6


ညနေခင်းနေဝင်ရီတရောအချိန် ရောက်လာသောအခါ ယခင်က တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသော ရွာကလေးသည် သက်ဝင်လှုပ်ရှားလာခဲ့၏။ ရွာထဲမှ အဒေါ်ကြီးများသည် မီးဖိုချောင်များထဲတွင် အလုပ်ရှုပ်နေကြပြီး အိမ်တိုင်းလိုလိုသည် နှစ်သစ်ကူးပွဲတော်ရောက်မှသာ ထုတ်ချက်ရဲသည့် ဟင်းလက်ရာများကို ပြင်ဆင်ချက်ပြုတ်နေကြလေသည်။ အသားဟင်းရနံ့သင်းသင်းသည် လေထဲတွင် ပျံ့လွင့်နေပြီး ရွာ၏ထောင့်တိုင်းတွင် မွှေးပျံ့နေတော့၏။

လယ်ထဲတွင် အလုပ်လုပ်နေကြသော အမျိုးသားများသည်လည်း အိမ်သို့ပြန်ရန်ခြေလှမ်းများကို သွက်လိုက်ကြသည်။ ရွာထဲတွင် ပျော်ရွှင်စွာပြေးလွှားဆော့ကစားနေကြသော ကလေးများသည်လည်း မကြာမီစားရတော့မည့် အရသာရှိသောအစားအစာများအကြောင်း မနားတမ်းပြောဆိုနေကြလေ၏။ သက်ကြီးရွယ်အိုများသည် အိမ်ပေါက်ဝတွင်ထိုင်ကာ ရှားပါးလှသောဟင်း၏မွှေးရနံ့များကို ရှူရှိုက်ရင်း မျက်နှာတွင်ကျေနပ်ပီတိအပြုံးများ ဝေဆာနေကြသည်။

တစ်ရွာလုံးသည် နွေးထွေးပြီးဖော်ရွေသော လေထုအောက်တွင် သက်ဝင်လှုပ်ရှားနေကာ လူသားဆန်သော ကြင်နာမှုများနှင့် ပြည့်နှက်နေလေ၏။ မကြာမီတွင် ရွာသားများသည် အိမ်ပြင်ဘက်၌စားပွဲဝိုင်းများ ခင်းကျင်းလိုက်ကြသည်။ ရှောင်ကျိုးနှင့်ရွာအကြီးအကဲများမှာ စားပွဲဝိုင်းတစ်ဝိုင်းတွင် အတူတူဝင်ထိုင်လိုက်ကြ၏။ ချက်ပြုတ်ပြီးစီးသွားသော တောဝက်သားဟင်းပွဲများကို စားပွဲပေါ်သို့လာရောက်ပို့ဆောင်ပေးကြသည်။ အစ်မရွှီသည် ဟင်းချက်နည်းစာအုပ်အတိုင်း သေချာပြင်ဆင်ချက်ပြုတ်ထားသဖြင့် မွှေးပျံ့နေသောအနံ့ကို မည်သူမှမအောင့်အီးနိုင်ကြတော့ပေ။ အားလုံးမှာ ရွာလူကြီးလေးစတင်စားသုံးမည့်အချိန်ကို စောင့်မျှော်နေကြ၏။

ရှောင်ကျိုးသည် တောဝက်သားတစ်တုံးကိုယူလိုက်ပြီး ပါးစပ်ထဲသို့ထည့်လိုက်သည်။ သူမစားသည်ကိုမြင်မှသာ ကျန်သောသူများလည်း တူကိုယ်စီကိုင်ကာ စတင်စားသောက်ကြလေတော့၏။ တောဝက်သားသည် နူးညံ့ပြီး အရည်ရွှမ်းသော်လည်း အသားမှာ ကျစ်လစ်နေသည်။ အဆီပါသော်လည်း အီမနေဘဲ ထူးကဲသောမွှေးပျံ့မှုတစ်ခုက လျှာပေါ်တွင်လွတ်လပ်စွာပျံ့နှံ့သွားလေ၏။ ဤအရသာသည် ယခင်ကသူတို့စားခဲ့ဖူးသော ဆားအနည်းငယ်ထည့်ပြီးပြုတ်ထားသည့် တောဝက်သားနှင့် လုံးဝကွာခြားနေသည်။ ယနေ့စားသော တောဝက်သားသည် ညှီနံ့လုံးဝမရဘဲ ယုံနိုင်စရာမရှိလောက်အောင် မွှေးကြိုင်နေပေ၏။

ရွာသားများသည် ရွှီရှောင်ရှောင်၏ ထူးချွန်သော ဟင်းချက်လက်ရာကို ဝိုင်းဝန်းချီးကျူးကြသည်။ ရွှီရှောင်ရှောင်ကမူ လက်ကိုအမြန်ကာပြလိုက်ပြီး ဂုဏ်ပြုမှုအားလုံးကို သူမတစ်ယောက်တည်း မယူရဲပေ။ သူမပြောလိုက်၏။

"ကျွန်မက ရွာလူကြီးလေးပေးတဲ့ဟင်းချက်နည်းနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေအတိုင်းချက်လိုက်တာပါ" 

ထိုအခါ လူတိုင်းသည် ရှောင်ကျိုးဘက်သို့လှည့်ကာ ဝိုင်းဝန်းချီးကျူးကြပြန်သည်။ သူတို့ရွာလူကြီးလေးသည် တကယ်ကိုအစွမ်းကြီးမားလှ၏။ ဟင်းချက်နည်းကိုတောင် သိနေပြီဖြစ်သည်။ 


ရွာလူကြီးလေးမလုပ်တတ်တာရော ရှိသေးရဲ့လား။


ရွာအကြီးအကဲများ အားလုံးကမူ အသားစားရန်သာ အာရုံစိုက်နေကြသည်။ သူတို့တသက်လုံး ဒီလောက်စားကောင်းသောအသားဟင်းမျိုး တစ်ခါမှ မစားဖူးခဲ့ကြပေ။ သူတို့ဘဝသည် ဒီနေ့မှပဲနေပျော်တော့သလို ခံစားလိုက်ကြရသည်။ ထိုအချိန်တွင် ရှောင်ကျိုးစိတ်ထဲ၌ *စားလို့ကောင်းလိုက်တာ စားလို့ကောင်းလိုက်တာ စားလို့ကောင်းလိုက်တာ* ဟူသော အတွေးများသာပြည့်နှက်နေလေ၏။

ရွာသားတွေနေ့တိုင်း အသားစားနိုင်အောင်ပိုက်ဆံပိုရှာပေးရမယ်လို့ သူမ ဆုံးဖြတ်လိုက်သည်။ ရွာသားများဗိုက်ဝအောင် စားသောက်ပြီးကြသောအခါ အမျိုးသားများသည် ဝိုင်းဖွဲ့၍ကြွားလုံးထုတ်ကြပြီး၊ အမျိုးသမီးများကလည်း အိမ်မှုကိစ္စများကိုပြောဆိုကြကာ၊ ကလေးများမှာမူ သူတို့ကြီးလာလျှင် ရွာလူကြီးလေးလို အစွမ်းထက်သောသူဖြစ်အောင်လုပ်မည်၊ တောထဲသွားပြီး အမဲလိုက်ကာ နေ့တိုင်းအသားစားမည်ဟု ဆွေးနွေးနေကြလေ၏။

လေထုအခြေအနေသည် နှစ်သစ်ကူးပွဲတော်ထက်ပင် ပို၍စည်ကားသိုက်မြိုက်နေသေးသည်။ ရွှီရှောင်ရှောင်သည် ရွာလူကြီးလေး၏စူထွက်နေသော ဗိုက်ပူပူလေးကိုပွတ်ပေးရင်း ညဘက်အစာမကြေဖြစ်မှာကို စိုးရိမ်နေရှာ၏။ ရှောင်ကျိုးလည်း ဗိုက်နည်းနည်းတင်းသွားသလို ခံစားရသဖြင့် အစာကြေစေရန် ယွိဟွာကိုခေါ်ပြီး လမ်းလျှောက်ထွက်ရန် ပြင်လိုက်သည်။ ယနေ့ သူမကယ်တင်ခဲ့သော အဘိုးအိုကိုလည်း သွားကြည့်ရမည်။ ဒီတောဝက်ကြီးက အဲ့့အဘိုးအိုကိုကယ်ခဲ့လို့ရလာတဲ့ ဆုလက်ဆောင်ပဲလေ။

သားကောင်ထောင်ချောက်ကို အဘိုးအို၏ခြေထောက်မှ ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း ဒဏ်ရာမှာအနည်းငယ် ရောင်ရမ်းနေသည်ဟု သမားတော်ဟွမ်ပြောသည်ကို သူမကြားလိုက်ရသည်။ သမားတော်ဟွမ်၏အိမ်တွင် သွေးတိတ်ဆေးလောက်သာရှိမည်ပင်။


စနစ်မှ ခုနလေးတင်ဆုချထားသော ရောင်ရမ်းကျဆေးတစ်ပုလင်းရှိသည်ကို ရှောင်ကျိုး သတိရလိုက်သည်။ ထို့ကြောင့် သူမဆေးပုလင်းကို ယူဆောင်ပြီး သမားတော်ဟွမ်၏အိမ်သို့သွားကာ တံခါးခေါက်ပြီးဝင်လာလိုက်၏။ သစ်သားကုတင်ပေါ်တွင် လဲလျောင်းနေသော အဘိုးရွှီသည် ခေါင်းလှည့်ကြည့်လိုက်ရာ မျက်လုံးများပြူးကျယ်သွားရသည်။ သူသည် အိပ်ရာပေါ်မှဗြုန်းခနဲ ထထိုင်လိုက်ပြီး ရှောင်ကျိုးရှိရာသို့ ခြေဆာဆာဖြင့်လျှောက်လာကာ သူမထံစူးစိုက်ကြည့်နေတော့၏။


"မင်း မင်းနာမည်ကဘယ်သူလဲ"


"ငါက ထောင်ယွမ်ရွာရဲ့ ရွာလူကြီးရှီရှောင်ကျိုးပဲ" 
[ဒီနေရာမှာ ရှောင်ကျိုးအသက်ကိုထည့်မစဉ်းစားပါနဲ့။ သူကရွာလူကြီးပါ]


ရှောင်ကျိုး ရင်ကော့ပြီးဂုဏ်ယူဝင့်ကြွားစွာ မိတ်ဆက်လိုက်သည်။

"ဘယ်လိုလုပ်ပြီး ဒီလောက်တောင်တူနေရတာလဲ" 

အဘိုးရွှီသည် ရှောင်ကျိုးကိုထိတ်လန့်တကြားစိုက်ကြည့်နေမိသည်။ လောကကြီးမှာ ဒီလောက်တောင်ရုပ်ချင်းဆင်တူတဲ့ လူနှစ်ယောက်ရှိနိုင်ပါ့မလား။

"ဘယ်သူနဲ့ တူလို့လဲ"


ရှောင်ကျိုး ဇဝေဇဝါဖြစ်သွားရသည်။ ဒီအဘိုးက ခေါင်းထိထားတာများလား။ ကြည့်ရတာ တစ်မျိုးကြီးပဲ။

"မဟုတ်ပါဘူး ဘယ်သူနဲ့မှမတူပါဘူး"

အဘိုးအို၏မျက်လုံးများမှာ ဗလာကျင်းသွားရသည်။ သူသည်သစ်သားကုတင်ပေါ်သို့ တွေဝေငေးမောဟန်ဖြင့်ပြန်ထိုင်ချလိုက်ပြီး အတွေးထဲတွင်နစ်မြောသွားလေသည်။ သူသည် ချက်ချင်းပင် အသက်အများကြီးပိုကြီးသွားသလိုဖြစ်သွားပြီး နဂိုကတည်းမှ စုတ်စုတ်ပြတ်ပြတ်ဖြစ်နေသော အဘိုးအိုမှာ ပို၍ပင်ရှုပ်ပွသွားသယောင်ရှိလေ၏။ ရှောင်ကျိုးသည် ရောင်ရမ်းကျဆေးကို အမြန်ထုတ်လိုက်ပြီး အဘိုးအိုကို ပေးလိုက်သည်။ 


