အခန်း (၁၆)
ကျိဟုန်ကျွင်းတို့အိမ်၏ အိပ်ခန်းထဲတွင် ဖြစ်သည်။ လျန်ဟွမ်းက အခန်းထဲ ဝင်လာပြီးနောက် ကျိဟုန်ကျွင်းတစ်ယောက် မီးဖိုချောင်ထဲမှ ချက်ချင်း ထွက်လာမည် မဟုတ်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူမသည် ခုတင်ပေါ်တွင် ထိုင်ကာ သူမ၏ စိတ်အာရုံကို နေရာလွတ်ထဲသို့ ပို့လိုက်သည်။
နေရာလွတ်ထဲ ရောက်သည်နှင့် လျန်ဟွမ်းသည် မနေ့က သူမ အာလူးစိုက်ခဲ့သည့် နေရာသို့ သွားကြည့်လိုက်ရာ မြေပြင်ပေါ်ရှိ အာလူးပင်များကို တွေ့လိုက်ရသဖြင့် မျက်လုံးများ၌ အံ့သြဝမ်းသာသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
မနေ့က စိုက်လိုက်သော အာလူးများမှာ အညှောင့်ပေါက်နေပြီ ဖြစ်သည်။ အာလူးပင်များသည် ငါးစင်တီမီတာခန့်ပင် ရှည်လျားနေလေပြီ။ အာလူးပင်များ ကြီးထွားနှုန်းမှာ မြန်ဆန်လွန်းလှသည်။ သူမက စိုက်ပျိုးရေး မလုပ်ဖူးသော်လည်း ကြုံဖူးသည့် အတွေ့အကြုံများအရ စိုက်ပျိုးရေးအကြောင်း အနည်းငယ် ကြားဖူးနားဝ ရှိသည်။ အာလူးပင်များ ဤမျှ မြန်မြန်ဆန်ဆန် ကြီးထွားလာခြင်းမှာ ပုံမှန်မဟုတ်ပေ။ ကြီးထွားနှုန်း မြန်လွန်းနေသည်။ နေရာလွတ်ထဲရှိ မြေဆီလွှာနှင့် သက်ဆိုင်ခြင်း ရှိမရှိတော့ သူမ မသိပေ။
လျန်ဟွမ်းက ခဏမျှ စဉ်းစားကြည့်သော်လည်း အကြောင်းရင်းကို တပ်အပ် မပြောနိုင်သဖြင့် ခေါင်းထဲမှ အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူမသည် သစ်သားပုံးကို ယူကာ စမ်းချောင်းဘက်သို့ သွား၍ ရေခပ်ပြီး စိုက်ခင်းကို ရေတစ်ခေါက် ထပ်လောင်းလိုက်သည်။ ပြီးနောက် နေရာလွတ်ထဲမှ ပြန်ထွက်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ကျိဟုန်ကျွင်းသည် သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းပြီးနောက် မိုးချုပ်စပြုနေပြီဖြစ်သော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် အိမ်မကြီးဘက်သို့ လှမ်းကြည့်လိုက်ရာ လျန်ဟွမ်းက ခုတင်ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ငါ အပြင်ခဏသွားမလို့၊ အပြင်ကနေ တံခါးခတ်သွားလိုက်မယ်နော်"
လျန်ဟွမ်းမှာ နေရာလွတ်ထဲမှ ထွက်လာခါစ ဖြစ်သဖြင့် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားပြီး ကပျာကယာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ"
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ အဖြေကို ရသည်နှင့် စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီကို ဆွဲစေ့လိုက်ပြီး အိမ်တံခါးဝသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ အိမ်အပြင်ရောက်သည်နှင့် ခြံဝင်းတံခါးကို အပြင်မှ သော့ခတ်လိုက်ပြီး ရွာထိပ်ရှိ တောင်ကြီးဆီသို့ ဦးတည်သွားတော့သည်။
......
နှင်းများက မိုးကောင်းကင်အပြည့် တဖွဲဖွဲ ကျဆင်းနေသည်။ အရှေ့ဘက် ကောင်းကင်ယံမှ အရုဏ်ဦးအလင်းရောင်သဲ့သဲ့ ထွက်ပေါ်လာချိန်တွင် လူရိပ်မည်းမည်းတစ်ခုသည် ကျေးလက်လမ်းကြားမှတစ်ဆင့် ရွာထဲသို့ လျင်မြန်စွာ ဝင်ရောက်လာပြီး အိမ်ရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။
သော့ဖွင့်ပြီးနောက် ကျိဟုန်ကျွင်းသည် ခြံဝင်းထဲသို့ ဝင်လာပြီး အိမ်မကြီးဆီသို့ ခပ်သွက်သွက် လျှောက်ကာ တံခါးတွန်းဖွင့်ပြီး ဝင်လိုက်သည်။
အခန်းတံခါး ပွင့်သွားသည်နှင့် လေအေးတစ်ချက် တိုးဝင်လာသဖြင့် အိပ်မောကျနေသော လျန်ဟွမ်းမှာ ခန္ဓာကိုယ်လေး ကျုံ့သွားပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
မိုးမလင်းသေးသဖြင့် အခန်းထဲတွင် အလင်းရောင် ကောင်းစွာ မရှိဘဲ မှောင်မည်းနေသည်။ လျန်ဟွမ်း မျက်လုံးဖွင့်လိုက်သည်နှင့် ခုတင်ဘေးသို့ လျှောက်လာသော ကျိဟုန်ကျွင်းကို တွေ့လိုက်ရသဖြင့် အိပ်မှုန်စုံမွှားဖြင့် ရေရွတ်လိုက်သည်။
"အိပ်ရာထရတော့မှာလား"
ကျိဟုန်ကျွင်းက ခုတင်ဘေးသို့ လျှောက်သွားပြီး စုတ်ပြတ်နေသော ဝါဂွမ်းအင်္ကျီကို ချွတ်လိုက်သည်။
"စောပါသေးတယ်၊ ပြန်အိပ်လိုက်ဦး"
အိပ်ရာက နွေးထွေးနေသဖြင့် လျန်ဟွမ်းလည်း မထချင်သေးပေ။ ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ခေါင်းညိတ်ပြရင်း တရေးပြန်အိပ်လိုက်သည်။
"အင်း"
ကျိဟုန်ကျွင်းသည် ခုတင်ဘေးတွင် ခဏမျှ ရပ်နေပြီး လျန်ဟွမ်း အိပ်ပျော်သွားသည်ကို မြင်မှ ခုတင်၏ အစွန်းသို့ သွားကာ ဝင်လှဲလိုက်သည်။
မိုးလင်းသွားသောအခါ လျန်ဟွမ်း နိုးလာသည်။ နိုးလာချိန်တွင် သူမ၏ ခြေထောက်က ကျိဟုန်ကျွင်း၏ ခြေထောက်ပေါ်သို့ တင်လျက်သားဖြစ်နေပြီး နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရသည်။ လျန်ဟွမ်းက အားနာသွားပြီး ခြေထောက်ကို ဖယ်လိုက်ကာ စောင်ကို အသာအယာ လှန်ပြီး အဝတ်အစားလဲ၍ အိပ်ရာမှ ဆင်းလိုက်သည်။
လျန်ဟွမ်း အိပ်ရာမှ ဆင်းပြီးနောက် ကျိဟုန်ကျွင်းကို တစ်ချက် ကြည့်လိုက်သည်။ သူက အိပ်မောကျနေပြီး နိုးမည့်ပုံ မပေါ်ပေ။ လျန်ဟွမ်းက မီးဖိုချောင်သို့ သွားပြီး ထမင်းချက်ရန် ပြင်လိုက်သည်။ ခြေလှမ်း နှစ်လှမ်းခန့် လှမ်းလိုက်မိချိန်တွင် အခန်းထဲ၌ ချထားသော အိတ်ကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်း မနေ့က ပြန်လာတုန်းကလည်း ထိုကဲ့သို့ အိတ်မျိုး ပါလာခဲ့သည်။ အိတ်ထဲတွင် ယုန်နှစ်ကောင် ပါခဲ့သည်။ ဒီနေ့ရော ဘာတွေ ပါလာမလဲ။
လျန်ဟွမ်း အိတ်ကို ဖွင့်ကြည့်လိုက်ရာ အိတ်ထဲမှ ပစ္စည်းများကို မြင်လိုက်ရသဖြင့် အံ့သြကာ မျက်လုံးပြူးသွားသည်။
ဝက်သား... အဆီများပြီး အသားနည်းသော ဝက်သားသုံးထပ်သား တစ်တုံးနှင့် သေဆုံးနေသော တောကြက်တစ်ကောင်။
တောကြက်ကို အာလူးနှင့် ရောနှပ်စားနိုင်သည်။ ဒီဝက်သားကတော့ ပစ္စည်းကောင်းပဲ။ ဝက်ဆီချက်လို့ ရတယ်။ ဒီခေတ်လူတွေက ဝက်ဆီကို ကြိုက်ကြတယ်။ အဲ့ဒါက မွှေးတာကိုး။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို လှည့်ကြည့်လိုက်ပြီးနောက် အိတ်ကို ယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
မနက်ခင်းဖြစ်၍ စိတ်ကြည်လင်နေသည်။ အပြင်တွင် နှင်းများကျနေသဖြင့် အေးစိမ့်နေကာ အပြင်သို့ မထွက်ချင်ပေ။ လျန်ဟွမ်းက မီးဖိုချောင်ထဲသို့ ရောက်သည်နှင့် အသားကို ဘေးဖယ်ထားလိုက်သည်။ ရေနွေးအရင်တည်ကာ မျက်နှာသစ်ပြီးမှ မနက်စာ စတင် ချက်ပြုတ်သည်။
မနေ့က ဂျုံပြားကြီးများ ကုန်သွားပြီဖြစ်ရာ လျန်ဟွမ်းသည် အာလူးနှစ်လုံးကို ပေါင်းလိုက်သည်။ မနေ့က ကျိမိသားစုအိမ်မှ ယူလာသော ကြက်ဥများထဲမှ လေးလုံးကို ယူကာ ရေနွေးအိုးထဲ ထည့်ပြုတ်လိုက်သည်။ အာလူးကျက်သွားသောအခါ လျန်ဟွမ်းက အာလူးထောင်း လုပ်လိုက်သည်။
ကျိဟုန်ကျွင်း မနေ့ညက ဘယ်အချိန် ပြန်ရောက်လာမှန်း လျန်ဟွမ်း မသိပေ။ ထမင်းချက်ပြီးသွား၍ အခန်းထဲသို့ ပြန်ဝင်ကြည့်သောအခါ ကျိဟုန်ကျွင်း နိုးမလာသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် လျန်ဟွမ်းသည် မီးဖိုချောင်ထဲရှိ တောကြက်ကို သန့်စင်လိုက်ပြီး ဝက်သားကို အဆီနှင့် အသား ခွဲကာ အသားပြားများ လှီးလိုက်သည်။ ထမင်းစားပြီးလျှင် ဝက်ဆီချက်ရန် ပြင်ဆင်ထားလိုက်သည်။
လျန်ဟွမ်း အသားလှီးပြီးသွားသည့်တိုင် ကျိဟုန်ကျွင်း ရောက်မလာသေးပေ။ သူမက လက်ကို သုတ်ကာ အိမ်မကြီးဆီသို့ အမြန်ပြေးသွားလိုက်သည်။ ခုတင်ပေါ်တွင် ကျိဟုန်ကျွင်း အိပ်ပျော်နေဆဲ ဖြစ်သည်။ အိပ်မောကျနေပုံရသည်။ လျန်ဟွမ်းက ခုတင်ဘေးတွင် ရပ်ကာ နှိုးလိုက်သည်။
"ဟုန်ကျွင်း... ဟုန်ကျွင်း... ထမင်းစားရအောင်"
ခုတင်ပေါ်မှ အမျိုးသားသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ ထိုခဏ၌ လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ မျက်လုံးများကို မြင်လိုက်ရသည်။ စူးရှထက်မြက်ပြီး အေးစက်ကာ လူသတ်လိုသော အငွေ့အသက်များ ပါဝင်နေသည်။
သစ်သားထုပ်တန်းကို မြင်လိုက်ရမှသာ သူ့မျက်လုံးများက ဖြည်းညင်းစွာ ပြောင်းလဲသွားပြီး တည်ငြိမ်သွားသည်။ သူက ခေါင်းစောင်းကာ လျန်ဟွမ်းကို ကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီ"
အသံက အနည်းငယ် အက်ကွဲနေသည်။
ကျိဟုန်ကျွင်း၏ အဖြေကို ကြားသောအခါ လျန်ဟွမ်း ဘာမှမပြောတော့ဘဲ မီးဖိုချောင်ဘက်သို့ လှည့်ထွက်လာခဲ့သည်။ ထွက်လာရင်းနှင့် ခုနက ကျိဟုန်ကျွင်း၏ အမူအရာကို ခေါင်းထဲ၌ ပြန်စဉ်းစားနေမိသည်။ တောမှာ ကြီးပြင်းလာတဲ့ ကျိဟုန်ကျွင်းမှာ အဲဒီလို မျက်လုံးမျိုး မရှိသင့်ဘူးလေ။
ကျိဟုန်ကျွင်းက မီးဖိုချောင်ထဲ ဝင်လာသောအခါ လျန်ဟွမ်းက မနက်စာကို စားပွဲပေါ် ပြင်ဆင်ထားပြီး ဖြစ်သည်။ ပြောင်းဆန်ပြုတ်၊ အာလူးထောင်းနှင့် ကြက်ဥတို့ ဖြစ်သည်။
ကျိဟုန်ကျွင်း အခန်းထဲဝင်လာပြီး လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်မှ ထမင်းဟင်းများကို ကြည့်ကာ ချက်ချင်း မစားသေးဘဲ အိတ်ကပ်ထဲမှ ပိုက်ဆံနှင့် လက်မှတ် အထပ်လိုက်ကို ထုတ်ပြီး လျန်ဟွမ်းကို ပေးလိုက်သည်။ ပြီးမှ တူကို ကိုင်ကာ ထမင်း စားတော့သည်။
လျန်ဟွမ်းက တူကို ကိုင်ပြီး ထမင်းစားရန် ပြင်လိုက်စဉ် လက်ထဲသို့ ပိုက်ဆံအထပ်လိုက် ရောက်လာသဖြင့် အံ့သြသွားသည်။
"ဘယ်က ရတာလဲ"
ပိုက်ဆံများက ငါးမူးတန်များ ဖြစ်ပြီး အထပ်လိုက်ဆိုတော့ မနည်းလှပေ။ လက်မှတ်တွေလည်း မနည်းဘူး။
"မနေ့က ကံကောင်းလို့ တောဝက်တစ်ကောင်နဲ့ တိုးတာ"
