အခန်း (၄၆)
ကျိမိသားစုမှ ဒုတိယချွေးမ ကြောင်အသွားသည်ကို ဘယ်သူမှ ဂရုမစိုက်ကြပေ။ ဘာပြဿနာမှ ရှာမတွေ့သောအခါ ကျိဟုန်ကျွင်းသည် ခေါင်းဆောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ 
"ဦးလေး... သွေးသားတော်စပ်မှု ပြတ်စဲစာချုပ်ကို ဦးလေးတို့အဖွဲ့ကပဲ ကူညီရေးပေးပြီး တံဆိပ်တုံး ထုပေးပါဦး"
ခေါင်းဆောင်သည် ကျိဟုန်ကျွင်းကို ကြည့်ကာ သက်ပြင်းချလိုက်သော်လည်း နှစ်သိမ့်စကား မပြောတော့ဘဲ လေးလေးနက်နက် တစ်လုံးတည်း ပြန်ပြောလိုက်သည်။ "ကောင်းပြီ"
ဒုတိယချွေးမသည် ခေါင်းဆောင်က သွေးသားတော်စပ်မှုဖြတ်စဲရန် သဘောတူလိုက်သည်ကို ကြားသောအခါ အသိပြန်ဝင်လာပြီး ခေါင်းဆောင်ကို အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။ 
"ခေါင်းဆောင်... ရှင် ဘာလို့ သဘောတူလိုက်ရတာလဲ၊ ကျုပ် သဘောတူလား၊ မတူလား မမေးတော့ဘူးလား"
ကျိဟုန်ကျွင်းအိမ်တွင် သူက မှောင်ခိုဈေးသွားသည့် သက်သေ သို့မဟုတ် တောင်ပေါ်က ပစ္စည်း ခိုးသည့် သက်သေ တွေ့ခဲ့လျှင် သူမ သေချာပေါက် အဆက်အသွယ် ဖြတ်မည် ဖြစ်သည်။ သို့သော် ယခု ဘာမှ ရှာမတွေ့ခဲ့သဖြင့် ကျိဟုန်ကျွင်းက အလုပ်ကြမ်းစခန်း အပို့ခံရမှာ မဟုတ်သလို ဝေဖန်ခံရမှာလည်း မဟုတ်တော့ရာ သူမက အဘယ်ကြောင့် အဆက်အသွယ် ဖြတ်ရမည်နည်း။
ခေါင်းဆောင်သည် မျက်နှာထား တင်းမာစွာဖြင့် ကျိမိသားစုမှ ဒုတိယချွေးမကို ကြည့်လိုက်သည်။ 
"ပစ္စည်း တွေ့တွေ့၊ မတွေ့တွေ့ အဆက်အသွယ် ဖြတ်မယ်လို့ ပြောခဲ့တာ နင်ပဲ မဟုတ်လား"
လျန်ဟွမ်းသည် သူတို့ပြောစကားများကို ကြားသောအခါ ကျိဟုန်ကျွင်းကို တိတ်တဆိတ် ဆွဲလိုက်သည်။ 
"ဟုန်ကျွင်း... ရှင် သူတို့နဲ့ ဘာပြောခဲ့တာလဲ၊ ပစ္စည်း ရှာမတွေ့ရင် ကျိမိသားစုနဲ့ အဆက်အသွယ် ဖြတ်မယ်လို့ ပြောခဲ့တာလား"
တကယ်ပဲ ဖြတ်လို့ရမလား။ တကယ် ဖြတ်လို့ရရင် ဒီတစ်ခါ အိမ်အရှာခံရတာ တန်သည်။ အဆက်အသွယ်ဖြတ်ပြီးနောက် လပြည့်ကျော်လျှင် သူမနှင့် ကျိဟုန်ကျွင်းတို့ ရွာထိပ်တွင် အိမ်သွားဆောက်မည်။ အိမ်ဆောက်ပြီးသည်နှင့် ပြောင်းနေမည်။ ထိုလူများနှင့် အမြန်ဆုံး ဝေးဝေးနေရမည်။
ကျိဟုန်ကျွင်းသည် မျက်လွှာချကာ သူ့လက်ကို ဆွဲထားသော လျန်ဟွမ်းကို ကြည့်ပြီး သူတို့နှစ်ယောက်သာ ကြားနိုင်သော အသံဖြင့် တိုးတိုးပြန်ဖြေသည်။ 
"ဒုတိယအစ်ကို မိသားစုနဲ့ပဲ ဖြတ်မှာ"
လျန်ဟွမ်း အနည်းငယ် စိတ်ပျက်သွားသည်။ ကျိဟုန်ရှင်းတို့ မိသားစုနဲ့ပဲ ဖြတ်မှာလား။ ဒါပေမဲ့ ကျိမိသားစုက လူတွေထဲက တစ်ယောက် လျော့ရင် တစ်ယောက် သက်သာတာပဲလေ။ လျန်ဟွမ်းသည် ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒီလို ဆွေမျိုးတွေနဲ့ ဖြတ်လိုက်တာ ကောင်းပါတယ်၊ ကျွန်မတို့ ဟုန်ကျွင်းက ဘာအမှားမှ မလုပ်ထားဘဲနဲ့ မိဘအရင်းနဲ့ အစ်ကိုအစ်မတွေက ကျွန်မတို့ ဟုန်ကျွင်း ဈေးကစားပါတယ်ဆိုပြီး စွပ်စွဲနေကြတာ၊ ဒီလို ဆွေမျိုးမျိုး ကျွန်မ မလိုချင်ဘူး"
ဘေးတွင် ရပ်နေသော အဖေကျိသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ မော့ကြည့်ပြီး ညှိုးငယ်စွာ ပြောလိုက်သည်။ 
"ငါ အဆက်အသွယ်ဖြတ်မယ် မပြောပါဘူး၊ စတုတ္ထက ငါ့သားအရင်းပါ၊ ငါ မဖြတ်နိုင်ပါဘူး"
အဖေကျိ စကားပြောနေစဉ် အမေကျိကို မျက်လုံးဖြင့် လှမ်းကြည့်ပြီး စကားပြောရန် အချက်ပြလိုက်သည်။
အမေကျိသည် ထိုအကြည့်ကို မြင်သောအခါ ကြောက်လန့်သွားပြီး ရှေ့သို့ နှစ်လှမ်း တိုးလာကာ လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။ 
"ငါ့ယောကျ်ား ပြောတာ မှန်တယ်၊ ငါ အဆက်အသွယ် မဖြတ်နိုင်ဘူး၊ စတုတ္ထက ငါ့ဗိုက်ထဲက ထွက်တဲ့ သားအရင်းပါ၊ ငါ့သားအရင်းကို ဘယ်သူမှ လာဖြတ်ခိုင်းလို့ မရဘူး"
လျန်ဟွမ်းက သူတို့ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ 
"ကျွန်မတို့ ဟုန်ကျွင်းက တကယ်ပဲ ရှင်တို့ သားအရင်း ဟုတ်ရဲ့လား၊ ရှင်တို့ ဟုန်ကျွင်းကို ဆက်ဆံတာက သားအရင်းလို ဆက်ဆံတာ မဟုတ်ဘူး၊ ကျွန်မတို့ ဟုန်ကျွင်း မင်္ဂလာဆောင်ဆောင်ချင်း ရှင်တို့က အိမ်ပျက်ကြီးဆီ မောင်းထုတ်တယ်၊ မောင်းထုတ်တာက ထားပါတော့၊ စားစရာ သောက်စရာ တစ်ခုမှ မပေးလိုက်ဘူး၊ အဲဒီနေ့က နှင်းတွေ အများကြီး ကျနေတာကို စောင်တောင် ပေးမလိုက်ဘူး၊ ရှင်တို့က သူ့ကို အအေးဒဏ်နဲ့ သေစေချင်နေတာ၊ ဒါက သားအရင်းအပေါ် ထားတဲ့ မိဘမေတ္တာလား"
"နှင်းကျနေတဲ့နေ့မှာ ဟုန်ကျွင်းကို အိမ်ပျက်ကြီးဆီ မောင်းထုတ်တယ်၊ ဒါ ဟုန်ကျွင်းကို အေးပြီး သေစေချင်တာပဲ၊ ဒါတင် မကသေးဘူး၊ အခု ဟုန်ကျွင်းကို ထပ်ပြီး တိုင်ပြန်ပြီ၊ ဈေးကစားတယ်၊ ပြည်သူပိုင်ပစ္စည်း ခိုးတယ်ဆိုပြီး စွပ်စွဲတယ်၊ ပထမတစ်ခေါက် အေးပြီး မသေလို့ ဒုတိယတစ်ခေါက် ထပ်သတ်ချင်နေပြန်ပြီ"
"သားတစ်ယောက်ကို သေစေချင်နေတဲ့ လူတွေက သားလို့ သဘောထားလို့လား၊ ကျွန်မအမြင်တော့ ရန်သူလို သဘောထားတာနဲ့ တူတယ်"
လျန်ဟွမ်း ပြောလိုက်သောအခါ ဘေးမှ ကြည့်နေကြသော ရွာသား အများစုမှာ တီးတိုး ပြောဆိုကုန်ကြသည်။ သေချာ စဉ်းစားကြည့်လိုက်လျှင် လျန်ဟွမ်း ပြောတာ ဟုတ်နေသည်။ ဘယ်မိဘကများ ကိုယ့်သားသမီးကို ဒီလို လုပ်ရက်မှာလဲ။ ဒါ ရန်သူလို ဆက်ဆံတာပဲ။
အဖေကျိ၏ မျက်နှာထားက အလွန်ဆိုးရွားနေသည်။ သူက မျက်နှာမည်းကြီးဖြင့် လျန်ဟွမ်းကို ကြည့်လိုက်သည်။ 
"ငါ အဲဒီလို မလုပ်ပါဘူး၊ ဟုန်ကျွင်းက ငါ့သားပါ၊ ဒီလောက်နှစ်တွေအကြာကြီး သူ အိမ်ကထမင်း စားနေတာ ငါ သူ့ကို မောင်းမထုတ်ခဲ့ပါဘူး၊ ငါ သူ့အပေါ် ဘယ်နေရာ မကောင်းလို့လဲ"
"ကောင်းတယ် ဟုတ်လား၊ ကောင်းလို့ နှင်းကျတဲ့နေ့မှာ ရွာထိပ်က အိမ်ပျက်ကြီးဆီ မောင်းထုတ်တာလား၊ ကောင်းလို့ သူ့ကို တိုင်တာလား၊ ရှင်က ဆင်ခြေပေးနေတာ၊ ရှင့်စိတ်ထဲမှာ ဟုန်ကျွင်းကို သားလို့ သဘောမထားဘူး"
နောက်ဆုံး စကားကျမှ လျန်ဟွမ်းက အသံမြှင့် ပြောလိုက်သည်။
ခေါင်းဆောင်သည် လျန်ဟွမ်း၏ နောက်ဆုံး စကားကို ကြားသောအခါ ကိုယ်ခန္ဓာ တုန်သွားသည်။ မျက်ဝန်းများ နက်ရှိုင်းသွားပြီး အဖေကျိကို ကြည့်လိုက်သည်။ "အစ်ကိုချန်ရှန်း... ဟုန်ကျွင်းက အစ်ကို့သားပါ၊ အစ်ကို့လုပ်ရပ်တွေက လွန်လွန်းနေပြီ"
အဖေကျိသည် လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထိုးထည့်ထားပြီး ရိုးသားဟန်ဆောင်ကာ ပြောလိုက်သည်။ 
"ငါလည်း မတတ်သာလို့ပါ၊ ဟုန်ကျွင်းက အလုပ်မဆင်းဘူး၊ အမှတ်မရဘူး၊ အိမ်မခွဲခင်တုန်းက သူ့အစ်ကိုတွေ အစ်မတွေကလည်း မကျေနပ်ကြဘူး၊ ဟုန်ကျွင်းကို ရွာထိပ်မှာ သွားနေခိုင်းတာ ငါလည်း မတတ်နိုင်လို့ပါ၊ ပြီးတော့ နောက်ပိုင်း ငါ ဟုန်ကျွင်းကို ဆန်ပေးခဲ့ပါတယ်၊ အရှေ့ဘက် အိမ်ခန်းကိုလည်း ပေးထားတယ်လေ၊ ငါ သူ့အပေါ် ဘယ်နေရာ မကောင်းလို့လဲ"
အဖေကျိ၏ စကားကို ကြားသောအခါ ကျိဟုန်ကျွင်းက သူ့ကို အေးစက်စက် ကြည့်လိုက်သည်။ 
"ဆန်က ဟွမ်းဟွမ်း တောင်းလို့ ပေးတာလေ၊ အိမ်ကလည်း အဘိုး သေတမ်းစာမှာ ကျွန်တော့်ကို ပေးခဲ့တာ၊ အမှတ်မရတဲ့ ကိစ္စကတော့ အဖေ လစဉ် မြို့သွားပြီး ထုတ်လာတဲ့ ပိုက်ဆံတွေက ကျွန်တော် စားဖို့ မလောက်လို့လား"
အဖေကျိသည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ကြောင်သွားသည်။
အမေကျိက အခြေအနေကို နားမလည်ဘဲ ကျိဟုန်ကျွင်း၏ စကားကို ကြားသည်နှင့် မျက်လုံး ပြူးကြည့်လိုက်သည်။ 
"မြို့သွားပြီး ပိုက်ဆံထုတ်တယ် ဟုတ်လား၊ ဘာပိုက်ဆံလဲ၊ နင့်အဖေက မြို့သွားပြီး ပိုက်ဆံ တစ်ပြားမှ မထုတ်ဖူးဘူး၊ ဒီလောက်နှစ်တွေအကြာကြီး နင် စားသောက်နေတာ ငါတို့ ရှာထားတဲ့ အမှတ်တွေနဲ့ စားနေတာ၊ နင်က သွေးစုပ်ကောင်ပဲ၊ ငါ့သွေးကို စုပ်နေတာ"
ကျိဟုန်ကျွင်းသည် အမေကျိ၏ စကားကို ဂရုမစိုက်ဘဲ နက်နဲသော မျက်ဝန်းများဖြင့် အဖေကျိကို ကြည့်လိုက်သည်။ 
"ခေါင်းဆောင် ဒီမှာ ရှိတယ်၊ ပါတီအတွင်းရေးမှူးကြီးလည်း ဒီနေ့ အိမ်မှာ ရှိတယ်၊ သူတို့ကို ခေါ်ပြီး အဖေ ဒီလောက်နှစ်တွေအကြာကြီး ပိုက်ဆံ ဘယ်လောက် ထုတ်ခဲ့လဲဆိုတာ တွက်ခိုင်းမလား"
ပိုက်ဆံ တွက်ခိုင်းမယ် ဟုတ်လား။ အဖေကျိက သူ ပိုက်ဆံ ဘယ်လောက် ထုတ်ခဲ့လဲဆိုတာ ဘယ်တွက်ရဲမှာလဲ။ သူက လေးလေးနက်နက် ပြောလိုက်သည်။ 
"အဆက်အသွယ် ဖြတ်မယ် မဟုတ်လား၊ ငါ ဦးဆောင်ပြီး မင်းနဲ့ ဒုတိယအိမ်ကို ဖြတ်ပေးမယ်၊ နောက်ဆို မင်းနဲ့ ဒုတိယမိသားစု ဘာမှ မပတ်သက်ကြနဲ့တော့၊ ညီလေးကော်ပင်း... ဒုတိယနဲ့ စတုတ္ထတို့ မိသားစုအတွက် သွေးသားတော်စပ်မှု ပြတ်စဲစာချုပ် ရေးပေးဖို့ အစ်ကို တောင်းပန်ပါတယ်"
ဒုတိယချွေးမသည် အဖေကျိက သူတို့မိသားစုနှင့် ကျိဟုန်ကျွင်း မိသားစုကို အဆက်အသွယ် ဖြတ်ခိုင်းလိုက်သည်ကို ကြားသောအခါ ကြောင်သွားသည်။ ယောက္ခမကြီးက ဘာလို့ သဘောတူလိုက်တာလဲ။ စတုတ္ထတို့ဆီမှာ အိမ်ရှိတယ်။ နောက်ပိုင်း စတုတ္ထတို့က သားမမွေးနိုင်ရင် အဲဒီအိမ်ကို သူမက သံလုံးလေးအတွက် ယူပေးချင်နေတာ။ အခု အဆက်အသွယ် ဖြတ်လိုက်ရင် စတုတ္ထတို့ ပစ္စည်းတွေနဲ့ သံလုံးလေး ဘာမှ မဆိုင်တော့ဘူးပေါ့။
"အဖေ... အဖေက ဘာလို့ သဘောတူလိုက်တာလဲ၊ ကျုပ် သဘောမတူဘူး"
ကျိဟုန်ကျွင်းက ကြားလိုက်ရပြီး ဒုတိယချွေးမကို ကြည့်လိုက်သည်။ "ခင်ဗျား သဘောမတူလို့ မရဘူး"
ခေါင်းဆောင်သည် ဒုတိယချွေးမကို မကြည့်ဘဲ အဖေကျိကို ကြည့်လိုက်သည်။ 
"အစ်ကိုချန်ရှန်း... အစ်ကိုက ဟုန်ရှင်းရဲ့ အဖေပဲ၊ ဟုန်ရှင်း မရှိတော့ အစ်ကိုကပဲ သွေးသားတော်စပ်မှု ပြတ်စဲစာချုပ်ကို ရေးလိုက်ပါ၊ အဖွဲ့က တံဆိပ်တုံး ထုပေးမယ်"
အဖေကျိက လက်ပွတ်လိုက်သည်။ "ညီလေးကော်ပင်း... ကျုပ်က စာသိပ်မတတ်ဘူး၊ မင်းပဲ ရေးပေးပါကွာ"
ခေါင်းဆောင်က တိုင်စာကိစ္စကို မှတ်မိနေသေးသည်။ ယခု အဖေကျိ၏ လက်ရေးကို ထပ်ကြည့်ချင်နေသဖြင့် ပြောလိုက်သည်။ 
"ဒါ အစ်ကိုချန်ရှန်းရဲ့ မိသားစုကိစ္စပါ၊ အစ်ကိုပဲ ရေးလိုက်ပါ"
ကျိဟုန်ကျွင်းသည် ခေါင်းဆောင်နှင့် အဖေကျိတို့ ပြောစကားများကို ကြားသောအခါ ဦးလေးမာကို ကြည့်လိုက်သည်။ "ဦးလေးမာ... အိမ်မှာ စာရွက်နဲ့ ဘောပင် ရှိလား"
ဦးလေးမာအိမ်မှ မာကော်တုန်းသည် သုံးတန်း တက်နေသဖြင့် သူတို့အိမ်တွင် စာရွက်နှင့် ဘောပင် ရှိသည်။
ဦးလေးမာ ခေါင်းညိတ်လိုက်သည်။ "ရှိတယ်၊ ငါ သွားယူပေးမယ်"
ဦးလေးမာ အိမ်ပြန်ပြီး စာရွက်နှင့် ဘောပင် ယူလာပေးသည်။ ကျိဟုန်ကျွင်းသည် အိမ်မကြီးထဲ ဝင်သွားပြီး စားပွဲတစ်လုံး မကာ အဖေကျိရှေ့တွင် ချပေးလိုက်သည်။ စာရွက်နှင့် ဘောပင်ကိုလည်း သူ့ရှေ့တွင် ချပေးလိုက်သည်။
လျန်ဟွမ်းသည် ဘေးမှ ကြည့်နေပြီး အိမ်မကြီးထဲမှ ထိုင်ခုံတစ်လုံး သွားယူကာ အဖေကျိ ထိုင်ရန် ချပေးလိုက်သည်။
စာရွက်၊ ဘောပင်၊ စားပွဲနှင့် ထိုင်ခုံ အဆင်သင့် ဖြစ်သွားပြီ။ ခြံဝင်းထဲရှိ လူအားလုံး အဖေကျိ စာရေးမည်ကို စောင့်ကြည့်နေကြသည်။
ခေါင်းဆောင်က ဘေးတွင် မျက်နှာထား တင်းမာစွာ ရပ်နေသည်။ ကျိဟုန်ကျွင်းကလည်း နက်နဲသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ အားလုံးက ဝိုင်းကြည့်နေကြသဖြင့် အဖေကျိ မတတ်သာဘဲ ဘောပင်ကို ယူလိုက်ရသည်။
