Chapter 6


ကူးချောင်လန်သည် မီးဖိုချောင်ထဲသို့ဝင်သွား၏။ အထဲတွင် သူ၏အဒေါ်ကြီးနှင့် အခြားအဒေါ်များမှာ အလုပ်ရှုပ်နေကြဆဲဖြစ်သည်။ ပွဲအတွက် စားဖိုမှူးက ချက်ပြုတ်ရမည့် ပမာဏကို ကြိုတင်တွက်ချက်ထားပြီးဖြစ်ရာ ယခုအချိန်တွင် မီးဖိုချောင်ထဲ၌ ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် အချိုဖောက်ထားသော အရက်ဖြူ တစ်ဇလုံမှလွဲ၍ ဘာမျှ မကျန်တော့ပေ။ ထိုအရက်ဖြူမှာ ကူးချောင်လန် အဒေါ်ကြီး ကိုယ်တိုင် ပိုမိုလုပ်ထားခဲ့ခြင်းဖြစ်သည်။

သူ့ကို မြင်သောအခါ လီချိုးဖန် စနောက်လိုက်သည်။

"မင်းက ဒီကို ဘာလာလုပ်တာလဲ၊ သတို့သားအသစ်လေးနား သွားပြီး အဖော်ပြုပေးနေလေ"

ကူးချောင်လန် အထဲသို့ ဝင်သွားလိုက်၏။

"ဒီနေ့ တစ်နေ့လုံး ပင်ပန်းသွားကြတဲ့ အဒေါ်ကြီးနှင့် တခြားအဒေါ်တွေကို ကျေးဇူးတင်စကား လာပြောတာပါ"

လီချိုးဖန် အပြုံးမှာ ပိုမိုကျယ်ပြန့်သွားသည်။

"အေးပါ... ကျန်တဲ့ ဟင်းတွေကို သပ်သပ်စီ ခွဲထားပေးမယ်၊ အဒေါ်တွေနှင့် မရီးတွေ ဝမ်းသာရအောင် ကြက်ဥပြုတ် တစ်အိုးလောက်တော့ လုပ်ပေးမယ်လေ၊ စေးနှဲမနေပါနဲ့"

ကူးချောင်လန် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်၏။

"ဒါဖြစ်သင့်တဲ့ ကိစ္စပါ"

မီးဖိုချောင်ထဲရှိ လူအားလုံး ဝိုင်းဝန်းရယ်မောလိုက်ကြသည်။

"ကောင်းတာပေါ့၊ ဒီနေ့တော့ အမြတ်ထွက်တာပဲ"

"ဒါပေါ့"

……

လီချိုးဖန် ဝင်ပြောလိုက်သည်။

"မင်း သွားတော့လေ၊ ဒီမှာ ရှင်းလင်းလို့ ပြီးတော့မှာမို့ ရေနွေးလေး တည်ပေးခဲ့ပြီးရင် ငါတို့လည်း ပြန်တော့မယ်"

ကူးချောင်လန် ပါးပြင်များနီရဲသွားကာ ခေါင်းကို ကမန်းကတန်း ညိတ်ပြပြီးနောက် မင်္ဂလာအခန်းဆီသို့ထွက်လာခဲ့တော့သည်။

သူ တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်၍ အကဲခတ်ကြည့်လိုက်၏။ မနေ့က နံနက်ပိုင်းတွင် အဒေါ်ကြီး မင်္ဂလာအခန်းကို လာရောက်ပြင်ဆင်ပေးခဲ့ရာ သူ့ကို တခြားအခန်းသို့ ပြောင်းအိပ်ခိုင်းပြီး အထဲသို့ဝင်ခွင့်မပြုခဲ့ပေ။

အခန်းထဲတွင် အနီရောင်များဖြင့် လွှမ်းခြုံနေပြီး 'မင်္ဂလာနှစ်ထပ်ကွမ်း' စာလုံးများကို နေရာအနှံ့ကပ်ထားသည်။ စားပွဲခုံပေါ်တွင် အနီရောင် ဖယောင်းတိုင် နှစ်တိုင်ထွန်းညှိထားပြီး ဖရဲသီး၊ သစ်သီးများနှင့် အရက်တစ်အိုးကိုလည်း ပြင်ဆင်ထား၏။

သူ ကုတင်ဘေးသို့ လျှောက်သွားကာ မတ်မတ်ထိုင်နေသော သူ့ဖူလန်အား ငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။

ရှီလဲ့သည် တစ်စုံတစ်ယောက်ဝင်လာပြီး သူ့ရှေ့တွင် ရပ်တန့်သွားသည်ကို ကြားလိုက်ရသည်။ သူ မျက်စိမှိတ်၍ ခဏမျှစောင့်နေသော်လည်း ထိုလူမှာ ခေါင်းဆောင်းပဝါကို လာမလှန်သဖြင့် ခေါင်းကို အနည်းငယ်လှုပ်ရှားလိုက်၏။

သူ့လှုပ်ရှားမှုကို မြင်မှသာ ကူးချောင်လန် သတိဝင်လာတော့သည်။ သူ ရှေ့သို့တိုးသွားကာ ခေါင်းဆောင်းပဝါ၏တစ်ဖက်တစ်ချက်စီကို လက်နှစ်ဖက်ဖြင့် ကိုင်၍ ဖြည်းညင်းစွာပင့်တင်လိုက်သည်။

ကြာဖူးလေးလို လှပသော မျက်နှာလေးမှာ ဖယောင်းတိုင်မီးရောင်အောက်တွင် ဝင်းလက်လျက် သူ့မြင်ကွင်းရှေ့သို့ ထွက်ပေါ်လာခဲ့၏။ တောက်ပနေသော မျက်ဝန်းလေးများကြောင့် သူ့ရှေ့မှ လူသားလေးအား မည်သို့တင်စားရမည်ကိုပင် စကားလုံးရှာမတွေ့တော့ဘဲ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားသလို ခံစားလိုက်ရသည်။

ရှီလဲ့သည် သူ့ရှေ့မှလူမှာ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေသည်ကိုမြင်သောအခါ အသံထွက်သည်အထိ ရယ်မောလိုက်မိတော့သည်။

ကူးချောင်လန်သည် အနီရောင်ပဝါကို ကိုင်ထားသောလက်များ တုန်ယင်လာသလို ခံစားလိုက်ရ၏။ သူ ခေါင်းဆောင်းပဝါကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ပြီး လက်ထဲတွင် ခေါက်ကာကုတင်ဘေး၌ ချထားလိုက်သည်။ ထို့နောက် ရှေ့မှလူကိုမကြည့်ရဲဘဲ ခေါင်းငုံ့ကာ အလျင်စလို လှည့်ထွက်သွားတော့သည်။

"ကိုယ် မင်း မျက်နှာသစ်ဖို့ ရေနွေး သွားယူပေးမယ်"

ဤသည်ကို မြင်သောအခါ ရှီလဲ့မှာ ပိုအသံထွက် ရယ်မောလိုက်မိ၏။ ဒီလူက အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်းနှင့် ရှိသော်လည်း ရှက်လွယ်လွန်းနေ သည်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းလှသည်။

ကူးချောင်လန်သည် အနောက်မှ တစ်စုံတစ်ရာက လိုက်ဖမ်းနေသည့်အလား မီးဖိုချောင်ဆီသို့ ကမန်းကတန်း ပြေးသွားခဲ့သည်။

မီးဖိုချောင်ထဲတွင် လူသူကင်းမဲ့နေပြီဖြစ်ပြီး မီးဖိုပေါ်ရှိရေနွေးအိုးမှသာ အငွေ့များ ထောင်းထောင်းထနေသည်။ သူ ရေနွေးအိုးကို ယူ၍ ခြံဝင်းထဲသို့ ဆင်းသွားကာ ရေအေးတစ်ပုံး ခပ်လိုက်၏။ မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် တစ်ဝက်ပိတ်ထားသော ခြံတံခါးကို အလိုအလျောက် လှမ်းကြည့်မိသွားသည်။ သူသည် ရေပုံးကို ချထားကာ တံခါးသွားပိတ်ပြီးမှ ရေကို မင်္ဂလာအခန်းထဲသို့ ပြန်သယ်လာခဲ့သည်။

သူ ရေချိုးစည်ပိုင်းထဲသို့ ရေလောင်းထည့်ကာ အပူချိန်ကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် ရှီလဲ့အနားသို့ လျှောက်သွားပြီး လှည့်ထွက်ရန် ပြင်လိုက်၏။

"မင်း အရင်ရေချိုးနှင့်လိုက်ပါ၊ ကိုယ် မီးဖိုချောင်ထဲမှာ သွားချိုးလိုက်မယ်၊ တစ်ခုခု လိုအပ်ရင် ကိုယ့်ကို လှမ်းခေါ်လိုက်နော်"

"ဘာလို့ အဲဒီလောက် လောနေရတာလဲ၊ ငါတို့ မင်္ဂလာအရက်တောင် မသောက်ရသေးဘူးလေ"

ထိုသို့ပြောပြီးနောက် ရှီလဲ့သည် သူ့ကိုပင် မကြည့်တော့ဘဲ ထရပ်ကာ စားပွဲပေါ်ရှိ အရက်အိုးကိုယူလိုက်၏။ သူ ကိုယ်တိုင်လည်း အရက်ဒဏ် မခံနိုင်သလို စောစော ပွဲတွင် ကူးချောင်လန်လည်း အတော်လေးသောက်ထားလောက်မည်ဟု တွေးမိသဖြင့် ခွက်အောက်ခြေဖုံးရုံမျှသာ အနည်းငယ် လောင်းထည့်လိုက် သည်။

ဤအရက်ခွက်မှာ ဘူးသီးခြောက်ကိုထက်ပိုင်းခွဲ၍ လက်ကိုင်ကိုကြိုးဖြင့် ဆက်ထားခြင်းဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးက တစ်ဖက်စီကိုင်၍ သောက်ကြရခြင်း ဖြစ်သည်။

ကူးချောင်လန် ကြောင်တောင်တောင်ဖြင့် အရက်ကိုသောက်လိုက်ပြီးနောက် တံခါးအပြင်သို့ ထပ်မံထွက်သွားပြန်သည်။

ရှီလဲ့သည် ပိတ်သွားသော တံခါးနှင့် ထောင့်ရှိ ရေချိုးစည်ပိုင်းကို ကြည့်လိုက်၏။ စည်ပိုင်းဘေးရှိ စင်ပေါ်တွင် အဝတ်သစ်များကို ချိတ်ဆွဲထားသည်။ သူ အချိန်ဆွဲမနေတော့ဘဲ အဝတ်အစားများကိုချွတ်ကာ စည်ပိုင်းထဲသို့ ဝင်၍ ရေချိုးလိုက်သည်။ ရေအပူချိန်မှာ အနေတော်ဖြစ်ပြီး နွေးထွေးသက်တောင့် သက်သာ ရှိလှသဖြင့် သူ၏ ပင်ပန်းနွမ်းနယ်မှုများအားလုံးကို ဆေးကြောပေးသွားတော့သည်။

သူ ရေချိုးနေသည်မှာ အတော်လေးကြာသွားခဲ့၏။ ရေချိုးပြီးနောက် အတွင်းဝတ်အဝတ်အစား လဲလှယ်ဝတ်ဆင်ကာ ကုတင်ပေါ်တွင် ထိုင်နေလိုက်သည်။ ကူးချောင်လန် အထဲဝင်မလာသေးသဖြင့် သူ အပြင်သို့လှမ်းခေါ်လိုက်ရ၏။

"ရေချိုးလို့ ပြီးပြီ၊ ဝင်လာခဲ့တော့"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကူးချောင်လန် တံခါးကို တွန်းဖွင့်လိုက်သည်။ သူ အပြင်တွင်စောင့်နေသည်မှာ အတော်ကြာပြီဖြစ်ကြောင်း သိသာလှသည်။ သူ ရှီလဲ့ကို မကြည့်ဘဲ ဝင်လာကာ ရေချိုးစည်ပိုင်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားပြီး ခါးကိုင်း၍ အားဖြင့် မ,ချီလိုက်သည်။ ထို့နောက် အပြင်သို့ထွက်ကာ ရေသွန်ပြီးနောက် စည်ပိုင်းကို အထဲသို့ ပြန်သယ်လာသည်။

ရှီလဲ့၏စိတ်လှုပ်ရှားနေမှုများအားလုံး ပျောက်ကွယ်သွားတော့သည်။ သူ စောင်ကိုခွာ၍ အထဲသို့ ဝင်လှဲလိုက်ကာ စိတ်များလွင့်မျောလာတော့သည်။

ကူးချောင်လန်က တိတ်ဆိတ်စွာ လျှောက်လာပြီး စားပွဲပေါ်ရှိ ဖယောင်းတိုင်ကို ဘေးသို့ရွှေ့လိုက်သည်။ ကုတင်ဘေးမှာ မှေးမှိန်သွားသည်။ သူက ကုတင်ပေါ်တွင် တိတ်ဆိတ်စွာလှဲအိပ်လိုက်သော်လည်း သူ့အသက်ရှူသံများက ပိုမိုပြင်းထန်လာကာ လည်စေ့ကလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

