41


"ဒီနေရာက တကယ့်ကို နတ်ဘုံလိုပဲ၊ ဆေးဘုရင် ချိုင့်ဝှမ်းက လူတွေကတော့ တကယ့်ကို လူ့လောကက နတ်မင်းတွေပဲဟ" 


ကျောက်ဟူ အံ့ဩတကြီး ရေရွတ်လိုက်သည်။


ကလေးတစ်ဖွဲ့လုံး ရှေးဟောင်းပစ္စည်းများသဖွယ် တည်ရှိနေသော ထိုနေရာကို လေးစားအားကျသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြ၏။


အဘိုးကု ကလေးများ တတွတ်တွတ်နှင့် စကားများနေသည်ကို မြင်၍ သူတို့အား အပြင်သို့ မောင်းထုတ်လိုက်သည်။ သူ အပ်စိုက်ကုသမှုကို စတင်တော့မည် ဖြစ်ရာ အမှားအယွင်း အဖြစ်မခံနိုင်ပေ။


သို့သော်လည်း တာ့ယာကိုမူ သူနှင့်အတူ ထားရစ်ခဲ့သည်။ တာ့ယာသည် ဆေးပညာ အခြေခံအချို့ကို သိရှိပုံပေါ်သဖြင့် ကူညီပေးရန်အတွက် ချန်ထားခြင်းပင်။


ကျန်ရှိနေသောသူ အားလုံး တာ့ယာကို မနာလိုဖြစ်စွာဖြင့် ကြည့်နေကြသည်။ သူတို့လည်း ဆေးဘုရင်ချိုင့်ဝှမ်းမှ လူများ ရောဂါကုသပုံကို မြင်ချင်ကြသည် မဟုတ်‌လော။


အပြင်သို့ နှင်ထုတ်ခံလိုက်ရသော ကလေးအနည်းငယ်သည် ဝါးအိမ်တံခါးဝတွင် အတန်းလိုက် ထိုင်နေကြပြီး ပျင်းရိနေ၍ ပုရွက်ဆိတ်များကို ထိုင်ကာ ရေတွက်နေကြ၏။


"ရွာလူကြီးလေး၊ ငါတို့ ဘာလို့ ဒီမှာ ထိုင်နေရတာလဲ" 


အာတောက် မြေကြီးပေါ်မှ ပုရွက်ဆိတ်တွင်းကို တုတ်နှင့် ထိုးရင်း မေးလိုက်၏။ သူ အိမ်နှင့် ဝေးနေသည်မှာ နှစ်ရက်ခန့် ရှိပြီ ဖြစ်၍ အိမ်ကို စတင်လွမ်းဆွတ်နေပြီ ဖြစ်သည်။


"အဘိုးကု အဲဒီလူကို ကုသပြီးရင် ငါတို့ ပြန်ကြမှာလား" 


ရှောင်ကျိုးလည်း တံခါးဝတွင် ပျင်းရိစွာ ဆက်မထိုင်ချင်တော့ပေ။


သူတို့အဖွဲ့ ပုရွက်ဆိတ်တွင်းကိုသာ ဆက်၍ ထိုးဆွနေကြစဉ် မစ်ရှင်ရောက်လာ၏။


“ဝါးအိမ်အတွင်းရှိ လူကို ကာကွယ်ပါ၊

ဆုလက်ဆောင် - အမှတ် ၁၀၀ + ကံစမ်းမဲနှိုက်ခွင့် တစ်ကြိမ်”


ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ရှောင်ကျိုး လန့်ဖျပ်သွားရသည်။


"လူကို လန့်သေအောင် လုပ်နေတာလား”


ရှောင်ကျိုး စနစ်ကို စိတ်ထဲမှ အကြိမ်ကြိမ် ဆဲရေးနေမိ၏။ သို့သော်လည်း စနစ်မှာတော့ မည်သည့်အသံမှ ပြန်မထွက်ဘဲ ငြိမ်သက်သွား၏။


သူမ တွေးလိုက်သည်။


‘ဒါက နောက်တစ်ခါလည်း ထပ်လုပ်ဦးမယ့် သဘောပေါ့’

 

ထိုအချိန်၌ ကောင်လေးတစ်ယောက်သည် အပြင်ဘက်မှ ဝါးအိမ်ထဲသို့ စူးစမ်း၍ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရ၏။ ရှောင်ကျိုးနှင့် အဖွဲ့သားများလည်း သူ့ကို ပြန်လည် စိုက်ကြည့်နေကြသည်။


နောက်ဆုံး ထိုကောင်လေးမှာ လှည့်၍ ထွက်ပြေးသွားတော့၏။


"မဟုတ်ဘူးလေ၊ သူက ဘာလို့ ထွက်ပြေးတာလဲ၊ ငါတို့က အဲ့လောက်တောင် ကြောက်စရာကောင်းလို့လား” 


ကျောက်ဟူ နားမလည်နိုင်ဘဲ မေးလိုက်သည်။


ရှောင်ကျိုး ထိုကောင်လေးနောက်သို့ အမြန်လိုက်သွားရာ ကျောက်ဟူနှင့် ကျန်တဲ့သူများလည်း အနောက်မှ ကပ်လိုက်သွားကြ၏။


သိပ်မဝေးခင်မှာပင် ထိုကလေးငယ်မှာ မြေပြင်ပေါ်သို့ "ဗုန်း" ခနဲ လဲကျသွားသည်။


"နင်က ဘာလို့ ထွက်ပြေးရတာလဲ" 


ရှောင်ကျိုး သူ့အနားတွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်၏။

ထို့နောက် သူမ စနစ်ကို စိတ်ထဲမှ လှမ်းမေးလိုက်သည်။


 "ဒီကလေးက လူသတ်သမားလား"


"Host အနေနဲ့ အဲ့ဒါ ဖြစ်နိုင်တယ်လို့ ထင်လို့လား" 


စနစ်မှာ ဆွံ့အသွားပုံရ၏။


‘စာတောင် ကောင်းကောင်းမတတ်သေးသည့် သုံးလေးနှစ်အရွယ် ကလေးတစ်ယောက်က လူသတ်သမား ဖြစ်နိုင်ပါ့မလား’


"မင်းတို့လို သူဖုန်းစားတွေက ဘယ်က ရောက်လာတာလဲ၊ ပြီးတော့ ငါ့ဆရာရဲ့ တံခါးဝမှာ ဘာလုပ်နေကြတာလဲ”


ကလေးငယ်မှာ တုန်တုန်ရင်ရင်ဖြင့် မေးရှာသည်။


‘ဘယ်သူက သိမှာလဲ’


‘သူဖုန်းစားတစ်စုက ဆရာ့ရဲ့ အိမ်ရှေ့မှာ ထိုင်နေကြတာကိုး၊ သူ အမြန်သွားပြီး သူ့ရဲ့ စီနီယာအစ်မကို ဘာဖြစ်နေတာလဲဆိုတာ မေးရမယ်’


"ဘယ်သူ့ကို သူဖုန်းစားလို့ ခေါ်တာလဲ" 


ရှောင်ကျိုး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။


တနွီ ရွာလူကြီးလေး၏ ခေါင်းပေါ်မှ သစ်ရွက်အချို့ကို ကြည့်ပြီး တိတ်တဆိတ် ဖယ်ရှားပေးလိုက်၏။ အခြားသူများကို ကြည့်လိုက်ပြန်တော့လည်း အဝတ်အစားများက တောင်ပေါ်တက်စဉ် သစ်ကိုင်းများနှင့် ငြိပြီး စုတ်ပြတ်နေသကဲ့သို့၊ မျက်နှာများမှာလည်း မီးခိုးမှိုင်းများ ပေကျံနေလေသည်။

အမှန်ပင်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူဖုန်းစားများနှင့် တကယ်ပင် တူနေတော့၏။


ထိုကလေးငယ်မှ ရှောင်ကျိုး လက်သီးဆုပ်ထားသည်ကို မြင်သောအခါ ပြောလိုက်သည်။


"ငါ့လက်ကို လွှတ်ပေးပါ၊ နင် ငါ့ကို ရိုက်ရဲရင် ငါ အော်မှာနော်” 


ကောင်လေး ရှောင်ကျိုးနှင့် ခပ်လှမ်းလှမ်းသို့ အမြန်ဆုတ်သွားလိုက်၏။

တနွီသည် ရွာလူကြီး၏အနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။


"ငါတို့က အခု တကယ်ပဲ သူဖုန်းစားတွေနဲ့ တူနေတာဗျ"


ရှောင်ကျိုး မိမိကိုယ်ကိုယ် ပြန်ကြည့်ပြီး ကျန်လူများကိုလည်း လှည့်ကြည့်လိုက်သည်။ ရုပ်ရည်နှင့် ပတ်သက်လျှင် အမြဲတမ်း ဂရုစိုက်တတ်သော ရှောင်ကျိုးမှာ မြေကြီးထဲသာ တိုးဝင်ချင်စိတ် ပေါက်သွားတော့၏။


"အဝတ်အစား ဘယ်မှာရောင်းလဲ" 


ရှောင်ကျိုး သူမအဝတ်အစားမှ အပေါက်ကို ရှက်ကိုးရှက်ကန်းဖြင့် ဆွဲဖာရင်း မေးလိုက်သည်။


သူမ၏လက်သီး ဖြေလိုက်သည်ကို မြင်မှ ကောင်လေးလည်း သက်ပြင်းချနိုင်တော့၏။


"ဟိုရှေ့မှာ” 


သူ ပစ္စည်းများရောင်းချရာ ရှေ့မှ ဝါးတောကို ညွှန်ပြသည်။ 


"နင်တို့က တကယ်ပဲ သူဖုန်းစားတွေ မဟုတ်ဘူးလား"

"မဟုတ်ဘူး၊ ငါတို့ တောင်ပေါ်တက်လာတုန်းက သစ်ကိုင်းတွေနဲ့ ငြိပြီး အဝတ်တွေ စုတ်သွားတာ" 


ရှောင်ကျိုး အံကြိတ်ပြီး ပြန်ပြောလိုက်၏။


"ဪ၊ ဒါဆိုရင် တောင်းပန်ပါတယ်၊ ငါ အဝတ်အစား သွားဝယ်ဖို့ လိုက်ပို့ပေးပါ့မယ်" 


ကောင်လေးမှာ သူမှားသွားသည်ကို သိလိုက်ရသဖြင့် ရှက်ကိုးရှက်ကန်း ပြောဆိုကာ ရှောင်ကျိုးတို့အဖွဲ့အား ဝါးတောတစ်ခုဆီ ခေါ်သွားလေသည်။


"ဒါကတော့ ငါတို့ ဆေးဘုရင်ချိုင့်ဝှမ်းက ဈေးတန်းပါ၊ အားလုံး ဒီမှာပဲ ပစ္စည်းတွေ ဝယ်ကြတာ"


အဖွဲ့သားအားလုံး အဝတ်အထည်ဆိုင်ဆီသို့ တန်းတန်းမတ်မတ် သွားကြ၏။ ဝါးအိမ်ဆိုင်လေး၏ ပိုင်ရှင်မှာ အမျိုးသမီးတစ်ဦး ဖြစ်သည်။


စိမ်းသက်နေသော သူဖုန်းစား ကလေးအချို့ ဝင်လာသည်ကို မြင်သောအခါ ထိုအမျိုးသမီးသည် ချိုင့်ဝှမ်းထဲမှ စိတ်ကောင်းရှိသူ တစ်ဦးဦးက ကောက်ယူလာသည့် သနားစရာ ကလေးများဟု ထင်မှတ်လိုက်၏။


"အဝတ်အစား လာရွေးကြတာလား" 


အမျိုးသမီး မေးလိုက်သည်။


ရှောင်ကျိုး ခေါင်းညိတ်ပြပြီး ပြန်မေးလိုက်၏။


"သမီး ဒီမှာ ရေချိုးလို့ ရမလား” 


သူမ ယခုအချိန်တွင် မိမိကိုယ်ကိုယ် အလွန်ပင် ညစ်ပတ်နေသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။


"ရတာပေါ့" 


အမျိုးသမီးသည် အားလုံးကို ဝါးအိမ်ထဲသို့ ခေါ်သွား၏။


မြန်မြန်ဆန်ဆန်ပင် ရေမိုးချိုး၊ အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ပြီးနောက် အားလုံးမှာ ကိုယ်လက် ပေါ့ပါးလန်းဆန်းသွားကြ၏။ ငွေပေးချေပြီးနောက် ဝါးအိမ်ပိုင်ရှင်ကို ကျေးဇူးတင်စကားဆိုကာ ထွက်လာခဲ့ကြ၏။


သန့်သန့်ရှင်းရှင်း ဖြစ်သွားသည့် အဖွဲ့ကို ကြည့်ပြီး ကောင်လေးမှ မေးလိုက်သည်။


"မင်းတို့ကလည်း ဆရာကြီးရဲ့ တပည့်တွေပဲလား" 


"မဟုတ်ပါဘူး၊ ငါတို့က မင်းတို့ဆရာကြီးကို အိမ်ပြန်လိုက်ပို့ပေးတာ" 


ကျောက်ဟူ ပြန်ဖြေလိုက်သည်။ သူကတော့ ဆေးပညာသင်ရန် လုံးဝ စိတ်မဝင်စားသူ ဖြစ်၏။


"ဪ" 


ကောင်လေးမှာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။


"ဆေးဘုရင်ချိုင့်ဝှမ်းမှာ ဘာတွေ ပျော်စရာကောင်းတာ ရှိသေးလဲ" 


ပျင်းနေသည့် အဖွဲ့သားများက ကောင်လေးကို ဝိုင်းမေးကြ၏။


ကောင်လေး ခေါင်းခါပြရင်း သူ့မျက်ဝန်းထဲတွင် ချိုင့်ဝှမ်းပြင်ပမှ ကမ္ဘာကြီးအပေါ် စူးစမ်းလိုစိတ်နှင့် တောင့်တမှု အရိပ်အယောင်လေးများ ဖြတ်ပြေးသွားလေသည်။


"မရှိဘူး၊ ဒီမှာက ဆေးဖက်ဝင်အပင်တွေနဲ့ ဆေးပညာတွေပဲ ရှိတာလေ၊ ငါ့ရဲ့ စီနီယာအစ်ကိုတွေ၊ အစ်မတွေ ပြောတာတော့ အပြင်လောကက ပိုပြီး အရောင်အသွေး စုံတယ်တဲ့၊ တောင်တွေ၊ မြစ်တွေ၊ အိုင်တွေ၊ ပင်လယ်တွေ ရှိသလို လူမျိုးစုံ၊ အကြောင်းအရာမျိုးစုံနဲ့ ဆုံရတယ်ဆိုပဲ"


