1

 

"ဟယ်ကောအာ ဒီကောင်စုတ်လေး၊ ချက်ချင်းထွက်လာပြီး ထမင်းချက်စမ်း၊ ကန်းပေါင်သာ ဗိုက်ဆာလို့ကတော့ ငါ မင်းကိုဘာလုပ်မလဲဆိုတာ စောင့်ကြည့်ထားလိုက်"

 

 

အဘွားကျောက်သည် ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာဖြင့် ထင်းတဲတံခါးကို ကန်ဖွင့်လိုက်သော်လည်း အထဲတွင် မည်သူမျှမရှိဘဲ ဗလာကျင်းနေ၏။

 

 

"အမေ မွန်းတည့်တော့မယ်၊ ဟယ်ကောအာကို ထမင်းချက်ဖို့ မြန်မြန်ထွက်လာခိုင်းလေ"

 

 

သစ်လွင်သော ပိုးချည်အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဒေါ်လျို့သည် ပိန်ပါးသော ခါးကလေးကို နွဲ့နှောင်းလှုပ်ခါရင်း လမ်းလျှောက်လာခဲ့သည်။

 

 

"နင်က ငါ့ကိုဘာလာလောနေတာလဲ၊ နင် နားမကြားဘူးလား၊ မျက်စိကော ကန်းနေလား၊ အဲဒီကောင်စုတ်လေး အိမ်မှာ မရှိတာကို နင် မမြင်ဘူးလား"

 

 

အဘွားကျောက်သည် စက်ဆုပ်ရွံရှာသောအသံဖြင့် ငေါက်ငမ်းလိုက်၏။ 

 

 

သူမသည် အစကတည်းက အဒေါ်လျို့ကို မနှစ်သက်ခဲ့ပေ။

 

 

အဒေါ်လျို့သည် မည်သည့်အလုပ်မျှ မလုပ်တတ်ဘဲ တစ်နေကုန် အိမ်ထဲ၌ ခါးကလေးလှုပ်၍သာ နေတတ်သူဖြစ်သည်။

 

 

 

သူမအဖေသည် မြို့ထဲရှိ ကျောင်းဆရာတစ်ဦးသာမဟုတ်ခဲ့ပါက ဤမြွေခွေးမလေးကို မိသားစုထဲသို့ မည်သည့်အခါမျှ အဝင်ခံမည်မဟုတ်ပေ။

 

 

"အဲဒီကောင်စုတ်လေးမရှိမှတော့ ဒီနေ့ နင်ပဲ ထမင်းချက်လိုက်တော့"

 

 

"ကျွန်မ မချက်နိုင်ဘူး"

 

 

အဒေါ်လျို့သည်လည်း ဒေါသများကို အောင့်အီးထားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

 

 

သူမဘဝတွင် ဘယ်သောအခါမှ ဤကဲ့သို့ ဆဲဆိုကြိမ်း‌မောင်းမှုကို မခံခဲ့ရဖူး‌ပေ။

 

 

ယခုအခါ သူမကို ထမင်းချက်ခိုင်းနေသည်မှာ စိတ်ကူးယဉ်အိပ်မက်သာ ဖြစ်၏။

 

 

"နင်က ငါတို့ကျောက်မိသားစုရဲ့ချွေးမလေ၊ နင်မချက်ရင် ဘယ်သူချက်မှာလဲ"

 

 

"ချက်ချင်တဲ့သူ ချက်ပါစေ၊ ကျွန်မတော့ မချက်နိုင်ဘူး"

 

 

အဒေါ်လျို့သည် စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ သူမအခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

 

 

ထို့နောက် တံခါးကို ဘန်းခနဲမြည်အောင် ဆောင့်ပိတ်လိုက်တော့၏။

 

 

အဘွားကျောက်မှာ ဒေါသထွက်လွန်း၍ အသက်ပင် မရှုနိုင်တော့ပေ။

 

 

"ငါ ဘာလို့များ နင့်လို မိန်းမယုတ်နဲ့  ကန်းပေါင်ကို သဘောတူလိုက်မိပါလိမ့်"

 

 

"အမေ"

 

 

ကျောက်ကန်းပေါင်သည် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာခဲ့သည်။

 

 

"အမေ ကျွန်တော် အရာရှိကြီးဖြစ်တာကို လိုချင်လား၊ မလိုချင်ဘူးလား"

 

 

အဒေါ်လျို့ကို လက်ထပ်နိုင်ရန် သူ မည်မျှအထိ ကြိုးစားအားထုတ်ခဲ့ရသနည်း။

 

 

အကြောင်းမှာ တော်ဝင်စာမေးပွဲဖြေဆိုသည့်အခါ ယောက္ခမဖြစ်သူ၏အကူအညီကို ရယူရန်ဖြစ်သည်။

 

 

မိခင်ဖြစ်သူမှာ အသုံးမကျဘဲ မည်သည့်အရာမှ မကူညီနိုင်သည့်အပြင် ဒုက္ခသာ အမြဲပေးနေသူဖြစ်သည်။

 

 

အဘွားကျောက်သည် သူမ အဖိုးတန်သားလေးကို မြင်လိုက်ရသည်နှင့် မျက်နှာတစ်ခုလုံး ဝင်းပသွားတော့သည်။

 

 

"ကောင်းပြီ၊ ကောင်းပြီ၊ အမေ ဘာမှမပြောတော့ဘူး၊ မပြောတော့ဘူး၊ အမေ အခုပဲ သားအတွက် ထမင်းသွားချက်ပေးမယ်နော်"

 

 

ကျောက်ကန်းပေါင်သည် အဘွားကျောက်ကို စိတ်ပျက်သောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခေါင်းကိုပြန်ရုပ်ကာ ပြတင်းပေါက်ကို တင်းကြပ်စွာ ပိတ်လိုက်သည်။

 

 

"အမေ သားအတွက် ကြက်ဥပါပေါင်းပေးမယ်နော်"

 

 

ပြတင်းပေါက် ပိတ်သွားသည်ကိုမြင်မှ အဘွားကျောက်သည် ကြည့်နေသော မျက်လုံးများကို ပြန်ရုပ်လိုက်တော့၏။

 

 

"နှစ်ယောက်လုံး အကြွေးလာတောင်းနေတာပဲ"

 

 

အဘွားကျောက်သည် မီးဖိုချောင်ဆီသို့ လျှောက်သွားရင်း တိုးတိုးလေးကျိန်ဆဲလိုက်သည်။

 

 

"အဲဒီလျို့ဆိုတဲ့ မိန်းမယုတ်၊ ကန်းပေါင် မျက်နှာနဲ့ ဒီတစ်ခေါက်တော့ နင့်ကို ငါ ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါတွေအကုန်လုံး ဟိုကောင်စုတ်လေး ချင်ဟယ်ကြောင့်ပဲ၊ ထမင်းချက်ခါနီးမှ အပျင်းထူပြီး ခိုးထွက်သွားတာ၊ ငါ့လက်ထဲရောက်လာလို့ကတော့ တွေ့ပြီသာမှတ်"

 

 

ထိုအမျိုးသားသည် တစ်ကိုယ်လုံးသွေးများစွန်းထင်းနေပြီး အမှောင်ထုကဲ့သို့ နက်မှောင်သော မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ လက်လက်ထနေသည်။

 

 

သူသည် နောက်ကျောဘက်မှ ချောင်းမြောင်းတိုက်ခိုက်ရန်ပြင်နေသော အနက်ရောင်ဝတ် လူသတ်သမားကို လက်ပြန်ဓါးချက်ဖြင့် အရှိန်ပြင်းပြင်းထိုးချလိုက်ရာ လူသတ်သမားမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွား၏။

 

 

'ဟက် သူတို့ ငါ့နောက်ကို ဆယ်ရက်တိုင်တိုင် နောက်ယောင်ခံလိုက်ပြီးမှ တိုက်ခိုက်လာတာ၊ တကယ်ကို သည်းခံနိုင်စွမ်းရှိကြတာပဲ'

 

 

ထိုစဉ် သစ်တောနက်ကြီးထဲမှ ချွန်ထက်သော မြှားတစ်စင်း ပျံသန်းလာခဲ့သည်။

 

 

ထိုအမျိုးသားသည် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်၍ လွယ်ကူစွာ ရှောင်တိမ်းလိုက်သော်လည်း မထင်မှတ်ဘဲ နောက်ကျောဘက်မှ နောက်ထပ် ဓားစွမ်းအင်လှိုင်းလုံးတစ်ခု ထပ်မံရောက်ရှိလာပြန်၏။

 

 

ထိုအမျိုးသား လှောင်ပြုံးပြုံးရင်း သူဓားဖြင့် ရန်သူ့တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

 

 

 

"ဒီလောက်လေးနဲ့ ငါ့ကိုရှင်းထုတ်ပစ်လို့ ရမယ်လို့ ထင်နေတာလား"

 

 

"ပေါ်တင်လာတဲ့ လှံကို ရှောင်ရလွယ်ပေမဲ့ ကွယ်ရာကပစ်တဲ့ မြှားကိုတော့ ကာကွယ်ရခက်တယ်ဆိုတဲ့ စကားကို မင်း ကြားဖူးရဲ့လား မသိဘူး"

 

 

ထိုစကားလည်းဆုံးရော အမျိုးသားသည် သူ့ခန္ဓာကိုယ်ထဲတွင် မူမမှန်သည့် ဝေဒနာကို ရုတ်တရက် ခံစားလိုက်ရသည်။ ကြည်လင်နေသော သူ့မျက်လုံးများသည် ဝေဝေဝါးဝါးဖြစ်လာခဲ့၏။

 

 

"မင်း၊ မင်း ငါ့ကိုဆေးခတ်လိုက်တာလား"

 

 

"မဟုတ်ရင် ငါတို့က မင်းဆီမှာ အလကားလာအသေခံတယ်လို့ ထင်နေလို့လား"

 

 

ထိုအမျိုးသားသည် မလှမ်းမကမ်းရှိ ချောက်ကမ်းပါးဆီသို့ စောင်းငဲ့ကြည့်လိုက်သည်။

 

 

"အဲဒီလူက လုပ်ရည်ကိုင်ရည် အတော်‌စေ့စပ်တာပဲ၊ ငါ့အလောင်းကိုမြင်မှရမယ်လို့ အမိန့်ပေးထားတာ မလား၊ ဒါပေမဲ့ သူလိုချင်တာရမှာမဟုတ်လို့ စိတ်ပျက်သွားမှာကို ငါစိုးရိမ်မိတယ်"

 

 

ထိုသို့ပြောပြီးသည်နှင့် အမျိုးသားသည် ကျန်ရှိနေသေးသော နောက်ဆုံး အသိစိတ်ကလေးကို စုစည်းကာ ချောက်ကမ်းပါးပေါ်မှ ခုန်ချလိုက်တော့သည်။

 

 

 

မိုးကုတ်စက်ဝိုင်းဆီမှ တိမ်တိုက်ကြီးများသည် တစ်စထက်တစ်စ ပိုမို ထူထပ်လာခဲ့ပြီး မိုးခြိမ်းသံသဲ့သဲ့ကိုပင် ကြားနေရ၏။

 

 

ပိန်ပါးချိနဲ့နေသော ဟယ်ကောအာသည် ကျောဘက်တွင် ခြင်းတောင်းကိုလွယ်ထားရင်း မလှမ်းမကမ်းရှိ ချောက်ကမ်းပါးအစွန်းတွင် ပေါက်နေသော လင်ဇီးမှိုကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

 

 

သူသည် အဘွားကျောက်နှုတ်ဖျားမှ ကောင်စုတ်လေးဟု ခေါ်ဝေါ်ခံရသူဖြစ်ပြီး အဘွားကျောက်၏မြေးအရင်း၊ ကျောက်ကန်းရှန်းနှင့် ဖုန်းနျန်တို့သားဖြစ်သူ ကျောက်ချင်ဟယ်ဖြစ်၏။

 

 

 

အဘွားကျောက်တွင် သားနှစ်ယောက် ရှိသည်။ သူမသည် အငယ်ဆုံးသား ကျောက်ကန်းပေါင်ကို ရတနာတစ်ပါးလို တယုတယမွေးမြူထားပြီး အကြီးဆုံးသား ကျောက်ကန်းရှန်းကိုမူ တိရစ္ဆာန်ကဲ့သို့ ခိုင်းစေခဲ့သည်မှာ ရှန်းရှီတစ်ရွာလုံး သိထားကြသည်။

 

 

လွန်ခဲ့သောနှစ်နှစ်က ကျောက်ကန်းပေါင်အတွက် တင်တောင်းကြေး စုဆောင်းပေးရန် မိခင်ဖြစ်သူ အဘွားကျောက်သည် ကျောက်ကန်းရှန်းအား ဆောင်းရာသီတွင် တောင်ပေါ်သို့အမဲလိုက်ရန် အတင်းအကျပ် ခိုင်းစေခဲ့ရာ နောက်ဆုံးတွင် ဝံပုလွေများကိုက်ဖြတ်ခံရ၍ သေဆုံးခဲ့ရ၏။

 

 

 

ကျောက်ကန်းရှန်း သေဆုံးသွားပြီးနောက် ဖုန်းနျန်သည်လည်း နေမကောင်းဖြစ်သွားရာ မသက်သာခဲ့ပေ။

 

 

အဘွားကျောက်က ဆေးဖိုးဝါးခထုတ်မပေးဘဲ ပစ်ထားခဲ့သဖြင့် မကြာမီမှာပင် ရောဂါကျွမ်းကာ ကွယ်လွန်သွားခဲ့သည်။

 

 

ထိုအချိန်မှစ၍ ချင်ဟယ်သည် အဘွားကျောက်လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီး သူ့ဘဝမှာ အလွန်တရာခက်ခဲကြမ်းတမ်းလာခဲ့တော့၏။

 

 

ရိုက်နှက်ဆဲဆိုခံရရုံသာမက အိမ်ရှိ အလုပ်ဟူသမျှကိုလည်း သူ့ပုခုံးပေါ်သို့ချည်း ပုံချထားခဲ့သည်။

 

 

ယခင်က ဖခင်တို့၏ရင်အုပ်မကွာ ဂရုစိုက်မှုကြောင့် ဝဝဖြိုးဖြိုးလေးကြီးပြင်းလာခဲ့ရသော ဟယ်ကောအာလေးသည် မကြာမီ အရိုးပေါ်အရေတင်ဘဝသို့ ကူးပြောင်းသွားခဲ့ရတော့၏။

 

 

ပို၍အရေးကြီးသည်မှာ ကျောက်ကန်းရှန်းနှင့် ဖုန်းနျန်တို့ ဆက်တိုက်ကွယ်လွန်သွားခဲ့ပြီးနောက် ချင်ဟယ်၏စိတ်နေသဘောထားမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ခြင်းပင် ဖြစ်သည်။

 

 

