🐰🐰🐰🐰 Chapter 46


"ရှစ်စွမ်း... ထရမယ့် အချိန်ရောက်ပြီ... ကျွန်တော်တောင် ပြေးပြီးပြန်လာပြီ..."

ယနေ့ အပြင်ထွက်မည် ဖြစ်သဖြင့် မော့ရှုလင်က ပိုင်ယွီမင်ကို အနည်းငယ် ပိုအိပ်ခွင့်ပေးထားခြင်း ဖြစ်လေသည်။ 

သို့ရာတွင် အချိန်အနည်းငယ် ပိုပေးထားသော်လည်း သူက ထလာမည့်ပုံ မပေါ်ပေ။

"ခဏလေး... ထပ်အိပ်ပါရစေဦး... ခဏလေးပဲ..." 
ယုန်ဝတုတ်ကြီးက မြက်သိုက်ထဲတွင် ပျော့ခွေစွာဖြင့် ပြန်လှဲချလိုက်လေသည်။ 

သူက အမှန်တကယ် အိပ်ချင်နေသည်မဟုတ်ဘဲ မလှုပ်ချင်ရုံသာ ဖြစ်လေသည်။ 

ထို့အပြင် စောင်က အလွန်နွေးထွေးသဖြင့် အပြင်ထွက်ပြီး ဒုက္ခမခံချင်ပေ။

မော့ရှုလင်မှာ လိုက်ကာခြားပြီး စကားပြောနေခြင်းက ထိရောက်မည်မဟုတ်ဟု ခံစားရသဖြင့် မေးလိုက်၏။ 
"ရှစ်စွမ်း... ကျွန်တော် ဝင်လာခဲ့ရမလား..."

"ဝင်ခဲ့လေ..." 
ယုန်ဝတုတ်ကြီးက ပန်းရောင်စောင်လေးထဲသို့ တိုးဝင်ကာ ပျင်းရိသောလေသံဖြင့် ပြန်ဖြေလိုက်လေသည်။

မော့ရှုလင်က လိုက်ကာကို ဖွင့်လိုက်ချိန်တွင် အလင်းရောင်က ယုန်ဝတုတ်ကြီးရှိသည့် အခန်းကျဉ်းလေးထဲသို့ ဖြာကျသွားလေသည်။ 

သူ့ရှစ်စွမ်း၏ အခန်းထဲရှိ ပစ္စည်းများက အလွန်ပင် ရိုးရှင်းလေသည်။ မြက်သိုက်တစ်ခုနှင့် စင်လေးတစ်ခုသာ ရှိလေသည်။ 

ယခင်က သုံးထပ်ပါသော စင်လေးတွင် အစားအစာများ ပြည့်နေခဲ့၏။ နေရာအကန့်အသတ်ကြောင့် ပထမဆုံးအထပ်တွင် ‘ယုန်နတ်သမီးလေးက ရက်စက်သော မိစ္ဆာဘုရင်၏ အချစ်တော် တိရစ္ဆာန်လေးကို ရန်စမိတယ်’ ဟု အမည်ရှိသော စာအုပ်ကို တင်ထားလေ၏။ ဒုတိယထပ်တွင် မုန့်အကြွင်းအကျန်များ ရှိနေသော အဖြူရောင် ကြွေပန်းကန်ပြားလေးတစ်ခုရှိပြီး တတိယထပ်တွင်မူ ‘ပိုင်ယွီမင်’ ဟု ပန်းထိုးထားပြီး ဖြူဖွေးလုံးဝန်းကာ ဖောင်းကားနေသည့် သိုလှောင်အိတ်တစ်လုံး ရှိလေ၏။ 

ဆောင်းရာသီဖြစ်သဖြင့် မြက်သိုက်ထဲတွင် ပန်းရောင်အိပ်ရာခင်း အစုံအလင်ကို ထည့်ထားလေသည်။ ထိုထဲတွင် အမွေးပွအခင်း၊ အမွေးပွစောင်နှင့် အမွေးပွခေါင်းအုံးများ ပါဝင်လေ၏။

"ခဏလေး ထပ်လှဲလိုက်ဦးမယ်..." 
ယုန်ဝတုတ်လေးက ပန်းရောင်စောင်ကို ခြုံကာ မျက်လုံးမှိတ်လျက် ခေါင်းအုံးကို ပွတ်သပ်နေလေသည်။

"ရှစ်စွမ်း... ဝတ္ထုစာအုပ် မလိုချင်တော့ဘူးလား..." 
မော့ရှုလင်က သူ့ရှစ်စွမ်း၏ ပျင်းနေသောအကျင့်ကို ထိုးဖောက်မြင်နေရလေသည်။ 

သို့ရာတွင် သူကိုယ်တိုင်လုပ်ပေးထားသော ဆောင်းရာသီ အမွေးပွအိပ်ရာအစုံအား သူ့ရှစ်စွမ်းသုံးနေသည်ကို မြင်ရသဖြင့် အလွန်ပင် ကျေနပ်ပီတိ ဖြစ်နေလေသည်။

"မင်း ငါ့ကို အရူးလုပ်နေတာလို့ ထင်တယ်... ကံစမ်းမဲထဲက ဝတ္ထုစာအုပ်က ပိုက်ဆံရှာဖို့ လုပ်ထားတာလေ... ငါတို့က အဲ့ဒါကိုရတဲ့အထိ ကံကောင်းပါ့မလား..." 
ယုန်ဝတုတ်ကြီးက မော့ရှုလင်ကို တစ်ချက်ကြည့်ကာ သမ်းဝေလိုက်ပြီးနောက် အတင်းဖွင့်ထားသော မျက်လုံးများက ပြန်ပိတ်သွားပြန်လေသည်။

မော့ရှုလင် “..........”

ပိုင်ယွီမင်က အိပ်ချင်မူးတူးနှင့်ပင် ဤမျှပြန်ပြောနိုင်မည်ဟု မော့ရှုလင် မထင်ထားခဲ့ပေ။ 

သူက ပိုင်ယွီမင်ကို အမှန်ပင် လှည့်ဖြားခဲ့ခြင်းဖြစ်၏။ 

ကံစမ်းမဲဆုမှာ ဘယ်လိုလုပ် ဝတ္ထုစာအုပ်ရှိမှာလဲ... 

ဝတ္ထုစာအုပ်များက ပိုင်ယွီမင်အတွက် မရှိမဖြစ် ဖြစ်သော်လည်း ဧည့်သည်များကို ဆွဲဆောင်နိုင်ခြင်းမရှိသဖြင့် ကံစမ်းမဲဆုအဖြစ် ထားရန်မှာ မသင့်တော်ပေ။ 

မော့ရှုလင်မှာ သူ၏ ပထမဆုံးနည်းဗျူဟာက မအောင်မြင်တော့သည်ကို သိသဖြင့် ဒုတိယနည်းလမ်းသို့ ပြောင်းလိုက်လေသည်။

"ဒါပေမဲ့ ရှစ်စွမ်း... ကျွန်တော် သွားချင်လို့..." 
မော့ရှုလင်၏အသံမှာ ရှစ်စွမ်းစိတ်ဆိုးမည်ကို စိုးရိမ်နေသကဲ့သို့ တိုးညှင်းပြီး ကြောက်ရွံ့နေသည့်ပုံစံ ပေါက်နေလေသည်။ 

ထိုအသံက ယုန်ဝတုတ်ကြီး၏ နားထဲတွင် ‘တခြားကလေးတွေ သွားရသလို ကျွန်တော်လည်း သွားချင်တယ်’ ဟု ပြောနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ယုန်ဝတုတ် “……….”
ယခုမူ ရင်ထဲတိုက်ရိုက်ထိသွားလေသည်။ ပိုင်ယွီမင်အနေဖြင့် သူ့တပည့်လေး၏ ဆန္ဒကို မငြင်းပယ်နိုင်ပေ။

"သွားမယ် သွားမယ်... အတူတူ သွားကြတာပေါ့... ငါ အခုပဲ ထတော့မယ်..." 
ယုန်ဝတုတ်ကြီးက ပန်းရောင်စောင်ကို ဖယ်လိုက်၏။ သူ့အမူအရာက တရားမျှတမှုအတွက် အနစ်နာခံမည့် အမူအရာအဖြစ်သို့ ပြောင်းသွားလေသည်။

"ကျေးဇူးတင်ပါတယ် ရှစ်စွမ်း..." 
မော့ရှုလင်က ပြုံးလိုက်ပြီး ရှစ်စွမ်းအဝတ်အစားလဲရန် လိုက်ကာကို ပြန်ချပေးလိုက်သည်။

ယုန်ဝတုတ်ကြီးက သိုလှောင်အိတ်ကို ဘေးတွင်ချကာ လူအသွင်သို့ ပြန်ပြောင်းပြီး အဝတ်အစားကို စတင်ဝတ်ဆင်လေသည်။ 

ပိုင်ယွီမင်က လိုက်ကာနောက်မှ တဖွဖွ ပြောနေ၏။ သူက ရှစ်စွမ်းတစ်ယောက်အနေဖြင့် တာဝန်ကျေလိုလေသည်။
"မင်းကို ကြိုပြောထားရမယ်... အပြင်သွားရင် ငါ့နောက်ကနေ လိမ်လိမ်မာမာနဲ့လိုက်... ပိုက်ဆံတွေ အလွန်အကျွံ မသုံးနဲ့... တွေ့ကရာတွေလည်း လျှောက်မစားနဲ့... ပြီးတော့ မရင်းနှီးတဲ့ ဦးဦးတွေ၊ ဒေါ်ဒေါ်တွေနောက်ကိုလည်း လိုက်မသွားနဲ့... နားလည်လား..."

"ဟုတ်ကဲ့... စိတ်မပူပါနဲ့ ရှစ်စွမ်း..." 
မော့ရှုလင်၏ လေသံက ရွှင်လန်းနေသော်လည်း မျက်နှာတွင်မူ မည်သည့်အမူအရာမှ မရှိပေ။ 

သူက အမှန်တကယ် ၁၀ နှစ်သား မဟုတ်သဖြင့် ဤကဲ့သို့သော အမှားမျိုးကို မလုပ်ပေ။ 

သို့ရာတွင် ပိုင်ယွီမင်နောက်သို့သာ သူ သေချာလိုက်သင့်၏။ အကြောင်းမူကား သူ့ရှစ်စွမ်းက ပိုက်ဆံရှိလာလျှင် နေရာတိုင်း၌ လျှောက်သုံးပစ်သောကြောင့်ဖြစ်လေသည်။

ပိုင်ယွီမင်က အဝတ်အစားလဲပြီးနောက် ထွက်လာလေသည်။ ဝတ်ရုံနီက သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး မင်နက်ရောင် ဆံပင်များက ရေတံခွန်ကဲ့သို့ ဖြာကျနေလေသည်။ သို့သော် သူ၏မျက်နှာအမူအရာ၌ ‘ငါ အပြင်ကို လုံးဝမသွားချင်ပေမဲ့ ကလေးကြောင့်သာ သွားရတာ...’ ဟု အထင်အရှား ပြသနေလေသည်။ 

သို့သော်လည်း ပိုင်ယွီမင်၏ ထူးခြားသော ရုပ်ရည်အသွင်အပြင်က အလွန်ပင် ဆွဲဆောင်မှုရှိပြီး အနည်းငယ် ပျော့ပျောင်းနွဲ့နှောင်းသော အလှတရားမျိုး ရှိလေသည်။

မော့ရှုလင်က ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို ကြည့်ကာ ပြောလိုက်၏။ 
"ရှစ်စွမ်း... ကျွန်တော် ရှစ်စွမ်းကို ဆံထုံးထုံးပေးမယ်..."

“ကောင်းပြီ...”
ပိုင်ယွီမင်က ခေါင်းညိတ်လိုက်၏။ 

မော့ရှုလင်က ငယ်သေးသဖြင့် ပိုင်ယွီမင်က ဂူအပြင်ဘက်ရှိ သစ်သားတုံးပေါ်တွင် ထိုင်ကာ တပည့်လေး ဆံပင်ပြုပြင်ပေးသည်ကို ခံလိုက်လေသည်။

မူလတွင် ပိုင်ယွီမင်က မည်သည့်မျှော်လင့်ချက်မှ မရှိသော်လည်း မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မြင်ရချိန်၌ အံ့ဩသွားလေသည်။ 

"ရှောင်ရှုရှုရဲ့ လက်ရာက တကယ်ကောင်းတာပဲ..." 
ပိုင်ယွီမင်က သူ့တပည့်လေးကို ချီးကျူးလိုက်၏။ 

ပုံမှန်အားဖြင့် ပိုင်ယွီမင် ဆံထုံးထုံးလျှင် ဆံပင်အဖျားများက ဖွာထွက်နေသဖြင့် ငှက်သိုက်ပုံပေါက်နေတတ်ပြီး နောက်ဘက်တွင်လည်း ဖောင်းနေတတ်လေသည်။ ကျွမ်းကျင်မှု မရှိသည်မှာ သိသာလှ၏။

သို့ရာတွင် မော့ရှုလင်ထုံးပေးသည်ကမူ ထူးခြားပြီး ဆံပင်တုစွပ်ထားသကဲ့သို့ သပ်ရပ်လေသည်။ 

အထူးသဖြင့် ခေါင်းပေါ်ရှိ ကျောက်နီဆံထိုးက သူ့အဝတ်အစားနှင့် အလွန်လိုက်ဖက်လေ၏။ မော့ရှုလင်က ဆံပင်တစ်ဝက်ကို ချထားပေးပြီး အနီရောင်ဖဲကြိုးနှစ်ချောင်းနှင့် ချည်နှောင်ပေးထားသဖြင့် နတ်သားတစ်ပါးကဲ့သို့ အရှိန်အဝါမျိုးကို ရရှိစေလေသည်။ 

ပိုင်ယွီမင်မှာ သူ့ကိုယ်သူ အနီရောင်များဖြင့် ဖုံးလွှမ်းနေသည်ကို မြင်ချိန်၌ တစ်ခုခု မှားနေသကဲ့သို့ ခံစားလိုက်ရလေသည်။ 

ဤသည်က တစ်စုံတစ်ခုသော အခမ်းအနားအတွက် ပြင်ဆင်ထားပုံ ပေါက်နေလေ၏။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှစ်စွမ်း..." 

မော့ရှုလင်ကလည်း ပိုင်ယွီမင်၏ ဤပုံစံကို အလွန်သဘောကျနေလေသည်။ 

နောက်ဆုံးတော့ အဆင်ပြေသွားပြီ... အင်္ကျီက အဖြူရောင်ဆိုရင် ပိုကောင်းမယ်... 

သို့ရာတွင် ပိုင်ယွီမင်က အမြဲတမ်း အနီရောင်ကိုသာ ဝတ်ဆင်လေ့ရှိသဖြင့် မော့ရှုလင်က ပိုင်ယွီမင်၏ စွဲမြဲနေသော အကျင့်ကို ပြောင်းလဲရန် ခက်ခဲနေလေသည်။

"ဒီဆံထိုးက အရမ်းလက်ရာမြောက်တာပဲ... မင်း ဘယ်မှာဝယ်ခဲ့တာလဲ..." 
ပိုင်ယွီမင်မှာ ခေါင်းပေါ်ရှိ ဆံထိုးက အလွန်ဈေးကြီးပုံမရသဖြင့် သုံးလေးခုခန့် ထပ်ဝယ်ချင်နေလေသည်။

"ဒါက ကျွန်တော်ကိုယ်တိုင် လုပ်ထားတာပါ... ရှစ်စွမ်းသဘောကျတယ်ဆိုရင် နောက်ကျ ကျွန်တော်ပဲ နေ့တိုင်း ဆံထုံးထုံးပေးပါမယ်..." 

မော့ရှုလင်က သူ၏သစ္စာရှိမှုကို ပြသရန် အခွင့်အရေး ယူလိုက်လေသည်။
"ဒီတပည့်ကို ရှစ်စွမ်းလက်ခံပေးတဲ့အတွက် အမြဲတမ်း ရှစ်စွမ်းကို ကျေးဇူးတင်နေပြီး ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်..."

မူလတွင် ပိုင်ယွီမင်က ငြင်းချင်သော်လည်း မော့ရှုလင်က ဤသို့ပြောလာသဖြင့် မငြင်းတော့ပေ။ 
"ကောင်းပြီ... ဒါဆိုလည်း ငါ့ဆံပင်ကို မင်းလက်ထဲပဲ အပ်ထားတော့မယ်...”

တပည့်လေးတစ်ယောက်ရှိတာ တကယ်ကောင်းတာပဲ...

ပိုင်ယွီမင်က မှန်ထဲသို့ တစ်ချက်ပြန်ကြည့်ပြီးနောက် သူ့ပုံစံကို သတိပြုမိသွားကာ ပြောလိုက်လေသည်။ 
"တကယ်လို့ တစ်နေ့မှာ ငါလက်ထပ်ဖြစ်ခဲ့ရင် မင်းကိုပဲ ဆံပင်ပြင်ခိုင်းမယ်...." 

ဤအနီရောင်ဝတ်စုံက မင်္ဂလာဝတ်စုံနှင့် ဆင်တူသော်လည်း ဝတ်ရုံအနေအထားနှင့် ဆံထိုးကြောင့် သတို့သားနှင့် မတူပေ။

"ဟုတ်ကဲ့ ရှစ်စွမ်း..." 
မော့ရှုလင်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ 

ဖြစ်နိုင်လျှင် သူက ပိုင်ယွီမင် လက်ထပ်ပြီးချိန်တွင်လည်း ဆံပင်ဖြီးပေးခွင့် ရချင်သေးလေသည်။ 

ပိုင်ယွီမင်၏ တပည့်ကောင်းတစ်ယောက်အဖြစ် တစ်သက်လုံး နေသွားချင်လေ၏။

လျန်ကျီဂိုဏ်းတွင် ငြိမ်သက်သော်လည်း မြို့ထဲတွင်မူ သီချင်းသံများ၊ ကခုန်သံများဖြင့် ပြည့်နှက်နေလေသည်။ 

သို့ရာတွင် ဤသည်က မော့ရှုလင်၏ ပန်းတိုင်မဟုတ်ပေ။ မော့ရှုလင်သွားချင်သောနေရာက လျန်ကျီဂိုဏ်းမှ မိုင်နှစ်ရာခန့် အကွာတွင်ရှိသော လီဖုန်းမြို့ ဖြစ်လေသည်။ 

လူဦးရေလေးသိန်းခွဲခန့်ရှိသော လီဖုန်းမြို့က ကျင့်ကြံရေးလောက၏ အလယ်အလတ်အဆင့် မြို့ကြီးတစ်မြို့ ဖြစ်လေသည်။ 

လူဦးရေများပြားသော်လည်း အဓိကနေထိုင်သူများက သာမန်လူသားများသာ ဖြစ်သဖြင့် နှစ်သစ်ကူးအငွေ့အသက်များက ကြွယ်ဝလှလေသည်။ ထို့ကြောင့် လူများစွာအား လီဖုန်းမြို့သို့ လာရောက်ပျော်ပါးရန် ဆွဲဆောင်လျက်ရှိလေသည်။ 

ပိုင်ယွီမင်နှင့် မော့ရှုလင်က ဝိညာဉ်လှေပေါ်မှ ဆင်းလိုက်ချိန်တွင် မြို့ထဲသို့ဝင်ရန် တန်းစီနေသူများက ပေသုံးရာခန့် ရှည်လျားနေလေ၏။ 

ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပိုင်ယွီမင်က တန်းစီရန် မလိုဘဲ မြို့ထဲသို့ မြန်မြန်ဝင်နိုင်သော အခွင့်အရေးရှိသော်လည်း အထူးတလည် မဖြစ်ချင်သဖြင့် တန်းစီလိုက်လေသည်။ 

မြို့တံခါးတွင် အနီရောင်မီးပုံးများ ချိတ်ဆွဲထားပြီး အစောင့်များပင်လျှင် သူတို့၏ ခန္ဓာကိုယ်၌ အနီရောင်ပိတ်စများကို စည်းထားကြလေသည်။

မြို့ထဲသို့ မဝင်ရသေးမီမှာပင် နှစ်သစ်ကူးအငွေ့အသက်ကို ခံစားနေရလေသည်။

နှစ်သစ်ကူးကာလဖြစ်သဖြင့် လူများစွာက တောက်ပသော အဝတ်အစားများနှင့် အဆင်တန်ဆာများကို ဝတ်ဆင်ထားကြလေသည်။ အထူးသဖြင့် ကလေးတစ်ယောက်ချင်းစီက အနီရောင်စာအိတ်လေးများကဲ့သို့ ဝတ်ဆင်ထားကြလေ၏။ ထို့ကြောင့် ပိုင်ယွီမင်၏ အနီရောင်ဝတ်စုံက မင်္ဂလာဝတ်စုံနှင့် မတူတော့ပေ။

"လီဖုန်းမြို့... ရှန့်ကွမ်းကျူးချင်ရဲ့ မြို့လား..."
ပိုင်ယွီမင်က မြို့တံခါးပေါ်ရှိ စာလုံးလေးလုံးကို ကြည့်ပြီးနောက် မယုံနိုင်သော မျက်နှာထားဖြစ်သွားလေသည်။ 
"ဒီမြို့စားက ငါတို့သိတဲ့ ရှန့်ကွမ်းကျူးချင်ပဲလား..."

