🖼🖼🖼🖼အခန်း (၂၆)
 – ငွေသုံးခြင်း


ကိစ္စအဝဝ ပြီးပြတ်သွားချိန်တွင် မွန်းလွဲပိုင်းပင် ရောက်နေပြီဖြစ်သည်။

သူတို့နှစ်ဦးစလုံး ဗိုက်ထဲမှ တဂွီဂွီမြည်သည်အထိ ဆာလောင်နေကြပြီဖြစ်ရာ ဗိုက်ဖြည့်ရန် သပ်ရပ်သန့်ရှင်းသော ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်ထဲသို့ အလွယ်တကူပင် ဝင်လိုက်ကြသည်။

ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ ခေါက်ဆွဲဆိုင်ထဲ ဝင်လာသည့်အခါ ဆိုင်ပိုင်ရှင်က မြင်မြင်ချင်းပင် စိတ်ကြည်နူးမှုကို ခံစားလိုက်ရသည်။

အဓိကက ထိုသူနှစ်ဦးစလုံးသည် အလွန်အမင်း ရုပ်ရည်ချောမော ကြည့်ကောင်းလွန်းသောကြောင့်ပင်။ အမျိုးသမီးငယ်လေး၏ မျက်နှာက နုနယ်ချောမောပြီး နှုတ်ခမ်းထောင့်စွန်းများတွင် အပြုံးဖျော့ဖျော့လေး ရှိနေကာ အလွန်ချစ်စရာကောင်းလှသည်။ 

သူမဘေးမှ အမျိုးသားလေးကလည်း ရုပ်ရည်ခံ့ညားပြီး သန့်ပြန့်သော်လည်း အနည်းငယ် ခက်ထန်ကြမ်းတမ်းပုံပေါက်နေသည်။ သို့သော်လည်း အမျိုးသမီးငယ်လေးအပေါ် ထားရှိသည့် သူ၏ ဂရုစိုက်ကြင်နာမှုကမူ အထင်အသားပင် ဖြစ်နေ၏။

၎င်းက လက်ထပ်စာချုပ် အသစ်စက်စက် ချုပ်ဆိုပြီးကာစ ဇနီးမောင်နှံအသစ်လေး ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ခေါက်ဆွဲဆိုင်ပိုင်ရှင်က အငွေ့တထောင်းထောင်း ထွက်နေသော ခေါက်ဆွဲနှစ်ပွဲကို ယူဆောင်လာပြီး ပြုံးလျက် ပြောလိုက်သည်။ 

“ဒီလောက်အထိ လိုက်ဖက်ညီတဲ့ ဇနီးမောင်နှံကို တွေ့ရခဲတယ်… ဥတွေကိုတော့ လက်ဆောင်အဖြစ် ထည့်ပေးထားပါတယ်… မင်္ဂလာလက်ဆောင်လို့ပဲ သဘောထားပေးပါ…”

ဟယ်ယဲ့ချင်း ငုံ့ကြည့်လိုက်သောအခါ ဆူပွက်နေသော ခေါက်ဆွဲပူပူတစ်ပွဲစီ၏ အပေါ်တွင် ရွှေဝါရောင်သန်းကာ ကြွပ်ရွနေသည့် ကြက်ဥကြော်တစ်လုံးစီ တင်ထားသည်ကို တွေ့လိုက်ရသည်။

“ကျေးဇူးအများကြီးတင်ပါတယ်…” 

ဟယ်ယဲ့ချင်းက တောက်ပစွာ ပြုံးပြလျက် ပြောလိုက်သည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး…” 

ခေါက်ဆွဲဆိုင်ပိုင်ရှင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြောသည်။ 

“ကျွန်တော် ဒီဆိုင်ကို ဖွင့်လာတာ နှစ်အတော်ကြာပါပြီ… အိမ်ထောင်ကျခါစ လင်မယားအသစ်တွေ အများကြီးပဲ ဒီမှာ လာစားဖူးကြတယ်… ကျွန်တော့်ဆိုင်မှာ လာစားတဲ့ ဇနီးမောင်နှံတိုင်းက သာယာချိုမြိန်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ကြပြီး နောက်တစ်နှစ်မှာတင် ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ရကြတယ်လို့ ပြောကြတယ်…”

ဟယ်ယဲ့ချင်း : “…”

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမက ရယ်ရခက် ငိုရခက်ဖြစ်လျက်ဖြင့် ဆိုလိုက်ရသည်။

“ဒါဆိုလည်း ဆုမွန်ကောင်း တောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…”

ခေါက်ဆွဲဆိုင်ပိုင်ရှင်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြသည်။ 

“ဟုတ်ကဲ့… ဟုတ်ကဲ့… မိန်းကလေးတို့ နောင်မှာ မွေးလာမယ့် ကလေးတွေကလည်း သေချာပေါက် အရမ်း ချောမောလှပမှာပါပဲ…”

သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရှန်လီက ဟယ်ယဲ့ချင်းကို မသိမသာ ခိုးကြည့်လိုက်မိသည်။

ဟယ်ယဲ့ချင်းက သူ့အကြည့်ကို သတိပြုမိသွားပြီး သူက ဆိုင်ပိုင်ရှင်၏ စကားများကို သဘောမကျဘဲ စိတ်အနှောင့်အယှက် ဖြစ်သွားသည်ဟု ထင်မှတ်ကာ မဟုတ်ပါဘူးဟူသော သဘောဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

ရှန်လီက မျက်တောင်ချလိုက်ပြီး ခေါက်ဆွဲစားခြင်းကိုသာ အာရုံစိုက်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် သူ မည်သည့်အရာများ တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။

သူတို့နှစ်ဦးသည် အစကတည်းက စိမ်းသက်သူများသာ ဖြစ်ကြပြီး၊ အခြားသူတစ်ဦး၏ စေတနာပါသော စနောက်မှုကို လိုက်လံရှင်းပြနေရန် မလိုအပ်ပေ။ ထို့အပြင် နောက်နောင်တွင်လည်း ထိုဆိုင်ပိုင်ရှင်နှင့် ပြန်တွေ့ကြရတော့မည် မဟုတ်ချေ။

…

ခေါက်ဆွဲဆိုင်မှ ထွက်လာပြီးနောက် ဟယ်ယဲ့ချင်းက ရှန်လီကို မေးလိုက်သည်။

“ကျွန်မတို့ အခု ပြန်ကြတော့မလား…”

သို့သော် ရှန်လီက ခေါင်းခါပြလျက် ဆိုသည်။
“တစ်ခုခု သွားဝယ်ရအောင်…”

ဟယ်ယဲ့ချင်းသည် ရှန်လီက သူ့အတွက် တစ်ခုခု ဝယ်ယူရန်ဟု ထင်မှတ်သဖြင့် မည်သည့်ကန့်ကွက်မှုမျှမရှိဘဲ သူ့နောက်သို့ လိုက်ပါခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့က ဇနီးမောင်နှံအသစ်များ ဖြစ်သွားကြပြီဖြစ်ရာ ရွာသို့ အတူတူ ပြန်ကြရမည်ဖြစ်သည်။ သို့မဟုတ်ပါက ရွာသားများ မြင်တွေ့သွားလျှင် အတင်းအဖျင်း စကားများ သေချာပေါက် ထွက်ပေါ်လာပေလိမ့်မည်။

သို့သော် ဟယ်ယဲ့ချင်း မမျှော်လင့်ထားသည်က သူတို့ လျှောက်လှမ်းလာခဲ့သည့် လမ်းသည် အဝတ်အထည်ဆိုင်တစ်ဆိုင်၏ ရှေ့တွင် ဆုံးခန်းတိုင်သွားခြင်းပင် ဖြစ်သည်။

ဤခေတ်ကာလတွင် ရှီနန်ခရိုင်၏ တစ်ခုတည်းသော ဈေးဝယ်စင်တာက ခရိုင်အစိုးရပိုင် ကုန်တိုက်ကြီးသာ ဖြစ်သေးပြီး ထိုနေရာတွင် စက်ဘီးများ၊ အပ်ချုပ်စက်များ၊ တီဗီများနှင့် အခြားသော လက်တွေ့အသုံးဝင်မည့် ပစ္စည်းအမျိုးမျိုးကို ဝယ်ယူနိုင်သည်။

အဝတ်အထည်များလည်း ရှိသော်လည်း ထိုကုန်တိုက်ကြီးရှိ အဝတ်အထည်များက အိုဟောင်းနေ‌ပြီ‌ဖြစ်သော ပုံစံများ ဖြစ်နေပြီး အရောင်အသွေးကလည်း မှိုင်းညို့နေသဖြင့် လူငယ်များ၏ စိတ်ကို မဆွဲဆောင်နိုင်ပေ။

သက်ကြီးရွယ်အို အများစုက ကုန်တိုက်မှ အထည်စများကို ဝယ်ယူပြီးမှ အပ်ချုပ်ဆရာထံ သွားရောက်ကာ အဝတ်အစား ချုပ်လုပ်ဝတ်ဆင်ခြင်းကို ပိုမိုနှစ်သက်ကြသည်။ သို့သော်လည်း အပျို‌အရွယ်လေးများနှင့် လူငယ်များအတွက်မူ တောင်ပိုင်းဒေသများမှ တစ်ဆင့် လက်ကားသယ်ယူလာသည်ဟု ဆိုကြသော ခေတ်ပေါ်အဝတ်အထည်များကသာ သူတို့၏ အသည်းစွဲဖြစ်နေ၏။၎င်းက ခရိုင်မြို့လေးအတွင်း ယခုမှ အသစ်အဆန်းအဖြစ်ခေတ်စားလာခြင်း ဖြစ်သည်။

ရှန်လီက ဟယ်ယဲ့ချင်းကို ခေါ်ဆောင်လာခဲ့သည့်နေရာက ထိုကဲ့သို့သော ခေတ်ပေါ်အဝတ်အထည်ဆိုင်တစ်ဆိုင်သို့ ဖြစ်သည်။

တောင်ပိုင်းမှ လာသော ဤခေတ်မီဆန်းသစ်သည့် အဝတ်အစားများက ခရိုင်မြို့ရှိ လူငယ်ထု၏ အလှအပဆိုင်ရာ အမြင်ကို များစွာ လွှမ်းမိုးထားနိုင်ခဲ့သည်။ စျေးနှုန်းများက မချိုသာလှသော်လည်း ဝယ်လိုအားကမူ အလွန်မြင့်မားလှသည်။

ထိုအကြောင်းကြောင့်ပင် အမြတ်အစွန်းက များပြားလှပြီး အဝတ်အထည် လုပ်ငန်းလုပ်ကိုင်သူများက ခရိုင်မြို့လေးတွင် ပထမဆုံး ချမ်းသာကြွယ်ဝလာသူများထဲ၌ ပါဝင်လာကြသည်။

ဟယ်ယဲ့ချင်းသည် ယခင်က စာကျက်ခြင်းနှင့် ကျောင်းတက်ခြင်းတို့ဖြင့်သာ အလုပ်ရှုပ်နေခဲ့ပြီး၊ နွေရာသီ ကျောင်းပိတ်ရက်တွင်လည်း ဈေးဆိုင်တည်ကာ စီးပွားရှာရန်သာ အလုပ်များနေခဲ့သည်။ သူမက ထိုကဲ့သို့သော အဝတ်အထည်ဆိုင်မျိုးသို့ တစ်ခါမျှ မရောက်ဖူးခဲ့သဖြင့် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။

“ရှင် အဝတ်အစား ဝယ်ချင်လို့လား…” 
ဟယ်ယဲ့ချင်းက ရှန်လီကို မေးလိုက်သည်။

“ငါ့အတွက် မဟုတ်ဘူး… မင်းအတွက်…”
ရှန်လီက ပြောသည်။

ဟယ်ယဲ့ချင်းက “ဪ” ဟု တိုတိုတုတ်တုတ်သာ ပြန်တုံ့ပြန်လိုက်မိပြီးမှ ဤဒေသ၏ ဓလေ့ထုံးတမ်းအရ စေ့စပ်ကြောင်းလမ်းပြီးနောက် သတို့သားက သတို့သမီးအတွက် အဝတ်အစားများ ဝယ်ယူပေးရလေ့ရှိသည်ကို ရုတ်တရက် သတိရသွားမိသည်။

ဒါပေမဲ့ ငါတို့က ဟန်ဆောင် လက်ထပ်ထားကြတာလေ… ဒီလို ဓလေ့ထုံးစံတွေကို အတည်ကြီး လုပ်နေဖို့ မလိုပါဘူး…

“ဒါက တကယ်ကို မလိုအပ်ပါဘူး…” 
ဟယ်ရဲ့ချင်းက ရှန်လီကို ပြောလိုက်သည်။ 

“ကျွန်မတို့က ဟန်ဆောင်ထားကြတာပဲဥစ္စာ… ဒီလို လုပ်ထုံးလုပ်နည်းတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး…”

“တခြားလူတွေရဲ့ မျက်စိထဲမှာတော့ ငါတို့က လင်မယားတွေပဲ…” 
ရှန်လီက မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

ရှန်လီ၏ စကားကို ကြားရသောအခါမှ ဟယ်ယဲ့ချင်းက အမှန်တရားကို သဘောပေါက်သွားလေသည်။ သူမက အစကတည်းက အတွေးမှားနေခဲ့ပုံရသည်။

ဆိုလိုသည်က သူမသည် ဤအိမ်ထောင်ရေးကို တစ်နှစ်အကြာတွင် သေချာပေါက် ကွာရှင်းကြမည့် အယောင်ဆောင်မှုတစ်ခုအဖြစ်သာ သတ်မှတ်ထားသဖြင့် လုံးဝ အလေးမထားခဲ့ဘဲ၊ တတ်နိုင်သမျှ ငွေစုရမည်ဟုသာ တွေးကာ မင်္ဂလာပွဲကိုပင် ကျော်ဖြတ်ရန် စဉ်းစားခဲ့သည်။

သို့သော် ရှန်လီ၏ စကားက သူမကို ရုတ်တရက် နိုးကြားသွားစေခဲ့သည်။

အမှန်ပင် ဤအိမ်ထောင်ရေးက အယောင်ဆောင်ဖြစ်သော်လည်း အခြားသူများ၏ အမြင်တွင်မူ အစစ်အမှန် ဖြစ်နေသည်။ 

တကယ်လို့ ဘာမှ မပြင်ဆင်ဘဲ နေလိုက်ရင် တခြားသူတွေ ကဲ့ရဲ့စရာ ဖြစ်မနေဘူးလား…

ပြီးတော့ ပိုပြီး အရေးကြီးတာက… ရှန်လီ… သူရော ဘယ်လို တွေးနေမလဲ…

ရှန်လီက လက်ထပ်ဖို့ သဘောတူခဲ့ပေမယ့် ငါ့လို အတွေးမျိုးကို သူ သဘောတူပါ့မလား…

ဤခေတ်ကာလတွင် တင့်တောင်တင့်တယ်ရှိသော မင်္ဂလာပွဲတစ်ခုက အမျိုးသားတစ်ဦး၏ သိက္ခာနှင့် အဆင့်အတန်းကို အဓိက ကိုယ်စားပြုလေ့ရှိသည်။

စုတ်ပြတ်သတ်နေသော မင်္ဂလာပွဲ သို့မဟုတ် မင်္ဂလာပွဲ လုံးဝမရှိခြင်းက အခြားသူများ၏ အမြင်တွင် ထိုအမျိုးသားက စွမ်းဆောင်ရည်မရှိသူ၊ သုံးမရသူတစ်ဦးအဖြစ် ထင်မြင်သွားစေရန် အလွယ်တကူ ဖြစ်စေနိုင်သည်။

ရှန်လီက တခြားသူတွေက သူ့အကြောင်းကို အဲဒီလို အတင်းပြောကြမှာကို လက်ခံနိုင်ပါ့မလား…

သူမ ပေါ့ဆသွားခဲ့ကြောင်း ဟယ်ယဲ့ချင်းက သိလိုက်ရသည်။ သူမက အမျိုးသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ၎င်း၏အရေးပါမှုကို သတိလက်လွတ် ဥပေက္ခာပြုမိလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့အပြင် ဟယ်ယဲ့ချင်းက အခြားအချက်တစ်ခုကိုလည်း တွေးမိသွားသေးသည်။ ရှန်မိသားစုက ရွာထဲတွင် နာမည်ပျက်ရှိနေပြီး ရွာသားများ၏ အမြဲတစေ အထင်သေးခြင်းကို ခံရသူများ ဖြစ်သည်။

ရှန်လီက ပိုမိုခမ်းနားသော မင်္ဂလာပွဲကို လိုချင်ခြင်းက ရွာသားများ၏ ရှေ့မှောက်တွင် သိက္ခာဆယ်လိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ထိုသို့ တွေးမိသွားပြီးနောက် ဟယ်ယဲ့ချင်းက ရှန်လီကို အားနာစိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ 

“စိတ်မရှိပါနဲ့… ကျွန်မ သေသေချာချာ မစဉ်းစားမိခဲ့ဘူး… စိတ်ချပါ… ကျွန်မတို့ အိမ်ထောင်သက်တမ်းအတွင်းမှာ ကျွန်မ သေချာပေါက် ဇနီးကောင်းတစ်ယောက် ဖြစ်စေရမယ်… ရှင့်ကို ဘယ်တော့မှ မျက်နှာမပျက်စေရဘူး…”

ရှန်လီက ဟယ်ယဲ့ချင်းအား သူ့စေတနာကို မည်သို့ လက်ခံအောင် ပြောရမည်ကို တွေးတောနေစဉ် ထိုစကားကို ကြားလိုက်ရသည့်အခါ

“…”

…

ထိုစဉ် အဝတ်အထည်ဆိုင်ထဲမှ လူတစ်ယောက် ထွက်လာခဲ့သည်။ သူက ဟယ်ယဲ့ချင်း တစ်ကြိမ် တွေ့ဖူးခဲ့သည့် ကျန်းပေါ် ပင် ဖြစ်သည်။

“အစ်ကိုရှန်… မရီး… လာကြပြီပဲ…” 

ကျန်းပေါ်က ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။

မရီး ဟုတ်လား… သူက ငါ့ကို ခေါ်နေတာလား…

ဟယ်ယဲ့ချင်းက ဤခေါ်ဝေါ်သံကို ပထမဆုံးအကြိမ် ကြားလိုက်ရချိန်တွင် အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသော်လည်း မကြာမီမှာပင် ကျင့်သားရသွားခဲ့သည်။

မရီးဆိုလည်း မရီးပေါ့… ဘာပဲဖြစ်ဖြစ် ငါက အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်သွားခဲ့ပြီ မဟုတ်လား…

ကျန်းပေါ်က သူတို့နှစ်ဦးကို ဆိုင်ထဲသို့ ဖိတ်ခေါ်ပြီး ဆိုလိုက်သည်။

“ဝင်လာကြပါ… ဝင်လာကြပါ… မြန်မြန် အထဲဝင်ကြ… အပြင်မှာ နေက အရမ်းပူတယ်…”

ဟယ်ယဲ့ချင်းက အထဲသို့ လိုက်ဝင်သွားရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒီဆိုင်က ရှင့်ဆိုင်လား…”

ကျန်းပေါ်က လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်ပြီး ပြောသည်။

“မဟုတ်ဘူး… မဟုတ်ဘူး… မဟုတ်ပါဘူး… ဒါက ကျွန်တော်တို့ရဲ့ တခြား သွေးသောက်ညီအစ်ကိုတစ်ယောက် ဖွင့်ထားတာပါ…”

ထို့နောက် သူက အတွင်းခန်းဘက်သို့ လှည့်၍ အော်ပြောလိုက်သည်။ 

“ဟို့ဇီ… ထွက်ခဲ့ဦး… အစ်ကိုရှန်နဲ့ မရီး ရောက်နေပြီ…”

ဟယ်ယဲ့ချင်းက သူမဘေးရှိ ရှန်လီကို လှည့်ကြည့်လိုက်ရာ သူက အသာအယာ ခေါင်းညိတ်ပြသည်။

မကြာမီမှာပင် အမျိုးသားတစ်ဦး ထွက်လာခဲ့သည်။

သူ့နာမည်နှင့် လိုက်ဖက်စွာပင် ဟို့ဇီ [မျောက်ကလေး] က အလွန်အမင်း ပိန်လှီလှသည်။

“အစ်ကိုရှန်…” 

