6

 

ကျောက်ကန်းပေါင်က အဘွားကျောက်ကို မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

 

 

"ဒီကိစ္စကို ခရိုင်ရုံးထိရောက်အောင် ဘယ်လိုလုပ် လွှတ်ထားလိုက်ရတာလဲ၊ နောက်ဆို ကျွန်တော် လူတွေရှေ့ ဘယ်လိုမျက်နှာပြရတော့မလဲ၊ လာမယ့် ပြည်နယ်အဆင့်စာမေးပွဲကိုရော ဘယ်လိုမျက်နှာမျိုးနဲ့ သွားဖြေရတော့မှာလဲ"

 

 

လျို့ရှီလည်း စိတ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။ သူမသည် ဘဝတစ်ခုလုံးကို ကျောက်ကန်းပေါင်အပေါ် ပုံအောလောင်းကြေးထပ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အောင်မြင်ကျော်ကြားတော့မည့် သူ့အနာဂတ်ကိုကြည့်ရင်း မည်သူကမျှ သူမ၏ကောင်းမွန်သောဘဝကို ဖျက်ဆီးပစ်မည်အား လုံးဝခွင့်မပြုနိုင်ပေ။

 

 

"အမေ ဟယ်ကောအာက ပစ္စည်းတွေ လိုချင်တယ်ဆိုရင်လည်း ပေးလိုက်ပါတော့၊ အရေးမပါတဲ့ အသေးအဖွဲလေးတွေအတွက်နဲ့ ကျွန်မဖူကျွင်းရဲ့ရှေ့ရေးကို ထိခိုက်အောင်မလုပ်ပါနဲ့တော့"

 

 

လျို့ရှီ ချက်ချင်းပင် အပြုံးမျက်နှာပြင်လိုက်သည်။

 

 

"ဟယ်ကောအာ စိတ်မဆိုးပါနဲ့တော့၊ ငါ အခုပဲ ပစ္စည်းတွေသွားယူပေးပါ့မယ်"

 

 

ထို့နောက် လျို့ရှီသည် ပစ္စည်းများကို မည်သည့်နေရာတွင် သိမ်းဆည်းထားကြောင်း ယောက္ခမဖြစ်သူအား အလျင်စလို မေးလိုက်သည်။

 

 

"ဘာပစ္စည်းမှမကျန်တော့ဘူး၊ နင်က သူ့ကို ပေးကိုပေးချင်တယ်ဆိုရင်လည်း နင် မင်္ဂလာဆောင်တုန်းက တင်တောင်းပစ္စည်းတွေကိုပဲ ထုတ်ပေးလိုက်"

 

 

ထိုစကားကိုကြားသောအခါ လျို့ရှီ ဒေါသအထွတ်အထိပ်ရောက်သွားတော့သည်။ သူများပစ္စည်းကိုယူထားသည်မှာ ယောက္ခမဖြစ်ပြီး အဘယ်ကြောင့် အကြောင်းမဲ့သက်သက် သူမအပေါ်ပုံကျလာရသနည်း။

 

 

"ဇနီးလေး မြန်မြန်သွားယူပေးလိုက်တော့"

 

 

ကျောက်ကန်းပေါင် အလောတကြီး တိုက်တွန်းလိုက်၏။

 

 

လျို့ရှီ အမှန်တကယ် ဒေါသထွက်သွားပြီဖြစ်သည်။

 

 

"ဘာလို့ ကျွန်မရဲ့တင်တောင်းပစ္စည်းတွေကို ထိရမှာလဲ"

 

 

"အဲ့တုန်းက ဖုန်းနျန်ရဲ့ပစ္စည်းတွေအကုန်လုံးကို နင်မိဘအိမ်ဆီ တင်တောင်းတဲ့ပစ္စည်းအဖြစ်ပေးလိုက်တာလေ၊ အခုနင်မထုတ်ပေးရင် ဘယ်သူထုတ်ပေးမှာလဲ"

 

 

အဘွားကျောက် နောင်တအကြီးအကျယ်ရနေခဲ့သည်။ အစကတည်းက သားဖြစ်သူကို ဤချွေးမနှင့် လက်မထပ်ပေးခဲ့သင့်ပေ။

 

 

မိသားစုဝင်ငွေအကုန်လုံးကို သုံးဖြုန်းပစ်သည့်အပြင် ဖုန်းနျန်၏ကောင်းပေ့ဆိုသည့်ပစ္စည်းများကိုပါ အကုန်သုံးပစ်ခဲ့သည်။ ယခုအခါ ကန်းပေါင်၏အနာဂတ်နှင့် သက်ဆိုင်နေသည့်တိုင်အောင် ထိုပစ္စည်းများကိုထုတ်မပေးချင်သေးပေ။

 

 

လျို့ရှီသည် သူမတင်တောင်းပစ္စည်းများကို ထုတ်ပေးရန်မလိုလားသော်လည်း ကျောက်ကန်းပေါင်၏အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် အလျှော့ပေးလိုက်ရသည်။

 

 

"အားလုံးခဏစောင့်ကြပါဦး၊ ကျွန်မ သွားယူလိုက်ပါ့မယ့်"

 

 

လျို့ရှီ စကားမဆုံးသေးခင်မှာပင် အဘွားကျောက်၏လည်ပင်း၌ စွန်းထင်းနေသော သွေးစများကို ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။

 

 

"ရွာလူကြီး၊ ယောက္ခမက ဟယ်ကောအာရဲ့ပစ္စည်းတွေကို ပြန်ပေးရမယ်ဆိုရင် ဟယ်ကောအာက သူ့အဘွားအရင်းကို သတ်ဖို့ကြံစည်ခဲ့တဲ့ကိစ္စကျတော့ရော ဘယ်လိုရှင်းကြမလဲ"

 

 

လျို့ရှီ ထောက်ပြလိုက်သည်နှင့် အဘွားကျောက်သည်လည်း ချက်ချင်းအားပြန်ပြည့်လာသလို ဖြစ်သွားခဲ့သည်။

 

 

"ဒီကောင်စုတ်လေးက ငါ့ကိုသတ်ချင်နေတာ၊ ရွာလူကြီး ကျွန်မလည်ပင်းပေါ်က ဓားရာကိုလည်းကြည့်ပါဦး"

 

 

အဘွားကျောက်က ရွာလူကြီးမြင်စေရန် လည်ပင်းကို ထုတ်ပြရင်း သနားစဖွယ် ပုံဖမ်းလိုက်၏။

 

 

"မနက်ဖြန်ကျရင် ကျွန်မခရိုင်ရုံးအထိ သွားပြီး တရားမျှတမှုရှာမယ်၊ ဒီကောင်စုတ်လေးကို သေလုမျောပါးအရိုက်ခံရအောင်ကို လုပ်ပစ်မယ်"

 

 

"တော်ကြစမ်း"

 

 

ရွာလူကြီး ဟန့်လိုက်ပြီး အဘွားကျောက်ကိုကြည့်ကာ ပြောလိုက်သည်။

 

 

"အဘွားကျောက်၊ ဟယ်ကောအာကိုချည်းမဟုတ်မမှန်တွေ လျှောက်စွပ်စွဲမနေနဲ့တော့၊ မင်းတို့က အလွန်အကျွံလုပ်လွန်းလို့သာ ဟယ်ကောအာ လက်ပါလိုက်ရတာ၊ ဟယ်‌ကောအာရဲ့ အခြေအနေကို မင်းလည်းမသိတာမှ မဟုတ်တာ၊ ဒါကို ခရိုင်ရုံးအထိခေါ်သွားရင်တောင် မင်းတို့အတွက် ဘာမှ အကျိုးအမြတ်ရှိမှာမဟုတ်ဘူး၊ ဒီလိုပဲ လုပ်ကြရအောင်၊ မင်းလည်း ဟယ်ကောအာကို လိုက်မရှုပ်နဲ့တော့၊ ဟယ်ကောအာကိုလည်း အဲ့ဒီပစ္စည်းတွေကို ပြန်မတောင်းခိုင်းတော့ဘူး၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင် ဘယ်လိုလဲ"

 

 

ကိစ္စရပ်များက ဤအခြေအနေထိ ရောက်ရှိသွားပြီဖြစ်ရာ အဘွားကျောက်မှာ ဘာပြောစရာကျန်တော့မည်နည်း။

 

 

တစ်ဖက်လူ သဘောတူသည်ကိုမြင်လျှင် ရွာလူကြီးက ချင်ဟယ်ဘက်သို့ လှည့်ကာပြောလိုက်သည်။

 

 

"ဟယ်ကောအာ၊ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့"

 

 

ချင်ဟယ်သည် ထိုရလဒ်ကို လုံးဝမကျေနပ်သဖြင့် ပြန်လည်ငြင်းခုံရန် ပါးစပ်ဟလိုက်စဉ်မှာပင် ဘေးတွင် ရပ်နေသော ဦးလေးရှန်က သူ့လက်မောင်းကို လှမ်းဆိတ်လိုက်သည်။

 

 

ထို့ကြောင့် မတတ်နိုင်သည့်အဆုံး ခေါင်းငြိမ့်သဘောတူလိုက်ရ၏။

 

 

ကိစ္စရပ်များ ပြေလည်သွားပြီဖြစ်၍ ရွာလူကြီးမှာ ပြန်ရန်ပြင်လိုက်သည်။ လီဖန်းနှင့် သူ့ဇနီးတို့လည်း ကြာကြာမနေနိုင်ကြပေ။

 

 

သို့သော် ဦးလေးရှန်မှာ ချင်ဟယ်မတရားခံရမည်ကို စိုးရိမ်သည့်အပြင် တစ်ကျော့ပြန် စိတ်ဖောက်ပြန်သွားမည်အား ပူပန်မိသဖြင့် ချင်ဟယ်ကို အပြင်သို့ခေါ်ထုတ်ကာ အကြာကြီး အသေးစိတ်သေချာမှာကြားနေခဲ့သည်။

 

 

"ဦးလေးရှန် စိတ်မပူပါနဲ့၊ အစောက ဒေါသထွက်သွားလို့ပါ"

 

 

ချင်ဟယ်သည် ဖြူဖပ်ဖြူရော်မျက်နှာသေးသေးလေးနှင့် အလွန်ပိန်လှီလွန်းသည်။

 

 

အဘွားကျောက်၏မျက်နှာကပင် သူ့ထက် ပိုမိုပြည့်ဖြိုးစိုပြည်နေသေး၏။

 

 

"လိမ္မာတဲ့ ကလေး၊ နောက်ထပ် နည်းနည်းလောက်ပဲ သည်းခံလိုက်ပါဦး၊ ဒီနေ့ မင်းအဘွားပြောတာနဲ့ပဲ ငါလည်း သတိရသွားတယ်၊ မင်းက အသက် သိပ်မကြီးသေးဘူးဆိုပေမဲ့ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်တော့ ရောက်နေပြီ၊ ငါ အိမ်ပြန်ရောက်ရင် မင်းအတွက် အိမ်ထောင်ဖက်ကောင်းရှာခိုင်းလိုက်မယ်၊ ဒါမှ မင်း ဒီကျောက်မိသားစုဆိုတဲ့ သားရဲတွင်းထဲကနေ လွတ်မြောက်နိုင်မှာ"

 

 

အစောပိုင်းကပင် ဦးလေးရှန်သည် သူ့မိဘများဘက်က ရွာတွင်ယုံကြည်စိတ်ချရသော အိမ်ထောင်ဖက်ကောင်း ရှာပေးရန် တိတ်တဆိတ် တွက်ချက်နေခဲ့ခြင်းဖြစ်သည်။

 

 

ဟယ်‌ကောအာ တစ်သက်လုံးမတရားနှိပ်စက်မခံရစေရန်သာ မျှော်လင့်နေမိ၏။

 

 

ထိုစကားကိုကြားလျှင်ကြားချင်း ချင်ဟယ် အလောတကြီး ငြင်းဆန်လိုက်သည်။

 

 

"ဦးလေးရှန်၊ ကျေးဇူးပြုပြီး အဲ့လိုမလုပ်ပါနဲ့"

 

 

ဦးလေးရှန်သည် ကလေးမှာ ရှက်ရွံ့တတ်လွန်း၍ ငြင်းဆန်နေသည်ဟု ထင်မှတ်ကာ နှုတ်ခမ်းကို မသိမသာ တွန့်ကွေး၍ ပြုံးလိုက်သည်။

 

 

နှုတ်ကသာ လိုက်လျောညီထွေပြောနေသော်လည်း စိတ်ထဲတွင်အမြန်ဆုံး အကောင်အထည်ဖော်မှဖြစ်မည်။

 

 

မဟုတ်ပါက အဘွားကျောက် နောက်ထပ် မည်သည့်ပြဿနာများရှာဦးမည်ကို မခန့်မှန်းနိုင်ပေ။

 

 

ချင်ဟယ်သည် ဦးလေးရှန်တို့ ဇနီးမောင်နှံကို အိမ်တံခါးဝထိလိုက်ပို့ပေးခဲ့ပြီး သူ့အခန်းသို့ပြန်ရန်ပြင်လိုက်စဉ် လေထုထဲ၌ မိုးဖွဲလေးများပြန်လည် ရွာသွန်းလာခဲ့ပြန်သည်။

 

 

"သူ အဲ့ဒီမှာစောင့်နေတုန်းတော့ မဟုတ်လောက်ပါဘူးနော်"

 

 

ချင်ဟယ်သည် မြူခိုးပါးပါးလွှမ်းခြုံထားသော အဝေးမှတောင်တန်းကြီးကို ငေးကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။

 

 

နောက်ဆုံးတွင် ချင်ဟယ်မနေနိုင်ဘဲ တောင်ပေါ်သို့ တစ်ခေါက်ပြန်သွားခဲ့သည်။

 

 

ရလဒ်အနေဖြင့် စိုရွှဲနေသော အဝတ်အစားများနှင့်အတူ မိုးရေထဲတွင် မလှုပ်မယှက်ရပ်နေဆဲဖြစ်သော ထိုလူကို အမှန်တကယ်ပင် တွေ့လိုက်ရတော့၏။

 

 

"ဖေဖေ နောက်ဆုံးတော့ ပြန်လာပြီနော်"

 

 

ချင်ဟယ် ပြန်ရောက်လာသည်ကိုမြင်လိုက်ရသောအခါ ထိုလူ၏မှိုင်းညှို့နေသည့်မျက်ဝန်းများ ချက်ချင်းပင် တောက်ပသွားခဲ့ပြီး ချင်ဟယ်ထံသို့ အရှိန်ဖြင့်ပြေးလာခဲ့သည်။

 

 

"ဖေဖေက ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ၊ ဖေဖေက ကျွန်တော့်ကို မလိုချင်တော့ဘူးလို့ထင်နေတာ"

 

 

ထိုလူသည် ချင်ဟယ့်အင်္ကျီအနားစကို မသိမသာ ဆွဲကိုင်ကာ သဘာဝကျကျပင် ချွဲနွဲ့လိုက်သည်။

 

 

ချင်ဟယ် ခေတ္တခဏ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

 

 

ဦးလေးရှန်တို့မိသားစုမှအပ သူသည် မည်သူတစ်ဦးတစ်ယောက်၏အလိုရှိခြင်းကို ခံခဲ့ရဖူးသူမဟုတ်ပေ။