"အကြီးအကဲရှန့်ကွမ်းက နာမည်ကြီးတဲ့ မြို့စားမင်းပါ... နေ့စဉ်ကိစ္စတွေကို စီမံခန့်ခွဲတဲ့ မြို့စားကိုယ်စားလှယ်လည်း ရှိပါတယ်..." 

မော့ရှုလင်က ဤနေရာသို့ လာချင်သဖြင့် လီဖုန်းမြို့အကြောင်းကို အတော်အတန် လေ့လာထားလေသည်။ 

ချန်ဝူတောင်ထိပ်က လျန်ကျီဂိုဏ်း၏ အဓိကတောင်ထိပ် ဆယ်ခုအနက်မှ တစ်ခုဖြစ်သော်လည်း တောင်ထိပ်သခင် ရှန့်ကွမ်းကျူးချင်က ဟဲ့ရှန်းအဆင့်သာ ရှိနေသေးလေသည်။ ဤသည်မှာ ရှန့်ကွမ်းကျူးချင်၏ မိသားစု နောက်ခံအသိုင်းအဝိုင်းကြောင့် ဖြစ်၏။

"ငါတို့ တခြားနေရာကို သွားသင့်လား... အကြီးအကဲရှန့်ကွမ်းဆီကို မသွားဘဲ မြို့ထဲဝင်လာရင် ရိုင်းရာမကျဘူးလား..." 

ပိုင်ယွီမင်က နှစ်သစ်ကူးကာလ၏ အဓိပ္ပာယ်မရှိသော လောကဝတ်အပြောအဆိုများကို တွေးမိကာ မောပန်းသွားလေသည်။

"ရှစ်စွမ်း မစိုးရိမ်ပါနဲ့... ဒါက အကြီးအကဲရှန့်ကွမ်းရဲ့ နာမည်ကြီး မြို့တွေထဲက တစ်မြို့ပဲ ရှိပါသေးတယ်... များသောအားဖြင့် အကြီးအကဲရှန့်ကွမ်းက နှစ်သစ်ကူးမှာ သူ့ရဲ့ ဇာတိမြို့ကို ပြန်သွားတတ်ပါတယ်..." 
မော့ရှုလင်က ပြန်ပြောလိုက်၏။

သာမန်လူများ အဓိကနေထိုင်သော မြို့အများစုက သွားလာရေးလွယ်ကူသဖြင့် ဖွံ့ဖြိုးတိုးတက်လာလေသည်။ သို့ရာတွင် ဤနေရာများ၌ စိတ်ဝိညာဉ်စွမ်းအား များစွာမရှိသဖြင့် ကျင့်ကြံသူများက ကြာရှည်စွာ နေလေ့မရှိပေ။ 

မိသားစုကြီးများက သူတို့၏ကိုယ်ပိုင်မြို့ကို တည်ထောင်ရန်အတွက် မြေကွက်များကို ရှာဖွေလေ့ရှိကြလေသည်။ 

စိတ်ဝိညာဉ်စွမ်းအား လုံလောက်သောနေရာတွင် ကြာရှည်နေထိုင်ခြင်းက ဝိညာဉ်ဇစ်မြစ်ပါသော ကလေးများကို ရနိုင်ခြေ ပိုများလေသည်။

၎င်းက လက်ဝါးကြီးအုပ်သည်ဟု ဆိုနိုင်သော်လည်း သာမန်လူများအတွက်လည်း ကောင်းမွန်လေသည်။ 

သာမန်လူများက စိတ်ဝိညာဉ်စွမ်းအားရှိသော နေရာတွင် နေထိုင်ရန် မလိုသဖြင့် ကျင့်ကြံသူများက သူတို့၏ ဘဝကို လာရောက်မနှောင့်ယှက်နိုင်သလို ကျင့်ကြံသူများအနေဖြင့်လည်း သာမန်လူများအပေါ် ကျေးဇူးကြွေးတင်နေလျှင် သာမန်လူများ၏ သက်တမ်းက တိုတောင်းသဖြင့် ပြန်ဆပ်နိုင်မည် မဟုတ်ပေ။ 

တစ်ယောက်နှင့်တစ်ယောက် ပတ်သက်မှုမရှိလျှင် ကျင့်ကြံသူများက သာမန်လူများနှင့် အလွန်နီးကပ်စွာ ထိတွေ့လေ့မရှိဘဲ မြစ်ရေက တွင်းရေကို မနှောင့်ယှက်သကဲ့သို့ နေထိုင်ကြလေသည်။

သို့သော်လည်း မိစ္ဆာကျင့်ကြံသူများက သာမန်လူများကို ဖမ်းဆီးပြီး သူတို့၏ ကျင့်ကြံမှုများအတွက် အသုံးချကာ ကျင့်ကြံသူမိသားစုများကို ဆန့်ကျင်ရန် လက်နက်တစ်ခု ဖြစ်လာသဖြင့် မိသားစုတိုင်းက နယ်မြေတစ်ခုစီကို ပိုင်ဆိုင်ချင်ကြလေသည်။ 

လီဖုန်းမြို့က ရှန့်ကွမ်းကျူးချင်၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိလေသည်။ ရှန့်ကွမ်းကျူးချင်၏ ထူးခြားသော အဆင့်အတန်းကြောင့် လီဖုန်းမြို့ကို ရှန့်ကွမ်းမိသားစုနှင့် လျန်ကျီဂိုဏ်းနှစ်ခုလုံးက တစ်ပြိုင်နက် ကာကွယ်ပေးထားလေသည်။ ထို့ကြောင့် ဤမြို့က အလုံခြုံဆုံး မြို့များအနက်မှ တစ်မြို့ဖြစ်၏။

ပိုင်ယွီမင် ဝေခွဲမရ ဖြစ်နေသည်ကို မြင်ချိန်တွင် မော့ရှုလင်က ခပ်တိုးတိုး ပြောလိုက်၏။ 
"ရှစ်စွမ်း... သူတို့ ပြောလေ့ရှိတာက အစွမ်းထက်တဲ့ နဂါးတွေတောင် မျိုးနွယ်တူမြွေကို မဖိနှိပ်နိုင်ဘူးတဲ့... ကျွန်တော်တို့က အကြီးအကဲရှန့်ကွမ်းနဲ့ ဂိုဏ်းတူတွေပဲလေ... တကယ်လို့ တစ်ခုခုဖြစ်ရင်တောင် ကျွန်တော်တို့နောက်မှာ အင်အားရှိတာပေါ့..."

ပိုင်ယွီမင်က ချက်ချင်း နားလည်သွား၏။ 
"ဉာဏ်ကောင်းလိုက်တာ..." 

ရှန့်ကွမ်းကျူးချင်ထံတွင် အကူအညီ မတောင်းနိုင်လျှင်ပင် သူ့ထံ၌ လျန်ကျီဂိုဏ်း၏ အကြီးအကဲဖြစ်ကြောင်း ခါးချိတ်တံဆိပ်ပြားရှိသဖြင့် တံဆိပ်ပြားကို သုံးနိုင်လေသည်။

သူတို့နှစ်ယောက် စကားမပြောတော့သော်လည်း သူတို့စကားများကြောင့် ဘေးပတ်ဝန်းကျင်က လူများမှာ စူးစမ်းလိုစိတ်များ ဖြစ်လာပြီး မြို့စားမင်းရှန့်ကွမ်းကို သိနေသော လူနှစ်ဦးအား ကြည့်နေကြလေ၏။ 

တစ်ယောက်က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ချောမောနေသော လူကြီးလူကောင်း တစ်ယောက်ဖြစ်ပြီး နာမည်ကြီး အလှပဂေး ဖန်အန်းထက်ပင် ပိုပြီးချောမောလေသည်။ ကလေးလေးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငယ်ရွယ်သော်လည်း မျက်ဝန်းများက တည်ငြိမ်လေသည်။ ဆရာတပည့်နှစ်ယောက်လုံးက ခန့်ညားထည်ဝါသော အသွင်အပြင်နှင့် ယဉ်ကျေးသိမ်မွေ့သော အရှိန်အဝါများ ရှိနေကြလေသည်။ 

တစ်ချိန်တည်းမှာပင် သူတို့ နှစ်ယောက်လုံးက ကျင့်ကြံသူများဖြစ်သည်မှာ သိသာသဖြင့် အားလုံးက ငေးကြည့်ရုံသာ ကြည့်ရဲကြပြီး စကားသွားမပြောရဲကြပေ။

ပိုင်ယွီမင်က အမြဲတမ်း အနီရောင်ကို ဝတ်ဆင်လေ့ရှိသဖြင့် လူများ၏အာရုံစိုက်မှုအား ခံရသည်ကို နေသားကျနေလေသည်။ မော့ရှုလင်ကလည်း ကျင့်ကြံသူတစ်သိန်းကျော်၏ ဝန်းရံမှုကိုပင် မကြောက်ခဲ့သူဖြစ်သဖြင့် ဤလူများ၏ အကြည့်ကို ဂရုမစိုက်ပေ။

မြို့ထဲသို့ဝင်ရန် မြို့ဝင်ကြေးပေးဆောင်ရ၏။ 

သာမန်လူများအတွက် ကြေးပြားငါးပြားဖြစ်ပြီး ကျင့်ကြံသူများအတွက်မူ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးဖြစ်လေသည်။ 

ပိုင်ယွီမင်က စိတ်ဝိညာဉ်ကျောက်တုံးထုတ်ပေးရန် ရှာလိုက်သော်လည်း သိုလှောင်အိတ်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မကျန်တော့သည်ကို သတိရသွားလေသည်။ ကျန်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများကို ဝတ္ထုစာအုပ်ဝယ်လိုက်သဖြင့် ယခုအချိန်တွင် သူ၏အိတ်က မျက်နှာထက်ပင် ပြောင်နေတော့လေသည်။

တောင်ပေါ်တွင် နေစဉ်က စိတ်ဝိညာဉ်ကျောက်တုံးများစွာ သုံးခဲ့သည်ကို သတိမထားမိခဲ့ပေ။ ယခု မြို့ထဲရောက်မှသာ သူ၏ပိုင်ဆိုင်မှု အများစုက မော့ရှုလင်လက်ထဲတွင် ရှိနေသည်ကို ပိုင်ယွီမင်သတိရသွားလေသည်။ 

မော့ရှုလင်က အလွန်ပါးနပ်သဖြင့် ပိုင်ယွီမင်အခက်တွေ့နေသည်ကို ကယ်တင်ရန် သူတို့နှစ်ယောက်အတွက် စိတ်ဝိညာဉ်ကျောက်တုံးကို အမြန်ပေးလိုက်၏။

ထို့နောက် မော့ရှုလင်က အားနာသည့်ပုံစံဖြင့် ပြောလိုက်လေသည်။ 
"ရှစ်စွမ်း... ဒီတပည့်ပဲ ပေးလိုက်ပါမယ်... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံထားပြီဆိုမှတော့ ဒီတပည့်ကို တစ်ခုခုလုပ်ခွင့်ပေးရမှာပေါ့..."

"အဟမ်း ငါက အသားမကျသေးလို့ပါ..." 
ပိုင်ယွီမင်က သိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးမှ မရှိတော့သဖြင့် အရှက်ပြေ ချောင်းနှစ်ချက်ခန့် ဟန့်လိုက်လေသည်။

🐰🐰🐰🐰 Chapter 47


မြို့ထဲဝင်ပြီးနောက် ပိုင်ယွီမင်က မည်သည့်နေရာအား ကြည့်ရမည်ကိုပင် မသိတော့ပေ။ 

ဤမြို့ရှိ ပွဲတော်က အလွန်စည်ကားလှလေသည်။ 

ထူးဆန်းစွာမွမ်းမံထားသော ရောင်စုံအဆောက်အအုံများ၊ လမ်းဆုံများ၊ အရောင်စုံမီးအိမ်များနှင့် သွားလာလှုပ်ရှားနေသော လူများစွာရှိလေသည်။ လမ်းပေါ်ရှိလူတိုင်းက ရယ်မောနေကြပြီး သူတို့အသံထဲမှ ပျော်ရွှင်မှုများကို ဖုံးကွယ်မထားနိုင်ပေ။ လေထုထဲတွင် ယမ်းနံ့များ၊ မိန်းမပျိုလေးများ၏ ရေမွှေးနံ့များအပြင် ပေါက်စီ၊ ဘဲပေါင်း၊ အမဲသားခေါက်ဆွဲ၊ ကော်ပြန့်ကြော်နှင့် ကြက်ကင် အစရှိသော အရသာရှိသည့် အစားအစာမျိုးစုံ၏ မွှေးရနံ့များကလည်း ပျံ့လွင့်နေလေသည်။ 

လမ်းပေါ်ရှိ ပျော်ရွှင်မှုများက ပိုင်ယွီမင်ကို ကူးစက်သွားပြီး အစောက အပြင်မထွက်ချင်ခဲ့သော လူပင်လျှင် နှစ်သစ်ကူးပွဲတော်၏ စိတ်အားထက်သန်ဖွယ် အငွေ့အသက်များကြောင့် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

ပိုင်ယွီမင်တွင် စားစရာဝယ်ရန် ပိုက်ဆံမရှိခြင်းမှာ ဝမ်းနည်းဖွယ် ကောင်းလှလေသည်။ 

ပိုင်ယွီမင်က မော့ရှုလင်ကို အကြိမ်ကြိမ် ခိုးကြည့်မိသော်လည်း အပြင်မထွက်မီက တပည့်လေးကို ပိုက်ဆံများလျှောက်မဖြုန်းရန် သတိပေးခဲ့သည်ကို သတိရသွားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖြတ်ရိုက်သကဲ့သို့ မဖြစ်စေရန် စားချင်စိတ်ကို အောင့်အည်းသည်းခံထားလိုက်လေသည်။ 

ပိုက်ဆံမကုန်ဘဲ ပျော်ရွှင်စေသည့် နည်းလမ်းများစွာလည်း ရှိသေးလေ၏။ အထူးသဖြင့် တစ်မြို့လုံးက ပျော်ရွှင်နေကြသည့် ဤကဲ့သို့ အချိန်မျိုးတွင် ဖြစ်လေသည်။

ပိုင်ယွီမင်က ရှေ့သို့ နှစ်လှမ်းခန့် သွားပြီးနောက် ချိတ်ဆွဲထားသော ပဟေဠိမီးအိမ်များကို တွေ့လိုက်ရလေသည်။ 

ပညာတတ်ပြီး ရုပ်ရည်ချောမောသော လူငယ်များစွာက မီးအိမ်ရှိ ပဟေဠိများကို အဖြေထုတ်ရန် ကြိုးစားနေကြလေသည်။ မည်သူမဆို မီးအိမ်ရှိ ပဟေဠိတစ်ခုကို မှန်အောင်ဖြေနိုင်လျှင် သကြားလုံးတစ်လုံး သို့မဟုတ် ကလေးများအတွက် ခေါင်းစည်းကြိုးတစ်ခုကို ယူနိုင်လေသည်။ အကယ်၍ ပဟေဠိဆယ်ခုကို ဆက်တိုက်ဖြေနိုင်လျှင် မျက်နှာဖုံးတစ်ခု ရရှိမည်ဖြစ်သည်။ ဤနည်းအတိုင်း အဖြေများများမှန်လေ ရရှိမည့်ဆုလာဘ်များက ပိုကောင်းလေဖြစ်သည်။ 

ပဟေဠိအားလုံးကို ဖြေနိုင်ပါက မီးအိမ်ကြီးကို ရရှိရုံသာမဟုတ်ဘဲ ဆုထုတ်ပေးသည့် နေရာရှိ စာရွက်ပေါ်တွင် မိမိ၏နာမည်ကိုလည်း ရေးထိုးနိုင်မည်ဖြစ်သည်။ ပဟေဠိလာဖြေသူတိုင်းက ထိုနာမည်များကို မြင်တွေ့နိုင်သဖြင့် အလွန်နာမည်ကြီးသွားမည်ဖြစ်၏။

ပိုင်ယွီမင်က ပဟေဠိများအား မည်ကဲ့သို့ဖြေရမည်ကို မသိသော်လည်း ဝတ္ထုများစွာ ဖတ်ဖူးသဖြင့် ရင်းနှီးနေသော အချို့ပဟေဠိများကို ဖြေနိုင်လေသည်။ 

သူက ဆုအသေးလေးတစ်ခုရရန် ရည်ရွယ်ပြီး အလေးအနက်ထားကာ စိုက်ကြည့်နေလေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်၏ အနောက်မှ လိုက်လာ၏။ သူက အရပ်ပုသော်လည်း ပိုင်ယွီမင်ကို ကူညီသည့်အနေဖြင့် အောက်ဘက်ရှိ ပဟေဠိများကို ကြည့်ပေးနေလေသည်။ 

သို့သော် ယခင်ဘဝ၌ ကျင့်ကြံရေးတွင်သာ အချိန်ကုန်ဆုံးခဲ့သဖြင့် ရင်းနှီးနေသော ပဟေဠိအချို့ကို မြင်သော်လည်း အဖြေကိုမူ သူ မသိပေ။

လမ်းမပေါ်တွင် လူအသွားအလာများက ရှုပ်ယှက်ခတ်နေလေသည်။ 

ထိုစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို အနောက်မှ တွန်းလိုက်၏။ 

မော့ရှုလင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားပြီး ယိမ်းယိုင်သွားလေသည်။ သူက ပိုင်ယွီမင်၏လက်ကို ဖမ်းကိုင်ရန် ပြင်လိုက်သော်လည်း ဘေးရှိဝတ်ရုံအနီက မည်သည့်အချိန်တွင် ပန်းရောင်ပြောင်းသွားသည်ကို မသိတော့ပေ။ မော့ရှုလင်မှာ ထိတ်လန့်သွားပြီး အမြန်မော့ကြည့်လိုက်ချိန်တွင် သူ့ဘေး၌ ပဟေဠိအကြောင်း ပြောနေသော မိန်းကလေးတစ်ယောက်ကိုသာ တွေ့ရပြီး သူ့ဘေးတွင် ရှိနေရမည့် ပိုင်ယွီမင်မှာ ပျောက်ကွယ်သွားလေသည်။

ပိုင်ယွီမင်က သူ့အား တစ်ယောက်တည်းထားခဲ့ကာ ထွက်သွားသည်ဟု ထင်မိပြီး မော့ရှုလင် စိတ်ဆိုးသွားသော်လည်း ယခုက စိတ်ဆိုးနေရမည့် အချိန်မဟုတ်ပေ။ 

မော့ရှုလင်က ပျာယာခတ်သွားပြီး ပိုင်ယွီမင်ကို လိုက်ရှာချင်သော်လည်း အပြင်သို့ ပြေးထွက်သွားလျှင် သူ့ထက် အရပ်ရှည်သော လူအုပ်ကြီးကြားတွင် ပိုင်ယွီမင်က သူ့ကို ပြန်တွေ့ရန် ပိုခက်ခဲသွားမည်ကို စိုးရိမ်မိလေသည်။ 

ထို့ကြောင့် မော့ရှုလင်က ဤနေရာတွင်သာ ငြိမ်ငြိမ်ရပ်နေရန် ဆုံးဖြတ်လိုက်လေသည်။ ပိုင်ယွီမင်က သူတို့နှစ်ယောက် လူကွဲသွားသည်ကို သတိပြုမိပြီး သူ့ကို အမြန်ပြန်လာရှာမည်ဟုသာ မျှော်လင့်နိုင်တော့လေသည်။

လူများစွာက တစ်ယောက်ပြီးတစ်ယောက် ဖြတ်သွားကြလေ၏။ 

အချိန်က အလွန်ကြာမြင့်သွားသည်လား သို့မဟုတ် ဘေးနားရှိ မိန်းကလေးက ပဟေဠိသုံးခုကို ဖြေဆိုပြီးသွားသည့် အချိန်သာဖြစ်သည်လားကို မသိသော်လည်း မော့ရှုလင်အတွက်မူ တစ်ဘဝစာခန့် ကြာသွားသကဲ့သို့ ခံစားရလေသည်။ 

တစ်စုံတစ်ယောက်ကို ဆုံးရှုံးသွားလျှင်ပင် သူဂရုမစိုက်ဟု ထင်ခဲ့ဖူးလေသည်။ 

ယခင်ဘဝ၌ သူက နှစ်ပေါင်းတစ်သောင်းကျော် နေထိုင်ခဲ့ပြီး မည်သည့်အချိန်ကမှ အထီးကျန်သည်ဟု မခံစားခဲ့ရဖူးပေ။ 

ယခုအချိန်တွင် ပိုင်ယွီမင်နှင့် လူကွဲသွားချိန်၌ သူ၏နှလုံးသားက သေလုနီးပါး အသက်ရှူကြပ်လာသကဲ့သို့ ခံစားရလေသည်။

မော့ရှုလင်က ဝတ္ထုဇာတ်လမ်းများထဲမှ ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်များက အတုအယောင်များဟုသာ အမြဲတွေးခဲ့ဖူးပြီး ခင်မင်မှုအတွက် အသက်ကို ပေးရဲသည်ကလည်း ချဲ့ကားပြောဆိုသည်ဟုသာ ထင်ခဲ့ဖူးလေသည်။ 

မော့ရှုလင်၏ အမြင်တွင် မိဘများကသာ သူ့ကို အသက်ပေးချစ်ခဲ့သဖြင့် မိသားစုမေတ္တာကသာ အစစ်အမှန်ဟု ခံစားရပြီး အခြားခင်မင်မှုနှင့် အချစ်ဆိုသည်မှာ လိုအပ်သည့် အကျိုးအမြတ်အတွက်သာ ဖြစ်သည်ဟု မြင်ခဲ့လေသည်။ 

သို့ရာတွင် ပိုင်ယွီမင်ပျောက်သွားချိန်၌ သူ့အပေါ်သို့ သက်ရောက်သော အခြားခံစားချက်များ ရှိနေသည်ကို မော့ရှုလင် နားလည်သွားလေသည်။ 

ပိုင်ယွီမင်ကို ဆုံးရှုံးရသည့် ခံစားချက်က မိသားစုကို ဆုံးရှုံးရခြင်းနှင့် လုံးဝမတူပေ။ 

မိသားစုကို ဆုံးရှုံးပြီးနောက် သူ၏ကမ္ဘာကြီးက သွေးစွန်းခဲ့ပြီး လက်စားချေရန်အတွက် အစီအစဉ်ဆွဲကာ တစ်လှမ်းချင်း လျှောက်လှမ်းခဲ့လေသည်။

သို့ရာတွင် ပိုင်ယွီမင်မရှိသည်နှင့် သူ့ကမ္ဘာကြီးက အရောင်နှင့်အသံများ ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားရလေသည်။ လူများကို မြင်နေရသော်လည်း သူတို့၏တည်ရှိမှုကို မခံစားရတော့ဘဲ ကမ္ဘာနှစ်ခုကို ပိုင်းခြားထားသည့် မမြင်ရသော အတားအဆီးတစ်ခု ရှိနေပြီး သူတစ်ယောက်တည်းက အမှောင်ထဲတွင် ကျန်ရစ်နေသကဲ့သို့ ခံစားရလေသည်။ 

သူက လက်ကျန်ဘဝကို ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် မဖြတ်သန်းချင်ပေ။ 

ပိုင်ယွီမင်ကို ပြန်ရှာရမည်ဖြစ်၏။

မျက်လုံးကို မှိတ်လိုက်ပြီး ဝိညာဉ်အသိစိတ်ဖြင့် မရှာရသေးမီတွင် ဘေးမှ ရင်းနှီးနေသော်လည်း တမင်တကာ အသံပြောင်းထားသည့် ခပ်အက်အက်အသံကို ကြားလိုက်ရလေသည်။
"ကလေးလေး... ဦးဦးက သကြားလုံးကျွေးမလို့ ဦးဦးနဲ့အတူ အိမ်လိုက်ခဲ့မလား..."