ဘေးမှလူက အချိန်အတော်ကြာသည်အထိ မလှုပ်ရှားသည်ကို သတိထားမိလိုက်ပြီး ရှီလဲ့ အိပ်ငိုက်လာတော့သည်။ ရုတ်တရက် ပူလောင်နေသော ခန္ဓာကိုယ်တစ်ခုက သူ့အပေါ်သို့ဖိကျလာသည်။ သူ လန့်ဖျပ်ပြီး အော်လိုက်မိသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းကို အနည်းငယ်လွှဲဖယ် လိုက်သည်။ ဩရှရှအသံတစ်ခုက သူ့နားထဲသို့ ဝင်ရောက်လာသည်။

"မ... မကြောက်ပါနဲ့ ကိုယ် ညင်ညင်သာသာပဲ လုပ်ပါ့မယ်"

……

နောက်တစ်နေ့တွင် ရှီလဲ့နိုးလာသောအခါ မိုးလင်းနေပြီဖြစ်ပြီး သူ့ဘေးတွင် မည်သူမျှမရှိတော့ပေ။ တစ်ကိုယ်လုံးကိုက်ခဲနေသဖြင့် အိပ်ရာပေါ်မှ ခပ်နွမ်းနွမ်း ထထိုင်လိုက်ကာ အချိန်လွန်မှ 'ရှီး' ဟူ၍ အသံထွက်ညည်းလိုက်မိသည်။

ဗန်းတစ်ချပ်ကို ကိုင်ဆောင်ကာ ဝင်လာသော ကူးချောင်လန်ကမူ ကုတင်ပေါ်တွင် ကြောင်တောင်တောင်လေး ထိုင်နေသော ရှီလဲ့ကို မြင်လိုက်ရသည်။ သူက ဗန်းကို အမြန်ချထားလိုက်ပြီး လျှောက်လာခဲ့သည်။

"ဒီမနက် ဘာမှလုပ်စရာမရှိတာကို ဘာလို့ နည်းနည်းလောက်ထပ်မအိပ်တာလဲ"

ရှီလဲ့ အနည်းငယ် ရှက်သွားသည်။ ဇနီးသည်ဖြစ်သူသည် နောက်တစ်နေ့တွင် ဘိုးဘွားများကိုကန်တော့ရန်အတွက် ဦးလေးဖြစ်သူနှင့် တွေ့ဆုံရမည်ဖြစ်သည်။ သူ မမင်္ဂလာဆောင်မီက သူ့မိခင်ဖြစ်သူက နောက်တစ်နေ့တွင် အိပ်ရာထဲခွေမနေရန် အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း မထင်မှတ်ဘဲ သူ နောက်ကျမှ ထမိခဲ့သည်။

"ကျွန်တော် အိပ်ရာထ နောက်ကျသွားတယ်"

နီရဲနေသော မျက်နှာလေးကိုကြည့်ရင်း ကူးချောင်လန် ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသော်လည်း မျက်နှာပေါ်တွင်တော့ မပေါ်လွင်ခဲ့ပေ။

"ဘာအရေးကြီးလို့လဲ၊ အိမ်မှာ ကိုယ်တို့နှစ်ယောက်တည်းရှိတာပဲကို နည်းနည်းလောက် ထပ်အိပ်လည်း ပြဿနာမရှိပါဘူး၊ မင်း ထပ်အိပ်ချင်သေးရင်၊ ပင်ပန်းနေသေးရင် ထပ်အိပ်လိုက်လေ၊ ဗိုက်ဆာရင်တော့ ထပြီး အရင်တစ်ခုခုစားလိုက်၊ မျက်နှာသစ်ဖို့ ကိုယ် ရေသွားခပ်ပေးမယ်"

"မအိပ်တော့ဘူး"

ရှီလဲ့ ပြန်ဖြေလိုက်ပြီးနောက် ကုတင်ပေါ်မှဆင်းကာ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။

ကူးချောင်လန် ပြန်ထူးလိုက်ပြီး လှည့်ထွက်သွားသည်။ များမကြာမီ သူက ရေနွေးများသယ်လာပြီး သွားတိုက်တံနှင့် သွားတိုက်ဆေးမှုန့်ပါသည့် ဝါးကျည်တောက်ကိုလည်း ယူဆောင်လာခဲ့သည်။

မျက်နှာသစ်ပြီးနောက် ရှီလဲ့ စားပွဲတွင် ထိုင်လိုက်သည်။ ဗန်းပေါ်တွင် ဆန်ပြုတ်နှစ်ပန်းကန်၊ ချဉ်ဖတ်တစ်ပန်းကန်နှင့် ကြက်ဥတစ်လုံးတို့ ရှိနေသည်။

ကူးချောင်လန် အနည်းငယ်ရှက်ရွံ့နေမိသည်။ သူ တစ်ယောက်တည်း ကြမ်းတမ်းစွာနေထိုင်ခဲ့ရပြီး သူ့မိခင် နောက်အိမ်ထောင်မပြုမီက သူ့ကို ဟင်းချက်သင် ပေးခဲ့သည်။ သူက ဖြည်းဖြည်းချင်းသာ သင်ယူနိုင်ခဲ့ပြီး အချိန်အတော်ကြာပြီးနောက်တွင် ထမင်း၊ ဆန်ပြုတ်၊ ဂေါ်ဖီထုပ်ကြော်၊ နံရိုးနှင့် မုန်လာဥဖြူစွပ်ပြုတ် တို့ကိုသာ ချက်တတ်ကာ တစ်ခါတစ်ရံမှသာ အာလူးကြော်ကို အောင်မြင်စွာ ချက်ပြုတ်နိုင်တော့သည်။

"ကိုယ်က ဟင်းချက်မကျွမ်းကျင်တော့ အခုလောလောဆယ် ဒီလိုပဲဖြစ်သလိုစားလိုက်ပါဦး၊ ကြက်ဥက မနေ့ကချက်ထားတာတွေထဲက ကျန်တာဆိုတော့ အခုဆို ကျက်လောက်ပါပြီ စားကြည့်ပါဦး"


 Chapter 7


ရှီလဲ့ နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။

"ဒီဆန်ပြုတ်က တော်တော်လေး ကောင်းကောင်းချက်ထားတာပဲ၊ ခင်ဗျားလည်း စားလေ"

စားသောက်ပြီးနောက် ရှီလဲ့ ပန်းကန်များကို ဆေးကြောချင်သော်လည်း ကူးချောင်လန် သူ့ကို တားလိုက်သည်။

"ကိုယ်ပဲ လုပ်လိုက်မယ်၊ အပြင်မှာ နေကသိပ်မပူဘဲ အနေတော်ပဲ၊ မင်း ခြံထဲသွားလမ်းလျှောက်ချင်လျှောက်၊ မဟုတ်ရင်လည်း သွားအိပ်နေလိုက်လေ"

ထိုသို့ပြောပြီးနောက် သူ ပန်းကန်များကို သိမ်းဆည်းကာ မီးဖိုချောင်သို့ သွားရန်ထရပ်လိုက်သည်။

ရှီလဲ့လည်း သူနှင့်အတူ ထရပ်လိုက်သည်။ မနေ့က သူ ခေါင်းဆောင်းပုဝါကိုဆောင်းထားရသဖြင့် နောင်တွင် သူနေထိုင်ရမည့်နေရာကို မမြင်ခဲ့ရပေ။ ထို့ကြောင့် သူ သွားရောက်လေ့လာရမည်ဖြစ်သည်။

ရှီလဲ့ ခြံတံခါးဝသို့ရောက်သောအခါ တစ်ဝက်ခန့်တွန်းဖွင့်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ့အရှေ့တွင် အိမ်ထောင်စုနှစ်စုရှိပြီး အနောက်ဘက်တွင် တောင်ခြေနှင့် စိမ်းလန်းသော ဝါးရုံတောတို့ ရှိနေသည်။

သူက ကျယ်ဝန်းသော ခြံဝင်းထဲသို့ပြန်လှည့်လာခဲ့သည်။ ပင်မအခန်းသုံးခန်းသည် တောင်ဘက်သို့ မျက်နှာမူထားပြီး အလယ်တွင် ဧည့်ခန်း၊ သူ ခုနကထွက် လာခဲ့သော အိပ်ခန်းနှင့် ညာဘက်ရှိ အခန်းလွတ်တို့ရှိသည်။ ထိုအခန်းလွတ်ထဲတွင် ကုတင်တစ်လုံးနှင့် စားစရာ၊ ပစ္စည်းအသေးအမွှားများကို ပုံထားပြီး သူ့ယောက္ခမများနေထိုင်ခဲ့သည့်နေရာ ဖြစ်ဟန်တူသည်။

ဘေးဘက်တွင် မီးဖိုချောင်နေရာဖြစ်သော အိမ်ငယ်လေးတစ်လုံးရှိသည်။ သူ ပန်းကန်ဆေးနေသော ကူးချောင်လန်ကို ခိုးကြည့်လိုက်ပြီးနောက် နောက်ဖေးခြံထဲသို့ လမ်းလျှောက်သွားခဲ့သည်။

နောက်ဖေးခြံသည် အရှေ့ဘက်ခြံထက် များစွာကျယ်ဝန်းသည်။ တောင်ခြေတွင်ရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ဝင်ပေါက်သည် ဟင်းသီးဟင်း ရွက်ခင်းဆီသို့ တိုက်ရိုက်ပေါက်နေသည်။ သူခန့်မှန်းကြည့်ရသလောက် တစ်ဧကကျော်ခန့်ရှိပြီး ဧကတစ်ဝက်ကျော်ခန့်တွင် မုန်လာဥဖြူနှင့် ဂေါ်ဖီထုပ်များကို စိုက်ပျိုးထားကာ ထောင့်များတွင် ငရုတ်သီး၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူအချို့ကို စိုက်ပျိုးထားပြီး ကျန်နေရာများကို အလဟဿထားရစ်ခဲ့သည်။

ညာဘက်ထောင့်တွင် ခြံစည်းရိုးကာရံထားသော အမိုးပွင့် တဲအိုလေးတစ်ခုရှိသည်။ ၎င်းကိုကြက်နှင့် ဘဲများမွေးမြူရန် အသုံးပြုခဲ့ပုံရသော်လည်း ယခုအခါ အထဲတွင် ထင်းအချို့ကိုသာပုံထားသည်။ ဘယ်ဘက်တွင် သစ်သီးပင်နှစ်ပင်ရှိပြီး တစ်ပင်မှာ မက်မွန်ပင်ဖြစ်ကာ အခြားတစ်ပင်မှာ သစ်တော်ပင်ဖြစ်သည်။ မက်မွန်သီးများက မှည့်နေပြီဖြစ်ပြီး အပင်ပေါ်တွင် သိပ်မကျန်တော့ပေ။ သစ်တော်သီးများမှာမူ အပြည့်အဝ မမှည့်သေးဘဲ သစ်ကိုင်းများပေါ်တွင် အပြည့်တွဲလောင်းကျနေသည်။

ရှီလဲ့ ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း ဟင်းသီးဟင်းရွက်ခင်းကို သေချာပြန်လည်ရှင်းလင်းရန်၊ အခြားသီးနှံအချို့ စိုက်ပျိုးရန်၊ မွေးမြူရန်အတွက် ကြက်နှင့် ဘဲအချို့ ဝယ်ယူရန်နှင့် အကယ်၍ နှစ်အနည်းငယ်အတွင်း အခြေအနေပေးပါက ဝက်ကလေးတစ်ကောင်ဝယ်ယူရန် စိတ်ထဲတွင် ကြိုတင်စီစဉ်နေမိသည်။

ထိုသို့တွေးရင်း သူ အိပ်ခန်းထဲသို့ ပြန်လျှောက်လာခဲ့သည်။ အင်း၊ အဲဒီအကြောင်း နောက်မှပဲ ပြောကြတာပေါ့။ လောလောဆယ်တော့ သူ အနားယူဖို့ လိုအပ်နေပြီဖြစ်သည်။

ကူးချောင်လန် အဝတ်အိတ်ငယ်လေးတစ်ခုကို ကိုင်ကာ ကုတင်ပေါ်တွင် ထိုင်နေသည်။ သူ ပြန်လာသည်ကို မြင်တော့ သူ့ကို လာထိုင်ရန်ခေါ်လိုက်သည်။

"ဒါတွေက ကိုယ်တို့မိသားစုရဲ့မြေဂရန်နှင့် အိမ်ဂရန်တွေပဲ၊ မင်းပဲ သိမ်းထားလိုက်ပါ၊ ပြီးတော့ ငွေတွေလည်း ပါသေးတယ်၊ အများကြီးတော့ မကျန် တော့ပါဘူး ငွေငါးချောင်းနှင့် ကြေးပြားနည်းနည်းပဲ ကျန်တော့တယ်၊ မင်္ဂလာဆောင်အတွက် တချို့သုံးလိုက်ရလို့ သဘောမကျမဖြစ်ပါနဲ့ နောင်ကျရင် ဒီထက်ပိုရှာပေးမှာမို့ မင်းကို ဒုက္ခမရောက်စေရပါဘူး"

