အခန်း (၂၁)
လျန်ကျားဝမ် ကုန်ထုတ်အဖွဲ့
ကျိဟုန်ရှင်းသည် နှင်းပြင်ပေါ် နင်းလျှောက်ရင်း ရွာထဲသို့ အလျင်အမြန် ဝင်လာသည်။
လျန်ကျားဝမ်ရွာ၏ အလယ်ရှိ ရွှံ့အိမ်တစ်လုံးရှေ့သို့ ရောက်သောအခါ သူ ရပ်တန့်လိုက်ပြီး တံခါးကို အားကုန် လှမ်းထုလိုက်သည်။
လျန်အိမ်ထဲတွင် အဖေလျန်သည် အိပ်ရာပေါ် ထိုင်လျက် ကြိုးကျစ်နေသည်။ လျန်ကျောင်းတိက ခြံဝင်းထဲတွင် အဝတ်လျှော်နေပြီး အမေလျန်က မီးဖိုချောင်ထဲတွင် ထမင်းချက်နေသည်။ လျန်ရှောင်ယာက မီးထိုးပေးနေသည်။
အမေလျန်သည် အပြင်ဘက်မှ တံခါးထုသံကို ကြားသောအခါ လှမ်းအော်လိုက်သည်။ "ကျောင်းတိ... တံခါးသွားဖွင့်လိုက်"
နေ့လယ်ကြောင်တောင်ကြီး ဘယ်သူက တံခါးလာခေါက်တာလဲ။
ကျောင်းတိသည် သူမအမေ၏ စကားကို ကြားသောအခါ မတ်တတ်ရပ်လိုက်ပြီး ရေစိုနေသော လက်များကို အဝတ်အစားနှင့် သုတ်ကာ တံခါးနားသို့ ပြေးသွားပြီး ခြံဝင်းတံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် ရပ်နေသော လူစိမ်းကို မြင်သောအခါ ကျောင်းတိ ဇဝေဇဝါ ဖြစ်သွားသည်။
"ရှင် ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
"ကျုပ်က ကျိဟုန်ကျွင်းရဲ့ ဒုတိယအစ်ကိုပါ၊ ခမည်းခမက်ကြီး ရှိလား" ကျိဟုန်ရှင်းသည် လက်နှစ်ဖက်ကို အင်္ကျီလက်ကြား ထိုးထည့်ကာ ချမ်းတုန်နေသည့် ပုံစံဖြင့် မေးလိုက်သည်။
"အဖေ အိမ်ထဲမှာ ရှိပါတယ်"
အိမ်မကြီးထဲသို့ ကျောင်းတိက ကျိဟုန်ရှင်းကို ခေါ်သွားပေးပြီးနောက် သူမသည် အဝတ်ပြန်လျှော်ရန် ထွက်သွားသည်။ အဖေလျန်သည် လုပ်လက်စ ကြိုးကို ဘေးချကာ ဝါဂွမ်းအင်္ကျီထူထူကို ခြုံရင်း ကျိဟုန်ရှင်းကို ကြည့်လိုက်သည်။
"တူမောင် ရောက်လာတာလား၊ ဒီအချိန်ကြီး ဘာကိစ္စ ရှိလို့လဲ"
နေ့လယ်စာ စားချိန်ကြီး လာလည်ရင် ထမင်းကျွေးရမှာ နှမြောစရာ ကောင်းတယ်လေ။
ကျိဟုန်ရှင်းသည် အဖေလျန်၏ ဘေးနားရှိ အိပ်ရာပေါ်တွင် ဝင်ထိုင်လိုက်ပြီး အဖေကျိ မှာလိုက်သည့်အတိုင်း ပြောလိုက်သည်။ 
"ခမည်းခမက်ကြီး... ကျုပ်အဖေက ပြောတယ်၊ အိမ်ခွဲရင် မိန်းမဘက်က ဆွေမျိုးတွေကို အသိပေးသင့်တယ်တဲ့၊ ကျုပ်တို့အိမ် ခွဲလိုက်ကြပြီ၊ စတုတ္ထနဲ့ သူ့မိန်းမက ဒီရက်ပိုင်း အလုပ်ရှုပ်နေတော့ လာပြောဖို့ အချိန်မရလောက်ဘူး၊ အဲဒါကြောင့် ကျုပ် လာပြောတာ"
အဖေလျန်သည် အိမ်ခွဲသည့် ကိစ္စကို ကြားသောအခါ ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပေ။ မျက်နှာသေဖြင့် ပြောလိုက်သည်။ "အဲဒီကောင်မလေးက မင်းတို့အိမ် ရောက်သွားပြီပဲ၊ မင်းတို့ ကျိမိသားစုဝင် ဖြစ်သွားပြီ၊ အိမ်ခွဲတာ မင်းတို့ကိစ္စပဲ၊ ငါ့ကို လာပြောနေစရာ မလိုပါဘူး"
"ခမည်းခမက်ကြီးရာ... စတုတ္ထညီမလေးက ဦးလေးရဲ့ သမီးလေ၊ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် အသိမပေးဘဲ နေမလဲ၊ ကျုပ်အမေက ပြောတယ်၊ နောင်တစ်ချိန် အပြင်လူတွေက ကျုပ်တို့ အိမ်ခွဲတာ မတရားဘူးလို့ ပြောမှာစိုးလို့ ရှင်းရှင်းလင်းလင်း ပြောပြထားရမယ်တဲ့၊ ကျုပ်တို့ အိမ်ခွဲတုန်းက စတုတ္ထတို့ လင်မယားကို အရှေ့ဘက်ဆောင်က အခန်းနှစ်ခန်း ပေးလိုက်တယ်၊ ပိုက်ဆံ ၂၅ ယွမ် ပေးတယ်၊ ကြက်ဥတို့ ဆန်တို့လည်း အများကြီး ပေးလိုက်တာ၊ စတုတ္ထညီမလေးက ကြက်ခြံထဲက ကြက်မကြီး နှစ်ကောင်တောင် ဖမ်းသတ်လိုက်သေးတယ်၊ ဒီရက်ပိုင်း စတုတ္ထတို့အိမ်က နေ့တိုင်း ကြက်စွပ်ပြုတ် သောက်နေကြတာ၊ အဲဒီ ကြက်စွပ်ပြုတ်က မွှေးနေတာပဲ"
ထိုအချိန် အမေလျန်သည် ရေနွေးပန်းကန် ယူလာပေးရင်း တံခါးဝအရောက်တွင် ကျိဟုန်ရှင်း ပြောလိုက်သော လျန်ဟွမ်း နေ့တိုင်း ကြက်စွပ်ပြုတ် သောက်သည်ဆိုသော စကားကို ကြားသွားသည်။ သူမသည် ပန်းကန်လုံးကို စားပွဲပေါ် ချက်ချင်း တင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ 
"တူမောင်... ဘာပြောလိုက်တာလဲ၊ ငါ့သမီးကြီးက နေ့တိုင်း ကြက်စွပ်ပြုတ် သောက်နေတာလား"
"ဟုတ်တယ် အဒေါ်... စတုတ္ထနဲ့ သူ့မိန်းမက ပိုက်ဆံတွေ အများကြီး ရလိုက်တာ၊ သူတို့မှာ ဆန်တွေလည်း အများကြီးပဲ၊ အသားတောင် စားနေကြတာ"
အမေလျန်က မျက်နှာပျက်သွားသည်။ "အဲဒီ ကောင်မစုတ်၊ သူက တစ်ယောက်တည်း ခိုးစားနေတာပေါ့လေ၊ အသားရှိတာတောင် မောင်လေးကို လာမပို့ဘူး"
လျန်ပေါင်တန့်သည် အပြင်တွင် ရွာထဲမှ ကလေးများနှင့် ဆော့ကစားနေရာမှ မောလာသဖြင့် ထမင်းစားရန် ပြန်လာသည်။ အိမ်ထဲ ပြေးဝင်လာချိန်တွင် အမေလျန်က အသားအကြောင်း ပြောနေသည်ကို ကြားလိုက်ရသဖြင့် ပိုမြန်မြန် ပြေးဝင်လာပြီး အမေလျန်၏ လက်မောင်းကို ဆွဲကာ မေးလိုက်သည်။ "အမေ... အသား ဘယ်မှာလဲ၊ သား အသား စားချင်တယ်"
အသားတဲ့။ ခေါင်းဆောင်အိမ်က ပေါင်ချန်ဆိုရင် တလောကပဲ အသားစားရတယ်ဆိုပြီး အသားတုံးကို ကိုင်ကာ ထွက်ကြွားသေးသည်။ အဲဒီအသားက ကြည့်ရုံနဲ့တင် သွားရည်ကျစရာ ကောင်းပြီး အရမ်းမွှေးတာ။
"နင့်အစ်မကြီးအိမ်မှာ အသားရှိတယ်၊ ပေါင်တန့်... လာ... အမေ နင့်ကို အသားလိုက်ကျွေးမယ်" 
အမေလျန်က ပေါင်တန့် လက်ကို ဆွဲပြီး အပြင်ထွက်သွားသည်။
အဖေလျန်သည် ကိုယ်ပေါ်မှ ဝါဂွမ်းအင်္ကျီအစုတ်ကို ပြင်ဝတ်ရင်း မတ်တတ်ရပ်လိုက်သည်။ "တူမောင်... ငါလည်း လိုက်သွားကြည့်ဦးမယ်"
"ခမည်းခမက်ကြီး... ကျုပ်လည်း ပြန်တော့မယ်၊ အိမ်မှာ ထမင်းချက်ထားတယ်" ကျိဟုန်ရှင်းလည်း မတ်တတ်ရပ်ကာ အဖေလျန်နှင့်အတူ အပြင်ထွက်လာသည်။
အဖေလျန်သည် ခြံဝင်းထဲ ရောက်သောအခါ ကျိဟုန်ရှင်းနှင့်အတူ လိုက်မသွားသေးဘဲ ကျိဟုန်ရှင်း ထွက်သွားသည်အထိ စောင့်ကြည့်နေသည်။ ကျိဟုန်ရှင်း ထွက်သွားမှ ခြံထဲတွင် အဝတ်လျှော်နေသော ကျောင်းတိကို လှည့်ပြောလိုက်သည်။ "ကျောင်းတိ... နင် ရှောင်ယာကို ခေါ်ပြီး နင့်အမေနဲ့အတူ အစ်မကြီးအိမ် လိုက်သွား၊ အိမ်မှာ ဆန် မလောက်တော့ဘူး၊ ပြန်လာရင် နင့်အစ်မကြီးဆီက ဆန် နည်းနည်း တောင်းလာခဲ့၊ ပြီးတော့ နင့်မောင်လေးက ငယ်သေးတယ်၊ နင့်အစ်မကြီးအိမ်မှာ အသားရှိတယ်ဆိုတော့ အသားပါ တောင်းလာခဲ့၊ နင့်မောင်လေး ပေါင်တန့်ကို အားရှိအောင် ကျွေးရမယ်"
ကျောင်းတိမှာ အာဟာရပြတ်ပြီး ပိန်လှီနေကာ မျက်လုံးများတွင်လည်း အရောင်အဝါ မရှိပေ။ အဖေလျန်၏ စကားကို ကြားသောအခါ စက်ရုပ်တစ်ရုပ်လို ပြန်ဖြေလိုက်သည်။ "သိပါပြီ အဖေ"
ကျောင်းတိသည် အဖေလျန်ကို ပြောပြီးနောက် မီးဖိုချောင်ဘက် ထွက်သွားကာ မီးဖိုထဲမှ မီးကို သတ်ပြီး ရှောင်ယာကို ဆွဲခေါ်လာသည်။ "လာ... အစ်မကြီးအိမ် သွားမယ်"
ရှောင်ယာသည် ကျောင်းတိ နောက်သို့ လိုက်လာသည်။ ပိန်ပိန်ပါးပါး ကောင်မလေးသည် ကျောင်းတိ၏ လက်ကို ဆွဲထားသည်။ ကောက်ရိုးဖိနပ်အစုတ်လေး စီးပြီး နှင်းပြင်ပေါ် နင်းလိုက်ရာ ခြေထောက်များ အေးခဲပြီး ထုံကျဉ်နေပြီ ဖြစ်သည်။ သူမက ကျောင်းတိ နောက်သို့ လိုက်လာရင်း မေးလိုက်သည်။
"ဒုတိယအစ်မ... အစ်မကြီးအိမ်သွားရင် ဗိုက်ဝအောင် စားရမှာလားဟင်၊ ညီမလေး ဗိုက်ဆာတယ်"
ပိန်ခြောက်နေသော ကောင်မလေးသည် အသက် ခုနစ်နှစ်ရှိပြီဖြစ်သော်လည်း အရပ်အမောင်းမှာ လေးငါးနှစ်အရွယ် ကလေးလောက်သာ ရှိပြီး အရေပြားနှင့် အရိုးသာ ကျန်တော့သည်။
ကျောင်းတိသည် ညီမဖြစ်သူ၏ လက်ကို တွဲထားရင်း အဝေးကို ငေးကြည့်ကာ မျှော်လင့်ချက်မရှိသော မျက်လုံးများဖြင့် ပြောလိုက်သည်။ "အစ်မကြီးအိမ်မှာ ဆန် သိပ်မရှိဘူး"
"ရွာထဲက လူတွေက ပြောကြတယ်၊ ခဲအိုက အရမ်းပျင်းတာတဲ့၊ အစ်မကြီးကို ရှာကျွေးနိုင်ပါ့မလား မသိဘူး"
"ဪ" ရှောင်ယာ ခေါင်းငုံ့သွားသည်။ သူမ၏ ခြေထောက်အောက်ရှိ နှင်းများကို ကြည့်လိုက်သည်။ သူမ၏ ဖိနပ်အောက်ခြေ ပေါက်နေသဖြင့် နှင်းရေများ စိမ့်ဝင်နေသည်။
......
ကျိဟုန်ကျွင်း၏ အိမ်ရှေ့တွင် ဖြစ်သည်။ ကျိဟုန်ရှင်းသည် အမေလျန်ကို အိမ်ရှေ့အထိ လိုက်ပို့ပြီးနောက် ကျိမိသားစုအိမ်သို့ ပြန်သွားသည်။
အမေလျန်သည် တံခါးရှေ့တွင် ရပ်နေရင်း ဝက်နံရိုးနံ့ကို ရလိုက်သည်။ ပေါင်တန့်သည် သူ့အမေဘေးတွင် ရပ်နေရင်း သွားရည်များ ကျလာကာ မျက်လုံးများ အရောင်တောက်လာသည်။
"အမေ... အသားနံ့၊ မွှေးလိုက်တာ၊ သား တစ်ခါမှ မရဖူးတဲ့ အနံ့မျိုးပဲ"
အမေလျန်က သားဖြစ်သူကို ဆွဲလိုက်သည်။ 
"အမေ ခဏနေကျရင် နင့်အစ်မအိမ်က အသားတွေ အကုန်လုံး နင့်ကို ကျွေးမယ်" အမေလျန်က ပြောပြီးသည်နှင့် တံခါးကို စခေါက်တော့သည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ မုန့်များ ကျက်နေပြီ ဖြစ်သည်။ မုန့်များကို ခြင်းတောင်းထဲ ထည့်လိုက်ပြီး နို့နှစ်ရောင် သန်းနေသော ဟင်းရည်ကို ကြည့်ကာ သူမနှင့် ကျိဟုန်ကျွင်း အတွက် ပန်းကန်နှစ်လုံး ယူလိုက်သည်။
လျန်ဟွမ်း ဟင်း မခပ်ရသေးခင်မှာပင် အပြင်မှ တံခါးကို အားကုန် ထုနေသံကို ကြားလိုက်ရသည်။
"အပြင်က ဘယ်သူလဲ" ကျိမိသားစုက လူတွေများ ထပ်လာတာလား။
"ကိုယ် သွားကြည့်လိုက်မယ်" ကျိဟုန်ကျွင်း မတ်တတ်ရပ်ပြီး အပြင်သို့ ထွက်သွားသည်။
တံခါးဖွင့်လိုက်သောအခါ အပြင်တွင် ရပ်နေသော လူလေးယောက်ကို တွေ့လိုက်ရသဖြင့် ကျိဟုန်ကျွင်း မျက်မှောင်ကြုတ်သွားသည်။ "ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
ရှောင်ယာသည် ကျိဟုန်ကျွင်း၏ ထွားကြိုင်းသော ခန္ဓာကိုယ်နှင့် အေးစက်စက် အသံကြောင့် ကြောက်လန့်သွားပြီး ကျောင်းတိ၏ အနောက်တွင် ဝင်ပုန်းနေသည်။
ပေါင်တန့်မှာမူ အိမ်တွင် အလိုလိုက်ခံထားရသူဖြစ်ရာ အတော်လေး ဆိုးသည်။ ကျိဟုန်ကျွင်းကို မြင်သော်လည်း လုံးဝ မကြောက်ဘဲ ပါးစပ်ဖြဲကာ အော်ပြောလိုက်သည်။ "ယောက်ဖ... ကျွန်တော် ပေါင်တန့်လေ၊ အစ်မကြီးဆီက အသား လာတောင်းစားတာ"
ကျိဟုန်ကျွင်း - "......"
