💓💓💓 👩‍❤️‍👨Chapter 66


၎င်းက လောဝမ်ရှင်း၏ ပျော့ကွက်ကိုထိသွားကာ သူမ၏မျက်လုံးများက ချက်ချင်းဆိုသလိုနီရဲလာသည်။

“ကျွန်မတို့က လင်မယားတွေပါ ရှင်ပိုက်ဆံကိုင်တာကိုလဲ ကျွန်မသဘောတူလိုက်ပြီလေ ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း ပြောဖို့လိုလို့လား...”

“ငါလည်း စိတ်မချမ်းသာစရာတွေကို မပြောချင်ဘူး ဒါပေမယ့် ဒီတစ်ချိန်လုံးမှာ ငါမင်းကို ကောင်းကောင်းပြောနေခဲ့တာပဲလေ မင်းနားထောင်လို့လား...”

ချန်ကျင်းက မျက်ခုံးကို ပွတ်ကာ ပြောလိုက်သည်။

“ဒီနေ့ငါ့အမေကပြောလိုက်တယ် နောက်ဆိုငါတို့က ကိုယ့်ဘာသာချက်စားသင့်တယ်တဲ့...”

လောဝမ်ရှင်းက အံ့ဩသွားသည်။
“ဘာလို့လဲ ရုတ်တရက်ကြီးဘာလို့...”

“ရုတ်တရက်ကြီးတဲ့လား...”

ချန်ကျင်းက ထေ့ငေါ့စွာ ရယ်လိုက်သည်။

“မင်းကိုယ်မင်းတွေးကြည့်ပါဦး ငါတို့အိမ်ရာထဲမှာ ဘယ်အိမ်ကချွေးမကများ မင်းလောက် သက်တောင့်သက်သာ နေရလို့လဲ...ဒါပေမယ့် မင်းက ဒါမကျေနပ်ဘူး ဟိုဟာမကျေနပ်ဘူး လုပ်နေတာလေ..အဲ့ဒါကို ငါ့အမေက ငါတို့အတွက် ချက်ပြုတ်ပေးချင်ဦးမယ်များ ထင်နေတာလား...”

လောဝမ်ရှင်းက အပြစ်ရှိသလို ခံစားလိုက်ရသည်။

“ကျွန်မက ဘယ်တုန်းက မကျေမနပ်ဖြစ်လို့လဲ...ပြီးတော့ ကျွန်မတို့က အလုပ်သွားရမှာလေ ချက်ပြုတ်ဖို့ ဘယ်လိုများ အချိန်ရှိမှာလဲ...”

“မင်းစိတ်ထဲမှာ အရာတော်တော်များများကို သိပြီးသားပါ ငါမင်းနဲ့ စကားမများချင်ဘူး...ငါဒါကိုပြောပြနေတာ မင်းနဲ့တိုင်ပင်ဖို့မဟုတ်ဘူး နောက်ဆုံးရလဒ်ကို ပြောပြနေတာ...မင်းလက်ခံသည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ ဒီလိုပဲဖြစ်သွားပြီ...”

ချန်ကျင်းက သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည်။

“မင်းချက်ချင်တယ်ဆို ငါတို့တွေ အိမ်မှာစားလို့ရတယ် တကယ်လို့ အချိန်မရှိဘူးဆိုရင် ငါပြောသလိုပဲပေါ့ ငါမင်းကို စားသောက်ဖို့ ပိုက်ဆံပေးမယ် အလုပ်မှာကန်တင်းမှာစားလိုက် အဲ့ဒါပဲ...”

လောဝမ်ရှင်းက ချန်ကျင်းပြောသည့် စားသောက်စရိတ်ပေးမည်ဟူသော အဓိပ္ပါယ်ကို နားလည်သွားပြီဖြစ်သည်။ သူမက ပြန်ပြောချင်သေးသော်လည်း သူ၏အမူအရာကို မြင်သောအခါ ဘာမှမပြောရဲတော့ပေ။
  
ချန်ကျင်းက ဤအချိန်တွင် သူမ၏စကားများကို နားမထောင်ချင်သဖြင့် သူမတုံ့ဆိုင်းနေသည်ကို မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။

“နောက်ကျနေပြီ ရေသွားချိုးတော့...”

…
နောက်တစ်နေ့တွင် ချန်မန်က အိမ်၌ လာအနားယူသောအခါ နောက်ပိုင်းဖြစ်သွားသည်များကို နားထောင်လိုက်ရ၏။
  
“သူက ငါ့ကို ယွမ်120ပေးတယ် အဲ့ဒါကငါတို့လူအိုကြီးနှစ်ယောက်ကို ကျေးဇူးတင်ဖို့လို့ပြောတာပဲ...ဒါပေမယ့် နင့်ယောက်မကို ငါကောင်းကောင်းသိတယ်...သူက ငါနဲ့နင့်အဖေကို တစ်ခါမှကျေးဇူးတင်ဖူးတာ မဟုတ်ဘူး...”

ဝမ့်ချိုးမိန်က ရယ်လိုက်သည်။

“ဒီပိုက်ဆံတွေကို တကယ်ပဲ အကြောင်းအရင်းမရှိ ငါတို့ကိုပေးလိုက်ရတယ်ဆိုရင် နင့်ယောက်မတော့ ဒေါသထွက်နေတော့မှာပဲ ဟုတ်တယ်မလား...”

ချန်မန်က တွေးကြည့်ကာ မေးလိုက်သည်။

“အစ်ကိုကြီးက အမေဒေါသထွက်တာကို သိလို့များလား အစ်ကိုကြီးက ရုတ်တရက်သတ္တိရှိလာလို့ ယောက်မက သူ့ကိုမစည်းရုံးရဲတာများလား...”
  
“နင်က ယွမ်120ကို 12ယွမ်လို့ထင်နေတာလား...နင့်အစ်ကို ဘယ်လောက်ပဲ သတ္တိရှိပြနေပါစေ ရုတ်တရက်ကြီး ငါ့ကို ဒီလောက်ပိုက်ဆံအများကြီး ပေးရမယ်ဆိုရင် သူလား ပြဿနာမရှာပဲ နေနိုင်မှာ...ဒါပေမယ့် ဒီနေ့မနက်မှာ သူက နှိမ့်ချတဲ့မျက်နှာနဲ့ နင့်အစ်ကိုနဲ့အတူ ရောက်လာတာ...ငါ့ကိုတောင် တောင်းပန်သွားသေးတယ် အရင်က စိတ်ရှုပ်နေပြီး ငါနဲ့နင့်အဖေကို ဝမ်းနည်းအောင် လုပ်ခဲ့မိပါတယ်...နောင်ကျရင် သေချာပေါက် ပြောင်းလဲသွားမှာပါတဲ့...သူပြောသွားတာ ငါဖြင့် ကြက်သီးတောင်ထတယ်...”

မနက်က ဖြစ်ခဲ့သည်များကို ပြန်တွေးမိသောအခါ ဝမ့်ချိုးမိန်က လက်မောင်းကို ပွတ်လိုက်မိသည်။ သူမက နှာခေါင်းရှူံ့လိုက်သည်။

“ငါထင်တာတော့ သူအမှားတစ်ခု လုပ်မိပြီး အပြစ်ရှိသလို ခံစားနေရလို့ဖြစ်မယ်...ငါ့ကို ကူစဉ်းစားပေးပါဦး..ဒီလောက်ထိ အပြစ်ရှိစိတ်ဝင်ရအောင် ဘာများလုပ်ခဲ့တာလဲ...”

ချန်မန်က ရယ်လိုက်သည်။

“သမီးက သူ့ဗိုက်ထဲက သံကောင်မှမဟုတ်တာ...ဘာကြောင့်လဲဆိုတာ ဘယ်လိုသိမှာလဲ..ပြီးတော့ အစ်ကိုကြီးနဲ့ ယောက်မက ပြန်အဆင်ပြေသွားပြီလေ...အမှားတစ်ခုခု လုပ်ထားရင်တောင် သူတို့အချင်းချင်း ပြောပြီးလောက်ပြီ...ဒီလောက်ထိ အသေးစိတ်လိုက်တွေးနေစရာ မလိုပါဘူး...”
  
တကယ်တမ်း တွေးကြည့်ရမည်ဆိုလျှင် ချန်မန်က ခက်ခဲသည်ဟုမထင်ပေ။
  
ဤပတ်ဝန်းကျင်တဝိုက်တွင် လောဝမ်ရှင်း၏ မိသားစုက အတော်လေး လူသိများသည်။ သူမ၏မိဘများက ယောက်ျားလေးများကို မိန်းကလေးများထက် မျက်နှာသာပေး၏။ ပထမကလေးမွေးပြီးနောက် ဒုတိယကလေး၊ တတိယကလေး စသည်ဖြင့်‌ မွေးခဲ့ပြီး သားတစ်ယောက်ရလာမှသာ ရပ်သွားခဲ့သည်။

သို့သော် တကယ်တမ်းတွင် လောဝမ်ရှင်း၏မိဘများက သူမတို့၏ ညီအစ်မများအပေါ် အလွန်ခက်ထန်သည်မျိုးမရှိပေ။ သူတို့အားလုံးက အလယ်တန်းတက်နိုင်ခဲ့၏။ သူမက ကံကောင်းစွာဖြင့် ကျောင်းများမရပ်နားမီတွင် အလယ်တန်းပြီးသည်အထိ ကျောင်းတက်နိုင်ခဲ့ပြီး အထည်အလိပ်စက်ရုံသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

သူမ၏ ညီမကမူ ကံမကောင်းပေ။ ကျောင်းများရပ်နားသည့်အချိန်တွင် သူမက အလယ်တန်းပထမနှစ် တက်နေဆဲဖြစ်သည်။ သင်ကြားရေး ရပ်တန့်သွားပြီးနောက် တစ်နှစ်အကြာတွင်ပင် သူမက ထုတ်ပိုးပြီး ကျေးလက်ဘက်သို့ အပို့ခံလိုက်ရသည်။

အလုပ်ရလာပြီးနောက် လောဝမ်ရှင်းက သူမ၏မိသားစုကို ပိုက်ဆံပေးနေခဲ့၏။ ချန်ကျင်းနှင့် သူမတွဲနေသောအချိန်တွင် ဝမ့်ချိုးမိန်တို့လင်မယားက ထိုကိစ္စများကြောင့် တုံ့ဆိုင်းနေခဲ့ကြ၏။ သူတို့က အမှန်ပင် ဤကဲ့သို့သော မိသားစုမျိုး မရှာချင်ပေ။
  
သို့သော် ဤကာလတွင် မိန်းကလေးများထက် ယောက်ျားလေးများအား မျက်နှာသာ မပေးတတ်သည့် မိသားစုဟူ၍ အနည်း‌ငယ်လောက်သာရှိ၏။ ထိုကဲ့သို့ မိသားစုများတွင် ကြီးပြင်းလာသည့် မိန်းကလေးများကလည်း ပုံမှန်‌ဆိုလျှင် အကျင့်စရိုက်ကောင်းများရှိတတ်သဖြင့် သူတို့က ချန်ကျင်းအပေါ် စိတ်ဝင်စားရန်နည်း၏။

ထို့အပြင် လောဝမ်ရှင်း၏မိဘများက သမီးထက်သားအပေါ် မျက်နှာလိုက်သော်လည်း အလွန်အမင်း ရက်စက်တာမျိုးမဟုတ်ပေ။ လက်ထပ်သောအခါ တင်‌တောင်းပစ္စည်းအများအပြား မတောင်းသလို သူတို့ဘက်မှ ပေးသည့် အသွင်းပစ္စည်းများကလည်း အကျည်းတန်မနေပေ။

ထို့အပြင် လောဝမ်ရှင်း၏ အကျင့်စရိုက် အခြေအနေများကလည်း မဆိုးပေ။ သူမ၏ စရိုက်က ယခုလောက် အချိုးမကျ မဖြစ်ခဲ့သလို ကလေးနှစ်ယောက်ကလည်း အချင်းချင်း စိတ်ဝင်စားကြသဖြင့် ဝမ့်ချိုးမိန်တို့လည်း ကန့်ကွက်မနေတော့ပေ။

လောဝမ်ရှင်း လက်ထပ်ပြီးသည့် ပထမနှစ်နှစ်အတွင်းတွင် သူမမိဘအိမ်သို့ ပြန်သောအခါ ပစ္စည်းများ ပြန်သယ်လာနိုင်ခဲ့၏။

သို့သော် ၎င်းက အတိတ်၌ကျန်ခဲ့လေသည်။ လောဝမ်ရှင်း၏မောင် အရွယ်ရောက်လာသောအခါ သူမ၏အမေက အလုပ်ထွက်လိုက်သဖြင့် သူမတို့မိသားစု၏ ငွေကြေးအခြေအနေက ပိုမိုကြပ်တည်းလာခဲ့သည်။
  
အထူးသဖြင့် သူမ၏မောင်က လူရမ်းကားဖြစ်ကာ အလုပ်မကြိုးစားဘဲ လမ်းသရဲအုပ်စုနှင့် တစ်နေကုန်လျှောက်သွားပြီး ပြဿနာလိုက်ရှာလေသည်။ သူရှုပ်ထားသည်များကို ဖြေရှင်းရန်အတွက် လောဝမ်ရှင်း၏မိဘများက ပိုက်ဆံအများအပြားပေးကာ စကားကောင်းများ လိုက်ပြောခဲ့ရသည်။

ကြာလာသောအခါ သူတို့မိသားစုက အတွင်း၌ ဟောင်းလောင်းဖြစ်မတတ် ဖြစ်လာလေသည်။ ကျေးလက်မှ သမီးဖြစ်သူက အားမကိုးရသလို သားဖြစ်သူကပိုဆိုး၏။ ထို့ကြောင့် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုမှာ ဝင်ငွေတည်တည်ငြိမ်ငြိမ်ရှိသည့် အကြီး‌ဆုံးသမီးကို အကူအညီတောင်းရန်သာ ကျန်တော့လေသည်...

ချန်မန်က ဤပိုက်ဆံ ယွမ်120သည် လောဝမ်ရှင်း သူမမိဘများကို ပေးသည်နှင့်ယှဉ်ထားခြင်းဖြစ်မည်ဟု ခံစားမိသွားသည်။

သို့သော် ချန်မန်က သူမ တွေးမိသည်များကို သူမ၏အမေကို ထုတ်မပြောလိုက်ပေ။ အမေအိုက ပိုက်ဆံများ ရေတွက်ရသော အချိန်တွင် ပျော်နေသော်လည်း သူမ၏‌ချွေးမက မိဘများအား ယွမ်120ပေးသည်ကို သိသွားပါက ဒေါသဖြင့် စွေ့စွေ့ခုန်သွားလောက်သည်။

သူမ၏အစ်ကိုကြီးက ဤပိုက်ဆံများ ပေးလာသည်မှာ သူက သူတို့ကို ဆက်အလိုလိုက်နေတော့မှာမဟုတ်ဟု ဖော်ပြနေ၏။ ယခင်က အစ်ကိုကြီးဆီတွင် 10ယွမ်တောင် မရှိခဲ့သော်လည်း ဤတစ်ခေါက်၌ အလွယ်တကူပင် ယွမ်120ကျော် ထုတ်ပေးလာသည်ကို ကြည့်ပါက အိမ်တွင်းရေးကို သူလက်လွှဲယူလိုက်ခြင်းဖြစ်မည်ဟု ချန်မန်ခံစားမိ၏။ ဤကဲ့သို့ ကိစ္စမျိုးက နောင်တွင် ထပ်ဖြစ်လာစရာ မရှိတော့ပေ။
 
သူမက ဝမ့်ချိုးမိန်အား သူမတွေးမိသည်များကို ပြောပြလိုက်ပါက အငြင်းပွားမှုကို ပြင်းထန်သွားစေလောက်မှာ မဟုတ်သော်လည်း သူမ၏အမေက သေချာပေါက် ဒေါသထွက်သွားလိမ့်မည်။

အဲ့လိုဖြစ်လောက်တယ်...

ချန်မန်က ထိုသို့တွေးလိုက်သော်လည်း နောက်တစ်နေ့ သူမ ပြန်လာသောအခါ သူမ၏အမေက ဒေါသထွက်နေသည်ကို မြင်လိုက်ရ၏။ ချန်မန်က မေးကြည့်လိုက်သောအခါ ဝမ့်ချိုးမိန်က စိတ်ပြောင်းသွားကာ ချန်ကျင်းပိုက်ဆံပေးရသည့် အကြောင်းရင်းကို သိသွားမှန်း သိလိုက်ရသည်။


“ငါပိုက်ဆံအကုန်ခံ အပင်ပန်းခံလုပ်ပေးတာကျ ဘာမှပြန်မရဘူး...သူ့မိဘတွေကျ ဘာမှမလုပ်ပေးပဲ ယွမ်120ရသွားတယ်ပေါ့...ရင်ထဲမကောင်းလိုက်တာ...”

ဝမ့်ချိုးမိန်က ရင်ဘတ်ကို ပွတ်ကာပြောလာသည်။

“ငါ့ရင်ထဲမကောင်းဘူး နစ်နာတယ်လို့ ခံစားရတယ်...”

ချန်မန်က နှစ်သိမ့်ပေးလိုက်သည်။
“အစ်ကိုကြီးက အမေ့ကိုလည်း ယွမ်120ပေးလိုက်ပြီလေ မဟုတ်ဘူးလား...”

  
“ဘာကို ယွမ်120လဲ...ငါတို့မိသားစုမှာ စားသောက်တာက သူတို့ကို တစ်လမှာ တစ်ယောက် 15ယွမ်တောင်းရင်တောင် မလွန်ဘူး...ငါက သုံးယောက်ပေါင်းမှ ယွမ်20ပဲ ပေးခိုင်းတာ...တွက်ကြည့်လိုက်ရင် တစ်နှစ်မှာ ငါသူတို့ကိုပေးတဲ့ပိုက်ဆံက ယွမ်120ကျော်တယ်...”

ချန်မန်က ခဏလောက် တွေးကြည့်ကာ ပြောလိုက်သည်။

“အမေနစ်နာသလို ခံစားရရင် နောက်ဆို သူတို့ကို ပိုက်ဆံမပေးနဲ့တော့...အစ်ကိုကြီးတို့ လင်မယားက တစ်လကို ယွမ်70ရတာ‌..အဲ့ဒါက သူတို့ လက်လွတ်စပယ် မဖြုန်းသရွေ့ လုံလောက်တယ်..”
 
ဝမ့်ချိုးမိန်က သက်ပြင်းချကာ ပြောလိုက်သည်။
“ငါလည်း သူတို့က ထောက်ပံ့ဖို့ မစဉ်းစားထားဘူး...အဲ့ဒါတင်မကဘူး ဒီမှာထမင်းလာစားရင် ပိုက်ဆံပေးခိုင်းမှာ ချန်မင်ကငယ်သေးတော့ အများကြီးမလိုပါဘူး တစ်လ 10ယွမ်‌ တစ်ပြားလေးတောင် လျော့လို့မရဘူး...” 

"သူတို့က ကိုယ့်ဘာသာ ချက်မစားကြဘူးလား...."

ဝမ့်ချိုးမိန်က နှာခေါင်းရှုံ့လိုက်သည်။
"သူတို့ပြောတာတော့ ချက်ပြုတ်ဖို့ အချိန်မရှိလို့တဲ့ ဘာပဲဖြစ်ဖြစ်ပါ ငါတော့ဂရုမစိုက်ဘူး နင့်အဖေနဲ့ငါ ကောင်းကောင်းစားသောက်ရဖို့ပဲ အရေးကြီးတယ်..."

"ဟုတ်ပါပြီ..."