ပိုင်ယွီမင်က မျက်နှာဖုံးတစ်ခု တပ်ဆင်ထားပြီး မော့ရှုလင်လှည့်ကြည့်ချိန်၌ ခြောက်လှန့်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။ 

သို့ရာတွင် သူ မလှုပ်ရှားရသေးမီတွင် အမြောက်သဖွယ် ပြေးဝင်လာသော မော့ရှုလင်က သူ့ရင်ခွင်ထဲသို့ တိုးဝင်လာလေ၏။

"မကောင်းတဲ့လူကြီး..."
မော့ရှုလင်က ပိုင်ယွီမင်၏ အဝတ်များကို ဆွဲကိုင်ကာ အဆက်မပြတ် အော်ဟစ်လေတော့သည်။

"ဟေး... ငါ့အမှားပါ ငါ့အမှားပါ.... မငိုနဲ့တော့... မငိုနဲ့တော့နော်..."

ပိုင်ယွီမင်က ဆုယူရန် ဆုထုတ်ပေးသည့် နေရာသို့ သွားခဲ့ပြီးနောက် ပြန်လာချိန်တွင် ထောင့်တစ်နေရာ၌ ပုန်းနေသော မော့ရှုလင်ကို မြင်လိုက်ရသဖြင့် စနောက်ရန် လုပ်ခဲ့သော်လည်း ကလေးက ဤမျှထိတ်လန့်သွားမည်ဟု မထင်ထားခဲ့ပေ။

"ကျွန်တော် မငိုပါဘူး..."
မော့ရှုလင်က ခေါင်းမော့လိုက်ပြီး နီရဲနေသော်လည်း မျက်ရည်မကျသည့် မျက်လုံးများဖြင့် ပိုင်ယွီမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ 

သို့ရာတွင် မော့ရှုလင် မော့ကြည့်လိုက်ချိန်၌ ပိုင်ယွီမင်၏ မျက်နှာပေါ်မှ ယုန်မျက်နှာဖုံးကို တွေ့လိုက်ရလေသည်။ ထို့နောက် သူပိုပြီး ဒေါသထွက်လာလေ၏။ 

ပိုင်ယွီမင်က ဤမျက်နှာဖုံးကြောင့် သူ့ကို ထားခဲ့ခြင်း ဖြစ်လေသည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... မငိုပါဘူး... ချစ်စရာကောင်းပြီး သတ္တိရှိတဲ့ ငါ့ရဲ့တပည့်လေး..."
ပိုင်ယွီမင်က မျက်နှာပေါ်မှ မျက်နှာဖုံးကို ချွတ်လိုက်ပြီး မော့ရှုလင် ခေါင်းပေါ်တွင် စွပ်ပေးလိုက်လေသည်။
"ဒါက ရှစ်စွမ်း မင်းကိုပေးတဲ့ လက်ဆောင်ပဲ... တပ်ကြည့်လိုက်... ရှစ်စွမ်းကိုပြပါဦး..."

ပိုင်ယွီမင်၏ ပြုံးဖြီးနေသော မျက်နှာကို မြင်ချိန်တွင် မော့ရှုလင်က ဒေါသမထွက်နိုင်တော့ပေ။ သူ စိုးရိမ်နေလေ၏။ ဒေါသထွက်နေလျှင် ပိုင်ယွီမင်စိတ်အနှောင့်အယှက် ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့လေသည်။ ဤလောကတွင် ပိုင်ယွီမင်ကို ဆုံးရှုံးရသည့် ခံစားချက်အား ထပ်ပြီး မခံစားချင်တော့ပေ။

"အရမ်းလှတာပဲ... ဒါက ရှစ်စွမ်းပေးတဲ့ လက်ဆောင်ဆိုတော့ သေချာသိမ်းထားရမယ်နော်..."
ပိုင်ယွီမင်က အခွင့်ကောင်းယူပြီး မော့ရှုလင်၏ပါးကို ဆွဲညှစ်လိုက်၏။ တပည့်လေး၏ပါးက နူးညံ့အိစက်နေပြီး ညှစ်ရအလွန်ကောင်းလေသည်။ 

ပိုင်ယွီမင်ပြန်ရောက်လာသဖြင့် မှုန်မှိုင်းနေသော ကမ္ဘာကြီးက ပြန်လည်အရောင်စိုပြေလာကာ ပျောက်ကွယ်သွားသော အသံများကိုလည်း ပြန်ကြားလာရလေသည်။ 

ပိုင်ယွီမင်၏ တောင်းပန်မှုကြောင့် မော့ရှုလင်က စိတ်မဆိုးတော့ပေ။ 

သို့ရာတွင် ထိတ်လန့်သွားပြီးနောက် မော့ရှုလင်က လက်နှစ်ဖက်လုံးဖြင့် ပိုင်ယွီမင်၏ လက်အင်္ကျီစကို မြဲမြဲဆွဲကိုင်ထားကာ လွှတ်မပေးတော့ပေ။

ပိုင်ယွီမင်က မော့ရှုလင်၏ လက်ကို ကိုင်ထားပေးရပြီး နောင်တွင် ရုတ်တရက် ထွက်မသွားတော့ကြောင်း ပြောလိုက်လေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်၏ လက်အင်္ကျီစကို စိုက်ကြည့်လိုက်ပြီးနောက် နွေးထွေးမှုရှိသော လက်များကို ကြည့်ကာ နောက်ဆုံးတွင် လက်များကို ဆုပ်ကိုင်ထားရန် ဆုံးဖြတ်လိုက်လေသည်။ 

အချိန်အတော်ကြာ လျှောက်လာပြီးနောက် ပိုင်ယွီမင်က လက်ခုပ်တီးသံများနှင့် အော်ဟစ်အားပေးသံများကို ကြားလိုက်ရသဖြင့် မော့ရှုလင်၏ လက်ကိုဆွဲကာ လူအုပ်ကြီးထံသို့ လျှောက်သွားလေသည်။ မော့ရှုလင်ကို မျက်လှည့်ဖျော်ဖြေပွဲ ကြည့်ခိုင်းပြီး စိတ်အပန်းဖြေစေချင်လေသည်။

"လာခဲ့... ရှောင်ရှုရှုကို ဗဟုသုတရအောင် လိုက်ပြမလို့..."
ပိုင်ယွီမင်က ကလေးကို ချော့မော့ပြောဆိုနေလေသည်။ 

မော့ရှုလင်က လျစ်လျူရှုထားပြီး ပိုင်ယွီမင် ဆွဲခေါ်သည့်နောက်သို့ လိုက်ကာ ဖျော်ဖြေရေးအဖွဲ့ရှိရာသို့ လိုက်ပါသွားလေသည်။

မျက်လှည့်ဆရာက စိတ်လှုပ်ရှားနေသော လူအုပ်ကြီးကို ဖျော်ဖြေနေစဉ်တွင် မော့ရှုလင်ကမူ လူများလွန်းသဖြင့် ထွက်သွားချင်သော်လည်း ပိုင်ယွီမင်က ရှေ့ကိုသာ စိုက်ကြည့်နေပြီး မရွေ့တော့ပေ။ 

ဖျော်ဖြေသူများက အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်နှင့် မျောက်တစ်ကောင် ဖြစ်လေသည်။ 

သူတို့သုံးဦးလုံးက ချီသန့်စင်ခြင်းအဆင့်မှစပြီး ကျင့်ကြံထားသူများ ဖြစ်လေသည်။ သူတို့၏ အသက်အရွယ်အရ သူတို့ထံတွင် သာမန်ဝိညာဉ်ဇစ်မြစ်သာရှိသည်မှာ သိသာပြီး ဂိုဏ်းတစ်ခုခုတွင် ဝင်ခွင့်ရသည့် သာမန်ကျင့်ကြံသူများကဲ့သို့ မဟုတ်ပေ။ 

သို့သော်လည်း သူတို့ထံတွင် ကျင့်ကြံဆင့်အနည်းငယ်ရှိပြီး ပိုက်ဆံအတွက် အလုပ်လုပ်ကြသောကြောင့် သူတို့၏ ဖျော်ဖြေမှုများက သာမန်လူများထက် ပိုကောင်းလေ၏။ 

အမျိုးသားမျက်လှည့်ဆရာက ရှေ့သို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လှမ်းလာပြီး လက်ဖဝါးဖြင့် မီးလုံးများကို တစ်လုံးပြီးတစ်လုံး လေထဲသို့ ပစ်တင်လိုက်၏။ ရုတ်တရက် မီးလုံးနှစ်လုံးကို ပေါင်းစပ်လိုက်ချိန်တွင် အရွယ်အစားမှာ နှစ်ဆကြီးသွားလေသည်။ ထို့နောက် နောက်ထပ်တစ်လုံးကို ထပ်ပေါင်းလိုက်ချိန်တွင် မီးလုံးမှာ သုံးဆခန့် ကြီးသွားလေ၏။ သူက မီးလုံးပုံစံပြောင်းသည့်အထိ လက်ထဲတွင် ဆော့ကစားနေလေသည်။ 

မီးလုံးကို ညှစ်လိုက်ချိန်တွင် မီးလုံးက မီးကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုမီးကွင်းထဲသို့ မီးတောက်တစ်ခုကို မှုတ်သွင်းလိုက်လေသည်။ မီးနှစ်ခုဆုံချိန်၌ ရုတ်တရက် ရေအဖြစ် ပြောင်းလဲသွားပြီး ထိုရေများက လှပသောအမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်အဖြစ် ကခုန်လှုပ်ရှားနေလေသည်။

ထိုပုံရိပ်က လှပသောအမျိုးသမီးတစ်ယောက် ဖြစ်လာမည်ဟု ပရိသတ်က စိတ်လှုပ်ရှားစွာ စောင့်နေစဉ်တွင် မိတ်ကပ်များ အလွန်အကျွံလိမ်းထားသော မျောက်တစ်ကောင်က ရေထဲမှ ထွက်လာလေ၏။ 

ပရိသတ်များက စိတ်ပျက်သွားကြသော်လည်း ခေါင်းကုတ်နေသော မျောက်၏အမူအရာကို ကြည့်ကာ ရယ်မောလိုက်ကြလေသည်။ 

အမျိုးသားမျက်လှည့်ဆရာကလည်း အံ့သြသွားဟန်ဖြင့် ရင်ဘတ်ကိုဖိကာ ဤမြင်ကွင်းက အလွန်မျက်စိပသာဒဖြစ်ကြောင်း ဖော်ပြနေလေသည်။ 

ထိုအချိန်တွင် ခေါင်းကုတ်နေသော မျောက်က ရုတ်တရက် လှည့်လိုက်ပြီးနောက် အမျိုးသမီးမျက်လှည့်ဆရာ ဖြစ်သွားလေ၏။ အမျိုးသမီးမျက်လှည့်ဆရာက သူမ၏ပါတနာကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ချိန်တွင် အမျိုးသားက ချက်ချင်း ပြုံးလိုက်လေသည်။ 

ထို့နောက် သူက ရှေ့တိုးသွားပြီး အမျိုးသမီးကို နမ်းရန်ပြင်လိုက်ချိန်တွင် သူမက နောက်သို့လှည့်ပြီးနောက် မျောက်အဖြစ် တစ်ဖန်ပြောင်းသွားပြန်၏။ 

သို့ဖြစ်၍ ထိုအမျိုးသား၏အနမ်းမှာ မျောက်၏မျက်နှာပေါ်သို့ ကျရောက်သွားလေသည်။ 

သူ ထိတ်လန့်သွားချိန်တွင် မျောက်က ရှက်ကိုးရှက်ကန်း လုပ်ပြနေသဖြင့် ပရိသတ်များက ရယ်မောကြပြန်လေ၏။

ပိုင်ယွီမင်ကလည်း လိုက်ရယ်မိလေသည်။ ဇာတ်လမ်းက အလွန်ရိုးရှင်းပြီး အသုံးပြုသည့် စွမ်းအားများကလည်း အခြေခံအဆင့်သာ ဖြစ်သော်လည်း လူနှစ်ယောက်နှင့် မျောက်တစ်ကောင်၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်ဟန်ချက်ညီသဖြင့် ဖျော်ဖြေပွဲက အဆင်ပြေချောမွေ့လေသည်။ 

ပိုင်ယွီမင်က အလွန်ကျေနပ်နေပြီး လက်ခုပ်တီးချင်သော်လည်း ယခုတစ်ကြိမ်တွင် မော့ရှုလင်၏လက်ကို လွှတ်မပေးတော့ဘဲ ခေါင်းငုံ့ကာ မော့ရှုလင်ကို ပြုံးပြလိုက်၏။ 

မော့ရှုလင်မှာ သက်ပြင်းသာ ချလိုက်တော့လေသည်။

သူက အရပ်ပုသဖြင့် မျက်လှည့်ဆရာ၏ ဖျော်ဖြေမှုကို မမြင်ရဘဲ သူ့ရှေ့ရှိ လူများ၏ ကျောပြင်များကိုသာ မြင်နေရလေသည်။ သို့ရာတွင် သူ့ရှစ်စွမ်းက ဤမျှရိုးရှင်းသော လှည့်ကွက်လေးကို စွဲလန်းနေပြီး သူ့အခြေအနေကို လုံးဝသတိမထားမိပေ။ 

ပိုင်ယွီမင်က အမှန်ပင် ကလေးထိန်းရန် မသင့်တော်ပေ။ 

ကံကောင်းစွာဖြင့် သူက ကလေးတစ်ယောက်မဟုတ်သလို မျက်လှည့်ကိုလည်း စိတ်မဝင်စားပေ။

သူတို့နှစ်ယောက်က အမှတ်တမဲ့ဖြင့် ရှေ့ဆုံးတန်းသို့ တွန်းပို့ခံလိုက်ရလေသည်။ 

ပိုင်ယွီမင်က စည်ကားနေသော လူအုပ်ထဲတွင် ပန်းမိစ္ဆာလေးတစ်ကောင်ကိုလည်း မြင်လိုက်ရလေသည်။ ထိုပန်းမိစ္ဆာလေးက အဝါနုရောင်ဝတ်ဆံနှင့် အဖြူရောင်ပွင့်ချပ်များရှိသည့် ဒေစီပန်းလေးတစ်ပွင့် ဖြစ်လေသည်။ သူ့အရပ်က ဒူးဆစ်အမြင့်သာရှိပြီး ၎င်း၏အရွက်များဖြင့် ပန်းကန်လုံးတစ်လုံးကို ကိုင်ကာ ကြည့်ရှုသူများထံမှ ဆုလာဘ်များရရန် လှည့်ပတ်လျှောက်သွားနေလေသည်။ 

ဖျော်ဖြေပွဲကြည့်သူတိုင်းက ဆုပေးမည်မဟုတ်ပေ။ အချို့က ပိုက်ဆံပေးကြသော်လည်း အချို့ကမူ အချိန်ကြာမြင့်စွာ ကြည့်နေပြီး ပန်းမိစ္ဆာလေးကို လျစ်လျူရှုထားကြလေသည်။ 

ဤဒေစီပန်းလေးက မိစ္ဆာဖြစ်လာသည်မှာ ကြာသေးပုံမရပေ။ ၎င်းက စကားမပြောနိုင်ဘဲ ကိုယ်လက်အင်္ဂါ လှုပ်ရှားမှုများကို သုံးကာ ခံစားချက်ကို ဖော်ပြလေသည်။ 

တစ်စုံတစ်ယောက်က ဆုကြေးငွေပေးလိုက်လျှင် ၎င်းက ပျော်ပျော်ရွှင်ရွှင်ဖြင့် လှည့်ပတ်ကခုန်နေတတ်၏။ အချိန်ကြာမြင့်စွာ လှည့်ပတ်နေသော်လည်း မည်သူကမှ ဆုမပေးလျှင် ဤဒေစီပန်းလေးက ခေါင်းငိုက်စိုက်ကျပြီး စိတ်ပျက်သွားတတ်လေသည်။

မော့ရှုလင်မှာ ထိုပန်းမိစ္ဆာလေးက သူ့ရှစ်စွမ်းနှင့် တူသည်ဟု ခံစားရလေသည်။ အထူးသဖြင့် အလွန်စိတ်မချမ်းသာသော်လည်း ကြိုးစားပြီး အလုပ်လုပ်နေရသည့် အချိန်မျိုးတွင် ဖြစ်လေသည်။ 

ပိုင်ယွီမင်က မော့ရှုလင်ကို တို့ကာ မော့ရှုလင်၏ သိုလှောင်အိတ်ကို ကြည့်လိုက်၏။

ဤသည်က မြို့ထဲသို့ ဝင်လာပြီးနောက် မော့ရှုလင်ထံမှ ပထမဆုံးအကြိမ် ပိုက်ဆံတောင်းခြင်း ဖြစ်လေသည်။ 

မူလတွင် ပိုင်ယွီမင်က လမ်းကြုံကြည့်ချင်ခဲ့သော်လည်း ဖျော်ဖြေပွဲက အမှန်ပင် စိတ်ဝင်စားဖွယ်ကောင်းလေသည်။ သူ အမှန်တကယ် သဘောကျသောကြောင့် တစ်ဖက်လူ၏ လုပ်အားကို လေးစားသောအားဖြင့် ဆုကြေးပေးရန် လိုအပ်လေသည်။ 

ပိုင်ယွီမင်က စိတ်ဝိညာဉ်ကျောက်တုံး ၂ တုံးခန့်သာ တောင်းရန် ရည်ရွယ်ထားသော်လည်း မော့ရှုလင်က သူ၏ သိုလှောင်အိတ်ကို ဖြုတ်ပြီး ပိုက်ဆံအိတ်တစ်အိတ်လုံးကို ပိုင်ယွီမင်အား ပေးလိုက်၏။

ပိုင်ယွီမင်မှာ လက်ထဲရှိ သိုလှောင်အိတ်ကို ကိုင်ထားလျက် မျောက်ကို နမ်းမိသွားသည့် မျက်လှည့်ဆရာထက်ပင် ပိုပြီး ကြောင်အသွားလေသည်။

