အခန်း (၆)
အဖေကျိက အရှေ့ဘက်ဆောင်ကို လျန်ဟွမ်းတို့အား ခွဲပေးလိုက်သော်လည်း သဘောမတူသူ ရှိနေသည်။ ဒုတိယချွေးမက မျက်လုံးကစားလိုက်သည်။ အဖေကျိက အိမ်ထောင်ဦးစီးဖြစ်သဖြင့် သူမသည် ခေါင်းဆောင်ကြီးတို့ရှေ့တွင် အဖေကျိကို ပြန်မပြောရဲပေ။ ထို့ကြောင့် သူမက ကိုယ်ကို လှည့်ကာ အပြင်သို့ ထွက်သွားပြီး အမေကျိကို သွားခေါ်ကာ အဖေကျိနှင့် ပြဿနာရှာခိုင်းရန် ပြင်လိုက်သည်။
လျန်ဟွမ်းသည် ဒုတိယချွေးမ ခိုးထွက်သွားသည်ကို မြင်သော်လည်း ဂရုမစိုက်ဘဲ ပြုံးလိုက်ကာ အဖေကျိကို ချီးကျူးလိုက်သည်။
"အဖေက အသိဉာဏ်ရှိတဲ့သူပါ၊ အတွေးအခေါ် အမြင် မြင့်မားတယ်"
လျန်ဟွမ်း၏ ချီးကျူးစကားကြောင့် အဖေကျိ စိတ်ထဲ ပို၍ မသက်မသာ ဖြစ်သွားသည်။ ရင်ဘတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ပိတ်ဆို့ထားသလို ခံစားရသော်လည်း ထုတ်မပြရဲဘဲ ခေါင်းမာမာဖြင့် ပြောလိုက်ရသည်။
"ငါတို့ ကျိမိသားစုဟောင်းက မျိုးဆက်သုံးဆက်လုံး ဆင်းရဲသားလယ်သမားတွေပဲ၊ အတွေးအခေါ် အမြင်ကတော့ လုံးဝ မြင့်မားပြီးသားပါ"
လျန်ဟွမ်းက ချက်ချင်းပင် ရယ်မောကာ ပြန်ပြောလိုက်သည်။
"အဖေ ပြောတာ မှန်တယ်၊ ကျွန်မတို့ မိသားစုက မျိုးဆက်သုံးဆက်လုံး ဆင်းရဲသားလယ်သမားတွေမို့ အတွေးအခေါ် မြင့်မားပါတယ်၊ ဒါပေမဲ့ အဖေ... အိမ်ခွဲမဲ့ စည်းကမ်းတွေလည်း ရပြီဆိုတော့ ခေါင်းဆောင်ကြီးနဲ့ ပါတီအတွင်းရေးမှူးရှိနေတုန်း အိမ်ခွဲလိုက်ကြရင် မကောင်းဘူးလား၊ လူကြီးတွေက သက်သေအဖြစ်ရှိနေတော့ အဖေ အိမ်ခွဲတာ မတရားဘူးလို့ ဘယ်သူမှ ပြောလို့ မရတော့ဘူးပေါ့၊ ကော်မတီက လူတွေ နောက်ပိုင်း ဒီကိစ္စကို သိရင်တောင် အဖေ့ကို လူမှန်ပဲလို့ ချီးကျူးကြမှာ"
လျန်ဟွမ်းသည် ပါတီအတွင်းရေးမှူးရှေ့တွင် အဖေကျိကို မြှောက်ပြောလိုက်ခြင်းဖြစ်သလို ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။ ယခု အိမ်ခွဲပေးလျှင် အတွေးအခေါ်မြင့်မားသူဖြစ်မည်။ သက်သေမရှိဘဲ နောက်မှ ခွဲပေးလျှင် သူမက ကော်မတီသို့ သွားတိုင်မည်။ ထိုအခါ ကော်မတီမှ လူများက သူ့ကို အတွေးအခေါ် မမှန်ကန်သူဟု ပြောလာနိုင်သည်။
အဖေကျိ၏ စိတ်ထဲတွင် မွန်းကြပ်နေသော်လည်း လျန်ဟွမ်း ပြောတာ မဟုတ်ဘူးဟုလည်း ငြင်းမရသဖြင့် အံကြိတ်ကာ ပြောလိုက်ရသည်။
"ခွဲမယ်၊ အခုပဲ ခွဲကြမယ်"
အဖေကျိက ပြောပြီးသော်လည်း စိတ်မပါသဖြင့် ကျိဟုန်ကျွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"စတုတ္ထ... မင်းက မင့်မိန်းမ ပြောသမျှ အကုန် နားထောင်တော့မှာလား"
ကျိဟုန်ကျွင်းက တောင်ကြီးတစ်လုံးလို မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ ထိုအမျိုးသား၏ မျက်နှာသည် မနက်ကကဲ့သို့ ဖြူဖျော့မနေတော့ဘဲ ပိန်ပါးသော ခန္ဓာကိုယ်မှာ မားမားမတ်မတ် ရှိနေပြီး ဩဇာအာဏာ ပြည့်ဝနေသည်။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ဟုတ်ကဲ့၊ နားထောင်ပါတယ်"
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို ကျေနပ်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အဖေကျိဘက်သို့ ပြုံးရယ်ကာ လှည့်ကြည့်လိုက်သည်။
"အဖေ... အိမ်ခွဲတော့မယ်ဆိုတော့ ကျွန်မ ပြောထားတဲ့ ပိုက်ဆံကို ပေးသင့်ပြီ မဟုတ်လား၊ အိမ်မှာ ပိုက်ဆံ မနည်းဘူးဆိုတာ ကျွန်မ သိတယ်၊ ကျွန်မနဲ့ ဟုန်ကျွင်းက မိဘကို ရိုသေပါတယ်၊ အဖေက ၅ ယွမ်ပဲ ပေးမယ်ဆိုလည်း ၅ ယွမ်ပေါ့၊ ကျွန်မကို ၁ ယွမ်ခွဲပေးပါ၊ ဒယ်အိုးဖိုး ၂၀ ယွမ်ထဲက ၄ ယွမ်လည်း ပေးရမယ်ဆိုတော့ စုစုပေါင်း ၅ ယွမ် ပေးပါ၊ အခု ပေးပါတော့"
သူမ၏ မှတ်ဉာဏ်ထဲတွင် ကျိမိသားစုတစ်စုလုံးမှာ သံချေးတက်နေသော ကြက်ဖများ (ကပ်စေးနှဲများ) ဖြစ်ကြသည်။ ၅ ယွမ်ဆိုသည်မှာ နည်းသော်လည်း ကပ်စေးနှဲများလက်ထဲမှ ၁ ဆင့်ရရ ၂ဆင့်ရရ ယူရမည်။ ပါတီအတွင်းရေးမှူးရှိနေစဉ် ပိုက်ဆံ မြန်မြန် တောင်းရမည်။ သူပြန်သွားလျှင် ဒီလူတွေက ဘူးပြော ဖရုံပြော ပြောပြီး ပိုက်ဆံ မပေးဘဲ နေကြဦးမည်။
အဖေကျိမှာ နားထောင်ရင်း မွန်းကြပ်လာသည်။ သို့သော် ခေါင်းဆောင်ကြီးနှင့် ပါတီအတွင်းရေးမှူး ရှေ့မှောက်ဖြစ်၍ မပေးဘဲ နေ၍ မရပေ။ ထို့ကြောင့် သေတ္တာထဲမှ ၅ ယွမ်တန် တစ်ရွက်ကို အံကြိတ်ကာ ထုတ်ယူပြီး လျန်ဟွမ်းထံ ပစ်ပေးလိုက်သည်။
"ရော့... ပိုက်ဆံ၊ စတုတ္ထ... ငါက မင်းအဖေပဲ၊ မင်းပိုက်ဆံ ၅ ယွမ်ကို မျိုထားပါ့မလား၊ မင်းမိန်းမက အတင်း လိုက်တောင်းနေတယ်"
ကျိဟုန်ကျွင်းက မျက်နှာတည်တည်ဖြင့် လျန်ဟွမ်း ဘေးတွင် ရပ်ကာ ပြောလိုက်သည်။
"ဟွမ်းဟွမ်း ပြောတာ မှန်တယ်၊ အိမ်ခွဲဖို့ ပြောပြီးပြီပဲ၊ အခု ခွဲလိုက်တာ အကောင်းဆုံးပဲ"
လျန်ဟွမ်းက ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ် အဖေ၊ ပိုက်ဆံခွဲပြီးပြီဆိုတော့ အိမ်ကိစ္စ ဆက်ပြောမယ်၊ အရှေ့ဘက်ဆောင်က ကျွန်မနဲ့ ဟုန်ကျွင်းအပိုင် ဖြစ်သွားပြီ၊ ဒါဆို ဒုတိယအစ်ကိုတို့လင်မယားရဲ့ ပစ္စည်းတွေ ဖယ်ပေးသင့်ပြီ မဟုတ်လား"
ဒုတိယချွေးမသည် အမေကျိကို အိမ်ထဲသို့ ဆွဲခေါ်လာချိန်တွင် ထိုစကားကို ကြားလိုက်ရသဖြင့် အမေကျိကို လွှတ်ကာ အခန်းထဲသို့ ပြေးဝင်လာသည်။
"မပြောင်းပေးနိုင်ဘူး၊ အရှေ့ဘက်ဆောင်က ငါ့အိမ်"
အမေကျိလည်း ပြာပြာသလဲ ပြေးဝင်လာပြီး တံခါးဝရောက်သည်နှင့် အော်ဟစ်တော့သည်။
"ကလေးတွေအဖေ... အရှေ့ဘက်ဆောင်က ဒုတိယသားတို့ နေဖို့လေ၊ ရှင်က ဘာလို့ စတုတ္ထကို ပေးရတာလဲ၊ စတုတ္ထသားကို ပေးလိုက်ရင် ဒုတိယသားတို့က ဘယ်မှာ သွားနေရမှာလဲ၊ ရှင်က ဒုတိယသားတို့ကို အသေသတ်ချင်နေတာလား"
"အမေ... အမေပြောတာကို ကျွန်မ သဘောမတူဘူး၊ ကော်မတီက တံဆိပ်တုံးထုထားတဲ့ အိမ်ခွဲစာချုပ်မှာ အရှေ့ဘက်ဆောင်ကို ကျွန်မတို့ကို ပေးထားတယ်၊ ပြီးတော့ မနေ့က အမေ ကျွန်မတို့ကို သက်ကယ်အိမ်ပျက်ကြီးဆီ မောင်းထုတ်လို့ အေးခဲပြီး သေမလို ဖြစ်ခဲ့တာတောင် ကျွန်မ ကော်မတီကို သွားမတိုင်ခဲ့ဘူး၊ အခု ကျွန်မက ဒုတိယအစ်ကိုတို့ကို သက်ကယ်အိမ်ပျက်ကြီးဆီ မောင်းထုတ်တာလည်း မဟုတ်ဘဲနဲ့ အမေက ဒုတိယအစ်ကိုတို့ကို အသေသတ်တယ်လို့ ပြောရတာ လွန်လွန်းနေပြီ"
လျန်ဟွမ်းသည် ခေါင်းဆောင်ကြီးနှင့် ပါတီအတွင်းရေးမှူးတို့၏ မျက်နှာချင်းဆိုင်တွင် ရပ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ ထိုစကားများက အမေကျိကို ပြောတာလား။ ပါတီအတွင်းရေးမှူးအိုကြီး ကြားအောင် ပြောတာလား မသဲကွဲပေ။
ပါတီအတွင်းရေးမှူးအိုကြီး မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲတွင် သက်ပြင်းချကာ အဖေကျိကို ပြောလိုက်သည်။
"ချန်ရှန်း... အိမ်ခွဲတာက ယောကျ်ားတွေရဲ့ ကိစ္စပဲ၊ မင်းမိန်းမကို အပြင်ထွက်ခိုင်းလိုက်"
အဖေကျိကို ပြောပြီးနောက် ပါတီအတွင်းရေးမှူးအိုကြီးက ကျိမိသားစု ချွေးမများကိုပါ ပြောလိုက်သည်။
"ကျိမိသားစု ချွေးမတွေရော... အကုန် အပြင်ထွက်ကြ"
ဒုတိယချွေးမနှင့် တခြားသူများ မတ်တပ်ရပ်လျက် မထွက်ချင်ကြပေ။
အဖေကျိက သူတို့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"အကုန် ထွက်သွားကြ၊ မင်း သူတို့ကို ခေါ်ပြီး ထွက်သွားတော့" အဖေကျိက နောက်ဆုံး စကားကို အမေကျိဘက် လှည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။
လျန်ဟွမ်းသည် အပြင်မထွက်မီ ကျိဟုန်ကျွင်းကို တစ်ချက် ကြည့်လိုက်သည်။ "ဟုန်ကျွင်း... ကျွန်မ အလျှော့မပေးနိုင်ဘူး၊ အိမ်ခွဲစာချုပ်ထဲကအတိုင်း ကျွန်မတို့ ရသင့်တာ အကုန် ယူရမယ်"
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်ပြီး ခေါင်းညိတ်ပြသည်။
ကျိဟုန်ကျွင်း ခေါင်းညိတ်သည်ကို မြင်မှ လျန်ဟွမ်းသည် အကြီးဆုံးအစ်ကိုကျိ၏ မိန်းမနှင့် တခြားသူများနောက်မှ လိုက်ပါ ထွက်ခွာသွားသည်။
ပင်မဆောင်မှ ထွက်လာသည်နှင့် အမေကျိသည် ဒေါသကို မထိန်းနိုင်တော့ပေ။ ခြံဝင်းထဲ ရပ်ကာ လျန်ဟွမ်းဘက်သို့ လှည့်ပြီး ဆဲဆိုကြိမ်းမောင်းတော့သည်။
"အရှက်မရှိတဲ့ ကောင်မစုတ်၊ ငါ့ရဲ့ အရှေ့ဘက်ဆောင်ကို လာလုရဲတယ်ပေါ့၊ ဘယ်က ရလာတဲ့ သတ္တိလဲ၊ လောဘကြီးပြီး မိဘမရိုသေတဲ့ မိန်းမ၊ နင့်လိုကောင်မမျိုးက ကော်မတီကို ပို့ပြီး..."
