Chapter 1

ဇူလိုင်လ၏ နွေရာသီနှောင်းတွင် တိုက်ခတ်လာသော လေပြေထဲ၌ အေးစက်စက်အငွေ့အသက်ကလေးများ ပါဝင်နေပြီး အဝေးဆီရှိ သစ်တောတန်းများတွင် လည်း ရွှေဝါရောင် သန်းစပြုနေပြီဖြစ်သည်။

တောင်ခြေရင်း၌ နိမ့်ပါးသော မြေရိုးတံတိုင်းများ၊ သက်ငယ်မိုး အိမ်ခြေများနှင့် ရွှံ့မြေနံရံများရှိကြပြီး ရွာအနည်းငယ်ကို ဝေဝါးစွာမြင်တွေ့နိုင်ပေသည်။ တောင်ကြားမှ စီးဆင်းလာသော စမ်းချောင်းလေးတစ်စင်းက ရွာနှစ်ရွာကို ပိုင်းခြားထား၏။

နေဝင်ရီတရောအချိန်၌ ချင်ထန်ရွာရှိ အိမ်တိုင်း၏ခေါင်မိုးများမှ မီးခိုးများ လွင့်ပျံနေကြသည်။ ကူးချောင်လန်သည် လယ်ယာသုံး ကိရိယာများကို ထမ်းကာ လယ်ကွင်းမှ အိမ်သို့ပြန်ရောက်လာစဉ် ခြံစည်းရိုးတံတိုင်း အပြင်ဘက်မှ သူ့အား လှမ်းခေါ်သံကို ကြားလိုက်ရ၏။

"အစ်ကိုချောင်လန်... အိမ်မှာ ရှိလား၊ မေမေက ကိုကို့ကို ထမင်းလာစားဖို့ ခေါ်ခိုင်းလိုက်လို့"

ထိုသည်ကို ကြားလိုက်ရသောအခါ ကူးချောင်လန် ခေါင်းပင် ကျိန်းသွားရ၏။ အမှန်ပင်၊ ဦးလေးမိသားစုက သူ့အပေါ် အလွန်စေတနာထားကြသည်ဖြစ်ရာ အထူးသဖြင့် ဖခင်ကွယ်လွန်သွားသည့် နှစ်များအတွင်း ဦးလေးဖြစ်သူက သူ့အား ကိုယ်ပိုင်သားအရင်းကဲ့သို့ ဂရုစိုက်ပေးခဲ့သည်။ အရီးဖြစ်သူ လီချိုးဖန် မှာလည်း နူးညံ့သိမ်မွေ့၍ အလိုက်သိသူဖြစ်ကာ နေ့စဉ်စားသောက်ဖွယ်ရာများမှစ၍ အဝတ်အစား၊ ဖိနပ်များအထိ အရာရာကို ဂရုတစိုက် ပြုလုပ်ပေးတတ်သည်။

စားသောက်ဖွယ်ရာ အများစုမှာ မိသားစုကိုယ်တိုင် စိုက်ပျိုးထားခြင်းဖြစ်၍ သူ အားမနာတမ်းလက်ခံခဲ့သော်လည်း အဝတ်အစားများကမူ မတူပေ။ ကျေးလက်မိသားစုများမှာ ပိုက်ဆံမသုံးဘဲ လျှော်မျှင်အဝတ်အထည်များကိုသာ ဝတ်ဆင်ကြလေ့ရှိသည်။ သူတို့ရွာတွင် လျှော်ပင်များ စိုက်ပျိုးကြပြီး ယခင်က သူတို့မိသားစုလည်း စိုက်ပျိုးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် မိခင်ဖြစ်သူ နောက်အိမ်ထောင်ပြုသွားခဲ့ပြီး အိမ်တွင် သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သဖြင့် စိုက်ပျိုးခြင်းကို ရပ်ဆိုင်းလိုက်ရ၏။

လျှော်မျှင်မှ ပိတ်စအဖြစ်သို့ ရောက်ရှိရန် အဆင့်ပေါင်း တစ်ဆယ်ကျော် ဖြတ်သန်းရသဖြင့် အလွန်ပင်ပန်းလှသည့် အလုပ်ဖြစ်သည်။ ပိတ်စတစ်လိပ်ရရှိရန် မိခင်ဖြစ်သူ ရက်ပေါင်းများစွာ ရက်လုပ်ရသည်ကို သူ မြင်တွေ့ဖူးရာ ၎င်းကို မြို့ပေါ်တွင် ဝမ်တစ်ရာကျော်ဖြင့် ရောင်းချနိုင်ပြီး အဝတ်ထည်ပြုလုပ်ပါက ပိုစျေးကြီးပေသည်။

ထို့ကြောင့် အခမဲ့ တောင်းယူရန် သူ အားနာမိသော်လည်း ငွေပေးသည့်အခါတွင်လည်း ၎င်းတို့က လက်မခံကြပေ။ ၎င်းတို့က လူကြီးများဖြစ်၍ စောင့်ရှောက်ရသည်မှာ ဝတ္တရားဖြစ်သည်ဟုသာ ဆိုကြသည်။ ထို့ကြောင့် မြို့ပေါ်တွင် အလုပ်လုပ်သည့်အခါ ဝယ်ယူ၍ ပြန်လည်ပေးအပ်ရုံသာ တတ်နိုင်ခဲ့၏။ မူလက အရီးဖြစ်သူကပင် ပြန်ပေးချင်နေသော်လည်း များစွာနားချပြီးနောက်မှသာ လက်ခံခဲ့ခြင်းဖြစ်သည်။

ဦးလေးဖြစ်သူသည် သူတစ်ယောက်တည်းနေထိုင်သည်ကို စိတ်မချသဖြင့် အိမ်သို့ လာရောက်နေထိုင်စေချင်ခဲ့သည်။ သို့သော် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင် သဖြင့် သူ ငြင်းဆန်ခဲ့၏။ ကိစ္စများစွာ ဖြစ်ပွားပြီးနောက် နောက်ဆုံးတွင် တစ်လလျှင် ထမင်းတစ်နပ် လာရောက်စားသောက်ရန် သဘောတူခဲ့ကြသည်။

ငါးနှစ်၊ ခြောက်နှစ်မျှ ကုန်လွန်သွားခဲ့ပြီး မိသားစုနှစ်ခုကြား ဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့သည်။ သို့သော် လူကြီးအများစု၏အားနည်းချက်တစ်ခုမှာ သူ့အသက်အရွယ်တွင် တစ်ယောက်တည်းရှိနေသည်ကို မကြည့်ရက်ခြင်းဖြစ်သည်။ အသက်ဆယ့်ခြောက်နှစ်ပြည့်သောအခါ အရီးဖြစ်သူက စေ့စပ်ကြောင်း လမ်းပေးရန် ပြင်ဆင်ခဲ့သော်လည်း သူကမူ အိမ်ထောင်ပြုခြင်းကို မနှစ်သက်သဖြင့် သဘောမတူခဲ့ပေ။

ထိုအချိန်မှစ၍ ထမင်းလာစားသည့်အခါတိုင်း အရီးဖြစ်သူက အိမ်ထောင်ပြုရန် တိုက်တွန်းလေ့ရှိသော်လည်း အလွန်အမင်းမပြောပေ။ စကားအနည်းငယ် မြည်တွန်ပြီးနောက် သူ ငြင်းဆန်သည်ကိုမြင်ပါက ရပ်တန့်သွားလေ့ရှိသည်။ ဒီတစ်ကြိမ်တွင်ရော ရှောင်လွှဲနိုင်ပါ့မလား သူ မသေချာပေ။

သူ သက်ပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး မဝံ့မရဲပြန်ထူးကာ တံခါးဆီသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။ တံခါးဂျက်ကို ဖြုတ်၍ တံခါးကို ဖွင့်ပေးလိုက်၏။ 

"ကူးချင်... ဝင်လာလေ၊ အရီးက နင့်ကို ဘာလို့ ခေါ်ခိုင်းလိုက်တာလဲ၊ ခုနကတင် လယ်ကွင်းမှာ တွေ့ခဲ့တာကို၊ ဒီနေ့ထမင်းလာစားဖို့ ပြောပြီးသားပဲကို ငါ့ဘာသာ လာခဲ့မှာပေါ့"

ကူးချင် ခြံဝတံခါးတွင် ရပ်ရင်း လက်ဝှေ့ယမ်းကာပြောလိုက်သည်။

"အစ်ကိုချောင်လန်... မဝင်တော့ဘူး၊ မေမေ ဒီနေ့ ဘာလို့ ခေါ်လဲတော့ မသိဘူး၊ ရောက်တော့ ဟင်းချက်နေပြီ မြန်မြန်သွားရအောင်"

"အေးပါ... ငါ မျက်နှာသစ်လိုက်ဦးမယ်၊ ခဏစောင့်ဦး" 

ကူးချောင်လန် အိမ်ထဲပြန်ဝင်ကာ အိုးထဲမှ ရေခပ်၍ သစ်လိုက်ပြီးနောက် အဝတ်ဖြင့် သုတ်ကာ ကူးချင်နှင့်အတူ ထွက်ခွာခဲ့သည်။

ကူးချောင်လန် အိမ်မှာ ရွာနောက်ဘက် တောင်ခြေရင်းတွင်ရှိပြီး ကူးချင်၏အိမ်မှာမူ ရွာအလယ်တွင် ရှိသည်။ သို့သော် ရွာက မကြီးဘဲ အိမ်ခြေ အနည်းငယ်သာရှိသဖြင့် ခဏအတွင်း ရောက်ရှိသွားကြ၏။

ခြံဝတံခါးမှာ စိထားသဖြင့် ကူးချင် တွန်းဖွင့်လိုက်ရင်း "မေမေ... သား ပြန်ရောက်ပြီ၊ အစ်ကိုချောင်လန်လည်း ရောက်ပြီ" ဟု အော်ပြောလိုက်သည်။

"ဝင်လာပြီး စားကြတော့၊ နင်တို့ကို စောင့်နေတာ" ကူးချင်၏မိခင် လီချိုးဖန် အသံထွက်ပေါ်လာ၏။

သူတို့နှစ်ယောက် မီးဖိုချောင်ထဲ ဝင်သွားသောအခါ ဦးလေးနှင့် ဝမ်းကွဲညီအစ်ကိုများ စားပွဲတွင် ထိုင်နေကြသည်ကိုတွေ့ရသဖြင့် ခုံဆွဲကာ ထိုင်လိုက်သည်။ လီချိုးဖန် နောက်ဆုံးဟင်းပွဲကို ချပေးပြီးနောက် တစ်မိသားစုလုံး စားသောက်ကြတော့သည်။

ထမင်းစား၍ တစ်ဝက်ရောက်သောအခါ လီချိုးဖန် မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"ချောင်လန်... အရီးကို စကားများတယ်လို့ မထင်ပါနဲ့ ဒီတစ်ကြိမ်ခေါ်တာက မင်းရဲ့မင်္ဂလာကိစ္စကို တိုင်ပင်ချင်လို့ပါ"

"မင်း အသက်ဆယ့်လေးနှစ်မှာ ဖခင်က မတော်တဆကွယ်လွန်သွားခဲ့တယ်၊ နှစ်နှစ်အတွင်းမှာ မိခင်ကလည်း နောက်အိမ်ထောင်ပြုသွားခဲ့တယ်၊ ငါတို့နဲ့ အတူနေဖို့ ပြောတာကိုလည်း မင်း ငြင်းခဲ့တယ်၊ အသက်ဆယ့်ခြောက်နှစ်ကတည်းက စေ့စပ်ပေးဖို့ စဉ်းစားခဲ့တာ ခုဆို မင်း အသက်နှစ်ဆယ်ရောက်နေပြီ၊ ဒီတစ်ကြိမ်တော့ အရီးပြောတာကို မင်း နားထောင်ရမယ်"

ကူးချောင်လန် စိတ်ထဲမှ 'ထင်တဲ့ အတိုင်းပါပဲလား' ဟု တွေးလိုက်မိသည်။ သူ ခေါင်းငုံ့ကာ "အရီးရယ်... ကျွန်တော့် အခြေအနေကိုလည်း သိတာပဲ၊ သူများကို ကျွန်တော်နဲ့အတူ ဘယ်လိုလုပ် ဆင်းရဲဒုက္ခ ခံခိုင်းရမှာလဲ၊ ဒါ သူများကို ဒုက္ခပေးရာ မရောက်ဘူးလား"

လီချိုးဖန် မျက်လုံးများ နီရဲလာပြီး အသံမှာ အနည်းငယ်တုန်ယင်နေ၏။

"ဘာတွေ လျှောက်ပြောနေတာလဲ ခေါင်းမာတဲ့ကလေး၊ တခြားဟာတွေကို ထားလိုက်ဦး၊ မင်းရဲ့ အုတ်ကြွပ်မိုး အိမ်ကြီးက ရွာထဲမှာ အကောင်းဆုံးပဲ၊ ဒီနှစ်တွေမှာ အားတာနဲ့ အလုပ်လုပ်နေတာ မင်းရှာတဲ့ ငွေတွေ ဘာမှ သုံးတာမတွေ့ရပါဘူး၊ မိန်းမတစ်ယောက်ယူဖို့ ငွေ မလောက်စရာမရှိဘူး"

ဦးလေးကူးပါ ဝင်ပြောလိုက်သည်။

"ချောင်လန်... ဦးလေး ပြောတာကို နားထောင်ပါ၊ မင်း အသက်တစ်လတုန်းက မင်းအဖေက မင်းကြီးလာရင် သမီးကောင်းလေးတစ်ယောက် ရှာပေးချင် တယ်လို့ ပြောခဲ့ဖူးတယ်၊ ဖူလန်ဖြစ်ဖြစ်၊ သမီးမိန်းကလေးဖြစ်ဖြစ် မင်း ကြိုက်တာပေါ့ နှမြောစရာက မင်းအဖေ အသက်တိုသွားခဲ့တာပဲ။ မင်း ဦးလေးဖြစ်ပြီး မင်းကို တစ်သက်လုံး တစ်ယောက်တည်းဖြစ်နေတာ ကြည့်နေရင် ငါ သေရင် မင်းအဖေကို ဘယ်လိုမျက်နှာပြရမလဲ... လိမ္မာစမ်းပါ၊ မင်္ဂလာကြေး မလောက်ရင် ဦးလေး စိုက်ပေးမယ်"