ယခင်က နူးညံ့ယဉ်ကျေးပြီး ချစ်စဖွယ်ကောင်းခဲ့သော ကလေးငယ်သည် ယခုအခါတွင် အပေါင်းအသင်းနည်းပြီး အေးစက်စက်ဖြစ်သွားခဲ့၏။

 

 

 

အဘွားကျောက်၏အပြစ်တင်ကြိမ်းမောင်းမှုများ ရင်ဆိုင်ရသည့်အခါတွင်လည်း ရိုက်လျှင်လည်း မရုန်း၊ ဆဲလျှင်လည်း ပြန်မပြောဘဲ တိတ်တဆိတ်သာနေခဲ့သည်။

 

 

အမှန်မှာ ချင်ဟယ်သည် ပြန်လည်မတွန်းလှန်ချင်၍မဟုတ်ဘဲ ကိုယ်ပိုင်အစီအစဉ်ရှိနေသောကြောင့်ပင်။

 

 

သူသည် ကျောက်မိသားစုမှထွက်ခွာသွားနိုင်ရန် ပိုက်ဆံစုချင်ခဲ့သည်။ ယခုအချိန်တွင် ပြန်လည်တွန်းလှန်ခြင်းဖြင့် မည်သည့်အရာ အဖတ်တင်မည်နည်း။

 

 

သူ့လက်ထဲတွင် ပိုက်ဆံလည်းမရှိ၊ အာဏာလည်းမရှိသည့်အပြင် သွားစရာနေရာလည်း မရှိပေ။ ခဏတာ စိတ်လိုက်မာန်ပါပြုမူလိုက်ပါက နောက်ဆုံးတွင် အဘွားကျောက်လက်ထဲ၌ ပို၍ပင် နှိပ်စက်ခံရမည်မဟုတ်ပါလား။

 

 

သို့သော် ဤလင်ဇီးမှိုကိုသာ သူရရှိသွားပါက အရာရာတိုင်းပြောင်းလဲသွားလိမ့်မည်။

 

 

ပိုက်ဆံရှိသွားသည်နှင့် သူသည် ဤနေရာမှထွက်သွားနိုင်မည်ဖြစ်ပြီး မည်သူမျှမသိသောနေရာတစ်ခုသို့ သွားရောက်ကာ ဘဝသစ်ကို စတင်နိုင်မည်ဖြစ်သည်။

 

 

အဘွားကျောက်၏အနိုင်ကျင့်မှုကိုလည်း မည်သည့်အခါမျှထပ်ခံတော့မည် မဟုတ်ပေ။

 

 

*ဂျိမ်း*

 

 

မိုးခြိမ်းသံမှာ ပိုမိုကျယ်လောင်လာခဲ့သော်လည်း ချင်ဟယ်သည် တုန်လှုပ်ခြင်းမရှိခဲ့ပေ။

 

 

သူသည် ကျောပေါ်မှခြင်းတောင်းလေးကို ချွတ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ချောက်ကမ်းပါးအတိုင်း ဖျတ်လတ်စွာ တက်သွားခဲ့သည်။

 

 

ပဲပိစပ်ခန့်ပမာဏ ကြီးမားသော မိုးစက်မိုးပေါက်များသည် တဖျောက်ဖျောက် ရွာချလာခဲ့၏။

 

 

မိုးရေထိမှန်လာသည်နှင့်အမျှ ချောက်ကမ်းပါးပေါ်မှ ကျောက်တုံးများသည် ချောကျိကျိဖြစ်လာခဲ့သည်။

 

 

ချင်ဟယ်သည် ကျောက်ကြားများတွင် ပေါက်နေသော ပေါင်းပင်များကို ဂရုတစိုက် ဆုပ်ကိုင်ကာ ခြေလှမ်းစိပ်စိပ်လေးများဖြင့် တစ်လှမ်းချင်းစီ အပေါ်သို့ တက်သွားခဲ့၏။

 

 

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။

 

 

ချင်ဟယ်သည် ခန္ဓာကိုယ်ကို စုကွေးထားရင်း ဘယ်လက်ဖြင့် ပေါင်းပင်များကို တင်းကြပ်စွာဆုပ်ကိုင်ကာ ညာလက်ဖြင့် လင်ဇီးမှိုရှိရာသို့ တရွေ့ရွေ့လှမ်းယူလိုက်သည်။

 

 

'လက်ချောင်းတစ်ဆစ်စာပဲ လိုတော့တယ်၊ ရတော့မယ်'

 

 

 

ချင်ဟယ်သည် သူ့ခြေထောက်များကို ရှေ့သို့ထပ်မံရွှေ့လိုက်ရာ ယခုအခါ သူ့ခန္ဓာကိုယ်အများစုမှာ လေထဲတွင်တွဲလောင်းဖြစ်နေခဲ့ပြီဖြစ်သည်။

 

 

"ဟား နောက်ဆုံးတော့ရပြီ"

 

 

ဝမ်းသာအားရဖြစ်ချိန်ပင်မရလိုက်ပေ။ လက်ထဲမှဆုပ်ကိုင်ထားသော ပေါင်းပင်များသည် အမြစ်မှစ၍ကျွတ်ထွက်သွားခဲ့ပြီး သူသည် လင်ဇီးမှိုနှင့်အတူ အောက်သို့ပြုတ်ကျသွားတော့သည်။

 

 

 

 

 

 

 

 

 

 

 

2

 

သည်းထန်စွာ ရွာသွန်းသော မိုးစက်များကြောင့် ချင်ဟယ်နိုးလာခဲ့သည်။

 

 

တောင်ပေါ်မိုးသည် အမြဲတမ်း ပြင်းထန်ပြီး ရုတ်တရက် ရွာချတတ်သည်ဖြစ်ရာ ခဏလေးအတွင်းမှာပင် ချင်ဟယ့်တစ်ကိုယ်လုံးရွှဲရွှဲစိုသွားခဲ့၏။

 

 

ကောင်းကင်တစ်ခုလုံး မှောင်မည်းသွားခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် မိုးရွာသံမှလွဲ၍ မည်သည့်သံမျှမကြားရဘဲ တိတ်ဆိတ်လွန်းနေသည်။

 

 

ချင်ဟယ် နှာခေါင်းရှုံ့ကာ လှောင်ပြောင်ရယ်‌မောလိုက်မိ၏။ ယနေ့ သူ ဤနေရာတွင် သေဆုံးသွားခဲ့လျှင်တောင် သူ့ကိုလိုက်ရှာမည့်သူ တစ်ယောက်မှရှိမည်မဟုတ်ပေ။

 

 

သူ့ကိုယ်သူ စစ်ဆေးကြည့်လိုက်ရာ လက်မောင်းပေါ်ရှိ ပွန်းရာအချို့မှအပ ကျန်သည့်‌နေရာတို့မှာ အဆင်ပြေနေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။

 

 

မည်သို့ပင်ဆိုစေ အဘွားကျောက် စရိုက်အတိုင်းဆိုလျှင် သူခြေကျိုးလက်ကျိုးဖြစ်သွားခဲ့လျှင်တောင် သူ့အတွက် သမားတော်ခေါ်ရန် ပိုက်ဆံအကုန်ခံမည် မဟုတ်ပေ။

 

 

ချင်ဟယ် ထရပ်ရန် လက်နှစ်ဖက်ဖြင့် မြေပြင်ကို အားပြုလိုက်စဉ် သူ့လက်သည် ရုတ်တရက်ချော်သွားပြီး အိစက်စက်အရာတစ်ခုကို သွားထိလိုက်မိ၏။

 

 

သေချာကြည့်လိုက်သောအခါ ထိုအရာသည် နွေးထွေးသောအငွေ့အသက်ပင် ရှိနေသေးသည်။

 

 

ချင်ဟယ် ထိတ်လန့်တကြား ပျာယာခတ်သွားပြီး မြေပြင်ပေါ်မှ ချက်ချင်းခုန်ထကာ မီတာအနည်းငယ်အကွာသို့ နောက်ဆုတ်လိုက်၏။

 

 

သူသည် မြေကြီးပေါ်မှသစ်ကိုင်းတစ်ချောင်းကို ကောက်ယူလိုက်ပြီး လေထဲတွင် ရှေ့နောက်ဝှေ့ယမ်းလိုက်သည်။

 

 

အတော်ကြာ ဝှေ့ယမ်းပြီးနောက် သူမှလွဲ၍ အခြားမည်သည့်အရာမျှမရှိကြောင်းသိလိုက်ရမှသာ အနည်းငယ် စိတ်အေးသွား၏။

 

 

သို့သော် အစောက သူ့လက်အောက်၌ ခံစားလိုက်ရသည့် အထိအတွေ့မှာ မှားနိုင်စရာမရှိပေ။

 

 

အိစက်စက်နှင့် အနည်းငယ်နွေးနေသည်။ ထိုအရာသည် သက်ရှိတစ်ကောင်ကောင်ဖြစ်ရမည်ဟု ချင်ဟယ် သေချာပေါက် သိနေသည်။

 

 

ချင်ဟယ် ကြောက်စိတ်အနည်းငယ် ဝင်သွားသော်လည်း အများအားဖြင့် စိတ်လှုပ်ရှားမှုသာဖြစ်၏။

 

 

ဤတောင်ပေါ်မှ သက်ရှိမှန်သမျှသည် အဖိုးတန်ရတနာများပင် ဖြစ်သည်။

 

 

အစောပိုင်းက သူဆူညံလှုပ်ရှားနေခဲ့သည့်တိုင် ထိုအရာက မည်သည့်အသံမှ ထွက်မလာခဲ့သည်ကိုကြည့်ခြင်းအားဖြင့် အသက်ငင်နေသည့် သက်ရှိတစ်ကောင်ကောင်သာဖြစ်ရမည်။

 

 

'ဒီအခွင့်အရေးကိုသုံးပြီး မသိအောင် ဝှက်ထားလိုက်မယ်၊ နောက်မှမြို့ထဲယူသွားပြီး ရောင်းစားလိုက်ရင်မကောင်းဘူးလား'

 

 

ချင်ဟယ် တံတွေးကိုမြိုချလိုက်ပြီး လက်ထဲမှ သစ်ကိုင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အစောက သူ ထိုင်ခဲ့သည့်နေရာသို့ သတိကြီးစွာဖြင့် တဖြည်းဖြည်း တိုးကပ်သွားလိုက်သည်။

 

 

မြေကြီးပေါ်တွင် သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေပြီး မှောင်မည်းနေသော ညအမှောင်ထုကြောင့် သူမည်သည့်အရာကိုမှ မမြင်ရပေ။

 

 

ချင်ဟယ် ရင်ဘတ်ထဲမှ မီးခြစ်ကျောက်ကို ထုတ်ယူလိုက်သည်။ မီးခြစ်ကျောက်ကို ခက်ခက်ခဲခဲ တောက်လျှောက်ခြစ်လိုက်ပြီးနောက် ထွက်ပေါ်လာသော ခပ်ရေးရေး မီးရောင်လေးဖြင့် မြေပြင်ပေါ်ရှိ အရာကို နောက်ဆုံး၌ သဲသဲကွဲကွဲမြင်လိုက်ရ၏။

 

 

****

 

ကျောက်မိသားစု။

 

 

အခန်းထဲတွင် အလွန်တရာသန့်ရှင်းသပ်ရပ်နေပြီး ယိုင်နဲ့နဲ့ သစ်သားစားပွဲဟောင်းကြီးတစ်လုံးမှလွဲ၍ အခြားမည်သည့် ပရိဘောဂမျှမရှိပေ။

 

 

အဘွားကျောက်၏မိသားစု လေးယောက်သည် စားပွဲတွင်ဝိုင်းဖွဲ့ထိုင်နေကြ၏။

 

 

စားပွဲပေါ်တွင် ပြောင်းဖူးဆန်ပြုတ်တစ်အိုး၊ ဟင်းသီးဟင်းရွက် ပေါက်စီတစ်ခြင်းနှင့် ဆားရည်စိမ်ထားသော အရွက်အနည်းငယ်ထည့်ထားသည့် ပန်းကန်သေးသေးလေးတစ်လုံး ရှိနေသည်။

 

 

သို့သော်လည်း ကျောက်ကန်းပေါင်ရှေ့တွင် ဆန်ပြုတ်ဖြူ တစ်ပန်းကန်နှင့် ဂျုံဖြူပေါက်စီတစ်လုံး ရှိနေသည်။

 

 

အမျိုးသမီးလျို့သည် မကျေနပ်သည့်ပုံစံပေါက်နေသော်လည်း မည်သည့်စကားမှမပြောနိုင်ခဲ့ပေ။ အကြောင်းမှာ သူမယောကျာ်း ကျောက်ကန်းပေါင်သည် ဤမိသားစု၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသောကြောင့်ပင်။

 

 

"ကန်းပေါင် ဒါလေးစားလိုက်ပါဦး"

 

 

အဘွားကျောက် ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်ပြီး ကျောက်ကန်းပေါင် လက်ထဲသို့ ကြက်ဥတစ်လုံးထိုးထည့်ပေးလိုက်၏။

 

 

ဘေးနားတွင် ထိုင်နေသော အဘိုးကျောက်က ပြတင်းပေါက်အပြင်ဘက်သို့ငေးကြည့်ရင်း အတွေးနယ်လွန်နေသည်။

 

 

"ဟင်း၊ ဟယ်ကောအာဆိုတဲ့ကလေး ဘယ်နေရာကို လျှောက်ပြေးနေလဲမသိပါဘူး"

 

 

"ပြေးချင်တဲ့နေရာ ပြေးပလေ့စေ"

 

 

အဘွားကျောက် မျက်စောင်းထိုးလိုက်သည်။

 

 

သူမသည် ချင်ဟယ်ကို ဘယ်သောအခါမှ ကြည့်မရခဲ့ပေ။

 

 

ယခင်က ဖုန်းနျန်သည် ချင်းဟယ်ကို ကြောက်တတ်ပြီး ရိုကျိုးအောင်မွေးမြူထားခဲ့၍မြင်ရသည်မှာ စိတ်ရှုပ်စရာ ကောင်းခဲ့သလို ယခုဆိုလျှင် ပို၍ပင်ဆိုးလာသည်။

 

 

ကျေးဇူးကန်းသည့် ကောင်စုတ်လေး တစ်ယောက်သာလျှင်ဖြစ်၏။

 

 

"ရှင်ကလည်း အဲ့ဒီကောင်စုတ်လေးအတွက် စိတ်ပူနေတာလွန်ရော၊ သူပြန်မလာတာ ပိုကောင်းတာပေါ့၊ ကျွန်မဆီက ထမင်းဖိုးသက်သာတာပေါ့၊ သူတို့ တစ်ယောက်ချင်းစီက အကြွေးတောင်းဖို့ ရောက်လာကြတာချည်းပဲ"

 

 

"အဖေနဲ့ အမေ၊ ကျွန်မတို့ တိုင်ပင်စရာ တစ်ခုရှိတယ်"

 

 

