အခန်း (၁) ၁၉၇၂ ခုနှစ်၊ ဆောင်းရာသီ

၁၉၇၀ ခုနှစ်၊ ဆောင်းရာသီ

နှင်းများက တစ်ညလုံး မစဲဘဲ တဖွဲဖွဲနေခဲ့သည်။ မိုးလင်းစအချိန်တွင် အလံနီအုပ်စုဆီမှ နားကွဲလုမတတ် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ "မြန်မြန်လာကြပါဦး၊ လူသေပြီ၊ လူသေပြီ"

ရွာငယ်လေးတစ်ရွာလုံးသို့ ပျံ့လွင့်သွားသော အော်ဟစ်သံများက အိပ်မောကျနေသော ရွာသားများကို နှိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။ ဖာထေးရာများဖြင့် ပြည့်နှက်နေသော ဝါဂွမ်းအင်္ကျီများကို ဝတ်ဆင်ထားကြသော ရွာသားများသည် တစ်ယောက်ပြီးတစ်ယောက် ကျုံ့ကျုံ့လေး ထွက်လာကြပြီး အော်ဟစ်နေသူကို မြင်သောအခါ မကျေမနပ် ပြောဆိုကြတော့သည်။ "လျိုအိမ်ကချွေးမ၊ ဒီလောက်အေးတဲ့ ရာသီဥတုမှာ လူကို ပေးမအိပ်တော့ဘူးလား၊ ဘာတွေ အော်နေတာလဲ"

လျိုအိမ်ကချွေးမသည် ရွာထဲမှလူများ အိပ်ရာထလာကြသည်ကို မြင်သောအခါ သူတို့အနားသို့ တိုးသွားပြီး အမူအရာအပြည့်ဖြင့် ပြောလိုက်သည်။ "အို... ဒုက္ခပါပဲ၊ ကျိမိသားစုက အိမ်ထောင်ကျခါစ လင်မယားနှစ်ယောက် သေသွားကြပြီ"

လူအုပ်ကြီးထဲမှ အချို့က မယုံကြည်ကြဘဲ လျိုအိမ်ကချွေးမကို မကျေနပ်သည့် မျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်ကြသည်။ "ဘာတွေ လျှောက်ပြောနေတာလဲ၊ လူတွေက မနေ့ကမှ မင်္ဂလာဆောင်ထားတာ၊ ဘာကိစ္စ သေရမှာလဲ၊ မနက်စောစောစီးစီး ဦးနှောက်မကောင်းတော့ဘူးလား"

လျိုအိမ်ကချွေးမသည် သူမပြောသည့်စကားကို မယုံကြည်သူများ ရှိနေသည်ကို ကြားသောအခါ ပြန်လည်ချေပလိုက်သည်။

"ကျုပ် လိမ်ပြောနေတာ မဟုတ်ဘူး၊ ကျိမိသားစုက လင်မယားနှစ်ယောက် တကယ်သေသွားတာ၊ ရှင်တို့က ဝေးတဲ့နေရာမှာ နေတာဆိုတော့ မသိကြဘူး၊ ကျုပ်အိမ်က ရွာထိပ်မှာမို့ အကုန်မြင်နေရတာ"

လျိုအိမ်ကချွေးမသည် လူအုပ်ကြီးကြားတွင် ရပ်ကာ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြောပြနေသည်။

"ကျိမိသားစုကြီးက လူတွေ မဟုတ်သေးပါဘူး၊ ကျိဟုန်ကျွင်းတို့ လင်မယားနှစ်ယောက်က အခုမှ မင်္ဂလာဆောင်ရုံ ရှိသေးတယ်၊ မနေ့ညက အိမ်ဟောင်းဘက်ကို မောင်းထုတ်ခံလိုက်ရတယ်၊ အဲဒီရွှံ့အိမ်က ထုပ်တန်းတွေတောင် စောင်းနေပြီ၊ မနေ့ညက နှင်းတွေ အများကြီးကျတော့ အိမ်က နှင်းမုန်တိုင်းဒဏ်ကြောင့် ပြိုကျသွားတယ်၊ ကျုပ် ဒီမနက် အိမ်သာတက်ဖို့ ထွက်လာတုန်း အဲဒီအိမ်ကြီး အပျက်အစီးပုံ ဖြစ်နေတာကို တွေ့လိုက်ရတယ်"

"အဲဒီလင်မယားနှစ်ယောက်က အပျက်အစီးပုံအောက်မှာ ပိမိနေတာ၊ မြေကြီးခဲတွေ ပိနေမှတော့ အသက်ရှင်ပါဦးမလား"

လူအုပ်ကြီးမှာ သက်ပြင်းချလိုက်ကြသည်။ "အို... ဟုတ်သားပဲ၊ အိမ်အောက်မှာ ပိနေမှတော့ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ"

လူအုပ်ကြီးထဲမှ မျက်စိလျင်သူတစ်ဦးက ရွာသူကြီး ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အော်ပြောလိုက်သည်။ "ရွာသူကြီး လာပြီ၊ သူကြီးရေ... လူခေါ်ပြီး သွားကြည့်ပေးပါဦး၊ ရွာထိပ်မှာ လူသေလို့တဲ့"

ရွာသူကြီးသည် မနက်စောစောစီးစီး အနှောင့်အယှက် ခံလိုက်ရပြီး ရွာထဲတွင် လူသေသည်ဟု ကြားလိုက်ရသဖြင့် စိတ်အခြေအနေ မကောင်းဖြစ်နေကာ ပြောလိုက်သူကို ပြန်ငေါက်လိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ၊ ဘာဖြစ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောစမ်း"

လျိုအိမ်ကချွေးမသည် ရွာသူကြီးက ထိုသို့မေးလာသည်ကို ကြားသောအခါ သူ့ရှေ့သို့ တိုးသွားပြီး ခုနက ပြောခဲ့သည့် စကားများကို အမူအရာအပြည့်ဖြင့် ထပ်ပြောပြလိုက်ပြန်သည်။

ရွာသူကြီးသည် သူမပြောသည်ကို နားထောင်ပြီးနောက် မျက်နှာထားတင်းမာသွားကာ ဘေးနားတွင် ဝိုင်းကြည့်နေသော သန်မာသည့် အမျိုးသားအချို့ကို လက်ညှိုးထိုးကာ ခေါ်လိုက်သည်။ "မာတာ့၊ လျိုကျွမ်း ... မင်းတို့အဖွဲ့ ကိရိယာတွေ ယူပြီး ငါနဲ့အတူ ရွာထိပ်ကို လိုက်ခဲ့ကြ"

ဒီ ကျိမိသားစုကြီးကတော့ တော်တော်လွန်တာပဲ၊ နှင်းတွေကျနေတဲ့ နေ့မျိုးမှာ လူတွေကို အဲဒီလို ပျက်စီးယိုယွင်းနေတဲ့ အိမ်ဟောင်းကြီးဆီ ဘယ်လိုလုပ် မောင်းထုတ်ရက်ကြတာလဲ၊ လူတွေရော အသက်ရှင်ကြပါဦးမလား မသိဘူး။

ရွာသူကြီးသည် လူများကို ဦးဆောင်၍ ရွာထိပ်သို့ ထွက်သွားကြရာ ရွာထဲမှ အတင်းပြောတတ်သော အမျိုးသမီးအချို့လည်း နောက်မှ လိုက်သွားကြသည်။ သူတို့ထဲမှ အချို့က ကျိမိသားစုမှ လင်မယားနှစ်ယောက်၏ အသက်အန္တရာယ်ကို တကယ် စိတ်ပူကြသော်လည်း အချို့ကမူ စပ်စုချင်စိတ် သက်သက်ဖြင့် သွားရောက်ကြည့်ရှုချင်ကြခြင်း ဖြစ်သည်။

ရွာသူကြီး ရွာထိပ်သို့ ရောက်သောအခါ နှင်းများ ဖုံးလွှမ်းနေသော အပျက်အစီးပုံကို ကြည့်ရင်း မျက်နှာထား ပို၍ တင်းမာလာသည်။ လူတွေ အသက်ရှင်နိုင်ပါဦးမလား၊ တကယ် မသေပါစေနဲ့၊ လူ့အသက် နှစ်ချောင်းတောင်မှပဲ။

"အားလုံးပဲ ကိရိယာတွေ ကိုင်ပြီး နှင်းတွေကို ဖယ်ကြ၊ သတိထားပြီး တူးကြနော်"

ရွာသူကြီးက အမိန့်ပေးလိုက်သည်နှင့် ရွာထဲမှ သန်စွမ်းသော လူငယ်များက ကိရိယာများကို ကိုင်ကာ လူများကို ကူညီ ရှာဖွေပေးကြသည်။

......

ထိုအချိန်တွင် ကျိမိသားစုအိမ်၌ ဖြစ်သည်။ ကျိမိသားစု၏ ချွေးမကြီး လီရှို့လျန်သည် သူခိုးတစ်ယောက်ကဲ့သို့ အိမ်သို့ ပြန်ရောက်လာပြီး အခန်းထဲ ရောက်သည်နှင့် တံခါးကို အမြန်ပိတ်ကာ အစ်ကိုကြီးကျိ ရှေ့သို့ ပြေးသွားသည်။

"ကျိဟုန်ချီ ၊ ဒုက္ခပဲ၊ ဟုန်ကျွင်း တို့ လင်မယားနှစ်ယောက် ပြဿနာတက်ကုန်ပြီ" လီရှို့လျန်က အပြင်တွင် ကြားခဲ့ရသည့် စကားများကို အစ်ကိုကြီးကျိအား တီးတိုး ပြောပြလိုက်သည်။

အစ်ကိုကြီးကျိသည် နားထောင်ပြီးနောက် မျက်နှာထား တည်သွားသည်။ "ဒီကိစ္စ မင်း ဝင်မပါနဲ့၊ အဖေ့ကို ငါ သွားပြောလိုက်မယ်"

အစ်ကိုကြီးကျိက ပြောပြီးသည်နှင့် မျက်နှာပျက်ပျက်ဖြင့် ထွက်သွားသည်။ ချွေးမကြီးမှာ အိပ်ရာပေါ်တွင် ထိုင်နေရင်း စိတ်ဂနာမငြိမ် ဖြစ်နေသည်။ လူတွေ တကယ် မသေပါစေနဲ့၊ မနေ့က ဒုတိယနဲ့ တတိယမိသားစုတို့ရဲ့ စကားတွေကြောင့်သာ သူမက စတုတ္ထတို့ လင်မယားနှစ်ယောက်ကို ခွဲထုတ်ဖို့ ဖြစ်လာခဲ့ရခြင်း ဖြစ်သည်။

......

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားသည်။ နာရီဝက်ခန့် ကြာပြီးနောက် ရွာထိပ်ရှိ လူတူးနေသော အမျိုးသားများ၏ ကိုယ်ပေါ်တွင် ချွေးများ စတင် ထွက်လာကြသည်။

"ဒီမှာ လူရှိတယ်" လျိုအာကျူး က အော်ပြောလိုက်သည်။

ရွာသူကြီးသည် လူများကို ခေါ်၍ ချက်ချင်း သွားကြည့်လိုက်ရာ ထုပ်တန်းအောက်တွင် အင်္ကျီစလေး ပေါ်နေသည်ကို တွေ့လိုက်ရသဖြင့် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "လူတွေ့ပြီ၊ အားလုံးပဲ သတိထားကြ၊ ထုပ်တန်းကို မလို့ရမလား ကြည့်ပြီး လူကို ဆွဲထုတ်ကြစို့"

အမျိုးသား ငါးယောက်၊ ခြောက်ယောက်ခန့်က ညီညွတ်စွာဖြင့် တိုင်ကို ရွှေ့လိုက်ကြရာ ပူးကပ်နေသော လူနှစ်ယောက် ပေါ်လာသည်။ နှစ်ယောက်စလုံးမှာ အတွင်းခံအင်္ကျီများကို ဝတ်ဆင်ထားကြပြီး မျက်နှာများမှာ အအေးဒဏ်ကြောင့် ခရမ်းရောင် သန်းနေသည်။

ရွာသူကြီးသည် အမျိုးသား၏ နှာခေါင်းဝတွင် လက်ကို တင်ကာ စမ်းသပ်ကြည့်လိုက်ရာ အသက်ရှူသံ သဲ့သဲ့ ကျန်နေသေးသည်။

"အသက်ရှိသေးတယ်၊ မြန်မြန်... လူတွေကို ကျိမိသားစုအိမ် ပို့လိုက်ကြ"

ထိုအချိန် ကျိမိသားစုအိမ်တွင် ကျိမိသားစုဝင် လင်မယားနှစ်ယောက်အကြောင်း ဆွေးနွေးနေကြသည်။ ဒုတိယသား၏ မိန်းမက ခင်ပွန်းသည်၏ တားမြစ်မှုကို ဂရုမစိုက်ဘဲ ယောက္ခမဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။

"အဖေ... ကျွန်မတို့ မနေ့ကပဲ အိမ်ခွဲလိုက်ကြတာလေ၊ စတုတ္ထလေး သေသွားရင်တောင် နာရေးစရိတ်ကို ကျွန်မတို့ တာဝန်မယူနိုင်ဘူးနော်"

စတုတ္ထလေးလို ပျင်းတဲ့လူက အလုပ်မလုပ်ဘဲ ခိုကပ်နေတာ၊ ဒီလောက်နှစ်တွေအကြာကြီး သူမယောက်ျား ရှာတဲ့ အမှတ်တွေနဲ့ပဲ ကျွေးမွေးထားရတာ၊ သေသွားတာတောင် သူတို့အိမ်က အမြတ်ထုတ်ချင်နေသေးတယ်၊ လုံးဝ မရဘူး။

တတိယသား၏ မိန်းမက ဒုတိယချွေးမ ပြောသည်ကို မြင်သောအခါ ဘေးမှနေ၍ ချက်ချင်း ထောက်ခံလိုက်သည်။ "ဒုတိယအစ်မ ပြောတာ မှန်တယ် အဖေ၊ ဒီလောက်နှစ်တွေအကြာကြီး စတုတ္ထလေးက အမှတ် ဘယ်လောက်မှ မရှာနိုင်ခဲ့ဘူး၊ အရင်တုန်းက ကျွန်မတို့ဆီက စားတယ်၊ သောက်တယ်၊ အခု သေသွားတော့လည်း ကျွန်မတို့ကပဲ မြှုပ်နှံပေးရဦးမယ်ဆိုရင်တော့ ကျွန်မတို့ လက်မခံနိုင်ဘူး"

ပျင်းလွန်းလို့ အမြီးပေါက်နေတဲ့ လူ၊ အသက်ရှင်တုန်းက စားရုံပဲ စားပြီး အလုပ်မလုပ်ဘူး၊ သေသွားတာတောင် ဘယ်သူမှ မြေမမြှုပ်ပေးတာ ဝဋ်လည်တာပဲ။

အမေကျိက ချွေးမနှစ်ယောက်ကို ကြည့်ကာ ငေါက်လိုက်သည်။ "နင်တို့က ဘာတွေ ဒီလောက်တောင် စကားများနေရတာလဲ၊ မနက်စောစောစီးစီး ထမင်းမစားကြတော့ဘူးလား၊ အကုန်လုံး ထမင်းသွားချက်ကြစမ်း"

ကျိမိသားစု ချွေးမများ မောင်းထုတ်ခံလိုက်ရပြီးနောက် အမေကျိက အဖေကျိဘက်သို့ လှည့်ကြည့်လိုက်သည်။ "သူ့အဖေရေ... ဒုတိယနဲ့ တတိယအိမ်က သဘောမတူကြဘူးဆိုတော့ စတုတ္ထလေးတို့ လင်မယားကို တစ်နေရာရာမှာပဲ မြှုပ်လိုက်ရအောင်၊ ရှင်လည်း အိမ်က အခြေအနေကို သိပါတယ်၊ အိမ်မှာ ပိုက်ဆံမရှိတော့ဘူးလေ"

"ဘယ်လိုပဲဖြစ်ဖြစ် အခေါင်းတော့ လုပ်ပေးရမှာပေါ့" အဖေကျိ စကားပြော၍ မပြီးသေးခင်မှာပင် ခြံဝင်းအပြင်ဘက်မှ ရွာသူကြီး၏ အသံ ထွက်ပေါ်လာသည်။

"ကျိရှန့်လီ အိမ်မှာရှိလား၊ ခင်ဗျားတို့ရဲ့ စတုတ္ထလေး လင်မယားကို ကျွန်တော်တို့ ပြန်ပို့ပေးလိုက်ပြီ"

ရွာသူကြီးက အော်ပြောရင်း ကျိဟုန်ကျွင်းတို့ လင်မယားကို ဧည့်ခန်းထဲသို့ ပို့ဆောင်ရန် ညွှန်ကြားလိုက်သည်။

ကျိဟုန်ကျွင်းတို့ လင်မယားကို လာပို့သော သူများကလည်း လူလည်များ ဖြစ်ကြသည်။ ဧည့်ခန်းထဲ ရောက်သည်နှင့် အိပ်ရာခင်းကို စိုက်ကြည့်ကာ လင်မယားနှစ်ယောက်ကို အိပ်ရာပေါ် တင်ပေးလိုက်ကြသည်။ ကျိဟုန်ကျွင်း၏ မိန်းမကို သယ်လာသော အမျိုးသမီးကြီးက အမေကျိကို တွန်းဖယ်လိုက်သေးသည်။

"မြန်မြန် ဖယ်စမ်း၊ ဒီလင်မယားနှစ်ယောက် အသက်ရှူနေသေးတယ်၊ သူတို့ကို နွေးသွားအောင် လုပ်ပေးလိုက်ရင် ပြန်ကောင်းလာနိုင်တယ်"