ကူးချောင်လန် ၎င်းတို့ကို ကြည့်လိုက်ရာ ဇနီးမောင်နှံနှစ်ဦးလုံး၏မျက်လုံးများ နီရဲနေကြသည်ကိုတွေ့ရသဖြင့် ဒီတစ်ကြိမ်တော့ သဘောတူရတော့မည်ကို သိလိုက်ရသည်။ သူသည် အလိုက်မသိသူ မဟုတ်သဖြင့် နောက်ဆုံးတွင် သဘောတူလိုက်ရတော့၏။

အမှန်တော့ သူ ကြီးပြင်းလာပါက မည်သို့သော ဇနီးမျိုးနှင့်လက်ထပ်ရမည်ကို စဉ်းစားဖူးသည်။ သို့သော် ဖခင်ကွယ်လွန်ပြီးနောက် မိခင်၏ ကျန်းမာရေးမှာ လည်း မကောင်းသဖြင့် နှစ်နှစ်မပြည့်မီ နောက်အိမ်ထောင်ပြုသွားခဲ့ရာ သူ အလုပ်ရှုပ်နေသဖြင့် ထပ်မစဉ်းစားနိုင်ခဲ့ပေ။ ဒီနှစ်များတွင် တစ်ယောက်တည်း နေထိုင်ရသည်မှာလည်း ဆိုးရွားသည်ဟုမခံစားရပေ။ ချောမောလှပသော မိန်းကလေး သို့မဟုတ် 'ကော' အား သူနှင့်အတူ အဘယ်ကြောင့် ဒုက္ခခံခိုင်းရ မည်နည်း။

သူ သဘောတူသည်ကိုကြားလိုက်ရသောအခါ လီချိုးဖန်မျက်နှာထက် အပြုံးဝေဆာသွားပြီး "လွန်ခဲ့တဲ့ နှစ်ရက်က ငါ အမေတို့ရွာဘက် သွားတုန်းက ရွာထဲက ပဲပြားရောင်းတဲ့သူက ဟယ်ကူးရွာက ရှီမိသားစုရဲ့ကောလေးနဲ့သားဖြစ်သူကို စေ့စပ်ချင်နေတယ်လို့ကြားခဲ့တာ အဲ့ဒီကောလေးက ရုပ်ရည်လည်း လှ၊ အမူအကျင့်လည်း ကောင်းတာမို့ သူတို့နဲ့သဘောတူပါ့မလားလို့ စဉ်းစားနေတာ"

ထင်သည့်အတိုင်းပင် ရက်ပိုင်းအတွင်းမှာပင် ရှီမိသားစုမှ ငြင်းဆန်လိုက်ကြောင်း သတင်းထွက်လာခဲ့သည်။

လီချိုးဖန် ကူးချောင်လန်အား ခြေဆုံးခေါင်းဆုံးကြည့်ကာ ပြုံး၍ပြောလိုက်သည်။

 "ငါတို့ ချောင်လန်က ရုပ်ရည်လည်း ချော၊ အလုပ်လည်း ကြိုးစားတာပဲ၊ အရီး မြို့ပေါ်က နာမည်ကြီးအောင်သွယ်တော်ကို သွားရှာပြီး မင်းအတွက် မင်္ဂလာကောင်းတစ်ခု စီစဉ်ခိုင်းလိုက်မယ်"

ထိုသို့သော ကောလေးက သူ့အား မည်သို့သဘောကျနိုင်မည်နည်းဟု ကူးချောင်လန် စိတ်ထဲမှတွေးမိသော်လည်း အရီးဖြစ်သူ ပျော်ရွှင်နေသည်ကို မြင်၍ ဘာမှ မပြောတော့ပေ။

ထမင်းစားပြီးနောက် လီချိုးဖန်သည် အဝတ်အစားလဲလှယ်ကာ ပြင်ဆင်ထားသော အောင်သွယ်လက်ဆောင်ကိုကိုင်၍ အပြင်သို့ အလျင်အမြန် ထွက်သွားခဲ့ပြီး ကူးချောင်လန်မှာမူ အိမ်သို့ ပြန်၍အလုပ်ဆက်လုပ်လေသည်။

ဟယ်ကူးရွာ အပြင်ဘက်လယ်ကွင်းများတွင် စိုက်ပျိုးရေးရာသီဖြစ်၍ လူများ အလွန်အလုပ်ရှုပ်နေကြသော်လည်း ရှီမိသားစုတစ်ခုလုံးမှာမူ အလုပ်များကို ပစ်ထားပြီး အိမ်တွင်သာရှိနေကြသည်။ အကြောင်းမှာ ယနေ့ နံနက်စောစောတွင် နောက်ထပ်အောင်သွယ်တော်တစ်ဦး အိမ်သို့ရောက်ရှိလာသောကြောင့် ဖြစ်၏။

"အစ်မရှီရေ... ဒီနေ့တော့ မင်္ဂလာသတင်းလာပါပြီ၊ ရှီမိသားစုအတွက် မင်္ဂလာသတင်းပဲ" 

အောင်သွယ်တော် ဧည့်ခန်းမထဲတွင် ထိုင်ကာ ရဲရဲနီသော လက်ကိုင်ပုဝါကိုကိုင်ရင်း မရပ်မနား ပြောနေလေသည်။

"ချင်ထန်ရွာက အစ်မကူးက သူ့တူလေးအတွက် မင်္ဂလာစေ့စပ်ပေးဖို့ တောင်းဆိုလိုက်လို့ပါ၊ သူ့တူလေးက ဒီနှစ်မှ အသက်နှစ်ဆယ်ပြည့်တာ..."

ထိုသည်ကို ကြားလိုက်ရသောအခါ ရှီတ "ဒီအသက်အထိ အိမ်ထောင်မပြုရသေးဘူးဆိုရင် တစ်ခုခုလိုအပ်နေလို့ မဟုတ်ဘူးလား၊ ဒီလိုလူမျိုးက ငါတို့အိမ်မှာ လာစေ့စပ်ဝံ့တယ်"

ရှီလဲ့သည် မိသားစု၏ကောလေး ဖြစ်သည်။ သူ မွေးဖွားချိန်တွင် မိခင်လျိုရှန်းလျန်မှာ အသက်သုံးဆယ်နီးပါး ရှိနေပြီဖြစ်ပြီး သားကြီးမှာလည်း အသက် ဆယ်နှစ်ကျော်နေပြီဖြစ်သည်။ နောက်ထပ်ကလေးတစ်ယောက်၊ ထိုပြင့် ကောလေးတစ်ယောက်ထပ်မွေးလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ပေ။

ရှီလဲ့သည် မွေးကတည်းက ဖြူဖြူနုနုနှင့် တိမ်တိုက်လေးကဲ့သို့ချစ်စရာကောင်းလှသည်။ ငိုယိုဂျီကျခြင်းမရှိဘဲ စနောက်ပါက ရယ်မောတတ်သဖြင့် အရမ်း ချစ်စရာကောင်းပေသည်။ မိသားစုတစ်ခုလုံးက သူ့ကို ငယ်စဉ်ကတည်းက မျက်စိထဲက အပျောက်မခံကြည့်ရှုခဲ့ကြခြင်းဖြစ်သည်။

အသက်ဆယ့်ခြောက်နှစ်ပြည့်ပြီး ရက်ပိုင်းအတွင်း အောင်သွယ်တော်ရောက်လာခဲ့ဖူးသည်။ ထိုနေ့က သူနှင့် လဲ့အာ၏မိခင်တို့ မိန်းမောစွာဖြင့် အောင်သွယ်တော်ကိုကြိုဆိုခဲ့ကြပြီး ခဏမျှ တိတ်ဆိတ်စွာထိုင်နေခဲ့ကြသည်ကို သူ မှတ်မိနေသေးသည်။

ထိုအခါမှသာ မိမိ၏ကလေးမှာ ပေါက်စီလုံးလေးမှသည် အရည်အချင်းရှိပြီး ချောမောသော လူငယ်လေးအဖြစ်သို့ ကြီးပြင်းလာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။ သူရော ဇနီးသည်ပါခွဲခွာရန် မရက်စက်နိုင်သဖြင့် နောက်ထပ်နှစ်နှစ်နီးပါး ထိန်းသိမ်းထားခဲ့ကြသည်။ သို့သော် မည်မျှပင် နှမြောပါစေ ကြည့်ရှုပေးရမည်ဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်အထိ အိမ်ထောင်မပြုပါက ရွာထဲမှ အတင်းအဖျင်း စကားများအပြင် ရွာလူကြီးကပါ ဝင်ရောက် စွက်ဖက်ရပေတော့မည်။

မိသားစုတိုင်းတွင် အခက်အခဲများရှိကြသဖြင့် ဘဝမှာ ပုံမှန်ဖြတ်သန်းနိုင်လျှင်ပြည့်စုံပြီဟု ယခင်က သူ ထင်ခဲ့သည်။ သို့သော် လဲ့ကောအာအတွက် အိမ်ထောင်ဘက် ရှာဖွေပေးသည့် ကတည်းက သူရော ဇနီးသည်ပါအစစအရာရာ ပြည့်စုံသူကိုသာ ရှာဖွေရန်ဆုံးဖြတ်ခဲ့ကြသည်။

မိဘနှစ်ပါးလုံးရှိလျှင် အကောင်းဆုံးဖြစ်ပြီး တစ်ဦးတည်းရှိလျှင်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် ယောက္ခမဖြစ်သူက အလွန်အမင်း တင်းကျပ်မနေရပေ။ သမက် သို့မဟုတ် ကောလေးကို နှိပ်စက်မည်ကို စိုးရိမ်ရသည်။ ညီအစ်ကို မောင်နှမတစ်ယောက်၊ နှစ်ယောက်ရှိလျှင် ရသော်လည်း များလွန်းပါက အဆင်မပြေပေ။ မိသားစုက ဓနဥစ္စာနည်းပါးပါက ဝေစုနည်းပါးသွားမည်ဖြစ်သည်။ ယောက်ဖ၊ ယောင်းမများနှင့်လည်း တွေ့ဆုံရသဖြင့် သေချာကြည့်ရပေမည်။

တစ်ဦးချင်းစီကို စဉ်းစားရာတွင်လည်း တစ်ခုလုံးကို ထည့်သွင်းစဉ်းစားရမည်။ အလွန်အမင်းအားနည်းပြီး သဘောကောင်းလွန်းသူ မဖြစ်ရပေ။ ဒီရွာတွင် အနိုင်ကျင့်ခံရသော သဘောကောင်းသူများစွာ ရှိပြီး လောဘကြီးသူများဆိုလျှင် ပိုဆိုးရွားသည်။ ဒါတင်မကသေး၊ မည်သည့်ရွာကလဲဆိုသည်ကိုလည်း ကြည့်ရမည်။ အလွန်ဝေးပါက မဖြစ်နိုင်သလို ကိစ္စတစ်ခုခုဖြစ်ပွားပါက အချိန်မီ မရောက်ရှိနိုင်ပေ။ ရွာတစ်ရွာတည်းဆိုလျှင်လည်း အဆင်မပြေချေ။

ရှီတ အတွေးပေါင်းစုံ ဝင်နေစဉ် အောင်သွယ်တော်က ထပ်မံပြောကြားလိုက်သည်။

"အစ်ကို ရှီရယ်... မလောပါနဲ့ဦး ကျွန်မ အောင်သွယ်ပေးလာတာ ဒီနှစ်တွေမှာ မင်္ဂလာကိစ္စ တစ်ခုမှမပျက်ဖူးပါဘူး၊ နှစ်ဖက်စလုံးရဲ့ အားနည်းချက်တွေ ကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်"

"အစ်မကူးရဲ့တူလေးနာမည်က ကူးချောင်လန်တဲ့ သူ့မိသားစုက အရင်က ရွာထဲမှာ ထင်ရှားတဲ့ ချမ်းသာတဲ့ အိမ်တစ်အိမ်ပါပဲ၊ ဒါပေမယ့် အသက်ဆယ့်လေး နှစ်မှာ အဖေဖြစ်သူ မတော်တဆဖြစ်ခဲ့ပြီး နှစ်နှစ်အတွင်းမှာ အမေက နောက်အိမ်ထောင်ပြုသွားခဲ့တာပါ"

အောင်သွယ်တော် သက်ပြင်းချကာ အသံကိုမြှင့်၍ ဆက်ပြောသည်။

"ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ သူ့မိသားစုက ဆင်းရဲမနေပါဘူး၊ အုတ်ကြွပ်မိုး အိမ်သုံးလုံးနဲ့ လယ်မြေ ၁၀ မူကျော်ရှိပါတယ်"

"ဒီကူးမိသားစုက ကောင်လေးက အရပ်ရှည်ပြီး ချောတယ်၊ အားကိုးရပြီး အရည်အချင်းလည်းရှိတယ်၊ လယ်ကွင်းထဲက အလုပ်တွေကိုလည်း အရမ်းကောင်း ကောင်းလုပ်နိုင်တယ်၊ ဒါတင်မကဘူး၊ မြို့ပေါ်မှာလည်း ခဏခဏအလုပ်သွားလုပ်တတ်ပြီး အရမ်းကြိုးစားတာ"

"ကျွန်မ မလာခင်မှာ အစ်မကူးက ပြောလိုက်သေးတယ်၊ သူတို့မိသားစုကို အိမ်ထောင်ပြုဝင်ရောက်ရင် ယောက်ခမနဲ့ ယောက်ဖ၊ ယောင်းမ မရှိတာ နည်းနည်းတော့ လိုအပ်ချက်ရှိပေမဲ့ ဦးလေးမိသားစုက ကူညီပေးနိုင်ပါတယ်၊ မင်္ဂလာလက်ဆောင်တွေကလည်း ခေတ်ကာလထက် ၂၀ ရာခိုင်နှုန်း ပိုများမှာပါ၊ မစိုးရိမ်ပါနဲ့တဲ့..."