သူ၏ရှက်ရွံ့နေသော မျက်နှာထားကိုမြင်တော့ ရှီလဲ့ သူ့ကို စနောက်ချင်သွားသည်။

"အကုန်ပဲလား၊ ခင်ဗျား တိတ်တိတ်လေး ငွေတွေ ဖွက်မထားဘူးမလား"

ကူးချောင်လန် ပိုလို့ရှက်သွားကာ တီးတိုးရေရွတ်လိုက်သည်။

"မ... မဖွက်ထားပါဘူး၊ အကုန် ဒီမှာချည်းပါပဲ"

ထိုသို့ပြောပြီးနောက် သူ တိတ်ဆိတ်စွာ ထပ်ဖြည့်ပြောလိုက်သည်။

"ကိုယ် ဘာငွေမှ တိတ်တိတ်လေး မဖွက်ထားပါဘူး"

သူ့ဖခင် သက်ရှိထင်ရှားရှိစဉ်က သူ့မိခင်က အိမ်၏ဘဏ္ဍာရေးကို စီမံခန့်ခွဲခဲ့ပြီး သူ့လက်ထဲတွင် ကြေးပြားတစ်ပြားပင် မရှိခဲ့ပေ။

ရှီလဲ့မှာ အူတက်မတတ် ရယ်မောလိုက်မိသည်။ ရှီလဲ့ သူ့ကို စနောက်နေမှန်း ကူးချောင်လန် သဘောပေါက်သွားပြီး သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသော် လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။ သူကဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်ပြီးနောက် အိတ်ကပ်ထဲမှ ငွေဆံထိုးတစ်ချောင်းကိုထုတ်ကာ ရှီလဲ့အား ကမ်းပေးလိုက်သည်။

"ဒါက အမေ ကိုယ့်ဇနီးသည်ကိုပေးဖို့ ချန်ထားရစ်ခဲ့တာပါ၊ သူက ဒီဒီဇိုင်းက ခေတ်ဟောင်းဒီဇိုင်းဖြစ်နေပြီမို့ မင်းမကြိုက်ဘူးဆိုရင် အရည်ကျိုပြီး ဒီဇိုင်းအသစ် ပြန်လုပ်ခိုင်းလိုက်လို့တောင် ပြောခဲ့သေးတယ်"

ရှီလဲ့ အံ့သြသွားသည်။ ကူးချောင်လန်၏မိခင် နောက်အိမ်ထောင်ပြုသွားကြောင်း သူ့မိခင်ပြောဖူးသည်ကို သူကြားခဲ့ဖူးသည်။ သူ မေးချင်သော်လည်း ကူးချောင်လန် စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်မိသည်။ နောင်တစ်ချိန်တွင် သူတို့နှင့်ဆုံတွေ့ခဲ့လျှင် မည်သို့လုပ်ရမည်ကို သိရှိရန်အတွက် သွားစေ့ကာ မေးရန် ဆုံးဖြတ်လိုက်သည်။

"ခင်ဗျား အမေက..."

သူ စကားမဆုံးမီတွင် ကူးချောင်လန် တီးတိုးပြောလိုက်သည်။

"ကိုယ့်အမေ အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူ ကျန်းမာရေး သိပ်မကောင်းဘူး၊ ကိုယ့်အဖေ သက်ရှိထင်ရှားရှိစဉ်က သူ ဘယ်တော့မှ အလုပ်ကြမ်းမလုပ်ခဲ့ရဘူး၊ နောက်တော့ အဖေဆုံးပါးသွားချိန်မှာ ကိုယ်က ဆယ်ကျော်သက်အရွယ်ပဲရှိသေးတာ၊ အစားများပြီး အလုပ်နည်းနည်းပဲ လုပ်နိုင်တဲ့အရွယ်ပေါ့၊ အမေက ကိုယ့်ကို နှစ်နှစ်လောက် ပြုစုစောင့်ရှောက်ပေးခဲ့ပြီးနောက် ကိုယ်တို့ရဲ့စုဆောင်းငွေအများစုလည်း ကုန်သွားခဲ့တယ်"

"သူ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး၊ ကိုယ် သူ့ကို အပြစ်မတင်ပါဘူး၊ သူထွက်သွားချိန်မှာ သူရခဲ့တဲ့ စေ့စပ်ကြောင်းလမ်း လက်ဆောင်တွေကို ကိုယ့်ကိုပေးချင်ခဲ့တာ၊ ကိုယ် လက်မခံခဲ့ဘူးလေ၊  á€žá€°á€ˇá€€á€ťá€”်းမဏရ္းကမက္ဏင်းတ္ဏအ ငွေမရှိရင် သမားတော်ပြလို့ရမှာ မဟုတ်ဘူး၊ သူ လုံးဝလက်မခံပေမဲ့ ကိုယ့်အတွက် တစ်ဝက်ချန်ထားရစ်ခဲ့တယ်၊ ငွေလေးချောင်းပေါ့"

"နောက်တော့ ကိုယ် သူ့ကို တိတ်တိတ်လေး သွားကြည့်ခဲ့သေးတယ်၊ အဲဒီလူက သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး လင်ပါသားကလည်း သူ့အပေါ် သိတတ်ပါတယ်၊ ကိုယ် အဝတ်အစား၊ သကြားမုန့်နဲ့ငွေအချို့ သူ့အိမ်တံခါးဝမှာ ချထားခဲ့တယ်၊ သူထွက်ယူတာကို စောင့်ကြည့်နေတော့ အဲဒါ ကိုယ်မှန်း သူ သိပေမဲ့ ငိုပဲ ငိုနေပြီး ကိုယ့်ကိုမခေါ်ခဲ့ဘူး၊ ကိုယ်လည်း သူ့ကို စကားမပြောဘဲ ဒီအတိုင်းပဲ ပြန်လာခဲ့တယ်"

ရှီလဲ့ စကားလွန်သွားမိသည်ကို နောင်တရသွားကာ ဆံထိုးနှင့်အဝတ်အိတ်ကို ယူလိုက်ပြီး ကူးချောင်လန်အား တီးတိုးပြောလိုက်သည်။

"ဝမ်းနည်းမနေပါနဲ့၊ ခင်ဗျား အမေလည်း ခင်ဗျားကို သေချာပေါက်စွန့်လွှတ်မှာ မဟုတ်ပါဘူး"

ကူးချောင်လန် သူ့ကို မော့ကြည့်ကာ ပြုံးလိုက်သည်။

"အများကြီးတွေးမနေပါနဲ့၊ ဒါတွေအကုန်လုံး အတိတ်မှာကျန်ခဲ့ပါပြီ၊ ကိုယ်က မင်းကို ဒီတိုင်းပြောပြရုံသက်သက်ပါ၊ ကိုယ့်အမေ နောက်အိမ်ထောင် ပြုသွားတဲ့ ရွာက နည်းနည်းဝေးတော့ ကိုယ်တို့ သူနဲ့ထပ်ဆုံဖို့ သိပ်မသေချာပါဘူး၊ နည်းနည်းလောက် ထပ်အိပ်လိုက်ဦး၊ မွန်းလွဲပိုင်းကျရင် ကိုယ်တို့အတူတူ နောက်ဘက်တောင်ပေါ်သွားပြီး ကန်တော့ကြတာပေါ့"

ရှီလဲ့ ထရပ်လိုက်ပြီး အဝတ်ဖြင့် ထုပ်ထားသောဆံထိုးကို အလှပြင်သေတ္တာထဲသို့ထည့်လိုက်ကာ ကုတင်ပေါ်သို့ ပြန်လာခဲ့သည်။

"ခင်ဗျားလည်း ခဏလောက်လှဲနေလိုက်ပါဦး၊ မနက်ဖြန်က ခင်ဗျားအတွက် အရေးကြီးတဲ့ နေ့ပဲဟာကို"

ထိုသို့ပြောပြီးနောက် သူ စောင်ကိုဆွဲခြုံလိုက်သည်။ ကူးချောင်လန် ခဏမျှစဉ်းစားလိုက်သော်လည်း ဘာမှထပ်မပြောတော့ဘဲ သူလည်း လှဲအိပ်လိုက်သည်။

၎င်းတို့နှစ်ဦးစလုံး ပြန်အိပ်ပျော်သွားခဲ့ကြရာ မွန်းတည့်ချိန်ရောက်မှသာ အိပ်ရာမှ ထကြတော့သည်။

ရှီလဲ့သည် ထမင်းပေါင်းပြီးနောက် မနေ့က ဘိုးဘွားကန်တော့ရန်အတွက် သီးသန့်ဖယ်ထားခဲ့သော အသားများကိုချက်ပြုတ်လိုက်ကာ အရံဟင်းနှစ်ပွဲကို ခပ်မြန်မြန်ပြင်ဆင်လိုက်၏။ ထို့နောက် မက်မွန်သီးများ၊ သစ်တော်သီးများ၊ လက်ဖက်ရည်ကြမ်း၊ အရက်နှင့် ရေဖြည့်ထားသော ဘူးသီးခြောက်တို့ကိုပါ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

ကူးချောင်လန်သည်လည်း ပြင်ဆင်ထားသော စက္ကူပိုက်ဆံများနှင့် နံ့သာတိုင်များထည့်ထားသည့် ခြင်းတောင်းတစ်လုံးကို မီးဖိုချောင်ထဲသို့ သယ်ဆောင် လာခဲ့၏။ သူက ပိုပေါ့ပါးသော ခြင်းတောင်းကို ရှီလဲ့ထံသို့ကမ်းပေးလိုက်ပြီး အစားအသောက်များ ထည့်ထားသော ခြင်းတောင်းကိုမူ ကိုယ်တိုင်လွယ်လိုက် ကာ ခြံဝင်းအတွင်းမှ တံစဉ်ကိုယူ၍ နှစ်ဦးသား အတူတကွထွက်လာခဲ့ကြသည်။

အပြင်သို့ရောက်၍ ခြံစည်းရိုးနံရံကို ကွေ့ဝိုက်လိုက်သည်နှင့် တောင်ပေါ်သို့တက်ရာ လမ်းကျဉ်းလေးတစ်ခုရှိပြီး လမ်းဘေးတွင်မူ ရှီလဲ့ နံနက်ပိုင်းက မြင်တွေ့ခဲ့ရသော ဝါးရုံတော ရှိနေသည်။ ရွာသူရွာသား အများစုမှာ ဤလမ်းမှပင် တောင်ပေါ်သို့တက်လေ့ရှိကြ၏။ ကူးချောင်လန်သည် ရှီလဲ့ကို တောင်ပေါ်သို့ ခေါ်ဆောင်သွားရင်း လမ်းတစ်လျှောက်ရှိ အရာများကို ညွှန်ပြသွားခဲ့သည်။

အနောက်ဘက်တောင်သည် ကျယ်ဝန်းလှပြီး မတ်စောက်သော တောင်တန်းများ ဆက်တိုက် တည်ရှိနေသည်။ ထိုတောင်တွင် 'ချွီချွမ်းတောင်' ဟူသော လှပသည့် အမည်နာမတစ်ခုလည်း ရှိ၏။ သို့သော် ရွာသူရွာသားများမှာ ရွာနောက်ကျောဘက်ရှိ တောင်ကိုသာ အများဆုံး သွားလာလေ့ရှိကြသဖြင့် အလေ့အကျင့်အရ အနောက်ဘက်တောင်ဟုသာ ခေါ်ဝေါ်လေ့ရှိကြသည်။

တောင်ထိပ်မှာ မြင့်မား၍ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး တောင်စောင်းတွင်မူ သစ်သီးပင်များ ပြန့်ကျဲနေသည်။ အချို့မှာ တောသစ်သီးပင်များ ဖြစ်ကြပြီး အချို့မှာမူ ချင်ထန်ရွာမှ ဘိုးဘွားများစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုကြ၏။ တောင်ကျစမ်းရေမှာ ကြည်လင်နေပြီး ငါးနှင့် ပုစွန်များကို နေရာအနှံ့ တွေ့မြင်နိုင်သည်။ ငတ်မွတ်ခေါင်းပါးသော အချိန်ကာလများ၌ ဤတောင်သည် လူအများကို အသက်ဆက်ပေးခဲ့ဖူးသည်။ ယခုအခါတွင်မူ ရွာသူရွာသား အများစုမှာ စားဝတ်နေရေးပြည့်စုံနေကြပြီဖြစ်ရာ တောင်ပေါ်ရှိ သစ်သီးပင်များကို သရေစာအဖြစ် စားသုံးရန် သို့မဟုတ် မြို့ပေါ်သို့ သွားရောက်ရောင်းချ၍ အိမ်သုံးစရိတ် ဖြည့်တင်းရန်မျှသာ အသုံးပြုကြတော့သည်။ ချင်ထန်ရွာမှ မည်သူမဆို ဤသစ်သီးများကို ခူးဆွတ်ခွင့်ရှိပေသည်။