သူက ရှန်လီကို အရင်ဆုံး နှုတ်ဆက်ပြီးနောက် ဟယ်ယဲ့ချင်းကို အပြုံးကြီး ပြုံးလျက် ကြည့်ကာ မိတ်ဆက်လေသည်။

“ဒါက မရီးပေါ့လေ… မင်္ဂလာပါ… ကျွန်တော့်နာမည်က ဟိုကျွင်းပါ… အားလုံးကတော့ ဟို့ဇီလို့ပဲ ခေါ်ကြတယ်…”

“မင်္ဂလာပါ ဟို့ဇီ…” 
ဟယ်ယဲ့ချင်းကလည်း ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်သည်။

“အစ်ကိုရှန်… မရီး… ခင်ဗျားတို့ လက်ထပ်မှတ်ပုံတင်တာ ပြီးပြီလား…” 

ကျန်းပေါ်က ကြားဖြတ်မေးလိုက်သည်။

ရှန်လီက ခေါင်းညိတ်ပြသည်။
“အင်း…”

ကျန်းပေါ်က စိတ်လှုပ်ရှားစွာဖြင့် သူ့ပေါင်ကို သူ ပြန်ရိုက်လိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် တကယ်ကြီး ညားသွားလိမ့်မယ်လို့ ကျွန်တော် တကယ် မထင်ထားဘူး… မရီးကို ကျွန်တော် ပြောပြမယ်… အစက အစ်ကိုရှန်ကို ကျွန်တော် မေးတော့ သူက ငြင်းနေသေးတာ… ဒါပေမဲ့ ကျွန်တော်က ဘယ်သူလဲ… သူ့ရဲ့ မျက်နှာအမူအရာနဲ့ လုပ်ရပ်တွေကို ကြည့်ကတည်းက သိနေတာ…”

ကျန်းပေါ်က စကားပြောနေလျက် တန်းလန်း ရုတ်တရက် ရှန်လီ၏ ပြင်းထန်သော ချောင်းဆိုးသံကြောင့် ရပ်တန့်သွားခဲ့ရသည်။

ကျန်းပေါ် လှည့်ကြည့်လိုက်သောအခါ ရှန်လီ၏ သတိပေးနေသော အကြည့်နှင့် ဆုံသွားသဖြင့် တုန်လှုပ်သွားကာ အလျင်အမြန်ပင် ပါးစပ်ပိတ်လိုက်တော့သည်။

ဟယ်ယဲ့ချင်းက ကျန်းပေါ်၏ စကားများကို သဘောကျပြီး အာရုံစိုက် နားထောင်နေခဲ့သော်လည်း သူက ရုတ်တရက်ကြီး ရပ်ပစ်လိုက်သဖြင့် အနည်းငယ် အားမလိုအားမရ ဖြစ်သွားရသည်။

ရှန်လီက သူမကို ဘေးသို့ အသာဆွဲခေါ်လိုက်ပြီး ဆိုသည်။

“ကျန်းပေါ်က ပေါက်ကရတွေ လျှောက်ပြောနေတာ… သူ့စကားတွေကို နားမထောင်နဲ့…” 

ဟယ်ယဲ့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဪ…”

ဟို့ဇီကလည်း ကျန်းပေါ်ကို တစ်ချက်ကန်လိုက်ပြီး ပြုံးလျက် လှမ်းဆူလိုက်သည်။ 

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့တော့…”

ကျန်းပေါ်က နှာမှုတ်သံနှစ်ချက် ပြုလုပ်လိုက်ကာ ရှန်လီကို မကျေမနပ်ဖြစ်သလို ကြည့်လိုက်သည်။

“ဪ… မရီး… အဝတ်အစားတွေ လာရွေးပါဦး… ကျွန်တော်ဆီမှာ အထည်အသစ်တွေ အခုတင်ပဲ ရောက်ထားတာ…”

ဟို့ဇီက တက်ကြွစွာ ပြောဆိုလိုက်သည်။

ဟယ်ယဲ့ချင်းက မငြင်းဆန်တော့ဘဲ ခေါင်းညိတ်ကာ ထရပ်လိုက်လေသည်။

ဤအဝတ်အထည်များ ယခုကဲ့သို့ အရောင်းသွက်နေရခြင်းက အကြောင်းမဲ့တော့ မဟုတ်ပေ။

လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်က ခရိုင်မြို့လေးတွင် ရှိခဲ့သော ငြီးငွေ့ဖွယ်ကောင်းပြီး ပုံစံတစ်သမတ်တည်းဖြစ်သည့် အဝတ်အစားများနှင့် နှိုင်းယှဉ်ပါက ဤနေရာရှိ အဝတ်အထည်များက အလွန်ပင် ခေတ်မီဆန်းသစ်လှသည်။ ထို့အပြင် နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာလျှင် ဟယ်ယဲ့ချင်း မြင်တွေ့ရမည့် ခေတ်ပေါ်အဝတ်အစားများနှင့် ယှဉ်ကြည့်ပါကလည်း ဤအထည်များတွင် ဓာတ်ပုံဟောင်းများထဲ၌သာ မြင်တွေ့ရတတ်သည့် ရှေးဟောင်းပုံစံ (Retro) ဆွဲဆောင်မှုမျိုး ရှိနေသည်။

ဤနေရာတွင် အချို့သော ရဲတင်းလွန်းသည့် ပုံစံဆန်းများနှင့် ထူးဆန်းသော ဒီဇိုင်းများ ရှိနေသော်လည်း ကိုယ်ပိုင်စတိုင်ကို ပေါ်လွင်စေမည့် လှပသောအဝတ်အစား အမြောက်အမြားလည်း ရှိနေသည်။

ဟယ်ယဲ့ချင်းက လှပသောအဝတ်အစား အနည်းငယ်ကို လျင်မြန်စွာ ရွေးချယ်လိုက်၏။

“ကျွန်တော်တို့ဆိုင်မှာ အဝတ်လဲခန်းတွေ ရှိပါတယ် မရီး… အထဲမှာ သွားဝတ်ကြည့်လို့ရတယ်…” 

ဟို့ဇီက ပြောသည်။

ဟယ်ယဲ့ချင်းက ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့သြသွားပြီး မေးမိသည်။

“ရှင်တို့ဆိုင်မှာ အဝတ်လဲခန်း ရှိတယ်ဟုတ်လား…”

ဟယ်ယဲ့ချင်း အံ့သြသွားသည်ကလည်း မဆန်းပေ။ ဤခေတ်ကာလတွင် အဝတ်လဲခန်းဟူသည်က အမှန်တကယ်ပင် ရှားပါးလွန်းလှသည်။

ကုန်တိုက်ကြီးများတွင် အဝတ်အစားများကို မည်သို့သောအခါမျှ စမ်းဝတ်ခွင့်မပြုသည့်အပြင် တစ်ခါတစ်ရံ ပစ္စည်းကို အနည်းငယ် ပိုကိုင်မိရုံမျှဖြင့် အရောင်းဝန်ထမ်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရတတ်သည်။

ဟို့ဇီက သူ့သွားဖြူဖြူလေးများကို ပေါ်အောင် ရယ်ကာ ဆိုသည်။

“ဟုတ်ပါတယ်… အစ်ကိုရှန်က ဒီလိုလုပ်ဖို့ အကြံပေးလို့ ပြင်ဆင်ထားတာ… မထင်မှတ်ဘဲ တကယ်ကို အဆင်ပြေသွားတာပဲ…”

ရှီနန်ခရိုင်တွင် အဝတ်အထည်လုပ်ငန်း လုပ်ကိုင်ကြသည့် အခြားမိသားစုများ ရှိသော်လည်း ဟို့ဇီ၏ ဆိုင်ကမူ အစည်ကားဆုံးအဖြစ် ထင်ပေါ်နေခဲ့သည်။ သူ၏ကုန်ပစ္စည်း အများစုက တောင်ပိုင်းမှ လက်ကားဝယ်ယူထားခြင်းဖြစ်ပြီး ဆိုင်ထဲတွင် အဝတ်အစားများကို စမ်းဝတ်ကြည့်နိုင်သည့် အဆင်ပြေမှုပါ ရှိနေသဖြင့် သုံးစွဲသူများ အကြိုက်ဆုံးဆိုင် ဖြစ်လာခဲ့သည်။

ဟယ်ယဲ့ချင်းက ရှန်လီကို မကြည့်ဘဲ မနေနိုင်တော့ချေ။ သူက နောင်တစ်ချိန်တွင် ကြီးပွားချမ်းသာမည့် ဘစ်ရှော့တစ်ယောက် ဖြစ်လာမည့်သူပီပီ ဤအတွေးအခေါ်က ခေတ်ရှေ့ပြေးလှ
ပေသည်။

ရှန်လီက သူမကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောသည်။

“အထဲဝင်ပြီး စမ်းဝတ်ကြည့်လိုက်လေ…”

ဟယ်ယဲ့ချင်းက ခေါင်းညိတ်လိုက်ပြီး အဝတ်အစားများကို ပွေ့ပိုက်ကာ အထဲသို့ ဝင်သွားလိုက်သည်။

အဝတ်အစားများက မိမိနှင့် တော်မတော် သိရှိနိုင်ရန် စမ်းဝတ်ကြည့်ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက မလိုက်ဖက်သောအရာကို ဝတ်ဆင်မိလျှင် ကြည့်ရဆိုးပေလိမ့်မည်။

ဟယ်ယဲ့ချင်းက ဂါဝန်များ၊ အင်္ကျီအမျိုးမျိုး၊ စကတ်များနှင့် ဘောင်းဘီများ အပါအဝင် မတူညီသော စတိုင်မျိုးစုံကို ရွေးချယ်ထားခဲ့သည်။

ဤခေတ်ကာလ၏ အဝတ်အစား ဝတ်ဆင်မှု စတိုင်က မတူညီသော ပစ္စည်းများကို လွတ်လပ်စွာ စပ်ဟပ်တွဲဖက်ကာ ဤခေတ်ကာလ၏ သီးသန့်ဆွဲဆောင်မှုမျိုး ပေါ်လွင်အောင် ဖန်တီးကြခြင်း ဖြစ်သည်။

ဟယ်ယဲ့ချင်းက ပထမဆုံးအနေဖြင့် အရောင်ဖျော့ဖျော့ ရှေးဟောင်းပုံစံ အပြာရောင် လက်တိုအင်္ကျီကို ရွေးချယ်ကာ၊ နူးညံ့ပြီး အရောင်တောက်တောက် ပန်းပွင့်ရိုက်စကတ်လေးနှင့် တွဲဖက်ဝတ်ဆင်လိုက်ပြီး ခါးတွင် အညိုရောင်ခါးပတ်လေးကို ပတ်လိုက်ရာ သူမကို သွယ်လျသွားစေပြီး ခါးလိုင်းကို ပိုမိုပေါ်လွင်စေခဲ့သည်။

အဝတ်လဲခန်းထဲတွင် မှန်မရှိသဖြင့် ဟယ်ယဲ့ချင်း အပြင်သို့ ထွက်လာခဲ့ရာ အပြင်ဘက်တွင် ထိုင်စောင့်နေသော ရှန်လီ၏ အကြည့်နှင့် အမှတ်မထင် ဆုံမိသွားသည်။

ရှန်လီ၏ အကြည့်က ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။

ဟယ်ယဲ့ချင်းက သူါရှေ့တွင် တစ်ပတ် လှည့်ပြလိုက်ပြီး မေးလိုက်သည်။

“ဘယ်လိုလဲ… ကြည့်ကောင်းရဲ့လား…”

ရှန်လီက သူမကို ကြည့်ကာ ခပ်ရိုးရိုးသာ ပြန်တုံ့ပြန်လိုက်သည်။
“အင်း…”

ကျန်းပေါ်က လှမ်းကြည့်လိုက်ပြီး အံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်မိသော်လည်း မကြာမီမှာပင် သူ၏မူဝါဒကို ထိန်းသိမ်းသောအားဖြင့် မျက်လုံးကို အမြန်လွှဲလိုက်လေသည်။

သူငယ်ချင်း၏ ဇနီးအပေါ် မလေးမစား မလုပ်ရဟူသော စည်းကမ်းကြောင့် သူမ မည်မျှပင် လှပနေပါစေ၊ အကြာကြီး စိုက်မကြည့်သင့်ပေ။

အဝတ်အထည်ဆိုင်ပိုင်ရှင် ဖြစ်သည့် ဟို့ဇီကမူ တိုက်ရိုက်ပင် အော်ဟစ်ချီးကျူးလိုက်သည်။ 

“ဝါး… မရီး… အဝတ်အစား တွဲဖက်ဝတ်တာကို တကယ်တော်တာပဲ… မဂ္ဂဇင်းထဲက မော်ဒယ်တွေထက်တောင် ပိုလှနေသေးတယ်…”

ဟယ်ယဲ့ချင်းက သူ၏ ချီးကျူးစကားကြောင့် အတော်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

ဘေးတွင် ပစ်ပယ်ခြင်းခံထားရသော ရှန်လီကမူ မြှောက်ပင့်ဖားယားလုပ်နေသည့် ဟို့ဇီကို အေးစက်သော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

ဟို့ဇီက ရုတ်တရက် ကျောချမ်းသွားသလို ခံစားလိုက်ရပြီးနောက် ရှန်လီက ဟယ်ယဲ့ချင်းကို ပြောလိုက်သံကို ကြားလိုက်ရလေသည်။ 

“နောက်တစ်ခု ထပ်စမ်းကြည့်ပါဦး…”

🖼🖼🖼🖼အခန်း (၂၇) 
– ဂုဏ်သတင်း


“နောက်တစ်ခု ထပ်စမ်းကြည့်ပါဦး…”

ဟယ်ယဲ့ချင်းသည် ရှန်လီ၏ သဘောထားက အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသော်လည်း အဝတ်လဲခန်းထဲတွင် အခြားအဝတ်အစားများကို ဆက်လက်၍ စမ်းဝတ်ကြည့်နေခဲ့သည်။

ရှန်လီ၏ တုံ့ပြန်မှုကမူ ယခင်အတိုင်းပင် ဖြစ်သည်။ 

ဟယ်ယဲ့ချင်းက အဝတ်အစားများ ကြည့်ကောင်း/မကောင်း မေးသည့်အခါတိုင်း သူက ဂရုမစိုက်ဟန်ဖြင့် ခေါင်းကို အသာအယာသာ ညိတ်ပြလေ့ရှိပြီး သူမအပေါ်သို့ အကြည့်ကို အကြာကြီး မထားခဲ့ပေ။

ဟယ်ယဲ့ချင်းက ရှန်လီတွင် အဝတ်အစား ရွေးချယ်ရာတွင် အလှအပအမြင် လုံးဝမရှိဟု စိတ်ထဲမှ တိတ်တဆိတ် အထင်သေးမိသွားသော်လည်း၊ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး၏ ဆက်ဆံရေး ပုံစံက အတော်လေး အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။

တစ်ဦးအပေါ်တစ်ဦး သံယောဇဉ် အစအနမျှမရှိသော အယောင်ဆောင်လင်မယား၊ ၎င်းက အမှန်တကယ်ကို ပြီးပြည့်စုံလွန်းလှသည်။

နောက်ဆုံးဂါဝန်ကို စမ်းဝတ်ပြီးနောက် ဟယ်ယဲ့ချင်းက သူမ၏ မူလအဝတ်အစားများကို ပြန်လဲရန် ပြင်လိုက်သည်။ အင်္ကျီကြယ်သီးကို ဖြုတ်ရန် လက်လှမ်းလိုက်စဉ်တွင် အဝတ်အထည်ဆိုင်အပြင်ဘက်၌ ရှန်လီ ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားသည်။

သူမက ခေတ္တမျှ တွေးတောပြီးနောက် မလျှော်ရသေးသော ဤအဝတ်အစားအသစ်များကို ပြန်မလဲတော့ဘဲ ဝတ်လျက်သားပင် နေရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ ဝတ်ဆင်၍ ရွာသို့ ပြန်ခြင်းက ပိုမို ထိရောက်မှုရှိလိမ့်မည်ဟု သူမ ယုံကြည်သောကြောင့်ပင်။

ဟယ်ယဲ့ချင်းက ယခုလေးတင် စမ်းဝတ်ထားခဲ့သော အဝတ်အစားများကို ပွေ့ပိုက်လျက် အဝတ်လဲခန်းထဲမှ ထွက်လာခဲ့သည်။

ရှန်လီ လှမ်းကြည့်လာသည်ကို မြင်သောအခါ သူမက ရှင်းပြလိုက်သည်။

“ကျွန်မ ဒီဂါဝန်ကိုပဲ ဝတ်ပြီး ပြန်တော့မယ်…”

ရှန်လီက သူမ ဝတ်ဆင်ထားသည့် လက်ပြတ်ဂါဝန်လေးကို တစ်ချက် ကြည့်လိုက်ပြီး သူမ သဘောကျ၍ ဖြစ်လိမ့်မည်ဟု ထင်မှတ်ကာ ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

ထို့နောက် ဟယ်ယဲ့ချင်းက ဟို့ဇီဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒီအဝတ်အစားတွေ အားလုံးပေါင်း ဘယ်လောက်လဲ…”

ထိုစကားကို ကြားလျှင် ဟို့ဇီက လက်ကို အလျင်အမြန် ဝှေ့ယမ်းပြီး ပြောသည်။

“ဒါတွေအတွက် ကျွန်တော် ဘယ်လိုလုပ် ပိုက်ဆံယူရမှာလဲ… မရီး ဒီအတိုင်းပဲ ယူဝတ်လိုက်ပါ…”

သို့သော် ဟယ်ယဲ့ချင်းက ငြင်းဆန်ခဲ့သည်။ သူမက အခြားသူများ၏ အကျိုးအမြတ်အပေါ် အခွင့်ကောင်းယူတတ်သည့် လူစားမျိုး မဟုတ်ပေ။

“ပိုက်ဆံမပေးလို့ ဘယ်ဖြစ်မလဲ… ရှင် အဲဒီလိုပြောရင် နောက်တစ်ခါ ရှင့်ဆိုင်ကို ကျွန်မ မလာရဲဘဲ နေလိမ့်မယ်…” 
ဟယ်ယဲ့ချင်းက ပြုံးလျက် ဆိုသည်။

“အားလုံးပေါင်း ဘယ်လောက်လဲသာ ပြောပါ…”

ဟယ်ယဲ့ချင်းတွင် ယခုအချိန်၌ ငွေကြေး မပြတ်လတ်ပေ။ ဆိုင်ထဲသို့ ဝင်လာကတည်းက သူမဘာသာ ဝယ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ သူမနှင့်အတူ ပိုက်ဆံ ပါလာခဲ့သည်။

ဟို့ဇီကမူ ဇွတ်အတင်းပင် ခေါင်းခါငြင်းဆန်နေဆဲ ဖြစ်သည်။

ဟယ်ယဲ့ချင်း၏ ဘေးတွင် ရပ်နေသော ရှန်လီက တည်ငြိမ်စွာဖြင့် အမိန့်ဆန်ဆန် ပြောလိုက်သည်။

“ဟို့ဇီ… ပေးရမှာကိုတော့ ယူရမယ်…”

တစ်ဖန် ရှန်လီ၏ စကားက ပိုမို ထိရောက်မှု ရှိသွားပြန်သည်။ ဟို့ဇီက မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ပြီး ညည်းညူလိုက်တော့သည်။

“ကဲ… အင်းပါ… သိပါပြီ…”

မကြာမီမှာပင် သူက စျေးနှုန်းတစ်ခုကို ပြောလာခဲ့သည်။

ဟယ်ယဲ့ချင်းသည် ယခင်က ဤအဝတ်အထည်မျိုးကို မဝယ်ဖူးသော်လည်း ဤစျေးနှုန်းက သာမန်ပေါက်စျေးထက် သိသိသာသာ လျော့နည်းနေသည်ကို အလွယ်တကူ သတိပြုမိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမဘေးရှိ ရှန်လီကမူ ဟို့ဇီက အရင်းစျေးကိုသာ တောင်းဆိုထားခြင်းဖြစ်ကြောင်း ကောင်းစွာ သိရှိနေသည်။

“ဒီစျေးက အရမ်းနည်းလွန်းမနေဘူးလား…”
ဟယ်ယဲ့ချင်းက မေးသည်။

“ဒီစျေးပါပဲ… ကျွန်တော် ပိုမယူပါဘူး…”
ဟို့ဇီက ပြန်ဖြေသည်။

ဟို့ဇီ၏ အခြေအနေကို မြင်သောအခါ ဟယ်ယဲ့ချင်းလည်း အလျော့ပေးလိုက်ရတော့သည်။ ထို့နောက် ရှန်လီက အနက်ရောင် ပိုက်ဆံအိတ်ကို ထုတ်နေသည်ကို သူမ သတိပြုမိသွားသည်။

