အခန်း (၁၁)
လျန်ဟွမ်း၏ သဘောထားမှာ ပြတ်သားလွန်းလှသည်။ အဖေကျိသည် သူမကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် သူမက စိတ်ပြောင်းမည့်ပုံ မပေါ်သည်ကို တွေ့သောအခါ အမေကျိဘက်သို့ လက်ကာပြလိုက်သည်။ "အခန်းထဲက ပိုက်ဆံ သွားယူချေ"
သူမ၏ ပိုက်ဆံကို ယူခြင်းက သူမ၏ အသက်ကို ယူသကဲ့သို့ ဖြစ်နေရာ အမေကျိမှာ မည်သို့ လိုလားပါ့မည်နည်း။ ကြမ်းပြင်ပေါ် ထိုင်ချကာ အော်ဟစ်ငိုယိုတော့သည်။ "ငါ မနေချင်တော့ဘူး၊ ငါ့ဘဝက ဆိုးလိုက်တာ၊ သားက မိန်းမရတာနဲ့ အမေကို မလိုချင်တော့ဘူး၊ ငါ့ကို အသေ သတ်နေကြတာပဲ"
အမေကျိမှာ ဇာတ်ကသကဲ့သို့ အော်ဟစ်ငိုယိုနေသော်လည်း လျန်ဟွမ်းက ဂရုမစိုက်ပေ။ ကျိဟုန်ကျွင်းကို ဆွဲကာ အပြင်သို့ ထွက်ရန် ပြင်လိုက်ပြီး ထွက်သွားရင်း ပြောလိုက်သည်။ "ကြည့်ရတာ အမေကလည်း ဒုတိယအစ်ကိုကို ကော်မတီရုံးမှာ သွားတိုင်တာကို သဘောတူတယ် ထင်တယ်၊ ကျွန်မ အခုပဲ သွားလိုက်မယ်"
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ ခြံဝင်းထဲမှ ထွက်ခါနီးတွင် အဖေကျိက အော်ဟစ်လိုက်သည်။ "တော်ကြစမ်း၊ ထပ်ရစ်နေရင် ကျိမိသားစုအိမ်ကနေ ထွက်သွားကြ"
အဖေကျိ၏ စကားတွင် ဒေါသအရှိန်အဟုန် ပါနေသည်။ စကားက အမေကျိကို ပြောနေခြင်း ဖြစ်သော်လည်း မျက်လုံးများက လျန်ဟွမ်းကို ကြည့်နေသည်။ ပြောပြီးသည်နှင့် သူသည် ဧည့်ခန်းထဲသို့ ဝင်သွားပြီး ပိုက်ဆံ ယူလာသည်။ "ရော့... စတုတ္ထမိန်းမ၊ ပိုက်ဆံ ယူသွား၊ မင်း ဒုတိယအစ်ကို ကိစ္စကို ဒီမှာတင် ကျေအေးလိုက်တော့၊ နောက်ဆို ပြဿနာ မရှာနဲ့တော့"
၁၀ ယွမ် ဖြစ်သည်။ တစ်ယွမ်တန်၊ ငါးယွမ်တန်များ ဖြစ်သည်။ လျန်ဟွမ်းသည် ပိုက်ဆံရသည်နှင့် လူရှေ့သူရှေ့တွင် ရေတွက်လိုက်သည်။ ပြည့်သွားသောအခါ အဖေကျိကို မော့ကြည့်ပြီး ပြန်ပြောလိုက်သည်။ "အဖေ ပြောတာ မမှန်ဘူး၊ ကျွန်မက ရိုးသားတဲ့လူပါ၊ တခြားလူတွေ ပြဿနာ မရှာရင် ကျွန်မလည်း ပြဿနာ မရှာပါဘူး"
"တခြားလူတွေ လာရှာရင်တော့ ကျွန်မလည်း ပြန်လုပ်ရမှာပေါ့၊ ပြန်လုပ်ရင် ပိုက်ဆံရတယ်လေ" လျန်ဟွမ်း ပြောပြီးသည်နှင့် ပြုံးကာ ပိုက်ဆံကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ အဖေကျိ၏ မည်းမှောင်နေသော မျက်နှာကို လုံးဝ မကြောက်ပေ။
အဖေကျိ၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားပြီး ဧည့်ခန်းတံခါးဝတွင် ရပ်ကာ လျန်ဟွမ်းကို မောင်းထုတ်လိုက်သည်။ "ပြီးရင်လည်း သွားတော့၊ ပိုက်ဆံပေးပြီးပြီပဲ၊ ကိုယ့်အိမ်ကိုယ်ပြန်ပြီး အလုပ်လုပ်ကြတော့"
အဖေကျိက ပြောပြီးသည်နှင့် ခေါင်းဆောင်ကိုပင် နှုတ်မဆက်တော့ဘဲ ဧည့်ခန်းထဲ ပြန်ဝင်သွားသည်။
လျန်ဟွမ်းက ခေါင်းဆောင် ရှိနေသေးသည်ကို သတိရသဖြင့် ခေါင်းဆောင်ကို ပြုံးပြလိုက်သည်။ 
"ဦးလေး... ဒီအထိ လာပေးရတာ ပင်ပန်းသွားပြီ၊ အိမ်လိုက်ပြီး ရေနွေးကြမ်း လိုက်သောက်ပါဦးလား"
"မလိုက်တော့ပါဘူး၊ အိမ်မှာ ကိစ္စရှိသေးလို့ ပြန်တော့မယ်" ခေါင်းဆောင် ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
ပြဇာတ်တစ်ပုဒ် ပြီးဆုံးသွားပြီ ဖြစ်သည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ထွက်ခွာရန် ပြင်လိုက်ကြသည်။ အမေကျိက မတ်တတ်ရပ်ပြီး လျန်ဟွမ်းကို ဆဲရန် ပြင်လိုက်သော်လည်း လျန်ဟွမ်းက ထောင့်နားရှိ တုတ်ကို လှမ်းကြည့်လိုက်သည်။ အမေကျိက ငြိမ်ကျသွားပြီး ရှေ့မတိုးရဲတော့ပေ။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ ထွက်သွားသောအခါ အမေကျိသည် ထလာပြီး ဒုတိယသား၏ နားရွက်ကို ဆွဲလိမ်လိုက်သည်။ "အိမ်စီးပွားဖြုန်းတဲ့ကောင်"
"နင် သူခိုးလုပ်မှတော့ တစ်ခုခု ပါအောင် ခိုးမလာဘူး၊ ဘာမှ မရတဲ့အပြင် ငါ့ပိုက်ဆံ ၅ ယွမ်တောင် ပါသွားပြီ"
ဒုတိယသားမှာ အမေကျိ ဆွဲလိမ်ထားသဖြင့် နားရွက်နာကာ အော်ဟစ်နေသည်။ "အား... အား... အမေ မှားသွားပါတယ်၊ နောက်ခါ မလုပ်တော့ပါဘူး"
သူ လက်စားပြန်ချေဦးမည်။ စတုတ္ထ... မင်း စောင့်နေလိုက်။
ကျိဟုန်ကျွင်းအိမ်တွင် ဖြစ်သည်။ လျန်ဟွမ်းသည် ၁၀ ယွမ် ရလိုက်သဖြင့် စိတ်ပျော်ရွှင်နေသည်။ အိမ်ပြန်ရောက်သောအခါ ဘေးခန်းရှိ မီးဖိုမှာ ဆောက်လုပ်ပြီးစီးနေသည်ကို တွေ့လိုက်ရသဖြင့် ပို၍ ပျော်ရွှင်သွားသည်။
"နောက်ကျရင် သမဝါယမဆိုင် သွားပြီး သော့ခလောက်တစ်ခုလောက် ဝယ်ရမယ်" ကျိမိသားစုမှ လူတွေက ဘာမဆို လုပ်ရဲသည်။ မနေ့က ဒုတိယအစ်ကို လာခိုးသလို နောက်ကျရင် ဘယ်သူ လာခိုးဦးမလဲ ဘယ်သူသိမှာလဲ။ သော့စောစော ဝယ်ခတ်ထားမှ ကျိမိသားစုက လူတွေ လာမခိုးနိုင်မှာ။
"ကောင်းပြီ၊ အလုပ်ပြီးရင် သမဝါယမဆိုင် သွားကြမယ်" ကျိဟုန်ကျွင်းက ပြန်ပြောလိုက်သည်။
"ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်၊ နှစ်သစ်ကူးဖို့ ရက်နည်းနည်းပဲ လိုတော့တာ၊ နှစ်သစ်ကူး ဈေးဝယ်ထွက်ရင်းပေါ့" ၁၂ လပိုင်း ကုန်ခါနီးပြီ ဖြစ်သည်။ သူတို့ မင်္ဂလာဆောင်ပြီး အိမ်ခွဲထားသည်မှာ မကြာသေးပေ။ အိမ်တွင် ဘာမှမရှိပေ။ ဆားတောင်မှ အဒေါ်မာဆီက ငှားထားရခြင်း ဖြစ်သည်။ နှစ်သစ်ကူးအတွက် ဈေးဝယ်ထွက်ရဦးမည်။
သို့သော် ဤခေတ်တွင် ဘာဝယ်ဝယ် လက်မှတ်ပါမှ ရသည်။ သူတို့အိမ်တွင် လက်မှတ်မရှိပေ။ ပိုက်ဆံပေးပြီး လက်မှတ် လဲပေးမလားလို့ နောက်ကျရင် အဒေါ်မာကို မေးကြည့်ရမည်။
"အင်း" ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ပြန်ဖြေပြီးနောက် နံရံဘက်သို့ လျှောက်သွားကာ နံရံကို ဆက်ကာနေလိုက်သည်။
လျန်ဟွမ်းက သူတို့ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ကျန်းအာ့ကျူးတို့ ညီအစ်ကိုက မီးဖိုလုပ်ပေးပြီးပြီ ဖြစ်သည်။ ဒယ်အိုးကိုလည်း မီးဖိုပေါ်တွင် တင်ပေးထားသည်။ ဒယ်အိုးအသစ်စက်စက်ကို ကြည့်ရင်း လျန်ဟွမ်း ပြုံးလိုက်သည်။ သူမအိမ်တွင် ဒယ်အိုး ရှိပြီဆိုတော့ ထမင်းဟင်း ချက်စားလို့ ရပြီ။
သူမ၏ နေရာလွတ်ထဲမှ မြေများမှာ လွတ်နေသည်။ ဤရက်ပိုင်း အလုပ်ပြီးသွားလျှင် မျိုးစေ့ရှာပြီး နေရာလွတ်ထဲ စိုက်ပျိုးကြည့်ရမည်။ အသီးအနှံများ ရလာနိုးနိုးပေါ့။
စိတ်ပျော်ရွှင်နေသဖြင့် အားအင်များ ပြည့်နေသည်။ လျန်ဟွမ်းသည် မီးဖိုချောင်ထဲတွင် ထိုင်ကာ အာလူး ၈ လုံးကို လှီးလိုက်ပြီး အဒေါ်မာ ပေးလိုက်သော ပဲတောင့်ရှည်ခြောက်များကို လှီးထည့်လိုက်သည်။ သူမသည် လှီးထားသော ဟင်းသီးဟင်းရွက်များကို ဇလုံထဲ ထည့်ကာ ပင်မအခန်းသို့ ဝင်သွားလိုက်သည်။
စောင်ကို လှန်ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် နွေးနေသဖြင့် သူမ ပြုလုပ်ထားသည့် ကန်စွန်းဥရောနယ်ထားသော ဂျုံကြမ်းများမှာ ပွနေပြီ ဖြစ်သည်။ ပေါက်စီ လုပ်စားရန် အတော်ပင် ဖြစ်သည်။
လျန်ဟွမ်းသည် ဂျုံဇလုံကို မပြီး မီးဖိုချောင်သို့ သွားလိုက်သည်။ ကန်စွန်းဥ ဂျုံကြမ်းများသည် အတော် ပွနေသည်။ သူမသည် ကမ္ဘာအဆင့်ဆင့် ကူးပြောင်းစဉ်က အစားအစာများနှင့် ထိတွေ့ဖူးသလို ကိုယ်တိုင်လည်း အစားသရဲ ဖြစ်သည်။ ပုံမှန် အားလပ်ချိန်များတွင် အစားအသောက် လုပ်စားရသည်ကို ကြိုက်သည်။ စားစရာ ရှားပါးသော ၇၀ ပြည့်လွန်နှစ်များသို့ ရောက်လာပြီး ကန်စွန်းဥကို နှစ်ရက်ဆက်တိုက် စားထားရသဖြင့် ယခု ပွနေသော ကန်စွန်းဥဂျုံနယ်ကို မြင်သောအခါ တကယ် စားချင်လာသည်။
မီးဖိုချောင်ရောက်သောအခါ လျန်ဟွမ်းသည် စဉ်းတီတုံးပေါ်တွင် ဂျုံကို စတင် နယ်လိုက်သည်။ မိနစ် ၂၀ ခန့် နယ်ပြီးမှ ပေါက်စီ စလုံးသည်။ သူမ ကြားဖူးသည်မှာ တစေးဖြင့် နယ်ထားသော ဂျုံက ပိုနယ်လေ ပိုပွလေ ဖြစ်သည်။
ဂျုံကြမ်း နှစ်ကျင်းလုံးကို လျန်ဟွမ်း နယ်လိုက်သည်။ ကန်စွန်းဥပါ ပါသဖြင့် ပေါက်စီလုံးကြီး ၅၀ ခန့် ရသည်။ လုံးပြီးနောက် စဉ်းတီတုံးပေါ်တင်ကာ ခဏ ထပ်နှပ်ထားလိုက်သည်။ ကန်စွန်းဥ ၃ လုံးကို ဆေးကြောကာ အတုံးလိုက်လှီးပြီး ဒယ်အိုးထဲထည့်၊ ရေထည့်ကာ မီးစတင် မွှေးလိုက်သည်။
ဒယ်အိုးထဲမှ ရေဆူလာသောအခါ လျန်ဟွမ်းသည် ပေါင်းအိုးဆင့်ကို တင်ကာ ပေါက်စီ စတင် ပေါင်းလိုက်သည်။
လျန်ဟွမ်းက အခန်းထဲတွင် ပေါက်စီပေါင်းနေစဉ် ခြံဝင်းထဲတွင် နံရံကာနေသော အမျိုးသားများသည် အပျော်အပါးစကားများ ပြောနေကြသည်။
လာကူညီသော အမျိုးသား အများစုမှာ အိမ်ထောင်သည်များ ဖြစ်ကြပြီး ယောက်ျားကြီးများ ဖြစ်သဖြင့် စကားပြောရာတွင် အထိန်းအကွပ် မရှိကြပေ။ ကျိဟုန်ကျွင်း၏ ဝမ်းကွဲအစ်ကိုတစ်ယောက်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ 
"စတုတ္ထလေး... မင်္ဂလာဆောင်ရတာ ကောင်းလား၊ မနေ့ညက မင်းမိန်းမ အော်ပြီး ရပ်ခိုင်းလား"
"စတုတ္ထလေး မိန်းမရဲ့ လက်တွေ ခြေထောက်တွေက သေးသေးသွယ်သွယ်လေးဆိုတော့ စတုတ္ထလေးရဲ့ အားကို ခံနိုင်ပါ့မလား၊ သေချာပေါက် ရပ်ခိုင်းမှာပေါ့"
"စတုတ္ထလေး... မင်းမိန်းမက ဒီလောက် ပိန်တာ၊ ကိုင်ရတာ အရိုးတွေ စူးမနေဘူးလား"
ထိုလူများက ပြောလေလေ စကားများက စည်းလွတ်ဘောင်လွတ် ဖြစ်လေလေဖြစ်သည်။ ကျိဟုန်ကျွင်းက လျန်ဟွမ်း ပိန်သည်ဟု ပြောသောလူကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "အစ်ကိုကြီးယိုလျန်... ကျွန်တော့်မိန်းမက မုဆိုးမကျန်းနဲ့ မတူဘူးနော်"