အမေကျိက ဆဲဆိုနေသော်လည်း လျန်ဟွမ်းက ပြန်မပြောပေ။ ခြံဝင်းထဲရှိ ပစ္စည်းများကို ကြည့်လိုက်ရာ နံရံထောင့်တွင် ထောင်ထားသော ဝါးရင်းတုတ်ကို တွေ့သဖြင့် ယူလိုက်ပြီး အမေကျိ၏ တင်ပါးကို ရိုက်လိုက်သည်။
"ကျွန်မကို ဆဲရဲတယ်ပေါ့၊ မနေ့ညက ကျွန်မကို သေအောင် လုပ်ခဲ့ပြီး ဒီနေ့ ထပ်ဆဲနေတယ်၊ ဆဲလေ... ဆဲစမ်း"
ကျိမိသားစု အိမ်ရှေ့တွင် လူအများ ဝိုင်းအုံကြည့်နေကြသည်။ လျန်ဟွမ်းက အမေကျိကို ရိုက်နေသည်ကို မြင်သောအခါ သူမကို လက်ညှိုးထိုးကာ မိဘမရိုသေသူ၊ ရိုင်းစိုင်းကြမ်းတမ်းသူဟု ပြောဆိုနေကြသည်။
လူငယ် အမျိုးသမီးအချို့မှာမူ လျန်ဟွမ်းပြောသော မနေ့ညက သေလုနီးပါး ဖြစ်ခဲ့ရသည့် ကိစ္စကို ကြားသောအခါ ဘာမှ ဝင်မပြောကြပေ။ သူတို့သာ အေးခဲပြီး သေလုနီးပါး ဖြစ်ခဲ့ရလျှင် လူရိုက်ရုံမက လူသတ်ချင်စိတ်ပင် ပေါက်မိမည် ဖြစ်သည်။
အမေကျိမှာ အသားနာသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေသည်။ ကျိမိသားစု ချွေးမများက လျန်ဟွမ်းကို ဝင်ဆွဲကြသော်လည်း လျန်ဟွမ်းက တုတ်ကို ရမ်းလိုက်သည်။
"ဘယ်သူမှ မလာနဲ့၊ လာရင် ရိုက်မယ်၊ ယောက္ခမလုပ်သူက ကျွန်မကို အသက်မရှင်စေချင်မှတော့ ကျွန်မလည်း မကြောက်တော့ဘူး၊ ကျွန်မကို ကောင်းကောင်း မနေစေချင်တဲ့လူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်မလည်း အဲဒီလူကို ကောင်းကောင်း ပေးမနေဘူး"
တုတ်က မျက်စိမပါသဖြင့် လျန်ဟွမ်း တုတ်ရမ်းနေသည်ကို ဘယ်သူမှ မဝင်ရဲကြပေ။
အမေကျိ တစ်ခွန်းဆဲလျှင် သူမက တစ်ချက် ရိုက်သည်။ အမေကျိမှာ အတော် နာကျင်သွားသဖြင့် မဆဲရဲတော့ဘဲ ကြမ်းပြင်ပေါ် ထိုင်ကာ အော်ဟစ်ငိုယိုနေတော့သည်။
အမေကျိက သူမကို မဆဲတော့သည်ကို မြင်မှ လျန်ဟွမ်းလည်း ဆက်မရိုက်တော့ပေ။ တုတ်ကို ကိုင်ကာ နံရံထောင့်တွင် ရပ်လျက် ကျိဟုန်ကျွင်း အိမ်ခွဲပြီး ထွက်လာမည်ကို စောင့်နေလိုက်သည်။
တစ်နာရီခန့်ကြာသောအခါ ကျိမိသားစုမှ အမျိုးသားများသည် ပင်မဆောင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ ကျိဟုန်ကျွင်းသည် တံခါးပေါက်မှ နှစ်လှမ်းခန့် ထွက်လာပြီးနောက် ဒုတိယသားဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒုတိယအစ်ကို... အရှေ့ဘက်ဆောင်က ပစ္စည်းတွေကို ကိုယ်တိုင် ပြောင်းမလား၊ ဒါမှမဟုတ် ကျွန်တော် သယ်ပြီး အိမ်ပေါက်ဝ ပို့ပေးရမလား"
ဒုတိယသားက မျက်နှာထားတင်းတင်းဖြင့် ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
"ငါ့ဘာသာ ပြောင်းမယ်"
စတုတ္ထကောင် သယ်ပေးမယ်ဆိုတာ တကယ် သယ်ပေးမှာ မဟုတ်ဘူး။ အိမ်ပေါက်ဝမှာ ပစ်ထားမှာ သေချာတယ်။ စတုတ္ထကောင်က စိတ်နှလုံး မည်းနက်တဲ့ကောင်ဆိုတာ သူ အခုမှ သိတော့တယ်။ အရင်က သူ့ကို လျှော့တွက်မိခဲ့တာပဲ။
ဒုတိယသားက နှာမှုတ်လိုက်ပြီး သူ့မိန်းမကို ဆွဲကာ အရှေ့ဘက်ဆောင်မှ ပစ္စည်းများ သွားသယ်ခိုင်းသည်။
ဒုတိယသား ပစ္စည်းပြောင်းနေချိန်တွင် ဒုတိယချွေးမနှင့် အမေကျိတို့က ပြဿနာရှာချင်ကြသော်လည်း သူတို့၏ အမျိုးသားများက တားထားသဖြင့် မရှာဖြစ်လိုက်ကြပေ။
လျန်ဟွမ်းသည် အိမ်ခွဲ၍ ရလာသော ပစ္စည်းအချို့ကို ယူကာ ပစ္စည်းများ ရှင်းလင်းသွားပြီ ဖြစ်သော အရှေ့ဘက်ဆောင်ထဲသို့ ထည့်လိုက်သည်။ နေ့လယ်ရောက်ပြီ ဖြစ်၍ ပွဲကြည့်သူများလည်း ထမင်းချက်ရန် အိမ်ပြန်သွားကြပြီ ဖြစ်သည်။ အမေကျိက ဆဲဆိုရေရွတ်နေသော်လည်း လျန်ဟွမ်းက ဂရုမစိုက်ပေ။ အရှေ့ဘက်ဆောင်ထဲတွင် ပစ္စည်းများ ရှင်းလင်းရင်း ဗီရို ရှင်းနေသော ကျိဟုန်ကျွင်းကို အကဲခတ် ကြည့်လိုက်သည်။
"ရှင် အဖေ့ကို ဘယ်လို ပြောပြီး အိမ်ခွဲဖို့ သဘောတူအောင် လုပ်လိုက်တာလဲ"
ကျိဟုန်ကျွင်းက မျက်နှာအမူအရာမပြောင်းဘဲ တည်ငြိမ်စွာ ပြန်ဖြေသည်။ "အိမ်ခွဲစာချုပ် ရှိနေတာပဲ၊ ဘာမှ ပြောစရာ မလိုပါဘူး"
ကျိဟုန်ကျွင်းက ပြောပြီးနောက် ဗီရိုထဲမှ ပစ္စည်းများကို ရှင်းထုတ်လိုက်ရာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ အဝတ်အစားဟောင်းများ၊ အဝတ်စုတ်များ ထွက်လာသည်။ အင်္ကျီတိုင်းလိုလို စုတ်ပြတ်နေသည်။
ကျိဟုန်ကျွင်းသည် ထိုအဝတ်များကို ကြည့်ပြီး လျန်ဟွမ်းဘက် လှည့်မေးလိုက်သည်။ "အဝတ်အစား ဖာတတ်လား"
လျန်ဟွမ်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ကို ပြန်ရှာကြည့်လိုက်ရာ အဝတ်အစား ဖာတတ်ကြောင်း တွေ့ရသည်။
"တတ်တယ်" လျန်ဟွမ်းက ပြောရင်း ကျိဟုန်ကျွင်း ခုတင်ပေါ်တင်ထားသော ဖာထေးရာ ဗရပွနှင့် အဝတ်ပုံကို ကြည့်လိုက်သည်။ ဒီအဝတ်အစားတွေက သူမ အရင်နေခဲ့တဲ့ ကမ္ဘာမှာဆိုရင် ကလေးသေးခံလုပ်ဖို့တောင် ဘယ်သူမှ သုံးမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီခေတ်မှာတော့ ဒါတွေက အသက်ကယ်ဆေးတွေပဲ။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဒီလို အဝတ်စုတ်တောင် အများကြီး ရှိတာ မဟုတ်ဘူး။
မူလခန္ဓာကိုယ်ပိုင်ရှင် အိမ်ထောင်ကျလာတုန်းက အဝတ်စုတ်နှစ်ထည်ပါလာခဲ့သော်လည်း မနေ့ညက သက်ကယ်အိမ်ပြိုကျရာတွင် အိမ်အောက် ပိသွားခဲ့ပြီ ဖြစ်သည်။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့တွင် ပစ္စည်း သိပ်မရှိသလို အိမ်ခွဲရသော ပစ္စည်းများလည်း မများပေ။ နှစ်ယောက်သား ခဏလေးနှင့် ပစ္စည်းသိမ်းပြီးသွားသည်။ အိမ်က ညစ်ပတ်နေသဖြင့် လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ရေသွားခပ်ခိုင်းပြီး သစ်သားပြတင်းပေါက်အဟောင်းများနှင့် ခုတင်ခေါင်းရင်းရှိ စားပွဲများကို ပွတ်တိုက် ဆေးကြောလိုက်သည်။
အိမ်ကို အတွင်းအပြင် သန့်ရှင်းရေး လုပ်ပြီးချိန်တွင် တစ်နာရီခန့် ကြာသွားပြီ ဖြစ်သည်။ ခြံဝင်းထဲတွင် အမေကျိက ဆဲရတာ မောသွား၍ အခန်းထဲ ဝင်နားနေသည်။ ဒုတိယချွေးမက ထပ်ထွက်လာပြီး ရွဲ့စောင်း ပြောဆိုပြန်သည်။ သူမတို့ အရှေ့ဘက်ဆောင် တံခါးပေါက်ကို ကြည့်ကာ ဆဲဆိုသည်။
"အိမ်တိုင်ရာရောက်လာပြီး အိမ်မွှေတဲ့ မိန်းမ၊ အိမ်ရောက်တာ မကြာသေးဘူး အိမ်ခွဲခိုင်းတယ်၊ စိတ်ပုပ်ပြီး ပျင်းတဲ့မိန်းမ၊ အစာငတ်ပြီး သေဖို့ ကောင်းတယ်"
"အရှက်မရှိတဲ့ မိန်းမ၊ အိမ်ရောက်တာနဲ့ ဘာမှမလုပ်ဘဲ ပြဿနာရှာပြီး အိမ်ခွဲခိုင်းတယ်၊ ဒီလိုမိန်းမမျိုးကို အိမ်ကနေ မောင်းထုတ်ပစ်သင့်တာ"
ဒုတိယချွေးမ၏ အသံက ကျယ်လောင်ပြီး သူမ၏ စွာကျယ်စွာကျယ်လုပ်ပုံက အမေကျိနှင့် မတိမ်းမယိမ်း ဖြစ်သည်။ သူမ ဆဲဆိုနေသည်ကို နားထောင်ရင်း လျန်ဟွမ်းက ကျိဟုန်ကျွင်းဘက် လှည့်ပြောလိုက်သည်။
"နက်ဖြန်ကျရင် အားတဲ့အချိန် အရှေ့ဘက်ဆောင်မှာ တံတိုင်းခတ်လိုက်ရအောင်၊ ပင်မဆောင်ဘက်နဲ့ သီးခြား ဖြစ်သွားအောင်လို့လေ"
ဒီကို ရောက်လာပြီ။ စနစ်ကလည်း ပြန်လို့ မရတော့ဘူးလို့ ပြောထားတော့ ဒီမှာပဲ ဆက်နေရတော့မယ်။ တစ်သက်လုံး နေရမဲ့နေရာမှာ စိတ်ချမ်းသာဖို့ လိုတယ်။ နေ့တိုင်း ကျိမိသားစုဝင်တွေ ဆဲဆိုတာကို နားထောင်နေရရင် စိတ်ညစ်စရာကြီး။
ကျိဟုန်ကျွင်းက ခဏ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ သက်ကယ်အိမ်အပျက်ဘက်မှာ သုံးလို့ရတဲ့ မြေအုတ်ခဲတွေ ရှိသေးတယ်၊ ကိုယ် ညနေကျရင် သွားသယ်လိုက်မယ်၊ အဲဒီက မြေအုတ်တွေနဲ့ဆိုရင် တံတိုင်းခတ်ဖို့ လောက်မှာပါ"
လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ သူ့ကို သေချာ ကြည့်လိုက်သည်။ ကျိဟုန်ကျွင်းက ခုနက "ကိုယ်"လို့ သုံးလိုက်တာ။ ပြောပုံဆိုပုံက သဘာဝကျပြီး အရင်ကတည်းက ပြောနေကျ ပုံစံမျိုးပဲ။ ဒါပေမဲ့ ဒီက လူတွေက ကိုယ့်ကိုယ်ကိုယ် "ကျုပ်"လို့ ပြောကြတာ မဟုတ်ဘူးလား။
လျန်ဟွမ်း စိတ်ထဲ သံသယ ပိုကြီးလာသော်လည်း ထုတ်မပြောဘဲ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ရှင် စီစဉ်လိုက်ပါ၊ ဗိုက်ဆာနေပြီလား၊ ကျွန်မ ထမင်းသွားချက်လိုက်မယ်"
သူမ ရောက်ရှိနေသော ဤခန္ဓာကိုယ်သည် မနေ့ညကတည်းက ထမင်းမစားရသေးသဖြင့် ဗိုက်ဆာလွန်း၍ ကျောကပ်နေပြီ ဖြစ်သည်။
သူတို့ အိမ်ခွဲကာစမို့ ဒယ်အိုး မရှိသေးပေ။ ကျိမိသားစုဟောင်း၏ မီးဖိုချောင်ကို အမေကျိက သော့ခတ်ထားသဖြင့် လျန်ဟွမ်း ဟိုဘက်သွားပြီး ချက်၍ မရပေ။ ထို့ကြောင့် မြေအိုးတစ်လုံးကို ယူကာ ဘေးအဆောင်တွင် မြေအုတ်ခဲများဖြင့် မီးဖိုခုံ သုံးပွင့်ဆိုင် လုပ်လိုက်ပြီး ရေထည့်ကာ ကန်စွန်းဥ နှစ်လုံး ပြုတ်လိုက်ရသည်။
အိမ်တွင် ဒယ်အိုးမရှိ၊ ဓားမရှိသဖြင့် လျန်ဟွမ်း ထမင်းချက်ရသည်မှာ မလွယ်ကူလှပေ။ မြေအိုးရှေ့တွင် ထိုင်ကာ မီးခိုးထွက်နေသော အိုးကို ကြည့်ရင်း ဒယ်အိုးတစ်လုံးနှင့် ဟင်းလှီးဓားတစ်ချောင်း ဘယ်လို ရအောင် ယူရမလဲဟု စဉ်းစားနေမိသည်။
ဆောင်းရာသီ ကန်စွန်းဥများဖြစ်သဖြင့် ကြာရှည်ထားထား၍ အမည်းစက်များ ရှိနေသည်။ ပြုတ်လိုက်လျှင် သိပ်မကောင်းလှပေ။ သို့သော် လျန်ဟွမ်းမှာ ဗိုက်ဆာလွန်းနေပြီ ဖြစ်သည်။ အိုးထဲရှိ ကန်စွန်းဥများ ပွက်ပွက်ဆူလာပြီး အနံ့မွှေးမွှေးလေး ထွက်လာသောအခါ သူမ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျိဟုန်ကျွင်းကို သွားခေါ်လိုက်သည်။
"လာစားတော့"
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို ခေါ်ပြီးနောက် ဘေးအဆောင်သို့ ပြန်သွားသည်။ ပန်းကန်ထဲသို့ ကန်စွန်းဥများ ထည့်လိုက်သည်။ သူမနှင့် ကျိဟုန်ကျွင်း တစ်ယောက် တစ်လုံးစီ ဖြစ်သည်။
ကန်စွန်းဥကို အချိန်ကြာကြာ ပြုတ်ထားသဖြင့် မီးအရှိန်ရပြီး ပျော့အိနေသည်။ လျန်ဟွမ်းက ပထမဆုံး တစ်လုပ် စားလိုက်သည်နှင့် မျက်လုံးများ မှေးစင်းသွားပြီး ပျော်ရွှင်သွားသည်။ ဘာပဲဖြစ်ဖြစ် ဒီခန္ဓာကိုယ်က ဗိုက်ဆာလွန်းနေပြီလေ။ ဒီကန်စွန်းဥက အမည်းစက်လေးတွေ ပါပေမဲ့ အတွင်းသားက ကောင်းပါတယ်။ ပျော့အိနေပြီး စားလိုက်ရင် ချိုမြမြ အရသာ ရှိတယ်။ အေးစက်နေတဲ့ ဆောင်းရာသီမှာ ဒီလောက်ကြာအောင် အစာငတ်ပြီးမှ ပူပူနွေးနွေး ကန်စွန်းဥလေး စားလိုက်ရတာ ပျော်စရာကြီးပါပဲ။
လျန်ဟွမ်းက ကျိဟုန်ကျွင်းကို အကဲခတ် ကြည့်လိုက်သည်။ သူက မျက်နှာထား ပုံမှန်ပင် ဖြစ်သော်လည်း ကန်စွန်းဥကို ကြည့်နေသော မျက်လုံးများက ဝံပုလွေတစ်ကောင် အသားကို တွေ့လိုက်ရသလိုမျိုး ဖြစ်နေသည်။ ကျိဟုန်ကျွင်းလည်း ဗိုက်ဆာလွန်းနေပြီပဲ။
ကန်စွန်းဥ စားလို့ ကုန်ခါနီးတွင် လျန်ဟွမ်း၏ အစာအိမ်လေး နွေးထွေးလာသည်။ သူမ သက်ပြင်းချကာ ပြောလိုက်သည်။
"အစားအစာပူပူလေး စားရတာ ကောင်းလိုက်တာ၊ ဒါပေမဲ့ အိမ်မှာ အိုးမရှိ၊ ဓားမရှိတော့ ချက်ပြုတ်ရတာ အဆင်မပြေဘူး"
ကျိဟုန်ကျွင်းက အခန်းထဲနှင့် လျန်ဟွမ်း ချက်ပြုတ်ထားသော မြေအိုးကို တစ်ချက် ကြည့်လိုက်ပြီး ကန်စွန်းဥပြုတ်ရည်ကို ငုံ့သောက်လိုက်သည်။
"အိုးနဲ့ ဓား ကိစ္စ ကိုယ့်တာဝန်ထား"
လျန်ဟွမ်း အနည်းငယ် အံ့သြသွားသည်။ "အိုးဝယ်ဖို့က စက်မှုလက်မှတ် လိုတယ်၊ ဓားဝယ်ဖို့လည်း လက်မှတ် လိုတယ်၊ ကျွန်မတို့အိမ်မှာ လက်မှတ် မရှိဘူး၊ ပြီးတော့ ပိုက်ဆံက ၅ ယွမ်ပဲ ရှိတာ၊ ဝယ်လို့ မရဘူးလေ"
ကျိဟုန်ကျွင်းက အိုးဝယ်မည့်ကိစ္စကို ပြန်မဖြေပေ။ ပန်းကန်ထဲမှ အစာကုန်သွားသောအခါ ပန်းကန်ကို ချလိုက်သည်။
"ကျန်တဲ့ကိစ္စတွေ ထားလိုက်ပါ၊ ညနေကျရင် တံတိုင်းခတ်ဖို့ လူသွားခေါ်လိုက်မယ်၊ ညနေဘက်ဆို လူတွေ အလုပ်သိပ်မလုပ်ကြတော့ဘူးလေ"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ထွက်သွားသည်။ လျန်ဟွမ်းက ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ရာ ဒုတိယချွေးမက ခြံထဲတွင် မရှိတော့ပေ။ တတိယချွေးမက အခန်းထဲမှ ခေါင်းပြူထွက်ပြီး သူတို့ဘက်ကို လှမ်းချောင်းနေသည်။