 

 

ထိုခံစားချက်က သူ့အားတစ်စုံတစ်ရာအပေါ် တပ်မက်တွယ်တာစိတ်ဝင်လာစေသည်။

 

 

"ဖေဖေ၊ ဖေဖေ"

 

 

ထိုလူသည် ချင်ဟယ် သူ့ကိုဂရုမစိုက်ဘဲ လျစ်လျူရှုထားသည်ကို မြင်သောအခါ မကျေနပ်သည့် ရုပ်ကလေးဖြစ်သွားပြီး နှုတ်ခမ်းပင် ဆူပုတ်ပြလိုက်၏။

 

 

ထိုအခါမှ ချင်ဟယ် သတိပြန်ဝင်လာခဲ့သည်။

 

 

မိုးက သိပ်မသည်းသော်လည်း ထိုလူမှာ ခေါင်းအစ ခြေအဆုံးစိုရွှဲနေပြီး သူ့ကို ဤနေရာ၌ အကြာကြီးစောင့်ဆိုင်းနေခဲ့မှန်း သိသာသည်။

 

 

ဤသည်ကို တွေးမိသောအခါ ချင်ဟယ် စိတ်ထဲတွင် အားနာစိတ်ကလေးဖြစ်ပေါ်လာခဲ့၏။

 

 

"ငါ့နားတိုးလာခဲ့"

 

 

ချင်ဟယ်သည် လက်ထဲမှဆီစိမ်စက္ကူထီးကို ထိုလူ့ဘက်သို့ မိုးပေးရန်ပြင်လိုက်စဉ်မှာပင် စိုစွတ်နွေးထွေးသော ခန္ဓာကိုယ်ကြီးတစ်ခုက သူ့ထံတိုးကပ် ဖိကပ်လာသည်ကို ခံစားလိုက်ရသည်။

 

 

ချင်ဟယ်သည် မသိစိတ်၏စေခိုင်းမှုကြောင့် ချက်ချင်းပင် ခြေထောက်မြှောက်ကာ သူ့ကိုကန်ထုတ်လိုက်သည်။

 

 

ဗုန်းဆိုသော အသံနှင့်အတူ ထိုလူသည် ဖင်ထိုင်လျက် လဲကျသွားခဲ့ပြီး မတော်တဆ ရေအိုင်ထဲသို့ ကွက်တိကျသွားတော့၏။

 

 

ချင်ဟယ် တောင်းပန်စကားမပြောရသေးခင် ထိုလူက တဝါးဝါးအော်ငိုတော့သည်။

 

 

"ဝါးးး ဖေဖေက မကောင်းဘူး"

 

 

သူ့ရှေ့တွင် ကလေးငယ်တစ်ယောက်လို အော်ဟစ်ငိုယိုပြီး ဂျီကျနေသော ထိုလူကြီးကိုကြည့်ရင်း ချင်ဟယ် နောင်တအနည်းငယ် ရမိသွားသည်။

 

 

'သူ စိတ်ကို ပိုပြီးမာကျောခဲ့သင့်တာ၊ ညနက်သန်းခေါင်ကြီးမှာ တောင်ပေါ်ကို ဘာလို့ပြန်တက်လာမိပါလိမ့်'

 

 

ကျောက်အိမ်တွင် လျို့ရှီသည် ကျောက်ကန်းပေါင်အား စိတ်ဆိုးမာန်ဆိုးငြူစူပြနေသည်။

 

 

"ဒီနေ့ ဟယ်ကောအာ လူသတ်ဖို့အထိ ရူးသွပ်နေတုန်းက ရှင် တံခါးကိုဘာလို့ ပိတ်လိုက်တာလဲ"

 

 

ဤသည်ကိုတွေးမိတိုင်း လျို့ရှီမှာ ဒေါသထွက်ရသည်။

 

 

မည်သည့်မိန်းမ မဆို ကိုယ့်ခင်ပွန်းကို နတ်ဘုရားတစ်ပါးလို ကိုးကွယ်ပူဇော်ကြသည်ပင်။ 

 

 

သို့သော် သူ့အိမ်မှလူကမူ အသုံးမကျသည့်အပြင် ကိုယ့်ကိုယ်ကို ကာကွယ်ရန် တံခါးဂျက်ချရေးကိုသာ ဂရုစိုက်ခဲ့ပြီး သူမ သေရေးရှင်ရေးကိုမူ လုံးဝဂရုမစိုက်ခဲ့ပေ။

 

 

"ဇနီးလေး မင်း ကိုယ့်ကိုအထင်လွဲတာပါ"

 

 

ကျောက်ကန်းပေါင် အလျင်အမြန် ချော့မော့လိုက်၏။

 

 

"ကိုယ် တံခါးဂျက်ချလိုက်တာ မင်းကောင်းဖို့အတွက်ပါ၊ သေချာစဉ်းစားကြည့်၊ ဒီမိသားစုထဲမှာ ဟယ်ကောအာ အမုန်းဆုံးလူက ဘယ်သူလဲ၊ အမေ့အပြင် ကိုယ်မဟုတ်ဘူးလား၊ တကယ်လို့ ကိုယ်သာတံခါးဖွင့်ပြီး မင်းကို ဝင်ခိုင်းလိုက်လို့ ဟယ်‌ကောအာပါ နောက်ကနေ အတင်းပြေးဝင်လာပြီး မင်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"

 

 

ထိုသို့ပြောရင်း ကျောက်ကန်းပေါင် မျက်ရည်အနည်းငယ်ကို ဟန်ဆောင် သုတ်လိုက်သည်။

 

 

"အခုတော့ ကိုယ့်ဇနီးလေးက ကိုယ့်ကို ဒီလိုထင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ကိုယ့်ရင်ထဲ တကယ်နေလို့မကောင်းတော့ဘူး"

 

 

"ဖူကျွင်း ကျွန်မ အဲ့ဒီသဘောနဲ့ပြောတာ မဟုတ်ပါဘူး"

 

 

လျို့ရှီစိတ်ထဲမှ နောက်ဆုံးကျန်ရှိနေသော သံသယစိတ်များမှာ ကျောက်ကန်းပေါင်၏မျက်ရည်အချို့ကြောင့် လွင့်ပါးပျောက်ကွယ်သွားခဲ့ရသည်။

 

 

"ကျွန်မ ကြောက်သွားလို့ပါ၊ ဖူကျွင်း ကျွန်မပြောတာယုံပါနော်"

 

 

ကျောက်ကန်းပေါင်သည် သင့်တော်သည့်နေရာ၌ ရပ်တန့်ရမည်ကို အလိုလို သိရှိထားသူဖြစ်သည်။ လျို့ရှီမှာ အလွယ်တကူ လှည့်စား၍ရသည်ကို မြင်သောအခါ အလိုက်သင့်ပင် ဆက်ပြောလိုက်သည်။

 

 

"ကိုယ် သိပါတယ် ဇနီးလေးရယ်၊ ကိုယ် မင်းကို မပြစ်တင်ပါဘူး"

 

 

သူတို့နှစ်ဦး အတန်ကြာချစ်ကြည်နူးနေကြပြီးနောက် လျို့ရှီ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၏။

 

 

"ဖူကျွင်း၊ ဒီနေ့ အမေနဲ့ ရွာလူကြီးတို့ ပြောတာကြားလိုက်တယ်၊ ဟယ်ကောအာမှာ ရောဂါတစ်ခုခုရှိနေတာလား"

 

 

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ကန်းပေါင်မျက်နှာမှာ တစ်စုံတစ်ခုသော ထိတ်လန့်စရာကို သတိရသွားသည့်နှယ် ချက်ချင်းပင် သွေးဆုတ်ဖြူဖျော့သွားခဲ့သည်။

 

 

"ဖူကျွင်း"

 

 

"အာ"

 

 

ကျောက်ကန်းပေါင်မှာ လန့်ဖြတ်သွားပြီး စိတ်ကိုပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် စကားစလိုက်သည်။

 

 

"ဟူး မင်းမသိလို့၊ ဖုန်းနျန်သေတဲ့နေ့က မအေးချမ်းခဲ့ဘူး၊ ညဘက်မှာ မိုးကြိုးတွေပစ်ပြီး မိုးတွေရွာနေခဲ့တာ၊ ကိုယ်လည်း လူသေကို ကောက်ရိုးဖျာနဲ့ပတ်ဖို့ ပြင်နေတုန်းမှာပဲ ဟယ်ကောအာပြန်ရောက်လာခဲ့တယ်"

 

 

ကျောက်ကန်းပေါင်သည် ထိုအဖြစ်အပျက်ကို စွဲမြဲစွာမှတ်မိနေခဲ့သည်။

 

 

သူသည် လူသေကို နိမိတ်မကောင်းသဖြင့် မကိုင်တွယ်ချင်ခဲ့သော်လည်း အခြားသူကို ငှားရမ်းပါက ပိုက်ဆံကုန်မည်ဖြစ်ကြောင်း မိခင်ဖြစ်သူပြောသဖြင့် အံကြိတ်ကာ ကိုယ်တိုင် လုပ်ဆောင်ခဲ့ရခြင်းဖြစ်၏။

 

 

မည်သူ ထင်မှတ်ထားမည်နည်း။ သူ ကောက်ရိုးဖျာကိုဖြန့်ခင်းပြီးရုံရှိသေး တံခါးမှ အသံတစ်ချို့ထွက်ပေါ်လာခဲ့သည်။

 

 

"မျက်လုံးတွေက ပြူးကျယ်ပြီး မျက်နှာပေါ်မှာလည်း သွေးတွေ ဒလဟောစီးကျလို့"

 

 

လျို့ရှီ ထိတ်လန့်တုန်လှုပ်သွားပြီး ကျောက်ကန်းပေါင်၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်သည်။

 

 

ကျောက်ကန်းပေါင်က လျို့ရှီ၏ကျောပြင်ကို သာသာလေးပုတ်ပေးရင်း ပြောသည်။

 

 

"မကြောက်ပါနဲ့၊ အဲ့ဒီနောက်မှာ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ဒီကောင်စုတ်‌လေး ဟယ်ကောအာက ဖုန်းနျန်ရဲ့အလောင်းကိုလည်းမြင်ရော ရူးသွပ်သွားပြီး အခန်းထဲမှာသောင်းကျန်းတော့တာပဲ၊ နောက်ဆုံးတော့ ကိုယ်ကပဲ သူ့ကိုတုတ်နဲ့ တစ်ချက်ရိုက်လိုက်မှ ငြိမ်ကျသွားတော့တာ"

 

 

"ဖူကျွင်း၊ ရှင်က သိပ်တော်တာပဲ"

 

 

လျို့ရှီ သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ရာ ကျောက်ကန်းပေါင်မှာ အတော်ပင် ဂုဏ်ယူဝင့်ကြွားသွားခဲ့သည်။

 

 

အမှန်မှာ သူက ဟယ်ကောအာကို တုတ်နှင့် ရိုက်ခဲ့ခြင်းမဟုတ်ဘဲ ဟယ်ကောအာကိုယ်တိုင် ခြေချော်လဲကျကာ ခေါင်းနှင့် မြေကြီးဆောင့်မိပြီး သတိလစ်မေ့မြောသွားခြင်းသာ ဖြစ်၏။

 

 

"ဖူကျွင်း၊ ဒါဆို နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ"

 

 

"နောက်တော့လား၊ နောက်တော့ ဘာပြဿနာမှမရှိတော့ပါဘူး၊ သူ နိုးလာတော့လည်း ပုံမှန်လူတစ်ယောက်လိုပါပဲ"

 

 

ထိုအကြောင်းပြောရင်း ကျောက်ကန်းပေါင်မှာ ပြန်ပြီး မကျေမနပ်ဖြစ်သွားရပြန်သည်။

 

 

ထိုစဉ်က မည်သည့် ပါးစပ်သရမ်းသည့်သူမှ လျှောက်ပြောလိုက်သည်မသိပေ။ ရွာလူကြီးသိရှိသွားပြီးနောက် ထိုကောင်စုတ်လေးကို သမားတော်ခေါ်၍ ကုသပေးရန် အတင်းအကျပ်ဖိအားပေးခဲ့သည်။

 

 

နောက်ဆုံးတွင် မည်သည့်ရောဂါမှမပေါ်ပဲ သူ့အတွက် ကြေးပြားတစ်တွဲလုံး အလကား ကုန်သွားရုံသာရှိ၏။

 

 

"ကိုယ်က ဒီကိစ္စတစ်ခုလုံးကို မေ့တောင် မေ့နေပြီ၊ ဒီနေ့ကျမှ သူ ရုတ်တရက် ပြန်ရူးသွပ်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"

 

 

ကျောက်ကန်းပေါင် စက်ဆုပ်ရွံရှာသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

 

 

"ကိုယ့်အကြီးဆုံးအစ်ကိုမိသားစုက ကိုယ့်ကို ဒုက္ခပေးဖို့ပဲသိကြတာ"

 

 

လျို့ရှီရင်ထဲ ဒိတ်ခနဲဖြစ်သွားခဲ့သည်။

 

 

ယခုအခါ ဟယ်ကောအာ၏ရူးသွပ်မှုမှာ အတည်ဖြစ်သွားပြီဖြစ်သည်။

 

 

ပုံမှန်နေ့ရက်များတွင် အဆင်ပြေသော်လည်း တစ်နေ့နေ့တွင် သူ ရုတ်တရက် စိတ်ဖောက်ပြန်လာပြီး သူမကိုသတ်ချင်လာပါက မည်သို့လုပ်ရမည်နည်း။

 

 

'မဖြစ်သေးပါဘူး၊ သူ့ကိုအမြန်ဆုံး အဝေးကို ရှင်းထုတ်ပစ်ရမယ်၊ မြန်လေ ကောင်းလေပဲ'

 

 

 

 

 

 

 

 

 

 

7

 

ဂူအတွင်း၌

 

 

မိုးက တဖြည်းဖြည်း ပိုမိုသည်းထန်စွာ ရွာသွန်းလာပြီး ဂူအပြင်ဘက်ရှိ ကောင်းကင်တစ်ခုလုံးမှာလည်း မိုးသည်းလွန်း၍ မှောင်မည်းနေခဲ့ပြီ ဖြစ်သည်။

 

 

ထိုလူသည် အဖြူရောင်အတွင်းအင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားပြီး မီးပုံဘေးမြေကွက်လပ်တွင် ထိုင်နေသည်။

 

 

သူ့မျက်ဝန်းများက ဂူဝဆီသို့ မကြာခဏ မျှော်ကြည့်နေ၏။

 

 

ထိုစဉ် ဆီစိမ်စက္ကူထီးတစ်လက်ကို ကိုင်ဆောင်ကာ လက်ထဲတွင် တောကြက်တစ်ကောင်ကို ဆွဲလာသော ချင်ဟယ်က ဂူဝသို့ရောက်ရှိလာခဲ့သည်။

 

 

ယခုကဲ့သို့ မိုးသည်းထန်နေသည့်ကြားထဲမှ ကံစမ်းသည့်အနေဖြင့်သာ အပြင်ထွက်ရှာဖွေခဲ့ခြင်းဖြစ်သော်လည်း တကယ်ပင် တောကြက်တစ်ကောင်ရရှိလာလိမ့်မည်ဟု ချင်ဟယ်မထင်ထားခဲ့ပေ။