ဟယ်ယဲ့ချင်းက သူ့ကို အလျင်အမြန် တားဆီးလိုက်သည်။

“မလုပ်နဲ့… ကျွန်မဘာသာကျွန်မ ဝယ်မယ်…”

ရှန်လီက မျက်မှောင်အနည်းငယ် ကြုတ်လျက် သူမကို ကြည့်ကာ ပြောသည်။

“ငါ ပေးလိုက်မယ်… ငါ့စကားကိုပဲ နားထောင်…”

ဟယ်ယဲ့ချင်းက သူ့မျက်လုံးများကို စိုက်ကြည့်လိုက်စဉ် ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးကြား၌ တစ်စုံတစ်ခု လျှပ်ခနဲ ဖြစ်သွားသလို ခံစားလိုက်ရသည်။

“အင်း… ဒါဆိုလည်း ပြီးရော…” 
သူမက လက်ကို လွှတ်ပေးလိုက်သည်။

အာ… မေ့တော့မလို့… အပြင်မှာ ဇနီးဖြစ်သူ ဝယ်သမျှကို အမျိုးသားက ပိုက်ဆံရှင်းပေးရတာက ယောကျာ်းတစ်ယောက်ရဲ့ မျက်နှာပဲဥစ္စာ…

ဟို့ဇီက ရှန်လီပေးသော ပိုက်ဆံကို ပြတ်ပြတ်သားသား လက်ခံလိုက်ပြီးနောက် ရယ်မောကာ ပြောသည်။ 

“မရီးကလည်း… အစ်ကိုရှန်ကိုပဲ ရှင်းခိုင်းလိုက်ပါ… သူက ပိုက်ဆံရှိသားပဲ… ပြောရဦးမယ်… ဒီအထည်ဆိုင်ကိုလည်း သူပဲ အရင်းအနှီး စိုက်ထုတ်ပေးထားတာ…”

ထိုစကားကို ကြားသောအခါ ဟယ်ယဲ့ချင်းက ရှန်လီကို တစ်ချက် ကြည့်လိုက်မိသည်။

ဤဘစ်ရှော့ကြီးက ယခုအချိန်ကတည်းက အရင်းအနှီးများကို အမှန်တကယ် စတင်စုဆောင်းနေခဲ့ပြီ ဖြစ်ပုံရသည်။

သို့သော် ထိုအရာက သူမနှင့် ဘာမျှမသက်ဆိုင်ပေ။ ဟယ်ယဲ့ချင်းက ရှန်လီ၏ စီးပွားရေးအကြောင်းကို လိုက်လံစုံစမ်းရန် စိတ်မဝင်စားပေ။ မည်သို့ပင်ဖြစ်စေ သူတို့က တစ်နှစ်အကြာတွင် ကွာရှင်းကြမည့် အယောင်ဆောင်ဇနီးမောင်နှံသာ ဖြစ်သဖြင့် ထိုသို့ သိရန်လည်း မလိုအပ်ချေ။

ဟို့ဇီက အခြားအဝတ်အစားများကို ထည့်ရန် အိတ်တစ်လုံးကို ရှာဖွေနေစဉ် မေးလိုက်သည်။

“အစ်ကိုရှန်… မရီး… ခင်ဗျားတို့ မင်္ဂလာပွဲကို ဘယ်တော့လုပ်မှာလဲ… အခုနောက်ပိုင်း အနောက်တိုင်းစတိုင် မင်္ဂလာပွဲတွေ လုပ်ရတာ ခေတ်စားနေတယ်မဟုတ်လား… ဝတ်စုံတွေနဲ့ သတို့သမီး ဂါဝန်ဖြူဖြူကြီးတွေ ဝတ်ကြတာလေ… ကျွန်တော် တောင်ပိုင်းကို အထည်သွားယူရင် တစ်စုံလောက် ဝယ်ခဲ့ပေးရမလား…”

ဟယ်ယဲ့ချင်း၏ မျက်လုံးများက ရုတ်တရက် ဝိုင်းစက်သွားလေသည်။

ရှန်လီက ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

“ဒါကို နောက်မှ ပြောကြတာပေါ့…”

ဟယ်ယဲ့ချင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

ရှန်လီရဲ့ တုံ့ပြန်မှုက ငြင်းပယ်လိုက်တဲ့ သဘောပဲ မဟုတ်လား… ဘာပဲဖြစ်ဖြစ် အခု ခမ်းခမ်းနားနား လက်ထပ်ပြီးမှ တစ်နှစ်အကြာမှာ ကွာရှင်းကြရင် အနေရခက်စရာတွေ ဖြစ်လာလိမ့်မယ်…

ဟို့ဇီကမူ အသေအချာ အဖြေမရသည့်အတွက် စိတ်ပျက်မသွားဘဲ ရယ်ကာ ဆိုသည်။

“ဟုတ်သားပဲ… ကျွန်တော် မေ့သွားတယ်… အစ်ကိုရှန်က အပြင် ခဏခဏသွားနေတာဆိုတော့ ဒီလိုပစ္စည်းတွေကို ကိုယ်တိုင်ရွေးတာက ပိုကောင်းတာပေါ့…”

ဟယ်ယဲ့ချင်း : “…” 
အဲဒီလို အဓိပ္ပာယ် ထွက်သွားတာလား…

သူမက ရှန်လီကို မသိမသာ လှမ်းကြည့်လိုက်သော်လည်း သူ့အမူအရာက တည်ငြိမ်နေပြီး ဝန်ခံခြင်းလည်း မရှိ၊ ငြင်းပယ်ခြင်းလည်း မရှိပေ။

မည်သို့ပင်ဖြစ်စေ ဟယ်ယဲ့ချင်း၏ အတွေးအရဆိုလျှင် မင်္ဂလာပွဲကို သာမန်မျှသာ ရိုးရိုးရှင်းရှင်း လုပ်ဆောင်နိုင်လေ ပိုကောင်းလေ ဖြစ်သည်။

သို့သော် ရှန်လီ၏ ဆန္ဒကိုလည်း လေးစားရမည်ကို သူမ သိသည်။ သို့ဆိုလျှင် ဤကိစ္စနှင့် ပတ်သက်၍ ရှန်လီ အမှန်တကယ် မည်သို့တွေးနေသည်ကို သူမ သိချင်မိသည်။

…

ဟို့ဇီ၏ အဝတ်အထည်ဆိုင်မှ ထွက်လာပြီးနောက် ဟယ်ယဲ့ချင်းက ရှန်လီကို ကြည့်ကာ စကားစရန် တွန့်ဆုတ်နေခဲ့သည်။

နောက်ဆုံးတွင် သေချာစဉ်းစားပြီးနောက် သူမက အစပျိုးကာ အကဲခတ်၍ မေးလိုက်သည်။

“ရှန်လီ… မင်္ဂလာပွဲ ကိစ္စကလေ…”

“မင်္ဂလာပွဲကိစ္စကို ငါ့ကိုပဲ လွှဲထားလိုက်ပါ… မင်း စိတ်ပူစရာမလိုဘူး…”
ရှန်လီက ပြောသည်။

“ဪ… အင်းပါ…” 
ဟယ်ယဲ့ချင်းက ပြန်ဖြေလိုက်သည်။

ရှန်လီကလည်း ငါတို့ အယောင်ဆောင် လက်ထပ်ထားတာကို သိတာပဲ… သူလည်း အတိုင်းအတာတစ်ခုအထိတော့ ချင့်ချိန်မှာပါလေ…

ဟယ်ယဲ့ချင်းက သူမကိုယ်သူမ ဤသို့သာ နှစ်သိမ့်လိုက်ရတော့သည်။

“အခု ကျွန်မတို့ ဘယ်သွားကြမလဲ…” 
ဟယ်ယဲ့ချင်းက ထပ်မံမေးမြန်းလိုက်သည်။

“ကုန်တိုက်ဆီ…”

မိနစ်အနည်းငယ် ကြာပြီးနောက်၊ ကုန်တိုက်၏ နာရီအရောင်းကောင်တာ ရှေ့တွင်…

ဟယ်ယဲ့ချင်းက ရှန်လီ၏ အင်္ကျီလက်စကို အသာအယာ ဆွဲလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။ 

“ရှင် ရှင့်အတွက် နာရီတစ်လုံး ဝယ်ချင်လို့ မဟုတ်လား…”

ရှန်လီ၏ အကြည့်က အမျိုးသမီးဝတ် နာရီများပေါ်သို့ ကျရောက်နေပြီး ခေါင်းမော့မလာဘဲ ပြောသည်။

“မဟုတ်ဘူး… မင်းအတွက်…”

ဟယ်ယဲ့ချင်း : “…”

မလိုအပ်ပါဘူး… တကယ်ကို မလိုအပ်တာ… နင် ပိုက်ဆံရှိရင်တောင် ဒီလိုမျိုး ပိုက်ဆံကို ဖြုန်းတီးမပစ်သင့်ဘူး…

ဟယ်ယဲ့ချင်း၏ နှုတ်ခမ်းများက အနည်းငယ် တုန်ယင်သွားသည်။ ရှန်လီက နောက်ဆုံးတွင် ခေါင်းမော့လာပြီး စဉ်းစားဟန်ဖြင့် သူမကို ကြည့်ကာ မေးလိုက်သည်။

“ဒီဘက်ခေတ်မှာ မင်္ဂလာဦးပစ္စည်းအဖြစ် ‘ပစ္စည်းကြီး သုံးမျိုးနဲ့ လက်စွပ်တစ်ကွင်း’ ဝယ်ပေးရတာ ခေတ်စားနေတယ် မဟုတ်လား…”

“ဒါက ဟုတ်ပေမယ့်လည်း ကျွန်မတို့က…” 
ဟယ်ယဲ့ချင်းက သူ့ကို အရိပ်အမြွက် ပြောလိုက်သည်။

အနီးနားရှိ အရောင်းစာရေးမလေးက ထိုသူနှစ်ဦး၏ ထူးခြားလှပသော အသွင်အပြင်ကို သတိပြုမိနေသည်က ကြာပြီဖြစ်သည်။

သူတို့၏ ရုပ်ရည်က ထူးချွန်ပြောင်မြောက်ပြီး ဝတ်စားဆင်ယင်မှုက ခေတ်မီရုံသာမက ငွေကြေးသုံးစွဲနိုင်စွမ်း ရှိကြောင်းကိုလည်း ပြသနေသည်။

“ဇနီးမောင်နှံနှစ်ယောက် မင်္ဂလာဆောင် နာရီ လာရွေးတာလား…” 

အရောင်းစာရေးမလေးက တောက်ပစွာ ပြုံးပြရင်း မေးလိုက်သည်။ 

“ကျွန်မတို့ဆီက နာရီတွေက တကယ်ကောင်းပါတယ်… အထူးသဖြင့် စီးဂဲလ် (Seagull) တံဆိပ်ကတော့ အခု အရမ်းခေတ်စားနေတာ…”

အရောင်းစာရေးမလေးက သူတို့၏ စကားဝိုင်းကို ကြားသွားခဲ့ခြင်းက ထင်ရှားလှပေသည်။

သူမက ဟယ်ယဲ့ချင်းကို တိုက်ရိုက်ပင် ချီးကျူးလိုက်သည်။ 

“အို… ရှင့်ရဲ့ အမျိုးသားက ရှင့်အပေါ် တကယ် ကောင်းတာပဲနော်… မင်္ဂလာဆောင် နာရီဆိုတာ ရှိသင့်တာဆိုတော့ သေချာပေါက် ရှိထားရမှာပေါ့… ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေး မဟုတ်လား… ဟုတ်တယ်မလား အစ်ကို…”

ရှန်လီက တစ်ခွန်းသာ တုံ့ပြန်လိုက်သည်။
“အင်း…”

ဟယ်ယဲ့ချင်း : “…” 
သူက တကယ်ကြီး “အင်း” လို့ ပြောလိုက်တာလား…

ဟယ်ယဲ့ချင်းက ရှန်လီကို မသိမသာ မျက်စောင်းထိုးလိုက်ပြီးနောက် ငြင်းဆန်နေခြင်းကို လက်လျှော့လိုက်လေသည်။ 

ဝယ်ချင်လည်း ဝယ်ပါစေတော့…

ဟယ်ယဲ့ချင်း၏ သဘောထား ပျော့ပျောင်းသွားသည်ကို မြင်သောအခါ ရှန်လီက မှန်ကောင်တာထဲမှ သူ မျက်စိကျနေခဲ့သော အမျိုးသမီးဝတ် နာရီတစ်လုံးကို ချက်ချင်း ညွှန်ပြကာ မေးလိုက်သည်။

“ဒါလေးကို တစ်ချက်လောက် ထုတ်ပေးပြီး ဝတ်ကြည့်လို့ရမလား…”

“ရပါတယ်… ရတာပေါ့…” 
အရောင်းစာရေးမလေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး ကောင်တာထဲမှ ရှန်လီညွှန်ပြသော နာရီကို နှိုက်ယူလိုက်သည်။ 

“အစ်ကိုက အမြင် တကယ်စူးရှတာပဲ… ဒီနာရီလေးက တကယ်ကို ကြည့်ကောင်းပြီး ကျော့ရှင်းပါတယ်…”

ထုတ်ယူပြီးနောက် အရောင်းစာရေးမလေးက နာရီကို ရှန်လီထံ ကမ်းပေးရင်း ပြုံးလျက် ဆိုသည်။

“အစ်ကိုကိုယ်တိုင်ပဲ မိန်းကလေးရဲ့ လက်မှာ ပတ်ပေးကြည့်ပါဦး… ဘယ်လောက် လိုက်ဖက်လဲလို့ သိရအောင်…”

ဟယ်ယဲ့ချင်း : “…”

ဒီအရောင်းစာရေးမက ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ…

ရှန်လီက နာရီကို ညာဘက်လက်ဖြင့် ကိုင်ထားရင်း ဟယ်ယဲ့ချင်းကို လှမ်းကြည့်လိုက်သည်။

ဟယ်ယဲ့ချင်းက မတတ်သာသည့်အဆုံး သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပေးလိုက်ရတော့သည်။

ရှန်လီက အရပ်ရှည်သူပီပီ ဟယ်ယဲ့ချင်း၏ လက်တွင် နာရီပတ်ပေးရန်အတွက် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ရသည်။

နာရီစတီးကြိုးလေးက သူမ၏ အရေပြားနှင့် ထိမိသွားချိန်တွင် အေးစက်မှုကို ခံစားလိုက်ရသော်လည်း ရှန်လီ၏ လက်ချောင်းများကမူ နွေးထွေးနေခဲ့သည်။

ဟယ်ယဲ့ချင်းက အနည်းငယ် အနေရခက်သလို ခံစားရသဖြင့် သူမ၏ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ရှားမိရာ သူက သူမ၏ လက်ဖဝါးကို ဆွဲကိုင်ထားလိုက်သည်။

သူမက သူ့ကို မသိမသာ လှမ်းကြည့်မိရာ၊ ငုံ့ထားသော သူ့ဦးခေါင်းနှင့် ထင်ရှားပေါ်လွင်သော နှာတံကိုသာ မြင်တွေ့လိုက်ရသည်။

“ရပြီ…” 
ရှန်လီက နာရီကြိုးကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်မတ်လိုက်၏။

ဟယ်ယဲ့ချင်းက နာရီကို ကြည့်ရှုရန် သူမ၏ ညာဘက်လက်ကောက်ဝတ်ကို မြှောက်လိုက်သည်။

ဤအမျိုးသမီးဝတ် နာရီ၏ ဒိုင်ခွက်နှင့် ကြိုးက ရွှေရောင်သန်းနေပြီး ဟယ်ယဲ့ချင်း၏ ဖြူစင်နုနယ်သော လက်ကောက်ဝတ်ပေါ်တွင် အလွန်ပင် အဆင့်အတန်းမြင့်ကာ ကြည့်ကောင်းလှပေသည်။

အရောင်းစာရေးမလေးက ဟယ်ယဲ့ချင်း၏ လက်ကို ကိုင်မြှောက်ကြည့်ပြီး အံ့သြချီးကျူးနေလေသည်။ 

“အိုး… တကယ်ကို ကွက်တိပဲ… လှလိုက်တာ…”

ထို့နောက် သူမက ရှန်လီဘက်သို့ လှည့်ကာ မေးလိုက်တော့သည်။

“ဟုတ်တယ်မလား အစ်ကို…”

ရှန်လီက ဟယ်ယဲ့ချင်း၏ လက်ကောက်ဝတ်ကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ဆိုလိုက်သည်။ 

“အင်း… ကွက်တိပဲ…”

ထို့နောက် သူက ဟယ်ယဲ့ချင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

“မင်း သဘောကျရဲ့လား…”

ဟယ်ယဲ့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆိုရင် ဒီတစ်ခုပဲ ယူမယ်…” 
ရှန်လီက အရောင်းစာရေးမလေးကို ပြောလိုက်သည်။

အရောင်းစာရေးမလေးက နှုတ်ခမ်းအစုံ နားရွက်တက်ချိတ်သည်အထိ ပြုံးရွှင်သွားပြီး ဆိုလာသည်။

“ခဏလေး စောင့်ပါဦး… ကျွန်မ အခုချက်ချင်း ဘောက်ချာ ရေးပေးပါမယ်…”

“နေဦး… ကျွန်မလည်း ရှင့်အတွက် တစ်လုံး ရွေးပေးမယ်လေ…”

ဟယ်ယဲ့ချင်းက ပြောလိုက်သည်။

ရှန်လီတွင် မည်သည့်ကန့်ကွက်မှုမျှ မရှိခဲ့ပေ။

ဟယ်ယဲ့ချင်းက သူ့ကို အမျိုးသားဝတ် နာရီအရောင်းကောင်တာဘက်သို့ ဆွဲခေါ်သွားပြီး တစ်လုံး ရွေးခိုင်းလိုက်သည်။

ရှန်လီက ဟယ်ယဲ့ချင်း ရွေးချယ်ခဲ့သည့် အမျိုးသမီးဝတ် နာရီနှင့် ပုံစံတူ အမျိုးသားဝတ် နာရီကိုသာ ချက်ချင်းဆိုသလို ရွေးချယ်လိုက်လေသည်။

ထို့နောက် အရောင်းစာရေးမလေးက ယခင်အတိုင်းပင် ထိုနာရီကို ဟယ်ယဲ့ချင်းအား ရှန်လီ၏ လက်တွင် ပတ်ပေးခိုင်းပြန်သည်။

ပိုက်ဆံရှင်းရမည့် အချိန်သို့ ရောက်သောအခါ ရှန်လီက နာရီနှစ်လုံးစလုံးအတွက် ထပ်မံ၍ ပိုက်ဆံ ရှင်းပေးရန် ပြင်ဆင်ပြန်ရာ ဟယ်ယဲ့ချင်းက သူ့ကို တင်းမာသော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။

သူက မည်သည့်စကားမျှမဆိုဘဲ ပိုက်ဆံအိတ်ကို တိတ်တဆိတ် ပြန်သိမ်းလိုက်ရတော့သည်။

နောက်ဆုံးတွင် ရှန်လီက အမျိုးသမီးဝတ် နာရီအတွက် ပိုက်ဆံရှင်းပြီး ဟယ်ယဲ့ချင်းကမူ အမျိုးသားဝတ် နာရီအတွက် ပိုက်ဆံရှင်းပေးခဲ့သည်။

နာရီအရောင်းကောင်တာမှ ထွက်လာပြီးနောက် ဟယ်ယဲ့ချင်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကျွန်မတို့ ‘ပစ္စည်းကြီးသုံးမျိုးနဲ့ လက်စွပ်တစ်ကွင်း’ ထဲက ကျန်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ မလိုတော့ဘူးနော်…”

ရှန်လီက အပ်ချုပ်စက်များ၊ စက်ဘီးများနှင့် ရေဒီယို အရောင်းကောင်တာများဘက်သို့ နှမြောတသစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိသော်လည်း နောက်ဆုံးတွင် ဟယ်ယဲ့ချင်း၏ စကားကို သဘောတူလိုက်ရသည်။