လူရှုပ်လူပွေတွေများတော့ တံတိုင်း စောစော ခတ်လိုက်တာ ကောင်းတယ်။ ကိုယ့်ခြံဝင်းနဲ့ကိုယ် သီးသန့်နေရတာ ပိုကောင်းတာပေါ့။ သူမကို ဘယ်သူမှ လာမချောင်းတော့ရင် သူမရဲ့ နေရာလွတ်ကိုလည်း အသုံးချလို့ ရပြီလေ။
…
အခန်း (၇)
ကျိဟုန်ကျွင်းသည် လက်တွေ့သမား ဖြစ်သည်။ နံရံလုပ်မည်ဟု ပြောပြီး ထမင်းစားပြီးသည်နှင့် ခေါင်းဆောင်ကြီးအိမ်သို့ ထွက်သွားသည်။ သူက ခေါင်းဆောင်ကြီးကို ဘယ်လိုပြောခဲ့လဲဆိုတာ လျန်ဟွမ်းလည်း မသိချေ။ ပြန်လာသောအခါ ခေါင်းဆောင်ကြီးနှင့်အတူ ရွာထဲမှ လူငယ်အချို့ ပါလာသည်။ ထိုလူငယ်များက လက်ထဲတွင် ကိရိယာများကို ကိုင်ထားကြပြီး နံရံလာလုပ်ပေးကြမည့်ပုံ ပေါက်နေသည်။
လျန်ဟွမ်းထင်သည့်အတိုင်းပင် သူတို့က နံရံလာလုပ်ပေးကြခြင်းဖြစ်သည်။ လူငယ်များ ဖြစ်သည့်အားလျော်စွာ သန်မာဖျတ်လတ်ကြပြီး အလုပ်လုပ်ရာတွင် တက်ကြွကြသည်။ ကျိဟုန်ကျွင်းက ဦးဆောင်ညွှန်ကြားပြီး ရေခပ်မည့်သူက ရေခပ်၊ အိမ်ပျက်ကြီးဆီမှ မြေကြီးခဲများ သွားသယ်မည့်သူက သွားသယ်နှင့် အလုပ်ခွဲလုပ်ကြသည်။ ဆယ်မီတာခန့် ကျယ်ဝန်းသော ခြံဝင်းကို အလယ်မှ နံရံကန့်လိုက်ရာ ညနေပိုင်းလောက်တွင် နံရံတစ်ခုလုံး ပြီးစီးသွားသည်။
နံရံလုပ်နေစဉ် အမေကျိ ရောက်လာပြီး ဆဲဆိုကာ နံရံလာလုပ်ပေးသူများကို တားဆီးရန် ကြိုးစားသေးသည်။
အမေကျိ ငြိမ်ငြိမ်မနေသည်ကို မြင်သောအခါ လျန်ဟွမ်းသည် အခန်းထဲမှ သစ်သားတုတ်ကို ယူကာ အမေကျိထံ လျှောက်သွားလိုက်သည်။ သူမက အမေကျိရှေ့ရောက်သည်နှင့် စကားအများကြီး မပြောဘဲ ပြတ်ပြတ်သားသား ပြောလိုက်သည်။
"အိမ်ခွဲပြီးပြီ၊ ကျွန်မတို့ နံရံလုပ်တာကို လာတားတဲ့သူရှိရင် ကျွန်မလည်း သူတို့ကို ကောင်းကောင်း နေခိုင်းမှာ မဟုတ်ဘူး"
လျန်ဟွမ်း ပြောရင်း သူမလက်ထဲမှ တုတ်ကို မြှောက်ကာ အမေကျိဘေးနားမှ မြေကြီးပေါ်သို့ အားကုန် ရိုက်ချလိုက်သည်။
အမေကျိသည် လျန်ဟွမ်း၏ တုတ်ကို ကောင်းကောင်း မှတ်မိနေသည်။ လျန်ဟွမ်း တုတ်ကိုင်လိုက်သည်နှင့် သူမ၏ တင်ပါးက အလိုအလို နာကျင်လာသလို ခံစားရသည်။ ထို့ကြောင့် လျန်ဟွမ်းတို့အိမ်ရှေ့တွင် ဆက်မဆဲရဲတော့ဘဲ ခေါင်းလှည့်ကာ ပွစိပွစိ ရေရွတ်လိုက်သည်။
"မိန်းမကြမ်းကြီး၊ အိမ်မွှေတဲ့ မိန်းမ၊ နင့်ကို စတုတ္ထကောင် ကွာရှင်းမဲ့နေ့ကို စောင့်ကြည့်နေလိုက်"
အမေကျိ ဆက်မဆဲတော့သော်လည်း ဒုတိယချွေးမနှင့် တခြားသူများမှာမူ လျန်ဟွမ်းတို့ နံရံလုပ်နေသည်ကို မြင်ပြီး မနာလို ဖြစ်နေကြသည်။ သို့သော် လျန်ဟွမ်းက ခြံဝင်းထဲတွင် တုတ်ကိုင်ပြီး ရပ်နေသဖြင့် လာမရှုပ်ရဲကြပေ။ အဝေးကနေ ကြည့်ပြီး မကျေနပ်သံဖြင့် ပွစိပွစိ ပြောရုံသာ တတ်နိုင်သည်။
လျန်ဟွမ်းသည် နံရံလုပ်နေသူများကို ကြည့်ရင်း သူတို့ သောက်ရန် ရေနွေးကျိုပေးနေသည်။ ဒုတိယချွေးမတို့၏ ပြောစကားများကိုမူ မကြားချင်ယောင်ဆောင်နေလိုက်သည်။
နေဝင်သွားပြီး ကောင်းကင် မည်းမှောင်လာသည်။ ကျိဟုန်ကျွင်းတို့အိမ်၏ နံရံမှာ တစ်ဝက်ခန့် ပြီးနေပြီး တစ်မီတာခန့် မြင့်နေပြီ ဖြစ်သည်။ ညဉ့်နက်လာပြီဖြစ်ရာ အလုပ်လာကူသူများလည်း အိမ်ပြန်ထမင်းစားရတော့မည်။ လျန်ဟွမ်းတို့အိမ်တွင် သံဒယ်အိုးမရှိသဖြင့် ထမင်းကျွေးရန် အဆင်မပြေပေ။ ကျိဟုန်ကျွင်းက သူတို့ကို နောက်မှ ထမင်းဖိတ်ကျွေးမည်ဟု ပြောကာ ပြန်လွှတ်လိုက်သည်။ သူတို့ကလည်း ရပါတယ်ဟု ပြောကာ ပြန်သွားကြသည်။
ရွာသားအချင်းချင်းမို့ ခေါင်းဆောင်ကြီးက လာကူခိုင်းသောအခါ လာကူကြခြင်း ဖြစ်သည်။ ကျိဟုန်ကျွင်း ပြောသည့် ထမင်းဖိတ်ကျွေးမည်ဆိုသော စကားကိုမူ သူတို့ မယုံကြပေ။ ကျိဟုန်ကျွင်းက ပျင်းသည်ဆိုတာ ရွာတစ်ရွာလုံးက သိကြသည်။
အိမ်ထောင်မကျခင်က သူက သုံးရက် တစ်ခါ ခွင့်ယူပြီး အလုပ်မဆင်းဘဲ နေတတ်သည်။ သူရှာသည့် လုပ်အားခမှတ်က သူတစ်ယောက်စာ စားဖို့ပင် မလောက်ပေ။ သူ၏မိန်းမကလည်း သူ့လိုပင် နာမည်ကြီးသည်။ မိဘအိမ်မှာ နေတုန်းက အလုပ်ဆင်းခိုင်းတိုင်း အရိုက်ခံပြီး နေတတ်သူ ဖြစ်သည်။ သူတို့လင်မယား နှစ်ယောက်ပေါင်းပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ပင် ခက်ခဲနေချိန်တွင် သူများကို ထမင်းဖိတ်ကျွေးမည် ဆိုသည်မှာ မဖြစ်နိုင်ပေ။ အိမ်ပြန်စားတာက ပိုသေချာသည်။
လာကူညီသူများ ပြန်သွားကြသောအခါ ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းလည်း ညစာစားရန် ပြင်ကြသည်။ လျန်ဟွမ်းမှာ တစ်နေကုန် အလုပ်လုပ်ထားသဖြင့် ပင်ပန်းပြီး ဗိုက်ဆာနေသည်။ သူမ ရောက်နေသည့် ခန္ဓာကိုယ်က အားနည်းလွန်းသည်။ နည်းနည်း အလုပ်လုပ်လိုက်သည်နှင့် မောပန်းလွယ်သည်။ ပိန်လှီနေသော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် အာဟာရပြတ်နေမှန်း သိသာသည်။
ဤခန္ဓာကိုယ်က ယခု သူမပိုင်ဆိုင်သည့် ခန္ဓာကိုယ်ဖြစ်လာတာကြောင့် ကောင်းကောင်း ပြုစုရမည်။ ကျန်းမာချင်လျှင် အစားဝအောင် စားရမည်။ လျန်ဟွမ်းက စဉ်းစားနေရင်း ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။ "ထမင်းချက်တော့မယ်၊ တစ်ယောက် ကန်စွန်းဥ တစ်လုံးစီပဲ စားကြမလား"
အိမ်တွင် နှံစားသီးနှံ သိပ်မကျန်တော့ပေ။ ကန်စွန်းဥ ကျင်း၂၀ ဆိုတာ အလုံးရေ လေးငါးဆယ်လောက်သာ ရှိသည်။ တစ်နပ်ကို နှစ်လုံးစားပြီး တစ်နေ့ သုံးနပ်စားလျှင် ဆယ်ရက်တောင် ခံမည် မဟုတ်ပေ။ လျန်ဟွမ်း စိတ်ပူလာသည်။ အားတဲ့အချိန်ကျရင် နေရာလွတ်ထဲ ဝင်ကြည့်ပြီး စိုက်ပျိုးရေး လုပ်လို့ရမလား စမ်းကြည့်ရမယ်။
"သုံးလုံး ပြုတ်လိုက်ပါ၊ တစ်ယောက် တစ်လုံးခွဲ စားမယ်၊ မီးမွှေးပေးမယ်" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ချက်ချင်းပင် ထိုင်ချကာ မီးမွှေးနေသည်။
ကန်စွန်းဥသုံးလုံး ပြုတ်လိုက်လျှင် သူတို့ရိက္ခာက ပိုနည်းသွားမည်ဖြစ်သဖြင့် လျန်ဟွမ်း နှမြောသွားသည်။ သို့သော် သုံးလုံးစားလျှင် ဗိုက်ပိုဝမည်ကို တွေးမိပြီး စိတ်လျှော့လိုက်သည်။ ကန်စွန်းဥများကို ဆေးကြောကာ မြေအိုးထဲ ထည့်ပြုတ်လိုက်သည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းမှာ မရင်းနှီးကြသဖြင့် ထမင်းစားနေစဉ် စကားမပြောကြဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ စားကြသည်။ စားပြီးသောအခါ ကျိဟုန်ကျွင်းက ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်သည်။ "ကိုယ် အပြင်ခဏ သွားဦးမယ်၊ ညဘက် ကိုယ့်ကို မစောင့်နဲ့တော့၊ အရင် အိပ်နှင့်"
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ထွက်သွားသည်။
လျန်ဟွမ်းက သူ ဘယ်သွားလဲ မမေးပေ။ ကျိဟုန်ကျွင်းက အိမ်မှာ မအိပ်လျှင် သူမအတွက် ပိုအဆင်ပြေသည်။ သူမက ဤနေရာသို့ ရောက်လာသည်မှာ မကြာသေးသောကြောင့် အရာရာက စိမ်းနေဆဲ ဖြစ်သည်။ ကျိဟုန်ကျွင်းက ခင်ပွန်းသည် ဖြစ်သော်လည်း သူမအတွက်တော့ လူစိမ်းတစ်ယောက်သာ ဖြစ်သည်။
လူစိမ်းနှစ်ယောက် ညဘက် အတူအိပ်ရမည်ကို သူမ စိတ်မသန့် ဖြစ်နေသည်။ အခု ကျိဟုန်ကျွင်း ထွက်သွားတော့ သူမ စိတ်အေးလက်အေး အိပ်လို့ရပြီ။ ညဘက် နေရာလွတ်ထဲ ဝင်ကြည့်လို့လည်း ရသေးသည်။
ကျိဟုန်ကျွင်း ထွက်သွားသောအခါ လျန်ဟွမ်းသည် ပန်းကန်များဆေးကြောကာ အိမ်ရှင်းပြီး ကျန်သော ရိက္ခာများကို နေရာလွတ်ထဲ ထည့်သိမ်းလိုက်သည်။ ထို့နောက် အခန်းတံခါးကို ပိတ်ကာ အိပ်ခန်းထဲ ဝင်လိုက်သည်။
တစ်နေကုန် ပင်ပန်းထားသဖြင့် လျန်ဟွမ်းသည် နေရာလွတ်ထဲ မဝင်တော့ဘဲ ခြေလက်ဆေးကာ အိပ်ရာဝင်လိုက်သည်။
ညဉ့်နက်သန်းခေါင်ယံတွင် လျန်ဟွမ်း အိပ်မောကျနေစဉ် နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသဖြင့် လန့်နိုးသွားသည်။
အော်သံက သူတို့ အိမ်ခန်းဘေးမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ လျန်ဟွမ်း ဖိနပ်စီးကာ အမှောင်ထဲတွင် စမ်းတဝါးဝါးဖြင့် အပြင်ထွက်ကြည့်လိုက်သည်။ အပြင်ဘက်တွင် နှင်းများ ကျထားသဖြင့် နှင်းရောင်ကြောင့် အနည်းငယ် မြင်နေရသည်။
လျန်ဟွမ်း အပြင်ထွက်ကြည့်လိုက်ရာ လူတစ်ယောက်က အခြားလူတစ်ယောက်ကို ဆွဲကာ အပြင်ထွက်သွားသည်ကို မြင်လိုက်ရသည်။ ထိုလူပုံစံကို ကြည့်ပြီး လျန်ဟွမ်း မသေမချာ မေးလိုက်သည်။ "ဟုန်ကျွင်းလား"
"အင်း... ဟုတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး၊ ပြန်အိပ်တော့" ကျိဟုန်ကျွင်းက ပြောရင်း ထိုလူကို ဆွဲကာ အပြင်ထွက်သွားသည်။
အပြင်တွင် အေးလွန်းသဖြင့် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း ပြောသည့်အတိုင်း ဝါဂွမ်းအင်္ကျီအစုတ်လေးကို စေ့ကာ အိမ်ထဲ ပြန်ဝင်လိုက်သည်။ အိပ်ရာပေါ်မှ စောင်မှာ ဟောင်းနွမ်းနေသော်လည်း အင်္ကျီအစုတ်ထက်တော့ ပိုနွေးသည်။ ဒီလို ဆောင်းရာသီတွင် အိပ်ရာပေါ်၌ နေရခြင်းက အကောင်းဆုံး ဖြစ်သည်။
လျန်ဟွမ်းက အိပ်ရာပေါ် ပြန်လှဲလိုက်သော်လည်း အိပ်မပျော်တော့ပေ။ ကျိဟုန်ကျွင်း ပြန်လာသည်ကို စောင့်နေသည်။ ခုနက အော်ဟစ်နေတာ ဘယ်သူလဲ ဆိုတာ သိချင်သေးသည်။
လျန်ဟွမ်း စောင့်နေသည်မှာ မကြာလိုက်ပေ။ သူမ လှဲပြီး မကြာမီ ကျိဟုန်ကျွင်း တံခါးဖွင့် ဝင်လာသည်။ တံခါးကို သေချာ ပိတ်ပြီးမှ ခုတင်ဆီ လျှောက်လာသည်။
ကျိဟုန်ကျွင်းက အခန်းထဲ ဝင်လာပြီး ခုတင်ဘေးတွင် ခဏ ရပ်နေသည်။ သူ ရပ်နေစဉ် လျန်ဟွမ်း အသက်ရှူပင် ရပ်တန့်သွားမတတ် စိတ်လှုပ်ရှားနေသည်။ သူမသည် ကမ္ဘာပေါင်းများစွာသို့ ကူးပြောင်းပြီး တာဝန်များထမ်းဆောင်ခဲ့ဖူးသော်လည်း သူမ၏ တာဝန်များမှာ အမျိုးသားဇာတ်ဆောင်နှင့် အမျိုးသမီးဇာတ်ဆောင်ကို ဘဝအောင်မြင်အောင် ကူညီပေးရခြင်းသာ ဖြစ်သည်။ နှစ်ပေါင်းများစွာ နေလာသော်လည်း သူမက အပျိုကြီးဖြစ်ပြီး ချစ်သူရည်းစား မထားဖူးပေ။ အခုမှ ယောက်ျားတစ်ယောက်နှင့် အတူအိပ်ရမည်ဆိုတော့ ရင်တုန်ပြီး စိတ်လှုပ်ရှားနေသည်။
လျန်ဟွမ်း စိတ်လှုပ်ရှားနေသော်လည်း ဘေးမှ လူသားက ဘာသံမှ ထွက်မလာပေ။ မော့ကြည့်လိုက်ရာ ကျိဟုန်ကျွင်းက ခုတင်ခြေရင်းဘက်သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ ခြေရင်းဘက်ရှိ စောင်ကို လှန်ကာ အဝတ်အစားမချွတ်ဘဲ ဝင်အိပ်လိုက်သည်။ သူက လျန်ဟွမ်းကို လုံးဝ မထိဘဲ သေသေသပ်သပ် ပက်လက်အိပ်နေသည်။
လျန်ဟွမ်း သက်ပြင်းချလိုက်ပြီး စိတ်အနည်းငယ် လျော့သွားသည်။ ခဏကြာမှ တိုးတိုးလေး မေးလိုက်သည်။ "ခုနက ဘယ်သူ အော်နေတာလဲ"
"မသိဘူး၊ သူခိုးလေး တစ်ယောက်ပါ၊ ပစ္စည်း လာခိုးတာ၊ ရိုက်ပြီး မောင်းထုတ်လိုက်ပြီ" ကျိဟုန်ကျွင်းက တိုတိုတုတ်တုတ် ဖြေလိုက်သည်။
"အော်" လျန်ဟွမ်း ပြန်ထူးလိုက်ပြီး ဆက်စကားမပြောတော့ပေ။ ကျိဟုန်ကျွင်းဘက် ကျောပေးကာ အိပ်လိုက်သည်။
လျန်ဟွမ်းသည် အမျိုးသားတစ်ဦးနှင့် ပထမဆုံးအကြိမ် အတူအိပ်ရသဖြင့် အိပ်ပျော်ရန် ခက်ခဲမည်ဟု ထင်ခဲ့သော်လည်း မကြာမီ အိပ်ပျော်သွားကာ တစ်ညလုံး ကောင်းစွာ အိပ်စက်ခဲ့သည်။ နောက်တစ်နေ့ မနက် သူမ နိုးလာသောအခါ ဘေးနားရှိ နေရာလွတ်မှာ အေးစက်နေပြီ ဖြစ်သည်။ ကျိဟုန်ကျွင်း စောစော ထသွားပြီ ဖြစ်မည်။
ပြတင်းပေါက်မှ နေရောင်ခြည်များ ဝင်ရောက်လာသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှာ စုပေါင်းလုပ်အားပေးရသော ခေတ်ကာလ ဖြစ်သည်။ ကံကောင်းသည်မှာ ယခုအချိန်က လလယ် ရောက်နေပြီမို့ အလုပ်ပါးချိန် ဖြစ်နေသည်။ မဟုတ်လျှင် သူမ အလုပ်ဆင်းရန် နောက်ကျနေပြီ ဖြစ်သည်။
ကျေးလက်တောရွာများသည် အသံလုံလောက်ခြင်း မရှိပေ။ အချို့သူများက အသံကျယ်ကျယ် ပြောတတ်ကြသဖြင့် အိမ်ထဲနေရင်း အပြင်မှ စကားသံများကို ကြားနေရသည်။ ဆက်အိပ်လို့ မဖြစ်တော့ပေ။ သူမ အဝတ်အစား ဝတ်ကာ အိပ်ရာမှ ထလိုက်သည်။