အမေကျိ၊ အဖေကျိနှင့် အခြားသူများကို အိပ်ရာပေါ်မှ တွန်းချလိုက်ပြီးနောက် အမျိုးသမီးကြီးအချို့က စောင်များကို ဆွဲယူကာ ကျိဟုန်ကျွင်းတို့ လင်မယားကို လုံအောင် ခြုံပေးလိုက်ကြသည်။

ကျိဟုန်ကျွင်းတို့ လင်မယားကို နေရာချပေးပြီးနောက် ထိုအမျိုးသမီးကြီးများက အမေကျိနှင့် အဖေကျိတို့ဘက်သို့ လှည့်ကာ ပြစ်တင်ဝေဖန်ကြတော့သည်။ "ကျိမိသားစုက လူတွေ... ရှင်တို့ လုပ်တာ သိပ်လွန်လွန်းတယ်၊ ဟုန်ကျွင်းတို့ လင်မယားက မနေ့ကမှ မင်္ဂလာဆောင်ရသေးတာ မဟုတ်လား၊ ရှင်တို့က ရွာထိပ်က အိမ်ပျက်ကြီးဆီ မောင်းထုတ်လိုက်ကြတယ်၊ ရှင်တို့ ဒီလို မကောင်းမှုတွေ လုပ်ရတာ ဝဋ်လည်မှာ မကြောက်ကြဘူးလား"

"ဒေါ်ဒေါ်ရေ... ရှင် ဒီလိုပြောတာကိုတော့ ကျုပ် သဘောမတူဘူး၊ သစ်ပင်ကြီးရင် အကိုင်းအခက် ခွဲရတယ်၊ သားသမီး ကြီးရင် အိမ်ခွဲရတယ်၊ သားတွေ ကြီးလာပြီမို့ အိမ်ထောင်ပြုကြပြီဆိုတော့ အိမ်ခွဲပေးတာက ဖြစ်သင့်တာပဲ မဟုတ်လား" အမေကျိက ဘေးတွင် ရပ်ရင်း မိမိကိုယ်ကို ကာကွယ် ပြောဆိုလိုက်သည်။

"တော်စမ်းပါ၊ အိမ်ခွဲတာကလည်း ရှင်တို့လို ခွဲတာမျိုး မရှိဘူး၊ ရှင့်အိမ်က အကြီးဆုံး၊ ဒုတိယနဲ့ တတိယကောင်တွေကျတော့ အိမ်မှာ ပေးနေတယ်မလား၊ စတုတ္ထကောင်ကျမှ ခွဲထုတ်လိုက်တာ၊ ပြီးတော့ စုတ်ပြတ်သတ်နေတဲ့ အိမ်ဟောင်းကြီးဆီ မောင်းထုတ်လိုက်သေးတယ်၊ ဒီလို နှင်းတွေကျပြီး အေးနေတဲ့အချိန်ကြီးမှာ အဲဒီအိမ်က ပြတင်းပေါက်တွေက လေဝင်တယ်၊ လေကာတံခါးလည်း မရှိဘူး၊ ဒီလင်မယားနှစ်ယောက် ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ"

အခန်းထဲတွင် တစ်ယောက်တစ်ပေါက်နှင့် ဆူညံလာကြသည်။ ထိုဆူညံသံများက အိပ်ရာပေါ်ရှိ လျန်ဟွမ်း၏ နားထဲသို့ ဝင်ရောက်လာသည်။ လျန်ဟွမ်း၏ ခေါင်းများ မူးဝေနေပြီး ငြင်းခုံသံများကြောင့် ခေါင်းပိုကိုက်လာသည်။ သူမ၏ ရှည်လျားနက်မှောင်သော မျက်တောင်လေးများ လှုပ်ခတ်သွားပြီး မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

မြင်ကွင်းထဲတွင် ဝင်လာသည်က တြိဂံပုံ သစ်သားထုပ်တန်းများ၊ ရွှံ့တစ်ဝက် အုတ်တစ်ဝက် ရောထားသော နံရံများ၊ သစ်သားပြတင်းပေါက်ပေါ်တွင် ကပ်ထားသော ပလတ်စတစ်စများ ဖြစ်ပြီး လေတိုက်လိုက်လျှင် တရှဲရှဲ မြည်နေသည်။

လျန်ဟွမ်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ဒါ ဘယ်နေရာလဲ၊ သူမ အခု စနစ်ရဲ့ တာဝန်ကို ပြီးမြောက်သွားပြီဆိုတော့ စနစ်က သူမကို လက်တွေ့ကမ္ဘာမှာရှိတဲ့ ဗီလာအိမ်ကြီးဆီ ပြန်ပို့ပေးရမှာ မဟုတ်ဘူးလား။

လျန်ဟွမ်း စဉ်းစားနေစဉ် သူမဘေးတွင် ထိုင်နေသော အမျိုးသမီးက သူမ နိုးလာသည်ကို မြင်လိုက်ရပြီး အော်လိုက်သည်။ "ဟုန်ကျွင်းမိန်းမ... နင် နိုးလာပြီလား"

အမေကျိလည်း ထိုအမျိုးသမီး၏ အော်သံကို ကြားလိုက်ရသည်။ သူမက အိပ်ရာပေါ်သို့ လှမ်းကြည့်လိုက်ရာ လျန်ဟွမ်း မျက်လုံးပွင့်နေသည်ကို တွေ့လိုက်ရသဖြင့် မကျေမနပ် ပြောလိုက်သည်။

"နိုးရင်လည်း ပြီးတာပဲ၊ စတုတ္ထကောင်ရဲ့ မိန်းမ... နင် နိုးလာပြီဆိုရင်လည်း အိပ်ရာပေါ်မှာ ဆက်အိပ်မနေနဲ့တော့၊ အောက်ဆင်းပြီး နင့်ကိုယ်ပေါ်က စောင်ကို စတုတ္ထကောင်ကို ခြုံပေးလိုက်"

စတုတ္ထကောင်က အသုံးမကျပေမဲ့ သူမ မွေးထားတဲ့သားပဲ၊ ဘာမှမဆိုင်တဲ့ ဒီကောင်မစုတ်နဲ့ ယှဉ်ရင် သူမရဲ့ စောင်ကို စတုတ္ထကောင်ကိုပဲ ပေးခြုံချင်တယ်၊ ဒီပျင်းတဲ့ မိန်းမကို ပေးမခြုံနိုင်ဘူး။

အမေကျိ၏ စကားများက လျန်ဟွမ်း၏ နားထဲသို့ ရောက်လာသည်။ လျန်ဟွမ်း ခေါင်းက ကွဲထွက်မတတ် ကိုက်ခဲလာပြီး သူမ၏ မှတ်ဉာဏ်မဟုတ်သော ပုံရိပ်များ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ခဏအကြာတွင် လျန်ဟွမ်းသည် ခေါင်းထဲမှ မှတ်ဉာဏ်များကို လက်ခံလိုက်နိုင်ပြီ ဖြစ်သည်။ သူမသည် စနစ်၏ တာဝန်ကို ပြီးမြောက်ပြီးနောက် လက်တွေ့ကမ္ဘာသို့ ပြန်မရောက်ဘဲ ခုနှစ်ဆယ်ပြည့်လွန်နှစ်များမှ အိမ်ထောင်ကျခါစ ဇနီးသည်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်သည်။

ထိုဇနီးသည်သည် မနေ့ကမှ မင်္ဂလာဆောင်ထားပြီး သူမ၏ ခင်ပွန်းသည်နှင့်အတူ မိသားစုမှ ခွဲထုတ်ခြင်း ခံလိုက်ရသည်။ အိမ်ခွဲပေးလိုက်စဉ်က မိသားစုက သူတို့ကို ကုလားထိုင်တစ်လုံး၊ တူနှစ်စုံ၊ ပန်းကန်နှစ်လုံး၊ ကန်စွန်းဥနှစ်ပိဿာ နှင့် ရွာထိပ်မှ စုတ်ပြတ်နေသော သက်ကယ်အိမ်အိုကြီးမှလွဲ၍ အခြား ဘာမှ ပေးမလိုက်ချေ။

လင်မယားနှစ်ယောက်သည် မနေ့ညက လေမလုံ မိုးမလုံသော သက်ကယ်အိမ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ အိမ်တွင် ဒယ်အိုးမရှိသဖြင့် ညဘက်တွင် ကန်စွန်းဥအစိမ်းများကိုသာ ကိုက်စားခဲ့ရသည်။ နှစ်ယောက်သား သန်းခေါင်ယံအချိန်တွင် အေးလွန်း ဗိုက်ဆာလွန်း ဖြစ်နေချိန် သက်ကယ်အိမ်ကြီး ပြိုကျလာခဲ့သည်။ နှစ်ယောက်သား အိမ်အောက်တွင် ပိမိခဲ့ပြီး ဇနီးသည် သေဆုံးသွားကာ လျန်ဟွမ်းက ထိုခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လျန်ဟွမ်း တွေးနေစဉ်မှာပင် သူမ၏ ခေါင်းထဲ၌ စနစ် ရှောင်ရီ ၏ အသံ ထွက်ပေါ်လာသည်။

"ဂုဏ်ယူပါတယ် Host၊ စနစ်ရဲ့ တာဝန်အားလုံး ပြီးဆုံးသွားပါပြီ"

ရှောင်ရီ၏ အသံကို ကြားသောအခါ လျန်ဟွမ်း ချက်ချင်း မေးလိုက်သည်။ "ရှောင်ရီ... ဘာဖြစ်တာလဲ၊ ငါက လက်တွေ့ကမ္ဘာကို ပြန်ရောက်ရမှာ မဟုတ်ဘူးလား၊ ဒါ ဘယ်နေရာလဲ"

"တောင်းပန်ပါတယ် Host၊ Host ကို လက်တွေ့ကမ္ဘာဆီ ပြန်ပို့တဲ့အချိန်မှာ အချိန်စီးကြောင်းနဲ့ တွေ့ဆုံမိပြီး အချိန်ကာလတွေ ရှုပ်ထွေးသွားလို့ Host က “ခုနှစ်ဆယ်ပြည့်လွန်နှစ်များမှ ရှောင်ဖုပေါင်” စာအုပ်ထဲ ရောက်သွားတာပါ" ရှောင်ရီ၏ အသံမှာ အားနာဟန် ပါနေသည်။

စာအုပ်ထဲမှာ ဟုတ်လား။ လျန်ဟွမ်း အနည်းငယ် ကြောင်အသွားသည်။ တာဝန်ပြီးသွားရင် လက်တွေ့ကမ္ဘာကို ပြန်ရမယ် ထင်ထားတာ၊ စာအုပ်ထဲ ထပ်ရောက်သွားပြန်ပြီလား။

"ငါ ဒီမှာ ဘာတာဝန် လုပ်ရမှာလဲ၊ ပြန်သွားလို့ရလား"

"Host က တာဝန်လုပ်စရာ မလိုပါဘူး၊ Host က နောက်ပိုင်း ဒီကမ္ဘာက လူ ဖြစ်သွားပါပြီ၊ ပြန်သွားလို့ မရတော့ပါဘူး။ ဒါပေမဲ့ Host ကို ပြန်လည်ဖြည့်ဆည်းပေးတဲ့အနေနဲ့ အချိန်ကာလဌာနချုပ်က “ခုနှစ်ဆယ်ပြည့်လွန်နှစ်များမှ ရှောင်ဖုပေါင်” စာအုပ်ကို ပေးလိုက်ဖို့ ကျွန်တော့်ကို ပြောလိုက်ပါတယ်၊ ပြီးတော့ သိုလှောင်လက်စွပ် တစ်ကွင်းပါ လက်ဆောင် ထပ်ပေးလိုက်ပါတယ်"

စနစ်က ပြောပြီးသည်နှင့် လျန်ဟွမ်း၏ လက်ချောင်းလေး ပူနွေးသွားကာ လက်စွပ်တစ်ကွင်း ရောက်ရှိလာသည်။

လျန်ဟွမ်းက ရှောင်ရီကို တစ်ခုခု ထပ်မေးရန် ပြင်လိုက်စဉ် ရှောင်ရီ၏ အသံ ထပ်ထွက်လာသည်။ "Host က တာဝန်အားလုံး ပြီးဆုံးသွားပြီမို့ Host နဲ့ စနစ်တို့ရဲ့ ချိတ်ဆက်မှုကို ဖြတ်တောက်ပါတော့မယ်၊ အခု စတင် ဖြတ်တောက်ပါပြီ... ၃... ၂... ၁"

ချက်ချင်းဆိုသလို လျန်ဟွမ်းသည် သူမနှင့် စနစ်ကြားမှ ချိတ်ဆက်မှုတစ်ခု ပျောက်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။

"Host ရေ... ကောင်းကောင်းမွန်မွန် နေထိုင်ပါနော်၊ ကျွန်တော် သွားတော့မယ်" ရှောင်ရီက ပြောပြီးသည်နှင့် လျန်ဟွမ်း၏ ခေါင်းထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။

လျန်ဟွမ်းမှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး စိတ်လည်း ညစ်သွားသည်။ နောက်ဆိုရင် သူမက စားဝတ်နေရေး ခက်ခဲသော ခုနှစ်ဆယ်ပြည့်လွန်နှစ်များတွင် နေထိုင်ရတော့မည် ဖြစ်သည်။

လျန်ဟွမ်း အတွေးများနေစဉ် ဘေးနားရှိ အမေကျိသည် လျန်ဟွမ်းက သူမပြောသည့်အတိုင်း အိပ်ရာမထသည်ကို မြင်သောအခါ အိပ်ရာပေါ်တွင် ထိုင်နေသော အမျိုးသမီးကို ဆွဲဖယ်လိုက်ပြီး လျန်ဟွမ်း ခြုံထားသော စောင်ကို ဆွဲလှန်ကာ လျန်ဟွမ်း လက်မောင်းကို ဆွဲလိုက်သည်။ "ငပျင်းမ... ငါ နင့်ကို အိပ်ရာထပြီး စောင်ကို စတုတ္ထကောင် ပေးခြုံလိုက်လို့ ပြောနေတယ်လေ၊ နင်က အိပ်ရာပေါ်မှာ ဘာလုပ်နေသေးတာလဲ၊ အခုချက်ချင်း ထစမ်း"

…

အခန်း (၂)

လျန်ဟွမ်း ကူးပြောင်းရောက်ရှိလာသော ဤခန္ဓာကိုယ်သည် အားနည်းလွန်းလှပေသည်။ အမေကျိမှာမူ ကြာရှည်စွာ လယ်လုပ်ထားသဖြင့် လက်များကြမ်းတမ်းကာ အားသန်လှသည်။ သူမက လျန်ဟွမ်း၏ လက်မောင်းကို ဆွဲလိုက်သောအခါ လျန်ဟွမ်းမှာ လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကို ချက်ချင်း ခံစားလိုက်ရပြီး အရိုးများ ကျိုးအက်သံကိုပင် သဲ့သဲ့ ကြားလိုက်ရသည်။

နာကျင်မှုက လျန်ဟွမ်း၏ ဦးနှောက်ကို ကြည်လင်သွားစေသည်။ သူမ ယခု ရောက်ရှိနေသည်မှာ ၁၉၇၀ ပြည့်လွန်နှစ်များဖြစ်ပြီး မင်္ဂလာဆောင်ပြီးခါစ ချွေးမ ဖြစ်နေသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှာ စားဝတ်နေရေး ခက်ခဲရုံသာမက ခရီးသွားလာရန်လည်း ခက်ခဲသော ခေတ်ကာလဖြစ်သည်။ ထောက်ခံစာမရှိပါက အိမ်တံခါးဝမှ ခြေတစ်လှမ်း ထွက်ရန်ပင် ခက်ခဲလှသည်။

သူမ ရောက်ရှိနေသော ဤခန္ဓာကိုယ်၏ ယောက္ခမဘက်က မကောင်းသလို မိဘအရင်းဘက်ကလည်း ပိုဆိုးရွားလှသည်။ သူမ ယခု ထွက်သွား၍ မရနိုင်၊ လက်ရှိ အခက်အခဲများကို ရင်ဆိုင်ရုံသာ ရှိသည်။ အသက်ရှင်နေထိုင်ရေးက အရေးအကြီးဆုံး ဖြစ်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အားနည်းသော်လည်း လျန်ဟွမ်းမှာမူ မတူညီပေ။ သူမသည် ကမ္ဘာအဆင့်ဆင့် ကူးပြောင်းခြင်းနယ်ပယ်တွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ ခွန်အားတော့ ရှိသည်။ သူမသည် လက်မောင်းကို ဝှေ့ယမ်းကာ အမေကျိ၏ လက်ကို အားဖြင့် ခါထုတ်လိုက်သည်။

အမေကျိသည် ယိုင်နဲ့သွားကာ နောက်သို့ ဆုတ်မိပြီး နောက်ဘက်ရှိ ဗီရိုနှင့် ဝင်တိုက်မိရာ ခါးနာသွားတော့သည်။

အမေကျိ ဒေါသပေါက်ကွဲသွားပြီး ခါးကို ကိုင်ကာ အော်ဟစ်လိုက်သည်။ "အမယ်လေး... ငါ့ခါး၊ နာလိုက်တာ၊ နာလိုက်တာ၊ နင်... ကောင်မစုတ်၊ ငါ့ကို တွန်းရဲတယ်ပေါ့၊ ငါ့အိပ်ရာပေါ်က ဆင်းစမ်း"

အမေကျိမှာ ရိုင်းစိုင်းကြမ်းတမ်းသူ ဖြစ်သည်။ သူမသည် လက်တစ်ဖက်ဖြင့် ခါးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လျန်ဟွမ်းကို ထပ်မံ ဆွဲရန် ပြင်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ လျန်ဟွမ်းသည် အမေကျိကို အမြဲ သတိထား ကြည့်နေသဖြင့် အမေကျိ၏လက်က သူမ၏ လက်မောင်းကို မထိမီမှာပင် လက်ဖြင့် ကာလိုက်နိုင်သည်။ လျန်ဟွမ်းသည် သူမ၏ လက်ကို ဖမ်းဆုပ်ကာ မော့ကြည့်လိုက်သည်။ ဖျော့တော့နေသော မျက်နှာပေါ်မှ မျက်လုံးများက တောက်ပနေသည်။