သို့သော်လည်း သူတို့က ကုန်တိုက်အတွင်းမှ အသေးအဖွဲ လူသုံးကုန်ပစ္စည်း အချို့ကို ဝယ်ယူခဲ့ကြသေးရာ ပစ္စည်းမျိုးစုံ အပြည့်အစုံဖြင့် အိမ်သို့ ပြန်ခဲ့ကြလေသည်။

သေချာသည်က ပိုက်ဆံအများစုကို ရှန်လီကသာ စိုက်ထုတ်ပေးခဲ့ခြင်း ဖြစ်၏။

ဤကဲ့သို့ တစ်ကြိမ်၊ နှစ်ကြိမ် ကြုံတွေ့ပြီးနောက် ဟယ်ယဲ့ချင်းက ရှန်လီ၏ စရိုက်ကို ကောင်းစွာ နားလည်သွားခဲ့ပြီး သူ့ကို ဆက်၍ မငြင်းခုံတော့ပေ။

သို့သော် သူမက ဝယ်ယူခဲ့သည့် ပစ္စည်းများ၏ စျေးနှုန်းများကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားပြီး နောင်တွင် သူ့ကို ပြန်လည် ပေးဆပ်ရန် အစီအစဉ် ရှိနေခဲ့သည်။

…ဝယ်စရာရှိသည်များကို ဝယ်ယူပြီးစီးသောအခါ သူတို့နှစ်ဦးက နောက်ဆုံးတွင် ရွာသို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

ကုန်တိုက်၏ အပြင်ဘက်သို့ လျှောက်လှမ်းလာစဉ် ရှန်လီက ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူ ရပ်သွားသည်ကို မြင်သောအခါ ဟယ်ယဲ့ချင်းကလည်း နားမလည်နိုင်စွာဖြင့် လိုက်ရပ်လိုက်ပြီး သူ ကြည့်နေသည့် ဘက်သို့ လိုက်ကြည့်လိုက်မိ၏။

ရှန်လီ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ လမ်းမပေါ်တွင် ရှိနေသော ရွှေထည်ရတနာဆိုင်တစ်ဆိုင်ကို ဟယ်ယဲ့ချင်း သတိပြုမိသွားလေသည်။

ရှန်လီက အတွေးနက်နေပုံရပြီး ခေတ္တမျှ ကြာပြီးနောက် ပြောလာသည်။

“အခုခေတ်မှာ လက်ထပ်ရင် ရွှေသုံးမျိုးနဲ့ ငွေတစ်မျိုး ပါရတယ်လို့ ငါ ကြားဖူးတယ်…”

ဟယ်ယဲ့ချင်း : “…”

ဟယ်ယဲ့ချင်း၏ မျက်နှာက ချက်ချင်းပင် ပျက်သွားတော့သည်။ မည်သို့မျှ တွေဝေမနေဘဲ သူမက သူ့ကို တိုက်ရိုက်ပင် အတင်းဆွဲခေါ်သွားခဲ့သည်။

ကယ်ကြပါဦး… 

ရှန်လီက ရွှေ၊ ငွေများကို သူ့သဘောအတိုင်း ဝယ်ချင်ဝယ်နိုင်သော်လည်း သူမကမူ ထိုအထဲတွင် မပါဝင်ချင်ပေ။

မင်္ဂလာပွဲအတွက် ရွှေသုံးမျိုး၊ ငွေတစ်မျိုး ဆိုသည့် အတွေးအခေါ်ကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။

လမ်းခရီးတစ်လျှောက်လုံးတွင် ရှန်လီက ရွှေသုံးမျိုးနှင့် ငွေတစ်မျိုးကို မဝယ်ယူခဲ့ရသဖြင့် အနည်းငယ် စိတ်ကောက်နေပုံရပြီး စကားတစ်ခွန်းမျှပင် မပြောခဲ့ပေ။

ဟယ်ယဲ့ချင်းကမူ စိတ်အခြေအနေ အလွန်ကောင်းမွန်နေခဲ့သည်။

သူတို့ ရွာသို့ ပြန်ရောက်ချိန်တွင် ရွာသားများ ညနေခင်း အပြင်ထွက်တတ်သည့် အချိန်ကောင်းဖြစ်နေသည်။ သက်ကြီးရွယ်အို အများစုက သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ စကားစမြည်ပြောရင်း လေညင်းခံနေကြလေသည်။

ရှန်လီ စက်ဘီးစီး၍ ပေါ်လာသောအခါ အချို့လူများက ချက်ချင်း သတိပြုမိသွားကြသည်။

မူလက ရွာထဲတွင် ရှိခဲ့သော ရှန်လီ၏ နာမည်ဆိုးကြောင့် လူများက သူ့ကို နှုတ်မဆက်ရဲကြပေ။

သို့သော် ယခုအခါ ရှန်လီက မထင်မှတ်ဘဲ ဟယ်ယဲ့ချင်းနှင့် လက်ထပ်လိုက်ပြီ ဖြစ်ရာ လူများ၏ သဘောထားက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လူတိုင်းက ယနေ့နံနက် ဟယ်ယဲ့ချင်း ထွက်ခွာသွားစဉ်က ဝတ်ဆင်ထားသည့် အဝတ်အစားကို မှတ်မိနေကြသေးရာ ရှန်လီ၏ စက်ဘီးနောက်ခုံတွင် အခြားမိန်းကလေးတစ်ယောက် ထိုင်လိုက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြ၏။

“ခွေးကောင်… ရှန်လီ… နင် ဒီမနက်တင် ချင်းချင်းနဲ့အတူ ခရိုင်မြို့ကို သွားတာမဟုတ်ဘူးလား… ချင်းချင်းရော ဘယ်မှာလဲ… နင် သူ့ကို ခရိုင်မြို့မှာ ထားပစ်ခဲ့တာလား… ပြီးတော့ နင့်စက်ဘီးနောက်မှာ ထိုင်နေတဲ့ မိန်းကလေးက ဘယ်သူလဲ…”

တစ်စုံတစ်ယောက်က လှမ်းမေးလိုက်သည်။

ထိုစကားကို ကြားလျှင် ဟယ်ယဲ့ချင်းက ရှန်လီ၏ အင်္ကျီကို ဆွဲလိုက်ပြီး စက်ဘီးရပ်ရန် အရိပ်အမြွက် ပြလိုက်သည်။

ထို့နောက် ဟယ်ယဲ့ချင်းက စက်ဘီးနောက်ခုံမှ လွှားခနဲ ဆင်းလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။

“ကျွန်မ ဒီမှာပါ…”

အမှန်တကယ်တွင် ရွာသားများက ဟယ်ယဲ့ချင်းကို ချက်ချင်း မမှတ်မိကြသည်က မဆန်းပေ။

ဟယ်ယဲ့ချင်းက အမှန်ပင် ချောမောလှပသူ ဖြစ်သော်လည်း သာမန်အားဖြင့် ရိုးရိုးရှင်းရှင်း အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိပြီး သိပ်ပြီး ပြင်ဆင်လေ့မရှိပေ။

ဤအခိုက်အတန့်တွင် သူမ ဝတ်ဆင်ထားသည်က အနီရောင်နှင့် အဖြူရောင် အကွက်စိပ် ဂါဝန်လေးဖြစ်ပြီး ဂါဝန်၏ အပေါ်ပိုင်းက လက်ပြတ်အင်္ကျီပုံစံ ဒီဇိုင်းဖော်ထားသဖြင့် သူမ၏ ဖြူစင်ဝင်းပသော လက်မောင်းလေးများကို ပေါ်လွင်စေသည်။ ခါးတွင် အနက်ရောင် ခါးပတ်အပါးလေးကို ပတ်ထားသဖြင့် သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို ပိုမို ထင်ရှားစေသည်။

နေ့ခင်းဘက်တွင် နေပူရှိန်ပြင်းသောကြောင့် သူမ၏ ဦးခေါင်းတွင် လှပသော ကောက်ရိုးဦးထုပ်လေးတစ်လုံးကိုလည်း ဆောင်းထားသေးသည်။ သူမ၏ သဘာဝအတိုင်း လှိုင်းတွန့်နေသော ဆံပင်နက်နက်လေးများကို နားရွက်နောက်သို့ သပ်တင်ထားပြီး ပုခုံးပေါ်သို့ ဖြန့်ချထားရာ သူမကို ကြည့်ရသည်က လှပချောမောလွန်းသော ရုပ်ရှင်မင်းသမီးတစ်ဦးကဲ့သို့ ဖြစ်နေလေသည်။

ရွာသားများက သူမ၏ အလှအပကို မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားကြပြီး စကားပင် မဆိုနိုင်တော့ချေ။

ဟယ်ယဲ့ချင်းက ရှန်လီကို ဂုဏ်ယူဝင့်ကြွားသော အကြည့်တစ်ချက် လှမ်းပေးလိုက်ပြီးနောက် ရွာသားများ၏ ရှေ့မှောက်တွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြလိုက်ကာ ဆက်ပြောလိုက်သည်။ 

“ဒီအဝတ်အစားက လှတယ်မဟုတ်လား… ဒါက ရှန်လီက ကျွန်မအတွက် အထူးတလည် ဝယ်ပေးထားတာလေ…”


🖼🖼🖼🖼အခန်း (၂၈) 
– ခင်ပွန်း


“ဒီအဝတ်အစားက လှတယ်မဟုတ်လား… ဒါက ရှန်လီက ကျွန်မအတွက် အထူးတလည် ဝယ်ပေးထားတာလေ…”

ရွာသားများက မျက်လုံးအဝိုင်းသားဖြင့် ဆွံ့အသွားကြလေသည်။

“…”

ဤကောင်လေးက အမှန်တကယ်ကို မဆိုးလှပေ။ ထိုဂါဝန်လေးက ကြည့်ရုံနှင့်ပင် စျေးမပေါမှန်း သိသာလှသည်။ ရွာထဲတွင် လက်ထပ်ကြသည့် လူငယ်မောင်မယ် အတော်များများ ရှိသော်လည်း မည်သည့်သတို့သားမျှ သတို့သမီးအသစ်အတွက် ဤမျှလှပသော အဝတ်အစားမျိုး ဝယ်ပေးသည်ကို မတွေ့ဖူးကြချေ။

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ယောက်က ဟယ်ယဲ့ချင်း၏ လက်ကောက်ဝတ်ရှိ တောက်ပနေသော နာရီအသစ်ကို သတိပြုမိသွားသည်။

“ချင်းချင်း… အဲဒါ နာရီအသစ်လား…”

“ဟုတ်တယ်…” 
ဟယ်ယဲ့ချင်းက သူမ၏လက်ကို ဆန့်ထုတ်ပြလိုက်သည်။ 

“ဒါလည်း ရှန်လီ ဝယ်ပေးတာပဲ…”

ရွာသားများက အမှန်တကယ်ပင် အံ့အားသင့်သွားကြရသည်။

ဤခေတ်ကာလတွင် တင့်တောင်တင့်တယ်ရှိသော မင်္ဂလာပွဲတစ်ခုအတွက် “ပစ္စည်းကြီးသုံးမျိုးနှင့် လက်စွပ်တစ်ကွင်း” ရှိရမည်ဟု လူအများ ပြောလေ့ရှိကြသော်လည်း ကျေးလက်တောရွာတွင် ထိုပစ္စည်းများအားလုံးကို အမှန်တကယ် ဝယ်ယူနိုင်သူက အလွန်ပင် ရှားပါးလှသည်။

တောရွာတွင် ပိုက်ဆံစုရသည်က မလွယ်ကူသဖြင့် အခက်အခဲကြားမှ စုဆောင်းရရှိလာသော ငွေကြေးဖြင့် စက်ဘီး သို့မဟုတ် အပ်ချုပ်စက်ကဲ့သို့သော လက်တွေ့အသုံးဝင်မည့် ပစ္စည်းများကိုသာ ပိုမိုဝယ်ယူလိုကြသည်။ နာရီနှင့် ရေဒီယိုများကိုမူ မရှိလျှင်လည်း ဖြစ်သည့် အသုံးအဆောင်ပစ္စည်းများအဖြစ်သာ သတ်မှတ်ထားကြသည်။

အမှန်တွင်မူ ရွာတွင် စက်ဘီးတစ်စီးနှင့် အပ်ချုပ်စက်တစ်လုံး ရှိနေလျှင်ပင် အတော်လေး မျက်နှာပွင့်ရသော မင်္ဂလာပွဲအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျေးလက်မိသားစု အများစုက နှစ်ဖက်စလုံး ဆင်းရဲကြသည်ဖြစ်ရာ ထိုပစ္စည်းသုံးမျိုးစလုံး မရှိသော်လည်း လက်ထပ်ခြင်းကို မတားဆီးနိုင်ကြပေ။

ထို့ကြောင့် နာရီကဲ့သို့သော ပစ္စည်းမျိုးက အနည်းဆုံးအနေဖြင့် ကန်းရွှေရွာအတွင်း၌ နှစ်ယောက်ထက်ပို၍ ပိုင်ဆိုင်ထားသူ မရှိနိုင်ချေ။

လူအုပ်ကြီးက ဟယ်ယဲ့ချင်း၏ လက်ကို ဝိုင်းဝန်းကြည့်ရှု အားကျနေကြပြီး ရှန်လီကိုလည်း ချီးကျူးလိုက်ကြသည်။ 

“တကယ်ကို ကောင်းတာပဲ… သူ့မိန်းမကို ဘယ်လိုထားရမလဲဆိုတာ သူ သိတာပဲ…”

ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ ထိုစဉ်က သတိမထားမိခဲ့ကြသော်လည်း ထိုအခိုက်အတန့်မှစ၍ ရွာရှိ မိန်းကလေးများ လက်ထပ်ရာတွင် မင်္ဂလာပွဲမတိုင်မီ လှပသောအဝတ်အစားအသစ် ဝတ်ဆင်ရမည်ဟူသော စံနှုန်းအသစ်တစ်ခု စတင်ဖြစ်ပေါ်သွားခဲ့လေသည်။

နာရီက အဖိုးတန်လွန်းသဖြင့် မတတ်နိုင်သော်လည်း အနည်းဆုံးအနေဖြင့် ဂါဝန်အသစ်တစ်ထည်ကမူ သေချာပေါက် တောင်းဆိုနိုင်သည်။

လက်ထပ်ရန် ပြင်ဆင်နေကြသည့် လူငယ်များကမူ ယခုအခါ အမှန်တကယ်ပင် စိတ်ညစ်သွားကြသည်။

နာရီက စျေးကြီးရုံတင်မက အဝတ်အစားများကလည်း စျေးမပေါလှပေ။

…

ရွာသားများနှင့် ခေတ္တမျှ စကားစမြည်ပြောပြီးနောက် ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ ထွက်ခွာလာခဲ့ကြသည်။

လမ်းခရီးတွင် ဟယ်ယဲ့ချင်းက ရှန်လီ၏ ရှေ့မှ ခြေလှမ်းအနည်းငယ် ဦးဆောင်ကာ လျှောက်လှမ်းနေပြီးနောက် သူ့ဘက်သို့ မျက်နှာမူလျက် လက်နှစ်ဖက်ကို နောက်ပစ်ကာ နောက်ပြန် လျှောက်နေခဲ့သည်။

“ဘယ်လိုလဲ… ခုနက ကျွန်မ ရှင့်ကို မျက်နှာပွင့်အောင် လုပ်ပေးနိုင်ခဲ့တယ်မလား…” 

ဟယ်ယဲ့ချင်းက ခေါင်းလေးစောင်းကာ မေးလိုက်သည်။

ရှန်လီ၏ မျက်ဝန်းများတွင် အပြုံးရိပ်အနည်းငယ် ဖြတ်ပြေးသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ 

“အင်း… အများကြီး မျက်နှာပွင့်တာပေါ့…”

ဟယ်ယဲ့ချင်းက ပြုံးလျက် တစ်စုံတစ်ခု ထပ်မံပြောရန် ပြင်စဉ် ရှန်လီ၏ မျက်စိသူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်ကို မြင်လိုက်ရသည်။ သူ၏ သန်မာသော လက်ကြီးများက သူမ၏ ပုခုံးကို ရှေ့သို့ အတင်းဆွဲယူလိုက်လေသည်။

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ ဟယ်ယဲ့ချင်း၏ နဖူးလေးက ရှန်လီ၏ ရင်ခွင်ကျယ်ကြီးနှင့် ဘုန်းခနဲ ဆောင့်မိသွားခဲ့သည်။

ဟယ်ယဲ့ချင်းက မှင်တက်သွားရသည်။ သူမ သတိပြန်ဝင်လာချိန်တွင် ရှန်လီက သူမကို လွှတ်ပေးလိုက်ပြီဖြစ်သည်။

“လမ်းပေါ်မှာ ကျောက်ခဲတစ်လုံး ရှိနေလို့…” 
သူ၏ ရှင်းပြသံက သူမ၏ ဦးခေါင်းအထက်မှ ထွက်ပေါ်လာသည်။

ဟယ်ယဲ့ချင်းက သူမ၏နဖူးကို လက်ဖြင့်အုပ်လျက် ယခုလေးတင် ရပ်ခဲ့သည့် နေရာကို ပြန်ကြည့်လိုက်ရာ လမ်းပေါ်ရှိ သဲပြင်ပေါ်တွင် ချွန်ထက်သော ကျောက်ခဲတစ်လုံး နစ်ဝင်နေသည်ကို အမှန်ပင် တွေ့လိုက်ရသည်။

အကယ်၍ ယခုနက သူမသာ ထိုအရာကို နင်းမိပါက သေချာပေါက် လဲကျသွားပေလိမ့်မည်။

သို့သော်လည်း မတော်တဆမှုကြောင့် ဖြစ်ပေါ်လာသည့် ထိုမမျှော်လင့်ထားသော ခန္ဓာကိုယ်ချင်း ထိတွေ့မှုက သူတို့နှစ်ဦးစလုံးကို အနည်းငယ် အနေရခက်သွားစေခဲ့သည်။

ဟယ်ယဲ့ချင်းက အိုးတိုးအမ်းတမ်းဖြင့် ဆိုလိုက်သည်။

“အာ… ကျေးဇူးတင်ပါတယ်…”

“ရပါတယ်…” 
ရှန်လီထံမှ ထုံးစံအတိုင်း တည်ငြိမ်သော လေသံ ထွက်ပေါ်လာသည်။

…

အိမ်သို့ ပြန်ရောက်ပြီးနောက် ဟယ်ယဲ့ချင်းက အိမ်ထောင်စုစာရင်းစာအုပ်ကို နျိုချွန်းဟုန် ထံ ပြန်လည်အပ်နှံလိုက်လေသည်။

နျိုချွန်းဟုန်က စာအုပ်ကို ဟိုလှန်ဒီလှန် လုပ်ကြည့်သည်။ သူမက စာမတတ်သဖြင့် အထဲတွင် ဘာရေးထားသည်ကို နားမလည်သော်လည်း စာမျက်နှာတစ်ခု လျော့နည်းနေသည်ကိုမူ သတိပြုမိသွားသည်။ သူမက ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမျှ ဆက်မပြောတော့ပေ။

နျိုချွန်းဟုန်၏ အကြည့်က သာမန်နှင့်မတူဘဲ လုံးဝပြောင်းလဲနေသော ဟယ်ယဲ့ချင်းအပေါ်သို့ ကျရောက်သွားပြီး သူမ၏ မျက်ဝန်းများတွင် ဖော်ပြမရနိုင်သော စိတ်ခံစားချက်အချို့ ဖြတ်သန်းသွားခဲ့သည်။

ခေတ္တမျှ ကြာပြီးနောက် သူမက မေးလိုက်သည်။
“ဒီဂါဝန်က ရှန်လီ ဝယ်ပေးတာလား…”

ဟယ်ယဲ့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

နျိုချွန်းဟုန်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ဆိုလိုက်သည်။

“ရှန်လီက… သမီအပေါ် တကယ်ကောင်းတာပဲ… နောင်ကျရင် သူနဲ့ပဲ အဆင်ပြေအောင် အတူတူ နေသွားပါ… မလိုအပ်တဲ့ အရာတွေကို လျှောက်မတွေးနဲ့တော့…”

ဟယ်ယဲ့ချင်းက စိတ်ထဲမှ တိတ်တဆိတ် မျက်လုံးလှန်လိုက်ပြီး “အမ်း” ဟုသာ ပြန်တုံ့ပြန်လိုက်သည်။

