💝💝💝 👩‍❤️‍👨Chapter 31
စေ့စပ်ခြင်းအကြောင်း ဆွေးနွေးခြင်း

☆☆☆

ဆူညံသံများကို ကြားလိုက်ရသောကြောင့် တမနက်ခင်းလုံး ချန်မိသားစုအိမ်ဧည့်ခန်းတွင် ကျောက်ချထိုင်နေကြသူတိုင်းမှာ ချက်ချင်းဆိုသလို ထရပ်လိုက်ကြသည်။ 

ဝမ့်ချိုးမိန်မှ တံခါးစီသို့ ဦးဆုံးလျှောက်သွားသူဖြစ်ပြီး သူမအနောက်မှ ချန်ကျင်းနှင့်လောဝမ်ရှင်းတို့ အလျင်အမြန်လိုက်သွားကြသည်။ ချန်စုဝေ့မှာမူ အစပိုင်းတွင် သူတို့နောက်လိုက်သွားချင်သော်လည်း သူသည် ယောက္ခထီးလောင်းဖြစ်သည့်အချက်ကို ပြန်တွေးမိသွားပြီး လုဖျင်ကျိုးကိုသွားထွက်ကြိုရန်မှာ မသင့်လျော်သောကြောင့် ပြန်ထိုင်ချလိုက်သည်။

ချန်မန်မှာမူ ဧည့်ခန်းထဲတွင် ရှိမနေခဲ့ပေ။ သူမ မနက်စာစားပြီးသည်နှင့် အခန်းထဲသို့ဝင်သွားပြီး ပြန်ထွက်မလာတော့ချေ။

သူမ ထွက်မလာချင်သောကြောင့်မဟုတ်ဘဲ ဝမ့်ချိုးမိန်မှ လုဖျင်ကျိုးရောက်လာပြီး သူမကို ခေါ်လာမည့်အချိန်ထိ စောင့်ဆိုင်းရန် မှာကြားထားခြင်းကြောင့်ဖြစ်လေသည်။

ချန်မန်မှာ အိပ်ခန်းထဲတွင်ရှိနေသည့်တိုင် အပြင်မှအသံများကို ကြားနေရဆဲဖြစ်သည်။ သူမ ခုတင်ပေါ်မှထကာ ပြတင်းပေါက်အနီးသို့ လျှောက်သွားလိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းပြီးနောက် ရပ်တန့်လိုက်သည်။

အပြင်ဖက်တွင် အလွန်အလုပ်ရှုပ်နေကြသောကြောင့် လာသည့်လူဦးရေမှာ များပေလိမ့်မည်။ အကယ်၍ သူမသာ အပြင်သို့ခိုးကြည့်မည်ဆိုပါက မိသွားကြမည်မှာ အသေအချာပင်။

ဤသည်ကို တွေးမိသွားသောကြောင့် ချန်မန် ဝမ့်ချိုးမိန်မှ တံခါးကိုဖွင့်ကာ “ ဖျင်ကျိုးရောက်နေပြီ… သမီး ပြင်ဆင်ပြီးရင် ထွက်လာခဲ့တော့မလား…” ဟုပြောလာသည်အထိ စောင့်ဆိုင်းနေလိုက်၏။

ချန်မန် အသံပေးလိုက်ပြီးနောက် ပြတင်းပေါက်အနီးသို့ လျှောက်သွားလိုက်ကာ စားပွဲပေါ်မှ မှန်ကိုကောက်ယူ၍ သူမကိုယ်သူမ ကြည့်လိုက်သည်။

ယနေ့မနက်ခင်းတွင် သူမ မှန်ကြည့်နေသည်မှာ ခုနစ်ကြိမ် ရှစ်ကြိမ်ရှိပြီဖြစ်သောကြောင့် သူမပုံစံမည်သို့ရှိသည်ကို ချန်မန်အလွတ်ရနေပြီးသားဖြစ်သည်။ သူမတွင် ချောမွေ့ပြီး ဖြူ‌ဝင်းသောအသားအရည်ရှိရာ အသေးစိတ်ထပ်ကြည့်နေရန် လိုတော့မည်မဟုတ်ပေ။

မှန်ကိုအောက်ချပြီးနောက် ချန်မန် တံခါးကိုတွန်းဖွင့်ကာ အပြင်ထွက်လာလိုက်သည်။

ဝိုးးးးးးး

ပျော်ပွဲရွှင်ပွဲကိုကြည့်ရန် အမှန်တကယ်ပင် လူပေါင်းမြောက်များစွာ ရောက်နေခဲ့သည်။ တံခါးအတွင်း စက်ဝိုင်းကဲ့သို့ ဝိုင်းပတ်နေသည့် လူစုကြီးသာမက အပြင်ဖက်သို့ကြည့်မည်ဆိုလျှင်လည်း အထပ်ထပ်ဖြစ်နေသည့် ခေါင်းများကိုမြင်တွေ့နိုင်ကာ အချိန်နှင့်အမျှ မမြင်ရသူတိုင်းမှ “ ဘယ်လိုနေလဲ…” ဟုမေးနေကြလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောကြောင့် ချန်မန် ကြောင်သွားရပြီး အရှေ့သို့ဆက်လျှောက်ရမည့်အပေါ် တုန့်ဆိုင်းနေမိသည်။

ဝမ့်ချိုးမိန်မှာ သူမသမီးရှက်တတ်သည်ကို သိထားပြီးဖြစ်သောကြောင့် ချန်မန်ကို ရေနွေးသွားငှဲ့ခိုင်းလိုက်ပြီး သူမတံခါးစီသို့သွားကာ လူများကို အဝေးသို့သွားရန် ပြောလိုက်ရသည်။

သေချာပေါက်ပင် သူမ တိုက်ရိုက်မပြောခဲ့ပါချေ။ လူတိုင်းမှာ ဤနေရာတွင် စုဝေးနေသောကြောင့် လူငယ်များရှက်ပြီး စကားမပြောရဲမည်ကို စိုးသည်ဟူဆိုကာ အားလုံးကို ဦးဆုံးပြန်နှင့်ကြပါ သတင်းကောင်းရှိသည်နှင့် အသိပေးပါ့မည်ဟု သွယ်ဝိုက်၍ပြောလိုက်လေသည်။

ဒါရိုက်တာလျိုသည်လည်း အပြင်ထွက်လာပြီး လူတိုင်းကိုပြန်နှင့်ကြရန် နားချလိုက်သည်။ အဆုံး၌ တောင်းရမ်းခြင်းဆိုသည်မှာ “ မင်းငါ့သမီးကိုလက်ထပ်ဖို့ ဆန္ဒရှိလား…” ဟုမေးပြီးနောက် “ ရှိပါတယ်…” ဟု ပြန်ဖြေ၍ပြီးသည့်ကိစ္စမျိုးမဟုတ်ပေ။ အသွင်းပစ္စည်းနှင့် လက်ထပ်ပြီးလျှင် စီမံရမည့်ကိစ္စများကဲ့သို့သော အရာများစွာကို ဆွေးနွေးရမည်ဖြစ်ကာ လုပ်ဆောင်ရန်အဆင့်များစွာရှိပြီး ကိစ္စအပြီးမသတ်ခင်အထိ အပြင်လူများကို အလွယ်တကူသိခွင့်မပြုသင့်ကြောင့် လူတိုင်းကြည့်နေမည်ဆိုပါက အမှန်တကယ်ပင် အဆင်မပြေဖြစ်နိုင်သည်။

ဝိုင်းကြည့်နေသူများမှာလည်း ထိုကိစ္စအပေါ် သတိပြုမိပြီးသားပင်။ သူတို့အိမ်တွင် သမီးမိန်းကလေးမရှိလျှင်ပင် အခြားသူများ၏သမီးများ လာရောက်တောင်းရမ်းရာတွင် ပြောသည်များကို မြင်ဖူးနေသောကြောင့် သူတို့စပ်စုလိုလျှင်ပင် စကားလုံးများကို နားမလည်ဟန်ဆောင်ကာ ခေါင်းမာမာနှင့် နေရာတွင်ဆက်ကြည့်နေခြင်းမရှိကြပေ။

ချန်မန် ရေနွေးကြမ်းနှင့် သကြားရည်ထည့်လာပြီးချိန်၌ တံခါးအပြင်ဖက်ရှိ လူအများစုမှာ ပြန်သွားကြလေပြီ။

လူအုပ်ကွဲသွားသည်နှင့် ဒါရိုက်တာလျိုမှ လူတိုင်းကိုစတင်မိတ်ဆက်ပေးလိုက်သည်။

“ ဒါကတော့ မန်မန်ရဲ့အဖေ ရဲဘော်ချန်စုဝေ့ပါ… ကျွန်မတို့ဌာနရဲ့ သတ္တမအဆင့် လျှပ်စစ်ပညာရှင်ပေါ့… ဒါက မန်မန်ရဲ့အမေ ရဲဘော် ဝမ့်ချိုးမိန်ပါ… ဒါက အကြီးဆုံးအစ်ကိုချန်ကျင်း သူလည်းပဲ စက်ပစ္စည်းစက်ရုံမှာလုပ်တာ… ပြီးတော့ ဒါက အထည်အလိပ်စက်ရုံမှာလုပ်တဲ့ အကြီးဆုံးယောင်းမ လောဝမ်ရှင်း… သူတို့ရဲ့ကလေးကတော့ ချန်မင်တဲ့…”

ချန်မိသားစုကို မိတ်ဆက်ပေးပြီးနောက် သူမ ဝူရွှင်းယွီထံ ညွှန်ပြကာပြောလိုက်သည်။

 “ ဒီဖက်ကတော့ ရဲဘော်ဝူရွှင်းယွီတဲ့… စစ်တန်းလျားက အမျိုးသမီးရေးရာအဖွဲ့ရဲ့ ဒါရိုက်တာပေါ့… သူ့ခင်ပွန်းကလည်း တပ်ရင်းမှူးလေ… ရှောင်လုရဲ့ခေါင်းဆောင်လည်းဖြစ်တယ်…”

ချန်မိသားစုမှာ သာမန်ပြည်သူများဖြစ်သောကြောင့် ဝမ့်ချိုးမိန် အစိုးရပိုင်ဟိုတယ်တွင် အလုပ်လုပ်ပြီး ဌာနပေါင်းစုံမှ ခေါင်းဆောင်များနှင့် ဆုံဖူးသည်ဆိုလျှင်ပင် တပ်ရင်းမှူးအဆင့်ရှိလူမျိုးမှာ သူတို့နှင့် လွန်စွာအလှမ်းဝေးကွာလှသည်။

ထို့ကြောင့် လူတိုင်းမှ မိတ်ဆက်ပေးသည်ကို ကြားလိုက်ရပြီးနောက် သူတို့၏အမူအရာများမှာ လေးနက်လာကြကာ ချန်စုဝေ့ဆိုလျှင် မတ်တတ်ပင်ထရပ်မိလိုက်သည်။

သို့သော် ဝူရွှင်းယွီမှာလည်း သူမ၏ရာထူးအပေါ် ဂုဏ်မောက်မနေဘဲ ထရပ်ကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် နွေးထွေးသောမျက်နှာဖြင့် ပြောလိုက်သည်။

 “ ဒီနေ့ ကျွန်မက ရှောင်လုရဲ့အကြီးတွေကိုယ်စား လာရောက်တောင်းရမ်းပေးဖို့ ရောက်လာတာပါ… အရမ်းကြီးမတွေးပါနဲ့ အဆင်ပြေသလိုပြောလို့ရပါတယ်ရှင်..”

ထိုသို့ပြောပြီးနောက် သူမ စကားလမ်းကြောင်းပြောင်းကာ စနောက်လိုဟန်ဖြင့် ပြောလိုက်သည်။

 “ သေချာတာပေါ့ ရှောင်ချန်ရေ နောင်တချိန်ကြ ရှောင်လုသမီးကိုအနိုင်ကျင့်ရဲရင် တို့ဆီကိုသာ တိုက်ရိုက်လာခဲ့နော်… အဒေါ်တို့အမျိုးသမီးရေးရာအဖွဲ့က အဲ့လိုကိစ္စမျိုးဆိုရင် တာဝန်ရှိတယ်လေ…”

လုဖျင်ကျိုး အချိန်ခဏမျှ ဝူရွှင်းယွီမှာ သူ့ကိုကူညီရန်လာသည်လား ဖျက်ဆီးရန်လာသည်လားကို မပြောနိုင်ဖြစ်သွားရပြီး ကပျာကယာအာမခံလိုက်ရသည်။

 “ ဦးလေးနဲ့အဒေါ်တို့ စိတ်မပူပါနဲ့… နောက်ကျရင် မန်မန် ဒါရိုက်တာဝူကို လုံးဝသွားရှာဖို့လိုမှာမဟုတ်ပါဘူး…”

ဝမ့်ချိုးမိန်မှ ပြုံးကာ ပြောလာသည်။

 “ ကောင်းပြီ အဒေါ်မှတ်ထားလိုက်မယ်…”

လူတိုင်းရယ်လိုက်ကြပြီး လေထုမှာ ပို၍သက်ဝင်လှုပ်ရှားလာသည်။ ဝူရွှင်းယွီသည်လည်း ၎င်းကို အခွင့်အရေးယူကာ အလုပ်ကိစ္စအကြောင်းသို့ ခေါင်းစဉ်ပြောင်းလိုက်လေသည်။

ချန်စုဝေ့မှာ သားမက်ဖြစ်သူအပေါ် ပို၍ပို၍ သဘောမကျသော ယောက္ခထီးလောင်းဖြစ်နေသော်လည်း ထိုသဘောမကျခြင်းမှာ လုဖျင်ကျိုး အရည်အချင်းမပြည့်မီခြင်းကြောင့်မဟုတ်ဘဲ သူ၏သမီးလေး လက်ထပ်သွားမည်ကို နှမြောနေခြင်းကြောင့်ဖြစ်၏။

သူသည် လုဖျင်ကျိုးနှင့်ပတ်သက်၍ အလွန်ပင် စိတ်တိုင်းကျနေခဲ့သည်။ ထိုသို့ စိတ်တိုင်းကျနေခြင်းကြောင့်သာ သူ သမီးဖြစ်သူကို ပေးရန်တွန့်ဆုတ်နေလျှင်ပင် သူမ လက်ထပ်မည့်အကြောင်းဆွေးနွေးရာ၌ မည်သို့သောနားထောင်မကောင်းသည့် စကားမျိုးကို မပြောခဲ့ခြင်းဖြစ်သည်။

ချန်စုဝေ့မှာ လုဖျင်ကျိုးအပေါ် စိတ်ကျေနပ်နေသောကြောင့် ဝမ့်ချိုးမိန်လည်း သူ့ကိုတစ်ယောက်တည်းလွှတ်ထားပေးလိုက်သည်။ အဆုံး၌ သူမ၏သားမက်လောင်းကို ကြည့်လေလေ သူမ ပို၍သဘောကျမိလေလေဖြစ်သောကြောင့် သမီးဖြစ်သူ၏ အိမ်ထောင်ရေးအဆင်ပြေချောမွေ့‌စေရန် သူမ မျှော်လင့်နေမိသည်။

ဝမ့်ချိုးမိန် စိတ်ထဲတွင်သာ ဤသို့တွေးနေသော်လည်း မျက်နှာပေါ်တွင်မူ မည်သည့်အမူအယာမှ မပေါ်စေခဲ့ပေ။ သူမအနေဖြင့် တင်းမာရန်လိုအပ်ချိန်၌ ပျော့ပြောင်းနေမည့် ရည်ရွယ်ချက်မရှိချေ။

သေချာပေါက်ပင် နှစ်ဖက်လုံးမှာ ရိုးသားသောကြောင့် သူမအတွက် ညှိနှိုင်းချန်အတွင်း တင်းမာနေရန် အမှန်တကယ် မလိုအပ်ခဲ့ပေ။

လူငယ်များတွဲနေကြပြီး လက်ထပ်မည့်အကြောင်း ပြောလာသည့်အချိန် နှစ်ဖက်မိဘများမှ စိတ်ပူကြသည့် အရာနှစ်ခုသာရှိကာ ၎င်းတို့မှာ လက်ထပ်ပြီးလျှင် နေမည့်အိမ်နှင့် တင်တောင်းကြေးဖြစ်လေသည်။

နေထိုင်ရန်အိမ်အတွက်မှာ လုဖျင်ကျိုးသည် စစ်တပ်တွင်ရာထူးမြင့်သောကြောင့် လက်ထပ်ပြီးသည်နှင့် အိမ်တစ်လုံးလျှောက်လိုက်၍ရပြီး ထိုအိမ်မှာ အနည်းဆုံးအနေဖြင့် အိပ်ခန်းနှစ်ခန်းပါမည်ဖြစ်ကာ ချန်မိသားစုလက်ရှိနေသည့်အိမ်ထက် ပိုကောင်းမည်ဖြစ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ ကွန်ပလိန်းတက်နေရန်မလိုချေ။

တင်တောင်းကြေးအတွက်မှာမူ ချန်မိသားစုသည် သူတို့၏သမီးကို ရောင်းချမည့်ရည်ရွယ်ချက်မရှိသော်လည်း တင်တောင်းကြေးကိုမူ လက်လျော့မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် မိန်းကလေးတစ်ယောက်၏အမြင်တွင် ဤသည်မှာ မိဘများ၏ သမီးဖြစ်သူကို ချစ်ကြောင်းဖော်ပြမှုတစ်ခုဖြစ်ပြီး ယောင်္ကျားလေးတစ်ယောက်၏ အမြင်မှာမူ ၎င်းမှာ မိမိကိုယ်ကိုပေးသည့် လက်ဆောင်တစ်ခုဖြစ်ပေလိမ့်မည်။

သူတို့၏ခြံဝန်းထဲတွင် ယခင်ဖြစ်ဖူးသော သာဓကများစွာရှိလေသည်။ ခြံဝန်းအမှတ်သုံးမှ မိသားစုတစ်စုသည် သမီးဖြစ်သူ လက်ထပ်သွားစဉ်အခါက တင်တောင်းကြေးမယူခဲ့ရုံသာမက သတို့သမီးဖက်မှ အသွင်းပစ္စည်းများကိုပါ များစွာပေးခဲ့ဖူးသည်။ သို့သော်လည်း ဤသည်မှာ ဇနီးမောင်နှံ၏အချစ်ကို ပျက်ပြားသွားစေရုံသာမက ခင်ပွန်းဖြစ်သူမှာ ဇနီးသည်ဖက်မှ သူ့အတွက်ပေးနေခြင်းကြောင့် သူ့ကိုယ်သူ အလွန်မိမိုက်သည်ဟု အမြဲလိုခံစားနေခဲ့ပြီး သူ၏ဇနီးကို အလေးအနက်ထားခြင်း မရှိတော့ချေ။

လုဖျင်ကျိုးမှာ ထိုသို့သောလူမဟုတ်ကြောင်း ဝမ့်ချိုးမိန်နှင့် သူမခင်ပွန်းတို့ ယုံကြည်ထားကြသော်လည်း ခြံဝန်းအမှတ်သုံးရှိ မိသားစုမှ မိန်းကလေးလက်ထပ်သွားချိန်၌ သူတို့သည်လည်း သူတို့၏သားမက်ဖြစ်သူမှာ ထိုသို့သောလူဖြစ်ကြောင်း သူတို့မထင်ထားမိခဲ့ကြ‌ပေ။

ထို့အတွက်ကြောင့် တင်တောင်းကြေးမှာ လိုအပ်နေဆဲဖြစ်သော်လည်း ချန်မိသားစုမှာ များစွာမလိုချင်ခဲ့ချေ။ ခြံဝန်းထဲမှ ပုံမှန်စံနှုန်းအရ တင်တောင်းကြေးမှာ ၁၆၈ယွမ် သို့မဟုတ် ၁၈၈ယွမ်ဆိုလျှင် အဆင်ပြေပြီဖြစ်သည်။ သူတို့လက်ထပ်ကြသည့်အချိန်၌ လူအိုစုံတွဲမှ သမီးဖြစ်သူအတွက် ကံကောင်းစေမည့် နံပါတ်ဖြစ်လာရန် သတို့သမီးအသွင်းပစ္စည်းအဖြစ်ငွေအနည်းငယ်ထည့်ပေးလိုက်မည်ဖြစ်သည်။

ဝမ့်ချိုးမိန်နှင့်ခင်ပွန်းသည်တို့မှာ ထိုအကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ကာ သူတို့ကိုယ်သူတို့ ရက်ရောသည်ဟု ခံစားခဲ့ကြသည်။ သို့သော်လည်း လက်ထပ်ရန်အကြောင်းသို့ ရောက်လာချိန်၌ သူတို့၏အနာဂတ်သားမက်လောင်းမှာ ပို၍ရက်ရောနေသည်ကို သူတို့သိသွားကြရလေသည်။

တင်တောင်းကြေးမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ယွမ်ဖြစ်ကာ အဓိကပစ္စည်းကြီးသုံးခုလည်း ပါဝင်မည်ဖြစ်သည်။

ဤသည်မှာ လုဖျင်ကျိုးဖက်မှပေးသည့် တင်တောင်းကြေးဖြစ်လေသည်။

ဝမ့်ချိုးမိန် ထိုစကားကိုကြားပြီးနောက် ကြောင်သွားရပြီး ခင်ပွန်းသည်ထံလှမ်းကြည့်လိုက်မိကာ ချန်စုဝေ့မှာလည်း သူမကဲ့သို့ ကြောင်နေသည်ကို တွေ့လိုက်ရသည်။

