
ဘေးအိမ်ရှိ မာမိသားစုမှ အဒေါ်မာသည် ခေါင်းဆောင်တို့ လျန်ဟွမ်းအိမ် ရောက်လာကတည်းက လျန်ဟွမ်းတို့အိမ်ဘက်သို့ တိတ်တဆိတ် ချောင်းကြည့်နေခဲ့သည်။ ခေါင်းဆောင်တို့ ပြန်သွားသည်ကိုလည်း သူမ မြင်လိုက်သည်။ သူမသည် အိမ်ရှေ့တွင် ရပ်ကာ လျန်ဟွမ်းတို့အိမ်မှ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး လျန်ဟွမ်းက အိမ်ထဲမှ ထွက်လာသည်ကို မြင်သောအခါ လျှောက်လာကာ ပြုံးပြုံးရွှင်ရွှင် မေးလိုက်သည်။
"ဟုန်ကျွင်းမိန်းမ... အပြင်သွားမလို့လား"
"ဟုတ်ကဲ့၊ အတွင်းရေးမှူးက ခဏနေ ငါးဝေမယ် ပြောလို့လေ၊ သွားကြည့်မလို့၊ ဒေါ်ဒေါ်ကရော အခု သွားမှာလား"
ပြုံးပြနေသူကို ရိုက်ရိုးထုံးစံ မရှိသဖြင့် အဒေါ်မာက သူမကို ပြုံးပြနေသောအခါ လျန်ဟွမ်းကလည်း နူးညံ့စွာ ပြန်ပြောလိုက်သည်။
"ငါးဝေတော့မယ် ဟုတ်လား၊ နေဦး... ငါ အိမ်ပြန်ပြီး ရေပုံး သွားယူပြီး ညည်းနဲ့အတူ လိုက်ခဲ့မယ်၊ ဟုန်ကျွင်းမိန်းမ... ညည်းက ရေပုံး မယူဘူးလား၊ ခဏနေ ငါးတွေကို ဘယ်မှာ ထည့်မလဲ"
အဒေါ်မာ ပြောမှ လျန်ဟွမ်း ရေပုံး မယူလာမိသည်ကို သတိရသွားသည်။ ခုနက ငါးဝေမည် ဆိုသည်ကိုသာ တွေးပြီး ငါးဘယ်လို ချက်စားမည်ကိုသာ စဉ်းစားနေသဖြင့် ငါးထည့်ရန် ရေပုံးယူရမည့် ကိစ္စကို မေ့နေခဲ့ခြင်း ဖြစ်သည်။ အဒေါ်မာ ပြောမှ သူမ ပြုံးကာ ပြန်ပြောလိုက်သည်။
"ကျွန်မ ပြန်ယူလိုက်ဦးမယ်"
လျန်ဟွမ်းက ပြောပြီးသည်နှင့် မီးဖိုချောင်သို့ ပြန်သွားကာ ရေပုံးနှစ်ပုံး ယူလာပြီး ကျိဟုန်ကျွင်းအနား ရောက်သောအခါ သူ့ကို ကမ်းပေးလိုက်သည်။
ကျိဟုန်ကျွင်းသည် သဘာဝကျကျပင် ရေပုံးကို လှမ်းယူလိုက်သည်။ ယူပြီးသည်နှင့် ပုံးတစ်ပုံးကို ကျိကျန့်ခန်းအား ပေးလိုက်သည်။
"ကိုင်ထား၊ ခဏနေ ငါးဝေရင် သုံးရမယ်"
ဒုတိယဦးလေးတို့အိမ်အတွက် ရမည့်ငါးကို ခဏနေ ကျန့်ခန်းကို ယူခိုင်းပြီး မြို့နယ်ဘက် ယူသွားခိုင်းရမည်။
လျန်ဟွမ်းက ရေပုံး ယူပြီး ထွက်လာချိန်တွင် အဒေါ်မာလည်း ရေပုံးဆွဲကာ ထွက်လာပြီ ဖြစ်သည်။ သူမသည် ရေပုံးဆွဲရင်း လျန်ဟွမ်းနှင့်အတူ ငါးဝေသည့် နေရာသို့ လျှောက်သွားကြသည်။
ငါးယူရန် သွားသည့် လမ်းတစ်လျှောက်တွင် အဒေါ်မာသည် လျန်ဟွမ်းနား ကပ်ကာ ဟင်းသီးဟင်းရွက် စိုက်သည့်အကြောင်း မေးမြန်းပြန်သည်။
"ဟုန်ကျွင်းမိန်းမ... ညည်း ဟင်းသီးဟင်းရွက် ဘယ်လို စိုက်လဲဆိုတာ ငါ့ကို ပြောပြပါလား"
လျန်ဟွမ်းသည် ပါတီအတွင်းရေးမှူးကြီးကို ပြောပြခဲ့သည့် နည်းလမ်းအတိုင်း အဒေါ်မာကို ပြောပြလိုက်သည်။
လျန်ဟွမ်းနှင့် အဒေါ်မာ စကားပြောရင်း မကြာမီ ငါးဝေသည့်နေရာသို့ ရောက်လာကြသည်။ ပါတီအတွင်းရေးမှူးကြီးတို့က လျန်ဟွမ်းတို့ထက် ခြေတစ်လှမ်း ဦးအောင် ရောက်နေကြသည်။ ထိုအချိန်တွင် ကျိကျန့်ဟွာသည် စာအုပ်ကို ကိုင်ကာ အိမ်ထောင်စုအလိုက် လူဦးရေ စစ်ဆေးနေပြီ ဖြစ်သည်။
ကျိကျန့်ဟွာက လူဦးရေ စစ်ဆေးပြီးနောက် ခေါင်းဆောင်ကို ပြောလိုက်ရာ ခေါင်းဆောင်သည် ရှေ့သို့ ထွက်ရပ်ပြီး စကားအနည်းငယ် ပြောကာ ငါးစတင် ဝေပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။
ငါးဝေမည်ဟု ပြောလိုက်သည်နှင့် လူအများအပြားသည် ရေပုံးများ ကိုင်ကာ ရှေ့သို့ တိုးဝှေ့လာကြသည်။ ရှေ့ရောက်လျှင် ငါးစောစော ရမည်၊ ငါးအကြီးများကို ရွေးယူနိုင်မည်ဟု တွေးကာ တိုးဝှေ့နေကြခြင်း ဖြစ်သည်။
ခေါင်းဆောင်သည် သူတို့ ရုတ်ရုတ်သဲသဲ တိုးဝှေ့နေကြသည်ကို မြင်သောအခါ အော်ပြောလိုက်သည်။
"အားလုံး နောက်ဆုတ်ပြီး တန်းစီကြ၊ ကျန့်ဟွာလက်ထဲမှာ လုပ်အားခမှတ်စာအုပ် ရှိတယ်၊ သူ့ကို လုပ်အားခမှတ်စာအုပ်အတိုင်း ငါးဝေခိုင်းမယ်၊ ဘယ်အိမ်က လုပ်အားခမှတ် များလဲ သူတို့ အရင် ငါးထုတ်ယူရမယ်"
ခေါင်းဆောင် ထိုသို့ ပြောလိုက်သည်နှင့် လျန်ဟွမ်း နောက်သို့ တန်းဆုတ်လိုက်သည်။ သူမနှင့် ကျိဟုန်ကျွင်းက အိမ်ခွဲထားကာစ ဖြစ်ပြီး ရွာထဲကလူတွေ ပြောစကားအရ အရင်က ကျိဟုန်ကျွင်းသည် အလုပ် သိပ်မလုပ်သဖြင့် လုပ်အားခမှတ် သိပ်မရှိဟု သိရသည်။ သူတို့နှစ်ယောက်၏ လုပ်အားခမှတ်မှာ သေချာပေါက် နည်းနေမည် ဖြစ်ရာ လုပ်အားခမှတ် အများအနည်းလိုက် စီပြီး ဝေမည်ဆိုလျှင် သူတို့ နောက်ဆုံးမှ ရလောက်သည်။
ကျိကျန့်ဟွာက နာမည်ခေါ်ရာ ရွာသားများသည် ခေါ်သည့် နာမည်အလိုက် ငါးလာထုတ်ကြသည်။ မိသားစု တော်တော်များများ ငါးထုတ်ပြီး ပြန်သွားကြသည်ကို ကြည့်ရင်း လျန်ဟွမ်း အားကျနေမိသည်။
ကျိမိသားစု အလှည့်ရောက်သောအခါ ဒုတိယချွေးမက ငါးလာထုတ်သည်။ ကျိအဖေ၏ နာမည် ခေါ်သံ ကြားသည်နှင့် သူမသည် ရေပုံးကို ကိုင်ကာ ရှေ့သို့ တိုးသွားသည်။ ကျိကျန့်ဟွာ ရှေ့ရောက်သောအခါ ဒုတိယချွေးမက အသံကျယ်ကြီးဖြင့် မေးလိုက်သည်။
"ကျန့်ဟွာရေ... ငါတို့အိမ် ငါးဘယ်နှစ်ကောင် ရမလဲ၊ ငါတို့အိမ်က လူတစ်ဒါဇင်လောက် ရှိတာနော်၊ သေချာပေါက် ငါးအများကြီး ရမှာမလား"
"လူကြီးနှစ်ယောက်ကို ငါးကြီး တစ်ကောင်၊ ကလေးနှစ်ယောက်ကို ငါးသေး တစ်ကောင်၊ ခင်ဗျားတို့အိမ်က လူကြီး ရှစ်ယောက်၊ ကလေး ခြောက်ယောက်ဆိုတော့ ငါးကြီး လေးကောင်၊ ငါးသေး သုံးကောင် ရမယ်"
ကျိမိသားစုက မိသားစုကြီးဖြစ်ပြီး လူဦးရေများသဖြင့် ရသည့် ငါးအရေအတွက်က ရွာထဲတွင် အများဆုံးဟု ပြောနိုင်သည်။
ဒုတိယချွေးမသည် ကျိကျန့်ဟွာ၏ စကားကို ကြားသောအခါ ချက်ချင်း ပြောလိုက်သည်။
"အေး... ငါ့အတွက် ငါး ရွေးပေးစမ်းပါ၊ ငါ ငါးကြီး လိုချင်တယ်၊ ငါ့ကို ငါးသေးတွေ လာမပေးနဲ့နော်"
ဒုတိယချွေးမက ငါးထုတ်ပြီးနောက် ရေပုံးကို ကိုင်ကာ လူအုပ်ထဲမှ ရင်ကော့ပြီး ထွက်လာသည်။ လျန်ဟွမ်းဘေးမှ ဖြတ်သွားချိန်တွင် သူမ နှာခေါင်းရှုံ့သွားသည်။ လျန်ဟွမ်း သူမကို ဂရုမစိုက်ပေ။
မိနစ်အနည်းငယ် ကြာသောအခါ ဒုတိယဦးလေး နာမည်ကို ခေါ်သဖြင့် ကျိဟုန်ကျွင်းက ကျိကျန့်ခန်းကို ငါးသွားထုတ်ခိုင်းလိုက်သည်။ သူတို့အိမ်တွင် ကျိကျန့်ရှဲ့၏ အိမ်ထောင်စုစာရင်းနှင့် ဆန်ဆီ ရိက္ခာစာရင်းမှာ မြို့ပေါ်တွင် ရှိသဖြင့် အိမ်တွင် ငါးဝေရာ၌ သူ့အတွက် မပါပေ။ သူတို့အိမ်တွင် လူကြီး သုံးယောက်သာ ရှိသဖြင့် လေးကျင်းခန့်ရှိသော ငါးခူတစ်ကောင်နှင့် ကျင်းဝက်ခန့်ရှိသော မြက်စားငါးတစ်ကောင် ရလိုက်သည်။
ဒုတိယဦးလေးတို့အိမ် ငါးရပြီးနောက် လျန်ဟွမ်းတို့ ရှေ့မှ လူတော်တော်များများလည်း ငါးရပြီး ပြန်သွားကြပြီ ဖြစ်သော်လည်း သူတို့အိမ် နာမည် မခေါ်သေးပေ။
…
အခန်း (၃၉)
ကွင်းပြင်တွင် လူများ နည်းသထက် နည်းလာရာ လျန်ဟွမ်းသည် ကျိဟုန်ကျွင်း အနားကပ်ပြီး တီးတိုး မေးလိုက်သည်။
"ဟုန်ကျွင်း... ရှင် အရင်တုန်းက လုပ်အားခမှတ် သိပ်နည်းတာလား"
နွေဦးပေါက်လျှင် သူမ လုပ်အားခမှတ် ကောင်းကောင်း ရှာရမည်။ လုပ်အားခမှတ် များများရှာထားမှ ရွာထဲတွင် ပစ္စည်းဝေလျှင် များများရမည်။