 

 

"ဖေဖေ"

 

 

ထိုလူသည် ချင်ဟယ်ကိုမြင်သည်နှင့် မြေကြီးပေါ်မှ ချက်ချင်းထရပ်လိုက်စဉ် မတော်တဆ မီးပုံကိုတိုက်မိသွားခဲ့သည်။

 

 

ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ချင်ဟယ်သည် အပြေးအလွှားရှေ့သို့တက်ကာ ထိုလူကို ဘေးသို့တွန်းထုတ်လိုက်ပြီး လွင့်စင်သွားသော မီးပွားများကို ခြေလှမ်းအနည်းငယ်ဖြင့် အလျင်အမြန် နင်းခြေ ငြှိမ်းသတ်လိုက်သည်။

 

 

"ဖေဖေ"

 

 

ထိုလူသည် သူ နောက်တစ်ကြိမ် အမှားလုပ်မိမှန်းသိသွားသဖြင့် ခေါင်းကိုငုံ့ထားကာ အသက်ပင် ကျယ်ကျယ်မရှူရဲတော့ပေ။

 

 

သူ၏သနားစရာပုံစံကိုကြည့်ရင်း ပေါက်ကွဲထွက်တော့မည့် ချင်ဟယ့်ဒေါသများမှာ ပြန်လည်လျော့ကျသွားခဲ့ရသည်။

 

 

"ငါ မင်းကိုမပြောဖူးဘူးလား၊ ငါက မင်းရဲ့ဖေဖေ မဟုတ်ပါဘူးဆို"

 

 

ထိုလူသည် ချင်ဟယ့်စကားကို သဘောမတူမှန်း သိသာသည်။ နှုတ်ခမ်းကို စူထားရင်း မျက်လုံးထောင့်မှနေ၍ ချင်ဟယ်ကို ခဏခဏ ခိုးကြည့်နေခဲ့၏။

 

 

ချင်ဟယ် သက်ပြင်းတစ်ချက် ချလိုက်ပြီး ထိုလူကို သူ့အနားသို့ဆွဲလိုက်သည်။

 

 

"ကြည့်စမ်း၊ မင်းက ငါ့ထက်တောင် အရပ်ရှည်သေးတယ်၊ ငါက ဘယ်လိုလုပ် မင်းဖေဖေဖြစ်နိုင်မှာလဲ"

 

 

သူ့စကားကိုကြားလိုက်ရသောအခါ ထိုလူသည် ရုတ်တရက် အံ့အားသင့်သွားပြီး ချင်ဟယ်ကို တစ်လှည့်၊ သူ့ကိုယ်သူ တစ်လှည့်ကြည့်ကာ လက်နှစ်ဖက်ဖြင့် သူတို့ အရပ်အမြင့်ကို အပြန်ပြန်အလှန်လှန် တိုင်းတာကြည့်နေတော့သည်။

 

 

'ငါက အရပ်ရှည်တယ်၊ ဖေဖေက အရပ်ပုတယ်'

 

 

'ဖေဖေက ဖေဖေ မဟုတ်ဘူးတဲ့လား'

 

 

ထိုလူသည် ရုတ်တရက် မြေကြီးပေါ် ထိုင်ချလိုက်ပြီး မျက်ရည်များ တသွင်သွင် စီးကျလာကာ အဆက်မပြတ် အော်ဟစ်ငိုယိုတော့သည်။

 

 

"ဖေဖေ့ကို လိုချင်တယ်၊ ဖေဖေ့ကိုပဲ လိုချင်တယ်လို့"

 

 

"ကောင်းပြီ၊ ဘာငိုစရာရှိလို့လဲ"

 

 

ချင်ဟယ် ထိုအရူးကြီးကိုကြည့်ကာ မျက်လုံးလှန်ကြည့်လိုက်သည်။

 

 

"ငါ့အဖေရော၊ ဖေဖေရော နှစ်ယောက်လုံးမရှိတော့တာတောင် ငါကမငိုရသေးဘူး"

 

 

ထိုစကားမှာ ကိုယ့်ကိုယ်ကို ခနဲ့သည့်အနေဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း အခြားသူ၏ငိုသံကို အောင်မြင်စွာ ရပ်တန့်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 

 

ချင်ဟယ် သတိမထားမိလိုက်စဉ်မှာပင် ထိုလူသည် ချင်ဟယ်ကို လက်နှစ်ဖက်ဖြင့် ဆွဲဖက်လိုက်ပြီး သူ့ရင်ဘတ်တွင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်၏။

 

 

ချင်ဟယ့်ခန္ဓာကိုယ်မှာ ထိတ်လန့်မှုကြောင့် တုန်ယင်သွားခဲ့သည်။ ငယ်စဉ်ကတည်းက ကြီးပြင်းလာသည့်တိုင်အောင် သူ့အဖေမှလွဲ၍ မည်သည့်အမျိုးသားနှင့်မျှ ယခုကဲ့သို့နီးကပ်စွာ မနေခဲ့ဖူးပေ။

 

 

သူ့အခြေအနေကို သတိဝင်လာပြီးနောက် ချင်ဟယ်သည် ထိုလူ့ရင်ခွင်ထဲမှ ရုန်းထွက်ရန် အမြန်ကြိုးစားခဲ့သော်လည်း ယောက်ျားဆိုသည်မှာ ယောက်ျားပင်ဖြစ်ရာ ချင်ဟယ် မည်မျှပင် အားကုန်ရုန်းကန်ပါစေ အသုံးမဝင်ခဲ့ပေ။

 

 

'ဒီလိုဆိုမှတော့ ငါ့ကိုအပြစ်မတင်နဲ့တော့'

 

 

ချင်ဟယ်သည် ထိုလူ့လက်မောင်းကို အားကုန်ကိုက်ချလိုက်ရာ ထိုသူမှာ နာကျင်လွန်း၍ အော်ဟစ်လိုက်သော်လည်း လုံးဝမလွှတ်ပေးခဲ့ပေ။

 

 

"အင်းပါ၊ အင်းပါ"

 

 

ထိုလူသည် ချင်ဟယ့်ဆံပင်များကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။

 

 

 

"ငါ့မှာလည်း ဖေဖေမရှိဘူး၊ မင်းမှာလည်း ဖေဖေမရှိဘူး၊ မငိုနဲ့တော့နော်"

 

 

ထိုအခါမှ ဤအရူးကြီးသည် သူ့အား နှစ်သိမ့်ပေးနေခြင်းဖြစ်ကြောင်း ချင်ဟယ် သဘောပေါက်လိုက်သည်။

 

 

"အင်းပါ၊ အင်းပါ မငိုနဲ့‌တော့နော်၊ ငါ့မှာလည်း ဖေဖေ မရှိဘူး၊ မင်းမှာလည်း ဖေဖေ မရှိဘူး"

 

 

ထိုစကားစုကိုပင် ထပ်ခါထပ်ခါရေရွတ်နေသောအခါ ချင်ဟယ်၏ရုန်းကန်ချင်စိတ်အားလုံးမှာ တဖြည်းဖြည်း လျော့ပါးသွားခဲ့ရပြီး မျက်ဝန်းများပင် ပူနွေးလာရတော့၏။

 

 

"မငိုပါနဲ့၊ မငိုပါနဲ့"

 

 

ချင်ဟယ့်မျက်ဝန်းထဲတွင် ဝဲတက်လာသော မျက်ရည်များကိုမြင်လိုက်ရသောအခါ ထိုလူမှာ အနည်းငယ်ပြာယာခတ်သွားခဲ့သည်။

 

 

"ငါ ငိုနေတာ မဟုတ်ဘူး၊ အရူးရဲ့"

 

 

ချင်ဟယ် သူ့မျက်ဝန်းထောင့်ကိုသုတ်လိုက်ရင်း ခေါင်းလွှဲလိုက်သည်။

 

 

"ငါက အရူးမဟုတ်ဘူး၊ ဖေဖေက ငါ့ကို မင်မင်လို့ခေါ်တာ"

 

 

ထိုလူသည် အနည်းငယ်မကျေမနပ်ဖြစ်သွားကာ ချင်ဟယ်မှ သူ့နာမည်ကိုမခေါ်သည့်အတွက် မပျော်မရွှင်ဖြစ်သွားသည်။

 

 

"အေးပါ၊ ဒါဆိုလည်း မင်မင်ပေါ့၊ ငါ့နာမည်က ချင်ဟယ်"

 

 

မိုးသည် နောက်တစ်နေ့ နံနက်စောစောအထိ အဆက်မပြတ် ရွာသွန်းနေခဲ့ပြီး ချင်ဟယ် မျက်လုံးဖွင့်လိုက်ချိန်တွင် မွန်းတည့်လုနီးပါး ဖြစ်နေခဲ့ပြီပင်။

 

 

သူ တောင်အောက်သို့ဆင်းရန် အမြန် ထလိုက်၏။

 

 

ယခုထက် ပိုနောက်ကျသွားပါက မြို့သို့သွားမည့် နွားလှည်းကိုမှီတော့မည် မဟုတ်ပေ။

 

 

"ချင်ဟယ်"

 

 

ချင်ဟယ် ထွက်သွားတော့မည်ကိုမြင်လိုက်သောအခါ ထိုလူသည် မခွဲခွာချင်သည့်ရုပ်ကလေးဖြစ်သွားသည်။

 

 

ချင်ဟယ် စိတ်ထဲလေးပင်နေရာမှ ပေါ့ပါးသွားရတော့၏။ အနည်းဆုံးတော့ ထိုသူက သူ့ကို ဖေဖေဟု မခေါ်တော့ပေ။

 

 

"ကောင်းပြီ၊ ဒီမှာ လိမ်လိမ်မာမာလေး နေခဲ့၊ ငါ မြို့ထဲသွားပြီး ပြန်လာရင် မင်းအတွက် ထန်ဟူလု ဝယ်ခဲ့မယ်"

 

 

ကတိစကားရလိုက်သည်နှင့် ထိုလူသည် ငြိမ်ကျသွားပြီး တကယ်ပင် လိမ္မာစွာ ထိုင်‌နေခဲ့သည်။

 

 

"စောစော ပြန်လာခဲ့နော်"

 

 

ထိုသူ၏တောက်ပနေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ချင်ဟယ် မနေ့က သူ့ရင်ခွင်ထဲတွင် ဖက်ထားခြင်းခံခဲ့ရသည့် အဖြစ်အပျက်ကို ဘာကြောင့်ပြန်သတိရသွားမှန်းမသိဘဲ ပါးပြင်နှစ်ဖက်လုံး ပူနွေးနီရဲလာရ၏။

 

 

ချင်ဟယ်သည် လင်ဇီးမှိုကိုယူဆောင်ကာ တောင်အောက်သို့ အလျင်အမြန် ဆင်းလာပြီး ကျောက်အိမ်သို့ပြန်လာခဲ့သည်။

 

 

သူ့အခန်းနံရံမှ အုတ်ခဲတစ်ဝက်ကို ဆွဲထုတ်လိုက်ပြီး အထဲမှပိတ်စအိတ်ငယ်လေးကိုထုတ်ကာ ကြေးပြားငါးပြား နှိုက်ယူလိုက်သည်။

 

 

ထို့နောက် ကျန်ရှိသောငွေများကို မူလအတိုင်း အတိအကျပြန်ထည့်လိုက်၏။

 

 

မထွက်သွားမီ မည်သည့်အမှားအယွင်းမှမရှိကြောင်း သေချာစေရန် အချိန်အတော်ကြာ စစ်ဆေးပြီးမှ အပြင်သို့ ထွက်သွားခဲ့သည်။

 

 

"ဒီကောင်စုတ်လေးကတော့ အလုပ်မလုပ်ဘဲ နောက်တစ်ခါထွက်ပြေးသွားပြန်ပြီ"

 

 

အဘွားကျောက်သည် အပြင်သို့ထွက်လာသည်နှင့် ချင်ဟယ်၏ထွက်သွားသော ကျောပြင်ကို မြင်လိုက်ရသည်။

 

 

ယခုရက်ပိုင်းတွင် သူမသည် ထိုကောင်လေးရောဂါပြန်ထလာပါက သူမထံ ရန်မူလာမည်ကို ကြောက်သောကြောင့် ကွယ်ရာ၌သာ ဆဲဆိုရဲတော့၏။

 

 

"ဟယ်ကောအာ၊ မင်းမြို့ထဲသွားမလို့လား"

 

 

လှည်းမောင်းနေသည့် ဦးလေးကျိုးမှာ အသက် ၆၀ ကျော်ပြီဖြစ်သည်။

 

 

သူ့ဇနီးဖြစ်သူ၏သင်္ချိုင်းဂူပေါ်တွင် မြက်များ ဘယ်နှစ်ကြိမ်ပေါက်လိုက်၊ ရှင်းလိုက်လုပ်ပြီးမှန်း မသိတော့သလို သူ့တစ်ဦးတည်းသော သားဖြစ်သူမှာလည်း လွန်ခဲ့သော ၂နှစ်က ရေကာတာပြင်ဆင်ရင်း ရေနစ်သေဆုံးခဲ့ရသည်။

 

 

ပို၍ရင်နင့်ဖွယ်ကောင်းသည်မှာ သားဖြစ်သူ သေဆုံးသည့်သတင်း ရောက်လာသည်နှင့် ချွေးမဖြစ်သူသည်လည်း ပစ္စည်းများသိမ်းဆည်းကာ ထွက်သွားခဲ့ခြင်းပင်။

 

 

ယခုအခါ အဘိုးအိုတစ်ဦးနှင့် မြေးငယ်လေး ချောင်ကောအာတို့နှစ်ဦးတည်းသာ အိမ်တွင်ကျန်ရစ်ခဲ့တော့သည်။

 

 

ချင်ဟယ် မောဟိုက်စွာ အသက်ရှုထုတ်ရင်း ခေါင်းငြိမ့်ပြလိုက်၏။

 

 

လှည်းပေါ်သို့ တက်ရန်ပြင်လိုက်စဉ် ဦးလေးကျိုးနောက်ရှိ ကလေးငယ်နှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။

 

 

ကလေးငယ်သည် သူခိုးကြည့်နေသည်ကို မိသွားသောအခါ ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီရဲသွားပြီး အဘိုးဖြစ်သူ၏နောက်သို့ အလျင်အမြန် ပြန်ပုန်းလိုက်၏။

 

 

ချင်ဟယ်ထက် အသက်အများကြီးမငယ်သော်လည်း ချောင်ကောအာသည် နူးညံ့သောစရိုက်ရှိပြီး ရှက်တတ်သူဖြစ်သည်။

 

 

ပုံမှန်အားဖြင့် ဦးလေးကျိုးနောက်မှ တကောက်ကောက်လိုက်နေလေ့ရှိသလို မဟုတ်ပါကလည်း အိမ်တွင် တစ်ယောက်တည်း ပုန်းအောင်းနေလေ့ရှိသည်။

 

 

"ချောင်ကောအာ၊ မင်း လှည်းပေါ်တက်ထိုင်နှင့်လေ၊ အဘိုး ပစ္စည်းတွေတင်ပြီးရင် တက်ခဲ့မယ်"

 

 