ကျိဟုန်ကျွင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း လျန်ဟွမ်းမှာမူ တောဝက်၏ အရွယ်အစားနှင့် တောဝက်များ ကြမ်းတမ်းကြောင်း ပြောစမှတ်များကို မြင်ယောင်လာပြီး လက်ထဲမှ ပိုက်ဆံများ ပူလောင်လာသလို ခံစားလိုက်ရသည်။
"ကျိဟုန်ကျွင်း... ရှင်... ဒဏ်ရာ မရဘူးမလား"
တောဝက်ဆိုတာ သိပ်ကြမ်းတာ။ ကျိဟုန်ကျွင်း တစ်ယောက်တည်း ဘယ်လိုလုပ် သတ်လိုက်တာလဲ။
"မရပါဘူး၊ ရာသီဥတုက အေးတော့ ဝက်က အေးခဲပြီး အားမရှိတော့တာလေ"
လျန်ဟွမ်း ပိုက်ဆံကို ပြန်ပေးလိုက်သည်။ ကျိဟုန်ကျွင်းလက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။
"ရှင် နောက်တစ်ခါ သတိထားနော်၊ ဒီလို တိရစ္ဆာန်မျိုးနဲ့ တွေ့ရင် ထပ်မလုပ်နဲ့တော့၊ အန္တရာယ်များတယ်၊ ပိုက်ဆံက ရှင်ရှာထားတာဆိုတော့ ရှင်ပဲ သိမ်းထားလိုက်ပါ"
တောဝက်သတ်ပြီး ရလာသည့် ပိုက်ဆံဆိုသည်မှာ အသက်နှင့်ရင်း၍ ရှာထားရတာ ဖြစ်နိုင်သည်။ သူမ လက်ထဲတွင်လည်း ပိုက်ဆံအနည်းငယ် ရှိသေးသည်မို့ ထိုပိုက်ဆံကို ကျိဟုန်ကျွင်းကိုပဲ သိမ်းခိုင်းလိုက်မည်။
ကျိဟုန်ကျွင်းက ပိုက်ဆံကို မကြည့်ဘဲ ဆန်ပြုတ်ကို အားပါးတရ သောက်လိုက်သည်။ ပြီးမှ လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။
"အိမ်မှုကိစ္စတွေ မင်းစီစဉ်လေ၊ ပိုက်ဆံ မင်းသိမ်းထား၊ ဆန်ဝယ်၊ ထမင်းချက်ရင် များများချက်"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ထရပ်ကာ ဆန်ပြုတ်ကို ထပ်သွားထည့်သည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ထပ်ထည့်နေသည်ကို ကြည့်နေမိသည်။ သူ့ဘေးတိုက်မျက်နှာက ချောမောသည်။ နက်ရှိုင်းသော မျက်လုံးများ၊ မြင့်မားသော နှာတံတို့ဖြင့် ကြည့်ကောင်းသည်။ လူကလည်း သဘောကောင်းမဲ့ပုံပဲ။ ပိုက်ဆံကို မိန်းမလက်ထဲ အပ်တယ်ဆိုတာ ယောက်ျားကောင်းတွေ လုပ်တဲ့ အလုပ်လေ။
လက်ထဲမှ ပိုက်ဆံကို ဆုပ်ကိုင်ရင်း လျန်ဟွမ်း ကြည့်လိုက်ရာ ကျိဟုန်ကျွင်းက ပန်းကန်လုံးအကြီးကြီး တစ်လုံးနှင့် မူလနေရာတွင် ပြန်လာထိုင်သည်ကို တွေ့လိုက်ရသည်။ သူမ ရှေ့သို့ တိုးကာ မေးလိုက်သည်။
"ကျိဟုန်ကျွင်း... ကျွန်မ ချက်တာ နည်းလို့ ရှင် မဝဘူးလား"
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ စက္ကန့်အနည်းငယ်ခန့် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အဲဒီလိုလည်း မဟုတ်ပါဘူး၊ မနေ့ညက ရှစ်ပုံလောက်ပဲ ဝတာ"
မနေ့ညတုန်းက သူမက ကြက်ပေါင်းရည် အများကြီး ချက်ထားသည်။ သူမနှင့် ကျိဟုန်ကျွင်း နှစ်ယောက်ဆိုလျှင် နှစ်နပ်လောက် စားလို့ရမည်ဟု ထင်ထားခဲ့သည်။ မနက်ပိုင်း နိုးလာပြီး အိုးထဲ ကြည့်လိုက်တော့ ဟင်းရည်ရော ဂျုံပြားပါ မကျန်တော့သဖြင့် ကျိဟုန်ကျွင်း အကုန်စားလိုက်မှန်း သိလိုက်ရသည်။ သူမ လုပ်ထားသော ဂျုံပြားနှင့် ကြက်ပေါင်းရည် ပမာဏမှာ ယခုခေတ် တစ်မိသားစုစာလောက် ရှိသည်။ ကျိဟုန်ကျွင်းက ဒါတောင် ရှစ်ပုံလောက်ပဲ ဝသတဲ့။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ သိပ်လည်း မဝပါဘူး။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပါပဲ။ စားသလောက် မဝတာလည်း အံ့သြစရာပဲ။
"နောက်ဆို ကျွန်မ များများချက်မယ်"
ထမင်းများများချက်မည်ဟု လျန်ဟွမ်း ပြောလိုက်သည်ကို ကြားသောအခါ ကျိဟုန်ကျွင်း မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းညိတ်လိုက်သည်။
"အင်း... ကိုယ် ပိုက်ဆံရှာမယ်၊ အိမ်မှာ ဆန်လိုရင် ဝယ်လိုက်"
 …
အခန်း (၁၇)
နှင်းများ တဖွဲဖွဲ ကျဆင်းနေပြီး အလံနီအုပ်စု တစ်ရွာလုံးကို နှင်းဖွေးဖွေးများ လွှမ်းခြုံထားသည်။ ရွာထဲတွင် တိတ်ဆိတ်နေပြီး အပြင်ထွက် လမ်းလျှောက်သူ မရှိပေ။
လျန်ဟွမ်းက မနက်စာ စားပြီးနောက် ဒယ်အိုးဆေးကာ ဝက်ဆီ စချက်သည်။
ကျိဟုန်ကျွင်းက အပြင်မထွက်ဘဲ အိမ်မှာ နေသည်။ လျန်ဟွမ်းက ဝက်ဆီချက်နေချိန် သူက မီးဖိုနောက်မှာ ထိုင်ပြီး မီးထိုးပေးနေသည်။
ယခုခေတ် ဝက်သားတွေက ဝက်စာပင် စားကြသည်ဖြစ်၍ အသားက မွှေးသည်။ ချက်လိုက်လျှင် အနံ့က သွားရည်ကျစရာ ကောင်းသည်။ ကျိဟုန်ကျွင်းက မီးဖိုနောက်မှာ ထိုင်နေရင်း တည်ငြိမ်သည့် မျက်နှာထားက ပြောင်းလဲသွားပုံရသည်။ အနံ့ရသောအခါ မတ်တတ်ရပ်ပြီး ဆီအိုးထဲ ကြည့်လိုက်သည်။
ဆီအိုးထဲတွင် ဝက်ဆီ ကျက်သလောက် ရှိပြီ။ ဝက်ဆီဖတ်လည်း စားလို့ရပြီ။ ရွှေဝါရောင် သန်းနေသော ဝက်ဆီဖတ်များ၊ ဆီများ အကုန်ထွက်သွားပြီး ကျန်ရစ်သော မွှေးမွှေးကြွပ်ကြွပ် ဝက်ဆီဖတ်များက ခံတွင်းမြိန်စရာပင် ဖြစ်သည်။
လျန်ဟွမ်းက ဆီအိုးကို မွှေရင်း မော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်း၏ မျက်လုံးများ အရောင်တောက်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ယောက်မဖြင့် ဝက်ဆီဖတ် အနည်းငယ် ခပ်ယူပြီး ကျိဟုန်ကျွင်းကို ကမ်းပေးလိုက်သည်။ "မြည်းကြည့်မလား"
"အင်း... ကျေးဇူးပဲ" ကျိဟုန်ကျွင်းက လက်လှမ်းယူပြီး ပါးစပ်ထဲ ထည့်ကာ ဝါးစားလိုက်သည်။
လျန်ဟွမ်က ကျိဟုန်ကျွင်း၏ ယဉ်ကျေးသော ကျေးဇူးတင်စကားကို ကြားသောအခါ သူ၏မျက်နှာကို လှမ်းကြည့်လိုက်သည်။ သူမ မျက်လုံးများတွင် အကဲခတ်လိုစိတ်များ ပါနေသည်။ 
"ကျိဟုန်ကျွင်း ... ဒီက လူတွေက ကျေးဇူးတင်ပါတယ်လို့ သိပ်မပြောကြဘူးနော်"
ကျိဟုန်ကျွင်း ခဏ တန့်သွားပြီး အသံတိုးတိုးဖြင့် ပြောသည်။ "ဒီက လူတွေက ကိုယ့်ကိုယ်ကိုယ် ကျုပ်လို့ သုံးကြတယ်"
ကျိဟုန်ကျွင်းက ပြောပြီးတာနဲ့ ဝက်ဆီဖတ် ဆက်စားနေပြန်သည်။ ခုနက အခေါ်အဝေါ်ကိစ္စ ပြောခဲ့သူက သူ မဟုတ်သည့်အတိုင်းပင်။
လျန်ဟွမ်း ခဏ ကြောင်သွားပြီး ကျိဟုန်ကျွင်း၏ တည်ငြိမ်သော မျက်နှာကို ကြည့်ကာ ခေါင်းခါလိုက်သည်။ တွေးနေတာတွေ ဖျောက်လိုက်သည်။ သူမသည် ယောက်မဖြင့် ဝက်ဆီဖတ်များကို ပန်းကန်ထဲ ထည့်ပြီး ဆီကိုလည်း ဆီအိုးထဲ ထည့်လိုက်သည်။
ကျိဟုန်ကျွင်း ပြောတာ ဟုတ်သည်။ သူမကိုယ်တိုင် စကားပြောတာလည်း ဟာကွက်ရှိသည်။ စစ်ဆေးမေးမြန်းနေရင် နှစ်ယောက်လုံး အစစ်ခံရမှာ။ သူမက မူလ လျန်ဟွမ်း မဟုတ်သလို ကျိဟုန်ကျွင်းက မူလလူ ဟုတ်မဟုတ် ဆိုတာလည်း သူမအတွက် အရေးမကြီးပေ။ ဒီလူက အခုလို တာဝန်သိပြီး မိဘစကား နားယောင်တာမျိုး မလုပ်ရင် ပြီးတာပဲ။
လျန်ဟွမ်းက ကျိဟုန်ကျွင်း စကားပြောယဉ်ကျေးနေသည့် ကိစ္စကို ထပ်မပြောတော့သလို ကျိဟုန်ကျွင်းကလည်း စမပြောတော့ပေ။ သူက လျန်ဟွမ်း ပေးသည့် ဝက်ဆီဖတ်ကို ကုန်အောင် စားပြီးနောက် ပန်းကန်လုံးထဲကို မျက်လုံးဖြင့် တောက်လျှောက် ကြည့်နေသေးသည်။
ကျိဟုန်ကျွင်း၏ အကြည့်များက ပြင်းပြလွန်းသဖြင့် လျန်ဟွမ်း လျစ်လျူရှုထား၍ မရတော့ပေ။
"စားချင်သေးလို့လား"
ကျိဟုန်ကျွင်းက ခေါင်းညိတ်သည်။ "အင်း"
အရပ် ခြောက်ပေလောက်ရှိသည့် အမျိုးသားကြီးက ရင့်ကျက်တည်ငြိမ်သည့် မျက်နှာထားနှင့် ပါးစပ်မှ ဝက်ဆီဖတ် စားချင်တယ် ပြောနေလေရာ လျန်ဟွမ်းက ချစ်စရာကောင်းသည်ဟု ထင်သွားသည်။ ပန်းကန်လုံး ယူပြီး ဝက်ဆီဖတ် အနည်းငယ် ထည့်ကာ ဆားဖြူးပြီး ကျိဟုန်ကျွင်းကို ပေးလိုက်သည်။
"ဆားလေး နည်းနည်းဖြူးစားရင် ပိုစားကောင်းတယ်"
ကျိဟုန်ကျွင်းက ပန်းကန်လှမ်းယူပြီး ဆားဖြူးထားသော ဝက်ဆီဖတ် တစ်တုံး စားလိုက်သည်။ "အရမ်း စားကောင်းတယ်"
ကျိဟုန်ကျွင်း၏ ပုံစံကို ကြည့်ပြီး လျန်ဟွမ်း ပြုံးမိသည်။ အစားကြီးလိုက်တာ။ သို့သော် ဝက်ဆီဖတ်ကို သူလည်း စားချင်လာသည်။ လျန်ဟွမ်း တွေးရင်း ကိုယ့်အတွက် ဝက်ဆီဖတ် အနည်းငယ် ယူလိုက်သည်။ ဆီထဲတွင် ကြာကြာကြော်ထားသဖြင့် အီမနေဘဲ ကြွပ်ကြွပ်လေးနှင့် စားလို့ကောင်းသည်။
နှစ်ယောက်သား ဝက်ဆီဖတ် အနည်းငယ်စီ စားလိုက်ကြပြီး ဝက်သားအရသာကို ခံစားလိုက်ကြသည်။ ကျန်သည့် ဝက်ဆီဖတ်များကို ဟင်းချက်ရာတွင် သုံးရန် ချန်ထားရမည်။ လျန်ဟွမ်းက ထပ်မပေးတော့ဘဲ ကျန်သည့် ဝက်ဆီဖတ်များကို ဗီရိုထဲ သိမ်းလိုက်သည်။ ဟင်းချက်လျှင် အနံ့မွှေးအောင် ထည့်ရမည်။
နှင်းကျနေ၍ အပြင်မှာ သေလောက်အောင် အေးသည်။ လက်တွေ ခဲကုန်မတတ်ပင်။ ဒီအချိန်က လယ်ထဲဆင်းစရာ မလိုတော့ လျန်ဟွမ်း အပြင်မထွက်ရပေ။ ကျိဟုန်ကျွင်း ယူလာသည့် တောကြက်နှင့် ယုန်သားများကို ဆားနယ်ထားလိုက်သည်။ ဆားနယ်ထားသော အသားက ကြာကြာခံသဖြင့် စားစရာ မပူရတော့ပေ။
အိမ်မှာ အသား လုံလောက်ပြီ။ အသီးအရွက်ပဲ မရှိတာ။ ဆန်၊ ဂျုံနဲ့ ဟင်းသီးဟင်းရွက် ရှိရင် ကောင်းမှာပဲ။ ဟင်းသီးဟင်းရွက်ကို တွေးမိသောအခါ လျန်ဟွမ်းက သူမ၏ နေရာလွတ်ကို သတိရသွားသည်။ သူမ၏ နေရာလွတ်ထဲတွင် အာလူးများ အပင်ပေါက် မြန်သည်ဆိုတော့ ဟင်းနုနွယ်မျိုးစေ့များ ကြဲလိုက်လျှင် ပိုမြန်မလား မသိချေ။
အိမ်တွင် ဟင်းသီးဟင်းရွက်မျိုးစေ့ မရှိသဖြင့် လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ပြီး မေးလိုက်သည်။ 
"ဟုန်ကျွင်း ... ရှင် ဟင်းနုနွယ်မျိုးစေ့ ရှာပေးနိုင်မလား"
လျန်ဟွမ်းက အသားနယ်နေသည်။ ကျိဟုန်ကျွင်းက အသားမနယ်တတ်သဖြင့် အသားကို ကိုင်ပေးထားသည်။ လျန်ဟွမ်း ဆားဖြူးရ လွယ်အောင် ဖြစ်သည်။ သူမ စကားကြားသောအခါ ကျိဟုန်ကျွင်းက ပြန်ဖြေသည်။ "ဟင်းနုနွယ်မျိုးစေ့လား... ရွာထဲမှာတော့ ရှိလောက်တယ်"
"အင်း... ဒါဆို ခဏနေကျရင် ကျွန်မ အဒေါ်မာတို့အိမ် သွားကြည့်ပြီး မျိုးစေ့ သွားလဲလိုက်ဦးမယ်"
"ကောင်းပြီ"
မျိုးစေ့ကိစ္စ မေးပြီးသည်နှင့် လျန်ဟွမ်း အသားနယ်တာ ပိုမြန်လာသည်။ မကြာခင် တောကြက်နှင့် ယုန်သား အားလုံး ဆားနယ်ပြီးသွားသည်။ သူမက ကျိဟုန်ကျွင်းကို ပေးပြီး သိမ်းခိုင်းလိုက်သည်။ ပြီးနောက် ဧည့်ခန်းဘက် ထွက်သွားပြီး ကြက်ဥနှစ်လုံးယူကာ အဒေါ်မာတို့အိမ် သွားရန် ပြင်လိုက်သည်။