"အမေက မနေ့ညတုန်းက ကျွန်မနဲ့ ဟုန်ကျွင်းကို အိမ်ပျက်ကြီးဆီ မောင်းထုတ်တယ်၊ အစားမကျွေး အဝတ်မပေးဘဲ နေခဲ့တာ ကျွန်မတို့ကို အေးခဲပြီး သေသွားစေချင်လို့လား၊ အမေက အခု ကျွန်မတို့ အသက်ရှင်နေတာကို မြင်တော့ မကျေနပ်ဖြစ်နေတာလား၊ အိပ်ရာပေါ် ပေးမနေဘဲ ကျွန်မကို ထပ်ပြီး အေးခဲသေဆုံးစေချင်နေတာလား"

"ဥက္ကဋ္ဌကြီးက ပြောထားတယ်၊ အခုက ခေတ်သစ်လူ့ဘောင် ရောက်နေပြီ၊ လူသတ်တာတွေ လုပ်ခွင့်မရှိတော့ဘူး၊ ယောက္ခမက သားနဲ့ ချွေးမကို ဒုက္ခပေးပြီး သေစေချင်နေတယ်ဆိုရင် အဖွဲ့အစည်းက ကိုင်တွယ်ပေးမလားဆိုတာ ကျွန်မ သွားမေးကြည့်ရမလား"

လျန်ဟွမ်း၏ ခန္ဓာကိုယ်မှာ ပိန်ပါးပြီး မျက်နှာမှာ သွေးမရှိဘဲ ဖျော့တော့နေသော်လည်း မျက်လုံးများမှာမူ စူးရှတောက်ပနေသည်။

သူမ၏ စကားများကို အခန်းထဲရှိ အမျိုးသမီးများ ကြားလိုက်ကြသလို အဖေကျိနှင့် စကားပြောရန် ရောက်လာသော ရွာသူကြီးလည်း ကြားသွားသည်။ ရွာသူကြီးက သက်ပြင်းချကာ ဆေးတံကို ဖွာရင်း အဖေကျိကို လေးနက်စွာ ပြောလိုက်သည်။

"အဘိုးကြီးကျိရေ... ငါတို့ အလံနီအုပ်စုက မူဝါဒနဲ့အညီ သွားနေကြတာကွ၊ ချွေးမကို ဒုက္ခပေးတာက မြေရှင်ပဒေသရာဇ်ခေတ်က အကျင့်ဆိုးတွေပဲ၊ ဖမ်းမိရင် ဝေဖန်ရေးလုပ်ခံရမယ်၊ အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေး စခန်း အပို့ခံရမယ်၊ လူ့အသက်ပါ ပါသွားရင်တော့ ပိုဆိုးပြီ၊ သေနတ်နဲ့ အပစ်ခံရမှာ"

အဖေကျိမှာ ခေါင်းကို တုတ်ဖြင့် ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အထူးသဖြင့် အိပ်ရာပေါ်တွင် သတိမရသေးသော ကျိဟုန်ကျွင်းကို မြင်လိုက်ရသောအခါ ပို၍ စိုးရိမ်သွားသည်။

ဤခေတ်တွင် မိသားစုဝင်တစ်ဦး အမှားလုပ်မိပါက တစ်မိသားစုလုံး ဒုက္ခရောက်တတ်သည်။ နွားတင်းကုပ်တွင် သွားနေရခြင်း၊ လမ်းပေါ်ထွက်ပြီး အရှက်ခွဲခံရခြင်းများ ရှိနိုင်သည်။ သူတို့ရွာ နွားတင်းကုပ်ဟောင်းတွင် နေရသူများ၏ ဘဝမှာ လူမမည်သော ဘဝမျိုးဖြစ်သည်။ ဟုန်ကျွင်းသာ သတိမရလာပါက သူတို့ ဝေဖန်ရေး လုပ်ခံရမည်လား။ ဘဝက ခက်ခဲနေပြီးသားဖြစ်သည်။ ထိုကဲ့သို့သော ဘဝမျိုး သူတို့ မနေနိုင်ပေ။

အဖေကျိသည် ခါးဆန့်ကာ ရွာသူကြီးကို ကြည့်ပြီး ကတိပေးလိုက်သည်။ "ကော်ပင်း ညီလေး... စိတ်ချပါ၊ ငါ အကုန်သိပါတယ်၊ ကလေးအမေကို ငါ ထိန်းလိုက်ပါ့မယ်"

ကျိကော်ပင်းသည် ဆေးတံကို အိပ်ရာဘောင်နှင့် ခေါက်လိုက်ရာ ပြာများ ကြမ်းပြင်ပေါ် ကျသွားသည်။ သူက မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ မင်း သဘောပေါက်ရင် ပြီးတာပဲ၊ ဟုန်ကျွင်းတို့ လင်မယားကို မင်းတို့ဆီ ပြန်ပို့လိုက်ပြီ၊ သကြားရည်လေး ဘာလေး တိုက်ကြည့်ပါဦး၊ ဟုန်ကျွင်း သတိရမလားလို့၊ ညနေထိမှ သတိမရရင် ဆရာဝန် သွားခေါ်လိုက်ဦး၊ အဖွဲ့ထဲမှာ ကိစ္စရှိသေးလို့ ငါ သွားတော့မယ်"

ရွာသူကြီးက ပြောပြီးသည်နှင့် ထွက်သွားသည်။ ကျိဟုန်ကျွင်းတို့ လင်မယားကို လာပို့သူများလည်း အိမ်တွင် ကိစ္စရှိသည်ဟုဆိုကာ ပြန်သွားကြသည်။

အခန်းထဲတွင် ကျိမိသားစုဝင်များသာ ကျန်တော့သည်။ လူစိမ်းများ မရှိတော့သဖြင့် အမေကျိ ပို၍ လွတ်လပ်သွားပြီး လျန်ဟွမ်းကို ဆဲဆိုတော့သည်။ "နင်... ကောင်မစုတ်၊ အဖွဲ့အစည်းမှာ ငါ့ကို တိုင်ချင်တယ်ပေါ့လေ၊ နင်က မိဘကို မရိုသေတာပဲ၊ နင့်ကို ငါ ရိုက်သတ်မယ်"

အမေကျိက ပြောရင်း လက်ကို မြှောက်ကာ လျန်ဟွမ်း၏ မျက်နှာကို ရိုက်ရန် ပြင်လိုက်သည်။

လျန်ဟွမ်းသည် ခုတင်ခေါင်းရင်းတွင် မှီကာ စောင်ခြုံထားသဖြင့် ခန္ဓာကိုယ် နွေးထွေးလာပြီး အားအင်များ အတော်အတန် ပြန်ပြည့်လာပြီ ဖြစ်သည်။ အမေကျိက သူမကို ရိုက်ချင်နေသော်လည်း သူမက ထိုင်ပြီး အရိုက်ခံရန် အစီအစဉ် မရှိပေ။ မျက်လုံးကို ကစားလိုက်ရာ ခုတင်ခေါင်းရင်းရှိ စားပွဲငယ်ပေါ်မှ ကြွေပန်းကန်လုံးကို တွေ့လိုက်ရသည်။ လျန်ဟွမ်းသည် ပန်းကန်လုံးကို ယူကာ အမေကျိထံ ပစ်ပေါက်လိုက်သည်။

ပန်းကန်လုံးသည် အမေကျိ၏ ဗိုက်ကို ထိမှန်သွားသဖြင့် သူမ အော်ဟစ်လိုက်သည်။ ပန်းကန်လုံးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး ကွဲသွားသည်။ သူမသည် ကွဲအက်နေသော အပိုင်းအစများကို ကြည့်ကာ ရင်ဘတ်ကို ဖိရင်း အော်ဟစ်လိုက်သည်။ "ငါ့ပန်းကန်၊ အိမ်စီးပွားဖြုန်းတဲ့ မိန်းမ၊ ငါ့ပန်းကန်ကို ခွဲရဲတယ်ပေါ့၊ သွား... ငါတို့ ကျိမိသားစုအိမ်ကနေ ထွက်သွား"

အမေကျိသည် ပြောရင်းဆိုရင်း အခန်းထဲတွင် ဟိုရှာဒီရှာ လုပ်လိုက်ရာ တံခါးနောက်ရှိ သစ်သားတုတ်ကို တွေ့သွားပြီး ကောက်ယူကာ လျန်ဟွမ်းကို ရိုက်ရန် ရွယ်လိုက်သည်။

"အိမ်စီးပွားဖြုန်းတဲ့ မိန်းမ၊ ငါ့ပန်းကန်ကို ခွဲတယ်၊ ငါတို့ ကျိမိသားစုအိမ်ကနေ ထွက်သွားစမ်း"

ထိုတုတ်ကြီးမှာ အမေကျိ တံခါးပိတ်ရာတွင် သုံးသည့် တုတ်ဖြစ်သည်။ လျန်ဟွမ်းကို တကယ် ရိုက်မိပါက အတော် နာကျင်ရမည် ဖြစ်သည်။ လျန်ဟွမ်းက ဘယ်လိုလုပ် အလုပ်ခံပါ့မလဲ။ စောင်ကို လှန်ကာ လက်ဗလာဖြင့် တုတ်ကို ဖမ်းဆုပ်ပြီး လုယူလိုက်သည်။

တုတ်ကို လုယူပြီးသည်နှင့် လျန်ဟွမ်းသည် အိပ်ရာပေါ်တွင် ဆက်မနေတော့ဘဲ အောက်သို့ ဆင်းကာ တုတ်ကို ဝှေ့ယမ်းလိုက်သည်။ ပထမဆုံး ရိုက်ချက်က အမေကျိ၏ ပေါင်ပေါ်သို့ ကျရောက်သွားသည်။ အမေကျိ အော်ဟစ်လိုက်သည်။ "အား... အား... ကောင်မစုတ်၊ ရပ်လိုက်စမ်း၊ နင် မရပ်ရင် စတုတ္ထကို နင့်ကို ကွာရှင်းခိုင်းပြီး လျန်မိသားစုဆီ ပြန်ပို့လိုက်မယ်"

ရပ်ရမယ် ဟုတ်လား။ လျန်ဟွမ်း လှောင်ပြုံး ပြုံးလိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ဤလူကြီးလက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ နှင်းကျနေချိန်တွင် မူလခန္ဓာကိုယ်ပိုင်ရှင်ကို အိမ်ပျက်ကြီးဆီ သူတို့သာ မောင်းမထုတ်ခဲ့လျှင် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အပိခံရပြီး သေဆုံးရမည် မဟုတ်ပေ။ သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ခန္ဓာကိုယ်ကို ယူသုံးနေသည်ဆိုတော့ မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် လက်စားချေပေးရမည်။

လျန်ဟွမ်းသည် တုတ်ဖြင့် အမေကျိကို ဆက်ရိုက်နေသည်။ သူမသည် အန္တရာယ်ရှိသော နေရာများကို ရှောင်ပြီး အသားများသော၊ ထိခိုက်မှု နည်းသော နေရာများကို ရွေးရိုက်သည်။ တုတ်ချက်များက အမေကျိ၏ တင်ပါးပေါ်သို့ တစ်ချက်ပြီးတစ်ချက် ကျရောက်သွားသည်။

"ရှင်တို့က ကျွန်မကို အသက်မရှင်စေချင်မှတော့ ရှင်လည်း ကောင်းကောင်း မနေရဘူး၊ ကွာရှင်းမယ် ဟုတ်လား၊ အခုခေတ်မှာ ကွာရှင်းတာတွေ ခေတ်နောက်မကျတော့ဘူး၊ ကျိဟုန်ကျွင်းက ကျွန်မနဲ့ မပေါင်းချင်ရင် ရတယ်၊ ရွာသူကြီးဆီက ထောက်ခံစာ ယူပြီး အဖွဲ့အစည်းမှာ သွားကွာရှင်းမယ်"

လျန်ဟွမ်းသည် ပြောရင်းဆိုရင်း တုတ်ဖြင့် အမေကျိကို လေးငါးချက်ခန့် မြန်မြန်ဆန်ဆန် ရိုက်လိုက်သည်။

အခန်းထဲတွင် ပုန်းကာ နားထောင်နေကြသော ကျိမိသားစု ညီအစ်ကိုများသည် သူတို့အမေ၏ အော်သံကို ကြားလိုက်ရသဖြင့် ပြေးထွက်လာကြသည်။ လျန်ဟွမ်းက အမေကျိကို ရိုက်နေသည်ကို တွေ့သောအခါ လျန်ဟွမ်း၏ တုတ်ကို ဝင်လုကြသည်။

လျန်ဟွမ်း၏ လက်မောင်းကို ဒုတိယသားက ချုပ်ထားသည်။ သူမသည် အသက်ပြင်းပြင်းရှူရင်း တုတ်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။ "လွှတ်ပေး"

လျန်ဟွမ်းမှာ ဒုတိယသား၏ ခယ်မဖြစ်နေသဖြင့် သူက သူမကို တကယ်တမ်း ဘာမှ မလုပ်ရဲပေ။ သူမ တုတ်ကို လွှတ်ချလိုက်သည်ကို မြင်သောအခါ သူလည်း လွှတ်ပေးလိုက်သည်။

အမေကျိသည် ကျိအစ်ကိုကြီး၏ တွဲထူပေးထားမှုဖြင့် အော်ဟစ်နေသည်။ "နာလိုက်တာ၊ ဒီကောင်မစုတ်ကို ဖမ်းထားကြစမ်း၊ ယောက္ခမကို ရိုက်ရဲတယ်၊ သူ့ကို တော်လှန်ရေးကော်မတီဆီ ပို့ပြီး ဝေဖန်ရေး လုပ်ခိုင်းရမယ်"

အမေကျိ စကားပြောလိုက်သည်နှင့် လျန်ဟွမ်းသည် ခေါင်းငုံ့ကာ တုတ်ကို ပြန်ယူရန် ပြင်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ရှင်က ကောင်းကောင်း မနေချင်ဘူးပေါ့၊ ဒါဆို ဘယ်သူမှ ကောင်းကောင်း မနေကြနဲ့တော့၊ တော်လှန်ရေးကော်မတီ သွားမယ် ဟုတ်လား၊ သွားကြစို့လေ၊ ရှင်တို့က အတွေးအခေါ် မမှန်ကန်ဘူး၊ သားနဲ့ ချွေးမကို ဒုက္ခပေးတယ်၊ မြေရှင်ပဒေသရာဇ်ခေတ် အကျင့်ဆိုးတွေ လုပ်နေတယ်ဆိုပြီး ဘယ်လို ဝေဖန်ရေး လုပ်ခံရမလဲဆိုတာ ကျွန်မ သွားမေးကြည့်မယ်"

ဒီခေတ်လူတွေက ဝေဖန်ရေး လုပ်ခံရမည်ကို ကြောက်ကြသည်။ ဒုတိယသားသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ သူ့အမေ၏ လက်မောင်းကို ဆွဲထားလိုက်သည်။ "အမေ... တော်လှန်ရေးကော်မတီကို သွားမနေပါနဲ့တော့"

အဖေကျိသည် အိပ်ရာပေါ်တွင် ထိုင်နေသည်။ မူလက လျန်ဟွမ်း ပန်းကန်လုံး ခွဲလိုက်သည်ကို မြင်သောအခါ မျက်နှာမကောင်း ဖြစ်သွားပြီး အမေကျိကို သူမအား ဆုံးမစေချင်ခဲ့သည်။ သို့သော် သူ့မိန်းမက အသုံးမကျဖြစ်နေသည်။ အဖေကျိသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အိပ်ရာပေါ်မှ ထရပ်လိုက်ပြီး အမေကျိကို ကြည့်ကာ ပြောလိုက်သည်။ "တော်ကြစမ်း၊ ဆူဆူညံညံနဲ့ ဘာပုံစံ ပေါက်နေတာလဲ၊ ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့၊ နောက်ဆိုရင် စတုတ္ထရဲ့ မိန်းမက တော်လှန်ရေးကော်မတီ သွားမယ်ဆိုတာ မပြောနဲ့တော့၊ မင်းကလည်း စတုတ္ထ မိန်းမ မင်းကို ရိုက်တယ်ဆိုတာ မပြောနဲ့တော့"

လျန်ဟွမ်းက အဖေကျိကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောပေ။ သူမ ရောက်ခါစမို့ ဒီနေရာအကြောင်း သိပ်နားမလည်သေး။ လောလောဆယ် အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ အမေကျိ မရစ်ရင် သူလည်း မရစ်ဘူး၊ လာရစ်ရင်တော့ ပြန်ချပေးမယ်။ ကျိမိသားစုက သဘောကောင်းတဲ့ လူတွေ မဟုတ်ဘူး၊ သူသာ ငြိမ်ခံနေရင် နောက်ဆို အနိုင်ကျင့်လို့ လွယ်တယ်ဆိုပြီး ဆက်နှိပ်စက်နေကြမှာ။

လျန်ဟွမ်း ဘာမှမပြောသော်လည်း အမေကျိက မကျေနပ်ပေ။ ဆဲဆိုရေရွတ်ရင်း ပြောလိုက်သည်။ "အဲဒါ မဖြစ်ဘူး၊ ယောက္ခမကို ရိုက်တာ မိဘကို မရိုသေတာပဲ၊ အဖွဲ့အစည်းကို ပို့ကို ပို့ရမယ်"

အမေကျိ ထိုသို့ ပြောလိုက်သည်နှင့် လျန်ဟွမ်းသည် သစ်သားတုတ်ကို ကြမ်းပြင်ပေါ် ပစ်ချကာ ရှေ့သို့ တိုးလာသည်။