...
ချန်မိသားစုမှ ကိစ္စများအဆုံးသတ်လာသောအခါ ဇာတ်လိိုက်နှစ်ယောက် တွေ့ဆုံရမည့် အချိန်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
  
မူလဝတ္ထုတွင် အမျိုးသားဇာတ်ကောင်နှင့် အမျိုးသမီးဇာတ်ကောင်တို့သည် ညဘက်တွင် ပထမဆုံးတွေ့ဆုံခဲ့ကြ၏။ ထိုနေ့တွင် ရှဲ့လန်က အလုပ်၌လုပ်စရာ တစ်ခုပေါ်လာသဖြင့် အလုပ်ဆင်းချိန် နောက်ကျသွားကာ ညရှစ်နာရီလောက်မှ အလုပ်မှ ပြန်လာ၏။ ပြန်သည့်လမ်းတွင် သူက ခြေကျင်းဝတ်လည်ကာ လမ်းမလျှောက်နိုင်ဖြစ်နေသည့် ယန်မင်ကျစ်နှင့် ဆုံလေသည်။ သူက သူမကို အဆစ်ပြန်တည့်ပေးပြီး အိမ်သို့လိုက်ပို့ပေးခဲ့သည်။

သို့သော် မူရင်းဝတ္ထုထဲတွင် သူတို့နှစ်ယောက်က စားသောက်ဆိုင်အပြင်တွင် ဆုံခဲ့ကြပြီး ဖြစ်သည့်အချိန်အား အသေးစိတ်မဖော်ပြထားပေ။ ယန်မင်ကျစ်၏ ဒဏ်ရာက မပြင်းထန်ပေ။ အဆစ်ပြန်တည့်ပြီးနောက် ဆေးဖက်ဝင်ဝိိုင် လူးလိုက်သောအခါ နောက်တစ်နေ့တွင် ပုံမှန်အတိုင်း အလုပ််ပြန်ဆင်းနိုင်လာ၏။

ထို့ကြောင့် ချန်မန်က ပထမဆုံးအကြိမ်အဖြစ် ဇာတ်ကြောင်းပြောင်း၊ မပြောင်းကို မသိနိုင်တော့ပေ။ သူမက ယန်မင်ကျစ်ဆီသို့ နေ့တိုင်းသွားပြီး သူမဆီ၌ ဆေးဖက်ဝင်ဝိုင်အနံ့ ရှိမရှိအနံ့ခံရုံသာ တတ်နိုင်၏။

ထိုနေ့တွင် ချန်မန်က ထုံးစံအတိုင်း အနံ့ခံနေချိန်တွင် ယန်မင်ကျစ်က မေးလာ၏။
"ငါက နံနေလို့လား..."

"ဟမ်..." 
ချန်မန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်သည်။

"နင်က နေ့တိုင်းငါ့ကို အနံံ့လာခံနေလို့လေ..."

ချန်မန်က အပြစ်ရှိစွာဖြင့် ဆံပင်ကိုသပ်လိုက်သည်။
"သိသွားတာလား..."

"မသိမှသာ ခက်နေမှာ မဟုတ်ဘူးလား..."
ယန်မင်ကျစ်က ငုံံ့ကာ သူမ၏အင်္ကျီကို နမ်းကြည့်လိုက်သည်။

"ငါ့ကိိုယ်က နံနေလို့လား..."

"ဒီနေ့တော့ နည်းနည်းအနံ့ရသလိုပဲ.."

ချန်မန်က ဆေးဖက်ဝင်ဝိုင်အနံ့ရသော်လည်း အလွန်ဖျော့၏။ သူမက မသေချာသဖြင့် သိချင်စွာ ထုတ်မေးလိုက်သည်။
"နင် ဒဏ်ရာရထားတာလား..." 

ယန်မင်ကျစ်က သူမ၏ခြေထောက်ကို ကြည့်ကာ ဝေဝေဝါးဝါး ပြန်ဖြေလိုက်သည်။
"မနေ့က အိမ်ပြန်တဲ့လမ်းမှာ ခြေထောက်ခေါက််သွားတာပါ..."


ရောက်လာပြီပဲ...

ချန်မန်က အံ့ဩသွားသည်။
“အရမ်းပြင်းထန်လား ဆရာဝန်နဲ့ပြပြီးပြီလား...”


အရှေ့ဘက်မှ ဝင်လာသည့် အဒေါ်လောကလည်း ရောက်လာကာ မေးလာ၏။
“ဘယ်သူခြေထောက်ခေါက်သွားလို့လဲ...”

“မင်ကျစ်လေ မနေ့ညက ခြေထောက်ခေါက်သွားတာတဲ့”

ချန်မန်က ပြန်ဖြေလိုက်သည်။

အဒေါ်လောက ယန်မင်ကျစ်ကို ကြည့်လိုက်သည်။
“ခြေထောက်ခေါက်သွားတာလား အရမ်းပြင်းလား မတ်တပ်ရပ်နိုင်ရဲ့လား...”
စားဖိုမှူးများသည် တစ်နေကုန် မတ်တပ်ရပ်ပြီး ချက်ပြုတ်ရလေသည်။

ယန်မင်ကျစ်က ခေါင်းခါပြလိုက်သည်။
“အဆင်ပြေပါတယ် မနေ့ညကလူတစ်ယောက်က ဂရုစိုက်ပေးလိုက်တယ်...”


ချန်မန်က သူမခြေထောက်ကို ဂရုစိုက်ပေးလိုက်သည့်သူသည် ရှဲ့လန်လားဟု မေးချင်သော်လည်း စကားလုံးများက ပါးစပ်ဝရောက်လာသောအခါ သူမက ဤအကြောင်းကို သိမနေသင့်ဟု သတိရသွားသဖြင့် သွယ်ဝိုက်ပြီးသာ မေးမြန်းလိုက်သည်။

“မနေ့ညတုန်းက အိမ်နားက ဆေးခန်းမှာ တစ်ယောက်ယောက်ရှိတာလား...”

“ငါဆေးခန်းမသွားလိုက်ပါဘူး...”

ချန်မန်က မေးလိုက်သည်။
“ဒါဆိုဘယ်သူလုပ်ပေးလိုက်တာလဲ သူကနားလည်လို့လား...”

ယန်မင်ကျစ်က ခေါင်းငုံ့သွားပြီး မဖြေမီ ခဏလောက်စဉ်းစားလိုက်သည်။

“နားလည်လောက်မှာပါ သူက ငါ့ခြေထောက်ကို အဆစ်ပြန်တည့်ပေးသွားတာ ဒီနေ့လမ်းလျှောက်တော့ ဘာနာကျင်မှုမှ မခံစားရဘူး...”

အဒေါ်လေးက စိတ်အေးသွားသည်။
"မနာတာကောင်းတယ် ဒီနေ့တစ်နေကုန် ရပ်မနေနဲ့...ချက်ပြုတ်တာကလွဲရင် ကျန်တာကို အဒေါ့်ကိုအပ်ထားလိုက်...”

“ကျွန်မလည်း ကူညီပေးပါ့မယ်...”
ချန်မန်က ပြုံးကာပြောလိုက်သည်။

သူမက ယန်မင်ကျစ်ကို ကူညီပေးသည့်သူသည် ရှဲ့လန်ဖြစ်မည်ဟု ခံစားမိနေ၏။

သို့သော် 100ရာခိုင်နှုန်း မသေချာပေ။ 
...ယန်မင်ကျစ်က အိမ်ပြန်ရောက်မှ တစ်ယောက်ယောက်ကို ကူညီခိုင်းလိုက်ရင်ရော...

မည်သို့ပင်ဖြစ်စေ သူမ ပြောသည်ကို နားထောင်ရုံဖြင့် သူမပြောနေသည့်သူမှာ ယောက်ျားလား၊ မိန်းမလား သေသေချာချာ မသိနိုင်ပေ။

သို့သော် မူလဝတ္ထုတွင် သူတို့နှစ်ယောက်က ပထမဆုံးတွေ့သည့်အချိန်တွင် အချင်းချင်းအမည်သိသွားကြပြီး နောက်တစ်နေ့တွင် ရှဲ့လန်က စားသောက်ဆိုင်‌တွင် လာစားသောအခါ တစ်စုံတစ်ခု ဖြစ်သွားခဲ့၏။ ထိုအဖြစ်အပျက်တွင် သူမကလည်း နေရာတစ်ခုမှ ပါလေသည်။

ယန်မင်ကျစ်က မနေ့ညက ခြေထောက်ခေါက်သွားတာဆိုတော့ နောက်တစ်နေ့ဆိုတာက ဒီနေ့ပဲမလား...


ချန်မန်၏ မျက်လုံးများက တလက်လက်တောက်သွားကာ အရှေ့ဘက်ခန်းမသို့ ပြန်သွားပြီး သူမအလှည့်ကို စောင့်နေလိုက်သည်။

နေ့လယ်အထိ စိုးရိမ်တကြီး စောင့်နေပြီးနောက် ရှဲ့လန်က အမှန်ပင် စားသောက်ဆိုင်သို့ ရောက်လာ၏။ သို့သော် သူက စားဖိုမှူးရွေးရမည့်အချိန်တွင် တွန့်ဆုတ်နေပြီး ဘာမှမပြောလာပေ။

ရှစ်ခေါက်ချိုး မှန်ပြောင်းသုံးကာ ရှဲ့လန်ကို အကဲခတ်‌ချင်နေသည့် ချန်မန်က သူတွေဝေနေသည်ကို သတိထားမိသွားသဖြင့် ပို၍တက်ကြွစွာ ပြုံးလိုက်သည်။

“စားဖိုမှူးယန်ကိုပဲ စားဖိုမှူးအဖြစ် ရွေးမှာလားရှင့်...”

“ယန်...”
ရှဲ့လန်က ခဏရပ်သွားသည်။

“ရဲဘော် သူ ဒီနေ့ အလုပ်ဆင်းတာလား...”

“ဟုတ်ပါတယ် ကျွန်မတို့ စားသောက်ဆိုင်မှာ စားဖိုမှူးယန်က နေ့တိုင်းနေ့တိုင်း ပထမဆုံး အလုပ်လာတဲ့သူပါ...”
ချန်မန်က ပြုံးကာ ပြောလိုက်သည်။

“မနေ့ညက ခြေထောက်ခေါက်သွားတာတောင် ဒီနေ့ကျ ပုံမှန်အတိုင်း အလုပ်လာတာပဲ...” 

ရှဲ့လန်က မျက်ခုံးပင့်မိသွားပြီး လျင်မြန်စွာ မျက်လွှာချကာ ပိုက်ဆံနှင့်လက်မှတ်များကိုထုတ်ပြီး တည်ငြိမ်စွာမေးလိုက်သည်။

“သူမရဲ့ခြေထောက်က အဆင်ပြေရဲ့လား...”

“မင်ကျစ်ပြောတာတော့ မနေ့ညတုန်းက စိတ်ကောင်းရှိတဲ့ သူတစ်ယောက်က ကူညီပေးသွားတယ်တဲ့ ဒီနေ့အဆင်ပြေနေပါပြီ...ဒါပေမယ့်လည်း အရိုးကျိုးတာပျောက်ဖို့ဆိုတာက ရက်တစ်ရာလောက်ကြာတယ်လေ...အခုအရိုးက ဘာမှမဖြစ်သွားဘူးဆိုပေမယ့် ကျွန်မတို့ကတော့ မင်ကျစ်ရက်အနည်းငယ်လောက် နားလိုက်ရင် ပိုကောင်းမယ်လို့ တွေးထားကြတာ...ဒါပေမယ့် မင်ကျစ်က ခေါင်းမာပြီး မလုပ်ချင်ဘူးတဲ့လေ...”

ချန်မန်က သက်ပြင်းချကာ ခေါင်းမော့လာပြီး တမင်တကာ မေးလိုက်သည်။

“ရဲဘော်က စားဖိုမှူးယန်ကိုပဲ ချက်ပြုတ်ခိုင်းဦးမှာလားရှင့်...”

ယန်မင်ကျစ်က အနားယူလိုစိတ်မရှိသည်ကို သိလိုက်ရသောအခါ ရှဲ့လန်က မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါပြလိုက်သည်။

“အခြားစားဖိုမှူးကိုပဲ ချက်ခိုင်းလိုက်ပါ...”


“သိပါပြီ...”

ချန်မန်က အမှာစာရွက်ကို ဖြဲလိုက်ကာ *ရှဲ့လန်*ကို ပြတင်းပေါက်မှ မယူစေလိုက်ပေ။ သူမက ရန်လင်ကို စကားအနည်းငယ် ပြောပြီးနောက် မီးဖိုချောင်ထဲသို့ဝင်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“ရဲဘော်ရှဲ့က ဝက်သား‌နဲ့ပဲသီးမွှေကြော်တစ်ပွဲ မှာလိုက်ပါတယ် ဘယ်သူချက်ရမယ်လို့တော့ မပြောလိုက်ဘူး...”

ယန်မင်ကျစ်က မော့ကြည့်ကာ အံ့ဩသွား၏။ အဒေါ်လောကလည်း အံ့ဩတကြီး မေးလာသည်။

“နင်ပြောတဲ့ ရဲဘော်ရှဲ့က ဒီကိုခဏခဏလာတဲ့ ရဲဘော်ရှဲ့လား...”

“ဟုတ်ပါတယ်...”

အဒေါ်လောက ပိုလို့တောင် အံ့ဩသွားသည်။
“ပုံမှန်ဆိုသူက မင်ကျစ်ကိုပဲ ချက်ခိုင်းနေကျပါ...ဘာလို့ ဒီနေ့မှ လောင်ကွမ်ကို ချက်ခိုင်းတာလဲ...”

“အဲ့ဒါက မင်ကျစ်ခြေထောက်ခေါက်သွားတဲ့အကြောင်း ကျွန်မ သူ့ကို ပြောပြလိုက်လို့များလား...”

ချန်မန်က အဒေါ်လော၏ မေးခွန်းကို ဖြေလိုက်သော်လည်း သူမအကြည့်များကမူ ယန်မင်ကျစ်အပေါ်တွင်သာ ရှိနေ၏။

ယန်မင်ကျစ်က အစတွင် အံ့ဩသွားပြီး ခေါင်းငုံ့သွားကာ နောက်ဆုံးတွင် နှုတ်ခမ်းထောင့်များ အနည်းငယ်ကွေးညွတ်လျက် ပြောလာ၏။

“ဦးလေးကွမ်က လုပ်စရာအများကြီးရှိတာ ကျွန်မပဲ လုပ်လိုက်ပါ့မယ် ကျွန်မရဲ့ခြေထောက်က အဆင်ပြေတယ်...”
 

မီးဖိုတွင်အလုပ်များနေသည့် ကွမ်ကျန့်ကော်က သူ့နာမည်ကိုကြားသောအခါ လှည့်ကြည့်လာ၏။

“ဘာလဲ...”

“ဘာမှမဟုတ်ပါဘူး အရှေ့မှာ စားသုံးသူတစ်ယောက် စားစရာမှာနေလို့ပါ...”

အဒေါ်လောက ပြုံးကာပြောလိုက်သည်။

“ရှောင်ယန်က အဆင်ပြေတယ်ဆိုမှတော့ ဒီအမှာကို ရှောင်ယန်ကိုပဲ ပေးလိုက်တော့မယ်နော်...”

ယန်မင်ကျစ်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ...”

ယန်မင်ကျစ်က သူမ၏ခံစားချက်များကို မပြသော်လည်း ချန်မန်က ထိုးဖောက်မြင်နိုင်ဆဲဖြစ်သည်။ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့က အတူတူဇာတ်ကွက်တစ်ခု ရှိသွားသည်ကို မြင်လိုက်ရသောအခါ ချန်မန်လည်း စိတ်အေးသွားပြီး အရှေ့သို့ ပြန်သွားလိုက်သည်။

ယန်မင်ကျစ်က အလွန်လျင်မြန်စွာ ချက်ပြုတ်ခဲ့ပြီး ရှဲ့လန်က 15မိနစ်အတွင်းတွင် စားနိုင်သွားသည်။

အစားအသောက်ချစ်သူများသည် အလွန်အထိမခံသည့် လျှာများရှိတတ်လေသည်။ ရှဲ့လန်က ပဲသီးကို ပါးစပ်ထဲထည့်လိုက်သည့် အချိန်မှာပင် ရင်းနှီးနေသည့် အရသာကို ရသွား၏။ သူက မနေနိုင်ဘဲ မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ သို့သော်၎င်းက အသုံးမဝင်မှန်း သတိထားမိသွားသဖြင့် ခေါင်းငုံ့ကာ ဆက်စားလိုက်လေသည်။
 

💓💓💓 👩‍❤️‍👨Chapter 67

◎မင်းရဲ့အကြည့်တွေက အရမ်းပူလောင်နေတာလေ ကိုယ်သတိမထားမိမှသာ ခက်မှာ◎


သူစားနေရင်း တစ်ဝက်ကျိုးလာသောအခါ ရန်လင်က သူ့ဆီ နောက်ထပ်ဟင်းပွဲတစ်ပွဲ ချပေးလာ၏။

ရှဲ့လန်က စားနေသည်ကိုရပ်ကာ ခေါင်းမော့ပြီး နားမလည်နိုင်စွာ မေးလာသည်။

“ဒါက ကျွန်တော့်အတွက်လား...”

“ဟုတ်ပါတယ်...”
ရန်လင်က ပြန်ဖြေလိုက်၏။

“ဒါပေမယ့် ဒါကို ကျွန်တော်မမှာထားပါဘူး...”

ရန်လင်သည်လည်း ထိုစကားကို ကြားသောအခါ နားမလည်နိုင်ဖြစ်သွားသည်။

“ဒါဆို ကျွန်မ သွားမေးကြည့်လိုက်ပါဦးမယ်...”
  
သူမက ထိုဟင်းလျာကို သယ်ကာ ချန်မန်ဆီသို့ လျှောက်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“စားပွဲနံပါတ်3က ရဲဘော်ရှဲ့က ဒါကို သူ မမှာထားဘူးတဲ့...”

ချန်မန်က စားပွဲနံပါတ်3ကို ကြည့်လိုက်ကာ ပြန်အမ်းမည့် အကြွေရှာနေရင်း မေးလိုက်သည်။

“ဒါကို ဘယ်သူပေးလိုက်တာလဲ..”

“အစ်မမင်ကျစ်...”

ချန်မန်က သဘောပေါက်သွားကာ ပြောလိုက်သည်။

“ဒါကသူ့အတွက်ပဲ သူ့ဆီအရင်သွားပေးလိုက်...သူမေးလာရင် ဒါက စားသောက်ဆိုင်က စားဖိုမှူးယန် ပို့ခိုင်းလိုက်တာလို့ ပြောလိုက်...”

ရန်လင်သည် ယန်မင်ကျစ်က ရှဲ့လန်ဆီ စားစရာပို့ရသည့် အကြောင်းရင်းကို နားမလည်သော်လည်း မေးရန်တွန့်ဆုတ်နေ၏။

“အစ်မ သေချာရဲ့လား...”

“လုံးဝသေချာတယ် သူ့ကိုအဲ့အတိုင်းသာ ပြောလိုက်...”

“ဒါဆိုလည်း ဟုတ်ပြီလေ...”
ရန်လင်လည်း မတတ်နိုင်တော့သဖြင့် တစ်ခါပြန်လှည့်ကာ စားစရာကို သွားပြန်ပို့လိုက်သည်။

ချန်မန်က နောက်ဆုံးဧည့်သည်ကို ပိုက်ဆံအမ်းပြီးနောက် ရန်လင်ကို အော်ခေါ်ကာ ကောင်တာကို ကူကြည့်ခိုင်းလိုက်သည်။ ထို့နောက် သူမက မီးဖိုချောင်ထဲသို့ ဝင်ကာ ယန်မင်ကျစ်ဆီ တန်းသွားပြီး တီးတိုးမေးလိုက်သည်။

“နင် ရဲဘော်ရှဲ့ကို စားစရာပို့လိုက်တာလား...”

ချက်ပြုတ်နေသည့် ယန်မင်ကျစ်က တုန်သွားပြီး လှည့်ကြည့်ကာ မေးလာ၏။
“နင်ဘယ်လိုသိသွားတာလဲ...”

“ရှောင်ရန်က ဟင်းပွဲသွားချတဲ့အချိန်မှာ ရဲဘော်ရှဲ့က မာပိုတို့ဟူးကို သူမမှာဘူး‌လို့ ပြောလိုက်တယ်...အဲ့ဒါနဲ့ ရှောင်ရန်က ကောင်တာဆီယူလာလိုက်တာ...ငါမေးကြည့်တော့ အဲ့ဒါက နင်ရဲဘော်ရှဲ့ကို ပေးလိုက်တာလို့ပြောတယ်...”

ချန်မန်က လက်ပိုက်လိုက်သည်။
“ငါ့ကိုအမှန်တိုင်းပြောပြနော်...နင်နဲ့သူနဲ့ကြား ဘာဖြစ်သွားပြီလဲ...”