ဦးလေးကျိုးသည် ခြံဝင်းအတွင်း အသီးအရွက်အချို့ စိုက်ပျိုးထားသည်။ အဘိုးနှင့် မြေးနှစ်ဦးတည်း မကုန်နိုင်သဖြင့် ရက်အပိုင်းအခြားအလိုက် မြို့သို့ သွားရောက် ရောင်းချလေ့ရှိ၏။

 

 

ထိုကလေးသည် ဘာမှမပြောဘဲ အဘိုးဖြစ်သူနောက်သို့သာ တကောက်ကောက် ထပ်ချပ်မကွာ လိုက်ပါလှုပ်ရှားနေ၏။

 

 

ဦးလေးကျိုးသည် သူ့မြေးငယ်၏ခေါင်းမာတတ်သည့်စရိုက်ကို သိသဖြင့် သူ့သဘောအတိုင်းသာလွှတ်ထားလိုက်သည်။

 

 

ဦးလေးကျိုး အသီးအရွက်များကို လှည်းပေါ်သို့ တင်ဆောင်နေစဉ် ရွာလူကြီး၏ဇနီးဖြစ်သူ အဘွားကျောက်မှာ ချွေးမနှစ်ဦးနှင့်အတူ လှည်းပေါ်သို့ တက်လာခဲ့သည်။

 

 

"ဒါ ဟယ်ကောအာမလား"

 

 

အဘွားကျောက် မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းနေသည်မှာ အဆန်းတော့ မဟုတ်ပေ။

 

 

သူမ၏အငယ်ဆုံးသမီးလေးမှာ မကြာမီ လက်ထပ်တော့မည်ဖြစ်ပြီး သမက်လောင်းမှာလည်း အလွန်ထက်မြက်သူဖြစ်ရာ သူမ စိတ်ထဲတွင် အလွန်ပင် ကျေနပ်အားရနေသည်။

 

 

"ကျောက်မား"

 

 

ချင်ဟယ်ခေါ်လိုက်ပြီး သူမ ချွေးမနှစ်ဦးကိုလည်း အဒေါ်ဟုနှုတ်ဆက်လိုက်သည်။

 

 

ချင်ဟယ်ကိုကြည့်ရင်း ကျောက်မားသည် ထိုလူငယ်လေး၏ကံကြမ္မာ ခါးသီးပုံကိုတွေးမိကာ သနားဂရုဏာသက်သွားရသည်။

 

 

"ဟယ်ကောအာ စိတ်အေးအေးထားနော်၊ မင်းအဘွား စီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးက အတည်ဖြစ်မှာ မဟုတ်ပါဘူး၊ ဒီနေ့မနက် မြို့ထဲက အောင်သွယ်တော် မင်းတို့အိမ်ကိုသွားတာ ငါတွေ့လိုက်တယ်၊ စေ့စပ်ကြောင်းလမ်းတာကို ဖျက်သိမ်းဖို့သွားပြောတာ ဖြစ်ရမယ်"

 

 

ချင်ဟယ် ပြုံး၍ခေါင်းငြိမ့်ပြလိုက်၏။ ထိုသို့ဆိုလျှင် အကောင်းဆုံးဖြစ်လိမ့်မည်။

 

 

ဦးလေးကျိုးသည် တစ်သက်လုံး လှည်းမောင်းလာသူဖြစ်ရာ သူ့ကျွမ်းကျင်မှုမှာ ပြောစရာပင် မလိုပေ။

 

 

မြို့နှင့် ရွာမှာလည်း မဝေးသဖြင့် မကြာမီအချိန်အတွင်းမှာပင် ရောက်ရှိသွားကြသည်။

 

 

ချင်ဟယ်၊ ကျောက်မား နှင့် အဒေါ်နှစ်ဦးတို့သည် မြို့တံခါးဝတွင်လှည်းပေါ်မှ ဆင်းလိုက်ကြသည်။

 

 

"ဟယ်ကောအာ၊ ငါကတော့ မင်းအဒေါ်တွေနဲ့ ပစ္စည်းသွားဝယ်လိုက်ဦးမယ်၊ မင်း ဝယ်စရာရှိတာ ဝယ်ပြီးရင် ဒီမှာပဲ စောင့်နေနော်၊ ဦးလေးကျိုးဟင်းရွက်ရောင်းပြီးရင် သူ့လှည်းနဲ့ပဲ ရွာကိုတူတူပြန်ကြတာပေါ့"

 

 

ချင်ဟယ် သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လမ်းကြောင်းကျွမ်းဝင်စွာပင် ရုန်အန်း ဆေးခန်းဆီသို့ ခြေဦးလှည့်လိုက်သည်။

 

 

"ရောက်လာပြီလား ကောလေး"

 

 

ရုန်အန်းမှဆိုင်အကူလေးသည် ချင်ဟယ်ကို မှတ်မိနေ၏။

 

 

"ဒီတစ်ခေါက်ရော ဘာတွေယူလာခဲ့တာလဲ"

 

 

"ကျေးဇူးပြုပြီး ဆိုင်ရှင်ကိုအရင်ခေါ်ပေးပါလား"

 

 

"ကောင်းပါပြီ၊ ခဏစောင့်၊ ငါ အခုပဲ သွားခေါ်ပေးမယ်"

 

 

ရုန်အန်း၏ဆိုင်ရှင်အကြောင်း ပြောရလျှင် သူသည် နာမည်ကျော်လူထူးလူဆန်းတစ်ဦး ဖြစ်သည်။

 

 

သူသည် နန်းတွင်းသမားတော်အဖြစ် တစ်သက်လုံး အမှုထမ်းခဲ့ပြီးနောက် ဇာတိမြေသို့ ပြန်လည်အနားယူကာ ဤမြို့လေးတွင် ရုန်အန်းဆေးခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

 

ခရိုင်ဝန်ပင် သူ့ကိုတစ်ခေါက်တွေ့ခွင့်ရရန် မျက်နှာသာမရနိုင်ပေ။

 

 

သို့သော် ချင်ဟယ်မှာမူ မြို့ထဲသို့လာသည့်အကြိမ်တိုင်းတွင် သူနှင့်အမြဲ စကားပြောခွင့်ရလေ့ရှိသည်။

 

 

မကြာမီအချိန်အတွင်းမှာပင် ဆိုင်ရှင်ထွက်လာခဲ့၏။

 

 

"ကောလေး၊ ဒီတစ်ခေါက်ရော ဘာရတနာများယူလာခဲ့ပြန်ပြီလဲ"

 

 

 

 

 

 

 

 

 

 

 

8

 

ရုန်အန်း ဆေးခန်းထဲတွင်။

 

 

ချင်ဟယ်သည် ခန္ဓာကိုယ်၌ စည်းနှောင်ထားသော အထုပ်ငယ်လေးကိုဖြေလိုက်ပြီး အတွင်းမှ လင်ဇီးမှိုကိုထုတ်လိုက်သည်။

 

 

"ဒါကို ဒီမှာလက်ခံလား"

 

 

တစ်သက်လုံး ဆေးဖက်ဝင်အပင်များနှင့် ထိတွေ့ဆက်ဆံခဲ့သည့် ဆိုင်ရှင်ချန်ပင် ယခုကဲ့သို့ အရည်အသွေးကောင်းမွန်လွန်းသည့် လင်ဇီးမှိုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

 

 

"လူငယ်လေး၊ ဒါကို ဘယ်ကရခဲ့တာလဲ"

 

 

ချင်ဟယ် တုံ့ဆိုင်းသွား၏။

 

 

"ဘယ်ကရလဲဆိုတာ မလိုပါဘူး၊ ဒါကို ဒီမှာလက်ခံလားဆိုတာပဲ သိချင်တာ"

 

 

ဆိုင်ရှင်ချန်၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားကာ လေသံမှာလည်း တင်းမာခက်ထန်သွား၏။

 

 

"ဟယ်ကောအာ၊ မင်း တောနက်ထဲအထိ ဝင်သွားခဲ့တာလား"

 

 

"ကျွန်တော်"

 

 

ချင်ဟယ် ဘာမှမပြောနိုင်တော့ပေ။

 

 

"တောနက်ထဲကို ဘယ်တော့မှမဝင်ဖို့ ငါ မင်းကို မပြောခဲ့ဘူးလား၊ ပိုက်ဆံမရှိရင် ငါ့ဆီလာလို့ရတယ်လို့ ဘယ်နှစ်ခါတောင် ပြောခဲ့ပြီးပြီလဲ"

 

 

ဆိုင်ရှင်ချန် စားပွဲကိုရိုက်လိုက်ရာ ဒေါသထွက်လွန်း၍ သူ့မုတ်ဆိတ်မွေးများပင် လွင့်ပျံတော့မတတ်ဖြစ်သွားသည်။

 

 

"အဘိုးချန်"

 

 

ချင်ဟယ်သည် သူမှားသွားမှန်းသိသဖြင့် လေသံလေးပျော့ပြောင်းသွား၏။

 

 

"ကလေး၊ မင်း ဘာလို့ ဒီလောက်မဆင်မခြင်လုပ်ရတာလဲ၊ မင်းသာ တစ်ခုခုဖြစ်သွားရင် ငါ့ကျေးဇူးရှင်ကို ဘယ်လိုမျက်နှာပြရမလဲ"

 

 

ဆိုင်ရှင်ချန် နန်းတွင်းသမားတော်မဖြစ်မီက တောင်ပေါ်သို့ဆေးမြစ်သွားရှာရင်း ဝံပုလွေအုပ်နှင့် မတော်တဆတိုးခဲ့ဖူးသည်။

 

 

ထိုစဉ်က သူ့ကိုကယ်တင်ခဲ့သူမှာ ချင်ဟယ်၏ဖခင်ဖြစ်သူ ကျောက်ကန်းရှန်း ပင်ဖြစ်သည်။

 

 

ဇာတိမြေသို့ ပြန်ရောက်သောအခါ ဆိုင်ရှင်ချန်သည် ကျောက်ကန်းရှန်းအား ကျေးဇူးဆပ်ရန် ရည်ရွယ်ခဲ့သော်လည်း သူ့ကျေးဇူးရှင်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကာ ဤကောင်လေးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

 

 

"ဒါပေမဲ့ ကျွန်တော်ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်ရှိနေတာပဲဟာကို"

 

 

ဆိုင်ရှင်ချန်မှ ချင်ဟယ်အား စူးစူးစိုက်စိုက်ကြည့်လိုက်သဖြင့် ချင်ဟယ်လည်း နောက်ဆုံးတွင် ပါးစပ်ပိတ်သွားတော့၏။

 

 

"ဘာမှမဖြစ်ဘူးဆိုတာ ဘာစကားလဲ၊ တစ်ခုခုသာ တကယ်ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ"

 

 

"ကျွန်တော် မှားသွားပါတယ်၊ နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး"

 

 

ကောင်လေးမှ အမှားကိုဝန်ခံလာသဖြင့် ဆိုင်ရှင်ချန်လည်းဆက်ပြီး ဒေါသထွက်မနေတော့ဘဲ အထပ်ထပ်အခါခါ သတိပေးလိုက်ရတော့သည်။

 

 

"ကျွန်တော် သိပါပြီ၊ နောက်ဆို တောနက်ထဲကို တစ်ယောက်တည်း ဘယ်တော့မှ မဝင်တော့ပါဘူး၊ ဒါနဲ့ ဒီလင်ဇီးမှိုကရော"

 

 

"ငါ ယူမယ်"

 

 

ဆိုင်ရှင်ချန်သည် ဒေါသသံဖြင့်ပြောလိုက်ရာ သူ့မုတ်ဆိတ်မွေးများပင်လှုပ်သွား၏။

 

 

ထိုကောင်လေးသည် သူ့ကိုမည်သို့ကိုင်တွယ်ရမည်အား ကောင်းကောင်းကြီးသိသည်။

 

 

သူ မည်မျှပင် ဒေါသထွက်ပါစေ ယခုကဲ့သို့ အရည်အသွေးကောင်းမွန်သည့် လင်ဇီးမှိုကိုမူ အလဟဿအဖြစ်ခံမည် မဟုတ်ပေ။

 

 

ဆိုင်ရှင်ချန်သည် ဆိုင်အကူအား ငွေတေး ၁၀၀ယူဆောင်လာစေပြီး ချင်ဟယ်ထံ ပေးခိုင်းလိုက်သည်။

 

 

"ဒါ... ဒါ များလွန်းနေတာ မဟုတ်ဘူးလား"

 

 

ချင်ဟယ်သည် မူလက ငွေ ၅တေးရလျှင်ပင် တန်လှပြီဟုထင်ထားခဲ့သော်လည်း ယခုအခါ ငွေတေး ၁၀၀တိတိ ပေးနေပြီဖြစ်သည်။

 

 

"အဘိုးချန်၊ ကျွန်တော် ဒီငွေကိုမယူနိုင်ပါဘူး၊ အဘိုးဆီကနေ အမြတ်မထုတ်ချင်ဘူး"

 

 

"ဒီကလေးကလည်း၊ ငါပေးတာကိုသာ ယူထားလိုက်စမ်းပါ၊ ငါက အရှုံးခံမယ်လို့ မင်းထင်လို့လား၊ စိတ်ချစမ်းပါ၊ ဒီလင်ဇီးမှိုက ဒီတန်ဖိုးနဲ့တကယ်တန်ပါတယ်၊ ဒီအဘိုးကြီးက မင်းကိုလိမ်စရာမလိုပါဘူး"

 

 

ဆိုင်ရှင်ချန်မှ အကြိမ်ကြိမ် စိတ်အေးအောင် အာမခံပေးပြီးနောက် ချင်ဟယ်တစ်ယောက် ထိုငွေကို နောက်ဆုံး၌လက်ခံလိုက်သည်။

 

 

သူ မထွက်ခွာမီ ဆိုင်ရှင်ချန်မှ မနေနိုင်ဘဲ ထပ်မံမှာကြားလိုက်သည်။

 

 

"ဟယ်ကောအာ၊ မင်းဘာသာ အနာဂတ်အတွက် စောစောစီးစီးပြင်ဆင်ထားနော်၊ ကျောက်မိသားစုဆိုတာ ကြာကြာနေလို့ကောင်းတဲ့နေရာ မဟုတ်ဘူး"

 

 

"စိတ်ပူပါနဲ့"

 

 

ချင်ဟယ်သည် လူငယ်လေးတစ်ယောက်၏အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

 

 

သူသည် အစကတည်းက အစီအစဉ်ဆွဲထားပြီးဖြစ်၏။ လင်ဇီးမှိုကိုရောင်းပြီး ငွေရသည်နှင့် အထုတ်အပိုးပြင်ကာ ဤနေရာမှ ထွက်ခွာသွားမည်။

 

 

စာရင်းရှင်းပြီး ကျောက်မိသားစုမှခွဲထွက်ရန် သူယခင်က စဉ်းစားဖူးသော်လည်း ခိုကိုးရာမဲ့လူငယ်တစ်ဦးအဖြစ် မဲ့ရွဲ့စောင်းမြောင်းကြည့်သည့် အကြည့်များကို မည်မျှသည်းခံရမည်နည်း။

 

 

ထို့အပြင် ကျောက်မိသားစုကလည်း သူ့အား လွယ်လွယ်နှင့်ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။

 

 