ကျိယိုလျန် ချက်ချင်း ပါးစပ်ပိတ်သွားသည်။ သူနဲ့ မုဆိုးမကျန်းတို့ ဇာတ်လမ်းရှိတာ ဒီကောင်လေး ဘယ်လို သိသွားတာလဲ။
"မပြောတော့ဘူး၊ မပြောတော့ဘူး၊ ဟုန်ကျွင်း ရှက်နေပြီ၊ နံရံ ကာကြစို့" ကျိယိုလျန်က အသံကျယ်ကျယ်ဖြင့် ပြောပြီး အလုပ်ကို အလေးအနက် လုပ်နေဟန်ဆောင်ကာ ကျိဟုန်ကျွင်းကို ထပ်စ မနေတော့ပေ။
ကျိယိုလျန် ခေါင်းငုံ့လျက် နံရံကာနေပြီး ကျိဟုန်ကျွင်းကို ထပ်မကြည့်ရဲတော့ပေ။ ကျိဟုန်ကျွင်း၏ ညာဘက်မှ အမျိုးသားက နှာခေါင်းရှုံ့ကာ အနံ့ခံလိုက်သည်။ "ဘာနံ့လဲ၊ မွှေးလိုက်တာ"
"ပေါက်စီနံ့နဲ့ တူတယ်၊ ဟုန်ကျွင်း အိမ်ထဲက ထွက်လာတာ ထင်တယ်" မာကျန့်ကော်က နံရံကာရင်း ပြောလိုက်သည်။
"ဟုတ်တယ်၊ ပေါက်စီနံ့ပဲ၊ ဟုန်ကျွင်း... ကောင်လေး မင်းက ကံကောင်းတာပဲ၊ မင်းမိန်းမ လက်ရာ ကောင်းတယ်၊ ဒီပေါက်စီနံ့က မွှေးနေတာပဲ"
ဘေးလူများ၏ စနောက်မှုကို ကြားသော်လည်း ကျိဟုန်ကျွင်း ဘာမှမပြောပေ။ သူ ဘေးခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ အခန်းထဲတွင် ထမင်းချက်နေလောက်သည်။ အခန်းထဲမှ မီးခိုးများ ထွက်နေသည်။ ကျိဟုန်ကျွင်း၏ တည်တင်းသော မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားပြီး ဆက်လက် အလုပ်လုပ်နေလိုက်သည်။
အချိန်များ ကုန်ဆုံးသွားပြီး မွန်းတည့်ချိန်ရောက်သောအခါ ကျိဟုန်ကျွင်းတို့အိမ်မှ နံရံကာခြင်း ပြီးစီးသွားသည်။ မီးဖိုချောင်ထဲတွင်လည်း လျန်ဟွမ်းက ညစာ ချက်ပြုတ်ပြီးပြီ ဖြစ်သည်။
လျန်ဟွမ်း အခန်းထဲမှ ထွက်လာသောအခါ ကျိဟုန်ကျွင်းတို့က ငြမ်းစင်များ သယ်ကာ ပြန်ပို့ရန် ပြင်နေကြသည်ကို တွေ့လိုက်ရသည်။ သူမက ပြုံးကာ ပြောလိုက်သည်။ "ဟုန်ကျွင်း... နေ့လယ်စာ ရပြီ၊ ရှင် ခဏနေ အစ်ကိုကြီးတွေကို ခေါ်ပြီး နေ့လယ်စာပြန်လာစားနော်"
"အင်း... ဟုတ်ပြီ" ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ပြန်ဖြေပြီး ကူညီလုပ်ကိုင်ပေးသူများနှင့်အတူ ငှားလာသော ပစ္စည်းများကို သွားပြန်ပေးကြသည်။
ကျိဟုန်ကျွင်းက လူခေါ်ပြီး ပြန်လာချိန်တွင် လျန်ဟွမ်းသည် လက်ဆေးရန် ရေဇလုံထဲသို့ ရေနွေးတစ်ဝက် ထည့်ကာ တံခါးဝတွင် ချပေးထားသည်။ သူတို့ ဝင်လာသည်ကို မြင်သောအခါ လှမ်းပြောလိုက်သည်။ "ဟုန်ကျွင်း... လက်ဆေးဖို့ ရေပြင်ထားတယ်၊ လက်ဆေးပြီး လာစားကြ"
လျန်ဟွမ်းသည် ပေါင်းထားသော ကန်စွန်းဥဂျုံကြမ်းပေါက်စီများကို ခြင်းတောင်းအကြီး တစ်လုံးဖြင့် ထည့်ကာ ပင်မအခန်း စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် အာလူးပဲတောင့်ရှည်ဟင်း ဇလုံကြီးကြီး တစ်လုံး ချပေးလိုက်သည်။ သူတို့အိမ်တွင် တူ မလောက်သဖြင့် လျန်ဟွမ်းသည် မာမိသားစုအိမ်မှ တူနှင့် ပန်းကန်များ ငှားလာပြီး ကူညီလုပ်ကိုင်ပေးသော ယောက်ျားကြီး ၇၊ ၈ ယောက်အတွက် တစ်ယောက်လျှင် ကန်စွန်းဥဆန်ပြုတ် တစ်ပန်းကန်စီ အပြည့် ထည့်ပေးထားသည်။
လျန်ဟွမ်းသည် ထမင်းဝိုင်းပြင်ဆင်ပြီးနောက် ကျိဟုန်ကျွင်းနှင့် လူများကို ထမင်းစားရန် ခေါ်လိုက်သည်။ သူမကမူ ဘေးခန်းသို့ သွားစားလိုက်သည်။ တစ်ခန်းလုံး အမျိုးသားများဖြစ်နေသဖြင့် သူမ ဝင်ထိုင်စားလျှင် အဆင်မပြေပေ။ တစ်ဖက်သို့ ခွဲစားခြင်းက ပိုကောင်းသည်။
ပင်မအခန်းထဲတွင် ဗိုက်ဆာနေကြသော အမျိုးသားများသည် အစားအစာကို တွေ့သောအခါ ဝံပုလွေများ အသားတွေ့သကဲ့သို့ ထိုင်ကာ အငမ်းမရ စားသောက်ကြတော့သည်။
ကျိဟုန်ကျွင်းသည် သူတို့အားလုံး စားပြီးမှ စားပွဲပေါ်ရှိ ကန်စွန်းဥပေါက်စီကို ယူစားလိုက်သည်။ ပထမတစ်ကိုက် ကိုက်လိုက်သည်နှင့် သူ့မျက်လုံးထဲတွင် အံ့သြဝမ်းသာသော အရိပ်အယောင်များ ပေါ်လာပြီး စားသောက်သည့်နှုန်း မြန်လာသည်။
ကန်စွန်းဥဖြင့် ပေါင်းထားသော ပေါက်စီသည် ချိုမွှေးသော အရသာ ရှိသည်။ ဂျုံကြမ်းဖြင့် ပေါင်းထားသော ပေါက်စီသည် လည်ချောင်းနာစေတတ်သော်လည်း ကန်စွန်းဥ ရောထားသဖြင့် ပျော့အိကာ ချိုမွှေးနေသည်။ စားရသည်မှာ လည်ချောင်းမနာပေ။
လျန်ဟွမ်း ချက်ထားသော အာလူးပဲတောင့်ရှည်ဟင်းသည် ဆီမပါသော်လည်း အာလူးကို နူးအိနေအောင် ချက်ထားပြီး ဆားအပေါ့အငန် အနေတော်မို့ ထိုအမျိုးသားများအတွက် အရသာ ရှိလှသည်။
လျန်ဟွမ်း ပြင်ဆင်ပေးထားသော ပေါက်စီခြင်းတောင်းကြီးမှာ ကုန်စင်သွားသည်။ ဟင်းနှင့် ဆန်ပြုတ်များလည်း ပြောင်သလင်းခါသွားသည်။
ကျိယိုလျန်က စားသောက်ပြီးနောက် ကျေနပ်စွာဖြင့် ခုံပေါ်တွင် ထိုင်နားနေရင်း ကျိဟုန်ကျွင်းကို အားကျသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်း... ညီမလေး လက်ရာ ကောင်းလိုက်တာ၊ ဒီပေါက်စီ ဘယ်လိုလုပ်တာလဲ၊ မင်းအစ်မကြီး လုပ်တာက မာပြီး လည်ချောင်းနာတယ်၊ ညီမလေး လုပ်သလောက် မကောင်းဘူး၊ နောက်ကျရင် မင်းအစ်မကြီးကို ညီမလေးဆီ လွှတ်ပြီး သင်ခိုင်းရမယ်"
"ဒါတော့ ဟွမ်းဟွမ်းကို မေးရမယ်၊ အစ်မကြီးကို လွှတ်ပြီး သူ့ဘာသာ မေးခိုင်းလိုက်လေ" ပေါက်စီ ဘယ်လိုလုပ်သလဲ သူ မသိပေ။ သို့သော် တကယ် စားကောင်းသည်။
"ကောင်းပြီ၊ နောက်ကျရင် မင်းအစ်မကြီးကို လွှတ်လိုက်မယ်"
ကျိယိုလျန် ပြောလိုက်သည်နှင့် ကျန်ရှိသော အိမ်ထောင်သည် အမျိုးသားများကလည်း သူတို့မိန်းမများကို လျန်ဟွမ်းထံ လွှတ်ပြီး ကန်စွန်းဥပေါက်စီ လုပ်နည်း သင်ခိုင်းမည်ဟု ပြောကြသည်။ ကျိဟုန်ကျွင်းက လျန်ဟွမ်းကိုယ်စား ဘာမှ ကတိမပေးပေ။ ဒါက လျန်ဟွမ်း သဘောတူမှ ရမည့်ကိစ္စ ဖြစ်သည်။
လူပျိုတချို့ကလည်း တစ်ဖက်တွင် ထိုင်ရင်း အိမ်ပြန်ရောက်ရင် သူတို့အမေကို လာသင်ခိုင်းမည်ဟု တိတ်တဆိတ် တွေးနေကြသည်။
ထိုလူများသည် စားသောက်ပြီးနောက် လျန်ဟွမ်းအိမ်တွင် ကြာကြာ မနေကြပေ။ ကျိဟုန်ကျွင်းကို နှုတ်ဆက်ပြီး ပြန်သွားကြသည်။ သူတို့ ပြန်သွားကြသောအခါ လျန်ဟွမ်း အပြင်ထွက်လာပြီး အခန်းရှင်းရန် ပြင်လိုက်သည်။
သူမ ဝင်လာသောအခါ ကျိဟုန်ကျွင်းသည် ပန်းကန်ခွက်ယောက်များ သိမ်းဆည်းနေသည်။ လျန်ဟွမ်း လာသည်ကို မြင်သောအခါ ပန်းကန်များကို လှမ်းပေးလိုက်သည်။ "မင်း ပန်းကန် ဆေးလိုက်၊ ကိုယ် အခန်း သန့်ရှင်းရေးလုပ်လိုက်မယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ပန်းကန်များကို လျန်ဟွမ်း လက်ထဲ ထည့်ပေးလိုက်ပြီး ခြံဝင်းထဲသို့ သွားကာ တံမြက်စည်းယူပြီး အခန်းသန့်ရှင်းရေးလုပ်တော့သည်။ နံရံလာကာကြသော အမျိုးသားများ၏ ခြေထောက်တွင် ရွှံ့များ ကပ်ပါလာသဖြင့် အခန်းထဲတွင် ရွှံ့များ ပေကျံနေသည်။
ကျိဟုန်ကျွင်း အခန်းသန့်ရှင်းရေးလုပ်နေသည်ကို လျန်ဟွမ်း ခဏ ရပ်ကြည့်ပြီးနောက် ပန်းကန်များ သွားဆေးလိုက်သည်။ ဆေးပြီးနောက် ပန်းကန်ခွက်ယောက်များကို ယူကာ အပြင်ထွက်သွားသည်။ ထွက်သွားသောအခါ ကန်စွန်းဥပေါက်စီ ၂ လုံးပါ ယူသွားသည်။
ပန်းကန်များကို မာမိသားစုအိမ်မှ ငှားလာခြင်း ဖြစ်သည်။ သူတို့ ထမင်းစားလျှင် သုံးရမည်စိုးသဖြင့် စောစော သွားပြန်ပေးရမည်။
အဒေါ်မာသည် ထမင်းစားပြီးနောက် ဒယ်အိုးတိုက်နေစဉ် လျန်ဟွမ်း ပန်းကန်များ ကိုင်ကာ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် လှမ်းယူလိုက်သည်။ "မြန်လိုက်တာ၊ ပြန်လာပေးပြီလား၊ သုံးလို့ အဆင်ပြေရဲ့လား"
"ပြေပါတယ် အဒေါ်၊ ဒါ ကျွန်မ လုပ်လာတဲ့ ပေါက်စီပါ၊ မြည်းကြည့်ပါဦး"
အဒေါ်မာသည် ပေါက်စီကို ကြည့်ကာ လက်မခံချင်ပေ။ "ဘာလို့ ပေါက်စီ လာပေးရတာလဲ၊ ညည်းတို့အိမ်မှာ စားစရာမှ သိပ်မရှိတာ၊ ပြန်ယူသွားပြီး စားလိုက်၊ ဒေါ်ဒေါ်တို့အိမ်မှာ ပေါက်စီ ရှိတယ်"
"အဒေါ်... ကျွန်မတို့အိမ်မှာ ရှိပါတယ်၊ အဒေါ်ပဲ စားလိုက်ပါ၊ ကျွန်မ သွားတော့မယ်" လျန်ဟွမ်းသည် ပေါက်စီကို အဒေါ်မာ လက်ထဲ ထိုးထည့်ပေးလိုက်ပြီး လှည့်ထွက်လာခဲ့သည်။
လျန်ဟွမ်း အိမ်သို့ သုတ်ခြေတင် ပြန်လာခဲ့သည်။ ခြံဝင်းထဲ ရောက်သောအခါ ဟာလာဟင်းလင်း ဖြစ်နေသော ခြံဝင်းကို ကြည့်လိုက်သည်။ သူတို့အိမ်ခြံဝင်းတွင် တံခါးမရှိပေ။ တံခါးတစ်ချပ် တပ်ဆင်ရမည်။
လျန်ဟွမ်း စိတ်ထဲ တွေးရင်း အခန်းထဲ ဝင်လိုက်ရာ ကျိဟုန်ကျွင်းက သန့်ရှင်းရေးလုပ်ပြီး ခုတင်ပေါ် ထိုင်နားနေသည်ကို တွေ့လိုက်ရသည်။ သူမ သဘာဝကျကျ ပြောလိုက်သည်။ "ဟုန်ကျွင်း... တို့အိမ်ခြံဝင်းမှာ တံခါးမရှိဘူး၊ တံခါးတစ်ချပ် တပ်ရမယ်"
"အင်း... ကိုယ် မနေ့က ခေါင်းဆောင်ကို ပြောထားတယ်၊ အဖွဲ့ထဲက အသုံးမလိုတဲ့ တံခါးဟောင်းတစ်ချပ် အရင်ငှားသုံးထားမယ်၊ နှစ်ကူးပြီးရင် တံခါးအသစ် လုပ်ပြီး ပြန်ပေးလိုက်မယ်"
ကျိဟုန်ကျွင်း စကားကို ကြားသောအခါ လျန်ဟွမ်း ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီလေ"
ခုတင်ဘက်မှ ကျိဟုန်ကျွင်းသည် ခဏ တိတ်ဆိတ်သွားပြီးနောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ 
"ညနေကျရင် တံခါးတပ်မယ်၊ မင်းအတွက် သော့ခလောက်တစ်ခု ယူလာခဲ့မယ်၊ ညကျရင် တံခါးသော့ခတ်ထားနော်၊ ကိုယ် ညဘက် အပြင်ခဏ သွားစရာ ရှိတယ်"
...