"ရှစ်စွမ်း... ကျွန်တော့်မှာရှိသမျှ ရှစ်စွမ်းကို အကုန်လုံး ပေးလိုက်ပြီ... အဲ့ဒါကြောင့် ရှစ်စွမ်း ကျွန်တော့်လက်ကို တွဲထားရမယ်... ဘယ်တော့မှ ထားမသွားရဘူးနော်..."
မော့ရှုလင်က အလေးအနက် ပြောလိုက်၏။ လေသံထဲတွင် တုန်လှုပ်မှုနှင့် ကြိုးစားထားသော သတ္တိများ ပါဝင်နေလေသည်။ 

ပိုင်ယွီမင်က အခက်တွေ့နေ၏။ 

အမှန်တွင် သူက အိတ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ယူချင်ခဲ့သော်လည်း အကြောင်းပြချက်မရှိ မော့ရှုလင်၏ သိုလှောင်အိတ်တစ်ခုလုံးကို လက်ခံလိုက်မိလေသည်။

ပိုင်ယွီမင်က သိုလှောင်အိတ်ကို လက်ခံထားလိုက်၏။ ဤအိတ်ကို ယူပြီးနောက် မော့ရှုလင်အား စောင့်ရှောက်ရမည်ကို သူသိလေသည်။ 

ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့်သာ သိုလှောင်အိတ်အား ဖွင့်နိုင်သည်ကို ပိုင်ယွီမင်သိလေသည်။ 

သူက မူလတွင် ပန်းမိစ္ဆာလေးအား အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်တုံးပေးရန် ရည်ရွယ်ထားသော်လည်း ပိုက်ဆံတောင်းသည့် ပန်းကန်လုံးကို ကိုင်ထားပြီး အလွန်ပင်ပန်းနေသဖြင့် အမြစ်များပင် တုန်ယင်နေသည့် ဒေစီပန်းလေးကို မြင်လိုက်ရချိန်တွင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ပေးလိုက်၏။ 

အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးအား ပန်းကန်ထဲသို့ ပစ်ထည့်လိုက်ချိန်တွင် ပန်းမိစ္ဆာလေးသာမက ဖျော်ဖြေသူများကပင် ပိုင်ယွီမင်၏ ကြွယ်ဝမှုကြောင့် အံ့သြသွားကြလေသည်။ သူတို့က လှုပ်ရှားမှုများကို အမြန်ရပ်ပြီး ပိုင်ယွီမင်ကို ကျေးဇူးတင်ကြလေ၏။

ပိုင်ယွီမင်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး သူတို့နှင့် စကားများစွာ မပြောဘဲ လှည့်ထွက်လာကာ သူ၏ ကိုယ်ပိုင်အနာဂတ်ထံသို့ ခြေလှမ်းလှမ်းလိုက်လေသည်။ 

လူများ၏လမ်းကြောင်းများက အခြေခံအားဖြင့် ကွဲပြားကြလေသည်။ 

အချို့လူများက အခြားလူများအတွက် အရာအားလုံးကို ပေးဆပ်နိုင်ကြပြီး အချို့အတွက်မူ ၎င်းက သူတို့နှလုံးသားကို တစ်ခဏခန့် လှုပ်ခတ်သွားစေသည့် မီးခိုးငွေ့မျှသာ ဖြစ်လေသည်။ 

လူအုပ်ကြီးထဲတွင် မော့ရှုလင်က ပိုင်ယွီမင်၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပိုင်ယွီမင်ကလည်း မော့ရှုလင်၏ လက်ကို မြဲမြံစွာ ပြန်လည်ဆုပ်ကိုင်ထားလေသည်။

🐰🐰🐰🐰 Chapter 48


ပိုင်ယွီမင်ကို သိုလှောင်အိတ်ပေးလိုက်ခြင်းက အကောင်းဆုံးနှင့် အဆိုးဆုံးဆုံးဖြတ်ချက်ပင် ဖြစ်လေ၏။ 

ပိုင်ယွီမင်က သူ့လက်ကို မလွှတ်ရုံသာမက ပစ္စည်းများကို စိတ်တိုင်းကျ ဝယ်ယူတော့လေသည်။ 

ဤဘက်ရှိ ရွှံ့ရုပ်ကလေးများက ဆော့ရကောင်းမည်ဟုထင်လျှင် အသွင်အပြင်ကိုကြည့်ပြီး ဝယ်လေသည်။ ဟိုဘက်ရှိ ကလေးဆံထိုးများကလည်း လှလျှင် ပိုင်ယွီမင်က မော့ရှုလင်အတွက် ပုံစံတစ်မျိုးစီကို နှစ်ခုစီဝယ်ရမှ ကျေနပ်လေသည်။ အခြားကလေးများက ငိုယိုအော်ဟစ်ပြီး သူတို့မိဘများကို မြေအိုးများ၊ ဂျောက်ဂျက်များ၊ ဝါးခရာများ၊ အဝတ်ချုပ်အရုပ်များ ဝယ်ခိုင်းနေကြသည်ကို မြင်ချိန်တွင်လည်း ပိုင်ယွီမင်က မော့ရှုလင်အတွက် အားလုံးကို တစ်ခုစီ ဝယ်ပေးလိုက်ပြန်လေသည်။

မော့ရှုလင်အနေဖြင့် လက်ဆောင်တစ်ခုကို ခါးသီးနေသော မျက်နှာဖြင့် လက်ခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ 

"ဒီမီးအိမ်လေးက တကယ်လက်ရာမြောက်တာပဲ... ယုန်ရုပ်လေးကလည်း အရမ်းလှတယ်..." 
ပိုင်ယွီမင်၏ မျက်လုံးများက တောက်ပသွားပြီး မော့ရှုလင်ကို နောက်တစ်ဆိုင်သို့ ထပ်ခေါ်သွားလေသည်။ 

"အင်း..." 
မော့ရှုလင်မှာ စိတ်တိုတိုဖြင့် ပြန်ဖြေလိုက်၏။ 

"မင်းလည်း ဒါကို လှတယ်လို့ ထင်တယ်မလား... ဒီလောက်လက်ရာမြောက်တဲ့ မီးအိမ်ကို တကယ်ကြီး ငွေစတစ်စပဲ ပေးရတယ်... အဒေါ်... ကျွန်တော့်ကို ယုန်မီးအိမ်အားလုံးကို နှစ်ခုစီပေးပါ..."

မော့ရှုလင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ပိုင်ယွီမင်က ပိုက်ဆံပေးချေပြီးလေသည်။ 

မော့ရှုလင် “……….”

ယုန်နှင့် လမင်းပုံမီးအိမ်ကို သူ့လက်ထဲသို့ လာထည့်ပြီးနောက် မော့ရှုလင်က စကားမပြောတော့ပေ။ 

ပိုင်ယွီမင်အနေဖြင့် စျေးပေါသည်ဟု ခံစားရသည်မှာ မထူးဆန်းပေ။ ကျင့်ကြံသူများနှင့် သာမန်လူများကြား အသုံးပြုသည့် ငွေကြေးစနစ်က အလွန်ကွာခြားလေသည်။ 

အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရွှေစလေးရာနှင့် လဲလှယ်နိုင်ပြီး ရွှေစလေးရာကို ငွေစလေးထောင်နှင့် လဲလှယ်နိုင်လေသည်။ ပိုင်ယွီမင်က ဆိုင်ရှိ ပစ္စည်းအားလုံးကို ဝယ်လျှင်ပင် စျေးနှုန်းက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မရှိချေ။ ကျင့်ကြံသူတစ်ယောက်က မည်မျှပင် ဆင်းရဲစေကာမူ သာမန်လူများနှင့် ယှဉ်လျှင် ချမ်းသာနေဆဲ ဖြစ်လေသည်။ 

သို့ရာတွင် သာမန်လူများသုံးသည့် ပစ္စည်းများက စိတ်ဝိညာဉ်စွမ်းအားများ မပါဝင်သဖြင့် အမြန်ပျက်စီးလွယ်ပြီး ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူမပြုပေ။ 

ထို့ကြောင့် မော့ရှုလင်၏အမြင်တွင် ပိုင်ယွီမင်က သူ့အား အမှိုက်များပေးနေခြင်းသာ ဖြစ်လေသည်။

နောက်ထပ် ယုန်နှင့် လမင်းမီးအိမ်ကို ကိုင်ထားသည့် ပိုင်ယွီမင်က မော့ရှုလင်ကို ကွင်းပစ်သည့် ဆိုင်လေးသို့ ဆွဲခေါ်သွားပြန်လေသည်။ 

"ဒါမဆော့ဖြစ်တာတောင် ကြာပြီ... ရှောင်ရှုရှု... မင်းဆော့ချင်လား..." 

မော့ရှုလင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။ 
"မဆော့တော့ဘူး... ရှစ်စွမ်းပဲ ဆော့ပါ...”

ဒါက ကလေးကစားတာလေ... ငါက တကယ့်ကလေးမှ မဟုတ်တာ...

"ကောင်းပြီလေ... ဒါဆိုရင် ငါ့ကိုကူပြီး ဆုရွေးပေးဦး..." 

ပိုင်ယွီမင်က မော့ရှုလင်၏ စကားများထဲမှ ငြင်းပယ်လိုသည့် လေသံကို မကြားလိုက်ဘဲ သူကိုင်ထားသော မီးအိမ်ကို မော့ရှုလင်လက်ထဲသို့ ထိုးထည့်လိုက်လေသည်။ 

မော့ရှုလင်မှာ မတွေးဘဲ မနေနိုင်တော့ပေ။ 

ပိုင်ယွီမင်က အသက် ဘယ်လောက်ရှိနေပြီလဲ... 

"ဦးလေး... ကျွန်တော့်ကို ဝါးကွင်း အခုသုံးဆယ်ပေးပါ..."
ငွေစတစ်စလျှင် ဝါးကွင်းသုံးခုဟု ရေးထားသဖြင့် ပိုင်ယွီမင်က ငွေစ ၁၀ စကို သပ်သပ်ရပ်ရပ် ထုတ်ပေးလိုက်လေသည်။

ပိုင်ယွီမင်က ဦးလေးပေးသည့် ဝါးကွင်းများကို ယူပြီးနောက် ကိုင်ရန် လက်မကျန်တော့သည်ကို သတိပြုမိသွားလေသည်။ 

တစ်ဖက်က မော့ရှုလင်ကို ဆွဲထားပြီး ကျန်သည့်တစ်ဖက်က ဝါးကွင်းများကို ကိုင်ထားလေသည်။ အနီးတစ်ဝိုက်တွင်လည်း လူအုပ်ကြီးက တိုးဝှေ့နေသဖြင့် ဝါးကွင်းများကို မြေပေါ်တွင် ချထားရန် နေရာမရှိပေ။ 

ပိုင်ယွီမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အလွန်အဆင်ပြေမည့် နေရာတစ်ခုကို တွေ့သွားလေသည်။ 
"လာ... ဒီကွင်းတွေကို ခဏကိုင်ထားပေးဦး... ပြီးရင် ဆုကောင်းကောင်းတွေ ရစေရမယ်..."

မော့ရှုလင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ ဝါးကွင်းအခုသုံးဆယ်က သူ့လည်ပင်း၌ ရောက်ရှိသွားတော့လေသည်။ 

မော့ရှုလင် “……….”

ပိုင်ယွီမင်သာ ပျောက်ကွယ်သွားလျှင် သူ့လောကကြီးတစ်ခုလုံး အရောင်အဆင်း ကင်းမဲ့သွားမည်ဟု သူ တွေးခဲ့စဉ်က သူ့ဦးနှောက်ထဲသို့ ရေဝင်နေခဲ့သည်မှာ သေချာလေသည်။ 

ဘဝတွင် ကြုံတွေ့ခဲ့ရသမျှ အရှက်ရစရာနှင့် ဒေါသထွက်စရာ ကိစ္စအားလုံးက ပိုင်ယွီမင်ကြောင့် ဖြစ်ရသည်မှာ ထင်ရှားလေသည်။ 

သွမ့်မုကျင်းယန်က သူ၏သဘာဝရန်သူဟု ပိုင်ယွီမင်ပြောသည်က မှားနေလေသည်။

ပိုင်ယွီမင်က အလယ်တန်းနှင့် အထက်တန်းတက်စဉ်တွင် သူငယ်ချင်းများနှင့် ကွင်းပစ်ဂိမ်း ကစားလေ့ရှိ၏။ ထိုစဉ်က သူ မတော်သဖြင့် ကွင်းဆယ်ကွင်းပစ်လျှင် တစ်ခုသာ ဝင်တတ်လေသည်။ 

သို့ရာတွင် ယနေ့၌ မတူတော့ပေ။ ပိုင်ယွီမင်က အမှတ်ပြည့် ရရှိခဲ့၏။ ကွင်း ၃၀ ပစ်ပြီး ကွင်းသုံးဆယ်လုံး ဝင်ခဲ့ကာ ဆိုင်ရှိ အခက်ခဲဆုံးဆုများကိုပင် ရယူနိုင်ခဲ့လေသည်။ 

"တွေ့လား တွေ့လား... ငါပစ်တဲ့ ကွင်းတွေ အကုန်လုံးဝင်သွားတာ..." 
ပိုင်ယွီမင်က ပျော်ရွှင်သွားလေ၏။

သူ့ကိုယ်သူ ဤမျှစွမ်းဆောင်နိုင်မည်ဟု မယုံကြည်နိုင်ပေ။ 

ဤပျော်ရွှင်မှုကို တစ်ယောက်တည်း မခံစားနိုင်ပေ။

မော့ရှုလင် “……….”

မဟာယနအဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးက ကြံ့ခိုင်သန်စွမ်းလေသည်။ ပိုင်ယွီမင်နိုင်သွားသည်က သဘာဝကျပြီး ရှုံးသွားမှသာ ထူးဆန်းမည် ဖြစ်သည်။ 

ဆိုင်ရှင်ဦးလေးက သူ ရှုံးသွားသဖြင့် စိတ်မချမ်းမသာ ဖြစ်သွားလေသည်။ သို့ရာတွင် ပိုင်ယွီမင်က ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို မြင်ချိန်တွင် သူကဲ့သို့ သာမန်လူသားတစ်ယောက်က ပြဿနာမရှာရဲသဖြင့် ပိုင်ယွီမင်အတွက် ဆုများကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ထုတ်ပိုးပေးရတော့လေသည်။

ပိုင်ယွီမင်က ရုပ်ဆိုးပြီး စျေးပေါသော ပစ္စည်းများပြည့်နေသည့် နေရာကို ကြည့်ကာ ထိုဆုများကို ရုတ်တရက် အလွန်မကြိုက်တော့ပေ။ 

အရေအတွက် များပြားလာခြင်းက အရည်အသွေးပေါ် ပြောင်းလဲမှု ဖြစ်စေသည်မှာ မှန်လေသည်။ 

သူသာ ကြိုးကြိုးစားစားနှင့် တစ်ကွင်းတည်းပစ်လျှင် ခံစားချက်က လုံးဝကွာခြားမည်ဖြစ်သည်။ 

"ရှောင်ရှုရှု... မင်းကြိုက်တဲ့ ဆုကို ရွေးလိုက်..."
 á€•ိုင်ယွဎမင်က ပြောလိုက်လေသည်။ 

မော့ရှုလင် “……….”

မော့ရှုလင်မျက်နှာတွင် ငြင်းပယ်လိုသည့် အရိပ်အယောင်များ ပြည့်နေသော်လည်း ပိုင်ယွီမင်၏ နူးညံ့သော မျက်လုံးများကို မြင်ချိန်တွင်...

"ဒီယုန်ရုပ်လေးပဲ ယူလိုက်မယ်..." 
မော့ရှုလင်က စကားဖြင့် မဖော်ပြနိုင်လောက်အောင် ရုပ်ဆိုးသည့် အရုပ်လေးကို လက်ညှိုးထိုးပြလိုက်လေသည်။ 

အဖြူရောင်အမွေးများ၊ လုံးဝိုင်းနေသည့် ခန္ဓာကိုယ်နှင့် တိုတောင်းသည့် ယုန်နားရွက်နှစ်ဖက်ကြောင့်သာ ဤသည်က ယုန်ရုပ်ဟု ခွဲခြားနိုင်သောအချက် ဖြစ်လေသည်။ ချုပ်ထားသည့် မျက်နှာသွင်ပြင်ကလည်း ရွဲ့စောင်းနေပြီး အလွန်ရိုးစင်းသည့် ပန်းပွင့်ပုံစံ အဝတ်အစားကို ဝတ်ဆင်ပေးထားလေသည်။ 

အခြားအရာများနှင့် ယှဉ်လျှင် ဤသည်က အနည်းဆုံး ယုန်နှင့် တူသေး၏။

ဆိုင်မှ ပစ္စည်းတစ်ခုတည်းကိုသာ ယူလိုက်ချိန်တွင် ဆိုင်ရှင်ဦးလေးက မော့ရှုလင်စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ဆုကို လက်နှစ်ဖက်ဖြင့် အမြန်ကမ်းပေးလိုက်ပြီး မော့ရှုလင်၏ ရွေးချယ်မှုကို ချီးကျူးစကားများ ပြောတော့လေသည်။ 

"အင်း... တော်တော်ရုပ်ဆိုးတဲ့ ကြွက်ဖြူလေး..." 
ပိုင်ယွီမင်က ဤသည်ကို ယုန်ရုပ်ဟု အသိအမှတ်ပြုရန် ငြင်းဆိုလိုက်လေသည်။ 

မော့ရှုလင်က အရုပ်ကို ပွေ့ပိုက်ထားပြီး ယုန်ကို ကြွက်ဟု ခေါ်နေသည့် ပိုင်ယွီမင်၏ ကလေးဆန်သော အမူအရာကို နားမလည်သကဲ့သို့ ဟန်ဆောင်လိုက်လေသည်။

"ဒါကို ထည့်ထားလိုက်..." 
ပိုင်ယွီမင်က ရုပ်ဆိုးသောယုန်ရုပ်ကို မကြည့်ချင်သဖြင့် သိုလှောင်အိတ်ကို မော့ရှုလင်ထံ ပြန်ပေးလိုက်လေသည်။ 

"မထည့်ဘူး... ကျွန်တော်ပဲ ကိုင်ထားမယ်..." 

မော့ရှုလင်က သိုလှောင်အိတ်ကို ပိုင်ယွီမင်လက်ထဲသို့ ပြန်ထည့်ပေးလိုက်လေသည်။ ပိုင်ယွီမင်က ယွဲ့ရွှယ်တောင်ထိပ်သို့ အမှိုက်များ ယူမလာနိုင်စေရန် ဤရုပ်ဆိုးသော ယုန်ရုပ်ကို တမင်တကာ ကိုင်ထားခြင်း ဖြစ်လေသည်။

ပိုင်ယွီမင် “.........”

မော့ရှုလင်လက်ထဲရှိ ရုပ်ဆိုးသော ယုန်ရုပ်ကိုကြည့်ပြီး ပိုင်ယွီမင်၏ ပစ္စည်းဝယ်ချင်စိတ်များက ပျောက်ကွယ်သွားလေသည်။ 

သို့သော် ပစ္စည်းများ မဝယ်ချင်လျှင်ပင် လမ်းတစ်လျှောက်၌ အရသာရှိသော စားစရာများ ရှိသေးလေသည်။ 

"ဒီထန်ဟူလုတွေရဲ့ အရောင်က အရမ်းလှတာပဲ... ရှောင်ရှုရှု စားကြည့်..." 

မော့ရှုလင်လက်ထဲသို့ တစ်ချောင်းရောက်သွားသည်နှင့် ကျန်တစ်ချောင်းက ပိုင်ယွီမင်၏ ပါးစပ်ထဲသို့ ရောက်ရှိသွားလေသည်။ 

နှစ်လုံးစားပြီးနောက် ပိုင်ယွီမင်က မှတ်ချက်ပေးလိုက်လေသည်။ 
"ဒါက အရင်က ငါစားဖူးတာထက် အများကြီး ပိုအရသာရှိတယ်..."

ကျင့်ကြံရေးလောကရှိ အပင်များက စိတ်ဝိညာဉ်စွမ်းအားများဖြင့် ကြီးထွားလာသဖြင့် သာမန်သစ်သီးများပင်လျှင် ပိုပြီး အရသာရှိလေသည်။ 

မော့ရှုလင် “……….”

ကောင်းပြီလေ...