ဘောပင်ကို ကိုင်ပြီး အဖေကျိ ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်း ရေးလိုက်သည်။ အဖေကျိ စာရေးသည်မှာ အလွန် နှေးကွေးပြီး လက်ရေးမှာ အလွန် ဆိုးရွားသည်။
ကျိဟုန်ကျွင်းက ဘေးမှ တစ်ချက်ကြည့်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ 
"အဖေက အရင်တုန်းက ကျောင်းသား ဖြစ်ခဲ့ဖူးတာပဲ၊ ဒီလက်ရေးက အဖေ အရင်က ရေးတဲ့ လက်ရေးနဲ့ မတူပါလား၊ ရွာထဲက လူကြီးတချို့ အဖေ စာရေးတာ မြင်ဖူးကြတယ်၊ ပါတီအတွင်းရေးမှူးကြီးကို ခေါ်ပြီး အဖေ့လက်ရေးကို လာကြည့်ခိုင်းရမလား"
လက်ရေးက ဆိုးလွန်းနေသည်။ စာသင်ခါစ ကလေးတစ်ယောက် ရေးသကဲ့သို့ ဖြစ်နေသည်။ စာရေးကောင်းသူ တစ်ယောက်က ရုတ်တရက် လက်ရေး ဆိုးသွားခြင်းသည် အကြောင်းရင်း ရှိရမည်။ တိုင်စာကိစ္စကို တွေးကြည့်လိုက်လျှင် ရွာသား အများစု သဘောပေါက်သွားကြသည်။
အဖေကျိသည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လက်တုံ့သွားပြီး စာရွက်နှင့် ဘောပင်ကို ဘေးချကာ လက်ပွတ်လိုက်သည်။ 
"ရာသီဥတုက အေးလွန်းတော့ လက်တွေ တောင့်ပြီး ဘောပင် ကိုင်မရ ဖြစ်နေတယ်၊ ငါ လက်ပူအောင် လုပ်ပြီးမှ ပြန်ရေးမယ်"
အဖေကျိသည် လက်ကို သေချာ ပွတ်သပ်ပြီး ညိုမည်းနေသော လက်များ နီရဲလာမှ စာရွက်နှင့် ဘောပင်ကို ပြန်ယူကာ ရေးလိုက်သည်။
ဒီတစ်ခါတော့ အမှန်တကယ် လက်ရေးဖြင့် ရေးလိုက်ရာ လက်ရေးမှာ မဆိုးလှပေ။ သို့သော် ထိုလက်ရေးသည် ခေါင်းဆောင် ယူလာသော တိုင်စာမှ လက်ရေးနှင့် အတူတူပင် ဖြစ်နေသည်။
ခေါင်းဆောင်သည် သူ စာရေးနေသည်ကို ကြည့်ပြီး ဘာမှ မပြောပေ။ ရေးပြီးသောအခါ ခေါင်းဆောင်က စာရွက်ကို ယူလိုက်သည်။ 
"ဒီစာချုပ်ကို ငါ အဖွဲ့ကို ယူသွားပြီး တံဆိပ်တုံး ထုပေးမယ်"
စာချုပ်ကို သိမ်းပြီးနောက် ခေါင်းဆောင်သည် တိုင်စာကို ထုတ်ကာ အဖေကျိထံ ပေးလိုက်သည်။ 
"အစ်ကိုချန်ရှန်း... ဒါ ယူလိုက်ပါ၊ ကော်မတီက တိုင်စာကို မြင်ပြီးပါပြီ၊ ရွာထဲမှာ ပြည်သူပိုင်ပစ္စည်း ခိုးတဲ့လူ ရှိတယ်ဆိုတာ သိသွားပြီ၊ ကျုပ်လည်း ရွာသားတွေကို နောက်နောင် တောင်ပေါ်မတက်ဖို့၊ ငါးမဖမ်းဖို့ ပြောထားပြီးပါပြီ၊ ဒီတိုင်စာက အသုံးမဝင်တော့ပါဘူး၊ ပြန်ပေးလိုက်ပါတယ်"
ခေါင်းဆောင် ပြောပြီးသည်နှင့် တိုင်စာကို အဖေကျိထံ ပေးလိုက်သည်။
အဖေကျိ၏ မျက်နှာထား အလွန် မည်းမှောင်သွားသည်။
ခေါင်းဆောင်သည် သူ့မျက်နှာကို ဂရုမစိုက်ဘဲ စာချုပ်ကို ယူကာ ထွက်သွားသည်။
ခေါင်းဆောင် ထွက်သွားသောအခါ တိတ်ဆိတ်နေသော လူအုပ်ကြီး ဆူညံလာသည်။ အချို့က ကျိဟုန်ကျွင်းနှင့် ကျိဟုန်ရှင်းတို့ အဆက်အသွယ် ဖြတ်သည့်အကြောင်း ဆွေးနွေးကြသည်။ အချို့က အဖေကျိကို ဝိုင်း၍ အပြစ်တင်ကြသည်။ ဘာလို့ ရွာကို တိုင်ရတာလဲဟု မေးကြသည်။
ထိုလူများသည် လျန်ဟွမ်းတို့ ခြံဝင်းထဲတွင် စုရုံးကာ ဆူညံနေကြသဖြင့် လျန်ဟွမ်း အော်ဟစ်လိုက်သည်။ 
"အားလုံး ပါးစပ်ပိတ်ကြ"
လျန်ဟွမ်း၏ အသံမှာ ကျယ်လောင်လှသည်။ ထို့အပြင် လျန်ဟွမ်းက ဒီရက်ပိုင်းအတွင်း စွာကျယ်ကျယ် လုပ်နေသဖြင့် ရွာသား အချို့က သူမကို ကြောက်ကြသည်။ သူမ အော်လိုက်သည်နှင့် ခုနက ဆူညံနေသူများ တိတ်သွားကြသည်။
လူများ ငြိမ်သွားသည်ကို မြင်သောအခါ လျန်ဟွမ်းက ဒုတိယယောက်မကို ကြည့်လိုက်သည်။ 
"စာချုပ်လည်း ရေးပြီးပြီ၊ ရှင်နဲ့ ကျွန်မတို့အိမ် ဘာမှ မဆိုင်တော့ဘူး၊ နောက်ဆို ကျွန်မတို့အိမ် လာမလည်ပါနဲ့တော့၊ အခု ချက်ချင်း ကျွန်မတို့အိမ်က ထွက်သွားပါ"
လျန်ဟွမ်း ပြောပြီးသည်နှင့် အဖေကျိနှင့် အမေကျိကို ကြည့်လိုက်သည်။ 
"ရှင်တို့နှစ်ယောက်ရောပဲ၊ ဒီလောက်နှစ်တွေအကြာကြီး ဟုန်ကျွင်းက ရှင်တို့ကို ဘာမှ အပြစ်မလုပ်ခဲ့ဘူး၊ အပြင်လူတွေက ဟုန်ကျွင်းကို အထင်လွဲပြီး အလုပ်မလုပ်ဘဲ မိဘရှာကျွေးတာ စားနေတယ်လို့ ပြောကြတာတောင် ဟုန်ကျွင်းက သည်းခံခဲ့တယ်၊ တကယ်တမ်း ဟုန်ကျွင်း စားတာက ရှင်တို့ရှာတဲ့ ပိုက်ဆံ မဟုတ်ဘူး၊ သူ့ဆီ ပို့လာတဲ့ ပိုက်ဆံတွေနဲ့ စားတာ၊ ဒါကို ဟုန်ကျွင်းက တစ်ခါမှ မရှင်းပြဘဲ ရှင်တို့ စွပ်စွဲသမျှ ခံခဲ့တယ်"
"အရင်တုန်းက ရှင်တို့ ဟုန်ကျွင်းကို ဘယ်လိုပြောခဲ့လဲ ကျွန်မ ဂရုမစိုက်ဘူး၊ ဟုန်ကျွင်းကို အိမ်ပျက်ကြီးဆီ မောင်းထုတ်တာ၊ ဒီတစ်ခါ ဟုန်ကျွင်းကို တမင်သက်သက် တိုင်တာတွေ ကျွန်မ မှတ်ထားတယ်၊ နောက်ဆို ရှင်တို့ ကျွန်မတို့ ရှေ့ လာမရှုပ်ပါနဲ့တော့၊ လာရှုပ်ရင် ရှင်တို့ ဟုန်ကျွင်းအပေါ် မကောင်းခဲ့တာတွေ ကျွန်မ ပြန်တွေးမိလိမ့်မယ်၊ ရှင်တို့ပြောသလို ကျွန်မက စွာလန်ကြဲတဲ့ မိန်းမဆိုတော့ ရှင်တို့ကို မလုပ်သင့်တာတွေ လုပ်မိလိမ့်မယ်"
"ရှင်တို့ အန္တရာယ်ကင်းဖို့အတွက် ကျွန်မတို့ ဟုန်ကျွင်းကို လာမပတ်သက်ပါနဲ့တော့၊ အခု... ကျွန်မအိမ်က ထွက်သွားကြ"
အမေကျိသည် လျန်ဟွမ်း၏ စူးရှသော ပုံစံကို ကြည့်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အဖေကျိက သူမ၏ လက်ကို ဆွဲကာ မျက်စိမှိတ်ပြပြီး စကားမပြောရန် တားလိုက်သည်။ ယခု ချက်ချင်း သွားရန် ပြောလိုက်သည်။
အမေကျိသည် အဖေကျိစကား နားထောင်သူ ဖြစ်သည်။ အပြင်မှာ ဘယ်လောက် စွာစွာ အဖေကျိ ခိုင်းလျှင် ဘာမှ ပြန်မပြောပေ။ အဖေကျိက ဆွဲခေါ်သွားသဖြင့် သူမလည်း လိုက်သွားရသည်။
အဖေကျိနှင့် အမေကျိ ထွက်သွားသောအခါ ဒုတိယချွေးမလည်း မကျေမနပ်ဖြင့် လိုက်သွားရသည်။
ကျိမိသားစုဝင်များ ထွက်သွားကြသောအခါ ဘေးမှ ကြည့်နေကြသော ရွာသားများလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ ငါးဖမ်းဝါသနာပါသူ အချို့က လျန်ဟွမ်းအိမ်မှ ထွက်သည်နှင့် အဖေကျိအိမ်သို့ လိုက်သွားကြသည်။
သူတို့ အဖေကျိနှင့် စာရင်းရှင်းရဦးမည်။ ဘာကိစ္စ ငါးဖမ်းတာကို တိုင်ရတာလဲ။ သူတို့ ကျိမိသားစုဝင်တွေလည်း ငါးဖမ်းဖူးတာပဲ။ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးဖူးတာပဲ။
ကျိမိသားစုဘက်မှ ပြဇာတ်ကို လျန်ဟွမ်း မသိတော့ပေ။ လူများ ထွက်သွားပြီးနောက် သူမနှင့် ကျိဟုန်ကျွင်းတို့ စားပွဲနှင့် ထိုင်ခုံများကို အိမ်ထဲ ပြန်သယ်လိုက်ကြသည်။
စားပွဲနှင့် ထိုင်ခုံများကို အိမ်ထဲ ပြန်သယ်ပြီးနောက် လျန်ဟွမ်းသည် အပူပေးခုတင်ပေါ်တွင် ထိုင်ကာ စိတ်သက်သာရာ ရသွားသည်။
"ဟုန်ကျွင်း... ရှင် ပြောတဲ့ ပိုက်ဆံထုတ်တဲ့ ကိစ္စက ဘယ်လိုလဲ"
ကျိမိသားစုက လတိုင်း ပိုက်ဆံသွားထုတ်ပြီး အဲဒီပိုက်ဆံက ကျိဟုန်ကျွင်းအတွက် ပိုက်ဆံတဲ့လား။ ကျိဟုန်ကျွင်းက သိရက်နဲ့ ဘာလို့ မပြောတာလဲ။ ပြီးတော့ အဲဒီပိုက်ဆံကို ဘယ်သူ ပို့တာလဲ။ ဘာလို့ လတိုင်း ပို့ပေးတာလဲ။
ကျိဟုန်ကျွင်းလည်း ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။ 
"အရင်တုန်းက သူ ပိုက်ဆံသွားထုတ်တာ တွေ့ဖူးတယ်၊ နောက်ပိုင်း မှောင်ခိုဈေး သွားရင်း ခဏခဏ တွေ့တော့ လတိုင်း ပိုက်ဆံထုတ်မှန်း သိသွားတာ"
ကျိဟုန်ကျွင်း၏ မှတ်ဉာဏ်ထဲတွင် အဖေကျိ ပိုက်ဆံထုတ်သည့် ကိစ္စအချို့ ရှိသည်။ အဖေကျိ ထုတ်လာသော ပိုက်ဆံများကို အိမ်တွင် တစ်ခါမှ ထုတ်မသုံးပေ။ သူ့ဘာသာ ဝှက်ထားသည်။
"ဘယ်သူ ပို့တာလဲဆိုတာ ရှင် မသိဘူးလား" လျန်ဟွမ်းက ကျိဟုန်ကျွင်းကို သံသယဖြင့် ကြည့်လိုက်သည်။
ဘယ်သူ ပို့မှန်း မသိဘဲနဲ့ သူ့ဆီ ပို့တာမှန်း ဘယ်လို သိတာလဲ။
"ဘယ်သူ ပို့မှန်း မသိဘူး၊ ဒါပေမဲ့ လက်ခံသူ နာမည်က ကျိဟုန်ကျွင်းတဲ့" ကျိဟုန်ကျွင်း အရင်က မှောင်ခိုဈေး သွားဖူးသည်။ မြို့နယ် မှောင်ခိုဈေးသို့ သွားလျှင် မြို့နယ်၏ တစ်ခုတည်းသော ဘဏ်ကို ဖြတ်သွားရသည်။ အဖေကျိနှင့် ဘဏ်ဝန်ထမ်း ပြောစကားများကို သူ ကြားဖူးသည်။ လက်ခံသူ နာမည်က ကျိဟုန်ကျွင်း ဖြစ်ကြောင်း ကြားဖူးသည်။
ဘယ်သူ ပို့မှန်း မသိပေမဲ့ ပိုက်ဆံက သူ့ဆီ ပို့တာဆိုတော့ လျန်ဟွမ်း ပို၍ သိချင်လာသည်။ သူမသည် ကျိဟုန်ကျွင်းဘက် လှည့်ကာ ပြောလိုက်သည်။ 
"ဟုန်ကျွင်း... အဖေကျိက လတိုင်း ဘယ်ရက် ပိုက်ဆံထုတ်လဲ ရှင် သိလား၊ နောက်တစ်ခေါက်ကျရင် ကျွန်မတို့ သွားထုတ်ကြမယ်လေ၊ ပြီးတော့ ဘယ်သူ ပို့တာလဲဆိုတာ မေးကြည့်ကြမယ်"
ကျိဟုန်ကျွင်းအတွက် ပိုက်ဆံကို အဖေကျိရဲ့ မိသားစုကို ပေးလို့ မဖြစ်ဘူး။ သူတို့ကို ပေးမဲ့အစား လွှင့်ပစ်လိုက်တာကမှ ကောင်းဦးမယ်။ ကျေးဇူးကန်းတဲ့ လူတွေကို မွေးထားသလို ဖြစ်နေမှာ။ ပြီးတော့ သူမ တကယ်ပဲ သိချင်တယ်။ အဲဒီပိုက်ဆံကို ဘယ်သူ ပို့တာလဲ။ ဟုန်ကျွင်းနဲ့ ဘာပတ်သက်လို့လဲ။
ကျိဟုန်ကျွင်း၏ မျက်ဝန်းများ နက်ရှိုင်းနေသည်။ ရေတွင်းကဲ့သို့ နက်ရှိုင်းသော မျက်လုံးများက ဘာတွေးနေမှန်း ခန့်မှန်းရခက်သည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ လေးလေးနက်နက် တစ်လုံးတည်း ပြန်ပြောလိုက်သည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ စကားကို သဘောတူလိုက်သည်။ သူက အခန်းထဲ ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။ "အိမ်က ပစ္စည်းတွေရော"
…
အခန်း (၄၇)
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို မေးရင်း သူမ၏ မျက်လုံးများကို စိုက်ကြည့်နေသည်။
လူ့စိတ်ကို ထွင်းဖောက်မြင်နိုင်သော ကျိဟုန်ကျွင်း၏ မျက်လုံးများကို ကြည့်ရင်း လျန်ဟွမ်း မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားပြီး တိုးတိုးလေး ဖြေလိုက်သည်။ 
"အဲဒါလား... အဲဒါ မီးဖိုချောင်က ထင်းပုံအောက်မှာ ထားလိုက်တယ်၊ ကျွန်မ သွားရှာလိုက်မယ်၊ ရှင် ဒီမှာ စောင့်နေ"
လျန်ဟွမ်း ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ မီးဖိုချောင်ဘက်သို့ ပြေးသွားသည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း ပြေးထွက်သွားပုံကို ကြည့်ရင်း ချက်ချင်း လိုက်မသွားပေ။ အခန်းထဲတွင် ဆက်ထိုင်နေသည်။ သို့သော် နက်နဲသော မျက်ဝန်းများကမူ အနည်းငယ် တောက်ပလာသည်။
မီးဖိုချောင်ထဲတွင် လျန်ဟွမ်း ဝင်သွားသည်နှင့် တံခါးပိတ်လိုက်သည်။ ထို့နောက် မီးဖိုခုံ နောက်ဘက်သို့ သွားကာ ထင်းပုံအောက်တွင် အိတ်တစ်လုံး ခင်းလိုက်သည်။ ပြီးမှ နေရာလွတ်ထဲမှ ပစ္စည်းများကို ထုတ်ကာ အိတ်ပေါ် တင်လိုက်သည်။ အပေါ်မှ အိတ်တစ်လုံး ထပ်အုပ်ပြီး ထင်းများဖြင့် ဖုံးလိုက်သည်။
ပြီးမှ လျန်ဟွမ်းသည် အပေါက်လေး တစ်ပေါက်ဖောက်ကာ မီးဖိုချောင်သုံး ပစ္စည်းများကို အရင် ထုတ်ယူပြီး ဗီရိုထဲ ပြန်ထည့်လိုက်သည်။
ကျိဟုန်ကျွင်းသည် အိမ်မကြီးထဲမှ ထွက်လာသည်။ လျန်ဟွမ်းက မီးဖိုခုံ နောက်ဘက်ရှိ ထင်းပုံထဲမှ ပစ္စည်းများ ထုတ်ယူနေသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး လျှောက်သွားကာ ကူညီပေးလိုက်သည်။
ပစ္စည်းများ အားလုံး ပြန်နေရာချပြီးမှ လျန်ဟွမ်း သက်ပြင်းချနိုင်တော့သည်။ အိမ်မကြီးထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ရှင်က လူတွေ လာရှာတာကို ဘယ်လိုလုပ် သဘောတူလိုက်တာလဲ"