"ဒါဆို နင်တို့က ပုံမှန်ဆို အပြင်မထွက်ကြဘူးလား"


"ငါက ငယ်သေးတယ်လေ၊ ဆရာကြီးက အပြင်လောကက အန္တရာယ်များတယ်ဆိုပြီး ငါ့ကို အပြင်ထွက်ခွင့် မပေးဘူး၊ ဒါပေမဲ့ ရှားပါးဆေးမြစ်တွေ သွားခူးဖို့ရှိရင် ဖြစ်ဖြစ်၊ အပြင်မှာ ကပ်ရောဂါတွေ၊ စစ်ပွဲတွေဖြစ်လို့ ကူညီဖို့ရှိရင်ဖြစ်ဖြစ် ငါ့ရဲ့ စီနီယာတွေကတော့ တောင်ပေါ်က ဆင်းကြရတယ်"


တနွီ ကောင်လေး၏ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်၏။


"ဒါဆို နောက်တစ်ခါကျရင် နင့် ဆရာကြီးနဲ့အတူ ငါတို့ရွာကို လာလည်လေ၊ အဲ့ဒီမှာ အရမ်းဘေးကင်းတယ်၊ ဘာအန္တရာယ်မှ မရှိဘူး" 

ထိုအရာကို ကြား၍ ကောင်လေး၏ မျက်ဝန်းများ တောက်ပသွားသော်လည်း ချက်ချင်းပင် ဝေခွဲမရဖြစ်သွားကာ ပြန်ပြောလေ၏၊


"ဒါက ငါ့ဆရာကြီးကို အရင် မေးကြည့်ရဦးမယ်" 


သူတို့အားလုံး တောင်ကုန်းလေးတစ်ခုထံ ရောက်လာကြသည်။ ရှောင်ကျိုး မြက်ခင်းပေါ်တွင် လှဲအိပ်ရင်း၊ မြက်ပင်လေးတစ်ပင်ကို ပါးစပ်မှ ကိုက်ကာ နေပူစာလှုံနေ၏။ သူမသည် အိတ်ထဲမှ မာလာချောင်းများကို ထုတ်ပြီး ဝေပေးလိုက်သည်။


"ဒါက ဘာကြီးလဲ" 


ကောင်လေးမှာ မည်သို့စားရမှန်း မသိဘဲ မေးလိုက်၏။


ဖက်တီးလေးမှ အထုပ်ကို ချက်ချင်း ဆွဲဖောက်ပြီး ပါးစပ်ထဲ အငမ်းမရထည့်ရင်း ရှင်းပြသည်။


"ဒါက မာလာချောင်းလေ၊ အရမ်းစားကောင်းတာ၊ စားကြည့်လိုက်"


ကောင်လေးသည် သံသယစိတ်နှင့် မာလာချောင်းကို မြည်းကြည့်၏။ အစပိုင်းတွင် ရုတ်တရက် အစပ်ဒဏ်ကြောင့် မျက်မှောင်ကြုတ်သွားသော်လည်း မကြာခင်မှာပင် အံ့ဩသွားသည့် အမူအရာ ပေါ်လာသည်။ အစပ်နှင့် အချို အရသာပေါင်းစပ်မှုသည် သူ့ကို စွဲလန်းသွားစေပြီး တစ်ချောင်းပြီး တစ်ချောင်း ထပ်စားတော့၏။


"ဝါး၊ အရမ်းစားကောင်းတာပဲ၊ ငါ့ရဲ့ စီနီယာတွေကိုရော နည်းနည်းလောက် ကျွေးလို့ရမလား" 


ကောင်လေး စိတ်လှုပ်ရှားစွာ မေးလေသည်။


"ရတာပေါ့၊ ဒါပေမဲ့ နင့်နာမည် ဘယ်သူလဲဆိုတာ ပြောပြရမယ်၊ ပြီးတော့ မနင့်ဆရာကြီးရဲ့ ဝါးအိမ်ထဲမှာ လှဲနေတဲ့လူက ဘယ်သူလဲ"


ရှောင်ကျိုး  á€•ဝင်းရိစွဏဖဟင်အ တစ်ဖက်လှည့်လိုက်ပြီး မျက်လုံးလေးမှေးကာ မေးလိုက်၏။ သူမ တစ်ခါမှ မမြင်ဖူးသည့်သူကို အဘယ်ကြောင့် ရင်းနှီးနေရသည်ကို သိချင်နေမိသည်။


ကောင်လေး စားရင်း ပြန်ဖြေလိုက်၏။


"ငါ့နာမည်က ကျန်းဟယ်ပါ၊ ဆရာကြီးရဲ့ အငယ်ဆုံးတပည့်ပေါ့၊ ဝါးအိမ်ထဲကလူကတော့ ဦးလေးရှီလေ၊ သူက အဆိပ်မိနေတာ၊ အခုထိ မပျောက်သေးဘူး၊ ဆရာကြီးပြောတာတော့ တျန်းရှန်းနှင်းကြာပန်းကိုသာ မတွေ့ရင် ဦးလေးရှီက တစ်လထက် ပိုမနေရတော့ဘူးတဲ့၊ အဲ့ဒါကြောင့် ဆရာကြီးက ဦးလေးရှီအတွက် ဆေးသွားရှာပေးဖို့ တောင်ပေါ်က ဆင်းသွားတာ"


"နင့်ကို 'အစ်မ' လို့ ခေါ်လို့ရမလား” 

ကျန်းဟယ် ရှောင်ကျိုးကို အမှန်တကယ် သဘောကျသွားပြီး သူမအနား၌ နေရသည်မှာ လုံခြုံသလို ခံစားနေရသည်။


ရှောင်ကျိုး မဖြေခင်မှာပင်၊ သူမဘေး၌ တိတ်တိတ်လေး ထိုင်နေပြီး စကားမပြောသော ကောင်လေးမှာ မကျေမနပ် ဖြစ်သွားတော့သည်။ သူ ချက်ချင်းထရပ်ပြီး ရှောင်ကျိုးနှင့် ကျန်းဟယ် ကြား၌ ဝင်ရပ်လိုက်၏။


သူ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။


 "သူက ငါ့အစ်မ”


ရှောင်ကျိုးမှာ ကြောင်သွားတော့၏။ သူမသည် အနေသည်ဟု ထင်ထားသော ကောင်လေးကို လှမ်းကန်လိုက်ပြီး မေးလိုက်၏။


 "ဘယ်သူက နင့်အစ်မလဲ" 


ကောင်လေး ရှောင်ကျိုးကို တိတိကျကျ လက်ညှိုးထိုးပြပြီး ဆိုသည်။


"နင်၊ နင်က ငါ့အစ်မ" 


"ရွာလူကြီးလေး၊ ငါ ပြောရဦးမယ်၊ နင်တို့နှစ်ယောက်က တကယ်ပဲ ရုပ်ချင်းဆင်တယ်၊ သူက နင့်ရဲ့ ကွဲကွာနေတဲ့ မောင်လေးများလား”


ကျောက်ဟူ သူတို့နှစ်ယောက်ကို အပြန်အပြန် အလှန်လှန် ကြည့်ရင်း၊ ကြည့်လေလေ တူလေလေလို့ ခံစားလာရသည်။ ယခင်က သတိမထားမိသည်မှာ ထိုကောင်လေးသည် မည်သည်ကိုမှ မပြောဘဲ အေးအေးဆေးဆေး နေတတ်လွန်းသဖြင့် လူတိုင်းက လျစ်လျူရှုထားကြ၍ ဖြစ်၏။


"နင့်နာမည် ဘယ်သူလဲ၊ မပြောရင်တော့ ငါတို့ပြန်တဲ့အခါ နင့်ကို ခရိုင်ဝန်ရှန် ဆီ ပို့ပစ်မှာနော်" 


ရှောင်ကျိုး ထိုကောင်လေးအား ခြိမ်းခြောက်ကာ ပြောလိုက်သည်။

42


"မမ၊ ကျွန်တော့်နာမည်က ရှီအန်းပါ" 


ကောင်လေး ထိုသို့ ပြောပြီး ရှောင်ကျိုး၏ အနားသို့ တိုး၍ ထိုင်လိုက်သည်။


ထိုစကားကြောင့် အားလုံး အံ့ဩတကြီး ရေရွတ်မိကြ၏။ 


"ရွာလူကြီးလေး၊ သူက တကယ်ပဲ ရွာလူကြီးလေးရဲ့ မောင်လေး ဖြစ်နေတာလား၊ နာမည်မှာလည်း ရှီဆိုတဲ့ မျိုးရိုးနာမည်ချင်း တူနေကြတယ်"


ရှောင်ကျိုးကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေ၏။ ယခင် ရွာလူကြီး သူမကို စတင်တွေ့ရှိစဉ်က သူမ၏ ကိုယ်ပေါ်တွင် 'ရှီ' ဟု ကမ္ပည်းထိုးထားသော ကျောက်စိမ်းဆွဲပြားလေး ပါလာခဲ့သဖြင့် သူမကို ရှီရှောင်ကျိုးဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်ကို သူမ မှတ်မိနေ၏။ ဤမျှအထိ တိုက်ဆိုင်မှု ရှိနိုင်ပါ့မလားဟု သူမ တွေးတောနေမိသည်။


ရှောင်ကျိုးမှာ ဆက်၍ လဲလျောင်းမနေတော့ဘဲ အမြန်ထထိုင်ကာ မေးလိုက်၏။


 "နင့်ရဲ့ မိဘတွေကရော ဘယ်မှာလဲ" 


"ဖေဖေက ဆုံးသွားပြီ" 


ရှီအန်း တခဏမျှ စဉ်းစားပြီး ဖြေလိုက်သည်။ သူ မွေးဖွားလာကတည်းက ဖခင်၏ မျက်နှာကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် သူ၏ဖခင်မှာ သေဆုံးသွားပြီဟုသာ သူ ယူဆထားခြင်း ဖြစ်၏။


ဘေးမှ ကြည့်နေသူများက သူ့ကို သနား ဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်ကြရင်း ရေရွတ်နေကြသည်။


"သနားစရာလေးပဲ" 


"ဒါဆို နင့်ရဲ့ မေမေကရော"


"မေမေက မြို့တော်မှာ ရှိတယ်"


"ဒါဆို ငါက နင့်ရဲ့ အမလို့ ဘာလို့ ပြောရတာလဲ" 


ရှောင်ကျိုး ဆက်မေးလိုက်၏။


"ပုံတူပန်းချီကားထဲကအတိုင်းပဲ မမက အဲဒီပန်းချီကားထဲက လူနဲ့ တူနေလို့ပါ၊ မမက ကျွန်တော့်အမပါပဲ" 


ရှီအန်း ငိုလုမတတ် အလောတကြီး ပြောလေသည်။


"မြို့တော်မှာဆိုရင် ရှီဆိုတဲ့ မျိုးရိုးက စစ်ဗိုလ်ချုပ်ကြီးရှီရဲ့ မိသားစုပဲ ရှိတာ၊ နင်က ဗိုလ်ချုပ်ကြီးရှီရဲ့ ပျောက်ဆုံးနေတဲ့ မြေးလေးများ ဖြစ်နေမလား" 


ရှန်ကျစ်ယွမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ မေးလိုက်၏။ အသက်အရွယ်မှာလည်း အံဝင်ခွင်ကျ ဖြစ်နေသဖြင့် အလွန်ပင် တိုက်ဆိုင်လှသည်။


ရှီအန်း ခေါင်းညိတ်ပြ၏။


"အစက မေးတုန်းက ဘာလို့ ဘာမှမပြောတာလဲ" 


ရှောင်ကျိုး သူမကို မည်သည်ကိုမှ မသိဟု လိမ်ခဲ့သည့် ကောင်လေးအား ယခုထိ စိတ်မဆိုးနိုင်သေးဘဲ မေးလိုက်သည်။


"ကျွန်တော် ကြောက်လို့ပါ" 


ရှီအန်း ရိုးရိုးသားသားပင် ဖြေလေ၏။ သူစိမ်းများနှင့် စကားမပြောရန် သူ့မေမေမှ အမြဲ မှာထားခဲ့သည် မဟုတ်ပါလား။


"နင်က ချင်းရှန်းခရိုင်ကို ဘယ်လိုဖြစ်ပြီး အဖမ်းခံလာရတာလဲ"


ရှန်းကျစ်ယွမ် သိချင်၍ အနည်းငယ် စပ်စုလိုက်သည်။ မြို့တော်နှင့် ချင်းရှန်းခရိုင်မှာ အလွန်ဝေးကွာလှ၏။ လွန်ခဲ့သည့် အချိန်အနည်းငယ်က မြို့တော်ရှိ အဘိုးဖြစ်သူထံမှ စစ်ဗိုလ်ချုပ်ရှီ၏ မြေးအငယ်ဆုံးလေး ပျောက်ဆုံးသွားကြောင်း သတင်းကို သူမဖခင် ကြားသိရစဉ် ရှီမိသားစု၏ မျိုးဆက်ပြတ်တော့မည်အား စိုးရိမ်ကာ အိမ်မှာပင် ဂဏာမငြိမ် ဖြစ်ခဲ့ဖူး၏။


ရှီအန်း ခေါင်းခါပြသည်။ သူ နိုးလာသည့်အချိန်တွင် မြင်းလှည်းပေါ်သို့ ရောက်နေပြီ ဖြစ်၏။ အစပိုင်းတွင် သူသည် အော်ဟစ်ငိုယိုခဲ့သော်လည်း သူ ငိုတိုင်း ဝတ်စုံနက်ဝတ် လူများက သူ့ကို ရိုက်နှက်ကြသည်။ နောက်ပိုင်းတွင် သူ ပို၍ နားလည်လာပြီး မငိုတော့ဘဲ သူတို့နောက်သို့ ငြိမ်ငြိမ်လေး လိုက်ပါခဲ့ခြင်း ဖြစ်သည်။


ရှန်ကျစ်ယွမ် ဆို၏။


"ဒါပေမဲ့ ရှီမိသားစုမှာ ပျောက်ဆုံးနေတဲ့ သမီးရှိတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး" 


သူမ၏ အဘိုးနှင့် ဗိုလ်ချုပ်ကြီးရှီမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသဖြင့် ရှီမိသားစု အကြောင်းကို သူမ အတန်ငယ် သိထားသည်။ ဗိုလ်ချုပ်ကြီးရှီ စစ်မြေပြင်တွင် ကျဆုံးသွားသည့် သတင်းကို ကြားရစဉ်က သူမ၏ အဘိုးမှာ အလွန်အမင်း စိတ်မကောင်းဖြစ်ကာ နာမကျန်းပင် ဖြစ်ခဲ့ဖူး၏။