နှစ်သစ်ကူးပွဲတော်ကာလအတွင်း၌ အရသာရှိသော အစားအသောက်များစားသည်က မှန်ကန်လေသည်။ အနည်းဆုံး ဤအရာများက ဗိုက်ထဲရောက်သွားလျှင် ပျောက်ကွယ်သွားမည် ဖြစ်သဖြင့် အိမ်သို့ ယူသွားပြီး အခြားလူများထံမှ အာရုံစိုက်ခံရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။

အပြင်မထွက်ချင်သည့် ယုန်ဝတုတ်လေးက အားလုံးထက် ပိုပြီး ပျော်နေပုံရလေသည်။ 

တစ်နေ့လုံး မော့ရှုလင်က ပိုင်ယွီမင် ဆွဲခေါ်သည့်နောက်သို့ လိုက်ပြီး စားစရာများစွာကို စားခဲ့ရကာ ဖျော်ဖြေရေးများစွာကိုလည်း ကြည့်ခဲ့ရလေသည်။ ပိုင်ယွီမင်က အိမ်မွေးတိရစ္ဆာန် အစားအသောက်ပြိုင်ပွဲကိုပင် ဝင်ပြိုင်ရန် စာရင်းသွင်းလုနီးပါး ဖြစ်ခဲ့လေ၏။ မော့ရှုလင်သာ အချိန်မီ မတားလျှင် ပိုင်ယွီမင်က ယုန်အဖြစ်ပြောင်းရန် နေရာရှာနေမည် ဖြစ်လေသည်။

မော့ရှုလင်က ဤနေ့တစ်နေ့ကို ပိုင်ယွီမင်နှင့်အတူ ဤကဲ့သို့ပင် ကုန်ဆုံးသွားမည်ဟု ထင်ခဲ့သော်လည်း နေဝင်သွားချိန်တွင် ဗိုက်နာလာမည်ဟု မထင်ထားခဲ့ပေ။ 

ပိုင်ယွီမင်က မော့ရှုလင်ကို အနီးဆုံးဆေးခန်းသို့ အမြန်ခေါ်သွား၏။ 

သမားတော်မှာ ပိုင်ယွီမင်က ကျင့်ကြံသူတစ်ယောက် ဖြစ်သည်ကို မြင်ချိန်တွင် ဤကလေးကို ကုသရန် သူ့ဆေးပညာက မလုံလောက်မည်ကို စိုးရိမ်သွားပြီး အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။

သွေးခုန်နှုန်းကို စမ်းသပ်ပြီး မေးခွန်းအချို့ မေးမြန်းပြီးနောက်မှာသာ သမားတော်က သက်ပြင်းချနိုင်သွားလေသည်။

"ကလေး... မင်းအစားတွေ အများကြီး စားလိုက်လို့ပဲ... ဝမ်းလျှောတာက မထူးဆန်းပါဘူး... ဦးလေး ဆေးပေးလိုက်မယ်... ဆေးကို ခဏလောက် အပူပေးထားလိုက်... ကလေး ရေအိမ်က ထွက်လာရင် ဒီဆေးကိုသောက်လိုက်... ဒါဆိုရင် ရောဂါပျောက်သွားလိမ့်မယ်..." 

မော့ရှုလင် “……….”

သူက ယခုအချိန်တွင် ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးသဖြင့် ဖျားနာနိုင်သည်ကို မေ့လျော့နေခဲ့လေသည်။ သူက သာမန်လူသားတစ်ယောက်နှင့် အလွန်မကွာခြားသေးပေ။

သမားတော်က ပိုင်ယွီမင်ကို ပြော၏။ 
"နှစ်သစ်ကူးပွဲဖြစ်နေရင်တောင် ကလေးကို အရမ်းအလိုမလိုက်သင့်ဘူး... ထိန်းချုပ်ပေးရမယ်... ကလေးရဲ့ အစာခြေစနစ်က အားနည်းသေးတယ်... အရသာရှိတဲ့ အစားအစာတွေကို တစ်လုတ်နှစ်လုတ်စားရင် လုံလောက်ပါပြီ... အငမ်းမရ စားဖို့မလိုပါဘူး..."

"ဟုတ်ကဲ့... မစိုးရိမ်ပါနဲ့ သမားတော်ကြီး... ကျွန်တော် သူ့ကို သေချာကြည့်ထားပါမယ်... နောက်တစ်ခါ လျှောက်မစားစေရတော့ပါဘူး..." 

ပိုင်ယွီမင်မှာ အစောက မော့ရှုလင်အား အတင်းကျွေးခဲ့သူက သူကိုယ်တိုင်ဖြစ်သည်ကို သတိရသွားသဖြင့် ရှက်ရွံ့နေလေ၏။

မော့ရှုလင် “……….”

ငါ့ဘဝမှာ ပိုင်ယွီမင်မရှိလို့ မဖြစ်ဘူးလို့ တွေးခဲ့မိတာ တကယ်ပဲ ငါ့ဦးနှောက်ထဲ ရေဝင်နေခဲ့လို့ နေမယ်… 

မော့ရှုလင်က မကျေမနပ် ဖြစ်နေပြီး ဗိုက်နာနာဖြင့် ဆေးခန်း၏ အနောက်ဘက်ရှိ ရေအိမ်ထဲသို့ ဝင်သွားလေသည်။ ပိုင်ယွီမင်က အမြန်လိုက်လာပြီး သိုလှောင်အိတ်ကို မော့ရှုလင်လက်ထဲသို့ အတင်းထည့်ပေးလိုက်၏။ 

မော့ရှုလင်မှာ သူ့လက်ထဲရှိ သိုလှောင်အိတ်ကို မြင်ချိန်တွင် အသက်ရှူရပ်လုနီးပါး ဖြစ်သွားပြီး ကြောက်ရွံ့မှုများက ပြန်လည်ပေါ်ပေါက်လာကာ ပိုင်ယွီမင် ထွက်သွားမည်ကို စိုးရိမ်လာလေသည်။ 

ပိုင်ယွီမင်ထွက်သွားချင်လျှင် ဤသိုလှောင်အိတ်က အသုံးမဝင်တော့ပေ။ ပိုင်ယွီမင် သူ့အနားတွင် ရှိနေစေရန် နည်းလမ်းကို မော့ရှုလင်က တွေးနေမိလေသည်။

"ငါ အထဲမှာ စက္ကူတွေ ထည့်ပေးထားတယ်... အကုန်သုံးလိုက်နော်... ချွေတာမနေနဲ့... ငါ အပြင်က စောင့်နေမယ်..." 
ပိုင်ယွီမင်က စကားအနည်းငယ်ပြောပြီး အမြန်ထွက်သွား၏။ 

မော့ရှုလင် “……….”

ပိုင်ယွီမင်က အမှတ်တမဲ့ဖြင့် နှာခေါင်းကို ပွတ်လိုက်သည်ကိုလည်း မော့ရှုလင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ 

ခုနက အရူးလို တွေးမိတာ ငါဗိုက်နာနေလို့ပဲ ဖြစ်ရမယ်…

မော့ရှုလင်က သိုလှောင်အိတ်ကို ဆုပ်ကိုင်ပြီး ရေအိမ်ထဲသို့ ဝင်သွားလေသည်။ 

ပိုင်ယွီမင်က သူ၏သဘာဝရန်သူ ဖြစ်သည်ကိုလည်း သူ အခိုင်အမာ ယုံကြည်သွားလေ၏။
နောက်ဆုံးတွင် မော့ရှုလင်က သက်သာသွားပြီးနောက် ခြေထောက်နှစ်ဖက်လုံးက ပျော့ခွေနေပြီး သမားတော်က သူ နားရန်အတွက် ဖယ်ပေးထားသည့် အခန်းကို ရှာတွေ့ခဲ့လေသည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အစားအသောက်မျိုးစုံ၏ ရနံ့များက ထွက်ပေါ်လာပြီး မည်သည့်အချိန်က ဝယ်လိုက်သည်ကို မသိသော ကြက်သားတစ်တုံးအား ပိုင်ယွီမင်က စားနေသည်ကို တွေ့လိုက်ရလေသည်။

မော့ရှုလင် “……….”

မော့ရှုလင် အခန်းထဲသို့ ဝင်လာချိန်တွင် အပူပေးထားသော ဆေးက အသင့်ရောက်ရှိနေလေ၏။ 

သူ့ရှေ့ရှိ အငွေ့တထောင်းထောင်း ထွက်နေသော ခါးသက်သက်ဆေးရည်နှင့် ပဲနီမုန့်ဘေးတွင် ထိုင်နေသော ပိုင်ယွီမင်ကို နှိုင်းယှဉ်ကြည့်ကာ ရင်ထဲရှိ ခံစားချက်အား မည်ကဲ့သို့ ဖော်ပြရမည်ကိုပင် မသိတော့ချေ။ 

မော့ရှုလင်၏ နာကျင်နေသော မျက်လုံးများကို ကြည့်ကာ ပိုင်ယွီမင်က တောက်ပစွာ ပြုံးပြပြီး ပြောလိုက်၏။ 
"ငါ မင်းကို မကျွေးတာ မဟုတ်ဘူးနော်... မင်းဗိုက်က လက်မခံနိုင်လို့ပါ..."

မော့ရှုလင်မှာ အသက်ရှူမှားလုနီးပါး ဖြစ်သွားလေ၏။ 

ပိုင်ယွီမင် လုံးဝကို မှားတယ်... သွမ့်မုကျင်းယန်က ငါ့ရန်သူမဟုတ်ဘူး... ပိုင်ယွီမင်ကမှ ငါ့ရန်သူပဲ.... 

ဝမ်းလျှောပြီးနောက် မသက်မသာ မခံစားရတော့သော်လည်း ပိုင်ယွီမင်က ခေါက်ဆွဲစားနေသည်ကို မြင်ချိန်တွင် မော့ရှုလင်မှာ ဒေါသတကြီးဖြင့် ကုတင်ပေါ်တွင် လှဲနေလိုက်လေသည်။ 

သို့ရာတွင် သူ့နှာခေါင်းမှ ရနေသည့် ခေါက်ဆွဲနံ့ကြောင့် အိပ်မပျော်ပေ။ 

နားထဲတွင် ကြားနေရသည့် အစာဝါးသံကြောင့်လည်း အိပ်မပျော်ပေ။

ပိုင်ယွီမင်က သိုလှောင်အိတ်ထဲမှ ဆားရည်စိမ်ထားသည့် အသားအနည်းငယ်အား ထပ်ထုတ်လိုက်သည်ကို မြင်ချိန်တွင် မော့ရှုလင်မှာ မနေနိုင်တော့ဘဲ အော်ပြောလိုက်မိ၏။ 
"ရှစ်စွမ်း... ကျွန်တော် အိပ်လို့မရဘူး...”

အစားအသောက်နံ့က အရမ်းမွှေးလွန်းနေတယ်... 

ယုန်ဝတုတ်လေးက ဘာဖြစ်လို့ ဒီလောက်ဝနေလဲဆိုတာ မထူးဆန်းတော့ပါဘူး... စားမနေတဲ့အချိန် ရှိမှ မရှိတာ... 

ပိုင်ယွီမင်က အိပ်မပျော်သည့် ကလေးများကို သတိရသွားပြီး မေးလိုက်၏။ 
"ရှောင်ရှုရှု... အိပ်ရာဝင်ပုံပြင် နားထောင်ချင်လား..."

မော့ရှုလင်မှာ သူက ယုန်ဝတုတ်ကြီးနှင့် ကစားနေသကဲ့သို့ ခံစားနေရသော်လည်း ပိုင်ယွီမင် ပုံပြင်ပြောပြနေလျှင် အစားစားချိန် မရတော့မည်ကို တွေးလိုက်၏။ 

ထို့နောက် သူက ခေါင်းညိတ်ပြလိုက်လေသည်။ 
"အင်း... ရှစ်စွမ်းပြောပြတဲ့ အိပ်ရာဝင်ပုံပြင်ကို နားထောင်ချင်တယ်..."

ပိုင်ယွီမင်က မော့ရှုလင် ကုတင်ဘေးတွင် ခုံတစ်လုံးဆွဲကာ ထိုင်လိုက်၏။ 
"ဒါဆိုရင် ရှစ်စွမ်း မင်းကို ရွှေဖုန်းနဲ့ ငွေဖုန်းအကြောင်း ပြောပြမယ်..." 

"မပြောနဲ့တော့..." 
မော့ရှုလင်က အညှာအတာမရှိ ငြင်းပယ်လိုက်လေသည်။ 

ခုနကလေးတင် လျှောက်စားထားလို့ ဗိုက်နာထားတာ... ရွှေတွေ ငွေတွေနဲ့ ပတ်သက်တဲ့ ပုံပြင်အကြောင်းကို မကြားချင်တော့ဘူး...

🐰🐰🐰🐰 Chapter 49


"ဒါဆိုရင်... ငါမင်းကို ရွှေဖုန်းနဲ့ ငွေဖုန်းပုံပြင်ရဲ့ ဒုတိယပုံစံကို ငါပြောပြမယ်..." 
ပိုင်ယွီမင်က ခက်ခက်ခဲခဲပင် ပြောလိုက်ရလေသည်။ 

"ရှစ်စွမ်း... ရှစ်စွမ်းက ပုံပြင်တွေအများကြီး ဖတ်ဖူးနေတာပဲကို တခြားပုံပြင် မစဉ်းစားမိတော့ဘူးလား..." 
မော့ရှုလင်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။

ပိုင်ယွီမင်က နှာခေါင်းကို ပွတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။ 
"လောလောဆယ်တော့ ငါ ဒီတစ်ခုပဲ စဉ်းစားလို့ရတယ်...”

“ပြီးတော့ ငါ့ပါးစပ်က ထွက်လာတဲ့ပုံပြင်ကို မင်းတစ်ခါမှ ကြားဖူးမှာမဟုတ်ဘူး... နားထောင်ပြီးသွားရင် ပုံပြင်ရဲ့အဓိပ္ပာယ်ကို မင်းနားလည်လိမ့်မယ်...”

“နောက်ပြီးတော့ ငါက ပုံပြင်ပြောတဲ့လူမှ မဟုတ်တာ... အစားအသောက်တွေကို ဝေဖန်တဲ့ ဒိုင်လူကြီးတွေကတောင် ကိုယ်တိုင် ချက်တတ်တာမှ မဟုတ်တာ...”

ဒိုင်လူကြီးတွေက ဟင်းမချက်တတ်ပေမဲ့ ပါးစပ်ကတော့ ဟင်းချက်နည်းတွေကို ရာနဲ့ချီပြီး ရွတ်ပြနိုင်တဲ့ စွမ်းရည်ရှိတယ်လေ...
မော့ရှုလင်က စိတ်ထဲမှ တွေးလိုက်၏။ 

သို့ရာတွင် မော့ရှုလင်က ပြောလိုက်သည်။ 
"ရှစ်စွမ်းပြောတာ မှန်ပါတယ်..." 

“အို... မင်းကတော့ ဟန်ဆောင်နေပြန်ပြီ... စိတ်ထဲမှာ ငါ့ကို ထပ်ပြီး အပြစ်ပြောနေတာ သေချာတယ်…” 

ပိုင်ယွီမင်က မော့ရှုလင်ဟန်ဆောင်နေသည်၊ ဟန်မဆောင်နေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်လေသည်။ 

သို့ရာတွင် မော့ရှုလင်က မကောင်းသော စိတ်ထားမရှိဘဲ တစ်ခါတရံတွင်သာ သဘောထားကွဲလွဲသည်ကို သူသိလေသည်။

မော့ရှုလင်ကဲ့သို့ အရည်အချင်းရှိပြီး ကိုယ့်အားကိုယ်ကိုးကာ အသက်ရှင်ခဲ့ရသော မိဘမဲ့ကလေးတစ်ယောက်ကို မဆိုထားနှင့်၊ ကလေးဘဝမှ အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ခံရသော ကလေးများပင်လျှင် သဘောထားကွဲလွဲတတ်ကြလေသည်။ 

သူတစ်ပါးပြောသမျှကို အကုန်ယုံသည့် ကြာပန်းဖြူတစ်ယောက်ကို ပျိုးထောင်ခြင်းနှင့် ယှဉ်လျှင် မော့ရှုလင်က ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမည်ကို ပိုင်ယွီမင် မျှော်လင့်လေသည်။

မော့ရှုလင်က တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် နှုတ်ခမ်းကိုသာ ကိုက်လိုက်ပြီး တိတ်တဆိတ် နေလိုက်လေသည်။ 

ပိုင်ယွီမင် စိတ်ကျေနပ်စေရန် သူက မကြာခဏ ဟန်ဆောင်ပြတတ်၏။ သို့ရာတွင် သူက ပိုင်ယွီမင်ကို အမှန်တကယ် ဂရုစိုက်လေသည်။ ထိုအရာများကို စကားဖြင့် ဖော်ပြလိုက်ချိန်တွင်မူ အတုအယောင်များနှင့် တူနေလေ၏။ 

မော့ရှုလင်၏ တည်ငြိမ်သော အပြင်ပုံစံကြောင့် ပိုင်ယွီမင်က မည်သည်ကိုမှ မသိလိုက်ပေ။

ပိုင်ယွီမင်က တစ်ခဏခန့် စဉ်းစားပြီးနောက် သက်ပြင်းချလိုက်၏။ 
"ရွှေဖုန်းနဲ့ ငွေဖုန်းပုံပြင်ကိုပဲ ငါ ပြောပြတော့မယ်..." 

မော့ရှုလင်က ခေါင်းညိတ်လိုက်၏။ အခုတစ်ကြိမ်တွင် သူ မငြင်းတော့ချေ။ 

ပိုင်ယွီမင်က အလွန်ရင်းနှီးနေသော ပုံပြင်အစပျိုးခြင်းဖြင့် စတင်လိုက်လေသည်။ 
"ဟိုးရှေးရှေးတုန်းက အနာဂတ်ကာလတစ်ခုမှာ မိန်းကလေးတစ်ယောက်က မြစ်ကမ်းဘေးမှာ သူ့ဖုန်းနဲ့ ဆယ်လ်ဖီဆွဲနေခဲ့တယ်... ဒါပေမဲ့ မတော်တဆ ဖုန်းက မြစ်ထဲကို ပြုတ်ကျသွားခဲ့တယ်..."

ပိုင်ယွီမင်၏ စကားကို နားထောင်လျက် မော့ရှုလင်မှာ မြစ်ကမ်းနားရှိ မိန်းကလေးတစ်ယောက်က သူမ၏ လက်နှင့် ကြက်များကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်နေသည်လားဟု တွေးလိုက်လေသည်။

[T/N - ဒီမှာကလေ ပိုင်ယွီမင်က ဖုန်းနဲ့ဆယ်လ်ဖီဆွဲတာလို့ပြောပေမဲ့ သူ့ရဲ့အသံထွက်က လက်ရယ် ကြက်ရယ် ရိုက်တာရယ်နဲ့ တူနေလို့ မော့ရှုလင်က အဲ့လိုတွေးလိုက်တာပါ....]

ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်နေတာလား...

မော့ရှုလင်က တည်ငြိမ်နေဆဲဖြစ်ပြီး သူ နားမလည်သဖြင့် ပိုင်ယွီမင်ကို ဖြတ်မပြောခဲ့ပေ။ သူ 

ကလေးဘဝ၌ မိခင်ဖြစ်သူက ပုံပြင်ပြောပြတိုင်း ပြောလေ့ရှိသော စကားကို သတိရမိလေသည်။ 
တချို့အရာတွေက အခု နားမလည်နိုင်သေးပေမဲ့ ကြီးလာရင် အလိုလို နားလည်သွားလိမ့်မယ်…

ပိုင်ယွီမင်က အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ပြောလေသည်။ 
"သူ့ရဲ့ ငွေတစ်သောင်းကျော်တန်တဲ့ ဖုန်းလေးက ပျောက်သွားတော့ မိန်းကလေးက အရမ်းထိတ်လန့်သွားတာပေါ့... သူ ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုရင် ရေထဲကို ချက်ချင်း ခုန်ဆင်းချင်စိတ်တောင် ပေါက်သွားတယ်..." 

ရေထဲခုန်ဆင်းချင်လောက်အောင် ထိတ်လန့်သွားတာလား... 

ငွေတစ်သောင်းကျော်ဆိုတာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပြောတာလား... 

မော့ရှုလင်က အမှတ်တမဲ့ဖြင့် လျှာကို ကိုက်မိလိုက်လေသည်။ 

လက်ကိုင်ကြက်တစ်ခုကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်တောင် ပေးရတယ်ဆိုရင် ရေစီးကြောင်းကို မခုခံနိုင်တဲ့ အဆင့်နိမ့် ကျင့်ကြံသူတွေအတွက် တကယ့်ကို များပြားတဲ့ ပမာဏပဲ...

"အဲ့ဒီအချိန်မှာပဲ မြစ်ထဲကနေ လူတစ်ယောက် ပေါ်လာတယ်..." 
ပိုင်ယွီမင်က အသံကို မြှင့်ပြောလိုက်၏။ 
"အဲ့ဒီလူက မြစ်စောင့်နတ်မင်းပဲ... မြစ်စောင့်နတ်က ရေထဲမှာရှိသမျှ အရာအားလုံးကို အုပ်ချုပ်ပေမဲ့ သူက ရိုးသားတဲ့ ကလေးတွေကို သဘောကျပြီး မလိမ္မာတဲ့ ကလေးတွေကို အမုန်းဆုံးပဲ..."

မော့ရှုလင် “………..”

ပိုင်ယွီမင်က ငါ့ရဲ့ ဟန်ဆောင်တတ်တဲ့ အကျင့်ကို မကျေနပ်လို့ ဒီပုံပြင်ကနေတစ်ဆင့် ငါ့ကို ဖြတ်ရိုက်နေတာလား...