အမျိုးသမီးလျို့သည် ဆန်ပြုတ်တစ်လုတ်သောက်လိုက်ရင်း မျက်နှာကိုမဲ့ရွဲ့ကာ ပြောလိုက်သည်။

 

 

"ဘာကိစ္စလဲ"

 

 

အဘွားကျောက်က ဆားရည်စိမ် အရွက်တစ်ဖက်ကို ကောက်ယူကာ ပါးစပ်ထဲ ထည့်လိုက်၏။

 

 

"ကျွန်မယောကျာ်းက စာမေးပွဲသွားဖြေတော့မှာလေ၊ အဲဒါ ခရီးစရိတ်က"

 

 

အမျိုးသမီးလျို့ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်။

 

 

အဘွားကျောက်သည် ထိုစကားကို ကြားလျှင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။

 

 

ဤအငယ်ဆုံးသားလေးမှာ အရာရာတွင် တော်သည်။

 

 

သို့သော် စာစသင်သည်နှင့် ပိုက်ဆံကုန်သည့်တွင်းကြီးလို ဖြစ်သွားတော့၏။

 

 

သို့သော်လည်း အနာဂတ်တွင် သားဖြစ်သူ သမိုင်းဝင်အောင်စာရင်းဝင်သွားပြီး သူမကိုယ်တိုင် သခင်မကြီးဖြစ်လာမည်ကို တွေးမိလိုက်သောအခါ ယခုခံစားရသမျှ ခါးသီးမှုများကိုမြိုသိပ်လိုက်ရတော့သည်။

 

 

"ဘယ်လောက် လိုတာလဲ"

 

 

"ငွေငါးတေး"

 

 

"ငါးတေးတောင်"

 

 

အဘွားကျောက်လက်များ တုန်ရင်သွားပြီး လက်ထဲမှပန်းကန်ပင် လွတ်ကျမတတ်ဖြစ်သွားခဲ့သည်။

 

 

"ဘာလို့ အဲဒီလောက်များနေရတာလဲ"

 

 

အမျိုးသမီးလျို့သည် အဘွားကျောက်ကို မထီမဲ့မြင်ပြုသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။

 

 

ဘာပဲဖြစ်ဖြစ် သူမသည် ကမ္ဘာကြီးအကြောင်း ဘာမှမသိသည့် အဘွားအိုတစ်ယောက် မဟုတ်ပါလား။

 

 

"ကျွန်မယောကျာ်းက ဒီတစ်ခေါက် အဝေးကြီးကို သွားရမှာ၊ အကြာကြီးလည်း သေချာနေရဦးမှာလေ၊ ပုံမှန် စားသောက်စရိတ်အပြင် အရာရှိတွေကိုလည်း တံစိုးလက်ဆောင်ပေးစရာလိုရင် နည်းနည်းတော့ ပေးကမ်းရဦးမှာ၊ မဟုတ်ရင် စာမေးပွဲဖြေနေတုန်း တစ်ယောက်ယောက်က ကျွန်မယောကျာ်းကို ဒုက္ခပေးလိုက်ရင် ဘယ်လိုလုပ်မလဲ"

 

 

အဘွားကျောက်လည်း ချွေးမဖြစ်သူ၏စိုးရိမ်မှုကို နားလည်သည်။ ထိုပိုက်ဆံသည် သုံးကိုသုံးရမည်ဖြစ်သော်လည်း ယခုအခါ မိသားစုတစ်စုလုံးမှာ အဘိုးကြီးတစ်ယောက်တည်း စိုက်ပျိုးသည်ကို မှီခိုနေရသည်ဖြစ်ရာ သူမအနေဖြင့် ထိုမျှများပြားသော ပိုက်ဆံကို မည်သည့်နေရာမှသွားယူရမည်နည်း။

 

 

"နင့်မိဘအိမ်က ခဏလောက်သွားချေးထားပါလား"

 

 

"မဖြစ်ဘူး"

 

 

အမျိုးသမီးလျို့ ချက်ချင်းငြင်းဆန်လိုက်သည်။

 

 

"ပြီးခဲ့တဲ့လက ကျွန်မမိဘတွေဆီကနေ ချေးထားတဲ့ ပိုက်ဆံတောင်မဆပ်ရသေးဘူး၊ ကျွန်မ ဘယ်မျက်နှာနဲ့ ထပ်သွားချေးရမှာလဲ"

 

 

"နင့်မျက်နှာက အရေးကြီးတာလား၊ ကန်းပေါင်က အရေးကြီးတာလား"

 

 

အဘွားကျောက်က ဇောင်းကြွနေသည့် ကြက်မကြီးတစ်ကောင်လို ဒေါသတကြီး ကြည့်လိုက်သည်။

 

 

အဘိုးကျောက်မှာ ဆေးတံခြောက်ကို မီးညှိလိုက်ရင်း ပြောလာ၏။

 

 

"ဒုတိယသား၊ ဒီတစ်ခေါက် စာမေးပွဲကို နောက်တစ်ကြိမ်မှပဲဖြေတော့ရင်ရော မကောင်းဘူးလား"

 

 

ထိုစကားကြောင့် ကျောက်ကန်းပေါင် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

 

 

ကျောက်ကန်းပေါင် ဘာမျှပြန်မပြောနိုင်သေးခင် အဘွားကျောက်မှာ အဘိုးကျောက်ကို ဒေါသတကြီးလှမ်းထုလိုက်သည်။

 

 

"အဘိုးကြီး၊ ရှင် ခွေးချေးစားထားလို့လား၊ ကန်းပေါင်ရဲ့အနာဂတ်ကို ဖျက်ဆီးချင်နေတာလား"

 

 

"ဟုတ်တယ် အဖေရယ်၊ အဖေက ဘာလို့ အဲဒီလိုစကားမျိုးပြောရတာလဲ"

 

 

ကျောက်ကန်းပေါင် မခံမရပ်နိုင်သော မျက်နှာဖြင့် ပြောလိုက်၏။

 

 

သူသည် ဤမိသားစု၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ရာ ဖခင်ဖြစ်သူမှာ ဘာကြောင့် ထိုသို့သောစကားမျိုး ပြောထွက်ရသနည်း။

 

 

အဘိုးကျောက် ပြန်ပြောရန်ပြင်လိုက်စဉ်မှာပင် တံခါးမှာ ကျွီကနဲမြည်ကာ ပွင့်သွားပြီး ချင်ဟယ်ပြန်ရောက်လာခဲ့သည်။

 

 

"ဒီကောင်စုတ်‌လေးက ပြန်လာရဲတဲ့ မျက်နှာရှိသေးတယ်ပေါ့"

 

 

ချင်ဟယ် ဝင်လာသည်ကိုမြင်လျှင် အဘွားကျောက်သည် ထိုင်ခုံမှ ချက်ချင်းထလိုက်ပြီး လက်ညှိုးငေါက်ငေါက် ထိုးကာ ဆဲဆိုကြိမ်းမောင်းတော့သည်။

 

 

"ဆန်ကုန်မြေလေး၊ အိမ်မှာလည်း ကူမလုပ်ဘဲ အပြင်မှာ လေလွင့်ဖို့ပဲတတ်တယ်၊ အိမ်က ပိုက်ဆံတွေကို လေက တိုက်ယူလာပေးတယ် ထင်နေလား၊ နင့်ရဲ့သနားစရာကောင်းတဲ့ရုပ်ကိုလည်း ကြည့်ဦး၊ ဘယ်သူ့ကို သနားအောင် လုပ်ပြနေတာလဲ၊ ဟိုအရှက်မရှိတဲ့ ဖုန်းနျန်အတိုင်းပဲ"

 

 

ထိုစကားကိုပြောပြီးသည်နှင့် အဘွားကျောက်သည် ချင်ဟယ်၏စူးရှရှအကြည့်များနှင့် ဆုံတွေ့လိုက်ရသဖြင့် စိတ်ထဲမှ အလိုလိုနောက်ဆုတ်သွားမိသည်။

 

 

ဘေးမှစောင့်ကြည့်နေသော အမျိုးသမီးလျို့သည် ချင်ဟယ်ကို အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် အခြေအနေကို ပျော့ပျောင်းသွားစေရန် အလျင်အမြန် ဝင်ရောက်ဖျန်ဖြေလိုက်၏။

 

 

"အမေ၊ ဟယ်ကောအာလေးကို ဒေါသ မထွက်ပါနဲ့ဦး၊ သူက ကလေးပဲရှိသေးတာကို"

 

 

အဘွားကျောက်လည်း ထိုအခွင့်အရေးကိုယူ၍ နောက်ဆုတ်လိုက်ရင်း ချင်ဟယ်ကို ဒေါသတကြီးစောင်းကြည့်လိုက်၏။

 

 

"နင့်အတွက် အဝတ်အစားရှာပေးမယ်လို့ မျှော်လင့်မနေနဲ့၊ ဒီညတော့ အဝတ်အစားအစိုနဲ့ပဲ အိပ်လိုက်တော့"

 

 

"ဟယ်ကောအာ၊ ဒီနေ့ ဘယ်တွေသွားနေတာလဲ၊ ကြည့်စမ်းပါဦး၊ မှောင်တောင် မှောင်နေပြီကို ပြန်မလာသေးဘူး၊ စိတ်ပူလိုက်ရတာ"

 

 

အမျိုးသမီးလျို့ စကားနှစ်ခွန်းပင် မပြောရသေးပေသိ သူ့လက်မှ ချင်ဟယ့်လက်မောင်းကိုထိလုမတတ်ဖြစ်လာရာ ချင်ဟယ်သည် အခန်းထဲသို့ဝင်သွားပြီး တံခါးကို ဘန်းကနဲဆောင့်ပိတ်လိုက်တော့သည်။

 

 

"ဒီ မိုက်ရိုင်းတဲ့ ကောင်စုတ်လေး"

 

 

အဘွားကျောက်သည် ဒေါသအလွန်ထွက်သွားသဖြင့် တူကိုစားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး တံခါးကိုသွားရိုက်ရန် တံမြက်စည်းကိုလှမ်းဆွဲလိုက်သည်။

 

 

အမျိုးသမီးလျို့မှာ ခြေလှမ်းအနည်းငယ် ပိုမြန်သဖြင့် အဘွား‌ကျောက်ကို အလျင်အမြန်ဆွဲတားလိုက်၏။

 

 

"အမေ၊ ဟယ်ကောအာလေးက ဒီနှစ်ဆို ၁၈ နှစ်ပြည့်ပြီ မဟုတ်လား"

 

 

အမျိုးသမီးလျို့မှာ အစောကဥပေက္ခာပြုခံလိုက်ရသည့်ပုံစံနှင့် လုံးဝမတူဘဲ ပြုံးရွှင်သောမျက်နှာဖြင့် ပြောလိုက်သည်။

 

 

အဘွားကျောက်သည် အမျိုးသမီးလျို့၏ရည်ရွယ်ချက်ကို ရုတ်တရက် နားမလည်နိုင်ဖြစ်သွား၏။

 

 

'ဒီနေ့ အရှေ့က ထွက်ရမယ့် နေ အနောက်က ထွက်လာတာများလား၊ ပုံမှန်ဆိုရင် သူက အဲ့ကလေးအပေါ် လုံးဝ စိတ်ဝင်စားသူမဟုတ်ပါဘူး'

 

 

"သူ့ကိုအိမ်ထောင်ပြုပေးဖို့ အချိန်တန်ပြီ"

 

 

အမျိုးသမီးလျို့ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ခါသွားသည်အထိ သဘောတကျ ရယ်မောလိုက်သည်။

 

 

"သူ့ကို အိမ်ကောင်းကောင်းတစ်ခုနဲ့ သဘောတူပေးလိုက်ရင်"

 

 

အဘွားကျောက် ချက်ချင်းသဘောပေါက်သွားခဲ့၏။

 

 

"နင်ပြောတာ မှန်တယ်၊ မနက်ဖြန်ကျရင် ငါ အောင်သွယ်တော် သွားရှာမယ်၊ ဟယ်ကောအာလေး မနစ်နာရအောင် အိမ်ကောင်းကောင်းတစ်ခု မဖြစ်မနေ ရှာပေးရတာပေါ့"

 

 

ဤနည်းဖြင့် ထိုဆန်ကုန်မြေလေး ကောင်စုတ်‌လေးကို အိမ်ထောင်ချပေးလိုက်လျှင် ဒုတိယသားအတွက် ခရီးစရိတ် ပိုက်ဆံလည်းရလာမည် ဖြစ်သည်။

 

 

ချင်ဟယ့်ခေါင်းတစ်ခုလုံး မူးဝေနောက်ကျိနေပြီး အပြင်ဘက်မှလူများ ပြောဆိုနေသည်ကို သဲသဲကွဲကွဲမကြားရတော့ပေ။

 

 

သူသည် နောက်ဆုံးကျန်ရှိသော အင်အားလေးဖြင့် အဝတ်အစားများကိုချွတ်၍ ဘေးသို့ဖယ်ထားလိုက်ပြီး ကုတင်ပေါ်သို့ အားလျော့ကာလဲပြိုကျသွားခဲ့သည်။

 

 

'သူသာ အသက်ငါးနှစ်အရွယ်မှာပဲ အမြဲတမ်းရှိနေခဲ့ရင် သိပ်ကောင်းမှာပဲ'

 

 

ချင်ဟယ့်ပါးပြင်များမှာ နီရဲနေပြီး မျက်လုံးထောင့်မှ ပူနွေးသောမျက်ရည်စများ စီးကျလာခဲ့သည်။

 

 

သူ့အဖေကို လွမ်းဆွတ်နေခဲ့သည်။ သူ့ ဖေဖေကို လွမ်းဆွတ်နေခဲ့သည်။

 

 

 

 

 

 

 

 

 

 

 

3

 

ချင်ဟယ် ခြံဝင်းထဲမှဆူညံသံများကြောင့် နိုးလာခဲ့သည်။

 

 

ထိုစဉ် တံခါးမှာ တကျီကျီမြည်၍ ပွင့်သွား၏။ မျှော်လင့်ထားသည့် ဆဲဆိုဆူပူသံများအစား အေးစက်စက် လက်ဖဝါးတစ်ဖက်က သူ့နဖူးပေါ်သို့ ဖိကပ်လာခဲ့သည်။

 

 

"ချင်ဟယ်၊ မင်း ဖျားနေတာပဲ"

 

 

တုန့်ကောအာ ပျာပျာသလဲပြောရင်း သူ့ကို အမြန်ထထိုင်နိုင်အောင် ကူညီပေးလိုက်သည်။

 

 

"ရေသောက်မလား၊ ငါ မင်းအဘွားကျောက်ကို သွားခေါ်ပေးမယ်"

 

 

ချင်ဟယ်က တုန့်ကောအာကို အမြန် လှမ်းဆွဲလိုက်ပြီး အားနည်းစွာဖြင့် ခေါင်းယမ်းပြလိုက်၏။

 

 

"မသွားပါနဲ့၊ သွားလည်းအပိုပါပဲ"

 

 

