11
အောင်သွယ်တော်စွင်းသည် ပြုံးရွှင်သောမျက်နှာဖြင့် ဝက်သားတုံးကြီးကို ကိုင်ဆောင်ကာ ခန္ဓာကိုယ်ထွားကြိုင်းသော အမျိုးသားငါးဦးကို ဦးဆောင်၍ ခပ်တည်တည်ပင် အိမ်ဝိုင်းအတွင်းမှ ထွက်သွားသည်ကို ချင်ဟယ်မျက်လုံးမှေးစင်းကြည့်နေပြီးမှ ပြတင်းပေါက်တံခါးကို နောက်ဆုံးတွင် ပိတ်လိုက်တော့သည်။
သူ ခေါင်းနှင့် ခေါင်းအုံးထိလိုက်သည်နှင့် ခါတိုင်းလိုပင် အပြင်ဘက်မှခက်ထန်သောအသံဖြင့် အဘွားကျောက်မှ လျို့ရှီအား ဆဲဆိုကြိမ်းမောင်းနေသည့်အသံကို ကြားလိုက်ရသည်။
"နင် နင် နင်၊ နင်က သူတို့ဝက်သားကြီး သယ်သွားတာကို ဒီအတိုင်းကြည့်နေတာလား"
အောင်သွယ်တော်စွင်းရှိနေစဉ်က အဘွားကျောက်သည် စကားတစ်ခွန်းမျှ မဟရဲခဲ့ပေ။ သို့သော် အောင်သွယ်တော်စွင်းထွက်သွားသည်နှင့် သူမပြန်ပြီး မောက်မာလာပြန်သည်။
သို့သော် လျို့ရှီသည်လည်း ဒေါသကို ကြိတ်မှိတ် မြိုသိပ်ထားမည့်သူမဟုတ်ပေ။
"အမေလည်း ဘာမှမလုပ်ပဲရပ်ကြည့်နေတာပဲလေ"
လျို့ရှီက အဘွားကျောက်အား တမင်သက်သက် မျက်စောင်းထိုးပြလိုက်သည်။
"နင်"
အဘွားကျောက်က လျို့ရှီအား လက်ညှိုးထိုးရင်း ဒေါသကြောင့်တစ်ကိုယ်လုံး တုန်ယင်လာခဲ့သည်။
"နင် နင်က မိဘအပေါ်မသိတတ်တဲ့သူပဲ"
"မသိတတ်ဘူး ဟုတ်လား၊ အမေပြောစမ်းပါဦး၊ ကျွန်မက ဘယ်နေရာမှာမသိတတ်တာလဲ"
လျို့ရှီ ခါးထောက်လိုက်ပြီး ဒေါသက မည်သည့်အချိန်မဆို ပေါက်ကွဲထွက်သွားနိုင်သည့်ပုံစံမျိုး ဖြစ်လာခဲ့သည်။
သူမသည် အဘွားကျောက်၏ပရိယာယ်များကို ရိပ်မိနေသည်မှာ ကြာပြီဖြစ်သည်။
"နင်၊ နင့်ရဲ့ခန်းဝင်ပစ္စည်းတွေကို အမြန်ထုတ်ပေးစမ်း"
အဘွားကျောက်သည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ လျို့ရှီ သူတို့မိသားစုထဲ ဝင်ရောက်လာကတည်းက သူမသည် လျို့ရှီ၏ခန်းဝင်ပစ္စည်းများကို မျက်စိကျနေခဲ့သော်လည်း ရယူနိုင်သည့်အခွင့်အရေး ဘယ်တုန်းကမှမရခဲ့ဖူးပေ။
ယနေ့တွင် အောင်သွယ်တော်စွင်း သူတို့အိမ်သို့ရောက်ရှိလာသဖြင့် ငွေထွက်ပေါက်ကိုဖာထေးနိုင်ရန် လျို့ရှီအား ငွေကြေးအချို့သုံးစေချင်ခဲ့သည်။
မမျှော်လင့်ဘဲ ဝက်သားလည်းမရသည့်အပြင် သူမကြက်ဥများကိုပင် ဆုံးရှုံးလိုက်ရသည်။
ထိုစကားကိုကြားသောအခါ လျို့ရှီ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ချွေးမရဲ့ခန်းဝင်ပစ္စည်းကို အတင်းတောင်းတဲ့ ယောက္ခမဆိုတာမျိုး ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး"
အဘွားကျောက်သည် အနည်းငယ် လွန်သွားသည်ကို သိသော်လည်း ငွေကြေးနှင့် ပတ်သက်လာပါက မည်သည့်အခါမျှ မှားယွင်းသည်ဟု မခံယူတတ်ပေ။
"အခု နင်က ကျောက်မိသားစုထဲ လက်ထက်ပြီး ဝင်ရောက်လာမှတော့ အရာအားလုံးက ကျောက်မိသားစုပိုင်ပစ္စည်းတွေပဲ"
အဘွားကျောက်က မှန်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။
ဤအသုံးမကျသည့် ဖုန်းနျန်တစ်ယောက် မိသားစုထဲဝင်လာစဉ်ကလည်း သူမ ဘာမှမရခဲ့ပေ။
ကန်းပေါင်တစ်ယောက် မြို့ထဲမှ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျသဖြင့် ပို၍ရက်ရောလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုအမျိုးသမီးကလည်း ကပ်စေးနှဲလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
ချင်ဟယ်သည် အိပ်ယာထဲတွင် ဟိုလှည့်ဒီလှည့်ဖြစ်နေသည်။ အိမ်ဝိုင်းထဲမှ ဆူညံသံများမှာ တစတစ ပို၍ကျယ်လောင်လာသဖြင့် အိပ်ပျော်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေ သူ မကြာမီထွက်သွားတော့မည်ဖြစ်ရာ ဘာကို ဂရုစိုက်နေရမည်နည်း။
ထို့ကြောင့် အိပ်ရာမှ ရုတ်တရက်ထကာ ဗီရိုပေါ်ရှိ ပန်းကန်လုံးကိုကြမ်းပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်သည်။
ထိုအခါ အိမ်ဝိုင်းတစ်ခုလုံးငြိမ်ကျသွားပြီးနောက် အဘွားကျောက်၏အော်ဟစ်ငိုယိုသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ကောင်စုတ်လေး၊ နင် ဘာကိုရိုက်ခွဲလိုက်တာလဲ"
အဘွားကျောက်သည် အသံကိုကြားရုံဖြင့် ရင်ထဲ၌ဆုတ်ဖြဲခံလိုက်ရသလို နာကျင်သွားရသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က ထိုကောင်စုတ်လေးကို အလိုလိုက်အကြိုက်ဆောင်ရန်ကြိုးစားရင်း သူမ အတော်လေး ဒုက္ခရောက်ခဲ့ရသည်။
မနေ့က သူယူသွားသည့် ပေါက်စီများကိုတွေးမိတိုင်း အဘွားကျောက် ရင်ထဲတွင် နှမြောမဆုံးဖြစ်နေခဲ့ရ၏။
ထင်သည့်အတိုင်းပင် အဘွားကျောက်သည် သူ့ပစ်မှတ်ကို ချင်ဟယ်ဘက်သို့ ပြောင်းလိုက်ပြီး တံခါးကို ဒုန်းဒုန်းဒိုင်းဒိုင်း ထုရိုက်တော့သည်။
"ကောင်စုတ်လေး၊ နောက်တစ်ခါ အပျင်းထူဖို့ ကြိုးစားနေတာလား၊ ဒီလောက်နောက်ကျနေပြီကို ဘာလို့ အပြင်ထွက် အလုပ်မလုပ်သေးတာလဲ"
ချင်ဟယ်သည် စောင်ထည်ဖြင့်ခေါင်းကို ခြုံထားလိုက်၏။ သူ အလွန်အိပ်ချင်နေ၍သာမဟုတ်ပါက အပြင်ဘက်မှဆူညံသံများကို သည်းခံပြီး ဤနေရာတွင် အကြာကြီးနေမည်မဟုတ်ပေ။
"အခုချက်ချင်း ထွက်ခဲ့စမ်း၊ ငါပြောတာ ကြားလား၊ ပုန်းနေရုံနဲ့ လွတ်မယ်မထင်နဲ့၊ ငါပြောလိုက်မယ်၊ ဒီနေ့ နင့်အတွက် အိမ်မှာ ထမင်းမရှိဘူး"
တံခါးမှာ စောင့်တွန်းခံလိုက်ရသဖြင့် ပွင့်သွားပြီး အဘွားကျောက်မှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
အနားတွင် ရပ်နေသည့် လျို့ရှီတစ်ယောက် စိတ်ထဲမှနေ၍ သက်ပြင်းချလိုက်မိသည်။
'ကောင်းလိုက်တဲ့ လဲကျမှု'
"နင် နင် ဘာလုပ်ချင်တာလဲ"
အဘွားကျောက်အသံမှာ အနည်းငယ် တုန်ယင်နေသော်လည်း သူ့ကိုအပြစ်မတင်ရဲခဲ့ပေ။
ထိုအချိန်တွင် ချင်ဟယ့်ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေသဖြင့် အဘွားကျောက်က သူနောက်တစ်ကြိမ် နေမကောင်းဖြစ်သွားပြီဟု ထင်သွားခဲ့သည်။
"ငါ ၊ ငါ မင်းကို စောစောက ဆဲနေတာ မဟုတ်ပါဘူး၊ အဲဒါ အဲဒါ"
အဘွားကျောက်သည် လျို့ရှီအား လက်ညှိုးထိုးပြသည်။
"အဲဒါ သူပဲ၊ ဟုတ်တယ်၊ သူပဲ၊ မနေ့က မင်း ပေါက်စီတွေကိုစားလိုက်လို့ သူ အငြိုးအတေး ထားနေတာ"
"အမေ၊ ပါးစပ်ထဲရှိတိုင်း လျှောက်လိမ်မနေနဲ့"
လျို့ရှီသည် ထိုစကားကိုကြားသောအခါ ပြာပြာသလဲဖြစ်သွားပြီး ချင်ဟယ်အား အလျင်အမြန်ရှင်းပြလိုက်သည်။
"ဟယ်ကောအာ ငါမဟုတ်ဘူး၊ တကယ်ကို ငါမဟုတ်ဘူးနော်၊ အဲဒါ အမေ၊ နင်အခန်းထဲမှာ ပစ္စည်းတွေရိုက်ခွဲနေတယ် ကြားလို့ အမေက နင့်ကိုကြိမ်းမောင်းနေတာ"
လျို့ရှီသည် စကားပြောရင်း နောက်သို့ဆုတ်သွားကာ ပြတင်းပေါက်နားရှိ ကတ်ကြေးကို လှမ်းကိုင်လိုက်သည်။
အဘွားကျောက်မှာမူ ကြောက်လွန်း၍ တုန်ယင်နေတော့၏။
ချင်ဟယ်သည် ထိုနှစ်ယောက်အား တစ်ချက်စောင်းငဲ့ကြည့်လိုက်သော်လည်း လျစ်လျူရှုထားလိုက်သည်။
သူသည် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် ဝင်သွားကာ ကြက်ဥလေးလုံးနှင့် မနေ့ညက ကျန်သေးသော ပေါက်စီများကိုယူ၍ နောက်ကိုလှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
အနောက်ဘက်မှ ထွက်ပေါ်လာသော အဘွားကျောက်၏ဆဲဆိုကြိမ်းမောင်းသံများကို ကြားသောအခါ ချင်ဟယ်သည် သူ့တွင်ဤဆန်းကြယ်သော ရောဂါဝေဒနာရှိနေခြင်းမှာ အမှန်တကယ်ပင် ကံကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
လူတိုင်းက ချင်ဟယ်ရူးသွားပြီဟုပြောနေကြသော်လည်း ချင်ဟယ်ကိုယ်တိုင်သာလျှင် ဤသည်မှာ ရူးသွပ်ခြင်းလုံးဝမဟုတ်ကြောင်း သိရှိထားသည်။ သို့သော် သူလည်း သေချာမရှင်းပြတတ်ပေ။
သူသည် ဖြစ်ပျက်နေသမျှ တစ်လျှောက်လုံးတွင် သတိရှိနေခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မှတ်မိနေပြီး သူဘာလုပ်ခဲ့သည်ကိုလည်း သိထားသည်။
သို့သော် သူ့စရိုက်မှာ မည်သည့်အတွက်ကြောင့် လူတစ်ယောက်လုံးပြောင်းလဲသွားသကဲ့သို့ ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားရလဲဆိုတာကို သူ လုံးဝနားမလည်နိုင်ခဲ့ပေ။