သူမ အပြင်မထွက်ခင်ကတည်းက ကျိဟုန်ကျွင်းက လူတွေ လာရှာတာကို သဘောတူလိုက်သည်။ အိမ်မှာ မရှိသင့်တဲ့ ပစ္စည်းတွေ အများကြီးရှိမှန်း သိရဲ့သားနဲ့ ဘာလို့ လာရှာခိုင်းတာလဲ။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ "အဲဒီပစ္စည်းတွေ ရှာမတွေ့နိုင်မှန်း ကိုယ် သိတယ်"
လျန်ဟွမ်း မရှိရင်လည်း သူက ပစ္စည်းတွေကို ရှာမတွေ့အောင် လုပ်နိုင်သည့် နည်းလမ်း ရှိသည်။ သို့သော် လျန်ဟွမ်းက သူ့ကို အံ့သြစေခဲ့သည်။
ကျိဟုန်ကျွင်းက ပြုံးလိုက်သည်။ ထိုအပြုံးက အလွန်ပါးလျသော်လည်း လျန်ဟွမ်း ခံစားမိသည်မှာ ကျိဟုန်ကျွင်းက အကုန်သိနေသကဲ့သို့ ဖြစ်နေသည်။
လျန်ဟွမ်း တံခါးဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 
"ဒါနဲ့ ဟုန်ကျွင်း... မနက်ဖြန် ၁၆ ရက်နေ့ ရောက်ပြီ၊ မနက်ဖြန်ကျရင် ခေါင်းဆောင်ဆီ သွားပြီး အိမ်ဆောက်မဲ့ ကိစ္စ ပြောလိုက်ပါလား၊ ကျွန်မတို့ အိမ်မြန်မြန် ဆောက်ကြမယ်"
ဒီမှာ ဆက်မနေချင်တော့ဘူး။ စိတ်ရှုပ်စရာ ကောင်းတယ်။
"မလောပါနဲ့ဦး၊ မနက်ဖြန် ကိုယ် မြို့ထဲ သွားပြီး အုတ်ဝယ်ဖို့ လူသွားရှာလိုက်ဦးမယ်၊ အုတ်ရမှ အိမ်ဆောက်မယ်"
ရွှံ့အိမ်က လေဒဏ်မိုးဒဏ် မခံနိုင်ဘူး။ အိမ်ကလည်း နိမ့်ပြီး မှောင်တယ်။ အုတ်အိမ်လောက် မလင်းဘူး။
အုတ်အိမ် ဆောက်နိုင်ရင်တော့ လျန်ဟွမ်းလည်း သဘောကျသည်။ ဒါပေမဲ့ သူတို့အိမ်မှာ ပိုက်ဆံမရှိဘဲ ဘယ်လိုလုပ် အုတ်ဝယ်ပြီး အိမ်ဆောက်နိုင်မှာလဲ။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းကို လှည့်ကြည့်ပြီး သူမ၏ သံသယကို ပြောပြလိုက်သည်။ "အုတ်အိမ် ဟုတ်လား၊ ကျွန်မတို့အိမ်မှာ ပိုက်ဆံမရှိဘူးလေ၊ ဘယ်လို ဆောက်မှာလဲ"
"ဒီအိမ်ခန်း နှစ်ခန်းကို ကိုယ်တို့ မနေတော့ဘူး၊ ထားရင်လည်း အလကားပဲ၊ ရွာထဲက လူတွေကို ရောင်းလိုက်မယ်၊ ယွမ် ၁၀၀ လောက်တော့ ရလောက်တယ်၊ အိမ်က ပိုက်ဆံနဲ့ ပေါင်းလိုက်ရင် ယွမ် ၂၀၀ ကျော်လောက် ရှိမယ်၊ ညကျရင် ကိုယ် အပြင်ထွက်လိုက်ဦးမယ်" ဒီည ပစ္စည်းပိုရှာပြီး ပိုက်ဆံ ပိုရှာလာရင် အုတ်အိမ် နှစ်လုံးလောက်တော့ ဆောက်လို့ ရလောက်တယ်။
ကျိဟုန်ကျွင်းက ညဘက် အပြင်ထွက်ဦးမယ် ဟုတ်လား။ လျန်ဟွမ်း ရင်ထိတ်သွားပြီး ကျိဟုန်ကျွင်း၏ လက်ကို လှမ်းဆွဲလိုက်သည်။ "မဖြစ်ဘူး၊ ဒီည မသွားရဘူး၊ ဒီရက်ပိုင်း ရှင် အပြင်မထွက်နဲ့ဦး"
ရွာထဲက လူတွေ အခုမှ အတိုင်ခံထားရတာ။ တောင်ပေါ်မှာ လူစောင့်နေတာ ရှိနိုင်တယ်။ ပြီးတော့ မှောင်ခိုဈေးကိစ္စရှိသေးတယ်။ ဒီနေ့ပဲ ဟုန်ကျွင်းက မှောင်ခိုဈေး သွားတယ်လို့ အတိုင်ခံထားရတာ။ ပြဿနာ ဖြစ်မှာ စိုးရတယ်။
ကျိဟုန်ကျွင်းက လျန်ဟွမ်း၏ လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ ဘာမှ မဖြစ်ပါဘူး"
ကျိဟုန်ကျွင်းက ထိုသို့ ပြောသော်လည်း လျန်ဟွမ်း စိတ်မအေးနိုင်ပေ။
"မသွားရဘူး၊ နောက်မှ သွား၊ အုတ်အိမ်ဆောက်ဖို့ လိုအပ်ရင် နောက်မှ ဆောက်မယ်၊ ပိုက်ဆံရှိမှ ဆောက်မယ်"
အိမ်က နောက်ကျမှ ဆောက်လို့ ရတယ်။ ကျိဟုန်ကျွင်း အန္တရာယ်ကင်းဖို့က အရေးကြီးတယ်။
"မစောင့်တော့ဘူး၊ ဒီလထဲ ဆောက်မယ်" ကျိဟုန်ကျွင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် လျန်ဟွမ်းက တစ်ခုခု ထပ်ပြောမည်ကို မြင်သောအခါ မတ်တတ်ထရပ်လိုက်သည်။ "ဗိုက်ဆာပြီ၊ နေ့လယ်စာ ချက်ရအောင်"
ကျိဟုန်ကျွင်းက ဗိုက်ဆာပြီပြောသဖြင့် လျန်ဟွမ်းလည်း ညဘက် အပြင်ထွက်မည့်ကိစ္စကို ဆက်မပြောတော့ဘဲ မတ်တတ်ထရပ်လိုက်သည်။ "ကျွန်မ သွားချက်လိုက်မယ်"
"ကိုယ် မီးကူမွှေးပေးမယ်" ကျိဟုန်ကျွင်းက လျန်ဟွမ်းနောက်မှ မီးဖိုချောင်သို့ လိုက်သွားသည်။
မီးဖိုချောင်ထဲ ရောက်သောအခါ လျန်ဟွမ်းက နောက်လှည့်ကြည့်လိုက်သည်။ "နေ့လယ်စာကို နှံစားပြောင်းခေါက်ဆွဲ လုပ်စားရအောင်"
နှံစားပြောင်း ဟင်းရွက်ခေါက်ဆွဲကို မွှေးနေအောင် ချက်ပြီး အိမ်နီးနားချင်းတွေ အကုန် အနံ့ရအောင် လုပ်ရမယ်။ ပြီးရင် နေ့လယ်စာကို ရွာကလူတွေလိုပဲ အိမ်ရှေ့ထွက်ပြီး စားမယ်။ ရွာကလူတွေကို သူတို့အိမ်က အစားအသောက်တွေ မြင်အောင် ပြရမယ်။ ရွာကလူတွေ အများစုနဲ့ မထူးခြားကြောင်း ပြရမယ်။ ပါဝင်ပစ္စည်းက အတူတူပဲ။ အနံ့က မတူရုံပဲ ရှိတာ။
"ကောင်းပြီ၊ သဘောပဲ" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် အိမ်ထဲ ဝင်သွားသည်။
လျန်ဟွမ်း အိမ်ထဲဝင်ပြီး ဦးလေးမာအိမ်တွင် ကြိတ်လာသော နှံစားပြောင်းမှုန့်ကို ထုတ်ကာ မုန့်နယ်လိုက်သည်။ လျန်ဟွမ်း မုန့်နယ်နေရင်း မီးဖိုခုံနောက်တွင် ထိုင်နေသော ကျိဟုန်ကျွင်းကို ပြောလိုက်သည်။ "ဟုန်ကျွင်း... ဟင်းရွက်ခေါက်ဆွဲ လုပ်မှာဆိုတော့ အပူပေးခုတင်ပေါ်က ဟင်းရွက်တွေထဲက စားလို့ရတာလေးတွေ ရွေးပြီး ခူးပေးပါဦး"
ကျိထျဲ့ကျူး ဖျက်ဆီးထားသဖြင့် ဟင်းရွက်အများစုမှာ ပျက်စီးနေသော်လည်း အချို့မှာ စား၍ ရသေးသည်။ အကောင်းပကတိ ကျန်နေသေးသည်များကို ရွေးပြီး ခေါက်ဆွဲထဲ ထည့်ရမည်။
"ကောင်းပြီ" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် မတ်တတ်ရပ်ကာ ဟင်းရွက်သွားခူးသည်။
နှံစားပြောင်းခေါက်ဆွဲ လုပ်ရန် လျန်ဟွမ်းက ခေါက်ဆွဲလှိမ့်ပြီး ကျိဟုန်ကျွင်းက မီးမွှေးသည်။ မကြာမီ ရေနွေးဆူလာပြီး လျန်ဟွမ်း ခေါက်ဆွဲ ထည့်လိုက်သည်။ ခေါက်ဆွဲ ထည့်ပြီး ဟင်းရွက် ထည့်သည်။ ခေါက်ဆွဲ ကျက်ခါနီးတွင် လျန်ဟွမ်းက နှမ်းဆီ အများကြီး ထည့်လိုက်ရာ ဟင်းအိုးမှာ မွှေးကြိုင်သွားသည်။
ခေါက်ဆွဲ ကျက်သောအခါ လျန်ဟွမ်းက ကျိဟုန်ကျွင်းနှင့် သူမအတွက် တစ်ပန်းကန်စီ ထည့်လိုက်သည်။ သူမ ပန်းကန်ကို ကိုင်ရင်း ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ကျွန်မ အပြင်မှာ သွားစားမယ်၊ ရှင် လိုက်မလား"
"အတူတူ သွားကြမယ်" ကျိဟုန်ကျွင်းက ပန်းကန်ကို ကိုင်ရင်း လျန်ဟွမ်းနှင့်အတူ ထွက်လာသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ခြံဝင်းထဲမှ ထွက်လာသောအခါ လမ်းပေါ်တွင် လူအများအပြား ထိုင်စားနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့က စကားပြောရင်း ထမင်းစားနေကြသည်။ ပြောနေကြသည်မှာ အဖေကျိနှင့် ကျိဟုန်ကျွင်း အဆက်အသွယ်ဖြတ်သည့် ကိစ္စဖြစ်သည်။
လျန်ဟွမ်းသည် ပန်းကန်ကို ကိုင်ရင်း အဖေကျိအိမ်ဘက်သို့ လှမ်းကြည့်လိုက်ရာ တံခါးများ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
လျန်ဟွမ်း အကြည့်ကို ရုပ်သိမ်းပြီး အိမ်ရှေ့ရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ စားလိုက်သည်။
လျန်ဟွမ်း ထိုင်လိုက်သည်နှင့် လူတစ်ယောက် ပန်းကန်ကိုင်ပြီး ရောက်လာသည်။ လျန်ဟွမ်းက သူမကို မြင်ဖူးသည်။ သူမနှင့် နှစ်အိမ်ကျော်တွင် နေထိုင်သူ ဖြစ်သည်။ ကျိဟုန်ကျွင်း၏ ဆွေမျိုးတော်စပ်သော ယောက်ဖ၏ မိန်းမ ဖြစ်သည်။
ထိုအမျိုးသမီး ရောက်လာပြီး လျန်ဟွမ်းဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်ကာ လျန်ဟွမ်း၏ ပန်းကန်ထဲမှ ခေါက်ဆွဲကို ကြည့်ပြီး မျက်လုံးများ မှေးမှိန်သွားသည်။ "ဟုန်ကျွင်းမိန်းမက ခေါက်ဆွဲ လုပ်စားတာလား၊ အနံ့က မွှေးနေတာပဲ"
အနံ့က မွှေးနေလို့ ဘာများ ချက်စားလဲလို့ လာကြည့်တာ။ ကြည့်လိုက်တော့မှ နှံစားပြောင်းခေါက်ဆွဲ ဖြစ်နေတာကိုး။
"နှမ်းဆီ နည်းနည်း များသွားလို့ပါ၊ အစ်မ မွှေးတယ်ထင်ရင် နောက်တစ်ခါ ချက်ရင် နှမ်းဆီ များများထည့်လေ"
"ငါတော့ မတတ်နိုင်ပါဘူး၊ နှမ်းဆီက ဈေးကြီးတယ်၊ ငါတို့အိမ်က လူများတော့ ဒီလို မစားနိုင်ဘူး"
သူတို့အိမ်က ကျိဟုန်ကျွင်းတို့အိမ်လို လင်မယားနှစ်ယောက်တည်း မဟုတ်ဘူး။ တစ်မိသားစုလုံး အတူတူ နေကြတာ။ ယောက္ခမတွေ၊ ကလေးတွေနဲ့ဆို လူအများကြီးပဲ။ ထမင်းတစ်နပ်ကို မွှေးနေအောင် ချက်ရင် ဆန်ကုန်တာ မခံနိုင်ဘူး။
ဒါပေမဲ့ နောက်ဆိုရင် ဟုန်ကျွင်းမိန်းမက အသားဟင်း ချက်စားတယ်လို့ ပြောတဲ့လူ ရှိရင် သူတို့ကို ပြန်ပြောပြလို့ ရပြီ။ ဟုန်ကျွင်းမိန်းမက အသားဟင်း ချက်တာ မဟုတ်ဘူး။ ရိုးရိုးနှံစားပြောင်းကို ချက်တာ။ လက်ရာကောင်းလို့ စားကောင်းနေတာလို့ ပြောပြလို့ ရပြီ။
လျန်ဟွမ်းသည် ထိုအမျိုးသမီး၏ အတွေးများကို မသိသော်လည်း သူမကို ပြုံးပြပြီး ဆက်စားနေလိုက်သည်။
ညရောက်သောအခါ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ ထမင်းစားပြီးကြပြီဖြစ်သည်။ လျန်ဟွမ်းသည် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ခြေထောက်ဆေးရန် ရေနွေးတည်နေသည်။
ကျိဟုန်ကျွင်းက ပစ္စည်းသိမ်းနေသော လျန်ဟွမ်းကို ကြည့်ပြီး ပြောလိုက်သည်။ 
"ကိုယ် အပြင်ခဏသွားလိုက်ဦးမယ်၊ ညကျရင် စောင့်မနေနဲ့တော့"
လျန်ဟွမ်း၏ ရေခပ်နေသော လက်က ရပ်တန့်သွားသည်။ သူမသည် ကျိဟုန်ကျွင်းဘက် လှည့်ကြည့်ပြီး စိုက်ကြည့်ကာ မေးလိုက်သည်။ "မသွားလို့ မရဘူးလား"
လျန်ဟွမ်း၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု၊ ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေသည်။ ကျိဟုန်ကျွင်းသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သူမရှေ့တွင် ရပ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ကိုယ့်ကို ယုံပါ၊ ဘာမှ မဖြစ်ဘူး"
နက်ရှိုင်းပြီး အားပါသော အသံက ဆွဲဆောင်မှုတစ်မျိုးရှိနေပြီး သူ့စကားကို အလိုအလျောက် ယုံကြည်သွားစေသည်။ သူ တကယ် ဘာမှ မဖြစ်လောက်ပါဘူး။
ကျိဟုန်ကျွင်း၏ စကားက သူ၏ ဆုံးဖြတ်ချက်ကို ပြသနေသည်။ ဒီည သူ သေချာပေါက် အပြင်ထွက်မည်။ လျန်ဟွမ်းက သူ့မျက်လုံးများကို မော့ကြည့်လိုက်သည်။ "ရှင် အပြင်ထွက်ရင် သတိထားနော်၊ အခြေအနေ မကောင်းရင် အိမ်ပြန်ပြေးလာခဲ့"
ဒီခေတ်ကာလက အရမ်း အန္တရာယ်များသည်။ မှောင်ခိုဈေးသွားခြင်း ဖြစ်စေ၊ တောင်ပေါ်တက်ခြင်း ဖြစ်စေ အန္တရာယ်များသည့် ကိစ္စများသာ ဖြစ်သည်။
"အင်း... ကိုယ် သတိထားပါ့မယ်" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် လျန်ဟွမ်း၏ လက်ကို ဆုပ်ကိုင်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမ၏ နှုတ်ခမ်းပါးလေးကို ဖွဖွလေး နမ်းပြီးမှ လွှတ်ပေးလိုက်သည်။
"စိတ်မပူနဲ့၊ ဘာမှ မဖြစ်ဘူး" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် လျန်ဟွမ်းကို လွှတ်ပေးကာ လှည့်ထွက်သွားသည်။
ကျိဟုန်ကျွင်း ထွက်သွားသောအခါ လျန်ဟွမ်းသည် ဒယ်အိုးထဲ ရေဖြည့်လိုက်သော်လည်း မီးမွှေးရန် စိတ်မပါ ဖြစ်နေပြီး မီးဖိုခုံနောက်တွင် အကြာကြီး ထိုင်နေမိသည်။
တစ်ဖက်တွင်လည်း ကျိဟုန်ကျွင်းသည် ခြံဝင်းထဲမှ ထွက်လာပြီးနောက် မီးဖိုချောင်ဘက်သို့ တန်းမသွားဘဲ အဖေကျိအိမ်ဘက်သို့ လှည့်ထွက်သွားသည်။
အမှောင်ထုထဲတွင် ကျိဟုန်ကျွင်း၏ ပုံရိပ်သည် ညဉ့်နက်သန်းခေါင်ယံနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ရှိသည်။
......
