🍀 Chapter 1

ရွှမ်ယွဲ့ မျက်လုံးများအား ပွင့်လာချိန်တွင် သူ့ လက်ချောင်းများကိုပင် မမြင်ရလောက်အောင် မှောင်မိုက်နေသည့် ကောင်းကင်ယံကိုသာ စူးစိုက်ကြည့်နေမိသည်။ သူ အတော်လေး တွေဝေမိန်းမောသွားသည်။

သူ့မှတ်ဉာဏ်များသာ မမှားယွင်းခဲ့လျှင် သူ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ သို့သော် ယခု သူ မျက်လုံးဖွင့်နိုင်သေးသည်။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရသော်ငြား သူ အသက်ရှူနိုင်ဆဲပင်။ သူ ရှင်သန်နေသေးသည်။ သို့တိုင်အောင် ယခုအချိန်တွင်မူ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက် နေသကဲ့သို့ ပူလောင်ကာ၊ ကိုက်ခဲနာကျင်နေခဲ့သည်။

'တစ်ယောက်ယောက်ကများ ဒါ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား'

ရွှမ်ယွဲ့ ခေတ္တမျှ ငြိမ်သက်စွာ လှဲလျောင်းနေပြီးနောက် တစ်ဖက်သို့ လှည့်လိုက်ချင်သော်ငြား သူ့ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်ပေ။ ရှိသမျှ ခွန်အားအား စုစည်းပြီး လှုပ်ရှားလိုက်ချိန်တွင်မူ သစ်သားပြားတစ်ခုနှင့် မတော်တဆ ဝင်တိုက်မိသွားလေသည်။

ဒုတ်ဟူသော အသံနှင့်အတူ သူ ကုတင်ပေါ်သို့ ပြန်ကျသွားကာ ခေါင်းများပင် မူးဝေသွားခဲ့သည်။

'အင်းလေ... ငါ မသေသေးပေမဲ့ ဒီခန္ဓာကိုယ်ကြီးက တော်တော်လေး အသုံးမကျဖြစ်နေတာပဲ'

'လောလောဆယ်တော့ ငါ သေနိုင်ဦးမှာ မဟုတ်ပါဘူး၊ ဒါကြောင့် ဆက်အိပ်နေလိုက်တာပဲ ကောင်းပါတယ်‌လေ'

ရွှမ်ယွဲ့ အလွန်တည်ငြိမ်စွာ မျက်လုံးများအား မှိတ်လိုက်ပြီး ပက်လက်လှန်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားလေတော့သည်။

အိပ်မက်ထဲတွင် သူသည် ကလေးငယ်တစ်ဦးဘဝမှစ၍ ကြီးပြင်းလာသည့်အချိန်အထိ ဖြတ်သန်းခဲ့ရသော ဘဝခရီးလမ်းအား မြင်မက်ခဲ့သည်။ ဆင်းရဲနွမ်းပါးသော်ငြား ပျော်ရွှင်စရာကောင်းခဲ့ပြီး၊ ဆာလောင်မွတ်သိပ်ခြင်း၊ အအေးဒဏ်အား အလူးအလဲ ခံစားရခြင်းမျိုး တစ်ခါမှမရှိခဲ့ပေ။ ထို

ကလေးမှာ အနည်းငယ် ထုံအပြီး အမြဲတမ်းနှေးကွေးတတ်သော်လည်း ဖခင်ဖြစ်သူနှင့် ပါးပါးဖြစ်သူသည် ၎င်းအား အဖိုးတန်ရတနာလေးတစ်ပါးကဲ့သို့ မြတ်နိုးယုယစွာ ချစ်ခင်ကြသည်။

ထိုကလေးလေးမှာ အလွန်ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိလှသည်။ ရွာထဲတွင်လည်း ၎င်းအတွက် ရင်ဖွင့်တိုင်ပင်နိုင်သော သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ခန့် ရှိလေသည်။

ဘဝသည် တော်တော်လေးကောင်းမွန်ခဲ့သည်။ ထမင်းဟင်းချက်မည်၊ အဝတ်အစားများ လျှော်ဖွပ်မည်၊ တောဟင်းရွက်များခူးရန် တောင်ပေါ်သို့ တက်မည် အစရှိသဖြင့် နေ့စဉ်ရက်ဆက် လုပ်စရာများဖြင့် ပြည့်နှက်နေကာ သူ့ဘဝလေးသည် အတန်အသင့်သာယာဖြောင့်ဖြူးခဲ့သည်။

ထိုအေးချမ်းမှုများမှာ တောင်ပေါ်တွင် အမဲလိုက်ရင်း ဖခင်ဖြစ်သူ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အချိန်အထိသာဖြစ်သည်။ သမားတော်ခေါ်ခြင်း၊ ဆေးကုသခြင်းတို့အတွက် မိသားစု၏စုဆောင်းထားသမျှ ငွေကြေးများအားလုံး ကုန်ခမ်းသွားခဲ့သော်လည်း ဖခင်ဖြစ်သူမှာ နှစ်ကာလကြာရှည်စွာ အသက်မရှင်နိုင်ခဲ့ချေ။

မိသားစု အဓိကထောက်တိုင်ကြီးသည် ဤသို့ပင် ပြိုလဲသွားခဲ့ရပြီးနောက် ကျန်ရစ်သူ သားအဖနှစ်ယောက်အတွက်မူ နေထိုင်ရပိုခက်ခဲကာ အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှသည်။ လွန်ခဲ့သော လေးနှစ်ခန့်က အသက်16 နှစ်အရွယ် ကောအာလေးသည် တောင်ပေါ်သို့ အမဲလိုက်ထွက်ရင်း ဒဏ်ရာရနေသော အမျိုးသားတစ်ဦးအား ကယ်တင်ခဲ့ပြီး အိမ်သို့ခေါ်ဆောင်လာခဲ့သည်။

ထိုအမျိုးသား ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့် အချိန်ကာလအတွင်း လူငယ်နှစ်ဦးမှာ အတော်လေးသင့်မြတ်သွားခဲ့ကြပြီး မိသားစုထဲတွင် တစ်ဦးတည်းသာရှိသော လူကြီးဖြစ်သူမှာ ၎င်းတို့နှစ်ဦးအား လက်ထပ်ပေးရန်ဆုံးဖြတ်ခဲ့သည်။ ဘဝသည် အနည်းငယ် ပိုကောင်းမွန်လာသယောင် ရှိခဲ့သည်။

သို့သော် မင်္ဂလာဆောင်ပြီး သုံးလအကြာတစ်နေ့တွင်၊ ထိုကောအာလေးသည် စာတစ်စောင်နှင့် ငွေစက္ကူ ၃၀၀ ပါရှိသော စာအိတ်တစ်အိတ်ကိုရရှိခဲ့သည်။ သူ့ ခင်ပွန်းဖြစ်သူမှာ အရေးပေါ်ကိစ္စတစ်ခုကြောင့် ထွက်ခွာသွားရပြီး သူပြန်လာမည့်အချိန်အား စောင့်ဆိုင်းနေရန် သတင်းစကား ချန်ထားခဲ့ခြင်းပင်။

သူ ဝမ်းနည်းရသော်ငြား ဘဝကို ဆက်လက် ရှင်သန်ရဦးမည်မဟုတ်ပါလော။ အထူးသဖြင့် ခင်ပွန်းဖြစ်သူ ထွက်ခွာသွားပြီး ဒုတိယမြောက်လတွင် သူ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ကောအာလေး သိလိုက်ရချိန်တွင် ပိုအားတင်းထားရသည်။

ဘဝသည် မျှော်လင့်ချက်အလင်းရောင်များ ပြန်လည်ထွန်းလင်းလာသကဲ့သို့ ခံစားရပြီး ကောအာလေးနှင့် ၎င်းပါးပါးတို့မှာ ဘဝအသစ်လေး တစ်ခု ရောက်ရှိလာမည့်အချိန်အား အလွန်ဝမ်းမြောက်ဝမ်းသာစောင့်ကြိုနေခဲ့သည်။

ဒုတိယနှစ်တွင် ကလေးလေးကိုအန္တရာယ်ကင်းကင်းနှင့် မွေးဖွားနိုင်ခဲ့ပြီး ကျန်းမာသန်စွမ်းကာချစ်စရာကောင်းလှသည်။ တတိယနှစ်ရောက်သော် ကောအာလေး၏ပါးပါးမှာ အသည်းအသန်ဖျားနာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ငွေစက္ကူ ၃၀၀ ရှိနေခဲ့သောကြောင့် တစ်နှစ်တိုင်တိုင် သမားတော်ပြ ခြင်း၊ ဆေးကုသခြင်းများအား ဆက်လက် ပြုလုပ်နိုင်ခဲ့သော်ငြား ငွေများအားလုံး ပြောင်တလင်းခါသွားပြီးနောက် သူတို့ကိုထားရစ်ကာ တမလွန်ရှိ ခင်ပွန်းသည်နှင့် ပေါင်းဖက်သွားခဲ့လေတော့သည်။

သို့နှင့် မိသားစုအတွင်းတွင် အဖော်မဲ့နေသော လူငယ်လေးနှင့် ကလေးငယ်တို့သာ တစ်ဦးကိုတစ်ဦး အားကိုးရင်းကျန်ရစ်ခဲ့ရတော့သည်။ ဘဝကြီးမှာ တစ်နေ့တခြား ပိုလို့ပင်ခက်ခဲကြမ်းတမ်းလာခဲ့သည်။ ဆောင်းဦးရာသီ စတင်ကတည်းက သုံးရက်တစ်ခါ မိုးကြီးပြီး ငါးရက်တစ်ခါ မိုးဖွဲဖွဲရွာသွန်းတတ်ရာ တောင်ပေါ်တက်၍ တောဟင်းရွက်ခူးခြင်းနှင့် အမဲလိုက်ခြင်းတို့မှာ နှစ်ဆမက အန္တရာယ်များလှသည်။

ကောအာလေးမှာ မိုးမိကာ ဒဏ်ရာများရရှိလာပြီး အဖျားကြီးကာ အပူချိန်မကျတော့သဖြင့် ထိုသို့ပင် သူ အသက်ဆုံးရှုံးသွားခဲ့ရလေသည်။ ရွှမ်ယွဲ့သည် ထိုကောအာလေး ဘဝဇာတ်ကြောင်းအား တည်တည်ငြိမ်ငြိမ်ပင် ကြည့်ရှုနေခဲ့သည်။

အဆုံးတွင် သူ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ဤလူ့ဘဝမှာ အလွန်ခါးသီးလွန်းလှပြီး သူ့ဘဝထက်ပင် ပို၍ ဆိုးရွားသေးသည်။ ရွှမ်ယွဲ့ တစ်ခုကိုတော့ နားလည်သွားခဲ့သည်။ သူ အကြောင်းရင်းအား သေချာမသိရသော်လည်း သေဆုံးပြီးနောက် ဤကောအာလေး ခန္ဓာကိုယ်ထဲတွင် ဝင်ရောက်ကာ အသက်ပြန်ရှင်လာခဲ့ခြင်းဖြစ်ရမည်။ သို့သော် သူ ပြန်လည်ရှင်သန်နိုင်ခဲ့ပြီဖြစ်ရာ မည်သူကများ သေချင်ပါတော့မည်နည်း။

ဤကမ္ဘာ နောက်ခံအခြေအနေများမှာ အနည်းငယ်ထူးဆန်းနေသော်ငြား ရွံရှာဖွယ် ဇွန်ဘီများမရှိခြင်းသည် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး ရွာသားများမှာလည်း ရိုးသားကာ ကူညီရိုင်းပင်းတတ်သည်။

သူ့ ဝိညာဉ်အားလက်ခံပေးမည့် ဤသို့သော ခန္ဓာကိုယ်မျိုးရှိနေခြင်းအတွက် သူ ကျေးဇူးတင်သင့်သည်။ သို့မဟုတ်ပါက အဏုမြူဗုံးပေါက်ကွဲမှုနှင့် ညီမျှသော ထိုစွမ်းအားကြောင့် သူ့ဝိညာဉ်ပါပြာကျသွားလောက်သည်။ ခြားနားသော ဘဝတစ်ခုအား ထပ်မံဖြတ်သန်းခွင့်ရခြင်းကလည်း မဆိုးလှချေ။

'ဒီကောအာလေးအတွက်တော့ သနားစရာပဲ...'