"ဗိုလ်ချုပ်ကြီးရှီ ဆိုတာ ဘယ်သူလဲ" 


ရှောင်ကျိုး သိလိုစိတ်ဖြင့် စပ်စုကာ မေးလိုက်သည်။


ထိုအကြောင်းဆိုလျှင်တော့ ရှန်ကျစ်ယွမ် အားရပါးရ ပြောပြနိုင်လေ၏။ ဗိုလ်ချုပ်ကြီးရှီသည် ရှီမိသားစုစစ်တပ်ကို ဦးဆောင်ကာ သုံးပြည်ထောင်တွင် မည်သို့ တိုက်ပွဲဝင်ခဲ့ကြောင်းနှင့် ပြည်သူများမှ ရှီမိသားစုစစ်တပ်ကို မည်မျှ ကြည်ညို လေးစားကြောင်းများကို သူမ ပြောပြလိုက်သည်။ ထိုပုံပြင်များကို ကြားရသောအခါ ကလေးများအားလုံး၏ သွေးများ ဆူပွက်လာပြီး သူတို့ကိုယ်တိုင်လည်း ဗိုလ်ချုပ်ကြီးနောက်သို့ လိုက်ပါကာ တိုင်းပြည်ကို ကာကွယ်လိုစိတ်များ ဖြစ်ပေါ်လာကြ၏။


"အဲဒီနောက်ရော အဲဒီနောက် ဘာဖြစ်လဲ" 


အားလုံး သိချင်စိတ်ဖြင့် ဝိုင်းမေးကြသည်။


"နောက်ပိုင်း နယ်စပ်စစ်ပွဲကြီးတစ်ခုမှာ ဗိုလ်ချုပ်ကြီးရှီနဲ့ သူ့ရဲ့ သားလေးယောက်စလုံး စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ကြတယ်" 


ရှန်ကျစ်ယွမ် ဝမ်းနည်းစွာ ပြောပြ၏။


"ဘာ၊ နယ်စပ်က ဖရိုဖရဲဖြစ်ပြီး အားလုံး ကျဆုံးသွားကြတာလား" 


အားလုံးမှာ မယုံနိုင်အောင် ဖြစ်ကြရ၏။


"ငါ သိပြီ ငါ သိပြီ၊ အဲဒါ၊ ဆရာရွှီ သင်ပေးဖူးတဲ့ 'ငှက်တွေ အကုန် ပျံသွားပြီဆိုရင် ဘာကို ဖုံးကွယ်ထားရမှာလဲ' ဆိုတာမျိုး မဟုတ်လား" 


ကျောက်ဟူ သူမှတ်မိသလိုလို ရှိသော စကားပုံကို ပြောလိုက်သည်။


"ငှက်တွေကုန်ရင် လေးကို သိမ်း၊ ဝံပုလွေသေရင် အမဲလိုက်ခွေးကို ချက်စား ဆိုတာပါကွ၊ မင်းကတော့ တုံးလိုက်တာ" 


တနွီ ကျောက်ဟူ၏ စကားကို အမြန်ပင် ပြင်ပေးလိုက်၏။

ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေး တို့မှာ ထိုစကားကို ကြားသောအခါ အလန့်တကြားဖြင့် သူတို့၏ ပါးစပ်များကို ပိတ်ကာ တားမြစ်ကြသည်။


"တိုးတိုးပြောစမ်းပါ၊ ဒါကို တစ်ယောက်ယောက် ကြားသွားရင် ခေါင်းဖြတ်ခံရလိမ့်မယ်" 


‘ဒီနှစ်ယောက်ကတော့ တကယ်ပဲ ဘာမဆို ပြောရဲကြတယ်’


"အဲဒါ အမှန်ပဲလေ" 


ကျောက်ဟူ ထပ်ပြောရန် ပြင်လိုက်သည်။ အခြေအနေကို ရိပ်မိသွားသော တနွီမှ ကျောက်ဟူ၏ ပါးစပ်ကို အမြန် လှမ်းပိတ်လိုက်ရ၏။


ကျောက်ဟူသည် စိတ်ပျက်လက်ပျက်ဖြင့် ရှောင်ကျိုးကို မေး‌လေသည်။ သူ အစပိုင်းတွင် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်ရန် ယုံကြည်ချက် အပြည့်ရှိခဲ့သော်လည်း ယခုတော့ သူထင်ထားသလို မဟုတ်မှန်း သိလိုက်ရသဖြင့် စိတ်ဓာတ်ကျသွားခြင်း ဖြစ်သည်။


"လုပ်ရမှာပေါ့၊ ဘာလို့ မလုပ်ရမှာလဲ၊ ငါ ရှိနေတာပဲ၊ ဘာကို ကြောက်နေတာလဲ" 


ရှောင်ကျိုး သူ့ကို အာမခံလိုက်၏။


"ဟုတ်ပြီ၊ ဒါဆိုရင် ငါ အရမ်းစွမ်းတဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက် ဖြစ်အောင် လုပ်မယ်" 


ရှောင်ကျိုး၏ စကားကြောင့် ကျောက်ဟူမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာတော့၏။ လေးလံနေသော အငွေ့အသက်များမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားပြီး အားလုံးမှာ အနာဂတ်ကို မျှော်လင့်နေကြသည့် ကလေးများ ပြန်ဖြစ်သွားကြသည်။


သူမ၏ နားတွင် ကပ်နေသော ရှီအန်းကို ကြည့်ရင်း ရှောင်ကျိုး စဉ်းစားနေမိ၏။ ရှန်းကျစ်ယွမ်၏ စကားအရ ရှီမိသားစုတွင် ပျောက်ဆုံးနေသော မြေးမလေး မရှိခဲ့ဖူးပေ။ ထို့ကြောင့် သူမနှင့် ရှီအန်းမှာ မောင်နှမအရင်းအချာ မဖြစ်နိုင်ဘဲ မျိုးရိုးနာမည်ချင်း တူနေခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။


သို့သော်လည်း သူသည် သူရဲကောင်းတစ်ဦး၏ သားမြေးဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှောင်ကျိုး၏ သူ့အပေါ် ထားရှိသော သဘောထားမှာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့သည်။ ရှောင်ကျိုး တိုင်းပြည်ကို ကာကွယ်သည့် စစ်ဗိုလ်ချုပ်ကြီးများကို အစဉ်အမြဲ လေးစားခဲ့သူ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကြောင့်သာ ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ခြင်း ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် သူရဲကောင်းတို့၏ အဆက်အနွယ်မှာလည်း ထိုက်တန်သော ဆက်ဆံမှုကို ရရှိသင့်သည်ဟု သူမ ယူဆသည်။


"နင် ခေါ်ချင်ရင်လည်း 'မမ' လို့ပဲ ခေါ်တော့" 


ရှောင်ကျိုး သူ့ကို ချော့ပေးရန် ပျင်းရိနေသဖြင့် ခွင့်ပြုလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့ကို ခေါ်ခွင့်ပေးလိုက်ခြင်းက သူမအတွက် နစ်နာစရာ မရှိပေ။ ခဏခဏ ငိုတတ်သော ယောက်ျားလေးများမှာ အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှသည် မဟုတ်ပါလား။


ရှီအန်း၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ သူ၏ အမမှ သူ့ကို ခေါ်ခွင့်ပြုလိုက်ပြီ ဖြစ်သဖြင့် သူသည် ပျော်ရွှင်လွန်း၍ ခုန်ပေါက်နေတော့၏။


သူတို့အဖွဲ့ အပြင်သို့ ထွက်လာသည်မှာ ကြာပြီ ဖြစ်သဖြင့် ဝါးအိမ်ကလေးထံသို့ ပြန်ရန် ပြင်ဆင်ကြသည်။ ရှောင်ကျိုး ကျန်းဟယ်ကို မေးလိုက်သည်။


"နင် ငါတို့နဲ့အတူ ဝါးအိမ်ကို ပြန်လိုက်ဦးမှာလား၊ ဒါမှမဟုတ် ဘယ်သွားမလို့လဲ"


ကျန်းဟယ်မှာ လိုက်သွားချင်သော်လည်း သူ၏ အိမ်စာများကို မပြီးသေးပေ။ သူ ခိုးထွက်လာသည်ကို သူ၏ စီနီယာအစ်ကိုကြီး သိသွားပါက သေချာပေါက် အဆူခံရပေလိမ့်မည်။ ထို့ကြောင့် သူသည် ပြောလိုက်၏။


"ငါ မလိုက်တော့ဘူး၊ မနက်ဖြန်မှ လာတွေ့မယ်" 


ရှောင်ကျိုး သူမ၏ အိတ်ကပ်ထဲမှ မုန့်အချို့ကို ထုတ်ပေးလိုက်ရင်း ပြော၏။


 "ဒါတွေကို နင့်ရဲ့ စီနီယာအစ်ကိုတွေနဲ့ အစ်မတွေအတွက် ယူသွားပေးလိုက်ပါ" 


ကျန်းဟယ်လည်း ကျေးဇူးတင်စကား ဆိုသည်။


ထို့နောက် ရှောင်ကျိုးတို့အဖွဲ့သည် ဝါးအိမ်ဟောင်းလေးထံသို့ ပြန်လျှောက်လာကြ၏။ ထိုအချိန်တွင် အဘိုးကုနှင့် တာ့ယာ တို့မှာ အိမ်ထဲမှ ထွက်လာကြသည်။ အဘိုးနှင့် မြေးမလေး နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ရှိနေကြ၏။


"အထဲက ဦးလေး ရောဂါပျောက်သွားပြီလား" 


ရှောင်ကျိုး အလောတကြီး မေးလိုက်လေသည်။ စနစ်မှ ဤလူကို ကာကွယ်ရန် ပြောထားသဖြင့် သူ သေ၍ မဖြစ်ပေ။


"ဟုတ်တယ်၊ အဆိပ်တွေ ပြေသွားပြီ သူ ခဏလောက် ထပ်ပြီး အနားယူဖို့ပဲ လိုတော့တယ်" 


အဘိုးကု သူ၏ မျက်မှောင်များ ပြေလျော့ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။


"သမီးပေးတဲ့ တျန်းရှန်း နှင်းကြာပန်းကြောင့်သာပေါ့၊ မဟုတ်ရင်တော့ ဘယ်နတ်ဘုရားမှ ကယ်နိုင်မှာ မဟုတ်ဘူး" 


အဘိုးအိုမှ ရှောင်ကျိုးကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤကလေးမလေးမှာ သူ၏ ကံကောင်းခြင်း ကြယ်ပွင့်လေးပင် ဖြစ်၏။


"အထဲက လူ နိုးလာပြီဆိုရင် အဘိုး သမီးတို့နဲ့အတူ ရွာကို လိုက်ခဲ့ပါ့မယ်" 


အဘိုးအို ပြောလိုက်၏။


ရှောင်ကျိုး ခေါင်းခါလိုက်သည်။ အဘိုးအိုသည် ဆေးဘုရင်ချိုင့်ဝှမ်း မှ လူတစ်ဦး ဖြစ်ကြောင်း သိလိုက်ရကတည်းက သူ့ကို ရွာတွင် စာသင်ခိုင်းမည့် အကြံကို သူမ လက်လျှော့လိုက်ခြင်း ဖြစ်၏။ အဘိုးကုကို ရွာတွင် စာသင်ခိုင်းထားသည်ထက် ဆေးဘုရင်ချိုင့်ဝှမ်းတွင်သာ နေစေခြင်းက ပြင်ပမှ လူများအတွက် ပို၍ လိုအပ်မည်ဟု သူမ ခံစားရသည်။


"ဘာလို့ စိတ်ပြောင်းသွားရတာလဲ" 


အဘိုးကု နားမလည်နိုင်စွာ မေးလိုက်၏။


ရှောင်ကျိုး အဘိုးအိုကို ပြန်မေးလိုက်သည်။ 

"သမီး အဘိုးနဲ့ အပေးအယူ တစ်ခုလုပ်ချင်တယ်၊ အဘိုးက ဆေးဘုရင်ချိုင့်ဝှမ်းမှာပဲ နေပါ၊ ဒါပေမဲ့ တာ့ယာကို ဒီမှာ ဆေးပညာ သင်ခွင့်ပြုနိုင်မလား"


အဘိုးကု ခေါင်းညိတ်ကာ ဆို၏။


"ဒီမိန်းကလေးမှာ ဆေးပညာ သင်ယူဖို့ အရည်အချင်း တကယ်ရှိတယ်၊ သမီး မပြောရင်တောင် အဘိုးက အဲဒီလိုပဲ တွေးထားတာပါ"


ရှောင်ကျိုး တာ့ယာကို ဆေးပညာသင်ရန် ဤနေရာတွင် နေခဲ့ချင်သလားဟု မေးလိုက်သည်။ တာ့ယာမှာ စဉ်းစားနေသော်လည်း ရွာလူကြီး၏ အနားတွင်သာ ပို၍ နေချင်၏။ ရှောင်ကျိုးက သူမကို မကြာခဏ လာတွေ့မည်ဟု ထပ်ခါတလဲလဲ ကတိပေးလိုက်မှသာ တာ့ယာသည် စိတ်အေးလက်အေးဖြင့် ဤနေရာတွင် နေခဲ့ရန် သဘောတူလိုက်သည်။


ရှောင်ကျိုး ဝါးအိမ်ကလေးကို ညွှန်ပြကာ အဘိုးအိုကို မေးလိုက်၏။


 "သူ ဘယ်တော့လောက် နိုးလာမလဲ၊ သမီး အထဲဝင်ကြည့်လို့ ရမလား"


"ရတာပေါ့၊ သူ အခု နိုးနေပါပြီ၊ သမီးက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်ဆိုတော့ သူလည်း သူ့ကျေးဇူးရှင်ရဲ့ မျက်နှာကို မြင်သင့်တာပေါ့"


အဘိုးကု ထိုသို့ဆိုကာ အားလုံးကို အိမ်ထဲသို့ ခေါ်သွား၏။ ဤသည်မှာ သူ ကယ်တင်ထားသော်လည်း အသက်ရှင်လိုစိတ် မရှိဖြစ်နေသော အထဲမှ လူအတွက် အာရုံပြောင်းစရာတစ်ခု ဖြစ်လိမ့်မည်ဟု သူ ယူဆသည်။


ရှောင်ကျိုး ခြေသံဖွဖွဖြင့် အထဲသို့ ဝင်သွားပြီး သူမနောက်မှ ရှီအန်းမှာလည်း တကောက်ကောက် လိုက်ပါလာ၏။


ကုတင်ပေါ်တွင် လဲလျောင်းနေသော ဗိုလ်ချုပ်ကြီးရှီသည် အသံကြားသဖြင့် ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်၏။ တံခါးဝမှ ဝင်လာသော ကလေးနှစ်ယောက်ကို သူ သေချာစွာ မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အသက်ရှူများပင် မြန်လာတော့သည်။