"ရော့ ဒါအဘိုးအတွက်"


အဘိုးရွှီသတိပြန်ဝင်လာပြီး ဆေးဘူးကို ဖြည်းဖြည်းချင်းလှမ်းယူလိုက်သည်။ ယခင်က တစ်ခါမှမမြင်ဖူးသော ပုံစံထူးဆန်းသည့် ဆေးဘူးကိုကြည့်ရင်းမေးလိုက်၏။


"ဒါ ဘာကြီးလဲ" 


"လိမ်းဆေးလေ ရောင်ရမ်းကျဆေး၊ အဘိုးရဲ့ခြေထောက်ဒဏ်ရာကို သက်သာစေလိမ့်မယ်" 


ရှောင်ကျိုး ပြန်ဖြေသည်။

"ငါ့ကိုကယ်ပေးတဲ့အတွက်ရော၊ ဆေးပေးတဲ့အတွက်ရော ကျေးဇူးပါပဲ ကလေးရယ်၊ မင်းမိဘတွေက ဘယ်သူတွေလဲ၊ ဒီနှစ်မင်းအသက် ဘယ်လောက်ရှိပြီလဲ" 


အဘိုးရွှီ စမ်းသပ်ဟန်ဖြင့်မေးလိုက်သည်။


"ငါ့မှာ မိဘတွေမရှိဘူး၊ တောင်ပေါ်ကနေ ရွာအကြီးအကဲအဘိုးတို့ကောက်ရတာ၊ ပြီးတော့ ငါ့အသက်ကငါးနှစ်ရှိပြီ"

ရှောင်ကျိုးသည် ရွာအကြီးအကဲအဘိုးများ သူမကိုရွာသို့ပြန်ခေါ်လာခဲ့သည်ကို မှတ်မိနေသည်။ သူမမွေးပြီးပြီးချင်း တောင်ပေါ်ရှိညောင်ပင်အောက်တွင် စွန့်ပစ်ခံခဲ့ရကြောင်းနှင့် ထို့နောက်ငါးနှစ်လုံးလုံး ထောင်ယွမ်ရွာတွင်သာနေထိုင်ခဲ့ကြောင်း ရွာသားများပြောပြသံကိုကြားဖူး၏။ ဤငါးနှစ်တာကာလအတွင်း သူမကိုမည်သူမှလာမရှာခဲ့ကြချေ။ ကလေးပျောက်သွားသည့် မိသားစုရှိသည်ဟုလည်း မကြားမိပေ။

ရွာလူကြီးနှင့် အခြားသူများမှာမူ သူတို့ရွာလူကြီးလေးသည် လူ့ပြည်သို့ဆင်းသက်လာသော နတ်ဘုရားတစ်ပါး ဖြစ်သည်ဟုသာ အခိုင်အမာယုံကြည်ကြသည်။ ထောင်ယွမ်ရွာ၏ဘိုးဘွားပိုင် သင်္ချိုင်းမြေမှ မီးခိုးစိမ်းများထွက်သည် (ကံကောင်းခြင်းများ ရောက်လာသည်ဟု ဆိုလိုသည်)ဟုပင် ပြောကြ၏။ သူတို့ရွာလူကြီးလေးသည် သူတို့ရွာ၏တောင်ပေါ်သို့ တည့်တည့်ကျလာပြီး သူတို့မှကောက်ယူခဲ့ရခြင်းဖြစ်သည်ဟုဆိုကြသည်။

ဒီနှစ်တွေတစ်လျှောက်လုံး ရှောင်ကျိုးသည် သူမမိဘများမှာ မည်သူဖြစ်ကြောင်းနှင့် ဘာကြောင့်ညောင်ပင်အောက်တွင် လာပစ်ထားခဲ့သည်ကို တစ်ခါမှမတွေးတောခဲ့သလို မိသားစုကို လိုက်ရှာဖို့လည်း စိတ်ကူးမရှိခဲ့ပေ။ သူမ၏လက်ရှိဘဝသည် အတော်လေး ကောင်းမွန်သည်ဟုခံစားရပြီး ရွာထဲမှလူတိုင်းသည်လည်း သူမ၏ဆွေမျိုးသားချင်းများသာဖြစ်ပေသည်။ အဘိုးရွှီသည် နောက်သို့ခြေလှမ်းယိုင်သွားပြီး လက်ထဲမှဆေးဘူးပင်ပြုတ်ကျလုမတတ်ဖြစ်သွားလေ၏။


"မင်းအသက်က ငါးနှစ်၊ မိဘလည်းမရှိဘူးဟုတ်လား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ"

ရှောင်ကျိုးသည် ကုတင်ဘေးတွင်ငူငူငိုင်ငိုင်ထိုင်နေပြီး အတွေးလွန်ကာ စိတ်ဓာတ်ကျနေပုံရသော အဘိုးအိုကို ကြည့်ရင်း ဒီလူကြီးတော်တော်ထူးဆန်းတာပဲဟု တွေးလိုက်မိသည်။ ထို့နောက် သူမစပ်စပ်စုစုဖြင့်မေးလိုက်၏။ 


"အဘိုးက ဘယ်သူလဲ၊ ဘာလို့ငါတို့ရွာနောက်ဖေးတောင်ပေါ်ကို ရောက်နေတာလဲ"


အဘိုးရွှီသည် အပြစ်ကင်းစင်သောမျက်နှာလေးနှင့် ရှောင်ကျိုးကိုကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှထူးခြားသော အရိပ်အယောင်များကို အမြန်ဖျောက်လိုက်သည်။ ထို့နောက် ဆေးဘူးကိုဖွင့်ကာ ခြေထောက်ကိုဆေးလိမ်းရင်းပြောလိုက်လေ၏။ 

"ငါ့ကို အဘိုးရွှီလို့ပဲခေါ်ပါ၊ ဘယ်လိုလုပ်ဒီရောက်လာလဲတော့ ငါလည်းမသိဘူး၊ လမ်းမှားလာတာပဲဖြစ်မယ်"

ထိုအကြောင်းပြောရင်း အဘိုးရွှီဒေါသထွက်လာလေသည်။ 

"ဘယ်ကောင်စုတ်လေးကများ တောင်ပေါ်မှာတွင်းတူးပြီး ထောင်ချောက်လုပ်ထားလဲမသိပါဘူးကွာ၊ ငါလည်းအဲ့ထဲ ပြုတ်ကျသွားတာပဲ၊ အကြာကြီးအော်ခေါ်တာတောင် ဘယ်သူမှရောက်မလာဘူး၊ အရိုးတွေဆွေးနေတဲ့ ဒီအဘိုးကြီးခမျာ တွင်းထဲမှာသတိလစ်သွားတဲ့ထိ နာကျင်ပြီးလဲနေရတာ"

ရှောင်ကျိုးသည် မုဆိုးထျန်းအတွက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ဖယောင်းတိုင်မီးထွန်းပေးလိုက်လေသည်။ အဘိုးရွှီမှ ထောင်ချောက်ကို မည်သူလုပ်ထားသည်အား သူမကိုမေးလာမည်စိုးသဖြင့် ရှောင်ကျိုးအမြန်လစ်မှဖြစ်မည်ဟု တွေးလိုက်၏။ ထို့ကြောင့် အဘိုးရွှီကိုဆေးမှန်မှန်လိမ်းရန်နှင့် ကောင်းကောင်းအနားယူရန် မှာကြားပြီးနောက် သမားတော်ဟွမ်၏နေအိမ်မှ ယွိဟွာကိုခေါ်ကာ အမြန်ထွက်ခွာလာခဲ့လေတော့သည်။


နောက်တစ်နေ့ မနက်စောစောတွင် အပြင်ဘက်၌ မိုးဖွဲလေးများစတင်ကျဆင်းလာလေ၏။ မကြာမီတွင် မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။ ရွာသားများသည် အိမ်ထဲမှ အပြေးအလွှားထွက်လာကြ၏။ သူတို့သည် မိုးရေထဲတွင်ပျော်ရွှင်စွာ အော်ဟစ်ပြေးလွှားကြရင်း နှစ်ပေါင်းများစွာဖိနှိပ်ထားခဲ့ရသော ခံစားချက်များကို ဖွင့်ထုတ်လိုက်ကြလေသည်။ သူတို့ရင်ထဲမှ စိုးရိမ်ပူပန်မှုများသည် ကျဆင်းလာသော မိုးရေစက်များနှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အနာဂတ်အတွက်မျှော်လင့်ချက်ရောင်ခြည်များ အစားထိုးဝင်ရောက်လာကြတော့၏။

ရွာအကြီးအကဲများသည် ပျော်ရွှင်ရုံသာမက ရွာလူကြီးလေးအပေါ် ပို၍ပင် လေးစားပြီးကျေးဇူးတင်သွားကြလေသည်။ သူတို့ရွာလူကြီးလေးသည် တကယ်ပင် ကောင်းကင်ဘုံမှလူ့ပြည်သို့ဆင်းသက်လာသော နတ်ဘုရားတစ်ပါးဖြစ်ပေ၏။ သူတို့ထောင်ယွမ်ရွာလေးသည် ဘိုးဘွားများ၏ကောင်းချီးပေးခြင်းခံ‌နေရပြီပင်။


7


ရွာသားများ၏ အော်ဟစ်အားပေးသံကြောင့် ရှောင်ကျိုးနိုးလာခဲ့လေသည်။ မိုးစက်မိုးပေါက် ကျသံများပါ ကြားလိုက်ရသဖြင့် စနစ်မှ ဟောကိန်းထုတ်ထားသည့်အတိုင်း ယနေ့ တကယ်မိုးရွာပြီပင်။
အဝတ်အစားလဲ၊ မျက်နှာသစ်ပြီးသည့်နောက် ရှောင်ကျိုးသည် ခြံဝင်းထဲတွင် ယွိဟွာနှင့်ဆော့ကစားနေလိုက်သည်။ စနစ်ဆိုင်၏လဲလှယ်ရေး မျက်နှာပြင်တွင် ကြက်စာပါလာသည်ကိုတွေ့လိုက်ရသဖြင့် သူမ၏အမှတ် (၂)မှတ်ကိုအသုံးပြုပြီး ယွိဟွာအတွက် ကြက်စာတစ်အိတ် ဝယ်ပေးလိုက်၏။

"သခင် သခင်ကအကောင်းဆုံးပဲ၊ ယွိဟွာက သခင့်ကိုအချစ်ဆုံး"


ယွိဟွာသည် ရှောင်ကျိုးခြေထောက်နားတွင် တောင်ပံခတ်ပြီး ပျော်ရွှင်စွာ အော်မြည်နေတော့၏။

"လိမ္မာတယ် အစာစားပြီးရင် ဥ,ဥပေးနော်"

ယွိဟွာသည် နေ့တိုင်းဥတစ်လုံး ဥပေးလေ့ရှိပြီး အစ်မရွှီမှာ မနက်တိုင်းရှောင်ကျိုးအတွက် ကြက်ဥပြုတ်ပေးလေ့ရှိသည်။ ရှောင်ကျိုး အပြင်ဘက်ကိုလှမ်းကြည့်လိုက်သောအခါ မိုးနည်းနည်း တိတ်သွားသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်မှာပင် ရွာအကြီးအကဲအဘိုးနှင့်အခြားလူများသည် ခြံဝင်းတံခါးဝသို့ ရောက်ရှိလာကြသည်။ ရွာအကြီးအကဲလီမှာ မစောင့်နိုင်တော့ဘဲ လှမ်းပြောလိုက်လေ၏။ 