နှင်းများ တဖွဲဖွဲ ကျနေသည်။ ယခုခေတ်က ထီးရှိတဲ့အိမ် ရှားသည်။ မိုးရွာ၊ နှင်းကျလျှင် ဂုံနီအိတ်၊ ဖျာကြမ်းတို့ကို စောင်းကြတာ ဖြစ်သည်။ လျန်ဟွမ်းတို့အိမ်မှာ ထီးမရှိသဖြင့် အဒေါ်မာတို့အိမ်သို့ ပြေးသွားလိုက်သည်။ တံခါးဝရောက်သောအခါ တံခါးခေါက်လိုက်သည်။ အဒေါ်မာ တံခါးလာဖွင့်ပေးသောအခါ လျန်ဟွမ်းက ကိုယ်ပေါ်မှ နှင်းများကို ခါချပြီးမှ အိမ်ထဲ ဝင်လိုက်သည်။
အဒေါ်မာတို့ ဧည့်ခန်းထဲတွင် ဦးလေးမာက ဆေးတံသောက်နေသည်။ အဒေါ်မာက အချုပ်အလုပ် လုပ်နေသည်။ သူမ၏ တောင်းက ခုတင်ပေါ်တွင် ရှိနေသေးသည်။ လျန်ဟွမ်းကို တံခါးဖွင့်ပေးပြီး အိမ်ထဲ ဝင်လာစေကာ အဒေါ်မာက မေးလိုက်သည်။ "ဒီလောက် အေးတဲ့အချိန် ဘာလာလုပ်တာလဲ၊ အပြင်မှာ အေးတယ်မလား"
"ပြေးလာတာဆိုတော့ သိပ်မအေးပါဘူး အဒေါ်၊ ကျွန်မ ပစ္စည်း လာလဲတာ၊ အဒေါ်တို့အိမ်မှာ ဟင်းနုနွယ်မျိုးစေ့ ရှိသေးလား"
"ဟင်းနုနွယ်မျိုးစေ့တော့ ရှိပါတယ်၊ ဒါပေမဲ့ ဒီလို ဆောင်းတွင်းကြီး ယူပြီး ဘာလုပ်မလို့လဲ၊ စိုက်လို့မှ မရတာ" အဒေါ်မာက ပြောရင်း လျန်ဟွမ်းကို ဆွဲကာ ခုတင်ပေါ် ထိုင်စေပြီး အနွေးဓာတ် ယူစေသည်။
"မိဘအိမ်မှာတုန်းက ပညာတတ်လူငယ်တွေ ပြောတာ ကြားဖူးတယ်၊ ဆောင်းတွင်းလည်း ဟင်းသီးဟင်းရွက် စိုက်လို့ရတယ်တဲ့၊ စိုက်ကြည့်ချင်လို့ပါ" လျန်ဟွမ်းက ရိုးရိုးသားသား ဖြေလိုက်သည်။
"ဆောင်းတွင်းကြီး စိုက်လို့ရတယ် ဟုတ်လား၊ ဘယ်လို စိုက်မှာလဲ၊ နေဦး... ငါ မျိုးစေ့ သွားယူပေးမယ်၊ အိမ်မှာ ဟင်းနုနွယ်မျိုးစေ့၊ မုန်ညင်းဖြူ၊ မုန်လာဥ၊ ပဲသီး မျိုးစေ့တွေ ရှိတယ်၊ ညည်း ဘာလိုချင်လဲ" 
ဟင်းစားအတွက် ကိုယ်တိုင် စိုက်ရသည်ဖြစ်ရာ နွေဦးရောက်လျှင် စိုက်ပျိုးရန် မျိုးစေ့ အများကြီး ချန်ထားလေ့ရှိသည်။
"အဒေါ်... ကျွန်မကို နည်းနည်းစီ ပေးပါ၊ ကြက်ဥနဲ့ လဲမယ်၊ ကြက်ဥ ဘယ်နှလုံး ပေးရမလဲ" မျိုးစေ့တွေက နောက်နှစ် နွေဦးကျရင် စိုက်ဖို့ ချန်ထားသည်ဖြစ်ရာ သူမက အလကား မယူရက်ပေ။ ပိုက်ဆံပေးပြီး ဝယ်လို့လည်း မရတော့ လဲတာ အကောင်းဆုံးပဲ။
"ဘာလဲစရာ လိုလို့လဲ၊ မနေ့က ညည်း လာပို့တဲ့ ကြက်စွပ်ပြုတ်နဲ့ဆိုရင် ငါ့ဆီက မျိုးစေ့ ဆယ်ထုပ်ယူလည်း ငါက မြတ်နေဦးမှာ၊ မျိုးစေ့တွေ အများကြီး ရှိပါတယ်၊ လိုသလောက် ယူသွား" 
အဒေါ်မာ ပြောရင်း လျန်ဟွမ်း လက်ထဲသို့ မျိုးစေ့ နှစ်ထုပ် ထည့်ပေးလိုက်သည်။
"ဒီမှာ ဟင်းနုနွယ်၊ မုန်ညင်းဖြူနဲ့ ပဲသီး မျိုးစေ့တွေ ပါတယ်၊ ယူသွားပြီး စိုက်ကြည့်လိုက်" 
ဆောင်းတွင်းကြီး ဟင်းရွက်စိုက်တယ်ဆိုတာ သူ မကြားဖူးပေမဲ့ ဟုန်ကျွင်း မိန်းမက လာလဲတယ်ဆိုတော့ စမ်းဖို့ နည်းနည်း ပေးလိုက်မယ်။ မဖြစ်ဘူးဆိုရင် နောက်ဆို မစိုက်တော့ဘူးပေါ့။
လျန်ဟွမ်းက မျိုးစေ့ထုပ် ယူပြီး အိတ်ကပ်ထဲမှ ကြက်ဥကို အမြန်ထုတ်ကာ ခုတင်ပေါ် တင်ပေးခဲ့ပြီး အပြင်ထွက်ပြေးသည်။
"အဒေါ်... ကြက်ဥက မာကော်တုန်း စားဖို့ ထားခဲ့တာ၊ အိမ်မှာ ကိစ္စရှိသေးလို့ ပြန်တော့မယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် အဒေါ်မာတို့ အိမ်ထဲမှ ထွက်ကာ ကိုယ့်အိမ်သို့ အပြေးပြန်လာခဲ့သည်။
လျန်ဟွမ်းက အပြင်မှ အိမ်ထဲသို့ ကမန်းကတန်း ပြေးဝင်လာသည်။ တစ်ကိုယ်လုံး နှင်းတွေ ဖုံးနေသည်။ နှင်းတွေ အရည်ပျော်သွားရင် အဝတ်တွေ စိုကုန်တော့မယ်။ ကျိဟုန်ကျွင်းက ဖာထေးရာများဖြင့် ပြည့်နေသော အဝတ်တစ်ထည် ကမ်းပေးသည်။ "ခေါင်းသုတ်လိုက်၊ ကိုယ်ပေါ်က နှင်းတွေလည်း ခါချလိုက်ဦး"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ လက်ထဲမှ အဝတ်ကို ယူပြီး ခေါင်းပေါ်မှ နှင်းများကို ခါချလိုက်သည်။ အရည်ပျော်နေသော နှင်းများကို အဝတ်ဖြင့် သုတ်လိုက်သည်။ ကိုယ်ပေါ်က နှင်းများကို ခါချပြီးနောက် မျိုးစေ့များကို စားပွဲပေါ် တင်လိုက်သည်။
"အဒေါ်မာ့ဆီက မျိုးစေ့တွေ လဲလာတယ်၊ ကျိဟုန်ကျွင်း ... မီးဖိုချောင်က လူ မအိပ်တဲ့ ခုတင်မှာ ဟင်းသီးဟင်းရွက် စိုက်ကြမလား" မီးဖိုချောင်နေရာမှာ အရင်တုန်းက ထယ်တန့်နှင့်အာ့ယာတို့ အိပ်သည့်နေရာ ဖြစ်သည်။ အခု လူမအိပ်တော့ သူမက မီးဖိုချောင် လုပ်ထားလိုက်ရာ အပူပေးသည့် ခုတင်က အလကား ဖြစ်နေသည်။
သူမ နေရာလွတ်ထဲတွင် ဟင်းရွက် စိုက်ချင်သည်ဖြစ်ရာ အပြင်တွင် ဟန်ပြစိုက်ထားမှ နေရာလွတ်ထဲက ဟင်းရွက်များကို ထုတ်စားရန် အကြောင်းပြချက် ကောင်းမှာ ဖြစ်သည်။
လျန်ဟွမ်း၏ စကားကို ကျိဟုန်ကျွင်းက သိပ်စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ "ကောင်းပြီ၊ အရင်တုန်းက နံရံလုပ်တုန်းက မြေကြီး ကျန်သေးတယ်၊ အဲဒီမြေကြီးကို ခုတင်ပေါ် တင်လိုက်ရင် စိုက်လို့ရပြီ"
......
နှင်းက တစ်နေ့လုံး ကျနေပြီး ညနေမှ တိတ်သွားသည်။ မြေကြီးပေါ်တွင် နှင်းထုက ဆယ်စင်တီမီတာခန့် ထူနေသည်။ ခြေထောက် နင်းလိုက်လျှင် တကျွိကျွိ မြည်နေသည်။
ဒီလိုရာသီဥတုနဲ့ ကျိဟုန်ကျွင်း အပြင်ထွက်မယ် မထင်ထားပေ။ ထမင်းစားပြီးသောအခါ သူက ပန်းကန်ကို စားပွဲပေါ်တင်ပြီး လျန်ဟွမ်းကို ကြည့်ကာ ပြောသည်။ "ကိုယ် အပြင်ခဏ သွားဦးမယ်၊ ညကျရင် တံခါးပိတ်ပြီး စောစောအိပ်နှင့်"
လျန်ဟွမ်းက ချက်ချင်း ပန်းကန် ချလိုက်သည်။ "ဒီလို ရာသီဥတုကြီးမှာ အပြင်ထွက်ဦးမလို့လား၊ တောင်ပေါ်တက်ရင် အန္တရာယ် များတယ်၊ ဒီနေ့ မသွားပါနဲ့လား"
အိမ်မှာ အသား နည်းနည်း ရှိနေပြီး စားဖို့လောက်သည်။ ဤကဲ့သို့ ရာသီဥတုတွင် လမ်းများက ချောပြီး တောင်ပေါ်တွင် နှင်းများဖုံးလွှမ်းနေရာ အန္တရာယ်များလှသည်။
"တောင်ပေါ် မသွားပါဘူး၊ ဂရုစိုက်ပါ့မယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောသည်။
ကျိဟုန်ကျွင်းက သွားရန် ဆုံးဖြတ်ထားပုံရသည်။ လျန်ဟွမ်းက အတင်း မတားတော့ပေ။ ခဏတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ "အပြင်သွားရင် ဂရုစိုက်နော်"
ကျိဟုန်ကျွင်းက တောင်ပေါ်မသွားဘူးဆိုတော့ မြို့ပေါ်သွားတာ ဖြစ်လောက်သည်။ အိမ်က ဒယ်အိုးနှင့် ဓားမကြီးကို တွေးမိတော့ လျန်ဟွမ်း ရိပ်မိလိုက်သည်။ မှောင်ခိုဈေး သွားတာ ဖြစ်လောက်သည်။ ယခုခေတ်မှာ မှောင်ခိုဈေးက အန္တရာယ်များသည်။ သတိထားဖို့ လိုသည်။
"အင်း... ဂရုစိုက်ပါ့မယ်" ကျိဟုန်ကျွင်း၏ မျက်လုံးနက်နက်များက လျန်ဟွမ်းကို ကြည့်နေသည်။
ကျိဟုန်ကျွင်း၏ မျက်လုံးများကို ကြည့်ရင်း လျန်ဟွမ်း ရင်ခုန်မြန်သွားသည်။ သူမ မတ်တတ်ရပ်ပြီး ပန်းကန် သိမ်းလိုက်သည်။ "ဂရုစိုက်မယ်ဆို ပြီးတာပဲ၊ ကျွန်မ ပန်းကန် သွားဆေးလိုက်ဦးမယ်"
လျန်ဟွမ်းက ပန်းကန်ဆေးရန် ထွက်သွားသည်။ ကျိဟုန်ကျွင်းက အခန်းထဲတွင် ခဏ ရပ်နေပြီး လျန်ဟွမ်း ပြန်လှည့်မကြည့်တော့မှ တိုးတိုး ပြောလိုက်သည်။ "ကိုယ် သွားတော့မယ်"
ကျိဟုန်ကျွင်း ထွက်သွားပြီ ဖြစ်သည်။ လျန်ဟွမ်း လှည့်ကြည့်လိုက်ရာ ကျိဟုန်ကျွင်း၏ ကျောပြင်က နှင်းဖွေးဖွေးကြားတွင် ဝိုးတဝါး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
…
အခန်း (၁၈) 
ကျိဟုန်ကျွင်း အပြင်ထွက်သွားပြီးနောက် လျန်ဟွမ်းက ပန်းကန်ဆေးကြောပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ ကောင်းကင်က မှောင်ရုံပဲ ရှိသေးသဖြင့် အိပ်ရာဝင်ရန် စောနေသေးသည်။ ထို့ကြောင့် သူမက မီးဖိုချောင်ရှိ အပူပေး ခုတင်ပေါ်တွင် ဟင်းရွက်စိုက်ရန် ပြင်လိုက်သည်။
လျန်ဟွမ်းက ဝါးတောင်းယူကာ ခြံထောင့်မှ မြေကြီး သွားတူးရန် စိတ်ကူးလိုက်သော်လည်း ခြေလှမ်း နှစ်လှမ်းခန့် အရောက်တွင် သူမ၏ နေရာလွတ်ထဲရှိ ကြီးထွားနှုန်း မြန်သော အာလူးပင်များကို သတိရသွားသည်။ သူမ နေရာလွတ်ထဲ ဝင်လိုက်ပြီး နေရာလွတ်ထဲမှ မြေကြီးကို တောင်းထဲ ထည့်ကာ အပြင်သို့ ယူလာသည်။ တစ်တောင်းနှင့် မလောက်သဖြင့် လေးငါးခေါက်ခန့် သယ်လိုက်ရသည်။
အပူပေး ခုတင်ပေါ်တွင် မြေကြီးများ ခင်းပြီးသောအခါ လျန်ဟွမ်းက ဟင်းနုနွယ်၊ မုန်ညင်းဖြူ မျိုးစေ့များ ကြဲလိုက်သည်။ ပဲသီး မျိုးစေ့လည်း ငါးစေ့ ခြောက်စေ့ခန့် စိုက်လိုက်သည်။ စိုက်ပြီးသွားသောအခါ နေရာလွတ်ထဲမှ ရေကို ခပ်ယူပြီး ရေလောင်းလိုက်သည်။
အပြင်တွင် စိုက်ပြီးသွားသောအခါ လျန်ဟွမ်းက မျိုးစေ့များ ယူပြီး နေရာလွတ်ထဲ ဝင်လိုက်သည်။ နေရာလွတ်ထဲတွင် အရင်က တူးဆွထားသော စိုက်ခင်းများ ရှိသည်။ လျန်ဟွမ်းက ပဲသီး မျိုးစေ့များ ချလိုက်ပြီး ဘေးနားရှိ မြေကြီးကို ဆွကာ မုန်ညင်းဖြူနှင့် ဟင်းနုနွယ် မျိုးစေ့များကို ကြဲလိုက်သည်။
စိုက်ပျိုးရေးလုပ်လျှင် မြေသြဇာနှင့် ရေ လိုသည်။ နေရာလွတ်ထဲတွင် မြေသြဇာမရှိသဖြင့် လျန်ဟွမ်းက မျိုးစေ့ ကြဲပြီးသည်နှင့် ရေခပ်ပြီး လောင်းလိုက်သည်။ သူမ အလုပ်ပြီး၍ အပြင်ထွက်လာသောအခါ ညဥ့်နက်နေပြီ ဖြစ်သည်။ သူမ မီးဖိုချောင်မှ ထွက်လာပြီး အိပ်ခန်းသို့ ပြန်ရန် ပြင်လိုက်စဉ် ခြံထဲရှိ ခြံထောင့်မှ မြေကြီးပုံကို မြင်လိုက်ရသည်။
ဒီမြေကြီးပုံ မလျော့သွားရင် အပူပေး ခုတင်ပေါ်က မြေကြီးတွေ ဘယ်ကရလဲဆိုတာ သူမ ရှင်းပြလို့ရမှာ မဟုတ်ဘူး။
လျန်ဟွမ်းက တစ်ညလုံး စိုက်ပျိုးရေးလုပ်ထားရသဖြင့် ခါးနာ လက်နာ ဖြစ်နေသည်။ သို့သော် မြေကြီး ဘယ်က ရသလဲဆိုတာ အကြောင်းပြချက် ပေးနိုင်ရန် မီးဖိုချောင်သို့ ပြန်ဝင်ကာ တောင်းယူပြီး ခြံထဲမှ မြေကြီး သုံးတောင်းခန့် တူး၍ နေရာလွတ်ထဲ ပို့လိုက်ရသည်။
အားလုံး ပြီးသွားမှ လျန်ဟွမ်း အိပ်ခန်းသို့ ပြန်လာပြီး ခြေထောက်ဆေးကာ အိပ်ရာဝင်လိုက်သည်။
......