တုန့်ကောအာ ခဏကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ဟုတ်သည်ဟုတွေးမိလိုက်သည်။ အဘွားကျောက် သိသွားလျှင်ပင် ဂရုစိုက်မည်မဟုတ်ပေ။

 

 

"တုန့်ကောအာ၊ ငါ့ကို ရေတစ်ခွက်လောက် ငှဲ့ပေးလို့ရမလား"

 

 

ချင်ဟယ်မှာ လည်ချောင်းထဲ ခြောက်ကပ်ပြီး မသက်မသာခံစားနေရကာ သူ့နှုတ်ခမ်းများမှာလည်း ကွဲအက်နေပြီဖြစ်သည်။

 

 

"ဖြည်းဖြည်းသောက်"

 

 

တုန့်ကောအာက စိုးရိမ်ပူပန်မှုများပြည့်နှက်နေသောမျက်နှာဖြင့် ချင်ဟယ့်ကျောကို သာသာလေးပုတ်ပေးလိုက်သည်။

 

 

ရေတစ်ခွက်ဝင်သွားပြီးနောက်မှ ချင်ဟယ့်စိတ်ထဲ နည်းနည်းကြည်လင်သွား၏။

 

 

"အပြင်မှာ ဘာလို့ အဲ့လောက်ဆူညံနေတာလဲ"

 

 

"မင်းရဲ့ဒုတိယအဒေါ်က ထမင်းမချက်လို့ မင်းအဘွားကျောက်က ဆဲနေတာလေ"

 

 

တုန့်ကောအာ လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။

 

 

"ငါ စောစောက ဒုတိယအဒေါ် ခါးကလေးနွဲ့ပြီး လျှောက်သွားတာ မြင်လိုက်သေးတယ်၊ ငါတို့ရွာက ထောင်ဟွာထက်တောင် ပိုနွဲ့ပြနေသေးတယ်"

 

 

ထောင်ဟွာဆိုသည်မှာ ရွာထဲတွင် နာမည်ကြီးသည့် အလှပဂေးတစ်ဦးဖြစ်ပြီး မကြာခဏဆိုသလို ခါးကလေးနွဲ့ကာ ရွာထဲလျှောက်သွားနေရသည်ကို အကြိုက်ဆုံးဖြစ်၏။

 

 

ချင်ဟယ် သဘောတကျရယ်မောလိုက်သဖြင့် ဖြူဖျော့နေသော သူ့မျက်နှာပေါ်တွင် သက်ဝင်လှုပ်ရှားမှုအနည်းငယ် ရရှိလာခဲ့သည်။

 

 

"ချင်ဟယ် ခဏစောင့်နော်၊ ငါ အိမ်ပြန်ပြီး မင်းအတွက် ကြက်ဥတစ်လုံးသွားယူပေးမယ်"

 

 

ချင်ဟယ် ဘာမှမပြောရသေးခင် တုန့်ကောအာသည် လှည့်၍ပြေးထွက်သွားတော့သည်။ ချင်ဟယ်သည် ပြေးထွက်သွားသော သူ့ကျောပြင်ကိုကြည့်ရင်း မျက်ရည်များ ဝဲတက်လာခဲ့၏။

 

 

တုန့်ကောအာ၏ဖေဖေ ဦးလေးရှန်မှာ ရွာထဲတွင် ဖုန်းနျန်နှင့် ခင်မင်ရင်းနှီးသည့် တစ်ဦးတည်းသောသူဖြစ်သည်။

 

 

ဖုန်းနျန်ဆုံးပါးသွားပြီးနောက် ဦးလေးရှန်သည် ချင်းဟယ်ကို မကြာခဏ စောင့်ရှောက်ပေးလေ့ရှိပြီး အိမ်တွင် ကောင်းမွန်သော စားစရာရှိတိုင်း တုန့်ကောအာကို ပို့ခိုင်းလေ့ရှိ၏။

 

 

ကျောက်မိသားစုထဲတွင် ချင်းဟယ် ရင်ဆိုင်နေရသော အခြေအနေကို သူ မသိ၍မဟုတ်ပေ။ သို့သော် အပြင်လူတစ်ယောက်အနေဖြင့် မလိုအပ်ဘဲ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်သောကြောင့် ကလေးကို ကွယ်ရာမှာသာ ကြည့်ရှုစောင့်ရှောက်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

မကြာမီမှာပင် တုန့်ကောအာသည် ကြက်ဥနှစ်လုံးကို ကိုင်ဆောင်လျက် ပြန်ရောက်လာခဲ့၏။

 

 

"ဒါလေးတွေကို အမြန်စားလိုက်၊ ပြီးရင် ခဏမှေးလိုက်ဦး၊ ငါ အိမ်ပြန်ပြီး ဖေဖေ့ကို အိမ်အလုပ်ကူလုပ်ပေးရဦးမယ်၊ နောက်မှပြန်လာခဲ့မယ်နော်"

 

 

ချင်ဟယ်အား အစစအရာရာပြုစုပေးပြီးနောက် တုန့်ကောအာ မတ်တပ်ထရပ်၍ ပြန်သွားခဲ့သည်။

 

 

ချင်ဟယ်လည်း ငြင်းဆန်မနေတော့ဘဲ လိမ္မာပါးနပ်စွာဖြင့် ကြက်ဥတစ်လုံးကို အခွံနွှာစားလိုက်ကာ ကျန်တစ်လုံးကိုမူ အင်္ကျီရင်ဘတ်ထဲထည့်သိမ်း၍ အပြင်ထွက်ရန်ထလိုက်၏။

 

 

သူ ထိုလူ့ဆီသို့ သွားကြည့်ရဦးမည်။

 

 

အဘွားကျောက်သည် ချင်းဟယ် အပြင်ထွက်လာသည်ကို မြင်သောအခါ နောက်တစ်ကြိမ် ထပ်မံဆဲဆိုပြန်သည်။

 

 

"ဒီကောင်စုတ်လေး ပျင်းဖို့တစ်ခုပဲသိတယ်၊ ငါပြောလိုက်မယ်၊ ဒီနေ့ မင်း အလုပ်မလုပ်ရင် ထမင်းမစားရဘူး"

 

 

"ရပါတယ်၊ မကျွေးရင်လည်း နေပါ၊ ဒါနဲ့ ကျွန်တော်က ကောင်စုတ်လေးဆိုရင် အဘွားကကော ဘာလဲ"

 

 

ချင်းဟယ် ပြတ်ပြတ်သားသားတုံ့ပြန်လိုက်သဖြင့် အဘွားကျောက်မှာ ဒေါသထွက်လွန်း၍ ခေါင်းမှမီးခိုးထွက်မတတ် ဖြစ်သွားရ၏။

 

 

"မင်း ကောင်စုတ်လေး၊ သတ္တိရှိရင်ပြန်မလာနဲ့"

 

 

အဘွားကျောက် နံရံကိုမှီရင်း ဆဲဆိုကျိန်ဆဲလိုက်သည်။

 

 

"အမေ အသံနည်းနည်းလျှော့ပါဦး၊ ကျွန်တော် စာဖတ်လို့မရတော့ဘူး"

 

 

ကျောက်ကန်းပေါင် ခေါင်းပြူထွက်လာပြီး မျက်မှောင်ကြုတ်ကာပြောလိုက်၏။

 

 

အဘွားကျောက် ချက်ချင်းပင် မျက်နှာချိုသွေး၍ ပြုံးပြလိုက်သည်။

 

 

"အမေ ဘာမှမပြောတော့ပါဘူး၊ ဒါတွေအကုန်လုံး အဲဒီကောင်စုတ်လေး ချင်ဟယ်ကြောင့်"

 

 

မွန်းတည့်ချိန်နီးပါးရှိနေပြီဖြစ်သော်လည်း တောင်ပေါ်တွင်မူ အေးစိမ့်စိမ့်ရှိနေဆဲဖြစ်သည်။ လေပြေတစ်ချက်အဝှေ့တွင် ချင်ဟယ့်စိတ်ထဲ အနည်းငယ် လန်းဆန်းတက်ကြွသွားသလို ခံစားလိုက်ရ၏။

 

 

မနေ့က လူတစ်ယောက်ကို အသက်ရှင်လျက်ကောက်ရလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။

 

 

ထိုအကြောင်းကိုတွေးမိရင်း ချင်ဟယ် စိုးရိမ်စိတ်ဝင်လာခဲ့သည်။

 

 

ထိုလူမှာ မနေ့ကတည်းက သတိလစ်နေခဲ့သည့်အပြင် မိုးရေများလည်း အချိန်အတော်ကြာ စိုရွှဲနေခဲ့သည်ပင်။

 

 

ထိုသို့ဆိုလျှင် ထိုသူများ။

 

 

ချင်ဟယ် ခေါင်းကို အလျင်အမြန် ခါလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင် သွားကြည့်ရမည်။

 

 

လိုဏ်ဂူထဲသို့ရောက်သောအခါမှ ချင်ဟယ်သည် ထိုလူ့ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

 

 

သူ့မျက်နှာတွင် ရွှံ့များပေကျံနေသော်လည်း ခန့်ညားထက်မြက်သည့် မျက်နှာအသွင်အပြင်ကိုမူ ရေးရေးလေးမြင်တွေ့နေရဆဲ ဖြစ်၏။

 

 

မည်သို့ပင်ဆိုစေ ထိုသူမှာ ယောက်ျားတစ်ယောက်ဖြစ်သဖြင့် ချင်းဟယ်လည်း မဆင်မခြင်ပြုမူရန် မဝံ့ရဲပေ။

 

 

မနေ့က သူ့အား ဤနေရာအထိ ဆွဲခေါ်လာခဲ့သည်မှာပင် စိတ်ဓာတ်ပြင်းပြလွန်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

 

ချင်ဟယ်က သစ်သားချောင်းဖြင့် သူ့ကို နှစ်ချက်မျှတို့ကြည့်လိုက်သော်လည်း ထိုလူမှာနိုးလာမည့်အရိပ်အယောင်မရှိသေးသည်ကိုမြင်၍ လက်ဖြင့် တိုက်ရိုက်စမ်းကြည့်လိုက်တော့၏။

 

 

ထိုလူ့နဖူးမှာ ပူကျစ်နေပြီး နှုတ်ခမ်းများမှာလည်း ခြောက်ကပ်ကွဲအက်နေသည်။

 

 

ချင်ဟယ် သက်ပြင်းချရင်း မတတ်သာဘဲ ခေါင်းယမ်းလိုက်မိ၏။

 

 

"မင်းနဲ့လာတွေ့တာ ငါတော့ကံဆိုးတာပဲ၊ မင်း နိုးလာရင်တော့ ငါ့ကို သေချာပေါက် ကျေးဇူးဆပ်ရမယ်"

 

 

ထိုသို့ပြောလိုက်ပြီးနောက် သူသည် စမ်းချောင်းဆီသို့သွား၍ ရေသန့်အနည်းငယ်သယ်လာကာ သူ့လက်ကိုင်ပုဝါကိုထုတ်၍ ထိုလူ့နဖူးပေါ်တင်ပေးလိုက်သည်။

 

 

"ဒီလက်ကိုင်ပုဝါက ငါ့ဖေဖေ ငါ့အတွက်ထားရစ်ခဲ့တာ၊ ငါကိုယ်တိုင်တောင် မသုံးရက်ခဲ့ဘူး"

 

 

ချင်ဟယ်သည် ထိုလူ့နဖူးပေါ်ရှိ သစ်ခွပန်းထိုးလက်ကိုင်ပုဝါကို ငေးကြည့်ရင်းတွေဝေသွား၏။

 

 

သူ ငယ်စဉ်က ဖေဖေ့ပေါင်ပေါ်တွင် မှီထိုင်ကာ ဖေဖေပန်းထိုးသည်ကိုကြည့်ရသည်အား အမြဲတမ်း နှစ်သက်ခဲ့ကြောင်း ခပ်ရေးရေးမှတ်မိနေသေးသည်။

 

 

ဖေဖေက အမြဲတမ်း သူ့ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးရင်းစနောက်လေ့ရှိ၏။

 

 

"ငါတို့ချင်ဟယ်လေး ကြီးလာရင် သူ့ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်မယ့် ယောက်ျားကောင်းတစ်ယောက် ရှာရမယ်နော်"

 

 

ချင်ဟယ် စိတ်ထဲမှ သူ့ဖေဖေကို တိတ်တဆိတ် တောင်းပန်လိုက်မိသည်။

 

 

သူသည် ဤတစ်သက် အိမ်ထောင်ပြုနိုင်တော့မည် မဟုတ်ပေ။ အဘွားကျောက်က သူ့အတွက် အိမ်ထောင်ဘက်ကောင်း ရှာပေးပါမည်လား။ ငွေအနည်းငယ်ရလျှင် တွန့်တိုမှုမရှိဘဲ သူ့အား ရောင်းစားပစ်မည်ကိုပင် စိုးရိမ်‌နေရသည်။

 

 

ချင်ဟယ် ခါးသက်သက်ပြုံးလိုက်၏။ သူသည် သူတို့စိတ်တိုင်းကျဖြစ်သွားစေရန် သေချာပေါက် ခွင့်ပြုမည်မဟုတ်ပေ။ 

 

 

ငွေစုရန် အချိန်အတော်ကြာလိုအပ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ အရည်အသွေးမြင့်လင်ဇီးမှိုကြီးကိုတွေ့ရှိလိမ့်မည်ဟု မည်သူထင်မည်နည်း။ 

 

 

လင်ဇီးမှိုကို ရောင်းချပြီး ငွေရသည်နှင့် သူ ဤနေရာမှ ချက်ချင်းထွက်သွားတော့မည် ဖြစ်သည်။

 

 

ချင်ဟယ်သည် သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့နီလေးကို တို့ထိလိုက်၏။

 

 

အိမ်ထောင်မပြုရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ ထိုအမှတ်အသားကို ဆက်ထားရန် မလိုအပ်တော့ချေ။ သင့်တော်သည့် အချိန်ရောက်ပါက မီးညှပ်ကိုပူအောင်လုပ်ပြီး....