၎င်းပမာဏမှာ များသည်ဟုမထင်ရသော်လည်း ချန်စုဝေ့ကဲ့သို့ တစ်လလျှင် ယွမ်၈၀ခန့်ရသည့် သတ္တမအဆင့် ဝန်ထမ်းတစ်ဦးအနေဖြင့် သူတို့ငွေစုမည်ဆိုလျှင် တစ်နှစ်ကို ယွမ်၃၀၀ကျော်ကျော်သာ စုနိုင်သည်။

ခြောက်ရာခြောက်ဆယ့်ခြောက်ယွမ်ရရန် သူတို့နှစ်နှစ်တာ ငွေစုရပေလိမ့်မည်။

သို့သော်လည်း လက်ရှိခေတ်ကာလတွင် သူတို့၏မိသားစုမှာ ဝင်ငွေကောင်းသည်ဟုဆိုနိုင်ပြီး စက်ပစ္စည်းစက်ရုံတစ်ခုလုံးကို ကြည့်မည်ဆိုလျှင် ချန်စုဝေ့၏လစာမှာ များသည့်အထဲပါကာ သာမန်ဦးစီးများ၏လစာမှာ သူ့ထက်ပို၍နည်းကြသည်။

ထို့အပြင် ချန်စုဝေ့ ဤမျှအထိ ငွေစုနိုင်ရခြင်းမှာ သူ၏သားသမီးများအားလုံးသည် အလုပ်ရှိအကိုင်ရှိများဖြစ်ကာ မိဘထံမှ ငွေကြေးနှင့်ပတ်သက်၍ များစွာအမှီအခိုမလိုကြခြင်းကြောင့် ဖြစ်လေသည်။

သူတို့ခြံဝန်းထဲတွင် မိသားစုအခက်အခဲများစွာရှိသူများလည်းရှိကြသည်။ ဥပမာအားဖြင့် ချန်စုဝေ့အလုပ်လုပ်သည့်နေရာမှ လျှပ်စစ်ပညာရှင်တစ်ဦးဆိုလျှင် သားဖြစ်သူနှင့်ချွေးမမှာ အလုပ်မယ်မယ်ရရမရှိရုံသာမက ကျွေးမွေးရန်နှင့် ကျောင်းထားပေးရန်အတွက် ကလေးခုနစ်ယောက်လည်း ရှိနေသောကြောင့် မိသားစုတစ်ခုလုံးမှာ ထိုသူ၏လစာကိုသာ မှီခိုနေရသည်။ ထို့အတွက်ကြောင့် ငွေစုရန်ကိုမဆိုထားနှင့် မချေးမငှားဘဲ နေရန်မှာပင် မလွယ်ကူလှချေ။ 

သို့ဖြစ်ရာ လက်ရှိအချိန်တွင် မြို့ပေါ်မှ ပုံမှန်တင်တောင်းကြေးမှာ ယွမ်တစ်ရာ သို့မဟုတ် နှစ်ရာခန့်သာဖြစ်သည်။ သို့သော်လည်း ပို၍များသော တင်တောင်းကြေးများရှိတတ်ကာ လွန်ခဲ့သောနှစ်နှစ်ခန့်တွင် စက်ပစ္စည်းစက်ရုံလက်ထောက်ညွှန်ကြားရေးမှူး၏ သားအငယ်ဆုံးလက်ထပ်ခဲ့စဉ်အခါက တင်တောင်းကြေးအဖြစ် လေးရာခြောက်ဆယ့်ခြောက်ယွမ်နှင့် စက်ဘီးတစ်စီးပေးခဲ့ရသည်။

သို့သော်လည်း အတင်းအဖျင်းများထွက်လာသည်မှာ ထိုအမျိုးသမီးသည် အလွန်များသောတင်တောင်းကြေးကို တောင်းခဲ့သောကြောင့် လက်ထောက်ညွှန်ကြားရေးမှူးနှင့် သူ၏ဇနီးတို့မှာ လွန်စွာဒေါသထွက်ခဲ့ကာ မင်္ဂလာပွဲကိုပင် ဖျက်ပစ်ချင်မိခဲ့ကြသည်။ သို့သော်လည်း သူတို့၏သားမှာ သူမကိုလက်ထပ်ယူရန် အလွန်ခေါင်းမာနေသောကြောင့် ထိုစုံတွဲမှာလည်း ရွေးချယ်ရန်မရှိဘဲ သဘောတူလိုက်‌ရလေသည်။

ထိုအချိန်မှစ၍ ယခုအထိ အနီးပတ်ဝန်းကျင်မှ အစိုးရပိုင်စက်ရုံများတွင် ထိုမျှများပြားသည့်တင်တောင်းကြေးမျိုးမရှိတော့ဘဲ အမြင့်ဆုံးတင်တောင်းကြေးမှာ လောဝမ်ရှင်း၏ဌာနမှဖြစ်ပြီး အဓိကပစ္စည်းသုံးခုမပါသည့် ယွမ်သုံးရာဖြစ်သည်။

လုဖျင်ကျိုးမှာမူ ခြောက်ရာခြောက်ဆယ့်ခြောက်ယွမ်ကိုသာမက အဓိကပစ္စည်းသုံးခုကိုပါ တင်တောင်းကြေးအဖြစ်ပေးခဲ့သည်။ ထိုသတင်းသာ ထွက်ပေါ်ခဲ့ပါက ဝန်ထမ်းအိမ်ယာတစ်ခုလုံး ပွက်လောရိုက်သွားပေလိမ့်မည်။

သို့သော်လည်း ဝမ့်ချိုးမိန်နှင့် ခင်ပွန်းသည်တို့မှာ လောကကြီးကို မမြင်မတွေ့ဖူးသူများ မဟုတ်ကြခြင်းကြောင့် အံအားသင့်သွားရပြီးနောက် သူတို့ကိုယ်သူတို့ လျှင်မြန်စွာထိန်းညှိနိုင်ခဲ့သည်။ ဝမ့်ချိုးမိန် ပြုံးကာပြောလိုက်သည်။

 “ ဒီလိုဆိုတော့လည်း ကလေးနှစ်ယောက်လက်ထပ်သွားတဲ့အခါကျ လောင်ချန်နဲ့ကျွန်မက ထပ်ဖြည့်ပေးရတာပေါ့… မန်မန့်အတွက် အပ်ငွေအနေနဲ့ ၈၀၀ဖြစ်အောင် ပေးလိုက်မယ်… အဓိကပစ္စည်းသုံးခုကိုလည်း သူပဲယူသွားပါစေ…”

ထိုစကားထွက်လာချိန်၌ လူတိုင်းအဆင်ပြေနေသော်လည်း လောဝမ်ရှင်းမှာမူ ဆက်လက်ထိုင်မနေနိုင်တော့ပေ။

လောဝမ်ရှင်းလက်ထပ်ခဲ့စဉ်အခါက ချန်မိသားစုမှ တင်တောင်းကြေးအဖြစ် ၁၂၈ယွမ်ကိုသာပေးခဲ့သည်။ ယခုတွင်မူ ချန်မန်ကိုမျက်နှာပေးရန်အတွက် သူမ၏ ယောက္ခမမှာ ပါးစပ်ကိုဖွင့်ကာ ၁၃၄ယွမ်ပေးမည်ဟု ပြောလာခဲ့သည်။

ဘာလို့လဲ…

လောဝမ်ရှင်း ဒေါသပေါက်ကွဲလာပြီး ကန့်လန့်တိုက်မည်အပြုတွင် သူမ တစ်ခွန်းပင်မဟရသေးပေ။ သူမ၏ဘေးတွင်ထိုင်နေသော ချန်ကျင်းထအော်လာသံကို ကြားလိုက်ရသောကြောင့် သူမ မသိစိတ်မှလှမ်းကြည့်လိုက်မိလေသည်။

 
💝💝💝 👩‍❤️‍👨Chapter 32

∆ ဤသို့ဖြင့် အစပိုင်းတွင် လက်ထပ်ပွဲကို ဒုတိယနှစ်ဝက်တွင် လုပ်ရန်ကြံရွယ်ထားသူနှစ်ဦးမှာ လုံးလုံးအနိုင်ယူခံလိုက်ရသည်…

☆☆☆

လူတိုင်းမှာလည်း အတူတူပင်ကြည့်လာကြကာ ဝမ့်ချိုးမိန်မှ မေးလိုက်ရသည်။

 “ ဟဲ့ ဘာဖြစ်တာလဲ…”

“ ကျွန်တော်အခုမှသတိရသွားလို့ပါ…” ချန်ကျင်း လောဝမ်ရှင်းဖက်သို့ လှည့်လိုက်သည်။

 “ မိန်းမရေ ကိုယ်တို့ထွက်လာတုန်းက ရေနွေးကရားကို မီးဖိုပေါ်ကချခဲ့သေးလား…”

“ ရှင်ပဲမနက်ကမီးမွှေးတာမဟုတ်…”

လောဝမ်ရှင်းစကားပင်တဝက်မရောက်လိုက်ပေ။ ချန်ကျင်းကြားဖြတ်ပြောသည်ကို ခံလိုက်ရပြီး ချန်ကျင်းမှာ လက်ခုပ်တီးကာ ပြောလာသည်။

 “ သွားပြီ သွားပြီ မင်းလည်းမမှတ်မိဘူးပဲ…ဒါဆို အိမ်အမြန်ပြန်ပြီး သွားကြည့်လိုက်ချည်… ရေနွေးကရားသာ မီးကျွမ်းသွားလို့ကတော့ ကိုယ်တို့နောက်ကြ ရေချိုးတဲ့အခါ ဒုက္ခရောက်လိမ့်မယ်…”

“ ရှင်…”

လောဝမ်ရှင်း ဒေါသကိုဖွင့်ထုတ်ချင်နေသော်လည်း ချန်ကျင်းမှာ သူမကိုအခွင့်အရေးပင်မပေးခဲ့ချေ။ သူမ၏ပခုံးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ပြောလာလေသည်။

 “ အေးပါ အေးပါ မင်းတစ်ယောက်တည်းပြန်ရမှာမဟုတ်ပါဘူးကွာ… ကိုယ်လည်းအတူလိုက်ပြန်ပေးမှာပေါ့… ဟုတ်ပြီလား… အဖေနဲ့အမေ… ဒါရိုက်တာလျိုနဲ့ ဒါရိုက်တာဝူတို့ အားလုံးပဲစကားပြောနှင့်ကြပါ… ဝမ်ရှင်းနဲ့ကျွန်တော်တို့အိမ်ပြန်ပြီး မီးသွေးမီးဖိုကို သွားစစ်ကြည့်လိုက်ပါဦးမယ်…” 

ချွေးမနှင့် ယောက္ခမဖြစ်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်ရာ ဝမ့်ချိုးမိန် လောဝမ်ရှင်း၏မကျေမနပ်ဖြစ်မှုကို မည်သို့ဖြင့် မမြင်ဘဲနေပါမည်နည်း။ သူမ၏သား အဘယ်ကြောင့် အလန့်တကြားအော်လာရသည်ကို သူမကောင်းကောင်းသိနေခဲ့သောကြောင့် စိတ်ထဲတွင်သာ နှာခေါင်းရှုံ့လိုက်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

 “ ဒါဆိုလည်း အမြန်ပြန်ပြီး သွားစစ်ကြည့်လိုက်ကြဦး… ဒီကိုအလောတကြီးပြန်လာဖို့မလိုပါဘူးကွယ်…”

လောဝမ်ရှင်းမှာ အိမ်သို့မပြန်ဘဲ သူမ၏ယောက္ခမများဆိုလိုသည်ကို မေးခွန်းထုတ်‌ချင်နေခဲ့သည်။ သို့သော်လည်း ချန်ကျင်း၏လက်များမှာ ပလာယာများကဲ့သို့ဖြစ်နေပြီး အမူအယာမှာ အလွန်အမင်းလေးနက်နေသောကြောင့် သူမ အနည်းငယ်ကြောက်လန့်လာကာ မကျေနပ်နေသည့်တိုင် လိုက်သွားလိုက်ရလေသည်။

သူတို့နှစ်ဦးထွက်သွားပြီးနောက် ဝမ့်ချိုးမိန်၏အမူအယာမှာ အလျင်အမြန်ပင် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားပြီး စကားဝိုင်းမှာ တင်တောင်းကြေးမှ လက်ထပ်မည့်ရက်သို့ ချောချောမွေ့မွေ့ပြောင်းလဲသွားခဲ့သည်။

နှစ်ဖက်စလုံးမှာ မင်္ဂလာဦးအိမ်နှင့် တင်တောင်းကြေးများအကြောင်းပြောရာတွင် လျှင်မြန်စွာ သဘောတူခဲ့ကြသော်လည်း လက်ထပ်မည့်ရက်အကြောင်းတွင်မူ မတူညီသောအကြံများရှိနေကြသည်။

ဝမ့်ချိုးမိန်မှာ မင်္ဂလာပွဲကို တတ်နိုင်သမျှ စောစောအခြေကျစေချင်သော်လည်း သမီးဖြစ်သူကို အနည်းငယ်နေစေချင်သေးသောကြောင့် မင်္ဂလာရက်ကို ဒုတိယနှစ်ဝက်တွင်လုပ်ချင်မိသည်။ သို့မှသာ မင်္ဂလာဆောင်အတွက် ပြင်ဆင်ရန်ရှိသည်များကိုလည်း ပြင်နိုင်ပေလိမ့်မည်။

လုဖျင်ကျိုးမှာမူ မြန်နိုင်သမျှမြန်မြန် လက်ထပ်ချင်နေကာ မေလမှာမူ အလွန်စောနေသော‌ကြောင့် ဂျွန်လဆိုလျှင် ကွက်တိကျမည်ဖြစ်သည်။ ဒုတိယနှစ်ဝက်မှာမူ မည်သို့များဖြစ်နိုင်ပါမည်နည်း။ တွေးကြည့်မည်ဆိုလျှင် ၎င်းမှာ ခက်ခဲလှသည်။

ဝမ့်ချိုးမိန်မှ မျက်မှောင်ကြုတ်ကာ ပြောလာသည်။

 “ အခုတောင် ဧပြီလလယ်ဖြစ်နေပြီလေ… မေ ဒါမှမဟုတ် ဂျွန်လမှာ ဘယ်လိုလုပ်ပြီး မင်္ဂလာပွဲကျင်းပလို့ရမှာလဲ…”

ဝူရွှင်းယွီသည်လည်း ဤသည်ကို သဘောတူသောကြောင့် ခေါင်းညိတ်လိုက်သည်။

 “ မေကတော့ အတော်လေး အလောတကြီးနိုင်လွန်းပါတယ်… ဒါပေမယ့် ဂျွန်လကျရင် ရက်ကောင်းရက်မြက်နှစ်ရက်ရှိတယ်လို့ ကျွန်မ‌တွေးမိသလိုပဲ… ၁၂ရက်နေ့နဲ့ ၁၈ရက်နေ့တွေက လက်ထပ်ဖို့အတွက် သင့်တော်တယ်လေ… တကယ်လို့သာ နောက်ကျသွားမယ်ဆိုရင် ရာသီဥတုက ပိုပူလာလိမ့်မယ်… လူငယ်တွေက သွေးဆူလွယ်တော့ မင်္ဂလာဆောင်တဲ့အခါကြ ချွေးတလုံးလုံးဖြစ်နေလို့ ဘယ်ကောင်းပါ့မလဲရှင်… အေးမယ့်နေ့လေးကိုရွေးတာက ပိုကောင်းတာပေါ့…”

“ ဒုတိယနှစ်ဝက်ကျရင်ကော ကောင်းတာပဲမဟုတ်ဘူးလား…” 

ဂျူလိုင်နှင့် ဩဂုတ်လများမှာ ရာသီဥတုပူသည့်အချိန်ဖြစ်သောကြောင့် ဝမ့်ချိုးမိန် လက်ထပ်မည့်ရက်ကို ဒုတိယနှစ်ဝက်တွင် စီစဉ်ချင်မိသည်။

ဝူရွှင်းယွီ လုဖျင်ကျိုးထံ တည်ငြိမ်သည့်အကြည့်တခုပေးကာ အသာအယာပြောလိုက်သည်။

 “ ဒုတိယနှစ်ဝက်ကျရင် ပိုအေးလာမှာဆိုပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ ဖျင်ကျိုးရဲ့အလုပ်က တခြားသူတွေနဲ့မတူဘူးလေ… လက်မထပ်ထားဘူးဆိုရင် တပ်ထဲကိုလိုက်လာလို့ ရမှာမဟုတ်ဘူး… ပြီးတော့ တပ်ထဲကိုလိုက်နေဖို့ကလည်း ကြိုပြီးလျှောက်ထားရမှာလေ… ဒီလိုဆိုရင် ကလေးနှစ်ယောက်က တစ်မြို့ထဲနေပြီး သူစိမ်းတွေလိုဖြစ်နေကြမှာဆိုတော့ သူလည်းပူပင်နေရမှာပေါ့ရှင်…”

ထိုစကားကိုကြားချိန်၌ ဝမ့်ချိုးမိန် လုဖျင်ကျိုးထံ လှမ်းကြည့်လိုက်ရာ အမြဲလိုလေးနက်နေသည့် လူငယ်လေး၏ မျက်လုံးထဲတွင် အမှန်တကယ်ပင် သနားစဖွယ်အရိပ်အယောင်များ အနည်းငယ် ပေါ်ထွက်နေသောကြောင့် ဝမ့်ချိုးမိန် မနေနိုင်သော်လည်း တုန့်ဆိုင်းနေမိသည်။

ဤသည်ကို မြင်နေရသောကြောင့် ဝူရွှင်းယွီ ဖိအားထပ်ပေးလိုက်သည်။

 “ ဘယ်လိုပဲဖြစ်ဖြစ် တပ်ရင်းကလည်း ဒီနေရာနဲ့ဝေးတာမှမဟုတ်တာ… လက်ထပ်ပြီးရင်လည်း မန်မန်က အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်နေဦးမှာပဲဟာ… မိဘတွေက သူ့ကိုလွမ်းတာပဲဖြစ်ဖြစ် သူကလွမ်းတာပဲဖြစ်ဖြစ် အချိန်မရွေးတွေ့လို့ရနေတာကို… ကလေးနှစ်ယောက် စောစောပဲ လက်ထပ် လက်ထပ် နောက်ကျမှလက်ထပ် လက်ထပ် အရမ်းကြီးကွာတာမဟုတ်ပါဘူး… အပွင့်လင်းဆုံးပြောရမယ်ဆိုရင်တော့ နောင်အနာဂတ်ကျရင် ရှင်တို့ကိုပြုစုပေးမယ့် သားတစ်ယောက်ပါ ထပ်တိုးလာတာပဲကွယ်… အဲ့လိုမထင်ဘူးလား ရဲဘော်ဝမ်…”

လုဖျင်ကျိုးသည်လည်း အခွင့်အရေးကိုအရယူကာ သူ၏သဘောကို ဖော်ပြလိုက်သည်။

 “ လက်ထပ်ပြီးတဲ့အခါကျ မန်မန် ကြိုက်တဲ့အချိန်အိမ်ပြန်လို့ရပါတယ်… ကျွန်တော်လည်း မိဘတွေကိုတွေ့ဖို့ ခဏခဏအဖော်လိုက်ခဲ့ပေးမှာပါ…”

ထိုစကားကိုကြားပြီးနောက် ဝမ့်ချိုးမိန်မှာ အလွန်စိတ်အေးသွားရသော်လည်း ချန်စုဝေ့မှ နှာခေါင်းရှုံ့ကာပြောလာသည်။

 “ မင်းနဲ့မန်မန်က လက်တောင်မထပ်ရသေးဘူးပဲဟာ… ဒီလောက် စောစောစီးစီး စိတ်ပြောင်းဖို့မလိုပါဘူး…”

ချန်စုဝေ့မှာ လုဖျင်ကျိုးကို ရှက်သွားစေချင်သော်လည်း လုဖျင်ကျိုးမှာ အရေထူသူဖြစ်ကာ ထိုအစား ဖခင်ဖြစ်သူ၏စကားကြောင့် ချန်မန်သည်သာ ရှက်သွေးဖြာသွားခဲ့ရလေသည်။

ရယ်လိုက်ကြပြီးနောက် ဝူရွှင်းယွီ စကားခေါင်းစဉ်ကို အလျင်အမြန်ပြန်ဆွဲယူကာ ပြောလိုက်သည်။

 “ ထပ်ပေါင်းပြောရမယ်ဆိုရင်တော့ စစ်တပ်ကချပေးတဲ့အိမ်တွေမှာက ခုတင်၊ အဝတ်ဗီရို၊ စားပွဲနဲ့ ကုလားထိုင်တွေ အပြည့်အစုံပါပြီးသားလေ… နဂိုပါတာတွေက အရမ်းမကောင်းဘူးလို့ထင်ရင် ဖျင်ကျိုးမှာ လက်မှတ်တွေရှိတာပဲ အသစ်ဝယ်လိုက်လို့ရတယ်… အသွင်းပစ္စည်းထည့်တာမှာလည်း ကြီးကြီးမားမားတွေ စဉ်းစားနေဖို့မလိုပါဘူး… သေတ္တာတို့ ခုံတန်းလျားတို့ ရေဆေးဇလုံနဲ့ ရေချိုးဇလုံတို့‌လောက် ပြင်ထားရင်ကို ရနေပါပြီ…”