"သွားလေ... အတူတူ သွားကြမယ်၊ ကျွန်မက ဖိနှိပ်ခံရလို့ ပြန်ခုခံတာကြောင့် ဝေဖန်ရေး လုပ်ခံရမလား၊ ရှင်က ဒီလူ့ဘောင်ရဲ့ အဆိပ်အတောက် ဖြစ်နေလို့ ဝေဖန်ရေး လုပ်ခံရမလား ကြည့်ကြတာပေါ့"

လျန်ဟွမ်း ဒေါသတကြီး ရှေ့တိုးလာသည်။ ကျိမိသားစုမှာ သူမ တကယ်ပဲ တော်လှန်ရေးကော်မတီသို့ သွားမည်ကို ကြောက်လန့်နေကြသည်။ အဖေကျိက ဘေးမှ တားလိုက်သည်။

"ဘာတွေ လုပ်နေတာလဲ၊ ဒီနေ့ ဘယ်သူမှ တော်လှန်ရေးကော်မတီကို မသွားရဘူး၊ အကြီးဆုံးနဲ့ ဒုတိယ... မင်းတို့အမေကို အပြင်ခေါ်သွားလိုက်၊ စတုတ္ထရဲ့ မိန်းမ... စတုတ္ထ သတိမရသေးဘူး၊ မင်း အခန်းထဲမှာ သူ့ကို စောင့်ကြည့်လိုက်"

အဖေကျိ ပြောပြီးသည်နှင့် ထွက်သွားသည်။ ကျိအစ်ကိုကြီးနှင့် ဒုတိယသားတို့က အမေကျိကို ဆွဲခေါ်သွားကြသည်။ တတိယသားက နောက်ဆုံးမှ လိုက်သွားပြီး ထွက်သွားခါနီးတွင် တံခါးကို ပိတ်သွားသေးသည်။ လျန်ဟွမ်း တကယ်ပဲ တော်လှန်ရေးကော်မတီသို့ သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ကျိမိသားစုဝင်များ ထွက်သွားကြသောအခါ လျန်ဟွမ်းသည် ကိုယ်ကို လျှော့ချကာ ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ ကျိဟုန်ကျွင်းသည် ရုပ်ရည်သန့်ပြန့်သည်။ ပီပြင်သော မျက်နှာကျ၊ နှာတံမြင့်မြင့်၊ မျက်ခုံးမွှေးထူထူနှင့် မျက်တောင်ရှည်ရှည်များ ရှိသည်။ သို့သော် မျက်လုံးပိတ်ထားသဖြင့် သူ့မျက်လုံးများကို မမြင်ရပေ။ နှုတ်ခမ်းပါးပါး ရှိသည်။

ဒီရုပ်ရည်မျိုးက သူမ သဘောကျသည့် ပုံစံမျိုးဖြစ်သည်။ သူမ ဘဝပေါင်းများစွာ နေထိုင်ခဲ့ရာတွင် ရုပ်ရည်ချောမောသော အမျိုးသားများကို နှစ်သက်ခဲ့သည်။

လျန်ဟွမ်းက သူ့ကို ခဏ ကြည့်ပြီးနောက် ကိုယ့်ကိစ္စကိုယ် လုပ်ရန် ပြင်လိုက်သည်။ စနစ် ပြောခဲ့သော နေရာလွတ်အကြောင်း တွေးမိပြီး သူမသည် ခုတင်ပေါ်တွင် မှီထိုင်ကာ သူမ၏ စိတ်အာရုံကို နေရာလွတ်ထဲသို့ ပို့လိုက်သည်။

နေရာလွတ်ထဲ ရောက်သည်နှင့် ပြောင်ရှင်းနေသော မြေကွက်လပ်ကို တွေ့လိုက်ရသည်။ ခန့်မှန်းခြေအားဖြင့် နှစ်ဧကခန့် ရှိသည်။ မြေကွက်လပ်၏ ဘယ်ဘက်တွင် မြစ်ငယ်လေး တစ်စင်း ရှိပြီး မြစ်ကမ်းဘေးတွင် သစ်သားအိမ်လေး တစ်လုံး ရှိသည်။ လျန်ဟွမ်းသည် စနစ် ပြောခဲ့သော စာအုပ်ကို သတိရပြီး သစ်သားအိမ်ဘက်သို့ လျှောက်သွားလိုက်သည်။ တံခါးဖွင့် ဝင်လိုက်ရာ အိမ်ထဲတွင် သစ်သားခုတင် တစ်လုံး၊ စားပွဲ တစ်လုံး၊ ဗီရို တစ်လုံးနှင့် စားပွဲပေါ်တွင် စာအုပ်တစ်အုပ် တင်ထားသည်ကို တွေ့လိုက်ရသည်။

လျန်ဟွမ်း သွားကြည့်လိုက်ရာ စာအုပ်အမည်မှာ ခုနှစ်ဆယ်ပြည့်လွန်နှစ်များမှ ရှောင်ဖုပေါင် ဖြစ်သည်။ ဒါ စနစ် ပြောတဲ့ စာအုပ် ဖြစ်လောက်တယ်။ လျန်ဟွမ်းက စာအုပ်ကို ယူပြီး ခုတင်နားသို့ သွားကာ ထိုင်ဖတ်လိုက်သည်။

ထိုအချိန် ကျိမိသားစုအိမ်၌ ဖြစ်သည်။

အမေကျိမှာ သားနှစ်ယောက် ဆွဲထုတ်သွားသော်လည်း ဒေါသ မပြေသေးပေ။ အိမ်ရှေ့တံခါးဝတွင် ရပ်ကာ ဆဲဆိုနေသည်။ သို့သော် တံခါးဝတွင်သာ ဆဲဆိုရဲပြီး အခန်းထဲ ပြန်ဝင်ကာ လျန်ဟွမ်း ရှေ့တွင် ဆဲဆိုရဲခြင်း မရှိပေ။

ဒုတိယချွေးမ ဝမ်အာနျိုသည် ဘယ်ကြည့်ညာကြည့် လုပ်လိုက်ရာ အဖေကျိ ထွက်သွားပြီ ဖြစ်ကြောင်း၊ ကျိအစ်ကိုကြီးလည်း အလုပ်သွားလုပ်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အမေကျိနားတွင် ဒုတိယသားသာ ရှိတော့သည်။ သူမသည် တိတ်တဆိတ် ပြေးသွားလိုက်သည်။

"အမေ... မဆဲပါနဲ့တော့၊ ဒီလို ဆဲနေလည်း သူက အခန်းထဲမှာ ပုန်းနေရင် အလကားပဲ၊ အမေ... ကျွန်မ အကြံပေးမယ်၊ အမေက ဒီလို လုပ်သင့်တယ်..." ဒုတိယချွေးမက အမေကျိ အနားသို့ တိုးသွားပြီး တီးတိုး ပြောလိုက်သည်။

အမေကျိသည် ဒုတိယချွေးမ ပြောသည်ကို ကြားသောအခါ ပေါင်ကို ရိုက်ကာ အော်လိုက်သည်။

"ဒီနည်းလမ်း ကောင်းတယ်၊ အိမ်ခွဲပြီးပြီပဲ၊ လူသတိရလာရင် သူတို့အိမ် သူတို့ ပြန်နေခိုင်းရမှာပေါ့"

အမေကျိက ပြောပြောဆိုဆိုနှင့် အပြင်ထွက်သွားသည်။ အကြီးဆုံးနဲ့ ဒုတိယကို သွားခေါ်ပြီး ရွာထိပ်က သက်ကယ်အိမ်ကို ပြင်ခိုင်းရမယ်။ ပြီးရင် စတုတ္ထနဲ့ အဲဒီကောင်မစုတ်ကို သူတို့အိမ် ပြန်ပို့ရမယ်။

ဒုတိယချွေးမသည် အမေကျိ၏ ကျောပြင်ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ စတုတ္ထလေးနေတဲ့ အခန်းက သူမ သားသမီးတွေ နေဖို့ ပေးပြီးပြီ၊ စတုတ္ထလေးကို ပြန်ပေးစရာ အကြောင်း မရှိဘူး။ စတုတ္ထလေးတို့ လင်မယားက အခု ဧည့်ခန်းမှာ နေနေတာ၊ စတုတ္ထလေး သတိရလာရင် ယောက္ခမက ဧည့်ခန်းမှာ ပေးမနေဘဲ မူလအခန်းကို ပြန်ခိုင်းမှာ သေချာတယ်။ လူကို စောစောစီးစီး မောင်းထုတ်လိုက်တာ ကောင်းတယ်၊ သူမ သားရဲ့ အခန်းကို လာမလုနဲ့။

......

ကျိမိသားစု ဧည့်ခန်းတွင် လျန်ဟွမ်းသည် နေရာလွတ်ထဲ၌ စာအုပ်ဖတ်နေစဉ် အမေကျိ၏ အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ "စတုတ္ထရဲ့ မိန်းမ... ငါ နင့်အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးကို နင်တို့အိမ် ပြင်ခိုင်းလိုက်ပြီ၊ နင် စတုတ္ထကို ခေါ်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြတော့"

…

အခန်း (၃)

အမေကျိသည် အပြင်ဘက်၌ အော်ဟစ်ရင်း တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ဝင်လာသည်။ ဒုတိယချွေးမသည် အမေကျိ တံခါးတွန်းဖွင့်လိုက်သည်ကို မြင်သောအခါ ချက်ချင်း နောက်မှ လိုက်ပါလာပြီး အခန်းထဲသို့ တိုးဝင်လာသည်။ ထို့နောက် အမေကျိ အနားသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။

"အမေ... ကျွန်မ အမေနဲ့အတူ လိုက်ဝင်မယ်၊ စတုတ္ထရဲ့ မိန်းမက မသွားချင်ဘူးဆိုရင် ကျွန်မတို့နှစ်ယောက် စတုတ္ထကို မပြီး ခေါ်သွားကြတာပေါ့၊ အိမ်ခွဲပြီးပြီပဲ၊ စတုတ္ထက အိမ်မှာ မနေရတော့ဘူးလေ၊ စတုတ္ထရဲ့ မိန်းမက ဘယ်မျက်နှာနဲ့ အိမ်မှာ ဆက်နေမလဲ ကြည့်ရသေးတာပေါ့"

အမေကျိသည် ဒုတိယချွေးမ၏ စကားကို ကြားသောအခါ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော မျက်နှာကြီး ပြုံးသွားကာ အသံအက်ကွဲကွဲဖြင့် ပြောလိုက်သည်။

"နင် ပြောတာ ဟုတ်တယ်၊ စတုတ္ထတောင် အိမ်မှာ မအိပ်တော့ဘူးဆိုတော့ သူ့မိန်းမက ဘယ်မျက်နှာနဲ့ အိမ်မှာ ဆက်အိပ်မလဲ ကြည့်ရတာပေါ့"

ယောက္ခမနှင့် ချွေးမ နှစ်ယောက်သား လျန်ဟွမ်းကို လုံးဝ အားနာခြင်း မရှိပေ။ ပြောရင်းဆိုရင်း လျန်ဟွမ်း ရှေ့သို့ ရောက်လာကြသည်။ အမေကျိသည် သူမကို ကြည့်ကာ မယဉ်ကျေးသော လေသံဖြင့် ပြောလိုက်သည်။

"စတုတ္ထရဲ့ မိန်းမ... နင့်အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကြီးက နင်တို့အိမ်ကို သွားပြင်နေကြပြီ၊ နင်တို့အိမ်က မကြာခင် ပြင်ပြီးသွားမှာ၊ နင် ထတော့၊ စတုတ္ထကို ကုန်းပိုးပြီး ကိုယ့်အိမ်ကိုယ် ပြန်အိပ်ကြတော့"

ကျိဟုန်ကျွင်းကို ပြိုကျနေသော သက်ကယ်အိမ်သို့ ပြန်ခေါ်သွားပြီး အိပ်ခိုင်းရမည် ဟုတ်လား။ လျန်ဟွမ်းသည် ခေါင်းမော့ကာ ကုတင်ခေါင်းရင်းရှိ ကျိဟုန်ကျွင်းကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ယခုအချိန်ထိ အိပ်ပျော်နေဆဲ ဖြစ်သော်လည်း မျက်နှာထားမှာ စောစောကထက် ပို၍ သွေးရောင်လွှမ်းလာပြီး အသက်ရှူသံလည်း မှန်လာပြီ ဖြစ်သည်။ ကြည့်ရသည်မှာ သေမည့်ပုံ မပေါ်တော့ပေ။

လူဆိုတာ ဘယ်အချိန်ပဲဖြစ်ဖြစ် အသက်ရှင်ဖို့က အရေးအကြီးဆုံး ဖြစ်သည်။ နှင်းထူထပ်နေသော နေ့ကြီးတွင် သက်ကယ်အိမ်ပျက်ကြီးဆီ သွားအိပ်ရမည်ဆိုလျှင် စားစရာ မရှိ၊ သောက်စရာ မရှိ၊ အိပ်ရာခင်း မရှိဘဲ သူမက သေချင်နေတာမှ မဟုတ်တာ။

လျန်ဟွမ်းသည် ခေါင်းမော့ကာ အမေကျိကို ကြည့်လိုက်သည်။

"ရှင်တို့က ဝေဖန်ရေး လုပ်ခံချင်လို့လား၊ လမ်းလျှောက်ပြီး အရှက်ခွဲခံချင်လို့လား"

အမေကျိသည် ဝေဖန်ရေးလုပ်မည်၊ လမ်းလျှောက် အရှက်ခွဲခံရမည် ဆိုသည့် စကားများကို ကြားသောအခါ မျက်နှာပျက်သွားသည်။ သို့သော် သူမ၏ အယူအဆထဲတွင် သားနှင့် ချွေးမဆိုသည်မှာ သူမ စကားကို နားထောင်ရမည်၊ နားမထောင်လျှင် မလိမ္မာသော သားသမီးဟု မှတ်ယူထားသည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ သူမက မကျေမနပ်ဖြင့် ပြန်အော်လိုက်သည်။

"ဝေဖန်ရေး လုပ်မယ် ဟုတ်လား၊ ဘယ်သူက လုပ်ရဲလဲ ကြည့်ရသေးတာပေါ့၊ ငါတို့အိမ်က အိမ်ခွဲပြီးပြီ၊ နင်နဲ့ စတုတ္ထက ဒီအိမ်က လူတွေ မဟုတ်တော့ဘူး၊ နင်တို့အိမ် နင်တို့ ပြန်နေကြ"

"စတုတ္ထရဲ့ မိန်းမက မသွားချင်ဘူးတဲ့၊ ဒုတိယချွေးမ... နင် လာခဲ့၊ ငါနဲ့အတူ စတုတ္ထကို ဝိုင်းမပြီး အိမ်ပြန်ပို့ကြစို့"

အမေကျိသည် ပြောရင်းဆိုရင်း ကုတင်ပေါ်သို့ တက်ကာ ကျိဟုန်ကျွင်းကို ဆွဲလေသည်။

ဒီနေ့တော့ ဒီကောင်မစုတ်နဲ့ စတုတ္ထကို အိမ်ကနေ မောင်းထုတ်မှ ဖြစ်မည်။ သူတို့ အပြင်မှာ သေချင်သေပါစေ၊ သူမ အိမ်ထဲမှာတော့ လာမသေစေနဲ့။

လျန်ဟွမ်းသည် အမေကျိ၏ လုပ်ရပ်ကို ကြည့်ရင်း သူမ စောစောက ဖတ်ခဲ့သော စာအုပ်ကို သတိရသွားသည်။ သူမသည် အခန်း (၃) အထိသာ ဖတ်ရသေးပြီး အမေကျိ ဝင်လာသဖြင့် ရပ်လိုက်ရသည်။ စာအုပ်ထဲတွင် အမေကျိ၏ တတိယမြေးမလေး (တတိယသား၏ သမီး) မွေးဖွားသည့်နေ့မှ ဇာတ်လမ်းစသည်။ သူမ မွေးဖွားသည့်နေ့တွင် သူမ၏ ဦးလေးဖြစ်သူ ကျိဟုန်ကျွင်းတို့ လင်မယားမှာ အိမ်အပြင်ဘက် သက်ကယ်အိမ်တွင် ပိမိပြီး သေဆုံးသွားကြသည်။ ထိုနေ့ ညနေတွင် တော်လှန်ရေးကော်မတီမှ လူများ ရောက်လာပြီး စစ်ဆေးကြသည်။ အမေကျိက သားနှင့် ချွေးမကို နှိပ်စက်သည်ဟုဆိုကာ သူမကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြုပြင်ပြောင်းလဲရေး လုပ်ခိုင်းရန် ပြင်ကြသည်။

အိမ်တစ်အိမ်တွင် ဝေဖန်ရေး လုပ်ခံရမည့်သူ ရှိနေပါက တစ်မိသားစုလုံး ဒုက္ခရောက်နိုင်သဖြင့် ကျိမိသားစုဝင်များသည် တော်လှန်ရေးကော်မတီမှ လူများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်။ ထိုသို့ ဆွဲလားရမ်းလား လုပ်နေစဉ် ကိုယ်ဝန်ဆောင်နေသော တတိယချွေးမ လဲကျသွားပြီး လမစေ့ဘဲ ကလေးမွေးဖွားခဲ့သည်။ သားအမိ နှစ်ယောက်စလုံး သေလုနီးပါး ဖြစ်ခဲ့ရသည်။

တော်လှန်ရေးကော်မတီမှ လူများသည် တတိယချွေးမ မွေးဖွားစဉ် သွေးများ တစ်ဇလုံပြီး တစ်ဇလုံ ထွက်လာသည်ကို မြင်သောအခါ လူသေမှု ဖြစ်မည်စိုးသဖြင့် အမေကျိကို မဖမ်းတော့ဘဲ ပြန်သွားကြသည်။