"မြစ်စောင့်နတ်က မိန်းကလေးရဲ့ လက်ကိုင်ဖုန်းကို တိုက်ရိုက်ပြန်မပေးဘဲ မေးလိုက်တယ်... 'မိန်းမလှလေး... မင်း ပျောက်သွားတာက ရွှေလက်ကိုင်ဖုန်းလား... ငွေလက်ကိုင်ဖုန်းလား... ဒါမှမဟုတ် မှန်ကွဲနေပြီး အားသွင်းကြိုးကလည်း မူရင်းမဟုတ်၊ ၂၄ လမြောက် အရစ်ကျငွေ မပေးရသေးလို့ မန်မိုရီတွေပြည့်နေတဲ့ ဆစ်ဒနီလက်ကိုင်ဖုန်းလား’…” 
ပိုင်ယွီမင်က အသံကိုနှိမ့်ပြီး မြစ်စောင့်နတ်နေရာမှ ပြောလိုက်လေသည်။

သစ်တော်သီးလက်ကိုင်ကြက်က ဘာကြီးလဲ... 

[ T/N- ဆစ်ဒနီလက်ကိုင်ဖုန်းကို တရုတ်လိုရေးရင် နှင်းသစ်တော် ဆိုတဲ့စာလုံးပါနေလို့ ဆစ်ဒနီလက်ကိုင်ဖုန်းကို သစ်တော်သီးလက်ကိုင်ကြက်လား လို့ ထင်သွားတာပါ ]

သူ့အမေက တစ်ခါချက်ကျွေးဖူးသဖြင့် သစ်တော်သီး ကြက်စွပ်ပြုတ်ကို သိလေသည်။ သို့ရာတွင် ပြုတ်ထားသော သစ်တော်သီး၏အသားက ပျော့ဖတ်ဖတ်ဖြစ်သဖြင့် သူ မကြိုက်သောကြောင့် သူ့အမေက သစ်အယ်သီးစွပ်ပြုတ်ကို ပြောင်းချက်ပေးခဲ့လေသည်။ 

မော့ရှုလင်က ပိုင်ယွီမင်၏ အဓိပ္ပာယ်မရှိသော ပုံပြင်ကို ပိုပြီးနားမလည်နိုင်တော့ပေ။

"မိန်းကလေးက ချက်ချင်းပဲ 'ကျွန်မ ပျောက်သွားတာက ဆစ်ဒနီလက်ကိုင်ဖုန်းပါ' လို့ ပြန်ပြောလိုက်တယ်..." 
ပိုင်ယွီမင်က မိန်းကလေးအသံကဲ့သို့ ပြောပြီးနောက် မြစ်စောင့်နတ်နေရာသို့ ပြန်ပြောင်းပြောလိုက်သည်။ 
"မြစ်စောင့်နတ်က သူ့ရဲ့ ချောမွေ့တောက်ပြောင်တဲ့ မုတ်ဆိတ်မွေးတွေကို ပွတ်ပြီး ပြောလိုက်တယ်... 'ကောင်းတယ် ရိုးသားတဲ့ မိန်းကလေး... မင်းကို ဒီဖုန်းသုံးလုံးစလုံး ငါပေးလိုက်မယ်... မင်းရဲ့ ရိုးသားမှုနဲ့ ကြင်နာမှုကို အမြဲတမ်း ထိန်းသိမ်းနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်...'တဲ့… ပြီးတော့ မြစ်စောင့်နတ်က ရေထဲကို ပြန်လျှောဆင်းသွားတယ်..."

မော့ရှုလင် “………..”

မြစ်စောင့်နတ်က ဘာဖြစ်လို့ လျှောဆင်းသွားတာလဲ... သူက လူလား ငါးလား...

ပုံပြင်က မပြီးသေးပေ။ ပိုင်ယွီမင်က လမ်းသွားလမ်းလာ လူငယ်လေးတစ်ယောက်အဖြစ် ထပ်မံသရုပ်ဆောင်လေသည်။ 
"လမ်းဘေးက ဖြတ်သွားတဲ့ လူတစ်ယောက်က မိန်းကလေးကို မေးလိုက်တယ်... 'မိန်းကလေး... ဘာဖြစ်လို့ ဆစ်ဒနီဖုန်းကိုပဲ ယူတာလဲ... ဖုန်းသုံးလုံးစလုံးက ရေထဲကျသွားရင် ဖွင့်လို့မှမရတော့တာ.... အတူတူပဲကို... ရွှေက ပိုပြီးတန်ဖိုးရှိတာပေါ့... ငါသာ မင်းနေရာမှာဆိုရင် ရွှေဖုန်းကိုပဲယူမှာ...”

ဒါနဲ့ လက်ကိုင်ကြက်ဆိုတာ ဘာကြီးလဲ...

"မိန်းကလေးက သက်ပြင်းချပြီး ပြောလိုက်တယ်... 'ရှင်တို့ ယောက်ျားတွေ နားမလည်ပါဘူး... ဒီဖုန်းထဲမှာ ကျွန်မ မတင်ရသေးတဲ့ ဓာတ်ပုံတွေရယ်၊ သူငယ်ချင်းတွေနဲ့ စကားပြောထားတဲ့ စကားပြောမှတ်တမ်းတွေရယ် ရှိတယ်... ဒီလောက် အရေးကြီးတဲ့အရာကို စိန်စီထားတဲ့ဖုန်းနဲ့ လဲပေးမယ်ဆိုရင်တောင် ကျွန်မ မလဲပေးနိုင်ဘူး...'" 

ထို့နောက် ပိုင်ယွီမင်က ပုံပြင်ကို အဆုံးသတ်ကာ မေးလိုက်လေသည်။ 
"ရှောင်ရှုရှု... ဒီပုံပြင်က ပေးချင်တဲ့ သင်ခန်းစာကို နားလည်လား..."

မော့ရှုလင် “………..”

ဤလက်ကိုင်ကြက်အပေါ် သူ၏ထင်မြင်ချက်က သစ်တော်သီးကြက်စွပ်ပြုတ်သာ ဖြစ်လေသည်။ မတင်ရသေးသည့်ပုံများ၊ စကားပြောမှတ်တမ်းများဟူသည့် စကားလုံးများကို တစ်လုံးချင်းခွဲကြည့်လျှင် အဓိပ္ပာယ်သိသော်လည်း အားလုံးပေါင်းလိုက်ချိန်၌ မည်သည်ကို ဆိုလိုသည်ကို သူ လုံးဝနားမလည်တော့ပေ။ 

ပိုင်ယွီမင်၏ အားပေးနေသော မျက်လုံးများကို ကြည့်လျက် မော့ရှုလင်က ပြောလိုက်ရလေသည်။ 
"ရိုးသားရင် လက်ကိုင်ကြက်သုံးခု ရနိုင်တာလား..."

ပိုင်ယွီမင်က မော့ရှုလင်၏ သဒ္ဒါအမှားများကို တမင်တကာ မပြင်ပေးဘဲ ဆက်လက်အားပေးလေသည်။ 
"ဟုတ်တယ်... အဲ့ဒါလည်း သဘောတရားတစ်ခုပဲ... ဘာရှိသေးလဲ...”

“စကားပြောမှတ်တမ်းလား... မတင်ရသေးတဲ့ပုံတွေလား..." 
မော့ရှုလင်မှာ ပိုင်ယွီမင်၏ပုံပြင်ကို နားမလည်သဖြင့် ပင်ကိုယ်အသိစိတ်အရ အသုံးဝင်မည့် အချက်အလက်များကိုသာ ဆွဲထုတ်လိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ်... မင်းက အရမ်းဉာဏ်ကောင်းတာပဲ... အဲ့ဒါကြောင့် ဘာသင်ခန်းစာရလိုက်လဲ..."
မော့ရှုလင်က ပုံပြင်၏ အဓိကအချက်ကို ချက်ချင်း ရှာတွေ့နိုင်သဖြင့် အမှန်တကယ် ဉာဏ်ကောင်းသူဖြစ်သည်ဟု ပိုင်ယွီမင် ခံစားလိုက်ရလေသည်။ 

မော့ရှုလင် “………..”

ထက်မြက်သော အမျိုးသမီးများက ဆန်မရှိဘဲ ထမင်းမချက်နိုင်ဟု ပြောကြလေသည်။ မော့ရှုလင်က နားမလည်နိုင်သော စကားလုံးများစွာနှင့် ရင်ဆိုင်နေရပြီး အဓိပ္ပာယ်ကို ရှင်းပြရန် ခက်ခဲလေသည်။ မိစ္ဆာအရှင်သခင်ဖြစ်ရသည်က အမှန်ပင် ခက်ခဲလှလေသည်။ 

မော့ရှုလင်က မျက်မှောင်ကြုတ်ပြီး တစ်ခဏခန့် စဉ်းစားကာ ပိုင်ယွီမင်၏စကားကို ပြန်လှည့်ပြီး မေးခွန်းကို ရှောင်လိုက်လေသည်။ 
"စိန်အကြီးကြီး ရရင်တောင် တင်ထားတဲ့ ပုံတွေရယ်... သူငယ်ချင်းတွေနဲ့ စကားပြောမှတ်တမ်းတွေကို မလဲနိုင်ဘူးလို့ ပြောတာမလား..."

"ဟုတ်တယ်..." 
မော့ရှုလင်က ပုံပြင်၏နောက်ဆုံးစာပိုဒ်အား ပြန်ပြောလိုက်သည်ကို ပိုင်ယွီမင်က သတိမထားမိဘဲ ဝမ်းသာအားရ ပြောလိုက်လေသည်။ 
"အဲ့ဒီတော့ ပြောချင်တာက အပြင်ပန်းအသွင်အပြင်က ဘယ်လောက်ပဲလှလှ၊ တန်ဖိုးက ဘယ်လောက်ပဲကြီးကြီး၊ အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိုတော့ ဘာနဲ့မှ အစားထိုးလို့မရဘူးလို့ ပြောတာ... “

“တန်ဖိုးအရဆိုရင် ရွှေဖုန်းနဲ့ ငွေဖုန်းက ဆစ်ဒနီဖုန်းထက် ပိုဈေးကြီးလိမ့်မယ်... ဒါပေမဲ့ အမှတ်တရတွေထက် ပိုတန်ဖိုးရှိတာ ဘာမှမရှိဘူး...”

မင်းအတွက်လည်း အတူတူပဲ... မင်းက ရွှေဖုန်း၊ ငွေဖုန်းတွေလောက် မကောင်းချင်မကောင်းနိုင်ပေမဲ့ တစ်စုံတစ်ယောက်အတွက်တော့ မင်းက ဘာနဲ့မှအစားမထိုးနိုင်တဲ့ အဖိုးတန်ရတနာတစ်ခု ဖြစ်နေမှာ အသေအချာပဲ..."

ပိုင်ယွီမင်က ပြုံးပြီး မော့ရှုလင်၏ခေါင်းကို ပုတ်လိုက်၏။ 
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစမ်းပါ... မင်းက တစ်မူထူးခြားတဲ့ ဆစ်ဒနီလက်ကိုင်ဖုန်းလေးပါ..." 

မော့ရှုလင် “………..”

ပိုင်ယွီမင်က ဝတ္ထုဆန်လွန်းသည်ဟု ခံစားနေရသော်လည်း ထိုစကားများက သူ့နှလုံးသားရှိ နူးညံ့သောနေရာလေးကို ထိမှန်သွားခဲ့လေသည်။

အခုချိန်မှာ ငါက ပိုင်ယွီမင်ပြောပြတဲ့ မှန်ကွဲနေပြီး အရစ်ကျပိုက်ဆံမပေးရသေး၊ အားသွင်းကြိုးလည်း ပျောက်နေတဲ့ ရွံစရာ သစ်တော်သီးလက်ကိုင်ကြက်လေးလို ဖြစ်နေတာမလား... ဒါပေမဲ့ ဒီလိုလက်ကိုင်ကြက်ကို ရွှေကြက်၊ ငွေကြက်တွေနဲ့ မလဲနိုင်လောက်အောင် ဂရုစိုက်မယ့်လူ ရှိလို့လား...

"ရှစ်စွမ်း... တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို ရွှေကြက်တစ်ကောင်နဲ့ လဲမယ်ဆိုရင် ရှစ်စွမ်းလဲမှာလား..." 
မော့ရှုလင်က ယုံကြည်မှုမရှိဘဲ မေးလိုက်လေသည်။ 

သူက ရုတ်တရက် စိတ်မလုံခြုံသကဲ့သို့ ခံစားရပြီး အဖြေကို သိချင်နေမိလေသည်။

"မလဲပါဘူး..." 
ပိုင်ယွီမင်က မော့ရှုလင်၏ပါးကို ဆွဲလိုက်၏။ 
"ရွှေလက်ကိုင်ဖုန်းက ငါ့ဆံပင်ကို ဖြီးပေးမှာ မဟုတ်ဘူး... ငါ့အတွက် ပိုက်ဆံလည်း ရှာပေးမှာ မဟုတ်ဘူး... ပြီးတော့ ဗိုက်နာနေရက်နဲ့ လမ်းလျှောက်ပြီး ငါ့နောက်လိုက်နေမှာ မဟုတ်ဘူး..."

မော့ရှုလင် “………..”

သူ ဗိုက်နာသည့်ကိစ္စကို ထပ်ပြောပြန်လေသည်။ 
အရမ်းကောင်းတယ်... နွေးထွေးတာတွေ မရှိတော့ဘူး... ဘာပဲဖြစ်ဖြစ် ငါလည်း တစ်ယောက်ကိုတစ်ယောက် မြင်ရတာ ငြီးငွေ့လာပြီ… 

မော့ရှုလင်က ကုတင်ပေါ်တွင် လှဲချလိုက်ပြီး စောင်ခြုံထားကာ သူ၏ဒေါသကို တိတ်ဆိတ်ခြင်းဖြင့် ဖော်ပြလိုက်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားသော်လည်း ပိုင်ယွီမင်ထွက်သွားသည့် အသံကိုမူ မကြားရပေ။ 

မော့ရှုလင်က အနည်းငယ် စိုးရိမ်သွားလေ၏။ သူက ပိုင်ယွီမင်နှင့် ဆရာတပည့်ကဲ့သို့၊ သူငယ်ချင်းကဲ့သို့ ကန့်သတ်ချက်မရှိသော သဘာဝကျကျ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်သော်လည်း ပိုင်ယွီမင်က သူထင်သကဲ့သို့ ဖြစ်မလာမည်ကို ကြောက်နေမိလေသည်။

တစ်ခဏကြာပြီးနောက် မော့ရှုလင်က ပိုင်ယွီမင် ထွက်သွားသည်လားကို သိချင်သဖြင့် လှည့်ကြည့်လိုက်မိ၏။

 á€›á€Żá€á€şá€á€›á€€á€ş သူ့နဖူးပေါ်မှ နွေးထွေးသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရလေသည်။ 

ပိုင်ယွီမင်က သူ့နဖူးကို နမ်းလိုက်ခြင်းဖြစ်၏။ 
"လူဆိုးလေး... ရွှေဖုန်းတစ်လုံးက ငါ့တပည့်လေးနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ..."

ပိုင်ယွီမင်က မော့ရှုလင်ကို သေသေချာချာ စောင်ခြုံပေးလိုက်၏။ 
"ကောင်းပြီ... ပုံပြင်လည်းပြီးပြီ... အိပ်တော့... မင်းနိုးလာရင် ရှစ်စွမ်းက ထပ်ပြီးကစားဖို့ ခေါ်သွားပေးဦးမယ်..." 

မော့ရှုလင်က ခေါင်းညိတ်လိုက်ပြီး အမှတ်တရအားလုံးကို အနွေးထွေးဆုံးနေရာတွင် သိမ်းဆည်းထားလိုက်လေသည်။ 

သူ မေးချင်သော်လည်း အောင့်ထားရသည့် မေးခွန်းတစ်ခု ရှိသေးလေသည်။ အကယ်၍ တစ်နေ့၌ သူ ရေထဲကျသွားခဲ့လျှင် မြစ်စောင့်နတ်မင်းက ဉာဏ်ကောင်းသည့်တပည့်၊ အစွမ်းထက်သည့်တပည့်နှင့် မိစ္ဆာတပည့် တစ်ယောက်ယောက်ကို ထုတ်ပြခဲ့လျှင် ပိုင်ယွီမင်က မည်သူ့အား ရွေးချယ်မည်ကို သိချင်လေသည်။

စိတ်ထဲတွင် အတွေးများရှိနေသော်လည်း မော့ရှုလင်က အိပ်မက်မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ 

မျက်လုံးဖွင့်ပြီး ထထိုင်လိုက်ချိန်တွင် မော့ရှုလင်က ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။ အခန်းက မှောင်နေပြီး သူ့အနားတွင် ရှိနေရမည့် ပိုင်ယွီမင်က ပျောက်ကွယ်နေလေသည်။

မော့ရှုလင်၏ စိတ်ထဲ၌ စိုးရိမ်စိတ်များ ဝင်မလာမီတွင် စားပွဲဘေး၌ စာရွက်တစ်ရွက်ကို မြင်လိုက်ရလေသည်။ 

စာရွက်ပေါ်တွင် စာလုံးတစ်လုံးမှ မပါဘဲ အိပ်ပျော်နေသော ကောင်လေးတစ်ယောက်ရှိသည့် ရိုးရှင်းသော အိမ်လေးတစ်လုံးနှင့် ခေါင်မိုးပေါ်တွင် ထိုင်နေသော ယုန်ဝတုတ်လေးတစ်ကောင်၏ ပုံကိုသာ ဆွဲထားလေသည်။

မော့ရှုလင်က အဝတ်အစားများဝတ်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာချိန်တွင် အပြာရောင်အုတ်ကြွပ်များ မိုးထားသော ခေါင်မိုးပေါ်တွင် ထိုင်နေသည့် ပိုင်ယွီမင်ကို တွေ့လိုက်ရလေသည်။ 

နှစ်သစ်ကူးပွဲတော်တွင် လီဖုန်းမြို့က မီးရောင်စုံများ၊ ပွဲလမ်းသဘင်များဖြင့် စည်ကားနေလေ၏။ 

နေ့ဘက်ကဲ့သို့ မလင်းသော်လည်း မြို့၏မီးရောင်များကြောင့် ပိုင်ယွီမင်၏ အမူအရာနှင့် အပြုအမူများကို မော့ရှုလင် မြင်နေရလေသည်။

ပိုင်ယွီမင်က ခေါင်မိုးပေါ်တွင် ခြေထောက်ကို ဆန့်လျက် ထိုင်နေပြီး ပတ်ဝန်းကျင်ရှုခင်းများကို ငေးကြည့်နေလေသည်။ မော့ရှုလင်ထွက်လာသည်ကို မြင်ချိန်၌ ပိုင်ယွီမင်က သူ့ကို လက်ယမ်းပြလိုက်၏။ 

မော့ရှုလင်က ခေါင်မိုးပေါ်သို့တက်ရန် အဆောင်လက်ဖွဲ့တစ်ခုကို အသုံးပြုလိုက်သည်။

"ရှစ်စွမ်း... ဘာဖြစ်လို့ ဒီပေါ်တက်လာတာလဲ..." 

မော့ရှုလင်မှာ ရှစ်စွမ်းက သူ့အား အဖော်မလုပ်ပေးချင်သဖြင့် လေညင်းခံရန် ထွက်လာသည်လားဟု မေးချင်နေသည်။

"မင်းနိုးလာတာ ကွက်တိပဲ... ခဏနေရင် မီးရှူးမီးပန်းတွေ လွှတ်တော့မှာ... လီဖုန်းမြို့ရဲ့ ချမ်းသာတဲ့ ကုန်သည်တွေက နှစ်သစ်ကူးပွဲတော်မှာ နေ့တိုင်း မီးရှူးမီးပန်းတွေလွှတ်တယ်လို့ ငါကြားဖူးတယ်..."

ပိုင်ယွီမင်က ပြောလျက် သိုလှောင်အိတ်ထဲမှ မုန့်အချို့ကို ထုတ်ပေးလိုက်လေသည်။ 
"အရင်ဆုံး တစ်ခုခုစားထားလိုက်ဦး... ငါ ဆေးသွားယူပေးမယ်..."

မော့ရှုလင်မှာ ဆေးသောက်ရဦးမည်ဟု ကြားချိန်၌ မျက်မှောင်ကြုတ်သွားလေသည်။ 

သူ ဝေဒနာကို မကြောက်သော်လည်း ဆေးသောက်ရသည့် အကြောင်းအရင်းနှင့် အရှက်ရဖွယ်ကိစ္စများကို သတိရမိတိုင်း နောက်တစ်ကြိမ် ပြန်လည်မွေးဖွားချင်စိတ် ပေါက်လာလေသည်။

ပိုင်ယွီမင်က ဆေးယူပြီး ပြန်ရောက်လာချိန်တွင် မော့ရှုလင်၏မျက်နှာကို ကြည့်ပြီး ရုတ်တရက် ပြုံးပြလိုက်၏။ 
"လိမ္မာပါတယ်... ငါ့မှာ သကြားလုံးတွေ အများကြီးရှိတယ်... ဆေးသောက်ပြီးရင် ပေးမယ်နော်... ခဏလေးပဲ ခါးမှာပါ..."