လုဖျင်ကျိုး ဝူရွှင်းယွီပြောသည်ကို သံယောင်လိုက်လိုက်သည် ။

“ ဒါရိုက်တာဝူပြောတာအမှန်ပါပဲ… ကျွန်တော့်မှာ ခုတင်တွေ အဝတ်ဗီရိုတွေနဲ့ မှန်တင်ခုံတွေအတွက် လက်မှတ်တွေရှိပါတယ်… အိမ်အခြေကျပြီးတာနဲ့ ကျွန်တော် မန်မန်ကို ကုန်တိုက်ခေါ်သွားပြီး သူကြိုက်တဲ့အိမ်ထောင်ပရိဘောဂကို ရွေးခိုင်းမှာပါ…”

ဝမ့်ချိုးမိန် ကြောင်သွားရပြီး မေးလိုက်မိသည်။

 “ မင်းမှာ ဘာလို့အဲ့ဒီလောက်လက်မှတ်တွေများနေရတာလဲ…”

လုဖျင်ကျိုးမှာ ရာထူးကြီးသောကြောင့် သာမန်ပြည်သူများထက် ပို၍လက်မှတ်လွယ်လွယ်ရနိုင်သော်လည်း သူ့ထံတွင် အဓိကပစ္စည်းကြီးသုံးခု၊ ခုတင်နှင့် အဝတ်ဗီရိုတို့အတွက်ပါ ရှိနေလေရာ အရာအားလုံးမှာ သာမန်လူများ လိုချင်လျှင်ပင် မရနိုင်သည့်ပစ္စည်းများဖြစ်သောကြောင့် ဝမ့်ချိုးမိန် သိ‌ချင်နေမိသည်။

လုဖျင်ကျိုး ပြန်ဖြေလိုက်သည်။

 “ ကျွန်တော်က တပ်ထဲမှာအိပ် တပ်ထဲမှာစားတာဆိုတော့ များများစားစားကုန်စရာမရှိဘူးလေ… လစာနဲ့အတူရတဲ့ စက်မှုလက်မှတ်တွေဆိုရင် တခြားသူတွေကိုပဲ ပေးပစ်လိုက်တာ… အခု ကျွန်တော်လက်ထပ်တော့မယ်ဆိုတော့ သူတို့ကလည်း ကျွန်တော့်ကို ဝိုင်းကူပြီး လက်မှတ်တွေအများကြီး စုပေးထားကြလို့ပါ…”

စက်မှုလက်မှတ်များမှာ ယနေ့ခေတ်တွင် ပစ္စည်းကောင်းများဖြစ်ကြသည်။ စက်ရုံထုတ်ပစ္စည်းဖြစ်နေသရွေ့ မည်သည့်အရာကိုမဆို စက်မှုလက်မှတ်ဖြင့် ဝယ်ယူနိုင်သောကြောင့် ၎င်းတို့မှာ အလွန်အသုံးဝင်လှသည်။ သို့သော်လည်း ထိုလက်မှတ်များကို လစာနှင့်အတူ ခွဲတမ်းချပေးခြင်းဖြစ်ကာ တစ်စောင်လျှင် ယွမ်နှစ်ဆယ်ခန့်ကုန်ကျသောကြောင့် မိသားစုဝင်အများစုထံတွင် စက်မှုလက်မှတ်များ လုံလုံလောက်လောက်မရှိကြပေ။

ယခင်အချိန်များတွင် သူ့အတွက်အသုံးမလိုသည့် စက်မှုလက်မှတ်များကို အခြားသူများအား ကူညီသည့်အနေဖြင့် လုဖျင်ကျိုးပေးပစ်လေ့ရှိသည်။ ယခုတွင်မူ သူသည် လက်ထပ်တော့မည်ဖြစ်ရာ အခြားသူများမှ သူ့ကို ပြန်ကူပေးရမည်မှာ အသေအချာပင်ဖြစ်လေသည်။

ဝမ့်ချိုးမိန် ခဏကြာတွေးနေခဲ့ပြီး ပြောလိုက်သည်။

 “ နောက်ကျ မင်းနဲ့မန်မန်တို့ ဘာပရိဘောဂပဲလိုလို သွားသာရွေးလာခဲ့ချည်… အဒေါ်တို့ရှင်းပေးမှာပေါ့..” လက်ထပ်ခြင်းတွင် အိမ်ထောင်ပရိဘောဂများမှာ အမျိုးသမီးဖက်မှ အမြဲလိုပေးရခြင်းဖြစ်သည်။

လုဖျင်ကျိုး ငြင်းရန် ပါးစပ်ဟလိုက်သော်လည်း ဝမ့်ချိုးမိန်၏ သဘောထားမှာ သူ့ကို ငြင်းပယ်ရန် အခွင့်အရေးပင်မပေးခဲ့ပေ။ သူမ အပြီးသတ်ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။

 “ ကဲ အိမ်ထောင်ပရိဘောဂကိစ္စကတော့ အခြေကျသွားပြီ…”

“ ဒါဆို လက်ထပ်ဖို့နေ့ရက်ကကော…” ဝူရွှင်းယွီ မေးလိုက်သည်။

ဝမ့်ချိုးမိန်မှာ တုန့်ဆိုင်းနေပုံရကာ ခင်ပွန်းဖြစ်သူထံ လှမ်းကြည့်နေခဲ့လေသည်။

ချန်စုဝေ့သည်လည်း သူ၏စိတ်ကို မပြင်ဆင်နိုင်ခဲ့ပေ။ သူတို့၏သမီးကို လအနည်းငယ်ကြ ခေါ်ထားချင်မိသော်လည်း ဝူရွှင်းယွီပြောခဲ့သည်မှာ ကျိုးကြောင်းသင့်လျော်နေခဲ့သည်။

သူတို့နှစ်ဦး၏အမူအယာကို မြင်နေရသောကြောင့် ဝူရွှင်းယွီဆက်ပြောလိုက်သည်။

 “ တကယ်တော့ စောစောလက်ထပ်တာမှာလည်း အားသာချက်ရှိပါတယ်… ဖျင်ကျိုးက အခုထိ လက်မထပ်ရသေးဘူးဆိုတော့ ရှင်တို့ဘယ်သိကြဦးမလဲ… သူ ဒီအကြောင်း သေချာပေါက်ပြောရဦးမှာမဟုတ်ဘူး…”

ဝမ့်ချိုးမိန်နှင့် ခင်ပွန်းသည်တို့မှာ သူမထံကြည့်လာကြသည်။

 “ ဘယ်လိုအားသာချက်မျိုးလဲ…”

“ ဖျင်ကျိုးက ရာထူးမြင့်တာကြောင့် လက်ထပ်ပြီးတာနဲ့ စစ်တပ်ဝန်းထဲလိုက်နေလို့ရတယ်ဆိုပေမယ့် သူ အသေးဆုံးလျှောက်လို့ရတာက အိပ်ခန်းနှစ်ခန်းပါ အိမ်မျိုးလေ… အိမ်တွေအားလုံးက ခြံဝန်းတစ်ခုထဲမှာပဲ ရှိတယ်ဆိုပေမယ့် ကောင်းချက် ဆိုးချက်လည်းရှိနေသေးတယ်… တူညီတဲ့အချက်ကတော့ အကုန်လုံးက တစ်ဝန်းထဲရှိနေတာပေါ့ရှင်…” 

ဝူရွှင်းယွီ ဆက်ပြောလိုက်သည်။

 “ လက်ရှိ ကျွန်မတို့ခြံဝန်းထဲမှာဆိုရင် လျှောက်လို့ရမယ့် အိမ်အလွတ်က သုံးလုံးရှိတယ်လေ… တစ်လုံးကတော့ အိမ်နီးချင်းမကောင်းဘူး… တစ်လုံးကျ ပထမထပ်မှာဖြစ်နေတာ… နောက်ဆုံးတစ်လုံးကတော့ အကုန်ခြုံကြည့်ရင် သာမန်ပါပဲ… သူ့မှာလည်း အိပ်ခန်းနှစ်ခန်းပါတယ်ဆိုပေမယ့် တံခါးကအပြင်ဘက်ကို မျက်နှာမူထားတာဆိုတော့ သီးသန့်ခြံဝန်းလေးလိုတော့ ဖြစ်နေတာပေါ့…”

ဝမ့်ချိုးမိန်၏စိတ်မှာ စတင်လှုပ်ရှားလာသည်။ ဝူရွှင်းယွီပြောသည်မှာ အမှန်ဆိုလျှင် သူမ၏သမီးဖြစ်သူအား တတိယအိမ်တွင်နေရရန် သူ အသေအချာကို မျှော်လင့်မိပေလိမ့်မည်။ ပထမဦးဆုံးအနေဖြင့် စိတ်ရှုပ်ဖွယ်အိမ်နီးချင်းများမရှိနိုင်ပေ။ ဒုတိယအချက်အနေဖြင့် လှေကားတက်ရန်မလိုတော့ကာ တတိယအချက်မှာမူ သီးသန့်ခြံဝန်းလေးကဲ့သို့ ဖြစ်နေမည်ဖြစ်သောကြောင့် အရာအားလုံးအတွက် အဆင်ပြေနိုင်သည်။

သူမ ဝူရွှင်းယွီကို ကြည့်ကာမေးလိုက်သည် “ အိမ်တွေကို ဘယ်လိုချပေးတာတဲ့လဲ…”

“ စစ်တပ်ကအိမ်တွေကို စောစောလျှောက်လွှာတင်တာနဲ့လိုက်ပြီး ချပေးတာပါ… မူလသတ်မှတ်ချက်အနေနဲ့ လက်ထပ်ခွင့်ပြုပြီးတာနဲ့ အိမ်လျှောက်လို့ရပြီဆိုပေမယ့် လက်ထပ်စာချုပ်က အိမ်လျောက်ပြီး သုံးလေးလအတွင်း မရရင်တော့ အဆင်မပြေဘူးပေါ့နော်… ထပ်ပေါင်းပြောရရင်တော့ အဲ့ကာလအတွင်းမှာ တပ်သားတွေနဲ့ပါလာတဲ့ မှီခိုသူတွေရောက်လာပြီး သူတို့က သူရွေးထားတဲ့အိမ်ကို ကြိုက်တယ်ဆိုရင် အလွယ်တကူအငြင်းအခုံတွေ ဖြစ်လာနိုင်တယ်လေ… တကယ်လို့သာ သူ့မှာ လက်ထပ်စာချုပ်မရသေးဘူးဆိုရင်တော့ အခွင့်အရေးရှိမှာမဟုတ်ဘူး…”

ဝမ့်ချိုးမိန်တွေးနေခဲ့သည်။

 “ တကယ်လို့သာ ဖျင်ကျိုးက လက်ထပ်ခွင့်လည်းရ အိမ်လည်းလျှောက်ပြီးပေမယ့် လက်ထပ်စာချုပ်မရသေးရင် ဘယ်လိုလုပ်ပါ့မလဲ…”

“ ရက်အနည်းငယ်ကွာတာက ပြဿနာမရှိပေမယ့် အရမ်းကွာနေရင်တော့ မကောင်းဘူးပေါ့ရှင်… ကျွန်မအကြံပေးချင်တာကတော့ လက်ထပ်ခွင့်တင်ပြီးတာနဲ့ အိမ်လျှောက်တာနဲ့ လက်ထပ်စာချုပ်ကိုပါ တစ်ခါတည်းလုပ်လိုက်ကြဖို့ပဲ… မင်္ဂလာပွဲကျင်းပဖို့ကတော့ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်နောက်ကျလို့ ဘာမှမဖြစ်ပါဘူး…”

 á€á€°á€›á€˝á€žá€„်းယွဎ လူငယ်နှစ်ဦးကိုကြည့်ကာ ပြုံးလိုက်မိသည်။

 “ ဒါပေါ့ ဒီဟာက ကျွန်မရဲ့ကိုယ်ပိုင်အတွေးပါ… မင်းတို့လေးတွေလည်း ဘာကို အထူးတလည်တွေးထားလဲဆိုတာ ထုတ်ဆွေးနွေးရမှာပဲလေ…”

ဘာကိုများ‌ဆွေးနွေးရဦးမှာလဲ…

ကလေးနှစ်ယောက်မှာ နှစ်ဝက်အတွင်း အနှေးနှင့်အမြန် လက်ထပ်ကြရမည်ဖြစ်သည်။ အကယ်၍ အခြားသောအချက်များကို သဘောမတူဘူးဆိုပါက နှောင့်နှေးနေလျှင်လည်း ပြဿနာမရှိပေ။ သို့သော် ယခုအချိန်၌ အခြားအရာများကို သဘောတူခဲ့ပြီးဖြစ်ကာ တစ်ခုတည်းသော ကျန်သည့်အရာမှာ အိမ်နှင့်သက်ဆိုင်နေသည့် လက်ထပ်မည့်ရက်သာဖြစ်လေသည်။

မိဘတိုင်းမှာ သားသမီးများကို လူကောင်းသူကောင်းနှင့် လက်ထပ်ပြီး အိမ်ကောင်းကောင်းဖြင့် နေသွားရရန် မျှော်လင့်နေသူများဖြစ်ကြသည်။ ချန်မန်မှာ တွဲဖက်ကောင်းကို ရှာတွေ့ခဲ့ပြီးသည်ဖြစ်ရာ သူမ၏လက်ထပ်မည့်ရက်ကြောင့် အကောင်း‌ဆုံးအိမ်အား လက်လွတ်ရမည့်အပေါ် ဝမ့်ချိုးမိန် ဆန္ဒမရှိခဲ့ပေ။

ချန်စုဝေ့သည်လည်း အတွေးတူနေခဲ့သောကြောင့် အစပိုင်းတွင် လက်ထပ်ပွဲကို ဒုတိယနှစ်ဝက်တွင် လုပ်ရန်ကြံရွယ်ထားသူနှစ်ဦးမှာ လုံးလုံးအနိုင်ယူခံလိုက်ရလေသည်။

ဝမ့်ချိုးမိန် စိတ်ကိုလျော့ကာ မေးလိုက်သည်။
 “ ဂျွန်ရောက်ဖို့က နှစ်လလိုသေးတယ်ဆိုတော့ ဒါရိုက်တာဝူပြောတဲ့အိမ်က ရနိုင်ပါ့မလား…”

“ ပြဿနာမရှိနိုင်လောက်ပါဘူး… နှစ်အစနဲ့အလယ်ဆိုတာက တပ်သားအသစ်တွေ စစ်တပ်ထဲအဝင်ကြဆုံးအချိန်ပဲလေ… နှစ်အစမှာ တပ်ထဲဝင်လာတဲ့သူတွေက အရင်ဆုံးစစ်တပ်ဝန်းထဲ လိုက်နေလို့ရမှာဖြစ်ပြီးတော့ နှစ်လယ်လောက်မှ ဝင်လာတဲ့သူတွေဆိုရင် ဂျူလိုင် ဩဂုတ်အထိ စောင့်ရဦးမှာဆိုတော့ ဒီနှစ်လက လွတ်နေတဲ့ကာလဖြစ်နေမှာပဲ…”

 á€á€°á€›á€˝á€žá€„်းယွဎ ပြုံးလျက် ဆက်ပြောလိုက်သည်။

 “ စစ်သားတွေလက်ထပ်တဲ့အခါကျ စုံစမ်းစစ်ဆေးရတဲ့ အရာတွေအများကြီးရှိတယ်‌ဆိုပေမယ့် ရှင်တို့ရဲ့နောက်ခံနဲ့ အသိုင်းအဝိုင်းက အဆင်ပြေတော့ လက်ထပ်ခွင့်ကို ဆယ်ရက်ကနေ လဝက်အတွင်း ခွင့်ပြုပေးမှာပါ… တကယ်လို့ စိတ်ပူတယ်ဆိုရင်တော့ ကလေးနှစ်ယောက်ကို လက်ထပ်စာချုပ် စောစောယူထားခိုင်းလိုက်ပေါ့..”

ဆယ်ရက်ကနေ လဝက်အတွင်းဆိုရင် လက်ထပ်စာချုပ်က မေလအစောပိုင်းမှာပဲ ရလာမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလား…

ဝမ့်ချိုးမိန်မှ ထပ်မံ၍ တုန့်ဆိုင်းနေမိပြန်သည်။ “ ဒါက အရမ်းစောလွန်းတယ်…”

ဝူရွှင်းယွီ အပျော်လွန်နေသည့် လုဖျင်ကျိုးထံကြည့်ကာ တမင်ရည်ရွယ်၍ပြောလိုက်သည်။

 “ နောက်မှယူမယ်ဆိုလည်း အဆင်ပြေတာပဲလေ… ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ခွင့်ကလည်း ခွင့်ပြုဖို့လိုသေးတာပဲ… ရက်နည်းနည်းလောက်နဲ့တော့ ပြဿနာမဟုတ်ပါဘူး…”

ထိုစကားကိုကြားလိုက်ရချိန်၌ လုဖျင်ကျိုး၏မျက်နှာပေါ်တွင် သိသိသာသာပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲတွင် ဖုံးဖိမရသော ပူပန်မှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း သူ လက်ထပ်ချင်သည့် မိန်းကလေးမှာ သူမမိသားစု၏ အချစ်ခံလေးဖြစ်သောကြောင့် သူ့အနေဖြင့် လက်ထပ်မည့်အကြောင်းဆွေးနွေးကြချိန်၌ စိတ်လောမှုကို အလွန်အမင်းဖော်ပြ၍ မရပေ။ သူ၏မျက်လုံးများနှင့်သာ အကူအညီတောင်းနိုင်ခဲ့သည်။

တိတ်တခိုးကြိတ်ပျော်နေသော်လည်း ဝူရွှင်းယွီသည် လုဖျင်ကျိုးကို ရည်ရွယ်ချက်ရှိရှိ အရှက်မရစေချင်ပေ။ ထို့ကြောင့် သူမ စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်သည်။

“ ဒါပေမယ့် ကျွန်မအမြင်ကိုမေးလာမယ်ဆိုရင်တော့ အဖြေက သေချာပေါက် စောလေကောင်းလေဆိုတာ ဖြစ်မှာပဲရှင့်…”

ဝူရွှင်းယွီ၏အားပေးမှုအောက်တွင် ဝမ့်ချိုးမိန်နှင့် သူမ၏ခင်ပွန်းတို့မှာ အဆုံး၌ မင်္ဂလာရက်ကို ဂျွန်လ၁၂ရက်နေ့အဖြစ် သတ်မှတ်လိုက်ကြလေသည်။ လက်ထပ်စာချုပ်ယူရန်ရက်မှာမူ လက်ထပ်ခွင့်ပြုမိန့်ကျသည်အထိ စောင့်ရမည်ဖြစ်ကာ ပြီးနောက်တွင်မှသာ သူတို့နေ့ကောင်းရက်သာတစ်ရက် ရွေးလိုက်ကြပေမည်။ စောစောလုပ်ခြင်းမှာ နောက်ကျခြင်းထက် ပို၍ကောင်းသော်လည်း အလွန်အလျင်စလိုဖြစ်ခဲ့ပါက မပျော်ရွှင်ကြမည်မှာ အသေအချာပင်ဖြစ်ရာ သူတို့အနေဖြင့် နေ့ကောင်းတစ်ရက်ကို ရွေးရန်လိုသည်။

လက်ထပ်မည့်အရေးမှာ အခြေကျသွားပြီးနောက် ဝမ့်ချိုးမိန် စိတ်အေးသွားခဲ့သော်လည်း မနေနိုင်ဘဲ ဝမ်းနည်းလာမိသည်။

ဒါရိုက်တာဝူကအရမ်းမိုက်တာပဲ…

လုဖျင်ကျိုးထံတွင်လည်း တူညီသည့်စိတ်ခံစားချက်မျိုး ဖြစ်ပေါ်နေသော်လည်း သူနောက်ထပ်စာကြောင်းတစ်ကြောင်းကို ထပ်ထည့်လိုက်သည်။

သူ့ကိုအကူအညီတောင်းဖို့ စဉ်းစားမိတာ ငါအရမ်းဉာဏ်ကောင်းလွန်းခဲ့တယ်…

💝💝💝 👩‍❤️‍👨Chapter 33
 á€…ိုးရိမ်စိတ်


လုဖျင်ကျိုးက လက်ထပ်ခွင့်တောင်းရန်အတွက် အိမ်သို့လာမည်ဟု သိလိုက်ရထဲက ဝမ့်ချိုးမိန်သည် မနက်အစောကြီးကတည်းက အသားဆိုင်တွင် တန်းစီခဲ့ကာ နံရိုးနှစ်ကီလိုနှင့် အဆီနည်းသောအသားတစ်ကီလိုကို ဝယ်လာခဲ့သည်။

လုဖျင်ကျိုးယူလာပေးသော ဝက်သား၊ ကြက်ဉတို့ကိုပါ ပေါင်းထည့်လိုက်သောအခါ နေ့လည်စာသည် အလွန်ပင် ခမ်းနားကြီးကျယ်သွားပေသည်။ နံရိုးစွပ်ပြုတ်တစ်အိုး၊ နံရိုးနှင့်အာလူးစတူး၊ ဝက်သားနှပ်၊ ငရုတ်ကောင်းအစိမ်းနှင့်ကြက်ဉမွှေကြော်၊ ငါးကောင်လုံးနှပ်တို့ ပါဝင်ပေသည်။ အသားဟင်းပွဲအရေအတွက်မှာ တရုတ်နှစ်သစ်ကူးတွင် ချက်သော ဟင်းပွဲနီးနီးပင် ဖြစ်နေသည်။