ညတာ တဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး မနက်ခင်း မြူနှင်းများ ကျဆင်းလာသည်။ နေ့သစ်တစ်နေ့ စတင်ပြီ ဖြစ်သည်။
လျန်ဟွမ်းသည် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ မိုးလင်းခါနီးမှ ဝါဂွမ်းအင်္ကျီကို ကောက်စွပ်ပြီး အိပ်ရာထလိုက်သည်။
တစ်ညလုံး ရှိနေပြီ။ ကျိဟုန်ကျွင်း ဘာလို့ ပြန်မလာသေးတာလဲ။ လျန်ဟွမ်းသည် အိမ်မကြီး တံခါးကို ဖွင့်ကာ ခြံဝင်းထဲ ထွက်လာပြီး ခြံတံခါးဖွင့်၍ အပြင်ထွက်ကြည့်ရန် ပြင်လိုက်သည်။
သူမ၏ လက်က တံခါးလက်ကိုင်ပေါ် ရောက်ခါစ ရှိသေးသည်။ တံခါး အပြင်ဘက်တွင် ကျိဟုန်ကျွင်း၏ ပုံရိပ် ပေါ်လာသည်။ ဒီတစ်ခါ သူက လက်ဗလာနှင့် ပြန်လာခြင်း ဖြစ်သည်။ လက်ထဲတွင် ဘာမှ ပါမလာပေ။
လျန်ဟွမ်းက သူ့ကို မြင်သည်နှင့် အိမ်ထဲသို့ အမြန် ဆွဲခေါ်ကာ တံခါးပိတ်လိုက်သည်။
ကျိဟုန်ကျွင်းကို အခန်းထဲ ဆွဲခေါ်လာပြီးနောက် အပူပေးခုတင်ပေါ်မှ စောင်ကို လှန်ကာ ကျိဟုန်ကျွင်းကို အိပ်ရာပေါ် တွန်းတင်လိုက်သည်။ "ရှင် တစ်ညလုံး မအိပ်ရသေးဘူး၊ မြန်မြန် အိပ်တော့"
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း ဆွဲခေါ်ရာသို့ ပါလာပြီး ခုတင်ခေါင်းရင်းတွင် ထိုင်လိုက်သည်။ ခြေထောက်ကို စောင်ထဲ ထိုးထည့်လိုက်ပြီး အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ထပ် ထုတ်ကာ လျန်ဟွမ်းကို ပေးလိုက်သည်။ 
"ဒါ အုတ်ဝယ်ဖို့ လောက်မယ် ထင်တယ်"
လျန်ဟွမ်း ပိုက်ဆံကို ယူလိုက်ပြီး ကျိဟုန်ကျွင်း ကိုယ်ပေါ်မှ စောင်ကို သေချာ ခြုံပေးလိုက်သည်။ "ကျွန်မ သိမ်းထားလိုက်မယ်၊ ရှင် အိပ်တော့"
တစ်ညလုံး မအိပ်ရသေးတော့ ကျိဟုန်ကျွင်း သေချာပေါက် ပင်ပန်းနေမှာ။
"ကောင်းပြီ" ကျိဟုန်ကျွင်းသည် လျန်ဟွမ်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ပြီး သူမ၏ ဂရုစိုက်မှုအောက်တွင် အိပ်ပျော်သွားသည်။
ကျိဟုန်ကျွင်း အိပ်ပျော်သွားသောအခါ လျန်ဟွမ်းလည်း ညက ကောင်းကောင်း မအိပ်ရသေးသဖြင့် ခုတင်ပေါ်တက်ပြီး ကျိဟုန်ကျွင်းဘေးတွင် ဝင်အိပ်လိုက်သည်။
လျန်ဟွမ်း အိပ်ရာနိုးသောအခါ နေမြင့်နေပြီ ဖြစ်သည်။ ဘေးနားတွင် အိပ်မောကျနေဆဲ ဖြစ်သော ကျိဟုန်ကျွင်းကို တစ်ချက်ကြည့်ပြီး ခုတင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်သည်။
လျန်ဟွမ်းက ခုတင်ပေါ်မှ ဆင်းပြီးနောက် မီးဖိုချောင်ဘက်သို့ ထွက်လာသည်။ နေ့လယ်စာ စားချိန် နီးနေပြီဖြစ်၍ မနက်စာမလုပ်တော့ဘဲ ဆန်ပြုတ်ပြုတ်၊ ပေါက်စီလုပ်ကာ နေ့လယ်စာ ပြင်ဆင်လိုက်သည်။
လျန်ဟွမ်း မီးဖိုချောင်ထဲတွင် ကန်စွန်းဥ ဆေးနေစဉ် တံခါးကို တဒုန်းဒုန်း လာထုသံ ကြားလိုက်ရသည်။ ကန်စွန်းဥကို ဇလုံထဲ ထည့်ကာ လက်သုတ်ပြီး တံခါးသွားဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သောအခါ အဒေါ်မာကို တွေ့လိုက်ရသဖြင့် လျန်ဟွမ်း ပြုံးပြလိုက်သည်။ "ဒေါ်ဒေါ်... ဘာကိစ္စ ရှိလို့လဲ"
"ဘာကိစ္စမှ မရှိပါဘူး၊ ဒီတိုင်း လာစကားပြောတာပါ၊ ညည်းပြောတဲ့ အပူပေးခုတင်ပေါ် ဟင်းရွက်စိုက်တဲ့ နည်းလမ်းလေ၊ ဒေါ်ဒေါ်တို့ စမ်းစိုက်ထားတယ်၊ ဘယ်တော့လောက် အပင်ပေါက်မလဲ မသိဘူး"
လျန်ဟွမ်းက ခေါင်းဆောင်ကို အပူပေးခုတင်ပေါ် ဟင်းရွက်စိုက်နည်း ပြောပြပြီးကတည်းက ခေါင်းဆောင်က ရွာသားများကို ပြန်ပြောပြထားသည်။ ယခုအခါ ရွာသား အတော်များများ စိုက်ပျိုးနေကြပြီ ဖြစ်သည်။ အဒေါ်မာတို့အိမ်လည်း ဒီနေ့ အားနေသဖြင့် စမ်းစိုက်ကြည့်ထားသည်။
"အပူပေးခုတင်ပေါ် စိုက်တာဆိုတော့ နေ့တိုင်း ရေသင့်တော်ရုံလောက် လောင်းပေးရင် ၃ ရက် ၅ ရက်လောက်ဆို အပင်ပေါက်လာပါလိမ့်မယ်" လျန်ဟွမ်းက ပြောရင်း အဒေါ်မာ ခြံထဲဝင်လာသည်ကို မြင်လိုက်ရသည်။ သူမ ပြန်မည့်ပုံ မပေါ်သဖြင့် လျန်ဟွမ်း မီးဖိုချောင်ထဲ ဝင်ကာ ထိုင်ခုံပု နှစ်လုံး ယူလာပြီး ထိုင်စကားပြောကြသည်။
"၃ ရက် ၅ ရက် ဆိုတော့ နွေဦးပေါက် စိုက်တာနဲ့ သိပ်မကွာဘူးပေါ့"
"မကွာပါဘူး၊ ဆောင်းတွင်းက အပူချိန် နိမ့်လို့လေ၊ အပူပေးခုတင်ပေါ် တင်စိုက်တော့ အပူချိန် ရလာပြီး အပင်ပေါက်တာ နွေဦးပေါက်နဲ့ သိပ်မကွာတော့ဘူး" လျန်ဟွမ်း တိုးတိုးလေး ပြောရင်း အိမ်မကြီးဘက်သို့ ခိုးကြည့်လိုက်သည်။
ဟုန်ကျွင်း နိုးပြီလား မသိဘူး။
"ဒါဆို နောက်ဆိုရင် ဒေါ်ဒေါ်တို့လည်း ဟင်းရွက် စားရတော့မယ်" အဒေါ်မာ ပြောရင်း လျန်ဟွမ်းတို့ ဘေးအိမ်ဘက်သို့ ခိုးကြည့်လိုက်သည်။ ထို့နောက် လျန်ဟွမ်းအနား ကပ်ပြီး တိုးတိုးပြောလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... ညည်း သိပြီးပြီလား၊ မနေ့က ညည်းယောက္ခထီးအိမ်မှာ ပြဿနာ တက်တယ်တဲ့"
အဖေကျိအိမ်မှာ ပြဿနာ တက်တယ် ဟုတ်လား။ လျန်ဟွမ်း တစ်နေကုန် အပြင်မထွက်ရသေးသဖြင့် ဟိုဘက်အိမ်တွင် ဘာဖြစ်သည်ကို မသိပေ။
"ဘာဖြစ်တာလဲ" လျန်ဟွမ်း စပ်စုလိုက်သည်။
"ညည်းယောက္ခထီးလေ၊ ခြေထောက် ထိခိုက်မိလို့တဲ့၊ လူက မလှုပ်နိုင်ဘူး၊ မနက်က ဆေးရုံ ပို့လိုက်ရတယ်၊ တစ်ရွာလုံး ပြောနေကြတာ သူ့ခြေထောက် တစ်ဖက်လုံး မည်းပုပ်နေတာပဲတဲ့၊ ဝဋ်လည်တာလို့ ပြောနေကြတယ်" အဒေါ်မာက တိုးတိုးတိတ်တိတ် ပြောရင်း မျက်နှာတွင် အားရဝမ်းသာသည့် ပုံစံ ပေါက်နေသည်။
ကျိဟုန်ကျွင်းအဖေက ခြေထောက်ထိခိုက်မိတယ် ဟုတ်လား။ လျန်ဟွမ်း ဟိုဘက်အိမ်ကို လှမ်းကြည့်လိုက်သည်။ ဒါကြောင့် ဒီနေ့ ဟိုဘက်အိမ်က တိတ်ဆိတ်နေတာကိုး။ မနက်ကတည်းက အသံမကြားရဘူး။
"ဖြစ်နိုင်ပါတယ်၊ မကောင်းမှုလုပ်ရင် ဝဋ်လည်တတ်တာပဲလေ၊ ဒေါ်ဒေါ်ရေ... အချိန်လည်း မစောတော့ဘူး၊ နေ့လယ်စာ ဘာချက်စားမလို့လဲ" လျန်ဟွမ်းက အဖေကျိအကြောင်း ဆက်မပြောချင်သဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။
သူမ ထမင်းချက်ရတော့မည်။ ဟုန်ကျွင်းက တစ်ညလုံး ပင်ပန်းထားတာ။ နေ့လယ်စာ စားဖို့ သူ့ကို နှိုးရမယ်။ မဟုတ်ရင် နေ့လယ်စာ မစားဘဲ ဆက်အိပ်နေရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်။
အဒေါ်မာလည်း ပါးနပ်သူဖြစ်သည်။ လျန်ဟွမ်းက နေ့လယ်စာအကြောင်း မေးလိုက်သည်နှင့် ထမင်းချက်ချင်နေပြီ ဖြစ်ကြောင်း၊ သူမကို ပြန်စေချင်နေပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ အဒေါ်မာက မတ်တတ်ထရပ်လိုက်သည်။ 
"အလုပ်မဆင်းရတော့ ဗိုက်သိပ်မဆာဘူး၊ ဖြစ်သလို ချက်စားလိုက်တော့မယ်၊ အိမ်မှာ ပေါက်စီ ရှိတယ်၊ ဆန်ပြုတ်လေး ပြုတ်ပြီး ပေါက်စီနဲ့ အချဉ်ဖတ်လေးနဲ့ စားလိုက်မယ်"
"အချိန်လည်း မစောတော့ဘူး၊ ဦးလေးမာလည်း ပြန်လာတော့မယ်၊ ဒေါ်ဒေါ် ပြန်ချက်လိုက်ဦးမယ်"
"ဟုတ်ကဲ့... ဒေါ်ဒေါ် ကောင်းကောင်း ပြန်ပါ၊ ကျွန်မလည်း ချက်လိုက်ဦးမယ်" လျန်ဟွမ်း မတ်တတ်ရပ်ပြီး အဒေါ်မာကို လိုက်ပို့သည်။
အဒေါ်မာ ပြန်သွားသောအခါ လျန်ဟွမ်း တံခါးပိတ်ပြီး မီးဖိုချောင်သို့ ဝင်ကာ ထမင်းချက်သည်။
…
အခန်း (၄၈)
နေ့လယ်စာအတွက် လျန်ဟွမ်းသည် ကန်စွန်းဥဆန်ပြုတ်ပြုတ်ပြီး ပေါက်စီလုပ်သည်။ ထို့နောက် ဝက်သားကို ပါးပါးလှီးကာ အာလူးနှင့် ကြော်သည်။ သူမနှင့် ကျိဟုန်ကျွင်း နှစ်ယောက်စာအတွက် အလုံအလောက် ချက်လိုက်သည်။
ထမင်းဟင်း ကျက်သောအခါ လျန်ဟွမ်းသည် အိမ်မကြီးဘက်သို့ သွားပြီး ကျိဟုန်ကျွင်းကို နှိုးလိုက်သည်။
အိမ်မကြီးထဲတွင် လျန်ဟွမ်း ဝင်သွားချိန်၌ ကျိဟုန်ကျွင်း အိပ်မောကျနေဆဲ ဖြစ်သည်။ လျန်ဟွမ်း ခြေသံဖွဖွဖြင့် လျှောက်သွားသည်။
"ဟုန်ကျွင်း... ထမင်းစားရအောင်၊ ထတော့"
လျန်ဟွမ်း နှိုးလိုက်သော်လည်း ကျိဟုန်ကျွင်း မထပေ။ သူမသည် ခုတင်ခေါင်းရင်းတွင် ရပ်ကာ ကျိဟုန်ကျွင်း၏ မျက်နှာကို ငုံ့ကြည့်ပြီး တိုးတိုးလေး ထပ်ခေါ်လိုက်သည်။ "ဟုန်ကျွင်း... ထတော့"
နူးညံ့သော အသံလေးက ကျိဟုန်ကျွင်း၏ နားထဲသို့ ဝင်ရောက်လာသည်။ သူ မျက်လုံးအနည်းငယ် ဖွင့်ကြည့်လိုက်ရာ လျန်ဟွမ်း၏ မျက်နှာကို တွေ့လိုက်ရသည်။ ကြည်လင်သော မျက်ဝန်း၊ ပီပြင်သော မျက်နှာကျနှင့် လှပသော မျက်နှာလေးပေါ်တွင် သူ့ပုံရိပ် ထင်ဟပ်နေသည်။ နေရောင်ခြည်က တံခါးပေါက်မှ ဖြာကျလာပြီး လျန်ဟွမ်း၏ မျက်နှာပေါ်သို့ ကျရောက်နေသည်။ သူမ၏ မျက်နှာလေးမှာ ပို၍ နူးညံ့လှပနေသည်။
ကျိဟုန်ကျွင်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး လက်ကို ဆန့်ကာ လျန်ဟွမ်း၏ လည်ပင်းကို ဖက်ပြီး ဆွဲလှဲလိုက်သည်။ လျန်ဟွမ်း ခုတင်ပေါ် လဲကျသွားပြီး နှုတ်ခမ်းချင်း ထိကပ်သွားသည်။
အပူရှိန်တက်လာသည်။ ကျိဟုန်ကျွင်းသည် တစ်ကိုယ်လုံး ပူလောင်နေသလို ခံစားလိုက်ရသည်။ မိန်းမလှလေးကို မြင်လိုက်ရချိန်၊ အိပ်ရာနိုးခါစ အချိန်တွင် ဆန္ဒများက ထိန်းချုပ်မရ ဖြစ်လာတတ်သည်။ ယခု လူချင်း ထိတွေ့လိုက်မိသောအခါ ထိုဆန္ဒများကို ပို၍ မထိန်းချုပ်နိုင်တော့ပေ။ ခန္ဓာကိုယ်၏ တုံ့ပြန်မှုက အသိသာဆုံး ဖြစ်နေသည်။
ကျိဟုန်ကျွင်း၏ မျက်လုံးများ မှေးမှိန်သွားပြီး ခေါင်းကို အနည်းငယ် မော့ကာ နှုတ်ခမ်းချင်း ထိကပ်ပြီး အနမ်းမိုး ရွာချလိုက်သည်။
အနမ်းများ ပြီးဆုံးသွားသောအခါ လျန်ဟွမ်းသည် ကျိဟုန်ကျွင်း၏ ရင်ခွင်ထဲတွင် ပျော့ခွေကာ အသက်ကို ပြင်းပြင်းရှူနေရသည်။
ကျိဟုန်ကျွင်းက သူမ၏ ပခုံးကို ဖွဖွလေး ပွတ်ပေးနေသည်။
လျန်ဟွမ်း အားပြန်ပြည့်လာမှ တိုးတိုးလေး ပြောလိုက်သည်။ "ဟုန်ကျွင်း... ထတော့၊ နေ့လယ်စာ စားရအောင်"
ကျိဟုန်ကျွင်း နှုတ်ခမ်းထောင့် ကော့တက်သွားသည်။ လျန်ဟွမ်းကို ကြည့်သော အကြည့်များက အလွန် နူးညံ့နေသည်။ သူက တိုးတိုးလေး ပြန်ဖြေသည်။ "ကောင်းပြီ"
ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် လျန်ဟွမ်းရှေ့မှာပင် စောင်ကို လှန်ကာ အဝတ်အစား လဲပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။
လျန်ဟွမ်း၏ မျက်နှာလေး ရဲနေဆဲဖြစ်သည်။ ကျိဟုန်ကျွင်းက ခုတင်ပေါ်မှ ဆင်းပြီးနောက် သူမသည် မီးဖိုချောင်ဘက်သို့ အမြန် ပြေးထွက်သွားသည်။
နေ့လယ်စာ စားချိန်တွင် ကျိဟုန်ကျွင်းက ဗိုက်ဆာနေပုံရသည်။ ပုံမှန်ထက် ပိုစားသည်။ စားသည့် အရှိန်လည်း မြန်သည်။ လျန်ဟွမ်းက ပေါင်မုန့် တစ်ချပ်နှင့် ဆန်ပြုတ်တစ်ပန်းကန်သာ စားသော်လည်း ကျိဟုန်ကျွင်းကမူ ပေါင်မုန့် ၁၁ ချပ်နှင့် လျန်ဟွမ်း ချက်ထားသော ဟင်းနှင့် ဆန်ပြုတ်များကို အကုန် စားလိုက်သည်။
ကျိဟုန်ကျွင်းက စားအားကောင်းသည်။ ထမင်းကုန်သွားသော်လည်း ပန်းကန်ကို ကြည့်နေသေးသဖြင့် လျန်ဟွမ်း မေးလိုက်သည်။ "ဝပြီလား"
"အင်း... တော်ပါပြီ" ကျိဟုန်ကျွင်းက ပြန်ဖြေသည်။
လျန်ဟွမ်းသည် စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို ကြည့်ပြီး အံ့သြသွားသည်။ ဒီလောက် အများကြီး စားတာတောင် တော်ပါပြီပဲ ရှိသေးတယ်။ ဟုန်ကျွင်းက တကယ် စားနိုင်တာပဲ။
"ညစာကျရင် များများ ချက်လိုက်မယ်၊ အိမ်မကြီး ဗီရိုထဲမှာ ပြီးခဲ့တဲ့ တစ်ခေါက် မြို့က ဝယ်လာတဲ့ မုန့်တွေ ရှိတယ်၊ ရှင် သွားစားလိုက်ပါလား" နေ့လယ်ရောက်နေပြီမို့ သူမ ထပ်မချက်ချင်တော့ပေ။ ဟုန်ကျွင်း ဗိုက်မဝသေးရင် အိမ်မှာ မုန့်ရှိတယ်။ စားပြီး အဆာပြေ လုပ်လို့ရတယ်။
"မစားတော့ဘူး၊ မုန့်တွေ မင်းပဲ စားလိုက်တော့၊ ကိုယ် ကိစ္စရှိလို့ အပြင်သွားလိုက်ဦးမယ်"
"ကောင်းပြီ... သွားလေ" လျန်ဟွမ်း ပန်းကန်ဆေးရင်း ပြောလိုက်သည်။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ မီးဖိုချောင်ထဲမှ ထွက်သွားသည်။
လျန်ဟွမ်းက ပန်းကန်များကို ဗီရိုပေါ် တင်လိုက်ပြီး ရေခပ်ကာ ပန်းကန်ဆေးရန် ပြင်စဉ် အဒေါ်မာ ပြောသော စကားကို သတိရသွားသည်။ သူမသည် မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး အပြင်ထွက်တော့မည့် ကျိဟုန်ကျွင်းကို လှမ်းခေါ်လိုက်သည်။
"ဟုန်ကျွင်း... နေဦး၊ ပြောစရာ ရှိလို့" လျန်ဟွမ်းသည် ကျိဟုန်ကျွင်း အနားသို့ အမြန် လျှောက်သွားသည်။
ကျိဟုန်ကျွင်း ရပ်လိုက်ပြီး ခြံဝင်းထဲတွင် ရပ်ကာ လျန်ဟွမ်းကို ကြည့်လိုက်သည်။ "ဘာကိစ္စလဲ"
"ဒီနေ့ အဒေါ်မာ ပြောသွားတာ ရှင့်အဖေ မနေ့ညက ခြေထောက် ထိခိုက်မိလို့တဲ့၊ လူက မလှုပ်နိုင်ဘူး၊ ဒီမနက် ဆေးရုံ ပို့လိုက်ရတယ်တဲ့၊ ရှင် သွားကြည့်ဦးမလား" သူမက အဖေကျိကို မုန်းသော်လည်း သူက ကျိဟုန်ကျွင်း၏ အဖေ ဖြစ်နေသေးသည်။ ဒီကိစ္စကို သူမ ပြောပြရမည်။ သွားကြည့် မကြည့်ကတော့ ကျိဟုန်ကျွင်း သဘောပါပဲ။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်း၏ စကားကို ကြားသောအခါ ထွေထွေထူးထူး တုံ့ပြန်မှု မရှိပေ။ 
"အင်း... သိပြီ" ဟုသာ ပြောလာသည်။
"ရှင် သွားလုပ်စရာရှိတာ သွားတော့၊ ကျွန်မ ပန်းကန် ပြန်သွားဆေးလိုက်ဦးမယ်" လျန်ဟွမ်း ပြောရင်း မီးဖိုချောင်ဘက် ပြန်လှည့်သွားသည်။
ကျိဟုန်ကျွင်းသည် အိမ်မှ ထွက်လာပြီးနောက် အဖေကျိအိမ်ဘက်သို့ မသွားဘဲ ခေါင်းဆောင်အိမ်ဘက်သို့ သွားလိုက်သည်။
ခေါင်းဆောင်အိမ်သို့ ကျိဟုန်ကျွင်း ရောက်သွားချိန်တွင် ခေါင်းဆောင်သည် ခြံဝင်းထဲတွင် ပါတီအတွင်းရေးမှူးကြီးနှင့် စကားထိုင်ပြောနေသည်။ ကျိဟုန်ကျွင်း ရောက်လာသည်ကို မြင်သောအခါ ခေါင်းဆောင်က သူ့မိန်းမကို အိမ်ထဲမှ ထိုင်ခုံတစ်လုံး ယူခိုင်းပြီး သုံးယောက်သား ခြံဝင်းထဲတွင် ထိုင်စကားပြောကြသည်။
ပါတီအတွင်းရေးမှူးကြီးမှာ မျက်နှာထား တည်ကြည်လေးနက်သည်။ သူက ကျိဟုန်ကျွင်းကို ကြည့်ကာ ဆုံးမစကား ပြောလိုက်သည်။ 
"ဟုန်ကျွင်း... မင်းနဲ့ မင်းအဖေ ကိစ္စ ငါ ကြားပြီးပြီ၊ ဒီတစ်ခါ မင်းအဖေ မှားတာ မှန်ပေမဲ့ သူက မင်းအဖေပဲလေ၊ သားအဖချင်း ရန်ငြိုးမထားသင့်ဘူး၊ မင်း နောက်ဆိုရင်..."