သူ ခေါင်းခါယမ်းလိုက်ပြီး စိတ်ထဲမှ တိတ်တဆိတ်ရေရွတ်လိုက်သည်။

'ငါတို့က ရေစက်ရှိနေလို့ပဲ ဖြစ်ပါလိမ့်မယ်၊ မင်းရဲ့ ခန္ဓာကိုယ်ကို ငါ ယူလိုက်ရတဲ့အတွက် စိတ်ချလက်ချနဲ့သာ ဘဝသစ်ကို ကူးပြောင်းသွားလိုက်ပါတော့၊ မင်းရဲ့ ကလေးကို ငါ ကောင်းကောင်းပြုစုပျိုးထောင်ပေးပါ့မယ်၊ ဒီနေ့ကစပြီး သူက ငါ့ရဲ့ သားလေးပဲ'

'ငါ အရင်က ဖခင်တစ်ယောက် မဖြစ်ဖူးပေမဲ့ လေ့လာသင်ယူလို့ရတယ်၊ ဒါ ခက်ခဲတဲ့အရာမှ မဟုတ်တာ'

'မင်းရဲ့ ခင်ပွန်းကိစ္စကိုတော့ ငါ ဘာမှ အာမခံချက် မပေးနိုင်ဘူး'

'လူတစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမှ မတူနိုင်တာ'

'တကယ်လို့ ငါ သူ့ကို သဘောမကျဘူးဆိုရင်လည်း အတင်းအကျပ်ကြီး နေသွားမှာ မဟုတ်ဘူး'

'ဒါပေမဲ့ မင်း မျက်နှာကြောင့် သူ့ကို အကူအညီတချို့တော့ ပေးပါ့မယ်'

ထိုအတွေးလေး ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ့ အာရုံငါးပါးစလုံး ပိုကြည်လင်လာသကဲ့သို့ ခံစားလိုက်ရပြီး ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာလည်း ပေါင်းစပ်သွားသယောင်ရှိလေသည်။ သူ့အနားတွင် သက်ပြင်းချသံတစ်ခုကြားလိုက်ရသလိုရှိပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ထိုအခါမှသာ မူလဝိညာဉ်မှာ ရှင်းပြမရနိုင်သော အကြောင်းပြချက်များဖြင့် သေဆုံးသွားရသည့်အတွက် အမှန်ကိုကျေနပ်နိုင်မည်မဟုတ်ကြောင်း ရွှမ်ယွဲ့ နားလည်သွားတော့သည်။ သုံးနှစ်အရွယ်ကလေးငယ်တစ်ယောက်နှင့် ထိုခင်ပွန်းသည်ရှိနေသေးသည်ကိုတော့ ထည့်ပြောစရာပင် မလိုတော့ချေ။

'ငါသာ သူ့နေရာမှာသာဆိုရင်လည်း လက်လွှတ်နိုင်မှာ မဟုတ်ဘူး'

သဘောတူညီချက်တစ်ခုကဲ့သို့ မှတ်ယူနိုင်သော ကတိစကားကို သူ ပေးလိုက်ပြီးနောက် တာဝန်လွှဲပြောင်းမှု ပြီးစီးသွားမှသာ ဤခန္ဓာကိုယ်ကြီးသည် သူတစ်ယောက်တည်းနှင့် သက်ဆိုင်သွားတော့သည်။

'ဟူး... တခြားသူရဲ့ ခန္ဓာကိုယ်ထဲကို ရုတ်တရက်ကြီး ကူးပြောင်းဝင်ရောက်လာခဲ့ရရင် ဘာတုံ့ပြန်မှုမှမလုပ်ဘဲ နေလို့မရဘူးလေ၊ အထူးသဖြင့် ဘာမှနားမလည်သေးတဲ့ ကလေးလေးတစ်ယောက်ရှိနေချိန်မှာပေါ့'

'ငါ ဘာလုပ်နိုင်မှာလဲ...'

'ရောက်လာမှတော့လည်း အားလုံးကိုလက်ခံပြီး နေ့ရက်တိုင်းကို ကောင်းကောင်းမွန်မွန် ရှင်သန်ရုံပဲ မဟုတ်လား'

အိပ်မက် ပြီးဆုံးသွားချိန်တွင် ရွှမ်ယွဲ့လည်း နိုးထလာခဲ့ပြီး သူ့ လက်ချောင်းများကို လှုပ်ရှားကာ လက်မောင်းများအား မြှောက်၍ ရှည်လျားသော ခြေတံများကို လှုပ်ခါကြည့်သည်။

'အရမ်းကောင်းတယ်၊ အခုတော့ ငါ့အပိုင်ဖြစ်သွားပြီဖြစ်လို့ လွတ်လွတ်လပ်လပ် ထိန်းချုပ်လို့ ရနေပြီပဲ'

တစ်ညလုံး အဖျားကြီးထားသည့်အတွက် သူ့ ခန္ဓာကိုယ်မှာ အားနည်းယိုင်နဲ့နေပြီး ချွေးနံ့များဖြင့် ဖုံးလွှမ်းကာ စေးကပ်ညစ်ပတ်နေခြင်းကလွဲ၍ အားလုံးအဆင်ပြေသည်။

ရွှမ်ယွဲ့ မျက်လုံးများအား ထပ်မံဖွင့်လိုက်ပြီး ဘေးနားရှိ ပြတင်းပေါက်ကို ခေါင်းစောင်း၍ ကြည့်ရာ အပြင်ဘက်တွင် လင်းစပြုနေသည်။ နေ့သစ်တစ်နေ့၊ လုံးဝကို အသစ်စက်စက် အစပျိုးမှုတစ်ခုပင်။

သူ့ဘေးနားရှိ အလုံးလေးဆီသို့အကြည့်ကို ရွှေ့လိုက်ချိန်တွင် သနှုတ်ခမ်းထောင့်များမှာ အလိုအလိုကွေးတက်သွားတော့သည်။

'ငါက တခြားကမ္ဘာကို ကူးပြောင်းလာပြီး ဖခင်တစ်ယောက်ဖြစ်လာရုံတင်မကဘူး၊ ဒါက ငါ့ရဲ့ သွေးသားလေးတဲ့လေ'

'ဟုတ်တယ်၊ သားအရင်းလေး'

'ဘယ်နတ်ဘုရားက ဒီကမ္ဘာကြီးကိုဖန်တီးခဲ့တာလဲတော့ မသိပေမဲ့ တကယ်စိတ်ဝင်စားဖို့ကောင်းလွန်းတယ်'

ဤကမ္ဘာကြီးသည် ကမောက်ကမဖြစ်ကာ ရှုပ်ထွေးလှပြီး သမိုင်းတစ်လျှောက် မည်သည့်ခေတ်ကာလနှင့်မျှ မသက်ဆိုင်ချေ။ ပိုရှေးကျကာ  á€™á€žá€ąá€Źá€şá€†á€”်ပဟဎး အလွန်လည်း ခေါင်းပါးခြောက်သွေ့ပုံရသည်။

ဤနေရာတွင် အမျိုးသားနှင့် အမျိုးသမီးများအပြင် တတိယမြောက်လိင်အမျိုးအစားတစ်ခုဖြစ်သည့် ကောအာများလည်း တည်ရှိနေသည်။ ၎င်းတို့သည် ရုပ်ရည်သွင်ပြင်အရ အမျိုးသားများနှင့် ဆင်တူသော်လည်း ကလေးမွေးဖွားနိုင်စွမ်း ရှိသည်။

ရွှမ်ယွဲ့ကမူ စစ်မှန်သော ကောအာတစ်ယောက်ဖြစ်သည့်အပြင် ကောအာလေးတစ်ယောက်ကိုပင် မွေးဖွားထားသေးသည်။ သူ ဘာမှမတတ်နိုင်စွာဖြင့် ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။ 

 đŸ€ Chapter 2


သွေးသံရဲရဲနှင့် နာကျင်စရာကောင်းလှသော ထိုလုပ်ငန်းစဉ်ကြီးကို သူကိုယ်တိုင်ဖြတ်သန်းရန် မလိုတော့သည့်အတွက် ဝမ်းသာရုံသာ တတ်နိုင်တော့သည်။ ဤသည်မှာ အဆိုးထဲက အကောင်းဟုဆိုရမည်။ ကိုယ်ပိုင် သွေးသားလေးတစ်ယောက်ကို အလကားရလိုက်သည့်အတွက် သူ့အနေဖြင့် အတော်လေးကို ကျေနပ်မိသည်။

ဤမျှသေးငယ်သော ကလေးလေးတစ်ယောက် သူ့ဘေးနားတွင် လာအိပ်နေခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်။ ဖောင်းမို့နေသော မျက်နှာလေးမှာ ဖြူဖွေးနုဖတ်နေပြီး တစ်ချက်ကြည့်ရုံဖြင့် ဆွဲညှစ်ချင်စရာကောင်းလှသည်။

သူ အသည်းယားလာသဖြင့် အားနည်းနေသော ညာဘက်လက်အားမြှောက်ကာ ဖြူဖွေးနုဖတ်နေသည့် မုန့်လုံးလေးလို မျက်နှာလေးကို မထိဘဲ မနေနိုင်အောင်ဖြစ်သွားခဲ့သည်။

ရွှမ်ယွဲ့ မျက်လုံးများ အရောင်လက်သွားပြီး သူ့ နှုတ်ခမ်းများမှာ အနည်းငယ်ကွေးတက်သွားသည်။ သူ ထင်ထားသည်ထက်ပင် အထိအတွေ့မှာ ပိုကောင်းနေကာ နူးညံ့အိစက်နေလေသည်။

ကလေးငယ်လေးမှာ အထိခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားကာ စောင်ထဲသို့ တိုးဝင်သွားပြီး ဆက်လက် အိပ်မောကျသွားလေတော့သည်။ ထိုမြင်ကွင်းအား ကြည့်ရင်း ရွှမ်ယွဲ့ အတော်လေး စိတ်အခြေအနေ ကောင်းသွားခဲ့သည်။ 

'ဒီကလေးလေးက တကယ်ကို သဘောကျဖို့ကောင်းတာပဲ’

ကလေးလေး နှစ်ခြိုက်စွာ ဆက်အိပ်နေသည်ကို ကြည့်ရင်း ရွှမ်ယွဲ့ သူ့ကိုယ်သူ အပြစ်တင်မိသည့်စိတ်ဖြင့် ညာဘက်လက်အား ပြန်ရုပ်လိုက်ကာ ဆက်လက် လှဲလျောင်းနေသည်။

အပြင်ဘက်တွင် မိုးရွာနေဆဲဖြစ်ပုံရပြီး တဖွဲဖွဲကျနေသော မိုးသံမှာ မရပ်တန့်သေးချေ။

'မိုးရွာတဲ့နေ့တွေက အိပ်ဖို့အတွက်ပဲလေ၊ တခြားကိစ္စတွေ ခေါက်ထားရမယ်'

'ကောင်းကောင်းအိပ်၊ ခန္ဓာကိုယ်ကို အားဖြည့်၊ ပြီးမှ ဆက်ပြီး ကြိုးစားရုန်းကန်တာပေါ့'

သူ့အကြံအစည်လေးမှာ တော်တော်လေးကောင်းသည်ဟု တွေးမိကာ ရွှမ်ယွဲ့ ခေါင်းတညိတ်ညိတ် ဖြစ်သွားရသည်။

ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရင်း တည်ငြိမ်လှသည့် ရွှမ်ယွဲ့ပင်လျှင် ဤလောကတွင် မည်သည့်အရာမျှ ပုံသေမရှိနိုင်ပါလားဟု တွေးကာ သက်ပြင်းချမိတော့သည်။

လွန်ခဲ့သော စက္ကန့်အနည်းငယ်ကပင် သူသည် ကမ္ဘာပျက်ကပ်ကြီးထဲတွင် ရောက်ရှိနေပြီး လူသူကင်းမဲ့နေသော အပျက်အစီးများကြားတွင် ရွံရှာဖွယ်ကောင်းကာ စေးကပ်ကပ်နိုင်လှသော ဇွန်ဘီအုပ်ကြီးနှင့် ဇွန်ဘီဘုရင်တို့အား ရင်ဆိုင်နေရသည် မဟုတ်ပါလား။