ဆောင်းဦးရာသီစတင်ချိန် လွန်မြောက်သွားခဲ့ပြီဖြစ်ရာ တောင်ပေါ်တွင် သစ်အယ်သီးပင်များနှင့် သစ်ကြားသီးပင်များပြည့်နှက်နေသော်လည်း အသီးများမှာ သေးငယ်၍ အခွံစိမ်းနေသေးသဖြင့် စားသုံး၍မရသေးပေ။ ထို့ပြင် အဆိပ်မရှိသော မှိုအချို့လည်းရှိနေသေးသည်။ သို့သော် ယနေ့တွင် လုပ်စရာကိစ္စ ရှိနေသဖြင့် ရှီလဲ့တို့ နှစ်ဦးမှာ ယင်းတို့ကို သိပ်ပြီးအာရုံမစိုက်နိုင်ခဲ့ကြပေ။

အနောက်ဘက်တောင်သည် အတန်အသင့်ပြေပြစ်လှ၏။ သစ်ပင်များထူထပ်သော်လည်း လမ်းကြောင်းမှာ မရှုပ်ထွေးပေ။ တောင်ဝက်ခန့်၏ အောက်ဘက်တွင် ချင်ထန်ရွာ၏ဘိုးဘွားသင်္ချိုင်းမြေ ရှိနေသည်။ ကူးချောင်လန် ဖခင်ဖြစ်သူကိုလည်း ဤနေရာ၌ပင် မြှုပ်နှံထားခြင်းဖြစ်ပြီး နှစ်ဦးသားမှာ နံ့သာတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့်တွင် ရောက်ရှိသွားကြသည်။

ရှီလဲ့သည် ယူဆောင်လာသော ပူဇော်သက္ကာများကို တစ်ခုချင်းစီ အစီအစဉ်တကျပြင်ဆင်လိုက်၏။ နှစ်ဦးသား အတူတကွ ဦးတိုက်ကန်တော့ကြပြီး နံ့သာတိုင်ထွန်းကာ စက္ကူပိုက်ဆံများကို မီးရှို့ကြသည်။ ထို့နောက် စတင် စားသောက်ကြတော့သည်။ ၎င်းတို့၏ ဘိုးဘွားကန်တော့သည့် ထုံးတမ်းမှာ ဤသို့ပင်။ ပူဇော်ကန်တော့ပြီးနောက် လက်ဖက်ရည်နှင့် အရက်ကို သင်္ချိုင်းဂူအရှေ့တွင် လောင်းချလိုက်ပြီး သစ်သီးများကိုချန်ထားခဲ့ကာ ကျန်ရှိသော အစားအစာများကိုမူ သားမြေးများက ကုန်အောင်စားသုံးကြရသည်။

နံ့သာတိုင်များ ကုန်စင်အောင်လောင်ကျွမ်းသွားပြီးနောက် ရှီလဲ့သည် တောမီးလောင်ကျွမ်းမှုကို ကာကွယ်ရန်အတွက် ပြာများပေါ်သို့ ရေအနည်းငယ် လောင်းချလိုက်သည်။

ကူးချောင်လန်သည် သင်္ချိုင်းဂူဘေးတွင် ပေါက်နေသော ပေါင်းပင်များကို ရှင်းလင်းပေးပြီး ချိုင့်ဝင်နေသော နေရာများတွင် မြေကြီးထပ်ဖြည့်ပေးလိုက်ရာ ရှီလဲ့ကလည်း ခြင်းတောင်းကိုသိမ်းဆည်းလိုက်သည်။ ထို့နောက် နှစ်ဦးသား တောင်အောက်သို့ ပြန်ဆင်းလာခဲ့ကြ၏။


 Chapter 8


အိမ်သို့ ပြန်ရောက်သောအခါ ကူးချောင်လန်သည် လျှော်အဝတ်အစားဟောင်းများကို လဲလှယ်ဝတ်ဆင်ကာ စပါးသယ်ရန်အတွက် ခြင်းကိုကျောတွင်လွယ်၍ လယ်ကွင်းထဲသို့ ထွက်ရန်ပြင်ဆင်လိုက်သည်။ စပါးများကိုလွန်ခဲ့သော ရက်ပိုင်းကတည်းက ရိတ်သိမ်းထားခဲ့ခြင်းဖြစ်ပြီး ရာသီဥတုသာယာနေသဖြင့် လယ်ကွင်းထဲတွင် နေလှန်းထားခဲ့ခြင်းဖြစ်သည်။ ရေငွေ့များ ပါနေပါက သယ်ဆောင်ရာတွင် လေးလံမည်ဖြစ်၍ ခြောက်သွေ့လုနီးပါး ဖြစ်မှသာ ခြံဝင်းအတွင်းသို့ သယ်ဆောင်ကာ အစေ့ခြွေရသည်မှာ ပိုမိုလွယ်ကူပေလိမ့်မည်။

သူ ထွက်သွားရန်ပြင်နေသည်ကို မြင်သောအခါ ရှီလဲ့ အနားသို့ လျှောက်သွားလိုက်သည်။

"အများကြီး မသယ်နှင့်ဦးနော် လေးလိမ့်မယ်"

ကူးချောင်လန် ခေါင်းညိတ်ပြကာ ထွက်သွားလေသည်။

ခြံဝင်းကို ရှင်းလင်းပြီးနောက် ရှီလဲ့သည် အိမ်ထဲသို့ဝင်ကာ ကျန်ရှိသော မက်မွန်သီးများကို ဆေးကြော၍ ရေပုံးထဲသို့ထည့်ပြီး ရေတွင်းထဲသို့ လျှော့ချစိမ်ထား လိုက်သည်။ ခုနစ်လပိုင်း၏နေရောင်မှာ လွန်လွန်ကဲကဲ မပူပြင်းသော်လည်း တစ်နေကုန် အလုပ်လုပ်ပြီးချိန်တွင်မူ အတော်လေး ပူအိုက်နေတတ်သည်။ ကူးချောင်လန် ပြန်လာချိန်မှ ထုတ်စားပါက အေးအေးမြမြလေးဖြင့် စိတ်ချမ်းသာစရာ ကောင်းပေလိမ့်မည်။

ထို့နောက် သူသည် ခြင်းတောင်းကိုကိုင်ဆောင်၍ တံခါးအပြင်သို့ ထွက်လာခဲ့သည်။ စောစောက အနောက်ဘက်တောင်သို့ သွားစဉ် နောက်ဖေးခြံပြင်ပ၌ ဟင်းနုနွယ်ပင်များ အများအပြားပေါက်ရောက်နေသည်ကို သတိထားမိခဲ့၏။ "ခုနစ်လပိုင်း ဟင်းနုနွယ်သည် ရွှေထက်ပင် အဖိုးတန်၏" ဟူသော စကားပုံအတိုင်းပင် ယခုအချိန်သည် ဟင်းနုနွယ်အရသာ အကောင်းဆုံးရာသီဖြစ်ပြီး အအေးသုပ်စားသည်ဖြစ်စေ၊ ပေါက်စီနှင့် ဖက်ထုပ်လုပ်စားသည်ဖြစ်စေ အလွန်ကောင်းမွန်လှသည်။

ဟင်းနုနွယ်သည် ကျေးလက်အိမ်ထောင်စုများတွင် အများဆုံးစားသုံးကြသော တောဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်သည်။ အချို့လူများက ၎င်းကို ခူးဆွတ်၍ မြို့ပေါ်သို့ သွားရောက် ရောင်းချကြသည်ဟုကြားဖူး၏။ အကြောင်းမှာ ဒေသခံသမားတော်များက ဟင်းနုနွယ်သုပ်သည် အပူကင်းစေခြင်း၊ စိုထိုင်းဆကို ဖယ်ရှားပေးခြင်း၊ အူများကို တင်းရင်းစေခြင်းနှင့် ဝမ်းလျှောခြင်းကို သက်သာစေခြင်းစသည့် အာနိသင်များ ရှိသည်ဟု ပြောဆိုကြသောကြောင့် ဖြစ်သည်။ ယင်း၏နူးညံ့သောအသားစကြောင့် အချို့က အလွန်ကြိုက်နှစ်သက်ကြ၏။

ရှီလဲ့သည် မိမိကိုယ်ကိုကံကောင်းသည်ဟု ခံစားလိုက်ရသည်။ ဤဟင်းနုနွယ်ခင်းမှာ ကောင်းမွန်စွာပေါက်ရောက်နေပြီး ပင်စည်များ ထူထဲကာ အရွက်များမှာ နူးညံ့လျက် မည်သူမျှ ခူးဆွတ်ထားခြင်း မရှိသေးသည့်အတိုင်း ဖြစ်နေ၏။ ရွာ၏နောက်ကျောဘက်တွင် တည်ရှိနေခြင်းကြောင့်လည်းကောင်း၊ လတ်တလော လယ်ယာစိုက်ပျိုးချိန် အလုပ်ရှုပ်နေကြခြင်းကြောင့်လည်းကောင်း တောင်ပေါ်သို့ဖြတ်သန်းသွားလာသူ နည်းပါးသဖြင့် မည်သူမျှသတိမထားမိကြခြင်း ဖြစ်နိုင်ပေသည်။

အပင်များ အများအပြားရှိနေသဖြင့် သူ ထိပ်ပိုင်းရှိ လက်ဝါးအရွယ်ခန့်မျှ ရှိသော နူးညံ့သော အညွန့်များကိုသာ ခူးယူလိုက်သည်။ ခူး၍ မပြီးမီမှာပင် ခြင်းတောင်း၏ထက်ဝက်ခန့် ပြည့်သွားခဲ့၏။ ရှီလဲ့ အများကြီးထပ်မခူးတော့ပေ။ အများကြီး ခူးပါက များလွန်းသွားမည်ဖြစ်ရာ ရက်ပိုင်းမျှ ကြာလျှင် ထပ်မံ လာရောက် ခူးဆွတ်၍ရသေးသည်။ ဤဟင်းနုနွယ်ခင်းသည် ထမင်းပွဲအတော်များများကို လောက်ငစေနိုင်သည်။ အိမ်တွင် ဟင်းလျာ အများအပြား မရှိသေးသဖြင့် ယင်းမှာ အဆင်ပြေသောအရာဖြစ်သွားခဲ့၏။

အိမ်သို့ ပြန်ရောက်သောအခါ ခြံဝင်းအတွင်း၌ စပါးအချို့ ပုံထားသည်ကို တွေ့လိုက်ရရာ ကူးချောင်လန် တစ်ခေါက် ပြန်ရောက်သွားခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ ရှီလဲ့သည် မီးဖိုချောင်ထဲသို့ ခပ်မြန်မြန်လျှောက်သွားကာ ခြင်းတောင်းကို ချထားလိုက်ပြီး အိုးထဲသို့ ရေခပ်ထည့်ကာ မီးဖိုပေါ်တင်၍ မီးစတင် မွှေးလိုက်တော့သည်။

လတ်တလော နှစ်များအတွင်း မြို့ပေါ်၌ အခါးရည်ဆိုင် တစ်ဆိုင်ဖွင့်လှစ်ထားရာ ရွာထဲရှိ စျေးသည် အများအပြားသည် လက်ဖက်ရည်ကြမ်းများကို သွားရောက် ရောင်းချကြသည်။ အိမ်နီးချင်းခရိုင်က ဖွင့်ထားသော အခါးရည်ဆိုင်ဖြစ်ပြီး အသက်သာဆုံးစျေးနှုန်းမှာ တစ်ကျင်းလျှင် ကြေးပြားနှစ်ဆယ်မျှသာ ရှိသည်ဟု ဆိုကြ၏။ ချွေတာ၍သောက်သုံးပါက တစ်နှစ်နီးပါးမျှ သောက်သုံးနိုင်ပေသည်။ အခြေအနေကောင်းမွန်သော မိသားစုများမှာ အခါးရည်အနည်း ငယ်ဝယ်ယူထားကြပြီး ပွဲတော်ရက်များနှင့် ဧည့်သည်များလာရောက်ချိန်တွင် ထုတ်ယူဧည့်ခံလေ့ ရှိကြရာ ယင်းမှာ အတော်အတန် ခမ်းနားသော ကိစ္စတစ်ခု ဖြစ်သည်။

ရေဆူလာသောအခါ ရှီလဲ့သည် ဘီရိုထဲမှ လက်ဖက်ရည်ဘူးကိုထုတ်ယူကာ အနည်းငယ်ကို ဝါးကျည်တောက်ထဲသို့ ထည့်၍ရေနွေးစိမ်လိုက်သည်။ ထို့နောက် အပ်ချုပ်သေတ္တာကိုယူရန် အိပ်ခန်းထဲသို့ပြန်သွားခဲ့၏။ ယနေ့ နံနက်က သူ စစ်ဆေးကြည့်ခဲ့ရာ ကူးချောင်လန်၌ မင်္ဂလာမဆောင်မီ ထုံးစံအတိုင်း ချုပ်လုပ်ပေး ထားသော ချည်ဖိနပ် ကောင်းကောင်းတစ်ရံသာ ရှိသည်။ အခြား ဖိနပ်တစ်ရံမှာမူ ဟောင်းနွမ်းနေပြီဖြစ်ရာ သူ့အတွက် အခြားဖိနပ်တစ်ရံ ထပ်မံချုပ်ပေး ချင်မိသည်။