သူမက နျိုချွန်းဟုန်နှင့် ဆက်လက်၍ ငြင်းခုံမနေချင်တော့ပေ။

“ပြီးတော့ ဗိုက်ကရော…” 
နျိုချွန်းဟုန်၏ အကြည့်က ဟယ်ယဲ့ချင်း၏ သွယ်လျသော ခါးလေးသို့ ရွှေ့သွားပြီး ပြောလေသည်။

“နေလို့မကောင်းတာမျိုး ရှိလား… ကလေးမွေးရတာက မိန်းမတစ်ယောက်အတွက် အရေးကြီးတဲ့ ကိစ္စမို့ ပေါ့ဆလို့မရဘူး… နေရတာ အဆင်မပြေရင် အမေ့ကို သေချာပြောနော်…”

ဟယ်ယဲ့ချင်း : “…”

“ဘာမှမဖြစ်ပါဘူး… သမီး နေကောင်းပါတယ်…”
 
ဟယ်ယဲ့ချင်းက ပြီးစလွယ် ပြန်ဖြေလိုက်သည်။ သူမက နျိုချွန်းဟုန်၏ ရံဖန်ရံခါမှ ထွက်ပေါ်လာတတ်သော ဂရုစိုက်မှုများအပေါ် စိတ်လှုပ်ရှားခြင်း မရှိတော့ပေ။

သေချာသည်က ဟယ်ယဲ့ချင်းက သူမတွင် အမှန်တကယ် ကိုယ်ဝန်ရှိမနေကြောင်းကို ယခုအချိန်၌ နျိုချွန်းဟုန်အား ရှင်းပြရန် အစီအစဉ်မရှိပေ။ လအနည်းငယ် ကြာပြီးနောက် ဗိုက်ကြီးလာခြင်းမရှိသည့်အခါ နျိုချွန်းဟုန်ဘာသာ သဘောပေါက်သွားပေလိမ့်မည်။

…

သူမ လက်ထပ်တော့မည် ဖြစ်ရာ ဟယ်ယဲ့ချင်းက တုတ်ထိုးလုပ်ငန်းကိုလည်း ရပ်နားရန် ပြင်ဆင်လိုက်ပြီဖြစ်သည်။

မူလကတည်းက သူမက ဤလုပ်ငန်းကို ရေရှည်လုပ်ကိုင်ရန် ရည်ရွယ်ထားခြင်းမဟုတ်ဘဲ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှာဖွေရရှိခဲ့သော ငွေကြေးပမာဏကလည်း နောင်လာမည့် နှစ်အနည်းငယ်အတွင်း သူမ အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်။

ဟယ်ယဲ့ချင်းက ရောင့်ရဲတတ်သူပီပီ အလွန်အမင်း နှမြောတသဖြစ်မနေပေ။ မည်သို့ပင်ဖြစ်စေ သူမ၏ အစမှအဆုံးတိုင် ရည်မှန်းချက်က ထိပ်တန်းတက္ကသိုလ်တစ်ခု၌ ဝင်ခွင့်စာမေးပွဲ အောင်မြင်ရန်နှင့် သုတေသနနယ်ပယ်တွင် အသက်မွေးဝမ်းကျောင်းပြုရန်သာ ဖြစ်သည်။

ထို့အပြင် သူမက ရှန်လီ၏ အဖွားကို ကူညီစောင့်ရှောက်ပေးမည်ဟုလည်း ယခင်က ကတိပြုထားခဲ့ဖူးသည်။

အဖွားရှန်က အသက်ကြီးရင့်နေပြီဖြစ်ရာ ပိုမိုဂရုစိုက်ရန် လိုအပ်ပေသည်။ အကယ်၍ သူမက တုတ်ထိုးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေပါက အဖွားရှန်ကို စောင့်ရှောက်ရန် အချိန်ရှိတော့မည် မဟုတ်ချေ။

လက်ထပ်စာချုပ် ရရှိပြီးကတည်းက သူမက ဆိုင်ထိုင်ခြင်း မရှိတော့ပေ။

ဟယ်ယဲ့ချင်းက ယနေ့တွင် နောက်ဆုံးအကြိမ်အဖြစ် ဆိုင်ဖွင့်ရန်နှင့် ဖောက်သည်ဟောင်းများကို သူမက ဤလုပ်ငန်းကို ဆက်လက်လုပ်ကိုင်တော့မည်မဟုတ်ကြောင်း အသိပေးရန် စီစဉ်လိုက်သည်။

ထိုအကြောင်းကို ရှန်လီ ကြားသိရသောအခါ သူ လိုက်ပါကူညီမည်ဟု ပြောခဲ့ပြီး ဟယ်ယဲ့ချင်းကလည်း မငြင်းဆန်ခဲ့ပေ။

နံနက်စောစောတွင် ရှန်လီက လီအားကွေ့ ထံမှ မြည်းလှည်းကို ငှားရမ်းကာ ဟယ်မိသားစုအိမ်သို့ ရောက်ရှိလာခဲ့သည်။

ဟယ်ယဲ့ချင်းက တံခါးဝတွင် သူ့ကို စောင့်ဆိုင်းနေခဲ့ပြီး သူ ရောက်လာသည်ကို မြင်သောအခါ ပြုံးလျက် ဆိုလိုက်သည်။

“ကျေးဇူးပဲနော်…”

“ရပါတယ်” 
ရှန်လီက ပြန်ဖြေပြီး ပစ္စည်းများကို လှည်းပေါ်သို့ တင်ဆောင်ရန် စတင်ကူညီပေးခဲ့သည်။

ထိုအချိန်တွင်မှ ဟယ်ယဲ့ချင်းက ရှန်လီ၏ ခွန်အားသည် အတော်ပင် ကြီးမားကြောင်း သတိပြုမိသွားသည်။

ယခင်ကမူ သူမနှင့် လီအားကွေ့တို့ နှစ်ဦးစလုံး ဝိုင်းမမှ ထူနိုင်သည့် ဤပစ္စည်းများကို ရှန်လီက လက်တစ်ဖက်တည်းဖြင့်ပင် မ နိုင်ခဲ့သည်။

ဟယ်ယဲ့ချင်းက အနည်းငယ် အံ့အားသင့်သွားရသည်။ မြည်းလှည်းပေါ်သို့ တက်ပြီးနောက် သူမကလည်း မယုံကြည်နိုင်စွာဖြင့် လက်တစ်ဖက်တည်းဖြင့် လှမ်းမကြည့်ရာ ပစ္စည်းများက အနည်းငယ်မျှပင် မရွေ့လျားခဲ့ချေ။

လမ်းခရီးတစ်လျှောက်တွင် ရှန်လီက စကားအများကြီး မပြောသော်လည်း ဟယ်ယဲ့ချင်းက သူနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုခဲ့သဖြင့် လေထုက အတော်လေး သဟဇာတဖြစ်နေလေသည်။

သူတို့က ပုံမှန်အတိုင်း မူလစျေးနေရာသို့ ရောက်ရှိလာခဲ့ကြသည်။

ဟယ်ယဲ့ချင်း ယခင်က ဆိုင်ဖွင့်လေ့ရှိသည့် နေရာတွင် လူဦးနေပြီ ဖြစ်သည်။ ဟယ်ယဲ့ချင်းက စိတ်ထဲမထားဘဲ လွတ်နေသော နေရာတစ်ခုကို အလွယ်တကူ ရှာဖွေကာ ပစ္စည်းများကို ချလိုက်လေသည်။

ရင်းနှီးသော ဆိုင်ပိုင်ရှင်တစ်ဦးကို ပစ္စည်းများ ခေတ္တကြည့်ရှုပေးရန် အပ်နှံပြီးနောက် ဟယ်ယဲ့ချင်းက ရှန်လီကို ပြောလိုက်၏။

“ကျွန်မတို့ ကျန်းလောင်ရှီးရဲ့အိမ်ကို သွားပြီး စားပွဲနဲ့ ကုလားထိုင်တွေ သွားယူရဦးမယ်…”

ရှန်လီက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြသည်။

ကျန်းကော်ဝမ်၏ အိမ်သို့ သွားရာလမ်းတွင် ဟယ်ယဲ့ချင်းက ရှန်လီကို ရှင်းပြခဲ့သည်။

“ကျန်းလောင်ရှီးက ကျွန်မရဲ့ အထက်တန်းကျောင်းတုန်းက အတန်းပိုင်ဆရာပဲ… သူ့မိသားစုတစ်ခုလုံးက ကျွန်မအပေါ် သိပ်ကောင်းကြတာ…”

ရှန်လီက သူမ၏စကားကို တိတ်တဆိတ် နားထောင်နေခဲ့သည်။

သူတို့နှစ်ဦး ကျန်းမိသားစုအိမ်သို့ ရောက်ရှိချိန်တွင် ကျန်းကော်ဝမ်နှင့် သူ့ဇနီး ကွမ်းဖန်ကျဲ တို့နှစ်ဦးစလုံး ခြံဝင်းထဲတွင် အလုပ်ရှုပ်နေကြသည်။

ကွမ်းဖန်ကျဲက ခုံတန်းလျားလေးပေါ်တွင် ထိုင်ကာ ဟင်းသီးဟင်းရွက်များ ခူးဆွတ်နေပြီး ကျန်းကော်ဝမ်ကမူ ခြေဆန့်လက်ဆန့်ဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေသည်။

“ဟယ်… ချင်းချင်း လာတယ်…” 
ကွမ်းဖန်ကျဲက ဟယ်ယဲ့ချင်းကို မြင်သောအခါ ပြုံးလျက် ဆိုသည်။

“နင် မလာတာ ရက်အတော်ကြာပြီနော်… ငါကတော့ ဆိုင်ပိတ်လိုက်ပြီ ထင်နေတာ…”

ဟယ်ယဲ့ချင်းက ပြုံးလျက် နှုတ်ဆက်ကာ ပြန်ဖြေလိုက်သည်။

“ဒီနေ့က နောက်ဆုံးနေ့ပါပဲ… နောက်ဆို သမီး ဆိုင်မဖွင့်တော့ဘူး…”

“ဪ… တကယ်လား…” 
ကွမ်းဖန်းကျဲက အနည်းငယ် အံ့သြသွားသော်လည်း အများကြီး မပြောတော့ပေ။ ထို့နောက် သူမက ဟယ်ယဲ့ချင်း၏ နောက်တွင် လိုက်ပါလာသော ရှန်လီကို သတိပြုမိသွားပြီး မေးလိုက်သည်။

“ဟေး… အရင်က မင်းနဲ့အတူ လာနေကျ အဘိုးကြီးရော ဘယ်မှာလဲ… အခုတော့ လူငယ်လေးတစ်ယောက် ပါလာပါလား…”

ဟယ်ယဲ့ချင်းက မိတ်ဆက်ပေးရန် ပြင်စဉ် ကိုယ်လက်လှုပ်ရှားမှု ပြီးစီးသွားသော ကျန်းကော်ဝမ်က ကြားဖြတ်၍ စကားဆိုလာသည်။ 

“ဆိုင်မဖွင့်တော့တာ ကောင်းပါတယ်… ကျောင်းလည်း ဖွင့်တော့မှာဆိုတော့ စာသင်ဖို့ကိုပဲ ပြန်အာရုံစိုက်ရမယ်…”

အမှန်အတိုင်းပြောရလျှင် ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းက ဆိုင်ဖွင့်ပြီး စီးပွားရှာနေသည်ကို သဘောမကျပေ။ စာကျက်ခြင်းသည်သာ မှန်ကန်သောလမ်းကြောင်းဖြစ်ပြီး ဤကဲ့သို့ ငွေရှာနေခြင်းက လမ်းမှားသို့ ရောက်ရှိနေခြင်းဖြစ်သည်ဟု သူက ယုံကြည်ထားသည်။

ထိုစကားကို ကြားရသောအခါ ဟယ်ယဲ့ချင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ဆိုလိုက်တော့သည်။

"ကျန်းလောင်ရှီး… ကွမ်းလောင်ရှီး… သမီး လောင်ရှီးတို့နှစ်ယောက်ကို ပြောစရာ စကားတစ်ခု ရှိပါတယ်…”

“ဘာကိစ္စလဲသမီး… ပြောလေ…” 
ကွမ်းဖန်ကျဲက ပြုံးလျက် ပြန်ပြောသည်။

ဟယ်ယဲ့ချင်းက ရှန်လီကို အနားသို့လာရန် လက်ဟန်ပြလိုက်သည်။

ရှန်လီက ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း သူမ ညွှန်ပြသည့်အတိုင်း ဘေးတွင် လာရောက်ရပ်လိုက်သည်။

ဟယ်ယဲ့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျန်းကော်ဝမ်နှင့် ကွမ်းဖန်ကျဲတို့ဘက်သို့ လှည့်ကာ မျက်နှာမူလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းကော်ဝမ်နှင့် ကွမ်ဖန်းကျဲတို့က ဤမြင်ကွင်းကို ကြည့်ကာ တစ်စုံတစ်ခု လွဲမှားနေပြီဟု ခံစားလိုက်ရသည်။ သေချာပေသည်။ နောက်တစ်စက္ကန့်၌ ဟယ်ယဲ့ချင်းထံမှ စကား ထွက်ပေါ်လာခဲ့တော့သည်။

“သမီး အိမ်ထောင်ကျသွားပြီ… သူက သမီးရဲ့ ခင်ပွန်း ရှန်လီ ပါ…”

ရှန်လီက ကျန်းကော်ဝမ်နှင့် ကွမ်းဖန်ကျဲတို့ကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်လေသည်။

ကျန်းကော်ဝမ်နှင့် ကွမ်းဖန်ကျဲတို့က ရုတ်တရက် ထွက်ပေါ်လာသော ဤသတင်းစကားကြောင့် အလွန်အမင်း တုန်လှုပ်သွားရပြီး ပြန်လည်ပြောဆိုရန် စကားလုံးပင် ရှာမတွေ့တော့ချေ။

တစ်ချိန်တည်းမှာပင် ကျွီခနဲ အသံနှင့်အတူ တံခါးတစ်ခု ရုတ်တရက် ပွင့်ဟသွားပြီး တံခါးနောက်ကွယ်မှ ကျန်းဝေကျဲ ပေါ်လာခဲ့သည်။

ကျန်းဝေကျဲ၏ အကြည့်က ဟယ်ယဲ့ချင်းအပေါ်သို့ ဖြတ်သန်းသွားပြီးနောက် သူမဘေးတွင် ရပ်နေသောအမျိုးသားထံသို့ ရန်လိုသောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့ပြီး သူ့မျက်နှာက တင်းမာခက်ထန်နေလေသည်။

ရှန်လီကလည်း ကျန်းဝေကျဲ၏ အကြည့်ကို သတိပြုမိသွားသည်။ သူက ပြန်လည်စိုက်ကြည့်လိုက်ရာ သူ့မျက်ဝန်းထဲတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွား၏။

ဟယ်ယဲ့ချင်းကမူ ထိုအရာကို သတိမပြုမိဘဲ ဆက်ပြောလိုက်လေသည်။

“ဒါကြောင့်မို့လို့ သမီး ကျောင်းပြန်မတက်တော့ဘူး…”

အမှန်တွင် သူမ လက်မထပ်ခဲ့လျှင်ပင် ကျောင်းတက်ပြီး စာသင်ခန်းထဲ၌ စာသင်ရန် အစီအစဉ်မရှိခဲ့ပေ။ သူမက အထက်တန်းကျောင်းတွင် သိရှိထားသင့်သည့် ပညာရပ်အားလုံးကို တတ်မြောက်ထားပြီးဖြစ်ရာ ကျောင်းမှဆရာများက သူမကို အများကြီး မကူညီနိုင်တော့ချေ။

ကျောင်းတက်ခြင်း၏ တစ်ခုတည်းသော အကျိုးကျေးဇူးက စာကျက်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်ကို ရရှိခြင်းဖြစ်ပြီး မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း အားနည်းသူများအတွက်သာ အသုံးဝင်သည်။ သို့သော် ဟယ်ယဲ့ချင်းမှာမူ စည်းကမ်းထားတတ်သူဖြစ်ရာ မည်သည့်နေရာသို့ ရောက်ရှိနေပါစေ စာလေ့လာနိုင်သည်။

ထို့အပြင် ကျောင်းတက်ခြင်းက သူမ၏ အချိန်များကို လွတ်လပ်မှု မရှိစေနိုင်ပေ။ ဟယ်ယဲ့ချင်းအတွက်မူ စာပြန်နွှေးရန် ကျောင်းသွားတက်ခြင်းက မလိုအပ်သည့်အပြင် အချိန်ကုန်ရကျိုးလည်း မနပ်ပေ။

သို့သော် ကျန်းကော်ဝမ်က ဟယ်ရဲ့ချင်း၏ လုပ်ရပ်ကို မည်သို့မျှ နားမလည်နိုင်ခြင်းက သေချာလှသည်။

ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်း ယခုလေးတင် ပြောလိုက်သည့် စကားကို သဘောပေါက်သွားချိန်တွင် အလွန်အမင်း ဒေါသထွက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

“မင်း ရူးနေတာလား… ကျောင်းက ထွက်လိုက်ရုံတင်မကဘဲ အခုတော့ အိမ်ထောင်ပါ ပြုလိုက်ပြီ ဟုတ်လား… မင်း ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”

ကျန်းကော်ဝမ်က ဟယ်ယဲ့ချင်းကို သမီးအရင်းကဲ့သို့ အမှန်တကယ် သတ်မှတ်ထားသူဖြစ်ရာ သူ့ စကားလုံးများက အလွန်ပင် ပြင်းထန်ခက်ထန်လှသည်။

ဒေါသအရှိန်ကြောင့် သူက မဆင်မခြင်ပင် ပြောဆိုလိုက်မိခြင်း ဖြစ်သည်။

ရှန်လီကလည်း အနည်းငယ် ဒေါသကြီးသူပီပီ ကျန်းကော်ဝမ်၏ ဆူပူကြိမ်းမောင်းသံကို ကြားရသောအခါ မျက်မှောင်ကြုတ်သွားပြီး စကားပြောရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သို့သော် ဟယ်ယဲ့ချင်းက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ခေါင်းခါပြလျက် တားဆီးလိုက်သည်။

ဆရာကျန်းက သူမအပေါ် စေတနာနှင့် ပြောဆိုနေခြင်းဖြစ်ကြောင်း သူမ နားလည်သည်။ သို့သော် ဤအယောင်ဆောင်အိမ်ထောင်ရေးအကြောင်းကို ရှင်းပြရန် ခက်ခဲလှသဖြင့် ဆူပူသမျှကိုသာ အောင့်အီးသည်းခံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“စားပွဲနဲ့ ကုလားထိုင်တွေကို သွားရွှေ့လိုက်ပါ…”

ဟယ်ယဲ့ချင်းက ရှန်လီကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

ရှန်လီ၏ မေးရိုးကြွက်သားများက တင်းကနဲ ဖြစ်သွားသော်လည်း သူမ၏စကားကို နားထောင်ကာ စားပွဲနှင့် ကုလားထိုင်များ စီထားသည့် ထောင့်စွန်းသို့ လျှောက်လှမ်းသွားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ကျန်းကော်ဝမ်က သူ၏ ဒေါသအရှိန်ကို ရှန်လီထံသို့ လွှဲပြောင်းလိုက်တော့သည်။

“မင်း… ခဏနေဦး…” 

ကျန်းကော်ဝမ်က ရှန်လီကို စိုက်ကြည့်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။

“ဟယ်ယဲ့ချင်းက အသက်ငယ်သေးလို့ မသိနားမလည်တာ ထားပါဦး… မင်းကတော့ ဒါထက်ပိုပြီး သိသင့်တာပေါ့… သူက စာမေးပွဲတစ်ဘာသာ လွဲချော်ခဲ့တာတောင် ခရိုင်တစ်ခုလုံးမှာ အမှတ်အများဆုံး ရခဲ့တဲ့သူဆိုတာ မင်း သိရဲ့လား… ဒါကိုတောင် မင်းက သူ့ကို လက်ထပ်လိုက်သေးတယ်… မင်းက သူ့ရဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်လာမယ့် အနာဂတ်ကို ဖျက်ဆီးပစ်လိုက်တာပဲ…”

ဟယ်ယဲ့ချင်းက ထိုစကားများကို ကြားရသောအခါ အတော်ပင် ခေါင်းခဲသွားရတော့သည်။


🖼🖼🖼🖼အခန်း (၂၉)
ဆူပူခြင်း

 
ကျန်းကော်ဝမ်က သူမကို မည်မျှပင် ဆူပူကြိမ်းမောင်းပါစေ ဟယ်ယဲ့ချင်းက အမှန်တကယ် လက်ခံနိုင်သည်။ 
 