ထိုဒုက္ခများကို ရင်ဆိုင်ရသည်ထက် မည်သူမျှမသိသည့်နေရာတစ်ခုတွင် အစမှဈပြန်စသည်က ပိုကောင်းလိမ့်မည်။

 

 

"ထန်ဟူလု၊ ထန်ဟူလုတွေ ရမယ်"

 

 

ချင်ဟယ်သည် တောင်ပေါ်မှထိုလူကို ရုတ်တရက် သတိရသွား၏။ ထိုလူအား ထန်ဟူလုဝယ်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။

 

 

ထိုသူသာလိုက်ချင်ပါက သူနှင့်အတူ ခေါ်သွားမည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးက ဖေဖေမရှိကြသည့် သူများပင်။

 

 

မည်သို့ပင်ဖြစ်စေ ထွက်သွားရန် ပြင်ဆင်နေပြီဖြစ်သဖြင့် ချင်ဟယ်သည် အခြားမည်သည့်အရာကိုမှ မဝယ်ချင်တော့ဘဲ မုန့်နှင့် စားစရာအချို့ကိုသာ ဝယ်ယူလိုက်သည်။

 

 

သူပြန်ရောက်လာသောအခါ ဦးလေးကျိုးသည် လှည်းပေါ်တွင်ထိုင်နေပြီး သူ့ဘေးတွင် ချောင်ကောအာမှ အသီးအရွက်ပေါက်စီကိုကိုင်ကာ နှုတ်ခမ်းထောင့်တွင် အရွက်ဖတ်လေးများ ပေကျံလျက် ပျော်ရွှင်စွာ စားသောက်နေသည်ကို တွေ့လိုက်ရသည်။

 

 

"ဟယ်ကောအာ၊ မင်း ပြန်ရောက်လာပြီလား"

 

 

ဦးလေးကျိုးသည် ချင်ဟယ်၏ပစ္စည်းများကို ကူတင်ပေးရန်ပြင်လိုက်သော်လည်း သူသည် စက္ကူထုတ်လေး တစ်ထုတ်တည်း ကိုင်ဆောင်ကာ ပြန်လာသည်ကို တွေ့လိုက်ရ၏။

 

 

"ရာသီဥတုက တဖြည်းဖြည်းပူလာပြီဆိုတော့ အများကြီးဝယ်ရင် သိုးကုန်မှာစိုးလို့"

 

 

ချင်ဟယ် ခပ်ပေါ့ပေါ့ပင် ရှင်းပြလိုက်သည်။

 

 

ဘာပဲဖြစ်ဖြစ် သူထွက်သွားမည် အစီအစဉ်ကို လူအများကြိုတင်ရိပ်မိသွားမည်ကို မလိုလားပေ။

 

 

ဦးလေးကျိုး ခေါင်းငြိမ့်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

 

 

ချင်ဟယ်သည် စက္ကူထုတ်တစ်ထုတ်ကို ချက်ချင်းဖြေလိုက်ပြီး မုန့်နှစ်ခုကိုထုတ်ကာ ချောင်ကောအာထံ ကမ်းပေးလိုက်သည်။

 

 

ကလေး၏မျက်လုံးများမှာ မုန့်ဆီသို့ စူးစူးစိုက်စိုက် ရောက်ရှိနေသော်လည်း သူ့လက်ကလေးများမှာမူ လှုပ်ရှားမလာခဲ့ပေ။

 

 

"ဟယ်ကောအာ၊ မင်း ဒီလိုလုပ်လို့မဖြစ်ဘူး"

 

 

လှည်းမောင်းလာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သော ဦးလေးကျိုးသည် ဤမုန့်များမှာ စျေးကြီးကြောင်း အလိုလိုသိထားသည်။

 

 

ဤကလေး ဟယ်ကောအာဘဝမှာ လုံလောက်အောင် ခက်ခဲနေပြီးသားဖြစ်သည်။ ထို့အပြင် အဘွားကျောက်မှာလည်း သဘောထားကြီးသည် မဟုတ်ပေ။

 

 

အကယ်၍ ယနေ့ မုန့်ကို သူတို့လက်ခံလိုက်ပါက ဟယ်ကောအာပြန်ရောက်သည့်အခါ ရှင်းပြရခက်လိမ့်မည်။

 

 

"ဦးလေးကျိုး၊ ချောင်ကောအာကိုပဲ လက်ခံခိုင်းလိုက်ပါ၊ ကျွန်တော်အားတဲ့အခါ တောင်ပေါ်တက် ဆေးမြစ်တူးပြီး မြို့ထဲမှာ သွားရောင်းနေတာမို့ ဘာမှမပင်ပန်းပါဘူး"

 

 

"ဒါဆို ပိုလို့တောင်လက်မခံနိုင်တော့ဘူးပေါ့၊ မင်း ခက်ခက်ခဲခဲရှာထားတဲ့ ပိုက်ဆံကို ငါတို့က ဘယ်လိုလုပ်ယူရမှာလဲ"

 

 

"ဘာလို့မယူနိုင်ရမှာလဲ"

 

 

ချင်ဟယ်သည် မုန့်နှစ်ခုကို ချောင်ကောအာလက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်၏။

 

 

"ချောင်ကောအာ ကိုင်ပြီးသွားပြီဆိုတော့ ကျွန်တော်မလိုချင်တော့ဘူး၊ ဦးလေးတို့မယူချင်ရင်လည်း လွှင့်ပစ်လိုက်ကြပေါ့"

 

 

ဦးလေးကျိုး သက်ပြင်းချလိုက်မိသည်။

 

 

"ချောင်ကောအာ၊ မင်းရဲ့အစ်ကိုချင်ဟယ်ကို ကျေးဇူးတင်ကြောင်းပြောလိုက်ဦး"

 

 

ချောင်ကောအာသည် လက်ထဲမှမုန့်များကို ဂရုတစိုက် ကိုင်ထားရင်း ချင်ဟယ်ကိုကြည့်လိုက်ကာ အတော်ကြာမှ ရှက်သွေးဖြန်းရင်း တိုးတိုးလေးပြောလိုက်၏။

 

 

"ကျေးဇူးတင်ပါတယ် အစ်ကိုချင်ဟယ်"

 

 

ချင်ဟယ်သည် ကလေး၏ဖောင်းဖောင်းအိအိ ပါးပြင်လေးများကို မနေနိုင်ဘဲ ပွတ်သပ်လိုက်မိသည်။

 

 

သူတို့နှစ်ယောက်အကြား အသက်အရွယ် သိပ်မကွာသော်လည်း ဤကလေးသည် အဘယ်ကြောင့် ယခုလိုနူးညံ့ကာ ချစ်စရာကောင်းနေရသနည်း။

 

 

သူတို့သုံးဦး စကားပြောနေကြစဉ်မှာ အမေကျောက်နှင့် သူ့ချွေးမနှစ်ဦးပြန်ရောက်လာကြသည်။

 

 

အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် သူတို့မျက်နှာများတွင် ဒေါသရိပ်များ ပြည့်နှက်နေကြ၏။

 

 

"ကျောက်မား၊ ဘာဖြစ်လို့လဲ"

 

 

အဘွားကြီးသည် ဒေါသအလွန်ထွက်နေပြီး လှည်းအစွန်းတွင်ထိုင်ကာ အသက် ပြင်းပြင်းရှူနေခဲ့သည်။

 

 

ကျောက်မိသားစု၏အကြီးဆုံး ချွေးမမှာ သူ့ယောက္ခမကျောပြင်ကို ပွတ်သပ်ပေးရင်း ပြောလိုက်၏။

 

 

"ကျွန်မတို့ညီမလေးရဲ့ သတို့သမီး ခန်းဝင်ပစ္စည်းအတွက် အထည်ကောင်းကောင်းလေးဝယ်ဖို့ အထည်ဆိုင်ကို သွားခဲ့ကြတာ၊ အထည်ရွေးပြီးလို့ ငွေရှင်းတော့မယ့်အချိန်မှာ တစ်ယောက်ယောက်က ကျွန်မတို့ဆီကနေ လာလုသွားတာပဲ"

 

 

အမေကျောက်သည် ထိုစကားကို ကြားလိုက်ရသောအခါ ဒေါသပိုထွက်လာတော့သည်။

 

 

"သူက ဘာမို့လို့လဲ၊ ပညာရှင်အဘိုးကြီး တစ်ယောက်ပဲကို၊ နောက်ဇနီးထပ်ယူမယ့်မုဆိုးဖိုကများ သူကိုယ်သူ တကယ် ထူးခြားတယ်လို့ ထင်နေတာလား"

 

 

"အမေ စိတ်လျှော့ပါဦး၊ ရေလေးနည်းနည်း သောက်လိုက်ပါ"

 

 

ယောက္ခမမျက်နှာ ရုတ်တရက်ဖြူဖျော့သွားသည်ကို မြင်လိုက်ရသဖြင့် ဒုတိယချွေးမက ရေဘူးကို အမြန်ယူပေးလိုက်သည်။

 

 

"အဲဒီမိသားစုက လွန်လွန်းပါတယ်၊ ပညာရှင်တစ်ယောက်ဆိုတဲ့ဂုဏ်ပုဒ်ကို အားကိုးပြီး ကျွန်မတို့ရွေးထားတဲ့ အထည်ကို အတင်းလုယူသွားတာ"

 

 

ဒုတိယ ချွေးမကလည်း မကျေမနပ်ဖြစ်နေသည်။

 

 

"သူကတော့ တစ်သက်လုံး ပညာရှင်အဆင့်မှာပဲ အနားယူသွားဖို့ ထိုက်တန်ပါတယ်"

 

 

ချင်ဟယ်သည် နားစွင့်၍အတော်ကြာအောင် နားထောင်နေခဲ့၏။ အကြောင်းအရာအားလုံးကို ကြားသိလိုက်ရပြီးနောက် သူ့စိတ်ထဲ၌မကောင်းသော နိမိတ်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

 

 

"ဦးလေးကျိုး ရှေ့ကနေသာ သွားနှင့်တော့၊ ကျွန်တော့်မှာ လုပ်စရာလေးရှိလို့"

 

 

ချင်ဟယ်သည် လှည်းပေါ်မှခုန်ဆင်းလိုက်ပြီး မည်သူမျှ သဲသဲကွဲကွဲမမြင်လိုက်ရမီ လူအုပ်ထဲသို့ပျောက်ကွယ်သွားခဲ့သည်။

 

 

"ဒီကလေး ဘာဖြစ်တာလဲ"

 

 

"အမေ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အဘွားကျောက် ချင်ဟယ့်ကို မြို့ထဲက ပညာရှင်အဘိုးကြီးဆီ ဒုတိယဇနီးအဖြစ် ထိမ်းမြားပေးတော့မယ်လို့ပြောခဲ့တာ မဟုတ်ဘူးလား"

 

 

"ဟက်၊ ဒီမနက်တင် အောင်သွယ်တော်က ကျောက်အိမ်ကိုသွားနေတာတွေ့လို့ ဒီအဘွားကြီး နောက်ဆုံးတော့ အသိတရားရလာပြီလို့ ထင်နေတာ"

 

 

အမေကျောက် ဒေါသတကြီး လှည်းအစွန်းကို ရိုက်လိုက်သည်။

 

 

"ဟူး၊ နောက်ဆုံးတော့ ဒီကလေး ဟယ်ကောအာပဲ ဒုက္ခရောက်ရတာ"

 

 

ချင်ဟယ် ထင်ထားသည့်အတိုင်းပင်။ သူသည် ရုန်အန်းဆေးဆိုင်မှဆိုင်အကူအား အကူအညီတောင်း၍စုံစမ်းခိုင်းရာ မကြာမီမှာပင် အဖြေရရှိလာခဲ့သည်။

 

 

"အဲဒီပညာရှင်အဘိုးကြီးက လူကောင်းမဟုတ်ဘူး၊ သူ့မှာအမြှောင်မယား အများကြီးရှိပြီး တစ်ယောက်ဆိုရင် ဆောင်ကြာမြိုင်အိမ်ကနေ ဝယ်လာတာလို့ ကြားတယ်၊ သူ့တရားဝင်ဇနီးက နှစ်သစ်ကူးမတိုင်ခင်ကမှ ကွယ်လွန်သွားတာ၊ သူက ဒုတိယဇနီးကို တရားဝင်ဇနီးအဖြစ် မြှောက်စားချင်ပေမဲ့ သူ့သားက သဘောမတူဘူး၊ အဲဒီဒုတိယဇနီးနဲ့က အမြဲတမ်းမတည့်ခဲ့တာဆိုတော့ တရားဝင်ဇနီးဖြစ်သွားရင် သူ့နောင်ရေး ဘယ်လိုမှကောင်းမှာ မဟုတ်တော့ဘူး၊ အဲဒါကြောင့် သားဖြစ်သူက သူ့အတွက် မိထွေးငယ်ငယ်တစ်ယောက်ရှာဖို့ စီစဉ်ခဲ့တာ၊ ကြားတာတော့ အဲဒီမိထွေးဆိုတာလဲ ကျေးလက်ဘက်က ရိုးအအနဲ့ စကားနားထောင်တယ် ကိုင်တွယ်ရ လွယ်တယ်လို့ ပြောကြတာပဲ"

 

 

ချင်ဟယ့်မျက်လုံးများထဲတွင် အေးစက်စက်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

 

 

"ဒီနေ့မနက် အောင်သွယ်တော်က ပညာရှင်အိမ်ကိုသွားခဲ့တာလား"

 

 

"သွားတယ်၊ သွားတာပေါ့၊ မိထွေးရဲ့မိသားစုက မစောင့်နိုင်တော့ဘဲ လူကို မင်္ဂလာမြန်မြန်ဆောင်ပေးလိုက်ချင်နေကြတာတဲ့၊ အဲဒါကြောင့်မို့လို့ နောက်သုံးရက်နေရင် မင်္ဂလာပွဲကျင်းပဖို့ အဆင်သင့်ဖြစ်အောင် အလျင်စလို ပြင်ဆင်နေကြတာ"

 

 

'သုံးရက်အတွင်း ဟုတ်လား၊ အိပ်မက်တွေ တော်တော်မက်နေကြတာပဲ၊ ဒီတစ်ခါတော့ မင်းတို့အိပ်မက်တွေကို စိတ်ကြိုက်မက်ခွင့်ပေးလိုက်မယ်'

 

 

"ကူညီပေးတာ ကျေးဇူးပါပဲ"

 

 

ချင်ဟယ်သည် ထိုသို့ပြောရင်း အိတ်ကပ်ထဲမှ ကြေးပြားငါးပြား ထုတ်ယူလိုက်သော်လည်း ဆိုင်အကူက အလျင်အမြန်ပင် ငြင်းဆန်လိုက်၏။

 

 

"မင်းက ငါတို့အလုပ်ရှင်ရဲ့ကျေးဇူးရှင်ပဲ၊ ငါ ဒီပိုက်ဆံကိုမယူနိုင်ပါဘူး"

 

 

"မလောပါနဲ့ဦး၊ ကျွန်တော် ခိုင်းစရာ တခြားကိစ္စတစ်ခု ရှိသေးလို့ပါ၊ ဒီပိုက်ဆံက အဲဒီအခါကျရင်အသုံးဝင်လာမှာပါ"

 

 

 

 

 

 

 

 

 

 

 

9

 

ချင်ဟယ် ယခုတစ်ကြိမ်တွင် အမှန်ပင် ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