ပါတီအတွင်းရေးမှူးကြီး စကားမဆုံးခင် ကျိဟုန်ကျွင်းက မော့ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။ 
"အတွင်းရေးမှူးကြီး... နောက်ဆိုရင် စည်းမျဉ်းအတိုင်းပဲ သွားရအောင်"
ပါတီအတွင်းရေးမှူးကြီးက စကား ပြတ်သွားသော်လည်း စိတ်မဆိုးပေ။ ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... စည်းမျဉ်းအတိုင်းပေါ့၊ မင်းက ချန်ရှန်းရဲ့ သားပဲ၊ သူ့ကို ပြုစုစောင့်ရှောက်သင့်ရင် စောင့်ရှောက်ရမှာပေါ့"
ကျိဟုန်ကျွင်းက ပြန်မပြောပေ။ သူက ခေါင်းဆောင်ဘက် လှည့်ကြည့်လိုက်သည်။ "ဦးလေးကော်ပင်း... ကျွန်တော် အုတ်ဝယ်ဖို့ ထောက်ခံစာ လိုချင်လို့ပါ"
ကျိဟုန်ကျွင်း အုတ်ဝယ်မည်ဟု ကြားသောအခါ ခေါင်းဆောင် အံ့သြသွားသည်။ "ဟုန်ကျွင်း... မင်း အုတ်ဝယ်မလို့လား၊ အုတ်အိမ် ဆောက်မလို့လား၊ မင်းမှာ ပိုက်ဆံ ရှိလို့လား၊ အုတ်အိမ် ဆောက်တာ ပိုက်ဆံ အများကြီး ကုန်မှာနော်"
ဒီခေတ်မှာ အုတ်အိမ် ဆောက်ဖို့ဆိုတာ ပြောသလောက် မလွယ်ပေ။ အုတ်ဝယ်တာ ပိုက်ဆံ အများကြီး ကုန်သည်။ အုတ်အိမ် နှစ်ခန်း ဆောက်ဖို့ဆိုလျှင် အနည်းဆုံး ယွမ် ၃၀၀ လောက် ကုန်မည်။ သူတို့ရွာထဲတွင် အုတ်အိမ်ရှိသူ နှစ်အိမ်သာ ရှိသည်။ သူတို့အိမ် တစ်အိမ်နှင့် သားဖြစ်သူ တက္ကသိုလ်တက်ပြီး မြို့မှာ နည်းပညာရှင် ဖြစ်နေသော အိမ်တစ်အိမ်သာ ရှိသည်။
ဟုန်ကျွင်း အိမ်ခွဲတုန်းက ရတဲ့ ပစ္စည်းတွေကို သူ သိသည်။ အဲဒီလောက် ပိုက်ဆံနဲ့ အုတ်အိမ် ဆောက်ဖို့ မလောက်ဘူး။
ခေါင်းဆောင် စိုးရိမ်နေသည်ကို ကျိဟုန်ကျွင်း သိသည်။ သူက ခေါင်းညိတ်လိုက်သည်။ 
"ဟုတ်ကဲ့... အုတ်အိမ် ဆောက်မလို့ပါ၊ ဒုတိယဦးလေးဆီက ပိုက်ဆံ ချေးထားတယ်၊ ပြီးတော့ ဘဏ်က ပိုက်ဆံလည်း ဒီရက်ပိုင်း ရောက်တော့မှာ၊ အဲဒါ သွားထုတ်ပြီး အရင် သုံးလိုက်မယ်၊ ပြီးမှ မိတ်ဆွေတွေဆီက နည်းနည်း ထပ်ချေးလိုက်ရင် အုတ်ဖိုးတော့ လောက်လောက်ငှငှ ရှိမှာပါ"
အုတ်အိမ် ဆောက်မယ်။ အုတ်ရှိမယ်၊ ဘိလပ်မြေ ရှိမယ် ဆိုရင် လက်ခက သိပ်မကုန်ဘူး။ ပစ္စည်းဖိုး လောက်ရင် အိမ်က ဖြစ်လာမှာပဲ။
ကျိဟုန်ကျွင်းက သေချာစီစဉ်ထားပုံ ရသည်။ သူများအိမ်ကိစ္စမို့ ခေါင်းဆောင်က အများကြီး ဝင်မပြောတော့ပေ။ သူ အိမ်ဆောက်ချင်သည် ဆိုတော့ ခေါင်းဆောင်က ပြောလိုက်သည်။ "ထောက်ခံစာ ရေးပေးလို့ ရပါတယ်၊ ဒီအချိန်က အိမ်ဆောက်တဲ့သူ နည်းတော့ အုတ်စက်ရုံ သွားရင် အုတ်ကို အမြန် ရနိုင်လောက်တယ်"
"ဦးလေးကော်ပင်း... ထောက်ခံစာလေး ရေးပေးပါဦး၊ ကျွန်တော် ဒီနေ့ အားတုန်း အုတ်စက်ရုံ သွားကြည့်ချင်လို့ပါ" ကျိဟုန်ကျွင်းက အခွင့်အရေး ယူပြီး သူ့ရည်ရွယ်ချက်ကို ပြောလိုက်သည်။
"ကောင်းပြီ... ငါ ရေးပေးမယ်" ခေါင်းဆောင် အိမ်ထဲဝင်ပြီး ကျိဟုန်ကျွင်းအတွက် ထောက်ခံစာ ရေးပေးသည်။ တံဆိပ်တုံးပါ ထုပေးလိုက်သည်။
ကျိဟုန်ကျွင်း ထောက်ခံစာ ရပြီးသော်လည်း ချက်ချင်း မပြန်သေးပေ။ ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။ 
"ဦးလေးကော်ပင်း... ကျွန်တော်နဲ့ လျန်ဟွမ်း အခုနေတဲ့ အိမ်ကို နောက်ဆို မနေတော့ဘူး၊ ရွာထဲက သဘောတူရင် ပြန်ရောင်းလို့ ရမလား"
အိမ်ရောင်းတာက သူတို့ရွာမှာ တစ်ခါမှ မရှိဖူးဘူး။ ပြီးတော့ အခု မြေတွေက နိုင်ငံပိုင်လေ။ အိမ်ရောင်းတာက ဈေးကစားတာနဲ့ တူနေမလား။
"ဟုန်ကျွင်း... အခု အိမ်ရောင်းတာ ခွင့်မပြုဘူး၊ တခြား နည်းလမ်းနဲ့ အိမ်ကို သူများ ပေးနေလို့ မရဘူးလား"
ရွာထဲက လူအတော်များများက အိမ်ကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ် နေနေရတာ။ ကျိဟုန်ကျွင်း အိမ်ကို ရွာကလူတွေကို ငှားပေးလိုက်ရင် ရွာအတွက် အဆင်ပြေတာပေါ့။
အဲဒီအိမ်ကို ကျိဟုန်ကျွင်း မလိုချင်တော့ဘူး။ ယူထားရင်လည်း ပြဿနာပဲ။ ခေါင်းဆောင် အကြံပေးတာကို သူ သိပ်မစဉ်းစားပေ။ ခဏတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ 
"အဲဒီအိမ်ကို ကျွန်တော်နဲ့ လျန်ဟွမ်း နောက်ဆို လုံးဝ မနေတော့ဘူး၊ ဘယ်သူ နေချင်လဲ၊ နောက်ဆို အဲဒီအိမ်ကို အပြီး ငှားပေးလိုက်မယ်"
အပြီး ငှားပေးလိုက်မယ်။ ရောင်းတယ်လို့ မပြောဘဲနဲ့ပေါ့။ ဒါဆို ဈေးကစားတယ်လို့ အပြောမခံရတော့ဘူး။
ကျိဟုန်ကျွင်းက အိမ်ကို ရောင်းချင်နေသည်။ ခေါင်းဆောင်က အများကြီး မတားတော့ပေ။ သူ အိမ်ရောင်းချင်တယ် ဆိုတော့ ခေါင်းဆောင်က လေးလေးနက်နက် ပြောလိုက်သည်။ "ကောင်းပြီလေ... ငါ မေးပေးပါ့မယ်"
"ကျေးဇူးပါပဲ" ကျိဟုန်ကျွင်းက ခေါင်းညိတ်ကာ နှုတ်ဆက်စကားပြောပြီး ခေါင်းဆောင်အိမ်မှ ထွက်လာခဲ့သည်။
ကျိဟုန်ကျွင်း ထွက်သွားသောအခါ ပါတီအတွင်းရေးမှူးကြီးက ကျိကော်ပင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ချန်ရှန်းနဲ့ ဟုန်ကျွင်းက ဘယ်လို ဖြစ်ပြီး ဒီအဆင့်ထိ ရောက်သွားရတာလဲ၊ ချန်ရှန်းက ဟုန်ကျွင်းကို ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ကတိပေးထားပြီးတော့ အခု ဖြစ်နေတာတွေက ဟုန်ကျွင်းအပေါ် ကောင်းတဲ့ပုံ မဟုတ်ပါလား"
ခေါင်းဆောင် သက်ပြင်းချလိုက်သည်။ "ဦးလေး... အစ်ကိုချန်ရှန်းက ပြောင်းလဲသွားပြီ"
အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်နိုင်တယ်။ သူတို့ မြင်နေရတာက ရိုးသားတဲ့သူဖြစ်ပြီး ကွယ်ရာမှာတော့ မတူတာ ဖြစ်နိုင်တယ်။
ပါတီအတွင်းရေးမှူးကြီးက သက်ပြင်းချလိုက်သည်။ ကျိဟုန်ကျွင်းအကြောင်း ဆက်မပြောတော့ဘဲ အိမ်ကိစ္စကို ပြောလိုက်သည်။
"အဲဒီအိမ်ကို မင်း တကယ်ပဲ ဟုန်ကျွင်းအတွက် ရောင်းပေးမလို့လား"
အဲဒီအိမ်က အရင်တုန်းက ခြောက်ခန်းတွဲ ဆောက်ထားတာ။ အဲဒီအိမ် ဆောက်တုန်းက ရွာကလူတွေ အားကျခဲ့ရတာ။ ဟုန်ကျွင်း အိမ်ရောင်းလိုက်ရင် အဖေကျိအိမ်က အိမ်ခြောက်ခန်းတွဲက ကွဲသွားပြီ။ အရင်က အဖေကျိ မိသားစုလိုပဲ မိသားစု ပြိုကွဲသွားသလို ဖြစ်နေပြီ။
"ဟုန်ကျွင်းက အဲဒီအိမ်ကို မလိုချင်တော့ဘူးတဲ့၊ ထားရင်လည်း အလကားပဲ၊ ရွာထဲက လူအတော်များများက လူ ၁၀ ယောက် ၂၀ လောက် အိမ်ကျဉ်းကျဉ်းလေးထဲ ပြွတ်သိပ်နေရတာ၊ အဲဒီအိမ် ရောင်းလိုက်ရင် ရွာက လူတွေရဲ့ နေရေးထိုင်ရေး ပြဿနာ ဖြေရှင်းပေးနိုင်တာပေါ့၊ ငါ မေးကြည့်ပေးလိုက်ပါ့မယ်" ခေါင်းဆောင်က ဆေးတံကို မီးညှိရင်း ပြောလိုက်သည်။
ပါတီအတွင်းရေးမှူးကြီးက တစ်ဖက်တွင် ထိုင်ကာ ဆေးတံသောက်ရင်း ပြောလိုက်သည်။ 
"ဟုန်ကျွင်းက အိမ်ကို တကယ် ရောင်းချင်တယ်ဆိုရင် အဖေကျိ မိသားစုကို အရင် မေးကြည့်ပါလား၊ ချန်ရှန်းမှာ တခြား သားသုံးယောက် ရှိသေးတယ်၊ သားတွေမှာလည်း ကလေးတွေ ရှိတယ်၊ သူတို့အိမ်မှာ အိမ်ခန်း နှစ်ခန်း ပိုရရင် ချောင်ချောင်ချိချိ နေလို့ ရတာပေါ့၊ ပြီးတော့ အဲဒီအိမ်က မူလက သူတို့အိမ်ပဲလေ၊ သူတို့ကို ပြန်ပေးလိုက်ရင်လည်း ကောင်းတာပေါ့"
"ဦးလေး... ဟုန်ကျွင်းက အုတ်အိမ်သစ် ဆောက်မလို့၊ အဲဒီအိမ် ရောင်းရင် သူ အလကားတော့ ပေးမှာ မဟုတ်ဘူး၊ အိမ်သစ်ဆောက်ဖို့ ပိုက်ဆံ လိုနေတာ၊ အဖေကျိ သားတွေကို ပေးမယ်ဆိုရင်လည်း ဟုန်ကျွင်းက ပိုက်ဆံ တောင်းမှာ သေချာတယ်" ဟုန်ကျွင်းက အရင်တုန်းက ဆိုးသွမ်းသလို ထင်ရပေမဲ့ တကယ်တော့ ဉာဏ်ကောင်းပြီး အလုပ်လုပ်တတ်တဲ့သူပါ။ အဲဒီတုန်းက အဖေကျိကို ရိုသေတယ်။ အခုတော့ အရင်ကထက် ပိုရင့်ကျက်လာသလိုပဲ။ ဒါပေမဲ့ ဉာဏ်ကောင်းတာကတော့ အတူတူပဲ။ ဒီကလေးက အခု အိမ်ကို အလကား ပေးချင်မှာ မဟုတ်ဘူး။
"ဒါဆိုရင် ချန်ရှန်းကို ပြောလိုက်လေ၊ အိမ်လိုချင်ရင် ရွာက လူတွေ အိမ်ဝယ်တဲ့ ဈေးအတိုင်း ဟုန်ကျွင်းကို ပိုက်ဆံပေးရမယ်လို့" ပါတီအတွင်းရေးမှူးကြီးက ပြောလိုက်သည်။
ခေါင်းဆောင်က စဉ်းစားပြီးမှ ပြောလိုက်သည်။ "ကောင်းပြီ... ချန်ရှန်းက ဆေးရုံ ရောက်နေတော့ ဟုန်ချီ အိမ်မှာ ရှိလောက်တယ်၊ ငါ ဟုန်ချီကို သွားပြောလိုက်မယ်"
......
ကျိဟုန်ကျွင်းသည် ခေါင်းဆောင်ဆီမှ အုတ်ဝယ်ရန် ထောက်ခံစာယူပြီး မြို့နယ် အုတ်စက်ရုံသို့ တန်းသွားသည်။ ပွဲတော်ရက် ဖြစ်သဖြင့် အုတ်စက်ရုံတွင် လူမရှိသလောက် ဖြစ်နေသည်။ တံခါးစောင့် အဘိုးကြီးသာ ရှိသည်။ ကျိဟုန်ကျွင်းကို မြင်သောအခါ တားလိုက်သည်။ 
"ဘာလာလုပ်တာလဲ"
ကျိဟုန်ကျွင်းက တံခါးစောင့် အဘိုးကြီးကို ကြည့်ကာ ပြောလိုက်သည်။ "ရွာက ထောက်ခံစာ ပါတယ်၊ အုတ်လာဝယ်တာ"
အဘိုးကြီးက လက်ဖြန့်လိုက်သည်။ "ထောက်ခံစာ ပေးကြည့်"
ကျိဟုန်ကျွင်း ထောက်ခံစာ ပေးလိုက်ရာ အဘိုးကြီးက ကြည့်ပြီး ပြန်ပေးလိုက်သည်။ "စောင့်နေ... ငါ စက်ရုံက တာဝန်ရှိသူကို သွားခေါ်လိုက်မယ်"
အဘိုးကြီးက ပြောပြီးသည်နှင့် စက်ရုံထဲ ဝင်သွားသည်။ လူသွားခေါ်နေသည်။ ကျိဟုန်ကျွင်း တံခါးဝတွင် ငြိမ်ငြိမ်လေး စောင့်နေသည်။ ခဏအကြာတွင် မော်စီတုန်းကော်လံအင်္ကျီ ဝတ်ထားသော အမျိုးသားတစ်ဦး ထွက်လာသည်။ ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "မင်း အုတ်ဝယ်မလို့လား"
"ဟုတ်ကဲ့... ဒါ ရွာက ထောက်ခံစာပါ" ကျိဟုန်ကျွင်းက ထောက်ခံစာကို ထိုအမျိုးသားထံ ပေးလိုက်သည်။
တာဝန်ရှိသူက စာကို ကြည့်ပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "အလံနီအုပ်စုကလား၊ နာမည်က ကျိဟုန်ကျွင်းတဲ့လား"
ကျိဟုန်ကျွင်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့"
တာဝန်ရှိသူက ထောက်ခံစာကို ကျိဟုန်ကျွင်းထံ ပြန်ပေးလိုက်သည်။ "စက်ရုံမှာ အုတ်တွေ ရှိတယ်၊ အိမ်နှစ်လုံးစာလောက် လောက်တယ်၊ မင်း မနက်ဖြန် ပိုက်ဆံယူပြီး လာခဲ့၊ စက်ရုံက လူတွေ မင်းတို့ရွာအထိ အုတ် လာပို့ပေးလိမ့်မယ်"
ကိစ္စက ထင်ထားတာထက် ပိုလွယ်ကူနေသည်။ ကျိဟုန်ကျွင်းက ထိုလူကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ "ကောင်းပြီ... ကျွန်တော် မနက်ဖြန် ဘယ်အချိန်လောက် လာရမလဲ"
"နေ့လယ် မတိုင်ခင် လာခဲ့၊ အလုပ်သမားတွေ ကားပေါ် အုတ်တင်ပြီး လာပို့ပေးရမှာမလို့" ထိုလူက ကျိဟုန်ကျွင်းကို ကြည့်ပြီး ဖြေလိုက်သည်။
"သိပါပြီ၊ မနက်ဖြန် စောစော လာခဲ့ပါ့မယ်" ကျိဟုန်ကျွင်းက ပြောပြီးသည်နှင့် ထိုလူကို နှုတ်ဆက်ကာ အုတ်စက်ရုံမှ ထွက်လာခဲ့သည်။
ကျိဟုန်ကျွင်း ထွက်သွားပြီးနောက် တံခါးစောင့် အဘိုးကြီးက တာဝန်ရှိသူကို လှမ်းကြည့်လိုက်သည်။ တာဝန်ရှိသူ အမျိုးသားက ကျိဟုန်ကျွင်း၏ ကျောပြင်ကို ကြည့်ပြီး စဉ်းစားနေသည်။
အုတ်စက်ရုံမှ ပြန်လာပြီးနောက် ကျိဟုန်ကျွင်းက အိမ်မပြန်သေးဘဲ မြို့ထဲသို့ သွားလိုက်သည်။
…
အခန်း (၄၉)
မြို့ထဲတွင် ကျိကျန့်ရှဲ့ ဆေးရုံမှ ဆင်းလာပြီ ဖြစ်သည်။ သူ့ဒဏ်ရာများ မပျောက်သေးသော်လည်း ရောင်ရမ်းမှု သက်သာသွားပြီဖြစ်၍ အိမ်ပြန်ဆေးသောက်ပြီး နားနေရုံသာ ရှိတော့သည်။ ဆေးရုံတက်ရသည်မှာ ဈေးကြီးလွန်းသည်။ ထို့အပြင် လူတစ်ယောက်က နေ့တိုင်း ဆေးရုံတွင် လာစောင့်ပေးနေရသည်။ ကျိကျန့်ရှဲ့က ဆေးရုံဆင်းချင်သဖြင့် ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ မလွန်ဆန်နိုင်ဘဲ ဆေးရုံဆင်းခွင့် လုပ်ပေးကာ အိမ်ပြန်ခေါ်လာကြသည်။
ကျိဟုန်ကျွင်းက မြို့ထဲ ရောက်သောအခါ ဆေးရုံသို့ အရင်သွားသည်။ ဆေးရုံတွင် ဒုတိယဦးလေးကို မတွေ့သဖြင့် ဒုတိယအဒေါ်အိမ်သို့ သွားလိုက်သည်။
ဒုတိယအဒေါ်အိမ်ရှေ့ ရောက်သောအခါ ကျိဟုန်ကျွင်းက တံခါးခေါက်လိုက်သည်။ ဝမ်ရှို့မေ အလုပ်သွားနေသဖြင့် ဒုတိယအဒေါ်နှင့် ဒုတိယဦးလေးတို့ ဧည့်ခန်းတွင် ကလေးထိန်းနေကြသည်။ ကျိကျန့်ရှဲ့က အခန်းထဲတွင် အနားယူနေသည်။ ဒုတိယအဒေါ် တံခါးဖွင့်လိုက်ရာ ကျိဟုန်ကျွင်းကို တွေ့လိုက်ရသဖြင့် ချက်ချင်း ဖိတ်ခေါ်လိုက်သည်။ "ဟုန်ကျွင်း ရောက်လာတာလား၊ လာ... အထဲဝင် ထိုင်ဦး"