ယန်မင်ကျစ်က စားစရာများ လုပ်ပေးလိုက်ပြီးနောက် အဒေါ်လောက အလုပ်များနေသည်ကို မြင်သောအခါ သူမက ပြတင်းပေါက်မှ အမှာစာကို လှမ်းယူလိုက်သည်။ ထို့နောက် သူမကပြန်ရောက်လာကာ ဒယ်အိုးကိုဆေးရင်း ပြောလာ၏။

“ဘာမှမဟုတ်ပါဘူး မနေ့ညက ငါ့ခြေထောက်ကို အဆစ်ပြန်တည့်ပေးသွားတာ သူပဲ...သူ့ကိုကျေးဇူးတင်မလို့ အဲ့ဒါကိုငါပို့ခိုင်းလိုက်တာ...အခြားဘာအဓိပ္ပါယ်မှ မရှိဘူး...”

ချန်မန်က ယန်မင်ကျစ်တစ်ယောက် တစ်ကြိမ်တည်းတွင် အငြင်းစကား နှစ်ခါသုံးသွားသည်ကို မြင်လိုက်ရသောအခါ မူလဝတ္ထုထဲကအတိုင်း သူမရင်ထဲတွင် လှုပ်ရှားသွားပြီဖြစ်ကြောင်း သိသွားသည်။ သို့သော် ယန်မင်ကျစ်က သူမ၏အတိတ်ဘဝမှ အတွေ့အကြုံနှင့် 3နှစ်သဘောတူညီချက်များကြောင့် ဒီခြေလှမ်းကို မလှမ်းရဲပေ။ ချန်မန်က သူမကို စည်းရုံးချင်သွားသည်။

သို့သော် သူမ ဘာမှမပြောနိုင်ခင်မှာပင် ယန်မင်ကျစ်က သူမကို ပြောလာ၏။
“အပြင်မှာ လူအများကြီးရောက်နေပြီ...ရှောင်ရန်တစ်ယောက်တည်း မလုပ်နိုင်လောက်ဘူး...နင်မြန်မြန်သွားတော့လေ ငါလည်းချက်ပြုတ်ရဦးမယ်...”

ချန်မန်က ခဏလောက် တိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
“အင်းပါ...”

မည်သို့ပင်ဖြစ်စေ ဇာတ်ကြောင်းက မပြောင်းလဲသဖြင့် ယန်မင်ကျစ် ဘယ်လိုတွန့်ဆုတ်နေပါစေ အဆုံး၌ သူမက ရှဲ့လန်နှင့် အတူရှိသွားမည်သာဖြစ်သည်။ အကယ်၍ သူမက လိပ်ပြာ‌တောင်ပံခတ်သံကဲ့သို့ အများကြီးဝင်ပါမိပါက ဇာတ်ကြောင်းကို နှောင့်နှေးသွားစေနိုင်၏။

ထို့အပြင် ဤကိစ္စက မပြီးသေးပေ။

ချန်မန်ထွက်သွားပြီး 10မိနစ်လောက် ကြာသောအခါ ရှဲ့လန်က ဟင်းနှစ်ပွဲနှင့် ထမင်းစားပြီးသွားလေသည်။ သူက ပုံမှန်အတိုင်း ထွက်သွားရမည့်အစား အရှေ့ကောင်တာသို့ လျှောက်လာကာ ယန်မင်ကျစ်နှင့် တွေ့ချင်ကြောင်း ပြောလာသည်။

ချန်မန်က သူမဇာတ်ကွက် ရောက်လာသည်ကို သိသွားကာ အလျင်အမြန်ပင် မီးဖိုချောင်ထဲသို့သွားပြီး အကူအညီတောင်းလိုက်သော်လည်း ယန်မင်ကျစ်က ချက်ပြုတ်နေသဖြင့် အပြင်ထွက်မလာပေ။

ရှဲ့လန်လည်း မတတ်နိုင်သဖြင့် ချန်မန်ကိုသာ ယန်မင်ကျစ်ကို စားစရာပို့ပေးသဖြင့် ကျေးဇူးတင်ကြောင်း၊ သူလုပ်ပေးခဲ့သည်မှာ ကိစ္စငယ်လေးသာဖြစ်သဖြင့် စိတ်ထဲထားစရာမလိုကြောင်း ပြောခိုင်းလိုက်သည်။ သူက အလကားမစားလိုသဖြင့် ထိုအတွက် မရမက ပိုက်ဆံရှင်းသွားလေသည်။

ချန်မန်က အနည်းငယ်ငြင်းသော်လည်း မရသဖြင့် ပိုက်ဆံနှင့်လက်မှတ်ကိုယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ယန်မင်ကျစ်ကို အခြေအနေ ရှင်းပြလိုက်သည်။

ယန်မင်ကျစ်က ခဏလောက် တိတ်သွားပြီးမှ ပိုက်ဆံကိုယူကာ ပြောလာသည်။
“အင်း ငါသိပြီ...”

ယန်မင်ကျစ်က ဘာမှပြောမလာသော်လည်း ချန်မန်ကမူ ဤကိစ္စက ဤတွင်အဆုံးသတ်မည် မဟုတ်ကြောင်းသိသည်။ အိမ်ပြန်ရောက်သောအခါ ယန်မင်ကျစ်က ရှဲ့လန်အပေါ် အကြွေးတင်သလို ခံစားရသဖြင့် နေရအဆင်မပြေ‌ ဖြစ်လေသည်။ 2ရက်လောက် စဉ်းစားနေပြီးနောက် သူမက သူ့အတွက် သင့်တော်သည့် လက်ဆောင်တစ်ခုဝယ်ရန် ဆုံးဖြတ်လိုက်သည်။

ချန်မန်က ဇာတ်ကြောင်းကို ထိန်းချုပ်နိုင်ပြီဟု ခံစားမိသဖြင့် တွေးလေလေ ပို၍စိတ်လှုပ်ရှားလာ၏။ ညဘက်အိပ်ရာမဝင်မီတွင် သူမက မနေနိုင်ဘဲ လုဖျင်ကျိုးအား ယနေ့ဖြစ်သွားသည်များကို ပြောပြလိုက်သည်။

လုဖျင်ကျိုးက အတင်းအဖျင်းများကို ဂရုမစိုက်သော်လည်း ချန်မန်က အလွန်ပျော်နေသည်ကို မြင်သောအခါ သူမကိုမြှောက်ပင့်ပြီး ပြောလိုက်သည်။

“သူတို့က အတူရှိဖို့ ကံပါလာတာပဲ...”

“ဒါပေါ့...”
ချန်မန်က လွှတ်ခနဲပြောလိုက်မိပြီးမှ သူမပုံစံက အလွန်စိတ်လှုပ်ရှားနေသလို ဖြစ်နေသည်ကို သတိထားမိသွားပြီး ထပ်ပြောလိုက်သည်။

“သူတို့အတူရှိနိုင်မယ်လို့ ကျွန်မထင်တယ်...”

 
လုဖျင်ကျိုးက သေချာစဉ်းစားကာ ခေါင်းညိတ်လိုက်ပြီး သူ့အမူအရာက ဖြေးဖြေးချင်း လေးနက်လာသဖြင့် ချန်မန်က ထုတ်မေးလိုက်သည်။

“ရှင်ဘာတွေတွေးနေတာလဲ...”

ထိုအခါမှသာ လုဖျင်ကျိုးက သတိဝင်လာသည့်ပုံဖြင့် ပြောလာ၏။

“ကိုယ်တွေးနေတာ မင်းသာ အမျိုး‌သမီးရေးရာအဖွဲ့မှာ အလုပ်လုပ်ရင် သေချာပေါက် နှစ်ကုန်မှာ ရာထူးတိုးခံရမယ့်လူထဲ ပါမှာပဲ...”

 
“ဟမ်...”
ချန်မန်က နားမလည်ပေ။
“ဘာကို ပြောချင်တာလဲ...”
 
“ကြင်ဖက်တွေ့ပွဲပြီးကတည်းက ဒါရိုက်တာဝူက အောင်သွယ်ကိစ္စ ဆွေးနွေးဖို့ မင်းဆီရောက်ရောက်လာတာလေ...မင်းတို့က အမြဲတိုင်း 1နာရီ2နာရီလောက် စကားပြောနေကြတာ...”

လုဖျင်ကျိုးတွင် ဤကိစ္စနှင့်ပတ်သက်၍ မကျေနပ်ချက် များစွာရှိသည်။ ချန်မန်က အလုပ်ဆင်းချိန် နောက်ကျသဖြင့် သူတို့က ည9နာရီလောက်မှ အိမ်ပြန်ရောက်၏။ သို့သော် အိမ်သို့ရောက်သောအခါ ဝူရွှင်းယွီက ချန်မန်နှင့် ပြောစရာရှိနေသေးသည်။ စကားပြောပြီးသည့်နောက် ရေချိုး၊အဝတ်လျှော်ပြီး အခန်းထဲသို့ ဝင်သောအခါ ည11နာရီ ရှိနေပြီဖြစ်သည်။ ၎င်းက ဘယ်အရာမှလုပ်ရန် မလုံလောက်ပေ။
 
ချန်မန်က လုဖျင်ကျိုးပြောသည်ကို တွေးလိုက်မိသည်။ ဤတလော၌ တကယ်ပင် ဝူရွှင်းယွီက ဤနေရာတွင် အခြေစိုက်နေသည့် အရာရှိများအတွက် သင့်တော်သည့် လက်တွဲဖော်များ မိတ်ဆက်ပေးရန် သူမကို အကြံတောင်းနေခဲ့သည်။

  
ကြင်ဖက်တွေ့ဆုံပွဲ ပြီးသွားသော်လည်း အရာရှိများအတွက် သင့်တော်သည့် လက်တွဲဖော်များ မိတ်ဆက်ပေးရန်မှာ မပြီးသေးပေ။ အစတွင် ဤကိစ္စက ချန်မန်နှင့် လုံးလုံးမဆိုင်ပေ။ ပထမအချက်မှာ သူမသည် အမျိုးသမီးရေးရာမှ အဖွဲ့ဝင်တစ်ယောက် မဟုတ်ပေ။ ဒုတိယအချက်မှာ သူမက ယခုမှ အိမ်ထောင်ကျကာစဖြစ်သည်။ သူမက ဘယ်လိုများ အခြားသူများအတွက် သင့်တော်မည့် လက်တွဲဖော်ကို မိတ်ဆက်ပေးနိုင်မှာလဲ။
  
တွေ့ဆုံပွဲညတွင် သူမက အတွဲအနည်းငယ်ကို အတူတူရှိသွားစေသော်လည်း အတွဲများမိတ်ဆက်ရန် တာဝန်ရှိသူမှာ ဒါရိုက်တာဖုန်းဖြစ်သည်။ သူမနှင့် လုဖျင်ကျိုးသည် စာများပို့ပေးခြင်းစသည့်  á€á€ąá€Źá€€á€şá€á€­á€Żá€™á€šá€şá€›á€™á€ťá€Źá€¸ လုပ်ခဲ့ရုံသာဖြစ်ကာ ဘာအတွေ့အကြုံမှ မရခဲ့ပေ။

သို့သော် ဒါရိုက်တာဝူနှင့် ထိုနေ့တွေ့ဆုံပွဲ၏ နောက်ဆက်တွဲကိစ္စများ ပြောသောအခါ သူတို့က လူများကို တစ်ယောက်ချင်းစီ၏ အခြေအနေကို မှတ်သားပြီးသာ မိတ်ဆက်ပေးခဲ့ကြောင်း သိလိုက်ရသည်။ သူမက နောက်ပိုင်းခေတ်များ၏ ကြင်ဖက်တွေ့ဆုံမှုအကြောင်း တွေးမိသွားကာ အဘယ်ကြောင့် ကြင်ဖက်တွေ့သည့် ဖိုင်တွဲအစား ကြင်ဖက်တွေ့သည့် ကိုယ်ရေးမှတ်တမ်း မလုပ်ရသနည်းဟု မေးလိုက်မိသည်။

ထို့နောက် အရာများက ထိန်းချုပ်မှုမှ လွတ်ထွက်သွားသည်။

ချန်မန်က သတိပြန်ဝင်လာကာ လုဖျင်ကျိုး ဆက်ပြောနေသည်ကို ကြားလိုက်ရသည်။

“မင်းက မင်းရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ ရဲဘော်ရှဲ့တို့ အတူရှိအောင်လုပ်ရမှာကို အရမ်းတက်ကြွနေတာ...အဲ့ဒါကြောင့်လေ ကိုယ်ထင်တာက...”

“ရှင်ကဘာထင်လို့လဲ...”

“ဒါရိုက်တာဝူ ပေးချင်တဲ့နဖူးစည်းက ကိုယ်တို့2ယောက်နဲ့ တော်တော်လေး သင့်တော်သလိုပဲ...”
  
ချန်မန်၏မျက်နှာတွင် အမေး သ‌င်္ကေတများဖြင့် ပြည့်နှက်လာသည်။
“သေချာလို့လား...”

လုဖျင်ကျိုးက သေချာစွာ ခေါင်းညိတ်ပြသည်။ သူက အချင်းချင်း လက်ညှိုးထိုးပြကာ ပြောလာ၏။
“ကိုယ်တို့က စံပြစုံတွဲပဲ...”

  
ထို့နောက် သူက ချန်မန်ကိုညွှန်ပြကာ ဆက်ပြော၏။

“မင်းက ခေတ်သစ်အောင်သွယ်တော်ပေါ့...”

ချန်မန်: “…”

သေချာသုံးသပ်ပြီးနောက် လုဖျင်ကျိုးက ချန်မန်၏ပခုံးကိုဖက်လိုက်လေသည်။ သူက သူ၏ ‘တစ်ခေတ်တစ်ခါမှ အောင်သွယ်တော်’ ရဲဘော်နှင့် စံပြစုံတွဲတစ်တွဲ ညဘက်တွင် လုပ်မည့်အရာများကိုလုပ်ရန် ဤအချိန်ကို အခွင့်ကောင်းယူချင်နေ၏။

သို့သော် သူ ချန်မန်၏လည်ပင်းကို နမ်းလိုက်ကာ နောက်တစ်ဆင့်တက်ရန် လုပ်လိုက်ချိန်တွင် သူမက သူ့ကို တားလာလေသည်။

လုဖျင်ကျိုးက နားမလည်စွာ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ...”

ချန်မန်က ပြုံးလိုက်ကာ သူ့လေသံကို အတုခိုးပြီး ညင်သာစွာပြောလိုက်သည်။

“ရှင် ဒီည ကြမ်းပေါ်မှာ‌ဆင်းအိပ်...”

ကြမ်းပြင်ပေါ်အိပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဒါရိုက်တာဝူ သူ့မိန်းမကို လာမ‌တွေ့ရန်မှာ ခက်ခဲ၏။ ခက်ခဲလွန်းသဖြင့် နောက်တစ်နေ့တွင် သူအနားယူကာ အိပ်ရာထနောက်ကျလ်ို့ရသည်။...ကြမ်း‌ပြင်ပေါ်အိပ်ရမည်ဆိုလျှင်‌တောင် ယနေ့တော့ မအိပ်နိုင်ပေ။

လုဖျင်ကျိုးက အောက်ဘက်ဆက်ဆင်းမည်ကို လက်လျှော့လိုက်ကာ ချန်မန်၏လက်ကို နမ်းလိုက်သည်။ ထို့နောက် သူမ၏ပခုံးဆီသို့ တက်လာပြီး ညှပ်ရိုးတဝိုက်ရွေ့လျားနေကာ ဖြေးဖြေးချင်း အောက်ဘက်သို့ရွှေ့သွားလိုက်သည်။

ချန်မန်က စိတ်ပျော့သွားပြီး သူမပြောပြီးသည်များကို မေ့သွားကာ သူ သူမကိုလုပ်ချင်‌သည့် အရာများကို စိတ်တိုင်းကျ ပေးလုပ်လိုက်လေသည်။
 
ထိုနေ့ညတွင် သူတို့နှစ်ယောက်က ထင်ထားသလိုပင် ညလုံးပေါက်နေခဲ့ကြ၏။ နောက်တစ်နေ့တွင် ချန်မန်က မနက်9နာရီအထိ အိပ်ပြီးမှ အိပ်ရာထလာခဲ့သည်။

လုဖျင်ကျိုးက စောစောနိုးသည်။ အိပ်ရာထပြီးနောက် သူက မနက်စာသွားဝယ်ကာ ပြန်ရောက်လာသည်နှင့် မီးသွေးမီးဖိုပေါ်တင်ကာ ပြန်နွှေးလိုက်သည်။ ထို့နောက် သူက အိပ်ခန်းမှလွဲ၍ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ကာ ပရိဘောဂများကို တောက်ပြောင်လာသည်အထိ ပွတ်တိုက်လိုက်သည်။

ချန်မန် အိပ်ရာနိုးလာသောအခါ လုဖျင်ကျိုးအား ယမန်နေ့ညမှ သူ၏‘မကောင်းမှု’များအတွက် မကျေမနပ်ပြောချင်သော်လည်း အိပ်ခန်းထဲမှ ထွက်လာပြီးနောက် သန့်ရှင်းတောက်ပြောင်နေသည့် ဧည့်ခန်းကို မြင်လိုက်ရသောအခါ သူမ‌ပြောချင်နေသည်များက ပါးစပ်ဝတွင် တစ်သွား‌ရ၏။
  
သူမတုံ့ဆိုင်းနေချိန်တွင် လုဖျင်ကျိုးက အပြင်မှဝင်လာပြီး သူမကို ပုတီးစေ့ ကန့်လန့်ကာမှ လှမ်းကြည့်ကာ မေးလာသည်။

“နိုးပြီလား ကိုယ်မနက်စာဝယ်ပြီး မီးဖိုမှာနွေးထားတယ် အခုယူလာရတော့မလား...”

ဒီတိုင်းထားလိုက်ရင်ရော ဘယ်လိုလဲ...

ဘာလို့လဲဆိုတော့ သူက အရမ်းကြိုးစားပြနေတာလေ...

ချန်မန်က စိတ်ထဲတွင်တွေးကာ ခေါင်းခါပြလိုက်သည်။
“ကျွန်မ သွားမတိုက်ရသေးဘူး...”

“အခုသွားတိုက်တော့မှာလား...”

“အင်းးး..”

ရာသီဥတုပူလာသည်နှင့် ချန်မန်တစ်ယောက် အိမ်တွင် မျက်နှာလိမ်းခရင်မ် လိမ်းသည်မှာ ရှားလာ၏။ ထိုခရင်မ်က အလွန်ပြစ်ကာ နေရအဆင်မပြေဟု ခံစားမိသဖြင့် သူမက မျက်နှာသစ်ကာ ပေါ့ပေါ့ပါးပါး ခေါင်းဖြီးပြီးသည်နှင့် ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

မနက်စာမှာ ပဲလိပ်နှင့်ပဲစိမ်းစွပ်ပြုတ်ဖြစ်သည်။

အရှေ့တွင်‘ပဲ’ဆိုသည့် စကားလုံးပါသော်လည်း အပေါ်ယံအလွှာကို ကြက်ဥဖြင့်လုပ်ကာ ရွှေညိုရောင်သန်းလာသည်အထိ ကြော်ထားခြင်းဖြစ်သည်။ အလယ်လွှာကိုမူ မွှေးကြိုင်နူးအိနေသည့် ကောက်ညှင်းဆန်ဖြင့်ပြုလုပ်ထားပြီး အောက်ဆုံးတွင် အဆီနည်းသည့်အသား၊ ရှီတာကီမှို၊ မျှစ်တို့ကို နုတ်နုတ်စင်းထားသည်။

 
ပဲလိပ်က ပူနေတုန်းစားရသဖြင့် လုဖျင်ကျိုးက ဝယ်ပြီးပြန်လာသောအခါ မီးဖိုပေါ်တွင် နွေးထား၏။ ရေနွေးငွေ့က ကြက်ဥအလွှာကို တွန့်သွားစေကာ အရမ်းကြီးကြွပ်ရွမနေတော့ပေ။ သို့သော် ၎င်းကအရသာရှိနေဆဲဖြစ်သည်။ ချန်မန်က သူမတစ်ယောက်တည်း ဆိုလျှင်တောင် လက်ဝါးအရွယ်ပဲလိပ်ကို 3၊4ခုလောက်စားနိုင်သည်။

သို့သော် ကောက်ညှင်းဆန်က အစာကြေရန်ခက်သဖြင့် သူမ နှစ်ခုလောက်စားပြီးသည့်နောက် ကျန်သည်များက လုဖျင်ကျိုးဗိုက်ထဲရောက်သွားသည်။
  
သူမက ပဲစိမ်းစွပ်ပြုတ်ကိုလည်း သောက်လိုက်သည်။ ၎င်းက အေးနေပြီဖြစ်ကာ တအားမချိုသော်လည်း အလွန်အရသာရှိသည်။
 
မနက်စာစားပြီးသည့်နောက် ချန်မန်က နေ့လယ်စာဘူးကိုဆေးကာ စားပွဲပေါ်မှ ချက်ပြုတ်စရာများကို ကြည့်လိုက်သည်။ ရေချိုငါးနှစ်ကောင်၊ တို့ဖူးတစ်တုံး၊ အဆီနည်းအသားတစ်တုံး၊ ငရုတ်စိမ်းအချို့နှင့် အသီးအရွက်နှစ်မျိုးဖြစ်သည်။

ကြည့်ရတာ ဒီနေ့တော့ အားရပါးရ‌စားရတော့မှာပဲ...