ကျိဟုန်ကျွင်းက တိတ်ဆိတ်နေသည်။
လျန်ဟွမ်းက လက်ကို တိတ်တဆိတ် ဆန့်ထုတ်ကာ သူ့လက်ကို ဆွဲလိုက်သည်။ "ကျိဟုန်ကျွင်း... နွေဦးပေါက်လို့ အလုပ်ပြန်ဆင်းရင် ကျွန်မတို့ အလုပ် ကောင်းကောင်း လုပ်ကြစို့နော်"
အလုပ် ကောင်းကောင်း လုပ်မှ ထမင်းစားရမည်။
ဒီတစ်ကြိမ်တွင် ကျိဟုန်ကျွင်း တိတ်ဆိတ်မနေတော့ဘဲ လျန်ဟွမ်းကို ငုံ့ကြည့်လိုက်သည်။
"အင်း"
လျန်ဟွမ်း အသာအယာ ပြုံးလိုက်ပြီး ကျိဟုန်ကျွင်း ဘေးတွင် ရပ်ကာ ဆက်စောင့်နေလိုက်သည်။
အချိန်များ တစ်စတစ်စ ကုန်ဆုံးသွားပြီး ကွင်းပြင်တွင် ငါးလာထုတ်သူများ ကုန်သလောက် ဖြစ်သွားကာ ခေါင်းဆောင်နှင့် တာဝန်ရှိသူများသာ ကျန်တော့သည့်အချိန်ကျမှ ကျိကျန့်ဟွာ လှမ်းအော်လိုက်သည်။
"ကျိဟုန်ကျွင်း"
နောက်ဆုံးတော့ သူတို့အိမ်အလှည့် ရောက်လာပြီမို့ လျန်ဟွမ်း ရေပုံးကို ကိုင်ကာ ချက်ချင်း လျှောက်သွားလိုက်သည်။
"နောက်ဆုံးတော့ ငါတို့အိမ်အလှည့် ရောက်ပြီပဲ" လျန်ဟွမ်းက ကျိကျန့်ဟွာ ရှေ့တွင် ရပ်ရင်း ပြောလိုက်သည်။
"အစ်မ... ဒါ အစ်မနဲ့ အစ်ကိုဟုန်ကျွင်းအတွက် ငါးပါ၊ ကျွန်တော် ရေပုံးထဲ ထည့်ပေးမယ်" ကျိကျန့်ဟွာ မတ်တတ်ရပ်လိုက်ပြီး သူ့နောက်ရှိ ရေပုံးထဲမှ ငါးနှစ်ကောင် ဆွဲထုတ်လိုက်သည်။
လျန်ဟွမ်းက ငါးနှစ်ကောင်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။ "တစ်ကောင်တည်း ရရမှာ မဟုတ်ဘူးလား"
ဒီနေ့ ငါးဝေသည့် စည်းကမ်းကို သူမ ကြားထားသည်။ လူနှစ်ယောက်လျှင် တစ်ကောင်နှုန်း ဖြစ်သည်။ သူမနှင့် ကျိဟုန်ကျွင်း နှစ်ယောက်တည်း ရှိသဖြင့် ပုံမှန်ဆိုလျှင် ငါးတစ်ကောင်သာ ရသင့်သည်။
"နောက်တစ်ကောင်က အဖွဲ့ကနေ အစ်ကိုဟုန်ကျွင်းကို ဆုချတာပါ၊ မနေ့က အစ်ကိုဟုန်ကျွင်းက ဦးလေးလျိုရဲ့ အသက်ကို ကယ်ခဲ့တယ်လေ၊ အဖွဲ့ရဲ့ သူရဲကောင်းပဲ" ကျိကျန့်ဟွာက ရှင်းပြသည်။
ကျိကျန့်ဟွာ၏ စကားကို ကြားသောအခါ လျန်ဟွမ်း ရေပုံးကို ကိုင်ရင်း ပြုံးလိုက်သည်။
"ဪ... ဒီလိုလား၊ ဒါဆိုရင် ဒီငါးကို အစ်မ ယူလိုက်တော့မယ်၊ အချိန်လည်း မစောတော့ဘူး၊ အစ်မနဲ့ ဟုန်ကျွင်း ပြန်တော့မယ်"
ပိုလာသည့် ငါးတစ်ကောင်က ဟုန်ကျွင်းကို ဆုချခြင်း ဖြစ်သည်။ မနေ့က ဟုန်ကျွင်း လူကယ်တုန်းက ရေခဲရေထဲ မိနစ်အနည်းငယ်လောက် စိမ်လိုက်ရပြီး ဒုက္ခခံလိုက်ရသည်။ ဒီငါးကို သူမ ယူလိုက်တာ ရွာအတွက် မနစ်နာပါဘူး။ ဒါ သူမတို့ ဟုန်ကျွင်း ရသင့်ရထိုက်တာပဲ။
လျန်ဟွမ်းက ရေပုံးကို ဆွဲကာ ကျိဟုန်ကျွင်းနှင့် ကျိကျန့်ခန်းတို့ ရှေ့သို့ လျှောက်သွားလိုက်သည်။ ကျိဟုန်ကျွင်းက သူမလက်ထဲမှ ရေပုံးကို လှမ်းယူလိုက်ပြီး အိမ်ပြန်ရန် လှည့်ထွက်လိုက်သည်။
လျန်ဟွမ်းနှင့် ကျိကျန့်ခန်းတို့ သူ့နောက်မှ လိုက်ကာ သုံးယောက်သား အတူ ပြန်လာကြသည်။
အိမ်ရောက်ခါနီးတွင် လျန်ဟွမ်း လှမ်းကြည့်လိုက်ရာ ကျိမိသားစုအိမ်ရှေ့တွင် လူအုပ်ကြီး စုဝေးနေသည်ကို အဝေးမှ လှမ်းတွေ့လိုက်ရသည်။ သူတို့အိမ်ရှေ့တွင် စက်ဘီးနှစ်စီး ရပ်ထားသေးသည်။ ရွာသားအများအပြား စုဝေးနေကြပြီး ကျိမိသားစု အိမ်တံခါးကို လက်ညှိုးထိုးကာ ပြောဆိုနေကြသည်။
ကျိကျန့်ခန်းလည်း ထိုမြင်ကွင်းကို တွေ့လိုက်ရသဖြင့် ကျိဟုန်ကျွင်းအနား တိုးသွားပြီး တိုးတိုးလေး မေးလိုက်သည်။
"အစ်ကိုဟုန်ကျွင်း... အစ်ကိုကြီးတို့အိမ် ဘာဖြစ်တာလဲ၊ အိမ်ရှေ့မှာ လူတွေ အများကြီးပဲ"
ကျိဟုန်ကျွင်းက တစ်ချက် လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ဖြေလိုက်သည်။ "မသိဘူး"
"အစ်ကိုဟုန်ကျွင်း... ဒါလေး ကိုင်ထားပေးပါဦး၊ ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ကျိကျန့်ခန်း ပြောပြောဆိုဆိုနှင့် လက်ထဲမှ ရေပုံးကို ကျိဟုန်ကျွင်းလက်ထဲ ထိုးထည့်လိုက်ပြီး ကျိမိသားစုအိမ်ရှေ့သို့ ပြေးသွားကာ လူအုပ်ထဲ တိုးဝင်ပြီး ခိုးနားထောင်လိုက်သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ အိမ်ရှေ့ရောက်သောအခါ ကျိကျန့်ခန်းက ပြေးပြန်လာပြီး ကျိဟုန်ကျွင်းကို အသံနှိမ့်ကာ ပြောလိုက်သည်။
"အစ်ကိုဟုန်ကျွင်း... ကျွန်တော် ကြားခဲ့တယ်၊ အုပ်ချုပ်ရေးအဖွဲ့က လူတွေ ရောက်လာပြီး အစ်ကိုဟုန်ရှင်းကို လာရှာတာတဲ့၊ ခိုးမှုကိစ္စနဲ့ ပတ်သက်ပြီး လာမေးတာတဲ့"
ကျိကျန့်ခန်း ပြောလိုက်သည်နှင့် လျန်ဟွမ်းက ဘာကိစ္စဆိုတာ ချက်ချင်း သိလိုက်သည်။ ကျိထျဲ့ကျူးဆီကနေ ကျိဟုန်ရှင်းက သူ့ကို ခိုးခိုင်းတယ်ဆိုတဲ့ သတင်းကို အုပ်ချုပ်ရေးအဖွဲ့က လူတွေ ရလို့ ကျိဟုန်ရှင်းကို လာစစ်ဆေးတာ နေမှာ။
လျန်ဟွမ်းက သူတို့ စစ်ဆေးမေးမြန်းတာကို သိပ်စိတ်မဝင်စားပေ။ ကျိဟုန်ရှင်းက နောက်ဆုံးမှာ ပြစ်ဒဏ်ခံရမလား ဆိုတာကိုသာ သူမ ပိုသိချင်သည်။ လျန်ဟွမ်းက တံခါးဝတွင် ရပ်ကာ ကျိမိသားစုအိမ်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တံခါးဖွင့်ကာ အိမ်ထဲ ဝင်လိုက်သည်။
ကျိဟုန်ကျွင်းကလည်း ဟိုဘက်အိမ်က ကိစ္စကို သိပ်စိတ်ဝင်စားပုံ မရပေ။ လျန်ဟွမ်း အိမ်ထဲ ဝင်သွားသည်နှင့် သူလည်း လိုက်ဝင်သွားသည်။ ကျိကျန့်ခန်းက ပြေးပြီး ထပ်သွားချောင်းချင်နေသော်လည်း ကျိဟုန်ကျွင်းက သူ့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"မင်း ဝင်ခဲ့"
ဆွဲထားခံလိုက်ရသဖြင့် ကျိကျန့်ခန်း မတတ်သာဘဲ ကျိဟုန်ကျွင်းနောက်မှ အိမ်ထဲ ဝင်လိုက်ရသည်။
မီးဖိုချောင်ထဲ ရောက်သောအခါ လျန်ဟွမ်းက သူတို့အိမ်အတွက် ငါးကို ချထားလိုက်ပြီးနောက် ဒုတိယဒေါ်လေးတို့အိမ်အတွက် ငါးကို ကျိကျန့်ခန်းအား ပေးလိုက်သည်။
"ကျန့်ခန်း... ဒီငါး မင်း အိမ်ပြန်ယူသွားလိုက်"
ကျိဟုန်ကျွင်းက ငါးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူ့ကို အိတ်နဲ့ ထည့်ပေးလိုက်၊ မြို့နယ်ဘက် ယူသွားလိမ့်မယ်"
ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လျန်ဟွမ်း ကျိကျန့်ခန်းကို ကြည့်ပြီး မေးလိုက်သည်။
"မင်း မြို့နယ်ကို သွားမှာလား၊ ဘယ်အချိန် သွားမှာလဲ"
"ဒီနေ့ သွားမှာ" အစ်ကိုကြီးကို သွားကြည့်ရင်း အမေ လုပ်စရာရှိတာ ကူလုပ်ပေးမလို့။
"ဒါဆို ကောင်းတာပေါ့၊ မင်း အခု ဒီငါးကို ယူသွားပြီး ဒေါ်လေးကို ငါးဟင်းရည် ချက်သောက်ခိုင်းလိုက်၊ မရီးက ကလေးမွေးပြီးစ မကြာသေးဘူးလေ၊ ငါးဟင်းရည်သောက်ရင် နို့ထွက်ကောင်းတော့ ကလေးအတွက် ကောင်းတာပေါ့၊ အစ်ကိုကြီးလည်း ငါးဟင်းရည်သောက်ပြီး အားဖြည့်လို့ ရတာပေါ့"
ဒီတစ်ခေါက် ဒုတိယဦးလေးတို့အိမ်က ငါးခူတစ်ကောင်နှင့် ကျင်းဝက်လောက်ရှိသည့် မြက်စားငါးတစ်ကောင် ရသည်။ ငါးခူက အာဟာရတန်ဖိုး မြင့်မားသဖြင့် ဟင်းရည်ချက်သောက်ရန် အသင့်တော်ဆုံး ဖြစ်သည်။
လျန်ဟွမ်းက ငါးကို သေချာ ထည့်ပေးပြီး ကျိကျန့်ခန်းကို ပေးလိုက်သည်။