အခန်း (၁၂)
ကျိဟုန်ကျွင်းက လက်တွေ့သမားဖြစ်သည်။ ညနေ တံခါးတပ်မည်ဟု ပြောပြီးနောက် ညနေ၌ပင် တံခါးတစ်ချပ် ရအောင် ယူလာခဲ့သည်။ တံခါးမှာ ဟောင်းနွမ်းနေပြီဖြစ်သော်လည်း တံခါးတစ်ချပ် ရှိနေခြင်းက ညဘက်တွင် လူဆိုးရန်မှ ကာကွယ်နိုင်သဖြင့် မဆိုးလှပေ။ တံခါးတပ်ပြီးနောက် ကျိဟုန်ကျွင်းသည် သော့အဟောင်းတစ်လုံးကို ထုတ်ယူလာသည်။ သော့မှာ သံချေးအနည်းငယ် တက်နေပြီး သော့တံတစ်ချောင်းသာ ပါသည်။ သူသည် သော့တံကို လျန်ဟွမ်း လက်ထဲသို့ တန်းထည့်ပေးလိုက်သည်။
“သော့ကို မင်း သိမ်းထားလိုက်”
လျန်ဟွမ်းသည် သူမတို့အိမ်တံခါးနှင့် ဆောက်လုပ်ပြီးစီးနေသော နံရံကို ကြည့်ပြီးနောက် စိတ်သက်သာရာရသွားကာ ပြုံးပြီး သော့တံကို လှမ်းယူလိုက်သည်။ “ရှင် ဘယ်ကနေ ဒီသော့ ရလာတာလဲ”
မနေ့ကတော့ ဒယ်အိုးနဲ့ ဟင်းလှီးဓား၊ ဒီနေ့က သော့ခလောက်ကို ယူလာခဲ့သည်။ သူမ စိတ်ဝင်စားသွားသည်။ ကျိဟုန်ကျွင်းက တကယ်ပဲ ရွာထဲက လူတွေ ပြောသလို လူပျင်းတစ်ယောက်ဟုတ်ရဲ့လား။ ဒီလူက အခု သူမကို ပေးနေတဲ့ ခံစားချက်က မပျင်းရုံသာမက အကွက်အမြင် ရှိသူတစ်ယောက် ဖြစ်နေသည်။
“သူများကို အကူအညီတောင်းပြီး ယူလာတာ၊ ကိုယ် ခေါင်းဆောင်ဆီ ခဏ သွားလိုက်ဦးမယ်၊ မင်း အခန်းထဲ ပြန်နားတော့” ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ခေါင်းဆောင်၏ အိမ်ဘက်သို့ လှည့်ထွက်သွားသည်။
လျန်ဟွမ်းသည် သူ ထွက်သွားသည်ကို ကြည့်ပြီးနောက် ခြံဝင်းတံခါးကို ပိတ်ကာ အခန်းထဲ ပြန်ဝင်လာခဲ့သည်။
ကျိဟုန်ကျွင်းက အိမ်မှာ မရှိသလို ဆောင်းရာသီမို့ အလုပ်ဆင်းစရာလည်း မလိုပေ။ အခန်းလည်း ရှင်းပြီးပြီဖြစ်ရာ လျန်ဟွမ်းမှာ လုပ်စရာ မရှိတော့ပေ။ အခန်းထဲ ရောက်သည်နှင့် သူမ၏ စိတ်အာရုံသည် နေရာလွတ်ထဲသို့ ရောက်သွားသည်။
နေရာလွတ်ထဲတွင် သူမ ပထမဆုံးအကြိမ် ဝင်လာစဉ်ကအတိုင်းပင်။ မြေကွက်လပ်က ဟာလာဟင်းလင်း ဖြစ်နေသည်။ နှစ်ဧကခန့် ရှိမည်။ ကြည်လင်နေသော မြစ်ငယ်လေး တစ်စင်းလည်း ရှိသည်။ ဒီရေက သောက်လို့ရမရ သူမ မသိသော်လည်း စိုက်ပျိုးရေးအတွက် အသုံးဝင်မည်မှာ သေချာသည်။
ဤမြေကွက်လပ်ကို ကိရိယာရှာပြီး ထွန်ယက်လိုက်လျှင် သီးနှံ စိုက်ပျိုးနိုင်လောက်သည်။ အိမ်တွင် သီးနှံမျိုးစေ့ မရှိပေ။ အာလူးနှင့် ကန်စွန်းဥ နည်းနည်း ကျန်သေးသည်။ အာလူး စိုက်၍ရသလို ကန်စွန်းဥကိုလည်း အပင်ဖောက်ပြီး စိုက်နိုင်သည်။
လျန်ဟွမ်းက နေရာလွတ်ထဲတွင် ခဏ ရပ်ကြည့်ပြီးနောက် သစ်သားအိမ်လေးဆီ လျှောက်သွားလိုက်သည်။ အရင်တစ်ခါက စာအုပ်ကို ရှေ့နှစ်ခန်းလောက်ပဲ ဖတ်ရသေးသည်။ နောက်ပိုင်း ဘာတွေ ရေးထားလဲ မသိသေးသဖြင့် သွားဖတ်ကြည့်ရမည်။
လျန်ဟွမ်းက သစ်သားအိမ်လေးဆီ လျှောက်သွားလိုက်သည်။ သစ်သားအိမ်ထဲတွင် ညနေခင်း တစ်ခုလုံး အချိန်ကုန်ဆုံးလိုက်သည်။ သူမက စာအုပ်တစ်အုပ်လုံး၏ တစ်ဝက်ခန့် ဖတ်ပြီးချိန်တွင် အပြင်ဘက်မှ အသံကြားလိုက်ရသဖြင့် စာအုပ်ပိတ်ကာ သူမ၏ စိတ်အာရုံကို နေရာလွတ်ထဲမှ ပြန်ထုတ်လိုက်သည်။
တံခါးဖွင့် ဝင်လာသူမှာ ကျိဟုန်ကျွင်း ဖြစ်သည်။ သူက အိမ်ထဲ ဝင်လာပြီး လျန်ဟွမ်းက အခန်းထဲတွင် ရှိနေသည်ကို မြင်သောအခါ အိတ်ကပ်ထဲမှ လက်မှတ်ဖြတ်ပိုင်းများကို ထုတ်ပြီး လျန်ဟွမ်းကို ပေးလိုက်သည်။
“ခေါင်းဆောင်ကို အကူအညီတောင်းပြီး ရွာထဲက လူတွေနဲ့ လဲလာတာ၊ မနက်ဖြန် မြို့သွားရင် ယူသွားလိုက်”
လျန်ဟွမ်းသည် ယခုလိုအချိန်တွင် ဘာဝယ်ဝယ် လက်မှတ်ပါမှ ရသဖြင့် လက်မှတ်မရှိလျှင် ဘယ်သူနဲ့ လဲရမလဲ စိတ်ညစ်နေခဲ့သည်။ အခု ကျိဟုန်ကျွင်းက လဲပေးလာပြီဖြစ်၍ သူမ ဝမ်းသာသွားပြီး ကျိဟုန်ကျွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ “ကျိဟုန်ကျွင်း... ကျေးဇူးပါပဲ”
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ ယဉ်ကျေးသော ကျေးဇူးတင်စကားကို ကြားသောအခါ သူ့မျက်လုံးနက်နက်များက လျန်ဟွမ်းအပေါ် စက္ကန့်ပိုင်းခန့် ရပ်တန့်သွားပြီးနောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်စရာ မလိုပါဘူး၊ ဝယ်လာတဲ့ ပစ္စည်းတွေက အတူတူ သုံးမှာပဲလေ”
“အင်း... အတူတူ သုံးမှာပါ၊ မိုးချုပ်တော့မယ် ထင်တယ်၊ ကျွန်မ ထမင်းသွားချက်လိုက်မယ်” လျန်ဟွမ်းသည် လက်မှတ်ဖြတ်ပိုင်းများကို အိတ်ကပ်ထဲ ထည့်ကာ မတ်တတ်ရပ်ပြီး အပြင်ထွက်လိုက်သည်။
အခန်းထဲတွင် အနည်းငယ် မှောင်နေသည်။ ကျိဟုန်ကျွင်းကို ကြည့်ရင်း သူမ ရင်ခုန်သံ မြန်လာသလို ခံစားရသည်။ အခန်းက အိုက်လွန်းနေသဖြင့် အပြင်ထွက် လေရှူလိုက်ခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်းကမူ လျန်ဟွမ်း၏ စိတ်ကို မသိပေ။ လျန်ဟွမ်း အလုပ်သွားလုပ်မည်ဆိုတော့ သူပါ လိုက်သွားသည်။ “မီးကူမွှေးပေးမယ်”
လျန်ဟွမ်းက ငြင်းချင်သော်လည်း စဉ်းစားပြီးနောက် မငြင်းတော့ပေ။ ထမင်းက နှစ်ယောက်စားမှာပဲလေ။ ကျိဟုန်ကျွင်းက ကူညီချင်ရင်လည်း ကူညီပါစေ။ ပြီးတော့ ဒီလူက တခြားယောက်ျားတွေလို အမျိုးသားကြီးစိုးရေးဝါဒ မရှိပေ။ ဒီခေတ်မှာ ယောက်ျားတွေက မီးဖိုချောင်အလုပ် မလုပ်ကြဘူးလေ။ ကျိဟုန်ကျွင်းက ကူညီပေးတာဆိုတော့ အသိဉာဏ် ရှိတဲ့လူပဲ။
ကန်စွန်းဥကို နှစ်ရက်ဆက်တိုက် စားထားသဖြင့် လျန်ဟွမ်း ရင်ပူလာသည်။ ညစာကို ဂျုံကြမ်းဆန်ပြုတ် ပြုတ်ပြီး ပေါက်စီ ၄ လုံး နွှေးလိုက်သည်။
လျန်ဟွမ်းက နေ့လယ်က ဗိုက်ပြည့်အောင် စားထားသလို ညနေပိုင်း ဘာမှ မလုပ်ထားသဖြင့် ပေါက်စီ တစ်လုံးခွဲသာ စားနိုင်တော့သည်။ ကျန်သော ပေါက်စီတစ်ဝက်ကို မနက်ဖြန်စားရန် ခြင်းတောင်းထဲ ထည့်ထားလိုက်သည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ လျန်ဟွမ်း ချန်ထားခဲ့သော ပေါက်စီကို မြင်သောအခါ ယူပြီး စားလိုက်သည်။
လျန်ဟွမ်း ခေါင်းမော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်းက သူမ စား၍ ကျန်သော ပေါက်စီကို စားနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာကျ ပီပြင်သော၊ နေလောင်ထားသဖြင့် အသားညိုသော၊ မျက်လုံးနက်နက်နှင့် ထိုအမျိုးသားသည် အားရပါးရ စားသောက်နေသည်။ ကြည့်ရတာ ခံတွင်းတွေ့ပုံ ရသည်။
လျန်ဟွမ်းက ကမ္ဘာအဆင့်ဆင့် ကူးပြောင်းလာစဉ် ဘဝပေါင်းများစွာ နေထိုင်ခဲ့သော်လည်း သူမ၏ တာဝန်များမှာ လူကြီးလူကောင်းများကို ပြုစုပျိုးထောင်ရန်သာ ဖြစ်ပြီး အချစ်ရေး ကိစ္စများ မရှိခဲ့ပေ။ ယခု သူမ အကြိုက်နှင့် ကိုက်ညီသော အမျိုးသားတစ်ယောက် ရုတ်တရက် ပေါ်လာသဖြင့် သူမ ရင်ခုန်နေမိသည်။
ကောင်းကင်က မဲမှောင်စပြုလာပြီဖြစ်သည်။ လျန်ဟွမ်း၏ မျက်လုံးများက ဟိုကြည့်ဒီကြည့် ဖြစ်သွားပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “ဖြည်းဖြည်းစားနော်၊ ကျွန်မ မီးသွားထည့်လိုက်မယ်”
အိပ်ရာအောက် မီးထည့်ထားမှ ညဘက် အိပ်ရတာ နွေးမှာလေ။
လျန်ဟွမ်းက အခန်းထဲသို့ ပြန်ရောက်ပြီးနောက် မီးဖိုချောင်ဘက် ပြန်မသွားတော့ပေ။ ကျိဟုန်ကျွင်းက ထမင်းစားပြီးနောက် ပန်းကန်ခွက်ယောက်များ ဆေးကြောကာ ပင်မအခန်းသို့ ဝင်လာသည်။ လျန်ဟွမ်းက အိပ်ရာခင်းနေသည်ကို မြင်သောအခါ အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ကိုယ် အပြင် ခဏ သွားစရာ ရှိတယ်၊ ပြန်လာရင် နောက်ကျလောက်မယ်၊ မင်း စောစော အိပ်နှင့်”
“ကောင်းပြီ” လျန်ဟွမ်းက ကျိဟုန်ကျွင်း ဘာသွားလုပ်မလဲ မမေးတော့ပေ။ ဘာပဲဖြစ်ဖြစ် အလုပ်ကိစ္စပဲ ဖြစ်မှာပါ။ သူ ပြန်လာရင် သိရမှာပဲ။
“အင်း... သွားပြီ” ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
အိမ်တွင် တစ်ယောက် လျော့သွားသဖြင့် လျန်ဟွမ်း တစ်ယောက်တည်း ကျန်ခဲ့သည်။ အိမ်က ဟာလာဟင်းလင်း ဖြစ်နေသည်။ အချိန်က စောသေးသည်။ အခန်းထဲတွင်လည်း အိပ်မပျော်နိုင်သဖြင့် ခြံဝင်းထဲမှ ပေါက်တူးအသေးတစ်လက် ယူကာ အာလူး ၂ လုံး ယူပြီး နေရာလွတ်ထဲ ဝင်လိုက်သည်။
နေရာလွတ်ထဲတွင် အာလူးစိုက်လျှင် ဖြစ်မဖြစ်စမ်းကြည့်ရမည်။
လျန်ဟွမ်း နေရာလွတ်ထဲတွင် ပေါက်တူးအသေးဖြင့် ၅ မီတာလောက် ရှည်သော ဘောင်တစ်ခု လုပ်လိုက်သည်။ ထို့နောက် အာလူးကို အတုံးလိုက် လှီးပြီး တစ်တုံးချင်းစီ စိုက်လိုက်သည်။ စိုက်ပြီးနောက် နေရာလွတ်ထဲမှ စမ်းချောင်းလေးဆီ သွားကာ ရေနှစ်ပုံး ခပ်ပြီး ရေလောင်းလိုက်သည်။
အာလူးစိုက်ပြီးသော်လည်း လျန်ဟွမ်းက သိပ်မပင်ပန်းသေးသဖြင့် မြေတစ်နေရာ ထပ်တူးလိုက်သည်။ မြေတူးပြီးလျှင် မနက်ဖြန် ကန်စွန်းဥ ဝင်စိုက်လို့ ရသည်။
နေရာလွတ်ထဲတွင် ၂ နာရီ၊ ၃ နာရီခန့် အလုပ်လုပ်ပြီးနောက် လျန်ဟွမ်း အိပ်ချင်လာသဖြင့် နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် အမှောင်ထုက ကြီးစိုးနေပြီး ရွာတစ်ရွာလုံး တိတ်ဆိတ်နေသည်။ ကြက်တွန်သံ၊ ခွေးဟောင်သံများ မကြားရတော့ပေ။ ရွာထဲမှ လူများ အိပ်ကုန်ကြပြီ ထင်သည်။ သူမလည်း စောင်ကို လှန်ကာ အိပ်ရာဝင်လိုက်သည်။
လျန်ဟွမ်း အိပ်ရာပေါ် ရောက်သည်နှင့် မအိပ်ပျော်သေးခင်မှာပင် ခြံဝင်းထဲမှ အသံကြားလိုက်ရသည်။ လျန်ဟွမ်း ခန္ဓာကိုယ် တောင့်တင်းသွားသည်။
လာသူက ခြံဝင်းထဲ ဝင်လာပြီး ပင်မအခန်းဆီ လျှောက်လာသည်။
လျန်ဟွမ်းက ခြေသံကြားသည်နှင့် အိပ်ရာပေါ်မှ ထကာ တံခါးနားသို့ ပြေးသွားပြီး တံခါးဘေးရှိ တုတ်ကို ကောက်ကိုင်လိုက်သည်။
လျန်ဟွမ်းက သူခိုးလာသည်ဟု ထင်ပြီး ရိုက်ရန် ပြင်လိုက်သော်လည်း ဝင်လာသူမှာ ကျိဟုန်ကျွင်း ဖြစ်နေသည်။ အမှောင်ထဲတွင် မျက်နှာကို သေချာ မမြင်ရသော်လည်း ဒီနှစ်ရက်လုံး ကျိဟုန်ကျွင်းကို ကြည့်နေရသဖြင့် သူ့ပုံစံကို ရင်းနှီးနေပြီ ဖြစ်သည်။ ပုံစံကြည့်ရုံနှင့် သိနိုင်သည်။
အရပ်ရှည်ရှည်၊ ပိန်ပါးပါးနှင့် ခန္ဓာကိုယ်က အချိုးအစားကျသည်။ အရပ်ရှည်သော်လည်း လမ်းလျှောက်လျှင် ခါးမတ်မတ် လျှောက်သည်။ ရွာထဲမှ ဗလတောင့်တောင့် ယောက်ျားကြီးများကြားတွင် ကျိဟုန်ကျွင်း၏ ပုံစံမှာ ထင်ရှားသည်။
ကျိဟုန်ကျွင်းမှန်း သေချာသွားသောအခါ လျန်ဟွမ်း တုတ်ကို ဘေးချလိုက်သည်။ “ရှင် ပြန်ရောက်ပြီလား”
ကျိဟုန်ကျွင်း တံခါးပိတ်လိုက်ပြီး လက်ထဲမှ အိတ်ကို ကိုင်ကာ အခန်းထဲ ဝင်လာသည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ ခြေလှမ်း ရပ်တန့်သွားသည်။ “အင်း... မင်းကို နှိုးလိုက်မိသလား”
“မအိပ်သေးပါဘူး၊ ရှင် ဘယ်လို ဝင်လာတာလဲ” ကျိဟုန်ကျွင်း ထွက်သွားတုန်းက သူမကို တံခါးသော့ခတ်ခိုင်းသွားသည်။ သူမ အထဲကနေ ခြံဝင်းတံခါးကို သော့ခတ်ထားခဲ့တာ။
“နံရံကျော်ဝင်လာတာ” ကျိဟုန်ကျွင်း ပြောရင်း လက်ထဲမှ အိတ်ကို ကြမ်းပြင်ပေါ် ချလိုက်သည်။
လျန်ဟွမ်း အိတ်ထဲမှ လှုပ်ရှားမှု ရှိနေသည်ကို ကြားလိုက်ရသဖြင့် စပ်စုချင်စိတ် ပေါ်လာသည်။ “အိတ်ထဲမှာ ဘာတွေလဲ”
“ယုန်” ကျိဟုန်ကျွင်းက အသံနိမ့်နိမ့်ဖြင့် ဖြေပြီး ခုတင်ဘက် လျှောက်သွားသည်။
ယုန်တဲ့။ ဒါဆို အသားပေါ့။ လျန်ဟွမ်း တကယ်ပဲ အသားစားချင်နေပြီ။ ကျိဟုန်ကျွင်း စကားကို ကြားသောအခါ အိတ်ကို ဖွင့်ကြည့်ချင်စိတ် ပေါက်သွားသည်။ သို့သော် ညဘက်ဖြစ်နေသဖြင့် သေချာ မြင်ရမည် မဟုတ်ပေ။ သူမက အိတ်ကို မဖွင့်တော့ဘဲ ရှုပ်ထွေးသော ခံစားချက်ဖြင့် အိပ်ရာဘက် လျှောက်သွားလိုက်သည်။
ကျိဟုန်ကျွင်းက ဖိနပ်ချွတ်ပြီး အိပ်ရာအောက်ဘက်တွင် ဝင်အိပ်ရန် ပြင်နေသည်။ လျန်ဟွမ်းက အိပ်ရာဘေးတွင် ရပ်ကာ စဉ်းစားပြီး မေးလိုက်သည်။ “ဘယ်ကရတဲ့ ယုန်လဲ”
ပြီးတော့ မနေ့က ဒယ်အိုး။ သူမ တကယ် သိချင်နေသည်။ ကျိဟုန်ကျွင်း ဘယ်ကနေ ရလာတာလဲ။
“တောင်ပေါ်က ဖမ်းလာတာ” ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
ကျိဟုန်ကျွင်းက အိပ်ရာပေါ် ရောက်နေပြီဖြစ်သည်။ အိပ်ရာအောက်ဘက်တွင် ကွေးအိပ်နေသည်။ လျန်ဟွမ်းက စိတ်လှုပ်ရှားနေသည်။ အသားစားရတော့မည်ဟု တွေးမိပြီး အိပ်ချင်စိတ်များ ပျောက်သွားသည်။ သူမလည်း ခုတင်ပေါ် တက်ကာ ခေါင်းရင်းတွင် အိပ်ရင်း တိုးတိုးလေး မေးလိုက်သည်။ “ကျိဟုန်ကျွင်း... မနေ့က ဒယ်အိုးကရော ဘယ်က ရလာတာလဲ”
ကျိဟုန်ကျွင်း တိတ်ဆိတ်နေသည်။
ခဏကြာသည်အထိ ကျိဟုန်ကျွင်း ပြန်မဖြေဘဲနေသဖြင့် သူမ မေးတာကို ဖြေမည် မဟုတ်ဟု ထင်လိုက်စဉ် အမျိုးသား၏ အသံနိမ့်နိမ့် ထွက်လာသည်။ “လူတစ်ယောက်နဲ့ လဲလာတာ”
လူတစ်ယောက်နဲ့ လဲလာတယ်ဆိုတော့ မှောင်ခိုဈေးကို သွားတာပဲ။