ကျိဟုန်ကျွင်းက ဒုတိယဦးလေးကို တိုင်ပင်စရာ ရှိသဖြင့် အားမနာဘဲ ဝင်သွားလိုက်သည်။
"ဦးလေး" ကျိဟုန်ကျွင်းက ဒုတိယဦးလေးရှေ့တွင် ရပ်ကာ နှုတ်ဆက်လိုက်သည်။
ဒုတိယဦးလေးက ထိုင်ခုံပေါ်တွင် ထိုင်နေရာမှ ဘေးက ထိုင်ခုံကို ပုတ်ပြလိုက်သည်။ "ဟုန်ကျွင်း ရောက်လာပြီလား၊ လာ... ဒီမှာ ထိုင်"
ဒုတိယအဒေါ်က မီးဖိုချောင်ထဲဝင်ပြီး ရေနွေးတစ်ခွက် ငှဲ့လာကာ ကျိဟုန်ကျွင်းရှေ့ ချပေးသည်။ 
"ဟုန်ကျွင်း... ရေနွေး သောက်ဦး"
"ဟုတ်ကဲ့" ကျိဟုန်ကျွင်း ရေနွေးနည်းနည်း သောက်ပြီးနောက် ဒုတိယဦးလေးကို ကြည့်ကာ လာရင်းကိစ္စကို ပြောလိုက်သည်။
"ဦးလေး... ကျွန်တော် ဦးလေးကို ရှာတာ ကိစ္စရှိလို့ပါ" ကျိဟုန်ကျွင်း၏ မျက်နှာထား တည်ကြည်လေးနက်နေသည်။
ကျိဟုန်ကျွင်း၏ မျက်နှာထား တည်ကြည်နေသည်ကို မြင်သောအခါ ဒုတိယဦးလေးလည်း လေးနက်သွားသည်။ ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "ဘာကိစ္စလဲ... ပြောပါ"
ကျိဟုန်ကျွင်းသည် ဒုတိယဦးလေး ရှေ့တွင် ထိုင်ကာ ရွာထဲတွင် ပြည်သူပိုင်ပစ္စည်း ခိုးတယ်ဆိုပြီး အတိုင်ခံရသည့် ကိစ္စကို အရင် ပြောပြသည်။ ထို့နောက် အဖေကျိ မိသားစုက လျန်ဟွမ်းနှင့် သူ့ကို ဈေးကစားတယ်၊ တောင်ပေါ်တက် အမဲလိုက်တယ်ဆိုပြီး စွပ်စွဲကာ အိမ်လာရှာခိုင်းသည့် ကိစ္စကို ပြောပြလိုက်သည်။
ဒုတိယဦးလေးသည် ကျိဟုန်ကျွင်း ပြောပြသည်များကို ကြားသောအခါ မျက်နှာ မည်းမှောင်သွားပြီး စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။ "သူ... သူ ဘယ်လိုလုပ် အဲဒီလို လုပ်ရက်တာလဲ"
ဒုတိယဦးလေး၏ မျက်နှာပေါ်တွင် ဒေါသ၊ မကျေနပ်မှုနှင့် သံသယများ ပြည့်နှက်နေသည်။
ကျိဟုန်ကျွင်းသည် ထိုအမူအရာများကို ကြည့်နေသော်လည်း သူ့စိတ်ခံစားချက်က သိပ်မပြောင်းလဲပေ။
ဒုတိယဦးလေး စိတ်ငြိမ်သွားမှ ကျိဟုန်ကျွင်းက အေးဆေးစွာ ပြောလိုက်သည်။ 
"ဦးလေး... ကျွန်တော်နဲ့ လျန်ဟွမ်း ဟိုမှာ ဆက်မနေချင်တော့ဘူး၊ ရွာထိပ်ဘက် ပြောင်းနေချင်တယ်၊ အိမ်ရာမြေ လျှောက်ထားပြီးပြီ၊ မနက်ဖြန် အုတ်သွားသယ်ပြီး အုတ်အိမ် ဆောက်မလို့"
ကျိဟုန်ကျွင်းက အုတ်အိမ် ဆောက်မည်ဟု ကြားသောအခါ ဒုတိယဦးလေး အံ့သြသွားပြန်သည်။ 
"အုတ်အိမ် ဆောက်မလို့လား၊ သေချာပြီလား၊ မင်းမှာ ပိုက်ဆံ ရှိလို့လား၊ မင်းအဒေါ်ဆီက နည်းနည်း ယူသွားမလား"
ဒုတိယဦးလေးက ပြောပြီးသည်နှင့် ဒုတိယအဒေါ်ကို ပိုက်ဆံသွားယူခိုင်းသည်။
ကျိဟုန်ကျွင်းက ငြင်းလိုက်သည်။ "ဦးလေး... မလိုပါဘူး၊ အိမ်မှာ ပိုက်ဆံ လောက်ပါတယ်၊ ဒါပေမဲ့ ဒုတိယဦးလေးကို ကူညီစေချင်တာက ပိုက်ဆံက ဦးလေးဆီက ချေးထားတာပါလို့ ပြောပေးဖို့ပါ"
ကျိဟုန်ကျွင်း လုပ်နေသည်များကို ဒုတိယဦးလေး အနည်းအကျဉ်း သိသည်။ ထိုပိုက်ဆံများက အလင်းပြလို့မရမှန်း သိသည်။ ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ သူက ချက်ချင်း သဘောတူလိုက်သည်။ 
"ကောင်းပြီ... ငါ့ဆီက ချေးတယ်လို့ ပြောလိုက်မယ်၊ မင်း စိတ်ချလက်ချ အိမ်ဆောက်ပါ၊ အိမ်ဆောက်ရင် ငါ့ကို ပြော၊ ငါ လာကူညီပေးမယ်"
"ဟုတ်ကဲ့... အိမ်ဆောက်ရင် ဦးလေးကို ပြောပါ့မယ်" ကျိဟုန်ကျွင်း ပြောပြီးနောက် ခဏတိတ်ဆိတ်သွားသည်။ ထို့နောက် ဒုတိယဦးလေးကို ပြန်ကြည့်လိုက်သည်။ 
"ဦးလေး... လူတစ်ယောက်က ကျွန်တော့်ဆီ လတိုင်း ပိုက်ဆံပို့တယ်၊ ဒါပေမဲ့ အဖေက သွားထုတ်နေတာ၊ အဲဒီလူ ဘယ်သူလဲ ဦးလေး သိလား"
ဒုတိယဦးလေးသည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ကြောင်အသွားပြီး ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ "မင်းကို တစ်ယောက်ယောက်က ပိုက်ဆံ ပို့ပေးနေတယ် ဟုတ်လား"
လတိုင်း ဟုန်ကျွင်းဆီ ပိုက်ဆံပို့ပေးမဲ့သူက ဘယ်သူဖြစ်နိုင်မလဲ။ အဲဒီလူတွေပဲ ဖြစ်နိုင်တာပေါ့။ အစ်ကိုကြီးက အဲဒီလူတွေနဲ့ အဆက်အသွယ် ရှိနေတာလား။ ဘာလို့ မပြောရတာလဲ။
ဒုတိယဦးလေး၏ မျက်နှာပေါ်တွင် အံ့သြသော အရိပ်အယောင်များ ပေါ်လာပြီး အဖေကျိက ပိုက်ဆံအမြဲ သွားထုတ်နေသည်ကို သူ မသိကြောင်း ပြသနေသည်။
ကျိဟုန်ကျွင်းသည် မျက်လွှာချကာ တိုးတိုးလေး ပြန်ဖြေသည်။ "ဟုတ်ကဲ့... ပို့နေတာ နှစ်အတော်ကြာပြီ ထင်တယ်"
အရင်တုန်းက ကျိဟုန်ကျွင်းကို ပိုက်ဆံပို့တဲ့သူ ရှိမရှိ သူ မသိပေမဲ့ ကျိဟုန်ကျွင်း မှောင်ခိုဈေး သွားကတည်းက အဖေကျိ ပိုက်ဆံထုတ်တာကို ခဏခဏ တွေ့ဖူးသည်။ အနည်းဆုံးတော့ ဒီနှစ်ပိုင်းအတွင်း သူ့ကို ပိုက်ဆံပို့နေတာ သေချာသည်။
ဒုတိယဦးလေး တိတ်ဆိတ်သွားသည်။ ခဏကြာမှ လေးလေးနက်နက် ပြောလိုက်သည်။ 
"ဒီကိစ္စကို ဦးလေး မသိဘူး"
ဒုတိယဦးလေး ပြောပြီးသည်နှင့် ကျိဟုန်ကျွင်းကို မော့ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ 
"ဒါပေမဲ့ မင်းကို ပိုက်ဆံပို့ပေးတဲ့သူ ရှိမှန်း သိပြီဆိုတော့ နောက်ဆိုရင် ပိုက်ဆံကို ကိုယ့်ဘာသာပဲ သွားထုတ်တော့၊ မင်းလည်း အိမ်ခွဲပြီးပြီ၊ မိဘတွေနဲ့ အတူမနေတော့ဘူးဆိုတော့ မင်းပိုက်ဆံကို သူတို့ကို ပေးသုံးစရာ မလိုတော့ဘူး"
အဲဒီပိုက်ဆံက ဟုန်ကျွင်းအတွက် ပေးတာ။ အခု ဟုန်ကျွင်းလည်း အရွယ်ရောက်ပြီဆိုတော့ အစ်ကိုကြီးတို့မိသားစု စောင့်ရှောက်စရာ မလိုတော့ဘူး။ သူ့ပိုက်ဆံကို ဆက်ယူသုံးလို့ မဖြစ်ဘူး။
"ကျွန်တော် သိပါပြီ၊ ဦးလေး... ကျွန်တော့်မှာ လုပ်စရာ ရှိသေးလို့ သွားလိုက်ပါဦးမယ်" 
ဒုတိယဦးလေးဆီက အဖြေမရသဖြင့် ကျိဟုန်ကျွင်း ဆက်မနေတော့ဘဲ နှုတ်ဆက်လိုက်သည်။
"ကောင်းပြီ... ဂရုစိုက်ပြန်ဦး၊ အိမ်ဆောက်ရင် လာပြောဖို့ မမေ့နဲ့" ဒုတိယဦးလေးက ကျိဟုန်ကျွင်းကို လိုက်ပို့သည်။
"ဟုတ်ကဲ့" ကျိဟုန်ကျွင်း ပြောပြီးသည်နှင့် ဒုတိယဦးလေးအိမ်မှ ထွက်လာခဲ့သည်။
ကျိဟုန်ကျွင်း ထွက်သွားသောအခါ ဒုတိယအဒေါ်သည် ကလေးချီလျက် ဒုတိယဦးလေးဘေးတွင် ဝင်ထိုင်ပြီး မကျေမနပ် ပြောလိုက်သည်။ "အစ်ကိုကြီးက ဒီလောက်နှစ်တွေအကြာကြီး ဟိုဘက်ကလူတွေနဲ့ အဆက်အသွယ် လုပ်နေတာကို ဘာလို့ ငါတို့ကို မပြောတာလဲ"
ဒုတိယဦးလေး၏ မျက်နှာထားက မည်းမှောင်နေသည်။ သူ ခဏတိတ်ဆိတ်နေပြီးမှ ဒုတိယအဒေါ်ကို ပြန်ဖြေသည်။ "ဒီကိစ္စ မင်း ဝင်မပါနဲ့၊ ငါ အစ်ကိုကြီးကို သွားမေးကြည့်လိုက်မယ်"
"ကောင်းပြီ" ဒုတိယအဒေါ်က ပြောပြီးသည်နှင့် ကလေးဆက်ထိန်းနေလိုက်သည်။ ကျိဟုန်ကျွင်း အကြောင်း ဆက်မပြောတော့ပေ။
ဒုတိယဦးလေးအိမ်မှ ထွက်လာပြီးနောက် ကျိဟုန်ကျွင်းသည် ဘဏ်သို့ သွားရန် ပြင်လိုက်သော်လည်း ဒီနေ့ ပထမလပြည့်နေ့ ဖြစ်သဖြင့် ဘဏ်ပိတ်လောက်သည်ဟု တွေးမိကာ အိမ်ပြန်လာခဲ့သည်။
အိမ်တွင် လျန်ဟွမ်းသည် နေရာလွတ်ထဲ၌ အသားနွှာနေသည်။ ဒီနေ့ ပထမလပြည့်နေ့ ဖြစ်သော်လည်း ဤနေရာတွင် မုန့်လုံးရေပေါ် လုပ်ရန် ကုန်ကြမ်းမရှိပေ။ ဖက်ထုပ်သာ လုပ်စားနိုင်သည်။ ညစာကို ဖက်ထုပ်စားပြီး မိသားစုပေါင်းစည်းပွဲ လုပ်ရမည်။
သူမ ကူးပြောင်းမလာခင်က နှစ်တိုင်း ပထမလပြည့်နေ့ရောက်လျှင် မိသားစုဝင်များ ဖက်ထုပ်လုပ်စားကြပြီး အသားစားကြကာ ဆီမီးခွက်မျှောကြသည်။ အခု သူမနှင့် ကျိဟုန်ကျွင်း နှစ်ယောက်တည်း ရှိသည်။ လူကြီးတွေချည်းဖြစ်ရာ ညဘက် ဆီမီးခွက်မျှောဖို့လည်း အဆင်မပြေပေ။ ဆီမီးခွက်လုပ်ဖို့ကလည်း ဂျုံမှုန့် အကောင်းစား လိုသည်။ သူတို့အိမ် လာရှာတုန်းက ဂျုံမှုန့် မတွေ့ခဲ့ဘူးလေ။ ပြဿနာ မဖြစ်အောင် ဆီမီးခွက် မမျှောတော့တာ ကောင်းသည်။ ဖက်ထုပ်တော့ လုပ်စားလို့ ရသည်။
နေရာလွတ်ထဲတွင် အသားစင်းကောလုပ်လျှင် အပြင်က လူတွေလည်း အသံကြားရမည် မဟုတ်ပေ။ အသားစင်းကောလုပ်ပြီးလျှင် နေရာလွတ်ထဲမှာပဲ ဖက်ထုပ်ထုပ်လိုက်မည်။ ကျိဟုန်ကျွင်း ပြန်လာလျှင် တန်းပြုတ်စားရုံပဲ။
သူမနှင့် ကျိဟုန်ကျွင်းက စားနိုင်ကြသူများ ဖြစ်သည်။ ဖက်ထုပ်ကို တစ်နပ်စာ လုပ်လိုက်လျှင် ဒီည ကုန်လောက်သည်။ ညဘက် သူတို့ ဖက်ထုပ်စားနေတာ ဘယ်သူမှ မမြင်ရင် သူတို့အိမ် ဖက်ထုပ်စားမှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး။
လျန်ဟွမ်း ထိုသို့ တွေးကာ နေရာလွတ်ထဲတွင် အသားစင်းကောလုပ်ပြီး မီးဖိုချောင်သို့ ပြန်လာကာ ဂျုံနယ်၊ မုန့်ပြားလုပ်ပြီး ဖက်ထုပ်ထုပ်လိုက်သည်။
လျန်ဟွမ်း ဖက်ထုပ်ထုပ်ပြီးခါနီးတွင် အိမ်ရှေ့မှ အသံကြားလိုက်ရသဖြင့် ဖက်ထုပ်များကို နေရာလွတ်ထဲ အမြန် ထည့်လိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာသည်။
ကျိဟုန်ကျွင်း အပြင်မှ ဝင်လာသည်ကို မြင်သောအခါ လျန်ဟွမ်းက ပြုံးကာ ပြောလိုက်သည်။ "အုတ်ကိစ္စ ပြောပြီးပြီ၊ မနက်ဖြန် မနက် သွားသယ်ရမယ်"
လျန်ဟွမ်း ဝမ်းသာသွားသည်။ "ဒီလောက် မြန်မြန် ပြောပြီးသွားပြီလား၊ အုတ်သယ်ပြီးရင် အိမ်ဆောက်လို့ ရပြီပေါ့"
ဟုန်ကျွင်းက တကယ် မြန်တာပဲ။ အုတ်သယ်ပြီးရင် အိမ်ဆောက်လို့ ရပြီ။ အိမ်သစ်ကို သူမ စိတ်ကြိုက် ဆောက်လို့ ရပြီ။ အိမ်မကြီး တစ်လုံး၊ မီးဖိုချောင် တစ်လုံး၊ ပြီးတော့ ရေချိုးခန်းနဲ့ အိမ်သာ အသေးလေး တစ်လုံး ဆောက်ရမယ်။
"အင်း... အုတ်သယ်ပြီးရင် အိမ်ဆောက်မယ်၊ မင်း မီးဖိုချောင်ထဲမှာ ထမင်းချက်နေတာလား" 
ကျိဟုန်ကျွင်း ပြောရင်း လျန်ဟွမ်း ဆီသို့ လှမ်းလာသည်။
လျန်ဟွမ်းက သူ့ထက် ဦးအောင် မီးဖိုချောင်ထဲ ပြေးဝင်သွားပြီး ခုနက နေရာလွတ်ထဲ ထည့်ထားသော ဖက်ထုပ်များကို ထုတ်ကာ စားပွဲပေါ် တင်လိုက်သည်။
ကျိဟုန်ကျွင်း အိမ်ထဲဝင်လာပြီး စားပွဲပေါ်မှ ဖက်ထုပ်များကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ "ညစာ ဖက်ထုပ်လား၊ ဘာအစာသွပ်ထားတာလဲ"
"ဝက်သားနဲ့ မုန်ညင်းဖြူလေ၊ ဝက်သုံးထပ်သား အများကြီး ထည့်ထားတယ်၊ ညကျရင် ရှင် များများစားနော်" လျန်ဟွမ်း ရယ်မောကာ ဖြေလိုက်သည်။
ကျိဟုန်ကျွင်း အသားကြိုက်မှန်း သူမ သိသည်။ သူ ကြိုက်တဲ့ အသား စားရတိုင်း သူ့မျက်လုံးတွေ တောက်ပလာတတ်သည်။
"ဝက်သားအစာသွပ်က စားလို့ကောင်းတယ်၊ မီးမွှေးရဦးမလား၊ အခု မွှေးပေးရမလား" ကျိဟုန်ကျွင်း ပြောရင်း မီးဖိုခုံ နောက်သို့ သွားလိုက်သည်။
"ဖက်ထုပ်က ထုပ်လို့ ပြီးသလောက် ရှိနေပြီ၊ ကျွန်မ ရေအရင် ရောလိုက်မယ်၊ ရှင် မီးမွှေးလို့ ရပြီ" 
လျန်ဟွမ်းက ဒယ်အိုးထဲ ရေတစ်ဝက်ခန့် ထည့်ပြီး ကျိဟုန်ကျွင်းကို မီးမွှေးခိုင်းလိုက်သည်။ သူမက အဖုံးအုပ်ပြီး ဖက်ထုပ် ဆက်ထုပ်နေလိုက်သည်။
လျန်ဟွမ်း ဖက်ထုပ်ထုပ်တာ မြန်သည်။ ခဏလေးနှင့် ပြီးသွားသည်။ ကျိဟုန်ကျွင်း မီးမွှေးတာလည်း ထင်းအများကြီး ထည့်သဖြင့် မီးအရှိန်ပြင်းကာ လျန်ဟွမ်းက ဖက်ထုပ်ထုပ်ပြီးချိန်တွင် ရေနွေးလည်း ဆူလာပြီ ဖြစ်သည်။ လျန်ဟွမ်း ဖက်ထုပ် စပြုတ်လိုက်သည်။
ဖက်ထုပ်ကို ဒယ်အိုးထဲ ထည့်ပြီး သုံးခါလောက် ဆူအောင် တည်ပြီးမှ လျန်ဟွမ်းက ဖက်ထုပ်တစ်လုံး ဆယ်ကာ ပန်းကန်လုံးထဲ ထည့်ပြီး ကျိဟုန်ကျွင်းရှေ့ တိုးပေးလိုက်သည်။ "မြည်းကြည့်ပါဦး... ကျက်ပြီလားလို့"
ဂျုံမှုန့် အကောင်းစားဖြင့် လုပ်ထားသော ဖက်ထုပ်လေးများမှာ ဖြူဖြူဖွေးဖွေးနှင့် တစ်ကိုက်စာလေးများ ဖြစ်သည်။ အနံ့မွှေးရုံသာမက လှလည်း လှသဖြင့် စားချင်စဖွယ် ဖြစ်နေသည်။ ကျိဟုန်ကျွင်း တူဖြင့် ညှပ်ကာ စားလိုက်သည်။
ဖက်ထုပ် ပါးစပ်ထဲ ရောက်သည်နှင့် ကျိဟုန်ကျွင်း၏ မျက်လုံးများ တောက်ပသွားသည်။ လျန်ဟွမ်းကို ကြည့်လိုက်သည်။ 
"ကျက်ပြီ၊ အရမ်း စားကောင်းတယ်"
ကျိဟုန်ကျွင်း၏ မျက်လုံးများ တောက်ပနေပြီး တစ်လုံးစားပြီးသည်နှင့် အိုးထဲသို့ ငုံ့ကြည့်နေသည်။
ကျိဟုန်ကျွင်း၏ စားချင်၍ ဖြစ်နေပုံကို ကြည့်ပြီး လျန်ဟွမ်း ရယ်ချင်သွားသည်။ ခေါင်းခါလိုက်သည်။ 
"အဲဒီလောက်တောင် စားကောင်းလို့လား၊ ရှင် မျက်လုံးတွေ အိုးထဲ ကျတော့မယ်"