သို့သော် ရှေးဦးစွာ သူ အခြားအရာတစ်ခုကို ပြုလုပ်ရမည်ဖြစ်၏။ ရှီလဲ့သည် မီးဖိုချောင်သို့ ပြန်သွားကာ မုန့်ညက်အိတ်ထဲမှ ဂျုံမှုန့်အချို့ကို သစ်သားဇလုံ ထဲသို့ခပ်ထည့်လိုက်ပြီး မုန့်နှစ် စတင်နယ်တော့သည်။ ဤဂျုံမှုန့်မှာ ဂျုံမှုန့်အဖြူစစ်စစ်မဟုတ်ဘဲ ဂျုံကြမ်း အနည်းငယ် ရောထားခြင်းဖြစ်သည်။ ဂျုံမှုန့် အဖြူစစ်စစ်မှာ အဖိုးတန်လှသဖြင့် မကြာခဏ စားသုံးရန် နှမြောလှရာ တောင့်တမှုပြေပျောက်စေရန် တစ်ခါတစ်ရံမှသာ စားသုံးကြ၏။

မုန့်နှစ်ကို နယ်ပြီးနောက် ပွလာစေရန် ခဏထားလိုက်ပြီး အစိတ်အပိုင်းတစ်ခုကို ဖယ်ယူ၍ ပန်းကန်လုံးထဲသို့ ထည့်ထားလိုက်သည်။ ယင်းမှာ ဖြည်းဖြည်းချင်း ချဉ်သွားသောအခါ နောက်တစ်ကြိမ် ပေါက်စီလုပ်သည့်အခါ မုန့်အချဉ်အနှစ်အဖြစ် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး မုန့်နှစ်ကို ပိုမို မြန်ဆန်စွာပွလာစေပေလိမ့်မည်။

ရှီလဲ့သည် အိမ်စွန်းအောက်၌ ထိုင်ကာ ဖိနပ်အောက်ခံပေါ်တွင် ပန်းထိုးစတင်ပြုလုပ်တော့သည်။ ဖိနပ်အောက်ခံမှာ မင်္ဂလာမဆောင်မီက သူ့ မိခင် ကူညီချုပ်လုပ်ပေးထားသော အလွှာပေါင်းများစွာ ထပ်ထားသည့် ဖိနပ်အောက်ခံဖြစ်၏။ အကြောင်းမှာ သူ့လက်ရာမှာ သိပ်မကောင်းသောကြောင့် ဖြစ်သည်။

မနှစ်ကတည်းက သူ့ခြေထောက် အရွယ်အစား စတင်ပုံကျလာချိန်မှစ၍ သူ့ မိခင်နှင့် မရီးဖြစ်သူတို့သည် မင်္ဂလာဆောင်သည့်အခါ ခန်းဝင်ပစ္စည်းအဖြစ် ယူဆောင်သွားနိုင်ရန်အတွက် ဖိနပ်အောက်ခံ ခုနစ်ရံ၊ ရှစ်ရံခန့်ကို ဆက်တိုက်ပြင်ဆင်ပေးခဲ့ကြသည်။ စေ့စပ်ကြောင်းလမ်းပြီးနောက်တွင်မူ မိခင်ဖြစ်သူက ကူးချောင်လန်၏အရွယ်အစားအတိုင်း ခပ်မြန်မြန်ပြန်ညှိပေးခဲ့ပြီး အခြား သုံးရံကို ထပ်မံပေါင်းထည့်ပေးခဲ့၏။ အကြောင်းမှာ မင်္ဂလာဆောင်ပြီးနောက်တွင် ဖိနပ်ပင် ချုပ်တတ်မည်မဟုတ်သည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ဖိနပ်အောက်ခံ တစ်ဝက်ကျော်ခန့် ပြီးစီးသွားချိန်တွင် ကူးချောင်လန်သည် ခြံဝန်းတံခါးကို တွန်းဖွင့်၍ဝင်လာခဲ့သည်။ ရှီလဲ့သည် သူ့ အပ်ချုပ်လက်စကို ချထားလိုက်ပြီးကြိုဆိုရန် သွားလိုက်၏။

"ခဏနားပါဦး၊ မီးဖိုချောင်ထဲမှာ အခါးရည် ဖျော်ထားတယ်၊ သွားသောက်လိုက်ဦး၊ အပူဒဏ်ပြေအောင် ရေတွင်းထဲစိမ်ထားတဲ့ မက်မွန်သီး သွားယူပေးမယ်"

အရာရာကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးနေသော သူ့ကိုမြင်သောအခါ ကူးချောင်လန် ရင်ထဲတွင် နွေးထွေးသွားခဲ့သည်။ လူအများက အိမ်ထောင်ပြုတာ ကောင်းသည်ဟုပြောကြသည်မှာ မဆန်းပေ။ မိမိအပေါ် အမြဲတမ်းတွေးပေးတတ်သော သူတစ်ယောက်ရှိနေခြင်းက အလုပ်လုပ်ရသည်ကို ပိုမိုပေါ့ပါးသွား စေသည်။

သူသည် မီးဖိုချောင်ထဲသို့ ဝင်ထိုင်ကာ ရေကိုတဆက်တည်း သောက်လိုက်သည်။ ရှီလဲ့သည် ညာဘက်လက်တွင် မက်မွန်သီးများ၊ ဘယ်ဘက်လက်တွင် စိုစွတ်သော အဝတ်တစ်ထည်ကို ကိုင်ဆောင်လျက်ဝင်လာခဲ့သည်။

"အဝတ်နှင့် မျက်နှာကို အရင်သုတ်လိုက်ပါဦး၊ ချွေးတွေ ရွှဲနေတာပဲ၊ ဒီမက်မွန်သီးတွေကို ဆေးကြောထားပြီးပြီ၊ စားလိုက်ဦး အလုပ်တွေ ပြီးတော့မှာလား"

ကူးချောင်လန်သည် အဝတ်ကိုယူ၍ မျက်နှာကိုသုတ်လိုက်ပြီး ရှေးဦးစွာ ရှီလဲ့အား မက်မွန်သီးတစ်လုံးကမ်းပေးလိုက်သည်။ ထို့နောက် ကိုယ်တိုင်တစ်လုံး ယူကာ တစ်ကိုက် ကိုက်လိုက်၏။

"မကြာခင် ပြီးတော့မှာပါ၊ စပါး ဆယ်မူစိုက်ထားတာ၊ ဒီရက်ပိုင်း ရိတ်နေတာ သုံးမူပဲ ကျန်တော့တယ်၊ ဒီနေ့ လေး၊ ငါးခေါက်လောက် ထပ်သွားရင် မနက်ဖြန် တစ်ရက်ပဲ သယ်ရတော့မယ်"

ရှီလဲ့ သူ့ကို ကြည့်လိုက်သည်။

"ဒါဆိုရင် နည်းနည်းပိုနားလိုက်ဦး၊ ဒီည ပေါက်စီ ပေါင်းစားကြတာပေါ့"

ကူးချောင်လန် ပြုံးလိုက်၏။

"ကောင်းတာပေါ့၊ မနားတော့ပါဘူး၊ စောစောပြီးရင် စောစော စားရတာပေါ့"

ထိုသို့ဆိုကာ သူ မက်မွန်သီးကို ကမန်းကတန်း စားလိုက်ပြီး ရေနွေးအနည်းငယ်သောက်ကာ ထရပ်လိုက်သည်။ ထို့နောက် ခြင်းကိုကျောတွင် လွယ်၍ ခြံဝင်းအတွင်းသို့ ပြန်ထွက်သွားလေတော့သည်။

ရှီလဲ့သည် အချိန်စောသေးသည်ကိုမြင်သဖြင့် ထကာ ပန်းထိုးခြင်းကို ဆက်လက်ပြုလုပ်နေလိုက်သည်။ ကူးချောင်လန်သည် လမ်းတွင် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ်ပြန်ရောက်လာသော်လည်း ရှီလဲ့မှာ မထတော့ဘဲ မီးဖိုချောင်ထဲသို့သွား၍ ရေနွေးပိုသောက်ရန်သာ လှမ်းပြောလိုက်သည်။

အလုပ်ရှုပ်နေစဉ်အတွင်း အချိန်မှာ လျင်မြန်စွာကုန်လွန်သွားခဲ့၏။ ရှီလဲ့ ဖိနပ်တစ်ဖက် ပန်းထိုးပြီးစီးသွားချိန်တွင် မှောင်ရီပျိုးစ အချိန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူသည် အပ်ချုပ် ပစ္စည်းများကို သိမ်းဆည်းကာ အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မီးဖိုချောင်ဆီသို့ သွားလိုက်သည်။

မုန့်နှစ်မှာ အတော်အတန်ပွလာခဲ့ပြီဖြစ်သည်။ ရှီလဲ့သည် မီးဖိုကို မီးမွှေးကာ အိုးထဲသို့ ရေထည့်လိုက်ပြီး ဆေးကြောထားသော ဟင်းနုနွယ်များကို ပြုတ်၍ ညှပ်ညှပ်မျှ လှီးဖြတ်လိုက်သည်။ မနက်က ကျန်ခဲ့သော အသားမှာ များများစားစားမရှိတော့သဖြင့် နောက်တစ်နပ်အတွက် မလောက်ပေ။ အသားကို အပူပေးလိုက်ပြီး ဆီထုတ်ကာ အသားများကိုစင်း၍ ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို အနံ့မွှေးလာသည်အထိ ကြော်လိုက်သည်။ ထို့နောက် ဒယ်အိုးကို ချလိုက်ပြီး ဆီအေးသွားသည်အထိစောင့်ကာ စင်းထားသော အသားနှင့် လှီးထားသော ဟင်းနုနွယ်တို့ကိုထည့်၍ ဆားထည့်ကာ မွှေလိုက်သည်။ ဤသို့ဖြင့် အစာသွပ်ရန် အဆင်သင့်ဖြစ်သွားခဲ့၏။

မုန့်နှစ်ပွလာသောအခါ စင်းပျဉ်ပေါ်တွင် ဂျုံမှုန့်အခြောက်အချို့ကိုဖြန်းကာ မုန့်နှစ်ကို တင်၍ အချောင်းရှည်ရှည်လှိမ့်လိုက်သည်။ ထို့နောက် အပိုင်းငယ်များ လှီးကာ ပေါက်စီထုပ်ရန် မုန့်နှစ်ကိုပြားအောင် ပြုလုပ်လိုက်ပြီး ခဏမျှ ထပ်မံထားလိုက်သည်။

အိမ်ရှိ ပေါင်းအိုးမှာ အရွယ်အစား မကြီးလှသဖြင့် တစ်ကြိမ်လျှင် ခုနစ်လုံး၊ ရှစ်လုံးခန့်သာ ပေါင်း၍ရသည်။ ရှီလဲ့သည် အလုံးနှစ်ဆယ်ကျော် ပြင်ဆင်ထားရာ ယနေ့ည မကုန်ပါက မနက်ဖြန်နံနက်တွင် စားနိုင်မည်ဟုတွေးထားခဲ့၏။ အိုးတစ်လုံးပေါင်းရန် ကျန်နေသေးချိန်တွင် ကူးချောင်လန် ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

ရှီလဲ့သည် အပြင်ဘက်မှ လှုပ်ရှားသံကိုကြားရသဖြင့် မီးဖိုချောင်တံခါးဝသို့ လျှောက်သွားလိုက်၏။

"လက်ကို မြန်မြန်ဆေးပြီး အထဲဝင် စားတော့လေ"

ပေါက်စီများမှာ စားပွဲပေါ်တွင် ပူပူနွေးနွေး အငွေ့ထောင်းထောင်း ထနေပြီး အခွံပါး၍ အစာအပြည့်ပါရှိသည်။ ကူးချောင်လန်သည် ဝင်လာသောအခါ ထိုင်ပင် မထိုင်ဘဲ ချက်ချင်းယူ၍ စားလိုက်၏။ ဗိုက်ဝအောင် အနည်းငယ်စားပြီးနောက် ကူညီရန်ရှေ့သို့ တိုးသွားလိုက်သည်။ ထိုအချိန်တွင် နောက်ဆုံးအိုးမှာ ပေါင်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကူးချောင်လန် အိုးကိုချပေးလိုက်ရာ ရှီလဲ့သည် ရေနွေးတည်ရန် ရေအိုးတစ်အိုး သွားခပ်လိုက်သည်။ တစ်နေကုန် အလုပ်လုပ်ပြီးနောက် ညဘက်တွင် ခြေထောက်စိမ်ရသည်မှာ ပိုမိုသက်တောင့်သက်သာရှိပေလိမ့်မည်။

နှစ်ဦးသား စားပွဲတွင်ထိုင်ကာ ပန်းကန်နှင့် တူများကိုပင် မယူတော့ဘဲ လက်ဖြင့်သာယူစားကြ၏။ ရှီလဲ့ ငါးလုံးစားပြီးနောက် မစားနိုင်တော့ပေ။ ကူးချောင် လန်မှာမူ တဆက်တည်း ခုနစ်လုံး၊ ရှစ်လုံးခန့် စားလိုက်သည်။ စားပြီးနောက် ရှီလဲ့သည် ကျန်ရှိသော ပေါက်စီများကို ဘီရိုထဲသို့ ထည့်လိုက်ပြီး ကူးချောင်လန်ကမူ ပေါင်းအိုးကို ဆေးကြောလိုက်၏။