စိတ်ထဲတွင် ချက်ပြုတ်မည့် ဟင်းလျာများကို စဉ်းစားပြီးနောက် ချန်မန်က လုဖျင်ကျိုး အလုပ်လုပ်သည်ကိုကြည့်ရန် အပြင်သို့ထွက်လာလိုက်သည်။

သူတို့နှစ်ယောက် လက်ထပ်သည်မှာ သိပ်မကြာသေးကာ တစ်လတောင် မရှိသေးပေ။ အများဆုံး လဝက်လောက်သာ ရှိသေး၏။ နှစ်ယောက်လုံးက ကိုယ်စီအလုပ်များ ရှိသဖြင့် သူတို့က နေ့တိုင်းအိမ်တွင် အတူအချိန်ဖြုန်းသည်မှာ သိပ်မရှိပေ။ အားလပ်ရက်များ၌ အမြဲပင်လုပ်စရာမျိုးစုံ ရှိနေသဖြင့် အိမ်ကိုဂရုစိုက်ရန် အချိန်အများအပြား မရှိခဲ့ပေ။

အိမ်အတွင်းပိုင်းက အဆင်ပြေ၏။ လင်မယားနှစ်ယောက်က ပျားရည်စမ်းအားလပ်ရက်အတွင်းတွင် သေချာသန့်ရှင်းခဲ့ကြသည်။ သူတို့က ကြမ်းပြင်ကို နေ့တိုင်းတံမြက်စည်းလှည်းသလို တစ်ပတ်တစ်ခါ စားပွဲကို သန့်ရှင်းတတ်သဖြင့် သန့်ရှင်းသပ်ရပ်မှု အလွန်ကောင်းသည်။

ခြံဝန်းကလည်း ညစ်ပတ်မနေပေ။ လုဖျင်ကျိုးက ရက်အနည်းငယ်ကြာလျှင် တစ်ခါတံမြက်စည်းလှည်းတတ်၏။ သို့သော် ပန်းခင်းဘက်ကိုမူ နောက်ဆုံးတစ်ခေါက် ပေါင်းသင်ခဲ့သည်မှာ မင်္ဂလာမဆောင်ခင်ကဖြစ်သည်။ တစ်လကျော်ကြာသွားသောအခါ မြက်အများအပြား ပြန်ပေါက်နေပြီဖြစ်သည်။

ထို့အပြင် ချန်မန်ကလည်း ခြံထဲတွင် ပန်းများစိုက်ချင်သည်ဟု ပြောထား၏။ ဒါကြောင့် သူ ယနေ့အားနေချိန်တွင် လူတစ်ယောက်ဆီမှ ပေါက်တူးငှားကာ ပန်းခင်းအား အစမှအဆုံး မြေလှန်ရန်စီစဉ်ထားသည်။

ခြံထဲမှ ပန်းခင်းပုံစံသည် Uပုံစံဖြစ်ကာ တံစက်မြိတ်မှ ခြံတံခါး၏ ဘေးနှစ်ဖက်အထိရှည်သည်။ အပြင်ဘက်နံရံသည် လူ့အရပ်တစ်ဝက်လောက်ရှိပြီး အတွင်းနံရံမှာမူ ချန်မန်၏ ခြေသလုံးထိသာရောက်၏။

ပန်းခင်းက မကြီးပေ။ လုဖျင်ကျိုးက အိမ်ထဲတွင် သန့်ရှင်းရေးလုပ်ပြီးနောက် 8နာရီခွဲတွင်  á€…á€á€„á€şá€Ąá€œá€Żá€•á€şá€œá€Żá€•á€şá€œá€­á€Żá€€á€şá€žá€Šá€şá‹ နာရီဝက်အတွင်းတွင် သူက ပန်းခင်း၏3ပုံ1ပုံကို မြေလှန်ပြီးသွားပြီဖြစ်သည်။

အလုပ်က မပင်ပန်းပေ။ လုဖျင်ကျိုးက သူခေါင်းကို ယမ်းလိုက်သောအခါ သူ့မျက်နှာက နီရဲမနေသလို မောနေသည်မျိုးမရှိပေ။ သူ့ကိုယ်ပေါ်မှ ချွေးများသည် နေပူသောကြောင့်သာ ထွက်လာခြင်းဖြစ်သည်။

ဂျူလိုင်လ၏နေသည် အလွန်ပူသဖြင့် လူအများစုသည် အပြင်တွင်ရပ်ကာ ဘာမှမလုပ်လျှင်တောင် ချွေးထွက်လာမှာဖြစ်သည်။ ပင်ပင်ပန်းပန်း လုပ်နေသည့် လုဖျင်ကျိုး‌ဆိုလျှင် ပြောနေစရာမလိုတော့ပေ။

အလုပ်လုပ်ရမှာကြောင့်ဖြစ်မည်၊ လုဖျင်ကျိုးက ယနေ့တွင် စစ်သားယူနီဖောင်း မဝတ်ထားပေ။ သူက ချန်မန်ဝယ်ပေးထားသည့်  á€á€Žá€›á€žá€•á€şá€€á€­á€Żá€œá€Šá€şá€á€­á€Żá€€á€şá€á€ťá€˝á€ąá€¸á€‘á€­á€”á€şá€¸á€Ąá€„á€şá€šá€€á€ťá€Žá€–á€źá€„á€ˇá€ş ဝတ်ထားပြီး အောက်ပိုင်းတွင်လည်း ချန်မန်ဝယ်ပေးသည့် ဘောင်းဘီတိုဝတ်ထား၏။

ဤဘောင်းဘီတိုများသည် ယခင်အပတ်တွင် ချန်မန်က သူမမိဘများအား ရေဒီယိုဝယ်ရန် အဖော်လိုက်သွားချိန်တွင် ဝယ်လာခဲ့ခြင်းဖြစ်သည်။ သူမက သူအိမ်တွင်ဝတ်နေကျ ဘောင်းဘီများက အလျှော်များသဖြင့် ဖြူနေပြီဖြစ်ကြောင်း သတိရသွားသည်။ ၎င်းက အလွန်သနားစရာကောင်းသဖြင့် သူမက သူ့အတွက် ဝယ်လာခဲ့လိုက်ခြင်းဖြစ်သည်။

ဘောင်းဘီတိုများက ပိတ်စအများပြားမယူသလို အတော်လေးဈေးပေါသဖြင့် ချန်မန်က ရက်ရက်ရောရောပင် အနက်နှင့်အစိမ်းဟူ၍ 2ထည်ဝယ်ခဲ့လိုက်သည်။

လုဖျင်ကျိုး ယခုဝတ်ထားသည်မှာ အနက်ရောင်‌ဖြစ်သည်။ အ‌ရှေ့တွင် အိပ်ကပ်2ခုပါသည်မှလွဲလျှင် ဘောင်းဘီ၌ ထွေ‌ထွေထူးထူး လုပ်ထားသည်မျိုး မရှိပေ။ ၎င်းက ဒူးထိရှည်ပြီး ပွပွ‌ယောင်းယောင်းနှင့် ဝတ်ရပေါ့ပါးရာ အလုပ်လုပ်ရန် သင့်‌တော်‌လေသည်။ 

ချန်မန်က တံခါးနား၌ရပ်ကာ လုဖျင်ကျိုးခေါင်းမော့လာတိုင်းတွင် သူ၏တောင့်တင်းသော ခြေသလုံးကြွက်သားများကြောင့် မိန်းမောနေမိသည်။ ချွေးစိုနေသည့် အဖြူရောင်တီရှပ်က သူ့ကိုယ်တွင်ကပ်နေကာ သွယ်လျသည့်ခါးကောက်ကြောင်းကို ဖော်ပြနေ၏။

5မိနစ်၊ 6မိနစ်လောက် ကြာပြီးမှသာ ချန်မန်က သတိပြန်ဝင်လာပြီး အိမ်ထဲဝင်ကာ ရေ‌နွေးတစ်ခွက် ငှဲ့လာပြီး လုဖျင်ကျိုးကို ပေးလိုက်သည်။
“ရေသောက်လိုက်ဦး...”

လုဖျင်ကျိုးက လုပ်လက်စကိုရပ်ပြီး ရေခွက်ကိုယူကာ အကုန်သောက်လိုက်သည်။ သူ၏ခက်ထန်သော လှုပ်ရှားမှုကြောင့် ရေအချို့က နှုတ်ခမ်းထောင့်မှ စီးကျလာကာ မေးစေ့တစ်လျှောက်စီးလာပြီး လည်စေ့နှင့် ညှပ်ရိုးများကိုဖြတ်ကာ ချွေးစိုနေသော ရင်ဘတ်ထဲသို့ စီးဝင်သွားသည်။

ချန်မန်က မသိလိုက်ပါဘဲ တံတွေးမြိုချမိသွားသည်။ သူမ အကြည့်လွှဲတော့မည့်အချိန်တွင် လုဖျင်ကျိုးက သူမကို ပြောလာ၏။
“မင်းသဘောကျလား...”

“ဘာကိုလဲ...”

“မင်းကိုယ့်ကို ရေလာမတိုက်ခင် တံခါးနားမှာရပ်ပြီး 5မိနစ်၊6မိနစ်လောက် ကိုယ့်ကိုကြည့်နေတာလေ...”

လုဖျင်ကျိုး၏လေသံက ဂုဏ်ယူသည့်ပုံပေါက်နေ၏။ သူက ဒီအတိုင်းပြောပြသည့်ပုံပေါ်သော်လည်း အနည်းငယ်မြင့်တက်နေသည့် မျက်ခုံးများက သူ့ရင်ထဲမှ ဂုဏ်ယူမှုကို ဖော်ပြနေလေသည်။

ချန်မန်၏ အမူအရာက တောင့်တင်းသွားပြီး ပြတ်သားစွာ ငြင်းလိုက်သည်။
“ကျွန်မရှင့်ကို မကြည့်ပါဘူးနော်...ခုနက ရှင်က ကျွန်မကို ကျောပေးပြီး အလုပ်လုပ်နေတာ မဟုတ်ဘူးလား...ကျွန်မကြည့်တယ်ဆိုတာကို ရှင်ဘယ်လိုသိတာလဲ...”

“ပထမဆုံးအနေနဲ့ ကိုယ်မင်းကို ကျောပေးထားရင်တောင် ကိုယ်ကစစ်သားလေကွာ...ဒီလောက်လေးတောင် အာရုံမရှိရင် သေချာပေါက် စစ်မြေပြင်မှာ ပထမဆုံးသေတဲ့သူဖြစ်မှာ...”

“ဒုတိယတစ်ချက်ကတော့ မင်းအကြည့်တွေက အရမ်းကိုပူလောင်နေတာလေ ကိုယ်မခံစားမိမှာသာ ခက်မှာ...”

“နောက်ဆုံးတစ်ချက်ကတော့ မင်းသာကိုယ့်ကို ကြည့်မနေဘူးဆိုရင် ကိုယ်လှည့်မကြည့်ဘူးဆိုတာကို ဘယ်လိုသိတာလဲ...’

အရာအားလုံးကို ပြောပြပြီးနောက် လုဖျင်ကျိုးက ချန်မန်ကို ပြုံးကာကြည့်လိုက်သည်။

“တကယ်တော့လေ မင်းကိုယ့်ကို ခိုးကြည့်စရာ မလိုပါဘူး...အခုဆို ကိုယ်တို့ဆက်ဆံရေးက မတူတော့ဘူးလေ မင်းသာဆန္ဒရှိရင် အချိန်မရွေး ကိုယ့်အဝတ်တွေကို ချွတ်ခိုင်းပြီး မင်းစိတ်တိုင်းကျ ကြည့်လို့ရတယ်...”

ချန်မန်က သူ၏ ‘ပထမ၊ ဒုတိယ၊ နောက်ဆုံးအချက်’ ဟူသည့် စကားလုံးများဖြင့်တင် ရှက်နေပြီဖြစ်သည်။ ထိုဟာသကို ကြားသောအခါ သူမက ချက်ချင်း‌ဆိုသလို ဒေါသထွက်သွားလေ။

“ချွတ်လိုက်‌လေ ရှင်သတ္တိရှိရင် အခုပဲချွတ်လိုက်...”

💓💓💓 👩‍❤️‍👨Chapter 68
တနင်္ဂနွေနေ့။


“ချွတ်လိုက်‌လေ ရှင်သတ္တိရှိရင် အခုပဲချွတ်လိုက်...”

"အခုလား..."

လုဖျင်ကျိုးက အနားတဝိုက်ကို ကြည့်လိုက်သည်။

"အပြင်မှာက မကောင်းဘူးလေ ဟုတ်တယ်မလား..."

ရုတ်တရက်ပင် ချန်မန်က ဒေါသထွက်လာသည်။

"ရှင်ပဲ ကျွန်မကြိုက်တဲ့အချိန်တိုင်း ရှင့်အင်္ကျီကိုချွတ်ပြီး ကြိုက်သလောက် ကြည့်လို့ရတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား...ပြောပြီးမှ ဘာလို့သတ္တိမရှိတော့တာလဲ..."

ချန်မန်၏ပုံစံက အလွန်စိတ်ကြီးဝင်နေ၏။

လုဖျင်ကျိုးက မျက်စိမှေးကြည့်ကာ လက်များက အင်္ကျီစကိုဆွဲလိုက်သည်။

"အများမြင်ကွင်းမှာ အင်္ကျီချွတ်တာက မသင့်တော်ဘူးဆိုပေမယ့် မင်းကကြည့်ချင်နေမှတော့ မင်းအတွက်ဆို ဘယ်လိုပဲဖြစ်ဖြစ် ချွတ်ပြရမှာပေါ့..."

သူက ပြောပြီးသည်နှင့် အင်္ကျီစကိုမလိုက်ကာ ချွေးစိုနေသည့် ပျားရည်ရောင် ဝမ်းဗိုက်ကြွက်သားများကို လှစ်ဟပြလာသည်။

သူက အရှက်ရမှာ မကြောက်သော်လည်း ချန်မန်ကမူ အတိုင်ခံရမည်ကို ကြောက်၏။ သူမက ချက်ချင်းပင် သူ့လက်ကိုလှမ်းဆွဲကာ နီရဲနေသောမျက်နှာဖြင့် ပြောလိုက်သည်။

"ရပြီ ရပြီ..."

လုဖျင်ကျိုးက လက်ပြန်ချလိုက်သော်လည်း ဆက်ပြောလာ၏။
"မင်းကြည့်ရတာ ဝလို့လား...မဝသေးရင် ကိုယ်ဆက်ပြလို့ရတယ်နော်..."

ချန်မန်က သူ့ကိုကြောက်သွားကာ အရှုံးကို ဝန်ခံလိုက်သည်။
"ဝပြီ ဝပြီ ကြည့်လို့ဝသွားပြီ..."

သူမက သူ့မျက်လုံးများက ဘဝင်ခိုက်မှုကို မြင်သွားသဖြင့် ရေရွတ်လိုက်သည်။
"ဘာမှကြည့်စရာ မရှိပါဘူး..."

လုဖျင်ကျိုးမျက်လုံးထဲမှ ဘဝင်ခိုက်မှုများက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ မျက်မှောင်ကြုတ်သွား၏။

"သေချာလို့လား...."

...သိပ်တော့ မသေချာဘူး...

လုဖျင်ကျိုးကိုယ်ပေါ်မှ ကြွက်သားများသည် စစ်တပ်ထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုမှ ရရှိလာခြင်းဖြစ်သည်။ ၎င်းက Gymတွင် အားကစားလုပ်ပြီး ရလာသည်များနှင့် မတူပေ။ သူ၏ခန္ဓာကိုယ်က ပို၍အချိုးအစားကျကာ ကြွက်သားများက ဖောင်းပွပွဖြစ်မနေဘဲ ပို၍အားကောင်းမည့်ပုံပေါ်၏။
  
၎င်းကို ရုပ်‌ဆိုးသည်ဟု ပြောရန်မှာ သူမစိတ်ထဲတွင် ရှိသည်နှင့် ကွဲလွဲနေသော်လည်း ကြည့်ကောင်းသည်ဟု ပြောလိုက်လျှင်လည်း စိတ်ကြီးဝင်သွားမှာဖြစ်သည်။ ထို့ကြောင့် ချန်မန်က စကားလမ်းကြောင်း လွဲလိုက်သည်။

"ရှင်ဆက်လုပ်လိုက်ဦးလေ ကျွန်မလည်း အံဆွဲတွေအတွက် အခင်းချုပ်ဖို့ကျန်သေးတယ်..."
ထို့နောက် သူမက တစ်ဖက်လှည့်ကာ အမြန်ဆုံး ထွက်ပြေးသွားသည်။

သူမအိမ်ထဲဝင်သွားသည်ကို ကြည့်နေပြီးနောက် လုဖျင်ကျိုးက သူ၏ဗိုက်ကို ငုံ့ကြည့်လိုက်သည်။ သူချွေးထွက်နေသဖြင့် အင်္ကျီက သူ၏ဗိုက်တွင်ကပ်ကာ ဝမ်းဗိုက်ကြွက်သားများကို ခပ်ရေးရေး မြင်နေရ၏။

ဘာက ရုပ်ဆိုးလို့လဲ...ညဘက်ဆို သူမပဲ အဲ့ဒါတွေကို အများကြီးထိနေတာလေ...