ကျိကျန့်ခန်းက ငါးကို ယူပြီးနောက် လျန်ဟွမ်း၊ ကျိဟုန်ကျွင်းတို့နှင့် စကားအနည်းငယ် ပြောကာ နှုတ်ဆက်ပြီး သူတို့အိမ်မှ ထွက်ကာ မြို့နယ်ဘက်သို့ သွားလေသည်။
အခု ကောင်းကင်က မမှောင်သေးဘူး။ မြန်မြန်လျှောက်ရင် မိုးချုပ်စလောက်ဆို မြို့နယ် ရောက်နိုင်တယ်။ နည်းနည်း နောက်ကျမှ သွားရင်တော့ မှောင်မှ မြို့ထဲဝင်ရလိမ့်မယ်။
ကျိကျန့်ခန်း ထွက်သွားပြီးနောက် အိမ်တွင် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းသာ ကျန်တော့သည်။ လျန်ဟွမ်းက ငါးထည့်ထားသော ရေပုံးကို ဆွဲကာ ခြံဝင်းထဲသို့ ထွက်လာသည်။ သူမက ငါးသတ်ပြီး ညစာကို ငါးခူဟင်း ချက်စားရန် ပြင်လိုက်သည်။
လျန်ဟွမ်း ငါးသတ်နေသည်ကို မြင်သောအခါ ကျိဟုန်ကျွင်းသည် လုပ်စရာ ကိစ္စ ရှိပုံဖြင့် လျန်ဟွမ်းကို ပြောလိုက်သည်။
"ဟွမ်းဟွမ်း... ငါ အတွင်းရေးမှူးကြီးတို့အိမ် ခဏ သွားလိုက်ဦးမယ်"
"အင်း... ညစာ မစားခင် ပြန်လာခဲ့နော်" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို မှာလိုက်သည်။
"အင်း" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
ကျိဟုန်ကျွင်း ထွက်သွားပြီး မကြာမီ တစ်ဖက်ရှိ ကျိမိသားစုအိမ်တွင် ဆူညံပွက်လောရိုက်သွားပြီး ကျိဒုတိယသား၏ အော်သံကို လျန်ဟွမ်း ခြံဝင်းထဲမှပင် ကြားနေရသည်။
"ငါ ပစ္စည်း မခိုးဘူး၊ ငါ့ကို လွှတ်"
"ခင်ဗျားတို့ ငါ့ကို ဖမ်းလို့ မရဘူး၊ ငါ ပစ္စည်း မခိုးဘူး"
"ပစ္စည်းခိုးခံရတာက ငါ့ညီလေးအိမ်ပါ၊ ငါ ခိုးတာ မဟုတ်ဘူး၊ မယုံရင် ငါ့ညီလေးကို သွားမေးကြည့်"
အမေကျိ၏ ငိုယိုသံများလည်း ထွက်ပေါ်လာသည်။
"နင်တို့ ငါ့သားကို လွှတ်ပေး၊ ငါ့သား အပြစ် မလုပ်ဘူး"
"အမေရေ... နေလို့ မရတော့ပါဘူး၊ အုပ်ချုပ်ရေးအဖွဲ့ကလူတွေ ဆင်းရဲသားကို စွပ်စွဲနေပြီ၊ အုပ်ချုပ်ရေးအဖွဲ့က လူတွေ ဆင်းရဲသားကို ဖမ်းနေပြီ"
ကျိမိသားစုအိမ်မှ ဆူညံသံ မျိုးစုံသည် လျန်ဟွမ်း နားထဲ ရောက်လာသော်လည်း လျန်ဟွမ်း ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ငါးကိုသာ ဆက်လက် ကိုင်တွယ်နေပြီး အပြင်ဘက်မှ အသံများကို မကြားချင်ယောင် ဆောင်နေလိုက်သည်။
ငါးမိနစ်ခန့် ကြာသောအခါ ကျိဟုန်ရှင်း အဖမ်းခံလိုက်ရပုံရပြီး ကျိမိသားစုအိမ် တိတ်ဆိတ်သွားသည်။ လျန်ဟွမ်း၏ ငါးလည်း သန့်စင်ပြီးပြီ ဖြစ်သဖြင့် ရေပုံးနှင့် ငါးဆေးသည့် ဇလုံကို ကိုင်ကာ မီးဖိုချောင်ဘက် လျှောက်သွားလိုက်သည်။
အချိန်လည်း တော်တော်နောက်ကျနေပြီမလို့ ညစာ ချက်လို့ ရပြီ။ ညစာကို ငါးခူဟင်း ချက်မယ်။ ငါးခူဟင်းအိုးဘေးမှာ ပြောင်းဖူးမုန့် ကပ်မယ်။ အဲဒီလို အိုးကပ်ပူပူလေးက စားလို့ အကောင်းဆုံးပဲ။
လျန်ဟွမ်း တွေးရင်း မီးဖိုချောင်ထဲ ဝင်ကာ လက်သွက်ခြေသွက်ဖြင့် ထမင်းဟင်း စချက်တော့သည်။
ကျိမိသားစုအိမ်တွင် ကျိဒုတိယသား အဖမ်းခံလိုက်ရသဖြင့် တစ်မိသားစုလုံး မျက်နှာပျက်နေကြသည်။
ဒုတိယချွေးမက အိမ်မကြီးထဲတွင် အဖေကျိနှင့် အမေကျိကို ကြည့်ကာ ပြောလိုက်သည်။
"အဖေနဲ့ အမေ... နည်းလမ်းလေး ဘာလေး စဉ်းစားကြပါဦး၊ ဟုန်ရှင်းကို ကယ်ကြပါဦး၊ ဟုန်ရှင်း ဝေဖန်ရေး လုပ်ခံရလို့ မဖြစ်ဘူး၊ သူ ဝေဖန်ရေး လုပ်ခံရပြီး အလုပ်ကြမ်းစခန်း ရောက်သွားရင် ကျွန်မတို့ ထယ်တျန့် ဘယ်လို လုပ်မလဲ"
ထယ်တျန့်သည် ကျိမိသားစု၏ တစ်ဦးတည်းသော မြေးဖြစ်ပြီး အဖေကျိနှင့် အမေကျိတို့၏ အသည်းနှလုံး ဖြစ်သည်။ အဖေကျိသည် ဒုတိယချွေးမက ထယ်တျန့်အကြောင်း ပြောလာသည်ကို ကြားသောအခါ ခုတင်ပေါ်မှ ဆင်းလိုက်သည်။
"မင်းတို့အားလုံး အိမ်မှာပဲ ငြိမ်ငြိမ်နေကြ၊ ငါ စတုတ္ထဆီ သွားလိုက်ဦးမယ်"
ဟုန်ရှင်းက ထယ်တျန့်ရဲ့ အဖေပဲ။ ငါတို့မြေးရဲ့ အဖေက အလုပ်ကြမ်းစခန်း ရောက်လို့ မဖြစ်ဘူး။ ဝေဖန်ရေး လုပ်ခံရလို့ မဖြစ်ဘူး။ သူ စတုတ္ထဆီ သွားပြီး ကျိထျဲ့ကျူးကို အမှုမဖွင့်ဖို့ ပြောရမယ်။ ကျိထျဲ့ကျူးသာ အမှုက လွတ်သွားရင် သူတို့ ဒုတိယသားလည်း အဆင်ပြေသွားမှာပဲ။
ကျိဟုန်ကျွင်းအိမ်တွင် လျန်ဟွမ်းက မီးဖိုချောင်၌ ထမင်းချက်နေသည်။ အဖေကျိသည် အနက်ရောင် ဝါဂွမ်းအင်္ကျီကို ဝတ်ဆင်လျက် အပြင်မှ ဝင်လာသည်။ ခြံဝင်းထဲ ဝင်လာပြီးနောက် အိမ်မကြီးဘက်သို့ အရင်သွားကာ အိမ်မကြီးတံခါးကို ဖွင့်ကြည့်သည်။ အိမ်မကြီးထဲတွင် ကျိဟုန်ကျွင်းကို မတွေ့ရဘဲ မီးဖိုချောင်ဘက်မှ အသံကြားရသဖြင့် မီးဖိုချောင်ဘက်သို့ လျှောက်လာသည်။
လျန်ဟွမ်း မီးဖိုချောင်ထဲတွင် ငါးခုတ်နေပြီး ငါးခုတ်သံက ကျယ်နေသဖြင့် ခြံဝင်းထဲမှ အသံကို မကြားလိုက်ပေ။
အဖေကျိ တံခါးဝတွင် ရပ်ကာ လှမ်းအော်လိုက်သည်။
"စတုတ္ထမိန်းမ... စတုတ္ထ အိမ်မှာ ရှိလား"
အဖေကျိ၏ အသံကို ကြားမှ လျန်ဟွမ်း သူတို့အိမ်ထဲ လူဝင်လာသည်ကို သိလိုက်ရသည်။ သူမ အဖေကျိဘက် လှည့်ကြည့်ကာ ပြောလိုက်သည်။
"သူ အိမ်မှာ မရှိဘူး"
"စတုတ္ထက ဘယ်အချိန် ပြန်လာမယ် ပြောလဲ" အဖေကျိ မီးဖိုချောင်တံခါးကို မှီကာ လျန်ဟွမ်းကို မေးလိုက်သည်။
"မပြောဘူး" ကျိဟုန်ကျွင်းက ပါတီအတွင်းရေးမှူးကြီးအိမ် သွားမည်ဟုသာ ပြောပြီး ဘယ်အချိန် ပြန်လာမည် မပြောပေ။
"ဒါဆိုရင်လည်း ပြီးတာပဲ၊ ငါ့ကို ထိုင်ခုံတစ်လုံးလောက် ယူပေးစမ်း၊ ငါ ဒီမှာထိုင်ပြီး သူပြန်လာတာ စောင့်လိုက်မယ်" အဖေကျိက လျန်ဟွမ်းကို ခိုင်းလိုက်သည်။
လျန်ဟွမ်းက ငါးခုတ်နေသဖြင့် လက်မှာ ရေများ ပေနေရာ ထိုင်ခုံ ယူပေးရန် အဆင်မပြေပေ။ ပြီးတော့ သူမ အဖေကျိကို ထိုင်ခုံ ယူမပေးချင်ပေ။ သူမ ခေါင်းငုံ့ကာ ဟင်းသီးဟင်းရွက် ဆက်လှီးရင်း ပြောလိုက်သည်။
"ထိုင်ခုံလိုချင်ရင် ကိုယ့်ဘာသာ ယူထိုင်"
အဖေကျိသည် လျန်ဟွမ်းက ထိုင်ခုံမယူပေးသည့်အပြင် သူမ၏ ရိုင်းပျသော စကားကို ကြားလိုက်ရသဖြင့် မျက်လုံး ပြူးသွားသည်။
"ဟဲ့... ဒီကလေး၊ လူကြီးမိဘကို ထိုင်ခုံလေးတောင် ယူမပေးချင်ဘူးလား၊ ဘာအချိုးလဲ"
လျန်ဟွမ်းက အဖေကျိ၏ မေးခွန်းကို ပြန်မဖြေပေ။ သူမ ငါးနှင့် ချင်းတို့ကို လှီးပြီးနောက် အခန်းထဲ ပြန်ဝင်ပြီး ဂျုံမှုန့်ယူကာ မုန့်နယ်ရန် မလုပ်တော့ပေ။ လှီးထားသော ငါးများကို ဆားအနည်းငယ်ဖြင့် နယ်ကာ နှပ်ထားလိုက်သည်။ ထို့နောက် စဉ့်အိုးထဲမှ ကန်စွန်းဥနှစ်လုံး ယူကာ ရေဆေး၊ အတုံးတုံးပြီး ဒယ်အိုးထဲထည့်ကာ ကန်စွန်းဥပြုတ်ရည် ပြုတ်လိုက်သည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး လျန်ဟွမ်း၏ ကန်စွန်းဥပြုတ်ရည် ကျက်သွားသည်အထိ ကျိဟုန်ကျွင်း ပြန်မလာသေးပေ။ အဖေကျိက စိတ်မရှည်တော့ပေ။
"စတုတ္ထမိန်းမ... စတုတ္ထက ဒီအချိန်ထိ ပြန်မလာသေးဘူး၊ ညည်း အပြင်ထွက်ပြီး သွားမရှာဘူးလား"
"သူက လူကြီးပဲ၊ လမ်းပျောက်မှာ မဟုတ်ဘူး၊ ပြန်လာချိန်တန်ရင် ပြန်လာလိမ့်မယ်" လျန်ဟွမ်းက မီးဖိုခုံနောက်တွင် ထိုင်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။
......