 

 

သူသည် မြို့တံခါးဝသို့သွား၍ သူပြန်မည့်လမ်းဘက်သို့သွားမည့်လှည်းရှိ မရှိ ကြည့်ရန် စိတ်ကူးထားပြီး မရှိပါက လမ်းလျှောက်၍ ပြန်မည်ဟုကြံစည်ထား၏။

 

 

သို့သော် မထင်မှတ်ဘဲ အဝေးမှ ဦးလေးကျိုး၏နွားလှည်းကို လှမ်းမြင်လိုက်ရသည်။

 

 

"ဦးလေးကျိုး၊ ဘာလို့ ခုထိမပြန်သေးတာလဲ"

 

 

"ဒီကလေး၊ ငါ ဘယ်လောက်ပဲအော်ခေါ်အော်ခေါ် မင်းကိုတားလို့မှမရတာ"

 

 

ချင်ဟယ် ပြန်ရောက်လာသည်ကိုမြင်မှ ဦးလေးကျိုး စိတ်အေးသွားတော့သည်။

 

 

"ပြန်ရောက်လာတာ ကောင်းတာပေါ့၊ မြန်မြန် လှည်းပေါ်တက်၊ ငါတို့အိမ်ပြန်ကြမယ်"

 

 

ချင်ဟယ် လှည်းပေါ်သို့ ခပ်သွက်သွက်ပင် တက်လိုက်၏။

 

 

သူထိုင်လိုက်ပြီး သူ့ကြောင့် အချိန်ကြန့်ကြာသွားသည့်အတွက် ကျောက်မားနှင့် အခြားသူများကို တောင်းပန်ရန် ပြင်လိုက်စဉ်မှာပင် ကျောက်မားက သူ စကားမဟရသေးမီ သူ့လက်ကို လှမ်းဆွဲလိုက်သည်။

 

 

ထို့နောက် အလေးအနက်ထား၍ပြောလိုက်သည်။

 

 

"ဟယ်ကောအာ ဘာမှမစိုးရိမ်နဲ့နော်၊ ငါ ပြန်ရောက်တာနဲ့ ဒီအကြောင်းကို အဘိုးလီကျန့်ကိုပြောပြပေးမယ်၊ မင်းကို အဲဒီပညာရှင်အဘိုးကြီးနဲ့ ပေါင်းဖက်ရအောင် ငါတို့ လုံးဝခွင့်မပြုနိုင်ပါဘူး"

 

 

ထိုအမျိုးသမီးကြီး၏စစ်မှန်သောစေတနာကြောင့် ချင်ဟယ့်မျက်ဝန်း၌ မျက်ရည်များ ဝဲလာခဲ့သည်။

 

 

သူသည် မျက်ရည်မကျစေရန် စိတ်ကို ခဏငြိမ်အောင်ထိန်းလိုက်ပြီးမှ ပြောလိုက်သည်။

 

 

"ကျောက်မား စိတ်မပူပါနဲ့၊ ကျွန်တော် ဒါကို ဖြေရှင်းပြီးပါပြီ၊ မနက်ဖြန်ကျရင် ပွဲကောင်းကြည့်ဖို့သာ စောင့်နေတော့"

 

 

"ဒီကလေး ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ"

 

 

ကျောက်မားက ချင်ဟယ်တစ်ယောက် သောကများပြီး စိတ်မတည်မငြိမ်ဖြစ်နေသည်ဟု ထင်လိုက်မိသည်။

 

 

သို့သော် သူမ၏အကြီးဆုံးချွေးမက စဉ်းစားဆင်ခြင်ဉာဏ် ရှိသူဖြစ်သည်။

 

 

"အမေ၊ ဟယ်ကောအာက အဲဒီလိုပြောမှတော့ စောင့်ပဲကြည့်လိုက်ပါဦး၊ ဒီနှစ်တွေထဲမှာ အဘွားကျောက်က ဟယ်ကောအာအပေါ် မကောင်းခဲ့တာမှန်ပေမဲ့ ဟယ်ကောအာက ဘယ်တုန်းကမှကြီးကြီးမားမား အနစ်နာခံခဲ့ရတာမျိုးမရှိပါဘူး"

 

 

သူတို့ ရွာသို့ရောက်ရှိချိန်တွင် လုံးဝ မှောင်မည်းနေပြီ ဖြစ်သည်။ ချင်ဟယ်သည် တောင်ပေါ်သို့တန်းတန်းမတ်မတ် တက်သွားရန် စိတ်ကူးထားသော်လည်း သူ့ဗိုက်ထဲမှ တဂွီဂွီအသံမြည်၍ ဆာလောင်ကြောင်း အချက်ပြလာခဲ့သည်။

 

 

ချင်ဟယ်၏လက်ပါတတ်သည့် အကျင့်ကြောင့် အဘွားကျောက်သည် သူ့အား အမြဲလိုလိုကြောက်လန့်နေတတ်သည်။

 

 

အလကားရနိုင်သည့်အရာကို ဘာကြောင့် မစားဘဲနေရမည်နည်း။

 

 

အခြေအနေက ထိုသို့ဖြစ်မှတော့ မထွက်သွားမီ ဗိုက်ဝအောင် စားသွားလိုက်သည်ကမှ နည်းလမ်းကျမည်ဖြစ်ပြီး တောင်ပေါ်ရှိ ထိုလူအတွက်ပင် အသီးအရွက် ပေါက်စီအနည်းငယ် ယူသွားပေး၍ ရမည်။

 

 

ထိုအချိန်တွင် ကျောက်မိသားစုမှာ ထမင်းစားနေကြဆဲဖြစ်သည်။

 

 

အဘွားကျောက်သည် ယနေ့တွင် စိတ်ရွှင်လန်းနေသဖြင့် ဂျုံဖြူဖြင့်ပြုလုပ်ထားသည့် ပေါက်စီများကို အထူးတလည် ပေါင်းထားသည့်အပြင် စားပွဲပေါ်ရှိ ဟင်းသီးဟင်းရွက်ကိုပင် ဝက်ဆီဖြင့်ကြော်ထားသည်။

 

 

အတိတ်တုန်းကဆိုလျှင် လျို့ရှီသည် ထိုကဲ့သို့သော ဟင်းလျာများကို လှည့်ပင် ကြည့်မည်မဟုတ်ပေ။

 

 

သို့သော် ကျောက်မိသားစုထဲသို့ အိမ်ထောင်ပြုဝင်ရောက်လာကတည်းက ဝက်ဆီဖြင့်ကြော်ထားသည့် ဟင်းတစ်နပ်ပင်မစားခဲ့ရသည်မှာ ကြာပြီဖြစ်ရာ ဤဂျုံဖြူပေါက်စီကြီးများဆိုလျှင် ပြောဖွယ်ရာမရှိတော့ပေ။

 

 

"အမေ၊ အိမ်မှာ ဘာသတင်းကောင်းများရှိလို့လဲ"

 

 

ကျောက်ကန်းပေါင်သည် နေ့တိုင်း ကြက်ဥစားနေရသူ ဖြစ်သော်လည်း ဝက်ဆီမွှေးမွှေး၏အရသာကို မည်သို့ ယှဉ်နိုင်မည်နည်း။

 

 

ပြောင်လက်နေသည့် ဟင်းသီးဟင်းရွက်များကိုကြည့်ရင်း ကျောက်ကန်းပေါင်မှာ တံတွေးမျိုချလိုက်ရသည်။

 

 

"သတင်းကောင်းပေါ့၊ တကယ့်ကို သတင်းကောင်းပဲ"

 

 

အဘွားကျောက်မျက်နှာတစ်ခုလုံးပြုံးဖြီးနေတော့၏။

 

 

ဒုတိယချွေးမကတော့ တကယ်ကို ပါးနပ်တယ်။

 

 

သူမကြောင့်သာမဟုတ်လျှင် မြို့ထဲရှိ ပညာရှင်အဘိုးကြီးနှင့် စေ့စပ်ထားသည်ကို ဖျက်ပစ်မိတော့မည် ဖြစ်သည်။

 

 

"အမေ၊ ဘာတွေများဖြစ်လို့လဲ"

 

 

ကျောက်ကန်းပေါင်သည် အစားမက်သော်လည်း အရူးတစ်ယောက်တော့ မဟုတ်ပေ။

 

 

အသီးအရွက်ပေါက်စီထဲ၌ တောရွက် အနည်းငယ်ပိုပါသွားလျှင်ပင် အချိန်အတော်ကြာ ပွစိပွစိပြောဆိုတတ်သည့် အဘွားကျောက်သည် ယနေ့တွင် အကြောင်းမဲ့ ဂျုံဖြူပေါက်စီများ စားနေသည့်အပြင် ဟင်းသီးဟင်းရွက်များကိုပင် ဝက်ဆီဖြင့်ကြော်ထားသေးသည်။

 

 

တစ်ခုခု မသင်္ကာစရာရှိမည်မှာ သေချာသည်။

 

 

"မင်းဇနီးရဲ့ကျေးဇူးကြောင့်ပေါ့"

 

 

အဘွားကျောက်သည် ပေါက်စီတစ်ဝက်ကို သီးသန့်ဖဲ့ယူကာ လျို့ရှီထံ ကမ်းပေးလိုက်သည်။

 

 

လျို့ရှီမှာ ဟန်ဆောင်အပြုံးဖြင့် ထိုပေါက်စီကို လှမ်းယူလိုက်၏။

 

 

'တစ်ဝက်တည်းလား၊ ဒါ ဘယ်သူက ဗိုက်ပြည့်မှာတဲ့လဲ'

 

 

"ဟယ်ကောအာရဲ့မင်္ဂလာကိစ္စ အတည်ဖြစ်သွားပြီ"

 

 

ထိုကောင်စုတ်လေးကို မောင်းထုတ်နိုင်ရုံသာမက တင်တောင်းပစ္စည်းများစွာကိုပါ အလကားရတော့မည်ဟုတွေးမိသဖြင့် အဘွားကျောက်မျက်နှာမှာ ဝမ်းသာအားရဖြင့် ပွင့်လန်းသွားခဲ့သည်။

 

 

"အမေ၊ ရွာလူကြီးက အဲဒီနေ့မှာတင် ဒီကိစ္စကိုအတည်မယူဘူးလို့ ပြောထားတာမဟုတ်ဘူးလား"

 

 

ကျောက်ကန်းပေါင်သည် ထိုနေ့ကဖြစ်ပျက်ခဲ့သည်များကိုတွေးမိတိုင်း ရင်တထိတ်ထိတ် ဖြစ်နေရဆဲပင်။

 

 

"ရွာလူကြီးက ငါတို့ကျောက်မိသားစုဝင်မှ မဟုတ်တာ၊ ငါတို့ကျောက်မိသားစု ကိစ္စတွေကို သူက ဝင်စွက်ဖက်ခွင့်ရှိလို့လား၊ ငါက သူမင်္ဂလာဆောင်ရမယ်လို့ ပြောရင် ဆောင်ရမှာပဲ၊ ပြီးတော့ ဟယ်ကောအာမှာက စိတ်ရောဂါရှိနေတာ၊ သူ့ကို မင်္ဂလာမဆောင်ပေးဘဲ နောက်ကျ ငါတို့မိသားစုပေါ် ကပ်ဘေးတွေသယ်လာရင် ဘယ်လိုလုပ်မလဲ၊ နောက်ပြီး ဒါတွေအကုန်လုံးက မင်းအတွက် ခရီးစရိတ်ရှာပေးနေတာ မဟုတ်ဘူးလား"

 

 

မိခင်ဖြစ်သူပြောသည့် စကားများက သဘာဝကျသော်လည်း ကျောက်ကန်းပေါင်သည် ချင်ဟယ် ဓားကိုကိုင်ကာ လူများကို ဓားဖြင့်လိုက်ခုတ်သည့် မြင်ကွင်းကို မြင်ယောင်မိကာ မထိန်းနိုင်ဘဲ တုန်လှုပ်သွားရသည်။

 

 

"ဒါ ဒါပေမဲ့ ဟယ်ကောအာက နောက်တစ်ကြိမ်ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ"

 

 

"ဖူကျွင်း စိတ်အေးအေးထားပါ၊ အောင်သွယ်တော်ကို သေချာမှာထားပြီးပြီ၊ မင်္ဂလာဆောင်မယ့်နေ့ကျရင် ဘာပြဿနာမှမရှိရအောင် သန်မာတဲ့ လူရွယ်တွေကို ပိုထည့်ပေးဖို့ပြောထားတယ်"

 

 

လျို့ရှီအလိုချင်ဆုံးအရာမှာ ချင်ဟယ်ကို ဤအိမ်မှမောင်းထုတ်ပစ်ရန်ဖြစ်သည်။

 

 

ချင်ဟယ်မထွက်သွားသရွေ့ သူမနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်ပေ။

 

 

"ဒါပေမဲ့ ဟယ်ကောအာရဲ့စိတ်ရောဂါက"

 

 

"ထွီ ထွီ ထွီ ဘာစိတ်ရောဂါလဲ"

 

 

အဘွားကျောက် မြေကြီးပေါ်သို့ တံတွေးထွေးထုတ်လိုက်၏။

 

 

"အဲဒီကောင်စုတ်‌လေး အိမ်ကထွက်သွားတုန်းက လုံးဝအကောင်းအတိုင်းပဲ၊ သူတို့အိမ်ရောက်ပြီးရင် ငါတို့နဲ့ဘာမှမဆိုင်တော့ဘူး"

 

 

အဘွားကျောက်မျက်လုံးထဲ၌ ပါးနပ်သော အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားရာ လျို့ရှီမှ ခပ်သွက်သွက်ပင် ထောက်ခံလိုက်သည်။

 

 

"အမေပြောတာ မှန်တယ်"

 

 

လျို့ရှီစကားအဆုံးမှာပင် ချင်ဟယ်သည် အခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာခဲ့ရာ တစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

 

 

"ကျွန်တော်လည်း ဗိုက်ဆာနေတာနဲ့ အတော်ပဲ"

 

 

ချင်ဟယ်သည် ဘာဖြစ်ဖြစ် ဖြစ်ချင်ရာဖြစ်ဟူသော သဘောမျိုးဖြင့် ပြုမူနေခြင်းဖြစ်သည်။

 

 

မည်သို့ပင်ဆိုစေ သူထွက်သွားတော့မည်ဖြစ်ရာ သူတို့နှင့်ဟန်ဆောင်မျက်နှာဖုံးစွပ်ထားစရာ မလိုတော့ပေ။

 

 

သူသည် မီးဖိုချောင်ထဲမှပန်းကန်လုံးတစ်လုံးကိုယူကာ စားပွဲပေါ်ရှိ ဝက်ဆီဖြင့် ကြော်ထားသော ဟင်းသီးဟင်းရွက် တစ်ဝက်ကျော်ကို တူဖြင့် ပန်းကန်ထဲကောက်ထည့်လိုက်ပြီး ဂျုံဖြူပေါက်စီနှစ်လုံးကိုပါ ဆွဲယူ၍ သူ့အခန်းထဲဝင်ကာ တံခါးကို ဒုန်းခနဲ ပိတ်လိုက်သည်။

 

 

အဘွားကျောက်သည် ထိုအခါမှ သတိပြန်ဝင်လာပြီး ဒေါသထွက်လွန်း၍ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရ၏။