 

 

"ရေ ရေ"

 

 

မြေကြီးပေါ်ရှိ ထိုသူ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။

 

 

ချင်ဟယ် ထိတ်လန့်သွားပြီး အနောက်သို့ခြေလှမ်းအနည်းငယ် အမြန်ဆုတ်လိုက်၏။

 

 

ထိုသူ အခြားမည်သည့်လှုပ်ရှားမှုမျှ ထပ်မလုပ်တော့သည်ကိုမြင်မှသာ သတိကြီးစွာထား၍ အနားတိုးကပ်ကာ ရေတိုက်ပေးလိုက်သည်။

 

 

ကျောက်မိသားစုအိမ်တွင်း၌။

 

 

လျို့ရှီသည် ဝဝဖိုင့်ဖိုင့်အမျိုးသမီးတစ်ဦးကိုခေါ်ဆောင်၍ ကျောက်အိမ်ထောင်စုခြံဝင်းငယ်လေးအတွင်းသို့ ဦးဆောင်ခေါ်ဆောင်လာခဲ့သည်။

 

 

"အမေ၊ ရေနွေးကြမ်း မြန်မြန်ငှဲ့ပေးပါဦး၊ ကျွန်မ မြို့ထဲက အောင်သွယ်တော်စွင်းကို ခေါ်လာတာ"

 

 

"ဒီမိန်းမယုတ်၊ ငါ့ကိုများ အမိန့်လာပေးရဲတယ်"

 

 

အဘွားကျောက် စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း အပြင်လူရှိနေ၍ အံကြိတ်ကာ အောင့်အီးသည်းခံလိုက်ရသည်။

 

 

"ဒါ အဘွားကျောက်မဟုတ်လား"

 

 

မျက်နှာပြည့်ပြည့်၊ နားရွက်ကြီးကြီးနှင့် နားရွက်နောက်တွင် အနီရောင်ပန်းပွင့်ကြီးတစ်ပွင့် ပန်ဆင်ထားသော အောင်သွယ်တော်စွင်းက အဘွားကျောက်ကိုမြင်သည်နှင့် လှိုက်လှိုက်လှဲလှဲ အလျင်အမြန်ရှေ့သို့ တိုးလာခဲ့သည်။

 

 

"ဒုက္ခခံပြီး မပြင်ပါနဲ့ အစ်မကြီးရယ်၊ အစ်မကြီးမှာ ပညာရှင်သားတစ်ယောက်ရှိတာ တကယ်ကို ကံကောင်းလွန်းတယ်၊ နောက်ဆို သက်သောင့်သက်သာထိုင်ပြီး သခင်မကြီးလုပ်ဖို့သာ စောင့်နေပေတော့"

 

 

အဘွားကျောက်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာတစ်ပြင်လုံး အပြုံးပန်းများပွင့်လန်းသွားသည်။

 

 

"ကောင်းမွန်တဲ့ စကားတွေအတွက် ကျေးဇူးပါပဲကွယ်၊ ကျေးဇူးပါပဲ"

 

 

"အစ်မကြီးရဲ့ချွေးမဆီက အကြောင်းစုံ အကုန်သိပြီးပါပြီ၊ စိတ်မပူပါနဲ့၊ အစ်မကြီးရဲ့မြေးလေးအတွက် သင့်တော်တဲ့ အိမ်ထောင်ဘက်ကောင်းတစ်ယောက်ရအောင် သေချာပေါက် ရှာပေးပါ့မယ်"

 

 

အောင်သွယ်တော်စွင်းသည် ရေနွေးကြမ်းကိုသောက်လိုက်ရင်း မဆိုင်းမတွပင် ဖုရုံကျိုက်မှ ပုစွန်မုန့်ကြွပ်ကို လှမ်းယူလိုက်ရာ ဘေးမှကြည့်နေသော အဘွားကျောက်မှာ ဗိုက်ဆာရသည့်အပြင် စိတ်ထဲကပါနှမြောတသ ဖြစ်သွားရသည်။

 

 

"အောင်သွယ်တော်စွင်းကိုပဲ အားကိုးရတော့မှာပါပဲ"

 

 

လျို့ရှီ ဘေးမှပြုံး၍ ဝင်ပြောလိုက်သည်။

 

 

"ကျွန်မရဲ့တူလေးက ဘဝမှာပင်ပန်းဆင်းရဲခဲ့ရတာပါ၊ အောင်သွယ်တော်ကြီးအနေနဲ့ သူ့ကို စားဝတ်နေရေး အတွက် စိုးရိမ်စရာမလိုတဲ့ မိသားစုဆီ ရောက်အောင် ကူညီပေးပါဦး၊ ကျန်တာကတော့ ဘာမှအရေးမကြီးပါဘူး"

 

 

အောင်သွယ်တော်စွင်းသည် ထိုစကား၏အဓိပ္ပာယ်ကို ချက်ချင်း နားလည်လိုက်သည်။

 

 

ထိုစကားမှာ ငွေကိုသာကြည့်ပြီး လူကို ဂရုမစိုက်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

 

 

သူမ သက်တမ်းတစ်လျှောက် အောင်သွယ်လုပ်လာခဲ့ရာ လူမျိုးစုံကိုမမြင်ဖူးဘဲ မရှိခဲ့ပေ။

 

 

ထိုကောင်လေးအတွက်တော့ သနားစရာပင်။

 

 

'ဟူး'

 

 

"ဒါဆိုရင်တော့ ကျွန်မမှာ မိတ်ဆက်ပေးချင်တဲ့ လူနှစ်ယောက်ရှိတယ်၊ ဘေးရွာက သားသတ်သမားကျန်းဆိုတဲ့သူရှိတယ်၊ အသက်က ငယ်သေးတယ်၊ ၁၈ နှစ်ပဲရှိသေးတာ၊ အစ်မကြီးတို့မြေးနဲ့ အတော်လေး လိုက်ဖက်သလို သူတို့အိမ်ကလည်း ပြည့်စုံပါတယ်၊ ကောလေးသာ ဟိုဘက်ကိုယူလိုက်ရင် ဘာဆင်းရဲဒုက္ခမှခံရမှာ မဟုတ်ဘူး"

 

 

ယောက္ခမနှင့် ချွေးမနှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြပြီး အလွန်အမင်း မကျေမနပ်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အောင်သွယ်တော်စွင်းသည် ထိုသူများမှာ တကယ်ကို အကျင့်မကောင်းကျသူများ ဖြစ်သည်ဟု စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ဆက်ပြောလိုက်၏။

 

 

"နောက်တစ်ယောက်ကတော့ မြို့ထဲက ပညာရှင်လျို့ပဲ၊ ကောင်လေးသာ သူ့ကို ယူလိုက်ရင် တကယ့်ပညာရှင်ဇနီးအဖြစ် ဂုဏ်သိက္ခာရှိရှိနေရမှာပါ၊ ဒါပေမဲ့ ဒီပညာရှင်က ဒီနှစ်မှာ အသက် ၅၆နှစ် ရှိ‌နေပြီ၊ သူ့မှာ ၂၃ နှစ်အရွယ် သားတစ်ယောက် ရှိတယ်၊ အမှန်တော့ အဲဒီသားဖြစ်သူကပဲ သူ့အဖေအတွက် နောက်အိမ်ထောင် ထပ်ဆက်ပေးဖို့ စီစဉ်နေတာပါ"

 

 

"ဒီတစ်ယောက်ပဲ၊ ဒီတစ်ယောက်ပဲ"

 

 

အဘွားကျောက် အားရပါးရပြုံးပျော်သွားသည်။

 

 

လျို့ရှီကမူ ပို၍ဟန်ဆောင်ကောင်းသူဖြစ်သည်။

 

 

သူမသည် လက်ကိုင်ပုဝါကို မယူ၍ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ဟန်ဆောင်လိုက်၏။

 

 

"အောင်သွယ်တော်ကြီး ရယ်တော့မရယ်ပါနဲ့၊ အမေကလည်း ကောလေးရဲ့ကောင်းကျိုးအတွက် လုပ်ပေးနေတာပါ၊ ကျွန်မရဲ့ခဲအိုနဲ့ သူ့ဇနီးတို့ စောစောစီးစီး ကွယ်လွန်သွားကြတော့ ကောလေးက ငယ်ငယ်ကတည်းကဒုက္ခခံခဲ့ရတာလေ၊ အခုအထက်တန်းအသိုင်းအဝိုင်း မိသားစုဆီရောက်သွားတာ သူ့အတွက် ပိုကောင်းပါတယ်၊ ပြီးတော့ သတို့သားက အသက်ကြီးတော့ လူကို ပိုပြီးတန်ဖိုးထား မြတ်နိုးတတ်မှာ အမှန်ပဲ၊ ကောလေးအနေနဲ့လည်း ဘာမကျေနပ်စရာမှ ခံစားရမှာမဟုတ်တော့ဘူးပေါ့"

 

 

ထိုစကားကိုကြားလိုက်ရသောအခါ အောင်သွယ်တော်စွင်းသည် စိတ်ထဲမှ တံတွေးနှင့်ပင် ထွေးလိုက်ချင်တော့၏။

 

 

'အသက်ကြီးတော့ တန်ဖိုးထားမြတ်နိုးတတ်တယ်ပေါ့၊ ဟုတ်လား'

 

 

 

 

 

 

 

 

 

 

 

4

 

လိုဏ်ဂူထဲတွင်ဖြစ်သည်။

 

 

ချင်းဟယ်သည် သူ့ရှေ့ရှိ အမျိုးသားအား မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေခဲ့သည်။

 

 

ချင်းဟယ် မတ်တပ်ရပ်လိုက်ရာ ထိုအမျိုးသားကလည်း လိုက်၍မတ်တပ်ရပ်လိုက်သည်။

 

 

ချင်းဟယ် ထွက်သွားရန်လှည့်လိုက်သောအခါ ထိုအမျိုးသားက နောက်မှ လိုက်လာရန် ပြင်သည်။

 

 

"ငါ့ နောက်ကိုမလိုက်ခဲ့နဲ့"

 

 

ချင်းဟယ် ရုတ်တရက် လှည့်ကြည့်လိုက်ရာ ဒေါသများပြည့်နှက်နေသော သူ့မျက်နှာကြောင့် အမျိုးသားမှာ လန့်ဖျပ်သွားပြီး မြေပြင်ပေါ်သို့ပင် လဲကျမတတ်ဖြစ်သွားသည်။

 

 

"ကျွန်တော် ကျွန်တော်"

 

 

ထိုအမျိုးသားသည် စကားပြောရင်း လက်ချောင်းလေးအား ပါးစပ်ထဲထည့်ထားကာ မျက်လုံးများတွင် မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် စိတ်မကောင်းစွာကြည့်နေရှာသည်။

 

 

"ဖေဖေ ဖေဖေ၊ ကျွန်တော့်ကို ပစ်မသွားပါနဲ့နော်"

 

 

ချင်းဟယ် ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ်ဖြစ်သွားရ၏။

 

 

ထိုလူသည် နိုးလာကတည်းမှ သူ့ကို ဖေဖေဟု စခေါ်နေခြင်းဖြစ်သည်။

 

 

အသက် ၁၆နှစ်သာရှိသေးပြီး အိမ်ထောင်မရှိသေးသည့် လူငယ်လေးတစ်ယောက်ဖြစ်သော သူက ထိုမျှအထိ အသက်ကြီးပုံပေါက်နေသည်လား။

 

 

'ထားလိုက်ပါတော့၊ အရူးတစ်ယောက်နဲ့ အငြင်းပွားနေလို့ အဓိပ္ပာယ်မရှိပါဘူး'

 

 

ချင်းဟယ် စိတ်အေးအေးထားရန် သူ့ကိုယ်သူဖျောင်းဖျလိုက်သည်။ တစ်ဖက်လူမှာ ဦးနှောက်မကောင်းသည့် အရူးတစ်ယောက်သာဖြစ်၏။

 

 

"ငါ့နောက်ကို လုံးဝမလိုက်ခဲ့နဲ့"

 

 

ထိုအမျိုးသား အလျင်အမြန် ခေါင်းငြိမ့်ပြသည်။

 

 

"ကျွန်တော် ဒီမှာပဲ ဖေဖေ့ကိုလိမ်လိမ်မာမာ စောင့်နေပါ့မယ်"

 

 

"ငါ့ကို ဖေဖေလို့မခေါ်နဲ့လို့"

 

 

ချင်းဟယ်၏နူးညံ့လှပသော မျက်နှာလေးမှာ ပေါက်စီကဲ့သို့ ရှုံ့မဲ့သွားသည်။

 

 

"ဖေဖေ စိတ်မဆိုးပါနဲ့၊ ကျွန်တော်... ကျွန်တော် အဲဒီလိုနောက်မခေါ်တော့ပါဘူး"

 

 

ထိုအမျိုးသားက သနားစရာကောင်းလောက်အောင် ဝမ်းနည်းသည့်ပုံဖြင့် နှုတ်ခမ်းကို စူထားရင်း ပြောလိုက်၏။

 

 

ဤပြုမူလှုပ်ရှားမှုများကို ကလေးတစ်ယောက်တွင်တွေ့ရပါက ချစ်စရာကောင်းနေမည်ဖြစ်သော်လည်း ယခုအခါ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးထံတွင် တွေ့နေရသည်မှာ....

 

 

ထိုသူက သူနောက်သို့ အမှန်တကယ် လိုက်မလာတော့သည်ကိုတွေ့မှသာ ချင်းဟယ်သည် တောင်စောင်းလမ်းအတိုင်း အောက်သို့လျှောဆင်းလာခဲ့သည်။

 

 

သို့သော် တောင်ခြေသို့ရောက်ခါနီးတွင် ပြာပြာသလဲဖြစ်နေသည့် တုန့်ကောအာနှင့် တွေ့လိုက်ရသည်။

 

 

"မင်း မင်း ဘယ်တွေကိုသွားနေတာလဲ"

 

 

တုန့်ကောအာသည် မောဟိုက်စွာ အသက်ရှုနေပြီး ချင်းဟယ်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းဆွဲထားလိုက်သည်။

 

 

"ဘာဖြစ်လို့လဲ အရင်ဆုံး အသက်ဝဝရှူလိုက်ပါဦး"

 

 

"ဘယ်သူက အသက်ရှုဖို့အချိန်ရှိမှာလဲ၊ ချင်းဟယ်၊ အိမ်ကိုမြန်မြန်ပြန်ကြည့်ဦး၊ မင်းရဲ့အဘွားက မင်းကို လက်ထက်ပေးဖို့အတွက် အောင်သွယ်တော်ရှာထားပြီ"

 

 

ချင်းဟယ် ကြောင်အသွားခဲ့သည်။ သူတို့ ယခုလောက်အထိ စိတ်စောနေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။

 

 

ကျောက်မိသားစုအိမ်တွင် ဖြစ်သည်။

 

 

ဦးလေးရှန်က အဘွားကျောက်နှင့် လျို့ရှီတို့ကို ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေသည်။

 

 

"အသည်းနှလုံးမရှိတဲ့ လူတွေ၊ ခင်ဗျားတို့စိတ်ထဲ ဘယ်လိုလုပ် ရက်ရက်စက်စက် လုပ်ရက်တာလဲ"

 

 

ဦးလေးရှန်သည် ကျောက်မိသားစုအိမ်၏ဘေးကပ်လျက်အိမ်တွင် နေထိုင်သူဖြစ်သည်။ သူသည် ရေထွက်သွန်စဉ် အဘွားကျောက်မှ ချင်းဟယ်ကို မြို့ထဲမှပညာရှင်အိုကြီးထံ ဒုတိယဇနီးအဖြစ် ပေးစားမည့်အကြောင်း ပြောနေသည်ကို ကြားလိုက်ရခြင်းဖြစ်သည်။

 

 

ထိုစကားကြားလိုက်ရ၍ သူ မသိကျိုးနွံ မပြုနိုင်တော့ပေ။

 

 