အသား တောင်းစားတာ ဟုတ်လား။ ငါ့အသားကို လာလုတာလား။
အမေလျန်သည် သားဖြစ်သူ၏ စကားကြောင့် ကျိဟုန်ကျွင်းကို ကြည့်ပြီး ပြုံးပြလိုက်သည်။ 
"ပေါင်တန့်က နောက်နေတာပါ၊ ဒီကလေးက အသားမစားရတာ တစ်နှစ်လောက် ရှိပြီဆိုတော့ အသားနံ့ရပြီး စားချင်လွန်းလို့ ပြောတာပါ"
"ဟုန်ကျွင်း... တာ့ယာ ရှိလား၊ မင်းတို့လင်မယား မင်္ဂလာဆောင်ပြီးကတည်းက အိမ်ပြန်မလာတော့ အမေနဲ့ မောင်လေးတွေက လွမ်းလို့ လာကြည့်တာ"
လျန်ဟွမ်း၏ မိသားစုဝင်များဖြစ်နေသဖြင့် ကျိဟုန်ကျွင်း တား၍ မရပေ။ သူ တည်ငြိမ်စွာ ဖြေလိုက်သည်။ "ရှိတယ်"
"ရှိရင် ပြီးတာပဲ၊ ရှိရင် ပြီးတာပဲ၊ အမေ သွားရှာလိုက်ဦးမယ်" အမေလျန် ပြောပြီးသည်နှင့် သားဖြစ်သူကို ဆွဲကာ အိမ်ထဲ ဝင်သွားသည်။
ကျောင်းတိသည် အမေလျန် ဝင်သွားသည်ကို မြင်သောအခါ ကျိဟုန်ကျွင်းကို သတိထားကြည့်ရင်း ရှောင်ယာကို ဆွဲကာ အိမ်ထဲ ဝင်လာသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် အသံများကို ကြားနေရပြီ ဖြစ်သည်။ သူမသည် အိုးထဲမှ ဟင်းရည်များကို ဇလုံကြီးတစ်ခုထဲသို့ ပြောင်းထည့်လိုက်ပြီး လက်ဝှေ့ယမ်းကာ နေရာလွတ်ထဲသို့ သိမ်းလိုက်သည်။
"တာ့ယာ... တာ့ယာ" အမေလျန်သည် ခြံဝင်းထဲတွင် အော်ဟစ်ရင်း မီးဖိုချောင်ဘက်သို့ လျှောက်လာသည်။
လျန်ဟွမ်း အသံကြားသဖြင့် မီးဖိုချောင်ထဲမှ အမြန်ထွက်လာသည်။
အမေလျန်ကို မြင်လိုက်ရသောအခါ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ခေါင်းထဲ ဝင်ရောက်လာသည်။ ဒါ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေပဲ။ သမီးကို လူလို မဆက်ဆံတဲ့ အမေ။
သူမ ဘာလာလုပ်တာလဲ။
လျန်ဟွမ်း စဉ်းစားနေစဉ် အမေလျန်က လျန်ဟွမ်းကို မြင်သည်နှင့် အနားသို့ ရောက်လာပြီး လက်ကို လှမ်းဆွဲကာ ရင်းရင်းနှီးနှီး ပြောလိုက်သည်။ 
"တာ့ယာ... အမေ နင့်မောင်လေးကို ခေါ်ပြီး လာကြည့်တာ၊ နင်ကလည်း အိမ်ခွဲတာတောင် အိမ်ကို အသိမပေးဘူး၊ နင် ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ၊ အိမ်ခွဲရင် အမေ့ကို ပြောမှပေါ့၊ အမေ နင့်အတွက် ပစ္စည်းတွေ ပိုရအောင် တောင်းပေးမှာပေါ့"
"အိမ်ခွဲပြီးသွားပါပြီ၊ အမေ ဘာကိစ္စ ရှိလို့လဲ" လျန်ဟွမ်းသည် အမေလျန်၏ လက်ကို ရုန်းထွက်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။
အမေလျန်သည် လျန်ဟွမ်း၏ အပြုအမူကို ဂရုမစိုက်ဘဲ ဆက်လက် ပြုံးရွှင်စွာ ပြောနေသည်။ 
"ခွဲပြီးရင်လည်း ပြီးတာပါပဲ၊ နင်တို့ အိမ်ခွဲတုန်းက ဆန်တွေ အများကြီး ရတယ်လို့ ကြားတယ်၊ အသားရောပဲတဲ့၊ အိမ်ထဲမှာလည်း မွှေးနေတာပဲ၊ အသားချက်ထားတယ်မလား၊ အမေတို့ သားအမိတွေ ထမင်းမစားရသေးဘူး၊ နင့်မောင်လေး စားရအောင် အသားထုတ်ပေးစမ်းပါ"
"အသား မရှိဘူး" လျန်ဟွမ်းက အမေလျန်ကို ကြည့်ပြီး ပြောလိုက်သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် လျန်မိသားစုမှာ အလွန်ဆိုးရွားသူများ ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အရင်က လိမ္မာပြီး အလုပ်ကြိုးစားသူ ဖြစ်သည်။ ရွာထိပ်ရှိ သားသတ်ရုံမှ မိန်းမလေးယောက် ရိုက်သတ်ခဲ့ဖူးသော လူပျိုကြီးက သူမ၏ ရုပ်ရည်နှင့် အိမ်မှုကိစ္စ ကျွမ်းကျင်မှုကို သဘောကျပြီး ဈေးကောင်းပေးကာ ဝယ်ချင်ခဲ့သည်။ အဖေလျန်နှင့် အမေလျန်တို့က သမီးဖြစ်သူကို ရောင်းစားရန် တိုင်ပင်ခဲ့ကြသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က မိဘများ၏ စကားကို ကြားပြီး ကြောက်လန့်သွားကာ ပျင်းချင်ယောင်ဆောင်ပြီး ကိုယ့်နာမည်ကိုယ် ဖျက်စီးခဲ့ရသည်။ နာမည်ပျက်သွားသောအခါ မိဘများ၏ ဆက်ဆံပုံ ပြောင်းလဲသွားပြီး နေ့တိုင်း ရိုက်နှက်ကာ ထမင်းကိုလည်း ရေကျဲကျဲ ဆန်ပြုတ် ပန်းကန်တစ်ဝက်သာ ပေးတော့သည်။
ဒီလိုလူမျိုးတွေကို ဒီနေ့သာ အသားပေးလိုက်ရင် နောက်ရက်တွေကျရင် နေ့တိုင်း လာတောင်းကြတော့မှာ။ ဒါကြောင့် လုံးဝ ပေးလို့ မဖြစ်ဘူး။
"ဘယ်လိုလုပ် အသားမရှိရမှာလဲ၊ တာ့ယာ... နင်က တစ်ယောက်တည်း စားချင်နေတာလား၊ အမေ အနံ့တောင် ရနေပြီ" အမေလျန်က ပြောရင်း လျန်ဟွမ်းကို တွန်းဖယ်ကာ မီးဖိုချောင်ထဲ ဝင်သွားသည်။
မီးဖိုချောင်ထဲ ရောက်သည်နှင့် ဟိုရှာဒီရှာ လုပ်ပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ ဘာမှမရှိသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက်သွားသည်။
"တာ့ယာ... နင် အသားတွေ ဘယ်မှာ ဝှက်ထားလဲ၊ အိုးထဲမှာ အဆီတွေနဲ့ အသားချက်ထားတာ ငါ မြင်တယ်"
ပေါင်တန့်က လျန်ဟွမ်း၏ လက်ကို လာဆွဲသည်။ "အစ်မကြီး... သား အသားစားချင်တယ်၊ အသားပေး"
ပေါင်တန့်၏ လက်များမှာ မည်းညစ်နေပြီး ဘယ်လောက်ကြာကြာ မဆေးဘဲ နေခဲ့မှန်း မသိပေ။ လျန်ဟွမ်းက သူ့ကို မနှစ်သက်သဖြင့် လက်ကို ရုန်းလိုက်သည်။ "မရှိဘူး"
အမေလျန်သည် လျန်ဟွမ်းက ပေါင်တန့်လက်ကို ရုန်းလိုက်သည်ကို မြင်သောအခါ အနားသို့ လျှောက်လာသည်။ "တာ့ယာ... ကောင်မစုတ်၊ နင်က နင့်မောင်လေးကိုတောင် ရုန်းရဲတယ်ပေါ့၊ နင် သေချင်နေပြီလား"
အမေလျန်မှာ အသားမတွေ့သဖြင့် ဒေါသထွက်နေရာ လျန်ဟွမ်း၏ အပြုအမူကို မြင်သောအခါ ပို၍ ဒေါသထွက်သွားပြီး ဆဲဆိုရင်း လျန်ဟွမ်းကို ဝင်ရိုက်သည်။
အမေလျန်သည် သူမအိမ်မှာလို လျန်ဟွမ်းကို စိတ်ကြိုက် ရိုက်နှက်လို့ ရမည်ဟု ထင်နေသော်လည်း သူမလက်က လျန်ဟွမ်းကို မထိမီမှာပင် ကျိဟုန်ကျွင်းက ဖမ်းချုပ်လိုက်သည်။
အမေလျန်သည် တစ်စုံတစ်ယောက်က သူမကို ဆွဲထားသည်ကို သိလိုက်ရသဖြင့် မော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ "ဟုန်ကျွင်း... နင် ဘာလုပ်တာလဲ၊ ငါက နင့်ယောက္ခမနော်၊ ငါ့ကို လွှတ်စမ်း"
ကျိဟုန်ကျွင်း သည် ခေါင်းငုံ့ကာ စူးရှသော မျက်လုံးများဖြင့် အမေလျန်ကို ကြည့်လိုက်သည်။ အရှိန်အဝါ ပြင်းထန်လှသည်။
"လျန်ဟွမ်းက ကျုပ်မိန်းမ၊ ကျိမိသားစုဝင် ဖြစ်နေပြီ၊ ခင်ဗျား ရိုက်ခွင့်မရှိဘူး၊ ပြီးတော့ အိမ်က ဆန်နဲ့ အသားတွေက ကျုပ်နဲ့ လျန်ဟွမ်း ပိုင်တာ၊ ခင်ဗျားတို့ လျန်မိသားစုနဲ့ မဆိုင်ဘူး၊ လာမမျှော်လင့်နဲ့"
ကျိဟုန်ကျွင်းက ပြောရင်း ပေါင်တန့်ကို ကြည့်လိုက်သည်။ "ဆန်ရေစပါးက ရှားပါးတယ်၊ ဆန်ခိုးတာက လူသတ်တာနဲ့ အတူတူပဲ၊ ကျုပ်အိမ်က ဆန်ကို လာယူရဲရင် ခင်ဗျားမှာ သား မရှိတော့အောင် လုပ်ပစ်လိုက်မယ်"
ကမ္ဘာပျက်ခေတ်တွင် သူသည် ဖုတ်ကောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သဖြင့် သတ်ဖြတ်ခြင်းက သူ့အတွက် ရိုးအီနေပြီ ဖြစ်သည်။ စားသောက်ရဖို့က သူ့အတွက် အဓိက ဖြစ်သည်။
သူ့ဆန်ကို လာလုမယ် ဟုတ်လား။ မရဘူး။
…
အခန်း (၂၂)
ကျိဟုန်ကျွင်း၏ စကားများက ပြင်းထန်လွန်းလှသည်။ သူသည် ဝံပုလွေတစ်ကောင်၏ အကြည့်ဖြင့် ပေါင်တန့်ကို ကြည့်နေပြီး တကယ်ပဲ ရိုက်နှက်တော့မည့်ဟန် ရှိသည်။ ပေါင်တန့်က အမေလျန်၏ အသည်းကျော်ဖြစ်သည်။
သူမကိုယ်တိုင်ပင် အနိုင်မကျင့်ရက်သော သားကို ကျိဟုန်ကျွင်းက မကောင်းကြံတော့မည်ကို ကြားလိုက်ရသဖြင့် အမေလျန် ဒေါသထွက်သွားသည်။
သူမသည် သားကို နောက်သို့ ပို့ကာ ကာကွယ်လိုက်သည်။ ကျိဟုန်ကျွင်းမှာ လူကောင်ထွားကြိုင်းသော ယောက်ျားတစ်ယောက် ဖြစ်သဖြင့် သူမ ဘာမှ မလုပ်ရဲပေ။ ထို့ကြောင့် ဒေါသများကို လျန်ဟွမ်းဘက်သို့ လှည့်ကာ ပေါက်ကွဲတော့သည်။
"လျန်ဟွမ်း... နင် ဘယ်လို ဖြစ်နေတာလဲ၊ နင့်ယောက်ျားက နင့်မောင်လေးကို အနိုင်ကျင့်နေတာ နင် ကြည့်နေတော့မှာလား၊ နင့်မောင်လေးက နင့်ရဲ့ တစ်ခုတည်းသော အားကိုးရာဆိုတာ နင် မသိဘူးလား၊ နင့်ပစ္စည်းတွေ အကုန်လုံးက နင့်မောင်လေးကို ပေးရမှာ၊ နင့်အိမ်မှာ ရှိတဲ့ အသားတွေကလည်း နင့်မောင်လေးပိုင်တာ၊ သူ အသားစားချင်ရင် နင့်မှာ မရှိရင်တောင် အပြင်ထွက်ပြီး လုယူပေးရမှာ"
အမေလျန်သည် လျန်ဟွမ်းကို အော်ဟစ်ဆူပူပြီးနောက် ရှောင်ယာနှင့် ကျောင်းတိဘက်သို့ လှည့်ကာ ဆက်ပြောသည်။
"နင်တို့ ကောင်မစုတ်နှစ်ကောင် ဘာလုပ်နေကြတာလဲ၊ နင်တို့မောင်လေး အနိုင်ကျင့်ခံနေရတာကို မကာကွယ်ကြဘူးလား၊ သွား... မီးဖိုချောင်ထဲမှာ အသားသွားရှာ၊ ဆန်သွားရှာ၊ တွေ့သမျှ အကုန် အိမ်သယ်ပြန်မယ်"
သမီးအကြီးဆုံးအိမ်က ပစ္စည်းတွေ အကုန်လုံးက ပေါင်တန့်အတွက်ပဲ ဖြစ်ရမယ်။ အိမ်မှာ အသားရှိရင်တောင် သူတို့ မစားရဘူး။ ပေါင်တန့်ကိုပဲ ကျွေးရမယ်။
သူမအိမ်က ဆန်တွေကို လုယူရုံသာမက သူမအိမ်က ဆန်တွေက သူမသားပိုင်တာတဲ့လား။ လျန်ဟွမ်း ဒေါသထွက်သွားသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ အမေဖြစ်နေသဖြင့် သူမ ပြန်ရိုက်၍ မရပေ။ ယောက္ခမဘက်က လူများနှင့် မတူပေ။ ယောက္ခမဘက်က လူများကို ရိုက်နှက်ခြင်းက သူတို့ဘက်က စမှားသောကြောင့် ဖြစ်သည်။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်အရင်းကို ရိုက်နှက်ပါက အပြင်လူများ၏ ဝေဖန်ခြင်းကို ခံရလိမ့်မည်။
ပြန်ရိုက်လို့လည်း မရသလို ပြန်ဆဲလို့လည်း မရ။ လျန်ဟွမ်းသည် အမေလျန် ဆွဲထားသော ပေါင်တန့်ကို ကြည့်လိုက်သည်။
"ဒီကို လာခဲ့" လျန်ဟွမ်းသည် လက်လှမ်းကာ ပေါင်တန့်ကို ဆွဲယူလိုက်သည်။
ပေါင်တန့်ကို ဆွဲယူပြီးနောက် အိမ်မကြီးဘက်သို့ ဆွဲခေါ်သွားသည်။ အမေလျန်က နောက်မှ လိုက်လာသဖြင့် လျန်ဟွမ်းက လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ပေါင်တန့်ကို အသားစားစေချင်ရင် လိုက်မလာနဲ့"
လျန်ဟွမ်း ပြောပြီးသည်နှင့် အိမ်ထဲဝင်ကာ တံခါးပိတ်ပြီး အတွင်းမှ ဂလန့်ချလိုက်သည်။
ကျိဟုန်ကျွင်းသည် တံခါးစောင့်နတ်မင်းကြီးကဲ့သို့ တံခါးရှေ့တွင် ရပ်ကာ အမေလျန်ကို တားထားသည်။
အမေလျန်သည် ကျိဟုန်ကျွင်း တားထားသဖြင့် အိမ်ထဲ ဝင်မရတော့ပေ။ လျန်ဟွမ်းက ပေါင်တန့်ကို ရိုက်နှက်မည်ကို စိုးရိမ်သဖြင့် အပြင်မှ အော်ပြောလိုက်သည်။ "ကောင်မစုတ်... ငါ့သားကို ပြန်လွှတ်ပေးစမ်း၊ နင် ငါ့သားကို ရိုက်ရဲရင် နင့်အဖေကို တိုင်ပြီး နင့်ကို သတ်ခိုင်းမယ်"
"အခုချက်ချင်း ငါ့သားကို လွှတ်ပေးစမ်း"
အမေလျန် အော်ဟစ်နေသော်လည်း အိမ်ထဲမှ လျန်ဟွမ်းက ပြန်မပြောပေ။
သူမသည် ပေါင်တန့်ကို အခန်းထဲ ခေါ်လာပြီး ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။
"ထိုင်နေ"
ပေါင်တန့်သည် လျန်ဟွမ်းကို ကြောက်လန့်တကြား ကြည့်လိုက်သည်။ "အစ်မကြီးက သားကို ရိုက်ရဲတယ်ပေါ့၊ အဖေနဲ့ တိုင်ပြောပြီး အစ်မကြီးကို ရိုက်သတ်ခိုင်းမယ်"
"စကားနားမထောင်ရင် အဖေနဲ့ မတွေ့ရအောင် အခုချက်ချင်း ရိုက်သတ်လိုက်မယ်" လျန်ဟွမ်းက ပြောရင်း လက်ကို မြှောက်လိုက်ရာ ပေါင်တန့်ကို တကယ် ရိုက်တော့မည့်ပုံ ပေါက်နေသည်။
ပေါင်တန့်သည် ခုတင်ပေါ်သို့ တက်ကာ နောက်သို့ ဆုတ်လိုက်သည်။ ဖိနပ်စီးလျက် စောင်ပေါ် နင်းလိုက်သဖြင့် ရေစိုနေသော ဖိနပ်အောက်ခြေကြောင့် စောင်ပါ စိုသွားသည်။
လျန်ဟွမ်း သူ့ကို ခုတင်ပေါ်မှ အမြန် ဆွဲချလိုက်သည်။ "ခုတင်ပေါ် မတက်နဲ့၊ ဒီမှာပဲ ထိုင်နေ၊ လိမ္မာရင် အသားကျွေးမယ်၊ မလိမ္မာရင် နင့်ယောက်ဖကို ရိုက်ခိုင်းမယ်"
ယောက်ဖကို ရိုက်ခိုင်းမယ် ဟုတ်လား။ ပေါင်တန့် ကြောက်လန့်သွားသည်။ ယောက်ဖက အရပ်ရှည်ပြီး သန်မာတယ်။ သူ့အဖေထက် ပိုသန်တယ်။ အရိုက်ခံရရင် သေလောက်အောင် နာမှာ။ သူ အရိုက်မခံချင်ဘူး။
"အစ်မကြီး... သား လိမ္မာပါ့မယ်၊ သားကို အသားကျွေးပါ၊ သား အသားစားချင်တယ်၊ အဖေနဲ့ အမေက ပြောတယ်၊ အစ်မကြီးရယ်၊ ဒုတိယအစ်မရယ်၊ ရှောင်ယာရယ် ပိုင်တဲ့ ပစ္စည်းတွေ အကုန်လုံးက သားပိုင်တာတဲ့၊ အစ်မကြီး အသားချက်စားရင် သားကို ကျွေးရမယ်၊ သား အသားနံ့ ရတယ်"
ပေါင်တန့်က အသားစားချင်စိတ် ပြင်းပြနေသည်။
လျန်ဟွမ်းသည် စာအုပ်ထဲမှ အကြောင်းအရာများကို သတိရသွားသည်။ မူလခန္ဓာကိုယ်ပိုင်ရှင် သေဆုံးပြီးနောက် သူမ၏ မိသားစုဝင်များရောက်လာပြီး ပြဿနာ ရှာကြသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်ကို ကျိမိသားစုက သတ်လိုက်သည်ဟု ဆိုကာ လျော်ကြေးငွေနှင့် ဆန်များ တောင်းကြသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများက သမီးသေဆုံးသွားသည်ကို ဝမ်းမနည်းကြသော်လည်း ညီမနှစ်ယောက်က မျက်ရည်ကျကြသည်။ ဆိုးသွမ်းသော မောင်ဖြစ်သူလည်း ပါလာသည်။ ကျိမိသားစုအိမ်တွင် ထယ်တန့်က မူလခန္ဓာကိုယ်ပိုင်ရှင်ကို အစာငတ်ပြီး သေသင့်သည်ဟု ပြောသောအခါ ပေါင်တန့်က ထယ်တန့်ကို ဝင်ထိုးခဲ့သည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်လေးမှာ အလိုလိုက်ခံထားရသူ ဖြစ်သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်က ပြုစုပျိုးထောင်ပေးခဲ့သဖြင့် သံယောဇဉ် ရှိနေသေးသည်။ မောင်လေးကို မိဘများက ဆက်လက် အလိုလိုက်နေပါက မိဘများကဲ့သို့ သွေးစုပ်ကောင် ဖြစ်လာလိမ့်မည်။ လျန်မိသားစုနှင့် အဆက်အသွယ် မဖြတ်ပါက ဒီမိသားစုလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော် လောလောဆယ်တွင် ဆွေမျိုးဖြတ်ရန် အကြောင်းပြချက် မရှိသေးပေ။ လျန်မိသားစုကို လုံးဝ ဖယ်ထုတ်နိုင်မည့် အခွင့်အရေးမရခင် လျန်မိသားစု၏ အသည်းကျော် သားလေးကို ထိန်းချုပ်ထားရမည်။
"ပါးစပ်ပိတ်ထား၊ အိမ်က အသားတွေက နင့်ယောက်ဖ ရှာထားတာ၊ နင့်ယောက်ဖပိုင်တာ၊ နင့်ဟာ မဟုတ်ဘူး" လျန်ဟွမ်းက ပေါင်တန့်ကို ပြုပြင်ပေးရန် စဉ်းစားရင်း ပြောလိုက်သည်။
သူမနှင့် ကျိဟုန်ကျွင်း ပိုင်ဆိုင်သော ပစ္စည်းများက သူတို့နှစ်ယောက်တည်း ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ပေါင်တန့်ပိုင်တာ မဟုတ်ပေ။ သူ့ကို အဲဒီလို အတွေးမျိုး မဝင်စေရဘူး။
"အစ်မကြီး... အဖေနဲ့ အမေက ပြောတယ်၊ အစ်မကြီး ပစ္စည်းတွေက သားပိုင်တာတဲ့၊ ယောက်ဖ ပစ္စည်းတွေကလည်း သားပိုင်တာတဲ့" ပေါင်တန့်က လျန်ဟွမ်း သူ့ကို မရိုက်သည်ကို တွေ့သောအခါ သတ္တိပြန်ဝင်လာသည်။
"နင့်ယောက်ဖ ပစ္စည်းက နင့်ယောက်ဖပိုင်တာ၊ နင်နဲ့ မဆိုင်ဘူး၊ ပြီးတော့ နင် အသားစားချင်သေးလား၊ စားချင်ရင် ယောက်ဖ ပစ္စည်းက နင့်ပစ္စည်းလို့ ထပ်မပြောနဲ့၊ ငါပြောတာ သေချာ နားထောင်၊ ငါမေးတာ ဖြေ" လျန်ဟွမ်းသည် ပေါင်တန့်ကို ခုတင်ဘေးတွင် ထိုင်ခိုင်းကာ လေးနက်စွာ ပြောလိုက်သည်။
အသားက အရေးကြီးဆုံးပဲ။ အသားကျွေးမယ်ဆိုရင် သူ့ပစ္စည်းမဟုတ်ဘူးလို့ ပြောခိုင်းလည်း ပြောရမှာပေါ့။
ပေါင်တန့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်... အစ်မကြီး ဘာမေးချင်လို့လဲ"
"နင်နဲ့ အမေ ဘာလို့ ဒီကို ရောက်လာတာလဲ" လျန်ဟွမ်း မေးလိုက်သည်။
သူမနှင့် ကျိဟုန်ကျွင်း မင်္ဂလာဆောင်တာ ငါးရက်ရှိပြီ ဖြစ်သည်။ မင်္ဂလာဆောင်ပြီး ဒုတိယနေ့တွင် မိဘအိမ် ပြန်သွားရမည် ဖြစ်သော်လည်း သူတို့ မပြန်ခဲ့သဖြင့် မိဘများလည်း ရောက်မလာခဲ့ပေ။ ဒီနေ့မှ ဘာလို့ ရောက်လာကြတာလဲ။ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ဘူး။
"ဦးလေးကြီးတစ်ယောက်က အမေနဲ့ သားကို ခေါ်လာတာ၊ သူက အမေ့ကို ခမည်းခမက်လို့ ခေါ်တယ်၊ ယောက်ဖရဲ့ ဒုတိယအစ်ကိုလို့ ပြောတယ်" အသားစားရမည်ဆိုသဖြင့် ပေါင်တန့် အမှန်အတိုင်း ဖြေလိုက်သည်။
ကျိဟုန်ရှင်း... သူပဲ ဖြစ်ရမယ်။ တကယ့် အရှုပ်ထုပ်ပဲ။ နောက်မှ သူ့ကို စာရင်းရှင်းရမယ်။