ခြံဝန်းတံခါးအပြင်ဘက်မှ ကူးချောင်လန်၏အဒေါ်ကြီး ဖြစ်သူ လီချိုးဖန် အသံထွက်ပေါ်လာခဲ့သည်။

"ချောင်လန်... မင်းတို့ နှစ်ယောက် အိမ်မှာရှိကြလား၊ ဟင်းတချို့လာပေးတာ"


 Chapter 9


ရှီလဲ့သည် တံခါး သွားဖွင့်ရန် ကမန်းကတန်းလျှောက်သွားခဲ့၏။ အပြင်ဘက်တွင် လီချိုးဖန်သည် ကျော၌ ခြင်းတောင်းတစ်လုံးကို လွယ်ထားသည်။ ကူးချောင်လန်သည်လည်း လျှောက်လာပြီး လီချိုးဖန် ကျောပေါ်မှ ခြင်းတောင်းကို ယူ၍ ချထားပေးလိုက်၏။

လီချိုးဖန်သည် ဇနီးမောင်နှံနှစ်ဦးကိုကြည့်ကာ မဖော်ပြနိုင်အောင် ဝမ်းသာသွားခဲ့သည်။ သူမ ရှီလဲ့၏လက်ကို ဆွဲကိုင်လိုက်သည်။

"လဲ့ကောအာက တကယ်ကြည့်ကောင်းတာပဲ၊ ဂျုံမှုန့်လုံးလေးလို လှလိုက်တာ၊ ငါတို့ ချောင်လန်ကတော့ ကံကောင်းတာပဲ"

ရှီလဲ့ စကားမပြောမီမှာပင် သူမ ဆက်ပြောလိုက်သည်။

"ချောင်လန်ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲမှာ အသီးအနှံသိပ်မရှိဘူးလေ၊ မင်းတို့ နှစ်ယောက်အတွက် တချို့ လာပေးတာ၊ သိပ်တော့ မများပါဘူး၊ ရွှေဖရုံသီးနည်းနည်း၊ ခရမ်းသီး နည်းနည်းနဲ့ ပဲသီးနည်းနည်းပါ"

သိပ်မများဟု ဆိုသော်လည်း ခြင်းတောင်းတစ်လုံး အပြည့်နီးပါးရှိနေပြီဖြစ်သည်။ ရှီလဲ့မှာ အနည်းငယ်အားနာသွားသော်လည်း အပြုံးဖြင့် တုံ့ပြန်လိုက်၏။

"ကျေးဇူးတင်ပါတယ် အဒေါ်၊ အိမ်ထဲဝင်ပြီး အနားယူပါဦး၊ ဒီနေ့တော့ အဒေါ့်ဆီက အခွင့်အရေး ယူလိုက်ရပြီ"

သူ အလွယ်တကူ လက်ခံသည်ကိုမြင်သောအခါ လီချိုးဖန် မျက်နှာတွင် ကြီးမားသော အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဒီကလေး ဘာတွေ ပြောနေတာလဲ၊ ဒါက အခွင့်အရေးယူတာ မဟုတ်ပါဘူး၊ အထဲ မဝင်တော့ဘူး၊ အိမ်မှာ လုပ်စရာအလုပ်တွေ ရှိသေးတယ်"

ရှီလဲ့ အကဲခတ်ကာ ပြောလိုက်၏။

"ဒါဆိုရင် အဒေါ် ခဏလောက်စောင့်ပါဦး၊ ဒီနေ့ ကျွန်တော် ဟင်းနုနွယ်ပေါက်စီ ပေါင်းထားတာမို့ အဒေါ် မြည်းကြည့်ဖို့ ထုပ်ပေးပါရစေ"

ထိုသို့ပြောပြီးနောက် သူ လှည့်၍ မီးဖိုချောင်ဆီသို့ ပြန်သွားခဲ့သည်။

လီချိုးဖန် ရယ်မောလိုက်သည်။

"အို... ပေါက်စီ မစားရတာ တော်တော်ကြာပြီပဲ၊ တကယ် စားချင်နေတာ"

ထိုသို့ပြောပြီးနောက် သူမ ကူးချောင်လန်ကို ကြည့်လိုက်၏။

"ငါ သဘောတူခိုင်းတုန်းကဆို မင်း မလိုချင်ဘူး၊ အခုတော့ ကြည့်စမ်း မင်းရဲ့ဖူလန် ဘယ်လောက်ကောင်းလဲ သိပြီမဟုတ်လား"

ကူးချောင်လန် တိတ်ဆိတ်နေသည်ကိုမြင်သောအခါ လီချိုးဖန် မျက်မှောင်အနည်းငယ် ကြုံ့လိုက်သည်။

"ကိုယ့်ဖူလန် အရှေ့မှာတော့ တိတ်ဆိတ်မနေပါနဲ့ လဲ့ကောအာက တကယ်ကောင်းတဲ့ ကလေးပါ၊ သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံရမယ်နော်"

ကူးချောင်လန် မျက်နှာတွင် မည်သည့်အမူအရာမှ မရှိဘဲ ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလိုက်သည်။

"အဒေါ်... ကျွန်တော် နားလည်ပါတယ်"

လီချိုးဖန်မှာ သူ့ စရိုက်ကို စိတ်မသက်မသာ ဖြစ်မိသည်။ သူသည် ငယ်စဉ်က ချိုသာ၍စကားပြောကောင်းခဲ့သော်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း ပိုမို အနေအထိုင် အေးစက်လာခဲ့၏။ သူမ သက်ပြင်းချလိုက်သည်။

"ဘဝဆိုတာ ဖြည်းဖြည်းချင်းဖြတ်သန်းရတာပဲ၊ ဖြစ်ပျက်ခဲ့တာတွေကို လက်လွှတ်ဖို့ ကြိုးစားသင့်တယ်၊ ကဲပါ... ဟင်းသီးဟင်းရွက်တွေကို မီးဖိုချောင်ထဲ သွားထားလိုက်တော့"

ကူးချောင်လန် ခေါင်းထပ်ညိတ်ပြကာ ခြင်းတောင်းကို အထဲသို့သယ်ဆောင်သွားခဲ့ရာ ရှီလဲ့သည် သစ်သားဇလုံငယ်တစ်ခုကို ထုတ်ယူ၍ ပေါက်စီ ဆယ်လုံးခန့် ထည့်ကာ လီချိုးဖန်ထံသို့ကမ်းပေးလိုက်သည်။

"အဒေါ်... ဒါတွေက ဂျုံကြမ်းနဲ့ လုပ်ထားတာပါ၊ စိတ်ထဲ မထားပါနဲ့နော်"

လီချိုးဖန် ပြုံး၍ ယူလိုက်၏။

"ဒါက ကောင်းတဲ့ဟာပဲ၊ ကြည့်ပါဦး... ဒီပေါက်စီတွေက ဘယ်လောက်တောင် လှလှပပအပေါင်းခံထားရလဲ၊ ငါ့လက်ရာထက် အများကြီးပိုကောင်းတာပဲ"

နှစ်ဦးသား နွေးထွေးစွာစကားပြောဆိုပြီးနောက် ကူးချောင်လန်သည် သူ့ ခြင်းတောင်းကို ကိုင်ဆောင်၍ထွက်လာခဲ့သည်။ လီချိုးဖန် ခြင်းကို ယူလိုက်ပြီး မိဘများကိုစိတ်အေးစေရန်အတွက် မနက်ဖြန် မိခင်အိမ်ပြန်ချိန်တွင် သေသေချာချာပြုမူနေထိုင်ရန် သတိပေးပြီးနောက် အိမ်သို့ပြန်သွားတော့သည်။

ရှီလဲ့နှင့် ကူးချောင်လန်တို့ မီးဖိုချောင်သို့ ပြန်လာကြသည်။ ရေက ပူနေပြီဖြစ်သည်။ ခြေထောက်စိမ်ပြီးနောက် အိပ်ခန်းဆီသို့ ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် အပြင်ဘက်၌ မှောင်နေပြီဖြစ်ရာ အခန်းတွင်း သေချာမြင်ရရန် ဆီမီးခွက်များ ထွန်းထားရသည်။

ရှီလဲ့သည် ကုတင်ပေါ်တွင်ထိုင်ကာ ယနေ့ ချယ်ရီမပြီးသေးသော ဖိနပ်ကိုထုတ်၍ ဆက်ချယ်နေသည်။ ကူးချောင်လန် တစ်စောင်းလှဲရင်း သူ့ကို ကြည့်နေ၏။ ခဏအကြာတွင် သူ မတ်မတ်ထိုင်လိုက်သည်။

"နောက်နေ့မှ ဆက်လုပ်ပါလား၊ မိုးလည်းချုပ်နေပြီဆိုတော့ မျက်စိထိခိုက်လိမ့်မယ်၊ မနက်ဖြန် အိမ်ပြန်ရမှာဆိုတော့ စောစောထရဦးမယ်လေ"

ရှီလဲ့ ခေါင်းပင်မမော့လာချေ။

"သိပ်မကျန်တော့ပါဘူး၊ ဒါလေးပြီးအောင်လုပ်ပြီးရင် အိပ်တော့မှာပါ"

မဖျောင်းဖျနိုင်မှန်းသိလိုက်သဖြင့် ကူးချောင်လန် ထပ်မပြောတော့ပေ။

"ဒါဆိုလည်း မနက်ဖြန်မနက် နည်းနည်းလောက် ပိုအိပ်လိုက်လေ၊ အိမ်ပြန်ရင် လက်ဆောင်ပေးဖို့ ပစ္စည်းတွေ ကိုယ် သွားဝယ်လိုက်မယ်၊ ပြန်လာမှ မင်းကို နှိုးတော့မယ်"

ရှီလဲ့ ခဏမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ငွေကို သေတ္တာထဲ ထည့်ထားလိုက်မယ်၊ မနက်ဖြန် ခင်ဗျားဘာသာ ယူသွားလိုက်တော့"

ဤသည်မှာ သူ့ယောက်ဖဖြစ်သူက သူ့မိသားစုအပေါ် မည်သို့ဆက်ဆံမည်ကိုသိနိုင်ရန် အခွင့်အရေးကောင်းတစ်ခုပင်။ အများကြီးဝယ်ရန် မလိုအပ်သော် လည်း အလွန်အမင်းကပ်စေးမနှဲသင့်ပေ။ ထိုသို့ဆိုလျှင် သူ့ကိုဂရုမစိုက်ရာကျပေမည်။ လူနှစ်ယောက် အတူတကွနေထိုင်ကြရာတွင် တစ်ဦးစိတ်ကြိုက် တစ်ဦးလုပ်ဆောင်ရသည့် အပိုင်းရှိသလို၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ရသည့် အပိုင်းများလည်း ရှိစမြဲဖြစ်သည်။

သူ လက်ကိုမြန်မြန်လှုပ်ရှားလိုက်ရာ ယနေ့အတွက် ကျန်နေသေးသော အနည်းငယ်မျှသော အပိုင်းလေးပြီးဆုံးသွားပြီး ဖိနပ်တစ်ရံ အချောသတ်သွားသည်။ အပ်ချုပ်ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကူးချောင်လန် ကုတင်ပေါ်မှဆင်းကာ မီးငြိမ်းလိုက်သည်။ သူတို့နှစ်ဦးမှာ ကြင်စဦးဇနီးမောင်နှံများဖြစ်ကြရာ အချိန်အတော်ကြာ အလုပ်ရှုပ်ပြီးမှသာ ရေဆေးကြောကာ အနားယူကြတော့သည်။

လီချိုးဖန်သည် ပေါက်စီများကိုယူကာ အိမ်ပြန်လာခဲ့သည်။ အိမ်ထဲဝင်ဝင်ချင်းပင် ဦးလေးကူးအား ပြောလိုက်သည်။

"ရှင် တူရဲ့ဖူလန်လုပ်ပေးလိုက်တဲ့ ပေါက်စီတွေကို ကြည့်ပါဦး၊ သူက ကျွမ်းကျင်တယ်၊ သဘောထားကြီးတယ်၊ ပြီးတော့ ရှက်လည်းမရှက်တတ်ဘူး"

ဦးလေးကူး၏အမြဲတမ်းတွန့်ချိုးနေသော မျက်ခုံးများပြေလျော့သွားသည်။

"ဘိုးဘွားတွေ ကောင်းချီးပေးပါစေ၊ မနက်ဖြန်ကျရင် မိဘတွေနှင့် ချောင်လန်ရဲ့အဖေအတွက် အမွှေးတိုင်သွားထွန်းကြရအောင်၊ ဒါမှ သူတို့က ဒီလူငယ်စုံတွဲလေးကို ကောင်းချီးပေးပြီး ဘဝကိုကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်မှာ"

လီချိုးဖန်လည်း သဘောတူကာ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် မျက်နှာသစ်ပြီး အနားယူလိုက်သည်။ ယခုအချိန်က လယ်ယာလုပ်ငန်းခွင်များ အလုပ်ရှုပ်သည့်ရာသီဖြစ်ရာ မနက်မိုးမလင်းမီထ၍ အလုပ်လုပ်ရမည်ဖြစ်ပြီး ညဘက်စောစောအိပ်မှသာ အားအင်ပြည့်ဝမည်ဖြစ်သည်။