"ဒီမှာ လီဖန်းရဲ့ဇနီး၊ မင်းက ကမ္ဘာပေါ်က ကိစ္စမှန်သမျှ လိုက်ဝင်စွက်ဖက်နေတာ၊ အခု ငါတို့ကျောက်မိသားစုကိစ္စကို ဘာလို့ လာစွက်ဖက်နေရတာလဲ"

 

 

လျို့ရှီမှာ အိမ်ရှင်မကြီးအမူအရာဖြင့် ရင်ဘတ်ကော့ကာ ပြောလိုက်သည်။

 

 

"ပြီးတော့ ဟယ်‌ကောအာက မြို့ထဲကို လက်ထပ်ဖို့သွားတာ ဘာများမှားလို့လဲ၊ နောက်ဆို ပညာရှင်ရဲ့ဇနီးဖြစ်လာမှာ၊ ဘယ်လောက်တောင် ဂုဏ်ရှိလိုက်လဲ"

 

 

"ဘာဂုဏ်ရှိရမှာလဲ၊ လက်ထပ်ချင်ရင် ခင်ဗျားကိုယ်တိုင် သွားလက်ထပ်ပါလား၊ ဘာလို့ ငါတို့ဟယ်ကောအာလေးကို လာဖျက်ဆီးနေရတာလဲ"

 

 

ဦးလေးရှန်၏မျက်လုံးများ နီရဲလာခဲ့သည်။

 

 

သူသည် ချင်းဟယ်ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သူဖြစ်ရာ ဖုန်းနျန်နှင့် ခင်မင်မှုကို ထည့်မတွက်လျှင်ပင် ထိုကလေး ယခုလို နှိပ်စက်ခံရမည်ကိုငြိမ်ကြည့်မနေနိုင်ပေ။

 

 

"သူက ဘယ်လိုလုပ် မင်းတို့ရဲ့ဟယ်ကောအာဖြစ်ရတာလဲ၊ သွားကြည့်ပါဦး၊ သူ့မျိုးရိုးက ဘာလဲ၊ ကျောက်တဲ့၊ သူက ငါတို့ကျောက်မိသားစုရဲ့ မြေး၊ ငါ ဘယ်သူနဲ့ လက်ထပ်ခိုင်းခိုင်း သူ လက်ထပ်ရမှာပဲ"

 

 

"ခင်ဗျားတို့ အဲဒီတုန်းက ဖုန်းနျန်ကို ဘယ်လိုကတိပေးခဲ့သလဲ"

 

 

ဦးလေးရှန်သည် အဘွားကျောက်အား စိုက်ကြည့်ရင်း ရုတ်တရက် အော်ဟစ်လိုက်လေ၏။

 

 

"ခင်ဗျားတို့ ဒီလိုလုပ်နေတာ ဝဋ်လည်မှာ မကြောက်ကြဘူးလား"

 

 

အဘွားကျောက်မျက်နှာမှာ ချက်ချင်းဆိုသလို ဖြူလျော့သွားသော်လည်း ဟန်မပျက် အော်လိုက်သေးသည်။

 

 

"ဘာဝဋ်လည်ရမှာလဲ၊ ဖုန်းနျန်က ငါတို့ ကျောက်မိသားစုထဲ လက်ထပ်ဝင်လာတာ၊ အဲဒါကြောင့် သူက ငါတို့ကျောက်မိသားစုရဲ့လူပဲ၊ သူ သေသွားပြီဆိုမှတော့ သူပိုင်တာတွေအကုန်လုံး ငါတို့ ကျောက်မိသားစု ပိုင်တာပဲ၊ ဒါတင်မကဘူး၊ သူ လက်ထပ်တုန်းက တင်တောင်းပစ္စည်း ဘာမှပါမလာဘူး"

 

 

"ဘာမပါလာတာလဲ၊ ခင်ဗျားတို့ မိသားစုကရော ဘယ်လောက်တောင် တင်တောင်းခဲ့လို့လဲ ပြောစမ်းပါဦး"

 

 

"ငါတို့အကြီးဆုံးသား သူ့ကိုလက်ထပ်ပေးတာကိုက ကောင်းကင်ကပေးတဲ့ ကောင်းချီးပဲ၊ တင်တောင်းကြေးတောင် လိုချင်နေသေးတယ်၊ အိပ်မက် မက်နေလိုက်"

 

 

အဘွားကျောက်သည် ပြောရင်းပြောရင်း ပို၍ တရားသည်ဟုထင်လာကာ မှန်သည်ဆိုသည့်မာန်ဖြင့် မျက်နှာမှာ ကြက်ဖကြီးကဲ့သို့ နီရဲလာခဲ့သည်။

 

 

"ထွီ ခင်ဗျားတို့ ကျောက်မိသားစုက သွေးစုတ်ကောင်တွေ စုဝေးနေတဲ့ အသိုက်ပဲ၊ ခင်ဗျားတို့အကြီးဆုံးသားက ဖုန်းနျန်ကို သွေးစုတ်ပြီးသေအောင် လုပ်ခဲ့တာနဲ့တင် အားမရသေးလို့ ခုတော့ ဟယ်ကောအာရဲ့သွေးကိုပါ လာစုတ်နေကြပြန်ပြီ"

 

 

"မင်း ဘာတွေလျှောက်ပြောနေတာလဲ၊ အခုချက်ချင်း ငါတို့အိမ်က ထွက်သွားစမ်း"

 

 

လျို့ရှီနှင့် အဘွားကျောက်တို့သည် ဦးလေးရှန်အား တံခါးပြင်သို့အတူတွန်းထုတ်လိုက်ကြ၏။

 

 

ထိုမြင်ကွင်းအား အပြေးရောက်လာသော ချင်းဟယ်ကွက်တိမြင်လိုက်ရသည်။

 

 

"ဟယ်ကောအာ"

 

 

ဦးလေးရှန်သည် စကားစလိုက်သော်လည်း ထိုကလေးကို ဘယ်လိုပြောပြရမှန်းမသိဘဲ စကားစပြတ်သွားခဲ့၏။

 

 

"ဦးလေးရှန်၊ ကျွန်တော် အကုန်သိပြီးပါပြီ၊ စိတ်မပူပါနဲ့၊ ကျွန်တော့်ဘာသာ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်"

 

 

ဦးလေးရှန်သည် ချင်းဟယ်၏နီရဲနေသော မျက်လုံးများကိုကြည့်ရင်း ရင်ထဲတွင် အမျိုးအမည်မသိသော စိုးရိမ်ထိတ်လန့်မှုတစ်ခု စိမ့်တက်လာခဲ့သည်။

 

 

ဦးလေးရှန် ဦးနှောက်ထဲမှအာရုံကြောတစ်ခု ရုတ်တရက် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

 

 

'သူ သူ တကယ်ပဲ စိတ်ပြန်ဖောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်၊ မဟုတ်ဘူးမလား'

 

 

တုန့်ကောအာသည်လည်း မောကြီးပန်းကြီးပြေးဝင်လာပြီး ကျောက်မိသားစု တံခါးဝတွင် ငေးကြောင်ကြောင်ရပ်နေသော ဖေဖေဖြစ်သူကိုမြင်လိုက်ရသည်။

 

 

"ဖေဖေ၊ ချင်းဟယ် ချင်းဟယ်ဘယ်မှာလဲ"

 

 

ဦးလေးရှန်သည် ထိုအခါမှသတိပြန်ဝင်လာပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

 

 

"တုန့်ကောအာ လယ်ကွင်းထဲအမြန်သွားပြီး နင့်အဖေကို သွားခေါ်စမ်း"

 

 

အဘွားကျောက်နှင့် လျို့ရှီတို့သည် တင်တောင်းကြေး မည်မျှရမည်ကို တွက်ချက်၍ မပြီးသေးမီအချိန်တွင်ပင် ချင်းဟယ် ပြန်ရောက်လာခဲ့၏။

 

 

"အိုး ဟယ်ကောအာ ပြန်ရောက်လာပြီပဲ"

 

 

အကျိုးအမြတ်ရတော့မည်ဟု မျှော်လင့်ထားသဖြင့် လျို့ရှီသည် ချင်းဟယ်အား ကြည့်ရသည်မှာ ပို၍ပင်သဘောကျ နှစ်ခြိုက်နေသည့်ပုံပေါ်နေတော့သည်။

 

 

ချင်းဟယ်ကမူ သူတို့အား တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ မီးဖိုချောင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့၏။

 

 

"ဟမ့် အခုမှ ဗိုက်ဆာမှန်းသိတာလား၊ ငါ ပြောလိုက်မယ်၊ မင်းအတွက် စားစရာဘာမှမရှိဘူး"

 

 

အဘွားကျောက် အသံကျယ်ကျယ်ဖြင့် ကြိမ်းမောင်းလိုက်သည်။

 

 

လျို့ရှီ အလျင်အမြန် တားဆီးလိုက်၏။

 

 

"အမေ၊ ဒီရက်ပိုင်း ဟယ်ကောအာအပေါ် နည်းနည်းကောင်းပေးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် သူက မြို့ထဲကို လက်ထပ်သွားရတော့မှာလေ၊ နောက်ကျရင် ကန်းပေါင်ကိုတောင် ကူညီပေးနိုင်ဦးမှာ မဟုတ်လား"

 

 

အဘွားကျောက်သည် ထိုစကားကို ကြားလိုက်ရသောအခါ အဓိပ္ပာယ်ရှိသည်ဟု ယူဆလိုက်သဖြင့် နှုတ်ခမ်းကို စူလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

 

 

ရုတ်တရက် မီးဖိုချောင်အတွင်းမှ ဂလုံဂလွမ်ဟု အသံကျယ်ကြီးထွက်ပေါ်လာခဲ့၏။ မီးဖိုချောင်ထဲတွင် ပန်းကန်တစ်ခုခုကွဲသွားပြီဟု ထင်မှတ်ကာ အဘွားကျောက်မှာ ဒေါသတကြီးဖြစ်သွားရ၏။

 

 

"နင့်လိုကောင်စုတ်လေးက သက်သက်မဲ့"

 

 

အဘွားကျောက် စကားပင်ဆုံးအောင်မပြောလိုက်ရဘဲ ချင်းဟယ်သည် သူ့ထံသို့ မျက်လုံးများနီရဲလျက် မီးဖိုချောင်သုံး ဓားတစ်ချောင်းကိုကိုင်ဆောင်ကာ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

 

 

လျို့ရှီသည် မည်သို့ပင်ဖြစ်စေ မိန်းမသားတစ်ယောက်သာဖြစ်ရာ ဓားကြီးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံးပျော့ခွေသွားရတော့၏။

 

 

"ဟယ်...ဟယ်ကောအာ၊ မင်း ဓားကြီးကိုင်ပြီး ဘာလုပ်မလို့လဲ"

 

 

ဘေးတွင်ရပ်နေသော အဘွားကျောက်မှာမူ လန့်ဖြတ်လွန်း၍ မြေကြီးပေါ်သို့ တိုက်ရိုက်ပင် ထိုင်ကျသွားပြီး တိုးတိုးလေး ရေရွတ်နေမိသည်။

 

 

"သူ ရောဂါထနေပြီ၊ ရောဂါထနေပြီ"

 

 

ချင်းဟယ် တဖြည်းဖြည်းနီးကပ်လာခဲ့သည်။

 

 

လျို့ရှီမှာ အဘွားကျောက်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လှည့်ပြေးရင်း အော်ဟစ်လိုက်၏။

 

 

"ကျောက်ကန်းပေါင်၊ ရှင့်တူက လူသတ်နေပြီ"

 

 

အခန်းထဲတွင် စာကျက်နေသော ကျောက်ကန်းပေါင်လည်း မနက်စောစောစီးစီး ဆူညံနေ၍ ဒေါသထွက်သွားခဲ့သည်။ ထိုသို့ဆူညံနေကြသည်မှာ သူ ဘယ်လိုမှ စာကျက်၍မရတော့ပေ။

 

 

ခဏမျှ တိတ်ဆိတ်သွားရုံရှိသေး ယခုတစ်ခါ ထပ်ပြီး ရုတ်ရုတ်သဲသဲဖြစ်နေကြပြန်ပြီ။ ပိုဆိုးသည်မှာ သူ့အမည်ကိုပါ တပ်၍အော်ဟစ်နေကြခြင်းပင် ဖြစ်၏။

 

 

ကျောက်ကန်းပေါင် ပြတင်းပေါက်ကို တွန်းဖွင့်ကာ မိန်းမဖြစ်သူကို ဆဲဆိုကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် ချင်းဟယ်က ဓားတစ်ချောင်းဖြင့် အဘွားကျောက်ထံ လျှောက်သွားနေသည်ကို မြင်လိုက်ရသည်။

 

 

သူသည် အလွန်အမင်း ထိတ်လန့်သွားသဖြင့် ပြတင်းပေါက်ကို ဂျိန်းကနဲပိတ်လိုက်ပြီး အခန်းတံခါးကိုဂျက်ချရန် အပြေးအလွှား ထရပ်လိုက်၏။

 

 

"ကျောက်ကန်းပေါင်၊ ရှင် သေနေတာလား၊ အပြင်ကို မြန်မြန်ထွက်ကြည့်ဦး"

 

 

လျို့ရှီမှာ ကြောက်လွန်း၍ ငိုပင်ငိုချင်လာခဲ့သည်။

 

 

မြို့‌ပေါ်တွင် ပိုးမွေးသလို အလိုလိုက်ခံ ကြီးပြင်းလာခဲ့ရသည့် မိန်းမလှလေးတစ်ဦးဖြစ်ရာ ယခုကဲ့သို့သောမြင်ကွင်းမျိုးကို မည်သည့်အခါမျှမမြင်ဖူးခဲ့ပေ။

 

 

"မင်း...မင်းလယ်ကွင်းထဲကို အမြန်သွားပြီး ငါတို့အဖေကို သွားခေါ်စမ်း၊ မြန်မြန်"

 

 

လျို့ရှီသည် ဤသုံးစားမရသော သတ္တိကြောင်သူအား စိတ်ထဲမှမကျေမနပ် ဆဲဆိုလိုက်မိတော့၏။

 

 

သို့သော် နောက်ဆုံးတွင် သူပြောသည့်အတိုင်း အပြင်သို့ထွက်ကာ အကူအညီ သွားတောင်းရတော့သည်။

 

 

အဘွားကျောက်သည် ချင်းဟယ်၏လက်ထဲမှ မီးဖိုချောင်ဓားကိုကြည့်ရင်း တုန်လှုပ်နေခဲ့သည်။

 

 

ထိုဓားအား မနေ့ကမှ သူကိုယ်တိုင် သွေးထားခြင်းဖြစ်သည်။

 

 

"ဟယ် ဟယ်ကောအာ၊ ငါတို့ ငါတို့ ကောင်းကောင်းမွန်မွန်စကားပြောကြတာပေါ့"

 

 