ချန်စုဝေ့ကလည်း ဝိုင်ဖြူတစ်ပုလင်း ဖောက်ထားသည်။ မူလက သူသည် ထိုဝိုင်ပုလင်းကို သူ့သားမက် လုဖျင်ကျိုးနှင့်အတူ သောက်ရန်ဖြစ်သော်လည်း လုဖျင်ကျိုးက ကားမောင်းရမည်ဖြစ်သောကြောင့် ထိုပုလင်းကို သူ့သားနှင့်သာ သောက်လိုက်ရလေသည်။ ဒါရိုက်တာလျိုက အမှန်ဆိုလျှင် သောက်နိုင်သော်လည်း အနည်းငယ်သာ သောက်လေသည်။

စားသောက်ဝိုင်းက တစ်နာရီနီးနီးပင် ကြာမြင့်ခဲ့လေသည်။ စားသောက်ပြီးသောအခါ လောဝမ်ရှင်းက ပန်းကန်ဆေးရာတွင် ကူညီပေးသည်။ သူမနှင့် ချန်ကျင်းက စားသောက်ဝိုင်းမစမီလေးတွင် အိမ်သို့ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရောက်လာပြီး သူမအနေဖြင့် အလွန်ပျော်နေသည်မဟုတ်စေကာမူ တမင်သက်သက်ကြီးလည်း ပြဿနာမရှာလိုပေ။ သူမကို လုပ်ခိုင်းသော အလုပ်များကိုသာ သူမ လုပ်ပေးလေသည်။

ဝမ့်ချိုးမိန်က ဤသည်ကို မြင်သောအခါ သူမ၏ မကျေနပ်မှုက အနည်းငယ် လျော့နည်းသွားသော်လည်း သူမကို ချီးမွမ်းစကားလည်း မပြောခဲ့ပေ။ ချွေးမဖြစ်သူကို စကားပြောချိန်တွင် မျက်နှာကြောတင်းတင်းကို လျော့ထားရုံသာ လုပ်ခဲ့လေသည်။

လောဝမ်ရှင်းသည် အနည်းငယ် စိတ်သက်သာရာရသွားသော်လည်း နစ်နာရသည်ဟု မကျေမနပ်လည်း ဖြစ်နေသည်။ ယနေ့အဖြစ်အပျက်အပေါ် သူမ၏ မကျေမနပ်ဖြစ်နေမှုသည် တစ်ခုခု မှားယွင်းနေသည်ဟု သူမ တကယ်ပင် မထင်မိပေ။

ပုံမှန်အားဖြင့်ဆိုလျှင် သာမန်အလယ်အလတ်တန်းစား မိသားစုများအတွက် သမီးဖြစ်သူ လက်ထပ်သွားချိန်တွင် သတို့သမီးခန်းဝင်ပစ္စည်းများ၏ တစ်ဝက်ကိုပြန်ရလျှင်ပင် အဆင်ပြေသည်ဟု သတ်မှတ်နိုင်သော်လည်း သူတို့မိသားစုမှာ ကွဲပြားနေသည်။ သူတို့က သတို့သမီးခန်းဝင်ပစ္စည်းများကို လုံးဝမယူရုံမျှမက အပိုထပ်ဆောင်း၍ လက်ဖွဲ့ငွေများပင် ပေးလိုက်သေးသည်။

လက်ဖွဲ့ငွေချည်းသာဆိုလျှင် အဆင်ပြေသော်လည်း သူတို့ပေးလိုက်သောငွေသည် သူတို့အိမ်မှ အကြီးဆုံးဖြစ်သော ချန်ကျင်း၏ မင်္ဂလာပွဲအတွက် သုံးသောငွေထက် အမှန်ပင် ပိုများနေသည်။

သူမ၏ စိတ်ထဲတွင် တရားမျှတသည်ဟု အဘယ်သို့ခံစားရပါမည်နည်း။

သူမ၏ခင်ပွန်းသည် မည်သည်ကိုမျှ ဂရုမစိုက်သော်လည်း သူမကို သူတို့၏ မင်္ဂလာပွဲသည် လွန်ခဲ့သော ခြောက်နှစ်ခုနစ်နှစ်ခန့်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ကုန်စျေးနှုန်းအခြေအနေမှာ ယခုအချိန်နှင့် ကွာခြားနေပြီ ဖြစ်သောကြောင့် သတ်သတ်မှတ်မှတ်‌ ပြော၍မရနိုင်ကြောင်း ပြောခဲ့လေသည်။ ထို့အပြင် သူက ဆက်ပြောသည်မှာ လုဖျင်ကျိုးဘက်မှ အလွန်အမင်း ရက်ရောနေခြင်းကြောင့် သူတို့မိသားစုဘက်မှ တွန့်တိုနေသည်မှာ မဖြစ်သင့်ကြောင်း၊ တစ်မျိုးပြောင်းပြောရလျှင် သူတို့ကပ်စေးနည်းနေခြင်းကြောင့် လက်ထပ်ပွဲ ကမောက်ကမဖြစ်သွားလျှင် သူတို့မိသားစုသာ လူတကာ သနားစရာ ဖြစ်သွားနိုင်ကြောင်း ပြောခဲ့လေသည်။

သူတို့နှစ်ယောက်လုံးသည် လက်ထပ်ရန်ဆွေးနွေးသည့်အဆင့်သို့ပင် ရောက်နေပြီဖြစ်ရာ ဤသည်က လွယ်လွယ်ကူကူနှင့် ပျက်စီးနိုင်မည်နည်းဟုသာ လောဝမ်ရှင်း တွေးနေမိတော့သည်။

ချန်ကျင်းက ထိုအဖြစ်အပျက်ကို အသုံးချကာ လောဝမ်ရှင်း၏ လုပ်ဖော်ကိုင်ဖက်တစ်ယောက်အကြောင်း မေးလိုက်ရင်း လောဝမ်ရှင်းအား ပါးစပ်ပိတ်သွားအောင် လုပ်လိမ့်မည်ဟု မည်သူက ထင်မိပါမည်။

“မင်းနဲ့အလုပ်အတူလုပ်တဲ့တစ်ယောက်က သူ့ရည်းစားကောင်လေးနဲ့ စေ့စပ်ထားပြီးဖြစ်နေရဲ့သားနဲ့ ဘာတွေ ဖြစ်နေကြတာလဲ... ခုထိကို သမီးရည်းစားအဆင့်က မတက်နိုင်ကြသေးဘူး...”

“ဘာဖြစ်လို့လဲဆိုတော့ သတို့သမီးခန်းဝင်ငွေကြောင့်ပေါ့... ကျွန်မတို့မိသားစုနဲ့ ရှောင်းလုတို့ကသာ များနေလို့ ပြဿနာမတက်ကြတာလေ...”
 
လောဝမ်ရှင်းကို ယုံကြည်အောင် လုပ်၍ မရသေးပေ။

“မိန်းကလေးတစ်ယောက်ကို လက်ထပ်တာကို ငွေတွေအကုန်ပုံပေးတဲ့ သူမျိုး ကျွန်မ တစ်ခါမှ မမြင်ဖူးသေးဘူး...”

“ဒါပေါ့... မင်းက သတိုးသမီးခန်းဝင်ကြေးကိုကျ လက်ခံပြီး သူတို့သမီးကို ပစ္စည်းလေးနည်းနည်းပဲ ကြုံရာကျပန်းပေးတတ်တဲ့သူ‌တွေကိုပဲ မင်းမြင်ဖူးတာကိုး...”

ချန်ကျင်း၏ လေသံက အေးဆေးတည်ငြိမ်နေ‌သော်လည်း လောဝမ်ရှင်းကမူ ထိုလေသံထဲမှ လှောင်ပြောင်သရော်မှုကို ကြားနိုင်နေဆဲဖြစ်ရကား မျက်ခုံးအစုံကို ပင့်၍ မေးလိုက်သည်။

“ချန်ကျင်း... ရှင်ဘာပြောချင်တာလဲ...”

ချန်ကျင်းက မဖြေဘဲ ပြန်မေးလိုက်သည်။

“ငါ့မိဘတွေက မန်မန့်ကို ပိုက်ဆံတွေပေးနေတာပဲလို့ မင်းအမြဲထင်နေခဲ့တာလေ... ဒါဆိုရင်  á€™á€„á€şá€¸á€™á€­á€˜á€á€˝á€ąá€€ မင်းအစ်ကိုကို ပိုက်ဆံတွေ မပေးတာကိုကျ မင်း ဘာလို့ အပြစ်မတင်တာလဲ...”

လောဝမ်ရှင်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသော်လည်း ထိုသည်ကို လက်ခံရန် ဆန္ဒမရှိ‌သေးဘဲ အထွန့်ပြန်တက်လိုက်သည်။

“သားနဲ့ သမီးကိုတော့ တူပါ့မလားလို့...”

“အဲ့ဒါက မင်းမိသားစုထဲမှာဖြစ်တာနော်... မင်းမိဘတွေက သားထက် သမီးကို ပိုပြီးဦးစားပေးတယ်... ဒါပေမဲ့ ငါ့မိဘတွေက မင်းမိဘတွေလိုမျိုး လုပ်တော့ကျတော့ အဓိပ္ပာယ် မရှိဘူးပေါ့...”

ချန်ကျင်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒါကို မင်းမကြိုက်ဘူးဆိုရင် ကွာရှင်းကြရ‌အောင်... ပြီးတော့ မင်းက တခြားလူရှာတွေ့မှာပါ...”
“ယောက်ျားရဲ့မိဘဆိုတာကလည်း မင်းမိဘနဲ့ အတူတူပါပဲ... ငါ့မိဘတွေ သေသွားလို့ အမွေခွဲကြရင် မင်းလည်း အားလုံးကို ရမှာပါ... ဒီလိုဆိုရင်တော့ မမျှတဘူးလို့ မင်းမခံစားရတော့ဘူးပေါ့...”

ချန်ကျင်းက စကားအများကြီးပြောလိုက်သော်လည်း လောဝမ်ရှင်းကမူ စကားလုံးနှစ်လုံးတည်းကိုသာ ကြားလိုက်ပြီး မယုံကြည်နိုင်ခြင်းများဖြင့် ပြန်မေးလိုက်သည်။

“ရှင်က ကျွန်မနဲ့ ကွာရှင်းချင်တယ်လား... ကျွန်မတို့ လက်ထပ်ထားတာ နှစ်နဲ့ချီနေပြီးတော့ ကလေးတွေလည်း မွေးထားတယ်... ကျွန်မကို ကွာချင်တယ်လား...”

“ငါက မင်းကို ကွာချင်လို့မဟုတ်ဘူး... ဒီကိစ္စက ငါ့မိသားစုကို မင်း သည်းညည်းမခံနိုင်လို့ ဖြစ်လာတာ...”

ချန်ကျင်းက ငေါက်ငမ်းပြီးပြောနေသည်။

“ငါတော့ နားကိုမလည်နိုင်ဘူး... ငါ့မိဘတွေက မန်မန့်ကို ပိုက်ဆံလေး နည်းနည်းပေးမိတာ ဘာများ မှားနေလို့လဲ... သူတို့တွေက ပိုက်ဆံတွေကို ဒီတစ်ခါ မန်မန့်ကို ပေးပြီး နောက်ကျရင် ငါတို့ကို ပစ်ထားမှာတဲ့လား... မင်းဖာသာမင်းပဲ စဉ်းစားကြည့်စမ်းပါ... ပြီးခဲ့တဲ့ နှစ်တွေမှာ ငါ့မိဘတွေက ငါတို့မိသားစုကို အထောက်အပံ့ပေးနေတာတွေက မလုံလောက်သေးဘူးလား... ဝမ်ရှင်း... အရမ်းလောဘမကြီးပါနဲ့ကွ...”

သူမ မှားနေသည်ဟု လောဝမ်ရှင်း မတွေးသော်လည်း ချန်ကျင်း စကားပြောပြီးသွားသောအခါ သူသည် သူ့မိဘနှင့် သူ့ညီမငယ်ဘက်တွင်သာ ရှိနေမည်ကို သူမ သိလိုက်လေသည်။ မိသားစုအတွင်း သဟဇာတ ဖြစ်မှုကို မထိခိုက်စေရေးအတွက် သူမ၏ အလိုမကျမှုများကို မျိုသိပ်ထားလိုက်ပြီး အကောင်းဘက်မှသာ တွေးတောလိုက်သည်။

ချန်ကျင်း မှန်ပေသည်။ သူ့မိဘများသည် သမီးဖြစ်သူကို ချစ်မြတ်နိုးကြသည်မှန်သော်လည်း သူတို့၏ သားနှစ်ယောက်ကိုလည်း လုံးဝလျစ်လျူရှုထားခြင်းတော့ မဟုတ်ပေ။ သူမတို့ မိသားစုသုံးဦးသည်လည်း သူတို့ထံမှ အကျိုးအမြတ်များစွာ ရရှိခဲ့လေသည်။
...

လောဝမ်ရှင်းက မည်သို့တွေးနေသည်ကို ချန်မန်က စိတ်ထဲပင် မရှိချေ။ သူမသည် လုဖျင်ကျိုးကို ပြန်လိုက်ပို့နေကြပြီး ဝမ့်ချိုးမိန်က အခြားဧည့်သည်များကို ပြန်ပို့ပေးနေလေသည်။

ယနေ့ဆွေးနွေးပွဲသည် လူငယ်နှစ်ဦး၏ လက်ထပ်မင်္ဂလာအ‌ရေးကိစ္စဖြစ်သော်လည်း လာရောက်ကြသူများမှာ သက်လတ်ပိုင်းအရွယ်ဧည့်သည်များ ဖြစ်ကြလေရာ လူငယ်ချစ်သူစုံတွဲလေးခမျာ နှစ်ကိုယ်ကြား တီးတိုးစကားတစ်ခွန်းပင် မပြောရသေးပေ။

သူတို့နှစ်ယောက်သည် အစားအသောက်များ ဧည့်ခံစဉ်ကတည်းက အတူတူထိုင်နေကြ‌သော်လည်း စားပွဲဝိုင်းရှိ မျက်လုံးတိုင်း အကြည့်တိုင်းက သူတို့ကိုသာ စူးစိုက်နေကြလေသည်။ ချန်မန်မှာ လုဖျင်ကျိုးကို ကြည့်လိုက်မိတိုင်း ရှက်သွေးဖြာနေလေသည်။

လုဖျင်ကျိုးက ယောက်ျားလေးပီပီ ချန်မန်ထက် ပို၍ အရေထူသော်လည်း ယောက္ခထီးဖြစ်သူနှင့် ယောက်ဖနှစ်ယောက်တို့ကို စကားပြောရန် လိုနေပေသည်။ လက်ထပ်မှတ်ပုံတင်က အခုထိ မရသေးသလို မင်္ဂလာပွဲကလည်း ယခုထိ မကျင်းပရသေးသောကြောင့် သူက ယောက္ခထီးဖြစ်သူ စိတ်ကျေနပ်စေရန်ကိုသာ ဂရုတစိုက် ရွေးချယ်ရပေသည်။

ထို့ကြောင့် စားပွဲတွင် ထိုင်နေကြသူအားလုံးသည် သူတို့အရေးကိုသာ ခေါင်းစဉ်တပ်ကာ ဆွေးနွေးနေကြစေကာမူ အဓိကကျသော သူတို့နှစ်ဦးမှာမူ အချင်းချင်း စကားတစ်လုံးမျှပင် မပြောကြရသေးပေ။

ညစာစားပြီးနောက် လုဖျင်ကျိုးနှင့် ဝူရွှင်းယွီတို့ ပြန်ရတော့မည်ဖြစ်သည်။
 
လုဖျင်ကျိုးသည် ချန်မိသားစုအိမ်တွင် တစ်နေ့လည်ခင်းလုံး နေချင်သည်မှာ မှန်သော်လည်း ဝူရွှင်းယွီက အိမ်တွင် အလုပ်တစ်ခု လုပ်ရန် ရှိနေပေသည်။ ဝူရွှင်းယွီက သူမဘာသာ ဘတ်စကားဖြင့် အိမ်သို့ ပြန်မည်ဟု ပြောခဲ့သော်လည်း သူမကို အကူအညီပေးရန် တောင်းဆိုခဲ့သူက သူကိုယ်တိုင်ဖြစ်သည်။ လက်ထပ်ရန် စကားကြောင်းလမ်းပွဲက အဆင်တပြေဖြစ်သွားပြီးနောက်မှ သူက သူမအား ကိုယ့်ဖာသာကိုယ် ဘတ်စကားစီး၍ ပြန်ရန် ခွင့်ပြုလိုက်ပါက ဤသည်က မြစ်ကို ဖြတ်ကူးပြီးနောက် တံတားကို မီးရှို့လိုက်သည်*နှင့် အတူတူပင် ဖြစ်ပေတော့မည်။ (*ဘုရားပြီး၍ ငြမ်းဖျက်သည်)

ထို့အပြင် ဝူရွှင်းယွီသည် တပ်ရင်းမှူး၏ ဇနီးမယားဖြစ်သည်။ သူမကို ထိုကဲ့သို့ ပြန်ခွင့်ပြုရန် သူ့တွင် တစ်ဖက်သားကို ဤမျှ မစာနာတတ်သော စိတ်ခံစားချက် ရှိနေပါမည်လော။

ထိုကြောင့် ပြန်ရမည့်အ‌ရေးကို မည်မျှပင် နှေးကွေးလေးဖင့်နေသည်က အရေးမကြီးဘဲ လုဖျင်ကျိုးက နှုတ်ဆက်စကား ဆိုချင်နေဆဲပင်။

သက်လတ်ပိုင်း လူအချို့ကလည်း ပါးနပ်ကြပြီး ဤလူငယ်စုံတွဲသည် ယခုလေးတင်ပင် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်ရကား အချင်းချင်း စကားပြောရန် များစွာ ရှိနေမည်ကို သိကြပေသည်။ သူတို့အားလုံးက အတူတူ ရှေ့သို့ကျော်တက်သွားကြကာ လုဖျင်ကျိုးတို့နှစ်ယောက်အား မလှမ်းမကမ်းတွင် နောက်ချန်ထားခဲ့ကြသည်။

လုဖျင်ကျိုးက မေးလိုက်သည်။
“မင်း နောက်တစ်ပတ်ကို နားရက်ယူမှာလား... ဒါမှမဟုတ် တနင်္ဂနွေနေ့ကို နားရက်ယူမှာလား...”

“နားရက်ကို တနင်္ဂနွေနေ့နဲ့ လဲထားတယ်...”

“ဒါဆိုရင် ကိုယ်မင်းကို မနက်ကျ လာကြိုရမလား...”

လက်ထပ်ရန် ရက်သတ်မှတ်ပြီးဖြစ်သော်လည်း လက်ထပ်မည့်နေ့ မတိုင်မီအထိ သူတို့ ချိန်းတွေ့နိုင်ပေသည်။

ချန်မန်၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကော့တက်သွားသည်။

“ဟုတ်ကဲ့ပါ...”

သူမမျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရ‌သောအခါ လုဖျင်ကျိုး၏ မျက်ခုံးများက ပြေလျော့သွားသည်။ အတူလမ်းလျှောက်နေရင်း ခဏမျှကြာသောအခါ သူက ခြေထောက်များကို ဘယ်ဘက်သို့ တိုးလျှောက်လိုက်ပြီး ချန်မန်နှင့် ပိုနီးသွားကာ ပခုံးချင်း ထိလုနီးပါး ဖြစ်သွားလေသည်။

ချန်မန်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းမော့ကြည့်ကာ ပြောလိုက်သည်။
“ဒီမှာ လူတွေ အများကြီးရှိတယ်...”

“ကိုယ်ဘာမှမလုပ်ပါဘူး...”
လုဖျင်ကျိုးက ပြောရင်း အချင်းချင်း ထိမိနေသော သူတို့၏ လက်နှစ်ဖက်အား ငုံကြည့်လိုက်သည်။ လက်နှစ်ဖက်က လက်ခုံချင်း ထိမိနေသော်လည်း အချင်းချင်း ဆုပ်ကိုင်မထားကြပေ။ 

“ကိုယ်တို့က အခုဆို စေ့စပ်ထားတဲ့ စုံတွဲဖြစ်သွားပြီဆိုတော့ ဒီလောက်လေး နီးတာလောက်တော့ အဆင်ပြေလောက်ပါတယ်...”