လုဖျင်ကျိုးက သူမ ရှက်နေသည်ဟုသာ သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။

...
လုဖျင်ကျိုးက သူ့ကိုယ်သူ နှစ်သိမ့်နေချိန်တွင် ချန်မန်က အပ်ချုပ်စက်၌ အလုပ်လုပ်နေပြီဖြစ်သည်။

သူတို့လက်ထပ်ပြီးကတည်းက လုဖျင်ကျိုးသည် အလွန်အလုပ်များနေသော်လည်း သူမကမူ လက်မှုပစ္စည်းများလုပ်ရာတွင် အလွန်စိတ်ဝင်စားနေ၏။ သူမက ပစ္စည်းများအတွက် တစ်ခါတည်းနှင့် ယွမ်100ကျော် မသုံးချင်သဖြင့် အပတ်တိုင်းတွင် အချိန်အနည်းငယ်ယူကာ အပ်ချုပ်ရန် လေ့လာနေသည်။

ဤအရှိန်နှင့် ချန်မန်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ လွန်ခဲ့သည့် တစ်လကဆိုလျှင် သူမက အပ်ချုပ်ရာ၌ လူသစ်ဖြစ်နေဆဲဖြစ်သည်။ ယခုတွင်မူ သူမက အပ်ချုပ်စက်ဖြင့် ပိတ်စများအား သူမလိုချင်သည့် ပုံစံအတိုင်း စည်းချက်ကျကျ ချုပ်တတ်နေပြီဖြစ်သည်။

လေ့ကျင့်နေချိန်အတွင်းတွင် ချန်မန်က တစ်နေ့1ခုနှုန်းဖြင့် လက်ကိုင်ပုဝါ10ခုကျော်လုပ်ခဲ့၏။
သို့သော် အကုန်လုံးကို ပိတ်စတစ်ခုတည်းမှ လုပ်ထားခြင်းဖြစ်သဖြင့် မတူအောင်လုပ်ရန်မှာ ခက်ခဲလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ အနားကွပ်များဖြစ်သည်။

အစပိုင်းတွင် ချန်မန်က အပ်ချုပ်စက်သုံးနည်းကို မသိသဖြင့် သူမ ချုပ်သည့်အနားကွပ်များက ရှုပ်ယှက်ခတ်ကာ မညီမညာဖြစ်နေ၏။ အချို့နေရာတွင်ကျဲကာ အချို့နေရာတွင် စုပြုံနေပြီး နှစ်ခါထပ်ချုပ်မိသည်များလည်းရှိရာ ကြည့်မကောင်းပေ။
  
အချိန်ကြာလာသည်နှင့် သူမက အနားကွပ်များ ချုပ်ရာတွင် ပိုပိုကျွမ်းကျင်လာကာ လက်နှင့်ယှဉ်ပါက အပ်ချုပ်စက်ဖြင့် ပိုချုပ်တတ်လာ၏။

သူမက နောက်တစ်ဆင့်တက်ရန် အသင့်ဖြစ်ပြီဟု ခံစားမိသဖြင့် စားပွဲအခင်းများလုပ်ရန် ကြိုးစားချင်နေခြင်းဖြစ်သည်။

လက်ထပ်ပြီးနောက် ချန်မန်က လောဝမ်ရှင်းအား ပုဝါလုပ်ရန် သုံးသည့်ပိတ်စများ ဝယ်ပေးရန် အကူအညီတောင်းခဲ့သည်။ လောဝမ်ရှင်းက အထည်အလိပ်စက်ရုံတွင် အလုပ်လုပ်သဖြင့် အနာအဆာရှိသည့် ပိတ်စများဝယ်ရန်မှာ သူမအတွက်လွယ်၏။

လောဝမ်ရှင်းက အထည်အလိပ်စက်ရုံမှ အလုပ်သမားဖြစ်သော်လည်း သူမက သာမာန်ဝန်ထမ်းလေးသာဖြစ်သဖြင့် အနာအဆာမရှိသည့် ပိတ်စများဝယ်ရန် မလွယ်ပေ။ သို့သော် တစ်ခါက မိုးသည်းထန်စွာရွာပြီး စက်ရုံ၏သိုလှောင်ရုံမှ အမိုးပြားအချို့ လွင့်ထွက်သွားကာ စင်2ခုမှ ပိတ်စများ ထိခိုက်သွားလေသည်။ မိုးရွာပြီးနောက်တွင် ရက်အနည်းငယ်ဆက်တိုက် တိမ်ထူနေသဖြင့် စိုသွားသည့် ပိတ်စများမှာ သေချာအခြောက်ခံချိန် မရလိုက်ပေ။ ရာသီဥတု ကောင်းလာပြီး ပိတ်စများကို ဖွင့်ကြည့်လိုက်သောအခါ အချို့နေရာတွင် အရောင်ပိုရင့်ကာ ကျန်နေရာများက အရောင်ဖျော့နေပြီး အချို့ဆိုလျှင် မှိုများတောင်တက်နေသည်။

ပစ္စည်းများပုံနေသည်ကို ရှောင်ရှားရန်အတွက် အထည်အလိပ်စက်ရုံက အလုပ်သမားများကို ထိုပိတ်စများအား အပိုင်းပိုင်းဖြတ်ပြီး မိုးရေနှင့်အတူ မျှောခိုင်းလိုက်သည်။ မိုးရေမစိုသည့် ပိတ်စများ၊ စိုသွားသော်လည်း မှိုမစွဲသည့်ပိတ်စများ၊ မှိုစွဲသော်လည်း လျှော်ပြီးသောအခါ ပြောင်သွားသည့် ပိတ်စများကိုမူ အလုပ်သမားများအား လက်မှတ်မလိုပဲ ရောင်းလိုက်သည်။ ဤအရာကို အခွင့်ထူးဟု မှတ်ယူနိုင်၏။
  
ဤကာလတွင် လက်မှတ်မလိုသည့် ဘယ်အရာမဆို ဈေးကွက်တစ်ခုရှိရာ မိသားစုအများစု လိုအပ်နေသည့် ပိတ်စဆိုလျှင် ပြောနေစရာမလိုတော့ပေ။ မှိုများစွဲနေလျှင်တောင် လိုချင်နေသည့် လူအများအပြားရှိလေသည်။

မည်သို့ပင်ဖြစ်စေ ပိတ်စများက သိမ်းထား၍ရလေသည်။ ယခုအချိန်တွင် အဝတ်အစားများ မလိုအပ်သေးပါက နောက်1နှစ်၊2နှစ်အကြာတွင် သုံးလို့ရဆဲဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဈေးတင်ကာ ပြန်ရောင်းနိုင်၏။ ပိုက်ဆံအများအပြား မရသော်လည်း မည်မျှနည်းနေပါစေ ပိုက်ဆံကပိုက်ဆံသာဖြစ်သည်။

လောဝမ်ရှင်းက သာမာန်အလုပ်သမားလေးသာ ဖြစ်သဖြင့် သူမ ဝယ်ရမည့် အလှည့်ရောက်သောအခါ မှိုမစွဲသည့် ပိတ်စများက သူများယူသွားပြီဖြစ်သည်။ သို့သော် သူမ အလုပ်လုပ်လာသည်မှာ 10နှစ်ကျော်ပြီဖြစ်သဖြင့် ဝယ်ရမည့်သူများ၌ အောက်ဆုံးချိတ်မနေပေ။ ထို့ကြောင့် သူမက လျှော်ပြီး‌ကာ မှိုစွဲရာများ မရှိတော့သည့် ပိတ်စအနည်းငယ်ကို အရယူနိုင်သွားသည်။

လောဝမ်ရှင်းက ပိတ်စ2စကို ချန်မန်အား ပေးလာပြီး ချန်မန်၏ တောင်းဆိုချက်အရ သူမ၏ လုပ်ဖော်ကိုင်ဖက်များဆီမှ ပိတ်စအနည်းငယ်ကို ပိုက်ဆံပိုသုံးကာ ဝယ်လိုက်သည် 

သေချာပေါက်ပင် သူမ၏ ကြိုးစားပေးမှုအတွက် ပိုက်ဆံအများအပြား ရခဲ့လေသည်။

ဤအနာအဆာရှိနေသော ပိတ်စများသည် ကြီးသည်ကကြီး၊ သေးသည်ကသေး ဖြစ်နေ၏။ ပိတ်စအကြီးများကို ဝါဂွမ်းအနွေးထည်များလုပ်ရာတွင် အသုံးပြုနိုင်ပြီး ပိတ်စငယ်များကိုမူ လက်ကိုင်ပုဝါ၊ ခြေအိတ်များလုပ်ရန် သုံးနိုင်သည်။ ချန်မန်က ခြေအိတ်တစ်ခါမှ မလုပ်ဖူးသေးပေ။ သူမက စားပွဲအခင်းများ လုပ်ပြီးလျှင် ၎င်းကိုကြိုးစားကြည့်ရန် စီစဉ်ထားသည်။

စားပွဲအခင်းကို မှိုစွဲနေသဖြင့် လျှော်ဖွပ်ထားသည့် အပြာဖျော့ရောင် ပိတ်စဖြင့် ပြုလုပ်ထား၏။ ပိတ်စကို ဖြန့်လိုက်သောအခါ အချို့နေရာများ၌ အရောင်အနည်းငယ် ကွဲနေလေသည်။ သို့သော် ချန်မန်က ၎င်းကို ပြဿနာရှိသည်ဟု မထင်ပေ။ အကြောင်းမှာ ထိုအခင်းပေါ်တွင် ပန်းအိုး၊ ဓာတ်ပုံ‌တစ်ပုံထောင်လိုက်ပါက အရောင်ရင့်နေသည့် အပိုင်းများကို ဖုံးသွားမည်ဖြစ်သောကြောင့်ပင်။

ချန်မန်က လျင်မြန်စွာပင် အပ်ချုပ်စက်၏ အစွန်များကို လော့ချလိုက်သည်။ သူမက အပ်ချုပ်စက်သည် နဂိုလမ်းကြောင်းမှ လွဲသွားမည်ကို စိုးရိမ်၏။ ထို့ကြောင့် သူမက ပိတ်စကို ဆွဲဖြဲကာ အကြိမ်အနည်းငယ်လောက် စစ်ဆေးကြည့်လိုက်သည်။ ဘာပြဿနာမှ မရှိမှသာ သူမက ဆက်လုပ်ရန် ပြင်လိုက်သည်။

ပိတ်စသည် အလွန်ကြီးသဖြင့် အနားသတ်များချုပ်ရန် အချိန်အတော်လေးယူရ၏။ သူမ လုပ်၍မပြီးသေးမီတွင် လုဖျင်ကျိုးက ပန်းခင်းကို မြေလှန်ပြီးသွားကာ ချွေးများစိုရွှဲလျက် ဒုတိယအိပ်ခန်းထဲသို့ ဝင်လာသည်။

ခန့်ညားသည့် ယောက်ျားဖြစ်စေ၊ လှပသော မိန်းကလေးဖြစ်စေ ချွေးထွက်ပါက အနံ့ကောင်းရန်မှာ မဖြစ်နိုင်ပေ။ ချန်မန်က စက်ချုပ်နေရင်း ချွေးနံ့ရသောအခါ လှည့်ကြည့်လိုက်သည်။ အမှန်ပင် အခန်းထဲ၌ လူပိုတစ်ယောက် ရောက်နေလေသည်။

သို့သော် ခန့်ညားသည့် ယောက်ျားများသည် ချွေးထွက်လျှင်ဝောာင် မသတီစရာမဖြစ်ဟုဆိုသည်မှာ မှန်လေသည်။ ချွေးများစီးကျနေသည့် အရေပြားက ပို၍နူးညံ့သလိုဖြစ်နေပြီး အဝတ်များက ကိုယ်ပေါ်တွင်ကပ်နေသော်လည်း သန်မာလှသည့် ကြွက်သားများကိုသာ မြင်ရ၏။

သို့သော် ဤတစ်ကြိမ်တွင် ချန်မန်က မိန်းမောမသွားပေ။ သူမသည်လည်း မျက်နှာကို ဂရုစိုက်တတ်သည့် သူတစ်ယောက်ဖြစ်ကာ လုဖျင်ကျိုးဆီမှ နောက်တစ်ကြိမ် အရယ်မခံချင်ပေ။ သူမက တည်ငြိမ်စွာ မေးလိုက်သည်။

“ရှင် လုပ်လို့ပြီးသွားပြီလား...”

“အင်း...တစ်နေ့လောက် ကိုယ်မင်းကို ပန်းမျိုးစေ့တွေ သွားဝယ်ဖို့ ခေါ်သွားပေးမယ်...ပြီးရင် တန်းစိုက်လို့ရပြီ...”

လုဖျင်ကျိုးက ပန်ကာရှေ့တွင် ရပ်ကာ လေအေးခံရင်း မေးလိုက်သည်။
“မင်းရော ဘယ်လိုလဲ...”

“ကျွန်မလည်း ပြီး‌တော့မှာ...”
ချန်မန်က လုဖျင်ကျိုးအား စားပွဲအခင်းပြလိုက်သည်။
  
လုဖျင်ကျိုးက အဝတ်ချုပ်တတ်သော်လည်း ၎င်းမှာ အပေါက်များဖာရုံလောက်သာဖြစ်သည်။ သူက ဤနယ်ပယ်ကို တစ်ခါမှ ထဲထဲဝင်ဝင် မလေ့လာဖူးပေ။ သို့သော် ချန်မန်က အပ်ချုပ်နည်း လေ့လာ‌သောအခါ သူသည်လည်း ဗဟုသုတ အများအပြား ရလာသည်။

သိရန်လည်း လိုအပ်လေသည်။

ချန်မန်က လက်ကိုင်ပုဝါ တစ်ခုလုပ်ပြီးတိုင်းတွင် လုဖျင်ကျိုးကိုပြကာ ဝေဖန်ခိုင်းလေ့ရှိသည်။

အစပိုင်းတွင် အရောင်နှင့် ပိတ်စအသားများတူသည့် ထိုလက်ကိုင်ပုဝါများသည် သူ့မျက်လုံးထဲတွင် ကွာခြားမှု သိပ်မရှိသဖြင့် ဘယ်ဟာက ဘာဟူ၍ မပြောနိုင်ရာ ကြံဖန်ပြီးပြောရ၏။

သူက အစပိုင်းတွင် 2ခါလောက် သူမကို အရူးလုပ်နိုင်ခဲ့သည်။ သို့သော် နောက်တစ်ခါတွင်မူ ချန်မန်က လက်ကိုင်ပုဝါများကို တစ်ခုပြီးတစ်ခု ခင်းလိုက်ကာ သူမ လက်တလောချုပ်ထားသည့် တစ်ခုကို ရွေးထုတ်ခိုင်းလာ၏။

အမှန်ကိုရွေးမိလျှင် အဆင်ပြေ၏။
မှားရွေးမိလျှင်တော့လား...ဟားဟား...

ဇနီးဖြစ်သူကို ပြဿနာမရှာမိစေရန်အတွက် လုဖျင်ကျိုးလည်း ချုပ်ရိုးများ၏ အရည်အသွေးကို ခွဲခြားတတ်ရန် လေ့လာကာ ချန်မန်၏တိုးတက်မှုကို သေချာစောင့်ကြည့်ခဲ့သည်။
 
လုဖျင်ကျိုးက ရှေ့သို့နှစ်လှမ်းတိုးသွားပြီး အခင်းစကို လက်ဖြင့်ဖိကာ သေချာကြည့်ပြီး ပြောလိုက်သည်။

“ကောင်းကောင်းချုပ်ထားတာပဲ...ချုပ်ရိုးခိုင်တယ်..အလယ်မှာချုပ်ရာ ပျက်သွားရင်တောင် ပုံပျက်သွားမှာမဟုတ်ဘူး...”

ချန်မန်က ဂုဏ်ယူသွားပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။
“ဒါပေါ့ ဘယ်သူလုပ်တာမလို့လဲ...ဒါလုပ်လို့ပြီးသွားရင် ရှင့်အတွက် ခြေအိတ်နည်းနည်း ချုပ်ပေးမယ်...”

“ဟုတ်ပါပြီကွာ ကိုယ်စောင့်နေမယ်နော်...”

သူစကားပြောနေချိန်တွင် သူ့ကိုယ်ပေါ်မှ ချွေးများက လေဖြင့်ခြောက်သွားသည်။
“နောက်ကျနေပြီ ကိုယ်ဟင်းသွားချက်လိုက်ဦးမယ်...”

“အင်း ဒါလေးလက်စသတ်ပြီးရင် ကျွန်မလည်း လာကူမယ်...”

လုဖျင်ကျိုးက သိကြောင်းတုံ့ပြန်လိုက်သည်။ သူက ရေချိုးခန်းသို့ အရင်သွားကာ လက်ဆေးပြီးမှ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။

နေ့လယ်စာအတွက် ရေချိုငါးနှင့် တို့ဟူးဟင်းချိုလုပ်မှာဖြစ်သည်။ လုဖျင်ကျိုးက ဝက်သားကို ငရုတ်သီးနှင့် ကြော်လိုက်ပြီး သခွားသီး တစ်ပန်းကန်ကိုလည်း ပြင်လိုက်သည်။ ဟင်းချိုမှလွဲလျှင် ကျန်သည့်ဟင်းပွဲများက သိပ်မများဘဲ နှစ်ယောက်စာ လုံလောက်ရုံသာဖြစ်သည်။

စားသောက်ပြီးနောက် လုဖျင်ကျိုးက သူ့အဝတ်များကို ထုတ်ကာ ရေသွားချိုးလိုက်သည်။ ချွေးများခြောက်သွားသော်လည်း တစ်ကိုယ်လုံးက စေးကပ်ကပ်ဖြင့် နေရခက်သလို ခံစားနေရ၏။

ချန်မန်က စားပွဲအခင်းကိုကိုင်ကာ အံဆွဲပါသည့်စားပွဲရှေ့တွင် တိုင်းကြည့်လိုက်သည်။ သူမက သင့်တော်သည့် ထောင့်တစ်ခုရှာကာ အခင်းကိုနေရာချလိုက်ပြီး ထိုအပေါ်တွင် သူမနှင့် လုဖျင်ကျိုး၏ မင်္ဂလာဆောင်မှ ဓာတ်ပုံကို တင်လိုက်သည်။
 
လက်ရှိတွင် ပန်းအိုးမရှိသေးသဖြင့် သံဘူးအဝိုင်းတစ်ခုကိုသာ သုံးနိုင်၏။ သူမက ထိုထဲတွင် ရေတစ်ဝက်လောက် ဖြည့်ကာ အဖြူရောင် ဇီဇဝါပန်းတစ်ခိုင်ကို ထည့်လိုက်သည်။ ဧည့်ခန်းက ချက်ချင်းဆိုသလိုပင် လတ်ဆတ်သန့်ရှင်းလာသည်။

ဝူရွှင်းယွီ အထဲဝင်လာပြီးနောက် ပထမဆုံးပြောလိုက်မိသည်မှာ “အနံ့က အရမ်းမွှေးတာပဲ..”ဟူ၍ဖြစ်သည်။

ဇီဇဝါပန်းများနောက် လိုက်ကြည့်လိုက်သောအခါ သူမက အောက်မှအခင်းကို မြင်သွားပြီး အနားထိလျှောက်သွားကာ မေးလိုက်သည်။
“ဒါကို နင်လုပ်ထားတာလား...”

ချန်မန်က သူမ၏လက်ရာကို လုဖျင်ကျိုးရှေ့တွင် ကြွားဝါရဲသော်လည်း သူမထက် အကြီးများရှေ့တွင်မူ အနည်းငယ်ရှက်လေသည်။

“ဒီတလောထဲ အပ်ချုပ်စက်သုံးနည်းကို လေ့လာနေတာလေ အဲ့ဒါနဲ့စမ်းလုပ်ကြည့်ထားတာပါ...”

ဝူရွှင်းယွီက အလွန်အားပေးတတ်ပြီး အနီးကပ်ကြည့်ကာ ပြောလိုက်သည်။
“ချုပ်ရိုးတွေက ရှင်းလင်းပြီး ခိုင်နေရော အရမ်းကောင်းတယ်...”

“အပ်ချုပ်စက်က သုံးရလွယ်လို့ပါ...လက်နဲ့ဆို ဒီလောက်ထိချုပ်တတ်မှာ မဟုတ်ဘူး...”
ချန်မန်က ပြောရင်းဖြင့် ဝူရွှင်းယွီအတွက် ရေနွေးတစ်ခွက် ငှဲ့ပေးကာ စားပွဲပေါ်တွင် တင်ပေးလိုက်သည်။

“အစ်မ ထိုင်ပါဦး...”

ဝူရွှင်းယွီက ဆိုဖာပေါ်တွင် ထိုင်ကာ အနားတဝိုက်ကို ကြည့်ပြီး ပြောလိုက်သည်။
“အဲ့လိုမပြောနဲ့လေ နင့်လိုမျိုး စားပွဲအခင်းတစ်ခုလုပ်ပြီး အပေါ်မှာ ပန်းအိုးတင်လိုက်ရင် အိမ်တစ်အိမ်လုံးက အသက်ဝင်သွားမှာပဲ...”

“အစ်မ သဘောကျရင် အိမ်ပြန်ရောက်တဲ့အခါ ပန်းအိုးတစ်အိုးလောက် တင်လိုက်လို့ရတယ်...ပန်းအိုးက အရမ်းကောင်းစရာ မလိုပါဘူး သံဘူးဆိုလည်း ရတယ်...ပန်းကလည်း ဈေးကြီးစရာမလိုဘူး..ဇီဇဝါ၊ စံပယ် ဒါမှမဟုတ် တောရိုင်းပန်းလေးတွေဆိုတောင် အဆင်ပြေတယ်...”
ချန်မန်က ပြုံးကာ ပြောလိုက်သည်။
“ကျွန်မက အိမ်မှာ အရောင်လေးနည်းနည်း ရှိနေတာကို သဘောကျလို့ပါ...”

“အဲ့လိုဆို ကောင်းတာပဲ...”
ဝူရွှင်းယွီက ပတ်ပတ်လည်ကို ကြည့်ကာ မေးလိုက်သည်။
“ဒီနေ့ ရှောင်လုက အိမ်မှာမရှိဘူးလား...”

“သူ ရေချိုးခန်းထဲမှာ ရေသွားချိုးနေတယ်...”
ချန်မန်က အပြင်ဘက်ကို ညွှန်ပြလိုက်သည်။

“မနက်တုန်းက ခြံထဲမှာ ပန်းခင်းတွေကို မြေလှန်နေတာလေ တစ်ကိုယ်လုံး ချွေးတွေရွှဲနေရော...အစ်မက သူ့ကိုဘာလို့တွေ့ချင်တာလဲ...”

“မဟုတ်ဘူး အစ်မက နင့်ကိုလာရှာတာ..
သူ့ကိုက မတွေ့လို့ ဒီအတိုင်း မေးကြည့်ရုံပဲ...”
ဝူရွှင်းယွီက ရှင်းပြပြီးနောက် လာရင်းကိစ္စကို ချက်ချင်းမပြောလာ‌ပေ။ သူမက ပြတင်းပေါက်အပြင်ကို ကြည့်ကာ မေးလိုက်သည်။

“အစ်မ အထဲဝင်လာတုန်းက ပန်းခင်းကို တွေ့လိုက်တယ်...ဘာပန်းတွေစိုက်မလို့လဲ...”