ဤခံစားချက်သည် စိမ်းသက်နေသလိုလိုနှင့် ရင်းနှီးနေသလိုလည်း ခံစားရသည်။
သို့သော် ဤသည်မှာလည်း အတော်လေး ကောင်းမွန်သည့်ကိစ္စပင် ဖြစ်၏။
ချင်ဟယ်သည် စိတ်ထဲမှ တိတ်တဆိတ် သဘောကျနေခဲ့သည်။
ဤရူးသွပ်မှုကြောင့် အဘွားကျောက်သည် အတန်ကြာသည်အထိ သူ့အား လွယ်လွယ်နှင့် ရန်လာစဝံ့တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူအေးအေးဆေးဆေး ထွက်သွားရန် ပြင်ဆင်နိုင်သည်။
ချင်ဟယ် ဂူဆီသို့ရောက်သွားသောအခါ ထိုအရူးထံမှနွေးထွေးသော ကြိုဆိုမှုကိုရရှိလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုသူသည် သူ့အားမမြင်ချင်ယောင်ဆောင်ကာ စကားတစ်ခွန်းမှ မပြောဘဲ ကျောခိုင်းထားခဲ့သည်။
"ဟေး ထမင်းစားလို့ရပြီ"
ချင်ဟယ် လှမ်းခေါ်လိုက်သော်လည်း ထိုသူက လှုပ်ရှားမလာခဲ့ပေ။
ချင်ဟယ်လည်း စကားဆက်မပြောတော့ဘဲ စက္ကူထုပ်ကိုဖြည်ကာ ကြီးမားသော ပေါက်စီဖြူကြီးကို ထုတ်ယူ၍ စတင်စားသောက်လိုက်တော့သည်။
နောက်ကျောဘက်မှ ဝါးမြိုစားသောက်သံကိုကြားလိုက်ရသဖြင့် ထိုလူသည် သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ရွှေ့လိုက်ပြီး နောက်ဆုံးတွင်မနေနိုင်တော့ဘဲ လှည့်ကြည့်လိုက်တော့၏။
"စားမလို့လား"
ချင်ဟယ် လက်ထဲမှ ပေါက်စီဖြူကြီးကို မြှောက်ပြကာ ထိုလူ့ထံလှုပ်ပြလိုက်သည်။
ထိုသူ့မျက်လုံးများသည် ပေါက်စီပေါ်တွင်သာ စွဲမြဲစွာကျရောက်နေခဲ့သည်။ သူသည် မသိစိတ်မှ တံတွေးကိုမျိုချလိုက်မိပြီး အတော်ကြာအောင် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် ခေါင်းငြိမ့်ပြလိုက်သည်။
"ငါ့နာမည် ဟေး မဟုတ်ဘူး"
ထိုအမျိုးသားသည် ပေါက်စီကိုတစ်ကိုက် ကိုက်လိုက်ပြီးနောက် နာမည်ကိစ္စနှင့်ပတ်သက်၍ ချင်ဟယ်နှင့် တစ်ဖန် ပြန်လည်ငြင်းခုံပြန်သည်။
"ဟုတ်ပြီ၊ ဟုတ်ပြီ"
ချင်ဟယ်က ထိုလူ့ဆံပင်တွင် ကပ်ငြိနေသော မြက်ခြောက်များကို ဖယ်ရှားပေးရင်း သပ်သပ်ရပ်ရပ်ဖြစ်အောင် သပ်တင်ပေးလိုက်သည်။
အကယ်၍ အခြားသူများသာ ဤအပြုအမူများကိုမြင်တွေ့ပါက အတင်းအဖျင်းသတင်းများ နေရာအနှံ့ ပျံ့နှံ့သွားလိမ့်မည်။
မည်သို့ပင်ဆိုစေ ချင်ဟယ်မှာ အိမ်ထောင်မပြုရသေးသည့် ကောတစ်ဦးဖြစ်သည်။
စစချင်းတွင် ချင်ဟယ်သည် ထိုသူ့အား အမျိုးသားတစ်ယောက်ကဲ့သို့ သဘောထားခဲ့သော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အတူတကွ ကုန်လွန်ခဲ့ပြီးနောက် သူ့အားအသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်လို ဆက်ဆံခြင်းကပင် သက်ညှာလွန်းရာကျပြီး ထိုသူသည် အများဆုံးမှ အသက် ၅နှစ်အရွယ်သာရှိလိမ့်မည်ဟု နားလည်လိုက်ရ၏။
အသက် ၅ နှစ်အရွယ် ကလေးတစ်ယောက်အား မိန်းမနှင့် ယောက်ျား ကွဲပြားမှုများ သို့မဟုတ် ယောက်ျားနှင့် ကောကြားရှိ ကွဲပြားမှုများအကြောင်း မည်သူပြောပြနေမည်နည်း။
ပေါက်စီကုန်အောင် စားပြီးနောက် ထိုလူသည် ကြက်ဥနှစ်လုံးကိုပါ ထပ်မံစားသုံးလိုက်ပြီးမှ ကျေနပ်အားရစွာဖြင့် လေချဉ်တက်ရင်း စားသောက်ခြင်းကို ရပ်တန့်လိုက်တော့သည်။
ချင်ဟယ်ကို ပို၍ရယ်လည်းရယ်ချင် စိတ်လည်း တိုချင်ဖြစ်စေခဲ့သည်မှာ ထိုသူသည် အစားအသောက်စားပြီးနောက် ဘေးသို့သွားကာ ဆောင့်ကြွားကြွားထိုင်ရင်း စိတ်ဆက်ကောက်နေခြင်းပင်ဖြစ်သည်။
"ငါ သွားတော့မယ်"
ချင်ဟယ် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်၍ ပြောလိုက်သည်။
ထိုစကားကိုကြားသည်နှင့် ထိုလူသည် လှည့်ကြည့်လာပြီး မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့်ကြည့်လိုက်တော့၏။
ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် ချင်ဟယ်မှာ ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ရယ်မောလိုက်မိသည်။
"မင်း ဘာတွေမကျေမနပ်ဖြစ်နေတာလဲ"
ထိုအခါမှ ထိုလူက ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလာသည်။
"မင်းက ငါ့ကို တစ်ခွန်းမှမပြောဘဲ ထွက်သွားတာကို"
ထိုအခါမှ ချင်ဟယ်သည် မနေ့ညက သူ ပြန်ရောက်ချိန်တွင် ထိုအမျိုးသားမှာ အိပ်ပျော်နေပြီဖြစ်သဖြင့် သူ့အားမနှိုးတော့ဘဲ အိမ်သို့တန်းတန်းမတ်မတ် ပြန်သွားခဲ့သည်ကို သတိရလိုက်တော့သည်။
ထိုသူသည် ဤကိစ္စကြောင့် စိတ်ကောက်နေခြင်းဖြစ်သည်။
"ဒါပေမဲ့ မင်းက အိပ်ပျော်နေတာလေ"
ထိုစကားကိုကြားသောအခါ ထိုအမျိုးသားသည် ဒေါသထွက်ကာ နှုတ်ခမ်းကို စူထုတ်လိုက်သည်။
ချင်ဟယ်လည်း သူ့အား ဆက်မစတော့ဘဲ ပြောလိုက်သည်။
"ငါ သတိရပြီ၊ သတိရပြီ၊ ဒီတစ်ခါ ငါ မှားသွားတာပါ"
အမျိုးသားသည် ထိုစကားကိုကြားရသဖြင့် ကျေနပ်ဝမ်းမြောက်သွားခဲ့သော်လည်း သူ့ပျော်ရွှင်မှုမှာ ချင်ဟယ် နောက်ထပ်ပြောလိုက်သည့် စကားတစ်ခွန်းကြောင့် ခဏသာခံလိုက်သည်။
"ငါ ဒီနေရာကနေ မကြာခင်ထွက်သွားတော့မယ်"
12
"ထွက်သွားမယ်"
ထိုအမျိုးသား၏မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားပြီးနောက် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့သည်။
ချင်ဟယ် လန့်သွားပြီး သူဘာမှမပြောရသေးခင်မှာပင် ထိုလူမှာ ပိုမိုကျယ်လောင်စွာ ငိုကြွေးလာသည်။
"ဝါး ဝါး"
"မင်း ၊ မင်း မငိုနဲ့"
ချင်ဟယ်သည် ထိုအမျိုးသား၏မျက်ရည်များကို ခပ်သွက်သွက်သုတ်ပေးနေစဉ် ထိုလူက နှပ်ပင် ညှစ်လိုက်သေးသည်။
"ဘာလို့ ငိုနေတာလဲ၊ မင်းကို မခေါ်သွားဘူးလို့ မပြောပါဘူး"
ချင်ဟယ်မှာ အငိုရပ်သွားသော ထိုသူ့ကိုကြည့်ကာ ပြောလိုက်၏။
"မင်မင့်ကိုပါ ခေါ်...ခေါ်သွားမှာလား"
ထိုအမျိုးသား၏သတိကြီးစွာထားနေရသည့်အသံကြောင့် ချင်ဟယ့်ရင်ထဲမကောင်းဖြစ်သွားရသည်။
"အင်း၊ မင်းကို ငါနဲ့အတူခေါ်သွားမယ်"
ချင်ဟယ်က ထိုသူ့ကို သူ့အနား၌ခဏထားပြီး ရောဂါကုသပေးရန် အခွင့်အရေးရှာမည်။ ရောဂါပျောက်ကင်းသွားမှ ထွက်သွားမလား သို့မဟုတ် ဆက်နေမလားဆိုတာ ဆုံးဖြတ်မည်ဟု တွေးလိုက်သည်။
ချင်ဟယ်သည် အင်္ကျီရင်ဘတ်ထဲတွင်ကျန်ရှိနေသေးသော ကြက်ဥနှစ်လုံးကိုထုတ်ကာ ထိုအမျိုးသားလက်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။
"လိမ်လိမ်မာမာနဲ့ ယူထား၊ ညစာအတွက် သိမ်းထားလိုက်"
ထိုစကားကိုကြားကြားချင်း ထိုအမျိုးသားက ချင်ဟယ်ထွက်သွားတော့မည်ကို သိလိုက်သည်။ သူသည် ကြက်ဥများကို ပစ်ချလိုက်ပြီး ချင်ဟယ့်အင်္ကျီအနားစကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ငါပြောတာနားထောင်၊ ငါ ပစ္စည်းတွေ ပြန်သိမ်းမလို့၊ မနက်ဖြန် မိုးလင်းရင် မင်းကိုလာခေါ်မယ်၊ ပြီးရင် ငါတို့ အတူတူထွက်သွားကြမယ်"
ချင်ဟယ်က ထိုအမျိုးသားစိတ်အေးသွားစေရန် သူ့လက်ကိုပုတ်ပေးလိုက်သည်။
"မင်မင့်ကို လာခေါ်မှာနော်"
ထိုလူသည် မျှော်လင့်ချက်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် ချင်ဟယ်ကိုကြည့်ကာ အင်တင်တင်ဖြင့် လွှတ်ပေးလိုက်သည်။
ချင်ဟယ်သည် သူစုဆောင်းထားသော အဝတ်အပိုင်းအစများကို တုန့်ကောအာအားပေးရန် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်မှဆင်းလာခဲ့သည်။
ထိုအဝတ်စများသည် တုန့်ကောအာ အပ်ချုပ်ပညာလေ့ကျင့်ရန် တိတ်တိတ်လေး စုဆောင်းထားခဲ့ခြင်းဖြစ်သည်။
တုန့်ကောအာသည် အမျိုးသမီးတစ်ယောက်ကဲ့သို့ မကျွမ်းကျင်သော်လည်း အင်္ကျီချုပ်ခြင်းနှင့် အပေါက်ဖာခြင်းများကိုမူ တတ်မြောက်ထားသည်။
မည်သို့ပင်ဆိုစေ သူထွက်သွားတော့မည်ဖြစ်ပြီး အိမ်ထောင်ပြုရန်လည်း အစီအစဉ်မရှိရာ ထိုပစ္စည်းများကို သိမ်းထားလည်း အသုံးဝင်မည်မဟုတ်ပေ။ အလကားပစ်ထားမည့်အစား တုန့်ကောအာကို ပေးလိုက်သည်က ပိုကောင်းလိမ့်မည်။