သူတို့ ပြန်သွားပြီး မကြာမီမှာပင် တတိယချွေးမသည် သမီးမိန်းကလေးတစ်ဦးကို မွေးဖွားခဲ့သည်။ အမေကျိသည် မြေးမလေးကို ပွေ့ချီကာ သူမ၏ အသက်ကို ကယ်တင်ပေးသော ကံကောင်းခြင်း ကလေးငယ်လေးပါဟု ပြောဆိုခဲ့သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် ကျိဟုန်ကျွင်းတို့မှာမူ ဇာတ်ပို့များသာ ဖြစ်ပြီး ပထမခန်းမှာပင် သေဆုံးခဲ့ကြရသည်။

လျန်ဟွမ်းသည် ကျိဟုန်ကျွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒီအမျိုးသားက ရုပ်ရည်သန့်ပြန့်ပြီး အသက်ရှူသံလည်း မှန်နေပြီမို့ အသက်ရှင်နေသော လူတစ်ယောက် ဖြစ်သည်။ သူသာ သေသွားလျှင် သူမ မုဆိုးမ ဖြစ်သွားမည်။ ကံမကောင်းလျှင် ကျိမိသားစုက သူမကို လျန်မိသားစုအိမ်သို့ ပြန်ပို့လိမ့်မည်။ လျန်မိသားစုက သားယောကျ်ားလေးကိုသာ ဦးစားပေးသည့် မိသားစု ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများက နေ့တိုင်းလိုလို သူတို့သမီးကို ဈေးကောင်းကောင်းဖြင့် ရောင်းစားပြီး သူတို့၏ သားအလိမ္မာလေးအတွက် ပိုက်ဆံရှာပေးရန် ကြံစည်နေကြသူများ ဖြစ်သည်။ ထိုနေရာက ဝံပုလွေမြေ ဖြစ်သဖြင့် သူမ ပြန်၍ မဖြစ်ပေ။

သူမက ယခု ကျိဟုန်ကျွင်းနှင့် တစ်လှေတည်းစီးနေကြသူများ ဖြစ်သဖြင့် သူ့ကို ကယ်ရမည် ဖြစ်သည်။

လျန်ဟွမ်းသည် ဒုတိယချွေးမနှင့် အမေကျိတို့ ကျိဟုန်ကျွင်း၏ လက်မောင်းကို ဆွဲရန် ပြင်နေကြသည်ကို မြင်သောအခါ ဝင်ပြောရန် ပြင်လိုက်သည်။ သို့သော် ခုတင်ပေါ်တွင် လှဲနေသောသူ နိုးလာသည်ကို တွေ့လိုက်ရသည်။

ကျိဟုန်ကျွင်းသည် စူးရှပြီး သတ်ဖြတ်ချင်စိတ် ပါနေသော မျက်လုံးများဖြင့် အမေကျိကို ကြည့်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို လျင်မြန်တိကျစွာ ဖမ်းဆုပ်လိုက်သည်။ ထိုအင်အားသည် သူမ၏ လက်ကို ကျိုးသွားစေနိုင်လောက်သည်။

အမေကျိ ချက်ချင်း ခြေဆောင့်ကာ အော်ဟစ်လိုက်သည်။

"နာတယ်... နာတယ်... စတုတ္ထ... နင် ဘာလုပ်တာလဲ၊ ငါ့ကို လွှတ်၊ မြန်မြန် လွှတ်စမ်း"

ဒုတိယချွေးမသည် အမေကျိ၏ လက်ကောက်ဝတ်ကို အဆွဲခံထားရသည်ကို မြင်သောအခါ လန့်သွားပြီး နောက်သို့ ဆုတ်လိုက်သည်။ နောက်ဆုတ်ရင်း ကျိဟုန်ကျွင်းကို ကြည့်ကာ ပြောလိုက်သည်။

"စတုတ္ထ... နင်... နင် အမေ့ကို မြန်မြန် လွှတ်ပေးလိုက်"

ကျိဟုန်ကျွင်းသည် သူမတို့၏ စကားကို နားထောင်ရင်း သူ၏ စူးရှသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သည်။ ရွှံ့နံရံများ၊ အိုဟောင်းနေသော ဗီရိုနှင့် လေတိုက်လျှင် တကျွီကျွီ မြည်နေသော သစ်သားတံခါးတို့ကို မြင်လိုက်ရသောအခါ သူ့ခေါင်းထဲတွင် ပုံရိပ်အချို့ ဖြတ်ပြေးသွားသည်။ သူသည် အမေကျိ၏ လက်ကောက်ဝတ်ကို ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။

အမေကျိသည် လက်လွတ်သွားသည်နှင့် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ အော်ဟစ် ငိုယိုတော့သည်။

"အမယ်လေး... သေပါပြီတော့၊ သားက အမေကို ပြန်ရိုက်နေပြီ၊ မိုက်ရိုင်းလိုက်တာ၊ ဒါ မိဘကို မရိုသေတာပဲ၊ ဝေဖန်ရေး လုပ်ခံရတော့မှာပဲ"

"ရွာသူရွာသားတို့ရေ... လာကြည့်ကြပါဦး၊ သားက အမေကို သတ်တော့မယ်၊ ငါက သူ့ကို ပင်ပင်ပန်းပန်းနဲ့ ပြုစုပျိုးထောင်လာခဲ့ရတာ၊ မလွယ်ပါဘူး၊ အခုတော့ သူက ငါ့ကို သတ်ချင်နေပြီ၊ ငါ မနေချင်တော့ပါဘူး"

အမေကျိသည် ဇာတ်လမ်းကသလို အသံကုန် အော်ဟစ်နေသည်။ ဒုတိယချွေးမသည် မျက်လုံးကို ကစားလိုက်ပြီးနောက် အမေကျိဘေးတွင် ဝင်ထိုင်ကာ အမေကျိကို ဆွဲရင်း အော်လိုက်သည်။

"အမေ... အမေ... မသေပါနဲ့၊ အမေ သေလို့ မဖြစ်ဘူး"

ကျိမိသားစုမှ ယောက္ခမနှင့် ချွေးမတို့၏ အော်ဟစ်ငိုယိုသံများကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ ရောက်ရှိလာကြသည်။ မနက်စောစောစီးစီး အိမ်တိုင်းလိုလို ထမင်းစားနေကြချိန် ဖြစ်သည်။ စောစောက ကျိမိသားစုအိမ်သို့ လာရောက် အကဲခတ်သူများမှာ အမေကျိ မောင်းထုတ်လိုက်သဖြင့် ပြန်သွားကြပြီး ကြည့်စရာ မရှိတော့ဟု ထင်နေကြသည်။ ယခု အမေကျိ၏ အော်ဟစ်သံကို ထပ်ကြားလိုက်ရသဖြင့် တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲမှ ထွက်လာကြကာ ကျိမိသားစုအိမ်သို့ လာရောက် အကဲခတ်ကြသည်။ အချို့ဆိုလျှင် ထမင်းပန်းကန် ကိုင်လျက်သားပင် ပါလာကြသည်။

ကျိမိသားစု၏ အိမ်နီးချင်းဖြစ်သူ ကောင်းဝမ်ယင်းသည် အမေကျိနှင့် မတည့်သူ ဖြစ်သည်။ သူမသည် ထမင်းပန်းကန်ကို ကိုင်ကာ ကျိမိသားစု အိမ်ထဲသို့ ဝင်လာပြီး ပြုံးစစဖြင့် ပြောလိုက်သည်။

"ကျိမိသားစု အစ်မကြီး... ရှင်က ဘာတွေ လုပ်နေတာလဲ၊ ပြဇာတ် ကနေတာလား"

အမေကျိသည် ကောင်းဝမ်ယင်းကို တစ်ချက် ကြည့်လိုက်သည်။

"ငါတို့ ကျိမိသားစု ကိစ္စက နင်နဲ့ ဘာဆိုင်လို့လဲ၊ နင့်အိမ် နင် ပြန်စမ်း"

အမေကျိသည် ပြောပြီးသည်နှင့် ကြမ်းပြင်ပေါ်တွင် ဖုန်ရှိမရှိ ဂရုမစိုက်ဘဲ ထိုင်လျက်သား ဒုတိယချွေးမကို ပြောလိုက်သည်။

"ဒုတိယချွေးမ... နင် သွားပြီး နင့်ယောက္ခမထီးတို့ကို သွားခေါ်ချေ၊ ပြီးရင် ရွာသူကြီးကိုပါ တပါတည်း ခေါ်ခဲ့၊ သားက အမေကို သတ်တော့မယ်၊ ငါ မနေချင်တော့ဘူးလို့ ပြောလိုက်၊ ဒီနေ့ စတုတ္ထတို့ လင်မယားကို သူတို့အိမ် သူတို့ ပြန်ပို့ရမယ်၊ ဒီလို သားအမိုက်ကို အိမ်မှာ ပေးနေရင် ဘယ်နေ့ကျ ငါ့ကို ရူးပြီး ထရိုက်မလဲ မသိဘူး"

ဒုတိယချွေးမသည် အမေကျိ၏ စကားကို ကြားသောအခါ ချက်ချင်း ပြန်ပြောလိုက်သည်။

"အမေ... ကျွန်မ အခုပဲ အဖေ့ကို သွားခေါ်လိုက်မယ်၊ အမေ ကောင်းကောင်းနေနော်၊ သေမယ် ဘာမယ် မလုပ်နဲ့ဦး"

ဒုတိယချွေးမသည် ပြောပြောဆိုဆိုဖြင့် ပြေးထွက်သွားသည်။ ပြေးရင်းနှင့်လည်း အော်သွားသေးသည်။

"အဖေ... အစ်ကိုကြီး... ဟုန်ရှင်း... အိမ်မြန်မြန် ပြန်လာကြ၊ စတုတ္ထက အမေ့ကို ရိုက်လို့ အမေ သေတော့မယ်တဲ့"

ဒုတိယချွေးမ၏ အသံမှာ ကျယ်လောင်လွန်းသဖြင့် သူမ၏ အော်သံကို ရွာတစ်ဝက်ခန့် ကြားလိုက်ရသည်။ ခဏကြာသော် ရွာထဲတွင် သတင်းပြန့်သွားတော့သည်။ ကျိဟုန်ကျွင်းက မလိမ္မာဘူး၊ မိခင်အရင်းကို ရိုက်တယ် ဆိုပြီး ပြောဆိုနေကြသည်။

ဒုတိယချွေးမ၏ အော်ဟစ်သံကို ရွာထိပ်တွင် စကားပြောနေသော အဖေကျိနှင့် ကျိဟုန်ကျွင်း၏ သက်ကယ်အိမ်ကို ပြုပြင်ရန် ရောက်နေကြသော ကျိမိသားစု ညီအစ်ကို သုံးယောက်တို့ ကြားလိုက်ကြသည်။ တတိယသား ကျိလောင်စန်းသည် လက်ထဲတွင် ကိုင်ထားသော ပစ္စည်းများကို ကြည့်ရင်း ကျိဟုန်ချီကို ပြောလိုက်သည်။

"အစ်ကိုကြီး... ဒုတိယအစ်ကိုကြီး... ဒုတိယမရီးရဲ့ အသံ ကြားရတယ်၊ စတုတ္ထက အမေ့ကို ရိုက်တယ်တဲ့၊ ငါတို့ အိမ်ပြန်ကြည့်ကြမလား"

အစ်ကိုကြီးကျိသည် သက်ကယ်အိမ် အပျက်အစီးပုံကို တစ်ချက်ကြည့်လိုက်ပြီး အိမ်ပြန်ရန် ပြင်လိုက်သည်။

"သွားကြစို့၊ ဒီသက်ကယ်အိမ်က တစ်ရက်တည်းနဲ့ ပြင်လို့ပြီးမှာ မဟုတ်ဘူး၊ တိုင်တွေ ကျိုးကုန်ပြီ၊ ပြင်ချင်ရင် သစ်ပင် ပြန်ခုတ်ပြီး တိုင်ထူမှ ရမှာ"

ဒုတိယသား ကျိလောင်အာသည် မျက်လုံးကို ကစားလိုက်ပြီး ပစ္စည်းများကို ထမ်းကာ အစ်ကိုကြီးကျိ ဘေးမှ လိုက်ပါသွားသည်။

"အစ်ကိုကြီး... အိမ်မှာက အခန်းလွတ် မရှိတော့ဘူး၊ စတုတ္ထရဲ့ သက်ကယ်အိမ်ကို မပြင်ရင် သူ ဘယ်မှာ နေမလဲ၊ နောက်မှ တာကျူးတို့ကို အကူအညီတောင်းပြီး ညဘက်ကျရင် စတုတ္ထအိမ်ကို ဝိုင်းပြင်ပေးလိုက်ကြမလား"

သူ့မိန်းမ ပြောထားသည်မှာ စတုတ္ထနေသည့် အခန်းကို သူ့သားကို ပေးလိုက်ပြီ၊ နောက်ဆိုရင် သူတို့အခန်း ဖြစ်သွားပြီဟု ပြောထားသည်။

အစ်ကိုကြီးကျိက ဒုတိယသားကို တစ်ချက် စောင်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ သစ်သားတိုင်ကို ထမ်းကာ အိမ်ပြန်လမ်းသို့ ဦးတည်လိုက်သည်။

ကျိမိသားစု ညီအစ်ကို သုံးယောက် အိမ်ရောက်သောအခါ အဖေကျိနှင့် ရွာသူကြီးတို့လည်း ရောက်ရှိနေပြီ ဖြစ်သည်။ ရွာသူကြီးသည် ကျိမိသားစုအိမ်ထဲသို့ ဝင်လိုက်သည်နှင့် လူများ ပြည့်နှက်နေပြီး ဆူညံပွက်လောရိုက်နေသည်ကို တွေ့လိုက်ရသည်။

ရွာသူကြီးသည် မျက်နှာထားတင်းတင်းဖြင့် ခြံဝင်းထဲသို့ ဝင်လာသည်။

"ဘာလုပ်နေကြတာလဲ၊ လူစုခွဲလိုက်ကြ၊ ဒီမှာ ဝိုင်းမကြည့်ကြနဲ့တော့"

ရွာသူကြီး၏ အရှိန်အဝါကြောင့် သူ ပြောလိုက်သည်နှင့် လူအများအပြား ဘေးသို့ ရှောင်သွားကြသည်။ သို့သော် မျက်နှာပြောင်သော လူအချို့ကမူ နေရာမှ မရွေ့ဘဲ ဘေးမှနေ၍ မီးလောင်ရာ လေပင့် လုပ်နေကြသည်။

"ရွာသူကြီး... ခင်ဗျား ရောက်လာတာ ကောင်းတယ်၊ ကျိမိသားစု အစ်မကြီးက အိမ်ထဲမှာ သေချင်နေပြီ၊ ဟုန်ကျွင်းက သူ့ကို ရိုက်တယ်တဲ့၊ သားက အမေကို ရိုက်တာ မိုက်ရိုင်းလွန်းတယ်၊ ခင်ဗျား မြန်မြန် ဝင်ကြည့်လိုက်ပါဦး"

ထိုအမျိုးသမီး ပြောလိုက်သည်နှင့် အိမ်ထဲမှ အမေကျိ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ငါ မနေချင်တော့ဘူး၊ ဒီဘဝကြီးက နေလို့ မရတော့ဘူး၊ အိမ်ခွဲသွားတဲ့ သားက အိမ်ပြန်လာပြီး အမေကို ရိုက်တယ်..."