အောင်သွယ်တော် ကူးမိသားစုမှ ကောင်လေးကို အထပ်ထပ်အခါခါ ချီးမွမ်းပြောဆိုနေသည်မှာ အမှန်ပင် နှုတ်ရေးကောင်းလှပေသည်။

ဒီနှစ်များတွင် ရာသီဥတုကောင်းမွန်လှသည်။ ရာသီဥတုကို မှီခိုနေရသော ၎င်းတို့လိုလယ်သမားများအတွက် ကြိုးစားပါက အထွက်ကောင်းရရှိနိုင်ပေသည်။ ဘဝကအေးချမ်းပြီး အခွန်အခနည်းပါးသဖြင့် ပိုမိုကောင်းမွန်လာခဲ့သည်။

ဇနီးသည် သို့မဟုတ် ကောအာကို လက်ထပ်ရန်မင်္ဂလာကြေးမှာ အနည်းဆုံး ငွေချောင်းဆယ်ရာရှိရမည်။ အချို့နေရာများတွင် ကောလေးများ ကိုယ်ဝန်ရရှိရန် ခက်ခဲသဖြင့် မင်္ဂလာကြေးလျှော့ယူကြသည်ဟု ကြားဖူးသော်လည်း ဒီနေရာတွင် ထိုသို့သော ထုံးစံမရှိဘဲ မိန်းကလေးဖြစ်စေ၊ ကောလေးဖြစ်စေ အတူတူပင်။

 Chapter 2


ရှီလဲ့မိခင် လျိုရှန်းလျန်က ထိုသည်ကို ကြားသောအခါ မည်သည့် အမူအရာမျှမပြပေ။ သူမ၏မိသားစုမှာ ငွေကြေးကိုလောဘကြီးသော မိသားစုမဟုတ်ပေ။ မင်္ဂလာကြေးကို နှစ်အနည်းငယ် ထပ်မံစုဆောင်းပါက ရရှိနိုင်သေးရာ လူ့စရိုက်လက္ခဏာပေါ်တွင်သာ မူတည်ပေသည်။

သူမ ရှီတကို တစ်ချက် ကြည့်လိုက်ပြီး အောင်သွယ်တော်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"အစ်မ ပြောတာတွေကို ကျွန်မတို့ နားလည်ပါတယ်၊ ဒါပေမဲ့ မင်္ဂလာကိစ္စဆိုတာ သေးငယ်တဲ့ ကိစ္စမဟုတ်ပါဘူး၊ ထပ်ပြီး တိုင်ပင်ပါရစေဦး၊ ဂုဏ်ပြုပေးတာ ကျေးဇူးတင်ပါတယ်၊ သုံးရက်နေရင် ပြန်လာခဲ့ပါ၊ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ အဖြေအတိအကျပေးပါ့မယ်"

အောင်သွယ်တော်မှာ စကားများစွာပြောခဲ့သော်လည်း မိသားစုက မလှုပ်သာသေးသည်ကို အံ့ဩသွားပြီး အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

ကူးမိသားစု၏မင်္ဂလာလက်ဆောင်မှာ ရက်ရောလှသဖြင့် သူမ အစွမ်းကုန်ကြိုးစားချင်သဖြင့် "ဒါဆိုရင်လည်း အစ်မရှီရယ်... စဉ်းစားကြပါဦး၊ ကျွန်မ ဒီနေ့တော့ ပြန်ပါဦးမယ်" ဟု ဆိုကာ မတ်တပ်ထရပ်လိုက်သည်။

လျိုရှန်းလျန်လည်း မတ်တပ်ရပ်ကာ "ကျွန်မ လိုက်ပို့ပါ့မယ်" ဟု ဆို၍ အောင်သွယ်တော်ကို တံခါးဝအထိ လိုက်ပို့လိုက်သည်။

ရှီမိသားစု၏သားကြီးဖြစ်သူ ရှီတလန်ကမူ အောင်သွယ်တော် ခြံဝတံခါးမှ ထွက်သွားသည်ကိုကြည့်ရင်း မနေနိုင်တော့ဘဲ ဖခင်ဖြစ်သူအား တိတ်ဆိတ်စွာ မေးလိုက်သည်။

"အဖေ... ဒီတစ်ကြိမ်ကို ဘယ်လိုထင်လဲ"

သူ စကားများကို ရှင်းရှင်းလင်းလင်းကြားခဲ့ရသော်လည်း အောင်သွယ်တော်၏ စကားမှာ ပိုလွန်းနေသဖြင့် ခန့်မှန်းရခက်နေ၏။

ရှီတ မျက်မှောင်ကြုတ်ထားသည်။ ကူးချောင်လန်ဆိုသော နာမည်မှာ တစ်နေရာရာတွင် ကြားဖူးသလို ရင်းနှီးနေသည်ဟု အမြဲခံစားနေရသည်။ ဘာမှ မပြောရသေးမီမှာပင် လျိုရှန်းလျန် လိုက်ပို့ပြီး ပြန်ရောက်လာခဲ့၏။

လျိုရှန်းလျန် သူတို့နှစ်ဦး စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကို မြင်၍ စားပွဲဆီသို့ လျှောက်လာကာ စကားပြောရန်ပြင်စဉ် ရှီတ ရုတ်တရက် ပေါင်ကို ရိုက်လိုက်သဖြင့် သူမ လန့်သွားရသည်။ ရှီတ သားကြီးဖြစ်သူ ရှီတလန်အား ပြောလိုက်သည်ကိုကြားလိုက်ရ၏။

"တာ့လန့်... ဒီကူးချောင်လန်ဆိုတာ လွန်ခဲ့တဲ့နှစ်နှစ်က မြို့ပေါ်က သခင်ကြီးဝမ်အိမ်မှာ အလုပ်သွားလုပ်တုန်းကတွေ့ခဲ့တဲ့ အရပ်ရှည်ရှည်နဲ့ ခွန်အားအရှိဆုံး လူငယ်လေး မဟုတ်ဘူးလား"

ရှီမိသားစု၏သားကြီးဖြစ်သူ ခဏမျှစဉ်းစားလိုက်ပြီး "အဖေပြောတာ စကားမပြောတဲ့ ကောင်လေးကို ပြောတာလား၊ သူ့တော်တော်စားနိုင်တာကို ကျွန်တော် မှတ်မိတယ်၊ မွန်းတည့်ချိန်မှာ တို့စရာ ဟင်းမပါဘဲ ပေါက်စီအကြီး ခုနစ်လုံး၊ ရှစ်လုံးလောက် စားတာလေ၊ တစ်ယောက်ယောက်က သူ့ကို 'ချောင်လန်' လို့ ခေါ်တာ ကြားလိုက်သလိုပဲ၊ ပြန်လာတော့လည်း ကျွန်တော်တို့ရှေ့က လမ်းလျှောက်သွားတာ၊ ချင်ထန်ရွာထဲဝင်သွားတာကို ကျွန်တော် ကြည့်နေခဲ့တာ"

ရှီတ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်... ငါ အလုပ်လုပ်တုန်းက အဲဒီလူငယ်လေးက ငါ့ဘေးနားမှာ အလုပ်အရမ်းကြိုးစားတာ၊ ပျင်းရိ ခိုကပ်မယ့် သူမျိုး မဟုတ်ဘူး"

ဒါကို ကြားရသောအခါ ကလေးများ၏ဖခင်ဖြစ်သူမှာ ဤလူငယ်လေးကို အတော်အတန် သဘောကျနေကြောင်း လျိုရှန်းလျန် သိလိုက်ရသည်။ သူမ သားကြီးအား ပြောလိုက်၏။

"ကဲပါ... မနက်ဖြန် သွားကြည့်၊ မကြည့်ကို စိတ်မပူနဲ့ဦး တာလန့်... မနက်ဖြန် မနက်စောစော ချင်ထန်ရွာကို သွားပြီး ကူးမိသားစုအကြောင်း စုံစမ်းကြည့် လိုက်၊ တကယ်ပဲ အဲဒီလူဖြစ်ပြီး အခြေအနေတွေက အောင်သွယ်တော်ပြောတာနဲ့ ကိုက်ညီရင် ဒီမင်္ဂလာကိစ္စကို လက်ခံလို့ရတယ်၊ ယောက်ခမနဲ့ ယောက်ဖ၊ ယောင်းမ မရှိတာကလည်း မကောင်းတာချည်းတော့ မဟုတ်ပါဘူး၊ ကွယ်ရာမှာ နှိပ်စက်တဲ့သူနဲ့တွေ့ရင် ငါတို့ လဲ့ကောအာပဲ ဒုက္ခရောက်မှာ"

ပြောရင်းဖြင့် လွန်ခဲ့သည့်အကြိမ်က စေ့စပ်ခဲ့ဖူးသော မိသားစုအား သတိရသွားကာ ဒေါသတကြီးပြောလိုက်သည်။

"ပြီးခဲ့တဲ့ အကြိမ်က လီမိသားစုရွာက ကောင်လေးလို မဖြစ်စေနဲ့ဦး... ဟန်ပြပဲ ကောင်းတာ၊ ယောက်ခမနဲ့ ယောင်းမတွေရှိပေမဲ့ ပျင်းရိတဲ့ လူတစ်ယောက်ပဲ"

လျိုရှန်းလျန်ပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ တံခါးဆီသို့လျှောက်သွားပြီး ရုတ်တရက် ရပ်လိုက်ကာ သားကြီးအားလှည့်ပြောလိုက်သည်။

"ငါ မေ့တော့မလို့... နင့်ဇနီး လဲ့ကောအာရဲ့အခန်းထဲမှာ အတူရှိနေတာ၊ သူတို့ စိတ်မပူရအောင် သွားပြောပြလိုက်ဦး"

ရှီမိသားစု၏သားကြီးဖြစ်သူမှာ ပြန်ထူးလိုက်ပြီး ထွက်ခွာရန် မတ်တပ်ထရပ်လိုက်တော့သည်။
ဘေးခန်း၌ ရှီလဲ့သည် ခုတင်ပေါ်တွင် ထိုင်ကာ တစ်ခါတစ်ရံ ပန်းထိုးလိုက်၊ တစ်ခါတစ်ရံ စိုးရိမ်ပူပန်သော မျက်နှာထား နှင့် သက်ပြင်းချလိုက်လုပ်နေ၏။ အချိန်အနည်းငယ် ကြာသောအခါ တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"မရီး... ဒီတစ်ခါတော့ တကယ်ပဲ ကျွန်တော့်ကို အိမ်ထောင်ချပေးတော့မှာလား၊ ဒီအောင်သွယ်တော်က ရောက်နေတာ တော်တော်ကြာနေပြီ၊ အရင်တစ်ခါနဲ့လည်း မတူဘူး"

ထိုပုံစံကိုမြင်လျှင် ရှီမိသားစု၏ချွေးမကြီး အမျိုးသမီးယန်က အသံထွက်အောင် ရယ်မောလိုက်လေသည်။ သူမ ဒီအိမ်သို့ချွေးမအဖြစ် ရောက်လာချိန်က ရှီလဲ့မှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ် ကလေးပေါက်စလေးသာရှိသေး၏။ လိမ္မာရေးခြားရှိပြီး စကားနားထောင်ကာ တစ်နေ့ကုန် အမြဲတမ်း တက်ကြွရွှင်လန်း နေတတ်သူ ဖြစ်သည်။

သူမ ကိုယ်ဝန်ဆောင်စဉ်က ရှီလဲ့မှာ အသက်ဆယ်နှစ်သာရှိသေးသည်။ သူ ကမန်းကတန်း ပြေးလာပြီး တူလေးအတွက် သကြားလုံးဝယ်ကျွေးရန်ဟူ၍ သူ၏ မုန့်ဖိုးစုထားသော ပိုက်ဆံအိတ်လေးကို သူမ ရင်ခွင်ထဲ ထည့်ပေးခဲ့ဖူးသည်။ ဤအပြုအမူက သူမကို ရယ်ရခက်၊ ငိုရခက် ဖြစ်စေခဲ့၏။ ယောက္ခမဖြစ်သူက ထိုအကြောင်းကိုကြားသောအခါ ရယ်မောရင်း ထိုငွေအိတ်လေးထဲသို့ ငွေတစ်ချောင်းထပ်ထည့်ပေးခဲ့သည်။

သူမသည် သက်တောင့်သက်သာနေထိုင်ရပြီး ထိုမတ်လေးကို အမြဲတမ်းသဘောကျခဲ့ရာ တဖြည်းဖြည်းနှင့် ပိုသံယောဇဉ်တွယ်လာခဲ့သည်။ ကိုယ်တိုင် ပြုစုပျိုးထောင်ခဲ့ရသည့် ကလေးတစ်ဝက်ဟု ဆိုလျှင်လည်း ချဲ့ကားရာမကျပေ။ ပြုံးလိုက်သည်။

"ဘာလို့ ဒီလောက် စိတ်ပူနေရတာလဲ၊ မိဘတွေက မင်းကို ဘယ်လောက်ချစ်လဲဆိုတာ မင်းမှ မသိတာ၊ ပြီးတော့ မင်းအစ်ကိုက မင်းထက်တောင် ပိုပြီး စိုးရိမ်နေလောက်တယ်၊ သူတို့က မင်းအတွက် အကောင်းဆုံးအောင်သွယ်တော်ကိုရှာပြီး ခင်ပွန်းကောင်းတစ်ယောက်ကို သေချာပေါက်ရွေးချယ်ပေးမှာ"

စကားပြောဆိုပြီးသည်နှင့် ရှီတလန်ဝင်လာ၏။

"လဲ့အာ... စိတ်မပူနဲ့ မနက်ဖြန် အစ်ကို အဲဒီလူအကြောင်း သွားစုံစမ်းမယ်၊ မကောင်းရင် လက်မထပ်ဘူး"

ထို့နောက် အောင်သွယ်တော်ပြောသွားသည့် စကားများကို ရှီလဲ့အား အသေးစိတ် ပြန်လည်ဖောက်သည်ချပြလေသည်။ ရှီလဲ့ မျက်နှာမှာ အနည်းငယ် နီရဲသွား၏။ အပ်အနည်းငယ်သာ ထိုးရသေးသော လက်ကိုင်ပုဝါကိုချထားခဲ့ပြီး ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော် ဘာမှ ဆက်မပြောတော့ဘူး၊ ဟင်းသွားချက်တော့မယ်"