ချင်ဟယ် ထိုသို့တွေးတောရင်း ကျောက်မိသားစုအိမ်ဘက်သို့ ဦးတည်လိုက်စဉ် တောင်ခြေ၌ ရှန်ချင်မှ သူ့ကို တားဆီးလိုက်သည်။
ရှန်ချင်သည် တင်းမာသော မျက်နှာထားဖြင့် ဘာမှမပြောဘဲ ချင်ဟယ်အား ဆွဲခေါ်သွားတော့၏။
"ဦးလေးရှန် ဘာဖြစ်လို့လဲ၊ ဘာများဖြစ်လို့လဲ"
ချင်ဟယ်သည် ရှန်ချင်ကို ဤကဲ့သို့သောပုံစံမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။
ငယ်စဉ်မှကြီးသည်အထိ ရှန်ချင်သည် သူ့အတွက် ဒုတိယဖေဖေသဖွယ်ဖြစ်ပြီး မည်သူမျှ သူ့အားအနိုင်ကျင့်စော်ကားခွင့်မရှိခဲ့ပေ။
အကယ်၍ တစ်စုံတစ်ယောက်သာ ရှန်ချင်ကို အနိုင်ကျင့်ပါက ထိုသူကို မည်သည့်အခါမျှ အလွယ်တကူလွှတ်ပေးလေ့မရှိပေ။
"တစ်ယောက်ယောက်က ဦးလေးကို အနိုင်ကျင့်လို့လား ဒါမှမဟုတ် မကောင်းပြောကြလို့လား၊ ဘယ်သူလဲ၊ ကျွန်တော် သွားရှာလိုက်မယ်"
ချင်ဟယ် ဒေါသတကြီးထွက်သွားရန် ပြင်လိုက်စဉ် ရှန်ချင်က သူ့ကိုအမြန်ဆွဲထားလိုက်သည်။
"ဒီကောင်စုတ်လေး၊ ငယ်ငယ်တုန်းကဆို ဘယ်သူ့ကိုမြင်မြင်ရှက်လို့ မျက်နှာကြီးနီနေတတ်တာ၊ ကြီးလာမှ ဘာလို့ ဒီလောက်တောင် အရှက်အကြောက်မရှိ ရဲတင်းနေရတာလဲ"
"ကျွန်တော်သာ ဒီလောက်မရဲတင်းရင် အနိုင်ကျင့်ခံနေရတာကြာပြီ"
ချင်ဟယ့်ရင်ထဲ စိတ်မကောင်းဖြစ်သွားသည်။
ဖြစ်နိုင်မည်ဆိုပါက မည်သူကများ မိဘများ၏အလိုလိုက်ယုယမှုကို ခံယူရင်း အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်အဖြစ် မနေချင်ဘဲရှိမည်နည်း။
ရှန်ချင်သည် သူ့စကားကြောင့် ကလေး၏စိတ်ဒဏ်ရာကို ထိခိုက်သွားမှန်းသိသော်လည်း အစောက ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရသည်များကို တွေးမိသောအခါ မမေးဘဲမနေနိုင်တော့ပေ။
"ဟယ်ကောအာ၊ ဒီရက်ပိုင်း အဘွားကျောက်က မင်းကိုထပ်ပြီးနှိပ်စက်နေလို့လား"
"မနှိပ်စက်ပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် သောင်းကျန်းပြီးကတည်းက သူတို့ တော်တော်လေး ငြိမ်နေကြတယ်"
ရှန်ချင် ဘာကြောင့် ရုတ်တရက် ထိုသို့မေးရသလဲဆိုတာကို ချင်ဟယ် နားမလည်နိုင်ဖြစ်သွားရသည်။
"ဒါဆို ဦးလေးရှန်ကို အမှန်အတိုင်းပြောစမ်း၊ မင်း သဘောကျနေတဲ့ အမျိုးသားများ ရှိနေလို့လား၊ ရှိရင်လည်း ပွင့်ပွင့်လင်းလင်းသာပြော၊ ဦးလေးရှန်ကိုယ်တိုင် စေ့စပ်ကြောင်းလမ်းဖို့ အောင်သွယ်တော် သွားရှာလိုက်မယ်"
ချင်ဟယ် ထိုစကားကြောင့် အံ့အားသင့်သွားရ၏။
'ဘာတွေဖြစ်ကုန်တာလဲ၊ ဘာလို့ အားလုံးက သူ့ကိုအိမ်ထောင်ချပေးချင်နေကြတာလဲ'
"ဦးလေးရှန်ကလဲ ကျွန်တော့်မှာ သဘောကျရမယ့် အမျိုးသားရယ်လို့ ဘယ်လိုလုပ်ရှိမှာလဲ"
ချင်ဟယ် ရယ်လည်းရယ်ချင်၊ စိတ်လည်းညစ်သွားရသည်။
သူသည် ကျန်ရှိသော ဘဝတစ်ခုလုံးကို တစ်ယောက်တည်း အေးအေးဆေးဆေး ဖြတ်သန်းသွားရန် စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
"ဒီကောင်လေးကတော့"
ရှန်ချင်က ချင်ဟယ့်နှာခေါင်းလေးကို ခပ်ဖွဖွတို့လိုက်၏။
"ငါ့ရှေ့မှာ ဘာတွေရှက်နေရတာလဲ၊ မင်း ကျောက်မိသားစုကနေ မြန်မြန်ထွက်သွားချင်နေတာ ဦးလေးရှန်သိတယ်၊ ဒါပေမဲ့ ဘယ်လိုပဲ အလောတကြီးဖြစ်နေရင်တောင် ငါတို့အပြုအမူ အမူအကျင့်ကိုတော့ ဆင်ခြင်ရမယ် မဟုတ်ဘူးလား"
ရှန်ချင် စကားပြောရင်း ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ရာ ချင်ဟယ်လည်း ပြဿနာတစ်ခုခုရှိနေပြီမှန်း ချက်ချင်း ရိပ်မိလိုက်သည်။
"ဦးလေးရှန် ဘာဖြစ်လို့လဲ"
"ဒီကလေးကတော့၊ ဘာဖြစ်လို့လဲလို့ ပြန်မေးနေသေးတယ်"
ရှန်ချင် စိတ်မရှည်သလိုဖြစ်လာရသည်။
"မင်းတို့နှစ်ယောက် ဖက်နေကြတာကို ငါကိုယ်တိုင်မြင်လိုက်တာကို ဘာဖြစ်လို့လဲလို့ ငါ့ကိုမေးနေသေးတယ် ဟုတ်လား"
ချင်ဟယ် အံ့ဩမှင်တက်သွားရ၏။
'ဦးလေးရှန်ပြောနေတာ အဲ့ဒီလူများလား'
"ဟား ဟား ဟား ဟား"
"ဒီကလေးကတော့ ဘာလို့ရယ်နေရတာလဲ"
ချင်ဟယ် မောဟိုက်သွားသည်အထိ အားရပါးရ ရယ်မောလိုက်တော့သည်။ အကယ်၍ ထိုသူသာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားပါက သူစဉ်းစားမိနိုင်သော်လည်း ယခုမူ အသက်ငါးနှစ်အရွယ်ကလေးတစ်ယောက် အသိစိတ်နှင့် တိုက်ခိုက်ခိုင်းနေသကဲ့သို့ဖြစ်နေရာ သူ လုံးဝမလုပ်နိုင်ပေ။
"ဦးလေးရှန် မစိုးရိမ်ပါနဲ့၊ ဦးလေးထင်သလိုမျိုး လုံးဝမဟုတ်ပါဘူး"
ရှန်ချင်း ရှင်းရှင်းလင်းလင်းထပ်မမေးနိုင်သေးမီမှာပင် ချင်ဟယ်မှ ထွက်ပြေးသွားခဲ့သည်။
ထွက်သွားမည့်အကြောင်းကို ဦးလေးရှန်အား မပြောပြရန် သူ ဆုံးဖြတ်လိုက်၏။
မဟုတ်ပါက ဦးလေးရှန်က သူထွက်မသွားအောင် သေချာပေါက်တားဆီးလိမ့်မည်။
အခြေကျသွားမှပင် ဦးလေးရှန်ကို ဖြည်းဖြည်းချင်း ပြောပြဖို့တွေးထားသည်။
ချင်ဟယ် အိမ်ပြန်ရောက်သောအခါ အိမ်တွင် လူတစ်ယောက်မှမရှိဘဲ ရှင်းလင်းနေသည်ကိုတွေ့ရသဖြင့် သူ့အစီအစဉ်အတွက် ကွက်တိဖြစ်သွားခဲ့သည်။
မူလက လူတိုင်းအိပ်ပျော်နေချိန်မှ ပစ္စည်းများသိမ်းဆည်းရန် စီစဉ်ထားသော်လည်း ယခုမူ မည်သူ့ကိုမျှ ပုန်းကွယ်နေစရာမလိုတော့ပေ။
ချင်ဟယ်သည် အခန်းထဲဝင်၍ တံခါးဂျက်ထိုးလိုက်ပြီး နံရံမှချောင်နေသော အုတ်ခဲတစ်လုံးကို အသာဆွဲထုတ်လိုက်၏။
ထို့နောက် အထဲမှအဝတ်အိတ်ငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
အိတ်ကမကြီးသော်လည်း ကြေးပြားများဖြင့် ဖောင်းကားနေ၏။
တောင်ပေါ်တွင် ဆေးဘက်ဝင်သစ်ဥသစ်ဖုများတူးဖော်ကာ တစ်ပြားချင်း စုဆောင်းထားခဲ့ခြင်းဖြစ်သည်။
ချင်ဟယ်သည် ပိုက်ဆံများကို သေချာသိမ်းဆည်းလိုက်ပြီးနောက် ခေါင်းအုံးအောက်မှ လက်ကိုင်ပဝါတစ်ထည်ကို ထုတ်ယူလိုက်၏။
ထိုလက်ကိုင်ပဝါမှာ ထိုအမျိုးသား အဖျားတက်နေစဉ်က သူ့နဖူးပေါ်တင်ပေးခဲ့သည့် လက်ကိုင်ပဝါပင် ဖြစ်သည်။
ချင်ဟယ်သည် လက်ကိုင်ပဝါကို သပ်သပ်ရပ်ရပ်ခေါက်ကာ ပိုက်ဆံပါသော အိတ်လေးအတွင်းသို့ထည့်လိုက်၏။
ထို့နောက် အိတ်ကို နံရံကြားထဲသို့ပြန်ထည့်ကာ အုတ်ခဲဖြင့် သေချာပြန်ပိတ်လိုက်မှပင် စိတ်အေးသွားရသည်။
အရေးကြီးဆုံးပစ္စည်းများကို သိမ်းဆည်းပြီးနောက် ချင်ဟယ်သည် အထုပ်တစ်ထုပ်ကိုရှာဖွေကာ တစ်ခုတည်းသော လဲလှယ်စရာ သူ့အဝတ်အစားနှစ်စုံကို ထည့်လိုက်၏။
မနက်ဖြန် အရုဏ်တက်ချိန် ရွာထဲတွင် မည်သူမျှမရှိသေးသည့်အချိန်၌ ထွက်သွားရန်ပြင်ဆင်လိုက်သည်။
မနေ့ညက အိပ်ရေးပျက်ထားသည့်အပြင် ယခုအခါ တစ်အိမ်လုံးလည်း တိတ်ဆိတ်အေးချမ်းနေသဖြင့် ချင်ဟယ် အိပ်ငိုက်လာခဲ့သည်။
ထွက်မသွားခင် အိပ်ရေးဝဝအိပ်လိုက်ပါက စိတ်လန်းဆန်းသွားမည်ဟု စဉ်းစားကာ စောင်ကိုဆွဲခြုံ၍ အဝတ်အစားမချွတ်ဘဲ လှဲလျောင်းလိုက်တော့သည်။
သန်းခေါင်ယံအချိန်တွင် ရယ်မောသံများကြောင့် ချင်ဟယ်နိုးလာခဲ့သည်။ ရေငတ်လွန်းသဖြင့် ရေသောက်ရန် အိပ်ရာမှထ၍ အပြင်သို့ထွက်လာခဲ့၏။
တံခါးဖွင့်လိုက်သောအခါ အဘွားကျောက်နှင့် သူ့မိသားစုဝင်များ စားပွဲတွင်ထိုင်ကာ စားသောက်နေကြသည်ကို တွေ့လိုက်ရသည်။
မည်သည့်နေရာက ပိုက်ဆံရလာသည်မသိပေသိ အသားတုံးကြီးတစ်တုံးကိုပင် ချက်ပြုတ်ထားကြသေး၏။
မွှေးကြိုင်သောရနံ့က လွင့်ပျံလာရာ ချင်ဟယ့်ဗိုက်ထဲမှ အလိုအလျောက် အသံများ ထွက်လာသည်။
"ဟမ့် စားစရာရလိမ့်မယ်လို့တော့ မမျှော်လင့်နဲ့"
အဘွားကျောက်က ချင်ဟယ်အား စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း ထိုသူမှာစိတ်မနှံ့သူတစ်ဦးဖြစ်သည်ကို မမေ့သေးသဖြင့် မဆင်မခြင်ပြုမူရန်တော့ မဝံ့ရဲပေ။
ချင်ဟယ်သည် ရေအလွန်ငတ်နေသဖြင့် သူမနှင့် အချေအတင်မပြောချင်တော့ပေ။
စားပွဲပေါ်တွင် လွတ်နေသော ခွက်တစ်ခုကို တွေ့လိုက်ရသဖြင့် ရေကရားကို မယူကာ ရေတစ်ခွက်ငှဲ့၍ အကုန်မော့သောက်လိုက်တော့သည်။
ထိုအခါမှ စိတ်ထဲအနည်းငယ် လန်းဆန်းသွားရ၏။
"ဘာလို့ အားလုံးက ငါ့ကိုဒီလိုကြီး ကြည့်နေကြတာလဲ"