လျန်ဟွမ်း အိပ်ရာပေါ်တွင် လှဲရင်း မျက်လုံးဖွင့်ကာ ပြောလိုက်သည်။ “ကျိဟုန်ကျွင်း... ရှင်က သူများပြောသလို မဟုတ်ဘူးပဲ”
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် လူတွေက ကျိဟုန်ကျွင်းကို လူပျင်း၊ အလုပ်မလုပ်ဘဲ လျှောက်သွားနေသူ၊ အလကားကောင်၊ ရုပ်ချောရုံသက်သက်ပဲ ရှိတာဟု ပြောကြသည်။
သူမ ဖတ်ဖူးသော ဝတ္ထုထဲတွင်လည်း ကျိဟုန်ကျွင်းအကြောင်း သိပ်မပါပေ။ သို့သော် လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် သူ့ကို လူပျင်း၊ အစ်ကိုကြီးတွေ လုပ်စာ ထိုင်စားသူ၊ ကိုယ်တိုင် အမှတ်မရှာဘဲ အစ်ကိုကြီးတွေ အမှတ်နဲ့ မှီခိုနေသူဟုသာ ပြောကြသည်။
“ကောလာဟလနဲ့ လက်တွေ့ဘဝက ကွာခြားမှု ရှိတာပဲလေ” ကျိဟုန်ကျွင်း၏ အသံက အိပ်ရာတစ်ဖက်မှ ထွက်ပေါ်လာသည်။
လျန်ဟွမ်းသည် လက်ရှိ ကျိဟုန်ကျွင်းနှင့် မှတ်ဉာဏ်ထဲမှ ကျိဟုန်ကျွင်း မတူညီမှုကို ဆက်လက် စုံစမ်းမနေတော့ပေ။ သူမ ကိုယ်တိုင်လည်း မူလလျန်ဟွမ်း မဟုတ်တော့ပေ။ သူမ ခဏ ငြိမ်နေပြီးနောက် ပြောလိုက်သည်။ “ကျိဟုန်ကျွင်း... နောက်ခါ ညဘက် အပြင်ထွက်ရင် သော့ယူသွားနော်၊ အပြင်ကနေ သော့ခတ်သွား”
“ကောင်းပြီ”
……
နောက်တစ်နေ့ မနက်တွင် ကြက်တွန်သံ ခွေးဟောင်သံများ ကြားရပြီး လျန်ဟွမ်း နိုးလာသည်။ မိုးလင်းနေပြီဖြစ်သည်။ သစ်သားပြတင်းပေါက်မှတဆင့် နေရောင်ခြည်ကို မြင်နေရသည်။ ဒီနေ့ ရာသီဥတု သာယာမယ့်ပုံပဲ။
လျန်ဟွမ်း အိပ်ရာထပြီး အိပ်ရာအောက်ဘက်ကို ကြည့်လိုက်ရာ လူမရှိတော့ပေ။ ကျိဟုန်ကျွင်း ဘယ်အချိန်က ထသွားမှန်း မသိပေ။
သူမ စောင်ကို ခေါက်ကာ ဝါဂွမ်းအင်္ကျီ ဝတ်ပြီး အပြင်ထွက်လိုက်သည်။ အပြင်ရောက်သည်နှင့် ကျိဟုန်ကျွင်းက ယုန်သား ခုတ်နေသည်ကို တွေ့လိုက်ရသည်။ ကြိုးတန်းပေါ်တွင် ခုတ်ပြီးသား ယုန်တစ်ကောင် ချိတ်ထားသည်။ နောက်တစ်ကောင်ကို သူ ခုတ်နေသည်။
ယုန်သားဆိုသည်မှာ လျန်ဟွမ်းအတွက် အသားဟင်း ဖြစ်သည်။ သူမ ရောက်နေတဲ့ ခန္ဓာကိုယ်က အသားမစားရတာ ဘယ်လောက်ကြာပြီလဲ မသိပေ။ အသားမြင်တာနဲ့ သွားရည်ကျချင်နေပြီ။ လျန်ဟွမ်းက ကျိဟုန်ကျွင်းအနား သွားပြီး ပြောလိုက်သည်။ “ယုန်နှစ်ကောင်တောင်၊ နှစ်ကူးရင် စားလို့ရပြီ”
၁၂ လပိုင်း ကုန်ခါနီးပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်။ နှစ်ကူးဖို့ ၄ ရက်သာ လိုတော့သည်။ သူမနှင့် ကျိဟုန်ကျွင်းမှာ ဘာမှမရှိပေ။ နှစ်သစ်ကူးမှာ ယုန်သား စားရမှာဆိုတော့ မဆိုးဘူးပဲ။
“ဒီနေ့ တစ်ကောင်စားမယ်၊ ညကျရင် ကိုယ် အပြင်ထပ်သွားဦးမယ်” ကျိဟုန်ကျွင်းက အသံနိမ့်နိမ့်ဖြင့် ပြောသည်။
“ညဘက် တောင်ပေါ်သွားတာ အန္တရာယ် မများဘူးလား” သူတို့ဒေသက တောင်တွေက တောနက်သည်။ ၃ နှစ်တာ ငတ်မွတ်ခေါင်းပါးသော ကာလတုန်းက လူတချို့ တောထဲဝင်ပြီး ပြန်မထွက်လာတော့ဘူးဟု ကြားဖူးသည်။ တောထဲက ကျားတွေ စားသွားတာတဲ့။
တောနက်ထဲမှာ သားရဲတိရစ္ဆာန်ကြီးတွေ ရှိတတ်သည်။ စားစရာလေး တစ်ခုအတွက်နဲ့ ဒဏ်ရာရရင် မကောင်းဘူး။
သူမ ဖတ်ဖူးတဲ့ ဝတ္ထုထဲမှာတော့ မင်းသမီးက လူတွေခေါ်ပြီး တောထဲဝင်ဖူးတယ်။ ဒါပေမယ့် မင်းသမီးမှာ ရွှေလက်ချောင်းပါသလို ကံကောင်းခြင်းတွေလည်း ပါသည်။ သူမ တောထဲဝင်ရင် တောကြက် တောယုန်တွေက သူ့အလိုလို ပြေးလာကြသလို တောဝက်တွေကလည်း သစ်ပင်ကို ဝင်တိုက်ပြီး အဖမ်းခံကြသည်။
ကျိဟုန်ကျွင်းမှာ ကံကောင်းခြင်းတွေ မပါဘူး။ သူမ သူ့အတွက် စိတ်ပူမိသည်။
လျန်ဟွမ်း စိတ်ပူနေသော်လည်း ကျိဟုန်ကျွင်းက စိတ်ပူပုံမရပေ။ သူက လျန်ဟွမ်းကို မော့ကြည့်လိုက်သည်။ သူ့အသံက နက်ရှိုင်းပြီး မျက်လုံးများက လျန်ဟွမ်းပုံရိပ်ကို ထင်ဟပ်နေသည်။ “ဘာမှမဖြစ်ဘူး၊ ကိုယ် အဆင်ပြေတယ်”
…
အခန်း (၁၃)
ကျိဟုန်ကျွင်းက ကိုင်တွယ်နိုင်ကြောင်း ပြောသဖြင့် လျန်ဟွမ်းက ဘာမှ ဆက်မပြောတော့ပေ။ သူမသည် ကျိဟုန်ကျွင်းက ယုန်အရေခွံ ဆုတ်နေသည်ကို ကြည့်လိုက်သော်လည်း ဝင်ကူညီပေးနိုင်ခြင်း မရှိသဖြင့် မနက်စာ ပြင်ဆင်ရန် မီးဖိုချောင်ဘက်သို့ ထွက်လာခဲ့သည်။
မနက်စာမှာ ရိုးရှင်းသည်။ ကန်စွန်းဥနှစ်လုံးကို ပြုတ်လိုက်သည်။ မနေ့က ပေါင်းထားသော ပေါက်စီ ခြောက်လုံးကျန်ရာ သူမက သုံးလုံးကို နွှေးလိုက်သည်။
မနက်စာအတွက် သူမက ပေါက်စီတစ်လုံးနှင့် ကန်စွန်းဥပြုတ် တစ်ပန်းကန် သောက်လိုက်သည်။ ကျိဟုန်ကျွင်းက ပေါက်စီနှစ်လုံး စားပြီး ဒယ်အိုးထဲတွင် ကျန်နေသော ကန်စွန်းဥပြုတ် သုံးပန်းကန်လုံးကို ကုန်စင်အောင် သောက်လိုက်ပြီးမှ ပန်းကန်ကို ချတော့သည်။
မနက်စာ စားပြီးနောက် လျန်ဟွမ်းက မြို့တက်မည့် အကြောင်းကို စပြောသည်။
“ခဏနေရင် မြို့တက်ကြမယ်၊ ဝယ်စရာတွေက များတော့ ဘယ်လို သွားကြမလဲ”
“မနေ့က ခေါင်းဆောင် ပြောတယ်၊ ရွာထဲက နွားလှည်း မြို့တက်မယ်တဲ့၊ နွားလှည်းနဲ့ လိုက်သွားကြမယ်” ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ” လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ပြန်ဖြေရင်း မတ်တတ်ရပ်ကာ ပန်းကန်များကို သိမ်းဆည်းလိုက်သည်။
ဒယ်အိုးကို ဆေးကြောပြီး သိမ်းဆည်းကာ လျန်ဟွမ်းသည် ပိုက်ဆံနှင့် လက်မှတ်များကို ယူ၍ ကျိဟုန်ကျွင်းနှင့်အတူ အပြင်ထွက်လာခဲ့သည်။
သူတို့ ရွာထိပ်သို့ ရောက်သောအခါ လျိုတာ့ဖာ မောင်းနှင်သော နွားလှည်းရောက်လာသည်နှင့် အတော်ပင် ဖြစ်သွားသည်။ လှည်းပေါ်တွင် အမျိုးသမီး လေးငါးယောက်ခန့် ထိုင်နေကြပြီ ဖြစ်သည်။ လျန်ဟွမ်းသည် ထိုအမျိုးသမီးများနှင့်အတူ နောက်တွင် ဝင်ထိုင်လိုက်ပြီး ကျိဟုန်ကျွင်းက လျိုတာ့ဖာနှင့်အတူ လှည်းဦးတွင် ထိုင်လိုက်သည်။
လျန်ဟွမ်းမှာ အသစ်စက်စက်ဇနီးသည်ဖြစ်သဖြင့် သူမက လှည်းပေါ်တက်လိုက်သည်နှင့် အမျိုးသမီးတစ်သိုက်က သူမကို စနောက်ကြတော့သည်။ “ဒါ ဟုန်ကျွင်းရဲ့ မိန်းမလေးမလား၊ လင်မယားနှစ်ယောက် မြို့တက်ပြီး ဈေးဝယ်ထွက်ကြမလို့လား”
လျန်ဟွမ်းသည် သူမကို စကားလှမ်းပြောသော အဒေါ်ကို မသိသော်လည်း တစ်ဖက်လူက မေးလာသဖြင့် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ “နှစ်သစ်ကူးတော့မှာမလို့ နှစ်သစ်ကူးပစ္စည်းလေးတွေ သွားဝယ်မလို့ပါ”
“ညည်းက နှစ်သစ်ကူးပစ္စည်း သွားဝယ်တာကို ဟုန်ကျွင်းကပါ လိုက်ပို့တယ်ပေါ့၊ ညားခါစ လင်မယားတွေက တကယ်ပဲ မခွာကြပါလား” လျန်ဟွမ်းဘေးတွင် ထိုင်နေသော အဒေါ်က စနောက်လိုက်ပြီး မျက်လုံးများက ကျိဟုန်ကျွင်းဆီသို့ တရစပ် ရောက်နေသည်။
လျန်ဟွမ်းက ပြုံးလိုက်သည်။ “အိမ်မှာက အခုမှ အိမ်ခွဲထားတာဆိုတော့ ဘာမှ မရှိဘူး၊ ဝယ်စရာတွေက များနေလို့ပါ”
လျန်ဟွမ်းက ပြောပြီးသည်နှင့် အခြားဘက်သို့ လှည့်လိုက်သည်။
သူမဘေးနားမှ အဒေါ်က မျက်နှာပျက်သွားသည်။ လျန်ဟွမ်း၏ စကားကို ကြားပြီးနောက် တီးတိုး ရေရွတ်လိုက်သည်။ “အိမ်စီးပွားဖြုန်းတဲ့ မိန်းမ၊ ယောက္ခမအိမ်က ပိုက်ဆံရတာနဲ့ လျှောက်သုံးနေတော့တာပဲ”
လျန်ဟွမ်းသည် သူမ၏ ရေရွတ်သံကို ကြားသော်လည်း ဂရုမစိုက်ပေ။
ဤအမျိုးသမီးကို ကြည့်ရသည်မှာ အမေကျိနှင့် ရွယ်တူလောက် ရှိသည်။ မျက်နှာထားကို ကြည့်လျှင် အော့ကြောလန်မည့်ပုံ ပေါက်နေပြီး ယောက္ခမဖြစ်လောက်သည်။ အမေကျိနှင့် တစ်မျိုးတည်းသော လူစားမျိုး ဖြစ်နိုင်သည်။ ဒီလိုလူမျိုးက အတော် ဆက်ဆံရခက်သဖြင့် နွားလှည်းပေါ်တွင် သူမနှင့် စကားများမနေတော့ပေ။
လျန်ဟွမ်းက အသစ်စက်စက် ဇနီးသည်ဖြစ်ပြီး စကားသိပ်မပြောသဖြင့် လှည်းပေါ်မှ လူများလည်း သူမကို စကားသိပ်မပြောကြတော့ပေ။ သူတို့အချင်းချင်း စုကာ ဟိုအိမ်ဒီအိမ် အကြောင်းများ ပြောဆိုနေကြတော့သည်။
တောလမ်းဖြစ်၍ လမ်းက ကြမ်းတမ်းလှသည်။ နွားလှည်းက လမ်းတစ်လျှောက်လုံး လှုပ်ခါလာပြီးနောက်ဆုံးတွင် မြို့သို့ ရောက်ရှိလာသည်။
လျိုတာ့ဖာသည် လှည်းကို ဘေးတစ်ဖက်တွင် ရပ်လိုက်ပြီး လှည်းပေါ်မှ ဆင်းမည့်သူများကို ပြောလိုက်သည်။ “နေ့လယ်မတိုင်ခင် ပြန်လာကြ၊ ကျုပ် ဒီမှာပဲ စောင့်နေမယ်၊ နေ့လယ်မတိုင်ခင် ပြန်မရောက်ရင်တော့ ညနေကျမှ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ပြန်ကြတော့”
“ကောင်းပါပြီ ဦးလေးလျို” ကျိဟုန်ကျွင်းက ပြောလိုက်ပြီး လျန်ဟွမ်းကို ခေါ်ကာ သမဝါယမဈေးဆိုင်ဘက်သို့ ထွက်လာခဲ့သည်။
ထိုအမျိုးသမီးများလည်း သမဝါယမဈေးဆိုင်ဘက်သို့ ထွက်သွားကြသည်။
နှစ်သစ်ကူးခါနီးပြီဖြစ်၍ သမဝါယမဈေးဆိုင်တွင် လူများ ကြိတ်ကြိတ်တိုးနေသည်။ လျန်ဟွမ်းက ဆန်၊ ဆီနှင့် ဆား ဝယ်ချင်သည်။ ဆားရောင်းသည့် နေရာတွင် လူတန်းရှည်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသလို ဆီရောင်းသည့် နေရာတွင်လည်း တန်းစီနေကြသည်။
နေ့လယ်မတိုင်ခင် အိမ်သုံးပစ္စည်းများ ဝယ်မပြီးမည်ကို စိုးရိမ်သဖြင့် ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။ “ရှင့်ကို ဆားလက်မှတ်နဲ့ ပိုက်ဆံ ပေးထားမယ်၊ ရှင် သွားတန်းစီပြီး ဆားဝယ်လိုက်”
ပိုက်ဆံနှင့် လက်မှတ်များကို ကျိဟုန်ကျွင်း လက်ထဲထည့်ပေးပြီးနောက် လျန်ဟွမ်းသည် အခြားတစ်ဖက်သို့ အမြန် ပြေးသွားလိုက်သည်။ ဆီရောင်းသည့် နေရာတွင် လူတန်းကြီးက ရှည်လျားလှသည်။
နှစ်သစ်ကူး နီးပြီဖြစ်၍ အားလုံးက ဈေးဝယ်ထွက်လာကြရာ ဤအချိန်သည် သမဝါယမဈေးဆိုင်တွင် အစည်ကားဆုံးဖြစ်ပြီး ဆူညံပွက်လောရိုက်နေသည်။ ဆီလာဝယ်သူများမှာ မြို့ခံများသာမက တောရွာများမှ လာသူများလည်း ပါဝင်သည်။ လူတန်းစားပေါင်းစုံ ပြွတ်သိပ်နေသဖြင့် ပြဿနာ တက်လွယ်သည်။
လျန်ဟွမ်း နောက်မှ လူတစ်ယောက်က ဝင်တိုက်လိုက်သဖြင့် သူမ၏ ဟန်ချက်ပျက်ကာ ရှေ့သို့ ယိုင်သွားပြီး ရှေ့မှလူကို ဝင်တိုက်မိသွားသည်။ ရှေ့မှလူက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။ ထိုအမျိုးသမီးငယ်သည် လျန်ဟွမ်းနှင့် ရွယ်တူလောက် ရှိပုံရသည်။ အတိုက်ခံလိုက်ရသဖြင့် သူမက မကျေမနပ် လှည့်ကြည့်သည်။
“နင်က မျက်စိမပါဘူးလား”
အမျိုးသမီးက စကားပြောလိုက်ရာ အသံကျယ်ကျယ်ကြီးကြောင့် သူမ၏ ပုံရိပ်လေး ပျက်သွားသည်။
လျန်ဟွမ်းက ရှေ့ကလူကို ဝင်တိုက်မိသည်မှာ ကိုယ့်အမှားဖြစ်သဖြင့် ခေါင်းငုံ့ကာ တောင်းပန်လိုက်သည်။ “တောင်းပန်ပါတယ်၊ နောက်ကလူ ဝင်တိုက်လိုက်လို့ ဟန်ချက်ပျက်ပြီး ရှင့်ကို မတော်တဆ တိုက်မိသွားတာပါ”
အမျိုးသမီးငယ်သည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ လျန်ဟွမ်းကို ကြည့်လိုက်သည်။ လျန်ဟွမ်း၏ ဝတ်စားဆင်ယင်ပုံကို မြင်သောအခါ မျက်နှာထား ပြောင်းလဲသွားသည်။
“တောသူမ၊ ခြေသလုံးအိမ်တိုင်၊ နင် ငါ့အင်္ကျီကို ညစ်ပတ်အောင် လုပ်လိုက်တာပဲ၊ လျော်ကြေးပေး” ထိုအမျိုးသမီးသည် မရှိသော ဖုန်မှုန့်များကို ခါထုတ်နေပြီး ညစ်ပတ်သော အရာတစ်ခုခုနှင့် ထိတွေ့လိုက်ရသကဲ့သို့ ပြုမူနေသည်။
ထိမိရုံလေးနဲ့ ပိုက်ဆံ လျော်ခိုင်းတယ် ဟုတ်လား။
လျန်ဟွမ်းသည် ရှေ့မှ အမျိုးသမီးကို စိုက်ကြည့်ကာ အားမနာတမ်း ပြန်ပြောလိုက်သည်။ “ထိလိုက်တာနဲ့ ပိုက်ဆံပေးရအောင် ရှင့်အင်္ကျီက ရွှေနဲ့ လုပ်ထားလို့လား၊ ပြီးတော့ တောသူမဖြစ်တော့ ဘာဖြစ်လဲ၊ ဥက္ကဋ္ဌကြီးက ပြောထားတယ်၊ အလုပ်လုပ်တာ ဂုဏ်ရှိတယ်၊ လယ်သမားတွေက နိုင်ငံတော်ရဲ့ မျှော်လင့်ချက်ပဲ”
“ရှင်က လယ်သမားတွေကို အထင်သေးနေတာပဲ၊ ရှင့်အတွေးအခေါ်က မမှန်ကန်ဘူး”
ထိုအမျိုးသမီးသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ အနည်းငယ် လန့်သွားပြီး ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ သူမကို ဂရုစိုက်ကြည့်နေသူများ ရှိသည်ကို တွေ့သောအခါ လည်ပင်းကို မော့ကာ ပြန်ငြင်းလိုက်သည်။ “ငါ့ယောက်ျားက အလုပ်သမားပဲ၊ ငါ့အတွေးအခေါ်က မှန်ကန်ပါတယ်”
အမျိုးသမီးက လေသံသိပ်မမာတော့ဘဲ ထိုစာကြောင်းကို ပြောလိုက်သည်။ လျန်ဟွမ်းက သူမကို အတွေးအခေါ် မမှန်ကန်ဘူးဟု ထပ်ပြောမည် စိုးသဖြင့် ရှေ့သို့ ပြန်လှည့်ကာ ဆက်တန်းစီနေလိုက်သည်။
ဤပြဿနာလေး ပြီးသွားပြီးနောက် လျန်ဟွမ်းသည် မေ့မေ့ပျောက်ပျောက်နေကာ စိတ်အေးလက်အေး တန်းစီနေလိုက်သည်။ သူမအလှည့် ရောက်သောအခါ ပိုက်ဆံနှင့် လက်မှတ် ထုတ်ပေးကာ ဆီတစ်ကျင်း ဝယ်လိုက်သည်။
လျန်ဟွမ်း၏ နောက်တွင် တန်းစီနေသူမှာ ကျိဆွေမျိုးများထဲမှ အဒေါ်တစ်ယောက်ဖြစ်သည်။ အဖေကျိ၏ ညီဝမ်းကွဲ ကျိချန်ဟုန်၏ မိန်းမ ဖြစ်သည်။ လျန်ဟွမ်းက ဆီတစ်ကျင်း ဝယ်သည်ကို ကြားသောအခါ အံ့ဩသွားသည်။