ပြောပြီးသည်နှင့် တံခါးအပြင်သို့ ပြေးထွက်သွားလေတော့သည်။ အမျိုးသမီးယန် ပိုသဘောကျစွာ ရယ်မောလိုက်သည်။

"ဒီတစ်ခေါက်တော့ မိဘတွေက တော်တော်လေးသဘောကျနေပုံရတယ် ဒါမှမဟုတ်ရင် ရှင့်ကို လဲ့ကောအာဆီ ဒီအကြောင်းတွေ ပေးပြောမှာ မဟုတ်ဘူး"

ရှီတလန် ခေါင်းညိတ်လိုက်၏။

"မနက်ဖြန် သွားစုံစမ်းဖို့ အမေ ပြောလိုက်တယ်"

အမျိုးသမီးယန် ခုတင်ပေါ်ရှိ လက်ကိုင်ပုဝါကို ရှင်းလင်းသိမ်းဆည်းကာ မတ်တပ်ရပ်လိုက်သည်။

"ရွေ့အာ နိုး၊ မနိုး သွားကြည့်လိုက်ဦးမယ်၊ ဒီရက်ပိုင်း သူ နည်းနည်းဖျားချင်နေလို့၊ ရှင်လည်း ခြံထဲ သွားရှင်းလိုက်ဦး၊ ဒီနေ့မနက် ခိုးနားထားတဲ့ အချိန်လေးပဲ ရှိတာ၊ နေ့လယ်ကျရင် လယ်ထဲသွားရဦးမှာ"

မီးဖိုချောင်ထဲတွင် ရှီလဲ့သည် ရှုပ်ထွေးနေသော အတွေးများကိုဖယ်ထုတ်ရန် မိမိပါးကို ပုတ်လိုက်သည်။ မြက်ခြောက်နှင့် ထင်းခြောက်အချို့ကို စုသိမ်းကာ မီးဖိုရှေ့တွင် ပုံလိုက်ပြီး လျင်မြန်စွာမီးမွှေးလိုက်၏။ ထို့နောက် ရေအိုးထဲမှ ရေတစ်ခွက် ခပ်၍ လက်ဆေးကာ သန့်ရှင်းသော အဝတ်နှင့် သုတ်လိုက်ပြီး ဒယ်အိုးထဲသို့ ရေထည့်ကာ ဆူအောင်တည်လိုက်သည်။

နေ့လယ်ပိုင်းတွင် မိဘများနှင့် အစ်ကိုကြီးတို့ စပါးရိတ်ရန် လယ်ထဲသို့သွားရဦးမည်ဟု ရှီလဲ့တွေးလိုက်မိသည်။ ဤသည်မှာ အပင်ပန်းဆုံးအလုပ်ဖြစ်၍ ထမင်းပိုချက်ထားရန်လိုအပ်ပေသည်။ ဆန်အိုးထဲမှ ဆန်နှစ်ပန်းကန်လုံးခပ်ယူကာ ဆေးကြောပြီး ဒယ်အိုးထဲသို့ထည့်၍ ချက်လိုက်၏။ ထို့နောက် မီးဖိုထဲမှ လောင်ကျွမ်းနေသော ထင်းနှစ်ချောင်းကိုယူ၍ အခြားမီးဖိုတစ်ခုထဲသို့ ပြောင်းထည့်လိုက်သည်။ မီးဖိုနှစ်ခုလုံးသို့ ထင်းအနည်းငယ် ထပ်ထည့်ပြီးနောက် ဟင်းများ စတင်ပြင်ဆင်တော့သည်။

ရွာရှိအိမ်တိုင်းတွင် ဟင်းသီးဟင်းရွက်ခင်း ကိုယ်စီ ရှိကြသည်။ အချို့က ကိုယ်တိုင်စားရန်သာမက မြို့ပေါ်တက်ရောင်းရန်အထိ အများအပြား စိုက်ပျိုးကြသော်လည်း သူ့ မိသားစုကမူ ကိုယ်တိုင် စားသောက်ရန် လောက်ငှရုံသာ စိုက်ပျိုးထားသည်။

မနေ့ညက ခူးထားသော ဂေါ်ဖီထုပ်နှစ်ထုပ်ကို ယူ၍ဆေးကြောလိုက်သည်။ ဤဟင်းသီးဟင်းရွက်များမှာ အနုနယ်ဆုံး အခြေအနေတွင်ရှိနေပြီး မည်သို့ပင် ချက်ချက် အရသာရှိလှပေသည်။ ယနေ့တွင် ဒယ်အိုးထဲသို့ ဝက်ဆီအနည်းငယ်ထည့်ကာ အပူပေးပြီးနောက် ဂေါ်ဖီထုပ်များကိုထည့်၍ ခပ်မြန်မြန် မွှေကာ ရေထည့်ပြီး ဟင်းချိုချက်ရန် သူ စီစဉ်ထား၏။ ဟင်းရည်မှာ ကြည်လင်နေပြီး ဝမ်းဗိုက်ကိုနွေးထွေးစေကာ အူသိမ်အူမများကို သက်သောင့်သက်သာ ဖြစ်စေသည့် အချိုဓာတ်လေးပါဝင်နေသည်။ ထို့နောက် အချဉ်နှင့် အစပ်အရသာရှိသော အာလူးမျှင်ကြော်တစ်ပွဲကိုလည်း ထပ်မံ ထည့်သွင်းလိုက်ရာ ချဉ်စပ်အရသာလေးနှင့် ထမင်းမြိန်စေရန် အကောင်းဆုံးဖြစ်သည်။

ယနေ့နံနက် အိပ်ရာထကတည်းက ရေစိမ်ထားသော ဆားနယ်အသားခြောက် တစ်တုံးကိုယူ၍ ဆေးကြောကာ ပါးပါးလှီးလိုက်သည်။ ဤအသားခြောက်မှာ နှစ်သစ်ကူးမတိုင်မီက ဖခင်ဖြစ်သူ ကိုယ်တိုင် နယ်ထားခြင်းဖြစ်ပြီး သူ့ဖခင်မှာ အသားနယ်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ အသားစစ်စစ်အပိုင်းမှာ တောက်ပသောအနီရောင်ရှိပြီး အဆီပိုင်းမှာမူ ကြည်လင်နေကာ အဆီပါသော်လည်း အီမနေဘဲ အသားမှာလည်း မမာပေ။

ဒယ်အိုးထဲတွင် ဆီပူလာသောအခါ ဂျင်း၊ စီချွမ်ငရုတ်ကောင်း နှင့် ငရုတ်သီးခြောက်များကို ထည့်၍ မွှေးလာသည်အထိ ဆီသတ်ပြီးနောက် အသားခြောက် များကို ထည့်လိုက်သည်။ နှစ်ကြိမ်၊ သုံးကြိမ်မျှ မွှေလိုက်သည်နှင့် မွှေးရနံ့များ လွင့်ပျံလာ၏။ ယနေ့နံနက်ကမှ ခူးထားသော ပဲတောင့်ရှည်များနှင့် တွဲဖက်ချက်ပြုတ်လိုက်ရာ အသားခြောက်၏ငန်ကျိကျိ အရသာကို ထိန်းညှိပေးပြီး အလွန်အရသာရှိသွားစေသည်။

ရှီလဲ့သည် ဟင်းပွဲများကို စားပွဲပေါ်သို့ တင်လိုက်ပြီး ဗီရိုထဲမှ ပန်းကန်များနှင့် တူများကို ယူ၍ ချထားကာ တံခါးပေါက်ဆီသို့ လှမ်းခေါ်လိုက်သည်။ သူ့ အစ်ကိုမှာ အမြန်ဆုံး ရောက်လာ၏။

"ဒီနေ့ အသားကြော်ထားတာပါလား၊ တကယ် မွှေးတာပဲ"

မိသားစုဝင်များအားလုံး တံခါးဝတွင် လက်ဆေးကာ အိမ်ထဲဝင်၍ စားသောက်ကြတော့သည်။

ထမင်းစားပြီးနောက် အမျိုးသမီးယန် ပန်းကန်များကို သိမ်းဆည်းဆေးကြောပြီး ရှီလဲ့မှာ တူလေးရှီရွေ့နှင့်အတူ ခြံထဲတွင် ဆော့ကစားနေ၏။ မိဘများနှင့် အစ်ကိုကြီးတို့ကမူ လယ်ယာသုံး ကိရိယာများကို သယ်ဆောင်ကာ အလုပ်လုပ်ရန်ထွက်သွားကြသည်။

နောက်တစ်နေ့ မိုးမလင်းမီမှာပင် ရှီတလန် အပြင်သို့ ထွက်လာခဲ့သည်။

ကောင်းကင်ယံရှိ ကြယ်ကလေးများမှာ မှိန်ပျပျတောက်ပနေပြီး လမင်းမှာလည်း တိမ်တိုက်များကြားတွင် ရေးရေးမျှသာ လင်းလက်နေကာ ညဖက် ခရီးသွားသူများအတွက် နူးညံ့သော အလင်းရောင်ကိုပေးစွမ်းနေ၏။ ဟယ်ကူးရွာနှင့် ချင်ထန်ရွာတို့မှာ မြစ်တစ်စင်း နှင့် လယ်ကွင်းအချို့သာ ခြားလျက် နီးကပ်စွာတည်ရှိသည်။ ရှီတလန် ခပ်သွက်သွက် လျှောက်လာခဲ့ရာ နံ့သာတိုင် တစ်တိုင်စာ မလောင်ကျွမ်းမီ အချိန်အတွင်းမှာပင် ချင်ထန်ရွာအပြင်ဘက်ရှိ လမ်းဆုံသို့ ရောက်ရှိလာခဲ့သည်။ ဤလမ်းဆုံမှ တည့်တည့်သွားပါက မြို့ပေါ်သို့ရောက်မည်ဖြစ်ပြီး ချင်ထန်ရွာမှာမူ ညာဘက်တွင် ရှိသည်။

သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မလှမ်းမကမ်းရှိ လယ်ကွင်းထဲတွင် ဂျုံနှံများ ကောက်သိမ်းနေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူက လယ်ကန်သင်းရိုးဆီသို့ ကမန်းကတန်း လျှောက်သွားကာမေးလိုက်သည်။

"အဘိုး... ကူးချောင်လန်ရဲ့အိမ်က ဒီမှာပဲလား ခင်ဗျာ"


 Chapter 3

အဘိုးအို ခါးဆန့်ကာ သူ့ဘက်သို့ လှည့်ကြည့်လိုက်၏။

"လူငယ်လေး... ချောင်လန်ကို ဘာကိစ္စ ရှာတာလဲ၊ မင်း ဘယ်ရွာကလဲ၊ အရင်က မမြင်ဖူးပါဘူး"

ရှီတလန် ခဏမျှ စဉ်းစားလိုက်သည်။ အမှန်အတိုင်းပြော၍ မဖြစ်ပေ။ အကယ်၍ မင်္ဂလာကိစ္စသာ မအောင်မြင်ပါက မိမိညီလေး၏ဂုဏ်သိက္ခာကို ထိခိုက်စေ နိုင်သည်။ သို့သော် အားလုံးကို လိမ်ပြော၍လည်း မရပေ။ နောင်တစ်ချိန်တွေ့ဆုံမိပါက မကောင်းနိုင်ပေ။ သူ ခေတ္တရပ်လိုက်ပြီး ပြန်ဖြေလိုက်၏။

"အဘိုး... ကျွန်တော်က အိမ်နီးချင်း ဟယ်ကူးရွာကပါ၊ အရင်က မြို့ပေါ်မှာ သူနဲ့ အလုပ်တူတူ လုပ်ခဲ့ဖူးလို့၊ အခု သူနဲ့ သင့်တော်မယ့် အလုပ်သစ်လေးတစ်ခု ပေါ်လာလို့ လာပြောတာပါ"

ထိုစကားကို ကြားသောအခါ အဘိုးအို ခေါင်းညိတ်လိုက်သည်။ ချောင်လန်မှာ မြို့ပေါ်သို့ မကြာခဏအလုပ်သွားလုပ်လေ့ရှိပြီး ဟယ်ကူးရွာမှာလည်း နီးကပ်လှသဖြင့် လူအနည်းငယ် သိကျွမ်းနေခြင်းမှာ သဘာဝပင်။ လယ်ကန်သင်းရိုးဘေးရှိ လမ်းကိုညွှန်ပြကာ ပြောလိုက်သည်။

"ဒီလမ်းအတိုင်း တည့်တည့်သွားလိုက်၊ အစွန်ဆုံးတောင်ခြေက အိမ်ကိုရောက်လိမ့်မယ်၊ အဲဒီမှာ အိမ်တစ်အိမ်ပဲ ရှိတယ်"

ရှီတလန် ကျေးဇူးတင်စကား ဆိုပြီးနောက် ထပ်မေးလိုက်၏။

"ဒါနဲ့ အဘိုး... ကူးချောင်လန်ရဲ့ အကျင့်စရိုက်က ဘယ်လိုမျိုးလဲ သိပါရစေ၊ အရင်က အလုပ်တူတူလုပ်ခဲ့ပေမဲ့ စကားသိပ်မပြောဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက်က အလုပ်ရှင်က သူ့ကို ခေါ်ခိုင်းလိုက်လို့ သခင်ကြီးရဲ့အလုပ်တွေ ပျက်စီးမှာစိုးလို့ စုံစမ်းကြည့်တာပါ"