ချင်ဟယ် တွေဝေရာမှ သတိဝင်လာပြီး ကျောက်မိသားစု၏လူငယ်လူကြီး အားလုံးက သူ့အား မလုံမလဲအမူအရာများဖြင့်ကြည့်နေကြသည်ကို သတိပြုမိလိုက်သည်။
'တစ်ခုခုတော့ မဟုတ်တော့ဘူး'
နောက်ဆုံးတွင် လျို့ရှီမှ စတင်တုံ့ပြန်ပြီးပြောလိုက်သည်။
"အမေ ခွက်တစ်ခွက်တည်းပါ၊ ဟယ်ကောအာ သောက်ပါစေ"
အဘွားကျောက် မျက်ဝန်းများတွင် မသမာသော အရိပ်အယောင်များ လက်သွားပြီး မကောင်းသောအကြံဖြင့် ချင်ဟယ်အားကြည့်ကာ ပြောလိုက်သည်။
"သောက် သောက်"
ချင်ဟယ်သည် တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရသော်လည်း ဘာမှန်းအတိအကျမပြောပြနိုင်ပေ။
မည်သို့ပင်ဆိုစေ သူသည် ထွက်သွားတော့မည်ဖြစ်ရာ ဤကဲ့သို့သော သေးနုတ်သည့် ပရိယာယ်များအတွက် သူတို့နှင့် အချေအတင်ငြင်းခုံမနေချင်တော့ပေ။
ချင်ဟယ့်မျက်ခွံများ လေးလံထိုင်းမှိုင်းလာပြီး အစောကမှ ပျောက်ကွယ်သွားသော ငိုက်မြည်းမှုမှာ အရှိန်အဟုန်ဖြင့် ပြန်လည်စိုးမိုးလာခဲ့သည်။
13
ရှန်ချင်သည် ချင်ဟယ့်ကိစ္စကို တစ်ညလုံးစဉ်းစားနေခဲ့သဖြင့် မိုးလင်းခါနီးမှပင် အိပ်ပျော်သွားခဲ့သည်။
"ဇနီးလေး၊ ထပါဦး"
တစ်ယောက်ယောက်က သူ့အိပ်မက်လှလှလေးကို လာနှောင့်ယှက်သည့်အတွက် ရှန်ချင်စိတ်မကြည်မသာဖြစ်သွားသော်လည်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ စိုးရိမ်တကြီးကြည့်နေသည့် လီဖန်းကို တွေ့လိုက်ရသည်။
"အစ်ကိုဖန်း၊ ဘာဖြစ်လို့လဲ"
ရှန်ချင် မျက်လုံးများကို ပွတ်သပ်ရင်း မေးလိုက်သည်။
"ဘေးအိမ်က အသံတွေအကျယ်ကြီးထွက်နေတာကြားရလို့၊ ဟယ်ကောအာ တစ်ခုခုများဖြစ်နေပြီလားလို့ စိတ်ပူနေတာ"
ထိုစကားကိုကြားကြားချင်း ရှန်ချင်သည် အဝတ်အစားအမြန်ဝတ်ကာ ခန်ပေါ်မှ အမြန်ဆင်းလိုက်သည်။
"အဘွားကျောက်က ဟယ်ကောအာကို လွယ်လွယ်နဲ့ လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတာပေါ့"
ရှန်ချင်သည် ဖိနပ်ကို အမြန်စီး၍ ခန်ဘေးရှိ ကတ်ကြေးကို ကောက်ကိုင်ကာ အပြင်သို့ထွက်ရန် ပြင်လိုက်သည်။
"အဝတ်ပိုဝတ်သွားပါဦး၊ အခုအပြင်မှာ အရမ်းအေးတယ်"
လီဖန်းက အင်္ကျီလက်ရှည်တစ်ထည်ကို အမြန်ဆွဲယူ၍ ရှန်ချင့်ပခုံးပေါ် ခြုံပေးလိုက်သည်။
"မစိုးရိမ်နဲ့၊ တစ်ခုခုဖြစ်ရင် မင်းနောက်မှာ ကိုယ်ရှိတယ်၊ ကိုယ်တံခါးဝမှာ စောင့်နေမယ်၊ တစ်ခုခုဆိုရင် ကိုယ့်ကို အော်ခေါ်လိုက်နော်"
လီဖန်းသည် ယောကျ်ားတစ်ယောက်ဖြစ်သည့်အတွက် သန်းခေါင်ယံအချိန်ကြီးတွင် အခြားသူ၏အိမ်ထဲသို့ စွတ်ဝင်သွားရန် မသင့်တော်ပေ။ ထို့အပြင် ထိုအိမ်တွင် ယောကျာ်းဖြစ်သူရော သားဖြစ်သူပါရှိနေသဖြင့် သတင်းထွက်သွားပါက အပြောခံရနိုင်သည်။
"စိတ်အေးအေးထားပါ အစ်ကိုဖန်း၊ ကျွန်တော်က ဘယ်တော့မှအနစ်နာခံမယ့်သူ မဟုတ်ပါဘူး"
ရှန်ချင် ပြုံးပြရင်း အပြင်ထွက်မည်အပြု သူ့တုန့်ကောအာ နိုးလာသည်ကို တွေ့လိုက်ရ၏။
"ဖေဖေ သားလည်းလိုက်မယ်"
ကျောက်မိသားစု။
အဘွားကျောက်သည် ချင်ဟယ့်လက်နှင့် ခြေထောက်များကို တုတ်နှောင်ရန် လျှော်ကြိုးကိုကိုင်ကာ ခန်ပေါ်တွင်ထိုင်နေသည်။
"ဒီကောင်စုတ်လေး ဒီနေ့တော့ ငါ့လက်ထဲရောက်ပြီပေါ့"
အဘွားကျောက် ပြောရင်း ချင်ဟယ့်လက်မောင်းကို ဆွဲလိမ်လိုက်သည်။
"အမေ"
လျို့ရှီ ရုတ်တရက် အော်ပြောလိုက်၏။
"သူ့ကို မနှိုးစေနဲ့"
"ဘာနိုးရမှာလဲ"
အဘွားကျောက်က ဘဝင်မြင့်နေဟန်ဖြင့် ပြောလိုက်သည်။
"ဒီအိပ်ဆေးရဖို့ ငါပိုက်ဆံအများကြီး ပေးခဲ့ရတာ၊ အခု သူ့ကိုရိုက်သတ်ရင်တောင် နိုးလာမှာမဟုတ်ဘူး"
ထိုအခါမှ လျို့ရှီလည်း စိတ်အေးသွားပြီး လျှော်ကြိုးကိုယူကာ အဘွားကျောက်အား ကူညီ၍ချည်ပေးလိုက်သည်။
"နောက်ထပ် တင်းတင်းလေး ထပ်ချည်လိုက်ဦး၊ ဒီကောင်စုတ်လေးက ရူးသွားရင်မြင်းရိုင်းလိုပဲ၊ လမ်းခုလတ်မှာ ကြိုးပြေသွားရင် ပြဿနာတက်လိမ့်မယ်"
လျို့ရှီ ခေါင်းငြိမ့်လိုက်ပြီး လျှော်ကြိုးများထပ်ယူရန် ခန်ပေါ်မှဆင်းလိုက်စဉ် နံရံခြေရင်း မြေပြင်ပေါ်တွင် လဲကျနေသော အထုပ်လေးတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
"ဒါက"
အဘွားကျောက်သည် ထိုအထုပ်လေးကိုမြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လက်သွားတော့၏။
"ဒီကောင်စုတ်လေး ငါ့ကွယ်ရာမှာ ပစ္စည်းကောင်းတွေ ဝှက်ထားတယ်ပေါ့"
သူမသည် စိတ်လှုပ်ရှားစွာဖြင့် အထုပ်ကို ဖွင့်ကြည့်လိုက်ရာ တန်ဖိုးနည်းသော ဖျင်ကြမ်းအင်္ကျီအချို့ကိုသာ တွေ့လိုက်ရသည်။
"ဟမ့် ဒီအဘွားကြီးကို အလကား အပျော်ပျက်အောင်လုပ်တယ်"
အဘွားကျောက်သည် ဒေါသတကြီးဖြင့် အဝတ်အစားများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
"အမေ၊ အမေ့မြေးက အဝတ်အစားတွေ ထုပ်ပိုးထားတာ ထွက်သွားတော့မလို့လား"
လျို့ရှီ ရုတ်တရက်မေးလိုက်သည်။
"ထွက်သွားတော့ရော ဘာဖြစ်လဲ၊ အခုတော့ သူများဇနီးလုပ်ဖို့ငြိမ်ငြိမ်လေး လှဲပြီးစောင့်နေရတာပဲ မဟုတ်ဘူးလား"
အဘွားကျောက် ထိုသို့ပြောရင်း တံခါးဘက်သို့ လှမ်းအော်လိုက်သည်။
"အဘိုးကြီး၊ အိတ်ကို မြန်မြန်ယူခဲ့စမ်းပါ"
"ဘာလို့နှေးကွေးနေရတာလဲ၊ တစ်ယောက်ယောက် နိုးလာတာကို စောင့်နေတာလား"
အဘွားကျောက်သည် အဘိုးကျောက်ထံမှ အိတ်ကိုလှမ်းယူလိုက်ပြီး လျို့ရှီနှင့်အတူ ချင်ဟယ်အား အိတ်ထဲသို့ ထည့်ရန်ပြင်လိုက်ကြသည်။
"အဘွားကြီး၊ မင်း ပြန်စဉ်းစားပါဦးလား"
အဘိုးကျောက်သည် အိတ်ထဲသို့ အတင်းထည့်ခံနေရသော ချင်ဟယ်ကို ကြည့်ရင်း နောက်ဆုံးတွင်မရက်စက်နိုင်ဖြစ်နေရသည်။
"ဘာကိုပြန်စဉ်းစားရမှာလဲ၊ သူ့လို စိတ်မနှံ့တဲ့လူကို လက်ခံမယ့် မိသားစုရဖို့ ကျွန်မ ဘယ်လောက်တောင် တောင်းပန်ခဲ့ရလဲ ရှင်သိလား၊ ကျွန်မက သူ့ကောင်းဖို့အတွက် လုပ်ပေးနေတာ၊ ရှင် မစဉ်းစားကြည့်ဘူးလား၊ ဘေးပတ်ဝန်းကျင်ရွာတွေမှာ ဘယ်ယောကျာ်းကများ စိတ်မနှံ့တဲ့သူကိုယူချင်မှာလဲ"
"ဒါပေမဲ့"
"ဒါပေမဲ့တွေ လုပ်မနေနဲ့၊ မြန်မြန်လာကူစမ်း"
ထိုစဉ် အိမ်ရှေ့ခြံဝင်းအတွင်းမှ တံခါးခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး မကြာမီမှာပင် ကျောက်ကန်းပေါင်သည် ပျာပျာသလဲပြေးဝင်လာခဲ့သည်။
"အမေ၊ အမေ၊ ဒုက္ခတော့ရောက်ပြီ၊ လီဖန်းရဲ့မိသားစုတွေ အိမ်အထိလိုက်လာပြီ"
"သူတို့လို အပြင်လူကများ ငါတို့ကျောက်မိသားစုရဲ့ကိစ္စကို ဘယ်လိုဝင်စွက်ဖက်မလဲဆိုတာ ငါဒီနေ့ကြည့်ချင်သေးတယ်၊ ကန်းပေါင်ဇနီး အဲဒီလူတွေ ဘယ်အချိန်ရောက်လာမှာလဲ"
"အချိန်ကတော့ နီးနေပြီထင်တာပဲ"
အဘွားကျောက်၊ လျို့ရှီနှင့် ကျောက်ကန်းပေါင်တို့သည် အိမ်ထဲမှတစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
အဘိုးကျောက်သည် သက်ပြင်းချလိုက်ပြီး ချင်ဟယ့်ရင်ဘတ်ထဲသို့ ကြေးပြားထုပ်လေးတစ်ခုကို ကွယ်ရာမှ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
"ဟေ့ လီဖန်းဇနီး၊ ညသန်းခေါင်ယံအချိန်ကြီးမအိပ်ဘဲ ငါတို့အိမ်မှာဘာလာလုပ်နေတာလဲ"
လျို့ရှီသည် သွယ်လျသောခါးလေးကို နွဲ့နှောင်းလှုပ်ရှားရင်း တံခါးဝတွင်ရပ်ကာ ရှန်ချင်နှင့် တုန့်ကောအာတို့ကို အပြင်မှဝင်မလာနိုင်အောင် ပိတ်တား ထားလိုက်သည်။
ရှန်ချင်သည် ချင်ဟယ့်အခြေအနေကို ဝင်ကြည့်ရန် စဉ်းစားနေစဉ် ထိုသူများမှာ သူအားအိမ်ထဲသို့ ပေးမဝင်ချင်သည်မှာ သိသာသဖြင့် ကလေးတစ်ခုခုဖြစ်နေပြီဆိုသည်မှာ လုံးဝသေချာသွားခဲ့သည်။
"ဟယ်ကောအာကို အခုချက်ချင်း ထုတ်ပေး"
တုန့်ကောအာက သူ့ခန္ဓာကိုယ်သေးသေးလေးကို မတ်မတ်ရပ်ရင်း အော်ပြောလိုက်၏။
သူသည် ငယ်စဉ်ကတည်းက ချင်ဟယ်နှင့်အတူ ကြီးပြင်းလာခဲ့သူဖြစ်ရာ သူ့အဘွားဖြစ်သူ၏ယုတ်မာကောက်ကျစ်မှုကို အသိဆုံးဖြစ်သည်။
"လီဖန်းဇနီး၊ နင့် ကလေးကို ဒီလိုပဲ ဆုံးမထားတာလား၊ ငယ်ငယ်ရွယ်ရွယ်နဲ့ အပေါက်ဆိုးနေတာ၊ ဘယ်ယောကျာ်းကများ သူ့ကိုယူရဲမှာလဲ ငါကြည့်ချင်သေးတယ်"