ပါတီအတွင်းရေးမှူးကြီး၏ အိမ်တွင် ဖြစ်သည်။ ပါတီအတွင်းရေးမှူးကြီးနှင့် ခေါင်းဆောင်တို့သည် ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ပါတီအတွင်းရေးမှူးကြီးသည် ခေတ္တမျှ စဉ်းစားပြီးနောက် ကျိဟုန်ကျွင်းကို ကြည့်ကာ စေတနာဖြင့် ပြောလိုက်သည်။
"မင်း တကယ် ဆုံးဖြတ်ပြီးပြီလား၊ ဟုန်ကျွင်း... မင်းအဖေနဲ့အမေက တကယ်တော့ မျက်နှာလိုက်တာလေး နည်းနည်းပဲ ရှိတာပါ၊ တခြား မကောင်းတဲ့စိတ် မရှိပါဘူးကွ၊ ပြီးတော့ သူတို့ မင်းကို ဒီလောက်ကြီးအောင် မွေးပေးထားတာလည်း ကျေးဇူးရှိပါတယ်"
"အတွင်းရေးမှူး... ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ ရွာထိပ်က မြေနေရာကို လိုချင်ပါတယ်၊ ၁၅ ရက်နေ့ ကျော်ရင် အိမ်ဆောက်ပါမယ်" ကျိဟုန်ကျွင်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။
ပါတီအတွင်းရေးမှူးကြီးက အနည်းငယ် စိတ်ညစ်သွားပြီး ဆေးတံအကြီးကြီးကို ဖွာရင်း ကျိဟုန်ကျွင်းကို စကား ဆက်မပြောတော့ပေ။
ပါတီအတွင်းရေးမှူးကြီး၏ ပုံစံကို ကြည့်ရုံဖြင့် ကျိဟုန်ကျွင်းကို မြေနေရာ မချပေးချင်မှန်း ခေါင်းဆောင် သိလိုက်သည်။ ခေါင်းဆောင်က ဘေးမှနေ၍ ဝင်ပြောလိုက်သည်။
"ဦးလေးရာ... ရွာထိပ်က မြေနေရာတွေက အများကြီး ကျန်နေသေးတာပဲ၊ ဒီအတိုင်း ထားမဲ့အစား ဟုန်ကျွင်း လိုချင်တယ်ဆိုတော့ ပေးလိုက်ပါဗျာ၊ ပြီးတော့ ဒီနေ့ အုပ်ချုပ်ရေးအဖွဲ့က လူတွေလည်း လာသွားတယ်၊ ကျိဟုန်ရှင်းက ဟုန်ကျွင်းအိမ်က ပစ္စည်းခိုးဖို့ သူတို့ကို မြှောက်ပေးတယ်ဆိုတာ သက်သေပြပြီးပြီ။ ဒီဟုန်ရှင်းက ဟုန်ကျွင်းအိမ်က ပစ္စည်းခိုးဖို့ ဒီလိုနည်းလမ်းမျိုးတောင် စဉ်းစားနိုင်မှတော့ နောက်ကျရင် ဟုန်ကျွင်းအပေါ် မကောင်းတဲ့စိတ် ထပ်မရှိလာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ ဟုန်ကျွင်း ကျိမိသားစုဘေးကနေ ပြောင်းသွားတာလည်း ကောင်းပါတယ်"
ပါတီအတွင်းရေးမှူးကြီး ခဏမျှ စဉ်းစားပြီးနောက် လေးလေးနက်နက် ပြောလိုက်သည်။
"ဒါဆိုရင်လည်း ချပေးလိုက်ပါ"
…
အခန်း (၄၀)
ကျိဟုန်ကျွင်းက အပြင်မှ ခြံဝင်းထဲသို့ ဝင်လာသည်နှင့် မီးဖိုချောင်ရှေ့တွင် ထိုင်စောင့်နေသော အဖေကျိက မြင်သွားပြီး မတ်တတ်ရပ်ကာ သူ့ထံသို့ အမြန်လျှောက်လာသည်။
"စတုတ္ထလေး ပြန်လာပြီလား"
ကျိဟုန်ကျွင်းသည် အဖေကျိကို အေးစက်စက် ကြည့်ကာ မေးလိုက်သည်။ "အင်း... ကိစ္စရှိလို့လား"
အဖေကျိသည် ဝါဂွမ်းအင်္ကျီအထူကို ဝတ်ဆင်ထားပြီး ခေါင်းငုံ့ထားသည်။ ရိုးသားသော မျက်နှာတွင် စိတ်လေးလံနေသည့် အရိပ်အယောင်များ ပေါ်နေသည်။
"စတုတ္ထလေး... အဖေ မင်းကို တိုင်ပင်စရာလေး ရှိလို့ လာရှာတာ"
ကျိဟုန်ကျွင်းသည် မီးဖိုချောင်ရှေ့တွင် ရပ်နေပြီး အဖေကျိကို အိမ်မကြီးထဲ ဝင်ထိုင်ရန် မခေါ်ဘဲ တဲ့တိုး ပြောလိုက်သည်။
"ပြောပါ"
အဖေကျိက ခဏ တိတ်ဆိတ်နေပြီးမှ လေးလေးနက်နက် ပြောလိုက်သည်။
"စတုတ္ထလေးရာ... ဒုတိယက မင်းရဲ့ အစ်ကိုအရင်းလေ၊ ညီအစ်ကိုအရင်းတွေကြားမှာ ရန်ငြိုးထားစရာ မလိုပါဘူး၊ ဒုတိယလည်း သူ့အမှားသူ သိနေပါပြီ၊ အဖေကြည့်ရသလောက် မင်းအိမ်မှာလည်း ပစ္စည်း ပျောက်တာ မရှိပါဘူး၊ ဒီတစ်ခါတော့ ကျေအေးပေးလိုက်ပါလား၊ မင်း အုပ်ချုပ်ရေးအဖွဲ့ကို သွားပြီး အမှုပိတ်လိုက်မယ်လို့ ပြောလိုက်ပါလား"
"အမှုဖွင့်ပြီးပြီ၊ ပိတ်လို့ မရတော့ဘူး" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
ကျိဟုန်ကျွင်း၏ စကားကြောင့် အဖေကျိ မျက်နှာပျက်သွားသည်။ ပုံမှန် ရိုးသားသော မျက်နှာထားတွင် မကျေနပ်မှုများ ပေါ်လာသည်။
"စတုတ္ထလေး... ဒုတိယက မင်းရဲ့ အစ်ကိုအရင်းနော်၊ အဖေ မင်းကို ဘာမှ အကူအညီ မတောင်းဖူးပါဘူး၊ ဒီတစ်ခါတော့ အဖေ တောင်းပန်ပါတယ်၊ မင်းအစ်ကိုကို လွှတ်ပေးလိုက်ပါကွာ"
ကျိဟုန်ကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး အဖေကျိကို မော့ကြည့်လိုက်သည်။
"ကျိဟုန်ရှင်းက ခိုးမှု ကျူးလွန်ထားတာ၊ အုပ်ချုပ်ရေးအဖွဲ့က အမှုဖွင့်ပြီးပြီ၊ ကျွန်တော် ပြန်ပိတ်လို့ မရဘူး၊ ပိတ်လို့ရရင်လည်း မပိတ်နိုင်ဘူး"
"အချိန်လည်း မစောတော့ဘူး၊ အဖေ ပြန်တော့လေ" ကျိဟုန်ကျွင်းက ခြံဝင်းတံခါးပေါက်ကို ကြည့်ရင်း ပြောလိုက်သည်။
အဖေကျိသည် ရည်ရွယ်ချက် မအောင်မြင်သေးသဖြင့် ပြန်မသွားချင်ပေ။ သူက ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်း... အဖေ့စကား မင်း နားမထောင်တော့ဘူးလား၊ ဒီနှစ်တွေတစ်လျှောက် အဖေ မင်းအပေါ် မကောင်းခဲ့လို့လား၊ အဖေနဲ့အမေက မင်းကို ဒီလောက်ကြီးလာအောင် ကျွေးမွေးခဲ့ရတာ၊ ဒီနှစ်တွေမှာ မင်းက အလုပ်မလုပ်ဘဲ နေခဲ့တာ၊ မင်းအစ်ကိုတွေနဲ့ မရီးတွေက မင်းကို အိမ်က မောင်းထုတ်ချင်တာတောင် အဖေနဲ့အမေက သူတို့ကို တားပြီး မင်းကို ကာကွယ်ပေးခဲ့တာ၊ မင်းကို အိမ်မှာ ပေးနေပြီး မင်းအစ်ကိုနဲ့ မရီးတွေ ရှာတဲ့ လုပ်အားခမှတ်နဲ့ မင်းကို ကျွေးထားခဲ့တာ၊ ဒီနှစ်တွေမှာ အဖေ မင်းကိုပဲ ဦးစားပေးခဲ့တာ၊ အရင်က အဖေ မင်းကို ဘာမှ အကူအညီ မတောင်းဖူးဘူး၊ ဒီတစ်ခါလေးပဲ တောင်းဆိုတာပါ၊ မင်း လက်မခံနိုင်ဘူးလား"
အဖေကျိသည် သံယောဇဉ်ကြိုးကို ဆွဲကိုင်လိုက်သည်။ ကျိဟုန်ကျွင်းသည် အရင်ကလို သူ့စကား နားထောင်မည်ဟု သူ ထင်ထားသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူ စိတ်ပျက်သွားရသည်။ ကျိဟုန်ကျွင်း၏ မျက်နှာထားသည် အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိပေ။ သူ့စကားကို နားထောင်ပြီးနောက် အေးစက်စက် ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် စားခဲ့တာတွေက ကျွန်တော် ကိုယ်တိုင် ရှာထားတာ မဟုတ်ဘူးလား"
ဒီနှစ်တွေမှာ မူလခန္ဓာကိုယ်ပိုင်ရှင် အိမ်ပြန်သယ်လာသည့် သားကောင်များ၊ ပိုက်ဆံများသည် သူတစ်ယောက်တည်း စားရန် ဖူလုံရုံသာမက အများကြီးပင် ပိုလျှံနေသေးသည်။
ကျိဟုန်ကျွင်းသည် အဖေကျိ၏ စကားကို အမြဲလိုလို နားထောင်ခဲ့သည်။ အရင်က မှောင်ခိုဈေးကွက်သွားပြီး ရှာလာသမျှ ပိုက်ဆံများကို အဖေကျိထံ အကုန် အပ်ခဲ့သည်။ အပြင်လူများက ကျိဟုန်ကျွင်းသည် အလုပ်မလုပ်ဘဲ အစ်ကိုနှင့် မရီးများက ရှာကျွေးသည်ကိုသာ ထိုင်စားနေသည်ဟု ပြောကြသော်လည်း သူ ဂရုမစိုက်ခဲ့ပေ။ အဖေကျိကလည်း အမြဲလိုလို "မင်းစားနေတဲ့ ထမင်းတွေက မင်းအစ်ကိုတွေနဲ့ မရီးတွေ ရှာထားတာ၊ နောက်ကျရင် မင်း မိသားစုကို ကျေးဇူးပြန်ဆပ်ရမယ်" ဟု ပြောလေ့ရှိသည်။
အရင်က ကျိဟုန်ကျွင်းသည် အဖေကျိ ပြောသည်များကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူသည် အဖေကျိကို အဖေအရင်းလို သဘောထားပြီး သူ့အပေါ် မကောင်းသော အစ်ကိုများကိုလည်း အစ်ကိုအရင်းလို သဘောထားခဲ့သည်။ စိတ်ထဲတွင် မိသားစု သံယောဇဉ် ရှိနေသဖြင့် မိသားစုက သူ့ကို အစာအနည်းငယ် ကျွေးလျှင်ပင် ကျေးဇူးတင်ခဲ့သည်။ အိမ်တွင် ခံစားခဲ့ရသော ဝမ်းနည်းမှုများကို သူ ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ပေ။
ဒါ ပထမဆုံးအကြိမ် သူစားခဲ့သည်မှာ သူရှာထားခြင်း ဖြစ်ကြောင်း အဖေကျိကို ထုတ်ပြောခြင်း ဖြစ်သည်။