အဘိုးအို သူ့ မုတ်ဆိတ်မွေးများကို ပွတ်သပ်ကာ ပြုံးလိုက်သည်။

"လူငယ်လေး... မင်း စိတ်ချလက်ချ နေလို့ရပါတယ်၊ ကူးမိသားစုက ကောင်လေးက ပုံမှန်ဆို စကားနည်းပြီး အလုပ်နဲ့ပတ်သက်လာရင်လည်း ဘယ်တော့မှ ညည်းညူလေ့မရှိဘူး၊ အလုပ်ကြိုးစားပြီး ကျေးဇူးသိတတ်တယ်၊ သူ့အဖေ ဆုံးပါးသွားတုန်းက သူက ငယ်သေးတော့ ရွာသားတွေက အသုဘကိစ္စကို ဝိုင်းဝန်းကူညီပေးခဲ့ကြတာ၊ ဆယ်ကျော်သက်အရွယ်လေးနဲ့ တစ်အိမ်လုံးစာ ထင်းခွေတာတွေကိုတာဝန်ယူခဲ့တာပဲ၊ နောက်ပိုင်း တခြားသူတွေ အခက်အခဲဖြစ် ရင်လည်း အမြဲတမ်းအပြေးအလွှား ကူညီတတ်တဲ့ သူပဲ"

ထိုစကားကို ကြားပြီးနောက် ရှီတလန် ပြုံးလိုက်၏။

"ဒါဆိုရင်တော့ ကျွန်တော် စိတ်အေးရပါပြီ၊ ကျေးဇူးတင်ပါတယ် အဘိုး ကျွန်တော် သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးပြီး လမ်းအတိုင်း ဆက်လျှောက်လာခဲ့သည်။ မကြာမီမှာပင် ကူးမိသားစု အိမ်အပြင်ဘက်သို့ ရောက်ရှိသွားတော့သည်။

ရွာရှိ အိမ်တိုင်း၏ခြံစည်းရိုးများမှာ နိမ့်ပါးစွာ ဆောက်လုပ်ထားကြပြီး အချို့မှာ သစ်သားခြံစည်းရိုးများဖြစ်ကြသော်လည်း ကူးမိသားစု၏ အိမ်မှာမူ မြေသားတံတိုင်းဖြစ်ကာ တံခါးကို တင်းကျပ်စွာပိတ်ထားသည်။ ရှီတလန်သည် ခြံစည်းရိုး အပြင်ဘက်တွင်ရပ်ကာ အတွင်းသို့လှမ်းကြည့်လိုက်၏။ ခြံဝင်းမှာ အလွန်သပ်ရပ်နေပြီး အရှုပ်အထွေး မရှိပေ။ အောင်သွယ်တော်ပြောခဲ့သကဲ့သို့ပင် အိမ်မှာ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေသည်။

သူ အကြာကြီး မရပ်ရဲပေ။ ဤအချိန်မှာ လူအများစုအလုပ်ထွက်လုပ်သည့် အချိန်ဖြစ်၍ နောက်ပိုင်းတွင် လူအများနှင့် ဆုံမိပါက မကောင်းနိုင်ပေ။ ထို့ကြောင့် လှည့်၍ ပြန်လှည့်လာခဲ့သည်။ ခြေလှမ်းအနည်းငယ် အလျှောက်တွင် စပါးပင်များ ထမ်းလာသော သူတစ်ဦးဖြတ်သွားသည်ကို တွေ့လိုက်ရ၏။ ထိုသူက သူ့ဘက်သို့ လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ အကြည့်လွှဲသွားသည်။ ရှီတလန်လည်း ဘာမှမပြောဘဲ ကြည့်လိုက်ရာ သူတို့နှစ်ဦး ပခုံးချင်းယှဉ်လျက် ဖြတ်သွားခဲ့ကြသည်။

ရှီတလန် မရပ်တန့်ဘဲ ဆက်လျှောက်လာခဲ့သော်လည်း စိတ်ထဲတွင်မူ ဤသူမှာ ကူးချောင်လန်သာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။ သူ့မျက်နှာမှာ ယခင်က နှင့်သိပ်မကွာခြားဘဲ အနည်းငယ်ရှည်သွယ်လာကာ မျက်နှာပေါက်မှာ ပိုမိုရင့်ကျက်လာသည်။ သို့သော် ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အတော်လေး ပြောင်းလဲသွား ခဲ့၏။ နှစ်နှစ်ကျော် အချိန်အတွင်း အရပ်ရှည်ပြီး ပိန်သွယ်သော လူငယ်လေးမှသည် အရပ်မောင်းကောင်းကာ တောင့်တင်းခိုင်မာသော ယောက်ျားတစ် ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျောပေါ်တွင် စပါးများထမ်းထားသော်ငြား မတ်မတ်ရပ်နေသော သူ၏အရပ်အမောင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင် ပေသည်။ ရှီတလန် မျက်နှာမှာ အတော်လေးကျေနပ်သွားပုံရပြီး အိမ်သို့ ကမန်းကတန်း ပြန်လာခဲ့သည်။

အိမ်သို့ ပြန်ရောက်သောအခါ ခြံထဲတွင် သူ့ဇနီး နှင့် လဲ့ကောအာတို့သာ ရှိနေကြသည်။ အမျိုးသမီးယန် သူ ပြန်လာသည်ကို မြင်သောအခါ မေးလိုက်၏။

"ပြန်ရောက်လာပြီလား၊ အမေတို့ကတော့ လယ်ထဲသွားကြပြီ ဒီတစ်ခေါက်သွားတာ ဘာများ ထူးခြားသေးလဲ"

ရှီလဲ့မှာ အနည်းငယ် ရှက်နေသော်လည်း နားထောင်ချင်နေသဖြင့် ခြံထဲတွင် အလုပ်ရှုပ်နေဟန်ဆောင်ကာ မလှုပ်မယှက် နေနေသည်။ မမျှော်လင့်ဘဲ အစ်ကိုကြီးဖြစ်သူက မိဘများကိုအရင်မေးပြီးမှ အားလုံးကိုပြောပြမည်ဟုဆိုကာ လယ်ယာသုံး ကိရိယာများကိုယူ၍ ထွက်သွားလေတော့သည်။ သူ ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး တံမြက်စည်းကို သိမ်းကာ အိမ်ထဲသို့ပြန်ဝင်သွား၏။ အနောက်မှ အမျိုးသမီးယန်၏ရယ်မောသံကို ကြားလိုက်ရသော် လည်း သူ လျစ်လျူရှုထားလိုက်သည်။

မွန်းတည့်ချိန်တွင် ရှီလဲ့ ထမင်းဟင်းများ ချက်ပြုတ်လိုက်သည်။ သူတို့သုံးဦး စားသောက်ပြီးနောက် ရှီလဲ့မှာ တူလေး နှင့်အတူ အိမ်တွင် ကျန်ရစ်ခဲ့ပြီး အမျိုးသမီးယန်ကမူ နွေးထွေးစေရန် ဖယ်ထားသော ထမင်းဟင်းများကို ခြင်းတောင်းထဲသို့ ထည့်လိုက်၏။ ထို့နောက်ခြံထဲသို့ သွား၍ ရေစိမ်ထားသော ကောက်ရိုးနှစ်စည်းကိုလည်း ခြင်းတောင်းထဲသို့ထည့်လိုက်သည်။ ဤအရာများမှာ စပါးစည်းရန်ဖြစ်သည်။ နံနက်က မိဘများ အများကြီး ယူမသွားခဲ့သဖြင့် ယခုလောက်ဆိုလျှင် ကုန်လုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။ ရှီလဲ့ မီးဖိုချောင်ထဲမှ ထွက်လာပြီး သူမအား ခြင်းတောင်းကို ကမ်းပေးလိုက်ရာ အမျိုးသမီးယန်လည်း အပြင်သို့ ထွက်သွားလေတော့သည်။

စိတ်ထဲတွင် တစ်စုံတစ်ရာကို စွဲလမ်းနေသောကြောင့်လား မသိ၊ ပုံမှန်ဆိုလျှင် တစ်နေ့တာမှာ အလွန်မြန်ဆန်သည်ဟု ရှီလဲ့ ခံစားရသော်လည်း ယနေ့တွင်မူ အံ့ဩစရာကောင်းလောက်အောင် နှေးကွေးနေ၏။ သူသည် တူလေးနှင့် ခဏမျှ ဆော့ကစားပြီး နေ့လယ်ခင်း အိပ်ချိန်ရောက်သောအခါ ကလေးကို သိပ်လိုက်သည်။ ထို့နောက် နောက်ဖေးရှိ ကြက်များကို အစာကျွေးကာ တစ်အိမ်လုံးကို သန့်ရှင်းရေးပြန်လုပ်လိုက်သည်။ နေမင်းမှာ မြင့်မားစွာ တည်ရှိနေဆဲ ဖြစ်ပြီး အနောက်ဘက်သို့ အနည်းငယ်မျှပင် ယိမ်းယိုင်မသွားသေးပေ။ သူ အိမ်ထဲသို့ပြန်ဝင်ကာ ယခင်က မပြီးသေးသော လက်ကိုင်ပုဝါကို ထုတ်၍ ဆက်လက် ပန်းထိုးနေလိုက်သည်။

နောက်ဆုံးတွင် နေဝင်ရီတရော အချိန်ရောက်မှသာ ညစာကို ကမန်းကတန်းပြင်ဆင်ပြီး ရှီတတို့အဖွဲ့ အိမ်အပြန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။

ထမင်းစားနေစဉ်အတွင်း အစ်ကိုကြီးဖြစ်သူ ယခုအချိန်လောက်ဆို စကားစသင့်ပြီဟု တွေးကာ အနည်းငယ်စိုးရိမ်လာသော်လည်း ရှီတလန်မှာမူ ခေါင်းငုံ့၍သာ တိတ်တဆိတ်စားသောက်နေ၏။ လျိုရှန်းလျန်ကမူ သားကြီးဖြစ်သူ၏တွေဝေနေသော မျက်နှာထားကို ကြည့်ကာ နောက်ဆုံးတွင် စကားစလိုက်သည်။

"လဲ့အာ... မနက်က မင်းအစ်ကိုကြီး သွားစုံစမ်းခဲ့တယ်၊ အဲဒီလူငယ်လေးက အကျင့်စရိုက်ကောင်းပါတယ်၊ မင်းအစ်ကို ပြောတာကတော့ သူက ရိုးသားဖြောင့်မတ်ပြီး မင်းနဲ့ လိုက်ဖက်တဲ့သူတဲ့၊ မင်း အဖေနဲ့ အမေကတော့ မင်းသာ သဘောတူရင် ဒီမင်္ဂလာကိစ္စကိုလက်ခံလိုက်မယ်လို့ တွေးထားတယ်"

ရှီလဲ့သည် မိခင်ဖြစ်သူကိုတစ်ချက်ကြည့်ကာ အကြည့်လွှဲ၍ပြောလိုက်၏။

"ကျွန်တော် မိဘတွေ စကားကိုနားထောင်ပါတယ်၊ အဲဒီလူက လူကောင်းတစ်ယောက် ဖြစ်နေသရွေ့ ဘဝကပိုကောင်းလာမှာပါ"

ရှီလဲ့မှာ ငယ်စဉ်ကတည်းက ရုပ်ရည်ချောမောသူဖြစ်သည်။ ရွာထဲရှိအဒေါ်များက သူ မြို့ပေါ်သို့ အိမ်ထောင်ပြုကာ လယ်သမားဘဝမှ လွတ်ကင်းပြီး ဘဝကောင်းတစ်ခုရရှိနိုင်သည်ဟု မကြာခဏပြောဆိုလေ့ရှိကြသည်။

သို့သော် မြို့ပေါ်မှ ဘဝက အထူးတလည် ကောင်းမွန်သည်ဟု သူ မထင်ပေ။ ယခင်က သူ့အားစေ့စပ်ရန် လာရောက်ခဲ့သော မြို့ပေါ်မှ လူတစ်ဦးကို မိခင်ဖြစ်သူက မောင်းထုတ်ခဲ့ဖူးသည်။ အကြောင်းရင်းကို မိခင်က မရှင်းပြခဲ့သော်လည်း မြို့ပေါ်မှ သူဌေးတစ်ဦးက တတိယမြောက်ကိုယ်လုပ်တော်ယူရန် အောင်သွယ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်းကို သူ ကြားသိခဲ့ရ၏။ အောင်သွယ်တော်က သူ ရုပ်ရည်ချောမောသည်ကိုကြားသဖြင့် သူ့အိမ်သို့ လာရောက် စေ့စပ်ခဲ့ခြင်းဖြစ်ကာ ကောင်းကင်မှ အခမဲ့စားသောက်ဖွယ်ရာများ ကျလာသကဲ့သို့ မောက်မာစွာပြုမူခဲ့သည်။ မိသားစုတစ်ခုလုံးက သူမကို ကျေးဇူးတင် သင့်ကြောင်းပြောဆိုပြီး မောင်းထုတ်ခံရသောအခါတွင်မူ ကျိန်ဆဲကာထွက်သွားခဲ့ကြသည်။ အကောင်းအဆိုးကို မခွဲခြားတတ်သူများဟုပင် စွပ်စွဲသွားခဲ့ သေးသည်။

ထိုသို့သော ဘဝကောင်းမျိုးကို ရှီလဲ့ မလိုချင်ပေ။ ရွာရှိ ဘဝလေးကသာ သာယာလှပသည်ဟု သူ ခံစားရသည်။ တောင်ပေါ်ရှိ သစ်ပင်များဖြစ်စေ၊ ရွာရှေ့ရှိ မြက်ခင်းများဖြစ်စေ အရာအားလုံးကောင်းမွန်နေ၏။ တောင်ပေါ်မှ တောသစ်သီးများ၊ မှိုများ၊ မြစ်ထဲမှ ငါး နှင့် ပုစွန်များ၊ လယ်ကွင်းထဲမှ ငါးရှဉ့်များ အစရှိသည့် သူ နှစ်သက်သော အရသာရှိလှသည့် အစားအစာများကိုပင် ထည့်ပြောရန်မလိုအပ်တော့ပေ။

သုံးရက်ဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့သည်။

မိုးလင်းချိန်တွင် အောင်သွယ်တော်မှာ ရှီမိသားစု၏ခြံဝတွင် ရပ်နေပြီဖြစ်ကာ လျိုရှန်းလျန် သူမကို အိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။