ရှန်ချင် စကားပြန်မပြောရသေးမီ တံခါးဝတွင် စောင့်နေသော လီဖန်းက တုတ်တစ်ချောင်းကိုကိုင်ကာ ပြေးဝင်လာပြီး ကျောက်မိသားစု၏ခြံဝင်းအတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲတော့သည်။
လျို့ရှီ ကြောက်လန့်တကြား တုန်ယင်သွားခဲ့၏။ ကျောက်ကန်းပေါင်မှာ ပို၍ပင် အသုံးမကျပေ။ မျက်မမြင်၏တုတ်စာမိမည်ကို ကြောက်နေသကဲ့သို့ ဇနီးဖြစ်သူနောက်ကွယ်တွင် ပုန်းလိုက်၊ ရှောင်လိုက် လုပ်နေခဲ့သည်။
အဘွားကျောက်သည် တစ်ခြံလုံး ရစရာမရှိအောင် ဖျက်ဆီးခံလိုက်ရပြီး ခြံတံခါးပင် ပြိုကျလုနီးပါးဖြစ်သွားသည်ကိုမြင်သောအခါ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။
"မင်း ၊ မင်း"
အဘွားကျောက်သည် လီဖန်းအား လက်ညှိုးထိုး၍ မင်းဟုသာ ဆက်တိုက် ရွတ်ဆိုနေပြီး စကားပင်ဆုံးအောင် မပြောနိုင်တော့ပေ။
"အဖေ"
တုန့်ကောအာသည်လည်း ထိတ်လန့်သွားခဲ့ပြီး အဖေဖြစ်သူ ရပ်လိုက်သည်ကိုမြင်မှသာ အနားသို့သွားလိုက်သည်။
လီဖန်းသည် သားဖြစ်သူကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး သူ့ဆံပင်ပျော့လေးများကို သပ်ပေးလိုက်သည်။
ထို့နောက် အဘွားကျောက်ဘက်လှည့်၍ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ခင်ဗျားသာ တုန့်ကောအာအကြောင်း နောက်တစ်ခါ မကောင်းပြောရဲရင် ပစ္စည်းတွေရိုက်ခွဲရုံနဲ့တင်ပြီးမှာ မဟုတ်ဘူး"
"မင်း"
အဘွားကျောက် ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်စဉ် လျို့ရှီသည် သူမ အနားသို့ပြေးလာပြီး နား,နားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
ထိုအခါ အဘွားကျောက်လေသံမှာ ချက်ချင်းပြောင်းသွား၏။
"ကောင်းပြီ၊ ဒါဆိုရင်လည်း ငါ ဘာမှမပြောတော့ဘူး၊ ဒါက မင်းတို့လီမိသားစုနဲ့ ဘာမှမဆိုင်ဘူး၊ ဒီကနေ ချက်ချင်း ထွက်သွားကြစမ်း"
"ထွက်သွားပေးမယ်၊ ဒါပေမဲ့ ဟယ်ကောအာကို ငါ့တို့နဲ့တွေ့ခိုင်းရမယ်"
"ဒီလောက်ညနက်နေတာ ဘာလို့တွေ့ရမှာလဲ၊ ငါ့တို့ကလေးက အိပ်မောကျနေပြီ"
လျို့ရှီစကားက ရှန်ချင့်ကို သတိပေးလိုက်သလိုပင်။
'အပြင်မှာ အသံတွေ ဒီလောက်ဆူညံနေတာကို ဟယ်ကောအာက ဘယ်လိုလုပ် မကြားဘဲနေမလဲ၊ ကျောက်မိသားစုရဲ့တုံ့ပြန်ပုံကိုကြည့်ရတာ ဟယ်ကောအာ အိမ်ထဲမှာပဲ ရှိရမယ်၊ ဒါဆိုရင်'
"မင်းတို့ဟယ်ကောအာကို ဆေးတိုက်ထားတာပဲ"
ရှန်ချင့်စကားကို ကြားလိုက်ရသောအခါ ကျောက်မိသားစုဝင်သုံးဦးစလုံး၏မျက်နှာများ ဖြူဆုတ်သွားကြသည်။
"ဘာ...ဘာကိုဆေးတိုက်ရမှာလဲ၊ လျှောက်မပြောနဲ့"
အဘွားကျောက်သည် စိတ်ထဲမှ မလုံမလဲဖြစ်သွားသော်လည်း ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားဆဲ ဖြစ်သည်။
"ဆေးတိုက်တာ ဟုတ် မဟုတ် ဟယ်ကောအာကို အခုချက်ချင်းအပြင်ထွက်ခိုင်းရဲလား"
"ငါ ၊ ငါ"
အဘွားကျောက်သည် စကားများထစ်သွားပြီး မျက်နှာမှာ ပို၍ပင်ဖြူလျော်သွား၏။
ထိုစဉ် အဘိုးကျောက်သည် ဆေးတံကို ကိုင်ဆောင်ကာ အိမ်ထဲမှရုတ်တရက် ထွက်လာခဲ့သည်။
"သူ့ဆွေမျိုးတွေဆီ သွားလည်နေလို့ အိမ်မှာမရှိဘူး"
အဘိုးကျောက်ပေါ်လာသည်နှင့် ကျောက်မိသားစုဝင်သုံးဦး၏မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားကြသည်။
လျို့ရှီဆိုလျှင် ဖိတ်ခေါ်ပါသည်ဆိုသည့်ဟန်ပန်ဖြင့် ပြောလိုက်သေးသည်။
"မယုံရင် အိမ်ထဲဝင်ပြီး စိတ်ကြိုက်ရှာကြည့်နိုင်တယ်"
ရှန်ချင့်ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမိုကြီးစိုးလာခဲ့၏။
ချင်ဟယ်သည် ပြီးခဲ့သည့်နာရီပိုင်းကမှ သူ့ထံမှပြန်သွားခဲ့ခြင်းဖြစ်သည်။
ယခု ညနက်သန်းခေါင်ကြီးတွင် ဆွေမျိုးများထံ အလည်သွားကြသည်ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ထို့အပြင် စောစောက လျို့ရှီမှ ကလေးအိပ်မောကျနေသည်ဟုပြောခဲ့ရာ ယခု အိမ်တွင်မရှိဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
သူတို့လိမ်ညာနေကြသည်မှာ သိသာသည်။
ရှန်ချင်သည် ခဏတာဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
ထိုစဉ် အိမ်အနောက်ဘက် မလှမ်းမကမ်းမှ ခွေးဟောင်သံထွက်ပေါ်လာခဲ့သည်။
ရှန်ချင် ထိတ်လန့်သွားပြီး အော်ပြောလိုက်တော့သည်။
"ဒုက္ခပဲ၊ ဟယ်ကောအာကို အိမ်နောက်ဖေးတံခါးကနေ အတင်းခေါ်ထုတ်သွားကြပြီ ထင်တယ်"
14
လီဖန်းသည် တုန့်ကောအာကို ရွာလူကြီးအိမ်သွား၍ အကူအညီတောင်းရန် ဦးစွာညွှန်ကြားလိုက်ပြီးနောက် သူနှင့် ရှန်ချင်တို့သည် ကျောက်မိသားစု၏ နောက်ဖေးတံခါးဆီသို့ ပြေးသွားကြသည်။
ထိုအမျိုးသားနှစ်ဦး လမ်းအတိုင်း ခပ်သွက်သွက်လျှောက်လာကြစဉ် မလှမ်းမကမ်း၌ မြေပြင်တစ်ခုလုံး ရှုပ်ပွနေသည်ကို တွေ့လိုက်ရ၏။
ရိုက်နှက်ခံထားရသဖြင့် မျက်နှာတစ်ခုလုံး ညိုမည်းစွဲနေသော သန်မာထွားကြိုင်းသည့် အမျိုးသားနှစ်ဦးသည် နာကျင်လွန်း၍ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်ညည်းတွားနေကြသည်။
နောက်ထပ် ခြေလှမ်းအနည်းငယ် လျှောက်သွားသောအခါ အသိစိတ်ကင်းမဲ့ကာ သေလူတစ်ယောက်ကဲ့သို့ မေ့မြောနေသည့် ချင်ဟယ်အား ရင်ခွင်ထဲပွေ့ပိုက်ထားပြီး စိုးရိမ်တကြီးကြည့်နေသော အမျိုးသားတစ်ဦးကိုတွေ့လိုက်ရ၏။
ချင်ဟယ် မျက်လုံးဖွင့်လိုက်ချိန်တွင် ဦးရေပြားမှ တစစ်စစ်နာကျင်မှုကို စတင်ခံစားလိုက်ရသည်။
"ချင်ဟယ်၊ မင်း နိုးလာပြီလား"
ကုတင်ဘေးတွင် ချင်ဟယ်ကိုစောင့်ရှောက်ပေးနေသော တုန့်ကောအာသည် ချင်ဟယ် နောက်ဆုံး၌နိုးလာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်ပြီး ဝမ်းသာသွားကာ လူခေါ်ရန်အပြင်သို့ အမြန်ပြေးထွက်သွားခဲ့သည်။
ခဏအကြာတွင် ရှန်ချင်သည် ရွာလူကြီး၏ဇနီးဖြစ်သူ အမေကျောက်၊ သူမချွေးမနှစ်ဦးတို့နှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။
ရှန်ချင်သည် ချင်ဟယ်ကိုမြင်သည်နှင့် မျက်ရည်များ ဝဲတက်လာခဲ့၏။
"ကလေး၊ မင်း နောက်ဆုံးတော့ နိုးလာပြီပေါ့၊ ငါဖြင့် မင်းအတွက်စိုးရိမ်လိုက်ရတာ"
"ဦးလေးရှန် အဟွတ် အဟွတ်"
"အကြီးဆုံးအစ်မ၊ ဟယ်ကောအာအတွက် ရေမြန်မြန်သွားခပ်လိုက်ပါဦး"
"အမေ၊ ကျွန်မ ဒီမှာအကုန်ပြင်ဆင်ထားပါတယ်"
အဒေါ်ကွေ့ဖန်းသည် ချင်ဟယ်ကို ထူမလိုက်ပြီး သူမကိုမှီထားစေကာ ရေကို ဂရုတစိုက် တိုက်လိုက်သည်။
"ကလေး ဖြည်းဖြည်းသောက်ပါ၊ ဘယ်သူမှလုမသောက်ပါဘူး"
အမေကျောက်သည် ခန်၏အစွန်းတွင် ဝင်ထိုင်လိုက်ပြီး ချင်ဟယ့်လက်ကို ဆုပ်ကိုင်ထားလိုက်၏။
"ဒီမျက်နှာလေးကိုလည်း ကြည့်ပါဦး၊ ရက်ပိုင်းအတွင်းမှာ ဘယ်လိုများဖြစ်သွားရတာလဲ၊ လိမ္မာတဲ့ကလေး စိတ်မပူပါနဲ့၊ မင်းရဲ့ရွာလူကြီးက မင်းအတွက် တရားမျှတမှုရှာပေးပါလိမ့်မယ်"
"ကျွန်တော် တကယ်ကြီးဘာတွေဖြစ်ခဲ့တာလဲ"
ချင်ဟယ်မှာ လုံးဝ ဇဝေဇဝါဖြစ်နေခဲ့၏။ သူ အိပ်ပျော်သွားခဲ့သည်ကိုသာ ခပ်ရေးရေး မှတ်မိနေသည်။
အဘွားကျောက်အကြောင်း ပြောလိုက်သည်နှင့် ကျောက်မားမျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းသွားခဲ့သည်။
"ငါ့သက်တမ်းတစ်လျှောက်မှာ ဒီလောက်ရက်စက်ယုတ်မာတဲ့ အဘွားကြီးမျိုး တစ်ခါမှမမြင်ဖူးပါဘူး၊ ရှောင်ဟယ် ဖြစ်ခဲ့သမျှသိပြီးသွားရင် စိတ်မကောင်းမဖြစ်နဲ့၊ မင်းရဲ့အဖွားအရင်းက မင်းကိုရောင်းစားဖို့ တိတ်တဆိတ် ကြံစည်နေတာ"
ချင်ဟယ်သည် ထိုနေ့ညက သူသောက်ခဲ့သောရေခွက်ကို ပြန်သတိရသွားသည်။
အံ့ဩစရာမရှိတော့ပေ။ ထိုစဉ်က အဘွားကျောက်တို့မျက်နှာအမူအရာကို ယခုမှပင် သူသဘောပေါက်သွားတော့၏။
'အမှန်တော့ သူကိုယ်တိုင်က အဲ့လိုဖြစ်အောင်တိုးဝင်သွားခဲ့မိတာကိုး'
ချင်ဟယ် သက်ပြင်းချလိုက်မိသည်။ ယခုလို အခြေအနေမျိုးဖြစ်သွားခဲ့၍ စိတ်ထဲမှကျေးဇူးတင်မိသည်။
မဟုတ်ပါက သူ ယခုလောက်ဆိုလျှင်...