အမေကျိ၏ ငိုယိုသံကို ကြားသောအခါ ရွာသူကြီးသည် မျက်နှာထား တင်းမာစွာဖြင့် လက်နောက်ပစ်ကာ အိမ်မကြီးထဲသို့ ဝင်သွားသည်။

အဖေကျိနှင့် ကျိမိသားစု ညီအစ်ကိုများလည်း နောက်မှ ကပ်လိုက်သွားကြသည်။ အခန်းထဲတွင် အစ်မကြီးနှင့် တတိယချွေးမတို့ ရောက်နေကြပြီး အမေကျိကို ထူပေးနေကြသည်။ ဒုတိယချွေးမကား ပြန်မရောက်လာသေးပေ။

အမေကျိသည် ငိုယိုနေရင်း ရွာသူကြီး ဝင်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် အသံကို ပိုမြှင့်လိုက်သည်။

"အမယ်လေး... ဒီလို ဘဝမျိုး မနေချင်တော့ပါဘူး၊ သားက အမိကို ရိုက်တယ်၊ မင်းမဲ့စရိုက် ဆန်လွန်းတယ်၊ တရားမျှတမှု မရှိတော့ဘူး"

ရွာသူကြီးသည် အမေကျိ၏ အော်ဟစ်သံကို ကြားသောအခါ မျက်နှာ ပိုမည်းသွားသည်။ သူသည် ဆူညံနေသော မိန်းမကြီးကို စကားမပြောချင်သဖြင့် အဖေကျိဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အစ်ကိုကြီးကျိ... မရီးက ဒီလိုပဲ ဆူညံနေရင် ပြဿနာ ပြေလည်မှာ မဟုတ်ဘူး၊ မရီးကို ထခိုင်းလိုက်ပါဦး၊ ဘယ်လို ဖြေရှင်းချင်လဲ မေးကြည့်လိုက်ပါဦး"

ရွာသူကြီး၏ စကားကို ကြားသောအခါ အဖေကျိ သွားခေါ်စရာပင် မလိုဘဲ အမေကျိ ကိုယ်တိုင် ထလာသည်။ အင်္ကျီပေါ်မှ ဖုန်များကိုပင် မခါဘဲ ရွာသူကြီး အနားသို့ တိုးသွားကာ ပြောလိုက်သည်။

"ရွာသူကြီး... ရှင်က တရားမျှတတဲ့သူပါ၊ ကျွန်မက ဘာမှ နားမလည်ပါဘူး၊ ဒါပေမဲ့ အိမ်ခွဲပြီးရင် ကိုယ့်အိမ်ကိုယ် နေရမယ်ဆိုတာတော့ သိတယ်၊ သားသမီးက မိဘကို မရိုက်ရဘူးဆိုတာလည်း သိတယ်"

"စတုတ္ထက ကျွန်မကို ရိုက်တယ်၊ ကျွန်မ သူ့ကို အဖွဲ့အစည်းမှာ သွားတိုင်လို့ရတယ်၊ ဝေဖန်ရေး လုပ်ခိုင်းလို့ရတယ်၊ ဒါပေမဲ့ စတုတ္ထက ကျွန်မ သားဆိုတော့ သူ ဒုက္ခရောက်မှာ မလိုလားဘူး၊ ဒါကြောင့် မတိုင်တော့ပါဘူး၊ စတုတ္ထကို သူ့အိမ်သူ ပြန်နေခိုင်းလိုက်ရင် ဒီကိစ္စကို ကျေအေးပေးမယ်၊ ရွာသူကြီး... ဘယ်လိုလဲ၊ ဖြစ်မလား"

ရွာသူကြီးက မဖြစ်နိုင်ဟု ထင်သည်။ ကျိမိသားစုက ကျိဟုန်ကျွင်းကို အိမ်ခွဲပေးလိုက်ပြီး ရွာထိပ်က သက်ကယ်အိမ်သို့ မောင်းထုတ်လိုက်ကြသည်။ ထိုအိမ်က ယခု ပြိုကျသွားပြီ ဖြစ်သဖြင့် လူနေ၍ မရတော့ပေ။

ရွာသူကြီးသည် အမေကျိကို စကားမပြောဘဲ အဖေကျိကို ပြောလိုက်သည်။

"အစ်ကိုကြီးကျိ... ဒီကိစ္စကို ဘယ်လို လုပ်မလဲ၊ ရွာထိပ်က သက်ကယ်အိမ်က ပြိုကျသွားပြီ၊ လူနေလို့ မရတော့ဘူး"

အဖေကျိသည် အခန်းထဲရှိ လူများကို ကြည့်လိုက်သည်။ အမေကျိက သူ့ကို ခြိမ်းခြောက်သလို စိုက်ကြည့်နေပြီး ဒုတိယသားကလည်း မျက်နှာငယ်လေးဖြင့် ကြည့်နေသည်။ အဖေကျိ သက်ပြင်းချလိုက်သည်။

" ညီလေး ကော်ပင်း... မင်းလည်း မြင်တဲ့အတိုင်းပဲ၊ ကလေးအမေက စတုတ္ထ ရိုက်တာ ခံလိုက်ရတော့ စိတ်မကြည်ဘူး ဖြစ်နေတာ၊ အတူ ဆက်နေရင် ရန်ဖြစ်နေကြဦးမှာ၊ ခွဲနေခိုင်းလိုက်တာပဲ ကောင်းပါတယ်"

အဖေကျိသည် ပြောပြီးနောက် ကျိဟုန်ကျွင်းကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ဟုန်ကျွင်း... အိမ်ခွဲပြီးပြီဆိုတော့ မင်းလည်း အိမ်မှာ ဆက်နေဖို့ မသင့်တော်တော့ဘူး၊ မင်းအစ်ကိုကြီးကို လူခေါ်ပြီး မင်းအိမ်ကို သွားပြင်ခိုင်းလိုက်မယ်၊ ညကျရင် မင်းတို့ လင်မယား အိမ်ပြန်ကြတော့"

လျန်ဟွမ်းသည် ခုတင်ပေါ်တွင် ထိုင်နေရင်း အဖြစ်အပျက်များကို ကြည့်နေသည်။ အမေကျိက အကြီးအကျယ် ပြဿနာရှာနေခြင်းမှာ သူတို့ကို မောင်းထုတ်ချင်သောကြောင့် ဖြစ်သည်။ ရွာထိပ်က သက်ကယ်အိမ်မှာ နေလို့မရမှန်း သိရက်နှင့် သူမ ပြန်မသွားနိုင်ပေ။ သူမသည် အဖေကျိ၏ စကားကို ကြားသောအခါ ပါးစပ်ဟပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း ဘေးနားမှ ကျိဟုန်ကျွင်းက ဦးအောင် ပြောလိုက်သည်။

"အိမ်ခွဲပြီးပြီဆိုတော့ အိမ်ပြန်နေရမှာက ဖြစ်သင့်ပါတယ်၊ ဒါပေမဲ့ အိမ်ခွဲတာက စည်းကမ်း ရှိရမယ်၊ စည်းမျဉ်းအတိုင်း ခွဲရမယ်၊ ခွဲသင့်တာတွေ အကုန် ခွဲပေးရမယ်"

…

အခန်း (၄)

ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ဘေးနားရှိ အမေကျိမှာ ပေါက်ကွဲသွားတော့သည်။ သူ့ကို လက်ညှိုးထိုးကာ ဆဲဆိုတော့သည်။

"ကျေးဇူးကန်းတဲ့ကောင်၊ မိုးကြိုးပစ်မဲ့ကောင်၊ နင့်အဖေနဲ့အမေကို ပြန်ရိုက်တာ ဝေဖန်ရေးလုပ်ခံရမယ်၊ အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေးစခန်း အပို့ခံရမယ်၊ နင်က အိမ်ခွဲမယ်လို့ ပြောရဲသေးတယ်၊ မနေ့ကပဲ ခွဲပြီးပြီလေ၊ နင်က ဒီအိမ်ကလူ မဟုတ်တော့ဘူး၊ ကျေးဇူးကန်းတဲ့ကောင်၊ နင့်မိန်းမကို ခေါ်ပြီး နင်တို့အိမ် နင်တို့ ပြန်ကြတော့"

ကျိဟုန်ကျွင်းသည် အမေကျိ၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ ရွာသူကြီးကို တည့်တည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ "ရွာသူကြီး... ကျွန်တော့်အဘိုး မဆုံးခင်တုန်းက ကျွန်တော့်ကို စာတစ်စောင် ပေးခဲ့တယ်၊ အဲဒီထဲမှာ အိမ်ခွဲတဲ့ကိစ္စ ပါတယ်"

ရွာသူကြီးသည် ကျိဟုန်ကျွင်းက အဘိုးကျိအကြောင်း ပြောလာသည်ကို ကြားသောအခါ မျက်နှာထား လေးနက်သွားသည်။ "ဦးလေးကျိရဲ့ စာ ဟုတ်လား၊ ယူလာခဲ့ချေ"

အဘိုးကျိသည် ဂျပန်တော်လှန်ရေးကာလက သူရဲကောင်းတစ်ဦးဖြစ်ပြီး သူအသက်ရှင်စဉ်က ရွာထဲမှလူများက သူ့ကို လေးစားကြသည်။ ရွာသူကြီးကိုယ်တိုင်လည်း အဘိုးကျိကို လေးစားသူဖြစ်သည်။

"ကျွန်တော် သွားယူလိုက်မယ်" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားပြီး သူအရင်နေခဲ့သည့် အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ဒုတိယချွေးမသည် ခြံဝင်းတံခါးအပြင်ဘက်တွင် ပုန်းကာ ချောင်းကြည့်နေသည်။ သူမသည် အိမ်မကြီးထဲတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိပေ။ ကျိဟုန်ကျွင်းက သူမ၏သား ယခုနေနေသော အခန်းဆီသို့ လျှောက်လာသည်ကို မြင်သောအခါ အပြင်ဘက်မှ အမြန်ပြေးဝင်လာပြီး ကျိဟုန်ကျွင်းကို တားလိုက်သည်။ "စတုတ္ထလေး... နင် ဘာလုပ်မလို့လဲ၊ ဒီအခန်းက ကုံးတန့်နဲ့ အာယာတို့ အခန်းဖြစ်သွားပြီ၊ နင် ဝင်လို့ မရဘူး"

ကုံးတန့်နှင့် အာယာမှာ သူမ၏ အမြွှာ သားသမီးများဖြစ်သည်။

ကျိဟုန်ကျွင်းက ဒုတိယချွေးမကို အေးစက်စက် တစ်ချက်ကြည့်လိုက်သည်။ "ပစ္စည်း ယူမလို့"

ကျိဟုန်ကျွင်း၏ အရှိန်အဝါမှာ ပြင်းထန်လွန်းလှသည်။ သူပြောပြီးသည်နှင့် အခန်းထဲသို့ ဝင်သွားရာ ဒုတိယချွေးမမှာ မတားရဲတော့ဘဲ နောက်မှလိုက်ကာ အော်ပြောနေရုံသာ တတ်နိုင်တော့သည်။

"ဒီအခန်းထဲက ပစ္စည်းတွေအကုန်လုံးက ကုံးတန့်နဲ့ အာယာတို့ ပစ္စည်းတွေ ဖြစ်ကုန်ပြီ၊ နင့်ပစ္စည်း မရှိတော့ဘူး"

ကျိဟုန်ကျွင်းသည် ဒုတိယချွေးမကို ဂရုမစိုက်ဘဲ အခန်းထဲဝင်သွားပြီးနောက် ခေါင်းရင်းရှိ ဗီရိုကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ဗီရိုကို ဖွင့်လိုက်ရာ အတွင်း၌ ကုံးတန့်နှင့် အာယာတို့၏ အဝတ်အစားများကို တွေ့လိုက်ရသည်။ သူက အဝတ်များကို ဖယ်ထုတ်ကာ ဗီရိုကို ရှင်းလိုက်ပြီးနောက် ဗီရိုအောက်ခြေရှိ သစ်သားပြားကို မလိုက်ပြီး အတွင်းမှ စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။ စာအိတ်မှာ ဝါညစ်နေပြီး စာရေးထားသည်မှာ ကြာပြီဖြစ်ကြောင်း သိသာနေသည်။

လျန်ဟွမ်းသည် အိမ်မကြီးထဲတွင် ငြိမ်သက်စွာ နေနေသည်။ ကျိဟုန်ကျွင်းက တကယ်ပဲ အပြင်မှ စာတစ်စောင် ကိုင်ပြီး ဝင်လာသည်ကို တွေ့သောအခါ အနည်းငယ် အံ့သြသွားသည်။ သူမ လက်ခံရရှိထားသော မှတ်ဉာဏ်များအရ ကျိဟုန်ကျွင်းသည် ရွာထဲတွင် နာမည်ကြီး လူပျင်းတစ်ယောက် ဖြစ်သော်လည်း မိဘစကားကို နားထောင်ပြီး ဘယ်တော့မှ ပြန်မပြောသူဖြစ်သည်။ အထူးသဖြင့် သူ့အမေပြောသမျှ တစ်ခွန်းမှ ပြန်မပြောဘဲ နားထောင်သူဖြစ်သည်။ သို့သော် ယနေ့ သူမ မြင်နေရသော ကျိဟုန်ကျွင်းမှာ သူ့အမေကို ပြန်ပြောရုံသာမက အဘိုးကျိ ထားခဲ့သောစာကိုပါ ထုတ်ယူလာခဲ့သည်။ ကြည့်ရတာ သူက အမေကျိကို ဆန့်ကျင်တော့မည့်ပုံပင်။

ကျိဟုန်ကျွင်းသည် အခန်းထဲ ဝင်လာပြီးနောက် စာကို ရွာသူကြီးထံ တန်းပေးလိုက်သည်။ "အဘိုး ထားခဲ့တဲ့စာပါ၊ အိမ်ခွဲတဲ့အချိန်ကျရင် ထုတ်ပေးပါလို့ မှာထားတယ်"

ကျိဟုန်ကျွင်းပြောပြီးနောက် ဘာမှဆက်မပြောဘဲ ဘေးတွင် ရပ်နေလိုက်သည်။ ရွာသူကြီး စာဖတ်သည်ကို စောင့်နေသည်။

ရွာသူကြီး စာအိတ်ကို ဖောက်သောအခါ ကျိမိသားစုဝင်များထဲမှ စာတတ်သူရော စာမတတ်သူပါ ဝိုင်းကြည့်ကြသဖြင့် ရွာသူကြီး၏ ရှေ့မှ အလင်းရောင်ပင် ကွယ်သွားတော့သည်။ သူက မျက်လုံးကို မှေးကာ စာကို မျက်နှာနား ကပ်ပြီး တစ်လုံးချင်း ဖတ်လိုက်သည်။ ဖတ်ပြီးသောအခါ ရွာသူကြီးက စာကို အဖေကျိထံ ပေးလိုက်သည်။

"အစ်ကိုကြီး... ဒါက ဦးလေးကျိ ထားခဲ့တဲ့စာပဲ၊ သူက ခင်ဗျားတို့အိမ်က အရှေ့ဘက်အဆောင်ကို ဟုန်ကျွင်းကို ပေးရမယ်တဲ့၊ အိမ်က ပစ္စည်းတွေနဲ့ ဆန်ရေစပါးတွေကို ငါးပုံပုံရမယ်၊ ခင်ဗျားတို့ လင်မယားက တစ်ပုံ၊ သားလေးယောက်က တစ်ယောက် တစ်ပုံစီတဲ့"

"အစ်ကိုကြီး... ဒီစာထဲက လက်ရေးကို ကျွန်တော် မှတ်မိတယ်၊ ဦးလေးကျိ ကိုယ်တိုင်ရေးထားတာ၊ ပြီးတော့ စာထဲမှာ အုပ်စုနဲ့ ကော်မတီက တံဆိပ်တုံးတွေလည်း ပါတယ်၊ ဒီစာက တရားဝင်တယ်၊ ကော်မတီက တံဆိပ်တုံး ပါတာမို့ ခင်ဗျားတို့ ဒီအတိုင်း ခွဲပေးရမယ်"

အမေကျိက လက်မြန်သည်။ ရွာသူကြီး ပြောသည်ကို ကြားသောအခါ စာကို ဝင်လုယူလိုက်သည်။ သူမက စာမတတ်သဖြင့် စာကို လက်ထဲ ဆုပ်ကိုင်ထားပြီး ရွာသူကြီးကို ရန်တွေ့တော့သည်။

"ဘာအိမ်ခွဲစာလဲ၊ အဲဒီ အဘိုးကြီး သေတာ ဆယ်နှစ်ရှိပြီ၊ သူ ထားခဲ့တဲ့စာက အသုံးမဝင်တော့ဘူး၊ ငါ အိမ်ခွဲပေးပြီးပြီ၊ စတုတ္ထလေး... နင် နင့်မိန်းမကို ခေါ်ပြီး မြန်မြန် ထွက်သွား၊ အခုချက်ချင်း ထွက်သွား"

အမေကျိက ပြောပြောဆိုဆိုနှင့် ကျိဟုန်ကျွင်းကို ဆွဲထုတ်ရန် ကြိုးစားသည်။ သို့သော် ကျိဟုန်ကျွင်းက တောင်ကြီးတစ်တောင်ပမာ မတ်တတ်ရပ်နေသဖြင့် အမေကျိ ဆွဲသော်လည်း ရွေ့မသွားပေ။

လျန်ဟွမ်းသည် အိပ်ရာပေါ်တွင် ဆက်ငြိမ်မနေတော့ပေ။ အိပ်ရာပေါ်မှ ဆင်းလာပြီး အမေကျိ အနားသို့ ကပ်သွားကာ သူမ သတိမထားမိချိန်တွင် လက်ထဲမှ စာကို လုယူလိုက်သည်။

စာ လုယူခံလိုက်ရသဖြင့် အမေကျိသည် ကျိဟုန်ကျွင်းကို ဆက်မဆွဲတော့ဘဲ လျန်ဟွမ်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကောင်မစုတ်... ငါ့စာကို လုရဲတယ်ပေါ့၊ နင့်ကို ငါ ရိုက်သတ်မယ်" အမေကျိက အမှတ်မရှိပေ။ လူရိုက်ရတာ ကျင့်သားရနေပြီး စိတ်တိုင်းမကျလျှင် လက်ပါတတ်သည်။ မနက်တုန်းက လျန်ဟွမ်း တုတ်နှင့် ရိုက်သည်ကို မေ့နေပုံရသည်။

သူမက လျန်ဟွမ်းကို လက်သည်းဖြင့် ကုတ်သည်။ လျန်ဟွမ်း ပထမတစ်ချက်ကို မရှောင်လိုက်နိုင်သဖြင့် လည်ပင်းကို ထိသွားသည်။ သူမ နောက်တစ်ကြိမ် ထပ်ကုတ်ရန် ပြင်သောအခါ လျန်ဟွမ်းသည် သစ်သားတုတ်ကို လှမ်းကြည့်လိုက်ပြီး ကောက်ယူလိုက်ကာ အမေကျိကို ဒေါသတကြီး ကြည့်လိုက်သည်။

"ကုတ်ဦးလေ၊ ကုတ်ချင်ဦးလေ" လျန်ဟွမ်းသည် တုတ်ဖြင့် အမေကျိ၏ တင်ပါးကို ရိုက်ချလိုက်သည်။

"အမယ်လေး... ငါ့တင်ပါး" အမေကျိ အော်ဟစ်လိုက်သည်။

အမေကျိ၏ အော်သံကို လျန်ဟွမ်း မနက်ကတည်းက ကြားနေရသဖြင့် ယခုအခါ ရိုးနေပြီဖြစ်သည်။ သူမသည် လက်တစ်ဖက်က တုတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် စာကို ကိုင်ထားသည်။ သူမ အမေကျိကို ရိုက်လိုက်သဖြင့် ရွာသားများက အပြစ်တင် ပြောဆိုနေကြသော်လည်း သူမ ဂရုမစိုက်ဘဲ စာကိုသာ အမြန် ဖတ်ကြည့်လိုက်သည်။

စာဖတ်ပြီးနောက် လျန်ဟွမ်းသည် ရွာသူကြီးထံ စာကို ပေးလိုက်သည်။ "ဦးလေး... ဒီစာမှာ ကော်မတီ တံဆိပ်တုံး ပါတယ်၊ ကျွန်မတို့ ဒီစာထဲကအတိုင်း အိမ်ခွဲလို့ ရမလား"