ညဉ့်နက်သန်းခေါင်အချိန်တွင် အလံနီအုပ်စု၏ အနောက်ဘက် တောင်ကုန်း၊ နှင်းဖုံးနေသော တောလမ်းတွင် အမျိုးသားတစ်ဦး လျှောက်သွားနေသည်။
တောနက်ထဲ ရောက်သောအခါ မနေ့က တောဝက်ဖမ်းခဲ့သည့် နေရာသို့ ကျိဟုန်ကျွင်းက ရောက်လာသည်။ မြေကြီးပေါ်တွင် တိုက်ခိုက်ထားသည့် အရာများနှင့် တောဝက်ခြေရာများ ရှိနေသည်။ ခြေရာက တစ်ကောင်တည်း မဟုတ်ပေ။
တောဝက် တစ်ကောင်၏ ခြေရာက တိုက်ခိုက်သည့် နေရာတွင် ရပ်တန့်သွားသော်လည်း နောက်ထပ် တောဝက် တစ်ကောင်၏ ခြေရာက နှင်းထဲတွင် တခြားဘက်သို့ ဦးတည်သွားသည်။ ခြေရာ သိပ်မထင်ရှားဘဲ နှင်းဖုံးနေသော်လည်း ပုံမှန် နှင်းပြင်နှင့် မတူဘဲ ခြေရာကျန်နေသည်ကို မြင်နေရသည်။
ကျိဟုန်ကျွင်းက ခြေရာအတိုင်း လိုက်သွားရာ တောင်ကြား ချိုင့်ခွက်လေး တစ်ခုသို့ ရောက်သွားသည်။ ကျိဟုန်ကျွင်းက ရပ်လိုက်ပြီး မျက်လုံးများ စူးရှကာ နားစွင့်လိုက်သည်။ အရှေ့ဘက် တည့်တည့်ကို ကြည့်လိုက်သည်။
အဲဒီမှာပဲ...။ တောဝက်တစ်ကောင် ဆောင်းခိုနေသည်ကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်းက အနားမကပ်ဘဲ တောင်ကြားထဲမှ ကျောက်ခဲတစ်လုံး ကောက်ယူလိုက်သည်။ လက်ကို အားစိုက်ပြီး ပစ်လိုက်ရာ ကျောက်ခဲက တောဝက်၏ အသက်သွေးကြော နေရာကို ထိမှန်သွားသည်။ တောဝက် အော်ဟစ်ကာ လဲကျသွားသည်။
ကျိဟုန်ကျွင်းက မီတာ ၂၀ အကွာမှ ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ တောဝက် လုံးဝ မလှုပ်တော့မှ ထရပ်ပြီး တောဝက်ဆီသို့ လျှောက်သွားသည်။ လဲကျနေသော တောဝက်ကို ကြည့်ပြီး ပခုံးပေါ် ထမ်းကာ မြို့ဘက်သို့ ထွက်လာခဲ့သည်။
မြို့အပြင် ရောက်သောအခါ ကျိဟုန်ကျွင်းက တောဝက်ကို နှင်းထဲတွင် မြှုပ်နှံထားလိုက်ပြီး ရင်းနှီးသော နေရာတစ်ခုသို့ ဦးတည်သွားလိုက်သည်။ နေရာမရောက်ခင် ကျိဟုန်ကျွင်း ရုတ်တရက် ရပ်လိုက်သည်။ မျက်နှာထား တင်းမာသွားသည်။
မှောင်ခိုဈေးဘက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ရန်ဖြစ်နေကြသည့် အသံများ ကြားနေရသည်။
ကျိဟုန်ကျွင်း နောက်ပြန်လှည့်လိုက်သည်။ မြို့ပြင်ရောက်တော့ တောဝက်ကို ပြန်ထမ်းပြီး ဆန့်ကျင်ဘက် အရပ်သို့ ထွက်လာခဲ့သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် ခရိုင်မြို့ မှောင်ခိုဈေးနှင့် ပတ်သက်သည့် အမှတ်တရ အချို့ ရှိသည်။ ခရိုင်မြို့က ဤနေရာနှင့် နည်းနည်း ဝေးသဖြင့် သူ မြန်မြန် သွားမှ ရမည်။
......
သန်းခေါင်ယံအချိန်။ ခရိုင်မြို့ လမ်းကြားလေး တစ်ခုတွင် ဖြစ်သည်။
ကျိဟုန်ကျွင်းက ဂွမ်းအင်္ကျီအစုတ် ဝတ်ထားပြီး မျက်နှာတွင် ပြာများ သုတ်ထားသည်။ မှောင်မည်းနေသဖြင့် သူ့ရုပ်ကို သေချာ မမြင်ရပေ။ နှင်းရောင်အောက်တွင် သူက အင်္ကျီကို ဆွဲစေ့ပြီး မျက်နှာတစ်ဝက်ကို ကွယ်ထားကာ လမ်းကြား အဆုံးသို့ လျှောက်သွားလိုက်သည်။
ညဘက် မှောင်ခိုဈေးတွင် ဈေးဝယ်သူ၊ ရောင်းသူများက သတိကြီးစွာဖြင့် ဟိုကြည့်သည်ကြည့် လုပ်နေကြသည်။ ဝယ်သူ ရှာသူကရှာ၊ ရောင်းသူ ရှာသူကရှာ ဖြစ်နေကြသည်။
ကျိဟုန်ကျွင်း ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းလိုက်စဉ် လူတစ်ယောက်နှင့် ဝင်တိုက်မိသည်။ ဝင်တိုက်မိသူမှာ ကောင်လေးတစ်ယောက် ဖြစ်သည်။ ကောင်လေး၏ မျက်နှာမှာ မည်းနက်နေပြီး မျက်နှာပေါက် သေချာ မမြင်ရပေ။ နှင်းရောင်ပြန်နေသဖြင့် သူ၏မျက်လုံး ဝိုင်းဝိုင်းလေးများ တောက်ပနေသည်ကိုသာ တွေ့ရသည်။
ကောင်လေးက ကျိဟုန်ကျွင်းကို ဝင်တိုက်မိပြီးနောက် မျက်လုံးကစားလိုက်ပြီး အနားကပ်ကာ တိုးတိုးလေး မေးသည်။ "သီးနှံ လိုချင်လား"
သီးနှံ ဟုတ်လား။ ကျိဟုန်ကျွင်း မျက်လုံး အရောင်တောက်သွားသည်။ "ဘာတွေ ရှိလဲ"
"ဆန်ကွဲ၊ ဂျုံကြမ်း၊ ကန်စွန်းဥ၊ အာလူး" ကောင်လေးက ပြောရင်း ဘေးဘီ ဝဲယာ ကြည့်လိုက်သည်။ ဘယ်သူမှ သတိမထားမိတာ သေချာတော့မှ အသံနှိမ့်ပြီး ဆက်ပြောသည်။ "ပစ္စည်းကောင်းတွေလည်း ရှိသေးတယ်၊ ဆန်နဲ့ ဂျုံနု... ယူမလား"
"ဘယ်လို အရောင်းအဝယ် လုပ်မလဲ" သီးနှံရှိရင် ဗိုက်ဝအောင် စားနိုင်ပြီဆိုတော့ သေချာပေါက် လိုချင်တာပေါ့။
"ကျုပ်နောက် လိုက်ခဲ့" ကောင်လေးက ကျိဟုန်ကျွင်းကို ခေါ်ပြီး အတွင်းဘက် ဝင်သွားသည်။ 
လမ်းကြားအဆုံးရောက်သောအခါ ကောင်လေးက ထောင့်ချိုးတစ်ခုသို့ လျှောက်သွားပြီး ကျိဟုန်ကျွင်းကို ကြည့်ကာ မေးသည်။ "တံတိုင်း ကျော်နိုင်လား"
"ရတယ်" ကျိဟုန်ကျွင်း ဖြေလိုက်သည်။
"ကျုပ် အရင် သွားနှင့်မယ်၊ ခင်ဗျား နောက်က လိုက်ခဲ့" ကောင်လေးက ပြောပြီးသည်နှင့် လျင်မြန်စွာ တံတိုင်းပေါ် ကျော်တက်သွားသည်။
ကျိဟုန်ကျွင်းက ရှေ့က တံတိုင်းကို ကြည့်ပြီး ခုန်တက်လိုက်သည်။
ကောင်လေးက ကျိဟုန်ကျွင်း ခုန်ကျော်လာသည်ကို မမြင်လိုက်ပေ။ သူတက်သလို တက်လာသည်ဟု ထင်နေသည်။ ကျိဟုန်ကျွင်း ဆင်းလာသည်ကို မြင်တော့ သူက အတွင်းဘက်သို့ ဆက်ခေါ်သွားသည်။
သူတို့ ရောက်နေသည်က ဝင်းနှစ်ထပ်ပါသော အိမ်တစ်အိမ် ဖြစ်သည်။ ပထမဝင်းထဲ ဝင်ပြီးနောက် နောက်ထပ် တံခါးပေါက်ငယ်မှ တဆင့် အတွင်းဘက် ဝင်းထဲ ဝင်လိုက်သည်။ အတွင်းဘက် ဝင်းက အပြင်ဘက် ဝင်းထက် ပိုကျယ်သည်။ အပြင်ဘက် ဝင်းက လူသူအမြင် ကွယ်အောင် လုပ်ထားခြင်း ဖြစ်ပုံရသည်။
ကောင်လေးက ကျိဟုန်ကျွင်းကို ဝင်းထဲ ခေါ်လာပြီး လှည့်ပြောသည်။ "ဒီမှာ စောင့်နေ၊ ခဏနေ ကျုပ် လာခေါ်မယ်"
ကောင်လေး ဝင်သွားပြီး မကြာခင် ပြန်ထွက်လာသည်။ ကျိဟုန်ကျွင်းကို ပြောသည်။ "ဝင်ခဲ့တော့"
ကျိဟုန်ကျွင်းက ကောင်လေးနောက်မှ လိုက်ဝင်သွားသည်။ အခန်းထဲတွင် လူလတ်ပိုင်းအရွယ်အရွယ် အမျိုးသားတစ်ဦးက စားပွဲတွင် ထိုင်နေသည်။ ကျိဟုန်ကျွင်းကို မြင်သောအခါ မျက်လုံး အရောင်တောက်သွားပြီး မတ်တတ်ရပ်ကာ နှုတ်ဆက်သည်။ "ညီလေး ရောက်လာပြီလား၊ အိမ်မှာ စားစရာ ပြတ်နေလို့လား၊ ဘာလဲချင်လို့လဲ"
"အကုန် လိုချင်တယ်"
သီးနှံမျိုးစုံ လိုချင်တယ်ဆိုတော့ ဖောက်သည်ကြီးပဲ။ လူလတ်ပိုင်းအရွယ်အရွယ် အမျိုးသား၏ အပြုံးက ပိုပီပြင်လာသည်။ ကောင်လေးကို လက်ပြပြီး အပြင်ထွက်ခိုင်းလိုက်သည်။
ကောင်လေး ထွက်သွားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်နှာတည်သွားသည်။ 
"ညီလေး... ကျုပ်ဆီမှာ ပစ္စည်းလဲရင် တန်ဖိုးတူ လဲတာ မဟုတ်ဘူးနော်၊ ကြက်ဥ သုံးလုံးမှ တစ်လုံး ပြန်ရမှာ၊ သီးနှံမျိုးစုံ ယူမယ်ဆိုတော့ မနည်းဘူးနော်၊ တတ်နိုင်ပါ့မလား"
သုံးဆ ပေးရမယ်ဆိုတာ သမဝါယမဆိုင်ထက် သုံးဆ ဈေးကြီးတာပဲ။ ကျိဟုန်ကျွင်း တွေးလိုက်သည်။ ဒီနေ့ရတဲ့ တောဝက်က မနေ့ကထက် ပိုကြီးသည်။ ကျင်း ၆၀လောက် ရှိမည်။ သီးနှံ လဲ၍ရသော်လည်း သုံးဆ ဈေးကြီးတာက များလွန်းသည်။
"ကျုပ်ဆီမှာ အသား ရှိတယ်၊ အသားနဲ့ လဲရင် ဘယ်လို လဲမလဲ" ကျိဟုန်ကျွင်း မျက်လုံးနက်နက်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
အသား ဟုတ်လား။ လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများ အရောင်တောက်သွားသည်။ နှစ်သစ်ကူးရန် နှစ်ရက်သာ လိုတော့သည်။ အသားက ရှားပါးပစ္စည်း ဖြစ်နေသည်။ မြို့နေလူတန်းစားများ ခွဲတမ်းရသော်လည်း အသားလက်မှတ်က အကန့်အသတ် ရှိသည်။ သမဝါယမဆိုင်မှာလည်း အသားက နည်းနည်းပဲ ရှိသည်။ လူအများစု နှစ်သစ်ကူးမှာ အသား ဝယ်မစားနိုင်ကြပေ။ အသား ရလာရင် သူ လေးဆ ဈေးတင်ပြီး ရောင်းလို့ရသည်။
"ဘာအသားလဲ၊ ဘယ်လောက် ရှိလဲ" လူလတ်ပိုင်းအရွယ် အမျိုးသားက ကျိဟုန်ကျွင်း အနားတိုးကာ မေးသည်။
"တောဝက်သား၊ ကျင်း ၆၀ လောက် ရှိမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်လှုပ်ရှားလွန်းလို့ ထခုန်မတတ် ဖြစ်သွားသည်။ ကျင်း ၆၀ ကျော် တောဝက်ဆိုရင် အမြတ်အများကြီး ရမှာပဲ။
လူလတ်ပိုင်းအရွယ် အမျိုးသားက ဝက်သားအကြောင်း တွေးရင်း ကျိဟုန်ကျွင်း၏ နက်ရှိုင်းသော မျက်လုံးများကို ကြည့်လိုက်သည်။ ကျင်း ၆၀ တောဝက်ကို ဖမ်းနိုင်တဲ့ လူဆိုတော့ သာမန်လူ မဟုတ်လောက်ဘူး။
"လဲလို့ရတယ်၊ ညီလေး ဘယ်လို လဲချင်လဲ"
"အသား တစ်ကျင်းကို ဆန်နဲ့ဂျုံနု နှစ်ကျင်း၊ နှံစားပြောင်းနဲ့ကန်စွန်းဥ သုံးကျင်းကို အသား တစ်ကျင်းနှုန်းနဲ့ လဲမယ်" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ပြောသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ထဲ တွက်ကြည့်လိုက်သည်။ လဲလို့တော့ ရပါတယ်။ ဒါပေမဲ့ သူ အမြတ်နည်းသွားမှာ။
"များလွန်းတယ် ညီလေးရာ... ဆန်နဲ့ဂျုံနုဆိုရင် အသား တစ်ကျင်းကို တစ်ကျင်းပဲ၊ နှံစားပြောင်း၊ ဂေါ်ဖီနဲ့ အာလူးဆိုရင် အသား တစ်ကျင်းကို နှစ်ကျင်းပဲ ပေးနိုင်မယ်၊ ဒါ အမှန်ကန်ဆုံး ဈေးပဲ၊ တခြားနေရာ သွားလဲရင် ဒီဈေး မရဘူး"
ကျိဟုန်ကျွင်း၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။ "အစ်ကိုကြီးက ရိုးရိုးသားသား မလဲချင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့"
ကျိဟုန်ကျွင်း မတ်တတ်ရပ်ပြီး ပြန်ရန် ပြင်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသား အံကြိတ်လိုက်သည်။ "ညီလေး နေပါဦး၊ ကျုပ် သဘောတူပါတယ်၊ လဲမယ်၊ ဒါပေမဲ့ ဝက်သားက ဘယ်မှာလဲ"
"မြို့ပြင်မှာ၊ လူနည်းနည်း ခေါ်ပြီး ကျုပ်နဲ့အတူ လိုက်သယ်ပေး"
မြို့ပြင်တွင် ကျိဟုန်ကျွင်းက လူများကို သူ တောဝက် ဝှက်ထားသော နေရာသို့ ခေါ်သွားသည်။ တောဝက်ကို ဆွဲထုတ်ပြီး လက်တစ်ဖက်တည်းဖြင့် မကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ တွန်းလှည်းပေါ် တင်လိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျိဟုန်ကျွင်း လက်တစ်ဖက်တည်းဖြင့် တောဝက်ကို မလိုက်သည်ကို မြင်သောအခါ မျက်လုံးပြူးသွားသည်။ ဒီတောဝက်က အနည်းဆုံး ကျင်း ၆၀ လောက် ရှိတာကို လက်တစ်ဖက်တည်းနဲ့ မ နိုင်တယ်ဆိုတော့ ဒီလူ အားဘယ်လောက်သန်လဲ။