အဖေကျိ မျက်နှာက မည်းမှောင်သွားပြီး ကျိဟုန်ကျွင်းကို လေးနက်စွာ ကြည့်လိုက်သည်။
"စတုတ္ထ... မင်းရှာတာက မင်းတစ်ယောက်စာ ဘယ်လောက်တောင် ရှိလို့လဲ၊ မင်းစားခဲ့တာတွေက မင်းအစ်ကိုကြီး၊ ဒုတိယအစ်ကိုကြီးတို့ ရှာထားတဲ့ လုပ်အားခမှတ်တွေနဲ့ ရတာတွေပါ၊ မင်း ဒုတိယအစ်ကိုကြီးကို ကျေးဇူးမဆပ်ချင်ရင်တောင် နေပါစေတော့၊ မင်းအစ်ကိုကို အလုပ်ကြမ်းစခန်း ပို့လောက်တဲ့အထိတော့ မင်း သဘောထား မသေးသိမ်ပါနဲ့"
အဖေကျိသည် ကျိဟုန်ကျွင်းကို ကျိဟုန်ရှင်းအား လွှတ်ပေးစေချင်သည်။ သို့သော် ကျိဟုန်ကျွင်းသည် အရင်ကလူ မဟုတ်တော့ပေ။ သူသည် ကမ္ဘာပျက်ကပ်မှ လာသူ ဖြစ်ပြီး အရိုးထဲထိ အေးစက်နေသူ ဖြစ်သည်။
စူးရှသော မျက်လုံးများဖြင့် အဖေကျိကို ကြည့်ကာ ကျိဟုန်ကျွင်း၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။
"ကျိဟုန်ရှင်းက ခိုးမှု ကျူးလွန်တာ၊ အလုပ်ကြမ်းစခန်း သွားရတာ သူနဲ့ ထိုက်တန်တယ်"
ကျိဟုန်ကျွင်းက ပြောပြီးနောက် ခဏ တိတ်ဆိတ်သွားသည်။ ထို့နောက် အဖေကျိကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
"ပြီးတော့... အရင်က ကျွန်တော် စားခဲ့တာတွေက ကျွန်တော် ကိုယ်တိုင် ရှာခဲ့တာတွေချည်းပါပဲ၊ အကယ်၍ အဖေက ကျွန်တော် ကျိမိသားစုဆီက စားခဲ့တယ်လို့ ထင်နေရင် အတွင်းရေးမှူးကြီးနဲ့ ခေါင်းဆောင်ကြီးကို ခေါ်လိုက်ပါ၊ မိသားစု ပိုင်ဆိုင်မှုနဲ့ စားနပ်ရိက္ခာတွေကို ပြန်တွက်ပြီး အိမ်ထပ်ခွဲကြတာပေါ့၊ ဒီနှစ်တွေမှာ ကျွန်တော် အိမ်ပြန်ယူလာတဲ့ ပိုက်ဆံတွေကိုပါ ထည့်တွက်ကြတာပေါ့"
သူက ကျိဟုန်ကျွင်း၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်ရာ အသက် ၁၅ နှစ်အရွယ်ကတည်းက အိမ်သို့ ပိုက်ဆံ ပြန်ယူလာခဲ့သည်။ သူယူလာသော ပိုက်ဆံ မများသော်လည်း သူတစ်ယောက်တည်း စားသောက်ရန်အတွက် လုံလောက်သည်ထက် ပိုသည်။
အဖေကျိသည် မိသားစု ပိုင်ဆိုင်မှုကို ပြန်မတွက်ရဲပေ။ သူသည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ မျက်နှာ မည်းမှောင်သွားသည်။
"စတုတ္ထလေး... ငါက မင်းအဖေပါကွ၊ မင်း ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ"
ကျိဟုန်ကျွင်းသည် အဖေကျိ၏ စကားကို ပြန်မဖြေဘဲ တံခါးဘက်သို့ ကြည့်လိုက်သည်။
"မိုးချုပ်နေပြီ၊ အဖေ ပြန်သင့်ပြီ၊ မပြန်ရင် ကျွန်တော် ဒီနှစ်တွေမှာ အိမ်ပြန်ယူလာတဲ့ ပိုက်ဆံတွေအကြောင်း ပြောဖို့ ခေါင်းဆောင်ကြီးကို သွားခေါ်လိုက်မယ်"
အဖေကျိသည် ကျိဟုန်ကျွင်းကို စောင်းကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သို့သော် ထွက်သွားချိန်တွင် သူ့မျက်လုံးများက အေးစက်နေသည်။
အဖေကျိ ထွက်သွားသည်နှင့် ကျိဟုန်ကျွင်းက မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် ချက်ပြီးသား ကန်စွန်းဥပြုတ်ရည်ကို ဇလုံထဲ ထည့်ထားသည်။ ကျိဟုန်ကျွင်း ဝင်လာသည်ကို မြင်သောအခါ ပုံမှန်အတိုင်း ပြောလိုက်သည်။
"ပြန်ရောက်ပြီလား၊ လာ... မီးမွှေးတော့"
ခုနက အဖေကျိ ရှိနေသဖြင့် သူမ လှီးထားသော ငါးကို မချက်ရသေးပေ။ ယခု ကျိဟုန်ကျွင်း ပြန်ရောက်ပြီ ဖြစ်ရာ ငါးခူဟင်း ချက်ပြီး ပြောင်းဖူးမုန့်ကပ် စားလို့ ရပြီ။
"အင်း" ကျိဟုန်ကျွင်းက လျှောက်သွားပြီး မီးဖိုခုံနောက်တွင် ဝင်ထိုင်ကာ လျန်ဟွမ်း ခိုင်းသည်ကို စောင့်နေလိုက်သည်။
လျန်ဟွမ်းသည် ငါးချက်ရန် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များကို ပြင်ဆင်ပြီးနောက် ဂျုံနယ်ရန် ဇလုံကို ယူကာ အိမ်မကြီးဘက် သွားလိုက်သည်။
လျန်ဟွမ်းသည် လက်သွက်သူဖြစ်သဖြင့် မိနစ်အနည်းငယ်အတွင်း ပြောင်းဖူးမုန့်ကပ်လုပ်ရန် ဂျုံနယ်ပြီးသွားသည်။ ဂျုံနယ်ပြီးနောက် လျန်ဟွမ်းက ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။
"မီးမွှေးလို့ ရပြီ"
"အင်း" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး မီးစတင် မွှေးလိုက်သည်။
ဒယ်အိုးပူလာသောအခါ လျန်ဟွမ်းက ဝက်ဆီ ထည့်လိုက်သည်။ ဆီပူလာလျှင် ချင်း၊ နာနတ်ပွင့်၊ ငရုတ်ကောင်း၊ သကြား ထည့်ကာ ဆီသတ်လိုက်သည်။ အမွှေးအကြိုင်နံ့ ရလာသောအခါ လှီးထားသော ငါးတုံးများကို ထည့်ကာ ဆီပူထဲ ခဏမွှေကြော်လိုက်သည်။ ထို့နောက် ဆား၊ ပဲငံပြာရည် ထည့်မွှေပြီး ရေထည့်လိုက်သည်။
ငါးဟင်းအိုး ဆူလာလျှင် လျန်ဟွမ်းသည် ပြောင်းဖူးမုန့်ကို အမြန် ပြားလိုက်ပြီး ဒယ်အိုးဘေးတွင် ကပ်လိုက်သည်။ ထို့နောက် အဖုံးအုပ်ကာ မုန့်ကျက်အောင် စောင့်နေလိုက်သည်။
မီးဖိုခုံရှေတွင် ရပ်ရင်း အလုပ်မရှိဖြစ်နေသဖြင့် လျန်ဟွမ်းသည် မီးမွှေးနေသော ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။
"ကျိဟုန်ကျွင်း... ရှင် အဖေကျိကို ပြောလိုက်တဲ့ ရှင်ရှာတာ ရှင်စားဖို့ လုံလောက်တယ်ဆိုတာ ဘာသဘောလဲ"
သူမ ဒီရောက်လာပြီးကတည်းက ကျိဟုန်ကျွင်းနှင့် ပတ်သက်ပြီး အတင်းအဖျင်းများစွာ ကြားခဲ့ရသည်။ ကျိဟုန်ကျွင်းက ပျင်းတယ်၊ အလုပ်မလုပ်ဘူး၊ ဉာဏ်များတယ်၊ အစ်ကိုသုံးယောက် ရှာကျွေးတာ ထိုင်စားတယ်၊ အရမ်း ပျင်းတယ် စသည်ဖြင့် ပြောကြသည်။ သူမ ဖတ်ခဲ့သော ဝတ္ထုထဲတွင်လည်း ဇာတ်ကောင်အချို့က ကျိဟုန်ကျွင်းအကြောင်း ပြန်ပြောရာတွင် သူသည် ပျင်းရိသူ၊ ကျိမိသားစုတစ်ခုလုံးကို ဝန်ပိစေသူဟု ပြောကြသည်။ ကံကောင်းထောက်မစွာဖြင့် သူ နောက်ပိုင်း သေဆုံးသွားခဲ့သည်။ ကျိမိသားစုသည် နောက်ပိုင်း ကံကောင်းသော ဇာတ်လိုက်မလေး ရောက်လာသဖြင့် ကြီးပွားလာသည်။
ကျိဟုန်ကျွင်း သေသွားသောကြောင့် ဇာတ်လိုက်မလေး မွေးဖွားလာပြီး ကျိမိသားစု ကံကောင်းလာသည်ဟု ဆိုကြသည်။ ရွာထဲမှ လူအချို့ကလည်း အရင်တုန်းက ကျိဟုန်ကျွင်း ဝန်ပိနေ၍ ကျိမိသားစု မတိုးတက်ခဲ့ဘဲ ကျိဟုန်ကျွင်း သေမှ ကျိမိသားစု ကြီးပွားလာသည်ဟု ပြောကြသည်။
စာအုပ်ထဲတွင် ရွာသားများက ကျိဟုန်ကျွင်းကို လူကောင်းမဟုတ်ဟု ပြောကြသည်။ သို့သော် လျန်ဟွမ်း လက်တွေ့ ကြုံတွေ့နေရသော ကျိဟုန်ကျွင်းမှာ တာဝန်ယူစိတ်ရှိပြီး လုံးဝ မပျင်းပေ။ ပြီးတော့ ကျိမိသားစုဝင်များ၏ အကျင့်စရိုက်ကို ကြည့်ရသည်မှာ အရင်က ကျိဟုန်ကျွင်းသည် အပြင်လူများ ပြောသလောက် ဆိုးရွားခြင်း မရှိဟု သူမ သံသယ ဝင်မိသည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ မေးခွန်းကို ကြားသောအခါ ဖုံးကွယ်ထားရန် စိတ်ကူး မရှိဘဲ တဲ့တိုး ပြောလိုက်သည်။
"အရင်တုန်းက မှောင်ခိုဈေးကွက်သွားပြီး ပိုက်ဆံ နည်းနည်း ရှာခဲ့တယ်၊ အလုပ်မဆင်းပေမဲ့ ရှာရတဲ့ ပိုက်ဆံက ကိုယ့်ကိုယ်ကိုယ် ကျွေးဖို့ လုံလောက်ပါတယ်"
လျန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ "ဪ... အဲဒီလိုကိုး၊ ရွာထဲကလူတွေက ရှင် ကျိမိသားစုကို ကပ်စားနေတယ်လို့ ပြောကြတာ ရှင် ဘာလို့ ပြန်မရှင်းတာလဲ"
ကျိဟုန်ကျွင်း တိတ်ဆိတ်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
"အရင်တုန်းက သံယောဇဉ် ရှိခဲ့လို့ပါ"
လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "ဪ"
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းနှင့် ထိုအကြောင်း ဆက်မပြောတော့ဘဲ ခဏ ငြိမ်နေလိုက်သည်။ မီးဖိုခုံရှေ့တွင် ရပ်စောင့်နေပြီး ပြောင်းဖူးမုန့် ကျက်လောက်ပြီဟု ထင်သောအခါ အဖုံးဖွင့်လိုက်သည်။