အခန်းထဲမှ ထွက်လာသောအခါ ခြံဝင်းထဲတွင် ကျိဟုန်ကျွင်းက ရွှံ့နယ်ပြီး နံရံလုပ်နေသည်ကို တွေ့လိုက်ရသည်။ ရာသီဥတုအေးသော်လည်း သူက အပေါ်ထပ် အင်္ကျီကို ချွတ်ထားပြီး နဖူးတွင် ချွေးများ စို့နေသည်။ မနေ့ညက တစ်မီတာသာ ရှိသော နံရံသည် ယခု တစ်မီတာနှင့် သုံးပေခန့် မြင့်နေပြီ ဖြစ်သည်။
"ဟုန်ကျွင်း... ဘယ်အချိန်က ထတာလဲ၊ ပင်ပန်းနေပြီလား၊ ခဏ နားပါဦး၊ ကျွန်မ ဆန်ပြုတ် ပြုတ်ပေးမယ်" ဒီနေ့တော့ ကန်စွန်းဥပြုတ် မလုပ်တော့ဘဲ ဂျုံကြမ်းရောပြီး ဆန်ပြုတ် ပြစ်ပြစ်လေး ပြုတ်ပေးရမယ်။
"မပင်ပန်းပါဘူး၊ ကောင်းပြီလေ" ကျိဟုန်ကျွင်းက ပြန်ဖြေပြီး မနားဘဲ နံရံ ဆက်လုပ်နေသည်။
လျန်ဟွမ်း သူ့ကို ဆက်မပြောတော့ဘဲ ဘေးခန်းထဲ ဝင်လိုက်သည်။ သူတို့အိမ်တွင် မီးဖိုချောင် သီးသန့် မရှိသဖြင့် ဘေးခန်းကို မီးဖိုချောင်အဖြစ် သုံးရသည်။ နောက်ပိုင်းတွင် ထိုအခန်းကို တစ်ဝက်ကန့်ပြီး နွေရာသီတွင် ရေချိုးခန်း လုပ်ရန် စိတ်ကူးထားသည်။
လျန်ဟွမ်း အခန်းထဲသို့ ဝင်လိုက်ရာ ကြမ်းပြင်ပေါ်တွင် သံဒယ်အိုးတစ်လုံး ချထားသည်ကို တွေ့လိုက်ရသည်။ သံဒယ်အိုးထဲတွင် အိတ်ငယ်လေး တစ်လုံး ပါသေးသည်။
လျန်ဟွမ်း ဝမ်းသာသွားပြီး အပြင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "ဟုန်ကျွင်း... ဒယ်အိုးက ရှင် ယူလာတာလား"
"ဟုတ်တယ်"
ကျိဟုန်ကျွင်း၏ အဖြေကို ကြားသောအခါ လျန်ဟွမ်း ပျော်ရွှင်သွားသည်။ "ကောင်းလိုက်တာ၊ ကျွန်မတို့အိမ်မှာ ထမင်းချက်ဖို့ ဒယ်အိုး ရပြီ"
ဒယ်အိုး ရှိလာပြီဆိုတော့ ထမင်းချက်ရတာ ပိုအဆင်ပြေသွားပြီ။ ဟင်းချက်လို့ရပြီ။ ဆန်ပြုတ် ပြုတ်လို့ရပြီ။
"အင်း... နံရံလုပ်ပြီးရင် မီးဖို လုပ်ပေးမယ်" ကျိဟုန်ကျွင်းက အပြင်မှ လှမ်းပြောသည်။
"ကောင်းပြီ" လျန်ဟွမ်း ပြန်ဖြေပြီး ထမင်းချက်ရန် ပြင်လိုက်သည်။ ဒီမနက်စာကို လျန်ဟွမ်း ပျစ်ပျစ်နှစ်နှစ်လေး ချက်လိုက်သည်။ ကျိဟုန်ကျွင်း ယူလာသော ဒယ်အိုးထဲမှ အိတ်ထဲတွင် ဓားမတစ်ချောင်းနှင့် ယောက်မတစ်ချောင်း ပါလာသည်။ လျန်ဟွမ်းသည် ထိုဓားမဖြင့် ကန်စွန်းဥများကို လှီးကာ ဆန်ပြုတ်ထဲ ထည့်လိုက်သည်။
မနက်စာ ကျက်သောအခါ လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို ထမင်းစားရန် လှမ်းခေါ်လိုက်ပြီး သူ့အတွက် ဆန်ပြုတ် များများ ထည့်ပေးလိုက်သည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ပန်းကန်ထဲမှ ဆန်ပြုတ်ကို ကြည့်ကာ ဘာမှမပြောသော်လည်း မျက်လုံးများ အရောင်တောက်လာသည်။
ကျိဟုန်ကျွင်း ထိုင်လိုက်ပြီး ပန်းကန်ထဲမှ ဆန်ပြုတ်ကို သုံးလေးဇွန်းဖြင့် ကုန်အောင် သောက်လိုက်သည်။ လျန်ဟွမ်းက သူ့ပန်းကန် လွတ်သွားသည်ကို မြင်သောအခါ ပြောလိုက်သည်။ "ဆန်ပြုတ် ကျန်သေးတယ်၊ ထပ်ထည့်ပေးမယ်"
ကျိဟုန်ကျွင်းက ပန်းကန်လုံးကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။ "မလိုဘူး၊ မင်း စား၊ ကိုယ့်ဘာသာ ထည့်မယ်"
ကျိဟုန်ကျွင်း ထမင်းသွားထည့်နေစဉ် လျန်ဟွမ်းက သူမပန်းကန်ထဲမှ ဆန်ပြုတ်ကို သောက်ရန် ပြင်လိုက်ရာ အပြင်ဘက်မှ အသံကြားလိုက်ရသည်။
ဒုတိယချွေးမသည် လူမရောက်ခင် အသံအရင် ရောက်လာသည်။ သူမ၏ အသံကြီးဖြင့် အော်လိုက်သည်။
"ကျိဟုန်ကျွင်း... နင် ထွက်ခဲ့စမ်း၊ ငါ့ယောက်ျားကို ရိုက်ပြီး အိမ်ထဲမှာ ပုန်းနေရဲတယ်ပေါ့"
ဒုတိယချွေးမသည် ကျိမိသားစု ဒုတိယသားကို ဆွဲခေါ်လာပြီး ဘေးခန်းတံခါးဝတွင် ရပ်ကာ သူတို့ ထမင်းစားနေသည်ကို ကြည့်ပြီး ဒေါသတကြီး အိမ်ထဲ ဝင်လာသည်။
"ကောင်းပါ့၊ ကျိဟုန်ကျွင်း... နင်က နင့်အစ်ကိုကို ရိုက်ထားပြီး ဒီမှာ ထမင်း ထိုင်စားနေနိုင်တယ်ပေါ့၊ နင် နင့်အစ်ကိုကို ဒီလို ဖြစ်အောင် ရိုက်ထားတာ ထမင်းစားလို့ ဝင်သေးလား၊ လျော်ကြေးပေး၊ မပေးရင် အဖွဲ့အစည်းမှာ သွားတိုင်မယ်၊ လူရိုက်မှုနဲ့ တိုင်မယ်၊ အဖွဲ့အစည်းက နင့်ကို အရေးယူလိမ့်မယ်"
ဒုတိယချွေးမက အိမ်ထဲ ဝင်လာသည်နှင့် ဆူညံပွက်လောရိုက်တော့သည်။ လျန်ဟွမ်းက ဒုတိယသားကို ကြည့်လိုက်ရာ မျက်နှာတွင် ဖူးရောင်နေသော ဒဏ်ရာများကို တွေ့လိုက်ရသည်။ တကယ် အရိုက်ခံထားရတာပဲ။
လျန်ဟွမ်း ကျိဟုန်ကျွင်းဘက် လှည့်ကြည့်လိုက်သည်။ ကျိဟုန်ကျွင်းကမူ ဒုတိယချွေးမ ပြောသည်ကို မကြားသလိုမျိုး တည်ငြိမ်စွာ ထမင်း ဆက်စားနေသည်။
ဒုတိယချွေးမသည် ကျိဟုန်ကျွင်းက သူမကို ဂရုမစိုက်သည်ကို မြင်သောအခါ ဒေါသထွက်သွားပြီး ကျိဟုန်ကျွင်းရှေ့သို့ ပြေးသွားကာ သူ့ပန်းကန်လုံးကို လုယူရန် ပြင်လိုက်သည်။ "ကျိဟုန်ကျွင်း... နင် ကျေးဇူးကန်းတဲ့ကောင်၊ နင့်အစ်ကိုကို ရိုက်ပြီး ထမင်း အေးအေးဆေးဆေး စားနေတယ်ပေါ့၊ ငါ နင့်ကို ပေးမစားဘူး"
ဒုတိယချွေးမက ကျိဟုန်ကျွင်း၏ ပန်းကန်လုံးကို အားဖြင့် လုယူလိုက်သော်လည်း မရပေ။
ကျိဟုန်ကျွင်းက ခေါင်းလှည့်ကာ ဒုတိယချွေးမကို စူးရဲစွာ ကြည့်လိုက်သည်။ သူ့အသံက ရေခဲတမျှ အေးစက်ပြီး အရှိန်အဝါ ပြင်းထန်လှသည်။ "လွှတ်လိုက်"
…
အခန်း (၈)
ကျိဟုန်ကျွင်း၏ အရှိန်အဝါက ပြင်းထန်လွန်းလှသည်။ သူက စကားနှစ်လုံးသာ ပြောလိုက်သော်လည်း ဒုတိယချွေးမမှာ ကြောက်လန့်သွားပြီး သူ့ပန်းကန်လုံးကို ကိုင်ထားရာမှ လွှတ်ပေးလိုက်ကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။ သို့သော် ဒုတိယချွေးမက မကျေနပ်နိုင်ဘဲ ပြောလိုက်သည်။
"နင် နင့်ဒုတိယအစ်ကိုကို ရိုက်လိုက်တယ်၊ ဒီတိုင်း ထားလိုက်လို့ မရဘူး၊ ဆေးဖိုးလျော်ကြေး ပေးရမယ်"
ကျိဟုန်ကျွင်းက ဒုတိယချွေးမကို လှည့်ပင် မကြည့်ဘဲ စကားနှစ်လုံးသာ ပြန်ပြောလိုက်သည်။
"မရိုက်ပါဘူး"
ဒုတိယချွေးမက မကျေနပ်တော့ပေ။ အသံကျယ်ကျယ်ဖြင့် ပြန်အော်လိုက်သည်။ "နင် မရိုက်ဘူးလို့ ဘယ်သူပြောလဲ၊ နင့်ဒုတိယအစ်ကိုက ပြောတယ်၊ နင်ပဲ ရိုက်တာတဲ့၊ မနေ့ညက ရိုက်တာ"
ဤတစ်ကြိမ်တွင်မူ ကျိဟုန်ကျွင်းက ဒုတိယချွေးမကို ကြည့်လိုက်သည်။ သူ၏ စူးရှသော မျက်လုံးများဖြင့် ဒုတိယချွေးမကို ကြည့်ကာ ပြောလိုက်သည်။ "မနေ့ညတုန်းက ကျွန်တော် သူခိုးကိုပဲ ရိုက်လိုက်တာ"
"အဲဒီသူခိုးက ဒုတိယအစ်ကို ဖြစ်နေလို့လား" သူ၏ စူးရှသော မျက်လုံးများက ဒုတိယသားကို စိုက်ကြည့်ရင်း အဖြေကို စောင့်နေသည်။
ဒုတိယသားသည် သူ့ကိုယ်သူ သူခိုးဟု ဝန်မခံရဲပေ။ ကျိဟုန်ကျွင်း၏ အရှိန်အဝါက ပြင်းထန်လွန်းသဖြင့် သူသည် ကျိဟုန်ကျွင်း၏ မျက်လုံးများကိုပင် မကြည့်ရဲဘဲ ဒုတိယချွေးမကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် ဒုတိယချွေးမက ဒုတိယသား ပြောသည်ကို နားမထောင်ပေ။ သူမအမြင်တွင် သူမယောက်ျားကို ကျိဟုန်ကျွင်း ရိုက်လိုက်သဖြင့် ကျိဟုန်ကျွင်းက ဆေးဖိုးလျော်ကြေး ပေးရမည်ဟု ယူဆထားသည်။ သူမသည် ဒုတိယသား၏ လက်မောင်းကို အားဖြင့် ခါထုတ်လိုက်သည်။
"ကျိဟုန်ရှင်း... နင် လွှတ်စမ်း၊ စတုတ္ထက နင့်ကို ရိုက်ထားတာ၊ ငါ့ကို ဖြေရှင်းချက် မပေးဘဲနဲ့တော့ ငါ မသွားနိုင်ဘူး၊ ပိုက်ဆံ လျော်ကို လျော်ရမယ်၊ မလျော်ရင် ကျိဟုန်ကျွင်း လူရိုက်တယ်ဆိုပြီး အဖွဲ့အစည်းမှာ သွားတိုင်မယ်"
ဒုတိယချွေးမ၏ အသံမှာ ကျယ်လောင်လှသည်။ သူမက ကျိဟုန်ကျွင်း လူရိုက်သည့်ကိစ္စကို ဘေးလူများ သိစေချင်သဖြင့် အားကုန်အော်ဟစ်နေခြင်းဖြစ်သည်။ သူမ၏ အော်သံကြောင့် ကျိမိသားစုဘက်မှ လူများ လန့်နိုးလာကြပြီး အစ်ကိုကြီးကျိနှင့် အမေကျိတို့ ပြေးလာကြသည်။
လျန်ဟွမ်း မျက်မှောင်ကြုတ်လိုက်သည်။ ပန်းကန်ထဲမှ ကျန်နေသော ဆန်ပြုတ်ကို အကုန်သောက်လိုက်ပြီး ပန်းကန်လုံးကို စားပွဲပေါ် တင်ကာ ဒုတိယသားကို လှမ်းကြည့်လိုက်သည်။
ကျိဟုန်ကျွင်းနှင့် ဒုတိယချွေးမတို့၏ ပြောစကားများကို ကြားပြီးနောက် လျန်ဟွမ်းသည် မနေ့ညက ကြားလိုက်ရသော အော်ဟစ်သံကို သတိရသွားသည်။ ထိုအသံက ဒုတိယသား၏ အသံ ဖြစ်လောက်သည်။ ဒုတိယသားက မနေ့ညက သူတို့အိမ်သို့ တကယ်ပဲ ပစ္စည်းလာခိုးခြင်း ဖြစ်သည်။ ဒုတိယသားက ဘာလာခိုးတာလဲ။ သူတို့အိမ်မှာ ခိုးစရာ ဘာမှမရှိပေ။ အိမ်ခွဲတုန်းက ရထားသည့် အသက်ဆက်ဖို့ နှံစားသီးနှံ အနည်းငယ်နှင့် ပိုက်ဆံ ငါးယွမ်သာ ရှိသည်။
ပိုက်ဆံကို ဘေးခန်းမှာ ဝှက်ထားစရာ အကြောင်းမရှိသဖြင့် နှံစားသီးနှံများကို လာခိုးခြင်းသာ ဖြစ်နိုင်သည်။ ဒုတိယသားက မနေ့ညက သူတို့ အသက်ဆက်မဲ့ အစားအစာကို လာခိုးတာလား။
သူမ အသက်ဆက်မဲ့ါအရာကိုတောင် ဒီလူက လာခိုးတယ်ပေါ့။ ဒုတိယသားက သူမ၏ အသက်ဆက်မည့် ပစ္စည်းများကို ခိုးချင်နေသည်ကို တွေးမိသောအခါ လျန်ဟွမ်း၏ မျက်လုံးများ အေးစက်သွားပြီး ဒုတိယသားကို ကြည့်လိုက်သည်။
"ဒုတိယအစ်ကိုက မနေ့ညက သူခိုး ဖြစ်နေတာကိုး၊ ကျွန်မ မနေ့က အိမ်ခွဲတုန်းက ရထားတဲ့ ပိုက်ဆံ ငါးယွမ် ပျောက်သွားလို့၊ အမှုသွားဖွင့်မလို့ လုပ်နေတာ၊ သူခိုးက ဒုတိယအစ်ကို ဖြစ်နေမှတော့ ပိုက်ဆံ ပြန်ပေးပါ"
ဒုတိယသား၏ မျက်နှာ ရဲတက်သွားပြီး လည်ပင်းကို ဆန့်ကာ လျန်ဟွမ်းကို ကြည့်လိုက်သည်။
"နင်... ဒီမိန်းမ၊ ဘယ်လိုလုပ် လူကို စွပ်စွဲရတာလဲ၊ ငါ နင့်ပိုက်ဆံ မခိုးဘူး၊ ငါ သူခိုး မဟုတ်ဘူး"
"ဒုတိယအစ်ကိုက မလိမ့်တပတ် လုပ်ချင်နေတာလား၊ ဒုတိယချွေးမက ပြောတယ်လေ၊ ဟုန်ကျွင်းက မနေ့ညက ရှင့်ကို ရိုက်တယ်တဲ့၊ မနေ့ညက ဟုန်ကျွင်းက သူခိုးကိုပဲ ရိုက်တာ၊ ရှင်က သူခိုး မဟုတ်ရင် ဘယ်သူလဲ၊ ရှင်ခိုးသွားတဲ့ ပိုက်ဆံ ငါးယွမ်က ကျွန်မတို့အိမ်မှာ ကျန်တဲ့ နောက်ဆုံးပိုက်ဆံပဲ၊ ကျွန်မနဲ့ ဟုန်ကျွင်း အသက်ဆက်ဖို့ ပိုက်ဆံ၊ ရှင် ပြန်မပေးရင် အဖွဲ့အစည်းကို သွားပြီး တိုင်လိုက်မယ်"
ယခုခေတ်လူများက အတိုင်ခံရမည်ကို အကြောက်ဆုံးဖြစ်သည်။ သူခိုးဟု အတိုင်ခံရပါက အလုပ်ကြမ်းဖြင့် ပြုပြင်ပြောင်းလဲရေး စခန်းသို့ ပို့ခံရမည်ဖြစ်ပြီး ဝေဖန်ရေး လုပ်ခံရမည် ဖြစ်သည်။
ဒုတိယသားသည် ပုံမှန်အချိန်တွင် နွားတင်းကုပ်၌ နေရသူများအား ဝေဖန်ရေးလုပ်ရသည်ကို သဘောကျသော်လည်း သူကိုယ်တိုင် အဝေဖန်ခံရပြီး သူ့ကိုယ်ပေါ် နွားချေးအပစ်ခံရမည်ဆိုပါက ထိုဘဝမျိုးကို သူ ဘယ်လိုမှ ခံနိုင်မည် မဟုတ်ပေ။
ဒုတိယသား ကြောက်လန့်သွားပြီး ဒုတိယချွေးမကို ဆွဲကာ အပြင်သို့ ပြေးတော့သည်။
"ဒီမိန်းမ ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့ကိုယ်ပေါ်က ဒဏ်ရာက မနေ့ညက ချော်လဲပြီး ရတာ၊ စတုတ္ထ ရိုက်တာ မဟုတ်ဘူး၊ မြန်မြန် ပြန်ကြစို့"
ဒုတိယသားက ဒုတိယချွေးမကို ဆွဲကာ အပြင်ထွက်ရန် ပြင်လိုက်သော်လည်း ခါးကို ကိုင်ကာ တံခါးဝသို့ ရောက်နေပြီဖြစ်သော အမေကျိက သဘောမတူပေ။ သူမက ကျိဟုန်ကျွင်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"စတုတ္ထကောင်... နင် နင့်ဒုတိယအစ်ကိုကို ဒီလောက်ထိ ဖြစ်အောင် ရိုက်ထားတာ ဒီတိုင်း ပြီးလို့ မရဘူး၊ နင် သူ့ကို ဆေးဖိုးလျော်ကြေး ငါးယွမ် ပေးရမယ်၊ သူ့ကို ဆရာဝန်ဆီ သွားပြီး ဆေးယူခိုင်းရမယ်"
လျန်ဟွမ်း စိတ်တိုလာသည်။ အမေကျိကို မြင်လိုက်သည်နှင့် တုတ်ကောက်ကိုင်ချင်စိတ် ပေါက်လာသည်။ ဒီမိန်းမကြီးက ဘယ်လိုဖြစ်လို့ အကျင့်မပြင်နိုင်ရတာလဲ။ သူတို့အိမ်လာပြီး အမြဲ ပြဿနာရှာနေသည်။
သူမ အမေကျိကို ကြည့်ရသည်မှာ စိတ်ရှုပ်သဖြင့် အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဘဲ နေလိုက်သည်။ ကျိဟုန်ကျွင်းက အမေကျိကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ချင်သေးသည်။