ဟုတ်ပေသည်။ ၂၁၄၆ ခုနှစ်၌ ကမ္ဘာမြေကြီးပေါ်တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုကပ်ရောဂါအပြီးတွင် အသက်ရှင်ကျန်ရစ်သူ တစ်ဝက်ခန့်မှာ လူသားစား ဇွန်ဘီများဖြစ်သွားသည်။ ကျန်ရှိသော တစ်ဝက်တွင်မှ သုံးပုံတစ်ပုံခန့်ကသာ သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်သည့် အထူးစွမ်းအားရှင်များ ဖြစ်လာခဲ့ပြီး ကျန်သုံးပုံနှစ်ပုံမှာ သာမန်လူသားများအဖြစ်သာ ကျန်ရှိနေခဲ့သည်။

စည်းမျဉ်းများအရဆိုလျှင် စွမ်းအားရှိသူများသည် သာမန်ပြည်သူများအား ကာကွယ်စောင့်ရှောက်ကာ လူတိုင်း အသက်ရှင်သန်နိုင်ရေးအတွက် ဦးဆောင်ဦးရွက်ပြုကြရမည်ဖြစ်သည်။

ထို့ကြောင့် အထူးစွမ်းအားရှင်များသည် ဇွန်ဘီများအား အမဲလိုက်ရန်၊ ရှင်သန်ရေးအတွက် လိုအပ်သော ထောက်ပံ့ရေးပစ္စည်းမျိုးစုံကို ရှာဖွေရန်နှင့် နေထိုင်ရန် ပိုသင့်လျော်သော နေရာဒေသများကို ဖော်ထုတ်ရန်ထွက်လာခဲ့ရသည်။

ရွှမ်ယွဲ့ကမူ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာတစ်ခုတွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူ ကြားရသလောက်ဆိုလျှင် မွေးကင်းစအရွယ်တွင် မိဘမဲ့ဂေဟာ အပေါက်ဝရှိ အမှိုက်ပုံတစ်ခုထဲ၌ အကြောင်းရင်းမဲ့ ရောက်ရှိနေခဲ့ပြီး ဂေဟာမှူးမှာ ကောက်ယူမွေးစားခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

သူ အရွယ်ရောက်လာလေလေ ဝိုင်းစက်တောက်ပနေသော မျက်လုံးလေးများကြောင့် ပြုံးလိုက်လျှင် ကောင်းကင်ယံတွင် တွဲခိုနေသော လခြမ်းကွေး လေးနှင့် တူလှသဖြင့် ပိုချစ်စရာကောင်းလာခဲ့သည်။ ထို့ကြောင့်ပင် သူ့အား ရွှမ်ယွဲ့ (လခြမ်း) ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။

အရွယ်ရောက်လာသည်အထိ သူ့အား မည်သူကမျှ လာရောက် မွေးစားခြင်းမရှိခဲ့ပေ။ သွေးသားအရင်းဖြစ်သော မိဘဆိုသူများလည်း ပေါ်မလာခဲ့ဘဲ ထိုမိဘမဲ့ဂေဟာတွင်သာ ကြီးပြင်းလာခဲ့ရသည်။

သူ့အား မမွေးစားလိုကြခြင်းမှာ ကျန်းမာရေးမကောင်း၍တော့ မဟုတ်ပေ။ ရွှမ်ယွဲ့သည် ငယ်စဉ်ကတည်းက အထူးတလည် ခံစားချက်ကင်းမဲ့နေတတ်သူ ဖြစ်သည်။ လူကြီးများ သဘောကျအောင် အချိုသတ်စကားများ မပြောတတ်သလို စကားလည်းနည်းလှသည်။ စကားပြောလိုက်လျှင်လည်း တခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေတတ်သည်။

သူ မငိုတတ်သလို ရစ်လည်း မရစ်တတ်ချေ။ ထိုသို့ တခြားသူများအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု မပေးစွမ်းနိုင်သော ကလေးတစ်ယောက်အား မည်သည့်မိသားစုကမျှ မွေးစားချင်မည်မဟုတ်ပေ။

ရွှမ်ယွဲ့သည်တော့ ဤကိစ္စအပေါ် ပွင့်ပွင့်လင်းလင်းပင် လက်ခံခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိဘမဲ့ဂေဟာမှာ စားစရာနှင့် နေစရာပေးထားသလို ကျောင်းတက်ခွင့်လည်း ရခဲ့သည်။ မုန့်ဖိုးရနိုင်မည့် နည်းလမ်းများကိုလည်း သူ ရှာဖွေနိုင်သည်။ ဘဝသည် လွတ်လပ်ပေါ့ပါးပြီး လူကြီးများ မျက်နှာရိပ်မျက်နှာကဲကို လိုက်ကြည့်နေစရာလည်း မလိုချေ။ သူ သိထားသလောက်ဆိုလျှင် မွေးစားခံရသော ကလေးတိုင်း ပျော်ရွှင်ရသည့် ဘဝမျိုး ရကြသည်မှ မဟုတ်ပေ။ 

ဂေဟာမှူးမှာ ရွှမ်ယွဲ့သည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သော်ငြား လူမှုရေးအရ အပေါင်းအသင်း မဝင်ဆံ့သဖြင့် အမှန်ပင်စိတ်ပူကာ သနားမိသော်လည်း မိဘမဲ့ဂေဟာတွင် ကလေးများစွာရှိသဖြင့် သူ့ကိုသာ မျက်နှာသာပေး၍လည်း မရနိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် ရွှမ်ယွဲ့သည် ငယ်စဉ်ကတည်းက အမှိုက်ကောက်ခြင်း၊ ပလတ်စတစ်ဗူးခွံများ ရောင်းချခြင်းတို့ဖြင့် မုန့်ဖိုးလေးများအား တစတစ စုဆောင်းတက်သည်။ 

နောက်ပိုင်းတွင် သူ ဗီဒီယိုအတိုလေးများ ရိုက်ကူးခြင်းအား စိတ်ဝင်စားလာကာ၊ ရိုက်ကူးရေးနှင့် တည်းဖြတ်ခြင်းကို ကိုယ်တိုင်လေ့လာခဲ့ပြီး နှစ်အနည်းငယ်အကြာတွင် သူ့ အကောင့်မှာ Follower သိန်းနှင့်ချီ ရှိလာခဲ့သည်။

နှစ်များကြာလာသည်နှင့်အမျှ သူ ငွေအတော်အတန်ရှာနိုင်ခဲ့သည်။ သူ့အတွက် တစ်စိတ်တစ်ပိုင်းကို ချန်ထားပြီး ကျန်ငွေများကိုတော့ သူ့အား ကောက်ယူမွေးစားခဲ့သည့်အတွက် ကျေးဇူးဆပ်သောအားဖြင့် ဂေဟာမှူးထံသို့ပေးအပ်ခဲ့သည်။

ကပ်ရောဂါကြီး စတင်ဖြစ်ပွားပြီး ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာချိန်တွင် သူ အထက်တန်းကျောင်း ပြီးခါစနှင့် တက္ကသိုလ်တက်ခွင့်ရပြီးခါစသာ ရှိသေးသည်။

တက္ကသိုလ်မတက်လိုက်ရဘဲ ကမ္ဘာပျက်ကပ်ကြီးထဲတွင် ငါးနှစ်တိုင်တိုင်ရုန်းကန်ဖြတ်သန်းခဲ့ရလေသည်။ သူ့ အထူးစွမ်းအားမှာ လူပြောသူပြောများသော အနည်းငယ် ကုသနိုင်စွမ်းရှိသည့် သစ်သားစွမ်းအင်သာဖြစ်ပြီး ဟင်းသီးဟင်းရွက်များ၊ ကောက်ပဲသီးနှံများ သို့မဟုတ် အပင်များအား လျင်မြန်စွာ ကြီးထွားစေရန်သာ အဓိကထား အသုံးပြုနိုင်သော်ငြား ကမ္ဘာပျက်ကပ်အတွင်းတွင် သာမန်လူများထက်တော့ ကောင်းမွန်စွာနေထိုင်နိုင်ခဲ့သည်။

သစ်သားစွမ်းအင်မှာ အားနည်းသည်၊ မနည်းသည် ဆိုသည်ကိုတော့ သူတစ်ယောက်တည်းသာ သိပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ကမ္ဘာပျက်ကပ် စတင်ကတည်းက ရွှမ်ယွဲ့သည် အလုပ်လုပ်ရာတွင်ဖြစ်စေ၊ နေထိုင်ရာတွင်ဖြစ်စေ ရိုးရှင်းစွာနေထိုင်ခဲ့ပြီး အသက်ရှင်သန်ရေးကိုသာ အဓိကထားခဲ့သည်။

လွန်ခဲ့သော သုံးရက်က သူတို့အဖွဲ့သည် ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေရန်တာဝန်တစ်ခုအား လက်ခံရရှိခဲ့ပြီး စပါးကျီရှိသည်ဟု သတင်းထွက်နေသော ဝေးလံခေါင်သီသည့် မြို့ငယ်လေးတစ်ခုသို့ ရောက်လာကြသည်။

ရလဒ်အနေဖြင့် သူတို့သည် နာမည်ကြီးနေသော ဇွန်ဘီဘုရင်နှင့်အတူ ဇွန်ဘီအုပ်ကြီးဖြင့် ရင်ဆိုင်ခဲ့ရသည်။ နေရာတစ်ခုလုံး ထောင်နှင့်ချီမည်ဟု ခန့်မှန်းရသော ဇွန်ဘီများပြည့်နှက်နေခဲ့သည်။

မြို့ငယ်လေးတစ်မြို့ထဲတွင် အဘယ်ကြောင့် ထိုမျှဇွန်ဘီများပြားနေသည်အား သူ နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ 

'ဒီမြို့က လူတွေအကုန်လုံး ဇွန်ဘီတွေ ဖြစ်သွားကြတာလား၊ တကယ်ကို ကံဆိုးမိုးမှောင်ကျတာပဲ...'

ထိုမြင်ကွင်းမှာ သူတို့ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေပြီး စိတ်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ ဆယ့်နှစ်ယောက်ပါသော သူတို့အဖွဲ့မှာ ကံဆိုးလှသည့်အတွက် သက်ပြင်းချမိသော်လည်း အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်ရတော့မည်။ ဇွန်ဘီဘုရင်ကိုသာ အနိုင်ယူနိုင်ခဲ့လျှင် သူတို့ အသက်ရှင်ဖို့ အခွင့်အရေးရှိကောင်းရှိနိုင်သေးသည်။ အကယ်၍ မနိုင်ခဲ့လျှင်တော့ ၎င်းတို့အားလုံး အသက်စွန့်ရတော့မည်ဖြစ်သည်။

ကံကောင်းသည်မှာ သူတို့အဖွဲ့ တိုက်ခိုက်ရေးစွမ်းရည်မှာ မနိမ့်ကျလှပေ။ အဖွဲ့ခေါင်းဆောင်မှာ အဆင့် ၆ လျှပ်စီးစွမ်းအားရှင်ဖြစ်ပြီး အဆင့် ၅ သတ္တုစွမ်း အားရှင်၊ မီးစွမ်းအားရှင်နှင့် ခွန်အားစွမ်းအားရှင် အများအပြားလည်း ပါဝင်သည်။ ကျန်သူများမှာလည်း အဆင့် ၄ သို့မဟုတ် အဆင့် ၃ စွမ်းအားရှင်များ ဖြစ်ကြသည်။ သူ့လို အဆင့် ၅ သစ်သားစွမ်းအင်ရှင်ကလွဲ၍ မည်သူမျှ အသုံးမကျသူများ မဟုတ်ကြပေ။

မည်သို့ပင်ဖြစ်စေ တိုက်ပွဲတွင် သစ်သားစွမ်းအင်အား မည်သူကမျှ အရေးတယူ မလုပ်ကြသည်မှာ သေချာသည်။ သူကိုယ်တိုင်လည်း ရှေ့ထွက်တိုက်ရန် အတင်းအကျပ်မလုပ်ခဲ့သဖြင့် အနောက်တွင်သာ အေးအေးဆေးဆေး ရပ်နေကာ အဖွဲ့ခေါင်းဆောင်နှင့် ကျန်လူများ ဇွန်ဘီဘုရင်အား တိုက်ခိုက်နေသည် ကိုသာ စောင့်ကြည့်နေခဲ့သည်။