"အစ်မရှီ... ဘယ်လို စဉ်းစားထားလဲ မသိဘူး၊ ဒီကူးမိသားစုက ကောင်လေးက ခင်ပွန်းကောင်း တစ်ယောက်အဖြစ် တကယ်ရွေးချယ်သင့်တဲ့သူပါ"

အောင်သွယ်တော်မှာ ထိုင်လိုက်သည်နှင့် မစောင့်နိုင်တော့ဘဲ စကားစလိုက်သည်။ လျိုရှန်းလျန် ပြုံးလိုက်၏။

"အစ်မက မြို့ပေါ်မှာ နာမည်ကြီး အောင်သွယ်တော်ပဲ၊ ဘယ်လိုလုပ် မယုံကြည်ဘဲနေပါ့မလဲ၊ ဒါပေမဲ့ သားသမီးတွေရဲ့မင်္ဂလာကိစ္စဆိုတာ အမြဲတမ်း ဂရုတစိုက်စဉ်းစားဖို့လိုအပ်သေးတယ်လေ၊ ကျွန်မတို့ဘက်က ဒီမင်္ဂလာကိစ္စကို သဘောတူပါတယ်"

ထိုစကားကို ကြားသောအခါ အောင်သွယ်တော်၏မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခုပေါ်လာခဲ့သည်။

"ကဲ... ဒီနှစ်တွေအတွင်းမှာ ကျွန်မ အောင်သွယ်ပေးတာ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး၊ ဒါက တကယ်ကို လိုက်ဖက်တဲ့စုံတွဲပဲ... ဖူးစာရှင်တွေပေါ့၊ ကျွန်မ အခုပဲ ကူးမိသားစုဆီ သွားပြီး သတင်းကောင်းပါးလိုက်ပါ့မယ်၊ နေ့ကောင်းရက်သာရွေးပြီး မင်္ဂလာကြေးလာပို့ပါ့မယ်၊ အခုချက်ချင်း ပြန်လိုက်ဦးမယ်နော်"

ပြောပြီးသည်နှင့် အောင်သွယ်တော် မတ်တပ်ရပ်ကာ သူမ၏လက်ကိုင်ပုဝါကို ဝှေ့ယမ်းပြပြီး လိုက်ပို့စရာမလိုကြောင်းအချက်ပြကာ ကမန်းကတန်း ထွက်ခွာသွားလေတော့သည်။

ယနေ့ခေတ်ကာလတွင် အိမ်ထောင်ပြုကြရာ၌ မျိုးရိုးအမည်နှစ်ခု ပေါင်းစည်းခြင်းကို သေချာစေရန်အတွက် စာသုံးစောင်နှင့် ဓလေ့ခြောက်ရပ်မှာ မပါမဖြစ်ပေ။ ဤဓလေ့ခြောက်ရပ်တွင် စေ့စပ်လက်ဆောင် လက်ခံခြင်း၊ နာမည်မေးမြန်းခြင်း၊ နိမိတ်ဖတ်ခြင်း၊ မင်္ဂလာကြေး လက်ခံခြင်း၊ မင်္ဂလာရက်တောင်းခြင်းနှင့် တရားဝင်ကြိုဆိုခြင်းတို့ ပါဝင်သည်။

သို့သော် သာမန်အရပ်သားများ၏မင်္ဂလာပွဲများမှာမူ များသောအားဖြင့် ရိုးရှင်းလှပြီး စေ့စပ်လက်ဆောင်ပေးခြင်း၊ လက်ဆောင်ပေးခြင်းနှင့် မင်္ဂလာပွဲ စီစဉ်ခြင်း ဓလေ့များသာပါဝင်လေ့ရှိသည်။ မင်္ဂလာဝတ်စုံမှာလည်း အထူးတလည် ခမ်းနားနေခြင်းမရှိဘဲ အနီ သို့မဟုတ် အစိမ်းရောင် မပါဝင်ဘဲ အဝတ်အစားနှင့် ခြေအိတ်အသစ်တစ်စုံသာ ဖြစ်သည်။ သတို့သားက ခါးပတ်အနီကိုပတ်ထားပြီး သတို့သမီးအရာဝင်သူကမူ ခေါင်းဆောင်းအနီကို ဆောင်းထားလေ့ရှိ၏။

ဆယ်ရက်ကျော် ကြာပြီးနောက်တွင် ဓလေ့ထုံးတမ်းများပြီးမြောက်သွားခဲ့ပြီး ရှီလဲ့၏မင်္ဂလာပွဲ ကျင်းပမည့်အချိန်သို့ ရောက်ရှိလာခဲ့သည်။

(T/N : စာသုံးစောင် - စေ့စပ်စာ: စေ့စပ်ကြောင်းလမ်းသည့် အချိန်တွင် သတို့သားဘက်မှ သတို့သမီးအိမ်သို့ ပို့ပေးရသော တရားဝင် စေ့စပ်စာချုပ်။ လက်ဆောင်စာရင်းစာ: တင်တောင်းသည့် မင်္ဂလာကြေးနှင့် လက်ဆောင်ပစ္စည်းများ အသေးစိတ် စာရင်းရေးသားထားသော စာ။
ကြိုဆိုစာ: မင်္ဂလာဆောင်သည့်နေ့တွင် သတို့သမီးကို မိသားစုအသစ်ထဲသို့ တရားဝင်ကြိုဆိုလက်ခံကြောင်း ပေးအပ်သည့် စာ။)

(T/N : ဓလေ့ခြောက်ရပ် - စေ့စပ်ကမ်းလှမ်းခြင်း: အောင်သွယ်တော်မှတစ်ဆင့် လက်ဆောင်ယူဆောင်ကာ မင်္ဂလာစကား စတင်ကမ်းလှမ်းခြင်း။ ဇာတာတောင်းယူခြင်း: သတို့သမီး၏ အမည်နှင့် မွေးဖွားသည့် ရက်၊ လ၊ နှစ်၊ အချိန် (မွေးနံ/ဇာတာ) တောင်းယူခြင်း။
နိမိတ်ဖတ်/ဇာတာတိုက်ခြင်း : အမျိုးသားနှင့် အမျိုးသမီး၏ ဇာတာနှစ်ခု ကိုက်ညီမှု ရှိမရှိ နိမိတ်ဖတ် တွက်ချက်ခြင်း။
မင်္ဂလာကြေးပို့ဆောင်ခြင်း : မင်္ဂလာစကား တည်သွားပါက တင်တောင်းကြေးနှင့် စေ့စပ်လက်ဆောင်များ အပြည့်အစုံ ပို့ဆောင်ခြင်း။
မင်္ဂလာရက်တောင်းခံခြင်း: ဗေဒင်တွက်ချက်၍ မင်္ဂလာဆောင်ရန် အခါတော်ပေး မင်္ဂလာရက်ကို သတ်မှတ်တောင်းဆိုခြင်း။
သတို့သမီး ကြိုဆိုခြင်း : မင်္ဂလာဆောင်သည့်နေ့တွင် သတို့သားကိုယ်တိုင် သတို့သမီးအိမ်သို့ သွားရောက်ကာ မင်္ဂလာဝေါယာဉ်ဖြင့် ပိုးဆောင်ကြိုဆိုခြင်း။)
Chapter 4


နံနက်ပိုင်း စစ်အချိန် (၉ နာရီမှ ၁၁ နာရီ) ကျော်လွန်သည်နှင့် ရှီမိသားစု၏အိမ်မှာ စည်ကားနေပြီဖြစ်သည်။ ခြံဝင်းအတွင်း၌ ရွာထဲမှ အိမ်ထောင်ရှင်အမျိုး သမီးများနှင့် အဒေါ်များက ဝိုင်းဝန်းကူညီပေးရန် ရောက်ရှိနေကြပြီး အစုလိုက်အပြုံလိုက်စုဝေးကာ လက်ကလည်း အလုပ်ရှုပ်၊ ပါးစပ်ကလည်း စကားတပြောပြောဖြစ်နေကြ၏။

"လဲ့အာရဲ့ ခင်ပွန်းလောင်းက အားကိုးစရာ မိဘတွေ၊ ညီအစ်ကို မောင်နှမတွေ မရှိဘူးလို့ကြားတယ်၊ ဒီအချိန်မှာ မရီးက ဒီကလေးကို အချစ်ဆုံးဆို၊ ဘယ်လိုဖြစ်လို့ ဒီလိုလူမျိုးနဲ့ သဘောတူလိုက်ရတာလဲ"

"ဒီလို မင်္ဂလာရှိတဲ့နေ့မှာ ဘာလို့ ဒီအကြောင်းတွေ ပြောနေရတာလဲ၊ ကူးမိသားစုရဲ့ မင်္ဂလာကြေးက တော်တော်များတယ်လို့ကြားတယ်၊ သူတို့က ငွေ ဆယ့်နှစ်ချောင်းရယ်၊ ချည်ထည် နှစ်လိပ်ရယ်ပေးတယ်တဲ့၊ အဲဒီအထဲက တစ်လိပ်က အပြာရောင်ဖြစ်ပြီး သာမန်ချည်ထည်ထက် နှစ်ဆလောက် စျေးကြီး တယ်၊ ပြီးတော့ ဘိုးဘွားကန်တော့ဖို့အတွက် အသားသုံးမျိုးလည်း အပြည့်အစုံပဲနော် ခုနစ်ကျင်း၊ ရှစ်ကျင်းလောက်လေးတဲ့ ကြက်နှစ်ကောင်ရယ်၊ အဲဒီလောက်ကြီးတဲ့ ဝက်သားတုံးရယ်၊ လက်မောင်းလောက်ရှည်တဲ့ ငါးတွေကိုလည်း ငါ မြင်ခဲ့တယ်"

"အို... တကယ် အံ့ဩစရာပဲ၊ လဲ့အာရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေကတော့ သာယာတော့မှာပဲ"

"မင်္ဂလာကြေးများတာနဲ့တင် မကဘူး၊ ငါ ပြောပြမယ်၊ ငါ့မိသားစုက ချင်ထန်ရွာကလေ၊ ပြီးခဲ့တဲ့တစ်ခေါက် ငါ ပြန်သွားတုန်းက ဒီ ကူးမိသားစုက ကောင်လေးနဲ့ တိုက်ဆိုင်ပြီး ဆုံခဲ့တယ်၊ သူက ရုပ်ရည်ချောမောသလို လဲ့ကောအာကလည်း လှတော့ နောက်ဆိုရင် မွေးလာမယ့် ကလေးလေးက ဘယ်လောက်တောင် ချောလိုက်မလဲ မသိဘူး"

……

အခန်းအတွင်း၌မူ

နံရံများနှင့် ပြတင်းပေါက်များတွင် "ရွှမ်ရှီး" (ရွှင်လန်းချမ်းမြေ့ခြင်း နှစ်ဆ) ဟူသော မင်္ဂလာစာလုံးများကို အလှဆင်ကပ်ထားသည်။ ခုတင်ပေါ်တွင် အသစ်ချုပ်လုပ်ထားသော လဲဝါဂွမ်းစောင်ထူထူ နှစ်ထည်နှင့် မန်ဒရင်းဘဲခေါင်းအုံး တစ်စုံကိုတင်ထား၏။ ဘေးရှိ စားပွဲပေါ်တွင် အပ်ချုပ်သေတ္တာ၊ ကတ်ကြေး၊ ပန်းထိုးဖိနပ်များ၊ မင်္ဂလာခေါင်းဘီးများ၊ ချည်ထည် နှစ်လိပ်၊ တင်တောင်းသေတ္တာနှင့် အခြား အသေးအမွှား ပစ္စည်းများ ပါဝင်သော ကမ်ဖာသစ်သားသေတ္တာတစ်လုံးကို တင်ထားရာ ဤအရာများမှာ ရှီမိသားစုမှ ရှီလဲ့အတွက် ကြိုတင်ပြင်ဆင်ပေးထားသော မင်္ဂလာလက်ဖွဲ့ပစ္စည်းများ ဖြစ်သည်။

ရှီလဲ့သည် အသစ်ချုပ်လုပ်ထားသော အဝတ်အစားများကိုဝတ်ဆင်ထားပြီး ကြေးမုံပြင်ရှေ့တွင်ထိုင်ကာ အလှပြင်ဆင်ရန် စောင့်ဆိုင်းနေ၏။ သူ့ဘေးတွင် မိခင်ဖြစ်သူ လျိုရှန်းလျန်နှင့် သူ့ငယ်သူငယ်ချင်း ကျူးကောအာတို့ ထိုင်နေကြသည်။

ခြံထဲမှ ဆွေးနွေးသံများကိုကြားရသောအခါ လျိုရှန်းလျန်မှာ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုနှစ်မျိုးစလုံးကို ခံစားနေရသည်။ သူမ ရှီလဲ့၏လက်ကို ကိုင်ကာ သက်ပြင်းချလိုက်၏။

"ငါတို့ရဲ့ လဲ့အာလေးက ဘာလို့ ဒီလောက် မြန်မြန်အိမ်ထောင်ပြုရမယ့် အရွယ်ရောက်သွားရတာလဲ၊ အမေ့ ရင်ထဲမှာ ဟာတာတာကြီးဖြစ်နေတယ်၊ ဒီ ခင်ပွန်းက အခုကြည့်ရတာတော့ ကောင်းမယ့်ပုံပါပဲ၊ မင်းတို့နှစ်ယောက် ကောင်းကောင်းနေကြနော်၊ နောက်ပိုင်း သူ မင်းကို အနိုင်ကျင့်ရင်လည်း သည်းခံမနေနဲ့၊ အိမ်ပြန်လာပြီး ပြော၊ မင်းရဲ့မိဘတွေ မရှိတော့ရင်တောင် အစ်ကိုကြီး ရှိသေးတယ်"

မိခင်ဖြစ်သူ၏ပုံစံကို မြင်သောအခါ ရှီလဲ့ မျက်လုံးများ နီရဲလာခဲ့သည်။

"အမေရယ်... ကျွန်တော်က အလွယ်တကူ အနိုင်ကျင့်ခံရမယ့်သူ မဟုတ်ပါဘူး၊ စိတ်မပူပါနဲ့၊ အဖေနဲ့အတူ ကျန်းကျန်းမာမာသာနေပြီး ကျွန်တော်တို့ရဲ့ လုပ်ကျွေးပြုစုတာကို ခံယူဖို့ပဲ ပြင်ထားပါ"