"ရွာလူကြီးလေး တကယ်ကြီးမိုးရွာတာပဲ"

ရွာအကြီးအကဲအဘိုးများ၏မျက်နှာတွင် အပြုံးများဝေဆာနေကြသည်။

"ရွာလူကြီးလေးကျေးဇူးကြောင့် ဒီမနက် မိုးရွာလိုက်တာ လယ်မြေတွေ စိုစွတ်သွားပြီး အပင်တွေပြန်ရှင်ဖို့ အခွင့်အရေးရသွားပြီ၊ ဒါနဲ့ မနေ့ကကယ်လာတဲ့အဘိုးက ရွာလူကြီးလေးရဲ့ ခြံဝင်းထဲမှာ အခန်းငှားနေချင်တယ်တဲ့၊ တစ်လကိုငါးတေးပေးမယ်လို့ ပြောတယ်၊ ရွာလူကြီးလေး ဘယ်လိုသဘောရလဲ"

တစ်လကို ငါး‌တေးဆိုပါလား။ ရွာအကြီးအကဲများအားလုံး ရင်ခုန်သွားကြလေသည်။ သာမန်ရွာသားတစ်ယောက်ဆိုလျှင် တစ်နှစ်လုံးနေလို့တောင် ငါးတေးဝင်မည်မဟုတ်ပေ။ သို့သော် ဤလူကြီးမှာတစ်လငှားခကို ဤမျှလောက်ပေးမည်ဆိုသဖြင့် ချမ်းသာသူများ၏တွေးခေါ်ပုံကို သူတို့ လိုက်မမီနိုင်အောင်ပင်ဖြစ်ချေပြီ။
ရှောင်ကျိုး စဉ်းစားလိုက်၏။ သူမခြံဝင်းသည်ကျယ်ဝန်းပြီး အခန်းလွတ်များလည်း အများကြီးရှိနေသည်။ အစ်မရွှီ တစ်ခန်း၊ သူမ တစ်ခန်းယူထားပြီး ကျန်သည့် လေးခန်းမှာအခန်းလွတ်များ ဖြစ်နေ၏။ တစ်လကို ငါးတေးနှင့်ငှားရမည်ဆိုသည်မှာ မထင်မှတ်ဘဲရလိုက်သည့် ဆုလာဘ်ကြီးတစ်ခုပင်ဖြစ်သည်။

"ရပါတယ်၊ နောက်ဖေးခြံဝင်းနားမှာ အခန်းလွတ် သုံးခန်းရှိတယ်၊ အဘိုးရွှီ ကြိုက်တဲ့အခန်း ရွေးနေပါစေ"

မကြာမီတွင် အဘိုးရွှီရောက်ရှိလာလေသည်။ မနေ့ည၌ ရွာအကြီးအကဲများနှင့် ဘာတွေဆွေးနွေးထားမှန်းမသိသော်လည်း ယနေ့တော့ ရှောင်ကျိုးထံကြင်နာယုယသည့် မျက်လုံးများဖြင့်ကြည့်လာသဖြင့် ကြက်သီးများပင်ထလာရ၏။ သူမလည်း အော်ပြောပြီး ထွက်ပြေးလာခဲ့တော့သည်။

"အဘိုးရွှီ ကြိုက်တဲ့အခန်း ရွေးနေလိုက်နော်" 

ကြောက်စရာ ကောင်းလိုက်တာ။ အဘိုးရွှီပြုံးနေတဲ့ပုံက ကလေးလူကုန်ကူးတဲ့ လူပွဲစားနဲ့တူနေတယ်။ ငါ့ကချစ်ဖို့ကောင်းလွန်းလို့ ဖမ်းခေါ်သွားချင်နေတာများလား။

ရှောင်ကျိုး သူမ၏ထူးဆန်းသော အတွေးများကို ခေါင်းထဲမှထုတ်လိုက်ပြီး အဒေါ်လျို့ဆီသို့ အမြန်သွားလိုက်လေသည်။ သူမ၏အဝတ်အိတ်အကြီးကြီးရမရ သွားကြည့်ရမည်ဖြစ်၏။
အဒေါ်လျို့မှာ ရှောင်ကျိုးအားမြင်လိုက်သည်နှင့် တစ်ညလုံးချုပ်ထားသည့် အိတ်ကလေးကိုထုတ်ပေးပြီး ရှောင်ကျိုးလည်ပင်းတွင် ဆွဲပေးလိုက်သည်။ ပန်ဒါဝက်ဝံအိတ်ကလေးမှာ သူမ၏ဗိုက်ပူပူလေးလောက်နီးပါးရှိနေပြီး ပြောမပြတတ်လောက်အောင်ချစ်စရာကောင်းနေတော့၏။

"လှလား အဒေါ်လျို့" 

ရှောင်ကျိုး ပန်ဒါနားရွက်လေးများကို ဆွဲရင်းမေးလိုက်၏။

"လှတာပေါ့ အဒေါ်တို့ရွာလူကြီးလေးက ဘာဝတ်ဝတ်လှပြီးသား၊ ကြည့်ရတာ တိရစ္ဆာန်အမွေးပွှလေးကို ဖက်ထားသလိုပဲ"

ရှောင်ကျိုးလည်း ထိုသို့ပင်တွေးလိုက်မိသည်။ အဒေါ်လျို့လက်ရာမှာ တော်တော်ကောင်းမွန်သဖြင့် ဒီအတိုင်းထားလျှင် နှမြောစရာပင်။ 

"ဒီလို ချစ်စရာကောင်းတဲ့အိတ်ဆန်းဆန်းလေးတွေကို အများကြီးချုပ်ပြီး မြို့မှာသွားရောင်းရင်ကောင်းမယ်၊ မြို့က,ကလေးတွေဆို အဒေါ်လျို့အိတ်ကို သေချာပေါက်ကြိုက်ကြမှာ ယုံလိုက်"


ရှောင်ကျိုး ယုံကြည်မှုရှိရှိဖြင့်ပြောလိုက်သည်။

"တကယ်လား မြို့ကအပ်ချုပ်ဆိုင်တွေက အဒေါ့်ထက်ပိုချုပ်တတ်ကြမှာပါ၊ သူတို့က အဒေါ့်လက်ရာကိုလိုချင်ပါ့မလား၊ ရွာလူကြီးလေးကလည်း မနောက်ပါနဲ့" 

အဒေါ်လျို့ ရှက်သွေးဖြာရင်းပြောလိုက်လေသည်။


"တကယ်ပြောတာ အားသို့နဲ့တနွီကို မေးကြည့်ပါလား" 

ပြောပြောဆိုဆိုနှင့် ရှောင်ကျိုးမှာ အိမ်ထဲပြေးဝင်သွားပြီး ကလေးနှစ်ယောက်ကို သွားခေါ်လိုက်သည်။ အားသို့သည် ပန်ဒါအိတ်ကလေးကို စိုက်ကြည့်ရင်း သူလည်း လိုချင်လာတော့၏။

"ရွာလူကြီးလေး အဲ့ပန်ဒါပုံက မနေ့က သကြားလုံးပုံစံမလား" 

အားသို့မှာ ပန်ဒါလက်သည်းလေးကို ပွတ်သပ်ရင်း မေးလိုက်သည်။

"အဒေါ်လျို့က သကြားလုံးခွံကိုကြည့်ပြီး ပုံတူကူးချုပ်ပေးထားတာလေ" 

အားသို့ ဆွဲဖြုတ်လိုက်မည်စိုးသဖြင့် ရှောင်ကျိုး ပန်ဒါလက်ကိုဖြည်းဖြည်းချင်း ပြန်ဆွဲယူလိုက်သည်။ အားသို့မှာ သူ့အမေ၏အင်္ကျီလက်စကို ဆွဲကာပြောလိုက်လေ၏။ 

"အမေ သားကိုကျားပုံလေး လုပ်ပေးပါနော်"

အဒေါ်လျို့သီးတောင်သီးသွားရသည်။


"အမေက ပုံတူပဲကူးတတ်တာလေ၊ ကိုယ့်ဘာသာ ကျားပုံဘယ်လိုလုပ်ဆွဲတတ်မှာလဲ"

သကြားလုံးခွံပေါ်မှ မျဉ်းကြောင်းများသည် ရိုးရှင်းပြီးချစ်စရာကောင်းသဖြင့် ပုံတူကူးရလွယ်ကူသော်လည်း သက်ရှိကျားတစ်ကောင်ပုံကို စိတ်ကူးဖြင့်ပုံဖော်ရန်မှာမူ သူမအတွက်ခက်ခဲလွန်းလှပေသည်။ ရှောင်ကျိုးမှာ စနစ်ဈေးဆိုင်ထဲမှ တိရစ္ဆာန်ပုံစံထုပ်ပိုးထားသောကွတ်ကီးများနှင့် သကြားလုံးများကို သတိရလိုက်၏။ သူမအမြန်ပင်အမှတ်ဖြင့် မုန့်များလဲလိုက်သည်။ ကျားပုံပါသည့် မုန့်ထုပ်ခွံကိုထုတ်ပေးလိုက်၏။ 

"ဒါဆိုရင်ရော အဆင်ပြေလား"

ဘီစကစ်မုန့်ထုပ်ခွံပေါ်မှာတော့ ဖက်တီးကျားလေးက ချစ်စရာကောင်းအောင် ပြုံးပြနေလေသည်။

"အမေ အဲ့ဒါ သားအဲ့ပုံကိုလိုချင်တာ" 


အားသို့ချက်ချင်း အော်ပြောလိုက်သည်။


"ကောင်းပါပြီ ဒီည သားတို့မောင်နှမအတွက် တစ်ယောက်တစ်လုံးချုပ်ပေးမယ်" 

အဒေါ်လျို့မှာ မုန့်ထုပ်ခွံကိုလှည့်ကြည့်ရင်း သဘောကျနေလေသည်။ တနွီလည်း တိရစ္ဆာန်ပုံအိတ်ကလေး လိုချင်ရှာ၏။ သူမ,မနေ့ကစားခဲ့သော ယုန်ပုံပါသည့်နို့သကြားလုံးခွံလေးကို သတိရသွားပြီး အမြန်ပြေးယူလိုက်သည်။

"အမေ သမီးအတွက်ကျတော့ ယုန်ပုံအိတ်ကလေး ချုပ်ပေးလို့ရမလား" 

သူမသကြားလုံးခွံလေးကို ရှက်ရွံ့စွာ ကမ်းပေးလိုက်သည်။ အဒေါ်လျို့မှာ ယုန်ပုံလေးကို သေချာကြည့်ပြီးပြုံးလိုက်၏။ 

"ရတာပေါ့ ဒီညသားတို့မောင်နှမအတွက် တစ်ယောက်တစ်လုံးချုပ်ပေးမယ်"

"ကျေးဇူးပါ အမေ၊ အမေကအကောင်းဆုံးပဲ" 

မောင်နှမနှစ်ယောက် ပြိုင်တူအော်ဟစ်လိုက်ကြလေသည်။ ထိုအချိန်မှာပင် အပြင်ဘက်မှနေ ဆူညံသံများထွက်ပေါ်လာ၏။ အိမ်နီးချင်းဝမ်မိသားစုဆီမှ ဖြစ်ပုံရသည်။ ရှောင်ကျိုးနှင့် အခြားလူများအမြန်ထွက်ကြည့်လိုက်ကြ၏။ စပ်စုချင်သည့် အိမ်နီးနားချင်းများလည်း ရောက်နှင့်နေကြပြီဖြစ်သည်။
အတင်းအဖျင်း ပြောရခြင်းသည် လူသားတို့၏အကြိုက်ဆုံး အပျင်းပြေ လုပ်ဆောင်မှုတစ်ခုပင် ဖြစ်လေ၏။