သို့သော် ရှန်လီကမူ လုံးဝ အပြစ်မရှိချေ။ 
 
မည်သို့ပင်ဖြစ်စေ ဤအယောင်ဆောင်အိမ်ထောင်ရေးကို စတင်ကမ်းလှမ်းခဲ့သူက သူမဖြစ်ပြီး ရှန်လီက ဤကဲ့သို့ မတရားဆူပူခံရမှုကို မကြုံတွေ့သင့်ပေ။ 
 
ထို့ကြောင့် ဟယ်ယဲ့ချင်းက ဘာမျှမတွေးတော့ဘဲ ရှန်လီ၏ရှေ့တွင် ကာဆီးလျက် ဝင်ရပ်လိုက်ပြီး ဆိုလိုက်သည်။ 

“လောင်ရှီး… လောင်ရှီး ဆူချင်ရင် သမီးကိုပဲ ဆူပါ… သူနဲ့ ဘာမှမဆိုင်ပါဘူး…” 
 
ထိုအခိုက်အတန့်တွင် ကွမ်းဖန်ကျဲကလည်း ကျန်းကော်ဝမ်ကို နောက်သို့ ဆွဲခေါ်လိုက်ပြီး သူ့ခါးမှ အသားနုလေးကို ဒေါသတကြီး ဆွဲဆိတ်ကာ သတိပေးလိုက်တော့သည်။ 

“ရှင် ဒီအဖိုးကြီးကတော့လေ… အဲဒီ ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်းပါဦး…” 
 
ကျန်းကော်ဝမ်ကို ဆူပူပြီးနောက် ကွမ်းဖန်းကျဲက ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ကို ပြန်လည်တောင်းပန်ရှာသည်။  

“သူ့စကားကို စိတ်ထဲမထားပါနဲ့ကွယ်… မင်းတို့ ကျန်းလောင်ရှီးက နှုတ်ဆိုးရုံတင်ပါ… စိတ်ထဲက ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး…” 
 
“စိတ်မပူပါနဲ့ လောင်ရှီး… သမီး နားလည်ပါတယ်…”  
ဟယ်ယဲ့ချင်းက ပြန်ဖြေလိုက်သည်။ 
 
ကျန်းကော်ဝမ်က ဇနီးဖြစ်သူကို ကြောက်ရသူပီပီ ကွမ်းဖန်ကျဲ၏ တားဆီးမှုအောက်တွင် ဘာမျှ ထပ်မံမပြောရဲတော့ဘဲ သူ့စကားနားမထောင်သော တပည့်မကိုသာ ဒေါသတကြီး စိုက်ကြည့်နေခဲ့တော့သည်။ 
 
အတန်ကြာတွင် ကျန်းဝေကျဲ လျှောက်လာခဲ့သည်။ 
 
“ရှောင်ချင်း… မင်းမှာ  á€Ąá€á€€á€şá€Ąá€á€˛á€á€…်ခုခု ရှိနေလို့လား…”  

သူက ဟယ်ယဲ့ချင်းကို စိုးရိမ်ပူပန်သော အကြည့်ဖြင့် မေးလိုက်သည်။ ထို့နောက် ဘေးတွင်ရပ်နေသော အနားကပ်ရန် ခက်ခဲပုံရသည့် ရှန်လီကို မသိမသာ တစ်ချက်လှမ်းကြည့်ကာ ဆက်ပြောသည်။ 

“မကြောက်ပါနဲ့… အခုခေတ်က ဒီမိုကရေစီ လူ့အဖွဲ့အစည်းဖြစ်နေပြီလေ… အတင်းအဓမ္မ ပေးစားတဲ့စနစ်တွေ ခေတ်မစားတော့ပါဘူး…” 
 
ကျန်းဝေကျဲ ဤကဲ့သို့ ပြောရခြင်းက ဟယ်ယဲ့ချင်းသည် အတင်းအဓမ္မ ဖိအားပေးခြင်း ခံထားရသည်ဟု အသေအချာ ယုံကြည်နေသောကြောင့် ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်း၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုအကြောင်းကို သိရှိကတည်းက ကျန်းဝေကျဲက အတော်ပင် စိုးရိမ်ပူပန်နေခဲ့သည်။ သူက မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို စုံစမ်းရန်အတွက် ကန်းရွှေရွာသို့ တိတ်တဆိတ် သွားရောက်ခဲ့ဖူးသည်။ 
 
သူ စုံစမ်းသိရှိခဲ့ရသော အချက်အလက်များက သူ့သံသယကို ပိုမိုခိုင်မာစေခဲ့သည်။ ဟယ်ယဲ့ချင်း၏ စာမေးပွဲကိစ္စက သူမ၏ မိဘများ နှောင့်ယှက်မှုကြောင့်ဖြစ်ပြီး သူတို့က သူမကို ချက်ချင်းပင် အိမ်ထောင်ချပေးရန် ကြံရွယ်နေကြသည်ဟု ကြားသိခဲ့ရသည်။ 
 
ထို့ကြောင့်ပင် ယခင်က ကျန်းဝေကျဲသည် ဟယ်ယဲ့ချင်းအား အခက်အခဲ တစ်စုံတစ်ရာ ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 
 
သို့သော် နှမြောစရာကောင်းသည်က ထိုစဉ်က ဟယ်ယဲ့ချင်းက သူ့အား ရင်ဖွင့်တိုင်ပင်ရန် စိတ်ကူးမရှိခဲ့ချေ။ 
 
ဟယ်ယဲ့ချင်း၏ မိဘများက သူမအတွက် အိမ်ထောင်ရေး စီစဉ်ပေးနေသည့် သတင်းကို ကြားရသောအခါ ကျန်းဝေကျဲ၏ စိတ်ထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ 
 
ဟယ်ယဲ့ချင်းက အလွန် လှပပြီး စာလည်းတော်ကာ စိတ်နေသဘောထားလည်း ကောင်းမွန်လှသည်။ ဤမျှ ထူးချွန်ထက်မြက်သော မိန်းကလေးတစ်ဦးနှင့် ရင်ဆိုင်ရပါက မည်သူမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။ 
 
သူ တက္ကသိုလ်တက်ကတည်းက ကျန်းဝေကျဲသည် ဟယ်ယဲ့ချင်းလည်း ပေကျင်းသို့ စာသင်ရန် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှသာ သူက သူမကို မည်သည့်ပူပန်မှုမျှမရှိဘဲ ရဲရဲဝံ့ဝံ့ လိုက်လံပိုးပန်းနိုင်မည် ဖြစ်သည်။ 
 
ထို့ကြောင့် ကန်းရွှေရွာမှ သတင်းများကို ကြားပြီးနောက် ကျန်းဝေကျဲ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ 

ဟယ်ယဲ့ချင်း အိမ်ထောင်ပြုရမယ်ဆိုရင် အဲဒီသူက ဘာလို့ ငါ မဖြစ်နိုင်ရတာလဲ… 
 
သူတို့နှစ်ဦးစလုံးက အသက်အရွယ်ချင်း တူညီကြပြီး ဝါသနာချင်းလည်း တူညီကြသည်။ လာမည့်နှစ်တွင် ဟယ်ယဲ့ချင်း ပေကျင်းရှိ တက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့်ရရှိပြီးပါက သူတို့က ကျောင်းဝင်းအတွင်းမှ စုံတွဲတစ်တွဲပင် ဖြစ်လာနိုင်သေးသည်။ 
 
သို့သော် အရာအားလုံးက ကျန်းဝေကျဲ မျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ချေ။ 
 
မည်သို့ပင်ဖြစ်စေ ကျန်းဝေကျဲက ကျောင်းသားတစ်ဦးသာ ရှိသေးရာ ယခုအချိန်တွင် အိမ်ထောင်ရေးအကြောင်း တွေးတောရန် အမှန်တကယ်ပင် စောလွန်းလှသေးသည်။ 
 
ထို့အပြင် သူ့ဖခင်ဖြစ်သူ ကျန်းကော်ဝမ်သည် အလွန်ပင် စည်းကမ်းကြီးပြီး တရားသေဆန်သူဖြစ်ရာ ဤအသက်အရွယ်တွင် သူ့သားဖြစ်သူအား ကျောင်းသူတစ်ဦးနှင့် လက်ထပ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။ 
 
ဤအကြောင်းရင်းကြောင့်ပင် ကျန်းဝေကျဲက မိဘများကို ဖွင့်ဟပြောဆိုရန် မဝံ့ရဲခဲ့ခြင်း ဖြစ်သည်။ 
 
သို့သော် သူ မမျှော်လင့်ထားသည်က သူ၏ တွန့်ဆုတ်နေမှုကြောင့် အခြားတစ်ယောက်က ဦးသွားခဲ့ခြင်းပင် ဖြစ်သည်။

ကျန်းဝေကျဲက နောင်တများဖြင့် ပြည့်နှက်နေပြီး ဟယ်ယဲ့ချင်းထံမှ အတင်းအဓမ္မ စီစဉ်ခံရခြင်းဖြစ်ကြောင်း ဝန်ခံသံကို ကြားရရန် မျှော်လင့်နေဆဲဖြစ်သည်။ သို့မှသာ အခြေအနေကို ပြောင်းလဲပစ်ရန် အခွင့်အရေး ရှိဦးမည်ဖြစ်သည်။ 
 
သို့သော် ကျန်းဝေကျဲတစ်ယောက် စိတ်ပျက်သွားဖို့ရာ ကံပါလာခဲ့ပြီ ဖြစ်သည်။ 
 
ဟယ်ယဲ့ချင်းက ရှန်လီ၏ ရှေ့တွင် ရပ်လျက် ပြောလိုက်သည်။ 

“ဘာအခက်အခဲမှ မရှိပါဘူး… ကျွန်မတို့ နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြတာပါ…” 
 
သူ့သား၏ စကားကို ကြားပြီးနောက် ကျန်းကော်ဝမ်သည်လည်း မူလက မျှော်လင့်ချက်အရိပ်အယောင်လေး ရှိခဲ့သေးသည်။ 
 
သူက ဟယ်ယဲ့ချင်း၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ နှစ်ကြိမ်စလုံးတွင် တစ်ခုခု မှားယွင်းနေသည်ဟု ကာလရှည်ကြာ သံသယရှိခဲ့သည်။ သူမ တစ်စုံတစ်ရာ ဒုက္ခရောက်နေ၍ ရုတ်တရက် အိမ်ထောင်ပြုလိုက်ရခြင်းလားဟု တွေးတောခဲ့မိသည်။ 
 
ဟယ်ယဲ့ချင်း၏ ပြတ်သားသော ငြင်းဆိုမှုကို ကြားရသောအခါ ကျန်းကော်ဝမ်က သူမကို ဒေါသတကြီး စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။ 

“ဘာလဲ… နင်က အခုတော့ ဂုဏ်ယူနေတာပေါ့ ဟုတ်လား…” 
 
ဟယ်ယဲ့ချင်းက မျက်နှာလေးငယ်ကာ ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ဆိုလိုက်သည်။ 

“မဟုတ်… မဟုတ်ပါဘူး…” 
 
ကျန်းကော်ဝမ်က အမှန်တကယ်ပင် စိတ်ပျက်အားမလိုအားမရဖြစ်ခြင်းနှင့် ဒေါသတို့ ရောပြွမ်းနေပြီး သူမအပေါ် သနားစိတ်နှင့် စိတ်ပျက်မိခြင်းတို့ကို တစ်ပြိုင်နက် ခံစားနေရသည်။ 
 
သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပြီး ဟယ်ယဲ့ချင်းကို ဆက်၍မမြင်ချင်တော့ကြောင်း ပြတ်ပြတ်သားသား ပြသလိုက်သည်။ 
 
ကွမ်းဖန်ကျဲက အလွန်ပင် အားနာသွားရသည်။ သူမက ဟယ်ယဲ့ချင်း၏ လက်ကို ဆွဲကိုင်ကာ နှစ်သိမ့်ပေးရှာသည်။ 

“သူ့ကို စိတ်ထဲမထားပါနဲ့ကွယ်… မင်းတို့ရဲ့ ကျန်းလောင်ရှီးက စိတ်တိုတတ်ရုံတင်ပါ… မကြာခင် စိတ်ပြေသွားပါလိမ့်မယ်…” 
 
ဟယ်ယဲ့ချင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 
 
အချိန်ထပ်မံ မဆွဲချင်တော့သဖြင့် ဟယ်ယဲ့ချင်းက ရှန်လီကို စားပွဲနှင့် ကုလားထိုင်များ ရွှေ့ရန် ကူညီခိုင်းလိုက်ပြီး သူမကိုယ်တိုင်မူ ကျန်းကော်ဝမ် ဝင်သွားသည့် အခန်း၏ ပြတင်းပေါက်နားသို့ လျှောက်သွားကာ ပြောလိုက်သည်။ 

“ကျန်းလောင်ရှီး… သမီး စာသင်တာကို ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး…” 
 
သူမက ပြတင်းပေါက်အပြင်ဘက်တွင် စက္ကန့်အနည်းငယ်မျှ ရပ်နေပြီးမှ လှည့်ထွက်ခဲ့သည်။ သူမ လှည့်ထွက်ခါနီးတွင်ပင် အခန်းထဲမှ ကျန်းကော်ဝမ်၏ ပြင်းထန်သော “ဟင်း” ခနဲ နှာမှုတ်သံကို ကြားလိုက်ရသည်။ 
 
… 
 
ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ စျေးသို့ ပြန်ရန် ပြင်ဆင်နေစဉ် ကျန်းဝေကျဲက ရုတ်တရက် နောက်မှ အပြေးလိုက်လာခဲ့သည်။ 
 
“ရှောင်ချင်း…”  
သူက ဟယ်ယဲ့ချင်းကို လှမ်းခေါ်လိုက်သည်။ 
 
ဟယ်ယဲ့ချင်းကလည်း လှည့်ကြည့်လိုက်သည်။ 
 
ရှန်လီက မျက်မှောင်ကြုတ်သွားပြီး ဟယ်ယဲ့ချင်း၏ ရှေ့တွင် မသိမသာ ဝင်ကာ ကာကွယ်သည့် ပုံစံမျိုးဖြင့် ရပ်လိုက်၏။ 

သူတို့နှစ်ဦး၏ အကြည့်များက လေထုထဲတွင် ဆုံစည်းသွားခဲ့ကြပြီး မမြင်နိုင်သော တင်းမာမှုတစ်ခု ဖြတ်သန်းသွားလေသည်။ 
 
“ကျန်းကော … ဘာကိစ္စရှိလို့လဲ…”  
ဟယ်ယဲ့ချင်းက မေးလိုက်သည်။ 
 
အခြေအနေများအားလုံးက ပြီးပြတ်သွားခဲ့ပြီ ဖြစ်ရာ ကျန်းဝေကျဲ၏ မျက်နှာပေါ်တွင် စိတ်ပျက်ရိပ်များ နောက်ဆုံး၌ ထင်ဟပ်လာခဲ့တော့သည်။ သူနှင့် သူမအကြား မည်သို့မျှ မဖြစ်နိုင်တော့ကြောင်းကို သူ အသေအချာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ 
 
“မဟုတ်ပါဘူး… ဘာမှမဟုတ်တော့ပါဘူး”  
ကျန်းဝေကျဲက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ 
 
… 
 
ဟယ်ယဲ့ချင်းနှင့် ရှန်လီတို့ စျေးသို့ ပြန်ရောက်ပြီး ဆိုင်ပြန်ဖွင့်လိုက်ကြသည်။ 
 
စျေးတွင်လည်း ယခင်ကဲ့သို့ပင် အခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာခဲ့သည်။ 
 
အစပိုင်းတွင် ဟယ်ယဲ့ချင်းက သူမ နောင်တွင် တုတ်ထိုးများကို ဆက်လက်ရောင်းချတော့မည် မဟုတ်ကြောင်း ပေါ့ပေါ့ပါးပါးသာ ပြောကြားခဲ့ပြီး ဖောက်သည်များက စျေးတွင် သူမကို စောင့်ဆိုင်းမနေကြရန် အသိပေးခဲ့သည်။ 
 
ထိုစားမြိန်လှသော တုတ်ထိုးများကို နောင်တွင် စားသုံးရတော့မည်မဟုတ်ကြောင်း ကြားရသောအခါ ပုံမှန်ဖောက်သည်များက စိုးရိမ်တကြီးဖြင့် အကြောင်းရင်းကို ဝိုင်းမေးကြတော့သည်။ 
 
ဟယ်ယဲ့ချင်းကမူ အိမ်တွင်းရေး အခက်အခဲအချို့ကြောင့်ဟုသာ ပြောနိုင်ခဲ့သည်။ 
 
အစပိုင်းတွင် အခြေအနေက တည်ငြိမ်သွားပုံရသော်လည်း ထိုစဉ် တစ်စုံတစ်ယောက်က ဘေးမှ တိတ်တဆိတ် ကူညီပေးနေသော ရှန်လီကို သတိပြုမိသွားသည်။ 
 
“ဒီမှာ ကူညီပေးနေတဲ့သူက ညီမလေးရဲ့ အစ်ကိုလား… သူ့မှာ ရည်းစားရှိပြီလား…”  

စပ်စုတတ်သော အဒေါ်ကြီးတစ်ဦးက အရပ်ရှည်ပြီး ချောမောခန့်ညားသော ရှန်လီကို စိုက်ကြည့်ကာ မေးလိုက်သည်။ 
 
သူတို့နှစ်ဦးစလုံးက အလွန်ပင် ရုပ်ရည်ချောမောကြပြီး အပြင်ပန်းတွင်လည်း ထူးထူးခြားခြား ရင်းနှီးသည့် အမူအရာမျိုး မပြသကြသဖြင့် ထိုအဒေါ်ကြီးက မောင်နှမများဟု သဘာဝအတိုင်း ထင်မှတ်သွားခြင်း ဖြစ်သည်။

“မဟုတ်ပါဘူး…”  
ဟယ်ယဲ့ချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ 
 
“ဪ… ဒါဆို သူက ဘယ်သူလဲ…”  
အဒေါ်ကြီးက ထပ်မံမေးမြန်းပြန်သည်။ 
 
ဟယ်ယဲ့ချင်းသည် အခြေအနေက မဟန်တော့ကြောင်း ရိပ်မိလိုက်ပြီး သတိထားလိုက်မိသည်။ သူမက ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို တွေးတောနေစဉ် လေသံတစ်ခုက တည်ငြိမ်စွာ ထွက်ပေါ်လာခဲ့သည်။ 
 
“သူက မင်း လက်ထပ်လိုက်တဲ့ ယောကျာ်းလား…”  

ထိုအသံတွင် ဝမ်းနည်းမှုသုံးပုံနှင့် စိတ်ပျက်အားငယ်မှု ခုနစ်ပုံခန့် စွက်ဖက်နေခဲ့သည်။ 
 
ဟယ်ယဲ့ချင်း မော့ကြည့်လိုက်ရာ သူမ၏ မျက်စိသူငယ်အိမ်များ တုန်လှုပ်သွားရသည်။ 
 
သူမက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။ 

ဒီငတုံး ‘ကျန်းကျစ်ဖန်’ က ဘာလို့ ဒီနေရာကို ရောက်လာပြီး ငါ့ကို သနားစဖွယ်လိုလိုနဲ့ ရန်ငြိုးဖွဲ့သလိုလို အကြည့်တွေနဲ့ လာကြည့်နေရတာလဲ… 
 
ငါတို့က ရင်းနှီးတဲ့သူတွေတောင် မဟုတ်ဘူးလေ… 
 
ထိုနေ့က ကျန်းကျစ်ဖန်တစ်ယောက် ဟယ်ယဲ့ချင်း၏ အရှက်ခွဲခြင်းကို ခံခဲ့ရသော်လည်း အမျိုးသားဆိုသည်က ခေါင်းမာတတ်သည့် သတ္တဝါမျိုး ဖြစ်သည်။ သူတို့ကို အထင်သေးလေလေ၊ ပို၍ အားခဲကြိုးစားပြချင်လေလေ ဖြစ်ကြစမြဲပင်။ သူက ဟယ်ယဲ့ချင်းအပေါ် အမြဲတမ်း စွဲလမ်းနေခဲ့ပြီး အောင်သွယ်တော် ကျန်းမှတစ်ဆင့် သူမ၏ သတင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သည်။ 
 