ပြောင်းဖူးမုန့်ကို ခွာလိုက်ပြီးနောက် ဒယ်အိုးထဲသို့ အရသာမှုန့် ထည့်လိုက်သည်။ ဟင်းရည် ခမ်းသွားပြီး ငါးဟင်း အရောင်အဆင်း၊ အနံ့အရသာ ပြည့်စုံလာသောအခါ လျန်ဟွမ်းက ငါးခူဟင်းကို ဇလုံထဲ ခပ်ထည့်လိုက်သည်။
ဟင်း ကျက်ပြီဖြစ်ရာ ကျိဟုန်ကျွင်းက မီးဖိုခုံနောက်မှ ထွက်လာပြီး လက်ဆေးကာ စားရန် ပြင်လိုက်သည်။
အပြင်တွင် ညဉ့်နက်နေပြီ ဖြစ်ရာ ထမင်းစားပွဲပေါ်တွင် ရေနံဆီမီးခွက် ထွန်းထားသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက ဝင်ထိုင်ကာ ထမင်းစားကြသည်။ ငါးခူဟင်းမှာ မွှေးကြိုင်ပြီး ဆွဲဆောင်မှု ရှိလှသည်။ အထူးသဖြင့် ငါးဟင်းရည် စိမ့်ဝင်နေသော ပြောင်းဖူးမုန့်မှာ အရသာ အလွန်ရှိသည်။
ကျိဟုန်ကျွင်း၏ နက်မှောင်သော မျက်လုံးများက အရောင်တောက်လာသည်။ သူက လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် ထိုင်ကာ ငါးနှင့် ပြောင်းဖူးမုန့်ကို အားပါးတရ စားနေသည်။
ငါးခူမှာ အရိုးနည်းသဖြင့် ငါးစားရာတွင် အရိုးစူးမည်ကို စိုးရိမ်စရာ မလိုပေ။ လျန်ဟွမ်းလည်း ငါးကို မြိန်ရေရှက်ရေ စားနေသည်။
မီးရောင်အောက်တွင် မြင်ကွင်းလေးက ကြည်နူးစရာ ကောင်းလှသည်။
ညစာ စားပြီးနောက် လျန်ဟွမ်းက ပန်းကန်ဆေးနေစဉ် ကျိဟုန်ကျွင်းက မီးဖိုခုံနောက်သို့ အလိုအလျောက် သွားထိုင်ပြီး လျန်ဟွမ်း ပန်းကန်ဆေးပြီးသည်နှင့် ရေကြည်ထည့်ကာ မျက်နှာသစ်၊ ခြေဆေးရန် ရေနွေး တည်ပေးသည်။ သူတို့နှစ်ယောက် အတူနေထိုင်သည့် ကာလအတွင်း နားလည်မှု ရရှိလာကြပြီး အလုပ်လုပ်ရာတွင် အတူတကွ လုပ်ဆောင်ကြသဖြင့် မြန်ဆန်ထိရောက်သည်။
အဖေကျိကြောင့် ညစာ နောက်ကျသွားသဖြင့် ကျိဟုန်ကျွင်း ရေနွေးတည်ပြီးချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ လျန်ဟွမ်းက ခြေဆေးရေ ယူပြီး အိမ်မကြီးထဲ ဝင်သွားသည်။ ကျိဟုန်ကျွင်းက နောက်မှ လိုက်ဝင်လာသည်။
အိမ်မကြီးထဲ ရောက်သည်နှင့် လျန်ဟွမ်းက အပူပေးခုတင်ပေါ် ထိုင်ကာ ခြေထောက်ဆေးနေပြီး ကျိဟုန်ကျွင်းက ဘေးတွင် ရပ်နေသည်။ လျန်ဟွမ်းက ခြေထောက်ဆေးပြီးသည်နှင့် သူက ရေသွားသွန်ပေးသည်။
ကျိဟုန်ကျွင်း ရေသွားသွန်ပြီး ဇလုံအလွတ် ကိုင်ကာ ပြန်လာသည်။ လျန်ဟွမ်းက ခြေထောက် စိမ်ထားသဖြင့် နွေးထွေးနေပြီး ခုတင်ပေါ် တက်ထိုင်နေပြီ ဖြစ်သည်။ ကျိဟုန်ကျွင်းက ဇလုံအလွတ် ကိုင်ကာ ပြန်လာသည်ကို မြင်သောအခါ သူမ အံ့ဩစွာ မေးလိုက်သည်။
"ရှင် ခြေထောက် မဆေးဘူးလား"
ဆောင်းတွင်းကြီး အေးခဲနေချိန် နေ့ဘက်တွင် ခြေထောက်များ အေးစက်နေတတ်ရာ ခြေထောက်ဆေးပြီး အိပ်လျှင် ခြေထောက် နွေးသွားပြီး အိပ်ရာထဲ ရောက်သည်နှင့် အနွေးဓာတ် ရစေသည်။
ကျိဟုန်ကျွင်းက ခေါင်းအသာခါလိုက်သည်။
"ငါ မဆေးသေးဘူး၊ ခဏနေ တောင်ပေါ် သွားစရာ ရှိတယ်"
"ဒီလောက် ညကြီးမိုးချုပ်မှ သွားမလို့လား" အပြင်တွင် မှောင်မည်းနေပြီး ညဉ့်နက်နေပြီ ဖြစ်သည်။ အပြင်တွင် အလွန်အေးပြီး တောင်ပေါ်ဆိုလျှင် ပို၍ အေးပြီး ပို၍ မှောင်မည်းနေမည်။
"အင်း... သွားစရာ ရှိလို့၊ မိုးမလင်းခင် ငါ ပြန်လာခဲ့မယ်" ကျိဟုန်ကျွင်းက လေးနက်စွာ ပြောရင်း ပါတီအတွင်းရေးမှူးထံမှ ယနေ့ ရရှိခဲ့သော မြေနေရာ ချပေးမိန့် စာရွက်ကို ထုတ်ကာ ခုတင်ခေါင်းရင်းရှိ လျန်ဟွမ်းအား ပေးလိုက်သည်။
"ဒါ သိမ်းထားလိုက်"
လျန်ဟွမ်း ခုတင်ပေါ်တွင် ထိုင်ကာ ဝါဂွမ်းအင်္ကျီ ချွတ်ပြီး စောင်ပုံထဲ ဝင်ရန် ပြင်နေစဉ် ကျိဟုန်ကျွင်း ပေးလာသော စာရွက်ကို လှမ်းယူလိုက်သည်။ ဖြန့်ကြည့်လိုက်ရာ စာရွက်ပေါ်ရှိ အကြောင်းအရာများကို တွေ့လိုက်ရသဖြင့် အံ့ဩသွားသည်။
"ရွာက ခွင့်ပြုလိုက်ပြီလား"
မြေနေရာ ခွင့်ပြုလိုက်ပြီဆိုတော့ ပိုက်ဆံ နည်းနည်း စုပြီးတာနဲ့ ရွာထိပ်မှာ အိမ်သွားဆောက်လို့ ရပြီ။ သူတို့အိမ်မှာ ပိုက်ဆံ သိပ်မရှိသော်လည်း ရွှံ့အိမ် ဆောက်မည် ဖြစ်ပြီး ရွာထဲမှ ရွှံ့ဖြင့် အုတ်လုပ်ကာ ရွာသို့ လျှောက်တင်ပြီး တောင်ပေါ်မှ သစ်ပင် ခုတ်ကာ ထုပ်တန်းလုပ်မည် ဆိုလျှင် ပိုက်ဆံ ကုန်ကျစရိတ် သိပ်များမည် မဟုတ်ပေ။
အဓိကက အိမ်ဆောက်ဖို့ လူခေါ်ရင် ထမင်းကျွေးမလား၊ လုပ်အားခ ပေးမလား ဆိုတာပဲ။
"ခွင့်ပြုလိုက်ပြီ၊ မြေနေရာက ရွာထိပ်မှာ လျှောက်ထားတာ၊ နောက်ကျောဘက်က တောင်နဲ့ နီးပြီး ရွာနဲ့ နည်းနည်း ဝေးတယ်၊ သွားလာရ အဆင်ပြေတယ်၊ နောက်ကျောဘက် တောင်နားမှာ ကိုယ်ပိုင်မြေကွက်လပ် နည်းနည်းရှိတယ်၊ ကိုယ်တို့ အဲဒီမှာ အိမ်ဆောက်ပြီးရင် အဲဒီနားမှာ ကိုယ်ပိုင်မြေကွက်လပ် လျှောက်ပြီး နွေဦးပေါက်ရင် ဟင်းသီးဟင်းရွက် စိုက်လို့ရတယ်"
အိမ်က အပူပေးခုတင်ပေါ်မှာ ဟင်းသီးဟင်းရွက် စိုက်ထားတာဆိုတော့ ဟွမ်းဟွမ်းက ဟင်းသီးဟင်းရွက် စိုက်ရတာ ဝါသနာပါပုံရတယ်။
ကျိဟုန်ကျွင်း ပြောသည်ကို လျန်ဟွမ်းက နားထောင်နေသည်။ ရွာထိပ်တွင် အိမ်ဆောက်လျှင် ကျိမိသားစုနှင့် ဝေးသွားမည် ဖြစ်ပြီး နောက်ပိုင်း သူတို့အိမ်က ကိုယ်ပိုင်မြေကွက်လပ်နှင့်လည်း နီးမည် ဖြစ်ရာ ဒီမှာ နေတာထက်စာရင် အစစအရာရာ ပိုအဆင်ပြေမည်။
"ကောင်းပြီလေ၊ ရှင်ပြောသလို လုပ်ကြတာပေါ့၊ ဒါနဲ့ အိမ်ဆောက်ရင် အလုပ်သမားတွေကို ထမင်းကျွေးမလား"
အိမ်ဆောက်တာက တစ်ရက်နှစ်ရက်နဲ့ ပြီးမှာ မဟုတ်ဘူး။ လူတစ်ဒါဇင်လောက် ခေါ်ပြီး အိမ်ဆောက်ခိုင်းရမှာ။ နေ့တိုင်း ထမင်းကျွေးရမယ်ဆိုရင် သူမ သဘောမကျဘူး။ လုပ်အားခ ပေးလိုက်တာက ပိုကောင်းမယ် ထင်တယ်။
"လုပ်အားခ ပေးလိုက်မယ်" လျန်ဟွမ်း စဉ်းစားနေစဉ် ကျိဟုန်ကျွင်း၏ စကားက သူမ အတွေးကို ဖြတ်တောက်လိုက်သည်။
ကျိဟုန်ကျွင်း ပြောသည်ကို ကြားသောအခါ လျန်ဟွမ်း ပြုံးလိုက်သည်။
"ကျွန်မလည်း အဲဒီလို စဉ်းစားနေတာ၊ လုပ်အားခ ပေးလိုက်တာ အလုပ်ရှုပ် သက်သာတယ်၊ လုပ်အားခ ရရင် လာကူလုပ်မဲ့ လူတွေလည်း ပျော်ကြမှာ"
ဒီခေတ်မှာ ရွာထဲကလူတွေ အိမ်ဆောက်ရင် ထမင်းကျွေးတာ များတယ်။ လုပ်အားခ ပေးတာ ရှားတယ်။ ရွာထဲကလူတွေက ဆင်းရဲကြတော့ တစ်နှစ်ပတ်လုံး အလုပ်လုပ်တာတောင် ပိုက်ဆံ ဘယ်လောက်မှ မရကြဘူး။ ပိုက်ဆံကို အရေးပေါ်သုံးဖို့၊ အိမ်ဆောက်ဖို့ စုထားကြတာ။ လူငှားခိုင်းရင် ပိုက်ဆံ သုံးရမှာ နှမြောကြတယ်။
"ကောင်းပြီ၊ အသေးစိတ်ကို မနက်ဖြန်မှ ဆက်ပြောကြတာပေါ့၊ ငါ သွားတော့မယ်၊ တံခါးကို အပြင်ကနေ သော့ခတ်သွားလိုက်မယ်" ကျိဟုန်ကျွင်းက ခုတင်ပေါ်တွင် လှဲနေသော လျန်ဟွမ်းကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အင်း... တောင်ပေါ်ရောက်ရင် ဂရုစိုက်နော်" လျန်ဟွမ်း မှာလိုက်သည်။
သူမ နောက်ကျရင် နေရာလွတ်ထဲ ဟင်းသီးဟင်းရွက် များများ စိုက်ပြီး မှောင်ခိုဈေးကွက်မှာ ပိုက်ဆံ သွားရှာရမယ်။ အဲဒါမှ အိမ်မှာ ပိုက်ဆံရှိပြီး ဆန်နဲ့ အသားဝယ်နိုင်မှာ။ ဟုန်ကျွင်းလည်း ဒီလို မှောင်မဲမဲကြီး တောင်ပေါ်တက်စရာ မလိုတော့ဘူး။
"အင်း" ကျိဟုန်ကျွင်း ပြန်ဖြေပြီး လှည့်ထွက်သွားသည်။
ကျိဟုန်ကျွင်းက အိမ်တံခါးများကို သော့ခတ်ပြီးနောက် နောက်ကျောဘက် တောင်ပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်သွားသည်။
......