ရွှမ်ယွဲ့မှာ အမှန်ပင် အနည်းငယ်မျှကြောက်ရွံ့ခြင်းမရှိခဲ့ချေ။ ဤဇွန်ဘီဘုရင်သည် သူ့ ပြိုင်ဘက်မဟုတ်ကြောင်းကိုပင် သူ ခံစားနိုင်ခဲ့သည်။ အဆင့် ၆ လျှပ်စီးစွမ်းအားရှင်တစ်ယောက်နှင့် အခြားသော အဆင့် ၅ စွမ်းအားရှင် သုံးယောက်အပြင် တခြားပညာရှင် ငါးယောက်တို့၏ တိုက်ခိုက်မှုများအား ရင်ဆိုင်ရချိန်တွင် မကြာသေးမီကမှ ဘုရင်ဖြစ်လာသော ဇွန်ဘီဘုရင်မှာ ဤလူသားများကို ယှဉ်နိုင်မည်မဟုတ်ကြောင်း နားလည်သွားတော့သည်။

ဇွန်ဘီဘုရင်သည် ငါ့ကို အသက်ရှင်ခွင့်မပေးဘူးဆိုရင် အားလုံး အတူတူသေကြတာပေါ့ ဆိုသည့် မူဝါဒအတိုင်း ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပစ်လိုက်သည်။

ရုတ်တရက် ထွက်ပေါ်လာသော မှိုပွင့်ပုံစံ မီးခိုးလုံးကြီးနှင့်အတူ မိုင်ပေါင်းများစွာ အချင်းဝက်အတွင်း မည်သည့်အရာမျှ အသက်မရှင်နိုင်တော့ဘဲ ရွှမ်ယွဲ့လည်း ထိုသို့ပင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပေါက်ကွဲမှုအတွင်း သေဆုံးသွားကာ ကမ္ဘာသစ်တစ်ခုဆီသို့ အချိန်ခရီးသွားပြီး ကူးပြောင်းရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

'တကယ့်ကို ကံဆိုးပဲ'

သူ လက်ပိုက်ကြည့်နေခဲ့မိသည့် အကျိုးဆက်ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူ ဇွန်ဘီဘုရင်အား အနိုင်ယူနိုင်စွမ်းရှိပါလျက်နှင့် ဝင်မပါခဲ့ဘဲ ဘေးမှသာ ကြည့်နေခဲ့မိသည်။ ရလဒ်ကတော့ အလွန်ဆိုးရွားလှသည်။ ဇွန်ဘီဘုရင်နှင့် ဇွန်ဘီအသေးလေးများအပါအဝင် ထိုနေရာရှိ လူအားလုံး သေဆုံးသွားခဲ့ရသည်။

'ဒါ အားနည်းချင်ယောင်ဆောင်နေခဲ့တဲ့ အကျိုးဆက်များလား'


 đŸ€ Chapter 3

ကြီးမားသော ဘေးအန္တရာယ်ကြီးနှင့် ကြုံတွေ့လာရချိန်တွင် သာမန်လူတိုင်း၌ တာဝန်ရှိသည်။ သူ လုပ်နိုင်စွမ်းရှိပါလျက်နှင့် ဝင်မပါခဲ့သည့်အတွက် ဤသို့သော အကျိုးဆက်အားခံစားရခြင်းပင်။

ပြာအဖြစ်သို့ ပေါက်ကွဲလွင့်စင်သွားရသည့် ခံစားချက်ကို ယခု ပြန်စဉ်းစားကြည့်ရာ မည်သည့် ခံစားချက်မှ မရှိခဲ့သလိုပင်။ သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဝုန်းခနဲ မြည်သံနှင့်အတူ သူ ဘာမှဖြစ်မလာတော့ချေ။ သူ မျက်လုံးများပြန်မပွင့်လာခင်အထိ မည်သည့် နာကျင်မှုကိုမျှ မခံစားခဲ့ရပေ။

'ဒါ ဘာအဓိပ္ပာယ်လဲ'

'လူတွေ သေသွားပြီးတဲ့နောက်မှာ မတူညီတဲ့ နေရာတွေကို ရောက်သွားကြတာများလား'

'သေဆုံးခြင်းဆိုတာ ခန္ဓာကိုယ်ကြီး ရပ်တန့်သွားရုံသက်သက်ဖြစ်ပြီး ဝိညာဉ်ကတော့ သွားသင့်တဲ့နေရာကို သွားရတာများလား'

ရွှမ်ယွဲ့ မျက်လုံးများဖွင့်ကာ မျက်နှာကြက်အား စိုက်ကြည့်ရင်း တွေဝေရှုပ်ထွေးနေမိသည်။

'ဒီလိုသာဆိုရင် ကောင်းမှာပဲ၊ ဒါဆို ငါ့အသင်းသားတွေလည်း နောက်ထပ် အခွင့်အရေးတစ်ကြိမ် ရနိုင်‌လောက်တယ်'

ဇွန်ဘီဘုရင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းနှင့် သူ့အသင်းသားများအားလုံး သေဆုံးသွားရခြင်းအတွက် ရွှမ်ယွဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ကြီးမှာ မွေးရာပါအန္တရာယ်များနှင့် ပြည့်နှက်နေပြီးသားဖြစ်လေသည်။ လူတိုင်း အချိန်မရွေး သေနိုင်သည်အား သိသဖြင့် ကြိုတင် ပြင်ဆင်ထားကြပြီးသည်ယ

စခန်းထဲတွင် ကောင်းမွန်စွာ အိပ်စက်နိုင်သည်မှလွဲ၍ ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေရန်ထွက်လာချိန်တိုင်း သူတို့ နှစ်ခြိုက်စွာ မအိပ်ရဲခဲ့ပေ။ ဇွန်ဘီဘုရင် ယခုအကြိမ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းမှာ မည်သူမှမျှော်လင့်မထားခဲ့သော ကိစ္စဖြစ်သည်။ ဇွန်ဘီများလည်း ဦးနှောက်ရှိလာပြီး သူတို့ အသက်မရှင်နိုင်ပါက လူတိုင်းအား အတူတူ ဆွဲချသွားမည်ဟု မည်သူညတွေးမိမည်နည်း။

ရွှမ်ယွဲ့ ခေါင်းခါယမ်းကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူ ကမ္ဘာအဟောင်းတစ်ခုသို့ ရောက်ရှိလာပြီး ဆွေမျိုးမိတ်ဆွေဆို၍ တစ်ယောက်မှမရှိချိန်တွင် အရာအားလုံး သူ့ကိုယ်သူသာ အားကိုးရတော့မည်။ မည်သို့ပင်ဖြစ်စေ တစ်ယောက်တည်း ရုန်းကန်ရသည့် ဘဝမျိုးကို သူ ကျင့်သားရနေပြီဖြစ်သည်။ ဤသည်မှာ နေရာပြောင်းသွားရုံ သက်သက်ပင်။

သူ မည်သည့်နေရာ ရောက်နေရောက်နေ သူ့အခြေအနေ မည်သို့ဖြစ်နေပါစေ အသက်ရှင်သန်ကာ ဘဝအား ပိုပြီးတိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် ကြိုးစားရမည်။

'ဒီလိုမှ မဟုတ်ရင် တစ်ကျော့ပြန် အသက်ရှင်ခွင့်ရတဲ့ အခွင့်အရေးရော၊ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ယုံကြည်အပ်နှံမှုရော အလဟဿ ဖြစ်သွားမှာပေါ့'

သူ့မှာ ကြီးမားလှသော ရည်မှန်းချက်ကြီးများ မရှိပေ။ ရည်မှန်းချက် သေးသေးလေးအချို့သာရှိသည်။ အိမ်တစ်လုံး၊ လှည်းတစ်စီး၊ လယ်ယာမြေများ ပိုင်ဆိုင်ရမည်။ သုံးမကုန်နိုင်သော ငွေကြေးများရှိရမည်။ ထို့အပြင် သူ့ဘေးနားက ကလေးလေးအား ကောင်းကောင်းပြုစုပျိုးထောင်သွားမည်ဖြစ်သည်။

ခေတ်သစ်လူသားတစ်ယောက် ရှေးခေတ်ကာလသို့ ရောက်လာခြင်းမှာ အနည်းငယ်တော့ အသားကျရန် ခက်ခဲကောင်း ခက်ခဲနိုင်သော်ငြား သူကတော့ သူများယောင်လို့ လိုက်ယောင်ပြီး ဆင်းရဲနွမ်းပါးတဲ့ဘဝအား ကျေနပ်နေမည် မဟုတ်တာ သေချာသည်။

ယခုအခါ သူသည် တာ့ရှန်းရွာရှိ လင်းမိသားစုမှ ကောအာတစ်ယောက်ဖြစ်သော လင်းရွှမ်ယွဲ့ဖြစ်လာခဲ့သည်။ ကလေးတစ်ယောက်နှင့် မုဆိုးဖိုဖြစ်နေသော ကောအာတစ်ယောက်ဖြစ်ကာ သူ့ခင်ပွန်းမှာ အဝေးကိုထွက်သွားပြီး သေလားရှင်လားတောင် မသိရသူပင်။

လင်းရွှမ်ယွဲ့ နှုတ်ခမ်းထောင့်များအား ကွေးညွတ်သွားသည်။ ခေတ်သစ်က ဝိညာဉ်တစ်ခုအနေဖြင့် သူ သိထားသည်များ အတော်များများရှိနေသည်။ သူ ယခုနေရာနှင့် မြန်မြန်ဆန်ဆန် အကျွမ်းတဝင်ရှိဖို့သာလိုတော့သည်။ အဘယ့်ကြောင့်ဆို သူ အိပ်မက်ထဲမှာ သက်ဆိုင်ရာ အချက်အလက်တချို့အား သိလိုက်ရရုံသာဖြစ်ပြီး ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်း မဟုတ်သေးပေ။

'ရှေ့ဆက်ရမယ့် နေ့ရက်တွေက ငါ့ကိုယ်ပိုင်နေ့ရက်တွေပဲ၊ ဒါတွေကို ငါကိုယ်တိုင် ဖြတ်သန်းခံစားရမှာ'

'မိဘမဲ့ တစ်ယောက်အနေနဲ့ ဘယ်နေရာမှာ နေလို့မရနိုင်စရာ အကြောင်းရှိလို့လဲ'

'အခု ငါ့ဆီမှာ ချိုမြိန်တဲ့ ဝန်ထုပ်ဝန်ပိုးလေးတစ်ခုရှိနေပြီဆိုတော့ အနာဂတ်က ငြီးငွေ့စရာ ကောင်းချင်မှ ကောင်းတော့မှာ...'