"ဝမ်ကျန့်ယီ ငါတို့က မင်းကိုကျောင်းထားပေးဖို့ ခြိုးခြံချွေတာပြီးပိုက်ဆံစုနေရတာ၊ မင်းကတော့ ကျောင်းမသွားဘဲ ဆိပ်ကမ်းမှာကုန်သွားထမ်းနေတယ်ပေါ့လေ" 

အဒေါ်ဝမ် ဒေါသတကြီးဖြင့်အော်ဟစ်ပြီး သူ့နားရွက်ကိုလိမ်ဆွဲလိုက်သည်။

"အ အ နာတယ်၊ သားကျောင်းမတက်ချင်တော့ဘူး၊ ဘယ်တော့မှ မသွားတော့ဘူး" 


ဝမ်ကျန့်ယီ နားရွက်ကိုအုပ်ရင်း အော်ဟစ်နေရှာသည်။

"ငါ မင်းကိုသေအောင်ရိုက်ပြီး ကျောင်းလွှတ်ရမလား" 

အဒေါ်ဝမ် တံမြက်စည်းကိုယူပြီး အားကုန် ရိုက်နှက်လေတော့သည်။
ဝမ်ကျန့်ယီမှာ ရှောင်တိမ်းပြီးထွက်ပြေးလေတော့၏။ ပုံမှန်ဆိုလျှင် မြေးကိုအလိုလိုက်တတ်သည့် အဘိုးဝမ်နှင့် အဘွားဝမ်တောင် ဤကိစ္စတွင်မတားဘဲ ဝင်မပါကြချေ။ ဝမ်မိသားစုမှာ အခြားသူများနှင့်ယှဉ်လျှင် ပြေလည်သည့်ထဲပါသော်လည်း ဝမ်ကျန့်ယီကို ကျောင်းထားနိုင်ရန် တစ်မိသားစုလုံး ခါးပတ်တင်းတင်းစည်းပြီး စုဆောင်းနေကြရခြင်းဖြစ်သည်။ မနေ့ဥ အဒေါ်ဝမ် မြို့ထဲသွားတော့မှ ကျောင်းဆရာမှ သူ့သားကျောင်းမလာသည်မှာ ရက်အတော်ကြာပြီဖြစ်ကြောင်း ပြောလိုက်လေ၏။ သူမနှင့်ခင်ပွန်းဖြစ်သူဝမ်ရန်ကွေ့တို့ တစ်ညလုံးလိုက်ရှာကြရာ ဤမနက်မှဆိပ်ကမ်းတွင် သူကုန်ထမ်းနေသည်ကို သွားတွေ့ကြတော့သည်။ ဒေါသထွက်လွန်း၍ မေ့လဲမတတ်ဖြစ်သွားသည့် ဝမ်ရန်ကွေ့မှာ သားဖြစ်သူကို အိမ်ပြန်ဆွဲခေါ်လာပြီး ယခုကဲ့သို့ မြင်ကွင်းမျိုး ဖြစ်လာရခြင်းပင်။


8

မစ်ရှင်လာပါပြီ - ဝမ်ကျန့်ယီ ကျောင်းမတက်ရသည့် အကြောင်းရင်းကို ရှာဖွေပါ။ 


ဆုလက်ဆောင် - အမှတ် ၅၀ နှင့် ကံစမ်းမဲ တစ်စောင်။


စနစ်သည် ဤတစ်ကြိမ်တွင် သင်ခန်းစာ ရသွားပုံရလေသည်။ အကယ်၍ ဆုလက်ဆောင်ကို သခင်ဖြစ်သူထံ တိုက်ရိုက်ပြောပြလိုက်ပါက သခင်ဖြစ်သူသည် ဆုအားမမက်လျှင် စိတ်ဝင်စားမည်မဟုတ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်၏။ ဆုလက်ဆောင်များကို မဲဖောက်ပေးခြင်းကသာ သခင်ဖြစ်သူ၏စိတ်ဓာတ်ကို ပိုမိုတက်ကြွစေလိမ့်မည် ဖြစ်ပေသည်။ ရှောင်ကျိုးသည် ရင်းနှီးနေသောအသံကို ကြားလိုက်ရသဖြင့် မေးလိုက်၏။

"ကံစမ်းမဲထဲမှာ ဘာတွေပါလဲ"

စနစ်မှ ပြန်လည်ဖြေကြားလေသည်။


"ကျွန်တော်လည်း မသိပါဘူး။ သခင်ဖြစ်သူရဲ့ကံတရားပေါ်မှာပဲ မူတည်ပါတယ်။ ဆုမဲတွေ အကုန်လုံးကကျပန်းပါပဲ"


အမှန်စင်စစ်တွင် ရှောင်ကျိုးသည် သိပြီးသား ဆုလက်ဆောင်များထက်စာလျှင် ကံစမ်းမဲကိုပိုစိတ်ဝင်စားနေခြင်း ဖြစ်ပေသည်။ ရှောင်ကျိုးသည် တာဝန်ကို အမြန်ပြီးမြောက်အောင် ဆောင်ရွက်ပြီး ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဝမ်ကျန့်ယီကိုကြည့်လိုက်ပြီး သူမကျောင်းတက်ခဲ့ရစဉ်က အချိန်များကို ပြန်ပြောင်းတွေးတောမိလိုက်၏။ ဒါ ရှင်းနေတာပဲမဟုတ်လား။ သူ ကျောင်းမတက်ချင်လို့ပေါ့။
ထို့ကြောင့် သူမပြန်ဖြေလိုက်သည်။

"သူ စာမသင်ချင်လို့ နေမှာပေါ့၊ ဒါကြောင့် ကျောင်းမသွားတာ"


"သခင်ရေ ကျေးဇူးပြုပြီးအကြောင်းပြချက်ကို သေချာရှာဖွေပေးပါ။ ချက်ချင်ူကောက်ချက်မချလိုက်ပါနဲ့"


စနစ်မှာ အေးစက်စက်ဟန်ဖြင့်သာပြောဆိုပြီးနောက် ပျောက်ကွယ်သွားလေသည်။ ရှောင်ကျိုးမျက်နှာလေးမှာ ဒေါသကြောင့် ဖောင်းပွသွားရတော့၏။ ရှောင်ကျိုးမှာ အကြောင်းရင်းကိုမရှာချင်သော်လည်း ကံစမ်းမဲကိုမူလိုချင်မိသည်။ ရှောင်ကျိုး သူမဘေးနားတွင် ရပ်နေသော တနွီနှင့်အားသို့ကို ပြောလိုက်လေ၏။

"မနက်ဖြန် ငါတို့မြို့ကို သွားကြစို့"


အားသို့မှာ မြို့သွားရမည်ဟုကြားသောအခါ အလွန်စိတ်လှုပ်ရှားသွားပြီး အော်ဟစ်လေတော့သည်။

"သွားမယ် သွားမယ် ရွာလူကြီးလေး သားလိုက်ချင်တယ်"

တနွီ ခဏမျှစဉ်းစားလိုက်ပြီး မေးလိုက်၏။

"ရွာလူကြီးလေးမှာ ပိုက်ဆံရှိလို့လား"

တနွီအမြင်တွင် မြို့သွားသည်ဆိုသည်မှာ ပိုက်ဆံသုံးရန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ရွာသားများသည် တစ်ခုခု ဝယ်စရာရှိမှသာ လှည်းဖြင့်မြို့သို့သွားတတ်ကြ၏။ ပုံမှန်အားဖြင့် လူတိုင်းမှာရွာထဲ၌သာနေကြသည်။ တနွီကိုယ်တိုင်လည်း သူမတစ်သက်တာလုံးတွင် မြို့သို့ တစ်ခေါက်သာရောက်ဖူးသေး၏။
ရှောင်ကျိုး ရိုးသားစွာပင်ခေါင်းခါပြလိုက်သည်။

"လောလောဆယ်တော့ မရှိသေးဘူး၊ ဒါပေမယ့် မကြာခင်ရှိလာတော့မှာ"

သူမသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိနေသည်။ သူမ၏သကြားလုံးသည်ထူးခြားပြီး မြို့တွင်ရောင်းသော သကြားလုံးများထက် ပိုစားကောင်းပေသည်။ ပိုက်ဆံရအောင် ရှာနိုင်မည်ဟု သူမ သေချာနေ၏။ တနွီ မေးလိုက်သည်။

"ဒါဆိုရင် ငါတို့တွေ မြို့ကိုဘာသွားလုပ်မှာလဲ"

ရှောင်ကျိုးသည် သူမ၏ပန်ဒါအိတ်ကလေးကို လက်ညှိုးထိုးပြလိုက်၏။

"သကြားလုံး သွားရောင်းမလို့လေ၊ ငါ့မှာ အများကြီးကျန်သေးတယ်၊ မြို့က,ကလေးတွေကို သွားရောင်းကြမယ်၊ သူတို့ ဒီလိုသကြားလုံးမျိုး တစ်ခါမှစားဖူးကြမှာမဟုတ်ဘူး"

တနွီနှင့် အားသို့၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားကြလေသည်။ ဟုတ်သားပဲ ရွာလူကြီးလေးရဲ့သကြားလုံးက အရမ်းစားကောင်းတာလေ။ သေချာပေါက်ရောင်းကောင်းမှာပဲ။  á€Ąá€”ဏးတွင် ရှိနေသော ကျောက်ဟူသည် တနွီနှင့်အားသို့တို့ ရွာလူကြီးလေးဘေးတွင် ဝိုင်းဖွဲ့ပြောဆိုနေကြသည်ကိုမြင်သောအခါ စိုးရိမ်သွားလေသည်။ သူအမြန်ပြေးသွားပြီး သူတို့နှစ်ယောက်ကိုတွန်းထုတ်ကာ ရွာလူကြီးလေးကို မျက်နှာချိုသွေးပြီးပြောလိုက်တော့၏။

"ရွာလူကြီးလေး ဘာလုပ်စရာရှိလို့လဲ၊ ကျွန်တော့်ကို ခိုင်းလိုက်လေ၊ ကျွန်တော် သေချာပေါက် ကောင်းကောင်းလုပ်ပေးနိုင်တယ်"


သူဆိုသည့်ကျောက်ဟူမှာ ရွာလူကြီးလေး၏လက်ရုံးတစ်ဆူ ဖြစ်ရပေမည်။ သူ့မမြင်ကွယ်ရာ၌ ဤနှစ်ယောက်မှာ နံပါတ်တစ်နောက်လိုက်နေရာကို လုယူဖို့ ကြိုးစားနေကြ၏။

ဟမ့် ကံကောင်းလို့ ငါစောစောစီးစီးသိလိုက်ရတာ။


ထို့ကြောင့် တီးတိုးတိုင်ပင်နေသော လူသုံးယောက်သည် လူလေးယောက်ဖြစ်သွားလေသည်။ လေးယောက်သားမြို့ပေါ်တက်ပြီး ပိုက်ဆံရှာမည့် စီမံကိန်းကြီးကို ဆွေးနွေးပြီးသွားပြီပင်။ ထိုအခါမှ ကျောက်ဟူမှာ ဝမ်းပမ်းတနည်းဖြင့်ပြောလာသည်။

"ရွာလူကြီးလေး သူတို့ကိုကျ သကြားလုံးကျွေးပြီး ဘာလို့ ကျွန်တော့်ကျတော့ မကျွေးတာလဲ၊ ရွာလူကြီးလေး ကျွန်တော့်ကို မုန်းနေပြီလား"


ရှောင်ကျိုး ဘာပြောရမှန်းမသိ ဖြစ်သွားရလေသည်။

"ငါ နင့်ကို မမြင်မိလို့ပါ" 