အဘွားကျောက်သည် ထိတ်လန့်တကြား မျက်လုံးအဝိုင်းသားဖြင့်ကြည့်ရင်း လင်ယောက်ျားဖြစ်သူကိုလည်း စိတ်ထဲမှ အစွမ်းကုန်ကျိန်ဆဲနေမိ၏။

 

 

ထိုအဘိုးကြီး ဘယ်နေရာ ရောက်သွားမှန်းလည်း မသိပေ။

 

 

ချင်းဟယ်သည် ဓားကို ကိုင်ထားလျက် ဆောင့်ကြော့ထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် အဘွားကျောက်အင်္ကျီကို ဆွဲထားကာ အခြားလက်တစ်ဖက်ဖြင့် ဓားကို သူမလည်ပင်းတွင် တေ့ထားလိုက်သည်။

 

 

"ကျွန်တော့်အတွက် လက်ထပ်ပေးစားဖို့ စီစဉ်ထားတယ်လို့ ကြားမိတယ်"

 

 

"မရှိပါဘူး၊ မရှိပါဘူး! ဘယ်ကသာ အဲဒီလိုမျိုး ရှိရမှာလဲ၊ ဘယ်အယုတ်တမာက မင်းကို မြှောက်ပေးနေတာလဲ"

 

 

အဘွားကျောက် အလျင်အမြန် ငြင်းဆန်လိုက်သည်။

 

 

ယခုအခါတွင် သူ အမှန်တကယ် ကြောက်လန့်နေပြီဖြစ်သည်။ လည်ပင်းပေါ်သို့ ထောက်ထားသော ဓားထက်ထက်မှာ စနောက်နေခြင်းမဟုတ်ပေ။

 

 

ချင်းဟယ်သည် အဘွားကျောက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် နှုတ်ခမ်းထောင့်တွင်ပြုံးယောင်သန်းသွားခဲ့သည်။

 

 

သူသည် ဓားကို နှုတ်ခမ်းနားသို့ယူကာ လျှာဖြင့် လျှက်ပြလိုက်ပြီးနောက် အဘွားကျောက်၏လည်ပင်းသို့ ပြန်တေ့ထားလိုက်၏။

 

 

"မစိုးရိမ်ပါနဲ့၊ နည်းနည်းမှ မနာပါဘူး"

 

 

အဘွားကျောက်သည် မျက်လုံးများကို စုံမှိတ်လိုက်ပြီး ထိုနေရာ၌ပင် ရုတ်တရက် သတိလစ် မေ့မြောသွားတော့သည်။

 

 

သူ့ကိုယ်ပေါ်မှ အဝါရောင်အရည်များ စီးကျလာပြီး ကျင်ငယ်နံ့များထွက်ပေါ်လာခဲ့သည်။

 

 

ချင်းဟယ်သည် ရွံရှာစက်ဆုပ်သော မျက်နှာအမူအရာဖြင့် လက်ကိုမြှောက်လိုက်ကာ ဓားဖြင့် စိုက်ချလိုက်ရန်ပြင်လိုက်သည်။

 

 

"ဟယ်‌ကောအာ၊ ရပ်လိုက်စမ်း"

 

 

 

 

 

 

 

 

 

 

 

5

 

ဦးလေးရှန် အထဲဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားရသည်။

 

 

အဘွားကျောက်သည် သေထိုက်သော်လည်း ဟယ်ကောအာကိုတော့ ထိုကိစ္စထဲ လုံးဝဆွဲမသွင်းနိုင်ပေ။

 

 

ချင်းဟယ် လှည့်ကြည့်လိုက်ရာ ဦးလေးရှန်ကို မြင်လိုက်ရသဖြင့် သူ့မျက်နှာပေါ်မှ ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပျောက်ကွယ်သွားရသည်။

 

 

 

"ချင်းဟယ်၊ ဓားကို အောက်ချလိုက်ပါ"

 

 

ဦးလေးရှန်သည် ကလေးငယ်ကို ဂရုဏာသက်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 

 

ထိုကလေး ကျောက်မိသားစုအတွက်နှင့် သူ့တစ်ဘဝလုံး နစ်နာသွားမည်ကို သူ လုံးဝခွင့်မပြုနိုင်ပေ။

 

 

"ချင်းဟယ်၊ မင်းရဲ့‌ဖေဖေအကြောင်း စဉ်းစားစမ်းပါဦး၊ သူလည်း မင်းကို အခုလိုပုံစံမျိုး လုံးဝမြင်ချင်မှာမဟုတ်ဘူး"

 

 

ချင်းဟယ် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များပေါ်လာပြီး ထိုသူ့ရုပ်သွင်သည် သူ့မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

 

 

"ဟယ်ကောအာ၊ ဖေဖေ မင်းအတွက် အခုလေးတင် ချုပ်ပေးထားတဲ့ ကျားခေါင်းဆောင်းဦးထုပ်လေးကို ကြည့်စမ်းပါဦး"

 

 

ဖုန်းနျန်က နူးညံ့စွာပြုံးပြလိုက်သည်။

 

 

"ဖေဖေ"

 

 

ချင်းဟယ်သည် ထိုစိတ်ကူးယဉ်ရုပ်သွင်ကို လှမ်းဆွဲချင်သဖြင့် လက်လှမ်းလိုက်သည်။

 

 

ဘုန်းခနဲဆိုသည့် အသံနှင့်အတူ ချင်းဟယ် သတိလစ်လဲကျသွားတော့သည်။

 

 

ကျောက်အိမ်၏အပြင်ခန်းတွင် အဘိုးကျောက်မှာ တံခါးဘောင်တွင်ထိုင်ကာ ဆေးတံသောက်ရင်း မျက်မှောင်ကြုတ်လျက် စကားတစ်ခွန်းမျှမ‌ပြောဘဲ ငြိမ်သက်နေ၏။

 

 

ယခုမှ သတိရလာသည့် အဘွားကျောက်ကမူ သူမဘဝ မည်မျှခါးသီးကြောင်း ငိုယိုမြည်တမ်းနေပြီး သူ့အတွက် တရားမျှတမှုရှာဖွေပေးရန် ရွာလူကြီးထံ သွားတိုင်မည်ဟု အော်ဟစ်နေခဲ့သည်။

 

 

လျို့ရှီသည် ထိုအဖြစ်အပျက်ကြောင့် ထိတ်လန့်သွားခဲ့ရပြီး စကားတစ်ခွန်းမျှမပြောရဲဘဲ ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေခဲ့သည်။

 

 

အခန်းထဲကပင် ထွက်မလာသေးသည့် ကျောက်ကန်းပေါင်အကြောင်းဆိုလျှင် ပြောပင်မပြောချင်တော့ပေ။

 

 

ထိုစဉ် တံခါးဝမှအသံများကြားလိုက်ရသဖြင့် အဘွားကျောက်သည် လီဖန်းကို ချက်ချင်းလှမ်းမြင်လိုက်ရသည်။

 

 

"မင်း ရောက်လာတာအတော်ပဲ၊ မင်းဇနီးကို မြန်မြန်ပြန်ခေါ်သွားစမ်း၊ သူများကိစ္စထဲ ဝင်မရှုပ်နဲ့"

 

 

အဘွားကျောက်သည် ဖုန်းနျန်ကို အထင်သေးသူဖြစ်ရာ ဖုန်းနျန်နှင့် ရင်းနှီးသည့် ဦးလေးရှန်ကိုလည်း အလိုလို အထင်သေးသည်။

 

 

ဦးလေးရှန်၏ယောက်ျား လီဖန်းဆိုလျှင် ပြောဖွယ်ရာပင်မလိုတော့ချေ။

 

 

"ကျုပ်ဇနီးကို ကျုပ်ဘာသာ စောင့်ရှောက်မှာပေါ့၊ သူများတွေ အာချောင်နေစရာ မလိုပါဘူး"

 

 

လီဖန်းသည် ခန္ဓာကိုယ်ထွားကျိုင်းသူဖြစ်ပြီး သူ့မျက်လုံးများမှာလည်း ကြေးခေါင်းလောင်းမျှကြီးမားသည်။

 

 

သူ ထိုသို့ စိုက်ကြည့်လိုက်သောအခါ အဘွားကျောက် ကြောက်လန့်တကြား နောက်ဆုတ်သွားရပြီး နောက်ထပ် စကားတစ်ခွန်းမျှမဟရဲတော့ပေ။

 

 

သို့သော် လီဖန်းသည် ရွာလူကြီးကိုပါ ခေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

 

 

"အဲ့တုန်းက ငါ မင်းတို့ကိုဘာပြောခဲ့လဲ၊ ဟယ်ကောအာကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့မပြောခဲ့ဘူးလား၊ အခု ဘာလို့ ဒီလိုထပ်ဖြစ်ရတာလဲ"

 

 

ရွာလူကြီး ဒေါသတကြီးပြောလိုက်သည်။

 

 

သူသည် မူလက ကျောက်မိသားစု၏ပြဿနာပေါင်းစုံကို ဝင်မရှင်းပေးချင်သော်လည်း ဟယ်ကောအာဆိုသည့်ကလေးမှာ အမှန်တကယ်ပင် သနားစရာကောင်းသည်။

 

 

အဘွားကျောက်သည် ပရိယာယ်ကြွယ်ဝသော ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ရွာလူကြီးရောက်လာသည်ကိုမြင်သည်နှင့် မြေကြီးပေါ်ထိုင်ချကာ ငိုယိုမြည်တမ်းတော့၏။

 

 

"မိုးနတ်မင်းကြီးက သက်သေပါပဲ၊ ကျွန်မလုပ်ခဲ့တာတွေအကုန်လုံး ဒီကောင်စုတ်လေး ကောင်းဖို့အတွက်မဟုတ်တာ ဘာများရှိလို့လဲ၊ သူ့ကို နေ့တိုင်း အစားကောင်း အသောက်ကောင်းတွေကျွေးထားတာကို နောက်ဆုံးတော့ ကျွန်မကို ဓားနဲ့ခုတ်ဖို့လုပ်နေတယ်၊ ကျေးဇူးမသိတတ်တဲ့ အကောင်"

 

 

အဘွားကျောက် မြေကြီးပေါ်ထိုင်ကာ အော်ဟစ်လိုက်လေသည်။

 

 

"ရွာလူကြီး၊ ဒီအဘွားကြီးအတွက် တရားမျှတမှု ရှာဖွေပေးပါဦး"

 

 

ရွာလူကြီးသည် ရွာတွင်နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ရာ အဘွားကျောက်၏ယုတ်မာကောက်ကျစ်မှုများကို အစောတည်းက သိရှိပြီးသားဖြစ်၏။

 

 

ထို့ကြောင့် သူမ၏မဟုတ်မမှန်လုပ်ကြံဖန်တီးထားသော စကားများကိုမယုံကြည်နိုင်တော့ပေ။

 

 

"မင်း ပြောစမ်း၊ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ"

 

 

ရွာလူကြီး သူ့အကြည့်ကို လျို့ရှီထံသို့ လှည့်လိုက်သည်။

 

 

"အဲဒါ ယောက္ခမက ဟယ်ကောအာအတွက် မင်္ဂလာပွဲစီစဉ်ပေးခဲ့လို့ပါ"

 

 

လျို့ရှီ ထို့စကားများကို အထစ်ထစ်‌အငေါ့ငေါ့ ပြောလိုက်၏။

 

 

"ဟုတ်တယ်လေ၊ ငါ သူ့အတွက် လက်ထပ်ဖို့ကိစ္စ စီစဉ်ပေးခဲ့တာ၊ ယောကျ်ားဆိုရင် အိမ်ထောင်ပြုရမှာဖြစ်သလို မိန်းမဆိုရင်လည်း ထိမ်းမြားရမှာပဲ၊ ဒါတင်မကသေးဘူး သူကမြို့‌ပေါ်က ပညာရှင်လျို့ရဲ့ဇနီးအဖြစ် လက်ထပ်ရမှာ၊ အဲဒါ ဘာမှားလို့လဲ"

 

 

 

"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့"

 

 

ဦးလေးရှန်သည် အခန်းထဲတွင် ချင်းဟယ်ကိုစောင့်ရှောက်နေရင်း အပြင်မှ စကားသံများကို ကြားရသောအခါ ဆက်ပြီးနားထောင်မနေနိုင်တော့ပေ။

 

 

"အဲဒီပညာရှင်ဆိုတဲ့လူက ချင်းဟယ်ရဲ့အဘိုးအရွယ်လောက် ရှိနေပြီ၊ ခင်ဗျားက အခြေအနေတွေ အဲဒီလောက်ကောင်းတယ်လို့ထင်နေရင် ကိုယ်တိုင်ပဲ သွားယူလိုက်ပါလား၊ ခင်ဗျားနဲ့အဲဒီအဘိုးကြီးနဲ့ဆို အတော်ပဲ၊ ငါတို့ဟယ်ကောအာကိုမှ ဒုက္ခပေးချင်ရတယ်လို့၊ ခင်ဗျား မျက်စိကန်းနေတာပဲဖြစ်ရမယ်"

 

 

"မိုးနတ်မင်းကြီး ငါတော့ အလကားသက်သက် စွပ်စွဲခံနေရပြီ"

 

 

အဘွားကျောက်သည် တံခါးဝတွင်ထိုင်နေသော သူမယောကျ်ားကို ခြေထောက်ဖြင့် ကန်လိုက်ပြီးပြောသည်။

 

 

"အဘိုးကြီး၊ သူများက ငါ့ကိုဒီလောက်တောင် စော်ကားနေတာကို ရှင်ဘာမှမလုပ်ဘဲ ကြည့်နေတော့မှာလား"

 

 

အဘိုးကျောက်သည် တံခါးဘောင်မှ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ လီဖန်းက ထိုအဘိုးကြီးလူရိုက်တော့မည်အထင်ဖြင့် သူ့ဇနီးကို အလျင်အမြန် သူ့နောက်အကွယ်သို့ အမြန်ကာကွယ်လိုက်၏။

 

 

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ ထိုအဘိုးကြီးသည် သူ့ပေါက်ပြားကို ကောက်ကိုင်ကာ ထွက်သွားခြင်းပင် ဖြစ်သည်။

 

 

"ဓားနဲ့ထောင်သောင်းမက ခုတ်ထစ်ခံရမယ့် အသုံးမကျတဲ့ကောင်၊ ငါ ဘာလို့ ဒီလို အသုံးမကျတဲ့ငကြောက်နဲ့ အိမ်ထောင်ကျခဲ့ရတာပါလိမ့်"

 

 

အဘွားကျောက်သည် နှာရည်၊ မျက်ရည်များဖြင့် ရွာလူကြီးထံသို့ပြန်လှည့်ကာ ပြောသည်။

 

 

"ရွာလူကြီး၊ ဒီအဘွားကြီးအတွက် တရားမျှတမှု ရှာဖွေပေးပါဦး"

 

 