မော့ရှုလင်က ဆေးခွက်ကိုယူပြီး ကလေးတစ်ယောက်ကဲ့သို့ ဟန်လုပ်ကာ ပြောလိုက်လေသည်။ 
"ကျွန်တော် ဆေးသောက်ရမှာကို မကြောက်ပါဘူး... မတရားဘူးလို့ ခံစားရလို့ပါ... အစားအသောက်တွေ စားခဲ့တာ အတူတူပဲကို ရှစ်စွမ်းကျတော့ ဘာမှမဖြစ်ဘူး..." 

ပြောပြီးနောက် မော့ရှုလင်က ဆေးကို တစ်ကျိုက်တည်း သောက်ချလိုက်လေ၏။

မော့ရှုလင်က ဖေးယွင်တောင်ကြား ပျက်စီးသည့်ကိစ္စအား သွယ်ဝိုက်ပြောနေခြင်းဖြစ်သည်ကို ပိုင်ယွီမင် သိလိုက်လေသည်။ 

သေခြင်းရှင်ခြင်းရှေ့၌ သူပြောသည့် အရာအားလုံးက အင်အားမရှိသကဲ့သို့ ခံစားရလေသည်။ 

ပိုင်ယွီမင်က အခြားလူများ ပြောလေ့ရှိသောစကားကို ကိုးကားလိုက်၏။
"ဘယ်လိုလုပ် မတရားတာ ဖြစ်မှာလဲ... ဆိုရိုးစကားတစ်ခု ရှိတယ်… ဒီလောကကြီးက လူတိုင်းအပေါ် တရားမျှတတယ်... နတ်ဘုရားတွေက လူတွေကို ကောင်းချီးပေးသလိုမျိုး တစ်ခုခုကိုလည်း ပြန်ယူသွားတတ်တယ်တဲ့...”

“လူဆိုတာ တစ်ယောက်တည်း မရပ်တည်နိုင်ဘူး.... ကိုယ့်မှာ ဘာတွေ လိုအပ်နေလဲဆိုတာကို သိပြီးတော့ ကိုယ့်မှာရှိတဲ့ အရာတွေအပေါ်ကို ကျေးဇူးတင်တတ်ရမယ်..."

ညကောင်းကင်ယံအောက်၌ ပိုင်ယွီမင်၏ ခန္ဓာကိုယ်မှ မှိန်ဖျော့ဖျော့ အလင်းရောင်များထွက်နေပြီး နောက်တစ်စက္ကန့်တွင် ပိုင်ယွီမင်က နတ်ဘုရားအဖြစ် တက်လှမ်းသွားတော့မည်ကဲ့သို့ မော့ရှုလင်က ခံစားလိုက်လေသည်။ 

မော့ရှုလင်က မသိစိတ်အရ ပိုင်ယွီမင်၏ ဝတ်ရုံစကို ဆုပ်ကိုင်ပြီး မေးလိုက်လေသည်။ 
"ဒါပေမဲ့ နတ်ဘုရားတွေက ကျွန်တော့်ဆီက ဘာတွေယူသွားလဲဆိုတာကိုပဲ မြင်ရတယ်... ကျွန်တော့်ကို ဘာတွေပေးလဲဆိုတာ ကျွန်တော်မမြင်ရဘူး..."

ပိုင်ယွီမင်က မော့ရှုလင်ဆုပ်ကိုင်ထားသည့် အင်္ကျီစကို ပြန်ဆွဲထုတ်လိုက်လေသည်။ 

မော့ရှုလင်မှာ ထိတ်လန့်သွား၏။ 

ပိုင်ယွီမင်ကလည်း ငါ့ကို ထားခဲ့တော့မှာလား... 

သို့ရာတွင် ပိုင်ယွီမင်က မော့ရှုလင်၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။ 
"နတ်ဘုရားတွေက မင်းအတွက် ပိုပြီးအရေးကြီးတဲ့အရာကို ပေးထားလိမ့်မယ်... ဒါပေမဲ့ သူက ဘာဆိုတ ကို လျှို့ဝှက်ထားလိမ့်မယ်..."

ပိုင်ယွီမင်က မော့ရှုလင်အား ဝမ်းနည်းမှုထဲတွင် နစ်မြုပ်မနေစေချင်သဖြင့် ဤအကြောင်းအရာကို အဆုံးသတ်လိုက်၏။ 
"မီးရှူးမီးပန်းတွေလွှတ်နေပြီ..." 

ဒိုင်း...

ကြီးမားသော မီးရှူးမီးပန်းများက ညကောင်းကင်ယံတွင် ပေါက်ကွဲသွားပြီး အလင်းရောင်များက မီးလျှံကဲ့သို့ ပွင့်အာလာပြီးနောက် ပြန့်ကျဲပျောက်ကွယ်သွားလေသည်။ 

မှောင်မိုက်သောညကြောင့် ပိုင်ယွီမင်၏ လှပသော မျက်နှာကို ဝေဝေဝါးဝါးသာ မြင်ရသော်လည်း အခြေအနေများက မည်သို့ပင် ပြောင်းလဲစေကာမူ မော့ရှုလင်က ပိုင်ယွီမင်၏ပုံရိပ်ကို သူ့နှလုံးသားထဲ၌ ထုထွင်းပြီးဖြစ်လေသည်။

၁လပိုင်း ၈ရက်နေ့တွင် မော့ရှုလင်၏ စိတ်ခံစားချက်များက အတက်အကျ ဖြစ်နေခဲ့ရ၏။ 

ပိုင်ယွီမင်နှင့်အတူ တစ်နေ့လုံး ဈေးဝယ်ကာ အစားအသောက်များစားခဲ့ပြီး ဗိုက်နာခဲ့၏။ ထို့နောက် နားမလည်နိုင်သော စကားများစွာကိုလည်း နားထောင်ခဲ့ရလေသည်။ 

မော့ရှုလင်က သူ ကံဆိုးနေသည်ဟု ခံစားခဲ့ရသော်လည်း ပိုင်ယွီမင်၏ စကားများကို ကြားပြီးနောက် တွေဝေမိန်းမောသွားခဲ့လေ၏။

ယခုအချိန်တွင် သူကြုံတွေ့နေရသည့် ကိစ္စအားလုံးက အနာဂတ်တွင် နှစ်တစ်ရာအတွင်း၌ ဖြတ်သန်းသွားမည့် အခိုက်အတန့်လေးမျှသာ ဖြစ်လေသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အခြားလူများ၏ အမြင်ပေါ်တွင်သာ မူတည်လေသည်။ သူက အခြားလူများကို သူ၏ကိုယ်ပိုင်အတွေးများဖြင့် မခန့်မှန်းသင့်ပေ။ 

အခြားလူများက မည်သို့ပင် ထင်စေကာမူ ယခုအချိန်တွင် ပျော်ရွှင်အေးချမ်းပြီး ပိုင်ယွီမင်၏ အနားတွင်သာ နေလိုစိတ်ရှိလေသည်။

ပြန်လည်မွေးဖွားခြင်းက ရှိကောင်းရှိနိုင်သည် သို့မဟုတ် မရှိနိုင်ပေ။ 

သို့ရာတွင် သူက ဘဝတစ်ခုလုံးကို အနိမ့်ဆုံးအဆင့်မှ ဖြတ်သန်းခဲ့ပြီးနောက် ပြန်လည်မွေးဖွားလာကာ ပိုင်ယွီမင်နားသို့ ရောက်ရှိလာသည်က အမှန်တရားဖြစ်လေသည်။ 

ရုတ်တရက် သူ့ခေါင်းပေါ်မှ နူးညံ့သော ပွတ်သပ်မှုကို ခံစားလိုက်ရ၏။ မော့ရှုလင်က မော့ကြည့်လိုက်ချိန်တွင် သူ့အား ပြုံးပြီးကြည့်နေသည့် ပိုင်ယွီမင်ကို တွေ့လိုက်ရလေသည်။ 

ဖြစ်နိုင်တာက ငါ့ရဲ့ကံဆိုးမှုတွေကို ပိုပြီးအရေးကြီးတဲ့ အရာတစ်ခုခုနဲ့ လဲလှယ်လိုက်တာပဲနေမယ်..

🐰🐰🐰🐰 Chapter 50


တစ်လပိုင်း ၉ ရက်နေ့...

လီဖုန်းမြို့၏ မြို့စားကိုယ်စားလှယ် ကျန်းစွင်းမင်ချန်က ချိုတစ်ချောင်းပါသော ကျားသစ်ကိုစီးကာ မြို့ပြင်သို့ အမြန်ထွက်သွားလေသည်။ 

သူ့နောက်တွင် ကျင့်ကြံသူဒါဇင်ကျော်ခန့် လိုက်ပါသွားကြလေသည်။ ကျင့်ကြံသူအများစုမှာ ယွမ်ယင်အဆင့်များဖြစ်ကြပြီး နှစ်ယောက်မှာ ချူချောင်အဆင့် ဖြစ်လေသည်။ 

ထိုလူစုမှာ အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပျက်နေသကဲ့သို့ အမြန်သွားနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေကြလေသည်။ 

နေပင်အပြည့်အဝ မထွက်သေးဘဲ တစ်ညလုံး ပွဲတော်ကို ဆင်နွှဲထားကြသူများမှာ အိပ်မောကျနေဆဲ ဖြစ်ကြလေသည်။

ယမန်နေ့ညက လီဖုန်းမြို့သူမြို့သားများမှာ မီးရှူးမီးပန်းများကြည့်ပြီး ပျော်ရွှင်နေကြစဉ်တွင် လီဖုန်းမြို့မှ ဆယ်မိုင်ခန့်ပင် မဝေးသည့် ရွာငယ်လေးတစ်ရွာမှာ တစ်ညတည်းနှင့် ပျက်စီးသွားခဲ့လေသည်။ သို့ရာတွင် လီဖုန်းမြို့တွင် နေထိုင်သော သာမန်လူများသာမက စွမ်းအားရှိသည့် ကျင့်ကြံသူများပင်လျှင် ၎င်းကို သတိမပြုမိခဲ့ကြပေ။ 

ထိုရွာငယ်လေး၏ အမည်မှာ တင်အန်းရွာဖြစ်ပြီး တစ်ရွာလုံးတွင် လူဦးရေ ၃၆ ယောက်သာ ရှိလေသည်။ 

တင်အန်းရွာက တောနက်တောင်နက်ထဲတွင် တည်ရှိပြီး တစ်ဖက်တွင် ချောက်ကမ်းပါးနှင့် တစ်ဖက်တွင် ထူထပ်သော တောအုပ်ကြီးရှိလေသည်။ ရွာသူရွာသားများက အနီးဆုံးရွာသို့ရောက်ရန် နှစ်နာရီခန့် လမ်းလျှောက်ရလေ၏။

ထိုသို့ဝေးလံသော တင်အန်းရွာသို့ လပေါင်းများစွာ ကြာသည့်တိုင်အောင် လူအဝင်အထွက် မရှိတတ်ပေ။ နွေဦးပွဲတော်ကြောင့် လာရောက်လည်ပတ်သည့် ကျင့်ကြံသူများမရှိလျှင် သို့မဟုတ် အနီးနားရွာသို့ ပြန်လာသော တပည့်တစ်ယောက်မရှိလျှင် ဤသတင်းက ကျန်းစွင်းမင်ချန်ထံသို့ တစ်ညတည်းနှင့် ရောက်လာမည် မဟုတ်ပေ။ 

ကျန်းစွင်းမင်ချန်နှင့် သူ့လူများက တင်အန်းရွာသို့ ရောက်ရှိချိန်တွင် ထိုနေရာမှာ ပြာကျနေကာ အမဲရောင်မှလွဲပြီး အခြားအရောင်များကို မမြင်ရတော့ပေ။ 

အားလုံးက သူတို့စီးနင်းလာသော ဝိညာဉ်သားရဲများပေါ်မှ အမြန်ဆင်းကာ ရွာထဲ၌ ကျန်ရှိနေနိုင်သော အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေစစ်ဆေးကြလေသည်။

ကျန်းစွင်းမင်ချန်မှာမူ ချိုတစ်ချောင်းပါသည့် ကျားသစ်ပေါ်တွင် ထိုင်နေလျက် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေလေ၏။ 

"ဒါက မိစ္ဆာကျင့်ကြံသူတွေရဲ့ လက်ချက်ပဲ... ဒီမီးသွေးခဲတွေက မီးလောင်လို့ ဖြစ်တာမဟုတ်ဘဲ တိုက်စားတဲ့ စွမ်းအားကြောင့်ဖြစ်တာ..."
ယွမ်ယင်အဆင့်ရှိသော လူငယ်ကျင့်ကြံသူတစ်ယောက်က မီးသွေးဖြစ်နေသော သစ်သားတုံးများကို စစ်ဆေးပြီး ပြောလိုက်လေ၏။ 

"ဒီတိုက်စားတဲ့စွမ်းအားက.... ဖေးယွင်တောင်ကြားမှာ ဖြစ်တာနဲ့တူနေတယ်..." 
ချူချောင်အဆင့်ထိ ကျင့်ကြံထားသော ကျင့်ကြံသူလုက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ 

ပြောပြီးနောက် သူကိုယ်တိုင်လည်း အလွန်မသေချာသဖြင့် ထပ်ပြောလိုက်၏။ 
"ဒါပေမဲ့ ကျင့်ကြံဆင့်က မှားနေတယ်... အပြုံးခေါင်းဖြူမိစ္ဆာက ယွမ်ယင်အဆင့်ရဲ့ အလယ်အလတ်အဆင့်မှာပဲ ရှိသေးတာမလား... ဒီမိစ္ဆာစွမ်းအားက ချူချောင်အဆင့်မှာရှိတာ သေချာတယ်... အဆင့်က မတည်ငြိမ်သေးပေမယ့် အဆင့်တက်သွားတာ မကြာသေးဘူးထင်တယ်..."

သူတို့အားလုံးမှာ ဖေးယွင်တောင်ကြား အဖြစ်အပျက်ကို ကြားဖူးလေသည်။ 

ထိုအချိန်က ကျန်းစွင်းမင်ချန်နှင့် အခြားသူများက မိစ္ဆာစစ်သူကြီးများ ချန်ထားခဲ့သော ခြေရာလက်ရာများကို ရှာဖွေနေကြပြီး မိစ္ဆာဘုရင်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြသဖြင့် ယွမ်ယင်အဆင့်သာ ရှိသေးသည့် အပြုံးခေါင်းဖြူမိစ္ဆာကို အလွန်အာရုံမစိုက်ခဲ့ကြပေ။ 

ဖေးယွင်တောင်ကြားမှာ အလွန်ဝေးလံသဖြင့် ပေးပို့လာသော သတင်းများမှာ အတိအကျ မမှန်ကန်နိုင်ဟု ယူဆခဲ့ကြလေသည်။ လျန်ကျီဂိုဏ်းရှိ အကြီးအကဲများစွာက စာကိုဖတ်ပြီးနောက် မည်သူကမှ ထိုတာဝန်ကို မယူလိုကြသဖြင့် ထိုကဲ့သို့ ကြေကွဲဖွယ်ရာဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ 

တာဝန်ယူမည့် အကြီးအကဲမရှိသဖြင့် ဂိုဏ်းချုပ်ပင်လျှင် မည်သူ့အား အပြစ်ပေးရမည်ကို မသိသဖြင့် ထိုကိစ္စကို လွှတ်ထားလိုက်ရတော့လေသည်။

အပြုံးခေါင်းဖြူမိစ္ဆာကိုမူ လွယ်လွယ်ကူကူဖြင့် ဆုကြေးထုတ်သည့် ဖမ်းဝရမ်းစာရင်းထဲသို့ ထည့်သွင်းလိုက်၏။ ဆုကြေးငွေကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးသိန်းအထိ သတ်မှတ်ထားပြီး ၎င်းမှာ အခြားရွာများတွင် အလောင်းများကို အသုံးချကာ ဆေးဖော်စပ်နေသော မိစ္ဆာကျင့်ကြံသူများ၏ ဆုကြေးနှင့် တူညီလေသည်။ 

သို့ရာတွင် ဖေးယွင်တောင်ကြား၏ ဖြစ်ရပ်မှာ နှစ်ဝက်ပင် မရှိသေးချေ။ 

နှစ်ဝက်မပြည့်မီ အချိန်အတွင်း၌ အပြုံးခေါင်းဖြူမိစ္ဆာမှာ ယွမ်ယင်အဆင့်၏ အလယ်အလတ်အဆင့်မှ ချူချောင်အဆင့်သို့ တက်လှမ်းသွားခဲ့လေသည်။ မည်သူမဆို စဉ်းစားကြည့်လျှင် ဤသည်မှာ မယုံနိုင်ဖွယ်ဖြစ်၏။

"ဒါက ဝိညာဉ်ချုပ်မီးအိမ်တွေကြောင့် ဖြစ်မယ်... အဲ့တုန်းက လျန်ကျီဂိုဏ်းအနေနဲ့ ဖေးယွင်တောင်ကြားက ပို့ပေးတဲ့စာကို ယုံခဲ့သင့်တာ... အပြုံးခေါင်းဖြူမိစ္ဆာရဲ့ ကျင့်ကြံဆင့်က နိမ့်တယ်ဆိုပြီး လျှော့မတွက်ခဲ့သင့်ဘူး..." 
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ယွမ်ကျန်းရှို့က မျက်နှာပျက်ကာ ပြောလေသည်။ 

ဤကိစ္စ ထပ်မံဖြစ်ပွားပါက သူ့တာဝန်ဖြစ်လာမည်ကို သိသဖြင့် လျန်ကျီဂိုဏ်း၏ ပေါ့ဆမှုကိုသာ အပြစ်တင်နေမိလေသည်။

ကျင့်ကြံသူလုက ယွမ်ကျန်းရှို့၏ အပြစ်လွှဲချမှုကို ရွံရှာသည့်ပုံစံဖြင့် လှောင်ပြောင်လိုက်လေသည်။ 
"ဖေးယွင်တောင်ကြားက အဖြစ်အပျက်တွေကို သတင်းပို့ခဲ့သားပဲ... အဲ့ဒီတုန်းက ဘယ်သူက အကူအညီတောင်းတဲ့စာကို ကြည့်ပြီး အဓိပ္ပါယ်မရှိတဲ့ ပေါက်ကရတွေလို့ အော်ခဲ့တာလဲ...”

“မင်း... မြည်းအိုကြီး... မင်းကိုယ်မင်း ငါ့ထက်သာတယ် ထင်နေလား... မင်းလည်း...."

ယွမ်ကျန်းရှို့က တစ်ခုခု ပြန်ပြောရန် ပြင်လိုက်သော်လည်း မြို့စားကိုယ်စားလှယ် ကျန်းစွင်းမင်ချန်က ကြားဖြတ်တားမြစ်လိုက်လေသည်။ 
"ပါးစပ်ပိတ်ထားကြ..." 

ကျန်းစွင်းမင်ချန်က နဖူးကို ပွတ်လိုက်၏။ 

နှစ်သစ်ကူးပွဲတော်တွင် ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားခြင်းမှာ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းလေသည်။ 

သို့ရာတွင် ဖေးယွင်တောင်ကြားနှင့် တင်အန်းရွာနှစ်ခုလုံးမှာ သေးငယ်ပြီး သာမန်လူများသာ နေထိုင်သော နေရာများဖြစ်၏။ မိစ္ဆာဘုရင်၏ ကျင့်ကြံရေးလောကကို ကျူးကျော်မည့် အကြံအစည်၊ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လုပ်ဆောင်နေပြီး ထွက်ပြေးတိမ်းရှောင်နေသော မိစ္ဆာကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် တင်အန်းရွာမှာ အရေးကြီးသည့် နေရာတွင် မရှိပေ။

ယခုအချိန်တွင် သူက စိတ်ပျက်ဒေါသထွက်နေသော်လည်း မြို့သို့ပြန်ရောက်လျှင် အခြားသော အရေးပေါ်ကိစ္စအသစ်များက သူ့အား လွှမ်းမိုးသွားမည် ဖြစ်လေသည်။ 

လူတိုင်း၏စွမ်းအားမှာ အကန့်အသတ်ရှိ၏။ 

မိစ္ဆာကျင့်ကြံသူများက အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အတွင်း လုပ်ဆောင်သွားသော လုပ်ရပ်များကို စစ်ဆေးရန် အမှန်တရားဂိုဏ်းမှ ကျင့်ကြံသူအများအပြားက ၁၀ ရက်မှ လဝက်ခန့်အထိ အချိန်ပေးရလေသည်။ အပင်ပန်းခံ စုံစမ်းစစ်ဆေးပြီးနောက် အမှန်တရားကို ရှာဖွေတွေ့ရှိလျှင်ပင် ထွက်ပြေးသွားသော လူသတ်သမားကို ဖမ်းမိချင်မှ ဖမ်းမိမည်ဖြစ်၏။ 

ထို့အပြင် ကျင့်ကြံသူများက ကံ၏အကျိုးကို ယုံကြည်ကြ၏။ 

ကံတရားကို ယုံကြည်သူများက ထိုယုံကြည်မှုကို သူတို့၏ ပျင်းရိမှုအတွက် အကာအကွယ်အဖြစ် အသုံးချတတ်ကြလေသည်။ အချိန်တစ်ခုကြာလျှင် နတ်ဘုရားများက ထိုလူယုတ်မာများကို ရှင်းလင်းပေးမည်ဟု တွေးကာ စောင့်ဆိုင်းနေတတ်ကြ၏။

ထို့ကြောင့် တရားသော ကျင့်ကြံသူများစွာ ရှိနေသော်လည်း ဤကဲ့သို့ ကိစ္စများကို မဖြေရှင်းနိုင်သူများက ပိုများလေသည်။ တစ်ယောက်ပြီးတစ်ယောက် လက်ရှောင်သွားကြသဖြင့် တာဝန်ယူလိုသူနှင့် စုံစမ်းစစ်ဆေးလိုသူမှာ နည်းပါးသွားလေသည်။ 

ကျန်းစွင်းမင်ချန်က တစ်ခဏခန့် စဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ 
"ဒီမိစ္ဆာစွမ်းအားကို စုဆောင်းပြီးတော့ မြို့စားမင်းရှန့်ကွမ်းကို သတင်းပို့လိုက်ပါ..."