"အမေ ပြောတာတွေက မှားနေတယ်၊ နင် သိလား" လျန်ဟွမ်းက ပေါင်တန့်ကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
"ဘာတွေ မှားလို့လဲ" အဖေနဲ့ အမေ ပြောတာတွေက အမှန်တွေချည်းပဲ မဟုတ်ဘူးလား။ အဖေနဲ့ အမေက အကုန်သိတယ်လေ။ ပေါင်တန့် နားမလည်ပေ။
"ငါ နင့်ကို မေးမယ်၊ ရွာထဲမှာ နင်နဲ့ ကစားနေတဲ့ ကောင်လေးတွေက သူတို့အစ်မတွေ၊ ယောက်ဖတွေရဲ့ ပစ္စည်းတွေကို သူတို့ပိုင်တာလို့ ပြောကြလား"
"ပြောကြတယ်လေ၊ ကျင်းပေါင်၊ ပေါင်လျန် တို့ဆိုရင် သူတို့အစ်မတွေဆီက ကောင်းတာတွေ ရရင် သူတို့ကို ပေးကြတာပဲ" ပေါင်တန့်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။
လျန်ဟွမ်းသည် ပေါင်တန့် ပြောသော နာမည်နှစ်ခုကို စဉ်းစားလိုက်သည်။ ထိုကလေးနှစ်ယောက်က ကျင်းပေါင်၏ အရင်းနှီးဆုံး သူငယ်ချင်းများဖြစ်ပြီး ဆိုးသွမ်းသော ကလေးများ ဖြစ်သည်။ သူတို့အိမ်အခြေအနေကလည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ အိမ်အခြေအနေနှင့် တူသည်။ သမီးမိန်းကလေး သုံးလေးယောက် ရှိပြီး သားယောကျ်ားလေးကို အလိုလိုက်ထားကြသည်။
ထိုမိသားစုများသည် သမီးများကို မောင်လေးအတွက် အနစ်နာခံတတ်အောင် ပြုစုပျိုးထောင်ကြပြီး ယောက္ခမအိမ်မှ ပစ္စည်းများကို မိဘအိမ်သို့ သယ်လာတတ်ကြသည်။ ယောက္ခမအိမ်တွင် ပြဿနာတက်လေ့ ရှိသည်။
တကယ့် ဆိုးသွမ်းတဲ့ ကလေးအချင်းချင်း ပေါင်းမိနေကြတာပဲ။
လျန်ဟွမ်း ပြုံးလိုက်ပြီး ပေါင်တန့်ကို မေးလိုက်သည်။ "သူတို့ အသားစားရလား"
ပေါင်တန့် ခေါင်းခါလိုက်သည်။ "သူတို့ မစားရဘူး၊ ပေါင်ချန် တော့ စားရတယ်"
ပေါင်ချန် ဟုတ်လား။ လျန်ဟွမ်း စဉ်းစားလိုက်သည်။ ပေါင်ချန်ဆိုတာ လျန်ကျားဝမ် ခေါင်းဆောင်ရဲ့ သားပဲ။ ခေါင်းဆောင်က အသက် ၄၀ ခန့် ရှိပြီး သူ့အဖေနှင့် အဘိုးက တပ်နီရဲဘော်ဟောင်းတွေ ဖြစ်ကြသည်။ သူက သိပ်ပြီး ယောက်ျားလေး မိန်းကလေး မခွဲခြားတတ်ပေ။ သားအတွက် ရှိရင် သမီးအတွက်လည်း ရှိတတ်သည်။
"အစ်မကြီး မေးမယ်၊ ပေါင်ချန် က သူ့အစ်မ ပစ္စည်းတွေက သူ့ပစ္စည်းလို့ ပြောဖူးလား"
ပေါင်တန့် ခေါင်းခါလိုက်သည်။ "မပြောဖူးဘူး"
ပေါင်ချန်က သူ ရှောင်ယာကို အနိုင်ကျင့်တုန်းက သူ့ကို ဝင်ရိုက်ဖူးတယ်။ မိန်းကလေးတွေကို အနိုင်မကျင့်ရဘူးတဲ့။ ရှောင်ယာက ငါ့ညီမလေ။ ငါ အနိုင်ကျင့်ချင် ကျင့်မှာပေါ့။ ပေါင်ချန်က ဝင်ရှုပ်နေတာပဲ။
"ဒါဆို အစ်မကြီး မေးမယ်၊ ပေါင်ချန် အသားစားရလား" လျန်ဟွမ်း မေးလိုက်သည်။
ခေါင်းဆောင်အိမ်က အခြေအနေ ကောင်းသည်။ သားအကြီးဆုံးက မြို့ပေါ်တွင် အလုပ်လုပ်သည်။ ဒုတိယသမီးက မြို့ပေါ်သို့ အိမ်ထောင်ကျသွားသည်။ တတိယသမီးက မြို့ပေါ်တွင် အထက်တန်း ကျောင်းတက်နေသည်။ သားငယ်နှင့် သမီးငယ်က အမွှာများ ဖြစ်ကြသည်။ သားငယ်က ပေါင်ချန် ဖြစ်သည်။ အိမ်အခြေအနေ ကောင်းသဖြင့် နှစ်သစ်ကူးကာနီးတွင် အသားစားရလောက်သည်။
ကလေးသဘာဝ ကြွားချင်တတ်ကြသည်။ အိမ်မှာ အသားစားရရင် အပြင်ထွက်ပြီး သူငယ်ချင်းတွေကို ပြောပြတတ်ကြသည်။
ပေါင်တန့် ခေါင်းညိတ်လိုက်သည်။ "စားရတယ်၊ ပေါင်ချန်က ဝက်ဆီဖတ်ကို ယူလာပြီး ငါ့ကို ပေးနမ်းတယ်၊ မွှေးလိုက်တာ၊ ငါ လျှာနဲ့ ယက်ကြည့်ချင်ပေမဲ့ ပေါင်ချန်က မယက်ခိုင်းဘူး၊ ငါက ညစ်ပတ်တယ်တဲ့၊ ယက်လိုက်ရင် သူ စားလို့ မရတော့ဘူးတဲ့"
"ပေါင်ချန်က သူ့အစ်မ ပစ္စည်းတွေကို သူ့ပစ္စည်းလို့ မသတ်မှတ်လို့ အသားစားရတာ၊ နင် အသားစားချင်ရင် နောက်ဆို အစ်မကြီး ပစ္စည်းတွေကို နင့်ပစ္စည်းလို့ မပြောနဲ့တော့၊ မှတ်မိလား" 
လျန်ဟွမ်းက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
ပေါင်တန့် ကြောက်လန့်တကြား ခေါင်းညိတ်လိုက်သည်။ "အင်း... မှတ်မိပါပြီ"
သူ နားမလည်သေးပေ။ အဖေနဲ့ အမေက ပြောတော့ အစ်မကြီး ပစ္စည်းတွေက သူ့ပစ္စည်းတဲ့။ အခုကျတော့ မဟုတ်ပြန်ဘူးတဲ့။ ထားပါတော့လေ။ အသားစားရဖို့က အဓိကပဲ။ အစ်မကြီး ပစ္စည်းတွေက သူ့ပစ္စည်း မဟုတ်ဘူးလို့ ပြောလိုက်ရုံနဲ့ အသားစားရမှာပဲ။
"အစ်မကြီး... သား သိပါပြီ၊ အစ်မကြီး ပစ္စည်းတွေက သားပစ္စည်း မဟုတ်ဘူးလို့ ပြောပါ့မယ်၊ သားကို အသားကျွေးပါတော့"
"အသားစားဖို့ အိမ်မှာ အသားမရှိဘူး၊ အသားကုန်သွားပြီ၊ အသားစားချင်ရင် ငါပြောတဲ့အတိုင်း လုပ်ရမယ်၊ ငါခိုင်းတာ လုပ်ရင် အသားကျွေးမယ်" ဒီကောင်လေးက အလိုလိုက်ခံထားရတဲ့ ကလေး၊ အလကား မရမှန်း သိအောင် သင်ပေးရမယ်။
"အစ်မကြီး... ဘာလုပ်ရမလဲ ပြော၊ သား အခုချက်ချင်း လုပ်မယ်" လုပ်ပြီးရင် အသားစားရပြီ။
"အခု ငါနဲ့ အပြင်လိုက်ခဲ့၊ အမေကို ပြန်ခိုင်းလိုက်" လျန်ဟွမ်း မတ်တတ်ရပ်လိုက်သည်။
ပေါင်တန့်က အမေလျန် ပြန်ရမည်ဆိုသည်ကို ကြားသောအခါ သူလည်း ပြန်ရမည် ထင်ပြီး ငြင်းလိုက်သည်။ "အစ်မကြီး... သား အသားမစားရသေးဘူး၊ မပြန်ချင်ဘူး"
"အမေပဲ ပြန်မှာ၊ နင်က နေခဲ့၊ ညကျရင် အသားကျွေးမယ်၊ နင် လက်ခံလား၊ လက်မခံရင် အသားမကျွေးဘူး"
"အစ်မကြီး... သား အမေ့ကို ပြန်ခိုင်းလိုက်မယ်" ပေါင်တန့်က သူ မပြန်ရဘဲ အသားစားရမည်ဆိုသဖြင့် ပျော်သွားသည်။ အမေ ပြန်သွားလည်း ကိစ္စမရှိဘူး။ အမေ နေခဲ့ရင် သူ့အသားကို လာလုစားနေမှာ။ အမေ ပြန်သွားတာ ပိုကောင်းတယ်။ အစ်မကြီးအိမ်က အသားကို သူ ပိုစားရတာပေါ့။
ပေါင်တန့်သည် လျန်ဟွမ်းနှင့်အတူ အပြင်ထွက်လာပြီး ခြံဝင်းထဲ ရောက်သည်နှင့် အမေလျန် အနားသို့ ပြေးသွားသည်။
"အမေ... အမေ အိမ်ပြန်တော့၊ အမေ အိမ်ပြန်ရင် အစ်မကြီးက သားကို အသားကျွေးမယ်တဲ့" 
ပေါင်တန့်က အမေလျန်၏ အင်္ကျီကို ဆွဲကာ ပြောလိုက်သည်။
အသားစားရမည်ဟု ကြားသဖြင့် အမေလျန်လည်း နေချင်သွားသည်။ သူမက သားဖြစ်သူကို ဆွဲကာ ပြောလိုက်သည်။ "အမေ နင့်ကို စောင့်ပေးမယ်လေ"
"မရဘူး၊ မရဘူး၊ အမေ ပြန်တော့၊ အမေက သားရဲ့ အသားကို လာလုစားနေမှာ၊ အမေ မြန်မြန် ပြန်တော့" 
ပေါင်တန့်က အမေလျန်ကို တံခါးဝသို့ ဆွဲခေါ်သွားသည်။
အမေလျန်ကို သားဖြစ်သူက တံခါးဝသို့ ဆွဲခေါ်သွားသည်ကို လျန်ဟွမ်း ကြည့်နေလိုက်သည်။
ခက်ခဲတဲ့ လူတွေကို သူတို့ရဲ့ အသည်းကျော်နဲ့ပဲ ဖြေရှင်းရမယ်။
"အမေ... မြန်မြန် သွားတော့၊ သား အသားစားတော့မယ်၊ အမေ ဒီမှာ ရှိနေရင် သား အသားစားရမှာ မဟုတ်ဘူး၊ ဒုတိယအစ်မနဲ့ ရှောင်ယာကိုပါ ခေါ်သွား"
အမေလျန် ဒေါသထွက်သွားပြီး လျန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။ "ကောင်မစုတ်... နင် ငါ့သားကို မြှောက်ပေးပြီး ငါ့ကို မောင်းထုတ်ခိုင်းတာမလား"
အမေလျန် ဆဲဆိုနေသော်လည်း ပေါင်တန့်က လျန်ဟွမ်း သူ့ကို အသားမကျွေးမည်ကို စိုးရိမ်သဖြင့် အမေလျန်၏ ခြေထောက်ကို ဖက်ကာ မြေကြီးပေါ် ထိုင်ချပြီး ငိုတော့သည်။ "အမေ... သွားတော့၊ သား အမေ့ကို ဒီမှာ မနေစေချင်ဘူး၊ အိမ်ပြန်တော့"
ပေါင်တန့် ငိုလိုက်သည်နှင့် အမေလျန် စိတ်မကောင်း ဖြစ်သွားသည်။ "အမေ့ရဲ့ သားလေး... အမေ သွားပါ့မယ်၊ အိမ်ပြန်ပါ့မယ်၊ နင် ဒီမှာ နေခဲ့ပြီး အသားစားနော်"
ပေါင်တန့်သည် အမေလျန်၏ စကားကို ကြားသောအခါ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မျက်ရည်မရှိတော့ပေ။
"ဒါဆို အမေ မြန်မြန် သွားတော့"
အမေလျန် ထွက်သွားတော့မည်။ ဘေးနားတွင် ကြောက်လန့်တကြား ရပ်နေသော ရှောင်ယာနှင့် ကျောင်းတိကို ကြည့်ကာ ပြောလိုက်သည်။ "မျက်စိမရှိတဲ့ ကောင်မတွေ... ဘာရပ်လုပ်နေတာလဲ၊ လာ... ငါနဲ့ အိမ်ပြန်မယ်"
ကျောင်းတိနှင့် ရှောင်ယာတို့ ဘာမှ မပြောရဲဘဲ အမေလျန် နောက်သို့ လိုက်ပါသွားကြသည်။
အမေလျန် ထွက်သွားသောအခါ လျန်ဟွမ်းသည် ပင်ပန်းစွာဖြင့် ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ 
"ထမင်း ချက်စားကြရအောင်"
ပေါင်တန့် ရှိနေသဖြင့် ဝက်နံရိုးချက်စားလို့ မဖြစ်တော့ဘူး။ ဂျုံမုန့်လည်း စားလို့ မဖြစ်ဘူး။ ကန်စွန်းဥပဲ ပြုတ်စားကြရအောင်။
လျန်ဟွမ်းက ကန်စွန်းဥ ပြုတ်ရန် ပြင်လိုက်သောအခါ ကျိဟုန်ကျွင်းက မီးထိုးပေးရန် ရောက်လာသည်။ လျန်ဟွမ်း လှည့်ကြည့်လိုက်သည်။ "ဟုန်ကျွင်း... အခန်းထဲ သွားနားလိုက်၊ ပေါင်တန့်ကို မီးထိုးခိုင်းလိုက်မယ်"
ပေါင်တန့်က မီးဖိုနောက်သို့ ရောက်လာပြီး ထိုင်လိုက်သည်။ "သား မီးထိုးမယ်၊ ယောက်ဖ... သွားနားလိုက်၊ သား မီးထိုးတတ်တယ်"
နေ့လယ်စာ ကျက်သောအခါ လျန်ဟွမ်းက ဟင်းရည်ထည့်ကာ မီးဖိုနားရှိ ပေါင်တန့်ကို ပြောလိုက်သည်။ 
"နင့်ယောက်ဖကို ထမင်းစားဖို့ သွားခေါ်ချေ"
ပေါင်တန့်သည် အိမ်မကြီးဘက်သို့ ပြေးသွားသည်။ "ယောက်ဖ... အစ်မကြီးက ထမင်းစားဖို့ ခေါ်ခိုင်းလိုက်တယ်"
ကျိဟုန်ကျွင်း အိမ်မကြီးထဲမှ ထွက်လာပြီး မီးဖိုချောင်ထဲ ဝင်လာသည်။ စားပွဲပေါ်ရှိ အရည်ကျဲကျဲ ကန်စွန်းဥပြုတ်ရည်ကို မြင်သောအခါ မျက်လုံးများ မှေးသွားသော်လည်း ချက်ချင်း ပြန်ကောင်းသွားပြီး စားပွဲတွင် ထိုင်ကာ ထမင်းစားလိုက်သည်။
ပေါင်တန့်သည် လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ စားပွဲပေါ်ရှိ ကန်စွန်းဥပြုတ်ရည်ကို ကြည့်ပြီး မျက်လုံးများ ကစားလိုက်သည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ထမင်းစားနေကြသော်လည်း သူ့အစ်မက အသားဟင်း မချပေးသေးသဖြင့် စိတ်ပျက်သွားသည်။
"အစ်မကြီး... သား လိမ္မာလို့ အမေ့ကို ပြန်ခိုင်းလိုက်ပြီလေ၊ အသားမကျွေးဘူးလား"
"အသားစားချင်ရင် လိမ္မာရုံနဲ့ မရဘူး၊ အလုပ်ပါ လုပ်ရမယ်၊ အလုပ်လုပ်မှ အကျိုးခံစားခွင့် ရမှာ" 
လျန်ဟွမ်းက ပေါင်တန့်ကို ကြည့်ကာ ပြောလိုက်သည်။
ကျိဟုန်ကျွင်းက ပေါင်တန့်ကို တစ်ချက်ကြည့်လိုက်သည်။
မျက်စိနောက်လိုက်တာ။ ဒီကောင်လေးကြောင့် ငါ ဝက်နံရိုး မစားရတော့ဘူး။
နေ့လယ်စာ စားပြီးနောက် လျန်ဟွမ်းက စားပွဲပေါ်မှ ပန်းကန်များကို ကြည့်ကာ ပေါင်တန့်ကို ပြောလိုက်သည်။ "ပေါင်တန့်... ပန်းကန်သွားဆေး"
"အစ်မကြီး... သား မဆေးချင်ဘူး"
"အလုပ်လုပ်၊ ညကျရင် အသားစားရမယ်" လျန်ဟွမ်းက အေးဆေးစွာ ပြောလိုက်သည်။
အသားစားရမည်ဆိုသဖြင့် ပေါင်တန့် မတ်တတ်ရပ်ကာ ပန်းကန်သွားဆေးသည်။
ပေါင်တန့် ပန်းကန်ဆေးပြီးသောအခါ လျန်ဟွမ်းက ခြံဝင်းထောင့်ရှိ မြေကြီးပုံကို ကြည့်ပြီး ပြောလိုက်သည်။ "ပေါင်တန့်... နင့်ယောက်ဖနဲ့အတူ အပြင်က မြေကြီးတွေကို အိမ်ထဲ သယ်ပေး"
ဒီမြေကြီးတွေက ထားနေလည်း ဒီအတိုင်းပဲ။ မီးဖိုချောင်က အရင်တုန်းက အိပ်ခန်း ဖြစ်ခဲ့တာ။ မူလခုတင်ပေါ်မှာ ဟင်းရွက်စိုက်ထားတယ်။ ညာဘက်မှာ ဗီရိုထားတဲ့ နေရာလွတ် ကျန်နေသေးတယ်။ အဲဒီနေရာမှာ မြေကြီးဖို့ပြီး ဟင်းရွက် ထပ်စိုက်လို့ ရတယ်။ ခုတင်ပေါ်မှာ စိုက်ထားတဲ့ မုန်ညင်းဖြူတွေက ဒီမနက် ကြည့်လိုက်တော့ အပင်ပေါက်နေပြီ။ နှစ်ရက်နဲ့ အပင်ပေါက်တာ။ နွေဦးပေါက်မှာ အပြင်မှာ စိုက်တာထက် ပိုမြန်တယ်။
သူမ ခုတင်ပေါ်က မြေကြီးနဲ့ ရေလောင်းတဲ့ ရေတွေက နေရာလွတ်ထဲက ရေတွေ ဖြစ်နေလို့ ထင်တယ်။
ခြံဝင်းထဲတွင် ပေါင်တန့်သည် လျန်ဟွမ်း ပြောသည့်အတိုင်း ကျိဟုန်ကျွင်းကို ကူညီပြီး မြေကြီး သယ်ပေးနေသည်။ အစပိုင်းတွင် အလုပ်က လွယ်မယ် ထင်သော်လည်း တကယ် လုပ်ကြည့်သောအခါ မလွယ်ကူဘဲ ပင်ပန်းလှသည်။
ယောက်ဖက ခဏနေ မြေကြီးတူးခိုင်းလိုက် ခဏနေ မြေကြီးထည့်ထားတဲ့ ခြင်းတောင်းကို အိမ်ထဲ သယ်ခိုင်းလိုက်နဲ့ နာရီဝက်လောက် လုပ်ပြီးရော သူ ဆက်မလုပ်ချင်တော့ဘူး။ ပင်ပန်းလိုက်တာ။
သူ မြေကြီးပေါ် ထိုင်ချလိုက်ပြီး ဆက်မလုပ်ချင်တော့။
အိမ်ထဲတွင် အဝတ်ဟောင်းများ ဖျက်နေသော လျန်ဟွမ်းက အပြင်မှ အခြေအနေကို သိနေသကဲ့သို့ ပေါင်တန့် ထိုင်ချလိုက်သည်နှင့် အိမ်ထဲမှ ထွက်လာသည်။
"ပေါင်တန့်... နင် အသားမစားချင်တော့ဘူးလား"
အသားဆိုသော စကားကြားသည်နှင့် ပေါင်တန့် အားပြန်ရှိလာပြီး ထကာ ဆက်လုပ်သည်။
လျန်ဟွမ်းက တံခါးဝတွင် ရပ်ကာ ပေါင်တန့် ခြင်းတောင်းသယ်ပြီး အိမ်ထဲ ဝင်သွားသည်ကို ကြည့်ပြီးနောက် အိမ်ထဲ ပြန်ဝင်ရန် ပြင်လိုက်သည်။
မြေကြီးပုံနားတွင် ကျိဟုန်ကျွင်း မတ်တတ်ရပ်လိုက်ပြီး လျန်ဟွမ်း အနားသို့ လှမ်းလာကာ တီးတိုး မေးလိုက်သည်။ "ဝက်နံရိုး ဒီနေ့ စားလို့ရလား"
ကျိဟုန်ကျွင်း၏ အသံမှာ သနားစရာ ကောင်းနေသည်။ လျန်ဟွမ်း မော့ကြည့်လိုက်ရာ သူ့၏ ကြည်လင်တောက်ပသော မျက်လုံးများကို တွေ့လိုက်ရသည်။
"မနက်ဖြန် စားမယ်"
ဝက်နံရိုးက အသားများတယ်။ ညကျရင် ဝက်နံရိုးချည်း ချက်စားရင် ပေါင်တန့် တစ်ယောက်တည်း အများကြီး စားမှာ။ ပထမဆုံးအကြိမ် အလုပ်လုပ်ခိုင်းပြီး ဒီလောက် အသားအများကြီး ကျွေးလိုက်ရင် နောက်ဆို ထိန်းရခက်သွားမယ်။ ညကျရင် ဆန်ကြမ်းပြုတ်ရယ်၊ ဟိုတစ်ခါ ဝက်ဆီဖတ်ကြော်တုန်းက ကျန်တဲ့ ဝက်ဆီဖတ်လေးနဲ့ မုန်ညင်းဖြူ ချက်ကျွေးလိုက်မယ်။ ပေါင်တန့်ကို အသားအရသာလေး မြည်းခိုင်းရုံပဲ။
နေဝင်ချိန်တွင် ပေါင်တန့်သည် လျန်ဟွမ်း ခိုင်းသမျှ လုပ်ပြီးပြီမို့ အားသွားကာ ခုတင်ပေါ်တွင် ထိုင်နေသည်။
"အစ်မကြီး... ညကျရင် အသားစားရမှာလား"
"အင်း... လာ မီးထိုး၊ အသားချက်ကျွေးမယ်" လျန်ဟွမ်းက ပြောင်းဖူးစေ့ တစ်ပန်းကန်နှင့် ဂျုံကြမ်းတို့ကို ယူကာ ပြောင်းဖူးမုန့်ကပ်ပြီး ဆန်ကြမ်းဆန်ပြုတ် လုပ်ရန် ပြင်လိုက်သည်။
အစ်မကြီး ထမင်းချက်ရင် အသားစားရပြီ။ ပေါင်တန့် ပျော်ရွှင်စွာဖြင့် မီးထိုးပေးသည်။
လျန်ဟွမ်းသည် ကမ္ဘာအဆင့်ဆင့် ကူးပြောင်းစဉ်က ဟင်းချက်နည်းများ သင်ယူခဲ့သဖြင့် လက်ရာကောင်းသည်။ ဆန်ကြမ်းဆန်ပြုတ် ပြုတ်၊ ဂျုံကြမ်းမုန့် ကပ်ပြီး ဝက်ဆီဖတ်နှင့် မုန်ညင်းဖြူ ချက်လိုက်သည်။ ဝက်ဆီဖတ်ကို လက်တစ်ဆုပ်စာခန့် ၁၀ တုံးကျော်လောက်သာ ထည့်သည်။
တစ်နာရီခန့်အကြာတွင် ညစာ ကျက်သွားသည်။ ထုံးစံအတိုင်း ပေါင်တန့်က ကျိဟုန်ကျွင်းကို ထမင်းစားရန် သွားခေါ်သည်။
ထမင်းစားသောအခါ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့က မြန်မြန်စားသော်လည်း ယဉ်ကျေးစွာ စားကြသည်။ ပန်းကန်ထဲတွင် အသားချည်း ရွေးမစားကြပေ။ ပေါင်တန့်ကမူ စားပွဲတွင် ထိုင်ကာ တူဖြင့် ပန်းကန်ထဲရှိ အသားများကိုချည်း ရွေးစားနေပြီး မုန်ညင်းဖြူ တစ်ဖတ်မှ မစားပေ။
လျန်ဟွမ်း ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ပေါင်တန့်... ထမင်းစားရင် မျက်နှာကို ပန်းကန်ထဲ ထိုးမထည့်ရဘူး၊ ပြီးတော့ အသားချည်း ရွေးမစားရဘူး၊ နင့်ယောက်ဖ ဘယ်လိုစားလဲ ကြည့်ဦး၊ အသီးအရွက်ရော အသားရော စားရတယ်"
"အသားက ပိုစားကောင်းတယ်၊ အသီးအရွက် မစားချင်ဘူး" ပေါင်တန့်က ခေါင်းမမော့ဘဲ အသားရွေးစားရင်း ပြန်ပြောသည်။
"အသီးအရွက် မစားရင် အသားလည်း မစားနဲ့တော့" လျန်ဟွမ်းက တိုးတိုးလေး ပြောရင်း ဟင်းပန်းကန်ကို မ လိုက်သည်။
ရှေ့တွင် မွှေးကြိုင်ပြီး စားကောင်းသော အသားဟင်းကြီး ပျောက်သွားသဖြင့် ပေါင်တန့် မကျေနပ်ဘဲ ချက်ချင်း ပြောလိုက်သည်။ 
"အစ်မကြီး... သား အသီးအရွက် စားပါ့မယ်၊ အသားချည်း ရွေးမစားတော့ပါဘူး၊ ယောက်ဖလိုပဲ အသီးအရွက်ရော အသားရော စားပါ့မယ်"
ပေါင်တန့်က အသီးအရွက်စားမည်ဟု ကတိပေးသဖြင့် လျန်ဟွမ်း ဟင်းပန်းကန်ကို စားပွဲပေါ် ပြန်ချပေးလိုက်သည်။ သူမ ပေါင်တန့်ကို ခဏ စောင့်ကြည့်လိုက်ရာ ပေါင်တန့်က အသားကို ကြည့်နေသော်လည်း အသီးအရွက်ပါ စားသည်ကို တွေ့ရသဖြင့် အရင်ကလို ပန်းကန်ထဲ မျက်နှာထိုးထည့်သည့် ပုံစံထက် သက်သာသွားသည်။ လျန်ဟွမ်း သူ့ကို ဘာမှ ထပ်မပြောတော့ပေ။