သန်းခေါင်ယံအချိန်တွင် ကျိဟုန်ကျွင်းသည် အိတ်ကြီးကို ထမ်းကာ မြို့နယ် လမ်းကြားလေးထဲသို့ ဝင်ရောက်လာသည်။ လမ်းကြားထဲ ရောက်သည်နှင့် ဟေးဇီးက ပြေးထွက်လာပြီး သူ့ကို တားလိုက်သည်။
"အစ်ကို... ရောက်လာပြီလား၊ အစ်ကိုနျူက အစ်ကို့ကို ဒီမှာ စောင့်နေခိုင်းလိုက်လို့၊ အစ်ကို... အိတ်က လေးလား၊ ကျွန်တော် ကူထမ်းပေးမယ်"
"ရတယ်... သွားစို့" ကျိဟုန်ကျွင်းက ဟေးဇီး ကူထမ်းပေးမည်ကို ငြင်းပယ်လိုက်သည်။ အိတ်ကို ထမ်းကာ ရှေ့ဆက်လျှောက်လိုက်သည်။ ဟေးဇီးက သူ့ရှေ့မှ သွားကာ လမ်းပြပေးပြီး အစ်ကိုနျူ ရှိရာသို့ ခေါ်သွားသည်။
အစ်ကိုနျူ၏ နေအိမ်သို့ ရောက်သောအခါ ကျိဟုန်ကျွင်းသည် နံရံကျော်ပြီး မဝင်တော့ဘဲ ဟေးဇီးနောက်မှ လိုက်ကာ လမ်းကြားတစ်ခု ပတ်ပြီး အိမ်ရှေ့တံခါးမှ ဝင်လိုက်သည်။
ခြံဝင်းထဲ ရောက်သည်နှင့် ကျိဟုန်ကျွင်း အိတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။
အခန်းထဲမှ အစ်ကိုနျူသည် အသံကြားသဖြင့် အမြန် ထွက်လာသည်။ ကျိဟုန်ကျွင်းက ကြမ်းပြင်ပေါ် ချထားသော အိတ်ကို တွေ့သောအခါ မျက်လုံးများတွင် အပြုံးများ ဖုံးကွယ်မရဖြစ်သွားပြီး ကျိဟုန်ကျွင်းအနား လျှောက်သွားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သည်။
"ညီလေး ရောက်လာပြီလား၊ ညီလေး ဒီတစ်ခါ ဘာပါလာလဲ"
"အိတ်ထဲမှာပါတယ်" ကျိဟုန်ကျွင်းက အိတ်ကို ကြည့်ကာ အစ်ကိုနျူ သိချင်ရင် အိတ်ဖွင့်ကြည့်လိုက်ဟု အမူအရာ ပြလိုက်သည်။
အစ်ကိုနျူက အိတ်ကို ဖွင့်လိုက်ရာ အထဲမှ ပစ္စည်းများ ပေါ်လာသည်။ ပစ္စည်းများကို မြင်သောအခါ အစ်ကိုနျူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူ မတ်တတ်ရပ်ပြီး ကျိဟုန်ကျွင်း ပခုံးကို ပုတ်လိုက်သည်။
"ညီလေး... တော်တယ်ကွာ"
အိတ်ထဲမှာ အကောင်သေးလေးတွေပဲ ပါတယ် ထင်တာ။ အကောင်ကြီး ပါလာတာပဲ။ ဒရယ်တောင် ပါလာသေးတယ်။ ဒရယ်က ပစ္စည်းကောင်းပဲ။ အသား များတယ်။ နှမြောစရာကောင်းတာက ဝက်သား မပါတာပဲ။ ဒီခေတ်မှာ ဝက်သားက အဆီထုတ်လို့ရတော့ ဝက်သားစားရတာ ပိုကောင်းတယ်။
"ညီလေး... ဒီအသားကို ဆန်နဲ့ လဲမလား၊ ပိုက်ဆံနဲ့ လဲမလား"
"မလောပါနဲ့ဦး၊ အပြင်မှာ နောက်ထပ် ပစ္စည်း ရှိသေးတယ်၊ အစ်ကိုနျူ... တွန်းလှည်းတစ်စီးလောက် ငှားပါဦး၊ သွားသယ်မလို့"
"ပစ္စည်း ရှိသေးတယ် ဟုတ်လား၊ စောင့်ဦး... ငါ တွန်းလှည်း သွားစီစဉ်ပေးမယ်" တွန်းလှည်းနဲ့ သယ်ရမယ်ဆိုတော့ ကြက်တို့ ယုန်တို့တော့ မဖြစ်နိုင်ဘူး။ ဝက်သား ဖြစ်လောက်တယ်။ သူတော့ လူတော်တစ်ယောက်နဲ့ မိတ်ဆွေဖွဲ့မိပြီ။ ဒီညီလေးက တကယ့် လူစွမ်းကောင်းပဲ။
အစ်ကိုနျူက လူလွှတ်ပြီး တွန်းလှည်း ယူခိုင်းလိုက်သည်။ ကျိဟုန်ကျွင်း ဒီတစ်ခေါက် လူမခေါ်သွားတော့ဘဲ သူတစ်ယောက်တည်း တွန်းလှည်း တွန်းကာ ထွက်သွားသည်။ မြို့ပြင်ရောက်သောအခါ ကျိဟုန်ကျွင်း ကျင်းငယ်လေးထဲ ထည့်ထားသော ဝက်ကို လက်တစ်ဖက်တည်းဖြင့် မကာ တွန်းလှည်းပေါ် တင်လိုက်ပြီး အစ်ကိုနျူဆီ ပြန်တွန်းသွားသည်။
စိတ်လှုပ်ရှားစွာ စောင့်နေသော အစ်ကိုနျူသည် ကျိဟုန်ကျွင်း တွန်းလှည်း တွန်းလာသည်ကို မြင်သောအခါ အံ့ဩသွားသည်။
"ညီလေး... တကယ် တော်ပါပေတယ်"
ဒီဝက်က မနေ့ကဟာထက် မငယ်ဘူး။ ကျင်း ၂၀၀ လောက် ရှိမယ်။
"ညီလေး... ဒီဝက်သားနဲ့ တခြားအသားတွေ အကုန်လုံး ပိုက်ဆံနဲ့ လဲမှာလား၊ ဆန် မယူဘူးလား"
ကျိဟုန်ကျွင်း ခဏ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "အကုန်လုံး ပိုက်ဆံနဲ့ လဲမယ်"
"ကောင်းပြီ၊ ဒါဆို အကုန် ပိုက်ဆံနဲ့ လဲပေးမယ်၊ ငါ လူခေါ်ပြီး ဝက်ပေါ်ခိုင်းလိုက်မယ်၊ ခဏနေ အသားချိန်ကြတာပေါ့"
အစ်ကိုနျူ၏ လူများမှာ ဝါရင့်နေပြီဖြစ်သဖြင့် လက်သွက်ခြေသွက် ရှိကြသည်။ ကျိဟုန်ကျွင်း ဝက်သွားသယ်နေစဉ်ကတည်းက အစ်ကိုနျူ၏ လူများက ဒယ်အိုးကြီးထဲတွင် ရေနွေး တည်ထားကြသည်။ အစ်ကိုနျူ ဝက်ပေါ်မယ် ပြောလိုက်သည်နှင့် သန်မာသော အမျိုးသား သုံးယောက်က ဝက်ကို ဖိကာ အမွှေးနုတ်ကြသည်။
တစ်နာရီခန့် ကြာသောအခါ ဝက်ပေါ်ပြီးသွားပြီ ဖြစ်သည်။ အစ်ကိုနျူက ကျိဟုန်ကျွင်းကို ကြည့်ကာ မေးလိုက်သည်။
"ညီလေး... ဒီတစ်ခါ ဝက်သား ချန်ဦးမလား"
"အင်း... မနေ့ကလိုပဲ ဝက်သားသုံးထပ်သား ၁၀ ကျင်း၊ ဝက်ကလီစာနဲ့ ဝက်ခေါင်း ယူမယ်"
ဝက်ကလီစာထဲမှာ ဝက်အသည်း ပါတော့ ဝက်အသည်းကြော် ချက်စားလို့ ရတယ်။
"ကောင်းပြီ၊ ငါ လူခေါ်ပြီး ဖယ်ခိုင်းလိုက်မယ်"
အစ်ကိုနျူက လူခေါ်ပြီး ကျိဟုန်ကျွင်း လိုချင်သော အသားများကို ဖယ်ခိုင်းလိုက်သည်။ ပြီးနောက် ဝက်သား အလေးချိန် ချိန်လိုက်သည်။ ဒီတစ်ခါ ဝက်က မနေ့ကထက် ပိုကြီးပြီး အသားတင် ကျင်း ၁၈၀ ရှိသည်။ မနေ့ကလိုပဲ တစ်ကျင်း ၅ ဆင့် ဈေးဖြင့် တွက်သည်။ ဝက်ခေါင်း၊ ဝက်သားသုံးထပ်သား ၁၀ ကျင်း ဖယ်ပြီးနောက် ဝက်သား ၁၆၀ ကျင်း ကျန်သဖြင့် အစ်ကိုနျူက ကျိဟုန်ကျွင်းကို ၈၀ ယွမ် ပေးလိုက်သည်။
ကျိဟုန်ကျွင်းက ဒရယ်တစ်ကောင်၊ ကြက်နှစ်ကောင်၊ ယုန်နှစ်ကောင်လည်း ရလာသည်။ ဒရယ်က ကျင်း ၂၀လောက် ရှိသဖြင့် အစ်ကိုနျူက ၁၀ ယွမ် ဈေးဖြတ်ပေးသည်။ ကြက်သားနှင့် ယုန်သားကို အစ်ကိုနျူက တစ်ကောင် ၃ ယွမ် ဈေးပေးသည်။ စုစုပေါင်း ပေါင်းလိုက်လျှင် အစ်ကိုနျူက ကျိဟုန်ကျွင်းကို ၉၆ ယွမ် ပေးလိုက်သည်။
၉၆ ယွမ်နှင့် ဝက်ကလီစာ၊ ဝက်သားများကို ယူပြီး ကျိဟုန်ကျွင်းက အစ်ကိုနျူကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ လမ်းကြားထဲမှ ထွက်ပြီး မြို့ပြင်သို့ ထွက်လာခဲ့သည်။
မြို့ပြင် ၂ မိုင်ခန့်အကွာ ရောက်သောအခါ ကျိဟုန်ကျွင်းက မြက်ပုံတစ်ပုံနား လျှောက်သွားပြီး မြက်ပုံကို ဖယ်ကာ အထဲမှ ကြက်နှစ်ကောင်၊ ယုန်နှစ်ကောင်ကို ယူပြီး အိမ်သို့ အမြန် ပြန်လာခဲ့သည်။
မိုးစင်စင်လင်းနေပြီဖြစ်ပြီး ကြက်ဖများ တွန်နေပြီဖြစ်သည်။ အလံနီအုပ်ချုပ်ရေးအဖွဲ့ လမ်းမကြီးပေါ်တွင် ကျိဟုန်ကျွင်း ခြေလှမ်းသွက်သွက်ဖြင့် အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်သောအခါ တံခါးဖွင့် ဝင်လိုက်ပြီး အတွင်းမှ သော့ခတ်ကာ အိမ်မကြီးထဲ အမြန် ဝင်သွားသည်။
အိမ်မကြီးထဲတွင် လျန်ဟွမ်းသည် အသံကြားသဖြင့် မျက်လုံးပွင့်လာသည်။ မိုးစင်စင်လင်းနေပြီ ဖြစ်သော်လည်း အိမ်တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားသဖြင့် အခန်းထဲတွင် မှောင်နေသေးသည်။
ကျိဟုန်ကျွင်း တံခါးဖွင့်လိုက်သောအခါ အလင်းရောင် အခန်းထဲ ဝင်လာသည်။
လျန်ဟွမ်း မျက်လုံးဖွင့်ကြည့်လိုက်ရာ ကျိဟုန်ကျွင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်မှ မိုးလင်းနေသည်ကို ကြည့်ပြီး သူမ ထထိုင်လိုက်သည်။
"ပြန်ရောက်တာ နောက်ကျလိုက်တာ၊ အပြင်မှာ မိုးတောင် လင်းနေပြီ၊ မြန်မြန် တံခါးပိတ်ပြီး ဝင်လာ၊ အိပ်တော့"