“ပဉ္စမမြောက် ညီမလေးနဲ့ တတိယမြောက် အစ်ကိုလား”


43


'မဟုတ်ဘူး’


အသက်အရွယ် မကိုက်ညီပေ။


ဗိုလ်ချုပ်ကြီးရှီသည် သူ၏ အားနည်းနေသော ခန္ဓာကိုယ်ကို ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ပေါ်မှ ထကာ ရှောင်ကျိုး၏ အနားသို့ သွားလိုက်သည်။ သူ၏ တုန်ယင်နေသော လက်များဖြင့် ရှောင်ကျိုး၏ ပုခုံးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိ၏။


"မင်း၊ မင်းက ဘယ်သူလဲ" 


ဗိုလ်ချုပ်ကြီးရှီ၏ အသံသည် မယုံကြည်နိုင်မှုများဖြင့် တုန်ယင်နေပြီး သူ၏ မျက်လုံးများမှာလည်း တဖြည်းဖြည်း နီရဲလာ၏။ ထိုအခိုက်အတန့်တွင် သူသည် အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ငယ်ဘဝက အတူတူ ဆော့ကစားခဲ့ဖူးသော သူ၏ အစ်ကိုကြီးနှင့် ညီမငယ်လေးတို့၏ အရိပ်အယောင်များကို ပြန်လည် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။


ရှောင်ကျိုးနှင့် အခြားသူများမှာ ဗိုလ်ချုပ်ကြီးရှီ၏ ရုတ်တရက် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသော စိတ်လှုပ်ရှားမှုကို ကြည့်ကာ အံ့အားသင့်သွားကြသည်။ သို့သော်လည်း ထိုလူတွင် ရန်လိုသည့် ရည်ရွယ်ချက် မရှိသည်ကို ရှောင်ကျိုး အာရုံခံမိ၏။ သူမ ပုခုံးပေါ်မှ ထိုလူ၏ လက်များကို ရုန်းဖယ်လိုက်ပြီး အနည်းငယ် ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာကာ ပြောလိုက်သည်။


 "ဦးလေးက သမီးကို သိလို့လား၊ သမီးက ထောင်ယွမ်ရွာက ရှောင်ကျိုးပါ၊ ဦးလေးကရော ဘယ်သူလဲ"


ရှီအန်းလေးမှာလည်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်ဘဲ သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ ခေါင်းညိတ်ပြနေ၏။


အိမ်ထဲမှ ဆူညံသံများကို ကြားသောအခါ အဘိုးကုနှင့် အခြားသူများမှာ အထဲသို့ အပြေးအလွှား ဝင်လာကြသည်။


"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ၊ မင်းက ဘာလို့ ကုတင်ပေါ်က ဆင်းလာရတာလဲ၊ မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အဲဒီလောက်တောင် အလောတကြီး ဖြစ်နေတာလား" 


အဘိုးကု ဒေါသတကြီး အော်ဟစ်တော့သည်။ လူကြီးတန်မဲ့ သေချင်ယောင်ဆောင်နေသည်ဟု သူ ယူဆ၏။ အဘိုးကုသည် ထိုလူကို ဝါးကုတင်ပေါ်သို့ အတင်းအကျပ် ပြန်တွန်းပို့လိုက်သည်။


သူ စိတ်ပျက်လက်ပျက်ဖြင့် ထပ်မံ ကြိမ်းမောင်းလိုက်၏။


"မင်းက ရှီမိသားစုရဲ့ တစ်ဦးတည်းသော ကျန်ရစ်သူလေ၊ မင်းက ရန်သူတွေ အလိုအတိုင်း ရှီမိသားစုရဲ့ မျိုးဆက်ကို ပြတ်တောက်သွားအောင် လုပ်ချင်နေတာလား"


"ငါက မင်းရဲ့ အသက်ကို ငါးနှစ်တောင် အချိန်ပေးပြီး ကယ်တင်ထားခဲ့တာ၊ မင်း တကယ်ပဲ သေချင်တယ်ဆိုရင် တခြားနေရာမှာ သွားသေစမ်း၊ ငါ့ရဲ့ ဆေးဘုရင်ချိုင့်ဝှမ်းမှာတော့ လာမသေနဲ့"


"ငါက မင်းအဖေရဲ့ ကျေးဇူးကို ဆပ်ဖို့သာ မဟုတ်ရင် မင်း အသက်ရှင်မရှင် ငါ ဂရုစိုက်နေမယ် ထင်နေလား"


တစ်ဖန် ရှီမိသားစုဟူသော အမည်ကို ကြားလိုက်ရပြန်သည်။ ရှောင်ကျိုး အရင် ရက်ပိုင်းအတွင်း ထိုအမည်ကို အကြိမ်ကြိမ် ကြားနေခဲ့ရခြင်း ဖြစ်၏။


အဘိုးကု၏ အတင်းအကျပ် ဖိနှိပ်မှုကြောင့် ကုတင်ပေါ်သို့ ပြန်ရောက်သွားသော ဗိုလ်ချုပ်ကြီးရှီသည် ရှောင်ကျိုးနှင့် ရှီအန်းတို့ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေမိ၏။ သူတို့နှစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလားပင်။


ရှီအန်းလေးမှာ ကြောက်လန့်သွားသဖြင့် ရှောင်ကျိုး၏ နောက်ကွယ်တွင် ပုန်းကွယ်လိုက်သည်။


"ရှီရှန့်၊ ငါ့နာမည်က ရှီရှန့် ပါ" 


ရှီရှန့်သည် ဤကလေးနှစ်ယောက်မှာ သူ၏ ပဉ္စမမြောက်ညီမလေးနှင့် တတိယမြောက်အစ်ကိုတို့၏ ကလေးများ ဖြစ်ရမည်ဟု အသေအချာ ယုံကြည်နေသည်။ သူတို့၏ ရုပ်ရည်မှာ အလွန်ပင် ဆင်တူလွန်းလှသည် မဟုတ်ပါလား။


ရှောင်ကျိုးနှင့် ရှီအန်းတို့မှာမူ ခေါင်းခါပြကြသည်။ သူတို့သည် ဤအမည်ကို တစ်ခါမျှ မကြားဖူးကြပေ။ သို့သော်လည်း သူတို့အားလုံးမှာ ရှီ ဆိုသော မျိုးရိုးနာမည်ချင်း တူနေကြသည်မှာ အမှန်ပင် ဖြစ်သည်။


ရှီအန်းလေး ခေါင်းခါနေရင်းမှ တစ်ဝက်တွင် ရပ်တန့်သွားကာ ရှောင်ကျိုး၏ နောက်မှ ခေါင်းလေးပြူထွက်လာ၏။


"ဦးလေးလား"


ရှီအန်းသည် သူတို့မိသားစု၏ ဘိုးဘွားစင်မြင့်ပေါ်တွင် ဤအမည်ကို မြင်ဖူးခဲ့သည်ကို မှတ်မိသွားခြင်း ဖြစ်သည်။ သို့သော် သူ၏ ဦးလေးမှာ သေဆုံးသွားပြီ မဟုတ်ပါလား။


ထိုစကားကြောင့် လူတိုင်းမှာ အံ့ဩတကြီး ရေရွတ်မိကြသည်။ သူတို့သည် ခုနလေးတင်မှ ရှီမိသားစုအကြောင်းကို ဆွေးနွေးနေခဲ့ကြခြင်း ဖြစ်၏။ အကျိုးဆက်အနေဖြင့် ငါးနှစ်တိုင်တိုင် သေဆုံးသွားပြီဟု ယူဆထားသော လူတစ်ယောက်မှာ အသက်ရှင်လျက် သူတို့ရှေ့တွင် ပေါ်လာခဲ့ခြင်း ဖြစ်၏။


အဘိုးကုမှာလည်း ရှီရှန့်မှ သူ့ခန္ဓာကိုယ်ကို ဂရုမစိုက်သည်အား ဆက်၍ မဆူနိုင်တော့ပေ။ ယခုအခါ သူသည် ရှီရှန့်ထက်ပင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ပို၍ သိချင်နေတော့သည်။


လွန်ခဲ့သည့် အချိန်အနည်းငယ်က မြို့တော်မှ သတင်းများအရ ရှီမိသားစု၏ တစ်ဦးတည်းသော မြေးလေးမှာ ပျောက်ဆုံးသွားခဲ့ပြီး ရှီမိသားစုမှ အဘွားအိုမှာလည်း နာမကျန်း ဖြစ်နေခဲ့သည်။ ထိုစဉ်က အဘိုးကုသည် အဘွားအိုထံသို့ စာတစ်စောင်ရေးကာ သူမ၏ အငယ်ဆုံးသားမှာ ဆေးဘုရင်ချိုင့်ဝှမ်းတွင် ရှိနေပြီး မျှော်လင့်ချက် ရှိသေးကြောင်း ပြောပြရန် ကြံစည်ခဲ့ဖူး၏။

သို့သော် ရှီရှန့်မှ သူ၏ အသက်ရှင်ရန်ရက်မှာ နည်းပါးနေပြီ ဖြစ်သဖြင့် သူ၏ မိခင်ကို နောက်ထပ် စိတ်ဒဏ်ရာ မပေးလိုတော့ဟု ဆိုကာ တားမြစ်ခဲ့၏။ ထို့ပြင် သူ၏ ဖခင်နှင့် အစ်ကိုများမှာ သူ့ကို ကာကွယ်ရင်း စစ်မြေပြင်တွင် ကျဆုံးခဲ့ကြရသဖြင့် သူတစ်ဦးတည်း ယုတ်ညံ့စွာ အသက်ရှင်နေရသည်မှာ မိသားစုကို မျက်နှာပြစရာ မရှိတော့ဟု ဆိုကာ သေခြင်းတရားကိုသာ ရွေးချယ်လိုခဲ့ခြင်း ဖြစ်သည်။


ရှီရှန့်သည် ရှောင်ကျိုးကို အနားသို့ ဆွဲခေါ်ကာ သူမ၏ မျက်နှာကို ကြည့်လိုက်၏။ သူမ၏ မျက်နှာမှာ သူ၏ ညီမငယ်လေး ငယ်စဉ်ကနှင့် ထပ်တူပင် ဖြစ်သည်။ ရှီရှန့်၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာ၏။


သူ တိုးညှင်းသော လေသံဖြင့် ဆိုသည်။


"ရှောင်ကျိုး၊ ငါက မင်းရဲ့ ဦးလေးပါ" 


ထို့နောက် ရှီအန်းကိုလည်း သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ ပြောလိုက်ပြန်၏။


"ရှီအန်း၊ ငါက မင်းရဲ့ ဦးလေးငယ်ပါ" 


ဝါးအိမ်အတွင်းရှိ လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်နေကြသည်။ အချိန်တိုအတွင်းမှာပင် အခြေအနေမှာ မိသားစု ပြန်လည်ဆုံစည်းသည့် ပွဲတစ်ခုအဖြစ် မည်သို့ ပြောင်းလဲသွားရသနည်း။


ရှောင်ကျိုး ခေါင်းကိုစောင်းကာ နားမလည်နိုင်စွာ မေးလိုက်သည်။


 "ဒါဆိုရင် ကျွန်မရဲ့ မိဘတွေက ဘယ်သူတွေလဲ"

အဘယ်ကြောင့် သူမက သူ့ကို 'ဦးလေး' ဟု ခေါ်ရပြီး၊ ရှီအန်းကမူ 'ဦးလေးငယ်’ ဟု ခေါ်ကာ၊ ရှီအန်းမှ သူမကို 'မမ' ဟု ခေါ်နေရသနည်း။ ရှောင်ကျိုးမှာလည်း ဝေခွဲမရ ဖြစ်နေတော့သည်။


ရှီရှန့် ရှောင်ကျိုး၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်မိသော်လည်း သူမ၏ နောက်ခံအကြောင်းအရင်းကို မည်သို့ ပြောပြရမည်အား မသေချာ ဖြစ်နေရှာတော့၏။


မိခင်ဖြစ်သူ သေဆုံးသွားသည့်အပြင် ဖခင်ဖြစ်သူသည်လည်း မိခင်နှင့် မိခင်ဘက်မှ ဘိုးဘွားမိသားစုများကို သတ်ဖြတ်ခဲ့သည့် တရားခံ ဖြစ်နေနိုင်ပါသလား။ ဤမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦးအနေဖြင့် ဤအမှန်တရားကို လက်ခံနိုင်ပါ့မလား။


"မင်းရဲ့ မေမေက ငါ့ရဲ့ ပဉ္စမမြောက် ညီမလေးပါ၊ သူမက "


ရှီရှန့် စကားကို ခဏရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ညီမငယ်လေးမှာ ချောက်ထဲကျကာ သေဆုံးသွားခဲ့ပြီဟု သူ ပြောရန် ပြင်လိုက်ခြင်း ဖြစ်၏။ သို့သော် ထိုသို့ဆိုလျှင် ရှောင်ကျိုး မည်သို့ ပေါ်လာသနည်း။ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။


"မင်း မေမေနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလား၊ ဒါမှမဟုတ် မင်းမေမေဆီက အမှတ်တရပစ္စည်း တစ်ခုခုများ ကျန်ခဲ့သလား"


ရှောင်ကျိုးသည် သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို ကြည့်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ကျောက်စိမ်းဆွဲပြားလေးကို ထုတ်ပေးလိုက်၏။


"သမီးကို ကောက်ရတုန်းက ဒီဆွဲပြားက ကိုယ်ပေါ်မှာ ပါလာခဲ့တာလို့ ရွာက လူကြီးတွေက ပြောကြတယ်"


ရှီရှန့်သည် ရှေးဟောင်းလက်ရာ အလွန် ပြောင်မြောက်သော ထိုကျောက်စိမ်းဆွဲပြားကို လှမ်းယူလိုက်၏။ ဆွဲပြား၏ အလယ်ဗဟိုတွင် ပတ္တမြားငယ်လေးတစ်လုံး မြှုပ်နှံထားပြီး နေရောင်အောက်တွင် နွေးထွေးသော အလင်းရောင်များ ဖြာထွက်နေသည်။ ထိုကျောက်မျက်ပေါ်တွင် "ရှီ"  á€Ÿá€°á€žá€ąá€Ź စာလုံးလေးကို ထွင်းထုထားသည်။