"ဦးလေးရှန် ဒီတစ်ကြိမ်တော့ ကျွန်တော် ဦးလေးကို ကျေးဇူးအများကြီးတင်ပါတယ်"
"ငတုံးလေး"
ရှန်ချင်ပြုံးလျက် ပြောလိုက်သည်။
"ဒီတစ်ကြိမ်က ငါ့ကြောင့်မဟုတ်ပါဘူး၊ မင်း ကျေးဇူးတင်ချင်တယ်ဆိုရင် သူ့ကိုသွားပြီး..."
ရှန်ချင့်စကားမဆုံးသေးမီမှာပင် တံခါးမှာ ဝုန်းခနဲပွင့်ထွက်သွားခဲ့၏။
တုန့်ကောအာသည် အခန်းထဲသို့ အပြေးအလွှား ဝင်လာသည်။
"ချင်ဟယ်၊ ငါတို့ရွာက လီတကျွမ်းက မင်းကိုတောင်းရမ်းဖို့ရောက်နေပြီ"
ယခုတစ်ကြိမ်တွင် ချင်ဟယ်မှာလုံးဝ အံ့ဩသွားရ၏။
'လီတကျွမ်း၊ လီတကျွမ်းဆိုတာ ဘယ်သူပါလိမ့်'
"ဟမ့်၊ လီစန်းရဲ့မိသားစုကတော့ အခွင့်အရေးကို တကယ်အကွက်ကျကျယူတတ်တာပဲ"
ကျောက်မား ဒေါသထွက်သွားရသည်။
'လီစန်းတို့မိသားစုက ဘာလို့များ ဒီလိုအချိန်မှတောင်းရမ်းရတာလဲ၊ ငါတို့ အခက်တွေ့နေတာကို အခွင့်ကောင်းယူချင်ရုံသက်သက်မဟုတ်လား၊ ဟယ်ကောအာတစ်ယောက် ကျောက်မိသားစုမှာ ဆက်နေလို့မရတော့တာကို လူတိုင်းသိကြတာပဲ၊ အခု သူတို့လာတောင်းရမ်းတာက တင်တောင်းကြေးကို သက်သာချင်လို့မဟုတ်ဘူးလား'
ချင်ဟယ်ဆိုသည့် အိမ်ထောင်မရှိသေးသော ကောလှလှလေးသည် ထိုကိစ္စများကို ဘာမှနားမလည်ခဲ့ပေ။
အဒေါ်ကွေ့ဖန်း အချိန်အတော်ကြာရှင်းပြပေးလိုက်မှသာ သူဖြစ်ပျက်သမျှကို သဘောပေါက်သွားခဲ့သည်။
"ဟယ်ကောအာ၊ လီမိသားစုက အမြတ်ထုတ်ချင်စိတ်များပေမဲ့လည်း..."
ကျောက်မားမှ စကားကိုဆုံးအောင်မပြောခဲ့သော်လည်း ချင်ဟယ်ကမူ သူမ ဆိုလိုသည်ကို သဘောပေါက်သည်။
ကျောက်မိသားစုမှ ရုန်းထွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ထောင်ပြုလိုက်ခြင်းပင် ဖြစ်၏။
လီမိသားစုသည် စိတ်ထားမကောင်းသော်လည်း လူအများအမြင်တွင် ဤသည်မှာ သူ့အတွက်အကောင်းဆုံး ထွက်ပေါက်တစ်ခုဖြစ်နေသည်။
"ကျောက်မား ကျွန်တော် လောလောဆယ် အိမ်ထောင်ပြုဖို့မစဉ်းစားချင်သေးဘူး"
ချင်ဟယ် ခေါင်းငုံ့ထားရင်း တိုးတိုးလေးပြောလိုက်သည်။
ကျောက်မားမှ ချော့မော့ဖျောင်းဖျရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ရွာလူကြီးအသံထွက်ပေါ်လာ၏။
"ဟယ်ကောအာ၊ မင်း နိုးနေပြီဆိုရင် အပြင်ကို ခဏလောက်ထွက်ခဲ့ပါဦး"
ချင်ဟယ် အမြန်ပြန်ထူးလိုက်ပြီး ကျောက်မား၏ ချွေးမနှစ်ယောက်ဖြစ်သော အဒေါ်ကွေ့ဖန်းနှင့် အဒေါ်ရှို့ချင် တို့မှ ချင်ဟယ်ကို ဘယ်ညာတွဲကူပေးကာ တံခါးအပြင်သို့ထွက်လာခဲ့ကြသည်။
"လမ်းမလျှောက်နိုင်တော့လို့လား၊ ဘာတွေများ ဖြစ်သွားလို့လဲ"
အဘွားကျောက်သည် နောင်တရသည့်အရိပ်အယောင် အနည်းငယ်မှမပြသည့်အပြင် ရိုးသားဖြောင့်မတ်နေသကဲ့သို့ မောက်မာသည့်ဟန်ပန်ဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။
ချင်ဟယ် အပြင်သို့ထွက်လာသည်ကို မြင်သောအခါ သူမသည် ပို၍ပင်အားတက်သရောဖြစ်သွားသည်။
"ရွာလူကြီး၊ ရှင်ကိုယ်တိုင်လည်းမြင်တာပဲ၊ ကျွန်မမြေးလည်း ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်ရှိနေတာပဲမဟုတ်လား"
"ဘာမှမဖြစ်ဘူးဟုတ်လား၊ ပေါက်ကရတွေ"
နှစ်ပေါင်းများစွာ ရွာလူကြီးလုပ်လာခဲ့သည့် သက်တမ်းတစ်လျှောက် ကျောက်ဟဲကွေ့သည် သူတစ်ပါးရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ဆဲဆိုကြိမ်းမောင်းလိုက်ခြင်းဖြစ်၏။
"မင်းမျက်လုံးကို သေချာဖွင့်ကြည့်လိုက်ပါဦး၊ ဒီကလေး ဘာဖြစ်သွားလဲဆိုတာကို"
"ဘာပြောချင်တာလဲ၊ သူ စားနိုင် သောက်နိုင် အိပ်နိုင်နေတာပဲ၊ ကျွန်မကြည့်တာတော့ သူတော်တော်လေး အဆင်ပြေနေတာပဲကို"
အဘွားကျောက် မျက်လုံးပြူးပြလိုက်သည်။ တစ်နေ့က ထိုကောင်စုတ်လေးသည် ပေါက်စီအတော်များများကို အပြင်သို့ယူသွားခဲ့သည်ကို သူမ မမေ့သေးပေ။
"မင်း နောင်တမရသေးဘူးပေါ့ ဟုတ်လား၊ မနေ့ညက လီဖန်းနဲ့သူ့ဇနီးတို့သာ စောစောစီးစီးမသိခဲ့ရင် မင်းက ဟယ်ကောအာကိုရောင်းစားပြီးတာ ကြာပြီ"
"ဘယ်...ဘယ်သူက ရောင်းစားတယ်လို့ ပြောလဲ၊ ငါ အဲဒီလိုလုံးဝမပြောခဲ့ဘူး"
အဘွားကျောက် အေးအေးဆေးဆေးပင် အရှက်မရှိငြင်းဆန်လိုက်သည်။
'သူသာ ဝန်မခံဘဲငြင်းနေသရွေ့ ဘယ်သူက သူ့ကိုလာရိုက်ရဲမှာလဲ'
"ဒါဆိုရင်တော့"
ချင်ဟယ် ခန္ဓာကိုယ်ကိုအသာစောင်းပြီး ရှန်ချင်အားပြောလိုက်၏။
"ဦးလေးရှန်၊ ကျွန်တော့်အတွက် မြို့ထဲကို ခဏသွားပေးဖို့ ဦးလေးလီကို ဒုက္ခပေးလို့ရမလား"
ရှန်ချင် ဘာမှမပြောရသေးခင်မှာပင် လီဖန်း ရှေ့သို့တိုးလာပြီး မေးလိုက်သည်။
"ဟယ်ကောအာ၊ ငါ့ကိုဘာလုပ်ပေးစေချင်လဲသာပြော"
"အဘွားကျောက်က ကျွန်တော့်ကို တိတ်တဆိတ် ရောင်းစားဖို့ကြံစည်နေပါတယ်ဆိုပြီး ရုံးတော်မှာတိုင်ကြားစာ တင်ပေးဖို့ ဦးလေးလီကိုကူညီပေးစေချင်တာပါ"
အဘွားကျောက်သည် ရုံးတော်ဟူသော အသံကိုကြားလိုက်သောအခါ အနည်းငယ် ထိတ်လန့်သွားသည့်ပုံပေါ်သွား၏။
သို့သော် ပုံမှန်အားဖြင့် အနောက်ဘက်တွင်သာ ပုန်းကွယ်နေလေ့ရှိသော ကျောက်ကန်းပေါင်သည် မာနထောင်လွှားစွာဖြင့် ပြောလိုက်သည်။
"ရုံးတော်ကိုသွားတော့ရော ဘာဖြစ်မှာမို့လို့လဲ၊ ငါ့မိသားစုဝင်ကို ငါရောင်းတာ ရုံးတော်နဲ့ ဘာမှမဆိုင်ဘူး"
"တကျိုးမင်းဆက်ရဲ့ဥပဒေမှာ လူရောင်းတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်လို့ အတိအလင်း ပြဋ္ဌာန်းထားတယ်၊ မလိုက်နာတဲ့ ကျူးလွန်သူတွေကို ပြစ်မှုသေးရင် မိုင်ပေါင်းထောင်ချီဝေးကွာတဲ့နေရာကို နယ်နှင်ဒဏ်ပေးပြီး ပြစ်မှုကြီးရင် ကွပ်မျက်ခံရလိမ့်မယ်"
ချင်ဟယ်သည် ကျောက်ကန်းပေါင် မျက်နှာပျက်ယွင်းကာ ဖြူဖျော့သွားသည်ကိုကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"မင်း၊ မင်း မဟုတ်တာတွေလျှောက်ပြောနေတာ"
"မယုံရင် စမ်းကြည့်လို့ရတယ်"
"ဒါ၊ ဒါတွေက ဥပဒေဆိုရင်တောင် မင်းက ကျောက်မိသားစုဝင်ပဲ၊ ငါ့မိသားစုဝင်ကို ငါရောင်းတာ ဘာမှမဆိုင်ဘူး"
ကျောက်ကန်းပေါင်သည် ချင်ဟယ့်မျက်လုံးများကို စိုက်ကြည့်ရင်း ဘဝင်မြင့်နေဟန်ဖြင့်ပြောသည်။
"တကျိုးမင်းဆက်ရဲ့ဥပဒေမှာ ကိုယ့်မိသားစုဝင်ကို မရောင်းရဘူးလို့ စည်းကမ်းမရှိဘူး"
"အဲ့လိုမျိုးတော့ မရှိပါဘူး"
ချင်ဟယ့်နှုတ်ခမ်းပါးတို့က အနည်းငယ် တွန့်ကွေးသွားကာပြုံးလိုက်သည်။
"ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ဥပဒေမှာ ရောင်းဝယ်ခံရသူဟာ ကျေးကျွန်သာဖြစ်ရမယ်လို့ ပြဋ္ဌာန်းထားတာ၊ ဒုတိယဦးလေး စိတ်မကောင်းပါဘူး၊ ကျွန်တော်က ကျွန်မဟုတ်ဘူး"
ပေါ့ပေါ့ပါးပါးပြောလိုက်သည့် ထိုစကားတစ်ခွန်းက ကျောက်ကန်းပေါင်အား ချောက်ကမ်းပါးအောက်ခြေသို့ ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
"စိတ်မပူပါနဲ့ ဟယ်ကောအာ၊ ငါ အခုပဲ ရုံးတော်ကို သွားတိုင်ပေးမယ်"
"ခဏစောင့်ပါဦး"
ချင်ဟယ် မျှော်လင့်ထားသည့်အတိုင်းပင် ရွာလူကြီးက နောက်ဆုံးတွင်ဝင်ရောက်ပြောဆိုလာခဲ့၏။