လင်းရွှမ်ယွဲ့သည် သစ်သားကုတင်ပေါ်တွင် ဘေးတစောင်းလှဲလျောင်းရင်း ဘေးနားရှိ ကလေးငယ်လေးအား စိုက်ကြည့်နေမိတော့သည်။

ကလေးငယ်ဖြစ်သူ လင်းဖန်ဖန် နိုးထချိန်မှာ အလွန်တိကျလှသည်။ မည်သူကမျှ သူ့အား လာနှိုးနေစရာ မလိုချေ။

အချိန်ကိုက်ပင် စောင်ထဲမှ လင်းဖန်ဖန်လေးသည် မျက်လုံးလေးများကိုပွတ်သပ်ကာ ဟောင်းနွမ်းနေသော စောင်အား ဖယ်ရှားလိုက်ပြီး မော့ကြည့်ရာ ပါးပါးဖြစ်သူကို တွေ့လိုက်ရသည်။

၎င်းမျက်နှာပေါ်ရှိ ဖောင်းမို့နေသော ပါးပြင်ထက်တွင် နက်ရှိုင်းလှသည့် ပါးချိုင့်လေးနှစ်ခု ပေါ်လာသည်အထိ ပြုံးလာပြီးနောက် ချိုသာလှသော အသံလေးဖြင့် ခေါ်လာသည်။

"ပါးပါး... မင်္ဂလာနံနက်ခင်းပါ၊ ဖန်ဖန် နိုးပြီ၊ ရှုးရှုး သွားပေါက်တော့မလို့"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကလေးငယ်လေးသည် စောင်အားကန်ထုတ်ကာ ကုတင်ပေါ်မှ လိမ့်ဆင်းသွားတော့သည်။ ကုတင်မှာ မမြင့်သဖြင့် သုံးနှစ်အရွယ် ကလေးတစ်ယောက် လိမ့်ဆင်းသွားခြင်းမှာ အန္တရာယ်မရှိနိုင်ပေ။ ရွှမ်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

"သွားလေ၊ ဖန်ဖန်လေးက လိမ္မာလိုက်တာ"

ထို့နောက် တစ်ခုခုအား သတိရသွားဟန်ဖြင့် ဆက်မေးသည်။

"ဖန်ဖန်... ရှုးရှုးပေါက်တာကို ပါးပါး ကူပေးရမလား"

မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာသော ကလေးများသည် အသက်သုံးနှစ်အရွယ်ဆိုလျှင် အိမ်သာသို့ ကိုယ်တိုင် သွားတတ်ကြသော်ငြား မိသားစုအများစု တွင်တော့ သုံးနှစ်အရွယ် ကလေးများအား လူကြီးများမှ ကူညီပေးလေ့ရှိသည်။ ယခင်က သူ ဤကလေးငယ်ကို တစ်ခါမျှ မကူညီပေးဖူးခဲ့သဖြင့် ကလေးလေးအနေဖြင့် ထိုသို့ဂရုစိုက်ခံရခြင်းကို သဘောကျလောက်သည်ဟု သူ တွေးမိသည်။

သို့သော် မထင်မှတ်ဘဲ ထိုစကားအား ကြားလိုက်ရချိန်တွင် လင်းဖန်ဖန်လေးသည် ရုတ်တရက် ရပ်တန့်သွားကာ ကုတင်ပေါ်တွင်ထိုင်နေသော ရွှမ်ယွဲ့ကို လှည့်ကြည့်လာသည်။ ထို့နောက် တည်ကြည်လေးနက်လှသော မျက်နှာထားလေးဖြစ်သွားကာ နို့နံ့မစင်သေးသည့် အသံလေးဖြင့် ဖြေလာသည်။

"ပါးပါး... ဖန်ဖန်က သုံးနှစ်ရှိနေပြီနော်၊ သုံးလသားအရွယ် မဟုတ်တော့ဘူး၊ ဖန်ဖန်ဘာသာ လုပ်တတ်နေပြီမို့ ပါးပါး စိတ်ပူစရာမလိုပါဘူး"

သူ ပြောပြီးသည်နှင့် ခြေတံတိုတိုလေးများသည် ထောင့်နားရှိ သေးခံအိုးဆီသို့ အပြေးအလွှား သွားတော့သည်။ သူ တော်တော်လေးကို မအောင့်နိုင်တော့သည့်ပုံပင်။

'ပါးပါးကတော့ တကယ်ပါပဲလေ...ဟူး...'

အနည်းငယ် ပြာယာခတ်နေသော ကလေးငယ်လေးအားကြည့်ရင်း ရွှမ်ယွဲ့ သဘောကျစွာ ရယ်မောမိသည်။ ကလေးလေးများက အမှန်ကို ချစ်စရာကောင်းလွန်းလှသည်။

"အဟမ်း... ကောင်းပြီလေ၊ ဒါဆို အဝတ်အစားဝတ်တာရော ကူပေးရမလား၊ အပြင်မှာ မိုးရွာနေတော့ နည်းနည်းအေးတယ်နော်"

ရွှမ်ယွဲ့သည် ကုတင်ပေါ်မှ ဆင်းကာ အစိမ်းပုပ်ရောင် ခါးစည်းကြိုးအား ချည်နှောင်ထားသည့် အစိမ်းနုရောင် ဝတ်ရုံရှည်တစ်ခုကို ဝတ်ဆင်လေသည်။

ဤနေရာရှိ အဝတ်အစားများမှာ ဟန်ဖူဝတ်စုံနှင့် အနည်းငယ် ဆင်တူပြီး ဝတ်ရုံရှည်များနှင့် အင်္ကျီတိုများလည်း ရှိသည်။ 

အတွင်းဝတ်အင်္ကျီတစ်ထည်၊ အပေါ်ဝတ်အင်္ကျီတစ်ထည်၊ စကတ်ရှည် သို့မဟုတ် ဘောင်းဘီရှည်တစ်ထည်နှင့် ခါးစည်းကြိုးတစ်ချောင်း၊ ထိုမျှ ရိုးရှင်းလှသည်။ ထိုကဲ့သို့ ဝတ်ဆင်ခြင်းမှာ ဆင်းရဲသော မိသားစုများ၏ဝတ်စားဆင်ယင်မှုပုံစံသာဖြစ်သည်။

ကောအာများအတွက် ဝတ်စားဆင်ယင်မှု စည်းမျဉ်းများမှာလည်း အတော်လေးပုံမှန်ပင်။ အမျိုးသမီးများကဲ့သို့ ရင်ခံဝတ်ဆင်ရမည်ဟူသော စည်းမျဉ်းမျိုး မရှိချေ။ အောက်ပိုင်းအတွက်မူ စကတ်ရှည် သို့မဟုတ် ဘောင်းဘီရှည် မည်သည်ကိုမဆို ဝတ်ဆင်နိုင်သည်။ ရွှမ်ယွဲ့ ကျေနပ်စွာဖြင့် ခေါင်းညိတ်မိသည်။

လင်းဖန်ဖန်လေးသည် ကိစ္စရှင်းပြီးနောက် ကုတင်ဘေးသို့ ပြေးလာကာ သူ့အဝတ်အစားလေးများအား ကောက်ယူ၍ ကျွမ်းကျင်စွာဝတ်ဆင်တော့သည်။ သူ ညာဘက်လက်ကို ဦးဆုံးသွင်းပြီးနောက် ဘယ်ဘက်လက်အား သွင်းကာ၊ အနည်းငယ် ဆွဲဆန့်လိုက်ပြီး ခါးစည်းကြိုးကို ချည်လေသည်။ ထို့နောက် ရွှမ်ယွဲ့အား တောက်ပသော မျက်လုံးလေးများဖြင့် ကြည့်လာသည်။

"ပါးပါး... သားက ကြီးနေပြီလေ၊ အဝတ်အစားဝတ်တာ အရမ်းလွယ်တာပဲ၊ အကုန်လုံး သားဘာသာ လုပ်နိုင်တယ်"

"အားပါးပါး... တော်လိုက်တာ၊ ငါတို့ ဖန်ဖန်လေးက အလိမ္မာဆုံးလေးပဲ"

ရွှမ်ယွဲ့ အနားသို့လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ပြီးနောက် ကလေးငယ်လေး မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖွဖွလေး ပွတ်သပ်ကာ ဖြူဖွေးနုဖတ်နေသည့် ပါးပြင်လေးကို မွခနဲ နမ်းလိုက်သည်။

ထိုသို့ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် လင်းဖန်ဖန်လေးမှာ မှင်တက်သွားခဲ့သည်။ ဘာဖြစ်သွားသည်ကို သူ သဘောပေါက်သွားချိန်တွင်တော့ မျက်နှာလေးမှာ နီရဲသွားကာ နားရွက်လေးများပင် ပူထူသွားတော့သည်။ သူ့ နို့နံ့မစင်သေးသည့် အသံလေးဖြင့် အလေးအနက်ထားကာ ပြောပြန်သည်။

"ပါးပါး... သား မျက်နှာတောင် မသစ်ရသေးဘူးလေ"

"ဟားဟားဟား... ရပါတယ်၊ ပါးပါးက အဲ့ဒါတွေ ဂရုမစိုက်ပါဘူး"

ရွှမ်ယွဲ့သည် ဤကလေးလေးကို အတော်လေးရယ်စရာကောင်းသည်ဟု ထင်မိသည်။ သူ့ပုံစံလေးမှာ လူကြီးပေါက်စလေးလို အတည်ပေါက်နေသော်ငြား ပျော်နေသည်မှာ သိသာလွန်းသည်။

သူသည် ကလေးလေး၏ခြောက်သွေ့နေသော အဝါရောင် ဆံပင်လေးများအား ဆွဲဖွမိပြန်သည်။

"အပြင်မှာ အေးတယ်၊ အင်္ကျီအထူလေး ဝတ်ထားနော်၊ ပါးပါး မနက်စာ သွားလုပ်လိုက်ဦးမယ်"

ရွှမ်ယွဲ့ မှတ်ဉာဏ်များအရ အိမ်တွင် ငွေ သိပ်မကျန်တော့ကြောင်း သိထားသည်။ ဆန်အိုးမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီး ကြက်ဥ ဆယ်လုံးကျော်နှင့် တိုက်ကြက် နှစ်ကောင်၊ သုံးကောင်ခန့်သာရှိတော့သည်။ ထိုအခြေအနေမှာ မဆိုးသေးဟု ဆိုရမည်။

သူဖတ်ဖူးသော အချိန်ခရီးသွားဝတ္ထုများထဲမှ အိမ်ထောင်စုများကဲ့သို့ ဆန်ပြုတ်လေးမျှပင် မရှိ၊ လေတိုက်တိုင်း ဟိုပေါက်၊ ဒီပေါက် ဖြစ်နေသည့် အိမ်အိုကြီးများလောက်တော့ မဆင်းရဲပေ။

သူ အတော်လေးကို ကျေနပ်မိသည်။ ရှေ့ဆက်ပြီး မည်သို့ နေထိုင်သွားမလဲဆိုသည်ကိုတော့ သူကိုယ်တိုင်သာ ဆုံးဖြတ်ရတော့မည်။

သူ အိပ်ခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သစ်သားပြားများဖြင့် ပြုလုပ်ထားသော ကုတင်ပေါ်တွင် အောက်ခံအဖြစ် ကောက်ရိုးများနှင့် အဝတ်စုတ်အချို့အား ခင်းထားကာ၊ အပေါ်မှ ပိတ်ကြမ်းစောင်တစ်ထည်ကို လွှမ်းထားသည်။


 đŸ€ Chapter 4

နံရံဘေးတွင် အဝတ်ဗီရိုကြီးတစ်ခုရှိပြီး ပြတင်းပေါက်ဘေးတွင် ဘီရိုအနိမ့်တစ်ခုနှင့် ထိုင်ခုံတစ်လုံး ရှိသည်။ အဝါရောင် မြေစေးနံရံများနှင့် ကြမ်းပြင်များ တွင် ချိုင့်ခွက်များ၊ ဖုထစ်များ သိပ်မရှိချေ။ သိသာထင်ရှားစွာပင် မူလပိုင်ရှင်နှင့် ၎င်းမိသားစုသည် ဤအိမ်လေးအား တန်ဖိုးထားကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

အိပ်ခန်းလေးမှာ ရိုးရှင်းသော်လည်း သပ်ရပ်သန့်ရှင်းလှသည်။ ရွှမ်ယွဲ့သည် အင်္ကျီအထူလေးအား ဝတ်ဆင်နေဆဲဖြစ်သော ကလေးငယ်ကို တစ်ချက်ကြည့်ကာ ခေါင်းခါယမ်းမိသည်။ ၎င်းမှာ ကိုယ့်ကိုယ်ကိုယ်သာ အားကိုးတတ်သော လိမ်မာသည့် ကလေးလေးပင်။

"ဖြည်းဖြည်းဝတ် မလောနဲ့၊ ပါးပါး မီးဖိုချောင်ကို သွားလိုက်ဦးမယ်"

ရွှမ်ယွဲ့ အိပ်ခန်းတံခါးအား ဖွင့်ကာ အိမ်ရှေ့ခန်းသို့ထွက်လာခဲ့သည်။

နံရံဘေးတွင် သစ်သားဗီရိုအချို့ ရှိနေပြီး အလယ်တွင်တော့ ခုံရှည်လေးလုံးနှင့်အတူ လေးထောင့်စားပွဲတစ်လုံး ရှိသည်။ အရာအားလုံးအား တစ်ချက်ကြည့်ရုံဖြင့် သူ မြင်နိုင်သည်။