 

 

လျို့ရှီသည် အဘွားကျောက်၏ဒေါသထွက်တတ်သောအကျင့်ကို သိထားသဖြင့် ဆဲဆိုကြိမ်းမောင်းမိပါက ပြဿနာတက်မည်ကို စိုးရိမ်၍ အလျင်စလို ဆွဲထားလိုက်သည်။

 

 

"အမေ၊ နည်းနည်းလောက် သည်းခံလိုက်ပါ"

 

 

ပထမတစ်ချက်မှာ ချင်ဟယ် နောက်တစ်ကြိမ် စိတ်ရောဂါပြန်ထလာမည်ကို ကြောက်ရွံ့ခြင်းဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူ့အားအကျပ်ရိုက်အောင် အလွန်အမင်း တွန်းအားပေးလိုက်ပါက နောက်ပိုင်းလုပ်မည့် အစီအစဉ်ကြီး ပျက်စီးသွားမည်ကို စိုးရိမ်၍ဖြစ်သည်။

 

 

"အမေ၊ ကျွန်မတို့တင်တောင်းပစ္စည်းရဖို့က သေချာနေပြီပဲဟာကို"

 

 

ပိုက်ဆံအကြောင်းပြောလိုက်သည်နှင့် လျို့ရှီ၏မျက်လုံးများ လက်သွားသည်။

 

 

အဘွားကျောက်သည် နောက်ဆုံးတွင် ဒေါသကို မြိုသိပ်လိုက်ရသည်။ 

 

 

"အဲဒီကောင်စုတ်လေး၊ နောက်မှ သူ့ကို ငါ ဘယ်လိုနှိပ်ကွပ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်"

 

 

အဘွားကျောက်သည် ချင်ဟယ့်အခန်းတံခါးကို မကျေမနပ်ကြည့်လိုက်ပြီးနောက် စားပွဲသို့ပြန်လာကာ လျို့ရှီပန်းကန်ထဲမှ ပေါက်စီတစ်ဝက်ကိုပြန်လုယူလိုက်သည်။

 

 

"အမေ ဒါက"

 

 

လျို့ရှီမှာ အံ့အားသင့်သွားသလို မကျေမနပ်လည်း ဖြစ်သွားရ၏။

 

 

"ဘာ ဒါလဲ၊ နင့်ယောက္ခမတွေရော နင့် ယောက်ကျားပါ ဗိုက်ဝအောင်မစားရသေးဘူး၊ နင် စားစရာအကြောင်း ဘာရှိလို့လဲ"

 

 

အဘွားကျောက်မှ ပြောပြောဆိုဆိုဖြင့် ပေါက်စီကို သူ့ပါးစပ်ထဲ အငမ်းမရထိုးထည့်လိုက်တော့သည်။

 

 

ကျောက်မိသားစုဝင်အားလုံး အိပ်ပျော်သွားကြပြီးနောက် ချင်ဟယ်သည် ရင်ဘတ်ထဲ၌ စက္ကူထုတ်တစ်ခုကို ပိုက်ထားရင်း အသာခိုးထွက်လာခဲ့၏။

 

 

လရောင်သည် မြေပြင်ပေါ်သို့ ထိန်ထိန်သာနေပြီး ကျဉ်းမြောင်းသော တောင်တက်လမ်းလေးပေါ်၌ ငွေရောင်ဇာပဝါတစ်ထည် လွှမ်းခြုံထားသကဲ့သို့ရှိသည်။

 

 

ပတ်ဝန်းကျင် တောအုပ်တစ်ခုလုံးမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး အင်းဆက်ကောင်လေးများ၏ခပ်တိုးတိုးအော်သံကိုသာ ကြားရ၏။

 

 

ကံကောင်းသည်မှာ ဂူသည် တောင်ခြေနှင့် သိပ်မဝေးသဖြင့် ခဏ လမ်းလျှောက်ပြီးနောက် ချင်ဟယ် ရောက်ရှိသွားခဲ့သည်။

 

 

"ဟေ့ အရူးကြီး၊ ငါ ပြန်ရောက်ပြီ"

 

 

"ငါ အရူးမဟုတ်ပါဘူး၊ ဖေဖေက ငါ့ကို မင်မင်လို့ခေါ်တာ"

 

 

ထိုလူက နှုတ်ခမ်းကိုစူထုတ်လိုက်ရင်း မကျေမနပ်ဖြစ်နေသော ပုံစံဖြင့်‌ပြောလာသည်။

 

 

"အေးပါ မင်မင်ပဲ ထားလိုက်ပါတော့၊ ရော့ ဒါ မင်းအတွက်"

 

 

ချင်ဟယ်သည် ရင်ဘတ်ထဲမှစက္ကူထုတ်ကို ထိုလူထံလှမ်းပေးလိုက်သည်။

 

 

စက္ကူထုတ်ကို တစ်လွှာချင်းစီ ဖြေကြည့်လိုက်သောအခါ မုယောစပါး သကြား၏မွှေးရနံ့များ သင်းပျံ့ထွက်လာတော့၏။

 

 

ထန်ဟူလုလေးမှာ အနည်းငယ် အရည်ပျော်နေသော်လည်း အဆိုးကြီးတော့ မဟုတ်ပေ။

 

 

ဘေးနားတွင်မူ အနီရောင်အစက်အပြောက်လေးများပွင့်နေသည့် မုန့်အချို့ရှိနေပြီး အတော်လေးကြည့်ကောင်းသည်။

 

 

ထိုလူသည် လက်ညှိုးဖြင့် ထန်ဟူလုကို တို့ယူကာ ပါးစပ်ထဲထည့်လိုက်သည်။

 

 

"ချိုလိုက်တာ"

 

 

သူ့မျက်ဝန်းနက်များမှာ အရောင်လက်သွားပြီး ချင်ဟယ်ကိုကြည့်နေသည့် သူ့မျက်နှာ၌ စကားဖြင့် ဖော်ပြ၍မရနိုင်သော ဝမ်းမြောက်ကြည်နူးမှုများ လွှမ်းမိုးသွားရသည်။

 

 

"ဟင်း"

 

 

ချင်ဟယ်သည် ထိုလူပြုံးဖြီးနေသည်ကိုကြည့်ရင်း သူကိုယ်တိုင်လည်း မသိလိုက်ဘဲ စိတ်ထဲ၌ ပျော်ရွှင်သွားရ၏။

 

 

"ချင်ဟယ်၊ မင်းလည်း စား"

 

 

ထိုလူက ထန်ဟူလုကို ချင်ဟယ့်ပါးစပ်နားသို့ ထိုးပေးလိုက်သည်။

 

 

"ငါ မစားဘူး"

 

 

"မရဘူး"

 

 

"ငါ တကယ်မစားဘူး"

 

 

"မရပါဘူး"

 

 

မတတ်သာသည့်အဆုံး ချင်ဟယ်မှာ ထိုလူ့လက်ထဲမှ ထန်ဟူလုကို တစ်ကိုက် ကိုက်လိုက်ရတော့သည်။

 

 

ထိုအခါမှသာ ထိုလူသည် ဝမ်းသာအားရဖြင့် ထန်ဟူလုစားရန် ဘေးသို့ ခုန်ပေါက်ပြေးသွားတော့၏။

 

 

နှုတ်ခမ်းနားတစ်ဝိုက်တွင် သကြားများ ပေကျံနေသော ထိုလူကိုကြည့်ရင်း ချင်ဟယ်သည် ရိုးအအဖြစ်နေခြင်းကလည်း သိပ်မဆိုးဘူးဟု ရုတ်တရက် ခံစားလိုက်ရသည်။

 

 

အပူအပင်မရှိ ဘာမျှမတွေးဘဲ နေထိုင်ရသည့် သူ့ဘဝမှာ အမှန်တကယ် ပေါ့ပါးကောင်းမွန်သည်။

 

 

မိုးမလင်းမီအချိန်၌ ချင်ဟယ် တိတ်တဆိတ် ပြန်လာခဲ့သည်။

 

 

သူအိပ်ပျော်ကာစမှာပင် အိမ်ရှေ့တံခါးဝမှဆူညံသံများကို ကြားလိုက်ရသည်။

 

 

"အဘွားကျောက်၊ အခုချက်ချင်းထွက်ခဲ့စမ်း"

 

 

 

 

 

 

 

 

 

 

 

10

 

အဘွားကျောက်သည် ပျင်းရိငြီးငွေ့ဟန်ဖြင့် သမ်းဝေလိုက်ရင်း မျက်နှာတစ်ခုလုံး မကြည်မသာဖြစ်နေသည်။

 

 

"ဘယ်သူလဲ၊ တံခါးကို ဘာလို့ဒီလောက်တောက်လျှောက်ခေါက်နေရတာလဲ၊ ဘယ်သူသေလို့လဲ"

 

 

သူမ တံခါးဂျက်ကိုဖြုတ်လိုက်သည်နှင့်တစ်ပြိုင်နက် သန်မာထွားကြိုင်သော လူလေး၊ ငါးယောက်က တွန်းထိုးဝင်ရောက်လာကြသည်။

 

 

အဘွားကျောက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားပြီး ဖင်ထိုင်လျက် လဲကျသွားတော့သည်။

 

 

"အား၊ တရားမျှတမှုဆိုတာ မရှိတော့ဘူးလား၊ လူသတ်"

 

 

အဘွားကျောက်သည် ရင်းနှီးနေသော ကျောပြင်တစ်ခုကို မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလို ပြုံးရွှင်သွားကာ မြေကြီးပေါ်မှ ခပ်သွက်သွက်ထရပ်လိုက်ပြီး ဘောင်းဘီပေါ်မှဖုန်များကို ခါလိုက်သည်။

 

 

"ဒါ နဂါးမင်းရဲ့ဘုရားကျောင်း နဂါးမင်းရဲ့ရေနဲ့ ရေပြန်ကြီးသလိုမျိုး မိသားစုချင်းမမှတ်မိကြတော့တဲ့သဘောမျိုး ဖြစ်မနေဘူးလား၊ အချင်းချင်းတွေပဲ"

 

 

အဘွားကျောက်သည် အောင်သွယ်တော်စွင်း၏အင်္ကျီလက်စကို လှမ်းဆွဲရန်ပြင်လိုက်သော်လည်း စူးစူးဝါးဝါး စိုက်ကြည့်ခြင်းကိုသာ ခံလိုက်ရ၏။

 

 

'ဟင်း၊ ဒီအဘွားကြီးကို ညစ်ပတ်တယ်လို့ ထင်နေတုန်းပဲလား၊ နင်လည်း နံစော်နေတဲ့ အောင်သွယ်တော်တစ်‌ယောက်ပဲဟာကို၊ ငါတို့သား ကန်းပေါင် အရာရှိ ဖြစ်လာတဲ့တစ်နေ့ကျရင် နင်ကိုယ်တိုင် ငါ့ကို ဒူးထောက်တောင်းပန်ရမှာ'

 

 

အဘွားကျောက်သည် မဲ့ရွဲ့လိုက်မိသည်။ စိတ်ထဲမှမကျေနပ်မှုကို မြိုသိပ်ကာ မျက်နှာပေါ်တွင် အပြုံးတုကို ဆင်မြန်းထားဆဲပင်။

 

 

"အောင်သွယ်တော်စွင်းရယ် အထဲဝင်ထိုင်ပါဦး"

 

 

"ထိုင်ရမယ်ဟုတ်လား၊ ငါ့မှာလုပ်စရာမရှိဘဲ အားနေတယ်လို့ နင်ထင်နေတာလား"

 

 

အောင်သွယ်တော်စွင်းသည် မျက်လုံးကြီးပြူးကာ အဘွားကျောက်ကို အံကြိတ်၍ စိုက်ကြည့်လိုက်သည်။

 

 

အဘွားကျောက်သည် ခေါင်းကို ဆက်တိုက်ငြိမ့်၍ ပြုံးပြလိုက်၏။

 

 

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အလုပ်က ပထမပေါ့၊ ဒါပေမဲ့ အောင်သွယ်တော်စွင်း ရက်မှားသွားတာများလား၊ မင်္ဂလာပွဲကို မနက်ဖြန်လို့သဘောတူထားကြတာလေ၊ ဒီနေ့ ဘာလို့ ရောက်လာတာလဲ၊ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ဒီနေ့ဖြစ်တော့ ပိုတောင်ကောင်းသေးတာပေါ့"

 

 

ထိုကောင်စုတ်လေးကို မြန်မြန် လက်ထပ်ပေးလိုက်ရလေလေ သူမ စိတ်အေးရလေလေပင်။

 

 

ရတော့မည့် ငွေငါးတေးအကြောင်းတွေးမိသည်နှင့် အဘွားကျောက်တစ်ယောက် ဝမ်းသာအားရဖြစ်နေခဲ့သည်။

 

 

"ထွီ၊ နင့်မှာ မင်္ဂလာပွဲဆိုတဲ့စကားလုံးကို ထုတ်ပြောရဲတဲ့သတ္တိမျိုး ဘယ်ကရလာတာလဲ"

 

 

အောင်သွယ်တော်စွင်းသည် အဘွားကျောက် မျက်နှာတည့်တည့်ပေါ်သို့ တံတွေးနှင့် ထွေးချလိုက်သဖြင့် အဘွားကျောက်မှာ ဆွံ့အအံ့ဩသွားရ၏။

 

 

"နင်ကများ ငါတို့ရဲ့ပညာရှင်လျို့ကိုပါ လိမ်ညာလှည့်ဖြားရဲတယ်ပေါ့၊ နင် အသက်ရှည်ရှည်မနေချင်တော့ဘူး ထင်တယ်"

 

 

အောင်သွယ်တော်စွင်းသည် ဒေါသထွက်လွန်း၍ မီးပွင့်မတတ်ဖြစ်နေသည်။

 

 

မနေ့က နံနက်ပိုင်းတွင် ပညာရှင်လျို့ထံသို့သွားရောက်ကာ သူမသည် ချောမောလှပပြီး စွဲမက်ဖွယ်ကောင်းသည့် ဇနီးငယ်လေးတစ်ဦးကို ရှာဖွေပေးခဲ့သည်ဟု အမွှန်းတင်ဂုဏ်ယူခဲ့သေးသည်။

 

 

သို့သော် မွန်းလွှဲပိုင်းရောက်သောအခါ ထိုကောင်လေးမှာ ရူးသွပ်နေသောကြောင့် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းရန် သူမအားခေါ်ယူသတိပေးခြင်းခံခဲ့ရသည်။

 

 

"အိုး အောင်သွယ်တော်စွင်းရောက်နေတာကိုး"

 

 

လျို့ရှီသည် အပြင်ဘက်မှဆူညံသံကို ကြားသဖြင့် ခပ်သွက်သွက်ထွက်ကြိုလိုက်၏။

 

 

"အထဲဝင်နားပါဦးလား၊ ခရီးဝေးက လာခဲ့ရတာဆိုတော့ ရေနွေးလေးဘာလေး သောက်ပါဦး"

 

 

ပြုံးပြနေသော မျက်နှာကိုတော့ လက်သီးနှင့်မထိုးရက်သဖြင့် အောင်သွယ်တော်စွင်းသည် မဆဲဆိုတော့ဘဲ အေးစက်စက်ဖြင့်ပြောလိုက်သည်။