ဤသည်က အဓိပ္ပာယ်ရှိသော်လည်း လုံးဝမှန်ကန်သည်တော့ မဟုတ်သေးပေ။

ရှေ့မှ လျှောက်နေသော လူအုပ်စုကြီးသည် ပခုံးချင်းထိလျက် လမ်းလျှောက်နေသော သူတို့ကို တားမြစ်ရန် အခွင့်အရေး မရှိသော်လည်း လမ်းဘေးတွင် နေပူစာလှုံနေကြသော လူများကမူ နီးနီးကပ်ကပ် လမ်းလျှောက်နေကြသော သူတို့ကို မြင်သောအခါ တားမနိုင်ဆီးမရ ပြုံးစိစိ ဖြစ်ကုန်ကြသည်။ အချို့ကဆိုလျှင် စနောက်ကြပြီး သူတို့နှစ်ယောက် လက်ထပ်ပြီးကြပြီလားဟုပင် တည့်တိုးကြီး မေးမြန်းလာကြသည်။

မည်သို့ပင် စစနောက်နောက် ဝမ့်ချိုးမိန်က စနောက်သည်များကို စိတ်မဆိုးပေ။ သူတို့နှစ်ဦး၏ လက်ထပ်ပွဲနေ့ရက်ပင် သတ်မှတ်ပြီးပြီဖြစ်သောကြောင့် သတင်းပျံ့သွားခြင်းသည် မည်သည့် ပြဿနာမျှ မရှိချေ။

အထူးသဖြင့် သတို့သမီးခန်းဝင်ကြေးဆိုလျှင် သတင်းပျံ့လေ ပိုကောင်းလေ မျက်နှာပိုကြီးလေသာ ဖြစ်သည်။

အကယ်၍သာ ဧည့်သည်များကို ပြန်လိုက်ပို့ရန်က ပို၍ အရေးမကြီးခဲ့လျှင် ဝမ့်ချိုးမိန်သည် သေချာပေါက် ရပ်တန့်လိုက်ပြီး အားလုံးနှင့် စကားဝိုင်းဖွဲ့လိုက်ပေမည်။

သို့သော်လည်း ဤသည်က အရေးမကြီးပေ။ ကြွားလုံးထုတ်ရန် အချိန် ရောက်လာတော့မည်ဖြစ်ရာ စောင့်ရသည်က နာရီဝက်လောက်မျှ ပိုစောသည်ဖြစ်စေ ပိုနောက်ကျသည်ဖြစ်စေ အရေးမကြီးပေ။ သူမ စောင့်နိုင်ပေသည်။

တတွတ်တွတ်စကားသံများနှင့်အတူ လူအုပ်ကြီးသည် စုပေါင်းအိမ်ရာထဲမှ ထွက်လာခဲ့ပြီး ကားရပ်ရာနေရာသို့ပင် ရောက်လုနီးနီးဖြစ်လာသည်။ လုဖျင်ကျိုးသည် ဆက်ထိန်းမထားနိုင်တော့ဘဲ အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်္ဂလာရက်သတ်မှတ်လိုက်တာကို မင်း‌ပျော်ရဲ့လား...”

ချန်မန်က လုဖျင်ကျိုးကို မော့ကြည့်လိုက်ပြီး လျင်မြန်စွာ မျက်လွှာချလိုက်သည်။
“ပျော်ပါတယ်...”

“ကိုယ်လည်းပျော်တယ်... လက်ထပ်မှတ်ပုံတင်လျှောက်လွှာကို တတ်နိုင်သမျှ မြန်မြန် ခွင့်ပြုပေးပါစေလို့ ကိုယ်မျှော်လင့်မိတယ်...”
လုဖျင်ကျိုး၏ အမူအရာများက မျှော်လင့်စောင့်စားချက်များကို သဲလွန်စပေးနေသည်။

“တကယ်လို့ စောစောခွင့်ပြုပေးလိုက်တယ်ဆိုရင် ဘာဖြစ်မှာလဲ...”

“အဲ့တာကို မြန်မြန်ခွင့်ပြုပေးလိုက်တယ်ဆိုရင် ကိုယ်တို့လက်ထပ်မှတ်ပုံတင်ကို မြန်မြန်ရတာပေါ့...”

ချန်မန်က ခေါင်းငုံ့ထားပြီး သူမ၏ နှုတ်ခမ်းထောင့်များက ကော့တက်လာရင်း ပြောလိုက်သည်။

“တကယ်လို့ လက်ထပ်မှတ်ပုံတင်က အရင်ရမယ်ဆိုတောင်မှ ကျွန်မတို့ အတူမနေခင်မှာ လက်ထပ်ပွဲကတော့ လုပ်ကိုလုပ်ဖို့ လိုသေးတာပဲလေ...”

“ကိစ္စမရှိပါဘူး... လက်ထပ်မှတ်ပုံတင် ရပြီးပြီဆိုတာနဲ့ ကိုယ်တို့နှစ်ယောက် လင်နဲ့မယား ဖြစ်သွားကြမှာပဲလေ... အဲ့ဒါမှပဲ ကိုယ် ညညကို ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နိုင်မှာ...”
လုဖျင်ကျိုးက ခေါင်းငုံ့လိုက်ပြီး ချန်မန်၏နားထဲသို့ တီးတိုးပြောလိုက်သည်။

“ရပါတယ်... မင်းက ကိုယ်နဲ့ စောစော အတူတူနေချင်တယ်ဆိုရင်လည်း လက်ထပ်မှတ်ပုံတင် ရပြီးတာနဲ့ ကိုယ် ဒါရိုက်တာဝူကို ကိုယ့်မိဘတွေဆီ မင်္ဂလာရက်ကို ရှေ့တိုးလို့ရမလားလို့ မေးခိုင်းလိုက်မယ်လေ...”

သူမက စိတ်လောနေသည့်နှယ် သူက ပြောလာရာ ချန်မန်က ဒေါသထွက်သွားပြီး ပြောလိုက်၏။

“ကျွန်မက ရှင်နဲ့ စောစောအတူမနေချင်ပါဘူးနော်...”

“ဟုတ်ပါပြီ... ကိုယ် မင်္ဂလာပွဲပြီးမှပဲ မင်းနဲ့အတူနေပါတော့မယ်...”

လုဖျင်ကျိုးက စကားလမ်းကြောင်းကို ချက်ချင်းပြောင်းပြီး မေးလိုက်သည်။

“မင်္ဂလာရက်ကို ရှေ့တိုးဖို့အတွက် မင်းမိဘတွေနဲ့ ဆွေးနွေးမယ်ဆိုရင် အဲ့တာက ကိုယ့်အတွက် ဖြစ်နိုင်ခြေရှိတယ်လို့ မင်းထင်လားဟင်...”

ချန်မန်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
“ရှင်က ဘယ်လိုထင်လို့လဲ...”

မျှော်လင့်ချက်အနည်းငယ်ရှိသည်ဟု လုဖျင်ကျိုး ခံစားလိုက်ရပြီး သက်ပြင်းချလိုက်သည်။

“ကိုယ်တော့ မင်္ဂလာရက်ကို နောက်လထဲကို ပြောင်းပြီး သတ်မှတ်ဖို့ ဒါရိုက်တာဝူကိုပဲ အပူကပ်သင့်တယ်လို့ ထင်တာပါပဲ...”

အမှန်အတိုင်းပြောရလျှင် မင်္ဂလာရက်သည် မေလထဲတွင် သတ်မှတ်နိုင်မည် မဟုတ်သည်ကို လုဖျင်ကျိုး ကောင်းစွာ နားလည်ပေသည်။ သူက သူ၏ စိတ်လောနေမှုကို ချန်မန်အား သိစေချင်သဖြင့် ထိုသို့ ပြောခြင်းသာ ဖြစ်၏။

သူ အောင်မြင်ခဲ့သည်။

သူ၏ စိတ်ထဲမှ အလောသုံးဆယ်နိုင်နေမှုအား အာရုံစိုက်မိလိုက်ပြီးနောက် မူလက အလွန်အကျွံ စိတ်မပူပင်တတ်သော ချန်မန်ပင် မည်သို့မျှ မတတ်နိုင်ဘဲ အချိန်များ မြန်သည်ထက်မြန်စွာ ကုန်ဆုံးသွားစေရန် မျှော်လင့်နေမိလေတော့သည်။
...

လက်ထပ်မှတ်ပုံတင် လျှောက်လွှာတင်ပြီးနောက် ပထမသီတင်းပတ်အတွင်း စတင်ပေးပို့စအချိန် ဖြစ်သည့်အလျောက် လုဖျင်ကျိုးမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ လျှောက်လွှာတင်ပြီး ဒုတိယအပတ်တွင် လက်ထပ်ပွဲမှာ တရားဝင်သတ်မှတ်ပြီး ဖြစ်သောကြောင့် သတို့သမီးခန်းဝင်ပစ္စည်းများမှာ အိမ်တံခါးဝဆီသို့ ရောက်လာပြီဖြစ်သော်လည်း လက်ထပ်မှတ်ပုံတင်လျှောက်လွှာကိစ္စမှာ မည်သည့် တု့န်ပြန်ချက်မှ မရသေးသဖြင့် သူက အနည်းငယ် စိုးရိမ်စပြုလာသည်။

လျှောက်လွှာတင်ပြီး တတိယသီတင်းပတ်တွင်မူ လုဖျင်ကျိုးမှာ ထို့ထက်ပို၍ စောင့်မနေနိုင်တော့သောကြောင့် အစည်းအဝေးတစ်ခုအတွင်းမှာပင် အခွင့်အ‌ရေးရ‌အောင်ရှာကာ တပ်ရင်းမှူးအား သူ၏ လက်ထပ်လျှောက်လွှာအကြောင်းကို မေးမြန်းလေသည်။

တပ်ရင်းမှူးမှာ အလုပ်အလွန်များသောသူဖြစ်သောကြောင့် အခြားသူကသာ မေးလာခဲ့လျှင် ထိုကဲ့သို့လျှောက်လွှာမျိုး ရှိသေးသည်ကိုပင် သိရန် မဖြစ်နိုင်ပေ။ ထိုသို့ဆိုသော်ငြားလည်း လုဖျင်ကျိုး၏ မင်္ဂလာပွဲကို အကြီးအမှူးအဖြစ် သွားရောက်ကြောင်းလမ်းပေးခဲ့သူမှာ သူ့ဇနီးဖြစ်သည်။ သူ့ဇနီးက ပြန်လာသောအခါ အဖြစ်အပျက်အလုံးစုံကို အသေးစိတ် ပြောပြခဲ့ပြီး သူကလည်း အမှန်ပင် သဘောကျခဲ့သည်။ ထို့ကြောင့် လက်ထပ်မှတ်ပုံတင်လျှောက်လွှာက သူ့လက်ထဲသို့ ရောက်လာသောအခါ သူက အထူးတလည်ပင် အာရုံစိုက်ပေးခဲ့လေသည်။


💝💝💝 👩‍❤️‍👨Chapter 34

@ကိုယ်ပြောချင်တာက ကိုယ်တို့ရဲ့ လက်ထပ်မှတ်ပုံတင်ကို ရတော့မယ်လို့@

☆☆☆

လွန်ခဲ့သော နှစ်ပတ်အတွင်းက အလွန်အလုပ်များနေခဲ့သောကြောင့် ထိုလျှောက်လွှာကို ဖတ်ရန်ပင် အချိန်မရှိဖြစ်နေခဲ့ရုံသာဖြစ်သည်။ သို့သော်လည်း အမျိုးသမီးဖြစ်သူ၏ မိသားစုဘက်တွင် ပြဿနာ မရှိသရွေ့ သူက အတည်ပြုပေးနိုင်သဖြင့် သူပြန်သွားချိန်တွင် ဖတ်ကြည့်ပေးမည်ဖြစ်လေသည်။

အမြဲတမ်းရင့်ကျက်ကာ တည်ငြိမ်မြဲမြံလှသော သူတစ်ယောက် ဖြစ်စေကာမူ လက်ထပ်ပွဲအတွက် တည်ငြိမ်မှု မရှိ‌တော့ဘဲ အနည်းငယ်ပင် ရူးနှမ်းနေသည့်ပုံစံက လူအများအား သူ့ကို ရယ်မောစေ၏။

တပ်ရင်းမှူးက တမင်တကာပင် မေးလိုက်လေသည်။

“မင်းက လက်ထပ်မှတ်ပုံတင်လျှောက်လွှာ တင်ထားတာလား... ဘယ်အချိန်ကလဲ... အဲ့လျှောက်လွှာကို ကြည့်ပြီးပြီလား...”
နောက်ဆုံးမေးခွန်းမှာ သူ့နောက်ပါးမှ ပါလာသော အော်ဒလီစစ်သား* မေးလိုက်ခြင်းဖြစ်သည်။ (*အရာရှိတွေ တောက်တိုမယ်ရ ခိုင်းလို့ရအောင် ပေးထားတဲ့ ရိုးရိုးစစ်သားပါပဲ အော်ဒလီလို့ပဲ ခေါ်ကြပါတယ်)

အော်ဒလီကလည်း ခေါင်းဆောင်လုပ်သူက မည်သည်ကို ဆိုလိုချင်ကြောင်း လျင်မြန်စွာ နားလည်သွားပြီး ပြောလိုက်သည်။

“အချက်အလက်တွေကို အတည်ပြုနေတာ ဖြစ်နိုင်ပြီးတော့ အခုထိတော့ ပြန်မရောက်လာသေးပါဘူးခင်ဗျ...”

တပ်ရင်းမှူးက အိုးဟု ပြောလိုက်ပြီး လုဖျင်ကျိုးဘက်သို့ လှည့်လိုက်သည်။

“အဲ့လျှောက်လွှာကို ဖတ်ဖို့အချိန်ရတာနဲ့ တခါတည်း ထောက်ခံပေးလိုက်မယ်... ဒါပေမဲ့ မင်းရဲ့ မင်္ဂလာပွဲက လုပ်ဖို့ လတစ်ဝက်တောင်လိုပါသေးတယ် ဟုတ်တယ်မို့လား... မင်း အဲ့လောက်တောင် စိတ်လောနေတာလား...”

“အဲ့တာက လတစ်ဝက်နဲ့ သုံးရက်ပဲ လိုပါတော့တယ်...”

လုဖျင်ကျိုးက အချိန်ကို အထူးအားစိုက်၍ အသံထွက်လိုက်သည်။ ထို့နောက် မရှက်စတမ်းပင် အသက်ပင်မရှူတော့ဘဲ ဆက်ပြောလိုက်သည်။

“ကျွန်တော်က သုံးဆယ်ပြည့်တော့မှာပါ... လက်ထပ်ဖို့အတွက် စိတ်လောနေတာ ပုံမှန်ပဲမဟုတ်ဘူးလား...”

တပ်ရင်းမှူးက ရယ်မောလိုက်သည်။
“မင်းက အခုမှ ဘာလို့ လာပြီး လောနေရတာလဲ... အရင်တုန်းကကျ မင်း ဘာတွေများ လုပ်နေခဲ့လို့တုန်း..”

“ကျွန်တော် အလုပ်များနေခဲ့လို့ပါ... အဲ့အပြင်ကို ကျွန်တော် လက်ထပ်ချင်နေပေမယ့် ကျွန်တော့်လက်တွဲဖော်နဲ့ မတွေ့ခဲ့သေးလို့ပါ...”

လုဖျင်ကျိုးက သူ၏ အထက်အကြီးအကဲနှင့် ထိုအကြောင်းကို ဆက်ဆွေးနွေးတော့သည်။

“တပ်ရင်းမှူး ပြန်သွားတဲ့အချိန်မှာ လျှောက်လွှာကို တွေ့တယ်ဆိုရင် မြန်မြန်လေး အတည်ပြုပေးလို့ ရမလားခင်ဗျာ... ကျွန်တော့်ယောက္ခထီးရော ယောက္ခမရော ကျွန်တော်နဲ့ သဘောတူကြပါတယ်... ထောက်ခံပေးပြီးပြီဆိုရင်လည်း မှတ်ပုံတင်ရဖို့အတွက် အချိန်က စောင့်ရဦးမယ်... ကျွန်တော် ဘယ်အချိန် မိန်းမရမလဲဆိုတာက လက်ထပ်မှတ်ပုံတင်လျှောက်လွှာကို တပ်ရင်းမှူး ဘယ်အချိန် အတည်ပြုပေးမလဲဆိုတဲ့အပေါ် မူတည်နေပါတယ်...”

တပ်ရင်းမှူးက ရှုပ်သွားဟန်ဖြင့် မေးလိုက်သည်။
“မင်းရဲ့ မင်္ဂလာရက်က ဇွန်လကျမှ မဟုတ်ဘူးလား... အဲ့ဒါဆို လက်ထပ်မှတ်ပုံတင် စောစောရလား နောက်ကျရလားက ဘာအရေးကြီးလို့လဲ...”

လုဖျင်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။

“လက်ထပ်မှတ်ပုံတင် စောစောရတယ်ဆိုရင် ကျွန်တော် စိတ်သက်သက်သာသာနေလို့ရမှာပါ...”

“ဒါက မင်းကိုလုပ်ဖို့ဆို သိပ်မလွယ်ဘူး... ဒုတပ်ရင်းမှူးလု.. မင်းကို စိတ်မသက်မသာ ခံစားရအောင် လုပ်ဖို့ ဆိုတာလေ...”
တပ်ရင်းမှူးက သက်ပြင်းချလိုက်ပြီး နက်နက်ရှိုင်းရှိုင်း တွေးရင်းပြောလိုက်သည်။

“မင်းက ဒီလိုပြောလိုက်ပြီဆိုမှတော့ ငါပြန်ရောက်တဲ့အချိန်ကျရင် မင်းရဲ့ လျှောက်လွှာကို ထပ်ခါ ထပ်ခါ ဖတ်မှ ဖြစ်တော့မယ်... ဒါမှ မင်းကို နောက်ထပ်ရက်နည်းနည်းလောက် စိတ်မသက်မသာဖြစ်အောင် လုပ်ဖို့ ကြိုးစားလို့ရမှာ...”

လုဖျင်ကျိုး- “...”

ထိုသို့ပြောခဲ့သော်လည်း လုဖျင်ကျိုး၏ လက်ထပ်မှတ်ပုံတင်လျှောက်လွှာကို နောက်တနေ့တွင်ပင် အတည်ပြုပေးလိုက်လေသည်။

ထိုသတင်းကို သိရသည်နှင့် လုဖျင်ကျိုး၏ ပထမဆုံးတုံ့ပြန်ချက်မှာ ခွင့်တစ်ရက်ယူခြင်း ဖြစ်သည်။ သူက ချက်ချင်းပင် ထိုသတင်းကို ချန်မန်အား ပြောပြလိုပေသည်။ သို့သော်လည်း သူ၏ခေါင်းဆောင်က မေးလိုက်သည်။

“မင်းက မနက်ဖန် နားရက်ရတယ်... ဒီနေ့ ခွင့်တစ်ရက်ယူချင်တယ်ဆိုတာ သေချာလား.. ဒီနေ့ မင်း မှတ်ပုံတင်ကို ရနိုင်လား...”

မဖြစ်နိုင်သည်က သေချာလွန်းလှသည်။ အချိန်က မွန်းလွဲနေပြီဖြစ်ကာ မှတ်ပုံတင်ရရန် အချိန်က ကျပ်လွန်းနေပေပြီ။ ဤအကြောင်းကို ချန်မန်၏ မိသားစုအား သူပြောပြရမည်ဖြစ်ပြီး ၎င်းနောက်မှ လက်ထပ်မှတ်ပုံတင်ယူရန် အချိန်အတိအကျကို ထပ်မံဆွေးနွေးရပေမည်။

သူ၏ ပျာယာခတ်နေသော ဦးနှောက်က အနည်းငယ်မျှ တည်ငြိမ်သွားပြီးနောက် လုဖျင်ကျိုးသည် ခွင့်ယူမည့် အစီအစဉ်ကို လက်လျှော့လိုက်သော်လည်း ထိုညတွင် သူ ကောင်းစွာ အိပ်မပျော်ခဲ့ပေ။ 

နောက်တစ်နေ့တွင် အာရုံမတက်မီကတည်းက အိပ်ရာထကာ ပြေးလမ်းအတိုင်း သုံးလေးပတ်ခန့် ပြေးလိုက်ပြီး မနက်စာစားလေသည်။ ထို့နောက်‌ ရေချိုးပြီး ချန်မိသားစုအိမ်ဆီသို့ ဦးတည်မောင်းနှင်ခဲ့လိုက်သည်။

သူတို့၏ ပထမဆုံးချိန်းဆိုမှုကတည်းက ဆုံတွေ့မယ့်အချိန်ကို ရှစ်နာရီလို့ သတ်မှတ်ထားပြီးနောက် အချိန်ကို တခါမှ မပြောင်းတော့ပေ...

ချန်မန်သည် ထုံးစံအတိုင်း မနက်ခုနှစ်နာရီတွင် အိပ်ရာထခဲ့ပြီး ကိုယ်လက်သန့်စင်ကာ မနက်စာစားရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဆန်ပြုတ်သောက်နေဆဲမှာပင် ခုနှစ်နှစ်ရှစ်နှစ်ခန့်ရှိမည့် ကလေးမလေးတစ်ယောက်သည် ခြံဝင်းအမှတ်၂၇ထဲသို့ ပြေးဝင်လာပြီး အော်ပြောလိုက်သည်။

“မမမန်မန်... မမရဲ့ ကောင်လေး ဒီမှာရောက်နေပြီ...”

ချန်မန်မှာ ကြောင်အမ်းသွားသည်။ သူမက ဝမ့်ချိုးမိန်ကို လှမ်းကြည့်လိုက်ပြီးနောက် အပြင်သို့ ထွက်သွားကာ မေးလိုက်သည်။

“ဘယ်သူရောက်လာတာလဲ...”

“မမရဲ့ ကောင်လေးလေ... ညီမလေးတို့ စုပေါင်းအိမ်ရာရဲ့ အပြင်မှာ သူစောင့်နေတယ်... ညီမလေးရဲ့ မေမေက သူ့ကို မြင်တော့ မမကို လာရှာတာလားလို့ မေးလိုက်တာ... သူကလေ မမနဲ့ ချိန်းထားတာက ရှစ်နာရီထိုးကျမှမို့လို့တဲ့ သူအပြင်ကပဲ စောင့်နေလို့ရမယ်တဲ့...”