ထို့အပြင် ကျန်းကျစ်ဖန်က အောင်သွယ်တော်ကျန်းမှတစ်ဆင့် ဟယ်ယဲ့ချင်းထံ စကားပါးလိုက်သေးသည်။ ဟယ်ယဲ့ချင်းက သူ့ကို မျက်နှာသာ အနည်းငယ်ပေးမည်ဆိုလျှင် အတိတ်က ကိစ္စရပ်များကို အစအနဖျောက်၍ ခွင့်လွှတ်ပေးနိုင်သည်ဟူ၍ ဖြစ်သည်။ 
 
သို့သော်လည်း ဟယ်ယဲ့ချင်းကမူ သူ့ကို လုံးဝ အဖက်မလုပ်ခဲ့ပေ။ 
 
ဒုတိယအကြိမ်မြောက် အရှိုက် အထိနာသွားသော ကျန်းကျစ်ဖန်က ဒေါသနှင့် အရှက်တို့ ရောပြွမ်းလျက် သူမကို ခေတ္တမျှ လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်လေသည်။ 
 
ထို့နောက်တွင်မူ ဟယ်ယဲ့ချင်း၏ သတင်းကို မနေနိုင်မထိုင်နိုင် ထပ်မံစုံစမ်းကြည့်ရာမှ သူမ တစ်ယောက် အမှန်တကယ် အိမ်ထောင်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်ရ၏။ 
 
ထိုအဖြစ်မှန်ကို ကျန်းကျစ်ဖန် လုံးဝ လက်မခံနိုင်ခဲ့ပေ။ အထူးသဖြင့် ဟယ်ယဲ့ချင်း၏ ခင်ပွန်းသည်က အလုပ်အကိုင်မရှိဘဲ လေလွင့်နေသည့် ကျေးလက်တောရွာမှ ကောင်လေးတစ်ယောက်မျှသာ ဖြစ်သည်ဟူသော သတင်းကြောင့် ပို၍ပင် ခံရခက်နေခဲ့သည်။ 
 
ကျန်းကျစ်ဖန် တစ်ယောက် စဉ်းစား၍မရနိုင်အောင် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။ 
 
ငါ့လို မြို့ပြသား စစ်စစ်၊ အထည်ချုပ်စက်ရုံပိုင်ရှင်၏ သားဖြစ်သူက ဘာဖြစ်လို့ တောသားတစ်ယောက်ကိုတောင် မယှဉ်နိုင်ရတာလဲ… 
 
ကျန်းကျစ်ဖန်က ဒေါသထွက်လွန်းသဖြင့် အိပ်မပျော်၊ စားမဝင် ဖြစ်ခဲ့ရသည်။ သူက ဈေးထဲတွင် ရက်အတော်ကြာ အခြေအနေကို စောင့်ကြည့်နေခဲ့ပြီးနောက် နောက်ဆုံးတွင် ဟယ်ယဲ့ချင်းနှင့် သူမ၏ ယောက်ျား တောရွာမှကောင်လေးတို့ကို အမိအရ တွေ့လိုက်ရလေသည်။ 
 
ကျန်းကျစ်ဖန်က ရှန်လီကို အထင်သေးကဲ့ရဲ့သော အကြည့်များဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ 
 
ဟွန်း… သူ့မျက်နှာက ငါ့ထက် နည်းနည်းလေး ပိုချောပြီး အရပ်က ပိုရှည်နေရုံပဲဥစ္စာ… 
 
ဒါပေမဲ့ ငါ ကျန်းကျစ်ဖန်က အထည်ချုပ်စက်ရုံပိုင်ရှင်ရဲ့ ဂုဏ်သရေရှိ သားရတနာကွ… 
 
ဒီတောသားက ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… 
 
ရှန်လီကလည်း မကျေမနပ်ဖြစ်နေသော အကြည့်များဖြင့် ကျန်းကျစ်ဖန်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။ 
 
ရှန်လီနှင့် အကြည့်ချင်းဆုံမိသောအခါ ကျန်းကျစ်ဖန်တစ်ယောက် မသိစိတ်မှ တုန်လှုပ်သွားရသည်။ ခဏတာမျှ ထိုလူက တစ်မျိုးကြီး ကြောက်စရာကောင်းနေသည်ဟု ခံစားလိုက်ရသော်လည်း ၎င်းက စိတ်အထင်မှားရုံသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ 
 
ထိုအတောအတွင်း ကျန်းကျစ်ဖန်၏ စကားများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအများကြားတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားရတော့သည်။ 
 
“ချင်းချင်း… မင်း အိမ်ထောင်ကျသွားပြီ ဟုတ်လား…” 
 
“ဒါ မင်းယောကျ်ားလား…” 
 
“အိမ်ထောင်ကျသွားလို့ တုတ်ထိုး ဆက်မရောင်းတော့တာလား…” 
 
ဟယ်ယဲ့ချင်း အကြောက်ဆုံးအရာက ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။ 
 
လူတိုင်းက ဟယ်ယဲ့ချင်း တုတ်ထိုးမရောင်းတော့ခြင်းက အိမ်ထောင်ကျသွားခြင်းကြောင့်ဟု ထင်ကြေးပေးနေကြပြီး… ထိုအချက်ကလည်း တစ်စိတ်တစ်ပိုင်း မှန်ကန်နေခဲ့သည်။ 
 
ထို့ကြောင့် လူအားလုံးက ရှန်လီကို ဝိုင်းဝန်း အပြစ်တင်ကြတော့သည်။ 
 
“ဟေ့… လူငယ်လေး… မင်းက အိမ်ထောင်ကျပြီးတာနဲ့ ချင်းချင်းကို ဆိုင်မထွက်ခိုင်းတော့ဘူးလား။” 
 
“ယောကျ်ားရင့်မာကြီးဖြစ်ပြီး စိတ်သဘောထားက ဒီထက်မက ပွင့်လင်းဖို့ လိုတာပေါ့… မင်းမိန်းမ အပြင်ထွက်တာကို ဘာလို့ ပိတ်ပင်ရတာလဲ…” 
 
“မှန်တယ်… မင်း ဒါကတော့ မကောင်းဘူးကွ လူငယ်လေးရဲ့…” 
 
“...” 
 
ကျန်းကျစ်ဖန်ကလည်း ထိုရုန်းရင်းဆန်ခတ် အခြေအနေကို အခွင့်ကောင်းယူကာ အော်ပြောလိုက်သည်။ 


“ဟုတ်ပ… ဟယ်ယဲ့ချင်း… မင်းရဲ့ အမြင်က တကယ်ကို ညံ့ဖျင်းလွန်းတယ်… ငါ့လို အခြေအနေကောင်းတဲ့လူ ရှိနေတာတောင် မရွေးဘဲ အဲဒီတောသားကိုမှ ရွေးရတယ်လို့…”


🖼🖼🖼🖼အခန်း ၃၀
မင်္ဂလာဂါဝန်

“ဟုတ်ပ… ဟယ်ယဲ့ချင်း… မင်းရဲ့ အမြင်က တကယ်ကို ညံ့ဖျင်းလွန်းတယ်… ငါ့လို အခြေအနေကောင်းတဲ့လူ ရှိနေတာတောင် မရွေးဘဲ အဲဒီတောသားကိုမှ ရွေးရတယ်လို့…”

ကျန်းကျစ်ဖန်၏ အသံက ကျယ်လောင်လှသဖြင့် အနီးနားရှိ အဒေါ်ကြီးအချို့၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ 
 
ထိုအဒေါ်ကြီးများက ရှန်လီ သို့မဟုတ် ကျန်းကျစ်ဖန်တို့၏ နောက်ကြောင်းကို မသိကြသဖြင့် မျက်စိရှေ့တွင် မြင်တွေ့ရသည့် အသွင်အပြင်ကိုသာ ကြည့်၍ ဝေဖန်ကြလေသည်။ 
 
ရှန်လီက ကြမ်းတမ်းခက်ထန်သည့် ပုံစံမျိုး ရှိသော်လည်း အရပ်ရှည်ကာ ချောမောခံ့ညားပြီး ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်နှင့် ဖြစ်သည်။ ဟယ်ယဲ့ချင်းနှင့် ယှဉ်တွဲရပ်နေသည့်အခါ သူတို့နှစ်ဦး မည်မျှ လိုက်ဖက်ညီသည်က ထင်ရှားလှသည်။ 
 
ကျန်းကျစ်ဖန်ကမူ… အရပ်အမောင်း ပုပြတ်ပြီး ရှန်လီ၏ပခုံးကိုပင် မမီပေ။ မျက်လုံးမှေးမှေး၊ နှာခေါင်းပြားပြားနှင့် ရုပ်ရည်ကလည်း မချောမောသည့်အပြင် အမူအရာကလည်း ဆွဲဆောင်မှု မရှိလှပေ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အလွန်အကျွံရှိသူတစ်ဦးသာ ရှန်လီနှင့် ယှဉ်နိုင်သည်ဟု တွေးရဲပေလိမ့်မည်။ 
 
“ဟေ့ လူငယ်လေး… မင်းပြောတာကြီးက မဟုတ်သေးပါဘူး… မင်းရဲ့ရုပ်က ဟိုဘက်က ချောချောလှလှ ကောင်လေးကို ဘယ်လိုမှ မမီပါဘူးကွယ်…” 
 
“အေးဟယ်… စကားနဲ့တောင် မပြောပါနဲ့ဦး… ငါသာ အသက်အစိတ်လောက် ငယ်ဦးမယ်ဆိုရင် အဲဒီ ချောချောခန့်ခန့် ကောင်လေးကိုပဲ သေချာပေါက် ရွေးမှာ…” 
 
“လူငယ်တွေဆိုတာ စိတ်သဘောထားကြီးဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သိသင့်တာပေါ့… မယှဉ်နိုင်ရင်လည်း မယှဉ်နိုင်ဘူးပေါ့ကွယ်… ဟန်ဆောင်မနေပါနဲ့…” 
 
ကျန်းကျစ်ဖန်က တစ်ဖန်ပြန်၍ အရှက်ကွဲရပြန်သဖြင့် သူ၏ နုနယ်သော နှလုံးသားလေးက အပိုင်းပိုင်းအစစ ကြေမွသွားရလေသည်။ သူက မျက်နှာတစ်ခုလုံး နီမြန်းလျက်၊ ရင်ကွဲမတတ် ခံစားရကာ ထွက်ပြေးသွားတော့သည်။ 
 
ကျန်းကျစ်ဖန် ဒုတိယအကြိမ်မြောက် အထိနာသွားသည်ကို ဟယ်ယဲ့ချင်းက သတိမထားမိလိုက်ပေ။ ယခုအချိန်တွင် သူမက စိုးရိမ်စိတ်ဖြင့် ရှန်လီကို လှမ်းကြည့်လိုက်မိသည်။ 
 
ဤကိစ္စသည် ရှန်လီနှင့် မသက်ဆိုင်ကြောင်း ဟယ်ယဲ့ချင်းက အကြိမ်ကြိမ် ရှင်းပြခဲ့သော်လည်း အားလုံးက ရှန်လီကြောင့်သာ တုတ်ထိုးလုပ်ငန်း ရပ်ဆိုင်းသွားရခြင်းဟု ထင်မှတ်နေကြဆဲပင်။ 
 
ထိုသို့သော စွပ်စွဲချက်များကြောင့် ရှန်လီ ဒေါသပေါက်ကွဲသွားမည်ကို ဟယ်ယဲ့ချင်း စိုးရိမ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဤဘစ်ရှော့ကြီးက တစ်ခါက အတင်းအဖျင်း စကားများကြောင့် ရွာသားများနှင့် ထိပ်တိုက်တွေ့ဖူးသောကြောင့် ဖြစ်သည်။ 
 
မတရားစွပ်စွဲခံရသည့် အခြေအနေမျိုးကို နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ရလျှင် မည်သူမဆို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။ 
 
သူက အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့သော နာကျင်မှုမျိုးကို မခံစားသင့်ပေ။ 
 
ယနေ့ သူတို့နှစ်ယောက် အတူတူ အပြင်ထွက်လာခဲ့မိခြင်းက မှားသွားသည်ဟု တွေးမိသည်။ 
 
ကံကောင်းထောက်မစွာဖြင့် ဟယ်ယဲ့ချင်း စိုးရိမ်သလို ဖြစ်မလာခဲ့ပေ။ ရှန်လီက အလွန်ပင် လိမ္မာယဉ်ကျေးစွာ နေခဲ့ပြီး သူတစ်ပါးက မည်သို့ပင် ပြောပါစေ သူက ဒေါသ မထွက်ခဲ့ပေ။ 
 
ထိတ်လန့်တုန်လှုပ်နေသော စိတ်ဖြင့် ဟယ်ယဲ့ချင်းက တုတ်ထိုးအားလုံးကို ကုန်အောင်ရောင်းချပြီးနောက် ဆိုင်ကို ချက်ချင်း သိမ်းလိုက်လေသည်။ 
 
စားပွဲနှင့် ကုလားထိုင်များကို ပြန်သယ်ရန် မလွယ်ကူလှပေ။ အစောပိုင်းက ကျန်းမိသားစုအိမ်မှ ထွက်လာစဉ်က ကွမ်းဖန်ကျဲကို သူတို့ လိုအပ်မည်လားဟု မေးခဲ့သော်လည်း ကွမ်းဖန်ကျဲက မလိုအပ်ကြောင်း ခေါင်းခါပြခဲ့သည်။ 
 
ကံကောင်းသည်က ဘေးနားမှ ဆိုင်ပိုင်ရှင်က ဟယ်ယဲ့ချင်း စားပွဲနှင့် ကုလားထိုင်များ မလိုတော့ကြောင်း ကြားသိရသဖြင့် ၎င်းတို့ကို ဝယ်ယူလိုက်သောကြောင့် ဟယ်ယဲ့ချင်းအတွက် အခက်အခဲတစ်ခု ပြေလည်သွားခဲ့သည်။ 
 
ကျန်ရှိသမျှ ပစ္စည်းအားလုံးကို မြည်းလှည်းပေါ်သို့ တင်ပြီးနောက်တွင်မှ ဟယ်ယဲ့ချင်းက သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူမက မျက်မှောင်ကြုတ်လျက် ရှန်လီကို ပြောလိုက်သည်။ 

“နောက်ဆိုရင် ကျွန်မတို့ အတူတူ အပြင်မထွက်ကြရအောင်…” 
 
ထိုစကားကို ကြားသောအခါ ရှန်လီက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။ 

“ဘာလို့လဲ…” 
 
ဟယ်ယဲ့ချင်းက သူ့ကို အမူအရာကင်းမဲ့စွာဖြင့် စိုက်ကြည့်လိုက်သည်။ 
 
“ရှင် သွေးပူလာမှာကို ကျွန်မ ကြောက်လို့ပေါ့…” 

ဟယ်ယဲ့ချင်းက စိတ်ထဲမှသာ အော်ဟစ်လိုက်မိသည်။ သို့သော် ၎င်းကို နှုတ်မှ ထုတ်ပြောရန်မသင့်သဖြင့် တိတ်ဆိတ်စွာသာ နေလိုက်သည်။ 
 
ရှန်လီက ထပ်မံ၍ အတင်းအကျပ် မမေးတော့ဘဲ လေးလေးမှန်မှန် ပြောလိုက်သည်။ 

“တကယ်တော့ မင်းဆန္ဒရှိရင် တုတ်ထိုး ဆက်ရောင်းလို့ရပါတယ်…” 
 
“ရှင်…”  
ဟယ်ယဲ့ချင်းက ခဏကြာမျှ ကြောင်အသွားရသည်။  

“ရှင်ဆိုလိုတာက…” 
 
ဟယ်ယဲ့ချင်းက ဆိုင် ဆက်မဖွင့်ချင်တော့သည့် အကြောင်းရင်းကို ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် ပြုံးလျက် ပြောလိုက်သည်။  

“တကယ်တော့ ကျွန်မ ပိုက်ဆံရှာချင်လို့ ဆိုင်ဖွင့်ခဲ့တာ… အခုတော့ ပိုက်ဆံအလုံအလောက် ရှိနေပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အပင်ပန်းမခံချင်တော့ဘူး…” 
 
ရှန်လီက သူမကို စဉ်းစားဟန်ဖြင့် ကြည့်နေခဲ့လေသည်။

***

နောက်ဆုံးအကြိမ် ဆိုင်ဖွင့်သည့်နေ့မှစ၍ ဟယ်ယဲ့ချင်းက ရှန်လီကို ထပ်မတွေ့ရတော့ပေ။ 
 
ရှန်လီက သူ၏ မူလပုံစံအတိုင်း ရွာမှ ဆယ်ရက်ခန့် ပျောက်ချက်သားကောင်းနေခဲ့သည်။ သူက သူ့ ကိုယ်ပိုင်ကိစ္စများဖြင့် အလုပ်ရှုပ်နေရမည်ဟု ဟယ်ယဲ့ချင်းက ခန့်မှန်းမိသည်။ 
 
စဉ်းစားကြည့်လျှင် သူတို့၏ အိမ်ထောင်ရေးက အတုအယောင်မျှသာ ဖြစ်သဖြင့် သူမအတွက် အချိန်အများကြီး ပေးနေရန် မလိုသည်က အမှန်ပင်။ 
 
မင်္ဂလာဆောင်ရက် နီးကပ်လာသော်လည်း ရှန်လီကို မမြင်ရသေးပေ။ နျိုချွန်းဟုန်က စိုးရိမ်နေပုံရသည်။ 
 
ဟယ်ယဲ့ချင်းကမူ လုံးဝ အေးဆေးနေခဲ့သည်။ ရှန်လီက ကိစ္စရပ်များကို ကောင်းမွန်စွာ စီစဉ်လိမ့်မည်ဟု သူမက ယုံကြည်သည်။ မျှော်လင့်မထားသော အခြေအနေမျိုး ဖြစ်လာပြီး မင်္ဂလာပွဲ ပျက်သွားလျှင်ပင် ဟယ်ယဲ့ချင်းအတွက် အရေးမကြီးပေ။ 
 
မင်္ဂလာဆောင်ရန် နှစ်ရက်အလိုတွင် နျိုချွန်းဟုန်က မင်္ဂလာဝတ်စုံအတွက် ပူပန်နေခဲ့သည်။  

“ရှန်လီတစ်ယောက် ဘာတွေလုပ်နေတာလဲ… မင်္ဂလာဝတ်စုံက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ…” 
 
သူတို့၏ ဓလေ့ထုံးတမ်းအရ သတို့သမီးနှင့် သတို့သားအတွက် မင်္ဂလာဝတ်စုံကို သတို့သားဘက်မှ ပြင်ဆင်ပေးရမည် ဖြစ်သည်။ 
 
မင်္ဂလာပွဲအတွက် နှစ်ရက်သာ လိုတော့သော်လည်း ဝတ်စုံ ရောက်မလာသေးသဖြင့် မင်္ဂလာရက်တွင် ဝတ်စရာမရှိဘဲ အရှက်ကွဲရမည့် အခြေအနေ ဖြစ်နေသည်။ 
 
နျိုချွန်းဟုန်က မနေနိုင်တော့ဘဲ ထရပ်ကာ ပြောလိုက်သည်။ 

“မဖြစ်ဘူး… ငါ ရှန်မိသားစုအိမ်ကို သွားပြီး အလျင်စလို လုပ်ခိုင်းမှ ရမယ်…” 
 
ဟယ်ယဲ့ချင်းက နျိုချွန်းဟုန်ကို တားဆီးရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ လှုပ်လှုပ်ရှားရှား အသံများ ကြားလိုက်ရသည်။ 
 
စိမ်းသက်သော အမျိုးသမီးတစ်ဦးက တံခါးဝမှ ခေါင်းပြူ၍ လှမ်းကြည့်ကာ မေးလာသည်။ 

“ဒါ ဟယ်ယဲ့ချင်းရဲ့ အိမ်လား…” 
 
“ဟုတ်ပါတယ်… ကျွန်မပါပဲ… ဘာကိစ္စရှိလို့လဲ…” 
ဟယ်ယဲ့ချင်းက ပြန်ပြောလိုက်သည်။ 
 
ထိုအမျိုးသမီးက ပြုံးလျက် သူမလက်ထဲတွင် ကိုင်ထားသော အရာကို လှုပ်ပြကာ ပြောလိုက်သည်။ 

“ဟေး… မင်းရဲ့ မင်္ဂလာဝတ်စုံကို လာပို့တာပါ…” 
 