ချန်မန်က ခေါင်းညိတ်ပြသည်။
“သေချာတော့ မစဉ်းစားရသေးဘူး ဘယ်ပန်းမျိုးစေ့တွေ ဝယ်လို့ရမလဲဆိုတာအပေါ် မူတည်တယ်...ကျွန်မက စိုက်ရလွယ်မယ့် ပန်းမျိုးကို စိုက်ချင်တာ အရင်က တစ်ခါမှ မစိုက်ဖူးတော့ ရှင်အောင်မထားနိုင်မှာကို ကြောက်လို့လေ...”

💓💓💓 👩‍❤️‍👨Chapter 69


“သေချာတော့ မစဉ်းစားရသေးဘူး ဘယ်ပန်းမျိုးစေ့တွေ ဝယ်လို့ရမလဲဆိုတာအပေါ် မူတည်တယ်...ကျွန်မက စိုက်ရလွယ်မယ့် ပန်းမျိုးကို စိုက်ချင်တာ အရင်က တစ်ခါမှ မစိုက်ဖူးတော့ ရှင်အောင်မထားနိုင်မှာကို ကြောက်လို့လေ...”

ဝူရွှင်းယွီက ခဏလောက် တွေးကြည့်ကာ ပြောလိုက်သည်။

“ဒါဆို မြေနတ်သမီးပန်းကို ရွေးလို့ရတယ် အဲ့ဒါ‐---------------ဖက စိုက်ရလွယ်တယ်...ဂန္ဓာမာပန်းလည်း စိုက်ရလွယ်တာပဲ...အပြင်မှာစိုက်ထားလိုက်ရင် စိုးရိမ်နေစရာမလိုဘူး...နည်းနည်းစိုက်ချင်ရင် ဘယ်သူ့ဆီကမှ ဝယ်စရာမလိုပါဘူး တိုက်နံပါတ်17က ရှောင်ကျန်းမှာ နည်းနည်းရှိတယ် အစ်မသူ့ဆီက တောင်းပေးမယ်လေ...”

“အဲ့လိုဆို အစ်မအတွက် ဒုက္ခမများသွားဘူးလား...”
ချန်မန်က လိုချင်သွားသော်ငြား အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။

“ဘာကို ဒုက္ခများရမှာလဲ အားလုံးက အိမ်ရာတစ်ခုထဲမှာ နေကြတာလေ...အချင်းချင်း နေ့တိုင်းတွေ့နေရမှာပဲကို...ဒီအတိုင်းပြောလိုက်ရုံပါပဲ...”
ဝူရွှင်းယွီက ထိုသို့ပြောပြီးနောက် စကားလမ်းကြောင်း လွှဲလာသည်။

“ပြီးတော့ ဒုက္ခများမယ်ဆို ဒီတလောအတွင်းမှာ အစ်မကပဲ နင့်ကို ဒုက္ခများစေခဲ့မိတာပါ...”

“မဟုတ်တာ ကျွန်မက ဒီအတိုင်း စကားအများကြီး ပြောရုံပါပဲ ဘာမှမလုပ်ခဲ့ရဘူး..”

ဝူရွှင်းယွီက အံ့အားသင့်စွာ ပြောလာသည်။
“နင်အရမ်းကို နှိမ့်ချလွန်း‌နေပြီ...နင်ဒီအတိုင်း‌ ပြောလိုက်ရုံပဲဆိုတာက အစ်မတို့အတွက် ပြဿနာကြီးကို ဖြေရှင်းပေးသွားတာ‌လေ...အစ်မဆီမှာသာ နင့်လိုလူမျိုးရှိနေရင် အခုလိုမျိုး စိုးရိမ်နေရမှာ မဟုတ်ဘူး...”

ချန်မန်က ဆံပင်သပ်လိုက်မိသည်။
“အစ်မက အရမ်းချီးကျူးလွန်း‌နေပြီ ကျွန်မဖြင့် ရှက်တောင်ရှက်လာပြီ...”

“ဘာလို့ရှက်ရမှာလဲ...အစ်မချီးကျူးတယ်ဆိုတာက နင်ပေးတဲ့အကြံတွေက တကယ်အသုံးဝင်ပြီး ခိုင်ခိုင်မာမာရှိလို့လေ ဒီတိုင်းဖြစ်ကတတ်ဆန်း မဟုတ်ဘူး...”

ဝူရွှင်းယွီက ဆက်ပြောလာသည်။
“အစ်မ အခုပြောချင်တာကလေ နင်ကိုလည်း အစ်မစဉ်းစားမိလာလို့...” 

“ဘာကိုစဉ်းစားထားတာလဲ အစ်မ...”
ချန်မန်က အံ့ဩသွားကာ သူမ တစ်ခုခု လွတ်သွားသလား တွေးလိုက်မိသည်။

ဝူရွှင်းယွီက ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ သူမ လာရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။

“အစ်မက အမျိုးသမီးရေးရာ အဖွဲ့အကြောင်း ပြောဖို့ရောက်လာတာ...အစ်မတို့အဖွဲ့ထဲက ရှောင်လျို့ကို သိတယ်မလား ပိန်ပိန်ရှည်ရှည်နဲ့ တစ်ယောက်လေ..
 
ချန်မန်က ပြန်စဉ်းစားကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ကျွန်မမြင်ဖူးပါတယ် သူကဘာဖြစ်လို့လဲ...”

“သူ့ယောက်ျား ရှီဖျင်က ထောက်ပို့ဌာနမှာ လုပ်တာလေ...သူက စစ်သားအဖြစ်က နှုတ်ထွက်ပြီး မွေးရပ်မြို့ကို ပြန်တော့မလို့တဲ့ အဲ့ဒါရှောင်လျို့လည်း လိုက်သွားရမှာ...”

ရှစ်ဖျင်၏ အလုပ်ရွှေ့ပြောင်းစာသည် ဇွန်လအစောပိုင်းတွင် ဖြစ်မည်ဟု ခန့်မှန်းထား၏။ ဝူရွှင်းယွီက ထိုအကြောင်းကြားသောအခါ ရှောင်လျို့နေရာတွင် ဘယ်သူ့ကို ဝင်ခိုင်းရမလဲ စတင်စဉ်းစားလိုက်သည်။

သို့သော် သူတို့အိမ်ရာတွင် ပညာ‌အရည်အချင်းမြင့်သည့် စစ်သားဇနီးဟူ၍ များများစားစား မရှိပေ။ အိမ်ရာဝန်းက စက်မှုဇုန်နှင့်နီးရာ အလုပ်ချေးမများသည့် သူများအတွက် အလုပ်တစ်ခုရရန် မခက်ပေ။

ကျန်သည့် အလုပ်လက်မဲ့ စစ်သားဇနီးများမှာ အလုပ်ချေးများတတ်သည့် သဘာဝရှိပြီး ဤအလုပ်ကို အထင်သေးကာ ထိုအလုပ်က မသင့်တော်ဟု တွေးကြ၏။ အချို့ကမူ ကလေးများစွာရှိသဖြင့် အပြင်ဘက်တွင် အလုပ်မလုပ်နိုင်ခြင်းဖြစ်သည်။ သူတို့ဆီ၌ သင့်တော်သည့် ပညာအရည်အချင်း မရှိသလို အစိုးရအလုပ်ကိုလဲ မလုပ်နိုင်ကြပေ။ သို့သော် အခြားအလုပ်များအတွက်မူ လူပြတ်လပ်မှု မရှိသဖြင့် သူတို့က အခွင့်အရေးများကို စောင့်နေရုံသာရှိလေသည်။

တစ်လလောက် စဉ်းစားနေပြီးနောက်တွင် ဝူရွှင်းယွီက သင့်တော်သည့်သူ ရှာမတွေ့သေးပေ။ သူမက ဤတလောတွင် တစ်ယောက်ယောက် အလုပ်လာလျှောက်မည်ကို စောင့်ကြည့်ပြီး လိုအပ်ချက်များနှင့် ကိုက်ညီသည့်သူ ရှိပါက ဆုံးဖြတ်ချက်ချမည်ဟု စီစဉ်ထားခဲ့သည်။

ထို့နောက် ကြင်ဖက်တွေ့ဆုံပွဲတွင် ချန်မန်က သူမ၏ မျက်စိထဲ ရောက်လာသည်။
  
အမှန်တွင် ဝူရွှင်းယွီက ချန်မန်ကို ထည့်မစဉ်းစားထားပေ။ အကြောင်းမှာရိုးရှင်း၏။ ချန်မန်က အလုပ်တစ်ခုရှိပြီး ထိုအလုပ်လုပ်သည်မှာ နှစ်အနည်းငယ် ကြာခဲ့ပြီဖြစ်သဖြင့် အလုပ်ပြောင်းလိုစိတ် မရှိမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။


သို့သော် ချန်မန်က ကြင်ဖက်တွေ့ရာတွင် ကိုယ်ရေးအချက်အလက်ဖိုင် လုပ်သင့်ကြောင်း အကြံပြုလာသောအခါ ဝူရွှင်းယွီက သူမအပေါ် တစ်ဖန်မျက်စိကျလာ၏။

ချန်မန်၏အကြံသည် ရုတ်တရက် စိတ်ကူးပေါက်ခြင်း ဟုတ်မဟုတ် မသေချာသလို သူမက အမျိုးသမီးရေးရာ၌ အလုပ်လုပ်ရန် သင့်တော်ခြင်းရှိ၊မရှိ အတည်ပြုချင်သဖြင့် ဝူရွှင်းယွီက ဤတလောအတွင်းတွင် အချိန်တိုင်းလိုလို သူမဆီ၌ အကြံများလာတောင်းနေခဲ့သည်။

အကြိမ်တိုင်းတွင် ချန်မန်၏အကြံများက ဝူရွှင်းယွီ၏စိတ်ကို အလင်းပွင့်သွားစေကာ အသေးစိတ်ဆွေးနွေးပြီးနောက် ချန်မန်၏အကျင့်စရိုက်သည် အမျိုးသမီးရေးရာ၌ အလုပ်လုပ်ရန် အလွန်သင့်တော်ကြောင်း သေချာလာခဲ့သည်။

ထို့အပြင် ချန်မန်က အထက်တန်းအောင်တစ်ယောက်ဖြစ်သည်။

ဤနှစ်များတွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းသားများသည် လယ်ယာစိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းအား လေ့လာရန် အစီအစဉ်ချခံရပြီး ကျောင်းသားများအနေဖြင့် အတန်းနေ့တစ်ဝက် တက်ပြီးသောအခါ နေ့တစ်ဝက် အလုပ်လုပ်ရန် လိုလေသည်။ ထို့ကြောင့် ဤနှစ်များမှ အထက်တန်းအောင် အများစုမှာ ဤလှုပ်ရှားမှုကြီး မတိုင်မီက အလယ်တန်းအောင်များလောက်တောင် မတော်ကြပေ။

သို့သော် သူတို့စကားပြောခဲ့သည့် အချိန်များအရ ချန်မန်သည် ပညာဗဟုသုတ အခြေခိုင်ကြောင်း ရှင်းလင်းလာသည်။ သူမက ဘာမှမသိသည့် အထက်တန်းကျောင်းသူမျိုး မဟုတ်ပေ။ ထို့အပြင် သူမအလုပ်ကလည်း အစိုးရပိုင်စားသောက်ဆိုင်တွင် ငွေကိုင်အလုပ် လုပ်ရခြင်းဖြစ်သည်။

ဤအလုပ်က ရိုးရှင်းပုံပေါ်သော်လည်း တကယ်တမ်းတွင် အာရုံစူးစိုက်မှု မြင့်ရန်လိုပြီး အလုပ်သမားများဆီမှ ဂရုစိုက်မှုလိုအပ်လေသည်။ ငွေမှားတွက်မိပါက စားသောက်ဆိုင်ကို နစ်နာစေမှာဖြစ်သည်။ ချန်မန်က ဤအလုပ်တွင် ကောင်းကောင်းလုပ်နိုင်ခဲ့၏။
  
ဝူရွှင်းယွီသည် အနာဂတ်တွင် ချန်မန်က အကြံသစ်များ မ‌ပေးလာနိုင်လျှင်တောင် အခြားအလုပ်များကို သေချာပေါက်ကိုင်တွယ်နိုင်မည်ဟု ခံစားမိလေသည်။

ဝူရွှင်းယွီက လုပ်စရာရှိသည်ကို ချက်ချင်းလုပ်တတ်သည့် သူမျိုးဖြစ်သည်။ ချန်မန်က ဤအလုပ်အတွက် သင့်တော်သည်ဟု ဆုံးဖြတ်ပြီးသောအခါ အချိန်ထပ်ဆွဲမနေတော့ချေ။ ချန်မန်က ယနေ့အိမ်တွင်ရှိမှန်းသိသဖြင့် သူမအိမ်သို့လာကာ ပြောလိုက်သည်။

“လကုန်ဆို ရှောင်လျို့က ထွက်သွားတော့မှာ...သူ့နေရာမှာဝင်ပေးဖို့ လူတစ်ယောက်လိုနေတာ အဲ့ဒါကနင်နဲ့သင့်တော််မယ်လို့ ငါထင်တယ်...”

ချန်မန်က ဝူရွှင်းယွီသည် သူမကို စမ်းသပ်ရန်အတွက် ဆုံးဖြတ်ချက်ချခိုင်းနေခြင်းဖြစ်ကြောင်းမသိပေ။ ထို့ကြောင့် သူမက အနည်းငယ် ခေါင်းရှုပ်သွားသည်။

“ဘာလို့ကျွန်မကို သူ့နေရာဝင်လုပ်ခိုင်းတာလဲ...ကျွန်မမှာ အလုပ်ရှိတယ်လေ...”

“နင့်မှာအလုပ်ရှိတာ ငါသိပါတယ်...အဲ့အလုပ်က ထူးခြားမှန်းလည်းသိတယ်...ညရှစ်နာရီမတိုင်ခင်အထိ အလုပ်ဆင်းလို့မရဘူး နင့်အလုပ်ကနေ ငါတို့အိမ်ရာဝန်းဆီ ပြန်တဲ့လမ်းက မလုံခြုံဘူး‌...အဲ့တော့ ဒီတလောထဲမှာ ရှောင်လုက အလုပ်ဆင်းချိန်တိုင်း နင့်ကိုလာကြိုတယ်...နင်နဲ့ရှောင်လုရဲ့ ဆက်ဆံရေးက ကောင်းမှန်းငါသိပါတယ် သူက နေ့တိုင်း လာကြိုပေးချင်စိတ်ရှိတယ်...ဒါပေမယ့်‌ နေ့တိုင်း တောင်ပြေးမြောက်ပြေး လုပ်နေတာက ရေတိုအတွက်ပဲ အဆင်ပြေမှာ...သူက ဘယ်လိုပဲကျန်းမာတယ်ဆိုဦးတော့ ရေရှည်ကျလုပ်နိုင်မှာမဟုတ်ဘူးလေ...”

“ပြီးတော့ အခုကနွေရာသီဆိုတော့ သူစက်ဘီးနင်းတာမြန်ရင် နာရီဝက်၊တစ်နာရီဆို အိမ်ပြန်ရောက်တယ်...ဆောင်းတွင်းမှာ နှင်းတွေကျပြီး လမ်းမှာရေခဲနေရင် တစ်နာရီအတွင်းပြန်ရောက်ရင်တောင် ကံကောင်းနေပြီ...နှင်းမကျရင်တောင် မြောက်လေက ဆောင်းတွင်းမှာ အရမ်းပြင်းတာ မျက်နှာကို ဓားနဲ့မွှန်းနေသလိုပဲ...အဝတ်ဘယ်လောက်ပဲ ထူနေပါစေ လေကအထဲထိတိုးမှာ လွယ်လွယ်လေး အအေးမိလိမ့်မယ်...နင်က သူ့ကိုလာမကြိုခိုင်းဘဲ မိဘအိမ်မှာညအိပ်လို့လည်းရတာပေါ့...ဒါပေမယ့် ဆောင်းတွင်းက အရှည်ကြီးပဲလေ တစ်ချိန်လုံး မိဘအိမ်မှာ နေဖို့ကျ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား...”

ဝူရွှင်းယွီက ညှိနှိုင်းပြောဆိုရာ၌ အလွန်အရည်အချင်း ရှိလေသည်။ သူမက ပထမဆုံးအနေဖြင့် ချန်မန်လက်ရှိလုပ်နေသည့် အလုပ်၏ အားနည်းချက်များကို ညွှန်ပြလာသည်။ ထို့နောက် အလုပ်သစ်၏ အားသာချက်များကို ပြောပြလာ၏။

“အမျိုးသမီးရေးရာမှာ အလုပ်လာလုပ်ရင်တော့ ဒီကိစ္စတွေကို စိုးရိမ်နေစရာမလိုဘူး...ငါတို့ဌာနရဲ့ အလုပ်က အရမ်းလွယ်တယ်...အဓိကက ငါတို့ထက် မြင့်တဲ့ဌာနတွေနဲ့ အများပြည်သူဆိုင်ရာ ကြော်ငြာကိစ္စတွေမှာ ကောင်းကောင်းလုပ်ဖို့ ပူးပေါင်းပေးရုံပဲ...အိမ်ရာဝန်းထဲက လင်မယားနှစ်ယောက် စကားများရင် သူတို့ကို ဖျောင်းဖျပေးရမယ် ပြီးရင် တပ်ထဲက အခက်အခဲရှိနေတဲ့သူတွေကို လက်တွဲဖော်မိတ်ဆက်ပေးရမယ်...”

“အလုပ်ချိန်က မနက်8နာရီကနေ 12နာရီထိ ပြီးရင် 2နာရီကနေ 6နာရီအထိ...တစ်နေ့8နာရီပေါ့ အဲ့ဒါက နင့်လက်ရှိအလုပ်ထက် အလုပ်ချိန်နည်းတယ်...လစာက တစ်လကို 27.5ယွမ် ခြောက်လတစ်ခါ 50ဆင့်တိုးလာမှာ...အများဆုံး 32ယွမ်ထိရမှာပေါ့...ပွဲတော်ရက်တွေဆို လက်ဆောင်တွေလည်းရှိမယ် အဲ့ဒါက နင့်စားသောက်ဆိုင်အလုပ်နဲ့ အတူတူပဲ...”

ဤအရာအားလုံးကို ကြားလိုက်ရသောအခါ ချန်မန်ဆီ၌ အတွေးတစ်ခုသာ ရှိတော့သည်။

...ဒါရိုက်တာဝူက အရမ်းအံ့ဩဖို့ကောင်းတယ်...

...အရမ်းကို အသည်းစွဲစရာပဲ...

သို့သော် အလုပ်ပြောင်းသည်မှာ ပေါ့သေးသေးကိစ္စမဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူမက လုဖျင်ကျိုးနှင့် တိုင်ပင်ရန်လိုအပ်လေသည်။ ထို့အပြင် လက်ရှိအလုပ်ကို သူမ၏အမေဆီမှ လက်လွှဲယူထားခြင်းဖြစ်ရာ အလုပ်ပြောင်းချင်ပါက သူမမိဘများကိုပါ ပြောပြရပေမည်။

ဤသို့တွေးမိသောအခါ ချန်မန်က စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာပြန်ပြောလိုက်သည်။

“အစ်မက ကျွန်မကို အမျိုးသမီးရေးရာမှာ အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်ပေးတဲ့အတွက် အရမ်းဝမ်းသာပါတယ်...ဒါပေမယ့် ဒါက ရုတ်တရက်ဆန်လွန်းတယ် အခုချက်ချင်းတော့ အဖြေပြန်မပေးနိုင်လောက်ဘူး ကျွန်မအတွက် စဉ်းစားဖို့အချိန်လိုတယ်...”

“ကောင်းပြီလေ ရှောင်လျို့က လကုန်ဆိုသွားတော့မှာ သူ မသွားခင်မှာ အလုပ်တွေကို လက်လွှဲယူဖို့လိုတယ်...”

ဝူရွှင်းယွီက ခဏလောက် တွေးကြည့်ကာ ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော...နင် လာမယ့်သောကြာနေ့ကျမှ ငါ့ကိုအဖြေပြန်ပြောပေါ့...ပြဿနာမရှိဘူးဆိုရင် 30ရက်နေ့မတိုင်ခင် အလုပ်ပြန်ဝင်နိုင်တာပဲ အဲ့လိုဆိုဘယ်လိုလဲ...”