သတင်းအပြည့်အစုံကို တင်ဆက်ပေးနေသော ကလေးမလေးက ရှင်းလင်းစွာ ပြောနေသည်။

“ညီမလေးရဲ့ မေမေက မကောင်းဘူးလို့ ထင်လို့ မမကို လာမေးဖို့ ညီမလေးကို လွှတ်လိုက်တာ... မမန်မန်... သူ့ကို တွေ့ဖို့ အပြင်ထွက်လာမှာလား...”

ချန်မန်သည် ခေါင်းကို လှည့်၍ ဧည့်ခန်းနံရံပေါ်ရှိ နာရီကို လှမ်းကြည့်လိုက်သည်။ အချိန်က ၇း၂၀ သာ ရှိသေးသည်။ သူမက လျင်မြန်စွာ ပြောလိုက်သည်။

“လာပြောပေးလို့ ကျေးဇူးပဲနော် ညီမလေး... မမ အခုပဲ လာခဲ့မယ်နော်...”

ထို့နောက် သူမက ဧည့်ခန်းထဲသို့ ပြန်ဝင်သွားပြီး အံဆွဲထဲမှ သကြားလုံးအနည်းငယ်ကို ယူလိုက်ပြီး ကလေးမလေးကို ပေးလိုက်လေသည်။

ကလေးမလေးက အစပိုင်းတွင် ငြင်းဆန်နေသော်လည်း နောက်ပိုင်းတွင် မငြင်းတော့ဘဲ ပျော်ရွှင်စွာဖြင့် သကြားလုံးများကို ယူကာ ပြန်သွားလေသည်။

ချန်မန်က ဧည့်ခန်းထဲသို့ ပြန်ဝင်သွားကာ ဆန်ပြုတ်ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး ပါးစပ်အပြည့် သုံးလေးလုတ်မျှ မော့သောက်လိုက်သည်။


“ရှောင်လုက ဘာလို့ ဒီနေ့ အစောကြီး လာတာလဲ...”

ဝမ့်ချိုးမိန် သိချင်သွားမိသည်။
ချန်မန်က ပန်းကန်လုံးအား အောက်ချလိုက်သည်ကို မြင်လိုက်သောအခါ သူမက ကပျာကယာ မေးလိုက်သည်။

“သမီး မနက်စာမစားတော့ဘူးလား...”

“သမီးမဆာဘူး အမေ...”
ချန်မန်က သူမ၏အခန်းထဲသို့ ပြန်ဝင်သွားပြီး ခပ်သွက်သွက်ပင် မှန်ကြည့်လိုက်သည်။ အားလုံး အဆင်ပြေသည်ဟု သူမ ယူဆသောကြောင့် ဘေးအိတ်ကို ကောက်ယူလိုက်ပြီး အပြင်သို့ ထွက်လိုက်သည်။

“အမေ... သမီး အပြင်သွားပြီနော်...”
 
ဝမ့်ချိုးမိန်က သူမနောက်မှ လိုက်လာရင်း ပြောလိုက်သည်။
“နေ့လည်ကျရင် စောစောပြန်ခဲ့နော်...”

“သိပါပြီ...”

ဝမ့်ချိုးမိန်ကို ပြန်ဖြေရင်း သူမ ခပ်သွက်သွက်လေး လမ်းလျှောက်လိုက်သည်။ စုပေါင်းအိမ်ရာ၏ ဝင်ပေါက်သို့ ရောက်သောအခါ လမ်းဘေးတွင် ဂျစ်ကား ရပ်ထားသည်ကို မြင်လိုက်ရပြီးနောက် ခပ်သွက်သွက်လမ်းလျှောက်နေခြင်းမှ အပြေးတစ်ပိုင်းသွားခြင်းဆီသို့ ပြောင်းလိုက်လေသည်။

ကားထဲမှ အမျိုးသားကလည်း သူမကို မြင်သည်နှင့် တံခါးဖွင့်ကာ ကားပြင်သို့ ထွက်လာ၏။ ထို့နောက် ခြေလှမ်းကျဲကြီးများဖြင့် လွှားခနဲ သူမဆီသို့ လှမ်းလာပြီး လက်မောင်းဖြင့် ဆီးကြိုပွေ့ဖက်လိုက်လေသည်။

ချန်မန်မှာ ခေတ္တမျှ ကြောင်အမ်းသွားပြီး သူမနှုတ်ခမ်းဖျားရှိ မေးလုဆဲဆဲ မေးခွန်းကိုပင် မေ့လျော့သွားလေသည်။ လုဖျင်ကျိုးက ဖက်ထားရာမှ လွှတ်လိုက်သည့်တိုင်အောင် သူမသည် အူကြောင်ကြောင်ဖြစ်နေပြီး ရှေ့တွင် ရှိနေသော ပုဂ္ဂိုလ်ကို မျက်လုံးအဝိုင်းသားနှင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။

“ရှင်...”

သူမ၏ ကြောင်တောင်တောင်အကြည့်များကို မြင်လိုက်ရသောအခါ လုဖျင်ကျိုးသည် သူ့စိတ်တွင်းမှ ပျော်ရွှင်မှုကို တားဆီးမထားနိုင်တော့ဘဲ သူမ စကားမဆုံးသေးမီမှာပင် ပြောလိုက်လေည်။

“ကိုယ်တို့ရဲ့ လက်ထပ်မှတ်ပုံတင်လျှောက်လွှာကို အတည်ပြုပေးလိုက်ပြီ...”

ချန်မန်မှာ ခုထိ အာရုံပြန်မလည်သေးဘဲ သူမ၏စိတ်မှာ အနည်းငယ် နောက်ကျကျန်နေခဲ့သည်။

“အာ...”

လုဖျင်ကျိုးက ဖြူဖွေးသောသွားများပေါ်သည်အထိ ပြုံးလိုက်သည်။

“ကိုယ်ပြောချင်တာက ကိုယ်တို့ရဲ့ လက်ထပ်မှတ်ပုံတင်ကို ရတော့မယ်လို့...”

****

သူမသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည်။ သူမအမေကဲ့သို့ တန်ဖိုးရှိသော အိမ်ကို တစ်ယောက်ယောက်ကများ ယူဆောင်သွားမည်လားဟု  á€…á€­á€Żá€¸á€›á€­á€™á€şá€™á€”á€ąá€á€˛á€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ လက်ထပ်မှတ်ပုံတင် ရရှိသောအချိန်နှင့် မင်္ဂလာပွဲ ကျင်းပသောအချိန်တို့ ပို၍နီးနီးကပ်ကပ်ရှိစေရန် မျှော်လင့်နေဆဲဖြစ်၏။ ထို့အပြင် လက်ထပ်မှတ်ပုံတင် ယူခြင်းသည် လက်ထပ်ခြင်း၏ ပထမအဆင့်ဖြစ်သောကြောင့် သူမက နေ့ကောင်းရက်သာလည်း ရွေးလိုပေသည်။

ထိုကြောင့်ပင် လုဖျင်ကျိုးက လက်ထပ်မှတ်ပုံတင်ကို ချက်ချင်းပင် သွားယူလိုသော်လည်း အနည်းငယ် တိုင်ပင်ပြီးကြသောအခါ မင်္ဂလာရက်ကို မေလ ၂၀ရက်နေ့ဟု နောက်ဆုံးသတ်မှတ်လိုက်ကြလေသည်။

ထိုရက်ကို ချန်မန်က ရွေးလိုက်ခြင်းဖြစ်သည်။

အမှန်က ထိုရက်အပြင် မေ ၁၆ရက်နှင့် မေ ၂၈ရက်ကိုလည်း ရွေးချယ်နိုင်ကြောင်း ဝမ့်ချိုးမိန်က ပြောခဲ့သည်။

ထိုသုံးရက်အနက် လုဖျင်ကျိုးက အစောဆုံးဖြစ်သော မေလ ၁၆ရက်ကို ပိုသဘောကျသော်လည်း ချန်မန်က တွေဝေမနေဘဲ မေလ ၂၀ရက်နေ့ကို ရွေးချယ်လိုက်လေသည်။

နောက်ဆယ်စုနှစ်အနည်းငယ်အတွင် ထိုရက်စွဲသည် လူကြိုက်အများဆုံး လက်ထပ်ပွဲအမှတ်တရရက်စွဲ ဖြစ်လာပေမည်။ ထိုရက်စွဲတွင် လက်ထပ်ခွင့်ရရေးအတွက် ပြည်သူ့အမှုဆောင်ဌာနရှေ့တွင် ညလုံးပေါက် တန်းစီနေခဲ့သူများမှာ မည်မျှပင် များပြားလိုက်ပါသနည်း။ (**မေလ ၂၀ (520) ဟာ "I love you" (ဝေါ်အိုက်နီ)ဆိုတဲ့ အသံနဲ့တူလို့၊ တရုတ်နိုင်ငံမှာ ချစ်သူတွေအတွက် အထူးနေ့တစ်ခု ဖြစ်လာပါတယ်။ ဒီနေ့မှာ လက်ထပ်မှတ်ပုံတင်ခြင်းကိုလည်း အထူး ဦးစားပေးလုပ်ကြတာမို့ လက်ထပ်ဖို့ ကောင်းတဲ့ ရက်စွဲတစ်ခုအဖြစ် သတ်မှတ်လာတာပဲ ဖြစ်ပါတယ်။)

သို့သော် သူမရောက်နေသောကာလမှ လူများသည် ထိုကဲ့သို့သော အရာများကို ဂရုမစိုက်ကြသလို မေလ ၂၀ ရက်နေ့တွင် လက်ထပ်မှတ်ပုံတင်ခွင့်ရရန်အတွက် တန်းစီနေရန်လည်း မလိုသည်ကို တွေးလိုက်မိရင်း ချန်မန်သည် ထိုရက်ကို မရွေးလိုက်မိပါက သူမ ဦးနှောက်ပျက်နေ၍သာ ဖြစ်ရမည်ဟုပင် ခံစားလိုက်မိလေသည်။

ထို့ထက်ပိုသည်က သံတူကြောင်းကွဲစကားလုံးများသည် အဖန်တရာတေနေပြီ ဖြစ်သော်လည်း ထိုစကားများက အလွန်ကဗျာဆန်ကြပေသည်။

ထိုအချစ်ဇာတ်လမ်းမျိုးသည် ချန်မန်၏ ချက်ကောင်းကို ထိသွားသောကြောင့် ထိုရက်ကို ရွေးချယ်လိုက်ပြီးနောက် သူမက ခိုင်မာစွာ သန္နိဋ္ဌာန် ချထားလေသည်။

သမီးဖြစ်သူ ရွေးချယ်လိုက်သောရက်ကို ဝမ့်ချိုးမိန်ကလည်း မိခင်ပီပီ မကန့်ကွက်ပေ။ လုဖျင်ကျိုးအဖို့မှာမူ စောလေကောင်းလေဟု ဆန္ဒရှိသော်လည်း သူနှင့် စေ့စပ်ထားသောမိန်းကလေး၏ သဘောထားကို လေးစားရန် သူကလည်း ဆန္ဒရှိပေသည်။

လတစ်လ၏ တစ်ဝက်မျှပင် မကျန်သောအချိန်က လျှပ်တပြက်အတွင်းမှာပင် ကုန်လွန်သွားခဲ့ပြီး မေလ ၂၀ရက်နေ့သို့ ရောက်လာသောအခါ လုဖျင်ကျိုးသည် ချန်မိသားစု၏အိမ်သို့ တစ်စုံတစ်ဦးကို အကြိုထောက်ရန် အစောကြီးရောက်လာခဲ့သည်။

နောက်ဆုံးတစ်ခေါက်က လုဖျင်ကျိုးသည် စက်ပစ္စည်းစက်ရုံသို့ ခုနှစ်နာရီမထိုးခင် ရောက်လာပြီး အထဲသို့ ဝင်မလာဘဲ စုပေါင်းအိမ်ရာ၏ အပြင်ဘက်တွင် စောင့်နေခဲ့ချိန်နောက်ပိုင်းကတည်းက သူတို့နှစ်ယောက်သည် ရှစ်နာရီတွင် တွေ့ဆုံရန်ဟူသော သဘောတူညီချက်ကို ဆက်ပြီး လိုက်နာမနေကြတော့ပေ။ ထိုနောက်ပိုင်းတွင် လုဖျင်ကျိုးသည် သူရောက်လာသည်နှင့် သူမကိုတွေ့ရန် အိမ်သို့သာ ဆိုက်ဆိုက်မြိုက်မြိုက် သွားလိုက်သလို တခါတရံတွင် သူစောစောရောက်လာသဖြင့် သူမနှင့်အတူ မနက်စာစားလိုက်ရသော နေ့များလည်း ရှိသည်။

သုံးလေးခေါက်ခန့် အလည်လာပြီးသောအခါ ခြံဝင်းအမှတ်၂၇အတွင်း၌ နေထိုင်သူများသည် လုဖျင်ကျိုးကို ရင်းနှီးလာကြသည်။ သူတို့က သူ့ကို မြင်သည်နှင့် ပြုံးရွှင်စွာ နှုတ်ဆက်တတ်ကြသည်။

“ရှောင်လု ရောက်လာပြီဟေ့...”

လုဖျင်ကျိုးကလည်း သူကို နှုတ်ဆက်သူများအား ရင်းနှီးစွာ ပြန်လည် ပြောဆိုစေကာမူ လူကမရပ်တန့်ဘဲ ချန်အိမ်၏ ဖွင့်ထားသောတံခါးဆီသို့သာ တန်းတန်းမတ်မတ်သွားပေလိမ့်မည်။

ဝမ့်ချိုးမိန်သည် သူမ၏အခန်းအတွင်း၌ ထုပ်ပိုးနေသည်။ အပြင်က ဆူညံဆူညံ ဖြစ်လာသောကြောင့် သူမက အပြင်သို့ ကပျာကယာ ထွက်လာပြီး “ရှောင်လု ရောက်လာပြီလား...” ဟု ပထမဆုံး မေးလိုက်၏။

ထို့နောက် ဆက်မေးလိုက်သည်။
“မနက်စာရော စားပြီးပြီလား...”

“မစားရသေးပါဘူးခင်ဗျ...”

ဝမ့်ချိုးမိန်က ဤစကားမျိုးကို ကြားနေကျဖြစ်သောကြောင့် ဖော်ရွေစွာဖြင့် ပြောလိုက်သည်။

“ကောင်းတာပေါ့... အ‌ဒေါ်က ဆန်ပြုတ်ချက်ပြီးတော့ ပန်ကိတ်နည်းနည်း လုပ်ထားတယ်... ပြီးရင် မန်မန်နဲ့အတူ စားလိုက်ကြလေ...”

လုဖျင်ကျိုးက ပြုံးကာ လက်ခံလိုက်ပြီး သူ့မျက်နှာပေါ်တွင် ထမင်းအလကားစားရခြင်းအတွက် ရှက်ရွံ့မှုဟူ၍ တစိလေးပင် ရှိမနေပေ။ သူက ဘေးဘယ်ညာသို့ ကြည့်လိုက်ပြီး မေးလိုက်၏။

“မန်မန် ခုထိ မနိုးသေးဘူးလား...”

“အဒေါ်က အစောကြီးနိုးနေတာ... သူက အိမ်ထဲမှာ ဘာလုပ်နေတာလဲ မသိဘူး...”

ဝမ့်ချိုးမိန်က ပြောပြောဆိုဆိုနှင့် ချန်မန်၏ အခန်းဆီသို့သွားကာ အခန်းတံခါးကို လက်ဖြင့်ခေါက်လိုက်ပြီး မေးလိုက်သည်။

“ဖျင်ကျိုးက ဒီမှာ‌ရောက်နေပြီ... ဘာလို့ အိမ်ထဲမှာ ပုန်းနေတာလဲ...”

ဝမ့်ချိုးမိန် စကားဆုံးသွားသည်နှင့် မန်မန်က တံခါးကို ဖွင့်လိုက်ပြီး ခါးကိုင်းကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ရှက်သွေးဖြန်းကာ နီမြန်းနေသော မျက်နှာလေးနှင့် ပြောလိုက်သည်။

“ကျွန်မ ဘာမှမလုပ်ရသေးဘူး... အရင်စားနှင့်ကြပါ... ကျွန်မ ခဏနေရင် ထွက်ခဲ့မယ်...”
ပြောစကား၏ နောက်တစ်ပိုင်းသည် လုဖျင်ကျိုးကို ဉီးတည်၍ ပြောလိုက်ခြင်းဖြစ်သည်။

သူက သူမ၏မျက်နှာကို တောက်လျှောက်စိုက်ကြည့်နေပြီး ခေါင်းညိတ်ကာ ကောင်းပြီဟု ပြောလိုက်သည်။ သို့သော် သူ၏ စိတ်တွင်းကမူ သူမ အဘယ်ကြောင့် ရှက်သွေးဖြာနေသနည်းဟု စဉ်းစားနေမိလေသည်။

ဤသည်က သူမရှက်နေသောကြောင့် မဖြစ်နိုင်ပေ။ သူမ ရှက်သွားသည်ဆိုလျှင် သူမ၏ မျက်နှာတွင် ရှက်သွေးဖြန်းသည့်ပုံစံက ပန်းရောင်အစွန်းအထင်းလေးသဖွယ် ဖြစ်သည်။ ယခု သူမမျက်နှာတွင် နီမြန်းနေပုံက ရှက်သွေးဖြာသည်မျိုး မဟုတ်ဘဲ တစ်ခုခုကို အလွန်အကျွံအားစိုက်ထားသောကြောင့် မျက်နှာနီလာပုံမျိုး ဖြစ်နေသည်။

မျက်နှာတောင် နီလာရတဲ့အထိတောင် သူမက အခန်းထဲမှ ဘာလုပ်နေတာပါလိမ့်...

လုဖျင်ကျိုး အလွန်အမင်း သိချင်လာသည်။

အမှန်မှာ ချန်မန်က အခန်းတွင်း၌ ဘာမျှ ထူးထူးခြားခြား လုပ်နေခြင်းမဟုတ်ဘဲ ဝတ်စုံလဲဝတ်နေခြင်းသာ ဖြစ်သည်။

သူမ လဲဝတ်နေသော ဝတ်စုံသည် အခြားမဟုတ်ဘဲ ဧပြီလအစောပိုင်း မောလ်သို့ သွားစဉ်အချိန်က လုဖျင်ကျိုး သူမအတွက် ဝယ်ပေးခဲ့သော ဝတ်စုံဖြစ်သည်။

ထိုဝတ်စုံကို ဝယ်ယူစဉ်က ဝတ်စုံသည် အလွန်လှပပြီး အရွယ်အစားကလည်း သူမနှင့် တော်နိုင်သည်ဟုသာ ချန်မန်တွေးခဲ့မိသည်။ ဝယ်လာပြီးနောက် အိမ်သို့ရောက်၍ ဝတ်ကြည့်သောအခါ ဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်ထက် အနည်းငယ် သေးနေပြီး သူမသာ ပိုဝလာလျှင် ထိုဝတ်စုံကို ဝတ်ရန် မလွယ်နိုင်တော့ပေ။

သို့သော်လည်း ထိုအချိန်က ချန်မန်သည် အတော်ပင် ပိန်နေခဲ့ပြီး ဝတ်စုံကလည်း သူမ၏ ခန္ဓာကိုယ်နှင့် ကွက်တိပင် ဖြစ်နေခဲ့သည်။ ဝတ်စုံက သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများကို အထင်းသား ပေါ်လွင်စေသည့်တိုင်အောင် အဆုံးတွင် သူမသည် အချိန်ခရီးသွားတစ်ယောက်ဖြစ်ပြီး ရှေးရိုးဆန်စွာ ဝတ်စားဆင်ယင်ခြင်း မလုပ်လိုသောကြောင့် ထိုအဝတ်များကို သိမ်းထားခဲ့ရသည်။

ဤသည်က နွေရာသီဝတ်စုံဖြစ်သောကြောင့် သူမ ဝယ်လာပြီးနောက် တစ်ခါသာ ဝတ်ကြည့်ရသေးသည်။ ဝတ်စုံကို ရေချလိုက်ပြီးနောက် နွေရာသီရောက်၍ ရာသီဥတုပူလာသောအချိန်ကျမှ ဝတ်ဆင်ရန် ပြင်ဆင်ထားပြီး ဝတ်စုံကို သိမ်းထားလိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အပူချိန်က မြင့်တက်လာပြီး ဖြည်းဖြည်းချင်း လက်ရှည်များကို ဝတ်နိုင်စွမ်း မရှိတော့ပေ။ ထပ်ဖြည့်ရမည်ဆိုလျှင် ယနေ့သည် လက်ထပ်မှတ်ပုံတင် ယူမည့်နေ့ဖြစ်ရာ ချန်မန်က ကောင်းကောင်းလေး ဝတ်ဆင်လိုသောကြောင့်  á€‘á€­á€Żá€á€á€şá€…á€Żá€śá€€á€­á€Ż သူမ ပြန်ရှာခဲ့လေသည်။

သို့သော်...