လျိုရှန်းလျန် သူ့ လက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ ငါတို့ သခင်လေး လုပ်ကျွေးတာကို ခံယူရမှာပေါ့၊ မင်းရဲ့ အဒေါ်ရောက်ပြီလားဆိုတာ အမေ သွားကြည့်လိုက်ဦးမယ်၊ မင်းအတွက် ခေါက်ဆွဲ နည်းနည်းလုပ်ပေးဖို့ သူ့ကိုပြောလိုက်မယ်၊ သူက အနေအထိုင်လည်းတတ်တယ်၊ ဟင်းချက်လည်းကောင်းတော့ သူက အသင့်တော်ဆုံးပဲ"

ထိုသို့ပြောပြီးနောက် သူမ မတ်တပ်ရပ်ကာ အခန်းထဲမှ ထက်သွားလေသည်။

ရှီလဲ့သည် ကျူးကောအာ၏မျက်လုံးများလည်း နီရဲကာ မျက်ရည်များဝဲနေသည်ကို မြင်လိုက်ရသဖြင့် မျက်ရည်သုတ်ပေးရန် လက်ကိုင်ပုဝါကို ကမန်းကတန်း ထုတ်ယူလိုက်သည်။

"မင်းက ဘာလို့ ငိုတော့မလို့လဲ၊ မြန်မြန်သုတ်လိုက်စမ်းပါ၊ ငါ့ကိုပါ ဝမ်းနည်းအောင်မလုပ်နဲ့၊ မင်း ငိုတာမြင်ရင် ငါပါ လိုက်ငိုချင်လာပြီ"

ကျူးကောအာ၏အသံမှာ အက်ကွဲနေ၏။

"ငါတို့က အတူတူကြီးလာကြတာလေ၊ မင်း အိမ်ထောင်ကျသွားရင် မင်းကို တွေ့ရတော့မှာ မဟုတ်ဘူး၊ ငါ့အမေလည်း ငါ့အတွက် အောင်သွယ်ရှာနေပြီ၊ နောက်တစ်ခေါက် မင်း ပြန်လာတဲ့အချိန်ဆိုရင် ငါလည်း အိမ်ထောင်ကျနေလောက်ပြီ"

ရှီလဲ့က သူ့ ခေါင်းကို ပုတ်လိုက်သည်။

"မဟုတ်ပါဘူး၊ မင်း အိမ်ထောင်ကျသွားရင်တောင် ပွဲတော်ရက်တွေဆို ပြန်လာရမှာပဲလေ၊ ငါတို့အတူတူ ဆော့လို့ ရပါသေးတယ်၊ အဝေးကြီးကို ပြောမနေနဲ့ဦး၊ သုံးရက်နေရင် ငါ ပြန်လာခဲ့မယ်၊ အဲဒီကျရင် မင်းဆီလာလည်မယ်"

လူငယ်လေးနှစ်ဦး တီးတိုးစကားပြောဆိုနေသည်မှာ အတန်ကြာသွားပြီးနောက် လျိုရှန်းလျန်နှင့် အမျိုးသမီးတစ်ဦးတို့ ရယ်မော စကားပြောဆိုလျက် ဝင်လာကြပြီး သူတို့အနောက်တွင် မရီးဖြစ်သူ အမျိုးသမီးယန်လည်း ပါလာခဲ့သည်။

ထိုအမျိုးသမီးသည် ခေါင်းတွင် ငွေဆံထိုးကို ထိုးထားပြီး လက်နှစ်ဖက်တွင်လည်း ငွေလက်ကောက်နှစ်ကွင်းကို ဝတ်ဆင်ထားသည်။ သူမ၏ ဝိုင်းစက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခုတင်ကျန်နေ၏။ အခန်းထဲဝင်လာသည်နှင့် ရှီလဲ့ ဘေးတွင် ထိုင်ကာ နှစ်ခွန်း၊ သုံးခွန်းမျှ ချီးမွမ်းပြောဆိုပြီး မင်္ဂလာစကားများ ဆိုပြီးနောက် ခေါက်ဆွဲလုပ်ရန် ပြင်ဆင်တော့သည်။

သူမ ကြိုတင်ပြင်ဆင်ထားသော ပေါင်ဒါမှုန့်များကို ရှီလဲ့ မျက်နှာပေါ်သို့ လိမ်းကျံပေးလိုက်ပြီး ကျစ်ဆံမြီးပုံစံ ကျစ်ထားသော လျှော်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ သူမ၏ညာဘက် လက်မနှင့် လက်ညှိုးက ကြိုးတစ်ဖက်ကို ထိန်းကိုင်ထားပြီး ဘယ်ဘက်လက်က ကြိုးတစ်ဖက်ကို ဆွဲကာ အခြားတစ်ဖက်ကို ပါးစပ်ဖြင့် ကိုက်ထား၏။ သူမ၏ ညာဘက်လက်မက ပွင့်လိုက်၊ ပိတ်လိုက်လုပ်ကာ ကြိုးကို ကိုက်ထားရင်း ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို တွဲဖက်၍ ရှီလဲ့ မျက်နှာပေါ်တွင် ကြိုးဖြင့် ဟိုဘက်ဒီဘက်ဆွဲကာ မျက်နှာမွှေးနုတ်ပေးနေရင်း ပါးစပ်မှလည်း ရေရွတ်နေလေသည်။

"တစ်ကြိုးက မျက်နှာစာကို ဖွင့်ပေးတယ်၊ နှစ်ကြိုးက ဘေးနှစ်ဖက်ကို လင်းစေတယ်၊ သုံးကြိုးက သားရတနာတွေ ယူဆောင်လာမယ်"

ကြိုးဖြင့် မျက်နှာရှင်းလင်းသည့် ဓလေ့ပြီးဆုံးသွားသောအခါ လျိုရှန်းလျန် ကြိုတင်ပြင်ဆင်ထားသော ပြုတ်ထားသည့် ကြက်ဥဖြင့် သူ့ မျက်နှာပေါ်တွင် လှိမ့်ပေးလိုက်ပြီးနောက် ရေနွေးစိမ်ထားသောအဝတ်ဖြင့် မျက်နှာကို သုတ်ပေးလိုက်သည်။ မရီးဖြစ်သူ အမျိုးသမီးယန်မှ မိတ်ကပ် စတင်လိမ်းပေးတော့ သည်။ ရှေးဦးစွာ မျက်နှာလိမ်းခရင်မ်ကို လိမ်းပေးပြီးနောက် ပေါင်ဒါ၊ မျက်ခုံးဆွဲခြင်းနှင့် နှုတ်ခမ်းနီတို့ကို လိမ်းခြယ်ပေးလိုက်၏။ အလုပ်ရှုပ်နေကြသည်မှာ နေဝင်ရီတရော အချိန်သို့ပင် ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။

ဗြောက်... ဗြောက်... အဝေးမှ ဗြောက်အိုးဖောက်သံများကို ကြားလိုက်ရပြီး ဗုံသံ၊ မောင်းသံများလည်း လေထုထဲတွင် ပျံ့လွင့်လာခဲ့သည်။ သတို့သမီးကြို ဆိုမည့် မင်္ဂလာယာဉ်တန်းရောက်ရှိလာပြီ ဖြစ်သည်။ ရှီလဲ့မှာ ခုတင်ပေါ်တွင် ထိုင်နေပြီး လျိုရှန်းလျန် သူ့အား ခေါင်းဆောင်းအနီကို လွှမ်းခြုံပေးလိုက်၏။

ခြံဝင်းအတွင်း၌ ကူညီနေကြသူများလည်း ခြံဝသို့ စုရုံးသွားကြပြီး ၎င်းတို့၏အသံများမှာ ဗုံသံ၊ မောင်းသံများနှင့် ရောယှက်ကာ ပွဲတော်လေထုကို ပိုမို သိုက်သိုက်ဝန်းဝန်းနှင့် စည်ကားသွားစေသည်။

ကူးချောင်လန်သည် မဲနယ်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ပန်းနှင့် ငှက်များ ပန်းထိုးထားသော အနီရောင် အဝတ်ခါးပတ်ကို ပတ်ထားကာ ခေါင်းတွင်လည်း တိမ်တိုက်ပုံစံ အနီရောင်ခေါင်းစည်းကို စည်းနှောင်ထားသည်။

သူသည် ခေါင်းမော့ ရင်ကော့ကာ တည်ကြည်သော ကိုယ်ဟန်အမူအရာဖြင့် ရှေ့ဆုံးမှလျှောက်လာခဲ့သည်။ သူ၏ကြေးနီရောင် မျက်နှာပေါ်ရှိ နက်ရှိုင်းပြီး ထင်ရှားသော မျက်နှာပေါက်များတွင် အပြုံးရေးရေးလေး တစ်ခုဖုံးလွှမ်းနေ၏။

ဖခင်ဖြစ်သူ ရှီတက သူ့အား အိမ်ထဲသို့ကြိုဆိုလိုက်သည်။ ဤသမက်ကို သူ အတော်အတန် သဘောကျသဖြင့် အခက်အခဲဖြစ်အောင် လုပ်မည့်ဟန်မပြပေ။ ယင်းအစား သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ဒီနေ့ကစပြီး လဲ့ကောအာနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေကြပါ"

ရှီမိသားစု၏သားကြီးဖြစ်သူမှာ ရှီလဲ့ အခန်းအပြင်ဘက်တွင် ရပ်နေ၏။ ကူးချောင်လန် နီးကပ်လာသည်ကို မြင်သောအခါ သူ့ မျက်နှာအမူအရာ တင်းမာသွားသော်လည်း အတင်းဖိအားပေး ပြုံးကာပြောလိုက်သည်။

"ငါတို့ ရွာနှစ်ရွာက နီးနီးလေးပါ၊ လဲ့ကောအာကို ကောင်းကောင်းမွန်မွန်ထားရမယ်နော်၊ မဟုတ်ရင် ငါ့ညီအတွက် အစ်ကိုဖြစ်တဲ့ ငါက အလကားနေမှာ မဟုတ်ဘူး"

ကူးချောင်လန် လေးနက်စွာ ပြန်ပြောလိုက်သည်။

"ယောက္ခမနဲ့ အစ်ကိုကြီးတို့စိတ်မပူပါနဲ့၊ ကျွန်တော် သူ့ကို သေသေချာချာ ဂရုစိုက်ပါ့မယ်"

ရှီမိသားစု၏ သားကြီးဖြစ်သူက လှည့်၍အိမ်ထဲသို့ ဝင်သွားသည်။ ၎င်းတို့ ဓလေ့ထုံးစံအရ သတို့သမီးသည် အပြင်ထွက်ချိန်တွင် မြေကြီးနှင့် ဘယ်သောအခါမှ ခြေမထိရပေ။ သတိုးသမီး၏အစ်ကိုများက မင်္ဂလာဝေါယာဉ်ပေါ်သို့ ကုန်းပိုး၍တင်ပေးရပြီး သတို့သားအိမ်သို့ ရောက်သောအခါတွင် ခင်ပွန်းဖြစ်သူက အိမ်ထဲသို့ ကုန်းပိုး၍ခေါ်ဆောင်သွားရသည်။

ရှီမိသားစု၏သားကြီးက ရှီလဲ့ကို မင်္ဂလာဝေါယာဉ်ပေါ်သို့ ကုန်းပိုး၍ခေါ်ဆောင်သွားပြီး သူတို့အနောက်တွင် ယောက္ခမနှင့် ချွေးမတို့က တံခါးဝတွင် ရပ်ကာ ပြင်ဆင်ထားသော မင်္ဂလာသကြားလုံးများနှင့် ငွေကြွေစေ့များကိုကြဲပက်ပေးကြသည်။ ခဏချင်းအတွင်းမှာပင် လူကြီးများရော ကလေးများပါ ဝိုင်းအုံလာကြ ပြီး သူတို့၏အသံများနှင့် ရယ်မောသံများမှာ အဝေးဆီသို့တိုင် ပဲ့တင်ထပ်သွားခဲ့သည်။

မင်္ဂလာယာဉ်တန်းသည် လမ်းတစ်လျှောက် မောင်းများတီး၊ ဗုံများတီးကာ ချင်ထန်ရွာ သို့ စည်ကားသိုက်မြိုက်စွာ ထွက်ခွာသွားကြသည်။ ရွာနှစ်ရွာမှာ နီးကပ်စွာတည်ရှိပြီး မင်္ဂလာဝေါယာဉ်ကို ညင်သာစေရန် အနည်းငယ် နှေးကွေးစွာ သယ်ဆောင်လာခဲ့သော်လည်း မကြာမီမှာပင် ကူးမိသားစု၏ အိမ်သို့ ရောက်ရှိသွားကြ၏။

ကူးမိသားစု၏ ခြံဝင်းမှာလည်း လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ မင်္ဂလာဧည့်သည်များ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ လာရောက်လည် ပတ်နေသော ကလေးများမှာ ဟိုပြေးဒီပြေးလုပ်ကာ ပြေးလွှားရင်းအော်ဟစ်ကြသည်။

"သတို့သားအသစ် ရောက်လာပြီ"

 Chapter 5

အမျိုးသမီးများနှင့်၎င်းတို့ခင်ပွန်းများအားလုံး လုပ်လက်စ အလုပ်များကို ချထားကာ မတ်တပ်ရပ်လိုက်ကြသည်။ အချို့က ခြံဝတွင် ရပ်နေကြပြီး အချို့က လမ်းဘေးသို့ လျှောက်သွားကြကာ ရယ်မောသံများနှင့် စကားပြောသံများမှာ လေထုထဲတွင် ပျံ့လွင့်နေ၏။

မင်္ဂလာဝေါယာဉ်သည် ခြံဝတွင်ရပ်တန့်သွားပြီး မင်္ဂလာလက်ဖွဲ့ ပစ္စည်းများကို အိမ်မကြီးထဲသို့ သယ်ဆောင်သွားကြသည်။