သူပြောသည်က ရှန့်ကွမ်းကျူးချင်ဖြစ်လေသည်။

"မြို့စားကိုယ်စားလှယ်ကျန်းစွင်းမင်... သေချာပြန်စဉ်းစားပါဦး..." 
ယွမ်ကျန်းရှို့က ချက်ချင်း ကန့်ကွက်လေ၏။ 

"ဟုတ်ပါတယ်... သေချာပြန်စဉ်းစားပါဦး..." 
ယွမ်ကျန်းရှို့နှင့် အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေသော ကျင့်ကြံသူလုပင်လျှင် ဝိုင်းဝန်းဖျောင်းဖျလေသည်။ 
"အပြုံးခေါင်းဖြူမိစ္ဆာက ရုတ်တရက် ချူချောင်အဆင့်ကို ရောက်သွားတယ်ဆိုပေမယ့် မြို့စားကိုယ်စားလှယ်က ဖန်ရှန်းအဆင့်မှာ ရှိနေသေးတာပဲလေ"

ဤသည်ကို သတင်းပို့လိုက်ပါက မြို့စားကိုယ်စားလှယ်က မိမိထက် ကျင့်ကြံဆင့်နိမ့်သော မိစ္ဆာကျင့်ကြံသူတစ်ယောက်ကို မဖြေရှင်းနိုင်ဟု ဆိုလိုရာရောက်ပြီး လီဖုန်းမြို့၏ ဂုဏ်သိက္ခာကို များစွာထိခိုက်မည်ဖြစ်သည်။ 

အခြားလူများကလည်း ကျန်းစွင်းမင်ချန်ကို ပြန်လည်စဉ်းစားရန် တိုက်တွန်းကြလေသည်။

"ငါ့ကို အကြံပေးနေစရာမလိုဘူး... ငါဆုံးဖြတ်ပြီးပြီ..." 

ကျန်းစွင်းမင်ချန်က အခြားသူများ သံသယဝင်မည်ကို သိသဖြင့် ဆက်လက်ရှင်းပြလေသည်။ 
"ဒီကိစ္စမှာ အပြုံးခေါင်းဖြူမိစ္ဆာက ဒီလောက်ရဲတင်းနေတယ်ဆိုတော့ သူ့မှာ အားကိုးစရာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာကို ပြနေတယ်...” 

“အရင်တုန်းက အပြုံးခေါင်းဖြူမိစ္ဆာက ယွမ်ယင်အဆင့်မှာပဲ ရှိနေတဲ့အချိန်မှာ ဖေးယွင်တောင်ကြားသခင်က ချူချောင်အဆင့်ကို ရောက်နေပြီ... ပြီးတော့ သူက အပြုံးခေါင်းဖြူမိစ္ဆာအကြောင်းကိုလည်း အသေးစိတ် သိထားတယ်... အဲ့ဒါကြောင့် အားလုံးက ဖေးယွင်တောင်ကြားသခင်က ကယ်တင်ခံရဖို့အတွက် အခြေအနေကို အလွန်အကျွံ လုပ်ကြံပြီး ပြောဆိုနေတယ်လို့ ထင်ခဲ့ကြတာ...” 

“အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲဆိုတာတော့ အားလုံးသိကြမှာပါ..."

ကျန်းစွင်းမင်ချန်ပြောသည်ကို ကြားပြီးနောက် အခြားသူများက စဉ်းစားနေကြလေသည်။ 

ကျန်းစွင်းမင်ချန်က ဆက်ပြော၏။ 
"အပြုံးခေါင်းဖြူမိစ္ဆာက ကျောက်တုံးကို ကြက်ဥနဲ့ပေါက်ရလောက်အောင်ထိ မိုက်မဲမယ့်လူလို့ ငါမထင်ဘူး... သူက လီဖုန်းမြို့ပိုင်နက်ထဲမှာ လှုပ်ရှားခဲ့ပြီးတော့ ထင်ရှားတဲ့ ခြေရာလက်ရာတွေကိုလည်း ချန်ထားခဲ့တယ်... ဒါက လီဖုန်းမြို့နဲ့ ငါတို့နောက်ကွယ်က လျန်ကျီဂိုဏ်းကို တမင်တကာ စိန်ခေါ်လိုက်တာပဲ..."

ကျန်းစွင်းမင်ချန်က အားလုံးကို မေးလိုက်၏။ 
"မိစ္ဆာကျင့်ကြံသူတစ်ယောက်က ကိုယ့်ထက် အင်အားကြီးတဲ့ ဂိုဏ်းကို တမင်တကာ စိန်ခေါ်တယ်ဆိုမှတော့ နောက်ကွယ်မှာ ပူးပေါင်းကြံစည်ထားတာ တစ်ခုခုမရှိဘဲ ဖြစ်နိုင်ပါ့မလား... ဒီလိုကိစ္စလေးကို သတင်းပို့တာက ရှက်စရာကောင်းတယ်ဆိုပေမယ့် သေချာမကိုင်တွယ်နိုင်ရင် လီဖုန်းမြို့သူမြို့သားတွေအတွက် ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ်..."

ကျန်းစွင်းမင်ချန်မှာ သူအရှက်ရမည်ကို သိသော်လည်း စိတ်ထဲတွင် စိုးရိမ်ပူပန်နေလေသည်။ အကယ်၍ ဤကိစ္စကို သတင်းမပို့လျှင် တစ်သက်လုံး နောင်တရနေလိမ့်မည်ဟူသော ခံစားချက်တစ်ခုက ရင်ထဲတွင် ရှိနေလေ၏။ 

ဤကိစ္စက အလွန်ပင် သံသယဖြစ်ဖွယ်ကောင်းသဖြင့် ရှန့်ကွမ်းမိသားစုက ကြိုတင်ပြင်ဆင်မှုမရှိဘဲ ခံရမည့်အခြေအနေကို မရောက်စေရန် အမြန်ဆုံး သတင်းပို့သင့်လေသည်။ 

ထို့အပြင် ယခင်က ဖေးယွင်တောင်ကြား၏ ဖြစ်ရပ်ကြောင့် အပြုံးခေါင်းဖြူမိစ္ဆာကို ဆုကြေးထုတ်သည့် ဖမ်းဝရမ်းစာရင်းထဲသို့ ထည့်ထားပြီးဖြစ်လေသည်။ ရှန့်ကွမ်းမိသားစုက သေချာပျိုးထောင်ထားသော ကျင့်ကြံသူများကလည်း ဤကိစ္စကို လျစ်လျူရှုထားမည် မဟုတ်ပေ။

"ဒီအကြောင်းပြောတော့မှပဲ သတိရတယ်... ဖေးယွင်တောင်ကြားမှာ အသက်ရှင်ကျန်တဲ့လူတစ်ယောက် ရှိတယ်မလား... သူ့ကို ဒီအကြောင်း သွားမေးကြည့်ရအောင်..." 
ယွမ်ကျန်းရှို့က ရုတ်တရက် ပြောလိုက်၏။

"ဝိညာဉ်ဇစ်မြစ် ဒဏ်ရာရထားတဲ့ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ပဲလေ,,, ကလေးတစ်ယောက်က ဘာတွေသိမှာမို့လို့လဲ... အချိန်ဖြုန်းချင်နေတာလား..." 
ကျင့်ကြံသူလုက ကန့်ကွက်လေ၏။ 

ထိုကလေးက ဖေးယွင်တောင်ကြား ပျက်စီးရသည့် အကြောင်းအရင်းကို သိနေလျှင် လျန်ကျီဂိုဏ်းက လွန်ခဲ့သောအချိန်များကတည်းက တစ်ခုခုကို လုပ်ဆောင်ပေးခဲ့ပြီးကာ ယခုကဲ့သို့ အခြေအနေမျိုးသို့ ရောက်လာမည် မဟုတ်ပေ။

ကျန်းစွင်းမင်ချန်ကလည်း ကလေးတစ်ယောက်ကို မေးမြန်းရန်မလိုဟု ခံစားရလေသည်။ 
"အခုအချိန်က လီဖုန်းမြို့မှာ အလုပ်အရှုပ်ဆုံးအချိန်မလို့ လူအင်အားနည်းနေတယ်... ဒီကိစ္စကို လျန်ကျီဂိုဏ်းက ဖြေရှင်းပေးရမှာ...တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်..." 

ယွမ်ကျန်းရှို့က အတင်းအကျပ် ပြောလေသည်။ 
“မြို့စားကိုယ်စားလှယ်ပြောသလို အပြုံးခေါင်းဖြူမိစ္ဆာရဲ့နောက်မှာ အထောက်အပံ့ ရှိနေတယ်ဆိုရင် လျန်ကျီဂိုဏ်းက ဒီကိစ္စကို အလေးမထားဘူးဆိုရင် သူတို့က အဲ့ကလေးကို ဂရုစိုက်မှာ မဟုတ်ဘူး...”

“ဖေးယွင်တောင်ကြားက ပို့ခဲ့တဲ့စာမှာ အခြေအနေကို ချဲ့ကားရေးသားထားတယ်ဆိုပြီး လူတွေ သံသယဝင်ခဲ့ကြတယ်... အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေမှာ ဘယ်သူမဆို အလေးအနက်ထားပြီး အကူအညီတောင်းကြမှာပဲ... ဒါပေမဲ့ လျန်ကျီဂိုဏ်းက လျစ်လျူရှုလောက်ရအောင် အဲ့ဒီစာက ဘယ်လောက်တောင် ချဲ့ကားရေးထားလို့လဲ...” 

“ဒီခရီးကိုသွားဖို့ သေချာပေါက် လိုအပ်တယ်လို့ ကျွန်တော်ယုံကြည်တယ်...” 
ယွမ်ကျန်းရှို့က တည်ကြည်စွာ ပြောလိုက်လေသည်။

"ဒီလိုဆိုတော့လည်း ယုတ္တိရှိတယ်..." 
သူပြောသည်ကို နားထောင်ပြီးနောက် ကျန်းစွင်းမင်ချန်က ခေါင်းညိတ်ကာ အစီအစဉ်တစ်ခု ဆွဲလိုက်လေသည်။ 
"ဒါဆိုရင် ခန်းမဆောင်သခင်ယွမ်ပဲ သွားလိုက်ပါ..."

×××××

မော့ရှုလင်က မနက်ပိုင်းဆေးသောက်ပြီးနောက် ပိုင်ယွီမင်နှင့်အတူ စျေးတန်းထဲ ထွက်လာခဲ့လေသည်။ 

သူတို့က ဆူညံစည်ကားနေသော လမ်းမပေါ်တွင် ပခုံးချင်းယှဉ်ကာ လမ်းလျှောက်နေကြလေသည်။ သို့ရာတွင် ယမန်နေ့က ဗိုက်နာသည့် ဖြစ်ရပ်ကြောင့် မော့ရှုလင်က အစားအသောက်တိုင်းကို အဆိပ်ဟု ထင်နေလေ၏။ 

ပိကုဆေးလုံးမှလွဲပြီး မော့ရှုလင်က အခြားအစားအစာများကို စားသောက်ရန် ငြင်းဆန်နေလေသည်။ 

ပိုင်ယွီမင်က တစ်လုတ်စားရုံနှင့် ဗိုက်ကိုမထိခိုက်ဟု ချော့မော့ပြောသော်လည်း မော့ရှုလင်က ပြတ်ပြတ်သားသား ငြင်းဆန်နေဆဲ ဖြစ်လေသည်။

မော့ရှုလင်က ဝိုင်းဝန်းစားသောက်ပေးခြင်းမရှိချိန်တွင် ပိုင်ယွီမင်မှာ ပျော်ရွှင်မှုထက်ဝက်ခန့် လျော့နည်းသွားသည်ဟု ခံစားရလေ၏။ 

သူတစ်ယောက်တည်း စားသောက်နေသော်လည်း မထူးခြားသကဲ့သို့ ဖြစ်နေလေသည်။ 

လီဖုန်းမြို့က အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ရန် အားပေးတိုက်တွန်းသည့်နေရာတွင် အလွန်တက်ကြွလေသည်။ 

လမ်းတစ်လျှောက်တွင် ပိုင်ယွီမင်က လူငယ်များအတွက် နေရာသုံးလေးခုကို တွေ့လေသည်။ 

ယမန်နေ့က သူတွေ့ခဲ့သည့် ပဟေဠိမီးအိမ်များကဲ့သို့ပင် လူငယ်များ၏ ဆုတောင်းများနှင့် ပြည့်နှက်နေသော ဆုတောင်းပင်များ၊ လက်ဆောင်အဖြစ် မျက်နှာဖုံးတစ်စုံရရှိမည့် ကစားနည်းများ သို့မဟုတ် မေးခွန်း၏ ရည်ရွယ်ချက်ကို ဖြေဆိုရသည့် ကစားနည်းများလည်း ရှိလေသည်။

သာမန်လူသားများက တစ်သက်လုံး တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးရမည်ဟူသော အယူအဆ၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် စေ့စပ်ကြောင်းလမ်းမှုကို အလေးထားကြသော်လည်း လွတ်လပ်စွာ ချစ်ကြိုက်ခြင်းကိုလည်း မကန့်ကွက်ပေ။ 

သာမန်လူသားများ၏ သက်တမ်းမှာ ကန့်သတ်ချက်ရှိလေသည်။ ငယ်ရွယ်စဉ်၌ စစ်မှန်သောချစ်သူကို ရှာမတွေ့နိုင်လျှင် မိဘများနှင့် မြို့စားမင်းက အိမ်ထောင်ပြုရန်နှင့် ကလေးမွေးဖွားရန် တိုက်တွန်းကြလေသည်။

ပိုင်ယွီမင်က မေးခွန်းဖြေသည့် ကစားနည်းနှစ်ခုကို နှစ်ကြိမ်ခန့် ကြည့်ရှုခဲ့ပြီး ၎င်းက ပျော်စရာကောင်းသည်ကို တွေ့ရှိခဲ့လေသည်။ အမှတ်ပြည့်ရသည့် မည်သူမဆို လီဖုန်းမြို့ရှိ အကျော်ကြားဆုံး ချွမ်ကျားစားသောက်ဆိုင်၏ အပေါ်ဆုံးထပ်တွင် နေရာရကာ ၂၀ ရာခိုင်နှုန်းခန့် လျှော့စျေးရရှိမည်ဖြစ်သည်။ ထိုအခွင့်အရေးနှင့်အတူ ပုံမှန်အချိန်တွင် ကြိုတင်မှာ၍မရသော စားစရာများကိုလည်း မှာယူနိုင်လေ၏။ 

မီနူးတွင် ရေးထားသော စားစရာများကို မြင်လိုက်ရသည်နှင့် ပိုင်ယွီမင်မှာ ချက်ချင်း စိတ်ညှို့ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။

ဤကစားပွဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပါဝင်ရမည်ဖြစ်ပြီး လူများစွာ၏ရှေ့တွင် မေးခွန်းများကို ကိုယ်တိုင်ဖြေဆိုရမည်ဖြစ်သည်။ 

အမျိုးသမီးများက မျက်နှာဖုံးပဝါများ သို့မဟုတ် ဦးထုပ်များ ဆောင်းနိုင်သော်လည်း သူတို့ထံတွင် အဖော်မရှိကြောင်း သေချာစေရန် အပျိုစင်ဆံထုံးကို ထုံးထားရမည်ဖြစ်သည်။ အမျိုးသားများကမူ သူတို့၏မျက်နှာကို လူများမြင်နိုင်စေရန် ဖော်ပြထားရမည်ဖြစ်၏။ 

လူများစွာ၏ အကြည့်များအောက်တွင် မေးခွန်းများကို မှားဖြေလျှင် အလွန်ရှက်ဖွယ်ကောင်းမည်မှာ သေချာလေသည်။ 

ထို့အပြင် ဖြေဆိုသူနှစ်ယောက်က လက်မထပ်ဖြစ်ခဲ့လျှင် ဤကစားပွဲ၏အဆုံး၌ အငြင်းပွားမှုများ ဖြစ်လာနိုင်လေသည်။ 

ထို့ကြောင့် ဆုလဒ်က မည်မျှပင် ကြီးမားစေကာမူ အမှန်တကယ် ချစ်မြတ်နိုးကြသော စုံတွဲများမှာ လူနည်းစုသာ ဖြစ်လေ၏။

သို့ရာတွင် ရရှိမည့် ဆုလဒ်များကြောင့် လူအချို့က စုံတွဲဟန်ဆောင်ကာ လာရောက်ဖြေဆိုကြလေသည်။ 

အစပိုင်းတွင် ကျန်းစွင်းမင်ချန်က ဤကစားပွဲကို ဖျက်သိမ်းရန် စဉ်းစားခဲ့သော်လည်း နောက်ပိုင်းတွင် အချို့သော ဟန်ဆောင်စုံတွဲများက ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် သူတို့၏ စစ်မှန်သော ခံစားချက်များကို ထုတ်ဖော်ခဲ့ကြပြီး မမျှော်လင့်ဘဲ စုံတွဲများ ဖြစ်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့လေသည်။ အချို့စုံတွဲအစစ်များက လူမသိစေရန် အနာဂတ်တွင် အခြားလူများနှင့် လက်ထပ်သွားကြ၏။ ဟန်ဆောင်စုံတွဲများကလည်း ဆုများရရန် အကြောင်းပြချက်အဖြစ် အသုံးပြုကြလေသည်။ 

နောက်ဆုံးတွင် ကျန်းစွင်းမင်ချန်က ဤကစားပွဲကို မဖျက်သိမ်းခဲ့ပေ။ အဓိကအကြောင်းအရင်းမှာ ကျင်းပစရိတ် မများသောကြောင့် ဖြစ်၏။

ပိုင်ယွီမင်က ပွဲ၏စည်းကမ်းချက်များကို ဖတ်ရှုပြီးနောက် ဘေးတွင်ရှိနေသော ဆယ်နှစ်သား မော့ရှုလင်ကို ကြည့်လိုက်လေသည်။ 

"ရှစ်စွမ်းသွားချင်လို့လား..." 
ပိုင်ယွီမင်၏ အကြည့်ကို မော့ရှုလင်ခံစားမိသဖြင့် မေးလိုက်လေသည်။ 

ပိုင်ယွီမင်က မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ခေါင်းညိတ်ပြလိုက်၏။ 

သူနှင့်မော့ရှုလင်က အလွန်ရင်းနှီးကြပြီး နေ့ညမပြတ် အတူရှိနေကြသူများ ဖြစ်လေသည်။ ဤပွဲကို ဝင်မပြိုင်ခဲ့လျှင် ကြက်ကင်၊ ပဲပြားအစပ်၊ လီဖုန်းမြို့၏ ရှာလကာရည်ငါးဟင်း၊ ဟွမ်ဖူအသားပေါင်း စသည့် အစားအစာများကို မြည်းစမ်းခွင့်ရတော့မည် မဟုတ်ပေ။

မော့ရှုလင်က ခေါင်းမော့ကာ စည်းကမ်းချက်တစ်ခုကို လက်ညှိုးထိုးပြလိုက်၏။ ၎င်းမှာ ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ရမည်ဟူသော စည်းကမ်းချက် ဖြစ်လေသည်။

"စိတ်မပူပါနဲ့... ယုန်မိစ္ဆာတစ်ကောင်မှာ ကိုယ်ပိုင်လှည့်ကွက်တွေ ရှိပြီးသားပါ..." 
ပိုင်ယွီမင်က ယုံကြည်မှုရှိစွာဖြင့် ပြုံးပြလိုက်၏။

အမွှေးတိုင်တစ်တိုင်စာ ကုန်ဆုံးချိန်ပြီးနောက်...

ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး အပြာရောင်ဝတ်စုံ ဝတ်ထားသော ချောမောသည့် လူငယ်လေးတစ်ဦးနှင့် အဖြူရောင်မျက်နှာဖုံးပဝါဖြင့် မျက်နှာတစ်ဝက်ကို ဖုံးကွယ်ထားကာ အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် လှပသော မိန်းကလေးတစ်ယောက်က ပွဲကျင်းပသည့်နေရာသို့ တိတ်တဆိတ် ရောက်ရှိလာပြီး စာရင်းသွင်းလိုက်ကြလေသည်။

Search Novels