လတ်တလော အစားအသောက်များက ပို၍ အရသာရှိလာသည်လည်းဖြစ်နိုင်ပေသည်။ ဝတ်စုံကို ဝတ်ကြည့်လိုက်သည်နှင့် သူမက ကိုယ်အလေးချိန်တိုးလာသည်ကို ချန်မန် ဝမ်းနည်းစွာ သိလိုက်ရ၏။

သူမသည် အလွန်အကျွံ ဝဖြိုးလာခြင်း မဟုတ်သလို သူမ၏ မျက်နှာက သိသိသာသာ ဖောင်းပြည့်နေခြင်းမရှိဘဲ လက်မောင်းနှင့် ခြေထောက်များကလည်း သွယ်သွယ်လျလျ ဖြစ်နေဆဲဆိုသော်လည်း ဇစ်ဆွဲတင်လိုက်ချိန်တွင် ရင်ဘတ်နေရာထက် ကျော်အောင် ဆွဲတင်၍ မရတော့ပေ။ ဇစ်က သူမ၏ ကျောဘက်တွင် ရှိနေသောကြောင့်လည်း ဖြစ်ပြီး ကျောဘက်သို့ လက်များကို ပို့ကာ ဇစ်ဆွဲရန် ကြိုးစားရသောအခါ သူမသည် ထိုလှုပ်ရှားမှုကို ခက်ခဲစွာ လုပ်နေရသည်။

တံခါးကို ပိတ်ပြီးသောအခါ ချန်မန်မှာ နှစ်ကြိမ်ထပ်ကြိုးစားလိုက်ရသည်။ ပထမအကြိမ်တွင် လက်များ နာကျင်လာသောကြောင့် ရပ်ထားလိုက်ရသည်။ ခဏလောက် နားပြီးသောအခါမှ သူမသည် ဇစ်ခေါင်းကိ အဆုံးထိ ဆွဲတင်နိုင်လိုက်လေသည်။

ဆွဲကြိုးဆွဲလိုက်ပြီးနောက် ချန်မန်သည် စားပွဲပေါ်က မှန်ကို ကောက်ယူပြီး သူမ၏ ပုံရိပ်ကို ကြည့်လိုက်သည်။ နှစ်ဘဝလုံး ပြားချပ်နေခဲ့သော သူမ၏ ရင်သားများသည် ယခုအခါ အနည်းငယ် ပြည့်ဝန်းနေသည်ကို သူမ ခံစားလိုက်ရလေသည်။

ဒီအတိုင်းအပြင်ထွက်လိုက်မယ်ဆိုရင် အဆင်ပြေလောက်ပါတယ်နော် ဟုတ်တယ်မလား...

ချန်မန်၏ နှလုံးသားသည် ခေတ္တမျှ ခပ်ကြမ်းကြမ်း ခုန်ပေါက်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမသည် တံခါးကို ဖွင့်၍ အပြင်ကို ထွက်လိုက်သည်။

လုဖျင်ကျိုးသည် ဧည့်ခန်းထဲတွင် ဆန်ပြုတ်သောက်နေပြီး ဝမ့်ချိုးမိန်က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သူ့ကို စကားပြောနေသည်။ တံခါးဖွင့်သံကို ကြားလိုက်ရချိန်တွင် သူတို့နှစ်ယောက်စလုံးက ခေါင်းများကို လှည့်ကြည့်လိုက်ရာ အံ့အားသင့်နေသော အရိပ်အယောင်များက သူတို့၏ မျက်ဝန်းများထဲတွင် ဖြတ်ပြေးသွားလေသည်။

မည်သို့ပင်ဖြစ်စေ လုဖျင်ကျိုး၏ တုန့်ပြန်မှုက ပို၍ ပြင်းထန်လှ၏။ သူက ဆန်ပြုတ်သောက်နေရင်းမှ သီးသွားပြီး ဆက်တိုက်ပင် ချောင်းဆိုးသွားခဲ့သည်။ ချောင်းဆိုးနေရင်းနှင့်ပင် သူက ချန်မန်၏ အလှကို မျက်နှာမလွှဲနိုင်ခဲ့ပေ။

သူ၏ တောက်‌လောင်နေသော အကြည့်များကို သတိပြုမိသွားပြီး ချန်မန်၏ ပါးပြင်များသည် အနည်းငယ် ပူနွေးလာသည်။ သူမက မရေမရာဟန်ဖြင့် မေးလိုက်လေသည်။

“မှတ်ပုံတင် သွားယူတာ ဒီဝတ်စုံဝတ်လို့ ဖြစ်ရဲ့လား...”

💝💝💝 👩‍❤️‍👨Chapter 35
လက်မှတ်ရပြီ

“မှတ်ပုံတင် သွားယူတာ ဒီဝတ်စုံဝတ်လို့ ဖြစ်ရဲ့လား...”

“ဖြစ်တာပေါ့... ဒါက ဘာမှပြဿနာမရှိပါဘူး...”

ဝမ့်ချိုးမိန်က ပြောရင်း လုဖျင်ကျိုးကို လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းချရင်း မေးလိုက်သည်။

“ရှောင်လု... မင်း ချောင်းတွေ တအားဆိုးနေပါလား... အဆင်ပြေရဲ့လား...”

လုဖျင်ကျိုးက ပါးစပ်ကို လက်ခုံဖြင့် ကာလိုက်ရင်း အသက်ဝဝရှူလိုက်ကာ ဖြေလိုက်၏။

“ကျွန်တော် အဆင်ပြေပါတယ်...”

ချန်မန်က သူ့အကြည့်များကို ရှောင်ရှားလိုက်ပြီး ဝမ့်ချိုးမိန်ကို မေးလိုက်လေသည်။

“တအားများကျပ်နေလားလို့...”
ထိုအချိန်က အဝတ်အစားပုံစံများသည် အများအားဖြင့် ပွပွချောင်ချောင်များ ဖြစ်သည်။

ဝမ့်ချိုးမိန်က ပြုံးပြီး ပြောလိုက်သည်။
“ကျပ်ကျပ်ကပ်ကပ်လေးဆိုတော့ရော ဘာဖြစ်လဲ... အဝတ်အစားဆိုတာ ကြွားချင်လို့မှ လူတွေက လုပ်ထားတာပဲ... တော်လှန်ရေးကော်မတီက လူတွေ တစ်ခုခုပြောရဲတယ်ဆိုရင်လည်း သူတို့ကို စက်ရုံရဲ့ ဂိုဒေါင်ဆီကို အခုလာခဲ့လို့သာ ပြောလိုက်... သူတို့မဝယ်နိုင်တဲ့ အဝတ်တွေကို သူများတွေဝတ်တာ ခွင့်မပြုချင်ဘူးဆိုတာတော့ အဓိပ္ပာယ်ကို မရှိဘူး... မင်းရော အဲ့လိုမထင်ဘူးလား ရှောင်လု...”

လုဖျင်ကျိုးက ခေါင်းမော့ထားပြီး ချန်မန်ကို နူးညံ့နွေးထွေးသောအကြည့်များနှင့် စိုက်ကြည့်နေ၏။ 

သူမက အစိမ်းရောင်နှင့်အဖြူရောင် အကွက်ဆင်စကပ်ကို ဝတ်ဆင်ထားပြီး ဗွီပုံသဏ္ဍာန်လည်ပင်းပေါက်တွင် အစိမ်းရင့်‌ရောင်အစဖြင့် ကွပ်ထားကာ ရင်ဘတ်ပေါ်တွင် ကြယ်သီးလေးများကို အတန်းလိုက်တပ်ထားသည်။ ဝတ်စုံက ခါးသိမ်သိမ်လေးတွင် စည်း‌ထားသကဲသို့ဖြစ်နေပြီး အနားသပ်များက သူမ၏ ခြေချောင်းများဆီသို့ လျောဆင်းသွားကာ သွယ်လျချောမွေ့သော ခြေကျင်းဝတ်လေးများကို မြင်နေရလေသည်။

ဝတ်စုံ၏ ပုံစံက အထူးခြားကြီး မဟုတ်သော်လည်း အရောင်စပ်ထားမှုက ချန်မန်၏ အသားအရေကို ပိုမိုဝင်းပသွားစေပြီး ရင်သားနှင့် ခါးသိမ်သိမ်လေးတို့မှာ အနည်းငယ်စည်းနှောင်ထားသကဲသို့ ဖြစ်နေကာ ခန္ဓာကိုယ်ကောက်ကြောင်းကို ကောင်းကောင်းကြီး မြင်နေရလေသည်။

အတ္တကြီးကြီးဖြင့် ပြောရမည်ဆိုလျှင် လုဖျင်ကျိုးက သူမ ဤဝတ်စုံကို ဝတ်သည်မှာ သူတစ်ယောက်တည်း မြင်စေချင်သည့်အတွက်ဟူ၍သာ ဖြစ်စေချင်မိသည်။ သို့သော်လည်း သူမသည် ဤပုံစံနှင့် အလွန်ပင် လိုက်ဖက်လှပြီး ဤဝတ်စုံကို သူမ အလွန်နှစ်သက်သည်မှာ ပေါ်လွင်လှသည်။

ထိုကဲ့သို့ပင် သူကလည်း သူမဝယ်ပေးထားသော သားရေရှူးဖိနပ်များကို အလွန်ကြိုက်နှစ်သက်ပြီး ယနေ့တွင် ထိုဖိနပ်များကို ဝတ်လာခဲ့သည်။

လုဖျင်ကျိုးက ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“အရမ်းကောင်းတယ်...”
...

၁၉၇၀ခုနှစ်များတွင် မေလ ၂၀ရက်နေ့ကို အရေးပါသောနေ့အဖြစ် မသတ်မှတ်ကြသေးသောကြောင့် တော်လှန်ရေးကော်မတီထဲတွင် လက်ထပ်မှတ်ပုံတင်ရန်အတွက် စောင့်ဆိုင်းနေကြသောလူများမှာ များများစားစား မရှိပေ။ သူတို့ရောက်သွားချိန်တွင် သူတို့ရှေ့၌ လက်ထက်ရန်စောင့်နေသော စုံတွဲသုံးတွဲသာရှိလေသည်။

ထိုနေရာတွင် စုံတွဲသုံးတွဲသည် အစိမ်းရောင် စစ်တပ်တရားဝင်ဝတ်စုံ သို့မဟုတ် ပေါ့ပေါ့ပါးပါးဝတ်ရသော စစ်တပ်ရိုးရိုးဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ လုဖျင်ကျိုးနှင့် ချန်မန်တို့ ထိုလူတန်းထဲတွင် တန်းစီလိုက်သည်နှင့် သူတို့စုံတွဲမှာ အလွန်ပင်ထင်သာမြင်သာရှိနေလေ၏။

လုဖျင်ကျိုးကလည်း အစိမ်းရောင် စစ်တပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်စေကာမူ သူ၏ လေတပ်ဝတ်စုံသည် အကျီအစိမ်းရောင်နှင့် ဘောင်းဘီအပြာ‌ရောင် ဖြစ်ပြီး အခြားသူများ၏ ဝတ်စုံမှာ အထက်အောက် အစိမ်း‌ရောင်ဖြစ်သည်။ သူ့တွင် ဖြောင့်မတ်သော ကိုယ်နေဟန်ထားနှင့် စိတ်နေသဘောထား ရှိပြီး ဤသည်တို့က သူသည် စစ်သားတစ်ယောက်ဖြစ်သည်ဟု ဖော်ပြနေလေသည်။

ချန်မန်က ထင်သာမြင်သာ ဖြစ်နေရခြင်းမှာ သူမသည် ထိုမြင်ကွင်းထဲတွင် စစ်တပ်ဝတ်စုံ ဝတ်မထားသည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်နေသောကြောင့်ပင်။ ထို့အပြင် သူမ၏ ဝတ်စုံသည် ရှေးရိုးဆန်သူတို့၏ မြင်ကွင်းဝယ် တည်ကြည်မှုမရှိဟု အထင်ခံရနိုင်ပေသည်။ သို့သော်လည်း လက်ထပ်မှတ်ပုံတင်ရန် လာရောက်ကြသူများအားလုံးသည် လူငယ်များသာဖြစ်ကြသည်။ သူတို့နှစ်ဦး ထိုအထဲသို့ လမ်းလျှောက်ဝင်လာကတည်းက သူတို့ရှေ့တွင် တန်းစီနေကြသော မိန်းကလေးများသည် သူမထံမှ အကြည့်မလွှဲနိုင်ကြတော့ပေ။

မိန်းကလေးများထဲမှ တစ်ယောက်သည် ပို၍ပင် ထူးခြားနေပြီး ချန်မန်ဆီသို့ လာကာ ထိုဝတ်စုံကို မည်သည့်နေရာမှ ဝယ်ခဲ့သည်နှင့် မည်မျှကုန်ကျသည်ကို လာ၍စပ်စုလေသည်။

ချန်မန်ကလည်း ဖုံးကွယ်မထားပေ။ မည်သို့ပင်ဖြစ်စေ ထိုသူများကို သူမ မသိကျွမ်းဘဲ ယနေ့ကျော်သွားလျှင် သူတို့နှင့် ထပ်တွေ့မည်လည်း မဟုတ်ရကား သူတို့က ဆင်တူသည့် ဝတ်စုံကို ဝတ်မိနေမည့်ကိစ္စအား စိုးရိမ်နေခြင်း မရှိပေ။ သို့သော်လည်း သူမက အလေးအနက် ပြောပြလိုက်သည်။

“တကယ်လို့ နည်းနည်း ချောင်ချောင်လေး ဝတ်ချင်တယ်ဆိုရင် နံပါတ်တစ်ခုလောက် ပိုကြီးတဲ့ အရွယ်အစားကို ရွေးတာ ပိုကောင်းမယ်... ဒီစကပ်ကလေ ခါးနားလေးမှာ ပိုပြီးတော့ ကျပ်တယ်...”

ထိုစကားကို ကြားလိုက်ရသည်နှင့် လုဖျင်ကျိုးနှင့်တကွသော အခြားသူများ၏ မျက်လုံးအကြည့်များသည် အောက်ဆီသို့ စုန်ဆင်းသွားပြီး သူမ၏ သေးကျဉ်သော ခါးကလေးပေါ်တွင် ရစ်ဝဲနေကြလေသည်။

တစ်ဖက်မိန်းကလေးမှာ ခေတ္တမျှ တုန့်ဆိုင်းသွားပြီး ပြောလာလေသည်။

“ဝယ်ရမလား မဝယ်ရဘူးလားလို့ စဉ်းစားကြည့်လိုက်ပါဦးမယ်...”

ထိုကာလက လက်ထပ်မှတ်ပုံတင် ရရှိရေးအတွက် ဆောင်ရွက်ရသော လုပ်ငန်းစဉ်များသည် နောက်မျိုးဆက်သစ်များထက် ပိုမိုရှုပ်ထွေးလေသည်။ အပိုဆောင်းအနေဖြင့် အချက်အလက်များကို အတည်ပြုနိုင်ရန်အတွက် စုံတွဲများသည် နှစ်ဖက်လုံး၏ အနေအထားအခြေအေန၊ နှစ်ဦးသား မည်သို့တွေ့ဆုံခဲ့သည်များကို စုံစမ်းစစ်ဆေးခံရမည်ဖြစ်ပြီး နှစ်ဦးစလုံးကလည်း မိမိတို့ဆန္ဒအလျောက် လက်ထပ်ကြခြင်းဖြစ်သည်ကိုပါ အတည်ပြုပေးရမည် ဖြစ်သည်။

ထို့ကြောင့် ထိုနေရာတွင် သူတို့ရှေ့၌ တန်းစီထားသူ စုံတွဲသုံးတွဲသာ ရှိသော်လည်း ချန်မန်နှင့် လုဖျင်ကျိုးတို့သည် သူတို့အလှည့်မရောက်မီ တစ်နာရီခွဲမကကြာအောင် စောင့်ဆိုင်းခဲ့ရသည်။

ရုံးခန်းထဲသို့ ဝင်လိုက်သောအခါ ရုံးခန်းက သိပ်မကြီးကြောင်း ချန်မန်‌ တွေ့လိုက်ရသည်။ ရုံးထဲတွင် စားပွဲခုံနှစ်လုံးနှင့် စာရေးနှစ်ယောက်သာ ရှိ၍ တစ်ယောက်က အချက်အလက်များ စစ်ဆေးရန် တာဝန်ယူထားပြီး တစ်ယောက်က စုံစမ်း‌မေးမြန်းသည့်လုပ်ငန်းစဉ်အတွက် တာဝန်ယူထားသည်။

ထိုနေရာတွင် လူလတ်ပိုင်းစာရေးတစ်ယောက်ရှိနေသည်။ သူက မော့ကြည့်လိုက်ချိန်တွင် ချန်မန်ကို မြင်လိုက်ရပြီး သူ၏ ပထမဆုံးတုန့်ပြန်ချက်မှာ မျက်မှောင်ကြုံ့လိုက်ခြင်းပင်။ ထို့နောက် သူ့အကြည့်က လုဖျင်ကျိုးဆီသို့ ရွှေ့ပြောင်းသွားသောလည်း သူ့မျက်ဝန်းထဲရှိ စိတ်မကျေနပ်မှုများမှာ အနည်းငယ် ထင်ကျန်နေဆဲဖြစ်သည်။ ၎င်းနောက် အချက်အလက်များကို အထပ်ထပ်အခါခါ ကြည့်နေပြီးမှ အမှားရှာဖွေခြင်းအား လက်မြှောက်လိုက်လေသည်။

သူတို့၏ လက်ထပ်မှတ်ပုံတင်လျှောက်လွှာကို စစ်တပ်ဘက်မှ အတည်ပြုထောက်ခံပေးထားပြီး သုံးသပ်ချက်မှာ သာမန်တပ်ရင်းများထက် များစွာပို၍ တိကျပေသည်။ လျှောက်လွှာတွင် အမှားအယွင်းမရှိသရွေ့ သူတို့သည် ချန်မန်၏ အဝတ်အစားများကို သဘောမကျစေကာမူ သူတို့ ဘာကိုမှ မပြောနိုင်ပေ။ 

ထို့အပြင် လုဖျင်ကျိုးသည် အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး သူ့ကို ကလန်ကဆန်လုပ်ရန်က လွယ်ကူမည်မဟုတ်ချေ။

လိုအပ်သောမေးခွန်းများကို မေးမြန်းပြီးသောအခါ အခြားစာရေးက လက်ထပ်မှတ်ပုံတင်တစ်ခုကို သူတို့နှစ်ဦးထံသို့ ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

“နောက်သုံးရက်အတွင်းမှာ ဒီလက်မှတ်ကို ထောက်ပံ့ရေးနဲ့စျေးကွက်သမဝါယမကို ယူသွားပြီး ပြလိုက်ရင် သကြားလုံးနှစ်ကီလိုဂရမ်ရယ် ဖရုံစေ့နဲ့မြေပဲ နှစ်ကီလိုဂရမ်ရယ် ဝယ်လို့ရနိုင်တယ်...”

လုဖျင်ကျိုးက ပုံမှန်အတိုင်းပင် သူမကို ကျေးဇူးတင်စကားပြောလိုက်ပြီး လက်ထပ်မှတ်ပုံတင်ကို ယူလိုက်ကာ ချန်မန်နှင့်အတူ ရုံးထဲမှ ထွက်လာခဲ့ကြသည်။

အပြင်သို့ထွက်လာပြီးနောက် နှစ်ဦးသား စင်္ကြန်လမ်းတွင် မတ်တတ်ရပ်လိုက်ကြပြီး မှတ်ပုံတင်စာရွက်ကို ဖွင့်ကာ အတူတူ ဂရုတစိုက် ဖတ်လိုက်ကြလေသည်။

ထိုခေတ်၏ လက်ထပ်မှတ်ပုံတင်သည် ချန်မန်မှတ်မိနေသော စာအုပ်အသေးစားပုံစံမျိုးမဟုတ်ဘဲ ကွဲပြားခြားနားနေသည်။ ထိုစာရွက်က အသိအမှတ်ပြုလက်မှတ်တစ်ခုနှင့် ပိုတူနေပြီး လူကြီသူမများ၏ အမှာစကားများကို ပုံနှိပ်ထားလေသည်။ ထိုစာများ၏ အောက်ဖက်တွင် လက်ထပ်မှတ်ပုံတင်၏ အဓိကအပိုင်းများ ရောက်လာကာ လက်ထပ်သူနှစ်ဦးသည် မိမိဆန္ဒအလျောက် လက်ထပ်ကြသည်ဆိုသည့် အချက်အား အထူးတလည် ညွှန်းဆိုထားကာ လက်ထပ်ထိမ်းမြား‌ရေးဥပဒေထဲမှ သက်ဆိုင်သော ပြဌာန်းချက်များကို ပြုစုရေးသားထားသည်။ လက်ထပ်သူနှစ်ဦး၏အမည်နှင့် လက်ထပ်ရက်စွဲကို လက်ရေးဖြင့် ရေးထားပြီး ပြန်လည်နေရာချထားရေး ကော်မတီ၏ ရုံးတံဆိပ်ကို အောက်ဘက်တွင် ရိုက်နှိပ်ထားသည်။

ထိုမှတ်ပုံတင်တွင် ဓာတ်ပုံရိုက်နှိပ်ထားခြင်း မရှိသော်လည်း လက်ထပ်ပြီးစ ကြင်စဦးစုံတွဲများသည် ဓာတ်ပုံစတူဒီယိုများသို့ သွားရောက်၍ သူတို့၏ လက်ထပ်မှတ်ပုံတင်နှင့်အတူ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်လေသည်။

ယခုခေတ်က လက်မှတ်ခေတ်ဖြစ်သည်။ အရာအားလုံးအတွက် လက်မှတ်သည် မရှိမဖြစ် ဖြစ်ပြီး ဓာတ်ပုံရိုက်ကူးခြင်းသည်လည်း အပါအဝင်ဖြစ်၏။ လူများစွာသည် သူတို့ဘဝတွင် ဓာတ်ပုံလေးတစ်ပုံမျှပင် မရိုက်ကူးနိုင်ကြသောကြောင့် အခြေအနေကောင်းများ ရှိသော လူအများစုသည် ဤဓာတ်ပုံရိုက်ရန် အခွင့်အရေးကို လက်လွတ်မခံနိုင်ကြ‌ပေ။

လတ်လတ်ဆတ်ဆတ် ခင်ပွန်းနှင့်ဇနီးဖြစ်လာကြသူ နှစ်ဦးအဖို့လည်း ခြွင်းချက်မရှိပေ။ လက်ထပ်မှတ်ပုံတင်ကို နှစ်ခါပြန် ကြည့်ပြီးသောအခါ လုဖျင်ကျိုးသည် သူ့မျက်နှာဝယ် အပြုံးတစ်ပွင့်နှင့်အတူ မေးလာလေသည်။

“ကိုယ်တို့ အခု ဓာတ်ပုံသွားရိုက်ကြမလား...”