ယနေ့က တနင်္ဂ‌နွေနေ့ဖြစ်ကာ သောကြာနေ့ထိဆိုလျှင် စဉ်းစားချိန်5ရက် ရှိလေသည်။ တရားဝင်အလုပ် မစမီအထိဆိုလျှင် 10ရက်ကျော်အချိန်ရ၏။ ချန်မန်က သေချာတွေးကြည့်ကာ သဘောတူလိုက်သည်။

“အဲ့လိုပဲ လုပ်လိုက်တာပေါ့...”

ဝူရွှင်းယွီက အလွန်အလုပ်များ၏။ သူမက လာရင်းကိစ္စပြီးသည်နှင့် ပြန်ရန်လုပ်လိုက်သည်။

ချန်မန်က သူမကို လိုက်ပို့ပေးရန် ထလိုက်သည်။ သူတို့က ပုတီးစေ့ကန့်လန့်ကာကို ဖြတ်သွားသည့်အချိန်တွင် ရေချိုးခန်းထဲမှ ထွက်လာသည့် လုဖျင်ကျိုးနှင့်ဆုံ၏။ သူက ရေချိုး၊ခေါင်းလျှော်ပြီးသောအခါ အဝတ်ပါလျှော်လိုက်သဖြင့် လက်ထဲတွင် အဝတ်ဇလုံကို ကိုင်ထားသည်။

ဝူရွှင်းယွီကို မြင်သောအခါ လုဖျင်ကျိုးက ချက်ချင်းပင် အဝတ်ဇလုံကို ကိုယ်နောက်၌ဝှက်ကာ နှုတ်ဆက်လာသည်။

“ဒါရိုက်တာဝူ...”
သူက သူမရောက်နေသည်ကို မအံ့ဩသွားပေ။

ဝူရွှင်းယွီက လုဖျင်ကျိုးအား ခေါင်းအစ၊ ခြေအဆုံးကြည့်ကာ ပြုံးလိုက်သည်။
“နင်က တကယ်ကို အသန့်ကြိုက်တာပဲ...”

“ကျွန်တော်က အမြဲတမ်း ဒီလိုပဲလေ...”
လုဖျင်ကျိုးက ပွင့်လင်းစွာ ပြန်ပြောလိုက်သည်။
  
ဝူရွှင်းယွီက ရယ်ကာ စိတ်ထဲတွင်‌ တွေးလိုက်မိသည်။
...နင်က ကိုယ့်ကိုကိုယ် မြှောက်ပြောနေပြီ...လက်မထပ်ခင်ကဆို ချွေးစိုသွားတာနဲ့ ချက်ချင်းရေချိုးမယ်လို့ ငါမယုံပါဘူး...

သို့သော် ဝူရွှင်းယွီက လုဖျင်ကျိုးက ချီးကျူးလိုက်ဆဲဖြစ်သည်။
“အရမ်းကောင်းတယ် ဆက်လုပ်ထား...”

ဝူရွှင်းယွီထွက်သွားသောအခါ လုဖျင်ကျိုးကပါ အဝတ်လှန်းရန် သူမနောက်မှ လိုက်ကာ အပြင်ထွက်လာသည်။ အဝတ်လှန်းပြီးသောအခါ သူက ဇလုံအလွတ်ကို ရေချိုးခန်းထဲ၌ ပြန်ထားလိုက်သည်။ သူ ဧည့်ခန်းထဲသို့ ဝင်သွားသောအခါ ချန်မန်က ဆိုဖာပေါ်တွင် အတွေးနွံနစ်နေသည်ကို မြင်လိုက်ရသည်။ သူက မေးလိုက်သည်။
“ဒါရိုက်တာဝူက မင်းကို ဘာအကြောင်း ပြောချင်တာတဲ့လဲ...”

ချန်မန်သည် သူ့အသံကိုကြားမှ သတိပြန်ဝင်လာပြီး ဖြေလိုက်သည်။
“သူက ကျွန်မကို အမျိုးသမီးရေးရာမှာ အလုပ်လုပ်စေချင်နေတာ...”

လုဖျင်ကျိုးက မျက်ခုံးပင့်လိုက်မိသည်။ သို့သော် သူ ဘာမှမပြောနိုင်ခင်မှာပင် ချန်မန်သည် ယမန်နေ့ညက သူပြောခဲ့သည်များကို သတိရသွားသဖြင့် ကြိုပြောလိုက်သည်။

“အဲ့ဒီစကား2လုံးကို မပြောနဲ့...”

“ကိုယ် ဘယ်စကား2လုံးကို ပြောမလဲဆိုတာ မင်းဘယ်လိုသိတာလဲ...”

လုဖျင်ကျိုးက အံ့ဩသွားသည်။
“ကိုယ်တို့တွေ အတွေးချင်းတူနေတာလား...”

ချန်မန်က ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်ပေးလိုက်သည်။

လုဖျင်ကျိုးက လေးနက်သည့် အမူအရာကို ဖယ်ကာ ချန်မန်ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဒါရိုက်တာဝူက ဘာတွေပြောသွားတာလဲ...”

ချန်မန်သည် ဘာတစ်ခုမှ ကွယ်ဝှက်မထားဘဲ ဒါရိုက်တာဝူ ပြောခဲ့သည်များကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။ သူမ ပြောသည်ကို နားထောင်ပြီးသောအခါ လုဖျင်ကျိုးက သူမကို တဲ့တိုးမေးလာ၏။

“မင်း စိတ်ဝင်စားသွားလား...”

“ရှင်ဘယ်လိုသိလဲ...”
ချန်မန်က သူ့ကို လှည့်ကြည့်လိုက်သည်။

လုဖျင်ကျိုး :“ဒါရိုက်တာဝူနဲ့ ဘယ်သူမှ မငြင်းနိုင်ဘူးလေ...ပြီးတော့ မင်းသာ စိတ်မဝင်စားဘူးဆိုရင် ဒါရိုက်တာဝူ ပြောခဲ့တာတွေကို ပြန်ပြောနေတုန်းက ထောက်ခံချက်အပြည့် ရှိနေမှာမဟုတ်ဘူး...”

“ကျွန်မလေသံက အဲ့လိုဖြစ်နေတာလား...”
ချန်မန်က မသေချာစွာ မေးလိုက်သည်။ သူမက ထိုအရာကို လုံးဝသတိမထားမိပေ။

  
လုဖျင်ကျိုးက လုံးဝသေချာနေသည်။
“လုံးဝသေချာတယ်...”

ချန်မန်က ခေါင်းငုံ့ကာ ခဏလောက် တွေးနေပြီးနောက် သူ၏ထင်မြင်ချက်ကို မေးလာသည်။

“ဒါဆို ရှင်ကရော ဘယ်လိုထင်လဲ ကျွန်မ အမျိုးသမီးရေးရာမှာ သွားလုပ်သင့်လား...”
 
“ကိုယ့်အမြင်အရဆို ကိုယ်ကတော့ အမျိုးသမီးရေးရာမှာ မင်းအလုပ်လုပ်ဖို့ သေချာပေါက် မျှော်လင့်တာပေါ့...ဒါပေမယ့်  á€™á€„်းရဲအယ္ဏက်ဝဏး‌နေရာကဆိုရင်တော့ ကိုယ်အကြံပေးချင်တာက...”

လုဖျင်ကျိုးက ချန်မန်ကိုကြည့်လာကာ သူ့ပုံစံက ရှားရှားပါးပါး လေးနက်နေ၏။

“အရင်ဆုံး မင်းရဲ့အလုပ်ကနေ ဘာလိုချင်လဲဆိုတာကို သေချာစဉ်းစား...ပိုက်ဆံလိုချင်လား၊ မိတ်ဆွေလား ဒါမှမဟုတ် စိတ်ကျေနပ်မှုလား...”

“ပိုက်ဆံလိုချင်တာဆို လစာမြင့်တဲ့တစ်ခုကိုရွေး...မိတ်ဆွေအပေါင်းအသင်းလိုချင်တာဆိုရင် အလုပ်လုပ်ရတာ သက်တောင့်သက်သာရှိမယ့် အလုပ်ကိုရွေး...ဒါမှမဟုတ် စိတ်ကျေနပ်မှုကို လိုချင်တာဆိုရင် အရင်ဆုံး အဲ့ဒီစိတ်ကျေနပ်မှုက ဘယ်ကလာလဲ‌ဆိုတာကို သိအောင်လုပ်ရမယ်...ဘယ်အလုပ်က တိုးတက်ဖို့ အခွင့်အ‌ေရးများလဲဆိုတာကိုလည်း ထည့်စဉ်းစားရမယ်...”

“အဲ့ဒါကို သေချာ‌တွေးကြည့်ပြီးရင် အခုလိုမျိုး 'အမျိုးသမီးရေးရာမှာ လုပ်သင့်လား' ဆိုပြီး မေးစရာမလိုတော့ဘူး...ပြီးရင် မင်းလျှောက်ချင်တဲ့လမ်းကို မင်းဘာသာ ဆုံးဖြတ်နိုင်သွားလိမ့်မယ်...”

ချန်မန်သည် နှစ်ဘဝတာ နေထိုင်ခဲ့ဖူးသော်လည်း လုပ်ငန်းခွင်ထဲသို့ တစ်ခါမှမဝင်ဖူးပေ။ သူမ၏ ယခင်ဘဝတွင် အထက်တန်းအောင်ကာ အဝတ်များပြောင်းခဲ့၏။ ဤဘဝတွင်မူ သုံးနှစ်တာ လုပ်ငန်းအတွေ့အကြုံရှိသော်လည်း အစိုးရပိုင်စားသောက်ဆိုင်မှ အလုပ်သည် ရိုးရှင်းကာ တိုးတက်ရာလမ်းကြောင်းဟူ၍ မရှိပေ။ ထို့ကြောင့် သူမက အမြဲပင် ရေစီးရာနောက်သာ လိုက်နေခဲ့၏။
  
မှတ်ဉာဏ်များ ပြန်ရလာပြီးနောက်တွင် သူမက ထိုသို့‌ရေစီးရာနောက် အသာမျောသည်မှာ တစ်ခုခုမှားနေသည်ဟု မထင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ကောလိပ်ဝင်ခွင့် စာမေးပွဲက နောက်နှစ်ဆောင်းရာသီတွင် ပြန်လည်ကျင်းပမှာဖြစ်သည်။ သူမသာ တက္ကသိုလ်တက်နိုင်သွားသရွေ့ လက်ရှိတွင် မည်သည့်အလုပ်လုပ်နေပါစေ အရေးမကြီးပေ။
  
သို့သော်..၎င်းက တကယ်ပဲ အရေးမကြီးတာလား...

ချန်မန်က အတွေးထဲနစ်သွားလေသည်။


💓💓💓
  👩‍❤️‍👨Chapter 70
အလုပ်ပြောင်းခြင်း။

မည်သည့်အလုပ်မျိုး လုပ်သည်မှာ သေချာပေါက် အရေးကြီးလေသည်။

အစိုးရပိုင်စားသောက်ဆိုင်တွင် အလုပ်မလုပ်ခင်က ချန်မန်သည် တသီးတသန့်နေတတ်သူ မဟုတ်သလို ပြောဆိုဆက်ဆံရေး ကောင်းသည့်သူလည်း မဟုတ်ပေ။ လူကြီးများရှေ့တွင် စကားတစ်လုံးမှ ဝင်မပြောနိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။

စားသောက်ဆိုင်၌ 3နှစ်တာ အလုပ်လုပ်ပြီးနောက်တွင် ချန်မန်က အတော်လေးရင့်ကျက်လာခဲ့သည်။ သူမက စကားပြောရာနှင့် အလုပ်လုပ်ရာတွင် ပိုမိုပါးနပ်လာရုံတင်မက ယခင်ကလို လူမကြောက်တော့ဘဲ ဘယ်သူအရှေ့တွင်မဆို စကားပြောနိုင်လာ၏။

ယခုတွင်မူ ချန်မန်အနေဖြင့် ထိုအလုပ်သည် အမှန်ပင် တိုးတက်ရန် အခွင့်အလမ်း များများစားစား မရှိကြောင်း ဝန်ခံရပေမည်။

စားသောက်ဆိုင်တစ်ခုတွင် အရေးကြီးဆုံးသူသည် စားဖိုမှူးဖြစ်၏။

ချန်မန်၏ ဝန်ဆောင်မှုက မည်သို့ပင်ကောင်းကာ မည်မျှပြုံးရွှင်နေပါစေ လွန်ခဲ့သည့်3နှစ်တွင် ဖန်းချောင်လမ်းမှ စားသောက်ဆိုင်၏ ဝင်ငွေသည် ယန်မင်ကျစ်ရောက်လာသည့် သုံးလကာလမှ ပမာဏလောက်အထိ တစ်ခါမှ မမြင့်တက်လာဖူးပေ။

လူအများစုသည် ဝန်ဆောင်မှုကောင်းသည်လောက်နှင့် စားသောက်ဆိုင်တစ်ဆိုင်ကို မသွားကြပေ။ သို့သော် အစားသမားများကမူ အရသာရှိသော ဟင်းတစ်ခွက်အတွက် မြို့တစ်ဝက်ကိုဖြတ်ပြီး အရောက်လာကြမှာဖြစ်သည်။ 

ထို့ကြောင့် ယန်မင်ကျစ်က သူမ၏ ဟင်းချက်ကျွမ်းကျင်မှုကို ဖော်ထုတ်ပြလာသောအခါ လျင်မြန်စွာပင် ဒါရိုက်တာဝမ်၏ သတိပြုခြင်းကို ရရှိသွားသည်။

အလုပ်လက်လွှဲယူခြင်းမှာ ဤကာလတွင် ပုံမှန်ကိစ္စတစ်ခု ဖြစ်သော်လည်း ၎င်းသည် အဖွဲ့အစည်းတစ်ခုကို ပါဝင်ပြီးနောက် မိဘများချန်ခဲ့သည့် အလုပ်ကို ဆက်လုပ်နိုင်သည်ဟု မဆိုလိုပေ။ လက်လွှဲယူခြင်းဆိုသည်မှာ အလုပ်ရနိုင်မည့် အခွင့်အရေးတစ်ခုကို အရယူခြင်းဖြစ်ပြီး ဘယ်ရာထူး၌ ဘာအလုပ်လုပ်ရမည်ကိုမူ ကိုယ်တိုင်၏ အရည်အချင်းအပေါ်သာ မူတည်ပြီး ဆုံးဖြတ်ကြလေသည်။

ယန်မင်ကျစ်အဖေ ဒဏ်ရာမရခင်တွင် စားဖိုမှူးတစ်ယောက် ဖြစ်ခဲ့သော်လည်း သူမသာ မချက်ပြုတ်တတ်လျှင် အခြားအလုပ်နေရာ၌သာ အလုပ်လုပ်ရနိုင်၏။ ထိုသို့မဟုတ်လျှင် အလုပ်သင်အဖြစ်သာ စတင်ရလောက်သည်။

သူမက ချက်ပြုတ်တတ်သော်လည်း အချက်အပြုတ်စွမ်းရည်သည် သာမာန်ဖြစ်နေပါက တရားဝင်စားဖိုမှူးဖြစ်လာလျှင်တောင် အစပိုင်းတွင် ဟင်းပွဲများများစားစား ချက်ပြုတ်ခွင့်ပြုမှာ မဟုတ်ပေ။ အထူးသဖြင့် မီနူးတွင် နေ့တိုင်းပါသည့် အသားဟင်းကို သူမအနေဖြင့် ထိခွင့်မရှိပေ။
 
သို့သော် ယန်မင်ကျစ်ကမူ စားသောက်ဆိုင်သို့ ရောက်လာသည်မှာ 3လသာ ရှိသေးသော်လည်း သူမနှင့် ကွမ်ကျန့်ကော်ကြားတွင် ဘယ်သူက ဘာကိုသာ ချက်ပြုတ်ရမည်ဟု ခွဲခြားထားခြင်းမျိုး မရှိတော့ပေ။ စားသုံးသူတစ်ယောက် မှာလာလျှင် အားနေသောသူ ဝင်ချက်နိုင်၏။

ဤသို့ဖြစ်လာသည်မှာ တစ်ဖက်တွင် ကွမ်ကျန့်ကော်က စိတ်ရင်းကောင်းခြင်းကြောင့် ဖြစ်သလို ယန်မင်ကျစ်ကလည်း အလွန်တော်သည့် စားဖိုမှူးတစ်ယောက် ဖြစ်သောကြောင့်ပင်။

 
ဤကဲ့သို့ အခြေအနေမျိုးတွင် ယန်မင်ကျစ်အတွက် သူမ အလိုရှိသလောက် ထင်းထွက်နေရန်မှာ လွယ်လေသည်။
  
သို့သော် ဤအောင်မြင်မှုသည် စားဖိုမှူးများကြားတွင်သာ ကန့်သတ်ထားသည်။ သူမက ကွမ်ကျန့်ကော်ထက် တိုတောင်းသည့် အချိန်အတွင်းတွင် စားဖိုမှူးခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော် ရာထူးတိုးခံရပြီးနောက် နောက်ထပ်တိုးတက်မှုများ ပြုလုပ်ရန်မှာမူ ခက်ခဲလာနိုင်သည်။

သူတို့၏ စားသောက်ဆိုင်‌ငယ်လေးတွင် စီမံခန့်ခွဲရေး ရာထူးတစ်ခုသာရှိပြီး လက်ရှိတွင် ဒါရိုက်တာဝမ်က ထိုနေရာကို ယူထား၏။

နေရာတစ်ခုတည်းသာ ရှိသဖြင့် ဒါရိုက်တာဝမ်က ရာထူးတိုးခြင်း၊ သို့မဟုတ် ပင်စင်ယူသွားခြင်း မဟုတ်လျှင် ဘယ်သူကမှ ထိုနေရာအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေးရှိမှာ မဟုတ်ပေ။
  
ဒါရိုက်တာဝမ်သည် ဤအစိုးရပိုင်စားသောက်ဆိုင်တွင် ပထမဆုံးစတင်‌တည်ထောင်ချိန်ကတည်းက အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူက 10နှစ်ကျော် အလုပ်လုပ်ခဲ့ကာ ဒါရိုက်တာအဖြစ် ရာထူးတိုးလာသည်။ ထို့နောက် ဒါရိုက်တာရာထူးဖြင့် နောက်ထပ်10နှစ် အလုပ်လုပ်လာကာ ယခုအထိ အစားအသောက်ဌာနဘက်သို့ ရာထူးတိုးခံရမည့် အရိပ်အယောင် မမြင်ရသေးပေ။

ဤနှစ်တွင် သူက အသက်40သာ ရှိသေးသည်။ ကျန်းမာရေးဘက်တွင် မထင်မှတ်ထားသည့် တစ်ခုခု မဖြစ်သွားသရွေ့ ဒါရိုက်တာရာထူး၌ နောက်ထပ်15နှစ်လောက် ဆက်လုပ်ရန်မှာ အခက်အခဲမရှိပေ။

သို့သော် အစိုးရပိုင် စားသောက်ဆိုင်များသည် 1980အလယ်ပိုင်း ကာလများ၌ တစ်ဆိုင်ပြီးတစ်ဆိုင် ပိတ်ခံရမည်ဖြစ်ရာ ဒါရိုက်တာဝမ်အနေဖြင့် 15နှစ်လောက်ထိ အလုပ်ဆက်လုပ်နိုင်မှာ မဟုတ်ပေ။ စားသောက်ဆိုင်မှ ကျန်ဝန်ထမ်းများအတွက်မူ ရာထူးတိုးရန် မျှော်လင့်ချက်မရှိပေ။

အဓိကဇာတ်ကောင်၏ အရောင်အဝါက တလက်လက် တောက်ပနေသဖြင့် အစားအသောက်ဌာန၏ ခေါင်းဆောင်က သူ၏အရည်အချင်းကို အသိအမှတ်ပြုကာ ဆန့်ကျင်မှုအားလုံးမှ လွှဲပြောင်းပေးနိုင်လျှင် တစ်မျိုးဖြစ်သည်။