ရှောင်ကျိုး ပြန်ဖြေလိုက်သည်။ ကျောက်ဟူ စိတ်ထဲမှနေတွေးလိုက်၏။ မနေ့ကတောင် ရွာလူကြီးလေးက ကျွန်တော့်ကို ခဏခဏတွေ့နေသေးတာကိုများ ဟမ့်  á€á€”ွဎနဲအဥဏးသိုအ နေ့တိုင်းရွာလူကြီးလေးနောက်လိုက်ပြီး ငါ့နေရာကို လုယူနေတာ သေချာတယ်။

ရှောင်ကျိုး အိတ်ကပ်ထဲမှသကြားလုံး အနည်းငယ်ကို အမြန်ထုတ်ယူပြီး ကျောက်ဟူလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် သူမမေးလိုက်၏။

"မြို့သွားတဲ့လမ်းကိုသိတဲ့လူ ဘယ်သူရှိလဲ၊ နင်တို့သိလား"


ကျောက်ဟူသည် သကြားလုံးတစ်လုံးကိုအခွံခွာပြီး ပါးစပ်ထဲထည့်လိုက်ကာ ပလုတ်ပလောင်းဖြင့် ဖြေလိုက်သည်။

"လျို့တကျူ သိတယ်၊ သူအရင်တုန်းက လောင်းကစားလုပ်တော့ နေ့တိုင်းမြို့ကို ပြေးတာလေ၊ ရှယ်ပဲ ဒီသကြားလုံးကအနံ့ရော အရသာရောအရမ်းမိုက်တယ်နော်"

ကျောက်ဟူသည် လျို့တကျူမှာ ဉာဏ်ကောင်းသော်လည်း သူ့ဉာဏ်ကို လမ်းမှားတွင်သုံးနေကြောင်း မိဘများပြောသံကိုမကြာခဏကြားဖူးသည်။ သူရှာသမျှ ပိုက်ဆံအကုန်လုံးကို လောင်းကစားဝိုင်းတွင် သွားဖြုန်းလေ့ရှိ၏။ အသက် ၃၀နားကပ်နေပြီဖြစ်သော်လည်း သူ့ကိုမိန်းကလေးတစ်ယောက်မှ လက်မထပ်ချင်ကြသဖြင့် လူပျိုကြီး ဖြစ်နေရှာသည်။ ရှောင်ကျိုးမှာဖြစ်နိုင်သည်ဟု ယူဆလိုက်၏။

"ဒါဆို ငါတို့လျို့တကျူကို သွားရှာပြီး မနက်ဖြန် မြို့ကိုလိုက်ပို့ခိုင်းကြမယ်"

သူတို့ကလေးတစ်သိုက် လျို့တကျူအိမ်သို့ရောက်သောအခါ အိမ်တွင်လျို့တကျူနှင့်အဘွားလျို့သာ ရှိကြသည်။ ရွာသားများပြောစကားအရ သူ့ကိုအဘွားလျို့မှ မွေးစားထားခြင်းပင်။ ငယ်စဉ်ကတည်းမှ သားအမိနှစ်ယောက် အတူတူနေထိုင်ခဲ့ကြသည်။ လျို့တကျူသည်ငယ်ရွယ်စဉ်၌ အဘွားလျို့အား ကောင်းကောင်းမွန်မွန်နေနိုင်စေရန် ချမ်းသာချင်စိတ်ဖြင့် လောင်းကစားဝိုင်းသို့သွားခဲ့ရာမှ မထင်မှတ်ဘဲ လောင်းကစားစွဲလမ်းသွားပြီး မိသားစုပိုက်ဆံများကိုဖြုန်းတီးပစ်ခဲ့ဖူးလေ၏။
သူတို့ အိမ်တံခါးခေါက်လိုက်ကြသည်။ ခဏကြာသောအခါ အဘွားလျို့အိမ်ထဲမှနေ တံခါးလာဖွင့်ပေးလာ၏။ ရွာလူကြီးလေးနှင့်အခြားသူများကို မြင်သောအခါ အဘွားလျို့မှာ အိမ်ထဲသို့အမြန်ဖိတ်ခေါ်လိုက်လေသည်။

"အဘွားလျို့ အစ်ကိုကြီးလျို့အိမ်မှာရှိလား" 


သူတို့မေးလိုက်ကြသည်။

"ရှိတယ် ရှိတယ်၊ အထဲမှာအိပ်နေတာလေ၊ တကျူ တကျူ မြန်မြန်ထစမ်း၊ ရွာလူကြီးလေး ရောက်နေတယ်" 

အဘွားလျို့ လှမ်းအော်နှိုးလိုက်သည်။
ရှောင်ကျိုးနှင့် အခြားသူများသည် အဘွားလျို့နောက်မှ လိုက်ဝင်သွားကြရာ တကျူသည် သစ်သားပျဉ်ပြားပေါ်တွင် အိပ်မောကျနေပြီး မိုးခြိမ်းသံတမျှ အသံကျယ်ကျယ်ဖြင့်ဟောက်နေသည်ကို တွေ့လိုက်ရ၏။ အဘွားလျို့သူ့ကို အမြန်နှိုးလိုက်သည်။

"ရွာလူကြီးလေး နင့်ကိုရှာနေတယ်၊ ဆက်အိပ်မနေနဲ့တော့"

ရှောင်ကျိုး လျို့တကျူကိုကြည့်ပြီး လေးလေးနက်နက် မေးလိုက်၏။

"တကျူ နင်ခုထိ လောင်းကစားလုပ်တုန်းပဲလား"

ရှောင်ကျိုးစိတ်ထဲတွင် လောင်းကစားဆိုသည်မှာ အလွန်ဆိုးရွားသောအရာဖြစ်သည်။ အိမ်နီးချင်းရွာမှ မာကျစ်ဆိုသူသည် လောင်းကစားကြောင့် စည်းစိမ်ဥစ္စာ အကုန်ဆုံးရှုံးပြီး သားသမီးများကို သူများလက်သို့ ရောင်းစားခဲ့ကြောင်း၊ မိန်းမဖြစ်သူ ထွက်ပြေးသွားကြောင်း၊ သူ့ကိုယ်တိုင်လည်း လက်ချောင်းနှစ်ချောင်းဖြတ်ခံလိုက်ရကြောင်း ရွာထဲမှအဒေါ်ကြီးများ ပြောသံကို သူမ ကြားဖူး၏။ ယခုဆိုလျှင် သူ့ဘဝသည်သေတာထက်ပင် ပိုဆိုးနေလေပြီ။

ရှောင်ကျိုးသည် သူမရွာသားများကို ထိုကဲ့သို့ မဖြစ်စေချင်ပေ။ လျို့တကျူသည် ရွာလူကြီးလေးမှ သူ့ကိုထိုသို့မေးလာသောအခါ ချက်ချင်းအိပ်ချင်ပြေသွားပြီး ခုံပေါ်မှထရပ်လိုက်မိသည်။ သူ့လက်ကိုအမြန်ယမ်းပြပြီး ပြောလိုက်လေ၏။

"ရွာလူကြီးလေး ကျွန်တော်က လောင်းကစားမလုပ်တော့ပါဘူး တကယ်ပါ"

အရင်တစ်ခေါက်၌ လောင်းကစားဝိုင်းမှလူများ မာကျစ်လက်ချောင်းများကို ဖြတ်ပစ်လိုက်သည်အား သူကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ယခုအခါသူသည် တကယ်ကိုလောင်းကစားမလုပ်ရဲတော့ပေ။

"ဒါဆိုရင် ကောင်းတာပေါ့၊ နင်နောက်တစ်ခါ လောင်းကစားထပ်လုပ်ရင် ရွာထဲကနေ မောင်းထုတ်ခိုင်းမယ်"

ထောင်ယွမ်ရွာ၏ရွာလူကြီးလေး အနေဖြင့် သူမတွင်ထိုအာဏာရှိပေသည်။ လျို့တကျူသည် ရွာလူကြီးလေးရှေ့တွင် ဒူးထောက်ချင်စိတ်ပင် ပေါက်သွားပြီး အမြန်ပင်ကတိပေးလိုက်၏။

"ရွာလူကြီးလေးရယ် ကျွန်တော် တကယ်မလုပ်တော့ပါဘူး၊ မယုံရင် အမေ့ကိုမေးကြည့်ပါ"

အဘွားလျို့ ဝင်ပြောလေသည်။

"ရွာလူကြီးလေး ဒီရက်ပိုင်း သူ လောင်းကစားဝိုင်းကို တကယ်မသွားပါဘူး၊ နေ့တိုင်း အိမ်မှာပဲအိပ်နေတာ၊ နောက်တစ်ခါ သူလောင်းကစားလုပ်ရင် ကျွန်မကိုယ်တိုင် ရွာလူကြီးလေးဆီတိုင်ပြီး သူ့ကိုရွာထဲကနေမောင်းထုတ်ခိုင်းမယ်"

လျို့တကျူမှာ နေရထိုင်ရခက်နေပြီး ရွာလူကြီးလေးမှာ ဘာကိစ္စကြောင့်သူ့ကို လောင်းကစားမလုပ်ဖို့ သီးသန့်လာသတိပေးရသနည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေလေသည်။ ရှောင်ကျိုးသည် လျို့တကျူပုံစံမှာ လောင်းကစားထပ်လုပ်မည့်ပုံ မပေါ်သည်ကိုတွေ့ရသဖြင့် ကျေနပ်သွားပြီးပြောလိုက်၏။

"ငါတို့ မနက်ဖြန်မြို့ကို သွားကြမလို့၊ နင် လိုက်ပို့ပေးပါလား"

"အဲဒါတော့မဖြစ်ဘူး ရွာလူကြီးလေး၊ ကျွန်တော်သာ ရွာလူကြီးလေးကိုရွာပြင်ခေါ်သွားရင် ရွာအကြီးအကဲတွေက ကျွန်တော် ရွာလူကြီးလေးကို လောင်းကစားဝိုင်းမှာ သွားရောင်းစားမယ်လို့ထင်ကြမှာပေါ့၊ သူတို့သေချာပေါက် သဘောတူမှာမဟုတ်ဘူး"

လျို့တကျူမှာ သူထိုကဲ့သို့မလုပ်မှန်း သိသော်လည်း သူသာရွာလူကြီးလေးတို့ကိုခေါ်သွားလျှင် တစ်ရွာလုံးစိတ်ပူနေကြမည်ကို သိနေသည်။

"ဘာခက်တာမှတ်လို့ ငါ့အဖေကိုပါလိုက်ခဲ့ခိုင်းလိုက်မယ်လေ၊ အစ်ကိုကြီးလျို့က မြို့လမ်းကိုကျွမ်းကျင်တော့ လမ်းပြလုပ်ပေးပေါ့"

ကျောက်ဟူတော့ ဤသည်မှာပြဿနာမဟုတ်ဟုထင်သည်။ အရေးကြီးဆုံးမှာ မနက်ဖြန်မြို့၌ သကြားလုံးသွားရောင်းဖို့ပင်ဖြစ်၏။ သူတို့အားလုံး ထိုသို့ပြောလာကြသဖြင့် လျို့တကျူတွင်လည်းငြင်းစရာအကြောင်းမရှိတော့ပေ။ ရှောင်ကျိုးနှင့် အခြားသူများသည် လျို့တကျူနှင့်အတူ နောက်နေ့သွားမည့် အချိန်ကို အတည်ပြုလိုက်ကြပြီးနောက် လျို့တကျူနှင့် အဘွားလျို့ကို နှုတ်ဆက်ကာ ပြန်လာခဲ့ကြလေတော့သည်။