"ထွီ၊ မင်းမှာ သူများတွေကို တရားမျှတမှုရှာပေးဖို့ တောင်းဆိုရဲသေးတယ်ပေါ့၊ ဘာလို့များ ဒီလောက်တောင်အရှက်မရှိရတာလဲ၊ ဟယ်ကောအာ ဘာဝဋ်ကြွေးတွေရှိခဲ့လို့ ဒီဘဝမှာ မင်းလိုအဘွားနဲ့ လာတွေ့ရတာလဲ"

 

 

ဦးလေးရှန် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံးတုန်ယင်နေတော့သည်။

 

 

ထိုသည်ကိုမြင်လျှင် လီဖန်းဒေါသအရှိန်ကြောင့် ဖျားနာသွားမည်ကိုစိုးရိမ်သဖြင့် ဦးလေးရှန်၏ကျောပြင်ကို သက်သာစေရန် အမြန်ပွတ်သပ်ပေးလိုက်၏။

 

 

"မင်းက ဘာမို့လို့ ဒီအဘွားကြီးရဲ့ကိစ္စထဲ လာစွက်ဖက်ရတာလဲ"

 

 

"တော်ကြစမ်း၊ မင်းတို့အကုန် ပါးစပ်ပိတ်ထားကြစမ်း"

 

 

ရွာလူကြီး အချိန်ကိုက်ပင် ဝင်ရောက် ဟန့်တားလိုက်သည်။

 

 

"ပြီးတော့ မင်း၊ ဘာပဲဖြစ်ဖြစ် ဟယ်ကောအာအတွက် ဒီလိုမင်္ဂလာပွဲမျိုးမစီစဉ်ပေးခဲ့သင့်ဘူး"

 

 

ရွာလူကြီး သက်ပြင်းချလိုက်၏။

 

 

ကြီးမားသည့် ချမ်းသာကြွယ်ဝမှုကို မမျှော်လင့်နိုင်လျှင်ပင် ကလေးတစ်ယောက်ကိုတော့ ယခုလိုနင်းချေမပစ်သင့်ပေ။

 

 

"ဘာဖြစ်လို့လဲ၊ အဲဒီပညာရှင်က အရမ်းချမ်းသာတာကို၊ အသက်နည်းနည်းလေး ပိုကြီးနေတော့ရော ဘာဖြစ်လဲ"

 

 

အဘွားကျောက် မကျေမနပ်ဖြစ်နေသည့်ပုံစံဖြင့် ပြောလိုက်သည်။

 

 

"အသက် နည်းနည်းလေးပိုကြီးနေတယ်ဆိုတာ ဘာစကားလဲ၊ ခင်ဗျားရဲ့ကောက်ကျစ်တဲ့အတွေးတွေကို သူများတွေ မသိဘူးမထင်နဲ့၊ ကျောက်ကန်းပေါင် စာမေးပွဲသွားဖြေတော့မှာမို့လို့ ခင်ဗျားမှာ ခရီးစရိတ်မရှိဘူးမဟုတ်လား၊ ဒါကို တင်တောင်းကြေးပစ္စည်းရချင်လို့ အခုလိုလုပ်နေတာ မဟုတ်ဘူးလား"

 

 

ဦးလေးရှန်မှာ အဘွားကျောက်၏အတွင်းစိတ်ကို တစ်ခွန်းတည်းဖြင့် အကုန်ဖော်ထုတ်လိုက်သည်။

 

 

အဘွားကျောက်သည် နှုတ်ခမ်းကိုမဲ့လိုက်ပြီး နည်းနည်းမျှအရှက်ရသည့်ပုံ မပြသည့်အပြင် သဘာဝကျသည်ဟုပင် ထင်မှတ်နေပုံရသည်။

 

 

"ငါက ဟယ်ကောအာကို ဒီလောက်ထိကြီးအောင် ပြုစုပျိုးထောင်ပေးထားတာ၊ တင်တောင်း‌ကြေးတောင်းတာ ဘာမှားလို့လဲ၊ ပြီးတော့ ဟယ်ကောအာက အခုချိန်မှာ သူ့ဦးလေးကိုကူညီပေးနေတာ၊ နောင်တစ်ချိန် ကန်းပေါင် အရာရှိကြီးဖြစ်လာရင် သူ့ကို လုံးဝမေ့သွားမှာ မဟုတ်ပါဘူး"

 

 

"ထွီ၊ ခင်ဗျားကတော့ ဒီကမ္ဘာပေါ်မှာ အရှက်မရှိဆုံးလူပဲ"

 

 

"ကဲပါ၊ ကဲပါ၊ လီဖန်း၊ မင်းဇနီးကိုမြန်မြန် ဆွဲထားလိုက်စမ်းပါ"

 

 

ရွာလူကြီး သက်ပြင်းချလိုက်သည်။

 

 

ရှေးလူကြီးများ ပြောလေ့ရှိကြသလိုပင် ဖြောင့်မတ်သော အရာရှိကြီးပင် အိမ်တွင်းရေးပြဿနာကို မရှင်းနိုင်ရာ သူတစ်ပါး အိမ်တွင်းရေးဆို ပို၍ပင် ပြောဖွယ်မရှိတော့ပေ။

 

 

"ဟယ်ကောအာရဲ့မင်္ဂလာပွဲကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

 

 

အဘွားကျောက်သည် ထိုစကားကို ကြားလိုက်ရသောအခါ မည်သို့မှ သဘောမတူနိုင်‌ပေ။

 

 

ဤအိမ်ထောင်ရေးရရှိရန်အတွက် သူမ အတော်လေး အားထုတ်ခဲ့ရသည်။

 

 

ထိုဝဝဖိုင့်ဖိုင့် အောင်သွယ်‌တော် အမျိုးသမီးကြီးဆိုလျှင် ပုစွန်မုန့်ကြွပ်အတော်များများကိုပင် စားသောက်သွားခဲ့သေးသည်။

 

 

အရေးကြီးဆုံးမှာ ထိုမင်္ဂလာပွဲပျက်စီးသွားပါက ကန်းပေါင်၏ခရီးစရိတ် ဘာဖြစ်သွားမည်နည်း။

 

 

"ရွာလူကြီး၊ ကျွန်မတို့ကျောက်မိသားစုရဲ့ အိမ်တွင်းရေးကိုတော့ ရွာလူကြီး ဝင်စွက်ဖက်လို့မရဘူးနော် ဟုတ်တယ်မလား"

 

 

အဘွားကျောက်သည် သူမမျက်လုံးသေးသေးလေးများကို လှိမ့်လုပ်လိုက်ရင်း ငိုယိုမြည်တမ်းနေသည်များကို ချက်ချင်းရပ်တန့်လိုက်သည်။

 

 

ထို့နောက် အိမ်တံခါးပိတ်၍ အိမ်တွင်းရေးကို မိသားစုအချင်းချင်းသာ ရှင်းလင်းလိုသည့်ပုံစံမျိုး ဖမ်းလိုက်သည်။

 

 

"မင်း ကောင်းပြီလေ နောက်ဆိုကျောက်မိသားစုရဲ့စက်ဆုပ်ဖွယ်ကိစ္စတွေနဲ့ ငါ့ဆီ လာမရှာကြနဲ့တော့"

 

 

ရွာလူကြီးသည် စေတနာဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း ထိုအဘွားကြီး၏ရန်တွေ့ငေါက်ငမ်းခြင်းခံလိုက်ရသဖြင့် ချက်ချင်းဒေါသထွက်သွားခဲ့သည်။

 

 

"အဘိုး လီကျန့်၊ ခဏစောင့်ပေးပါဦး"

 

 

အတွင်းခန်းမှခြေသံများ ထွက်ပေါ်လာခဲ့သည်။

 

 

ခဏအကြာတွင် ချင်းဟယ် အခန်းထဲမှထွက်လာခဲ့၏။ သူ့မျက်လုံးများမှာ နီရဲနေဆဲဖြစ်သော်လည်း မူလပုံမှန် တည်ငြိမ်သည့် အမူအရာသို့ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။

 

 

ဦးလေးရှန်သည် ချင်းဟယ်ကိုမြင်သည်နှင့် အနားသို့အမြန်ရောက်လာခဲ့သည်။

 

 

"ဟယ်ကောအာ သက်သာရဲ့လား၊ ခန္ဓာကိုယ်များ မအီမသာဖြစ်နေသေးသလား"

 

 

ချင်းဟယ်သည် ဦးလေးရှန်စိတ်အေးသွားစေရန် ပြုံးပြလိုက်ပြီးနောက် ရွာလူကြီးဘက်သို့ လှည့်၍‌ပြောလိုက်သည်။

 

 

"ကျွန်တော့်အတွက် တရားမျှတမှုရှာပေးဖို့ အဘိုးကိုတောင်းဆိုချင်ပါတယ်"

 

 

အဘွားကျောက် ထိတ်လန့်သွားခဲ့သည်။

 

 

သူမ စကားမပြောရသေးခင်မှာပင် ချင်းဟယ်၏စကားသံကို ကြားလိုက်ရ၏။

 

 

"ကျွန်တော့်ဖေဖေရဲ့ပစ္စည်းတွေကို ပြန်ရအောင်ကူညီပေးပါဦး"

 

 

"ဘာပစ္စည်းတွေလဲ၊ ငါ မသိဘူး"

 

 

အဘွားကျောက် ပျာပျာသလဲငြင်းဆန်လိုက်သည်။

 

 

ဦးလေးရှန် မဲ့ပြုံး ပြုံးလိုက်သည်။

 

 

"ဖုန်းနျန်ဆုံးပါးသွားတုန်းက သူ့မိဘဖက်ကပါလာတဲ့ ပစ္စည်းအကုန်လုံးကို ခင်ဗျားလက်ထဲအပ်ခဲ့တာ မဟုတ်ဘူးလား"

 

 

"ငါ့လက်ထဲပေးပြီးမှတော့ ငါ့ပစ္စည်းပေါ့၊ မင်းတို့ လာမလုနဲ့နော်"

 

 

အဘွားကျောက်သည် အစာလုခံရမည်ကို စိုးရိမ်၍ ရန်လိုနေသောခွေးဆိုးတစ်ကောင်အလား ဖြစ်သွား၏။

 

 

"ဖုန်းနျန် ခင်ဗျားကိုပေးခဲ့တာမှန်ပေမဲ့ အဲဒါ ဟယ်ကောအာကိုသေချာ စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးဖို့နဲ့ နောင်တစ်ချိန်မှာ သူ့အတွက် အိမ်ထောင်ဖက်ကောင်းတစ်ခု ရှာပေးဖို့ဆိုတဲ့ကတိနဲ့လေ"

 

 

ဦးလေးရှန် အံကြိတ်ရင်းပြောလိုက်သည်။

 

 

"ငါက သူ့ကိုမပြုစုဘဲထားလို့လား၊ သောက်စရာ၊ စားစရာ၊ ဝတ်စရာနဲ့ နေစရာရနေတာတွေအကုန်လုံး ကျောက်မိသားစုရဲ့ပိုင်ဆိုင်မှုတွေမဟုတ်လို့ ဘာလဲ၊ ပြီးတော့ သူ့အတွက် ငါ အိမ်ထောင်ပြုပေးဖို့ စီစဉ်မပေးဘူးလား၊ တစ်ဖက်လူက ပညာရှင်တောင် ဖြစ်နေသေးတယ်၊ ဘာမှားလို့လဲ"

 

 

အဘွားကျောက် မျက်နှာပြောင်တိုက်၍ ပြောလိုက်ပြီး စကားပြောရင်းဖြင့် သူမကိုယ်တိုင် မတရားခံနေရသည်ဟုပင် ခံစားလိုက်ရသည်။

 

 

"ထားလိုက်ပါတော့"

 

 

ချင်းဟယ် သက်ပြင်းချလိုက်သည်။

 

 

"ကျွန်တော် အစက မိသားစု သံယောဇဉ်တွေကို ငဲ့ကွက်လို့ ဒီအဆင့်ထိသွားဖို့ မလိုဘူးထင်ထားတာ၊ ဟူး၊ ဦးလေးရှန် အဲဒီနေ့က ဖေဖေချန်ထားခဲ့တဲ့စာကို ကျွန်တော့်ကိုပေးပါ၊ ကျွန်တော် မနက်ဖြန် ရုံးတော်ကိုသွားမယ်"

 

 

အဘွားကျောက်သည် ရုံးတော်ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ ပျာပျာသလဲ ဖြစ်သွားရသည်။

 

 

"ဘာ ဘာစာလဲ၊ မင်း ရုံးတော်ရှေ့မှာ အော်ဟစ်ဆန္ဒပြလည်း အသုံးဝင်မှာ မဟုတ်ဘူး"

 

 

"ကျွန်တော် အဘွားကိုစိတ်ပျက်သွားစေရလို့ စိတ်မကောင်းပါဘူး အဘွား"

 

 

ချင်းဟယ်၏မျက်လုံးများတွင် အပြုံးတစ်ခု စွန်းထင်းနေသော်လည်း ထိုမျက်ဝန်းနက်များ၏အောက်ခြေတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ လှိုင်းထသွားခဲ့သည်။

 

 

"ဖေဖေက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားပြီးသားမို့လို့ စာတစ်စောင်ချန်ထားခဲ့တာလေ၊ ဟုတ်တယ်မလား ဦးလေးရှန်"

 

 

ဦးလေးရှန် ခဏမျှကြောင်အမ်းသွားပြီးနောက် ချက်ချင်းသဘောပေါက်သွားခဲ့သည်။

 

 

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဖုန်းနျန်က ဒီလိုနေ့မျိုးရောက်လာမှာကို စိုးရိမ်လို့ ငါ့ကို ဒီစာကိုသေချာထိန်းသိမ်းထားဖို့ သေချာမှာခဲ့တာ"

 

 

"မင်း မင်းတို့ ပေါက်ကရတွေလျှောက်ပြောနေတာ"

 

 

အဘွားကျောက် စိတ်ထဲလုံးဝမရေမရာ ဖြစ်သွားတော့၏။

 

 

'ဖုန်းနျန် သေခါနီးတုန်းက ငါကိုယ်တိုင် ဘေးမှာရှိနေခဲ့တာပဲ၊ စာဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲ၊ ဒီကောင်လေး ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာသေချာတယ်'

 

 

"သွားလေ၊ တိုင်ချင်သလောက် တိုင်စမ်း၊ ရုံးတော်အရာရှိကြီးက မင်းကို အဖက်လုပ်ပြီး ဂရုစိုက်မစိုက်ကြည့်တာပေါ့"

 

 

အဘွားကျောက် ထိုသို့ ဝင့်ဝင့်ကြွားကြွားပြောလိုက်သော်လည်း မထင်မှတ်ဘဲ ကျောက်ကန်းပေါင်၏အခန်းတံခါးမှာ ရုတ်တရက်ပွင့်လာခဲ့သည်။

 

 

"အမေ၊ အမေက ကျွန်‌တော်ရဲ့အရာရှိဖြစ်မယ့်အနာဂတ်လမ်းကြောင်းကို ဖျက်ဆီးချင်နေတာလား"

 

 

 

 

 

 

 

 

 

Search Novels