"ရတာပေါ့" ရွာသူကြီးက ရိုးသားပြတ်သားစွာ အဖြေပေးလိုက်သည်။

အော်ဟစ်နေသော အမေကျိသည် ရွာသူကြီး၏ စကားကို ကြားသောအခါ အော်နေရာမှ ရပ်လိုက်သည်။ ပေါင်ကို တစ်ချက်ရိုက်ကာ ရွာသူကြီးရှေ့သို့ ဒေါသတကြီး ရောက်လာသည်။ "ရွာသူကြီး... မဖြစ်ဘူးလေ၊ ကျွန်မတို့က မနေ့ကပဲ အိမ်ခွဲပြီးပြီ၊ ဒီစာက အရာမဝင်တော့ဘူး၊ ဒီအတိုင်း ခွဲလို့ မရဘူး"

အမေကျိသည် ရွာသူကြီးကို ဆွဲယမ်းကာ ငိုကြီးချက်မဖြင့် ပြောနေသည်။ ရွာသူကြီး သဘောတူလာသည်အထိ ဇွတ်အတင်း ပြောဆိုရန် ဆုံးဖြတ်ထားပုံရသည်။

လျန်ဟွမ်းသည် ဒီခေတ်ကာလ၏ ခက်ခဲမှုကို သိသည်။ နေစရာမရှိ၊ စားစရာမရှိလျှင် အသက်ရှင်ရန် ခက်ခဲမည်။ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သူမသည် ကျိမိသားစုကို ဒီစာအတိုင်း အိမ်ခွဲပေးအောင် လုပ်ရမည်။

"အမေ... ဒီစာမှာ ကော်မတီ တံဆိပ်တုံး ပါတယ်၊ ဒါက ပါတီနဲ့ ခေါင်းဆောင်တွေ သဘောတူထားတယ်ဆိုတဲ့ သဘောပဲ၊ အမေက ဒီအတိုင်း မခွဲပေးချင်ဘူးဆိုတော့ ပါတီနဲ့ ကော်မတီက မှားနေတယ်လို့ ပြောချင်တာလား၊ အမေက ပါတီကို ဗြောင်ကျကျ ဆန့်ကျင်နေတာပဲ၊ အမေရဲ့ အတွေးအခေါ်က ဆန့်ကျင်ရေးသမား အတွေးအခေါ် ဖြစ်နေပြီ၊ သေနတ်နဲ့ အပစ်ခံရလိမ့်မယ်"

ဆန့်ကျင်ရေးသမား အတွေးအခေါ် ဆိုသည်မှာ လျန်ဟွမ်း ယခင်က ပြောခဲ့သော ချွေးမကို နှိပ်စက်သည်ဆိုသော ခေါင်းစဉ်နှင့် မတူပေ။ ချွေးမကို နှိပ်စက်ခြင်းက အိမ်တွင်းရေးကိစ္စဟု ပြောလို့ရသော်လည်း ဆန့်ကျင်ရေးသမား အတွေးအခေါ် ရှိခြင်းကမူ မူဝါဒဆိုင်ရာ အမှားဖြစ်သည်။ သေနတ်နှင့် အပစ်ခံရသည်က ထားဦး၊ တစ်ရွာလုံးပါ ဒုက္ခရောက်နိုင်သည်။

ရွာသူကြီးသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ မျက်နှာထား လေးနက်သွားသည်။ ရွာသူကြီး၏ အရှိန်အဝါကို ထုတ်သုံးကာ အဖေကျိကို ကြည့်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီး... ဒါက ဦးလေးကျိ ထားခဲ့တဲ့စာပဲ၊ ခင်ဗျားက သားတစ်ယောက်အနေနဲ့ နားထောင်ရမယ်၊ ပြီးတော့ ဒီစာမှာ ကော်မတီ တံဆိပ်တုံး ပါတယ်၊ စတုတ္ထချွေးမ ပြောတာ မှန်တယ်၊ ကော်မတီ တံဆိပ်တုံး ပါတယ်ဆိုတာ ခေါင်းဆောင်တွေ သဘောတူထားတာပဲ၊ ဒီစာအတိုင်း ခွဲကို ခွဲရမယ်၊ မဟုတ်ရင် ဝေဖန်ရေးလုပ်ခံရတာ၊ စခန်းပို့ခံရတာက အသေးအဖွဲပဲ ရှိဦးမယ်၊ ပိုဆိုးရင် တစ်မိသားစုလုံး သေနတ်နဲ့ အပစ်ခံရလိမ့်မယ်"

ရွာသူကြီးက လေးလေးနက်နက် ပြောလာသဖြင့် အဖေကျိလည်း ကြောက်လန့်သွားသည်။ စိတ်ထဲတွင် မခွဲပေးချင်သော်လည်း နားထောင်ရုံသာ ရှိတော့သည်။ သူက သွားကို ကြိတ်ကာ ပြောလိုက်သည်။

"ခွဲမယ်... စာထဲမှာ ရေးထားတဲ့အတိုင်း ခွဲကြတာပေါ့"

အိမ်ထောင်ဦးစီးက စကားပြောလာပြီဖြစ်ရာ အမေကျိ ဘယ်လောက်ပဲ သောင်းကျန်းချင်နေပါစေ မရတော့ပေ။ အဖေကျိက သားများကို ခေါ်ပြီး အမေကျိကို အနောက်ဘက်အဆောင်သို့ ခေါ်သွားခိုင်းလိုက်သည်။ ပြီးနောက် ပါတီအတွင်းရေးမှူးနှင့် စာရင်းကိုင်ကို ခေါ်ကာ အိမ်ရှိ ပစ္စည်းများကို စာရင်းတွက်ပြီး အိမ်ခွဲရန် စီစဉ်တော့သည်။

သူတို့ စာရင်းတွက်နေစဉ် လျန်ဟွမ်းသည် ကျိဟုန်ကျွင်း အနားသို့ တိတ်တဆိတ် လျှောက်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။

ကျိဟုန်ကျွင်းသည် ယခုထိ မျက်နှာသေနှင့် မတ်မတ်ရပ်နေဆဲ ဖြစ်သည်။ သူ့ပုံစံက စစ်သားတစ်ယောက် ရပ်နေသည့်ပုံနှင့် တူသည်။ လျန်ဟွမ်း သံသယ ဝင်သွားသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ကျိဟုန်ကျွင်းဆိုသည်မှာ အလုပ်မလုပ်ဘဲ မြို့ပေါ်တက် လျှောက်လည်နေတတ်သည့် လူပျင်းတစ်ယောက် ဖြစ်သည်။ လူပျင်းတစ်ယောက်က ဒီလိုပုံစံမျိုးနှင့် ရပ်တတ်ပါ့မလား။

လျန်ဟွမ်း တွေးနေစဉ်မှာပင် စာရင်းကိုင်သည် ကျိမိသားစု၏ ဆန်ရေစပါးနှင့် ပစ္စည်းများကို စာရင်းတွက်ပြီးသွားပြီ ဖြစ်သည်။ သူက စာရင်းအုပ်ကို ပိတ်လိုက်ပြီး အတွင်းရေးမှူးနှင့် ရွာသူကြီးကို ကြည့်ကာ ပြောလိုက်သည်။

"တွက်လို့ ပြီးပြီ၊ အိမ်ခွဲလို့ ရပါပြီ"

…

အခန်း (၅)

အမေကျိ အခန်းထဲတွင် ဆူပူသောင်းကျန်းခြင်း မပြုနိုင်တော့သဖြင့် ကျိမိသားစု အိမ်ခွဲမည့်ကိစ္စ ဆုံးဖြတ်ပိုင်ခွင့်သည် အဖေကျိ၏ လက်ထဲသို့ ရောက်ရှိသွားသည်။ အဖေကျိသည် စာရင်းကိုင် ပေးလိုက်သော စာရင်းကို ကြည့်လိုက်သည်။ စာရင်းထဲတွင် အိမ်ရှိ မျက်မြင်တွေ့ရသော အိမ်ထောင်ပရိဘောဂ၊ အိမ်၊ ကိုယ်ပိုင်စိုက်ခင်းနှင့် ကြက်၊ ဝက်များကို ရေးမှတ်ထားသော်လည်း မျက်စိဖြင့် မမြင်နိုင်သော ပိုက်ဆံနှင့် စပါးများကိုမူ ရေးမှတ်မထားပေ။

အဖေကျိသည် စာရင်းကို သားများလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူက ဆေးတံအိုကို ကိုင်ကာ အိပ်ရာဘောင်နှင့် ခေါက်လိုက်ရင်း ကျိဟုန်ကျွင်းကို လေးလေးနက်နက် ပြောလိုက်သည်။

"စတုတ္ထလေး... မင်းအစ်ကို ကျန်ဟွာ ရေးထားတဲ့ စာရင်းက ရှင်းတယ်၊ အိမ်က ပစ္စည်းတွေကို တိတိကျကျ ရေးထားတယ်၊ ကိုယ်ပိုင်စိုက်ခင်းက ၀.၅ မူ ရှိတယ်၊ မင်းက ပျင်းတဲ့ကောင်၊ ပုံမှန်ဆို အလုပ်မလုပ်ဘဲ ခိုကပ်နေတာ၊ ကိုယ်ပိုင်စိုက်ခင်း ပေးရင်လည်း မင်း စိုက်တတ်မှာ မဟုတ်ဘူး၊ ဒါကြောင့် ကိုယ်ပိုင်စိုက်ခင်းကို မင်းကို မပေးတော့ဘူး"

"မင်းအစ်ကို ကျန်ဟွာ ရေးထားတဲ့ ဒယ်အိုး၊ ပန်းကန်ခွက်ယောက် စာရင်းကိုလည်း မင်း မြင်သားပဲ၊ ငါတို့မိသားစုက လူများတော့ ပန်းကန်တစ်လုံးကို လူနှစ်ယောက် စားနေရတာ၊ ဒယ်အိုးက တစ်လုံးတည်း ရှိတာ၊ ဒါကြောင့် ဒါတွေကို မင်းကို မပေးတော့ဘူး၊ အိမ်မှာ မြေအိုးတစ်လုံး ရှိတယ်၊ ထမင်းချက်လို့လည်း ရတယ်၊ ဟင်းထည့်စားလို့လည်း ရတယ်၊ အဲဒါ မင်းတို့ကို ပေးမယ်၊ အိမ်က လယ်လုပ်ကိရိယာတွေက မလောက်ငဘူး၊ မင်းကလည်း သိပ်ပြီး အလုပ်ဆင်းတာ မဟုတ်တော့ ငါ သဘောနဲ့ပဲ လယ်လုပ်ကိရိယာတွေကို အိမ်မှာထားခဲ့မယ်၊ အစားထိုးအနေနဲ့ မင်းကို ကန်စွန်းဥ တစ်ကျင်း ပေးမယ်"

"အိမ်မှာ စပါးလည်း သိပ်မကျန်တော့ဘူး၊ အကုန်ပေါင်းမှ ကျင်းနှစ်ရာလောက်ပဲ ရှိတော့မယ်၊ ငါ သဘောနဲ့ပဲ မင်းကို သက်သာခွင့်ပေးတဲ့အနေနဲ့ အားလုံးပေါင်း ကျင်း ၅၀ ပေးမယ်၊ ကန်စွန်းဥ အချိန် ၂၀၊ နှံစားပြောင်း အချိန် ၂၀ နဲ့ အာလူး အချိန် ၁၀ ပေါ့"

"နောက်ပြီး ပိုက်ဆံနဲ့ အိမ်ကိစ္စ ကျန်သေးတယ်၊ အိမ်စရိတ်က ကြီးတော့ တစ်နှစ်ပတ်လုံးနေမှ ပိုက်ဆံ သိပ်မစုမိဘူး၊ အိမ်မှာ ငါးယွမ် ရှိတာမို့ မင်းကို တစ်ယွမ် ပေးမယ်၊ အိမ်ကိစ္စကတော့ မင်းအဘိုးက အရှေ့ဆောင်ကို မင်းအတွက် ချန်ခဲ့တယ် ဆိုပေမဲ့ အိမ်မှာ လူများတယ်လေ၊ မင်း တူ၊ တူမတွေ နေစရာ မရှိကြဘူး၊ ဒီတော့ မင်း အရင်နေတဲ့ အခန်းမှာပဲ ဆက်နေလိုက်၊ အရှေ့ဆောင်က ကျန်တဲ့အခန်းနှစ်ခန်းကို မင်း ဒုတိယအစ်ကိုနဲ့ သူ့ကလေးတွေ ပေးနေလိုက်မယ်"

ကျိမိသားစု ညီအစ်ကိုများသည် ဘေးတွင် ရပ်နေကြသည်။ အဖေကျိ၏ ခွဲဝေမှုကို ကြားသောအခါ အစ်ကိုကြီးနှင့် တတိယသားတို့က ထွေထွေထူးထူး တုံ့ပြန်မှု မရှိပေ။ ဒုတိယသားက ပါးစပ်ဟပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အစ်ကိုကြီးက ဆွဲထားသဖြင့် မပြောဖြစ်လိုက်ပေ။

အဖေက ဒီလို ခွဲဝေပေးတာ သူတို့ဘက်က အများကြီး အမြတ်ထွက်နေပြီလေ။

ကျိညီအစ်ကိုများက မကန့်ကွက်သော်လည်း ဒုတိယချွေးမက မကျေနပ်ပေ။ သူမက လည်ပင်းကို မော့ကာ ပြောလိုက်သည်။

"အဖေ... ဒါ မဖြစ်သင့်ဘူးလေ၊ စတုတ္ထလေး အရင်နေတဲ့ အခန်းက ကုံးတန့်နဲ့ အာယာတို့ နေနေကြတာ၊ သူ့ကို ပေးနေလို့ မရဘူး၊ ရွာထိပ်က သက်ကယ်အိမ်က ကောင်းသားပဲ၊ ခြံဝင်းသီးသန့်နဲ့၊ အိမ်အပြင်ဘက်မှာ နေရာလည်း ကျယ်တယ်၊ စတုတ္ထလေးတို့ လင်မယားကို အဲဒီမှာ သွားနေခိုင်းလိုက်"

လျန်ဟွမ်းသည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ အဖေကျိ၏ ခွဲဝေပုံကို သူမ နားထောင်နေခဲ့သည်။ သူမသည် ဒီနေရာက ဒေသခံ မဟုတ်သော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသဖြင့် ဒီလောကအကြောင်းကို နားလည်သည်။

ဒီခေတ်တွင် လယ်ယာစိုက်ပျိုးရေးက အဓိက ဖြစ်သည်။ လယ်လုပ်ကိရိယာ မရှိလျှင် အလုပ်ဆင်းရန် ခက်ခဲသည်။ အလုပ်မဆင်းလျှင် အမှတ်မရ၊ အမှတ်မရလျှင် စပါးမရသဖြင့် ထမင်းစားနိုင်မည် မဟုတ်ပေ။ ဒယ်အိုး၊ ပန်းကန်ခွက်ယောက်များသည်လည်း အလွန် အရေးကြီးသော ပစ္စည်းများ ဖြစ်သည်။ ဒီခေတ်တွင် အိမ်တစ်အိမ်၌ သံဒယ်အိုး တစ်လုံး ရှိခြင်းသည် အခြေအနေကောင်းသော မိသားစုဟု ဆိုနိုင်သည်။ လူအများစု၏ အိမ်တွင် ဒယ်အိုးမရှိ၊ ပန်းကန်မရှိဘဲ မြေအိုးဖြင့်သာ ထမင်းချက်စားကြရသည်။

အဖေကျိသည် ကောင်းသော ပစ္စည်းများကို အိမ်တွင် ချန်ထားပြီး သူမတို့ကိုမူ အသုံးမဝင်သော ပစ္စည်းများသာ ခွဲပေးသည်။ ထို့အပြင် ဒုတိယချွေးမက သူမတို့ကို ရွာထိပ်ရှိ ပြိုကျလုဆဲဆဲ သက်ကယ်အိမ်တွင် သွားနေခိုင်းနေသည်။ လျန်ဟွမ်း သဘောမတူနိုင်ပေ။ သူမသည် ဒုတိယချွေးမကို ကြည့်ကာ ပြန်ပြောလိုက်သည်။

"ဒုတိယယောက်မ... သက်ကယ်အိမ် ကောင်းတယ်ဆိုရင် ကျွန်မ မတားပါဘူး၊ ရှင်နဲ့ ဒုတိယအစ်ကို သွားနေလိုက်လေ"

သူမကို အဲ့ဒီ သက်ကယ်အိမ်အစုတ်ကြီးမှာ သွားနေခိုင်းတာလား။ ဒုတိယချွေးမက ချက်ချင်း ပြန်ငြင်းသည်။ "မရပါဘူး၊ အဲဒါ နင်နဲ့ စတုတ္ထလေးရဲ့ အိမ်ပဲ၊ ငါက အမြတ်မထုတ်ချင်ပါဘူး၊ ငါ အိမ်မှာပဲ နေမယ်"

လျန်ဟွမ်းက လှောင်ပြုံး ပြုံးလိုက်သည်။

"ဒုတိယယောက်မ ကိုယ်တိုင်တောင် သက်ကယ်အိမ် မကောင်းမှန်းသိလို့ မနေချင်ဘဲနဲ့ ကျွန်မတို့ကို သွားနေခိုင်းတယ်၊ ရှင် တော်တော် စိတ်ပုပ်တာပဲ"

ဒုတိယချွေးမကို ပြန်ပြောပြီးနောက် လျန်ဟွမ်း သူမကို ဆက်မကြည့်တော့ဘဲ အဖေကျိဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အဖေ... အိမ်ခွဲတာ အဲဒီလို ခွဲလို့ မရဘူး၊ တရားမျှတရမယ်၊ အဖေ ပြောတုန်းက ကိုယ်ပိုင်စိုက်ခင်း ၀.၅ မူ ရှိတယ်ဆို၊ အဲဒါဆိုရင် ငါးပုံတစ်ပုံ ခွဲရမယ်၊ ကျွန်မနဲ့ ဟုန်ကျွင်းက ၀.၁ မူရရမယ်၊ အိမ်မှာ ပန်းကန်တွေလည်း မနည်းဘူး၊ လူ ၁၅ ယောက် ရှိတာ ပန်းကန် ၈ လုံး ရှိတယ်၊ ငါးပုံ ပုံလိုက်ရင် ကျွန်မနဲ့ ဟုန်ကျွင်းက ပန်းကန် တစ်လုံးခွဲ ရရမယ်၊ ဒယ်အိုးက တစ်လုံးတည်း ရှိတာမို့ ကျွန်မတို့ မယူတော့ဘူး၊ အိမ်မှာပဲ ထားလိုက်မယ်၊ ဒါပေမဲ့ အခု သံဒယ်အိုး တစ်လုံး ဝယ်မယ်ဆိုရင်..."