ရှီရှန့် မျက်ရည်များ ဝဲလျက် ပြောလိုက်၏။


"ဒါက မင်းမေမေ သက်ရှိ ထင်ရှားရှိစဉ်က အမြတ်နိုးဆုံး ဆွဲပြားပဲ၊ ဒီဆွဲပြားကို သူ့ရဲ့ ကလေးအတွက် အမွေပေးချင်တယ်လို့ သူ အမြဲပြောခဲ့တာ၊ သူက မင်းကို သိပ်ချစ်တာပါ၊ မင်းမေမေ အခုထိ အသက်ရှင်နေဦးမလားဆိုတာ ဦးလေး မသိတော့ဘူး" 


သူ၏ ညီမငယ်လေးသာ အသက်ရှင်နေဦးမည်ဆိုလျှင် သူမ၏ သမီးကို မည်သည့်အခါမျှ စွန့်ပစ်မည် မဟုတ်ကြောင်းနှင့် တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်ရမည်ဟု သူ ယူဆထား၏။ ရှီရှန့် ကျောက်စိမ်းဆွဲပြားကို ရှောင်ကျိုးထံ ပြန်ပေးလိုက်သည်။


ရှောင်ကျိုးသည် သူမ၏ လက်ထဲရှိ ဆွဲပြားကို ကြည့်ရင်း စိတ်ထဲတွင် လေးလံသွားမိ၏။ သူမသည် မိမိကိုယ်ကိုယ် အလိုမရှိ၍ စွန့်ပစ်ခံရသည့် ကလေးတစ်ဦးဟုသာ အမြဲထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ အခြားကျေးရွာများမှ အဒေါ်ကြီးများက မိန်းကလေးဖြစ်၍ အသုံးမကျဟုဆိုကာ စွန့်ပစ်တတ်ကြကြောင်း ပြောသည်ကို သူမ ကြားဖူးခဲ့သည်။ ထို့ကြောင့် သူမ၏ မိဘများသည်လည်း သူမကို အသုံးမကျဟု ယူဆကာ စွန့်ပစ်ခဲ့သည်ဟု သူမက ထင်ခဲ့မိ၏။


သို့သော် ယခုအခါတွင်မူ သူမ၌ မိသားစုရှိကြောင်းနှင့် မိခင်ဖြစ်သူက သူမကို အလွန် ချစ်မြတ်နိုးကြောင်း၊ စွန့်ပစ်ခဲ့ခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ ရှောင်ကျိုး ထိုခံစားချက်ကို ဖော်ပြရန် ခက်ခဲနေသော်လည်း ထောင်ယွမ်ရွာသို့ ပြန်ကာ ချစ်လှစွာသော ရွာသားများကို မြင်တွေ့ချင်စိတ်များ ပြင်းပြလာတော့သည်။


ရှောင်ကျိုး ဆွဲပြားကို သူမ၏ ရင်ခွင်ထဲသို့ သေချာစွာ ထည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်၏။


 "သမီး ဒါကို သေချာ ဂရုစိုက်ပါ့မယ်" 


ရှီရှန့်၏ မျှော်လင့်တကြီး ကြည့်နေသော မျက်လုံးများကို မြင်သောအခါ သူမ တခဏမျှ စဉ်းစားပြီးနောက် သူ့ကို "ဦးလေး" ဟု ခေါ်လိုက်၏။ ရှီရှန့်၏ မျက်လုံးများတွင် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာပြီး သူ သာယာစွာ ခေါင်းညိတ်ပြလိုက်သည်။


မိသားစု ပြန်လည်ဆုံစည်းပွဲကို အစအဆုံး ကြည့်နေသော အဘိုးကုမှ ကြားဖြတ်ပြောလိုက်၏။


"မင်း အခုထိ သေချင်သေးတာလား၊ မင်းရဲ့ ခန္ဓာကိုယ်ကို ဆက်ပြီး နှိပ်စက်ချင်သေးသလား"

ရှီရှန့်မှာ အနည်းငယ် အရှက်ရသွား၏။ လူကြီးတန်မဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့သည်ကို လူပုံအလယ်တွင် အပြောခံလိုက်ရသည် မဟုတ်ပါလား။


ယခုအခါ ရှီရှန့်သည် သေချင်စိတ် မရှိတော့ရုံသာမက ချက်ချင်းပင် ကျန်းမာလာချင်စိတ်များ ပြင်းပြနေတော့သည်။ ထိုစဉ်က မည်သည့်အရာများ ဖြစ်ပျက်ခဲ့သလဲဆိုသည်ကို စုံစမ်းချင်သကဲ့သို့၊ သူ၏ မိသားစုကိုလည်း စောင့်ရှောက်ချင်နေ၏။ ထို့ပြင် ရှီမိသားစု စစ်တပ်၏ လက်ရှိအခြေအနေကိုလည်း သူ သွားကြည့်ချင်သေးသည်။ သူ လုပ်စရာများ များစွာ ရှိနေပြီ ဖြစ်၏။


သူသည် မိမိကိုယ်ကိုယ် ပြန်လည်စောင့်ရှောက်ရန် သဘောတူလိုက်သဖြင့် အဘိုးကု ရှီရှန့် အနားယူနိုင်ရန် အားလုံးကို အပြင်သို့ ခေါ်ထုတ်သွားလိုက်သည်။


ရှောင်ကျိုး ဝါးအိမ်အပြင်ဘက်ရှိ ကျောက်တုံးတစ်ခုပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အတွေးနက်နေမိ၏။ ကျောက်ဟူနှင့် သူ၏ သူငယ်ချင်းများမှာလည်း သူမ၏ အနားတွင် ဝိုင်းထိုင်နေကြပြီး တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေကြ၏။


"ပြောစရာရှိတာ ပြောကြစမ်းပါ" 


ရှောင်ကျိုး ဝေခွဲမရ ဖြစ်နေသော ကျောက်ဟူတို့ကို ကြည့်ကာ မေးလိုက်သည်။


"ရွာလူကြီး‌လေး၊ ရွာလူကြီးလေးက သူတို့နဲ့အတူ မြို့တော်ကို လိုက်သွားတော့မှာလား" 


ကျောက်ဟူတို့ စိုးရိမ်တကြီး မေးလိုက်ကြ၏။


ရွာလူကြီးလေးမှာ သူမ၏ မိသားစုကို ရှာတွေ့သွားပြီ ဖြစ်သည်။ သူမသည် သူတို့ကို စွန့်ပစ်ကာ မြို့တော်သို့ သွားတော့မည်လား။ သူမ၏ ရာထူးမှ နုတ်ထွက်တော့မည်လား။ သူတို့ကို ထားခဲ့တော့မည်လား။ အတွေးများပြားလာလေလေ သူတို့အတွက် ကမ္ဘာပျက်မတတ် ခံစားလာရလေလေ ဖြစ်ပြီး မျက်ရည်များပင် ကျလာကြသည်။


ရှောင်ကျိုး ကျောက်ဟူ၏ ခေါင်းကို ရိုက်လိုက်သဖြင့် သူသည် မြေပြင်ပေါ်သို့ မှောက်ကျလုနီးပါး ဖြစ်သွား၏။


"နင်တို့ ဘာတွေ တွေးနေတာလဲ၊ ငါ့အိမ်က ထောင်ယွမ်ရွာမှာ ရှိတာလေ၊ နင်တို့အားလုံးက ငါ့မိသားစုဝင်တွေပဲ၊ ငါ မြို့တော်ကို သွားရင်တောင် နင်တို့ကိုပါ ခေါ်သွားမှာ၊ စိတ်မပူကြပါနဲ့၊ ငါ့မှာ စားစရာရှိနေသရွေ့ နင်တို့လည်း ငတ်မှာ မဟုတ်ဘူး"


"ရွာလူကြီးက ငါတို့ရဲ့ နတ်ဘုရားပဲ" 


ကျောက်ဟူနှင့် အခြားသူများ သက်ပြင်းချကာ မျက်ရည်များကို သုတ်ရင်း ပျော်ရွှင်စွာ ရယ်မောလိုက်ကြတော့သည်။

44


ရွာလူကြီးလေးမှ သူတို့ကို စွန့်ပစ်မည် မဟုတ်ကြောင်း သိလိုက်ရသဖြင့် အားလုံး၏ အာရုံမှာ ရှီရှန့် ထံသို့ ပြန်လည်ရောက်ရှိသွားကြသည်။


"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ ဦးလေးက စစ်ဗိုလ်ချုပ် အငယ်စားလေးလား" 


ထျဲနျို စိတ်လှုပ်ရှားစွာ မေးလေ၏။


"ရွာလူကြီးလေး ၊ကျွန်တော် ဦးလေးဆီကနေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်တယ်၊ ဗိုလ်ချုပ်ကြီးရှီက သဘောတူမယ် ထင်လား" 


ကျောက်ဟူလည်း သူ၏လက်များကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားစွာ မေးမြန်းနေသည်။


ဘုရားသခင်!


သူတို့သည် လမ်းလျှောက်တတ်ရုံသာ ရှိသေးသော်လည်း ပျံသန်းချင်နေကြပြီ ဖြစ်သည်။ သူတို့သည် မည်သည့် အကွေ့အကောက် လမ်းကိုမျှ မသွားချင်ကြပေ။


"နင်တို့ကို နောက်ကျရင် ဖုတ်ကောင်ဖြစ်သွားအောင် ငါ ရိုက်နှက်ပစ်မယ်ဆိုတာ ယုံလား"


ရှောင်ကျိုးသည် သူတို့၏ အိပ်မက်ကို ရက်ရက်စက်စက် ရိုက်ချိုးလိုက်၏။ အခြေခံပညာကိုပင် ကျွမ်းကျင်အောင် မသင်ရသေးဘဲ ဗိုလ်ချုပ်ဖြစ်ချင်နေကြသည် မဟုတ်ပါလား။


တနွီမှာ စိတ်ကူးယဉ်နေသော ထိုနှစ်ယောက်ကို ဘေးသို့ တွန်းဖယ်ကာ ရှောင်ကျိုး၏ ရှေ့သို့ တိုးလာသည်။ 


"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ ဦးလေးက ဖခင်အကြောင်းကို လုံးဝ ထုတ်မပြောဘူးနော်၊ ရွာလူကြီးလးရဲ့ အဖေက လူဆိုးကြီးများ ဖြစ်နေမလား"


ရှောင်ကျိုး ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။


 "ဖြစ်နိုင်တယ်၊ နောက်ကျရင် ငါ့အဖေက ဘယ်သူလဲဆိုတာ သူ့ကို သွားမေးဦးမယ်၊ တကယ်လို့ သူက လူဆိုးဆိုရင်တော့ သူ့ခေါင်းကို အိတ်နဲ့စွပ်ပြီး နေ့တိုင်း ရိုက်ပစ်မယ်"


"ဟုတ်တယ်၊ ကျွန်တော်တို့လည်း အိတ်စွပ်ပေးဖို့ ကူညီမယ်၊ လူများလေ အလုပ်ပြီးလေပေါ့" 


တနွီ အားတက်သရော ခေါင်းညိတ်ထောက်ခံသည်။


ထိုစကားကို ကြားသောအခါ အဘိုးကု၏ နှုတ်ခမ်းများ အနည်းငယ် တွန့်သွားမိ၏။ ဤကလေးများသည် တကယ်ပင် အပြစ်ကင်းစင်ပြီး မည်သည်ကိုမျှ မကြောက်မရွံ့ ဖြစ်နေကြ၏။ သမိုင်းတစ်လျှောက်တွင် ဧကရာဇ်မင်းမြတ်၏ ဦးခေါင်းကို အိတ်စွပ်၍ ရိုက်နှက်ရဲသူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။


သူသည် ကလေးများ၏ ပို၍ ဆိုးရွားလာသော စကားများကို ရပ်တန့်ရန် အသာအယာ ချောင်းဟန့်လိုက်၏။ သို့သော် သူ၏ ရှေ့တွင် ရှန်ကျစ်ယွမ်က စကားဦးစပြုလိုက်သည်။


"ရွာလူကြီးလေးရဲ့ အဖေက ဘယ်သူလဲဆိုတာ ငါ သိတယ်"


ရှန်ကျစ်ယွမ်သည် တုန်လှုပ်ခြောက်ခြားနေသော မျက်လုံးများဖြင့် ရှောင်ကျိုးကို ကြည့်လိုက်၏။


ရှောင်ကျိုး၏ မိခင်မှာ ဗိုလ်ချုပ်ကြီးရှီ၏ ပဉ္စမမြောက်ညီမလေး ဖြစ်ကြောင်း စတင်ကြားရစဉ်က ရှီမိသားစု၏ အငယ်ဆုံးသမီးမှာ လက်ရှိ မိဖုရားခေါင်ကြီး ဖြစ်သည်ကို သူမ လုံးဝ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။ တနွီမှ ရှောင်ကျိုး၏ ဖခင်အကြောင်း ပြောပြသည်ကို ကြားမှသာ ရှီမိသားစု၏ ပဉ္စမမြောက်သခင်မလေးမှာ မိဖုရားခေါင်ကြီး ဖြစ်သဖြင့် ရှောင်ကျိုး၏ ဖခင်မှာ ဧကရာဇ်မင်းမြတ် ဖြစ်ရမည်ကို သူမ ရုတ်တရက် သတိရသွားသည်။


ဧကရာဇ်၏ သမီးတော်ဆိုလျှင် သူမက မင်းသမီးလေးပင်။ ရှန်းကျစ်ယွမ်၏ ရင်ထဲတွင် အော်ဟစ်နေမိ၏။


‘မေမေ သမီး ကျေးဇူးရှင်ရဲ့ သမီးတော်ကို ရှာတွေ့ပြီ၊ အာ၊ သူမက သမီးရဲ့ ကျေးဇူးရှင်လည်း ဖြစ်နေတာပဲ၊ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ’


သူမ၏ မိခင်သည် မိဖုရားခေါင်ကြီး မည်မျှ မွန်မြတ်ကြောင်းကို သူမအား အမြဲ ပြောပြခဲ့ဖူးသည်။ မိဖုရားခေါင်ကြီးသာ မရှိလျှင် သူမ၏ မိဘနှစ်ပါး ပေါင်းဖက်နိုင်မည် မဟုတ်သကဲ့သို့ သူမလည်း ဤလောကထဲသို့ ရောက်လာမည် မဟုတ်ပေ။ ကံဆိုးသည်မှာ သူမ၏ မိခင်မှ မိဖုရားခေါင်ကြီး၏ ကျေးဇူးကို မဆပ်ရသေးမီ မိဖုရားခေါင်ကြီးမှာ ချောက်ထဲကျကာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။


ရှန်ကျစ်ယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ကျိုးကို လှမ်းဖက်ကာ ပါးနှစ်ဖက်ကို အကြိမ်ကြိမ် နမ်းတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ တာ့ယာမှ သူမကို အမြန်ပင် လှမ်းဆွဲလိုက်ရ၏။