ကျိဟုန်ကျွင်းကမူ ပို၍ တည်ငြိမ်နေသည်။ လူက ဘာမှမဖြစ်သလို မတ်တပ်ရပ်လိုက်ပြီး ပန်းကန်လုံးကို သိမ်းကာ ပန်းကန်ဆေးခွက်ထဲ ထည့်လိုက်သည်။ ခေါင်းငုံ့ကာ ပန်းကန်နှစ်လုံးကို ဆေးလိုက်သည်။ ပန်းကန်ဆေးနေရင်း ခေါင်းမမော့ဘဲ ပြောလိုက်သည်။
"သူ ပြောပြီးပြီလေ၊ ကျွန်တော် ရိုက်တာ မဟုတ်ဘူးတဲ့"
"ကျွန်တော် ရိုက်တာဆိုရင်လည်း သူက သူခိုးပဲ၊ ပြည်သူ့လုံခြုံရေးဆီ တိုင်ပြီး အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေးစခန်း ပို့ရမှာ"
ကျိဟုန်ကျွင်းက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။ ပြောပြီးသည်နှင့် ဆေးပြီးသား ပန်းကန်လုံးကို ဘေးတွင် ချကာ လက်မှ ရေများကို ခါလိုက်သည်။ သူက လူတစ်ယောက်ကို အလုပ်ကြမ်းစခန်းသို့ ပို့လိုက်မည် ဆိုသည်မှာ သာမန်ကိစ္စလေး တစ်ခုကဲ့သို့ပင်။
အမေကျိသည် သူ့ကို ကြည့်ကာ ဆဲဆိုတော့သည်။ "စတုတ္ထ... နင်က ကျေးဇူးကန်းတဲ့ကောင်၊ ဟုန်ရှင်းက နင့်ဒုတိယအစ်ကိုလေ၊ နင်က နင့်အစ်ကိုကို အလုပ်ကြမ်းစခန်း ပို့ချင်တယ်ပေါ့၊ နင့်စိတ်ရင်းက ခွေးစားသွားပြီလား၊ နင် ဒီလိုကောင်မှန်း သိရင် မွေးကတည်းက လည်ပင်းညှစ် သတ်ပစ်လိုက်ပါတယ်"
အမေကျိမှာ ရိုင်းစိုင်းသော မိန်းမကြီးဖြစ်သည်။ စကားပြောရာတွင် အဆင်အခြင်မရှိဘဲ စိတ်ထဲတွင် ကျိဟုန်ကျွင်းကို သေစေချင်နေသဖြင့် ပါးစပ်မှ ထွက်သည့်အတိုင်း ဆဲဆိုနေခြင်း ဖြစ်သည်။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းမှာ ယခု တစ်မိသားစုတည်း ဖြစ်နေပြီမို့ သူ အဆဲခံရသည်ကို ကြည့်ပြီး လျန်ဟွမ်း စိတ်ထဲ မကောင်းပေ။ ဒီကျိဟုန်ကျွင်းက သူ့အမေအရင်းက မွေးထားတာ ဟုတ်ရဲ့လား။ အဖေက မချစ်သလို အမေက မခင်ပေ။
လျန်ဟွမ်းသည် အမေကျိကို မကြည်သလို ရှင်းပြနေချင်စိတ်လည်း မရှိတော့ပေ။ ဘေးနားရှိ တုတ်ကို ကောက်ကိုင်ကာ အမေကျိဘက်သို့ ရိုက်ရန် ရွယ်လိုက်သည်။ "သွား... အကုန်လုံး ငါ့အိမ်ကနေ ထွက်သွားကြ၊ အိမ်ခွဲပြီးပြီ၊ ငါ့အိမ်လာပြီး ရမ်းကားမနေနဲ့"
အမေကျိသည် ဒီရက်ပိုင်း လျန်ဟွမ်း ရိုက်သည်ကို ခံထားရသဖြင့် သူမ တုတ်ကိုင်လိုက်သည်ကို မြင်သောအခါ ကြောက်လန့်သွားပြီး အလိုအလျောက် အပြင်ဘက်သို့ ပြေးတော့သည်။ ပြေးရင်းဖြင့် လှည့်ဆဲသေးသည်။
"ရိုင်းစိုင်းတဲ့ မိန်းမ၊ ကောင်မစုတ်၊ တစ်နေ့ကျရင် နင့်ကို ကျိမိသားစုအိမ်ကနေ မောင်းထုတ်ပစ်မယ်"
အမေကျိ ထွက်ပြေးသွားသောအခါ လျန်ဟွမ်းက တုတ်ကို ပစ်ချလိုက်သည်။ အခန်းထဲတွင် ဒုတိယသား လင်မယားနှင့် အစ်ကိုကြီးကျိတို့ ရပ်နေသေးသည်ကို မြင်သောအခါ အေးစက်စွာ ပြောလိုက်သည်။
"မသွားကြသေးဘူးလား၊ အဖွဲ့အစည်းမှာ သွားတိုင်စေချင်တာလား"
ဒုတိယသားက ဒုတိယချွေးမကို ချက်ချင်း ဆွဲကာ ပြောလိုက်သည်။ "သွားမယ်... ငါတို့ အခုပဲ သွားမယ်"
အစ်ကိုကြီးကျိက မသွားသေးပေ။ သူက ရိုးသားပုံစံဖြင့် လက်ကို ပွတ်ကာ ပြောလိုက်သည်။ "အဲဒါ... စတုတ္ထလေး၊ မင်း အိမ်ထောင်ပြုပြီးပြီ၊ အိမ်လည်း ခွဲပြီးပြီဆိုတော့ နောက်ဆို ကောင်းကောင်း နေပါ"
"အင်း" ကျိဟုန်ကျွင်းက အသံနိမ့်နိမ့်ဖြင့် ဖြေလိုက်သည်။
အစ်ကိုကြီးကျိလည်း ကြာကြာမနေတော့ပေ။ ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လှည့်ထွက်သွားသည်။ လှည့်ထွက်သွားခါနီးတွင် ထောင့်နား၌ ချထားသော ဒယ်အိုးကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် ရပ်တန့်သွားသည်။
"ဒယ်အိုး ဝယ်လိုက်တာလား"
သံဒယ်အိုးက ဈေးမပေါပေ။ စတုတ္ထလေးက ဘယ်ကပိုက်ဆံရပြီး ဝယ်လိုက်တာလဲ။
"အင်း" ကျိဟုန်ကျွင်း၏ အဖြေက အေးစက်မြဲ အေးစက်နေဆဲဖြစ်သည်။
"ဒယ်အိုးရှိတော့ ကောင်းတာပေါ့၊ ထမင်းချက်ရတာ အဆင်ပြေတာပေါ့၊ အစ်ကိုကြီး ပြန်တော့မယ်၊ အိမ်မှာ အကူအညီလိုရင် လှမ်းခေါ်လိုက်နော်" အစ်ကိုကြီးကျိက ပြောပြီးနောက် ခဏ စောင့်နေသေးသည်။ ကျိဟုန်ကျွင်းထံမှ အဖြေ မရသောအခါ ခေါင်းငိုက်စိုက်ဖြင့် ထွက်ခွာသွားသည်။
အစ်ကိုကြီးကျိ ထွက်သွားမှ ကျိဟုန်ကျွင်းက လျန်ဟွမ်းဘက် လှည့်ကာ ပြောလိုက်သည်။
"ကိုယ် လူသွားခေါ်ပြီး အကူအညီ တောင်းလိုက်ဦးမယ်၊ မနက်ပိုင်း မီးဖိုလုပ်လိုက်မယ်၊ နေ့လယ်ကျရင် ဂျုံကြမ်းပေါက်စီနဲ့ ကန်စွန်းဥထမင်း ချက်ကျွေးလိုက်မယ်"
"ကောင်းပြီလေ" လျန်ဟွမ်းက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
ရွာသားအချင်းချင်း ကူညီကြသည်မှာ ဖြစ်သင့်သော်လည်း ဆောင်းတွင်းကြီးတွင် လူများကို အလကား လာကူခိုင်း၍ မဖြစ်ပေ။ မနေ့က မီးဖိုမရှိ၍ မတတ်နိုင်သော်လည်း ဒီနေ့ ကျိဟုန်ကျွင်းက မီးဖို လုပ်မည်ဆိုတော့ လာကူညီသူများကို တစ်နပ်လောက်တော့ ကျွေးရမည် ဖြစ်သည်။
လင်မယားနှစ်ယောက် ပြောပြီးသည်နှင့် အလုပ်စလုပ်ကြသည်။ ကျိဟုန်ကျွင်းက နံရံနှင့် မီးဖိုလုပ်ရန် လူသွားခေါ်ပြီး လျန်ဟွမ်းက နှံစားသီးနှံ နှစ်ကျင်းကို ယူကာ အိမ်နီးနားချင်းအိမ်သို့ သွားကြိတ်ရန် ပြင်သည်။ ဂျုံကြမ်းပေါက်စီ လုပ်ရန် ဂျုံကြိတ်ရမည် ဖြစ်သည်။
အခြားတစ်ဖက်တွင် အစ်ကိုကြီးကျိက အိမ်ပြန်ရောက်သောအခါ သူ့မိန်းမကို ပြောပြလိုက်သည်။
"စတုတ္ထလေးတို့ဆီမှာ သံဒယ်အိုး ဝယ်ထားတယ်၊ ဒီနေ့ မီးဖို လုပ်ကြမယ် ထင်တယ်"
နှစ်ကုန်ခါနီး နှစ်သစ်ကူးတော့မည် ဖြစ်ရာ အလုပ်ဆင်းစရာ မလိုသဖြင့် ရွာထဲမှလူများ အားနေကြသည်။ အပြင်တွင် နှင်းမပျော်သေးသဖြင့် အေးစက်စိုစွတ်နေရာ အကြီးဆုံးချွေးမက အပြင်မထွက်ဘဲ အခန်းထဲတွင် အဝတ်ဖာနေသည်။ အစ်ကိုကြီးကျိ ပြောသည်ကို ကြားသောအခါ လက်လှုပ်သွားပြီး အပ်ဖြင့် ထိုးမိသွားသည်။
အကြီးဆုံးချွေးမ စိတ်လှုပ်ရှားသွားပြီး အဝတ်နှင့် အပ်ချည်ကို ဘေးချလိုက်သည်။ "ဒယ်အိုး ဝယ်လိုက်တယ် ဟုတ်လား၊ သူတို့ ဘယ်က ပိုက်ဆံ ရတာလဲ၊ အဖေနဲ့အမေ သိလား"
အစ်ကိုကြီးကျိက ဖိနပ်ချွတ်ကာ အိပ်ရာပေါ် တက်ထိုင်ရင်း ခေါင်းခါလိုက်သည်။ "မသိလောက်ဘူး"
"ငါ အဖေနဲ့အမေကို သွားပြောလိုက်ဦးမယ်" အကြီးဆုံးချွေးမက အပ်ချည်တောင်းကို ဘေးချကာ အိပ်ရာပေါ်မှ ဆင်းရန် ပြင်လိုက်သည်။
"ပြန်လာခဲ့၊ ဒီကိစ္စ မင်း ဝင်မပါနဲ့၊ ဝင်ပါလည်း အကျိုးမရှိဘူး" အဖေနဲ့အမေက ဒုတိယညီကိုပဲ မျက်နှာလိုက်တာ။ အိမ်မှာ ကောင်းတာရှိရင်လည်း ဒုတိယညီပဲ ရမှာ။
အကြီးဆုံးချွေးမ ရပ်တန့်သွားသည်။ ခဏကြာ ထိုင်နေပြီးမှ ပြန်ပြောလိုက်သည်။ "စတုတ္ထလေးက ဒယ်အိုးဝယ်ဖို့ ပိုက်ဆံ ဘယ်က ရတာလဲ၊ အဖေက ခိုးပေးလိုက်တာများလား"
"မဟုတ်ဘူး၊ အဖေက စတုတ္ထလေးကို ပေးမှာ မဟုတ်ဘူး၊ တော်ပြီကွာ... မင်း အလုပ်ဆက်လုပ်တော့၊ ဒီကိစ္စတွေ မမေးနဲ့တော့"
......
လျန်ဟွမ်းသည် နှံစားသီးနှံ နှစ်ကျင်းကို ကိုင်ကာ ဘေးဘက်မှ အဘိုးကြီးမာ၏ အိမ်သို့ သွားလိုက်သည်။ လျန်ဟွမ်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် မင်္ဂလာဆောင်သောနေ့က မူလခန္ဓာကိုယ်ပိုင်ရှင် ထမင်းစားနေစဉ် အမေကျိက ငတ်ကြီးကျသည်ဟု ဆဲဆိုခဲ့ရာ ဘေးအိမ်မှ ကျန်းအာမေ့ ကြားသွားပြီး ဝင်ပြောပေးခဲ့သည်ကို သတိရလိုက်သည်။
သူမ ယခု ဂျုံကြမ်းကြိတ်ရန် ကျိမိသားစုအိမ်သို့ သွား၍ မဖြစ်ပေ။ ဘေးအိမ်မှ အဘိုးကြီးမာ၏ အိမ်သို့ သွားသည်က အကောင်းဆုံး ဖြစ်သည်။
လျန်ဟွမ်းက အဘိုးကြီးမာ၏ အိမ်ရှေ့တွင် ရပ်ကာ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
တံခါးလာဖွင့်သူမှာ ကျန်းအာမေ့၏ သားငယ် မာကော်တုန်း ဖြစ်သည်။ ယခုမှ ဆယ်နှစ်သာ ရှိသေးသည်။ လျန်ဟွမ်းကို မြင်သောအခါ မည်းညစ်ပိန်ပါးသော မျက်နှာလေးပေါ်တွင် သတိထားစောင့်ကြည့်သည့် အရိပ်အယောင်များ ပေါ်လာသည်။ "ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
"အစ်မက ဘေးအိမ်က ကျိဟုန်ကျွင်းရဲ့ မိန်းမပါ၊ ဂျုံကြမ်း လာကြိတ်ချင်လို့၊ အိမ်မှာ လူကြီးတွေ ရှိလား"
လျန်ဟွမ်းက လေသံအေးအေးဖြင့် မေးလိုက်သည်။
"အစ်ကိုဟုန်ကျွင်းရဲ့ မိန်းမလား၊ ခဏစောင့်၊ အမေ့ကို သွားခေါ်လိုက်မယ်" မာကော်တုန်းက ပြောရင်း အိမ်ထဲသို့ ပြေးဝင်သွားသည်။ မကြာမီ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာသည်။
ကျန်းအာမေ့သည် သဘောကောင်းသူဖြစ်သည်။ လူကို မြင်သည်နှင့် ပြုံးပြတတ်ပြီး ရုပ်ရည်အေးချမ်းကာ ခင်မင်စရာ ကောင်းသည်။ သူမက လျန်ဟွမ်းကို ကြည့်ကာ ပြုံးလိုက်သည်။
"ဟုန်ကျွင်းရဲ့ မိန်းမပဲ၊ ကော်တုန်းက ပြောတယ်၊ ဂျုံကြိတ်ချင်လို့ဆို၊ ကြိတ်ဆုံက ဒီဘက်မှာ၊ လာကြိတ်လေ"
"ဟုတ်ကဲ့၊ ကျေးဇူးပါ အဒေါ်" လျန်ဟွမ်းက ဂျုံအိတ်ကို ကိုင်ကာ ကြိတ်ဆုံဘက်သို့ လျှောက်သွားလိုက်သည်။
ဂျုံကြမ်း နှစ်ကျင်းသာ ရှိသဖြင့် လျန်ဟွမ်း တစ်ယောက်တည်း ကြိတ်နိုင်သည်။ ကျန်းအာမေ့က တောင်းတစ်လုံးကို ကိုင်ကာ ဘေးတွင် ထိုင်ရင်း အပ်ချုပ်နေပြီး လျန်ဟွမ်းနှင့် စကားစမြည် ပြောနေသည်။
"ဟုန်ကျွင်း မိန်းမ... နင်နဲ့ ကျိမိသားစုအိမ်က အိမ်ခွဲလိုက်ကြပြီဆို"
"ဟုတ်တယ် ခွဲလိုက်ပြီ၊ အိမ်မခွဲရင် ကျွန်မနဲ့ ဟုန်ကျွင်းကို ရွာထိပ်က သက်ကယ်အိမ်အိုကြီးဆီ မောင်းထုတ်ကြမှာလေ၊ ပြီးတော့ စားစရာလည်း ဘာမှမပေးဘူး၊ ကျွန်မတို့ကို အသက်ရှင်ခွင့် မပေးချင်ကြဘူး၊ ကံကောင်းလို့ အဘိုးက အိမ်ခွဲစာ ရေးပေးခဲ့လို့၊ ခေါင်းဆောင်ကြီးနဲ့ ပါတီအတွင်းရေးမှူးအိုကြီးတို့က တရားမျှတတဲ့ လူတွေမလို့ အိမ်ခွဲပေးလိုက်ကြတာ"
လျန်ဟွမ်းက အိမ်ခွဲသည့်ကိစ္စနှင့် ပတ်သက်ပြီး အဆဲခံရမည့်အဖြစ်ကို ခံယူမည် မဟုတ်ပေ။ ကျိမိသားစု လုပ်ခဲ့သော မကောင်းမှုများကို သူမက ကူညီပြီး ဖြန့်ဝေပေးရမည်။ သို့မှသာ နောက်ပိုင်းတွင် ကျိမိသားစုက အိမ်ခွဲသည့်ကိစ္စကို အကြောင်းပြပြီး စကားပြောလာလျှင် ခုခံနိုင်မည် ဖြစ်သည်။
ကျန်းအာမေ့က ခေါင်းညိတ်လိုက်သည်။ "အိမ်ခွဲတာ ကောင်းတယ်၊ အိမ်ခွဲလိုက်တော့ နင်နဲ့ ဟုန်ကျွင်း လင်မယားနှစ်ယောက် ကောင်းကောင်း နေလို့ရတာပေါ့၊ ကျိမိသားစုက လူတွေရဲ့ စိတ်က ဘက်လိုက်လွန်းတယ်၊ သူတို့နဲ့ အတူနေရင် နင်တို့ ကောင်းကောင်း နေရမှာ မဟုတ်ဘူး"
ကျန်းအာမေ့က ပြောရင်း လျန်ဟွမ်းအနားသို့ တိုးကပ်လာပြီး အသံနှိမ့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်းဆိုတဲ့ ကလေးက ငါ့မျက်စိရှေ့မှာ ကြီးလာတဲ့ ကလေးပါ၊ သူက လူတွေ ပြောသလို အဲဒီလောက် မဆိုးပါဘူး၊ သူ့စိတ်ရင်းက ကောင်းတယ်၊ နည်းနည်း ပျင်းတာကလွဲရင်ပေါ့၊ နင် နောက်ပိုင်း သူ့ကို အလုပ်လုပ်အောင် ဆွဲခေါ်ပြီး လင်မယားနှစ်ယောက် ကောင်းကောင်း နေကြ၊ နေ့ရက်ကောင်းတွေ ရောက်လာမှာပါ"
ကျိဟုန်ကျွင်းက ပျင်းတယ် ဟုတ်လား။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင်လည်း ကျိဟုန်ကျွင်း ပျင်းသည်ဟု ပြောကြသည်။ သူ့နာမည်က မူလခန္ဓာကိုယ်ပိုင်ရှင်၏ ရွာအထိပင် ကျော်ကြားသည်။ သို့သော် ဒီနှစ်ရက် အတူနေကြည့်ရသလောက် ကျိဟုန်ကျွင်းက ပျင်းသည်ဟု လျန်ဟွမ်း မခံစားရပေ။ ဒီနှစ်ရက်အတွင်း လုပ်ခဲ့သည်များကို ကြည့်လျှင် ကျိဟုန်ကျွင်းက အားကိုးရသူတစ်ယောက်ဟု လျန်ဟွမ်း ထင်မိသည်။
မိဘစကား နားယောင်သူမဟုတ်သလို ခေါင်းမာသူလည်း မဟုတ်ပေ။ မနေ့ကဆို သံဒယ်အိုးတောင် ရအောင် ယူလာနိုင်သေးသည်။ သူက အရည်အချင်းရှိသူ တစ်ယောက် ဖြစ်ပုံရသည်။
လျန်ဟွမ်း၏ ဂျုံကြမ်းများ ကြိတ်ပြီးသွားပြီ ဖြစ်သည်။ သူမက ဂျုံမှုန့်များကို အိတ်ထဲ ထည့်ကာ ကျန်းအာမေ့ကို ပြုံးပြလိုက်သည်။ "အဒေါ်... ကျွန်မ သိပါတယ်၊ ကျွန်မ ကောင်းကောင်း နေသွားမှာပါ"
တကယ်လို့ ကျိဟုန်ကျွင်းက အခုလိုမျိုး ကောင်းနေမယ်ဆိုရင်တော့... အတူတူ နေကြည့်လို့ ရတာပေါ့။
…
အခန်း (၉)
လျန်ဟွမ်းသည် ဂျုံကြမ်းအိတ်ကို ကိုင်ကာ ကျန်းအာမေ့ကို ကြည့်ပြီး ပြောလိုက်သည်။