“ဘယ်အချိန်ရှိပြီလဲ...”

လုဖျင်ကျိုးက ပြောသည်။
“မင်္ဂလာမနက်ခင်းလေးပဲ ရှိပါသေးတယ်... အခုမှ ကိုးနာရီတောင် မခွဲသေးဘူး... ဆိုတော့ ကိုယ်တို့ ဓာတ်ပုံရိုက်ပြီးရင် နေ့လည်စာတောင် သွားစားလို့ရသေးတယ်...”

ချန်မန်သည် ဘဝနှစ်ခုတွင် ရှင်သန်နေထိုင်ခဲ့ပြီး ယခင်ဘဝရော ယခုဘဝတွင်ပါ ဓာတ်ပုံများ ရိုက်ကူးခဲ့ပေသည်။ သို့သော်လည်း ယနေ့အတွက် ဓာတ်ပုံရိုက်ခြင်းသည် မတူကွဲပြားသော အဓိပ္ပာယ်ရှိပြီး သူမကလည်း မျှော်လင့်စောင့်စားနေခဲ့သောကြောင့် သူမသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ...”
...
ဓာတ်ပုံစတူဒီယိုတွင် ဓာတ်ပုံရိုက်ရန် တန်းစီနေကြသော လူတန်းကြီးက တော်လှန်ရေးကော်မတီတွင် လက်ထပ်မှတ်ပုံတင်ယူရန် တန်းစီနေကြသူများထက် ပို၍ များပေသည်။ ဓာတ်ပုံရိုက်ခြင်းက မှတ်ပုံတင်ထုတ်ယူခြင်းလောက် မမြန်ပေ။ ကိုယ်နေဟန်ထား အဆင်ပြေရန် အချိန်အတော်ယူရသောကြောင့် ပြီးစီးသောနှုန်းထားကလည်း ပို၍ နှေးကွေးသွားသည်။

သူတို့နှစ်ဦး၏ အလှည့်ရောက်ရန် တစ်နာရီနီးပါးမျှ စောင့်လိုက်ရ၏။

ဓာတ်ပုံရိုက်မည့်အခန်းထဲသို့ ဝင်သွားသည်နှင့် ဓာတ်ပုံရိုက်မည့် နောက်ခံနှင့် ကိုယ်နေဟန်ထားတို့ကို ရွေးချယ်ရပေမည်။ သေချာသည်က ရွေးချယ်စရာ များများတော့ မရှိပေ။ တစ်ခုမှာ မြို့တော်ရင်ပြင် နောက်ခံကားချပ် ဖြစ်ပြီး မိသားစုဓာတ်ပုံရိုက်ကူးရန်အတွက်သာ ရွေးချယ်လေ့ ရှိကြသည်။ အခြားနှစ်ခုမှာ အ‌ရောင်နောက်ခံကားချပ်များဖြစ်၍ တစ်ခုမှာ အနီရောင်ဖြစ်ပြီး ကျန်တစ်ခုမှာ အပြာရောင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအချိန်က ရောင်စုံဓာတ်ပုံများသည် အလွန်စျေးကြီးသောကြောင့် အများစုက ဓာတ်ပုံရိုက်ချိန်တွင် အဖြူအမည်းဓာတ်ပုံများကိုသာ ရွေးချယ်ကြသည်။ ထို့ကြောင့် နောက်ခံအဝတ်စ၏ အ‌ရောင်က များစွာ ကွဲပြားနေခြင်းမရှိပေ။

ကိုယ်နေဟန်ထားမှာလည်း နှစ်မျိုးသာ ရှိပြီး မတ်တတ်ရပ်ပုံနှင့် ထိုင်သည့်ပုံဟု နှစ်မျိုးသာရှိသည်။

လုဖျင်ကျိုးတွင် ငွေပြတ်လတ်နေသည် မဟုတ်သောကြောင့် သူက နောက်ခံကားချပ်ကို မြို့တော်ရင်ပြင်ပုံနှင့် အနီရောင် အဝတ်စနောက်ခံ နှစ်ခုကို ရွေးချယ်လိုက်သည်။ ပထမပုံကို ရောင်စုံနှင့် ရိုက်ကူးမည်ဖြစ်ပြီး မတ်တတ်ရပ်နေသည့်ပုံ ရိုက်ကူးမည်ဖြစ်သည်။ နောက်တစ်ပုံကို အဖြူအမည်းနှင့် ရိုက်ကူးမည်ဖြစ်ပြီး ထိုင်နေသည့်ပုံရိုက်ကူးမည်ဖြစ်သည်။

သူတို့စုံတွဲက ပထမဆုံးဓာတ်ပုံကို ထိုင်လျက်ပုံ ရိုက်ကူးမည်ဖြစ်သောကြောင့် နောက်ခံနှင့် ကိုယ်နေဟန်ထား ရွေးချယ်ပြီးနောက် သူတို့ ပထမဆုံးပုံအဖြစ် အဖြူအမည်းဓာတ်ပုံကို အရောင်နောက်ခံနှင့် ရိုက်ကူးကြလေသည်။

ထိုခေတ်အချိန်နှင့်လျော်ညီစွာ ဓာတ်ပုံရိုက်သည့် ကိုယ်နေဟန်ထားမှာလည်း တစ်ပုံစံတည်းသာ ဖြစ်သည်။ တစ်ယောက်တည်းပုံ ဆိုလျှင် အမြဲပင် ကင်မရာကို တည့်တည့်ကြည့်နေသည့်ပုံ ဖြစ်သည်။ နှစ်ယောက်တွဲပုံဆိုလျှင် တစ်ဖက်တည်းသို့ ဘေးစောင်းထိုင်ထားသည့်ပုံ ဖြစ်ကာ အမျိုးသမီးက ရှေ့တွင် ထိုင်ပြီး အမျိုးသားက နောက်ပါးမှ ကပ်၍ ခပ်စောင်းစောင်းလေး ထိုင်ကြကာ ကင်မရာကို ကြည့်နေရမည်ဖြစ်သည်။

ကောင်းပြီ... ဒါက တခြားကိုယ်နေဟန်ထားတွေ လုံးဝမရှိဘူးဆိုတာမျိုးတော့ မဟုတ်ဘူးလေ...

သူတို့နှစ်ဦးကို ပိုမိုရင်းနှီးသွား‌အောင် လုပ်ပေးလိုသော ရည်ရွယ်ချက်ဖြင့် ဓာတ်ပုံဆရာက ချန်မန်ကို ထိုင်နေရာမှ လုဖျင်ကျိုးဘက်သို့ နောက်ပြန်မှီလိုက်ရန်နှင့် လုဖျင်ကျိုးကိုလည်း ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရန် ပြောလိုက်သည်။

“မင်းတို့က စုံတွဲတွေလေ... နည်းနည်းလေးပိုကပ်ထားကြ...”

ချန်မန်မှာ ရွေးချယ်စရာမရှိဘဲ နောက်ပြန်မှီလိုက်ရာ သူမ၏ ပခုံးသားများသည် လုဖျင်ကျိုး၏ ရင်ခွင်ထဲသို့ ရောက်သွားပြီး သူမ၏ မေးစေ့ကို အနည်းငယ် မော့လိုက်သည်။ လုဖျင်ကျိုးကလည်း ရှေ့သိူ့တိုးလာရာ သူ့ခန္ဓာကိုယ်တစ်ပိုင်းက သူမနောက်ကွယ်သို့ ရောက်သွားပြီး သူက ခေါင်းကို နှိမ့်ချလိုက်သဖြင့် သူ၏ ပူနွေးနေသော ထွက်သက်လေများက သူမ၏ နားရွက်ဖျားဆီသို့ တိုးဝှေ့လာလေသည်။

လူငယ်လေးနှစ်ယောက်၏ ကိုယ်နေဟန်ထားကို ကင်မရာထဲမှ တစ်ဆင့်မြင်လိုက်ရသော ဓာတ်ပုံဆရာက အော်ပြောလိုက်သည်။

“လုပ်စမ်းပါ... ပြုံးလိုက်ကြစမ်းပါ... ကောင်လေးက ပြုံးရလောက်အောင်ကို မင်းသိပ်မပျော်ဘူးထင်တယ်... သွားတွေ မပေါ်စေနဲ့... မိန်းကလေး... မင်းက ဘာလို့ ဒီလောက်တောင် ရှက်နေတာလဲ... ဘာလုပ်မလို့ မင်းခေါင်းကြီးက ငုံ့နေရတာတုန်း... လုပ်ပါ... ခေါင်းမော့ပြီး ကင်မရာကို ကြည့်လိုက်...”

“တစ်... နှစ်... သုံး...”

“ကလစ်...”
...

လက်ထပ်မှတ်ပုံတင် ရရှိပြီးနောက် အချိန်ကုန်ဆုံးသွားသည်က အလွန်လျင်မြန်သည်ဟု ထင်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ထပ်မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာလေပြီ။

သူတို့၏ မင်္ဂလာပွဲမှာ ဇွန်လ ၁၂ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ချန်မိသားစုအိမ်တွင် ၁၁ရက်နေ့ကတည်းက လူစည်ကားနေပြီဖြစ်သည်။ ကျေးလက်တွင် အလုပ်လုပ်နေသော ချန်မန်၏ ဒုတိယအစ်ကို ချန်လျန့်သည် အိမ်သို့ ပြန်‌ရောက်လာခဲ့ပြီး ရပ်ဝေးတွင် အိမ်ထောင်ကျနေသော ဝမ့်ချိုးမိန်၏ ညီမ ဝမ့်တုံမိန်သည်လည်း သူမ၏ ခင်ပွန်း၊ ကလေးများနှင့်အတူ ချန်မိသားစုဆီသို့ ရောက်လာကြသည်။

ညတွင် အိပ်ရန်နေရာ မလုံလောက်သောကြောင့် ဝမ့်တုံမိန်တို့ မိသားစုလေး‌ယောက်သားမှာ ချန်ကျင်း ကိုယ်ပိုင်အခန်းမရမီက နေခဲ့သော နေရာလေးထဲဝယ် ပြွတ်သိပ်နေကြရသည်။ 

ချန်စုဝေ့နှင့် ချန်လျန့်တို့ သားအဖနှစ်ယောက်မှာ ပင်မအိပ်ခန်းထဲတွင်တွင် အိပ်ကြပြီး ဝမ့်ချိုးမိန်က ချန်မန်၏ အိပ်ခန်းထဲတွင် ချန်မန်နှင့်အတူ အိပ်လေသည်။

သူမ၏ သမီးဖြစ်သူသည် မနက်ဖန်တွင် လက်ထပ်ရတော့မည်ဖြစ်လေရာ သူမတွင် စီမံပေးရမည့် ကိစ္စများစွာ ရှိနေလေသည်။

ပထမဆုံးရှင်းလင်းရမည့်ကိစ္စမှာ ငွေရေးကြေးရေးဖြစ်သည်။ မူလက ဝမ့်ချိုးမိန်နှင့် ခင်ပွန်းဖြစ်သူတို့သည် သမီးဖြစ်သူအတွက် ငွေအနည်းငယ်သာ စုပေါင်းပေးလိုက်ရန် ဖြစ်သော်လည်း ချန်မန်နှင့် လုဖျင်ကျိုးတို့ အတူတူ ပရိဘောဂများ သွားကြည့်ချိန်၌ လုဖျင်ကျိုးအစား ငွေပေးရန် ကြိုးစား၍ မရလိုက်သဖြင့် သူက ပရိဘောဂများအားလုံးအတွက် ငွေချေပေးခဲ့သည်။

ထိုအကြောင်းကို ဆွေးနွေးပြီးနောက် ဝမ့်ချိုးမိန်တို့စုံတွဲသည် သေတ္တာအောက်ခြေရှိ ငွေပမာဏကို ရှစ်ရာရှစ့်ဆယ်ရှစ်အထိ တိုးမြှင့်ရန်ဆုံးဖြတ်လိုက်ပြီး ဤသည်က ပို၍ မင်္ဂလာရှိသော ဂဏန်းလည်း ဖြစ်သည်။
(*၈ဂဏန်းရဲ့ အသံထွက်ဟာ တိုးတက်ခြင်းဆိုတာစာလုံးနဲ့ အသံထွက်ဆင်တူပါတယ်၊ ၈၈၈ ဆိုရင် ရှစ်သုံးလုံးဖြစ်လို့ ဘဝတစ်လျှောက်လုံး တိုးတက်ကြီးပွားပါစေဆိုတဲ့ အဓိပ္ပာယ်ရပါတယ်)

ဝမ့်ချိုးမိန်က ပြောလိုက်သည်။
“အမေက မနက်ဖန်ကျရင် ပိုက်ဆံတွေကို စာအိတ်နီနဲ့ ထည့်ပြီး အဝတ်ထည့်တဲ့ မဟော်ဂနီသေတ္တာရဲ့အောက်ခြေမှာ ထားပြီး သော့ခတ်ပေးထားမယ်... သော့ကို သတိတရ သိမ်းထား... အိမ်အသစ်ကို ရောက်တဲ့အချိန်ကျ သတိထားပြီးမှ စာအိတ်နီကို ထုတ်နော်... သူများတွေ မခိုးအောင် အချိန်မီယူပြီးသိမ်းထား...”

ဝမ့်ချိုးမိန်က ဤစကားများကို ပြောရခြင်းမှာ သူမသည် လုဖျင်ကျိုးနှင့်အတူပါလာသူများက ခြေဆော့လက်ဆော့လုပ်မည်ကို စိုးရိမ်ခြင်းကြောင့် မဟုတ်ပေ။ ထိုသူများသည် စစ်သားများ ဖြစ်သောကြောင့် သူမက သူတို့ကို ယုံကြည်ပြီးဖြစ်သည်။ မင်္ဂလာပွဲအချိန်၌ ဘေးပတ်ပတ်လည်တွင် လူ‌ပေါင်းစုံ ရှိနေမည်ဖြစ်ရာ သတိထားခြင်းက ပို၍ ကောင်းပေသည်။

ဤအဖြစ်အပျက်မျိုးက စုပေါင်းအိမ်ရာဝင်းအတွင်း၌ ဖြစ်ခဲ့ဖူးသည်။ မင်္ဂလာပွဲသို့ လာ‌ရောက်ကြသူများသည် ဆွေမျိုးများနှင့် သူငယ်ချင်းများသာဖြစ်သည်ဟု ထင်မှတ်မိသောကြောင့် မင်္ဂလာပွဲကျင်းပသော မိသားစုသည် သတိလျော့ကာ သက်တောင်သက်သာနေခဲ့ကြသည်။ ရလဒ်အနေဖြင့် နောက်နေ့မနက် အိပ်ရာမှ နှိုးသောအခါ အိမ်အတွင်းရှိ တန်ဖိုးရှိ‌သော အရာအားလုံး အခိုးခံလိုက်ရလေသည်။ 

ရှစ်ရာရှစ်ဆယ့်ရှစ်သည် အလွန်များပြားလှသော ပမာဏ မဟုတ်စေကာမူ ချန်မန်အနေဖြင့် သူမ၏ လစာမှ ထိုပမာဏရအောင် စုဆောင်းမည်ဆိုလျှင် နှစ်နှင့်ချီအောင် စုမှ ရပေလိမ့်မည်။ 

ထိုအခိုက်တွင် ဝမ့်ချိုးမိန်သည် ရုတ်တရက် သတိရသွားပြန်သည်။

“မနက်ဖန်ကျရင် သမီးရဲ့ လက်ပတ်နာရီကို ဝတ်ထားနော်... နာရီထည့်တဲ့ ဗူးအခွံလေးကိုပဲ တခြားခန်းဝင်ပစ္စည်းတွေနဲ့ အတူတူ သေတ္တာထဲကို ထည့်ထား...”

လက်ပတ်နာရီများသည်လည်း စေ့စပ်လက်ဆောင်များထဲမှ တစ်ခုဖြစ်ကာ သူတို့က ထိုလက်ပတ်နာရီများကို ချန်မန်အား ပြန်ပေးလိုက်မည်ဟု သဘောတူထားသည်။

 á€œá€Żá€–ဝင်ကဝိုးတွင် လက်ပတ်နာရီတစ်လုံး ရှိပြီး ဖြစ်သောကြောင့် မင်္ဂလာပွဲပြီးလျှင် ချန်မန် ဝတ်ဆင်ရန်အတွက် အမျိုးသမီးလက်ပတ်နာရီတစ်လုံးကို ရွေးပေးခဲ့ကြသည်။

ဤသည်က ခန်းဝင်ပစ္စည်းဖြစ်သောကြောင့် မနက်ဖန် ဧည့်သည်များလာချိန်တွင် ထိုပစ္စည်းများကို ပြသရပေမည်။ သို့သော် လက်ပတ်နာရီတစ်လုံးသည် စက်ဘီးတစ်စင်း သို့မဟုတ် အပ်ချုပ်စက်တစ်လုံးနှင့် မတူညီပေ။ လက်ပတ်နာရီကဲ့သို့သော ပစ္စည်းအသေးလေးမှာ ခိုးယူရန်အတွက် ခက်ခဲနေမည် မဟုတ်ပေ။

“ပြီးတော့ သမီးစုထားတဲ့ ငွေတွေကိုရော... သေချာသိမ်းထားပြီးတော့ ဘယ်သူမှ ခိုးမသွားစေနဲ့...”

ချန်မန်က အကူအညီမဲ့စွာ ကြည့်လိုက်သည်။
“စိတ်မပူပါနဲ့ အမေရယ်... သမီး အကုန်လုံးကို သိပါတယ်... လွန်ခဲ့တဲ့ရက်တွေကတည်းက အမေ ဒီစကားတွေပဲ ပြောနေတော့တာ... သမီးတော့ မနက်ဖန် မင်္ဂလာဆောင်ရမှာဟုတ်ရဲ့လား ကပ်ဆိုက်နေတဲ့ နေရာကို ခရီးသွားရမှာများလားလို့တောင် ထင်မိလာပြီ...”

ဝမ့်ချိုးမိန်မှာ ဆို့နင်သွားပြီး ခဏမျှကြာမှသာ ပြန်ပြောနိုင်သည်။
“နင့်ကို အရင်တုန်းကရော အခုရော သင်ပြနေခဲ့တဲ့ငါက ဘယ်သူကြီးတုန်း... ငါက မနက်ဖန်ကျ အလုပ်ရှုပ်နေမှာမို့လို့ အမှားအယွင်းရှိမှာစိုးလို့လေ ငါစိတ်မပူရတော့ဘူးလား...”

“အမေက စိတ်အပူလွန်နေတာလေ...”
ချန်မန်က ထထိုင်လိုက်ပြီး အိပ်ရာအစွန်သို့ သွားကာ ဆင်းလိုက်သည်။ လက်ဆန့်တန်းကာ ဗီရိုကိုဖွင့်လိုက်ပြီး မနက်ဖန်တွင် သူမဝတ်မည့် ရှပ်အကျီကို ထုတ်ယူလိုက်ပြီး အကျီအတွင်း၌ ဝှက်ကာ ထည့်ချုပ်ထားသော အတွင်းအိပ်ကပ်ထဲသို့ နှိုက်လိုက်ပြီး ငွေစက္ကူတစ်ထပ်ကို ဆွဲထုတ်လိုက်သည်။ သူမက ပြောလိုက်သည်။
“သမီး စုထားတဲ့ငွေတွေကို သမီးက ကိုယ်နဲ့မကွာ သိမ်းထားမှာပါ... မနက်ဖန် အမေက သေတ္တာသော့ကို ပေးတာနဲ့ သမီးက ဒီအိတ်ကပ်ထဲကို ထည့်လိုက်မယ်... လက်ပတ်နာရီကိုလည်း သမီးပဲ ဝတ်ထားမှာဆိုတော့ ဘယ်သူကမှ မခိုးနိုင်လောက်ပါဘူး...”

ဝမ့်ချိုးမိန်၏ အာရုံက သူမကိုင်ထားသော ငွေစက္ကူတစ်ထပ်ကြီးအပေါ် ကျရောက်သွားလေသည်။
 

Search Novels