9


နောက်တစ်နေ့မနက်တွင် ကျောက်ဟူနှင့် သူ့ဖခင်ကျောက်တလန်တို့သည် ရွာလူကြီးလေး၏ခြံဝင်းတံခါးဝတွင် လှည်းကိုအသင့်ပြင်ပြီး စောင့်ဆိုင်းနေကြပြီဖြစ်သည်။ မထင်မှတ်ထားဘဲ အပိုပါလာသူမှာ ဝမ်ကျန့်ယီဖြစ်လေ၏။ မနေ့က အဘွားလျို့အိမ်မှ အထွက်တွင် ရှောင်ကျိုး သူ့ကိုသတိရသွားခဲ့ခြင်းပင်။ သူမသည် အဒေါ်ဝမ်အိမ်သို့သွားပြီး ဝမ်ကျန့်ယီကိုပါခေါ်ခဲ့ရန် ပြောလိုက်ခြင်းဖြစ်သည်။ ပထမအချက်မှာ သူသည်မြို့ရှိကျောင်းတွင် တက်နေသူဖြစ်၍ မြို့ကိုသူတို့ထက်ပိုကျွမ်းကျင်သောကြောင့်ပင်။ ဒုတိယအချက်မှာတော့ သူမမစ်ရှင်ပြီးမြောက်အောင် သူ့ကိုအနည်းငယ် စပ်စုကြည့်ချင်သောကြောင့် ဖြစ်ပေသည်။

တနွီနှင့် အားသို့တို့သည် မနေ့ကအဒေါ်လျို့ချုပ်ပေးလိုက်သော ကျားပုံနှင့် ယုန်ပုံကျောပိုးအိတ်များကို လွယ်ထားကြလေ၏။ ကျောက်ဟူသည် သူတို့နှစ်ယောက်မှာ ရွာလူကြီးလေးနှင့်အိတ်ဆင်တူလွယ်ထားသည်အား မြင်သောအခါ မနာလိုလွန်းသဖြင့် မျက်လုံးများပင်နီရဲလာရတော့သည်။ သူသည် ကလေးနှစ်ယောက်နှင့်ရွာလူကြီးလေး၏ ပန်ဒါအိတ်ကြီးကို လက်ညှိုးထိုးပြပြီး မကျေမနပ်ဖြင့် ပြောလိုက်လေ၏။

"မြို့ကပြန်လာရင် ငါ့အမေကိုခြင်္သေ့ပုံ အိတ်ချုပ်ခိုင်းမယ်၊ နင့်ကျားပုံထက် အဆတစ်ရာလောက် ပိုမိုက်စေရမယ်"

အားသို့လည်း ငြိမ်ခံမနေဘဲပြန်ပက်လိုက်၏။

"မင်းခြင်္သေ့က ငါ့ကျားလောက် ဘယ်ကြည့်ကောင်းပါ့မလဲ၊ ငါ့ကျားက ရှယ်ပဲဟ"


နှစ်ယောက်သား အလျှော့မပေးဘဲ အပြန်အလှန်ငြင်းခုန်နေကြရာ ရန်ပွဲမှာပိုကြီးမားလာလေသည်။

"နင်တို့နှစ်ယောက် လိုက်မှာလား မလိုက်ဘူးလား" 


ရှောင်ကျိုး ဒေါသတကြီးအော်လိုက်သည်။ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ကောင်လေးနှစ်ယောက် လှည်းပေါ်သို့ လိမ်ဖည်လိမ်ဖည်ဖြင့် တက်သွားလိုက်ကြသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်မျက်စောင်းထိုးရင်း မီးဝင်းဝင်းတောက်မတတ် ကြည့်နေကြသော်လည်း ရွာလူကြီးလေးမှလှည့်ကြည့်လိုက်သည်နှင့် ချက်ချင်း မျက်နှာလွှဲကာ ခါးမတ်မတ်ထားပြီး ငြိမ်ငြိမ်လေး ထိုင်လိုက်ကြတော့၏။
ဝမ်ကျန့်ယီသည် စကားတစ်ခွန်းမှမပြောဘဲ လှည်းပေါ်တက်လိုက်သည်။ စရောက်လာကတည်းမှ ယခုအချိန်ထိ သူသည် စကားတစ်ခွန်းမှဝင်မပြောခဲ့ပေ။ မနေ့ကသာ အဒေါ်ဝမ် သူ့ကိုအော်ဟစ်ဆူပူနေသည်ကိုမမြင်ဖူးလျှင် ရှောင်ကျိုး သူ့အားဆွံ့အနားမကြားသူဟုသာ ထင်မှတ်မိပေလိမ့်မည်။

လှည်းသည် ဂဂျိုးဂဂျောင်လမ်းတစ်လျှောက် အတော်ကြာအောင် မောင်းနှင်လာပြီး နောက်ဆုံးတွင် မြို့သို့ ရောက်ရှိလာလေသည်။ လမ်းခရီးတွင် ရှောင်ကျိုးမှ လျို့တကျူကိုမေးမြန်းထားရာ ယုံဖူစားသောက်ဆိုင်ပတ်ဝန်းကျင်သည် လူအစည်ကားဆုံးဖြစ်ကြောင်းနှင့် ထိုလမ်းတစ်လျှောက်တွင် ဈေးဆိုင်တန်းများဖြင့် ပြည့်နှက်နေပြီး လူသွားလူလာအလွန်များပြားကြောင်း သိရှိခဲ့ရ၏။ ရှောင်ကျိုးသည် သူမအိတ်ကပ်ထဲမှ သကြားလုံးအချို့ကိုထုတ်ယူပြီး တနွီနှင့်အားသို့၏ကျောပိုးအိတ်များထဲသို့ ထည့်ပေးလိုက်သည်။

"ငါတို့ ဒီသကြားလုံးတွေကို ယုံဖူစားသောက်ဆိုင်နားမှာ ရောင်းကြမယ်၊ တစ်လုံးကို ၅ ပြားနော်"

ကျောက်ဟူနှင့်ဝမ်ကျန့်ယီဘက်သို့လှည့်ပြီး သူမဆက်ပြောလိုက်၏။

"နင်တို့နှစ်ယောက်က ပိုက်ဆံကောက်ပြီး ဝယ်သူတွေကို သကြားလုံး ထုတ်ပေးရမယ်"


လေးယောက်သား ပြိုင်တူပြန်ဖြေလိုက်ကြသည်။


"စိတ်ချပါ"

"ရွာလူကြီးလေး ၅ ပြားနဲ့ တကယ်ရောင်းထွက်ပါ့မလား" 


တနွီ စိုးရိမ်တကြီး မေးလိုက်သည်။ 

"မြို့မှာရောင်းတဲ့ မုယောသကြားလုံးတောင် တစ်လုံးမှ ၂ ပြားပဲပေးရတာလေ"


"ရောင်းထွက်တာပေါ့" 


ရှောင်ကျိုး ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။ 

"ငါ့သကြားလုံးက ပိုလှပြီးပိုလည်းစားကောင်းတယ်"


"ကျွန်တော်ယုံတယ် ရွာလူကြီးလေး၊ ကျွန်တော်တို့ပိုက်ဆံတွေ အများကြီးရတော့မှာ"

"ကျွန်တော်ရောပဲ ကျွန်တော်လည်း ယုံတယ်"

ကျောက်ဟူနှင့် အားသို့သည် သူတို့၏သစ္စာစောင့်သိမှုကို ပြသရန် အခွင့်အရေးကို လက်လွတ်မခံကြပေ။
လျို့တကျူသည် ကလေးတစ်သိုက် ပိုက်ဆံရှာမည့် အစီအစဉ်ဆွဲနေကြသည်ကိုကြည့်ပြီး စိတ်ဝင်စားလာကာ အရသာခံနားထောင်နေလေသည်။ လူအစည်ကားဆုံး လမ်းမပေါ်သို့ ရောက်သောအခါ ကလေးတစ်အုပ်သည် ပန်ဒါ၊ ယုန်နှင့် ကျားပုံစံ ကျောပိုးအိတ်သုံးလုံး၏ ဆွဲဆောင်မှုကြောင့် သူတို့အနားသို့ဝိုင်းအုံလာကြတော့၏။ ကလေးတစ်သိုက်မှာ ပြေးလာပြီး အိတ်များကိုလက်ညှိုးထိုးကာ မေးလာကြသည်။

"ဒီကျောပိုးအိတ်တွေ ဘယ်ကဝယ်တာလဲ"

"ငါ့အမေ ချုပ်ပေးတာ၊ ငါ့အမေက အရမ်းတော်တာလေ" 

အားသို့ ရင်ကော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ သူသည် သူ့ကျောပိုးအိတ်နှင့်တူသော ကျားပုံစက္ကူဖြင့်ထုပ်ထားသည့် သကြားလုံးကို ထုတ်ပြလိုက်၏။

"တွေ့လား ငါ့အိတ်က ဒီမုန့်ထုပ်ခွံပေါ်က ကျားပုံနဲ့အတူတူပဲ မိုက်တယ်မလား၊ ပြီးတော့ ဒီသကြားလုံးကလေ အရမ်းစားကောင်းတာ၊ မင်းတို့ဘယ်တော့မှ စားဖူးမှာ မဟုတ်ဘူး"


"တကယ်လား" 


မြို့နေကလေးများ သံသယဝင်နေကြသည်။ သူတို့မှာ အချိုပွဲတွေအများကြီး စားဖူးကြသည်ပင်။ ရှောင်ကျိုးမှာ သကြားလုံးအချို့ကို ထုတ်ပေးလိုက်သည်။

"ရော့ မြည်းကြည့်လိုက် မကြိုက်ရင်မဝယ်နဲ့"

တစ်ကိုက်,ကိုက်လိုက်သည်နှင့် သူတို့ယုံကြည်သွားကြသည်။ သူတို့စားဖူးသမျှ သကြားလုံးများထက်အရသာပိုရှိပြီး ဆိမ့်နေပေ၏။ တိရစ္ဆာန်ပုံမုန့်ထုပ်ခွံများကို ပထမဆုံးအကြိမ်မြင်ဖူးပြီး သူ့အမေမြို့တော်မှဝယ်လာပေးသော မုန့်များထက်ပင် ပိုစားကောင်းနေသဖြင့် ဖက်တီးလေးတစ်ယောက်မှာ စိတ်အားထက်သန်စွာဖြင့်မေးလိုက်သည်။

"မင်းတို့ ဒါတွေရောင်းတာလား"

"လိုချင်လား တစ်လုံးကို ၅ပြား" 


ရှောင်ကျိုး ပြောလိုက်သည်။

"ယူမယ်" 


ဖက်တီးလေး ချက်ချင်းပြန်ဖြေလိုက်သည်။

"ဘယ်နှလုံး ယူမလဲ၊ ငါ့ဆီမှာ ကြောင်လေးတွေ၊ ခွေးလေးတွေ၊ ကျားတွေ၊ ခြင်္သေ့၊ ငှက်၊ ယုန်၊ မျောက် ဘယ်ဟာ ကြိုက်လဲ" 


သူမသကြားလုံးများကို ဖြန့်ပြလိုက်သည်။ ကလေးများ၏မျက်လုံးများ ဝိုင်းစက်သွားကြ၏။

"ဝါး တိရစ္ဆာန်တွေအများကြီးပဲ၊ အကုန်လုံး ချစ်ဖို့ကောင်းလိုက်တာ"

"မင်း ကျောပိုးအိတ်ထဲကဟာတွေ အကုန်ယူမယ်" 


ဖက်တီးလေးမှာ သူဌေးကြီးစတိုင်ဖြင့် ပြောလိုက်သည်။ အားသို့၏ကျားပုံအိတ်ကို လက်ညှိုးထိုးပြီး ဆက်ပြောလာ၏။

"အဲ့အိတ်ရော ဝယ်လို့ရလား၊ မင်းအမေကို နောက်တစ်ခုထပ်ချုပ်ပေးလို့ရတယ်မလား"