"ဒီ မင်္ဂလာလက်ဆောင်တွေက တော်တော်လေး များတာပဲ၊ ဟို သစ်သားသေတ္တာဆိုရင် ပန်းပုလက်ရာတွေတောင်ပါသေးတယ်၊ ဘယ် လက်သမားဆရာ လုပ်ထားလဲတော့ မသိဘူး၊ တကယ် လှတာပဲ"

"ခဏနေ သတို့သားကိုမေးကြည့်လိုက်လေ၊ ငါ့သမီး အိမ်ထောင်ကျရင်လည်း သွားလုပ်ခိုင်းရမယ်၊ ဟောကြည့်... သူ သတို့သမီးကို အိမ်ထဲကုန်းပိုးပြီး ခေါ်သွားတော့မယ်"

မင်္ဂလာဝေါယာဉ်မှာ တံခါးဝတွင်ရပ်တန့်နေ၏။ ကူးချောင်လန်သည် စိုးရိမ်တကြီးဖြင့်ကြည့်ကာ အံကြိတ်လျက် တံခါးကို ဖြည်းညှင်းစွာ မတင်လိုက်ပြီး ရှီလဲ့ကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။ ထို့နောက် လှည့်၍ ခန္ဓာကိုယ်ကို တစ်ဝက်လောက် ကွေးချလိုက်၏။ ရုတ်တရက် နွေးထွေးပြီးနူးညံ့သော ခန္ဓာကိုယ်တစ်ခုက သူ့ ကျောပေါ်သို့ ဖုံးလွှမ်းလာခဲ့သည်။ ကူးချောင်လန် မျက်နှာမှာ နီရဲသွားပြီး ရင်ခုန်သံများမှာ ဗုံတီးနေသကဲ့သို့ မြန်ဆန်နေကာ သူ၏ တစ်ကိုယ်လုံးမှာ တင်းကျပ်နေသော လေးကြိုးတစ်ချောင်းကဲ့သို့ တောင့်တင်းနေတော့သည်။

သူ့လည်ပင်းမှ ဆန့်ထွက်လာသော လက်မောင်းမှာ သွယ်လျနေ၏။ ကူးချောင်လန်သည် သူ့ ရှေ့ရှိ လက်ကို ကြည့်လိုက်ရာ သူ၏ဖြူစင်မှုနှင့် လုံးဝ ကွာခြားနေပြီး ရှည်သွယ်သော လက်ချောင်းများနှင့် ထင်ရှားသော လက်ဆစ်များရှိကာ ယခင်က သူ မြို့ပေါ်တွင် အလုပ်လုပ်စဉ်က မြေရှင် သူဌေးကြီး၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဖြူလေးနှင့်ပင် တူနေသေးသည်။

မွှေးကြိုင်သော ရနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ ဝင်ရောက်လာရာ ကူးချောင်လန် မျက်နှာကို ပိုနီရဲသွားစေသည်။ ပတ်ဝန်းကျင်ရှိ ရယ်မောသံများနှင့် ဆူညံသံများကြားတွင် သူသည် ဖူလန်ကို သူ့ကျောပေါ်သို့ ညင်သာစွာ ပိုး၍ ဧည့်ခန်းမဆောင်ဆီသို့ လျှောက်သွားလိုက်သည်။

အိမ်ထဲတွင်မူ ကူးချောင်လန်ဖခင်ဖြစ်သူ၏နာမည်ကတ်ပြားကိုသာ ဧည့်ခန်းမဆောင်တွင် ထားရှိထားသည်။ ကူးချောင်လန်သည် ရှီလဲ့ကို ညင်သာစွာ ချထားပေးပြီး အရိုအသေပေးရန် ကူညီပေးလိုက်သည်။ ထို့နောက် သတို့သမီးအခန်းရှိ ခုတင်ပေါ်တွင် ထိုင်ရန်ကူညီပေးကာ ခေါက်စားပွဲလေးကို သူ၏ ဘေးသို့ ရွှေ့ပေးလိုက်ပြီး မှီ၍အနားယူစေလိုက်သည်။ သူ ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောဘဲ လှည့်၍ အခန်းထဲမှ ထွက်သွားလေတော့သည်။

ခြံဝင်းအတွင်း၌မူ စားသောက်ပွဲ စတင်နေပြီဖြစ်သည်။ ပွဲတော်ရက်များ၊ အိမ်ဆောက်ခြင်း၊ မင်္ဂလာဆောင်ခြင်း၊ အသုဘချခြင်းနှင့် ဧည့်ခံပွဲများကဲ့သို့သော အခမ်းအနားကြီးများတွင် "ဟင်းပွဲကြီး ရှစ်ပွဲ" ဖြင့် ဧည့်ခံလေ့ရှိသည်။ မိသားစုတိုင်းတွင် အခြေအနေနှင့် ဟင်းလျာများ မတူညီကြသော်လည်း ပုံမှန်ဟင်း လျာများမှာ အစားမစားမီ သရေစာအဖြစ် "ရတနာရှစ်ပါး ထမင်းချို"၊ ထို့နောက် အချိုပွဲအဖြစ် "ဆန်အရက်ချို" နှင့် အဓိက ဟင်းလျာ ခုနစ်မျိုးတို့ ပါဝင်သည်။

ကူးမိသားစု၏ ဧည့်ခံပွဲတွင် အသားဟင်း ငါးပွဲပါဝင်ပြီး လူကြီး သုံးပွဲနှင့် ကလေးနှစ်ပွဲ ဖြစ်သည်။ ပန်းကန်ကြီးတွင် ကြက်သားနှပ်၊ ကြက်သွန်မြိတ်နှင့် အသားကြော်၊ ဝက်ကလီစာနှပ်တို့ ပါဝင်ပြီး ပန်းကန်သေးတွင် ဟင်းသီးဟင်းရွက်ချဉ်နှင့် ဝက်သားနီနှပ်၊ ဝက်သားကြော်ကြွပ်တို့ ပါဝင်သည်။ သက်သတ် လွတ်ဟင်း နှစ်ပွဲမှာ ကြက်ပြုတ်ရည်နှင့် ရောထားသော ဟင်းရွက်ရှည် တစ်ပွဲနှင့် အာလူးကြော် တစ်ပွဲတို့ ဖြစ်ကြသည်။

"ဒီနေ့ ကူး မိသားစုရဲ့ စားသောက်ပွဲက တော်တော်လေးကောင်းတာပဲ၊ သာမန်ထက်ကိုပိုသာတယ်၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်ချဉ် နဲ့ ဝက်သားနီနှပ်က မြို့ပေါ်က စားဖိုမှူးဝမ်ရဲ့ လက်ရာပဲ၊ ပြီးခဲ့တဲ့တစ်ခေါက် ရွာသူကြီးရဲ့ကလေးလပြည့်ပွဲတုန်းကလည်း ဒီဟင်းပါတယ်"

"အေးဟုတ်တယ်၊ ကူးကောင်လေးရဲ့အရီးက သူ့ကိုလာချက်ပေးဖို့ အသားနှစ်ကျင်းပေးရတဲ့အပြင် ကြေးပြားတစ်ရာ ထပ်ပေးရတယ်လို့ကြားတယ်"

"တကယ်ကို မသက်သာဘူးပဲ၊ ဟေး... ငါ့အတွက် ရတနာရှစ်ပါး ထမင်းချို တစ်လုတ်လောက် ချန်ထားပေးဦး"

……

သတို့သမီးအခန်းထဲတွင် ရှီလဲ့မှာ ခုတင်ပေါ်၌ထိုင်နေ၏။ မထွက်ခွာမီက သူသည် အလွန်စိုးရိမ်နေသဖြင့် ဘာမှ မစားခဲ့ရဘဲ ဗိုက်လည်းမဆာခဲ့ပေ။ ယခု တစ်ယောက်တည်း ထိုင်နေရချိန်တွင်မူ သူ့ ရင်ဘတ်မှာ ကျောနှင့်ကပ်လုမတတ် ဗိုက်ဆာနေပြီဖြစ်သည်။ အထူးသဖြင့် အပြင်ဘက်ရှိ ဧည့်ခံပွဲမှာ စားသောက်နေရုံသာမက ဘာဟင်းတွေကောင်းကြောင်း ပြောဆိုနေသံများက သူ့ကို ပိုဗိုက်ဆာလာစေသည်။ သူ့ ဗိုက်ထဲမှ အသံမြည်နေသည်ကိုပင် သူ ကြားနေရ၏။

ဒေါက်... ဒေါက်...

ရှီလဲ့မှာ ခဏနေလျှင် ဘာစားရမလဲဟု စိတ်ကူးယဉ်နေဆဲမှာပင် တံခါးခေါက်သံကို ကြားလိုက်ရသည်။

"မရီး... ကျွန်တော်က အစ်ကိုချောင်လန်ရဲ့ ညီဝမ်းကွဲ ကူးချင်ပါ၊ ကျွန်တော်လည်း ကောလေးတစ်ယောက်ပါပဲ၊ သူ အစားအသောက်လေးတွေ လာပို့ခိုင်းလို့ပါ၊ ဝင်လာလို့ ရမလား"

ရှီလဲ့ အသံလာရာဘက်သို့ လှည့်၍ပြောလိုက်သည်။

"ဝင်လာခဲ့လေ"

ကူးချင်ဝင်လာရာ လက်ထဲတွင် လင်ဗန်းကြီးတစ်ခုကိုင်ထားပြီး ထိုအပေါ်တွင် ကြက်ဥသကြားရည် တစ်ပွဲ၊ ထမင်း တစ်ပွဲနှင့် ဧည့်ခံပွဲတွင် ကျွေးမွေးသော ဟင်းပွဲအားလုံးကို ပန်းကန်လုံးအသေးများဖြင့် ထည့်ယူလာခဲ့သည်။

သူ လျှောက်လာရင်း ပြောလိုက်၏။

"မရီး... အစားအသောက်တွေကို စားပွဲပေါ်မှာ တင်ထားခဲ့မယ်နော်၊ ဒါတွေကို အစ်ကိုချောင်လန်က မီးဖိုချောင်မှာ သီးသန့်ချန်ထားခိုင်းတာ၊ ကျွန်တော် မရီး မျက်နှာပြင်တဲ့ ခုံနားမှာ ထိုင်ပြီး စားလို့ပြီးတဲ့အထိစောင့်နေပေးမယ်၊ မြန်မြန်စားလိုက်ပါ၊ ကျွန်တော် လှည့်မကြည့်ပါဘူး"

ထိုသို့ပြောပြီးနောက် သူ လင်ဗန်းကိုချထားကာ ထွက်သွားလေသည်။

ရှီလဲ့ ခေါင်းဆောင်းအနီကို မတင်လိုက်ရာ အရှေ့ဘက် တစောင်းရှိ မိတ်ကပ်ပြင်ခုံတွင် သူ့ကိုကျောခိုင်း၍ ထိုင်နေသော လူငယ်လေးကို မြင်လိုက်ရသည်။ သူ ပြုံးကာ ပြောလိုက်၏။

"ချင်အာ... ထမင်းစားပြီးပြီလား၊ ငါနဲ့အတူ နည်းနည်းထပ်စားမလား"

ကူးချင် ရယ်မောလိုက်ပြီး သူ့ မျက်လုံးများကိုလက်ဖြင့် ကွယ်ကာ လှည့်ကြည့်လိုက်သည်။

"မရီးရဲ့အသံက တကယ်နားထောင်လို့ကောင်းတာပဲ၊ ကျွန်တော် စားပြီးပါပြီ၊ မရီးပဲ မြန်မြန်စားလိုက်ပါ၊ ကျွန်တော့်အတွက် စိတ်မပူနဲ့"

ထိုအခါမှသာ ရှီလဲ့သည် သူ့ဘေးရှိ စားပွဲကိုတစ်ချက် ကြည့်လိုက်မိသည်။ ဗိုက်ဖြည့်ရန်အတွက် ပန်းကန်လုံးအသေးလေးတစ်လုံးသာ ဖြစ်မည်ဟု သူ ထင်ခဲ့သော်လည်း ဤမျှများပြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ အံ့သြသွားသလို ရင်ထဲတွင်လည်း အနည်းငယ် နွေးထွေးသွားခဲ့သည်။

သူက ရှေးဦးစွာ ကြက်ဥကို ယူ၍စားလိုက်သည်။ အစားအသောက်များထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ စားသုံးပြီးနောက် ပန်းကန်နှင့် တူများကို ချထားလိုက် ကာ လက်နှင့်မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်သည်။ ခေါင်းဆောင်းအနီကို ပြန်လည် ဆောင်းထားလိုက်ပြီး တိုးညှင်းစွာခေါ်လိုက်၏။

"ချင်ကောအာ... ငါ စားလို့ပြီးပြီ၊ ကျေးဇူးပြုပြီး ဒါလေးတွေ ယူသွားပေးပါဦး"

ကူးချင် ပြန်ထူးလိုက်သည်။

"ဟုတ်ကဲ့ပါ၊ အစ်ကိုချောင်လန်တို့ ခြံထဲမှာ သောက်စားနေကြတာ မကြာခင်ပြီးတော့မှာပါ၊ မရီး ခဏလောက် ထပ်စောင့်ပေးပါဦး"

ထိုသို့ပြောပြီးနောက် ရှီလဲ့၏အဖြေကိုပင် မစောင့်တော့ဘဲ လင်ဗန်းကိုကမန်းကတန်း သိမ်းဆည်းကာ ထွက်သွားလေတော့သည်။

ခြံဝင်းအတွင်း၌ လာရောက်လည်ပတ်သော ရွာသူရွာသားများမှာ ဗိုက်ဝနေကြပြီဖြစ်ပြီး စားပွဲပေါ်ရှိ ဟင်းပွဲအားလုံးမှာလည်း ကုန်စင်သွားခဲ့ပြီဖြစ်သည်။ ကူးချောင်လန်နှင့် ကူးမိသားစု၏ ဦးလေးဖြစ်သူတို့က ဧည့်သည်များကို အတူတကွကျေးဇူးတင်စကားဆိုပြီးနောက် လူအုပ်ကြီးမှာလည်း ဖြည်းညှင်းစွာ လူစုခွဲသွားကြလေတော့သည်။
 

Search Novels