 

 

"ပညာရှင်လျို့ပေးထားတဲ့ စေ့စပ်လက်ဆောင်ပစ္စည်းအသေးစားကို ပြန်ထုတ်ပေးပါ"

 

 

ငွေများပြန်ပေးရတော့မည်ဟူသော အသံကိုကြားလိုက်ရသဖြင့် အဘွားကျောက် ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွား၏။

 

 

"မပေးနိုင်ဘူး၊ ငါ လုံးဝမပေးနိုင်ဘူး"

 

 

"မပေးဘူး ဟုတ်လား"

 

 

အောင်သွယ်တော်စွင်းသည် သူမနောက်မှသန်မာထွားကြိုင်းသော အမျိုးသားငါးဦးကို လက်ယက်ခေါ်လိုက်သည်။

 

 

ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် လျို့ရှီမှာ ဒူးများတုန်ယင်သွားပြီး စကားကောင်းများဖြင့် ချက်ချင်းဖျောင်းဖျလိုက်ရတော့၏။

 

 

"အောင်သွယ်တော်စွင်းရယ်၊ အေးအေးဆေးဆေး တိုင်ပင်ကြတာပေါ့၊ အေးအေးဆေးဆေး စကားပြောကြရအောင်ပါ"

 

 

"အေးအေးဆေးဆေး ပြောရမယ် ဟုတ်လား၊ ဒါဆိုရင်လည်း အချိန်မဖြုန်းဘဲ ပိုက်ဆံသာမြန်မြန်ထုတ်ပေး၊ ငါက တခြားသူတွေအတွက် အောင်သွယ်ပေးဖို့ အလျင်လိုနေတာ"

 

 

အောင်သွယ်တော်စွင်းသည် လျို့ရှီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

 

 

ထိုမိန်းမကြောင့်သာ မဟုတ်ပါက သူမ ဤမျှဒုက္ခရောက်ရမည် မဟုတ်ပေ။ သိက္ခာလည်း ကျ၊ ငွေလည်း မရဘဲ ကံဆိုးမိုးမှောင်ကျသွားရခြင်းပင်။

 

 

"ဒီလောက်မလောပါနဲ့ဦး အောင်သွယ်တော်စွင်းရဲ့"

 

 

လျို့ရှီမှာ အောင်သွယ်တော်စွင်းလက်ကိုကိုင်ကာ ကြေးပြားငါးပြားတိတ်တဆိတ် ထည့်ပေးလိုက်သည်။

 

 

အောင်သွယ်တော်စွင်း၏တင်းမာနေသော မျက်နှာထားမှာ အနည်းငယ် ပျော့ပျောင်းသွားခဲ့သည်။

 

 

"ငါက နင်တို့ကို ဆဲဆိုချင်လို့မဟုတ်ပါဘူး၊ ဒါပေမဲ့ နင်တို့လိမ်ညာဖို့ ကြံစည်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ နင်တို့သိရဲ့လား၊ ပညာရှင်လျို့လေ၊ မြို့ထဲမှာ အသစ်တာဝန်ကျတော့မယ့် အရာရှိက သူ့အမေဘက်က ဝမ်းကွဲညီအစ်ကို တော်တယ်ဆိုတာရော နင်တို့မသိကြဘူးမလား"

 

 

အဘွားကျောက်မှာ ထိတ်လန့်အံ့ဩလွန်း၍ စကားပင်မပြောနိုင်တော့ပေ။

 

 

ပညာရှင်လျို့မှာ အရာရှိ၏ဝမ်းကွဲညီအစ်ကိုဆိုလျှင် ချင်ဟယ်သာ သူနှင့်လက်ထပ်လိုက်ပါက ကျောက်မိသားစုသည်လည်း အရာရှိတစ်ဦးနှင့်အမျိုးတော်စပ်သွားမည် မဟုတ်ပါလား။

 

 

ထိုသို့ဆိုလျှင် ကန်းပေါင်၏အနာဂတ်မှာ...

 

 

"အောင်သွယ်တော်စွင်း ဒီမင်္ဂလာပွဲသာ အဆင်ပြေသွားရင် ကျေးဇူးဆပ်ငွေကတော့ လျော့နည်းမှာမဟုတ်ပါဘူး၊ စိတ်ချပါ"

 

 

လျို့ရှီမျက်လုံးများမှာ အရောင်လက်သွားသဖြင့် တံခါးဝတွင်ရပ်နေသော အမျိုးသားငါးယောက်ပင် စိတ်လှုပ်ရှားသွားကြ၏။

 

 

အောင်သွယ်တော်စွင်းက လျို့ရှီဆုပ်ကိုင်ထားသောလက်ကို ချက်ချင်းပင် ရုန်းထွက်လိုက်ပြီး အေးစက်စက်ပြောလိုက်သည်။

 

 

"အခြေအနေကို နင်တို့နားမလည်သေးဘူးနဲ့တူတယ်၊ ငါ ဒီနေ့လာတာ ပညာရှင်လျို့အတွက် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းဖို့ လာတာ"

 

 

စေ့စပ်ပွဲဖျက်သိမ်းမည့်သတင်းကို ကြားလိုက်ရသဖြင့် အဘွားကျောက်မှာ ချက်ချင်းပင် ပျာပျာသလဲဖြစ်သွားပြန်သည်။ 

 

 

"ဘာလို့ ဖျက်ရမှာလဲ၊ မနက်ဖြန် သူ့အိမ်ကို ပြောင်းရွှေ့ရမယ်လို့ သဘောတူထားကြတာ မဟုတ်ဘူးလား"

 

 

"ဟက် နင်က ငါ့ကိုအရူးထင်နေတာလား ဒါမှမဟုတ် ပညာရှင်လျို့ကိုအရူးထင်နေတာလား၊ နင်တို့အိမ်က ကောလေး အရူးဖြစ်နေတဲ့သတင်းက မြို့ထဲအထိ ပျံ့နှံ့သွားပြီ၊ ဒီမင်္ဂလာပွဲကဖြစ်နိုင်သေးတယ်လို့ နင် ထင်နေတုန်းပဲလား"

 

 

အဘွားကျောက်နှင့် လျို့ရှီတို့၏မျက်နှာများမှာ ချက်ချင်းဆိုသလို ပြာနှမ်းသွားကြသည်။

 

 

"အောင်သွယ်တော်စွင်း ဒါတွေအကုန်လုံးက ကောလဟာလတွေပါ၊ ကောလဟာလသက်သက်ပါပဲ"

 

 

လျို့ရှီသည် အစွမ်းကုန် ကာကွယ်ပြောဆိုလိုက်သည်။

 

 

အရာရှိနှင့် ဆွေမျိုးတော်စပ်ခွင့်ရမည့် အခွင့်အရေးကို သူမလုံးဝအဆုံးရှုံးမခံနိုင်ပေ။

 

 

"ငါတို့ဟယ်ကောအာရဲ့မင်္ဂလာပွဲကို မနာလိုလို့ တစ်ယောက်ယောက်က တမင်တကာပြဿနာရှာနေတာ ဖြစ်ရမယ်"

 

 

"ဘာ ကောလဟာလလဲ၊ မြို့ထဲကလူတွေပြောနေကြတာ အသေးစိတ်ကျလွန်းလို့ အလိမ်အညာတောင် အမှန်တရားဖြစ်နေပြီ၊ စေ့စပ်လက်ဆောင် ပစ္စည်းအသေးစားကိုသာ မြန်မြန်ပြန်ထုတ်ပေး၊ ငါလည်းပြန်ပြီး သတင်းပို့ရဦးမယ်"

 

 

ဤမင်္ဂလာပွဲ လုံးဝမဖြစ်နိုင်တော့သည်မှာ သိသာထင်ရှားသည်။

 

 

"အမေ၊ ပိုက်ဆံပဲပြန်ပေးလိုက်ပါတော့"

 

 

လျို့ရှီမှ စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။

 

 

ဆွေမျိုးလည်း မတော်နိုင်တော့သည့်အပြင် မျိုချထားပြီးသား ပိုက်ဆံကိုလည်း ပြန်ထွေးထုတ်ပေးရတော့မည်ပင်။

 

 

"ဘာပိုက်ဆံလဲ၊ ငါ့မှာ ဘာမှမရှိဘူး"

 

 

အဘွားကျောက် ဒေါသတကြီးဖြတ်ပြောလိုက်သည်။ 

 

 

"ပေးချင်ရင် နင်ပေးလိုက်လေ၊ ငါ့မှာတော့ မရှိဘူး"

 

 

"ဘယ်လိုလုပ်မရှိရမှာလဲ၊ စေ့စပ်လက်ဆောင်ပေးထားတဲ့ ငွေငါးတေးကို အမေပဲယူထားတာ မဟုတ်ဘူးလား"

 

 

"ငါက နင်တို့နှစ်ယောက်ပြဇာတ်ကပြနေတာကို ထိုင်ကြည့်နေဖို့အချိန်မရှိဘူး၊ ပိုက်ဆံမရှိရင်တော့ ဒီညီအစ်ကိုငါးယောက်ကို အိမ်ထဲဝင်ရှာခိုင်းလိုက်မယ်၊ တွေ့တာမှန်သမျှ သူတို့ယူသွားကြလိမ့်မယ်"

 

 

"စိတ်မပူပါနဲ့၊ ကျွန်မတို့အခုချက်ချင်း သွားယူပေးပါ့မယ်"

 

 

လျို့ရှီ ခပ်မြန်မြန် ပြုံးပြလိုက်ပြီး အဘွားကျောက်ကို အိမ်ထဲသို့ဆွဲခေါ်သွားခဲ့သည်။

 

 

"အမေ ငွေကိုပေးလိုက်ပါတော့၊ ပညာရှင်လျို့က ရုံးတော်အရာရှိရဲ့ဆွေမျိုးလေ၊ ကျွန်မတို့ သူနဲ့ရန်သူမလုပ်ရဲဘူး၊ ပြီးတော့ ကန်းပေါင်အတွက်လဲ ထည့်တွေးရဦးမယ် မဟုတ်ဘူးလား၊ အခု ရန်သူဖြစ်သွားရင် နောက်မှ ကန်းပေါင်ကို အခက်တွေ့အောင်လုပ်ရင် ဘယ်လိုလုပ်မလဲ"

 

 

မျှော်လင့်ထားသည့်အတိုင်းပင် သားငယ်၏အမည်ကို ကြားလိုက်ရသဖြင့် အဘွားကျောက် သဘောထား ပျော့ပျောင်းသွားခဲ့သည်။

 

 

သူမ အခန်းထဲသို့ဝင်သွားပြီး အုတ်ကုတင်အစွန်းအောက်မှ ငွေလေးတေးကို ဆွဲထုတ်လိုက်သည်။

 

 

"ကျန်တဲ့ငွေတစ်တေးရော"

 

 

"မနေ့က နင်တို့မစားခဲ့ကြဘူးလား"

 

 

အဘွားကျောက် ဒေါသတကြီးပြောလိုက်သည်။

 

 

ကိစ္စအဝဝပြီးမြောက်သွားပြီဟုထင်မှတ်ကာ မနေ့ကမှ အသားနှင့်ဂျုံဖြူများ အထူးတလည် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

 

လျို့ရှီ နှုတ်ခမ်းကို မဲ့ရွဲ့လိုက်၏။ အသားနှင့် ဂျုံဖြူဝယ်ရုံဖြင့် ငွေတစ်တေးပြည့်အောင် မကုန်နိုင်ပေ။

 

 

'ဒီအဖွားကြီးကျန်တဲ့ငွေကို ကိုယ့်ဘာသာသိမ်းထားချင်လို့ လိုတဲ့ပမာဏကို ငါစုထားတဲ့ငွေထဲက စိုက်ခိုင်းချင်နေတာဖြစ်ရမယ်'

 

 

'သူ အိပ်မက် မက်နေတာပဲ'

 

 

လျို့ရှီသည် ငွေကိုအောင်သွယ်တော်စွင်းထံပေးလိုက်သော်လည်း အောင်သွယ်တော်စွင်းမှာ မကျေနပ်သေးပေ။

 

 

"အပြည့်မပေးနိုင်မှတော့ ငါ့ညီအစ်ကိုတွေကိုပဲ ကိုယ်တိုင်ရှာခိုင်းရတာပေါ့"

 

 

အောင်သွယ်တော်စွင်း လက်ဝေ့ယမ်းပြလိုက်သည်နှင့် အမျိုးသားငါးယောက်မှာ ချက်ချင်းပင်သဘောပေါက်သွားကြသည်။

 

 

သူတို့အိမ်ထဲသို့ဝင်ရန် ပြင်လိုက်သည်ကိုမြင်သော်လည်း လျို့ရှီမှ နှုတ်ဆိတ်နေသဖြင့် အဘွားကျောက်မျက်နှာမှာ ဒေါသကြောင့် ပေါက်စီတစ်ခုလိုရှုံ့မဲ့သွားတော့သည်။

 

 

"ခဏနေပါဦး"

 

 

အဘွားကျောက်သည် လျို့ရှီ၏ခါးကို ခပ်ပြင်းပြင်းဆွဲဆိတ်လိုက်ပြီး မကျေမနပ်စိုက်ကြည့်လိုက်၏။

 

 

ထို့နောက် သူမ ခါးကြားမှ ငွေစအချို့ကို နှမြောတသဟန်ဖြင့်ထုတ်ကာ အောင်သွယ်တော်စွင်းလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။

 

 

"ဒါ အကုန်ပဲ၊ ရှိသမျှ အကုန်ပဲ"

 

 

"အကုန်ပဲ ဟုတ်လား၊ ငါ နင်တို့ကိုပေးတုန်းက ငွေငါးတေးအတိအကျဆိုတာ ငါ မှတ်မိတယ်"

 

 

"ကျေးဇူးပြုပြီး ငါတို့အတွက် စကားကောင်းလေးတွေပြောပေးပါဦး အောင်သွယ်တော်စွင်း၊ ပညာရှင်လျို့ကို နောက်ရက်နည်းနည်းလောက် အချိန်ပေးဖို့ပြောပေးပါ"

 

 

လျို့ရှီ တောင်းပန်တိုးလျှိုးလိုက်သည်။

 

 

အောင်သွယ်တော်စွင်းမျက်လုံးများမှာ လှုပ်ရှားသွားပြီး မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်၏။

 

 

လျို့ရှီ ချက်ချင်းသဘောပေါက်သွားပြီး မီးဖိုချောင်အတွင်းသို့ အပြေးဝင်ကာ မနေ့ကဝယ်ယူထားသော ဝက်သားတုံးကို မနိုင်မနင်းသယ်ထုတ်လာခဲ့သည်။

 

 

"ဒီရက်ပိုင်း အောင်သွယ်တော်စွင်းလည်း ပင်ပန်းနေရတာဆိုတော့ ဒါလေးယူသွားပြီး ခန္ဓာကိုယ်အားဖြည့်လိုက်ပါဦးနော်"

 

 

လျို့ရှီမှ ဝက်သားတုံးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေပေးလိုက်ရာ အဘွားကျောက်မျက်လုံးများမှာ ဒေါသထွက်လွန်း၍ နီရဲသွားတော့သည်။

 

 

 

 

 

 

 

Search Novels