ဟုန်ကျွင်းရဲ့ သွားရည်ယိုနေတဲ့ပုံစံက ဖက်ထုပ်ကို ကမ္ဘာ့အကောင်းဆုံး အစားအစာလို ကြည့်နေတာ။ ကြည့်ရင်းနဲ့ သူမပါ စားချင်လာပြီ။
ကျိဟုန်ကျွင်းသည် လျန်ဟွမ်းနှင့် မျက်နှာချင်းဆိုင် ရပ်ကာ သူမ စကားကို ကြားသောအခါ ခေါင်းကို လေးလေးနက်နက် ညိတ်ပြသည်။ "မင်း ထုပ်ထားတာ အရမ်း စားကောင်းတယ်"
မထင်မှတ်ဘဲ အချီးမွမ်းခံလိုက်ရသဖြင့် လျန်ဟွမ်းက နားရွက်များ ရဲသွားသည်။ ပန်းကန်လုံး ယူကာ ဖက်ထုပ် အမြန်ထည့်ပြီး ကျိဟုန်ကျွင်းကို ပေးလိုက်သည်။ "ရော့... ဖက်ထုပ်၊ မြန်မြန်စားတော့"
ဒီလူကြီးက ကြည့်တော့ တည်ငြိမ်သလိုလိုနဲ့ လူကို ရင်ခုန်အောင် ပြောတတ်လိုက်တာ။ ချီးကျူးစကား ကြားရတာ ရင်ထဲ နွေးသွားတာပဲ။
ကျိဟုန်ကျွင်းက အားမနာဘဲ ယူလိုက်သည်။ စားပွဲတွင် ဝင်ထိုင်ကာ လက်ဆေးပြီး အားပါးတရ စားတော့သည်။
လျန်ဟွမ်းလည်း ကိုယ့်ဘာသာ တစ်ပန်းကန် ထည့်ပြီး ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင် ထိုင်စားလိုက်သည်။
ဖက်ထုပ်က စားကောင်းသဖြင့် ကျိဟုန်ကျွင်း စားနေစဉ် ဖက်ထုပ်ကိုသာ အာရုံစိုက်ထားသည်။ ခေါင်းငုံ့ပြီး အားပါးတရ စားလိုက်ရာ နာရီဝက်အတွင်း ဖက်ထုပ် ၇ ပန်းကန်၊ ၈ ပန်းကန်လောက် ကုန်သွားသည်။ လျန်ဟွမ်းအိမ်က ပန်းကန်လုံးက ကြီးသည်။ လျန်ဟွမ်းက တစ်ပန်းကန်နှင့် နည်းနည်း ပိုစားလျှင် ဝပြီ။ ကျိဟုန်ကျွင်း၏ စားနိုင်မှုက လူ ၅ ယောက် ၆ ယောက်စာလောက် ရှိသည်။
စားပြီးသော်လည်း လျန်ဟွမ်း မထသေးဘဲ ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ စားနေသည်ကို ဆက်ကြည့်နေသည်။
ဟုန်ကျွင်း စားနေတာ ကြည့်ရတာ ထမင်းမြိန်တယ်။ သူမ ဗိုက်ဝနေပေမဲ့ သူ စားနေတာ ကြည့်ပြီး ထပ်စားချင်လာတယ်။
လျန်ဟွမ်း တွေးရင်း ပန်းကန်ကိုင်ကာ မတ်တတ်ရပ်ပြီး အိုးထဲမှ ဖက်ထုပ် ၆ လုံး ၇ လုံးလောက် ထပ်ထည့်ကာ ကျိဟုန်ကျွင်းနှင့် မျက်နှာချင်းဆိုင် ထိုင်စားလိုက်သည်။
သူမ ဖက်ထုပ်ထပ်ထည့်ပြီး လာထိုင်သည်ကို မြင်သောအခါ ကျိဟုန်ကျွင်း မော့ကြည့်လိုက်သည်။ 
"အရမ်း စားကောင်းတယ် မဟုတ်လား"
လျန်ဟွမ်းနှင့် အတူနေလာတာ ကြာပြီမို့ ကျိဟုန်ကျွင်းက သူမ၏ စားနိုင်မှုကို သိသည်။ ပုံမှန်ဆို ဆန်ပြုတ် တစ်ပန်းကန်နှင့် မုန့်တစ်ချပ် စားလျှင် ဝပြီ။ ခေါက်ဆွဲဆို တစ်ပန်းကန်ခွဲ။ ဒီဖက်ထုပ်ကလည်း တစ်ပန်းကန်ခွဲလောက်ဆို ဝလောက်ပြီ။ ဒီနေ့ သူမ ၃ ခေါက် ထထည့်နေပြီ ဆိုတော့ သူမလည်း ကြိုက်လို့ ဖြစ်မှာ။
ကျိဟုန်ကျွင်း၏ မေးခွန်းကို ကြားသောအခါ လျန်ဟွမ်း ခေါင်းညိတ်လိုက်သည်။ "အင်း... မဆိုးပါဘူး၊ စားကောင်းတယ်"
လျန်ဟွမ်း ပြောပြီးသည်နှင့် ခေါင်းငုံ့စားနေလိုက်သည်။ ကျိဟုန်ကျွင်းလည်း ဆက်စကားမပြောတော့ဘဲ ခေါင်းငုံ့စားလိုက်သည်။
ကျိဟုန်ကျွင်း စားပြီးချိန်တွင် အိုးထဲမှ ဖက်ထုပ်များ ကုန်သွားပြီ ဖြစ်သည်။ သူက ထိုင်ခုံပေါ်တွင် ကျေနပ်အားရစွာ ခဏထိုင်ပြီးမှ ပန်းကန်ဆေးရန် ထလိုက်သည်။ လျန်ဟွမ်းက ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကျိဟုန်ကျွင်းကို ကြည့်လိုက်သည်။ 
"ဒီနေ့ ပထမလပြည့်နေ့ဆိုတော့ အပြင်ထွက်လည်တဲ့သူတွေ ရှိလောက်တယ်၊ ညကျရင် အပြင်ထွက်မလား"
ရွာထဲမှာ အပျော်အပါး သိပ်မရှိဘူး။ နှစ်သစ်ကူးလို ပွဲတော်ရက်တွေကျမှ ရွာသားတွေက အိမ်က အကောင်းဆုံး ပစ္စည်းတွေ ထုတ်ပြီး ပွဲတော်နဲ့ လိုက်ဖက်အောင် နေကြတာ။ ပွဲတော်ပြီးရင် ဘဝက ပိုအဆင်ပြေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
ဒီအချိန်မှာ ဂျုံမှုန့် ရှားပေမဲ့ ဂျုံမှုန့် ရှိတဲ့အိမ်တွေက ပွဲတော်အတွက် မီးခွက် လုပ်ကြလောက်တယ်။ ညဘက်ကျရင် ရွာထဲက ကလေးတွေ ဆီမီးခွက် ကိုင်ပြီး ထွက်လာကြလိမ့်မယ်။ အဲဒီလို ဂျုံမှုန့်နဲ့ လုပ်တဲ့ ဆီမီးခွက်မျိုး သူမ မူလကမ္ဘာမှာတုန်းက ငယ်ငယ်က မြင်ဖူးတယ်။ နောက်ပိုင်း ဘဝတွေ တိုးတက်လာတော့ မမြင်ရတော့ဘူး။ အခု ကလေးတွေ မီးခွက်ကိုင်ပြီး ထွက်လာတာ ကြည့်ချင်လို့ အပြင်ထွက်ချင်တာ။
ကျိဟုန်ကျွင်းက လျန်ဟွမ်းကို ကြည့်လိုက်သည်။ "လမ်းလျှောက် ထွက်ကြတာပေါ့"
ကျိဟုန်ကျွင်း သဘောတူလိုက်သည်။ သူ ပန်းကန်ဆေးပြီးနောက် မီးဖိုချောင်နှင့် အိမ်မကြီး တံခါးကို ပိတ်ကာ လျန်ဟွမ်းကို ခေါ်ပြီး ထွက်လာခဲ့သည်။
အပြင်ဘက် ရွာလမ်းမပေါ်တွင် ကလေးအများအပြား မီးခွက်များ ကိုင်ကာ ကြွားလုံးထုတ်နေကြသည်။ လျန်ဟွမ်း ကလေးများ အနားသို့ လျှောက်သွားသောအခါ ကလေးတစ်ယောက်၏ အပြစ်ကင်းသော စကားသံကို ကြားလိုက်ရသည်။ 
"ဒါ ငါ့အမေ လုပ်ပေးထားတာ၊ ဂျုံမှုန့် အများကြီး ထည့်ထားတာ၊ ကြည့်စမ်း... ငါ့မီးခွက်က ဖြူမနေဘူးလား"
ထိုကောင်လေး ပြောပြီးသည်နှင့် မီးခွက်ကိုင်ထားသော အခြားကောင်လေး တစ်ယောက်က ပြောလိုက်သည်။ "နင့်ဟာက ဆီနည်းတယ်၊ ငါ့ဟာ ကြည့်ပါလား၊ ငါ့အမေက ဝက်ဆီ တစ်ဇွန်းတောင် ထည့်ပေးထားတာ၊ ဒီမီးခွက်က မီးထွန်းလိုက်ရင် မွှေးနေရော၊ ငါ့အမေ ပြောတယ်... ငါ မဆော့ချင်တော့ရင် မီးခွက်ကို ဆီတို့ပြီး စားလိုက်လို့ ရတယ်တဲ့"
"ငါ့ဟာလည်း လှတယ်၊ ငါ့အမေက အပေါ်မှာ အရုပ်လေး လုပ်ပေးထားတယ်၊ ကြည့်... ဒါ ကြက်ပေါက်လေး၊ ငါ့အမေ ပြောတယ်... ငါက ကြက်နှစ်မို့တဲ့၊ ဒါ ငါ့ရာသီခွင် အရုပ်လေ"
ကလေးတစ်သိုက် ကြွားလုံးထုတ်ပြီးသောအခါ အကြီးဆုံး ကောင်လေးက သူ့နောက်မှ လိုက်လာသော ကျိထျဲတန့်ကို ကြည့်ပြီး ပြောလိုက်သည်။ "ထျဲတန့်... ငါတို့မှာ မီးခွက်တွေ ရှိတယ်၊ နင့်မီးခွက်ရော၊ နင့်အမေ လုပ်မပေးဘူးလား"
ကျိထျဲတန့်က ထိုလူကို ကြည့်ပြီး ခေါင်းမာမာဖြင့် ပြောလိုက်သည်။ "ငါ့အမေ လုပ်ပေးတယ်၊ ငါ့မီးခွက်က နင်တို့ဟာထက် အများကြီး ပိုကြီးတယ်၊ ဆီလည်း နင်တို့ဟာထက် ပိုများတယ်၊ ငါ အိမ်ပြန်ယူလိုက်ဦးမယ်"
ထျဲတန့်လေး ပြောပြီးသည်နှင့် ပြေးထွက်သွားသည်။
လျန်ဟွမ်းသည် ကလေးများ၏ စကားသံကို နားထောင်ရင်း မျက်လုံးများက မီးခွက်များပေါ် ရောက်နေသည်။ အဲဒီမီးခွက်တွေက တကယ် လှသားပဲ။ ဒါပေမဲ့ မီးခွက်တွေက မည်းမည်းသည်းသည်း ဖြစ်နေတာ ဂျုံမှုန့် သိပ်မပါဘဲ နှံစားပြောင်းမှုန့်နဲ့ ပဲမှုန့်တွေ ရောထားလို့ နေမှာ။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းဘေးတွင် ကပ်ကာ ရွာလမ်းအတိုင်း လျှောက်လာသည်။ လမ်းတွင် ဆော့ကစားနေသော ကလေးများနှင့် လူကြီးများကို တွေ့ရသည်။ ရွာသား အများစုက တစ်ယောက်နှင့် တစ်ယောက် သိကြသဖြင့် ရင်းနှီးသူများက နှုတ်ဆက်ကြသည်။ သို့သော် ရွာထဲတွင် နှုတ်ဆက်သူများ ရှိသလို တချို့က သူများကို မကြည့်ရရင် မနေနိုင်ဘဲ ပြဿနာ ရှာချင်သူများလည်း ရှိသည်။
…
အခန်း (၅၀)
ကျိဟုန်ကျွင်းနှင့် မတည့်သော လူလေလူလွင့် ကျိကုံးတန့် ဆိုသူ ရှိသည်။ သူက အရင်တုန်းက ရွာထဲတွင် ကျိဟုန်ကျွင်းနှင့် နာမည်ဂုဏ်သတင်း အတူတူပင်။ အလုပ်မလုပ်သော လူပျင်းများ ဖြစ်ကြသည်။ အခု သူက အရင်လိုပဲ အလုပ်မလုပ်၊ ခိုးကြောင်ခိုးဝှက် လုပ်နေဆဲ ဖြစ်ပြီး အသက် ၂၄ နှစ် ရှိပြီ ဖြစ်သော်လည်း မိန်းမ မရသေးပေ။ ကျိဟုန်ကျွင်းက သူနှင့် အတူတူ အလုပ်မလုပ်သူ ဖြစ်သော်လည်း မိန်းမ ရထားသဖြင့် ကျိဟုန်ကျွင်းကို ကြည့်မရပေ။
"ကျိဟုန်ကျွင်း... မင်းက အပြင်မှာ လျှောက်သွားနေနိုင်သေးတယ်ပေါ့၊ ငါ ကြားတာ မင်းအဖေ ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်ဆို၊ မင်း ဆေးရုံသွားပြီး မပြုစုဘူးလား၊ သားမိုက်"
အဖေကျိ ဆေးရုံတက်ရသည့် ကိစ္စကို ရွာသား အများစု သိကြသည်။ အဖေကျိက အပြစ်ပေးခံရတာ၊ ခြေထောက်တစ်ဖက်လုံး မည်းပုပ်နေတာ၊ နောက်ဆို ကောင်းပါ့မလား မသိဘူးဟု ပြောဆိုနေကြသည်။
ရွာသားများ သိကြသော်လည်း မနေ့က အဖေကျိ မိသားစုက ကျိဟုန်ကျွင်းကို ဈေးကစားပါတယ်ဟု ပြောထားသဖြင့် ရွာသားများက ကျိဟုန်ကျွင်းကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မပြောကြပေ။ ကျိကုံးတန့်က ပထမဆုံး ထိုကိစ္စကို ကျိဟုန်ကျွင်း ရှေ့တွင် လာရွဲ့သူ ဖြစ်သည်။
ကျိဟုန်ကျွင်းက အဖေကျိအပေါ် သံယောဇဉ် မရှိပေ။ ကျိကုံးတန့်၏ စကားကို ကြားသောအခါ အေးစက်စက် ကြည့်လိုက်သည်။ "ဒီနေ့ လျိုအာကုံးက မုဆိုးမလီကို သွားရှာတယ်"
ကျိကုံးတန့်သည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ဒေါသထွက်သွားသည်။ သူနှင့် မုဆိုးမလီတို့ ငြိစွန်းနေသည်ကို ရွာထဲမှ လူလေလူလွင့် အချို့ သိကြသည်။ မထင်မှတ်ဘဲ ကျိဟုန်ကျွင်းက သိနေသည်။ လျိုအာကုံးက မုဆိုးမလီ၏ အိမ်ထဲမှ ထွက်လာသည်ကို ကျိဟုန်ကျွင်းက မြင်ဖူးသည်။ သူနှင့် လျန်ဟွမ်းတို့က အိမ်မှ ထွက်လာစဉ် လျိုအာကုံးက ရွာထိပ်ဘက် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုလမ်းက မုဆိုးမလီ အိမ်သွားရာ လမ်းဖြစ်သည်။
ကျိကုံးတန့်သည် ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ကျိဟုန်ကျွင်းကို ပြဿနာ ဆက်မရှာနိုင်တော့ဘဲ ရွာထိပ်ဘက်သို့ တန်းပြေးသွားသည်။
လျန်ဟွမ်းသည် ကျိဟုန်ကျွင်းဘေးတွင် ရပ်နေသဖြင့် သူတို့ ပြောစကားများကို အကုန်ကြားလိုက်ရသည်။ သူမ ကျိဟုန်ကျွင်း၏ လက်ကို ဆွဲလိုက်သည်။ 
"သူနဲ့ မုဆိုးမလီက ဘာပတ်သက်လို့လဲ၊ ရှင်က ဘယ်လို သိတာလဲ"
ကျိကုံးတန့် ပုံစံကြည့်ရတာ သူ့မိန်းမ ဖောက်ပြန်တာကို မိလိုက်သလိုပဲ။ သူနဲ့ မုဆိုးမလီက ရိုးရိုးတော့ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဟုန်ကျွင်းက ဘယ်လို သိတာလဲ။
ကျိဟုန်ကျွင်းက လျန်ဟွမ်း လက်ကို ဆုပ်ကိုင်ပြီး ရှေ့ဆက်လျှောက်လာသည်။ "လျိုအာကုံးက မုဆိုးမလီ အိမ်ထဲက ထွက်လာတာ မတော်တဆ တွေ့ဖူးလို့ပါ"
"ဪ" လျန်ဟွမ်းက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ သူများကိစ္စမို့ သိပ်စိတ်မဝင်စားတော့ဘဲ ဆက်မမေးတော့ပေ။ ကျိဟုန်ကျွင်းနှင့်အတူ ရှေ့ဆက်လျှောက်လာသည်။
လျှောက်ရင်း လျှောက်ရင်း သူတို့ ရွာထိပ်သို့ ရောက်လာသည်။ သူတို့ လျှောက်ထားသော အိမ်ရာမြေကွက်လပ်သို့ ရောက်လာသည်။ ရွာထိပ်တွင် လူနည်းသော်လည်း ဒီနေ့ ပထမလပြည့်နေ့ ဖြစ်သဖြင့် လပြည့်ဝန်းကြီးက ကြီးမားဝိုင်းစက်နေပြီး မြေပြင်ကို လင်းထိန်နေအောင် ထွန်းလင်းနေသည်။ လျန်ဟွမ်းသည် ကွက်လပ်ကို ကြည့်ပြီး ကျိဟုန်ကျွင်းကို ပြောလိုက်သည်။ 
"ကျွန်မတို့ ဒီမှာ အိမ်နှစ်လုံး ဆောက်မယ်၊ ပြီးရင် ခြံဝင်းကျယ်ကျယ် ခတ်လိုက်မယ် ရမလား၊ ခြံဝင်းကျယ်ကျယ် ခတ်ပြီးရင် ခြံထဲမှာ ဟင်းရွက်နည်းနည်း စိုက်လို့ ရတာပေါ့၊ ရွာထဲမှာ ကြက်ဘဲ မွေးခွင့်ပြုတယ် ထင်တယ်၊ နှစ်ယောက်ဆို တစ်ကောင် မွေးလို့ရတယ်၊ ကျွန်မတို့ ကြက်တစ်ကောင် မွေးကြမယ်"
သူမ နေရာလွတ်ထဲမှာ ကြက်နည်းနည်း ခိုးမွေးလို့ ရသေးတယ်၊ ကြက်ဥ ဥရင် ကြက်ဥ စားလို့ ရတာပေါ့။
ကျိဟုန်ကျွင်းက ကွက်လပ်ကို ကြည့်ပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။ 
"အိမ်သုံးလုံး ဆောက်မယ်၊ အိပ်ခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ မီးဖိုချောင်ကို အပြင်ထုတ် ဆောက်မယ်၊ အိမ်မကြီးနဲ့ မတွဲဘူး၊ ခြံဝင်းကို မင်းသဘောအတိုင်း ကျယ်ကျယ် ခတ်မယ်၊ ကြက် မင်း မွေးချင်ရင် မွေးပေါ့"
အိပ်ခန်း တစ်ခန်းက ကျဉ်းတယ်။ နောက်ဆို ကလေးရရင် အဆင်မပြေဘူး။ အိပ်ခန်း နှစ်ခန်း ဆောက်တာ ပိုအဆင်ပြေတယ်။
အုတ်အိမ် သုံးလုံး ဆောက်တာကို လျန်ဟွမ်း သဘောကျသော်လည်း အိမ်က ပိုက်ဆံ မလောက်မှာ စိုးရိမ်သည်။ ကျိဟုန်ကျွင်းက ပိုက်ဆံရှာဖို့ မနေ့ညက တစ်ညလုံး အိမ်ပြန်မလာခဲ့ဘူး။ ဒီနေ့လည်း ထပ်သွားမှာကို သူမ မလိုလားပေ။