လျန်ဟွမ်း ပြောလေ အဖေကျိ မျက်နှာ မည်းမှောင်လေ ဖြစ်သည်။ သူမ စကားမဆုံးခင်မှာပင် အဖေကျိသည် ဆေးတံအိုဖြင့် စားပွဲကို ရိုက်ချလိုက်ပြီး ကျိဟုန်ကျွင်းကို အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။

"စတုတ္ထ... မင်းမိန်းမကို မင်း မထိန်းတော့ဘူးလား၊ ဒီမှာ လာပြီး ရိုင်းစိုင်းနေတာကို ဒီအတိုင်း ကြည့်နေတော့မှာလား"

လျန်ဟွမ်း ကျိဟုန်ကျွင်းကို လှမ်းကြည့်လိုက်သည်။ ဒီလူ သူ့အဖေကို ဘယ်လို ပြန်ဖြေမလဲ သူမ သိချင်သည်။ မှတ်ဉာဏ်ထဲတွင်တော့ ကျိဟုန်ကျွင်းသည် ပျင်းရာတွင် ဆရာကျသလို မိဘစကား နားထောင်ရာတွင်လည်း ထိပ်တန်းဖြစ်သည်။ သူက မိဘစကားဆို မြေဝယ်မကျ နားထောင်တတ်သည်။

လျန်ဟွမ်း တွေးနေစဉ်မှာပင် သူမဘေးနားရှိ အမျိုးသားက စကားပြောလာသည်။ ထိုအမျိုးသား၏ အသံမှာ နက်ရှိုင်းပြီး တည်ငြိမ်သည်။

"အဖေ... ကျွန်တော့်မိန်းမ ပြောတာ မှန်တယ်"

ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လျန်ဟွမ်း သူ့ကို သေချာ ကြည့်လိုက်မိသည်။ ဒီလူက မှတ်ဉာဏ်ထဲက ပုံစံနဲ့ တကယ် မတူဘူးပဲ။ ဒါပေမဲ့ သူ့ပုံစံက သူမ စိတ်တိုင်းကျ ဖြစ်နေသည်။ ဒီလို စိမ်းသက်တဲ့နေရာ၊ ခက်ခဲတဲ့ ကာလမှာ သူမအနေနဲ့ သူနဲ့အတူ အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ရဦးမည်။ ဒီလူ့စရိုက်က သူမ သဘောကျတဲ့ ပုံစံ ဖြစ်နေမှသာ သူတို့ ပေါင်းသင်းပြီး ကောင်းကောင်း နေထိုင်နိုင်မည်။

လျန်ဟွမ်း အဖေကျိကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ "ဒီအချိန်မှာ သံဒယ်အိုး ဝယ်မယ်ဆိုရင် ကုန်ပစ္စည်းလက်မှတ် ပါရင်တောင် ယွမ် ၂၀ ပေးရတယ်၊ လက်မှတ် မပါရင် ၂၅ ယွမ် ပေးရတယ်၊ ဒယ်အိုးကို ယွမ် ၂၀ နဲ့ပဲ တွက်လိုက်မယ်၊ ကျွန်မနဲ့ ဟုန်ကျွင်းက ဒယ်အိုး မယူတဲ့အတွက် ၄ ယွမ် ပေးပါ"

အဖေကျိသည် စားပွဲကို ဘုန်းခနဲ ရိုက်လိုက်ပြီး လျန်ဟွမ်းကို မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်သည်။ "စတုတ္ထကောင် မိန်းမ... အိမ်ခွဲတာက ယောက်ျားတွေ ကိစ္စ၊ မင်းလို မိန်းမသား ဝင်ပါစရာ မလိုဘူး"

"အိမ်မှာ ဒယ်အိုး တစ်လုံးတည်း ရှိတာ၊ ဒယ်အိုးကို ခွဲလို့ မရဘူး၊ ကိုယ်ပိုင်စိုက်ခင်း ပေးရင်လည်း မင်းတို့ စိုက်တတ်မှာ မဟုတ်ဘူး၊ ငါ ပြောတဲ့အတိုင်းပဲ ခွဲမယ်"

အဖေကျိ၏ လေသံမှာ လေးနက်နေပြီး သူသည် အိမ်ထောင်ဦးစီး ဖြစ်သကဲ့သို့ သူ ဤကဲ့သို့ ခွဲဝေပေးခြင်းသည် သားသမီးများ ကောင်းဖို့အတွက် ဖြစ်သကဲ့သို့ ပုံဖမ်းနေသည်။

ရွာသူကြီးနှင့် ပါတီအတွင်းရေးမှူးတို့ ရှိနေသဖြင့် လျန်ဟွမ်းသည် အဖေကျိကို မကြောက်ပေ။ အဖေကျိကို ပြန်ပြောလျှင် မိဘကို မရိုသေသူဟု အပြောခံရမည်ကိုလည်း မပူပေ။ ဒီခေတ်ကြီးမှာ ဂုဏ်သိက္ခာဆိုတာ မရှိရင် နေပါစေ၊ စပါးပိုရရင် အသက်တစ်ချောင်း ဆက်ရှင်နိုင်မှာ၊ စပါးရဖို့က ကိုယ်ပိုင်စိုက်ခင်းက အရေးအကြီးဆုံးပဲ။

"အဖေ... ဥက္ကဋ္ဌကြီးက ပြောထားတယ်၊ ကျား၊ မ တန်းတူညီမျှ ရမယ်၊ အမျိုးသမီးတွေက မိုးကောင်းကင် တစ်ဝက်ကို ပင့်မထားနိုင်တယ်တဲ့၊ အဖေက အမျိုးသမီးတွေကို အထင်သေးလို့ မရဘူး၊ အဲဒါ အတွေးအခေါ် မမှန်ကန်တာပဲ၊ ပြီးတော့ ဒီအိမ်ခွဲတဲ့ ကိစ္စမှာ အဘိုးက စာရေးခဲ့ပြီး အဖွဲ့အစည်းရဲ့ တံဆိပ်တုံးလည်း ပါတယ်၊ ဒါက အဖွဲ့အစည်းက အသိအမှတ်ပြုထားတာ၊ ကျွန်မ ခုနက တွက်ပြတာတွေက အဘိုးရဲ့ စာထဲက အတိုင်း၊ အစ်ကိုကြီး ကျန်ဟွာ ရေးထားတဲ့ စာရင်းအတိုင်း ငါးပုံတစ်ပုံ တွက်ပြတာ၊ ပစ္စည်းအားလုံးကို တန်ဖိုးဖြတ်ပြီး တစ်ပုံပဲ တောင်းတာ၊ အဖေက ကျွန်မ ပြောသလို မခွဲပေးဘူးဆိုရင် အဘိုးရဲ့ စာအတိုင်း မလုပ်တာပဲ၊ အဖွဲ့အစည်းကို ဖီဆန်တာပဲ"

"အဖေ... ဒီနေ့ အိမ်ခွဲတာ ကျွန်မ ပြောတဲ့အတိုင်း တစ်ခုခု လျော့နေရင် အဖွဲ့အစည်းကို သွားပြီး တိုင်မယ်၊ အဖွဲ့အစည်းရဲ့ တံဆိပ်တုံးက အလကားပဲလား၊ တံဆိပ်တုံးအတိုင်း မလုပ်ရင် ဆန့်ကျင်သူ ဖြစ်မလားဆိုတာ သွားမေးမယ်"

လျန်ဟွမ်း၏ အသံမှာ ကျယ်လောင် ပြတ်သားနေသည်။ သူမသည် အဖေကျိ၏ မျက်နှာထား တင်းမာမှုကိုလည်း မကြောက်ပေ။ အိမ်ခွဲဝေမှု လိုအပ်ချက်များကို အကျိုးအကြောင်း ခိုင်လုံစွာ ပြောဆိုလိုက်သည်။

ရွာသူကြီးသည် မူလကတည်းက အဖေကျိ၏ ခွဲဝေပုံကို မကျေနပ်သဖြင့် လျန်ဟွမ်း၏ စကားကို ကြားသောအခါ ဝင်ပြောလိုက်သည်။ "အစ်ကိုကြီးရေ... ခင်ဗျားရဲ့ စတုတ္ထချွေးမ ပြောတာ ဟုတ်တယ်၊ အဲဒီအတိုင်းပဲ ခွဲလိုက်ပါ"

အဖေကျိ မျက်နှာ မည်းမှောင်နေသည်။ "ညီလေး ကော်ပင်းရာ... ငါ့အိမ်မှာ လူများတယ်၊ တကယ်လို့ အဲဒီလို ခွဲပေးလိုက်ရင် ကျန်တဲ့ မိသားစုဝင်တွေ ဘယ်လို လုပ်ကြမလဲ"

အဖေကျိသည် ရွာသူကြီးကို ညည်းညူပြပြီးနောက် ကျိဟုန်ကျွင်းဘက်သို့ လှည့်လိုက်သည်။ "စတုတ္ထ... အဖေက မင်းကို ဒီလောက်ထိ ကျွေးမွေး စောင့်ရှောက်ခဲ့တာ၊ မင်းက မင်းမိန်းမကို လွှတ်ထားပြီး မိဘ မျက်နှာကို ရိုက်ခိုင်းနေတာလား၊ မိဘ ပစ္စည်းတွေကို လုခိုင်းနေတာလား"

ကျိဟုန်ကျွင်း၏ မျက်နှာလည်း တည်တင်းသွားပြီး အဖေကျိကို ပြန်ပြောလိုက်သည်။ "အဖေက ခွဲဝေတာ မတရားဘူးလို့ ထင်နေရင် လျန်ဟွမ်း ပြောသလိုပဲ အဖွဲ့အစည်းဆီ သွားကြတာပေါ့၊ ဘယ်လို ခွဲမလဲဆိုတာ အဖွဲ့အစည်းကို ဆုံးဖြတ်ခိုင်းကြမယ်"

အဖွဲ့အစည်းဆီ သွားမယ် ဟုတ်လား။ ဒါက အဖွဲ့အစည်း တံဆိပ်တုံးပါတဲ့ စာကို သူတို့ လက်မခံဘူးဆိုတာ လူသိရှင်ကြား ပြောလိုက်သလို ဖြစ်နေပြီ။ ဒါက အဖွဲ့အစည်းကို ဗြောင်ကျကျ ဆန့်ကျင်တာပဲ။

အဖေကျိ မသွားရဲပေ။ ရွာသူကြီးကလည်း ရွာထဲက ပြဿနာကို အဖွဲ့အစည်းအထိ မရောက်စေချင်သဖြင့် အဖေကျိ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "အစ်ကိုကြီးရေ... ဒီအတိုင်းပဲ ခွဲလိုက်ပါ၊ ဒါက တရားမျှတပါတယ်"

အဖေကျိ အံကြိတ်လိုက်သည်။ "ကောင်းပြီ၊ ဒီအတိုင်းပဲ ခွဲမယ်"

အိမ်ထောင်ပရိဘောဂနှင့် စပါးများ ခွဲဝေပြီးနောက် အရေးကြီးဆုံးဖြစ်သည့် အိမ်ကိစ္စ မဆွေးနွေးရသေးပေ။ လျန်ဟွမ်းသည် အဖေကျိ၏ စကားကို ကြားသည်နှင့် ချက်ချင်း ဝင်ပြောလိုက်သည်။

"ရွာသူကြီး၊ အတွင်းရေးမှူးနဲ့ အဖေ... စာထဲမှာ ရေးထားတာက အရှေ့ဆောင် အိမ်က ကျွန်မနဲ့ ဟုန်ကျွင်း နေဖို့တဲ့၊ အိမ်ကိုတော့ ထပ်မခွဲပေးနိုင်ဘူး၊ အရှေ့ဆောင်က အခန်းနှစ်ခန်းလုံး ကျွန်မတို့ဟာပဲ"

ကျိမိသားစု အိမ်ဟောင်းတွင် အခန်း ခြောက်ခန်း ရှိသည်။ ပင်မဆောင်တွင် နှစ်ခန်း ရှိပြီး အဖေကျိတို့ လင်မယား နေသည်။ ဘေးခန်းများတွင် မြေးငါးယောက် နေသည်။ အရှေ့ဆောင်နှင့် အနောက်ဆောင်တွင် နှစ်ခန်းစီ ရှိပြီး သားလေးယောက်က တစ်အိမ်ထောင်လျှင် တစ်ခန်းစီ နေကြသည်။ မနေ့က ကျိဟုန်ကျွင်းတို့ ပြောင်းထွက်သွားပြီးနောက် သူတို့ အခန်းကို ဒုတိယသား၏ ကလေးများက ယူလိုက်ကြသည်။

လျန်ဟွမ်းကတော့ အရှေ့ဆောင်မှာ ဘယ်သူနေနေ ဂရုမစိုက်ပေ။ စာထဲမှာ အရှေ့ဆောင်ကို သူတို့ပေးထားတယ် ဆိုမှတော့ သူမ အတင်း လုယူရမှာပဲ။

အဖေကျိ မျက်နှာမည်းကြီးဖြင့် လျန်ဟွမ်းကို ကြည့်လိုက်သည်။ "စတုတ္ထရဲ့ မိန်းမ... သိပ် မလောဘကြီးနဲ့၊ အရှေ့ဆောင်မှာ အခန်းနှစ်ခန်း ရှိတာ၊ မင်းတို့က တစ်ခန်းယူ၊ ကျန်တဲ့တစ်ခန်းကို ဒုတိယသားကို ပြန်ပေးလိုက်"

"အဖေ... မရဘူး၊ စာထဲမှာ ရေးထားသလို အဖွဲ့အစည်းကလည်း အသိအမှတ် ပြုထားပြီးသား၊ အရှေ့ဆောင် နှစ်ခန်းလုံးက ကျွန်မနဲ့ စတုတ္ထလေး အပိုင်ပဲ၊ မခွဲပေးနိုင်ဘူး၊ ကျွန်မအိမ်ကို လာခွဲမယ်ဆိုရင် အဲဒီစာကို ကိုင်ပြီး အဖွဲ့အစည်းမှာ သွားတိုင်မယ်"

အဖေကျိက လျန်ဟွမ်းကို ဆူပူရန် ပြင်လိုက်သော်လည်း ဒုတိယချွေးမက ပါးစပ်မြန်သဖြင့် ကြားဖြတ် ဆဲဆိုလိုက်သည်။

"စတုတ္ထရဲ့ မိန်းမ... နင်က တော်တော် လောဘကြီးတဲ့ မိန်းမပဲ၊ အရှေ့ဆောင်က ငါနဲ့ နင့်ဒုတိယအစ်ကိုရဲ့ အိမ်၊ မတ်ဖြစ်သူရဲ့ အိမ်ကို လိုချင်နေတဲ့ မိန်းမ၊ အရှက်ကို မရှိဘူး"

ဒုတိယချွေးမ၏ စကားများက အနည်းငယ် လွန်သွားသည်။ ပါတီအတွင်းရေးမှူးအိုကြီးသည် ခုတင်ပေါ်တွင် ထိုင်နေပြီး အစောပိုင်းက ဝင်မပြောခဲ့ပေ။ ကျိမိသားစု အိမ်ခွဲတာ အချိန်ကြာမြင့်နေပြီး မပြီးပြတ်နိုင် ဖြစ်နေသည်ကို မြင်သောအခါ အဖေကျိကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

"ချန်စန်း... ဒီအိမ် ဘယ်လို ရလာလဲဆိုတာ မင်းလည်း သိတာပဲ၊ မင်းအဖေက ဘာလို့ ဒီလို အိမ်ခွဲစာ ရေးခဲ့လဲ ဆိုတာလည်း မင်း စိတ်ထဲ ရှင်းနေမှာပါ၊ ချန်စန်း... လူပါး မဝနဲ့"

ပါတီအတွင်းရေးမှူးအိုကြီးသည် ကျိမိသားစု ဆွေမျိုးစုတွင် အသက်အကြီးဆုံး ဖြစ်သည်။ သူသည် ယခု အသက် ၇၀ ကျော်နေပြီဖြစ်ပြီး ကွယ်လွန်သွားသော အဘိုးကျိနှင့် ခေတ်ပြိုင်ဖြစ်သည်။ ရွာထဲတွင် ဩဇာတိက္ကမ ကြီးမားသူဖြစ်ပြီး ရွာသားများက သူ့စကားကို နားထောင်ကြသည်။

အတွင်းရေးမှူးအိုကြီး၏ စကားကို ကြားသောအခါ အဖေကျိ ရင်ထိတ်သွားသည်။ သူ မရိုးမသား လုပ်ထားသော ကိစ္စများ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။

"ဦးလေး... ကျွန်တော် ဦးလေးစကား နားထောင်ပါ့မယ်၊ အရှေ့ဆောင်ကို စတုတ္ထလေးကို ပေးလိုက်ပါ့မယ်"

…

Search Novels