လျန်ဟွမ်းက ဆီထည့်ပြီးချိန်တွင် သူမလည်း ဆီထည့်ပြီးပြီ ဖြစ်သည်။ ထိုအခါမှ လျန်ဟွမ်းအနားသို့ လျှောက်လာပြီး ပြောလိုက်သည်။ “ဟုန်ကျွင်း မိန်းမ... ပိုက်ဆံကို ချွေတာသုံးမှပေါ့၊ နောက်တစ်ခါ ရိက္ခာဝေဖို့က ခုနစ်လ ရှစ်လလောက် လိုသေးတာ၊ ကြားတာတော့ နင်တို့ အိမ်ခွဲတုန်းက ရိက္ခာ သိပ်မရလိုက်ဘူးဆို၊ ပိုက်ဆံ ချွေတာသုံးမှ ဆန်ဝယ်စားနိုင်မှာ၊ ဆီဆိုတာက ဈေးကြီးတယ်၊ ဟင်းချက်ရင် တစ်စက်လောက်ပဲထည့် ပြီးရင် ရေနည်းနည်း ရောလိုက်ရင် ရပြီ၊ အများကြီး ဝယ်စရာ မလိုပါဘူး”
ဒီအဒေါ်က စေတနာနှင့် သတိပေးနေခြင်း ဖြစ်ကြောင်း လျန်ဟွမ်း သိသည်။ လျန်ဟွမ်းက ရိုးသားစွာ ကျေးဇူးတင်စကား ပြောလိုက်သည်။ “ဒေါ်ဒေါ်ရေ... ကျွန်မ သိပါတယ်၊ ဒါက နှစ်သစ်ကူးတော့မှာ မလို့ပါ၊ ကျွန်မတို့အိမ်မှာက ကန်စွန်းဥနဲ့ အာလူးပဲ ရှိတာ၊ ဆီလေး နည်းနည်း ဝယ်ထားတော့ အဆီအသားလေး ပါတာပေါ့၊ နှစ်သစ်ကူးမှာ သိပ်ပြီး ဆင်းရဲမနေတော့ဘူးပေါ့”
ကျိဟုန်ကျွင်း အိမ်ခွဲတုန်းက ဘာရလိုက်လဲဆိုတာကို ရွာထဲက အတင်းပြောတတ်သူများက ဖြန့်ထားပြီးသား ဖြစ်သည်။ အဒေါ်ကျိလည်း ဒီအကြောင်း သိသဖြင့် လျန်ဟွမ်း စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ “ဟုတ်သားပဲ၊ အာလူးချက်ရင် ဆီလေး နှစ်စက်လောက် ပိုထည့်လိုက်တာက ပိုစားကောင်းတာပေါ့၊ ဟုန်ကျွင်း မိန်းမရေ... ဒေါ်ဒေါ် ဟိုဘက် သွားကြည့်ဦးမယ်၊ ညည်း ဝယ်စရာရှိတာ သွားဝယ်ချေတော့”
ကျိဒေါ်ဒေါ်က သကြားရောင်းသည့် နေရာသို့ သကြားဝယ်ရန် ထွက်သွားသည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ လူတန်းက ရှည်နေဆဲဖြစ်ပြီး အတော်ကြာအောင် တန်းစီရမည့်ပုံ ပေါက်နေသည်။ သူမသည် တခြားနေရာသို့ လှည့်ကြည့်ရန် ထွက်လာခဲ့သည်။
လျန်ဟွမ်း တစ်ပတ်လောက် လျှောက်ကြည့်လိုက်ရာ သမဝါယမဈေးဆိုင် နေရာအတော်များများတွင် လူပြည့်နေသည်။ နာနတ်ပွင့်၊ ငရုတ်သီးခြောက်ရောင်းသည့် နေရာတွင်မူ လူနည်းသည်။ ယခုခေတ်မှ လူများက ဤကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များကို ပိုက်ဆံဖြုန်းသည် မရှိလည်း ဖြစ်သည်ဟု သဘောထားကြသဖြင့် ဘယ်သူမှ မဝယ်ကြခြင်း ဖြစ်နိုင်သည်။
လျန်ဟွမ်းသည် အိမ်က ယုန်သားကို သတိရသွားပြီး ဟင်းခတ်အမွှေးအကြိုင် ရောင်းသည့် နေရာသို့ သွားကာ နာနတ်ပွင့်၊ ငရုတ်ကောင်း၊ ငရုတ်သီးခြောက် စသည့် အမွှေးအကြိုင်များကို ဝယ်လိုက်သည်။
ဟင်းခတ်အမွှေးအကြိုင်များ ဝယ်ပြီးသောအခါ လျန်ဟွမ်းသည် အိတ်ကပ်ထဲမှ လက်မှတ်များကို ထုတ် ထုတ်ကြည့်လိုက်သည်။ ဆန်လက်မှတ် တစ်ကျင်း၊ သကြားလက်မှတ် တစ်ကျင်း နှင့် အထည်လက်မှတ် တစ်ခု ကျန်သေးသည်။ ဟာလာဟင်းလင်း ဖြစ်နေသော အိမ်ကို တွေးရင်း လျန်ဟွမ်းသည် တန်းစီကာ လက်ထဲရှိ သုံးလို့ရသော လက်မှတ်များကို အကုန်သုံးပစ်လိုက်သည်။ အားလုံး ပစ္စည်းဝယ်လိုက်သည်။
လျန်ဟွမ်းက ပစ္စည်းများ ဝယ်ပြီးနောက် ကျိဟုန်ကျွင်းကို ပြန်သွားရှာရာ ကျိဟုန်ကျွင်းလည်း ဝယ်ပြီးသွားပြီ ဖြစ်သည်။ အိတ်တစ်လုံးကို ဆွဲကာ သမဝါယမဈေးဆိုင် တံခါးနောက်တွင် လျန်ဟွမ်းကို စောင့်နေသည်။
လျန်ဟွမ်း သူ့ကို မြင်သောအခါ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။
ကျိဟုန်ကျွင်းသည် သူမ လျှောက်လာသည်ကို မြင်သောအခါ သူမအနားသို့ လျှောက်လာပြီး သူမလက်ထဲမှ အိတ်ကို လှမ်းယူလိုက်သည်။ "ဝယ်စရာ ကျန်သေးလား"
လျန်ဟွမ်း ခေါင်းခါလိုက်သည်။ "လက်မှတ်တွေ ကုန်သွားပြီ၊ ဝယ်လို့ရတာတွေ အကုန်ဝယ်လိုက်ပြီ၊ အချိန်လည်း မစောတော့ဘူး၊ လှည်းသွားစောင့်ရအောင်"
"အင်း... သွားကြမယ်" ကျိဟုန်ကျွင်းက အိတ်ကို ဆွဲပြီး ရှေ့မှ ထွက်သွားရာ လျန်ဟွမ်းက နောက်မှ လိုက်သွားသည်။
လျန်ဟွမ်းတို့ နွားလှည်းရှိရာသို့ ပြန်ရောက်သောအခါ နွားလှည်းပေါ်တွင် လူအတော်များများ ရောက်နေကြပြီ ဖြစ်သည်။ ကျိဟုန်ကျွင်း ပစ္စည်းများ ဆွဲလာသည်ကို မြင်သောအခါ သူတို့က ပြုံးရင်း မေးကြသည်။ "ဟုန်ကျွင်းတို့ လင်မယား ပြန်ရောက်ပြီလား၊ ဘာတွေ ဝယ်လာကြလဲ၊ ကြည့်ရတာ မနည်းပါလား"
ကျိဟုန်ကျွင်းက ပစ္စည်းများကို ကိုင်ရင်း လှည်းပေါ် တက်လိုက်သည်။ သူ၏ တည်ငြိမ်သော ပုံစံကို ကြည့်ရသည်မှာ ဖြေမည့်ပုံ မပေါ်ပေ။
လျန်ဟွမ်းက သူ့နောက်မှ လိုက်ပါလာပြီး နွားလှည်းဘေးသို့ ရောက်သောအခါ အဒေါ်ကြီးများကို တိုးတိုးသာသာ ပြန်ဖြေလိုက်သည်။ "နေ့စဉ်သုံး ပစ္စည်းလေးတွေ ဝယ်လာတာပါ၊ အိမ်မှာ ဆီနဲ့ ဆား မရှိလို့ ဆီနဲ့ ဆား နည်းနည်း ဝယ်လာတယ်"
"ငါလည်း ဒီနေ့ ဆီဝယ်လာတယ်၊ ကျင်းဝက်လောက် ရတယ်" အမျိုးသမီးတစ်ဦးက ဘေးမှ ဝင်ပြောသည်။
"ငါကတော့ ထန်းလျက်ခဲနဲ့ မုန့် ဝယ်လာတယ်၊ နှစ်သစ်ကူး စားဖို့လေ"
နွားလှည်းပေါ်ရှိ အမျိုးသမီးတစ်သိုက်သည် သူတစ်ခွန်း ကိုယ်တစ်ခွန်းဖြင့် ဝယ်လာသော ပစ္စည်းများအကြောင်း ပြောဆိုနေကြရာ ပတ်ဝန်းကျင်တစ်ခုလုံး စည်ကားသွားသည်။ လျန်ဟွမ်းက ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။ သူများတွေက သူမကို မေးလာလျှင် ပြန်ဖြေလိုက်ပြီး မမေးလျှင် ငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
နွားလှည်း ရွာထဲသို့ ရောက်သောအခါ ရွာရှိ အိမ်အတော်များများမှ မီးခိုးတန်းများ ထွက်ပေါ်နေပြီ ဖြစ်သည်။ နေ့လယ်ရောက်ပြီမို့ ထမင်းချက်နေကြပြီ ဖြစ်သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့သည် ဝယ်လာသော ပစ္စည်းများကို ဆွဲရင်း အိမ်သို့ ပြန်လာကြသည်။ အိမ်ရှေ့သို့ ရောက်သည်နှင့် လျန်ဟွမ်းသည် သူတို့အိမ်တံခါး ပွင့်နေသည်ကို မြင်လိုက်ရသည်။
လျန်ဟွမ်း စိတ်ထဲတွင် အိမ်ကို သူခိုးကပ်ပြီဟု ချက်ချင်း ထင်လိုက်သည်။ လျန်ဟွမ်း ခြေလှမ်းသွက်သွက်ဖြင့် အိမ်ထဲသို့ ဝင်သွားသည်။
ခြံဝင်းထဲတွင် မနေ့က ရှင်းလင်းထားသမျှ ဒီနေ့ ရှုပ်ပွနေသည်။ အိမ်မကြီး တံခါး ပွင့်နေသလို မီးဖိုချောင် တံခါးလည်း ပွင့်နေသည်။ လျန်ဟွမ်းက အိမ်မကြီးဘက်သို့ ပြေးသွားရာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အဝတ်အစားများနှင့် စောင်များကို တွေ့လိုက်ရသည်။ အိမ်ထဲရှိ ကျိဟုန်ကျွင်း သုံးသော သစ်သားသေတ္တာဟောင်းကြီးလည်း မွှေနှောက်ခံထားရသည်။
လျန်ဟွမ်းက မီးဖိုချောင်ဘက်သို့ ပြေးကြည့်လိုက်ရာ ပန်းကန်ခွက်ယောက်များ ကွဲရှနေပြီး သူမ မီးဖိုချောင်ထဲတွင် ဝှက်ထားသော ယုန်သား မရှိတော့ပေ။ ဒယ်အိုးလည်း ပျောက်နေသည်။ တစ်စုံတစ်ယောက် လာယူသွားသည်မှာ သိသာနေသည်။
အိမ်အနေအထားကို ကြည့်ရင်း လျန်ဟွမ်း ခေါင်းထဲတွင် ဦးဆုံး ပေါ်လာသည်မှာ ကျိမိသားစုပင် ဖြစ်သည်။ ဒီခေတ်လူတွေက ရိုးသားကြသည်။ အချို့က မကောင်းသော စိတ်ကူး ရှိကောင်းရှိနိုင်သော်လည်း သူများအိမ်ထဲ ဝင်ပြီး ပစ္စည်းများကို ဒီလို မွှေနှောက်ရဲခြင်း မရှိကြပေ။
ကျိမိသားစုဝင်တွေက ကျိဟုန်ကျွင်းရဲ့ ဆွေမျိုးတွေ ဆိုပြီး သူမကို အနိုင်ကျင့်နေကြတာပဲ။
သူမက ဒီလို အစားရေစာ မဝမလင်နဲ့ အဝတ်မလုံတဲ့ နေရာကို ရောက်နေရတာ။ ထွက်သွားလို့လည်း မရဘူး။ စိတ်ထဲမှာ အတော်လေး မွန်းကြပ်နေပြီ။ ဒီမိသားစုက ဒီလိုမျိုး အနိုင်ကျင့်နေသေးတယ်။ သူမကို ဖျားနာနေတဲ့ ကြောင်လေးလို့ ထင်နေကြတာလား။
ကျိဟုန်ကျွင်းလည်း အပြင်မှ ဝင်လာသည်။ အခန်းထဲမှ အခြေအနေကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
လျန်ဟွမ်း ဒေါသထွက်နေပြီ ဖြစ်သည်။ ကျိဟုန်ကျွင်း၏ မိသားစုမှ လုပ်ရပ်ဟု တွေးမိပြီး သူမက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ 
"ကျိဟုန်ကျွင်း... ရှင့်မိသားစုက ကျွန်မကို အနိုင်ကျင့်လို့ ကောင်းတယ်လို့ ထင်နေတာလား"
တစ်ကြိမ်ပြီး တစ်ကြိမ် အနိုင်ကျင့်လို့ကို မဝနိုင်ကြဘူး။
လျန်ဟွမ်း နှာခေါင်းရှုံ့လိုက်ပြီး ခြံဝင်းထဲတွင် ကျနေသော သစ်သားတုတ်ကို ကောက်ကာ အပြင်သို့ ထွက်သွားသည်။
ကျိမိသားစုအိမ်သို့ လျန်ဟွမ်း ရောက်သွားချိန်တွင် သူတို့ ထမင်းစားနေကြသည်။ စားပွဲပေါ်တွင် အာလူးနှင့် ယုန်သားဟင်း တစ်ပန်းကန် တင်ထားသည်။
အမေကျိက စားပွဲထိပ်တွင် ထိုင်နေပြီး မျက်နှာတွင် အပြုံးပန်းဝေကာ အသားတစ်ဖတ်ကို ယူပြီး ဒုတိယသား၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "ဒုတိယ... ပင်ပန်းတယ်၊ နင် များများစား"
ဒုတိယချွေးမက ဘေးတွင် ထိုင်နေပြီး ပန်းကန်ထဲမှ အသားများကို အတင်း ယက်ခပ်နေသည်။ ပါးစပ်ထဲတွင် စားနေရင်း တူက အသားကို ထပ်ညှပ်နေသေးသည်။
ကျိမိသားစုမှ ကလေးငါးယောက်တွင် မိန်းကလေး လေးယောက်က အသားကို မညှပ်ရဲကြပေ။ ထယ်တန့်မှာမူ မျက်လုံးက အသားပန်းကန်ထဲသို့ ကျမတတ် ဖြစ်နေပြီး အသားကို မနားတမ်း လုယူစားသောက်နေသည်။
ကျိမိသားစု ထမင်းဝိုင်း မြိုင်ဆိုင်နေသည်ကို ကြည့်ပြီး ရှုပ်ပွနေသော သူမ၏ အိမ်ကို ပြန်တွေးမိကာ လျန်ဟွမ်း အိမ်ထဲသို့ ဝင်သွားပြီး စားပွဲခုံကို မှောက်ချလိုက်သည်။
ဟင်းများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်သည်။ ပါးစပ်နား ရောက်နေသော အသားများ မရှိတော့သဖြင့် ဒုတိယသားက မတ်တတ်ရပ်ကာ လျန်ဟွမ်းကို ရိုက်ရန် လက်ရွယ်လိုက်သည်။ သူ့လက်က လျန်ဟွမ်းကို မထိမီမှာပင် တစ်စုံတစ်ယောက်က ဖမ်းဆုပ်လိုက်သည်။
ကျိဟုန်ကျွင်းက လျန်ဟွမ်းရှေ့မှ ကာပေးလိုက်ပြီး မျက်နှာထားတင်းတင်းဖြင့် ဒုတိယကို ကြည့်လိုက်သည်။
လျန်ဟွမ်းက မထီမဲ့မြင် ပြုလိုက်ပြီး ကျိမိသားစုကို ဂရုမစိုက်ဘဲ ကျိမိသားစု မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။ သူမအိမ်ကို ရစရာမရှိအောင် လုပ်ထားမှတော့ စိတ်အေးလက်အေး ထမင်းစားဖို့ မစဉ်းစားနဲ့တော့။ လုံးဝပဲ။
…
အခန်း (၁၄)
ကျိမိသားစု အိမ်ဟောင်း၏ ဧည့်ခန်းမကြီးထဲတွင် ဖြစ်သည်။ အမေကျိသည် ကျိဟုန်ကျွင်းကို လက်ညှိုးထိုးကာ ဆဲဆိုနေသည်။
"စတုတ္ထလေး... နင် ယူထားတဲ့ မိန်းမကို ကြည့်စမ်း၊ စားပွဲဝိုင်းကိုတောင် မှောက်ချရဲတယ်၊ ဒီလို မိန်းမဆိုးမျိုးကို ငါတို့ ကျိမိသားစုက လက်မခံနိုင်ဘူး၊ သူ့ကို လျန်မိသားစုဆီ အမြန် ပြန်မောင်းထုတ်စမ်း"
ကျိမိသားစုမှ ဒုတိယသားက ကျိဟုန်ကျွင်းအနားသို့ လျှောက်လာပြီး လျန်ဟွမ်း၏ မကောင်းကြောင်းများကို ဝင်ပြောသည်။
"စတုတ္ထလေး... အမေ ပြောတာ မှန်တယ်၊ ဒီလို မိန်းမဆိုးမျိုးကို ငါတို့မိသားစုက လက်ခံလို့ မရဘူး၊ ဒီလိုမိန်းမမျိုးကို မောင်းထုတ်ပစ်သင့်တယ်၊ ခုနက သူ ငါ့ကိုတောင် ရိုက်ဖို့ လုပ်နေတာ၊ သူ့ကို ရိုက်နှက်ပြီး ငါတို့ ကျိမိသားစုကနေ မောင်းထုတ်ပစ်ရမယ်"
ဒုတိယသားက ပြောပြီးသည်နှင့် အဖေကျိ၏ အသံ ထွက်ပေါ်လာသည်။ သူသည် ကြမ်းပြင်ပေါ်ရှိ ကွဲအက်နေသော ပန်းကန်များ၊ ပြုတ်ကျနေသော အသားများနှင့် အာလူးများကို ကြည့်ကာ မျက်နှာထား တင်းမာနေပြီး လေးလေးနက်နက် ပြောလိုက်သည်။
"စတုတ္ထ... မင်းအမေနဲ့ မင်းဒုတိယအစ်ကို ပြောတာ မှန်တယ်၊ ဒီမိန်းမက အရမ်းကို အိမ်စီးပွား ဖြုန်းတီးလွန်းတယ်၊ ပန်းကန်တွေ အများကြီး ခွဲပစ်တယ်၊ တစ်နှစ်ပတ်လုံးမှ ငါတို့ အသား ဘယ်နှစ်ခါ စားရလို့လဲ၊ မနည်း စားရမဲ့ အသားဟင်းကို သူက ကြမ်းပြင်ပေါ် မှောက်ချပစ်တယ်၊ ဒီလို အိမ်စီးပွားဖြုန်းတဲ့ မိန်းမမျိုးကို ကျိမိသားစုက မထားနိုင်ဘူး၊ သူ့ကို ကွာရှင်း... သူ့ကို ကွာရှင်းခိုင်းလိုက်"
အဖေကျိသည် ကျိဟုန်ကျွင်း ကောင်းဖို့အတွက် ပြောနေသည့် ပုံစံမျိုး လုပ်နေသည်။
ကျိဟုန်ကျွင်းက သူ့အဖေကို တစ်ချက်ကြည့်လိုက်သည်။ "ကျွန်တော် ရှာကျွေးမှာပါ၊ ကျိမိသားစုကို ရှာကျွေးခိုင်းမှာ မဟုတ်ပါဘူး"
"နင် ရှာကျွေးလည်း မရဘူး၊ နင့်ပစ္စည်းတွေက ငါတို့ ကျိမိသားစုရဲ့ ပစ္စည်းတွေ မဟုတ်လို့လား၊ နင်က ဘာနဲ့ သူ့ကို ရှာကျွေးမှာလဲ၊ အဲဒါတွေက ငါတို့ ကျိမိသားစုရဲ့ ပစ္စည်းတွေပဲ မဟုတ်လား" အမေကျိက ခုန်ဆွခုန်ဆွဖြင့် ကျိဟုန်ကျွင်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
အမေကျိ၏ စကားသံ အဆုံးတွင် မီးဖိုချောင်ထဲမှ ဒုန်းဒိုင်း ခွမ်းခွမ်း ဆိုသော ကြွေပန်းကန် ကွဲသံများ ထွက်ပေါ်လာသည်။
အမေကျိ ထိုအသံကို ကြားသောအခါ မျက်နှာပျက်သွားပြီး ရေရွတ်လိုက်သည်။
"သွားပြီ... ငါ့ပန်းကန်တွေ၊ အဲဒီ အိမ်စီးပွားဖြုန်းတဲ့ မိန်းမ..."