ကျိဟုန်ကျွင်း ဒီလောက် နောက်ကျမှ ပြန်ရောက်တာဆိုတော့ တစ်ညလုံး လျှောက်သွားနေရတာ ဖြစ်မယ်။ ညဘက် မအိပ်ရဘူးဆိုတော့ သံနဲ့လုပ်ထားတဲ့ လူတောင် ပင်ပန်းမှာပဲ။ ပြီးတော့ အပြင်မှာက အရမ်း အေးတာ။
ကျိဟုန်ကျွင်းက အိတ်ကို ကြမ်းပြင်ပေါ် ချလိုက်ပြီး တံခါးကို အတွင်းမှ ပိတ်လိုက်သည်။ ခုတင်နား လျှောက်သွားပြီး အဝတ်အစားများကို ခါလိုက်ကာ အအေးဓာတ်ပါနေသော ဝါဂွမ်းအင်္ကျီကို ချွတ်ပြီးနောက်မှ ဖိနပ်ချွတ်ကာ ခုတင်ပေါ် တက်လိုက်သည်။
ကျိဟုန်ကျွင်းက အပြင်မှ ပြန်လာခြင်းဖြစ်ပြီး အပေါ်ထပ်အင်္ကျီ ချွတ်လိုက်သော်လည်း ခုတင်ပေါ် တက်လိုက်သောအခါ စောင်ပုံထဲသို့ အအေးဓာတ် ဝင်ရောက်လာသဖြင့် လျန်ဟွမ်း ကိုယ်လေး တွန့်သွားသည်။
ကျိဟုန်ကျွင်းက သတိထားမိလိုက်ပြီး လျန်ဟွမ်းကို ငုံ့ကြည့်လိုက်သည်။ "အေးလို့လား"
လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "စောင်ပုံထဲက မအေးပါဘူး၊ ရှင် မြန်မြန် အိပ်တော့"
လျန်ဟွမ်းက ပြောရင်း ကျိဟုန်ကျွင်းကို ဆွဲလှဲလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ စောင်ကို လည်ပင်းထိ ရောက်အောင် ဆွဲတင်ပေးလိုက်သည်။ လျန်ဟွမ်းက သူ့အနား တိုးကပ်သွားပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်လိုက်သည်။
ကျိဟုန်ကျွင်း တစ်ညလုံး အလုပ်ရှုပ်နေခဲ့သဖြင့် တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည်။ လျန်ဟွမ်းကို တစ်ချက် ကြည့်ပြီး သူလည်း မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။
ဘေးနားမှ ပုံမှန် အသက်ရှူသံ ထွက်ပေါ်လာသောအခါ လျန်ဟွမ်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကျိဟုန်ကျွင်း၏ လက်မောင်းကြားထဲတွင် လျန်ဟွမ်း မော့ကြည့်လိုက်ရာ သူ့မေးစေ့ကို မြင်နေရပြီး စိတ်ထဲ နွေးထွေးသွားသည်။
ဒါ သူမ ယောက်ျားပဲ။ အလုပ်လုပ်နိုင်ပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ ယောက်ျား။ ဒီယောက်ျားက တော်ရုံသာမက တာဝန်ယူစိတ်လည်း ရှိတယ်။ အဓိကက ယောက်ျားကြီးဝါဒ မရှိဘူး။ သူမကို အလုပ်ကူလုပ်ပေးတယ်။
လျန်ဟွမ်း တွေးရင်း ပြုံးလိုက်ပြီး လက်က ကျိဟုန်ကျွင်း၏ ခါးကို ဖက်လိုက်သည်။ သူ့ရင်ခွင်ထဲ မှီကာ မျက်လုံးမှိတ်ပြီး ပြန်အိပ်လိုက်သည်။
နေမြင့်လာပြီး နေရောင်ခြည် နံရံပေါ် ကျရောက်လာချိန်တွင် လျန်ဟွမ်း အိပ်ရာမှ နိုးလာသည်။
စောင်ပုံထဲတွင် နွေးထွေးနေသည်။ လျန်ဟွမ်း မျက်လုံးဖွင့်ပြီး စောင်ပုံထဲမှ လက်ထုတ်လိုက်ရာ အေးစက်နေသော လေကို ခံစားလိုက်ရသဖြင့် လက်ကို စောင်ပုံထဲ အမြန် ပြန်ထည့်လိုက်သည်။
လျန်ဟွမ်း လှုပ်ရှားလိုက်သဖြင့် ကျိဟုန်ကျွင်းလည်း နိုးလာသည်။
လျန်ဟွမ်း မော့ကြည့်ကာ ကျိဟုန်ကျွင်းကို ပြောလိုက်သည်။
"ရှင် နိုးသွားပြီလား၊ ရှင် ဆက်အိပ်လိုက်ဦး၊ ကျွန်မ ထပြီး ထမင်းသွားချက်လိုက်မယ်"
ကျိဟုန်ကျွင်း မျက်ခွံများ လေးလံနေသေးသည်။ လျန်ဟွမ်း စကားကို ကြားသောအခါ တိုးတိုးလေး ဖြေလိုက်သည်။ "အင်း"
ကျိဟုန်ကျွင်းက မျက်လုံးမှိတ်ပြီး ပြန်အိပ်လိုက်သည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်း ခါးပေါ်မှ လက်ကို ဖယ်ကာ အဝတ်အစား ဝတ်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ခုတင်ပေါ်မှ ဆင်းပြီး ဖိနပ်စီးလိုက်ရာ ကျိဟုန်ကျွင်း ကြမ်းပြင်ပေါ် ချထားသော အိတ်ကို တွေ့လိုက်ရသည်။ သူမ လျှောက်သွားပြီး အိတ်ကို ဖွင့်ကြည့်လိုက်သည်။ အိတ်ထဲရှိ အသားများကို လျန်ဟွမ်း တွေ့လိုက်ရသည်။
ဒီလောက် အသားတွေ အများကြီးကို ဟုန်ကျွင်း တစ်ညလုံး ရှာလာတာ။ သူ တော်တော်ကြာကြာ ရှာလိုက်ရမှာပဲ။
လျန်ဟွမ်း ကျိဟုန်ကျွင်းကို လှည့်ကြည့်လိုက်ပြီး အိတ်ထဲမှ ဝက်ကလီစာကို ထုတ်ကာ အခန်းထဲမှ ခြေသံလုံလုံဖြင့် ထွက်လာခဲ့သည်။
မီးဖိုချောင်ထဲ ရောက်သောအခါ လျန်ဟွမ်း ဝက်ကလီစာကို ရေပုံးထဲ ထည့်ကာ ရေထည့်၊ ဆားထည့်ပြီး စိမ်ထားလိုက်သည်။ ထို့နောက် ဗီရိုဖွင့်ပြီး ကြက်ဥ ယူလိုက်သည်။ အိမ်တွင် ဂျုံမုန့် အနည်းငယ် ရှိသေးသဖြင့် မီးဖိုချောင်တွင် ကန်စွန်းဥပြုတ်ရည် ပြုတ်ကာ ကျိဟုန်ကျွင်းအတွက် ကြက်ဥပေါင်း ပေါင်းပြီး ဂျုံကပ်မုန့်များကို အနည်းငယ် နွှေးလိုက်သည်။
လျန်ဟွမ်းက ဆန်ပြုတ်ပြုတ်ပြီး ကြက်ဥပေါင်း ပေါင်းပြီးချိန်တွင် အပြင်ဘက် ကောင်းကင်ကို ကြည့်လိုက်ရာ နေမြင့်နေပြီ ဖြစ်သဖြင့် ၁၀ နာရီခန့် ရှိလောက်ပြီဖြစ်သည်။ ကျိဟုန်ကျွင်းက အိပ်တာ သိပ်မကြာသေးဘူး။ သူမ ခဏနေမှ သူ့ကို သွားနှိုးပြီး ထမင်းစားခိုင်းတော့မယ်။
လျန်ဟွမ်း တွေးရင်း ကိုယ့်ဘာသာ ထမင်းထည့်စားလိုက်သည်။ စားပြီးနောက် ပန်းကန်ဆေးကာ အိုးအဖုံး ပိတ်ထားလိုက်သည်။ အိုးထဲမှ ထမင်းများ အေးမသွားစေရန် ဖြစ်သည်။ ပြီးနောက် သူမက အိမ်မကြီးထဲသို့ ခြေသံလုံလုံဖြင့် ပြန်ဝင်လာပြီး အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်သည်။
ယုန်နှင့် ကြက်များမှာ သေနေပြီ ဖြစ်သည်။ ကြက်ကို ရေနွေးဖျောပြီး အမွေးနုတ်ရမည်။ ယုန်ကိုလည်း သန့်စင်ရမည်။ အခု အိုးထဲမှာ ဆန်ပြုတ်ရှိနေတော့ သူမ ချက်ချင်း ရေနွေး မတည်နိုင်သေးဘူး။ လျန်ဟွမ်းက ကြက်နှင့် ယုန်ကို မလုပ်သေးဘဲ အိတ်ထဲမှ ဝက်သားသုံးထပ်သားကို ထုတ်ကာ စဉ်းတီတုံးပေါ် တင်ပြီး သုံးပိုင်း ပိုင်းလိုက်သည်။
တစ်ပိုင်းကို ဆားနယ်ထားလိုက်သည်။ တစ်ပိုင်းကို ဗီရိုထဲ ထည့်ထားလိုက်သည်။ ဟင်းချက်စားရန် ဖြစ်သည်။ ကျန်တစ်ပိုင်း တစ်ကျင်းခန့်ကို လျန်ဟွမ်း ခြင်းတောင်းထဲ ထည့်လိုက်သည်။ နောက်ကျရင် ကျိဟုန်ကျွင်း မြို့နယ်ဘက် သွားရင် ကျိဒုတိယဦးလေးတို့ကို ပေးခိုင်းမလို့ ဖြစ်သည်။
လျန်ဟွမ်း အလုပ်ရှုပ်နေရင်း မကြာမီ နေမွန်းတည့်ချိန် ရောက်လာသည်။ အိမ်မကြီးထဲတွင် ကျိဟုန်ကျွင်းလည်း နိုးလာပြီ ဖြစ်သည်။ ဘေးနားမှ နေရာလွတ်ကို တစ်ချက်ကြည့်ပြီး ဝါဂွမ်းအင်္ကျီ ဝတ်ကာ စောင်ကို လှန်ပြီး ထလိုက်သည်။
ကျိဟုန်ကျွင်း ထပြီးနောက် အိမ်မကြီးထဲမှ ထွက်လာပြီး မီးဖိုချောင်ဘက်သို့ လျှောက်လာသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်း အလုပ်ပြီးသွားသဖြင့် အားနေသည်။ ကျိဟုန်ကျွင်း အရင်က ယူလာသော မုန်လာဥများကို ထုတ်ကာ မုန်လာဥချဉ် လုပ်ရန် ပြင်လိုက်သည်။ ကျိဟုန်ကျွင်း ဝင်လာချိန်တွင် သူမက မုန်လာဥ လှီးနေသည်။ အသံကြားသဖြင့် မော့ကြည့်ကာ အပြင်မှ ဝင်လာသော ကျိဟုန်ကျွင်းကို ပြောလိုက်သည်။
"နိုးပြီလား၊ အိုးထဲမှာ ဆန်ပြုတ်ချန်ထားတယ်၊ နွေးသေးလား ကြည့်လိုက်ဦး၊ နွေးရင် တန်းစားလိုက်၊ မနွေးရင် မီးပြန်မွှေးပြီး နွှေးလိုက်"
… 
 

Search Novels