"ဟယ်ကောအာ မစိုးရိမ်ပါနဲ့၊ ငါ သူတို့ကို သေချာပေါက် ထိထိရောက်ရောက် ပြစ်ဒဏ်ပေးပါ့မယ်၊ ရုံးတော်ကိုသွားပြီး တိုင်ကြားမယ့်ကိစ္စကတော့ ငါတို့ဆက်ပြီး တိုင်ပင်ဆွေးနွေးဖို့လိုသေးတာပေါ့"
ချင်ဟယ်သည် ရုံးတော်သို့သွားရမည်မဟုတ်ကြောင်း အစကတည်းက သိနှင့်ပြီးသားဖြစ်၏။
ရွာလူကြီးသည် သူဘက်၌ရပ်တည်ပေးနေသည့်တိုင် ရှန်းရှီရွာတစ်ရွာလုံး၏ သိက္ခာကို ညိုးနွမ်းခံစေပြီး သူ့အတွက်နှင့် အဘွားကျောက်မိသားစုကို အကျဉ်းထောင်ထဲပို့ပေးလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ဟယ်သည် ရွာလူကြီးအနေဖြင့် သူ့တောင်းဆိုချက်ကို သဘောတူလာစေရန်အတွက် လီဖန်းအား ရုံးတော်သို့တိုင်ကြားခိုင်းမည့်ပုံစံဖြင့် တမင်သက်သက် ပရိယာယ်ဆင်လိုက်ခြင်း ဖြစ်သည်။
"ကျွန်တော် ရုံးတော်ကိုမသွားဘဲနေပေးလို့ရတယ်၊ ဒါပေမဲ့ သူတို့ဘက်က အချက်တစ်ချက်ကို သဘောတူရမယ်"
ချင်ဟယ်သည် မကျေမနပ်ဖြစ်နေသည့် အဘွားကျောက်မျက်နှာကိုကြည့်ကာ စိတ်ထဲတွင် လွန်စွာအားရကျေနပ်သွားခဲ့သည်။
"ဘာ အချက်တွေလဲ၊ မင်း ဘာပဲပြောပြော ငါတို့အကုန်သဘောတူမယ်"
ကျောက်ကန်းပေါင်သည် အဘွားကျောက်ကဲ့သို့ မတရားမှုကို အသေအလဲတုံ့ပြန်မည့်သတ္တိမျိုး မရှိပေ။ ရုံးတော်သို့ သွားစရာမလိုတော့ကြောင်း ကြားလိုက်ရသောအခါ သူ့မျက်နှာတွင် ဝမ်းသာအားရဖြစ်သွားသည့် အရိပ်အယောင်တို့ ပြည့်နှက်သွားတော့သည်။
"ဖူကျွင်း ရှင် ဘာလို့ အဲ့လိုစကားမျိုး ပြောရတာလဲ"
လျို့ရှီပင် ကျောက်ကန်းပေါင်၏ယောကျ်ားမပီသသော အပြုအမူကိုကြည့်ပြီး မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။
"မင်း ဘာသိလို့လဲ၊ ဒီကိစ္စသာ အရမ်းကြီးကျယ်သွားရင် ငါ ဘယ်လိုလုပ် တော်ဝင်စာမေးပွဲသွားဖြေလို့ ရတော့မှာလဲ၊ မင်းရော ဘယ်လိုလုပ်မြင့်မြတ်တဲ့ သခင်မတစ်ယောက်အဖြစ် ဆက်နေနိုင်တော့မှာလဲ"
ကျောက်ကန်းပေါင် မဲ့ပြုံး ပြုံးရင်းပြောလိုက်သည်။
"ပြောပါဦး၊ မင်း လိုချင်တာ ဘာလဲ"
"မိသားစုကနေ ခွဲထွက်ချင်တယ်"
ထိုစကားနှစ်ခွန်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
ကောတစ်ယောက်မှ အိမ်ခွဲပေးရန် တောင်းဆိုလိုက်ခြင်းမှာ ရှန်းရှီကျေးရွာ သမိုင်းတွင် တစ်ခါမှမရှိဖူးသောကိစ္စ ဖြစ်သည်။
15
အဘွားကျောက် မြေကြီးပေါ် တံတွေး ထွေးထုတ်လိုက်ပြီး မျက်နှာတွင် လှောင်ပြုံးများဖြင့်ပြည့်နေသည်။
"ငါ့သက်တမ်းတစ်လျှောက် ဒီလိုကောလေးတစ်ယောက်က မိသားစုပိုင်ဆိုင်မှုကိုခွဲပေးဖို့ တောင်းဆိုတာမျိုး ဒါပထမဆုံးကြားဖူးတာပဲ၊ နင် ဘာကောင်လဲဆိုတာ ကိုယ့်ကိုယ်ကိုပြန်ကြည့်ဦး၊ ငါတို့ကျောက်မိသားစုရဲ့ပိုင်ဆိုင်မှုကို ခွဲယူချင်တယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်"
ချင်ဟယ် အေးဆေးတည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။
"ကျောက်မိသားစုပိုင်တဲ့ပစ္စည်းထဲက တစ်ပြားမှ ကျွန်တော်မလိုချင်ဘူး၊ ဒါပေမဲ့ ကျွန်တော့်ပိုင်ဆိုင်မှုမှန်သမျှကိုတော့ တစ်ပြားမကျန်အကုန်ပြန်ယူမယ်"
"ဒီကလေးကတော့ ဘာတွေလျှောက်ပြောနေတာလဲ"
လျို့ရှီ ပြုံးပြုံးလေးဖြင့် ချင်ဟယ့်လက်မောင်းကို လှမ်းကိုင်ရန်ကြိုးစားလိုက်သော်လည်း သူ့အေးစက်စက် အကြည့်ကြောင့် လန့်ဖြန့်ကာ နောက်ဆုတ်သွားလိုက်သည်။
လျို့ရှီ စိတ်မသက်မသာရယ်မောလိုက်ပြီး ပြောသည်။
"မင်းရဲ့စားဝတ်နေရေး အသုံးစရိတ် အကုန်လုံးက ကျောက်မိသားစုရဲ့ ပိုက်ဆံတွေချည်းပဲလေ၊ ဒီအိမ်မှာ မင်းပိုင်တာ ဘာများရှိလို့လဲ၊ မဆိုးနဲ့တော့၊ အဒေါ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့၊ နင် စိတ်ဆင်းရဲစရာမလိုအောင် နောက်ရက်အတွင်း အဒေါ် နင့်အတွက် မိသားစုကောင်းကောင်းနဲ့ အောင်သွယ်ပေးပါ့မယ်"
ချင်ဟယ်က ယောက္ခမနှင့် ချွေးမဖြစ်သူတို့ကိုကြည့်ပြီး စိတ်ထဲမှနေ လှောင်ပြုံး ပြုံးလိုက်သည်။ ငှက်မွှေးတူရင် အုပ်စုဖွဲ့ကြသည်ဟု သူတွေးလိုက်မိ၏။
'တစ်ယောက်က ခက်ထန်ပြပြီး တစ်ယောက်က အလိုက်သိဟန်ဆောင်နေတယ်၊ ကောင်းကောင်းကြီး ဇာတ်ကွက်ဆင်နေကြတာပဲ'
"ဒီမှာရှိတဲ့ အဒေါ်တွေ၊ အစ်မတွေကို မေးခွန်းတစ်ခုမေးချင်တယ်၊ မင်္ဂလာဆောင်ပြီးတဲ့အခါ မိဘအိမ်ကပါလာတဲ့ ခန်းဝင်ပစ္စည်းတွေကို ယောက္ခမတွေဆီ ပေးလိုက်ရတဲ့ထုံးစံရှိလား"
"ဟယ်ကောအာ ဘာတွေပြောနေတာလဲ၊ ငါတို့တကျိုးမင်းဆက်မှာ မိဘအိမ်က ပါလာတဲ့ပစ္စည်းတွေကို ယောက္ခမဆီပေးရတဲ့ထုံးစံ ဘယ်တုန်းကမှမရှိခဲ့ပါဘူး"
"ဟုတ်တယ်၊ ငါ့မိဘကပေးလိုက်တဲ့ ပစ္စည်းတွေကို သူများဆီဘာလို့ပေးရမှာလဲ"
ချင်ဟယ့်စကားသည် ဝိုင်းကြည့်နေကြသော အမျိုးသမီးငယ်များနှင့် ဇနီးသည်များ၏စိတ်ကို ဆွပေးလိုက်သကဲ့သို့ဖြစ်သွားသဖြင့် ဝိုင်းဝန်းငြင်းခုံကြတော့သည်။
အိမ်ထောင်ရှင်မတစ်ဦးအတွက် မိဘအိမ်မှပါလာသော ခန်းဝင်ပစ္စည်းသည် သူမအတွက် နောက်ဆုံးအားကိုးရာပင် ဖြစ်သည်။
အလွန်အမင်း ကျပ်တည်းမနေပါက မည်သူက ထုတ်ပေးချင်မည်နည်း။ ထိုသို့သော အခြေအနေမျိုးရောက်နေသည့်တိုင် မည်သည့်ယောက္ခမကမှ သိက္ခာအကျခံကာ ချွေးမ သို့မဟုတ် သားမက်ဆီမှ ထိုပစ္စည်းများကို တောင်းရဲမည်နည်း။
အဘွားကျောက်မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားခဲ့သည်။ ချင်ဟယ် နောက်တစ်ခွန်းမပြောမီ စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ပြောလိုက်သည်။
"မိဘအိမ်ဘက်က ခန်းဝင်ပစ္စည်းတွေ ဘာတွေလျှောက်ပြောမနေနဲ့၊ ဟိုကပ်ဆိုးကောင် ဖုန်းနျန် ဒီအိမ်ထဲဝင်လာတုန်းက တစ်ပြားတောင်ယူလာခဲ့တာ မဟုတ်ဘူး"
"ခင်ဗျား ဘယ်သူ့ကိုကံဆိုးကောင်လို့ ခေါ်တာလဲ"
ရှန်ချင်သည် ဖုန်းနျန်အား ပုတ်ခတ်စွပ်စွဲနေသည်ကို သည်းမခံနိုင်တော့ပေ။
သူသည် တစ်ဖက်လူ၏အသက်အရွယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အဘွားကျောက်မျက်နှာကို လှမ်းရိုက်ရန် လက်ရွယ်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် ချင်ဟယ်မှ ဖျတ်လတ်စွာဖြင့် သူ့အားဆွဲတားလိုက်နိုင်သည်။
"ဦးလေးရှန် ဒေါသမထွက်ပါနဲ့၊ တကယ့် ကပ်ဆိုးကောင်က ဘယ်သူလဲဆိုတာမမြင်ဘူးလား၊ ကိုယ့်သားနဲ့ ချွေးမကို သေစေခဲ့တယ်၊ ဒါကိုမှ ကျေနပ်သေးဘဲ သူ့အငယ်ဆုံးသားရဲ့အနာဂတ်ကိုပါ ဖျက်ဆီးဦးမလို့"
"လျှောက်မပြောနဲ့"
အဘွားကျောက် ဒေါသထွက်လွန်း၍ ပျာယာခတ်သွား၏။
သူမ အချစ်ဆုံးအငယ်ဆုံးသားက ချင်ဟယ့်စကားများကို အမှန်တကယ် နားထောင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဘေးတွင်ရပ်နေသော ကျောက်ကန်းပေါင်သည် ရုတ်တရက် အခြေအနေကို သဘောပေါက်သွားပြီး တွေးလေလေ ထိုစကားများမှာ အဓိပ္ပါယ်ရှိလေလေဖြစ်ကြောင်း လက်ခံလိုက်ရသည်။
အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ယခုကိစ္စသည် ရုံးတော်အထိပါဝင်ပတ်သက်ရသည်မှာ ဘယ်နှစ်ကြိမ်မှန်းမသိပေ။
အကယ်၍ အမှန်တကယ် ထိုသို့ ဖြစ်လာပါက သူ့သိက္ခာဘာဖြစ်သွားမည်နည်း။
သူသည် တော်ဝင်စာမေးပွဲများကို မည်သို့ ထပ်မံဖြေဆိုနိုင်တော့မည်နည်း။