အမေကျိသည် ပါးစပ်မှ လျန်ဟွမ်းကို ဆဲဆိုရင်း အပြင်သို့ အမြန် ပြေးထွက်သွားသည်။ သို့သော် တံခါးဝသို့ မရောက်မီမှာပင် တားဆီးခံလိုက်ရသည်။
ကျိဟုန်ကျွင်းသည် တံခါးပေါက်တွင် ပိတ်ရပ်လိုက်ပြီး စူးရှသော မျက်လုံးများဖြင့် အခန်းထဲရှိ လူများကို ကြည့်ကာ စကားတစ်ခွန်းမှ မပြောဘဲ လူအုပ်ကြီးကို တားဆီးထားလိုက်သည်။ သူတို့ကို အပြင်ထွက်ခွင့် မပေးပေ။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်းသည် ပစ္စည်းများကို ရိုက်ခွဲနေဆဲ ဖြစ်သည်။ သူမသည် မီးဖိုချောင်ထဲရှိ ခွဲလို့ရသော ပစ္စည်းမှန်သမျှ အကုန်ခွဲပစ်ပြီး နောက်ဆုံးတွင် မီးဖိုခုံကို လှမ်းကြည့်လိုက်သည်။ မီးဖိုပေါ်ရှိ ဒယ်အိုးမှာ အသစ်ဖြစ်ပြီး သူတို့အိမ်မှ ဒယ်အိုးဖြစ်သည်။
လျန်ဟွမ်းသည် ဒယ်အိုးကို မကာ ဆွဲယူပြီး ထွက်လာခဲ့သည်။
သူမက ကျိမိသားစု ဝင်းထဲသို့ ရောက်သောအခါ အမေကျိနှင့် အခြားသူများမှာ ဧည့်ခန်းမထဲတွင် ကျိဟုန်ကျွင်း၏ တားဆီးခြင်းကို ခံထားရဆဲ ဖြစ်သည်။ အမေကျိသည် ကျိဟုန်ကျွင်း၏ လက်မောင်းကို အားကုန် ဆွဲဖယ်ကာ ထွက်ရန် ကြိုးစားနေသော်လည်း ကျိဟုန်ကျွင်း၏ ခွန်အားက ကြီးလွန်းသဖြင့် လူအများကြီး ဝိုင်းဆွဲနေသည့်ကြားမှ တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။
အမေကျိသည် ကျိဟုန်ကျွင်းကို ဆွဲဖယ်နေစဉ် လျန်ဟွမ်းက မီးဖိုချောင်ထဲမှ ဒယ်အိုးကို ကိုင်ကာ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် အော်ဟစ်လိုက်သည်။
"ကောင်မစုတ်... ဒယ်အိုးကို ချထားခဲ့စမ်း"
လျန်ဟွမ်းသည် လှည့်မကြည့်ဘဲ ဒယ်အိုးကို ကိုင်ကာ အိမ်ဘက်သို့ ပြန်သွားသည်။ လျန်ဟွမ်း၏ ခြေလှမ်းများက မြန်ဆန်လှသည်။ ဒယ်အိုးကို အိမ်တွင် ထားခဲ့ပြီးနောက် သူမသည် ကျိမိသားစုအိမ်သို့ ပြန်လှည့်လာခဲ့သည်။
ကျိမိသားစုအိမ် ဝင်းထဲသို့ ရောက်သောအခါ သူမသည် စောစောက ဝင်းထဲတွင် ပစ်ချထားခဲ့သော တုတ်ကို ကောက်ယူလိုက်ပြီး အိမ်မကြီးရှေ့သို့ လျှောက်သွားကာ ကျိဟုန်ကျွင်း၏ ညာဘက်အနောက်တွင် ရပ်လျက် အခန်းထဲရှိ အမေကျိနှင့် ကျန်လူများကို ကြည့်လိုက်သည်။
"ကျွန်မလက်ထဲက တုတ်က မျက်စိမပါဘူး၊ ရှင်တို့ အထိနာမှာ မကြောက်ရင် ကြိုက်သလောက် တိုးလာခဲ့ကြ၊ ရိုက်မိလို့ ဒဏ်ရာရသွားတာ၊ ကျိုးပဲ့သွားတာ၊ သေသွားတာတွေ ဖြစ်လာရင်တော့ ကျွန်မကို အပြစ်မတင်နဲ့နော်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းကို ပြောလိုက်သည်။ "ရှင် ဖယ်လိုက်တော့"
ဒီတစ်ကြိမ်တွင် ကျိဟုန်ကျွင်းက ဆက်လက် တားဆီးမနေတော့ဘဲ လမ်းဖယ်ပေးလိုက်သည်။
လျန်ဟွမ်းသည် ခေါင်းမော့ ရင်ကော့ဖြင့် ဝင်သွားရာ အမေကျိက သူမကို ဝင်တားသည်။ သူမ၏ တုတ်က အမေကျိ၏ တင်ပါးကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သည်။ ဒီတစ်ကြိမ်တွင် သူမ အားကုန်သုံးလိုက်သဖြင့် အမေကျိမှာ နာလွန်းသဖြင့် အော်ဟစ်နေတော့သည်။
"အား... နာလိုက်တာ၊ သေပါပြီတော့၊ နင်... ကောင်မစုတ်၊ အကြီးဆုံး... နင်တို့ ဘာရပ်ကြည့်နေကြတာလဲ၊ မြန်မြန် ဒီကောင်မစုတ်ကို မောင်းထုတ်ကြစမ်း"
အစ်ကိုကြီးကျိက တွန့်ဆုတ်နေသည်။ လျန်ဟွမ်း၏ တုတ်ကို ဝင်လုရန် ပြင်သော်လည်း လျန်ဟွမ်းက တုတ်ကို မြှောက်လိုက်သည်ကို မြင်သောအခါ နောက်သို့ ပြန်ဆုတ်သွားသည်။
ဒုတိယသားကမူ ရှေ့သို့ တိုးလာပြီး လက်ကို မြှောက်ကာ လျန်ဟွမ်းကို ရိုက်ရန် ပြင်သည်။ လျန်ဟွမ်း၏ တုတ်က ညှာတာမှု မရှိဘဲ သူ့ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သုံးချက်ဆက်တိုက် အားကုန် ရိုက်လိုက်သဖြင့် ဒုတိယသားမှာ နာကျင်လွန်း၍ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကျသွားသည်။
အဖေကျိသည် ဤပြဿနာများကို ကြည့်ရင်း မည်းနက်နေသော မျက်နှာမှာ ဒေါသကြောင့် နီရဲလာပြီး ကျိဟုန်ကျွင်းကို လှမ်းဆဲလိုက်သည်။
"စတုတ္ထ... မင်း မိန်းမကို မထိန်းတော့ဘူးလား၊ သူက မင်းအမေနဲ့ မင်းအစ်ကိုကို ရိုက်နေတာ ဒီတိုင်း ကြည့်နေတော့မလို့လား"
ကျိဟုန်ကျွင်းက အဖေကျိကို ပြန်မဖြေဘဲ လျန်ဟွမ်းကိုသာ စိုက်ကြည့်နေသည်။
လျန်ဟွမ်းက လှောင်ပြုံး ပြုံးလိုက်သည်။ သူမသည် လက်ထဲမှ တုတ်ကို နှစ်ချက်ခန့် ဝှေ့ယမ်းလိုက်ရာ ဘယ်သူမှ သူမ၏ တုတ်ကို လာမလုရဲကြတော့ပေ။ သူမသည် အမေကျိ အိပ်ရာဘေးရှိ ဗီရိုနားသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။
ဗီရိုကို သော့ခတ်ထားသဖြင့် လျန်ဟွမ်း ဖွင့်မရပေ။ သူမ တုတ်ဖြင့် နှစ်ချက်ခန့် ထုလိုက်သော်လည်း သော့ခလောက်က ဗီရိုပေါ်တွင် ခိုင်မြဲစွာ ရှိနေဆဲ ဖြစ်သည်။
ကျိဟုန်ကျွင်းက ရှေ့သို့ တိုးလာပြီး လျန်ဟွမ်း၏ နောက်တွင် ရပ်လိုက်သည်။ သွယ်လျသော လက်ကြီးများက သော့ခလောက်ပေါ်သို့ ရောက်လာပြီး အားစိုက်ကာ လှည့်လိုက်သည်။ နှစ်ချက်ခန့် လှည့်လိုက်ရာ သော့ခလောက် ပြုတ်ထွက်သွားသည်။
လျန်ဟွမ်း  "..."