နောက်တစ်နေ့ မိုးလင်းချိန်တွင် ကူးချောင်လန် အပြင်သို့ထွက်သွားနှင့်ပြီဖြစ်သည်။

ရှီလဲ့ နိုးလာသောအခါ မည်သူ့ကိုမျှ မတွေ့ရသဖြင့် အိပ်ရာထဲ ဆက်မအိပ်တော့ဘဲ ထကာ မျက်နှာသစ်လိုက်သည်။ ခဏမျှစဉ်းစားပြီးနောက် ထိုငွေဆံထိုးကိုပြန်ပန်လိုက်သည်။ ယနေ့ အိမ်ပြန်သည့်အခါ မိဘများစိတ်အေးစေရန်နှင့် သူ အဆင်ပြေနေကြောင်း သိစေရန်အတွက်ဖြစ်သည်။

သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် မီးဖိုချောင်သို့သွားကာ မနေ့ညကကျန်နေသော ပေါက်စီများကို အိုးထဲထည့်ပေါင်းလိုက်ပြီး နံနက်စာစားရန်အတွက် ကူးချောင်လန် ပြန်လာမည့်အချိန်ကို စောင့်နေလိုက်သည်။

အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန်ခန့်အကြာတွင် ကူးချောင်လန် ပြန်ရောက်လာသည်။

မီးဖိုချောင်ထဲသို့ ဝင်လာသော ကူးချောင်လန်ကိုမြင်တော့ ရှီလဲ့ မတ်တပ်ရပ်ကာ သူ့ကျောပေါ်မှ ခြင်းတောင်းကိုယူလိုက်သည်။ သူ့လက်ထဲတွင် အတော်လေး လေးလံနေပြီး လွတ်ကျလုမတတ်ပင် ဖြစ်သွားသည်။ သူ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"ခင်ဗျား ဘယ်လောက်တောင် ဝယ်လာတာလဲ၊ ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ"

ကူးချောင်လန် ခေါင်းကိုကုတ်လိုက်ပြီး ခြင်းတောင်းထဲမှ ပစ္စည်းများကို ထုတ်ယူရင်း ရှင်းပြသည်။

"အများကြီး မဟုတ်ပါဘူး၊ ဒီနေ့ ကိုယ် စောစောသွားလိုက်တာ။ ဝက်သားဆိုင်က အခုမှဖွင့်တာဆိုတော့ နံရိုးတွေက ကောင်းတာတွေ့လို့ ခြောက်ချောင်း ဝယ်လာတယ်၊ အလေးချိန်က ခုနစ်ကျင်း ရှိတယ်၊ အိမ်မှာစားဖို့ တစ်ချောင်းချန်ထားပြီး ကျန်တာတွေကိုတော့ လက်ဆောင်အဖြစ်ယူသွားကြတာပေါ့၊ လက်ဖက်ခြောက်တစ်ကျင်းနှင့် သကြားတစ်ကျင်းလည်း ပါသေးတယ်၊ ကျန်တာတော့ မရှိတော့ပါဘူး၊ စုစုပေါင်း နှစ်ရာ့ရှစ်ဆယ်ဝမ်တော့ ကုန်သွားတယ်"

ထိုသို့ပြောပြီးနောက် သူ့အိတ်ကပ်ထဲမှ အဝတ်အိတ်ငယ်တစ်ခုကိုထုတ်ကာ ရှီလဲ့အား ကမ်းပေးလိုက်သည်။

"ကိုယ် ငွေတစ်ချောင်း ယူသွားတာ၊ ဒါအကြွေလေးတွေပါ မင်းပဲ သိမ်းထားလိုက်ပါ"

ရှီလဲ့ ငွေကိုယူလိုက်ချိန်တွင် သူ့လက်များ အနည်းငယ် တုန်ယင်နေသည်။ ကူးချောင်လန် သဘောထားကြီး၊ မကြီးကို သူ စမ်းသပ်ချင်ခဲ့သော်လည်း ဤမျှလောက်အထိ သဘောထားကြီးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒါက အလွန်အမင်း သုံးဖြုန်းလွန်းရာကျနေသည်။ သူတို့လို လယ်သမား မိသားစုမျိုးအတွက် ဘယ်သူကများ အသက်ရှင်ရပ်တည်ဖို့အတွက် ချွေချွေတာတာ မသုံးဘဲနေမှာတဲ့လဲ။

ခုတ်ထစ်ထားသော နံရိုးအပိုင်းအစလေးများက ဆယ်တုံးကျော်ခန့်ရှိနိုင်ပြီး ရေအနည်းငယ်ထည့်လိုက်လျှင် ဟင်းရည်တစ်အိုးကြီး ရနိုင်သည်။ အသားလည်း ပါသလို အာဟာရလည်းပြည့်ဝကာ လူငါးယောက်ပါသော မိသားစုတစ်စု နှစ်ရက်စာစားလောက်သည်။ ထို့ကြောင့် ဈေးနှုန်းမှာ အတော်လေးမြင့်မားလှ သည်။ နံရိုးတစ်ကျင်း၏တန်ဖိုးဖြင့် အသားနှစ်ကျင်းဝယ်နိုင်ပြီး သာမန်မိသားစုများဆိုလျှင် တစ်နှစ်တွင် နှစ်ခါပင် မဝယ်နိုင်ကြပေ။

နံရိုးများကို လက်ဆောင်အဖြစ်ယူလာသည်ကို သူ တစ်ခါမှမကြားဖူးခဲ့ပေ။ အသားအနည်းငယ် ယူလာခြင်းကပင် အကောင်းဆုံးဟု သတ်မှတ်ထားကြပြီ ဖြစ်သည်။

ရှီလဲ့ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။ သူက သူ့အပေါ် မည်မျှတန်ဖိုးထားကြောင်း သိရ၍ ကြည်နူးမိသလို၊ ဤမျှလောက် အသုံးအဖြုန်းကြီး သည့်အတွက်လည်း ဆူချင်နေသည်။ ထို့ထက်ပို၍ ထိုကဲ့သို့စမ်းသပ်ချင်သည့် အတွေးများရှိနေသေးသည့်အတွက် သူ့ကိုယ် သူ အလွန်ရှက်ရွံ့မိသွားသည်။

နောင်တစ်ချိန်တွင် ဘယ်တော့မှ ဤကဲ့သို့မလုပ်ရန် သူ့ကိုယ် သူ တိတ်တဆိတ် သတိပေးလိုက်သည်။ ကူးချောင်လန် သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံသလို၊ သူလည်း စိတ်ရင်းမှန်ဖြင့် ပြန်လည်တုံ့ပြန်ရမည်ဖြစ်သည်။

သူ ငွေကို လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထားပြီး တီးတိုးရေရွတ်လိုက်သည်။

"ကျေးဇူးပါပဲ"


 Chapter 10


ရှီလဲ့ စိတ်ထဲတွင် မည်သို့ဖြစ်နေကြောင်းကို ကူးချောင်လန်လုံးဝမသိဘဲ လှည့်ကြည့်လိုက်သည်။ သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"ကျေးဇူးတင်စရာ ဘာရှိလို့လဲ၊ ကိုယ်တို့က မိသားစုတွေပဲဟာ၊ ဒါတွေက ဘာမှမဟုတ်ပါဘူး"

ရှီလဲ့ အနည်းငယ် ရှက်သွားသော်လည်း တီးတိုးပြောလိုက်သည်။

"ခင်ဗျားက အရမ်းကောင်းတာပဲ၊ ခင်ဗျားနဲ့လက်ထပ်ရတာ ဝမ်းသာပါတယ်"

ကူးချောင်လန် ကြက်သေသေကျသွားကာ တံတွေးကို အလိုအလျောက် မြိုချလိုက်မိပြီး ဘာပြောရမှန်းမသိဖြစ်ကာ အကြည့်များလွင့်မျောနေသည်။ ရုတ်တရက် မီးဖိုပေါ်မှ အခိုးအငွေ့များထွက်နေသည်ကို သတိထားမိသွားပြီး သူ ကမန်းကတန်းပြောလိုက်သည်။

"နောက်ကျနေပြီ၊ မြန်မြန်စားကြရအောင် စားပြီးရင် သွားကြတာပေါ့"

ပြောပြီးသည်နှင့် သူ ဗီရိုဆီသို့သွားကာ ပန်းကန်များနှင့် တူများကိုယူလိုက်သည်။

ရှီလဲ့ နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ စားသောက်ပြီးနောက် သူတို့ ခြင်းတောင်းအသစ်တစ်လုံးကို ရွေးကာ အိမ်ပြန်ရန်အတွက် ပစ္စည်းများကို ထုပ်ပိုးပြီးထွက်လာခဲ့ကြသည်။

အပြင်သို့ရောက်ရောက်ချင်းပင် တစ်စုံတစ်ယောက်နှင့်ဆုံမိသည်။ ကူးမိသားစု၏အရှေ့ဘက်စောင်းစောင်းရှိ အိမ်ထောင်စုနှစ်စုမှ အမျိုးသမီးများတံခါးဝတွင် စကားပြောနေကြခြင်းဖြစ်သည်။ တစ်အိမ်က ကူးဟူသော မျိုးရိုးနာမည်တူပြီး ကူးချောင်လန်နှင့်ဆွေမျိုးစပ်ကာ အခြားတစ်အိမ်က ချန်ဟူသော မျိုးရိုးနာမည် ဖြစ်သည်။

ထိုနှစ်ဦး စကားပြောနေစဉ် ကူးချောင်လန်နှင့်ဖူလန်တို့ ပစ္စည်းများသယ်ကာ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့ အိမ်ပြန်မည်ကို သိလိုက်ကြသည်။

မျက်စိလျင်သော ဖန်ရှန်ချင်က ခြင်းတောင်းထဲရှိ ပစ္စည်းများကိုချက်ချင်းမြင်သွားပြီး အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။

"ချောင်လန်... ဖူလန်နဲ့အိမ်ပြန်တော့မလို့လား၊ ဝိုး... ဒါတွေက မနည်းပါလား... တကယ်ကို သဘောထားကြီးတာပဲ"

အနီးတွင်ရပ်နေသော အဒေါ်ကူးယွီက သူမ၏အနည်းငယ်ရိုင်းပျသော လေသံကိုကြားလိုက်ရသဖြင့် အမြန်ဝင်ပြောလိုက်သည်။

"ချောင်လန်... ဒါက လဲ့ကောအာ ဟုတ်တယ်မလား၊ ချောလိုက်တာ၊ စောစောသွားကြလေ၊ နောက်နေ့မှ ငါတို့အိမ်ကို လာလည်ကြဦး"

ကူးချောင်လန် ထိုနှစ်ဦးကိုမြင်တော့ ရှီလဲ့အား တီးတိုးမိတ်ဆက်ပေးလိုက်သည်။ အပြာရောင်ဝတ်ထားသူက သူတို့ဆွေမျိုးထဲက အဒေါ်ဖြစ်ပြီး သူမ၏သားက သူ့ ငယ်သူငယ်ချင်းဖြစ်သည်။ ထိုမိသားစုတစ်ခုလုံးက ပေါင်းသင်းဆက်ဆံရ လွယ်ကူသည်။ အနည်းငယ်ဝဝဖိုင့်ဖိုင့်နှင့် အခြားအမျိုးသမီးကတော့ ချန်မိသားစုမှ အဒေါ်ဖြစ်သည်။

ကူးချောင်လန် 'အဒေါ်' ဟု နှစ်ကြိမ်ခေါ်လိုက်ပြီးနောက် ဘာမှထပ်မပြောတော့ပေ။

ရှီလဲ့လည်း တစ်ယောက်ချင်းစီကို ပြန်လည်တုံ့ပြန်လိုက်ရသည်။

"အများကြီးမဟုတ်ပါဘူး"

"နောက်နေ့မှ အဒေါ်တို့အိမ်ကို အလည်လာခဲ့ပါ့မယ်"

အနည်းငယ် နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦး ရှေ့သို့ဆက်လျှောက်လာခဲ့ကြသည်။ တံတားကိုကျော်ပြီး ခြေလှမ်းအနည်းငယ်အကြာတွင် လမ်းဘေး၌ရပ်ကာ ဤဘက်သို့ လှမ်းကြည့်နေသော ရှီမိသားစု၏သားအကြီးဆုံးကို တွေ့လိုက်ရသည်။

ရှီလဲ့ ချက်ချင်းပင် အရှေ့သို့ပြေးသွားကာ အလွန်ဝမ်းသာအားရဖြင့် မေးလိုက်သည်။

"အစ်ကို... ဒီကို ဘာလာလုပ်တာလဲ"

ညီဖြစ်သူ၏ပျော်ရွှင်နေသော မျက်နှာကိုမြင်တော့ ရှီမိသားစု၏သားအကြီးဆုံးလည်း အလွန်ဝမ်းသာသွားသည်။