"နင် ဘာလုပ်တာလဲ၊ ဘာလုပ်နေတာလဲလို့" 


ရုတ်တရက် တိုက်ခိုက်ခံရသကဲ့သို့ ဖြစ်သွားသဖြင့် တာ့ယာ တားဆီးခြင်း ဖြစ်သည်။


ရှန်ကျစ်ယွမ် စိတ်တည်ငြိမ်သွားသောအခါ ရှောင်ကျိုးကို ဘေးသို့ ဆွဲခေါ်ကာ ပြောလိုက်၏။ 


"ရွာလူကြီးလေး၊ ရွာလူကြီးလေးရဲ့ မိခင်က မိဖုရားခေါင်ကြီးပါ၊ ဖခင်ကတော့ ဧကရာဇ်မင်းမြတ် ဖြစ်ပြီး ရွာလူကြီးလေးကတော့ ကျွန်မတို့ အရှေ့ပိုင်းရှနိုင်ငံရဲ့ မင်းသမီးလေး တစ်ပါးပါပဲ"


"ဒါဆိုရင် ငှက်တွေကုန်ရင် လေးကိုသိမ်း၊ ဝံပုလွေသေရင် အမဲလိုက်ခွေးကို ချက်စား ဆိုတာက အမှန်ပဲပေါ့၊ ဧကရာဇ်က ငါ့မေမေနဲ့ ငါ့အဘိုးတို့ကို သတ်ခဲ့တာလား၊ ဒါကြောင့်မို့လို့ ဦးလေးက ငါ့အဖေ ဘယ်သူလဲဆိုတာ မပြောချင်တာပဲ"


‘ဂျောက် ဂျောက် ဂျောက်’


ရှောင်ကျိုး၏ စကားအဆုံးတွင် သူမသည် ကျောက်ဟူ ဆောင့်ကြောင့်ထိုင်နေသော ဘေးက ကျောက်တုံးကြီးကို လက်ဖြင့် ဖိခြေပစ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် ကျောက်မှုန့်များမှာ နေရာအနှံ့သို့ လွင့်စင်သွားပြီး မီးရှူးမီးပန်းများ ပေါက်ကွဲသကဲ့သို့ လွင့်စင်ထွက်သွား၏။


ကျောက်ဟူမှာ ကြောက်လန့်သွားသဖြင့် ဝါးအိမ်အပြင်ဘက်သို့ လွင့်ထွက်သွားတော့သည်။ ရွာလူကြီးလေးမှာ အလွန်ပင် ဒေါသထွက်နေသည် ဖြစ်၍ အလွန် ကြောက်စရာ ကောင်းလှ၏။ သူ၏ တင်ပါးမှာ ကျောက်တုံးနှင့်အတူ ကြေမွသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

ဖက်တီးလေးမှာလည်း တံတွေးကို အားတင်းကာ မျိုချလိုက်ပြီး ရှောင်ကျိုး၏ အနားမှ တိတ်တဆိတ် ဖယ်ခွာသွားလိုက်သည်။ ဒေါသထွက်နေသော ရွာလူကြီးလေး သူ့ကိုပါ မှားပြီး ဖိခြေပစ်မည်ကို စိုးရိမ်နေခြင်းပင်။


ဝါးအိမ်ထဲမှ ထွက်လာသော ရှီရှန့်သည် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။ သူသည် သူ၏ မျက်လုံးများကို အမြန်ပင် ပွတ်သပ်ကြည့်လိုက်မိသည်။ သူ၏ တူမလေး လက်ကို လွှတ်လိုက်သောအခါ သူမ၏ လက်ဖဝါးထဲမှ ကျောက်မှုန့်များသည် လေထဲတွင် လွင့်စင်သွားပြီး သူမဘေးရှိ အလွန် မာကျောလှသော ကျောက်တုံးကြီးမှာမူ မြေပြင်ပေါ်၌ အပိုင်းပိုင်းအစစ ကြေမွပျက်စီးနေသည်ကို မြင်လိုက်ရ၏။


‘ဒါက စိတ်ချောက်ခြားမှု ဖြစ်ရမယ်’


‘ဟုတ်တယ်၊ ဒါက စိတ်ချောက်ခြားမှုပဲ ဖြစ်ရမယ်’


‘ငါ နိုးလာတာ ပုံစံမှားနေလို့ ဖြစ်ရမယ်’


ရှီရှန့်သည် ဝါးအိမ်ထဲသို့ တိတ်တဆိတ်ပင် ပြန်ဝင်သွားသည်။ ထို့နောက် ဝါးအိမ်တံခါးကို အသာအယာ ပြန်ပိတ်လိုက်၏။


ဝါးကုတင်ပေါ်တွင် အသာအယာ ပြန်လည်လဲလျောင်းကာ၊ စောင်ကိုလည်း အသာအယာ ပြန်ခြုံလိုက်သည်။


သို့သော် ရှီရှန့်၏ ရင်ထဲတွင်မူ အော်ဟစ်နေမိ၏။


‘ဖေဖေတို့၊ အစ်ကိုတို့ရေ’


‘ကျွန်တော်တို့ မိသားစုမှာ ကိုယ်ခံပညာအတွက် ပါရမီထူးကဲတဲ့ ခွန်အားပိုင်ရှင် ပါရမီရှင်လေး တစ်ယောက် ထွက်ပေါ်လာပြီဗျ’


ရှီရှန့် စိတ်လှုပ်ရှားလွန်းသဖြင့် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေမိသည်။


သူ၏ တူလေးကို ပြန်ရှာတွေ့ခဲ့ပြီ၊ ခြေလက်အင်္ဂါလည်း အကောင်းပကတိ ရှိနေ၏။


သူ၏ တူမလေးကိုလည်း ပြန်ရှာတွေ့ခဲ့လေပြီ။ သူမသည် အလွန်အမင်း သန်မာရုံသာမက ကိုယ်ခံပညာတွင်လည်း ဆရာတစ်ဆူ ဖြစ်နေပြီး တကယ့်ကို ချစ်စရာကောင်းလှသည်။


‘ဟုတ်ပြီ’


‘ငါ မြို့တော်ကို အမြန်ဆုံးပြန်ပြီး အမေ့ကို ဒီသတင်း သွားပြောရမယ်’


ရှီရှန့် ကုတင်ပေါ်မှ ဆင်းကာ ဝါးအိမ်တံခါးကို ဖွင့်လိုက်ပြီး ရှောင်ကျိုး၏ အနားသို့ လာခဲ့၏။ သူ ဆောင့်ကြောင့်ထိုင်လိုက်ပြီး မေးလိုက်သည်။


 "ဦးလေးနဲ့အတူ မြို့တော်ကိုလိုက်ပြီး အဘွားကို သွားတွေ့ချင်လား၊ မင်းရှိနေတယ်ဆိုတာ သိရင် အဘွားက အရမ်းဝမ်းသာမှာပါ"


ရှောင်ကျိုး ခေါင်းညိတ်ပြသည်။


"ဒါပေမဲ့ ဒီသတင်းကို ရွာက အကြီးအကဲတွေကို ပြောဖို့အတွက် အရင်ဆုံး ထောင်ယွမ်ရွာကို ပြန်ရမယ်"


ရှောင်ကျိုး ရွာသားများကို ပြန်တွေ့ချင်နေ၏။ သူမသည် အိမ်နှင့် ဝေးကွာနေသည်မှာ ရက်အတော်ကြာပြီ ဖြစ်သဖြင့် ထောင်ယွမ်ရွာရှိ သူမ၏ မိသားစုများကို အလွန်ပင် လွမ်းဆည်းနေမိသည်။


ရှီရှန့်သည်လည်း ထောင်ယွမ်ရွာမှ ရွာသားများကို ကျေးဇူးတင်စကား ပြောချင်နေ၏။


"ရတာပေါ့၊ ဦးလေးလည်း ထောင်ယွမ်ရွာကို လိုက်ခဲ့ပြီး မင်းကို ဒီလောက်အထိ ကောင်းအောင် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ရွာသားတွေကို ကျေးဇူးတင်စကား ပြောချင်တယ်" 


သူ၏ တူမလေးမှာ အလွန်ပင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ပြီး အပြစ်ကင်းစင်ကာ လွတ်လပ်ပြီး မိမိကိုယ်ကိုယ် အားကိုးတတ်သူတစ်ဦး ဖြစ်နေသည်မှာ ထင်ရှားလှသည်။


နောက်တစ်နေ့တွင် သူတို့အဖွဲ့သည် အဘိုးကုကို နှုတ်ဆက်ကာ ထောင်ယွမ်ရွာသို့ ပြန်ရန် ခရီးစတင်ခဲ့ကြ၏။


မထွက်ခွာမီ အဘိုးကုသည် သူ၏ တပည့်အကြီးဆုံး ချင်းရွှီ နှင့် အငယ်ဆုံးတပည့် ကျန်းဟယ် တို့ကို ပြင်ဆင်ပေးကာ ရှောင်ကျိုးတို့အဖွဲ့နှင့် ထည့်ပေးလိုက်၏။ အပြင်လောကကြီးမှာ မအေးချမ်းသဖြင့် အရည်အချင်းရှိသော ဆေးဆရာတစ်ဦး အနားတွင် အမြဲရှိနေရန် လိုအပ်သည်ဟု အကြောင်းပြချက် ပေးခဲ့သည်။


အမှန်စင်စစ် အဘိုးကုသည် ချင်းရွှီအတွက် အပြင်လောကသို့ထွက်ကာ အတွေ့အကြုံ ရှာဖွေရမည့်အချိန် ရောက်ပြီဟု ယူဆထားခြင်း ဖြစ်၏။ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ဝါသနာပါသော ရှောင်ကျိုးတို့ အဖွဲ့နောက်သို့ လိုက်ပါသွားခြင်းက သူ၏ ဆေးပညာကို ပိုမိုတိုးတက်စေမည်ဟု ယုံကြည်နေသည်။ အငယ်ဆုံးတပည့် ကျန်းဟယ်မှာမူ ဂျီကျကာ လိုက်ချင်သည်ဟု ဇွတ်အတင်း ပြောနေသဖြင့် စီနီယာအစ်ကိုနှင့်အတူ အမြင်ကျယ်အောင် လိုက်သွားရန် ခွင့်ပြုလိုက်ရခြင်း ဖြစ်၏။


မြင်းလှည်းမှာ ဆေးဘုရင်ချိုင့်ဝှမ်းမှ တဖြည်းဖြည်း ထွက်ခွာလာပြီး တောင်အောက်သို့ ဦးတည်မောင်းနှင်လာခဲ့သည်။


အားနည်းနေသေးသော ရှီရှန့်သည် မြင်းလှည်းအတွင်း၌ လဲလျောင်းရင်း အပြင်ဘက်တွင် ခုန်ပေါက်ဆော့ကစားနေသော ကလေးများကို ကြည့်ကာ စိတ်နှလုံး ပျော်ရွှင်နေလေ၏။ မြင်းလှည်းသည် အရှိန်ဖြင့် ခုတ်မောင်းလာခဲ့ပြီး ကလေးတစ်သိုက်၏ ထောင်ယွမ်ရွာသို့ ပြန်ချင်စိတ်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေတော့သည်။


ဖက်တီးလေး ရှောင်ကျိုးအား ပြော၏။


"ရွာလူကြီးလေး၊ ငါ မမရှောင်ရှောင်ကို အရမ်းလွမ်းတာပဲ၊ ဟော့ပေါ့လည်း အရမ်းစားချင်ပြီ" 


အရင်ရက်ပိုင်းအတွင်း အလွန် ဗိုက်ဆာခဲ့သဖြင့် သူ၏ ဝမ်းဗိုက်မှာ ပိန်သွားပြီဟု သူ ခံစားနေရသည်။


ထောင်ယွမ်ရွာတွင် ရက်အနည်းငယ် နေထိုင်ပြီးနောက် အပြင်လောကမှ အစားအသောက်များသည် ကျေးရွာရှိ အစားအသောက်များကို မမီကြောင်း သူ သိလိုက်ရ၏။ အထူးသဖြင့် ဆေးဘုရင်ချိုင့်ဝှမ်းမှ အစားအသောက်များအကြောင်းကိုမူ သူ လုံးဝ ထည့်မပြောချင်တော့ပေ။


"ပြန်ရောက်ရင် အဝစားနိုင်အောင် စီစဉ်ပေးမယ်" 


ရှောင်ကျိုး ဖက်တီးလေးကို ပြောလိုက်သည်။ သူမကိုယ်တိုင်လည်း အလွန်ပင် ဆာလောင်နေပြီ ဖြစ်၏။

"ရွာလူကြီးလေး၊ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ ဆရာရွှီနဲ့ ဆရာယန်တို့ရော ပြန်ရောက်နေပြီ ထင်လား" 


တနွီ ဖက်တီးလေးကို တွန်းဖယ်ကာ ရှောင်ကျိုးအနားသို့ ပြေးလာပြီး မေးလိုက်သည်။


ရှောင်ကျိုးမှာမူ နှုတ်ဆိတ်နေ၏။


"ငါက ဒီရက်ပိုင်း နင်တို့နဲ့အတူ အပြင်ရောက်နေတာလေ၊ ဘယ်လိုလုပ် သိမှာလဲ"


"တုံးလိုက်တာ" 


 á€›á€žá€Žá€Ąá€”်း တိုးတိုးလေး ရေရွတ်လိုက်သည်။


တနွီ ချက်ချင်းပင် လှည့်ကြည့်ကာ သူ့ကို ဖမ်းလိုက်၏။ ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် လိုက်တမ်းပြေးတမ်း ဆော့ကစားကြတော့သည်။


ကျောက်ဟူလည်း ဘေးမှ မြှောက်ပင့်ပေးလိုက်၏။


 "တနွီ နင်က မစွမ်းပါဘူးကွာ၊ ရှီအန်းကိုတောင် မမီဘူး၊ ဟဲဟဲ"


"နင် ဘာတွေ လာကြွားနေတာလဲ၊ နောက်ရက်အနည်းငယ်ကြာရင် သူ့ရဲ့ ကိုယ်ခံပညာက နင့်ကိုတောင် ကျော်သွားဦးမှာ ပြီးတော့ ငါက ဘယ်သူနဲ့မှ ပြိုင်ချင်တာ မဟုတ်ဘူး၊ နောင်ကျရင် ငါ့ရဲ့ ဉာဏ်ကိုသုံးပြီး အလုပ်လုပ်မှာ၊ နင်တို့နှစ်ယောက်လို ဉာဏ်မရှိဘဲ အားပဲရှိတဲ့သူမျိုး မဖြစ်ချင်ဘူး"