အကျင့်ဆိုးဆိုတာ ချက်ချင်း ပြင်လို့ရတာ မဟုတ်ဘူး။ သူတို့ရဲ့ သွေးစုပ်ကောင် မဖြစ်လာအောင် ပြုပြင်ပေးနိုင်ရင် တော်ပြီ။
မိုးချုပ်စပြုလာချိန်တွင် ကျိမိသားစု ထမင်းစားပြီးကြပြီ။ ထမင်းစားပြီးနောက် လျန်ဟွမ်းက ပေါင်တန့်ကို ပန်းကန်ဆေးခိုင်းလိုက်သည်။ ပန်းကန်ဆေးပြီးသောအခါ လျန်ဟွမ်းက ပြောလိုက်သည်။ 
"ကဲ... သွားကြစို့၊ နင့်ကို အိမ်ပြန်ပို့ပေးမယ်"
"အစ်မကြီး... သား မပြန်ချင်ဘူး၊ နောက်ထပ် နှစ်ရက်လောက် နေချင်သေးတယ်" အစ်မကြီး ချက်ကျွေးတာ စားကောင်းတယ်။ ကန်စွန်းဥပြုတ်တောင် အမေပြုတ်တာထက် ပိုစားကောင်းတယ်။ ပြီးတော့ အစ်မကြီးအိမ်က ထမင်းကို ဗိုက်ဝအောင် ကျွေးတယ်။
"မရဘူး၊ အိမ်မှာ နင်အိပ်ဖို့ နေရာမရှိဘူး" လျန်ဟွမ်းက ပေါင်တန့်ကို အိမ်ပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။ ပေါင်တန့်က မတတ်သာဘဲ လိုက်ပြန်ရသည်။
ကျိဟုန်ကျွင်းက မောင်နှမနှစ်ယောက် တိုင်ပင်ပြီးသည်ကို စောင့်ကာ မတ်တတ်ရပ်ပြီး လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။ "ကိုယ် လိုက်ပို့ပေးမယ်"
ညဘက်ကြီး ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ ဘယ်ဘက်တွင် ရပ်ပြီး လျန်ဟွမ်းက ပေါင်တန့်၏ လက်ကို ဆွဲကာ သုံးယောက်သား ယှဉ်လျက် နှင်းပြင်ပေါ်တွင် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကြသည်။
…
အခန်း (၂၃)
လျန်ဟွမ်းသည် ပေါင်တန့်၏ လက်ကို ဆွဲကာ လျန်မိသားစုအိမ်နှင့် မီတာ ၁၀၀ ခန့် အကွာအဝေးသို့ ရောက်သောအခါ ရပ်တန့်လိုက်ပြီး ပေါင်တန့်ကို ငုံ့ကြည့်လိုက်သည်။
"နင့်ဘာသာ ပြန်တော့၊ ပြန်ရောက်ရင် အမေ ငါ့အိမ်ကို မလာအောင် တားထား၊ နင် တားနိုင်ရင် နောက်တစ်ခါ ငါ့အိမ်မှာ အသားရှိရင် ထပ်ကျွေးမယ်၊ နင် မတားနိုင်ရင်တော့ ငါ့အိမ်က အသားကို နောက်ဘယ်တော့မှ မစားရတော့ဘူး"
ပေါင်တန့်သည် ပါးစပ်ကို သပ်လိုက်သည်။ ညစာစားတုန်းက အသားခုနစ်တုံး စားခဲ့ရသည်။ အရမ်းစားကောင်းတာပဲ။
"အစ်မကြီး... စိတ်ချပါ၊ အဖေနဲ့ အမေ အစ်မကြီးအိမ် မလာအောင် သား တားထားပါ့မယ်"
"အင်း... အစ်မကြီး အိမ်ထဲ လိုက်မဝင်တော့ဘူး၊ နင့်ဘာသာ ပြန်တော့" လျန်ဟွမ်းသည် ပေါင်တန့်၏ ပခုံးကို ပုတ်လိုက်သည်။
"အစ်မကြီး... သား ပြန်ပြီနော်" ပေါင်တန့်က ပြောပြီးသည်နှင့် အိမ်ဘက်သို့ ပြေးထွက်သွားသည်။
ပေါင်တန့် ထွက်သွားသောအခါ လျန်ဟွမ်းသည် လှည့်ကာ ကျိဟုန်ကျွင်းနှင့်အတူ အိမ်ပြန်လာခဲ့သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ပြန်လာချိန်တွင် မိုးချုပ်နေပြီ ဖြစ်သည်။ လေက တရွှီရွှီ တိုက်ခတ်နေပြီး ရွာပြန်လမ်းတွင် တောင်ခြေနားမှ ဖြတ်သွားရသဖြင့် တောရိုင်းတိရစ္ဆာန်အသံများ ကြားနေရသည်။ လျန်ဟွမ်းသည် ကျိဟုန်ကျွင်းအနားသို့ တိုးကပ်သွားသည်။
ဆောင်းရာသီတွင် နှင်းများကြောင့် လမ်းချော်နေသည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းအနားသို့ တိုးကပ်သွားစဉ် ခြေချော်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
ကျိဟုန်ကျွင်းက ဘေးမှနေ၍ လျင်မြန်စွာ ဖမ်းထိန်းလိုက်သည်။
လက်ကြီးများဖြင့် လျန်ဟွမ်း၏ လက်မောင်းကို ကိုင်ကာ မတ်တတ်ရပ်စေပြီးနောက် လက်ကို ဖြည်းညင်းစွာ လျှောချကာ လျန်ဟွမ်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"လမ်းချော်တယ်၊ ဒီလိုဆို မလဲတော့ဘူး"
ကျိဟုန်ကျွင်းက ပြောပြီးနောက် ခေါင်းမော့ကာ ပုံမှန်အတိုင်း ဆက်လျှောက်သွားသည်။ သို့သော် အေးစက်နေသော လက်ဖဝါး၏ အထိအတွေ့ကို လျစ်လျူရှု၍ မရနိုင်ပေ။ အေးစက်မှုက နှလုံးသားထဲထိ စိမ့်ဝင်သွားကာ ပူနွေးနေသော ခန္ဓာကိုယ်ကို ထူးခြားသော ခံစားမှုတစ်ခု ဖြစ်ပေါ်စေသည်။
ဘေးနားရှိ လျန်ဟွမ်း၏ လက်ဖဝါးလေး နွေးထွေးလာပြီး ထိုနွေးထွေးမှုက လက်မောင်းမှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ အိမ်ပြန်ရောက်သောအခါ ညဉ့်နက်နေပြီ ဖြစ်သည်။ အပြန်လမ်းတွင် နှင်းများ များသဖြင့် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ စီးထားသော ကောက်ရိုးဖိနပ်များ စိုရွှဲနေသည်။
ဆောင်းရာသီတွင် အေးလွန်းသဖြင့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ခြေထောက်များမှာ နှင်းကိုက်ထားသည်။ လမ်းလျှောက်လိုက်သဖြင့် ခြေထောက်များ ပူလာပြီး စိုစိုစိစိ ယားယံလာသည်။ လျန်ဟွမ်း ခြံဝင်းထဲ ရောက်သည်နှင့် ကျိဟုန်ကျွင်း၏ လက်ကို လွှတ်လိုက်သည်။ "ခြေထောက်ဆေးဖို့ ရေသွားကျိုလိုက်ဦးမယ်"
"ကိုယ် မီးထိုးပေးမယ်" ကျိဟုန်ကျွင်းက လျန်ဟွမ်းနောက်မှ လိုက်ကာ အိမ်ထဲ ဝင်လာသည်။
မီးဖိုချောင်ထဲတွင် ရေနံဆီမီးခွက် မှိန်မှိန်လေး လင်းနေသည်။ လျန်ဟွမ်းက ဒယ်အိုးထဲ ရေထည့်လိုက်ပြီး ကျိဟုန်ကျွင်းက မီးထိုးပေးသည်။ လျန်ဟွမ်းသည် အခန်းထဲသို့ ပြန်ဝင်လည်း လုပ်စရာမရှိသဖြင့် ရေထည့်ပြီးနောက် မီးဖိုနားတွင် ရပ်ကာ ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။
"ကျိဟုန်ကျွင်း... တို့အိမ်ဝင်းက တော်တော်ကျယ်တယ်၊ နှစ်သစ်ကူးပြီးရင် အိမ်သာ ဆောက်ကြရအောင်" အိမ်တွင် အိမ်သာမရှိသဖြင့် ညဘက် အိမ်သာသွားလိုလျှင် အဝေးကြီး သွားရသည်မှာ အဆင်မပြေပေ။ အပြင်အိမ်သာများကလည်း ညစ်ပတ်လှသည်။ ဆောင်းရာသီမို့ တော်သေးသည်။ နွေရာသီဆို ပိုဆိုးမည်။
"ကောင်းပြီ၊ နှစ်သစ်ကူးပြီးရင် ဆောက်ကြတာပေါ့" ကျိဟုန်ကျွင်းက လေးနက်စွာ ပြန်ဖြေသည်။
"ဒါနဲ့... နေ့လယ်က ဝက်နံရိုးဟင်းရည်ကို ငါ သိမ်းထားတယ်၊ မနက်ပိုင်း အဆီအစိမ့်တွေ သောက်ရင် မကောင်းဘူး၊ နေ့လယ်ကျမှ သောက်ကြမယ်၊ မနက်ဖြန်ကျရင် ဂျုံနယ်ပြီး မန်ထို ပေါင်းမယ်" ကျေးလက်ဒေသတွင် ရိုးရာအယူအဆအရ နှစ်သစ်ကူး ၅ ရက်နေ့မတိုင်ခင် မန်ထို မပေါင်းရပေ။ ပေါင်းလျှင် မျက်စိကွယ်တတ်သည်။ တစ်နှစ်လုံး ကံမကောင်း ဖြစ်တတ်သည်ဟု ဆိုကြသည်။
ရှေးရိုးရာ အယူအဆများကို လိုက်နာခြင်းက ကောင်းသည်။ မနက်ဖြန်က နှစ်သစ်ကူးအကြိုနေ့ ဆိုတော့ နှစ်ကုန်ခါနီး မန်ထို ပေါင်းလို့ ရသည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းက ဝက်နံရိုးဟင်းရည်ကို ဘယ်မှာ သိမ်းထားသည်ကို မမေးပေ။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ တိုးတိုးလေး ပြောလိုက်သည်။ "အင်း... မင်းသဘောပါ၊ မနက်ဖြန် မန်ထို ပေါင်းရင် ကိုယ် ဘာကူလုပ်ပေးရမလဲ"
"ရှင် ကူလုပ်ချင်ရင် ဂျုံနယ်ပေးလေ" ကျိဟုန်ကျွင်းက အစားကြီးသဖြင့် မန်ထို နည်းနည်းလေး ပေါင်းလို့ မရပေ။ အများကြီး ပေါင်းရမည်။ တစ်ယောက်တည်း ဂျုံနယ်ရတာ ပင်ပန်းသည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း ခိုင်းသည့် အလုပ်ကို ကြားသောအခါ ခဏတာ ကြောင်သွားသည်။
"ကိုယ် မလုပ်တတ်ဘူး"
ဂျုံနယ်တာ တခါမှ မလုပ်ဖူးဘူး။
"ဒါဆို မီးထိုးပေးလေ" လျန်ဟွမ်း ပြုံးလိုက်သည်။
"အင်း" ကျိဟုန်ကျွင်းက ခေါင်းညိတ်လိုက်သည်။
ရေနွေးပွက်ပွက်ဆူလာသောအခါ လျန်ဟွမ်းက ဇလုံယူကာ ရေတစ်ဝက်ခန့် ထည့်ပြီး ခြေထောက်ဆေးရန် အခန်းထဲ ယူသွားသည်။
ကျိဟုန်ကျွင်းက နောက်မှ လိုက်လာသည်။
ခုတင်ပေါ်တွင် လျန်ဟွမ်းက ထိုင်ကာ ခြေထောက်ဆေးပြီးနောက် ရေသွားသွန်ရန် မတ်တတ်ရပ်လိုက်စဉ် ကျိဟုန်ကျွင်းက သူမ၏ စိုရွှဲနေသော ကောက်ရိုးဖိနပ်ကို ကြည့်ကာ ဇလုံကို ကုန်းယူလိုက်သည်။ "ကိုယ် သွားသွန်လိုက်မယ်၊ မင်းဖိနပ်က စိုနေပြီ၊ ခြေထောက်ဆေးပြီးရင် ပြန်မစီးနဲ့တော့"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ဇလုံကို ကိုင်ကာ ထွက်သွားသည်။
......
နောက်တစ်နေ့ မိုးလင်းစအချိန်တွင် လျန်ဟွမ်း အိပ်ရာနိုးလာသည်။ မီးအရင်မွှေးကာ ရေနွေးတည်ပြီး ဂျုံကို နှစ်ဇလုံကြီး နယ်ထားလိုက်သည်။ ထို့နောက် ဆန်အိုးထဲမှ ဆန်ယူကာ ကြက်ဥလေးလုံးနှင့် ဆန်ပြုတ် ပြုတ်လိုက်သည်။ ပြီးနောက် နေရာလွတ်ထဲမှ မနေ့က ကပ်ထားသော ဂျုံကြမ်းမုန့်ကို ယူကာ အပူပေးလိုက်သည်။
မနက်စာ ကျက်သောအခါ အိမ်မကြီးထဲမှ ကျိဟုန်ကျွင်း နိုးလာသည်။ နိုးနိုးချင်း မီးဖိုချောင်ဘက်သို့ လာသည်။
စားပွဲပေါ်မှ ထမင်းဟင်းများကို မြင်သောအခါ ကျိဟုန်ကျွင်း ပြုံးလိုက်သည်။ ဆန်ပြုတ်က ဆန်ကြမ်းပြုတ်ထက် အများကြီး ပိုသောက်ကောင်းသည်။
လျန်ဟွမ်းသည် ဂျုံကြမ်းမုန့်ကို စားပွဲပေါ် တင်လိုက်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "နိုးပြီလား၊ မျက်နှာသစ်ပြီး မနက်စာစားတော့"
"အင်း" ကျိဟုန်ကျွင်းကာ ပြန်ဖြေပြီး မျက်နှာသစ်ကာ မနက်စာစားသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက မျက်နှာချင်းဆိုင်ထိုင်ကာ စားကြသည်။ စားသောက်နေစဉ် နှစ်ယောက်သား စကားမပြောကြသော်လည်း စားပွဲဝိုင်းလေးမှာ ကြည်နူးစရာ ကောင်းနေသည်။
မနက်စာ စားပြီးနောက် ကျိဟုန်ကျွင်းက ပန်းကန်ဆေးသည်။ လျန်ဟွမ်းက အိမ်မကြီးထဲ ဝင်ကြည့်လိုက်ရာ ဂျုံမပွသေးပေ။ ဂျုံမပွသေးရင် မန်ထို ပေါင်းလို့ မရသေးဘူး။ လျန်ဟွမ်းသည် ဦးလေးမာအိမ်မှ ငှားလာသော ဟင်းရွက်မျိုးစေ့များကို ယူကာ မီးဖိုချောင်သို့ သွားပြီး မနေ့က ပြင်ထားသော မြေကွက်လပ်တွင် မုန်ညင်းဖြူမျိုးစေ့များ ကြဲလိုက်သည်။ ပြီးနောက် ကျိဟုန်ကျွင်းကို လှမ်းခေါ်လိုက်သည်။
"ဟုန်ကျွင်း... ရေသွားခပ်လိုက်ပါဦး၊ ဟင်းရွက်ခင်း ရေလောင်းရအောင်"
အခုချိန်တွင် အိမ်တိုင်း၌ ရေတွင်းမရှိပေ။ ရွာထဲတွင် ရေတွင်းနှစ်တွင်းသာ ရှိသည်။ ရွာသားများသည် ထမင်းချက်ရန်အတွက်သာ ရေတွင်းရေကို သုံးကြပြီး အဝတ်လျှော်လျှင် ချောင်းစပ်သို့ သွားကြသည်။ ဆောင်းရာသီတွင် ချောင်းရေ ခဲနေသဖြင့် ရွာသားများသည် ရေခဲကို ခွဲပြီး အဝတ်လျှော်ရန် ရေခပ်ကြသည်။
သူမ ဒီနေရာရောက်တာ ခုနစ်ရက် ရှိပြီ။ ချောင်းစပ်သို့ ရေမခပ်ဖူးသေးပေ။ ကျိဟုန်ကျွင်းကတော့ နှစ်ခါလောက် သွားခပ်ဖူးသည်။ ခပ်လာသည့်ရေဖြင့် အဝတ်လျှော်သည်။
"အင်း... သွားခပ်လိုက်မယ်" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး ရေထမ်းပိုးနှင့် ရေပုံးကို ယူကာ ထွက်သွားသည်။
ကျိဟုန်ကျွင်း ရေခပ်ပြီး ပြန်လာသောအခါ ကျိမိသားစုအိမ်ရှေ့တွင် ဒုတိယအစ်ကို ကျိဟုန်ရှင်းက ဝါဂွမ်းအင်္ကျီအိတ်ကပ်ထဲ လက်ထည့်ကာ မျက်နှာမကောင်းစွာဖြင့် ကြည့်နေသည်။
"စတုတ္ထ... မနေ့က မင့်ယောက္ခမ လာသွားတယ်ဆို၊ အိမ်က ဆန်တွေ အကုန် ပေးလိုက်ပြီလား၊ မင်းတို့ စားစရာ မရှိရင် အိမ်လာမချေးနဲ့၊ အိမ်က ဆန်တွေက မင့်အတွက် မဟုတ်ဘူး"
ကျိဟုန်ကျွင်းက သူ့ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ ဆက်လျှောက်သွားသည်။
ကျိဟုန်ရှင်းသည် ကျိဟုန်ကျွင်းက သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ လှမ်းအော်လိုက်သည်။ 
"စတုတ္ထ...မင်းက သောက်တလွဲကောင်၊ ဆန်တွေကို ယောက္ခမအိမ် ပို့ပြီး ကိုယ့်မိဘကျတော့ မကျွေးဘူး၊ မင်းက မိဘကို မရိုသေဘူး"
ကျိဟုန်ရှင်း အော်သံက ကျယ်လွန်းသဖြင့် ခြံဝင်းထဲရှိ လျန်ဟွမ်း ကြားလိုက်ရသည်။ သူမ အပြင်ထွက်လာပြီး ကျိမိသားစုအိမ်ရှေ့တွင် ရပ်နေသော ကျိဟုန်ရှင်းကို ကြည့်လိုက်သည်။
"နှစ်သစ်ကူးအကြိုနေ့ကြီး ကောင်းကောင်း မနေချင်ဘူးလား၊ ဆန် ဟုတ်လား၊ ငါ့အိမ်က ဆန်တွေ အလုခံလိုက်ရတာ အမှန်ပဲ၊ အဲဒီလူတွေကို ဒုတိယအစ်ကို ခေါ်လာတာမလား၊ ဒါဆို ဒုတိယအစ်ကိုရဲ့ ရိက္ခာနဲ့ ပြန်လျှော်ပေးလိုက်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ကျိမိသားစုအိမ်ထဲ ဝင်သွားပြီး အိမ်မကြီးဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
ကျိမိသားစု၏ ဆန်အများစုကို အိမ်မကြီးထဲတွင် သိမ်းထားသည်။ လျန်ဟွမ်း ဟိုတလောက ဗီရိုမွှေတုန်းက ဘေးနားရှိ စဥ့်အိုးကြီးထဲတွင် ဆန်ကြမ်းများ ထည့်ထားသည်ကို တွေ့ခဲ့သည်။
လျန်ဟွမ်း ဝင်သွားချိန်တွင် အမေကျိသည် အိပ်ရာပေါ် ထိုင်ကာ အဖေကျိနှင့် စကားပြောနေသည်။
အသံကြားသဖြင့် အမေကျိ တံခါးဘက် လှမ်းကြည့်လိုက်ရာ ဒေါသတကြီး ဝင်လာသော လျန်ဟွမ်းကို တွေ့လိုက်ရသဖြင့် အော်ဟစ်လိုက်သည်။ "ကောင်မစုတ်... ငါ့အိမ် ဘာလာလုပ်တာလဲ၊ အခုချက်ချင်း ထွက်သွား"
"အဖေနဲ့ အမေ ဟိုတလောက ကျွန်မ ပြောခဲ့တာ မေ့သွားပြီလား၊ ကျွန်မကို ကောင်းကောင်း မနေခိုင်းစေချင်သူ ရှိရင် ကျွန်မကလည်း သူ့ကို ကောင်းကောင်း မနေခိုင်းဘူးလို့ ပြောခဲ့တယ်လေ"
လျန်ဟွမ်း ပြောပြီးသည်နှင့် ခုတင်ပေါ်ရှိ စားပွဲကို ကြည့်လိုက်သည်။ ထိုသစ်သားစားပွဲမှာ ဟောင်းနွမ်းနေပြီး မျက်နှာပြင်လည်း ပျက်စီးနေပြီ ဖြစ်သည်။
လျန်ဟွမ်း အခန်းထဲ ဝှေ့ကြည့်လိုက်ရာ တံခါးနားရှိ သံတူကို တွေ့လိုက်ရသည်။ လျန်ဟွမ်း သွားယူပြီး စားပွဲကို အားကုန် ထုချလိုက်သည်။
စားပွဲသည် ခွပ်ခနဲ နှစ်ပိုင်း ကျိုးသွားသည်။ စားပွဲပေါ်ရှိ အဖေကျိ၏ ဆေးတံနှင့် ရေဇလုံပါ ခုတင်ပေါ် ပြုတ်ကျပြီး ရေများ မှောက်ကုန်သည်။
လျန်ဟွမ်း ရိုက်ခွဲပြီးနောက် အမေကျိကို စူးစူးရဲရဲ ကြည့်လိုက်သည်။ 
"ကျွန်မ ဆန်တွေကို လူခေါ်ပြီး လာလုခိုင်းတယ်၊ ကျွန်မ ဆန်မရှိရင် ငတ်သေမယ် ထင်နေလား၊ ကျွန်မ ဆန် ဘယ်လောက် အလုခံရလဲ၊ အလုခံရသလောက် ရှင်တို့ဆီက ပြန်ယူမယ်"
"ကျွန်မအိမ်က ဆန်တွေ အကုန် အလုခံလိုက်ရပြီ၊ ရှင်တို့ဆီက ပြန်ယူရမှာပဲ" လျန်ဟွမ်း ပြောပြီးသည်နှင့် အမေကျိကို ဂရုမစိုက်ဘဲ ဆန်အိုးနားသို့ လျှောက်သွားကာ အဖုံးဖွင့်ပြီး အိတ်တစ်လုံးစာ ခပ်ယူလိုက်သည်။
အမေကျိ အသက်ရှူကျပ်လာပြီး ရင်ဘတ်ကို ဖိကာ အော်ဟစ်လိုက်သည်။ "အမယ်လေး... ငါ့ဆန်တွေ ပြန်ထားခဲ့၊ အဲဒါ ငါ့ဆန်တွေ"
"ကောင်မစုတ်... အခုချက်ချင်း ပြန်ထားခဲ့"
လျန်ဟွမ်းက အော်ဟစ်နေသော အမေကျိကို ဂရုမစိုက်ဘဲ အဖေကျိကို ကြည့်လိုက်သည်။ "အဖေ... ကျွန်မ ပြောတဲ့အတိုင်း လုပ်တယ်၊ အိမ်ကလူတွေကို ထိန်းထားပါ၊ နောက်တစ်ခါ ထပ်လုပ်ရင် ကျွန်မ ဆန် ဘယ်လောက် အလုခံရခံရ ရှင်တို့အိမ်က နှစ်ဆ ပြန်ယူမယ်"
အမေကျိက ဆန်တွေ ပါသွားတော့မည်ကို မြင်သောအခါ ရင်ဘတ်ဖိကာ လျန်ဟွမ်း၏ လက်မောင်းကို လာဆွဲသည်။ လျန်ဟွမ်းက သူမကို တစ်ချက်ကြည့်ပြီး ခြေထောက်ဖြင့် အမေကျိ၏ ဒူးကို ကန်လိုက်သည်။ အမေကျိ အော်ဟစ်ကာ လဲကျသွားသည်။
လျန်ဟွမ်းသည် လဲကျသွားသော အမေကျိကို လှည့်မကြည့်ဘဲ အိမ်မကြီးထဲမှ ထွက်လာသည်။ အိမ်မကြီး တံခါးဝတွင် ကျိဟုန်ကျွင်း ရပ်နေသည်။ လျန်ဟွမ်း ထွက်လာသည်ကို မြင်သောအခါ လျန်ဟွမ်း လက်ထဲမှ ဆန်အိတ်ကို လှမ်းယူလိုက်သည်။ "ကိုယ် သယ်မယ်"
လျန်ဟွမ်း ထွက်သွားသောအခါ ကျိဟုန်ရှင်းနှင့် ဒုတိယချွေးမတို့ ခေါင်းပြူထွက်ကြည့်ကြသည်။ ကျိဟုန်ရှင်းမှာ ဒဏ်ရာရထားသဖြင့် လျန်ဟွမ်းကို မြင်သောအခါ ကြောက်လန့်နေသည်။ ဒုတိယချွေးမလည်း ကြောက်သည်။ သူက လျန်ဟွမ်းကို မနိုင်ပေ။
တတိယသားနှင့် သူ့မိန်းမက အခန်းထဲ ပုန်းနေပြီး မထွက်လာကြပေ။ အစ်ကိုကြီးကျိက ကျိဟုန်ကျွင်း ထွက်သွားမှ အခန်းထဲမှ ထွက်လာပြီး လာကြည့်သည်။