အားသို့ ရှောင်ကျိုးထံလှမ်းကြည့်ပြီး တီးတိုးမေးလိုက်သည်။

"ရွာလူကြီးလေး ကျွန်တော်ရောင်းလိုက်ပြီး အမေ့ကို နောက်တစ်လုံးထပ်ချုပ်ခိုင်းလိုက်ရမလား၊ အိတ်တစ်လုံးကို ဘယ်လောက်နဲ့ ရောင်းရမလဲ"


လက်လုပ်အိတ်ဆိုတော့ ဈေးပိုကြီးသင့်သည်ဟုတွက်လိုက်ပြီး ရှောင်ကျိုးပြန်ဖြေလိုက်၏။

"တစ်လုံးကို ပြား ၂၀၀"


သူမသည် သူမအိတ်ကိုပုတ်ပြလိုက်သည်။ 

"ငါ့ဆီမှာ သကြားလုံး၂၀၀ပဲ ကျန်တော့တယ် အကုန်ယူမှာလား"

"အင်း ငါ့မိသားစုကအကြီးကြီးပဲ"


ကောင်လေးမှာ ပြန်ပြောရင်း သူ့အစေခံအားပိုက်ဆံရှင်းခိုင်းလိုက်သည်။ ဖက်တီးလေးမှ ပစ္စည်းပြတ်အောင်ဝယ်နေသည်ကိုမြင်သောအခါ အခြားကလေးများလည်း အော်ဟစ်လာကြ၏။

"ငါလည်း လိုချင်တယ် ကျန်သေးလား၊ ငါ့ကို ၁၀လုံးပေး"


"ငါ့ကို အလုံး ၂၀"


"၅ လုံးပေး"


"အလုံး၃၀"


"ငါ အဲ့ဒီယုန်ပုံအိတ် လိုချင်တယ်"


"ပန်ဒါကျောပိုးအိတ်က ငါ့ဟာနော်"

"ငါရောပဲ ယုန်ပုံအိတ်လေး လိုချင်တယ်"

အားသို့နှင့် တနွီတို့သည် သကြားလုံးများကို ဝမ်ကျန့်ယီထံအလုအယက် ကမ်းပေးနေကြသည်။ ဝမ်ကျန့်ယီသည် ကျောင်းနေဖူးသူပီပီ လျင်မြန်စွာ ရေတွက်၍တွက်ချက်ပြီး ကလေးများထံမုန့်ပေးကာ ပိုက်ဆံသိမ်းနေလေ၏။ အိတ်လိုချင်သော မိန်းကလေးများအတွက် ရှောင်ကျိုးသည် ပထမဆုံးဦးသူကိုရောင်းပေးလိုက်ပြီး ကျန်သူများအတွက် ကြိုတင်မှာယူမှုလက်ခံလိုက်သည်။ နောက်ဈေးနေ့ကျလျှင် အိတ်တွေယူလာပေးမည်ဟု ကတိပေးလိုက်ပြီး သူတို့ကြိုက်နှစ်သက်ရာ တိရစ္ဆာန်ပုံစံကိုရွေးချယ်ခိုင်းလိုက်၏။


ကောင်မလေးများသည် ဝမ်းသာအားရအော်ဟစ်လိုက်ကြပြီး ပုံစံများရွေးချယ်ကြလေသည်။ အိတ်ဝယ်ရသွားသူများကလည်း ချက်ချင်းပင်လွယ်လိုက်ကြ၏။ အထူးသဖြင့် ဖက်တီးကောင်လေးသည် အိမ်သို့အမြန်ပြန်ပြီး သူ့ဝမ်းကွဲများကို သူ့အိတ်အသစ်နှင့် သကြားလုံးများကြွားရန် မစောင့်နိုင်တော့ပေ။ သကြားလုံးရောင်းပွဲကြီးသည် အံ့ဩစရာကောင်းလောက်အောင် ချောမွေ့သွားခဲ့သည်။ ရှောင်ကျိုးသည် လျို့တကျူထံမှကြေးပြားများကိုယူပြီး ရေတွက်ကြည့်လိုက်၏။


သကြားလုံးရောင်းရငွေ - နှစ်တေးနှင့် ပြား ၂၀၀


အိတ်ရောင်းရငွေ - ပြား ၆၀၀


ကျောက်တလန်နှင့် လျို့တကျူတို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ ပိုက်ဆံရှာရတာ ဒီလောက်လွယ်သလား။ မြို့က,ကလေးတွေက ဒီလောက်တောင် ပိုက်ဆံပေါတယ်ပေါ့လေ။


ရှောင်ကျိုးမှာရရှိသောငွေများကို ခွဲဝေလိုက်သည်။ တစ်ယောက်လျှင် လုပ်အားခအဖြစ် ပြား ၁၀၀စီ၊ အဒေါ်လျို့အိတ်ဖိုး ပြား၆၀၀၊ သူမကပြား ၁၇၀၀ယူလိုက်သည်။ ကလေးများမှာ သူတို့သိပ်မကူညီခဲ့ရပါဘူးဟုဆိုကာ ငြင်းဆန်ကြသော်လည်း ရွာလူကြီးလေးမှ လုပ်အားခမယူလျှင် နောက်တစ်ခါမခေါ်တော့ဘူးဟု ခြိမ်းခြောက်လိုက်သဖြင့် အမြန်ပင်ပိုက်ဆံများကို သိမ်းဆည်းလိုက်ကြ၏။ သကြားလုံးများရောင်းပြီးသွားသောအခါ ရှောင်ကျိုးသည် သူမမစ်ရှင်ကိုသတိရသွားပြီး ဝမ်ကျန့်ယီကျောင်းသို့သွားရန် ဆုံးဖြတ်လိုက်လေသည်။ သူမမေးလိုက်၏။


"ဝမ်ကျန့်ယီ နင်ကဘယ်ကျောင်းမှာတက်တာလဲ"


10

"ကျွန်တော်သိတယ် ရွာလူကြီးလေး ကျွန်တော် လိုက်ပို့မယ်"


လုပ်အားခရထားကာစမို့ လျို့တကျူမှာ ကြက်သွေးထိုးထားသကဲ့သို့ အားအင်များပြည့်ဖြိုးနေလေသည်။ အားလုံး တွေးလိုက်ကြသည်မှာ လျို့တကျူက တကယ်ပဲမြို့ကို ကျွမ်းကျင်တာပဲ။ သူ မသိတာဘာမှမရှိဘူး။ တနွီ ရွာလူကြီးလေးကိုမေးလိုက်၏။

"ရွာလူကြီးလေး ကျောင်းသွားပြီးစာသင်မလို့ စိတ်ကူးနေတာလား"


ရှောင်ကျိုး ပိုက်ဆံအိတ်ထဲသို့ပိုက်ဆံထည့်ရင်း ပြန်ဖြေလိုက်သည်။


"မဟုတ်ပါဘူး၊ ငါကျောင်းမရောက်ဖူးသေးလို့လေ၊ ကျောင်းဆိုတာဘယ်လိုပုံစံလဲသိချင်လို့ သွားကြည့်မလို့"


အားသို့ သူ့လက်ထဲမှပြား ၁၀၀ကို ပွတ်သပ်ရင်း အားကျသောလေသံဖြင့် ပြောလိုက်လေသည်။


"သားလည်း ကျောင်းတက်ချင်တယ်၊ အဖေပြောဖူးတယ် ကျောင်းမှာစာသင်ပြီး နောင်တစ်ချိန် နန်းတွင်းစာမေးပွဲ အောင်ရင် အရာရှိဖြစ်နိုင်တယ်တဲ့၊ တစ်သက်လုံးလယ်သမားဘဝနဲ့ မနေရတော့ဘူးတဲ့လေ၊ ဒါပေမယ့် အဖေပြောတာက သားကိုကျောင်းထားဖို့ ပိုက်ဆံမရှိဘူးတဲ့"


တနွီလည်း အလွန်အားကျနေမိသည်။ သို့သော် ရွာမှာအလွန်ဆင်းရဲသဖြင့် ယောင်္ကျားလေးများပင် ကျောင်းမနေနိုင်ကြရာ မိန်းကလေးများအဖို့ဆိုလျှင် ဝေလာဝေးပင်ဖြစ်ချေသည်။ ကျောက်ဟူမှာ လက်သီးဆုပ်၍ လက်မောင်းကွေးလိုက်ပြီး မရှိသောကြွက်သားများကို ညှစ်ပြရင်းပြောလိုက်၏။

"ငါကတော့ စာမသင်ချင်ဘူး၊ ငါကသိုင်းကျင့်ပြီး ကမ္ဘာပေါ်မှာအကြီးကျယ်ဆုံး သူရဲကောင်းဖြစ်ချင်တာ"

အားသို့ မျက်လုံးလှန်ကြည့်လိုက်သည်။

"မဖြစ်နိုင်ပါဘူး၊ ရွာလူကြီးလေးကသာ အစွမ်းအထက်ဆုံးပဲဟာ"

ကျောက်ဟူမှာ ယုံကြည်မှုမလျော့ဘဲ ပြောလိုက်လေသည်။

"ဒါဆိုရင် ငါက ကမ္ဘာပေါ်မှာဒုတိယအကြီးကျယ်ဆုံး သူရဲကောင်းလုပ်မှာပေါ့"

"ငါ မလိုက်ဘူး"


တောက်လျှောက်တိတ်ဆိတ်နေခဲ့သော ဝမ်ကျန့်ယီမှာ နောက်ဆုံးတော့ပါးစပ်ဟလာပြီး ငြင်းဆန်လိုက်သည်။ သူ ကျောင်းသွားဖို့ကို အကြီးအကျယ် ငြင်းဆန်နေသည်မှာ ထင်ရှားနေသော်လည်း ရှောင်ကျိုးမှ စနစ်အားဝမ်ကျန့်ယီ ကျောင်းမတက်ချင်ဘူးဟု ပြောလိုက်ချိန်တွင်မူ မစ်ရှင်ပြီးမြောက်ကြောင်း မပြပေ။ ထိုသို့ဆိုလျှင် ဝမ်ကျန့်ယီမှာ စာသင်ရခြင်းအားမကြိုက်သည်မဟုတ်ဘဲ အခြားအကြောင်းကြောင့်ငြင်းနေသည်သာ ဖြစ်ရမည်။ ရန်ဖြစ်ရမည့်ကိစ္စဆိုလျှင် ရှောင်ကျိုးမှာ ထိပ်ဆုံးကပြေးထွက်မည့်သူ ဖြစ်သော်လည်း ဦးနှောက်သုံးရမည့်ကိစ္စဆိုလျှင်တော့ ခွင့်လွှတ်ပေးကြပါဟုပြောရမည်ပင်။ ဇွန်ဘီပေါက်စလေး၏ဦးနှောက်အသစ်စက်စက်လေးအား အသုံးမပြုသည်မှာကြာပြီဖြစ်၏။

သူတို့အားလုံး ဝမ်ကျန့်ယီမှဘာကြောင့်ကျောင်းမသွားချင်တာလဲဟု မေးရန် ပြင်လိုက်စဉ်မှာပင် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်ကောင်လေးတစ်သုတ် သူတို့ဆီလျှောက်လာကြသည်။ အပြာရောင်ပိုးသားဝတ်စုံဝတ်ထားသော ကောင်လေးတစ်ယောက်မှ ပြောလိုက်၏။

"ဟေး ကြည့်စမ်း ဒါက ဟိုတောသားမလား၊ ဘာလို့ဆိပ်ကမ်းမှာ ကုန်မထမ်းတော့တာလဲ၊ လမ်းဘေးတက်ပြီး သကြားလုံးလာရောင်းနေပါလား"

အနက်ရောင်ပိုးသားဝတ်စုံဝတ်ထားသော ကောင်လေးကလည်း မေးငေါ့ပြီး ပြောလိုက်လေသည်။

"လယ်သမားကံပါလာပြီး ရွှံ့နံ့တွေ နံစော်နေတဲ့ကောင်ကများ ဒီလိုပညာရှိတွေရှိတဲ့နေရာကိုလာပြီး ငါတို့နဲ့တစ်ကျောင်းတည်း လာတက်ရဲတယ်ပေါ့လေ၊ ကံဆိုးလိုက်တာကွာ"