"အဒေါ်... ကျွန်မ ပြန်တော့မယ်၊ ဒီနေ့ အိမ်မှာ နံရံလုပ်ဖို့ လူလာကူနေလို့ စောစောပြန်ပြီး ထမင်းသွားချက်လိုက်ဦးမယ်"
"ထမင်းကျွေးမလို့လား၊ နေ့လယ်စာ ဘာချက်ဖို့ စိတ်ကူးထားလဲ" မနေ့ညက သူမ အပြင်ထွက်တော့ ရွာထဲမှ လူများ ပြောနေကြသည်မှာ ဟုန်ကျွင်းတို့လင်မယား အိမ်ခွဲစဉ်က နှံစားသီးနှံ ကျင်း ၅၀ သာ ရလိုက်သည်ဟု ဆိုကြသည်။ ဒီနှံစားသီးနှံ ကျင်း ၅၀ က ဘာလုပ်လို့ ရမှာလဲ။ အလွန်ဆုံး တစ်လသာ ခံမည်ဖြစ်ပြီး တစ်လပြည့်လျှင် အိမ်မှာ စားစရာ ပြတ်ပေတော့မည်။
"ကန်စွန်းဥ ဂျုံကြမ်းပေါက်စီ လုပ်မယ်၊ ကန်စွန်းဥ ဆန်ပြုတ် ပြုတ်မယ်၊ ပြီးတော့ အာလူးဟင်း ချက်မယ်" အိမ်မှာ အသားမရှိပေ။ ဒါက သူတို့အိမ်အနေဖြင့် အကောင်းဆုံး ချက်ပြုတ်နိုင်သည့် အစားအစာ ဖြစ်သည်။ ဒီထက်ပိုပြီး မလုပ်နိုင်တော့ပေ။
ကျန်းအာမေ့သည် လျန်ဟွမ်း ချက်မည့် ဟင်းများကို ကြားသောအခါ အပ်ချည်တောင်းကို ခုံပေါ် တင်လိုက်သည်။
"ခဏလေး စောင့်ဦး၊ ငါ့အိမ်မှာ ပဲတောင့်ရှည်ခြောက် နည်းနည်း ရှိတယ်၊ ယူသွားပြီး အာလူးနဲ့ ရောချက်လိုက်"
"အဒေါ်... မလိုပါဘူး" လျန်ဟွမ်း အလျင်အမြန် ငြင်းလိုက်သည်။
ဒီခေတ်တွင် ပဲတောင့်ရှည်ခြောက်က နှံစားသီးနှံ ဖြစ်ပြီး အသက်ကယ်နိုင်သည့် ပစ္စည်းဖြစ်သည်။ သူမနှင့် မာမိသားစုက သိပ်မရင်းနှီးသေးသဖြင့် သူများပစ္စည်းကို ယူရမည်မှာ အားနာစရာ ကောင်းလှသည်။
ကျန်းအာမေ့က ခြေလှမ်းမရပ်ဘဲ အိမ်ထဲသို့ ဝင်သွားရင်း ပြောလိုက်သည်။ "ပဲတောင့်ရှည်ခြောက် နည်းနည်းလေးက ဘာမှ မဖြစ်ပါဘူး၊ ငါ့အိမ်မှာ ရှိတယ်၊ ယူသွားပြီး စားလိုက်"
ကျန်းအာမေ့က အလုပ်မြန်သည်။ စကားပြောနေရင်း အိမ်ထဲမှ ပဲတောင့်ရှည်ခြောက်များကို ယူထုတ်လာပြီး လျန်ဟွမ်းလက်ထဲ ထည့်ပေးလိုက်သည်။ သူမက လျန်ဟွမ်း၏ လက်ကို ဆုပ်ကိုင်ကာ ပုတ်ပေးရင်း ပြောလိုက်သည်။
"ယူသွားပြီး စားလိုက်၊ အရင်တုန်းက စတုတ္ထလေးသာမရှိခဲ့ရင် ငါ့သား မာကော်တုန်း အသက်ရှင်ပါ့မလားတောင် မသိဘူး"
ကျန်းအာမေ့၏ စကားက အဓိပ္ပာယ်များလှသည်။ ကျိဟုန်ကျွင်းက မာကော်တုန်းကို ကယ်ဖူးတာလား။
လျန်ဟွမ်း စိတ်ထဲတွင် သံသယဝင်သွားသော်လည်း ကျန်းအာမေ့ ပေးသော ပဲတောင့်ရှည်ခြောက်များကို ဆက်မငြင်းတော့ဘဲ ကျေးဇူးတင်စကားပြောကာ ပြန်လာခဲ့သည်။ အားမှ ကျိဟုန်ကျွင်းကို မာကော်တုန်းအကြောင်း မေးကြည့်ရမည်။
လျန်ဟွမ်း အိမ်ပြန်ရောက်သောအခါ သူတို့အိမ်၏ မီးဖိုမှာ ခါးလည်လောက်အထိ ရောက်နေပြီ ဖြစ်သည်။ သူမ နောက်ထပ် နာရီဝက်လောက် နောက်ကျပြီးမှ ပြန်ရောက်ပါက မီးဖို ပြီးလောက်ပြီ ဖြစ်သည်။
အပြင်ဘက် နံရံကလည်း အတော်အတန် ပြီးနေပြီ ဖြစ်သည်။ ရွာထဲမှ သန်မာသော အမျိုးသားများက အလုပ်ကြမ်း လုပ်နေကျမို့ လက်သွက်ကြသည်။
လျန်ဟွမ်းသည် သူတို့ အလုပ်ရှုပ်နေကြသည်ကို မြင်သောအခါ သူမလည်း နံရံ မစီတတ်သဖြင့် ဝင်မကူတော့ဘဲ ဂျုံကြမ်းမှုန့်နှင့် ပဲတောင့်ရှည်ခြောက်များကို အခန်းထဲ ထားလိုက်သည်။ ထို့နောက် ကျိဟုန်ကျွင်းကို နှုတ်ဆက်ကာ ပြန်ထွက်လာခဲ့သည်။
သူမ ခုနက မေ့သွားသည်။ အိမ်မှာ ဆားနှင့် ဆီမရှိပေ။ ပေါက်စီ ပေါင်းရန်အတွက် ပွဆေးလည်း မရှိပေ။ သူမ၏ နေရာလွတ်ထဲတွင်လည်း မြေကွက်လပ်သာရှိပြီး ထိုပစ္စည်းများ မရှိပေ။ ကျိမိသားစုအိမ်သို့လည်း သူမ မသွားချင်သဖြင့် မာမိသားစုအိမ်သို့ သွားပြီး နည်းနည်းလောက် ငှားရန် စိတ်ကူးလိုက်သည်။
ကျန်းအာမေ့သည် အပ်ချုပ်လုပ်နေရင်း အသံကြားသဖြင့် မော့ကြည့်လိုက်ရာ လျန်ဟွမ်းကို တွေ့လိုက်ရသည်။ သူမက ပြုံးရွှင်စွာ မေးလိုက်သည်။
"ဟုန်ကျွင်း မိန်းမ လာပြန်ပြီလား၊ ထမင်းချက်မလို့ မဟုတ်ဘူးလား၊ ဘာလိုနေလို့လဲ"
ကျန်းအာမေ့က သဘောကောင်းပြီး စကားပြောရာတွင်လည်း နူးညံ့သည်။ လျန်ဟွမ်းက သူမကို ကြည့်ကာ လာရင်းကိစ္စကို ပြောပြလိုက်သည်။ "အဒေါ်... ကျွန်မ အခုမှ အိမ်ခွဲထားတာဆိုတော့ အိမ်မှာ ဘာမှ မရှိဘူး၊ ဆားနဲ့ ပွဆေး နည်းနည်းလောက် ငှားချင်လို့ပါ၊ မနက်ဖြန်ကျရင် ပြန်ပေးပါ့မယ်"
ဆီကိုတော့ သူမ မငှားတော့ပေ။ ဒီခေတ်တွင် ဆီက ရှားပါးပစ္စည်း ဖြစ်ပြီး အိမ်တိုင်းတွင် ဆီကို ချွေတာ သုံးစွဲကြသည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူမအမေ ဟင်းချက်လျှင် ဆီတစ်စက်သာ ထည့်ပြီး ရေလုံပြုတ် ချက်လေ့ရှိသည်။ သူမလည်း ပဲတောင့်ရှည်နှင့် အာလူးကို ရေလုံပြုတ်ပဲ ချက်လိုက်တော့မည်။
"ဆားတော့ ရှိတယ်၊ ဒါပေမဲ့ နင်ပြောတဲ့ ပွဆေးက ရွာမှာ မရှိဘူး၊ အဲဒါက ကုန်စုံဆိုင်မှာ ဝယ်ရင် တစ်ထုပ်ကို ၁၀ဆင့် ပေးရတာ၊ ပိုက်ဆံဖြုန်းတာပဲ၊ ငါကတော့ ဂျုံကြမ်း မုန့်နှစ်ဟောင်းကိုပဲ သုံးပြီး အချဉ်ဖောက်တာ၊ အိမ်မှာ ရှိနေတာနဲ့ အတော်ပဲ၊ ငါ နင့်ကို နည်းနည်း ပေးလိုက်မယ်၊ ပြန်ရောက်ရင် ရေနွေးနဲ့ စိမ်ပြီး ဂျုံကြမ်းနယ်တဲ့အထဲ ထည့်လိုက်ရင် ပွလာလိမ့်မယ်"
"ဟုတ်ကဲ့၊ ကျေးဇူးပါ အဒေါ်"
လျန်ဟွမ်းသည် ငှားလာသော ဆားနှင့် မုန့်နှစ်ဟောင်းကို ကိုင်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်ရှေ့ရောက်ခါနီးတွင် သူမတို့ အိမ်တံခါးဝ၌ ကလေးနှစ်ယောက် တံခါးကို ကိုင်ကာ အထဲသို့ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
တံခါးဝမှ ကလေးနှစ်ယောက်သည် အသံကြားသဖြင့် လန့်သွားပြီး လျန်ဟွမ်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ကလေးနှစ်ယောက်မှာ ယောကျ်ားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ မိန်းကလေးက ပိန်ပိန်ပါးပါးနှင့် အရပ်အမောင်းအရ ဆယ်နှစ်ကျော်ခန့် ရှိပုံရသည်။ ယောကျ်ားလေးကမူ ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ် ဖြစ်သည်။ လျန်ဟွမ်းကို မြင်သောအခါ သူက မကြောက်သည့်အပြင် မျက်လုံးလှန်ပြကာ သရဲဘီလူးရုပ် လုပ်ပြလိုက်သေးသည်။
"မိန်းမယုတ်၊ ငါ့အိမ်ကို လုယူတဲ့ မိန်းမ"
မိန်းကလေးကမူ ရှက်တတ်ပုံရသည်။ သူမက ကောင်လေးကို ဆွဲကာ လျန်ဟွမ်းကို ကြည့်ပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒေါ်လေး... သမီးတို့ လာကြည့်တာပါ"
မိန်းကလေးက ပြောပြီးသည်နှင့် ကောင်လေးကို ဆွဲကာ ထွက်ပြေးသွားသည်။ လျန်ဟွမ်းသည် ကောင်လေး၏ မကျေမနပ် ပြောသံကို သဲ့သဲ့ ကြားလိုက်ရသေးသည်။
"ကောင်မစုတ်၊ ငါ့ကို လွှတ်၊ အမေ့ကို သွားတိုင်မယ်၊ နင် ငါ့ကို ဆွဲတယ်၊ ရိုက်တယ်လို့ တိုင်ပြောမယ်"
ကလေးနှစ်ယောက်၏ ပြောစကားများကို ကြားရုံဖြင့် ဒုတိယတို့အိမ်မှ ကလေးနှစ်ယောက်မှန်း လျန်ဟွမ်း သိလိုက်သည်။ သူတို့ ဝေးရာသို့ ပြေးသွားမှ လျန်ဟွမ်းက ပစ္စည်းများ ကိုင်ကာ အိမ်ထဲ ဝင်လိုက်သည်။
အခန်းထဲတွင် မီးဖိုက ဘောင်ခတ်သည့်အဆင့် ရောက်နေပြီ ဖြစ်သည်။ ပြီးခါနီး မီးဖိုကို ကြည့်ရင်း လျန်ဟွမ်းသည် မီးဖိုလုပ်ပေးသူများကို ကျေးဇူးတင်စွာ ပြောလိုက်သည်။ "အစ်ကိုကြီးနှစ်ယောက် ပင်ပန်းနေပြီ၊ ကျွန်မ ရေနွေး တည်ပေးမယ်နော်"
အိမ်တွင် မီးဖို မရှိသေးသဖြင့် လျန်ဟွမ်း ရေနွေးတည်လျှင် မြေအိုးဖြင့် တည်ရမည် ဖြစ်သည်။ မီးဖိုလုပ်ပေးနေသော အမျိုးသားကြီး နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ အသံဩဩဖြင့် ငြင်းလိုက်သည်။
"မလိုပါဘူး၊ ငါတို့ ရေမဆာပါဘူး"
"ဒါဆိုရင် အစ်ကိုကြီးတို့ ပင်ပန်းရင် နားကြပါဦး၊ ကျွန်မ ဂျုံအရင် နယ်လိုက်မယ်၊ နေ့လယ်ကျရင် ဒီမှာပဲ ထမင်းစားကြနော်"
"ရပါတယ်၊ မင်း လုပ်စရာ ရှိတာ လုပ်ပါ၊ ငါတို့ကို ဂရုစိုက်မနေပါနဲ့" ကျန်းအာ့ကျူးနှင့် ကျန်းတာ့ကျူး ညီအစ်ကိုနှစ်ယောက်က ပြောပြီးသည်နှင့် မီးဖို ဆက်လုပ်နေကြသည်။
သူတို့ အလုပ်ရှုပ်နေသည်ကို မြင်သောအခါ လျန်ဟွမ်းလည်း ဆက်မနှောင့်ယှက်တော့ပေ။ အပြင်ထွက်ကြည့်လိုက်ရာ ကျိဟုန်ကျွင်းနှင့် လာကူညီသူများ နံရံစီနေကြသည်ကို တွေ့လိုက်ရသဖြင့် သူမ အခန်းထဲ ပြန်ဝင်လိုက်သည်။
မြေအိုးဖြင့် ရေနွေးတည်ကာ မုန့်နှစ်ဟောင်းကို ရေနွေးထဲ စိမ်လိုက်သည်။ ထို့နောက် ကန်စွန်းဥ လေးလုံး ဆေးကာ မြေအိုးထဲ ထည့်ပြုတ်လိုက်သည်။ ကန်စွန်းဥများ နူးအိလာသောအခါ လျန်ဟွမ်းက ဆယ်ယူလိုက်ပြီး ဇလုံထဲ ထည့်ကာ ချေလိုက်သည်။
သူမက ကန်စွန်းဥဖြင့် ဂျုံနယ်ရန် စိတ်ကူးထားခြင်းဖြစ်သည်။ ကန်စွန်းဥက ချိုပြီး ပျော့သည်။ ဂျုံကြမ်းက ကြမ်းတမ်းသဖြင့် ဒီတိုင်း ပေါက်စီလုပ်လျှင် စားမကောင်းပေ။ ကန်စွန်းဥ ထည့်နယ်လိုက်လျှင် ပေါက်စီက ပျော့အိပြီး ချိုကာ စား၍ ပိုကောင်းသွားမည်။
လျန်ဟွမ်းက လက်သွက်ခြေသွက်ဖြင့် ဂျုံနယ်လိုက်သည်။ ဘေးနားမှ ကျန်းအာ့ကျူးက အံ့ဩစွာ ကြည့်နေသည်။ ကျိဟုန်ကျွင်း မိန်းမက ကျိဟုန်ကျွင်းလိုပဲ ပျင်းတယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ အခုကြည့်ရတာ အလုပ်လုပ်တာ သွက်လက်လိုက်တာ။ ပျင်းတဲ့ပုံ မပေါ်ပါဘူး။
လျန်ဟွမ်းက ကျန်းအာ့ကျူး၏ အတွေးကို မသိပေ။ သူမက ဂျုံနယ်ပြီးသည်နှင့် ဇလုံကို ပွေ့ကာ အိပ်ခန်းထဲ ယူသွားပြီး စောင်ပုံကြားတွင် ထည့်ကာ အချဉ်ဖောက်ထားလိုက်သည်။ အိပ်ရာပေါ်တွင် နွေးထွေးသဖြင့် ဂျုံသား ပွလာဖို့ ပိုမြန်သည်။
လျန်ဟွမ်း အလုပ်ရှုပ်နေစဉ် အခြားတစ်ဖက်တွင် ထျဲတန့်သည် အာယာ ဆွဲခေါ်သွားခြင်း ခံလိုက်ရသဖြင့် အိမ်ရောက်သည်နှင့် ဒုတိယချွေးမကို တိုင်တောတော့သည်။
"အမေ... သွား၊ ကျွန်တော့်အိမ်ကို သွားပြန်လုပေး၊ ကျွန်တော် အစ်မကြီးတို့၊ အာယာတို့နဲ့ အတူ မနေချင်ဘူး၊ သူတို့က အရှုံးသမား စာရင်းဝင်တွေ၊ အဘွားက ပြောတယ်၊ ကျွန်တော်က အိမ်ရဲ့ ရွှေတုံးကြီးတဲ့၊ အိမ်က ပစ္စည်းတွေ အကုန်လုံးက ကျွန်တော့်ဟာတဲ့၊ စတုတ္ထဦးလေး အိမ်ကလည်း ကျွန်တော့်ဟာပဲ"
အရှေ့ဘက်ဆောင်မှ အိမ်ကို ဒုတိယချွေးမလည်း လိုချင်သည်။ သို့သော် သူမ လုမယူနိုင်ပေ။ သားဖြစ်သူ၏ စကားကို ကြားသောအခါ သူမက ထျဲတန့်ကို ဆွဲကာ စိတ်မရှည်စွာ ပြောလိုက်သည်။
"လိုချင်တယ်၊ လိုချင်တယ်နဲ့၊ ငါ့ကိုပဲ ပူဆာနေတယ်၊ ငါက ယူပေးနိုင်လို့လား၊ အိမ်လိုချင်ရင် နင့်အဘိုးနဲ့ အဘွားကို သွားပြောချေ"
ထျဲတန့်က ဒုတိယချွေးမ ဆွဲထားသည်ကို အားဖြင့် ရုန်းထွက်လိုက်ပြီး အော်ပြောသည်။ "အမေက လူဆိုးမကြီး၊ ကျွန်တော့်ကို မချစ်ဘူး၊ အမေ့ကို မလိုချင်ဘူး၊ အဘွားဆီ သွားမယ်၊ အဘွားကို အိမ်တောင်းခိုင်းမယ်"
ဒုတိယချွေးမသည် သားဖြစ်သူ၏ စကားကို ကြားသောအခါ ပိုဒေါသထွက်သွားပြီး ပွစိပွစိ ပြောလိုက်သည်။ "ကျေးဇူးကန်းတဲ့ကောင်လေး၊ နေ့တိုင်း အဘွား၊ အဘွားနဲ့၊ နင့်အဘွားက ငါ့လောက် နင့်ကို ချစ်လို့လား"
ဒုတိယချွေးမက ရေရွတ်ပြီးနောက် သမီးဖြစ်သူ သူမရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ ငေါက်လိုက်သည်။ "ဘာကြည့်နေတာလဲ၊ နင့်မောင်နောက် လိုက်မသွားဘဲနဲ့"
အာယာသည် ခန္ဓာကိုယ်လေး တုန်သွားပြီး ထျဲတန့် ရှိရာသို့ ချက်ချင်း ပြေးသွားသည်။
ဒုတိယချွေးမက ဆဲဆိုရေရွတ်ရင်း အခန်းထဲ ဝင်လိုက်ရာ ကျဉ်းကျပ်နေသော အခန်းကို မြင်ပြီး ပို၍ စိတ်မကြည်မလင် ဖြစ်သွားသည်။ ဒီအခန်းက မူလက တတိယတို့မိသားစု နေခဲ့သည့် အခန်းဖြစ်သည်။ မနေ့က အိမ်ခွဲတော့ သူတို့က အရှေ့ဘက်ဆောင်မှ ဆင်းပေးလိုက်ရပြီး တတိယမိသားစု၏ အခန်းကို ယူလိုက်ရသည်။ တတိယမိသားစုကိုမူ အရင်က ကလေးတွေ နေသည့် အခန်းသို့ ပို့လိုက်သည်။
အခု ကလေးတွေအတွက် နေစရာ အခန်းသီးသန့် မရှိတော့ဘဲ သူတို့ မိသားစု လေးယောက် အခန်းကျဉ်းကျဉ်းလေးထဲတွင် ပြွတ်သိပ် နေနေရသည်။ အရှေ့ဘက်ဆောင်တွင် နေရသလောက် မကောင်းပေ။
သူမ အရှေ့ဘက်ဆောင်မှ အိမ်ကို ပြန်ရအောင် နည်းလမ်း ရှာရမည်။