အိမ်မကြီးထဲရောက်သောအခါ လဲကျနေသော အမေကျိကို တွဲထူပေးပြီး မစိုသော ခုတင်ဘက်တွင် ထိုင်ခိုင်းလိုက်သည်။ ထို့နောက် အဖေကျိကို ကြည့်လိုက်သည်။
"အဖေ... ဟုန်ကျွင်းတို့ကို နောက်ဆို ရှောင်နေကြရအောင်၊ သူတို့နား မကပ်တာ ကောင်းမယ်" အိမ်မှာ ဆန်မရှိတော့ဘူး။ သူတို့အိမ်က သမီးနှစ်ယောက်ဆိုရင် အရင်ကတည်းက ဆန်နည်းနည်းပဲ ရတာ။ အခု ဆန်ထပ်ပါသွားတော့ သူ့သမီးနှစ်ယောက် စားရမဲ့ဆန် လျော့သွားဦးမယ်။
အဖေကျိက မျက်နှာ ပျက်နေသည်။ ဝါဂွမ်းအင်္ကျီ ခြုံကာ ခုတင်ပေါ် ထိုင်ရင်း တော်တော်ကြာမှ ပြောလိုက်သည်။ "မင်း ညီတွေကို ပြောထားလိုက်၊ နောက်ဆို စတုတ္ထကို သွားမစနဲ့တော့လို့"
အဖေကျိက အစ်ကိုကြီးကျိကို ထွက်ခိုင်းလိုက်သည်။ အစ်ကိုကြီးကျိ ထွက်သွားမှ အမေကျိကို ကြည့်လိုက်သည်။ "ဟုန်ကျွင်း မိန်းမက မိုက်ရူးရဲ ဆန်တယ်၊ သူ ဘာမဆို လုပ်ရဲတယ်၊ မနက်ဖြန် နှစ်သစ်ကူးပြီ၊ ကောင်းကောင်း နေကြရအောင်၊ ဟိုဘက်ကို သွားမရှုပ်နဲ့တော့"
အမေကျိက ဒူးကို ပွတ်ရင်း ညည်းတွားလိုက်သည်။ "ငါ့တကိုယ်လုံး ဒဏ်ရာတွေ ရနေပြီ၊ ဒီအတိုင်း ထားလိုက်ရတော့မှာလား"
"သည်းခံလိုက်" အဖေကျိက မျက်နှာထားတင်းတင်းဖြင့် အမေကျိကို ကြည့်လိုက်သည်။
အမေကျိ လည်ပင်းကျုံ့သွားသည်။ သူမက အဖေကျိကို ကြောက်ပုံရသည်။ နောက်သို့ ဆုတ်ကာ အဖေကျိနှင့် ဝေးဝေးနေလိုက်သည်။ "အေးပါ... သိပါပြီ"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့က ကျိမိသားစုအိမ်မှ ဆန်အိတ်တဝက်ခန့် ထမ်းလာသည်ကို ရွာသားအချို့ တွေ့သွားကြသည်။ ချက်ချင်း သတင်းဖြန့်လိုက်ကြသဖြင့် မကြာမီ ရွာတစ်ရွာလုံး လျန်ဟွမ်းက ကျိမိသားစုဆီမှ ဆန်ယူလာသည့်အကြောင်း သိသွားကြသည်။
ရွာသားများက လျန်ဟွမ်းကို တော်လိုက်တာဟု ပြောကြသလို တွက်ကပ်သော အမေကျိဆီမှ ဆန်ရအောင် ယူနိုင်သည်ဟု ချီးကျူးကြသည်။ အချို့ သက်ကြီးပိုင်း အမျိုးသမီးများကမူ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းကို “မိဘမရိုသေဘူး၊ ယောက္ခမဆီက ဆန်လုတယ်”ဟု ပြောကြသည်။
အပြင်က ကောလာဟလများကို လျန်ဟွမ်း မကြားသလို သိလည်း မသိချင်ပေ။ သူမနှင့် ကျိဟုန်ကျွင်း အိမ်ပြန်ရောက်လာကြသည်။ အိမ်ရောက်သောအခါ ကျိဟုန်ကျွင်းကို ဆန်အိတ်အား အိမ်မကြီးထဲတွင် ထားခိုင်းလိုက်သည်။ သူမက ကျိဟုန်ကျွင်း ခပ်လာသော ရေဖြင့် ဟင်းရွက်ခင်းကို ရေလောင်းသည်။
ခုတင်ပေါ်က ဟင်းရွက်ခင်းကို နေရာလွတ်ထဲက ရေနဲ့ လောင်းပြီး အခြား ဟင်းရွက်ခင်းကိုတော့ ရိုးရိုးချောင်းရေနဲ့ လောင်းကြည့်မယ်။ ဟင်းရွက် အထွက်နှုန်း ကွာမကွာ သိချင်ပေသည်။
လျန်ဟွမ်းက ဟင်းရွက်ခင်းကို ရေလောင်းပြီးသောအခါ နေမြင့်လာပြီ ဖြစ်သည်။ ဂျုံပွမပွ သွားကြည့်ရန် အိမ်မကြီးသို့ ဝင်သွားသည်။
ဂျုံဇလုံကို ခုတင်ပေါ်ရှိ စောင်အောက်တွင် ထားပြီး အချဉ်ဖောက်ထားခြင်း ဖြစ်သည်။ ခုတင်က နွေးသလို စောင်နှင့် အုပ်ထားသဖြင့် လျန်ဟွမ်း သွားကြည့်ချိန်တွင် ဂျုံပွနေပြီ ဖြစ်သည်။ လျန်ဟွမ်းက ဂျုံဇလုံကို မီးဖိုချောင်သို့ ယူသွားသည်။
ကျိဟုန်ကျွင်းက သူမ ဂျုံဇလုံ သယ်သွားသည်ကို မြင်သောအခါ နောက်မှ လိုက်လာသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းက ဂျုံနယ်နေပြီး ကျိဟုန်ကျွင်းက လုပ်စရာ မရှိသဖြင့် မီးဖိုနောက်တွင် ထိုင်ကာ လျန်ဟွမ်း ဂျုံနယ်သည်ကို ကြည့်နေသည်။ လျန်ဟွမ်းက တစ်အိုးစာ ရသောအခါ ပေါင်းအိုးထဲ ထည့်လိုက်ပြီး ကျိဟုန်ကျွင်းကို မီးထိုးခိုင်းသည်။ သူမက ဆက်လက် ဂျုံနယ်သည်။
နှစ်ယောက်သား တွဲဖက်လုပ်ကိုင်သဖြင့် အလုပ်တွင်သည်။ လျန်ဟွမ်းက မန်ထိုခြောက်အိုး ပေါင်းလိုက်ပြီး နေ့လယ် ၁ နာရီခန့်တွင် ပြီးသွားသည်။ မန်ထိုများ ကျက်သောအခါ လျန်ဟွမ်းက မီးဖိုချောင်ရှိ စားပွဲပေါ်တွင် ဖြန့်ခင်းပြီး အအေးခံထားလိုက်သည်။ အေးသွားမှ အိတ်ထဲထည့်ပြီး နှစ်သစ်ကူးတွင် စားမည်။
မန်ထိုများ ခွဲဝေပြီးနောက် လျန်ဟွမ်းက အိမ်မကြီးထဲ ဝင်သွားပြီး နေရာလွတ်ထဲမှ ဝက်နံရိုးကို ယူလိုက်သည်။ မီးဖိုချောင်သို့ ပြန်လာပြီး ဝက်နံရိုးဟင်းရည်ကို အိုးထဲ ထည့်လိုက်သည်။ ကျိဟုန်ကျွင်းက မီးထိုးပြီး နွှေးပေးသည်။
ဝက်နံရိုးဟင်းရည် ပူလာသောအခါ လျန်ဟွမ်းက ဇလုံကြီးနှစ်လုံးဖြင့် သူမနှင့် ကျိဟုန်ကျွင်းအတွက် တစ်ယောက်တစ်လုံး ခပ်လိုက်သည်။ ပြီးနောက် မန်ထိုအချို့ ယူကာ အိမ်မကြီးသို့ သွားသည်။
မီးဖိုချောင် စားပွဲပေါ်တွင် မန်ထိုများ ရှိနေသဖြင့် ထိုင်စားမရပေ။ သူမနှင့် ကျိဟုန်ကျွင်းက အိမ်မကြီးထဲ ပြန်ဝင်ပြီး ခုတင်ပေါ် ထိုင်စားကြသည်။
ဝက်နံရိုးဟင်းရည်ကို ကျိဟုန်ကျွင်း တစ်ရက်လောက် စောင့်စားခဲ့ရသည်။ မနေ့က မစားလိုက်ရသဖြင့် ဒီနေ့ စားရတော့မည်ဖြစ်၍ ခုတင်ပေါ် ထိုင်ကာ ဇလုံကို မ ပြီး ဟင်းရည်သောက်လိုက်သည်။ ပြင်းပြသော အရိုးပြုတ်ရည်အရသာက ပါးစပ်ထဲသို့ ဝင်ရောက်လာပြီး ကျိဟုန်ကျွင်းက မျက်လုံးများ အရောင်တောက်လာသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ပုံစံကို မြင်သောအခါ ပြုံးလိုက်သည်။ "သောက်လို့ ကောင်းလား"
ကျိဟုန်ကျွင်းက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "အင်း... အရမ်းသောက်လို့ ကောင်းတယ်"
ဟင်းရည်က အရမ်းလတ်ဆတ်ပြီး သောက်လို့ကောင်းသည်။ ဝက်နံရိုးကလည်း စားလို့ကောင်းသည်။ တောဝက်နံရိုးကို အချိန်ကြာကြာ ပြုတ်ထားသဖြင့် နူးအိနေပြီး ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အရိုးကွဲသွားကာ အသားအရသာ ထွက်ပေါ်လာသည်။
ကျိဟုန်ကျွင်း ထမင်းစားနေသည့် ပုံစံက အရသာရှိလှသဖြင့် လျန်ဟွမ်း ကြည့်ရင်း ခံတွင်းတွေ့လာသည်။ သူမလည်း ဇလုံကို မ ကာ အားရပါးရ စားလိုက်သည်။
ကျိဟုန်ကျွင်းကြောင့် လျန်ဟွမ်း စိတ်ပျော်ရွှင်ကာ ဝက်နံရိုးဟင်းရည် နှစ်ပန်းကန်ခွဲနှင့် မန်ထို နှစ်လုံး စားလိုက်သည်။ ကျိဟုန်ကျွင်းကမူ လျန်ဟွမ်းထက် ပိုစားသည်။ သူက မန်ထိုခြောက်လုံးနှင့် ဝက်နံရိုးဟင်းရည် ငါးပန်းကန် သောက်လိုက်သည်။
ထမင်းစားပြီးနောက် ကျိဟုန်ကျွင်းက အလိုက်တသိ ပန်းကန်သွားဆေးသည်။
လျန်ဟွမ်းက ခုတင်ပေါ် ရှင်းလင်းပြီးနောက် အိတ်ယူကာ မီးဖိုချောင်သို့ သွားသည်။ မီးဖိုချောင်ရှိ မန်ထိုများကို သိမ်းရန် ဖြစ်သည်။
အချိန်များ ကုန်ဆုံးသွားပြီး တစ်ညနေ ကုန်သွားပြန်သည်။ ညစာ ချက်ရမည့်အချိန် ရောက်လာပြန်ပြီ။ အိမ်တိုင်း မီးခိုးများ ထွက်နေပြီး ရွာထဲတွင် ဟင်းနံ့များ ပျံ့လွင့်နေသည်။
နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုများ စုံညီစားသောက်ကြသည်။ အိမ်ခွဲသွားသော သားသမီးများက မိဘအိမ် ပြန်လာပြီး အတူတူ ထမင်းစားကြသည်။ အိမ်တိုင်းလိုလို ဟင်းကောင်းများ ချက်ပြုတ်ကြပြီး တတ်နိုင်သူများက ငါးဟင်း ချက်ကြသည်။
လျန်ဟွမ်းက အိမ်တွင် ငါးမရှိသဖြင့် ကျိဟုန်ကျွင်း ရှာထားသော ဝက်သားနှင့် ယုန်သားများကို ထုတ်ကာ ညစာ ကောင်းကောင်း ချက်ရန် ပြင်လိုက်သည်။
လျန်ဟွမ်း ထမင်းချက်ရန် ပြင်နေစဉ် အိမ်တံခါး ခေါက်သံ ကြားလိုက်ရသည်။
လျန်ဟွမ်းက အသားများကို ဗီရိုထဲ အမြန်ထည့်လိုက်ပြီး တံခါးဘက်သို့ လှမ်းအော်လိုက်သည်။ "ဝင်ခဲ့ပါ"
အစ်ကိုကြီးကျိ အိမ်ထဲဝင်လာပြီး ခြံဝင်းထဲတွင် ရပ်နေသော လျန်ဟွမ်းကို ကြည့်လိုက်သည်။ 
"စတုတ္ထခယ်မ... ဒီနေ့ နှစ်သစ်ကူးအကြိုနေ့ဆိုတော့ ထမင်းမချက်နဲ့တော့၊ အိမ်ပြန်လာစားကြ"
လျန်ဟွမ်းသည် အစ်ကိုကြီးကျိကို သိပ်မမုန်းသော်လည်း သဘောမကျပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ကျိဟုန်ကျွင်းတို့ အိမ်ပျက်ကြီးဆီ မောင်းထုတ်ခံရစဉ်က သူ ဝင်မပြောခဲ့ပေ။ အခုလည်း သူ ပြဿနာ လာမရှာသော်လည်း သူ့ကို သဘောမကျပေ။
အစ်ကိုကြီးကျိ၏ စကားကို ကြားသောအခါ လျန်ဟွမ်း ငြင်းလိုက်သည်။ "အစ်ကိုကြီး... မလာတော့ပါဘူး၊ အိမ်ကလူတွေက ကျွန်မနဲ့ ဟုန်ကျွင်း ပြန်လာစားတာကို ကြိုဆိုမယ် မထင်ဘူး၊ ကျွန်မတို့ဘာသာ အိမ်မှာပဲ စားလိုက်ပါ့မယ်၊ အစ်ကိုကြီး ပြန်ပါတော့"
အစ်ကိုကြီးကျိသည် လျန်ဟွမ်း၏ အဖြေကို မျှော်လင့်ထားပြီးသားဖြစ်ရာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါဆိုလည်း ငါ သွားတော့မယ်"
အစ်ကိုကြီးကျိ အိမ်ပြန်ရောက်သောအခါ သူ၏ မိန်းမက တိတ်တဆိတ် မေးလိုက်သည်။ "စတုတ္ထတို့ လင်မယား လာလား"
"မလာဘူး"
"နင် ပြောတာ မှန်သားပဲ၊ နားနားနေနေ နေလိုက်တော့၊ ငါ မီးဖိုချောင် သွားပြီး ထမင်းချက်လိုက်ဦးမယ်" 
သူမက ပြောပြီးသည်နှင့် မီးဖိုချောင်သို့ ဝင်သွားသည်။
အစ်ကိုကြီးကျိက အခန်းထဲ ဝင်သွားပြီး လျန်ဟွမ်းပြောသည့် စကားများကို ပြန်တွေးနေသည်။ 
"ကျွန်မတဲ့(သူပြောသွားတဲ့ အသုံးအနှုန်းချင်း မတူပါဘူး)... စတုတ္ထအိမ်က အရင်ကထက် ပိုကြွားတတ်လာပြီ၊ ဒါ မြို့ကလူတွေနဲ့ ရွာထဲက ပညာတတ်တွေ ပြောတာ ကြားဖူးလို့၊ စတုတ္ထမိန်းမလည်း လိုက်ပြောတတ်နေပြီ"
ကျိဟုန်ကျွင်း အိမ်တွင်မူ ကျိဟုန်ကျွင်းက မီးထိုးပေးပြီး လျန်ဟွမ်းက ထမင်းချက်သည်။
ညစာအတွက် လျန်ဟွမ်းက သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်၊ ငရုတ်ကောင်းတို့ဖြင့် ယုန်သားဟင်း ချက်သည်။ ယုန်သားကြော်နံ့က မွှေးကြိုင်ပြီး ခံတွင်းမြိန်စရာ ကောင်းသည်။ တောဝက်သားကို ရေနွေးဖြင့် နာရီဝက်ခန့် ပြုတ်ပြီး နူးသွားမှ အာလူးဖြင့် ကြော်သည်။
အသားဟင်း ချက်ပြီးနောက် လျန်ဟွမ်းက အသီးအရွက်ဟင်း နှစ်ခွက် ချက်သည်။ ရှာလကာရည်ဖြင့် ချက်ထားသော မုန်ညင်းဖြူနှင့် မုန်လာဥဖြူသုပ်၊ မုန်လာဥဖြူသုပ်တွင် ရှာလကာရည် ထည့်ထားသဖြင့် ချဉ်ချဉ်စပ်စပ်နှင့် စားလို့ကောင်းသည်။
ဟင်းလေးခွက်၊ အသားရော အသီးအရွက်ရော ပါသဖြင့် ညဘက်တွင် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ ဗိုက်ကားအောင် စားလိုက်ကြသည်။
ထမင်းစားပြီး သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် ရေချိုးပြီး နှစ်ယောက်သား အိမ်မကြီးသို့ ပြန်ဝင်ကြသည်။
ခုတင်ပေါ်တွင် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက မအိပ်ကြသေးပေ။ နှစ်သစ်ကူးအကြိုနေ့တွင် ညဉ့်နက်သည်အထိ နေရသည်။ စောစော မအိပ်ရပေ။
နှစ်သစ်ကူးအကြိုနေ့တွင် အပြင်၌ လူများ ကစားနေကြသည်။ လျန်ဟွမ်းက အိမ်ထဲမှနေ၍ ကလေးများ ဆော့ကစားသံနှင့် ခွေးဟောင်သံများကို ကြားနေရသည်။ ညဉ့်နက်လာသောအခါ လျန်ဟွမ်းက ချမ်းလာပြီး အိပ်ချင်လာသည်။ စောင်ကို ဆွဲယူကာ ကိုယ်ပေါ် လွှမ်းလိုက်သည်။
ခုတင်ခြေရင်းတွင် ထိုင်နေသော ကျိဟုန်ကျွင်းက လျန်ဟွမ်းကို မော့ကြည့်လိုက်သည်။ "အိပ်ချင်ပြီလား၊ အိပ်ချင်ရင် အိပ်လိုက်တော့၊ ကိုယ် စောင့်ပေးမယ်"
လျန်ဟွမ်းက ထထိုင်လိုက်ပြီး ခေါင်းခါလိုက်သည်။ "မအိပ်ဘူး၊ နှစ်ယောက်အတူတူ စောင့်တာ ပိုကောင်းတယ်"
လျန်ဟွမ်း အိပ်ချင်စိတ်ကို ထိန်းကာ ထိုင်နေသော်လည်း မကြာမီ ခေါင်းငိုက်စိုက်ကျလာပြီး ကိုယ်က ဘေးသို့ ယိုင်ကျသွားသည်။
လျန်ဟွမ်းက ခုတင်ဘေးတွင် ထိုင်နေသဖြင့် ယိုင်ကျလျှင် ကြမ်းပြင်ပေါ် ပြုတ်ကျနိုင်သည်။ ရေနံဆီမီးခွက်အလင်းရောင်အောက်တွင် ကျိဟုန်ကျွင်းက မြင်လိုက်ရသဖြင့် လျင်မြန်စွာ လှမ်းဆွဲလိုက်ရာ လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ရင်ခွင်ထဲသို့ ကျရောက်သွားသည်။
… 
အခန်း (၂၄)
ကျိဟုန်ကျွင်း၏ ရင်ခွင်ထဲသို့ ပြုတ်ကျသွားသော အခိုက်အတန့်တွင် လျန်ဟွမ်း နိုးလာသည်။ သူမ၏ ခေါင်းက ကျိဟုန်ကျွင်း၏ ရင်ဘတ်ပေါ်တွင် ကပ်နေသဖြင့် ကျိဟုန်ကျွင်း၏ နှလုံးခုန်သံ ပြင်းပြင်းကို ကြားနေရသည်။
လျန်ဟွမ်းက အနည်းငယ် ထိတ်လန့်သွားပြီး ကျိဟုန်ကျွင်း၏ ရင်ခွင်ထဲမှ အမြန် ထွက်လိုက်သည်။ ခုတင်ဘေးတွင် မတ်တတ်ရပ်ကာ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်လိုက်သည်။ "ဟို... တောင်းပန်ပါတယ်၊ အိပ်ငိုက်သွားလို့ပါ"
ကျိဟုန်ကျွင်းသည် သူ၏ လက်ဖဝါးကို ငုံ့ကြည့်လိုက်သည်။ ခုနက သူ့လက်က လျန်ဟွမ်း၏ ခါးကို ဖက်ထားမိသည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ သူက မော့ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး၊ အိပ်ချင်ရင် အိပ်လိုက်လေ၊ ကိုယ် စောင့်ပေးပါ့မယ်"
"သိပ်မအိပ်ချင်သေးပါဘူး၊ ခုတင်အတွင်းဘက်မှာ ဝင်ထိုင်လိုက်မယ်၊ ဒါဆို မပြုတ်ကျတော့ဘူးလေ" 
လျန်ဟွမ်း ပြောပြီးသည်နှင့် စောင်ကို လှန်ကာ ဖိနပ်ချွတ်ပြီး ခုတင်ပေါ် တက်ကာ အတွင်းဘက်ဆုံးတွင် ဝင်ထိုင်လိုက်သည်။
ကျိဟုန်ကျွင်းက ပြုံးလိုက်ပြီး တိုးတိုးလေး ပြောသည်။ "အင်း"
ကျိဟုန်ကျွင်းသည် ပြောပြီးနောက် ခုတင်ခြေရင်းတွင် သွားထိုင်သည်။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်။ လျန်ဟွမ်းက ခုတင်ပေါ်တွင် ထိုင်နေသော်လည်း အိပ်ချင်စိတ် မရှိတော့ပေ။ နံရံကို မှီကာ အတွေးများ လွင့်မျောနေသည်။
မနက်ဖြန်ဆိုရင် နှစ်ဆန်းတစ်ရက်နေ့ ရောက်ပြီ။ သူမ ဒီနေရာရောက်ပြီး ပထမဆုံး ဖြတ်သန်းရမဲ့ နှစ်သစ်ကူးပွဲတော်ပဲ။ နှစ်သစ်ကူးချိန်ဆို ဒီကလူတွေက ဖက်ထုပ် စားလေ့ရှိတယ်။
ဖက်ထုပ်အကြောင်း တွေးမိတော့ လျန်ဟွမ်း မျက်လုံးပြူးသွားသည်။ "ကျိဟုန်ကျွင်း... နှစ်ဆန်းတစ်ရက် မနက်စာကို ဖက်ထုပ် စားရမှာမလား"
သူမ ဘယ်လိုလုပ် မေ့သွားရတာလဲ။ နေ့လယ်က မန်ထိုပေါင်းတာရယ်၊ ပေါင်တန့်ကို ခိုင်းစားတာရယ်နဲ့ အလုပ်ရှုပ်နေပြီး ဒီက ဓလေ့ထုံးစံကို မေ့သွားတယ်။ ဒီရွာက လူတွေက နှစ်သစ်ကူးအကြိုနေ့ ညဘက်မှာ နှစ်ဆန်းတစ်ရက်နဲ့ ငါးရက်နေ့အတွက် ဖက်ထုပ် ကြိုထုပ်ထားလေ့ ရှိတယ်။ နှစ်ဟောင်းက ရိက္ခာတွေ နှစ်သစ်ထိ ကျန်တယ်။ နှစ်တိုင်း ပိုလျှံပါစေဆိုတဲ့ အတိတ်နမိတ်နဲ့ပေါ့။
ကျိဟုန်ကျွင်း အနည်းငယ် ကြောင်သွားပြီး ခဏကြာမှ ပြန်ဖြေသည်။ "ဟုတ်မယ် ထင်တယ်"
လျန်ဟွမ်း စောင်ကို လှန်ကာ ဖိနပ်စီးပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။ "နှစ်သစ်ကူး စောင့်ရင်း အိပ်လို့လည်း မရဘူး၊ အခုသွားပြီး ဖက်ထုပ် လုပ်လိုက်မယ်"
လျန်ဟွမ်းက ဖက်ထုပ်လုပ်မည်ဆိုတော့ ကျိဟုန်ကျွင်းလည်း တစ်ယောက်တည်း ခုတင်ပေါ် မနေချင်တော့ပေ။ သူမ ဆင်းသွားသည်နှင့် သူလည်း ဖိနပ်စီးပြီး ခုတင်ပေါ်မှ ဆင်းကာ လျန်ဟွမ်းနောက်သို့ လိုက်သွားသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ရှာထားသော တောဝက်သားကို ယူလိုက်ပြီး အရေခွံခွာကာ ရေဆေးပြီး စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် မုန်ညင်းဖြူတစ်ထုပ်ကို ယူကာ ရေဆေးပြီး ဘေးတွင် ထားလိုက်သည်။
အသားလှီးရန် ပြင်ဆင်ပြီးသောအခါ လျန်ဟွမ်း အသား စလှီးသည်။
ကျိဟုန်ကျွင်းက ဘေးတွင် ရပ်ကြည့်နေပြီး နှစ်မိနစ်ခန့်အကြာတွင် ပြောလိုက်သည်။ "မင်း ဂျုံသွားနယ်လိုက်၊ ကိုယ် လှီးလိုက်မယ်"
ကျိဟုန်ကျွင်းက အသားလှီးပေးမည်ဆိုတော့ လျန်ဟွမ်း မငြင်းတော့ပေ။ ဓားကို ကမ်းပေးလိုက်သည်။ 
"ရော့... ပြီးရင် လှမ်းခေါ်လိုက်၊ အရသာ စပ်ပေးမယ်"
လျန်ဟွမ်းက ပြောပြီးသည်နှင့် ဇလုံယူကာ အိမ်မကြီးထဲ ဝင်သွားပြီး ဂျုံလေးပန်းကန် ခပ်ကာ ဂျုံနယ်သည်။