နောက်ထပ်ကောင်လေးတစ်ယောက်ကလည်း အထင်သေးစွာဖြင့်ဝင်ပြော၏။

"ကြည့်ပါဦး သူတောင်းစားရုပ်ပေါက်နေတာပဲ၊ ဒီကျောင်းတော်ကြီးရဲ့ သန့်ရှင်းမှုကို လာညစ်ညမ်းစေတယ်"

ထိုကောင်လေးများ၏မျက်နှာပေါ်တွင် အထင်သေးရွံရှာမှုများ အပြည့်ဖြစ်နေပြီး မျက်လုံးများတွင်လည်းမထီမဲ့မြင်ပြုမှုများဖြင့်ပြည့်နှက်နေကာ လေသံများကလည်း ထေ့ငေါ့စောင်းမြောင်းမှုများ ပါဝင်နေသည်။ ရှောင်ကျိုးနှင့် အခြားသူများမှာ ဒေါသထွက်လွန်း၍ မျက်နှာများပင် နီရဲလာကြရ၏။ ရှေးခေတ်မှပညာရှိ စာသင်သားများဆိုလျှင် နှိမ့်ချတတ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ ရည်မွန်ကြသည်ဟု ရှောင်ကျိုးအမြဲ တွေးထင်ထားခဲ့ဖူးပေသိ ဒီကောင်လေးတွေကတော့ ဘေးရွာကရန်ဖြစ်နေကျအဒေါ်ကြီးတွေနဲ့ ဘာမှမခြားပါပေ။

"နင်တို့ပညာရှိတွေ အကုန်လုံးကဒီလိုပဲ စကားပြောကြတာလား" 

ရှောင်ကျိုး ဝမ်ကျန့်ယီထံသံသယဖြင့် မေးလိုက်သည်။ ဤအချိန်တွင် ဝမ်ကျန့်ယီမှာတော့ ရွာသို့အမြန်ပြန်ချင်နေပြီ ဖြစ်သည်။ ဤနေရာ၌တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့ပေ။ ထိုကောင်လေးများမှာလည်း ရှောင်ကျိုး ပြောလိုက်သည်ကို ကြားသွားကြ၏။
ကောင်လေးများမှာ အထင်သေးဟန်အပြုံးများဖြင့် ပြောလိုက်ကြလေသည်။

"ဒါဆို မင်းတို့ကဒီလယ်သမားရဲ့ ညီအစ်ကိုမောင်နှမတွေပေါ့လေ၊ မွဲတေနေတဲ့သူတောင်းစားရုပ်ပေါက်နေကြတာ မဆန်းပါဘူး၊ မြို့ကို ပထမဆုံးအကြိမ်ရောက်ဖူးတာလားကွ၊အတွေ့အကြုံမရှိတဲ့ တောသားတွေ"

ကောင်လေးများသည် အသံကျယ်ကျယ်ဖြင့် ဟားတိုက်ရယ်မောလိုက်ကြသည်။ တနွီနှင့် အခြားသူများသည် စာတတ်ပေတတ်ပညာရှိများကို အမြဲ အထင်ကြီးလေးစားခဲ့ကြသဖြင့် ယခုလို အခြေအနေတွင် ဘာလုပ်ရမှန်းမသိပျာယာခတ်သွားကြ၏။ သူတို့အင်္ကျီအဝတ်စများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာမျက်နှာများနီရဲနေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြရှာပေ။ သို့သော် ရှောင်ကျိုးမှာတော့ မည်သူနည်း။ သူမ ချက်ချင်းခါးထောက်လိုက်ပြီး ပြန်ပက်လိုက်တော့သည်။

"တောကလာတော့ ဘာဖြစ်လဲ၊ ငါတို့က နင်တို့ထမင်းစားထားလို့လား၊ နင်တို့က ဘာကိစ္စအပိုတွေ လာပြောနေတာလဲ၊ နင်တို့ဆရာက လူကြီးကိုရိုသေ လူငယ်ကိုလေးစားရမယ်လို့ မသင်ပေးထားဘူးလား"

ကျောက်ဟူလည်း ဝင်ပြောသည်။

"ဟုတ်တယ် မင်းတို့ကစာတော်တယ်ဆိုရင် ဘာလို့သက်သေပြတဲ့အနေနဲ့ နန်းတွင်းစာမေးပွဲဝင်ဖြေပြီး ပထမအဆင့်ရအောင်မယူကြတာလဲ"

ဤတောသားများမှ ပြန်ပြောရဲသည်ကိုတွေ့လိုက်ရသောအခါ ကောင်လေးများမှာ ပြန်ပြောလာကြသည်။

"ငါတို့ကဘယ်သူတွေလဲဆိုတာ မင်းတို့ သိလား၊ ဝမ်ကျန့်ယီ မင်းကျောင်းပြန်မတက်ချင်တော့ဘူးလား"

ဝမ်ကျန့်ယီမှာတော့ အခုချိန်မှာကျောင်းပြန်မတက်ဖို့ ဆုံးဖြတ်ချက်ခိုင်မာသွားပြီဖြစ်၍ ကြောက်စရာအကြောင်းမရှိတော့ပေ။

"ကျွန်တော် ကျောင်းပြန်မတက်တော့ဘူး၊ စာသင်တယ်ဆိုတာလူကို ပညာရှိစေတယ်လို့ ကျွန်တော်ထင်ခဲ့တာ၊ ဒါပေမယ့် ခင်ဗျားတို့အပြုအမူတွေကိုကြည့်ရတာတော့ ဒီစာအုပ်တွေကိုမဖတ်တာကမှ ပိုကောင်းဦးမယ်၊ လယ်သမားဖြစ်ရတာလည်း ကောင်းတာပါပဲ၊အနည်းဆုံးတော့ ကျွန်တော်တို့ကယဉ်ကျေးမှုနဲ့ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ နားလည်ကြတယ်လေ"

"ကောင်းပြီလေ ပြီးရော သွားကြစို့"

ဘေးပတ်ဝန်းကျင်မှလူများမှ သူတို့ကိုဝိုင်းကြည့်ပြီး အပြစ်တင်လက်ညှိုးထိုးလာကြသဖြင့် ကောင်လေးများသည် ချက်ချင်းပြန်လှည့်သွားကြတော့သည်။
ရှောင်ကျိုး ဝမ်ကျန့်ယီကိုမေးလိုက်၏။

"နင့်ကျောင်းက ကျောင်းသားတွေအကုန်လုံးက ဒီလိုချည်းပဲလား"

ဝမ်ကျန့်ယီ ပြန်ဖြေသည်။

"အတော်များများက ဒီလိုပါပဲ၊ သူတို့က ချမ်းသာတဲ့သူဆိုရင် ဖားပြီး ဆင်းရဲသားဆိုရင် အနိုင်ကျင့်ကြတယ်၊ ကျွန်တော့်လို လယ်သမားသားသမီးတွေဆိုရင် ကျောင်းမှာသူတို့ရဲ့ အနိုင်ကျင့် ဒေါသဖြေစရာသက်သက်ပဲ၊ ကျွန်တော် သူတို့လိုလူမျိုးမဖြစ်ချင်ဘူး၊ ဒါကြောင့် ကျောင်းပြန်မတက်ချင်တော့တာ"

အားလုံး တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် အားသို့ပင်။ သူသည်မြို့ကျောင်းတွင်တက်နေရသော ဝမ်ကျန့်ယီကို အမြဲအားကျခဲ့ဖူးသည်။ သို့သော် အခုတော့ ရွာထဲမှာသာကြောင်နောက်လိုက် ခွေးနောက်လိုက်ရင်းဆော့နေရသည်ကပင် တော်သေးသည်ဟုခံစားလိုက်ရ၏။ မိုးချုပ်စပြုလာပြီ ဖြစ်၍ သူတို့အုပ်စု ရွာသို့အရင်ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ အဒေါ်လျို့အိတ်ချုပ်ပြီးမှသာ မြို့သို့နောက်တစ်ခေါက်ပြန်လာကြမည်။ လှည်းပေါ်သို့ရောက်သောအခါ ရှောင်ကျိုး စနစ်ကို မေးလိုက်လေသည်။

"ငါ့ မစ်ရှင် ပြီးသွားပြီလား"


"ဂုဏ်ယူပါတယ် သခင်ရေ မစ်ရှင် ပြီးမြောက်ပါပြီ။ 


ဆုလက်ဆောင် - အမှတ် ၅၀ နှင့် ကံစမ်းမဲတစ်စောင်"


"စနစ်ရေ ရွာမှာကျောင်းတစ်ကျောင်း ငါဆောက်ချင်တယ်၊ ဒါမှ အားသို့၊ ဝမ်ကျန့်ယီ၊ တနွီ နဲ့ကျောက်ဟူတို့လည်း ကိုယ့်ရွာမှာကိုယ်စာသင်လို့ရပြီး အပြင်လူတွေရဲ့ အနိုင်ကျင့်တာမခံရတော့မှာ"

ရှောင်ကျိုးကိုယ်တိုင်မှာ စာသင်ရသည်အားမကြိုက်ပေသိ စာဖတ်ခြင်းမှာ ဗဟုသုတတိုးပွားစေပြီး အမြင်ကျယ်စေမှန်းတော့သိသည်။ ရွာရှိကလေးတွေကို ဤတောင်ပေါ်ရွာလေးထဲမှာပင် တစ်သက်လုံးပိတ်မိမနေစေချင်ပေ။ သူတို့ကြီးပြင်းလာသည့်အခါ သူတို့ဝါသနာပါရာကိုလုပ်ကိုင်နိုင်ပြီး ဤကမ္ဘာလောကကြီး၏မြစ်ချောင်းအင်းအိုင် တောင်တန်းကြီးတွေကို သွားရောက်မြင်တွေ့စေချင်သည်။


 á€†á€­á€Żá€›á€­á€Żá€¸á€…ကဏးပုလပင် ရှိလေ၏။ 

*စာအုပ်တစ်သောင်းဖတ်ရှုပြီး မိုင်တစ်သောင်းခရီးနှင်ပါ*တဲ့လေ။

"ဂုဏ်ယူပါတယ် သခင်ရေ အရည်အချင်းပြည့်မီတဲ့ ရွာလူကြီးတစ်ယောက်ဖြစ်ဖို့ ခြေတစ်လှမ်းပိုနီးစပ်လာပါပြီ"

စနစ်မှာ အလွန်ကျေနပ်သွားသည်။ သခင်ဖြစ်သူအနေဖြင့် ထောင်ယွမ်ရွာဆိုသည့် နေရာကျဉ်းကျဉ်းလေးမှာသာအမြင်မကျဉ်းစေဘဲ ကမ္ဘာလောကကြီးကိုပိုပြီး လေ့လာကြည့်ရှုသင့်ပေသည်။

"အခုပဲမဲနှိုက်လိုက်မလား သခင်ရေ"


"နှိုက်မယ်" 


ရှောင်ကျိုး ပြောလိုက်သည်။ စက္ကန့်အနည်းငယ်ကြာသောအခါ မျက်နှာပြင်တွင် မဲနှိုက်ခြင်းပြီးဆုံးသွားကြောင်း ပေါ်လာ၏။ မဲပေါက်သည့်ဆုလက်ဆောင်မှာ အဆိပ်ဖြေဆေးလုံး တစ်လုံးဖြစ်သည်။ ရှောင်ကျိုးမှာတော့ စနစ်ပေးသည့်ဆုလက်ဆောင်များမှာ တဖြည်းဖြည်းပိုပြီးထူးဆန်းလာသည်ဟုသာထင်နေမိ၏။
 

Search Novels