သူမက ကျိဟုန်ကျွင်းကို ဒီရက်ပိုင်း တောင်ပေါ်မတက်စေချင်ဘူး။ တောင်ပေါ်တက်ချင်ရင် အိမ်သစ်ပြောင်းပြီးမှ တက်စေချင်တယ်။ အဲဒီကျရင် သူတို့က ရွာထိပ်မှာ နေတာဆိုတော့ ဘယ်သူမှ သတိမထားမိဘူး။ တောင်ပေါ်တက်ရတာ အဆင်ပြေတယ်။ ပြီးတော့ ခဏနေရင် သူတို့ရွာ အတိုင်ခံရတဲ့ ကိစ္စက ငြိမ်သွားလိမ့်မယ်။ အထက်က စောင့်ကြည့်တာလည်း လျော့သွားလိမ့်မယ်။ အဲဒီကျမှ တောင်ပေါ်တက်ရင် အန္တရာယ် ပိုကင်းတယ်။
"သုံးလုံး ဆောက်ရင် ကျွန်မတို့ ပိုက်ဆံ လောက်ပါ့မလား"
ကျိဟုန်ကျွင်းက အိမ်က ပိုက်ဆံကို တွက်ချက်ထားပြီးသား ဖြစ်သည်။ လျန်ဟွမ်း၏ စကားကို ကြားသောအခါ ပြန်ဖြေလိုက်သည်။ "လောက်ပါတယ်၊ ခေါင်းဆောင်ကို အိမ်ဟောင်း ရောင်းပေးဖို့ ပြောထားတယ်၊ ယွမ် ၁၀၀ လောက်တော့ ရမှာပါ၊ အခုရှိတဲ့ ပိုက်ဆံက အုတ်ဝယ်ဖို့ လောက်တယ်၊ အိမ်ရောင်းရတဲ့ ပိုက်ဆံကို ဘိလပ်မြေဝယ်ဖို့၊ လက်ခပေးဖို့ သုံးရင် လောက်ပါတယ်"
ပိုက်ဆံလောက်တယ်ဆိုတော့ လျန်ဟွမ်းလည်း အိမ်ကြီးကြီး ဆောက်ချင်သည်။ ကျိဟုန်ကျွင်း၏ စကားကို ကြားသောအခါ ပြောလိုက်သည်။ "ကောင်းပြီ... ဒါဆို ရှင်ပြောသလို အိမ်သုံးလုံး ဆောက်မယ်"
အိမ်ရာမြေ ကြည့်ပြီး လျန်ဟွမ်းက အိမ်မပြန်ချင်သေးပေ။ ရှေ့က လမ်းကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်မတို့ ရှေ့နားလေးထိ လျှောက်သွားရအောင်"
လမ်းလျှောက်လာတာ ခဏကြာပြီမို့ ခန္ဓာကိုယ်က နွေးထွေးလာသည်။ အိမ်မပြန်ချင်သေးပေ။ ထမင်းစားပြီး လမ်းလျှောက်မထွက်ရတာ ကြာပြီ။ လမ်းလျှောက်ရင်း လရောင်ကို ကြည့်ရတာ စိတ်ကြည်နူးစရာ ကောင်းသည်မို့ အိမ်မပြန်ချင်သေးပေ။
"ကောင်းပြီ" ကျိဟုန်ကျွင်းက လျန်ဟွမ်း လက်ကို ဆွဲပြီး ရှေ့ဆက်လျှောက်လာသည်။
ရှေ့တွင် တောင်ကုန်းအောက် ရောက်ခါနီးပြီမို့ သစ်ပင်များ ပေါများလာသည်။ လေအေးတိုက်သောအခါ အနည်းငယ် ခြောက်ခြားစရာ ကောင်းလာသည်။ လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်း ခဏလျှောက်ပြီးနောက် လျန်ဟွမ်းက ကျိဟုန်ကျွင်း လက်ကို ဆွဲလိုက်သည်။ "အချိန်လည်း မစောတော့ဘူး၊ ပြန်ကြစို့"
"အင်း" ကျိဟုန်ကျွင်း ပြန်ဖြေလိုက်သည်။ လျန်ဟွမ်း လက်ကို ဆွဲပြီး ပြန်လှည့်လာသည်။ သို့သော် ပြန်လှည့်ချိန်တွင် မျက်လုံးက ဘေးနားရှိ ချုံပုတ်တစ်ခုဆီသို့ ရောက်သွားသည်။
ကျိဟုန်ကျွင်းနှင့် လျန်ဟွမ်း ထွက်သွားပြီး မကြာမီ ချုံပုတ်ထဲမှ လူနှစ်ယောက် ထွက်လာသည်။ နှစ်ယောက်စလုံး ဖုန်ပေရေနေသည်။ အရပ်ပုသော အမျိုးသားက ဘေးမှ အရပ်ရှည်သော အမျိုးသားကို မေးလိုက်သည်။ "သူတို့ ကျွန်တော်တို့ကို မြင်သွားလား"
"မသိဘူး၊ သွားစို့" အရပ်ရှည်သော အမျိုးသားက ပြောပြီးသည်နှင့် တောင်ပေါ်သို့ တက်သွားသည်။
အရပ်ပုသော အမျိုးသားက အနောက်မှ အမြန် လိုက်သွားသည်။ 
"ခေါင်းဆောင်... ကျွန်တော်တို့ တောင်ပေါ်မှာ စောင့်နေတာ နှစ်ရက်ရှိပြီ၊ ဘာအန္တရာယ်ကောင်မှ မတွေ့ဘူး၊ ကျွန်တော်တို့ ဘယ်တော့ ပြန်ရမှာလဲ"
အရပ်ရှည်သော အမျိုးသားက ဘာမှ မပြောဘဲ တောင်ပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်သွားသည်။ အရပ်ပုသော အမျိုးသားက နောက်မှ အမှီလိုက်သွားရသည်။
လျန်ဟွမ်းနှင့် ကျိဟုန်ကျွင်းတို့ အိမ်ပြန်ရောက်သောအခါ ခြံထဲမဝင်ခင်မှာပင် ဘေးဘက်ရှိ အဖေကျိအိမ်မှ ဒုတိယချွေးမ၏ ဆူညံသံကို ကြားလိုက်ရသည်။
"အိမ်မှာ ဂျုံမှုန့်မှ မရှိတာ၊ ငါ ဘယ်လိုလုပ် မီးခွက် လုပ်ပေးရမှာလဲ၊ မီးခွက် လိုချင်ရင် နင့်အဒေါ်ကြီးဆီ သွားတောင်း၊ အိမ်က ဆန်ရေစပါး အကုန်လုံး သူ ကိုင်ထားတာ"
"မသိဘူး၊ သား မီးခွက် လိုချင်တယ်၊ သားကို မီးခွက် လုပ်ပေးရမယ်" ထျဲတန့်လေးက ကြမ်းပြင်ပေါ် လူးလှိမ့်နေသည်။
ဒုတိယချွေးမက မျက်နှာထား တင်းမာစွာဖြင့် ကျိအစ်မကြီးကို ကြည့်လိုက်သည်။ 
"အစ်မ... တွေ့တယ်မလား၊ ထျဲတန့်လေးက မီးခွက် လိုချင်နေတာ၊ သူက အိမ်ရဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးလေ၊ ကြည့်ပြီး သူ့ကို မီးခွက် လုပ်ပေးလိုက်ပါလား"
"ဂျုံမှုန့် မရှိဘူး၊ ဂျုံမှုန့်တွေ အကုန်လုံး အမေ သိမ်းထားတာ၊ ငါ မီးခွက် လုပ်လို့ မရဘူး"
လျန်ဟွမ်းသည် ဟိုဘက်အိမ်မှ ဆူညံသံများကို လျစ်လျူရှုလိုက်သည်။ ကိုယ့်အိမ်တံခါး ကိုယ်ဖွင့်ပြီး ကျိဟုန်ကျွင်း ဝင်သွားသည်နှင့် တံခါးကို အတွင်းမှ ပိတ်လိုက်သည်။ မီးဖိုချောင်ထဲ ဝင်ကာ ခြေထောက်ဆေးရန် ရေနွေးတည်လိုက်သည်။ ရေချိုးသန့်စင်ပြီး စောစော အနားယူရမည်။
မနက်ဖြန် အိမ်မှာ အုတ်သယ်ရတော့မည်။ စောစော အနားယူပြီး စောစော ထမှ အုတ်သယ်တာ ပြီးမှာ။
လျန်ဟွမ်းက ရေချိုးသန့်စင်ပြီး ခုတင်ပေါ် လှဲလိုက်သည်။ လျန်ဟွမ်း တွေးထားသည်မှာ ကောင်းသော်လည်း ကျိဟုန်ကျွင်းက သူမ ခုတင်ပေါ် ရောက်သည်နှင့် နက်နဲသော မျက်လုံးများဖြင့် တစ်ချက်ကြည့်ပြီး ခြေဆေးရေ ယူကာ ထွက်သွားသည်။
ကျိဟုန်ကျွင်းက ခြေဆေးရေကို အိမ်မကြီးထဲ မယူလာဘဲ မီးဖိုချောင်ထဲတွင်သာ ဆေးပြီး ပြန်လာသည်။
ကျိဟုန်ကျွင်း ပြန်လာသောအခါ အိမ်မကြီး တံခါးကို အတွင်းမှ သေချာ ပိတ်လိုက်သည်။ ထို့နောက် ခုတင်ခေါင်းရင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်။
ရေနံဆီ မီးရောင်အောက်တွင် လျန်ဟွမ်း၏ မျက်နှာလေးမှာ အလင်းရောင် တစ်လွှာ အုပ်ထားသကဲ့သို့ ဝါဖျော့ဖျော့ လင်းလက်နေသည်။ ကျိဟုန်ကျွင်းက စားပွဲပေါ်မှ မီးခွက်ကို မှုတ်ပြီး ငြှိမ်းလိုက်သည်။ လျန်ဟွမ်း ရှေ့သို့ နှစ်လှမ်း လျှောက်လာပြီး ဝါဂွမ်းအင်္ကျီကို ချွတ်လိုက်သည်။
အမှောင်ထဲတွင် လျန်ဟွမ်းက မတော်တဆ မော့ကြည့်လိုက်မိရာ ကျိဟုန်ကျွင်း၏ လှုပ်ရှားမှုကို မြင်လိုက်ရသဖြင့် ရင်ခုန်သံ မြန်သွားသည်။
နောက်တစ်ခိုက်တွင် ဟုန်ကျွင်းက သူမအပေါ် ဖိကျလာတော့မည်ဟု ခံစားလိုက်ရသည်။
လျန်ဟွမ်း၏ ခံစားချက်က မမှားပေ။ အမှောင်ထဲတွင် ကျိဟုန်ကျွင်း၏ မျက်လုံးများက လျန်ဟွမ်း မျက်နှာပေါ် ကျရောက်နေသည်။ သူ့အကြည့်များက နက်ရှိုင်းပြီး မျက်လုံးထဲတွင် မီးတောက်များ တောက်လောင်နေသည်။ စောင်ကို လှန်ကာ ခုတင်ပေါ်တက်ပြီး လျန်ဟွမ်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
လက်ဖဝါးမှ အပူချိန် စီးဆင်းလာသည်။ လျန်ဟွမ်းက ကျိဟုန်ကျွင်း၏ ပူလောင်မှုကို ခံစားနေရသည်။ သူ့လက်များက အရမ်း ပူနေသည်။ သူ၏ ခန္ဓာကိုယ်က အပူရှိန်ကဲ့သို့ ပူလောင်ပြီး ဆွဲဆောင်မှု ရှိနေသည်။
လျန်ဟွမ်းက မျက်နှာ ရဲသွားသည်။ ရင်ထဲတွင်လည်း အပူလှိုင်းများ တက်လာသည်။ သူမက ကျိဟုန်ကျွင်း၏ လက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။
လျန်ဟွမ်း၏ လှုပ်ရှားမှုက ကျိဟုန်ကျွင်းကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျိဟုန်ကျွင်း၏ ခန္ဓာကိုယ် ပြောင်းလဲမှုများ ချက်ချင်း ပိုမို သိသာလာသည်။ အမှောင်ထဲတွင် သူ နှုတ်ခမ်းထောင့်စွန်းက ကော့တက်သွားသည်။ စိတ်ကို မထိန်းချုပ်တော့ဘဲ နှုတ်ခမ်းများက လျန်ဟွမ်းနှုတ်ခမ်းနား ကပ်သွားသည်။
......
နောက်တစ်နေ့တွင် လျန်ဟွမ်း နေမြင့်သည်အထိ အိပ်ပျော်နေပြီး မျက်လုံးဖွင့်လိုက်သည်။ တံခါးကြားမှ နေရောင်ခြည် ဝင်ရောက်နေသည်ကို မြင်သောအခါ လျန်ဟွမ်း အဝတ်အစား ကောက်ဝတ်လိုက်သည်။
သူမ ဒီနေ့ စောစောထမယ် စိတ်ကူးထားတာ။ အခုထိ အိပ်ပျော်နေမိတယ်။
ဘေးနားက နေရာကို တစ်ချက်ကြည့်လိုက်ပြီး စမ်းကြည့်လိုက်ရာ အေးစက်နေသည်။ ဟုန်ကျွင်း ထသွားတာ ကြာပြီ ထင်တယ်။ အုတ်သွားသယ်နေပြီလား မသိဘူး။
လျန်ဟွမ်းက အိပ်ရာထပြီး အိမ်မကြီးထဲမှ ထွက်လာသည်။ ခြံဝင်းထဲ တစ်ချက်ကြည့်လိုက်ရာ ဘယ်သူမှ မရှိပေ။ မီးဖိုချောင်ဘက် သွားကြည့်ရာ မီးဖိုချောင်ထဲတွင်လည်း ဘယ်သူမှ မရှိပေ။
ကျိဟုန်ကျွင်း အုတ်သွားသယ်နေတာ ဖြစ်မယ်။ လျန်ဟွမ်း စိတ်ပျက်သွားသည်။ ရေအိုးစင်နား လျှောက်သွားပြီး မျက်နှာသစ်ရန် ရေခပ်မည် ပြုစဉ် အိုးကို ဖွင့်ကြည့်လိုက်သည်။
အိုးထဲတွင် ထမင်းကျန် ရှိနေပြီး ရေနွေးအိုး တည်ထားသည်။ သူမ မျက်နှာသစ်ရန် အဆင်သင့် ဖြစ်နေသည်။
လျန်ဟွမ်း ရေနွေးဖြင့် မျက်နှာသစ်လိုက်သည်။ ထို့နောက် ဆန်ပြုတ် တစ်ပန်းကန် သောက်လိုက်သည်။ ပြီးမှ အိုးဆေး ပန်းကန်ဆေးသည်။ အိမ်မှုကိစ္စ ပြီးသောအခါ အိမ်ထဲမှ ထွက်လာသည်။
လျန်ဟွမ်း ခြံဝင်းထဲမှ ထွက်လာသောအခါ သူမတို့ အိမ်ရှေ့ လမ်းကြားလေးထဲတွင် လူအတော်များများ စကားပြောနေကြသည်။ လျန်ဟွမ်း ထွက်လာသည်ကို မြင်သောအခါ ဒေါ်ကြီးတစ်ယောက်က လက်လှမ်းပြသည်။ "ဟုန်ကျွင်းမိန်းမ... ဒီလာ စကားပြောရအောင်"
အဲဒီအဒေါ်ကြီးကို လျန်ဟွမ်း မြင်ဖူးသည်။ ဦးလေးမာအိမ်ဘေးကပ်လျက်တွင် နေထိုင်သူ ဖြစ်သည်။ ပုံမှန်လည်း စကား တစ်ခွန်းစ နှစ်ခွန်းစ ပြောဖူးသော်လည်း သိပ်မရင်းနှီးပေ။ သူမ ခေါ်သည်ကို ကြားသောအခါ လျန်ဟွမ်း တွန့်ဆုတ်မနေဘဲ လျှောက်သွားလိုက်သည်။
"ဒေါ်ဒေါ်... ကိစ္စ ရှိလို့လား" လျန်ဟွမ်းက ထိုဒေါ်ကြီးကို ပြုံးပြလိုက်သည်။
ထိုဒေါ်ကြီးက လျန်ဟွမ်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ 
"ဟုန်ကျွင်းမိန်းမ... ဒေါ်ဒေါ် တွေ့လိုက်တယ်၊ ညည်းတို့ ဟုန်ကျွင်းနဲ့ အုတ်လာပို့တဲ့ ကားနဲ့ အတူတူ ပြန်လာတာ၊ အုတ်တွေ အများကြီးပဲ၊ ဘယ်သူ့အိမ်က မှာတာလဲ"
အုတ်နီခဲတွေ အများကြီးပဲ။ သူမ ကြည့်ပြီး အားကျနေတာ။ ရွာထဲမှာ အုတ်နီခဲ ရဖို့ ရှားတယ်လေ။ ရွာထဲမှာ အုတ်အိမ် ဆောက်ထားတဲ့ အိမ်နှစ်အိမ်ရှိပေမဲ့ အဲဒါတွေက အုတ်စိမ်းတွေနဲ့ ဆောက်ထားတာ။ ဒီလို အုတ်နီခဲ အကြီးကြီးတွေက သူတို့ရွာမှာ ဒါ ပထမဆုံးပဲ။
"ကျွန်မလည်း သိပ်မသိပါဘူး၊ ဟုန်ကျွင်းက လွန်ခဲ့တဲ့ နှစ်ရက်က အိမ်ဆောက်မယ် ပြောတယ်၊ ဒုတိယဦးလေးနဲ့ အစ်ကိုကျန့်ရှဲ့ဆီက ပိုက်ဆံ ချေးထားတယ်၊ ဟုန်ကျွင်း ယူတာ ဖြစ်လောက်တယ်၊ ဒေါ်ဒေါ်... ကျွန်မ သွားကြည့်လိုက်ဦးမယ်" လျန်ဟွမ်း ပြောရင်း ရွာထိပ်ဘက်သို့ ထွက်လာခဲ့သည်။
ဟုန်ကျွင်းက တကယ် မြန်တာပဲ။ အခု အုတ်တွေ သယ်လာပြီပေါ့။ ဘယ်တုန်းက သွားသယ်လိုက်တာလဲ မသိဘူး။
လျန်ဟွမ်း ရွာထိပ် ရောက်သောအခါ ကျိဟုန်ကျွင်းက အုတ်ကူချနေသည်။ ရွာထဲက လူတွေလည်း ဝိုင်းကူနေကြသည်။ ဒီခေတ်မှာ အုတ်က ရတောင့်ရခဲပစ္စည်းဖြစ်သဖြင့် ကျိဟုန်ကျွင်း အုတ်ဝယ်လာသည်ကို မြင်သောအခါ ရွာထဲမှ သန်သန်မာမာ ယောကျ်ားသား အများအပြား လာကူညီကြသည်။
လျန်ဟွမ်း ရောက်လာသည်ကို ကျိဟုန်ကျွင်း မြင်လိုက်သည်။ မတ်တတ်ထရပ်ပြီး လျန်ဟွမ်း ဆီသို့ လျှောက်လာသည်။ 
"ဟွမ်းဟွမ်း"
လျန်ဟွမ်းက ကျိဟုန်ကျွင်း ရှေ့တွင် ရပ်လိုက်သည်။ "အင်း... ဟုန်ကျွင်း... ရှင် ဘယ်အချိန်က မြို့သွားတာလဲ၊ ဒီလောက် စောစောစီးစီး အုတ်တွေ ရောက်လာပြီ"
"အုတ်စက်ရုံက အလုပ်သမားတွေက မနေ့ကတည်းက ကားပေါ် တင်ထားပြီးသား၊ ကိုယ် ဒီနေ့ သွားပြောလိုက်တာနဲ့ အုတ်တွေ သယ်လာကြတာ၊ ဟွမ်းဟွမ်း... ဒီနေ့ ရွာထဲက လာကူတဲ့လူတွေ များတယ်၊ နေ့လယ်ကျရင် ထမင်းဟင်း နည်းနည်း ချက်လိုက်ပါ၊ ကိုယ်တို့ ထမင်းကျွေးရမယ်" 
ကျိဟုန်ကျွင်းက အုတ်ကူချပေးနေသူများကို ကြည့်ပြီး လျန်ဟွမ်းကို ပြောလိုက်သည်။
သူများ ကူညီတာကို လျန်ဟွမ်းလည်း အလကား မကူညီခိုင်းသင့်မှန်း သိသည်။ လုပ်အားခ မပေးနိုင်ရင်တောင် ထမင်းကျွေးတာက လုပ်သင့်သည့် ကိစ္စဖြစ်သည်။ သူမ ခေါင်းညိတ်လိုက်သည်။ 
"ကောင်းပြီ... ကျွန်မ အခု ပြန်ချက်လိုက်မယ်"
နေ့လယ်ကျရင် သူမ ကြည့်ပြီး ထမင်းဟင်း များများ ချက်လိုက်မယ်။ သူတို့ ဗိုက်ဝအောင် ကျွေးလိုက်မယ်။ ပြီးရင် ဟုန်ကျွင်းကို ရွာက လူတွေဆီက အိမ်ဆောက်မဲ့ အကူအညီ တောင်းခိုင်းရမယ်။
…


 

Search Novels