ခုနလေးတင်မှ ပါးစပ်ကြီးဖြဲကာ ရယ်နေသော ကျောက်ဟူမှာ ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ရယ်သံတိတ်သွားသည်။ သူသည် ကိုယ်ခံပညာကို သေချာပေါက် လေ့ကျင့်ရမည် ဖြစ်ပြီး ရှီအန်း၏ အသာစီးရခြင်းကို မခံနိုင်ပေ။


ရှီအန်းမှာ သူ၏ မိသားစုမျိုးရိုးနှင့် ထိုက်တန်စွာပင် ကိုယ်ခံပညာတွင် ပင်ကိုယ်ပါရမီ ပါလာခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူ၏ ကိုယ်ခံပညာ တိုးတက်မှုနှုန်းမှာ တနွီကို ကျော်လွန်သွားခဲ့ပြီပင်။

45


"တစ်ခုခုတော့ မှားနေပြီ၊ ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ" 


ရှောင်ကျိုး ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့ဘက်ရှိ မြို့လေးကို လှမ်းကြည့်မိ၏။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ရင်ထဲတွင်လည်း ထူးဆန်းသော မလုံခြုံမှုများ တိုးဝင်လာသည်။


"ဘာဖြစ်လို့လဲ ရှောင်ကျိုး" 


ရှောင်ကျိုး ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်သောအခါ ရှီရှန့် နားမလည်နိုင်စွာ မေးမြန်း၏။


"တိတ်ဆိတ်လွန်းနေတယ်၊ ဒီလို မဖြစ်သင့်ဘူး" 


ရှောင်ကျိုး တည်ကြည်သော လေသံဖြင့် ဆိုသည်။


 "အရင်တစ်ခေါက်က မန်ချန်းပြောတာတော့ ဒီရက်ပိုင်းက မြို့ရဲ့ ပွဲတော်ရက်တွေလေ၊ နေ့တိုင်း ဖျော်ဖြေပွဲတွေ အများကြီးရှိရမယ်၊ အရမ်းလည်း စည်ကားနေရမယ်၊ လမ်းမတွေပေါ်မှာ မောင်းသံဗုံသံတွေ ညံနေပြီးတော့ လှည့်လည်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေက ညဉ့်နက်တဲ့အထိ မနားတမ်း ရှိနေရမှာ၊ ဒါပေမဲ့ အခုတော့"


ထိုစကားကို ကြားသောအခါ ရှီရှန့်သည်လည်း ရှောင်ကျိုး ကြည့်ရာသို့ လိုက်ကြည့်မိ၏။ ရှေ့ဘက်ရှိ မြို့လေးမှာမူ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေပြီး လူသူအရိပ်အယောင်မျှပင် မတွေ့ရပေ။


တကယ့်ကို ထူးဆန်းလှသည်။


ညင်သာသော လေညင်းတစ်ချက် တိုက်ခတ်လာရာ လေထဲတွင် သွေးညှီနံ့သဲ့သဲ့ ပါလာ၏။ စစ်မြေပြင်တွင် ကြီးပြင်းလာခဲ့သော ရှီရှန့်အတွက် ဤအနံ့မှာ အလွန်ပင် ရင်းနှီးလှသည်။


"လူသေနံ့ပဲ"


"လူသေနံ့ ဟုတ်လား" 


အားလုံးမှာ ချက်ချင်းပင် တည်ငြိမ် လေးနက်သွားကြ၏။


"အထဲဝင်ကြည့်ကြရအောင်" 


ချင်းရွှီ၏ မျက်နှာမှာ ညှိုးငယ်နေသည်။ သူသည် ဤမြို့လေးနှင့် အလွန်ရင်းနှီးသူ ဖြစ်၏။ ဆေးဘုရင်ချိုင့်ဝှမ်းမှ လူများ တောင်အောက် ဆင်းလာသည့်အခါတိုင်း ဤမြို့တွင် ခေတ္တနားနေလေ့ရှိသည်။ ဤမြို့ရှိ လူများမှာ အလွန် သဘောကောင်း၍ ဧည့်ဝတ်ကျေပွန်ကြသလို ဒေသ ဓလေ့ထုံးစံများမှာလည်း ရိုးသားဖြူစင်ကြ၏။


ရှောင်ကျိုး တောင်အောက်သို့ အပြေးအလွှား ဆင်းသွားရာ ကျောက်ဟူနှင့် အခြားသူများလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။


မြို့နှင့် နီးကပ်လာလေလေ၊ သွေးညှီနံ့မှာ ပို၍ ပြင်းထန်လာလေဖြစ်ရာ အော့အန်ချင်စိတ်ပင် ပေါက်လာရသည်။ ရှောင်ကျိုး၏ လက်သီးများမှာ မသိမသာ တင်းကျပ်သွားပြီး ကျောက်ဟူနှင့် အခြားသူများသည်လည်း သူတို့၏ ခါးကြားရှိ ဓားမြှောင်များကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကြသည်။ အဖွဲ့သားအားလုံး ခြေလှမ်းတိုင်းကို အထူးဂရုစိုက်ကာ တဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာကြ၏။


မြို့အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် လမ်းမများပေါ်တွင် မြို့သူမြို့သားတို့၏ ရုပ်အလောင်းများမှာ ပြန့်ကျဲနေသည်ကို တွေ့ရ၏။ သူတို့၏ မျက်နှာများမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေကြပြီး မျက်လုံးများထဲတွင်လည်း နာကြည်းမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေကြသည်။ ကျောက်ခင်းလမ်းမများပေါ်တွင် သွေးများ စွန်းထင်နေပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးစောင်းတန်းငယ်များသဖွယ် စီးဆင်းနေကြသည်။


လေထုမှာပင် ထိုဖြစ်ရပ်ဆိုးကြောင့် ငြိမ်သက်သွားသယောင် ရှိနေပြီး သေခြင်းတရား၏ တိတ်ဆိတ်မှုနှင့် ဝမ်းနည်းပူဆွေးမှုများသာ လေထဲတွင် ရစ်ဝဲနေတော့သည်။


"ဘာ၊ ဘာတွေ ဖြစ်ခဲ့တာလဲ" 


ကျောက်ဟူနှင့် အခြားသူများ၏ အသံများမှာ တုန်ရင်နေကြ၏။ သူတို့သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြပေ။


ရှောင်ကျိုးမှာမူ မည်သည်ကိုမှ ပြန်မပြောပေ။ သူမ၏ မျက်လုံးများမှာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကာ ရှာဖွေနေသည်။ အသက်ရှင်ကျန်ရစ်သူ သို့မဟုတ် ဤအဖြစ်အပျက် အားလုံး၏ အဖြေကို ပြောပြနိုင်မည့်သူ တစ်စုံတစ်ယောက်ကို တွေ့လိုတွေ့ငြား ရှာဖွေနေခြင်း ဖြစ်သည်။ သို့သော် သူမအား ပြန်လည်တုံ့ပြန်သည်မှာ သေခြင်းတရား၏ တိတ်ဆိတ်မှုနှင့် နေရာအနှံ့ ပျံ့နှံ့နေသော သေမင်း၏ အငွေ့အသက်များသာ ဖြစ်သည်။


မနေ့ကတင် သူတို့၏ ကုန်ပစ္စည်းများကို အားတက်သရော အော်ဟောင်းရောင်းချနေသော ဈေးသည်များ၊ စိတ်လှုပ်ရှားစွာဖြင့် စကားထာဝှက်တမ်း ကစားနေကြသော လူငယ်များ၊ ပရိသတ်များ၏ လက်ခုပ်သံများကြားတွင် ကပြဖျော်ဖြေနေကြသော သန်မာထွားကြိုင်းသည့် ခြင်္သေ့အကသမားများ၊ ထိုသူအားလုံးသည် ယခုအခါ မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲလျောင်းနေကြပြီး မျက်လုံးအစုံ ပြူးလျက် သေဆုံးနေကြလေပြီ။


သူတို့အဖွဲ့ ယခင်က တည်းခိုခဲ့ဖူးသော တည်းခိုခန်းအတွင်းသို့ အပြေးအလွှား ဝင်ခဲ့ကြသည်။ တည်းခိုခန်းအတွင်းရှိ စားပွဲ၊ ကုလားထိုင်များမှာ လဲပြိုနေပြီး ပန်းကန်ခွက်ယောက် အပိုင်းအစများမှာလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ဖူးသော အမျိုးသားများမှာလည်း သွေးအိုင်ထဲတွင် သက်မဲ့ခန္ဓာများအဖြစ် လဲလျောင်းနေကြပြီ ဖြစ်၏။


ကောင်တာ၏ နောက်ကွယ်တွင်မူ ဆိုင်ရှင်ကြီး၏ မျက်လုံးများမှာ ကြောက်ရွံ့မှုများဖြင့် ပြူးကျယ်နေသည်။ သူသည် သွေးများဖြင့် စွန်းထင်လျက် ရုပ်တုတစ်ခုကဲ့သို့ နံရံကို မှီထားပြီး လက်ထဲတွင်မူ အချက်အလက်တွက်သည့် ခက်ရင်းကို တင်းတင်း ဆုပ်ကိုင်ထားဆဲပင် ဖြစ်သည်။

ရှောင်ကျိုး၏ ရင်ထဲတွင် လေးလံသွားရသည်။ သူမ ဆိုင်ရှင်ကြီး၏ အနားသို့ သွားကာ အသက်ရှူခြင်း ရှိ၊ မရှိ အသာအယာ စမ်းသပ်ကြည့်သော်လည်း မည်သည့် အသက်ရှူသံမှ မရှိတော့ပေ။ ရှောင်ကျိုး၏ မျက်လုံးများမှာ ရဲတက်လာပြီး ပတ်ဝန်းကျင်ကို ဆက်လက် ရှာဖွေနေမိ၏။


"မန်ချန်း‌ရော၊ မန်ချန်းရဲ့ အလောင်းကို မတွေ့ဘူး"


ထိုစကားကြောင့် အားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ချက် ဝင်းလက်သွားသည်။ သူတို့ နေရာအနှံ့သို့ စတင်ရှာဖွေကြတော့၏။ အပေါ်ထပ်၊ နောက်ဖေးဝင်း၊ မီးဖိုချောင်၊ ထင်းတိုက် စသဖြင့် နေရာအနှံ့ ရှာဖွေကြသော်လည်း မတွေ့ရပေ။


"မန်ချန်းက ထွက်ပြေး လွတ်မြောက်သွားတာ ဖြစ်နိုင်မလား၊ သူ တည်းခိုခန်းထဲမှာ မရှိဘူး" 


တနွီ အမှန်တကယ် ပြောချင်သည်မှာ "မန်ချန်းက အပြင်ထွက်ကစားရင်း အပြင်မှာ သေသွားတာလား" ဟူ၍ ဖြစ်သော်လည်း ထုတ်မပြောမိချေ။


ရှောင်ကျိုး သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ မြေအောက်မှ အားနည်းလှသော ညည်းညူသံသဲ့သဲ့ ထွက်ပေါ်လာသည်။


ရှောင်ကျိုး ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားရ၏။ မြေအောက်ခန်း ရှိနေသည်။ ရှောင်ကျိုး မြေအောက်ခန်း တံခါးဝမှာ မည်သည့်နေရာတွင် ရှိသနည်းဟု စိတ်ဝိညာဉ်စွမ်းအားဖြင့် ဆက်လက် အာရုံခံကြည့်လိုက်၏။


’ကောင်တာမှာလား’


ရှောင်ကျိုး ကောင်တာအနားသို့ သွားကာ ဆိုင်ရှင်ကြီး၏ အလောင်းကို အသာအယာ ဖယ်ရှားလိုက်၏။ ကောင်တာကို ခေါက်ကြည့်လိုက်သောအခါ အတွင်းတွင် ဟာနေသည်ကို သိလိုက်ရသည်။


မြေအောက်ခန်း၏ ခလုတ်မှာ မည်သည့်နေရာတွင် ရှိသနည်း။ ရှောင်ကျိုး မတ်တတ်ရပ်လိုက်ပြီး သူမ၏ လက်သီးဖြင့်သာ ရိုက်ခွဲပစ်ရန် ပြင်ဆင်လိုက်၏။


ရှောင်ကျိုး ရုတ်တရက် ထရပ်လိုက်သဖြင့် သူမနောက်တွင် ကပ်လျက်ရှိနေသော ရှီအန်းကို မမြင်လိုက်ပေ။ ရှီအန်း အတိုက်ခံရသည့် အရှိန်ကြောင့် နောက်သို့ လန်ကျသွားပြီး နံရံကို မှီလျက်ရှိသော ဆိုင်ရှင်ကြီး၏ လက်ထဲမှ ခက်ရင်းကို တိုက်မိသွားသည်။


ထိုခက်ရင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ရှီအန်း မတော်တဆ တက်နင်းမိသွား၏။


‘ဂျောက်’


ရုတ်တရက်ဆိုသလိုပင် ရှောင်ကျိုး၏ ရှေ့ဘက်ရှိ ကြမ်းပြင်မှာ တဖြည်းဖြည်း ပွင့်ဟလာပြီး လူတစ်ကိုယ်စာ ဝင်နိုင်သော အပေါက်တစ်ခု ပေါ်လာပေသည်။ ရှောင်ကျိုး နောက်သို့ လှည့်ကြည့်လိုက်ရာ ရှီအန်း၏ ခြေထောက်အောက်မှ ခက်ရင်းကို မြင်လိုက်ရ၏။ မြေအောက်ခန်း၏ ခလုတ်မှာ ထိုခက်ရင်းပေါ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ဤကလေးမှာ မတော်တဆ ခလုတ်ကို ဖွင့်မိသွားခြင်း ဖြစ်၏။


ရှောင်ကျိုး တွေဝေခြင်းမရှိဘဲ မြေအောက်ခန်းအတွင်းသို့ ချက်ချင်းပင် ဆင်းသွားလိုက်သည်။ ကျောက်ဟူနှင့် အဖွဲ့သားများလည်း နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြ၏။ အတွင်းထဲတွင် မှောင်အတိ ကျနေသော်လည်း ရှောင်ကျိုး လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်သောအခါ အလင်းရောင် ပြန်လည်ရရှိလာသည်။


ထောင့်တစ်နေရာရှိ သစ်သားစားပွဲအောက်တွင် ကလေးငယ်တစ်ဦးမှာ ကွေးကွေးလေး ဝပ်နေသည်ကို တွေ့ရသည်။ သူသည် မနေ့ကမှ ရှောင်ကျိုး ပေးခဲ့သော သကြားလုံးအိတ်ကို တင်းတင်းဆုပ်ကိုင်ထား၏။ ထိုကလေးမှာ သူတို့ ရှာနေသည့် မန်ချန်းပင် ဖြစ်ပေသည်။