"အမေ၊ ဟယ်ကောအာ တောင်းတာကို မြန်မြန်ပေးလိုက်ပါတော့"
ကျောက်ကန်းပေါင်သည် ထိုကိစ္စကို အကျယ်,အကျယ်မဖြစ်စေဘဲ အမြန်ဆုံးပြီးပြတ်ချင်နေပြီဖြစ်သည်။
ထိုကိစ္စများပြီးသွားပါက မြို့သို့ ပြောင်းရွှေ့ရန် သူ့ဇနီးနှင့်တိုင်ပင်ရမည်။ မိခင်ဖြစ်သူ၏အပြုအမူကြောင့် သူ့ အလုပ်အကိုင်ကို ပျက်စီးသွားခွင့်မပေးနိုင်ပေ။
အဘွားကျောက်သည် ကျောက်ကန်းပေါင်ကျောကို ဒေါသတကြီး ရိုက်လိုက်ပြီးမှ ပြောလိုက်၏။
"ငါ့ဆီမှာ ဘာပစ္စည်းရှိလို့လဲ၊ အဲ့ဒီတုန်းက ဖုန်းနျန် ဒီအိမ်ကိုလက်ထပ်ပြီးဝင်လာတုန်းက လူတိုင်းတွေ့ဖူးကြတာပဲ၊ ငါ့လိုအဘွားကြီးကသာ ဖုန်းနျန်ဆီက ကြေးပြားတစ်ပြားကို မတရားလိုချင်ခဲ့ရင် ငါလူမဟုတ်တော့ဘူး"
အဘွားကျောက်စကားများမှာ ပြင်းထန်လွန်းသဖြင့် အတင်းအဖျင်းပြောနေကြသည့်သူများအားလုံး ချက်ချင်းပင် ငြိမ်သက်သွားခဲ့ကြသည်။
ကျောက်မားက ချင်ဟယ့်အကျီလက်စကို ဆွဲလိုက်ပြီး သူ့အနားသို့ တိုးတိုးလေး ပြောလိုက်သည်။
"ဟယ်ကောအာ၊ မင်း ငယ်သေးလို့မသိတာပါ၊ မင်းဖေဖေလက်ထပ်ပြီး ဝင်လာတုန်းက ခန်းဝင်ပစ္စည်း ဘာမှယူမလာခဲ့ဘူး၊ ဒါကို ငါ့မျက်စိနဲ့ တပ်အပ်တွေ့ခဲ့တာ"
ချင်ဟယ်က ကျောက်မား၏လက်ကို အသာပုတ်ပေးကာ စိတ်အေးအေးထားရန် အချက်ပြလိုက်သည်။
ထို့နောက် အဘွားကျောက်ဘက်သို့ လှည့်ကာ ရင်ဆိုင်လိုက်၏။
"ဖေဖေ လက်ထပ်ပြီးဝင်လာတုန်းက ခန်းဝင်ပစ္စည်းပါမလာခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ မသေခင်မှာ ဖေဖေက ခင်ဗျားဆီကို အထုပ်တစ်ထုပ်ပေးခဲ့တာတော့ မမေ့နဲ့"
အဘွားကျောက်မျက်နှာမှာ ချက်ချင်းပင်သွေးဆုတ်ဖြူဖျော့သွားပြီး ဇွတ်ငြင်းရန် ကြိုးစားလိုက်သည်။
"အထုတ် ဟုတ်လား၊ ဘာအထုတ်လဲ"
"ငြင်းဖို့မကြိုးစားနဲ့၊ အဲဒီတုန်းက ငါရှိနေတာ"
ရှန်ချင်သည်လည်း ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဆုတ်နေသည်။
သူသည် ရှေ့သို့တိုးလာပြီး အဘွားကျောက်ကို လက်ညှိုးထိုးကာပြောလိုက်၏။
"အဲဒီတုန်းက နျန်ကောအာအသက်ငွေ့ငွေ့ပဲကျန်တော့တဲ့အချိန် သူစုဆောင်းထားတဲ့ ပိုက်ဆံတွေကို ခင်ဗျားဆီပေးဖို့ ငါ့ကိုမှာခဲ့တာ ဟုတ်တယ် မဟုတ်ဘူးလား"
"အဲတော့ ဘာဖြစ်လဲ၊ သားမက်တစ်ယောက်က ယောက္ခမအပေါ် ဝတ္တရားကျေပွန်ရမှာ မဟုတ်ဘူးလား"
"ယောက္ခမအပေါ် ဝတ္တရားကျေပွန်ရမယ် ဟုတ်လား၊ လျှောက်မပြောနဲ့၊ အဲဒီတုန်းက နျန်ကောအာပြောခဲ့တာ ဒီပိုက်ဆံတွေကို ဟယ်ကောအာစောင့်ရှောက်ဖို့ သုံးရမယ်၊ ကျန်တဲ့ ပိုက်ဆံတွေကိုတော့ ကလေးကြီးလာတဲ့အခါ ခန်းဝင်ပစ္စည်းအဖြစ်သုံးရမယ်လို့ မှာခဲ့တာ"
"ငါ ၊ ငါက"
အဘွားကျောက်သည် ကပျာကယာဖြင့် ပြန်ပြောရန် ကြိုးစားလိုက်၏။
"ငါ၊ ငါနဲ့ ဘာဖြစ်နေတာလဲ၊ ဒီပိုက်ဆံကို ပေးမှာလား မပေးဘူးလား"
ရှန်ချင် ရှေ့သို့ နှစ်လှမ်းတိုးလိုက်သဖြင့် အဘွားကျောက်မှာ နောက်သို့ဆုတ်လိုက်ရသည်။
"ငါ့မှာ ပိုက်ဆံမရှိဘူး"
ဤတစ်ကြိမ်တွင် အဘွားကျောက် အသည်းအသန် ငြင်းလိုက်၏။
ချင်ဟယ်က အဘွားကျောက်အား ကြည့်ကာပြုံးပြလိုက်ပြီး လီဖန်းဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဦးလေးလီကို မြို့အထိ သွားပေးဖို့ ဒုက္ခခံခိုင်းရတော့မှာပဲ"
ကျောက်ကန်းပေါင်သည် အဘွားကျောက်ခြေရင်းတွင် ဘုန်းခနဲ ဒူးထောက်ချလိုက်သည်။
"အမေ၊ ဟယ်ကောအာ တောင်းတာတွေကို မြန်မြန်ပေးလိုက်တော့၊ တကယ်လို့ ရုံးတော်အထိရောက်ပြီး အမှုအခင်းဖြစ်ရင် ကျွန်တော်ဘာလုပ်ရမလဲ"
ဤသည်ကိုမြင်သောအခါ ရွာလူကြီးက အခွင့်အရေးကို အရယူကာပြောလိုက်သည်။
"ငါပြောမယ် ကန်းပေါင်အမေ၊ ကန်းပေါင်ပညာရှင်ဖြစ်လာဖို့ လမ်းကြောင်းက လွယ်လွယ်နဲ့ရလာတာ မဟုတ်ဘူး၊ ပိုက်ဆံကြေးပြားအနည်းငယ်ကြောင့်နဲ့ မင်းကလေးရဲ့အနာဂတ်ကို မဖျက်ဆီးလိုက်နဲ့"
ထိုစကားကိုကြားသောအခါ အဘွားကျောက်သည် စိတ်ဒုက္ခရောက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့၊ ဒါပေမဲ့ ကျွန်မမှာပေးစရာ ပိုက်ဆံ တကယ်မရှိတာ"
"ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲ"
လီကျန့်မျက်နှာထားမှာ တင်းမာသွားတော့သည်။
ဖုန်းနျန်မှ ကလေး၏ခန်းဝင်ပစ္စည်းအတွက်ပါ ကြိုတင်စဉ်းစားထားခဲ့သည်ဆိုလျှင် ချန်ထားခဲ့သည့်ပိုက်ဆံမှာ ကြေးပြားစေ့အနည်းငယ်မျှမကနိုင်ပေ။
"ကန်း ကန်းပေါင် စာမေးပွဲဖြေဖို့နဲ့ မင်္ဂလာဆောင်ဖို့ ပိုက်ဆံမလိုဘူးလား"
ထိုစကားကိုကြားလိုက်သောအခါ ဝိုင်းကြည့်နေကြသူများအားလုံး သက်ပြင်းချလိုက်ကြတော့၏။
ဖုန်းနျန်က သူ့ကလေးအတွက် ချန်ထားခဲ့သည့်ပိုက်ဆံများကို အဘွားကျောက်သည် အငယ်ဆုံးသားဖြစ်သူအတွက် အကုန်သုံးဖြုန်းပစ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဟယ်ကောအာကို ရောင်းစားကာ နောက်ထပ်အမြတ်ထုတ်ရန်ပင် ကြံစည်နေသေး၏။
ထိုသို့သောကိစ္စမျိုးကို ပြုလုပ်ရန် နှလုံးသား မည်မျှမည်းနေသနည်း။
"ဒါဆိုရင်လည်း"
ချင်ဟယ် နှုတ်ခမ်းလေးကို မခို့တရို့ ပြုံးကာပြောလိုက်သည်။
"ရုံးတော်က ခရိုင်ဝန်ပြောသလိုပဲလုပ်ကြတာပေါ့"
"ဟယ်ကောအာ"
ရွာလူကြီး ရုတ်တရက်အော်ခေါ်လိုက်၏။
ဤမျှအထိ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ချင်ဟယ်ကိုကြည့်ရင်း ရွာလူကြီးသည် အတော်ကြာတုံ့ဆိုင်းနေပြီးမှ ထိုစကားများပြောထွက်ခဲ့ခြင်းဖြစ်သည်။
သူသည် တကယ်ကိုအရှက်မရှိပေ။
တစ်ရွာလုံး၏သိက္ခာအတွက်သာ မဟုတ်ပါက ဤယုတ်မာပက်စက်သော လူတစ်စုကို သူဘာကြောင့် အကာအကွယ်ပေးနေမည်နည်း။
"ဟယ်ကောအာ၊ ကျောက်မိသားစုရဲ့လယ်သုံးမူကို မင်းနာမည်နဲ့လွှဲပြောင်းပေးလိုက်ရင် ရမလား၊ မင်း ဘယ်လိုသဘောရလဲ"
ထိုစကားကိုကြားကြားချင်း အဘွားကျောက်သည် ခွေးရူးတစ်ကောင်လို ဟောင်လိုက်သည်။
"မဖြစ်ဘူး၊ သူ့ကိုအဲဒါပေးလိုက်ရင် ငါတို့ ဘာနဲ့စားသောက်ရမှာလဲ"
"ထောင်မကျချင်ရင် ပါးစပ်ပိတ်ထားစမ်း"
ရွာလူကြီးမှ ငေါက်ငမ်းလိုက်ပြီးနောက် ချင်ဟယ်အား မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"ရပါတယ်၊ ဒါပေမဲ့ လယ်သုံးမူအပြင် တောင်ခြေကအိမ်ကိုပါ ကျွန်တော် လိုချင်တယ်၊ ဒါပေမဲ့ ဒါတွေအကုန်လုံးက မိသားစုပိုင်ဆိုင်မှုကို တရားဝင်ခွဲပေးမယ်ဆိုတဲ့ အချက်အပေါ်မှာပဲ မူတည်တယ်"
ချင်ဟယ် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မြေလည်း မင်းရမယ်၊ အိမ်လည်း မင်းရမယ်၊ ဒါပေမဲ့ မိသားစုကနေ ခွဲထွက်လို့မဖြစ်ဘူး"
ကျောက်ကန်းပေါင် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
အကယ်၍ မိသားစုပိုင်ဆိုင်မှုကို အမှန်တကယ်ခွဲလိုက်ပါက သူ့အတန်းဖော်များနှင့် ဆရာများသိရှိသွားပြီး သူ့နောက်ကျောကို ဓားနှင့်ထိုးကြလိမ့်မည်။
မိသားစုကြီးတစ်ခုလုံးက သူ့အကြီးဆုံးအစ်ကို၏တစ်ဦးတည်းသော သားကိုတောင်လက်မခံနိုင်ဘူးဆိုသည့် သတင်းပျံ့နှံ့သွားပါက သူ့ဂုဏ်သိက္ခာ ဘာကျန်တော့မည်နည်း။