ညဘက်တွင် တိတ်ဆိတ်နေသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ တစ်ယောက်က ဂျုံနယ်နေပြီး တစ်ယောက်က အသားလှီးနေသည်။ အခန်းထဲတွင် ဓားသံ တဒုန်းဒုန်းသာ ကြားနေရသည်။ လင်မယားနှစ်ယောက် တွဲဖက် လုပ်ကိုင်သဖြင့် အလုပ်တွင်သည်။ မကြာမီ လျန်ဟွမ်း ဂျုံနယ်ပြီးသွားပြီး ကျိဟုန်ကျွင်းဘက် လှမ်းကြည့်လိုက်ရာ အသားလှီးပြီးလုနီးပါး ဖြစ်နေသည်။
"ဟုန်ကျွင်း... မုန်ညင်းဖြူ နည်းနည်းလောက် လှီးထည့်လိုက်ပါလား" လျန်ဟွမ်းက စားပွဲပေါ်မှ မုန်ညင်းဖြူကို ကြည့်ပြီး သတိပေးလိုက်သည်။
ကျိဟုန်ကျွင်းသည် မုန်ညင်းဖြူကို ယူလိုက်သော်လည်း ချက်ချင်း မလှီးသေးဘဲ လျန်ဟွမ်းကို ကြည့်လိုက်သည်။ မီးရောင်အောက်တွင် လျန်ဟွမ်းက ခေါင်းငုံ့ပြီး ဂျုံနယ်နေသည်။ ဂျုံနယ်ပြီးသွားပြီ ဖြစ်သော်လည်း ဖက်ထုပ်ရွက် လုပ်တဲ့အခါ အဆင်ပြေအောင် ထပ်နယ်နေခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ ဘေးတိုက်မျက်နှာကို ကြည့်ရင်း အကြည့်များ နက်ရှိုင်းသွားသည်။ ခဏလောက် စိုက်ကြည့်ပြီးမှ မေးလိုက်သည်။ "ဘယ်လောက် ထည့်ရမလဲ"
"လေးပုံတစ်ပုံလောက် ထည့်၊ အပေါ်ပိုင်း အရွက်တွေပဲ ယူ"
မုန်ညင်းရိုးက ရေများသဖြင့် အသားဖက်ထုပ်ထဲ ထည့်လျှင် အရွက်လောက် မကောင်းပေ။
"ကောင်းပြီ" ကျိဟုန်ကျွင်း ပြန်ဖြေပြီး လျန်ဟွမ်း ပြောသည့်အတိုင်း အရွက်ကိုသာ ရွေးလှီးသည်။
၁၅ မိနစ်ခန့်အကြာတွင် ကျိဟုန်ကျွင်းက မုန်ညင်းဖြူ ရောထားသော အသားစင်းကောကို လုပ်ပြီးသွားသည်။ ဖက်ထုပ်ရွက် လှိမ့်နေသော လျန်ဟွမ်းကို ကြည့်ပြီး မေးလိုက်သည်။ "ဒီလိုဆို ရပြီလား"
လျန်ဟွမ်းက သွားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ "ရပြီ၊ ဟင်းခတ်အမွှေးအကြိုင် သွားယူလိုက်ဦးမယ်"
ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်တို့ကို ယူကာ အသားစင်းကောထဲ ထည့်ပြီး မွှေလိုက်သည်။ ပြီးနောက် အသားစင်းကောကို ဘေးဖယ်ထားပြီး ဖက်ထုပ်ရွက် ဆက်လှိမ့်သည်။
ဖက်ထုပ်ရွက် လှိမ့်ပြီးသောအခါ လျန်ဟွမ်းက ခုံနှစ်လုံး ယူလာသည်။ တစ်လုံးကို ကျိဟုန်ကျွင်းနား ချပေးပြီး တစ်လုံးကို သူမ ထိုင်လိုက်သည်။
"အတူတူ ထုပ်ကြမယ်"
ကျိဟုန်ကျွင်းသည် ဖက်ထုပ်ရွက်ကို ကြည့်ပြီး မျက်နှာထား တမျိုးဖြစ်သွားသော်လည်း ဘာမှ မပြောဘဲ ဝင်ထိုင်လိုက်သည်။ ဖက်ထုပ်ရွက်ကို ကိုင်ကာ လျန်ဟွမ်းကို ကြည့်လိုက်သည်။
လျန်ဟွမ်း၏ လက်များက ကျွမ်းကျင်စွာဖြင့် ဖက်ထုပ် ထုပ်နေသည်။ ကျိဟုန်ကျွင်းက သူမ နှစ်ခု ထုပ်ပြီးသည်ကို ကြည့်ပြီး ကိုယ်တိုင် စထုပ်သည်။ လျန်ဟွမ်းလက်ထဲတွင် လွယ်ကူနေသော ဖက်ထုပ်သည် ကျိဟုန်ကျွင်းလက်ထဲ ရောက်သောအခါ ခက်ခဲသွားသည်။ သူက ဖက်ထုပ်ရွက်ကို ဒီအတိုင်း လုံးချေလိုက်သဖြင့် ဂျုံလုံးကြီး ဖြစ်သွားပြီး ကြည့်ရဆိုးနေသည်။
"ရှင် မထုပ်တတ်ဘူးလား" လျန်ဟွမ်းက ခေါင်းမော့ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။
ကျိဟုန်ကျွင်း ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။ "မလုပ်တတ်ဘူး"
ကမ္ဘာပျက်ခေတ်မှာ ဖက်ထုပ်ဆိုတာ မရှိဘူး။ မစားဖူးသလို မထုပ်ဖူးဘူး။
"ကျွန်မ သင်ပေးမယ်" လျန်ဟွမ်းက ပြောရင်း ဖက်ထုပ်ရွက် တစ်ရွက်ကို ယူကာ လက်တွေ့ပြလိုက်သည်။
"ဒီလို လုပ်... ဖက်ထုပ်ရွက်ကို လက်ထဲ တင်လိုက်၊ ပြီးရင် ကျွန်မလိုပဲ တြိဂံပုံ ခေါက်လိုက်..." 
ရေနံဆီမီးခွက်အောက်တွင် လျန်ဟွမ်း၏ အသံမှာ ကြည်လင်ပြတ်သားပြီး မျက်နှာလေးမှာလည်း မီးရောင်ကြောင့် လှပနေသည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းကို ကြည့်နေသည်။ မျက်လုံးများက သူမ၏ လက်ကို ကြည့်နေသလား။ မျက်နှာကို ကြည့်နေသလား မသဲကွဲပေ။
လျန်ဟွမ်း သင်ပြပြီးနောက် သူမ ထုပ်ထားသော ဖက်ထုပ်ကို စားပွဲပေါ် တင်လိုက်သည်။ ကျိဟုန်ကျွင်း လက်ထဲမှ ဖက်ထုပ်ကို ကြည့်လိုက်ရာ ဂျုံလုံးကြီး ပြန်ဖြစ်နေပြန်သည်။ ဒီတစ်ခါ အသားစင်းကောတွေပါ ထွက်ကျနေပြီး ပထမတစ်ခါထက် ပိုဆိုးနေသည်။
လျန်ဟွမ်း။ ......
ခုံကို ကျိဟုန်ကျွင်း ဘေးနားသို့ ရွှေ့ပြီး ထိုင်လိုက်သည်။ ဖက်ထုပ်ရွက်ကို ယူလိုက်သည်။ "ကျွန်မ ဒီမှာ ထိုင်မယ်၊ ရှင် ဖက်ထုပ်ရွက်ကို ကိုင်ပြီး ကျွန်မ လုပ်သလို လိုက်လုပ်၊ ဖက်ထုပ်ထုပ်တာ လွယ်ပါတယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း ဘေးနားတွင် ဝင်ထိုင်လိုက်သောအခါ နှစ်ယောက်ကြားတွင် နွေးထွေးမှု တစ်ခု စီးဆင်းသွားသည်။ ကျိဟုန်ကျွင်းက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ"
လျန်ဟွမ်းက ခေါင်းငုံ့ပြီး ကျိဟုန်ကျွင်းကို သေချာ သင်ပေးနေသည်။ ကျိဟုန်ကျွင်းက သေချာ နားထောင်နေသော်လည်း မျက်လုံးများက လျန်ဟွမ်း၏ ခေါင်းထိပ်ကို ကြည့်နေသည်။ လျန်ဟွမ်း ဖက်ထုပ်တစ်ခု ထုပ်ပြီးသွားသောအခါ ကျိဟုန်ကျွင်းကို လှမ်းကြည့်လိုက်သည်။ ကျိဟုန်ကျွင်း လက်ထဲမှ ဖက်ထုပ်မှာ ဘာမှ မထူးခြားဘဲ ဒုတိယအလုံးနှင့် တူတူပင် ဖြစ်နေသည်။
ဒီတစ်ခါ လျန်ဟွမ်း ကိုယ်တိုင် မထုပ်ပြတော့ဘဲ ဖက်ထုပ်ရွက်ကို ကျိဟုန်ကျွင်းလက်ထဲ ထည့်ပေးလိုက်သည်။ "ရှင် ထုပ်၊ ကျွန်မ ကြည့်ပေးမယ်"
ကျိဟုန်ကျွင်းက ဖက်ထုပ်ရွက်ကို ယူပြီး အသားနွှာ ထည့်ကာ လျန်ဟွမ်းကို ကြည့်လိုက်သည်။ နောက်တစ်ဆင့် ဘာလုပ်ရမလဲ စောင့်နေသည်။
"ဖက်ထုပ်ရွက်ကို တြိဂံပုံ ခေါက်လိုက်၊ ခေါက်တဲ့အခါ အသားတွေ အထဲ ရောက်အောင် သေချာလုပ်"
ကျိဟုန်ကျွင်း လိုက်လုပ်သည်။ ဖက်ထုပ်ရွက်ကို တြိဂံပုံ ခေါက်လိုက်သည်။
လျန်ဟွမ်း ကြည့်လိုက်ရာ ပုံစံမဆိုးပေ။ ဒီလို ခေါက်ပြီးရင် ပုံမှန်အတိုင်း ဘေးသားတွေ ဖိလိုက်ရင် ဖက်ထုပ်ပုံစံ ထွက်လာလောက်သည်။
"ခေါက်ထားတဲ့ ဖက်ထုပ်ရွက် အနားသတ်တွေကို ဖိကပ်လိုက်"
ကျိဟုန်ကျွင်းက ပြောသည့်အတိုင်း ဖက်ထုပ်ရွက် အနားသတ်များကို ဖိကပ်လိုက်ရာ ဂျုံလုံးကြီး ပြန်ဖြစ်သွားပြန်သည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ လုပ်ရပ်ကို ကြည့်ပြီး ကြောင်သွားကာ ရယ်မိသွားသည်။
ကျိဟုန်ကျွင်းရဲ့ ဖက်ထုပ်က ဘာလို့ ဂျုံလုံးကြီးဖြစ်နေတာလဲဆိုတော့ သူက ဒီအတိုင်း လုံးချေလိုက်လို့ကိုး။
ရေနံဆီမီးခွက်၏ အလင်းရောင်အောက်တွင် ဇနီးသည်၏ အပြုံးက မျက်စိရှေ့တွင် ပေါ်လာသဖြင့် ကျိဟုန်ကျွင်း၏ အကြည့်များ နက်ရှိုင်းသွားသည်။ သူ လက်လှမ်းကာ လျန်ဟွမ်း၏ ပါးပြင်ကို ဖြည်းညင်းစွာ ထိတွေ့လိုက်သည်။
လျန်ဟွမ်း၏ အပြုံးက ရပ်တန့်သွားပြီး သူမ၏ မျက်နှာကို ကိုင်ထားသော ကျိဟုန်ကျွင်းကို ကြောင်ကြည့်နေမိသည်။
"ရယ်စရာ ကောင်းလို့လား" ကျိဟုန်ကျွင်းက လျန်ဟွမ်းအနား တိုးကပ်လာပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် မေးလိုက်သည်။
လျန်ဟွမ်း ခေါင်းခါလိုက်ပြီး ကိုယ်ဟန် ပြင်လိုက်သည်။ "ဟင့်အင်း... မရယ်ရပါဘူး၊ ဖက်ထုပ် ဆက်ထုပ်ကြရအောင်၊ နောက်ဆုံးအဆင့် ဘယ်လိုလုပ်ရမလဲ ပြောပြမယ်၊ ခုနကလို ပြန်ခေါက်လိုက်..."
ကျိဟုန်ကျွင်းက ဖက်ထုပ်ရွက်ကို ခေါက်လိုက်သည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းဘက် လှည့်ကာ သူ့လက်ထဲမှ ဖက်ထုပ်ကို ကိုင်လိုက်သည်။ နှစ်ယောက်သား လက်ချင်း ထိသွားကြသည်။
ပူနွေးသောလက်နှင့် အေးစက်သောလက် ထိတွေ့သွားကြသည်။
လျန်ဟွမ်း ရင်ခုန်သံ မြန်လာသည်။ လက်ကို ပြန်ရုပ်ချင်သော်လည်း ကျိဟုန်ကျွင်းကို ဖက်ထုပ်ထုပ်နည်း သင်ပေးနေသည်မို့ ပြန်မရုပ်ဘဲ စိတ်ကို နှစ်သိမ့်လိုက်သည်။ ကိစ္စမရှိပါဘူး။ လက်ချင်းထိရုံပဲဟာ။ ကျိဟုန်ကျွင်းကို သင်ပေးနေတာပဲ။ ဘာမှ မတွေးနဲ့။
စိတ်ငြိမ်သွားမှ လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ လက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဒီလိုမျိုး နည်းနည်းချင်းစီ ဖိရမယ်၊ မလောနဲ့၊ တစ်ခါတည်း အကုန် မဖိနဲ့"
လျန်ဟွမ်းက ကျိဟုန်ကျွင်း လက်ကို ကိုင်ပြီး တစ်ဆင့်ချင်းစီ သင်ပေးသည်။
လျန်ဟွမ်း၏ လက်ထပ်သင်ကြားမှုကြောင့် ကျိဟုန်ကျွင်းသည် ပထမဆုံးအကြိမ်အဖြစ် ဖက်ထုပ်ပုံ ပေါက်သော ဖက်ထုပ်တစ်ခု ထုပ်နိုင်သွားသည်။
ဖက်ထုပ်တစ်ခု ထုပ်ပြီးသည်နှင့် လျန်ဟွမ်းက သူ့လက်ကို ချက်ချင်း လွှတ်လိုက်ပြီး ကိုယ့်ခုံကိုယ် ပြန်ထိုင်လိုက်သည်။ "ဒီပုံစံအတိုင်း ဆက်ထုပ်လိုက်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းကို ဆက်မကြည့်တော့ဘဲ ကိုယ့်ဘာသာ ဖက်ထုပ် ဆက်ထုပ်သည်။ နောက်ပိုင်းတွင် ကျိဟုန်ကျွင်း တကယ်ပဲ တတ်သွားပုံရသည်။ သူ ထုပ်သော ဖက်ထုပ်များက လျန်ဟွမ်း ထုပ်သလောက် မလှသော်လည်း ဖက်ထုပ်ပုံ ပေါက်လာသည်။
ညဉ့်နက်လာသောအခါ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ဖက်ထုပ် ထုပ်ပြီးသွားကြသည်။ လျန်ဟွမ်းက ထုပ်ပြီးသား ဖက်ထုပ်များကို ဗီရိုပေါ် တင်လိုက်ပြီး ကျိဟုန်ကျွင်းနှင့်အတူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
ရွာထဲတွင် တိတ်ဆိတ်နေပြီ။ အိမ်အများစု မီးငြိမ်းနေပြီ ဖြစ်သည်။ ၁၂ နာရီ ကျော်လောက်ပြီ ထင်သည်။ နှစ်ကူး စောင့်စရာ မလိုတော့ဘူး။
လျန်ဟွမ်း တစ်ညလုံး ပင်ပန်းထားသဖြင့် အိပ်ချင်နေပြီဖြစ်သည်။ အိမ်မကြီးထဲ ရောက်သည်နှင့် ခုတင်ပေါ် တက်အိပ်သည်။
ကျိဟုန်ကျွင်းက နောက်မှ လိုက်လာသည်။ သူမ အိပ်သွားသည်ကို စောင့်ပြီး ခုတင်ခြေရင်းတွင် ခဏရပ်ကာ ကြည့်နေသည်။ ပြီးမှ ခုတင်တစ်ဖက်အစွန်းသို့ သွားကာ ဖိနပ်နှင့် ခြေအိတ်ကို ချွတ်ပြီး အိပ်သည်။
ခုတင်တစ်ဖက်တွင် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ခုတင်ပေါ်သို့ တက်လာသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့ လျန်ဟွမ်း အိပ်ပျော်နေစဉ် တစ်စုံတစ်ယောက်က လာနှိုးသည်။ ကျိဟုန်ကျွင်းက အဝတ်အစား လဲပြီး ခုတင်ဘေးတွင် ရပ်ကာ ပြောလိုက်သည်။ "လျန်ဟွမ်း... ထတော့"
လျန်ဟွမ်း မျက်လုံး ဖွင့်ကြည့်လိုက်ရာ မိုးလင်းနေပြီ ဖြစ်သည်။ စောင်ကို လှန်ကာ ဝါဂွမ်းအင်္ကျီ ဝတ်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့။ ရွာထဲ လည်ပြီး နှစ်သစ်ကူး နှုတ်ဆက်ရမည့်နေ့။ သူမနှင့် ကျိဟုန်ကျွင်းက ကြင်စဦးမောင်နှံ ဖြစ်သော်လည်း ရွာဓလေ့ထုံးစံအရ လူမှုရေး လုပ်ရမည်။
"နောက်ကျနေပြီ၊ ထမင်း သွားချက်လိုက်ဦးမယ်" လျန်ဟွမ်း အဝတ်ဝတ်ပြီး မီးဖိုချောင်ဘက် ထွက်သွားသည်။
ကျိဟုန်ကျွင်း နောက်မှ လိုက်လာသည်။ "မလောပါနဲ့၊ အိုးထဲမှာ ရေနွေး တည်ထားတယ်၊ ဖက်ထုပ် ပြုတ်လိုက်ရုံပဲ"
လျန်ဟွမ်း ကျိဟုန်ကျွင်း စကားကို ကြားသောအခါ ခြေလှမ်း နှေးသွားသည်။ "အင်း... ကောင်းပြီ"
ကျိဟုန်ကျွင်းက စောစောထပြီး ရေနွေး တည်ထားပေးတယ်။ တော်တော် သဘောကောင်းတဲ့ ယောက်ျားပဲ။
မီးဖိုချောင်ထဲ ရောက်သောအခါ အိုးအဖုံး ဖွင့်ကြည့်လိုက်ရာ ရေတစ်အိုးနီးပါး ရှိနေသည်ကို တွေ့လိုက်ရသည်။ ဒီလောက် ရေနွေးအများကြီးက သူတို့နှစ်ယောက် ဖက်ထုပ်ပြုတ်ဖို့ မလိုဘူးလေ။ လျန်ဟွမ်း ပိုနေသော ရေနွေးများကို မျက်နှာသစ်ရန် ဇလုံထဲ ခပ်ထည့်လိုက်သည်။
သူတို့အိမ်မှာ ရေနွေးဓာတ်ဘူး လိုနေတာပဲ။ ရေနွေးဓာတ်ဘူးရှိရင် ကျိဟုန်ကျွင်း တည်ထားတဲ့ ရေနွေးတွေကို သောက်ဖို့ ချန်ထားလို့ ရတာပေါ့။ နှစ်သစ်ကူးပြီးရင် သမဝါယမဆိုင် သွားပြီး ဝယ်ကြည့်ရမယ်။
လျန်ဟွမ်း တွေးရင်း အိုးထဲသို့ ဖက်ထုပ် ထည့်လိုက်သည်။ ဖက်ထုပ် ကျက်သောအခါ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက တစ်ယောက်တစ်ပန်းကန် ခပ်ကာ စားပွဲတွင် ထိုင်စားကြသည်။
ကျိဟုန်ကျွင်းက စားတာ မြန်သည်။ ဖက်ထုပ် တစ်ပန်းကန်ကုန်တော့ နောက်ထပ် နှစ်ပန်းကန် ထပ်စားသည်။ လျန်ဟွမ်းက တစ်ပန်းကန်သာ ကုန်သည်။ လျန်ဟွမ်း ညက နောက်ကျမှ အိပ်ပြီး မနက်လည်း နောက်ကျမှ ထသဖြင့် သိပ်မဆာသေးပေ။ တစ်ပန်းကန်စားပြီး ဆက်မစားနိုင်တော့ပေ။ ကျိဟုန်ကျွင်းက ပန်းကန်ယူပြီး အိုးထဲမှ ကျန်နေသော ဖက်ထုပ်များကို အကုန် ခပ်စားလိုက်သည်။
ထမင်းစားပြီးနောက် ကျိဟုန်ကျွင်းက ပန်းကန်ဆေးသည်။ လျန်ဟွမ်းက အိမ်မကြီးထဲ ဝင်ပြီး စောင်ခေါက်၊ အိမ်ရှင်းစသည်ဖြင့် လုပ်ပြီးမှ ခြံဝင်းတံခါး သွားဖွင့်သည်။
လျန်ဟွမ်း တံခါးဖွင့်လိုက်သည်နှင့် အပြင်တွင် လူအုပ်လိုက်ကြီး သွားလာနေသည်ကို တွေ့လိုက်ရသည်။ သူတို့က နှစ်သစ်ကူး နှုတ်ဆက်ထွက်ကြခြင်း ဖြစ်သည်။ အချို့က လျန်ဟွမ်းကို မြင်သောအခါ နှုတ်ဆက်ကြသည်။ "ဟုန်ကျွင်းမိန်းမ ထွက်လာပြီလား၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
တခြားသူတွေက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြသဖြင့် လျန်ဟွမ်းလည်း ပြန်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။ "နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
လျန်ဟွမ်းက သူတို့နှင့် စကားပြောနေစဉ် ကျိဟုန်ကျွင်း မီးဖိုချောင်ထဲမှ ထွက်လာပြီး လျန်ဟွမ်း ဘေးနား လာရပ်သည်။
"သွားကြစို့... နှစ်သစ်ကူး နှုတ်ဆက်ထွက်ရအောင်"
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ပထမဆုံး သွားသည့်အိမ်မှာ ကျိမိသားစုအိမ် ဖြစ်သည်။ အဖေကျိနှင့် အမေကျိက လျန်ဟွမ်း လာမည်ကို စောင့်နေသကဲ့သို့ ခုတင်ပေါ်တွင် ထိုင်နေကြသည်။ ကျိဟုန်ကျွင်း ဝင်လာသည်ကို မြင်သောအခါ အဖေကျိက ပြောလိုက်သည်။ "စတုတ္ထ ရောက်လာပြီလား၊ စားပြီးပြီလား"
"စားပြီးပြီ၊ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ" ကျိဟုန်ကျွင်းက အေးစက်စွာဖြင့် မင်္ဂလာစကား ပြောလိုက်သည်။
လျန်ဟွမ်းလည်း ကျိဟုန်ကျွင်း၏ ပုံစံကို မြင်သောအခါ ပုံမှန်အတိုင်း ပြောလိုက်သည်။ "နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
အမေကျိက လျန်ဟွမ်းကို စိုက်ကြည့်လိုက်သည်။ "ဒီလောက် အသက်ကြီးနေပြီ၊ လူကြီးကို နှုတ်ဆက်တာတောင် မလုပ်တတ်ဘူးလား"
လျန်ဟွမ်းက သူမကို ဂရုမစိုက်ပေ။ ကျိဟုန်ကျွင်း လုပ်သလို လိုက်လုပ်မည်။ ဒါ ကျိဟုန်ကျွင်းရဲ့ မိဘတွေလေ။ သူမ မိဘတွေမှ မဟုတ်တာ။ တကယ်ဆို ဒီမိသားစုနဲ့ အဆက်အသွယ် ဖြတ်ချင်တာ။ ဒါပေမဲ့ အခုအချိန်မှာ မိဘကို ရိုသေရမယ်ဆိုတဲ့ အယူအဆက လွှမ်းမိုးထားတော့ အဆက်အသွယ် ဖြတ်ဖို့ဆိုတာ ကျိမိသားစုဘက်က အမှားကြီးကြီးမားမား လုပ်မှ ရမယ်။
ကျိဟုန်ကျွင်းလည်း အမေကျိကို ဂရုမစိုက်ပေ။ အဖေကျိကို ကြည့်ပြီး ပြောလိုက်သည်။ 
"ကျေးရွာအတွင်းရေးမှူးအိမ် သွားဦးမယ်၊ သွားတော့မယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ဘေးနားရှိ လျန်ဟွမ်း၏ လက်ကို ဆွဲကာ ထွက်ရန် ပြင်လိုက်သည်။ အိမ်မကြီး တံခါးဝ မရောက်ခင် အပြင်မှ ဝင်လာသော ထယ်တန့်နှင့် တွေ့သည်။
ထယ်တန့်က ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို မြင်သောအခါ မျက်လုံး ကစားလိုက်ပြီး ပါးစပ်ဟကာ ပြောလိုက်သည်။ "စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ ဦးချပါရစေ"
ထယ်တန့်က ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ တားမရခင် ဒူးထောက်ပြီး ဦးချလိုက်သည်။
ဦးချပြီးသည်နှင့် ထယ်တန့် မတ်တတ်ရပ်လိုက်သည်။ "စတုတ္ထဦးလေး၊ စတုတ္ထဒေါ်လေး... မုန့်ဖိုးပေး"
လျန်ဟွမ်း ......