လူလတ်ပိုင်းအရွယ် အမျိုးသားက စိတ်ထဲ တုန်လှုပ်သွားပြီး ကျိဟုန်ကျွင်းကို အထင်သေးရဲခြင်း မရှိတော့ပေ။ သူ့လူများကို တောဝက် အမြန်သယ်ခိုင်းလိုက်ပြီး သူလည်း ကျိဟုန်ကျွင်းနှင့်အတူ ပြန်လိုက်သွားသည်။
"ညီလေး... ကျုပ်နာမည်က နျူစစ်ပါ၊ နောက်ဆိုရင် ဒီလို ပစ္စည်းမျိုး ရှိရင် ကျုပ်ဆီ လာပို့လို့ ရတယ်၊ ညီလေး ဘာလိုချင်လဲ ကြိုပြောထား၊ ကျုပ် ရှာပေးမယ်"
မှောင်ခိုဈေးက လူတွေက ကိုယ့်နာမည်ကိုယ် ပြောလေ့မရှိကြပေ။ နျူစစ်က နာမည်ပြောတယ်ဆိုတာ မိတ်ဖွဲ့ချင်ပြီး ရေရှည် လက်တွဲချင်လို့ ဖြစ်သည်။
မြို့နယ် မှောင်ခိုဈေး၏ ဈေးနှုန်းက ခရိုင်မြို့လောက် မကောင်းပေမဲ့ ရေရှည် လက်တွဲဖော် ရှိတာလည်း ကောင်းသည်။
"ကောင်းပြီ" ကျိဟုန်ကျွင်းက နျူစစ် စကားကို လက်ခံလိုက်သော်လည်း သူ၏နာမည်ကိုတော့ ထုတ်မပြောပေ။
တောဝက်ကို ပြန်သယ်သွားပြီး နျူစစ်၏ လူတွေက ချက်ချင်း ဖျက်ကြသည်။ ကျင်း ၆၀ကျော် လေးသော တောဝက်ကို အမွှေးနုတ်၊ ကလီစာထုတ်ပြီးချိန်တွင် အသားသီးသန့် ကျင်း ၄၀ ကျန်သည်။
ကျိဟုန်ကျွင်းက ဝက်သတ်သမားများကို ဝက်ရိုး အနည်းငယ် ပေးလိုက်သည်။ ကျန်သည့် ဝက်နံရိုး၊ ဝက်အဆုတ်၊ ဝက်ခေါင်း ဝက်လက်များကို သူ ယူလိုက်သည်။ ထို့အပြင် ဝက်သုံးထပ်သား ၃ ကျင်း ချန်ထားပြီး ကျန်သည့် ဝက်သား ကျင်း ၄၀ နီးပါးတွင် ကျိဟုန်ကျွင်းက ဝက်သား ကျင်း ၃၀ကို ဆန်နှင့် ဂျုံနု ကျင်း ၃၀၊ နှံစားပြောင်း ကျင်း ၆၀နှင့် လဲလိုက်သည်။ ကျန်သည့် ဝက်သား ၁၀ ကျင်းကို တစ်ပေါင် ၈ ဆင့်နှုန်းဖြင့် ၂၄ ယွမ် ရလိုက်သည်။
ပစ္စည်းလဲပြီးချိန်တွင် မနက် ၃ နာရီ ထိုးနေပြီ ဖြစ်သည်။ ကျိဟုန်ကျွင်းက အမြန်ပြန်မှ ရပေမည်။ ခရိုင်မြို့နှင့် အိမ်က ဝေးသည်။ လမ်းလျှောက်ပြန်ရင် တစ်နာရီခွဲလောက် ကြာမည်။ နောက်ကျရင် မိုးလင်းသွားလိမ့်မည်။
နျူစစ်က ကျိဟုန်ကျွင်း၏ သီးနှံများကို ကြည့်ပြီး တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်သောအခါ ကျိဟုန်ကျွင်းကို ခေါ်လာသည့် ကောင်လေးကို လှမ်းခေါ်လိုက်သည်။ "ဟေးဇီး... မင်း ဒီဘက်လာဦး၊ တွန်းလှည်းနဲ့ ညီလေးရဲ့ သီးနှံတွေ လိုက်ပို့ပေးလိုက်"
သီးနှံ လိုက်ပို့ပေးမဲ့လူရှိတော့ ကျိဟုန်ကျွင်း မငြင်းတော့ပေ။ နျူစစ်ကို လှည့်ကြည့်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ "ကျေးဇူးပါပဲ"
"ရပါတယ်၊ ကိစ္စသေးလေးပါ၊ ညီလေး နောက်တစ်ခါ အသားရရင် ဒီဘက် လာပို့ဖို့ မမေ့နဲ့ဦး" အသားက ပိုက်ဆံရသည်။ ပြီးတော့ အခုချိန် လယ်ထဲတွင် သီးနှံ မပေါ်သေးချေ။ သမဝါယမဆိုင်မှာ အသားမရှိချိန် အသားလေးစားရရင် ဗိုက်ဝသလို အာသီသလည်း ပြေသည်။
"ဟုတ်ကဲ့၊ အစ်ကိုနျူဆီ လာပို့ပါ့မယ်" ကျိဟုန်ကျွင်းက ပြောလိုက်သည်။ ဟေးဇီးက သီးနှံများကို တွန်းလှည်းပေါ် တင်ပြီးပြီ ဖြစ်သဖြင့် သူလည်း ဟေးဇီး နှင့်အတူ ထွက်လာခဲ့သည်။
အပြန်လမ်းတွင် ကျိဟုန်ကျွင်းက ဟေးဇီးကို အိမ်အထိ အလိုက်မခံဘဲ တောင်ခြေရောက်တော့ ပြန်ခိုင်းလိုက်သည်။ ဟေးဇီး ဝေးဝေးရောက်သွားပြီး ပုံရိပ် မမြင်ရတော့မှ ကျိဟုန်ကျွင်းက မြေကြီးပေါ်ရှိ သီးနှံအိတ် သုံးအိတ်၊ ဝက်နံရိုးအိတ်တစ်ဝက်၊ ဝက်ခေါင်းနှင့် အသားများကို ကြည့်လိုက်သည်။ သူက အသားနှင့် အစိုဓာတ်ခံသော သီးနှံများကို နှင်းပုံထဲ ဝှက်ထားလိုက်သည်။
သီးနှံ နှစ်အိတ်ကို ထမ်းပြီး အိမ်ပြန်လာခဲ့သည်။
ကျိဟုန်ကျွင်းက လက်တစ်ဖက်လျှင် သီးနှံတစ်အိတ်စီ ထမ်းကာ အိမ်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ကျိဟုန်ကျွင်းက တံခါးကို ဖြည်းညင်းစွာ ဖွင့်ဝင်လိုက်သည်။ သို့သော် သီးနှံအိတ်များ ထမ်းထားသဖြင့် အသံအနည်းငယ် ထွက်သွားသည်။ အိပ်ရာပေါ်တွင် အိပ်နေသော လျန်ဟွမ်း အသံကြားတော့ နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သီးနှံအိတ်နှစ်အိတ် ထမ်းကာ အခန်းထဲတွင် ရပ်နေသော ကျိဟုန်ကျွင်း ကို တွေ့လိုက်ရသည်။
 …
အခန်း (၁၉) 
လျန်ဟွမ်း မျက်တောင်ခတ်လိုက်ပြီး အသိဝင်လာသည်။ သူမက မျက်လုံးဖွင့်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ကျိဟုန်ကျွင်း ... ရှင် ထမ်းလာတာ ဘာတွေလဲ"
အိတ်နှစ်အိတ်က လေးလောက်သည်။ ကျိဟုန်ကျွင်းကတော့ ဘာမှမဖြစ်သလို ထမ်းလာသည်။ အထဲက ပစ္စည်းတွေက ပေါ့လို့လား။
"သီးနှံတွေ" ကျိဟုန်ကျွင်းက ပြောရင်း ပခုံးပေါ်မှ သီးနှံအိတ်များကို အောက်ချလိုက်သည်။
သီးနှံဆိုသည့် စကား ကြားတာနှင့် လျန်ဟွမ်းက အိပ်ရာပေါ် ဆက်မနေတော့ဘဲ ဂွမ်းအင်္ကျီကို အမြန်ဝတ်ပြီး ကျိဟုန်ကျွင်း ဘေးနား သွားထိုင်ကာ အိတ်ကို စမ်းကြည့်လိုက်သည်။
အိတ်ကို စမ်းကြည့်လိုက်သည်နှင့် အထဲမှ အစေ့အဆန်လေးများကို ခံစားမိသည်။ ဂျုံလား ဆန်လားတော့ မသိဘူး။ ဒါပေမဲ့ ဂျုံပဲဖြစ်ဖြစ် ဆန်ပဲဖြစ်ဖြစ် ကောင်းတာပဲ။ ဂျုံဆိုရင် ပေါက်စီ လုပ်စားလို့ရသည်။ ဆန်ဆိုရင်တော့ ထမင်းဖြူလေး ချက်စားလို့ရပြီ။
"ဒါ ဆန်တွေလား" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို အံ့ဩသလို မေးလိုက်သည်။
"ဟုတ်တယ်၊ ဆန်တွေ" ကျိဟုန်ကျွင်း၏ အသံနက်နက် ထွက်ပေါ်လာသည်။
လျန်ဟွမ်းက ဝမ်းသာအားရ ဖြစ်သွားသည်။ "တကယ်လား... ဒီလောက် အများကြီး"
"အင်း... သိပ်မများပါဘူး၊ ကျင်း ၅၀ လောက်ပဲ ရှိတာ" ကျိဟုန်ကျွင်းက တည်ငြိမ်စွာ ဖြေသည်။
"ကျင်း ၅၀ ဆိုတာ များတာပေါ့" အိမ်ခွဲတုန်းက သူတို့ ကျင်း ၅၀ တောင် မရခဲ့ဘူး။
"ဒီအိတ်ထဲမှာက ဘာတွေလဲ" လျန်ဟွမ်းက ကျန်တစ်အိတ်ကို မေးလိုက်သည်။
"ဂျုံနုနဲ့ ဂျုံကြမ်း၊ နောက်ဖေး တောင်ပေါ်မှာ သီးနှံ နည်းနည်း ကျန်သေးတယ်၊ သွားသယ်လိုက်ဦးမယ်" 
ကျိဟုန်ကျွင်းက ပြောရင်း အပြင်ထွက်ရန် ပြင်လိုက်သည်။
အပြင်မှာ သီးနှံတွေ ရှိသေးတယ် ဟုတ်လား။ လျန်ဟွမ်း အခန်းထဲတွင် မနေနိုင်တော့ဘဲ ကျိဟုန်ကျွင်းနောက် လိုက်သွားသည်။ "နေဦး... ကျွန်မလည်း လိုက်ခဲ့မယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း နောက်မှ အပြေးလိုက်သွားသည်။ နောက်ဖေး တောင်ပေါ် ရောက်သောအခါ ကျိဟုန်ကျွင်းက နှင်းပုံကို ဖွင့်လိုက်ရာ အိတ်အကြီးကြီး တစ်လုံး ပေါ်လာသည်။
အခုအိတ်က ခုနက အိတ်တွေထက် အများကြီး ပိုကြီးသည်။ အိမ်က အိတ်တွေထက် နှစ်ဆလောက် ကြီးမည်။ အိတ်ထဲတွင် ပစ္စည်းများ အပြည့် ရှိသည်။
ကျိဟုန်ကျွင်းက ကုန်းပြီး အိတ်ကို မလိုက်သည်။ လျန်ဟွမ်းက သူ မ နေသည်ကို မြင်သောအခါ အနားသွားပြီး ပြောသည်။ "ရှင် အိတ်ကြီးကို ထမ်း၊ အိတ်သေးကို ကျွန်မ ထမ်းမယ်"
လျန်ဟွမ်းက ပြောရင်း အိတ်ကို လှမ်းကိုင်လိုက်ရာ ကျိဟုန်ကျွင်း၏ လက်နှင့် ထိမိသွားသည်။
သူမက စောင်ထဲကနေ အခုမှ ထွက်လာတာဖြစ်သည်။ အိမ်ကနေ တောင်ပေါ်အထိ တစ်ကီလိုမီတာလောက် လမ်းလျှောက်လာရတော့ ကိုယ်ပေါ်က အနွေးဓာတ်တွေ ကုန်ပြီး အေးစက်နေသည်။ သူမလက်တွေ အေးစက်နေသည်။ ကျိဟုန်ကျွင်း လက်ကတော့ နွေးနေသည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ နွေးထွေးသော လက်နှင့် ထိမိသောအခါ ဓာတ်လိုက်သွားသလို ခံစားလိုက်ရပြီး လက်ကို ပြန်ရုတ်လိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း ထိလိုက်သည့် သူ့လက်ကို ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်များက နက်ရှိုင်းသွားသည်။ အိတ်ကို ပေါ့ပါးစွာ ပခုံးပေါ် ထမ်းလိုက်ပြီး လျန်ဟွမ်းကို ကြည့်ကာ ပြောသည်။ 
"ပြန်ကြစို့"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် အိမ်ပြန်လမ်းသို့ လျှောက်သွားသည်။ လျန်ဟွမ်းလည်း ပြန်ဖြေပြီး သူ့နောက် လိုက်သွားသည်။
နှစ်ယောက်သား အိမ်ရှေ့ရောက်သောအခါ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို အိတ်ထမ်းပြီး အရင် ဝင်ခိုင်းလိုက်သည်။ သူမက တံခါးကို လုံအောင် ပိတ်ပြီး အတွင်းကနေ သော့ခတ်လိုက်သည်။
တံခါးပိတ်ပြီးနောက် လျန်ဟွမ်းက အခန်းထဲ ဝင်လာသည်။ သူမ အခန်းထဲ ရောက်သောအခါ ကျိဟုန်ကျွင်းက အိတ်နှစ်အိတ်ကို ကြမ်းပြင်ပေါ် ချထားပြီး အင်္ကျီချွတ်ကာ အိပ်ရန် ပြင်နေသည်။
လျန်ဟွမ်းက သီးနှံကိစ္စကို မေးချင်သော်လည်း ကျိဟုန်ကျွင်း အင်္ကျီချွတ်နေသည်ကို မြင်ပြီး မိုးလင်းတော့မည့် ကောင်းကင်ကို ကြည့်ကာ မမေးတော့ပေ။ တံခါးပိတ်ပြီး အခန်းထဲ ဝင်လိုက်သည်။
ကျိဟုန်ကျွင်း ပုံစံကြည့်ရတာ တစ်ညလုံး မအိပ်ရသေးဘူး ထင်တယ်။ သူမ မနှောင့်ယှက်တော့ဘူး။ အိပ်ပါစေတော့။ သီးနှံကိစ္စက မိုးလင်းမှ ကြည့်တော့မယ်။
လျန်ဟွမ်းက တွေးရင်း ခုတင်ဘေးသို့ လျှောက်သွားသည်။ ကျိဟုန်ကျွင်းက ခုတင်တစ်ဖက်အစွန်းတွင် လှဲနေပြီဖြစ်သည်။ သူမလည်း ဂွမ်းအင်္ကျီကို ချွတ်ပြီး တဖက်တွင် ဝင်လှဲလိုက်သည်။
စောင်ထဲ ဝင်လိုက်သည်နှင့် တစ်ကိုယ်လုံး နွေးသွားသည်။ ဆောင်းတွင်းမှာ အပူပေး ခုတင်ပေါ် အိပ်ရတာ အကောင်းဆုံးပဲ။ လျန်ဟွမ်း ပြုံးလိုက်ပြီး ကိုယ်ကို လှည့်လိုက်ရာ ခြေထောက်က ကျိဟုန်ကျွင်း ခြေထောက်နှင့် သွားထိသည်။
လျန်ဟွမ်းကိုယ်လုံး တောင့်တင်းသွားပြီး ခြေထောက်ကို ချက်ချင်း ရွှေ့လိုက်သည်။ ပက်လက် ပြန်လှန်ပြီး မလှုပ်ရဲတော့ပေ။
ခုတင် တစ်ဖက်ခြမ်းမှ ကျိဟုန်ကျွင်းလည်း တောင့်တင်းသွားသည်။ ခြေဖဝါးတွင် အေးစက်စက် အထိအတွေ့လေး ကျန်နေသေးသည်။ အေးမြမြ ခံစားချက်က သူ့ရဲ့ ပူနွေးနေတဲ့ ခြေဖဝါးကို တစ်မျိုးလေး ခံစားရစေသည်။
......