အိမ်ရှေ့ခန်းနှင့် တွဲလျက်ရှိသော အခြားအိပ်ခန်းတစ်ခုကို မူလကိုယ် လင်းရွှမ်ယွဲ့၏ဖခင်နှင့် ပါးပါးတို့ အသုံးပြုခဲ့ကြသော်ငြား ယခုတော့ ထိုအခန်းမှာ အလွတ်ဖြစ်နေသည်။

နောက်ဖေးတွင် သိုလှောင်ရုံတစ်ခု ရှိသေးသည်။ ထိုအရာကို ယခင်က ကောက်ပဲသီးနှံများနှင့် အဖိုးတန်ပစ္စည်းများ သိမ်းဆည်းရန် အသုံးပြုခဲ့သော်ငြား ယခုအခါတွင်တော့ ဟာလာဟင်းလင်း ဖြစ်နေချေသည်။

သူ အိမ်မကြီး တံခါးကို ဖွင့်လိုက်သည်။ ခြံဝင်းအတွင်းတွင် မိုးရွာထားသဖြင့် သန့်ရှင်းသွားကာ ကြွေကျနေသော သစ်ရွက်ခြောက် အနည်းငယ်မျှသာ ပြန့်ကျဲနေသည်။ 

ခြံဝင်းတစ်ခုလုံးမှာ စတုရန်းပေ ၁၀၀ ခန့် ကျယ်ဝန်းမည်ဟု သူ ခန့်မှန်းမိသည်။ ဘယ်ဘက်ခြမ်းတွင် မီးဖိုချောင်၊ ထင်းတဲနှင့် ပစ္စည်းထားသော အခန်းတို့ရှိပြီး နောက်ဖေးခြံဝင်းသို့ သွားရာ လမ်းသွယ်လေးတစ်ခု ရှိသည်။ ထိုနောက်ဖေးခြံဝင်းတွင် ဟင်းသီးဟင်းရွက်မျိုးစုံနှင့် သစ်သီးပင်အချို့အား စိုက်ပျိုးထားသည်။ ညာဘက်ခြမ်းတွင်မူ ရေချိုးခန်းနှင့် အိမ်သာ ရှိသည်။

ခြံဝင်းတံခါးမှာ အိမ်မကြီး တံခါးနှင့် တည့်တည့်မရှိဘဲ ဘယ်ဘက်အခြမ်းတွင် တည်ရှိသည်။ တံခါးမှ ခြေလှမ်းအနည်းငယ် ဝင်လာသည်နှင့် မီးဖိုချောင်နှင့် နောက်ဖေးခြံဝင်းသို့ သွားရာလမ်းသို့ ရောက်ရှိမည်ဖြစ်သည်။

မြေစေးနံရံလေးမှာ ခြံဝင်းလေးကို ဝိုင်းရံထားကာ လုံခြုံမှုပေးထားပြီး ခြံဝင်းတစ်ခုလုံးအား ပြီးပြည့်စုံသော ခံစားချက်ကို ပေးစွမ်းနေသည်။ ရွှမ်ယွဲ့ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ 

'ဒါက တကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး တစ်ခုပဲ၊ ဘာဖြစ်လို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ'

ယခုတော့ အိပ်ခန်းထဲမှာ ကျန်နေခဲ့သော ကလေးလေးသာ ရှိတော့သည်။

'အခုကစပြီး ငါကလည်း ဒီနေရာလေးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီပဲ'

'အနာဂတ်မှာ ဘာတွေပဲ ဖြစ်လာပါစေ၊ ဒါက ငါ အစကနေ ပြန်စတင်ရမယ့်နေရာဖြစ်သလို ကာကွယ်စောင့်ရှောက်ဖို့ တန်ဖိုးရှိတဲ့ နေရာလေးပါပဲ'

သူ အိမ်ခေါင်မိုးစွန်းအောက်မှနေ၍ မီးဖိုချောင်သို့ မိုးမစိုအောငိ လျှောက်သွားသည်။ ရွှမ်ယွဲ့ မီးဖိုချောင်အတွင်းသို့ ဝင်လိုက်ရာ ကြီးမားသော မြေစေးမီးဖိုကြီး နှစ်ခု၊ သစ်သားဗီရိုများ၊ ရေအိုးတစ်လုံးနှင့် စဉ်းတီတုံးတို့ကို တွေ့လိုက်ရသည်။ မီးဖိုများ အနောက်ဘက်တွင် ထင်းသိပ်မရှိတော့သော်ငြား ထင်းတဲထဲတွင်မူ အရွယ်အစားစုံလင်သော သစ်လုံးများနှင့် သစ်ကိုင်းခြောက်များ အပြည့်အမောက်ရှိလေသည်။

အနည်းဆုံးတော့ နောက်ခြောက်လလောက်အထိ တောင်ပေါ်တက်ပြီး ထင်းခုတ်စရာ မလိုတော့ကြောင်း ရွှမ်ယွဲ့ တွက်ဆမိသည်။ မူလပိုင်ရှင်မှာ အမှန်ကို လူကောင်းတစ်ယောက်ပင်။

'ဒါပေမဲ့ လူကောင်းတွေက တစ်သက်လုံး ဘေးကင်းလုံခြုံနေတာမျိုး မရှိဘူး မဟုတ်လား'

နိုးလာကတည်းက ရွှမ်ယွဲ့ ဘယ်နှကြိမ်လောက် သက်ပြင်းချမိမှန်းတောင် မသိတော့ချေ  á€žá€°á€žá€Ź မူလပိုင်ရှင်ဖြစ်ခဲ့လျှင် ကောင်းကင်ဘုံ၏ မျှတမှု မရှိခြင်းအား ညည်းညူမိကောင်း ညည်းညူမိလိမ့်မည်။

ကောင်းကင်ဘုံက မမျှတဘူးဆိုလျှင်ရော ဘာအရေးနည်း။ ကောင်းကင်ဘုံမှာ ဖြစ်တည်မှုတိုင်းအား ကောက်ရိုးခြောက်များလို သဘောထားပြီး ပညာရှိများကလည်း သာမန်ပြည်သူများအား ကောက်ရိုးခြောက်လို သဘောထားကြသည်။ ကောင်းကင်ဘုံ ကိုယ်တိုင်မှာ ခံစားချက်မရှိသလို အကောင်းအဆိုးကိုလည်း ခွဲခြားမသိနိုင်ပဲ သူ့ နိယာမတရားများအား သဘောပေါက်နားလည်ပြီး ထိန်းချုပ်နိုင်သော သူများအတွက်သာ အသုံးဝင်ခြင်းပင်။ သာမန်လူများသည်တော့ စမ်းသပ်ခံပစ္စည်းများသာ ဖြစ်ကြသည်။

သို့ဖြစ်ရာ လူကောင်းတစ်ယောက်ဖြစ်နှင့်၍ရော ဘာအကျိုးထူးမည်နည်း။ မူလပိုင်ရှင်၏မိသားစုပင် တခြားသူများအား မည်သည့်အချိန်တုန်းကမှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့သော်ငြား တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ရသေးသည်။

သူ ကမ္ဘာပျက်ကပ်အတွင်း ငါးနှစ်တာ ကာလမှာ သေဆုံးမှုများအား မြင်တွေ့ခဲ့ရတာ အလွန်များပြားလှသည်။ သာမန်လူဖြစ်စေ၊ ဇွန်ဘီဖြစ်စေ၊ ကိုယ်ကသာ အားနည်းနေရင် အနိုင်ကျင့်ခံရမည်၊ အရိုက်ခံရမည်ဖြစ်ကာ သေဆုံးခြင်းဆိုသည်မှာလည်း အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်လာနိုင်သည်။

သူ တစ်ခါ သေဖူးပြီးသောကြောင့် သူများဆီမှ ငှားရမ်းထားသော ဤဘဝသစ်မှာတော့ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရှင်သန်နိုင်ကောင်းနိုင်လိမ့်မည်။

'မိဘတွေ မရှိဘူးလား၊ မရှိလည်း နေပါစေပေါ့၊ အနည်းဆုံးတော့ ငါ့မှာ သွေးသားတော်စပ်တဲ့ သားလေးတစ်ယောက် ရှိနေပြီပဲ၊ အရင်ဘဝကထက် အများကြီး ပိုကောင်းနေပါပြီ'

ဤသို့ သဘောပေါက်သွားပြီးနောက် ရွှမ်ယွဲ့ အားနည်းနေသော ခန္ဓာကိုယ်မှာ ပိုပေါ့ပါးလန်းဆန်းလာသကဲ့သို့ ခံစားလိုက်ရသည်။

အကယ်၍ သူ့ အထူးစွမ်းအားများသာ ပြန်ရောက်လာပြီး သူ့ ကိုယ်ပိုင်သီးသန့်နေရာလေးပါ ရှိနေဦးမည်ဆိုလျှင် သူ ပိုပြီး လွတ်လပ်ပေါ့ပါးစွာ နေထိုင်နိုင်မည်ဟု မတွေးဘဲမနေနိုင်တော့ပေ။ ထိုအတွေးလေး တွေးမိသည်နှင့် တစ်ပြိုင်နက် သူသည် ထင်းတဲအတွင်းမှ ရုတ်တရက် ပျောက်ကွယ်သွား လေသည်။

တဲထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ချေ။ သူ့ပတ်ပတ်လည်တွင် သက်ဝင်လှုပ်ရှားနေသော စိမ်းလန်းစိုပြည်မှုများ၊ တောင်တန်းများ၊ ရေများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် အစုလိုက်အပုံလိုက် စုပုံနေသော ကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။ မတွေ့ရတော့သည်မှာ ခြံဝင်းပါသော အိမ်လေးတစ်လုံးသာဖြစ်သည်။

"ဟားဟားဟား... မိုက်လိုက်တာ"

ရွှမ်ယွဲ့ အသံထွက်ကာ ရယ်မောမိသည်။ ကောင်းကင်ဘုံသည် သူ့အပေါ် မရက်စက်ခဲ့ပဲ အခွင့်အရေးတစ်ခုတော့ ပေးခဲ့သေးသည်။

အနာဂတ်ဆိုသည်မှာ ဘာမဆိုဖြစ်နိုင်သည်။ သူ စိတ်လှုပ်ရှားစွာဖြင့် စမ်းချောင်းလေးဆီသို့ပြေးသွားကာ လက်ခုပ်လေးဖြင့် ရေများအား အားရပါးရ သောက်မိသည်။

ရေအရသာမှာ ချိုမြိန်နေပြီး သောက်လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ချက်ချင်းပင် အမော ပြေပျောက်သွားကာ ခွန်အားများ အပြည့်အဝပြန်လည်ရရှိလာတော့သည်။

ဤလျှို့ဝှက်ဆန်းကြယ်လှသော သီးသန့်ကမ္ဘာငယ်လေး မည်သည့်အချိန်ကတည်းက ပေါ်ပေါက်လာခဲ့သည်အား သူ မသိချေ။ ယခင်ကတည်းကပင် အမြဲတမ်း တည်ရှိနေခဲ့သည့်အလားပင်။ လူငယ်ဘဝ အွန်လိုင်းဝတ္ထုများ ဖတ်ရှုခဲ့စဉ်က ဤသို့သော နေရာလွတ်နယ်မြေ အကြောင်းရေးဖွဲ့ထားသည့် ဇာတ်လမ်းတစ်ပုဒ်အား ပထမဆုံး ဖတ်ဖူးခဲ့ပြီးနောက် ထိုအကြောင်းများကို တွေးတောနေမိဆဲမှာပင် တောင်တန်းများ၊ မြစ်ချောင်းများဖြင့် ပြည့်နှက်နေသော ဤလျှို့ဝှက်နယ်မြေထဲသို့ ရုတ်တရက်ကြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အံ့ဩစရာကောင်းသည်မှာ သူ့ကိုယ်ပေါ်တွင် ကျောက်စိမ်းဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စသည့် အဆောင်ပစ္စည်း ဘာတစ်ခုမျှ မရှိခဲ့သလို လက်ချောင်းအားဖောက်၍ သွေးဖြင့် ချုပ်ဆိုရသည့် သွေးကတိကဝတ်မျိုးလည်း ပြုလုပ်ခဲ့ရခြင်း မရှိပေ။