သိသာစွာပင် ဝတ္ထုထဲမှ အမျိုးသမီးဇာတ်ဆောင်သည် ထိုကဲ့သို့ အရောင်အဝါမရှိပေ။ ထို့ကြောင့် ပြန်လည်တည်ထောင်ရေး ပြီးသောအခါ သူမက အစိုးရပိုင် စားသောက်ဆိုင်မှ အလုပ်ထွက်လာပြီး ကိုယ်ပိုင်စီးပွားရေးကို စတင်ခဲ့သည်။ ချန်မန်က သူမအနေဖြင့် အမျိုးသမီးဇာတ်ကောင်၏ အရောင်အဝါကို ဖိနှိပ်နိုင်မည်ဟု မထင်ပေ။ ထို့ကြောင့် သူမက ကောလိပ်ဝင်ခွင့်ရရန်သာ မျှော်လင့်ချက်ထားနိုင်လေသည်။

သို့သော် ချန်မန်သည် တစ်စုံတစ်ယောက်က သူမကို သတိထားမိကာ ရွေးချယ်လာမည်ဟု မထင်ထားခဲ့ပေ။ ထိုလူမှာ အစားအသောက်ဌာန၏ ခေါင်းဆောင်မဟုတ်ဘဲ အမျိုးသမီးရေးရာမှ ခေါင်းဆောင် ဒါရိုက်တာဝူဖြစ်နေ၏။

အမှန်တွင် သူတို့အိမ်ရာဝန်းမှ အမျိုးသမီးရေးရာတွင်လည်း တိုးတက်ရန် လမ်းကြောင်းအကန့်အသတ် ရှိလေသည်။။ ချန်မန်သိသလောက်ဆိုရလျှင် ဝူရွှင်းယွီသည် အမျိုးသမီးရေးရာ အဖွဲ့ခေါင်းဆောင်အဖြစ် အလုပ်လုပ်ခဲ့သည်မှာ 10နှစ်ကျော်လာပြီဖြစ်သည်။
  
မည်သို့ပင်ဖြစ်စေ ဆယ်နှစ်စုများစွာ ကြာပြီးနောက်တွင် အမျိုးသမီးရေးရာအဖွဲ့သည် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်လာကာ ကောလိပ်ကျောင်းသားများက ဤကဲ့သို့ အဖွဲ့အစည်းထဲဝင်နိုင်ရန် အကောင်းဆုံး ကြိုးစားကြ၏။ အလုပ်ပမာဏအကြောင်း ဆိုရလျှင် လူတစ်ယောက်သည် စားသောက်ဆိုင် အလုပ်ထက်စာလျှင် ဤ‌အလုပ်မှ ပို၍သင်ယူနိုင်၏။

အလုပ်ပြောင်းခြင်းသည် ပြန်လည်ချိန်ညှိမှုများ လိုအပ်သော်လည်း သူမသာ တက္ကသိုလ်ဝင်ခွင့်ရသွားပါက ဘွဲ့ရပြီးလျှင် ဤနယ်ပယ်၌ အလုပ်မလုပ်နိုင်တော့ပေ။ ဤအလုပ်၌ နည်းနည်းပိုလေ့လာထားလျှင်လည်း အကျိုးမယုတ်ပေ။
  
ဤအချက်များအပြင် အမျိုးသမီးရေးရာ၌ အလုပ်လုပ်ခြင်း၏ အားသာချက်များကလည်း သိသာလှသည်။

ပထမအချက်အနေဖြင့် အိမ်နှင့်နီးသည်။ ဒုတိယအချက်မှာ လစာတိုးလာပြီး နောက်ဆုံးတစ်ချက်မှာ အလုပ်ချိန်တိုသွားခြင်းဖြစ်သည်။ ထို့အပြင် အမျိုးသမီးရေးရာသည် တနင်္ဂ‌နွေနေ့တိုင်းကို အားလပ်ရက်ပေး၏။
  
ဝူရွှင်းယွီ မပြောပြသွားသည့် အရေးကြီးဆုံးအချက်ရှိသည်။

အမျိုးသမီးရေးရာမှ သူမ၏အလုပ်သည် စစ်တပ်ကို အထောက်အကူပြုရန် ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ ထို့အပြင် သူမ၏ လက်ရှိအလုပ်သည် သူမ ဆန္ဒရှိသလို ကိုင်တွယ်နိုင်၏။

ချန်မန်က သူမ၏မိဘများသည် ဒုတိယအစ်ကိုအား ပြန်ခေါ်ချင်မှန်း သိလေသည်။ သို့သော် ဤကာလများတွင် တရားဝင်အလုပ်တစ်ခု ရှာရန်ခက်ခဲပြီး စာချုပ်အလုပ်သမားများသည် အိမ်ထောင်စုစာရင်း ပြဿနာကို မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် သူတို့သည် မြို့ပေါ်သို့ပြန်လာကာ အလုပ်လုပ်နိုင်ရန် လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိမနေပေ။

သို့သော် ယခုတွင်မူ အခွင့်သာလာပေပြီ။
  
သူမသာ အမျိုးသမီးရေးရာတွင် အလုပ်လုပ်ပါက အစိုးရစားသောက်ဆိုင်ရှိ သူမ၏နေရာ၌ လူလွတ်သွားမှာဖြစ်သည်။ ဒုတိယအစ်ကို ရောက်သွားသည့် အဖွဲ့အစည်းသည် ဒုတိယအစ်ကိုကို ပြန်လွှတ်ပေးချင်စိတ်ရှိပါက သူသည် မြို့ပေါ်သို့ ပြန်လာနိုင်ပေမည်။

ဒုတိယအစ်ကို ရောက်နေသည့် အဖွဲ့အစည်းက ပြန်လွှတ်ပေးလိုစိတ် မရှိလျှင်တောင် သူမ၏အမေအား စားသောက်ဆိုင်၌ ပြန်လုပ်ခိုင်း၍ရသည်။ ဒုတိယအစ်ကို ပြန်ရောက်လာလျှင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို ဖြေနိုင်ပါက အကောင်းဆုံးဖြစ်သည်။ 

စာမေးပွဲ မအောင်လျှင်တောင် ဤနေရာတွင် သူ့ကိုလက်ခံမည့် အလုပ်ဌာနများ ရှိလေသည်။ သူရောက်သွားသည့် အဖွဲ့အစည်းအနေဖြင့် သူ့ကို တားစရာ အကြောင်းမရှိတော့ပေ။ ထို့ကြောင့် သူက အစောကြီး ပြန်ရောက်လာနိုင်သည်။ 

သူမအမေသည် စားသောက်ဆိုင်အလုပ်ကို မလုပ်ချင်လျှင်လည်း ထိုနေရာကို ရောင်းလိုက်၍ရလေသည်။ အစိုးရပိုင် စားသောက်ဆိုင်မှ စားပွဲထိုးအလုပ်သည် ယွမ်နှစ်ရာ၊သုံးရာဖြင့် ရောင်းနိုင်သည်။

ချန်မန်သည် သေချာတွေးကြည့်ပြီးနောက် ထိုနေ့ညနေခင်းတွင် လုဖျင်ကျိုးအား သူမတွေးထားသည်များကို ပြောပြလိုက်သည်။ 

လုဖျင်ကျိုးက ကန့်ကွက်စရာ မရှိပေ။ ပထမအချက်မှာ ဤအလုပ်သည် ချန်မန် သေချာစဉ်းစားပြီးမှ ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ သူမအနေဖြင့် အိမ်ရာဝန်းထဲမှ ဌာနတွင် အလုပ်လုပ်လျှင် သူ့အတွက်လည်း အကျိုးရှိ၏။

လုဖျင်ကျိုး :"မင်းအလုပ်နေရာကို ရောင်းချင်‌ရင် မင်းမိဘတွေကို လူရှာခိုင်းလိုက်လေ...ရောင်းလို့ရတဲ့ ပိုက်ဆံကို သူတို့ကိုပဲ ယူခိုင်းလိုက်ပါ..."

လက်ရှိတွင် ချန်မန်က အစိုးရပိုင် စားသောက်ဆိုင်၌ အလုပ်လုပ်နေသော်လည်း ထိုအလုပ်သည် ဝမ့်ချိုးမိန်ဆီမှ လက်လွှဲယူထားခြင်းဖြစ်သည်။ အလုပ်ရောင်း၍ရသည့် ပိုက်ဆံအား မည်သူယူမလဲဆိုသည်ကမူ ကိုယ်စီအကြောင်းပြချက်များ ရှိလေသည်။

တစ်ဖက်က ပိုက်ဆံကို လက်လွှတ်ပေးချင်စိတ်ရှိလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် နှစ်ဖက်စလုံးက ထိုပိုက်ဆံကို လိုချင်နေလျှင် ထိုကိစ္စနှင့်ပတ်သက်၍ အလွယ်တကူ အငြင်းပွားနိုင်သည်။
  
လုဖျင်ကျိုး ဤသို့ပြောလိုက်သည်မှာ ဝမ့်ချိုးမိန်တို့ လင်မယားက ထိုပိုက်ဆံကို လိုချင်မည်ဟု ထင်သောကြောင့် မဟုတ်ပေ။ သို့သော် အကယ်၍သာ သူတို့က လိုချင်နေပါက ဤပိုက်ဆံ ယွမ်နှစ်ရာ၊ သုံးရာအတွက်နှင့် ပြဿနာများစရာ မလိုတော့ပေ။

လူအချင်းချင်း ဆက်ဆံရေးများသည် ပြတ်တောက်ရန် လွယ်ကာ ပြုပြင်ရန် ခက်ခဲ၏။
 
သူက ချန်မန်ကို ထိုကိစ္စကြောင့်နှင့် နောင်တမရစေချင်သလို သူမကို အရှက်လည်း မရစေချင်ပေ။ ထို့ကြောင့် သူ၏ သဘောထားကို ကြိုတင်ကာ ပြောပြလိုက်ခြင်းဖြစ်သည်။

ချန်မန်က သူပြောသည်ကို ကြားသောအခါ စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ အလုပ်ရောင်းရန်မှာ လွယ်ကူပြီး သူမမိဘများက ထိုပိုက်ဆံကို မလိုချင်လောက်ပေ။ သို့သော် တစ်ချိန်တည်းတွင် ဤ‌အလုပ်ကို သူမ၏ ဒုတိယအစ်ကိုအား လွှဲပေးလိုက်ခြင်း၊ သို့မဟုတ် မရောင်းဘဲ သူမမိခင်က ဆက်လုပ်မည်ဆိုလျှင် သေချာပေါက်ပင် အလုပ်နေရာအတွက် ပိုက်ဆံတောင်းရန် သင့်တော်မည်မဟုတ်ပေ။

သူမအနေဖြင့် ထိုပိုက်ဆံကို မလိုချင်သော်လည်း လုဖျင်ကျိုးက မကျေမနပ် ဖြစ်သွားမည်ကို အနည်းငယ် စိုးရိမ်နေခြင်းဖြစ်သည်။

သူမ လက်မထပ်ခင်တွင် အလုပ်တစ်ခု ရှိခဲ့သော်လည်း လက်ထပ်ပြီးပြီးချင်းပင် အလုပ်ထွက်လိုက်၏။ ၎င်းက သူမသည် တမင်အကြံအစည် ပြုလုပ်သည့်ပုံ ပေါ်နေလေသည်။
  
အခြားအလုပ် အခွင့်အရေးများကြောင့် သူမ၏ အလုပ်ကို လက်လျှော့လိုက်သော်လည်း စိတ်ထားသေးသိမ်သည့်သူများက ဤကိစ္စကို အပြစ်ရှာလာနိုင်၏။
 
ချန်မန်က လုဖျင်ကျိုးကို စိတ်ထားသေးသိမ်သည်ဟု ထင်ခြင်းမဟုတ်ပေ။ သူမက တစ်ခါမှ ထိုသို့မတွေးဖူးပေ။ ယခုတွင်မူ သူမက အများကြီး လိုက်တွေးမိနေခြင်းဖြစ်သည်။

လုဖျင်ကျိုး၏ စကားကြောင့် ချန်မန်က စိတ်အေးသွားကာ မျက်လုံးတောက်တောက်များဖြင့် သူ့ကိုကြည့်လိုက်သည်။

“ရှင်က ဘာလို့အရမ်း သဘောကောင်းရတာလဲ...”

လုဖျင်ကျိုးက မျက်ခုံးပင့်လိုက်သည်။
“ကိုယ်သဘောကောင်းတာကို ဒီနေ့မှ မင်းသိတာလား...”

“ဒါပေမယ့် ဒီနေ့ကျမှ ရှင်က အရမ်း..အရမ်း ..အရမ်းကို ကျွန်မအပေါ် ကောင်းနေတယ်လို့ ခံစားရလို့လေ...”
ချန်မန်က ‘အရမ်း’ဟူသည့် စကားလုံးကိုသုံးကာ အလေးပေး ပြောပြလာသည်။

လုဖျင်ကျိုးက ထိုစကားကို ကြားသောအခါ အူမြူးသွားပြီး ပြုံးကာ မေးလိုက်သည်။
“ဒါဆို မင်းရင်ထဲထိသွားတာလား...ကိုယ့်ကြင်နာမှုကို ပေးပြန်ဆပ်ဖို့ မင်းတစ်ခုခု လုပ်ချင်သွားလား...”

သူမရင်ထဲတွင် လှုပ်ခတ်သွားသည်မှာ မှန်သော်လည်း ဆုပေးရန်ကမူ...ချန်မန်က တစ်ခါမှ မတွေးကြည့်ဖူးပေ။

ထို့အပြင် သူ၏ပုံစံက အကောင်းပြောမည့်ပုံ မဟုတ်သဖြင့် ချန်မန်က အံ့ဩသွားဟန်ဆောင်ကာ မေးလိုက်သည်။

“ရှင်ကျွန်မအပေါ် ကောင်းပေးရမှာက ပုံမှန်ပဲမဟုတ်ဘူးလား...”

လုဖျင်ကျိုးက ကြောင်သွားသော်လည်း ချက်ချင်းပြန်ဖြေလိုက်၏။

“ဒါပေါ့ ကိုယ်လုပ်သင့်တာပဲလေ...”

ချန်မန်က ဆက်လက်၍ အံ့ဩသလို လုပ်ပြလိုက်သည်။
“ဒါဆို ဘာလို့ ကျွန်မကို ပြန်ပေးဆပ်ခိုင်းနေတာလဲ...ဒါမှမဟုတ် ရှင်က လိုချင်တာရှိလို့ပဲ ကျွန်မအပေါ် ကောင်းပေးတာလား...”

မေးခွန်းသတ်လေပြီ။

လင်မယားအချင်းချင်း စကားမများလျှင်တောင် ယနေ့ညတွင် သူအိပ်ရာပေါ်၌ အိပ်နိုင်ရန် ခက်ခဲလိမ့်မည်။ သူက ခေါင်းခါကာ စကားလွှဲရန် လုပ်လိုက်သည်။ သူ့ကြင်နာမှုအတွက် တစ်ခုခုဖြင့် ပြန်ပေးဆပ်ဖို့‌ တောင်းဆိုရန် ဆက်တွေးနေစရာ မလိုတော့ပေ။

လုဖျင်ကျိုးက အချိန်အတော်ကြာအောင် တိတ်ဆိတ်‌နေခဲ့သည်။ ချန်မန်က ဝမ်းနည်းသည့်ပုံ လုပ်ပြလိုက်သည်။

“ရှင် ဘာလို့ပြန်‌မဖြေတာလဲ...ဒီမေးခွန်းက အဲ့လောက်တောင် ဖြေရခက်နေလို့လား...”

သူမက ငိုသံလေးဖြင့် ပြောလိုက်သော်ငြား သူမ၏မျက်ဝန်းထဲတွင် ဂုဏ်ယူသည့် အရိပ်အယောင်များ ရှိနေလေသည်။

လုဖျင်ကျိုးက အံကြိတ်လိုက်၏။ သူကဘယ်ဘက်လက်ကို ချန်မန်၏ ကုတ်‌ပိုးပေါ်တွင်တင်ကာ ညာလက်ဖြင့် သူမ၏ခါးကို  á€–á€€á€şá€œá€­á€Żá€€á€şá€•á€źá€Žá€¸ လက်နှစ်ဖက်လုံးဖြင့် သူမကို ထိုင်ခိုင်းလိုက်သည်။ ထို့နောက် သူက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ကိုယ်က အပြန်အလှန်အ‌နေနဲ့ ဘာမှမလိုချင်ပါဘူး...ဒါပေမယ့် မင်းကိုယ့်ကို များများဖက်ပေးပြီး များများနမ်းတာကိုတော့ လိုချင်တယ်...”
  
အရှက်မရှိသော သူများသည် အရှုံးမပေးတတ်ကြောင်း အချက်အလက်များက သက်သေပြသွားလေသည်။

လုဖျင်ကျိုး၏ တိုက်ခိုက်မှုအောက်တွင် ချန်မန်တစ်ယောက် လက်မြှောက်အရှူံးပေးလိုက်ရလေသည်။

...

နောက်တစ်နေ့တွင် မိဘအိမ်၌ နေ့လယ်ခင်း ပြန်နားသောအခါ ချန်မန်က ဝမ့်ချိုးမိန်အား ဒါရိုက်တာဝူသည် သူမကို အမျိုးသမီးရေးရာ၌ အလုပ်လုပ်စေချင်နေသည့် အကြောင်းပြောပြလိုက်သည်။

ဝမ့်ချိုးမိန်က လုပ်လက်စ အလုပ်ကိုရပ်ကာ မျက်ခုံးပင့်ပြီး မေးလိုက်သည်။

“ဒါရိုက်တာဝူဆိုတာက ဖျင်ကျိုးနဲ့ လက်ထပ်မယ့်ကိစ္စပြောဖို့ အဖော်လိုက်လာပေးတဲ့ တစ်ယောက်လား...”

ချန်မန်က ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် အဲ့တစ်ယောက်ပဲ သူက သမီးတို့ အိမ်ရာဝန်းရဲ့ ဒါရိုက်တာလေ...”

“ဒါဆို ဒီအလုပ်က စိတ်ချရလောက်တယ်မလား...”

“ဒါရိုက်တာဝူက စိတ်ချရတဲ့ အလုပ်သမား တစ်ယောက်ပါ...သူက အမျိုးသမီးရေးရာရဲ့ ခေါင်းဆောင်ဖြစ်ရုံတင်မကဘူး တပ်ရင်းမှူးကတော်လည်း ဟုတ်တယ်...အဲ့လိုရာထူးအမြင့်က လူတစ်ယောက်က သမီးကို တမင်တကာတော့ လာမလိမ်လောက်ပါဘူး...”

ဝမ့်ချိုးမိန်က သူမ၏သမီး ဆိုလိုချင်သည်ကို သဘောပေါက်လေသည်။

“သမီးက အမျိုးသမီးရေးရာမှာ အလုပ်လုပ်ချင်လား...”

“အင်း အဲ့မှာအလုပ်လုပ်ရင် အလုပ်သွား၊ အလုပ်ဆင်းဖို့ကလည်း လွယ်တယ်...အလုပ်ချိန်ကလည်း 2နာရီလောက် တိုသွားတယ် လစာကလည်း နည်းနည်းပိုများလာတယ်...ပြဿနာတစ်ခုပဲရှိတယ် သမီးက အမျိုးသမီးရေးရာမှာ တစ်ခါမှ မလုပ်ဖူးတော့ သေချာမလုပ်နိုင်မှာကို စိုးရိမ်နေတာ...”

ဤအပိုင်းတွင်မူ ဝမ့်ချိုးမိန်က ချန်မန်အပေါ်၌ အလွန်ယုံကြည်ချက် ရှိလေသည်။

“ဘာကိုမလုပ်နိုင်ရမှာလဲ...အမေတို့ စက်ပစ္စည်းစက်ရုံက အမျိုးသမီးရေးရာ ခေါင်းဆောင်ဆိုရင် အလယ်တန်းပဲ အောင်ထားတာလေ...ဒါပေမယ့် သူလည်း ကောင်းကောင်းလုပ်နိုင်နေတာပဲ မဟုတ်ဘူးလား...သမီးက အထက်တန်း အောင်ထားတာလေ...သေချာပေါက် သူ့ထက် ပိုကောင်းအောင် လုပ်နိုင်မှာပဲ...ပြီးတော့ ဒါရိုက်တာဝူက သမီးကို လာလုပ်စေချင်တယ်ဆိုမှတော့ အမေ့သမီးရဲ့ အရည်အချင်းကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောပဲ...ဒါပေမယ့် သမီးက အမျိုးသမီးရေးရာမှာ အလုပ်လုပ်မယ်ဆိုရင် စားသောက်ဆိုင်က အလုပ်ကကျ ဘယ်လိုဖြစ်သွားမှာလဲ ..."

Search Novels