ဟယ်ယဲ့ချင်းက ထိုအမျိုးသမီး ကိုင်ထားသည့်အရာကို လှမ်းကြည့်လိုက်ရာ ၎င်းက လှပစွာ ထုပ်ပိုးထားသော စက္ကူအိတ်ကြီးတစ်အိတ် ဖြစ်နေသည်။ 
 
ဟယ်ယဲ့ချင်း၏ ရင်ထဲတွင် မတင်မကျ ဖြစ်မှုများ ဖြစ်တည်လာခဲ့သည်။ 
 
“နောက်ဆုံးတော့ မင်္ဂလာဝတ်စုံ ရောက်လာပြီပေါ့… ဝင်ခဲ့ပါ… ဝင်ခဲ့ပါ…”  

နျိုချွန်းဟုန်က အမျိုးသမီးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်သည်။ 
 
ထိုအမျိုးသမီးက မတွန့်ဆုတ်ဘဲ ဟယ်ယဲ့ချင်း၏ ရှေ့သို့ လှမ်းလာကာ စက္ကူအိတ်ကို ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမက မျက်စိတစ်ဖက် မှိတ်ပြလျက် လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။ 

“ကျွန်မကို ယုံလိုက်စမ်းပါ… ရှင် ဒီမင်္ဂလာဝတ်စုံကို အသေအလဲ ကြိုက်သွားမှာ သေချာတယ်…” 
 
ဟယ်ယဲ့ချင်းက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်မိသည်။ 
 
သူမက စက္ကူအိတ်ကို ယူကာ ဖွင့်ကြည့်လိုက်ပြီး အတွင်းမှ မင်္ဂလာဝတ်စုံကို ဆွဲထုတ်လိုက်ရာ ၎င်းက ဖြူစင်သန့်ရှင်းသော မင်္ဂလာဆောင် အဖြူရောင်ဂါဝန် တစ်ထည် ဖြစ်နေလေသည်။
 
ဟယ်ယဲ့ချင်းက လှပဆန်းသစ်လှသော မင်္ဂလာဂါဝန်ကြီးကို ကိုင်ထားလျက် သူမ၏ဘဝရွေးချယ်မှုအပေါ် ဇဝေဇဝါ ဖြစ်နေမိ၏။ 
 
ယခုအချိန်တွင် သူမက ရှန်လီ၏ ဦးနှောက်ကို ခွဲကြည့်ပြီး ဤဘစ်ရှော့ကြီး မည်သည့်အရာများ တွေးနေသည်ကို အမှန်တကယ်ပင် သိချင်လှသည်။  
 
ငါတို့က ဟန်ဆောင်လက်ထပ်ကြတာလေ… ဟန်ဆောင်လက်ထပ်ကြတာကို ဘာလို့ ဒီလောက် အထိ လူသိရှင်ကြား လုပ်ပြနေရတာလဲ… နောင်တစ်ချိန် လမ်းခွဲကြသည့်အခါ အရှက်ရမယ့်အရေးကို သူ တကယ် မစိုးရိမ်ဘူးလား… 
 
သို့သော် မကြာမီမှာပင် ဟယ်ယဲ့ချင်းက တစ်မျိုး တွေးမိပြန်သည်။ ယခုခေတ်ကာလ ရွာ၏ ရှေးရိုးစွဲဆန်သော လေထုအရ မင်္ဂလာပွဲကို မည်မျှပင် သာမန်ကာလျှံကာ ကျင်းပသည်ဖြစ်စေ လမ်းခွဲလိုက်သည်နှင့်တစ်ပြိုင်နက် ရွာလုံးကျွတ် အတင်းပြောခြင်းကို ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ 
 
ဤဘစ်ရှော့ကြီးက ဤမျှ အထာကြီးကြီးဖြင့် ခမ်းခမ်းနားနား လုပ်ဆောင်ရခြင်းက ရှန်မိသားစု၏ သိက္ခာနှင့် မျက်နှာအတွက် သေချာပေါက် ဖြစ်ပေလိမ့်မည်။ 
 
ဟယ်ယဲ့ချင်းက သူမဘာသာ အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီဟု ခံစားလိုက်ရသည်။ 
 
ဤသို့ဆိုလျှင်လည်း ထိုဘစ်ရှော့ကြီး သဘောရှိပါစေတော့ဟု ဟယ်ယဲ့ချင်းက စိတ်ကို လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်အောင် မွေးမြူလိုက်သည်။ 
 
တစ်ချိန်တည်းမှာပင် ဘေးနားရှိ နျိုချွန်းဟုန်က ဟယ်ယဲ့ချင်း၏ ရင်ခွင်ထဲမှ မင်္ဂလာဂါဝန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ဆိုသည်။ 

“ဒီမင်္ဂလာဝတ်စုံက ဘာလို့ အဖြူရောင်ဖြစ်နေရတာလဲ… ဒီလို မင်္ဂလာရှိတဲ့နေ့မျိုးမှာ ဒါက အတိတ်နိမိတ်မကောင်းလွန်းဘူးမလား…” 
 
လူစိမ်းအမျိုးသမီးက ချက်ချင်းပင် ရယ်မောလျက် ကြားဖြတ်ပြောလာသည်။  

“အဒေါ်ကလည်း မသိဘဲနဲ့… ဒါကို မင်္ဂလာဂါဝန်လို့ ခေါ်တယ်… အနောက်တိုင်းသားတွေ မင်္ဂလာဆောင်ရင် ဝတ်တဲ့ ဂါဝန်မျိုးပေါ့… အခုခေတ် မြို့ပေါ်က မင်္ဂလာပွဲတွေမှာ ဒါမျိုးဝတ်တာ ခေတ်စားနေပြီ သိရဲ့လား…” 
 
“ပြီးတော့ ဒီဂါဝန်လေးက ဘယ်လောက်တောင် လှလဲကြည့်ဦး…”  
 
ထိုအမျိုးသမီးက ဂါဝန်၏အောက်နားစကို မကာ ညင်သာစွာ ယမ်းခါပြလိုက်သည်။ ဖြူစင်သော ဇာသားလေးက လေထဲတွင် ဝဲခတ်သွားပြီး သိမ်မွေ့သော အလင်းတန်းလေးများ ဖြာထွက်သွားရာ နေရောင်အောက်တွင် တဖျတ်ဖျတ်တောက်ပနေသော ရေလှိုင်းလေးများနှင့်ပင် တူလှတော့သည်။ 
 
ကျေးလက်တောရွာတွင် နေထိုင်ပြီး ဘဝသက်တမ်းတစ်လျှောက် ဤကဲ့သို့သော အဝတ်အစားမျိုး တစ်ခါမျှ မမြင်ဖူးသည့် နျိုချွန်းဟုန်ပင်လျှင် ဤမင်္ဂလာဂါဝန်၏ လှပမှုကို မငြင်းနိုင်ဘဲ ဝန်ခံလိုက်ရသည်။ 
 
“ဒါပေမဲ့ အဖြူရောင်က အတိတ်နိမိတ် မကောင်းပါဘူး…” 

နျိုချွန်းဟုန်က တိုးတိုးလေး ရေရွတ်နေဆဲပင်။ 
 
“အဒေါ်ကလည်း… အခုက ဘယ်ခေတ်ရောက်နေပြီလဲ… ဒါကို စိုးရိမ်နေတုန်းပဲလား…”  
ထိုအမျိုးသမီးက ရယ်မောလျက် ဆိုသည်။ 

“မင်္ဂလာဆောင်တဲ့အချိန်မှာ သတို့သမီးလေး လှနေဖို့က အဓိကပဲလေ…” 
 
ထို့နောက် ထိုအမျိုးသမီးက ဟယ်ယဲ့ချင်းကို ပြန်လည်ကြည့်ရှုကာ ပြောသည်။ 

“ဂါဝန်က အံဝင်ခွင်ကျ ဖြစ်ရဲ့လားဆိုတာ ဝတ်ကြည့်ကြမလား… အဆင်မပြေတာရှိရင် ချက်ချင်း ပြင်လို့ရတာပေါ့…” 
 
ဟယ်ယဲ့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး မင်္ဂလာဂါဝန်ကို ယူကာ အခန်းထဲသို့ ဝင်၍ လဲလှယ်လိုက်တော့သည်။ 
 
မိမိကိုယ်တိုင် ဤမင်္ဂလာဂါဝန်ကို ဝတ်ဆင်ရန်က အနည်းငယ် ခက်ခဲလှသဖြင့် ဟယ်ယဲ့ချင်းက ထိုအမျိုးသမီးကို အထဲသို့ဝင်၍ ကူညီရန် လှမ်းခေါ်လိုက်ရသည်။ 
 
စကားစမြည် အနည်းငယ် ပြောဆိုရာမှတစ်ဆင့် ထိုအမျိုးသမီး၏အမည်က ဝူထောင် ဖြစ်ပြီး ဟို့ဇီ၏ ငယ်သူငယ်ချင်းဖြစ်ကြောင်း ဟယ်ယဲ့ချင်းက သိရှိခဲ့ရသည်။ 
 
ဝူထောင်က သတ္တိရှိပြီး ပွင့်လင်းသူတစ်ဦး ဖြစ်သည်။ ကျောင်းပြီးသွားသော်လည်း ခရိုင်မြို့ပေါ်တွင် အလုပ်မရသဖြင့် တောင်ပိုင်းသို့ဆင်းကာ လောကအမြင်ကျယ်အောင် စွန့်စားရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ 
 
သူမက တောင်ပိုင်းရှိ မြို့ကြီးတစ်မြို့မှ မင်္ဂလာဆောင်ပစ္စည်းအရောင်းဆိုင်တွင် အကူအညီပေးသူအဖြစ် ကာလအတန်ကြာ လုပ်ကိုင်ခဲ့ဖူးသဖြင့် အတတ်ပညာ အတော်များများ တတ်မြောက်ထားခဲ့သည်။ 
 
“ဒီဂါဝန်ကို အစ်ကိုရှန်ကိုယ်တိုင် ရွေးချယ်ပေးခဲ့တာ… အဲဒီဆိုင်မှာ အလှဆုံးဂါဝန်ပဲ…”  

ဝူထောင်က အားကျသောလေသံဖြင့် ဆိုလာသည်။ 

“ကျွန်မ လက်ထပ်တဲ့အခါကျရင်လည်း ဒီလောက်လှတဲ့ မင်္ဂလာဂါဝန်မျိုး ဝတ်ရပါစေလို့ မျှော်လင့်မိတယ်…” 
 
“သေချာပေါက် ဝတ်ရမှာပါ…”  
ဟယ်ယဲ့ချင်းက ပြောလိုက်သည်။ 
 
ဝူထောင်က ဟယ်ယဲ့ချင်း၏ နောက်ကျောဘက်မှ ဇစ်ကို ဆွဲတင်ပေးပြီးနောက် ဂါဝန်၏ အောက်နားစကို သေချာစွာ ပြင်ဆင်ပေးလျက် ပြုံးလိုက်သည်။  

“ကဲ… အားလုံး အဆင်သင့်ဖြစ်ပြီ။” 
 
အခန်းထဲတွင် ကိုယ်လုံးပေါ် ကြည့်မှန် မရှိသဖြင့် ဟယ်ယဲ့ချင်းက သူမ မည်သို့ပုံစံထွက်နေသည်ကို မမြင်ရချေ။ 
 
ဝူထောင်ကမူ ဟယ်ယဲ့ချင်း၏ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေပြီး ချီးမွမ်းခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။  

“ချင်းချင်း… ရှင် ဒီမင်္ဂလာဂါဝန်နဲ့ တကယ်ကို လှလွန်းတယ်ဆိုတာ သိရဲ့လား…”

“တကယ်လား…”  

မင်္ဂလာဂါဝန်ကို ပထမဦးဆုံးအကြိမ် ဝတ်ဆင်ဖူးခြင်းဖြစ်သော ဟယ်ယဲ့ချင်းက အနည်းငယ် အနေရခက်စွာဖြင့် ဂါဝန်အနားစကို ဆွဲကိုင်ကြည့်နေမိသည်။ 
 
“တကယ်ကို လှတာပါ…”  

ဝူထောင်က အသေအချာ ခေါင်းညိတ်ပြလျက် သူမ၏လက်ကို ဆွဲကာ အပြင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။  

“လာ… ရှင့်အမေကို သွားပြရအောင်…” 
 
နျိုချွန်းဟုန်က ခြံဝင်းထဲတွင် စောင့်ဆိုင်းနေခဲ့ပြီး ဝူထောင်၏ အသံကို ကြားရသောအခါ အလိုအလျောက် လှမ်းကြည့်လိုက်သည်။ 
 
“အဒေါ်… ကြည့်ပါဦး… သူ ဒီဂါဝန်နဲ့ အရမ်းပဲ လှမနေဘူးလား…”  

ဝူထောင်က နျိုချွန်းဟုန်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်သည်။ 
 
နျိုချွန်းဟုန်၏ အကြည့်က ခေတ္တမျှ မှင်တက်သွားပြီးမှ ပြန်လည်တုံ့ပြန်သည်။  

“အာ… ဟုတ်ပါရဲ့… တကယ်ကို လှတယ်…” 
 
ဝူထောင်က ကျေနပ်သွားကာ ဟယ်ယဲ့ချင်း၏ ဘေးပတ်လည်ကို နောက်တစ်ကြိမ် လှည့်ပတ်ကြည့်ရှုပြန်သည်။ 
 
သူမက ဟယ်ယဲ့ချင်း၏ ခါးဘေးရှိ ပွနေသော ပိတ်စများကို ဆွဲကိုင်ကြည့်ကာ သက်ပြင်းချလိုက်သည်။  

“ရှင့်ခါးက သေးလွန်းတယ်… ဒါကို နည်းနည်း ထပ်ကျဉ်းရမယ်… စိတ်မပူပါနဲ့… သတို့သားဘက်က အပ်ချုပ်ဆရာဆီကနေ အတတ်ပညာနည်းနည်း ကျွန်မ သင်ခဲ့ဖူးပါတယ်… ရှင့်အတွက် အံဝင်ခွင်ကျဖြစ်အောင် သေချာပြင်ပေးမယ်…” 
 
“ကောင်းပါပြီ…”  
ဟယ်ယဲ့ချင်းက ဝူထောင်၏ လက်ရာကို ယုံကြည်လိုက်သည်။ 
 
နောက်ထပ် မိနစ်အနည်းငယ်အတွင်း ဝူထောင်က မင်္ဂလာဂါဝန်၏ အခြားသော အသေးစိတ်အချက်အလက်များကို သေချာစွာ စစ်ဆေးပြီး မှတ်သားထားခဲ့သည်။ 
 
မင်္ဂလာဆောင်ဖိနပ်ကို စမ်းဝတ်ကြည့်ပြီးနောက် ဝူထောင်က ဆံပင်ကို အထက်သို့ ထုံးဖွဲ့သည့် ပုံစံမျိုး စမ်းသပ်ပြင်ဆင်ကြည့်ရန် အကြံပြုလေသည်။ 
 
ဟယ်ယဲ့ချင်းကမူ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားရသဖြင့် ငြင်းပယ်လိုက်၏။ 
 
သူမ၏ ငြင်းဆိုမှုကို မြင်သောအခါ ဝူထောင်ကလည်း အတင်းအကျပ် မတောင်းဆိုတော့ပေ။ 
 
သူမက မင်္ဂလာဆောင်ဂါဝန်ကို ယူဆောင်ကာ အိမ်သို့ပြန်၍ လိုအပ်သည်များကို ပြင်ဆင်ရန် နှုတ်ဆက်ထွက်ခွာခဲ့ပြီး မနက်ဖြန်တွင် ပြန်လာမည်ဟု ကတိပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ မင်္ဂလာပွဲနေ့တွင် ဟယ်ယဲ့ချင်း၏ မိတ်ကပ်နှင့် ဆံပင်အလှအပကို သူမကသာ တာဝန်ယူ ပြင်ဆင်ပေးရမည်ဖြစ်သည်။ 
 
 ***

နောက်တစ်နေ့၊ မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလို။ 
 
ဟယ်မိသားစု၏ အိမ်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီး တံခါးများနှင့် ပြတင်းပေါက်များတွင် အနီရောင် “မင်္ဂလာ” စာလုံးကြီးများကို ကပ်ထားကြသည်။ 
 
တစ်နေ့ခင်းလုံး ဟယ်ယဲ့ချင်းဘက်မှ ဆွေမျိုးအများအပြား ရောက်ရှိလာကြပြီး သတို့သမီးအသစ်အတွက် ကောင်းချီးမင်္ဂလာများ တောင်းဆုပြုရင်း ပစ္စည်းအမျိုးမျိုးကို လာရောက်လက်ဆောင်ပေးကြသည်။ 
 
ဟယ်ယဲ့ချင်းသည်လည်း ဆွေမျိုးအသီးသီး၏ ဆွဲခေါ်သွားခြင်းကို ခံရကာ စကားစမြည် ပြောဆိုနေရသည်။ 
 
ညနေပိုင်းတွင် ဟယ်ဟွာဟွာကလည်း သူမ၏ ယောက္ခမအိမ်မှ ပြန်လည်ရောက်ရှိလာလေသည်။ 
 
သူမက ခြံဝင်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဟယ်ယဲ့ချင်း၏ အခန်းသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ နျိုချွန်းဟုန်က ဟယ်ယဲ့ချင်းအတွက် ပြင်ဆင်ပေးထားသော မင်္ဂလာပစ္စည်းများကို မြင်သောအခါ သူမ၏ မျက်ဝန်းများ တောက်ပသွား၏။ 
 
အနီရောင် ဆေးသုတ်ထားသော သစ်သားသေတ္တာ နှစ်လုံး၊ လိုက်ဖက်ညီသော မျက်နှာသစ်ဘေစင် တစ်ခုနှင့် မင်္ဂလာစောင် နှစ်ထည် တို့ ဖြစ်သည်။ 
 
ထိုသစ်သားသေတ္တာများနှင့် မျက်နှာသစ်ဘေစင်တို့က အလျင်အမြန် ပြုလုပ်ထားရခြင်း ဖြစ်သဖြင့် လက်ရာက အနည်းငယ် ကြမ်းတမ်းလှသည်။ 
 
ထို့အပြင် မျက်နှာသုတ်ပုဝါ၊ ရေနွေးအိုးနှင့် ဇလုံကဲ့သို့သော အခြား အသေးအဖွဲ ပစ္စည်းအချို့လည်း ရှိနေသေးပြီး ၎င်းတို့အားလုံးက ဟယ်ယဲ့ချင်းဘက်မှ ဆွေမျိုးများက ပေးအပ်ထားခြင်း ဖြစ်ကာ အနီရောင် “မင်္ဂလာ” စာလုံးများ ကပ်ထားသဖြင့် အတော်ပင် ပွဲလမ်းသဘင်ဆန်လှသည်။ 
 
ထိုပစ္စည်းများကို ယခင်က သူမရရှိခဲ့သော မင်္ဂလာပစ္စည်းများနှင့် နှိုင်းယှဉ်ကြည့်ရာတွင် ဟယ်ဟွာဟွာက သူမတွင် မှန်တင်ခုံ တစ်ခု ပိုမိုပါရှိခဲ့သည်ကို တွေ့ရှိရသဖြင့် အတော်ပင် ကျေနပ်သွားခဲ့သည်။ 
 
ဟယ်ယဲ့ချင်း အခန်းထဲသို့ ဝင်လာသည်ကို မြင်သောအခါ ဟယ်ဟွာဟွာက မေးကို ပင့်တင်လျက် ဆိုလိုက်သည်။ 

“ဪ… ရောက်လာပြီလား… ငါ ဒီနေ့ ယောက္ခမအိမ်ကနေ နင့်ကို ပို့ပေးဖို့ တကူးတကပြန်လာတာ…” 
 
ဟယ်ယဲ့ချင်းနှင့် ဟယ်ဟွာဟွာတို့က အချင်းချင်း ရင်းနှီးမှုမရှိကြသဖြင့် ဟယ်ယဲ့ချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ 

“အိမ်မှာ အိပ်စရာအခန်း မရှိဘူး…” 
 
ယခင်က ဟယ်ဟွာဟွာ အိမ်ထောင်မကျသေးမီက ညီအစ်မနှစ်ဦးစလုံး ဤအခန်းကို အတူတူ မျှဝေအသုံးပြုခဲ့ကြပြီး ခုတင်နှစ်လုံး ထည့်သွင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဟယ်ဟွာဟွာ အိမ်ထောင်ကျပြီးနောက် သူမ၏ ခုတင်ကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ 
 

Search Novels