လဆုတ် ၂၉ ရက်၊ နေသာသော နေ့တစ်နေ့တွင် ဖြစ်သည်။
လျန်ဟွမ်း မျက်လုံးဖွင့်လိုက်တော့ တံခါးကြားမှ နေရောင် ဖြာကျနေသည်။ သူမက ဂွမ်းအင်္ကျီကို ဝတ်ကာ ခြေအိတ်စွပ်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ကျိဟုန်ကျွင်းဘက် လှမ်းကြည့်လိုက်ရာ သူက အိပ်ပျော်နေတုန်းဖြစ်သည်။ အိပ်မောကျနေသည်။ မိုးလင်းခါနီးမှ ပြန်ရောက်လာသည်ဖြစ်ရာ လျန်ဟွမ်း သူ့ကို မနှိုးရက်ဘဲ အသာလေး ထွက်လာခဲ့သည်။
ဧည့်ခန်းထဲ ရောက်သောအခါ လျန်ဟွမ်း မီးဖိုချောင်က ပန်းကန်လုံး ယူလာပြီး ဆန်ထည့်ကာ ဆန်ပြုတ် ပြုတ်ရန် ပြင်သည်။
လျန်ဟွမ်း ဧည့်ခန်းထဲ ဝင်ပြီး ဆန်အိတ်ဖွင့်ကာ ဆန်တစ်လုံး ခပ်လိုက်သည်။ ဆန်က သိပ်မဖြူသော်လည်း ဆန်အဟောင်း ဖြစ်ပုံရသည်။ ဆန်ဟောင်းဆိုပေမဲ့ သူတို့အတွက်တော့ ကောင်းနေတာပါပဲ။
ဆန်ခပ်ပြီးတော့ လျန်ဟွမ်းက ချက်ချင်း ထွက်မသွားသေးဘဲ ဘေးနားက အိတ်တွေကို ကြည့်လိုက်သည်။ ဆန်ပန်းကန် ဘေးချပြီး အိတ်တွေကို အသာလေး ဖွင့်ကြည့်သည်။
အိတ်တွေ တစ်လုံးပြီးတစ်လုံး ဖွင့်ကြည့်ရင်း လျန်ဟွမ်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ကျိဟုန်ကျွင်း နိုးသွားမှာစိုးလို့ အသံမထွက်ရဲပေ။
ဆန်၊ ဂျုံနု၊ ဂေါ်ဖီထုပ်၊ အာလူး၊ ပြီးတော့ ဝက်ခေါင်းနဲ့ ဝက်နံရိုးတွေ။ ဒါတွေ အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပဲ။ ကျိဟုန်ကျွင်း ဘယ်က ရလာတာလဲ။
လျန်ဟွမ်း စိတ်ထဲ မေးခွန်းတွေ ပြည့်နေပေမဲ့ ကျိဟုန်ကျွင်း အိပ်နေတော့ နှိုးမမေးရက်ပေ။ စပ်စုချင်စိတ်ကို ထိန်းပြီး သူ နိုးလာမှပဲ မေးတော့မယ်။
လျန်ဟွမ်းက ဆန်ပန်းကန်ကို မီးဖိုချောင် ပို့လိုက်သည်။ ပြီးနောက် ဇလုံတစ်လုံး ယူလာပြီး ဂျုံ ၈ ကျင်းခန့်နှင့် ဂေါ်ဖီထုပ်တစ်ထုပ် ယူသွားသည်။
ကျိဟုန်ကျွင်း မနေ့ညက တစ်ညလုံး မအိပ်ဘဲ သီးနှံတွေ ရှာလာတာဆိုတော့ မနက်စာ ကောင်းကောင်း ကျွေးမှ ဖြစ်မယ်။ ဆန်ပြုတ် သက်သက်ဆို မဖြစ်ဘူး။
ဇလုံနှင့် ဂေါ်ဖီထုပ် ကိုင်ပြီး မီးဖိုချောင်ထဲ ဝင်လိုက်သည်။ လျန်ဟွမ်း ဂျုံနယ်ပြီး ဂေါ်ဖီလိပ် လုပ်သည်။ ပြီးနောက် ဒယ်အိုးထဲ ရေထည့်ကာ အိုးပူလာသောအခါ ဂေါ်ဖီထုပ်လိပ်ကို ကပ်လိုက်သည်။
မုန့်ကျက်သောအခါ ဆန်ပြုတ်ပြုတ်ပြီး ကြက်ဥနှစ်လုံး ပြုတ်လိုက်သည်။ ကြက်ဥက ကျိဟုန်ကျွင်း အတွက် အားဆေးပေါ့။
မနက်စာ ရပြီ။ လျန်ဟွမ်းက အခန်းထဲ သွားကြည့်တော့ ကျိဟုန်ကျွင်း မနိုးသေးပေ။
သူမ တံခါး အသာပိတ်ပြီး မီးဖိုချောင် ပြန်လာကာ မနက်စာ စားလိုက်သည်။ ကျိဟုန်ကျွင်းအတွက် ချန်ထားလိုက်သည်။ သူ နိုးမှ စားပါစေ။
လျန်ဟွမ်း စားပြီးတော့ ပန်းကန်ဆေးပြီး အခန်းထဲသို့ ပြန်မသွားဘဲ နေရာလွတ်ထဲ ဝင်လိုက်သည်။ ကျိဟုန်ကျွင်းက အိပ်နေတုန်းဖြစ်၍ အခန်းထဲ ဝင်လျှင် သူ့ကို နှောင့်ယှက်သလို ဖြစ်မှာစိုး၍ ဖြစ်သည်။
နေရာလွတ်ထဲ ရောက်သည်နှင့် လျန်ဟွမ်းက သူမ စိုက်ထားသည့် ဟင်းရွက်များကို ကြည့်လိုက်သည်။ တစ်ညတည်းနဲ့ ဟင်းနုနွယ်တွေ အပင်ပေါက်နေပြီ။ လက်သန်း တစ်ဝက်လောက် ရှိနေပြီ။ ပဲသီးတွေလည်း အညှောက်ထွက်နေပြီ။ အာလူးတွေဆို အပင်တက်နေပြီ။ ကြီးထွားနှုန်းက မြန်လိုက်တာ။
လျန်ဟွမ်းက စမ်းချောင်းထဲမှ ရေကို ခပ်ပြီး ရေလောင်းလိုက်သည်။ နေရာလွတ်ထဲက ချက်ချင်း မထွက်သေးဘဲ သစ်သားအိမ်လေးဆီ လျှောက်သွားသည်။ အိမ်ထဲက စာအုပ်ကို လေးပုံ သုံးပုံလောက် ဖတ်ပြီးပြီ။ ဒီနေ့ဆို ပြီးလောက်တယ်။
ဧည့်ခန်းထဲတွင် ကျိဟုန်ကျွင်း နိုးလာသည်။ ခုတင်တစ်ဖက်ကို ကြည့်လိုက်ရာ လူမရှိပေ။ သူက ဂွမ်းအင်္ကျီ ဝတ်ပြီး အပြင်ထွက်လိုက်သည်။
ဧည့်ခန်းက ထွက်ပြီး မီးဖိုချောင်ဘက် လျှောက်လာသည်။ မီးဖိုချောင်ထဲတွင် လျန်ဟွမ်းက မီးဖိုနောက်မှာ ထိုင်နေသည်။ စိတ်က နေရာလွတ်ထဲ ရောက်နေသည်။
ကျိဟုန်ကျွင်း အခန်းထဲ ဝင်လာသောအခါ လျန်ဟွမ်းကို မြင်လိုက်သည်။
"လျန်ဟွမ်း..."
နေရာလွတ်ထဲမှ လျန်ဟွမ်းက အသံကြားသောအခါ ချက်ချင်း ပြန်ထွက်လာသည်။
"ဟင်... ကျွန်မကို ခေါ်တာလား"
ကျိဟုန်ကျွင်း ခေါင်းညိတ်သည်။ "အင်း... ဘာလုပ်နေတာလဲ"
"ဘာမှ မလုပ်ပါဘူး၊ စဉ်းစားနေတာ၊ ရှင် နိုးပြီလား၊ မျက်နှာသစ်ပြီး ထမင်းစားတော့လေ" လျန်ဟွမ်း မတ်တတ်ရပ်ပြီး အိုးထဲက ဂေါ်ဖီလိပ်၊ ကြက်ဥနှင့် ဆန်ပြုတ်ကို ထုတ်ပေးလိုက်သည်။
အစားအသောက်များ စားပွဲပေါ် ရောက်သောအခါ လျန်ဟွမ်းက မထွက်သွားဘဲ ကျိဟုန်ကျွင်း ရှေ့မှာ ထိုင်ပြီး သူ စားတာကို ကြည့်နေသည်။
ကျိဟုန်ကျွင်း၏ မျက်နှာကို ကြည့်ရင်း လျန်ဟွမ်း မေးချင်တာ မေးလိုက်သည်။ 
"ကျိဟုန်ကျွင်း ... အခန်းထဲက သီးနှံတွေ ရှင် ဘယ်လို ရလာတာလဲ"
သီးနှံတွေ အများကြီးပဲ။ ဒီခေတ် မိသားစု စားနှုန်းနဲ့ဆိုရင် ချွေတာစားရင် သုံးလလောက် ခံမယ်။
"မနေ့ညက တောဝက် တစ်ကောင်ရလို့ ခရိုင်မြို့ မှောင်ခိုဈေးမှာ သွားလဲလာတာ" ကျိဟုန်ကျွင်းက ဂေါ်ဖီထုပ်လိပ်ကို ကိုက်စားရင်း ဖြေလိုက်သည်။
"ကျိဟုန်ကျွင်း ... ရှင် အမဲလိုက်တာ တော်တာပဲ" မနေ့က တစ်ကောင်၊ ဒီနေ့ တစ်ကောင်။ သူ ဘယ်လို ဖမ်းလဲ သိချင်လိုက်တာ။ လိုက်ကြည့်ချင်တယ်။
"ကျိဟုန်ကျွင်း ... နောက်တစ်ခါ အမဲလိုက်ရင် ကျွန်မ လိုက်လို့ ရမလား" လျန်ဟွမ်း မျှော်လင့်တကြီး မေးလိုက်သည်။
"မရဘူး" ပြတ်ပြတ်သားသား ငြင်းလိုက်သည်။ လျန်ဟွမ်းမျက်နှာကို ကြည့်ပြီး ကျိဟုန်ကျွင်း ခေါင်းငုံ့ကာ ရှင်းပြသည်။ "ရာသီဥတု အေးတယ်၊ လမ်းချောတယ်၊ တောင်ပေါ်မှာ အန္တရာယ်များတယ်"
သူမကလည်း အတင်းလိုက်ချင်တာ မဟုတ်ပါဘူး။ ကျိဟုန်ကျွင်း ငြင်းတော့လည်း မလိုက်တော့ဘူးပေါ့။ 
"ကောင်းပါပြီ၊ ကျွန်မ မလိုက်တော့ဘူး၊ ရှင်လည်း တောင်ပေါ်သွားရင် ဂရုစိုက်နော်၊ ပြီးတော့ မှောင်ခိုဈေး သွားရင်လည်း သတိထားဦး"
ဒီခေတ်က ကိုယ်ပိုင်အရောင်းအဝယ်လုပ်ခွင့် မရှိဘူး။ မှောင်ခိုဈေးသွားရင် အန္တရာယ်ရှိတယ်။ အဖမ်းခံရရင် ဝေဖန်ရေး လုပ်ခံရမှာ။
မှောင်ခိုဈေးအန္တရာယ်ရှိတာ ကျိဟုန်ကျွင်းလည်း သိသည်။ သူက မုန့်ကို ကိုက်ဝါးပြီးမှ လျန်ဟွမ်းကို ကြည့်ကာ ပြောသည်။ "အင်း... သတိထားပါ့မယ်"
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ မျက်နှာကို ကြည့်နေသည်။ သူ ကျေနပ်နေသည့် ပုံစံကို ခဏခဏ တွေ့ရသည်။ ဒီတစ်ခါ ထပ်တွေ့ရပြန်ပြီ။ လျန်ဟွမ်း တိုးတိုး မေးလိုက်သည်။ "ဂေါ်ဖီထုပ်လိပ် ကောင်းလား"
ကျိဟုန်ကျွင်း စားနေရင်း ရပ်သွားသည်။ နားရွက်များ ရဲသွားသည်။ သူ ခဏ ငြိမ်နေပြီးမှ ခေါင်းငုံ့ကာ ဆက်စားသည်။ မုန့်တစ်ကိုက်စား၊ ဆန်ပြုတ် တစ်ငုံသောက်လိုက်သည်။ ဆန်ပြုတ်က ဗိုက်ထဲ ရောက်တော့ နွေးသွားသည်။ သူ မော့ကြည့်ပြီး ပြုံးလိုက်သည်။ "အင်း... အရမ်း ကောင်းတယ်"
ကျိဟုန်ကျွင်းက ရုပ်ဖြောင့်သည်။ ခေတ်သစ်မှာဆို မင်းသား လုပ်လို့ရသည့် ရုပ်မျိုးဖြစ်သည်။ ဒီလို လူမျိုးက ကြည့်နေပြီး မျက်လုံးနက်နက်တွေထဲမှာ သူမပုံရိပ်က ထင်ဟပ်နေတော့ လျန်ဟွမ်း ရင်ခုန်သွားသည်။ သူမ အကြည့်လွှဲလိုက်သည်။ "ကောင်းရင် များများစား"
"အင်း... ကုန်အောင် စားမယ်"
ကျိဟုန်ကျွင်းက ပြောသည့်အတိုင်းပင် ကုန်အောင် စားလိုက်သည်။ ဆန်ပြုတ်နှင့် ကြက်ဥလည်း ကုန်သွားသည်။ လျန်ဟွမ်းက မုန့်အိုးတစ်လုံး ချက်ထားပြီး သူက နှစ်ခုစားကာ ကျိဟုန်ကျွင်းက ဆန်ပြုတ် လေးပန်းကန်၊ မုန့်ရှစ်ခုစားသွားသည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ကြည့်ပြီး သူ့အစာအိမ် ကြီးတာကို သဘောပေါက်သွားသည်။
စားနိုင်လိုက်တာ။ တော်တော် စားနိုင်တာပဲ။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ငေးကြည့်နေမိသည်။ သူ လှည့်ကြည့်တာတောင် သတိမထားမိဘူး။
ကျိဟုန်ကျွင်းက လျန်ဟွမ်း ရှေ့သို့ လျှောက်လာပြီး ခေါင်းငုံ့ကာ အနားကပ်လိုက်သည်။
"လျန်ဟွမ်း..."
လျန်ဟွမ်း သတိဝင်လာသည်။ "ဟင်... ဘာဖြစ်လို့လဲ"
"မင်း... ငါ့ကို ကြည့်နေတာလား" ကျိဟုန်ကျွင်း သေချာ မေးလိုက်သည်။
လျန်ဟွမ်း ခေါင်းခါပြီး မတ်တတ်ရပ်လိုက်သည်။ "မဟုတ်ပါဘူး၊ ရှင် ယူလာတဲ့ သီးနှံတွေ အကြောင်း စဉ်းစားနေတာ၊ သီးနှံတွေ သွားသိမ်းလိုက်ဦးမယ်၊ ဝက်နံရိုး ပါတာ တွေ့တယ်၊ နေ့လယ်ကျရင် နံရိုးပေါင်း စားကြမယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ဧည့်ခန်းဘက် ပြေးသွားသည်။
ကျိဟုန်ကျွင်းက မတ်တတ်ရပ်ပြီး လျန်ဟွမ်း ပြေးသွားတာကို ကြည့်ရင်း တိုးတိုး ရေရွတ်လိုက်သည်။ 
"နံရိုး... ကောင်းတယ်၊ စားကောင်းတယ်"
......