သူမက ကျိဟုန်ကျွင်းကို လှမ်းကြည့်လိုက်ပြီးနောက် ဗီရိုကို ဖွင့်လိုက်သည်။ ဗီရိုထဲတွင် ကြက်ဥ၊ မုန့်၊ သကြားလုံးများနှင့် သူတို့အိမ်မှ ယူသွားသော ယုန်သားများ ရှိသည်။ ယုန်သားကို တစ်ဝက်ခန့် ချက်စားထားပုံရပြီး တစ်ကောင်ခွဲသာ ကျန်တော့သည်။ လျန်ဟွမ်းသည် ဗီရိုထဲရှိ စားစရာ အားလုံးကို ယူလိုက်သည်။
လျန်ဟွမ်းက ပစ္စည်းများ ယူနေသည်ကို မြင်သောအခါ အမေကျိက ရုန်းကန်ပြီး ထရန် ကြိုးစားသည်။ လျန်ဟွမ်းသည် ပစ္စည်းများကို ကျိဟုန်ကျွင်း၏ ရင်ခွင်ထဲသို့ ထိုးထည့်လိုက်သည်။
"ကိုင်ထား၊ ကောင်းကောင်း ကိုင်ထားနော်"
ပစ္စည်းများကို ကျိဟုန်ကျွင်းအား ပေးပြီးနောက် လျန်ဟွမ်းသည် တုတ်ကို ကိုင်ကာ ကျိဟုန်ကျွင်းကို ကာကွယ်ပေးလိုက်သည်။
"အိမ်ပြန်ယူသွားမယ်၊ ဘယ်သူ လာရဲလဲ ကြည့်ရအောင်၊ ကျွန်မလက်ထဲက တုတ်က မျက်စိမပါဘူးနော်"
အစ်ကိုကြီးကျိက ရှေ့တိုးလာရန် ကြိုးစားရာ လျန်ဟွမ်းက ညှာတာမှုမရှိဘဲ သူ့ကျောပြင်ကို ရိုက်ထည့်လိုက်သည်။ အစ်ကိုကြီးကျိက ခုန်ဆွခုန်ဆွဖြစ်သွားပြီး ဘေးသို့ ရှောင်သွားကာ ထပ်မတားရဲတော့ပေ။
ကျိဟုန်ကျွင်း၏ အရှိန်အဝါကလည်း ပြင်းထန်သလို လျန်ဟွမ်းလက်ထဲတွင်လည်း တုတ်ရှိနေသဖြင့် ကျိမိသားစုဝင်များသည် သူတို့နောက်မှ လိုက်လာကြသော်လည်း ပစ္စည်းများ ယူသွားသည်ကို လက်ပိုက်ကြည့်နေရုံမှတစ်ပါး ဝင်မလုရဲကြပေ။
ပစ္စည်းများကို အခန်းထဲ ထည့်ပြီးနောက် ကြက်တွန်သံ နှစ်ချက်ကို လျန်ဟွမ်း ကြားလိုက်ရသည်။ သူမ ကျိမိသားစုအိမ်တွင် တွေ့ခဲ့သော ကြက်ဥများကို သတိရသွားသည်။ ကျိမိသားစုအိမ်တွင် ကြက်ဥရှိသည်ဆိုတော့ ကြက်မရှိရမည်။ သူမ၏ ယုန်သားကို စားထားမှတော့ ကြက်သားနှင့် ပြန်လျော်ကြေးပေးရမည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို တစ်ချက်လှည့်ကြည့်ပြီး အပြင်သို့ ထွက်သွားသည်။ ကျိဟုန်ကျွင်းသည် ပစ္စည်းများကို ဗီရိုထဲထည့်ကာ ပြန်လှည့်ကြည့်လိုက်ရာ အပြင်တွင် လျန်ဟွမ်းကို မတွေ့ရတော့သဖြင့် ဗီရိုကို သော့ခတ်ပြီး အပြင်သို့ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့သည်။
ကျိမိသားစုအိမ်သို့ လျန်ဟွမ်း တုတ်ကိုင်ပြီး ဝင်လာသည်။ ဝင်လာသည်နှင့် ကြက်ခြံဘက်သို့ တန်းသွားလိုက်သည်။
ကြက်ခြံထဲတွင် ကြက်မကြီး နှစ်ကောင် ဝပ်နေသည်။ လျန်ဟွမ်း မြေကြီးပေါ် ဝပ်ဆင်းလိုက်ပြီး ကြက်မကို လှမ်းဖမ်းလိုက်သည်။
လျန်ဟွမ်း၏ နောက်မှ ဒုတိယသားသည် တုတ်ကို မြှောက်ကာ သူမ၏ ခေါင်းကို ရိုက်ရန် ရွယ်လိုက်သည်။
သူ၏ တုတ်က မြောက်တက်သွားသော်လည်း ပြန်ကျမလာပေ။ နောက်မှရောက်လာသော ကျိဟုန်ကျွင်း၏ လက်ကြီးများက ဒုတိယသား၏ လက်ကောက်ဝတ်ကို ဖမ်းညှစ်ထားလိုက်သည်။ ဒုတိယသား၏ လက်ကောက်ဝတ်မှာ ကျိုးလုမတတ် ဖြစ်သွားသည်။
"နာတယ်၊ လွှတ်၊ လွှတ်... လွှတ်ပါ"
လျန်ဟွမ်းက ကြက်နှစ်ကောင်ကို ဖမ်းမိထားပြီဖြစ်သည်။ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျိဟုန်ကျွင်းနှင့် ဒုတိယသားတို့၏ အဖြစ်အပျက်ကို မြင်ပြီး အခြေအနေကို သဘောပေါက်လိုက်သည်။ ကြက်များကို ကျိဟုန်ကျွင်းထံ ပေးလိုက်သည်။
ကျိဟုန်ကျွင်းက ဘယ်လက်ဖြင့် ကြက်နှစ်ကောင်ကို လှမ်းယူလိုက်သည်။
လျန်ဟွမ်း လက်အားသွားပြီ ဖြစ်ရာ ဒုတိယသား လက်ထဲမှ တုတ်ကို ဆွဲယူလိုက်ပြီး ညှာတာမှုမရှိဘဲ စတင် ရိုက်နှက်တော့သည်။ တစ်ချက်ပြီးတစ်ချက် ရိုက်လိုက်ရာ ဆောင်းတွင်းဖြစ်၍ အဝတ်အစား ထူထူ ဝတ်ထားသည့်တိုင် ဒုတိယသားမှာ နာလွန်းသဖြင့် အော်ဟစ်နေရသည်။
လျန်ဟွမ်းသည် ရိုက်နေသည်ကို မရပ်ဘဲ ဆက်ရိုက်နေသည်။
"ငါ့ကို ရိုက်ချင်တယ်ပေါ့၊ လာလေ... ဘာပဲဖြစ်ဖြစ် ငါက တစ်ခါ သေဖူးတဲ့လူပဲ၊ ဘယ်သူ ငါ့ကို ရိုက်ရဲလဲ၊ ငါ့ကို ရိုက်ရင် ပြန်ရိုက်မယ်"
လျန်ဟွမ်းက ဒုတိယသားကို တုတ်ချက် ဘယ်နှစ်ချက် ရိုက်လိုက်မှန်း မသိပေ။ ဒုတိယသား မြေကြီးပေါ် လဲကျသွားမှ လျန်ဟွမ်းက တုတ်ကို ဘေးသို့ ပစ်လိုက်သည်။ ကျိဟုန်ကျွင်း ကိုင်ထားသော ကြက်များကို ကြည့်ပြီး သူမသည် ကျိမိသားစု မီးဖိုချောင်ဘက်သို့ လျှောက်သွားကာ ကျိမိသားစုဝင်များ၏ ရှေ့မှာပင် ကြက်နှစ်ကောင်ကို သတ်ပစ်လိုက်သည်။
ကြက်သွေးများ ကြမ်းပြင်ပေါ်သို့ စီးကျသွားပြီး ထိုသွေးများနှင့် လျန်ဟွမ်း၏ လက်မှာ တစ်ရောင်တည်း ဖြစ်သွားကာ ကျိမိသားစုဝင်များ၏ မျက်လုံးထဲတွင် ထင်ဟပ်သွားသည်။
လျန်ဟွမ်းသည် သွေးများ စီးကျနေသော ကြက်များကို ကိုင်ကာ အမေကျိနှင့် လူများကို လှည့်ကြည့်လိုက်သည်။
"ကျွန်မက တစ်ခါ သေဖူးတဲ့လူ၊ ကျွန်မကို ကောင်းကောင်း မနေစေချင်တဲ့သူရှိရင် ကျွန်မကလည်း သူ့ကို ကောင်းကောင်း ပေးမနေဘူး၊ ဘယ်သူက ကျွန်မအိမ်က ပစ္စည်းကို ရိုက်ခွဲရဲလဲ၊ ကျွန်မက သူ့အိမ်ကို ဖျက်ဆီးပစ်မယ်၊ ဒီတစ်ခါတော့ သင်ခန်းစာပေးတာပဲ ရှိသေးတယ်၊ နောက်တစ်ခါ ငါ့ကို လာစမ်းရင် ပစ္စည်းရိုက်ခွဲရုံနဲ့ ပြီးမှာ မဟုတ်ဘူး၊ ငါက တစ်ကိုယ်တည်းသမား၊ ခြေဗလာနဲ့မို့ ဖိနပ်စီးထားတဲ့လူကို မကြောက်ဘူး၊ နောက်တစ်ခါ ငါ့ကို လာထိရင် ဒီကြက်ကိုသာ ကြည့်ထားလိုက်"
လျန်ဟွမ်းသည် လက်ထဲမှ ကြက်ကို မြှောက်ပြလိုက်သည်။
ကျိမိသားစုဝင်များသည် လျန်ဟွမ်း၏ သွေးရဲရဲ လက်များကို ကြည့်ပြီး မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ အဖေကျိ၏ မျက်လုံးများတွင်ပင် ပုံမှန်အမူအရာ မရှိတော့ဘဲ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။
လျန်ဟွမ်းက သူတို့ပုံစံကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ ကြက်ကို ဆွဲ၍ ထွက်သွားသည်။
လျန်ဟွမ်း ခြံဝင်းထဲမှ ထွက်သွားသည်ကို ကြည့်ပြီး ကျိဟုန်ကျွင်းသည် အဖေကျိဘက်သို့ လှည့်ကာ နက်ရှိုင်းသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ သူ့အသံက ရေခဲကဲ့သို့ အေးစက်နေသည်။
"အဖေက သူတို့ကို မထိန်းချင်ရင် နောက်တစ်ခါဆိုရင် ကျွန်တော် တော်လှန်ရေးကော်မတီက လူတွေကို သွားခေါ်ပြီး လာထိန်းခိုင်းမယ်"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြေလှမ်းကျဲဖြင့် ထွက်ခွာသွားသည်။
ကျိဟုန်ကျွင်း ထွက်သွားသည်နှင့် အမေကျိက ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။ အဖေကျိ၏ မျက်နှာမှာလည်း သွေးဆုတ်သွားသည်။ အကြီးဆုံးချွေးမနှင့် တတိယချွေးမတို့ မီးဖိုချောင်ထဲသို့ ဝင်သွားကြပြီး ရှုပ်ပွနေသော မီးဖိုချောင်ကို ကြည့်ကာ နှမြောတသ ဖြစ်နေကြသည်။
ကျိမိသားစုအိမ်ရှေ့တွင် လူအုပ်ကြီး စုဝေးနေကြသည်။ လျန်ဟွမ်း ထွက်သွားစဉ်ကတည်းက သူတို့ လက်ညှိုးထိုး ပြောဆိုနေကြခြင်း ဖြစ်သည်။ ယခု ကျိဟုန်ကျွင်း ထွက်လာသည်ကို မြင်သောအခါ အချောင်သမားတစ်ယောက်က သူ့အနားသို့ တိုးလာသည်။
"ဟုန်ကျွင်း... မင်းတို့အိမ်မှာ ဘာတွေ ဖြစ်နေတာလဲ၊ ငါ ကြားတာတော့ မင်းမိန်းမက လူရိုက်နေတယ်ဆို၊ မင်းမိန်းမက တော်တော် ဆိုးတာပဲ၊ ဒီလိုမိန်းမမျိုး ယူထားလို့ မဖြစ်ဘူး၊ မင်း သူ့ကို မောင်းထုတ်လိုက်တာ ကောင်းမယ်"
"ဟုတ်တယ်၊ ခုနကလည်း ကြက်ကို ကိုင်ပြီး ထွက်သွားတာ၊ သွေးသံရဲရဲနဲ့ ကြောက်စရာကြီးဟယ်"
ကျိမိသားစုအိမ်ရှေ့မှ လူများက တစ်ယောက်တစ်ပေါက်နှင့် လျန်ဟွမ်း၏ မကောင်းကြောင်းများကို ပြောဆိုနေကြသည်။ ကျိဟုန်ကျွင်းက ထိုလူများကို အေးစက်စွာ တစ်ချက်ဝှေ့ကြည့်လိုက်သည်။
"အိမ်က ကျွန်တော့်မိန်းမ ရှာထားတာ၊ အိမ်မှာဆိုရင် သူ ပြောတာ အကုန် အတည်ပဲ"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ထွက်သွားသည်။ ထိုလူများသည် ကျိမိသားစုအိမ်ရှေ့မှ မခွာကြဘဲ ဆက်လက် စုဝေးနေကြပြီး ကျိမိသားစု၏ ပြဿနာများကို ဆက်လက် ဆွေးနွေးနေကြသည်။ ကျိဟုန်ကျွင်းက မိန်းမကြောက်ရသူ၊ သူ့မိန်းမက မိန်းမဆိုးကြီးဖြစ်ကြောင်း အတင်းပြောနေကြသည်။
အပြင်လူများ၏ ဆွေးနွေးမှုများကို လျန်ဟွမ်း မသိပေ။ သူမက အိမ်ပြန်ရောက်သည်နှင့် အိမ်ရှိ ရှုပ်ပွနေသည်များကို စတင် ရှင်းလင်းတော့သည်။
ကျိဟုန်ကျွင်းက ခြံဝင်းထဲသို့ ဝင်လာသောအခါ သူမက ပစ္စည်းများ ရှင်းလင်းနေသည်ကို တွေ့ရသဖြင့် ဝင်ကူလုပ်ပေးလိုက်သည်။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း၏ ပစ္စည်းများက နဂိုကတည်းက နည်းပါးသဖြင့် ရှင်းလင်းရသည်မှာ မြန်ဆန်သည်။ တစ်နာရီခန့်အကြာတွင် အခန်းကို ရှင်းလင်းပြီးဖြစ်သလို ခြံဝင်းကိုလည်း သန့်ရှင်းရေး လုပ်ပြီးသွားသည်။
ပစ္စည်းများရှင်းလင်းပြီးနောက် လျန်ဟွမ်း ဗိုက်ဆာလာသည်။ သမဝါယမဈေးဆိုင်မှ ပြန်လာကတည်းက နေ့လယ်စာစားချိန်သို့ ရောက်နေပြီဖြစ်သည်။ သူမက ကျိမိသားစုအိမ်သို့ သွားရောက် သောင်းကျန်းပြီးနောက် ယခု ညနေစောင်းနေပြီ ဖြစ်ကာ ရေတစ်စက်မျှ မသောက်ရသေးပေ။
"ကျိဟုန်ကျွင်း... ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်၊ ညနေစောင်းနေပြီ၊ ထမင်းစားပြီးရင် ညဘက်ကျရင် ထပ်စားရဦးမှာ၊ ကျွန်မတို့ မုန့်ပေါင်းလေး ဘာလေး အရင်စားပြီး ဗိုက်ဖြည့်ထားကြမယ်၊ ညကျမှ ကြက်ပေါင်းဟင်းရည် သောက်ကြတာပေါ့"
ကြက်ပေါင်းဟင်းရည်ကို မွှေးကြိုင်နေအောင် ပေါင်းပြီး ဘေးအိမ်က ကျိမိသားစုဝင်တွေ အနံ့ရအောင် လုပ်ရမယ်။
"ကောင်းပြီ" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး မီးဖိုချောင်ဘက်သို့ ထွက်သွားသည်။ ထွက်သွားစဉ် ပါးစပ်မှ စကားတစ်လုံး တီးတိုး ရေရွတ်လိုက်သည်။ "ငါ..."
လျန်ဟွမ်းက သတိမထားမိလိုက်ပေ။ သူမကိုယ်တိုင်လည်း သဘာဝကျကျဖြင့် ကိုယ့်ကိုယ်ကိုယ် အကျွမ်းတဝင် သုံးနှုန်းလိုက်မိသည်။ ကျိဟုန်ကျွင်း မီးဖိုချောင်ဘက် ထွက်သွားသည်ကို မြင်သောအခါ သူမလည်း လိုက်သွားသည်။ လျန်ဟွမ်းက ဒယ်အိုးထဲသို့ ရေထည့်ပြီး မုန့်ပေါင်းများကို ပေါင်းအိုးဖြင့် အပူပေးလိုက်သည်။ ကျိဟုန်ကျွင်းက မီးဖိုနောက်တွင် ထိုင်ကာ မီးမွှေးပေးသည်။
ရေနွေးဆူလာသောအခါ လျန်ဟွမ်းသည် အပူပေးထားသော မုန့်ပေါင်းတစ်လုံးကို အမြန် စားလိုက်သည်။ ထို့နောက် ရေနွေးကို ယူကာ ကြက်မွှေးနုတ်ရန် ပြင်လိုက်သည်။ ကြက်မွေးနုတ်ပြီးလျှင် ကြက်ပေါင်းလုပ်မည် ဖြစ်သည်။
…
အခန်း (၁၅)
နေဝင်ချိန်သို့ ရောက်သောအခါ အလံနီအုပ်စုရှိ အိမ်တိုင်း၌ မီးခိုးတန်းများ ထွက်ပေါ်လာသည်။ အိမ်တိုင်းတွင် ထမင်းချက်နေကြချိန်၌ လျန်ဟွမ်း၏ မီးဖိုချောင်ထဲမှ မွှေးကြိုင်လှသော ကြက်ပေါင်းဟင်းရည် အနံ့များ ထွက်ပေါ်လာသည်။
ကြက်ပေါင်းဟင်းရည်ပေါင်းရာတွင် လျန်ဟွမ်းသည် နာနတ်ပွင့်နှင့် ငရုတ်ကောင်းစေ့များ ထည့်ထားပြီး ဘေးအိမ်မှ ဦးလေးမာတို့ဆီမှ ငရုတ်ကောင်းရွက်ခြောက်များကိုပါ သွားငှားပြီး ထည့်ထားသည်။ သုံးနှစ်ကြာ မွေးမြူထားသော ဥစားကြက်မကြီးကို သုံးနာရီကြာ ပေါင်းထားသဖြင့် အနံ့မှာ မွှေးကြိုင်ပြီး စားချင်စဖွယ် ရှိလှသည်။
ယခုခေတ်ရှိ လူများက နှစ်သစ်ကူးမှာတောင် အသားစားရဖို့ မသေချာပေ။ ဤကဲ့သို့ မွှေးကြိုင်သော အသားဟင်းနံ့ကို ရသောအခါ တံတွေးမျိုချမိပြီး စားချင်စိတ် ပေါက်လာကြသည်။
ဘေးအိမ်မှ ကျိမိသားစု၏ မြေးဖြစ်သူ ထယ်တန့်သည် အသားဟင်းနံ့ ရသောအခါ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်ပြီး အသားစားချင်ကြောင်း ဂျီကျတော့သည်။
"သား အသားစားချင်တယ်၊ သား အသားစားချင်တယ်"
အမေကျိသည် ဟင်းနံ့ကို ရသလို ထယ်တန့်၏ အော်ဟစ်သံကိုပါ ကြားရသောအခါ စိတ်အခြေအနေ ပိုဆိုးသွားပြီး ရင်ဘတ်ထဲတွင် ကျောက်တုံးကြီး ဖိထားသလို ခံစားလိုက်ရသည်။ ဒေါသထွက်လွန်း၍ အသက်ရှူပင် ကြပ်လာသည်။
သူမသည် ဘေးတွင် ထိုင်နေသော အဖေကျိဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ကလေးတွေ အဖေ... ဒီအတိုင်း လွှတ်ထားတော့မလို့လား၊ ဟင်းနံ့ကို ရှူကြည့်ပါဦး၊ အသားဟင်း ချက်တာတောင် မိဘတွေကို လာမပို့ဘူး၊ မိုက်ရိုင်းလိုက်တာ"
အဖေကျိသည် မျက်နှာပျက်ပျက်ဖြင့် ဘေးတွင် ထိုင်ကာ ဆေးတံသောက်နေသည်။ အမေကျိ ပြောသည်ကို ကြားသောအခါ သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ 
"တော်တော့၊ နောက်ဆိုရင် ဟိုဘက်အိမ်ကို သွားမရှုပ်နဲ့တော့၊ ဘာမှမဟုတ်ဘဲ သွားမစနဲ့၊ စတုတ္ထလေးက အရင်ကနဲ့ မတူတော့ဘူး"
အရင်တုန်းက သူပြောလျှင် စတုတ္ထလေးက နားထောင်သော်လည်း ယခုအခါတွင်မူ သူပြောသည်ကို စတုတ္ထလေးက နားမထောင်တော့ပေ။
"သွားမစနဲ့ ဟုတ်လား၊ အဲဒီ အမိအဖမသိတဲ့ကောင်က ကျေးဇူးကန်းတဲ့ကောင်ပဲ" အမေကျိက ဆဲဆိုပြီးနောက် ထယ်တန့်က ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်ကို မြင်သောအခါ အော်လိုက်သည်။ 
"ဒုတိယချွေးမ... နင် ဘာလုပ်နေတာလဲ၊ ထယ်တန့်ကို မြန်မြန် လာခေါ်သွားစမ်း"
ကျိမိသားစု၏ ဒုတိယအိမ်တွင် ဒုတိယသားသည် အိပ်ရာပေါ်၌ ညည်းညူနေသည်။ ဒုတိယချွေးမသည် အသားဟင်းနံ့ကို ရသောအခါ ဗိုက်ထဲတွင် ဟာတာတာ ဖြစ်သွားပြီး ဆာလောင်လာသည်။ သူမက အသားဟင်းနံ့ကြောင့် တံတွေးများ စီးကျလာပြီး ခေါင်းထဲတွင် ကြက်သားစားရမည့်ပုံကိုသာ မြင်ယောင်နေသည်။ အမေကျိ၏ အော်သံကို ကြားမှသာ သူမ သက်ပြင်းချကာ ဗိုက်ကို ဖိရင်း ဧည့်ခန်းမကြီးဆီသို့ လျှောက်သွားသည်။
ဒုတိယချွေးမသည် ဧည့်ခန်းမကြီးသို့ ရောက်သောအခါ ထယ်တန့်ကို ခေါ်ထုတ်ရန် ပြင်သည်။ သို့သော် ထယ်တန့်က မလိုက်ချင်ဘဲ ကြမ်းပြင်ပေါ်တွင် ဆက်လက် လူးလှိမ့်နေသည်။
ဒုတိယချွေးမသည် အသားဟင်းနံ့ကို ရနေသလို သားဖြစ်သူ၏ ဆူညံသံ၊ ဘေးမှ အမေကျိ၏ တရစပ် ပြောဆိုသံများကြောင့် စိတ်တိုလာပြီး ထယ်တန့်၏ တင်ပါးကို ရိုက်ချလိုက်သည်။
"အသားစားမယ်၊ အသားစားမယ်၊ အိမ်မှာ ဘယ်က အသား ရှိမှာလဲ၊ စားချင်ရင် နင့်စတုတ္ထဦးလေးအိမ် သွားတောင်းချေ"
"မသွားဘူး၊ အိမ်က အသားပဲ စားချင်တာ"
စတုတ္ထဦးလေးက လူရိုက်တယ်။ သူ့အဖေတောင် အိပ်ရာပေါ် လဲနေရတာ။ သူက စတုတ္ထဦးလေးအိမ် သွားပြီး အသားမတောင်းရဲဘူး။
"စား စား စား... အိမ်မှာ ဒယ်အိုးတောင် မရှိတော့ဘူး၊ ဘာအသား စားမှာလဲ" ဒုတိယချွေးမက ပြောရင်းဆိုရင်း ထယ်တန့်ကို နှစ်ချက်ခန့် ထပ်ရိုက်လိုက်သည်။
အမေကျိက ထိုအဖြစ်အပျက်ကို မြင်သောအခါ ဒေါသထွက်သွားသည်။ "ရပ်လိုက်စမ်း၊ ဘယ်သူက ငါ့မြေးကို ရိုက်ခိုင်းလို့လဲ၊ ထွက်သွားစမ်း"
ဒုတိယချွေးမသည် စကားနားထောင်သူ ဖြစ်သည်။ အမေကျိက ထွက်သွားခိုင်းသည်နှင့် ထယ်တန့်ကို လွှတ်ပေးကာ လှည့်ထွက်သွားသည်။
ထယ်တန့်သည် အမေကျိ၏ အခန်းထဲတွင် ဆက်လက် သောင်းကျန်းနေသည်။ နောက်ပိုင်းတွင် အမေကျိ ဘယ်လို ချော့လိုက်သည် မသိချေ။ ထယ်တန့်၏ ငိုသံက တဖြည်းဖြည်း တိတ်သွားသည်။
......