"အဖေနဲ့အမေက မင်းတို့ကို စောစောလာကြိုဖို့ စောင့်နေကြတာလေ"

ကူးချောင်လန်လည်း အရှေ့သို့တိုးလာကာ ရှီမိသားစု၏သားအကြီးဆုံးကို နှုတ်ဆက်ပြီးနောက် အနီးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ထိုနှစ်ဦး စကားပြောပြီးနောက် သူ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။

သူတို့ စကားပြောရင်းနှင့် ရှီမိသားစု ခြံတံခါးဝသို့ရောက်လာကြသည်။ တံခါးကို ကျယ်ကျယ်ဖွင့်ထားပြီး ရှီတ၏မိသားစုတစ်ခုလုံး အိမ်အမိုးအောက်တွင် ထိုင်နေကြသည်။ ရှီတ ကောက်ရိုးဖိနပ်များကို ရက်လုပ်နေပြီး လျိုရှန်းလျန်နှင့် သူမ ချွေးမဖြစ်သူတို့က အပ်ချုပ်အလုပ်ကို လုပ်နေကြသည်။

ရှီလဲ့တူဖြစ်သူ ရှီရွေ့ကမူ ခြံထဲတွင် ကစားနေသည်။ အပြင်မှအသံကို ကြားလိုက်ရသဖြင့် သူ ရုတ်တရက်ပြေးထွက်လာသည်။ ဖခင်ဖြစ်သူကို တစ်ချက်လေးပင် မကြည့်ဘဲ ရှီလဲ့၏ခြေထောက်ကို လက်နှစ်ဖက်ဖြင့် ဖက်ကာ နှုတ်ခမ်းဆူ၍ပြောလိုက်သည်။

"ဦးလေးလေး... သား သတိရနေတာ၊ ဘာလို့ အခုမှပြန်လာတာလဲ"

ရှီလဲ့ သူ့ကိုပွေ့ချီကာ ခြံထဲသို့ခေါ်သွားပြီး သူ၏ဖောင်းမို့နေသော ပါးလေးကိုဆွဲ၍ တမင်စနောက်လိုက်သည်။

"ဦးလေးလည်း ရွေ့အာကို သတိရပါတယ်၊ ဒါပေမဲ့ ရွေ့အာက ဦးလေးကို သတိရတာလား၊ ဦးလေး ဝယ်လာတဲ့ မုန့်တွေကို သတိရတာလားတော့ မသိဘူးနော်"

ရှီရွေ့ သူ့လည်ပင်းကို လက်ဖြင့်သိုင်းဖက်ကာ အော်ပြောလိုက်သည်။

"ဦးလေးကို သတိရတာပါ!"

ထိုသို့ပြောပြီးနောက် သူ့ပခုံးပေါ်တွင် မျက်နှာအပ်ကာ နားနားကပ်၍ တီးတိုးပြောလိုက်သည်။

"သားဆီမှာ မုန့်ဖိုးရှိတယ်၊ ရွာထဲကို ဈေးသည်လာရင် ဦးလေးအတွက် သကြားလုံး သွားဝယ်ပေးမယ်"

ရှီလဲ့ အသံထွက်ရယ်မောလိုက်မိပြီး တီးတိုးပြန်ပြောလိုက်သည်။

"ဝိုး... ရွေ့အာက ဦးလေးအပေါ် အရမ်းကောင်းတာပဲ၊ ဦးလေးက ရွေ့အာကို အချစ်ဆုံးပဲ"

လျိုရှန်းလျန်သည် ရှီရွေ့ကိုချီကာ ဝင်လာသော ရှီလဲ့နှင့် နောက်မှလိုက်ပါလာသော သမက်နှင့် သားအကြီးဆုံးတို့ကို မြင်လိုက်ရသည်။ သူမ အပ်ချုပ် ပစ္စည်းများကို အမြန်ချထားကာ ကမန်းကတန်းလျှောက်သွားပြီး သူ့လက်ကိုဆွဲ၍ ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်သည်။ ရှီလဲ့ အပြုံးနှင့် ခေါင်းပေါ်ရှိ ဆံထိုးအသစ်ကို မြင်လိုက်ရမှသာ သူမ၏စိုးရိမ်နေသောစိတ်များ အနည်းငယ် သက်သာရာရသွားတော့သည်။

"ဘာလို့ ဒီလောက်စောစော ပြန်လာရတာလဲ၊ နည်းနည်းလောက် ထပ်မအိပ်ဘူးလား"

ထိုသို့ပြောပြီးနောက် သူမက ကူးချောင်လန်ဘက်သို့ လှည့်ကာ ပြုံး၍ပြောလိုက်သည်။

"သမက်လည်း ရောက်လာပြီပဲ၊ အထဲဝင်ပြီး ရေနွေးကြမ်းသောက်ကြတာပေါ့"

ရှီလဲ့ သူ့မိခင်ကိုကြည့်ကာ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"မနက်လင်းနေပြီပဲ အမေရဲ့ အမေ့ကို သတိရနေတာဆိုတော့ ဘယ်လိုလုပ် ငြိမ်ငြိမ်ထိုင်နေနိုင်တော့မှာလဲ"

လျိုရှန်းလျန် အနောက်တွင် ရပ်နေသော ရှီတကို သူ ထပ်မံကြည့်လိုက်ပြီး ပိုပြတ်သားစွာ ပြောလိုက်သည်။

"အဖေ... ကျွန်တော် အဖေ့ကိုလည်း သတိရတယ်"

ကူးချောင်လန် မျက်နှာပေါ်တွင်လည်း အပြုံးရေးရေးလေးရှိနေသော်လည်း စကားနည်းသူပီပီ ခေါ်ရုံသာ ခေါ်လိုက်သည်။

"ယောက္ခမ... ယောက္ခထီး"

ထို့နောက် သူ ဘာမှ ထပ်မပြောတော့ပေ။

ရှီတက လူငယ်စုံတွဲလေးကို ခေါင်းညိတ်ပြကာ ပြုံး၍ပြောလိုက်သည်။

"အထဲဝင်ကြ၊ ဒီနေ့ မင်းတို့အမေက အရသာရှိတာတွေ လုပ်ကျွေးလိမ့်မယ်"

သူတို့အုပ်စု ပင်မခန်းမထဲသို့ ဝင်သွားကြသည်။ ရှီလဲ့၏မရီးအကြီးဖြစ်သူ အမျိုးသမီးယန်က မနေ့က အထူးတလည် ဝယ်ထားသော သစ်သီးခြောက်များနှင့် ကွေ့ဟွာပန်းကိတ်တစ်ပန်းကန်ကို ကိုင်ဆောင်ကာ ဝင်လာသည်။ သူမက ရှီမိသားစု၏သားအကြီးဆုံးကိုလည်း လက်ဖက်ရည်ကြမ်း အတူတူလာသောက်ရန် ဖိတ်ခေါ်လိုက်သည်။ မိသားစုတစ်ခုလုံး အထဲတွင်ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။

ကူးချောင်လန် သိပ်စကားမပြောပေ။ မေးလာလျှင်သာ တစ်ခွန်းတလေပြန်ဖြေပြီး ကျန်အချိန်များတွင် လက်ဖက်ရည်ကြမ်းကို တိတ်ဆိတ်စွာ သောက်ရင်း စကားပြောနေသော ရှီလဲ့ကိုသာ ငေးကြည့်နေတော့သည်။

မွန်းတည့်ချိန်သို့ နီးကပ်လာပြီဖြစ်သည်။ လျိုရှန်းလျန် ရှီလဲ့ကို မီးဖိုချောင်ထဲသို့ ဟင်းချက်ရန်ခေါ်သွားပြီး အမျိုးသားများကိုမူ ပင်မအခန်းထဲတွင် စကားပြောရန် ချန်ထားခဲ့သည်။

အမျိုးသမီးယန်လည်း မီးဖိုချောင်ထဲသို့ လိုက်ဝင်လာပြီး သူတို့ကိုကြည့်ကာ ပြောလိုက်သည်။

"အမေနဲ့ လဲ့ကောအာတို့ သွားစကားပြောကြလေ၊ ဒီနေရာကို သမီးပဲ တာဝန်ယူလိုက်မယ်"

လျိုရှန်းလျန် သူမ၏ချွေးမဖြစ်သူ စေတနာကို နားလည်သည်။ သူမတို့နှစ်ဦး သီးသန့်စကားပြောနိုင်ရန်အတွက်ဖြစ်သည်။ သူမ ချွေးမဖြစ်သူအပေါ် အလွန်ရင်းနှီးသလိုခံစားရသည်။ နှစ်တွေကြာလာသည်နှင့်အမျှ သူမက လဲ့ကောအာအပေါ် အနည်းငယ် ဘက်လိုက်မိကြောင်း သိသော်လည်း တရားမျှတမှုရှိစေရန် ဂရုစိုက်ခဲ့သည်။ သားအကြီးဆုံး၏လုပ်အားခတစ်ဝက်ကိုသာ အိမ်စရိတ်အဖြစ်ယူပြီး ကျန်သည်များကို သူတို့အတွက် စုဆောင်းပေး ထားသည်။ ချွေးမဖြစ်သူ လက်ကိုင်ပဝါရောင်းရသော ငွေများကိုလည်း သူမ ဂရုမစိုက်ဘဲ သူတို့အားလုံးအဆင်ပြေစေရန်သာ မျှော်လင့်ခဲ့သည်။

နှစ်တွေကြာလာသည့်တိုင် ယောက္ခမနှင့် ချွေးမကြားတွင် ဆက်ဆံရေး ဘယ်သောအခါမှ မဆိုးရွားခဲ့ပေ။ ထို့အပြင် ချွေးမဖြစ်သူက သဘောထားကြီးပြီး လဲ့ကောအာအပေါ်လည်း ကောင်းမွန်စွာဆက်ဆံသည်။ လျိုရှန်းလျန်ပြုံးကာ ခေါင်းခါလိုက်သည်။

"သမီးတစ်ယောက်တည်း ဒီမှာ ဘယ်လိုလုပ်နေခဲ့လို့ရမှာလဲ၊ အတူတူလုပ်ရင်း စကားပြောကြတာပေါ့၊ ဒါမှလည်း မြန်မြန်ပြီးမှာ"

အမျိုးသမီးယန်လည်း ပြုံးကာ ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ကောင်းတာပေါ့"

ရှီလဲ့ မီးဖိုရှေ့တွင်ထိုင်ကာ မီးမွှေးနေပြီး လျိုရှန်းလျန်ကမူ လက်တွေလည်း အလုပ်ရှုပ်နေသလို ပါးစပ်ကလည်း ပိုအလုပ်ရှုပ်နေကာ အကြိမ်ကြိမ် မေးနေတော့သည်။

"သမက်က မင်းအပေါ်ကောင်းရဲ့လား၊ ငွေလောက်ရဲ့လား၊ သူ့အဒေါ် မိသားစုကရော ဘယ်လိုနေလဲ..."

သူ့မရီးဖြစ်သူကလည်း ဝင်ပြောသည်။

"တစ်ခုခုဖြစ်ရင် ငါတို့ကို မဖုံးကွယ်ထားနဲ့နော်၊ မင်း လက်ထပ်ပြီးကတည်းက သုံးရက်လုံးလုံး ငါတို့စိတ်ပူနေခဲ့တာ၊ မင်းယောကျ်ားက မင်းအပေါ် ကောင်းကောင်း မဆက်ဆံမှာစိုးလို့"

ရှီလဲ့ သူတို့၏စိုးရိမ်နေသော မျက်နှာများကို ကြည့်ကာ ရယ်မောလိုက်မိသည်။

"အမေနဲ့ မရီး... ကျွန်တော် အဆင်ပြေပါတယ်၊ သူလည်း ကျွန်တော့်အပေါ် ကောင်းပါတယ်၊ မနေ့က မိသားစုမှာရှိတဲ့ မြေဂရန်နှင့် ငွေတွေအကုန်လုံး ကျွန်တော့်ကို ပေးတယ်၊ ဦးလေးမိသားစုကလည်း အဒေါ်နဲ့ ဝမ်းကွဲညီလောက်ကိုပဲ တွေ့ခဲ့ရတာ၊ သူတို့အကုန်လုံးက ပေါင်းသင်းရလွယ်ကူတဲ့ သူတွေချည်းပါပဲ၊ စိတ်မပူပါနဲ့"

လျိုရှန်းလျန် သက်ပြင်းချလိုက်သည်။

"ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ၊ မင်းရဲ့ဘဝ အဆင်မပြေမှာကိုပဲ ကြောက်နေတာ၊ မင်း အဆင်မပြေဘူးလို့ တွေးလိုက်ရုံနှင့်တောင် အိပ်လို့မပျော်ဘူး"

သူမ သေချာအကဲခတ်ပြီး စုံစမ်းမေးမြန်းခဲ့သော်လည်း လူတစ်ယောက်၏မျက်နှာကိုကြည့်ရုံဖြင့် စိတ်ထားကို သိရန်ခက်ခဲပေသည်။ အကယ်၍ အတွင်းပိုင်းတွင် လိုအပ်ချက်တစ်ခုခုရှိနေခဲ့လျှင် မည်သို့လုပ်မည်နည်း။


 

Search Novels