အမေကျိက ဤမြင်ကွင်းကို ကြည့်ပြီး စိတ်နာသွားသည်။ အဖေကျိကို ကြည့်ကာ ပြောသည်။ 
"စတုတ္ထသားက မိဘကို မသိတတ်ဘူး၊ အသားရတာတောင် မိဘကို လာမပို့ဘူး၊ ကျေးဇူးကန်းတဲ့ကောင်"
"အကြီးဆုံး... မင်း စတုတ္ထဆီ သွားပြီး အသားတောင်း‌ချေ၊ မိဘကို သိတတ်အောင် လုပ်ခိုင်း" အမေကျိက အဖေကျိ ဂရုမစိုက်တာ မြင်တော့ အစ်ကိုကြီးကျိဘက် လှည့်ပြောသည်။
အဖေကျိ ဆေးတံသောက်ရင်း မျက်လုံးများ မှေးထားသည်။ မျက်နှာမှာ မကျေနပ်မှုတွေ ပေါ်နေသည်။
"တော်စမ်း၊ နှစ်သစ်ကူးဖို့ နှစ်ရက်ပဲ လိုတော့တာ၊ ငြိမ်ငြိမ်နေကြ၊ စတုတ္ထအိမ် မသွားနဲ့၊ စတုတ္ထရဲ့ မိန်းမက အဆိပ်ပြင်းတယ်၊ မင်းတို့ နိုင်မှာ မဟုတ်ဘူး"
အဖေကျိပြောပြီး ခဏနေတော့ အစ်ကိုကြီးကျိဘက် လှည့်ပြောသည်။ "အကြီးဆုံး... မင်း စတုတ္ထရဲ့ မိန်းမ အိမ်ဘက် သွားလိုက်ဦး၊ စတုတ္ထသား မိန်းမကို မင်္ဂလာဆောင်ပြီး အိမ်ပြန်မပို့ရသေးဘူး၊ ဒါ မကောင်းဘူး၊ မင်း သွားပြီး အကျိုးအကြောင်း ပြောပြလိုက်၊ ပြီးတော့ စတုတ္ထသားအိမ်က အသားချက်တဲ့ ကိစ္စပါ ပြောခဲ့"
…
အခန်း (၂၀)
လျန်ဟွမ်းသည် မီးဖိုချောင်မှ ထွက်လာပြီး ပင်မအခန်းသို့ ပြန်ဝင်လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ အိတ်လေးအိတ်ကို ကြည့်ကာ အတွင်းမှ ပစ္စည်းများကို စတင် ရှင်းလင်းလိုက်သည်။ ဤအရာများသည် တန်ဖိုးရှိသော စားနပ်ရိက္ခာများဖြစ်သဖြင့် အခန်းထဲတွင် ဒီအတိုင်း ထား၍ မဖြစ်ပေ။ သေချာ သိမ်းဆည်းထားမှ ဖြစ်မည်။ အိမ်ခွဲစဉ်က သူတို့အိမ်သည် သီးနှံ ကျင်းငါးဆယ်သာ ရခဲ့ကြောင်း ရွာထဲမှလူများ သိထားကြသည်။ ဤရိက္ခာများကို တခြားသူများမြင်သွားလျှင် ပြဿနာ ရှိနိုင်သည်။
လျန်ဟွမ်းက အခန်းထဲတွင် ရိက္ခာများ ရှင်းလင်းနေစဉ် ကျိဟုန်ကျွင်းသည် မီးဖိုချောင်မှ ထွက်လာပြီး ခြံဝင်းတံခါးမကြီးဆီသို့ လျှောက်သွားကာ တံခါးဖွင့်ပြီး အပြင်သို့ ကြည့်လိုက်သည်။ နှင်းများ တိတ်သွားပြီး နေသာလာပြီ ဖြစ်သည်။ သူများအိမ်ရှေ့တွင် နှင်းများကို သန့်ရှင်းရေး လုပ်ပြီးကြပြီ ဖြစ်သော်လည်း သူတို့အိမ်နှင့် ဘေးအိမ်မှ အဖေကျိတို့ အိမ်ရှေ့တွင်မူ နှင်းများ ထူထပ်စွာ ကျန်ရှိနေသေးသည်။
နှင်းများကို ရှင်းလင်းရမည်။ သို့မဟုတ်ပါက နှင်းများ အရည်ပျော်သွားလျှင် မြေကြီးများ ဗွက်ထကာ လမ်းလျှောက်ပါက ဖိနပ်တွင် ရွှံ့များ ပေကျံကုန်လိမ့်မည်။
ကျိဟုန်ကျွင်း၏ အိမ်တွင် နှင်းရှင်းသည့် ကိရိယာများ မရှိပေ။ သူသည် နောက်လှည့်ကာ ဘေးအိမ်မှ ဦးလေးမာတို့အိမ်သို့ သွားပြီး ဦးလေးမာထံမှ တံမြက်စည်းနှင့် ဂေါ်ပြား ငှားရမ်းကာ ခြံဝင်းနှင့် တံခါးဝရှိ နှင်းများကို ရှင်းလင်းလိုက်သည်။
လျန်ဟွမ်းသည် အခန်းထဲတွင် ရိက္ခာများကို ရှင်းလင်းနေသည်။ သူမသည် ဂျုံမှုန့်နှင့် ဆန်အနည်းငယ်ကို ခပ်ယူကာ အိတ်ငယ်လေးထဲသို့ ထည့်လိုက်သည်။ ခဏနေလျှင် မီးဖိုချောင်သို့ ယူသွားပြီး စားသောက်ရန်အတွက် ဗီရိုထဲထည့်ကာ သော့ခတ်ထားလိုက်မည်။ ကျန်ရှိသည့် အများစုကိုမူ ပင်မအခန်းရှိ သေတ္တာထဲတွင် ဝှက်ထားရန် ပြင်ဆင်လိုက်သည်။
လျန်ဟွမ်းက ဆန်နှင့် ဂျုံများကို ခွဲဝေပြီးသည်နှင့် အပြင်ဘက်မှ ဂေါ်ပြားဖြင့် နှင်းကော်သံကို ကြားလိုက်ရသဖြင့် လက်ထဲမှ အလုပ်ကို ချကာ အပြင်သို့ ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင် ကျိဟုန်ကျွင်းသည် ဝါဂွမ်းအင်္ကျီ ဝတ်ထားပါက နှင်းရှင်းရသည်မှာ အဆင်မပြေဟု ထင်ပုံရသည်။ သူသည် ဝါဂွမ်းအင်္ကျီကို ချွတ်ထားပြီး နှင်းရှင်းနေသည်။
ယနေ့ နေထွက်နေသော်လည်း ဆောင်းရာသီ လလယ်ပိုင်း နှင်းအရည်ပျော်ချိန်ဖြစ်သဖြင့် အပူချိန်မှာ နိမ့်ကျကာ အေးစက်နေဆဲ ဖြစ်သည်။ ကျိဟုန်ကျွင်းက ဝါဂွမ်းအင်္ကျီ မဝတ်ထားသည်ကို မြင်သောအခါ လျန်ဟွမ်း လှမ်းပြောလိုက်သည်။
"ကျိဟုန်ကျွင်း... ဝါဂွမ်းအင်္ကျီ ဝတ်လိုက်ဦး၊ အေးတယ်"
ရာသီဥတု အေးနေချိန်တွင် ဝါဂွမ်းအင်္ကျီ မဝတ်ထားပါက အအေးမိလွယ်သည်။ အအေးမိပြီး ဖျားနာသွားလျှင် ဒုက္ခရောက်လိမ့်မည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းကို လှည့်ကြည့်လိုက်သည်။
"မအေးပါဘူး၊ ဝါဂွမ်းအင်္ကျီ ဝတ်ထားရင် လှုပ်ရှားရတာ အဆင်မပြေဘူး"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် နှင်းများကို ဆက်ရှင်းနေသည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ လျင်မြန်သော နှင်းရှင်းသည့် ပုံစံကို ကြည့်ကာ ထပ်မပြောတော့ပေ။ ကျိဟုန်ကျွင်း၏ ဝါဂွမ်းအင်္ကျီမှာ နှစ်ပေါင်းများစွာ ဝတ်ဆင်ထားပုံရပြီး ဖာထေးရာများ ပြည့်နှက်နေသည်သာမက သူ့ခန္ဓာကိုယ်ပေါ်တွင် ကျပ်နေသဖြင့် အလုပ်လုပ်ရသည်မှာ အမှန်တကယ်ပင် အဆင်မပြေဖြစ်နေသည်။
"ပြီးတာပဲ၊ ရှင် ဂရုစိုက်ဦး၊ အေးတယ်လို့ ခံစားရရင် ဝါဂွမ်းအင်္ကျီ ပြန်ဝတ်"
လျန်ဟွမ်း ပြောပြီးနောက် နံရံထောင့်တွင် ထောင်ထားသော တံမြက်စည်းကို ကြည့်လိုက်သည်။ သူမသည် ထောင့်မှ တံမြက်စည်းကို ယူကာ ကျိဟုန်ကျွင်း နှင်းရှင်းပြီးသွားသော နေရာများရှိ ကျန်ရှိနေသော နှင်းများကို လိုက်လှည်းလိုက်သည်။
"ဒီတံမြက်စည်းနဲ့ ဂေါ်ပြားက ဒေါ်လေးမာတို့အိမ်က ငှားလာတာလား"
"အင်း" ကျိဟုန်ကျွင်းက တိုးတိုး ဖြေလိုက်သည်။
"ဒီလို တံမြက်စည်းမျိုးက ရွာထဲကလူတွေ ကိုယ်တိုင် လုပ်ကြတာမလား၊ ရွာမှာ ဘယ်သူက တံမြက်စည်း လုပ်တတ်လဲ၊ ကျွန်မ သွားပြီး တစ်ချောင်းလောက် လဲလာခဲ့မယ်"
အိမ်တွင် တံမြက်စည်းမရှိသဖြင့် အမှိုက်လှည်းရသည်မှာ အဆင်မပြေပေ။ တံမြက်စည်းသာမက သူတို့အိမ်တွင် ကိရိယာများစွာ လိုအပ်နေသေးသည်။ ယခုအချိန်တွင် လယ်လုပ်ငန်းခွင် မစသေးသဖြင့် လယ်လုပ်ကိရိယာ အများအပြား သူတို့တွင် မရှိသေးချေ။ ဂေါ်ပြားတစ်ချောင်း လိုသလို ပေါက်ပြားနှင့် တံစဉ်လည်း လိုအပ်သည်။ ထိုကိရိယာများ ရှိမှသာ နွေဦးပေါက်၍ အလုပ်ဆင်းလျှင် အဆင်ပြေမည် ဖြစ်သလို သူမ အိမ်၌ နေရာလွတ်ထဲတွင် စိုက်ပျိုးရေး လုပ်လျှင်လည်း အဆင်ပြေမည် ဖြစ်သည်။
"ရွာထိပ်က အဘိုးလီက တံမြက်စည်း ယက်တတ်တယ်၊ ကိုယ် ညနေကျရင် သွားလဲလာခဲ့မယ်" 
ကျိဟုန်ကျွင်းက နှင်းကော်ရင်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီ၊ ရှင် သွားလဲလိုက်၊ ပြီးတော့ ရွာထဲမှာ ရေစည်ပိုင်းကြီး ဒါမှမဟုတ် ဇလုံကြီးကြီး တစ်လုံးလောက် လဲလို့ရမလားဆိုတာ ကြည့်ခဲ့ပါဦး၊ တစ်လုံးလောက် လဲလာနိုင်ရင် အကောင်းဆုံးပဲ"
ဒီနေရာကို ရောက်နေတာ သုံးလေးရက် ရှိပြီဖြစ်သော်လည်း သူမ ရေမချိုးရသေးပေ။ ရာသီဥတု အေးသော်လည်း ရေမချိုးဘဲ အကြာကြီး မနေနိုင်ပေ။ ရေစည်ပိုင်းကြီး သို့မဟုတ် ဇလုံကြီး တစ်လုံးလောက် ဝယ်လာနိုင်လျှင် ရေချိုးရတာ အဆင်ပြေမည်။
"ဟုတ်ပြီ၊ ပြီးရင် ကိုယ် စုံစမ်းကြည့်လိုက်မယ်"
နှစ်ယောက်သား နေ့စဉ်ကိစ္စများကို ပြောဆိုရင်း ခြံဝင်းထဲနှင့် တံခါးရှေ့မှ နှင်းများကို ရှင်းလင်းပြီးသွားကြသည်။ နှင်းရှင်းပြီးသည်နှင့် လျန်ဟွမ်းသည် နောက်လှည့်ကာ ကျိဟုန်ကျွင်းနှင့်အတူ အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။ တံခါးမကြီးအဝသို့ ရောက်သည်နှင့် ကျိမိသားစုအိမ်မှ တံခါးပွင့်လာသည်။
ဒုတိယယောက်မသည် တံခါးဝတွင် ရပ်ကာ ကျိဟုန်ကျွင်းတို့အိမ်မှ နှင်းများ ရှင်းလင်းထားသည်ကို မြင်သောအခါ ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။
"စတုတ္ထလေး... နှင်းရှင်းနေတာလား၊ ဒါဆို အိမ်ရှေ့က နှင်းတွေကိုပါ ရှင်းပေးလိုက်ပါဦး၊ အဖေနဲ့အမေက အသက်ကြီးပြီ၊ နှင်းတွေ မရှင်းရင် သူတို့ အပြင်ထွက်တဲ့အခါ ချော်လဲကုန်လိမ့်မယ်"
လျန်ဟွမ်းသည် ဒုတိယယောက်မ၏ စကားကို ကြားသောအခါ လက်ထဲမှ တံမြက်စည်းကို ကျိဟုန်ကျွင်းလက်ထဲ ထည့်ပေးလိုက်သည်။
"ရှင် ပြန်ပြီး အင်္ကျီသွားဝတ်တော့၊ ဒေါ်လေးမာတို့အိမ်က တံမြက်စည်းနဲ့ ဂေါ်ပြားကို သွားပြန်ပေးလိုက်"
ကျိဟုန်ကျွင်းသည် ကျိမိသားစုမှ ဒုတိယယောက်မကို မကြည့်ဘဲ လျန်ဟွမ်း၏ စကားကို နားထောင်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ဂေါ်ပြားနှင့် တံမြက်စည်းကို ကိုင်ကာ ခြံဝင်းထဲ ပြန်ဝင်သွားသည်။
ကျိဟုန်ကျွင်း ခြံဝင်းထဲ ဝင်သွားသည်ကို စောင့်ပြီးနောက် လျန်ဟွမ်းသည် ခေါင်းကို မော့ကာ မျက်ခုံးပင့်လျက် ဒုတိယယောက်မကို ကြည့်လိုက်သည်။
"ဒုတိယယောက်မမှာ လက်မရှိတော့တာလား၊ ဒါမှမဟုတ် ခြေထောက်တွေ မလှုပ်နိုင်တော့လို့လား၊ ဘာလို့ ကျွန်မယောက်ျားကို ရှင့်အစား နှင်းရှင်းခိုင်းနေရတာလဲ"
သူမ မနက်ပိုင်း ထမင်းချက်နေစဉ်က ကျိမိသားစုအိမ်မှ နှင်းကော်သံများကို ကြားခဲ့ရသည်။ ခြံဝင်းထဲမှ နှင်းများကို မနက်စောစောကတည်းက ရှင်းပြီးသွားပြီ ဖြစ်သော်လည်း တံခါးအပြင်ဘက်မှ နှင်းများကိုမူ ယခုအချိန်ထိ မရှင်းရသေးပေ။ ဘာအကြံအစည် ရှိနေမှန်း မသိပေ။ ကျိဟုန်ကျွင်းကို ရှင်းခိုင်းချင်နေတာပေါ့။ အကြံကတော့ ကောင်းလိုက်တာ။
"ကောင်မစုတ်... နင် ငါ့ကို ကျိန်ဆဲရဲတယ်ပေါ့၊ ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်"
ဒုတိယယောက်မသည် လက်သည်း၊ ခြေသည်းများ ထောင်ကာ လျန်ဟွမ်း၏ မျက်နှာကို ကုတ်ဖဲ့ရန် ပြေးဝင်လာသည်။ ဒုတိယယောက်မ၏ လက်က လျန်ဟွမ်းကို မထိမီမှာပင် လျန်ဟွမ်းက သူမ ဆန့်ထုတ်လိုက်သော လက်ကို ဖမ်းဆုပ်လိုက်သည်။ မျက်နှာထား တင်းတင်းဖြင့် ဒုတိယယောက်မကို ကြည့်ကာ သူမ၏ ကျန်လက်တစ်ဖက်ကို မြှောက်ပြီး ဒုတိယယောက်မ၏ ပါးစပ်ကို တဖြန်းဖြန်း ရိုက်လိုက်သည်။
ရိုက်ပြီးသည်နှင့် လျန်ဟွမ်းသည် ဒုတိယယောက်မကို အားဖြင့် တွန်းထုတ်လိုက်ရာ ဒုတိယယောက်မမှာ ဟန်ချက်ပျက်ကာ နောက်သို့ လန်ကျသွားပြီး သူမတို့အိမ်ရှေ့ရှိ နှင်းပုံပေါ်သို့ လဲကျသွားသည်။
"ပါးစပ်က ရိုင်းတယ်၊ နောက်တစ်ခါ ထပ်ဆဲရင် ပါးရိုက်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး"
လျန်ဟွမ်းသည် ရက်စက်သော မျက်နှာထားဖြင့် ဒုတိယယောက်မကို ကြည့်လိုက်သည်။ ဒုတိယယောက်မသည် လျန်ဟွမ်း၏ အေးစက်သော အကြည့်ကြောင့် အနည်းငယ် ကြောက်လန့်သွားသည်။ ထိုနေ့က လျန်ဟွမ်း ကြက်သတ်ခဲ့သော ပုံရိပ်များက သူမခေါင်းထဲတွင် ပြန်လည် ပေါ်လာသည်။
ဒုတိယယောက်မက ကုန်းထပြီး ထွက်သွားရန် ပြင်လိုက်စဉ် ခြံဝင်းထဲမှ ကျိဟုန်ကျွင်းသည် အင်္ကျီဝတ်ပြီး ထွက်လာသည်။ သူသည် ဦးလေးမာတို့အိမ်သို့ ကိရိယာများ ပြန်ပေးရန် သွားမလို့ ဖြစ်သည်။
ဒုတိယယောက်မသည် သူ ထွက်လာသည်ကို မြင်သောအခါ အော်ပြောလိုက်သည်။
"စတုတ္ထလေး... နင့်မိန်းမကို ထိန်းလိုက်ပါဦး၊ သူ ငါ့ကို ရိုက်တယ်၊ ငါက နင့်ရဲ့ ဒုတိယမရီးနော်"
ကျိဟုန်ကျွင်းသည် ဒုတိယမရီးကို တစ်ချက်ကြည့်လိုက်သည်။ ဒုတိယမရီး၏ ရောင်ရမ်းနေသော နှုတ်ခမ်းများကို မြင်သောအခါ အေးစက်ပြတ်သားသော စကားတစ်ခွန်း ပြောလိုက်သည်။
"အရိုက်ခံရတာ ခင်ဗျားနဲ့ ထိုက်တန်ပါတယ်"
ဒုတိယယောက်မကို ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းသည် လျန်ဟွမ်းကို ကြည့်လိုက်သည်။
"ကိုယ် တံမြက်စည်း သွားပြန်ပေးလိုက်ဦးမယ်၊ ပြီးရင် အဘိုးလီအိမ်ကို တစ်ခါတည်း သွားလိုက်မယ်"
"အင်း... သွားလေ"
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ထွက်သွားသည်ကို ကြည့်ပြီးနောက် ဒုတိယယောက်မကို လှောင်ပြုံး တစ်ချက် ပြုံးပြကာ နောက်လှည့်ပြီး တံခါးပိတ်၍ အိမ်ထဲ ပြန်ဝင်သွားသည်။
ဒုတိယယောက်မသည် ပိတ်သွားသော တံခါးကို ကြည့်ကာ တံခါးကို တံတွေးဖြင့် ထွေးပြီး ဆဲဆိုလိုက်သည်။
"ဖီ... အရှက်မရှိတဲ့ ကောင်မ၊ စတုတ္ထလေးကလည်း အသုံးမကျတဲ့ကောင်၊ တစ်နေ့ကျရင် ငါ နင်တို့တွေကို ပညာပြရမယ်"
......