"မန်ချန်း" 


ရှောင်ကျိုးနှင့် အခြားသူများ အမြန်တိုးသွားပြီး သူ့အခြေအနေကို စစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်ကြ၏။


မန်ချန်း ထောင့်တစ်နေရာတွင် တုန်တုန်ရင်ရင်ဖြင့် ဝပ်နေဆဲ ဖြစ်၏။ တစ်စုံတစ်ယောက်မှ သူ့နာမည်ကို ခေါ်သည်ကို ကြားသောအခါ သူ ထိတ်လန့်တကြား မော့ကြည့်လာသည်။ လာရောက်သူမှာ သူတို့အဖွဲ့ဖြစ်ကြောင်း မြင်လိုက်ရမှသာ သူ၏ အရောင်မှိန်နေသော မျက်လုံးအစုံမှာ ပြန်လည် တောက်ပလာတော့၏။


ကျောက်ဟူ သူ့ကို ကျောပိုးလိုက်သည်။


 "မင်းကို အပြင်အရင် ခေါ်သွားမယ်”


အားလုံး မြေပြင်ပေါ်သို့ ပြန်ရောက်လာကြ၏။ သွေးအိုင်ထဲတွင် လဲလျောင်းနေသော ဖခင်ဖြစ်သူကို မြင်လိုက်ရသောအခါ မန်ချန်းမှာ မအောင့်ထားနိုင်တော့ဘဲ ငိုချလိုက်တော့သည်။ မျက်ရည်များမှာ ပုတီးစေ့ပြတ်ကျသကဲ့သို့ သူ၏ ပါးပြင်ပေါ်တွင် စီးကျလာ၏။


သူ ယိုင်တိုင်တိုင်ဖြင့် ဆိုင်ရှင်ကြီးရှိရာသို့ တွားသွားပြီး တုန်ရီသော အသံဖြင့် အကြိမ်ကြိမ် အော်ဟစ်ငိုယိုတော့သည်။


"အဖေ၊ အဖေ၊ ထပါဦး၊ မန်ချန်း အဖေ့စကားကို နားထောင်ပြီး မြေအောက်ခန်းထဲမှာ ပုန်းနေခဲ့တာလေ၊ အဖေ  á€™á€”်ခဝန်းကို ပစ်မသွားပါနဲ့ဦး"


ဖခင်ဖြစ်သူနှင့်သာ အမြဲအတူနေခဲ့သော မန်ချန်းအတွက် ဖခင်၏ အေးစက်နေသော ခန္ဓာကိုယ်ကို ဖက်ထားရင်း အဆုံးမရှိသော ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ကိုသာ ခံစားနေရသည်။


ရှောင်ကျိုးနှင့် အခြားသူများမှာ မန်ချန်း၏ ကျောကို အသာအယာ ပုတ်ရင်း နှစ်သိမ့်ပေးရန် ကြိုးစားကြသော်လည်း သူတို့၏ မျက်လုံးများတွင်လည်း မျက်ရည်များ ဝဲနေကြသည်။ မန်ချန်းအတွက်မူ ဤနေရာသည် သူ၏ အိမ်ဖြစ်ပြီး ဖခင်မှာ သူ၏ တစ်ဦးတည်းသော ဆွေမျိုးနှင့် အားကိုးရာပင်။


သို့သော် ယခုအခါ စည်ကားခဲ့ဖူးသော မြို့လေးမှာ အလောင်းများဖြင့် ပြည့်နှက်နေပြီး သူ၏ တစ်ဦးတည်းသော မိသားစုဝင်မှာလည်း သူ့ကို ထားရစ်ခဲ့လေပြီ။ ဤရုတ်တရက် အပြောင်းအလဲမှာ အသက် ၆၊ ၇ နှစ်အရွယ် ကလေးတစ်ယောက်အတွက် အလွန်ပင် လေးလံလွန်းလှသည်။

ရှီရှန့်နှင့် ချင်းရွှီတို့မှာလည်း ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ စိတ်နှလုံးများမှာလည်း လေးလံနေကြ၏။


"ဒီမှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ မင်းသိလား" 


ရှီရှန့် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးငယ်ကို နွေးထွေးမှုပေးသည့်အနေဖြင့် မန်ချန်း၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။


ရှီရှန့်သည် ရုပ်အလောင်းများပေါ်ရှိ ဒဏ်ရာများကို သေသေချာချာ စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထိုဒဏ်ရာများမှာ သာမန်ဓားကြီးများဖြင့် ခုတ်ထားခြင်း ဖြစ်၏။ သို့သော် အဘယ်ကြောင့် သာမန်မြို့လေးတစ်မြို့ကို ဤမျှ ရက်စက်စွာ သုတ်သင်ခဲ့ရသနည်း။ ထို့ပြင် မြို့တစ်မြို့လုံးတွင် အဘယ်ကြောင့် ကလေးသူငယ် အလောင်းတစ်လောင်းမျှ မရှိရသနည်း။ မြို့ထဲက ကလေးများ အားလုံး မည်သည့်နေရာသို့ ရောက်ကုန်ကြသနည်း။


"ဝတ်ရုံနက်ဝတ်ထားတဲ့သူတွေ ကလေးတွေကို လာဖမ်း၊ လာဖမ်းသွားကြတယ်၊ လူတွေကိုလည်း ဓားနဲ့ခုတ်တယ်၊ လူတွေအများကြီး သေကုန်ပြီ၊ နေရာတိုင်းမှာ သွေးတွေချည်းပဲ၊ အဖေ၊ အဖေက ကျွန်တော့်ကို မြေအောက်ခန်းထဲမှာ ဖုံးထားပေးပြီး အပြင်မထွက်ဖို့ ပြောခဲ့တာ" 


မန်ချန်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောရင်း တုန်တုန်ယင်ယင် ဖြစ်နေ၏။


မန်ချန်မှာ စကားကို ထစ်ထစ်ငေါ့ငေါ့ ပြောနေသော်လည်း ရောက်ရှိနေသူ အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရသည်။


ဝတ်ရုံနက်ဝတ်ထားသော အဖွဲ့တစ်ဖွဲ့ မြို့ထဲသို့ ဝင်လာကာ ကလေးအားလုံးကို ပြန်ပေးဆွဲသွားပြီး ကျန်ရှိသူအားလုံးကို နှုတ်ပိတ်သည့်အနေဖြင့် သတ်ပစ်ခဲ့ကြခြင်း ဖြစ်၏။


"အဲဒီဝတ်ရုံနက်အဖွဲ့တွေ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီ" 


ရှောင်ကျိုး၏ မျက်လုံးများထဲတွင် ဒေါသအဟုန်များ ပြည့်နှက်နေသည်။


"အသေးစိတ် ထပ်ပြောပြလို့ ရမလား"


 á€á€ťá€„်းရွသဎ မေးလိုက်၏။


"ကျောက်ဟူနဲ့ သူ့အဖွဲ့သားတွေလည်း ဝတ်ရုံနက်အဖွဲ့တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး ဂူတစ်ခုထဲကို ခေါ်သွားခံခဲ့ရတာလေ၊ အဲဒီဂူထဲမှာလည်း ဖမ်းထားတဲ့ တခြားကလေးတွေ အများကြီး ရှိနေခဲ့တာ"


"တောက်" 


ဖက်တီးလေးနှင့် သူငယ်ချင်းများမှာ သူတို့ အကြောင်းမဲ့ ပြန်ပေးဆွဲခံခဲ့ရသည်ကို ပြန်လည် အမှတ်ရသွားကြသည်။


ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးမှ သူတို့ကို အချိန်မီ ရှာတွေ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပေ၏။ သို့မဟုတ်ပါက သူတို့၏ မိသားစုဝင်များမှာလည်း ယခုကဲ့သို့ပင် နှုတ်ပိတ်သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။


"ဒီဝတ်ရုံနက်အဖွဲ့တွေက ချင်းရှန်းခရိုင်ထဲမှာတင် ရှိနေတာ မဟုတ်ဘူးဘဲ၊ နေရာအနှံ့မှာ သူတို့ ပုန်းအောင်းနေကြတာ၊ ဒီလိုဖြစ်ရပ်မျိုးတွေလည်း တခြားနေရာတွေမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပုံရတယ်" 


 á€›á€žá€Žá€›á€žá€”အ် ဆိုသည်။


"အဲဒီဝတ်ရုံနက်အဖွဲ့တွေ တကယ်ပဲ ဘာကို လိုချင်နေကြတာလဲ" 


ရှောင်ကျိုးနှင့် အခြားသူများမှာ အလွန်အမင်း ဒေါသထွက်နေကြပြီး သူတို့၏ မျက်လုံးများမှာလည်း နီရဲနေကြတော့၏။


ထိုဝတ်ရုံနက်အဖွဲ့၏ လက်ချက်ဖြင့် လူပေါင်း မည်မျှ သေကြေပျက်စီးခဲ့ရသနည်း။ ဂူအတွင်းရှိ ကလေးငယ်များကဲ့သို့ သေခြင်းထက်ဆိုးသော ငရဲဘဝကို တွန်းပို့ခံရပြီး ပြန်ပေးဆွဲခံခဲ့ရသည့် ကလေးငယ်ပေါင်း မည်မျှရှိနေပြီနည်း။


ထိုမေးခွန်းကို သူတို့အဖွဲ့ မတွေးရဲကြပေ။


တွေးကြည့်ရုံမျှနှင့်ပင် ရင်ထုမနာ ဖြစ်ရသည်။ သာမန်မြို့လေးတစ်မြို့ကိုပင် ခြေရာဖျက် သုတ်သင်ဝံ့ကြသည်ဆိုလျှင် ဤလုပ်ရပ်မှာ တစ်ကြိမ်တစ်ခါတည်း ကျူးလွန်ခြင်း မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ဝတ်ရုံနက်အဖွဲ့၏ နောက်ကွယ်တွင် ကြီးမားလှသော အကြံအစည်ကြီးတစ်ခု ရှိနေပြီး ထိုအကြံအစည်အတွက် အပြစ်မဲ့ပြည်သူတို့၏ အသက်ပေါင်းများစွာကို တန်ဖိုးမထားဘဲ စတေးနေကြခြင်း ဖြစ်သည်။


"ဒီကိစ္စက ကျောက်ဟူတို့ ကြုံခဲ့ရတာထက် အများကြီး ပိုကျယ်ပြန့်နေပြီ" 


ရှီရှန့် လေးလံသော လေသံဖြင့် ဆို၏။ 


"သူတို့က ကလေးတွေကိုပဲ ရွေးဖမ်းတာ၊ သန်မာတဲ့ကလေးတွေ၊ ပါရမီရှိတဲ့ကလေးတွေကို ရှာနေတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် တစ်ခုခုအတွက်လား ဆိုတာတော့ ငါတို့ စုံစမ်းရမယ်”


ရှောင်ကျိုး သူမ၏ လက်သီးကို တင်းတင်းဆုပ်ထားဆဲပင် ဖြစ်၏။ သူမသည် ထောင်ယွမ်ရွာ၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သကဲ့သို့၊ ယခုအခါ သူမ၏ တာဝန်မှာ မိမိရွာသားများကို သာမက ဤကဲ့သို့ မတရားနှိပ်စက်ခံနေရသော ကလေးငယ်များကိုပါ ကယ်တင်ရန် ဖြစ်လာပြီပင်။


"ငါတို့ သူတို့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး" 


ရှောင်ကျိုး အံကြိတ်ကာ ပြောလိုက်သည်။ 


"ဒီဝတ်ရုံနက်တွေရဲ့ နောက်ကြောင်းကို ငါ လိုက်ရှာမယ်၊ သူတို့ ဘယ်သူလဲဆိုတာ သိရတာနဲ့ တစ်ယောက်မကျန် ငါ ကိုယ်တိုင် သုတ်သင်ပစ်မယ်"


ကျောက်ဟူ၊ တနွီနှင့် ဖက်တီးလေးတို့သည်လည်း သူတို့၏ မျိုးနွယ်စုခေါင်းဆောင်နောက်တွင် ခိုင်မာစွာ ရပ်တည်နေကြသည်။ သူတို့ကိုယ်တိုင်လည်း ထိုငရဲခန်းထဲမှ လွတ်မြောက်လာသူများဖြစ်ရာ ထိုကလေးငယ်များ၏ ကြောက်ရွံ့မှုကို အသိဆုံး ဖြစ်၏။


"အခုတော့ မန်ချန်းကို အရင်ကြည့်ရအောင်" 


ချင်းရွှီ သတိပေးလိုက်သည်။


မန်ချန်းလေးမှာမူ ဖခင်၏ အလောင်းဘေးတွင် အားကိုးရာမဲ့စွာ ငိုကြွေးနေဆဲ ဖြစ်၏။ မြို့တစ်မြို့လုံးတွင် သူတစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည့် အဖြစ်မှာ အလွန်ပင် ရင်နာစရာ ကောင်းလှသည်။ ဤကလေးငယ်၏ အနာဂတ်မှာ မှောင်မိုက်သွားခဲ့လေပြီ။

"မန်ချန်း၊ ဦးလေးတို့နဲ့ လိုက်ခဲ့မလား" 


ရှောင်ကျိုး ကလေးငယ်အနားသို့ တိုးသွားကာ ညင်သာစွာ မေးလိုက်၏။ 


"ဒီမှာ နင် တစ်ယောက်တည်း နေလို့မရဘူး၊ ငါတို့နဲ့အတူ ထောင်အိုယွမ်ရွာကို လိုက်ခဲ့ပါ၊ အဲဒီမှာ နင့်အတွက် မိသားစုအသစ်တွေ ရှိလာလိမ့်မယ်"


မန်ချန်း မျက်ရည်များကြားမှ ရှောင်ကျိုးကို မော့ကြည့်လိုက်၏။ သူ မည်သည်ကိုမှ ပြန်မပြောနိုင်ဘဲ ရှောင်ကျိုးကိုသာ တင်းတင်းကြပ်ကြပ် ဖက်ထားတော့သည်။


မြို့လေး၏ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်း မှောင်ရီပျိုးလာချေပြီ။ သို့သော် မြို့ထဲမှ ထွက်ပေါ်နေသော သွေးညှီနံ့နှင့် သေခြင်းတရား၏ အငွေ့အသက်များမှာမူ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။ သူတို့အဖွဲ့သည် မန်ချန်းကို ခေါ်ဆောင်ကာ၊ ရင်ထဲတွင်လည်း လက်စားချေလိုစိတ် အပြည့်ဖြင့် ဤသုသာန်တစပြင်သဖွယ် ဖြစ်နေသော မြို့လေးမှ ထွက်ခွာလာကြတော့၏။


 

Search Novels