မုန့်ဖိုး ဟုတ်လား။ မရှိပါဘူး။ သူမနှင့် ကျိဟုန်ကျွင်း မင်္ဂလာဆောင်တာ ပထမဆုံးနှစ် ဖြစ်သော်လည်း ကျိမိသားစုက သူမတို့ကို မုန့်ဖိုး မပေးခဲ့ပေ။ ကျိမိသားစုက မပေးဘဲနဲ့ သူမက ဒီကလေးကို ဘာလို့ ပေးရမှာလဲ။
"မုန့်ဖိုး မရှိဘူး"
လျန်ဟွမ်း ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းကို ဆွဲကာ ထွက်လာခဲ့သည်။
အမေကျိက နောက်မှ လှမ်းဆဲသည်။ "အမျိုးအဆွေ မရှိတဲ့ ကောင်မစုတ်၊ နင်က လူကြီးလေ၊ ကလေးကို မုန့်ဖိုး မပေးဘူးလား"
လျန်ဟွမ်း လှည့်မကြည့်ပေ။ အခန်းထဲတွင် အဖေကျိက အမေကျိကို လှမ်းငေါက်သည်။ 
"နှစ်ဆန်းတစ်ရက်နေ့ကြီး ငြိမ်ငြိမ်နေစမ်းပါ"
အမေကျိ ချက်ချင်း ငြိမ်ကျသွားပြီး လက်ပိုက်ကာ ခုတင်ပေါ် ထိုင်နေသည်။
ကျိမိသားစုအိမ်မှ ထွက်လာပြီးနောက် လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ကျေးရွာအတွင်းရေးမှူးအိမ်သို့ သွားကြသည်။ ဒါက လျန်ဟွမ်းအနေဖြင့် အတွင်းရေးမှူးအိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူမနှင့် ကျိဟုန်ကျွင်း အိမ်ထဲ ဝင်လိုက်သည်နှင့် အတွင်းရေးမှူးကတော် ထွက်လာသည်။ အသက် ၆၀ ကျော် အဘွားအို ဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် သဘောကောင်းပုံ ရသည်။
"ဟုန်ကျွင်း ရောက်လာပြီလား၊ ဒါ နင့်မိန်းမမလား၊ ချောလိုက်တာ၊ နင်နဲ့ လိုက်တယ်၊ နင့်အဘိုး အခန်းထဲမှာ ရှိတယ်၊ ဝင်သွားကြ၊ အဘွား ရေသွားခပ်လိုက်ဦးမယ်"
လျန်ဟွမ်းသည် အတွင်းရေးမှူးကတော်၏ ကြင်နာမှုကို ခံစားမိသဖြင့် ပြုံးပြလိုက်သည်။ "ကျိအဘွား... အပင်ပန်းမခံပါနဲ့၊ ကျွန်မနဲ့ ဟုန်ကျွင်း ရေမဆာပါဘူး"
အတွင်းရေးမှူးကတော်သည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ အံ့သြသွားပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဟုန်ကျွင်းမိန်းမက စကားပြောတတ်လိုက်တာ၊ ရွာထဲက ပညာတတ်လေးတွေအတိုင်းပဲ"
ကျွန်မ... ဒါ ပညာတတ်တွေမှ ပြောတတ်တာ။ ဟုန်ကျွင်းမိန်းမက ပညာတတ်ပုံ ပေါက်နေတာပဲ။ အရင်က ပျင်းတယ်လို့ သတင်းထွက်ထားပေမဲ့ ကျောင်းနေဖူးတယ်ဆိုတာ မကြားဖူးပါဘူး။ နောက်မှ အဘိုးကြီးကို မေးကြည့်ရမယ်။
အတွင်းရေးမှူးကတော်က အခေါ်အဝေါ် ကိစ္စ ပြောလာသဖြင့် လျန်ဟွမ်း မကြောက်ဘဲ ပြုံးပြုံးလေး ပြောလိုက်သည်။ "ကျွန်မက ရွာထဲက ပညာတတ်တွေ ပြောတာ ကြားဖူးလို့ပါ၊ မြို့ကလူတွေက ကျွန်မ လို့ သုံးကြတယ်တဲ့၊ ကျွန်မလည်း သဘောကျလို့ လိုက်ပြောရင်း အကျင့်ပါသွားတာ"
သူမက 'ကျုပ်' လို့ သုံးရတာ အဆင်မပြေဘူး။ ဒီအခွင့်အရေးကို သုံးပြီး 'ကျွန်မ' လို့ ပြောင်းသုံးလိုက်တာ ကောင်းတယ်။
အတွင်းရေးမှူးကတော်က ပြုံးပြုံးရွှင်ရွှင်ပင်။ "ကျုပ်ပဲ ပြောပြော၊ ကျွန်မပဲ ပြောပြော ရပါတယ်၊ ဘယ်လိုခေါ်ခေါ် အဆင်ပြေပါတယ်၊ နင်နဲ့ ဟုန်ကျွင်း အထဲ ဝင်ကြဦး၊ အဒေါ် လိုက်လာခဲ့မယ်"
အတွင်းရေးမှူးကတော် ပြောပြီးသည်နှင့် မီးဖိုချောင်ဘက် ထွက်သွားသည်။ အဘွားအိုက အသက်ကြီးသော်လည်း ကျန်းမာပုံ ရသည်။
အတွင်းရေးမှူးကတော် ထွက်သွားသောအခါ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းက အိမ်မကြီးထဲ ဝင်သွားကြသည်။ ကျေးရွာအတွင်းရေးမှူးအိုကြီးက ခုတင်ပေါ် ထိုင်ကာ ဆေးတံ သောက်နေသည်။ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း ဝင်လာသည်ကို မြင်သောအခါ ဆေးတံကို ဘေးချကာ ဖွာလက်စ ဆေးများကို ခါထုတ်လိုက်သည်။
"ဟုန်ကျွင်း ရောက်လာပြီလား၊ နင့်အဘွားကို တွေ့ခဲ့လား"
"တွေ့ခဲ့တယ်၊ အဘိုးကျိ... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ" ကျိဟုန်ကျွင်းက ကျေးရွာအတွင်းရေးမှူးအိုကြီးကို အဖေကျိတို့ထက် ပို၍ လေးစားစွာ ဆက်ဆံသည်။
လျန်ဟွမ်းလည်း ကျိဟုန်ကျွင်း၏ ဆက်ဆံပုံကို ကြည့်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ 
"အဘိုးကျိ... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ ကျန်းမာ အသက်ရှည်ပါစေ"
ကျေးရွာအတွင်းရေးမှူးအိုကြီးသည် လျန်ဟွမ်း ဆုတောင်းပေးသည်ကို ကြားသောအခါ မျက်လုံးများ အရောင်တောက်လာသည်။ "ဟုန်ကျွင်းမိန်းမ... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ၊ နင်က လိမ္မာတယ်၊ ဟုန်ကျွင်းနဲ့ ကောင်းကောင်း ပေါင်းသင်းနေထိုင်ပါ"
ကျိဟုန်ကျွင်းနဲ့ ကောင်းကောင်း ပေါင်းသင်းနေထိုင်ပါ... ဟုတ်လား။ လျန်ဟွမ်း ကျိဟုန်ကျွင်းနှင့် နေခဲ့ရသော အချိန်များကို ပြန်စဉ်းစားလိုက်သည်။
ကျိဟုန်ကျွင်းက လူကောင်းပဲ။ တာဝန်ယူစိတ် ရှိတယ်။ အရည်အချင်း ရှိတယ်။ မိဘကို အလွန်အကျွံ မရိုသေဘူး။ အမှားအမှန် ခွဲခြားတတ်တယ်။ ပြီးတော့ ဂရုစိုက်တတ်တယ်။
သူနဲ့ ကောင်းကောင်း ပေါင်းသင်းရင်...
လျန်ဟွမ်း စဉ်းစားနေစဉ် အတွင်းရေးမှူးကတော်က ပန်းကန်နှစ်လုံး ယူလာပြီး လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းကို တစ်ယောက်တစ်လုံး ပေးလိုက်သည်။ "သကြားရည် သောက်ပြီးမှ ပြောကြ"
သကြားရည်... ဒီခေတ်မှာ သကြားက ရှားပါးပစ္စည်းပဲ။ ကျေးရွာအတွင်းရေးမှူးအိမ်က သူမတို့ကို သကြားရည် တိုက်တယ်ဆိုတော့ ကျိဟုန်ကျွင်းအပေါ် တကယ် ကောင်းတာပဲ။
လျန်ဟွမ်း ပိုပြီး ပြုံးလိုက်သည်။ "ကျေးဇူးပါ အဘွား"
"မလိုပါဘူး၊ သောက်ကြ" အတွင်းရေးမှူးကတော်က ပြုံးပြုံးရွှင်ရွှင် ပြောသည်။
လျန်ဟွမ်း ပြုံးလိုက်ပြီး သကြားရည် သောက်လိုက်သည်။
ကျေးရွာအတွင်းရေးမှူးအိုကြီးက ကျိဟုန်ကျွင်းကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုန်ကျွင်း... မင်း အိမ်ထောင်ကျပြီဆိုတော့ မိန်းမနဲ့ ကောင်းကောင်း နေ၊ ကလေးအမြန်ရအောင် ကြိုးစား"
လျန်ဟွမ်း ပါးစပ်ထဲက သကြားရည် ပြန်ထွက်လုနီးပါး ဖြစ်သွားသည်။ အပြင်ရောက်နေလို့သာ မထွေးမိတာ။ မျိုချလိုက်ရသည်။
ကလေးမွေးမယ် ဟုတ်လား။ သူမနဲ့ ကျိဟုန်ကျွင်းက တကယ်တမ်း အတူတူတောင် မနေရသေးဘူး။ ဘယ်လိုလုပ် ကလေးရမှာလဲ။
"အဘိုးကျိ... ကျွန်တော် သိပါတယ်" ကျိဟုန်ကျွင်းက ဘေးမှနေ၍ တည်ငြိမ်စွာ ဖြေလိုက်သည်။
လျန်ဟွမ်း ကျိဟုန်ကျွင်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။
ကျေးရွာအတွင်းရေးမှူးအိုကြီးက ကျိဟုန်ကျွင်း၏ လက်ကို ပုတ်လိုက်သည်။ "သိရင် ပြီးတာပဲ၊ သိရင် ပြီးတာပဲ၊ ဒါမှ မင်း... မင်းအဘိုးလည်း စိတ်ချသွားမှာ"
လျန်ဟွမ်းက ကျေးရွာအတွင်းရေးမှူးအိုကြီးကို ကြည့်လိုက်သည်။ သူ စကားပြောတာ တစ်နေရာမှာ ရပ်သွားသလိုပဲ။
အတွင်းရေးမှူးကတော်က စကားပြောတတ်သူ ဖြစ်သည်။ ကျေးရွာအတွင်းရေးမှူးအိုကြီး၏ စကားကို ကြားသောအခါ မျက်စောင်းထိုးလိုက်သည်။ "လျှောက်ပြောနေပြန်ပြီ၊ ဟုန်ကျွင်းက အခုမှ မင်္ဂလာဆောင်ရသေးတာ၊ ဘာတွေ လောနေတာလဲ၊ သူတို့ လင်မယား အဆင်ပြေနေရင် ကလေးက ရလာမှာပါ"
"ဟုန်ကျွင်းမိန်းမ... နင့်အဘိုး စကားကို နားမထောင်နဲ့၊ ရော့... ရေနွေးသောက်" အတွင်းရေးမှူးကတော်က ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို ရေနွေးသောက်ရန် တိုက်တွန်းသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း တခြားအိမ်များကိုလည်း သွားရဦးမည် ဖြစ်သဖြင့် ကျေးရွာအတွင်းရေးမှူးအိမ်တွင် ခဏသာ နေပြီး ပြန်ထွက်လာကြသည်။
ရွာထဲ လမ်းလျှောက်နေစဉ် လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့် ကျေးရွာအတွင်းရေးမှူးအိုကြီး ပြောသော စကားကို သတိရပြီး ကျိဟုန်ကျွင်းကို မေးလိုက်သည်။ "ကျိဟုန်ကျွင်း... ရှင် ကလေးလိုချင်နေတာလား"
ကျိဟုန်ကျွင်းက သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ "အဘွားကျိ ပြောတာ မှန်တယ်၊ ကိုယ်တို့က လင်မယားတွေပဲ၊ မကြာခင် ကလေး ရလာမှာပါ"
 …
အခန်း (၂၅)
လျန်ဟွမ်း ခြေလှမ်းတန့်သွားပြီး ကျိဟုန်ကျွင်း၏ ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။ 
"ကျိဟုန်ကျွင်း... ကျွန်မတို့က သာမန်လင်မယားတွေနဲ့ မတူဘူးနော်"
သူမက မူလခန္ဓာကိုယ်ထဲ ကူးပြောင်းရောက်ရှိလာသူဖြစ်ပြီး ကျိဟုန်ကျွင်းနှင့် ရင်းနှီးခြင်းမရှိဘဲ လင်မယားဖြစ်လာရသူ ဖြစ်သည်။ ဒီရက်ပိုင်း သူတို့ သပ်သပ်စီ အိပ်ကြပြီး ဘယ်လိုကြည့်ကြည့် သာမန်လင်မယားတွေနဲ့ မတူပေ။
ကျိဟုန်ကျွင်းက လှည့်ကြည့်လိုက်ပြီး လျန်ဟွမ်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။ 
"ဘယ်နေရာ မတူတာလဲ"
"ဟို... အများကြီးပဲ မတူတာ" လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့် အကြည့်ချင်း မဆုံရဲဘဲ တခြားဘက်သို့ လှည့်ကြည့်နေသည်။
ကျိဟုန်ကျွင်း၏ အကြည့်များက စူးရှလွန်းသဖြင့် အကြည့်ချင်း ဆုံလိုက်လျှင် ရင်ခုန်မြန်ပြီး ပြောချင်သော စကားများ ပျောက်သွားတတ်သည်။
လျန်ဟွမ်း၏ ပုံစံကို ကြည့်ပြီး ကျိဟုန်ကျွင်း ပြုံးလိုက်သည်။ နောက်သို့ နှစ်လှမ်းဆုတ်ကာ သူမအနား လျှောက်လာပြီး လက်ကို ဆုပ်ကိုင်လိုက်သည်။
"သာမန်လင်မယားတွေနဲ့ တူပါတယ်၊ အရင်လက်ထပ်မယ်၊ ပြီးမှ အတူတူ နေထိုင်ကြမယ်လေ"
ကျိဟုန်ကျွင်းက စကားခဏ ရပ်သွားပြီး လျန်ဟွမ်း၏ လက်ကို ဆွဲကာ ရှေ့ဆက်လျှောက်သည်။ လမ်းလျှောက်ရင်း သူ၏ သံလိုက်လို ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလိုက်သည်။ 
"လင်မယားကိစ္စကတော့ မင်း အသားကျလာရင် ဖြစ်လာမှာပါ"
လျန်ဟွမ်းသည် ခြေထောက်အောက်မှ နှင်းများကို ငုံ့ကြည့်နေစဉ် ကျိဟုန်ကျွင်း၏ စကားသံကို ကြားလိုက်ရသဖြင့် ကျိဟုန်ကျွင်း၏ လက်ကို ဆွဲကာ ရပ်တန့်လိုက်ပြီး မော့ကြည့်လိုက်သည်။
ကျိဟုန်ကျွင်းက ဘာမှမဖြစ်သလို ပုံမှန်အတိုင်းပင် ရှိနေသည်။ ခုနက စကားကို သူပြောလိုက်တာ မဟုတ်သလိုပင်။
ရှေ့မှ ကျိဟုန်ကျွင်းနှင့် ရွယ်တူ လူငယ်အချို့ လျှောက်လာကြသည်။ သူတို့က ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း လက်ချင်းချိတ်ထားသည်ကို မြင်သောအခါ စနောက်ကြသည်။ "ဟုန်ကျွင်း... မင်းမိန်းမနဲ့ အချစ်တွေ ပိုနေပါလား၊ အပြင်ထွက်တာတောင် လက်မလွှတ်နိုင်ဘူးလား"
လျန်ဟွမ်း မျက်နှာ ပူထူသွားပြီး လူငယ်များ၏ အကြည့်အောက်တွင် လက်ကို ရုန်းထွက်ချင်လာသည်။
ကျိဟုန်ကျွင်းက သူမ၏ စိတ်ကို သိနေသကဲ့သို့ လက်ကို ပိုတင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။
ကျိဟုန်ကျွင်း မော့ကြည့်လိုက်ပြီး ခုနက စနောက်လိုက်သော လူငယ်များကို ကြည့်ကာ ပြောလိုက်သည်။ 
"ငါ့မိန်းမပဲ၊ ငါနဲ့ ချစ်တာ ဆန်းသလား"
"ဟုန်ကျွင်း... မင်း တော်ပါတော့ကွာ၊ မိန်းမရတာနဲ့ စကားပြောပုံတွေ ပြောင်းသွားလိုက်တာ၊ ရွာထိပ်က ပညာတတ်တွေလိုပဲ" ရွာထိပ်က ပညာတတ်တွေက ဟန်အဆောင်ဆုံးပဲ။ မြို့သားတွေလို ဝတ်ပြီး ရွာထဲက ကောင်မလေးတွေ စိတ်ဝင်စားအောင် လုပ်ကြတာ။
သူတို့က တောသားတွေမို့ အားရှိတယ်။ အလုပ်လုပ်ရင် ပညာတတ်တွေထက် သာတယ်။ ဘာလို့ ကောင်မလေးတွေက သူတို့ကို စိတ်မဝင်စားကြတာလဲ။
စကားပြောပုံနှင့် ပတ်သက်ပြီး ကျိဟုန်ကျွင်းက လျန်ဟွမ်း တွေးမိသလိုပင် တွေးမိသည်။ ထို့ကြောင့် ပြန်ပြောလိုက်သည်။ 
"အထက်က ပညာတတ်တွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လွှတ်လိုက်တာလေ၊ သူတို့ဆီက သင်ယူစရာ ရှိလို့ပေါ့၊ သူတို့ စကားပြော ယဉ်ကျေးတာကို အတုယူသင့်တယ်"
လူငယ်လေးက ပညာတတ်တွေကို သဘောမကျသဖြင့် လက်ကာပြလိုက်သည်။ "တော်ပါပြီကွာ၊ ငါ သွားတော့မယ်၊ မင်းမိန်းမကို လိုက်ပို့လိုက်တော့"
လူငယ်လေးက ပြောပြီးသည်နှင့် သူငယ်ချင်းများနှင့်အတူ ထွက်သွားသည်။ သူတို့ ထွက်သွားချိန်တွင် "ငါလည်း မိန်းမရရင် မိန်းမလက်ကို ဆွဲပြီး ရွာထဲ လှည့်ပြဦးမယ်" ဟု ပြောနေသံကို လျန်ဟွမ်း ကြားလိုက်ရသည်။
လျန်ဟွမ်း မျက်နှာ ပိုပူလာသည်။ ကျိဟုန်ကျွင်း၏ လက်ကို ရုန်းထွက်ရန် ကြိုးစားသည်။
ကျိဟုန်ကျွင်းက လက်ကို တင်းတင်း ဆုပ်ကိုင်ထားသဖြင့် လျန်ဟွမ်း ရုန်းမရပေ။ ကျိဟုန်ကျွင်းက သူမ ရုန်းနေသည်ကို မသိသလို ဆက်လျှောက်သွားသည်။
"သွားစို့... ခေါင်းဆောင်နဲ့ ဒုတိယဦးလေးအိမ် သွားကြမယ်" ကျိဟုန်ကျွင်းက ပြောပြီး ခြေလှမ်းသွက်သွက် လျှောက်သွားသည်။
လျန်ဟွမ်းလည်း ခုနက ကိစ္စကို ဆက်မပြောတော့ဘဲ ကျိဟုန်ကျွင်း နောက်မှ လိုက်သွားသည်။ သို့သော် သူမ၏ ခေါင်းထဲတွင် ကျိဟုန်ကျွင်း ပြောသော စကားများကို တွေးနေမိသည်။
ဒီခေတ်ကြီးမှာ ခရီးသွားရင် ထောက်ခံစာ လိုတယ်။ ကွာရှင်းလိုက်ရင် သူမက မိန်းမတစ်ယောက်ဖြစ်နေတော့ မိဘအိမ် ပြန်ပို့ခံရနိုင်တယ်။ မိဘအိမ်ကလည်း ယောက်ျားလေး ဦးစားပေးတဲ့ အိမ်ဆိုတော့ ပြန်ရောက်ရင် အခုလောက် နေရမှာ မဟုတ်ဘူး။
ကျိဟုန်ကျွင်းက စိတ်ထားကောင်းတယ်။ ရုပ်ရည်လည်း ချောတယ်။ အရည်အချင်းရှိတယ်။ မိဘကို အလွန်အကျွံ မရိုသေဘူး။ သူနဲ့ အတူတူ နေရတာ မဆိုးပါဘူး။
တကယ့် လင်မယားအဖြစ် နေထိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ခေါင်းဆောင်အိမ်တွင် ဧည့်သည်များ များနေသည်။ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ ဝင်သွားပြီး နှစ်သစ်ကူးနှုတ်ဆက်ကာ ခဏနေပြီး ပြန်ထွက်လာကြသည်။ ထို့နောက် ကျိဟုန်ကျွင်း၏ ဒုတိယဦးလေးအိမ်သို့ သွားကြသည်။