ကျိဟုန်ကျွင်းတို့အိမ်၏ ပင်မအခန်းတွင် လျန်ဟွမ်းသည် ဆန်နှင့် ဂျုံများကို နေရာချပြီးနောက် ကျိဟုန်ကျွင်း ယူလာသော ဆန်ကြမ်းများကို စတင် ရှင်းလင်းလိုက်သည်။ ဂျုံကြမ်းကဲ့သို့ အထားခံသော ဆန်ကြမ်းများကို အိတ်ထဲ ထည့်ကာ ပိတ်ပြီး ပင်မအခန်းထဲတွင် ဝှက်ထားလိုက်သည်။ ဂေါ်ဖီထုပ်၊ အာလူးနှင့် မုန်လာဥများကိုမူ မီးဖိုချောင်သို့ ယူသွားပြီး မီးဖိုချောင်ရှိ မီးဖိုခုံနောက်တွင် မြေကြီးဖြင့် ဖုံးအုပ်ထားလိုက်သည်။ သို့မှသာ အချိန်ကြာကြာ ထားနိုင်မည်ဖြစ်ပြီး ပြင်ပလူများ လာလျှင်လည်း သူမတို့အိမ်တွင် ဟင်းသီးဟင်းရွက် ဘယ်လောက်ရှိမှန်း မသိနိုင်ပေ။
ရိက္ခာနှင့် ဟင်းသီးဟင်းရွက်များကို ရှင်းလင်းပြီးနောက် အိတ်ငယ်ထဲမှ ဝက်နံရိုးနှင့် ဝက်ခေါင်းသာ ကျန်တော့သည်။ လျန်ဟွမ်းသည် အိတ်ထဲမှ ပစ္စည်းများကို စားပွဲပေါ်သို့ လောင်းချလိုက်ရာ အံ့အားသင့်သွားသည်။ အထဲတွင် ဝက်နံရိုးနှင့် ဝက်ခေါင်းတင်မကဘဲ ဝက်ကလီစာများနှင့် ဝက်သားတစ်တုံးပါ ပါလာသည်။
ဤဝက်သားမှာ တောင်ပေါ်မှ ရသော အသားဖြစ်ပြီး အိမ်မွေးဝက်သား မဟုတ်ပေ။ အသားမှာ အနည်းငယ် မာသော်လည်း ကြာကြာ ချက်လိုက်လျှင် အရသာ အလွန်ကောင်းသည်။ အသားကို ကြည့်ရင်း လျန်ဟွမ်း၏ မျက်လုံးများ တောက်ပလာသည်။
ဝက်ကလီစာများက ညစ်ပတ်သဖြင့် ရေထဲတွင် ဆားထည့်ကာ တစ်ရက်ခန့် စိမ်ပြီး သွေးညှီနံ့ ပျောက်အောင် လုပ်ရမည်။ မနက်ဖြန်ကျမှ ပေါင်းချက် ချက်စားနိုင်သည်။ တောဝက်သားကိုမူ သိမ်းထားပြီး နှစ်သစ်ကူးမှ စားမည်။ နှစ်သစ်ကူးတွင် ဝက်သားနီချက် ချက်စားနိုင်သလို ဂေါ်ဖီထုပ်နှင့် ဝက်သား ဖက်ထုပ်လည်း လုပ်စားနိုင်သည်။
ဤအသားများကို မည်သို့စီမံရမလဲဆိုတာ တွေးတောရင်း လျန်ဟွမ်းသည် အသားများကို လျင်မြန်စွာ ဝှက်ထားလိုက်သည်။ ထို့နောက် ဝက်နံရိုး အကြီးတစ်တုံးကို ယူပြီး အပြင်ထွက်လာခဲ့သည်။
မနက်ကတည်းက နေ့လယ်စာကို ဝက်နံရိုးပေါင်းဟင်းချက်မည်ဟု ကျိဟုန်ကျွင်းကို ပြောထားသည်။ တောဝက်သားက ချက်ရ ခက်သဖြင့် ယခုကတည်းက စတင် တည်ထားမှ ရမည်။ ကျိဟုန်ကျွင်းက မုန်လာဥ ယူလာသည်နှင့် အတော်ပင်။ မုန်လာဥ ဝက်နံရိုးပေါင်းက အရသာရှိသော ဟင်းတစ်ခွက် ဖြစ်သည်။ အိမ်တွင် ဂျုံမှုန့်ရှိသေးရာ မနက်က ဂေါ်ဖီထုပ်လိပ်များ လုပ်စားပြီးပြီဖြစ်၍ နေ့လယ်စာအတွက် ပေါက်စီ ပေါင်းရန် အချိန်မမီတော့သဖြင့် ဂျုံမုန့်ကပ် လုပ်စားလိုက်မည်။
လျန်ဟွမ်းသည် ဝက်နံရိုးကို မီးဖိုချောင်သို့ ယူသွားပြီး အတုံးများတုံးကာ ရေနွေးတည်ပြီး ရေနွေးဖျောလိုက်သည်။ သွေးညှီများ ကုန်စင်အောင် လုပ်ပြီးနောက် အိုးထဲမှ ရေများကို ခပ်ထုတ်ကာ ဝက်နံရိုးကို နောက်တစ်ကြိမ် ထပ်ဆေးလိုက်သည်။ ထို့နောက် ဝက်နံရိုးကို အိုးထဲ ထည့်ကာ ဆား၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်နှင့် ရေထည့်ပြီး စတင် တည်လိုက်သည်။
လျန်ဟွမ်းက မီးဖိုရှေ့ ထိုင်ကာ မီးမွှေးနေပြီး ခဏကြာပြီးနောက် ကျိဟုန်ကျွင်း ပြန်ရောက်လာသည်။ လက်ထဲတွင် ဝါးတံမြက်စည်းတစ်ချောင်း ပါလာသည်။ ခြံဝင်းထဲဝင်လာပြီး မီးဖိုချောင် မီးခိုးခေါင်းတိုင်မှ မီးခိုးထွက်နေသည်ကို မြင်သောအခါ ပင်မအခန်းသို့ မသွားတော့ဘဲ တံမြက်စည်းကို ကိုင်ကာ မီးဖိုချောင်သို့ တန်းလာခဲ့သည်။
လျန်ဟွမ်းသည် သူ ဝင်လာသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။
"ပြန်ရောက်ပြီလား၊ တံမြက်စည်းက အဘိုးလီဆီက လဲလာတာလား"
ကျိဟုန်ကျွင်းက တံမြက်စည်းကို ထောင့်တွင် ထားလိုက်ပြီး မီးဖိုခုံနောက်သို့ လျှောက်လာကာ မီးမွှေးနေသော လျန်ဟွမ်းကို ကြည့်လိုက်သည်။
"အင်း... တံမြက်စည်းက ကိုယ်တိုင် ယက်ထားတာ၊ တောင်ပေါ်က ဝါးကို သုံးထားတာ၊ ကြက်ဥ သုံးလုံးနဲ့ တံမြက်စည်း တစ်ချောင်း လဲလို့ရတယ်၊ ကျွန်တော် သွားတုန်းက ကြက်ဥ မပါသွားဘူး"
"ကိစ္စ မရှိဘူး၊ ပြီးမှ ကျွန်မ သွားပေးလိုက်မယ်၊ ရှင် မီးလာမွှေးလိုက်၊ ကျွန်မ ဂျုံနယ်ပြီး မုန့်ကပ် လုပ်လိုက်မယ်"
လျန်ဟွမ်းက မတ်တတ်ရပ်လိုက်ပြီး ကျိဟုန်ကျွင်းကို မီးဖိုရှေ့ ဝင်ထိုင်ခိုင်းလိုက်သည်။
"အင်း" ကျိဟုန်ကျွင်းသည် လျန်ဟွမ်း ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင်ပြီး မီးမွှေးလိုက်သည်။ လျန်ဟွမ်း ထသွားပြီး လက်ဆေးကာ ဂျုံနယ်လိုက်သည်။ ဂျုံနယ်ပြီးနောက် မုန်လာဥဖြူ နှစ်လုံးကို အခွံခွာပြီး ခဏနေလျှင် အိုးထဲထည့်ကာ ဝက်နံရိုးနှင့်အတူ ရောပေါင်းရန် ပြင်ဆင်လိုက်သည်။
ဝက်နံရိုးကို တစ်နာရီခန့် တည်ပြီးနောက် လျန်ဟွမ်းက အိုးဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာသည်။ အနံ့က မွှေးလွန်းသဖြင့် ချက်ချင်း စားချင်စိတ် ပေါက်သွားစေသည်။ ကျိဟုန်ကျွင်းသည် မီးဖိုရှေ့ ထိုင်နေရာမှ ခေါင်းမော့ကာ ကြည်လင်သော မျက်လုံးများဖြင့် အိုးထဲမှ ဝက်နံရိုးများကို လှမ်းကြည့်လိုက်သည်။
နို့နှစ်ရောင် သန်းနေသော ဝက်နံရိုးဟင်းရည်က မြင်ရသူအဖို့ ခံတွင်းမြိန်စေသည်။ ကျိဟုန်ကျွင်းက လည်ချောင်း တစ်ချက် လှုပ်ရှားသွားသည်။ ဗိုက်ဆာလိုက်တာ။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို သတိမထားမိပေ။ သူမက မုန့်ကပ် လုပ်နေသည်။ မုန့်များကို အိုးဘေးတွင် ကပ်ပြီးနောက် မုန်လာဥဖြူများကိုလည်း အိုးထဲ ထည့်ကာ အိုးဖုံး ပိတ်လိုက်သည်။
အိုးဖုံး ပိတ်လိုက်သော်လည်း ဝက်နံရိုးဟင်းရည်၏ အသားနံ့များက အပြင်သို့ ပျံ့လွင့်သွားပြီး ဘေးအိမ်မှ ဦးလေးမာတို့အိမ်နှင့် အဖေကျိတို့အိမ်ထဲသို့ ရောက်သွားသည်။
ဦးလေးမာ၏ မိန်းမ ဒေါ်လေးမာသည် အိမ်တွင် အဝတ်ဖာနေရင်း ဟင်းနံ့ကို ရသောအခါ သက်ပြင်းချလိုက်သည်။
"ဟုန်ကျွင်းတို့အိမ်က အသားဟင်း ထပ်ချက်ပြန်ပြီ၊ ဟုန်ကျွင်းမိန်းမက လူပုံစံတော့ မဆိုးပါဘူး၊ ဒါပေမဲ့ လက်ဖွာလွန်းတယ်"
ဦးလေးမာသည် အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ကာ တံခါးဘေးတွင် ထိုင်နေရင်း သူ့မိန်းမစကားကို ကြားသောအခါ တစ်ချက် လှမ်းကြည့်လိုက်သည်။
"ဟုန်ကျွင်းတို့အိမ်က လက်ဖွာတာ ငါတို့ ပိုက်ဆံကို သုံးနေတာမှ မဟုတ်တာ၊ သူတို့လင်မယား ဘယ်လို နေထိုင်တယ်ဆိုတာ မင်း ဝင်မပါနဲ့"
ဒေါ်လေးမာသည် အဝတ်ချုပ်ရင်း ဦးလေးမာပြောသည်ကို ကြားသောအခါ မျက်စောင်းထိုးလိုက်သည်။
"ကျွန်မက အဲဒီလို လိုက်စပ်စုတတ်တဲ့သူမျိုးလား၊ ဟုန်ကျွင်းက ငါတို့ ကော်တုန်းကို ကယ်ပေးခဲ့လို့ပါ၊ ငါတို့အိမ်ရဲ့ ကျေးဇူးရှင်မို့ ကျွန်မက သူ့ကို စိတ်ပူပေးတာပါ"
"စိတ်ပူလည်း ဘာမှ လုပ်ပေးလို့မရဘူး၊ ဟုန်ကျွင်းက လူကြီးဖြစ်နေပြီ၊ သူတို့လင်မယားကိစ္စ သူတို့ဘာသာ သိလိမ့်မယ်" ဦးလေးမာက လေးနက်စွာ ပြောလိုက်သည်။
"ကျွန်မ သိပါတယ်၊ လျှောက်မပြောပါဘူး"
ထိုအချိန် အဖေကျိတို့အိမ်တွင် ထယ်တန့်သည် ပင်မအခန်း၌ လူးလှိမ့်ကာ ဂျီကျနေတော့သည်။
"သား အသားစားချင်တယ်၊ အဖွား... သား အသားစားချင်တယ်"
အမေကျိ၏ ခြေထောက်ကို ဖက်ကာ ထယ်တန့် ငိုယိုနေသဖြင့် နှပ်ချေးများ ပါးစပ်ထဲ ဝင်သွားရာ သူက ပြန်ရှူသွင်းလိုက်သည်။
…


 

Search Novels