လျန်ဟွမ်း၏ မီးဖိုချောင်တွင် ကျိဟုန်ကျွင်းက မီးထိုးပေးပြီး လျန်ဟွမ်းက ချက်ပြုတ်နေသည်။ လျန်ဟွမ်းသည် ဒီညနေအတွက် ကြက်မကြီးတစ်ကောင်လုံးကို ပေါင်းထားသလို ဦးလေးမာတို့အိမ်မှ ကြိတ်လာသော နှံစားပြောင်းမှုန့် တစ်ပိဿာနီးပါးကိုလည်း ဂျုံကြမ်းမုန့် လုပ်ထားသည်။
ညစာက များပြားပြီး ပြည့်စုံလှသည်။ နှစ်ယောက်သား ဗိုက်ကားအောင် စားနိုင်သည့် ပမာဏ ဖြစ်သည်။ လျန်ဟွမ်းက ကြက်ပေါင်းဟင်းရည် ကျက်သွားသောအခါ ပန်းကန်လုံးတစ်လုံးဖြင့် ဦးစွာ ခပ်လိုက်သည်။
"ဒီရက်ပိုင်း အဒေါ်ကြီးမာက အများကြီး ကူညီပေးထားတာ၊ သူတို့အိမ်ကို ဟင်းရည်တစ်ခွက် သွားပို့လိုက်ဦးမယ်"
ကြက်ပေါင်းဟင်းရည် ပန်းကန်အကြီးကြီးဖြစ်ပြီး ဟင်းရည်နည်းနည်း အသားများများ ပါဝင်သည်။ လူတစ်ယောက်စာ ကောင်းကောင်း လောက်ငှသည်။ ဦးလေးမာတို့အိမ်မှ သမီးများ အိမ်ထောင်ကျကုန်ပြီဖြစ်ရာ အိမ်တွင် လင်မယားနှစ်ယောက်နှင့် သားတစ်ယောက်သာ ရှိသည်။ ဟင်းရည်တစ်ခွက်ကို သုံးယောက် ဝေစားလျှင် တစ်ယောက်ကို အသားအနည်းငယ်စီ စားရမည် ဖြစ်ရာ ယခုခေတ်တွင် စားသောက်ပွဲကြီးတစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။
လျန်ဟွမ်းက ဦးလေးမာတို့အိမ်သို့ ရောက်သောအခါ တံခါးပိတ်ထားသည်။ အိမ်ထဲမှလူများက တံခါးခေါက်သံ ကြားသောအခါ တံခါးလာဖွင့်ပေးသည်။
အဒေါ်မာက တံခါးဖွင့်လိုက်သောအခါ လျန်ဟွမ်းကို အရင်မြင်ပြီးနောက် လျန်ဟွမ်းလက်ထဲမှ ပန်းကန်လုံးကို မြင်လိုက်ရသည်။ ပန်းကန်လုံးထဲမှ ကြက်ပေါင်းဟင်းရည်မှာ အငွေ့တထောင်းထောင်း ထနေသည်။
"အဒေါ်... ဒါ အိမ်က ပေါင်းထားတဲ့ ကြက်ပေါင်းဟင်းရည်ပါ၊ ကျွန်မနဲ့ ဟုန်ကျွင်းလည်း မကုန်နိုင်လို့ပါ၊ ဟုန်ကျွင်းက ပြောတယ်၊ ကော်တုန်းက ငယ်သေးတော့ အားရှိအောင် တိုက်သင့်တယ်တဲ့" လျန်ဟွမ်းက အဒေါ်မာကို ကြည့်ပြီး ပြုံးပြုံးလေး ပြောလိုက်သည်။
၎င်းက ကြက်ပေါင်း ဟင်းရည်ဖြစ်ပြီး အသားဟင်း ဖြစ်သည်။ ရှားပါးသော အစားအစာ ဖြစ်သဖြင့် အဒေါ်မာက မယူရဲဘဲ ပြုံးပြီး ငြင်းလိုက်သည်။
"ဟုန်ကျွင်းမိန်းမရယ်... မလိုပါဘူး၊ ညည်းနဲ့ ဟုန်ကျွင်းလည်း မလွယ်ပါဘူး၊ အသားက ရှားပါးပါတယ်၊ ပြန်ယူသွားပြီး လင်မယားနှစ်ယောက် စားကြပါ"
လျန်ဟွမ်းသည် ပန်းကန်ကို သူမလက်ထဲသို့ အတင်း ထည့်ပေးလိုက်သည်။ "အိမ်မှာ အသားတွေ အများကြီး ရှိပါသေးတယ်၊ ကျွန်မနဲ့ ဟုန်ကျွင်း စားလို့ လောက်ပါတယ်၊ ဒါက ကော်တုန်း အားရှိအောင်လို့ပါ၊ ဟုန်ကျွင်းက ကျွန်မ ထမင်းပြန်လာစားမှာကို စောင့်နေတာမို့ ကျွန်မ သွားတော့မယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် အိမ်ဘက်သို့ ပြန်လှည့်ထွက်လာခဲ့သည်။
အဒေါ်မာသည် လက်ထဲမှ အသားဟင်းကို ကြည့်ပြီး တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အိမ်ထဲသို့ ယူသွားလိုက်သည်။ ဟင်းရည်က မွှေးကြိုင်လွန်းသဖြင့် သူမလည်း စားချင်နေမိသည်။ သူမ၏သား ကော်တုန်းကလည်း ဘေးအိမ်က ဟင်းချက်တာ မွှေးတယ်ဟု ပြောနေသဖြင့် သားဖြစ်သူကိုလည်း ကျွေးချင်သည်။ နောက်ပိုင်း ဟုန်ကျွင်းတို့ဘက်က အကူအညီလိုလျှင် သူမတို့ တတ်နိုင်သလောက် ကူညီပေးရမည်။
အဒေါ်မာက ဟင်းရည်ပန်းကန်ကို ကိုင်ကာ အိမ်ထဲ ဝင်လာသည်။ ဦးလေးမာက ထမင်းစားပွဲတွင် ထိုင်နေရင်း မေးလိုက်သည်။ "ဟုန်ကျွင်းတို့အိမ်က လာပို့တာလား၊ သူတို့အိမ်က ခက်ခဲပါတယ်၊ ပြန်သွားပေးလိုက်ပါ"
"ဟုန်ကျွင်းမိန်းမ လာပို့တာ၊ အိမ်မှာ စားလောက်တယ်ဆိုပြီး အတင်း ထိုးပေးသွားတာ၊ ထားလိုက်ပါတော့၊ ဟုန်ကျွင်းတို့ဘက်က ယောက္ခမကလည်း ဂရုမစိုက်ဘူးဆိုတော့ နောက်ဆို သူတို့ဘက်က အကူအညီလိုရင် ငါတို့ ကူညီပေးကြတာပေါ့"
ဦးလေးမာက သူ့မိန်းမစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီလေ"
ထမင်းဝိုင်းတွင် အပျော်ဆုံးမှာ မာကော်တုန်း ဖြစ်သည်။ သူက ဆယ်နှစ်သားအရွယ် ကလေးဖြစ်ပြီး လိမ္မာသော်လည်း အသားမြင်လျှင် စားချင်သည်မှာ သဘာဝပင်။ မိဘများက အသားဟင်းကို လက်ခံလိုက်သည်ကို ကြားသောအခါ သူသည် ဟင်းရည်ပန်းကန်ကို မျက်တောင်မခတ်တမ်း တမေ့တမော ငေးကြည့်နေတော့သည်။
......
လျန်ဟွမ်း အိမ်ပြန်ရောက်သောအခါ ကျိဟုန်ကျွင်းက ဟင်းရည်ထည့်ထားပြီးပြီ ဖြစ်သည်။ ဂျုံကြမ်းမုန့်များကိုလည်း ပေါင်းပြီးပြီ ဖြစ်ရာ ခြင်းတောင်းထဲတွင် ထည့်ထားသည်။
ကျိဟုန်ကျွင်းက စားပွဲတွင် ထိုင်နေသည်။ သူ့ရှေ့တွင် ပန်းကန်တစ်လုံး ရှိပြီး မျက်နှာချင်းဆိုင်တွင်လည်း ပန်းကန်တစ်လုံး ချထားသည်။ လျန်ဟွမ်းက အိမ်ထဲဝင်လာပြီး ကျိဟုန်ကျွင်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဂျုံကြမ်းမုန့်ကို ယူကာ ဟင်းရည်ဖြင့် တွဲဖက် စားသောက်လိုက်သည်။
လျန်ဟွမ်း၏ မျက်နှာချင်းဆိုင်တွင် ကျိဟုန်ကျွင်းကလည်း စားသောက်နေသည်။ သူက ပထမဆုံး ဟင်းရည်တစ်လုပ် သောက်လိုက်သောအခါ မျက်လုံးများ မှေးစင်းသွားပြီး အရသာခံလိုက်သည်။
ကြက်သားစားသောအခါ ကျိဟုန်ကျွင်း၏ တည်ငြိမ်သော မျက်လုံးများ အရောင်တောက်လာပြီး စားသောက်မှုက ပိုမိုမြန်ဆန်လာသည်။ မကြာမီ လျန်ဟွမ်းက ဟင်းရည်တစ်ခွက်နှင့် မုန့်တစ်လုံး စားပြီးချိန်တွင် ကျိဟုန်ကျွင်းက ဟင်းရည်သုံးခွက်နှင့် မုန့်သုံးလုံး စားပြီးပြီ ဖြစ်သည်။
လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ စားနိုင်စွမ်းကို အံ့သြသွားသည်။ ဟင်းရည်သုံးခွက် သောက်ပြီးပြီဖြစ်၍ ဗိုက်ဝလောက်ပြီဟု ထင်သော်လည်း ကျိဟုန်ကျွင်းက ထရပ်ကာ မီးဖိုချောင်ထဲမှ ဟင်းရည်တစ်ခွက် ထပ်သွားခပ်သည်။
ကျိဟုန်ကျွင်းက သူ့အတွက် ဟင်းရည်ခပ်ပြီးနောက် လျန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။ 
"ထပ်ထည့်ပေးရမလား" လျန်ဟွမ်း၏ ပန်းကန်မှာလည်း ပြောင်စင်နေပြီ ဖြစ်သည်။
"မလိုတော့ဘူး၊ ဝသွားပြီ" သူမ ရောက်ရှိနေသော ခန္ဓာကိုယ်က အစာငတ်ခံထားရသဖြင့် အစာအိမ် ကျုံ့နေကာ အများကြီး မစားနိုင်ပေ။ အသားမစားရသည်မှာ ကြာပြီဖြစ်၍ တစ်ခါတည်း အများကြီး စားလိုက်လျှင် အစာမကြေ ဖြစ်တတ်သည်။ ရှစ်ပုံပုံ တစ်ပုံလောက် ဝလျှင် တော်ပြီ။ နောက်မှ ဖြည်းဖြည်းချင်း ပြန်မွေးယူရမည်။
"အင်း" ကျိဟုန်ကျွင်းက လျန်ဟွမ်း မစားတော့ဘူးဆိုသဖြင့် သူ၏ပန်းကန်ကို ကိုင်ကာ လျန်ဟွမ်း ရှေ့တွင် ဝင်ထိုင်ပြီး ဆက်စားသည်။
ကျိဟုန်ကျွင်းက အားရပါးရ စားသောက်နေသည်။ သူ့မျက်လုံးထဲတွင် အစားအသောက်မှလွဲ၍ ဘာမှ မရှိပေ။ သူ စားနေသည်ကို ကြည့်ပြီး ဘေးလူပင် စားချင်စိတ် ပေါက်လာနိုင်သည်။
လျန်ဟွမ်းက သူ့ကို ကြည့်ပြီး ပြောလိုက်သည်။ "ရှင်က ကောင်းကောင်းစားသားပဲ"
ကျိဟုန်ကျွင်း စားလက်စ ရပ်သွားပြီး ပြန်ဖြေသည်။ "အင်း... ကောင်းတယ်"
"ဖြည်းဖြည်းစားနော်၊ စားပြီးရင် ဒယ်အိုး ဆေးထားလိုက်၊ ကျွန်မ အခန်းပြန်တော့မယ်" သူမက နေရာလွတ်ထဲသို့ ဝင်ပြီး စိုက်ထားသော အာလူးများ၏ အခြေအနေကို သွားကြည့်ရဦးမည်။ အာလူးများ အညှောင့်ပေါက်ပြီလား မသိချေ။ ကျိဟုန်ကျွင်းက ကောင်းကောင်းစားတော့ သူမလည်း အစားကောင်းကောင်း စားချင်သဖြင့် စားနပ်ရိက္ခာ များများ စုဆောင်းထားမှ ဖြစ်မည်။ မဟုတ်လျှင် အိမ်ရှိ ရိက္ခာများက လဝက်လောက်နှင့် ကုန်သွားနိုင်သည်။
လျန်ဟွမ်းပြောသည်ကို ကြားသောအခါ ကျိဟုန်ကျွင်းက မော့ကြည့်လိုက်သည်။ "ညကျရင် တံခါးပိတ်အိပ်နော်၊ ကိုယ် အပြင်ခဏ သွားဦးမယ်"
လျန်ဟွမ်းက ခြေလှမ်း ရပ်တန့်သွားသည်။ ကျိဟုန်ကျွင်း ညဘက်အပြင်ထွက်သော နှစ်ခေါက်စလုံးတွင် ပစ္စည်းများ ပါလာတတ်သည်။ ပထမတစ်ခေါက်က ဒယ်အိုး၊ ဒုတိယတစ်ခေါက်က အသား၊ အခုတစ်ခေါက်လည်း တစ်ခုခု ပါလာဦးမည်ဟု သူမ ထင်သည်။ ကျိဟုန်ကျွင်းကို လှမ်းကြည့်ပြီး မေးလိုက်သည်။ "ရှင် ဘယ်သွားမလို့လဲ"
"တောင်ပေါ် သွားမလို့" ကျိဟုန်ကျွင်းက မလိမ်ဘဲ တဲ့တိုး ပြောလိုက်သည်။
"အမဲလိုက်မလို့လား၊ တောင်ပေါ်မှာ နှင်းတွေ မပျော်သေးလောက်ဘူး၊ ဒီနေ့ညနေပိုင်း ရာသီဥတုကလည်း သိပ်မကောင်းဘူး၊ ညကျရင် မိုးရွာမလား မသိဘူး၊ ဒီည မသွားဘဲ နေပါလား" ညနေကတည်းက ကောင်းကင်တွင် တိမ်မည်းများ ဖုံးနေပြီး ရာသီဥတု ပြောင်းလဲနေသည်။ ညဘက်တွင် မိုးရွာခြင်း၊ နှင်းကျခြင်းများ ဖြစ်နိုင်သည်။
"အိမ်မှာ စားစရာ သိပ်မရှိတော့ဘူး၊ တောင်ပေါ်တက်ပြီး စားစရာ ရှာလို့ရမလား သွားကြည့်မလို့ပါ၊ သန်းခေါင်မတိုင်ခင် ပြန်လာခဲ့မယ်"
အိမ်မှာ စားစရာက တကယ် နည်းပါးနေသည်။ နှစ်သစ်ကူးရန် ရက်အနည်းငယ်သာ လိုတော့သည်။ လျန်ဟွမ်း ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီလေ၊ သွားရင် အဝတ်အစား ထူထူ ဝတ်သွားဦး၊ ရာသီဥတု မကောင်းရင် စောစော ပြန်လာခဲ့နော်"
ကျိဟုန်ကျွင်းက မော့ကြည့်လိုက်သည်။ နက်ရှိုင်းသော မျက်ဝန်းများက လျန်ဟွမ်း၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။ အပြင်ဘက်တွင် အလင်းရောင်ရှိနေသေးပြီး အိမ်ထဲတွင် မီးမထွန်းထားသဖြင့် ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ မျက်နှာကို ဝါးတားတားသာ မြင်ရသည်။ မျက်နှာပေါ်တွင် စိတ်ပူသော အရိပ်အယောင် ရှိမရှိ မမြင်ရသော်လည်း လျန်ဟွမ်း၏ စကားသံထဲမှ စိတ်ပူမှုကို သူ ကြားလိုက်ရသည်။
ကျိဟုန်ကျွင်း၏ မျက်ဝန်းများ နက်ရှိုင်းသွားပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကောင်းပြီ"
…
 

Search Novels