ကျိချန်ညန် အိမ်သို့ ရောက်သောအခါ ကျိအစ်ကိုကြီးတို့ ညီအစ်ကို သုံးယောက်နှင့် မိန်းမ၊ ကလေးများ ခြံဝင်းထဲတွင် ရောက်နေကြသည်။ လူပေါင်း ၁၀ ယောက်ကျော် ရှိသဖြင့် ခြံဝင်းထဲတွင် ပြည့်ကျပ်နေသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ဝင်သွားသောအခါ ပို၍ ကျပ်သွားသည်။
ကျိဟုန်ကျွင်းက ကျိချန်ညန်နှင့် ဒုတိယဒေါ်လေးကို မြင်သောအခါ လျန်ဟွမ်းကို ဆွဲခေါ်သွားသည်။
"ဦးလေး၊ ဒေါ်လေး... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
ကျိချန်ညန်သည် သဘောကောင်းသော လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းကို မြင်သောအခါ ရယ်မောလိုက်သည်။ "ပျော်ရွှင်ပါစေ၊ ပျော်ရွှင်ပါစေ၊ ဟုန်ကျွင်းမိန်းမက ကြည့်ရတာ အရင်ကထက် ကျန်းမာလာပုံပဲ၊ ၃၀ ရက်နေ့က ငါနဲ့ နင့်ဒေါ်လေး ပြန်ရောက်တော့ နင်တို့ အိမ်ခွဲတဲ့အကြောင်း ကြားတယ်၊ ခွဲလိုက်တာ ကောင်းပါတယ်၊ နင်တို့လင်မယား ကောင်းကောင်း နေကြပေါ့"
ကျိချန်ညန်တွင် သားနှစ်ယောက်၊ သမီးတစ်ယောက် ရှိသည်။ သားကြီးက မြို့ပေါ်ရှိ သံမဏိစက်ရုံတွင် အလုပ်လုပ်သည်။ သားငယ်က အထက်တန်းတက်နေသည်။ သမီးက သမဝါယမဆိုင်သို့ အိမ်ထောင်ကျသွားသည်။ နှစ်သစ်ကူးမတိုင်ခင် သားကြီး၏ မိန်းမ မီးဖွားသဖြင့် လင်မယားနှစ်ယောက် မြို့ပေါ်သို့ သွားပြီး မြေးထိန်းပေးနေခြင်း ဖြစ်သည်။
သူက ကျိဟုန်ကျွင်းအပေါ် ကောင်းသည်။ ကျိဟုန်ကျွင်း ငယ်ငယ်က အမေကျိ၏ ရိုက်နှက်မှု၊ အစာငတ်မှုများကို ခံရစဉ်က ဒုတိယဦးလေးက ခိုးကျွေးခဲ့ဖူးသည်။ ကျိဟုန်ကျွင်း ကြီးပြင်းလာရခြင်းမှာ ဒုတိယဦးလေးမိသားစု ကျေးဇူးကြောင့်ဟု ဆိုနိုင်သည်။
ကျိဟုန်ကျွင်းက ဒုတိယဦးလေး၏ စကားကို ကြားသောအခါ ခေါင်းငုံ့ပြီး လေးစားစွာ ပြောလိုက်သည်။ 
"ဟုတ်ကဲ့ ဦးလေး... ကျွန်တော် ကောင်းကောင်း နေပါ့မယ်"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို သူ့ဘေးနား ဆွဲခေါ်ပြီး မိတ်ဆက်ပေးသည်။ "ဒါ ဒုတိယဦးလေးနဲ့ ဒုတိယဒေါ်လေး"
ကျိဟုန်ကျွင်းက ကျိချန်ညန်တို့ လင်မယားအပေါ် လေးစားမှု ရှိသည်ကို လျန်ဟွမ်း ခံစားမိသည်။ သူမ ပြုံးပြလိုက်သည်။ "ဒုတိယဦးလေး၊ ဒုတိယဒေါ်လေး... နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ"
ဘေးနားရှိ ဒုတိယဒေါ်လေးက လျန်ဟွမ်း၏ နှုတ်ဆက်စကားကို ကြားသောအခါ ပြုံးရွှင်စွာ ထူးပြီး လျန်ဟွမ်းလက်ကို ဆွဲကာ လက်ထဲ ပစ္စည်းတစ်ခု ထည့်ပေးလိုက်သည်။
"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ဟုန်ကျွင်းမိန်းမက ချောလိုက်တာ၊ ဟုန်ကျွင်းနဲ့ လိုက်တယ်"
ဒုတိယဒေါ်လေးက စကားပြော ယဉ်ကျေးသဖြင့် လျန်ဟွမ်း သဘောကျသွားသည်။
လက်ထဲ ထည့်ပေးလိုက်သော ပစ္စည်းမှာ ပိုက်ဆံ ဖြစ်ပုံရသည်။ လျန်ဟွမ်း မကြည့်မိပေ။ ခြံဝင်းထဲတွင် ကျိမိသားစုဝင်များ ရှိနေသဖြင့် ဒုတိယဒေါ်လေးက သူတို့ကို ပေးမပေး မသိရပေ။ မပေးဘဲ သူမက ထုတ်ပြလိုက်လျှင် ပြဿနာ တက်နိုင်သည်။ ထို့ကြောင့် အိတ်ထဲ အသာထည့်ပြီး ဒုတိယဒေါ်လေးနှင့် စကားပြောနေလိုက်သည်။
အစ်ကိုကြီးကျိတို့သည် ဒုတိယဦးလေးနှင့် ခဏ စကားပြောပြီးနောက် ကျေးရွာအတွင်းရေးမှူးအိမ်သို့ သွားရန် ထွက်ခွာသွားကြသည်။ ထွက်ခွာခါနီး ကျိဟုန်ကျွင်းကို လိုက်မလား မေးသော်လည်း ကျိဟုန်ကျွင်း ငြင်းလိုက်သည်။
ခြံဝင်းထဲတွင် ကျိဟုန်ကျွင်းတို့ လင်မယားနှင့် ဒုတိယဦးလေးတို့ လင်မယားသာ ကျန်တော့သည်။ ဒုတိယဒေါ်လေးက အိမ်ထဲ ဝင်ထိုင်ရန် ခေါ်သည်။
ဒုတိယဒေါ်လေး၏ အိမ်မကြီးသည် သန့်ရှင်းသပ်ရပ်နေသည်။ ခုတင်ပေါ်ရှိ စောင်များလည်း သပ်ရပ်နေသည်။ စားပွဲပေါ်တွင် ရေနွေးဓာတ်ဘူးနှင့် ပန်းကန်လုံး လေးလုံး တင်ထားသည်။ ဧည့်သည်အတွက် ပြင်ဆင်ထားပုံ ရသည်။
"ဟုန်ကျွင်း၊ ဟုန်ကျွင်းမိန်းမ... လာထိုင်ကြ၊ မတ်တတ်မရပ်နဲ့" ဒုတိယဒေါ်လေးက ဝင်လာရင်း ခေါ်သည်။
"ကျေးဇူးပါ ဒေါ်လေး" လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့်အတူ ဝင်ထိုင်ရင်း ပြောလိုက်သည်။
ဒုတိယဒေါ်လေးက ရေနွေးပန်းကန် ကမ်းပေးသည်။ "အားနာစရာ မလိုပါဘူး၊ ဟုန်ကျွင်းက ကိုယ့်သားသမီးလိုပါပဲ၊ နောက်ဆို ဒီအိမ်ကို ကိုယ့်အိမ်လို သဘောထားပြီး ဝင်ထွက်ကြ"
"ရော့... ဟုန်ကျွင်း ရေနွေးသောက်" ဒုတိယဒေါ်လေးက ကျိဟုန်ကျွင်းကိုလည်း ရေနွေးတစ်ခွက် ပေးလိုက်သည်။ ထို့နောက် ကိုယ်တိုင်နှင့် ဒုတိယဦးလေးအတွက် ရေနွေးငှဲ့ပြီး စားပွဲဝိုင်းတွင် ဝင်ထိုင်ကာ စကားပြောကြသည်။
ဒုတိယဦးလေးက ရေတစ်ငုံသောက်ပြီး ကျိဟုန်ကျွင်းကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ 
"ဟုန်ကျွင်း... မင်းအဖေ လုပ်ရပ်တွေကို ငါ ကြားတယ်၊ နောက်ဆို မင်းအဖေ ကိစ္စတွေကို ဝင်မပါနဲ့တော့၊ သူ အသက်ကြီးလာရင် မင်းအစ်ကိုကြီးတို့ ပေးသလောက်ပဲ ထောက်ပံ့ကြေး ပေးလိုက်"
"ဦးလေး ပြောတဲ့အတိုင်းပါပဲ" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေသည်။
ဒုတိယဒေါ်လေးက ကြားဝင်ပြောသည်။ 
"သူတို့အကြောင်း ပြောမနေပါနဲ့၊ ဟုန်ကျွင်း... ဒေါ်လေးကို ပြောပြစမ်း၊ မင်းတို့အိမ်မှာ ဆန်လောက်ရဲ့လား၊ အိမ်ခွဲတုန်းက ဆန် ၅၀ ပဲ ပေးလိုက်တယ်လို့ ကြားတယ်၊ အဲဒါတွေကလည်း ဝမ်းမဝတဲ့ ဆန်ကြမ်းတွေချည်းပဲတဲ့၊ ဆန်မလောက်ရင် ဒေါ်လေးကို ပြော၊ ဒေါ်လေးအိမ်မှာ ရှိသေးတယ်၊ ပေးမယ်"
"ဒေါ်လေး... အိမ်မှာ ဆန်လောက်ပါတယ်" ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
"ဒါဆို ပြီးတာပဲ၊ မလောက်ရင် ပြောနော်" ဒုတိယဒေါ်လေးက ပြောပြီးနောက် လျန်ဟွမ်းဘက် လှည့်ကာ အိမ်မှုကိစ္စများ မေးမြန်းသည်။
လျန်ဟွမ်းလည်း မေးသမျှ ဖြေလိုက်သည်။
ကျိဟုန်ကျွင်းက ဒုတိယဦးလေးနှင့် စကားပြောနေပြီး ပြန်ချိန်ရောက်သောအခါ နှုတ်ဆက်ပြီး ပြန်ရန် ပြင်လိုက်သည်။
ဒုတိယဒေါ်လေးက လျန်ဟွမ်းနှင့် စကားပြောနေသော်လည်း ကျိဟုန်ကျွင်းတို့ စကားဝိုင်းကို နားစွင့်နေသည်။ ကျိဟုန်ကျွင်း ပြန်မည် ပြောသောအခါ ချက်ချင်း ဝင်ပြောသည်။ 
"ပြန်စရာ မလိုဘူး၊ ဒီအိမ် ရောက်မှတော့ ထမင်းစားပြီးမှ ပြန်ကြ၊ မင်းအစ်ကိုကြီးမိန်းမ မီးဖွားပြီး ကလေးက ငယ်သေးတော့ သူတို့ ပြန်မလာနိုင်ကြဘူး၊ အိမ်မှာ ငါရယ်၊ နင့်ဦးလေးရယ်၊ ကျန့်ခန်းရယ်ပဲ ရှိတာ၊ ခြောက်ကပ်ကပ်နဲ့၊ နေ့လယ်ကျရင် ဒီမှာပဲ စားပြီး အဖော်လုပ်ပေးကြ"
"ဟုန်ကျွင်းမိန်းမလည်း ဒီအိမ်မှာ ထမင်းမစားဖူးသေးဘူးမလား၊ ဒီနေ့ အတူတူ စားကြမယ်"
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း မင်္ဂလာဆောင်ချိန်က ဒုတိယဒေါ်လေးတို့ မြို့ပေါ် ရောက်နေသဖြင့် မလာနိုင်ခဲ့ပေ။ ကလေးက ငယ်သေးသဖြင့် နှစ်သစ်ကူးအကြိုနေ့မှ ပြန်ရောက်လာကြခြင်း ဖြစ်သည်။
နှစ်သစ်ကူးပြီးလျှင် ဒုတိယဒေါ်လေးက မြေးထိန်းရန် မြို့ပေါ် ပြန်တက်ရဦးမည်။
ဒုတိယဒေါ်လေးက စိတ်အားထက်သန်လွန်းသဖြင့် လျန်ဟွမ်း ငြင်းရခက်နေသည်။ ကျိဟုန်ကျွင်းကို လှမ်းကြည့်လိုက်သည်။ ကျိဟုန်ကျွင်း ဆုံးဖြတ်ပါစေ။
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်ပြီး လျန်ဟွမ်းကို ပြောလိုက်သည်။ "ဒေါ်လေးအိမ်မှာပဲ စားကြမယ်"
ကျိဟုန်ကျွင်း သဘောတူလိုက်သဖြင့် လျန်ဟွမ်းလည်း မငြင်းတော့ပေ။ "ဒေါ်လေးကို ဒုက္ခပေးရတော့မယ်"
"ဒုက္ခ မဟုတ်ပါဘူး၊ တစ်မိသားစုတည်းပဲဟာ"
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ ဒုတိယဒေါ်လေးနှင့် စကားပြောနေစဉ် နောက်ထပ် ဧည့်သည်အုပ်စု ရောက်လာပြန်သည်။
လူများသဖြင့် အိမ်မကြီးထဲ မဆံ့တော့ပေ။ ဒုတိယဒေါ်လေးနှင့် ဒုတိယဦးလေးတို့ အပြင်ထွက်ပြီး ဧည့်သည်များနှင့် စကားပြောကြသည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်း နားကပ်ပြီး ပြောလိုက်သည်။
"ဒုတိယဦးလေးအိမ်မှာ စားမှာဆိုတော့ အိမ်ပြန်ပြီး အသားနဲ့ ဟင်းရွက် သွားယူလိုက်ဦးမယ်"
ဒီအချိန်မှာ ဆန်ရေစပါး ရှားပါးသည်။ ဒုတိယဦးလေးတို့က ကျိဟုန်ကျွင်းအပေါ် ကောင်းသော်လည်း သူတို့ အလကား မစားသင့်ပေ။
"အင်း... ကိုယ် လိုက်ခဲ့မယ်လေ" ကျိဟုန်ကျွင်းက မေးလိုက်သည်။
"မလိုပါဘူး၊ ရှင် ဒီမှာ နေပြီး ဦးလေးနဲ့ စကားပြောနေလိုက်၊ ကျွန်မ သွားယူလိုက်မယ်" လျန်ဟွမ်း ပြောပြီး အပြင်ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင် ဒုတိယဒေါ်လေးက လူများနှင့် စကားပြောနေသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်သည်။ "ဒေါ်လေး... အိမ်မှာ ကိစ္စလေး ရှိလို့ ခဏပြန်လိုက်ဦးမယ်၊ ပြီးရင် ပြန်လာခဲ့မယ်"
"အေးအေး... သွားလုပ်လိုက်၊ နေ့လယ်ကျရင် ထမင်းလာစားနော်" ဒုတိယဒေါ်လေးက လှမ်းပြောသည်။
"ဟုတ်ကဲ့" လျန်ဟွမ်း ပြန်ဖြေပြီး အိမ်သို့ ပြန်လာခဲ့သည်။
လျန်ဟွမ်း ထွက်သွားသောအခါ ဧည့်သည်အမျိုးသမီးအချို့က အတင်းပြောကြသည်။ "ဒေါ်လေး... အဲဒါ အစ်မကြီးအိမ်က ချွေးမငယ်လေးမလား၊ အစ်မကြီးနဲ့ ရန်ဖြစ်ပြီး အစ်မကြီးကိုတောင် ပြန်ရိုက်တယ်ဆို၊ တကယ့် ဗရမ်းဗတာမပဲ"
ဒုတိယဒေါ်လေးက ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားသည်။ "ဒါဆို ငါလည်း ဗရမ်းဗတာမ ဖြစ်သွားပြီပေါ့၊ ငါလည်း အဲဒီမိန်းမနဲ့ ရန်ခဏခဏ ဖြစ်တာပဲ"
ပြောလိုက်သော အမျိုးသမီး မျက်နှာ ပျက်သွားသည်။ သူမ ယောက္ခမ ပြောဖူးသည်မှာ အကြီးဆုံးအစ်ကိုမိသားစုနှင့် ဒုတိယအစ်ကို မိသားစုက မတည့်ကြကြောင်း၊ သူတို့မိန်းမချင်း ငယ်ငယ်ကတည်းက ရန်ဖြစ်လာကြကြောင်း ပြောဖူးသည်။
အမျိုးသမီးက ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။ "ဒေါ်လေး... ကျွန်မက ဒေါ်လေးကို ပြောတာ မဟုတ်ပါဘူး"
……
ဒုတိယဒေါ်လေးအိမ်က ကိစ္စကို လျန်ဟွမ်း မသိပေ။ သူမ အိမ်ပြန်ရောက်သောအခါ ဗီရိုထဲမှ မန်ထိုခြောက်လုံး၊ ယုန်သားတစ်ဝက် ယူလိုက်သည်။ ကြက်တစ်ကောင်လုံး ရှိနေသည်ကို မြင်သောအခါ ဒုတိယဦးလေးအိမ်မှ အဖြစ်အပျက်ကို စဉ်းစားပြီး ကြက်တစ်ဝက် ခုတ်ယူလိုက်သည်။
အသားနှင့် မုန့် ယူပြီးနောက် သူမနှင့် ကျိဟုန်ကျွင်းက လူကောင်ထွားပြီး စားနိုင်သဖြင့် မုန်ညင်းဖြူတစ်ထုပ်နှင့် အာလူးခြောက်လုံး ထပ်ထည့်လိုက်သည်။
လျန်ဟွမ်း ဟင်းရွက်၊ အသားနှင့် မုန့်များကို အိတ်ထဲ ထည့်ပြီး ချက်ချင်း မသွားသေးပေ။ အခုချိန် ဧည့်သည်တွေ မကုန်သေးသဖြင့် ထမင်းချက်ချိန်ကျမှ သွားကူချက်ရင်း သွားလိုက်မည်။
လျန်ဟွမ်း တစ်ယောက်တည်း အိမ်တွင် ရှိနေစဉ် မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်ရာ ဟင်းရွက်များ အကိုင်းထွက်နေပြီ ဖြစ်သည်။ နောက် ၇ ရက် ၈ ရက်ဆို စားလို့ ရလောက်ပြီ။ ပဲသီးနှင့် မုန်ညင်းဖြူလည်း အညှောက်ပေါက်နေပြီ။ လျန်ဟွမ်း အံ့သြသွားသည်။ နေရာလွတ်ထဲမှ ရေကို ယူပြီး လောင်းလိုက်သည်။ ပြီးနောက် မြေကြီးပေါ် စိုက်ထားသော ဟင်းရွက်များကို ကြည့်လိုက်ရာ အညှောင့် မပေါက်သေးပေ။
မီးဖိုချောင်ထဲ အလုပ်လုပ်ပြီးနောက် နေရာလွတ်ထဲ ဝင်လိုက်သည်။ နေရာလွတ်ထဲမှ ဟင်းရွက်များ စိမ်းလန်းနေပြီး စားလို့ရလုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ အရမ်းနုသေးတယ်။ နောက်ရက်မှ စားတော့မယ်။
အာလူးပင် နှစ်ပင်က အပွင့်ပွင့်နေပြီ။ မကြာခင် အာလူးစားရတော့မယ်။ ပဲသီးနဲ့ မုန်ညင်းဖြူ ပျိုးပင်တွေလည်း ပေါက်နေပြီ။ ကန်စွန်းဥပင်တွေက နွယ်တက်နေပြီ။ မြေအောက်မှာ ဥ ရှိမရှိတော့ မသိဘူး။
စမ်းချောင်းထဲမှ ရေယူပြီး နေရာလွတ်ထဲရှိ ဟင်းရွက်များကို လောင်းလိုက်သည်။ ထို့နောက် ပြန်ထွက်လာသည်။
လျန်ဟွမ်း ပြန်ထွက်လာသောအခါ နေမြင့်နေပြီ ဖြစ်သဖြင့် ထမင်းချက်ချိန် ရောက်ပြီဟု ယူဆကာ အိမ်မကြီးထဲ ပြန်ဝင်ပြီး ဟင်းရွက်နှင့် အသားများ ယူကာ ဒုတိယဦးလေးအိမ်သို့ ထွက်လာခဲ့သည်။
ဒုတိယဦးလေးအိမ်တွင် ဒုတိယဒေါ်လေးက မီးဖိုချောင်ထဲ ရောက်နေပြီ။ လျန်ဟွမ်း ရောက်သွားချိန်တွင် အိမ်မကြီးထဲ၌ ကျိဟုန်ကျွင်းနှင့် ဒုတိယဦးလေး စကားပြောနေကြသည်။ လျန်ဟွမ်း နှုတ်ဆက်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။
မီးဖိုချောင်ထဲတွင် ဒုတိယဒေါ်လေးက ထမင်းချက်နေပြီး ကျိကျန့်ခန်းက မီးထိုးပေးနေသည်။ လျန်ဟွမ်း ဝင်သွားပြီး နှုတ်ဆက်လိုက်သည်။ "ဒေါ်လေး... အိမ်မှာ ဟင်းရွက် နည်းနည်း ရှိတာနဲ့ ဟုန်ကျွင်းက ယူလာပြီး အတူစားမယ်တဲ့"
လျန်ဟွမ်းက ပြောရင်း အိတ်ကို စားပွဲပေါ် တင်လိုက်သည်။
"အိမ်မှာ ဟင်းရွက် အစုံ ရှိပါတယ်၊ နင်တို့ဟာ မယူပါနဲ့၊ ပြန်ယူသွားပြီး နင်တို့ စားကြ" ဒုတိယဒေါ်လေးက ပြုံးပြီး ပြောသည်။
အသားပါလာတာဆိုတော့ လျန်ဟွမ်းက ပြန်မယူသွားချင်တော့ပေ။ အိတ်ထဲမှ အသား၊ ဟင်းရွက်နှင့် မုန့်များကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
"ဒေါ်လေး... ဟုန်ကျွင်းက အတူစားမယ် ပြောထားလို့ပါ၊ အိမ်မှာ ကျန်ပါသေးတယ်"
မီးဖိုနားတွင် ထိုင်နေသော ကျိကျန့်ခန်းက အမြဲတမ်း ခိုးကြည့်နေသည်။ လျန်ဟွမ်း တင်လိုက်သော ပစ္စည်းများကို မြင်သောအခါ မျက်လုံး အရောင်တောက်လာသည်။
"မရီး... ဒီအသားက ကိုကြီးဟုန်ကျွင်း ရှာလာတာလား"
လျန်ဟွမ်းက ကျိကျန့်ခန်းဘက် လှည့်ကြည့်လိုက်သည်။ ၁၇နှစ် ၁၈နှစ် အရွယ် လူငယ်လေး။ မျက်လုံးများ တောက်ပနေပြီး အဝတ်အစား ဟောင်းနွမ်းသော်လည်း သန့်ရှင်းသပ်ရပ်သည်။ အသားစားချင်နေသော်လည်း အောင့်အီးသည်းခံထားပုံ ရသည်။
လျန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... နင့်ကိုကြီးဟုန်ကျွင်း ရှာလာတာ၊ အတူစားရအောင် ယူလာတာ"
…
 

Search Novels