ဒုတိယချွေးမက အိမ်ပြန်ရဖို့ နည်းလမ်း မစဉ်းစားရသေးခင်မှာပင် အမေကျိက ကျိဟုန်ကျွင်းတို့အိမ် သံဒယ်အိုး ဝယ်ပြီး မီးဖို လုပ်နေသည့်သတင်းကို ကျန်းမိသားစုအိမ်မှ ကြားလိုက်ရသည်။
အမေကျိသည် လျန်ဟွမ်း၏ တုတ်ချက် နှစ်ချက်ကြောင့် တင်ပါးနာနေသည်။ သို့သော် သူမက အငြိမ်မနေနိုင်ဘဲ တင်ပါးနာသည့်ကြားမှ အိမ်တွင် မနားဘဲ လျန်ဟွမ်း မောင်းထုတ်လိုက်သည်နှင့် အိမ်မပြန်ဘဲ ဟိုအိမ်ဝင် ဒီအိမ်ဝင်နှင့် လျန်ဟွမ်း မကောင်းကြောင်း လိုက်ပြောနေသည်။
ချွေးမက ယောက္ခမကို ရိုက်သည်ဆိုသောကိစ္စမှာ ဒီခေတ်တွင် အပြစ်ပြောခံရမည့် ကိစ္စဖြစ်သည်။ အမေကျိက အမျိုးသမီးများကြားတွင် သနားစရာကောင်းဟန်ဆောင်ကာ ပြောဆိုရာ အချို့က သူမကို တကယ် သနားသွားကြပြီး သူမချွေးမ မကောင်းကြောင်း၊ ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကွာရှင်းပြီး မောင်းထုတ်သင့်ကြောင်း ပြောဆိုကြသည်။
အမေကျိက ကျန်းမိသားစုအိမ် ရောက်နေပြီး ကျန်းအာ့ကျူးအမေကို ဒီအကြောင်း ပြောပြနေစဉ် ကျန်းအာ့ကျူးအမေက နှစ်သိမ့်လိုက်သည်။
"အိမ်ခွဲပြီးပြီပဲ၊ နောက်ဆို သူတို့နဲ့ သိပ်မပတ်သက်နဲ့တော့၊ ဒါပေမဲ့ နင့်သား ဟုန်ကျွင်းက တော်သားပဲ၊ သံဒယ်အိုးတောင် ဝယ်နိုင်တယ်၊ ဒီမနက် ငါ့သား အာ့ကျူးနဲ့ တာ့ကျူးကို လာခေါ်ပြီး မီးဖို လုပ်ခိုင်းနေတယ်"
ကျန်းအာ့ကျူးအမေက သံဒယ်အိုးအကြောင်း ပြောသောအခါ တကယ်ပင် အားကျနေသည်။ သူတို့အိမ်က သံဒယ်အိုးဆိုလျှင် အပေါက်သုံးပေါက်လောက် ဖြစ်နေပြီ၊ အိုးဖာသည့်လူကို ခေါ်ပြီး ခဏခဏ ဖာထားရသည်။ အာ့ကျူး မိန်းမယူဖို့ ပိုက်ဆံစုနေရသဖြင့် ဒယ်အိုးအသစ် မဝယ်နိုင်သေးပေ။ ကျိဟုန်ကျွင်းလို အလုပ်မလုပ်သည့် လူပျင်းတစ်ယောက်က အိမ်ခွဲလိုက်သည်နှင့် ဒယ်အိုးဝယ်နိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
ကျန်းအာ့ကျူးအမေက စိတ်ထဲတွင် အားကျစွာ တွေးနေစဉ် ဘေးနားမှ အမေကျိက အံ့ဩတကြီး မတ်တပ်ရပ်လိုက်သည်။
"စတုတ္ထက သံဒယ်အိုး ဝယ်လိုက်တယ် ဟုတ်လား"
"မဖြစ်ဘူး၊ ငါ ပြန်ကြည့်ဦးမှ၊ ပြန်တော့မယ်ဟေ့"
စတုတ္ထကောင်က သံဒယ်အိုး ဝယ်လိုက်တယ်တဲ့။ အဲဒီကောင်စုတ်က ဘယ်ကပိုက်ဆံရပြီး သံဒယ်အိုး ဝယ်တာလဲ။ သူတို့အိမ်က ဒယ်အိုးဆို အဟောင်းကြီး။ အပေါက်နှစ်ပေါက်တောင် ရှိနေပြီ။ ဟင်းချက်ရင် ရေများသွားတာနဲ့ ယိုတော့တာပဲ။ အဲဒီကောင်စုတ်က ဒယ်အိုးအသစ် ဝယ်လိုက်တယ်တဲ့လေ။
သူမတောင် ဒယ်အိုးအသစ် မသုံးရသေးတာ။ အဲဒီကောင်စုတ်နဲ့ ကောင်မစုတ်က ဘာကိစ္စ ဒယ်အိုးအသစ် သုံးရမှာလဲ။ မဖြစ်ဘူး... သူမ ပြန်သွားပြီး သူတို့အိမ်က ဒယ်အိုးအသစ်ကို လုယူရမယ်။
အမေကျိသည် ပြာပြာသလဲနှင့် ကျန်းမိသားစုအိမ်မှ ထွက်လာပြီး အိမ်ဘက်သို့ အပြေးပြန်လာခဲ့သည်။
အိမ်နား ရောက်ခါနီးတွင် အိမ်ထဲမှ ပြေးထွက်လာသော ထျဲတန့်နှင့် တွေ့လိုက်ရသည်။ ထျဲတန့်သည် အမေကျိကို မြင်သောအခါ ရင်ခွင်ထဲသို့ ပြေးဝင်လာပြီး ခါးကို ဖက်လိုက်သည်။
"အဘွား... ကျွန်တော် အဖေတို့ အမေတို့နဲ့ အတူ မနေချင်ဘူး၊ စတုတ္ထဦးလေးနေတဲ့ အိမ်မှာ နေချင်တယ်၊ အဘွား သွားပြီး အိမ်ပြန်လုပေး"
ကျိမိသားစု မြေးအုပ်စုထဲတွင် ထျဲတန့် တစ်ယောက်သာ ရွှေတုံးကြီးဖြစ်ပြီး ကျန်လေးယောက်က မြေးမလေးများဖြစ်သည်။ ပုံမှန်အချိန်တွင် အမေကျိက ထျဲတန့်ကို အချစ်ဆုံးဖြစ်ပြီး တောင်းသမျှ ပေးလေ့ရှိသည်။ ယခုလည်း မြေးဖြစ်သူ၏ စကားကို ကြားသောအခါ အသည်းတုန်အောင် ချစ်သွားပြီး ပြောလိုက်သည်။
"အဘွားရဲ့ အသည်းတုံးလေး... အဘွား သွားတောင်းပေးမယ်၊ မြန်မြန်... နင့်အဖေကို သွားခေါ်၊ နင့်စတုတ္ထဦးလေးအိမ်က သံဒယ်အိုး သွားယူကြမယ်၊ သံဒယ်အိုး ရရင် အဘွား ကြက်ဥပြုတ်ကျွေးမယ်"
ဒီခေတ်တွင် ကြက်ဥက ရှားပါးပစ္စည်း ဖြစ်သည်။ ကျေးလက်အိမ်များတွင် ကြက်ဥ တစ်လုံးနှစ်လုံး ရှိလျှင် ကုန်စုံဆိုင်တွင် သွားရောင်းပြီး ပိုက်ဆံလဲကြသည်။ အမေကျိက ထျဲတန့်ကို ချစ်သော်လည်း ကြက်ဥကို နေ့တိုင်း ကျွေးလေ့မရှိပေ။ ကြက်ဥစားရမည်ဟု ကြားသောအခါ ထျဲတန့် မျက်လုံးများ အရောင်တောက်လာပြီး အမေကျိကို လွှတ်ကာ အပြင်သို့ ပြေးထွက်သွားသည်။ "အဘွား... ကျွန်တော် အဖေ့ကို သွားခေါ်လိုက်မယ်"
ထျဲတန့်က ခြေထောက်မြန်သည်။ ခဏအတွင်း ရွာထဲမှ လူစည်ကားရာ နေရာသို့ ရောက်သွားပြီး လူအုပ်ကြားတွင် ရပ်နေသော ဒုတိယသားကို မြင်သောအခါ လက်ကို ဆွဲကာ အိမ်ဘက်သို့ ပြေးတော့သည်။
"အဖေ... အိမ်ပြန်ကြမယ်၊ အဘွားက သံဒယ်အိုး သွားယူမလို့တဲ့၊ အဖေ့ကို ပြန်ခေါ်ခိုင်းလိုက်တယ်"
ဒုတိယသား ရောက်လာသောအခါ အမေကျိက ခြံဝင်းတံခါးဝတွင် ဘယ်ကြည့်ညာကြည့် လုပ်နေသည်ကို တွေ့လိုက်ရသည်။ ဒုတိယသား လာနေသည်ကို မြင်သောအခါ လှမ်းခေါ်လိုက်သည်။
"ဒုတိယ... လာပြီလား၊ လာ... မြန်မြန်၊ ငါတို့အိမ်က သံဒယ်အိုး သွားယူမယ်"
အမေကျိက ဒုတိယသားကို ခေါ်ပြီး လျန်ဟွမ်းအိမ်ဘက်သို့ သွားလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့ ရောက်သွားချိန်တွင် ကျန်းအာ့ကျူးတို့ နှစ်ယောက်က မီးဖို လုပ်ပြီးသွားပြီဖြစ်၍ သံဒယ်အိုးကို မကာ မီးဖိုပေါ် တင်ရန် ပြင်နေကြသည်။ ဘေးနားတွင် လျန်ဟွမ်းက နေ့လယ်စာ ဟင်းချက်ရန် အာလူးများကို ဆေးကြောနေသည်။
အမေကျိ အိမ်ထဲ ဝင်လာပြီး ကျန်းအာ့ကျူးက သံဒယ်အိုးကို ကိုင်ကာ မီးဖိုပေါ် တင်ရန် ပြင်နေသည်ကို တွေ့လိုက်ရသောအခါ ဒုတိယသားကို ပြောလိုက်သည်။ "ဒုတိယ... မြန်မြန်၊ ငါတို့အိမ်က ဒယ်အိုးကို ယူခဲ့"
ဒုတိယသားသည် ဒယ်အိုးအသစ်ကို ကြည့်ပြီး အသံပြုလိုက်ကာ ကျန်းအာ့ကျူးရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားလိုက်သည်။ သံဒယ်အိုးကို ဝင်လုကာ ပွေ့ပြီး ထွက်ပြေးသွားတော့သည်။
…
အခန်း (၁၀)
ဒုတိယသားက သံဒယ်အိုးကို လုယူပြီး ထွက်ပြေးသွားသဖြင့် ကျန်းအာ့ကျူးမှာ ကြောင်ပြီး ရပ်ကျန်နေခဲ့သည်။ သူက ဒယ်အိုးကို မီးဖိုပေါ် တင်ရန် ပြင်နေစဉ် ဘာကြောင့်များ အလုခံလိုက်ရသနည်း။
အမေကျိ၏ အသံမှာ ကျယ်လောင်လှသဖြင့် သူတို့ ဆူညံနေသည်ကို လျန်ဟွမ်း သတိထားမိလိုက်သည်။ သူမသည် လက်ထဲမှ အာလူးကို ဇလုံထဲသို့ ပစ်ထည့်ကာ လက်ကို ဖရိုဖရဲ သုတ်လိုက်ပြီး အမေကျိကို အေးစက်စွာ ကြည့်လိုက်သည်။
"ရှင် ကိုယ်တိုင် ပြန်လာပို့မလား၊ ဒါမှမဟုတ် ကျွန်မ လာယူရမလား"
"ကောင်မစုတ်... နင် ဘာတွေ လျှောက်ပြောနေတာလဲ၊ အဲဒါ ငါ့အိုး၊ ပြီးတော့ နင်နေတဲ့ နေရာကလည်း ငါ့နေရာပဲ" အမေကျိက လျန်ဟွမ်းကို မကျေမနပ် ကြည့်ကာ ပြောလိုက်သည်။
လျန်ဟွမ်းက သူမနှင့် ပြန်မငြင်းတော့ဘဲ တံခါးနောက်ရှိ တုတ်ကို ယူကာ အပြင်ထွက်လာခဲ့သည်။
ခြံဝင်းထဲတွင် ကျိဟုန်ကျွင်းသည် စင်ပေါ်တက်၍ နံရံစီနေပြီး မာကျန့်ကော်က အောက်တွင် ရွှံ့နယ်ပေးနေသည်။ သူသည် ဒယ်အိုးပိုက်ပြီး ပြေးသွားသော ဒုတိယသားကို မြင်သောအခါ ကျိဟုန်ကျွင်းကို လှမ်းပြောလိုက်သည်။
"ဟုန်ကျွင်း... ခုနကလူက မင်း ဒုတိယအစ်ကိုမလား၊ သံဒယ်အိုးကို ပိုက်ပြီး ပြေးသွားတယ်"
ကျိဟုန်ကျွင်းသည် စင်ပေါ်မှနေ၍ နံရံကို ကျော်ကာ တစ်ဖက်ခြံဝင်းသို့ လှမ်းကြည့်လိုက်သည်။ တစ်ဖက်ခြံဝင်းထဲတွင် ဒုတိယသားသည် ဒယ်အိုးကို ပိုက်ကာ မီးဖိုဆောင်ဘက်သို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ကျိဟုန်ကျွင်း စင်ပေါ်မှ ဆင်းလိုက်သည်။ တုတ်ကိုင်ပြီး လျှောက်လာသော လျန်ဟွမ်းကို မြင်သောအခါ သူ့မျက်ဝန်းအကြည့်များ နက်မှောင်သွားသည်။
"ငါ သွားယူလိုက်မယ်"
ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လျန်ဟွမ်းသည် တုတ်ကို မပစ်ဘဲ သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "အတူတူ သွားမယ်"
သူမက မနေ့ကမှ ရောက်လာခြင်း ဖြစ်ပြီး ဒီနေ့ဆိုလျှင် နှစ်ရက်သာ ရှိသေးသော်လည်း ကျိမိသားစုအိမ်၌ ငြိမ်းချမ်းသော အချိန်ဟူ၍ မရှိပေ။ အိမ်ခွဲတော့လည်း ပြဿနာရှာတယ်။ ညဘက်ကျတော့ ပစ္စည်း လာခိုးတယ်။ မနက်ကျတော့ ထမင်းလာစားဖို့ ဆူညံနေကြပြီး ယခုလည်း သူမအိမ်မှ သံဒယ်အိုးကို လာလုပြန်ပြီ။ ဒယ်အိုးဆိုသည်မှာ သူမ ထမင်းစားရန်အတွက် မရှိမဖြစ် ပစ္စည်းဖြစ်သည်။ ဒီတစ်ခါတော့ လွယ်လွယ်လေးနှင့် ပြီးလိုက်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ကျိမိသားစုသည် တစ်ချိန်လုံး ဤကဲ့သို့ လာလုပ်နေကြမည်ဖြစ်ရာ သူမ စိတ်ရှုပ်ရပေသည်။
စုတ်ပြတ်နေသော စနစ်က ဤနေရာစုတ်သို့ ပစ်ပို့လိုက်သဖြင့် စိတ်ရှုပ်ရသည့်အထဲ ဤကဲ့သို့ လူ့ဂွစာများနှင့် လာတွေ့နေရပြန်သည်။ လျန်ဟွမ်းမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲချင်လာပြီ ဖြစ်သည်။
ကျိမိသားစု မီးဖိုဆောင်ထဲတွင် ဒယ်အိုးအသစ်မှာ ကြမ်းပြင်ပေါ် ရောက်နေပြီး ဒုတိယသားက သူတို့၏ အိုးဟောင်းကို ဖယ်ကာ အိုးသစ်နှင့် လဲလှယ်ရန် ပြင်နေသည်။
ကျိဟုန်ကျွင်းက ကြမ်းပြင်ပေါ်ရှိ ဒယ်အိုးကို တစ်ချက်ကြည့်ပြီး နောက်မှ လိုက်လာသော လျန်ဟွမ်းကို လှည့်ပြောလိုက်သည်။
"မင်း ဒယ်အိုးကို အိမ်ပြန်ယူသွားလိုက်၊ ပြီးရင် ခေါင်းဆောင်ကြီးကို သွားခေါ်ခဲ့"
"ကောင်းပြီ"
လျန်ဟွမ်းက ဒယ်အိုးကို သွားယူလိုက်သည်။ ဒုတိယသားက လိုက်ရန် ပြင်သော်လည်း ကျိဟုန်ကျွင်းက သူ့ရှေ့မှ ပိတ်ရပ်လိုက်သည်။
အမေကျိ ရောက်လာပြီး လျန်ဟွမ်းက လက်တစ်ဖက်တည်းဖြင့် ဒယ်အိုးကို သယ်ကာ ထွက်သွားမည် ပြုသည်ကို မြင်သောအခါ ဝင်လုရန် ပြင်လိုက်သည်။ လျန်ဟွမ်းက ရှောင်လိုက်ပြီး သူမ၏ တင်ပါးကို ခြေထောက်ဖြင့် ကန်ထည့်လိုက်ရာ အမေကျိ နှင်းတောထဲ လဲကျသွားသည်။
အမေကျိ အော်ဟစ် ညည်းညူနေသော်လည်း လျန်ဟွမ်းက ဂရုမစိုက်ဘဲ သံဒယ်အိုးကို ကိုင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်သည်နှင့် သံဒယ်အိုးကို ကျန်းအာ့ကျူးအား ပေးလိုက်သည်။ "အစ်ကို... ဒယ်အိုး တပ်ပေးပါဦး၊ ကျွန်မ အပြင်ခဏ သွားစရာ ရှိလို့"
"ရပါတယ်၊ ခယ်မ... သွားစရာရှိ သွားလေ"
လျန်ဟွမ်း အပြင်ထွက်လာခဲ့သည်။ သူမ ထွက်လာသောအခါ မာကော်တုန်းသည် သူတို့အိမ်ရှေ့၌ ပုန်းကွယ်ကာ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် လျန်ဟွမ်း လက်ယပ်ခေါ်လိုက်သည်။
မာကော်တုန်းသည် သူမကို ကြောက်နေပုံရသည်။ ကျိဟုန်ကျွင်းကြောင့် ဖြစ်လောက်သည်။ ခဏလောက် တွန့်ဆုတ်နေပြီးမှ ပြေးလာခဲ့သည်။
"အစ်မ" ဆယ်နှစ်အရွယ် မာကော်တုန်းက ယဉ်ကျေးစွာ ခေါ်လိုက်သည်။
"ကော်တုန်း... ခေါင်းဆောင်ကြီးအိမ် ဘယ်နားမှာလဲ သိလား" မူလခန္ဓာကိုယ်ပိုင်ရှင်မှာ တစ်ခြားရွာမှ ပြောင်းလာသူ ဖြစ်သဖြင့် ခေါင်းဆောင်ကြီးအိမ် ဘယ်နားတွင် ရှိသည်ကို သူမ၏ မှတ်ဉာဏ်ထဲတွင် မသိပေ။
"သိတယ်၊ အစ်မက ခေါင်းဆောင်ကြီးကို ရှာချင်လို့လား၊ ကျွန်တော် လိုက်ပို့ပေးမယ်"
"အေး... ကျေးဇူးပဲ ကော်တုန်းရေ" လျန်ဟွမ်းက ပြုံးပြုံးလေး ပြောလိုက်သည်။
လျန်ဟွမ်းနှင့် မာကော်တုန်းတို့ ခေါင်းဆောင်ကြီးအိမ်သို့ ရောက်သောအခါ ခေါင်းဆောင်ကြီးသည် ခြံဝင်းထဲ၌ ထိုင်ကာ ဆေးတံသောက်နေသည်။ သူ့မိန်းမက ဘေးတွင် ထိုင်၍ ဝါဂွမ်းအင်္ကျီ ချုပ်ရင်း တတွတ်တွတ် ပြောနေသည်။
"ဒုတိယချွေးမ ကိုယ်ဝန်ရှိနေတော့ အိမ်က ကြက်ဥတွေကို ဒီလ အပြင်မရောင်းတော့ဘူး၊ ဒုတိယချွေးမ အားရှိအောင် ချန်ထားလိုက်မယ်"
"အိမ်ကိစ္စတွေ မင်းသဘောပဲ" ခေါင်းဆောင်ကြီးက ပြောရင်း ဆေးတံကို နံရံနှင့် ခေါက်ကာ ပြာချလိုက်သည်။ ခေါင်းမော့ကြည့်လိုက်သောအခါ လျန်ဟွမ်းက အပြင်မှ ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဟုန်ကျွင်းမိန်းမ ရောက်လာပါလား၊ ဘာကိစ္စ ရှိလို့လဲ"