စိတ်အာရုံထဲမှနေ၍ ဝင်ရောက်လိုကြောင်း တွေးရုံမျှဖြင့် ဤသီးသန့်နယ်မြေလေးဆီသို့ တိုက်ရိုက် ရောက်ရှိသွားနိုင်ခြင်းပင်။

ဝမ်းနည်းစရာတစ်ခုမှာ သာယာလှပသော တောင်တန်းများ၊ မြစ်ချောင်းများနှင့် ကျယ်ဝန်းသော မြေနေရာများ ရှိနေသော်ငြား ခိုအောင်းစရာ အိမ်ငယ်လေးတစ်လုံးမျှ မရှိခြင်းပင်။ ဤနေရာသည် သဘာဝအတိုင်းသာ လှပနေခဲ့သည်။

သို့တိုင် သူသည်တော့ ဤမျှနှင့်ပင် အတော်လေးကျေနပ်မိသည်။ တစ်ခါတစ်ရံ မျိုးစေ့လေးများ ဝယ်ယူကာ မြေကြီးထဲ ကြဲချတတ်သည်။ ထိုနယ်မြေထဲရှိ စမ်းရေအား တစ်ခေါက်သောက်သုံးကြည့်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ သိသိသာသာ ပိုသန်မာကျန်းမာလာခဲ့သည်ကိုလည်း တွေ့လိုက်ရသည်။

ထို့ကြောင့်ပင် ကမ္ဘာပျက်ကပ်ကြီး မဆိုက်ရောက်မီကတည်းက သူသည် လိုအပ်မည့်ပစ္စည်းများအား စတင်စုဆောင်းခဲ့ပြီး ငွေရတိုင်းထပ်ဝယ်လေ့ရှိသည်။ သူသည် ဆင်းရဲလွန်းလှသဖြင့် ရှိသမျှစုဆောင်းငွေများ အကုန်ပုံအော သုံးလျှင်တောင်မှ ပစ္စည်းအများအပြားတော့ ဝယ်ယူနိုင်ခဲ့ခြင်းမရှိချေ။

ထို့ကြောင့် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးမျိုးစေ့များအပြင် အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်မည့် အသုံးအဆောင်များ၊ ပေါင်မုန့်များနှင့် ခေါက်ဆွဲခြောက်များကိုသာ ဝယ်ယူခဲ့ရသည်။ ကမ္ဘာပျက်ကပ်ကြီး စတင်ပြီးနောက်မှာမူ စူပါမားကတ်များနှင့် ကုန်တိုက်ကြီးအချို့ဆီသို့ တိတ်တဆိတ် ခိုးဝင်ကာ အတွင်း၌ရှိနေသော အသုံးဝင်မည့် ပစ္စည်းမှန်သမျှအား တံမြက်လှည်းကျင်းပစ်သကဲ့သို့ ရှင်းလင်း ယူဆောင်လာခဲ့လေသည်။

ယခုမူ ထိုသို့ အစုလိုက်အပုံလိုက် သိုလှောင်ထားသော ပစ္စည်းများအားငေးကြည့်ရင်း သူ အမှန်ပင် ယခင်ဘ၀နှင့် ကွာခြားသွားပြီဖြစ်ကြောင်း ရင်ထဲ၌ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။

နွားနို့ နှစ်ဘူးနှင့် ပေါင်မုန့် နှစ်ထုပ်ကိုလှမ်းယူပြီးနောက် လင်းရွှမ်ယွဲ့ စိတ်ထဲမှ အာရုံပြုလိုက်ရုံဖြင့် ထိုသီးသန့်နယ်မြေလေးထဲမှ ချက်ချင်း ပြန်ထွက်လာ ခဲ့သည်။

အပြင်ဘက်ရှိ နေအိမ်တွင်မူ ဆာလောင်နေမည့် ကလေးငယ်လေးတစ်ယောက် စောင့်ကြိုနေလေရာ ယခုအချိန်သည် အတိတ်အား လွမ်းဆွတ်နေရန် သို့မဟုတ် အနာဂတ်အတွက် စိတ်ကူးယဉ်နေရန် အချိန်ကောင်း မဟုတ်သေးချေ။

ဤနေရာလွတ်နယ်မြေလေး ပါလာခဲ့ပြီဖြစ်ရာ သူ့ သစ်သားစွမ်းအင်လည်း အတူတကွ ပါလာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ ထိုစွမ်းအင်မှာ ခန္ဓာကိုယ်နှင့် တွဲဖက်တည်ရှိနေသည့် အရာတစ်ခုပမာ ခံစားလိုက်ရသဖြင့် လင်းရွှမ်ယွဲ့ နှုတ်ခမ်းထောင့်လေးများ အပေါ်သို့ ကွေးတက်သွားကာ စိတ်အခြေအနေမှာလည်း အလွန်ကြည်လင်သွားခဲ့သည်။ ဤကမ္ဘာသစ်တွင် ရှင်သန်ရမည့် သူ့ဘဝအတွက် တော်တော်လေးယုံကြည်ချက်ရှိသည်။

"ပါးပါး... ဘာတွေ လုပ်နေတာလဲဟင်၊ ဖန်ဖန် ဗိုက်ဆာနေပြီ"

နို့နံ့မစင်သေးသည့် ကလေးငယ် အသံစူးစူးလေးတစ်သံ လွင့်ပျံလာသည်။ သူ သီးသန့်နယ်မြေထဲမှ အချိန်မီ ထွက်လာနိုင်ခဲ့၍ တော်သေးသည်။ သို့မဟုတ်ပါက ကလေးငယ်သည် ဟိုကြည့်ဒီကြည့်ဖြင့် မည်သူ့ကိုမှ မတွေ့ရလျှင် အော်ငိုချမည်မှာ သေချာလှသည်။


 đŸ€ Chapter 5

"အိုး... ဖန်ဖန်လေး၊ ခဏလေး စောင့်ဦးနော်၊ ပါးပါး အခုပဲ လာပြီ"

သူ မြေအိုးပန်းကန်လုံးနှစ်လုံးအား အမြန်ယူကာ နွားနို့လောင်းထည့်လိုက်ပြီး ပေါင်မုန့်ကို ဖောက်၍ ပန်းကန်ပြားတစ်ခုပေါ်တွင် တင်လေသည်။ ထို့နောက် ရေနွေးအမြန်တည်ရန် မီးမွှေးလိုက်ပြီး ကြက်ဥနှစ်လုံးကိုပါ ထည့်ပြုတ်လေသည်။

မီးမွှေးရခြင်းမှာ သူ အကြိမ်ပေါင်းများစွာ လုပ်ဖူးခဲ့သကဲ့သို့ အလွန်သဘာဝကျပြီး အလိုအလျောက်ပင် ကျွမ်းကျင်နေသည်။ သို့မဟုတ်လျှင် ခေတ်သစ်လူ သားတစ်ယောက်အနေဖြင့် လိုအပ်သည့် မီးမွှေးကိရိယာများမပါဘဲ ဟင်းတစ်နပ်ဖြစ်အောင် မည်သို့မျှ ချက်ပြုတ်နိုင်မည် မဟုတ်ချေ။ ထင်းရှိလျှင်ပင် ချက်တတ်မည် မဟုတ်ပေ။

ဆယ်မိနစ်ခန့် အကြာတွင်မူ လင်းရွှမ်ယွဲ့သည် သစ်သားဗန်းလေးတစ်ခုပေါ်၌ ပူနွေးနေသော နွားနို့ပန်းကန်လုံး နှစ်လုံး၊ ပေါင်မုန့်နှင့် ကြက်ဥပြုတ်တို့အား တင်ဆောင်ကာ အိမ်ရှေ့ခန်းသို့ လျှောက်လာခဲ့သည်။

ပူနွေးသော နွားနို့ရနံ့သင်းသင်းလေးမှာ လေညင်းနှင့်အတူ လွင့်ပျံလာသောအခါ ကလေးငယ်လေးမှာ မနေနိုင်တော့ဘဲ တံတွေးမြိုချမိလေသည်။ သူလေး ဝိုင်းစက်နေသော မျက်လုံးဝိုင်းဝိုင်းလေးများသည် လင်းရွှမ်ယွဲ့ လက်ထဲရှိ အစားအစာများအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

"ပါးပါး... ဒီနေ့ မနက်စာက ဘာလို့ ဒီလောက်တောင် မွှေးနေတာလဲဟင်"

လင်းရွှမ်ယွဲ့သည် သုံးနှစ်အရွယ် ကလေးငယ်လေးအား ငုံ့ကြည့်လိုက်သည်။ ပိန်ပိန်ပါးပါး၊ အရပ်ပုပုလေးဖြစ်ကာ ဖြူဖွေးဝိုင်းစက်နေသော မျက်နှာလေး ပေါ်တွင် အသားဟူ၍ သိပ်မရှိချေ။ ထိုမြင်ကွင်းက သူ့ရင်ကို ဆို့နင့်နာကျင်သွားစေသည်။ ဤကလေးငယ်လေးအား ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကျန်းကျန်းမာမာ ရှိလာအောင် နွားပေါက်လေးတစ်ကောင်ပမာ သန်မာလာစေရန် သူ ပြုစုပျိုးထောင်ပေးရမည်ဟု စိတ်ပိုင်းဖြတ်မိသည်။

"ဒီနေ့က နွားနို့ပူပူလေးရယ်၊ ပေါင်မုန့်ရယ်၊ ကြက်ဥရယ်လေ၊ ဖန်ဖန် ကြိုက်တယ်ဆိုရင် နောက်ဆို မနက်တိုင်း ဒါတွေကို စားလို့ရတယ်နော်" 

လင်းရွှမ်ယွဲ့ ညင်သာစွာ ပြန်ဖြေရင်း နွားနို့၊ ပေါင်မုန့်နှင့် ကြက်ဥတို့အား သူတို့သားအဖရှေ့ရှိ စားပွဲပေါ်တွင် ချပေးလိုက်သည်။ 

"ရော့... စားလိုက်ဦး၊ ဗိုက်ပြည့်သွားရင် သိပ်အေးတော့မှာ မဟုတ်ဘူးလေ၊ ပြီးတော့ အရပ်လည်း ပိုရှည်လာလိမ့်မယ်"

လင်းဖန်ဖန် ဗိုက်ထဲမှ ဆာလောင်မှုကြောင့် အသံများ မြည်နေသော်ငြား သူ နွားနို့ကို ချက်ချင်း ကောက်မသောက်ခဲ့ပေ။ ထိုအစား သူ မျက်မှောင်လေး ကြုတ်ကာ လင်းရွှမ်ယွဲ့အား မော့ကြည့်ရင်း ပြောလာသည်။

"ပါးပါး... သားတို့အိမ်မှာ ပိုက်ဆံသိပ်မရှိဘူးမလား၊ သားက နည်းနည်းလေးစားလိုက်ရင်ကို ဗိုက်ပြည့်ပြီ၊ ပါးပါးက ပိန်တယ်လေ၊ ပြီးတော့ ဖန်ဖန့်ကို ကျွေးမွေးဖို့ ပိုက်ဆံရှာရဦးမယ်ဆိုတော့ ပါးပါး ပိုစားသင့်တာပေါ့"

ထိုစကားအား ကြားလိုက်ရချိန်တွင် လင်းရွှမ်ယွဲ့ နှလုံးသားလေး အရည်ပျော်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြည်နူးမှုလှိုင်းတံပိုးများ ရင်ထဲသို့ ရိုက်ခတ်လာတော့သည်။

‘ဒီလောက်တောင် သိတတ်လိမ္မာလွန်းတဲ့ ကလေးလေးက တကယ်ပဲ ငါ့သားလေးတဲ့လား၊ ငါ ဘယ်လိုလုပ်ပြီး ဒီလိုကံကောင်းမှုမျိုးနဲ့ ထိုက်တန်ခဲ့တာလဲ၊ တကယ်ကို မယုံနိုင်စရာပဲ’*

ထို့အပြင် ကလေးမှာ ငယ်ရွယ်သေးသည့်အတွက် အားသာချက်တစ်ခုရှိသေးသည်။ သူ ထုတ်လာသော နွားနို့နှင့် ပေါင်မုန့်များအား ကလေးငယ်မှာ နည်းနည်းမျှ သံသယမဝင်ခဲ့ပေ။