"ကိစ္စလေး ရှိလို့ပါ၊ အိမ်မှာ သူခိုးဝင်လို့၊ ခေါင်းဆောင်ကြီး အပင်ပန်းခံပြီး လိုက်ကြည့်ပေးပါဦး"
လျန်ဟွမ်းက ခေါင်းဆောင်ကြီးကို ကြည့်ကာ လေးလေးစားစား ပြောလိုက်သည်။
လျန်ဟွမ်း၏ စကားကို ကြားသောအခါ ခေါင်းဆောင်ကြီး အံ့သြသွားသည်။ "သူခိုးဝင်တယ်၊ ငါတို့ရွာမှာ ဘယ်က သူခိုး လာရမှာလဲ၊ လာ... သွားကြည့်ရအောင်"
ခေါင်းဆောင်ကြီးက ပြောပြောဆိုဆိုနှင့် ဦးဆောင်ထွက်သွားသည်။ လျန်ဟွမ်းက ခေါင်းဆောင်ကြီးမိန်းမကို ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ "ဒေါ်ဒေါ်... ကျွန်မ သွားတော့မယ်နော်"
ခေါင်းဆောင်ကြီးက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သဖြင့် လျန်ဟွမ်းလည်း နောက်မှ အမှီလိုက်ရသည်။ နှစ်ယောက်သား မကြာခင်မှာပင် ကျိမိသားစုအိမ်သို့ ရောက်ရှိသွားကြသည်။
ကျိမိသားစုအိမ်၌ ယခုအချိန်တွင် ကျိဟုန်ကျွင်းသည် ကျိဟုန်ရှင်းရှေ့၌ စကားတစ်ခွန်းမှ မပြောဘဲ ရပ်နေသည်။ သို့သော် သူက အရပ်ရှည်ပြီး ဩဇာညောင်းသည့်ပုံ ပေါက်နေသဖြင့် ရပ်နေရုံနှင့်ပင် တစ်ဖက်လူကို ကြောက်လန့်စေသည်။
ကျိဟုန်ရှင်းသည် မျက်နှာပျက်နေပြီး ကျိဟုန်ကျွင်းကို ကြည့်နေသည်။ အကြည့်များက ကျိဟုန်ကျွင်းကို ဝါးစားချင်နေပုံ ပေါက်သော်လည်း တကယ်တမ်းတွင် ရှေ့တိုးပြီး မချရဲပေ။
အမေကျိကလည်း ဘေးမှနေ၍ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေသည်။
"စတုတ္ထ... နင်က ကျေးဇူးကန်းတဲ့ကောင်၊ ငါ ဒီလောက်နှစ်တွေအကြာကြီး ကျွေးမွေးခဲ့ရတာ လွယ်တယ်မှတ်နေလား၊ မိန်းမတစ်ယောက်အတွက်နဲ့ အမေကိုတောင် မလိုချင်တော့ဘူးပေါ့၊ နင့်ကို မွေးကတည်းက လည်ပင်းညှစ်သတ်ခဲ့ရမှာ"
"ငပျင်းကောင်၊ အသုံးမကျတဲ့ကောင်၊ မိန်းမရပြီး မအေ မေ့တဲ့ကောင်"
အမေကျိက ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေသည်။ လျန်ဟွမ်း ခြံဝင်းထဲ ဝင်လာကတည်းက အမေကျိ ဆဲဆိုနေသည်ကို ကြားလိုက်ရသည်။ ကျိဟုန်ကျွင်းက တောင်ကြီးတစ်လုံးလို မတ်မတ်ရပ်နေပြီး အမေကျိ ဆဲဆိုနေသည်များကို လုံးဝ ဂရုမစိုက်သလို နေနေသည်။
မိခင်ဖြစ်သူက သားကို ဤကဲ့သို့ ဆဲဆိုနေမှတော့ သားဖြစ်သူအနေဖြင့် ဝမ်းမနည်းဘဲ နေပါ့မလား။
လျန်ဟွမ်းက ကျိဟုန်ကျွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ သူမ ကြည့်လေလေ ကျိဟုန်ကျွင်းမှာ သနားစရာ ကောင်းနေလေလေ ဖြစ်သည်။ ယခု ကျိဟုန်ကျွင်းသည် သူမ၏ အမည်ခံ ခင်ပွန်းသည် ဖြစ်နေပြီ။ ဤအမျိုးသားက မဆိုးပေ။ စကားနည်းသော်လည်း အရည်အချင်းရှိသည်။ သံဒယ်အိုး ရအောင် ရှာပေးနိုင်သည်။ မိဘကို အလွန်အကျွံ မကြောက်ပေ။
၁၉၇၀ ပြည့်လွန်နှစ်များတွင် ထောက်ခံစာမပါဘဲ အပြင်ထွက်၍ မရသော ခေတ်ကာလဖြစ်ရာ မတော်တဆမှုများ မရှိလျှင် သူမနှင့် ကျိဟုန်ကျွင်းတို့ လောလောဆယ် ကွာရှင်း၍ ရဦးမည် မဟုတ်ပေ။ အနည်းဆုံး ဆယ်နှစ်လောက်တော့ အတူတူ နေထိုင်ရဦးမည်။
သူမက ကျိဟုန်ကျွင်းကို ကာကွယ်ပေးချင်သည်။ သူများ အဆဲမခံနိုင်ပေ။
လျန်ဟွမ်း တွေးပြီးသည်နှင့် ခေါင်းဆောင်ကြီး ဘေးမှနေ၍ ပြေးထွက်သွားပြီး ကြမ်းပြင်ပေါ်ရှိ တုတ်ကို ကောက်ကာ အမေကျိကို ရိုက်လိုက်သည်။
"ရှင် ဆဲဦးလေ၊ ကျိဟုန်ကျွင်းက ကျွန်မယောက်ျား၊ ရှင် ဆဲရဲသေးလား"
လျန်ဟွမ်း၏ တုတ်က အမေကျိ၏ ခြေထောက်ကို ရိုက်မိသွားသဖြင့် အမေကျိ အော်ဟစ်လိုက်ပြီး ခုန်ဆွခုန်ဆွနှင့် အော်ဟစ်နေတော့သည်။ "အမယ်လေး... အမယ်လေး... ကောင်မစုတ်က ငါ့ကို ရိုက်ရဲတယ်"
"နင်တို့တွေ သေနေကြလား၊ ငါ အရိုက်ခံနေရတာ မြင်ရက်နဲ့ မကူညီကြဘူးလား" အမေကျိက ချွေးမကြီးနှင့် ဒုတိယချွေးမတို့ကို လှမ်းကြည့်ကာ အော်လိုက်သည်။
ဒုတိယချွေးမက နှုတ်ခမ်းမဲ့လိုက်သည်။ "အမေ... သူ တုတ်ကိုင်ထားတယ်လေ"
စတုတ္ထမိန်းမက အရူးမကြီးလေ။ လူကို တုတ်နှင့် လိုက်ရိုက်တတ်သည်။ ထိုတုတ်အကြီးကြီးနှင့် အရိုက်ခံရလျှင် အလွန်နာကျင်ရမည်။ သူမ မမိုက်မဲပေ။
ချွေးမကြီးကတော့ ရိုးသားသူပီပီ အမေကျိ အရိုက်ခံရသည်ကို မြင်သောအခါ မနေနိုင်ဘဲ လှမ်းအော်သည်။
"စတုတ္ထမိန်းမ... မရိုက်ပါနဲ့တော့၊ ထပ်ရိုက်ရင် အမေ တစ်ခုခု ဖြစ်သွားလိမ့်မယ်"
အမေကျိသည် အရိုက်ခံရသဖြင့် ခြံဝင်းထဲတွင် ပတ်ပြေးနေသည်။ လျန်ဟွမ်းက သူမ ပတ်ပြေးနေသည်ကို ကြည့်ပြီး လှောင်ပြုံး ပြုံးကာ တုတ်ကို ပစ်ချလိုက်သည်။
"နောက်တစ်ခါ ကျွန်မယောက်ျားကို ထပ်ဆဲရင် ခြေထောက်ကို ရိုက်ရုံနဲ့ ပြီးမှာ မဟုတ်ဘူးနော်"
ကျိဟုန်ကျွင်းသည် ကျိဟုန်ရှင်းရှေ့တွင် ရပ်နေရင်း လျန်ဟွမ်းကို စူးစိုက်ကြည့်နေသည်။ မျက်ဝန်းများက နက်ရှိုင်းနေပြီး လျန်ဟွမ်းက သူ့ကို ကာကွယ်ပြောဆိုသည်ကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ မျက်လုံးထဲတွင် ခံစားချက် တစ်ခုခု ဖြတ်ပြေးသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
လျန်ဟွမ်း လူမရိုက်တော့သည်ကို မြင်မှ ကျိဟုန်ကျွင်းက ခြံဝင်းအလယ်တွင် ရပ်နေသော ခေါင်းဆောင်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင်ကြီး... မနေ့ညက အိမ်မှာ သူခိုးဝင်တယ်၊ အိမ်ခွဲတုန်းက ရထားတဲ့ ငါးယွမ် အခိုးခံလိုက်ရတယ်"
ကျိဟုန်ကျွင်းက စကားဆုံးသည်နှင့် မီးဖိုဆောင်ထဲတွင် ပိတ်မိနေသော ကျိဟုန်ရှင်းက ပြန်အော်သည်။
"မင်း ပါးစပ်ပိတ်ထား၊ ငါ မင်းပိုက်ဆံ မခိုးဘူး"
ကျိဟုန်ကျွင်းက သူ့ကို သူခိုးဟု တိုက်ရိုက် စွပ်စွဲလိုက်ခြင်း ဖြစ်သည်။ ခေါင်းဆောင်ကြီးမှာ ဘေးတွင် ရှိနေသဖြင့် မျက်နှာပျက်သွားသည်။
"ခေါင်းဆောင်ကြီး... ဒီသူခိုးက ဒီနေ့ ကျွန်မတို့အိမ်က ပိုက်ဆံခိုးတယ်၊ မနက်ဖြန်ကျရင် အများပိုင်ပစ္စည်းတွေ ခိုးလာလိမ့်မယ်၊ သူ့ကို ကော်မတီရုံး ပို့လိုက်ပါ" လျန်ဟွမ်းက ဘေးမှနေ၍ ဝင်ပြောသည်။
ခေါင်းဆောင်ကြီးက တွန့်ဆုတ်နေသည်။ "ဟုန်ကျွင်းမိန်းမ... ဆွေမျိုးတွေပဲဟာကို၊ ရုံးပို့တာ မကောင်းပါဘူး"
ကျိဟုန်ကျွင်းက ခဏ တိတ်ဆိတ်သွားပြီးမှ ဘေးမှနေ၍ ပြောသည်။ "ဦးလေး... ရုံးပို့လိုက်ပါ၊ မဟုတ်ရင် ကျွန်တော် ညဘက် ကောင်းကောင်း အိပ်ပျော်မှာ မဟုတ်ဘူး"
"ဦးလေး... ဟုန်ကျွင်းပြောတာ မှန်တယ်၊ ဆွေမျိုးဆိုပြီး မျက်နှာထောက်နေလို့ ဖြစ်မလား၊ ကိုယ့်လုံခြုံရေး ကိုယ်ကြည့်ရမှာပေါ့၊ ဘေးအိမ်မှာ သူခိုးနေနေတာ၊ အချိန်မရွေး အခိုးခံရနိုင်တယ်ဆိုတော့ ညဘက် ဘယ်လိုလုပ် အိပ်ရဲမှာလဲ" လျန်ဟွမ်းက ခေါင်းဆောင်ကြီးကို ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျိဟုန်ရှင်းကို ရုံးပို့မည်ဟု ကြားသောအခါ အမေကျိက မအော်ဟစ် မညည်းညူတော့ဘဲ ထလာတော့သည်။
"ကောင်မစုတ်... ဒုတိယကို ရုံးပို့ရဲရင် နင့်ကို သတ်ပစ်မယ်"
အမေကျိ ဤသို့ လုပ်လေ လျန်ဟွမ်းက ပိုတင်းလေ ဖြစ်သည်။ "ဦးလေး... ရှင်က ကျိဟုန်ရှင်းကို ရုံးမပို့ချင်ဘူးဆိုရင် ကျွန်မ ကိုယ်တိုင် သွားတိုင်မယ်၊ ပစ္စည်းခိုးတာ အပြစ်ကြီးတယ်ဆိုတာ သိတယ်မလား"
လျန်ဟွမ်းက သူ့ကို ကျော်ပြီး သွားတိုင်မည်ဟု ဆိုသဖြင့် ခေါင်းဆောင်ကြီး အနေခက်သွားသည်။ ထိုသို့ ဖြစ်လာပါက သူ ခေါင်းဆောင်ကြီး အလုပ်မလုပ်ဘူးဟု အပြောခံရမည်ကို စိုးသဖြင့် ချက်ချင်း ပြောလိုက်သည်။
"ကောင်းပြီလေ၊ ရုံးပို့မယ်ဆိုလည်း ပို့တာပေါ့၊ ပစ္စည်းခိုးတာ ပညာပေးခံရဖို့ ထိုက်တန်ပါတယ်"
ခေါင်းဆောင်ကြီး ထိုသို့ ပြောလိုက်သည်နှင့် ကျိဟုန်ရှင်းကို ရုံးပို့တော့မည် ဖြစ်ရာ ခြံဝင်းအပြင်ဘက်တွင် ချောင်းနေသော အဖေကျိ ဝင်လာတော့သည်။
"ညီလေး ကော်ပင်း... ရောက်နေတာလား၊ အိမ်ထဲဝင်ပြီး ရေနွေးကြမ်း သောက်ပါဦး" အဖေကျိက ခေါင်းဆောင်ကြီးကို ကြည့်ကာ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်သည်။
လျန်ဟွမ်းက အမေကျိ ရိုင်းစိုင်းသည်ကို မကြိုက်သော်လည်း အဖေကျိ၏ ဟန်ဆောင်ကောင်းသည်ကို ပိုမုန်းသည်။ လူယုတ်မာ။ ဗြောင်မကျဘဲ အတွင်းစိတ် မကောင်းတဲ့လူ။ မနေ့က အိမ်ခွဲတုန်းက မတရား ခွဲပေးခဲ့ပြီး ဟုန်ကျွင်းအတွက် စေတနာရှိသလို ဟန်ဆောင်ခဲ့တဲ့ အဘိုးကြီး။ လက်ဖက်စိမ်း အဘိုးကြီး (အပေါ်ယံကောင်းပြပြီး အတွင်းစိတ်ယုတ်မာသူ)။
အဖေကျိ စကားပြောသည်ကို ကြားသောအခါ ခေါင်းဆောင်ကြီး စကားမပြောခင် လျန်ဟွမ်းက ဖြတ်ပြောလိုက်သည်။
"အဖေ ရောက်လာပြီလား၊ ကောင်းတာပေါ့၊ ဒုတိယအစ်ကိုက ကျွန်မတို့အိမ်က ပိုက်ဆံငါးယွမ်နဲ့ အစားအစာတွေ ခိုးသွားလို့ ရုံးပို့မလို့ လုပ်နေတာ၊ အဖေပါ လိုက်ခဲ့လေ"
အဖေကျိသည် မူလက ကျိဟုန်ရှင်းကိစ္စကို မသိချင်ယောင်ဆောင်ကာ ခေါင်းဆောင်ကြီးကို ရေနွေးကြမ်းသောက်ရန် ခေါ်ပြီး ဤကိစ္စကို ပြီးသွားစေချင်ခဲ့သည်။ သို့သော် လျန်ဟွမ်းက တိုက်ရိုက် ပြောလိုက်သဖြင့် အဖေကျိ မသိချင်ယောင်ဆောင်၍ မရတော့ပေ။
အဖေကျိက ကြားဝင်ဖြန်ဖြေပေးသည့် ပုံစံဖြင့် ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။
"ဟုန်ကျွင်းရာ... ဟုန်ရှင်းက မင်းအစ်ကိုပဲ၊ မင်းပစ္စည်း ဘယ်လိုလုပ် ခိုးမှာလဲ၊ မင်းကို လာကြည့်တာ နေမှာပါ၊ ဒုတိယကလည်း အမှားတော့ ရှိပါတယ်၊ မင်းကို လာကြည့်တာ နေ့ခင်းဘက် လာကြည့်သင့်တာ၊ ညဘက်ကြီး လာတာတော့ မကောင်းဘူးပေါ့၊ မင်းကလည်း သူ့ကို ရိုက်လိုက်သေးတယ်မလား၊ အဖေ့စကား နားထောင်ပါ၊ ညီအစ်ကိုတွေပဲ ရန်ငြိုးမထားကြပါနဲ့၊ မင်းအစ်ကိုကို မင်းကို တောင်းပန်ခိုင်းမယ်၊ မင်းကလည်း ပြန်တောင်းပန်လိုက်၊ ပြီးသွားရောပေါ့၊ ဘယ်လိုလဲ"
လျန်ဟွမ်းက ဘေးမှနေ၍ အဖေကျိ၏ ဖြေရှင်းပုံကို မဲ့ရွဲ့လိုက်သည်။ "အဖေ... ဘက်လိုက်တာလည်း လွန်လွန်းနေပြီ၊ ဒုတိယအစ်ကိုက ပိုက်ဆံနဲ့ စားစရာတွေခိုးသွားတာ၊ ပိုက်ဆံနဲ့ ဆန် ပြန်မပေးရင် ရုံးကို ပို့ရမှာပဲ"
အဖေကျိ မျက်နှာ မည်းမှောင်သွားသည်။ "စတုတ္ထမိန်းမ... နင့်အစ်ကိုက ပိုက်ဆံခိုးတယ်ဆိုတာ နင် သေချာလို့လား"
လျန်ဟွမ်းက အတည်ပြု ပြောလိုက်သည်။ "သေချာတာပေါ့၊ ခိုးသွားတာ၊ စားစရာတွေရောပဲ၊ ဒီနေ့ ဒုတိယအစ်ကိုက ဆယ်ယွမ် လျော်မပေးရင် ရုံးကို သွားတိုင်မှာ"
လျန်ဟွမ်းက ပြောပြီးသည်နှင့် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ ကျိဟုန်ကျွင်းက ခြေတံရှည်ကြီးများဖြင့် လိုက်လာသည်။ "ငါ လိုက်ပို့မယ်"
လင်မယားနှစ်ယောက် ပြောပြောဆိုဆိုနှင့် အပြင်ထွက်သွားကြရာ ရုံးသို့ သွားတိုင်ရန် ဆုံးဖြတ်ထားပုံ ရသည်။
ကျိဟုန်ရှင်း ကြောက်လန့်ပြီး ခြေထောက်များ တုန်လာကာ အဖေကျိကို အတင်း ဆွဲထားသည်။ "အဖေ... ကျွန်တော် အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေးစခန်း မသွားချင်ဘူး၊ ဝေဖန်ရေး မလုပ်ခံချင်ဘူး"
အဖေကျိက ကျိဟုန်ရှင်းကို စူးစူးရဲရဲ ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်နေသော ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်းတို့ကို မည်းမှောင်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။
"မင်းတို့က ဟုန်ရှင်းကို ရုံးမတိုင်ဖို့ ဘာလိုချင်တာလဲ"
လျန်ဟွမ်းက ကျိဟုန်ကျွင်း လက်မောင်းကို ချိတ်ကာ အဖေကျိကို လှည့်ကြည့်လိုက်သည်။
"အဖေကလည်း... ပြောတတ်လိုက်တာ၊ ဒုတိယအစ်ကိုက အမှားလုပ်ထားတာလေ၊ ကျွန်မတို့ ပစ္စည်းခိုးသွားတာကို၊ ကျွန်မတို့က သဘောကောင်းလို့ ဒီလောက်နဲ့ ပြီးလိုက်မလို့ပါ၊ ကျွန်မတို့ကလည်း လူမဆန်တဲ့သူတွေ မဟုတ်ပါဘူး၊ ဒုတိယအစ်ကိုက ပိုက်ဆံနဲ့ စားစရာခိုးသွားတဲ့အတွက် ဆယ်ယွမ် လျော်ပေး၊ ဒါဆို ကျေအေးပေးမယ်၊ မလျော်ရင်တော့ ရုံးသွားတိုင်မယ်"
…