‘ရှေ့ဆက်ပြီး အဆင်ပြေပြေနေသွားနိုင်ဖို့ဆိုရင်တော့ ငါ့ရဲ့ ဉာဏ်ကို အသုံးချပြီး အဖြူရောင်လိမ်ညာမှုလေးတစ်ခုတော့ ဖန်တီးရတော့မယ်’*

သူ ခုံတစ်လုံးကို ဆွဲယူထိုင်လိုက်ပြီးနောက် လင်းဖန်ဖန် ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးသည်။

"ဖန်ဖန်လေးက လိမ္မာလိုက်တာ၊ ပါးပါးကို ဂရုစိုက်တာနဲ့တင် ပါးပါး အရမ်းကိုဝမ်းသာနေပြီကွာ"

"ပါးပါး သားကို အရမ်းထူးဆန်းတဲ့ အကြောင်းလေးတစ်ခု ပြောပြမယ်နော်"

"မနေ့ညက အိပ်ပျော်သွားတော့ ပါးပါး အိပ်မက်တစ်ခု မက်တယ်၊ အဲဒီ အိပ်မက်ထဲမှာ မုတ်ဆိတ်ဖြူဖြူနဲ့ နတ်ဘိုးဘိုး တစ်ပါးက ပြောတယ်၊ ပါးပါးက တစ်ယောက်တည်းဖြစ်နေပြီး ဘာမှလည်း မသိဘူး၊ ပိုင်ဆိုင်တာလည်း ဘာမှမရှိဘဲနဲ့ ဖန်ဖန်လို လိမ္မာတဲ့ ကလေးလေးကို ဘယ်လိုများ ပြုစုပျိုးထောင်နိုင် မှာလဲတဲ့၊ ဒါနဲ့ အိပ်မက်ထဲမှာ သူက ပါးပါးကို ဘဝမှာ ရှင်သန်ဖို့လိုအပ်တဲ့ အရည်အချင်းတွေ အများကြီးသင်ပေးခဲ့တယ်၊ ပိုက်ဆံဘယ်လိုရှာရမလဲ၊ လယ်ဘယ်လိုလုပ်ရမလဲ ဆိုတာတွေ သင်ပေးတဲ့အပြင် ဖန်ဖန်လေး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် နေ့တိုင်းကျွေးဖို့အတွက် ရှားပါးပြီး အရသာရှိတဲ့၊ အာဟာရပြည့်ဝတဲ့ အစားအစာတချို့ကိုလည်း ပေးခဲ့တယ်လေ"

"ဒါပေမဲ့ ဒီ အံ့ဩစရာကောင်းပြီး ထူးဆန်းတဲ့ ကိစ္စကို သားနဲ့ ပါးပါး နှစ်ယောက်တည်းပဲ သိရမယ်နော်၊ တခြားဘယ်သူ့ကိုမှ လျှောက်ပြောပြလို့ မရဘူး၊ မဟုတ်ရင် နတ်ဘိုးဘိုးက အရသာရှိတဲ့ အစားအစာတွေ အကုန်လုံးကိုပြန်ရုပ်သိမ်းသွားပြီး ပါးပါးကိုအပြစ်ပေးလိမ့်မယ်၊ အဲဒီအခါကျရင် ပါးပါးရော ဖန်ဖန်ရော ဗိုက်ပြန်ဆာရလိမ့်မယ်"

"ဖန်ဖန်က နေ့တိုင်း ဗိုက်ဝအောင်စားပြီး နွေးနွေးထွေးထွေး နေချင်တယ် မဟုတ်လား"

လင်းရွှမ်ယွဲ့သည် ဖန်တီးထားသော ဇာတ်လမ်းတစ်ပုဒ်အား ရှည်လျားစွာပြောချသည်။ လင်းဖန်ဖန်လေးမှာ ဉာဏ်ကောင်းသော်ငြား ထိုစကားများကို ပြန်မဖြေမီ တွေးတောဆင်ခြင်ရန် အချိန်အနည်းငယ်တော့လိုအပ်သေးသည်။

ထို့ကြောင့် လင်းရွှမ်ယွဲ့သည် ကလေးလေးအဖြေအား စောင့်ဆိုင်းရင်း နွားနို့သောက်ကာ ပေါင်မုန့်ကို စားနေလိုက်သည်။ ကြက်ဥမှာ ချိုမြပြီး နွားနို့ပူပူလေးကလည်း အရသာရှိလှသဖြင့် သူ အတော်လေး ကျေနပ်သွားမိသည်။ အိပ်မက်ထဲမှ သူ သိလိုက်ရသည်မှာ ဤကလေးငယ်လေးသည် ပြောဆိုဆက်သွယ်နိုင်စွမ်း၊ နားလည်နိုင်စွမ်းနှင့် မှတ်ဉာဏ်များသည် သာမန် သုံးနှစ်အရွယ်ကလေးတစ်ယောက်ထက် အဆပေါင်းများစွာ သာလွန်နေသည် ဆိုသောအချက်ပင်။ 

အစောက သူ ပြောခဲ့သည့် စကားများက များပြားလှသော်လည်း ဖြည်းဖြည်းချင်းရှင်းပြခဲ့ခြင်းဖြစ်ရာ လင်းဖန်ဖန်လေး နားလည်နိုင်မည်ဟု သူ ယုံကြည်သည်။

အမှန်ပင် သူ နွားနို့သောက်ပြီးသွားချိန်၌ သူ့ဘေးနားတွင် ထိုင်နေသော လင်းဖန်ဖန်လေးမှာ အလေးအနက်ထားကာပြန်ဖြေလေသည်။

"နားလည်ပါပြီ ပါးပါး၊ စိတ်မပူပါနဲ့၊ ဖန်ဖန် တခြားဘယ်သူ့ကိုမှ လျှောက်မပြောပါဘူး၊ သားက ပါးပါးကိုလည်း ဗိုက်ဝပြီး နွေးနွေးထွေးထွေးရှိစေချင်တယ်"

"သား အများကြီး စားမယ်၊ မြန်မြန် ကြီးလာအောင်လုပ်မယ်၊ သား ကြီးလာရင် ပါးပါးသုံးဖို့အတွက် ပိုက်ဆံတွေ သွားရှာပေးမယ်"

"သားတို့ဆီမှာ ပိုက်ဆံတွေရှိလာရင် နတ်ဘိုးဘိုးက အစားအစာတွေ ပြန်ရုပ်သိမ်းသွားမှာကို ကြောက်စရာမလိုတော့ဘူးပေါ့"

သူ့ လက်သေးသေးလေး နှစ်ဖက်ဖြင့် မြေအိုးပန်းကန်လုံးအား မကာ နွားနို့ကို အာရုံစိုက်ပြီး သောက်နေသည်။ ထို့နောက် ပါးပါးဖြစ်သူမှာ ပေါင်မုန့်ကို အပိုင်းသေးသေးလေးများဖဲ့ကာ နွားနို့ထဲနှစ်ပြီး သစ်သားဇွန်းလေးဖြင့် ခပ်စားနေသည်အားမြင်လိုက်ရသည်။

သူလည်း ထိုအတိုင်းလိုက်လုပ်ကြည့်ရာ ကလေးငယ်လေး ပါးဖောင်းဖောင်းလေးများမှာ ပိုဖောင်းလာကာ အလွန်အသည်းယားဖွယ် ကောင်းနေတော့သည်။

လင်းရွှမ်ယွဲ့သည် အခွံနွှာထားသော ကြက်ဥအား အပိုင်းသေးသေးလေးများ ဖဲ့ကာ ပန်းကန်ပြားပေါ်သို့ တင်ပေးသည်။ လင်းဖန်ဖန်လေးသည် ထိုအရာများအားလုံးကို နွားနို့ထဲသို့ ခပ်ထည့်ကာ နှစ်ပြီး စားလေတော့သည်။

‘သူက ငါ စားသလိုမျိုး လိုက်စားတတ်နေပြီပဲ...’

ရွှမ်ယွဲ့ သက်ပြင်းချလိုက်မိသည်။ မျက်မြင်ကိုယ်တွေ့ ကြုံရမှသာ ဤကလေးငယ် နားလည်နိုင်စွမ်းမှာ မျှော်လင့်ထားသည်ထက် များစွာပိုနေမှန်း သူ သိခဲ့ရသည်။ ပိုက်ဆံရှိလျှင် အစားအစာများ ပြန်သိမ်းခံရမည်ကို မကြောက်ရတော့ဘူးဟုပင် တွေးတောတတ်နေပြီမဟုတ်ပါလား။ ဤကလေးသည် ဘဝ၏အနှစ်သာရအား အမှန်ပင်မြင်တတ်နေချေသည်။

‘ကျွတ်ကျွတ်... မယုံနိုင်စရာပဲ’


လင်းဖန်ဖန်လေး နွားနို့၊ ကြက်ဥနှင့် ပေါင်မုန့်တို့အား စားသောက်ပြီးသွားချိန်တွင် သူ့ နှုတ်ခမ်းသေးသေးလေးများပေါ်၌ နွားနို့အဖြူရောင် အလွှာလေးတစ်ခု ကပ်ကျန်နေခဲ့သည်။ သူ လင်းရွှမ်ယွဲ့အား မော့ကြည့်လာရာ သူ့ ကျေနပ်နေသော ပုံစံလေးမှာ အလွန်ချစ်စရာကောင်းလှသည်။

"ပါးပါး... ဒီနွားနို့က မွှေးပြီး အရမ်းအရသာရှိတာပဲ၊ သား သောက်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ သိလား၊ သားကိုကျွေးလို့ ကျေးဇူးတင်ပါတယ် ပါးပါး"

လင်းရွှမ်ယွဲ့ အနည်းငယ် ပြုံးလိုက်ပြီး ၎င်းပါးစပ်ကို သုတ်ပေးရန် လက်ကိုင်ပဝါ တစ်ထည်ကို ထုတ်ယူသည်။

"မိသားစုတွေအချင်းချင်း ကျေးဇူးတင်စရာ မလိုပါဘူးကွာ၊ ပါးပါး သားကို ကျွေးသမျှ အကုန်လုံးက ပါးပါးရဲ့ ဆန္ဒအလျောက် ကျွေးတာပါ"

"ဖန်ဖန်လေး ပျော်ရွှင်ကျန်းမာပြီး သန်သန်မာမာ ကြီးပြင်းလာဖို့က ပါးပါးအတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ"

"အင်း... ပါးပါး၊ သား သိပါတယ်၊ သား မြန်မြန် ကြီးလာအောင် လုပ်ပါ့မယ်၊ ပါးပါးလည်း ပျော်ပျော်နေပြီး ကျန်းမာရေးကို ဂရုစိုက်နော်၊ သားလည်း ပါးပါးကို ကူညီမယ်၊ ပြီးတော့ ပါးပါးအနားမှာပဲ အမြဲနေမှာပါ" 

လင်းဖန်ဖန်လေးသည် သူ့ ဝိုင်းစက်တောက်ပနေသော မျက်လုံးလေးများဖြင့် လင်းရွှမ်ယွဲ့အား ကြည့်ကာ ပြောလာသည်။

ပါးပါး သိပ်မပျော်ဘူးဆိုသည်အား သူ သိသည်။ အထူးသဖြင့် ဘိုးဘိုး ကောင်းကင်ဘုံသို့ ရောက်သွားပြီးကတည်းက ပါးပါးမှာ အထီးကျန်နေပြီး သူ့အား ပြုစုပျိုးထောင်ဖို့ အများကြီး ရုန်းကန်နေရသည် ဆိုသည်ကို သူ နားလည်ထားသည်။ မိသားစုထဲမှာ ပါးပါးနှင့် သူသာ ကျန်တော့သည်။ သူ မြန်မြန် ကြီးလာမှသာ ပါးပါးအား ထောက်ပံ့ရန် ပိုက်ဆံရှာရမည်။ ထိုသို့ဆိုလျှင် ပါးပါး အများကြီး ပင်ပန်းရတော့မည် မဟုတ်ချေ။

ကလေးငယ်လေးမှာ နို့နံ့မစင်သေးသော်ငြား ထူးခြားစွာ အလေးအနက်ထား ပြောဆိုနေသော စကားများကို ကြားလိုက်ရချိန်တွင် လင်းရွှမ်ယွဲ့ ရင်တစ်ခုလုံး နွေးထွေးသွားခဲ့သည်။ 


 

Search Novels